မိဝါ
Vol. 1 Ch. 20
ကျိုးယလီမှာ သက်လုံကောင်းသူမဟုတ်သဖြင့် သူတို့နှစ်ဦးက လမ်းတစ်လျှောက်တွင် နားလိုက်သွားလိုက်ဖြင့် ခရီးနှင်ခဲ့ကြရသည်။ လမ်းတွင်မည်သည့်အန္တရာယ်နှင့်မျှ ထပ်မံမကြုံတွေ့ရတော့ပဲ မွန်းတည့်ခါနီးတွင် သူတို့နှစ်ဦး ကျိုးမိသားစု၏ကျေးရွာသို့ရောက်လာခဲ့ကြသည်။
ကျေးရွာထဲသို့ဝင်လာသောအခါ ကျိုးယလီ၏ မျက်နှာမှာ သိသိသာသာပင် လန်းဆန်းလာလေသည်။
"ဒါကျွန်မတက်ခဲ့တဲ့ကျောင်းလေ...ဒီမှာကျွန်မမူလတန်းတက်ခဲ့တာ...ကျောင်းဘေးကစမ်းချောင်းမှာဆိုရင်ယောက်ျားလေးတွေ နေ့လည်ထမင်းစားချိန်တိုင်း ရေခိုးကူးလေ့ရှိတယ် ဒါပေမဲ့အခုကြည့်ရတာ ဘယ်သူမှ စာမသင်ကြတော့တဲ့ပုံပဲ" ကျိုးယလီက ကျောင်းတစ်ကျောင်းကို လက်ညှိုးထိုးပြရင်း မိတ်ဆက်ပေးလိုက်သည်။
"လီလီ...သမီးပြန်လာပြီလား" ထိုစဉ် မျက်နာချင်းဆိုင်မှ လျှောက်လာသော အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဖော်ရွေစွာ နှုတ်ဆက်လိုက်ပြီး လော်ယွမ်ကို စပ်စုသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဒါသမီးရဲ့ချစ်သူလား"
ကျိုးယလီက သတိပြန်ဝင်လာပြီး မျက်နှာတွင် ရှက်ရွွှံ့သည့်အရိပ်အယောင်များ ထင်ဟပ်သွား၏။ "ဟာ...အန်တီ...မဟုတ်ပါဘူး...သူကသမီးကိုလိုက်ပို့ပေးတာပါ"
ထိုအဒေါ်ကြီးမှာ ယုံကြည်ဟန်မရှိပဲ "ကောင်လေးကဘယ်ဆိုးလို့လဲ သန့်သန့်ပြန့်ပြန့်လေး...သားအန်တီတို့ရဲ့လီလီကအရမ်းလိမ်မာပြီး လူကြီးမိဘအရမ်းသိတတ်တာ...အော်ငါနင်တို့နဲ့နောက်မှဆက်ပြောတော့မယ်...နင့်အဖေနဲ့အမေအိမ်မှာစောင့်နေလောက်ပြီ...အိမ်အရင်ပြန်လိုက်ဦး...မနက်ဖြန်ကျရင်နင့်ကောင်လေးကိုခေါ်ပြီး ငါ့အိမ်မှာညစာလာစားကြနော်"
"မစားတော့ဘူးဒေါ်လေး...သူကဒီနေ့ပဲပြန်မှာ"
ကျိုးယလီက အလျင်အမြန်ပင် ငြင်းပယ်လိုက်သည်။
"ဘာလို့ပြန်မှာလဲ...ဒီမှာသုံးလေးရက်လောက်နေဦးလေ" ထိုအဒေါ်ကြီးက ဖော်ရွေစွာ ဆိုလိုက်ရင်း စိတ်ထဲမှ တစ်ကယ်ပဲလီလီ၏ ကောင်လေးမဟုတ်လောက်ဘူး ဟုတွေးလိုက်သည်။
ထိုအဒေါ်ကြီး ထွက်သွားပြီးနောက် ကျိုးယလီက နီရဲနေသောမျက်နှာဖြင့် ရှင်းပြသည်။ "ဒါကျွန်မရဲ့အမျိုးတစ်ယောက်ပဲ...သူကအဲ့လိုပဲအရမ်းဖော်ရွေတတ်တာ...ဘယ်လိုမှမအောင့်မေ့နဲ့နော်"
"ကိစ္စမရှိဘူး" လော်ယွမ်သည် ပြုံးလျက်ဆို၏။
သူ၏အမြင်တွင်မူ ဤရွာသည် အေးချမ်းသာယာသော ခံစားမှုကို ပေးစွမ်းနေပြီး လမ်းတွင် ဖြတ်သွားဖြတ်လာတွေ့ရသော ရွာသူရွာသားများမှာလည်း အခြားနေရာများကဲ့သို့ ထိတ်လန့်ကြောက်ရွံ့နေခြင်း မရှိကြပေ။ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေသည့်အလားပင်။ ဤအခြေအနေမှာ တစ်ကယ်တမ်း တွင်တော့ တော်တော်လေး မူမမှန်လှပေ။ သူ၏ စိတ်ထင်နေခြင်းလော သို့မဟုတ် အမှန်တကယ်လော မသိသော်လည်း ဤတရွာလုံးကို လွှမ်းခြုံထားသော ထူးခြားသည့် အငွေ့အသက်တစ်ခုရှိနေသည်ဟု သူ ခံစားနေရသည်။
လော်ယွမ်က ကျိုးယလီ၏ နောက်သို့ လိုက်ပါရင်း လမ်းတွင် အကြိမ်ကြိမ် ကွေ့ဝိုက်ပြီး နောက်ဆုံးတွင် သက်တမ်းအတော်ကြာပြီဖြစ်သော နှစ်ထပ်တိုက်ငယ်လေးတစ်လုံးရှေ့တွင် ရပ်တန့်လိုက်သည်။
ဒင်...F+ မစ်ရှင် - ကျိုးယလီကိုအိမ်သို့လိုက်ပို့ပေးရန် အောင်မြင်သွားပါပြီ။
မစ်ရှင်အကဲဖြတ်ချက် - ကောင်းမွန်
"အခြေခံအတွေ့အကြုံအမှတ် ၄၀၀ ရရှိသည်"
"အကဲဖြတ်ချက် ကောင်းမွန်သဖြင့် အတွေ့အကြုံအမှတ် အပို၂၀၀ရရှိသည်"
ထိုရင်းနီးနေသော အသံကို ကြားလိုက်ရသောအခါ လော်ယွမ်၏ တစ်ကိုယ်လုံးမှာ ပေါ့ပါးသွားတော့သည်။
"ရှင်ခဏနေရင်ဘာမှလျှောက်မပြောနဲ့နော်...အမေတို့အထင်လွဲကုန်မယ်...ရှင့်မှာကောင်မလေးရှိလားလို့အမေတို့မေးရင်...ရှိတယ်လို့သာဖြေလိုက်" ကျိုးယလီက စိတ်မရှည်စွာ မှာကြားနေသော်လည်း သူမ၏ စိတ်ထဲတွင် ချဉ်တူးတူး ခံစားချက်တစ်ခု ဖြစ်ပေါ်နေမိသည်။
"ငါသိပါတယ်...ဘာပေါက်ကရမှလျှောက်မပြောဘူးလို့အာမခံတယ်" လော်ယွမ်က သတိပြန်ဝင်လာပြီး ဆိုလိုက်သည်။
ကျိုးယလီသည် အနည်းငယ် စိတ်အေးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ခြံတံခါးကိုလှုပ်လိုက်သည်။ "မေမေ...မေမေ...သမီးပြန်လာပြီ"
"လာပြီ၊ လာပြီ" အတွင်းမှ အလျင်စလို ခြေသံများ ထွက်ပေါ်လာပြီး သံတံခါးက လျင်မြန်စွာ ပွင့်လာသည်။ မီးဖိုချောင်သုံးခါးစည်းအဝတ်ကိုဝတ်ဆင်ထားပြီး နုပျိုသောအလှတရားများ ကျန်ရှိနေသေးသည့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီးဖြင့် ထွက်လာပြီး တံခါးပွင့်သည်နှင့် ကျိုးယလီကို ပွေ့ဖက်ကာ ငိုကြွေးလေတော့သည်။
ကျိုးယလီသည်လည်း မျက်ရည်များ ကျလာခဲ့၏။
ကျိုးယလီ၏ ရုပ်ရည်မှာ သူမ၏ အမေနှင့် တစ်ထေရာတည်း တူညီလှသည်။ သူတို့နှစ်ဦး ကြည့်ရုံဖြင့် သားအမိဖြစ်ကြောင်း တန်းသိနိုင်သည်။
လော်ယွမ်သည် ဘေးတွင်ရပ်နေရင်း ဤမြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းမိသွား၏။ သူ၏ မိဘများ ကားတိုက်မှုဖြင့် သေဆုံးသွားပြီးနောက်ပိုင်း သူက ဤကဲ့သို့သော နွေးထွေးမှုမျိုးကို မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
အတန်ကြာပြီးနောက် ကျိုးယလီ၏ မိခင်က မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက်ကျိုးယလီကို လွှတ်ပေးလိုက်ပြီး လော်ယွမ်ကို အကဲခတ်ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး ဖော်ရွေစွာ ဆိုလိုက်သည်။ "ကြည့်စမ်းပါဦး...လီလီဒါကသမီးရဲ့သူငယ်ချင်းဆိုတာလား...သမီးကမိတ်ဆက်လည်းမပေးဘူး...လာအိမ်ထဲအမြန်ဝင်ခဲ့"
လော်ယွမ်၏ ရုပ်ရည်သွင်ပြင်မှာ အလွန်ပင် ကြည့်ကောင်းသည်ဟု ဆိုရပေမည်။ သူက အရပ်မြင့်မားပြီး ခန့်ငြားသောရုပ်ရည်ရှိ၏။ ထို့အပြင် ဤအတောအတွင်း တိုက်ခိုက်မှုများ လေ့ကျင့်မှုများ ကြုံခဲ့ရပြီးနောက် သူ၏ ကိုယ်ပေါ်တွင် တည်ကြည်သော အရှိန်အဝါတစ်မျိုးကလည်း ဖြစ်ပေါ်လာသည်။ လူအုပ်ထဲတွင်ပင် သူက ထင်ရှားပေါ်လွင်နေသော အသွင်အပြင်မျိုး ရှိသည်။
ကျိုးယလီက ငိုထားသဖြင့် နီရဲနေသောမျက်လုံးများဖြင့် သူ့ကို မျက်စောင်းထိုးလိုက်ကာ စိတ်မရှည်သော လေသံဖြင့် ဆိုသည်။ "မိတ်ဆက်ပေးစရာဘာမှမရှိပါဘူး...သူကသာမန်သူငယ်ချင်းတစ်ယောက်ပဲကို...ဒါနဲ့မေမေ...ဖေဖေရောဟင်"
ကျိုးယလီ၏ မိခင်က ဆူပူလိုက်သည်။ "နင်ဘယ်လိုပြောလိုက်တာလဲ"
"စိတ်ထဲမထားပါနဲ့ကွယ်...လာသားဝင်ထိုင်...လီလီရေနွေးကြမ်းသွားလုပ်စမ်း"
"အန်တီ...ကျွန်တော်ကလော်ယွမ်ပါ...ကျွန်တော့်ကိုရှောင်ယွမ်လို့ခေါ်လို့ရတယ်...အန်တီအရမ်းအားနာနေစရာမလိုပါဘူး...မဟုတ်ရင်ကျွန်တော်လည်းနည်းနည်းအနေခက်တယ်" လော်ယွမ်က ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
"ကောင်းတယ်...ကောင်းတယ်...လီလီ သမီးဒီကိုလာပြီးရှောင်ယွမ်နဲ့စကားပြောနေဦး...သမီးအဖေကမိဝါနဲ့လယ်ထဲသွားတယ်...သူသမီးစားဖို့တောကောင်သွားရှာမလို့တဲ့...ခဏနေပြန်လာလိမ့်မယ်" ကျိုးယလီ၏ မိခင်မှာ ကြည့်လေ ကျေနပ်လေဖြစ်ကာ ဝမ်းမြောက်သော မျက်နှာဖြင့် ဆိုလိုက်သည်။
ကျိုးယလီက လန့်ဖျပ်သွားပြီး မျက်နှာသည် ဖြူရော်သွားသည်။ "ဟာ...မေမေ...ဘယ်လိုလုပ်ဖေဖေ့ကိုအပြင်သွားခိုင်းရတာလဲ...အပြင်မှာဘယ်လောက်အန္တရာယ်များလဲမေမေသိရဲ့လား...မဖြစ်ဘူးသမီးဖေဖေ့ဆီလိုက်သွားမှပဲ"
သူမက လော်ယွမ်ကို တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ လော်ယွမ်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ကျိုးယလီ၏ မိခင်ကမူ အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိဘဲ ပြုံးရွှင်စွာ ဆိုသည်။ "ဘာစိုးရိမ်စရာရှိမှာလဲ...မိဝါရှိနေတာပဲဘာမှမဖြစ်ဘူး...သူကအခုအရမ်းစွမ်းနေပြီ...အခုဘယ်သတ္တဝါမှသူ့ပြိုင်ဘက်မဟုတ်တော့ဘူး...ခဏနေလို့သမီးတွေ့ရင်လန့်သွားလိမ့်မယ်"
လော်ယွမ်၏ အမူအရာ အနည်းငယ်ပြောင်းလည်းသွားပြီး သန္ဓေပြောင်းသတ္တဝါတစ်ကောင်များလား ဟု သူတွေးလိုက်မိသည်။
ကျိုးယလီသည် လော်ယွမ်နှင့်အတူ ဧည့်ခန်းတွင် ခေတ္တမျှ ထိုင်နေစဉ် ခြံတံခါး သော့ဖွင့်သံ ထွက်ပေါ်လာသည်။
"ဖေဖေ လာပြီထင်တယ်" ကျိုးယလီက အသံကိုကြား၍ ထရပ်လိုက်သည်။
တံခါးပွင့်သည်နှင့် တစ်ပြိုင်နက် ၇ပေနီးပါးမြင့်သော ဧရာမသတ္တဝါကြီးတစ်ကောင်က တံခါးဝမှ ပြေးဝင်လာသည်။
ပြီးနောက်သူက ရွှင်မြူးစွာဖြင့် အမြီးကို ခါးယမ်းနေ၏။ သူ၏မီးကဲ့သို့ နီရဲနေသော အမွေးရှည်များမှာ အလွန်ပင် ပွယောင်းပြီး နူးညံ့နေဟန်ရှိသည်။ ခုန်လွှားလိုက်တိုင်း အထက်အောက် လှုပ်ခါနေပြီး အခြားအရောင်တစ်စက်မျှ ရောနှောခြင်းမရှိဘဲ လောင်ကျွမ်းနေသော မီးလျှံပမာ ဖြစ်နေသည်။ ခြေလက်လေးဖက်သည် တုတ်ခိုင်သန်မာပြီး အားအင်ကြီးမားသော ခံစားမှုကို ပေးစွမ်းသည်။ ဤသို့သော ဧရာမသတ္တဝါကြီးကို အဝေးမှ ကြည့်ရုံမျှဖြင့်ပင် လေးလံသော ဖိအားတစ်ခုကို ခံစားနေရသည်။
သို့သော် ထူးဆန်းသည်မှာ သူ၏ လည်ပင်းတွင် သေးသွယ်ရှည်လျားသော သံကြိုးတစ်ချောင်း ပတ်ထားခြင်းပင် ဖြစ်သည်။ ထိုသံကြိုး၏ အစွန်းတစ်ဖက်ကို လူတစ်ဦးက ဆွဲကိုင်ထားသည်။ ထိုဧရာမသတ္တဝါကြီး၏ ကိုယ်ခန္ဓာအရွယ်အစားနှင့် ခွန်အားအရ အနည်းငယ်မျှ အားစိုက်လိုက်ရုံဖြင့်ပင် ထိုသံကြိုးကို အလွယ်တကူ ဆွဲဖြတ်နိုင်ပေလိမ့်မည်။
ကျိုးယလီက အံ့ဩတကြီးဖြင့် ထရပ်လိုက်ပြီး အနည်းငယ် ထိတ်လန့်သွားလေသည်။ သူမက ၇ပေနီးပါး ရှိသော ထိုခွေးကြီးကို တုံ့ဆိုင်းစွာ ကြည့်ရင်း တစ်ခဏမျှ မယုံကြည်နိုင် ဖြစ်နေသည်။
လော်ယွမ်သည်လည်း တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ၏မျက်နှာမှာ ရန်သူကြီးတစ်ယောက်နှင့်ရင်ဆိုင်ရသကဲ့သို့ တည်ကြည်လေးနက်သွား၏ ။ သူ့လက်က အလိုအလျောက်ပင် ဓားအိမ်ဆီသို့ ရောက်သွားသည်။ ဤခံစားချက်မှာ ယခင်က တောင်ပေါ်တွင်မြွေကြီးနှင့် ရင်ဆိုင်ခဲ့ရစဉ်ကကဲ့သို့ပင် ဖြစ်သည်။
ထိုစဉ် မြွေရေခွံအိတ်တစ်လုံးကို လွယ်ထားပြီး လက်တစ်ဖက်ဖြင့် သံကြိုးအစကို ကိုင်ထားသော အသက်လေးဆယ်ငါးဆယ်အရွယ်ရှိ အရပ်မြင့်မြင့် ယောက်ျားတစ်ဦးက တံခါးဝမှ ဝင်လာပြီး ကျိုးယလီကို မြင်သည်နှင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "လီလီပြန်လာပြီလား...ငါ့သမီးလန့်သွားတယ်မလား"
"ဒါ...ဒါကမိဝါလား" ကျိုးယလီက အံ့ဩတကြီး မေးလိုက်သည်။
ခွေးကြီးက ကျိုးယလီကို မြင်သောအခါ အမြီးကို စိတ်လှုပ်ရှားစွာ ယမ်းလိုက်ပြီး ပါးစပ်မှ ဝု...ဝု ဟုအသံပြုလေသည်။ ထိုခွေးကြီးသည် မြင့်မားသောအသိဉာဉ်ရှိသည်မှာ ထင်ရှား၏။ သူက အရမ်းကာရော ပြေးမလာဘဲ နောက်သို့လှည့်ကာ ကျိုးယလီ၏ ဖခင်ကို တစ်ချက်ကြည့်လိုက်သည်။
ကျိုးယလီ၏ ဖခင်က မျက်နှာထားတည်တည်ဖြင့် အော်ငေါက်လိုက်ရာ ခွေးကြီးမှာ ဝမ်းနည်းစွာဖြင့် 'ဝုတ်' ဟုအသံပြုလိုက်ပြီး မလိုမကျစွာဖြင့် ခြံဝင်းထဲရှိ သစ်ပင်ကြီးတစ်ပင်တွင် ချည်နှောင်ခြင်းကို ခံလိုက်ရ၏။ သူ၏ မျက်လုံးများက ကျိုးယလီထံကို မကြာခဏ ကြည့်ရင်း 'ဝု... ဝု...' ဟု အသံပြုနေလေသည်။
ကျိုးယလီ၏ ဖခင် လျှောက်လာသည်ကို မြင်သောအခါ လော်ယွမ်က ချက်ချင်း ရှေ့သို့တစ်လှမ်းတက်ကာ လက်ဆွဲနှုတ်ဆက်ပြီးဆိုလိုက်သည်။ "ဦးလေး ကျွန်တော်ကလော်ယွမ်ပါ...တွေ့ရတာဝမ်းသာပါတယ်"
ကျိုးယလီ၏ ဖခင်က လော်ယွမ်ကို အကဲခတ်ကြည့်ရှုပြီး ပြုံးလျက်ဆိုသည်။ "မောင်ရင်ကလီလီသူငယ်ချင်းဆိုတာဖြစ်မယ်...ဘာမှကြောက်စရာမလိုဘူး...ဒီခွေးကအမြင်ပဲကြောက်ဖို့ကောင်းတာလူကိုအန္တရာယ်မပြုဘူး...ပြီးတော့အရမ်းလည်းလိမ္မာတယ်...ဦးတို့ပုံမှန်ဆိုဒီတိုင်းလွှတ်ထားတာ"
ထိုစဉ် သူက လော်ယွမ်၏ ခါးမှ ဓားကို သတိပြုမိသွားပြီး အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။ "လမ်းမှာအဆင်ပြေခဲ့ရဲ့လား"
ကျိုးယလီ၏ ဖခင်သည် သာမန်တောင်သူလယ်သမားတစ်ဦးနှင့် မတူပေ။ သူ၏ ဝတ်စားဆင်ယင်မှုက ရိုးရှင်းသော်လည်း တရုတ်စကား အသံထွက်မှာ ပီသပြီး စနစ်တကျရှိလှသည်။ သူသည် နောက်ခံဇာတ်လမ်းရှိသော လူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
"ပြဿနာသေးသေးလေးတွေပါ...ဒါပေမဲ့ကျွန်တော်တို့ဘာမှမဖြစ်ပဲဖြေရှင်းနိုင်ခဲ့တယ်...ဒီဓားပါလာတာကံကောင်းသွားတယ်" လော်ယွမ်က ပြုံးလျက်ဆို၏။
ကျိုးယလီ၏ ဖခင်သည် သူ၏ သမီးဖြစ်သူ၏ စကတ်ပေါ်မှ အနီရောင်သွေးစက်အချို့ကို စောစောကတည်းက သတိပြုမိခဲ့သည်။ ဤပေါ့ပါးသော စကားလုံးများနောက်ကွယ်မှ ကြောက်မက်ဖွယ်အဖြစ်အပျက်များကို သူ ခံစားမိ၏။ ယခုမှသူက အနည်းငယ်ထိတ်လန့်သွားမိသည်။ "အခြေအနေကအဲ့လောက်ဆိုးသွားမယ်လို့မထင်ထားဘူး...ဦးကမြို့မှာဆို အန္တရာယ်ကင်းတယ်လို့ပဲတွက်ထားတာ...ဒီလိုမှန်းသိရင်ဦးလီလီ့ကိုဘူတာမှာလာကြိုလိုက်တယ်...တော်သေးတာပေါ့မောင်ရင်သူ့ဘေးမှာရှိနေလို့...မဟုတ်ရင်သူဘယ်လောက်တောင်ကြောက်နေလိုက်မလဲ"
"အမယလီကကျွန်တော့်ကိုအမြဲတမ်းဂရုစိုက်တာ...ကျွန်တော်တို့ကမောင်နှမတွေလိုပဲ...သူ့ကိုပြန်ပို့ပေးရမှာကကျွန်တော့်တာဝန်ပဲလေ...ဦးလေးကျွန်တော့်ကိုအားနာစရာမလိုပါဘူး" လော်ယွမ်က လေးလေးစားစား ပြန်ပြောလိုက်၏။
ကျိုးယလီက ဘေးမှနေ၍ နှုတ်ခမ်းကိုစူကာ အထင်သသေးဖြင့် နှခေါင်းရှုံ့လိုက်ပြီး စိတ်ထဲမှ လည်း 'ဒီလောကမှာ ဘယ်လိုမောင်မျိုးက ကိုယ့်အမကို အချိန်မတော်အနိုင်ကျင့်မှာလဲ' ဟု ကြိတ်၍ ကျိန်ဆဲလိုက်သည်။
ကျိုးယလီ၏ ဖခင်က နှစ်ခြိုက်စွာ ပြုံးလျက် ဆိုသည်။ "အေးပါဒါဆိုဦးအားမနာတော့ဘူး...တစ်ကယ်တော့ဦးကသူ့ကိုပြန်လာစေချင်တာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ်မြို့ကတောရွာထက်တော့ပိုလုံခြုံတာပဲ...ဒါပေမဲ့တစ်အချက်က...ဒီမှာလောလောဆယ်တော့ဘာအန္တရာယ်မှမရှိတာရယ်...နှစ်အချက်ကသူ့အမေအရမ်းစိတ်ပူပြီးဦးကိုနေ့တိုင်းနာပူနေတာရယ်နဲ့...ဦးကသူ့ကိုစောစောပြန်လာဖို့ခေါ်လိုက်ရတာ"
ထိုစဉ် မီးဖိုချောင်မှ ကျိုးယလီမိခင်၏ လှမ်းခေါ်သံ ထွက်ပေါ်လာသည်။ ကျိုးယလီ၏ ဖခင်က ပြုံးလိုက်ပြီး "မောင်ရင်ခဏထိုင်နေဦးနော်...မင်းအန်တီကဦးကိုလာကူဖို့ခေါ်နေတယ်...ပြီးမှဦးတို့တခွက်တဖလားသောက်ကြတာပေါ့"
"ဟုတ်ကဲ့ပါဦးလေး"
ကျိုးယလီ၏ ဖခင် ထွက်သွားပြီးနောက် လော်ယွမ်က ကျိုးယလီကို မေးလိုက်သည်။ "ငါ့ရဲ့ သရုပ်ဆောင်ချက် ဘယ်လိုနေလဲ"
"လုံးဝမကောင်းဘူး" ကျိုးယလီက နှခေါင်းရှုံ့လိုက်ပြီး ခဏအကြာတွင် စိတ်မရှည်သော လေသံဖြင့် ထပ်ပြောသည်။ "ရှင်ဘယ်တော့ပြန်မှာလဲ"
"နင့်လိုဘုရားပြီးငြမ်းဖျက်ချင်တဲ့သူတစ်ခါမှမကြုံဖူးဘူး...ငါမပြန်ခင်ထမင်းလေးဘာလေးတော့ကျွေးသင့်တာပေါ့...ငါဗိုက်ဆာလွန်းလို့တဂွီဂွီတောင်မြည်နေပြီ" လော်ယွမ်က ဗိုက်ကို လက်ဖြင့် ပွတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နောက်ပြောင်သော လေသံဖြင့် ဆိုသည်။ "အော်ဒါနဲ့...နင်အတွင်းခံသွားမဝတ်သေးဘူးလား"
"လူယုတ်မာ...ရှင့်ခေါင်းထဲမဟုတ်တဲ့စိတ်တွေပဲပြည့်နေလား" ကျိုးယလီ၏ မျက်နှာသည် နီရဲသွားပြီး သူ့ကို မုန်းတီးစွာဖြင့် မျက်စောင်းထိုးလိုက်သည်။ ပြီးနောက် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
လော်ယွမ်က သူမကို အလျင်အမြန် လှမ်းခေါ်လိုက်ပြီး ပစ္စတိုကို ကမ်းပေးလိုက်သည်။ "သေချာဖွက်ထားလိုက်"
ကျိုးယလီမှာ ပစ္စတိုကို သတိဖြင့် လှမ်းယူလိုက်ပြီး သူခိုးလူမိသကဲ့သို့ ဘေးဘယ်ညာကို ကြည့်ကာ အမြန်ပြေးထွက်သွားလေသည်။
လော်ယွမ်က ပြုံးလိုက်ပြီး အိမ်ထဲမှ ထွက်ကာ ခွေးကြီးကိုလှမ်း ကြည့်လိုက်သည်။
ထိုအချိန်တွင် ခွေးကြီးသည် မြေပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေ၏။ ထိုသို့ လှဲလျောင်းနေသည့် အမြင့်ပင် ၂ပေခန့် ရှိနေသည်။
လူတစ်ဦး ချဉ်းကပ်လာသည်ကို သတိပြုမိသောအခါ ခွေးကြီး၏ တွဲကျနေသော နားရွက်များက အနည်းငယ် လှုပ်ခတ်သွားပြီး လျင်မြန်စွာ ထောင်တက်လာသည်။ ပြီးနောက်သူ၏ မျက်လုံးများသည် အနည်းငယ် ပွင့်လာပြီး ညင်သာစွာ ပြန်မှိတ်သွား၏။
လော်ယွမ်သည် ထိုခွေးကြီး၏ မျက်လုံးများက အနည်းငယ် ပြာလဲ့နေပြီး ကြည်လင်တောက်ပကာ သန့်စင်သော သလင်းကျောက်များကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
လော်ယွမ်က ခွေးကြီးအနားသို့အနည်းငယ်လှမ်းပြီးနောက် ရပ်တန့်လိုက်သည်။ ဤသို့သော သတ္တဝါမျိုးကို သန္ဓေပြောင်းကြွက်များနှင့် နှိုင်းယှဉ်၍မရပေ။ ကျိုးယလီ၏ ဖခင်က သူ မည်မျှပင် နူးညံ့သည်၊ မည်မျှပင် လိမ္မာသည်ဟု ဖော်ပြနေစေကာမူ လော်ယွမ်က မိမိ၏ အသက်ကို လောင်းကြေးထပ်ရန် မဝံ့ရဲပေ။ သူ၏ ကြီးမားသော ခန္ဓာကိုယ်အရ အသာအယာ ခုန်လိုက်ရုံဖြင့်ပင် ၁၈ပေ၊ ၁၉ပေအကွာသို့ ရောက်ရှိသွားနိုင်သည်။
လော်ယွမ်ကထိုခွေးကြီးကို သတ်နိုင်မည်ဟု ယုံကြည်သော်လည်း အဖိုးအခအချို့တော့ ပေးဆပ်ရပေလိမ့်မည်။ ထို့အပြင် ထိုသို့လုပ်ရန်လည်းမလိုအပ်ပေ။
သူသည် မြေပြင်ကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ရာ မြေပေါ်တွင် ၇လက်မခွဲခန့်ရှည်သော မီးကဲ့သို့ နီရဲနေသည့် အမွေးအချို့ကို တွေ့ရှိလိုက်သည်။
သူသည် ထိုအထဲမှ အမွေးတစ်ပင်ကို ကောက်ယူလိုက်ပြီး "အမျိုးအမည်ခွဲခြားအစွမ်း" ကို သုံးလိုက်သည်။
အမည် - သန္ဓေပြောင်းခွေးကြီး၏ အမွေးရှည်
အသုံးဝင်ပုံ - ပါဝင်ပစ္စည်း"
ရှားပါးမှုအဆင့် - အပြာနုရောင်
အလေးချိန် - ၀.၀၁
သုံးသပ်ချက် - ဤသည်မှာ သန္ဓေပြောင်းခွေး၏ သဘာဝအလျောက် ကျွတ်ကျသွားသော အမွေးတစ်ပင်ဖြစ်ပြီး အားနည်းသော မီးဓာတ်စွမ်းအင် ပါဝင်နေသည်။
"တကယ်ဟ" လော်ယွမ်ရင်တဒိန်းဒိန်းခုန်သွားပြီး သူ၏ ထင်မြင်ချက်ကို အတည်ပြုလိုက်သည်။
ကြည့်ရသည်မှာ ကျိုးယလီက သူထင်ထားသည်ထက် ပို၍ လုံခြုံနေသည့်ပုံပင်။ ဤသို့ဆိုလျှင် သူလုံးဝ စိတ်ချနိုင်လေပြီ။
အကြောင်းရင်းကို မသိသော်လည်း တိရစာ္ဆန်များ၏ ဆင့်ကဲပြောင်းလဲနှုန်းမှာ မတူညီကြပေ။ သန္ဓေပြောင်းသတ္တဝါအများစုသည် အဖြူရောင်အဆင့်တွင်သာ ရှိကြပြီး အလွန်ကံကောင်းသည့် သတ္တဝါအနည်းစုသာ အပြာရောင်အဆင့်သို့ ရောက်ရှိနိုင်ကြသည်။ ထိုအဆင့်သို့ရောက်သော သတ္တဝါများမှာ ဇာမဏီငှက်၏အမွေး၊ နတ်မြင်း၏ဦးချိုကဲ့သို့ ရှားပါးလှသည်။
ထိုသို့သောသတ္တဝါများကို ယခုအချိန်အထိပင် လော်ယွမ်က နှစ်ကောင်သာ တွေ့ဖူးသေးသည်။ တစ်ကောင်မှာ မြွေကြီးဖြစ်ပြီး နောက်တစ်ကောင်မှာ ဤခွေးကြီးပင် ဖြစ်၏။ တစ်ကောင်ချင်းစီတိုင်းက သက်ဆိုင်ရာနယ်မြေများ၏ အရှင်သခင်ဟု ခေါ်ဆိုနိုင်ပြီး ကြွက်အုပ်ကြီးထဲတွင်လည်း ထိုသို့သော သတ္တဝါတစ်ကောင် ရှိနေကောင်းရှိနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် သူမကြုံခဲ့ရပေ။
ဤရွာလေး အလွန်အေးချမ်းနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ကျေးလက်ဒေသများ၏ အခြေအနေ တိုးတက်လာသည်နှင့်အမျှ လယ်ယာစိုက်ပျိုးရေးမှာ လုံးဝနီးပါး စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲလာခဲ့ပြီး နွားကဲ့သို့သော သတ္တဝါများသည်လည်း ကျေးလက်ဒေသများတွင် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ ဤဒေသများတွင် ခွေးများကို အရွယ်အကြီးမားဆုံး သတ္တဝါများဟု သတ်မှတ်နိုင်ပြီး ထိုခွေးများ ဆင့်ကဲပြောင်းလဲသွားလျှင် သူတို့အတွက် ပြိုင်ဘက်မရှိတော့ဟုဆိုနိုင်သည်။ ထိုခွေးကြီးကဲ့သို့အပြာနုရောင်အဆင့်ဆိုလျှင်ပြောစရာတောင်မလိုပေ။ ထိုသို့သော သတ္တဝါတစ်ကောင် ရှိနေခြင်းသည် ဤဒေသတစ်ဝိုက်ရှိ အခြားသာမန်သန္ဓေပြောင်းသတ္တဝါများကို အလွန်ပင် ခြိမ်းခြောက်နိုင်ပြီး ရွာသူရွာသားများ၏ လုံခြုံရေးကိုလည်း အာမခံနိုင်ပေသည်။
သူတို့တည်းခိုခဲ့သည့်ကျူကျားရွာမှ ခွေးများကို သတ်ပစ်ခဲ့သော ရွာသူရွာသားများကို ပြန်လည်စဉ်းစားမိလျှင် အလွန်ပင် မိုက်မဲသည်ဟု ဆိုရပေမည်။ ခွေးဆိုသည်မှာ တမင်တကာ နှိပ်စက်ညှဉ်းပန်းခြင်းမရှိပါက သခင်အပေါ်တွင် အလွန် သစ္စာစောင့်သိတတ်ပြီး သန္ဓေပြောင်းသွားလျှင်ပင် သူတို့၏ မူလဗီဇကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ အဖြူရောင်အဆင့်မျှသာ ဖြစ်နေလျှင်တောင် အန္တရာယ်အများစုကို ကာကွယ်ပေးနိုင်သည်။
သို့သော် တစ်ဖက်မှပြန်ပြောရလျှင်လည်း ဤသို့သော ခွေးကြီးတစ်ကောင်ကို မွေးထားခြင်းသည် သူတို့ကိုယ်တိုင် အစာမရှာနိုင်ပါက နေ့စဉ် အစာကျွေးဖို့အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပေလိမ့်မည်။
"ဟမ်...ဒီမီးဓာတ်စွမ်းအင်ကဘာအဓိပ္ပါယ်လဲ" လော်ယွမ်က အမွေး၏ သုံးသပ်ချက်တွင် ဖော်ပြထားသော မီးဓာတ်စွမ်းအင်ကို သတိပြုမိသွားပြီး စိတ်ထဲတွင် သံသယဖြစ်သွားသည်။ "ဒီခွေးက မီးမှုတ်နိုင်တာများလား"
လော်ယွမ်က အမွေးကို ပွတ်သပ်ကြည့်ရာ ဤအမွေးတွင် မည်သည့်မီးဓာတ်စွမ်းအင်မှ ပါဝင်နေသည်ကို မခံစားမိပေ။
အမွေးကို အသာအယာဆွဲကြည့်သော်လည်း မပြတ်သွားပေ။ အားအနည်းငယ် ထပ်ထည့်လိုက်မှ သာနှစ်ပိုင်းပြတ်သွား၏။ ထိုအမွေးမှာ သာမန်အမွေးတစ်ပင်သာ ဖြစ်သော်လည်း အလွန်ပင် ခိုင်မာလှပြီး စတီးကြိုးထက်ပင် ပို၍ ခိုင်မာဟန်တူသည်။
"ရှင် ဘာလုပ်နေတာလဲ" ကျိုးယလီက သူ၏ နောက်တွင် လှပစွာရပ်နေပြီး မေးလိုက်သည်။
လော်ယွမ်လှည့်ကြည့်လိုက်ရာ ကျိုးယလီမှာ အစိမ်းနုရောင် အနားတွန့်ဂါဝန်ရှည်တစ်ထည် လဲလှယ်ဝတ်ဆင်ထားသည်ကိုတွေ့လိုက်ရသည်။ သူမ၏ ဂါဝန်အောက်စသည် ရှည်လျားပြီး ကြာစွယ်ကဲ့သို့ ဖြူဖွေးသော ခြေသလုံးသားတစ်စိတ်တစ်ပိုင်းသာ ပေါ်လွင်နေသဖြင့် သူမ၏ အသားအရေကို ပို၍ ဖြူဖွေးစေသည်။ သူမ၏ မျက်နှာတွင် မိတ်ကပ်အနည်းငယ် လိမ်းထားဟန်ရှိပြီး နူးညံ့၍စွဲမက်ဖွယ်ရှိသာ အလှတရားများဖြင့် တောက်ပနေ၏။
"သူ့အမွေးကိုလေ့လာကြည့်နေတာလေ...တစ်ခုခုများတွေ့မလားလို့" လော်ယွမ်က ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်သည်။
"ရှင်ကဇီဝဗေဒပညာရှင်မဟုတ်တာနာတာပဲ...ဟမ်ဒီအမွေးကတော်တော်ရှည်တာပဲ...မိဝါကအရင်ကအဝါရောင်လေ...အခုတော့အနီရောင်ဖြစ်သွားပြီ...ဒါပေမဲ့ပိုပြီးလှသွားတယ်" ကျိုးယလီက ထိုင်ချလိုက်ပြီး လော်ယွမ်၏ လက်ထဲမှ အမွေးကို လုယူလိုက်သည်။
"နင်ကစကားနာတောင်ထိုးတတ်နေပြီပဲ" လော်ယွမ်က လက်ကိုခါကာ ထရပ်လိုက်ပြီး ကျိုးယလီကိုမြင်၍ ထရပ်ကာ အမြီးကိုအသားကုန်ယမ်းခါလျက် ချစ်ခင်ကြောင်းပြနေသော ခွေးကြီးကိုကြည့်ကာ "နင့်ရဲ့မိဝါကိုသွားမကြည့်တော့ဘူးလား...သူ့ဆီကငါ့အတွက်အမွေးနည်းနည်းလောက်နုတ်ပေးရင်ပိုကောင်းတယ်...သူ့ကိုယ်ကအမွေးကပိုအရောင်ရင့်သလိုပဲ"
"ကျွန်မ နည်းနည်းကြောက်တယ်" ကျိုးယလီသည် ခွေးကြီးကို ကြည့်ရင်း စိတ်ထဲတွင် အနားသွားကြည့်ချင်သော်လည်း အနည်းငယ် မဝင့်မရဲဖြစ်နေ၏။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
"သူနင့်ကိုမကိုက်ပါဘူး...ကြည့်လေနင့်အဖေတောင်ဘာမှမဖြစ်တာ...သူကဆင့်ကဲပြောင်းလဲပြီးပိုလိမ္မာသွားတဲ့ပုံပဲ...နင့်ကိုဘာမှမလုပ်လောက်ဘူး...ဒါပေမဲ့နင်သူ့ကိုရှောင်နေရင်တော့...ကြာရင်ဝမ်းနည်းပြီးစိတ်ပျက်သွားလိမ့်မယ်" လော်ယွမ်က တိုက်တွန်းလိုက်သည်။
ဤခွေး၏ အပြုအမူများကို သုံးသပ်ကြည့်လျှင် ၎င်း၏ဉာဏ်ရည်သည် ၇နှစ်၊ ၈နှစ်အရွယ် ကလေးများနှင့်ယှဉ်နိုင်လုနီးပါး မြင့်မားနေပြီဖြစ်သည်။ အကယ်၍ ကျိုးယလီသာ သူ့ကိုဆက်လက်ရှောင်ရှားနေပါက ထိုခွေးက ကျိုးယလီနှင့် တဖြည်းဖြည်းဝေးကွာသွားနိုင်ပြီး နောက်တွင်သူမကို အန္တရာယ်ပင် ပြုနိုင်ခြေရှိ၏။
"ဒါဆို ရှင် ကျွန်မနဲ့ အရမ်းဝေးဝေးမှာ မနေရဘူးနော်" ကျိုးယလီက တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။ အခြားသတ္တဝါတစ်ကောင်သာဆိုလျှင် သူမယခုအချိန်တွင် ကြောက်ရွံ့၍ ခြေလက်များ ပျော့ခွေကာ မျက်နှာဖြူရော်နေလောက်ပေပြီ။ သို့သော် ဤသည်မှာ မိမိအိမ်တွင် မွေးထားသော ခွေးဖြစ်ပြီး အလွန်ပင် ချစ်ခင်မင်ကြောင်းပြနေသဖြင့် သူမ၏ ကြောက်ရွံ့မှုကို အတော်လေး လျော့ပါးစေခဲ့သည်။
လော်ယွမ် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ကျိုးယလီက သတ္တိမွေးပြီး ခွေးကြီးထံသို့ တဖြည်းဖြည်း လျှောက်သွား၏။ သူမ၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေပြီး လက်ဖဝါးတွင်လည်း ချွေးများ စို့နေသည်။ ခွေးကြီးက သခင် ချဉ်းကပ်လာသည်ကို မြင်လျှင် အမြီးကို ပို၍ လျင်မြန်စွာ ခါးယမ်းလိုက်ပြီး ပန်ကာတစ်လုံးကဲ့သို့ တဝှီးဝှီး အသံမြည်ကာ အရိပ်တစ်ခုသာ မြင်နေရတော့သည်။ သူက အကြိမ်ကြိမ် ထိုင်ချလိုက်၊ ထရပ်လိုက် ပြုလုပ်နေသော်လည်း မိမိသဘောဖြင့် ပြေးလာခြင်း မရှိပေ။
နောက်ဆုံးတွင် သူက ချစ်ခင်ကြောင်းပြသော အသံဖြင့် အကြိမ်အနည်းငယ် ဟောင်လိုက်သည်။ ပြီးနောက်မြေပေါ်တွင် လှဲချကာ ပက်လက်လှန်လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော ဝမ်းဗိုက်သားကို ဖော်ပြလိုက်သည်။
လော်ယွမ်က တစ်ချက်ကြည့်လိုက်ရာ ခွေးမတစ်ကောင်ဖြစ်ကြောင်း သိလိုက်သည်။
(မင်မင်က မိဝါလို့ပြန်ထားလို့အမမှန်းတန်းပြောလို့ရတာ သူ့မူရင်းနာမည်မှာက အဝါရောင်ပါပေမယ့် အထီးအမတန်းခွဲလို့မရဘူး)
ကျိုးယလီသည် အကျွမ်းတဝင်ရှိသော ဤမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် ကြောက်ရွံ့မှုများလုံးဝပျောက်ကွယ်သွားလေသည်။ သူမကခြေလှမ်းကို အနည်းငယ် အရှိန်မြှင့်ကာ ခွေးကြီး၏အနားသို့ သွားပြီး ခါးကိုင်းကာ သူ၏ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ခွေးကြီးက 'ဝု... ဝု...' ဟု အသံပြုရင်း အလွန်ပင် ပျော်ရွှင်နေဟန်တူသည်။ သူ၏ မျက်နှာကြီးဖြင့် ကျိုးယလီ၏ ခြေသလုံးကို ညင်သာစွာ ပွတ်သပ်နေပြီး ပါးစပ်ထောင့်မှ သွားရေများလည်း တောက်လျှောက် ကျဆင်းနေ၏။
ခွေးကြီးမှာယခင်က သင်ခန်းစာရဖူးထားသောကြောင့်လောမသိ၊ သူက ခွန်အားကို ထိန်းချုပ်ရာတွင် အလွန်ပင် ကျွမ်းကျင်လှပြီး မည်သည့်အားပမာဏက သူ့သခင်အတွက် သင့်တော်သည်ကို သိရှိနေသည်။
ကျိုးယလီက တခစ်ခစ် ရယ်မောလိုက်သည်။ "မိဝါက တကယ်လိမ္မာတာပဲ"
သူမသည် အဝေးတွင်ရပ်နေပြီး အနားမလာရဲသော လော်ယွမ်အားကြည့်ကာ ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။ "ရှင်နောက်တစ်ခါကျွန်မကိုအနိုင်ကျင့်ရင်...ကျွန်မမိဝါကိုကိုက်ခိုင်းမှာ"
ထိုအခါခွေးကြီး၏ နားရွက်များသည် လှုပ်ခတ်သွားပြီး မျက်ခွံသည် အနည်းငယ် ပင့်တက်လာကာ ထရပ်ရန်ပြင်လိုက်သည်။
လော်ယွမ်၏ နှဖူးတွင်း ချွေးများ စို့လာပြီး အလျင်အမြန် အသံကိုနှိမ့်ကာ ဆိုလိုက်သည်။ "အမယလီ...အဲ့လိုမနောက်ပါနဲ့...ငါဘယ်တုံးကနင့်ကိုအနိုင်ကျင့်ဖူးလို့လဲ"
ကျိုးယလီ၏ လှပသော မျက်နှာမှာ နီရဲသွားလေသည်။ "ရှင့်ကိုယ်ရှင်အသိဆုံးပဲ"
ထိုစဉ် ကျိုးယလီ၏ မိခင်သည် မီးဖိုချောင်သုံးခါးစည်းအဝတ်ဖြင့် ထွက်လာပြီး သူတို့နှစ်ဦးကို ပြုံးရွှင်စွာ ကြည့်ရင်းဆိုလိုက်သည်။ "လီလီဆော့မနေနဲ့တော့...နင့်သူငယ်ချင်းကိုပါခေါ်ခဲ့...ထမင်းစားရအောင်"
"ဟုတ်ကဲ့" ကျိုးယလီက ပြန်ဖြေလိုက်ပြီး ခွေးကြီး၏ ခေါင်းကို ပုတ်ကာ လျှောက်လာသည်။ လော်ယွမ်၏ အနားမှ ဖြတ်သွားသောအခါ သူ့ကို ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်သည်။
ထမင်းဝိုင်းမှာ အလွန်ပင် စုံလင်လှသည်။ ဇလုံကြီးတစ်လုံးအပြည့် ငါးရှဉ့်၊ ဖား၊ ငှက်ဥတို့ကို ရောနှော၍ ပျော့အိနေအောင် ချက်ထားသော ဟင်းပေါင်းတစ်ခွက်၊ အရောင်အသွေးစုံလင်သော အသီးအရွက်ကြော်အချို့နှင့် အိမ်လုပ်အရက်တစ်ပုလင်းတို့ ဖြစ်သည်။
ကျိုးယလီ၏ မိဘနှစ်ပါးမှာ အလွန်ပင် ဖော်ရွေပျူငှာကြပြီး ဟင်းများခပ်ထည့်ပေးခြင်း၊ အရက်ငှဲ့ပေးခြင်းတို့ကို အဆက်မပြတ်ပြုလုပ်သဖြင့် လော်ယွမ်က မခံနိုင်တော့ကြောင်း အကြိမ်ကြိမ် ပြောယူရ၏။ သူ အဆက်မပြတ် ငြင်းဆန်နေသော်လည်း အရက်သုံးခွက် အတိုက်ခံလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အရက်ဒဏ်ခံနိုင်စွမ်းမှာ မူလကတည်းက ကောင်းမွန်ပြီး ခန္ဓာကိုယ်မှာလည်း သာမန်လူထက် သာလွန်နေသဖြင့် မျက်နှာနီရဲနေသော်လည်း အနည်းငယ် ခေါင်းမူးရုံသာ ရှိသည်။
ထမင်းစားပြီးနောက် သူတို့ခေတ္တမျှ စကားစမြည်ပြောဆိုကြ ပြီးလော်ယွမ်က တုံဟူမြို့တွင် ကိစ္စရှိသေးသည်ဟု အကြောင်းပြကာ ပြန်ရန် ပြောဆိုလိုက်သည်။
ကျိုးယလီ၏ မိဘနှစ်ပါးက ဝိုင်းဝန်းတားဆီးကြသော်လည်း လော်ယွမ်ကဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိသောအခါ သမီးဖြစ်သူအား ရွာထိပ်သို့ လိုက်ပို့ခိုင်းလိုက်သည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် ကျိုးယလီ၏ မိခင်က ပန်းကန်များ သိမ်းဆည်းရင်း မေးလိုက်သည်။ "ရှင်လည်းတွေ့ပြီးပြီဆိုတော့...ဒီကောင်လေးကိုဘယ်လိုသဘောရလဲ"
"အရမ်းတည်ကြည်ပြီး...ရို့ကျိုးတယ်...ငါကတော့တော်တော်သဘောကျတယ်...ဒါပေမဲ့လီလီကစိတ်ထဲရှိတဲ့ပုံမပေါ်ဘူး...ဘာပဲပြောပြောဝေ့ချန်းဆုံးသွားတာမကြာသေးဘူးမလား...အဲ့ကိစ္စလီလီ့ကိုဖိအားသွားမပေးနဲ့နော်" ကျိုးယလီ၏ ဖခင်က ထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ တစ်ဖွာဖွာရင်း မျက်မှောင်ကျုံ့ထားလေသည်။
"ရှင်ဟာလေ...အသေးစိတ်ကိုမကြည့်တတ်ဘူး... ကျွန်မသမီးအကြောင်း ကျွန်မ မသိဘဲနေမလား" ကျိုးယလီ၏ မိခင်က မယုံကြည်သော မျက်နှာဖြင့် ဆိုသည်။ "အရင်တုံးကဝေ့ချန်းကိုအိမ်ခေါ်လာတုံးကလည်းအဲ့လိုပဲလေ...တွဲနေတာကြာပြီကိုဟန်ဆောင်ပြီးငြင်းနေလိုက်သေးတယ်မလား...ထမင်းစားတုံးကသူအဲ့ကောင်လေးကိုခဏခဏခိုးခိုးကြည့်နေတာကျွန်မသတိထားမိတယ်"
"မင်းကတစ်ကယ်မြင်တတ်တာပဲ...ငါတောင်အလှည့်စားခံရတော့မလို့...ဒါပေမဲ့အဲ့ကောင်လေးရဲ့သဘောထားကရောဘယ်လိုလဲမသိဘူး" ကျိုးယလီ၏ ဖခင်က ဝမ်းမြောက်စွာ ရယ်မောလိုက်သည်။
"သူကဒီလောက်အဝေးကြီးကနေ...လီလီ့ကိုလိုက်ပို့ပေးတာလေ...ရှင်ဘယ်လိုထင်လဲ" ကျိုးယလီ၏ မိခင်က အပြစ်တင်သော လေသံဖြင့် ဆိုသည်။
"ဒီကိစ္စကိုသူ့သဘာဝအတိုင်းပဲဖြစ်ပါလေ့စေ" ကျိုးယလီ၏ ဖခင်သည် ရုတ်တရက် စီးကရက်ကို အားပြင်းစွာ တစ်ချက်ရှိုက်လိုက်ပြီး သက်ပြင်းချကာ ဆိုသည်။ " အခုကမာ္ဘကြီးက.ကပ်ဆိုက်နေတဲ့အတိုင်းပဲ...မီးမလာတာအခုဆိုရင်၈ရက်လောက်ရှိသွားပြီ...ငါကြားတာတော့တလောကငါတို့နဲ့သိပ်မဝေးတဲ့ကျန်းကျားရွာမှာ ဘာကြောင့်မှန်းမသိပဲလူတွေတော်တော်များများသေကုန်တယ်တဲ့...ငါတို့ရွာပဲကောင်းနေသေးတယ်ပြောရမယ်...အခုသူတို့နှစ်ယောက်ကတစ်နေရာစီဖြစ်သွားပြီဆိုတော့...ထပ်တွေ့ရဖို့ဆိုတာက...မသေချာသလောက်ပဲ"
ကျိုးယလီ၏ မိခင်သည်လည်း စိုးရိမ်ပူပန်သော မျက်နှာဖြင့် စားပွဲကိုသုတ်နေရာမှရပ်လိုက်ပြီး ထိုင်ချလိုက်တော့သည်။