မင်းကို ဘယ်သူက ထွက်ခွာခွင့်ပေးလို့လဲ
Vol. 206 Ch. 3083
နေကာသစ်ပင်လောကအရှင်သည် ဒေါသချောင်းချောင်းထွက်နေသော အမူအရာနှင့်အတူ သူ၏ အောက်ဘက်မှာ ငြင်းခုံနေသော ဧကရာဇ်ပညာရှင်များကို ကြည့်နေ၏။ သူက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အော်ငေါက်လိုက်၏။
“ကဲ တော်ကြတော့”
ဤလူသည် စကားလုံးတချို့ကို ပြောလိုက်ရုံသာ ဖြစ်သော်လည်း သူတို့တစ်ဖွဲ့လုံးက ဤကဲ့သို့ ဗြောင်းဆန်နေခဲ့လေပြီ။
ဒါ့အပြင် အဲ့ဒါက သူ၏ ရှေ့မှောက်မှာ ဖြစ်ပျက်နေ၏။
နေကာသစ်ပင်လောကအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“နဂါးတွေနဲ့ ဖီးနစ်တွေကြား စစ်ပွဲက ငါတို့နေကာသစ်ပင်ကမ္ဘာနဲ့တင် ပတ်သက်ဆက်စပ်နေတာ မဟုတ်ဘူး… ဒီတစ်ခေါက် ကမ္ဘာပေါင်းရာချီက ဒီကိုရောက်လာခဲ့တယ်… ဒီခန်းမထဲမှာ ဧကရာဇ်ပညာရှင် ၁၀၀ကျော် ရှိနေတယ်”
“ငါတို့တွေက ရပ်တန့်ချင်တာနဲ့ပဲ ဒီစစ်ပွဲကို ရပ်တန့်လို့မရဘူး… ငါတို့က တခြားတာအိုရောင်းရင်းတွေအားလုံးရဲ့ ထင်မြင်ယူဆချက်ကိုလည်း ထည့်တွက်ရမယ်”
ထိုသို့ပြောရင်း နေကာသစ်ပင်လောကအရှင်က သွေးလောကအရှင်ကို ကြည့်လိုက်၏။
နေကာသစ်ပင်လောကအရှင်အပြင် သွေးကမ္ဘာသည်လည်း ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်လေသည်။ ဒါ့အပြင် သူတို့သည် စစ်ကိုလိုလားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့၏ ထင်မြင်ယူဆချက်က အလွန်တရာ အရေးပါလေသည်။
လူတိုင်း၏ အကြည့်အောက်မှာ သွေးလောကအရှင်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်အထင်တော့ ဒီစစ်ပွဲကို ရပ်လိုက်လို့ အကျိုးမယုတ်နိုင်ဘူး”
“ဟမ်…”
သွေးလောကအရှင်၏ တုံ့ပြန်မှုက ဧကရာဇ်ပညာရှင်များစွာ၏ အထင်အမြင်ကို ကျော်လွန်နေ၏။ နေကာသစ်ပင်လောကအရှင်ကလည်း သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
“စစ်ပြေငြိမ်းဖို့အတွက် အကြောင်းရင်းတွေကို နေကာသစ်ပင်ကမ္ဘာက ဧကရာဇ်တွေက အတော်များများ ပြောခဲ့ပြီးပြီပဲ”
သွေးလောကအရှင်က သိုင်းတာအိုပင်မခန္ဓာကို နောက်တစ်ဖန်ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“နောက်ပြီး ဧကရာဇ်အထီးကျန်သခင်နဲ့ သားရဲဧကရီသွေးလိပ်ပြာက ဒီကို အတူတကွ ရောက်ရှိလာပြီဆိုမှတော့ သွေးကမ္ဘာက ခင်ဗျားတို့နှစ်ယောက်ကို ထောက်ထားပြီး ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုတယ်”
ထိပ်တန်းကမ္ဘာကြီးတစ်ခုအနေဖြင့် သွေးကမ္ဘာသည် စစ်ပြေငြိမ်းဖို့ကို သဘောတူလက်ခံလိုက်၏။ ဤအပြုအမူသည် နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲအပေါ် ငြင်းပယ်၍မရနိုင်သည့် သက်ရောက်မှုတစ်ခု ရှိလာ၏။
“ကျုပ်လည်း သဘောတူတယ်”
အဆိပ်လောကအရှင်က တည်တံ့သောပုံစံဖြင့် ပြောဆိုပြီးနောက် သူ့ပါးစပ်ကို ပြန်ပိတ်လိုက်၏။
“ကျုပ်လည်း စစ်ပြေငြိမ်းဖို့ သဘောတူတယ်”
အုတ်ဂူလောကအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အရင်တုန်းက မီးပဒေသာနဂါးပိုင်နက်နယ်မြေမှာ ကျုပ်တို့အုတ်ဂူကမ္ဘာက ကောင်းကင်လိုဏ်ဂူဘုရင်တွေက ကြီးမားတဲ့ သေကြေပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်… ကျုပ်တို့တွေက ပြန်ပြီးတော့ အနားယူအားဖြည့်ဖို့ လိုအပ်နေတယ်”
အရိုးဖြူကမ္ဘာ၊ မဟူရာကျီးကန်းကမ္ဘာ၊ ကောင်းကင်ဘုံကင်းမြီးကောက်ကမ္ဘာ၊ အသက်မဲ့ကမ္ဘာနှင့် အခြားသောကမ္ဘာများမှ လောကအရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး စစ်ပြေငြိမ်းဖို့ကို သဘောတူထောက်ခံလိုက်ကြ၏။
အစက စစ်ပွဲကို ဆက်လက်ဆင်နွှဲဖို့ လိုလားနေသော ဧကရာဇ်ပညာရှင်များက ထိုစကားကို ကြားသောအခါ နှုတ်ဆိတ်သွားကြ၏။
နဂါးများနဲ့ ဖီးနစ်များ၏ စစ်ပွဲမှာ အဓိက အင်အားစုများအနေဖြင့် ပါဝင်ပတ်သက်နေသူများပင် နောက်သို့ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ကြပြီဖြစ်၏။ သူတို့က ကန့်ကွက်ပြောဆိုမည်ဆိုလျှင်တောင် ထူးခြားလာတော့မည် မဟုတ်ပေ။
လူတချို့ကသာ သူတို့၏ သတ္တိကို စုစည်းပြီး ကန့်ကွက်ဖို့အတွက် ရှေ့သို့ထွက်ရပ်လိုက်ကြ၏။
နေကာသစ်ပင်လောကအရှင်၏ အမူအရာက ပျက်ယွင်းနေ၏။
ဧကရာဇ်အထီးကျန်သခင်သည် စစ်ပြေငြိမ်းဖို့အကြောင်း ပြောဆိုလာပြီးနောက် အခြေအနေက ဤကဲ့သို့ဖြစ်သွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ဧကရာဇ်အထီးကျန်သခင်က တကယ်ပင် စွမ်းအားကြီးမားလေသည်။ သို့သော်လည်း သူ၏ တာအိုဘွဲ့သက်သက်က လက်ရှိဧကရာဇ်ပညာရှင်များအားလုံးကို သတ္တိကြောင်သွားစေလောက်အောင် စွမ်းအားကြီးမားနေတာလား။
နေကာသစ်ပင်လောကအရှင်က အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေ၏။
နဂါးများနှင့် ဖီးနစ်များကြား ပဋိပက္ခစတင်ဖြစ်ပွားလာစဉ်က သူသည် နှစ်ဦးနှစ်ဖက်စလုံးကို တတ်နိုင်သမျှ ဆွေးနွေးပြောဆိုဖို့နှင့် ပဋိပက္ခကို အခြားသောပုံစံဖြင့် ဖြေရှင်းကာ အရှိန်အဟုန် မြင့်တက်မလာစေဖို့ တိုက်တွန်းနှိုးဆော်ခဲ့လေသည်။
သို့သော်လည်း စစ်ပွဲကို လိုလားသော အဖွဲ့အစည်းများစွာက သူတို့ကမ္ဘာဘက်မှာ ပေါ်ထွက်လာပြီး သူတို့၏ အသံများက ပို၍ပင် ကျယ်လောင်လာခဲ့၏။ ထိုသို့ဖြင့် သူက ညှိနှိုင်းဆွေးနွေးလို့ မရနိုင်ခဲ့ပေ။
နောက်ဆုံးမှာတော့ နဂါးများနှင့် ဖီးနစ်များ၏ ဤစစ်ပွဲသည် ကမ္ဘာပေါင်းရာချီကို မလွဲမသွေ ပါဝင်ပတ်သက်လာစေခဲ့၏။
တိုက်ပွဲ၏ ဤအခြေအနေအရောက်မှာ နေကာသစ်ပင်ကမ္ဘာမှ မျိုးနွယ်ဝင်များစွာကလည်း သေဆုံးခဲ့ရ၏။ ကျဆုံးသွားသော မျိုးနွယ်ဝင်များကို လက်စားချေဖို့အတွက် သူသည် စစ်ပွဲကို မရပ်တန့်လိုတော့ပေ။
သို့သော်လည်း သူ၏ ဘေးပတ်လည်မှ ဤမျိုးနွယ်ဝင်များသည် နောက်ဆုံးအခိုက်အတန့်မှာ စစ်ပွဲကို ရပ်တန့်ချင်လာခဲ့ကြပြီဖြစ်၏။
နေကာသစ်ပင်လောကအရှင်သည် ဤကမ္ဘာများက တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာပြီး နေကာသစ်ပင်ကမ္ဘာသာ ကျန်ရစ်ခဲ့မည်ဆိုလျှင် သူတို့သည် နဂါးကျွန်းကို လှဲချနိုင်ချင်မှ လှဲချနိုင်တော့မည်ကို နေကာသစ်ပင်လောကအရှင်က သိရှိထား၏။
ချောင်ပိတ်ရိုက်ခံရသော တောကောင်တစ်ကောင်က ချက်ချင်းသေဆုံးသွားလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ဧကရာဇ်အထီးကျန်သခင်နှင့် သားရဲဧကရီသွေးလိပ်ပြာသည် နဂါးမျိုးနွယ်ဘက်ကနေ ရပ်တည်ပေးလိုသည်မှာ သိသာနေ၏။
“ဟားဟားဟား…”
နေကာသစ်ပင်လောကအရှင်က ရယ်မောလိုက်ပြီး သူ၏ အသံက ပို၍ပို၍ ကျယ်လောင်လာ၏။ သူ၏ ရယ်သံမှာ အမျက်ဒေါသနှင့် မချင့်မရဲခံစားချက်များ ပြည့်နှက်နေပြီး ခန်းမထဲမှာ ပဲ့တင်ထပ်သွား၏။
“ရတယ်လေ… ငါတို့ စစ်ပွဲကို ရပ်တန့်ပေးနိုင်တယ်… ဒါပေမဲ့ လူတိုင်းအတွက် ငါ့မှာ မေးစရာမေးခွန်းတစ်ခုပဲ ရှိတယ်”
နေကာသစ်ပင်လောကအရှင်က လှည့်ပတ်ကြည့်ရှုပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“နှစ်ပေါင်းထောင်ချီအတွင်း ကမ္ဘာပေါင်းရာချီရဲ့ မရေမတွက်နိုင်တဲ့ မျိုးနွယ်ဝင်တွေရယ်၊ သူရဲကောင်းဆန်တဲ့ စိတ်ဝိညာဉ်တွေရယ်က နဂါးတွေနဲ့ ဖီးနစ်တွေကြား တိုက်ပွဲမှာ သေဆုံးခဲ့ရတယ်… အဲ့ဒီသွေးကြွေးအတွက် ဘယ်သူက ပြန်ပြီးပေးဆပ်မှာလဲ”
ခန်းမထဲမှာ သူတို့သည် နေကာသစ်ပင်လောကအရှင်၏ မေးခွန်းမှာ အကျပ်ရိုက်သွားသည့်အလား ဧကရာဇ်ပညာရှင်တစ်ရာကျော်ကျော်က နှုတ်ဆိတ်သွားကြ၏။
နေကာသစ်ပင်လောကအရှင်က သိုင်းတာအိုပင်မခန္ဓာကို တစ်ဖန်လှည့်ကြည့်ပြီး သူ၏ ကြောက်ရွံ့မှုကို လုံးလုံးလျားလျား လွှတ်ချကာ အော်ပြောလိုက်၏။
“မင်းက စစ်ပြေငြိမ်းချင်တယ်ဆိုရင်လည်း ရတယ်လေ… ဒါပေမဲ့ မင်းက အဲ့ဒါအတွက် တာဝန်ယူ တာဝန်ခံပေးနိုင်မှာလား”
နေကာသစ်ပင်လောကအရှင်က သိုင်းတာအိုပင်မခန္ဓာကို ဤကဲ့သို့သောလေသံဖြင့် ပြောဆိုလိုက်သည့်အခါ လူများစွာက ချွေးပြန်လာကြ၏။
လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ သိုင်းတာအိုပင်မခန္ဓာက ဒေါသမထွက်သွားပေ။ ထိုအစား သူက ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ဒီသွေးကြွေးအတွက် ပြန်ပေးဆပ်ရမယ့်သူတချို့ တကယ်ပဲ ရှိတယ်”
“ဘယ်သူလဲ”
နေကာသစ်ပင်လောကအရှင်က အေးစက်စွာ မေးလိုက်၏။
“စုန်းလောကအရှင်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“စုန်းလောကအရှင်လား”
နေကာသစ်ပင်လောကအရှင်က မျက်မှောင်ကြုတ်လိုက်၏။
ဤပြဿနာသည် စုန်းလောကအရှင်နှင့် ဘယ်လိုပတ်သက်နေတာလဲ။
စုန်းကမ္ဘာသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ လုံးဝ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။
ခန်းမထဲမှာ ဧကရာဇ်ပညာရှင်တချို့၏ အမူအရာက တည်ငြိမ်နေကြ၏။
နေကာသစ်ပင်လောကအရှင်ကဲ့သို့ လူတချို့ကတော့ တွေဝေရှုပ်ထွေးနေကြ၏။
“ဒီနှစ်တွေထဲမှာ နဂါးကမ္ဘာက နေရာတိုင်းမှာ လိုက်လံတိုက်ခိုက်ပြီး တခြားမျိုးနွယ်စုတွေကို ထင်တိုင်းကြဲသတ်ဖြတ်ခဲ့တယ်ဆိုတာ နဂါးလောကအရှင်က ပင်ကိုယ်ဗီဇဝေဒနာကျိန်စာမိထားပြီး သူ့ရဲ့ဆင်ခြင်တုံတရားကို ဆုံးရှုံးနေခဲ့လို့ပဲ… သူ့ကို တစ်ယောက်ယောက်က ကိုင်တွယ်ထိန်းချုပ်နေခဲ့တာ…….”
သိုင်းတာအိုပင်မခန္ဓာက နဂါးကျွန်းတွင် ဖြစ်ပျက်ခဲ့သည့်အရာကို အတိုချုံး ပြန်ပြောပြလိုက်၏။
ထိုစကားကို ကြားသောအခါ ဧကရာဇ်များစွာက မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားနေရ၏။
ခန်းမထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့လေသည်။
တကယ်တော့ သံသယဝင်နေသော ဧကရာဇ်များစွာလည်း ရှိနေ၏။
“အဲ့ဒါက မင်းဘက်ကပြောတဲ့ ဇာတ်လမ်းသက်သက်ပဲ”
နေကာသစ်ပင်လောကအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မင်းက နဂါးမျိုးနွယ်စုကို သူတို့ရဲ့အပြစ်တွေကနေ ရှောင်လွှဲနိုင်ဖို့အတွက် တမင်သက်သက် ဇာတ်လမ်းဆင်နေတာလားဆိုတာကို ဘယ်သူက သိမှာလဲ”
“မင်းပြောတာက အမှန်ဆိုရင်တောင် နဂါးမျိုးနွယ်က ပေါ့ပေါ့ဆဆနဲ့ သူတို့ရဲ့ရန်သူကို လျှော့တွက်မိလို့ တခြားသူတွေရဲ့ ကိုင်တွယ်ထိန်းချုပ်တာကို ခံခဲ့ရတာပဲ… နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ စစ်ပွဲမှာ သူတို့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ရှောင်လွှဲလို့ မရနိုင်သေးဘူး”
“နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ စစ်ပွဲကို နဂါးမျိုးနွယ်ကပဲ စတင်ခဲ့တာလို့ မင်းထင်လို့လား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“အဲ့ဒီစကားက ဘာအဓိပ္ပာယ်လဲ”
နေကာသစ်ပင်လောကအရှင်က မျက်မှောင်ကြုတ်လိုက်၏။ သိုင်းတာအိုပင်မခန္ဓာက တစ်ခုခုကို သွယ်ဝိုက်ပြောဆိုချင်နေပုံရသည်ကို သူက ခပ်ရေးရေး နားလည်သဘောပေါက်နေ၏။
“ကျုပ်က တာအိုရောင်းရင်း အထီးကျန်သခင်ပြောတာကို ယုံတယ်”
ရုတ်တရက် သွေးလောကအရှင်က ပြောလိုက်၏။
“သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ ဩဇာတိက္ကမအရဆို သူ့အနေနဲ့ ပေါက်တတ်ကရ လျှောက်ပြောနေစရာမလိုဘူး”
ထို့နောက် ချက်ချင်းပင် ဧကရာဇ်ပညာရှင်များစွာက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာကို ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြ၏။
နေကာသစ်ပင်လောကဘက်မှာပင် ဧကရာဇ်ပညာရှင်တချို့က သိုင်းတာအိုပင်မခန္ဓာကို ယုံကြည်ကြောင်း ဖော်ပြလာကြ၏။
“တာအိုရောင်းရင်းအထီးကျန်သခင် ပြောပုံအရဆိုရင် ဒီတိုက်ပွဲကို ဆက်ပြီးဆင်နွှဲဖို့က ပိုလို့တောင် မဖြစ်သင့်တော့ဘူး”
သွေးလောကအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သွေးကမ္ဘာက ဒီကနေ အရင်စပြီး နှုတ်ထွက်မယ်… ကျုပ်က ကျုပ်ရဲ့မျိုးနွယ်ဝင်တွေနဲ့ အခုပဲ နှုတ်ထွက်ပြီး သွေးကမ္ဘာကို ပြန်တော့မယ်”
ထိုသို့ပြောရင်း သွေးလောကအရှင်က မတ်တတ်ထရပ်ပြီး ဘေးပတ်လည်ကို လက်နှစ်ဖက်ယှက်ပြလိုက်၏။ သူက သိုင်းတာအိုပင်မခန္ဓာကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“အားလုံးပဲ နှုတ်ဆက်ပါတယ်”
“ကျုပ်တို့ အဆိပ်ကမ္ဘာကလည်း နှုတ်ထွက်မယ်”
အဆိပ်လောကအရှင်က ထပ်ကြပ်မကွာ လိုက်ပါပြုမူလာခဲ့၏။
ခန်းမထဲမှာ ဧကရာဇ်ပညာရှင်များ၏ တစ်စိတ်တစ်ပိုင်းသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး ထွက်ခွာဖို့ ပြင်လိုက်ကြ၏။
ထိုသည်ကို တွေ့မြင်သောအခါ နေကာသစ်ပင်လောကအရှင်သည် အလွန်တရာ အဓိပ္ပာယ်မရှိဟု ခံစားနေရ၏။
ဧကရာဇ်ပညာရှင် ၁၀၀ ကျော်က ဤနေရာမှာ စုဝေးရောက်ရှိနေပြီး ကမ္ဘာပေါင်းရာချီ၏ စစ်တပ်များက ယခုအချိန်မှာ ဧကရာဇ်အထီးကျန်သခင်ထံမှ စကားလုံးတချို့မျှနှင့် စည်းလုံးမှုပြိုကွဲသည့်အခြေအနေအထိ ရောက်ရှိသွားပြီလား။
နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့သော နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲက ဤကဲ့သို့ပင် အဆုံးသတ်သွားတော့မှာလား။
နေကာသစ်ပင်လောကအရှင်သည် ဖြည်းဖြည်းချင်း ပြန်ထိုင်ပြီး သူ၏ ထိုင်ခုံကို မှီလိုက်၏။ သူက နှုတ်ဆက်ဖို့ မတ်တတ်ထရပ်လာသော ဧကရာဇ်ပညာရှင်များကို ကြည့်ပြီး ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်မှုကို ခံစားနေရ၏။
“မင်းတို့ကို ဘယ်သူထွက်ခွာခွင့်ပေးလို့လဲ”
ထိုစဉ်မှာပင် ခန်းမထဲမှာ အသံတစ်သံက မှင်သေသေဖြင့် ထွက်ပေါ်လာ၏။
ဆူညံပွက်လောရိုက်နေသော အသံများက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
ဧကရာဇ်ပညာရှင်များစွာသည် အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြ၏။ သူတို့သည် ထိုနေရာမှာ ထိုင်နေသော သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်လိုက်ကြ၏။
“ဟမ်…”
နေကာသစ်ပင်လောကအရှင်က ရုတ်တရက် ခါးမတ်ပြီး ရင်တစ်ချက်ထိတ်သွား၏။
ဧကရာဇ်အထီးကျန်သခင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…
သူက သူလိုရာကို ရရှိသွားခဲ့ပြီဖြစ်၏။ သူ့အနေဖြင့် ကိစ္စများကို ထပ်မံ၍ ရှုပ်ထွေးအောင်လုပ်ဖို့ အမှန်တကယ်လိုအပ်ရဲ့လား။