တောင်ပတ်လမ်း
Vol. 1 Ch. 15
"အား!"
ကားထဲမှ စူးစူးဝါးဝါးအော်သံတစ်ခုထွက်ပေါ်လာသည်။
ကျိုးယလီက လော်ယွမ်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထား၏။ သူမဆုပ်ကိုင်ထားသည်မှာ အလွန်အားပြင်းသောကြောင့် လက်သည်းများမှာ လော်ယွမ်၏အသားထဲသို့ပင် စိုက်ဝင်သွားလေသည်။
လော်ယွမ်သည် နာကျင်မှုကိုမခံစားမိပေ။ ထိုအချိန်တွင် သူ၏အာရုံမှာ အခြားနေရာသို့ရောက်ရှိနေသည်။ ပြတင်းပေါက်မှတစ်ဆင့် သူသည် ကြောင်တစ်ကောင်အရွယ်ခန့်ရှိသော မီးခိုးရောင်ကြွက်တစ်ကောင် လမ်းမပေါ်မှ လျင်မြန်စွာဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။
သာမန်ကြွက်များနှင့်နှိုင်းယှဉ်လျှင် ဤသန္ဓေပြောင်းကြွက်မှာ အလွန်သတ္တိကောင်းပုံရသည်။ ၎င်းက ထွက်မပြေးဘဲ လမ်းဘေးတွင်ရပ်တန့်လိုက်သည်။ ၎င်း၏တစ်ကိုယ်လုံးမှာ မီးခိုးရောင်ဖြစ်ပြီး ပြောင်လက်နေသောအမွေးများက ကိုယ်ပေါ်၌ ခပ်ပါးပါးရှိနေသည်။ သွားများမှာ အလွန်ထက်မြက်ပုံရပြီး ထိတ်လန့်စရာအကောင်းဆုံးအချက်မှာ ၎င်း၏မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေပြီး မြင်ရသူကို သွေးဆာသော ခံစားမှုမျိုး ပေးနေခြင်းပင်။
"သောက်ကြွက်စုတ်...လာရဲရင်လာစမ်းပါ" ယာဉ်မောင်းက ဆဲရေးတိုင်းထွာရင်း ခြေဖြင့်လီဗာကိုအားကုန်နင်းချလိုက်ရာ ကား၏အရှိန်မှာ ချက်ချင်းပင်အနည်းငယ်မြန်ဆန်သွားသည်။
ထိုကြွက်က ဘတ်စ်ကားကို အဆက်မပြတ်စိုက်ကြည့်နေပြီး အတော်အလှမ်းဝေးသွားမှသာ လမ်းမကြီးပေါ်မှခုန်ဆင်းကာ လယ်ကွင်းများဆီသို့ပြေးဝင်သွားလေသည်။
ယွီတောင်မှာ တဖြည်းဖြည်းနီးကပ်လာလေသည်။ သူတို့စီးလာသော ဘတ်စ်ကားက လမ်းခွဲတစ်ခုသို့ဝင်ရောက်ပြီးနောက် တောင်ပတ်လမ်းတစ်ခုဆီသို့မောင်းနှင်သွားလေသည်။ တောင်နှင့်အနီးတဝိုက်မှာရှိသောသစ်ပင်များမှာ အများအပြားမီးရှို့ဖျက်ဆီးခံထားရပြီး လမ်းဘေးတွင် ရံဖန်ရံခါ ကျည်ဆန်ခွံများကိုပင်တွေ့မြင်နိုင်သည်။
လမ်းပေါ်တွင် နေရာအနှံ့အရွယ်အစားအမျိုးမျိုးရှိသော ကျောက်စရစ်ခဲများပြန့်ကျဲနေပြီး လမ်းအခြေအနေမှာ အလွန်ဆိုးရွားလှသည်။ ကျောက်စရစ်ခဲများသည် ကားရှေ့မှကာဗာသံပြားနှင့်အဆက်မပြတ်ပွတ်တိုက်မိကာ "ဒင်ဒင်ဒေါင်ဒေါင်" ဟူသောအသံများထွက်ပေါ်နေသည်။
ခရီးလမ်းတစ်လျှောက်လုံးမှာ ချောမွေ့နေသဖြင့် လော်ယွမ် အနည်းငယ် သက်ပြင်းချနိုင်ခဲ့သည်။
ကားသည် ယိမ်းထိုးယိမ်းထိုးဖြင့် မိနစ်အနည်းငယ်မောင်းနှင်ပြီးနောက် အကွေ့တစ်ခုကိုကွေ့လိုက်သောအခါ ဘတ်စ်ကားတစ်စီးက လမ်းကို ကန့်လန့်ဖြတ် ပိတ်ဆို့ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။ ယာဉ်မောင်းက ဘရိတ်ကိုအားကုန်နင်းချလိုက်ပြီး ထိုဘတ်စ်ကားကိုကြည့်ကာ ထိတ်လန့်သွားပုံရသည်။ သူက အလျင်အမြန်ပင် ဖုန်းထုတ်၍ ခေါ်ဆိုလိုက်သည်။
သို့သော် ဖုန်းမဝင်ပေ။ သူသည် အကြိမ်အနည်းငယ်ဆက်တိုက်ခေါ်ဆိုပြီးနောက် နောက်ဆုံးတွင် ဖုန်းကိုအားကုန်ပေါက်ခွဲလိုက်သည်။ သူက ပတ်ဝန်းကျင်အခြေအနေကိုကြည့်ကာ ထောင့်တွင်ရှိသောမီးသတ်ပုဆိန်ကိုယူလိုက်သည်။ ပြီးနောက်ရှေ့တွင်ထိုင်နေသောခရီးသည်အချို့ကို ဒေသခံစကားဖြင့် အနည်းငယ်ပြောဆိုကာ ယာဉ်မောင်းခန်းရှေ့မှခလုတ်တစ်ခုကိုညွှန်ပြလိုက်သည်။ ထိုလူများက ခေါင်းညိတ်ပြပြီးနောက် သူသည် တံခါးကိုတွန်းဖွင့်ကာ အောက်ဆင်းလိုက်သည်။ ပြီးနောက် တံခါးကိုတင်းကျပ်စွာပြန်ပိတ်ပြီး ရှေ့မှကားဆီသို့လျှောက်သွားလေသည်။
"သူဘာပြောသွားတာလဲ" လော်ယွမ်ကမေးလိုက်သည်။
"သူပြောတာက...ရှေ့ကားမှာပြဿနာဖြစ်နေတဲ့ပုံပဲ...သူသွားကြည့်ဦးမယ်တဲ့...သူပြန်လာရင်ခလုပ်နှိပ်ပြီးတံခါးအမြန်ဖွင့်လိုက်တဲ့" ကျိုးယလီက အနည်းငယ်စိုးရိမ်နေဟန်ဖြင့် ဆိုသည်။
ကားအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ခရီးသည်များ၏ အသက်ရှူသံများမှာ တဖြည်းဖြည်း မြန်ဆန်လာသည်။
"အား"
ထိုအချိန်တွင် ရှေ့မှ နာကျင်စွာ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ယာဉ်မောင်းမှာ ကားဆီသို့ အသက်လု၍ ပြေးလာနေသည်ကို ခရီးသည်များက မြင်လိုက်ရသည်။ သူ၏နောက်တွင် ကြွက်ခုနစ်ကောင်၊ ရှစ်ကောင်ခန့်က အပြင်းအထန် လိုက်ပါလာသည်။
သူ၏မျက်နှာမှာ ထိတ်လန့်တကြားဖြစ်ကာ မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ထင်ဟပ်နေသည်။ သို့သော် ကြွက်များ၏အမြန်နှုန်းမှာ ယာဉ်မောင်းထက် သိသိသာသာပင် ပို၍မြန်လေသည်။ ခြေလှမ်းအနည်းငယ်သာပြေးရသေးသည် ကြွက်တစ်ကောင်က သူ၏ပေါင်ကိုကိုက်ခဲလိုက်သည်။ သူသည် ပြင်းထန်စွာနာကျင်မှုကြောင့် မြေပြင်ပေါ်သို့လဲကျသွားပြီး မီးသတ်ပုဆိန်မှာလည်း မြေပြင်ပေါ်သို့လွင့်စင်သွားသည်။
ကျန်ရှိသောကြွက်အချို့မှာ အလျင်အမြန်ပင်သူ၏ကိုယ်ပေါ်သို့ခုန်တက်ကြပြီး ထက်မြက်သောသွားများဖြင့် သူ၏ခန္ဓာကိုယ်ကို အားကုန်ကိုက်ခဲကြသည်။ သွေးများမှာ သူ၏ကိုယ်အနှံ့မှ လျင်မြန်စွာ စီးကျလာတော့သည်။
ယာဉ်မောင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး ကြွက်များကိုလက်ဖြင့်ရိုက်ချကာ အသက်လု၍ ပြန်ထရန် ကြိုးစားသည်။ ထိုအချိန်တွင် သူကမီးသတ်ပုဆိန်ကိုပင်ဂရုမစိုက်နိုင်တော့ဘဲ ပြေးရင်းလွှားရင်း လက်ဖြင့်လည်း ကြွက်တစ်ကောင်ချင်းစီကို ကိုယ်ပေါ်မှဆွဲဖြုတ်ကာ မြေပြင်ပေါ်သို့ပစ်ချနေသည်။
သွေးညှီနံ့ကို ရလိုက်သည့်ထင် လမ်းဘေးရှိ မူလက ဘာမျှမရှိသော နေရာတွင်လည်း ကြွက်များ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။
ကားရပ်ထားသောနေရာမှာ ရှေ့မှဘတ်စ်ကားနှင့် ပေ၃၀ကျော်သာကွာသဖြင့် ယာဉ်မောင်းက အသက်လုပြေးသောအခါ မကြာမီပင်ဘတ်စ်ကားတံခါးဝသို့ရောက်ရှိလာ၏။ သူသည် တံခါးကိုအားကုန်ထုရိုက်ကာ စိုးရိမ်တကြီးဖြင့် "တံခါးဖွင့်... တံခါးအမြန်ဖွင့်..." ဟုအော်ဟစ်လိုက်သည်။
ရှေ့တွင်ထိုင်နေသော ခရီးသည်အချို့၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်နေပြီး မလှုပ်မယှက် ရှိနေကြသည်။ လူငယ်တစ်ဦးက ထ၍ တံခါးဖွင့်ပေးရန် ကြိုးစားသော်လည်း ဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဆွဲထားလိုက်သဖြင့် သူသည်လည်း အလိုက်သင့်ပင် ငြိမ်သက်သွားသည်။
လူအများစုမှာ မိမိတို့၏ ကောင်းသောစိတ်ထားကို ပြသရန်အတွက် သူတစ်ပါးကို ကူညီလေ့ရှိကြသည်။ ဥပမာအားဖြင့် ငလျင်ဘေးအတွက် အလှူငွေထည့်ခြင်း၊ ဘတ်စ်ကားပေါ်တွင် နေရာဖယ်ပေးခြင်း၊ အခမဲ့သွေးလှူဒါန်းခြင်း စသည်တို့ဖြစ်သည်။ ထိုသို့သောအကူအညီများမှာ မိမိတတ်နိုင်သော အတိုင်းအတာအတွင်း၌သာဖြစ်ပြီး ဆုံးရှုံးရမည့် အကျိုးစီးပွားမှာ မပြောပလောက်ဘဲ မိမိလက်ခံနိုင်သည့် ပမာဏထက် များစွာလျော့နည်းလေ့ရှိကြသည်။
သို့သော် အကူအညီတစ်ခုက မိမိ၏ အကျိုးစီးပွားတင်မဟုတ်ဘဲ အသက်အန္တရာယ်ကိုပါ ပြင်းထန်စွာ ထိခိုက်လာနိုင်သည့်အခါမှာတော့ လူတို့၏သဘာဝမှာ အမြဲတစေ အတ္တကြီးစမြဲပင်။
"တံခါးအမြန်ဖွင့်ပါ... ကျွန်တော်တောင်းပန်ပါတယ်..." ထိုယာဉ်မောင်းက အချိန်ကြာသည်အထိ တံခါးဖွင့်မပေးသည်ကို မြင်သောအခါ ချက်ချင်းပင်မျက်နှာတွင်မျှော်လင့်ချက်ကင်းမဲ့သွား၏။ တခဏအကြာတွင် ကြွက်အကောင်တစ်ဆယ်ကျော်ခန့် တောင်ပေါ်မှပြေးဆင်းလာပြီး သူ၏ကိုယ်ပေါ်သို့ လျင်မြန်စွာခုန်တက်ကိုက်ခဲကြတော့သည်။
"မင်းတို့ခွေးမသားတွေ...အသေဆိုးနဲ့သေလိမ့်မယ်...ငါကျိန်ပြောရဲတယ်..." ယာဉ်မောင်းသည် နာကျင်စွာအော်ဟစ်ရင်း ကျယ်လောင်စွာကျိန်ဆဲလိုက်သည်။
သူ၏ကိုယ်ပေါ်သို့ခုန်တက်လာသော သန္ဓေပြောင်းကြွက်များမှာ တဖြည်းဖြည်းများပြားလာပြီး သွေးများမှာ သူ၏ကိုယ်အနှံ့မှပန်းထွက်လာကာ မကြာမီပင် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်သွားတော့၏။ ခွန်အားများ ကုန်ဆုံးလာသည်နှင့်အမျှ သူက သံဇကာကွက်ကို မဆုပ်ကိုင်ထားနိုင်တော့ဘဲ ခန္ဓာကိုယ်သည် ပျော့ခွေစွာ မြေပေါ်သို့ လျှောကျသွားကာ ကားတံခါးပေါ်တွင် တွန့်လိန်နေသော သွေးရာတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
လော်ယွမ်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အကြိမ်ကြိမ်ထရပ်ရန်ကြိုးစားသော်လည်း အားမရှိစွာပြန်ထိုင်ချလိုက်သည်။ အကယ်၍ သူသာ ပြေးသွားပြီး ကားတံခါးကို ဖွင့်ပေးလိုက်ပါက ကြွက်များ မုချဝင်ရောက်လာမည်ဖြစ်ပြီး ထိုအခါ ကားအတွင်းပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ သေဆုံးဒဏ်ရာရသူများ ပိုမိုများပြားလာလိမ့်မည်ကို သူကောင်းစွာနားလည်သည်။ သူ၏သိုင်းအစွမ်းဖြင့်ပင် ဤသို့ လူအများရှိနေပြီး နေရာကျဉ်းကြပ်သော ကားပေါ်တွင် သူ့ကိုယ်သူ ကာကွယ်ရန်သာ တတ်နိုင်ပြီး ကျိုးယလီကိုပင် အန္တရာယ်တွင်းထဲ ဆွဲခေါ်သွားသလို ဖြစ်သွားနိုင်ပေသည်။
သူက သူတော်စင်တစ်ပါးမဟုတ်သလို ကယ်တင်ရှင်တစ်ဦးလည်း မဟုတ်ပေ။ သူတတ်နိုင်သည်မှာ သူ့ကိုယ်သူနှင့် သူ့ဘေးမှာလူများကို ကာကွယ်ခြင်းသာ ဖြစ်သည်။
ယာဉ်မောင်း၏ ဆိုးဆိုးရွားရွားသေဆုံးမှုကို ကြည့်ရင်း သူက စိတ်မသက်မသာဖြင့် အကြည့်လွှဲလိုက်သည်။
ကြွက်အချို့သည် သံဇကာကွက်ပေါ်သို့တက်လာပြီး နီရဲအေးစက်သောမျက်လုံးများဖြင့် ပြတင်းပေါက်မှတစ်ဆင့် လောဘကြီးစွာ ကားထဲသို့ကြည့်နေပြီး ရံဖန်ရံခါတွင် "ကျွိကျွိ" ဟုအော်မြည်နေကြသည်။ ကားထဲတွင် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး ပိုမိုပြင်းထန်လာသော အသက်ရှူသံများသာ ထွက်ပေါ်နေသည်။
တောင်ခြေတွင် ကြွက်ခေါင်းများဖြင့် ပြည့်နှက်နေပြီး ကြွက်များ တစ်ကောင်ပြီးတစ်ကောင် ဘတ်စ်ကားဆီသို့ ပြေးလွှားလာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ကားအပြင်ဘက်တွင် ကြွက်များဖြင့်တဖြည်းဖြည်းပြည့်နှက်လာပြီး အလင်းရောင်မှာကွယ်ပျောက်ကာ ကားအတွင်းမှာလျင်မြန်စွာမှောင်မိုက်သွားသည်။
"အား...သူတို့သံဇကာကိုကိုက်ဖြတ်နေတယ်" လော်ယွမ်ရှေ့တွင်ထိုင်နေသောမိန်းမပျိုက ရုတ်တရက်အော်ဟစ်လိုက်သည်။ သူမ၏အသံတွင် ငိုရှိုက်သံများ ပါဝင်နေသည်
သူလှမ်းကြည့်လိုက်သောအခါ ကြွက်အကောင်တစ်ဆယ်ကျော်မှာ သံဇကာကို အဆက်မပြတ် ကိုက်ဖြတ်နေပြီး မကြာမီပင် အဖြူရောင်သွားအမှုန့်များနှင့်ရောနှောနေသော အနက်ရောင်သံမှုန့်များမှာ အဆက်မပြတ်ကျဆင်းလာသည်။
ကျိုးယလီက လော်ယွမ်၏လက်မောင်းကို တင်းကျပ်စွာ ဖက်ထားသည်။ လော်ယွမ်က သူမ၏တစ်ကိုယ်လုံး တုန်ယင်နေသည်ကိုပင် ခံစားမိသည်။
ကားအတွင်း၌ ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားပြီး လူအချို့သည် ဖုန်းများထုတ်ကာ ရဲကိုအကြောင်းကြားကြသည်။ ရဲများ အလုပ်များလွန်း၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လားမသိ၊ ဖုန်းမှာ လုံးဝခေါ်ဆို၍ မရချေ။
"သံဇကာက ကြာကြာခံမှာမဟုတ်ဘူး...မင်းတို့ထဲမှာဘယ်သူကားမောင်းတတ်လဲ...ဒီကနေအမြန်သွားမှဖြစ်မယ်" မျက်မှန်အနက်ရောင်နှင့် အဘိုးအိုတစ်ဦးက ဒေသခံစကားဖြင့် အလျင်အမြန်ပြောလိုက်သည်။
ခဏအကြာတွင် သပ်ရပ်စွာဝတ်ဆင်ထားသော လူငယ်တစ်ဦးက တုန်ယင်သောအသံဖြင့် "ကျွန်တော့်မှာ စီအဆင့်ကားလိုင်စင်ပဲရှိတယ်...ပြီးတော့ဒီလိုကားမျိုးတခါမှမမောင်းဖူးဘူး" ဟုဆို၏။
"မင်းကားမောင်းတာဘယ်လောက်ကြာပြီလဲ" အဘိုးအိုက တိတ်ဆိတ်သွားပြီး ပြတင်းပေါက်အပြင်မှ အဆက်မပြတ်ကိုက်ဖြတ်နေသော ကြွက်များကို တစ်ချက်ကြည့်ကာ နောက်လှည့်မေးလိုက်သည်။
"ကားမောင်းတာ၂နှစ်တော့ရှိပြီ...ခုနောက်ပိုင်းဆီဈေးတွေတက်လာတာနဲ့...မမောင်းပဲအိမ်မှာထိုးထားတာ" လူငယ်ကဆို၏။
"မတတ်နိုင်ဘူး...ဒီတိုင်းတော့အသေခံလို့မဖြစ်ဘူး...မင်းသွားမောင်းကြည့်လိုက်" အဘိုးအိုက ခဏတုံ့ဆိုင်းပြီးနောက် ဆိုလိုက်သည်။
"ဟုတ်… ဟုတ်ကဲ့" လူငယ်က ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွား၏။
သူသည် ယာဉ်မောင်းခန်းနေရာသို့သွားကာ ထိုင်ချလိုက်သည်။
ရှေ့မှလေကာမှန်ပေါ်တွင်တွားသွားနေသော ကြောက်မက်ဖွယ်ရာကြွက်များကိုကြည့်ရင်း သူ၏မျက်နှာမှာချက်ချင်းပင်စက္ကူကဲ့သို့ဖြူဖျော့သွားလေသည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပါးစပ်မှ အဆက်မပြတ် တတွတ်တွတ် ရေရွတ်နေ၏။ လက်မှာစတီယာရင်ဂွေပေါ်သို့ကျရောက်သွားပြီး လျင်မြန်စွာပြန်မြှောက်လိုက်သည်။ ဤသို့ဖြင့်မိနစ်အနည်းငယ်ကြာပြီးနောက် ကားသည်နောက်ဆုံးတွင်ပြန်လည်စတင်လှုပ်ရှားလာသည်။
ကားအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူမျှစကားမပြောပေ။ ထိုလူငယ်ယာဉ်မောင်း မည်မျှစိတ်လှုပ်ရှားနေသည်ကို မည်သူမဆို မြင်နိုင်ပေသည်။
ထိုအချိန်တွင် "ထောက်" ဟူသော မြည်သံနှင့်အတူ သံကြိုးတစ်ချောင်းကို ကြွက်က ကိုက်ဖြတ်လိုက်လေသည်။
ကားအတွင်းတွင် စူးစူးဝါးဝါးအော်သံများဖြင့်ပြည့်သွားသည်။
လူငယ်က ချက်ချင်းပင် လန့်ဖြန့်ကာ တုန်လှုပ်သွားပြီး ခြေဖြင့် လီဗာကို အပြင်းအထန် စောင့်နင်းလိုက်သည်။ ကားက နွားရိုင်းတစ်ကောင်ကဲ့သို့ ရုတ်တရက် ရှေ့မှ ဘတ်စ်ကားဆီသို့ ပြေးဝင်သွားတော့သည်။
"မလုပ်နဲ့...ဘရိတ်အမြန်အုပ်"
"ဘုရားကယ်ပါ"
လော်ယွမ်၏ မျက်နှာမှာ ချက်ချင်းပျက်သွားပြီး ကျိုးယလီကို အလျင်အမြန်ပွေ့ဖက်ကာ ကိုယ်ကို ဝပ်ချလိုက်သည်။
နောက်တစ်ခဏတွင် ကားသည် ကန့်လန့်ဖြတ်ရပ်ထားသောဘတ်စ်ကားကို အရှိန်ပြင်းစွာ ဝင်တိုက်မိပြီး ပြတင်းပေါက်မှန်များမှာချက်ချင်းပင် ကွဲကြေကုန်သည်။ ပို၍ဆိုးရွားသည်မှာ သံဇကာသည် ရှည်လျားသော အပေါက်ကြီးတစ်ခုအဖြစ် ဆွဲဖြဲခံလိုက်ရခြင်းပင်။ ကားသည် အကြိမ်အနည်းငယ် ယိမ်းထိုးပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ကျိုးယလီက လော်ယွမ်၏ရင်ခွင်ထဲတွင်မှီနေရင်း လော်ယွမ်၏ချောမောသောမျက်နှာကိုခိုးကြည့်နေသည်။ သူ၏မျက်နှာတွင် တည်ကြည်ခိုင်မာသောအရိပ်အယောင်တစ်ခုရှိနေပြီး မည်မျှပင်ကြီးမားသောအန္တရာယ်ဖြစ်စေ သူ၏မျက်လုံးထဲတွင် အရေးမပါသကဲ့သို့ခံစားရစေသည်။ သူအနီးတွင်ရှိနေရုံဖြင့် သူမ၏စိတ်မှာ တည်ငြိမ်သွားသကဲ့သို့ပင်။
လော်ယွမ်က ကျိုးယလီကို လွှတ်ပေးလိုက်ပြီး "အမယလီ...ဘာမှမဖြစ်ဘူးမလား...ထိခိုက်မိသေးလား" ဟုမေးလိုက်သည်။
ကျိုးယလီသည် သတိပြန်ဝင်လာပြီး ခေါင်းခါကာ "ဘာမှမဖြစ်ဘူး...နည်းနည်းပဲလန့်သွားတာ" ဟုဆို၏။
"ဒါဆိုတော်သေးတာပေါ့...ဘာမှမပူနဲ့နင်ဘာမှမဖြစ်စေရဘူး" လော်ယွမ်သည် သူမ၏ စိတ်အခြေအနေမှာ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း တည်ငြိမ်နေသောကြောင့် နှစ်သိမ့်စကားတစ်ခွန်းဆိုလိုက်သည်။
"အင်း" ကျိုးယလီက တုံ့ပြန်သည်။
ကား၏အမြန်နှုန်းမှာ မမြန်သည့်အပြင် ခရီးသည်များမှာလည်းထိုင်ခုံများတွင်ထိုင်နေကြသောကြောင့် အနည်းငယ်လန့်ဖျပ်သွားသည်မှလွဲ၍ များများစားစားဒဏ်ရာမရကြပေ။
သို့သော် လူငယ်ယာဉ်မောင်းမှာမူ ထိုသို့မဟုတ်ပေ။ ထိုအချိန်တွင် သူသည် စတီယာရင်ဘီးပေါ်တွင်မှောက်နေပြီး မလှုပ်မယှက်ရှိနေသည်။ သွေးများမှာလည်း သူ၏လက်ချောင်းထိပ်မှအဆက်မပြတ်စီးကျနေ၏။သို့သော် ထိုအချိန်တွင်မည်သူမျှသူ့ကိုဂရုမစိုက်နိုင်တော့ပေ။
ကားနှစ်စီးမှာ တင်းကျပ်စွာပူးကပ်နေသည်။ လော်ယွမ်နှင့်ခရီးသည်အချို့မှာ သတ္တိမွေးကာထရပ်ပြီး တစ်ဖက်ကားအတွင်းသို့ကြည့်လိုက်ကြသည်။ သူ၏မျက်လုံးများမှာ ချက်ချင်းပြူးကျယ်သွားပြီး ကြောရိုးထဲမှစိမ့်တက်သွားလေတော့သည်။