← Chapters

သေလုမျောပါးအတွေ့အကြုံ

Vol. 1 Ch. 6

သေလုမျောပါးအတွေ့အကြုံ

Vol. 1 Ch. 6

“ဧရာမမြွေကြီး...နည်းတာကြီးမဟုတ်ဘူး...” ကျောက်ချင်းသည် လေသံတိုးတိုးဖြင့် မြည်တမ်းလိုက်၏။ သူ၏မျက်နှာထက်၌ ကြောက်ရွံ့ခြင်းနှင့်အတူ စိတ်လှုပ်ရှားမှုတို့သည်လည်း ရောယှက်လျက်ရှိ၏။

“အသေးစိတ်ကိုသေချာပြောစမ်းပါ” ရဲမှုးချန်က သူ၏စကားကို ဖြတ်ပြောလိုက်သည်။

ကျောက်ချင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် လှုပ်ရှားနေသည့်စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ပြောကြားလိုက်သည်။ “သူ့ရဲ့ကိုယ်လုံးက ကျွန်တော့်ရဲ့ခါးလောက်ကို တုတ်တယ်...ဗိုက်ကလဲဖောင်းကားနေတာပဲ...အခုတောင်စောင်းမှာငြိမ်နေတယ်...သူ့ကြည့်ရတာလှုပ်ဖို့တောင်ခက်နေသလိုပဲ”

“သြော်ဟုတ်သားပဲ” ကျောက်ချင်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “အဲ့တာလင်းမြွေနဲ့တူတယ်”

ထိုစကားကို ကြားသောအခါ အားလုံးမျက်နာပျက်သွားကြသည်။

“မင်းမြင်ခဲ့တာသေချာရဲ့လား” ရဲမှုးချန်က သံသယဖြင့် မေးလိုက်သည်။

“သေချာတာပေါ့...အဲ့လိုမြွေမျိုးကိုမှားစရာအကြောင်းမှမရှိတာ...ကျွန်တော်တောင်အရင်ကနည်းနည်းဖမ်းဖူးသေးတယ်” ကျောက်ချင်းက သူ၏ အသံကို နှိမ့်၍ ပြောသည်။

လင်းမြွေကို လော်ယွမ်လည်း သိ၏။သူကလေးဘဝက မိဘများနှင့်အတူ တောရွာတွင် နေထိုင်စဉ်က မကြာခဏ မြင်တွေ့ခဲဖူးသည်။ ပုံမှန်အားဖြင့် ၎င်းတို့၏ ကိုယ်အရှည်သည် ၄ပေ၆ပေခန့်သာရှိတတ်ပြီး အကြီးဆုံးမှာ လက်မောင်းလုံးအရွယ်သာရှိကြ၏။ ယခု ကျောက်ချင်းပြောသကဲ့သို့ ခါးလောက်တုတ်သော မြွေမျိုးမှာမူကား ပုံပြင်ထဲက ဒဏ္ဍာရီတစ်ခုနှယ်ပင် ဖြစ်တော့သည်။

လော်ယွမ်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ အနည်းဆုံးတော့ အဆိပ်ပြင်းမြွေတစ်ကောင်ကို ရင်ဆိုင်ရခြင်းထက်စာလျှင် အဆိပ်မရှိသောမြွေကို ရင်ဆိုင်ရခြင်းက ဖိအားများစွာ လျော့ပါးစေမဟုတ်ပါလား။

“ငါတို့အခွင့်အရေးတစ်ကြိမ်ပဲရမှာ...အစာဝနေတဲ့မြွေတွေကရန်လိုစိတ်မရှိတတ်ကြဘူးလို့ငါကြားဖူးတယ်..ငါတို့သူ့ကိုရန်သွားမစမချင်း..သူ့ရှေ့ကဖြတ်လျှောက်ရင်တောင်ဘာမှမဖြစ်ဘူး...အဲ့တော့ငါတို့သူ့ခေါင်းကိုသေနတ်နဲ့ပြိုင်တူဝိုင်းပစ်ပြီးအမြန်လှည့်ပြေးကြမယ်...ဟုတ်ပြီလား” ရဲမှုးချန်က လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်သည်။

“သိပြီ”

“ဟုတ်ပြီအခုအားလုံးကိုယ့်သေနတ်ကိုသေချာစစ်ဆေးကြ...ကျောက်ချင်းဝမ်ဖေးရဲ့သေနတ်လော်ယွမ်ကိုပေးလိုက်...မင်းသေနတ်ဘယ်လိုပစ်ရမလဲသိတယ်မလား...လုံခြုံရေးခလုပ်ပိတ်ထားပြီးသား...တန်းပစ်ရုံပဲ” ရဲမှုးချန်သည် တစ်ခဏမျှ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။ လူတစ်ယောက်ပိုလာလျှင် ပို၍စိတ်ချရသည်။ဝမ်ဖေးကိုတော့ လောလောဆယ်ထိုနေရာတွင်ပဲ ထားခဲ့လိုက်တော့မည်။သူ့ပါဆွဲခေါ်လာလျှင်မြွေကြီးကိုစောစောစီးစီသတိပေးလိုက်သလိုဖြစ်သွားပေလိမ့်မည်။

လော်ယွမ်သည် သေနတ်ကို လှမ်းယူလိုက်ရာ သူ၏လက်ထဲ၌ လေးကနဲ ဖြစ်သွားသည်။ ဤသည်ကား သူ၏ဘဝ၌ ပထမဆုံးအကြိမ် သေနတ်ကိုင်ဖူးခြင်းပင်။လက်ရှိအခြေအနေ၏ ဖိစီးမှုကြောင့်လောမသိ သူက ထင်ထားသကဲ့သို့ စိတ်လှုပ်ရှားခြင်း မဖြစ်မိပေ။ သူသည် အခြားသူများ ပြုလုပ်သည်ကို အတုယူ၍ သေနတ်ကို စစ်ဆေးကြည့်လိုက်သည်။ လမ်းတစ်လျှောက်လုံး ဝမ်ဖေး သေနတ်မပစ်ခဲ့ရသဖြင့် ကျည်ကပ်တွင်း၌ ကျည်ဆန်များမှာ အပြည့်ပင် ရှိနေသေးသည်။

“ဒါဖြင့်အခုပဲသွားရအောင်” ရဲမှုးချန်သည် တစ်ခဏမျှ တုံ့ဆိုင်းပြီးနောက် လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

လော်ယွမ်၏ ရင်ထဲတွင် တမဟုတ်ချင်း တစ်ဒိတ်ဒိတ်ခုန်သွားသည်။ သူ၏ ခြေထောက်များသည် လေထဲတွင် လွင့်မျောနေသည့်အလား အားအင်မရှိသလိုခံစားလိုက်ရသည်။ သူက တခြားသူတွေနောက်ကို တုံ့ဆိုင်းစွာ လိုက်ပါသွားသည်။ သူက နောက်ဆုံးမှ လိုက်ပါသူတော့မဟုတ်ချေ။ သူ၏နောက်၌ ဟွမ်ကျားဟွေ လိုက်ပါလျက်ရှိပြီး သူမက လော်ယွမ်၏ အင်္ကျီစကို တင်းတင်းဆွဲထားသည်။ သူမ၏လက်များသည် အဆက်မပြတ် တုန်ယင်နေသဖြင့် လော်ယွမ်၏ ခန္ဓာကိုယ်ပင် သူမနှင့်အတူ လိုက်လံတုန်ခါနေသကဲ့သို့ ရှိနေတော့သည်။

သူက ကိုယ့်ကိုယ်ကိုယ် ထင်ထားသလောက် သတ္တိမရှိကြောင်း သိရှိလိုက်သည်။ ကြောက်ရွံ့မှုမှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားလျင် အခြားဆုံးဖြတ်နိုင်စွမ်းများကို လွှမ်းမိုးသွားလေ့ရှိသည်။အခြားသတ္တဝါဆိုပါက သူဤမျှကြောက်ရွံ့မိမည်မဟုတ်ပေ။သို့သော်မူလတန်းတုံးက အတန်းဖော်တစ်ယောက်မှ သူ့ဂုတ်ပေါ်သို့ရေမြွေတစ်ကောင်တင်ပြီး နောက်ပြောင်တာကိုခံရပြီးကတည်းက ထိုသို့ရှည်လမျော ပျော့အိအိ သွေးအေးသတ္တဝါများကို ကြောက်ရွွံ့မှုက အမြစ်တွယ်သွားခဲ့သည်။

ငါးပုပ်နံ့ကဲ့သို့သော ညှီစို့စို့အနံ့တစ်မျိုးက တောင်စောင်းထက်မှ လွင့်ပျံ့လာ၏။ ထိုအနံ့မှာ အော်ဂလီဆန်စရာ ကောင်းလှသည်။

သူတို့အဖွဲ့ ဝမ်ဖေးကို ကျော်လွန်သွားသည်နှင့် အရှိန်အား ရုတ်ခြည်းလျှော့ချလိုက်သည်။

“အခုကစပြီးဘာအသံမှမထွက်နဲ့တော့...အချင်းချင်းလက်ဟန်ခြေဟန်နဲ့ပဲဆက်သွယ်ကြမယ်” ရဲမှုးချန်က လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။ စကားဆုံးသည်နှင့် သူက ပထမဆုံးအဖြစ် တောင်စောင်းကို ကျော်တက်သွားပြီး နောက်လှည့်ကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ကျောက်ချင်းသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ နောက်မှလိုက်ပါသွား၏။

လော်ယွမ်က အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး အဖွဲ့နောက်သို့ တိုးကပ်လိုက်ပါသွားသည်။ တောင်စောင်းပေါ်သို့ ရောက်သည်နှင့် သူ၏မျက်လုံးများသည် ရှေ့တွင် လဲလျောင်းနေသော မြွေကြီးထံသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။

သူက စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားသော်လည်း အမှန်တကယ် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါတွင်မူ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားလေသည်။

ထိုမြွေကြီးသည် အမှန်ပင် ပေ၃၀မက ရှည်လျား၏။ ကြီးမားလှသော ကိုယ်ထည်ကြီးသည် ထိုနေရာ၌ ငြိမ်သက်စွာ လဲလျောင်းနေသည်။ ပြောင်လက်တောက်ပနေသော အကြေးခွံများမှာ သတ္တုကဲ့သို့သော အသွင်အပြင်ကို ဆောင်လျက်ရှိသည်။ ထိုအကြေးခွံများက ကျည်ဆန်များကိုပင် တားဆီးနိုင်လေမည်လောဟု လော်ယွမ်သံသယဝင်မိသည်။

အကြေးခွံများသည် ဖြာကျနေသောနေရောင်ခြည်အောက်၌ သက်တံရောင်စဉ်ကဲ့သို့သော ရောင်ခြည်ဝန်းများ ထွက်ပေါ်နေ၏။ ၎င်း၏ ဝမ်းဗိုက်သည် ဖောင်းကား၍ တစ်ကိုယ်လုံးမှာ ဧရာမ သံလွင်သီးကြီးတစ်လုံးအလားပင်။ ဤကဲ့သို့သော သတ္တဝါမျိုးကို ရင်ဆိုင်ဖို့မဆိုထားနှင့်၊ အဝေးမှ တစ်ချက်လှမ်းကြည့်ရုံမျှဖြင့်ပင် လူကို ကြက်သီးမွေးညင်းများ ထစေလောက်ပေသည်။

ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေပြီး လူအချို့၏ နက်ရှိုင်းသော အသက်ရှူသံများသာ ကြားနေရသည်။

တည်ငြိမ်အေးချမ်းသောယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့သော သတ္တဝါမျိုးကို ပထဆုံးရင်ဆိုင်ရမည်ဆိုပါက မည်သူမျှစိတ်ကိုတည်ငြိမ်အောင် ထားနိုင်မည်မဟုတ်ပေ။ခေတ်ပေါ်ပညာရေးမှာ ဉာဏ်ပညာကိုတိုးပွားစေသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအားနည်းစေသည်။ဉာဏ်ရည်ထက်မြက်သူများပေါများလာသော်လည်း ရဲရင့်သူတို့မှာမူ ရှားပါးလာချေပြီ။ဤသို့သောအခြေအနေတွင် ကြောက်လန့်တကြား အော်ဟစ်ခြင်းမပြုလျှင်ပင် စိတ်ဓာတ်အတော်ခိုင်မာသည်ဟု ယူဆ၍ရပေသည်။

ရဲမှုးချန်က အဖွဲ့ဝင်အချို့ကို ကြည့်လိုက်ပြီးနောက် နောက်မှလိုက်ခဲ့ရန် လက်ဟန်ပြကာ ခြေဖွနင်း၍ မြွေကြီး၏ ဦးခေါင်းရှိရာဆီသို့ တိုးကပ်သွားလေသည်။

သူတို့အဖွဲ့သည် ၎င်း၏ ကိုယ်ထည်ကြီးကို ရှောင်ကွင်းလိုက်ပြီး ဦးခေါင်းနှင့် သုံးလေးမီတာအကွာသို့ တဖြည်းဖြည်း ရောက်ရှိလာမှသာ ရပ်တန့်လိုက်ကြသည်။

မြွေကြီးမှာ ပယင်းကျောက်ကဲ့သို့ အေးစက်သော မျက်လုံးများကို ဖွင့်ထားလျက် မလှုပ်မယှက် ရှိနေ၏။ မျက်ဆံ၏အပေါ်ရံအခွံမှာ အလွန်ကျဉ်းမြောင်းနေပြီး အိပ်မောကျနေဟန်တူသည်။ လော်ယွမ်က ၎င်း၏ဦးခေါင်းထိပ်၌ အနက်ရောင်အစင်းများဖြင့် ဖော်ပြထားသော “王” (ဘုရင်) ဟု အဓိပ္ပာယ်ရသည့် စာလုံးတစ်လုံး ရှိနေသည်ကို သတိပြုမိလိုက်သည်။ ဤအမှတ်အသားက သူ၏အမျိုးအနွယ်ကို သံသယမရှိဖော်ပြနေသည်။ဤသည်မှာ လင်းမြွေ စစ်စစ်ပင်တည်း။

ကြောက်မက်ဖွယ်အငွေ့အသက်များမှာ ၎င်း၏ကိုယ်မှ ပျံလွင့်ထွက်ပေါ်နေပြီး လူကို တစ်ကိုယ်လုံး ကြောရိုးထဲ စိမ့်သွားစေသည်။

လော်ယွမ်၏ နှလုံးသည် ရင်ဘက်ထဲမှ ခုန်ထွက်တော့မတတ် ဖြစ်နေ၏။ သူသည် သေနတ်ကို ညာဘက်လက်သို့ ပြောင်းကိုင်ကာ ဘယ်ဘက်လက်ဖြင့် ဓားကိုကိုင်လျက် အသက်ကို မပြတ်ရှူသွင်းနေရသည်။ သူ၏မျက်နှာမှာမူ သွေးမရှိတော့သကဲ့သို့ ဖြူဖျော့လျက်ရှိသည်။

သူ၏နောက်မှ ဟွမ်ကျားဟွေ၏ အခြေအနေမှာမူ သူထက်ပင် ဆိုးရွားလှသည်။ သူမ၏ ကိုယ်သည် ပျော့ခွေသွားပြီး လော်ယွမ်၏ လက်မောင်းကို အလျင်အမြန် တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်အပေါ်ပိုင်းမှာ သူ၏ကိုယ်ပေါ်သို့ ပျော့ခွေကျလျက် ဖိမှီထား၏။ လော်ယွမ်သည် ထိုအချိန်တွင် သူမ၏ ရင်သားတို့၏ နူးညံ့မှုနှင့် ပျော့ပျောင်းမှုကို ခံစားနိုင်စွမ်းမရှိဘဲ မျက်နှာသာ ပျက်ယွင်းသွားလေသည်။

အချိန်တန်၍ သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ကြသည့်အခါတွင် မြွေကြီးသည် မသေမီ အပြင်းအထန်သောင်းကျန်းမည်မှသေချာသည်။ထိုသို့သောအချိန်မျိုးတွင် ယအခုကဲ့သို့အခြားသူတစ်ယောက်၏ ဆွဲထားခြင်းခံနေရပါက သူ့အသက်ပင်ဆုံးရှုံးသွားနိုင်လေသည်။

ထိုစဉ် ရဲမှုးချန်က ပစ်ခတ်ဖို့အသင့်ပြင်ရန် လက်ဟန်ပြလိုက်ပြီး သေနတ်ကိုမြှောက်ကာ မြွေကြီး၏ မျက်လုံးကို ချိန်လိုက်တော့သည်။

လော်ယွမ်က အသာအယာ ရုန်းကြည့်လိုက်သော်လည်း ထိုအပြုအမူက သူမကို ပို၍ တင်းကျပ်စွာ ဖက်တွယ်စေသကဲ့သို့ ဖြစ်သွားသည်။သူ၏စိတ်ထဲတွင် အနည်းငယ်လေးလံသွားလေသည်။ သို့သော် ဤအချိန်တွင် လှုပ်လှုပ်ရှားရှားလုပ်ရန် မသင့်တော်တော့သဖြင့် သေနတ်ကိုမြှောက်ကာ မြွေကြီး၏ဦးခေါင်းကိုသာ ချိန်လိုက်ရတော့သည်။

အချိန်သည် ရပ်တန့်သွားသကဲ့သို့ ထင်မှတ်ရ၏။ စက္ကန့်တိုင်းသည် ဖြတ်သန်းရန် အလွန်ခက်ခဲလှသည်။ ချွေးစက်များမှာ လူတိုင်း၏ နဖူးပြင်မှ တလိမ့်လိမ့် စီးကျလာပြီးနောက် မြေကြီးပေါ်သို့ ကျပြီး အစိပ်စိပ်အမွှာမွှာဖြင့် ကြည်လင်သော ပုလဲလုံးလေးများအဖြစ် ကြေမွသွားကြလေသည်။

“ပစ်”

တစ်ချိန်တည်းမှာပင် သေနတ်သုံးလက်မှ ပူလောင်သော ကျည်ဆန်တို့သည် ပြေးထွက်သွားကြတော့သည်။ ဤမျှနီးကပ်သော အကွာအဝေး၌ လွဲချော်ရန် အကြောင်းမရှိပေ။ သေနတ်မကိုင်ဖူးသော လော်ယွမ်ပင်လျှင် ကျည်ဆန်အားလုံးကို ၎င်း၏ကိုယ်ပေါ်သို့ ထိမှန်စေခဲ့သည်။

မြွေကြီး၏ ဦးခေါင်း၌ သွေးများပန်းထွက်သွားပြီး ပယင်းရောင်မျက်လုံးသည်လည်း နက်ရှိုင်းသော သွေးဂလှိုင်ပေါက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲသွား၏။ အိပ်မောကျနေသော မြွေကြီးသည် ယခုကဲ့သို့ ရုတ်တရက်သေဘေးနှင့်ကြုံရမည်ဟု မည်သို့မှထင်မှတ်ထားမည်မဟုတ်ပေ။

ပြင်းထန်သော နာကျင်မှု၏ လှုံ့ဆော်မှုကြောင့် ၎င်းသည် အိပ်နေရာမှ ချက်ချင်း နိုးထလာပြီး ကြီးမားသော ဦးခေါင်းကြီးကို ရုတ်တရက် မော့ကာ ပါးပြင်းထောင်လိုက်သည်။ ၎င်း၏ လှုပ်ရှားမှုသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသောကြောင့် ပုံရိပ်ယောင်တစ်ခုအဖြစ်သာ မြင်လိုက်ရသည်။လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာသည့် ပြင်းထန်သော လေစီးကြောင်းက ပတ်ဝန်းကျင်၌ လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်သည့်အလား ဖြစ်သွားစေသည်။

သို့သော် ဤလှုပ်ရှားမှုသည် တစ်စက္ကန့်မျှပင် မတည်မြဲလိုက်ဘဲ ဦးခေါင်းမှာ မြေကြီးပေါ်သို့ ပြန်လည် ထိုးစိုက်ကျသွားသည်။ ကြီးမားလှသော ကိုယ်ထည်ကြီးမှာမူ ပြင်းထန်စွာ လူးလွန့်ရစ်ခွေနေပြီး ပါးစပ်ကြီးကို ဟကာ မသေမီ အော်ဟစ်မြည်တမ်းနေတော့သည်။

ကျည်ဆန်များမှာ ၎င်း၏မျက်လုံးကို ပေါက်ထွက်စေရုံသာမက ဦးနှောက်ထဲသို့ပင် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ။ သို့သော် မြွေတို့၏ အသက်မှာ မူလကတည်းက ပြင်းထန်လှရာ ခဏချင်းအတွင်း၌ သေဆုံးရန် မလွယ်ကူပေ။

၎င်းက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ ဖျက်ဆီးနေတော့သည်။ မြွေအမြီးသည် အရှိန်ပြင်းစွာ ရိုက်ခတ်ရမ်းကားနေပြီး လေထုကိုခွင်းသည့် စူးရှသော အသံကြီးများ ထွက်ပေါ်နေသည်။ ပတ်ဝန်းကျင်၌ ကျန်ရှိနေသေးသော သစ်ပင်များသည် တစ်ပင်ပြီးတစ်ပင် ခါးလယ်မှ ကျိုးပြတ်ကုန်ကြသည်။ မရေမတွက်နိုင်သော သစ်သားစများ၊ သဲနှင့် ကျောက်ခဲများသည် ကျည်ဆန်များပစ်ခက်လိုက်သည့်အလား ပတ်ပတ်လည်သို့ ကျိုးပြတ်လွင့်စဉ်သွားပြီး အဖွဲ့သားအချို့၏ ကိုယ်ပေါ်သို့ ကျရောသွားရာ အရေပြားထက်၌ အနီရောင်အစင်းကြောင်းများဖြစ်ပေါ်လာသည်။

လော်ယွမ်က သူ့ကို မလွှတ်တမ်း ဆွဲထားသော ဟွမ်ကျားဟွေကို ဆွဲ၍ သစ်ပင်များရှိရာဘက်သို့ အသက်လုကာ ပြေးလေသည်။ သူက အော်ဟစ်သံတစ်ခုကို မသဲမကွဲ ကြားလိုက်ရသော်လည်း မည်သူမည်ဝါဖြစ်သည်ကိုမူ မသိနိုင်ချေ။

သူစိတ်ထဲမှ မပြတ်ကျိန်ဆဲနေမိသည်။ အကယ်၍ဟွမ်ကျားဟွေဆွဲထားခြင်းကြောင့် မဟုတ်ပါက သူ၏အမြန်နှုန်းဖြင့်ဆိုလျင် လုံခြုံသောနေရာသို့ရောက်နှင့်နေပြီဖြစ်သည်။ ယခုအချိန်တွင် သူမကို သတ်ပစ်ချင်သောစိတ်ပင် ပေါက်လာမိသည်။

သူ့နောက်ကျောဘက်တွင်တော့ မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့သော အသံများ မပြတ်ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်၌ လေပြင်းများ တဝေါဝေါတိုက်ခတ်နေသဖြင့် ရုတ်တရက် ကျရောက်လာနိုင်သော သေခြင်းတရားကို မတွေးဘဲ မနေနိုင်အောင် ဖြစ်ရသည်။

သူကပေအနည်းငယ်သာ ပြေးရသေးသော်လည်း ဟွမ်ကျားဟွေကိုပါ ဆွဲခေါ်လာရသဖြင့် သူ၏ခွန်အားတို့မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး အဆုတ်သည် မီးလောင်နေသကဲ့သို့ ပူလောင်နေလေသည်။ သူသည် ဆက်လက်၍ ပြေးနိုင်စွမ်းမရှိတော့ချေ။ ရှေ့တွင် သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရသဖြင့် သူက နောက်ဆုံးလက်ကျန်ခွန်အားကို စုစည်းကာ သစ်ပင်ကြီး၏ နောက်ကွယ်သို့ အားကုန်သုံး၍ ပြေးလိုက်ပြီး သစ်ပင်ကို မှီလျက် ခန္ဓာကိုယ်ကို ပစ်ထိုင်ချလိုက်သည်။ သူ၏ခြေထောက်များမှာ တဆတ်ဆတ် တုန်ယင်လျက်ရှိနေသည်။

ဟွမ်ကျားဟွေမှာ ဤမျှနှင့် အားမရသေးဟန်ဖြင့် အခွင့်ကောင်းယူကာ သူ၏ခါးကို ပို၍တင်းကျပ်စွာ ဖက်တွယ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ပျော့ခွေနေပြီး တုန်ယင်လျက်ရှိသည်။

လော်ယွမ်မှာလက်မြှောက်ရန်ပင် အားအင် မရှိတော့သဖြင့် သူမကို အလိုရှိတိုင်းသာ ဖက်ထားခွင့် ပြုထားလိုက်ရတော့သည်။

သူက မျက်လုံးကို မှိတ်ထားလိုက်ပြီး ရှင်သန်ခြင်း၏အဓိပ္ပါယ်ကိုခံစားနေလိုက်၏။ သေခြင်းတရားနှင့် ရင်ဆိုင်ရမှသာ ရှင်သန်ခြင်း၏တန်ဖိုးနှင့်လှပမှုတို့ကိုတန်းဖိုးထားမိသည်။

အချိန်တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားသည်နှင့်အမျှ အပြင်ဘက်မှ လှုပ်ရှားသံများလည်း တဖြည်းဖြည်း တိုးလျှိုလျော့နည်းသွားသည်။

လော်ယွမ်က ဟွမ်ကျားဟွေ့ကို တွန်းဖယ်လိုက်ပြီး မတ်တပ်ထကာ အပြင်သို့ ထွက်ကြည့်ရန် ကြံရွယ်လိုက်သည်။

“မသွားပါနဲ့...ကျွန်မခြေထောက်တွေပျော့ခွေနေလို့” ဟွမ်ကျားဟွေက လော်ယွမ်၏ ရင်ခွင်ထဲသို့ ခေါင်းကိုတိုးဝင်ကာ ပို၍တင်းကျပ်စွာ ဖက်ထားလိုက်သည်။

“မင်းဒီမှာထိုင်နေဦး...ငါအပြင်ထွက်ကြည့်လိုက်မယ်...မြွေကြီးသေပြီဆိုရင်ငါတို့သွားလို့ရပြီ”

“အင်း” ဟွမ်ကျားဟွေသည် လော်ယွမ်ကို လွှတ်ပေးလိုက်ပြီးနောက် သူမ၏ကိုယ်သည် ယိမ်းထိုးသွားကာ မြေကြီးပေါ်သို့ လဲကျတော့မည့်ဆဲဆဲ ဖြစ်သွားသည်။

လော်ယွမ်က ထိုအခြင်းအရာကို မြင်လျှင် သူမကို လက်ဖြင့် အလျင်အမြန် လှမ်းထိန်းလိုက်သည်။ သို့သော် သူ၏ခွန်အားသည်လည်း ပြန်လည်မပြည့်သေးသဖြင့် သူမ၏ အလေးချိန်ကြောင့် မြေကြီးပေါ်သို့ တလိမ့်ခေါက်ကွေး လဲကျသွားတော့သည်။

ပြီးနောက်နှစ်ဦးသား မျက်နှာချင်းဆိုင်အနေအထားဖြင့် တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်သွားကြပြီး နှာခေါင်းထွက်သက်ပင်လျှင် တစ်ဦး၏ မျက်နှာကိုပင် ရိုက်ခတ်နေတော့သည်။နှစ်ဦးလုံး၏ နှလုံးသည် ပြင်းထန်စွာ ခုန်လှုပ်နေကြသည်။ လော်ယွမ်သည် အလိုအလျောက်ပင် ထရပ်ရန် ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်မှာ အားပြတ်နေသည်ကို ခံစားမိလိုက်သည်။

စောစောက စိတ်ဆောင်နေ၍ရှိခဲ့သော လက်ကျန်အားအင်များမှာ ယခုအခါပျက်ပြယ်သွားပုံရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်ကိုက်ခဲမှုသာ ကျန်ရစ်ခဲ့ပေတော့သည်။

ဆက်ရန်...

All Chapters