လီဆောင်းယွန်း တောင်းပန်ခြင်း
Vol. 51 Ch. 751
ကိုရီးယားနိုင်ငံ၏ ကောင်းကင်ဘုံစံအိမ်အတွင်း၌ …
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ဖုန်းကို ကိုင်၍ လီဆောင်းယွန်းဘက်သို့ ကင်မရာ ချိန်ထားလိုက်သည်။
“ရော့ … ငါ မင်းအတွက် ရိုက်ထားပေးမယ်”
“ကျုပ် … လီဆောင်းယွန်းက အပြစ်တွေ လုပ်ခဲ့ပြီးတော့ အရှက်မရှိတဲ့ လူယုတ်မာ ဖြစ်ပါတယ်၊ ကျုပ် ဒီကနေပြီး ဆေးစံအိမ်ကို တောင်းပန်ပါတယ်၊ ကျုပ် တောင်းပန်ပါတယ်”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်။ သူသည် ပင်လယ်ထဲသို့ အရှိန်ပြင်းစွာ ပျံသန်းသွားပြီးနောက် လက်နှစ်ဖက်ကို ရမ်းခါလိုက်ရာ အဆုံးအစမဲ့သော လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
“ရဲ့လင်းချန်၊ ငါ မင်းကို သတ်ပစ်မယ်လို့ ငါ့ဂုဏ်သိက္ခာကို ရင်းပြီး ကျိန်ဆိုတယ်ကွ”
သူ၏အသံသည် ဒေါသကြောင့် ပို၍ ကျယ်လောင်လာသည်။ သူ၏ ကိုယ်တွင်းမှ စိတ်ဝိညာဉ်စွမ်းအင်သည် အရူးအမူး လှုပ်ရှားနေပြီး ပင်လယ်ရေမျက်နှာပြင်ကို ဒေါသတကြီး ပေါက်ကွဲသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်းပန်သည့် ဗွီဒီယိုကို အွန်လိုင်းတွင် တင်လာသည်။ လီဆောင်းယွန်းသည် သူ၏ ခံစားချက်များကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူ၏ မျက်လုံးများမှ လောင်ကျွမ်းနေသော ဒေါသကို မြင်နေရဆဲပင်။
ကိုရီးယားနိုင်ငံသားများ ဝမ်းသာသွားကြသည်။
[သူ တောင်းပန်ပြီ၊ နောက်ဆုံးတော့ သူ တောင်းပန်ပြီ]
[နောက်ဆုံးတော့ ငါတို့ စိတ်အေးရပြီ၊ ငါတို့ မကြာခင် ဆေးတွေ ရတော့မယ်]
[ဆိုတော့ အဲ့ဒါ လီဆောင်းယွန်းပေါ့၊ အဲ့လူက တော်တော််လေး ထူးဆန်းတာပဲ၊ သူ့နဲ့ ပတ်သက်တဲ့ အချက်အလက်က အင်တာနက်ပေါ်မှာ မရှိဘူး]
[တစ်ချက် ကြည့်လိုက်တာနဲ့ သူက လူကောင်း မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်၊ ဆေးစံအိမ် ဒေါသထွက်အောင် သူ ဘာများ လုပ်ခဲ့လဲ ငါ သိချင်မိသား]
[ဟားဟားဟား … ဘာပဲဖြစ်ဖြစ် ဆေးစံအိမ်က ငါတို့ကို တံခါးဖွင့်ပေးလိုက်ပြီ]
…
တစ်ချိန်တည်းမှာပင် ဆေးစံအိမ်က ဆန်းကြယ်ကျွန်း app ၏ ပင်မစာမျက်နှာတွင် ထိုဗွီဒီယိုကို ချက်ချင်း တင်လိုက်ပြီး ကမ္ဘာပေါ်ရှိ လူတိုင်းကို ပြသလေသည်။ ထို့နောက် သူတို့သည် ကိုရီးယားနိုင်ငံကို ပိတ်ပင်မှုကို ရုတ်သိမ်းကြောင်း ကြေညာလိုက်သည်။
[ငါတို့ ဒီလူကို စွဲနေအောင် မှတ်ထားပြီး နောက်ပိုင်း သူနဲ့ ဝေးဝေးနေရမယ်]
[ဟုတ်တယ်၊ သူက ဆေးစံအိမ်ကနေတောင် နာမည်တပ်ပြော ခံရတာ၊ သေချာပေါက် သူက လူကောင်း မဟုတ်ဘူး]
[အရမ်း ကြောက်စရာ ကောင်းတာပဲ၊ သူက မကောင်းတဲ့လူလို့ ငါ ကြားဖူးတယ်၊ လူ့အမှိုက်ပဲ]
[ဒီလိုလူမျိုးကို ဘာလို့ ဆက်ပြီး အသက်ရှင်ခွင့်ပေးထားတာလဲ၊ သူ့ကို မြန်မြန် ဖမ်းလိုက်တော့လေ၊ သူက အရူး]
[လခွမ်း … သတ္တိမရှိတဲ့လူပဲ၊ သူ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ကိုရီးယားကို တစ်သက်လုံး ပိတ်ပင်ခံရမယ်လို့ မျှော်လင့်ထားတာ]
[ဟားဟားဟား … တစ်ယောက်ယောက်က သူ့ကိုယ်သူ မကောင်းပြောတာကို ငါ ပထမဆုံး မြင်ဖူးတာပဲ]
သာမန်လူများသည် ရယ်စရာအဖြစ်သာ သဘောထားကြသည်။ သိုင်းပညာရှင်များ လောကတွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ သူတို့ ခန့်မှန်းထားပြီးသော်လည်း လီဆောင်းယွန်းက လူသိရှင်ကြား တောင်းပန်သည်ကို မြင်သောအခါ အကြီးအကျယ် ထိတ်လန့်နေရသေးသည်။
လီဆောင်းယွန်းသည် ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး မည်သည့်နေရာသွားသွား အလွန် လေးစားခံရသည်။ သူ့အား ဤသို့သော အနေအထား၌ တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ မယုံနိုင်စရာ ကောင်းလှပေသည်။
သို့သော် ထိုဗွီဒီယိုသည် လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ရပြီး တစ်ကမ္ဘာလုံးသို့ ပျံ့သွားလေသည်။
*ကြောက်စရာ ကောင်းလိုက်တာ*
*ဒါ သေတွင်းတူးနေတာပဲ*
ဖန်သားပြင်မှတဆင့် လီဆောင်းယွန်းထံမှ ဒေါသနှင့် မကျေနပ်မှုတို့ကို သူတို့ ခံစားမိသည်။
သူတို့ နှလုံးသားများ အသည်းအသန် ခုန်ပေါက်နေပြီး ရဲ့လင်းချန်အတွက် တိတ်တဆိတ် ဝမ်းနည်း ပူဆွေး နေကြသည်။ ထိုကောင်လေးသည် အလွန် ရဲတင်းလွန်းသည်။ လီဆောင်းယွန်း၏ အကျင့်စရိုက်အရ သူသည် ရဲ့လင်းချန်အား ဘယ်သောအခါမှ သည်အတိုင်း ထားတော့မည် မဟုတ်ပါ။
ဆယ်ရက်ကြာပြီးနောက် …
ရဲ့လင်းချန် ဒေသသစ်တို့ ထပ်မံ၍ အလည်အပတ် သွားလိုက်သည်။ ယခုတခေါက်တွင် ယခင်ထက် လူပိုများနေပြီ ဖြစ်သည်။ အတွင်းအားသုံး သိုင်းပညာရှင်များ မကြာခဏ ပေါ်လာကြသည်။ ယခင်တစ်ခေါက် သူတို့နှင့် သူ မတွေ့ရသည့် အကြောင်းရင်းမှာ သူတို့အားလုံး တိုက်ပွဲထဲ ရောက်နေကြ၍ ဖြစ်သည်။
သိုင်းစံအိမ်၌ အရာအားလုံးက မြန်ဆန်နေပြီး လူတိုင်း မြန်မြန် သွားလာနေကြသည်။ သူတို့၏ မျက်နှာတွင် ဆုံးဖြတ်ချက် ချပြီးသော အမူအရာ ရှိနေပြီး သူတို့၏ အင်အား တိုးရန်တွင်သာ အာရုံစိုက်နေကြသည်။ တစ်ချို့သည် အဖွဲ့ဖွဲ့၍ လျှောက်လွှာတင်နေပြီးနောက် နေရာမှ ထွက်သွားကြသည်။ လိုက်မေးပြီးနောက် သူတို့သည် အမှတ်များ ရရန် တာဝန်များ ထမ်းဆောင်ရန် ထွက်သွားကြကြောင်း သူ သိလိုက်ရသည်။
ရဲ့လင်းချန်သည် လင်းအောင်နှင့်တောင် တိုးသေးသည်။ သူ သိုင်းစံအိမ် ရောက်ကတည်းက သူသည် အတွင်းအားကို ကျင့်ကြံနိုင်ပြီး သူ့ခွန်အားကို မယုံနိုင်လောက်သည့်နှုန်းဖြင့် မြှင့်တင်နိုင်ခဲ့သည်။ ထိုအခိုက်တွင် လင်းရို့ယွီသည် သိုင်းစံအိမ်တွင်းမှ လေ့ကျင့်ရေးအခန်းထဲ၌ နေနေသည်။ လင်းထျန်းရှုံး၏ ဒဏ်ရာက သူတို့အပေါ် အကြီးအကျယ် သက်ရောက်စေခဲ့သည်။ လက်ရှိတွင် သူတို့၏ ပန်းတိုင်သည် ဟင်းလင်းပြင်နယ်မြေသို့ ဝင်ရောက်ပြီး လင်းထျန်းရှုံးအတွက် လက်စားချေပေးရန် ဖြစ်သည်။ ထို့အပြင် သူတို့သည် လင်းထျန်းရှုံးကို ကုသနိုင်မည့် စိတ်ဝိညာဉ် ဆေးပင်မျိုး ရှာတွေ့ရန်လည်း မျှော်လင့်နေကြသည်။
လင်းထျန်းရှုံး၏ ဘယ်ဘက်လက်အတွင်းမှ သွေးကြောများအားလုံး ပျက်စီးသွားပြီး သူ၏ အရိုး တစ်ဝက်ကျော်မျှ တစ်စစီ ပျက်စီးသွားလေသည်။ လက်ရှိ နည်းပညာနှင့် သူ့အား ကုသရန် မဖြစ်နိုင်ပေ။ သို့သော် သူတို့က ရဲ့လင်းချန်ကို အကူအညီ မတောင်းပါ။
ဟင်းလင်းပြင်နယ်မြေအတွင်း၌ ဘာရှိနေမလဲ ဆိုသည်ကို မည်သူမှ မသိပေ။ ထို့ကြောင့် သူတို့အတွက် ရဲ့လင်းချန်ကို ဟင်းလင်းပြင်နယ်မြေအတွင်းသို့ အသက်နှင့်ရင်း၍ စွန့်ခွာရန် သူတို့ မလိုလားသောကြောင့်ပင်။ စိတ်ဝိညာဉ် ဆေးပင်များအား သူတို့ဘာသာ သူတို့ ဝင်ရောက်ရှာဖွေရန် စိတ်ကူးထားကြသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်သည် ဟင်းလင်းပြင်နယ်မြေအတွင်း၌ သူ့ကို ကုသနိုင်သော စိတ်ဝိညာဉ် ဆေးပင်များ ရှိကြောင်း သိထားသည်။ ယခင်က သူ မြင်ဖူးသော အသက်ဓာတ် ဆေးရည်သည် ထိုသို့ လုပ်နိုင်စွမ်း ရှိလေသည်။
လင်းအောင်ကို နှုတ်ဆက်ပြီးနောက် ရဲ့လင်းချန်သည် စစ်သည်တော်ဌာနက ပြောထားသည့် တွေ့ဆုံမည့် နေရာသို့ ရောက်သွားလေသည်။ ချန်ချီက ထိုနေရာ၌ သူ့ကို စောင့်နှင့်နေပြီး ဖြစ်လေသည်။
“ဒါရိုက်တာချန်၊ ဒေသသစ်က ငရဲတံခါးရဲ့ အခြေအနေက ဘယ်လိုရှိလဲ”
“တိုက်ပွဲပြီးတော့ ငြိမ်းချမ်းတဲ့အဆင့်ကို ပြန်ရောက်သွားပါပြီ”
ချန်ချီက ပြုံး၍ ဖြေလိုက်သည်။
ရဲ့လင်းချန် တအံ့တဩနှင့် ပြန်မေးလိုက်သည်။
“သူတို့ ရုတ်တရက် ပြန်တိုက်လာမှာကို မစိုးရိမ်ဘူးလား”
“ဟားဟားဟား “
ချန်ချီက ခေါင်းခါပြီး ရယ်မောလိုက်သည်။
“ငရဲတံခါးထဲမှာ ပညာရှင်တွေ အများကြီး ရှိတယ်ဆိုပင်မယ့် အစုလိုက် ထွက်လာနိုင်တဲ့ အခြေအနေတော့ မဟုတ်ဘူး၊ ကမ္ဘာကို ကျူးကျော်ရင် သူတို့ရဲ့ သေဆုံးမှုနှုန်းကလဲ အတော်လေး မြင့်တယ်၊ သူတို့အတွက် ပညာရှင်တွေကို စုစည်းဖို့ အချိန်တစ်ခု လိုလိမ့်မယ်၊ ပြီးတော့ ငရဲတံခါးနားမှာ လူတွေ အများကြီး စုဝေးလာတာနဲ့ ပြင်းထန်တဲ့ တုန်ခါမှု ဖြစ်လာလိမ့်မယ်၊ အဲ့အခါကျမှ ငါတို့ အပြေးသွားလဲ နောက်မကျသေးဘူး”
“ဒါဆို သူတို့လဲ သေရမှာကို ကြောက်တာပဲ”
မမျှော်လင့်ဘဲ သိလိုက်ရသည့် အချက်ကြောင့် ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများသည် ခံစားချက်မဲ့သော လူသတ်စက်များ ဟုတ်ပုံမရချေ။ ထိုသို့ဆိုလျှင် ပို၍ ကိုင်တွယ်ရ လွယ်သွားပေမည်။
ပြန်စဉ်းစားကြည့်ပါက အဓိပ္ပာယ် ရှိပေသည်။ သူတို့သည် လက်နက်များကို ဖန်တီးနိုင်စွမ်း ရှိပြီး ကိုယ်ပိုင် ဘာသာစကားပါ ရှိသဖြင့် ဉာဏ်ရည် အတော်လေး မြင့်မားသင့်သည်။ ထိုဉာဏ်ရည်နှင့်ဆိုလျှင် သေရန်လည်း ကြောက်ပေလိမ့်မည်။
ကမ္ဘာကို ဥပမာထား၍ ကြည့်ပါက စစ်သည်တော်အဆင့်များကြားထဲတွင်တောင်မှ သေခြင်းကို ကြောက်ရွံ့သည့်သူက မနည်းချေ။
“ဒါဆို ဒီအခွင့်အရေးကို အသုံးချပြီး အထဲကို ခိုးဝင်လို့ ရနိုင်လား”
ရဲ့လင်းချန်၏ မျက်လုံးများက မျှော်လင့်ချက်ကြောင့် တောက်ပလာသည်။
“မင်း သေဖို့ မကြောက်ရင်တော့ စမ်းကြည့်လို့ရတယ်”
ချန်ချီက ရယ်၍ ရဲ့လင်းချန်ကို ကြည့်နေသည်။
“အခုထိ ငရဲတံခါးကို ဝင်ခဲ့တဲ့သူက လူသုံးရာ ရှိပြီ၊ ငါးယောက်ပဲ အသက်ရှင်လျက် ထွက်လာနိုင်တယ်”
“ငါးယောက်လား၊ ဘယ်ငါးယောက်လဲ”
“လက်ထောက်ဒါရိုက်တာရှန်း၊ တခြား မူလစိတ်ဝိညာဉ်အဆင့် စစ်သည်တော် နှစ်ယောက်၊ တိုက်ပွဲမှာ သေသွားခဲ့တဲ့ တစ်ယောက်နဲ့ ငါပဲ”
ရဲ့လင်းချန်က ချန်ချီကို တအံ့တဩ ကြည့်လိုက်မိသည်။ မူလစိတ်ဝိညာဉ်အဆင့်သည် ရောက်ရှိရန် အလွန် ခက်ခဲသည်။ ၎င်းသည် သိုင်းပညာရှင်တိုင်း ကျော်ဖြတ်ရမည့် ချောက်နက်ကြီးလိုပင်။ သို့သော် အသက်ရှင်သန်သူ အားလုံး မူလစိတ်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်နိုင်ကြသည်။ ယင်းက တိုက်ဆိုင်မှုလေလော။
“ဟားဟား … တိုက်ဆိုင်တာ မဟုတ်ဘူးပေါ့”
ချန်ချီက ဆက်ပြောသည်။
“ငါတို့ ငရဲတံခါးကို ဝင်တယ်ဆိုမှတော့ ငါတို့ အထဲကို ပိုဝင်ချင်တာ သဘာဝပဲ၊ ရတနာတချို့ ရလာတာလဲ မဆန်းဘူး၊ ငါ မင်းကို ပြောပြမယ်၊ ငါ့လက်ရှိအဆင့်ကို အဲ့ဒီတုန်းက သွေးနီသစ်သီး သုံးလုံး စားပြီးမှ ရလာခဲ့တာ”
“သွေးနီသစ်သီးလား၊ သုံးလုံးလုံးလား”
ရဲ့လင်းချန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ ချန်ချီကို ကြည့်သည့် အကြည့်က ချက်ချင်း ပြောင်းလဲ သွားလေသည်။
*ငပျင်း၊ သောက်ကျိုးနည်း ငပျင်းပဲ*
သူ နားလည်ရသလောက်ဆိုလျှင် သွေးနီသစ်သီးသည် အသက်ဓာတ် ဆေးရည်နှင့် အဆင့်တူသော တစ်စုံတစ်ခု ဖြစ်သည်။ ၎င်းတွင် စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ပေးနိုင်သည့် စွမ်းရည် ရှိသည်။ ပြောရမည်ဆိုလျှင် သွေးနီသစ်သီး တစ်လုံးသည် အထွတ်အထိပ်အဆင့် အတွင်းအားသုံး သိုင်းပညာရှင်ကို မူလစိတ်ဝိညာဉ်အဆင့်သို့ ချိုးဖောက် တက်ရောက်ရာ၌ ခြောက်ဆယ် ရာခိုင်နှုန်း ကူညီပေးနိုင်သည်။
“ရတနာတွေ နှမြောစရာ ကောင်းလိုက်တာ”
ရဲ့လင်းချန် ဟန်မဆောင်နိုင်ဘဲ နာကျင်နေသော အမူအရာနှင့် ညည်းတွားလေသည်။ သွေးနီသစ်သီး သုံးလုံး စားခဲ့ပြီးနောက် မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကိုသာလျှင် ရောက်ခဲ့သည်။ ချန်ချီ၏ အရည်အချင်းက တကယ်ကို ဆိုးလှပေသည်။ အကယ်၍ ရဲ့လင်းချန်သာ စားသုံးခဲ့ပါက အနည်းဆုံး မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်သို့ ရောက်လောက်သည်။
“ပါးစပ်ကိုပိတ်ထား ကောင်စုတ်လေး၊ သွေးနီသစ်သီးကို ငါ့ခွန်အားနဲ့ငါ ရှာတွေ့ခဲ့တာ၊ ငါသာ အဲ့ဒါတွေကို မစားခဲ့ရင် ငါ အဲ့ဒီမှာ သေနေလောက်ပြီ၊ ငါ စားလိုက်တော့ အလေအလွင့် နည်းတာပေါ့”
ချန်ချီက သူ့အား ပြုံး၍ ချေပပြောဆိုလိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်သည်။
“မင်းက အခုထိ ငယ်နေသေးပြီးတော့ တောက်ပတဲ့ အနာဂတ်ပါ ရှိတယ်၊ မင်း ဒါကို အလောင်းအစား မလုပ်တာ ကောင်းမယ်၊ ပုံမှန်ဆို ဒါကို တခြား နည်းလမ်းတွေ မရှိတော့ဘဲ အဆင့်တက်ဖို့ မျှော်လင့်ချက်အားလုံး မဲ့နေတဲ့သူတွေ၊ ဒါမှမဟုတ် ဟင်းလင်းပြင်နယ်မြေကို ဝင်တဲ့ အကြောက်အလန့်မရှိတဲ့ လောင်းကစားသမားတွေပဲ လုပ်ကြတာ၊ ဘာလို့လဲဆိုတော့ တခြားတစ်ဖက်မှာ ဘာက စောင့်နေမလဲဆိုတာ ဘယ်တော့မှ မသိနိုင်လို့ပဲ၊ ပြီးတော့ အဲ့ဒီမှာ သူတော်စင်အဆင့်ထက် ကျော်လွန်တဲ့ ပညာရှင်တွေ ရှိတယ်၊ သူတို့ လက်ဖျောက်တီးလိုက်တာနဲ့ မင်း သေသွားနိုင်တယ်”