အခန်း (၂၅-၂၈)
Vol. 2 Ch. 25-28
အပိုင်း(၂၅)အင်းစက်အုပ်
လော်ယွမ်ကကျင်းယွဲ့အိမ်ယာမှကားကိုမောင်း၍ထွက်လာခဲ့သည်။လမ်းပေါ်တွင်အတော်ရှင်းလင်းနေပြီး ကားအနည်းငယ်သာရှိ၏။
ကားကိုခဏမောင်းနှင်ပြီးနောက်တွင်လော်ယွမ်ကအနည်းငယ်အိပ်ငိုက်လာသလို ခံစားလိုက်ရ၏။ သူအစကသိပ်အရေးမစိုက်မိပေ။ မနေ့ညက တစ်ညလုံးမအိပ်ထားတဲ့အတွက်အိပ်ငိုက်နေခြင်းဖြစ်မည်ဟု ထင်မြင်လိုက်သည်။
သို့သော်သိပ်မကြာခင်မှာပင်တစ်ခုခုမှား
နေမှန်း သူသတိထားမိလိုက်၏။
သူ၏ပတ်ဝန်းကျင်ကဆူညံသွားလိုက်တိတ်ဆိတ်သွားလိုက် ဖြစ်နေပြီး တစ်ခါတစ်ရံဆိုလျှင်လုံးဝတိတ်ဆိတ်သွား
၏။ သူ့အမြင်အာရုံမှာလည်း ပုံရိပ်များနှစ်ထပ်ဖြစ်ကာ ဝေဝါးလာသည်။
လော်ယွမ်ကကားကိုချက်ချင်း ဘရိတ်အုပ်ပြီး လမ်းဘေးသို့ချကာရပ်လိုက်သည်။
သူကမျက်နှာကိုအားဖြင့်ပွတ်သပ်လိုက်ပြီး လန်းသွားအောင်လုပ်လိုက်သော်လည်း အခြေအနေက ပို၍သာဆိုးရွားလာသည်။သူ့စိတ်ထဲတွင် ခြင်များအုပ်လိုက်တဝီဝီဖြင့်ပျံသန်းနေသကဲ့သို့ခံစားနေရပြီး ခေါင်းမှာလည်း ပေါက်ထွက်လုမတတ်ကိုက်ခဲလာသည်။ "ဘာဖြစ်တာလဲဟ...ဒါမျိုးတစ်ခါမှမဖြစ်ဖူးပါဘူး"
သူကအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကားထိုင်ခုံကိုမှီချကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်။
ကံကောင်းစွာနှင့်ပင်မိနစ်အနည်းငယ်ကြာပြီးနောက်သူမြင်ကြားနေရသော အရာများက တဖြည်းဖြည်း ပျောက်ကွယ်
သွားလေသည်။
ပြီးနောက်သာယာချမ်းမြေ့ဖွယ်ကောင်းသည့်ခံစားမှုတစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာသည်။လော်ယွမ်ကမျက်လုံးကိုမှိတ်ချလိုက်ပြီး ၎င်းကိုငြိမ်ငြိမ်လေးခံစားကြည့်လိုက်သည်။စိတ်ကထင်နေလို့ပဲလား အတတ်မပြောနိုင်သော်လည်း သူကပါတ်ဝန်းကျင်ကိုအနည်းငယ်ခံစားမိနေ၏။ သူ့မျက်လုံးများမှိတ်ထားလျက်နှင့်ပင်အရာဝတ္ထုများ၏တည်နေရာကို ရှာဖွေနိုင်စွမ်းရှိနေသည်။
လော်ယွမ်ကရုတ်တရက်လက်ကိုလှမ်းလိုက်ပြီး ကားအတွင်းမှတစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်သည်။သူမျက်လုံးဖွင့်ကြည့်သောအခါမျက်နှာတွင်အံ့သြမှုများနှင့် ပြည့်နှက်သွားတော့၏။
ထိုအရာမှာ ကား၏ထောင့်တစ်နေရာတွင်လွှင့်ပစ်ထားသော လက်တစ်ဝါးအရွယ်မစ်ကီမောက်စ်အရုပ်လေးဖြစ်သည်။
ကားထဲတွင်ဤသို့သော မစ်ကီမောက်စ်အရုပ်လေး ရှိနေသည်ကို သူအရင်က သတိမထားသည်မှာ သေချာ၏။ ထို့ပြင်သူမျက်လုံးမှိတ်လိုက်တုံးကလည်း ပုံမှန်အတိုင်း အမှောင်ထုမှလွဲ၍ဘာမှမမြင်ရပေ။ သို့သော်သူ့စိတ်ထဲတွင်တစ်နည်းနည်းဖြင့်ထိုနေရာတွင်တစ်စုံတစ်ခုရှိနေသည်ကို သိရှိနေကာ ပုံသဏ္ဌာန်အကြမ်းဖျင်းကိုပင်ခံစားမိသည်။
ထိုဖြစ်စဉ်မှာ အကြောင်းပြချက်မရှိ ရှင်းလင်းချက်မရှိပဲ သာမန်အသိတရားကိုပင်လုံးဝ ကျော်လွန်နေပေသည်။
သူကထပ်ခါထပ်ခါစမ်းသတ်လိုက်ပြီး အသုံးအဆောင်ပစ္စည်းများထည့်ထားသော သတ္တာထဲမှပစ္စည်းအချို့ကို ထုတ်ယူကြည့်လိုက်၏။ ၎င်းတို့မှာ မဂ္ဂဇင်းတစ်စောင်၊တစ်ခါသုံးခွက်၊အဖော်တစ်ဘူး တို့ဖြစ်သည်။ သူအရင်က ထိုအရာများလုံးဝမမြင်ဖူးသည့်အပြင်ပစ္စည်းသတ္တာကိုလည်းပိတ်ထားခဲ့သည်။သို့သော်ထိုအဖြစ်ကသူ၏အာရုံခံနိုင်စွမ်းကိုမတားဆီးနိုင်ပဲ သတ္တာတစ်ခုလုံးကိုဖောက်ထွင်းမြင်နေရသကဲ့သို့ရှိနေသည်။
ထိုဖြစ်စဉ်ကတိုက်ဆိုင်ခြင်းကြောင့်မဟုတ်ပဲ တစ်ကယ့်အစွမ်းတစ်ခုမှန်းသိ
လိုက်ရသောအခါသူအလွန်အံ့သြဝမ်းသာသွားလေသည်။ထိုစွမ်းရည်၏အစွမ်းထက်ပုံကို သူသေချာနားလည်သည်။နောင်တွင်တစ်စုံတစ်ယောက်က သူ့ကိုအလစ်ဝင်တိုက်ပါက လှည့်ကြည့်စရာပင်မလိုပဲ ခံစားမိမည်ဖြစ်၏။မနေ့ကသာထိုအစွမ်းမျိုးရှိပါက ကြွက်အုပ်ထဲကို တစ်ယောက်ထဲပင်ဝင်တိုက်ရဲ၏။ ထိုအစွမ်းကသူ့သတ်ဖြတ်စွမ်းရည်ကို တိုက်ရိုက်မတိုးတက်စေသော်လည်း ၎င်းကစက်ပစ္စည်း၌ထည့်ရသော ချောဆီကဲ့သို့တိုက်ပွဲတွင်ရော ရှင်သန်ရေးတွင်ရော အထောက်အကူပြုနိုင်သည်။
၁၀မိနစ်ကျော်ခန့်အကြာတွင်သူ့စိတ်ကလုံးဝ ကြည်လင်သွားပြီး အနည်းငယ်ပင်လန်းဆန်းသွားလေသည်။
ထိုစဉ်စနစ်၏သတိပေးချက်က ခေါင်းထဲ၌ ပေါ်လာ၏။
ဒင် -အာရုံခံနိုင်စွမ်း +၁
"လက်စသတ်တော့အာရုံခံနိုင်စွမ်းတိုးသွားတာကိုး...ငါကဆင့်ကဲပြောင်းလဲပြီထင်နေတာ...ကြည့်ရတာငါကြွက်ဘုရင်ရဲ့ဦးနှောက်စားလိုက်လို့နေမယ်...သူ့အာနိသင်ကအဲ့လောက်ပြင်းမယ်လို့မထင်ထားဘူး...စနစ်မှာအမှတ်ပေါင်းထည့်လို့ ခံစားရတဲ့နွေးထွေးမှုနဲ့ယှဉ်ရင် ဒီနည်းကကြမ်းတမ်းပြီးအန္တရာယ်တော်တော်များတယ်...ငါနောက်ခါအဲ့လိုစားမယ်ဆိုသတိထားမှဖြစ်မယ်"
"ဒါပေမဲ့ငါ့သက်လုံနဲ့ခွန်အားအမှတ်က မပြောင်းလဲဘူးပဲ...ကြည့်ရတာအပြာနုရောင်သတ္တဝါက စွမ်းရည်တွေကို ၁၁မှတ်မတိုင်ခင်ထိပဲ တိုးပေးနိုင်တဲ့ပုံပဲ...၁၁မှတ်ထက်မြင့်တဲ့စွမ်းရည်တွေအတွက်သူ့အာနိသင်ကလုံလောက်တဲ့ပုံမပေါ်ဘူး" လော်ယွမ်ကစိတ်ထဲမှတိတ်တဆိတ်သုံးသပ်နေမိသည်။
"ဒါပေမဲ့စွမ်းရည်မှတ်တစ်မှတ်အလကားရလိုက်တာတော့မျှော်လင့်မထားတဲ့အံ့သြစရာဖြစ်ရပ်လို့ဆိုရမယ်"သူကအနည်းငယ်စိတ်ပျက်မိလိုက်သော်လည်း စိတ်ကိုပြန်လည်တည်ငြိမ်လိုက်ပြီး ထိုထူးခြားသည့်စွမ်းရည်နှင့်ရင်းနီးအောင်စတင်လေ့လာတော့သည်။
တွက်ချက်မှုအရဆိုလျင်အာရုံခံနိုင်စွမ်း ဧရိယာမှာ ၉ပေပတ်လည်ရှိပြီး ထိုဧရိယာအတွင်းဝင်လာသည့်အရာမှန်သမျှသူ့၏အာရုံမှမလွတ်ကင်းနိုင်ပေ။ သို့သော်ထိုဧရိယာကိုကျော်သွားပါက အာရုံခံနိုင်မှုအားနည်းသွားပြီး သာမန်လူတစ်ဦးကဲ့သို့ ပြန်ဖြစ်သွားသည်။
တစ်ကယ်တော့လူတိုင်းတွင်အာရုံခံနိုင်စွမ်းရှိ၏။ ဥပမာလူအုပ်ထဲမှတစ်စုံတစ်ယောက်က သင့်ကိုစိုက်ကြည့်နေလျှင်စိတ်ထဲတွင်နေရခက်ကာ ထိုလူကိုပြန်ကြည့်မိတတ်သည်။သို့မဟုတ်လူတစ်ယောက်က သင့်နောက်တွင်ရပ်နေပါက စိတ်ထဲတွင်မသက်မသာခံစားရပြီး နောက်တွင်တစ်စုံတစ်ယောက်ရှိနေသည်ဟု ထင်မှတ်မိတတ်သည်။ထိုအရာအားလုံးက အာရုံခံနိုင်စွမ်းများဖြစ်ပြီး သာမန်လူများ၏အာရုံခံနိုင်စွမ်းမှာ အလွန်အားနည်းသဖြင့်သတိမထားမိကြခြင်းဖြစ်သည်။
လော်ယွမ်ကခဏအနားယူပြီးနောက်ခရီးပြန်ဆက်လိုက်သည်။ မြို့ပြင်အနီးရှိအဝေးပြေးလမ်းမပေါ်သို့ရောက်သောအခါကားများအနည်းငယ်ပိုများလာ၏။ သို့သော်၎င်းတို့မှာအိမ်စီးကားများမဟုတ်ကြပဲ ကုန်အပြည့်တင်ထားသော စစ်ဘက်သုံးထရပ်ကားကြီးများဖြစ်၏။ထိုထရပ်ကားကြီးများမှာ လူတစ်ရပ်ကျော်မြင့်သော ဘီးကြီးများဖြင့်ဘေးမှတစ်စီးပြီးတစ်စီးဖြတ်သွားကြသည်။လော်ယွမ်၏အိမ်စီးကားမှာ ထိုထရပ်ကားကြီးများ၏အလေးချိန်ကြောင့်အနည်းငယ်ပင်ခါယမ်းသွားသည်။
လော်ယွမ်ကရေဒီယိုကိုဖွင့်လိုက်ရာ ဖမ်းမိသောလိုင်းများမှာ အနည်းငယ်သာရှိလေသည်။သူရှာဖွေကြည့်သော်လည်း အားလုံးက သတင်းလိုင်းများသာဖြစ်နေပြီး ဖျော်ဖြေရေးလိုင်းများမှာ အစောထဲက ပိတ်သွားဟန်ရှိသည်။
"...…တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည်အရှေ့တရုတ်ပင်လယ်ရေပိုင်နက်အတွင်းရှိ ပင်လယ်သတ္တဝါဆန်းကြီးကိစ္စနှင့်ပတ်သက်၍အရေးပေါ်စစ်ဘက်ဆိုင်ရာအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ပြီး အရှေ့တောင်ဘက်ကမ်းရိုးတန်းရှိ စစ်စခန်းများအားလုံးကို အဆင့်တစ်စစ်ဆင်ရေးအသင့်အနေအထားသို့တိုးမြှင့်လိုက်ပါသည်"
"နိုင်ငံတော်စစ်ဆင်ရေး ယာယီအရေးပေါ်ကော်မတီသည် အန္တရာယ်အဆင့်ကို ထပ်မံတိုးမြှင့်လိုက်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေသော ဇီဝကပ်ဘေးက လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်မှုအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ပြည်သူလူထုအနေဖြင့်စိတ်တည်ငြိမ်စွာထားရှိပြီး စည်းလုံးညီညွတ်ကြရန်ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။ဗဟိုပြည်သူ့အစိုးရအနေဖြင့်နိုင်ငံအတွင်းတည်ငြိမ်မှုကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ပြီး အခြေခံထုတ်ကုန်လုပ်ငန်းများကို ပြန်လည်စတင်သွားမည်ဖြစ်ပါသည်…"
"ဘရာဇီးလ်နိုင်ငံ၏ စီးပွားရေးမြို့တော်ဆာပေါ်လိုမြို့သည်လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ပြီး လူဦးရေတစ်သန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်စဉ်အသက်ဆုံးရှုံးခဲ့ကြရသည်။ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများအား ဝင်ရောက်ကူညီပေးရန်တောင်းဆိုထားသည်။သတင်းများအရ ယခုဖြစ်ပွားနေသော သားရဲအုပ်၏သတ္တဝါအများစုမှာ အတားအဆီးမရှိတိုးပွားလာနေသော အမေဇုန်ဒေသမှလာရောက်ခြင်းဖြစ်ပြီး အချို့သောသတ္တဝါများတွင်မျိုးရိုးဗီဇပြောင်းလဲမှုလက္ခဏာများကို ထင်ရှားစွာတွေ့မြင်နေရကြောင်း သိရှိရပါသည်"
"ဥရောပသမဂ္ဂ၏ဒုတိယဥက္ကဋ္ဌအီလော့စ်စီးနင်းလိုက်ပါလာသော ကိုယ်ပိုင်လေယာဉ်မှာ ပျံသန်းနေသောငှက်များနှင့် တိုက်မိပြီး ဆွစ်ဇာလန်နိုင်ငံတွင်ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်တွင်လိုက်ပါလာသော ဝန်ထမ်းစုစုပေါင်း ၁၈ ဦးစလုံး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း သိရှိရပါသည်"
လော်ယွမ်က တည်ငြိမ်စွာနားထောင်နေပြီး ရေသန့်ဘူးတစ်ဘူးပင်ထုတ်ယူပြီး တစ်ငုံမော့သောက်လိုက်၏။အခြေအနေမှာ ပိုဆိုးနိုင်စရာ မရှိတော့သည့်အတွက်ဘယ်လောက်ပဲမယုံနိုင်စရာကောင်းသည့်သတင်းဖြစ်ဖြစ်သူကအံ့သြခြင်းမဖြစ်မိတော့ပေ။
လော်ယွမ်က စတီယာရင်ကို ကိုင်ထားရင်း ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်သည်။
ဤတစ်ခေါက်က သူအလောတကြီးထွက်လာခြင်း
ဖြစ်ပြီး သေချာပြင်ဆင်မထားသဖြင့်သွားရမည့်နေရာကိုပင်မဆုံးဖြတ်ရသေးပေ။
ထိုသို့အတွေးထဲအာရုံရောက်နေစဉ်တွင်မည်သည့်အချိန်ကဖြစ်သွားမှန်းမသိပဲ ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားကာ မိုးတိမ်မည်းများ ဖုံးလွှမ်းသွားသည့်အလားပင်ထင်ရ၏။ ခွက်ထည့်အံထဲရှိ ရေသန့်ဘူးမှာယိမ်းထိုးနေပြီး ရေလှိုင်းများထနေလေသည်။
ကားဆက်မောင်းလာရင်း သူရုတ်တရက်ရင်ထဲတွင်ထိတ်ကနဲ ဖြစ်သွားပြီး ဖော်ပြ၍မရသော စိုးရိမ်ကြောက်လန့်စိတ်က ချက်ချင်းဖြစ်ပေါ်လာ၏။ သူ့ကိုယ်ပေါ်ရှိမွှေးညှင်းများထောင်ထလာပြီး နှလုံးခုန်သံမှာ အလွန်ပြင်းထန်ကာ ရင်ဘက်ထဲမှပင်ခုန်ထွက်တော့မည့်အလားဖြစ်နေသည်။
ခဏအကြာတွင်လေကြောင်းကာကွယ်ရေးအချက်ပေးဥသြသံက တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သည်။ ထိုအသံမျိုးတစ်ခါမှမကြားဖူးသည့်လော်ယွမ်မှာ မည်သည့်စကားလုံးများနှင့် ဖော်ပြရမည်ကိုပင်မသိပေ။ ၎င်းမှာအရာအားလုံးကို ထိုးဖောက်နိုင်သည့်အလား စိတ်ဓာတ်ခိုင်မာသူရော အားနည်းသူရော၏ နှလုံးသားများကို တိုက်ရိုက်ဖောက်ဝင်သွားသည်။
လော်ယွမ်ကအမှတ်တမဲ့ကောင်းကင်ကို မော့ကြည့်လိုက်၏။တစ်ချက်ကြည့်ရုံနှင့် သူ၏ခန္ဓာကိုယ်ရေခဲတိုက်ထဲရောက်သွားသလိုခံစားလိုက်ရသည်။
ဧရာမအစိမ်းရောင်လူမျက်နှာကြီးတစ်ခု ကောင်းကင်တွင်ပေါ်ထွက်လာသည်။
လူမျက်နှာကြီးမှာ အလွန်ဝေးသောကြောင့်အရွယ်အစားကိုအတိအကျမှန်း၍မရသလို မည်သည့်အချိန်ကပေါ်ထွက်လာမှန်းလည်းသူမသိပေ။
ထိုမျက်နှာကြီးကအနည်းငယ်ဝေဝါးနေပြီး အစစ်အမှန်မဟုတ်ဟု ခံစားရသည်။သို့သော်၎င်းက ယောက်ျားတစ်ဦး၏မျက်နှာဆိုသည်ကိုတော့မှန်းဆနိုင်၏။ပိုပြီးထိတ်လန့်ဖို့ကောင်းသည်မှာ ထိုမျက်နှာကြီး၏ အမူအရားများက ပြောင်းလဲနေခြင်းပင်ဖြစ်သည်။တစ်ခါတစ်ရံ ဒေါသထွက်လိုက်၊တစ်ခါတစ်ရံ ရယ်မောလိုက်၊တစ်ခါတစ်ရံ ဝမ်းမြောက်လိုက်၊တစ်ခါတစ်ရံတွင်မူ ဝမ်းနည်းလိုက်ဖြင့် ဖြစ်နေသည်။
ညည်းညူသံလိုမျိုး အသံတစ်ခုက အဝေးမှထွက်ပေါ်လာပြီး ပို၍ပို၍ကျယ်လောင်လာသည်။အစပိုင်းတွင်ခပ်တိုးတိုးသာကြားရပြီး ယခုတွင်တော့ခေါင်းလောင်းကြီးတစ်ခုတီးခတ်လိုက်သည့်အလား တစ်လောကလုံးကိုဖုံးလွှမ်းသွားကာ ဥသြဆွဲသံကိုပင်လွှမ်းမိုးသွားလေသည်။
ထိုကျယ်လောင်သောအသံလှိုင်းက လော်ယယွမ့်ကိုယ်ထဲက သွေးများကိုပင်တုန်ခါစေသည်။ခဏအကြာတွင်ခေါင်းမူးပြီး ပျို့အန်ချင်လာ၏။
လူမျက်နှာကြီးမှာပိုပိုကြီးလာပြီး မျက်နှာအမူအရာမှာလည်း ပိုဝါးလာသည်။သူနောက်ဆုံးတွင်သေချာမြင်လိုက်ရသည်မှာ သတ္တဝါတစ်ကောင်မဟုတ်ပဲ အစိမ်းရောင်အစက်များ စုပေါင်းထားခြင်းဖြစ်လေသည်။
အင်အားကြီးရန်သူကို ခြိမ်းခြောက်နိုင်ရန်အတွက် ဤကဲ့သို့အပြုအမူမျိုး လုပ်တတ်သော သတ္တဝါများ ကမ္ဘာပေါ်တွင်များစွာရှိသည်။ဥပမာ ငါးအုပ်ကြီးက အတူတကွစုဝေး၍ ငါးကြီးအဖြစ်ဟန်ဆောင်တတ်ကြပြီး ပိုးဖလံအချို့ကအများအပြား စုဝေးသည့်အခါထူးဆန်းသော ပုံရိပ်ကို ဖန်တီးတတ်ကြသည်။
လူသားတို့မှာ အစာကွင်းဆက်၏ထိပ်ဆုံးတွင်ရှိပြီး အခြားသတ္တဝါများဖြင့်ယှဉ်လျှင်အပြတ်အသတ်သာလွန်သော အားသာချက်ရှိသောကြောင့်အခြားသတ္တဝါများတုပရန်အကောင်းဆုံးပစ်မှတ်ဖြစ်သည်။
ထိုစဉ်ရှေ့မှကုန်တင်ထရပ်ကားတစ်စီးမှာ လမ်းအကာအရံကို ဝင်တိုက်သွားပြီး ဘေးသို့လဲကျသွားကာ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။ထရပ်ကားကြီး၏အလေးချိန်နှင့်အရှိန်ကအလွန်များသောကြောင့်လမ်းဘေးကွန်ကရစ်ကို တရွတ်တိုက်ပွတ်ဆွဲသွားရာ လေးပေခန့်ရှိသော မီးပွားတန်းကြီးတစ်ခု ဖြစ်ပေါ်သွား၏။ ထိုအဖြစ်ကိုကြည့်ရင်း လော်ယွမ်ရုတ်တရက်သဘောပေါက်လိုက်သည်။
လာနေသည်မှာ မည်သည့်အရာပင်ဖြစ်စေ သူဤနေရာတွင်ဆက်နေလို့လုံးဝမဖြစ်ပေ။
မဟုတ်လျှင်အသက်ဆုံးရှုံးနိုင်ချေရှိသည်။
သူကစတီယာရင်ကိုအမြန်လှည့်ပြီး လီဗာကိုစောင့်နင်းကာ လာလမ်းအတိုင်း ပြန်မောင်းသွားလိုက်သည်။ ကားမှာ မီးခိုးမည်းများထွက်လာပြီး ဒေါသကြီးသောနွားသိုးတစ်ကောင်ကဲ့သို့လမ်းမပေါ်တွင်ပြေးလွှားနေသည်။
သူအနောက်ကိုလှည့်ကြည့်လိုက်ရာ လူမျက်နှာကြီးမှာ အနည်းငယ်ပိုကြီးလာဟန်ရှိသည်။ ၎င်းကအလွန်မြန်ဆန်သောနှုန်းဖြင့်ရွေ့လျားနေပြီး လော်ယွမ်မိုင်ကုန်မောင်းနေတာတောင်အကွာအဝေးမှာ ဝေးသွားခြင်းမရှိပေ။
လော်ယွမ်၏မျက်နှာတွင်စိုးရိမ်စိတ်များ ပြည့်သွားသည်။သူကဘေးဘယ်ညာကို ကြည့်လိုက်ပြီး အနီးဆုံးရှိ အစိုးရအဆောက်အဦးတစ်ခုစီသို့ဦးတည်လိုက်သည်။
ထိုအဆောက်အဦး၏လုံခြုံရေးအစောင့်များမှာ ရုံးအတွင်း၌ဝင်ပုန်းနေကြဟန်ရှိပြီး ရုံးဝန်းတံခါးမှာ အသေပိတ်ထား၏။ လော်ယွမ်ကစိတ်ကတည်ငြိမ်အောင်ထားပြီး ကားကို အရှိန်တင်လိုက်သည်။သူက.ကားရပ်ရန်စိတ်ကူးမရှိပေ။
ကျယ်လောင်သော "အုန်း" ဟူသည့်အသံနှင့်အတူ ဝန်းတံခါးက ပွင့်သွားလေသည်။
လော်ယွမ်ကအတွင်းသို့ဆက်လက်မောင်းဝင်လိုက်ပြီး ရုံးအဆောက်အအုံရှေ့တွင်ရပ်လိုက်သည်။
ထိုအချိန်တွင်သူက ခရီးဆောင်အိပ်ကိုဂရုမစိုက်နိုင်တော့ပဲ ကျန်းမာတောက်ဓားကိုဆွဲကိုင်ကာ ကားပေါ်မှခုန်ဆင်းလိုက်သည်။
ရုံး၏မှန်တံခါးကိုအတွင်းမှသော့ခတ်ထားပြီး ဝန်ထမ်း၂၀ကျော်ခန့်ကခန်းမထဲတွင်ရပ်ကာ အပြင်ဘက်သို့ထိတ်လန့်တကြားကြည့်နေကြသည်။လူူတစ်ယောက်ပြေးလာသည်ကို မြင်သောအခါ အထဲမှလူများက သတိဖြင့် ကြည့်လိုက်ကြသည်။
ထိုလူများထဲမှဝန်းထမ်းမတစ်ဦး၏ မျက်နှာတွင်ရုတ်တရက်ဝမ်းသာရိပ်များ ပေါ်ထွက်လာသည်။သူမကလုံခြုံရေးကိုအနည်းငယ်ပြောဆိုလိုက်ရာ ခဏအကြာတွင်တံခါးပွင့်သွားလေသည်။
လော်ယွမ်ကသက်ပြင်းချလိုက်ပြီး ခန်းမထဲသို့ အမြန်ဝင်လိုက်သည်။
"ရှောင်ယွမ်...ရှင်ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ" မီးခိုးရောင်ဖျော့ဖျော့ရုံးဝတ်စုံနှင့်မိန်းမပျိုတစ်ဦးက မယုံနိုင်သောအမူအရာဖြင့်ဆိုလိုက်သည်။
လော်ယွမ်လည်းအနည်းငယ်အံ့သြသွားပြီး လှည့်ကြည့်ကာ "အမဟွမ်က ကောက်တန်မြို့ကရဲမဟုတ်ဘူးလား...ဘယ်လိုလုပ်ဒီမှာအလုပ်ဝင်လုပ်နေတာလဲ"
ထိုမိန်းမပျိုမှာ အခြားသူမဟုတ်ဟွမ်ကျားဟွေပင်ဖြစ်၏။ကောက်တန်မြို့တွင်ချန်ဝေ့ချန်းကိုသွားရှာတုံးက လော်ယွမ်သူမနှင့်သိကျွမ်းဖူးခဲ့ပြီး နောက်ပိုင်းတွင်အဆက်အသွယ်မရှိတော့ပေ။
"အိမ်ကကျွန်မကိုအစထဲက ရဲလုပ်တာမကြိုက်ဘူးလေ...ပြီးတော့ဟိုမှာသေဘေးကြုံခဲ့ရတော့အရမ်းထိတ်လန့်နေတာနဲ့အလုပ်ထွက်လိုက်တာ" ဟွမ်ကျားဟွေကရယ်မောရင်း ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်လိုက်သည်။ "ဒါပေမဲ့အခုရုံးကိုတော်တော်များများအလုပ်မဆင်းကြတော့ဒီမှာအေးဆေးနေတယ်...ကြည့်ရတာသိပ်မကြာခင်ကျွန်မ တစ်ခြားဌာနကိုပြောင်းရမယ့်ပုံပဲ"
ဟွမ်ကျားဟွေကပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း နောက်ခံကောင်းကောင်းမရှိပဲ ထိုသို့ဌာနပြောင်းချင်တိုင်းပြောင်း၍မရမှန်း လော်ယွမ်သိသည်။
"မင်းတို့နောက်မှအလွမ်းသယ်ကြဦး...ဒါနဲ့မင်းအပြင်ကလာတာဆိုတော့...အဲ့ကောင်းကင်ကလူမျက်နှာကြီးကဘာလဲဆိုတာသိလား" ခေါင်းဆောင်တစ်ဦးဖြစ်ဟန်တူသော ဗိုက်ပူပူနှင့် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ဦးက လျှောက်လာပြီး စိုးရိမ်တကြီးမေးလိုက်သည်။
"ရှောင်ယွမ်...ဒါကညွှန်ကြားရေးမှုးစွန်း" ဟွမ်ကျားဟွေကအလျင်အမြန်မိတ်ဆက်ပေးလိုက်သည်။
"အဲ့ကိစ္စနောက်မှပြောမယ်"အပြင်ဘက်မှအသံပိုကျယ်လာသည်ကိုခံစားမိသောကြောင့်လော်ယွမ်က သူ့ကိုအမြန်တားလိုက်သည်။
ညွှန်ကြားရေးမှုးစွန်း၏မျက်နှာမှာ ချက်ချင်းပင်အနည်းငယ်ပျက်ယွင်းသွား၏။
လော်ယွမ်ကမှန်တံခါးနားလျှောက်သွားပြီး လက်ဖြင့်ကပ်ကြည့်ရာ လက်မှာအနည်းငယ်တုံခါသွားသည်။မှန်တံခါးမှာ ပြင်းထန်သောကြိမ်နှုန်းဖြင့်တုန်ခါနေပြီး အခြေအနေမှာ ထင်ထားသည်ထက်ပင်ပိုဆိုးနေသည်။သူကနောက်လှည့်ပြီး ဟွမ်ကျားဟွေကိုပြောလိုက်သည် "ဒီမှာစိတ်မချရဘူး...မှန်တံခါးကအချိန်မရွေးကွဲသွားနိုင်တယ်"
"ဒါကနည်းနည်းပိုတယ်လို့မထင်ဘူးလား အဲ့မှန်ကကျည်ကာမှန်တွေကို ဘယ်လိုလုပ်ကွဲမှာလဲ" ညွှန်ကြားရေးမှုးစွန်းက ဖြတ်ပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့်အလွန်ကြီးမားသော အစိမ်းရောင်အင်းစက်တစ်ကောင်က ရုံးရှေ့လှေကားထစ်ပေါ်သို့လျှပ်စီးကဲ့သို့ကျဆင်းလာသည်။
ညွှန်ကြားရေးမှုးစွန်းက လန့်ဖျပ်သွားပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
ထိုပိုးကောင်မှာလွန်းပျံယာဉ်ပုံစံရှည်လမျောရှိကာ တစ်ကိုယ်လုံးကို ချောမွေ့သောအရိုးခွံဖြင့်ဖုံးကာထားပြီး နောက်ခြေထောက်၂စုံမှာ ဓားတစ်ချောင်းကဲ့သို့ချွန်ထက်နေ၏။ ရှေ့ခြေထောက်၂ခုမှာရင်ဘက်ရှေ့တွင်ကျုံ့ဝင်နေပြီး ၎င်းတို့ကိုသိပ်မမြင်ရသော်လည်း လော်ယွမ့်အမြင်တွင်မူ ပို၍အန္တရာယ်များဟန်ရှိသည်။
ထို၃ပေကျော်ရှိသည့်ပိုးကောင်မှာ ဗိသုကာလက်ရာတစ်ခုကဲ့သို့ ထူးခြားသော အလှတရားများဖြင့် ပြည့်နှက်နေသည်။ထိုပိုးကောင်သာတိုက်ခိုက်ပါက မည်မျှအစွမ်းထက်မည်ကို လော်ယွမ်မတွေးဝံ့ပေ။
ထိုအချိန်တွင် ၎င်းကမည်သူ့ကိုမှဂရုမစိုက်ပဲ အိန္ဒြေရရလျှောက်လာပြီး သူ၏ယင်ကောင်မျက်လုံးကဲ့သို့ပြွတ်သိပ်နေသော မျက်လုံးနှစ်ခုက ကြောက်လန့်နေသည့်လူအုပ်ကိုရောင်ပြန်ဟပ်နေသည်။သူကညစာစားဖို့ပြင်နေသည့် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပန်းကန်ထဲမှအရသာရှိသောအစားအစားများကို အလျင်မလိုသည့်ဟန်ဖြင့် ကြည့်ရှုနေသည်။
ထိုစဉ်ကောင်းကင်မှပိုးကောင်များ ထပ်မံကျဆင်းလာပြီး လှေကားထစ်ပေါ်တွင်ဆင်းသက်လိုက်ကြသည်။မကြာခင်မှာပင်လှေကားထစ်တစ်ခုလုံး ပိုးကောင်များဖြင့် ပြည့်ကျပ်သွား၏။
အပြင်ဘက်မှတဝီဝီအသံများ ကျယ်သထက်ကျယ်လာပြီး မှန်များမှာအနည်းငယ်ခါယမ်းလာကာ ပိုပိုပြီး ပြင်းထန်လာသည်။မှန်တံခါးတစ်ခုလုံးမှဂျစ်ဂျစ်ဟူသောအသံများလည်းထွက်ပေါ်နေ၏။ ရုတ်တရက်ထောက်ဟူသောအသံနှင့်အတူ အက်ရာအသေးလေးတစ်ခုက မှန်တံခါးတွင်ပေါ်လာသည်။ထို့နောက်အက်ရာများပိုများလာပြီး ပင်ကူအိမ်ကဲ့သို့ပတ်လည်ကို ပျံနှံ့သွားတော့သည်။
"အား...ကယ်ကြပါ"
"ပြေးကြ"
နောက်ဆုံးမျှော်လင့်ချက်ပျက်စီးသွားသည့်အလား လူအုပ်မှာ ဖရိုဖရဲဖြစ်သွားပြီး လေးဘက်လေးတန်သို့ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။
"ရှောင်ယွမ်...ကယ်ပါဦး" ဟွမ်ကျားဟွေက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
"ငါ့နောက်ကလိုက်ခဲ့"လော်ယွမ်က ဟိန်းဟောက်လိုက်သည်။သူကဟွမ်ကျားဟွေလက်ကို သွားဆွဲရဲပေ။ အရင်တစ်ခေါက်က အကြောက်လွန်ပြီး သူ့ကို အတင်းချုပ်ထားဖူးသဖြင့်သူသင်ခန်းစာရနေပြီဖြစ်သည်။
ဟွမ်ကျားဟွေကလော်ယွမ်နောက်ကို အမြန်ပြေးလိုက်ပြီး သူမ၏ဘေးတွင်ညွှန်ကြားရေးမှုးစွန်းနှင့်လူလေးယောက်လည်း လိုက်ပါလာသည်။
"အလုံပိတ်ခန်းဘယ်မှာရှိလဲ" လော်ယွမ်ကပြေးနေရင်း ကျယ်လောင်စွာအော်မေးလိုက်သည်။
"ကျွန်မ..မသိဘူး" ဟွမ်ကျားဟွေကခေါင်းကို စိုးရိမ်တကြီးခါရမ်းလိုက်၏။သူမကဤရုံးတွင်အလုပ်လုပ်နေသည်မှာ မကြာသေး၍ သိပ်မရင်းနှီးသေးပေ။ ထို့ပြင်စိတ်ထဲမှလည်း အလွန်ကြောက်လန့်နေရာ ယခုအချိန်တွင်မည်သို့မျှမှတ်မိနိုင်တော့မည်မဟုတ်ပေ။
"စတုတ္ထထပ်...အဲ့မှာအလုံပိတ်အခန်းကျဉ်းတစ်ခန်းရှိတယ်"အနည်းငယ်ချစ်ဖို့ကောင်းသောအမူအရာနှင့် မိန်းကလေးတစ်ဦးက ဆိုလိုက်သည်။
လော်ယွမ်လှေကားထစ်ဘက်သို့ပြေးသွားသည်ကိုမြင်သောအခါညွှန်ကြားရေးမှုးစွန်းကသတိပေးလိုက်သည်။"ဓာတ်လှေကားစီးသွားရင်မကောင်းဘူးလား...ဒီဘက်မှာမီးအမြဲလာတယ်"
"အချိန်မရှိဘူး...ဓာတ်လှေကားထဲမှာဆို ဖြစ်သွားနိုင်တာတွေအရမ်းများတယ်...ပြီးတော့လူအများစုကလည်း ဓာတ်လှေကားစီးဖို့ပဲစဉ်းစားကြမှာ...အဲ့လိုဆိုကျုပ်တို့ပိုကြာသွားလိမ့်မယ်"လော်ယွမ်ကရှင်းပြလိုက်သည်။
ညွှန်ကြားရေးမှုးစွန်းကစဉ်းစားကြည့်ရာ ဟုတ်မှန်ကြောင်းတွေ့ရ၏။လူတွေအကုန်လုံးဓာတ်လှေကားနှစ်ခုထဲ တိုးဝင်မည်ဆိုလျှင်တံခါးပင်ပိတ်နိုင်ဖို့မသေချာပေ။
ထိုစဉ်အပြင်ဘက်မှမှန်ကွဲသံနှင့်အတူ သေနတ်သံများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
လော်ယွမ်ရင်ထိပ်သွားပြီး လှေကားစီသို့အမြန်ပြေးကာ ပထမထပ်သို့တက်လိုက်သည်။ဒါတောင်အခြားသူများ လိုက်မမီမည်စိုးသဖြင့်အရှိန်ကို တမင်လျှော့ချထားခြင်းဖြစ်သည်။
အပြင်မှကြောက်လန့်တကြားအော်ဟစ်သံများနှင့် အကူအညီတောင်းသံတို့က သူတို့အဖွဲ့ကို စတုတ္ထထပ်ဆီသို့အသက်လုပြေးစေခဲ့သည်။
ညွှန်ကြားရေးမှုးစွန်းမှာ ဟောဟဲလိုက်အောင်မောဟိုက်နေ၏။ နှစ်အတော်ကြာအောင်အရက်နှင့်မိန်းမလိုက်စားခဲ့သောကြောင့်သူ့ခန္ဓာကိုယ်က စောစောကတည်းက ပျက်စီးနေပြီဖြစ်သည်။သာမန်နေ့များတွင်ပင်ခြေလှမ်းအနည်းငယ်ပိုလျှောက်ရုံမျှနှင့်မောပန်းတက်ရာ ယခုလို လှေကားထစ်ကိုပြေးတက်ရခြင်းကား ဆိုဖွယ်ရာမရှိပေ။ ဒုတိယထပ်ကျော်သည်နှင့်သူကအနောက်တွင်ကျန်ရစ်ခဲ့တော့သည်။
"ညွှန်ကြားရေးမှုးစွန်း...ကျွန်တော်တွဲပေးမယ်"လူငယ်တစ်ဦးက နောက်သို့လှည့်ကြည့်လိုက်ပြီး ချက်ချင်း ရပ်တန့်လိုက်ကာ ညွှန်ကြားရေးမှူးစွန်းကို တွဲပေးရင်း နောင်တရသော အမူအရာဖြင့်ဆိုလိုက်သည်။
"တော်တယ်တော်တယ်...ရှောင်ရှန်းမင်းကလူကောင်းတစ်ယောက်ပဲ...ငါမင်းကိုအမြင်မမှားခဲ့ဘူး" ညွှန်ကြားရေးမှုးစွန်းကလူငယ်၏ပုခုံးကိုပုတ်ရင်း မောဟိုက်စွာ ဆိုသည်။
ရှောင်ရှန်းဟုခေါ်သောလူငယ်၏မျက်နှာတွင်ဝမ်းသာရိပ်များပြည့်သွားပြီး ညွှန်ကြားရေးမှုးစွန်းကို အပေါ်ထပ်တို့အားကုန်တွဲမပေးတော့သည်။
ထိုစဉ်တတိယထပ်မှမှန်ပြတင်းပေါက်တစ်ခုက ရုတ်တရက်ကွဲသွားပြီး မှန်ကွဲစများက မိုးစက်များကဲ့သို့လှေကားထစ်တစ်လျှောက်ကျဆင်းလာသည်။
ညွှန်ကြားရေးမှုးစွန်းက မှန်ကွဲစပေါ်တက်နင်းမိပြီး ခန္ဓာကိုယ်ယိုင်ထိုးသွားကာ မြေပြင်ပေါ်သို့ဝုန်းကနဲ ထိုင်ချလိုက်သည်။ ပြီးနောက်သူက ဓာတ်လိုက်သွားသည့်အလား ခုန်ထလိုက်၏။သူ့၏တင်ပါးတွင်မှန်ကွဲစများ စိုက်ဝင်နေပြီး သွေးများဖြင့်နီရဲနေသည်။
"ညွှန်ကြားရေးမှုးစွန်း...ရရဲ့လား" ရှောင်ရှန်းမှာ ရယ်ချင်စိတ်ကိုမြိုသိပ်ထားရသဖြင့်မျက်နှာမှာ ရှုံ့မဲ့နေ၏။
ညွှန်ကြားရေးမှုးစွန်းက နာကျင်သောမျက်နှာဖြင့်လက်ခါပြရင်း "ဒီပြတင်းပေါက်မှန်တွေအချိန်မရွေး ကွဲလို့ရတာကို...အခုမှတိုက်တိုက်ဆိုင်ဆိုင်လာကွဲရတယ်လို့...ငါ့ကိုမှန်ကွဲစဆွဲထုတ်ပေး...နာလိုက်တာသေမတတ်ပဲ"
ရှောင်ရှန်းကအတော်ကြီးမားသော မှန်ကွဲစတစ်ခုကိုဆွဲထုတ်လိုက်ရာ ညွှန်ကြားရေးမှုးစွန်းမှာ နာကျင်စွာအော်ဟစ်လိုက်လေသည်။"ညွှန်ကြားရေးမှုးစွန်း အရင်ဒီကသွားရအောင်ကျန်တဲ့မှန်ကွဲစလေးတွေနောက်မှထုတ်တာပေါ့"
ရှောင်ရှန်းကအပေါ်ကကွဲနေသည့်မှန်ပြတင်းပေါက်ကိုကြည့်ရင်း ပိုးကောင်တစ်ကောင်အချိန်မရွေးခုန်ဝင်လာမည်ကို စိုးရိမ်နေသည်။ထိုသို့ပြောပြီးနောက် ညွှန်ကြားရေးမှူးစွန်း မကျေမနပ်ဖြစ်မည်စိုးသဖြင့်သူက ထပ်မံရှင်းပြလိုက်သည်။ "ဒီမှာဆေးလည်းမရှိ ဆရာဝန်လည်းမရှိဆိုတော့တစ်ခုခုဖြစ်သွားရင်ပိုဆိုးမှာစိုးလို့"
"အဲ့တာဟုတ်တယ်"ညွှန်ကြားရေးမှုးစွန်းလည်းယခုက အချိန်ကောင်းမဟုတ်ကြောင်းသိသည့်အပြင်ကျန်သူများကလည်း တော်တော်ဝေးဝေးသို့ရောက်သွားကြောင်း သတိရမိလိုက်၍စိတ်ထဲမှထိပ်လန့်လာသည်။ "ငါတို့အမြန်သွားရအောင်"
ထိုစဉ်မည်သူမျှသတိမပြုမိလိုက်ဘဲ ပိုးကောင်ကြီးတစ်ကောင်မှာ ပြတင်းပေါက်မှ တိတ်တဆိတ်ဝင်လာပြီး ကြမ်းပြင်ပေါ်သို့ ညင်သာစွာဆင်းသက်လိုက်လေတော့သည်။
ဆက်ရန်...
အပိုင်း(၂၆)ပိတ်မိခြင်း
"အလုံပိတ်ခန်းကဘယ်မှာလဲ" စတုတ္ထထပ်ကို တက်လာပြီးနောက်လော်ယွမ်က အသံကျယ်ကျယ်ဖြင့်မေးလိုက်သည်။
"ရှေ့ဆိုရောက်ပြီ စြင်္ကံအတိုင်းလျှောက်သွားလိုက်...သန့်စင်ခန်းနားမှာ" ချစ်ဖို့ကောင်းသောမိန်းကလေးက အသက်ကိုလုရှုနေရင်း ပြောလိုက်သည်။သူမက ယခုချက်ချင်း ကြမ်းပြင်ပေါ် လှဲချလိုက်ချင်စိတ်ကို မနည်းထိန်းချုပ်နေရသည်။
နောက်ထပ် ပေ၂၀၀ခန့်ပြေးပြီးနောက်သူတို့အဖွဲ့က အလုံပိတ်အခန်းလေးတစ်ခုရှေ့တွင်ရပ်လိုက်ကြသည်။
"ကျွန်မတို့မှာသော့မရှိဘူး" ဟွမ်ကျားဟွေကအနည်းငယ်စိတ်ပျက်သွား၏။
"မလိုဘူး" လော်ယွမ်ကမာကျောသည့်သစ်သားတံခါးကိုကြည့်ပြီး ပုခုံးကိုနှိမ့်ကာ အရှိန်ဖြင့်တိုက်ချလိုက်သည်။
"ဝုန်း" တံခါးကအရှိန်ပြင်းပြင်းဖြင့်ပွင့်ထွက်သွားသည်။
တံခါးပွင့်သည်နှင့်သူတို့အဖွဲ့က အခန်းထဲကို အမြန်ဝင်လိုက်ကြသည်။အခန်းမှာ စတုရန်းပေ၅၀၊ ၆၀ခန့်သာကျယ်ဝန်းပြီး စာသင်ခန်းလေးတစ်ခုကဲ့သို့ ပြင်ဆင်ထားသည်။ လော်ယွမ်ကဘေးဘီကို ဝေ့ကြည့်လိုက်ပြီး စားပွဲအချို့ကိုယူကာ ဝင်ပေါက်ကိုပိတ်ထားလိုက်၏။ထိုအခါအခန်းက ချက်ချင်းပင်မှောင်ကျသွားတော့သည်။
ဟွမ်ကျားဟွေကအခန်းမီးနှင့် လေစုပ်ပန်ကာကို အမြန်ဖွင့်လိုက်ပြီး ပင်ပမ်းနွမ်းနယ်နေသောမျက်နှာဖြင့်ခုံတစ်လုံးပေါ်တွင်ထိုင်ချလိုက်သည်။
"မောလိုက်တာ...ဘာလို့ညွှန်ကြားရေးမှုးစွန်းနဲ့ရှောင်ရှန်းတို့မရောက်သေးတာလဲ...ချန်ချန်နင်နောက်ဆုံးကလိုက်လာတာမလား...သူတို့ကိုတွေ့လိုက်သေးလား" ယခုမှအခန်းထဲတွင်လူနှစ်ယောက်လျော့နေသည်ကို သူမသတိပြုမိတော့သည်။
"သူတို့နောက်မှာကျန်ခဲ့တာ...ညွှန်ကြားရေးမှုးစွန်းနဲ့ရှန်းရှိုတို့အတူတူလာကြတာ...သူတို့ခဏနေဒီကိုရောက်လာမှာပါ"ချောင်ချန်ချန်က ခေတ္တစဉ်းစားပြီး ပြောလိုက်သည်။
"ရှန်းရှိုကတော့ဘယ်လိုဖားရမလဲဆိုတာသိတယ်...ဒီလိုအချိန်မှာတောင်မမေ့ဘူး" ရှပ်အင်္ကျီကွက်ကျားနှင့်လူငယ်တစ်ယောက်က နှုတ်ခမ်းမဲ့ကာ မထီမဲ့မြင်ပြောလိုက်သည်။
"ကျောက်ထင်းမင်အဲ့လိုသူများကိုမကောင်းမပြောနဲ့လေ နင်လဲသူ့လိုဖားချင်ရင်ဖားလို့ရတာပဲ" ချောင်ချန်ချန်က ကျောက်ထင်းမင်၏လှောင်ပြောင်မှုကို သည်းမခံနိုင်ပဲ ချက်ချင်းခွန်းတုံ့ပြန်လိုက်၏။
"နင်တို့နှစ်ယောက်တော်ကြတော့...ပိုးကောင်တွေဒီကိုရောက်လာဦးမယ်"ဟွမ်ကျားဟွေက ခပ်တိုးတိုး မာန်လိုက်သည်။
ကျောက်ထင်းမင်နှင့်ချောင်ချန်ချန်တို့က လန့်ဖျပ်သွားပြီး ချက်ချင်းပါးစပ်ကို ပိတ်လိုက်ကြသည်။
ထိုစဉ်အပြင်ဘက်မှ "ဒေါက်...ဒေါက်"ဟူသောခြေသံထွက်ပေါ်လာ၏။
ထိုအသံကိုကြားသောအခါချောင်ချန်ချန်ကဝမ်းသာသွားပြီး ဝင်ပေါက်ကိုပိတ်ထားသည့်စားပွဲခုံများအား ရေွှ့ရန်ပြင်လိုက်သည်။
လော်ယွမ်ကချက်ချင်းသူမ၏လက်ကို ဖမ်းကိုင်ကာ "မလောနဲ့..သေချာနားထောင်..အဲ့တာလူခြေသံမဟုတ်ဘူး"
ထိုအသံက စည်းချက်မှန်ပြီး ကြည်လင်ပြတ်သားကာ တစ်စုံတစ်ယောက်က ကြမ်းပြင်ကို သံဖြင့်ခေါက်နေသကဲ့သို့ဖြစ်နေ၏။ ခေတ္တမျှနားထောင်ပြီးနောက်အားလုံး၏မျက်နှာများ ဖြူရော်သွားလေသည်။
"လောလောဆယ်ဒီမှာပဲခဏနေရအောင်အပြင်မှာပိုးကောင်စိမ်းတစ်ကောင်ပဲရှိတာ...ငါတို့လုံခြုံပါတယ်"သူအစက ဒီအခန်းမှာပဲပုန်းနေပြီး ပိုးကောင်အုပ်ထွက်သွားတဲ့ထိ စောင့်နေရန် ပြင်ထားသော်လည်း ရုတ်တရက်ခေါင်းထဲတွင်ပေါ်လာသော သတိပေးချက်ကြောင့်အစီအစဉ်ကို ပြောင်းလိုက်ရတော့သည်။
ဒင်...အဆင့် Eမစ်ရှင် - ပိုးကောင်စိမ်း၁၀ကောင်ကိုသတ်ရန်
အချိန်သတ်မှတ်ချက် - ၃ရက် (လက်ခံ/ငြင်းပယ်)
"သေစမ်း..ဒါငါ့ကိုသေလမ်းပို့နေတာပဲ"
လော်ယွမ်ကကျိန်ဆဲလိုက်သော်လည်း မစ်ရှင်ကို မဆိုင်းမတွလက်ခံလိုက်သည်။သူကအဆင့်၅သို့တက်ရန်ခြေတစ်လှမ်းသာလိုတော့သဖြင့်ဤမစ်ရှင်သာပြီးပါက ချက်ချင်းအဆင့်တက်နိုင်ဖြစ်သည်။ထိုအခါရရှိသော အရည်အသွေးမှတ်၁မှတ် သို့မဟုတ် ကျွမ်းကျင်မှတ်၅မှတ်တို့ကသူ့အစွမ်းကို နောက်တစ်ကြိမ်အကြီးအကျယ်တိုးတက်စေပေလိမ့်မည်။
ထို့အပြင်ယခုလိုအချိန်မျိုးတွင်သူမစ်ရှင်ကိုလက်မခံလည်း အန္တရာယ်လုံးဝမရှိဟု မဆိုနိုင်ပေ။ ထို့ကြောင့်မစ်ရှင်ကို ရဲရဲဝံ့ဝံ့လက်ခံလိုက်ခြင်းက ပိုကောင်းပေသည်။
ကြည်လင်ပြတ်သားသော ခြေသံက တဖြည်းဖြည်း နီးကပ်လာပြီး တံခါးဝသို့ရောက်သောအခါ ရုတ်တရက်ရပ်တန့်သွား၏။ အားလုံးကအသက်အောင့်ထားကြပြီး လှုပ်ပင်မလှုပ်ဝံ့ကြချေ။အခန်းထဲရှိလေထုက အေးခဲသွားသည့်အလားပင်။
နောက်တစ်ခဏတွင်သွားများကျိန်းသွားလောက်အောင်စူးရှသော အသံတစ်ခုက သစ်သားတံခါးပေါ်မှထွက်ပေါ်လာသည်။ထိုပိုးကောင်စိမ်းက သစ်သားတံခါးကို သူ၏ချွန်ထက်သော ခြေလက်များဖြင့်ကုတ်ခြစ်နေဟန်တူ၏။
ပိုထိတ်လန့်ဖို့ကောင်းသည်မှာ နောက်ထပ်ခြေသံတစ်ခု စြင်္ကံလမ်းမှပေါ်ထွက်လာခြင်းပင်။ပိုးကောင်စိမ်းနောက်တစ်ကောင်ရောက်လာခြင်းဖြစ်သည်။
"ရှောင်ယွမ်...ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ" ဟွမ်ကျားဟွေက စိုးရိမ်တကြီးမေးလိုက်သည်။သူမကလော်ယွမ်၏အစွမ်းအစကိုသိထားသည့်အပြင်ဤအဖွဲ့တွင်လည်း သူ့ထံတွင်သာ လက်နတ်ရှိသည်။
လော်ယွမ်ကခေတ္တစဉ်းစားပြီးနောက်ဆိုလိုက်သည်။ "ငါ့အထင်တော့ဒီသစ်သားတံခါးက ကြာကြာခံမှာမဟုတ်ဘူး...ငါတို့အဲ့အပြင်ကပိုးကောင်စိမ်း၂ကောင်ကို သတ်မှရမယ်...မဟုတ်ရင်သူတို့အထဲရောက်လာတာနဲ့ ငါတို့ထဲကတစ်ယောက်ယောက်သေမှာ သေချာတယ်"
"တံခါးမဖွင့်နဲ့...မင်းငါတို့ကိုပါသေအောင်လုပ်နေတာလား" ကျောက်ထင်းမင်က သူ့အသံကိုချက်ချင်း နှိမ့်ပြီး ခပ်တိုးတိုးဆက်ပြောသည်။ "သူတို့အထဲမဝင်နိုင်ပါဘူး...ငါတို့မှာလူတွေအများကြီးရှိတာပဲ...ပြီးတော့စားပွဲတွေထိုင်ခုံတွေနဲ့ဆို တံခါးကိုသေချာပေါက်ပိတ်ထားနိုင်တယ်"
"ဟုတ်တယ်စားပွဲတွေရေွှ့ရအောင်...အမြန်လုပ်...မဟုတ်ရင်နောက်ကျသွားမယ်"ချောင်ချန်ချန်ကအလျင်အမြန်ပြောပြီး စားပွဲရေွှ့ရန်ပြေးသွားရာ ကျောက်ထင်းမင်လည်း သူ့ကိုကူညီရန်အမြန်လိုက်သွားလိုက်သည်။
လော်ယွမ်၏စိတ်ထဲတွင်ဝေခွဲမရဖြစ်နေသည်။တစ်ဖက်တွင်သူမစ်ရှင်ပြီးဖို့အတွက်အပြင်ထွက်ပြီး ပိုးကောင်စိမ်းများကို သတ်ရန်လိုအပ်ကာ ယခုအချိန်မှာ အကောင်းဆုံးအချိန်ဖြစ်သည်။ပိုးကောင်များတစုတစည်းထဲ မဟုတ်သည်ကို အခွင့်ကောင်းယူပြီး သူတစ်ကောင်ချင်းလိုက်သတ်ကာ မစ်ရှင်ကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်သည်။သို့သော်တစ်ခြားဘက်တွင်လည်း တံခါးဖွင့်လိုက်သည်နှင့်ပိုးကောင်းစိမ်းများဝင်လာပြီး မဆိုင်သူများကိုဒဏ်ရာရစေနိုင်ကာ လူသေမှုပင် ဖြစ်သွားနိုင်မှန်းသူသိသည်။မစ်ရှင်အတွက်မဆိုင်တဲ့သူတွေကို စတေးရမည်လား...
ယခင်ငြိမ်းချမ်းနေသည့်အချိန်နှင့်ယှဉ်လျှင်လော်ယွမ်၏ခံယူချက်က အများကြီးပြောင်းလဲသွားသော်လည်း သူက ခံစားချက်မဲ့ပြီး ရက်စက်သည့်သူတစ်ယောက်တော့မဟုတ်ပေ။
"မင်းအဲ့မှာဘာရပ်လုပ်နေတာလဲ...စားပွဲခုံတွေလာရေွှ့လေ" လော်ယွမ်ဒီတိုင်းရပ်နေသည်ကိုမြင်သောအခါကျောက်ထင်းမင်က မကျေမနပ်ပြောလိုက်သည်။
လော်ယွမ်ကသူနှင့် အငြင်းမပွားချင်၍စားပွဲရေွှ့ရန်လျှောက်သွားသည်။
"ဓားကြီးလွယ်ပြီးရှိုးထုတ်ဖို့ပဲသိတယ်"လော်ယွမ်စားပွဲခုံရေွှ့နေသည်ကိုကြည့်ပြီး ကျောက်ထင်းမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။သူကတမင်တကာလုပ်သည်လား မသိသော်လည်း အဝေးဆုံးတွင်ရပ်နေသည့်ချောင်ချန်ချန်ပင် ကြားလိုက်ရသည်။
လော်ယွမ်၏မျက်နှာမှာတင်းမာသွားလေသည်။သူကချက်ချင်းရပ်လိုက်ပြီး နောက်လှည့်ကာ ကျောက်ထင်းမင်ဆီ လျှောက်သွားတော့သည်။
သူက အသေးအဖွဲ့လေးကအစ အထအနကောက်တတ်သူ မဟုတ်သော်လည်း ယခုလိုအန္တရာယ်အများဆုံးအချိန်တွင်ဤကဲ့သို့လူစားမျိုးရှိနေခြင်းက အချိန်မရွေးဒုက္ခပေးနိုင်သည့်ချိန်ကိုက်ဗုံးတစ်လုံးရှိနေသကဲ့သို့ပင်ဖြစ်သည်။
"မင်းကဘာဖြစ်ချင်လို့လဲ" ကျောက်ထင်းမင်၏အမူအရာပြောင်းသွားပြီး လေသံကိုမာလိုက်သော်လည်း စိတ်ထဲတွင်ထိတ်လန့်နေသည်။
"ရှောင်ယွမ်စိတ်လျှော့...ကျောက်ထင်းမင်...အမြန်ပြန်တောင်းပန်လိုက်"လော်ယွမ်သိုင်းပညာသင်ဖူးမှန်းဟွမ်ကျားဟွေသိထားသည်။တကယ်တမ်းရန်ဖြစ်ကြပါက ကျောက်ထင်းမင်သာ ခံရမည်ဖြစ်ပြီး ယခုအချိန်က ပဋိပက္ခဖြစ်ရန်အချိန်လည်းမဟုတ်ပေ။
"ငါကဘာလို့တောင်းပန်ရမှာလဲ...ငါဘာပြောမိလို့လဲ" ကျောက်ထင်းမင်က ခေါင်းမာစွာ ဆက်ပြောနေဆဲဖြစ်၏။
"မပူနဲ့...ငါသူ့ကိုကိစ္စတစ်ခုရှင်းပြမလို့ပါ" လော်ယွမ်က လာဖြန်ဖြေသော ဟွမ်ကျားဟွေကိုတားရင်း ခပ်အေးအေးပြောလိုက်သည်။
"မင်းသိမှမဟုတ်ဘူး...လွန်ခဲ့တဲ့၁၀ရက်လောက်က ငါ့ကိုအခုမင်းရန်စသလို လူမိုက်၇ယောက်လာရန်စတယ်...အဲ့တုံးကငါအခုလွယ်ထားတဲ့ဓားနဲ့ သူတို့ခေါင်းတွေကို တစ်ယောက်ချင်းစီ ခုတ်ဖြတ်လိုက်တယ်...မနေ့ကငါ့ကို လူတစ်ယောက်က နောက်ကနေ သေနတ်နဲ့ချောင်းပစ်လို့ငါသူ့လက်ကိုဖြတ်ပြီး ဒီဓားနဲ့ပဲ သူ့ဗိုက်ကိုထိုးမွှေလိုက်တယ်...သူ့ကလီစာတွေတောင်အပိုင်းပိုင်းပြတ်ကုန်တယ်"
"ဘယ်လိုလဲမင်းရောစမ်းကြည့်ချင်လား"
လော်ယွမ်၏အေးစက်ပြီးသတ်ဖြတ်လိုစိတ် ပြည့်နေသည့်အသံမှာ ငရဲပြည်မှလာသည့်အလား ထင်မှတ်ရသည်။ကျောက်ထင်းမင်သည်သူ၏နှလုံးသားကို တစ်စုံတစ်ယောက်က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသလို ခံစားလိုက်ရ၏။ အလွန်ပြင်းထန်သောကြောက်စိတ်ကြောင့်သူ၏ခြေထောက်များပျော့ခွေပြီး ကြမ်းပြင်ပေါ်သို့လဲကျလုမတတ်ဖြစ်သွားသည်။သူမသိလိုက်သိအချိန်မှာပင်ကြောပြင်တစ်ခုလုံး ချွေးများဖြင့်စိုရွှဲနေလေသည်။
ပုံမှန်ဆိုလျှင်ကျောက်ထင်းမင်က ဤမျှကြောက်တတ်သူမဟုတ်သော်လည်း လော်ယွမ်စကားပြောသောအခါသူ့အငွေ့အသက်ကပေါ်ထွက်လာပြီး သာမန်လူဖြစ်သည့်ကျောက်ထင်းမင်ကို ရိုက်ခတ်သွားသောကြောင့်မခံနိုင်ပဲ သတိလစ်မတတ်ဖြစ်သွားခြင်းဖြစ်သည်။
"မှတ်ထား...မင်းမှာလုံလောက်တဲ့သတ္တိနဲ့လိုက်ဖက်တဲ့အစွမ်းအစမရှိပဲ ဘယ်တော့မှသူများကိုရန်မစမိစေနဲ့ မဟုတ်ရင်မင်း ဆိုးဆိုးရွားရွားသေရလိမ့်မယ်"လော်ယွမ်က အေးစက်စွာ ဆိုသည်။
"ရှင်...ရှင်လူသတ်ဖူးတယ်ဟုတ်လား" ချောင်ချန်ချန်ကပြောပြီးသည်နှင့်ချက်ချင်းနောင်တရသွားပြီး အလွန်ထိတ်လန့်ကာ လော်ယွမ်ကိုမကြည့်ရဲတောချေ။
ဤလူများမှာ အစိုးရရုံးဝန်ထမ်းများဖြစ်ပြီး တည်ငြိမ်သည့်အလုပ်နှင့်ရိက္ခာလုံလုံလောက်လောက်ရှိနေသောကြောင့်သူတို့၏စိတ်များမှာ ယခင်အတိုင်းပင်ရှိနေသေးသည်။ယခုကပ်ဘေးဖြစ်နေသည်ကို စိတ်ထဲမှရှင်းရှင်းလင်းလင်းသိနေကြသော်လည်း တစ်ကယ်တမ်း နက်နက်ရှိုင်းရှိုင်း နားလည်မူနှင့်ခံစားမှုမျိုး မရှိကြသေးပေ။
"မြို့ထဲမှာလူတွေနေ့တိုင်းသေနေတာပဲ...သန္ဓေပြောင်းသတ္တဝါတွေလက်ချက်လား...သူများသတ်တာခံရတာလား ဘယ်သူမှဂရုမစိုက်ဘူး" လော်ယွမ်က သူမကိုတစ်ချက်ကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
ချောင်ချန်ချန်မှာအလွန်လန့်ဖျပ်ပြီး တိတ်ဆိတ်သွားကာ နောက်ထပ်စကားမစရဲတော့ပေ။
" တော်ပြီ..ချန်ချန့်ကိုမခြောက်နဲ့တော့"ဟွမ်ကျားဟွေ့ကအပြစ်တင်သလိုပြောလိုက်ပြီး ချောင်ချန်ချန်ဘက်လှည့်ကာ "သူကကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက်အဲ့လိုလုပ်တာပါ...ဥပဒေအရဆို ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်တာက တရားဝင်တယ်"
လူတစ်ယောက်ကိုအကောင်းမြင်မိပြီဆိုလျှင်ဘယ်လောက်ပဲအဆိုးတွေလုပ်လုပ်သူမ၏မျက်စိထဲမှာတော့အကောင်းဟုသာ မြင်မိနေတတ်သည်။ လော်ယွမ်ရောက်လာကတည်းက စိတ်ထဲတွင်တိတ်တဆိတ်ဝမ်းသာသွားမိသည်ကို သူမကိုယ်တိုင်ပင်သတိမပြုမိခဲ့ပေ။
ခေတ္တအကြာတွင်အပြင်ဘက်မှခြေသံများသည်တဖြည်းဖြည်း များပြားလာပြီး ပိုးကောင်မည်မျှရောက်လာသည်ကို လုံးဝ မခွဲခြားနိုင်တော့ပေ။ စြင်္ကံတစ်ခုလုံးတွင် "ဒေါက်ဒေါက်"ဟူသောအသံများဖြင့်ဆူညံနေတော့သည်။
မာကျောသည့်အခန်းတံခါးမှာ မရပ်မနားလှုပ်ခါနေပြီး ချွန်ထက်ရှည်လျားပြီး ပြောင်လက်နေသည့်ခြေတစ်ချောင်းက တံခါးကြားမှဝင်ရောက်လာသည်။
ချောင်ချန်ချန်က ကြောက်လန့်တကြားဖြင့်ပါးစပ်ကို အုပ်ထားလိုက်ပြီး မျက်ဝန်းထဲတွင်မျက်ရည်များ ဝဲတက်လာသည်။
ထိုမြင်ကွင်းကိုမြင်သောအခါလော်ယွမ်ကရှေ့ထွက်သွားပြီး တံခါးကိုအားဖြင့်ဖိတွန်းလိုက်ရာ ထိုပိုးကောင်၏ချွန်ထက်သောခြေချောင်းမှာ တံခါးနှင့်ညပ်နေတော့သည်။
ချွန်ထက်သောခြေချောင်းမှာ အတော်မာကျောပုံရပြီး တံခါးဖြင့်ညပ်နေသော်လည်း မကျိုးသွားပေ။
"မင်း...တံခါးကိုလာတွန်းထားစမ်း" လော်ယွမ်ကကျောက်ထထင်းမင်ကို အေးစက်စက်ပြောလိုက်သည်။
လော်ယွမ်ခြိမ်းခြောက်တာကိုခံရပြီးနောက်ကျောက်ထင်းမင်မှာ သူ့ကိုထပ်မံစိတ်ဆိုးအောင်လုပ်မိမည်စိုးသဖြင့်လော်ယွမ့်အမိန့်ကိုကြားသည်နှင့်ကြောက်လန့်တကြား လျှောက်လာသည်။
လူဆိုသည်မှာ များသောအားဖြင့်စိတ်ကောင်းရှိသူကို အနိုင်ကျင့်တတ်ကြပြီး ရက်စက်သူကို ကြောက်တတ်ကြသည်။ယခုလိုအချိန်မျိုးတွင်သင်သာ ကောင်းကောင်းမွန်မွန်ပြောပါက ထိုလူများက လက်ခံမည်မဟုတ်ပဲ သင့်ကိုအနိုင်ကျင့်ရလွယ်သည်ဟူ၍ပင်ထင်တတ်ကြသည်။သို့သော်သင်ကမာမာထန်ထန်ပြောပြီး အသက်ဖြင့်ပင် ခြိမ်းခြောက်လိုက်သောအခါထိူလူများက ချက်ချင်းခေါင်းငုံ့နာခံကြပြီး နည်းမျိုးဆုံနှင့် သင်စိတ်ချမ်းသာအောင်လုပ်ကြသည်။.
လော်ယွမ်က ကျောက်ထင်းမင်တံခါးလာတွန်းသည်ကို စောင့်လိုက်သည်။
ပြီးနောက်သူက ကျန်းမာတောက်ဓားကိုဆွဲထုတ်လိုက်သည်။ကျောက်ထင်းမင်၏ကြောက်ရွှံ့မှုများပြည့်နေသော မျက်လုံးရှေ့တွင်ဓားကလျှပ်စီးကဲ့သို့လက်သွားပြီး ထိုချွန်ထက်သောခြေထောက်ဆီသို့ ခုတ်ချလိုက်သည်။
အံ့သြစရာကောင်းသည်မှာ အလွတ်ထက်မြက်သော ကျန်းမာတောက်နှင့်ပင်ထိုခြေထောက်ကို တစ်ချက်ထဲ မဖြတ်တောက်နိုင်ခြင်းပင်။ ၎င်းကတစ်ဝက်ခန့်သာပြတ်ပြီး အရှိန်ကုန်သွားလေသည်။လော်ယွမ်က အားအကုန်မသုံးထားသော်လည်း ထိုခြေထောက်၏မာကျောမှုက သူရင်ဆိုင်ခဲ့ရသည် ကြွက်ဘုရင်ထက်များစွာသာလွန်နေ၏။
ပိုးကောင်စိမ်းမှာပြင်းထန်သော နာကျင်မှုကြောင့်ရေနွေးဆူသောအသံကဲ့သို့ထူးဆန်းသောအသံဖြင့်အော်ဟစ်လိုက်ပြီး တံခါးကို အရူးအမူးဆောင့်နေတော့သည်။လော်ယွမ်က ကျန်းမာတောက်ကို ပြန်မြှောက်လိုက်ပြီး နောက်တစ်ချက်ထပ်ခုတ်လိုက်မှထိုခြေထောက် နှစ်ပိုင်းပြတ်ထွက်သွားသည်။
လော်ယွမ်က တစ်ပေခန့်ရှည်သော အစိမ်းရောင်ခြေချောင်းကို ကောက်ယူလိုက်သည်။ပိုးကောင်စိမ်း၏ခန္ဓာကိုယ်နှင့်မတူသည်မှာ ၎င်းကအနည်းငယ်အကြည်ရောင်ဖြစ်နေပြီး ကိုင်ကြည့်သည့်အခါချောမွေ့နူးညံ့ကာ မာကျောသောခံစားမှုမျိုးခံစားရ၏။ ထိုခြေထောက်ကို ကျောက်စိမ်းပန်းပုလက်ရာတစ်ခုဟုပြောလျှင်ပင်ယုံကြပေလိမ့်မည်။
သူကထိုခြေထောက်ကို အားမသုံးပဲ စားပွဲခုံကို ထိုးလိုက်ရာ ဖောက်ဝင်သွား၏။ ၎င်းက လူခန္ဓာကိုယ်ကိုထိုးစိုက်လျှင်ပို၍လွယ်ကူမည်မှန်း သိသာလေသည်။
အမည် -ပိုးကောင်စိမ်း၏ခြေချောင်း
အသုံးဝင်ပုံ - ပါဝင်ပစ္စည်း
ရှားပါးမှု -အပြာနုရောင်
အလေးချိန် - ၅၀ဂရမ်
အကဲဖြတ်ချက် -အလွန်မာကျောပြီးချွန်ထက်သော ခြေချောင်းဖြစ်သည်။လက်နတ်ပြုလုပ်ရန်သင့်သော်သည်။
"အပြာနုရောင်"
သူ့စိတ်ထဲကကြိုတင်ပြင်ဆင်ထားသော်လည်း တစ်ကယ်တမ်းသိလိုက်ရသောအခါကျိန်ဆဲချင်စိတ်ကို မထိန်းနိုင်ဖြစ်သွား၏။ ၎င်းကနောက်ထပ်အပြာနုရောင်သတ္တဝါပင်။ ထိုသတ္တဝါများက တစ်ကောင်တည်းမဟုတ်မရေမတွက်နိုင်အောင်ရှိနေ၏။ အပြာနုရောင်သတ္တဝါတွေက တဖြည်းဖြည်း တန်ဖိုးမရှိတော့တာလား...ဘာလို့အခုနေရာအနှံ့ရှိနေတာလဲ...
'သောက်Eအဆင့်မစ်ရှင်...ထင်တဲ့အတိုင်း ပြီးဖို့မလွယ်ဘူးပဲ' ထိုမစ်ရှင်က သူ့ကို ကြွက်ဘုရင်နှင့်ဧရာမမြွေကြီးကဲ့သို့ သတ္တဝါ၁၀ကောင်ကို သတ်ခိုင်းခြင်းဖြစ်၏။ထိုအကြောင်းကို တွေးကြည့်ယုံနှင့်ပင်စိတ်ဓာတ်ကျစရာကောင်းလှသည်။
သူကပိုးကောင်ခြေထောက်ကိုဆွဲထုတ်ပြီး ဟွမ်ကျားဟွေ့ထံသို့ ပစ်ပေးလိုက်သည်။ "အမဟွမ်...အဲ့တာကိုယူထား...အရေးအကြောင်းဆို ကိုယ့်ကိုယ်ကိုယ်ကာကွယ်လို့ရတယ်"
ဟွမ်ကျားဟွေမှာ ယခင်ကရဲဖြစ်သဖြင့်သာမန်လူများထက်စိတ်ဓာတ်ပိုကြံ့ခိုင်သည်။စနစ်၏စံနှုန်းဖြင့်သတ်မှတ်မည်ဆိုလျှင်သူမ၏စိတ်စွမ်းအားက ၁၀နှင့်၁၁မှတ်ကြားဖြစ်နိုင်သည်။ အနည်းဆုံးတော့သာမန်လူထက်ပိုသန်မာပြီး အရေးပေါ်အချိန်တွင် ကျန်၂ယောက်ထက်ပိုသတ္တိရှိမည်မှာ သေချာသည်။
ဟွမ်ကျားဟွေကပိုးကောင်ခြေထောက်ကို ယူလိုက်ပြီး ဝမ်းသာအားရဖြင့်ဆို၏။ "ကျေးဇူးပါ"
ကျောက်ထင်းမင်နှင့်ချောင်ချန်ချန်တို့က မနာလိုစိတ်ဖြင့်ကြည့်နေပြီး ဘာမျှမပြောကြပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ပတ်သတ်မှုက မရင်းနီးသည့်အပြင်တစ်ယောက်က လော်ယွမ်နှင့်ပြဿနာပင် ဖြစ်လိုက်သေးသည်မဟုတ်ပါလား။
ပိုကောင်းစိမ်းကတံခါးကိုဆက်လက်တွန်းနေပြီး ကျယ်လောင်သောအသံများ ထွက်ပေါ်နေသည်။ကျောက်ထင်းမင်မှာ တဖြည်းဖြည်း မခံနိုင်တော့ဘဲ ချွေးများ တဒီးဒီးကျလာ၏။ "ချောင်ချန်ချန်ငါ့ကိုကူပေးဦး...ငါအားမရှိတော့ဘူး"
ချောင်ချန်ချန်က လော်ယွမ်နှင့်ဟွမ်ကျားဟွေတို့ကို ခိုးကြည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့်လျှောက်သွားလေသည်။
"နေဦး" လော်ယွမ်ကအကြံတစ်ခုရလိုက်ပြီး "ဒီတိုင်းဆိုမဖြစ်ဘူး...အမဟွမ်နဲ့ချန်ချန်...နင်တို့ခပ်လှမ်းလှမ်းမှာသွားပုန်းနေ...ကျောက်ထင်းမင်တံခါးကိုအားကုန်ဖိမထားနဲ့ ပိုးကောင်စိမ်းအတွက်နည်းနည်းဟပေးလိုက်...ငါသူ့ကိုရှင်းမယ်"
"အကိုလော်...တစ်ကယ်ပြောတာလား" ကျောက်ထင်းမင်က ငြင်းချင်သော်လည်း မငြင်းရဲသဖြင့်ငိုမဲ့မဲ့မျက်နှာဖြင့်ပြော၏။
"ဘာမှမပူနဲ့...ငါကမသေချာရင်မလုပ်ဘူး" လော်ယွမ်က ဆိုလိုက်သည်။
ကျောက်ထင်းမင်ကအနည်းငယ်စိတ်သက်သာရာ ရသွားသည်။သူကအံကိုတင်းတင်းကြိတ်လိုက်ပြီး သေတစ်နေ့မွေးတစ်နေ့ဘာမှကြောက်စရာမလိုဟု တွေးကာ တံခါးကို နည်းနည်းဟပေးလိုက်သည်။
တံခါးက တဖြည်းဖြည်းကျယ်လာပြီး ကြာပွတ်ကဲ့သို့အနက်ရောင်အာရုံခံဥမှင်တစ်ခုက တိုးဝင်လာသည်။ပိုးကောင်စိမ်း၏ ခန္ဓာကိုယ်က တံခါးကိုအားဖြင့်တွန်းနေသဖြင့်တံခါးက ပိုကျယ်ကျယ်ပွင့်လာပြီး မကြာမီ ဦးခေါင်းပါတိုးဝင်လာလေသည်။ ၎င်း၏ပန်းကန်လုံးအရွယ်ရှိသောပါးစပ်မှာ တိကျစွာတပ်ဆင်ထားသော ကိရိယာတစ်ခုနှင့်တူပြီး အဆက်မပြတ်ဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်မှာ မြင်ရသူတိုင်းကို ကြက်သီးထစေသည်။
ကျောက်ထင်းမင်က အလွန်ထိတ်လန့်သွားပြီး ချက်ချင်း လှည့်ပြေးချင်စိတ်ကို ထိန်းမရဖြစ်သွား၏။ ထိုစဉ်သူမျက်စိရှေ့မှအလင်းတန်းတစ်ခုလက်သွားပြီး ထူးဆန်းသော အော်ဟစ်သံထွက်ပေါ်လာသည်။
"တံခါးပိတ်လိုက်"
လော်ယွမ်၏အေးစက်စက်အမိန့်သံကိုကြားသောအခါကျောက်ထင်းမင်၏ရင်ထဲတွင်အလုံးကြီးကျသွားသလို ခံစားလိုက်ရသည်။သူကတံခါးကို အလျင်အမြန်ပိတ်လိုက်ကာ ကျောဖြင့်စားပွဲကို မှီထားရင်း ကြမ်းပြင်ပေါ်သို့ ပျော့ခွေစွာ ထိုင်ကျသွားပြီး မလှုပ်မယှက်ဖြစ်သွားလေတော့သည်။
ဆက်ရန်...
အပိုင်း(၂၇)အမြောက်သံများ
"မင်းကဘယ်ဆိုးလို့လဲ" လော်ယွမ်ကချီးကျူးစကားဆိုလိုက်သည်။
ကျောက်ထျန်းမင်က ချီးကျူးခံလိုက်ရသဖြင့်အံ့သြသင့်သွားသည်။သူကမတ်တပ်ထရပ်ပြီး အနည်းငယ်ဦးညွှတ်လိုက်၏။ယခင်ကအထက်လူကြီးရှေ့၌ပင်ယခုကဲ့သို့လေးစားမှုမျိုး မပြခဲ့ဖူးပေ။
သို့သော်လော်ယွမ်၏နောက်ထပ်စကားတစ်ခွန်းက သူ့ကိုရေခဲတမျှအေးစက်သွားစေခဲ့သည်။။ "ပိုးကောင်စိမ်းတွေထပ်လာရင်အဲ့လိုပဲဆက်လုပ်"
ကျောက်ထင်းမင်က မငြင်းဆန်ရဲသဖြင့်မျက်နှာငယ်လေးဖြင့်သာ သဘောတူလိုက်ရသည်။ "သိပါပြီ"
လော်ယွမ်ကသူစိတ်ပါသည်မပါသည်ကို ဂရုမစိုက်ပေ။ စကားနားထောင်လျှင်သူ့အတွက်အဆင်ပြေသည်။
သူကပိုးကောင်စိမ်း၏ခေါင်းပြတ်စီ လျှောက်သွားလိုက်သည်။အစိမ်းရောင်အရည်များကကြမ်းပြင်ပေါ်တွင်အိုင်ထွန်းနေပြီး စူးရှသည့်အနံ့ဆိုးများက တထောင်းထောင်းထနေ၏။ ထိုခေါင်းကိုလော်ယွမ်က ဓားဖြင့်တစ်ချက်ထဲ ခုတ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ၎င်း၏ကိုယ်ကတံခါးအပြင်ဘက်တွင် ရှိနေသေးသည်။ယခုအချိန်တွင်ထိုခေါင်းပြတ်ကြီးက အပြည့်အဝ မသေသေးပဲ ဧရာမပါးစပ်ကြီးကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေဆဲဖြစ်သည်။
လော်ယွမ်ကပုစဉ်းမျက်လုံးလို မျက်လုံးကြီးကိုဓားနောင့်ဖြင့်ခေါက်လိုက်ရာ ကျောက်တုံးကို ခေါက်သကဲ့သို့ "ဒေါက်ဒေါက်"အသံထွက်လာသည်။
ဟွမ်ကျားဟွေက အန္တရာယ်မရှိတော့သည်ကို မြင်သောအခါ အနားရောက်လာပြီး လော်ယွမ်၏ဘေးတွင်ထိုင်ချလိုက်သည်။ "သူ့မျက်လုံးကအရမ်းလှတာပဲနော်...ကြယ်လေးတွေစုပြုံနေသလိုပဲ"
ချောင်ချန်ချန်လည်း ခေတ္တတုံ့ဆိုင်းပြီးနောက်လျှောက်လာကာ လက်ဆေးဘေစင်ခန့်အရွယ်ရှိသော ပိုးကောင်၏ဦးခေါင်းကိုကြည့်ရင်း စပ်စုလိုစိတ်ရော ကြောက်စိတ်ပါ ဖြစ်နေမိသည်။
ထိုစဉ်လော်ယွမ်က ရုတ်တရက်ထရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက စိုးရိမ်တကြီး မေးလိုက်သည်။
သူက ခေတ္တမျှအာရုံစိုက်နားထောင်ပြီးနောက်တည်ကြည်သောအသံဖြင့် "ပိုးကောင်တွေထပ်လာနေပြီ... ဒီတစ်ခါ၄ကောင်တောင်ရှိတယ်... အားလုံးအသင့်ပြင်ထားကြ"
ချောင်ချန်ချန်၏မျက်နှာတွင်ထိတ်လန့်မှုများပြည့်နှက်သွားပြီး ကျောက်ထင်းမင်ဆိုလျှင်မျက်နှာမှာ သွေးပင်မရှိတော့ပေ။ ပိုးကောင်စိမ်းတစ်ကောင်ပင်ရင်ဆိုင်ရအလွန်ခက်ရာ ၄ကောင်ဆိုလျှင် ကား ဆိုဖွယ်ရာပင်မရှိတော့ချေ။
"အမဟွမ်၊ချောင်ချန်ချန်၊ကျောက်ထင်းမင်...အမတို့၃ယောက်တံခါးကိုတွန်းထား... သူတို့ရောက်လာရင်စောစောကနည်းအတိုင်း တစ်ကောင်ချင်းစီလွှတ်ပေး... ကျန်တဲ့ကိစ္စငါ့တာဝန်ထား" လော်ယွမ်ကအစပိုင်းတွင်အနည်းငယ်ထိတ်လန့်သွားသော်လည်း ချက်ချင်းပြန်တည်ငြိမ်သွား၏။
"ဟုတ်ကဲ့"ချောင်ချန်ချန်က အလျင်အမြန်သဘောတူလိုက်သည်။
"ရှောင်ယွမ်...ဖြစ်ပါ့မလား သူတို့က၄ကောင်တောင်နော်" ဟွမ်ကျားဟွေက စိုးရိမ်တကြီး မေးသည်။
"တံခါးဘာမှမဖြစ်သရေွှ့၄ကောင်နဲ့၁ကောင်က အတူတူပဲ... အဲ့တော့မင်းတို့အားလုံးတံခါးကိုသေချာ ကိုင်ထားဖို့လိုတယ်...တံခါးသာလုံးဝပွင့်သွားရင်...အဲ့ပိုးကောင်စိမ်းတွေသက်သက်လွတ်သမား ဖြစ်ပါစေလို့သာ ဆုတောင်းကြပေတော့"
ချောင်ချန်ချန်မှာအလွန်ကြောက်လန့်သွားပြီး သူမ၏မျက်နှာတွင်သွေးပင်မရှိတော့ချေ။ဟွမ်ကျားဟွေသာ လှမ်းမဆွဲလိုက်ပါက သူမကြမ်းပြင်ပေါ်ခွေကျသွားလောက်ပြီဖြစ်သည်။
ပိုးကောင်စိမ်း၄ကောင်က အစာနံ့ရသောကြောင့်တံခါးစီသို့ အလျင်အမြန်ပင်ရောက်လာကြသည်။သဘာဝတရားကြီး၏ ရက်စက်သည့်ယှဉ်ပြိုင်မှုက သူတို့ကို မည်သည့်အစာကိုမျှလက်လွတ်ခွင့်မပေးပေ။ ကိုယ့်မျိုးတူအလောင်းဖြစ်နေပင်လျှင်အစာသည်အစာသာဖြစ်၏။ ပိုးကောင်စိမ်း၄ကောင်ထဲမှအနည်းငယ်အရွယ်ပိုကြီးသော တစ်ကောင်က အခြားပိုးကောင်စိမ်းများကို တွန်းဖယ်လိုက်ပြီး တံခါးဝရှိ ခေါင်းမရှိသော ပိုးကောင်၏လည်ပင်းအပေါက်ထဲသို့ သူ၏ခေါင်းကိုနှစ်ကာ အတွင်းမှကလီစာများကို အရူးအမူး ဆုတ်ဖြဲစားသောက်တော့သည်။
ကျန်သည့်၃ကောင်ကအလိုက်တသိ ဖယ်ပေးလိုက်ပြီး ပိုးကောင်အလောင်း၏ ကျန်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်ကြသည်။မာကြောသည့်အရိုးများကို အလွယ်တကူပင်ကိုက်ဖြတ်လိုက်ပြီး "ဂျွတ်...ဂျွတ်" ဟူသောအသံများပင်ထွက်နေ၏။ အစိမ်းရောင်အရည်များက နေရာအနှံ့ပေပွနေပြီး ၁မိနစ်မပြည့်မီမှာပင်ပိုးကောင်စိမ်းတစ်ကောင်သည်မျိုးတူများ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး လုံးဝပျောက်ကွယ်သွားတော့သည်။
ပိုးကောင်စိမ်းတစ်ကောင်မှာ ဗိုက်မဝသေးသည့်အလား ခေါင်းမှအာရုံခံဥမှင်ဖြင့်ပိုအရသာရှိသည့်အစာများကို အာရုံခံနေသည်။
အနည်းငယ်အရွယ်ပိုကြီးသော ပိုးကောင်စိမ်းက ခေါင်းမော့ကာ ရုတ်တရက်ဂုလု ဂုလု ဟု အသံပြုလိုက်သည်။သူ၏ရှေ့ခြေထောက်များက လျှပ်စီးကဲ့သို့ ပစ်ထွက်လာပြီး သစ်သားတံခါးကိုထိုးဖောက်သွားကာ ဗြောက်အိုးဖောက်လိုက်သည့်အလား ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ခဏအကြာတွင်ကျန်ခြေလေးချောင်းကို အားစိုက်လိုက်ရာ ကြမ်းပြင်ရှိစကျင်ကျောက်ပြားများက တို့ဖူးကဲ့ပေါက်ထွက်သွားပြီး အပေါက်လေးပေါက် ဖြစ်ပေါ်သွား၏။
အခန်းတံခါးမှာ ၎င်း၏တွန်းအားကြောင်း တဝုန်းဝုန်းမည်နေသည်။
ဒုတိယပိုးကောင်ကလည်း အားကျမခံ ပထမပိုးကောင်အတိုင်း လိုက်လုပ်လိုက်သည်။သို့သော်မာကျောသောတံခါးက သူတို့အရွယ်နှင့်ယှဉ်လျှင်အနည်းငယ်သေးနေသဖြင့် ပိုးကောင်စိမ်း၂ကောင်နေရာယူပြီးသောအခါကျန်တစ်ကောင်အတွက်နေရာမရှိတော့ချေ။နောက်ကျသွားသည့် ပိုးကောင်စိမ်း၂ကောင်မှာနောက်တွင်စိုးရိမ်တကြီးရပ်နေပြီး ခြေထောက်များဖြင့်စကျင်ကျောက်ပြားများကို အဆက်မပြတ် ခြစ်ကုတ်နေရာ မကြာမီမှာပင်နက်ရှိုင်းသော ခြစ်ရာများဖြစ်ပေါ်လာသည်။
တံခါးမကြီးသည်အဆက်မပြတ်တွန်းတိုက်ခံရပြီး ပွင့်ထွက်သွားလိုက်၊တံခါးနောက်မှလူများက ပြန်တွန်းပိတ်လိုက်ဖြင့် ဖြစ်နေသည်။ ဤသည်မှာ သေရေးရှင်ရေး လွန်ဆွဲခြင်းဖြစ်ပြီး ရှုံးသည့်ဘက်က အားလုံးဆုံးရှုံးရမည့်ကစားပွဲတစ်ခုပင်ဖြစ်၏။
သို့သော်သိပ်မကြာခင်မှာပင်တံခါးအဟက ပိုပိုပြီး ကျယ်လာသည်။သေဘေးကြုံနေရသောကြောင့်ထွက်လာသော ခွန်အားတို့မှာ အချိန်ကြာလာသည်နှင့်အမျှအလျင်အမြန်ကုန်ဆုံးသွားတော့သည်။
"ကျွန်မရတော့ဘူး...ကျွန်မမှာဘာအားမှမကျန်တော့ဘူး" ချောင်ချန်ချန်က မျက်ရည်များစီးကျနေပြီး ရှိုက်သံဖြင့်ဆိုလိုက်သည်။
"နင်တို့မသေချင်ရင်တောင့်ထား...မဟုတ်ရင်ပိုးကောင်တွေအထဲဝင်လာလိမ့်မယ်"ကျောက်ထင်းမင်၏အသံက အနည်းငယ်ချောက်ကပ်နေ၏။
"မစိုးရိမ်ကြနဲ့...ဟုတ်ပြီအခုတွန်းထားတာကို ဖြည်းဖြည်းချင်းလျှော့လိုက်"
လော်ယွမ်က စိတ်ကိုအစွမ်းကုန်တည်ငြိမ်အောင်ထားလိုက်ပြီး ကျန်းမာတောက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။အကြောက်တရားက လူတွေကို တခါတရံ အကန့်အသတ်ထက်ကျော်လွန်အောင်စွမ်းဆောင်နိုင်စေသော်လည်း ခြေလက်များပျော့ခွေပြီး မလှုပ်မရပ်ဖြစ်သွားနိုင်ချေက ပိုများသည်။ယခုအချိန်တွင်သူသာ အနည်းငယ်ကြောက်ပြပါက ထို၃ယောက်က ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။ အကယ်၍ ပိုးကောင်စိမ်း၄ကောင်လုံးသာဝင်လာပါက အားလုံးအသက်ဆုံးရှုံးရမည်ဖြစ်သည်။
ချောင်ချန်ချန်ကအားတင်းထားသော ချက်ချင်းလျော့ချလိုက်ရာ သူမ၏ကိုယ်ထဲမှခွန်အားများမှာ အလျင်အမြန်ပျောက်ကွယ်သွားလေသည်။ထိုစဉ်တံခါးအပြင်ဘက်မှ ပြင်းထန်သည့်တွန်းအားတစ်ခုရုတ်တရက်ပေါ်လာပြီး တံခါးက တစ်ဝက်ခန့်ဟသွားရာ ပိုးကောင်စိမ်းနှစ်ကောင်က အခွင့်အရေးကိုလက်လွှတ်မခံပဲ လျှပ်စီးကဲ့သို့ ဝင်ရောက်လာသည်။
အခန်းထဲတွင်အာခေါင်ခြစ်အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ချောင်ချန်ချန်သည်ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်သို့ခွေလဲကျသွားပြီး ဝါကျင့်ကျင့်အရည်များက သူမ၏အောက်ပိုင်းမှတစက်စက်ကျလာကာ အနံ့ဆိုးတစ်ခုထွက်ပေါ်လာသည်။
မည်သို့ပင်ကြိုတင်စီစဉ်ထားစေကာမူ တခါတရံ၌ လက်တွေ့အပြောင်းအလဲများကို အမီမလိုက်နိုင်သကဲ့သို့ပင် ပိုးကောင်စိမ်း၂ကောင် ပြိုင်တူဝင်လာမည်ဟု လော်ယွမ်လုံးဝထင်မထားခဲ့ပေ။
လော်ယွမ်၏ရင်ထဲတွင်အေးစက်သွားပြီး အလျင်အမြန်ရှေ့သို့ပြေးတက်ကာ လက်ထဲမှကျန်းမာတောက်ကို ကိုင်မြှောက်ပြီး ပိုကောင်စိမ်းတစ်ကောင်၏ခြေအဆစ်နေရာကို ထောင့်ဖြတ်ခုတ်ချလိုက်သည်။အနည်းငယ်ကြီးမားသည့်ပိုးကောင်စိမ်းက အခြားဘက်တွင်အစာများပိုရှိနေသည်ကို မြင်သဖြင့် လော်ယွမ်ကိုလစ်လျူရှုကာ ကျန်၃ယောက်ဆီသို့ပြေးဝင်သွားသည်။ထိုလုပ်ရပ်က ၎င်း၏ကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်မည်မှန်း သတိမထားမိပေ။
ဓားရှည်ဖြတ်သန်းသွားသည်နှင့်ခြေထောက်တစ်ချောင်း ပြတ်ထွက်သွားတော့သည်။
၎င်းကနာကျင်စွာအော်ဟစ်လိုက်ပြီး လှုပ်ရှားမှုမှာလည်း အနည်းငယ်တန့်သွား၏။ လော်ယွမ်ကချက်ချင်းရှေ့တက်ပြီး ဓားကိုထိုးစိုက်ကာ ပင့်တင်လိုက်ရာ ပိုးကောင်စိမ်း၏နောက်ကျောတွင်ဓားဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။
ထိုအချိန်တွင်အခြားတစ်ကောင်မှာ တစ်စုံတစ်ခုမှားယွင်းနေမှန်း ခံစားမိပြီး သူ၏ခန္ဓာကိုယ်အရှေ့ပိုင်းကို အနည်းငယ်ကြွကာ ရှေ့ခြေနှစ်ချောင်းဖြင့် လျှပ်စီးကဲ့သို့ ထိုးစိုက်လိုက်သည်။
"ဝှီး"
လေကိုထိုးခွဲသွားသည့်စူးရှသော အသံတစ်ခုက အခန်းထဲ၌ ပေါ်ထွက်လာသည်။
လော်ယွမ်၏ရင်ထဲတွင်ထိတ်ကနဲဖြစ်သွားပြီး ခန္ဓာကိုယ်ကို အလျင်အမြန်ဘေးသို့စောင်းလိုက်ရာ ပိုးကောင်၏ရှေ့ခြေ၂ချောင်းက ပြင်းထန်သောအရှိန်ဖြင့်သူ၏ရင်ဘက်ရှေ့မှသီသီလေးဖြတ်သန်းသွားသည်။ ခြေ၂ချောင်း၏နောက်မှပါလာသည့် ပြင်းထန်သောလေလှိုင်းကြောင့်သူ၏အပေါ်အင်္ကျီမှာ အပိုင်းပိုင်းပြတ်ထွက်သွားပြီး အတွင်းမှမြွေအကြေးခွံကျည်ကာအင်္ကျီပင်ပေါ်ထွက်လာသည်။
ထိုအခါမှဟွမ်ကျားဟွေသတိပြန်ဝင်လာပြီး အော်ဟစ်လိုက်သည်။ "တံခါးအမြန်ပိတ်...တံခါးအမြန်ပိတ်"
ကျောက်ထင်းမင်က အခန်းထဲဝင်လာသည့် ပိုးကောင်စိမ်း၂ကောင်ကိုကြည့်ရင်း တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုံနေတံခါးကိုအလျင်အမြန်တွန်းပိတ်လိုက်သည်။ချောင်ချန်ချန်လည်း အမြန်ထရပ်လိုက်သည်။
စာဖြင့်ဖော်ပြလျှင်ရှည်သော်လည်း အဖြစ်အပျက်တစ်ခုလုံးက တစ်စက္ကန့်၊ နှစ်စက္ကန့်မျှသာ ကြာမြင့်၏။
ပိုးကောင်စိမ်း၏ အလစ်အငိုက်တိုက်ခိုက်ခြင်းကိုခံလိုက်ရသည့်လော်ယွမ်မှာ အံ့သြမှုနှင့်အတူ ဒေါသအကြီးအကျယ်ထွက်နေသည်။သူ့မျက်နှာမှာ အေးစက်သွားပြီး တစ်ဆက်တည်းရှေ့တက်ကာ ဓားဖြင်တစ်စောင်းခုတ်ချလိုက်သည်။ပိုးကောင်စိမ်းမှာ ခြေထောက်များကို ပြန်ရုတ်သိမ်းကာစ ရှိသေးသဖြင့်အချိန်မီမတုံ့ပြန်နိုင်ခင်မှာပင် ကျန်းမာတောက်ဓားက သူ၏ဘယ်ဘက်ပုခုံးမှနေ၍ ညာဘက်ခါးအထိ ဖြတ်တောက်သွားရာ နှစ်ပိုင်းပြတ်မတတ်ဖြစ်သွားသည်။ ၎င်းကရုတ်တရပ်တန့်သွားကာ ကြမ်းပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားတော့သည်။
လော်ယွမ်မှာစိတ်ထဲပေါ့ပါးသွားပြီး အနောက်ပြန်လှည့်ကြည့်လိုက်ရာ အနည်းငယ်ကြီးမားသည့်ပိုးကောင်စိမ်းမှာ မသေသေးသည်ကို တွေ့လိုက်ရသည်။သူက အနားလျှောက်သွားကာ နောက်ထပ်ဓားတစ်ချက်ဖြင့်ခုတ်ပိုင်းကာ အဆုံးသတ်လိုက်သည်။
လော်ယွမ်သည်ဟောဟဲလိုက်အောင်မောဟိုက်နေပြီး စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်သွားသကဲ့သို့ခံစားလိုက်ရသည်။တိုက်ပွဲတစ်ခုလုံးမှာ အလွန်တိုတောင်းပြီး ခြောက်စက္ကန့်၊ခုနစ်စက္ကန့်မျှသာ ကြာမြင့်သော်လည်း အလွန်ပင် အန္တရာယ်များပြီး အနည်းငယ်မျှပင်အမှားမခံပေ။ သတိတစ်ချက်လစ်သွားပါက ရလဒ်တမျိုးတဖုံ ပြောင်းသွားနိုင်သည်။
တံခါးမှာအဆက်မပြတ်တွန်းတိုက်ခံနေရဆဲဖြစ်ပြီး ဟွမ်ကျားဟွေတို့သုံးယောက်က စိုးရိမ်သောမျက်နှာဖြင့်တံခါးကိုဖိထားကြသည်။အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်ကို ခံစားမိသောအခါသုံးယောက်လုံးတိုင်ပင်မထားပဲ နောက်လှည့်ကြည့်လိုက်ကြသည်။သူတို့၏မျက်နှာပေါ်မှကြောက်ရွှံ့မှုများက အံ့သြမှုများအဖြစ်ပြောင်းသွားသည်။
အစောပိုင်းက ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါများထွက်နေသော ပိုးကောင်စိမ်း၂ကောင်မှာ ယခုတွင်တော့ ကြမ်းပြင်ပေါ်၌သနားစဖွယ်လဲလျောင်းနေပြီး သူတို့၏ကိုယ်လုံးများကလည်း ရက်စက်စွာဖြင့် နှစ်ပိုင်းပြတ်နေကာ အစိမ်းရောင်ချွဲကျိကျိအရည်များကလည်း ကြမ်းပြင်တစ်ခုလုံးတွင် ပျံ့ကျဲနေသည်။
သုံးယောက်လုံး၏မျက်လုံးများက နံရံကိုမှီ၍ မောဟိုက်စွာဖြင့်အသက်လုရှူနေသော လော်ယွမ်ထံသို့ရောက်သွားပြီး သူတို့၏မျက်နှာတွင်ဖော်မပြနိုင်သော အမူအရာများဖြစ်ပေါ်သွားသည်။
လော်ယွမ်အပေါ်အယုံကြည်ဆုံးဖြစ်သည့်ဟွမ်ကျားဟွေပင်လျှင်လက်ရှိမြင်ကွင်းကို မယုံနိုင်ဖြစ်နေ၏။ ရက်စက်ကြမ်းကြုတ်သော ပိုးကောင်စိမ်း၂ကောင်မှာ လော်ယွမ်၏ဓားချက်အောက်တွင်လျင်မြန်စွာသေဆုံးသွားခဲ့သည်။
"အ...အကိုလော်...ငါတို့နောက်တစ်ကောင်ဝင်ခိုင်းလိုက်ရမလား" ခဏအကြာတွင်ကျောက်ထင်းမင်က ထစ်ထစ်ငေါ့ငေါ့ဖြင့်မေးလိုက်သည်။
"ဝင်ခိုင်းလိုက်...တစ်ကြိမ်ကိုတစ်ကောင်ပဲလုပ်...စောစောကငါသာနည်းနည်းနှေးသွားရင် အားလုံးဒုက္ခရောက်သွားမှာ" လော်ယွမ်က ခပ်ပေါ့ပေါ့ဆိုလိုက်သည်။
ချောင်ချန်ချန်၏မျက်နှာမှာ နီရဲသွားကာ "ကျွန်မတောင်းပန်ပါတယ်"ဟုဆို၏။
သူမရုတ်တရက်အားလျှော့လိုက်ခြင်းကြောင့်သာ မဟုတ်ပါက တံခါးက အကျယ်ကြီးပွင့်ထွက်သွားမည်မဟုတ်ဘဲ ခုနကလို အန္တရာယ်များသည့်အဖြစ်လည်း ကြုံရမည်မဟုတ်ပေ။ လော်ယွမ်မှာ ဤအရူးမကို ဆဲဆိုပစ်ချင်စိတ်ပေါက်နေသော်လည်း ဤအချိန်တွင် ပြင်းပြင်းထန်ထန်ဆက်ဆံပါက ကောင်းကျိုးထက်ဆိုးကျိုးက ပိုများနိုင်သည်ကို သိ၏။ သူကဘာမျှမတတ်နိုင်ပဲ ခေါင်းခါလိုက်ပြီး နူးညံ့သောအသံဖြင့် နှစ်သိမ့်လိုက်ရတော့သည်။ "ဒီလိုအချိန်မျိုးမှာ ဘယ်သူပဲဖြစ်ဖြစ်ခုလိုဖြစ်တတ်ပါတယ်...နောက်ခါပိုသတိထားပေါ့"
ချောင်ချန်ချန်က လော်ယွမ်ကို ကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်လိုက်ပြီး သူမ၏အကြည့်များတွင်ထူးခြားသော အငွေ့အသက်များလည်း ပါဝင်နေ၏။
လော်ယွမ်ရှိနေခြင်းက သူတို့ကို သတ္တိနှင့်ယုံကြည်မှုများ ပေးအပ်ခြင်းကြောင့်လားမသိ နောက်ပိုင်းအခြေအနေများက ပိုမိုကောင်းမွန်လာခဲ့သည်။သူတို့၃ယောက်၏ဆောင်ရွက်မှုအောက်တွင် ကျန်ပိုးကောင်စိမ်း၂ကောင်မှာမည်သည့်ပြဿနာမှမပေးနိုင်တော့ပဲ လော်ယွမ်၏တစ်ကောင်ချင်းစီ သုတ်သင်ခြင်းကို ခံလိုက်ရသည်။အခြားပိုးကောင်စိမ်းများကို မဆွဲဆောင်မိစေရန်အလောင်းများကိုပါအခန်းထဲသို့ ဆွဲသွင်းထားလိုက်သည်။
ဟွမ်ကျားဟွေက ထိုင်ခုံပေါ်တွင်ဖင်ချထိုင်လိုက်ပြီး မလှမ်းမကမ်းက ရေအိုင်ငယ်လေးကိုမြင်တော့ထူးဆန်းစွာမေးလိုက်သည်။"ဟမ်...အခန်းထဲမှာရေရှိနေတာလား...ကျွန်မရေဆာနေတာနဲ့အတော်ပဲ"
ကျောက်ထင်းမင်ကတော့အကြောင်းစုံကိုသိသူမို့ထူးဆန်းသောမျက်နှာထားဖြင့် "ဒါကတော့ချောင်ချန်ချန်ဆီက တောင်းမှပဲရမယ်"
ချောင်ချင့်ချင့်မှာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး ပူထူသွားပြီး သူမ၏အပေါ်ရုံးကုတ်အင်္ကျီအသေးလေးကို ချွတ်ကာ ကိုယ်အောက်ပိုင်းကို ဖုံးအုပ်ထားလိုက်သည်။
ဟွမ်ကျားဟွေက ချက်ချင်းသဘောပေါက်သွားပြီး ကျောက်ထင်းမင်ကို မကျေမနပ်ဖြင့်မျက်စောင်းထိုးကာ ခက်ထန်သောအမူအရာဖြင့် "မိန်းမတွေက ဆီးလမ်းကြောင်းတိုတော့အောင့်မထားနိုင်တာ ဘာဆန်းလို့လဲ... ခုနက ရှင့်ပုံစံကလည်း ကျွန်မတို့မိန်းမတွေထက်ဘယ်လောက်များ ပိုသာလို့လဲ"
ကျောက်ထင်းမင်က ဟွမ်ကျားဟွေကို စိတ်ဆိုးအောင်မလုပ်ရဲသဖြင့်မျက်နှာချိုသွေးကာ " ကျွန်တော်က စိတ်နည်းနည်းပေါ့သွားအောင်ဟာသပြောတာပါ"
ထိုစဉ်အဝေးမှကျယ်လောင်သော အမြောက်သံများ ထွက်ပေါ်လာသည်။လေထုသည်ပင်လှုပ်ခတ်နေပြီး ဆူပွက်နေသော ဟင်းရည်အိုးကြီးတစ်လုံးကဲ့သို့ ဖြစ်နေ၏။ ဤနေရာမှပင်လျှင်အနည်းငယ်တုန်ခါနေသည်ကို ခံစားနေရသည်။ဟွမ်ကျားဟွေ၏မျက်နှာမှာ ပြောင်းလဲသွားပြီး အမြန်ထကာ ဖုန်းထုတ်၍ဆက်လိုက်သည်။သို့သော်အကြိမ်ကြိမ်ခေါ်ဆိုသော်လည်း ဖုန်းမဝင်သဖြင့်သူမ၏မျက်နှာမှာာ ချက်ချင်းပင် ဖြူဖျော့သွားသည်။
ကျောက်ထင်းမင်နှင့်ချောင်ချန်ချန်တို့ပါ ဖုန်းထုတ်ခေါ်ကြသော်လည်း ဖုန်းမဝင်ပေ။
ပတ်ဝန်းကျင်မှာ အေးခဲသွားသည့်အလား အားလုံး၏ရင်ထဲတွင်လေးလံသွားကြကာ အသက်ရှူမဝသကဲ့သို့ ခံစားလိုက်ရသည်။
"အပြင်မှာဘာတွေဖြစ်နေတာလဲ မသိဘူးနော်"ဟွမ်ကျားဟွေသည်ခံစားမှုများအားလုံး ဆွဲထုတ်ခံလိုက်ရသည့်အလား အသက်မဲ့နေသော မျက်နှာဖြင့်လော်ယွမ်အား မေးလိုက်သည်။
လော်ယွမ်၏မျက်နှာမှာ ပျက်ယွင်းနေပြီး ခေါင်းကိုခါလိုက်ကာ "ငါ့ကိုမမေးနဲ့...ငါလည်းမသိဘူး"
ဤမျှများပြားသော ပိုးကောင်အုပ်ကြီး တုံဟူမြို့သို့ပျံသန်းလာခြင်းမှာ ဖြတ်သွားဖြတ်လာသက်သက်တော့ မဖြစ်နိုင်ပေ။ ယခုအချိန်တွင် မြို့တစ်မြို့လုံးမှာ ငရဲပြည်အလား ဖြစ်နေလောက်ပေပြီ။
ဆက်ရန်...
အပိုင်း(၂၈)သေခွင့်
အမြောက်ပစ်သံများက နာရီဝက်ခန့် ကြာအောင် ကြားရပြီးနောက်တဖြည်းဖြည်း တိုးသွားသည်။ဤအခြေအနေက လော်ယွမ်ကို စိတ်အေးသွားစေခြင်းမရှိသည့်အပြင်တစ်ကိုယ်လုံးကိုပင်ရေခဲတမျှအေးစက်သွားစေခဲ့သည်။
ဤမျှကြီးမားသော ပိုးကောင်အုပ်ကြီးအား ယခုကဲ့သို့အချိန်တိုအတွင်း ဖြေရှင်းနိုင်မည်မဟုတ်သည်မှာ သေချာ၏။ သို့ဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုက တုံဟူမြို့၏ခံစစ်မှာ ဆုံးရှုံးသွားခဲ့ပြီဖြစ်ပြီး ပိုးကောင်အုပ်က အပြတ်အသတ်အသာစီးရသွားခြင်းကြောင့်ပင်။ခုခံနိုင်စွမ်းမရှိတော့သည့် မြို့တစ်မြို့ကပိုးကောင်အုပ်အတွက်အကာအကွယ်မဲ့နေသော ဧရာမစပါးကျီကြီးတစ်ခုလိုပင်။
လော်ယွမ်ပင်လျှင်ထိတ်လန့်တုန်လှုပ်ပြီး မလုံခြုံသလိုခံစားရလာကာ တစ်ကိုယ်လုံး အေးစက်သွားလေသည်။
ကပ်ဘေးကာလတွင်အလွယ်တကူပျက်စီးနိုင်သော တရားဥပဒေစနစ်အောက်မှရရှိသည့်လုံခြုံမှုဆိုသည်မှာ အနှစ်သာရမရှိ အားကိုး၍မရသော အရာတစ်ခုသာဖြစ်သည်။သဲဖြင့်ပြုလုပ်ထားသော အရုပ်တစ်ခုလိုပင်အားအနည်းငယ်သုံးလိုက်ရုံဖြင့်လျင်မြန်စွာ ပြိုကျပျက်စီးသွားနိုင်သည်။ မိမိ၏ကိုယ်ပိုင်စွမ်းအားကသာ သူ့အတွက်တကယ့်လုံခြုံမှုကို ပေးစွမ်းနိုင်လိမ့်မည်။
ပိုးကောင်စိမ်း ငါးကောင်သာ ထပ်သတ်နိုင်လျှင်၊ ဤ E-အဆင့်မစ်ရှင်ပြီးမြောက်ပြီး သူ အဆင့်တက်နိုင်ပေမည်။အရည်အသွေးမှတ် ၁မှတ်နှင့် ကျွမ်းကျင်မှတ် ၅မှတ်တိုးလာခြင်းက သူ့ရဲ့စွမ်းအားကို တစ်ဆ၊ နှစ်ဆလောက်ပိုမြင့်တက်သွားစေနိုင်ပြီး ပိုးကောင်စိမ်းအုပ်ငယ်လေးများကိုပင်ကြောက်စရာမလိုတော့ပေ။
ထိုသို့တွေးမိသောအခါလော်ယွမ်က ထပ်ပြီး မစောင့်နိုင်တော့ပေ။ "ငါအပြင်ထွက်တော့မယ်...မင်းတို့ရောလိုက်မှာလား" ဟု သူက ဆိုလိုက်သည်။
"အကိုလော်...အပြင်မှာဒီလောက်အန္တရာယ်များတာကို ဘာလို့သွားမှာလဲ အနည်းဆုံးတော့ဒီမှာက အပြင်ထက်နည်းနည်းလုံခြုံသေးတယ်လေ" ဟု ကျောက်ထင်းမင်က အလျင်အမြန်ပြောသည်။
"ငါဒီမှာပဲတစ်သက်လုံးမနေချင်ဘူး" လော်ယွမ်က ခပ်ပေါ့ပေါ့သာ ပြန်ပြောလိုက်သည်။
ချောင်ချန်ချန်က မဝံ့မရဲဖြင့်မတ်တပ်ထရပ်လိုက်ပြီး "ကျွန်မ... ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"
သူတို့အားလုံး ယခုချိန်ထိ အသက်ရှင်နေနိုင်ခြင်းမှာ ဤယောက်ျားကြောင့်မှန်း သူမ ကောင်းကောင်းသိသည်။ယခု သူထွက်သွားတော့မည်ဖြစ်သဖြင့်မိမိဆက်ပြီး အသက်ရှင်ချင်ပါက သူ့နောက်ကိုသာ လိုက်ရပေတော့မည်။ထို့အပြင်ဤနေရာကလည်း လုံခြုံသောနေရာမဟုတ်။အခန်းတံခါးပင်ပျက်စီးနေသည်။ပိုးကောင်စိမ်းများက အချိန်မေရောက်လာနိုင်ပြီး လော်ယွမ်သာမရှိတော့လျှင်သူတို့လူအနည်းငယ်ဖြင့်မည်သို့မျှ ခုခံကာကွယ်နိုင်မည်မဟုတ်ပေ။
"ရှောင်ယွမ်...ရှင်...ကျွန်မကိုအိမ်လိုက်ပို့ပေးလို့ရမလား...ကျွန်မသမီးလေးကအိမ်မှာတစ်ယောက်ထဲကျန်ခဲ့တာ" ဟွမ်ကျားဟွေ့ကတောင်းပန်တိုးလျှိုးသော မျက်နှာဖြင့်ပြောသည်။
လော်ယွမ်က ခေါင်းခါလိုက်သည်။ဟွမ်ကျားဟွေ့စိတ်ဓာတ်ကျသွားစဉ်မှာပင်သူက အေးဆေးတည်ငြိမ်စွာဖြင့် "အခုတော့မဖြစ်နိုင်ဘူး...အပြင်မှာပိုးကောင်တွေနေရာအနှံ့ပဲ...သူတို့မြို့ကနေထွက်သွားမှအဲ့ကိစ္စထပ်ပြောကြတာပေါ့"
"ကျေးဇူးပါ...ကျွန်မရှင့်ကိုဘယ်လို ကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူး" သူမ၏ မျက်ဝန်းများက အနည်းငယ်စိုစွတ်လာပြီး ကျေးဇူးတင်သော အမူအရာဖြင့်ပြောသည်။
သူမ၏အမြင်တွင်လော်ယွမ်က အကျင့်စာရိတ္တအလွန်ကောင်းမွန်သူဖြစ်၏။ယခင်က သာမန်အခန်းဖော်တစ်ယောက်ပျောက်ဆုံးသွားသည်ကိုပင်အသက်စွန့်ကာ လိုက်လံစုံစမ်းခဲ့သည်။ယခုလိုခေတ်ကာလတွင်ထိုသို့သောလူမျိုးက အလွန်ရှားပါးလှသည်။ထို့ကြောင့်လော်ယွမ်က တိကျသေချာသော ကတိမပေးသော်လည်း ဤသည်မှာ ငြင်းဆန်ခြင်းမဟုတ်ကြောင်း သူမယုံကြည်သည်။
"ကျေးဇူးတင်စရာမလိုပါဘူး...ပြီးတော့ခင်ဗျားရဲ့သမီးလေးလည်း ဘာမှမဖြစ်လောက်ပါဘူး" လော်ယွမ်က လက်ကာပြလိုက်သည်။
ချောင်ချန်ချန်က လော်ယွမ်ကို သူမအိမ်သို့လိုက်ပို့ပေးရန်ပြောချင်သော်လည်း ပါးစပ်ကိုသာဟလိုက်ပြီး စကားထွက်မလာခဲ့ပေ။ သူမနှင့် လော်ယွမ်က ရင်းနှီးကျွမ်းဝင်သူများလည်းမဟုတ်မည်သည့်အကြောင်းဖြင့်သူမကို လိုက်ပို့ပေးဖို့ ပြောရမည်နည်း။ ဤသို့တွေးမိသောအခါသူမစိတ်ထဲတွင်ဟွမ်ကျားဟွေကိုမနာလိုစိတ်အနည်းငယ်ဖြစ်ပေါ်လာသည်။မိမိ အဘယ်ကြောင့်သူ့ကိုစောစောကတည်းက မသိကျွမ်းခဲ့ရသနည်း။
ကျန်နှစ်ယောက်လုံးက လော်ယွမ်နောက်ကို လိုက်မည်ဆိုသောအခါကျောက်ထင်းမင်လည်း တစ်ယောက်တည်း ကျန်မနေခဲ့ချင်တော့ပေ။
ထို့နောက်လော်ယွမ်က ပိုးကောင်၏ချွန်ထက်သော ခြေချောင်းအချို့ကို ခုတ်ဖြတ်ပြီး သူတို့သုံးယောက်ကို လက်နက်အဖြစ်ပေးလိုက်သည်။ထိုခြေချောင်းများက ပိုးကောင်စိမ်း၏ ခန္ဓာကိုယ်တွင်အမာကျောဆုံးအစိတ်အပိုင်းများဖြစ်ပြီး သာမန်သတ္တုများထက်ပင်သာလွန်၏။ ၎င်းကဗီဇဆင့်ကဲပြောင်းလဲမှုမှ ဖြစ်ပေါ်လာသည်ဟု ယုံရခက်လောက်အောင်ပင်။
အားလုံးအဆင်သင့်ဖြစ်သောအခါလော်ယွမ်က တံခါးအပြင်ဘက်မှအခြေအနေကို ခေတ္တနားစွင့်လိုက်သည်။စြင်္ကံတွင်ပိုးကောင်စိမ်းများ၏ ခြေသံမကြားရတော့မှကျောက်ထင်းမင်ကို စားပွဲများရွှေ့ရန်အချက်ပြလိုက်သည်။
လော်ယွမ်၏ခိုင်းစေမှုကို ကျောက်ထင်းမင်က မကျေနပ်ခြင်းမရှိသည့်အပြင်မျက်နှာတွင်ဝမ်းသာသောအရိပ်အယောင်ပင်ထင်ဟပ်နေ၏။ သူက ချွေးတလုံးလုံးဖြင့်စားပွဲများကို တစ်လုံးပြီးတစ်လုံး ရွှေ့လိုက်ရာ မကြာမီပင်အခန်းတံခါးပွင့်သွားတော့သည်။
လော်ယွမ်က ဘယ်ညာတစ်ချက်ကြည့်လိုက်သည်။လေးလွှာ၏စြင်္ကံတစ်ခုလုံးက ရှင်းလင်းနေပြီး ပိုးကောင်စိမ်းတစ်ကောင်မှမရှိပေ။ သူက နောက်လှည့်ပြီး "သွားကြစို့...ဒီအထပ်မှာမရှိတော့တဲ့ပုံပဲ...ငါတို့အောက်ထပ်ကိုဆင်းကြည့်ကြမယ်"
"အကိုလော်...ကျွန်မသန့်စင်ခန်းအရင်သွားလို့ရမလားဟင်"ချောင်ချန်ချန်က ရှက်ရွံ့စွာပြောသည်။သူမ၏ဘောင်းဘီမှာ စိုရွှဲနေ၍ စိတ်မသက်မသာဖြစ်နေရုံသာမက တစ်ကိုယ်လုံးတွင်လည်း ကျင်ငယ်ရည်နံ့စွဲနေသဖြင့်တခြားသူများအနားသို့ပင်မကပ်ရဲပေ။
လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး "ကျန်တဲ့သန့်စင်ခန်းသွားချင်တဲ့သူတွေရှိရင်လည်း မြန်မြန်သွားကြ...ပြီးတော့သတိထားနော်ပိုးကောင်စိမ်းတွေသန့်စင်ခန်းပြတင်းပေါက်ကနေ ဝင်လာနိုင်တယ်"
မူလက ကျောက်ထင်းမင်လည်း အိမ်သာသွားချင်စိတ်ရှိသော်လည်း လော်ယွမ်၏စကားကိုကြားသောအခါထိုအတွေးကို ချက်ချင်းဖျောက်လိုက်သည်။
ချောင်ချန်ချန်မှာ ကြောက်စိတ်ဝင်လာသော်လည်း မိမိ၏ရှက်ဖို့ကောင်းသည့်အခြေအနေကို ပြန်စဉ်းစားမိသောကြောင့် အံကြိတ်ပြီး သတ္တိမွေးကာ သန့်စင်ခန်းဆီသို့အမြန်လျှောက်သွားလိုက်သည်။မကြာမီပင်သူမပြန်ထွက်လာသည်။
လော်ယွမ်က သူမကို အကြိမ်အနည်းငယ်ပို၍ ကြည့်မိသွားသည်။ယခု သူမက ဘောင်းဘီကိုချွတ်ထားပြီး ရုံးကုတ်အင်္ကျီအသေးတစ်ထည်ကိုသာ ပတ်ထား၏။ သို့သော်ကုတ်အင်္ကျီကသေးငယ်လွန်းသဖြင့်အရေးကြီးသောအစိတ်အပိုင်းများကို ဖုံးမိရုံမျှသာရှိပြီး ညီညာလှပသော ပေါင်တံနှစ်ချောင်းလုံးကို အတိုင်းသားမြင်နေရကာ ဖြူဖွေးဝင်းမွတ်နေမှုက မျက်စိပင်ကျိန်းလောက်သည်။
လော်ယွမ်၏အနည်းငယ်စူးရှသော အကြည့်ကိုခံစားမိသောအခါချောင်ချန်ချန်၏စိတ်ထဲတွင်ရှက်ရွံ့စိတ်နှင့်အတူ ကျေနပ်စိတ်အနည်းငယ်လည်း ဖြစ်ပေါ်လာသည်။ သူမက သတ္တိမွေးပြီး လော်ယွမ်ကို အကြိမ်အနည်းငယ်ခိုးကြည့်လိုက်သည်။သူမအလေးထားဆုံးမှာ သူမ၏ပေါင်တံနှစ်ချောင်းပင်ဖြစ်ပြီး ပုံမှန်အချိန်များတွင်လည်း အထူးဂရုစိုက်ထိန်းသိမ်းသဖြင့်အလွန်နုနယ်ချောမွေ့ကာ အရည်လဲ့နေသယောင်ပင်ထင်ရ၏။ ဟွမ်ကျားဟွေလို အသက်ကြီးနေသောမိန်းမတစ်ယောက်က သူမနှင့်မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ချေ။
သူမက မသိမသာဖြင့်လော်ယွမ်အနားသို့တိုးကပ်သွားပြီး စကားလမ်းကြောင်းရှာကာ "အကိုလော်...ကျွန်မတို့သုံးလွှာကိုဆင်းပြီး ဘာသွားလုပ်ကြမှာလဲ" ဟု မေးလိုက်သည်။
"ပိုးကောင်စိမ်းတွေအကုန်လုံးကိုရှင်းဖို့ပေါ့...ငါတို့ဒီအစိုးရရုံးမှာပဲ တစ်သက်လုံးနေလို့မရဘူးလေ နောက်ဆုံးအိမ်ပြန်ရမှာပဲမလား" လော်ယွမ်က တည်ငြိမ်စွာပြောသည်။
ချောင်ချန်ချန်၏မျက်လုံးများက လေးစားမှုများဖြင့်အရောင်တောက်သွား၏။ တခြားသူများက ပိုးကောင်စိမ်းတွေကို ရှောင်ရှားနေချိန်တွင်သူက ကိုယ်တိုင်သွားရှင်းလင်းရန်ပြင်နေသည်။
"အဲ့အပျက်မက တော်တော်ထတာပဲ...အခုနေလော်ယွမ်သာတောင်းဆိုရင်သူခဏဟန်ဆောင်ငြင်းပြီး လက်ခံမှာသေချာတယ်"ကျောက်ထင်းမင်က ဤမြင်ကွင်းကိုသတိပြုမိပြီး မကောင်းမြင်စိတ်ဖြင့်တွေးတောလိုက်သည်။သူ၏စိတ်ထဲတွင်မနာလိုစိတ်များဖြင့်ပေါက်ကွဲထွက်မတတ်ဖြစ်နေ၏။ သူက ခေါင်းကိုအနည်းငယ်ငုံ့လိုက်ပြီး မျက်နှာပေါ်မှအမူအရာနှင့် မျက်လုံးထဲမှအတွေးများကို တခြားသူများမမြင်အောင်တိတ်တဆိတ်ဖုံးကွယ်ထားလိုက်သည်။
သူတို့သုံးယောက်သုံးလွှာသို့ဆင်းသည့်လှေကားထိပ်သို့ရောက်သောအခါရင်ထဲတွင်ပြန်လည်လေးလံလာကြသည်။
လှေကားထစ်များမှာ အလွန်တိတ်ဆိတ်နေသော်လည်း သုံးလေးထစ်ခန့်ဆင်းပြီးချိန်တွင်အောက်ထပ်မှအော်သံများထွက်ပေါ်လာသည်။ထို့နောက်အော်သံများက နာကျင်စွာအော်ဟစ်သံများအဖြစ်ပြောင်းလဲသွားပြီး ထိုအထဲတွင်သေနတ်သံအချို့လည်း ပါဝင်နေ၏။
"သုံးလွှာမှာ လူတွေရှိသေးတယ်...ငါတိုအမြန်သွားရအောင်"လော်ယွမ်က ပြောသည်။
လော်ယွမ်က ချက်ချင်းအရှိန်မြှင့်ပြီး လှေကားကို ပြေးဆင်းလိုက်၏။စြင်္ကံသို့ရောက်သည်နှင့်သွေးအလိမ်းလိမ်းဖြစ်နေသော အမျိုးသမီးတစ်ဦးက ထိတ်လန့်တကြားဖြင့်သူတို့ရှိရာသို့ပြေးလာသည်။
"လန်လန်...နင်ဘယ်လိုဖြစ်တာလဲ" ချောင်ချန်ချန်က ပါးစပ်ကိုလက်ဖြင့်အုပ်ကာ မေးလိုက်သည်။
ထိုအမျိုးသမီးက ခေါင်းမော့ကြည့်လိုက်ပြီး အသိဖြစ်နေသည်ကိုမြင်သောအခါ"ချန်ချန်အမြန်ပြေး...ရှေ့မှာပိုးကောင်စိမ်းတွေရှိတယ်"ဟု အလန့်တကြားအော်ဟစ်လိုက်သည်။
သူမက အရှိန်မလျှော့ဘဲ သူတို့ဘေးမှဖြတ်ပြေးရန် ကြိုးစားသော်လည်း လော်ယွမ်က သူမ၏လက်မောင်းကို ဆွဲထားလိုက်သည်။သူမက ချက်ချင်းရူးမတတ် ရုန်းကန်ရင်း "ဟာ...ဘာလို့ကျွန်မလက်ကိုဆွဲတာလဲ...လွှတ်...အခုလွှတ်"
သူမ၏ ရန်လိုနေသောပုံစံကိုမြင်သောအခါလော်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်စွာဖြင့်သူမကို ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်သည်။ "ချောင်ချန်ချန်...ဒီမိန်းမကို မင်းပဲတာဝန်ယူလိုက်တော့"
ကျောက်လန်က လူးလဲထကာ ဆက်ပြေးရန်ကြိုးစားသော်လည်း ချောင်ချန်ချန်က ထပ်မံဆွဲထားလိုက်၏။သူမက ဒေါသထွက်ကာ "နင်တို့ဘာဖြစ်နေတာလဲ...ရှေ့မှာပိုးကောင်တွေရှိတယ်လို့ငါပြောနေတယ်လေ...နင်တို့သေချင်ရင်လည်းငါ့ကိုဆွဲမထည့်နဲ့" ဟုအော်ဟစ်လိုက်သည်။
"ဖြန်း" ဟွမ်ကျားဟွေ့ကရှေ့တိုးပြီး သူမကို ပါးတစ်ချက်ရိုက်လိုက်သည်။ "ပါးစပ်ပိတ်ထား"
သူမက ခဏကြောင်သွားပြီး ဆက်၍မရုန်းတော့ပဲ "အီးဟီး... နင်တို့လူယုတ်မာတွေ၊ချန်ရွှယ်ယန်သေပြီ...ငါတို့နောက်လိုက်လာတဲ့ လုံခြုံရေးတွေလည်းသေပြီ...အားလုံးသေကုန်ဟြင့်..."ဟု အော်ငိုတော့သည်။
"သူ့ကိုပိုးကောင်စိမ်းဘယ်နှစ်ကောင်ရှိလဲမေးလိုက်"လော်ယွမ်က ပြောသည်။
ကျောက်လန်မှာ အနည်းငယ်စိတ်ငြိမ်သွားသောအခါမှထိုလူများ၏လက်ထဲတွင်အစိမ်းရောင်ချွန်ထက်သောဆူးချောင်းတစ်ခုစီကိုင်ထားသည်ကို သတိပြုမိလိုက်သည်။ထိုဆူးချောင်းများက တစ်နေရာမှာ မြင်ဖူးသလိုလို ရင်းနီးနေ၏။ ထို့အပြင်ထိုလူများ၏အမူအရာတွင်စိုးရိမ်စိတ်အနည်းငယ်ရှိသော်လည်း အထူးတလည်ကြောက်ရွံ့နေခြင်းမရှိကြချေ။အထူးသဖြင့်ဦးဆောင်စကားပြောနေသောသူက ပို၍တည်ငြိမ်နေပြီး ဤအဖွဲ့၏ခေါင်းဆောင်ဖြစ်ဟန်ရှိသည်။
သူမက အမြင်စူးရှသူတစ်ယောက်ဖြစ်ရာ ချောင်ချန်ချန်မေးမြန်းသည်ကိုပင်မစောင့်ဘဲ "နှစ်ကောင်ရှိတယ်...ပြတင်းပေါက်ကနေဝင်လာတာ...ကျွန်မသူတို့ကို အထွေထွေစီမံခန့်ခွဲရေးဌာနရုံးခန်းထဲမှာ ပိတ်ထားခဲ့တယ်"ဟု အလျင်အမြန်ဖြေလိုက်သည်။
"မင်းတို့ဒီမှာစောင့်နေ...သတိမပြတ်စေနဲ့နော်...ငါသွားကြည့်လိုက်မယ်"လော်ယွမ်က ပြောသည်။
"အကိုလော်...ငါပါလိုက်ခဲ့မယ်...ဒါဆိုငါနည်းနည်းပါးပါးကူညီလို့ရတာပေါ့"ကျောက်ထင်းမင်က ဆိုသည်။ဤမှာကျန်နေခဲ့ခြင်းက လုံခြုံသည်ဟုမဆိုနိုင်လော်ယွမ်နောက်လိုက်သွားခြင်းက ပို၍အာမခံချက်ရှိသည်။
"မလိုဘူး...တိုက်ပွဲဖြစ်ရင်မင်းကိုကြည့်နေနိုင်မှာမဟုတ်ဘူး" လော်ယွမ်က ကျောက်ထင်းမင်၏စိတ်ကူးကို တစ်ချက်ကြည့်ရုံဖြင့်သိမြင်ပြီး ငြင်းပယ်လိုက်သည်။
ပြောပြီးသည်နှင့်သူက ကျန်းမာတောက်ကိုကိုင်ကာ ရှေ့သို့လျှောက်သွားသည်။
ပေ၃၀ခန့်လောက်လျှောက်ပြီးချိန်တွင်လော်ယွမ်က အရိုးများကိုဝါးစားနေသည့်'ဂျွတ်...ဂျွတ်' ဟူသောအသံကိုကြားလိုက်ရ၏။ သူ၏ခြေလှမ်းများက ပေါ့ပါးသွားပြီး အသက်ရှုနှုန်းမှာလည်း တဖြည်းဖြည်းနှေးကွေးလာသည်။
မကြာမီပင်သူက တံခါးတစ်ခုရှေ့တွင်ရပ်တန့်လိုက်သည်။
နီညိုရောင်အရည်များက တံခါးအောက်ခြေမှစီးထွက်လာပြီး လော်ယွမ်၏ခြေထောက်ဆီသို့စီးလာ၏။ နှာခေါင်းထဲစူးဝင်လာသော သွေးညှီနံ့က ပတ်ဝန်းကျင်တွင်ပျံ့နှံ့နေသည်။လော်ယွမ်၏စိတ်ထဲတွင်တင်းကျပ်သွားပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
သူက ခေါင်းမော့ကြည့်လိုက်ရာ တံခါးဆိုင်းဘုတ်ပေါ်တွင်"အထွေထွေစီမံခန့်ခွဲရေးဌာန" ဟု ရေးထားသည်ကိုတွေ့လိုက်ရသည်။
"ဒီနေရာပဲ...တော်သေးတယ်ဟိုအရူးမထွက်မပြေးခင်အခန်းတံခါးပိတ်ဖို့သတိရလို့...အဲ့တော့ငါလည်းပြင်ဆင်ချိန်နည်းနည်းရတာပေါ့"သူက အပေါ်ထပ်တွင် ပိုးကောင်စိမ်း၂ကောင်နှင့်တိုက်ခိုက်ခဲ့ရသည်ကို ပြန်တွေးမိသောအခါ စိတ်ထဲတွင် ကြက်သီးထမိလိုက်သည်။
လော်ယွမ်က အသက်ကိုအဝရှူသွင်းလိုက်ပြီး ပုခုံးစောင်းဖြင့်တံခါးကို အရှိန်ပြင်းပြင်း တိုက်ချလိုက်သည်။
ပိုးကောင်စိမ်းနှစ်ကောင်က အလောင်းတစ်လောင်းစီကို စောင့်ကြပ်ရင်း အားရပါးရစားသောက်နေကြသည်။ ရုတ်တရက်ထွက်ပေါ်လာသော အသံကျယ်ကြီးကြောင့်လန့်ပြီး နောက်သို့တစ်လှမ်းဆုတ်ကာ ခုခံကာကွယ်သည့်ပုံစံပြုလုပ်လိုက်သည်။သို့သော်ရောက်လာသူမှာ သက်ရှိအစားအစာတစ်ခုသာဖြစ်ကြောင်း မြင်သောအခါ စိတ်လျှော့လိုက်ကြပြန်သည်။
တစ်ကောင်က ပျော်ရွှင်စွာအော်မြည်လိုက်ပြီး သိပ်မလတ်ဆတ်တော့သော အသားကိုချကာ ရှေ့သို့တိုးလာသည်။နောက်တစ်ကောင်က စိတ်မဝင်စားသည့်ပုံဖြင့်ခေါင်းငုံ့ကာ ဆက်လက်စားသောက်နေသည်။
သို့သော်သူတို့၏သနားစရာကောင်းသော ဦးနှောက်ထဲတွင်အစားအစာများကြား၌ ကွာခြားမှုရှိသည်ကိုမသိကြပေ။ အချို့အစားအစာများက နူးညံ့ပြီး အရသာရှိကာ အရည်ရွှမ်းသော်လည်း အချို့အစားအစာများကတော့မာကျောလွန်းသဖြင့်သူတို့၏သွားများကိုပင်ကျိုးပဲ့သွားစေနိုင်သည်။
လော်ယွမ်က တိုက်ခိုက်လာသူမှာ တစ်ကောင်တည်းဖြစ်သည်ကိုမြင်သောအခါစိတ်ထဲတွင်အနည်းငယ်သက်သာရာရသွားသည်။
သူ၏အရှိန်က ရုတ်တရက်မြန်ဆန်လာပြီး တစ်ချိန်တည်းမှာပင် ချွန်မြသောကျန်းမာတောက်ဓားမှအေးစက်သောဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုပိုးကောင်စိမ်းက တုံ့ပြန်ချိန်မရလိုက်ခင်မှာပင်ခေါင်းကို တစ်ချက်တည်းခုတ်ပိုင်းခံလိုက်ရသည်။
သူက ရုတ်တရက်တန့်သွားပြီးနောက်မြေပေါ်သို့ "ဘုန်း"ခနဲလဲကျကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါနေတော့သည်။
လော်ယွမ်၏လှုပ်ရှားမှုက မရပ်တန့်ဘဲ ဓားရှည်ကိုတစ်ချက်ခါလိုက်ပြီး ကျန်ရှိနေသောတစ်ကောင်ဆီသို့ပြေးဝင်သွား၏။ ထိုပိုးကောင်စိမ်းမှာ အခြေအနေကိုမရိပ်မိသေးဘဲ အလောင်းကိုသာ ခေါင်းငုံ့ကိုက်ဖြတ်နေဆဲဖြစ်သည်။လော်ယွမ်သူ၏အနားသို့ရောက်လာသောအခါမှသာ ရုတ်တရက်သတိပြုမိသွားပြီး ရှေ့ခြေထောက်များကို အလိုအလျောက်ကျုံ့ကာ တိုက်ခိုက်ရန်ပြင်လိုက်၏။သို့သော်အချိန်မမီတော့ပေ။ ဓားရောင်တစ်ချက်လက်သွားကာ ရှေ့ခြေထောက်နှစ်ချောင်းက "ဒုတ်"ခနဲမြည်ပြီး မြေပေါ်သို့ကျသွားသည်။
သူက နာကျင်စွာအော်ဟစ်သံတစ်ချက်ပြုပြီးနောက်ရပ်တန့်သွား၏။ အေးစက်သောဓားထိပ်က သူ၏ပါးစပ်မှတဆင့်တည့်တည့်ထိုးဖောက်ပြီး ဦးနှောက်ကိုတိုက်ရိုက်ဖောက်ထွက်သွားသည်။
လော်ယွမ်က ကျန်းမာတောက်ဓားကိုပြန်ဆွဲထုတ်လိုက်ပြီး ဓားရှည်ကိုတစ်ချက်ခါကာ ဓားပေါ်မှအစိမ်းရည်များကိုခါချလိုက်ပြီး "၃ကောင်ပဲကျန်တော့တယ်" ဟုရေရွတ်လိုက်သည်။
သူက ကြမ်းပြင်ပေါ်မှ ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်၏အလောင်းနှစ်လောင်းကို ကြည့်လိုက်သည်။သူတို့နှစ်ဦးလုံး၏ဝမ်းဗိုက်များက ပိုးကောင်များကြောင့်ပွင့်ဟနေပြီး အူများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ ထိုအထဲမှအမျိုးသမီးမှာ အသက်မသေသေးပေ။ သူမ၏မျက်လုံးများက ပြူးကျယ်နေပြီး မျက်ရည်များက သူမ၏မျက်နှာပေါ်တွင်အဆက်မပြတ်စီးကျနေသည်။သူမက တစ်စုံတစ်ခုပြောချင်ပုံရသော်လည်း ပါးစပ်ဟလိုက်သည်နှင့်သွေးမည်းများ ပါးစပ်မှလျှံထွက်လာသည်။သူမက နာကျင်စွာပြုံးလိုက်ပြီး လော်ယွမ်ကို တောင်းပန်သောမျက်လုံးများဖြင့် ကြည့်နေသည်။
"စိတ်မကောင်းပါဘူး...ကျွန်တော်လည်းဘာမှမတတ်နိုင်ဘူး" လော်ယွမ်က သက်ပြင်းချကာ ခပ်တိုးတိုးပြောလိုက်သည်။ဤသို့သောဒဏ်ရာမျိုးက ဆေးရုံသို့ချက်ချင်းပို့ဆောင်နိုင်လျှင်ပင်ကယ်တင်နိုင်တော့မည်မဟုတ်ပေ။
အမျိုးသမီးက ခေါင်းကိုအသာခါယမ်းလိုက်ပြီး လက်ချောင်းများဖြင့်မြေပြင်ပေါ်တွင်တစ်စုံတစ်ခုကို ရေးခြစ်နေသည်။တစ်စုံတစ်ခုကို ဖော်ပြချင်ပုံရသည်။
လော်ယွမ်က ခေါင်းငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင်ယိုင်နဲ့နဲ့ရေးထားသော သွေးရောင် "သေ" ဟူသည့်စာလုံးတစ်လုံးကို တွေ့လိုက်ရသည်။
သူမက နာကျင်မှုတွေကို အမြန်ဆုံးအဆုံးသတ်ချင်နေပုံရ၏။
လော်ယွမ်၏စိတ်ထဲတွင်တုန်လှုပ်သွားလေသည်။
"ကျွန်တော်နားလည်ပြီ"
အမျိုးသမီးက အားယူပြုံးလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
လော်ယွမ်က အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားကိုကိုင်ကာ ဓားထိပ်ကို သူမ၏နှလုံးသားနေရာသို့ချိန်ရွယ်လိုက်သော်လည်း အချိန်အတော်ကြာသည်အထိ မထိုးစိုက်နိုင်ဖြစ်နေသည်။
သူက လူမသတ်ဖူးသူမဟုတ်။သေချာရေတွက်ကြည့်လျှင်သူ၏လက်ထဲတွင်သေဆုံးခဲ့သူ ခုနစ်ယောက်ရှစ်ယောက်ခန့်ရှိပြီဖြစ်သည်။သို့သော်ဤတစ်ကြိမ်တွင်ဘာကြောင့်မှန်းမသိ ပဲမလုပ်နိုင်ဖြစ်နေသည်။အပြစ်မဲ့သူတစ်ဦးကို မိမိလက်ဖြင့်မသတ်ချင်၍လားမသိ သူ့၏နဖူးတွင်ချွေးများတဖြည်းဖြည်းစို့လာပြီး လက်များလည်း အနည်းငယ်တုန်ယင်လာကာ စိတ်ထဲတွင်ဖိစီးမှုကြောင့်မွန်းကျပ်နေသည်။
သူဆုံးဖြတ်ချက်ချလိုက်သည့်အချိန်တွင်ထိုအမျိုးသမီးမှာ ငြိမ်သက်သွားလေပြီ။ သူငုံ့ကြည့်လိုက်ရာ သူမသေဆုံးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
လော်ယွမ်က အလုံးကြီးကျသွားသည့်အလား သက်ပြင်းချလိုက်သည်။
သူက ကြမ်းပြင်ပေါ်တွင် Type 54 ပစ္စတိုတစ်လက်ကျနေသည်ကိုတွေ့သဖြင့်ကောက်ယူလိုက်ပြီး လုံခြုံရေး၏အလောင်းပေါ်မှကျည်ဆန်ခုနစ်၊ရှစ်တောင့်ကိုရှာဖွေယူကာ ထိုအခန်းမှပြန်ထွက်ခဲ့တော့သည်။
ဆက်ရန်...