← Chapters

အသားတောင်ပုပုလေး

Vol. 6 Ch. 79

အသားတောင်ပုပုလေး

Vol. 6 Ch. 79

~ဤသို့သော အငွေ့အသက်မျိုးထဲတွင် အစစ်အမှန်သိုင်းဂိုဏ်း တပည့်အားလုံးလည်း အလားတူ စိတ်လှုပ်ရှား တက်ကြွနေကြလေသည်။

အစစ်အမှန်သိုင်းတောင်၌ ကျင်းပမည့် ဤသူရဲကောင်းများ စုဝေးပွဲကြီးသည် အစစ်အမှန်သိုင်းဂိုဏ်း တည်ထောင်ခဲ့ချိန်မှစ၍ အကြီးကျယ်ဆုံးသော အခမ်းအနားဟု ဆိုနိုင်ပြီး၊ ဂိုဏ်း၏ သမိုင်းတွင် အရေးပါသော အချိုးအကွေ့တစ်ခု ဖြစ်လာပေမည်။ လော့ဝမ်ထျန်းသည် ဂိုဏ်းတွင်း၌ အမိန့်အကြိမ်ကြိမ် ထုတ်ပြန်ထားခဲ့ပြီးဖြစ်၏။ ရောက်ရှိလာမည့် ဧည့်သည်တော်များကို အကောင်းဆုံးသော အနှစ်သာရ၊ ချီစွမ်းအင်နှင့် စိတ်ဓာတ်တို့ဖြင့် ကြိုဆိုကြရန်၊ အမှားအယွင်း တစ်စုံတစ်ရာ မရှိစေရန် ဖြစ်သည်။

လော့ဝမ်ထျန်းသည် အစစ်အမှန်သိုင်းတောင်တွင် ဆက်လက် တာဝန်ယူနေပြီး၊ ရှုံးရှီကိုမူ အစစ်အမှန်သိုင်းမြို့တော်ဆီသို့ စေလွှတ်ထားလိုက်သည်။

ယခုရက်ပိုင်းများတွင် အစစ်အမှန်သိုင်းမြို့တော်အတွင်း စုရုံးလာကြသော သိုင်းသမားများသည် တစ်နေ့တခြား ပိုမိုများပြားလာနေ၏။ လူအတော်များများ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြမည် ဖြစ်သော်လည်း၊ လူစုလူဝေး ဖြစ်လာလျှင် ပဋိပက္ခဆိုသည်မှာ ရှောင်လွှဲ၍ မရပေ။ ထို့ကြောင့် တောင့်တင်းခိုင်မာသော ပုဂ္ဂိုလ်

တစ်ယောက်က အခြေအနေကို ထိန်းသိမ်းပေးနိုင်လျှင် ပို၍ ကောင်းပေမည်။

ရှုံးရှီထက် ပို၍ စွမ်းအားကြီးသူများကမူ ပြဿနာရှာကြမည် မဟုတ်ပါ။ တာအိုဆရာလုံရှန်း၏ ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်မှု သတင်းများသည် မကြာသေးမီကမှ ပျံ့နှံ့ထားဆဲဖြစ်ရာ၊ မည်သူမျှ ဒီလို အချိန်တွင် ကိုယ့်ဒုက္ခကိုယ် ရှာချင်ကြမည် မဟုတ်ပေ။

တပည့်တစ်ဦးချင်းစီတွင် ကိုယ့်တာဝန်နှင့်ကိုယ် ရှိကြ၏။

နင်ချီမှာမူ နောက်တစ်ကြိမ် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိသွားသကဲ့သို့ ရှိသည်။

သူလည်း ကူညီချင်ပါ၏။ သို့သော် ဂိုဏ်း၏ ကိစ္စအဝဝတွင် သူသည် ပါဝင်ပတ်သက်ခဲ့သည်မှာ နည်းပါးလှသဖြင့် တကယ်တမ်း ကူညီစရာ ဘာမျှမရှိသလို ဖြစ်နေသည်။ အဲ.. တောင်အောက်သို့ဆင်း၍ ဖိတ်စာများ လိုက်လံပေးပို့စေရန် တာဝန်ပေးအပ်ခြင်းမှာ ပို၍ပင် မဖြစ်နိုင်သေး။

လော့ဝမ်ထျန်းတို့လို လူကြီးများ၏ မျက်စိထဲတွင်မူ ဂျူနီယာညီငယ်လေးသည် ရှစ်နှစ်အရွယ်သာ ရှိသေးရာ၊ ဂိုဏ်းအတွင်း၌ပင် နေထိုင်သည်က ပို၍ကောင်းပေလိမ့်မည်။

ထိုနေ့က တာအိုဆရာလုံရှန်း ကောင်းကင်ဘုံလူသား လမ်းစဉ်အကြောင်း ဟောပြောခဲ့ပြီးနောက်ပိုင်း၊ နင်ချီသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံ ရသည်။ ကောင်းကင်ဘုံ ဓားသိုင်းကွက်ကို ဖန်တီးခဲ့ပြီးနောက် ပုံမှန် ကျင့်ကြံမှု အခြေအနေဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သို့သော် သူသည် ချီစွမ်းအင် သန့်စင်ခြင်းမှာ အတန်ငယ် နှေးကွေးနေသကဲ့သို့ ခံစားနေရ၏။

'ချီစွမ်းအင် နယ်ပယ် ကျင့်ကြံမှုမှာ၊ မြူဖြူကို ကျောက်စိမ်းအရည်အဖြစ် ပြောင်း၊ ကျောက်စိမ်းအရည်ကို ခဲစေပြီး မူလအမြုတေ ဖြစ်အောင်လုပ်ရတယ်။ နယ်ပယ် တစ်ခုချင်းစီက ချီစွမ်းအင်ရဲ့ အရည်အသွေး ပြောင်းလဲမှုပဲ။ ချီစွမ်းအင် သန့်စင်ဆေးလုံးက ငါ့အတွက် အသုံးဝင်ပေမဲ့ စားသုံးမှုနှုန်းက သိပ်များလွန်းတယ်။ ဂိုဏ်းရဲ့ ဝိညာဉ်ဆေးပင် အခြေခံက ငါ့ကျင့်ကြံမှုကို မထောက်ပံ့နိုင်ဘူး။ ငါ တောင်အောက်ဆင်းပြီး အရင်းအမြစ်ရှာဖွေမှပဲ ရမယ်။ ဒါပေမဲ့ အဲ့ဒါက ပိုမြန်မယ်လို့တော့ မထင်ဘူး။'

'အရင်တစ်ခါက ‘မက်မောစွာ အိပ်မက်မက်ခြင်း’ လျှို့ဝှက်သိုင်းကွက်ကို ပေါင်းစပ်ကြည့်ရင်၊ အစားအစာ ဒါမှမဟုတ် တခြား အရင်းအမြစ်တွေကနေ ချီစွမ်းအင် သန့်စင်ဖို့ စွမ်းအင် စုဆောင်းကြည့်လို့တော့ ရနိုင်တယ်။ ဒါပေမဲ့ ဒါက အရင်းပြသနာကို ဖြေရှင်းတာမှ မဟုတ်တာ'

'ဘယ်တော့မှ မကုန်ခမ်းနိုင်တဲ့ စွမ်းအင် ရင်းမြစ်မျိုးရော မရှိဘူးလား။'

နင်ချီသည် အတွေးနက်ထဲ နစ်မျောသွားသည်။

အမှန်စင်စစ် သူ စဉ်းစားမိပြီးသား ဖြစ်၏။ ထိုအရာမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားပင်တည်း။

ကောင်းကင်နှင့် မြေကြီးစွမ်းအားကို အသုံးပြု၍ ချီစွမ်းအင် သန့်စင်မည် ဆိုလျှင် အကျိုးသက်ရောက်မှု ရှိကို ရှိပေမည်။

သို့သော် ပြဿနာမှာ သူ၏ ကောင်းကင်နှင့် မြေကြီးစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းသည် ကောင်းကင်နှင့် လူသား တစ်သားတည်းကျခြင်း လျှို့ဝှက်နည်းစနစ်အပေါ် လုံးလုံးလျားလျား မှီခိုနေရခြင်းပင်။ ကောင်းကင်ဘုံဓားသိုင်းကွက်ကဲ့သို့ အကြမ်းဖျင်းအားဖြင့် အစုအပုံလိုက် စုစည်းနိုင်ရုံမျှသာ ရှိသေး၏။ တိုက်ခိုက်ရေးအတွက်မူ အဆင်ပြေသော်လည်း ချီစွမ်းအင် သန့်စင်ရန်အတွက်မူ လုံလောက်သော တိကျမှု မရှိသေးပေ။

အတွေးများသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် လင်းလက်သွားလိုက်၊ တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားလိုက် ဖြစ်နေသည်။

နင်ချီ အသက်ကို ပြင်းပြင်းရှူ ရှိုက်လိုက်၏။

'ဖြည်းဖြည်းချင်းပဲ သွားရမှာပေါ့။'

ဒါက အခြေအနေချင်း ကွာခြားမှုပင်။ ပြုပြင်ရန်မှာ လွယ်ကူသည်မဟုတ်။

သို့သော်လည်း နင်ချီသည် သူ ဤအတိုင်း ဆက်လက် ကျင့်ကြံသွားလျှင်ပင် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ချိုးဖြတ်ရန် အလွန်ကြာမြင့်မည် မဟုတ်ဟု ခံစားမိနေ၏။ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ဆိုလျှင် လုံလောက်သင့်သည်။

ထိုသို့ အချိန်တိုတွင်း တက်လှမ်းနိုင်သည်မျိုးက လောကကြီးမှာ ပြိုင်ဘက်

ကင်းလောက်ပေသည်။

မည်သို့ပင်ဆိုစေကာမူ၊ ပြိုင်ဘက်ကင်း ပါရမီရှင်ဟု သတ်မှတ်ခံရသော တာအိုဆရာလုံရှန်းပင်လျှင် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ မချိုးဖြတ်မီ အနှစ်လေးငါးဆယ်ခန့် အချိန်ယူခဲ့ရသည် မဟုတ်ပါလော။

ထိုကာလရှည်ကြီးအတွင်းမှ စိန်ခေါ်မှုမှာမူ စဉ်းစားကြည့်၍ ရနိုင်ပါလေသည်။

...

အချိန်ကာလသည် တဖြည်းဖြည်း ကုန်လွန်သွားလေသည်။

ဆယ့်နှစ်လပိုင်း လပြည့်ကျော် ရှစ်ရက်နေ့ နီးကပ်လာသည်နှင့်အမျှ၊ တာအိုဆရာလုံရှန်းသည် တောင်အောက်သို့ နောက်တစ်ကြိမ် ဆင်းသွားပြီးနောက်၊ ပြန်လည်တက်လာခဲ့ပြန်သည်။ သူသည် ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူ အများအပြားကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်စာများ သွားရောက်ပေးပို့ခဲ့သော်လည်း တကယ်တမ်း မည်မျှ တက်ရောက်လာမည်ကိုမူ မသိနိုင်သေးချေ။ မည်သို့ပင်ဖြစ်စေ တာအိုဆရာလုံရှန်းသည် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ယခုမှ ဝင်ရောက်ခါစသာ ရှိသေးပြီး ဤကျွမ်းကျင်သူများနှင့် သူ၏ ဆက်ဆံရေးမှာ အတိတ်က ခရီးသွားရင်း ဖြစ်ပေါ်ခဲ့သည်များသာ များပြားကာ တကယ်တမ်း ရင်းနှီးသော ဆက်ဆံရေးမှာ အနည်းငယ်မျှသာ။

ဖိတ်စာများ ပေးပို့ရန် ထွက်ခွာသွားခဲ့ကြသော အစစ်အမှန်သိုင်းဂိုဏ်း တပည့်များသည်လည်း တောင်ပေါ်သို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။

နင်ချီမှာမူ တာအိုရှာဖွေခြင်း ကျောင်းတော်တွင်

မနေတော့ချေ။ မကြာမီ ဧည့်သည်တော်များ တောင်ပေါ်သို့ ရောက်ရှိလာကြတော့မည် မဟုတ်ပါလော။

ရာသီဥတုသည် အေးစက်ပြီး ခဲမတတ် ဖြစ်နေသည်။ အစစ်အမှန်သိုင်းမြို့တော်တွင် နှင်းများ ထူထူထပ်ထပ် ကျဆင်းနေသော်လည်း အစစ်အမှန်သိုင်းတောင်မှာမူ မည်သို့မျှ ထိခိုက်ခြင်းမရှိချေ။

ယင်းက တာအိုဆရာလုံရှန်းက ကြိုတင်၍ ကောင်းကင်နှင့် မြေကြီးစွမ်းအားကို ကြိုးကိုင်ထားသောကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိသွားသည့်အခါ၊ နေရာ ကွက်ကွက်ကလေးများ၌ ကောင်းကင်ဘုံ၏ ဖြစ်စဉ်ကို ပြောင်းလဲရန်မှာ ခက်ခဲသည့် ကိစ္စ မဟုတ်တော့ပေ။

-------

အစစ်အမှန်သိုင်းတောင်ပေါ်၌...

ခန်းမဆောင်များမှာ အသစ်အတိုင်း ဖြစ်နေကြပြီး တပည့်များမှာလည်း စိတ်ဓာတ် တက်ကြွ

လန်းဆန်းနေကြသည်။

တာအိုဆရာလုံရှန်းသည် အဖြူရောင် တာအိုဝတ်ရုံဖြင့် ကျက်သရေရှိပြီး နတ်ဘုရားတစ်ပါးနှယ် ထည်ဝါနေ၏။ အစစ်အမှန်တပည့်ရင်း အားလုံးသည် အပြာရောင် တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး၊ အတွင်းစည်းနှင့် အပြင်စည်း တပည့်များမှာမူ အစိမ်းရင့်နှင့် အစိမ်းဖျော့ရောင်များကို အသီးသီး ဝတ်ဆင်ထားကြလေသည်။

ကောင်းကင်ဘုံလူသား မဟာအခမ်းအနား မတိုင်မီ သုံးရက်အလို၌...

အစစ်အမှန်သိုင်းတောင်သည် ပထမဆုံးသော ဧည့်သည်တော်ကို ကြိုဆိုလိုက်ရ၏။

နတ်ဘုရားဓားဂိုဏ်း.....

တောင့်တင်းခိုင်မာပြီး မားမားမတ်မတ် ရှိလှသော နတ်ဘုရားဓားသခင်အဘိုးကြီးသည် ရင်းနှီးနေသော အစစ်အမှန်သိုင်းတောင်ကို စိုက်ကြည့်ရင်း၊ သူ၏ မျက်နှာအမူအရာမှာ တွေဝေနေ၏။

မူလက သူသည် နောက်တစ်ကြိမ် ဆယ်နှစ်သဘောတူညီချက်ကို စောင့်ဆိုင်းပြီးမှ ပြန်လာရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သုံးနှစ်မျှသာ ကြာသေးသည့်အချိန်တွင် သူ ဤနေရာသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟုမူ မမျှော်လင့်ထားခဲ့ချေ။

“လုံရှန်း... တာအို ရောင်းရင်း...”

နတ်ဘုရားဓားသခင်အဘိုးကြီးသည် နောက်ဆုံးတွင် ‘နွားနှာခေါင်း’ ဟု မခေါ်တော့ဘဲ ‘တာအို ရောင်းရင်း’ ဟု အစားထိုးလိုက်၏။ တာအိုဆရာလုံရှန်းသည် ယခုအခါ ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူတို့နှစ်ဦးကြားမှ ကွာခြားချက်သည် အတော်ပင် ကြီးမားသွားပြီ မဟုတ်ပါလော။

တာအိုဆရာလုံရှန်းသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူက ကောင်းကင်ဘုံလူသား သိုင်းပညာရှင်တစ်ဦး၏ မာန်မာနမျိုး လုံးဝမပြချေ။

“နတ်ဘုရားဓား အစ်ကိုကြီး၊ ဒါ ခင်ဗျားပုံစံ မဟုတ်တော့ဘူးနော်။”

နတ်ဘုရားဓားသခင်အဘိုးကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်၏။

“လုံရှန်း အဘိုးကြီး၊ သိပ်စိတ်ကြီးမဝင်နေနဲ့၊ ငါ့ကို နှစ်အနည်းငယ်လောက် အချိန်ပေး၊ ငါ မင်းကို သေချာပေါက် ကျော်တက်ပြမယ်”

နတ်ဘုရားဓားသခင်သည် ယခင်အတိုင်းပင် ခေါင်းမာနေဆဲ။

သူ၏အကြည့်သည် တာအိုဆရာလုံရှန်း နောက်မှ တပည့်များဆီသို့ ကျရောက်သွား၏။ ချီစွမ်းအင် နယ်ပယ် အရှိန်အဝါ အများအပြားကို ခံစားမိလိုက်သည့်အခါ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထို့နောက် အငယ်ဆုံး ဖြစ်သော ထိုကောင်လေးကို ကြည့်လိုက်သည်။

နင်ချီ...

နတ်ဘုရားဓားသခင်အဘိုးကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားရ၏။

နင်ချီ၏ ကိုယ်နေဟန်ထားတွင် ဘာမျှ ပြောင်းလဲမှု မရှိသည်ကို သူ သတိပြုမိလိုက်၏။ ယခင်အတိုင်းပင် ညီညီညာညာ၊ ကျစ်ကျစ်လျစ်လျစ်ပဲ။

'သူ ‘မက်‌မောစွာ အိပ်မက်မက်ခြင်း’ ကျင့်စဉ်ကို မကျင့်ထားလို့များလား။'

နတ်ဘုရားဓားသခင်အဘိုးကြီး အတန်ငယ် ဇဝေဇဝါဖြစ်သွား၏။

နင်ချီ၏ နားလည်နိုင်စွမ်းနှင့်ဆိုလျှင် ဒီလို မဖြစ်သင့်ပေ။ သုံးနှစ်အကြာက သူ၏တပည့်ငယ် ကျွမ်းချန် ပြသခဲ့သော ဓားကွက်သည် သူ့ကို ယခုထက်တိုင် အံ့ဩတုန်လှုပ်စေဆဲ ဖြစ်သည်။

သို့သော် သူ ဆက်လက်မတွေးနိုင်မီမှာပင်...

တာအိုဆရာလုံရှန်းသည် ရယ်မောလျက် သူ့ကို အတွင်းသို့ ဆွဲခေါ်သွားနှင့်လေပြီ။

------

အကြီးအကဲ နှစ်ဦးသည် ရှေ့မှ ဦးဆောင်သွားပြီး တပည့်များမှာ နောက်မှ ကပ်၍ လိုက်ပါလာကြသည်။

သို့ရာတွင် ယခုတစ်ကြိမ်၌ နတ်ဘုရားဓားဂိုဏ်းမှ တပည့်များသည် သိသိသာသာ ပို၍ ကျိုးနွံနေကြ၏။ အစစ်အမှန် သိုင်းဂိုဏ်း၏ လတ်တလော ထင်ပေါ်ကျော်ကြားမှုကို ထည့်သွင်း စဉ်းစားရမည် မဟုတ်ပါလော။ တာအိုဆရာလုံရှန်း ကောင်းကင်ဘုံလူသား နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ရုံသာမက ချီစွမ်းအင် နယ်ပယ် ကျွမ်းကျင်သူ အများအပြားလည်း ပေါ်ထွက်လာခဲ့သည် မဟုတ်လော။

တစ်ဦးတည်းသော သူမှာမူ သာ်အခြေအနေကို ဘာမှ သိပ်ပြီး ဂရုစိုက်မနေပါပေ။

“နင်ချီ၊ မတွေ့တာကြာပြီ နော်..”

ကျွမ်းချန်၏ စိတ်လှုပ်ရှားနေသော အသံသည် ထွက်ပေါ်လာသည်။

နင်ချီသည် သူ၏ရှေ့မှ အသားတောင်ပုပုလေးကို ကြည့်ရင်း အတန်ငယ် အံ့ဩမှင်သက်သွားသည်။

သုံးနှစ်အကြာက ကျွမ်းချန်သည် ဝတုတ်သော ကောင်လေးတစ်ယောက် ဆိုလျှင်ပင် ယခုအခါ၌မူ တကယ့်ကို အသားတုံးကြီး ဖြစ်နေလေပြီ။

ဆယ့်တစ်နှစ်အရွယ် ကျွမ်းချန်သည် နင်ချီနှင့် အရပ်အမောင်း တူညီလောက်သော်လည်း သူ၏ ဗိုက်အကျယ်မှာမူ နင်ချီ၏ နှစ်ဆကျော်ခန့် ရှိ၏။ မျက်နှာကတော့ ယခင်အတိုင်းပင် ရူးတူးတူး မျက်နှာပေးနှင့်ဖြစ်ပြီး၊ နတ်ဘုရားဓားဂိုဏ်း၏ ဝတ်စုံမှာ သူ၏ကိုယ်ပေါ်တွင် ကြပ်ညပ်ကာ ဟာသဆန်နေသည်။

“ကျွမ်းချန်လား။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

ကျွမ်းချန်သည် ခေါင်းကို တဆတ်ဆတ်ညိတ်ပြ၏။ အလွန်အကျွံ ဝနေသော်လည်း အဆီပြန်နေသည်မျိုးတော့ မဟုတ်ချေ။ သူ၏ လှုပ်ရှားမှုများကြောင့် အသားများမှာ တုန်ခါနေပြီး ဟာသအရိပ်အယောင်လေး ဆောင်နေသည်။

နှစ်ဦးသား နောက်တွင် ကျန်ရစ်ခဲ့ကြပြီး၊ အခြားတပည့်များမှာမူ အချင်းချင်း နားလည်မှုရှိသော အပြုံးလေးများဖြင့် ဖလှယ်ကြည့်လိုက်ကြသည်။

“မင်း ‘ မက်မောစွာ အိပ်မက်မက်ခြင်း ’ ကျင့်လို့ ဒီလိုဖြစ်သွားတာလား။”

နင်ချီ မမေးဘဲ မနေနိုင်တော့ချေ။

ထိုအခါ ကျွမ်းချန်သည် ခေါင်းကုတ်လိုက်ရင်း ရယ်ကျဲကျဲဖြင့် ဆို၏။

“အဲ့ဒါက တစ်စိတ်တစ်ပိုင်းပေါ့၊ ပြီးတော့ ကျွန်တော်က အစားပိုကြိုက်လာလို့လည်း ပါတယ်။”

သူ နည်းနည်း စိတ်ရှုပ်သွားပုံရသည်။

“နင်ချီ၊ ခင်ဗျား ‘အိပ်မက်မက် လောဘကြီးခြင်း’ မကျင့်ဘူးလား။ ဘာလို့ နည်းနည်းလေးမှ မဝလာတာလဲ။”

နင်ချီ ပြန်လည်မဖြေဆိုနိုင်မီမှာပင်...

ကျွမ်းချန်က ဆက်လက်ပြောဆိုသည်။

“ခင်ဗျား မကျင့်ထားဘူးဆိုရင်တော့ ကျွန်တော်ပြောမယ်၊ ခင်ဗျား အခု ကျွန်တော့်ကို လုံးဝ အနိုင်မတိုက်နိုင်တော့ဘူး။ တိုးတိုးလေးပြောရရင်၊ ကျွန်တော် အတွင်းစွမ်းအားနယ်ပယ်ကို ရောက်တော့မယ်ဗျ၊ ဆရာကတော့ တခြားလူတွေကို မပြောနဲ့ဦးလို့ မှာထားတယ်...”

'အေးလေ... အရင်လိုပဲ စကားများတုန်းပဲကိုး။'

သို့သော် နင်ချီသည် ကျွမ်းချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ အနည်းငယ် အံ့ဩသွားပြန်သည်။

အပြစ်အနာအဆာကင်းသော ကိုယ်ခန္ဓာနှင့် အတွင်းအား မကြာမီ ထုတ်လုပ်နိုင်တော့မည့်ဟန်...။

သူ၏ ကျင့်ကြံနှုန်းသည် မိမိနှင့် မယှဉ်သာသော်လည်း သာမန်လူများနှင့် နှိုင်းယှဉ်လျှင်မူ အနည်းငယ် သားရဲဆန်လွန်းနေသည်။

ကြည့်ရသည်မှာ ကျွမ်းချန်သည် ‘မက်မောစွာ အိပ်မက်မက်ခြင်း’ လျှို့ဝှက်သိုင်းကွက်နှင့် အလွန်ပင် လိုက်ဖက်ညီညွတ်ဟန်တူ၏။

သို့သော်လည်း...

နင်ချီကို အလွန်ဆုံး စိတ်ဝင်စားသွားစေသည်မှာ ကျွမ်းချန်၏ ‘မက်မောစွာ အိပ်မက်မက်ခြင်း’ နှင့် လိုက်ဖက်ညီညွတ်မှု မဟုတ်ဘဲ... ကျွမ်းချန်၏ခန္ဓာကိုယ်အတွင်းမှ... မူလ ဓားအရိုးပင်တည်း။

All Chapters