← Chapters

စွမ်းအားရှင်များ စုဝေးခြင်း

Vol. 6 Ch. 81

စွမ်းအားရှင်များ စုဝေးခြင်း

Vol. 6 Ch. 81

~အစစ်အမှန်သိုင်းမြို့တော်အတွင်း၌ နှင်းများ ထူထပ်စွာ ကျဆင်းနေ၏။ သို့ဖြစ်သော်ငြားလည်း ထိုအခြေအနေသည် သိုင်းသမားများ၏ စိတ်အားထက်သန်မှုကို မလျှော့ကျစေနိုင်ခဲ့ပါ။ ဧည့်ဂေဟာများမှာ ပြည့်လျှံနေပြီး၊ လူများသည် ဝိုင်အရက်ဖြင့် အနွေးဓာတ်ယူကာ စိတ်အားထက်သန်စွာ ဆွေးနွေးပြောဆိုနေကြသည်။ တောင်ထိပ်နှင့် တောင်အောက်သို့ အထူးဆက်သားများက လူးလာခေါက်တုံ့ သွားလာနေကြပြီး နောက်ဆုံးရသတင်းများ ချက်ချင်းလက်ငင်း ရောက်ရှိစေရန် အာမခံလေ၏။

ဤသည်မှာ လူအများ တောင်ပေါ်သို့ မတက်နိုင်လျှင်ပင် ဤနေရာသို့ အုပ်စုလိုက် လာရောက်ကြခြင်း၏ အကြောင်းရင်းပင် ဖြစ်သတည်း။

အကြောင်းမူကား၊ သူတို့သည် ပထမဆုံး သတင်းအချက်အလက်များကို ရရှိနိုင်သောကြောင့်တည်း။

ထိုအခိုက်အတန့်၌၊ အစစ်အမှန်သိုင်းတောင်ပေါ်တွင်မူ...

ကောင်းကင်က ကြည်လင်နေ၏။

တောင်ထိပ်နှင့် တောင်အောက်သည် ကမ္ဘာနှစ်ခုအလား ကွဲပြားခြားနားနေတော့သည်။

ကောင်းကင်ယံမှ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်လျှင်၊ အလွန်ရှင်းလင်းသော ပိုင်းခြားထားသည့် မျဉ်းတစ်ကြောင်းကို တွေ့မြင်နိုင်ပေသည်။

-------

အစစ်အမှန်သိုင်း ကျင့်ကြံရာ နယ်မြေ၏ အထက်၌...

စားပွဲများကို အထူးပုံစံတစ်ခုအတိုင်း စီစဉ်ထားရှိသည်။ လွန်ခဲ့သော သုံးရက်အတွင်း ဧည့်သည်တော်များ ရောက်ရှိလာခဲ့ကြပြီး အစစ်အမှန်သိုင်းဂိုဏ်း တပည့်များ၏ လမ်းညွှန်မှုအောက်တွင် နေရာယူထားကြ၏။ အလယ်ဗဟိုတွင် မြင့်မားသော စင်မြင့်တစ်ခုရှိရာ၊ လက်ရှိတွင်မူ လစ်လပ်နေသေးသည်။

သို့သော် လူတိုင်း ထိုမြင့်မားသော စင်မြင့်ကို ကြည့်လိုက်ကြသည့်အခါ၊ သူတို့၏ မျက်လုံးများထဲတွင် ရိုသေလေးစားမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ မကြာမီ ထိုနေရာ၌ မည်သူ ထိုင်မည်ကို သူတို့ သိရှိနေကြပြီး၊ မျှော်လင့်ချက်တစ်ခုသည် နှလုံးသားထဲတွင် တိုးပွားလာခဲ့ တော့သည်။

ဧည့်သည်တော်များ ဆက်တိုက် ရောက်ရှိလာနေဆဲပင်။

“ချန်းပြည်နယ် မြူမိုးရိပ်ဂေဟာက ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။”

လော့ဝမ်ထျန်း၏ ထက်ရှသော ကြေညာသံသည် ဟိန်းထွက်လာပြီး၊ များပြားလှသော အကြည့်များကို ဆွဲဆောင်သွားတော့သည်။

လော့ဝမ်ထျန်းက လက်ဟန်ပြလိုက်သည်နှင့် တောင်ခြေမှ အဖြူရောင် ဝတ်ရုံဝတ် မိန်းမချော အများအပြား တက်လာကြသည်။ သူတို့၏ ကျက်သရေရှိလှသော ခြေလှမ်းများနှင့် လောကီဆန်ခြင်းမရှိသော တည်ရှိမှုသည် ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်နေ၏။

သူမတို့အားလုံး ဖြူလွှသော ပိုးသားပဝါများဖြင့် မျက်နှာကို ဖုံးကွယ်ထားကြသော်လည်း၊ ဤအမျိုးသမီးများသည် အဆင့်အမြင့်ဆုံးသော အလှတရားများ၏ ပိုင်ရှင်များဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။

သူတို့၏ အကြီးအကဲများက အသိပညာနှင့် အတွေ့အကြုံများ တိုးပွားစေရန် ခေါ်ဆောင်လာခဲ့သော လူငယ်အချို့မှာမူ စိုက်ကြည့်နေမိကြပြီးမှ ရှက်ရွံ့စွာဖြင့် ခေါင်းများကို ငုံ့ချလိုက်ကြသည်။

နင်ချီသည် ဦးဆောင်လာသော အမျိုးသမီးကို စူးစမ်းစွာ ကြည့်ရှုလိုက်၏။ သူမသည်လည်း အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း လခြမ်းပုံစံ ပန်းထိုးမှုတစ်ခု ပါရှိလေသည်။

သူသည် ထိုအမျိုးသမီး၏ ကျက်သရေရှိမှုကြောင့် အံ့ဩသွားခြင်း မဟုတ်ဘဲ၊ သူမ၏ မဖုံးကွယ်ထားသော အရှိန်အဝါကြောင့်သာ ဖြစ်သည်။ ၎င်းမှာ မူလအမြုတေ နယ်ပယ်ဖြစ်ပြီး၊ နတ်ဘုရားဓားသခင်အဘိုးကြီးနှင့်ပင် ယှဉ်နိုင်လေသည်။

ယဲ့ချင်းဟယ်က ပြုံးရွှင်စွာဖြင့် တိုးကပ်လာပြီး အသိပေးလိုက်သည်။

“အဲ့ဒါ မြူမိုးရိပ် စံအိမ်က ဒုတိယ စံအိမ်မှူး လျိုမင်ယွဲ့ပဲ။ သူ့ရဲ့ နုပျိုတဲ့ ပုံစံကို ကြည့်ပြီး မလှည့်စားခံလိုက်နဲ့၊ ငါတို့ဆရာနဲ့တောင် အသက် မတိမ်းမယိမ်းပဲ။ အရင်တစ်ခါက ဆရာ သံမဏိတောင်ကြောက လူကြမ်း

သုံးယောက်ကို လိုက်ဖမ်းရင်း ချန်းပြည်နယ်ထိ ရောက်သွားတုန်းက မြူမိုးရိပ်ဂေဟာက အများကြီး ကူညီခဲ့ဖူးတယ်လေ။”

ထိုအခါ…နင်ချီ သဘောပေါက်သွားပြီး ရယ်မောလျက် ပြန်လည်

ပြောဆိုလိုက်သည်။

“စံအိမ်မှူးလျိုက အထင်ကြီးစရာ ကောင်းပေမဲ့၊ ကျွန်တော်တို့ စီနီယာ အစ်မရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိပါဘူးဗျာ။”

ထိုစဥ် ဘေးနားတွင် စားသောက်နေသော

ကျွမ်းချန်ကလည်း ပါးစပ်သုတ်လိုက်ပြီး ခေါင်းတဆတ်ဆတ် ညိတ်ပြရာ၊ ယဲ့ချင်းဟယ်ကို ကျေနပ်သွားစေသည်။

"ခစ်ခစ်..."

သူမက ရယ်မောလိုက်ပြီး သူတို့နှစ်ဦးကို ‘လူလည်လေးနှစ်ယောက်’ ဟု ခေါ်ဆိုလိုက်ပြီးနောက်၊ ဧည့်သည်များကို နှုတ်ဆက်ရန် ပြေးထွက်သွားလေတော့သည်။

ယခင် သုံးရက်တာကာလထက် ယနေ့ ရောက်ရှိလာသော အင်အားစုများက ပိုမို များပြားလှ၏။ အထူးသဖြင့် အဝေးရပ်မြေမှ လာရောက်ကြသူများ ဖြစ်ကြ၏။

“ယွင်ပြည်နယ်က ခန္ဓာခြောက် ဂိုဏ်းက ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။”

...

“ချူပြည်နယ်က လအရိပ် ဓားဂိုဏ်းက ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။”

...

“ချန်းပြည်နယ်က ပင်လယ်ဖုံး ဂိုဏ်းက ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။”

...

“မျက်လုံးသုံးလုံး နတ်ဘုရားလက်သီး ဂိုဏ်းက ကူပုယိက ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။”

...

“လေဟုန် ဓား ဂိုဏ်းက

ယဲ့ချန်က ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။”

...

အစွမ်းထက်သော အင်အားစုများနှင့် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဆက်တိုက် ရောက်ရှိလာကြရာ၊ သူတို့ထဲတွင် ပထမတန်းစား၊ ထိပ်တန်းအဆင့် အင်အားစုများပင် များစွာ ပါဝင်လေသည်။ ကောင်းကင်ဘုံလူသား စွမ်းအားရှင်များ ကိုယ်တိုင်ကိုယ်ကျ မလာရောက်ကြသော်ငြားလည်း၊ သူတို့သည် အရေးပါသော ကိုယ်စားလှယ်များကို တက်ရောက်ရန် စေလွှတ်ခဲ့ကြသည်။

တစ်သီးပုဂ္ဂလ ကျင့်ကြံသူ စွမ်းအားရှင်များအနက် အနည်းဆုံးမှာ ကျောက်စိမ်းအရည် နယ်ပယ်တွင် ရှိကြပြီး၊ မူလအမြုတေ နယ်ပယ်မှ ပုဂ္ဂိုလ်များလည်း အများအပြားပင်။

ထင်ရှားသော စွမ်းအားရှင်တစ်ဦး ရောက်ရှိလာတိုင်း ပွက်လောရိုက်မှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

နင်ချီ သတိပြုမိသည်မှာ တက်ရောက်သူအများစုသည် ချင်ပြည်နယ်၊ ယွင်ပြည်နယ်၊ ချန်းပြည်နယ်နှင့် ချူပြည်နယ်တို့မှ ဖြစ်ကြသည်။

အစစ်အမှန်သိုင်းဂိုဏ်းသည် ချင်ပြည်နယ်နှင့် ယွင်ပြည်နယ်တို့၏ လမ်းဆုံလမ်းခွတွင် တည်ရှိသောကြောင့် ဤပြည်နယ်နှစ်ခုမှ လာရောက်သူ အများဆုံး ဖြစ်၏။ ချူပြည်နယ်နှင့် ချန်းပြည်နယ်တို့မှာမူ၊ တာအိုဆရာလုံရှန်း အတိတ်က ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာခဲ့ပြီး ဆက်သွယ်မှုများစွာ တည်ဆောက်ခဲ့ရာ နေရာများ ဖြစ်လေသည်။

နေမင်းသည် အရှေ့အရပ်မှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ပြီ။

အစစ်အမှန်သိုင်းတောင်သည် အစဉ်အဆက်ထက် ပိုမို၍ စည်ကားသိုက်မြိုက်လာတော့သည်။

နင်ချီ၏ စိတ်သည် ကြည်လင်နေ၏။ ယနေ့သည် သူ၏ဆရာ ကောင်းကင်ဘုံလူသား မဟာအခမ်းအနား ကျင်းပသည့်နေ့ ဖြစ်ရုံသာမက၊ ဧည့်သည်တော် အများအပြားက လက်ဆောင်ပဏ္ဏာများ ယူဆောင်လာကြလေသည်။ ထိုအထဲတွင် သိုင်းပညာ လက်ရေးမူများစွာ ပါဝင်သောကြောင့်လည်း ဖြစ်ပါသည်။ ယနေ့ ကောင်းကင်ဘုံလူသား မဟာအခမ်းအနားတွင် ပေးအပ်သော လက်ဆောင်များသည် သဘာဝအတိုင်း သာမန်ပစ္စည်းများ မဟုတ်ကြပေ။

နင်ချီသည် နှစ်များတစ်လျှောက် သိုင်းကျမ်းတိုက်ရှိ သိုင်း ကျမ်းအားလုံးကို ကြာမြင့်စွာကပင် ဖတ်ရှုပြီးစီးခဲ့ပြီးဖြစ်ရာ၊ ဤကဲ့သို့ လော လောလတ်လတ်ဆတ်သော ဖြည့်စွက်မှု အသစ်တစ်သုတ် ရောက်ရှိလာခြင်းက သူ့ကို ပျော်ရွှင်စေသည်မှာ အဆန်းမဟုတ်တော့ချေ။

နင်ချီသည် ကျွမ်းချန်နှင့်အတူ ဘေးတစ်နေရာတွင် ရပ်နေခဲ့ပြီး၊ မျောက်ဖြူကလည်း အဖော်ပြုလျက်ရှိရာ၊ ရံဖန်ရံခါ အခြားသူများ၏ အကြည့်များကို ဆွဲဆောင်လျက်ရှိသည်။

သို့သော်ငြားလည်း နင်ချီသည် တည်ငြိမ်အေးဆေးစွာပင် ရှိနေခဲ့သည်။

ရုတ်တရက်…

သူ၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားပြီး ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်သည်။

ယခင်က ဆူညံနေခဲ့သော အစစ်အမှန်သိုင်း ကျင့်ကြံရာနယ်မြေသည် တိတ်ဆိတ်သွား၏။ အဘယ်ကြောင့်ဆိုသော် ဖော်ပြမရနိုင်သော အားလှိုင်းဂယက်တစ်ခု အဝေးက ကောင်းကင်ယံမှ ပျံ့လွင့်လာသောကြောင့် ဖြစ်သည်။ မူလအမြုတေ ကျွမ်းကျင်သူများ အပါအဝင်၊ အကြည့်တိုင်းသည် အလိုအလျောက် ဆွဲငင်ခံလိုက်ရသည်။

ကျယ်ပြန့်သော အာရုံစိုက်မှုများ၏ အလယ်တွင်…

ပုံရိပ်တစ်ခုသည် လေထဲမှ လွင့်ဝဲလာ၏။ မဟုတ်သေး၊ တိတိကျကျ ဆိုရလျှင် ပုံရိပ် သုံးခု ဖြစ်သည်။

အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော သာမန်ရုပ်ရည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ သို့သော် သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်မူ အလွန်တရာ ချောမောလှပသော အမျိုးသမီးတစ်ဦးစီက ခြံရံထား၏။ ထိုအမျိုးသမီးနှစ်ဦးမှာ ထူးထူးခြားခြား ဆင်တူနေကြပြီး ကျင့်ကြံမှု

အဆင့်မှာလည်း မနိမ့်လှချေ။ သူမတို့သည် ချစ်စဖွယ် အမြွှာညီအစ်မ နှစ်ယောက် ဖြစ်ကြသည်။

ထိုအခိုက်အတန့်တွင် ထိုသူသုံးဦးမှာ သူတို့၏ ပတ်ဝန်းကျင်ကို အနည်းငယ်မျှ ဂရုမစိုက်ကြပေ။ ချောမောလှပသော အမျိုးသမီးနှစ်ဦးသည် ဝိညာဉ်အသီးများနှင့် ဝိုင်ကောင်းများကို ကိုင်ဆောင်ထားကြပြီး၊ အလယ်မှ လူအား နူးညံ့စွာ ပြုစုလျက်ရှိကာ၊ လက်ချောင်းများက ညင်သာစွာ ပွတ်သပ်လျက်၊ မကြာခဏ အနမ်းများ ပေးအပ်လျက်ရှိပြီး၊ မွှေးရနံ့များက ပတ်ဝန်းကျင်တွင် လှိုင်ထုံနေသည်။

ဤသို့သော မြင်ကွင်းသည် လူငယ်အများအပြားကို အလွန်အမင်း မနာလိုဖြစ်စေသော်လည်း၊ သူတို့၏ အကြီးအကဲများမှာမူ အထင်ကြီးလေးစားသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

ဤကဲ့သို့သော ဟန်ပန်မျိုးဖြင့် မိမိကိုယ်ကိုယ် ဖော်ကျူးနိုင်သူတစ်ဦးသည် သေချာပေါက် ကောင်းကင်ဘုံလူသား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။

အချက်အလက် ကောင်းစွာသိရှိသော ပုဂ္ဂိုလ်အချို့သည် လာရောက်သူကို မှတ်မိသွားကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် သဘောပေါက်နားလည်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ပထမတစ်ချက် ကြည့်လိုက်စဉ်က ထိုသူသုံးဦးသည် အဝေးတစ်နေရာ၌ ရှိနေသေးသော်လည်း၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အစစ်အမှန်သိုင်းတောင်၏ တောင်ခြေသို့ ရောက်ရှိနေခဲ့လေပြီ ဖြစ်သည်။

ထိုစဉ် တာအိုဆရာလုံရှန်းသည် ကောင်းကင်ယံသို့ ခမ်းနားစွာ ပျံတက်သွားပြီး လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။

သူက ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို တက်ကြွစွာ နှုတ်ဆက်လိုက်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“လွတ်လပ်ခြင်းအစ်ကို၊ ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ ကြွချီလာတာ၊ ကျွန်တော် တကယ်ကို ကျေးဇူးတင်လှပါတယ်ဗျာ။”

သူ၏ စကားများက လာရောက်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြလိုက်ပြီ ဖြစ်၏။

ရန်ရှောင်ယောင်..

လွတ်လပ်ခြင်းဘုရင်ဟု လူသိများသူ။

လွတ်လပ်ပေါ့ပါးပြီး အချစ်ရေး ရှုပ်‌သော်လည်း၊ သူရဲကောင်းဆန်သော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူ၏ အတွေ့အကြုံများတွင် ဒဏ္ဍာရီဆန်သော အရသာ အနည်းငယ် ပါဝင်၏။ လွတ်လပ်ခြင်းဘုရင်သည် တစ်သီးပုဂ္ဂလ ကျင့်ကြံသူ နောက်ခံမှ လာခဲ့သော်ငြားလည်း၊ အဆက်မပြတ်သော ကံကောင်းသည့် ကြုံဆုံမှုများ ရှိခဲ့ပြီး၊ နောက်ဆုံးတွင် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ သူသည် မရေမတွက်နိုင်သော တစ်သီးပုဂ္ဂလ ကျင့်ကြံသူ သိုင်းသမားများအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

ထိုအခိုက်အတန့်၌ လွတ်လပ်ခြင်း ဘုရင်ကလည်း တဟားဟား ရယ်မောလိုက်သည်။

“ခင်ဗျားရဲ့ ကောင်းကင်ဘုံလူသား မဟာအခမ်းအနားပဲ၊ ဂျူနီယာညီလေး လုံရှန်း... ကျွန်တော် တက်ရောက်ရမှာပေါ့။ ယွင်ပြည်နယ်က လမြင်ကွင်းမျှော်စင်မှာ ဝိုင်ကောင်းတစ်အိုး သွားယူနေလို့ နောက်ကျမယ်တောင် ထင်လိုက်တာ၊ ဒါပေမဲ့ ကျွန်တော်က ပထမဆုံး ရောက်လာတဲ့သူ ဖြစ်သွားတာလား။”

ထိုအခါ လူတိုင်း စွဲမက်သွားကြသည်။ လွတ်လပ်ခြင်းဘုရင် ဖော်ညွှန်းလိုက်သော "ပထမဆုံး ရောက်ရှိလာသူ" ဆိုသည်မှာ သဘာဝအတိုင်းပင် ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူများထဲမှ ပထမဆုံးကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့၏ မျက်လုံးများထဲတွင်၊ တူညီသော နယ်ပယ်မှ ပုဂ္ဂိုလ်များသာလျှင် သူတို့၏ အာရုံစိုက်ခြင်းနှင့် ထိုက်တန်လေသည်။

ဆိုရိုးစကားတစ်ခု ရှိသည်လေ။ ကောင်းကင်ဘုံလူသား၏ အောက်၌ အားလုံးသည် အရေးမပါသော သတ္တဝါများသာတည်း။

မူလအမြုတေ နယ်ပယ်မှ သိုင်းသမားတစ်ဦးပင်လျှင် ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူတစ်ဦးထံမှ အနည်းငယ်မျှသော အာရုံစိုက်မှုကိုသာ ရရှိနိုင်၏။ အကယ်၍ ထိုသူသည် ထိုနယ်ပယ်သို့ ရောက်ရှိနိုင်သည့် အလားအလာကို ပြသနိုင်မှသာလျှင် အထူးတလည် သတိပြုမိခြင်းကို ခံရပေမည်။

ကောင်းကင်နှင့် မြေကြီးစွမ်းအားကို မခံစားနိုင်သောသူသည် အဆုံးစွန်၌ အစစ်အမှန် စွမ်းအားရှင်တစ်ဦး မဟုတ်ချေ။

တာအိုဆရာလုံရှန်းက လက်ဟန်ပြလိုက်သည်။

“လွတ်လပ်ခြင်း အစ်ကို၊ ကြွပါခင်ဗျာ။”

သူတို့နှစ်ဦးသည် အလယ်ဗဟိုရှိ မြင့်မားသော စင်မြင့်ထက်တွင် နေရာယူလိုက်ကြပြီး၊ စကားစမြည် ပြောဆိုရယ်မောနေကြကာ၊ သူတို့၏ ကောင်းကင်ဘုံလူသားဆန်သော မြင့်မြတ်မှုသည် လူတိုင်းကို ညှို့ယူဖမ်းစားထားတော့သည်။

နင်ချီသည် အဝေးမှ စူးစမ်းစွာ ကြည့်ရှုနေ၏။ ဤ လွတ်လပ်ခြင်းဘုရင်၏ အရှိန်အဝါသည် ဖုံးကွယ်ထားခြင်းမရှိ။ သူသည် တာအိုဆရာလုံရှန်းထက် အနည်းငယ် ပိုမိုအားကောင်းပုံရသော်လည်း၊ များစွာတော့ မဟုတ်ချေ။

တာအိုဆရာလုံရှန်းသည် နင်ချီအား ယခင်က မှာကြားခဲ့ဖူး၏။ ကောင်းကင်ဘုံလူသား နယ်ပယ်တွင် ကျင့်ကြံခြင်းသည် အများကြီး ပို၍ စိန်ခေါ်မှုကြီးမားလှသည်။ မကြာခဏဆိုသလို၊ လူတစ်ဦးသည် ဆယ်စုနှစ်များစွာ တိုးတက်မှု ရပ်တန့်သွားနိုင်၏။ လူအများအပြားသည် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ မနည်းမနော တက်လှမ်းနိုင်ခဲ့ပြီးနောက် သူတို့၏ အလားအလာများ ကုန်ဆုံးသွားကာ၊ ထပ်မံ တိုးတက်မှု မရှိတော့ချေ။

'ကြည့်ရတာ လွတ်လပ်ခြင်းဘုရင်ရဲ့ အစောပိုင်း ကံကောင်းမှုတွေက အကန့်အသတ် ရှိသွားပြီထင်တယ်။ ဒါမှမဟုတ် သူ့ရဲ့ မွေးရာပါ အရည်အချင်းက အထွတ်အထိပ်ကို ရောက်သွားတာ ဖြစ်ရမယ်။ သိပ်မကြာခင်မှာပဲ ငါ့ဆရာက သူ့ကို ကျော်တက်သွားနိုင်လောက်တယ်။'

'ငါ့ရဲ့ ‘ကောင်းကင်ဘုံ ဓားကွက်’ တစ်ကွက်တည်းနဲ့ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မလားလို့တော့ စဉ်းစားမိသား...'

ထိုအတွေးသည် နင်ချီ၏ စိတ်ထဲ၌ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။

ထိုပုရ္ဂိုလ်က တာအိုဆရာ လုံရှန်းအပြင် သူ မြင်တွေ့ဖူးသော ဒုတိယမြောက် ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူ ဖြစ်လေတော့သည်။

All Chapters