← Chapters

ဂုဏ်ပြုလက်ဆောင်

Vol. 6 Ch. 84

ဂုဏ်ပြုလက်ဆောင်

Vol. 6 Ch. 84

~လူအချို့ မှင်သက်သွားကြသည်။

မူလက သူတို့ ထင်မှတ်ထားသည်မှာ ဤ 'ကောင်းကင်တာရာ မြေအသူရာ ဓားအခင်းအကျင်း' သည် တာအိုဆရာလုံရှန်း ရရှိထားသော ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်လိမ့်မည်ဟု ဖြစ်၏။ သို့သော် ဝမ်ဘိုးဘေး၏ စကားအရ၊ ထိုသို့ ဖြစ်ပုံမရချေ။

တာအိုဆရာလုံရှန်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြုံးလျက် ဆိုလိုက်သည်။

“ဝမ်ဘိုးဘေးက တကယ်ပဲ မျက်စိရှင်သားဗျ။ ဒီဓားအခင်းအကျင်းက... မကြာသေးခင်ကမှ ဖန်တီးထားတာပါ။”

ထိုသို့ပြောလိုက်စဉ်...

အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် သူ၏တပည့် နင်ချီရှိရာသို့ မသိမသာ လှမ်းကြည့်လိုက်၏။ နင်ချီက အာရုံစိုက်မနေသည်ကို တွေ့မှသာ သူ တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။

'ဟုတ်တယ်လေ။'

အမှန်စင်စစ် ဤ 'ကောင်းကင်တာရာ မြေအသူရာ ဓားအခင်းအကျင်း' ကို လွန်ခဲ့သော ကာလတစ်ခုက နင်ချီက ဖန်တီးခဲ့ပြီး သူ့ထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သံမဏိ တောင်ကြော လူကြမ်းသုံးယောက်၏ ကျူးကျော်တိုက်ခိုက်မှု နီးကပ်လာသည်ကို နင်ချီက အာရုံခံမိခဲ့၏။ ထိုကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရသည့်အခါ အခြားတပည့်များမှာ လက်ပိုက်ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်သည်ကို နင်ချီ သိမြင်သွားသောကြောင့် ဤဓားအခင်းအကျင်းကို တီထွင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တပည့်တို့၏ အစွမ်းကို ပေါင်းစည်းနိုင်ပြီး အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်စေရန် ဖြစ်၏။ သို့သော် အများ သိစေရန်မူ တာအိုဆရာလုံရှန်း၏ ဖန်တီးမှုအဖြစ် ကြေညာထားခဲ့ရသည်။

ယနေ့သည် ကောင်းကင်ဘုံလူသား မဟာအခမ်းအနား ဖြစ်သည့်အပြင်၊ အဓိကအားဖြင့် အစစ်အမှန်သိုင်းဂိုဏ်း၏ နက်နဲမှုကို ပြသရန် ရည်ရွယ်၏။ သဘာဝအတိုင်းပင် တာအိုဆရာလုံရှန်းသည် ၎င်းကို အခြားနေရာမှ ရရှိခဲ့ကြောင်း နှိမ့်ချစွာ ဝန်ခံမည် မဟုတ်ပေ။

'ဘာပဲဖြစ်ဖြစ်၊ ဘယ်သူက အမှန်တကယ် ဖန်တီးခဲ့တယ်ဆိုတာကို ငါ တစ်ခွန်းမှ မပြောခဲ့ဘူးလေ။'

'တခြားသူတွေ အထင်လွဲသွားလည်း၊ ဒါ ငါ့ကိစ္စမှ မဟုတ်တာ။'

ထိုအခိုက်အတန့်တွင်...

ကောင်းကင်ဘုံလူသား အများအပြားသည် ဤသည်မှာ တာအိုဆရာလုံရှန်း ဖန်တီးခဲ့သည်ဟု သဘာဝအတိုင်းပင် ယူဆလိုက်ကြသည်။ အစစ်အမှန်သိုင်းဂိုဏ်းတွင် သူတစ်ဦးတည်းသာ ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူ ရှိသည် မဟုတ်ပါလား။

'တခြားတစ်ယောက်က ဖြစ်နိုင်ဦးမှာတဲ့လား။'

တစ်ခဏချင်းမှာပင် စစ်မှန်သူ ပိုင်ဟဲ့နှင့် အခြားသူများသည် တာအိုဆရာလုံရှန်းကို ပို၍ပင် လေးစားသော အကြည့်များဖြင့် ကြည့်ရှုလိုက်ကြသည်။

ဤကဲ့သို့ အံ့ဩဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းသော ဓားအခင်းအကျင်းကို ဖန်တီးနိုင်စွမ်းရှိသူတစ်ဦး၏ နားလည်နိုင်စွမ်းသည် အမှန်တကယ်ပင် ထူးကဲလှပေမည်။

စစ်မှန်သူ ပိုင်ဟဲ့က ချီးကျူးလိုက်သည်။

“ကျုပ်တို့ မိတ်ဆွေက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တာ မဆန်းတော့ပါဘူး။ ဒီလို နားလည်နိုင်စွမ်းမျိုးက ကျုပ်ထက် အများကြီး သာလွန်ပါတယ်။ တစ်နေ့နေ့မှာ ကျွန်တော်တို့ တာအို နယ်ပယ်က အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို ထပ်ပြီး ပိုင်ဆိုင်ရတော့မှာ အသေအချာပါပဲ။”

စောစောက သူသည် စိမ်းပြာနွား ဓားသခင်က တာအိုဆရာလုံရှန်း၏ အရှိန်အဝါကို ထောက်ခံပေးနေခြင်းသာဟု ထင်မှတ်ခဲ့မိသည်။ သို့သော် ယခုအခါတွင်မူ ထိုအထဲ၌ စစ်မှန်သော လေးစားမှုတို့ ပါဝင်နေနိုင်ကြောင်း သူ မြင်တွေ့သွားခဲ့၏။ ဤသည်ကို သိမြင်သွားသည်နှင့် စစ်မှန်သူ ပိုင်ဟဲ့က အစစ်အမှန် နက်နဲခြင်းဂိုဏ်းသို့ ပြန်ရောက်သည့်အခါ ဂိုဏ်းချုပ်ကြီးအား အစစ်အမှန်သိုင်းဂိုဏ်းကို ထောက်ပံ့ရန် တိုက်တွန်းဖျောင်းဖျရန် စဉ်းစားလိုက်သည်။

ဤမျှ အလားအလာကောင်းသော မျိုးစေ့တစ်ခုသည် တာအိုဝါဒ၏ ထိပ်တန်းအလွှာသို့ ရောက်ရှိရန်မှာ အချိန်ကာလ တစ်ခုသာ လိုအပ်တော့သည်။

လွတ်လပ်ခြင်း ဘုရင်ကလည်း လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်၏။

“ညီလေး လုံရှန်းက ဒီလို ပြိုင်ဘက်ကင်း ဓားအခင်းအကျင်းမျိုးကို ဖန်တီးနိုင်တာကတော့ ကျွန်တော့်ရဲ့ လေးစားမှုကို တကယ် ရရှိသွားပါပြီ။ ကျွန်တော် ရန်ရှောင်ယောင်က တစ်သက်လုံး တပည့်မွေးမလာခဲ့တာက ကျွန်တော့်ရဲ့ သိုင်းပညာစနစ်က အရမ်း ပြန့်ကျဲနေတယ်လို့ ခံစားရလို့ပဲ။ တကယ်လို့ ကျွန်တော်သာ ညီလေး လုံရှန်းလို ဖြစ်ခဲ့မယ်ဆိုရင်၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဂိုဏ်းကိုတောင် ထူထောင်နိုင်ခဲ့လောက်ပြီ။”

လူတိုင်း၏ ချီးကျူးသံများကို နားထောင်ရင်း တာအိုဆရာလုံရှန်းမှာ အနည်းငယ် နေရထိုင်ရ ခက်လာပြီး၊ အဆက်မပြတ် ပြုံးပြနေရုံသာ တုံ့ပြန်နိုင်တော့သည်။

ပရိသတ်ထဲတွင် အချို့ကလည်း လွတ်လပ်ခြင်းဘုရင်၏ ရယ်မောသံကို ကြားလိုက်ရသည်။

အလိုအလျောက်ပင် အာမေဋိတ်သံများ ပိုမို ကျယ်လောင်လာတော့၏။

'စစ်မှန်သူ လုံရှန်းရဲ့ နားလည်နိုင်စွမ်းက ပြိုင်ဘက်ကင်းပါပဲ၊' 'စစ်မှန်သူ လုံရှန်းက တကယ်ကို ထူးကဲတာပဲ' ဟူသော စကားသံများကို မသဲမကွဲ ကြားနေရသဖြင့် တာအိုဆရာလုံရှန်းမှာ မျက်နှာပင် ပူလာရသည်။

'ငါကသာ ကျော်ကြားမှုကို မက်မောတဲ့သူဆိုရင် တစ်မျိုးပေါ့၊ အခုက ငါ့တပည့်ငယ်လေး သိပ်ထင်ပေါ်မသွားအောင် တမင်ကာပေးနေတာကို... မီးကင်ခံနေရသလိုပါပဲကွာ။'

နင်ချီသည် ပတ်ဝန်းကျင်မှ စကားသံများကို နားထောင်ရင်း စိတ်ထဲမှ တိတ်တိတ်ကလေး ခွီနေမိသည်။

လှည့်ကြည့်စရာတောင် မလိုပါ။ သူ့ဆရာ ဘာတွေတွေးနေမလဲဆိုတာ သူ အတိအကျ သိပါသည်။ ဆရာသည် ထိုင်မရထမရ ဖြစ်နေလောက်ပြီ။

သို့သော် ဒါက မကောင်းသည့် ကိစ္စတော့လည်း မဟုတ်ပါ။

ပတ်ဝန်းကျင်မှ သိုင်းပညာရှင် အစွမ်းထက် ပုဂ္ဂိုလ်များ၏ အစစ်အမှန်သိုင်းဂိုဏ်း တပည့်များအပေါ် ပိုမို ရင်းနှီးဖော်ရွေလာသော အမူအရာများက ထိုအချက်ကို ထင်ရှားစေလျက် ရှိသည်။

ကံကောင်းစွာပင်...

အစစ်အမှန်သိုင်းဂိုဏ်း တပည့်များ၏ ဓားအကသည် လျင်မြန်စွာ အဆုံးသတ်သွား၏။

ကျင့်ကြံရာကွင်းပြင်ရှိ ခွက်ချင်းတိုက်သံများဖြင့် ပြည့်နှက်နေသော အငွေ့အသက်သည် ပိုမို၍ပင် သက်ဝင်လှုပ်ရှားလာတော့သည်။

တစ်စုံတစ်ဦးက စတင်လိုက်ရာ၊ လူတိုင်း တညီတညွတ်တည်း ထရပ်လိုက်ကြပြီး ကျယ်လောင်စွာ ဂုဏ်ပြု ကြွေးကြော်လိုက်ကြသည်။

“စစ်မှန်သူ လုံရှန်း ကောင်းကင်ဘုံ နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တာကို ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ နောင်လာမယ့် နေ့ရက်တွေမှာ လွတ်လပ်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

အထင်ကြီး လေးစားမှုနှင့် တောင့်တမှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လုံရှန်းအား ကြည့်နေကြ၏။

ကောင်းကင်ဘုံလူသား နယ်ပယ်သည်

နှစ် ရှစ်ရာ သက်တမ်းကို ပိုင်ဆိုင်နိုင်ပြီး၊ လေကို စီးနင်းပျံသန်းနိုင်ကာ၊ ကောင်းကင်ဘုံ၏ ဖြစ်စဉ်များကိုပင် ပြောင်းလဲနိုင်စွမ်း ရှိသည် မဟုတ်ပါလား။

'သာမန်လူတွေ မျက်စိထဲမှာ နတ်ဘုရားတွေနဲ့ ဘာများ ကွာခြားတော့မှာလဲ။'

ဤ ကောင်းကင်ဘုံလူသား မဟာအခမ်းအနား ပြီးနောက်တွင် တာအိုဆရာလုံရှန်းသည် 'စစ်မှန်သူ' တစ်ဦးအဖြစ် လေးစားစွာ သတ်မှတ်ခံရပေတော့မည်။ တာအိုဝါဒ၏ ကောင်းကင်ဘုံလူသားများအတွက် 'စစ်မှန်သူ' အဖြစ် သတ်မှတ်ခံရခြင်းသည် ဂုဏ်ပြုမှု ပုံစံတစ်မျိုးဖြစ်ပြီး၊ စစ်မှန်သူ ပိုင်ဟဲ့၏ ရှိနေခြင်းသည် တာအိုဆရာလုံရှန်း၏ 'စစ်မှန်သူ' တစ်ဦးအဖြစ် အဆင့်အတန်းကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။

ထိုစဉ် တာအိုဆရာလုံရှန်းက သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဒီလောက် အဝေးကြီးကနေ ကြွရောက်လာကြတဲ့ လူကြီးမင်းအားလုံးကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒီတစ်ခွက်ကို အားလုံး အားရပါးရ သောက်သုံးပေးကြပါခင်ဗျာ။”

သူ၏ စိတ်ဓာတ်တို့သည် မြင့်တက်နေပြီး၊ စိတ်ခံစားမှုမှာလည်း လွန်စွာ တက်ကြွနေ၏။

'နှစ်ပေါင်းများစွာ တောင့်တခဲ့ရတဲ့ ဆန္ဒက တစ်နေ့တည်းနဲ့ ပြည့်သွားပြီ။ အခုတော့ ကိုယ့်ကျင့်စဉ်ကို ကိုယ်တိုင် မြှင့်တင်ရင်းနဲ့ ဂိုဏ်းကို ပြန်လည် နာလန်ထူအောင် လုပ်ရတော့မယ်။'

သူသည် ရင်တွင်း ရွှင်ပျစွာ ပြောနေလေ၏။

လူတိုင်း တစ်ကျိုက်တည်း မော့သောက်လိုက်ကြပြီး၊ ဤကဲ့သို့သော အခမ်းအနားကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ရခြင်း၏ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ကြရသည်။

ထိုအခိုက်အတန့်တွင်...

ကောင်းကင်ဘုံလူသား မဟာအခမ်းအနားသည် အထွတ်အထိပ် အမှတ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သော်လည်း၊ လူတိုင်း အမျှော်လင့်ဆုံးသော အပိုင်းမှာ ဒီအရာ မဟုတ်သေးချေ။

ကောင်းကင်ဘုံလူသား မဟာအခမ်းအနားဆိုသည်မှာ အဘယ်နည်း။

၎င်းသည် ကောင်းကင်ဘုံလူသားတို့က သူတို့၏ ဂုဏ်ကျက်သရေနှင့် နည်းလမ်းများကို ပြသရာ နေရာဖြစ်၏။

ထို့ပြင် ကောင်းကင်ဘုံလူသားတို့က တာအို ဟောပြောခြင်းသည်လည်း သဘာဝအတိုင်းပင် မရှိမဖြစ် ပါဝင်ရမည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အဘယ်ကြောင့် အချို့သော ချီစွမ်းအင် နယ်ပယ် စွမ်းအားရှင်များ၊ မူလအမြုတေ နယ်ပယ် စွမ်းအားရှင်များပင်လျှင် ဤအခိုက်အတန့်အတွက် မိုင်ပေါင်းထောင်ချီ ခရီးနှင်လာခဲ့ကြသနည်း။

ဤအရာအတွက်ပင် ဖြစ်သည်။

ကောင်းကင်ဘုံလူသားများ မျှဝေသော ချိုးဖြတ်မှုဆိုင်ရာ ထိုးထွင်းအမြင်များ၊ သို့တည်းမဟုတ် ကောင်းကင်ဘုံလူသားနယ်ပယ်၏ နားလည်သဘောပေါက်မှု အစအနများကို ကြားနာခွင့်ရရန် ဖြစ်၏။ ဒါက သူတို့၏ တစ်သက်တာအတွက် အကျိုးကျေးဇူးများစွာ ရရှိစေရန် လုံလောက်ပေသည်။

ကံကောင်းသူအချို့သည် ထိုအထဲမှ အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်မိကာ ကောင်းကင်ဘုံလူသားနယ်ပယ်ဆီသို့ ဉာဏ်အလင်းပွင့်မှု မီးပွားလေးကို လှမ်းမြင်သွားနိုင်ဖွယ် ရှိသည်။

ထို့ထက်ပိုသည်က ၊ ကောင်းကင်ဘုံလူသား အသစ်များသည်လည်း ဤအခွင့်အရေးကို အသုံးချ၍ 'မျက်နှာသာပေးခြင်း' ပြုလုပ်ကာ၊ သူတို့၏ ဂုဏ်သိက္ခာနှင့် သြဇာအာဏာကို ခိုင်မာအောင် တည်ဆောက်ကြသည်။

သို့သော်ငြားလည်း...

ကောင်းကင်ဘုံလူသားတို့၏ တာအိုဟောပြောခြင်းသည် ပေါ့ပေါ့ဆဆတော့ ဖြစ်လာမည် မဟုတ်ချေ။

ယင်းအတွက် တက်ရောက်လာသော ဧည့်သည်တော်များက ‘’ ဟောပြောခ ‘’ ပေးရန် လိုအပ်လေသည်။

ပမာဏက အရေးမကြီး။ ရည်ရွယ်ချက်ကသာ အဓိက ဖြစ်သော်လည်း၊ လူအများစုမှာ အလွန် ဂရုတစိုက်ဖြင့် ကြိုတင်ပြင်ဆင်လာခဲ့ကြသည်။

သည်လို အခမ်းအနားမျိုးတွင် လက်ဆောင်ပဏ္ဏာက အလွန် နိမ့်ကျနေလျှင် အရှက်ရဖွယ် ရှိနိုင်၏။ တစ်နည်းအားဖြင့်ဆိုသော် ထိုကိစ္စက မိမိတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေးလည်း ဖြစ်နေပြန်သည်။

မိမိတို့၏ လက်ဆောင်များသည် လုံလောက်သော ဂုဏ်သိက္ခာ မရှိဟု ခံစားရသော ဧည့်သည်အချို့သည် မရောက်ရှိမီကတည်းက အစစ်အမှန်သိုင်းဂိုဏ်း တပည့်များထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ယခုအချိန်အထိ မပေးအပ်သေးသူများမှာ သူတို့၏ လက်ဆောင်များအပေါ် လုံလောက်သော ယုံကြည်မှု ရှိနေကြဟန် တူပါသည်။

ထိုအခိုက်အတန့်တွင်...

လူတိုင်း ဂုဏ်ပြုစကား ဆိုပြီးဆုံးသွားကြသည်နှင့်...

ချန်းပြည်နယ်မှ ပင်လယ်ဖုံး ဂိုဏ်းခေါင်းဆောင်သည် ပထမဆုံး ထရပ်လိုက်ပြီး၊ ကနဦးတွင် ပတ်ပတ်လည်ကို တစ်ချက် ဝေ့ကြည့်ကာ တောင်းပန်သော အမူအရာဖြင့် လက်များ ဆုပ်လိုက်သည်။

“သိုင်းလောကက မိတ်ဆွေအပေါင်းတို့ခင်ဗျာ၊ ကျွန်တော် လီကွမ်းတိကပဲ နှိမ့်ချစွာနဲ့ ကျွန်တော့်ရဲ့ ကျိုးတိုးကျဲတဲ လက်ဆောင်ပဏ္ဏာလေးကို အရင်ဆုံး တင်ဆက်ခွင့်ပြုပါ။”

ထို့နောက် သူသည် ကောင်းကင်ဘုံလူသားအားလုံးကို လေးစားစွာ ဦးညွှတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ဂုဏ်ပြုစကား ဆိုလိုက်သည်။

“ကျွန်တော့်ရဲ့ ပင်လယ်ဖုံး ဂိုဏ်းက မကြာသေးခင်ကမှ ထိပ်တန်းအဆင့် "ညထွန်းရတနာ ပုလဲ” တစ်စုံကို ရရှိထားပါတယ်။ စစ်မှန်သူ လုံရှန်း ကောင်းကင်ဘုံ နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဆက်သပါတယ်ခင်ဗျာ။”

သူ့စကားအဆုံးမှာ ခရမ်းရွှေ စန္ဒကူး သေတ္တာ တစ်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ၊ အလွန်တရာ လက်ရာမြောက်ပြီး တောက်ပနေသော ပုလဲတစ်စုံသည် အမြင်အာရုံထဲသို့ ရောက်ရှိလာ၏။ ချက်ချင်းပင် ချီးကျူးသံများ တီးတိုး ထွက်ပေါ်လာတော့သည်။ အထူးသဖြင့် အချို့သော အမျိုးသမီး သိုင်းသမားများ၏ မျက်လုံးများတွင် စွဲမက်မှု အရိပ်အယောင်များ ထင်ဟပ်သွားသည်။

ဤ ထိပ်တန်းအဆင့် လင်းလက်တောက်ပသော ပုလဲများသည် အလွန်ပင် ခမ်းနားထည်ဝါလှပါ၏။ ဖြာကျနေသော နေရောင်ခြည်အောက်တွင်ပင် ၎င်းတို့ထံမှ ညင်သာသော အလင်းရောင်တစ်ခု ယှက်ဖြာနေကာ၊ အလွန်တရာ ထူးကဲလှ၏။

သို့သော် လူတိုင်း သိကြသည်။

ထို "ညထွန်းရတနာ ပုလဲ”များသည် ဆွဲဆောင်မှုရှိရုံ သက်သက် မဟုတ်ပေ။

ထို“ညထွန်းရတနာ ပုလဲ”များသည် ရေဓာတ်ကို ပိုင်ဆိုင်၏။ အကယ်၍ ရေ အခြေပြု အတွင်းအား သို့မဟုတ် ရေ အခြေပြု ချီစွမ်းအင်ကို ကျင့်ကြံသော သိုင်းသမားများ ကိုင်ဆောင်ထားမည်

ဆိုလျှင်၊ သူတို့၏ သိုင်းလမ်းစဉ်သည် သိသာသော မြှင့်တင်မှုကို ရရှိပေလိမ့်မည်။

“ပင်လယ်ဖုံး ဂိုဏ်းကတော့ တကယ် သုံးလိုက်တာပဲဟေ့။ ကြားရတာ သူတို့က ချန်းပြည်နယ် ပတ်ဝန်းကျင်က ရေပိုင်နက် အတော်များများကို ထိန်းချုပ်ထားတယ်ဆိုပဲ။ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုက တဖြည်းဖြည်း ကြီးမားလာနေပြီး၊ ပထမတန်းစား အင်အားစုတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတာ။ အခု ကြည့်ရတာ ထင်ရှားနေပြီပဲ။”

“ကျွတ်..ကျွတ်... သူတို့က ပထမဆုံး ထရဲတာ မဆန်းပါဘူး။ တကယ် ထူးခြားတာပဲဟာ။”

တစ်ခဏချင်းမှာပင်...

ပင်လယ်ဖုံး ဂိုဏ်းသည် ထင်ပေါ်ကျော်ကြားမှုများစွာ ရရှိသွားခဲ့၏။ ၎င်း၏ ဂိုဏ်းချုပ်သည်လည်း ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားရသည့်အခါ တိတ်တဆိတ် ဝမ်းမြောက်နေမိကာ၊ ဤလက်ဆောင်သည် ပေးရကျိုးနပ်သည်ဟု ခံစားလိုက်ရသည်။

သိုင်းလောကတွင်၊ ၎င်းသည် တိုက်ခိုက်ခြင်း တစ်ခုတည်းသာ မဟုတ်ပေ။ မကြာခဏဆိုသလို လှုပ်ရှားဆောင်ရွက်မှုများတွင် ဂုဏ်သတင်းနှင့် မျက်နှာသာကို အားကိုးရတတ်သည်။

ယနေ့ ပင်လယ်ဖုံး ဂိုဏ်း၏ ကျော်ကြားမှုသည် မြင့်တက်သွားခဲ့ပြီး၊ လူအများ ပိုမို သိရှိသွားခဲ့ကြရာ၊ အနာဂတ်တွင် ၎င်း၏ အဖွဲ့ဝင်များအတွက် လုပ်ငန်းဆောင်တာများ ပိုမို ချောမွေ့စေမည် ဖြစ်ပါသည်။

နင်ချီပင်လျှင် ထို "ညထွန်းရတနာ ပုလဲ”တစ်စုံကို စူးစိုက်၍ ကြည့်မိလေသည်။

'ဒီပုလဲတွေကို အမှုန့်ကြိတ်လိုက်ရင်၊ ဆေးဖော်စပ်ဖို့ အကောင်းဆုံး ဓာတ်ကူပစ္စည်း ဖြစ်လာနိုင်တယ်။ အနာဂတ်မှာ အသုံးဝင်လောက်တယ်။'

'ချီစွမ်းအင် သန့်စင်ဆေးလုံးရဲ့ အာနိသင်က လောလောဆယ် ကျေနပ်စရာ မကောင်းသေးပေမဲ့၊ ဆေးပညာ လမ်းစဉ်ကို နောက်ထပ် သုတေသန လုပ်ဖို့တော့ ငါ လက်မလျှော့ပါဘူး။ နောက်ပိုင်းမှာ အရင်းအမြစ်တွေ ပေါများလာရင်၊ ဆေးပညာ လမ်းစဉ်က သိုင်းလမ်းစဉ်ကို အများကြီး အထောက်အကူ ပြုနိုင်တယ်။'

နင်ချီ ခံစားမိလိုက်သည်။

'ဒီအခမ်းအနားပြီးရင်၊ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ဘဏ္ဍာတိုက်က အကြီးအကျယ် ဖောင်းပွလာတော့မှာ သေချာတယ်။'

—--

တာအိုဆရာလုံရှန်းက ပြုံးလျက် ဆိုလိုက်သည်။

“ဂိုဏ်းချုပ်လီ၊ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။”

ပင်လယ်ဖုံး ဂိုဏ်းချုပ်သည် ထိုက်တန်သော အထင်ကြီးမှုကို ရရှိသွားပြီဖြစ်ကြောင်း နားလည်သဘောပေါက်စွာဖြင့် ပျော်ရွှင်စွာ ပြန်လည် ထိုင်ချလိုက်၏။ အကြောင်းမှာ ယနေ့၏ အဓိက ဇာတ်ဆောင်သည် သူ မဟုတ်သောကြောင့်တည်း။

သို့နှင့်.. လီကွမ်းတိ၏ နောက်တွင်၊ ကျင့်ကြံရာကွင်းပြင်အတွင်းမှ အစွမ်းထက် ပုဂ္ဂိုလ်များ...

သူတို့၏ လက်ဆောင်ပဏ္ဏာများကိုလည်း စိတ်အားထက်သန်စွာ တင်ဆက်လာကြတော့သည်။

All Chapters