မင်းရဲ့ အကြွေးကို ပြန်ပေးဆပ်ရမယ်
Vol. 206 Ch. 3088
စုန်းကမ္ဘာမှာ။
စုန်းကမ္ဘာ၏ အထွတ်အမြတ်ကုန်းမြေ၊ တမလွန်စုန်းတောင်ထွတ်မှာ။
ဒဏ္ဍာရီအရ စုန်းကမ္ဘာ၏ ဘိုးဘေးသည် ဤတောင်ထွတ်မှာ မွေးဖွားလာပြီး စုန်းကမ္ဘာ၏ သဘာဝအစောင့်အရှောက်များ စုဝေးရာနေရာလည်းဖြစ်သည်။
နောက်ပိုင်းမှာ ထိုဘိုးဘေးသည် ဧကရာဇ်တမလွန်ဆုံးဖြစ်လာခဲ့၏။ ဤတောင်ထွတ်ကို ဗဟိုပြုပြီး သူက သူ၏ ပိုင်နက်နယ်မြေကို ချဲ့ထွင်ကာ စုန်းကမ္ဘာကို တည်ထောင်ခဲ့ပြီး ထိုခေတ်မှာ ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်လာစေခဲ့သည်။
စုန်းကမ္ဘာမှာ ဧကရာဇ်များသာလျှင် ကျင့်ကြံဖို့အတွက် တမလွန်စုန်းတောင်ထွတ်မှာ လိုဏ်ဂူခန်းဝါများဖွင့်လှစ်ရန် အဆင့်မီလေသည်။
ဝုန်း…
ရုတ်တရက် တမလွန်စုန်းတောင်ထွတ်ကနေ ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာ၏။
လိုဏ်ဂူခန်းဝါတစ်ခု၏ တံခါးက ပေါက်ကွဲထွက်သွားပြီး လူတစ်ယောက်က ဖုန်မှုန့်များကြားကနေ ဖြည်းဖြည်းချင်းလျှောက်လှမ်းထွက်လာ၏။
သူ၏ အမူအရာက တည်တံ့နေပြီး သူ၏ အကြည့်က သုန်မှုန်နေ၏။ ထိုသူသည် စုန်းလောကအရှင်ဖြစ်သည်။ ထို့နောက် စွမ်းအားကြီးမားသော အော်ရာများက တမလွန်စုန်းတောင်ထွတ်ကနေ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
စုန်းဧကရာဇ်များစွာသည် တံခါးပိတ်ကျင့်ကြံနေရာကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်လာပြီး စုန်းလောကအရှင်၏ ရှေ့သို့ ရောက်ရှိလာကြ၏။ သူတို့က အရေအတွက်လေးဆယ်ကျော်ရှိနေ၏။
အခြားသောဧကရာဇ်များက ထိုအချင်းအရာကို တွေ့မြင်မည်ဆိုလျှင် သူတို့က သေချာပေါက် တုန်လှုပ်သွားကြ၏။
နတ်ဘုရားမျိုးနွယ်နှင့် ကျောက်တုံးမျိုးနွယ်ကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများမှ ဧကရာဇ်ပညာရှင်ဆယ်ဦးအထက်ရှိကြသော်လည်း သူတို့၏ ဧကရာဇ်အရေအတွက်က ဤမျှအထိ သေချာပေါက်ရှိလိမ့်မည်မဟုတ်ပေ။
ဤဧကရာဇ်ပညာရှင်များ၏ အရေအတွက်သည် ထိပ်တန်းကမ္ဘာကြီးများ၏ အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်၏။
စုန်းကမ္ဘာသည် ဤနှစ်များအတွင်း ဤမျှအထိ စွမ်းအားကြီးမားလာသည်ကို မည်သူကမှမသိရှိကြပေ။
“လောကအရှင် ဘာများဖြစ်လို့လဲ”
စုန်းဧကရာဇ်တစ်ဦးက မေးမြန်းလိုက်၏။
“အထီးကျန်သိုင်းသခင်က ငါ့ရဲ့ အကြံအစည်တွေကို ဖျက်ဆီးပစ်လိုက်တယ်”
စုန်းလောကအရှင်၏ အကြည့်က သုန်မှုန်နေပြီး အံကိုကြိတ်ကာပြောလိုက်၏။
“နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာနဲ့ တခြားကမ္ဘာတွေမှာရှိတဲ့ ပင်ကိုယ်ဗီဇဝေဒနာရုပ်သေးရုပ်တွေက သူ့ကြောင့်ပျက်စီးသွားပြီ”
“အာ…”
စုန်းဧကရာဇ်မျးက အံ့အားတသင့်ရေရွတ်လိုက်၏။
ထို့နောက် သူတို့က သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြီး ဒေါသချောင်းချောင်းထွက်လာကြ၏။
“အထီးကျန်သိုင်းသခင်က သေသင့်တယ်”
“သူက ပြိုင်ဘက်ကင်းလောက်အောင် တကယ်ပဲ စွမ်းအားကြီးမားနေပြီလား”
“ငါတို့က သူ့ရဲ့အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားတဲ့ ကျိန်စာတွေကို တစ်ချိန်တည်းမှာ ထုတ်ဖော်မယ်ဆိုရင် သူ့ကို မသတ်နိုင်ဘူးလား”
စုန်းလောကအရှင်၏ အမူအရာက အေးစက်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ဘယ်လောက်ပဲသန်မာသန်မာ သူက ဘာပဲပြောပြောမဟာဧကရာဇ်တစ်ပါး ဖြစ်မလာသေးဘူး… သူ့မှာ အကန့်အသတ်တစ်ခုရှိနေရမယ်… ငါတို့တွေက အဲဒီအကန့်အသတ်ကို ချိုးဖျက်နိုင်တာနဲ့ သူ့ကိုသတ်နိုင်မယ်”
စုန်းဧကရာဇ်တစ်ဦးက စိုးရိမ်ပူပန်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“လောကအရှင်.. အထီးကျန်သိုင်းသခင်က စုန်းကမ္ဘာကို သတ်ဖြတ်ခြင်းနဲ့ လမ်ဖောက်မှာလား”
အခြားသော စုန်းဧကရာဇ်များကလည်း ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားကြ၏။
“သူမလာရဲပါဘူး”
စုန်းလောကအရှင်က ဒေါသချောင်းချောင်းထွက်နေပြီး ကြိမ်းမောင်းပြောဆိုလိုက်၏။
စုန်းဧကရာဇ်တစ်ဦးက ပြောလိုက်၏။
“ဒီလိုမျိုးကြီးမားတဲ့ အပြောင်းအလဲတစ်ခုနဲ့ဆို ကျုပ်တို့တွေက ဆရာသခင်ကို အရင်ဆုံးသတင်းပေးပြီး သူ့ကို ဆုံးဖြတ်ချက်ချခိုင်းရင် မကောင်းဘူးလား”
ဆရာသခင် တိုက်ခိုက်မယ်ဆိုရင် သူ့ကို သတ်ဖြတ်ဖို့က အရမ်းကို လွယ်ကူနေလိမ့်မယ်”
စုန်းလောကအရှင်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် သူက အေးစက်စွာပြောလိုက်၏။
“ဒါပေမဲ့ ဆရာသခင်က သူနဲ့အတတ်နိုင်ဆုံး အတိုက်အခံမလုပ်ဖို့ ငါ့ကိုတစ်ခါက သတိပေးထားတယ်”
ထိုစကားကို ပြောဆိုချိန်မှာ စုန်းလောကအရှင်က မချင့်မရဲခံစားနေရပြီး ကြိမ်းမောင်းပြောဆိုလိုက်၏။
“နဂါးမျိုးနွယ်က ပကတိနဂါးတစ်ကောင်က သူ့ကို ဆင့်ခေါ်လိုက်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ”
“ကျုပ်တို့တွေ လောလောဆယ်မှာ ပုန်းရှောင်နေရမှာလား”
အခြားသောစုန်းဧကရာဇ်တစ်ဦးက အကြံပြုလိုက်၏။
စုန်းလောကအရှင်အနေဖြင့် ဧကရာဇ်အထီးကျန်သိုင်းသခင်ကြောင့် စုန်းမျိုးနွယ်မှ လူတိုင်းနှင့်အတူ ပုန်းရှောင်ရမည်မှာ ကြီးမားသည့် အရှက်ရစရာဖြစ်လေသည်။ သို့သော်လည်း ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် ယခုအချိန်မှာ တိုက်ပွဲဖြစ်ပွားမည်ဆိုလျှင် စုန်းမျိုးနွယ်က အရေးနိမ့်နေပြီး သူ့ဆရာသခင်၏ အစီအစဉ်များအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း သူက ရင်ထဲမှာ သိရှိထား၏။
“ငါအဲဒါကို စဉ်းစားပါဦးမယ်”
စုန်းလောကအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က အခုချက်ချင်းထွက်လာမယ်ဆိုရင်တောင် သူက ဒီကိုရောက်ဖို့ တစ်ရက်လောက် အချိန်ယူရလိမ့်မယ်… ငါနှစ်နာရီမှာ ဆုံးဖြတ်ချက်ချမယ်”
“မင်းဆုံးဖြတ်ချက်ချစရာမလိုတော့ဘူး”
ထိုစဉ်မှာပင် အေးစက်စက်အသံတစ်သံက တမလွန်စုန်းတောင်ထွတ်အထက်ကနေ ထွက်ပေါ်လာ၏။
စုန်းလောကအရှင်က တုန်လှုပ်သွားလေသည်။
စုန်းဧကရာဇ်လေးဆယ်ကျော်ကျော်ကလည်း ထိုအသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြ၏။
ဤလူသည် လူတိုင်း၏ စိတ်ဝိညာဉ်အသိစိတ် ထောက်လှမ်းမှုကနေ ပုန်းကွယ်ပြီး စုန်းကမ္ဘာ၏ အလယ်ဗဟို တမလွန်စုန်းတောင်ထွတ်အထက်မှာ ရုတ်တရက်ဆင်းသက်ရောက်ရှိလာသည်ဆိုတော့။
မိုးကောင်းကင်က ပွင့်ထွက်သွားပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက အတူတကွထွက်ပေါ်လာ၏။ သူတို့၏ ခန္ဓာကိုယ်များကနေ ချောက်ချား၍ တုန်လှုပ်စရာကောင်းသော စွမ်းအားတစ်ခု ဖြာထွက်နေ၏။ သူတို့သည် လောက၏ အုပ်ချုပ်သူအရှင်သခင်များဖြစ်ပြီး သူတို့ကို ရပ်တန့်တားဆီး၍မရနိုင်သည့်အလားပင်။
“အထီးကျန်သိုင်းသခင်”
စုန်းလောကအရှင်က ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်အမျိုးသားကို တွေ့မြင်သောအခါ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားတသင့်ခေါ်လိုက်၏။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီသွေးလိပ်ပြာက စောစောကတင် နေကာသစ်ပင်ကမ္ဘာမှာ ရှိနေဆဲဖြစ်၏။ သူတို့က တစ်ခဏချင်းမှာပင် စုန်းကမ္ဘာကို ဘယ်လိုလုပ်ရောက်ရှိလာနိုင်တာလဲ။
သိုင်းတာအိုပင်မခန္ဓာနှင့်တျဲယွဲ့က စုန်းကမ္ဘာသို့ ရောက်ရှိလာပြီးနောက် တမလွန်စုန်းတောင်ထွတ်ဘေးပတ်လည်မှ ဧကရာဇ်ပညာရှင်လေးဆယ်ကျော်ကို တွေ့မြင်သောအခါ သူတို့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
စုန်းဧကရာဇ်များက သူတို့အပေါ် ခြိမ်းခြောက်မှုများစွာမရှိပေ။
သို့သော်လည်း စုန်းကမ္ဘာမှာ ဧကရာဇ်လေးဆယ်ကျော်ရှိနေသည့်အချက်က တကယ့်ကို တုန်လှုပ်စရာကောင်းနေဆဲဖြစ်၏။
ဧကရာဇ်နယ်ပယ်ကို တက်လှမ်းဖို့က ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းလေသည်။ သမိုင်းတစ်လျှောက်မှာ တစ်ခါက စွမ်းအားကြီးမားခဲ့သော ထိပ်တန်းကမ္ဘာကြီးများမှာပင် ဧကရာဇ်အရေအတွက်က ဤမျှအထိ ရှိခဲ့ကြလိမ့်မည် မဟုတ်ပေ။
စုန်းမျိုးနွယ်အနေဖြင့် ဧကရာဇ်ပညာရှင်လေးဆယ်ကျော်ကို ပိုင်ဆိုင်ထားသည်မှာ တကယ့်ကို ထူးခြားလေသည်။
ကမ္ဘာတစ်ခုက ထိုအကြောင်းကိုမသိဘဲ စုန်းကမ္ဘာနှင့် တိုက်ခိုက်မည်ဆိုလျှင် သူတို့က ကြီးမားသော သေကြေပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ရပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်… မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ”
စုန်းလောကအရှင်က သုန်မှုန်နေသောအကြည့်နှင့်အတူ လေထဲသို့ပျံတက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“နဂါးတွေနဲ့ဖီးနစ်တွေရဲ့တိုက်ပွဲက မင်းနဲ့ဘာမှမဆိုင်ဘူး… မင်းက ဟိုပကတိနဂါးကို ကယ်တင်ချင်တုန်းက ငါမင်းကို အလျှော့ပေးခဲ့တယ်… နောက်ပိုင်း ကျုံးယွဲ့မြို့တော်မှာလည်း ငါမင်းကို သည်းခံခဲ့တယ်… မင်း ဒီထက်ပိုပြီးလွန်မလာတာကောင်းလိမ့်မယ်”
“လွန်တာတဲ့လား”
သိုင်းတာအိုပင်မခန္ဓာက ပြုံးလိုက်၏။
“နှစ်ပေါင်းထောင်ချီကြာအောင် မင်းက ပင်ကိုယ်ဗီဇဝေဒနာကို သုံးပြီး သက်ရှိတွေအားလုံးကို ထိန်းချုပ်ခဲ့တယ်… နဂါးတွေနဲ့ ဖီးနစ်တွေကြား ခွန်တွေနဲ့ ဖန်းတွေကြားက တိုက်ပွဲကိုဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်ခဲ့တယ်… မင်းက ကမ္ဘာများစွာကို ပျက်စီးစေပြီး မရေမတွက်နိုင်တဲ့ သက်ရှိတွေကို သေစေခဲ့တယ်”
“မင်းက ဆိုးသွမ်းမှုတွေနဲ့ ပြည့်နှက်ပြီး အဲလိုမျိုး ကြီးလေးတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ထားခဲ့တယ်… ဒါတောင်မင်းက ငါ့ကို လွန်တယ်လို့ မျက်နှာပြောင်တိုက်ပြီး ပြောနိုင်သေးတယ်”
စုန်းလောကအရှင်က ထိုစကားကိုကြားသောအခါ သူက လှောင်ရယ်လိုက်၏။
“အဲဒီပုရွက်တွေက မင်းနဲ့ဘာပတ်သက်မှုမှမရှိဘူး… သူတို့ရဲ့အသက်တွေကလည်း မင်းနဲ့ဘာမှမဆိုင်ဘူး… မင်းက သူများကိစ္စမှာ ဝင်ရှုပ်နေတာမဟုတ်ဘူးလား”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
သူတို့၏ အယူအဆနှင့် သဘောထားတို့က လုံးဝကို ကွဲလွဲဆန့်ကျင်နေပြီး မည်သို့ပင်ဆိုစေ ဆက်လက်၍ ဆွေးနွေးစရာမလိုအပ်တော့ပေ။
“တခြားဘာမှပြောစရာမလိုတော့ဘူး… မင်းယူထားတဲ့အကြွေးကို ပြန်ပေးဆပ်တော့”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူက ရှေ့သို့ ခြေတစ်လှမ်တိုးပြီး စုန်းလောကအရှင်ရှိရာသို့ ပစ်ထိုးလိုက်၏။
“သတ်….”
ဧကရာဇ်လေးဆယ်ကျော်ကျော်က ကြိမ်းမောင်းအော်ဟစ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်ဖို့အတွက် သူတို့၏ လောကများကို အတူတကွထုတ်ဖော်လိုက်ကြ၏။
ဝုန်း…
သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။ သူက သူ၏ လက်သီးကိုမြှောက်ပြီး လောကများစွာရှိရာသို့ ပစ်ထိုးလိုက်၏။
ဝုန်း… ဝုန်း… ဝုန်း…
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာသည် မီးတောင်တစ်ခုကဲ့သို့ ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းနေသော ထိုးချက်ဆယ်ချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
ခံ့ညားထည်ဝါသော စွမ်းအားတစ်ခုနှင့် မရပ်တန့်နိုင်သော စိတ်ဆန္ဒတစ်ခုက ဆင်းသက်ရောက်ရှိလာ၏။ မြေပြင်တစ်ခုလုံးက လှုပ်ခတ်သွားပြီး တောင်တန်းများက ပြိုကျလာ၏။ ဧကရာဇ်လေးဆယ်ကျော်ကျော်၏ လောကများက ကြေမွပျက်စီးသွားလေသည်။
စုန်းလောကအရှင်၏ လောကကသာ တောင့်ခံထားနိုင်၏။ သို့သော်လည်း ၎င်းက လဲပြိုကျတော့မည့်ဆဲဆဲဖြစ်၏။
ဧကရာဇ်ပညာရှင်လေးဆယ်ကျော်ကျော်က တုန်လှုပ်ချောက်ချားသွားပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့သည် သိုင်းတာအို့ပင်မခန္ဓာထံမှ ထိုးချက်ဆယ်ချက်ဖြင့် လွင့်စင်ထွက်ပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ သွေးများကိုထွေးထုတ်နေရ၏။
“အထီးကျန်သိုင်းသခင်..”
စုန်းလောကအရှင်က မျှော်လင့်ချက် ကင်းမဲ့သွားပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
“မင်းငါ့ကို သတ်ရဲမယ်ဆိုရင် ငါ့ဆရာသခင်က သေချာပေါက် အာရုံခံမိသွားလိမ့်မယ်… သူက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”
“အို… ဟုတ်လား”
သိုင်းတာအိုပင်မခန္ဓာက ထိုစကားကိုကြားသောအခါ အကြောက်အလန့်မရှိဘဲ ထပ်တလဲလဲခေါင်းညိတ်လိုက်၏။
“မင်းတို့ဆရာသခင်ရဲ့ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ငါတွေ့ချင်သေးတယ်…. သူက ထွက်မလာဘူးဆိုရင် အဆင်ပြေလိမ့်မယ်… ဒါပေမဲ့ သူထွက်လာရဲမယ်ဆိုရင်တော့ ငါသူ့ကို တစ်ခါတည်းသတ်ပစ်လိုက်မယ်”
ဝုန်း…
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ဆွဲထုတ်ပြီး ကောင်းကင်ထက်ကနေဆင်းသက်ကာ စုန်းလောကအရှင်၏ လောကကို ခြေမွဖျက်ဆီးပစ်လိုက်၏။
ငရဲဖိနှိမ်မီးဖို၏ ကျန်ရှိနေသောစွမ်းအားက စုန်းလောကအရှင်၏ ခန္ဓာကိုယ်ကို ပစ်ရိုက်ပြီး သူ့ကိုသွေးမြူတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲပစ်လိုက်၏။
“အသက်ဖြတ်ကျိန်စာ”
အညိုရောင်အလင်းတစ်ခုက တဖျတ်ဖျတ်လက်လာ၏။
စုန်းလောကအရှင်၏ အမြုတေစိတ်ဝိညာည်သည် စောစောက ခြေတစ်လှမ်းစာရှောင်တိမ်းပြီး ဆူဇီမိုထံ စုန်းမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ဤသည်မှာ အဖျက်စွမ်းအားမြင့်မားသော ကျိန်စာတစ်ခုဖြစ်ပြီး လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ကို စွန့်လွှတ်စတေးခြင်းဖြင့်သာ ထုတ်ဖော်နိုင်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အသတ်ဖြတ်ကျိန်စာကြောင့် အတော်ကြာအောင် ဒုက္ခရောက်ခဲ့ရဖူး၏။
တစ်ချိန်တည်းမှာပင် အခြားသော စုန်းဧကရာဇ်ပညာရှင်များက သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို တစ်ယောက်ပြီးတစ်ယောက်စုဖွဲ့ပြီး အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသည့် ကျိန်စာများကို ထုတ်ဖော်လိုက်ကြ၏။