ဓားဝယ်ခြင်း
Vol. 1 Ch. 9
လော်ယွမ်သည် အားရအောင်ငို၍မောပန်းကာ အိပ်ပျော်သွားသောကျိုးယလီကို ကြည့်လိုက်ပြီး ညင်သာစွာပွေ့ချီကာ သူမ၏အိပ်ခန်းထဲသို့ဝင်၍ ကုတင်ပေါ်တွင်တင်ပေးလိုက်သည်။
လော်ယွမ်က သူ၏လက်ကိုပြန်ရုတ်ရန်ပြင်လိုက်စဉ် အိပ်ပျော်နေသောကျိုးယလီမှာ တစ်စုံတစ်ခုကိုခံစားမိသွားသကဲ့သို့ ရုတ်တရက်သူ့ကို တင်းကျပ်စွာဖက်လိုက်ပြီး ပါးစပ်မှ "ဝေ့ချန်း...မသွားပါနဲ့" ဟု ယောင်ယမ်းပြောဆိုနေလေသည်။
လော်ယွမ်က လက်ကိုပြန်ငြိမ်လိုက်ပြီး ထိုအနေအထားအတိုင်း မလှုပ်မယှက်နေရတော့သည်။
တဖြည်းဖြည်းနှင့် သူ၏စိတ်ထဲတွင် ထူးခြားသောခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။သူ၏မျက်လုံးများက အမှတ်တမဲ့ သူမ၏ပေါင်များဆီသို့ ရောက်ရှိသွားလေသည်။
ယနေ့ကျိုးယလီမှာ စကတ်ကိုဝတ်ဆင်ထားပြီး အိမ်ပြန်ရောက်သောအခါ ပူအိုက်သည်ဟုဆိုကာ ခြေစွတ်အရှည်ကို ချွတ်ထားခဲ့သည်။ ထိုအချိန်တွင် ဖြူဖွေးပြီးပြည့်တင်းသော ပေါင်တံတစ်စုံမှာ လုံးဝပေါ်လွင်နေပြီး သူ၏လက်မှာမူ သူမ၏ပေါင်တံအပေါ်တွင် ရှိနေလေသည်။
(ခြေစွတ်အရှည် = ဂျပန်Anime တွေမှာ ကောင်မလေးတွေဝတ်တဲ့ ပေါင်လယ်နားထိရောက်တဲ့ အသားကတ်ခြေစွတ်မျိုး)
သူမ၏အသားအရေမှာ အလွန်နူးညံ့ချောမွေ့ပြီး ပျော့အိနေသည်။ လက်ကိုပေါင်ပေါ်တွင်တင်ထားရသည်မှာ နူးညံ့သောဂွမ်းပုံပေါ်တွင် တင်ထားရသကဲ့သို့ပင်။ လော်ယွမ်က အခွင့်အရေးယူတတ်သောလူစားမျိုးမဟုတ်သော်လည်း လူငယ်တစ်ယောက်အနေဖြင့် စိတ်နိုးကြွရန်အလွန်လွယ်ကူသည့်အပြင် ယနေ့နေ့လယ်ပိုင်းက တောင်ပေါ်တွင် ကြုံတွေ့ခဲ့ရသော စိတ်လှုပ်ရှားမှုတို့နှင့်ပေါင်းစပ်လိုက်သောအခါ ဤဆွဲဆောင်မှုရှိသောမြင်ကွင်းကိုကြည့်ပြီး သူ၏ လည်ချောင်းများခြောက်ကပ်လာလေသည်။
လော်ယွမ်က စိတ်ကိုတင်းကာ မျက်နာလွှဲလိုက်သည်။ သို့သော် ထိုမြင်ကွင်းကိုမူ သူ့စိတ်ထဲတွင် အဆက်မပြတ် မြင်ယောင်မိနေလေသည်။
ဆယ့်ငါးမိနစ်ခန့်အကြာ ကျိုးယလီ၏အသက်ရှုသံ တဖြည်းဖြည်းမှန်မှန်ဖြစ်လာပြီး နှစ်ခြိုက်စွာအိပ်ပျော်သွားမှသာ သူက ညင်သာစွာလက်ကိုမ၍ အခန်းထဲမှ အပြေးတပိုင်း ထွက်လာခဲ့လိုက်သည်။
လော်ယွမ်က ရေချိုးပြီးနောက် ကွန်ပျူတာကိုဖွင့်ကာ တောက်ပေါင် (အမေဇွန်လိုမျိုးတရုတ်အွန်လိုင်း ဈေးဝယ် ဝပ်ဆိုဒ်) ထဲသို့ဝင်လိုက်သည်။
သူက "ဓား"ဟူ၍ရိုက်ရှာလိုက်ရာ ဆိုင်ပေါင်းများစွာ ချက်ချင်းပေါ်ထွက်လာသည်။
တောခုတ်ဓားရှည်ကို ရဲစခန်းသို့ပြန်ပေးပြီးသည့်နောက် သူ့တွင် တစ်စုံတစ်ခုဆုံးရှုံးသွားသကဲ့သို့ စိတ်ထဲတွင် ဟာတာတာဖြစ်နေမိ၏။ ထို့အပြင် ယခုအခြေအနေအရ အိမ်တွင်ဓားတစ်လက်ထားရှိဖို့ အလွန်လိုအပ်ပြီး ပုံမှန်အချိန်များတွင် ဓားပညာကိုလည်း လေ့ကျင့်နိုင်သေးသည်။
ဓားရှည်ကဲ့သိုသောလက်နတ်များမှာ တရုတ်ပြည်တွင်းတွင် တင်းကြပ်စွာထိန်းချုပ်ထားသော ပစ္စည်းများဖြစ်သည်။
သို့သော် မည်သည့်စနစ်တွင်မဆို အားနည်းချက်များရှိစမြဲပင်။ အလှဆင်ရန်ပြုလုပ်ထားသော ဓားတိုနှင့်ဓားရှည်များကို လွတ်လပ်စွာရောင်းဝယ်နိုင်သော်လည်း တကယ့်ဓားအစစ်များကိုမူ တရားဝင်မရောင်းဝယ်နိုင်ပေ။ ၎င်းတို့နှစ်ခု၏ကွာခြားချက်မှာ အသွားဖော်ထားခြင်းရှိမရှိပင်ဖြစ်သည်။
လော်ယွမ်က ဆိုင်တစ်ဆိုင်ကိုဖွင့်ကြည့်လိုက်ရာ ထိုဆိုင်မှတင်ထားသော ဓားတို၊ဓားရှည်များ၏ဈေးနှုန်းမှာ အလွန်မြင့်မားနေပြီး အသက်သာဆုံးမှာပင် တစ်ထောင်ကျော်ရှိကာ ဈေးအကြီးဆုံးမှာမူ တစ်သောင်း၊ နှစ်သောင်းပင်ရှိနေ၏။ လော်ယွမ်က အခြားဆိုင်တွေကို ဖွင့်ကြည့်သော်လည်း အားလုံးထိုအတိုင်းပင်ဖြစ်သည်။ သူက လူကြိုက်အများဆုံးဆိုင်တစ်ဆိုင်ကိုရွေးချယ်လိုက်ပြီး ထိုဆိုင်တွင် သီးသန့်မှာယူနိုင်ကြောင်းပါ တွေ့ရှိလိုက်ရသည်။
လော်ယွမ်သည် စိတ်ထဲတွင် အကယ်၍ မိမိတစ်ယောက်တည်းသာ ဧရာမမြွေကြီးနှင့်ရင်ဆိုင်ရမည်ဆိုပါက တောခုတ်ဓားကဲ့သို့သော သာမန်လက်နက်ဖြင့် ရင်ဆိုင်ရန်မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ ဓားတစ်ချက်ခုတ်ရုံနှင့်သူ၏ အကြေးခွံကိုပင် ဖောက်နိုင်မည်မဟုတ်ပေ။ ဝယ်မည်ဆိုလျှင်တော့ ထက်မြက်သောဓားကောင်းတစ်လက်ကို ဝယ်လျင်အကောင်းဆုံပင်။ အနာဂတ်တွင် ထိုသို့သောအန္တရာယ်မျိုးနှင့် ထပ်မံမကြုံတွေ့နိုင်ဟု မည်သူမျှ အာမမခံနိုင်သောကြောင့်ပင်။
သူက တောက်ပေါင်၏ စာပို့သည့်နေရာကိုဖွင့်ကာ စာရိုက်လိုက်သည်။ "ခင်ဗျားတို့စီမှာ...သီးသန့်မှာလို့ရလား"
မကြာမီပင် တစ်ဖက်မှတုံ့ပြန်လာသည်။ မိတ်ဆက်စကားများမဆိုဘဲ တိုက်ရိုက်ပင် "ဘယ်လိုသတ္တုနဲ့လိုချင်တာလဲ...ဘယ်အရွယ်လိုချင်တာလဲ" ဟုမေးလေသည်။
"အရှည်၄ပေလောက်လိုချင်တယ်...ခုတ်ပိုင်းလို့အဆင်ပြေတဲ့ဟာမျိုးပေါ့...ဘယ်လိုသတ္တုမျိုးသုံးသင့်တယ်လို့ထင်လဲဗျ" လော်ယွမ်၏အရပ်မှာ ၅ပေ၇ခန့်ရှိပြီး ဖိနပ်အပါဆိုလျှင် ၅ပေ၈ခန့်ရှိရာ ဤအရှည်မှာ အသင့်တော်ဆုံးပင်။
" ပုံမှန်သုံလေ့ရှိတာတော့ tool steel၊ high-speed steel၊ H13 တို့ပဲ...သူတို့နဲ့ဆိုလုံလောက်တယ်...အင်းပေါ့အရည်အသွေးမြင့်စတီးတွေလည်းရှိတယ်...ဒါပေမဲ့သူတို့ကအရမ်းဈေးကြီးတယ်"
(မှတ်ချက် - tool steel၊ high-speed steel၊ H13 တို့ကို မြင်ဖူးချင်ရင် လိုင်းပေါ်မှာ ရှာကြည့်လို့ရပါတယ်...မြန်မာလို အခေါ် အဝေါ် မရှိလို့ မင်မင် Eng လိုပဲ ထည့်လိုက်တယ်)
"ကျွန်တော်ဓားဝယ်ပြီးဘာလုပ်မလို့လဲဆိုတာ...ခင်ဗျားသိလို့လား" လော်ယွမ်သည် သူ၏စကားထဲမှ အဓိပ္ပာယ်ကိုနားလည်၍ သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ဒါကလျှို့ဝှက်ချက်မှမဟုတ်တာ...ခုတလောကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆိုပြီး…ဓားအော်ဒါမှာတဲ့သူတွေနည်းတာမဟုတ်ဘူး"
"ခင်ဗျားမှာကျွန်တော့်ကိုအကြံပေးချင်တာရောရှိလား" လော်ယွမ်က ခဏစဉ်းစားပြီး စာရိုက်လိုက်သည်။
“အင်း…154CM steel ကိုသုံးဖို့အကြံပေးချင်တယ်…သူကသံချေးတက်တာကိုခံနိုင်ပြီး...အသွားကလည်းတော်ရုံမတုံးဘူး…ကြံ့ခိုင်မှုလည်းတော်တော်မြင့်တယ်…နာမည်ကြီးဓားတော်တော်များများအဲ့စတီးကိုပဲသုံးကြတာ…သူ့ရဲ့မာကျောမှုက…အပူပေးပြီးအဆင့်မြှင့်လိုက်ရင်…HRC60ထိရောက်တယ်…သံကိုရွှံ့လိုမျိုးပိုင်းဖြတ်နိုင်တယ်…ဒါပေမယ့်လိုအပ်တဲ့ပစ္စည်းတွေကအခုအရမ်းရှားသွားလို့…ကျွန်တော့်မှာအနည်းအကျဉ်းပဲရှိတယ်…ဒါကြောင့်ဈေးကတော့တော်တော်လေးများလိမ့်မယ်”
"ဈေးကဘယ်လောက်ရှိလို့လဲဗျ" လော်ယွမ်ကမေးလိုက်သည်။
"အလေးချိန်နဲ့ပဲတွက်တာ…၁ကီလိုကိုယွမ်တစ်သောင်းအပြီးအစီးပေါ့…ဒီဈေးကနည်းနည်းများတယ်လို့ထင်ရပေမယ့်…အခုဈေးတွေကနေ့တိုင်းတက်နေတော့…နောက်ဆိုပိုက်ဆံနဲ့တောင်ဝယ်လို့မရတာမျိုးဖြစ်သွားနိုင်တယ်"
"ကျွန်တော့်ကို နမူနာပုံတွေနည်းနည်းလောက်ပို့ပေးပါလား" လော်ယွမ်လည်း တစ်ဖက်လူက လိမ်လည်နေသည်ဟုမထင်မိပေ။ တစ်ဖက်လူ၏စကားနှင့် ကောက်တန်းမြို့တွင် ကြုံတွေ့ခဲ့သည်များအရဆိုလျင် ယခုတလော လက်နက်အေးများဝယ်ယူသူမှာ မနည်းသည်မှာ သေချာသည်။
(လက်နက်အေး = cold weapon ကိုပြောတာပါ။ ယမ်း or အပူပေးတဲ့အရာမပါပဲ အသုံးပြုရတဲ့ လက်နတ်များကိုဆိုလိုပါတယ်။
ဥပမာ ဓားတို့ လောက်လေးတို့ လေးဂွတို့ လှံတို့ မြားတို့)
တစ်ဖက်လူ၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်ပြီး မကြာမီပင် ဓာတ်ပုံဆယ်ပုံကျော်ပို့လာသည်။ လော်ယွမ်က တစ်ပုံချင်းကြည့်ရှုလိုက်ပြီး "ကျန်းမာတောက်" ဓားနှင့်တူသောပုံတစ်ပုံကို အတော်လေးသဘောကျသွားသည်။ ထိုဓားမျိုးမှာ လက်တစ်ဖက်ဖြင့်ဖြစ်စေ၊ နှစ်ဖက်ဖြင့်ဖြစ်စေ တိုက်ခိုက်နိုင်လေသည်။
(ကျန်းမာတောက် = ဂျပန်ကင်ဒို or ကာတာနာလိုဓားမျိုး ဖြစ်ပါတယ်)
"ဒီတစ်ခုယူမယ်…၄ကီလိုနဲ့လုပ်ပေး…ဘယ်တော့လောက်ပို့ပေးနိုင်မလဲ" လေးကီလိုဂရမ်သည် သူ၏ယခုလက်ရှိခွန်အားအတွက် အနည်းငယ်လေးလံပြီး အားတော်တော်သုံးရမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ခွန်အားမှာတိုးတက်လာဦးမည်သာဖြစ်သည်။
"အခုအော်ဒါတွေပြည့်နေတော့…၂ရက်၃ရက်လောက်တော့စောင့်ရလိမ့်မယ်" တစ်ဖက်လူကပြန်ဖြေသည်။
"ကျွန်တော်အမြန်လိုချင်လို့…မနက်ဖြန်ပို့ပေးနိုင်မလား…ကျွန်တော်၃၀၀၀ပိုပေးမယ်" လော်ယွမ်သည် အခြေအနေများတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာနိုင်သည်ကိုစိုးရိမ်၍ လျင်မြန်စွာစာရိုက်လိုက်သည်။
ငွေ၏အစွမ်းကား အချိန်ကိုပင် မြန်စေနိုင်သည်။
တစ်ဖက်လူမှာ စဉ်းစားနေပုံရပြီး ဆယ်စက္ကန့်ခန့်ကြာမှ စာပြန်ရိုက်လာသည်။ "ယွမ်၅၀၀၀ပိုပေးရမယ်…ကျွန်တော့်အကောင့်ကိုလွှဲလိုက်…အကောင့်က *******ခင်ဗျားဘက်ကငွေအရင်လွှဲမှရမယ်"
လော်ယွမ်က ခဏမျှတုံ့ဆိုင်းပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ "ရတယ်…အခုလွှဲလိုက်မယ်နော်"
သူအလိမ်ခံရလျှင်ပင် ဤသည်မှာငါးထောင်သာဖြစ်သည်။ ဤမျှလောက်သောငွေပမာဏကို သူအဆုံးရှုံးခံနိုင်သည်။ အခုရက်ပိုင်းအတွင်းအဖြစ်အပျက်များကြောင့် သူ၏လက်ထဲရှိငွေစက္ကူများမှာ တဖြည်းဖြည်းတန်ဖိုးမရှိတော့သည်ကို ခံစားမိလေသည်။ ထိုငွေများကိုအမြန်ဆုံးသုံးစွဲပြီး အသုံးဝင်သည့်ပစ္စည်းအဖြစ်ပြောင်းလဲခြင်းကသာ အရေးအကြီးဆုံးဖြစ်ပေသည်။
..................
နောက်တစ်နေ့ နံနက်ကိုးနာရီခန့်တွင် လော်ယွမ်သည် ဒယ်တာလမ်းဆုံ အားကစားခန်းမသို့ ရောက်လာခဲ့သည်။
သူက ဤအားကစားခန်းမကို တမင်ရှာဖွေပြီးလာခြင်းမဟုတ်ပဲ ၎င်းမှာသူ၏အိမ်ယာနှင့် နီးသည့်အပြင် အတော်အတန်လည်း ကြီးမားသဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
သူ၏ခွန်အားမှတ်ထက်မံ၍ မတိုးတက်တော့သည်မှာ သက္ကသိုလ်ဒုတိယနှစ်ကတည်းကပင်။ ဒုတိယနှစ်နှင့်နှိုင်းယှဉ်လျှင် သူ၏လက်ရှိခွန်အားမှာများစွာတိုးတက်လာသော်လည်း အမှတ်တိုးရန်အခြေအနေကိုမူ မပြည့်မီသေးပေ။ သူက ဤအတောအတွင်း ပြင်းထန်သောခွန်အားတိုးလေ့ကျင့်ခန်းများပြုလုပ်ပြီး အလိုအလျောက်အမှတ်တိုးလာရန် မျှော်လင့်ထားသည်။ မနေ့ကတောင်ပေါ်မှပြန်လာပြီးသည့်နောက် သူက ကပ်ဘေးကြီးတစ်ခုကျရောက်တော့မည်ဟူသော အရေးပေါ်ခံစားချက်တစ်ခုကိုရရှိနေပြီး စွမ်းဆောင်ရည်မှတ်တိုင်းကို အလျင်အမြန်တိုးတက်လိုစိတ်ပြင်းပြနေသည်။
"ဒီမှာလအလိုက်အဖွဲ့ဝင်ကတ်လုပ်လို့ရလား"
"ရပါတယ်ရှင့်"
ဧည့်ကြိုကောင်တာမှ မိန်းကလေးမှာ အသက်သိပ်မကြီးသေးပုံရပြီး လော်ယွမ်ဝင်လာသည်ကိုမြင်သောအခါ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့်မတ်တပ်ထရပ်ကာ လော်ယွမ်အားမိတ်ဆက်လေသည်။ "ကျွန်မတို့ဆီမှာ ရွေးချယ်စရာနည်းလမ်းအမျိုးမျိုးရှိပါတယ်...သုံးနှစ်ကတ်၊ နှစ်စဉ်ကတ်၊ သုံးလကတ်နဲ့ လစဉ်ကတ်တွေအပြင် တစ်ကြိမ်သုံးကတ်တွေလည်းရှိတယ်...အဲ့တာတွေအားလုံးအတွက်...အခြေခံအားကစားပစ္စည်းတွေကိုအသုံးပြုခွင့်ရပါမယ်...လစဉ်ကတ်ကတစ်လကိုယွမ်၆၀၀ဖြစ်ပြီး...တစ်နှစ်စာကတ်လုပ်မယ်ဆိုရင်တော့...ငါးဆယ်ရာခိုင်နှုန်းလျှော့ဈေးရရှိပါမယ်...ဘယ်ကတ်အမျိုးအစားပဲဖြစ်ဖြစ်...ရေချိုးခန်းနဲ့ပစ္စည်းသိုလှောင်ခန်းတွေကိုအခမဲ့အသုံးပြုခွင့်ရပါမယ်"
"ဒါ့အပြင် ကျွန်မတို့ဆီမှာ လေ့ကျင့်ရေးသင်တန်းအမျိုးမျိုးကိုလည်း စာရင်းပေးသွင်းလို့ပါတယ်...ယောဂ၊ အက၊ ရေကူးတို့ကိုကျွမ်းကျင်တဲ့နည်းပြတွေနဲ့လေ့ကျင့်ပေးပါတယ်...သီးသန့်လိုအပ်ချက်ရှိရင်လည်း...ကိုယ်ပိုင်နည်းပြခေါ်ယူပြီး...လမ်းညွှန်ခိုင်းတာနဲ့ အနှိပ်ဝန်ဆောင်မှုတွေကိုလည်း...တောင်းဆိုနိုင်ပါတယ်...အဲ့ဒါတွေအတွက်တော့...အပိုသက်သက်ပေးဆောင်ရမှာပါရှင့်"
လော်ယွမ်က ခဏစဉ်းစားပြီး "သုံးလကတ်ဆိုဘယ်လောက်လဲ" ဟုမေးလိုက်သည်။
"တစ်ထောင့်ငါးရာပါရှင့်"
"ဒါဆို...ကျွန်တော့်ကို၃လကတ်လုပ်ပေးပါ" လော်ယွမ်ကဆို၏။
ထိုမိန်းကလေးက ခေါင်းညိတ်လိုက်ပြီး စာရွက်တစ်ရွက်ကိုထုတ်ကာ လော်ယွမ်အားပေးရင်း "ဒီဖောင်လေးကို အရင်ဖြည့်ပေးပါရှင့်" ဟုဆို၏။
"ဒါနဲ့...ကျွန်တော်သီးသန့်နည်းပြငှားချင်ရင်ဘယ်လောက်လဲဗျ" လော်ယွမ်၏ဘဏ်ကတ်ထဲတွင် ငွေအများအပြားရှိသေးပြီး ယခုအချိန်မှာလည်း ငွေခြွေတာရမည့်အချိန်မဟုတ်ပေ။
"တစ်နာရီကိုတစ်ရာပါရှင့်....အကို့ရဲ့ကတ်ထဲမှာငွေဖြည့်ထားလို့ရပါတယ်...လိုအပ်တဲ့အခါအဲ့အသင်းဝင်ကတ်ထဲကနေ အလိုအလျောက်ဖြတ်တောက်သွားမှာပါ" ထိုမိန်းကလေးက ပြုံးကာဆိုလိုက်သည်။
"ဒါဆို ကျွန်တော့်ကိုတစ်ထောင်ဖြည့်ပေးပါ။"
လော်ယွမ်က ဖောင်ဖြည့်ပြီး ကတ်ဖြင့်ငွေရှင်းပြီးနောက် ထိုမိန်းကလေးက သူ့အားအသင်းဝင်ကတ်တစ်ကတ်ပေးကာ "အသင်းဝင်ကတ်နံပါတ်ကအကို့ရဲ့လော့ကာနံပါတ်ပဲ...လော့ကာကအဝတ်လဲခန်းမှာရှိတယ်" ဟုဆို၏။
လော်ယွမ်က အသင်းဝင်ကတ်ကိုယူပြီး ဒုတိယထပ်သို့တက်သွားလိုက်သည်။ ဒုတိယထပ်၏ဧရိယာမှာ အလွန်ကျယ်ဝန်းပြီး စတုရန်းမီတာတစ်ထောင်ကျော်ခန့်ရှိကာ အကန့်လိုက် ခွဲခြားထားသည်ကိုတွေ့ရသည်။ အလယ်နေရာတွင် သေသပ်စွာစီတန်းထားသော အားကစားပစ္စည်းများရှိနေသည်။ ယနေ့မှာ စနေနေ့ဖြစ်သောကြောင့် အားကစားခန်းမမှာ လူပြည့်နေလုနီးပါးဖြစ်သည်။
အားကစားဘောင်းဘီတိုဝတ်ထားသော ဝန်ထမ်းများ၊ ကြွက်သားများဖြင့်ပြည့်နေသော ဗလကြီးများ၊ ခန္ဓာကိုယ်လှဖို့လေ့ကျင့်နေသော အမျိုးသမီးများသာမက သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပင်ရှိလေသည်။
လော်ယွမ်ထွက်လာတုံးက အဝတ်အပိုပါမပါလာသောကြောင့် အဝတ်လဲခန်းသို့မသွားတော့ဘဲ ကစားသည့်နေရာသို့သာတန်းသွားလိုက်သည်။
ပြီးနောက်သူက ဝန်ထမ်းတစ်ဦးကို လှမ်းခေါ်လိုက်သည်။
အရပ်မြင့်မြင့် အဖြူရောင်တင်းနစ်ဝတ်စုံအောက်မှ ဖြူဖွေးသောပေါင်တံများအား လှစ်ဟပြထားသော အမျိုးသမီးဝန်ထမ်းတစ်ဦးက ချိုမြိန်သောအပြုံးဖြင့် လျှောက်လှမ်းလာလေသည်။
"ကျွန်တော်၂နာရီစာသီးသန့်နည်းပြငှားချင်တယ်...ကျွမ်းကျင်တဲ့သူဆိုပိုကောင်းတယ်"
"ဟုတ်ကဲ့ရှင့်...ကျွန်မတို့က တရားဝင်အားကစားခန်းမမို့လို့...ဒီမှာအနားယူသွားတဲ့ကာယဗလမောင်တွေရော...လက်ရှိပြိုင်ပွဲဝင်နေတဲ့ကာယဗလမောင်တွေကိုရော...နည်းပြအဖြစ်ခန့်အပ်ထားပါတယ်...ခဏလောက်စောင့်ဆိုင်းပေးပါရှင့်" ဝန်ထမ်းအမျိုးသမီးက ပြုံးကာအသင်းဝင်ကတ်ကိုယူပြီး လှည့်ထွက်သွားသည်။
မကြာမီပင် ကိုယ်ကျပ်အင်္ကျီဝတ်ထားပြီး ကြွက်သားများဖောင်းကားနေသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးလျှောက်လာလေသည်။ ထိုလူမှာမြင်လိုက်သည်နှင့် ရှိန်သွားနိုင်သောခံစားချက်တစ်ခုကိုပေးစွမ်းနိုင်သည်။
"မောင်ရင်က...ကိုယ်ကာယလေ့ကျင့်ခန်းကိုစိတ်ဝင်စားလို့လား" မျက်နှာကြွက်သားများအလွန်ဖွံ့ဖြိုးသောကြောင့်ဘဲလားမသိ၊ ထိုလူပြုံးလိုက်သောအခါ အနည်းငယ်တောင့်တင်းနေပြီး အသံမှာမူ အားမာန်အပြည့်ရှိနေသည်။
"ကျွန်တော့်ကလော်ယွမ်ပါ...တစ်ကယ်တော့ကိုယ်ကာယလေ့ကျင့်ခန်းကိုစိတ်ဝင်စားတာမဟုတ်ဘူး" လော်ယွမ်က ကြွက်သားများကြီးလာဖို့ကို သိပ်စိတ်မဝင်စားပေ။ ဤကဲ့သို့သောကြွက်သားများမှာ ကြည့်၍သာကြောက်စရာကောင်းသော်လည်း အချိုးမကျဘဲ ဖြတ်လက်မှုကိုစတေးထားရသည်။ ခွန်အားကြီးမားလာသော်လည်း လှုပ်ရှားမှုမှာနှေးကွေးပြီး လက်တွေ့တိုက်ပွဲတွင် ကြာရှည်မခံနိုင်ပေ။
"ကျွန်တော်ကအချိန်တိုတိုနဲ့အရမ်းသန်မာပြီးခံနိုင်ရည်ပိုရှိအောင်လုပ်ချင်တာ...အလျင်ကိုလဲမဆုံးရှုံးရဘဲနဲ့ပေါ့...ကျွန်တော့်အတွက်လေ့ကျင့်ရေးအစီအစဉ်တစ်ခုဆွဲပေးစေချင်တယ်...အရမ်းပြင်းထန်တဲ့လေ့ကျင့်ရေးအစီအစဉ်မျိုးပေါ့" လော်ယွမ်က သူ့၏စိတ်ဓာတ်ခိုင်မာမှုကို ပြရန်အတွက် စကားဆုံးခါနီးတွင် လေသံအနည်းငယ်မြှင့်လိုက်သည်။
"ရတာပေါ့...ဘာမှမပူနဲ့...ဒါကငါ့ရဲ့အလုပ်ပဲ" နည်းပြက တောင့်တင်းစွာပြုံးလိုက်ပြီး ဆက်လက်၍ "ပြင်းထန်တဲ့လေ့ကျင့်ခန်းဆိုတာ...ခန္ဓကိုယ်ရဲ့တစ်ရှူးတွေကိုဖျက်စီးပြီးပြန်တည်ဆောက်တဲ့ဖြစ်စဉ်ပဲ...သိပ္ပံနည်းကျလေ့ကျင့်ခန်းတွေကနေ...မင်းကိုခဏလေးနဲ့သန်မာအောင်လုပ်လို့ရတယ်...အဲ့တော့သွေးပူသွားအောင်အရင်ကြိုးခုန်လိုက်ပါလား"
ထိုလူလတ်ပိုင်းအမျိုးသားမှာ ဤကဲ့သို့သောကစားသူများကို များစွာတွေ့ဖူးသည်။ အများစုမှာ ကောက်ရိုးမီးပမာစိတ်အားထက်သန်မှုသာရှိပြီး အနည်းငယ်စိတ်မာသူများမှာ လေးငါးရက်ဆက်တိုက်လုပ်နိုင်ကာ စိတ်ပျော့သူများမှာမူ တစ်ရက်လုပ်ပြီးနောက် ဘယ်တော့မှပြန်မလာတော့ပေ။ ပြင်းထန်သောလေ့ကျင့်ခန်းများပြုလုပ်ပြီးနောက် လူ့ခန္ဓာကိုယ်မှာ အလွန်အမင်းနာကျင်ကိုက်ခဲတတ်ရာ ၎င်းမှာ လူတစ်ယောက်၏ဇွဲလုံ့လကို ပြင်းထန်စွာစမ်းသပ်ခြင်းပင်ဖြစ်သည်။ ယနေ့ခေတ်လူအများစုမှာ သက်တောင့်သက်သာနေထိုင်ခြင်းဖြင့် အသားကျနေသူများဖြစ်ရာ ထိုသို့အပြင်းအထန်လေ့ကျင့်ခန်းမျိုးကို နောက်ဆုံးထိလေ့ကျင့်နိုင်သူမှာ အနည်းငယ်သာရှိလေသည်။
"ကျွန်တော်ဒီကိုပြေးလာတာ" လော်ယွမ်ကဆို၏။
"ပြေးတာဘယ်လောက်ကြာလဲ" ထိုလူလတ်ပိုင်းအမျိုးသားက အနည်းငယ်အံ့ဩသွားပြီး ဆိုလိုက်သည်။
"နာရီဝက်" လော်ယွမ်က ခဏစဉ်းစားပြီးပြန်ဖြေလိုက်သည်။
"အင်း...ဒါဆိုမဆိုးဘူး...မင်းကသွေးပူပြီးပြီဆိုတော့ငါတို့အခုကြွက်သားလေ့ကျင့်ခန်းလုပ်ကြတာပေါ့...အရင်ဆုံးမင်းရဲ့ခွန်အားဘယ်လောက်ထိရှိလဲငါကြည့်ရမယ်...ဒီခုံပေါ်မှာလှဲလိုက်...ငါအလေးပြားထည့်တိုင်းမင်းတစ်ခါမကြည့်"ထိုလူလတ်ပိုင်းအမျိုးသားက လွတ်နေသောခုံတစ်ခုကိုရှာကာ လော်ယွမ်အားလှဲလျောင်းခိုင်းလိုက်သည်။
"ကြွက်သားတွေကိုဖြေလျှော့ထား...ပခုံးကိုပုံမှန်အတိုင်းထား...အသက်ပြင်းပြင်းရှူ...ဟုတ်ပြီ...မှန်တယ်...ငါအခုထည့်တာက...ခြောက်ဆယ်ကီလို...မင်းမကြည့်စမ်း"
လော်ယွမ်က သေချာအားမစိုက်ဘဲ အသာအယာပင်မတင်လိုက်သည် "တော်တော်ပေါ့တယ်ဗျ"
ထိုလူလတ်ပိုင်းအမျိုးသားက ဘေးနှစ်ဖက်တွင် ငါးကီလိုစီထပ်ထည့်လိုက်သော်လည်း လော်ယွမ်က အားအင်ပိုလျှံနေသေးသည်ဟု ခံစားရသည်။ ကီလိုကိုးဆယ်အထိထပ်ထည့်မှသာ လော်ယွမ်သည် အနည်းငယ်အားစိုက်ရသည်ကိုခံစားမိလိုက်သည်။
နောက်ဆုံး တိုင်းတာရရှိသော အမြင့်ဆုံးမှာအလေးချိန် မနိုင်စွမ်းမှာ ကိုးဆယ့်ငါးကီလိုဖြစ်သည်။
ထိုလူလတ်ပိုင်းအမျိုးသား၏မျက်လုံးများတွင် အံ့ဩရိပ်များပြည့်နှက်နေသည်။ ကျောင်းသားတစ်ယောက်ဟုထင်ရသောဤလူငယ်လေး၏ခွန်အားမှာ ဤမျှကြီးမားလိမ့်မည်ဟု မထင်ခဲ့ပေ။ သူကိုယ်တိုင်ပင်လျှင် ၁၁၅ ကီလိုဂရမ်သာမနိုင်ပြီး ၎င်းမှာပင် သူ့တစ်ကိုယ်လုံးကြွက်သားများသုံး၍မခြင်းဖြစ်သည်။
လော်ယွမ်က အသက်ကိုရှူထုတ်လိုက်ပြီး သူ၏ခွန်အားကိုအတော်လေးကျေနပ်မိလိုက်သည်။
မိမိ၏တက္ကသိုလ်ဒုတိယနှစ်က ခွန်အားမှာ ခုနစ်ဆယ့်ရှစ်ကီလိုသာရှိသည်။ ထိုအချိန်က စနစ်၏အကဲဖြတ်မှုမှာ ၁၀မှတ်ဖြစ်သည်။ အမှတ်တစ်မှတ်တိုင်းတွင် ခွန်အားငါးဆယ်ရာခိုင်နှုန်းတိုးတက်သည်ဟု တွက်ချက်ပါက ခွန်အား ၁၁မှတ်သို့ရောက်ရှိရန်မှာ ကီလိုတစ်ရာခန့်မနိုင်ဖို့လိုအပ်သည်။ဤသို့ဆိုလျှင် အချိန်တိုအတွင်း ခွန်အား ၁၁မှတ်သို့တိုးတက်ရန်မှာ လုံးဝဖြစ်နိုင်ခြေရှိလေသည်။