မရေမရာသတင်း
Vol. 1 Ch. 8
ရဲတို့၏ထုံစံအတိုင်း အသေကောင်များကို မြင်ဖူးတွေ့ဖူးသည်ဖြစ်ရာ အထူးတလည်ရွံရှာခြင်းတော့မရှိကြပေ။ လော်ယွမ်က ဘေးသို့ရှောင်ထွက်သွားသည့်အခါ ကျောင်ချင်းနှင့် ရဲမှုးချန်တို့နှစ်ဦးသည် နှာခေါင်းကိုပိတ်လျက် သစ်သားချောင်းကိုယ်စီကိုင်ကာ အစာအိမ်အိတ်ထဲ၌ မွှေနှောက်ရှာဖွေပြီး သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးအတည်ပြုနေကြသည်။ မကြာမီပင် ရဲမှုးချန်ခေါ်ထားသောအဖွဲ့က ရှင်းလင်းထားသော လမ်းငယ်လေးအတိုင်း လိုက်ပါရောက်ရှိလာကြသည်။ မြွေကြီးကို မြင်သောအခါ သူတို့ပါ အလွန်အံ့ဩသွားကြသော်လည်း ဤသည်မှာ မြွေအသေကြီးသာဖြစ်သောကြောင့် ခဏအကြာတွင် ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သူတို့ကအရင်ဆုံးဝမ်ဖေးကို ထမ်းစင်ဖြင့် တောင်အောက်သို့ သယ်ဆောင်သွားကြသည်။ဝမ်ဖေးက မသွားမီ လော်ယွမ်ကို အဝေးမှ လှမ်းကြည့်လိုက်သေးသည်။ သူ၏မျက်နှာထက်၌ နာကျင်မှုနှင့်အတူ ဖော်ပြ၍မရသော ခံစားချက်တစ်စလည်း ရောထွေးလျက်ရှိသည်။
ထို့နောက်ပိုင်းကိစ္စများမှာမူကား လော်ယွမ်နှင့်မသက်ဆိုင်တော့ချေ။
ရဲသားအချို့က ရဲမှုးချန်နှင့် ကျောင်ချင်းတို့အား တီးတိုးစကားအချို့ ပြောဆိုပြီးနောက် လက်အိတ်များကို ဝတ်ဆင်ကာ အလောင်းများကို ကြည်လင်သော နိုင်လွန်အိတ်များထဲသို့ တစ်ခုချင်း ထည့်သွင်းပြီး တောင်အောက်သို့ သယ်ဆောင်သွားကြတော့သည်။
ဟွမ်ကျားဟွေမှာမူ အပြင်သို့ရောက်ရှိလာကတည်းက စကားတစ်ခွန်းမျှမဟဘဲ စိတ်အစဉ်မှာ မိန်းမောတွေဝေနေသည်။ လော်ယွမ်ကိုလည်း အဝေးမှ ရှောင်ဖယ်နေသည်။ လော်ယွမ်က သူမနှင့် စကားပြောရန် ကြံရွယ်ခဲ့သော်လည်း သူမ၏ ဤအမူအရာကို မြင်သောအခါ ထိုအကြံကို လက်လျှော့လိုက်တော့သည်။
အပြန်လမ်းခရီးမှာမူ ချောမွေ့လှသည်။ မည်သည့်အန္တရာယ်နှင့်မျှ ထပ်မံမကြုံတွေ့ရတော့ချေ။ လော်ယွမ်သည် ရဲစခန်းရှေ့၌ ကားပေါ်မှ ဆင်းလိုက်ပြီး သူ၏အဝတ်အစားများကို ပြန်လည်ဝတ်ဆင်လိုက်သည်။ မသွားမီ ရဲမှုးချန်၏ ဖုန်းနံပါတ်ကို တောင်းယူခဲ့ပြီး အလောင်းများ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပြီးသည့်အခါ သူ့အား အကြောင်းကြားရန် ပြောကြားခဲ့သည်။ ထို့နောက် တက္ကစီတစ်စီးကို တိုက်ရိုက်ငှားကာ ထွက်ခွာသွားတော့သည်။
ကားသည် မြို့ထဲသို့ မောင်းဝင်လာလျင် လော်ယွမ်က အချိန်ကို ကြည့်လိုက်ရာ သုံးနာရီပင် မထိုးသေးသဖြင့် ယာဉ်မောင်းအား စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ရှေ့၌ ရပ်တန့်စေပြီး ဘဏ်ထဲသို့ ဝင်ရောက်ခဲ့သည်။
သူ အလုပ်ဝင်သည်မှာ တစ်နှစ်ပင်မပြည့်သေးပေ။ ပုံမှန်ရရှိသော လစာမှာ သူ၏အသုံးစရိတ်အတွက်သာ လုံလောက်ပြီး စုဆောင်းငွေဟူ၍ များများစားစားမရှိ။ သို့သော် သူ တက္ကသိုလ်ပထမနှစ်တက်ရောက်စဉ်က မိဘနှစ်ပါးမှာ ယာဉ်တိုက်မှုဖြင့် ဆုံးပါးသွားခဲ့ပြီး တရားခံကိုလည်း ရှာမတွေ့သဖြင့် လျော်ကြေးမရရှိခဲ့ပေ။ သူ၏ပညာရေးကို ဆက်လက်သင်ယူနိုင်ရန်အလို့ငှာ လော်ယွမ်က သူ၏နေအိမ်ကို ရောင်းချခဲ့ရသည်။ ဤနှစ်များအတွင်း ကျောင်းလခနှင့် အသုံးစရိတ်များကို သုံးစွဲပြီးနောက် ယခုအခါ ဘဏ်ကတ်ထဲ၌ ယွမ်နှစ်သိန်းကျော် ကျန်ရှိနေသေးသည်။
သူကဘဏ်၏ အချက်အလတ်များပြသသည့်နေရာကို မော့ကြည့်လိုက်သည်။ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၏ သက်တမ်းသတ်မှတ်အပ်ငွေ အတိုးနှုန်းသည် ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီဖြစ်သည်။ ဤမျှမြင့်မားသော အတိုးနှုန်းမျိုးသည် ကိုးဆယ်ပြည့်လွန်နှစ်များက စီးပွားရေးကပ်ဆိုက်ခဲ့သည့် ကာလ၌သာ ပေါ်ပေါက်ခဲ့ဖူးသည်။ လော်ယွမ်က စီးပွားရေးပညာကို သင်ယူခဲ့ဖူးသူဖြစ်ရာ ဤကဲ့သို့ ပုံမှန်မဟုတ်သော အပြုအမူမှာ တစ်စုံတစ်ခု ကြီးကြီးမားမား ပြောင်းလည်းရန် တာဆူနေပြီဖြစ်ကြောင်း သိလိုက်သည်။
သူက ဘဏ်ကောင်တာသို့ လျှောက်သွားလိုက်သည်။ မူလက ယွမ်တစ်သိန်း ထုတ်ယူရန် ရည်ရွယ်ခဲ့သော်လည်း ကြိုတင်စာရင်းမပေးသွင်းထားသဖြင့် ယွမ်ငါးသောင်းသာ ထုတ်ယူနိုင်ကြောင်း အငြင်းခံလိုက်ရသည်။ လော်ယွမ်က ငွေထုတ်ပြီးနောက် ဘဏ်အပြင်ဘက်သို့ လျှောက်လှမ်းလာစဉ် ဘဏ်၏ ငွေထုတ်စက်(ATM)ကို တွေ့သဖြင့် ယွမ်နှစ်သောင်းကို ထပ်မံထုတ်ယူလိုက်သည်။
လော်ယွမ်သည် လေးလံသော ငွေထုပ်ကိုကိုင်ဆောင်လျက် တက္ကစီငှားကာ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုသို့ သွားရောက်ပြီး ကုန်တင်ကားငယ်တစ်စီးကို ငှားရမ်းလိုက်သည်။ ထို့နောက် စူပါမားကတ်သို့ တိုက်ရိုက်မောင်းနှင်ကာ အမြောက်အများ ဝယ်ယူစုဆောင်းတော့သည်။ သောက်ရေ၊ အသင့်စားခေါက်ဆွဲခြောက်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စည်သွပ်ဗူး၊ ဟင်းချက်ဆီ၊ အချုပ်အားဖြင့်ဆိုသော် သူစဉ်းစားမိသမျှ အရာအားလုံးကို ဝယ်ယူခဲ့ပြီး ကုန်တင်ကားငယ်လေးထဲ၌ ပြည့်ကြပ်သွားတော့မှသာ ရပ်တန့်လိုက်၏။
အခန်းထဲရှိ ပစ္စည်းသိုလှောင်ခန်းတွင် စားနပ်ရိက္ခာနှင့် အခြားသော အသက်ရှင်ရပ်တည်ရေးပစ္စည်းများဖြင့် တဖြည်းဖြည်း ပြည့်နှက်သွားပြီး သူ၏အိပ်ခန်းနေရာလွတ်များတွင်ပင် ဆန်အိတ်များဖြင့် ပြည့်နှက်သွားသည်ကို မြင်သောအခါ စိတ်ထဲတွင်ကျေနပ်သွားလေသည်။
‘ဆန်ရှိလျင်အရာရာအဆင်ပြေတယ်’ ဟူသော ဆိုရိုးစကားတစ်ရပ် ပင်ရှိသည်မဟုတ်ပါလား။ အကယ်၍ ကမာ္ဘကြီး အမှန်တကယ် ပျက်သုဉ်းသွားပါက ဤမျှများပြားသော စားနပ်ရိက္ခာနှင့် သောက်ရေတို့က သူ့အား အချိန်အတော်ကြာ အသက်ရှင်ရပ်တည်စေနိုင်ပေလိမ့်မည်။
ပြီးနောက်သူက ကွန်ပျူတာကို ဖွင့်လိုက်သည်။ ဖိုရမ်များ သတင်းပေ့များတွင် အပင်များ အလွန်အကျွံ ကြီးထွားခြင်း၊ တိရစာ္ဆန်များ မျိုးရိုးဗီဇပြောင်းလဲခြင်းတို့နှင့်ဆိုင်သော ပို့စ်များ အမြောက်အမြားရှိနေ၏။ တောရွာအချို့၌ နေထိုင်သော အင်တာနက်သုံးစွဲသူအချို့ကမူ သူတို့၏ရွာ၌ နေ့စဉ် လူများ ပျောက်ဆုံးနေပြီး လူတိုင်း စိုးရိမ်ထိတ်လန့်နေကြကြောင်း ပို့စ်များတင်ထားကြသည်။
သို့သော် ဤကဲ့သို့သော ပို့စ်များမှာမူ တုံ့ပြန်မှု နည်းပါးလှ၏။ ဤကဲ့သို့သော သတင်းအချက်အလက်များ အလွန်များပြားနေသဖြင့် အင်တာနက်သုံးစွဲသူတို့မှာ ရိုးနေခြင်းဖြစ်မည်။ သို့တည်းမဟုတ် ဤသို့သော အဖြစ်အပျက်များကို မကြုံတွေ့ဖူးသဖြင့် အခြေအမြစ်မရှိဟု ယူဆကာ လုံးဝမယုံကြည်ကြခြင်းလည်းဖြစ်နိုင်ပေမည်။
ယခင်ကသာဆိုလျှင် လော်ယွမ်သည်လည်း ဤသူများထဲမှ တစ်ဦးဖြစ်လိမ့်မည်မှာမလွဲပေ။ သို့သော် ယနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် သူ၏အမြင်မှာမူ ပြောင်းလဲသွားခဲ့ချေပြီ။
သူက စစ်တပ်နှင့်ဆိုင်သော သတင်းအချက်အလက်များကို ရှာဖွေကြည့်လိုက်သည်။ ထိုသတင်းပို့စ်အများစုမှာ များပြားလှသာ သတင်းပို့စ်များထဲ၌ နစ်မြုပ်နေပြီး လူအများ၏ အာရုံစိုက်မှုကို မရရှိချေ။ သို့သော် လော်ယွမ်က သဲလွန်စများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသတင်းများအရဆိုလျင် ပြည်တွင်းစစ်တပ်မှာ ပုံမှန်မဟုတ် အလုပ်များသည့် အခြေအနေ၌ ရှိနေဟန်တူပြီး သတင်းများ၌ စစ်ရေးလေ့ကျင့်ခြင်း၊ တပ်များရွှေ့ပြောင်းခြင်း စသော စကားလုံးများဖြင့် ပြည့်နှက်နေသည်။
ထိုစဉ် သူသည် ဘရာဇီးနိုင်ငံနှင့်ပတ်သက်သော သတင်းတစ်ပုဒ်ကို တွေ့ရှိလိုက်သည်။ အချိန်ကိုကြည့်လိုက်ရာ လွန်ခဲ့သော ဆယ်ရက်ခန့်က ဖြစ်သည်။
“ရာသီဥတုပြောင်းလဲမှုကြောင့် ဘရာဇီးနိုင်ငံ၏ သစ်တင်ပို့မှု အဟန့်အတားဖြစ်”
သူ၏စိတ်ထဲ၌ တစ်စုံတစ်ခုကို စဉ်းစားမိလိုက်၍ ဘရာဇီးနိုင်ငံနှင့်ပတ်သက်၍ သတင်းများအား ဆက်လက်ရှာဖွေလိုက်သည်။ ဤရက်ပိုင်းအတွင်း ဘရာဇီးနိုင်ငံသည် ပျောက်ကွယ်သွားသကဲ့သို့ ရှိနေပြီး လွန်ခဲ့သော ဆယ်ရက်က သတင်းမှလွဲ၍ မည်သည့် သတင်းအချက်အလက် မျှမရှိသည်ကို သူတွေ့ရှိလိုက်သည်။
‘ကမာ္ဘကြီး၏ အဆုတ်’ ဟု တင်စားခေါ်ဝေါ်ကြသော အမေဇုန်တောနက်ကြီး၏ ဧရိယာအများစုမှာ ဘရာဇီးနိုင်ငံ၌ တည်ရှိပြီး သစ်တောဧရိယာမှာ အလွန်ကြီးမားလှသည်။ ဤသည်မှာ အမြင့်ဆုံး ပေ ၇၀၀ ပင်မကျော်သော ကျူးတောင်နှင့် နှိုင်းယှဉ်၍မရပေ။ အမေဇုန်တောမှာ တိရစာ္ဆန်တို့၏ နိဗ္ဗာန်ဘုံ၊ လူသားတို့အတွက် တားမြစ်နယ်မြေဖြစ်ပြီး အမျိုးမျိုးသော ထူးဆန်းပြီးအန္တရာယ်ရှိသော သတ္တဝါများ ပေါများလှသည်။
ကျူးတောင်ကဲ့သို့ တောင်ကုန်းငယ်လေး၌ပင် မြွေကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သေးရာ ဘရာဇီးနိုင်ငံ၏ ယခုအခြေအနေမှာ အလွန်ဆိုးရွားနေလောက်ပေပြီ။ ဘရာဇီးနိုင်ငံနှင့်ပတ်သက်၍ သတင်းအချက်အလက်မရှိခြင်းသည်ပင်လျှင် အဆိုးရွားဆုံးသော သတင်းဖြစ်နေတော့သည်။
လော်ယွမ်သည် ဤအချက်ကို တွေးမိသောအခါ စိတ်ထဲတွင် လေးလံသွာလေသည်။
ထိုစဉ် အပြင်ဘက်မှ သော့ဖြင့်တံခါးဖွင့်သံ ထွက်ပေါ်လာသည်။ လော်ယွမ်က အချိန်ကိုကြည့်လိုက်ရာ ငါးနာရီထိုးလုနီးပါးဖြစ်နေပြီဖြစ်၍ ကျိုးယလီအလုပ်မှ ပြန်လာခြင်းဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်၏။ သူ၏စိတ်ထဲ၌ အနည်းငယ် မလုံမလဲဖြစ်သွားမိသည်။
“လော်ယွမ်...ဝေ့ချန်းပြန်မလာသေးဘူးလား”
လော်ယွမ်က အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။နံနက်တုံးကနှင့် နှိုင်းယှဉ်လျှင် ကျိုးယလီ၏ မျက်နှာမှာ ပို၍ဆိုးရွားနေပြီး စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေဟန်တူသည်။
ဤသတင်းကို သူမအား ပြောပြသင့် မပြောပြသင့်ကို သူ မဝေခွဲနိုင်ဖြစ်နေ၏။ ဤသတင်းက သူမအတွက် အလွန်ပင် ရက်စက်လွန်းပေလိမ့်မည်။ သူတို့နှစ်ဦးမှာ စေ့စပ်ကြောင်းလမ်းပြီး၍ အိမ်လည်း ဝယ်ယူပြီးဖြစ်ပြီး ပြင်ဆင်နေဆဲကာလဖြစ်သည်။ မူလက နှစ်သစ်ကူးတွင် လက်ထပ်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ဝမ်းနည်းဖွယ်သတင်းဆိုးကိုသာ ကြားသိရပြီး အလောင်းပင်လျှင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေချေပြီ။
သူမက ဤသတင်းဆိုးကို အနှေးနဲ့အမြင် သိရှိသွားမည်သာဖြစ်၏။ သို့သော် တစ်ခဏဖြစ်စေကာမူ အချိန်ဆွဲထားနိုင်လျှင် ပိုကောင်းပေလိမ့်မည်။ လော်ယွမ်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် “သူသိပ်မကြာခင်ပြန်ရောက်လာမှာပါ”
ကျိုးယလီ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားပြီး ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်လိုက်သည်။ “သူဘယ်ကိုသွားပြီး ဘာတွေလုပ်နေလို့လဲမသိဘူး...သူဘာလို့ဖုန်းတောင်ပြန်မခေါ်တာလဲ...အရင်ကသူဒီလိုမဟုတ်ပါဘူး”
“ကိစ္စတစ်ခုခုနဲ့ကြာနေတာဖြစ်မှာပါ” လော်ယွမ်က အားမရှိသော အသံဖြင့် နှစ်သိမ့်လိုက်သည်။
“သူနောက်တစ်ယောက်ရနေတာတော့မဟုတ်ပါဘူးနော်”
“သူကအဲ့လိုလူမဟုတ်ပါဘူး...လျှောက်တွေးမနေနဲ့...ပြီးတော့သူ့လစာတွေအကုန်လုံးနင့်ကိုပဲပြန်အပ်တာမလား...ငါအပြင်မှာတစ်ခုခုသွားစားလိုက်ဦးမယ်” လော်ယွမ်က ရှင်းပြလိုက်ပြီးနောက် စကားလမ်းကြောင်းကို လွှဲလိုက်သည်။
“ဒီမှာပဲအတူစားမယ်လေ...ကျွန်မအခုပဲသွားချက်လိုက်မယ်” လော်ယွမ်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ကျိုးယလီ၏ စိတ်အခြေအနေမှာ အနည်းငယ် သက်သာလာပြီး ယဉ်ကျေးစွာ ဆိုလိုက်သည်။
“ရတယ်...ငါဘယ်လိုလုပ်နင်တို့စီမှာပဲကပ်စားနေလို့ဖြစ်မှာလဲ” လော်ယွမ်က အခက်တွေ့ဟန်ဖြင့်ပြောဆိုပြီး အပြင်သို့ ထွက်ခဲ့လိုက်သည်။ သူက သူမအား ဆက်လက်၍ မလိမ်လည်ချင်တော့ပေ၊ စိတ်ထဲ၌လည်း မကောင်းလှချေ။
စားသောက်ဆိုင်အသေးစားလေးမှာ သူတို့ ရပ်ကွက်၏ အဝင်ဝ၌ပင် တည်ရှိလေသည်။ လော်ယွမ်က ဤဆိုင်တွင်အမြဲလာရောက်စားသောက်သူဖြစ်သောကြောင့် ဆိုင်ရှင်အမျိုးသမီးက သူ့အား အလွန်ပင် ဖော်ရွေလှ၏။ ယနေ့ သူ၏ခွန်အားများစွာ ကုန်ဆုံးခဲ့သဖြင့် လော်ယွမ်က ဟင်းနှစ်မျိုး ပို၍မှာလိုက်သည်။
သို့သော် ထမင်းတစ်ဝက်ခန့် စားပြီးသည့်အခါ ဖုန်းဝင်လာသည်။
လော်ယွမ်က ထုတ်ကြည့်လိုက်လျင် ရဲမှုးချန်ဖြစ်သည်ကို တွေ့လိုက်သည်။သူ၏စိတ်ထဲ၌ ရလဒ်ကို ကြိုတင်ခန့်မှန်းမိပြီးဖြစ်၍ ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။
တစ်ဖက်မှ ရဲမှုးချန်၏ တည်ကြည်သော အသံထွက်ပေါ်လာသည်။ “လော်ယွမ်မင်းစိတ်ကိုငြိမ်ငြိမ်ထားနော်...ငါမင်းကိုသတင်းဆိုးတစ်ခုပြောစရာရှိတယ်” သူသည် တစ်ခဏမျှ ရပ်တန့်လိုက်သည်။ လော်ယွမ်အား ပြင်ဆင်ချိန်ပေးဟန်တူသည်။ ထို့နောက် ဆက်လက်ပြောကြားသည်။ “အလောင်းတွေကိုအတည်ပြုပြီးသွားပြီ...တစ်ယောက်ကမင်းယောက်ဖအလောင်းပဲ...ငါတစ်ကယ်စိတ်မကောင်းပါဘူး”
လော်ယွမ်သည် ကြိုတင်သိရှိပြီးဖြစ်ရာ သူ၏မျက်နှာတွင် အံ့ဩသောအမူအရာမရှိဘဲ လေးလံသောလေသံဖြင့် ဆိုလိုက်သည်။ “ကျေးဇူးပါရဲမှုးချန်...တစ်ကယ်တော့နေ့လည်ထဲကကျွန်တော်ခန့်မှန်းထားပြီးသား...ဒါနဲ့ကျွန်တော့်အမကိုရောအကြောင်းကြားပြီးပြီလား”
“သူ့အလုပ်ကလူတွေကိုအကြောင်းကြားခိုင်းထားတယ်...အလောင်းကပုပ်ပွပြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့မင်းတို့ချက်ချင်း မီးသင်္ဂြိုဟ်လိုက်တာအကောင်းဆုံးပဲ” ရဲမှုးချန်က ဆိုသည်။
“ဟုတ်...ကျွန်တော်အမကိုပြောလိုက်မယ်” လော်ယွမ်က ပြန်ပြောလိုက်သည်။
“လော်ယွမ်သေပြီးသားလူကပြန်မရှင်နိုင်တော့ဘူး...စိတ်မကောင်းမဖြစ်နဲ့တော့...ပေါ့ပေါ့ပါးပါးပဲနေဟုတ်လား...ငါတို့နောက်မှစကားထပ်ပြောကြတာပေါ့”
လော်ယွမ်သည် ဖုန်းချပြီးနောက် တစ်ခဏမျှ တိတ်ဆိတ်လိုက်ပြီး ငွေအမြန်ရှင်းကာ ပြန်လာခဲ့သည်။
သူသည် လုံခြုံရေးတံခါးကို ဖွင့်လိုက်သည်နှင့် ပြင်းထန်သော တူးနံ့ကြီးက မျက်နှာကို လာရောက်ရိုက်ခတ်တော့၏။
လော်ယွမ်သည် တုန်လှုပ်သွားပြီး မီးဖိုချောင်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။ ကျိုးယလီမှာ ယောင်းမကိုကိုင်လျက် ကြမ်းပြင်ပေါ်၌ ပျော့ခွေလဲကျနေလေပြီ။ ဂက်စ်မီးဖိုပေါ်မှ ဒယ်အိုးမှာ မီးခိုးများ တလိပ်လိပ်ထွက်နေပြီး မီးလောင်တော့မည့်ဆဲဆဲ ဖြစ်နေ၏။
လော်ယွမ်က ဂက်စ်မီးဖို၏ခလုတ်ကို လျင်မြန်စွာ ပိတ်လိုက်ပြီး ရေတစ်ခွက်ကိုခပ်ကာ ဒယ်အိုးပေါ်သို့ လောင်းချလိုက်သည်။
“ရှဲ”
တရှဲရှဲအသံနှင့်အတူ ရေနွေးငွေ့များ ပျံ့လွင့်သွားသည်။
ထိုအရာအားလုံးကို ဖြေရှင်းပြီးမှ လော်ယွမ်က ကျိုးယလီအား ကြည့်လိုက်သည်။ သူမ၏ မျက်နာမှာ ခံစားချက်မဲ့နေပြီး တစ်စက်ကလေးမျှ မလှုပ်ရှားပေ။ လော်ယွမ် ဝင်လာသည်ကိုပင် တုံ့ပြန်မှုမရှိချေ။ ဤသည်မှာ အသည်းကွဲခြင်းထက် ပို၍ဆိုးရွားသော ဝမ်းနည်းပူဆွေးမှုပင်။
“နင်ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေတာလား...အိမ်မီးလောင်ကာနီးဖြစ်နေတာနင်မသိဘူးလား...ဘယ်လိုဖြစ်ရတာလဲကွ” လော်ယွမ်က နှစ်သိမ့်ရမည့်အစား ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ အကြောင်းမှာ ဤအချိန်၌ မည်သည့်နှစ်သိမ့်မှုမျိုးမဆို အချည်းနှီးဖြစ်ကြောင်း သူသိသောကြောင့်ဖြစ်သည်။
သူမသည် ခံစားချက်မရှိသောအမူအရာဖြင့် လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ကျယ်လောင်စွာ ငိုကြွေးလေတော့၏။ သူမ၏ငိုသံသည် အူလှိုက်သည်းလှိုက်ဖြစ်ပြီး ကြားရသူကို စိတ်နှလုံး တုန်လှုပ်စေသည်။
“အင်းပါ...အင်းပါ” သူက သူမ၏ဘေး၌ ထိုင်ချလိုက်ပြီး ပခုံးကို ပုတ်ပေးလိုက်သည်။ “အားရပါးရငိုချလိုက်...သက်သာသွားလိမ့်မယ်”
ကျိုးယလီက ရုတ်တရက် သူ့ကို ပြန်လည်ဖက်တွယ်လိုက်ပြီး ပို၍ပြင်းထန်စွာ ငိုကြွေးလေတော့သည်။
“သေပြီ... သူသေပြီ...ဝေ့ချန်း သေပြီ... ဟင့်... ဟင့်... မနေ့မနက်ကထိ အကောင်းကြီးရှိသေးတာ...ကျွန်မသူ့ကို အော်ငေါက်မိလိုက်သေးတယ်...ကျွန်မအမှား...အဲ့တာကျွန်မအမှားပဲ”
“ဒါနင့်အမှားမဟုတ်ပါဘူး...ဒါကံတရားကြောင့်ပါ...သူသာကောက်တန်းမြို့ကိုမသွားမိရင်...ခုလိုဖြစ်မှာမဟုတ်ဘူးလေ” ထိုသို့သာ လော်ယွမ်က နှစ်သိမ့်လိုက်ရလေတော့သည်။