← Chapters

သေပြေးရှင်ပြေး

Vol. 1 Ch. 16

သေပြေးရှင်ပြေး

Vol. 1 Ch. 16

တစ်ဖက်ရှိ ဘတ်စ်ကားကြီး၏ အတွင်း၌...

မရေမတွက်နိုင်အောင်ရှိနေသော အရိုးဖြူများနှင့် သွေးများဖြင့်နီရဲနေသော အင်္ကျီဘောင်းဘီစုတ်များက ကြမ်းပြင်အနှံ့ဟိုသည်ပြန့်ကျဲနေ၏။ ဖြူဖွေးနေသော လူခေါင်းခွံအချို့သည် အစောပိုင်းကတိုက်မိသော အရှိန်ကြောင့် လိမ့်နေကြဆဲဖြစ်ရာ မြင်ရသူတိုင်းကို ငရဲပြည်သို့ ရောက်သွားသည့်အလား ခံစားရစေသည်။

ကားအတွင်းမှ တတောက်တောက်ကျနေသော ရေသံများ ထွက်ပေါ်နေပြီး ကျင်ငယ်ရေနံ့တစ်မျိုးကလည်း ကားခန်းတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိသည်။

ထိုအချိန်တွင် ကြွက်တစ်ကောင်သည် တစ်ဖက်ရှိ ဘတ်စ်ကားပေါ်သို့ ခုန်တက်လာသည်။ ၎င်းက ကျွိကျွိဟု အကြိမ်အနည်းငယ်အော်လိုက်ပြီး သူတို့ကားဘက်သို့ လျှောက်လာလေသည်။

ထိုသည်ကိုမြင်သောအခါ ရှေ့တွင်ထိုင်နေသော လူအချို့က တဖြည်းဖြည်း နောက်သို့ဆုတ်သွားကြသည်။

"လက်နတ်တစ်ခုခုရှာကြ...ဒီကြွက်လေးသုံးလေးကောင်ကိုငါတို့မသတ်နိုင်စရာအကြောင်းမရှိဘူး" လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးသည် တင်းမာခတ်ထန်သည့်မျက်နှာထားဖြင့် ထရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ သူက ဘေးဘယ်ညာသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ရှေ့သို့လျှောက်သွားကာ ယဉ်မောင်းထိုင်ခုံအောက်မှ မီးသတ်ပုဆိန်ကို ဆွဲထုတ်လိုက်သည်။

အခြားလူငယ်အချို့ကလည်း သတ္တိမွေးကာ ကားမောင်းခန်းသို့ သွားရောက်ရှာဖွေကြရာ ဂွတစ်ချောင်း၊ တူတစ်လက်နှင့် တစ်ပေခန့်ရှည်သော သံချောင်းတစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ကြွက်သည် ပေါက်ပြဲနေသောသံဇကာအပေါက်မှတစ်ဆင့် ကားမောင်းခန်းရှိ ဒက်ရှ်ဘုတ်ပေါ်သို့ လျင်မြန်စွာ ခုန်တက်လာရာ မိန်းမအချို့က ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။

လက်နက်ကိုင်ထားသော ယောက်ျားအချို့သည် အလိုအလျောက် တံတွေးမျိုချလိုက်ကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရှေ့မတိုးရဲဘဲ ချီတုံချတုံဖြစ်နေကြသည်။

သို့သော် ထိုကြွက်က ချက်ချင်းတိုက်ခိုက်ခြင်းမပြုဘဲ ပါးစပ်မှ ကျွိကျွိဟု အဆက်မပြတ်အော်မြည်နေသည်။

"သူ့ကိုအမြန်သတ်...အဲ့တာတခြားကြွက်တွေကိုခေါ်နေတာ" အစောပိုင်းကဘိုးအိုက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

အားလုံး၏ မျက်နှာမှာချက်ချင်းပင် ပျက်ယွင်းသွားကြသည်။ မီးသတ်ပုဆိန်ကိုင်ထားသော အသက်လတ်ပိုင်းအရွယ်ယောက်ျားက အနီးရှိ လက်နက်ကိုင်ထားသူများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "အတူဝင်တိုက်ကြမယ်...ငါတို့ပြန်ဆုတ်လို့မရဘူး...မဟုတ်ရင်ဒီမှာပဲသေရလိမ့်မယ်"

"ဟုတ်တယ်"

"လူဆိုတာတစ်နေ့သေရမှာပဲ...ဘာမှကြောက်စရာမလိုဘူး"

"ငါသေရင်တောင်...ကြွက်နှစ်ကောင်လောက်တော့...အတူခေါ်သွားကွ!"

လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုရင်း ကိုယ့်ကိုယ်ကိုယ် သတ္တိသွင်းနေကြသည်။

မီးသတ်ပုဆိန်ကိုင်ထားသော ယောက်ျားသည် ဟစ်အော်သံတစ်ချက်ပေးကာ ထိုသန္ဓေပြောင်းကြွက်ဆီသို့ လျှောက်သွားသည်။ ကြွက်သည် စူးရှစွာအော်မြည်လိုက်ပြီး လှည့်ပြေးကာ မူလကားခန်းဆီသို့ ပြန်ခုန်ဆင်းသွားပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။

လူအုပ်ကြီးက ချက်ချင်းပင် ဝမ်းမြောက်စွာ အော်ဟစ်လိုက်ကြသည်။ သို့သော် ထိုဝမ်းမြောက်သံတို့က နာရီဝက်ပင် မခံလိုက်ချေ။

တစ်ဖက်ကားခန်းထဲသို့ ကြွက်အကောင်တစ်ဆယ်ကျော် ဝင်ရောက်လာပြီး အရေအတွက်မှာ ပို၍ပို၍ များပြားလာကာ မကြာမီမှာပင် မီးခိုးရောင်ပင်လယ်ကြီးအလား ဖုံးလွှမ်းသွားတော့သည်။

လော်ယွမ်က အန္တရာယ်ကိုအာရုံခံမိသဖြင့် သစ်သားသေတ္တာထဲမှ ကျန်းမာတောက် ကိုထုတ်ယူကာ ချက်ချင်းထရပ်လိုက်သည်။ ပြီးနောက်ကျိုးယလီကို ဆွဲထူလျက် အသံကိုနှိမ့်ကာဆိုသည်။ "ငါ့နောက်လိုက်ခဲ့"

"ကျွန်မရဲ့ ခရီးဆောင်အိတ်တွေ မယူရသေးဘူး" ကျိုးယလီက ထိတ်လန့်စွာဆိုသည်။

"အဲ့တာတွေကိုထားလိုက်တော့...ငါ့လက်ကိုဆွဲထား...ဒီမှာကြာကြာနေလို့စိတ်မချရဘူး...အမြန်သွားမှဖြစ်မယ်" လော်ယွမ်က အလောတကြီးဆိုသည်။

"အမ်...အင်း" ကျိုးယလီသည် ထိုအချိန်တွင် မည်သို့မျှဆုံးဖြတ်ချက်မချနိုင်တော့ဘဲ စိတ်ရှုပ်ထွေးနေတော့သည်။

"ဘာမှမပူနဲ့...ငါနင့်ကိုဘာမှမဖြစ်စေရဘူး...ငါအရင်ကသိုင်းသင်ဖူးတယ်လို့နင့်ကိုပြောထားတယ်မလား" လော်ယွမ်က နှစ်သိမ့်စကားတစ်ခွန်းဆိုရင်း ကျိုးယလီကိုဆွဲကာ ကားမောင်းခန်းဆီသို့ လျင်မြန်စွာလျှောက်သွားသည်။ ကြွက်အုပ်ကြီးသာ သူတို့ကားထဲသို့ဝင်လာပါက ဤကျဉ်းမြောင်းသောနေရာ၌ သူ၏စွမ်းရည်မည်မျှပင်မြင့်မားစေကာမူ အသုံးချနိုင်မည်မဟုတ်ပေ။ ထို့အပြင် ကားပေါ်ရှိလူများက သူ့အတွက် ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်ပေလိမ့်မည်။

လော်ယွမ်က ကားတံခါးဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည်။ 'ရှူး' ဆိုသောအသံထွက်ပေါ်လာပြီး ကားတံခါးသည် ဖြည်းညင်းစွာ ပွင့်လာသည်။

"မင်းဘာလုပ်တာလဲကွ" ထိုသည်ကိုမြင်သောအခါ သက်လတ်ပိုင်းအရွယ်ယောက်ျားက ဒေါသတကြီးဖြင့် ဟစ်အော်လိုက်သည်။

"မင်းသေချင်နေတာလား"

"အမြန်...တံခါးအမြန်ပိတ်လိုက်စမ်း"

လူအုပ်ကြီးသည် ကြောက်ရွံ့ခြင်းနှင့် ဒေါသတို့ရောနှောကာ ဆဲဆိုကြိမ်းမောင်းကြလေသည်။

လော်ယွမ်က ခံစားချက်မရှိသောမျက်နာဖြင့် ကျန်းမာတောက် ကိုဆွဲထုတ်ကာ ဓားကစားဟန်တစ်ချက်ပြလိုက်ပြီး အေးစက်စွာဆိုသည်။ "ဓားလှံဆိုတာမျက်စိမပါဘူးနော်...အားလုံးငါ့ကိုအထင်မလွဲကြနဲ့...လမ်းဖယ်ကြပါ...ငါတို့ဒီကသွားတော့မယ်"

ပြေးဝင်ရန်ကြံရွယ်နေသော ယောက်ျားအချို့၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး ခြေလှမ်းများကိုရပ်တန့်ကာ နောက်သို့အသီးသီးဆုတ်သွားကြသည်။

"သွားမယ်" လော်ယွမ်က အခွင့်အရေးကို အရယူကာ အနည်းငယ်ကြောင်ငေးနေသော ကျိုးယလီကို အလျင်အမြန်ဆွဲလျက် ကားတံခါးပေါက်ဆီသို့ လျှောက်သွားသည်။

သူတို့ ကားပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ကားအတွင်းမှလူများသည် တံခါးကိုချက်ချင်းပြန်ပိတ်လိုက်ကြသည်။

လော်ယွမ်က ပတ်ဝန်းကျင်ကို လျင်မြန်စွာအကဲခတ်လိုက်သည်။ အခြေအနေမှာ ထင်ထားသည်ထက် ပိုကောင်းနေသည်။ ခပ်လှမ်းလှမ်းရှိလမ်းပေါ်တွင် ကြွက်ငါးကောင်ရှိနေသည်မှလွဲ၍ ကျန်သောကြွက်များကို အရိပ်အယောင်ပင်မတွေ့ရချေ။ ၎င်းတို့အားလုံး တစ်ဖက်ရှိ ဘတ်စ်ကားပေါ်သို့ ရောက်သွားကြဟန်တူသည်။ သူကအနည်းငယ်စိတ်သက်သာရသွားပြီး ကျိုးယလီကိုဆွဲကာ ကားလမ်းမတစ်လျှောက် ရှေ့သို့ပြေးထွက်သွားတော့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးပြေးလာသည်ကို ခပ်လှမ်းလှမ်းတွင်ရှိနေသော သန္ဓေပြောင်းကြွက်အချို့သတိထားမိသွားကြသည်။ ၎င်းတို့က ကျွိကျွိဟု အကြိမ်အနည်းငယ်အော်မြည်လိုက်ပြီး သူတို့ဆီသို့ပြေးဝင်လာကြလေသည်။

"ရှောင်ယွမ်" ကျိုးယလီက ထိတ်လန့်စွာအော်လိုက်သည်။

"မကြောက်နဲ့...ဆက်ပြေး" လော်ယွမ်သည် တဖြည်းဖြည်းနီးကပ်လာသော သန္ဓေပြောင်းကြွက်များကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဆိုသည်။

ထိုအချိန်တွင် ကြွက်အချို့က ရပ်တန့်လိုက်ကြကာ ကျွိကျွိဟု အဆက်မပြတ်အော်မြည်နေလေသည်။ ၎င်းတို့သည် အနည်းငယ်ထိတ်လန့်နေဟန်တူသည်။

လော်ယွမ်တို့နှစ်ဦး တဖြည်းဖြည်းနီးကပ်လာသည်ကို မြင်သောအခါ ၎င်းတို့သည် ဖြည်းညင်းစွာ နောက်သို့ပင် ဆုတ်သွားကြသည်။

"ဘာဖြစ်တာလဲဟ" လော်ယွမ်၏စိတ်ထဲတွင် သံသယဖြစ်သွားသည်။

ထိုအချိန်တွင် သူက မိမိ၏ကိုယ်ပေါ်ရှိ မြွေအရေခွံကျည်ကာအင်္ကျီတွင် ခြောက်လှန့်နိုင်သောအစွမ်းသတ္တိပါဝင်သည်ကို သတိရလိုက်သည်။ ဤအကြောင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

သို့သော် ဤခြောက်လှန့်နိုင်စွမ်းသည် သန္ဓေပြောင်းသတ္တဝါများအပေါ်တွင် သိပ်အသုံးမဝင်ဟန်ရှိ၏။ ခဏအကြာမှာပင် ကြွက်အချို့က ၎င်းတို့၏စိတ်ထဲမှ ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ခဲ့ပြီး သူ့တို့ထံသို့ ဆက်လက်ပြေးဝင်လာကြသည်။

ကြွက်များနှင့်သူတို့ကြားအကွာအဝေးမှာ လျင်မြန်စွာပင် ကျဉ်းမြောင်းလာသည်။

ပေ၃၀၊ ၁၅ပေ၊ ၉ပေ...

လော်ယွမ်သည် ရုတ်တရက် ကျိုးယလီ၏လက်ကိုလွှတ်လိုက်ပြီး ကိုယ်ကိုနှိမ့်ကာ ရုတ်ခြည်းအရှိန်မြှင့်လိုက်သည်။ သူ၏ ကျန်းမာတောက် သည် နေရောင်အောက်တွင် မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပသွားပြီးနောက် ရုတ်တရက် အလင်းရောင်တို့ ပျောက်ကွယ်သွားသည်။ ရှေ့ဆုံးမှပြေးလာသော သန္ဓေပြောင်းကြွက်နှစ်ကောင်၏ကိုယ်သည် တစ်ချက်တန့်သွားပြီး ဦးခေါင်းတို့မှာ သွေးများပန်းထွက်ကာ ကောင်းကင်သို့ လွင့်ပျံတက်သွားတော့သည်။

ကျန်းမာတောက် သည် ဆက်လက်၍တစ်ပတ်လည်သွားရာ သူ၏ကိုယ်ပေါ်သို့ခုန်တက်ရန်ကြိုးစားနေသော သန္ဓေပြောင်းကြွက်တစ်ကောင်၏ကိုယ်သည် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားသည်။ လော်ယွမ်က ကိုယ်ကိုရို့ကာ လွင့်စင်လာသောသွေးများကို ရှောင်လိုက်သည်။ ပြီးနောက်ဓားကို ညင်သာစွာတစ်ချက်ပိုင်းချလိုက်ရာ ထက်မြက်သောဓားသွားက နောက်ထပ်ကံဆိုးသော သန္ဓေပြောင်းကြွက်တစ်ကောင်၏ ဝမ်းဗိုက်ကိုခွဲထုတ်လိုက်သည်။

လော်ယွမ်၏ ဓားလှုပ်ရှားပုံမှာ အလွန်လျင်မြန်သော်လည်း အလျင်လိုခြင်း၊ ဆန္ဒစောခြင်းမရှိဘဲ ချောမွေ့လှပသောခံစားမှုကို ပေးသည်။ ကံဆိုးသောသန္ဓေပြောင်းကြွက်လေးကောင်သည် အနားသို့မကပ်နိုင်မီမှာပင် အပိုင်းပိုင်းပြတ်ကာ မြေပေါ်တွင် ပြန့်ကျဲသွားကြသည်။

ကျိုးယလီ၏မျက်နှာတွင် အံ့ဩမှုများပြည့်နှက်နေသည်။ လော်ယွမ်က သူသိုင်းပညာတတ်ကျွမ်းကြောင်း ပြောပြဖူးသဖြင့် သူမက စိတ်ထဲတွင်မျှော်လင့်ထားခဲ့သော်လည်း ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟုမူ မထင်ခဲ့မိချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသန္ဓေပြောင်းကြွက်လေးကောင်သည် မြေပေါ်တွင် လဲလျောင်းသွားကြပြီဖြစ်သည်။

ထိုအချိန်တွင် အဝေးရှိ ဘတ်စ်ကားပေါ်မှ စူးရှနာကျင်လှသော အော်ဟစ်သံများ ရုတ်တရက်ထွက်ပေါ်လာပြီး ကားတစ်စင်းလုံးသည် အဆက်မပြတ်လှုပ်ခါနေသည်။ သွေးများမှာလည်း ရံဖန်ရခါ ပြတင်းပေါက်မှတဆင့် လွင့်စင်လာသည်။ လော်ယွမ်သည် တစ်ချက်လှမ်းကြည့်ပြီးနောက် မျက်စိလွှဲလိုက်သည် "ငါတို့အမြန်သွားမှဖြစ်မယ်...ကားထဲကကိစ္စပြီးရင်...ကြွက်တွေအများကြီးငါတို့ဆီ...ရောက်လာလိမ့်မယ်"

ကျိုးယလီသည် နောက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီး ပါးစပ်ကိုအုပ်ကာ မျက်နှာတွင် မကြည့်ရက်နိုင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။ "ဒါ... ဒါဆို သူတို့အားလုံး...သေကုန်ပြီပေါ့နော်"

"သိပ်အများကြီးတွေးမနေနဲ့...အခုမှသူတို့ကိုကယ်ချင်လဲနောက်ကျသွားပြီ...သွားကြစို့" လော်ယွမ်က သက်ပြင်းတစ်ချက်ချကာ ဆိုသည်။ အကယ်၍ သူတစ်ယောက်တည်းသာဆိုလျှင် သွားကယ်ကောင်းကယ်ပေလိမ့်မည်။ သို့သော် သူ၏ဘေးတွင် ကျိုးယလီရှိနေသေးရာ သူက သူမ၏လုံခြုံရေးကို ဦးစွာ ဂရုစိုက်ရမည်ဖြစ်သည်။

ကျိုးယလီက ခေါင်းကိုကပျာကယာညိတ်လိုက်ပြီး လော်ယွမ်၏လက်ကို တင်းကျပ်စွာဆွဲကိုင်ကာ ကားလမ်းမတစ်လျှောက် အစွမ်းကုန်ပြေးတော့သည်။

ဘတ်စ်ကားပေါ်ရှိ လတ်ဆတ်သောသွေးနှင့်အသားတို့က သန္ဓေပြောင်းကြွက်အများစု၏ အာရုံကိုဆွဲဆောင်ထားသောကြောင့်ဖြစ်မည်။ သို့မဟုတ် အနီးအနားရှိ သန္ဓေပြောင်းကြွက်များသည် စစ်တပ်၏အမြောက်ပစ်ခတ်မှုများဖြင့် အကြိမ်ကြိမ်ရှင်းလင်းခံထားရသဖြင့် အနည်းငယ်သာ ကျန်တော့၍လားမသိပေ။

နှစ်ယောက်သား လမ်းတစ်လျှောက်တွင် ကြီးမားသောကြွက်အုပ်ကြီးများနှင့် မကြုံတွေ့ခဲ့ရချေ။ ရံဖန်ရံခါ သန္ဓေပြောင်းကြွက်အချို့နှင့် ကြုံတွေ့ရလျှင်ပင် လော်ယွမ်က လျင်မြန်စွာ ခုတ်သတ်လိုက်သဖြင့် အတော်ပင်လုံခြုံနေခဲ့သည်။

ဤတောင်ပတ်လမ်းသည် သုံးလေးကီလိုမီတာသာ ရှည်လျားပြီး သူတို့စီးလာသော ဘတ်စ်ကားမှာ လမ်းတစ်ဝက်ကျော်ခန့် မောင်းနှင်ခဲ့ပြီးဖြစ်သည်။ နှစ်ယောက်သား နာရီဝက်ခန့်ပြေးပြီးနောက် နောက်ဆုံးတွင် ဤသေမင်းလမ်းမကြီးမှ လွတ်မြောက်ခဲ့ကြသည်။

ကားလမ်းမကြီးသည် အတော်ပင်တိတ်ဆိတ်ငြိမ်သက်နေသည်။ လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာတစ်ဦးတစ်ယောက်မျှမရှိသလို မည်သည့်ယာဉ်မျှလည်းမရှိချေ။ ကားလမ်းဘေးနှစ်ဖက်ရှိ သစ်ပင်များကို ခုတ်လှဲထားပြီး အနီးရှိလယ်ကွင်းများတွင်လည်း အကြီးအကျယ် မီးရှို့ထားသည့်လက္ခဏာများရှိနေရာ စွန့်ပစ်နေရာကြီးတစ်ခုအလား ထင်မှတ်ရတော့သည်။

လော်ယွမ်သည် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ နေမှာ အနောက်သို့ရောက်နေပြီး အချိန်မှာ ညနေစောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သူက လှည့်၍ဆိုသည်။ "နေစရာတစ်ခုအရင်ရှာရင်ကောင်းမယ်..အခုကညနေစောင်းနေပြီဆိုတော့...မှောင်လာရင်ပိုအန္တရာယ်များလိမ့်မယ်"

ကျိုးယလီသည် လော်ယွမ်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး စိတ်မသက်မသာဖြင့် ခေါင်းညိတ်ပြသည်။

"ဒီနားတဝိုက်မှာ...တည်းခိုခန်းရှိလား" လော်ယွမ်က မေးသည်။

"မသိဘူး...ကျွန်မဒီကိုပြန်မရောက်တာနှစ်ချီနေပြီ...အကုန်လုံးကစိမ်းနေသလိုပဲ" ကျိုးယလီက ခဏစဉ်းစားပြီးနောက် ဆိုသည်။

"ဒါဆိုရှေ့ကရွာကိုပဲ...သွားရအောင်" လော်ယွမ်သည် မလှမ်းမကမ်းတွင် ထမင်းချက်ရာမှမီးခိုးများထွက်နေသော ရွာကိုကြည့်ကာဆိုသည်။

"အဲ့တာကျူကျားရွာပဲ...ဒါပေမဲ့အဲ့မှာကျွန်မသိတဲ့သူတော့တစ်ယောက်မှမရှိဘူး" ကျိုးယလီက ဆိုသည်။

"အရင်သွားကြည့်ပြီးမှ...ဆက်ပြောကြတာပေါ့" လော်ယွမ်က ဆိုသည်။

ထိုအချိန်တွင် ကျိုးယလီ၏ဖုန်း မြည်လာသည်။ သူမက အလျင်အမြန်ဖုန်းကိုကိုင်လိုက်သည်။ "မေမေ...ဘာဖြစ်လို့လဲ...သမီးတို့ဒီနေ့မရောက်နိုင်တော့ဘူး...စီးလာတဲ့ကားကလမ်းမှာပျက်သွားလို့...မြို့ထဲမှာတစ်ညအိမ်ပြီးမနက်ဖြန်မနက်မှပြန်လာခဲ့မယ်"

ကျိုးယလီ၏မျက်နှာသည် ရုတ်တရက် နီမြန်းသွားပြီး တစ်ဖက်သို့လှည့်ကာ "ဟုတ်... သူကတခြားအခန်းမှာတည်းမှာပါ...အဝေးကြီးမှာ... ဟုတ်...သိပါတယ်... သမီးက ကလေးမှမဟုတ်တာ... ဖုန်းချလိုက်တော့မယ်နော်"

ကျိုးယလီသည် အားတင်း၍ တည်ငြိမ်ဟန်ဆောင်လျက် ပြန်လျှောက်လာသည်။ ဤတစ်ကြိမ်တွင် သူမသည် လော်ယွမ်၏လက်ကို ထပ်မံဆွဲကိုင်ခြင်းမပြုတော့ဘဲ ခပ်လှမ်းလှမ်းသို့ ရှောင်ခွာနေလေသည်။

လော်ယွမ်က ဖုန်းဆက်သည့် အကြောင်းအရင်းကို သေချာသိရှိလေသည်။ မိဘများက သမီးဖြစ်သူ နစ်နာမည်ကို စိုးရိမ်သည့်အကြောင်းသာဖြစ်၏။ သို့သော် သူမက အလွယ်တကူ ရှက်ရွှံ့တတ်မှန်းသိသဖြင့် သူမကို မစနောက်တော့ပေ။

ကျူကျားရွာသည် သိပ်မကြီးမားလှဘဲ စုစုပေါင်း အိမ်ထောင်စု လေးငါးရာခန့်သာရှိသည်။ သို့သော် စက်မှုဇုန်နယ်မြေနှင့်နီးကပ်သောကြောင့် ရွှေ့ပြောင်းလုပ်သားများစွာကို ဆွဲဆောင်နိုင်လေရာ ရွာသည် အတော်ပင်ချမ်းသာကြွယ်ဝနေဟန်တူသည်။

မိန်းလမ်းမကြီးမှာ ဈေးလမ်းမကြီးတစ်ခုအလားဖြစ်နေပြီး ဘေးနှစ်ဖက်တွင် ဈေးဆိုင်များဖြင့်ပြည့်နှက်နေသည်။ အကယ်၍ ယခင်ကသာဆိုလျှင် ဤနေရာသည် အလွန်စည်ကားနေပေလိမ့်မည်။ သို့သော် ယခုအခါ လမ်းပေါ်တွင် လူသွားလူလာရှင်းပါးနေပြီး ဈေးဆိုင်အများစုမှာ ပိတ်ထားသဖြင့် အလွန်ခြောက်သွေ့နေ၏။

လော်ယွမ်နှင့် ကျိုးယလီတို့ အချိန်အတော်ကြာရှာဖွေခဲ့သော်လည်း ဖွင့်လှစ်ထားသော တည်းခိုခန်းတစ်ခန်းမျှမတွေ့ရဘဲ မိုးက တဖြည်းဖြည်းမှောင်လာခဲ့သည်

နှစ်ဦးသားတိုင်ပင်ပြီးနောက် နှစ်ထပ်တိုက်ငယ်လေးတစ်လုံးကိုရွေးချယ်ကာ တံခါးခေါက်လိုက်သည်။

မိနစ်အနည်းငယ်ခေါက်ပြီးနောက် နောက်ဆုံးတွင် တံခါး ပွင့်လာသည်။

အသက်လေးဆယ်ကျော်ငါးဆယ်ခန့်ရှိ ပိန်လှီသောယောက်ျားတစ်ဦးက တံခါးကိုအနည်းငယ်ဟပြီး အပြင်ဘက်ကို သတိကြီးစွာဖြင့်ကြည့်နေလေသည်။ တံခါးကို အချိန်မရွေးပြန်ပိတ်နိုင်ရန် သူ၏ကိုယ်တစ်ကိုယ်လုံးကို တံခါးပေါ်တွင် ဖိကပ်ထားပြီး အလွန်သတိရှိနေသည် "မင်းတို့ဘာကိစ္စရှိလို့လဲ"

တစ်ဖက်လူပြောသည်မှာ ဒေသခံ စကားဖြစ်သဖြင့် လော်ယွမ်သည် ကောင်းစွာနားမလည်ဘဲ နောက်ဆုတ်ကာ ကျိုးယလီကို မျက်ရိပ်ပြလိုက်သည်။

ကျိုးယလီကလည်း ဒေသခံစကားဖြင့်ပင် ပြန်ပြောသည် "အကို...ကျွန်မကကျောက်ကျားရွာကပါ...ကျွန်မကဒီနေ့အိမ်ပြန်ရောက်ရမှာကို...စီးလာတဲ့ကားကလမ်းမှာပျက်သွားလို့...ဒီမှာကျွန်မတို့တစ်ညလောက်တည်းခိုလို့ရမလား...မနက်ကျရင်သွားမှာပါ"

"မရဘူး...မင်းတို့တခြားမှာသွားရှာ...ငါ့ဆီမှာအခန်းလွတ်မရှိဘူး" ပိန်လှီသောယောက်ျားက ဒေသခံဖြစ်ကြောင်းသိလိုက်ရသောအခါ မျက်နှာအမူအရာအနည်းငယ်ပျော့ပြောင်းသွားသော်လည်း ဤသို့ပြောဆိုမှုဖြင့် သူ့ကိုမစည်းရုံးနိုင်သည်မှာ ထင်ရှား၏။ မကြာသေးမီက ကျူကျားရွာသည် မင်းမဲ့နေရာကဲ့သို့ဖြစ်နေပြီး ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများပင် နေ့စဉ်ဖြစ်ပွားနေသောကြောင့် သူကလူစိမ်းလက်မခံရဲခြင်းပင်။

ကျိုးယလီက ထပ်မံ၍ပြောဆိုချင်သေးသော်လည်း လော်ယွမ်ကတားဆီးလိုက်သည်။ သူက ပိုက်ဆံအိတ်ကိုထုတ်ကာ ယွမ်တစ်ရာတန်ငွေစက္ကူသုံးရွက်ကို ဆွဲထုတ်လိုက်သည်။ "တစ်ညကို၃၀၀ပေးမယ်...ညစာပါတာဝန်ယူပေးရမယ်...ခင်ဗျားလည်းမြင်မှာပဲကျွန်တော်တို့ကလူဆိုးတွေမဟုတ်ပါဘူး"

ပိန်လှီသောထိုအမျိုးသားက သူတို့နှစ်ဦးကိုသေချာအကဲခတ်လိုက်သည်။ မိန်းကလေးမှာ အနည်းငယ်ချောမောနူးညံ့ပြီး မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်များပင် ရှိနေသေးသည်။ ယောက်ျားလေးမှာမူ တည်ငြိမ်သောမျက်နှာထားရှိသော်လည်း အသားအရေဖြူဖွေးကာ ကြည်လင်သောမျက်လုံးများရှိပြီး နှစ်ဦးစလုံးသည် လူဆိုးများမဖြစ်နိုင်ဟုထင်ရသည်။ တစ်ဖက်လူ၏လက်ထဲမှ ငွေစက္ကူများကိုကြည့်သောအခါ သူ၏စိတ်ထဲတွင် အတော်ပင် လှုပ်ရှားသွားခဲ့သည်။ ခဏစဉ်းစားပြီးနောက် စကားသံဝဲဝဲဖြင့်ဆိုသည်။ "၅၀၀ပေးရမယ်...လက်ခံတယ်ဆိုဝင်ခဲ့...မဟုတ်ရင်တခြားနေရာသွားရှာ"

လော်ယွမ်၏မျက်နှာတွင် ကျေကျေနပ်နပ်ပြုံးလိုက်ပြီး "သဘောတူတယ်" ဟုဆိုကာ နောက်ထပ်၁၀၀နှစ်ရွက်ကိုထုတ်၍ တစ်ဖက်လူအား ကမ်းပေးလိုက်သည်။

ပိန်လှီသောယောက်ျားသည် ငွေစက္ကူများကိုယူကာ ရေတွက်ကြည့်ပြီးနောက် သူ၏မျက်နှာသည် နောက်ဆုံးတွင် ပျော့ပြောင်းသွားကာ အိမ်တံခါးမကြီးကိုဖွင့်ပေးလိုက်တော့သည် "မြန်မြန်ဝင်လာကြ"

All Chapters