← Chapters

မျိုသိပ်ထားရသော စိတ်ခံစားချက်များ

Vol. 206 Ch. 3087

မျိုသိပ်ထားရသော စိတ်ခံစားချက်များ

Vol. 206 Ch. 3087

ကျုံးယွဲ့မြို့တော်မှာ။

ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီသွေးလိပ်ပြာ၏ ထွက်ခွာသွားသော ပုံရိပ်များကိုကြည့်ရင်း နေကာသစ်ပင်လောကအရှင်နှင့် အခြားသောဧကရာဇ်ပညာရှင်များက သက်ပြင်းချလိုက်ကြ၏။

“ဧကရာဇ်အထီးကျန်သိုင်းသခင်က စုန်းကမ္ဘာနဲ့အဆိပ်ကမ္ဘာရဲ့ ပြဿနာ… နဂါးတွေနဲ့ဖီးနစ်တွေရဲ့ စစ်ပွဲကို လျှပ်စီးလိုအမြန်နှုန်းနဲ့ ဖြေရှင်းပေးသွားခဲ့တယ်… ဒါပေမဲ့ အခု သူက ဘာချီးကျူးစကားကိုမှမခံယူဘဲ သားရဲဧကရီသွေးလိပ်ပြာနဲ့အတူ ထွက်သွားပြီ… ဘယ်လောက်‌တောင် အထင်ကြီးလေးစားဖို့ကောင်းလဲ”

“ဧကရာဇ်အထီးကျန်သိုင်းသခင်ကြောင့်မဟုတ်ရင် ငါတို့တွေက စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာရဲ့ ညှို့ငင်ဖမ်းစားခံရပြီး အခြားသူတွေရဲ့ ကိုင်တွယ်ထိန်းချုပ်တာကိုခံနေရမှာ… မရေမတွက်နိုင်တဲ့ မျိုးနွယ်ဝင်တွေကလည်း သေကြေပျက်စီးရလိမ့်မယ်”

“သူတို့နှစ်ယောက်က ဒီဘက်မျိုးဆက်မှာ တကယ့်ကို အနှိုင်းမဲ့ပုဂ္ဂိုလ်တွေပဲ … သူတို့တွေက တကယ့်ကို လိုက်ဖက်ပါပေတယ်”

“သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက နောက်ဆုံးခြေလှမ်းကိုလှမ်းပြီး မဟာဧကရာဇ်တစ်ပါးဖြစ်လာမလဲမသိဘူး”

လူတိုင်းဆွေးနွေးပြောဆိုနေစဉ် နေကာသစ်ပင်လောကအရှင်က ရုတ်တရက်ပြောလိုက်၏။

“အားလုံးပဲ… မင်းတို့တွေက ဒီကိစ္စကို ဒီတိုင်းပဲထားပြီး ပြန်သွားကြတော့မှာလား”

“ဟမ်… ခင်ဗျားက ဘာကို ဆိုလိုချင်တာလဲ”

ဧကရာဇ်တစ်ဦးက ပြောလိုက်၏။

“ငါတော့ ဒါကို လက်မခံနိုင်ဘူး”

နေကာသစ်ပင်လောကအရှင်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“အဲဒါက ဒီနှစ်တွေထဲမှာ သေဆုံးခဲ့ရတဲ့ မရေမတွက်နိုင်တဲ့သက်ရှိတွေအတွက် တရားမမျှတမှုပဲ… စုန်းကမ္ဘာနဲ့ သွေးကမ္ဘာက သူတို့ရဲ့သွေးနဲ့ ပြန်ပေးဆပ်ရမယ်”

ဧကရာဇ်ပညာရှင်များစွာက သတ်ဖြတ်လိုစိတ်နှင့်အတူ ခေါင်းညိတ်လိုက်ကြ၏။

သို့သော်လည်း အနည်းငယ်တွေဝေတုံ့ဆိုင်းနေသည့် ဧကရာဇ်များလည်း ရှိနေ၏။

“ဒီနှစ်တွေထဲက တိုက်ပွဲအပြီးမှာ ငါတို့လက်အောက်မှာရှိတဲ့ စစ်သည်တွေက ကြီးမားတဲ့ပျက်စီးထိခိုက်မှုတွေနဲ့ ထိခိုက်ခံစားခဲ့ရတယ်… ငါတို့ ပူးပေါင်းထားမယ်ဆိုရင်တောင် ငါတို့အနေနဲ့ စုန်းကမ္ဘာကို ချိုးဖျက်ဝင်ရောက်ပြီး သူတို့ကို လုံးလုံးလျားလျားဖျက်ဆီးပစ်ဖို့က လွယ်ကူမှာမဟုတ်ဘူး”

စုန်းကမ္ဘာသည် မည်သို့ပင်ဆိုစေ ထိပ်တန်းကမ္ဘာကြီးတစ်ခုဖြစ်သည်။

နဂါးများနှင့်ဖီးနစ်များ၏ တိုက်ပွဲက နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့၏။

နှစ်ပေါင်းထောင်ချီကြာမြင့်သော နောက်ထပ်စစ်ပွဲတစ်ခုက စုန်းကမ္ဘာနှင့်အတူ ဖြစ်ပွားလာမည်ဆိုလျှင် ဤကမ္ဘာများသည် အဲဒါကို ကောင်းကောင်းကိုင်တယ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲအပြီးမှာ ကမ္ဘာများစွာသည် ပြန်လည်အားဖြည့်ဖို့အတွက် သူတို့၏ နေရပ်သို့ ပြန်သွားချင်နေကြပြီဖြစ်၏။

နေကာသစ်ပင်လောကအရှင်က ပြောလိုက်၏။

“စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာကို တိုက်ပွဲတစ်ပွဲတည်းနဲ့ ဖျက်ဆီးပစ်ဖို့ဆိုတာကတော့ အရူးအိပ်မက်ပဲဖြစ်လိမ့်မယ်… ဒါပေမဲ့ ငါတို့တွေက ဒီနှစ်တွေထဲမှာ သေဆုံးခဲ့ရတဲ့သူရဲကောင်းစိတ်ဝိညာဉ်တွေအတွက် တရားမျှတမှုကို ရှာဖွေပြီး ငါတို့ရဲ့ အမျက်ဒေါသတွေကို ဖွင့်ထုတ်ရုံပဲ”

“ဒါဆို ငါတော့ သဘောတူတယ်”

သိပ်မကြာခင် ဧကရာဇ်ပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကြ၏။

တကယ်တော့ သူတို့၏ ဇာတိမြေသို့ပြန်သွားဖို့ ပြင်ဆင်ထားဆဲဖြစ်သော ဧကရာဇ်ပညာရှင်တချို့လည်း ရှိနေ၏။

နေကာသစ်ပင်လောကအရှင်က ဤဧကရာဇ်ပညာရှင်များ၏ အတွေးများကို နားလည်ပေးနိုင်ပြီး သူတို့ကို ဖိအားမပေးပေ။

“အရင်ဆုံး ဒီမှာရှိတဲ့ အဆိပ်ကမ္ဘာစစ်တပ်ကို ဝါးမျိုကြတာပေါ့”

ဧကရာဇ်တစ်ဦးက သတ်လိုဖြတ်လိုသော အမူအရာဖြင့်ပြောလိုက်၏။

“အဲဒါပြီးရင် ငါတို့တွေ စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာကို သွားပြီး ငါတို့ စိတ်ကျေနပ်အားရတဲ့အထိ သတ်ဖြတ်ကြမယ်”

နဂါးကမ္ဘာ၊ နဂါးကျွန်းမှာ။

နဂါးကမ္ဘာ၏ ကျန်ရှိနေသော ဧကရာဇ်ရှစ်ဦ၊ နဂါးဘုရင်များ၊ လုံရန်၊ လုံလီ၊ မျောက်နှင့် အခြားသူများက မအီမသာခံစားချက်များနှင့်အတူ ခန်းမထဲမှာ ဧကရာဇ်အထီးကျန်သိုင်းသခင်၏ သတင်းကို စောင့်ဆိုင်းနေကြ၏။

ဧကရာဇ်အထီးကျန်သိုင်းသခင်က စွမ်းအားကြီးမားသော်လည်း သူသည် ကမ္ဘာပေါင်းရာချီနှင့် ဧကရာဇ်ပညာရှင်တစ်ရာကျော်ကို ဖိနှိမ်ကာ နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲကို ဖြေရှင်းနိုင်ပါ့မလား မည်သူကမှ တိကျသေချာစွာမပြောနိုင်ပေ။

“အစ်ကိုဆူဘယ်မှာလဲ”

လုံလီက လှည့်ပတ်ကြည့်ရှုပြီး ဆူဇီမို၏ အရိပ်အယောင်ကို မတွေ့မြင်ရသည့်အခါ လုံရန်ကို ညင်သာစွာမေးလိုက်၏။

“ဪ… သူတံခါးပိတ်ကျင့်ကြံနေတယ်”

လုံရန်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။

လုံလီက ခေါင်းညိတ်ပြီး တီးတိုးရေရွတ်လိုက်၏။

“အစ်ကိုဆူက တကယ့်ကို သဘောထားကြီးမားတာပဲ… သူက အဲဒီကိစ္စတွေကို လုံးဝဂရုမစိုက်တော့တဲ့ပုံပဲ… ဒါနဲ့ အစ်ကိုလုံရန်.. ရှင်တို့တွေက တူညီတဲ့ကမ္ဘာကနေ လာခဲ့ကြတာပဲ… အစ်ကိုဆူကလည်း ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သိကျွမ်းထားတယ်မလား”

“သိတာပေါ့”

လုံရန်က ပြောလိုက်၏။

“သူတို့နှစ်ယောက်က အရမ်းကို.. ရင်းနှီးကြတယ်”

“အဲလိုလား”

လုံလီက တွေဝေရှုပ်ထွေးစွာဖြင့် သူမ၏ မျက်လုံးနှစ်ဖက်ကို ပုတ်ခတ်လိုက်၏။

“ဒါဆို အစ်ကိုဆူက အဲဒီအကြောင်းကို အရင်က ဘာလို့မပြောခဲ့တာပါလိမ့်… နောက်ပြီး ဧကရာဇ်အထီးကျန်သိုင်းသခင် ဆင်းသက်ရောက်ရှိလာပြီးတဲ့နောက် သူတို့နှစ်ယောက်က စကားတောင်မပြောခဲ့ကြဘူး”

“မိန်းကလေး… မင်းက ငယ်သေးတာပဲ”

လုံရန်က အဓိပ္ပါယ်ပါပါပြောလိုက်၏။

“သူတို့က တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်စရာမလိုလောက်အောင်ကို ရင်းနှီးကြတာ”

“အဲလိုလား”

လုံလီက မှင်တက်သွား၏။

ထိုစဉ်မှာပင် ပကတိနဂါးတစ်ဦးက လေထုကို ဖြတ်ကျော်လာခဲ့၏။

သူဆင်းသက်လာသောအခါ သူက လူသားပုံစံအဖြစ်ပြောင်းလဲပြီး အလျင်အမြန်ပြေးလာရင်း စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ပြောလိုက်၏။

“ဟိုကမ္ဘာတွေက သူတို့ရဲ့ စစ်သည်တွေနဲ့အတူ စပြီးဆုတ်ခွာနေကြပြီ”

နဂါးများစွာက ခေါင်းထောင်ထလာကြ၏။

ထို့နောက်ချက်ချင်းပင် နဂါးဟိန်းသံတစ်သံထွက်ပေါ်လာ၏။

သိပ်မကြာခင် နောက်ထပ် ပကတိနဂါးတစ်ဦးက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြေးဝင်လာ၏။

“ဧကရာဇ်အထီးကျန်သိုင်းသခင်က ကျုံးယွဲ့မြို့တော်ရဲ့ နန်းတော်ထဲမှာ ဧကရာဇ်ပညာရှင်တစ်ရာကျော်ကို ခေါ်ယူစုဝေးစေပြီး တိတ်တဆိတ်ဆွေးနွေးဖို့အတွက် ဂိတ်တံခါးဆယ်ချပ်နဲ့ ခန်းမကို ချိပ်ပိတ်ထားခဲ့တယ်လို့ ငါအခုပဲ သတင်းရခဲ့တယ်... ဧကရာဇ်ပညာရှင်တွေက စစ်ပြေငြိမ်းဖို့ကို သဘောတူလက်ခံလိုက်ကြတယ်”

“နောက်ပြီး ခန်းမထဲမှာ အဆိပ်လောကအရှင်အပါအဝင် ဧကရာဇ်ပညာရှင်ဆယ်ဦးကျော် သေဆုံးခဲ့ရတယ်”

“ကောင်းလိုက်တဲ့ရွှေ့ကွက်ပဲ”

“သူလုပ်နိုင်ခဲ့ပြီ”

နဂါးလောကအရှင်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး နောက်ဆုံးမှာ စိတ်သက်သာစွာဖြင့် ပြုံးလိုက်ကြ၏။

နဂါးမျိုးနွယ်၏ အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့လေပြီ။

သို့သော်လည်း သိပ်မကြာခင် နဂါးများစွာသည် ဤနှစ်များမှာ သူတို့တွေ့ကြုံခံစားခဲ့ရသည့် နာကျင်စရာများကို ပြန်လည်စဉ်းစားမိသွားပြီး သူတို့၏ ဘေးပတ်လည်မှ ကျိုးတိုးကျဲတဲမျိုးနွယ်ဝင်များကို ကြည့်ကာ ပူဆွေးဝမ်းနည်းမှုကို ခံစားလာရ၏။

နဂါးမျိုးနွယ်က ကယ်တင်ခံခဲ့ရသော်လည်း သူတို့၏ အခြေခံအုတ်မြစ်က ပြင်းပြင်းထန်ထန်ပျက်စီးထိခိုက်သွားခဲ့သည်။

နဂါးမျိုးနွယ်သည် အစကတည်းက အရေအတွက်နည်းပါးလေသည်။ သူတို့က ထိပ်တန်းကမ္ဘာကြီးတစ်ခုအဖြစ် သူတို့၏ ထွန်းတောက်ခဲ့သော အချိန်သို့ ပြန်လည်ရောက်ရှိလိုသည်ဆိုလျှင် သူတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြန်လည်အားဖြည့်ရပေမည်။

“ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီသွေးလိပ်ပြာက အခုဘယ်မှာလဲ”

နဂါးဧကရီဆီးနှင်းက မေးလိုက်၏။

ပကတိနဂါးက ပြောလိုက်သည်။

“ကျုပ်မပြောတတ်ဘူး”

“ဧကရာဇ်နှစ်ဦးက နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ စစ်ပွဲကို ဖြေရှင်းပြီးတဲ့နောက် သူတို့က ထွက်ခွာသွားကြတယ်လိုဆိုတယ်… သူတို့က အခု ဘယ်ကို ရောက်နေလဲ မသိရဘူး”

“သူတို့နှစ်ယောက်က ငါတို့အတွက် ကြီးမားတဲ့အကျိုးဆောင်မှုတစ်ခုကို ပြုလုပ်ပေးခဲ့တာပဲ… ငါသူတို့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲ တကယ်ပဲ မသိတော့ဘူး”

နဂါးဧကရီဆီးနှင်းက ပြောလိုက်၏။

ထိုစဉ်မှာပင် နဂါးလောကအရှင်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လာ၏။

“မျိုးနွယ်ဝင်ရောင်းရင်းတို့ နဂါးမျိုးနွယ်ရဲ့ ဒီနှစ်တွေအားလုံးမှာ နဂါးမျိုးနွယ်ရဲ့ကပ်ဘေးက ငါ့ကြောင့်ဖြစ်လာခဲ့တာပဲ.. ငါ မင်းတို့ကို အများကြီးစိတ်ပျက်စေခဲ့တယ်”

နဂါးလောကအရှင်က နဂါးကျွန်းမှာမြှုပ်နှံထားသော နဂါးများစွာ၏ အုတ်ဂူများရှိရာဘက်သို့ ဒူးထောက်ချလိုက်၏။ သူ၏ မျက်လုံးက အဆုံးစွန်ပြတ်သားမှုနှင့်အတူ တဖျတ်ဖျတ်ဖြစ်လာ၏။

“ကံကောင်းထောက်မစွာနဲ့ ငါ့မှာ ဘဝသက်တမ်း များများစားစားမကျန်တော့ဘူး… အဲလိုဆိုမှတော့…”

နဂါးလောကအရှင်က ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် ပြင်းပြင်းထန်ထန်ငြိစွန်းခံခဲ့ရလေသည်။ သူက လောလောဆယ်မှာ အသက်ရှင်နိုင်ခဲ့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က အားနည်းနေပြီး သူက ရက်အနည်းငယ်ထက်ပိုကြာပြီး နေရတော့မည်မဟုတ်ပေ။

“တောက်ဟိုင်… ဒီကိစ္စက ရှင့်အမှားသက်သက်တော့ မဟုတ်ပါဘူး”

နဂါးဧကရီဆီးနှင်းက သက်ပြင်းချလိုက်၏။

“အားလုံးပဲ… အခုကစပြီး နဂါးကမ္ဘာကို ငါမင်းတို့နဲ့လွှဲခဲ့ရလိမ့်မယ်”

နဂါးဧကရာဇ်တောက်ဟိုင်က မတ်တတ်ထရပ်ပြီး နဂါးမျိုးနွယ်ကို နှုတ်ဆက်လိုက်၏။

နဂါးဧကရာဇ်တောက်ဟိုင်နောက်သို့ တိတ်တဆိတ်လိုက်ပါလာသော ပင်ကိုယ်ဗီဇဝေဒနာကျိန်စာမိခဲ့ဖူးသည့် နဂါးဧကရာဇ်နှစ်ဦးလည်း ရှိနေ၏။

“တောက်ဟိုင်… ရှင့်ရဲ့ ဘဝသက်တမ်းက ကုန်ဆုံးတော့မယ်.. နဂါးကျွန်းမှာ လိုဏ်ဂူခန်းဝါတစ်ခုကို ရှာဖွေပြီး အေးအေးဆေးဆေးဖြတ်သန်းပါလား”

နဂါးဧကရီဆီးနှင်းက ပြောလိုက်၏။

နဂါးဧကရာဇ်တောက်ဟိုင်က ခေါင်းခါပြီး ခါးသီးစွာရယ်မောလိုက်၏။

“အပြစ်သားတစ်ယောက်က နဂါးကျွန်းမှာ မြှုပ်နှံခံရဖို့ မထိုက်တန်ဘူး”

ယခင် နဂါးဧကရာဇ်များကတော့ သူတို့သည် နဂါးကျွန်းပေါ်မှာ လောကကိုနှုတ်ဆက်ဖို့ ရွေးချယ်ကြလိမ့်မည်ဖြစ်ပြီး နဂါးမျိုးနွယ်ကို ကာကွယ်ဖို့အတွက် သူတို့၏ ဝိညာဉ်အကြွင်းအကျန်များကို ချန်ထားရစ်ခဲ့ကြပေလိမ့်မည်။

သို့သော်လည်း ယခု နဂါးဧကရာဇ်တောက်ဟိုင်သည် ထွက်ခွာဖို့အတွက် စိတ်ပိုင်းဖြတ်လိုက်ပြီး နဂါးမျိုးနွယ်က သူ့ကို ထပ်မံ၍ မဖျောင်းဖျနိုင်တော့ပေ။

လူတိုင်း၏ ရှေ့မှောက်မှာပင် နဂါးဧကရာဇ်တောက်ဟိုင်နှင့် အခြားသောနဂါးဧကရာဇ်နှစ်ဦးက နဂါးကျွန်းကနေ ထွက်ခွာကာ အလျင်အမြန်ပျောက်ကွယ်သွား၏။

“ကိုယ့်လူတို့ ဒီနေရာမှာ နှုတ်ဆက်ကြတာပေါ့”

နဂါးကမ္ဘာ၏ အပြင်ဘက်ကိုရောက်ရှိလာပြီးနောက် နဂါးဧကရာဇ်တောက်ဟိုင်က သူ၏ နောက်ဘက်မှ နဂါးဧကရာဇ်နှစ်ဦးကို လှည့်ကြည့်ပြီး လက်နှစ်ဖက်ယှက်ပြလိုက်၏။

“လောကအရှင်.. ခင်ဗျားဘယ်သွားမလဲ ကျုပ်တို့သိတယ်”

နဂါးဧကရာဇ်တစ်ဦးက ပြောလိုက်သည်။

အခြားသောနဂါးဧကရာဇ်ကလည်း ပြောလိုက်၏။

“လောကအရှင်.. ကျုပ်တို့တွေက ညှို့ငင်ဖမ်းစားခံရပြီး ဆင်ခြင်တုံတရားဆုံးရှုံးခဲ့ရတဲ့ အပြစ်သားတွေပဲ… ကျုပ်တို့တွေက ဒီနှစ်တွေထဲမှာ မရေမတွက်နိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်… အဲဒါကို ခွင့်လွှတ်လို့ မရနိုင်ဘူး… ကျုပ်တို့အတွက် စောင့်ဆိုင်းနေတဲ့တစ်ခုတည်းသောအရာ သေခြင်းတရားပဲ”

“နဂါးမျိုးနွယ်ရဲ့ မျိုးနွယ်ဝင်တစ်ဦးအနေနဲ့ ကျုပ်က သေရမယ်ဆိုရင်တောင် တိုက်ပွဲထဲမှာပဲသေချင်တယ်”

“လောကအရှင်… စုန်းကမ္ဘာကို ကျုပ်တို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်”

နဂါးဧကရာဇ်တောက်ဟိုင်က နောက်ဆုံးမှာ မျက်ရည်များနှင့်အတူ ပြုံးပြီး အော်ပြောလိုက်၏။

“ကောင်းပြီလေ… ငါရဲ့ ညီကိုတို့ ငါတို့သုံးယောက် စုန်းကမ္ဘာကို အတူသွားကြမယ်”

နဂါးမျိုးနွယ်သည် ဤတစ်ခေါက် စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာကြောင့် ကြီးမားသော ပျက်စီးထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။

ပို၍အရေးကြီးသည်မှာ နဂါးမျိုးနွယ်၏ အခြေခံအုတ်မြစ်အပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့လေသည်။

နဂါးဧကရာဇ်တောက်ဟိုင်သည် နဂါးမျိုးနွယ်၏ ကြီးမားသော စိတ်ပျက်မှုနှင့် စိတ်အားညှိုးငယ်သော ခံစားချက်များကို အာရုံခံမိနိုင်ခဲ့သည်။

ဤတိုင်းသာဆက်သွားလျှင် နဂါးမျိုးနွယ်သည် လုံးလုံးလျားလျားကျဆင်းပြီး ဘယ်တော့မှ ပြန်လည်ဦးမော့နိုင်တော့မည် မဟုတ်ပေ။

နဂါးမျိုးနွယ်က စိတ်ခံစားချက်များကို မြိုသိပ်ထားရ၏။

နဂါးကမ္ဘာ၏ လက်ရှိခွန်အားအရ သူတို့သည် စုန်းကမ္ဘာ၏ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံခဲ့ရသည်ကို သိရှိထားမည်ဆိုလျှင်တောင် သူတို့က စုန်းကမ္ဘာနှင့်တိုက်ခိုက်ဖို့အတွက် စွမ်းအားမဲ့နေပြီး လက်စားမချေနိုင်ကြပေ။

နဂါးမျိုးနွယ်သည် ကမ္ဘာများကြား တိုက်ပွဲတစ်ခုကို ဆက်လက်၍ ခံနိုင်ရည်မရှိတော့ပေ။

ထိုသို့ဆိုမှတော့ နဂါးဧကရာဇ်သုံးဦးသည် နဂါးမျိုးနွယ်၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်ပေးဖို့အတွက် သူတို့၏ အသက်များကို အသုံးချပေတော့မည်။

နဂါးဧကရာဇ်သုံးဦးသည် နဂါးမျိုးနွယ်၏ နောက်ဆုံးဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် သူတို့၏ သွေးများကို အသုံးပြုကြပေတော့မည်။

All Chapters