အခန်း (၇၇)
Vol. 6 Ch. 77
ဟုတ်ပါသည်။ ရန်သူဆိုတာက သစ်သားရုပ်ထုမှ မဟုတ်တာပဲ။ နင်ချီ ဝင်ရိုက်တာကို ငုတ်တုတ်ထိုင်စောင့်နေမှာ မဟုတ်ပါ။
တကယ်တော့ သွေးမိုးမျှော်စင်လို လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခု၏ လှုပ်ရှားမှုတွေဟာ သာမန်အင်အားစုတွေထက် အများကြီး ပိုပြီး လျှို့ဝှက်လွန်း၏။ လက်စားချေဖို့ ခက်ခဲတာက သွေးမိုးမျှော်စင်ကို ချေမှုန်းဖို့ထက် သူတို့ ၏ အခြေစိုက်စခန်းကို ရှာဖွေဖို့သာ ဖြစ်လေသည်။
ထို့ကြောင့် နင်ချီမှာ ဒီလိုအတွေးမျိုးရှိပေမဲ့လည်း ပေါ့ပေါ့ဆဆတော့ မလှုပ်ရှားရဲပါ။ မတော်တဆ ရန်သူကို သတိပေးမိသလိုဖြစ်ပြီး သူတို့ ပုန်းရှောင်သွားခဲ့လျှင် နောက်ပိုင်း ရှာဖွေရတာ ပို၍တောင် ခက်ကုန်ဦးမည်လေ။
“ဆရာ စိတ်မပူပါနဲ့ဗျာ။ ဒီကိစ္စကို ကျွန်တော် ခေါင်းထဲထည့်ထားပါတယ်၊ ဒါပေမဲ့ ဒါကြီးပဲတွေးပြီး စိတ်အနှောင့်အယှက်ဖြစ်နေမှာတော့ မဟုတ်ပါဘူး။ လက်စားချေဖို့က ပန်းတိုင်တစ်ခုပဲလေ၊ ကျွန်တော့်ဘဝကြီး တစ်ခုလုံးမှ မဟုတ်တာ။”
နင်ချီက လေးလေးနက်နက် ဆိုလိုက်၏။
တာအိုဆရာလုံရှန်းလည်း စိတ်သက်သာရာ ရသွားတော့သည်။ သူ အစိုးရိမ်ဆုံးက နင်ချီ
တစ်ယောက် နာကြည်းချက်တွေနှင့် ပိတ်မိနေမှာကိုပါပဲ။
သို့သော် ဒီနေ့ နင်ချီနှင့် ပွင့်ပွင့်လင်းလင်း စကားပြောကြည့်လိုက်တော့မှ သူ သူ့တပည့်၏ စိတ်နေစိတ်ထားကို အထင်သေးခဲ့မိမှန်း သိလိုက်ရတော့၏။ ဒီလို တည်ငြိမ်ပြီး ခံနိုင်ရည်ရှိသေ စိတ်မျိုးက သူ့ကိုတောင် နည်းနည်း အားငယ်သလို ခံစားသွားစေသည်။
“သွေးမိုးမျှော်စင်ကတော့ ရှာရခက်တယ်။ ကောင်းကင်ဘုံလူသား မဟာအခမ်းအနားပြီးရင် ဆရာ ဒီကိစ္စကို စကိုင်တွယ်မယ်။ သိပ်မကြာလောက်ပါဘူး၊ အဖြေ တစ်ခုတော့ ထွက်လာမှာပါ။ အဲ့ဒီအခါကျရင် မင်းကို ငါ ကူညီပေးမယ်။”
တာအိုဆရာလုံရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ဘယ်လိုပဲ ပြောပြော သွေးမိုးမျှော်စင်ဆိုတာ ပထမတန်းစား အင်အားစုတစ်ခုသာ။ ဘယ်လိုနည်းလမ်းတွေပဲ ရှိရှိ၊ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်နေပြီ ဖြစ်သော တာအိုဆရာလုံရှန်းကိုတော့ မည်သို့မျှ ခံနိုင်မှာမဟုတ်ပါ။ သူ့ကို မျက်နှာသာပေးချင်သူတွေကလည်း ဒုနှင့်ဒေး ရှိနေသည်ပဲ မဟုတ်ပါလား။
နင်ချီ ခေါင်းညိတ်လိုက်ပြီး တောင်းဆိုလိုက်၏။
“ဆရာ၊ အဲ့ဒီအခါကျရင် ‘လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး’ ထဲက ‘လေ’ ကိုတော့ ကျွန်တော့်အတွက် ချန်ထားပေးပါ။ ကျွန်တော် ကိုယ်တိုင် လက်စားချေချင်လို့ပါ။”
တာအိုဆရာလုံရှန်း ကြက်သေသေသွားသည်။
..ရွှေတံဆိပ် လုပ်ကြံသတ်ဖြတ်သူ လေးယောက်ဖြစ်သော လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး ဆိုတာ အားလုံး ချီစွမ်းအင် နယ်ပယ် ကျွမ်းကျင်သူတွေချည်းပင်။ အထူးသဖြင့် ‘လေ’ ဆိုသော တစ်ယောက်က မူလအမြုတေ နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို လုပ်ကြံခဲ့သည့် မှတ်တမ်းရှိပါသည်။ ထိုတိုက်ပွဲကြောင့်ပဲ သွေးမိုးမျှော်စင် နာမည်ကြီးသွားပြီး ချင်ပြည်နယ်က ပထမတန်းစား အင်အားစုအတော်များများ သူတို့ကို ကြောက်ရွံ့ခဲ့ကြရခြင်း မဟုတ်ပါလော။..
အခု နင်ချီက ဒီစကားကို ပြောလာတော့ သူ စိတ်မပူဘဲ မနေနိုင်တော့ချေ။
“ချီအာ၊ မင်း...”
ထိုအခါ နင်ချီက ခပ်ဖွဖွ ပြုံးလိုက်ရင်း ဆို၏။
“ဆရာ၊ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှု ရှိပါတယ်။”
တာအိုဆရာလုံရှန်းက နင်ချီကို စိုက်ကြည့်နေမိရာ စိတ်ထဲ လှုပ်ရှားသွားသည်။ ဒီစကားကို တခြားတစ်ယောက်ယောက်သာ ပြောလျှင် သူ ဘယ်တော့မှ ယုံမိမှာမဟုတ်။
ရှစ်နှစ်အရွယ် ကလေးတစ်ယောက်က မူလအမြုတေ နယ်ပယ် ကျွမ်းကျင်သူကို အနိုင်တိုက်ဖို့ ယုံကြည်မှုရှိသည်တဲ့လား။
ဒါ လုံးဝ စိတ်ကူးယဉ်ဆန်လွန်းသည်ပင်။
ယခင်တုန်းက နင်ချီ ကောင်းကင်ပျံလင်းယုန်ကို သတ်နိုင်ခဲ့သည်ကကို အလွန် အံ့ဩစရာ ကောင်းနေခဲ့ပါပြီ။ သို့သော် မြူဖြူနယ်ပယ်နှင့် မူလအမြုတေ နယ်ပယ်ကြားက ကွာခြားချက်က
မနည်းလှပေ။ တာအိုဆရာလုံရှန်းကိုယ်တိုင်တောင် မြူဖြူနယ်ပယ်ကနေ မူလအမြုတေ နယ်ပယ်ကိုဖြတ်ကျော်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ရသည်လေ။
သို့သော် သူသိ၏၊ နင်ချီက ဘယ်သောအခါမှ လေလုံးထွားလေ့ မရှိပါ။
“တကယ်လား။”
“တကယ်ပါ။”
နင်ချီနှင့်တာအိုဆရာလုံရှန်းတို့ အပြန်အလှန် စိုက်ကြည့်နေကြ၏။ သူ့မျက်နှာ အမူအရာက တည်ငြိမ်နေသော်လည်း ယုံကြည်မှုတွေ အပြည့်ပင်။
--------
တစ်ခဏအကြာမှာတော့...
တာအိုဆရာ လုံရှန်းက သက်ပြင်းရှိုက်လိုက်ပြီး သူ့တပည့်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။
နင်ချီကို သူ ဘယ်လောက်ပဲ ယုံကြည်ယုံကြည်၊ ပေါ့ဆ၍တော့ မဖြစ်ပေ။ ကိုယ်တိုင်လက်စားချေချင်သည်က ကောင်းပါသည်၊ သို့သော် ထိုသို့ လုပ်နိုင်ဖို့ လုံလောက်တဲ့ အစွမ်းတော့ ရှိရပါမည်။
နင်ချီ၏ မျက်လုံးတွေက တဖြည်းဖြည်း စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်လာ၏။ ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ အစွမ်းအစက ဘယ်လောက်ရှိမလဲဆိုတာ သူ တကယ်ကို စူးစမ်းချင်နေခဲ့တာ ကြာပါပြီ၊ သို့ရာတွင် အခွင့်အရေး မရခဲ့ပါပေ။
“မင်း မခုခံနိုင်တော့ရင် အချိန်မရွေး ပြောနော်။”
“ဟုတ်ကဲ့။”
ဆရာတပည့်နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြရာ ကြားထဲမှာ ဆယ်ကိုက်လောက် ကွာဝေးနေ၏။
စကားဆုံးသည်နှင့်...
တာအိုဆရာလုံရှန်း၏ မျက်နှာအမူအရာက လေးနက်သွားပြီး သူ၏ တာအိုဝတ်ရုံက ခပ်ဖြည်းဖြည်း လှုပ်ခတ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက တဖြည်းဖြည်း စုဝေးလာပြီးနောက် ဧရာမတောင်ကြီးတစ်လုံးလို နင်ချီအပေါ် ဖိချလိုက်တော့သည်။
နင်ချီ၏ ကိုယ်လုံးက ဆတ်ခနဲ တုန်သွားပြီး ချက်ချင်းဆိုသလို မမြင်ရသော ဖိအားတစ်ခုကို ခံစားလိုက်ရတော့သည်။
အရင်တစ်ခါ တာအိုဆရာလုံရှန်း အဆင့်ချိုးဖြတ်တုန်းက သတိလက်လွတ် ဖြစ်ပေါ်ခဲ့သော ကောင်းကင်နဲ့ မြေကြီးစွမ်းအား လှိုင်းဂယက်နှင့်မတူဘဲ၊ အခုဟာက ပစ်မှတ်ထား ဖိနှိပ်တာမျိုးပင်။ နင်ချီ ရုတ်တရက် ရွှံ့နွံထဲ ကျသွားသလို ခံစားလိုက်ရ၏။
သူ လက်ကို ခပ်ဖြည်းဖြည်း မြှောက်ကြည့်လိုက်တော့ ပုံမှန်ထက် အဆပေါင်းများစွာ အားပိုစိုက်ရမှန်း ခံစားလိုက်ရလေသည်။
သူ့တစ်ကိုယ်လုံး တုန်ခါသွားကာ အရိုးတွေ လှုပ်ရှားပြီး ကျောရိုးဆစ်တွေက တကျွတ်ကျွတ် မြည်လာတော့၏။
ခန္ဓာကိုယ်ထဲက ချီစွမ်းအင်ကလည်း မခံနိုင်တော့ဘဲ အလိုအလျောက် လည်ပတ်လာကာ နေရာတိုင်းမှာ ရှိနေပြီး တဖြည်းဖြည်း ပိုအားကောင်းလာသည့် ဖိအားကို တွန်းလှန်နေတော့သည်။
'ချီစွမ်းအင် နယ်ပယ်သမားတွေက ကောင်းကင်ဘုံလူသားနယ်ပယ်ကို ဘယ်လိုမှ
မယှဉ်နိုင်ဘူးဆိုတာ ဒါကြောင့်ကိုး။ စွမ်းအားအဆင့် ကိုက မတူကြတာပဲကိုး။'
နင်ချီ စိတ်ထဲက တွေးလိုက်၏။
ကောင်းကင်နှင့် မြေကြီးကြားက ဖိအားသက်သက်ကတောင် ဒီလောက် ကြောက်စရာကောင်းနေလျှင် တကယ့်တိုက်ပွဲကျ မည်သို့ ရှိနေမလဲ။
ယခင်က မူလအမြုတေ နယ်ပယ် ခရမ်းမြစ်ဓားသခင်တောင် သူ့ဆရာလက်ထဲမှာ သိုင်းကွက်အနည်းငယ်တောင် မခံနိုင်ဘဲ ချက်ချင်း ရှုံးနိမ့်သွားသည်ဟု ကြားခဲ့တာ မဆန်းတော့ပါ။
စဉ်းစားကြည့်လေ၊ လူကြီးနှစ်ယောက် နပန်းလုံးနေကြတာ၊ တစ်ယောက်က ကြိုးတွေနှင့် တုပ်ခံထားရလျှင် တခြား တစ်ယောက်၏ သားကောင်ဖြစ်ရုံပဲ မဟုတ်ပါလား။
သာမန် ချီစွမ်းအင် နယ်ပယ်သမားနှင့် ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူတွေ နပန်းလုံးကြရင်တော့ သိပ်ကို လွန်လွန်းသွားမှာပင်။
သို့သော် နင်ချီကတော့ သာမန် ချီစွမ်းအင် နယ်ပယ်သမား မဟုတ်တာ သိသာပါသည်။
သူ့ခန္ဓာကိုယ်ထဲက ဧရာမ ချီစွမ်းအင်တွေ ရုတ်တရက် ဆောင့်တက်လာပြီး ဖိနှိပ်ထားသော ကောင်းကင်နှင့် မြေကြီးစွမ်းအားကို အတင်း တွန်းထုတ်လိုက်လေသည်။
တာအိုဆရာလုံရှန်း မျက်လုံးတွေ
ပြူးကျယ်သွားပြီး ချက်ချင်းပဲ ဖိအားကို ပိုတိုးလိုက်ရာ မမြင်ရသော လှောင်အိမ်ကြီးတစ်ခုလို
နင်ချီကို ဝန်းရံဖိနှိပ်လိုက်တော့၏။
နင်ချီ၏ ချီစွမ်းအင်က အသွင်ပြောင်းသွားကာ တိမ်နှင့်မြူလို ဖမ်းဆုပ်မရ၊ ရေနှင့်ရွှံ့ညွှန်လို အမြဲပြောင်းလဲနေလေတော့သည်။
တာအိုဆရာ လုံရှန်း၏ မျက်လုံးတွေ ပိုပြီး ပြူးကျယ်လာသည်။
'ဒါ ဘာ ချီစွမ်းအင် အမျိုးအစားလဲ'
သူ ကောင်းကင်နှင့် မြေကြီးစွမ်းအားကို သုံးလိုက်ပေမဲ့ ငါးရှဉ့်တစ်ကောင်ကို ဖိထားရသလိုပဲ ခံစားရ၏။ စွမ်းအား၏ သုံးပုံတစ်ပုံလောက်ကပဲ အလုပ်ဖြစ်ပြီး ကျန်တာတွေက တွန်းထုတ်ခံရတာ၊ လမ်းကြောင်းလွှဲခံရတာ၊ သို့မဟုတ် စုပ်ယူခံလိုက်ရတာတွေချည်းပင်။ ထိုဆန်းကြယ်သည့် ချီစွမ်းအင်က မယုံနိုင်စရာ ကောင်းလွန်းပြီး အစစ်အမှန်သိုင်းဂိုဏ်းမှာ ရှိနေသော ကျင့်စဉ်တွေနှင့်တော့ ဘယ်လိုမှ မတူချေ။
တာအိုဆရာလုံရှန်း စိတ်ထဲက အံ့ဩသွားပြီး
နင်ချီက သူ့ကိုယ်ပိုင်လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီဆိုတာ သိလိုက်ရတော့သည်။
မသိလိုက်မသိဘာသာပင် တာအိုဆရာ
လုံရှန်း၏ တာအိုဝတ်ရုံက ပိုပြီး ပြင်းပြင်းထန်ထန် လှုပ်ခတ်လာတော့၏။
သူက နင်ချီ၏ ချီစွမ်းအင် အကန့်အသတ်ကို စမ်းသပ်ကြည့်ဖို့ ရည်ရွယ်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးစွမ်းအားက တဖြည်းဖြည်း ပိုပြီး ပြင်းထန်လာလေ၏။ ချောက်ကမ်းပါးပေါ်၌ လေ ပြင်းထန်စွာ တိုက်ခတ်နေပြီး သူကိုယ်တိုင် ဘာမှမလှုပ်ရှားပေမဲ့လည်း တာအိုဆရာလုံရှန်းက ကောင်းကင်နှင့် မြေကြီးစွမ်းအားကိုတော့ လျှော့မထားတော့ပါ။
နင်ချီ တဖြည်းဖြည်း အားကုန်စပြုလာ၏။ ဒီလို မယုံနိုင်စရာ ဖိအားကို တွန်းလှန်ဖို့အတွက် အခိုက်အတန့်တိုင်းမှာ ချီစွမ်းအင် ပမာဏ အများအပြား လိုအပ်လေသည်။ သူ့မှာ ချီစွမ်းအင်တွေ ဘယ်လောက်ပဲ ပေါများနေပါစေ၊ ဒီလို အလွန်အကျွံ သုံးစွဲမှုကို ခံနိုင်ဖို့ ခက်ခဲလာတော့သည်။
သူသည် သူ့ကိုယ်ပိုင် အကန့်အသတ်ကို အကြမ်းဖျင်း နားလည်လိုက်လေသည်။
'ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူတွေက တကယ်ပဲ ထူးခြားတာပဲ။ ငါ့ရဲ့ လက်ရှိ ချီစွမ်းအင်က များပြားပေမဲ့ အရည်အသွေးကတော့ နည်းနည်း လိုနေသေးတယ်။ ခဏလောက် ခံနိုင်တာကကို တော်တော်လေး ကောင်းနေပြီ။'
'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ် ဒါမှမဟုတ် ကောင်းကင်နဲ့ လူသား တစ်သားတည်းကျခြင်း လျှို့ဝှက်နည်းစနစ်ကို မသုံးဘဲနဲ့တော့ ဒီ ကောင်းကင်နဲ့ မြေကြီးစွမ်းအား ဖိနှိပ်မှုကို အတင်းဖြတ်ကျော်ဖို့ ခက်မယ်။ ဒါမှမဟုတ် ကျောက်စိမ်းအရည် နယ်ပယ်ကို တက်လှမ်းပြီး ချီစွမ်းအင် အရည်အသွေးကို လုံးဝပြောင်းလဲပစ်မှပဲ ရမယ်။'
'တစ်နည်းပြောရရင်... ငါသာ အစွမ်းကုန်ထုတ်သုံးရင် ဆရာလို ကောင်းကင်ဘုံလူသားနယ်ပယ်ကို ဝင်ခါစ ကျွမ်းကျင်သူ တစ်ယောက်နဲ့တော့ အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်နိုင်လောက်တယ်။ နိုင်မလား မနိုင်မလားတော့ မသေချာဘူး၊ ဒါပေမဲ့ သေတော့ မသေနိုင်လောက်ဘူး။ ထွက်သွားဖို့ကတော့ မခက်ပါဘူး။'
နင်ချီ စိတ်ထဲက ပြုံးလိုက်ပြီး သူ့၏ အစွမ်းအစကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်သွားသည်။
ထ်ိုသို့ဆိုလျှင် တာအိုဆရာလုံရှန်း၏ အကူအညီ
မပါဘဲနှင့်တောင် သူ သွေးမိုးမျှော်စင်ကို လွယ်လွယ်ကူကူ ချေမှုန်းပစ်နိုင်လောက်သည်။
စိတ်ထဲ အတွေးတွေ လည်ပတ်နေရင်း နင်ချီက ထုတ်ပြောလိုက်၏။
“ဆရာ... ကျွန်တော် မရတော့ဘူးဗျို့။”
..အသက်အန္တရာယ်နဲ့ မကြုံရသရွေ့တော့ ငါ့ရဲ့ လျှို့ဝှက်ကတ်တွေကို ထုတ်သုံးဖို့ မလိုပါဘူးလေ။..
ထိုအခါ တာအိုဆရာလုံရှန်းက ကောင်းကင်နှင့် မြေကြီးစွမ်းအားကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်သည်။ သူလည်း စိတ်ထဲက သက်ပြင်းချလိုက်မိသည်။ နင်ချီ၏ စွမ်းဆောင်ရည်က သိပ်ကို ထူးကဲလွန်းနေသည်လေ။ သူသာ ဆက်ပြီး အားနည်းသည့် ပုံ မပြလျှင် သူကိုယ်တိုင် ဝင်ပါရတော့မလို ဖြစ်နေပြီ။
တာအိုဆရာလုံရှန်း စိတ်ထဲမှာ အလွန်အမင်း အံ့ဩသွားတော့သည်။
နင်ချီက ရှစ်နှစ်ပဲ ရှိသေးတာ။
ယခု ဒီလိုစွမ်းဆောင်ရည်မျိုးက သူ ကောင်းကင်ဘုံလူသားနယ်ပယ် မရောက်ခင်တုန်းကနှင့် ယှဉ်လျှင်တောင် ပိုသာချင် သာနေဦးမည်။ ထိုအချိန်တုန်းက သူ အသက် ရှစ်ဆယ်ကျော်နေပြီ။
ယှဉ်ကြည့်လိုက်တော့ သူသည် ဒီနှစ်တွေမှာ ရေတွက်ပြီး အလကားနေခဲ့ရသလိုပင်။
ထိုအခိုက်အတန့်မှာ နင်ချီက ပြုံးလိုက်ပြီး မေးငေါ့လိုက်သည်။
“ဆရာ၊ ဘယ်လိုနေလဲ။”
ထိုမျှော်လင့်တကြီး စောင့်ကြည့်နေသော မျက်လုံးတွေကို ရင်ဆိုင်ရင်း တာအိုဆရာလုံရှန်းက ခပ်ဟဟ ချောင်းဆိုးလိုက်ပြီး မျက်နှာကို တည်ငြိမ်အောင် ကြိုးစားထိန်းရင်း ဆို၏။
“မဆိုးပါဘူး။”
တာအိုဆရာလုံရှန်းက နောက်လှည့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေလိုက်သည်။
ဒီလို စွမ်းဆောင်ရည်က “မဆိုးပါဘူး” ဆိုတာထက် အများကြီး ပိုပါသည်။ ဒါက လူမဟုတ်၊ သားရဲကောင်လိုပင်။ မူလအမြုတေ နယ်ပယ်ကိုတောင် လွယ်လွယ်ကူကူ ယှဉ်ပြိုင်နိုင်လောက်၏။
“ဒါဆိုရင် သွေးမိုးမျှော်စင်က ရွှေတံဆိပ် လုပ်ကြံသတ်ဖြတ်သူ ‘လေ’ ကိုတော့ မင်းပဲ တာဝန်ယူလိုက်တော့။”
တာအိုဆရာလုံရှန်း၏ လေသံက တည်ငြိမ်နေသော်လည်း သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်မှုကတော့ သူ့၏ လက်ရှိ ခံစားချက်အားလုံးကို ဖော်ပြနေတော့သည်။