ငါက အထီးကျန်သိုင်းသခင်ပဲ
Vol. 206 Ch. 3076
နဂါးဧကရာဇ်များ၏ အမူအရာများက သုန်မှုန်နေ၏။
နဂါးလောကအရှင်က သူ၏ ထိုင်ခုံကနေ ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး လေထဲမှာရှိသော သူတို့နှစ်ယောက်ကို သူ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုနှင့်အတူ ကြည့်လိုက်၏။
နဂါးဧကရာဇ်များထဲ မည်သူကမှ သိုင်းတာအိုပင်မခန္ဓာကို အရင်က မတွေ့မြင်ဖူးခဲ့ပေ။
သို့သော်လည်း သူတို့က တျဲယွဲ့ကို တွေ့မြင်ထားဖူး၏။
အရင်တုန်းက သွေးနီရောင်ဝတ်အမျိုးသမီးသည် မွန်းတည့်ချိန်ကောင်းကင်ထက်မှနေတစ်စင်းဖြစ်ခဲ့ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ စိုးမိုးခြယ်လှယ်ကာ မျိုးနွယ်စုတစ်သောင်းမှ အသန်မာဆုံးသက်ရှိများကို စိန်ခေါ်ခဲ့လေသည်။
မည်သူကမှ သူမကို မယှဉ်နိုင်ခဲ့ပေ။
ထိပ်တန်းကမ္ဘာကြီးများမှ ဧကရာဇ်ပညာရှင်များနှင့် စွမ်းအားကြီးမားသော သက်ရှိများပင်လျှင် တစ်ယောက်ပြီးတစ်ယောက် သူမ၏ အနိုင်ယူခြင်းကို ခံခဲ့ရ၏။
သူမသည် ယခင်က နဂါးကမ္ဘာသို့လည်း ရောက်ရှိခဲ့ပြီး ဤခန်းမထဲမှာရှိသော ဧကရာဇ်ပညာရှင်အတော်များများကို အနိုင်ယူပြီးနောက် အေးအေးဆေးဆေးပြန်ထွက်သွားခဲ့သည်။
တျဲယွဲ့နှင့် ဘေးချင်းယှဉ်ရပ်နေပြီး လက်ချင်းတွဲထားသည့်အမျိုးသားက ဘယ်သူဖြစ်မလဲ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ထိုကဲ့သို့အဆင့်မီသောသူ တစ်ဦးတည်းသာရှိလောက်လေသည်။
ဧကရာဇ်အထီးကျန််သိုင်းသခင်။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ငွေရောင်မျက်နှာဖုံးတစ်ခုကို အမြဲတမ်းတပ်ဆင်ထားပြီး သူ၏ မျက်နှာကို ဖုံးကွယ်ထားသည်ဟု ဆိုကြလေသည်။ သူက လေထဲမှာရပ်နေသောသူနှင့် ကိုက်ညီမှုရှိနေ၏။
“သားရဲဧကရီသွေးလိပ်ပြာ”
နဂါးလောကအရှင်က ဖြည်းဖြည်းချင်းပြောလိုက်၏။
ထိုအမည်ကိုကြားသောအခါ ခန်းမထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
သည်ဘက်မျိုးဆက်မှာ သားရဲဧကရီသွေးလိပ်ပြာက အလွန်တရာကျော်ကြားနေခဲ့ပြီဖြစ်သည်။
နဂါးတချို့သည် တျဲယွဲ့ကို အရင်ကမတွေ့မြင်ဖူးလျှင်တောင် သူတို့က သူမ၏ အမည်ကိုတော့ ကြားဖူးထားကြ၏။
နဂါးလောကအရှင်၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံ ရောက်ရှိသွားပြီး လေးနက်စွာဖြင့်မေးလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ”
တကယ်တော့ နဂါးလောကအရှင်နှင့် နဂါးဧကရာဇ်များသည် သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို ခန့်မှန်းမိနေကြပြီဖြစ်၏။
သို့သော်လည်း သူတို့က အဲဒါကို မယုံကြည်နိုင်သေးပေ။
ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီသွေးလိပ်ပြာက ဘာ့ကြောင့်ဤနေရာကို ရုတ်တရက်ရောက်ရှိလာရတာလဲ။
အဲဒါက တကယ်ပဲ ဟိုပကတိနဂါးကြောင့်လား။
ထိုအချက်က တကယ့်ကို ရယ်စရာကောင်းလွန်း၏။
နဂါးလောကအရှင်နှင့် နဂါးဧကရာဇ်များက တိကျသောအဖြေတစ်ခုကို ရရှိချင်နေကြသည်။
“ငါက အထီးကျန်သိုင်းသခင်ပဲ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ခန်းမထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
နဂါးများသည် သိုင်းတာအိုပင်မခန္ဓာ၏ တာအိုဘွဲ့ဖြင့် ခြိမ်းခြောက်ခြင်းခံရပြီး အလိုလိုခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်ကြ၏။ သူတို့၏ ခြေလှမ်းများက ဖရိုဖရဲဖြစ်နေပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့၏ ဘေးပတ်လည်မှာ ကြီးမားသော နေရာလွတ်တစ်ခုပေါ်ထွက်လာ၏။
နဂါးဧကရာဇ်များကလည်း ရင်တထိတ်ထိတ်ဖြစ်နေကြ၏။
ဤလူက တကယ်ပဲရောက်လာခဲ့တာလား။
နဂါးဘုရင်မဦးချိုမဲ့ကလည်း နေရာမှာပင် မှင်တက်နေ၏။
လုံလီက သူမ၏ နီရဲနေသောမျက်လုံးများကို ပုတ်ခတ်ပြီး သူမ၏ နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ အသံမထွက်မိဖို့ ကြိုးစားနေ၏။ သူမသည် အထီးကျန်သိုင်းသခင်နှင့် တျဲယွဲ့ကိုကြည့်ပြီးနောက် မလှမ်းမကမ်းမှာရှိသော လုံရန်ကို ကြည့်ကာ တစ်ချိန်လုံး လုံးဝမှင်တက်နေ၏။
“လုံရန်က ဧကရာဇ်အထီးကျန်သိုင်းသခင်ကို တကယ်ပဲဆင့်ခေါ်လိုက်တာလား”
လုံလီ၏ စိတ်ထဲမှာ မရေမတွက်နိုင်သောမေးခွန်းများ ပေါ်ထွက်လာ၏။
“ဟုတ်တယ်… အဲလိုပဲဖြစ်ရမယ်”
“အဲဒါ ဖုန့်မြို့တော်မှာရှိတုန်းက အစ်ကိုလုံရန်ကို ငါပြောခဲ့တဲ့စကားကြောင့်ပဲ.. နဂါးတွေနဲ့ ဖီးနစ်တွေကြား စစ်ပြေငြိမ်းစေဖို့ ဧကရာဇ်အထီးကျန်သိုင်းသခင်တစ်ဦးပဲ တတ်နိုင်လိမ့်မယ်လို့ ငါပြောခဲ့တယ်.. အဲဒီအချိန်တုန်းက အစ်ကိုလုံရန်က ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ပြောဖို့အတွက် နည်းလမ်းတစ်ခုရှာခဲ့တာဖြစ်ရမယ်… မဟုတ်ရင် ဧကရာဇ်အထီးကျန်သိုင်းသခင်က ဒီလိုမျိုးအခိုက်အတန့်မှာ ရောက်ရှိလာမှာမဟုတ်လောက်ဘူး”
လုံလီက လုံရန်ကို ကျေးဇူးတင်ရှိစွာဖြင့် ပြောလိုက်၏။
“အစ်ကိုလုံရန်နဲ့ပတ်သက်ပြီး ငါမှားနေခဲ့တာပဲ… ငါသူ့ကိုတောင်မှ လှောင်ပြောင်သရော်မိခဲ့သေးတာပဲ”
“ဒါပေမဲ့ သူက အဲဒါကို ဂရုမစိုက်သလို ငါ့ကိုလည်း စိတ်မဆိုးခဲ့ဘူး… သူက ငါတို့နဂါးမျိုးနွယ်ကို ကူညီပေးလိုပြီး ဧကရာဇ်အထီးကျန်သိုင်းသခင်ကိုတောင်မှ တိတ်တဆိတ်သတင်းပေးခဲ့သေးတယ်”
မလှမ်းမကမ်းမှာ လုံရန်သည် လုံလီ၏ နွေးထွေးသောအကြည့်အောက်မှာ ကြက်သီးမွေးညင်းထနေ၏။
သိုင်းတာအိုပင်မခန္ဓာ ဆင်းသက်ရောက်လာသောအခါ သူသည်လည်းပဲ တုန်လှုပ်သွား၏။ သူ၏ မူလရည်ရွယ်ချက်သည် တစ်ဘက်သူကို ခြောက်လှန့်ကာ တတ်နိုင်သမျှအချိန်ဆွဲထားဖို့ဖြစ်လေသည်။ ယခု အထီးကျန်သိုင်းသခင်က အမှန်တကယ်ပေါ်ထွက်လာပြီး သားရဲဧကရီသွေးလိပ်ပြာနှင့်ပင် လက်ချင်းတွဲလာခဲ့လေသည်။
ဤပေါ်ထွက်လာမှု… ဤအစုအဖွဲ့က..။
စောစောက သူ့ကိုလှောင်ပြောင်သရော်ခဲ့သော နဂါးဘုရင်များပင်လျှင် အိုးတိုးအမ်းတမ်းဖြစ်နေပြီး သူ့ကို မတူကွဲပြားစွာဖြင့် ကြည့်နေကြ၏။
‘သိုင်းတာအိုပင်မခန္ဓာကို ဇီမိုက တိတ်တဆိတ်သတင်းပေးခဲ့တာဖြစ်ရမယ်… အဲဒါကြောင့် သူက ဒီလိုမျိုးအချိန်မှာ ရောက်ရှိလာနိုင်တာပဲ။’
ထိုသို့အတွေးဖြင့် လုံရန်က သူ့ဘေးမှာရှိသော ဆူဇီမိုကို ကြည့်လိုက်၏။
ဆူဇီမို၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုရှိနေပြီး ညင်သာစွာခေါင်းညိတ်ကာ မျက်စိမှိတ်ပြလိုက်၏။
လုံရန်က ဆူဇီမို၏ အမူအရာကို တွေ့မြင်သည့်ခဏမှာပင် သူ၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွား၏။
အစကတော့ သိုင်းတာအိုပင်မခန္ဓာ ဆင်းသက်ရောက်ရှိလာခြင်းနှင့်အတူ အစစ်အမှန်ခန္ဓာနှစ်ခု၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားဖို့က ခက်ခဲသွားပေတော့မည်။
သို့သော်လည်း လုံရန်က ရှေ့ကိုထွက်ကာ ပြောဆိုခဲ့သောကြောင့် သိုင်းတာအိုပင်မခန္ဓာ၏ ဆင်းသက်ရောက်ရှိလာမှုက အကျိုးသင့်အကြောင်းသင့်ဖြစ်သွားပြီး ပို၍ပင် ခိုင်လုံသည့်အကြောင်းပြချက်ကို ရရှိသွားလေသည်။
ဤအခိုက်အတန့်မှာလည်း အစစ်အမှန်ခန္ဓာနှစ်ခုကြား ဆက်ဆံရေးကို ပေါက်ကြားစရာမလိုတော့ပေ။
လုံရန်က တိတ်တဆိတ်ကျေနပ်သဘောကျသွား၏။
ဤတစ်ခေါက်မှာ ဆူဇီမိုက သူ့ကိုယ်သူကောင်းကောင်းဖုံးကွယ်ထားသောကြောင့် သူက အကျိုးအမြတ်ကြီးမားစွာ ရရှိသွားလေသည်။
သူသည် နဂါးကမ္ဘာသို့ တက်လှမ်းလာပြီးကတည်းက သူက အနည်းငယ်အနှိမ်ခံနေခဲ့ရ၏။ သူသည် နောက်ပိုင်းမှာ လုံလီ၏ အကူအညီကို ရရှိခဲ့သော်လည်း သူသည် နဂါးမျိုးနွယ်မှာ တစ်ချိန်လုံး မြင့်မြင့်မားမားသတ်မှတ်ခံထားရခြင်း မရှိခဲ့ပေ။
ဤအခိုက်အတန့်မှာတော့။
အထီးကျန်သိုင်းသခင်နှင့် တျဲယွဲ့အပြင် သူသည် လူတိုင်း၏ စိတ်အာရုံဗဟိုချက်ဖြစ်လာခဲ့လေသည်။
“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်… သွေးလိပ်ပြာ ခင်ဗျားတို့တွေ ဘာလို့ရုတ်တရက် အလည်အပတ်ရောက်ရှိလာတာလဲ မသိဘူး”
နဂါးလောကအရှင်က သူ့ကိုယ်သူဣန္ဒြေဆယ်ပြီး တည်တံ့စွာဖြင့်မေးလိုက်၏။
“လခွမ်းတဲ့မှ… ခင်ဗျားနားမကြားဘူးလား”
သိုင်းတာအိုပင်မခန္ဓာက မပြောရသေးခင် လုံရန်က ရှေ့သို့ထွက်ပြီး အော်ပြောလိုက်၏။
“စောစောကတင် ကျုပ်ဘာပြောထားလဲ ခင်ဗျားမကြားဘူးလား… ခင်ဗျားတို့တွေက အတင့်ရဲပြီး ကျုပ်တို့ကိုသတ်ဖို့လုပ်ရင် အထီးကျန်သိုင်းသခင်ရောက်လာပါမယ်လို့”
“ကျုပ်ဟာသလုပ်နေတယ်လို့ ခင်ဗျားတို့တွေထင်နေတာလား”
နဂါးလောကအရှင်သည် အမှားအမှန်ကိုမခွဲခြားနိုင်ဘဲ အမှန်တရားကို ပြောင်းပြန်လှန်ခဲ့၏။ သူသည် စောစောက သူတို့ကိုပင် သတ်ဖြတ်လိုခဲ့၏။ လုံရန်သည် ယခု သိုင်းတာအိုပင်မခန္ဓာ၏ နောက်ခံကို ရရှိလာပြီး ယုံကြည်မှုဖြင့် ပြည့်နှက်နေ၏။
ယခုအချိန်မှာ သူက လုံးလုံးလျားလျားရန်လိုနေပြီး ကြိမ်းမောင်းပြောဆိုနေလေသည်။
ထိုမြင်ကွင်းက နဂါးများစွာကို မှင်တက်သွားစေ၏။
ပကတိနဂါးတစ်ကောင်သည် နဂါးလောကအရှင်ကို အမှန်တကယ်ပင်လက်ညှိုးထိုးပြီး အော်ငေါက်နေ၏။
နဂါးလောကအရှင်ကတော့ သူ၏ အမူအရာက ပျက်ယွင်းသွားပြီး လက်သီးနှစ်ဖက်ကို ဆုပ်ထားသော်လည်း သူက သိသိသာသာ စိုးရိမ်ပူပန်နေပြီး ရှေ့သို့ မတိုးရဲပေ။
သိုင်းတာအိုပင်မခန္ဓာက နဂါးလောကအရှင်ကို လျစ်လျူရှုပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကာ မှင်သေသေဖြင့်ပြောလိုက်၏။
“ငါတို့တွေက မိတ်ဆွေဟောင်းတွေဖြစ်ရုံတင်မကဘူး… သူကငါ့ရဲ့ကယ်တင်ရှင်ဆိုလည်းဟုတ်တယ်… မင်းတို့တွေ စောစောက သူ့ကို လှောင်ပြောင်နေခဲ့ကြတာလား”
နဂါးများက ရင်တစ်ချက်ထိတ်သွားပြီး မည်သူကမှ သူနှင့် အကြည့်ချင်းမဆုံရဲကြပေ။
သူတို့အားလုံးက သူတို့၏ ခေါင်းများကို တိတ်တဆိတ်ဖြင့်ငုံ့ထားကြ၏။
သိုင်းတာအိုပင်မခန္ဓာ၏ လေသံက တည်ငြိမ်နေသော်လည်း နဂါးများက အရိုးထိအောင်ခိုက်သော အေးစက်မှုတစ်ခုကို ခံစားနေရ၏။
သိုင်းတာအိုပင်မခန္ဓာက ထိုစကားကို ကိုယ်တိုင်ကိုယ်ကျပြောဆိုလိုက်သည့်အချိန်မှသာ နဂါးများက တိကျသေချာစွာသိရှိသွားလေသည်။
ကိုင်တွဲရခက်ခဲသော ဤပြဿနာကို အမှန်တကယ်ပင် လုံရန်က ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။
စောစောက ကျယ်လောင်စွာရယ်မောခဲ့ကြသော နဂါးတချို့သည် ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြပြီဖြစ်၏။
“အထီးကျန်လေး..”
လုံရန်က လက်ကာပြလိုက်၏။
“ကယ်တင်ရှင်တွေဘာတွေပြောမနေပါနဲ့တော့… အဲဒါတွေက အတိတ်မှာကျန်ခဲ့ပြီပဲ… အဲဒါကိုထပ်ပြီး ပြောစရာမလိုတော့ဘူး.. ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် တန်းတူရည်တူဆက်ဆံပြောဆိုရုံပဲ”
လုံရန်ကို လုံလီကြည့်ရှုပုံက တဖြည်းဖြည်းပြောင်းလဲသွား၏။
ထိုအခိုက်အတန့်မှာ လုံရန်ကို မီးမောင်းတစ်ခုက ကွက်ကွက်ကွင်းကွင်းထိုးပြထားသည့်အလားပင်။
“အစ်ကိုလုံရန်က အရမ်းကိုနှိမ့်ချတတ်တာပဲ… သူက ဧကရာဇ်အထီးကျန်သိုင်းသခင်လို ဆရာကြီးတစ်ပါးနဲ့ သိကျွမ်းထားတာတောင်မှ နဂါးမျိုးနွယ်မှာ အဲဒီအကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး… သူအရင်တုန်းက တစ်ခုခုဖြစ်ခဲ့ရင်တောင် သူက သူ့ဘက်ကရပ်တည်ပေးဖို့ ဧကရာဇ်အထီးကျန်သိုင်းသခင်ကို မေးမြန်းဖို့ မစဉ်းစားခဲ့ဘူး”
“ငါသူ့ကိုလှောင်ပြောင်သရော်ခဲ့တယ်… ဒါပေမဲ့ သူက ငါနဲ့ငြင်းခုံဖို့ကိုတောင်မှ အရေးလုပ်မနေခဲ့ဘူး”
ထိုစဉ်မှာပင် နဂါးဘုရင်မဦးချိုမဲ့က သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ရုတ်တရက်ပို့လွှတ်လိုက်၏။
“သမီး… နင်က အရင်တုန်းက လုံရန်နဲ့ အတော်လေးရင်းနှီးမှုရှိတယ်မလား”
“အင်း ဘာလို့လဲ”
လုံလီက ခေါင်းညိတ်ပြလိုက်၏။
“အဲဒါကောင်းတယ်”
နဂါးဘုရင်မဦးချိုမဲ့က ပြောလိုက်၏။
“ဒီလုံရန်ရဲ့ အလားအလားနဲ့ သွင်ပြင်လက္ခဏာက မဆိုးဘူး… သူက နှိမ့်ချတတ်တယ်… ပြီးတော့ သူရဲကောင်းဆန်တယ်… နင်နောက်ပိုင်း သူနဲ့ ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်လာအောင် လုပ်သင့်တယ်”
အစကတော့ နဂါးဘုရင်မဦးချိုမဲ့သည် လုံရန်အပေါ် ထင်မြင်ချက်များစွာမရှိခဲ့ပေ။
ယခု သူမသည် သူ့ကိုကြည့်လေလေ သူမ၏ မျက်လုံးထဲမှာ ပို၍သဘောကျစရာကောင်းလာလေပင်။
“အစ်ကိုလုံရန်က တကယ်ပဲလေးစားမှုနဲ့ ထိုက်တန်ပါတယ်”
လုံလီက ပြောလိုက်၏။
“အရင်တုန်းက အစ်ကိုလုံရန်ကို ဂရုစိုက်ပေးဖို့ အစ်ကိုဆူက ကျွန်မကို မှာခဲ့တယ်… ဒီနေ့ အစ်ကိုလုံရန်အတွက် ဧကရာဇ်အထီးကျန်သိုင်းသခင်က မိုင်ပေါင်းသိန်းချီကို ဖြတ်ကျော်လာခဲ့တယ်… အဲဒီအချက်တွေက အစ်ကိုလုံရန်ရဲ့ သွင်ပြင်လက္ခဏာနဲ့ပတ်သက်ပြီး အများကြီးပြောပြနေတယ်”
“အောက်ဘုံလောကမှာတုန်းက အစ်ကိုလုံရန်က အရမ်းကို သူရဲကောင်းဆန်တဲ့ဆရာကြီးတစ်ပါး ဖြစ်ခဲ့ရမယ်… မဟုတ်ရင် သူကအစ်ကိုဆူလို… ဧကရာဇ်အထီးကျန်သိုင်းသခင်လို အထင်ကရပုဂ္ဂိုလ်တွေနဲ့ ဘယ်လိုလုပ် သိကျွမ်းထားပါ့မလဲ။”