ယွီရွှေမြို့
Vol. 1 Ch. 14
သူတို့နှစ်ယောက် အမြန်ရထားပေါ်သို့ တက်ရောက်လိုက်ကြသည်။ ကျိုးယလီ၏ ထိုင်ခုံဘေးတွင် လူတစ်ယောက်ထိုင်နှင့်နေပြီဖြစ်၍ လော်ယွမ်က ထိုသူနှင့် စကားပြောညှိနှိုင်းကာ နေရာလဲလှယ်လိုက်သည်။
လော်ယွမ်က ကျိုးယလီ၏ ခရီးဆောင်အိတ်ကို နေရာတကျထားပေးပြီး ခုံတွင်ဝင်ထိုင်လိုက်သည်။
သူတို့၏ မျက်နှာချင်းဆိုင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိုင်နေကြသည်။ လော်ယွမ်၏အာရုံမှာ ယောက်ျားတို့၏သဘာဝအတိုင်း အရင်ဦးဆုံး အမျိုးသမီးနှစ်ဦးထံသို့ ရောက်သွား၏။ သူတို့မှာ အခုလေးတင် ငိုကြွေးထားပုံရပြီး မျက်လုံးများနီရဲနေကြကာ မျက်နှာပေါ်တွင်လည်း ထိတ်လန့်ခြင်း အငွေ့အသက်တို့က ကပ်ငြိကျန်ရစ်နေဆဲဖြစ်၏။ အမျိုးသားမှာ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်အနည်းငယ် ပိန်လှီကာ မျက်နှာပေါ်တွင် ဝက်ခြံများ ပြည့်နှက်နေသည်။ ထိုအချိန်တွင် သူက အမျိုးသမီးငယ်နှစ်ဦးကို လေသံတိုးတိုးဖြင့် နှစ်သိမ့်ပေးနေလေသည်။
သူတို့သုံးဦး၏ အမူအရာမှာ အလွန်ရင်းနီးပုံရပြီး အချင်းချင်းသိကျွမ်းသူများ ဖြစ်ကြောင်း ထင်ရှားသည်။ သူတို့၏ အသက်အရွယ်ကိုကြည့်လျှင် တက္ကသိုလ်ကျောင်းသားများ ဖြစ်တန်ရာ၏။
"ဘာတွေဖြစ်ခဲ့လို့လဲ...ဘာလို့ရထားဘေးမှာသွေးကွက်တွေဖြစ်နေတာလဲ" လော်ယွမ်က သူ့ရှေ့မှစားပွဲခုံလေးကို ခေါက်ရင်း လူရွယ်အား မေးလိုက်သည်။
ထိုတက္ကသိုလ်ကျောင်းသားလေးက လော်ယွမ်ကို တစ်ချက်ကြည့်ကာ "စောစောကငှက်အုပ်တစ်အုပ်ပျံလာတာလေ…မည်းမှောင်သွားတာပဲ...ပြီးတော့ဘာကြောင့်မှန်းမသိဘူး...ရုတ်တရက်ရထားကိုဝင်တိုက်တာ...ရထားရဲ့ကိုယ်ထည်ကထူပြီးပြတင်းပေါက်မှန်တွေကကျည်ကာမှန်တွေမို့ကံကောင်းသွားတယ်...မဟုတ်ရင်အားလုံးဒုက္ခရောက်မှာ" ဟုဆို၏။
"မှောင်မည်းသွားတယ်ဟုတ်လား…အဲ့လောက်တောင်များတာလား" လော်ယွမ်၏ မျက်နှာတွင် သံသယအရိပ်အယောင်များ ထင်ဟပ်သွားသည်။
လော်ယွမ်၏ ဘေးတွင်ထိုင်နေသော အနောက်တိုင်း ဝတ်စုံပြည့်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦးက စကားဖြတ်ပြောသည်။ "အဲ့တာပိုပြောနေတာမဟုတ်ဘူး…အဲ့ဒီတုံးကကောင်းကင်တစ်ခုလုံးမည်းမှောင်သွားတာ…ငါကဘာဖြစ်တာလဲဆိုပြီးအပြင်ကိုလှမ်းကြည့်လိုက်တော့…ငါလခွမ်း…ကောင်းကင်တစ်ခုလုံးငှက်တွေအပြည့်ပဲ"
"နောက်တော့ပြတင်းပေါက်မှန်တွေက…ဂျစ်ဂျစ်နဲ့မြည်လာပြီး…ရထားတွဲတစ်ခုလုံးယိမ်းထိုးနေလို့၁၀မိနစ်ကျော်ကျော်လောက်ရပ်ထားလိုက်ရတယ်…ငှက်တွေပျံသွားမှပဲရထားပြန်ထွက်တာ…ပြတင်းပေါက်မှန်တွေကိုကြည့်ပါလား…အဲ့မှာသွေးကွက်တွေရှိနေတုံးပဲ…ငါမြင်လိုက်တာတော့မှန်ကိုဝင်စောင့်တာအနည်းဆုံး၅ကောင်လောက်ရှိတယ်…ငါဆိုလန့်ပြီးကြက်သီးတွေထ…ချွေးတွေပြန်သွားတာ…တော်သေးတာပေါ့ရထားဖြစ်နေလို့…လေယာဉ်ပျံသာဆိုပျက်ကျပြီးအကုန်သေနေလောက်ပြီ" ထိုလူလတ်ပိုင်းအမျိုးသားကြီးက လွန်စွာထိတ်လန့်နေသော မျက်နှာထားဖြင့် ခေါင်းကို အဆက်မပြတ်ခါယမ်းရင်း ပြောလေသည်။
လော်ယွမ်က ပြတင်းပေါက်မှန်ကို သေချာစွာ ကြည့်လိုက်သည်။ သွေးကွက်များအပြင်၊ အဖြူရောင် အစင်းရာခြောက်ခုကိုလည်း တွေ့ရ၏။ ၎င်းတို့မှာ ငှက်တို့၏ မာကျောသော နှုတ်သီးများဖြင့် ဆောင့်မိရာမှ ဖြစ်ပေါ်လာသော အရာများဖြစ်ကြောင်း ထင်ရှားလေသည်။
"ကျွန်တော်တို့မကြုံလိုက်ရတာတော်သေးတာပေါ့…ဘာထိခိုက်မှုမှမဖြစ်ရင်တောင်…တော်တော်လန့်ဖို့ကောင်းမှာ" လော်ယွမ်က ပြုံးရင်းဆိုသည်။
"ဘယ်သူကမကြုံဘူးလို့တတ်အပ်ပြောနိုင်မှာလဲ…အခုဆိုကမာ္ဘကြီးကအခြေအနေဆိုးသထက်ဆိုးလာနေတာ…နောက်ဘာဆက်ဖြစ်မလဲဘယ်သူမှမသိဘူး…ငါသိသလောက်ဆိုတရုတ်ပြည်ကအခြေအနေအကောင်းဆုံးတဲ့…အာဖရိကဆိုအသက်အသွယ်ပါပြတ်သွားပြီ…ဥရောပနဲ့တောင်အမေရိကမှာလဲ…ရုန်းရင်းဆန်ခတ်တွေဖြစ်နေတယ်…ငါကြားတာတော့အဲ့မှာဧရာမသတ္တဝါကြီးတွေပေါ်လာတယ်တဲ့" လူလတ်ပိုင်းအမျိုးသားကြီးက သက်ပြင်းတစ်ချက်ချရင်း လေးပင်သောမျက်နှာဖြင့် ပြောသည်။
"တရုတ်ပြည်ကလူဦးရေးထူထပ်ပြီး…သစ်တောဧရိယာနည်းတယ်လေ…စိမ်းလမ်းတဲ့ဒေသဆိုတာကလဲ…ပြောပလောက်အောင်ရှိတာမဟုတ်ဘူး…ဒါကြောင့်လဲကပ်ဘေးရဲ့ဒဏ်က…တခြားနိုင်ငံတွေနဲ့ယှဉ်ရင်အရမ်းနည်းနေတာပေါ့" လူရွယ်ကျောင်းသားလေးက အမျိုးသမီးနှစ်ဦးကို နှစ်သိမ့်စကားအနည်းငယ်ပြောပြီးနောက် စကားဝိုင်းထဲ ဝင်လာသည်။
"နင်တို့ကတက္ကသိုလ်ကျောင်းသားတွေလား…အခုကပိတ်ရက်လား" ကျိုးယလီမှာ အနည်းငယ်အကြောက်ပြေသွားပြီး လူရွယ်ကျောင်းသားကို မေးလိုက်သည်။
"ကျောင်းမှာလူတွေဘာကြောင့်မှန်းမသိပဲသေကုန်တယ်လေ…အဲ့တော့ကျောင်းပါပိတ်လိုက်ရတယ်…ဆောင်းတွင်းအတွက်စောပိတ်တယ်ပဲပြောရမှာပေါ့…ဒါပေမဲ့ကျွန်တော့်အထင်တော့ကျောင်းတောင်ဆက်မတက်ရလောက်တော့ဘူး" လူရွယ်ကျောင်းသားလေးက ကျိုးယလီကို တစ်ချက်ကြည့်ရင်း မတတ်သာဟန်ဖြင့် ပြောသည်။
"နင်တို့ဘွဲ့လက်မှတ်ရောမရတော့ဘူးလား…အဲ့လိုဆိုကျောင်းတက်ထားတာအလကားဖြစ်သွားပြီပေါ့" ကျိုးယလီက မေးလိုက်သည်။
ထိုအခါ ကျောင်းသူလေးနှစ်ဦးမှာ တိုးတိတ်စွာ ငိုချလိုက်ပြန်သည်။
"ဒီလိုအချိန်မှာဘွဲလက်မှတ်ကိုဘယ်သူကဂရုစိုက်နိုင်မှာလဲ…ဘွဲ့လက်မှတ်ရလဲအလုပ်ရှာလို့ရမှာမဟုတ်တော့ဘူး"
ကျိုးယလီက ဘာမျှပြန်မပြောနိုင်ပဲ ဆွံအသွားခဲ့ရသည်။
ရထားသည် နောက်ဆုံးတွင် ဖြည်းညင်းစွာ စတင်ရွေ့လျားကာ အရှိန်မှာ တစ်စထက်တစ်စ မြန်ဆန်လာလေသည်။
အပြင်ဘက်မှ ရှုခင်းများသည် လျင်မြန်စွာ ဖြတ်သမ်းသွားကြသည်။ အဝေးမှ တောင်တန်းများပေါ်တွင် မီးလောင်ထားသည့် အရာများ တွေ့မြင်နေရသော်လည်း ထိုနေရာများတွင် အညွှန့်အတက်အသစ်များ လျင်မြန်စွာ ပြန်လည်ပေါက်ရောက်နေကြသည်။ သိပ်မကြာမီအချိန်အတွင်းမှာပင် ထိုနေရာက တောအုပ်သစ်တစ်ခုအဖြစ်သို့ ပြန်လည်ရောက်ရှိပေတော့မည်…
တစ်နာရီခွဲခန့် ကြာပြီးနောက်တွင်တော့ သူတို့ ယွီရွှေမြို့ဘူတာသို့ ဆိုက်ရောက်ခဲ့ကြလေသည်။
ရထားသည် ဘူတာတွင် ဖြည်းညင်းစွာရပ်တန့်လိုက်လေသည်။ တံခါးများပွင့်သွားသောအခါ လော်ယွမ်နှင့် ကျိုးယလီတို့က လူအုပ်နှင့်အတူ တန်းစီ၍ ဆင်းလာခဲ့ကြသည်။
လော်ယွမ်က ပစ္စည်းပို့ဆောင်ရေးဌာနတွင် ခေတ္တစောင့်ဆိုင်းပြီးနောက် သူ၏ သစ်သားသေတ္တာကို ပြန်လည်ယူဆောင်ခဲ့၏။ သေတ္တာကို အနည်းငယ်ဟကြည့်လိုက်ရာ သူ၏ ကျန်းမာတောက် သည် သေတ္တာအတွင်း၌ ငြိမ်သက်စွာ လဲလျောင်းနေသည်ကို မြင်မှ စိတ်သက်သာရသွားတော့သည်။ သူကအရည်အသွေးပြဇယားကွက် ကို ဖွင့်လိုက်ပြီး ကျန်ရှိနေသော ကျွမ်းကျင်မှုအမှတ် ငါးမှတ်ကို ဓားပညာသို့ ထည့်လိုက်လေသည်။
ပြီးနောက် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်မှ စူးရှထက်မြက်သော အရှိန်အဝါ တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ခပ်ကြာကြာရှိနေကာ စက္ကန့်အနည်းငယ်ကြာမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။ သူက မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် ကြောင်ငေးနေသော ကျိုးယလီကို ပြုံးပြရင်း "သွားကြစို့" ဟု ပြောလိုက်သည်။
"အမ်…အင်း" ကျိုးယလီက တုံ့ပြန်ရင်း အမှတ်တမဲ့ ရှေ့သို့ လျှောက်လှမ်းသွားသည်။
ခဏအကြာမှ သူမက သတိပြန်ဝင်လာပြီး မဝံ့မရဲဖြင့် "ရှင်…ရှင်ခုနကဘာဖြစ်သွားတာလဲ…ကြည့်ရတာကြောက်စရာကြီး"
"ကြောက်စရာကြီးဟုတ်လား…နင်အမြင်မှားတာများလား" လော်ယွမ်၏ ခြေလှမ်းများ တုန့်ခနဲရပ်သွားပြီး သံသယဖြင့် မေးလိုက်သည်။
"ကျွန်မလည်းမသိဘူး…စောစောကခံစားချက်ကထူးဆန်းနေတာ…အမြင်မှားတာလဲဖြစ်မှာပါ" ကျိုးယလီက လော်ယွမ်ကို သေချာစွာကြည့်ရင်း အလေးအနက်စဉ်းစားကာ မသေချာသည့်ဟန်ဖြင့် ဆိုသည်။
တကယ်ပဲ ထူးခြားတဲ့လက္ခဏာ ပေါ်လာတာလား… လော်ယွမ် စိတ်ထဲမှ တွေးလိုက်သည်။
သူက အမှတ်မထည့်မီနှင့် ထည့်ပြီးနောက်ပိုင်း ကွာခြားချက်ကို ချက်ချင်း ပြန်လည်သုံးသပ်လိုက်သည်။ သူ၏ ဓားပညာအပေါ် နားလည်မှုမှာ တစ်ဆင့်တက်သွားသည့်အပြင်၊ ပြင်ပလောကကို အာရုံခံနိုင်စွမ်းမှာလည်း ပိုမိုထက်မြက်လာပုံရ၏။ သူ၏အာရုံကို အလွယ်တကူပင် အမြင်ဆုံးသို့ စုစည်းနိုင်လာသည်။ ဓားပညာ တိုးတက်ခြင်းက မမြင်နိုင်သည့် စိတ်စွမ်းအင်ပိုင်းကိုပါ လွှမ်းမိုးနိုင်လေသလော။
သူက ရုတ်တရက်လှည့်၍ သူမကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ စိတ်စွမ်းအားကို အမြင့်ဆုံး စုစည်းထားရင်း "စောစောကခံစားရတာ…ဒီလိုမျိုးလား" ဟု မေးလိုက်သည်။
ကျိုးယလီ၏ မျက်လုံးများသည် ခဏ စိုက်ကြည့်မိပြီးနောက် လျင်မြန်စွာ ရှောင်လွှဲသွားသည်။ ထိုအခိုက်အတန့်တွင် သူမကို မမြင်ရသည့်ဖိအားတစ်မျိုးက လွှမ်းမိုးထားသလို ခံစားလိုက်ရသည်။ သူမက မျက်လုံးများကို အလျင်အမြန် လက်ဖြင့်ကာလိုက်ပြီး သူ့ကို လက်ဖြင့်လှမ်းရိုက်ကာ မကျေမနပ်ဖြင့် "ကျွန်မကိုအဲ့လိုကြောက်အောင်လုပ်ရင်…ရှင့်ကိုမခေါ်တော့ဘူး" ဟုဆို၏။
"အေးပါအေးပါ" လော်ယွမ်က ပြုံးလိုက်ပြီး ပုံမှန်အခြေအနေသို့ ပြန်ပြင်လိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ ဝမ်းသာရိပ်များဖြတ်ပြေးသွားသည်။ ဤအရာကို အရှိန်အဝါ ဟု ခေါ်ဆိုနိုင်ပေလိမ့်မည်။
ဤအစွမ်းမှာ ဓားသိုင်းပညာတိုးတက်ခြင်း၏ အပိုအစွမ်းတစ်ခုသာ ဖြစ်သော်လည်း စိတ်ဓာတ်အနည်းငယ်ပျော့ညံ့သူများအပေါ်တွင်မူ အတော်ပင် အစွမ်းထက်လှ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်သူကို မတိုက်ခိုက်မီကပင် ကြောက်ရွံ့စေနိုင်ပြီး တိုက်ပွဲမစတင်မီ အရှုံးပေးစေနိုင်သည်။ နောင်တွင် ဓားပညာ တိုးတက်လာသည်နှင့်အမျှ ဤအစွမ်းသည်လည်း ပို၍ အားကောင်းလာမည်မှာ အသေချာပင်။
"ရှင်အဲ့လိုဖြစ်အောင်ဘယ်လိုလုပ်လိုက်တာလဲ" ကျိုးယလီက စပ်စုလိုစိတ်ဖြင့် မေးသည်။
"ငါကျောင်းပြီးတော့သိုင်းနည်းနည်းလေ့ကျင့်ဖူးတယ်လေ…အဲ့တာကငါ့ရဲ့စိတ်နဲ့သက်ဆိုင်တယ်…ဘယ်သာမန်လူပဲဖြစ်ဖြစ်ငါစိုက်ကြည့်လိုက်တာနဲ့ကြောက်သွားလိမ့်မယ်" လော်ယွမ်က မျက်နှာမပျက်၊ စိတ်မလှုပ်ရှားဘဲ ပြောလိုက်သည်။
"ဒါဆိုရှင်ကအရမ်းစွမ်းတာပေါ့" ကျိုးယလီ၏ မျက်နှာတွင် အံ့ဩခြင်းများ ပြည့်နှက်သွားသည်။
"ဒါကတော့ရန်သူအပေါ်မူတည်တာပေါ့…သာမန်လူတွေကတော့ငါ့ကိုအနိုင်မယူနိုင်တာသေချာတယ်" လော်ယွမ်က မိမိကိုယ်ကို နှိမ့်ချမနေဘဲ ပြောလိုက်သည်။ ကျိုးယလီမှာ စိတ်ဓာတ်ပျော့ညံ့သူဖြစ်၍ သူမကို အနည်းငယ်ယုံကြည်မှုရှိလာဖို့လုပ်ပေးရန် လိုအပ်ကြောင်း သူသိသည်။ မစ်ရှင်၏ သတိပေးချက်များကြောင့် ဤခရီးလမ်းသည် လုံးဝဘေးကင်းမည်မဟုတ်ကြောင်း သူကောင်းစွာသိထားသည်။ သူမကို ကြိုတင်ပြင်ဆင်ထားစေခြင်းဖြင့် တိုက်ခိုက်နေစဉ်အတွင်း အကြောက်လွန်ကာ သူ၏တိုက်ပွဲကို အနှောင့်အယှက်မဖြစ်စေရန် ဖြစ်သည်။
"ဒီနေ့ရှင်မပြောရင်ကျွန်မသိမှာမဟုတ်ဘူး…ရှင်ကနှုတ်တော်တော်လုံတာပဲ" ကျိုးယလီက အပြစ်တင်စကားဆိုလိုက်သော်လည်း သူမ၏စိတ်ထဲတွင်တော့ ပေါ့ပါးသွားလေသည်။ သူနှင့်အတူရှိနေလျှင် ဘာကိုမှ ကြောက်စရာမလိုတော့သလိုပင်။
သူတို့နှစ်ဦးသည် စကားစမြည်ပြောဆိုရင်း လူအုပ်နှင့်အတူ ဘူတာရုံနှင့် ကပ်လျက်ရှိသော ကားဂိတ်သို့ လျှောက်လာခဲ့ကြသည်။
လော်ယွမ်က ဤနေရာမှ ဘက်စ်ကားများမှာ တခြားနေရာများနှင့်မတူဘဲ ထူးဆန်းနေသည်ကို သတိပြုမိ၏။ ပြတင်းပေါက်မှန်များနှင့် လေကာမှန်များပေါ်တွင် တူတစ်ချောင်းစာခန့် တုတ်သော စတီးဇကာကွက်များကို ဂဟေဆော်တပ်ဆင်ထားသည်။ ကားကိုယ်ထည်ကိုလည်း သီးသန့်ထူထဲအောင်ပြုလုပ်ထားပြီး ဘေးနှစ်ဖက်တွင် မြေကြီးနှင့် ထိလုနီးပါးရှည်သော သံမဏိပြားကြီးများဖြင့် ဆက်စပ်ထားရာ အတွင်းမှ တာယာများကို လုံခြုံစွာ ဖုံးကွယ်ထားသည်။ ကြည့်ရသည်မှာ စတီးသတ္တဝါကြီးတစ်ကောင်နှင့်ပင် တူလှ၏။
ကျိုးယလီမှာ ကြောင်ငေးသွားလေသည်။ ကားများကို ဤသို့ ပြုပြင်ထားသည်ကိုကြည့်လျှင် ယွီရွှေမြို့၏ အခြေအနေ မည်မျှဆိုးရွားနေပြီကို သူမ စဉ်းစားမိလိုက်သည်။
"သွားမယ်…ကြည့်မနေနဲ့တော့…ဒါကနင့်ရဲ့နယ်မြေဆိုတော့…ငါတို့ဘာကားစီးရမှာလဲ" လော်ယွမ်က ကျိုးယလီကို ဆွဲခေါ်လိုက်သည်။
"ဒီကနေကျွန်မအိမ်ကိုတိုက်ရိုက်ကားမရှိဘူး…အရင်ဆုံး၂၀၃ကိုစီးပြီးအနောက်ဘက်ကားဂိတ်ကိုသွားရမှာ…အဲ့ကနေမှကျွန်မတို့ကားပြောင်းစီးရမှာ" ကျိုးယလီက သတိပြန်ဝင်လာပြီး ၂၀၃ ဘတ်စ်ကားကို ညွှန်ပြရင်းပြောသည်။
သူတို့နှစ်ဦးသည် ဘတ်စ်ကားပေါ်တက်ကာ ခုံအလွတ်တစ်ခုရှာ၍ ထိုင်လိုက်ကြသည်။ မကြာမီပင် ကားသည် စတင်ထွက်ခွာသွားသည်။
ယွီရွှေမြို့မှာ စိတ်ပျက်ဖွယ်ရာ ငြိမ်သက်ခြောက်ကပ်နေလေသည်။ လမ်းပေါ်တွင် လူသွားလူလာနည်းပါးပြီး ဆိုင်အများစုမှာ ပိတ်ထားကြသည်။ ဖွင့်လှစ်ထားသော ဆိုင်အနည်းငယ်မှာလည်း သံတံခါးကို တစ်ဝက်တစ်ပျက်သာ ဖွင့်ထားကြသည်။ လမ်းမကြီးမှာ သန့်ရှင်းရေးမလုပ်သည်မှာ အတော်ကြာပြီဖြစ်ပုံရပြီး အမှိုက်များစွာ စုပုံနေလေသည်။ လမ်းမပေါ်တွင် နီညိုရောင်သွေးကွက်များ ကျန်ရှိနေသေးရာ မကြာသေးမီက ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားလှသည်။
ဤဆယ်မိနစ်ကျော်အတွင်းမှာပင် အရှိန်ပြင်းစွာ မောင်းနှင်သွားသော စစ်သုံးဂျစ်ကား အစီးများစွာကို ကားပေါ်မှလှမ်းတွေ့လိုက်ရ၏။ အတွင်း၌ လက်နတ်အပြည့်အစုံကိုင်ဆောင်ထားသော စစ်သားများ ပြည့်နှက်နေပြီး အဝေးမှလည်း သေနတ်တစ်ချက်ချင်းပစ်ခတ်နေသည့် အသံများ ရံဖန်ရံခါ ကြားနေရသည်။ ဤအဖြစ်အပျက်များက လော်ယွမ်ကို စိတ်ကူးယဉ်ဆန်သော အိပ်မက်ကမာ္ဘတစ်ခုဆီ ရောက်နေသကဲ့သို့ ခံစားရစေသည်။
ဘူတာရုံမှ ယခုမှထွက်လာသော ခရီးသည်အချို့မှာ ဤမြင်ကွင်းကိုမြင်လျှင် မျက်နှာများ ဖြူဖျော့သွားကြလေသည်။ ယွီရွှေမြို့က ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူတို့ မည်သို့မျှ မထင်ထားခဲ့ကြပေ။
ကျိုးယလီက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရင်း စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်နေ၏။ လော်ယွမ်က သူမ၏လက်ကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်လိုက်သည်။ သူကပြန်ရုတ်သိမ်းမည်အပြုတွင် သူမက သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ကားပေါ်မှအခြေအနေမှာ ဖိအားများစွာဖြင့် လေးလံနေပုံရပြီး စကားပြောဆိုသူ အနည်းငယ်သာရှိ၏။
ကံကောင်းစွာနှင့်ပင် ဘတ်စ်ကားသည် လမ်းတစ်လျှောက်တွင် မည်သည့်အဖြစ်အပျက်မျှ မကြုံတွေ့ခဲ့ရဘဲ အနောက်ဘက်ကားဂိတ်သို့ ရောက်ရှိလာခဲ့သည်။
ကားဂိတ်မှာ အေးစက်ခြောက်ကပ်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူအနည်းငယ်သာရှိသည်ကို တွေ့ရသည်။ ကြွတ်ကြွတ်အိတ်အချို့မှာ လေပူများတိုက်ခတ်မှုကြောင့် ဟိုသည်လွင့်မျောနေပြီး စိတ်ပျက်ဖွယ်ရာ အငွေ့အသက်ကို ဆောင်ကြဉ်းနေလေသည်။
ကားပေါ်မှဆယ့်နှစ်ယောက်ခန့် လူများ တန်းစီ၍ ဆင်းလာမှသာ ကားဂိတ်သည် အနည်းငယ်အသက်ဝင်သွားလေသည်။
"ကျွန်မတို့ ရေတံခါးမြို့ကို သွားတဲ့ကား စီးရမယ်…နာရီဝက်လောက်စီးရင်ရောက်ပြီ" ကျိုးယလီက ဆိုရင်း ရှေ့သို့ ဦးစွာလျှောက်သွားသည်။
ရေတံခါးမြို့သို့ သွားသောကားသည် တစ်စီးသာရှိ၏။ သူတို့စီးလာသော ဘတ်စ်ကားကဲ့သို့ပင် ပြုပြင်မွမ်းမံထားပြီး ကားခေါင်းပိုင်းတွင် သွေးစများနှင့် အသားစများ ကပ်ညှိနေလေသည်။ ထို့အပြင် ကားကိုယ်ထည်မှာလည်း ချိုင့်ခွက်များဖြင့် ပြည့်နှက်နေသည်မှာ မြင်ရသူအဖို့ ရင်ထိတ်စရာကောင်းလှသည်။
လော်ယွမ်က အကြည့်လွှဲလိုက်ပြီး ရုတ်တရက်မေးလိုက်သည်။ "ရေတံခါးမြို့ကိုသွားတဲ့ကားက…ယွီတောင်ကိုဖြတ်မှာလား"
ကျိုးယလီက ခေတ္တမျှ ကြောင်သွားပြီး "တောင်ပတ်လမ်းတစ်ပိုင်းကိုတော့ဖြတ်ရတယ်…ဒါပေမဲ့ သုံးလေးကီလိုမီတာလောက်ပဲ"
လော်ယွမ်က တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေဟန်ဖြင့် ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ ကျိုးယလီက ငွေပုံးထဲသို့ အကြွေစေ့လေးပြားထည့်ပြီးနောက် နောက်ဘက်မှ နေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
ကားပေါ်တွင် လူအလွန်နည်းပါးပြီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ရှိသည်။
ကားသမားသည် စိတ်မရှည်ဖြစ်နေပုံရပြီး သူ၏လက်ကိုင်ဖုန်းကို အဆက်မပြတ်ကြည့်နေသည်။ ထို့နောက် အပြင်ထွက်၍ ဖုန်းခေါ်လေသည်။ သို့သော် အနည်းငယ်အလှမ်းဝေးသောကြောင့် ဘာပြောနေသည်ကို ရှင်းလင်းစွာ မကြားရပေ။ တစ်မိနစ်ခန့်အကြာတွင် သူပြန်လာသည်။ သူ၏မျက်လုံးများမှာ အိပ်ရေးမဝသကဲ့သို့ နီရဲနေပြီး မျက်နှာမှာလည်း မည်းမှောင်နေ၏။
လော်ယွမ်က ယာဉ်မောင်းခန်း၏ ထောင့်တစ်နေရာတွင် ပုဆိန်တစ်လက်ရှိနေသည်ကို သတိပြုမိလိုက်သည်။
နောက်ထပ် ငါးမိနစ်၊ ခြောက်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် စိတ်သောကရောက်နေဟန်တူသော အမျိုးသမီးငယ်နှစ်ဦး ကားပေါ်သို့ တက်လာသည်။ သူတို့သည် ကားထဲမှ လွတ်နေသောနေရာများကို ကြည့်ပြီး လော်ယွမ်၏ရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။ ပြီးနောက်လေသံတိုးတိုးဖြင့် စကားအနည်းငယ်ပြောပြီး အသံတိတ်သွားကြသည်။
မကြာမီ အပြင်ဘက်မှ ကားထွက်ဖို့အချက်ပေးသံ မြည်လာသည်။ ကားသမားက ဖုန်းကိုကြည့်လိုက်ပြီး ဖုန်းထပ်ခေါ်ချင်ပုံရသော်လည်း နောက်ဆုံးတွင်တော့ မတတ်သာစွာဖြင့် ချထားလိုက်သည်။ သူက ကားကိုစက်နှိုးပြီး ကားဂိတ်မှ ဖြည်းညင်းစွာ မောင်းထွက်ခဲ့တော့သည်။
လော်ယွမ်က အနည်းငယ်အိုက်စပ်သည်ဟု ခံစားရ၍ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
ထိုအခါ သူ၏ရှေ့မှ မိန်းကလေးသည် ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည် "ပြတင်းပေါက်သွား မဖွင့်နဲ့"
ကားသမားက ဘရိတ်ကို ဆောင့်နင်းလိုက်ပြီး နောက်သို့လှည့်ကာ ဒေသခံစကားဖြင့် ဆဲဆိုလိုက်သည်။ လော်ယွမ်က သူဘာပြောနေသည်ကို နားမလည်သော်လည်း ကောင်းသောစကားမဟုတ်ကြောင်းကိုတော့ ခန့်မှန်းမိ၏။
သူက အလျင်အမြန်ပြုံးပြကာ တောင်းပန်ပြီး ပြတင်းပေါက်ကို အမြန်ဆုံးပြန်ပိတ်လိုက်သည်။ ကားသမားက လေသံတိုးတိုးဖြင့် ဆက်လက်ကျိန်ဆဲနေပြီးနောက် ကားကိုဆက်မောင်းသွားသည်။
လော်ယွမ်သည် နားမလည်သဖြင့် ကျိုးယလီဘက်သို့ လှည့်ကာ "သူစောစောကဘာပြောတာလဲ"
ကျိုးယလီသည် လက်နှစ်ဖက်ကို လိမ်ယှက်ထားရင်း နှုတ်ခမ်းကိုကိုက်ကာ တုန်ယင်သောလေသံဖြင့် "သူက… သူက… ကြွက်တွေရောက်လာလိမ့်မယ်… ကျွန်မတို့ကို ပြတင်းပေါက်မဖွင့်ကြနဲ့လို့ ပြောနေတာ"
လော်ယွမ်၏ နှလုံးသည် ဒိန်းခနဲ ခုန်သွား၏။ သူက ပြတင်းပေါက်မှန်မှတစ်ဆင့် ရှေ့သို့ လှမ်းကြည့်လိုက်သည်။ အဝေးတွင် မထင်မရှား တောင်တစ်လုံးသည် ထည်ဝါစွာ ရပ်တည်နေသည်။ တောင်၏အပေါ်ပိုင်းကို မြူခိုးများဖြင့် ဖုံးလွှမ်းနေ၍ ပုံသဏ္ဌာန်အမှန်ကို မမြင်နိုင်သော်လည်း တောင်ခါးပန်းတွင်မူ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး အတွင်းမှ ကျောက်လွှာများ၏ မွဲပြာရောင်ကို မြင်နေရ၏။ အချို့နေရာများတွင် အပြာရောင်မီးခိုးငွေ့များ သိပ်သည်းစွာ ထွက်နေဆဲဖြစ်သည်။
ဤသည်မှာ မီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်ဟန်မတူဘဲ အမြောက်ဆံများဖြင့် ဗုံးကြဲခံထားရသကဲ့သို့ ပို၍တူနေ၏။
သူက ကားဂိတ်တွင် ကြားလာသည့် သံချပ်ကာကားများ မြို့ထဲသို့ဝင်လာသည်ဟူသော သတင်းစကားများကို ပြန်သတိရသွားလိုက်ပြီး စိတ်ထဲတွင် လေးလံသွားလေသည်။ အမြောက်ဖြင့်ပစ်ခတ်ခဲ့သောနေရာမှာ ဤနေရာများ ဖြစ်နေသလော။
ယွီတောင်၊ ကြွက်ကပ်ဘေး၊ သံချပ်ကာကား… ဤအရာသုံးခုကို ဆက်စပ်ပေးနေသော ကွင်းဆက်တစ်ခုရှိနေသကဲ့သို့ပင်။ ယွီတောင်သည် ကြွက်ကပ်ဘေး၏ မြစ်ဖျားခံရာ နေရာဖြစ်နေပုံရလေသည်။