အခန်း (၂၁-၂၄)
Vol. 2 Ch. 21-24
အပိုင်း(၂၁)အမှိုက်ပုံ
လော်ယွမ်နှင့်ကျိုးယလီတို့သည်လမ်းကျဉ်းလေးအတိုင်း လျှောက်နေကြပြီး တစ်လမ်းလုံးမည်သူမျှစကားမပြောကြပေ။
အတန်ကြာပြီးနောက်ကျိုးယလီက မထိန်းနိုင်တော့ဘဲ "ရှင်ကျွန်မကိုဘာမှပြောစရာမရှိဘူးလား"
"ရှိတယ်…ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော်"လော်ယွမ်က ခေတ္တမျှစဉ်းစားပြီးနောက်ခြောက်ကပ်ကပ်လေသံဖြင့်ဆိုလိုက်သည်။
ထိုလူမှာ သူမကို အမြဲပင်ဒေါသထွက်၊မုန်းတီးအောင်လုပ်လေ့ရှိသည်။စိတ်ထဲတွင်သူ့ကို အားရပါးရ ထုရိုက်ပစ်ချင်စိတ်ပေါက်မိသော်လည်း အမှန်တကယ်မုန်းတီးနိုင်ခြင်းကား မရှိပေ။
"ပြီးတော့ရော" ကျိုးယလီက နှုတ်ခမ်းကိုကိုက်လျက်အတင်းအကြပ်မေးလိုက်ပြီး သူမ၏ စိတ်ထဲတွင်လည်း လက်စားချေရသည့်ပမာ ကျေနပ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
လော်ယွမ်အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။ သူက ကျိုးယလီကို ထူးထူးဆန်းဆန်း တစ်ချက်ကြည့်လိုက်သည်။ "နင်ကငါ့ကို ဘာပြောစေချင်လို့လဲ"
ကျိုးယလီ၏ စိတ်ထဲတွင်သက်ပြင်းတစ်ချက်ချလိုက်သည်။ဟုတ်ပေသည်၊သူမ မည်သည်ကို မျှော်လင့်နေသနည်း၊ မည်သည့်အဖြေကိုလိုချင်နေသနည်း၊ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို ရိုးရိုး ပြောရလျှင်အငှားသူငယ်ချင်းမျှသာပင်။ပို၍နက်နက်ရှိုင်းရှိုင်း ပြောရလျှင်လည်း တစ်ညတာ လွန်ကျူးမိခဲ့ရုံသာ။ ထို့အပြင်ယခုကစပြီး သူတို့နှစ်ယောက်တစ်ယောက်တစ်လမ်းစီ သွားရတော့မည်ဖြစ်ရာ ပြန်ဆုံရဖို့ကလည်း မရမရာပင်။အဘယ်ကြောင့်ဤမျှလောက်သံယောဇဉ်တွယ်နေဦးမည်နည်း။
သူတို့နှစ်ဦးက တိတ်တဆိတ်ဆက်လျှောက်နေလိုက်ကြပြီး မည်သူမျှစကားထပ်မံမပြောတော့ချေ။
ပတ်ဝန်းကျင်မှစိုစွတ်သော လေအေးတစ်ချက်တိုက်ခတ်လာပြီး ရာသီဥတုက အေးမြလာသည်။မကြာမီပင်မိုးဖွားလေးများ တဖျောက်ဖျောက်ကျဆင်းလာပြီး လျင်မြန်စွာပင်သဲသဲမဲမဲ ရွာသွန်းသော မိုးကြီးအဖြစ်သို့ပြောင်းလဲသွားတော့၏။
လော်ယွမ်က တီရှပ်ကို အလျင်အမြန် ချွတ်လိုက်ပြီး ကျိုးယလီ၏ ခေါင်းပေါ်တွင်မိုးပေးလိုက်သည်။ "တစ်နေရာမှာခဏဝင်ခိုရအောင်…မိုးအရမ်းသည်းလာပြီ"
"ဟိုဘက်က စက်ရုံထဲ သွားရအောင်"ကျိုးယလီက သူမ၏ ခေါင်းပေါ်မှမိုးပေးထားသောအင်္ကျီကို ကြည့်လိုက်ပြီး စိတ်ထဲတွင် နွေးထွေးသော ခံစားချက်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"အင်း…အမြန်လာ"
ထိုစက်ရုံမှာ ယိုယွင်းပျက်စီးနေသော စက်ရုံအဟောင်းတစ်ခုဖြစ်ပြီး ဆိုင်းဘုတ်ပင်မရှိတော့ပေ။ ပိတ်ထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ဟန်တူသည်။ တံခါးဝရှိ သံချေးတက်နေသော လျှပ်စစ်လျှောတံခါးက ကွေးလိန်နေပြီး တံခါးမကြီးက ဟင်းလင်းပွင့်နေ၏။
သူတို့နှစ်ဦးက ဘာအတားအဆီးမှမရှိဘဲ စက်ရုံအတွင်းသို့အပြေးအလွှား ဝင်ရောက်သွားကြသည်။သို့သော်လည်း နှစ်ဦးစလုံး၏ အဝတ်အစားများကတော့စိုရွှဲသွားခဲ့လေပြီ။
စိုရွှဲနေသောအစိမ်းနုရောင်ဂါဝန်ရှည်က ကျိုးယလီ၏ လှပသော ကိုယ်လုံးတွင်ကပ်နေပြီး သူမ၏ အချိုးအဆက်ကျသော ဆွဲဆောင်မှုရှိသည့်ကိုယ်ဟန်ကို ပေါ်လွင်စေသည်။
ဤနေရာသည်အနည်းငယ် လျှို့ဝှက်သောကြောင့်လော၊ သို့တည်းမဟုတ်သူတို့နှစ်ဦး ထပ်မံတွေ့ဆုံနိုင်တော့မည်မဟုတ်ဟု တွေးမိသောကြောင့်လော မသိ၊ ပူလောင်သော ကာမဆန္ဒက ကျိုးပေါက်သွားသော ဆည်ကဲ့သို့လှိုင်းလုံးကြီးများအဖြစ် ရုတ်တရက် မြင့်တက်လာခဲ့သည်။မည်သူက အရင်စတင်လိုက်သည်မသိ၊ သူတို့နှစ်ဦး ရုတ်တရက် တင်းကျပ်စွာ ပူးကပ်သွားကြပြီး အပြင်းအထန်နမ်းရှိုက်ကြ၏။သူတို့၏အသက်ရှူသံများက ရောယှက်နေပြီး ပူလောင်သော အသားစိုင်တို့အချင်းချင်း ထိတွေ့မိရာ ပို၍ပြင်းထန်သော ဆန္ဒများကို ဖြစ်ပေါ်စေလေသည်။
အပြင်ဘက်မှသဲသဲမဲမဲ ရွာသွန်းနေသော မိုးသံက သူတို့နှစ်ဦး၏ ပြင်းပြသော ကာမဆန္ဒ အသံများကို ဖုံးလွှမ်းသွားစေသည်။
မိုးက တဖြည်းဖြည်း တိတ်စပြုလာသည်။
ကျိုးယလီက လော်ယွမ်၏ကိုယ်ကို မှီထားပြီး အဝတ်အစားများမှာမူ ဖရိုဖရဲ ဖြစ်နေသည်။
"ကျွန်မတို့ထပ်တွေ့ကြဦးမှာလားဟင်"သူမက ညင်သာစွာ မေးလိုက်သည်။
"ငါတို့အသေအချာကိုပြန်တွေ့မှာပါ"လော်ယွမ်က သူမကိုနှစ်သိမ့်လိုက်သည်။
သူတို့တစ်ကယ်ပဲပြန်တွေ့နိုင်မည်လား။ ကမ္ဘာကြီးက တစ်နေ့တခြား ပို၍မငြိမ်မသက်ဖြစ်လာပြီး မိမိ၏အနာဂါတ်မည်သို့မည်ပုံဖြစ်မည်ကိုပင်မပြောနိုင်ပေ။ သန္ဓေပြောင်းသတ္တဝါများ၏ အဆက်မပြတ်ဆင့်ကဲ့ပြောင်းလည်းလာမှုကလည်း လော်ယွမ်၏အနာဂတ်ကို မရေမရာခံစားရစေသည်။လူသားတို့၏နည်းပညာက နောက်ဆုံးတွင်အောင်ပွဲခံနိုင်ချေရှိသော်လည်း ထိုအချိန်တွင်ကမ္ဘာကြီးက ဆိုးဆိုးရွားရွားပျက်စီးနေပေလိမ့်မည်။ထိုသို့သောကပ်ဘေးတွင်လူသားတို့၏ကံကြမ္မာက ရွေးချယ်စရာများများစားစားမရှိပဲ နောက်ဆုံးတွင်အချည်းအနှီးအဖြစ်နှင့်သာ အဆုံးသတ်သွားနိုင်လေသည်။
မိုးစဲသည်နှင့်လော်ယွမ်က ထွက်ခွာသွားတော့သည်။
ကျိုးယလီက လော်ယွမ်တဖြည်းဖြည်း ဝေးသွားပြီး နောက်ဆုံးတွင်အစက်အပျောက်လေးတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်ကိုကြည့်ရင်း မျက်ရည်များက ပါးပြင်ပေါ်သို့အတားအဆီးမရှိ စီးကျလာတော့သည်။
ဤမျှတိုတောင်းသောအချိန်အတွင်း လော်ယွမ်က သူမ၏နှလုံးသားထဲတွင်အဘယ့်ကြောင့်အမြစ်တွယ်သွားမှန်း သူမ မသိပေ။ သူမ အထီးကျန်အားငယ်နေချိန်တိုင်း လော်ယွမ်က အမြဲနှစ်သိမ့်ပေးခဲ့သောကြောင့်လား။ သို့မဟုတ်တစ်လမ်းလုံး လော်ယွမ်ဆီကရခဲ့သည့်စိတ်ကို အေးချမ်းစေသည့်လုံခြုံမှုကြောင့်လား။ သို့တည်းမဟုတ်အရိုးထိအောင်စွဲမက်စေသည့်ထိုရစ်ပတ်နှောင်ဖွဲ့မှုများကြောင့်လား။
ထိုခံစားချက်မှာ ပူလောင်သော မီးတောင်တစ်ခုကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီးနောက်တစ်ဖန်အတင်းအကျပ်ပင်အဆုံးသတ်သွားခဲ့သည်။
လော်ယွမ်က အဝေးပြေးလမ်းမကြီးပေါ်သို့တက်လိုက်သည်။တောင်ပတ်လမ်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ဟန်ရှိပြီး လမ်းပေါ်တွင်ကားအချို့ကျိုကြားကျိုကြား သွားလာနေကြသည်။
သူက နာရီဝက်ခန့်စောင့်ဆိုင်းလိုက်ပြီး နောက်ဆုံးတွင်ခရီးသည်မပါသော ဘတ်စ်ကားတစ်စီး ရောက်ရှိလာ၏။ သူက ကားပေါ်တက်ပြီး နောက်ဘက်မှခုံတစ်လုံးကို ရွေးကာ ထိုင်ချလိုက်သည်။
ကားက တောင်ပတ်လမ်းမှယာဉ်တိုက်မှုဖြစ်ပွားခဲ့သော နေရာကို ဖြတ်သန်းသွားသောအခါ ပျက်စီးနေသော ကားနှစ်စီးကို မတွေ့ရတော့ပေ။ သို့သော်လမ်းပေါ်တွင်ကျန်ရှိနေသေးသော နီညိုရောင်သွေးကွက်ကြီးများက ဤနေရာတွင်တစ်ချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သက်သေပြနေသည့်အလားပင်။
ယွီရွှေမြို့သည်ယခင်အတိုင်းပင်စိတ်ပျက်ဖွယ်ကောင်းနေပြီး တိုးတက်ကောင်းမွန်လာမည့်လက္ခဏာ တစ်စိုးတစ်စိမျှမရှိပေ။ မြို့တစ်မြို့လုံးကို ထိတ်လန့်ကြောက်ရွံ့သော ခံစားမှုတစ်ခုက လွှမ်းခြုံထားသည်။
လော်ယွမ်က ရထားလက်မှတ်ဝယ်ယူပြီး သူ၏ ကျန်းမာတောက်ကို အလာတုံးကအတိုင်း ကုန်ချောစနစ်ဖြင့်ပို့ဆောင်ရန်စီစဉ်လိုက်သည်။ ပြီးနောက်သူက ယွီရွှေမြို့ကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီး တုံဟူမြို့သို့သွားမည့်အမြန်ရထားပေါ်သို့ ပြတ်သားစွာ တက်သွားလေတော့သည်။
--------------------
တုံဟူမြို့အရှေ့ဘက်ရှိ အမှိုက်ပုံတွင်အနံ့အသက်များက ဆိုးဆိုးရွားရွားပြင်းထန်နေပြီး ညစ်ပတ်သော ရေဆိုးများဖြင့် ပြည့်လျှံနေ၏။ ၎င်း၏အနီးတစ်ဝိုက်တွင်မရေမတွက်နိုင်သော နိမ့်ကျပျက်စီးနေသည့်တဲအိမ်များနှင့် သွပ်ပြားများဖြင့်အလွယ်ကာရံထားသောတဲအချို့ကအနီးအနားရှိ မြင့်မားပြီးလှပသော မိုးမျှော်တိုက်ကြီးများနှင့် ခြားနားစွာတည်ရှိနေကြသည်။
ထိုနေရာမှာ တုံဟူမြို့၏ဆင်းရဲသားရပ်ကွက်ဖြစ်ပြီး သာမန်လူများက ဤနေရာတစ်ဝိုက်သို့ရောက်သည်နှင့်အဝေးမှရှောင်ရှားသွားလေ့ရှိကြသည်။
သို့သော်ယခုအချိန်တွင်တော့ထိုနေရာက တဖြည်းဖြည်း စည်ကားလာ၏။
လော်ယွမ်တုံဟူ မြို့သို့ ပြန်ရောက်ပြီး ဆယ့်ငါးရက်အကြာထိ တုံဟူ မြို့၏ အခြေအနေက ကောင်းမွန်လာခြင်းမရှိသည့်အပြင်ပို၍ပင်ဆိုးရွားလာခဲ့သည်။လမ်းများပေါ်တွင်စစ်သားများနှင့် လက်နက်အပြည့်ဖြင့်ရဲများ မကြာခဏ တွေ့ရလေ့ရှိပြီး အချို့အချိန်များတွင်သံချပ်ကာကားများကိုပင်တွေ့မြင်နိုင်သည်။
ဓာတ်ဆီနှင့် ဒီဇယ်ကဲ့သို့သော လောင်စာဆီများကို စစ်ဘက်ဆိုင်ရာပစ္စည်းများအဖြစ်သတ်မှတ်ပြီး အစိုးရက လုံးဝ ထိန်းချုပ်လိုက်သည်။အစိုးရ နှင့် စစ်ဘက်ဆိုင်ရာ ယာဉ်အချို့မှလွဲ၍ လမ်းပေါ်တွင်အခြားယာဉ်များကို တွေ့ရခဲလှသည်။
ကုန်ကြမ်းများမရနိုင်ခြင်း၊ သယ်ယူပို့ဆောင်ရေးခက်ခဲခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ အော်ဒါများမရှိတော့ခြင်း စသည့်ကဏ္ဍပေါင်းစုံ၏ သက်ရောက်မှုများကြောင့်မရေမတွက်နိုင်သော စက်ရုံအလုပ်ရုံများ ပိတ်သိမ်းသွားခဲ့ကြသည်။တစ်နေ့တခြား လျော့နည်းလာသော အခြေခံလိုအပ်ချက်များကြောင့်လူအများစုက မိမိတို့၏အသက်မွေးဝမ်းကျောင်းအတွက်ကိုယ်တိုင်ရှာဖွေလာကြရ၏။ ထို့အပြင်အသားနှင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့်တရိပ်ရိပ်တက်လာသော ဈေးနှုန်းများကြောင့်မိမိကိုယ်ကို အနည်းငယ်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ထင်မြင်သူအချို့မှာ အမဲလိုက်သည့်အလုပ်ကို ဝင်ရောက်လုပ်ကိုင်ကြလေသည်။
တုံဟူမြို့အမှိုက်ပုံသည်တစ်မြို့လုံး၏ အကောင်ဗလောင်များ စုဝေးရာနေရာဖြစ်သည်။အချို့သော သတ္တဝါများ၏ အမြင်တွင်ဤနေရာသည်မကုန်ခမ်းနိုင်သော ကြီးမားသည့် စားနပ်ရိက္ခာကျီတစ်ခုဖြစ်ပြီး ကြောင်၊ခွေး၊ ကြွက်ကဲ့သို့သော သတ္တဝါအများအပြားကို ဆွဲဆောင်နေသည်။
သို့သော်စစ်တပ်၏ရှင်းလင်းမှုအကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက်ဤနေရာတွင်ခွေးလေခွေးလွင့်များကဲ့သို့အနည်းငယ်ကြီးမားသည့် အန္တရာယ်ရှိသော သတ္တဝါများကို မတွေ့ရတော့ပဲ ရှင်းလင်းရန်ခက်ခဲသည့် ကြွက်အချို့သာ တွေ့ရ၏။
သို့သော်လည်း ဤနေရာက အန္တရာယ်တော့ရှိနေတုံးပင်။သာမန်ကြောင်တစ်ကောင်အရွယ်ရှိသော သန္ဓေပြောင်းကြွက်များမှာ အလွန်ရန်လိုတတ်ကြပြီး အသိဉာဏ်လည်းအနည်းငယ်ရှိသည်။သူတို့က မကြာခဏ အုပ်စုဖွဲ့၍သွားလာတတ်ကြပြီး တစ်ချက်အကိုက်ခံရရုံဖြင့် ခန္ဓာကိုယ်တွင်အပေါက်ကြီးတစ်ခုဖြစ်သွားပြီး သွေးထွက်လွန်နိုင်သည်။
ထိုကြွက်လေးငါးကောင်က အရွယ်ရောက်ပြီးသား သန်မာသောလူတစ်ယောက်ကို သွေးထွက်လွန်၍သေစေနိုင်၏ ။ဤနေရာတွင်အမဲလိုက်သူများက သုံးယောက်၊ငါးယောက်အုပ်စုဖွဲ့လိုက်ကြပြီး အချို့မှာမူ ဆယ်ယောက်ကျော်အထိ စုစည်း၍ အဖွဲ့ဖွဲ့အမဲလိုက်ကြသည်။လော်ယွမ်ကဲ့သို့သော တစ်ကိုယ်တော်မုဆိုးများမှာမူ အလွန်ပင်ရှားပါးလှသည်။
လော်ယွမ်က တောဖိနပ်အရှည်ကို စီးထားပြီး ဂျင်းဘောင်းဘီကြမ်းတစ်ထည်ကို ဝတ်ဆင်ထား၏။ အပေါ်ပိုင်းတွင်မူ အင်္ကျီခပ်ပါးပါးတစ်ထည်ကို ဝတ်ဆင်ထားပြီး အတွင်းမှမြွေအကြေးခွံ ကျည်ကာအင်္ကျီကို ဖုံးကွယ်ထားသည်။သူ၏ ညာလက်တွင်ကျန်းမာတောက်ကို ကိုင်ဆောင်ထားပြီး အမှိုက်ပုံနယ်မြေသို့ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လှမ်းလာသည်။
လော်ယွမ်က ဤနေရာတွင်အမြဲတမ်းလာနေကျလူတစ်ဦးဖြစ်ပြီး သူ၏ တိုက်ခိုက်စွမ်းရည်မှာလည်း အံ့မခန်းဖြစ်သောကြောင့်သူ့ကိုမသိသူ အလွန်ရှားသည်။လော်ယွမ်ရောက်လာသည်ကို မြင်သည်နှင့် လူတွေချက်ချင်း ဝိုင်းအုံလာကြသည်။
"ညီလေးလော်…ဒီနေ့ရတဲ့အမဲထဲက…ငါ့ကိုနည်းနည်းခွဲပေးလို့ရမလား…ငါ့အိမ်မှာအသားမစားရတာတော်တော်ကြာပြီ…ကလေးကလည်းအရမ်းဂျီကျနေတယ်…ကြွက်ပေါင်တစ်ချောင်းဆိုရတယ်…ငါကျသင့်တန်ဖိုးပေးပါ့မယ်…၂၀၀လား…၅၀၀လား…မင်းလိုသလောက်ငါပေးမယ်" စိုးရိမ်သောရောက်နေဟန်ရှိသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လူအုပ်ထဲသို့အားကုန်တိုးဝင်ရင်း အလျင်စလို ဆိုလိုက်သည်။
ဤအမှိုက်ပုံနယ်မြေမှာ ရောင်းသူ၊ ဝယ်သူများဖြင့် ပြည့်နေပြီး စည်ကားသော ဈေးတစ်ခုအဖြစ်သို့ပြောင်းလည်းနေလေပြီ။ လူအများစုက ဤနေရာတွင်နေ့စဉ်စောင့်ဆိုင်းနေကြပြီး အမဲလိုက်မုဆိုးများနှင့် ရောင်းဝယ်မှုပြုကြ၏။လော်ယွမ်ကဲ့သို့အမဲမလိုက်ရသေးမီကပင် ကြိုတင်မှာယူသူများ ရှိနေခြင်းမှာ အလွန်ပင်ရှားလှသည်။အမှိုက်ပုံနယ်မြေတစ်ခုလုံးတွင်လက်တစ်ဆုပ်စာ လူအနည်းစု သို့မဟုတ်အဖွဲ့အနည်းငယ်သာ ထိုကဲ့သို့မျိုး ရှိပေသည်။ထိုသို့သောသူများက အများအားဖြင့်တိုက်ရေခိုက်ရေမြင့်မားသော ပုဂ္ဂိုလ်များဖြစ်ပြီး သေနတ်များလည်း ပိုင်ဆိုင်ကြသည်။
ယခုအချိန်တွင်သေနတ်ရောင်းဝယ်မှုမှာ အားလုံးသိသော လျှို့ဝှက်ချက်တစ်ခုလိုဖြစ်နေ၏။အဆက်အသွယ်အနည်းငယ်ရှိရုံမျှဖြင့်သေနတ်ဝယ်ယူနိုင်သည်။သို့သော်လည်း ရရှိနိုင်သည်များမှာ ပစ္စတိုသေနတ်များသာဖြင့်ပြီး ပိုအဆင့်မြင့်သောသေနတ်များကိုမူ တွေ့ရခဲလှသည်။
"ပိုက်ဆံတန်ဖိုးက ဒီလောက်ကျနေတာ ပိုက်ဆံရှိတော့ရောဘာဝယ်လို့ရမှာလဲ" အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင်ဆီပြန်နေသော ခပ်ဝဝလူတစ်ဦးက မထီမဲ့မြင်ဖြင့်ဆိုသည်။ "ငါဆန်နဲ့လဲမယ်…ဆန်ငါးပြည်ကိုအသား၃၀သားနဲ့လဲမယ်… လူတွေ့လဲမယ်…မင်းမှာဘယ်လောက်ပဲရှိရှိငါလဲနိုင်တယ်… ငါ့လူတွေအပြင်မှာအဆင်သင့်ရှိတယ် "
အားလုံးက အပြင်ကိုကြည့်လိုက်ရာ အမှန်တစ်ကယ်ပင်တုတ်၊ဓားလက်နတ်များကိုင်ထားသော ဗလကောင်းကောင်းနှင့် လူလေးယောက်က ငါးပြည်ဆန့်သောဆန်အိပ်ဒါဇင်ကျော်ကို သတိဖြင့်စောင့်ကြပ်နေကြ၏။ ထိုအထဲမှနှစ်ယောက်၏ခါးတွင်သေနတ်များပင်ထိုးထားသည်ကိုတွေ့ရသည်။
လူအုပ်ထဲမှတစ်ယောက်က ထိုဝတုတ်ကိုမှတ်မိလိုက်ပြီး ရယ်မောရင်း "မန်နေချာရှဲ့…ခင်ဗျားဆော့ဖ်ဝဲကုမ္ပဏီမဖွင့်တော့ပဲ…ဒီလိုစီးပွားရေးမျိုးလာလုပ်နေတာလား…ခင်ဗျားအခြေအနေတော်တော်ဆိုးသွားတာပဲ"
"ဆော့ဖ်ဝဲလ်ကုမ္ပဏီကဘာလုပ်လို့ရမှာလဲ...အဲ့တာနဲ့ထမင်းစားလို့ရလို့လား...ဒီလိုအချိန်မှာတစ်ကယ့်စီးပွားရေးဆိုတာ...ဒါမျိုးကိုပြောတာကွ" ရှဲ့ချီဖုံးက သူ့စီးပွားရေးသူများလုသွားမည်ကို မစိုးရိမ်ပေ။ ယခုအချိန်တွင်ထိုသို့သော စီးပွားရေးမျိုး လုပ်နေသူများ တစ်နေ့တခြား များပြားလာနေပြီး ပြိုင်ဘက်တစ်ယောက်တိုးလာလို့လည်း အရေးမကြီးပေ။ ထို့အပြင်အရင်းအနီးနှင့်အဆက်အသွယ်မရှိပါက ထိုစီးပွားရေးမျိုး လုပ်နိုင်မည်မဟုတ်ပေ။
"ကျွန်တော်ကဆန်မလိုဘူး...ပိုက်ဆံလည်းမလိုဘူး...ဒါပေမဲ့ဓာတ်ဆီနည်းနည်းတော့လိုချင်တယ်...ခင်ဗျားမှာအဆက်အသွယ်ရှိလား" လော်ယွမ်က မေးလိုက်သည်။
ဤအမှိုက်ပုံနယ်မြေတွင်လူများ တဖြည်းဖြည်း များပြားလာသဖြင့်အမဲကောင်များ ရရှိရန်အလွန်ပင်ခက်ခဲလာပြီဖြစ်သည်။ယခုအခါအမဲကောင်ရှာဖွေရန်ပင်သူနေ့တိုင်း အချိန်တော်တော်ယူရသည်။သို့သော်ဤသည်မှာ အကြောင်းအရင်းတစ်ခုမျှသာဖြစ်၏။
သန္ဓေပြောင်းသတ္တဝါများ၏ အသားနှင့်သွေးတွင်ထူးခြားသော အာနိသင်များရှိကြောင်း သိရှိပြီးကတည်းက သူအပြာနုရောင်အဆင့်ရှိ သန္ဓေပြောင်းသတ္တဝါများကို ပစ်မှတ်ထားရန် ကြံရွယ်ထားသည်။သို့သော်တုံဟူမြို့၏ခံစစ်မှာ အားကောင်းနေသောကြောင့်အပြာနုရောင်သန္ဓေပြောင်းသတ္တဝါပေါ်လာလျှင်လည်း ကြာကြာမခံပဲ စစ်တပ်လက်ချက်မိသွားလေ့ရှိသည်။၎င်းတို့ကိုအမဲလိုက်ချင်လျင်အစွန်အဖျားနေရာများသို့သွားရပေလိမ့်မည်။
သူက ကားတစ်စီးကို ရနိုင်သော်လည်း ဓာတ်ဆီကိုမူ ဘယ်မှာမျှဝယ်မရပေ။
"ညီလေးလော် မင်းလည်းသိမှာပဲ...လောင်စာဆီတွေကိုအခုစစ်တပ်ကထိန်းချုပ်ထားတာ...ပြီးတော့အဝေးပြျေက်စီးနေလို့ဆီကားတွေလည်း ရောက်မလာနိုင်တော့ဘူး...ဓာတ်ဆီဆိုတာကအခုသုံးလေကုန်လေဖြစ်နေတာ...ငါ့အိမ်မှာတော့နည်းနည်းရှိသေးတယ်...ဒါပေမဲ့ဈေးကဘယ်လိုဖြတ်မှာလဲ" မန်နေဂျာရှဲ့မှာ ယခင်က ကုမ္ပဏီဖွင့်ခဲ့သူတစ်ယောက်ဖြစ်သောကြောင့်သူ့တွင်အဆက်အသွယ်တစ်ချို့ရှိသည်။စီးပွားရေးလုပ်ငန်းအကြောင်းကြားသည်နှင့်သူ၏မျက်လုံးများက အရောင်တောက်သွားတော့သည်။
လော်ယွမ်က ပြုံးလိုက်ပြီး "ခင်ဗျားဓာတ်ဆီရနိုင်မယ်ဆိုရင်...ဈေးကကြိုက်သလောက်ပြောလို့ရတယ်"
မန်နေဂျာရှဲ့က ဝမ်းသာသွားပြီး ဈေးကြီးကြီးခေါ်ရန်စိတ်ကူးမိသော်လည်း သူ၏ လောဘစိတ်ကို အလျင်အမြန်ဖျောက်ဖျက်လိုက်၏။ဓာတ်ဆီက အလွန်တန်ဖိုးရှိသော်လည်း စုဆောင်းထားသူများ အတော်အတန်ရှိနေသေးသည်။အိမ်တွင်ကားရှိသူများပင်လျှင်အနည်းငယ်စုပ်ထုတ်နိုင်ပေသည်။ထို့အပြင်သူ့ရှေ့မှလူရွယ်က လွယ်ကူသောပစ်မှတ်မဟုတ်။ယနေ့သူ့ကို လှည့်စားလိုက်လျှင်နောင်တွင်အငြိုးအတေးထားခြင်းကို ခံရပေလိမ့်မည်။ယခုလို ဥပဒေစိုးမိုးမှုမရှိတော့သည့်အချိန်တွင်ထိုသို့သိုလူမျိုးကို ရန်မလုပ်ခြင်းက အကောင်းဆုံးပင်မဟုတ်ပါလား။
"ညီလေးလော်ကရှင်းရှင်းသမားပဲ...အဲ့တော့ငါလည်းဈေးပိုမတင်တော့ဘူး...ငါမင်းကိုမျှမျှတတပဲပေးမယ်...ဓာတ်ဆီတစ်လီတာကိုဆန်၁၀ပြည်...မင်းအခုမှောင်ခိုဈေးကွက်မှာပေါက်နေတဲ့...ဓာတ်ဆီဈေးကိုစုံစမ်းကြည့်လိုက်...ငါပေးတဲ့ဈေးကအရမ်းတန်တယ်" မန်နေဂျာရှဲ့က ရင်ဘတ်ကိုပုတ်ရင်း ရက်ရောသော အမူအရာဖြင့်ဆိုသည်။
"အခြေအနေကြည့်ပြီး...သန္ဓေပြောင်းကြွက်တွေနဲ့လဲသင့်လဲကြတာပေါ့"လော်ယွမ်က ဆိုသည်။
"ညီလေးလော်ကဒီနေ့သားကောင်များများရှာမလို့ပြင်ထားတာလား...ဟုတ်ပြီငါအခုဖုန်းဆက်ပြီးဓာတ်ဆီလာပို့ခိုင်းလိုက်မယ်" မန်နေဂျာရှဲ့က ဝမ်းမြောက်စွာ ဆိုသည်။
ပတ်ဝန်းကျင်မှလူများက အခွင့်အရေးမရှိတော့မှန်း သိ၍ အလျင်အမြန်လူစုခွဲသွားကြသည်။မကြာမီ အခြားအဖွဲ့တစ်ဖွဲ့ရောက်ရှိလာရာ ထိုလူများက ချက်ချင်း ဝိုင်းအုံလိုက်ကြပြန်၏။
အလဲအလှယ်ကိစ္စပြီးသောအခါလော်ယွမ်က အနီးအနားရှိ ဈေးဆိုင်လေးမှဘီယာတစ်ဘူးဝယ်ယူလိုက်ပြီး အနည်းငယ်သန့်ရှင်းသော ကျောက်တုံးတစ်တုံးကို ရွေးချယ်ကာ ထိုင်ချလိုက်သည်။ယခုမှာ ညနေစောင်းသာ ရှိသေးပြီး လုံးဝမမှောင်သေးသဖြင့်အမဲလိုက်ရန်အချိန်ကောင်းမဟုတ်သေးပေ။
သန္ဓေပြောင်းကြွက်များက နေ့ဘက်တွင်တွေ့ရတတ်သော်လည်း သူတို့အထွက်ဆုံးအချိန်မှာ ညဘက်ဖြစ်သည်။တစ်ခါတစ်ရံ ကံကောင်းပါက ကြွက်အုပ်အသေးစားနှင့် ကြုံတွေ့ရတတ်ပြီး မျိုးမျိုးမြတ်မြတ်ရလေ့ရှိသည်။သို့သော်ထိုအချိန်က အန္တရာယ်အများဆုံးအချိန်လည်း ဖြစ်သည်။ တစ်ညအတွင်း လူဆယ်ယောက်ကျော်သေဆုံးလျှင်ပင်သာမန်ဟုဆိုနိုင်၏။
ယခုလိုကမ္ဘာပျက်နေသောကာလတွင်လူတို့၏အသက်မှာ အဖိုးမတန်တော့ပေ။ မည်သို့ပင်အန္တရာယ်ရှိစေကာမူ ရှေ့ဆက်ရှန်သန်ဖို့အတွက်ဤနေရာသို့လာရောက်စွန့်စားသူများမှာ များပြားနေဆဲပင်။
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှလူများ ပို၍ပို၍ များပြားလာ၏။ မျက်စိတစ်ဆုံး ကြည့်လိုက်လျှင်နေရာတိုင်းတွင်လူများကို တွေ့ရပေသည်။ခပ်လှမ်းလှမ်းရှိ အမှိုက်ပုံမှလည်း တရှပ်ရှပ်အသံများ စတင်ထွက်ပေါ်လာရာ ဤနေရာသို့သိပ်မကြာခင်ကမှရောက်ရှိလာသော လူသစ်အချို့မှာ အသက်ရှူမြန်လာတော့၏။
လူများက မီးတုတ်များကို ထွန်းညှိလိုက်ကြရာ ပတ်ဝန်းကျင်သည်မီးရောင်ဖြင့်ထိန်လင်းသွားတော့သည်။
လော်ယွမ်ကမူ မီးတုတ်မလိုအပ်ပေ။ သူ၏ အမြင်အာရုံမှာ အမြဲတမ်း ကောင်းမွန်ပြီး အာရုံခံနိုင်စွမ်းမှာလည်း ထက်မြက်၏။ခပ်မှိန်မှိန်ရှိသောလရောင်ဖြင့်ပင်မြေပြင်ကိုခွဲခြားသိမြင်နိုင်ပြီး တိုက်ခိုက်ရာတွေလည်း သက်ရောက်မှုမဖြစ်ပေ။ ထို့အပြင်မီးတုတ်ယူဆောင်ခြင်းက တိုက်ခိုက်မှုအတွက်အနှောက်အယှက်ပင် ဖြစ်စေနိုင်သည်။
သူက ကောင်းကင်သို့မော့ကြည့်လိုက်ရာ လပြည့်ဝန်းကြီးမှာ လင်းထိန်နေပြီး မြေပြင်ကို ငွေရောင်အလင်းတန်းများ ဖြာကျနေလေသည်။ ယနေ့မှာ အမဲလိုက်ဖို့အကောင်းဆုံးနေ့တစ်နေ့ပင်မဟုတ်ပါလား။
ညဉ့်နက်လာသည်နှင့်အမျှပတ်ဝန်းကျင်မှလူများသည်တဖြည်းဖြည်း အမှိုက်ပုံဘက်သို့လျှောက်သွားကြ၏။
မကြာမီ မလှမ်းမကမ်းမှစူးရှသည့်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်သေနတ်သံများလည်း ထွက်ပေါ်လာသည်။သွေးညှီနံ့အချို့ကအဝေးမှလွင့်ပျံလာ၏။
အမှိုက်ပုံနယ်မြေမှာ အလျင်အမြန်ပင်လူသားနှင့်သန္ဓေပြောင်းသတ္တဝါတို့၏စစ်တလင်းဖြစ်သွား
လေတော့သည်။
လော်ယွမ်က ခေတ္တမျှထပ်ထိုင်နေပြီးနောက်နောက်ဆုံးလက်ကျန်ဘီယာတစ်ငုံကို မော့သောက်ကာ မြေပေါ်သို့ပစ်ချလိုက်ပြီး ထရပ်လိုက်သည်။
ဤသို့သော အဖြစ်အပျက်များမှာ နေ့စဉ် ဖြစ်ပျက်နေသဖြင့်လော်ယွမ်စိတ်ထဲတွင်မည်သို့မျှမနေတော့ချေ။
သို့သော်ယနေ့အခြေအနေက အနည်းငယ်ထူးခြားသည်ဟု ခံစားနေရ၏။ တိုက်ပွဲက အလွန်လျင်မြန်စွာပင်စတင်ခဲ့ပြီး အော်ဟစ်သံများသည်လည်း ယခင်ကထက်ပို၍ မကြာခဏ ထွက်ပေါ်နေသည်။မကြာမီ မလှမ်းမကမ်းရှိ လူအုပ်ကြီးမှာ ပွက်လောရိုက်သွားဟန်ရှိပြီး အချို့လူများမှာ မျက်နှာတွင်ဖုံးကွယ်မရသော ထိတ်လန့်မှုများဖြင့်နောက်သို့ ပြန်ပြေးလာကြသည်။သူတို့အများစုမှာ မကြာသေးမီကမှရောက်ရှိလာသော လူသစ်များဖြစ်ကြသည်။
လော်ယွမ်၏စိတ်ထဲတွင်လှုပ်ရှားသွားပြီး ခြေလှမ်းကို အရှိန်မြှင့်ကာ ရှေ့သို့လျင်မြန်စွာ လျှောက်သွားလိုက်သည်။
"အကိုလော်ယွမ်...မင်းလည်းရောက်နေတာပဲ" အရပ်မြင့်မားသော လူရွယ်တစ်ဦးက ရုတ်တရက် လော်ယွမ်ကို လှမ်းခေါ်လိုက်သည်။
"အင်း...ဘာဖြစ်တာလဲ...ဘာလို့လူတွေပြန်လှည့်ပြေးကြတာလဲ" ထိုလူကို လော်ယွမ်သိလေသည်။သူ၏အမည်မှာ ချန်ဟိုင်ယန် ဖြစ်ပြီး မိန်းမဆန်သော နာမည်တစ်ခုဖြစ်၏။သူက လော်ယွမ်ကဲ့သို့ပင်တစ်ကိုယ်တော်သမားဖြစ်ပြီး ယခင်က သိုင်းပညာ လေ့ကျင့်ဖူးဟန်တူသည်။သူ၏ ဓားသိုင်းပညာမှာ ကောင်းမွန်ပြီး တိုက်ရေခိုက်ရေမှာလည်း အညံ့စားမဟုတ်ပေ။ အကယ်၍လော်ယွမ်၏လျင်မြန်မှုသာ သာမန်လူများထက်သာလွန်မနေပါက သူ့ကိုယှဉ်ပြိုင်နိုင်ဖို့ပင်မသေချာပေ။ သို့သော်သူတို့နှစ်ဦးကြားတွင်မေးထူးခေါ်ပြော ဆက်ဆံရေးသာ ရှိပြီး တစ်ယောက်နှင့်တစ်ယောက်သိရှိရုံမျှသာ ဖြစ်သည်။
"သူတို့ကြွက်အုပ်ကြီးနဲ့သွားတွေ့တာလေ...စစတိုက်ချင်းမှာပဲလူတွေတော်တော်များများ သေကုန်ကြတယ်...ငါကြားတာတော့ ကြွက်ဘီလူး တစ်ကောင်ကို တွေ့လိုက်တဲ့သူတောင်ရှိတယ်တဲ့"ချန်ဟိုင်ယန်က တိုတိုတုတ်တုတ်ရှင်းပြလိုက်သည်။
"တကယ်ကြွက်အုပ်ကြီးပဲ" လော်ယွမ်အလွန်စိတ်လှုပ်ရှားသွားသည်။"မင်းပြောတဲ့ကြွက်ဘီလူးဆိုတာ...ကြွက်ဘုရင်လား"
"ဘုရင်ပဲနေမှာပေါ့...မဟုတ်ရင်သူတို့ဘယ်ပြန်လှည့်ပြေးမှာလဲ...မင်းသိတဲ့အတိုင်းကြွက်အုပ်နဲ့တွေ့ဖို့ကအရမ်းရှားတာ...တစ်ခါကြုံလိုက်တာနဲ့လေးငါးရက်စာအေးဆေးပဲ..." ချန်ဟိုင်ယန်က အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်နေသော အမှိုက်ပုံကို လှမ်းကြည့်ရင်း သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ "ကြွက်ဘုရင်လိုအရှင်သခင်အဆင့်သတ္တဝါတွေက အခုဆိုဈေးကောင်းအရမ်းရတာ...ပုံမှန်ဆိုအဲ့လိုသတ္တဝါတစ်ကောင်ပေါ်လာတာနဲ့...စစ်တပ်လက်ထဲရောက်သွားတာ...အခုဒါကငါတို့ရဲ့အခွင့်အရေးပဲ...သူ့ကိုငါတစ်ယောက်ထဲတော့နိုင်မှာမဟုတ်ဘူး...ငါတို့ယုံကြည်ရတဲ့သူတစ်ချို့နဲ့အဖွဲ့ဖွဲ့ပြီး...သူ့ကိုအမဲလိုက်ကြရင်မကောင်းဘူးလား"
'သန္ဓေပြောင်းသတ္တဝါတွေရဲ့သွေးနဲ့အသားက လူ့ခန္ဓာကိုယ်ကို အကျိုးပြုတယ်ဆိုတာ လူတွေသိသွားကြပြီများလား...ဒါပေမဲ့ဒါကလဲဆန်းတော့မဆန်းပါဘူး အစိုးရရဲ့ဓာတ်ခွဲခန်းတွေနဲ့သုသေသနပညာရှင်တွေနဲ့ဆို ဒီလိုထင်ရှားတဲ့အချက်အလတ်မျိုးက အနှေးနဲ့အမြန်သိသွားမှာပဲ...ဒီမှာရှိတဲ့မုဆိုးတွေတောင်...အဲ့ကိစ္စကိုသိနေကြလောက်ပြီ' လော်ယွမ်က တွေးလိုက်သည်။
သူက မူလကတည်းက အပြာရောင်နုရောင်အဆင့်ရှိ သတ္တဝါများကို အမဲလိုက်ရန် ကြံရွယ်ထားသည်။ယခု ထိုသို့သော အခွင့်အရေးနှင့် ကြုံတွေ့ရရာ သူလက်လွှတ်စရာအကြောင်းမရှိပေ။ စိတ်ထဲမှဆုံးဖြတ်ချက်ချနေစဉ်မှာပင်သူ၏ ခေါင်းထဲသို့သတင်းအချက်အလက်တစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။
"ဒင်...ရွေးချယ်နိုင်သောမစ်ရှင်အဆင့် E - ကြွက်ဘုရင်ကိုအမဲလိုက်ရန်
သင်ကိုယ်တိုင်သတ်ဖြတ်ရန်လိုအပ်သည်။အခြားသူ၏လက်ဖြင့်သေဆုံးပါက မစ်ရှင်ကျရှုံးမည်။
အချိန်သတ်မှတ်ချက် -သုံးရက် (လက်ခံ/ငြင်းပယ်)
"E အဆင့်မစ်ရှင်ဟုတ်လား...ငါ့ကိုလာနောက်နေတာလား" လော်ယွမ်က အကြီးအကျယ်တုံလှုပ်သွားပြီး စိတ်ထဲမှ ကြိတ်ဆဲလိုက်သည်။
ဤသည်မှာ သူ၏ ပထမဆုံး E အဆင့်မစ်ရှင်ပင်။ဧရာမမြွေကြီးကိုသတ်ခြင်းပင်လျှင်F+အဆင့်သာရှိ၏။ ယခုမစ်ရှင်မှာ E အဆင့်ရှိနေသည်။
လော်ယွမ်က ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက်အဆင့်တက်ရန်ခက်ခဲမှုကို ပြန်လည်စဉ်းစားမိရာ အံကိုတင်းတင်းကြိတ်ပြီး လက်ခံလိုက်သည်။ခက်ခဲမှုတစ်ဆင့်တိုးလာရုံမျှသာ မဟုတ်ပါလော။ ချန်ဟိုင်ယန်ပြောသလိုပင်ဤသို့သော အခွင့်အရေးမျိုးက ကြုံတောင့်ကြုံခဲဖြစ်သည်။ နောက်တစ်ခါ Eအဆင့်မစ်ရှင်နှင့် ကြုံတွေ့ရရန်မည်သည့်အချိန်အထိ စောင့်ရမည်ကို မသိနိုင်ပေ။ အပြာနုရောင်အဆင့်ရှိ ပစ္စည်းနှစ်ခုကို ပိုင်ဆိုင်ထားသည့်သူက ကြွက်ကြီး၏ပါးစပ်၌ အသက်ဆုံးရှုံးရမည်ဟု မယုံကြည်ပေ။
"ဟုတ်ပြီ...ငါတို့ယုံရတဲ့သူတွေသွာခေါ်ရအောင်ဒီမှာပဲပြန်ဆုံကြတာပေါ့"လော်ယွမ်အံကြိတ်ရင်း ဆိုလိုက်သည်။
"သိပြီ" ချန်ဟိုင်ယန်က ခေါင်းညိတ်လိုက်ပြီး အလျင်အမြန်ထွက်ခွာသွားသည်။
လော်ယွမ်မှာ ဤနေရာတွင်အချိန်အတော်ကြာ နေထိုင်ခဲ့သဖြင့်အသိအကျွမ်းအချို့ရှိလေသည်။သူက အလျင်အမြန်ပင်လူငါးဦးကို ရှာဖွေခေါ်ဆောင်လာခဲ့သည်။
ထိုလူငါးဦးက အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယခင်က ကုမ္ပဏီတစ်ခု၏ လုံခြုံရေးဝန်ထမ်းများဖြစ်ကြသည်။သူတို့အားလုံးသည်စစ်မှုထမ်းဟောင်းများဖြစ်ကြပြီး အချင်းချင်း အလွန်စည်းလုံးညီညွတ်ကြ၏။ အဖွဲ့လိုက်လှုပ်ရှားမှုကလည်း ကောင်းမွန်သောကြောင့်အမှိုက်ပုံနယ်မြေတွင်ထိပ်တန်းအဖွဲ့လေးတစ်ခုအဖြစ်လူသိများ၏။ တစ်ခါက ကြွက်အုပ်တစ်အုပ်ဖြင့် ကြုံရစဉ် လော်ယွမ်သူတို့ကို ခရီးသွားဟန်လွှဲ ကယ်တင်ခဲ့သောကြောင့်အချင်းချင်း အလွန်ရင်းနီးနေကြခြင်းပင်။
မကြာမီ ချန်ဟိုင်ယန့်သည်လည်း လူတစ်စုကို ခေါ်ဆောင်လာခဲ့သည်။သူတို့အချင်းချင်း သိကျွမ်းကြဟန်တူပြီး ဤနေရာတွင်နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။ တစ်ကိုယ်တော်သမား ချန်တာ့ခွေမှလွဲ၍ ကျန်သုံးယောက်တစ်ဖွဲ့က အထူးစိတ်ဝင်စားစရာကောင်းလေသည်။
ထိုသုံးယောက်အဖွဲ့မှာ သေနတ်များကိုင်ဆောင်ထားကြပြီး တုတ်ဓားကဲ့သို့လက်နတ်များ တစ်ခုမျှမရှိကြချေ။သုံးယောက်လုံးကလည်း သေနတ်ပစ်ခတ်ခြင်းကို အထူးကျွမ်းကျင်ကြသည်။အဖွဲ့ခေါင်းဆောင်မှာ ဘော့စ်ကျိုးဟုခေါ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယခင်က လူမိုက်လောကတွင်ကျင်လည်ခဲ့သူဟု ဆိုကြသည်။သူ၏ စရိုက်မှာ ခတ်ထန်ပြီး စိတ်အပြောင်းအလဲမြန်သည်။စကားတစ်ခွန်း မှားသည်နှင့်သေနတ်ထုတ်၍ပစ်သတ်လေ့ရှိသဖြင့်ပုံမှန်အားဖြင့်ဤနေရာတွင်မည်သူမျှသူ့ကို ရန်မစဝံ့ပေ။
လော်ယွမ်က မျက်မှောင်ကျုံ့လိုက်ပြီး ထိုအဖွဲ့ကိုကြည့်ကာ စိတ်ထဲတွင်အနည်းငယ်လေးလံသွားသည်။
အဝေးမှအော်ဟစ်သံများ မကြာခဏ ထွက်ပေါ်နေပြီး ပြန်လှည့်လာသူများ ပိုပိုပြီး များပြားလာ၏။
"အားလုံးအချင်းချင်းသိပြီးသားဆိုတော့...ငါတိုတိုတုတ်တုတ်ပဲပြောတော့မယ်" ချန်ဟိုင်ယန်က အဝေးမှဆူညံနေသော လူများကိုကြည့်ရင်း အလျင်အမြန်ဆိုလိုက်သည်။ "ကြွက်ဘုရင်ရဲ့တန်ဖိုးကိုတော့ပြောစရာမလိုဘူးထင်တယ်...အကုန်လုံးကလဲ သူ့ကိုလိုချင်ကြမှာပဲ"
"အပိုတွေလုပ်မနေနဲ့...ဝေစုဘယ်လိုခွဲမလဲဆိုတာဆုံးဖြတ်မယ်...ဒါမှနောက်ကျ ပြဿနာမဖြစ်မှာ" ချန်တာ့ခွေက စကားဖြတ်ပြောလိုက်သည်။သူ၏ ကိုယ်ခန္ဓာမှာ တုတ်ခိုင်ပြီး အရပ်၆ပေကျော်ခန့်မြင့်သည်။သူ၏ လက်တစ်ဖက်တွင်ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး အခြားတစ်ဖက်တွင်မူ သုံးပေကျော်ရှိသော ဒိုင်းကြီးတစ်ချပ်ကို ကိုင်ထား၏။ ဒိုင်းမှာ အထူးပြုလုပ်ထားကြောင်း ထင်ရှားပြီး အပေါ်တွင် ချွန်ထက်သော ဓားချွန်ခုနစ်ချောင်းကို ဂဟေဆော်ထားသည်။ဤသို့သော ဒိုင်းဖြင့်စောင့်မိပါက သေလုမျောပါးဖြစ်သွားနိုင်သည်။
ချန်ဟိုင်ယန်က သူ့ကို ဒေါသဖြင့်တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန်ပင်ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ "ဝေစုခွဲဖို့ကိစ္စဆိုလည်းပြောရတာပေါ့...ဒါကငါတို့ပထမဆုံးပူးပေါင်းလုပ်ဆောင်ကြတာဆိုတော့...အချင်းချင်းကသိပ်မရင်းနီးကြသေးဘူး...ငြင်းခုံတာတွေဘာတွေ မဖြစ်အောင်လို့အညီအမျှခွဲဝေဖို့အကြံပေးချင်တယ်...အင်းပေါ့ ကြွက်ဘုရင်ကိုသတ်တဲ့သူကတော့ဝေစုနှစ်ဆရမယ်...အားလုံးလက်ခံတယ်ဆိုရင်ခုချက်ချင်းသွားရအောင်တော်ကြာတစ်ခြားသူတွေဦးသွားလို့ငါတို့ဘာမှမရလိုက်ပဲနေမယ်"
အများစုက ကန့်ကွက်ခြင်းမရှိကြပေ။ ဤသည်မှာ ယာယီအဖွဲ့သာဖြစ်ပြီး အချင်းချင်း နားလည်မှုလည်းမရှိကြသောကြောင့်ဤသို့သော ခွဲဝေမှုက ပို၍ သင့်တော်ပေသည်။
"အညီအမျှခွဲဝေတာကိုလက်ခံတယ်…ဒါပေမဲ့ငါတစ်ခုတော့ပြောမယ်နော်…ဘယ်သူပဲဖြစ်ဖြစ် အချောင်ခိုနေမယ်ဆိုရင်အဖွဲ့ကချက်ချင်းထွက်ရမယ်"ဘော့စ်ကျိုးက အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း လေသံမာမာဖြင့်ပြောသည်။
"ဟုတ်ပြီဒါဆို အဲ့လိုပဲလုပ်ကြတာပေါ့"ချန်တာ့ခွေက ဆိုသည်။
လော်ယွမ်သည်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။
လော်ယွမ်ခေါ်ဆောင်လာသော လူများကလည်း သူ၏ ဦးဆောင်မှုကို နာခံကြသည်။
ဤစစ်ဆင်ရေးတွင်စုစုပေါင်း လူဆယ့်တစ်ယောက်စုစည်းမိခဲ့သည်။သူတို့က အပေါ်ယံအားဖြင့်လိုက်ရောညီထွေရှိကြသော်လည်း တကယ်တမ်းတွင်မူ တစ်ယောက်တစ်မျိုးစီဖြစ်နေကြပြီး ပူးပေါင်းဆောင်ရွက်မှုလုံးဝမရှိဟု ဆိုနိုင်သည်။သို့သော်တစ်ယောက်ချင်းစီတိုင်းက ဤနေရာတွင်တိုက်ရေခိုက်ရေအနည်းငယ်ရှိသော ပုဂ္ဂိုလ်များဖြစ်ကြသည်။သူတို့က အမှိုက်ပုံပေါ်သို့ရောက်သည်နှင့်လျင်မြန်စွာ ရှေ့သို့လျှောက်သွားကြသည်။
သန္ဓေပြောင်းကြွက်အုပ်အသေးစားများမှာ သူတို့အဖွဲ့ကိုတားနိုင်ခြင်းမရှိပဲ အလျင်အမြန်ပင်ရှင်းလင်းခံလိုက်ရသည်။
ဤတစ်ခေါက်သူတို့၏ပစ်မှတ်မှာ ကြွက်ဘုရင်သာဖြစ်၏။ ထိုကြောင့်ဝန်ပေါ့စေရန်အလို့ငှာ သာမန်သန္ဓေပြောင်းကြွက်များကို သတ်ပြီးလျှင်ဒီတိုင်းထားခဲ့လိုက်ကြပြီး မည်သူမျှသွားကောက်ရန်စိတ်မဝင်စားကြပေ။ အချို့လူများက ထိုသည်ကိုမြင်သောအခါအလကားရနိုင်သည့်အခွင့်အရေးကို လက်လွတ်မခံပဲ အလိုအလျောက်နောက်မှလိုက်လာကြသည်။သိပ်မကြာခင်မှာပင်သူတို့ နောက်မှလိုက်ပါလာသော လူအုပ်ကြီးမှာ နှင်းဘောလုံးကဲ့သို့လျင်မြန်စွာကြီးထွားလာလေတော့သည်။
ဆက်ရန်…
အပိုင်း(၂၂)အလှည့်အပြောင်း
"ဒီစတေးခံတွေရှိနေတာလဲမဆိုးပါဘူး" လူငါးယောက်ထဲမှခေါင်းဆောင်ဖြစ်သူသည်ဂေါ်ရခါးဓား တစ်ချောင်းကို ကိုင်ဆောင်လျက်လွတ်ထွက်လာသော သန္ဓေပြောင်းကြွက်တစ်ကောင်၏ခေါင်းကို ခုတ်ချလိုက်ပြီး လော်ယွမ်အား ဆိုလိုက်သည်။
သူ၏အမည်မှာ ဟွမ်ယောင်ကွမ်းဖြစ်ပြီး မူလက ကုမ္ပဏီတစ်ခု၏ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ကုမ္ပဏီပြိုလဲပြီး ရက်အနည်းငယ်အကြာတွင်သူက လက်အောက်ငယ်သားအချို့ကို ခေါ်ဆောင်ကာ အမှိုက်ပုံနယ်မြေတွင်အခြေချခဲ့သည်။ယခင်ကြွက်အုပ်ကြီးနှင့် ကြုံတွေ့စဉ်လော်ယွမ်သာ မကယ်တင်ခဲ့ပါက သူတို့ယခုအချိန်တွင်အရိုးကျနေလောက်ပြီဖြစ်သည်။ထို့ကြောင့်စစ်ဆင်ရေးစတင်သည်နှင့်သူနှင့် သူ့လူများက လော်ယွမ်၏နောက်သို့ထပ်ကြပ်မကွာ လိုက်ပါလာပြီး တစ်လှမ်းမျှမခွာဘဲ နေကြသည်။
"အကျိုးအမြန်အလကားရလို့လိုက်နေတဲ့လူတွေ…အန္တရာယ်တစ်ခုခုတွေ့ပြီဆိုတာနဲ့အကုန်ထွက်ပြေးကြလိမ့်မယ်" လော်ယွမ်က အဝေးသို့မျှော်ကြည့်ရင်း ပြောလိုက်သည်။ရှေ့တွင်လူရိပ်များကို နေရာအနှံ့ တွေ့နေရသည်။လူအများအပြား ထွက်ခွာသွားကြသော်လည်း စတုရန်းကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော ဤအမှိုက်ပုံတွင်လူထောင်ပေါင်းများစွာ စုဝေးနေဆဲဖြစ်၏။
ဤတစ်ခေါက် ကြွက်အုပ်ကြီး၏ ပမာဏမှာ အလွန်ပင် ကြီးမားလှပြီး ဤလဝက်အတွင်း အကြီးမားဆုံး ကြွက်အုပ် ဖြစ်နိုင်ပေမည်။ ရှေ့သို့ပို၍နက်ရှိုင်းစွာ ဝင်ရောက်လေလေ၊ တိုက်ပွဲများ ပို၍မကြာခဏ ဖြစ်ပွားလေလေဖြစ်ပြီး မြေပြင်ပေါ်ရှိ အလောင်းများသည်လည်း ပို၍များပြားလာလေလေ ဖြစ်သည်။ တစ်ခါတစ်ရံတွင်သန္ဓေပြောင်းကြွက်အချို့ကဘေးပတ်ဝန်းကျင်ကိုပင်ဂရုမစိုက်ဘဲ အလောင်းများကို ကိုက်ဖြတ်စားသောက်နေသည်ကို တွေ့မြင်နိုင်ပြီး အူများ၊ ကလီစာများသည်မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေသည်။
သွေးညှီနံ့များက အမှိုက်ပုံ၏ အနံ့ဆိုးများနှင့် ရောနှောသွားပြီး ထူးဆန်း၍ ပျို့အန်ချင်စရာကောင်းသော အနံ့အသက်တစ်ခုကို ဖြစ်သွားစေသည်။
"ကြည့်စမ်းအဲ့တာ…ဘာကြီးလဲ" ရှေ့မှတစ်စုံတစ်ယောက်က ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အားလုံးက ချက်ချင်း ကြည့်လိုက်ရာ ပေ၄၀၀ခန့်အကွာတွင်မီးခိုးရောင်ကော်ဇောကြီးတစ်ခုသည်သူတို့ဘက်သို့ ရွေ့လျားလာနေသည်ကို တွေ့လိုက်ရသည်။ရှေ့ဆုံးတွင်သေနတ်သံများ ရုတ်ခြည်း ကျယ်လောင်လာပြီး အားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်၏။ လူအချို့ကအသက်လု၍ နောက်သို့ ပြန်ပြေးလာကြသော်လည်း လူအများစုမှာမူ ရှေ့ဘက်သို့ပြေးသွားကြသဖြင့်အခြေအနေမှာ အလွန်ပင်ဆူညံပွက်လောရိုက်နေသည်။
ထိုအရာမှာ မည်သည့်ကော်ဇောမျှမဟုတ်ဘဲ မီတာရာပေါင်းများစွာ ကျယ်ဝန်းသော ကြွက်အုပ်ကြီးတစ်ခုသာ ဖြစ်သည်။ မရေမတွက်နိုင်သော သန္ဓေပြောင်းကြွက်များသည်အတူတကွစုစည်းနေကြပြီး လှိုင်းလုံးများကဲ့သို့ရှေ့သို့တိုးဝင်လာနေသည်။
"သွားကြစို့…အဲ့မှာကြွက်ဘုရင်ရှိတာသေချာတယ်"ချန်ဟိုင်ယန်က ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
စကားဆုံးသည်နှင့်သူက ရှေ့သို့ပြေးထွက်သွားတော့သည်။
သူတို့အဖွဲ့က ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး တိုက်ပွဲဖြစ်နေသည့်ရှေ့တန်းသို့အလျင်အမြန်ပြေးဝင်သွားကြသည်။ရှေ့ဆုံးမှမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူတို့သည်အသက်ရှူမှားမတတ်အံ့ဩသွားကြသည်။
ရှေ့တွင်နေရာအနှံ့ ကြွက်များဖြင့် ပြည့်ကျပ်နေသည်။ ကြွက်အုပ်ကြီးက အမှိုက်ပုံတောင်ကုန်းများစွာကို ဖုံးလွှမ်းထားပြီး သူတို့မြင်တွေ့ရသည်မှာ အပေါ်ရံမျှသာဖြစ်သော်လည်း အကောင်ရေထောင်နှင့်ချီ၍ ရှိနေ၏။
ရှေ့တန်းတွင်လူရာပေါင်းများစွာတိုက်ခိုက်နေပြီး နောက်ဘက်မှလည်း တိုက်ခိုက်ရန်လူတွေဆက်ပြီး လာနေခြင်းမရှိပါက လော်ယွမ်ဤနေရာကနေ အစောထဲက လှည့်ပြန်သွားလောက်ပေပြီ။
"သတ်"ချန်ဟိုင်ယန်က အော်ဟစ်လိုက်ပြီး ကြွက်အုပ်ကြီးထဲသို့ ဦးဆောင်၍ပြေးဝင်သွား၏။ သူက ဓားချက်အနည်းငယ်ဖြင့် ကြွက်အချို့ကို ခုတ်ပိုင်းပစ်လိုက်သည်။သူ့ခြေလှမ်းများ၏ အတက်အဆင်း၊ အလှုပ်အရှားနှင့်အတူ သူ၏ ကိုယ်ဟန်ကို ဘယ်ညာလှည့်ပတ်ကာ ခုတ်ခြင်း၊ ထိုးခြင်း၊ ပင့်ခြင်း၊ ပိုင်းခြင်း၊ ပွတ်ဆွဲခြင်း၊ ဆွဲငင်ခြင်း၊ ဖြန့်ခြင်း၊ ဆွဲခြင်း၊ ဖြတ်တောက်ခြင်း စသည့်ဓားသိုင်းကွက်များကို အဆက်မပြတ်ဖော်ထုတ်လိုက်သဖြင့်ပတ်ဝန်းကျင်မှ ကြွက်များက လုံးဝ မချဉ်းကပ်နိုင်ကြတော့ပေ။
"ဘော့စ်လော်…ငါတို့ဝင်တိုက်ရမှာလား" ဟွမ်ယောင်ကွမ်းနှင့် သူ၏လူများသည်ချန်ဟိုင်ယန်ခေါ်ဆောင်လာသူများ မဟုတ်သည့်အပြင်လော်ယွမ်အပေါ်အတော်ပင်လေးစားကြ၏။ ထို့ကြောင့်ဤသည်ကိုမြင်သော်လည်း ချက်ချင်းဝင်မတိုက်ခိုက်ဘဲ လော်ယွမ်အား လှမ်းမေးလိုက်သည်။
"ကြွက်ကနည်းနည်းလေး…ငါတို့အားလုံးသတ်ဖို့တောင်လောက်မှာမဟုတ်ဘူး…မင်းတို့ငါ့ေဘေးနှစ်ဘက်ကဝင်လာမယ့်သန္ဓေပြောင်းကြွက်တွေကို တားထားပေး" ချန်ဟိုင်ယန်တိုက်ခိုက်နေသည်ကို ကြည့်ပြီးနောက် လော်ယွမ်လည်း အနည်းငယ်စိတ်လှုပ်ရှားလာသည်။
"စိတ်ချ…ငါတို့တာဝန်ထားလိုက်…ငါတို့အသက်ရှင်နေသရွေ့ကြွက်တစ်ကောင်တောင် လွတ်ထွက်မသွားစေရဘူး" ဤအစီအစဉ်က ရှေ့တက်တိုက်ခိုက်နေသူများ၏ဝန်ကို လျော့ချနိုင်မှန်း သိသဖြင့်ဟွမ်ယောက်ကွမ်းက ချက်ချင်းအာမခံလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဓားကိုကိုင်ကာ ရှေ့သို့လျှောက်သွားသည်။
အချိန်အတော်ကြာအောင်လေ့ကျင့်ပြီးနောက်သူ၏ ဓားသိုင်းပညာမှာ ၁၃အထိ တိုးတက်လာခဲ့ပြီး ယခင်ယွီရွှေ မြို့သို့သွားစဉ်ကနှင့် နှိုင်းယှဉ်လျှင်သူ၏ စွမ်းရည်သည်တစ်ဆပို၍ တိုးတက်လာခဲ့၏။ဓားရှည်တစ်ချောင်းလုံးက သူ၏လက်ကဲ့သို့ဖြစ်နေပြီး သူနှင့်တသားထဲကျနေသည်။သူ၏ ဓားအလင်းရောင်များ အဆက်မပြတ်လင်းလက်သွားသည်နှင့်
ကြွက်များက သူ့နားမချဉ်းကပ်နိုင်မီမှာပင်ခေါင်းကိုယ်စီပြတ်ကာ သွားများ ပတ်ပတ်လည်သို့ပန်းထွက်သွားတော့သည်။
ချန်ဟိုင်ယန်၏ဓားသိုင်းကွက်များနှင့်ယှဉ်လျှင်သူတွင်ဓားသိုင်းကွက်ဟူ၍မယ်မယ်ရရမရှိသော်လည်း တိုက်ကွက်တိုင်းကအလွန်တိကျသေချာမှုရှိသည်။
သူ၏အခြားသူများထက်သာလွန်သောအရာမှာ အမြန်နှုန်းသာ ဖြစ်၏။ သူ့ခုတ်ပိုင်းချက်များက လွန်မြန်ဆန်ပြီးသာမန်လူများပင်ဓားချက်ကိုရှင်းလင်းစွာမမြင်နိုင်ပေ။ ထို့ကြောင့်နောက်မှလိုက်ပါလာသော ဟွမ်ယောင်ကွမ်းတို့အဖွဲ့မှာ ဘာမျှလုပ်စရာမရှိသလောက်ဖြစ်နေသည်။
လော်ယွမ်၊ချန်ဟိုင်ယန်တို့ နှစ်ဦးအပြင်ချန်တာ့ခွေအမည်ရှိ အသက်လတ်ပိုင်းအရွယ် ယောက်ျားကြီးသည်လည်း အထူးပင်အာရုံစိုက်ဖွယ်ကောင်းလှသည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကိုယ်ကို နှိမ့်ချကာ ဒိုင်းကိုကိုင်လျက် နွားသိုးရိုင်းတစ်ကောင်အလား ကြွက်အုပ်ကြီးထဲသို့ ပြေးဝင်သွားသည်။သူ၏ ခွန်အားက အလွန်ကြီးမားပြီး ချွန်ထက်သော ဓားသွားများ တပ်ဆင်ထားသည့်ဒိုင်းနှင့် ပေါင်းစပ်လိုက်သောအခါတစ်လမ်းလုံး သူ့ကို တားဆီးနိုင်သူမရှိပေ။ ရှေ့မှ ကြွက်များမှာ သူ၏ တိုက်ခတ်မှုကြောင့်လွင့်စင်သွားရုံသာမက သူ၏ ဒိုင်းပေါ်မှဓားသွားများဖြင့်လှီးဖြတ်ခံရသဖြင့်သွေးသံရဲရဲဖြစ်ကာ မသေလျှင်လည်း သေလုမျောပါးဖြစ်သွားကြသည်။
သူသည်မီတာအနည်းငယ်ပြေးပြီးနောက်ရပ်တန့်လိုက်ပြီး လက်ထဲမှဒိုင်းကို မိမိကိုယ်ပတ်လည်တွင်ဝေ့ပတ်လိုက်ရာ သူ၏ ဘေးဘယ်ညာမှကွေ့ပတ်တိုက်ခိုက်ရန် ကြိုးစားနေသော သန္ဓေပြောင်းကြွက်အချို့လျင်မြန်စွာ လွင့်စင်သွားကြသည်။နောက်တစ်ခဏတွင်သူက ဓားမကြီးကိုကိုင်ကာ အဆက်မပြတ်ခုတ်ပိုင်းတော့သည်။လော်ယွမ်၊ချန်ဟိုင်ယန်တို့နှင့် နှိုင်းယှဉ်၍မရသော်လည်း ဒိုင်း၏ ကာကွယ်မှုနှင့်ပေါင်းစပ်လိုက်သောအခါသူကကြွက်အုပ်၏တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ခဲ့သည်။
ဘော့စ်ကျိုးနှင့် သူ၏လူသုံးဦးမှာ နောက်ဆုံးတွင်ကျန်ရစ်နေပြီး တစ်ခါတစ်ရံတွင်တစ်ချက်တစ်ချက်လှမ်းပစ်ကာ လွတ်ထွက်သွားသော ကြွက်များကို သတ်ဖြတ်နေကြသည်။သူတို့အတွက်မူ ကျည်ဆန်တစ်တောင့်ချင်းစီတိုင်းသည်အဖိုးတန်လှသဖြင့်အနီးကပ်တိုက်ခိုက်သူများကဲ့သို့မဆင်မခြင်သတ်ဖြတ်နိုင်ခြင်း မရှိပေ။ ထို့အပြင်သူတို့က ဤတစ်ခေါက်တွင်ကျည်ဆန်များများစားစား ယူဆောင်လာခြင်း မရှိသဖြင့်အရေးကြီးသော အချိန်များတွင်သာ အသုံးပြုရန်ချန်ထားရသည်။
သူတို့အဖွဲ့တဖြည်းဖြည်း ရှေ့သို့တိုးဝင်သွားသည်နှင့်သူတို့၏နောက်တွင်အလောင်းများ ကျစ်ရစ်ခဲ့ကြသည်။ထိုအထဲတွင်သန္ဓေပြောင်းကြွက်များ၏ အလောင်းများ ရှိသကဲ့သို့လူအလောင်းများလည်း ရှိ၏။ သို့သော်အများစုမှာ သန္ဓေပြောင်းကြွက်များ၏ အလောင်းများသာ ဖြစ်သည်။
ဆယ်မိနစ်ကျော်အကြာတွင်သူတို့အဖွဲ့က တိုက်ပွဲဧရိယာကို ရှေ့သို့မီတာရာပေါင်းများစွာ တိုးမြှင့်နိုင်ခဲ့ပြီး လူဦးရေသည်လည်း တစ်ထောင်ကျော်အထိ တိုးပွားလာခဲ့သည်။ ကြွက်အုပ်ကြီးသည်လည်း တဖြည်းဖြည်း ကျဲပါးလာသည်။
ထိုစဉ်ရှေ့ဘက်မှ ရုတ်တရက်အလွန်မာန်ပါသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံက ကြွက် အော်သံနှင့် မတူဘဲ ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏ဒေါသတကြီး ဟိန်းဟောက်သံနှင့် ပို၍တူ၏။ ရှေ့ဘက်မှသန္ဓေပြောင်းကြွက်များက ထိုဟိန်းဟောက်သံကို ကြားသောအခါ ရေစီးကြောင်းကဲ့သို့အလျင်အမြန်နောက်ဆုတ်သွားကြသည်။
"သေစမ်း…ကြွက်ဘုရင်ထွက်ပြေးဖို့ကြံနေပြီ…ဒီအချိန်မှာသာသူ့ကိုမသတ်နိုင်ရင်…နောက်ဆိုသတ်ရပိုခက်သွားလိမ့်မယ်"လော်ယွမ်မျက်နှာပျက်သွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။ ကြွက်ဘုရင်ထွက်ပြေးသွားပါက သူ၏ မစ်ရှင်သည်လည်း ကျရှုံးသွားပေလိမ့်မည်။
"လိုက်ကြ...သူလွတ်သွားလို့မဖြစ်ဘူး" အားလုံးအခြေအနေကို နားလည်လိုက်သောအခါအလွန်အမင်းစိတ်လှုပ်သွားကြသည်။
လူအုပ်ကြီးမှာ လျင်မြန်စွာ နှစ်ခြမ်းကွဲသွားပြီး လူတစ်ရာကျော်ခန့်သာ ပြေးလိုက်ကျကာ ကျန်လူအများစုမှာမူ နောက်ချန်နေခဲ့ကြသည်။နောက်ဆုံးတွင်တော့ရည်မှန်းချက်ကြီးမားသူများမှာ အနည်းစုသာဖြစ်ပြီး ကျန်လူများက အကျိုးအမြတ်များများရရန်အတွက်လာကြသူများဖြစ်ပြီး အလွန်အကျွံမစွန့်စားလိုကြပေ။ အလွန်များပြားသောသန္ဓေပြောင်းကြွက်များက သူတို့အတွက်အေးအေးချမ်းချမ်းနေထိုင်ရင်လုံလောက်နေပြီဖြစ်သဖြင့်ထပ်မံစွန့်စားရန်မလိုအပ်တော့ပေ။
မိနစ်အနည်းငယ်အကြာတွင်သူတို့မျက်စိရှေ့၌ဧရာမကြွက်ကြီးတစ်ကောင်ပေါ်ထွက်လာသည်။
လရောင်ကိုရောင်ပြန်ဟပ်နေခြင်းကြောင့်လား၊ ပင်ကိုယ်သဘာဝအတိုင်းရှိနေခြင်းကြောင့်လားမသိ သူ့တစ်ကိုယ်လုံးမှာ ငွေဖြူရောင်တောက်ပနေ၏။ လေးပေကျော်ခန့်ရှည်လျားသော သူ့ခန္ဓာကိုယ်က သာမန်ကြွက်များနှင့် ယှဉ်လျှင်ပို၍သွယ်လျချောမွေ့နေသည်။သေးသွယ်ရှည်လျားသော အမြီးသည်လေထဲတွင်ဖြောင့်တန်းသော မျဉ်းတစ်ကြောင်းအဖြစ်တည်ရှိနေပြီး ခန္ဓာကိုယ်၏ လှုပ်ရှားမှုနှင့်အတူ အနည်းငယ်ယိမ်းနွဲ့နေသည်။သူက မြင့်မြတ်သော ဧကရာဇ်တစ်ပါးကဲ့သို့သန္ဓေပြောင်းကြွက်အုပ်ကြီး၏ အလယ်တွင်ဝန်းရံခြင်းကို ခံထားရပြီး မနှေးမမြန်ဖြင့်အဝေးသို့ဆုတ်ခွာနေသည်။
လော်ယွမ်၏မျက်လုံးများ အရောင်တောက်သွားသည်။ဤသန္ဓေပြောင်းကြွက်၏ကိုယ်ခန္ဓာမှာ အလွန်အမင်း ကြီးမားခြင်းမရှိပေ။ သူကြုံခဲ့ရသည့်မြွေကြီးနှင့် ခွေးကြီးတို့နှင့် နှိုင်းယှဉ်လျှင် ၎င်းမှာအကောင်သေးလေးတစ်ကောင်မျှသာ ဖြစ်သည်။ ပတ်ဝန်းကျင်မှဝန်းရံထားသော ထောင်ချီသည့်သန္ဓေပြောင်းကြွက်များ၏ အန္တရာယ်မှလွဲ၍ ကျန်သည်များမှာ ယခင်က ကြုံတွေ့ခဲ့ရသော အပြာရောင်အဆင့်ရှိ သတ္တဝါများနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။
"မင်းတို့ငါနဲ့လိုက်တက်ရဲလား" လော်ယွမ်ကယာယီဖွဲ့စည်းထားသော အဖွဲ့အား မေးလိုက်သည်။
"ငါတို့ဒါလေးတောင်သတ္တိမရှိရင်အိမ်မှာပဲအိပ်နေမှာပေါ့ဘာလို့ဒီမှာအသက်နဲ့ရင်းပြီး လာစွန့်စားနေမှာလဲ...ဒီကမ္ဘာပျက်ခေတ်ကြီးကိုငါသေချာသဘောပေါက်သွားပြီ...သတ္တိမရှိလို့အစာငတ်သေမလား...ရဲတင်းလို့အစာဝပြီးသေမလားဆိုတဲ့၂မျိုးပဲရှိတယ် ဒီနေ့ငါတို့အစာဝပြီးသေမယ့်သူဖြစ်အောင်လုပ်ကြည့်ကြတာပေါ့"ဟွမ်ယောင်ကွမ်းက တုံ့ပြန်လိုက်သည်။ လော်ယွမ်နှင့်ချန်ဟိုင်ယန်တို့ ကြွက်ဘုရင်ကို အလွန်တိုက်ခိုက်ချင်နေကြကြောင်း သူသတိထားမိ၏။ အကြောင်းရင်းကို မသိသော်လည်း ကြွက်ဘုရင်၏ တန်ဖိုးနှင့် သက်ဆိုင်သည်မှာ သေချာသည်။ ကြားဖူးခဲ့သော ကောလာဟလကို ပြန်လည်စဉ်းစားမိရာ သူ၏ နှလုံးသားသည်လည်း အခုန်မြန်လာတော့သည်။
"ဟုတ်ပြီဟေ့...ရှေ့ဆက်မသွားချင်တဲ့သူတွေ...အခုနေပြန်လှည့်လို့ရတယ်"စကားဆုံးသည်နှင့်ချန်ဟိုင်ယန်က ကျန်လူများကို တစ်ချက်ကြည့်လိုက်သည်။
"ဒီအထိရောက်မှပြန်ဆုတ်မယ်ဆို ရယ်စရာဖြစ်နေမှာပေါ့...ငါ့ကိုပါထည့်တွက်လိုက်"ချန်တာ့ခွေက နှုတ်ခမ်းကိုသပ်လိုက်ပြီး ဒိုင်း၏အစွန်းတစ်ဖက်ကို မြေပေါ်သို့ ပြင်းထန်စွာ ထုချလိုက်ကာ အသက်ကို မောဟိုက်စွာ ရှူရင်းဆိုသည်။သူ၏သက်လုံနှင့်ခွန်အားမှာ ကောင်းမွန်သော်လည်း ဤသို့လေးလံသောလက်နတ်မျိုးကို အကြာကြီးကိုင်ထားရသဖြင့်အနည်းငယ်မောဟိုက်နေ၏။
"ဘော့စ်ကျိုး...ခင်ဗျားတို့၃ယောက်ကရော" ချန်ဟိုင်ယန်က ကျန်တဲ့သုံးယောက်အား မေးလိုက်သည်။
"ငါတို့လည်းပြန်မလှည့်ဘူး...ဒါပေမဲ့တစ်ခြားသူတွေငါတို့ကိုအခွင့်ကောင်း ယူသွားမှာကိုပဲ ပိုစိုးရိမ်တယ်ဘာပဲပြောပြော ဒီမှာ ငါတို့ပဲရှိတာမှမဟုတ်တာ" ဘော့စ်ကျိုးက ပစ္စတိုသေနတ်ကို ပွတ်သတ်ရင်း အနီးအနားမှလူတစ်ရာခန့်ကိုကြည့်ကာ အပြုံးဖြင့်ဆိုသည်။
လော်ယွမ်ကမူ ဝေစုကိစ္စသိပ်ပြီး ဂရုမစိုက်ပေ။ သူ့ရည်ရွယ်ချက်မှာ ကြွက်ဘုရင်ကိုသတ်ပြီးမစ်ရှင်ကို ပြီးမြောက်ရန်သာ။ ဝေစုကိုဘယ်နှစ်ယောက်ခွဲဝေမလဲဆိုသည်မှာ နောက်ပိုင်းကိစ္စသာဖြစ်သည်။သူအနည်းငယ်ပိုရလျှင်ဝမ်းသာစရာဖြစ်သော်လည်း ဝေစုအနည်းငယ်သာရလျှင်လည်း ကိစ္စမရှိပေ။ သူက မူလကတည်းက အခြားနေရာများသို့သွား၍ အပြာရောင်အဆင့်ရှိ သတ္တဝါများကို အမဲလိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဝေစုအနည်းငယ်အတွက်အခြားသူများနှင့် အငြင်းပွားရန်မလိုအပ်ပေ။ လူအင်အားများလေလေ၊ ဝန်ပေါ့လေလေဖြစ်ပြီး မစ်ရှင်အောင်မြင်နှုန်းကို ပိုများလေလေပင် ဖြစ်သည်။
သို့သော်ဤစကားကိုတော့သူထုတ်ပြော၍မရပေ။ သူက ခေတ္တမျှစဉ်းစားပြီး ဆိုလိုက်သည်။ "သူတို့အဖွဲ့နဲ့ဆွေးနွေးပြီး စည်းမျဉ်းနည်းနည်းသတ်မှတ်လိုက်ရင်ရမယ်ထင်တယ်...သူတို့အကုန်လုံးတော့မသွားကြလောက်ဘူး"
"ငါလုပ်လိုက်မယ်...ငါသူတို့ခေါင်းဆောင်တွေနဲ့သိတယ်"ချန်ဟိုင်ယန်သည်ခေတ္တမျှတုံ့ဆိုင်းပြီးနောက်ဆိုလိုက်သည်။
"ဟုတ်ပြီ...ဒါဆိုမင်းသွားညှိလိုက်"လော်ယွမ်က ထူးမခြားနားအမူအရာဖြင့်ပြောလိုက်သည်။
ချန်ဟိုင်ယန်မှာ အလွန်ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း သူသတိထားမိ၏။ သူကလမ်းတစ်လျှောက်တွင်အလွန်တက်ကြွနေခဲ့ပြီး သူတို့အဖွဲ့၏ခေါင်းဆောင်နေရာကို မသိမသာ နေရာယူနေခဲ့သည်။သို့သော်ထိုအရာများက လော်ယွမ်နှင့်မသက်ဆိုင်ပေ။ တစ်ကယ်တမ်းတွင်ထိုသို့တက်ကြွသည့်သူ ရှိနေခြင်းက သူ့အတွက်အကျိုးပင်ရှိသေးသည်။
သန္ဓေပြောင်းကြွက်ထောင်ကျော်နှင့်ကြွက်ဘုရင်တစ်ကောင်ကို ရင်ဆိုင်ရမည်မှန်းသိသောအခါထင်သည့်အတိုင်းပင်အများစုက တုံ့ဆိုင်းသွားကြသည်။နောက်ဆုံးကျန်ရစ်သူမှာ အယောက်၅၀ခန့်သာရှိပြီး အဖွဲ့၃ဖွဲ့ခွဲလိုက်ကြ၏။အခြေခံအားဖြင့်အားလုံးက ယာယီစုဖွဲ့ထားခြင်းသာ ဖြစ်သည်။
သူတို့နှောင့်နှေးနေစဉ်တွင် ကြွက်အုပ်ကြီးမှာ အမှိုက်တောင်ကုန်းတစ်ခုကို ဖြတ်ကျော်သွားလေသည်။ ကြွက်အုပ်ကြီးပျောက်ကွယ်သွားတော့မည်ကို လော်ယွမ်စိတ်ပူမိနေသော်လည်း သူဘာမှမတတ်နိုင်ချေ။
ခဏအကြာတွင်ချန်ဟိုင်ယန်ပြန်ရောက်လာသည်။သူကအရှေ့ကိုမျှော်ကြည့်လိုက်ရင်း အလျင်အမြန်ဆိုလိုက်သည်။ "ငါတို့အချိန်မရှိတော့ဘူး...လမ်းမှပဲပြောရအောင်"
ချန်ဟိုင်ယန်က စတင်ပြေးလိုက်ပြီး အလျှင်အမြန်ရှင်းပြသည်။ "ဆွေးနွေးမှုရလဒ်ကတော့အဖွဲ့၃ဖွဲ့က ဘက်သုံးဘက်ကနေ ဝိုင်းတိုက်မယ်...ပထမဆုံးသတ်နိုင်တဲ့အဖွဲ့က ဝေစုရဲ့တစ်ဝက်ကိုရမယ်...ကျန်တစ်ဝက်ကို အညီအမျှခွဲယူကြမယ်...ဒီနည်းလမ်းရဲ့အားသာချက်က...ငါတို့ကြွက်ဘုရင်ကိုမသတ်နိုင်လည်း ဝေစုနည်းနည်းပါးပါးတော့ရမယ်"
"ဒါလည်းမဆိုးပါဘူူး...မဟုတ်ရင်ငါတို့ကြွက်ဘုရင်ကို သတ်နိုင်ရင်တောင်အလိမ်ခံရနိုင်တယ်...ဒီမှာရှိနေတဲ့သူတိုင်းက သာမန်လူတွေမဟုတ်ဘူး အများစုက အကျိုးအမြတ်အတွက်ဘာမဆိုလုပ်ရဲကြတယ်"ချန်တာ့ခွေက ခေါင်းညိတ်ရင်း ဆိုသည်။
အမှိုက်ပုံနယ်မြေမှာ အလွန်ပင်ရှုပ်ထွေး ရက်စက်သော နေရာတစ်ခုဖြစ်ပြီး အနည်းငယ်စည်းကမ်းရှိသော မြို့လည်ကောင်နှင့်ဆို မတူညီသောကမ္ဘာနှစ်ခုကဲ့သို့ပင်။လူ့အသက်က ဤနေရာတွင်လုံးဝ တန်ဖိုးမရှိဘဲ နေ့စဉ်လူသေခြင်း ပျောက်ဆုံးခြင်းတို့မှာ အယောက်၁၀၀ခန့်ရှိ၏။ လူများမှာ သန္ဓေပြောင်းကြွက်များကြောင့်သေဆုံးရသလို လူအချင်းချင်းကြောင့်လဲ အသတ်ဆုံးရှုံးကြရသည်။သေဆုံးပြီးနောက်အလောင်းများမှာ မိုးမလင်းမီမှာပင်အရိုးစုအဖြစ်သို့ပြောင်းလဲသွားသည်။
လူကသန္ဓေပြောင်းကြွက်များကို စားသုံးကြသကဲ့သို့ သန္ဓေပြောင်းကြွက်များကလည်း လူများကို စားသုံးကြသည်။
ကုန်းနေသတ္တဝါမျိုးစိတ်များသည်တင်းကျပ်သော စည်းစနစ်မရှိပါက အရေအတွက်များလေလေ အရှိန်လျော့နည်းလေလေဖြစ်၏။ဆယ်မိနစ်ကျော်အကြာတွင်သူတို့အဖွဲ့ ကြွက်အုပ်ကြီးကို ပြန်မီလာကြသည်။
တိုက်ပွဲက အလျှင်အမြန်ပင်စတင်ခဲ့သည်။ ကြွက်အုပ်ထဲတွင်ခတ္တမျှပွက်လောရိုက်သွားပြီးနောက်ဆက်မသွားတော့ပဲ ရပ်တန့်လိုက်ကြသည်။ဤတစ်ခေါက်သူတို့ရန်သူ၏ အရေအတွက်အလွန်နည်းပါးသည်ကို မြင်၍အခွင့်အရေးရနိုင်သည်ဟု ထင်မြင်သောကြောင့်လားမသိ၊ မရေမတွက်နိုင်သော သန္ဓေပြောင်းကြွက်များက လှိုင်းလုံးများကဲ့သို့တိုးဝင်လာကြတော့သည်။
ထိုအချိန်တွင်လော်ယွမ်ပင်ဖိအားသိသိသာသာ တိုးလာသည်ကို ခံစားမိ၏။
သူ၏ ခြေလှမ်းများသည်ရှေ့တိုးလိုက်နောက်ဆုတ်လိုက်၊ဘယ်ညာယိမ်းနွဲ့လိုက်ဖြင့်သူ၏ လက်ထဲမှကျန်းမာတောက်ဓားရှည်သည်လရောင်အောက်တွင်အရိပ်တစ်စုအဖြစ်သို့ပြောင်းလဲသွားမတတ်လှုပ်ရှားနေသည်။အကြောက်အလန့်မရှိသော သန္ဓေပြောင်းကြွက်တစ်ကောင်ပြီးတစ်ကောင်လေထဲသို့ခုတ်တက်သည်နှင့်မမြင်နိုင်သောစွမ်းအားတစ်ခုရှိနေသည့်အလား အပိုင်းပိုင်းဖြတ်ခံလိုက်ရသည်။
သူကလှိုင်းလုံးများကဲ့သို့ တိုက်ခိုက်ကိုခုခံရင်း ကြွက်အုပ်ကြီးကို တဖြည်းဖြည်းဖြိုခွဲလိုက်သည်။ခြေလှမ်းတိုင်းကို ခက်ခဲစွာသတိဖြင့်လှမ်းရင်း ခြေတစ်လှမ်းတိုင်းတွင်သန္ဓေပြောင်းကြွက်အချို့၏အလောင်းများ အပိုင်းပိုင်းပြတ်ကျန်ရစ်ခဲ့ပြီး တစ်လမ်းလုံး သွေးများဖြင့်စွန်းထင်းနေ၏။
"ဒင် -ဓားပညာ ၁မှတ် ရရှိပါတယ်"
လော်ယွမ်က စနစ်၏သတိပေးချက်ကို လုံးဝ သတိမမူမိသည့်ပုံ ရှိသည်။ထိုအချိန်တွင်သူ၏ စိတ်အာရုံမှာ အစွမ်းကုန်စုစည်းနေပြီး တစ်ကိုယ်လုံးမှလူကို ထိတ်လန့်စေသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ဤအရှိန်အဝါသည်တိုးဝင်လာသော သန္ဓေပြောင်းကြွက်တိုင်းကို အနည်းငယ်တုံ့ဆိုင်းသွားစေပြီး လှုပ်ရှားမှုကို တန့်သွားစေသည်။
တစ်မိနစ်မပြည့်မီမှာပင်အဖွဲ့သားတစ်ယောက်လျော့သွားလေသည်။ဘော့စ်ကျိုးနှင့် သူ၏လူသုံးဦးမှာ သေနတ်သမားများဖြစ်သောကြောင့်နောက်ဆုံးတွင်ကျန်ရစ်နေခဲ့သည်။အကယ်၍သာမာန်ကြွက်အုပ်သာဆိုပါက နောက်ဆုံး၌နေခြင်းမှာ ဘာမျှမဖြစ်ပဲ ပို၍ပင်လုံခြုံသေးသည်။သို့သော်ယခု ကြုံတွေ့နေရသည်မှာ ဧရာမကြွက်အုပ်ကြီးဖြစ်ပြီး လေးဘက်လေးတန်တွင် ကြွက်များဖြင့် ပြည့်နှက်နေ၏။
ကြွက်တစ်ကောင်က နောက်မှနေ၍ သူတို့ထဲမှတစ်ဦး၏ ခြေသလုံးကို ကိုက်လိုက်သည်။ထိုကြွက်ကို သတ်ဖြတ်ပြီးနောက်မကြာမီ နောက်ထပ် နှစ်ကောင်က နောက်မှပြေးဝင်လာကြသည်။ထိုလူက သေနတ်ဖြင့်အဆက်မပြတ်ပစ်ခက်လိုက်သော်လည်း ၎င်းကြွက်၂ကောင်ကို သတ်ပြီးသောအခါမိမိက အဖွဲ့နှင့်တဖြည်းဖြည်း ကင်းကွာသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်
ထိုအခါပို၍များပြားသော ကြွက်များ ဝိုင်းအုံလာကြပြီး သူက အကူအညီတောင်းသော အသံတစ်ချက်သာ အော်ဟစ်လိုက်နိုင်ကာ ကြွက်အုပ်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
"အသုံးမကျတဲ့ကောင်"ဘော့စ်ကျိုးက ကယ်တင်ရန်အမြန်လှည့်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။သူကစိတ်ထဲမှကြိတ်ဆဲလိုက်ပြီး မျက်နှာလည်း မဲမှောင်သွားသည်။ ပြီးနောက်ကျန်ရှိသော လက်အောက်ငယ်သားကို မျက်ရိပ်ပြလိုက်ပြီး သူတို့နှစ်ဦးက အဖွဲ့၏အလယ်သို့တိုးဝင်သွားကြသည်။
ဟွမ်ယောင်ကွမ်းနှင့် သူ၏လူများသည်လော်ယွမ်၏နောက်သို့တင်းတင်းကြပ်ကြပ်လိုက်ပါနေပြီး ဘေးနှစ်ဖက်မှသန္ဓေပြောင်းကြွက်များကို ကာကွယ်ပေးကာ လော်ယွမ်၏ဖိအားကို ခွဲဝေခံယူပေးနေသည်။သို့သော်မကြာမီမှာပင်ဆက်လက်မခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက်ဒဏ်ရာရရှိလာကြသည်။ချန်ဟိုင်ယန်နှင့်ချန်တာ့ခွေတို့သည်ဤသည်ကို မြင်သောအခါ လျင်မြန်စွာ ပါဝင်လာကြပြီး လူဆယ်ယောက်သည်အစုအဝိုင်းဖွဲ့ကာ သန္ဓေပြောင်းကြွက်များ၏ ရူးသွပ်သော တိုက်ခိုက်မှုကို တင်းတင်းကြပ်ကြပ်ခုခံထားကြသည်။
ထိုစဉ်အဝေးမှ ရုတ်တရက်သေနတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကြွက်အုပ်ကြီးသည်လန့်ဖျပ်သွားပြီး အခြားတစ်ဖက်သို့လျင်မြန်စွာ တိုးဝင်သွားရာ ဤဘက်တွင် ရုတ်တရက်ပေါ့ပါးသွားတော့သည်။
"ခွေးမသားတွေ!လက်နက်ကိုင်ရဲတပ်ဖွဲ့လား။" ချန်ဟိုင်ယန်သည်အလုပ်များနေသည့်ကြားမှနောက်သို့လှည့်ကြည့်လိုက်ရာ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက်သွားကိုတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။ "ဘယ်ကောင်သတင်းပို့လိုက်တာလဲ မသိဘူး။ ငါသာ သိရင်သူ့ကို မသတ်ဘဲ မနေဘူး။"
မလှမ်းမကမ်းတွင်စစ်သားဒါဇင်ပေါင်းများစွာသည် ရိုင်ဖယ်များ၊ စက်သေနတ်များကို ကိုင်ဆောင်လျက် ကြွက်အုပ်ကြီးထံသို့အဆက်မပြတ်ပစ်ခတ်နေကြသည်။ပတ်ဝန်းကျင်မှသန္ဓေပြောင်းကြွက်များအားလုံးသည်သူတို့ထံသို့တိုးဝင်သွားကြသဖြင့်လော်ယွမ်တို့ဘက်မှသန္ဓေပြောင်းကြွက်များသည်ကျဲပါးသွားသည်။
သူသည်ခေတ္တမျှ ကြည့်နေပြီးနောက်မျက်နှာသည်မတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးတွင်အားမလိုအားမရဖြင့်သက်ပြင်းချလိုက်သည်။ "ငါတို့သွားကြစို့။ဒီလူတွေရှိနေရင်ငါတို့ဟင်းရည်တောင်သောက်ရမှာ မဟုတ်ဘူး။ အရှင်သခင်အဆင့်ရှိ သန္ဓေပြောင်းသတ္တဝါတိုင်းကို သူတို့လက်လွှတ်မှာ မဟုတ်ဘူး။"
"ငါတို့ဒီအတိုင်းပဲ သွားကြတော့မှာလား။" ဟွမ်ယောင်ကွမ်းသည်ဒဏ်ရာရနေသော သူ၏ လက်မောင်းကို ပွတ်သပ်ရင်း မယုံကြည်နိုင်စွာ ဆိုလိုက်သည်။
"မသွားဘဲ ဘာလုပ်နိုင်ဦးမှာလဲ။ စစ်တပ်နဲ့အစာလုစားလို့လုနိုင်မှာလား။" ချန်တာ့ခွေသည်ဒေါသဖြေသည့်အလား ဒိုင်းဖြင့်သန္ဓေပြောင်းကြွက်တစ်ကောင်ကို ရိုက်လွှင့်ပစ်လိုက်ပြီး တံတွေးကို 'ဖွီး' ခနဲ ထွေးထုတ်လိုက်သည်။
တစ်ညလုံး ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့ပြီး အသီးအပွင့်ကို ခံစားရတော့မည့်ဆဲဆဲတွင်သူတစ်ပါးက အချီအချမုန့်လုယူသွားသကဲ့သို့ ဖြစ်နေသဖြင့်မည်သူမဆို စိတ်ထဲတွင်မကျေမနပ် ဖြစ်နေပေလိမ့်မည်။
အပိုင်း(၂၃)အနိုင်ပွဲ
"ဒိုင်း! ဒိုင်း!"
ထိုစဉ်ကျယ်လောင်သော သေနတ်သံနှစ်ချက်ထွက်ပေါ်လာသည်။
"ကျွိ!!!"
အဝေးရှိ ကြွက်ဘုရင်၏ ကိုယ်ပေါ်တွင်သွေးများချက်ချင်းပန်းထွက်သွားလေသည်။ကြွက်ဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သွယ်လျသော အမြီးကို အပြင်းအထန်ခါယမ်းလိုက်ရာ အသံ၏အလျင်ကိုပင်ကျော်လွန်သွားသောကြောင့်ကျယ်လောင်သောလေထု ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားလေသည်။
"ဒိုင်း"
သူ၏ ကိုယ်ပေါ်တွင်နောက်ထပ်သွေးများ ပွင့်ထွက်သွားပြန်၏။ ကြွက်ဘုရင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်ဆုံးတွင်သူ၏ ကြမ္မာဆိုးကို သိရှိသွားသည့်အလား သာမန်သန္ဓေပြောင်းကြွက်များကို ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ကိုလှုပ်ရှားကာ အဝေးသို့အလျင်အမြန်ထွက်ပြေးလေတော့သည်။ပတ်ဝန်းကျင်မှသန္ဓေပြောင်းကြွက်များသည်လည်း အလျင်အမြန်ပြေးလွှားပျောက်ကွယ်သွားကြ၏။
"ဒိုင်း! ဒိုင်း! ဒိုင်း!"
စနိုက်ပါရိုင်ဖယ်၏ ပြင်းထန်သော အသံက အဆက်မပြတ်ထွက်ပေါ်နေသော်လည်း အလျင်အမြန် ရွေ့လျားနေသော ကြွက်ဘုရင်ကို ပစ်မှတ်ထားရန်အလွန်ခက်ခဲနေကြောင်း ထင်ရှားသည်။သေနတ်သုံးချက်ဆက်တိုက်ပင်လွဲချော်သွားလေသည်။မကြာမီ ကြွက်ဘုရင်မှာ တဖြည်းဖြည်း ဝေးကွာသွားပြီး လမ်းတစ်လျှောက်တွင်သွေးစက်များသာ ကျန်ရစ်ခဲ့တော့သည်။
"ဒါအခွင့်ကောင်းပဲ" လော်ယွမ်ကအလွန်စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင်နောက်မှလိုက်ပါသွားတော့သည်။
ကျန်ရှိသော လူများက ခေတ္တမျှကြောင်ငေးသွားပြီးနောက်ချက်ချင်း သတိပြန်ဝင်လာကြကာ အလျင်အမြန်လိုက်ပါသွားကြသည်။သို့သော်စက္ကန့်အနည်းငယ်အတွင်းမှာပင်သူတို့အဝေး၌ ပြတ်ကျန်ရစ်ခဲ့၏။
လော်ယွမ်၏အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး အပြေးချန်ပီယံတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်၏။သို့သော်သူ၏ အရှိန်က ကြွက်ဘုရင်ကိုတော့ မမီသေးပေ။
သို့သော် ကြွက်ဘုရင်၏အရှိန်မှာလည်း တဖြည်းဖြည်း နှေးကွေးလာနေသည်။ အရွယ်အစားကြီးမားသော စနိုက်ပါကျည်ဆန်များက သူ၏ ကိုယ်ပေါ်တွင်ပန်းကန်လုံးအရွယ် ဒဏ်ရာသုံးခုကို ချန်ထားခဲ့ပြီး ဒဏ်ရာများမှသွေးများ အဆက်မပြတ်စီးကျနေ၏။ ကြွက်ဘုရင်မှာ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်တော့မည်ပုံမပေါ်ပေ။
မိနစ်အနည်းငယ်အကြာတွင် ကြွက်ဘုရင်၏အရှိန်မှာ ပို၍ပို၍ နှေးကွေးလာသည်။သွေးထွက်လွန်မှုကြောင့်သူ၏ ခွန်အားက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ငွေဖြူရောင်အမွေးများသည်ပင်တဖြည်းဖြည်း မှိန်ဖျော့သွားကာ အရောင်အဝါများ ပျောက်ဆုံးလာဟန်တူသည်။
သူက ရံဖန်ရံခါနာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှာယိမ်းထိုးလာသည်။
"မင်းသေလို့မရဘူးနော်…အနည်းဆုံးတော့ခုချိန်မှာသေလိုက်လို့မရဘူး" လော်ယွမ်က အသားကုန်ပြေးလိုက်ရင်း စိတ်ထဲမှတိုးတိုးလေး ရေရွတ်နေမိသည်။
အကယ်၍ကြွက်ဘုရင်ကို ကိုယ်တိုင်မသတ်နိုင်ပါက မစ်ရှင်ကျရှုံးသွားပေလိမ့်မည်။မစ်ရှင်ကျရှုံးလျှင်ခံရမည့်အတွေ့အကြုံမှတ် နှစ်ဆ နုတ်ယူသည့်အပြစ်ဒဏ်က သူ့အဆင့်ကိုပင်လျော့ကျသွားစေနိုင်ပြီး ၎င်းမှာလုံးဝလက်မခံနိုင်သောအရာဖြစ်သည်။သူသည်ဟောဟဲလိုက်အောင်မောဟိုက်နေပြီး အဆုတ်များမှာ ဝန်ပိနေသော ဖားဖိုကြီးကဲ့သို့အလွန်အမင်း ပူလောင်နေ၏။
နောက်ဆုံးတွင်သူတို့နှစ်ဦးကြားမှအကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ကြွက်ဘုရင်နှင့်နီးကပ်လာသောအခါလော်ယွမ်၏စိတ်ထဲတွင်အနည်းငယ်စိတ်လှုပ်ရှားလာသည်။
ကြွက်ဘုရင်မှာ သူ၏ကံကြမ္မာကို ခံစားမိသောကြောင့်လား သို့မဟုတ်သူ၏အခြေအနေဖြင့်နောက်ထပ်ထွက်ပြေးနိုင်တော့မည်မဟုတ်ကြောင်း သိရှိသွား၍လားမသိ၊ သူကခေတ္တမျှပြေးလွှားပြီးနောက် ရုတ်တရက်ရပ်တန့်လိုက်သည်။
ပြီးနောက် ၎င်းကနောက်သို့လှည့်ကာ လော်ယွမ်ကို တည့်တည့်ရင်ဆိုင်လိုက်၏။သွေးကဲ့သို့နီရဲနေသော မျက်လုံးများက လရောင်အောက်တွင်လူကို ဝါးမျိုတော့မည့်နှယ်အရောင်များ လက်နေသည်။ ကြွက်ဘုရင်က ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး နှုတ်ခမ်းကြွက်သားများကိုမတင်ကာ သာမန်ကြွက်များနှင့် မတူသော ချွန်ထက်သည့်အစွယ်များကို ဖော်ပြလိုက်သည်။သွယ်လျချွန်ထက်သော အမြီးက နောက်တွင်အနည်းငယ်ယမ်းခါနေပြီး သွေးစွန်းနေသော အမွေးများမှာ တစ်ချောင်းချင်းစီ ထောင်မတ်လာကာ တိုက်ခိုက်မည့်အနေအထားကို ပြုလုပ်လိုက်၏။
ဤသည်ကိုမြင်သောအခါလော်ယွမ်က တဖြည်းဖြည်း ရပ်တန့်လိုက်ပြီး မျက်နှာမှာလည်း တည်ကြည်လေးနက်လာသည်။
ကျားသေလျှင်ပင်အရှိန်အဝါကား ကျန်သေး၏။ ဤကြွက်ဘုရင်မှာ အပြင်းအထန်ဒဏ်ရာရရှိထားသော်လည်း မည်သူမျှသူ့ကို အထင်မသေးရဲပေ။ လေထဲတွင်စိတ်ဖိစီးသော အရှိန်အဝါတစ်ခု ပျံ့နှံ့နေပြီး အနီးအနားမှပိုးကောင်မြည်သံများလည်း ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
လော်ယွမ်က ကျန်းမာတောက်ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး စိတ်အာရုံကို အစွမ်းကုန်စုစည်းလိုက်သည်။ ပြီးနောက် ကြွက်ဘုရင်၏သွေးဆာနေသော မျက်လုံးများကို စူးစိုက်ကြည့်နေလိုက်သည်။
အကယ်၍ပုံမှန်တိုက်ပွဲသာဖြစ်ပါက သူကြွက်ဘုရင်ကို တတ်နိုင်သမျှအချိန်ဆွဲ၍ တိုက်ခိုက်မည်သာပင်။သို့သော်အချိန်မှာအရမ်းအရေးကြီးနေသဖြင့်သူတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရပေလိမ့်မည်။
သူတို့နှစ်ယောက်အချင်းချင်းခေတ္တ မျှအကဲခတ်ပြီးနောက်လော်ယွမ်က ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူက ဓားကိုမလျက်ကိုယ်ကိုနှိမ့်ချကာ ခြေထောက်ဖြင့်မြေပြင်ကို စောင့်ကန်လိုက်သည်။သူ့၏ခန္ဓာကိုယ်မှာ မြေပြင်နှင့်တစ်သားတည်းနီးနီး ရှိနေပြီး ခြေကန်သည့်အရှိန်ဖြင့်ရှေ့သို့မြားတစင်းကဲ့သို့ပြေးတက်သွားရာ လမ်းတစ်လျှောက်တွင်ချိုင့်ကွက်များစွာ ကျန်ရစ်ခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်အသံထက်မြန်သော အရှိန်ကြောင့်ဖြစ်ပေါ်လာသည့်လေထုပေါက်ကွဲသံတစ်ခုက အော်မြည်၍ရောက်ရှိလာ၏။ ထိုပေါက်ကွဲမှုကြောင့် ကြွက်ဘုရင်နားမရောင်ခင်မှာတင်လော်ယွမ်၏ဆံပင်များ လွင့်ပျံသွားပြီး မျက်နှာတွင် ခြစ်ရာများဖြင့် ပြည့်နှက်သွားလေသည်။
ပြင်းထန်သော လေကို ရင်ဆိုင်ရင်း လော်ယွမ်က မျက်လုံးကို အနည်းငယ်မှေးလိုက်သည်။သူ၏ လျင်မြန်မှုမှာ အလွန်မြင့်မားသော်လည်း အခြားအရည်အသွေးများက နိမ့်ကျနေသောကြောင့်မညီမမျှဖြစ်ကာ အစွမ်းအပြည့်အဝထုတ်သုံးနိုင်ခြင်းမရှိပေ။ သို့သော်ထိုမညီမျှသည့်အရည်အသွေးများက သူ၏အမြင်အာရုံအပေါ်တွင်တော့လုံးဝ သက်ရောက်မှုမရှိပေ။ အရိပ်ကဲ့သို့ဖြစ်နေသော အမြီးတစ်ချောင်းက ဘေးဘက်မှနေ၍ ကန့်လန့်ဖြတ် ရိုက်ခက်လာသည်ကို သူမြင်နေရ၏။
အကယ်၍ထိုမြီးဖြင့်သာအရိုက်ခံရပါက သူ့ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားမည်မှာ သံသယရှိစရာမလိုပေ။
လော်ယွမ်၏မျက်ဆံများက ရုတ်ခြည်း ကျုံ့သွားပြီး လက်ထဲမှဓားရှည်ကို အလျှင်အမြန်မတင်ကာ သူရှေ့ရှိ လေထဲသို့အားကုန်ခုတ်ချလိုက်သည်။
ကျန်းမာတောက်ဓားဆီမှ ကြီးမားသော အတားအဆီးတစ်ခုကို ခံစားလိုက်ရပြီး ကြွက်ဘုရင်၏အမြီးမှာ ပြတ်တောက်သွားလေသည်။ ထိုကြွက်အမြီး ပြတ်တောက်သွားသည်နှင့် တစ်ပြိုင်နက်ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့် အားလှိုင်းတစ်ခုက ကျန်းမာတောက်မှတစ်ဆင့်သူ၏ကိုယ်ဆီသို့စောင့်ဝင်လာသည်။သူတုံ့ပြန်ရန်အချိန်မရမီမှာပင်ကိုယ်ခန္ဓာက လေထဲသို့မြောက်တက်သွားပြီး ကျန်ရှိသော အားအရှိန်ဖြင့် ပြင်းထန်စွာ လွင့်စင်သွားသည်။
"ကျွိ" ကြွက်ဘုရင်က နာကျင်စွာဖြင့်ဟိန်းဟောက်လိုက်ပြီး နောက်ဆုံးလက်ကျန်အားအင်ကို စုစည်းကာ မြေပေါ်မကျသေးသော လော်ယွမ်ထံသို့ပြေးဝင်တိုက်ခိုက်လေသည်။
လော်ယွမ်က လေထဲတွင် ခန္ဓာကိုယ်ကို အတင်းအကျပ်ထိန်းချုပ်လိုက်ရာ မြေပြင်ပေါ်သို့အရှိန်ဖြင့်ကျဆင်းသွား၏။ သူက ပြေးဝင်လာသော ကြွက်ဘုရင်ကို ကြည့်ရင်း ကိုယ်ကို မရှောင်မတိမ်းဘဲ ရှေ့သို့ခြေလှမ်းအနည်းငယ်အလျင်အမြန်လှမ်းလိုက်ရာ သူတို့နှစ်ဦးမှာ ချက်ချင်း နီးကပ်သွားကြသည်။
"ဒိုင်း! ဒိုင်း!"
ထိုအချိန်တွင်လော်ယွမ်သည် ရုတ်တရက်စိတ်ထဲတွင်တုန်လှုပ်သွားပြီး နောက်ကျောတွင်အပ်ဖြင့်ထိုးသလို ခံစားလိုက်ရ၏။ တုံ့ပြန်ရန်အချိန်မရမီမှာပင်သူ၏ နောက်ကျောတွင် ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူက အသံတိတ်ညည်းညူလိုက်ပြီး ကိုယ်ခန္ဓာက အနည်းငယ်ပုံပျက်သွား၏။ ထို့နောက်နောက်ထပ် ပြင်းထန်သော နာကျင်မှုတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။ထိုအခါမှသူ သတိပြန်ဝင်လာပြီး စိတ်ထဲတွင်အံ့ဩခြင်းနှင့် ဒေါသထွက်ခြင်းတို့ ဖြစ်ပေါ်လာကာ ကြွက်ဘုရင်နှင့် ဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။ မိမိထံသို့ပြေးဝင်လာတော့မည့် ကြွက်ဘုရင်ကို ကြည့်ရင်း သူက ဘေးသို့အလျင်အမြန်လှိမ့်ချကာ ရှောင်တိမ်းလိုက်၏။
"ခင်ဗျားဘာလုပ်တာလဲ" အဝေးမှအံ့ဩဒေါသထွက်သော အသံ ထွက်ပေါ်လာသည်။ထိုအသံမှာ ဟွမ်ယောင်ကွမ်း၏ အသံဖြစ်သည်။
"ငါကသူ့ကိုကယ်မလို့လေ…ခုလိုမှားပစ်မိမယ်လို့ဘယ်ထင်မှာလဲ…ပြီးတော့မှားပစ်မှာကိုဂရုစိုက်နေရင်…ငါဘယ်လိုသေနတ်ပစ်ရတော့မှာလဲ"ဘော့စ်ကျိုးက အရေးမစိုက်သောလေသံဖြင့်ဆိုသည်။သူကသေနတ်ကို အဆက်မပြတ်ပစ်ခတ်နေဆဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင်သူပစ်သည်မှာ ကြွက်ဘုရင်ဖြစ်၏။ အကြောင်းမှာ သူ၏အမြင်တွင်သေနတ်နှစ်ချက်ထိမှန်ထားသည့်လော်ယွမ်မှာ အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။
အဝေးမှစကားပြောသံများကို ကြားရသောအခါ လော်ယွမ်၏စိတ်ထဲတွင်အလွန်ပင်ဒေါသထွက်သွားသည်။ဘော့စ်ကျိုး၏ အကြံအစီကို ငတုံးငအတစ်ယောက်ပင်လျှင်နားလည်နိုင်၏။ ကြွက်ဘုရင်၏အသားနှင့်သွေး နှစ်ဆရရှိရန်အတွက်အချင်းချင်းပြန်သတ်ရန် ကြံစီခြင်းပင်။အကယ်၍မိမိသာ ကျည်ကာအင်္ကျီမဝတ်ဆင်ထားပါက မည်သို့သေဆုံးသွားသည်ကိုပင်သိရှိမည်မဟုတ်ပေ။ ဤလူက အမှန်ပင်သေသင့်လှသည်။
ကံကောင်းထောက်မစွာဖြင့် ကြွက်ဘုရင်၏ရန်လိုမုန်းတီးစိတ်မှာ သေနတ်သံကြောင့်ပြောင်းလဲသွားပြီး လော်ယွမ်ကို ဂရုမစိုက်နိုင်တော့ပေ။ သို့မဟုတ်လျှင်သူက တကယ်အန္တရာယ်ကြုံရမည်ဖြစ်၏။
လော်ယွမ်က မိမိ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ ဒဏ်ရာကြီးကြီးမားမား ရသည့်ပုံမတွေ့ရချေ။
သူက ရုတ်တရက် ခုန်ထလိုက်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် ကြွက်ဘုရင်ကို မှီလိုက်သည်။ ပြီးနောက်ဓားရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကြွက်ဘုရင်၏ သေးသွယ်သော ခြေသလုံးကို တစ်ချက်တည်းဖြင့်ခုတ်ဖြတ်လိုက်၏။ပြေးလွှားနေသော ကြွက်ဘုရင်မှာ ခေတ္တမျှတုံ့ဆိုင်းသွားပြီး နောက်တစ်ခဏတွင်မြေပြင်ပေါ်သို့ဘုန်းကနဲ့လဲကျသွားတော့သည်။
ထိုမျှနှင့်မပြီးသေး။ သူက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ဓားရှည်ကို ကြွက်ဘုရင်၏ နူးညံ့သော ဝမ်းဗိုက်တစ်လျှောက်ပွတ်ဆွဲလိုက်ရာ ဝမ်းဗိုက်တစ်ခုလုံး ပွင့်ထွက်သွားပြီး ကလီစာများသည်မြေပြင်ပေါ်သို့ ပြန့်ကျဲကျလာသည်။
ကြွက်ဘုရင်က နာကျင်စွာဖြင့်ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အစွယ်များကို ဖော်ထုတ်လိုက်သည်။ ၎င်းကသူ့ကို လှည့်၍ကိုက်ရန် ကြိုးစားသော်လည်း အေးစက်သော ဓားအလင်းတန်းတစ်ခုက သူ၏ လည်ချောင်းမှလျင်မြန်စွာ ပိုင်းဖြတ်သွားပြီး သွေးများမှာ ရေပန်းကဲ့သို့ပန်းထွက်လာ၏။ လော်ယွမ်က သူ မသေမည်ကို စိုးရိမ်သဖြင့်ဓားရှည်ကို သူ၏ လည်ချောင်းမှနေ၍ ဦးနှောက်ခေါင်းခွံကို ထိသည်အထိ ထိုးသွင်းပြီး ပြင်းထန်စွာ ဆွဲထုတ်လိုက်သည်။
ကြွက်ဘုရင်၏ဦးခေါင်းမှာမြေပြင်ပေါ်သို့ဝုန်းကနဲ့လဲကျသွားပြီး ငြိမ်သက်သွားတော့သည်။
စက္ကန့်အနည်းငယ်အကြာတွင်စနစ်၏သတိပေးချက်ထွက်ပေါ်လာ၏။
ဒင်...ရွေးချယ်နိုင်သောမစ်ရှင်အဆင့် E - ကြွက်ဘုရင်ကိုအမဲလိုက်ရန်အောင်မြင်ပါတယ်။
မစ်ရှင်ပြီးမြောက်ရန်ကြာချိန် - နှစ်နာရီနှင့် ငါးမိနစ်
မစ်ရှင်အကဲဖြတ်ချက် -သာမန်
"အခြေခံအတွေ့အကြုံအမှတ် ၈၀၀ရရှိသည်"
"အကဲဖြတ်ချက်မှာ သာမန်ဖြစ်သဖြင့်အတွေ့အကြုံအမှတ်အပိုမရရှိပါ"
'ဟူး...' နောက်ဆုံးတော့ ပြီးသွားပြီ။
လော်ယွမ်က သက်ပြင်းချလိုက်သည်။အကဲဖြတ်ချက်မှာ သာမန်ဖြစ်ပြီး အတွေ့အကြုံအမှတ်အပိုမရရှိသော်လည်း မစ်ရှင်ပြီးမြောက်နိုင်ခဲ့သည့်အတွင်ပင်လော်ယွမ်မှာ အလွန်ကျေနပ်နေပြီဖြစ်သည်။သူက လျှောက်လှမ်းလာသော လူအုပ်ထံသို့လှမ်းကြည့်လိုက်သည်။
လူအုပ်၏ခြေလှမ်းများမှာ တဖြည်းဖြည်း ရပ်တန့်သွားကြသည်။ဘော့စ်ကျိုး၏ မျက်နှာသည်မတည်မငြိမ်ဖြစ်နေပြီး အောက်သို့ချထားသော ညာလက်က ပစ္စတိုသေနတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
လော်ယွမ်၏မျက်နှာမှာ အေးစက်တင်းမာနေပြီး သူကလေးနက်စွာ ဆိုလိုက်သည်။ "ဘယ်သူမှငါ့ကိုဖြေရှင်းချက်မပေးချင်ကြဘူးလား"
ဟွမ်ယောင်ကွမ်းသည်စကားပြောရန် ကြိုးစားသော်လည်း လော်ယွမ်က တားဆီးလိုက်သည်။
"ချန်ဟိုင်ယန်...အဲ့ဘော့စ်ကျိုးဆိုတဲ့လူကမင်းခေါ်လာတာမလား...ငါမင်းမျက်နာကိုထောက်ထားပြီးမေးမယ်...ကိုယ့်အဖွဲ့သားအချင်းချင်းသတ်ဖို့ကြံတဲ့သူကိုဘယ်လိုအပြစ်ပေးသင့်တယ်လို့ မင်းထင်လဲ"
အားလုံး၏ မျက်လုံးများက လျင်မြန်စွာပင်ဘော့စ်ကျိုးနှင့် ချန်ဟိုင်ယန့်ထံသို့ရောက်ရှိသွားကြသည်။
ချန်ဟိုင်ယန့်၏မျက်နှာမျက်နှာမှာ အနည်းငယ်ပျက်သွားပြီး "လော်ယွမ်...ဒါကမှားပစ်မိတာပါ...တိုက်ပွဲမှာဒါမျိုးကဖြစ်တတ်တာပဲလေ...မင်းဘာမှမဖြစ်တာပဲတော်သေးတာပေါ့...ဘော့စ်ကျိုးကိုပြန်တောင်းပန်ခိုင်းပြီး နည်းနည်းပါးပါးလျော်ခိုင်းလိုက်မယ်ဆိုရင်ရော"
သူက အဖြစ်အပျက်ကို သေချာမမြင်လိုက်ရဘဲ မှားယွင်းထိခိုက်မိခြင်းဟုသာ ထင်မြင်နေသည်။ထို့အပြင်ဘော့စ်ကျိုးမှာ သူခေါ်လာသူဖြစ်ပြီး ပုံမှန်အားဖြင့်သူနှင့်လည်းခင်မင်လေသည်။မိတ်ဆွေနှင့်သူစိမ်းကို ရွေးရမည်ဖြစ်ရာ သူက ဘော့စ်ကျိုးကို ကာကွယ်ပေးရပေမည်။
လော်ယွမ်က ချန်ဟိုင်ယန်ကို လက်ညှိုးဖြင့်ထိုးကာ ဒေါသတကြီးရယ်မောလိုက်းပြီး မျက်နှာမှာ ချက်ချင်းပင်တင်းမာသွားသည်။"မှားပစ်တာဟုတ်လား...ဘာမှားပစ်တာလဲ...နှစ်ချက်တောင်မှားပစ်တယ်လို့ ငါဘယ်မှာမှမကြားဖူးဘူး...ငါသာကျည်ကာဝတ်မထားရင်ကိုယ့်ကိုယ်ကိုယ်ဘာကြောင့်သေသွားမှန်းတောင်သိမှာမဟုတ်ဘူး"
လော်ယွမ်က စကားပြောရင်း တဖြည်းဖြည်း ချဉ်းကပ်လာသည်။
လော်ယွမ်၏စကားကိုကြားသောအခါအားလုံး ဆူညံသွားကြသည်။ချန်တာ့ခွေနှင့်အခြားသူများ၏ မျက်နှာများမှာ မည်းမှောင်သွားပြီး စိတ်ထဲတွင်ကြောချမ်းသွားသည်။မည်သူမျှမိမိတို့အဖွဲ့တွင်ဤသို့သော ပုဂ္ဂိုလ်မျိုး ရှိနေသည်ကို မလိုလားကြပေ။ နောက်ကြောကိုဓားဖြင့်ထိုးခြင်းမှာ အဖွဲ့တစ်ခုတွင်အလွန်အန္တရာယ်များသော လုပ်ရပ်ဖြစ်၏။
လူအချို့ကမသိမသာ နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး ဘော့စ်ကျိုးနှင့် သူ၏လူများကို ရှေ့သို့ပို့ပေးလိုက်သည်။သူတို့က ချိန်ဟိုင်ယန်အနားပင်လျှင်မနေချင်ကြတော့ပေ။
ချန်ဟိုင်ယန့်၏မျက်နှာမှာ မည်းမှောင်နေပြီး လောဘစိတ်ကို မထိန်းနိုင်ပဲ ကိုယ့်လူကိုယ်လုပ်ကြံသည့်ဘော့စ်ကျိုးကို ကျိန်ဆဲလိုက်၏။အကယ်၍လော်ယွမ်တစ်ကယ်သေသွားလျှင်ကိစ္စမရှိ။ လူသေတစ်ယောက်အတွက်မည်သူမျှတရားမျှတမှုတောင်းဆိုမည်မဟုတ်ပေ။ လူတစ်ယောက်လျော့သွားလျှင်ဝေစုတစ်စု လျော့သွားရုံသာဖြစ်သည်။ ပြဿနာမှာ လော်ယွမ်က မသေသည့်အပြင်ဒဏ်ရာပင်ရသည့်ပုံမပေါ်ပဲ ယခုမိမိပါဤပြဿနာထဲ ပါနေခြင်းပင်ဖြစ်၏။
လော်ယွမ်က တင်းမာခက်ထန်သော မျက်နှာနှင့်တစ်လှမ်းချင်း ချဉ်းကပ်လာပြီး သူ့ကိုယ်မှလည်း ကြောချမ်းစေသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။
"မင်းကဘာဖြစ်ချင်တာလဲ" ဘော့စ်ကျိုးက ခေါင်းမာစွာ ဆိုလိုက်ပြီး နောက်သို့တစ်လှမ်းဆုတ်လိုက်သော်လည်း သူ၏ လေသံတွင်မူ အနည်းငယ်ပျော့ပျောင်းသွားပြီဖြစ်သည်။တဖြည်းဖြည်း ချဉ်းကပ်လာသော လော်ယွမ်ကို ကြည့်ရင်း သေနတ်ကိုင်ထားသော ညာလက်မှာ ချွေးများဖြင့်စိုစွတ်နေသည်။
"ငါကတရားနည်းလမ်းမကျတဲ့သူမဟုတ်ဘူး...မင်းငါ့ကိုသေနတ်နဲ့၂ချက်ပစ်တယ်ဆိုတော့ ငါမင်းကိုဓားနဲ့၂ချက်ပြန်ခုတ်မယ်...ဒါဆိုမျှတတယ်"လော်ယွမ်က ဆိုသည်။
အားလုံးက ဘေးနှစ်ဘက်သို့ လူစုခွဲလိုက်ကြသည်။ဘော့စ်ကျိုး၏ လက်အောက်ငယ်သားမှာ မျက်နှာတွင်ချွေးစေးများ အဆက်မပြတ်ထွက်နေပြီး ဘေးဘယ်ညာကို ကြည့်ကာ တုံ့ဆိုင်းစွာဖြင့်နောက်ဆုတ်သွားသည်။
ချန်ဟိုင်ယန်က တစ်စုံတစ်ခုပြော ချင်ဟန်တူသော်လည်း ပါးစပ်သာဟလိုက်ပြီး နောက်ဆုံးတွင်ဘာမျှမပြောတော့ပေ။
"အလကားကောင်"ဘော့စ်ကျိုးက သူ့ လက်အောက်ငယ်သားကို ဆဲဆိုလိုက်သည်။ ပြီးနောက်တံတွေးကို မျိုချလိုက်ပြီး ခြေလှမ်းကို တဖြည်းဖြည်း နောက်ဆုတ်ရင်း လော်ယွမ်အား ဆိုလိုက်သည်။ "မင်းသေမှာမကြောက်ဘူးလား"
"ငါကနောက်ကြောဓားနဲ့ထိုးခံရမှာကိုပဲ ကြောက်တာ" လော်ယွမ်က သူ့ကို စူးစိုက်ကြည့်နေလိုက်သည်။
"ဒါဆိုလည်းသွားသေလိုက်တော့"ဘော့စ်ကျိုးမှာ ဤတစ်ခေါက်တွင်ရှောင်လွှဲ၍မရမှန်း သိသဖြင့် ပြတ်သားစွာပင်ညာလက်ကို ရုတ်တရက် လျင်မြန်စွာ မြှောက်လိုက်ပြီး လော်ယွမ်အား ပစ်ခတ်ရန်လက်ညှိုးဖြင့်ခလုတ်ကို ဆွဲညှစ်လိုက်သည်။တစ်ချက်ပစ်ပြီးသည်နှင့်သူ၏ လက်သည် ရုတ်တရက်အေးစက်သွားပြီးနောက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
သူက ပြတ်တောက်သွားသော လက်ကို ကိုင်၍နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ဆက်တိုက်ဆုတ်သွားရာ ချွေးစေးများ တစိမ့်စိမ့်ထွက်လာသည်။သူသည်နောက်ဆုံးတွင်ကြောက်လန့်သွားပြီဖြစ်သည်။ "ဘော့စ်လော်...အသက်ချမ်းသာပေးပါ...ငါတစ်ကယ်သေသင့်တယ်...ငါနောက်ခါအဲ့လိုမလုပ်တော့ပါဘူး...ငါ့မှာမိန်းမနဲ့ခလေးရှိတယ်...မင်းငါ့ကိုသတ်လို့မရဘူး"
"မင်းမိန်းမကရုပ်ဆိုးရင်မင်းစိတ်ပူစရာမလိုဘူး...မင်းမိန်းမကရုပ်ချောနေရင်ပိုလို့တောင်ပူစရာမလိုသေးတယ်...ဒါကဓားတစ်ချက်ပဲရှိသေးတယ်...မင်းငါ့အပေါ်တစ်ချက်အကြွေးကျန်သေးတယ်" လော်ယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။
စကားဆုံးသည်နှင့်ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ဓားရှည်ကိုဘော့ကျိုး၏ဗိုက်ထဲ ထိုးသွင်းကာ အားဖြင့်မွှေလိုက်သည်။ကလီစာများပြတ်သွားကြောင်းသေချာမှဓားကိုအမြန်ပြန်ထုတ်လိုက်၏။ဓားရှည်တွင်သွေးများ ဖြည်းညင်းစွာ စီးကျလာသည်။
ဘော့စ်ကျိုးက ဝမ်းဗိုက်ကို ဖိထားရင်း ရှုံမဲ့နေသောမျက်နှာနှင့်မြေပြင်ပေါ်သို့လဲကျသွားသည်။သူ၏ ကိုယ်မှာ အဆက်မပြတ်တုန်ခါနေပြီး သွေးအမြှုပ်များက ပါးစပ်မှတဖြည်းဖြည်း စီးကျလာသည်။သူကလော်ယွမ်ကို စိုက်ကြည့်ရင်း ခက်ခဲစွာ ဆိုလိုက်သည်။ "မင်း...မင်းအရမ်းရက်စက်တယ်"
အားလုံးက အသက်ပျောက်သွားသော ဘော့စ်ကျိုးကို ကြည့်ရင်း တဖန်လော်ယွမ်၏လက်ချက်ဖြင့်ဝမ်းဗိုက်ခွဲခြင်း၊ လည်ချောင်းလှီးဖြတ်ခြင်း၊ ဦးနှောက်ဖောက်ခြင်းတို့ကို ခံခဲ့ရသော ကြွက်ဘုရင်ကို ကြည့်လိုက်ကာ စိတ်ထဲတွင်ကြောက်လန့်လှုပ်သွားကြသည်။
သို့သော်ဤခေတ်ပျက်ကြီးတွင်သင်သာ အခြားသူအပေါ်မရက်စက်ပါက အခြားသူက သင့်အပေါ်ရက်စက်ပေလိမ့်မည်။
"ပြဿနာရှင်းသွားပြီဆိုတော့ ကြွက်ဘုရင်ကို ဝေစုခွဲရအောင်"ချန်ဟိုင်ယန်က အချိန်ကိုက်ဆိုလိုက်ပြီး သူ၏ မျက်နှာသည်လုံးဝ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ "အချိန်မရှိတော့ဘူး...စစ်တပ်ကဒီကိုခဏနေရင်ရောက်လာမှာ"
အချိန်ကပ်နေသောကြောင့်အားလုံးက လျင်မြန်စွာ လှုပ်ရှားကြလေသည်။
လော်ယွမ်က ဓားထိပ်ကို လည်ပင်းကျောရိုးဆစ်များကြားမှထိုးသွင်းလိုက်ပြီး ကန့်လန့်ဖြတ်အားဖြင့်ဆွဲလိုက်ရာ ဦးခေါင်းတစ်ခုလုံး ပြတ်ထွက်သွားသည်။ သူခေတ္တမျှစဉ်းစားလိုက်ပြီး နောက်ခြေထောက်တစ်ချောင်းကိုပါခုတ်ဖြတ်ကာ ရပ်တန့်လိုက်၏။သူက နောက်ထပ်အနည်းငယ်ထပ်ယူ၍ရနိုင်သေးသော်လည်း ထိုသို့ပြုလုပ်ပါက လောဘကြီးသည်ဟု ထင်သွားကြမည်မှာ မလွဲဧကန်ပင်။ထို့အပြင်သူရရှိခဲ့သည်များမှာ ကြွက်ဘုရင်၏ အကောင်းဆုံးသော အစိတ်အပိုင်းများသာ ဖြစ်သည်။
သူ၏ ဓားသည်အလွန်ပင်ထက်မြက်လှပြီး သံကို ရွှံ့ကဲ့သို့ လှီးဖြတ်နိုင်သည်ဟု ဆိုလျှင်ပင်လွန်မည်မဟုတ်ပေ။ ကြွက်ဘုရင်၏အရေပြားနှင့် အသားက မာကျောသော်လည်း အပြာနုရောင်အဆင့်ရှိ ဤဓားရှည်အတွက်မူ ကြီးမားသော အတားအဆီးကို မဖြစ်ပေါ်စေနိုင်ပေ။ လော်ယွမ်က အိတ်ကပ်ထဲမှဂုံနီအိတ်ကို ထုတ်ယူပြီး ကြွက်ခေါင်းနှင့်ခြေထောက်ကို တစ်ခုချင်းစီ ထည့်သွင်းနေချိန်တွင်အချို့မှာမူ ချွေးတလုံးလုံးဖြင့်ခုတ်ပိုင်းနေကြဆဲဖြစ်သည်။
လော်ယွမ်က အချိန်ကို ကြည့်လိုက်ပြီး ဟွမ်ယောင်ကွမ်းနှင့် သူ၏လူများကို နှုတ်ဆက်ကာ အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
သူက ဤနေရာတွင် ကြာကြာ မနေရဲပေ။ စစ်တပ်က အနီးအနားတွင်လှည့်ပတ်ရှာဖွေနေပြီး သွေးရာအတိုင်း လိုက်လာပါက မကြာမီ ဤနေရာသို့ရောက်ရှိလာပေလိမ့်မည်။ဤနေရာတွင်တစ်မိနစ်ပိုနေလျှင်တစ်မိနစ်စာ အန္တရာယ်ပိုများပေသည်။
အမှိုက်ပုံပေါ်တွင်ဟိုသည်အနှံ့ သန္ဓေပြောင်းကြွက်အချို့ရှိနေသေးသည်။ ကြွက်ဘုရင်၏ ရုတ်တရက်ထွက်ပြေးသွားမှုက ဤသန္ဓေပြောင်းကြွက်များကို ဦးတည်ရာမဲ့သွားစေပြီး ခေါင်းမပါသော ယင်ကောင်များကဲ့သို့နေရာအနှံ့ ပြေးလွှားနေကြသည်။
လော်ယွမ်က လမ်းကြုံသဖြင့်သာမန်သန္ဓေပြောင်းကြွက်အချို့ကို ထပ်မံသတ်ဖြတ်လိုက်ပြီး ဂုံနီအိတ်ထဲသို့တစ်ခုချင်းစီ ထည့်သွင်းလိုက်သည်။တစ်အချက်မှာ မန်နေဂျာရှဲ့နှင့်ဓာတ်ဆီလဲလှယ်ရန်ဖြစ်ပြီး နှစ်အချက်မှာ အတွင်းမှပစ္စည်းများကို ဖုံးကွယ်နိုင်ရန်အတွက်ဖြစ်သည်။
လူအုပ်ထဲသို့ရောက်လျှင်လော်ယွမ်က သက်ပြင်းချလိုက်သည်။ ပြီးနောက်သူက လူအုပ်နှင့်အတူ ဆင်းရဲသားရပ်ကွက်သို့လျှောက်သွားရာ လမ်းထောင့်တွင်စစ်သုံးဂျစ်ကားအချို့ရပ်ထားသည်ကို တွေ့လိုက်ရသည်။အနီးအနားတွင်လက်နက်အပြည့်အစုံဖြင့်လက်နက်ကိုင်ရဲအချို့ရပ်နေကြသည်။သူတို့၏အေးဆေးသော အမူအရာများကို ကြည့်ခြင်းအားဖြင့် သတင်းမရရှိသေးကြောင်း ထင်ရှားသည်။
လော်ယွမ်က တစ်ချက်ကြည့်ပြီးနောက်မျက်လုံးကို ပြန်လွှဲလိုက်သည်။ မကြာမီ သူက မန်နေဂျာရှဲ့ကို ရှာတွေ့ခဲ့သည်။သူယူဆောင်လာသော စားနပ်ရိက္ခာများမှာ စောစောကတည်းက ရောင်းကုန်သွားပြီဖြစ်ကြောင်း ထင်ရှား၏။ ဤသို့သော ကြုံတောင့်ကြုံခဲ ကြွက်အုပ်ကြီးနှင့် ကြုံတွေ့ရသဖြင့်ရိက္ခာတွေဘယ်လောက်ပဲများများ လဲလှယ်လို့လောက်မည်မဟုတ်ပေ။
မန်နေဂျာရှဲ့မှာ ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ရပ်နေပြီး တစ်စုံတစ်ယောက်ကိုရှာဖွေနေဟန်တူသည်။ယနေ့ ကြွက်သားများ ဈေးအကြီးအကျယ်ကျနေသည်ကို အခွင့်ကောင်းယူပြီး သူက ကြွက်အသားများ လုံလုံလောက်လောက်ရရှိပြီးဖြစ်ရာ ထိုကြွက်အသားများကို အမြန်ရှင်းထုတ်ရန်အတွက်မူလက သူအိမ်အမြန်ပြန်ရန် ကြံရွယ်ထား၏။ ဤသို့သောကုန်စည်များမှာ ဆန်ဆီကဲ့သို့ကြာရှည်သိမ်းဆည်းထား၍မရပေ။
တာရှည်ခံအောင်ပြုပြင်လိုက်လျှင်လည်း ထိုအသားများမှာ ဈေးကောင်းမရပဲ အနည်းငယ်ဆုံးရှုံးရပေမည်။
သို့သော်သေချာစဉ်းစားပြီးနောက်သူက ဆက်လက်စောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။လော်ယွမ်နှင့်ရင်းနီးအောင်ပေါင်းဖို့ ဆုံးဖြတ်ထားသည့်အတွက်လမ်းခုလပ်၌လက်လျှော့လိုက်၍မဖြစ်ပေ။ ဓာတ်ဆီများက အဖိုးတန်သော်လည်း အဆက်အသွယ်ရှိသော့သူ့အတွက်ဤမျှလောက်က မပြောပလောက်ပေ။
"ညီလေးလော်...နောက်ဆုံးတော့မင်းရောက်လာပြီပဲ...ငါမင်းကိုဒီမှာအကြာကြီးစောင့်နေတာ" မန်နေဂျာရှဲ့က လော်ယွမ်ကို မြင်သည်နှင့် ကျောက်တုံးပေါ်မှခုန်ချလိုက်ရာ ဗိုက်မှအဆီများပင်တုန်ခါသွားသည်။
"ကိစ္စတစ်ချို့ကြောင့်နောက်ကျသွားတာ" လော်ယွမ်က ပေါ့ပေါ့ပါးပါး ဆိုလိုက်ပြီး အလျှင်အမြန်စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ဓာတ်ဆီ ယူလာခဲ့လား"
"ဓာတ်ဆီကရောက်နေတာကြာပြီ...ငါမင်းအလာကိုပဲစောင့်နေတာ" မန်နေဂျာရှဲ့က ရယ်မောရင်း ဆိုသည်။ "စုစုပေါင်း လီတာသုံးဆယ်ရှိတယ်မင်း ဘယ်လောက်လိုချင်လဲ"
"လူရှင်းတဲ့နေရာမှာလဲရအောင်"လော်ယွမ်က အနီးအနားမှလက်နက်ကိုင်ရဲများကို ကြည့်ရင်း မန်နေဂျာရှဲ့အား ဆိုလိုက်သည်။
"ကောင်းတယ်...ဒါဆိုလမ်းထောင့်ကိုသွားရအောင်"မန်နေဂျာရှဲ့က ရဲတွေကိုမြင်သော်လည်း ဂရုစိုက်မစိုက်သည့်ပုံစံရှိ၏။ သူက လက်ယပ်ခေါ်လိုက်ရာ သူ၏ လက်အောက်ငယ်သားနှစ်ဦးက ပလတ်စတစ်ပုံးနှစ်လုံးကို ကိုင်ဆောင်၍လျှောက်လာကြသည်။ထိုအထဲမှပလတ်စတစ်ပုံးတစ်လုံးမှာ ဓာတ်ဆီများဖြင့် ပြည့်နေသည်။
သူတို့နှစ်ဦးသည်အမှိုက်ပုံမှထွက်ခွာပြီး လူရှင်းသော ထောင့်တစ်နေရာကို ရွေးချယ်လိုက်သည်။
လော်ယွမ်က သန္ဓေပြောင်းကြွက်များကို တစ်ကောင်ချင်းစီ မြေပေါ်သို့ပစ်ချလိုက်ရာ စုစုပေါင်း ခုနစ်ကောင်ရှိသည်။
မန်နေဂျာရှဲ့က ထိုင်ချလိုက်ပြီး သွေးများစွန်းထင်းနေသည်ကို မရွံမရှာဘဲ သေချာစွာ စစ်ဆေးလိုက်သည်။သန္ဓေပြောင်းကြွက်တစ်ကောင်ချင်းစီတိုင်းမှာ နွေးနေဆဲဖြစ်ပြီး သေဆုံးသည်မှာ မကြာသေးကြောင်း ထင်ရှား၏။ ဒဏ်ရာမှာ တစ်နေရာတည်းသာ ရှိပြီး အားလုံးမှာ ဦးခေါင်းထိပ်တွင် ဖြစ်၏။ဒဏ်ရာမျက်နှာပြင်သည်ချောမွေ့ပြီး ဦးနှောက်ထဲသို့တိုးလျှိုပေါက်နေသည်။ဒဏ်ရာအရွယ်အစားပင်လျှင်ပေတံနှင့်တိုင်းထားသကဲ့သို့ တူူညီနေသည်။
မန်နေဂျာရှဲ့သည် ကြည့်ရင်း စိတ်ထဲမှအံ့သြသွားပြီး လော်ယွမ်အပေါ်သူ၏ ထင်မြင်ချက်မှာလည်း တစ်ဆင့်ပို၍ မြင့်တက်သွားသည်။သူက အပြုံးများဖြင့်ပြည့်နေသောမျက်နှာဖြင့် "အကြမ်းဖျင်းခန့်မှန်းကြည့်တာတော့ဒီကြွက်တွေက တစ်ကောင်ကို ၆ပေါင်လောက်ရှိတယ် သွေးတွေအကုန်ထုတ်လိုက်ရင်ငါးပေါင်စီတော့ကျန်လိမ့်မယ်အဲ့ပမာဏဆို ဓာတ်ဆီ၂.၅လီတာနဲ့လဲလို့ရတယ်...ဒါပေမဲ့ပြန်သယ်သွားရင်အလုပ်ရှုပ်တယ်...မင်းဒီလီတာ၃၀တစ်ပုံးလုံးယူသွားလိုက်...လိုတဲ့တန်ဖိုးအတွက်နောက်မှငါ့ကိုပြန်ပေးပေါ့"
ထိုလူက သူ့အားစေတနာထားနေမှန်း လော်ယွမ်သိ၏။ ယနေ့ပေါက်ဈေးအရ သန္ဓေပြောင်းကြွက်သားတစ်ပေါင်သည်ဆန်သုံးပြည်နှင့်ပင်လဲလှယ်၍မရနိုင်ပေ။ မန်နေဂျာရှဲ့က အရှုံးခံ လဲပေးနေခြင်းဖြစ်သည်။သို့သော်လူမှုစီးပွားရေးမှာ ဤသို့သည်ပင်။အမြတ်များများ ရရှိလိုပါက အရင်ပေးဆပ်ရမည်။ယခုအရှုံးခံခြင်းမှာ နောက်အမြတ်ရဖို့အတွက်ဖြစ်သည်။ထိုအပေးအယူနည်းလမ်းဖြင့်ဆက်ဆံရေးကိုခိုင်မာအောင်တည်ဆောက်ကြရသည်။။
သို့သော်လည်း ထိုနည်းလမ်းက သူ့အတွက်အရှုံးမရှိပေ။ မန်နေဂျာရှဲ့ကိုနောက်လည်း အသုံးချရဦးမည်ဖြစ်ရာ လော်ယွမ်က သဘောပေါက်စွာ ဆိုလိုက်သည်။ "နောင်လည်းပူပေါင်းဆောင်ရွက်ကြတာပေါ့"
အရောင်းအဝယ်ပြီးမြောက်ပြီးနောက်သူတို့နှစ်ဦး၏ ဆက်ဆံရေးက ချက်ချင်းပင်ပို၍ ရင်းနှီးသွားသည်။
မန်နေဂျာရှဲ့က လျှို့ဝှက်သော လေသံဖြင့်ဆိုသည်။ "ဒီနေ့ကြွက်ဘုရင်တစ်ကောင် ပေါ်လာတယ်လို့ငါကြားတယ် ညီလေးလော်တွေ့လိုက်သေးလား"
လော်ယွမ်ကအနည်းငယ်ရင်ထိတ်သွားသော်လည်း လုံးဝမလိုအပ်ကြောင်းသိရှိသဖြင့်စိတ်ကိုပြန်လည်ဖြေလျှော့လိုက်သည်။သူက မကျေမနပ်အမူအရာဖြင့် "အဲ့ကိစ္စကိုပြောမနေနဲ့တော့...ပြန်တွေးမိရုံနဲ့တင်ဒေါသထွက်တယ်...ကျုပ်တို့အောင်မြင်ခါနီးမှစစ်တပ်ရောက်လာပြီးလုသွားလို့ပြန်လှည့်လာရတာလေ မဟုတ်ရင်ဘယ်လိုလုပ် ကြွက်လေးငါးကောင်ပဲ ပြန်ပါလာမှာလဲ"
မန်နေဂျာရှဲ့က သံသယတစ်စုံတစ်ရာမရှိဘဲ သက်ပြင်းချကာ ခပ်တိုးတိုး ပြောသည်။ "တုံဟူမြို့မှာ အရှင်သခင်အဆင့်သတ္တဝါပေါ်လာတာနဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကဘယ်တော့မှလက်မလွှွတ်ဘူးလေ...အခုဒီလိုသွေးနဲ့အသားတွေကို ဈေးကြီးပေးပြီးဝယ်နေကြတယ်...ညီလေးလော်အဲ့လိုအသားမျိုးရခဲ့ရင်ငါ့ကိုမမေ့နဲ့နော်...ဈေးကလုံးဝပြဿနာမရှိဘူး"
"စိတ်ချမန်နေဂျာရှဲ့ကိုဘယ်မေ့မှာလဲ...ဒါပေမဲ့အဲ့လိုသတ္တဝါမျိုးကတွေ့ဖို့ အရမ်းခဲယင်းတာ ပြီးတော့သူတို့ကအရမ်းလဲစွမ်းတယ်တွေ့ရင်တောင်သတ်နိုင်မှာမဟုတ်ဘူး" လော်ယွမ်က ရုတ်တရက်သတိရသွားပြီး ဆိုလိုက်သည်။ "ခင်ဗျားကျုပ်ကို စနိုက်ပါရိုင်ဖယ်တစ်လက်လောက်ရှာပေးနိုင်ရင်တော့မျှော်လင့်ချက်ရှိတယ်"
လော်ယွမ်က ဤတစ်ခေါက်ရဲတပ်ဖွဲ့၏ စနိုက်ပါရိုင်ဖယ်ပစ်အားကို အလွန်ပင်သဘောကျသွားသည်။သုံးလေးချက်ပစ်ရုံဖြင့်အပြာနုရောင်အဆင့်သတ္တဝါကို အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။ဒါတောင်ချက်ကောင်းနေရာများကို ထိမှန်ခြင်းမဟုတ်။အကယ်၍ဦးခေါင်း သို့မဟုတ် နှလုံးကို တိုက်ရိုက်ပစ်ခတ်နိုင်ပါက တစ်ချက်တည်းဖြင့်သေဆုံးမည်မှာ သေချာသည်။ထိုသေနတ်မျိုးတစ်လက်လောက်ရရှိနိုင်ပါက နောင်မစ်ရှင်များအတွက်လွယ်ကူသွားပေလိမ့်မည်။
မန်နေဂျာရှဲ့က လန့်ဖျပ်သွားပြီး "ညီလေးလော်...မင်းကတော်တော်ရဲတာပဲ...အခုကမ္ဘာကြီးကပ်ဆိုက်နေလို့ အစိုးရကပစ္စတိုသေနတ်မျိုုးလောက်ကို မျက်စိမှိတ်ထားပေးပေမယ့်...စနိုက်ပါရိုင်ဖယ်လိုသေနတ်မျိုးက လုံးဝတားမြစ်ထားတာ ဒီတုံဟူတစ်မြို့လုံးမှာတောင်များများစားစားမရှိလောက်ဘူး"
"ကျွန်တော်လည်းဒီတိုင်း ပြောကြည့်တာပါ"လော်ယွမ်က ဆိုသည်။သူအစထဲက အများကြီးမျှော်လင့်မထား၍ စိတ်မပျက်မိချေ။စစ်ဖက်ဆိုင်ရာအဆက်အသွယ်သို့မဟုတ်နောက်ခံကောင်းကောင်းမရှိပဲ ထိုသို့သောလက်နတ်မျိုးကို ရရှိဖို့ဖြစ်နိုင်သည့်ပုံမပေါ်ပေ။
လော်ယွမ်က ဆက်လက်စကားပြောရန်စိတ်မရှိတော့ဘဲ ညဉ့်နက်လေ အန္တရာယ်များလေဖြစ်မည်စိုး၍ အလျင်အမြန်နှုတ်ဆက်ပြီး ပြန်လာခဲ့တော့သည်။
ဆက်ရန်...
အပိုင်း(၂၄)သန္ဓေပြောင်းလူသားများ
ငှားထားသည့်အခန်းသို့ပြန်ရောက်သည်နှင့်လော်ယွမ်က ကြွက်ဘုရင်ခေါင်းနှင့်ခြေထောက်ကို ထုတ်ယူလိုက်သည်။
သူကအနည်းငယ်စိတ်လှုပ်ရှားနေပြီး “အမျိုးအမည်ခွဲခြားအစွမ်း” ဖြင့် တစ်ခုချင်းစီ စစ်ဆေးလိုက်၏။
အမည် - ကြွက်ဘုရင်၏ခေါင်း
အသုံးဝင်ပုံ - အစားအစာ၊ ပါဝင်ပစ္စည်း
ရှားပါးမှု -အပြာနုရောင်
အလေးချိန် - ၁၀ကီလိုဂရမ်
သက်ရောက်မှု(၁) - ခန္ဓကိုယ်၏သက်လုံကို အနည်းငယ်တိုးစေနိုင်သည်။
သက်ရောက်မှု(၂) - ခွန်အားကိုအနည်းငယ်တိုးစေနိုင်သည်။
သက်ရောက်မှု(၃) - အာရုံခံနိုင်စွမ်းကို အနည်းငယ်မြှင့်တင်ပေးသည်။
သက်ရောက်မှု(၄) - ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲရန်အနည်းငယ်အခွင့်အရေးရှိသည်။
သုံးသပ်ချက် - ၎င်း၏မာကျောသောသွားနှင့်အရိုးများဖြင့်လက်နတ်များပြုလုပ်နိုင်သည်။၎င်း၏အသားနှင့်သွေးများတွင် "တက်ကြွစွမ်းအင်"ပါဝင်နေပြီး သင်၏ခန္ဓာကိုယ်ကိုသန်မာစေနိုင်သည့်အပြင်ဆင့်ကဲပြောင်းလဲနိုင်စွမ်းလည်းရှိသည်။
အမည် - ကြွက်ဘုရင်၏နောက်ခြေထောက်
အသုံးဝင်ပုံ - အစားအစာ၊ ပါဝင်ပစ္စည်း
ရှားပါးမှု -အပြာနုရောင်
အလေးချိန် - ၇ကီလိုဂရမ်
သက်ရောက်မှု(၁) - ခန္ဓကိုယ်၏သက်လုံကို အနည်းငယ်တိုးစေနိုင်သည်။
သက်ရောက်မှု(၂) - ခွန်အားကိုအနည်းငယ်တိုးစေနိုင်သည်။
သက်ရောက်မှု(၃) - ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲနိုင်ချေအနည်းငယ်ရှိသည်။
သုံးသပ်ချက် - ၎င်း၏အရိုးများဖြင့်လက်နတ်များပြုလုပ်နိုင်သည်။အသားနှင့်သွေးများတွင် "တက်ကြွစွမ်းအင်"ပါဝင်နေပြီး သင်၏ခန္ဓာကိုယ်ကိုသန်မာစေနိုင်သည့်အပြင်ဆင့်ကဲပြောင်းလဲနိုင်စွမ်းလည်းရှိသည်။
စိတ်ထဲတွင်ပေါ်လာသော အချက်အလတ်များကိုဖတ်ပြီးနောက်လော်ယွမ်အလွန်ဝမ်းမြောက်သွားသည်။ "ဒါကြောင့်ဟိုလူတွေ ကြွက်ဘုရင်ကိုမြင်တော့အသဲအသန်ဖြစ်နေတာကိုး စစ်တပ်တောင်မှဝင်လုတဲ့အထိပဲ…အပြာနုရောင်သတ္တဝါမှာအဲ့လိုအာနိသင်မျိုးရှိမှန်းသိရင်…ဘယ်သူမဆိုလိုချင်ကြမှာပဲ…အပြာနုရောင်က ခန္ဓာကိုယ်ကို သန်မာစေရုံတင်မဟုတ်ဘူး လူတွေကိုပါဆင့်ကဲပြောင်းလဲနိုင်စေမယ်လို့မထင်ထားဘူး"
"မဟုတ်မှလွဲရော ဆင့်ကဲပြောင်းလဲပြီးတဲ့လူတွေရှိနေတာများလား…တုံဟူမြို့မှာခုတလော အပြာနုရောင်သတ္တဝါတွေသတ်ခံရတာအများကြီးပဲဆိုတော့ကံကောင်းတဲ့တစ်ယောက်ယောက်က ဆင့်ကဲပြောင်းလဲပြီး သန္ဓေပြောင်းသွားလောက်ပြီ…သူတို့ကဘယ်လိုပုံစံရှိလဲမသိဘူး…တခြားသတ္တဝါတွေလို ခန္ဓာကိုယ်ကြီးသွားတာလား…ဒါမှမဟုတ်တခြားနေရာတွေမှာ…တိုးတက်သွားတာများလား"
ဆင့်ကဲပြောင်းလဲခြင်းက ရုတ်တရက်အရွယ်ကြီးလာခြင်းသာဆိုလျှင်မဖြစ်တာမှပိုကောင်းပေဦးမည်။
လော်ယွမ်တစ်စုံတစ်ခုကို သတိရလိုက်ပြီး အိပ်ခန်းထဲမှဖုန်းကိုယူလိုက်ရာ အားကုန်နေသည်ကို တွေ့လိုက်ရ၏။ သူကဖုန်းဓာတ်ခဲအပိုကိုထုတ်၍အလျင်အမြန်လဲလှယ်လိုက်သည်။ဤအိမ်ယာတွင်မကြာခဏမီးပျက်လေ့ရှိသဖြင့်သူကဖုန်းဓာတ်ခဲအပို လေးငါးလုံး အသင့်ဆောင်ထားသည်။
သာယာသောအသံနှင့်အတူဖုန်းပွင့်သွားသည်နှင့်လော်ယွမ်ကဝပ်ဆိုက်တစ်ခုကိုဝင်ပြီး "သန္ဓေပြောင်းလူသား"ဟု ရိုက်ရှာလိုက်သည်။
ချက်ချင်းပင်သန္ဓေပြောင်းလူသားများနှင့်ပါတ်သတ်သည့်သတင်းအချက်အလက်များပေါ်ထွက်လာသည်။လော်ယွမ်ကတစ်ခုပြီးတစ်ခုနှိပ်ဖတ်ကြည့်ရာ အများစုမှာ သိပ်မခိုင်မာလှပေ။ အချို့မှာသူများပြော၍ကြားခြင်းများဖြစ်ပြီး အဓိပ္ပါယ်မရှိသော စကားများသာဖြစ်ကာ တိုက်ရိုက်သက်သေမပြနိုင်ကြချေ။
နောက်ဆုံးတွင်လော်ယွမ်က ဖိုရမ်ပိုစ့်တစ်ခုကိုဖွင့်လိုက်ပြီး မျက်နှာမှာလည်း တည်ကြည်သွားလေသည်။
"ရှမြို့တွင်သန္ဓေပြောင်းလူသားတစ်ယောက်ပေါ်ထွက်၊ လက်သီးတစ်ချက်ထဲဖြင့်သန္ဓေပြောင်းခွေးတစ်ကောင်ကိုအေးခဲသေဆုံးစေခဲ့သည်၊သက်သေဓာတ်ပုံနှင့်တကွကြည့်နိုင်သည်"
စာအောက်တွင်တင်ထားသောဓာတ်ပုံမှာ အလွန်ရှင်းလင်းပြတ်သားသည်။လူတစ်ယောက်က ကင်မရာကိုကျောပေးထားပြီး လက်သီးထိုးနေသည့်ဟန်ရှိသည်။သူ့လက်သီးရှေ့တွေ ကြီးမားသည့်သန္ဓေပြောင်းခွေးတစ်ကောင်ရှိပြီး ကိုယ်ပေါ်တွေရေခဲများဖုံးအုပ်နေကာ အအေးငွေ့များထွက်ပေါ်လျှက်ရှိသည်။
ပိုစ့်အောက်တွင်မှတ်ချက်များရာချီရှိနေ၏။
"ဒီပို့စ်နာမည်မကြီးခင်ပထမမှတ်ချက်နေရာလာယူထားတာ"
"ငါလည်းရှမြို့ကပဲ…ဘယ်လိုလုပ်ငါကျမသိရတာလဲ"
"မြင်ရုံနဲ့အတုကြီးမှန်းသိသာတယ်…အဲ့သန္ဓေပြောင်းခွေးက ရေခဲပုံးထဲကထုတ်လာတာနေမှာ"
"သနားစရာခွေးလေး"
အများစုမှာအသုံးမဝင်သော မှတ်ချက်များသာဖြစ်သည်။သူကအမြန်ကျော်လိုက်ပြီး အသုံးဝင်မည့်မှတ်ချက်များကို ရှာလိုက်သည်။
"မင်းတို့ပဲအရမ်းအံ့ဩနေကြတာ…ငါ့သူငယ်ချင်းဆိုသန္ဓေပြောင်းလူသားဖြစ်နေပြီ…သူ့အစွမ်းကခွန်အားတိုးတဲ့အမျိုးအစားပဲ…နောက်တော့သူ့ကိုအစိုးရကခေါ်သွားတယ်"
"ငါလည်းသန္ဓေပြောင်းလူသားပဲ…အစစ်ဆေးခံရမှာဆိုးလို့ဘယ်သူမှမသိအောင်နေနေတာ"
"သန္ဓေပြောင်းလူသားတွေတစ်ကယ်ရှိတယ်…ငါကရဲစခန်းမှာအလုပ်လုပ်တော့သိတယ်…ဒါပေမဲ့သူတို့ကသူများတွေပြောနေသလိုဒဏ္ဍာရီလာပုဂ္ဂိုလ်တွေမဟုတ်ဘူး…သာမန်လူတွေလိုပဲ…သေနတ်တစ်ချက်မှန်တာနဲ့သေနိုင်တယ်….ဒါပေမဲ့သူတို့မှာထူးခြားတဲ့အစွမ်းတွေတော့ရှိတာအမှန်ပဲ"
သန္ဓေပြောင်းလူသားများက ခန္ဓာကိုယ်အရွယ်အစားကြီးရုံသက်သက်မဟုတ်မှန်းသိသောအခါလော်ယွမ်စိတ်သက်သာရာရသွားသလို စိုးရိမ်ပူပမ်စိတ်လည်းပေါ်ထွက်လာသည်။
ဤကမ္ဘာပျက်ကာလတွင်အရေးကြီးဆုံးမှာ အာဏာနှင့်ကြွယ်ဝမှုအပြင်ကိုယ်ပိုင်စွမ်းအားသာဖြစ်သည်။
သို့သော်သူ့တွင်အာဏာလည်းမရှိသလို ကြွယ်ဝသူလည်းမဟုတ်။ ထို့ကြောင့်ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရန်ရှိတော့သည်။
သူကဘာကြောင့်အခြားသူများထက်သက်သောင့်သက်သာ နေနိုင်နေသနည်း? အခြားသူများအသက်ရှင်ဖို့ပူပမ်နေချိန်တွင်သူက ယခင်ကလိုမျိုး နေထိုင်နိုင်ဆဲပင်။ထိုသို့နေထိုင်နိုင်ခြင်းမှာ အခြားအရာများကြောင့်မဟုတ်ပဲ သူ၏ သာမန်လူများထက်သာလွန်သော အစွမ်းအစကြောင့်ပင်မဟုတ်ပါလား။
ကမ္ဘာကြီးမည်သို့ပင်ပြောင်းလည်းစေကာမူ အားနည်းသူက အားကြီးသူ၏ အစာသာဖြစ်သည်။ယခင်ကအေးချမ်းနေ၍မသိသာသော်လည်း ယခုအခါတွင်မူ ဗြောင်ကျကျ ဖြစ်လာခြင်းမျှသာပင်။
လော်ယွမ်က ထိုသို့တွေးမိပြီးနောက်ချက်ချင်း လှုပ်ရှားလိုက်သည်။
သူကကျန်းမာတောက်ကိုထုတ်လိုက်ပြီး ကြွက်ခေါင်း၏အရေခွံကို ခွာထုတ်လိုက်၏။သေချာဆေးကြောပြီးသောအခါ ကြွက်၏ခေါင်းမှာ ကျောက်စိမ်းကဲ့သို့ချောမွတ်နေပြီး ရေကဲ့သို့ကြည်လင်စိုစွတ်သောခံစားမှုမျိုးပေးနေသည်။ သူကဓားဖြင့်အနည်းငယ်ခုတ်ကြည့်ရာ အလွန်မာကြောကြောင်းတွေ့လိုက်ရသည်။ကျန်းမာတောက်ဓားအသွား ပဲ့သွားမည်စိုးသဖြင့်အားပြင်းပြင်းမသုံးရဲပေ။
သူကပစ္စည်းကိရိယာသတ္တာကိုယူလိုက်ပြီး အထဲမှပုဆိန်အသေးတစ်လက်ကိုထုတ်လိုက်၏။ပြီးနောက်ကြွက်ခေါင်းခွံကို အားစိုက်ပြီးသုံးလေးချက်ခုတ်ချလိုက်သည်။
အတော်ကြာအားစိုက်ခုတ်ပိုင်းပြီးမှဦးခေါင်းခွံကိုခွဲနိုင်ခဲ့၏။သူကမီးခိုးရောင်ဦးနှောက်များကို ပန်းကန်လုံးကြီးထဲသို့သွန်ထည့်ပြီး "အမျိုးအမည်ခွဲခြားအစွမ်း" ဖြင့်စစ်ဆေးလိုက်သည်။စစ်ဆေးမှုအရ အာနိသင်တစ်ခုသာရှိပြီး ၎င်းမှာအာရုံခံနိုင်စွမ်းကိုမြှင့်တင်ပေးခြင်းဖြစ်သည်။သို့သော်စဉ်းစားကြည့်လျှင်အံ့သြစရာတော့မရှိ။ အကြောင်းမှာ အာရုံခံနိုင်စွမ်းက ဦးနှောက်နှင့်တိုက်ရိုက်သက်ဆိုင်ပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် လုံးဝမပတ်သတ်သောကြောင့်ပင်။
လော်ယွမ်က ကျန်သည့်အသားများကို တစ်ခုချင်းစီ လှီးဖြတ်ဆေးကြောကာ ဇလုံကြီးတစ်လုံးထဲ အပြည့်ထည့်လိုက်သည်။
ပြီးနောက်ဂက်စ်မီးဖိုကိုဖွင့်ကာ အိုးတစ်လုံးထဲရေထည့်ပြီး တည်လိုက်သည်။
သူကအသားများကို ချက်ပြုတ်လိုက်လျှင်အာနိသင်များ ပျက်စီးသွားမည်စိုးသဖြင့်အကုန်လုံးအိုးထဲတန်းမထည့်ပဲ အသားတစ်ဖတ်ကို လှီးဖြတ်ကာ ရေနွေးအိုးထဲထည့်လိုက်သည်။ချက်ပြုတ်ပြီးနောက်အမျိုးအမည်ခွဲခြားအစွမ်းဖြင့်စစ်ဆေးရာ အမှန်ပင်ကွဲပြားမှုများရှိနေ၏။
၎င်းကခန္ဓာကိုယ်ကိုသန်မာစေနိုင်သေးသော်လည်း ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲရန်အခွင့်အရေးအနည်းငယ်ရှိသည့်အာနိသင်မှာမူ ပျောက်ဆုံးသွားခဲ့သည်။
"ဒါဆိုငါအစိမ်းစားရမှာလား" လော်ယွမ်အနည်းငယ်တုံ့ဆိုင်းသွားသည်။
အသား၊ငါးများ ချက်ပြုတ်စားသောက်ခြင်းဖြင့်အသားကျနေသူတစ်ယောက်အတွက်ယခုလို သွေးသံသရဲရဲအသားစိမ်းကိုစားရန်မှာ အလွန်ခက်ခဲသည်။
သို့သော်တစ်စက္ကန့်ပင်မကြာလိုက်၊သူ၏တုံ့ဆိုင်းမှုက ဆင့်ကဲပြောင်းလဲခြင်း၏ ဆွဲဆောင်မှုအောက်တွင်ယိုင်နဲ့နေသောတဲအိမ်ကဲ့သို့ ပြိုလဲသွားလေသည်။ ဆင့်ကဲပြောင်းလဲဖို့မျှော်လင့်ချက်အတွက်အနည်းငယ်စိတ်မသက်သာဖြစ်မှုကိုပဲ သည်းခံရမည်ဆိုလျှင်မည်သူမျှငြင်းဆန်မည်မဟုတ်ပေ။
သို့သော်အမှန်တကယ်ပါးစပ်ထဲသို့ထည့်လိုက်သောအခါပျို့အန်ချင်စိတ်များ ချက်ချင်းဖြစ်ပေါ်လာသည်။ ကြွက်အသားကို ဆေးကြောထားပြီး အလွှာများအဖြစ်လှီးဖြတ်ထားသော်လည်း ထိုပင်ကိုတုံ့ပြန်မှုကို မည်သို့မျှဖိနှိပ်၍မရပေ။
အတန်ကြာမှသူကတဖြည်းဖြည်း အသားကျလာသည်။
သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပူနွေးလာပြီး ထိုခံစားမှုမှာ အရေအသွေးမှတ်များထည့်စဉ်ကနှင့်တူသော်လည်း အနည်းငယ်အားနည်း၏။
လော်ယွမ်ကအလွန်ဝမ်းသာသွားပြီး အသားစိမ်းလွှာများကို ဆက်လက်စားသုံးလိုက်သည်။
သူအသားစိမ်းလွှာ၂ပန်းကန်အပြည့်ကို ဗိုက်ထဲထပ်ထည့်၍မရတော့သည်အထိ စားသော်လည်း မည်သည့်ပြောင်းလဲမှုမှမခံစားရပေ။
"စောသေးလို့လဲဖြစ်ရင်ဖြစ်မှာ" သူက ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ပြီး ပူနွေးသောခံစားချက်ပျောက်သွားသည်အထိ စောင့်ဆိုင်းလိုက်သည်။စိတ်အားတိုးဆေးသောက်ရသလို တက်ကြွနေသည်မှလွဲ၍ မည်သည့်ထူးခြားမှုမှမခံစားရပေ။
လော်ယွမ်ကအရေအသွေးပြဇယားကိုဖွင့်ပြီး သေချာစစ်ဆေးကြည့်ရာ လုံးဝပြောင်းလဲမှုမရှိသည်ကို တွေ့လိုက်ရသည်။ဆင်ကဲပြောင်းလဲမှုမရှိရုံတင်မဟုတ်ပဲ သူ့အရည်အသွေးမှတ်များပင်တိုးတက်ခြင်းမရှိပေ။
"ငါပဲကံအရမ်းဆိုးနေတာလား...စားတာပဲမလုံလောက်လို့လားမသိဘူး"
ထိုသို့အခြေအနေမျိုးဖြင့်ကြုံရသည့်အတွက်အနည်းငယ်စိတ်ပျက်မိသော်လည်း အရှိတရားကို လက်ခံရုံသာရှိတော့သည်။
ပြီးနောက်သူကလက်ကျန်အသားများကို ပုပ်သိုးမသွားအောင်ဆားဖြင့်နယ်ပြီး စိမ်ထားလိုက်သည်။
အားလုံးပြီး၍ အချိန်ကို ကြည့်လိုက်ရာ ညဆယ့်နှစ်နာရီပင်ထိုးနေပြီဖြစ်သည်။
သို့သော်သူက လုံးဝအိပ်ချင်စိတ်မရှိပေ။ နောက်ဆုံးတွင်မတတ်နိုင်ပဲ ကျန်းမာတောက်ကိုထုတ်ကာ ဧည့်ခန်း၌တစ်ညလုံး ဓားသိုင်းလေ့ကျင့်နေလိုက်ရသည်။
နောက်တစ်နေ့နံနက်တွင်လော်ယွမ်က လက်ကျန်ဦးနှောက်များကို စွပ်ပြုတ်လုပ်ပြီး နံနက်စာအဖြစ်စားသုံးလိုက်သည်။
မနေ့ကဆားနယ်ထားသည့်အသားအချို့ကိုလည်း အကြွတ်ကြော်လိုက်သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ပုပ်သိုးလွယ်ခြင်းမရှိသည့်အပြင်ရိက္ခာခြောက်အဖြစ်လည်း အသုံးပြုနိုင်သည်။
သူကအသားစိမ်းကို သည်းခံနိုင်သော်လည်း ဆားနယ်ထားသည့်အသားစိမ်းကိုမူ သည်းမခံနိုင်ပေ။ ထိုချောကျိကျိ ငန်ကျိကျိ အရသာကို စဉ်းစားရုံဖြင့်ပင်အန်ချင်စိတ်ပေါက်မိသည်။မနေ့ညက ဆင့်ကဲမပြောင်းလဲသည့်အတွက်ယနေ့အစိမ်း ဆက်စားလျှင်လည်း အချည်းအနှီးသာပင်။မိမိဗိုက်ကို အရင်ဖြည့်လိုက်ခြင်းက ပို၍ကောင်းသည်။
ကြွက်သားများကို ဆီဖြင့်ကြော်ပြီးသောအခါမွှေးကြိုင်သောအနံ့က မီးဖိုချောင်တစ်ခုလုံး ဖုံးလွှမ်းသွား၏။ ထိုအနံ့ကလူကို ဗိုက်ဆာစေပြီး မနက်စာအဝစားထားသည့်လော်ယွမ်ပင်မခံနိုင်ပဲ အနည်းငယ်ထပ်စားလိုက်ရသည်။လော်ယွမ်က ဆားနယ်ထားရုံသာဖြစ်ပြီး သူ့လက်ရာမှာ သာမန်သာဖြစ်သော်လည်း ၎င်းကသူ့ကို နောက်တစ်ကြိမ်အဝအတင်း စားစေခဲ့သည်။
လော်ယွမ်ကထွက်ခွာရန်ပြင်ဆင်နေခြင်းဖြစ်သည်။သူ့တွင်ကားအဆင်သင့်ရှိပြီး ထိုကားမှာ ၉၀ရာခိုင်နှုန်းအသစ်ဖြစ်သော ပါကျဲရိုးဂျစ်ကားတစ်စီးဖြစ်၏။ယခင်ကဆိုလျှင်ထိုကားမျိုးအတွက်ယွမ်သုံးလေးသိန်းသုံးရမည်ဖြစ်သော်လည်း ယခုတွင်တော့ တိုင်ကီထဲရှိဆီ၈လီတာအပါအဝင်စားနပ်ရိက္ခာပေါင်နှစ်ရာဖြင့်သာ ဝယ်ယူရရှိခဲ့သည်။လော်ယွမ်သာဈေးစစ်လိုလျှင်ထို့ထက်ပင်ပိုသက်သာနိုင်သေးသည်။ယခုအခါလောင်စာဆီများကို ထိန်းချုပ်ထားသောကြောင့်ကားများမှာ သာမန်သတ္တုသာသာဖြစ်နေပြီး သိမ်းထားလျှင်ဂိုထောင်ထဲ နေရာယူသည်မှလွဲ၍ အခြားဘာအကျိုးမှမရှိချေ။
အစကလော်ယွမ်ချက်ချင်းထွက်ခွာဖို့ အစီအစဉ်မရှိသော်လည်း မနေ့ကကိစ္စက အလွန်ကြီးမားသဖြင့်အခြေအနေငြိမ်သက်သည်အထိ ရှောင်တိမ်းရန်လိုအပ်သည်။သူ့အကြောင်းသိသူ များများစားစားမရှိသော်လည်း အမှန်တကယ်ရှာချင်ပါက အလွယ်တကူ သိနိုင်ပေသည်။အစိုးရနှင့်စစ်တပ်၏လုပ်နိုင်စွမ်းအား လုံးဝအထင်မသေးသလို သူ့မျှော်လင့်ချက်ကိုလည်း အခြားသူများတွင်ပုံအပ်မထားပေ။
စစ်တပ်ဆိုသည်မှာ အမြဲတစေ တရားဝင်အကြမ်းဖက်အဖွဲ့အစည်းတစ်ခုသာဖြစ်၏။သူတို့နှင့်ယှဉ်၍အစာလုရဲပါက အဖမ်းခံရလျှင်ရိုက်နှက်နှိပ်စက်ခံရခြင်းပင်အသေးအဖွဲ့ဖြစ်ပြီး ကံမကောင်းလျှင်အသက်ပါဆုံးရှုံးရနိုင်သည်။ယခုလိုဥပဒေမဲ့အခြေအနေတွင်သူတို့ကိုရန်သွားစမိပါက ကိုယ့်ရဲ့လုံခြုံရေးကို မည်သူမျှအာမခံပေးနိုင်မည်မဟုတ်ပေ။
လော်ယွမ်ကကြော်ထားသောအသားများကို ဧည့်ခန်းတွင်အအေးခံလိုက်သည်။ ပြီးနောက်ပလတ်စတစ်အိပ်ကြီးတစ်ခုထဲသို့ထည့်ကာ ကြိုးဖြင့် တင်းတင်းကြပ်ကြပ်ချည်နှောင်လိုက်သည်။
ထိုအချိန်တွင်အိမ်တံခါးအပြင်ဘက်မှခြေသံတစ်ခုကိုကြားလိုက်သဖြင့်သူ့လှုပ်ရှားမှုများ ခတ္တရပ်တန့်သွား၏။
"ဘယ်သူလဲ" လော်ယွမ်က စမ်းသပ်မေးမြန်းလိုက်သည်။
"ဦးလေး...ဟိုလေ" တုံ့ဆိုင်းနေသောအသံတစ်ခုက တံခါးအပြင်မှထွက်လာသည်။
လော်ယွမ်သက်ပြင်းချလိုက်ပြီး အိမ်တံခါးမကိုဖွင့်လိုက်သည်။
၁၃နှစ်၁၄နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးက တံခါးဝတွင်မဝံ့မရဲရပ်နေပြီး လက်ချောင်းများဖြင့်အင်္ကျီစကိုပွတ်ချေနေကာ မျက်နှာမှာလည်း နီရဲနေ၏။
ပြောရမည်ဆိုလျှင်သူတို့၂ဦးက အိမ်နီးချင်းများဖြစ်ပြီး စတုတ္ထထပ်တွင်အတူနေထိုင်ကြသည်။သို့သော်မြို့ပြအိမ်နီးချင်းဆက်ဆံရေးမှာ အစကတည်းက အေးစစက်လှသည်။လော်ယွမ်လည်း ထိုကောင်မလေးကို မျက်မှန်းတန်းမိရုံသာရှိပြီး သူမ၏နာမည်ပင်သေချာမသိပေ။
သူအစက ထိုကောင်မလေး မေးမြန်းစရာရှိသည်ဟုထင်မိလိုက်သော်လည်း ချက်ချင်းပင်အကြောင်းအရင်းကို သဘောပေါက်လိုက်သည်။အကြောင်းမှာ တောင့်ခံရန်အလွန်ခက်ခဲသော အသားကြော်နံ့ပင်။သူမ၏ပါးနှစ်ဖက်မှာ ယခင်ကထက်ပိန်နေသည်ကိုကြည့်ပြီး လော်ယွမ်ကသနားစိတ်ဖြင့်ညင်သာစွာပြောလိုက်သည်။ "နင်ကမျက်နှာချင်းဆိုင်အခန်းကမလား...နင့်နာမည်ကိုတောင်ငါမသိသေးဘူး"
"ဦးလေး..သမီးနာမည်က ဝမ်ရှီရှီပါ"
"နင်မနက်စာမစားရသေးဘူးမလား...အထဲဝင်ခဲ့လေ" လော်ယွမ်ကဆိုသည်။
ထိုကောင်မလေးမှာအလွန်ရှက်ရွှံ့နေ၏။ နာမည်ပြောပြီးသည်နှင့်သူမ၏မျက်နှာတစ်ခုလုံး နီရဲသွားကာ ခတ္တတုံ့ဆိုင်းပြီးနောက်အထဲဝင်ရောက်လာသည်။သူမက အခန်းကိုစပ်စုစွာဖြင့် ကြည့်လိုက်ပြီး ခေါင်းကိုအလျှင်အမြန်ငုံ့လိုက်ကာ အလွန်ထိတ်လန့်နေဟန်ရှိသည်။
လော်ယွမ်က ပလက်စတစ်အိပ်ကိုဖြည်ပြီး ပန်းကန်တစ်ချပ်ယူကာ အသားကြော်များ အပြည့်ထည့်လိုက်သည်။ပြီးနောက်မီးပျက်နေသောရေခဲသတ္တာထဲမှ နွားနို့တစ်ဘူးကိုရှာဖွေကာ စားပွဲပေါ်တွင်ချထားပေးပြီး မေးလိုက်သည်။ "နင့်အဖေနဲ့အမေရော"
သူမကအသားတစ်တုံးကိုတူဖြင့်ညှပ်ကာပါးစပ်ထဲအလျင်အမြန်ထည့်လိုက်ပြီး အနည်းငယ်ဝါးပြီးနောက်အမြန်မျိုချလိုက်ကာ မပီမသ ပြန်ပြောသည်။ "ဖေဖေကဆိုက်ထဲသွားတယ်...မေမေလည်းလိုက်သွားတယယ်...သူတို့ညမှပြန်လာမှာ"
"ဆောက်လုပ်ရေးဆိုက်လား" ထိုအခါမှအိမ်ယာထိပ်တွင်အလုပ်ခေါ်စာကပ်ထားသည်ကို မြင်မိကြောင်း လော်ယွမ်မှတ်မိလိုက်၏။ ပြည်နယ်အစိုးရက အလွန်ကြီးမားသော အဆောက်အဦးပရော့ဂျက်တစ်ခု တည်ဆောက်နေဟန်တူသည်။
ထိုခလေးမလေးက အသားတုံးများအား ပါးစပ်ထဲ အတင်းထိုးထည့်နေသည်ကို ကြည့်ရင်း လော်ယွမ်အနည်းငယ်ရယ်ချင်သွားသည်။ "ဖြည်းဖြည်းစား...နွားနို့တစ်ငုံသောက်လိုက်ဦး...ဒါနဲ့နင့်အမေကဘာလို့နင့်ကိုမခေါ်သွားတာလဲ"
"မေမေကပြောတယ်...အဲ့မှာအရမ်းအန္တရာယ်များတယ်တဲ့သမီးကိုအိမ်မှာပဲနေခဲ့တဲ့" လော်ယွမ်ကစကားပြောရလွယ်ကူသည်ကို သိသောအခါဝမ်ရှီရှီအနည်းငယ်ပွင့်လင်းလာသည်။သူမကရဲရဲတင်းတင်းပြောလိုက်ပြီး ချက်ချင်းပင်လော်ယွမ်ကို အထိတ်တလန့်ဖြင့်ကြည့်ကာ "ဦးလေး...သမီးဘာလို့တစ်ကိုယ်လုံးပူလာတာလဲမသိဘူး"
(Eng လိုဆို I feel so hot တဲ့အဓိပ္ပါယယ်ကိုသိကြမယ်ထင်တယ်)
လော်ယွမ်မှာအံ့သြသွားပြီး နားကြားမှားသည်ဟုထင်လိုက်သည်။ထိုသို့သောအရိပ်အမြွက်စကားက ၁၄နှစ်အရွယ်မိန်းကလေးပြောသင့်သောစကားမဟုတ်ပေ။ သို့သော်မကြာမီမှာပင်တခုခုမှားနေကြောင်း တွေ့ရှိလိုက်သည်။သူမ၏မျက်နှာမှာ သွေးလိုနီရဲနေရုံသာမက လက်ပြတ်ဝတ်ထား၍ပေါ်ထွက်နေသော သူမ၏ လက်မောင်းများမှာလည်း နီရဲနေ၏။
ခဏအကြာတွင်သူမ၏နှာခေါင်းမှသွေးများထွက်လာပြီး စားပွဲပေါ်သို့တတောက်တောက်ကျလာသည်။
ဝမ်ရှီရှီကသွေးစက်များကိုကြည့်ရင်း ကြောင်ငေးသွားပြီး ချက်ချင်းသူမ၏နှခေါင်းအောက်ကို သုတ်လိုက်သည်။သူမ၏လက်တွင်သွေးများပေကျံနေသည်ကိုမြင်သောအခါအလွန်ထိတ်လန့်တုံလှုပ်သွားပြီး ဝါးတူနှင့်အသားပန်းကန်ကို တွန်းဖယ်ကာ ကျယ်လောင်စွာငိုကျွေးတော့သည်။ "ဦးလေးသမီးကိုမသတ်ပါနဲ့...အဟင့်...အဟင့်...သမီးလောဘမကြီးတော့ပါဘူး...သမီး...သမီးကအပျိုပဲရှိသေးတာပါ...သမီးဘာပဲဖြစ်ဖြစ်လုပ်ပေးပါ့မယ်"
ယခုခေတ်ခလေးများမှာ ငယ်စဉ်ကတည်းက မိဘများဖုန်းပေးထားမှုကြောင့်အင်တာနက်နှင့်စောစောထိတွေ့ဆက်ဆံခဲ့ရာ သိသင့်သည်များရော မသိသင့်သည်များရော အကုန်သိကြသည်။
ထိုကောင်မလေးအထင်မှားသည်မှလည်း အဆန်းတော့မဟုတ်။တစ်စုံတစ်ခုစားမိပြီး တစ်ကိုယ်လုံးပူလာကာ နှခေါင်းသွေးပါလျှံလာခြင်းကြောင့်မည်သည့်သာမန်လူမဆို ပုံမှန်မဟုတ်သည်ကို ခံစားမိကြမည်သာပင်။
လော်ယွမ်လည်းခေါင်းကိုက်သွားပြီး သေချာဂရုမစိုက်မိသည့်အတွက်ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်သည်။
ဂျင်ဆင်းဆေးမြစ်စားလျှင်ပင်အာနိသင်လွန်ကဲမှုမဖြစ်စေရန်အတွက်သေချာဂရုစိုက်ဖို့လိုအပ်သည်။အပြာနုရောင်အဆင့်ရှိသော သတ္တဝါ၏အသားက ဂျင်ဆင်းထက်အစများစွာအာနိသင်ပိုပြင်းပြီး လူခန္ဓာကိုယ်က တိုက်ရိုက်စုပ်ယူနိုင်သော တက်ကြွစွမ်းအင်များလည်း အလျှံအပယ်ပါဝင်နေသည်။လူသားတို့ရောက်နိုင်သည့်အမြင့်ဆုံးနီးပါး ခန္ဓာကိုယ်ရှိသည့် လော်ယွမ်ပင်လျှင်စားပြီးနောက်တစ်ကိုယ်လုံးပူနွေးလာသေးသည်။
ထိုမိန်းကလေးငယ်၏ ခန္ဓာကိုယ်မှာ သာမန်လူတစ်ဦးကိုပင်မမီသေးရာ ရလဒ်ကို စဉ်းစားကြည့်ရုံနှင့်ပင်သိနိုင်၏။ထိုစွမ်းအင်က ညင်သာပြီး အလွန်အမင်းပြင်းထန်မှုမရှိသောကြောင့်သာသော်သေးသည်။မဟုတ်လျှင် နှာခေါင်းသွေးလျှံရုံမျှနှင့် ပြီးမည်မဟုတ်ပေ။
"တော်ပြီ...မငိုနဲ့တော့"လော်ယွမ်ကစိတ်မရှည်စွာဖြင့်လေသံမာမာပြောလိုက်သည်။
ဝမ်ရှီရှီမှာလန့်ဖျပ်သွားပြီး့ချက်ချင်းအငိုရပ်ကာ တစ်ရှုံရှုံဖြင့်ရှိုက်နေတော့သည်။
"ခေါင်းကိုမော့ပြီး...ခုံကိုမှီထားလိုက်"
"ခုဘယ်လိုနေလဲ"
"အရမ်းပူသေးတယ်"ဝမ်ရှီရှီက မဝံ့မရဲ ပြန်ဖြေသည်။
"မတ်တပ်မထနဲ့အဲ့တိုင်းပဲထိုင်နေ ဟုတ်ပြီလား" လော်ယွမ်ကပြတ်သားစွာပြောလိုက်သည်။
"သမီးလိမ္မာပါ့မယ်...တစ်ချက်မှမလှုပ်ပါဘူး" ဝမ်ရှီရှီမှာ အလွန်ထိတ်လန့်နေပြီး သူမ၏တုံယင်နေသော လက်ကိုပင်ဘယ်မှာထားရမှန်းမသိပဲ ထိုင်ခုံတွင်ထိုင်နေရင်း အာမခံလိုက်သည်။
လော်ယွမ်ကရေချိုးခန်းထဲမှတဘက်တစ်ထည်ကို ယူကာရေစွတ်လိုက်ပြီး ဧည့်ခန်းသို့ပြန်လာခဲ့သည်။ ဝမ်ရှီရှီမှာ ခေါင်းမော့လျက်ထိုင်ခုံတွင်မလှုပ်မယှက်ထိုင်နေဆဲဖြစ်သည်။သူကရှေ့သို့သွားပြီး ရေစွတ်ထားသောတဘက်အား သူမ၏နှဖူးပေါ်တွင်တင်ပေးလိုက်သည်။
"ခဏနေရင်ကောင်းသွားလိမ့်မယ်...နင်ကတော့ငယ်ငယ်လေးနဲ့ဘာတွေတွေးနေမှန်းမသိဘူး...ငါခဏနေအပြင်သွားတော့မှာ...နင်အခန်းအရင်ပြန်တော့ ဟုတ်ပြီလား"
"ဟုတ်ဦးလေး" ဝမ်ရှီရှီလည်း သူမအထင်လွဲသွားမှန်းနားလည်လိုက်သဖြင့်အနည်းငယ်ရှက်ရွှံ့သောမျက်နှာဖြင့်ရေစွတ်ထားသည့်တဘက်ကိုကိုင်ရင်း "ဒါဆိုသမီးသွားပြီနော်ဦးလေး"
ထိုသို့ပြောနေသော်လည်း သူမ၏မျက်ရည်အပြည့်နှင့်မျက်လုံးများက မကုန်သေးတော့အသားကြော်ပန်းကန်ကို ခိုးကြည့်နေသည်။
"နင်စားချင်ရင်အကုန်ယူသွား...ဒါပေမဲ့ဒီနေ့ထပ်မစားနဲ့တော့နော်မဟုတ်ရင်နှခေါင်းသွေးထပ်လျှံနေမယ်"လော်ယွမ်ကကြည့်ရင်း စိတ်မရှည်စွာဆိုလိုက်သည်။
"ကျေးဇူးပါနော်ဦးလေး" ဝမ်ရှီရှီမှာ ချက်ချင်းပင်ရွှင်လန်းတက်ကြွသွားပြီး မျက်နှာတွင်လည်း အပြုံးများဖြင့်ဝေဆာသွားတော့သည်။
ဆက်ရန်...