စကြဝဠာကို ဖြတ်ကျော်လာသော ရေများ
Vol. 206 Ch. 3084
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… ဘာပြဿနာရှိလို့လဲ”
သွေးလောကအရှင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ငါ လူတိုင်းကို လက်ဖက်ရည်တစ်ခွက် တိုက်ချင်လို့ပဲ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး တစ်ခဏချင်းမှာပင် အငွေ့တထောင်းထောင်းထနေသော မွှေးပျံ့သည့် လက်ဖက်ရည်ခွက်တစ်ရာကျော်က လေထဲမှာ ပေါ်ထွက်လာ၏။
သူက မှင်သေသေဖြင့် ပြောလိုက်၏။
“ဒီလက်ဖက်ရွက်တွေကတော့ သာမန်ပဲ… ဒါပေမဲ့ လက်ဖက်ရည်ကို ကျိုချက်ဖို့ သုံးထားတဲ့ စိမ့်စမ်းရေက အရမ်းကို ရှားပါးတယ်…. အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာတောင် အဲ့ဒါကို ရှာမတွေ့နိုင်ဘူး”
ဧကရာဇ်ပညာရှင်များစွာက မယုံသင်္ကာဖြစ်နေကြ၏။
စိမ့်စမ်းရေက ရှားပါးပြီး အဖိုးတန်တယ်ဆိုတော့ရော ဘာဖြစ်သလဲ။ လက်ရှိလူတိုင်းက ဧကရာဇ်ပညာရှင်များ ဖြစ်ကြလေသည်။ သူတို့အရင်က မမြည်းစမ်းဖူးသော ဘယ်လိုအံ့အားသင့်စရာကောင်းသည့် လက်ဖက်ရည်ရှိမှာလဲ။
“အဲ့လိုလုပ်စရာ မလိုတော့ပါဘူး”
ဧကရာဇ်ပညာရှင်တစ်ဦးက ပြုံး၍ပြောလိုက်၏။
“ကျုပ်ဘဝမှာ ဘယ်တုန်းကမှ လက်ဖက်ရည်ကို မကြိုက်ခဲ့ဘူး… စေတနာအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်”
ထိုသို့ပြောရင်း ထိုဧကရာဇ်ပညာရှင်က ခန်းမထဲကနေ ထွက်ခွာဖို့ပြင်လိုက်၏။
ဒေါက်…
ရုတ်တရက်ဆိုသလို…
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဘေးမှာရှိသော စားပွဲကို လက်ညှိုးဖြင့် ခပ်ဆတ်ဆတ်တောက်လိုက်၏။ ဧကရာဇ်ပညာရှင်က ဆတ်ခနဲတုန်ရင်သွားပြီး သူ၏ ရင်ဘတ်ထဲမှာ မခံမရပ်နိုင်အောင် နာကျင်မှုတစ်ခုကို ခံစားလာရ၏။ သူက သူ့ခြေလှမ်းကို အလိုလို ရပ်တန့်လိုက်ရ၏။
“မင်းတို့တွေ ထွက်သွားချင်တယ်ဆိုရင် ရတယ်… ဒါပေမဲ့ လက်ဖက်ရည်တစ်ခွက်တော့ အရင်သောက်သွားရမယ်”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“ဧကရာဇ်အထီးကျန်သိုင်းသခင်… ဒါက ဘာအဓိပ္ပာယ်လဲ”
နေကာသစ်ပင်ကမ္ဘာ၏ ဧကရာဇ်ဟွမ်ယွီက အော်မေးလိုက်၏။
နေကာသစ်ပင်ကမ္ဘာမှ အခြားသော ဧကရာဇ်တစ်ဦးကလည်း လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်… မင်းက အရမ်းကို တင်စီးလွန်းရာကျမနေဘူးလား”
နေကာသစ်ပင်လောကအရှင်သည် အထီးကျန်သိုင်းသခင်၏ စီးပိုးခြယ်လှယ်တတ်သော စိတ်နေသဘောထားမှာ အစက ဒေါသထွက်နေခဲ့၏။ သို့သော်လည်း သူက ရှေ့သို့ထွက်ပြောတော့မည့်ဆဲဆဲမှာပင် ဧကရာဇ်ဟွမ်ယွီနှင့် သူ့ဘေးမှာရှိသော ဧကရာဇ်တစ်ဦးက ရှေ့သို့ထွက်သွားလေသည်။
နေကာသစ်ပင်လောကအရှင်က မျက်မှောင်ကြုတ်ကာ မည်သည့်စကားကိုမှ မပြောဆိုတော့ပေ။
ဤမြင်ကွင်းက အနည်းငယ်ထူးဆန်းနေ၏။
ဧကရာဇ်ဟွမ်ယွီနှင့် အခြားသူများသည် အထီးကျန်သိုင်းသခင်၏ စစ်ပြေငြိမ်းအဆိုပြုချက်ကို ချက်ချင်းပင် သဘောတူထောက်ခံခဲ့ကြ၏။
သူတို့သည် အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားကို စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်မည်ဆိုလျှင် သူတို့အားလုံးသည် ယခုချိန်မှာ စိမ်းသက်သော လေသံများနှင့်အတူ သူနှင့် ဘာကြောင့် အတိုက်အခံပြုလုပ်လာရပြန်တာလဲ။
ဧကရာဇ်ဟွမ်ယွီနှင့် အခြားသူများ၏ အပြုအမူနှင့် စိတ်သဘောထားမှာ အပြောင်းအလဲက အရမ်းကိုကြီးမားနေ၏။ အထီးကျန်သိုင်းသခင် ယခုတင်ပြောဆိုခဲ့သည့် ပင်ကိုဗီဇဝေဒနာကျိန်စာအကြောင်းနှင့်အတူ သူက စတင်၍ သံသယဝင်လာခဲ့လေသည်။
နေကာသစ်ပင်ကမ္ဘာမှ မျိုးနွယ်ဝင်များကလည်း ကျိန်စာမိထားတာလား…
နေကာသစ်ပင်လောကအရှင်သည် ထိုအတွေးကို တွေးမိသည့်အချိန်မှာ တုန်လှုပ်သွားလေသည်။
သို့သော်လည်း နှစ်ပေါင်းထောင်ချီအတွင်း နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲ၏ အရှိန်အဟုန် မြင့်တက်ခဲ့သည့် အကြောင်းအရင်းများကို သူက ပြန်လည်စဉ်းစားရင်း မီးထဲသို့ လောင်စာများကို ပစ်ထည့်နေသော မမြင်ရသည့်အင်အားတစ်စု တကယ်ပင် ရှိနေပုံရသည်ကို ခပ်ရေးရေးခန့်မှန်းမိလာ၏။
နေကာသစ်ပင်လောကအရှင်က စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
“အထီးကျန်သိုင်းသခင်…”
ရုတ်တရက် အဆိပ်လောကအရှင်က ထူးဆန်းစွာ ရယ်မောလိုက်၏။
“မင်းရဲ့လက်ဖက်ရည်ကို မသောက်တဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့… မင်းက အထဲမှာ ဘာထည့်ထားသလဲ ဘယ်သူသိမှာလဲ”
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော တျဲယွဲ့က ရုတ်တရက်ဝင်ပြောလိုက်၏။
“အဆိပ်ခတ်တာလိုမျိုး စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်စွမ်းရှိတဲ့သူက နင်တို့ပဲရှိတယ်”
“တမလွန်ကပ်ဘေးအဆိပ်ကို ဖန်တီးခဲ့တဲ့သူက မင်းမလား”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းမှာရှိသော အဆိပ်လောကအရှင်ကိုကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်၏။
အဆိပ်လောကအရှင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်သည်။
“နဂါးလောကအရှင်နဲ့ တခြားနဂါးတွေ မိခဲ့တဲ့ကျိန်စာမှာ တမလွန်ကပ်ဘေးအဆိပ်ကလည်း အရေးပါတဲ့ကဏ္ဍတစ်ခုကနေ ပါဝင်ပတ်သက်နေခဲ့တယ်”
“ပန်းကမ္ဘာမှာ ပျံ့နှံ့ခဲ့တဲ့ တမလွန်ကပ်ဘေးအဆိပ်ကလည်း မင်းလက်ချက်ပဲ ဖြစ်ရမယ်”
“ခန်းမထဲမှာရှိတဲ့ တခြားလူတွေကတော့ သူတို့က လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်တာနဲ့ လွတ်လွတ်လပ်လပ် ထွက်သွားလို့ရတယ်… မင်းကတော့ ဒီနေ့ ထွက်သွားလို့ရမှာ မဟုတ်တော့ဘူး”
အဆိပ်လောကအရှင်၏ အမူအရာက သုန်မှုန်သွားပြီး သူက သိုင်းတာအိုပင်မခန္ဓာကို ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်၏။ သူက သူ၏ သိုလှောင်အိတ်ပေါ် လက်တင်ထားပြီး နှုတ်ဆိတ်နေ၏။
နေကာသစ်ပင်လောကအရှင်က လေးနက်သောအသံဖြင့် မေးလိုက်၏။
“ဧကရာဇ်အထီးကျန်သိုင်းသခင်… အဲ့ဒီလက်ဖက်ရည်က ဘာအဓိပ္ပာယ်လဲ ကျုပ်မေးပါရစေ”
“ဒီလက်ဖက်ရည်က တစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာကို ဖယ်ရှားရှင်းလင်းပေးနိုင်တယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မင်းတို့တွေ ကျိန်စာမိမထားဘူးဆိုရင် ဒီလက်ဖက်ရည်ကို သောက်ပြီးတဲ့နောက် ဘာတုံ့ပြန်မှုမှ ပြမှာမဟုတ်ဘူး”
“ဧကရာဇ်ပညာရှင်တွေအနေနဲ့ ငါတို့က မင်းရဲ့အမိန့်ကို သေချာပေါက် နားထောင်မှာ မဟုတ်ဘူး”
အခြားသော ဧကရာဇ်ပညာရှင်တစ်ဦးက ရှေ့သို့ထွက်ကာ အော်ပြောလိုက်၏။
“မင်းစေခိုင်းတာကြောင့် ငါတို့က အဲ့ဒါကို သောက်ခဲ့ရတယ်ဆိုတဲ့စကား ပျံ့နှံ့သွားမယ်ဆိုရင် ငါတို့ရဲ့ဂုဏ်သိက္ခာကို ဘယ်နားသွားထားရမှာလဲ”
“ငါက မင်းတို့တွေကို လက်ဖက်ရည်နဲ့ ဧည့်ခံနေတာပဲ… မင်းတို့တွေက အဲ့ဒါကိုသောက်ဖို့ ငြင်းဆန်တယ်ဆိုမှတော့.. အင်း အဲဒါဆို... ငါစိတ်ကောင်းမှာ မဟုတ်တော့ဘူး”
သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။
ထိုစကားကို ကြားသောအခါ ဧကရာဇ်ပညာရှင်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်လာစဥ် ခန်းမထဲရှိ ဧကရာဇ်ပညာရှင်များသည် မွန်းကျပ်ဖွယ်ရာကောင်းသော သိပ်သည်းပြင်းထန်သည့်ဖိအားတစ်ရပ်ကို ရုတ်တရက်ခံစားလာရ၏။
လူတိုင်းသည် ခန်းမထဲမှာ မတ်တတ်ရပ်နေကြ၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ မတ်တပ်ထရပ်လာစဥ် လူတိုင်းသည် ထင်ယောင်ထင်မှားခံစားချက်တစ်ခုကို ရရှိလာ၏။
အထီးကျန်သိုင်းသခင်သည် လူတိုင်း၏ အထက်မှာ မတ်တတ်ရပ်ပြီး သူတို့ကို အပေါ်စီးကနေ ငုံ့ကြည့်နေသည့်အလားပင်။
ဧကရာဇ်အထီးကျန်သိုင်းသခင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ…
သူသည် ခန်းမထဲမှာရှိသော ဧကရာဇ်ပညာရှင်တစ်ရာကျော်ကျော်နှင့် တိုက်ခိုက်ချင်နေတာလား…
“အားလုံးပဲ… မင်းတို့တွေ ဘာကိုစောင့်နေကြတာလဲ”
ရုတ်တရက် အဆိပ်လောကအရှင်က အော်ပြောလိုက်၏။
“ဧကရာဇ်ပညာရှင်တွေအနေနဲ့ ငါတို့တွေက ဒီလိုမျိုး အရှက်ခွဲတာကို ဘာလို့ခံရမှာလဲ”
သူ့စကားမဆုံးသေးခင် အဆိပ်လောကအရှင်က အဆိပ်ငွေ့များဖြင့် ပြည့်နှက်နေသော လောကတစ်ခုကို မြှောက်တင်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာ မတုံ့ပြန်နိုင်ခင် သူ၏ လောက ပေါ်ထွက်လာသည့်ခဏမှာပင် ဘေးမှာရှိသော ဧကရာဇ်ပညာရှင်များ၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားပြီး တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာရှောင်တိမ်းလိုက်ကြ၏။ သူတို့က သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် သူတို့၏ လောကများကို မြှောက်တင်လိုက်ကြ၏။ သူတို့သည် ထိုလောကထဲရှိ အဆိပ်ဖြင့် စွန်းထင်းခံရမည်ကို စိုးရိမ်နေကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရ၏။
အဆိပ်လောကအရှင်၏ လောကမှာ အဆိပ်ပေါင်း တစ်သောင်းကျော် ပါဝင်နေ၏။ သူတို့ထဲမှတစ်ခုသည် အခြားသောအဆိပ်ငွေ့များကို သိသိသာသာ ဖိနှိမ်ထားပြီး ၎င်းက တမလွန်ကပ်ဘေးအဆိပ် ဖြစ်လေသည်။
“အဲဒါ တကယ်ပဲ မင်းကိုး”
သိုင်းတာအိုပင်မခန္ဓာက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှုပ်ရှားစေလိုက်၏။
ဝုန်း…
ကမ္ဘာတုန်လောက်ဖွယ်ရာ ပေါက်ကွဲသံနှင့်အတူ အဆုံးမဲ့စွမ်းပကားများဖြင့် ပြည့်နှက်နေသည့် ဧရာမရှေးဟောင်းဂိတ်တံခါး ဆယ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။
ဂိတ်တံခါးတစ်ချပ်ကို မိစ္ဆာချီက လွှမ်းခြုံထား၏။
ဂိတ်တံခါးတစ်ချပ်က မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။
ဂိတ်တံခါးတစ်ချပ်သည် တစ္ဆေသရဲဆန်ဆန် ပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။
ဂိတ်တံခါးတစ်ချပ်က အရိုးထိအောင် ခိုက်သော အေးစက်မှုတစ်ခုကို ထုတ်ဖော်ထား၏။
ဂိတ်တံခါးဆယ်ချပ်သည် ဆင်းသက်ရောက်ရှိလာပြီး ခန်းမ၏ ထွက်ပေါက်များအားလုံးကို ပိတ်ဆိုလိုက်၏။
ငရဲဂိတ်တံခါးဆယ်ချပ်…
တစ်ချိန်တည်းမှာပင် စကြဝဠာတစ်ခုက အုပ်မိုးကျဆင်းလာပြီး ခန်းမနှင့်အတူ ပေါင်းစည်းသွားလေသည်။
သို့သော်လည်း ထိုစကြဝဠာထဲမှာ မည်သည့်မီးတောက်မှ မရှိပေ။
ရုတ်ရုတ်သဲသဲ အခြေအနေက အရမ်းကြီးမားသွားမည်ကို စိုးရိမ်ပြီး သိုင်းတာအိုပင်မခန္ဓာက သူ့သိုင်းစကြဝဠာ၏ တစ်ဝက်ကိုသာ ထုတ်ဖော်လိုက်၏။
ငရဲဂိတ်တံခါးဆယ်ချပ်နှင့်အတူ သူသည် ဤနေရာမှာရှိသော ဧကရာဇ်ပညာရှင် တစ်ရာကျော်ကျော်ကို ပိတ်ဆို့တားဆီးထားနိုင်လေသည်။
“အားလုံးပဲ… ငါ့နောက်ကလိုက်ခဲ့ကြ.. သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ကြမယ်”
သွေးလောကအရှင်က သူ့လက်ကိုမြှောက်ပြီး အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ငါတို့အားလုံးကို သတ်ချင်နေတာ… ဘာကိုကြောက်နေရမှာလဲ… မင်းတို့တွေက သေရဖို့ကို ထိုင်စောင့်နေမှာလား”
အုတ်ဂူလောကအရှင်က ကျယ်လောင်စွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်၏။
ထိုစကားကို ကြားသောအခါ ဧကရာဇ်ပညာရှင်များစွာက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ လောကများကို တစ်ယောက်ပြီးတစ်ယောက် မြှောက်တင်ကာ ဤစကြဝဠာထဲကနေ ထွက်ခွာဖို့ပြင်လိုက်ကြ၏။ ထိုစဥ်မှာပင် ဂိတ်တံခါးဆယ်ချပ်ထဲမှ တစ်ချပ်ကနေ တလိပ်လိပ်တိုးဝင်လာသော မြစ်ရေစီးကြောင်းသံက ထွက်ပေါ်လာ၏။
(ဤနေရာမှာ စကြဝဠာဆိုတာ အထီးကျန်သိုင်းသခင်ရဲ့ ဧကရာဇ်လောကကို ပြောတာပါ။)
လူတိုင်း မတုံ့ပြန်နိုင်ခင် သိပ်သည်းပြင်းထန်ကြီးမားသော ရေစီးကြောင်းတစ်ခုက ဂိတ်တံခါးထဲကနေ အရှိန်အဟုန်ဖြင့် ပန်းထွက်လာပြီး လောကတစ်ခွင် ပြည့်နှက်ကာ သွန်လောင်းကျဆင်းလာခဲ့လေသည်။
တစ်ခဏချင်းမှာပင် ခန်းမတစ်ခုလုံးက ရေစီးကြောင်းဖြင့် နှစ်မြှုပ်ခံလိုက်ရပြီး လေထဲမှာ မြူခိုးများ ပြည့်နှက်လာ၏။
ဧကရာဇ်ပညာရှင်တစ်ရာကျော်ကျော်က သူတို့၏ လောကများကို မြှောက်တင်ပြီး ရေစီးကြောင်း၏ ရိုက်ခတ်မှုကို ခုခံလိုက်ကြ၏။
ဧကရာဇ်ပညာရှင်များစွာသည် ရေစီးကြောင်းကနေ ဖြာထွက်နေသည့် စွမ်းအားကို အာရုံခံမိသွားပြီး ထိတ်လန့်ကြောက်ရွံ့သော အကြည့်များ ထွက်ပေါ်လာကြ၏။
ဤငရဲဂိတ်တံခါးက ကန့်သတ်မဲ့ငရဲဂိတ်တံခါးဖြစ်၏။
အရှိန်အဟုန်ဖြင့် တိုးဝင်လာသော ရေစီးကြောင်းသည် ငရဲကန့်သတ်မဲ့စိမ့်စမ်းကနေ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်လေသည်။ ဤဧကရာဇ်ပညာရှင်များသည် သူတိုက်သည့် လက်ဖက်ရည်ကို မသောက်သုံးလိုဘူးဆိုမှတော့ သူသည် ငရဲကန့်သတ်မဲ့စိမ့်စမ်းကို ခန်းမထဲသို့ တိုက်ရိုက်ခေါ်သွင်းကာ သူတို့ကို နှစ်မြှုပ်ပစ်ရပေမည်။
ငရဲကန့်သတ်မဲ့စိမ့်စမ်းက ကျိန်စာများကို ဖယ်ရှားရှင်းလင်းပေးနိုင်၏။
ကျိန်စာမိထားသော ဧကရာဇ်များသည် သူတို့၏ လောကများကို ထုတ်ဖော်ပြီး လောလောဆယ်မှာ ငရဲကန့်သတ်မဲ့စိမ့်စမ်း၏ တိုက်ခိုက်ခြင်းကနေ ခုခံထားနိုင်သော်လည်း သူတို့က နက်ရှိုင်းသော အကြောက်တရားကို ခံစားနေကြရဆဲဖြစ်၏။
သူတို့၏ လောကများ ကြေမွပျက်စီးသွားသည်နှင့် သူတို့သည် ငရဲကန့်သတ်မဲ့စိမ့်စမ်းရေနှင့် လုံးလုံးလျားလျား တိုက်ရိုက်ထိတွေ့သွားပေလိမ့်မည်။