လျင်မြန်မှုအမှတ်တိုးခြင်း
Vol. 1 Ch. 7
"ဟွမ်ကျားဟွေ"
"လော်ယွမ်"
ထိုအချိန်တွင် အနီးအနားမှ အော်ဟစ်ခေါ်သံများ ရုတ်ခြည်းထွက်ပေါ်လာသဖြင့် လော်ယွမ်နှင့် ဟွမ်ကျားဟွေ့တို့သည် လန့်ဖျပ်သွားကြပြီး လူချင်း အလျင်အမြန် ခွာလိုက်ကြသည်။ ထို့နောက် အထိတ်တလန့်ဖြင့် မိမိတို့၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီး သစ်ပင်နောက်ကွယ်မှ ထွက်လာခဲ့ကြသည်။
"မင်းတို့ကဒီမှာပုန်းနေကြတာကိုး...မဟုတ်ကဟုတ်ကတွေလုပ်နေတာများလား” ကျောက်ချင်း၏ မျက်နှာထက်၌ သွေးစက်များ ပေရေလျက်ရှိသော်လည်း သူက အနှောင့်အသွားမလွတ်သော အပြုံးဖြင့် ပြုံးကာ မေးလိုက်သည်။
ဟွမ်ကျားဟွေ၏မျက်နာမှာ တမဟုတ်ချင်း ရဲပတောင်းထသွားလေသည်။
လော်ယွမ်မှာ အရေ ပိုထူသူပီပီ မျက်နှာအမူအရာမပျက်ဘဲ စကားလမ်းကြောင်းကို အသာအယာ လွှဲလိုက်သည်။ "ကျွန်တော့်ခြေထောက်တွေ...နည်းနည်းခွေယိုင်သွားလို့ပါ...မြွေကြီးအခြေအနေရောဘယ်လိုဖြစ်သွားပြီလဲ”
"သေပြီပေါ့...ဒီလောက်သေနတ်တွေနဲ့ဝိုင်းပစ်ထားတာဘယ်လိုလုပ်မသေပဲနေမှာလဲ...သူအစာဝပြီးအိပ်နေလို့ကံကောင်းသွားတာ...မဟုတ်ရင်ငါတို့ကိုယ့်သေတွင်းကိုယ်တူးတာပဲ” ကျောက်ချင်းက ပါးစပ်ကိုဖြဲကာ ရယ်မောရင်း ပြောသည်။
လော်ယွမ်က တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ အရည်အသွေးပြဇယားကို အလျင်အမြန် ဖွင့်ကြည့်လိုက်ရာ မစ်ရှင်မှာ ပြီးမြောက်ခြင်း မရှိသေးသည်ကို တွေ့လိုက်ရ၏။ သူက စိတ်ထဲ၌ အနည်းငယ် ထူးဆန်းသွားမိသည်။ မြွေကြီး သေဆုံးသွားပြီဖြစ်ပါလျက် အဘယ်ကြောင့် တာဝန်ပြီးမြောက်ကြောင်း မပြသေးသနည်း။ ချန်ဝေ့ချန်းကို သတ်ခဲ့သည်မှာ ဤမြွေကြီးမဟုတ်လေသလော၊ သို့တည်းမဟုတ် သူသည် အသက်ရှင်လျက်ပင် ရှိနေသေးသလော။
ထိုအခိုက်တွင် အရည်အသွေးပြဇယား၌ အပြောင်းအလဲအချို့ ရှိနေသည်ကို သူ သတိပြုမိလိုက်၏။ သေချာစွာ စူးစိုက်ကြည့်လိုက်သောအခါ သူ၏စိတ်ထဲတွင် ဝမ်းသာခြင်းများဖြင့် ပြည့်လျှံသွားလေသည်။
သူ၏ စိတ်စွမ်းအားမှာ အမှတ်တစ်မှတ် တိုးသွားပြီး ယခုအခါ ဆယ့်နှစ်မှတ်ရှိနေပေပြီ။ ဤသည်မှာ ဉာဏ်ရည်မှလွဲလျှင် အမြင့်ဆုံးသော အရည်အသွေးအမှတ် ဖြစ်ပေသည်။ မစ်ရှင်မပြီးမြောက်သေးခင်မှာပင် အရည်အသွေးအမှတ် တိုးလာခဲ့သည်မှာ မမျှော်လင့်ဘဲ ရရှိလိုက်သော ဆုလာဘ်တစ်ခုပင်တည်း။
သူ မြွေကြီးနှင့် ရင်ဆိုင်ခဲ့စဉ်က သူ၏ ဆိုးရွားလှသော လုပ်နိုင်စွမ်းကို ပြန်လည်သတိရမိပြီး စိတ်ထဲ၌ တွေးတောနေမိ၏။ "ကြည့်ရတာ စိတ်စွမ်းအားက ကိုယ့်ရဲ့စိတ်ဓာခိုင်မာမှုနဲ့သက်ဆိုင်နေတဲ့ပုံပဲ" အမှန်အတိုင်းဆိုရလျှင် စိတ်စွမ်းအားကို ယခင်က သူလုံးဝဂရုမစိုက်ခဲ့ပေ။ယခုလိုအဖြစ်အပျက်မျိုးကိုသာ မကြုံတွေ့ခဲရလျင် သူက စိတ်စွမ်းအားကို ဆက်လက်၍ လျစ်လျူရှုထားမိပေလိမ့်မည်။
ရဲရင့်သူတို့သည် ကြောက်ရွံ့ခြင်းကင်းမဲ့ကြ၏။ အင်အားကြီးမားခြင်းဟူသည် သန်မာသော ကိုယ်ခန္ဓာနှင့် ဉာဏ်ပညာကြီးမားသော ဦးနှောက်တို့သာမက ပို၍ခိုင်မာသော စိတ်နှလုံးသားရှိဖို့လည်း လိုအပ်ပေလိမ့်မည်။ စိတ်စွမ်းအား တိုးတက်လာခြင်းမှာ ခန္ဓာကိုယ်သန်မာမှုကို အကျိုးမပြုသဖြင့် အသုံးမဝင်ဟု ထင်ရသော်လည်း ၎င်း၏အရေးပါမှုမှာ အခြားသော အရည်အသွေးများထက် အနည်းငယ်မျှပင် မလျော့နည်းချေ။
အထူးသဖြင့် တိုက်ခိုက်သည့်အခါမျိုးတွင် သူ၏ ဆယ့်တစ်မှတ်ရှိသော စိတ်စွမ်းအားသည် သာမန်လူများထက် များစွာသာလွန်သော်လည်း သူမျှော်လင့်ထားသည်ထက် ကျော်လွန်သော အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် ကြောက်လန့်၍ အားပြတ်သလို ဖြစ်ခဲ့ရပြီး မိမိ၏ ပင်ကိုယ်စွမ်းရည်ကို အပြည့်အဝထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ အကယ်၍သာ စိတ်တင်းမထားခဲ့ပါက ဟွမ်ကျားဟွေကဲ့သို့ တစ်ကိုယ်လုံး ပျော့ခွေသွားလောက်ပေပြီ။ ဤအချက်တွင် သူက အတွေ့အကြုံရင့်ကျက်နေသော ရဲအရာရှိနှစ်ဦးဖြစ်သည့် ကျောက်ချင်းနှင့် ရဲမှုးချန်တို့ကို များစွာ မယှဉ်နိုင်သေးချေ။
"လော်ယွမ်...မင်းဓားငါ့ကိုပေး...ငါမြွေကြီးရဲ့ဗိုက်ကိုခွဲဖို့လိုတယ်...ငါစခန်းကိုအကြောင်းကြားပြီးပြီ...သိပ်မကြာခင်သယ်ဖို့လူတွေရောက်လာလိမ့်မယ်” ရဲမှုးချန်သည် အဝေးမှ လျှောက်လာပြီးလှမ်းပြောလိုက်၏။ မြွေကြီး၏ ဖောင်းကားနေသောဝမ်းဗိုက်ကို ကြည့်ရုံဖြင့် ပျောက်ဆုံးနေသော လူများမှာ မြွေကြီး၏ဗိုက်ထဲတွင် အသက်ပျောက်နေပြီဖြစ်ကြောင်း သူသံသယမရှိပေ။
လော်ယွမ်က ဓားကို ရဲမှုးချန်ထံသို့ ကမ်းပေးလိုက်ပြီး နောက်မှ လိုက်ပါသွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖရိုဖရဲ ပျက်စီးလျက်ရှိသည်။ သစ်ပင်များသည် ဟိုတစ်ပင်သည်တစ်ပင် လဲပြိုနေကြပြီး မြေမျက်နှာသွင်ပြင်ပင်လျှင် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ရာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ရှိနေတော့သည်။
ရှေ့ဘက်မှ တောင်စောင်းမြေနေရာ၌ မြွေကြီးတစ်ကောင် မြေပြင်ပေါ်၌ လဲလျောင်းနေ၏။ ၎င်း၏ ပါးစပ်သည် တင်းတင်းစေ့ထားပြီး လက်မဝက်ခန့်ရှည်သော သွေးနီရောင်လျှာမှာ အပြင်သို့ ထွက်နေသည်။ သွေးများသည် ပါးစပ်မှ မပြတ်စီးကျနေပြီး ကိုယ်ခန္ဓာသည် မကြာခဏ တဆတ်ဆတ်တုန်ခါနေသည်။ ၎င်းသည် သေပြီးသော်လည်း ကိုယ်ခန္ဓာမှာ တောင့်တင်းခြင်းမရှိသေးကြောင်း ထင်ရှားလှသည်။
ဟွမ်ကျားဟွေက အဝေးမှာပင် ရပ်တန့်လိုက်ပြီး မျက်နှာမှာ ဖြူဖျော့လျက် ကိုယ်ခန္ဓာသည် ယိမ်းထိုးသွားကာ မြေပေါ်သို့ ပျော့ခွေလဲကျတော့မည့်ဟန် ပြုပြန်သည်။
"ဒီကောင်ကြီးမသေသေဘူးလား” လော်ယွမ်က မေးလိုက်သည်။
"သေခါနီးပဲ...အမှန်တော့သေသွားပြီလို့ပြောလို့ရတယ်...အခုကအကြောတွေဆွဲနေတာ” ရဲမှုးချန်၏ အသံမှာ အနည်းငယ် ခြောက်ကပ်နေသည်။
"ကျွန်တော်နောက်တစ်ချက်...ထပ်ပစ်လိုက်မယ်” ကျောက်ချင်းက သေနတ်ကို မြှောက်ကာ ပစ်လိုက်သည်။
"ဒိုင်း”
ကျည်ဆန်သည် အလောင်းပေါ်၌ သွေးဗွက်တစ်ခုကို ဖန်တီးလိုက်သည်။ မြွေကြီးမှာ အနည်းငယ် တဆတ်ဆတ်တုန်သွားသည်မှလွဲ၍ တစ်စက်ကလေးမျှ မလှုပ်ရှားတော့ချေ။
"အန္တရာယ်မရှိလောက်တော့ဘူး...သွားရအောင်” ရဲမှုးချန်စိတ်သက်သာရသွားသည့်ဟန်ဖြင့် ဆိုလိုက်သည်။
"ဒါနဲ့ဝမ်ဖေးရော” လော်ယွမ်က ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ဝမ်ဖေး၏ အရိပ်အယောင်ကို မတွေ့ရချေ။
"ဒီကောင်ကံဆိုးသွားတယ်လေ...မြေကြီးမှာဝပ်နေရင်းလိမ့်ကျလာတဲ့ကျောက်တုံးပိမိပြီးခြေထောက်ကျိုးသွားတယ်” ကျောက်ချင်းက နှုတ်ခမ်းကိုမဲ့ကာ မထီမဲ့မြင်အမူအရာဖြင့် ဆိုလိုက်သည်။ ဝမ်ဖေးကဲ့သို့သော လူမျိုးကို သူအမြင်ကတ်ဆုံးပင်။
လော်ယွမ်၏ စိတ်ထဲ၌ အနည်းငယ်ကျေနပ်သွားမိ၏။ သူသည် သူတော်စင်တစ်ပါးမဟုတ်ပေ။ ကျေးဇူးရှိလျှင် ကျေးဇူးဆပ်၊ ရန်ငြိုးရှိလျှင် ရန်ငြိုးနှင့်တုံ့ပြန်ဟူသော လမ်းစဉ်ကို အစဉ်လိုက်နာသူဖြစ်သည်။ သူကိုယ်တိုင်မတုံ့ပြန်လိုက်ရသည့်အတွက် အနည်းငယ် နှမြောမိသော်လည်း ဤသတင်းက သူ၏စိတ်ကို အလွန်ပင် ကြည်လင်သွားစေသည်။
မြွေကြီးမှာ အမှန်တကယ်ပင် သေဆုံးသွားပြီဖြစ်ဟန်တူသည်။ သတို့အဖွဲ့က သူ၏ရှေ့မှ လျှောက်သွားကြသော်လည်း တစ်ချက်မျှပင် မလှုပ်ရှားတော့ချေ။ သို့သော် ဝမ်းဗိုက်ကို ခွဲရန်ပြုသည့်အခါတွင်မူ မြွေကြီးသည် ရုတ်တရက် အကြောဆွဲလိုက်သဖြင့် လူတိုင်းကို ချွေးပြန်သွားစေသည်။ မတော်တဆမှုများကို ရှောင်ရှားရန် သူတို့က နာရီဝက်ခန့် ထပ်မံစောင့်ဆိုင်းပြီး မြွေကြီးသည် တဖြည်းဖြည်း တောင့်တင်းသွားမှသာ စတင်လှုပ်ရှားကြတော့သည်။
အဖွဲ့သားတစ်ချို့က ကလေးလက်ဝါးအရွယ်အစားရှိသော အကြေးခွံများကို တစ်ချပ်ပြီးတစ်ချပ် ခွာချလိုက်ကြရာ မြွေကြီး၏ ပိုက်ကွန်ပုံစံ ဖြူဖွေးသော ဝမ်းဗိုက်သားမှာ ပေါ်ထွက်လာသည်။ ရဲမှုးချန်က ဓားကိုကိုင်ကာ ဝမ်းဗိုက်ကို ခွဲရန် ပြင်ဆင်လိုက်သည်။
သို့သော် မြွေအရေခွံသည် အလွန်ပင် မာကျောချောမွေ့လှပြီး အားထည့်၍ လုံးဝမရချေ။ ဓားမှာ အရေခွံပေါ်၌ ဟိုမှသည်မှ လျှောတိုက်နေပြီး အလွန်ပင် ကကျိုးကကြောင်နိုင်လှ၏။ ထို့အပြင် ဤဓား၏အသွားမှာ တောင်ပေါ်တက်စဉ်က ချုံနွယ်ပိတ်ပေါင်းများကို အချိန်ကြာမြင့်စွာ ခုတ်ထစ်ခဲ့ရသဖြင့် အနည်းငယ် တုံးနေသည်မှာ ထင်ရှားသည်။ သူက အချိန်အတော်ကြာ အားစိုက်ထုတ်ပြီးနောက် မောဟိုက်ကာ အသက်ရှူမဝဖြစ်လာသည့်ထိ ကြိုးစားသော်လည်း လက်မဝက်ခန့်ကျယ်သော အပေါက်ငယ်လေးတစ်ခုကိုသာ ဖောက်နိုင်ခဲ့သည်။
"ကျွန်တော်လုပ်မယ်” လော်ယွမ်သည် ဆက်လက်မကြည့်ရှုနိုင်တော့ဘဲ အကြံပြုလိုက်သည်။
"အင်း” ရဲမှုးချန်က ခေါင်းကိုခါယမ်းကာ ဓားကို လော်ယွမ်ထံသို့ ကမ်းပေးလိုက်ပြီး ထုံကျင်နေသော သူ၏လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရင်း ခါးသက်သော အပြုံးဖြင့် ဆိုလိုက်သည်။ "ဒီအရေခွံကတော်တော်မာတယ်...၂လွှာ၃လွှာလောက်ထပ်လိုက်ရင်...ကျည်ကာအကျီတောင်လုပ်လို့ရလောက်တယ်”
လော်ယွမ်က စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။ "ကျွန်တော်လည်းဒီအရေခွံကိုစိတ်ဝင်စားတယ်...ပြီးရင်ကျွန်တော့်ကိုရောနည်းနည်းခွဲပေးလို့ရမလား"
"ရတာပေါ့...ဘာအပမ်းကြီးလို့လဲ” ရဲမှုးချန်က အရေးမကြီးသည့်ဟန်ဖြင့် ဆိုလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ်...ဒီမြွေကိုသတ်တော့မင်းလည်းပါတာပဲ...အချိန်ကျရင်ငါတို့ခွဲဝေယူကြတာပေါ့”
"နှမြောဖို့ကောင်းတာက...ဒီလောက်များတဲ့မြွေသားတွေကို...စားဖို့မကောင်းတော့တာပဲ...သူကလူတွေမြိုပြီးအစာတောင်ချေထားတာဆိုတော့...စဉ်းစားကြည့်ရုံနဲ့တင်တော်တော်ရွံဖို့ကောင်းတယ်” ကျောက်ချင်းက စုပ်သပ်ကာ နှမြောတသသောအမူအရာဖြင့် ဆိုလိုက်သည်။ သူက အစိမ်း၊ အညှီ မရှောင်သူဖြစ်သော်လည်း ဤကဲ့သို့သော မြွေသားကိုမူ မတို့ဝံ့ချေ။
လော်ယွမ်သည် ပြုံးလိုက်ပြီး တောခုတ်ဓားကို ယူကာ အပေါ်မှအောက်သို့ သေချာစွာ တစ်ချက်ကြည့်ရှုလိုက်သည်။ ထို့နောက် ဓားသွားထိပ်ကို စမ်းသပ်ကြည့်ရာ စူးရှသော အထိအတွေ့ကို ခံစားလိုက်ရသည်။ ထို့နောက် သူက ခြေထောက်နှစ်ဖက်ကို အနည်းငယ် ခြားလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်စုစည်းကာ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
နောက်တစ်ခဏ၌ ဓားသည် ရုတ်တရက် အောက်သို့ စိုက်ကျသွားပြီး လျှပ်စီးလက်သည့်အလား ဖြာခနဲအလင်းတစ်ချက် လက်သွားသည်။ သို့သော် ထူးဆန်းစွာပင် ရေကဲ့သို့ ညင်သာသော အငွေ့အသက်ကိုလည်း ခံစားရသည်။ အကယ်၍ အနှေးပြကွက်ဖြင့်သာ ကြည့်မည်ဆိုပါက တောခုတ်ဓား၏ ဓားသွားထိပ်နှင့် မြွေအရေခွံသည် ညင်သာစွာ ထိတွေ့ရုံမျှသာဖြစ်ပြီး အားအင်ကို အသုံးပြုထားခြင်း လုံးဝမရှိသည်ကို တွေ့ရှိရပေမည်။ သို့သော် အလွန်လျင်မြန်သော ပိုင်းဖြတ်မှုအောက်၌ ‘ထပ်’ ဟူသော ညင်သာသည့်အသံတစ်ချက်သာ ကြားလိုက်ရသည်။
အလွန်မာကျောလှသော မြွေအရေခွံထက်၌ မျက်နှာပြင်သည် အလွန်ချောမွေ့ပြီး နှစ်ပေခန့်ရှည်လျားသော်လည်း တစ်မီလီမီတာမျှသာ နက်ရှိုင်းသော ဓားရာတစ်ခုသာ ဖြစ်ပေါ်လာသည်။ သွေးပင်လျှင် ထွက်မလာခဲ့ချေ။
အားလုံးမှာ ထိုဒဏ်ရာကို ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားကြသည်။ ဓားကို ဤအဆင့်အထိ အသုံးပြုနိုင်ခြင်းသည် အနုပညာတစ်ခုကဲ့သို့ပင် ထင်မှတ်ရပြီး ဆန်းကြယ်သော အလှတရားတို့ဖြင့် ပြည့်နှက်နေတော့သည်။
လော်ယွမ်က သက်ပြင်းကိုတစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။ ဤမြင်ကွင်းမှာ အံ့ဩဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်မှာမူ အားအင်ကို တိကျစွာ ထိန်းချုပ်နိုင်ခြင်းနှင့် လျင်မြန်သော ပိုင်းဖြတ်မှုတို့ကို ပေါင်းစပ်ထားခြင်းမျှသာ ဖြစ်သည်။ တစ်နှစ် နှစ်နှစ်အဆက်မပြတ် လေ့ကျင့်လျှင် သာမန်လူပင် ဤသို့အဆင့်မျိုးကိုရောက်ရှိနိုင်သည်။
အားအင်ကို ထိန်းချုပ်နိုင်ခြင်းမှာမူကား ဓားပညာ၏ အခြေခံမျှသာဖြစ်သည်။ သို့တိုင်အောင် သူ၏ အမှတ်၅မှတ်ရှိသော ဓားပညာဖြင့်ပင် စိတ်ကိုစုစည်းရန်နှင့် အားအင်စုစည်းရန် အချိန်အနည်းငယ် လိုအပ်ပြီး ဓားတစ်ချက်တိုင်းက ဤမျှတိကျနိုင်သည်တော့ မဟုတ်ချေ။
လော်ယွမ်သည် တစ်ချက်ရပ်ကာ အချက်ပေါင်းများစွာ ဆက်လက် ခုတ်ပိုင်းပြီးနောက် မြွေအရေခွံမှာ နောက်ဆုံးတွင် လုံးဝပြတ်သွားတော့သည်။ ကလီစာများမှာ အပုံလိုက် အပေါက်မှတစ်ဆင့် တဖြည်းဖြည်း ထွက်ကျလာပြီး လေထဲ၌ ညှီစို့စို့အနံ့တို့သည် ချက်ချင်း ပျံ့နှံ့သွားသည်။ လော်ယွမ်က အလွန်အမင်း ဖောင်းကားနေပြီး မီးပုံးပျံတစ်လုံးနှယ်ဖြစ်နေသည့် အစာအိမ်ကိုကြည့်ကာ ရဲမှုးချန်ကို လှမ်းကြည့်လိုက်သည်။
ရဲမှုးချန်က လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လော်ယွမ်သည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး တောခုတ်ဓားဖြင့် အစာအိမ်ကို တစ်စတစ်စ ခွဲထုတ်လိုက်တော့သည်။
အလောင်းလေးခုသည် အစာခြေရည်များနှင့် ရောနှောကာ ခွဲကြောင်းမှတစ်ဆင့် လျှံကျလာသည်။ တစ်ခဏအတွင်း အစာခြေရည်များ ပတ်ပတ်လည်သို့ လွင့်စင်သွားသဖြင့် လော်ယွမ်က အလျင်အမြန် ခုန်ရှောင်လိုက်ရသည်။
အစာခြေရည်၏ ချေဖျက်မှုကြောင့် အလောင်းများမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေသည်။ ဦးခေါင်းကဲ့သို့သော အစိတ်အပိုင်းမျာမှာ အရိုးများအဖြစ်သို့ လုံးဝပြောင်းလဲသွားပြီဖြစ်ရာ ထိုအလောင်းများအား မည်သူမည်ဝါဖြစ်သည်ကို ဆုံးဖြတ်ရန်မဖြစ်နိုင်တော့ချေ။ လော်ယွမ်က တစ်ချက်သာကြည့်ပြီး ခေါင်းကိုလွှဲလိုက်ရာ အစာအိမ်ထဲမှ ပျို့တက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်နှစ်ယောက်၏ မျက်နှာများမှာလည်း သိပ်မကောင်းလှချေ။
ထိုအချိန်၌ လော်ယွမ်၏ ခေါင်းထဲတွင် စက်သံကဲ့သို့ အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာသည်။ "ဒင် F+ အဆင့် မစ်ရှင်၊ ချန်ဝေချန်း၏ ပျောက်ဆုံးမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးခြင်း၊အောင်မြင်သွားပါပြီ။ မစ်ရှင်ပြီးမြောက်ရန်ကြာချိန် - ၁၉ နာရီနှင့် ၃၅ မိနစ်။ မစ်ရှင်အကဲဖြတ်ချက် - ကောင်းမွန်သည်”
"အခြေခံ အတွေ့အကြုံမှတ် ၄၀၀ ချီးမြှင့်သည်”
"အကဲဖြတ်ချက် ကောင်းမွန်သဖြင့် အတွေ့အကြုံအမှတ် အပို၂၀၀ရရှိသည်”
"သင်အဆင့်တက်သွားပါပြီ။ အဆင့်တက်မှုအတွက် အခြေပြုမှတ်တစ်မှတ်နှင့် ကျွမ်းကျင်မှတ်၅မှတ်ရရှိပါသည်...သင်၏လက်ရှိအဆင့်မှာ ၄ ဖြစ်ပါသည်”
"သင်၏ ခွန်အားနှင့် ဒဏ်ရာတို့သည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်သွားပါလိမ့်မည်”
"နောက်ဆုံးတော့ အဆင့်တက်သွားပြီ” လော်ယွမ်က ဝမ်းသာသွားသော်လည်း စိတ်ထဲတွင် လေးလံသွားမိ၏။ သူနှင့် ချန်ဝေချန်း၏ ဆက်ဆံရေးမှာ အလွန်ရင်းနှီးခြင်းမရှိသော်လည်း အနည်းဆုံးတော့ မိတ်ဆွေဟု ဆိုနိုင်သည်။ထိုသို့မစ်ရှင်ပြီးမြောက်သွားခြင်းက ဤအလောင်းများထဲတွင် တစ်လောင်းမှာ သူဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်ပင်။
သူက အရည်အသွေးပြဇယားကို ဖွင့်လိုက်သည်။
အမည် - လော်ယွမ်
အလုပ်အကိုင် - နိုင်ငံတစ်ကာကုန်သွယ်ရေးအရောင်း
ကိုယ်စားလှယ်၊ချီမေကုမ္ပဏီ
အဆင့် - ၄
အတွေ့အကြုံ - ၃၀၀/၂၄၀၀
အရည်အသွေးများ
ခွန်အား - ၁၀ (၁၀)
လျင်မြန်မှု - ၁၁ (၁၀)
ကြံ့ခိုင်မှု - ၁၁ (၁၀)
ဉာဏ်ရည် - ၁၃ (၁၀)
အာရုံခံနိုင်စွမ်း - ၁၀ (၁၀)
စိတ်စွမ်းအား - ၁၂ (၁၀)
အရည်အသွေးများ
----------------------
ခွန်အား - ၁၀ (၁၀)
လျင်မြန်မှု - ၁၁ (၁၀)
ကြံ့ခိုင်မှု - ၁၁ (၁၀)
ဉာဏ်ရည် - ၁၃ (၁၀)
အာရုံခံနိုင်စွမ်း - ၁၀ (၁၀)
စိတ်စွမ်းအား - ၁၁ (၁၀)
ကျွမ်းကျင်မှုများ
------------------
သိပ္ပံ - ၁၆
သင်္ချာ - ၁၄
တရုတ်စာ - ၁၉
ဘဏ္ဍာရေး - ၁၇
ကွန်ပျူတာ - ၉
ကခုန်ခြင်း - ၁
ပန်းချီ - ၃
ဂိမ်းကစားခြင်း - ၆
လူမှုရေး - ၇
ချက်ပြုတ်ခြင်း - ၃
ယာဉ်မောင်း - ၁
လက်နက်မဲ့တိုက်ခိုက်ခြင်း - ၄
ဓားပညာ - ၅
အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားနိုင်စွမ်း
လက်ကျန်အခြေပြုမှတ် - ၁
လက်ကျန်ကျွမ်းကျင်မှတ် - ၅
လက်ကျန်မစ်ရှင် - မရှိ
ကိုယ်ခန္ဓာအရည်အသွေးများနှင့်ပတ်သက်၍ လော်ယွမ်သည် ယခင်ကပင် အကြမ်းဖျင်း သုံးသပ်ခဲ့ဖူးသည်။ သူက ၎င်းတို့ကို အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။
ပထမအမျိုးအစားမှာ တိုးတက်ရန် အခွင့်အလမ်းနည်းပါးသောအရည်အသွေးများဖြစ်သည်။ဥပမာ ဉာဏ်ရည်နှင့် လျင်မြန်မှု တို့မှာမည်သို့ပင် လေ့ကျင့်သည်ဖြစ်စေ တိုးတက်မှု အကန့်အသတ်ရှိသော အရည်အသွေးများဖြစ်သည်။
ဒုတိယအမျိုးအစားမှာ တိုးတက်ရန် အခွင့်အလမ်း အလယ်အလတ်ရှိသောအရည်အသွေးများဖြစ်သည်။ဥပမာ ခွန်အားနှင့်ကြံ့ခိုင်မှုတို့မှာ ကြိုးစားလေ့ကျင့်လျှင် ချက်ချင်းတိုးတက်နိုင်သော်လည်း အတိုင်းအတာတစ်ခုရောက်လျှင် တိုးတက်မှု ရပ်တန့်သွားသော အရည်အသွေးများဖြစ်သည်။
တတိယအမျိုးအစားမှာမူ တိုးတက်ရန် အခွင့်အလမ်းများပြားသောအရည်အသွေးများဖြစ်သည်။ဥပမာ စိတ်စွမ်းအားနှင့် အာရုံခံနိုင်စွမ်းကဲ့သို့ အရည်အသွေးများဖြစ်သည်။ အာရုံခံနိုင်စွမ်းကို တိုးတက်အောင်မည်သို့လုပ်ဆောင်ရမည်ကို မသိသေးသော်လည်း နည်းလမ်းရှာဖွေတွေ့ရှိပါက လျင်မြန်စွာ တိုးတက်နိုင်မည်ဟုသူ ယုံကြည်ထားသည်။
အဆင့်တစ်ခါတက်တိုင်း ရရှိသော အခြေပြုမှတ်တိုင်းသည် အလွန်တန်ဖိုးရှိလှရာ လော်ယွမ်က သေသေချာချာမစဉ်းစားပဲ အသုံးပြုရန်စိတ်ကူးမရှိချေ။ အရည်အသွေးအမှတ်တိုင်းကို သေချာစွာ တွက်ချက်သုံးစွဲရန် လိုအပ်သည်။ မတိုးတက်နိုင်သော ပထမအမျိုးအစားကို ဦးစားပေးအမှတ်ထည့်ပြီး၊ ဒုတိယအမျိုးအစားကိုမူ မိမိကိုယ်တိုင်လေ့ကျင့်၍ မတိုးတက်နိုင်တော့မှသာ အမှတ်ထည့်ရန် ဖြစ်သည်။ တတိယအမျိုးအစားကိုမူကား အလိုအလျောက် တိုးတက်စေရန် ရည်ရွယ်ထားသည်။
ယခင်ကသာဆိုလျှင် လော်ယွမ်က အခြေပြုအမှတ်ကို ဉာဏ်ရည်သို့ တွေဝေခြင်းမရှိဘဲ ထည့်သွင်းပေလိမ့်မည်။ အခြားသော အရည်အသွေးများနှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်အေးချမ်းသောခေတ်၌ ဉာဏ်ရည်၏ အသုံးဝင်မှုမှာ အထင်ရှားဆုံးဖြစ်သည်။ ၎င်းမှာ လူ့အဖွဲ့အစည်း၏ အောက်ခြေလွှာမှ အထက်တန်းလွှာသို့ တက်လှမ်းရန် လှေကားထစ်ပင် ဖြစ်သည်။
သို့သော် ယနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကမူ လော်ယွမ်၏ ယခင်အတွေးအခေါ်များကို ပြောင်းလဲစေခဲ့၏။ ဤကမာ္ဘလောကကြီးမှာ ပြောင်းလဲစပြုလာပြီဖြစ်ပြီး နောင်တွင် အန္တရာယ် ပိုမိုများပြားလာမည်မှာ သေချာသည်။ ဉာဏ်ပညာနှင့် နှိုင်းယှဉ်လျှင် ကာယခွန်အားကသာလျှင် သူ့အား လုံခြုံမှုကို ပို၍ပေးစွမ်းနိုင်ပေလိမ့်မည်။
လော်ယွမ်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး တစ်ခုတည်းသော အရည်အသွေးအမှတ်ကို လျင်မြန်မှုသို့ ထည့်သွင်းလိုက်သည်။
အမှတ်ထည့်လိုက်သည်နှင့် တစ်ကိုယ်လုံး ရုတ်တရက် ပူနွေးလာပြီး မကြာမီပင် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားလေသည်။
သူက ပါတ်ဝန်းကျင်မှာ အနည်းငယ် ကွဲပြားသွားသည်ကို ချက်ချင်းခံစားလိုက်ရသည်။ တောအုပ်ထဲမှ ပိုးမွှားများနှင့် ငှက်တို့၏ မြည်ကြွေးသံများသည် အနှေးပြကွက်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ရှည်လျားဆွဲငင်သွားပြီး လေးနက်တိတ်ဆိတ်သော ခံစားမှုတစ်မျိုးကို ဆောင်နေသည်။ လောကကြီးမှာ စည်းချက်တစ်ချက်အတိုင်း ပို၍ နှေးကွေးသွားသကဲ့သို့ ထင်မှတ်ရသည်။ သို့သော် သူက လျင်မြန်မှုအမှတ်ထည့်ခြင်း အတွေ့အကြုံ တစ်ကြိမ်ရှိခဲ့ဖူးပြီဖြစ်ရာ ဤသည်မှာ အာရုံကြောတုံ့ပြန်မှု မြန်ဆန်လာခြင်းကြောင့် ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရှိပြီးဖြစ်၍ အထူးတလည် အံ့ဩခြင်းမရှိပေ။ အချိန်အတိုင်းအတာတစ်ခုကြာလျှင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။
သူက ကျွမ်းကျင်မှုအမှတ်များကို ကြည့်လိုက်ပြီး လောလောဆယ် ဒီတိုင်းထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဓားပညာကို အသုံးပြုရန် ပထမဦးစွာ ဓားလိုအပ်သည်။ သို့သော် ဓားကဲ့သို့သောလက်နတ်များမှာ တရုတ်နိုင်ငံ၌ တင်းကြပ်စွာ ထိန်းချုပ်ထားသော အရာဖြစ်ပြီး ကန့်သတ်ချက်များစွာရှိလေသည်။ ထို့အပြင် သူက ဓားပညာလမ်းကြောင်းကို ရှေ့ဆက်၍ ဦးစားပေး လျှောက်လှမ်းလိုခြင်း ရှိ မရှိကိုလည်း သေချာစွာ မစဉ်းစားရသေးသည်မဟုတ်တုံလော။