အခန်း (၂၉-၃၂)
Vol. 2 Ch. 29-32
အပိုင်း(၂၉)အဆင့်တက်ခြင်း
ကျန်းလန်၏စိတ်အခြေအနေက အတော်လေးကောင်းမွန်လာပြီး ချောင်ချန်ချန်နှင့်တိုးတိုးတိတ်တိတ်စကားပြောနေသည်။လော်ယွမ်ပြန်လာသည်ကိုမြင်သောအခါစကားပြောခြင်းကို ချက်ချင်းရပ်လိုက်ပြီး မျက်လုံးထဲတွင်အံ့ဩမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ချောင်ချန်ချန်ပြောခဲ့သော စကားများကို သူမ အခုထိတိုင်မယုံနိုင်ဖြစ်နေပုံရသည်။
"ပြီးသွားပြီလား" ဟွမ်ကျားဟွေက စိုးရိမ်တကြီးမေးလိုက်သည်။
"အင်း...အထဲကလူတွေတော့သေကုန်ပြီ...ဒီပစ္စတိုကအစောင့်ဆီကရတာ...အမဟွေယူထားလိုက်"လော်ယွမ်က သေနတ်ကို ဟွမ်ကျားဟွေဆီသို့ပစ်ပေးလိုက်ပြီး ကျန်ရှိသောကျည်ဆန်များကိုလည်း သူမထံသို့ကမ်းပေးလိုက်သည်။
ဟွမ်ကျားဟွေက ကျွမ်းကျင်စွာကိုင်တွယ်ကြည့်ရှုပြီးနောက်ကျည်ဆန်များကိုပြန်ဖြည့်ကာ ချိန်ရွယ်သည့်ပုံစံလုပ်လိုက်ပြီး သက်ပြင်းချကာ "သေနတ်မကိုင်ဖြစ်တာတောင်...တော်တော်ကြာပြီပဲ"
"အမဟွမ်အရင်က သေနတ်ပစ်လေ့ကျင့်ဖူးတာလား"ကျောက်ထင်းမင်၏စကားထဲတွင်မြှောက်ပင့်မှုနှင့်အတူ စူးစမ်းလိုစိတ်လည်း ပါဝင်နေ၏။ ဤသို့ကျွမ်းကျင်သောကိုင်တွယ်မှုမျိုးက သေနတ်ကိုအခုမှစကိုင်ဖူးသူတစ်ယောက်လုပ်နိုင်သည့်အရာမဟုတ်သည်မှာ သေချာသည်။
"ကျွန်မအရင်ကရဲတစ်ယောက်လေ... အဲ့ကထွက်ပြီးဒီကိုပြောင်းလာတာ မကြာသေးဘူး" ဟွမ်ကျားဟွေက ခေါင်းမော့လိုက်ပြီး အနည်းငယ်ဝင့်ကြွားသောလေသံဖြင့်ပြောသည်။
"အမဟွမ်ကအရမ်းတော်တာပဲ...ဒီလိုမှန်းသိရင်ကျွန်မလည်း သေနတ်ပစ်လေ့ကျင့်ထားပါတယ်...ကမ္ဘာကြီးကအခုဘာတွေဖြစ်ကုန်မှန်း မသိတော့ဘူး" ချောင်ချန်ချန်က အားကျသောမျက်နှာဖြင့်ပြောပြီး သက်ပြင်းချလိုက်သည်။
"ဟုတ်ပြီ...ငါတို့သွားရအောင်...နှစ်လွှာကိုသွားကြည့်ကြတာပေါ့"လော်ယွမ်က စကားဖြတ်လိုက်သည်။
သူတို့အဖွဲ့ နှစ်လွှာကိုဆင်းသော လှေကားထိပ်သို့ရောက်သည်နှင့်ရှေ့တွင်သွေးအိုင်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ ဘေးတွင်လက်ချောင်းပြတ်အချို့နှင့်မဲညစ်ညစ်အူတစ်ပိုင်းလည်း ရှိနေသည်။ထိုမြင်ကွင်းကိုမြင်လျှင်အားလုံး၏ မျက်နှာများဖြူဖျော့သွားပြီး အစာအိမ်ထဲတွင်ပျို့တက်သွားလေသည်။
ချောင်ချန်ချန်က လက်ချောင်းပြတ်တစ်ခုပေါ်မှလက်စွပ်ကို ရင်းနှီးနေသဖြင့်မျက်နှာဖြူဖျော့သွားပြီး "အဲ့တာညွှန်ကြားရေးမှုးစွန်းရဲ့ဟာထင်တယယ်"
"သူကတော့အသက်မရှင်လောက်တော့ဘူး"ကျောက်ထင်းမင်က အနည်းငယ်ကျေနပ်သောလေသံဖြင့်ပြောသည်။
"တော်တော့...ဆက်မပြောနဲ့တော့"ဟွမ်ကျားဟွေ၏မျက်နှာမှာ သိပ်မကောင်းပေ။ သူမက ပါးစပ်ကိုပိတ်ပြီး လော်ယွမ်နောက်သို့အမြန်လိုက်ပါသွားသည်။
"နေဦး...အားလုံးနောက်ဆုတ်ကြ"ရှေ့ဆုံးမှလျှောက်နေသော လော်ယွမ်က အကွေ့တစ်ခုသို့ရောက်သည်နှင့်ချက်ချင်းခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး လေးနက်သောအသံဖြင့် "အောက်မှာပိုးကောင်စိမ်းတွေရှိသေးတယ်"ဟုပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် အားလုံး၏မျက်နှာများချက်ချင်းပြောင်းလဲသွားပြီး သုံးလွှာသို့အမြန်ပြေးတက်ကြ၏။ဟွမ်ကျားဟွေကမူ သေနတ်ကိုမြှောက်ကိုင်ကာ မလှုပ်မယှက်ရပ်နေသည်။
"နင်ဘာလို့ရပ်နေတာလဲ...အပေါ်အမြန်ပြန်တက်လေ" လော်ယွမ်က နောက်လှည့်ကြည့်လိုက်ရာ ဟွမ်ကျားဟွေကိုတွေ့သဖြင့်မျက်လုံးစွေကြည့်ကာ ပြောလိုက်သည်။
"ကျွန်မလည်း ပိုးကောင်စိမ်းတွေကို သတ်နိုင်တယ်"ဟွမ်ကျားဟွေ၏မျက်နှာက အနည်းငယ်ဖြူဖျော့နေသော်လည်း ခေါင်းမာစွာပြန်ပြော၏။
"နင့်ရဲ့အဲ့လိုပုံစံနဲ့...ငါ့ကိုမနှောက်ယှက်ရင်ပဲ ကျေးဇူးတင်ရမှာ" လော်ယွမ်က သူမ၏ အားတင်းရပ်တည်နေသောပုံစံကိုမြင်သောအခါစိတ်မရှည်စွာပြောလိုက်သည်။
"ဒီတစ်ခါတော့ကျွန်မလုပ်နိုင်မှာသေချာတယ်...ကျွန်မရှင့်ကိုလုံးဝမနှောက်ယှက်ဘူး" ဟွမ်ကျားဟွေက ယခင်ကအဖြစ်အပျက်ကိုပြန်တွေးမိပြီး မျက်နှာအနည်းငယ်ပူသွားသော်လည်း ယုံကြည်မှုရှိသောအသံဖြင့် "ကျွန်မကအရပ်ဘက်လုံခြုံရေး သေနတ်ပစ်ပြိုင်ပွဲမှာ တတိယဆုရဖူးတယ်...ရှင်လူကိုအထင်မသေးပါနဲ့"
လော်ယွမ်က သူမကို မယုံသင်္ကာဖြင့်တစ်ချက်ကြည့်လိုက်သည်။သို့သော်ယခင်က သူမသေနတ်ပစ်သည်ကိုမမြင်ဖူးသောကြောင့်တစ်ကယ်ဟုတ်မဟုတ်မသိနိုင်ပေ။
"နင်တစ်ကယ်သေချာရင်လည်း လိုက်ခဲ့လို့ရတယ်...ပိုးကောင်စိမ်းစားတာခံရမှ ငါ့ကိုမကယ်လို့ဆိုပြီးအပြစ်မတင်နဲ့" လော်ယွမ်က အနည်းငယ်စိတ်တိုစွာပြောလိုက်သည်။
ဟွမ်ကျားဟွေက စကားပြန်ပြောမည်အပြုတွင်လော်ယွမ်က ရုတ်တရက် ပါးစပ်ပိတ်ရန်အမူအရာပြလိုက်သဖြင့်မကျေမနပ်ဖြင့်ပါးစပ်ပိတ်လိုက်သည်။
အပေါ်ထပ်သို့ရောက်ရှိသွားသော လူသံများက ၃လွှာတွင်ရှိနေသော ပိုးကောင်စိမ်းကို လန့်သွားစေခဲ့သည်။သူက လှေကားအတိုင်း အပေါ်သို့တက်လာပြီး မကြာမီမှာပင်သူ၏ကြောက်မက်ဖွယ်ကောင်းသောခန္ဓာကိုယ်ကြီး ပေါ်ထွက်လာသည်။
"ဒိုင်း ဒိုင်း ဒိုင်း" ဟွမ်ကျားဟွေ၏လက်များက အနည်းငယ်တုန်ယင်နေပြီး အံကိုတင်းတင်းကြိတ်ကာ မောင်းကိုအဆက်မပြတ်ဆွဲနေ၏။
ပိုးကောင်စိမ်း၏ခန္ဓာကိုယ်က တစ်ချက်တန့်သွားသည်။ကျည်ဆန်၏ပြင်းထန်သောတွန်းကန်အားကြောင့်သူက အဆက်မပြတ်နောက်ဆုတ်သွားပြီး ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အရည်များ ပွင့်ထွက်လာသည်။ကံမကောင်းစွာနှင့်ပင်ကျည်ဆန်တစ်တောင့်မျှချက်ကောင်းနေရာများကိုမထိမှန်ပေ။ ကျည်ဆန်သုံးတောင့်ဆက်တိုက်ထိမှန်ပြီးနောက်ပိုးကောင်စိမ်းက ခြေချော်ပြီး လှေကားအတိုင်း လျင်မြန်စွာလိမ့်ကျသွားသည်။
လော်ယွမ်က ဤသို့သောအခွင့်အရေးမျိုးကို လုံးဝလက်လွှတ်ခံမည်မဟုတ်ပေ။ သူက ဘယ်လက်ဖြင့်လှေကားလက်ရန်းကိုထောက်လိုက်ပြီး ခန္ဓာကိုယ်က လေထဲသို့လွှားခနဲခုန်ကျော်ကာ အောက်ထပ်၏လှေကားထစ်ပေါ်သို့ကျရောက်သွားသည်။သူက ရှေ့သို့ခြေလှမ်းအနည်းငယ်ဆက်လှမ်းပြီး လိမ့်ကျနေသောပိုးကောင်စိမ်းကိုမီသွားကာ လက်ထဲမှကျန်းမာတောက်ဓားက လျှပ်စီးလက်သလို ဖြတ်သန်းသွားပြီး တစ်ချက်တည်းဖြင့်ပိုးကောင်စိမ်း၏အသက်ကိုအဆုံးသတ်လိုက်သည်။
သို့သော်သေနတ်သံများက အောက်ထပ်၌ရှိနေသော ပိုးကောင်စိမ်းများကို လန့်သွားစေခဲ့သည်။
နှစ်လွှာတွင်လျှောက်သွားနေသော ပိုးကောင်စိမ်းသုံးကောင်က အသံကြားသည်နှင့်ခြေလှမ်းသွက်သွက်ဖြင့်ပြေးလာကြသည်။
"သေစမ်း"
လော်ယွမ်က ဒေါသတကြီးဆဲရေးလိုက်သည်။ဤမိန်းမပါလာလျှင်ကံဆိုးတတ်မှန်း ကြိုသိသော်လည်း ယခုလောက်မြန်မြန် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက အလျင်အမြန်နောက်ဆုတ်လိုက်သည်။ နှစ်ကောင်ဆိုလျှင်သူတိုက်ခိုက်နိုင်သေးသော်လည်း သုံးကောင်နှင့်တွေ့လျှင်တော့လှည့်ပြေးရုံသာရှိသည်။
"အမြန်ပြေး" လော်ယွမ်က ဟွမ်ကျားဟွေကိုအော်ပြောလိုက်သော်လည်း သူမက မလှုပ်မယှက်ဖြင့်ခေါင်းမာစွာကျည်ဆန်များကို သေနတ်ထဲသို့အဆက်မပြတ်ထည့်နေသည်။
"နင်ဘာလုပ်နေတာလဲ...အမြန်ပြေးလေ" လော်ယွမ်က ဒေါသပေါက်ကွဲသွား၏။ သူက စိတ်ကိုတင်းလိုက်ပြီး သူမကိုဂရုမစိုက်တော့ပေ။ ဤအတိုင်းသာဆက်သွားနေလျှင်ထိုသို့သောမိန်းမမျိုးကြောင့်တစ်နေ့အသက်ဆုံးရှုံးရနိုင်သည်။
သူက ဟွမ်ကျားဟွေကိုကျော်ဖြတ်ပြီး သုံးလွှာသို့ဆက်ပြေးတက်သွားသည်။
ဟွမ်ကျားဟွေက မည်သည့်အမူအရာမှမပြဘဲ သေနတ်ကိုမြှောက်ကာ အောက်ထပ်လှေကားအဝနေရာကို ချိန်ရွယ်ထားသည်။
ထိုအချိန်တွင်ပိုးကောင်စိမ်းတစ်ကောင်က လှေကားအဝမှပေါ်လာသည်။နောက်တစ်ခဏတွင်ဟွမ်ကျားဟွေက သေနတ်မောင်းကိုပြင်းထန်စွာဆွဲလိုက်သည်။ပထမကျည်ဆန်က ပိုးကောင်စိမ်း၏ရင်ဘတ်ကိုထိမှန်ပြီး ဒုတိယကျည်ဆန်မှာမူ သူ၏မျက်လုံးတစ်လုံးကို ပေါက်ထွက်သွားစေသည်။
ပိုးကောင်စိမ်း၏ခန္ဓာကိုယ်က တစ်ချက်တန့်သွားပြီး ယိမ်းယိုင်သွားကာ မြေပေါ်သို့လဲကျသွားသည်။
လော်ယွမ်က စူးစမ်းလိုစိတ်ဖြင့်နောက်လှည့်ကြည့်လိုက်ရာ သူ့ခြေလှမ်းများကို ချက်ချင်းရပ်တန့်လိုက်ရသည်။သူက တည်ငြိမ်နေသောဟွမ်ကျားဟွေကို အံ့ဩစွာကြည့်လိုက်၏။ဤသည်က ကံကောင်း၍ ထိမှန်သွားခြင်းပေလား။
သို့သော်ကံကောင်း၍ပဲဖြစ်ဖြစ်တကယ်ပဲဤလောက်စွမ်းရည်ရှိ၍ပဲဖြစ်ဖြစ်လက်ရှိအဖြစ်က လော်ယွမ်ကို အကြီးအကျယ်အကူအညီဖြစ်စေခဲ့၏။ပိုးကောင်စိမ်းနှစ်ကောင်ကိုပဲ ရင်ဆိုင်ရမည်ဆိုလျှင်တော့သူယုံကြည်မှုရှိသည်။သူက ကျန်းမာတောက်ဓားကိုကိုင်ကာ နှစ်လွှာလှေကားထိပ်သို့အမြန်ပြေးဆင်းလိုက်သည်။နောက်ထပ်ပိုးကောင်စိမ်းတစ်ကောင်က ခေါင်းပြူထွက်လာသည်နှင့်လော်ယွမ်က တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းလိုက်၏။ထို့နောက်ကျန်ရှိနေသောတစ်ကောင်ကိုလည်း လွယ်ကူစွာခုတ်သတ်လိုက်သည်။
ဒုတိယတစ်ကောင်ကိုသတ်ပြီးသောအခါခေါင်းထဲတွင်စနစ်၏အသိပေးချက်ပေါ်လာသည်။
"ဒင်...E-အဆင့်မစ်ရှင် ပိုကောင်းစိမ်း၁၀ကောင်ကိုသတ်ရန်အောင်မြင်သွားပါပြီ။"
"မစ်ရှင်ပြီးမြောက်ရန်ကြာချိန် - ၁နာရီ ၃၅မိနစ်"
"မစ်ရှင်အကဲဖြတ်ချက် -ကောင်းမွန်"
"အခြေခံအတွေ့အကြုံအမှတ် ၈၀၀ရရှိသည်"
"အကဲဖြတ်ချက်ကောင်းမွန်သဖြင့်အတွေ့အကြုံအမှတ်အပို ၈၀၀ရရှိသည်"
"သင်အဆင့်တက်သွားပါပြီ။ အဆင့်တက်မှုအတွက်အရည်အသွေးမှတ်တစ်မှတ်နှင့် ကျွမ်းကျင်မှတ်၅မှတ်ရရှိပါသည်...သင်၏လက်ရှိအဆင့်မှာ ၅ ဖြစ်ပါသည်"
"သင်၏သက်လုံနှင့် ဒဏ်ရာတို့သည်အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်သွားပါမည်"
"အထူးစွမ်းရည် -ပေါင်းစပ်နိုင်စွမ်း ရရှိသည်"
"နောက်ဆုံးတော့အဆင့်တက်သွားပြီ" လော်ယွမ်၏စိတ်ထဲတွင်ဝမ်းသာမှုများဖြင့်ပြည့်နှက်သွားသည်။
သူက အရည်အသွေးပြဇယားကို ဖွင့်လိုက်သည်။
အမည် -လော်ယွမ်
အလုပ်အကိုင် -မုဆိုး
အဆင့် - ၅
အတွေ့အကြုံ - ၉၀၀/၄၈၀၀
အရည်အသွေးများ
ခွန်အား - ၁၁ (၁၀)
လျင်မြန်မှု - ၁၂ (၁၀)
ကြံ့ခိုင်မှု - ၁၁ (၁၀)
ဉာဏ်ရည် - ၁၃ (၁၀)
အာရုံခံနိုင်စွမ်း - ၁၁ (၁၀)
စိတ်စွမ်းအား - ၁၂ (၁၀)
ကျွမ်းကျင်မှုများ
------------------
သိပ္ပံ - ၁၆
သင်္ချာ - ၁၄
တရုတ်စာ - ၁၉
ဘဏ္ဍာရေး - ၁၇
ကွန်ပျူတာ - ၉
ကခုန်ခြင်း - ၁
ပန်းချီ - ၃
ဂိမ်းကစားခြင်း - ၆
စေ့စပ်ညှိနှိုင်းခြင်း - 9
လူမှုဆက်ဆံရေး - ၇
ချက်ပြုတ်ခြင်း - ၃
ယာဉ်မောင်း - ၁
လက်နက်မဲ့တိုက်ခိုက်ခြင်း - ၅
ဓားပညာ - ၁၄
အထူးကျွမ်းကျင်မှု -အမျိုးအမည်ခွဲခြားနိုင်စွမ်း၊ ပေါင်းစပ်နိုင်စွမ်း
လက်ကျန်အခြေပြုမှတ် - ၁
လက်ကျန်ကျွမ်းကျင်မှတ် - ၅
လက်ကျန်မစ်ရှင် -မရှိ
လော်ယွမ်က အသေးစိတ်ခဏကြည့်လိုက်ပြီး ပေါင်းစပ်နိုင်စွမ်းကိုမြင်သောအခါအနည်းငယ်ကြောင်သွား၏။ မကြာမီမှာပင်ပေါင်းစပ်နိုင်စွမ်းနှင့်ပတ်သက်သော အချက်အလက်များက စိတ်ထဲတွင်ပေါ်လာသည်။
"ပေါင်းစပ်နိုင်စွမ်း - ပစ္စည်းတစ်ခုကို ပင်မအဖြစ်ထား၍ ပစ္စည်းနှစ်ခုကို အတင်းအကျပ်ပေါင်းစပ်ခြင်းအစွမ်း၊ အောင်မြင်နိုင်ခြေ အတိုင်းအတာတစ်ခုအထိရှိသည်"အချက်အလက်က ရှင်းလင်းပြီးနားလည်လွယ်သဖြင့်လော်ယွမ်က တစ်ချက်ကြည့်ရုံဖြင့်နားလည်သွားသည်။ဤအစွမ်းမှာ ဂိမ်းများတွင်ပါလေ့ရှိသော ပစ္စည်းများ၏အရည်အသွေးကိုမြှင့်တင်ြ့ခင်းနှင့် တူနိုင်သည်။ပစ္စည်းကိရိယာများပေါ်တွင်သုံးရပုံရ၏။ မာကျောပြီးအရည်အသွေးကောင်းသော သတ္တုတစ်မျိုးမျိုးသာ ရှာတွေ့နိုင်လျှင်သူကျန်းမာတောက်ဓားကို ဤအစွမ်းဖြင့်အဆင့်မြှင့်တင်နိုင်ချေရှိသည်။
တစ်ဘက်မှကြည့်လျှင်ဤအစွမ်းက နတ်ဘုရားအစွမ်းတစ်ခုအလားဖြစ်သည်။
သို့သော်ယခုအချိန်တွင်သူစမ်းသပ်ရန်အချိန်မရှိသောကြောင့်ခဏဘေးဖယ်ထားလိုက်သည်။
ယခုအရေးအကြီးဆုံးမှာ အရည်အသွေးမှတ်ထည့်ခြင်းဖြစ်၏။သူက တွေဝေမနေဘဲ လျင်မြန်မှုပေါ်တွင်ထည့်ရန်ဆုံးဖြတ်လိုက်သည်။လုံလောက်အောင်လျင်မြန်ပါက မည်သည့်အရာကိုမဆိုကျော်လွှားနိုင်သည်ဟူသော သဘောတရားကို သူအမြဲယုံကြည်သည်။ မြင့်မားသည့်အမြန်နှုန်းဖြင့်ဆိုလျှင်တိုက်ခိုင်ခြင်းဖြစ်စေ၊ ခုခံခြင်းဖြစ်စေ သူစိတ်တိုင်းကျလုပ်ဆောင်နိုင်သည်။ထို့အပြင်တိုက်ခိုက်နှုန်းမြန်လျှင်တိုက်ခိုက်အားကိုလည်းတိုးစေကာ ခွန်အားအဖြစ်ပါအသုံးချနိုင်သည်။သို့သော်တကယ်တမ်းအမှတ်ထည့်ခါနီးတွင်သူအနည်းငယ်တွန့်ဆုတ်သွားသည်။
အရည်အသွေး တစ်ခုတည်းကိုသာ မြင့်မားအောင်လုပ်ခြင်းက မှားယွင်းသောဆုံးဖြတ်ချက်ဖြစ်သည်ဟု သူခံစားမိနေသည်။တိုက်ပွဲတိုင်းတွင်သူက စိတ်ရှိတိုင်းမလုပ်ဆောင်နိုင်သလို ခံစားခဲ့ရသည်။သူကပိုမိုမြန်ဆန်နိုင်သော်လည်း ခန္ဓာကိုယ်၏အခြားစွမ်းရည်များက နောက်ကျန်နေခဲ့သဖြင့်အမြန်နှုန်းကို အပြည့်အဝအသုံးမချနိုင်ခဲ့ပေ။
သူ၏ လျင်မြန်မှု ၁၂မှတ်ဖြင့်တွက်လျှင်အာရုံကြောများ၏တုံ့ပြန်မှုအမြန်နှုန်းက သာမန်လူထက် ၂.၂၅ ဆပိုမြန်သည်။အကယ်၍ယင်းကိုအမြန်နှုန်းပေါ်တွင်အပြည့်အဝအသုံးချနိုင်လျှင်သူ၏ခြေလှမ်းအကြိမ်နှုန်းက အခြားသူများထက် နှစ်ဆကျော်ပိုမြန်သင့်သည်။သို့သော်တကယ်တမ်းအမြန်နှုန်းကတော့ထိုမျှမရှိပေ။
အရည်အသွေးမှတ်တစ်မှတ်ကို လျင်မြန်မှုပေါ်တွင်ထပ်ထည့်လိုက်လျှင်ပင်သူ၏အစွမ်းက များများစားစားတိုးတက်လာမည်မဟုတ်ဟု ခံစားနေရသည်။
သူကစိတ်ထဲတွင်မတင်မကျဖြစ်နေပြီး နောက်ဆုံးတွင်အံကိုတင်းတင်းကြိတ်ကာ အရည်အသွေးမှတ်၁မှတ် ကို ခွန်အားပေါ်တွင်ထည့်လိုက်သည်။
အရည်အသွေးမှတ်ထည့်လိုက်သည်နှင့်သူ၏ခန္ဓာကိုယ်ထဲတွင်ပူနွေးသောစီးကြောင်းတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။ ထို့မျှမကသေးပဲ သူ၏တစ်ကိုယ်လုံးရှိကြွက်သားများက တစ်ခါတစ်ရံကျုံ့သွားပြီး တစ်ခါတစ်ရံဆန့်ထွက်လာသည်။ဤသို့အကြိမ်ကြိမ်ထပ်ခါထပ်ခါဖြစ်ပြီးနောက် ကြွက်သားများက တဖြည်းဖြည်းပိုမိုသွယ်လျကျစ်လစ်လာပြီး လှပသောလိုင်းများထင်ပေါ်လာသည်။တစ်ကိုယ်လုံးမှအဆီပိုများပျောက်ကွယ်သွားပြီး နံဘေး၊ ကျောဘက်မှလေ့ကျင့်ရန်ခက်ခဲသောကြွက်သားများပင်တစ်ခုပြီးတစ်ခုပေါ်ထွက်လာ၏။ ထိုဖြစ်စဉ်တစ်ခုလုံးမှာ တစ်စက္ကန့်၊ နှစ်စက္ကန့်ခန့်ကြာလိုက်ပြီး ချက်ချင်းပုံမှန်ပြန်ဖြစ်သွားသည်။
ယခင်က လေ့ကျင့်ခန်းလုပ်ထားသဖြင့်အနည်းငယ်တောင့်တင်းသော လော်ယွမ်က ပိန်သွယ်သွားသယောင်ဖြစ်နေသည်။အကယ်၍အဝတ်အစားများသာကွယ်မထားလျှင်ဤမျှတိုတောင်းသောအချိန်အတွင်း ဖြစ်သွားသည့်ကြီးမားသောပြောင်းလဲမှုက မည်သူ့ကိုမဆို အံ့ဩမှင်သက်သွားစေနိုင်သည်။
ထိုသို့ဆိုလျှင်တောင်ဟွမ်ကျားဟွေ၏လော်ယွမ်ကိုကြည့်သော အကြည့်များက အနည်းငယ်ထူးဆန်းနေ၏။ ပါးစပ်ကမပြောနိုင်သော်လည်း တစ်ခုခုပြောင်းလဲသွားသည်ဟု သူမခံစားနေရဟန်တူသည်။
ဆက်ရန်...
အပိုင်း(၃၀)စစ်အာဏာ
လော်ယွမ်က ဟွမ်ကျားဟွေ၏အကြည့်ကို ဂရုမစိုက်ဘဲ သူ၏ခန္ဓာကိုယ်ပြောင်းလဲမှုထဲတွင်သာလုံးဝနစ်မြောနေသည်။သူက လက်သီးကိုအားကုန်ဆုပ်လိုက်ရာ အရိုးအဆစ်များမှ 'ဂျွတ်ဂျွတ်'ဟုမြည်သံထွက်လာ၏။ သူ့တစ်ကိုယ်လုံး အားအင်များပြည့်လျှံနေသလို ခံစားနေရပြီး ကြွက်သားများထဲတွင် ပေါက်ကွဲအားများပြည့်နှက်နေကာ ခန္ဓာကိုယ်ကလည်း ပေါ့ပါးသွားသယောင်ပင်။သူ၏လက်ရှိအမြန်နှုန်းသည်စိတ်ကူးထားသည်ထက်ပင်ပိုမြန်မည်ဟု သူယုံကြည်သည်။
မှန်၏။လူတစ်ယောက်၏အရည်အသွေးများက အချင်းချင်းအပြန်အလှန်အထောက်အကူပြုနေပြီး တစ်ခုမျှမရှိလို့မဖြစ်ပေ။ ရေစည်တစ်လုံး၏ရေမျက်နှာပြင်အမြင့်ဆုံးကို ဆုံးဖြတ်ပေးသည်မှာ ထိုရေစည်၏အတိုဆုံးပျဉ်ချပ်ဖြစ်သည်ဟူသောသီအိုရီအတိုင်းပင်။
"ရှောင်ယွမ်...ရှင်ဘာမှမဖြစ်ပါဘူးနော်"ဟွမ်ကျားဟွေက လော်ယွမ်ကို ထူးဆန်းစွာကြည့်ရင်းမေးလိုက်သည်။
"ငါဘာမှမဖြစ်ဘူး...ပြောရမယ်ဆိုဒီလောက်တစ်ခါမှနေလို့မကောင်းဖူးဘူး" လော်ယွမ်က အားရပါးရရယ်ပစ်လိုက်ချင်စိတ်ကို အစွမ်းကုန်ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ပြောလိုက်သည်။
သို့သော်သူက ကျွမ်းကျင်မှတ် ၅မှတ်ကိုဓားသိုင်းပညာပေါ်သို့ချက်ချင်းထည့်ရန်အစီအစဉ်မရှိသေးပေ။
ခွန်အားတစ်မှတ်တိုးလာပြီးနောက်သူ၏စွမ်းအားက အကြီးအကျယ်တိုးတက်လာပြီဖြစ်ပြီး ပိုးကောင်စိမ်းများကို ရင်ဆိုင်ရန်လုံလောက်နေပြီဖြစ်သောကြောင့်သိပ်ပြီးအရေးတကြီးမလိုအပ်တော့ပေ။ ထို့အပြင်ပညာရပ်များမှာ အဆင့်နိမ့်လေ တိုးတက်ရန်လွယ်ကူလေဖြစ်သည်။ယခု ဓားသိုင်းပညာအဆင့်သိပ်မမြင့်သေးချိန်တွင်လေ့ကျင့်ခြင်းဖြင့် ဖြည်းဖြည်းချင်းတိုးတက်စေနိုင်သည်။သူက ဓားသိုင်းပညာကို အဆင့် ၁၅ထိ လေ့ကျင့်ပြီးမှသာ အမှတ်ထည့်ရန်ဆုံးဖြတ်ထားသည်။သူ၏ဓားသိုင်းပညာ အဆင့် ၂၀ရောက်လျှင်မည်သို့သောပြောင်းလဲမှုများ ဖြစ်လာမည်ကို သူမျှော်လင့်နေမိသည်။
"အမဟွမ်...ကျန်တဲ့သူတွေကိုသွားခေါ်လိုက်...ငါဒီနားမှာပိုးကောင်စိမ်းတွေရှိသေးလား ကြည့်လိုက်ဦးမယ်"လော်ယွမ်က စိတ်ငြိမ်သက်သွားပြီးနောက်ပြောလိုက်သည်။
"သိပြီ" ဟွမ်ကျားဟွေက ချက်ချင်းသဘောတူလိုက်သည်။စောစောကတိုက်ပွဲအပြီးတွင်သူမက အတော်လေးယုံကြည်မှုရှိနေပြီဖြစ်ပြီး ပိုးကောင်စိမ်းနှင့်ရင်ဆိုင်ရလျှင်ပင်လျင်မြန်စွာသတ်နိုင်မည်ဟု ယုံကြည်နေသည်။
သူမက သေနတ်ကိုတစ်ချက်စစ်ဆေးပြီး ကျည်ဆန်အချို့ထပ်ဖြည့်ကာ သုံးလွှာသို့တက်သွားသည်။
ဟွမ်ကျားဟွေထွက်သွားသည်နှင့်လော်ယွမ်က အသက်ကိုပြင်းပြင်းရှူသွင်းပြီး ရှေ့သို့အရှိန်ပြင်းစွာပြေးထွက်လိုက်သည်။ ပြင်းထန်သောလေက မျက်နှာကိုတိုးဝှေ့တိုက်ခတ်သဖြင့်ပါးပြင်များပင် ကြိမ်းစပ်သွားသည်။ပတ်ဝန်းကျင်မှမြင်ကွင်းများက လျင်မြန်စွာနောက်သို့ရောက်သွားပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင်သူက စြင်္ကံအဆုံးသို့ရောက်သွားလေသည်။
လော်ယွမ်က မောဟိုက်စွာဖြင့်နောက်သို့လှည့်ကြည့်လိုက်ရာ ပြေးခဲ့သောအကွာအဝေးမှာ ပေ၁၅၀ခန့်ရှိမည်ဟု ခန့်မှန်းလိုက်သည်။
လက်ရှိအမြန်နှုန်းဖြင့် ပေ၃၀၀ပြေးမည်ဆိုလျှင်ခုနစ်စက္ကန့်၊ရှစ်စက္ကန့်ခန့်သာ ကြာမြင့်မည်ဖြစ်သည်။ဤသည်မှာ လျင်မြန်မှု ၁၂မှတ်ရှိသင့်သည့်အမြန်နှုန်းပင်ဖြစ်၏။သို့သော်သူက သက်လုံကျဆင်းမှုအနည်းငယ်များနေသည်ကိုလည်း ခံစားမိသည်။ဤမျှလောက်အကွာအဝေးပြေးရုံဖြင့်ပင်အသက်ရှူမမှန်တော့ပေ။ ခွန်အား ၁၁ မှတ်ဖြင့်အားကုန်သုံး၍ အချိန်ကြာကြာလှုပ်ရှားရန်မဖြစ်နိုင်ပုံရသည်။
ဤသည်မှာ စက်တစ်လုံး၏စွမ်းအားကတိုးလာသော်လည်း လျှပ်စစ်ဓာတ်အားက မလုံလောက်သဖြင့်ခဏတာအားအပြည့်လည်ပတ်ပြီးနောက်ရပ်တန့်သွားရသလိုပင်။
သို့သော်ဤသည်က ပြဿနာကြီးတစ်ခုတော့မဟုတ်ချေ။ တိုက်ပွဲအများစုက စက္ကန့်အနည်းငယ်အတွင်းမှာပင်အနိုင်အရှုံးဆုံးဖြတ်လေ့ရှိ၏။ ယင်းမှာ လက်ဝှေ့ပွဲလိုမျိုး တစ်ချီပြီးတစ်ချီ၊ မိနစ်အနည်းငယ်သို့မဟုတ်ဆယ်မိနစ်ကျော်ကြာအောင်တိုက်ခိုက်ပြီးမှ ပြိုင်ဘက်ကိုလဲကျအောင်လုပ်ရသည့်စည်းမျဉ်းများနှင့် တိုက်ပွဲမျိုးမဟုတ်ပေ။
သူအသုံးပြုနေသည်မှာ လက်နက်အေးဖြစ်ပြီး တစ်ချက်ထိမှန်သည်နှင့်အနည်းဆုံးပြင်းထန်စွာဒဏ်ရာရမည်ဖြစ်ပြီး အဆိုးဆုံးမှာ အသက်ဆုံးရှုံးမည်ဖြစ်သည်။အနိုင်အရှုံးက မျက်စိတစ်မှိတ်အတွင်းမှာပင်ဆုံးဖြတ်သည်။
ဝတ္ထုတွေထဲကလို ဓားလက်နတ်များဖြင့်နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာတိုက်ခိုက်နေသည်မျိုးက လက်တွေ့တွင်တော့စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုသာပင်။
စြင်္ကံအဆုံးတွင်ပျက်စီးနေသောပြတင်းပေါက်တစ်ခုရှိသည်။သူက ရင်ထိတ်သွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လိုက်ရာ ကောင်းကင်တွင်ပျံဝဲနေသောပိုးကောင်စိမ်းများက မြင်ရသူကိုခေါင်းနပမ်းကြီးသွားစေ၏။ သို့သော်ယခင်ကလို အုံလိုက်ကျင်းလိုက်မဟုတ်ဘဲ အတော်လေးကျဲပါးနေသည်။သို့သော် ၎င်းကဘာကိုမှသက်သေမပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော်ပိုးကောင်အများစုက မြို့ထဲသို့ဆင်းသက်သွားပြီဖြစ်နိုင်သောကြောင့်ပင်။
မကြာမီမှာပင်ချောင်ချန်ချန်နှင့်ကျောက်ထင်းမင်တို့အဖွဲ့လည်း ရောက်လာကြပြီး အပြင်ဘက်မှမြင်ကွင်းကိုမြင်သောအခါမျက်နှာများဖြူဖျော့သွားကြလေသည်။
"နင်နင်..."ဟွမ်ကျားဟွေက တိုးတိုးလေးရေရွတ်ပြီး ဖုန်းခေါ်ဆိုလိုက်သည်။
ဤတစ်ခါတော့ဖုန်းချက်ချင်းဝင်သွား၏။ သူမက ဖုန်းကိုကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "နင်နင်...သမီးလေး...ဘယ်လိုနေလဲ... မကြောက်နဲ့နော်...အင်း... လိမ္မာတယ်...တံခါးမဖွင့်နဲ့နော်...မေမေ အခုချက်ချင်းလာခဲ့မယ်"
သူမက ဖုန်းချလိုက်ပြီးနောက်ပါးစပ်ကိုအုပ်ကာ မျက်ရည်များက ပါးပြင်ပေါ်သို့ တပေါက်ပေါက်ကျဆင်းလာသည်။
အခြားသူများက ဖုန်းလိုင်းရနေပြီကိုမြင်သောအခါသူတို့လည်း ဖုန်းခေါ်ဆိုကြ၏။ သို့သော်ချောင်ချန်ချန်သာ သူမမိဘများနှင့် ဖုန်းပြောနိုင်ခဲ့သည်မှလွဲ၍ ကျောက်ထင်းမင်နှင့်ကျင်းလန်တို့မှာ ဖုန်းမဝင်ကြပေ။ ကျင်းလန်က စိတ်ဖိစီးမှုကိုမခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင်ထိုင်ချကာ ရှိုက်ငိုတော့သည်။
လော်ယွမ်က ထိုမြင်ကွင်းကို တိတ်ဆိတ်စွာကြည့်နေရင်း စိတ်ထဲတွင်အနည်းငယ်မကောင်းဖြစ်သွား၏။ သူက ဟွမ်ကျားဟွေဘက်သို့လှည့်ပြီး "နင့်သမီးရော...အဆင်ပြေရဲ့လား"
ဟွမ်ကျားဟွေက စိုးရိမ်တကြီးခေါင်းခါလိုက်သည်။ "ပိုးကောင်စိမ်းတွေ အခန်းတံခါးကိုတိုက်ဖွင့်နေတယ်တဲ့...သမီးလေးအရမ်းကြောက်နေတယ်...ကျွန်မအမြန်ပြန်မှဖြစ်မယ်"
"နင်သွားရင်ကိုယ့်သေတွင်းကိုယ်တူးသလိုပဲဖြစ်မှာ" လော်ယွမ်က အပြင်ဘက်ကိုကြည့်လိုက်ပြီး ခဏစဉ်းစားကာ "ထားလိုက်တော့...ငါနင်နဲ့အတူလိုက်ခဲ့ပေးမယ်"
အဆင့်မတက်ခင်သာဆိုလျှင်သူဤကဲ့သို့အန္တရာယ်မျိုးကို လုံးဝစွန့်စားမည်မဟုတ်ပေ။ သူက သူတော်စင်တစ်ပါးလည်းမဟုတ်သလို လူစွမ်းကောင်းလည်းမဟုတ်။သူကူညီနိုင်သည်မှာ သူတတ်နိုင်သည့်အတိုင်းအတာအထိသာဖြစ်သည်။အလွန်အန္တရာယ်များသောအရာများကို သူလုပ်ရဲမည်မဟုတ်သလို လုပ်နိုင်မည်လည်းမဟုတ်ပေ။ သို့သော်ယခုသူ၏စွမ်းအားက အလွန်တိုးတက်နေပြီဖြစ်သောကြောင့်သာမန်ပိုးကောင်စိမ်းသုံးလေးကောင်က သူ့အတွက်အန္တရာယ်မဟုတ်တော့ဘဲ လမ်းခရီးတစ်လျှောက်တွင်မိမိကိုယ်ကိုကာကွယ်နိုင်လောက်ပြီဖြစ်သည်။
ဟွမ်ကျားဟွေက ခေါင်းမော့လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်"ရှောင်ယွမ်...ကျွန်မဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူး...အခုလိုပြောတာနဲ့တင်အရမ်းကျေးဇူးတင်နေပြီ...ဒါပေမဲ့ရှင့်ကိုကျွန်မနဲ့အတူအန္တရာယ်တောထဲ ဆွဲခေါ်လို့မဖြစ်ဘူး"
"အခုလိုင်းကားမှမရှိတာ...နင်လမ်းလျှောက်ပြန်မလို့လား...ငါ့ကားနဲ့ပဲလိုက်ခဲ့တော့"လော်ယွမ်က ပြောသည်။
ဟွမ်ကျားဟွေမှာ စိတ်လှုပ်ရှားလွန်းသဖြင့်စကားပင်မပြောနိုင် ဖြစ်သွား၏။
"အကိုလော်...ကျွန်မလည်းလိုက်ခဲ့လို့ရမလားဟင်"ချောင်ချန်ချန်က မျှော်လင့်ချက်အပြည့်ဖြင့်လော်ယွမ်ကိုကြည့်ရင်း တိုးတိုးလေးမေးလိုက်သည်။
"လမ်းကြုံရင်တော့ခေါ်သွားပေးလို့ရတယ်...နင်ကဘယ်မှာနေတာလဲ" လော်ယွမ်က ခဏစဉ်းစားပြီးမေးလိုက်သည်။
"ချင်ထိန်လမ်းက ယွဲ့ဟူဥယျာဉ်မှာပါ"ချောင်ချန်ချန်က အနည်းငယ်စိတ်လှုပ်ရှားစွာပြော၏။
ယွဲ့ဟူဥယျာဉ်က သူနေထိုင်သော ကျင်းယွဲ့အိမ်ယာနှင့် သိပ်မဝေးသော်လည်း လမ်းကြုံသည်ဟုတော့မဆိုနိုင်။တစ်မိုင်လောက်တော့ပိုသွားရပေမည်။ကိစ္စမရှိ၊ ကူညီမှတော့အဆုံးထိ ကူညီလိုက်တာ အကောင်းဆုံးပင်။
"ရတယ်...ငါတို့နဲ့လိုက်ခဲ့"
"ကျေးဇူးပါ...တကယ်ကို ကျေးဇူးတင်ပါတယ်"ချောင်ချန်ချန်မှာ ဝမ်းသာလွန်း၍ မျက်ရည်များကျလာပြီး စကားများပင်ထစ်ငေါ့နေတော့သည်။
ကျောက်ထင်းမင်နှင့်ကျင်းလန်တို့ကတော့ဘာမျှမပြောပေ။ ဤနေရာမှပိုးကောင်စိမ်းများကို အများအားဖြင့်ရှင်းလင်းပြီးပြီဖြစ်ပြီး အပြင်ဘက်တွင်ပျံဝဲနေသောပိုးကောင်စိမ်းများနှင့်နှိုင်းယှဉ်လျှင်ဤနေရာကအထူးသဖြင့်လုံခြုံသည်ဟုဆိုနိုင်၏။စွန့်စားပြီးအပြင်သွားခြင်းထက်ဤမှာပဲ ကယ်ဆယ်ရေးကိုစောင့်နေခြင်းက ပိုကောင်းသည်။
"ဒါဆိုမင်းတို့နှစ်ယောက်ဂရိုစိုက်ကြ...ငါတို့အရင်သွားနှင့်ပြီ" လော်ယွမ်က ကျန်နေခဲ့သောနှစ်ယောက်ကိုပြောလိုက်သည်။
"အကိုလော်တို့လည်း ဂရုစိုက်သွားကြနော်"ကျောက်ထင်းမင်ကပြောရင်း မျက်နှာပေါ်တွင်သနားကရုဏာသက်သောအမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
ကျင်းလန်က ချောင်ချန်ချန်ကို တိုးတိုးလေးတားနေသေးသော်လည်း ချောင်ချန်ချန်က ဆုံးဖြတ်ချက်အခိုင်အမာ ချထားသည့်အလား မတုန်မလှုပ်ရှိနေ၏။
လော်ယွမ်က ပြုံးလိုက်ပြီး ဘာမျှမပြောတော့ပေ။ လူတိုင်းက ကိုယ့်လမ်းကိုယ်ရွေးချယ်ကြပြီး မိမိရွေးချယ်မှုအတွက်မိမိ့မှာသာတာဝန်ရှိသည်။သူတို့ကသူတို့လမ်းရွေးသလို ကိုယ်ကလည်း ထိုနည်းလည်းကောင်းပင်။ကောင်းခြင်းဆိုးခြင်းကို ကြိုတင်မသိနိုင်ဘဲ မည်သူက အတိအကျပြောနိုင်မည်နည်း။
သူတို့သုံးယောက်က လျင်မြန်စွာထွက်ခွာခဲ့ကြသည်။ပထမထပ်တွင်နေရာအနှံ့သွေးများနှင့် ကိုယ်လက်အင်္ဂါအပိုင်းအပြတ်များ ပြည့်နေ၏။ သူတို့အပေါ်ထပ်သို့ထွက်ပြေးကြချိန်တွင်လူအများစုမှာ မလွတ်မြောက်နိုင်ခဲ့ကြောင်း ထင်ရှားသည်။လော်ယွမ်က လမ်းတစ်လျှောက်တွင်ပိုးကောင်စိမ်းလေးကောင်ကိုထပ်မံသတ်ဖြတ်ပြီးနောက်ကွဲနေသောမှန်တံခါးမှထွက်လာခဲ့ကြသည်။
ရုံးရှေ့ရင်ပြင်ပေါ်တွင်ပိုးကောင်စိမ်းအချို့ကဝပ်နေကြပြီး လော်ယွမ်တို့အုပ်စုလာသည်ကိုမြင်သော်လည်း လှုပ်ရှားခြင်းမရှိပေ။ သူတို့ဗိုက်ပြည့်သွားသောအခါတိုက်ခိုက်လိုစိတ်မရှိတော့သည်မှာ ထင်ရှားသည်။လော်ယွမ်က တစ်ချက်ကြည့်ပြီးနောက်အကြည့်ကိုပြန်လွှဲကာ သူ၏ကားနားသို့လျှောက်သွားလိုက်သည်။
ကားပြတင်းပေါက်မှန်များမှာ ကွဲကြေနေပြီဖြစ်သည်။လော်ယွမ်က ကားတံခါးကိုဖွင့်လိုက်ပြီး မှန်ကွဲစများကိုရှင်းလင်းပြီးနောက်ယာဉ်မောင်းနေရာတွင်ထိုင်ကာ ကားကိုစက်နှိုးလိုက်သည်။
ဟွမ်ကျားဟွေတို့နှစ်ယောက်လည်း အလျင်အမြန်ကားပေါ်တက်လိုက်ကြသည်။သူတို့ထိုင်ပြီးသည်နှင့်လော်ယွမ်က ကားကို လေးမှလွတ်သောမြှားတစ်စင်းကဲ့သို့ အရှိန်ပြင်းစွာဖြင့်ဂိတ်ပေါက်ဝသို့မောင်းထွက်သွားတော့သည်။
ပိုးကောင်စိမ်းအချို့ကလန့်ပြီးပျံတက်သွားကြကာ လေထဲတွင်ခေတ္တဝဲပျံပြီးနောက်မြေပြင်ပေါ်သို့ပြန်ဆင်းလာကြ၏။
တုံဟူမြို့မှာ ငရဲဘုံတစ်ခုအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။လမ်းပေါ်တွင်မှန်ကွဲစများအရွယ်အမျိုးမျိုး ပြန့်ကျဲနေပြီး နေရောင်အောက်တွင်ရောင်ပြန်ဟပ်နေကြသည်။
လမ်းမများပေါ်တွင်လူသူကင်းမဲ့နေပြီး အစိမ်းရောင်ကျိုင်းကောင်အချို့ကစုရုံးကာ အလောင်းတစ်ပိုင်းကို ကိုက်ဖြတ်စားသောက်နေကြသည်။ပါးစပ်လှုပ်လိုက်တိုင်း သွေးရည်များက သူတို့၏ပါးစပ်မှစီးကျနေသည်။
အဝေးမှသေနတ်သံများကို ရံဖန်ရံခါ ကြားနေရပြီး စူးစူးဝါးဝါး အော်ဟစ်သံများလည်း ရောယှက်ပါဝင်နေသည်။
သေနတ်သံများမှာ ပစ္စတိုအသံမဟုတ်ဘဲ စစ်တပ်သုံးရိုင်ဖယ်များမှလာခြင်းဖြစ်ပြီး တုံဟူမြို့တွင်တပ်စွဲထားသောစစ်တပ်က ရှင်းလင်းရေးစတင်နေပြီဖြစ်သည်။
လော်ယွမ်ကကားကို လမ်းတစ်လျှောက်အရှိန်ပြင်းပြင်းမောင်းနှင်သွားရာ ပိုးကောင်စိမ်းများမှာ လန့်ပြီးပျံတက်သွားကြသည်။အချို့ပိုးကောင်စိမ်းများက သူတို့ကိုဝင်တိုက်ခိုက်ရန်ကြိုးစားသော်လည်း ကားနှင့်တိုက်မိသွားခြင်း သို့မဟုတ်ဟွမ်ကျားဟွေ၏တစ်ကောင်ချင်းပစ်သတ်ခြင်းကိုခံလိုက်ရသည်။
ကားလာသည့်အသံကြောင့်အနီးအနားရှိ အသက်ရှင်ကျန်ရစ်သူများ သတိပြုမိသွားကြလေသည်။ ပြတင်းပေါက်များမှလူအချို့ကခေါင်းပြူထွက်ကြည့်ပြီး အတော်များများက အော်ဟစ်အကူအညီတောင်းနေကြသည်။
လော်ယွမ်က ထိုထိတ်လန့်နေသော သို့မဟုတ်တောင်းပန်နေသောမျက်လုံးများကို မကြည့်မိအောင်ကြိုးစားနေရသည်။သူလည်းဘာမျှမတတ်နိုင်ပေ။ အစွမ်းအစရှိသူက ကမ္ဘာကြီးကိုကယ်တင်နိုင်ပြီး သူ့လိုသာမန်လူကတော့ကိုယ့်ကိုယ်ကိုယ်သာ ကာကွယ်နိုင်၏။သူက ယခုချိန်တွင်ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရုံသာရှိသေးသည်။ကားက အရှိန်မလျော့ဘဲ ရှေ့သို့ဆက်မောင်းသွားရာ နောက်တွင်လူများ၏စိတ်ပျက်စွာကျိန်ဆဲသံများ ပျံ့လွင့်ကျန်ရစ်ခဲ့လေသည်။
ဟွမ်ကျားဟွေက ပစ္စတိုကိုစစ်ဆေးပြီး အိတ်ကပ်ကိုစမ်းလိုက်ရာ သူမ၏လက်များ တန့်သွားပြီး စိုးရိမ်စွာဖြင့် "ကျည်ဆန်...နှစ်တောင့်ပဲကျန်တော့တယ်"
လော်ယွမ်၏မျက်နှာချက်ချင်းပျက်သွားသည်။လမ်းတစ်လျှောက်ဤမျှချောမွေ့စွာလာနိုင်ခဲ့ခြင်းမှာ ဟွမ်ကျားဟွေ၏သေနတ်ပစ်စွမ်းရည်ကြောင့်ဖြစ်ပြီး ကျည်ဆန်ကုန်သွားမည်ဟု မထင်ခဲ့ပေ။
"ခြွေတာသုံး...အရေးကြီးတဲ့အချိန်မဟုတ်ရင်မပစ်နဲ့တော့"လော်ယွမ်က ခဏစဉ်းစားပြီးပြောလိုက်သည်။
"ဒါဆို ပိုးကောင်စိမ်းတွေလာရင်ဘယ်လိုလုပ်မလဲ" ဟွမ်ကျားဟွေကမေး၏။
"ငါရှင်းမယ်"လော်ယွမ်က အံကြိတ်ကာပြောသည်။ကားပေါ်ဆင်းလိုက်တက်လိုက်လုပ်ရသည်မှာ အနည်းငယ်အလုပ်ရှုပ်သော်လည်း ကျည်ဆန်ရှိနေသ၍ ဟွမ်ကျားဟွေက အရေးကြီးသည့်အချိန်တွင်ပစ်ကူပေးနိုင်သေးသည်။
ကားက လမ်းထောင့်ချိုးကိုကွေ့လိုက်သည်နှင့်နောက်ဘက်မှသေနတ်သံများ ရုတ်တရက်ထွက်ပေါ်လာပြီး ကျည်ဆန်အချို့ကဘေးမှအဆောက်အအုံကိုထိမှန်ကာ ထုံးမှုန့်များလွင့်စင်သွားလေသည်။
လော်ယွမ်ရင်ထိပ်သွားပြီး ဘရိတ်ကိုချက်ချင်းနင်းလိုက်သည်။
"အဲ့တာစစ်သားတွေ"ဟွမ်ကျားဟွေက နောက်လှည့်ကြည့်ပြီးပြောသည်။
စစ်သားတစ်ယောက်က ရိုင်ဖယ်ကိုင်ကာ အလျင်အမြန်ပြေးလာပြီး တင်းမာသောမျက်နှာဖြင့်"အကုန်လုံးဆင်းကြစမ်း...ဒီကားကိုစစ်အမိန့်နဲ့သိမ်းလိုက်ပြီ"
"ဘာလို့သိမ်းမှာလဲ...ဒါကျွန်မတို့ကားရှင့်"ဟွမ်ကျားဟွေက မကျေမနပ်မျက်နှာဖြင့်ပြောသည်။
"ဒါစစ်တပ်ရဲ့အရေးပေါ်အမိန့်ပဲ...မင်းတို့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်"ထိုစစ်သားက ရိုင်ဖယ်ကိုကိုင်ကာ အေးစက်စက်ပြော၏။
လော်ယွမ်က နောက်လှည့်ကြည့်လိုက်ရာ နောက်တွင်စစ်သားခုနစ်ယောက်ရှစ်ယောက်ရှိနေပြီး အများစုက မြေပေါ်တွင်လဲကျနေကာ ရှင်လား သေလားမသိဘဲ တစ်ကိုယ်လုံးသွေးများရွှဲနေကြသည်။ထိုစစ်သားအဖွဲ့က ဒဏ်ရာရသူများကိုသယ်ဆောင်ရန်ကားလိုအပ်နေသည်မှာ ထင်ရှား၏။ အကယ်၍အစကတည်းက ကောင်းကောင်းမွန်မွန်ပြောဆိုခဲ့လျှင်သူသည်လည်း ကိုယ်ချင်းမစာတတ်သူမဟုတ်သဖြင့်သဘောတူကောင်းတူလိမ့်မည်။သို့သော်ထိုစစ်သား၏ခက်ထန်ကြမ်းတမ်းသောလေသံက သူ့ကိုအလွန်ဘဝင်မကျဖြစ်မိသည်။
လော်ယွမ်က ကားတံခါးကိုဖွင့်လိုက်ပြီး ဓားကိုကိုင်ကာ အေးစက်စွာလျှောက်သွားပြီး "ဘာအရေးပေါ်အမိန့်မှလည်း ထုတ်ထားတာမကြားဘူး...ပြီးတော့စိတ်လည်းမဝင်စားဘူး...ဒါငါတို့ကား...မင်းကိုမပေးနိုင်ဘူး"
ထိုစစ်သားက တစ်ချက်ကြောင်သွားပြီး စစ်မိန့်ကိုဆန့်ကျင်ရဲသူရှိသေးသည်ကို မယုံနိုင်ဖြစ်နေ၏။ သူ၏မျက်နှာတွင်ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ဘာဖြစ်တာလဲ" သူတို့ဘက်တွင်အငြင်းပွားမှုဖြစ်နေသည်ကိုမြင်သောအခါအသားညိုညိုနှင့်အလွန်ကြံ့ခိုင်သောစစ်ဗိုလ်တစ်ဦးက ဒေါသတကြီးပြေးလာပြီး ထိုစစ်သားအား "ငါတို့လူတွေအရေးပေါ်အခြေအနေဖြစ်နေတာ မင်းမသိဘူးလား" ဟုအော်ငေါက်လိုက်သည်။
"တပ်စုမှူး...သူတို့ကမပေးနိုင်ဘူးတဲ့"စစ်သားက မျက်နှာတည်သွားပြီး ဒေါသဖြင့်ပြော၏။
"ဘာလို့မပေးနိုင်တာလဲ...ငါတို့ကပြည်သူတွေကိုကာကွယ်ဖို့ ပိုးကောင်တွေကိုအသေခံတိုက်နေတာ...ငါတို့စစ်သားတွေအတွက်ကားလေးတစ်စီးတောင်မပေးနိုင်ဘူးလားကွ"တပ်စုမှူးက လော်ယွမ်ဘက်သို့လှည့်ကာ မျက်နှာတင်းမာစွာဖြင့်စိုက်ကြည့်ရင်း အေးစက်စက်ပြောလိုက်သည်။
"မင်းတို့စစ်သားတွေပဲ ဒုက္ခရောက်နေတာမဟုတ်ဘူးကွ...အခုမြို့ထဲမှာစက္ကန့်တိုင်းလူတွေသေနေတာ...မင်းတို့ဒီကားကိုသိမ်းလိုက်ရင်ငါတို့ဒုက္ခရောက်ပြီးသေတောင်သေသွားနိုင်တယ်ဆိုတာသိလား"
တပ်စုမှူးက မျက်လုံးကိုအနည်းငယ်မှေးလိုက်ပြီး "မင်းကစစ်မိန့်ကိုလွန်ဆန်ချင်တာလား...အခုကစစ်တွင်းဆိုတာရောသိလား"
"ငါ့ကိုခြိမ်းခြောက်တာလား...မင်းသေနတ်နဲ့ငါ့ကိုချိန်ရဲရင်ချိန်ကြည့်လိုက်စမ်း...သေနတ်မပစ်နိုင်ခင်မှာတင်မင်းအပိုင်းပိုင်းပြတ်သွားစေရမယ်ဆိုတာယုံလား" လော်ယွမ်၏မျက်လုံးများက အေးစက်တင်းမာသွားပြီး ပြန်လည်ခြိမ်းခြောက်လိုက်သည်။
သူက အလွယ်တကူအနိုင်ကျင့်ခံမည့်သူမဟုတ်။သူ့ကိုမတရားလာလုပ်ပါက စစ်သားကောဘာကောဂရုမစိုက်ပွဲကြမ်းလိုက်ဖို့ဝန်မလေးပေ။
"မင်းလည်း ငါတို့ဝိုင်းပစ်တာခံရပြီးသေမှာပဲ" တပ်စုမှူးက အံကြိတ်ထားသဖြင့်ပါးရိုးများထောင်တက်နေပြီး မျက်နှာမှာ မည်းမှောင်နေ၏။
တစ်ဖက်လူက အလွန်တည်ငြိမ်နေသဖြင့်သူကအလျင်စလို မလှုပ်ရှားရဲပေ။ သာမန်ပြည်သူများ၏ စစ်သားဆိုလျှင်အလိုလိုကြောက်ရွှံ့နာခံတတ်သည့်အမူအရာများ ထိုလူ၏ မျက်နှာတွင်မတွေ့ရချေ။ထို့အပြင်ယခုလိုအချိန်မျိုး၌ အမျိုးသမီးနှစ်ယောက်ကိုခေါ်ပြီး လမ်းပေါ်တွင်သွားလာနေသူမှာ အရူးမဟုတ်လျှင်အစွမ်းထက်ပုဂ္ဂိုလ်သာဖြစ်ရမည်။
"မင်းကသန္ဓေပြောင်းလူလား" တပ်စုမှူးက ခေတ္တတုံ့ဆိုင်းပြီးနောက်မေးလိုက်သည်။
လော်ယွမ်က ပြန်မဖြေဘဲပြုံးရုံပြုံးလိုက်သည်။
တစ်ဖက်လူက သူ့ကိုရှိန်နေသလို သူကလည်းတစ်ဖက်လူကိုရှိန်နေ၏။ အခြေအနေကို ပိုမဆိုးသွားအောင်မည်သို့ကိုင်တွယ်ရမည်မှန်း သူမစဉ်းစားတတ်တော့ပေ။ သူက စစ်သားနှစ်ယောက်၏ရိုင်ဖယ်နှင့်ကျည်ဆန်များကိုကြည့်လိုက်ပြီး စိတ်ထဲတွင်အကြံတစ်ခုပေါ်လာသည် "ငါ့မှာအကြံတစ်ခုရှိတယ်...နားထောင်ချင်လား"
ထိုစစ်သားသဘောတူသည်ကိုမစောင့်ဘဲ လော်ယွမ်ကဆက်ပြော၏ "မင်းတို့ငါ့ကားကိုလိုချင်ရင်ရတယ်...ဒါပေမဲ့ငါ့ကိုရိုင်ဖယ်တစ်လက်နဲ့ကျည်ဆန်နည်းနည်းပေးရမယ်"
"မင်းကစစ်သားမဟုတ်ဘူး...သေနတ်ကိုင်ခွင့်မရှိဘူး...ငါစည်းမျဉ်းဖောက်ဖျက်တာပဲ" တပ်စုမှူးက ခေတ္တတုံ့ဆိုင်းပြီးပြောသည်။
"အဲ့တာအရင်ကစည်းမျဉ်းလေ...အခုအသုံးမှမဝင်တော့တာ...ပြည်သူတွေမှာဘာလက်နတ်မှမရှိရင် သေဖို့ပဲထိုင်စောင့်နေရမှာ မင်းလူတွေက ဟိုမှာသေခါနီးနေပြီ မင်းကဒီမှာ လေကုန်ခံနေတယ်"လော်ယွမ်ကဆက်ပြောသည် "ပြီးတော့ဒီအလဲအလှယ်က မျှတာပဲ...ငါတို့မှာကားမရှိရင် အန္တရာယ်ကိုကာကွယ်ဖို့ သေနတ်တော့လိုတယ်"
"ကောင်းပြီ" တပ်စုမှူးက ခဏတုံ့ဆိုင်းပြီး နောက်ဆုံးတွင်မည်းမှောင်နေသောမျက်နှာဖြင့်ပြောလိုက်သည်။
"တပ်စုမှူး" ဘေးမှစစ်သားက အလွန်စိုးရိမ်သွားပြီး လော်ယွမ်ကိုဒေါသတကြီးစိုက်ကြည့်လိုက်၏။
"စကားမရှည်နဲ့...ရိုင်ဖယ်တစ်လက်နဲ့ကျည်ဆန်အတောင့်၃၀၀သွားယူစမ်း...ဒါအမိန့်ပဲ"
"ဟုတ်ကဲ့...တပ်စုမှူး" စစ်သားက အသံကျယ်ကျယ်ဖြင့်အော်ပြီး ဒေါသဖြင့်အဖွဲ့ဆီသို့ပြေးသွားလေသည်။
မကြာမီမှာပင်သူပြန်ပြေးလာ၏။ တပ်စုမှူးက ရိုင်ဖယ်တစ်လက်နှင့် ကျည်ဆန်အိတ်တစ်အိတ်ကိုယူပြီး လော်ယွမ်ထံသို့မကျေမနပ်ဖြင့်ကမ်းပေးကာ ခပ်တိုးတိုးပြောလိုက်သည် "မင်းမတော်တဆ မောင်းဖြုတ်မိပြီး ကျည်မထွက်သွားဖို့ပဲ မျှော်လင့်တယ်"
"ခုလိုသတိပေးတာကျေးဇူးပါ"ထိုစစ်သား၏ကျိန်ဆဲမှုကို လော်ယွမ်ကပြုံးလိုက်ပြီး "မင်းလည်းခုလို အာဏာအားကိုးနဲ့ ထင်ရာထပ်မဆိုင်းမိစေနဲ့"
လော်ယွမ်က လမ်းထောင့်ချိုးမှထွက်လာနေသော ပိုးကောင်စိမ်းတစ်ကောင်ကိုမြင်လိုက်ရာ သူ့ခန္ဓာကိုယ်ကတစ်ချက်လှုပ်ရှားသွားပြီး မျက်စိရှေ့မှပျောက်ကွယ်သွားလေသည်။စစ်သားနှစ်ယောက်မှာ အလွန်အံ့ဩသွားပြီး ရိုင်ဖယ်များကိုအလျင်အမြန်မြှောက်ကာ လော်ယွမ်၏ကိုရှာဖွေလိုက်ကြသည်။
လော်ယွမ်ကိုပြန်တွေ့ချိန်တွင်ထိုပိုးကောင်စိမ်းမှာ နှစ်ပိုင်းပြတ်နေပြီဖြစ်သည်။သူက ဓားကိုတစ်ချက်ခါလိုက်ရာ ပိုးကောင်၏အစိမ်းရောင်သွေးများက ဓားသွားအတိုင်းစီးကျသွားပြီး မကြာမီမှာပင်ဓားက မူလအတိုင်းကြည်လင်တောက်ပသွား၏။ လော်ယွမ်က သူ့ဘက်သို့ရိုင်ဖယ်ဖြင့်ချိန်ရွယ်ထားသော စစ်သားနှစ်ယောက်ကိုကြည့်ကာ ဖြည်းဖြည်းချင်းလျှောက်လာပြီး အေးစက်စက်ပြုံးကာ "ဒါကသာမန်အစွမ်းပဲရှိသေးတယ်...မင်းတို့သေနတ်တွေနဲ့မတော်တဆ မပစ်မိစေနဲ့နော်"
လော်ယွမ်က ကားအနားသို့လျှောက်သွားပြီး ဟွမ်ကျားဟွေနှင့်ချောင်ချန်ချန်ကို ပစ္စည်းများယူကာဆင်းခိုင်းလိုက်သည်။ထို့နောက်အမျိုးသမီးနှစ်ယောက်ကိုခေါ်ကာ လှည့်ထွက်သွားလေသည်။
"ခွေးမသား...တော်တော်မောက်မာတဲ့ကောင်ပဲ"
သူတို့သုံးယောက်လမ်းထောင့်သို့ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုမြင်သောအခါစစ်သားနှစ်ယောက်က ရိုင်ဖယ်များကိုချလိုက်ပြီး တံတွေးထွီကနဲထွေးလိုက်သည်။
"တပ်စုမှူး... သူတို့ကိုဒီအတိုင်းလွှတ်ပေးလိုက်မလို့လား" စစ်သားက မကျေမနပ်ဖြင့်ပြောသည်။
"သူတို့ကိုမလွှတ်ပေးလို့ငါကဘာလုပ်ရမှာလဲ...စကားမများနဲ့ဒဏ်ရာရတဲ့သူတွေကားပေါ်အမြန်တင်...စစ်ဆေးရုံတန်းသွားမယ်...နည်းနည်းပါးပါးတော့ကယ်နိုင်ဖို့မျှော်လင့်ရတာပဲ"
ဆက်ရန်…
အပိုင်း(၃၁)အစောင့်အရှောက်အဆင့်
"ခုနက တကယ်လန့်သွားတာပဲ...သူတို့သေနတ်နဲ့ပစ်လိုက်တော့မယ်လို့ထင်နေတာ" ဟွမ်ကျားဟွေက ရင်တမမဖြင့်ပြောလိုက်သည်။
"သူတို့အဲ့လောက်တော့မမိုက်မဲပါဘူး...ပြဿနာကြီးကြီးမားမားလည်းမဟုတ်ဘဲနဲ့သူတို့အဲ့လောက်မစွန့်စားရဲဘူး" လော်ယွမ်က မျက်နှာတွင်တည်ငြိမ်စွာပြောနေသော်လည်း စိတ်ထဲတွင်တော့အနည်းငယ်လန့်နေမိသည်။ထိုစဉ်က မည်သို့တွေးမိသွားမှန်းမသိ။ စိတ်ထဲတွင်ဒေါသထွက်နေပြီး မတရားအနိုင်ကျင့်မှုကိုရင်ဆိုင်ရာတွင်နောက်မဆုတ်ချင်စိတ်သာရှိခဲ့သည်။
ကံကောင်းစွာဖြင့်တစ်ဖက်လူကလည်း သေနတ်ဖြင့်မပစ်ရဲခဲ့ပေ။ နောက်ဆုံးတွင်ကားကိုလက်လွှတ်လိုက်ရသော်လည်း ရိုင်ဖယ်တစ်လက်တော့ ပြန်ရလိုက်သည်။
တကယ်တော့လော်ယွမ်က အမြတ်ပင်ထွက်သေးသည်။ယခုအချိန်တွင်ကားက တန်ဖိုးမရှိပေ။ တန်ဖိုးရှိသည်မှာ ကားထဲတွင်ကျန်နေသေးသောဓာတ်ဆီများသာဖြစ်၏။အကယ်၍ဤရိုင်ဖယ်ကိုသာ ပြန်ရောင်းမည်ဆိုလျှင် ဓာတ်ဆီလီတာရာပေါင်းများစွာ သို့မဟုတ်ကားဆယ်စီးထက်မနည်း ဝယ်ယူနိုင်ပေသည်။
"နင်ရိုင်ဖယ်ပစ်တတ်လား"
"ဒါType 95 ရိုင်ဖယ်ပဲ...အရင်ကတော့တစ်ခါမှမပစ်ဖူးဘူး...လက်သိပ်တည့်မှာမဟုတ်ဘူး" ဟွမ်ကျားဟွေက ပြောသည်။
"အနည်းဆုံးတော့ငါ့ထက်ပိုလက်တည့်မှာပါ"လော်ယွမ်က ပြုံးလိုက်ပြီး ရိုင်ဖယ်ကို ဟွမ်ကျားဟွေထံသို့ကမ်းပေးလိုက်သည်။
သူမက ရိုင်ဖယ်ကိုယူလိုက်ရာ လက်ထဲတွင်အနည်းငယ်လေးလံသွားသဖြင့်ခေါင်းခါလိုက်ပြီး "မဖြစ်ဘူး...အရမ်းလေးတယ်ဝပ်ပြီးပစ်မှပဲရမယ်...ကျွန်မကပစ္စတိုကို ပိုကျွမ်းတာ...ဆိုးတာကကျည်ဆန်တွေက မတူတာပဲ"
လော်ယွမ်က သေနတ်နှင့်ပတ်သတ်ပြီး ဘာမှမသိသဖြင့်နောင်တရသောမျက်နှာဖြင့်"ကျည်ဆန်တွေအကုန်လုံး အတူတူပဲလို့ထင်နေတာ...ဒီလိုမှန်းသိရင်ပစ္စတိုကျည်ဆန်တွေပဲ တောင်းလိုက်ပါတယ်"
"သူတို့ဆီမှာလည်း ပစ္စတိုကျည်ဆန်တွေမရှိလောက်ဘူး... စစ်တပ်မှာ အနည်းဆုံး တပ်ရင်းအဆင့်အရာရှိတွေပဲ ပစ္စတိုကိုင်ခွင့်ရှိတာ" ဟွမ်ကျားဟွေက ပြောသည်။
"တော်ပြီ...အဲ့ကိစ္စဆက်မပြောနဲ့တော့"လော်ယွမ်က စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။
"နင့်အိမ်နဲ့ဘယ်လောက်ဝေးသေးလဲ" လော်ယွမ်က မေးသည်။
"ကားမှတ်တိုင်တော်တော်များများတော့သွားရဦးမယ်ထင်တယ်"ဟွမ်ကျားဟွေက မသေမချာဖြင့်ပြော၏။
ထိုအချိန်တွင်လူတစ်စုက အလန့်တကြားအော်ဟစ်ပြီး အဆောက်အအုံတစ်ခုထဲမှပြေးထွက်လာကြသည်။သူတို့နောက်တွင်ပိုးကောင်စိမ်း ခုနစ်ကောင်ရှစ်ကောင်လိုက်ပါလာသည်။ရှေ့ဆုံးမှတစ်ကောင်က ခြေလှမ်းအနည်းငယ်ဖြင့်လူအုပ်၏နောက်ဆုံးမှပြေးနေသောမိန်းမတစ်ယောက်ကိုလိုက်မီပြီး သူမ၏ဦးခေါင်းကို တစ်ချက်တည်းကိုက်ချိုးလိုက်ရာ ဦးနှောက်များလွင့်စင်သွားပြီး ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ခါနေသည်။
လူအုပ်ထဲမှလူအချို့ကပိုးကောင်စိမ်းများ၏ ဖမ်းကိုက်ခြင်းကို အဆက်မပြတ်ခံနေရပြီး မြင်ကွင်းမှာ အလွန်အကျည်းတန်လှ၏။
သွေးညှီနံ့နှင့်စူးရှသောနာကျင်စွာအော်ဟစ်သံများက အနီးအနားမှပိုးကောင်စိမ်းများစွာကို ထပ်မံဆွဲဆောင်လိုက်သည်။ထိုအထဲတွင့်ထရပ်ကားတစ်စီးခန့်အရွယ်ရှိပြီး အရောင်မှာလည်း သာမန်ပိုးကောင်စိမ်းများထက်ပိုမိုနက်မှောင်သော အလွန်ကြီးမားသည့်တစ်ကောင်လည်း ပါဝင်နေသည်။သူ၏လမ်းလျှောက်နှုန်းမှာ အလွန်လျင်မြန်ပြီး သာမန်လူတစ်ယောက်၏အမြင်ဖြင့်လိုက်ကြည့်ရန်ပင်မဖြစ်နိုင်ပေ။
ပိုးကောင်စိမ်းတို့၏ကမ္ဘာတွင်အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း ခွဲခြားထားပုံရ၏။ ထိုဧရာမသတ္တဝါကြီးရောက်လာသည်နှင့်ပတ်ဝန်းကျင်မှပိုးကောင်စိမ်းများက ချက်ချင်းရှောင်ဖယ်သွားကြလေသည်။
ပို၍ဆိုးသည်မှာ လူအုပ်ထဲမှတစ်စုံတစ်ယောက်က သူတို့သုံးယောက်ကိုမြင်သွားပြီး လမ်းကြောင်းပြောင်းကာ သူတို့ရှိရာသို့ပြေးလာခြင်းပင်။
ဤမြင်ကွင်းကိုမြင်သောအခါလော်ယွမ်၏မျက်နှာမှာ ချက်ချင်းပျက်သွားပြီး ကြက်သီးမွေးညင်းများပင် ထသွားသည် "သေစမ်း"
ပိုးကောင်စိမ်းများထဲတွင်ပို၍အဆင့်မြင့်သော ပိုးကောင်မျိုးရှိနေလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ ၎င်းနှင့်မတိုက်ခိုက်ရသေးသော်လည်း ခန္ဓာကိုယ်အရွယ်အစားကိုကြည့်ရုံဖြင့်ပင်လော်ယွမ်က လေးလံသောဖိအားကိုခံစားနေရ၏။
ချောင်ချန်ချန်ပင်လျှင်လော်ယွမ်စိုးရိမ်စိတ်ကိုခံစားမိလေသည်။ပုံမှန်အချိန်တွင်အမြဲတမ်းတည်ငြိမ်နေလေ့ရှိသောလော်ယွမ်ပင်ဤသို့သောအမူအရာဖြစ်နေသည်ကိုမြင်သောအခါသူမက တုန်လှုပ်သွားပြီး ဒူးများပျော့ခွေကာ လဲကျလုမတတ်ဖြစ်သွားသည်။
Eအဆင့်မစ်ရှင် -အစောင့်အရှောက့်အဆင့်ပိုးကောင်းစိမ်းကိုသတ်ရန်(လက်ခံ/ငြင်းပယ်)
ထိုအချိန်တွင်သူ၏ခေါင်းထဲသို့သတင်းအချက်အလက်တစ်ခု ရုတ်တရက်ဝင်ရောက်လာရာ လော်ယွမ်၏မျက်နှာမှာ ပို၍ပင်ပျက်ယွင်းသွားတော့သည်။
"အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်း"
"သေစမ်း" အလွန်ကြောက်လန့်နေသည့်စိတ်ကြောင့်သူမဆဲပဲ မနေနိုင်တော့ပေ။
အဆင့်တက်ပြီးကတည်းက ထိုပိုးကောင်စိမ်းများကို သူသိပ်ပြီးအလေးမထားတော့ပေ။ သို့သော်တစ်နာရီမပြည့်ခင်မှာပင်သူ့မျက်နှာကိုဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ မကြာခင်ကမှ ဖြစ်ပေါ်လာသော မာန်မာနများမှာ ချက်ချင်းပင်အစအနမကျန်ပျောက်ကွယ်သွားလေပြီ။
သူက မစ်ရှင်ကိုငြင်းပယ်ပြီး လှည့်ပြေးရန်စဉ်းစားမိသေးသည်။အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းတစ်ကောင်နှင့်သာမန်ပိုးကောင်စိမ်းဆယ်ကောင်ကျော်၏ဝိုင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရန်သူယုံကြည်မှုမရှိသေးပေ။ ထို့အပြင်ဘေးတွင်ဝန်ထုပ်ဝန်ပိုးနှစ်ယောက်လည်းရှိသေးသည်။
သို့သော်မျက်စိဒေါင့်မှဟွမ်ကျားဟွေလက်ထဲမှရိုင်ဖယ်ကိုမြင်လိုက်သောအခါသူက အံတင်းတင်းကြိတ်လိုက်ပြီး ဆုံးဖြတ်ချက်ကိုချက်ချင်းပြောင်းလိုက်သည်။
"မစ်ရှင်ကိုလက်ခံတယ်"
"ရိုင်ဖယ်ငါ့ကိုပေး" လော်ယွမ်က ဟွမ်ကျားဟွေကိုပြောသည်။
ဟွမ်ကျားဟွေက တစ်ချက်ကြောင်သွားပြီး ရိုင်ဖယ်ကို လော်ယွမ်ထံသို့အလျင်အမြန်ကမ်းပေးလိုက်သည်။သူက ကျည်ကတ်ကိုထုတ်ပြီး ကျည်ဆန်များကိုစစ်ဆေးကာ နောက်တစ်ခဏတွင် ရိုင်ဖယ်ကိုမြှောက်ပြီး ထိုအစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းကိုချိန်ရွယ်လိုက်သည်။
ပြေးလာသောလူအုပ်မှာ တစ်စုံတစ်ယောက်သေနတ်ကိုင်ထားသည်ကိုမြင်သောအခါထိတ်လန့်တကြားဖြင့်ဘေးသို့ခွဲထွက်သွားကြသည်။လော်ယွမ်က မျက်စိရှေ့မှပိုးကောင်စိမ်း တဖြည်းဖြည်းနီးကပ်လာသည်ကိုကြည့်နေသည်။
သူက တည်ငြိမ်စွာဖြင့်မောင်းကိုဆွဲလိုက်သည်။
"ဒက်.. ဒက်.. ဒက်"သို့သော်ကျည်ဆန်များက ကောင်းကင်သို့လုံးဝပျံတက်သွားလေသည်။
"ဒက်.. ဒက်.. ဒက်"ကျည်ဆန်များက ပိုးကောင်စိမ်း၏ဘေးမှ ဖြတ်သန်းသွားသည်။
လော်ယွမ်သည်တစ်ဖက်မှပစ်ခတ်ရင်း တစ်ဖက်မှသူ၏ကိုယ်နေဟန်ထားကို ချိန်ညှိလိုက်သည်။သူ၏ ချိန်ရွယ်မှုမှာ တဖြည်းဖြည်း ပို၍တိကျလာပြီး စတုတ္ထအကြိမ်မြောက်ပစ်ခတ်ချိန်တွင်ကျည်ဆန်တစ်တောင့်ကပိုးကောင်စိမ်းကြီး၏ ခန္ဓာကိုယ်ကို နောက်ဆုံးတွင်ထိမှန်သွားတော့သည်။
သို့သော်ပိုးကောင်စိမ်းကြီး၏ ပြန်လည်တုံ့ပြန်မှုက လော်ယွမ်ကိုအံ့ဩသွားစေ၏။ ထိုပိုးကောင်စိမ်းကြီး၏ အပြင်ဘက်အရိုးခွံကာကွယ်မှုမှာ အလွန်အံ့ဩစရာကောင်းလှသည်။ကျည်ဆန်ထိမှန်သွားသောနေရာတွင်သေးငယ်သော ချိုင့်ခွက်လေးတစ်ခုသာ ကျန်ရစ်ခဲ့ပြီး မည်သည့်ဒဏ်ရာမှမရှိခဲ့ပေ။ ထိုအခါမှသူသည်ထိုကဲ့သို့သော ချိုင့်ခွက်လေးများမှာ ဤပိုးကောင်စိမ်းကြီး၏ကိုယ်ပေါ်တွင်အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိနေသေးသည်ကို သတိပြုမိတော့သည်။ ၎င်းသည်ယခင်ကတည်းက သေနတ်ကျည်ဆန်များ၏ ပစ်ခက်မှုကို ကြုံတွေ့ခဲ့ပြီးဖြစ်ကြောင်း ထင်ရှားလှသည်။
ကျည်ဆန်ထိမှန်ခံလိုက်ရသောကြောင့်ပိုးကောင်စိမ်းကြီးက ချက်ချင်းပင်ဒေါသူပုန်ထသွားလေသည်။ ၎င်းကစူးရှစွာအော်ဟစ်လိုက်ပြီး ရှေ့တွင်ပြေးနေသော သာမန်ပိုးကောင်စိမ်းအချို့ကို တိုက်ထုတ်ကာ ခြေလေးချောင်းကိုမြေတွင်ကုတ်ခြစ်ရင်း မုန်ယိုနေသော ဆင်ရိုင်းတစ်ကောင်ကဲ့သို့တဟုန်ထိုး ပြေးဝင်လာတော့သည်။
သူ၏ပြေးနှုန်းမှာ အလွန်လျင်မြန်ပြီး ပေ၄၀၀ကျော်အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။
လော်ယွမ်က ရိုင်ဖယ်ကိုလွှင့်ပစ်လိုက်ပြီး သူ၏ ကျန်းမာတောက်ဓားရှည်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်သည်။
သူက ချက်ချင်းနောက်လှည့်ပြေးချင်စိတ်ဖြစ်မိလိုက်သော်လည်း ကံကောင်းစွာဖြင့်ဝေဖန်ပိုင်းခြားနိုင်စိတ်က ရှိနေသေး၏။ ယခုအချိန်တွင်သူအစွမ်းကုန်ထွက်ပြေးလျှင်ပင်အရှိန်ရနေပြီဖြစ်သော ထိုပိုးကောင်စိမ်းကြီးကို ပြေးမလွတ်နိုင်တော့မှန်း သူသိသည်။
ဤသို့သောသေရေးရှင်ရေးအခြေအနေမျိုး တစ်ခါမှမကြုံဖူးသေးသဖြင့်လော်ယွမ်၏စိတ်ထဲတွင်ရှင်သန်လိုစိတ်များ ပေါက်ကွဲထွက်လာ၏။
နောက်ဆုတ်ဖို့လမ်းမရှိ ထွက်ပြေးလို့လည်းမလွတ်နိုင်မှတော့ထိပ်တိုက်ရင်ဆိုင်ပြီး သေမလား ရှင်မလားဆုံးဖြတ်ရုံတာရှိတော့သည်။
သူကဆုံးဖြတ်ချက်ကို ခိုင်မာအောင်ချလိုက်ပြီး စိတ်စွမ်းအင်အား အမြင့်ဆုံးသို့ စုစည်းလိုက်သည်။ထိုအခိုက်အတန့်တွင်အသံအားလုံး တိတ်ဆိတ်သွားသကဲ့သို့ရှိပြီး ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားကာ တစ်လောကလုံးတွင်သူနှင့် တဖြည်းဖြည်းနီးလာသော အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းကြီးသာ ရှိတော့သကဲ့သို့ထင်မှတ်ရ၏။
လေလှိုင်းတစ်ခုက အရှိန်ပြင်းပြင်းဖြင့်သူ့မျက်နှာကိုရုတ်တရက်ဝင်တိုက်ခတ်လာသည်။
ထိုပြင်းထန်သောလေလှိုင်းကိုခံစားမိသည်နှင့်တစ်ပြိုင်နက်လော်ယွမ်က ခြေထောက်ကိုမြေပြင်သို့ အားကုန်ကန်လိုက်ရာ သူ၏ခန္ဓာကိုယ်မှာ မြက်ခင်းပြင်ပေါ်တွင် အရှိန်ပြင်းပြင်းပြေးလွှားနေသော ကျားသစ်တစ်ကောင်ကဲ့သို့ရှေ့သို့အလျင်အမြန်ပြေးထွက်သွားတော့သည်။
နှစ်ဦးသား လျင်မြန်စွာနီးကပ်လာပြီး တိုက်မိတော့မည့်ဆဲဆဲမှာပင်...
လော်ယွမ်က ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီးနောက်စပရင်တစ်ခုကဲ့သို့သုံးမီတာကျော်မြင့်အောင်ခုန်တက်လိုက်သည်။ပိုးကောင်စိမ်းကြီး၏ကျောပေါ်သို့မရောက်ခင်မှာပင်လက်ထဲရှိ ကျန်းမာတောက်ဓားရှည်ဖြင့် ၎င်း၏ကျောကုန်းကို အားကုန်ထိုးစိုက်ချလိုက်သည်။
"ကျွီးးးးးးး" နားကွဲမတတ်စူးရှသော အော်ဟစ်သံတစ်ခုက ပိုးကောင်စိမ်းကြီးဆီမှထွက်ပေါ်လာ၏။
ကျန်းမာတောက်ဓားရှည်၏ထိပ်ဖျားမှာ ၎င်း၏ကျောကုန်းကိုတစ်လက်မခန့်ဝင်သွားပြီးနောက်ဆက်လက်မဝင်နိုင်တော့ပေ။
သို့သော်ဤမျှဝင်ရုံဖြင့်ပင်လော်ယွမ်၏ရည်ရွယ်ချက်အောင်မြင်သွားပြီဖြစ်သည်။စိုက်ဝင်နေသောဓားကို အားပြုပြီး လော်ယွမ်က ပိုးကောင်စိမ်းကြီး၏ကျောပေါ်သို့ခက်ခက်ခဲခဲ တက်လိုက်သည်။
သိုင်းပညာလေ့ကျင့်ဓားသူတို့မှာ အများအားဖြင့်ခြေခိုင်လေ့ရှိကြသည်။ထိုအပြင်စနစ် ကတိုးမြှင့်ပေးထားသော ဓားပညာတွင်လည်း ဓားပညာ၏ အနှစ်သာရများသာမက ကြမ်းတမ်းသည့်ပတ်ဝန်းကျင်များတွင်တိုက်ခိုက်ရမည့်နည်းလမ်းများလည်း ပါဝင်သည်။သူခဏတာမျှတည်ငြိမ်အောင်ရပ်လိုက်ပြီးနောက်ဓားရှည်ကို အားဖြင့်ဆွဲနုတ်လိုက်သည်။
ထို့နောက်သူသည်ကိုယ်ကိုနှိမ့်ချလိုက်ရာ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မြေပြင်နှင့်တစ်တန်းထဲနီးပါးဖြစ်သွားပြီး ဒူးများကိုကွေးထားလိုက်သည်။ခြေတစ်လှမ်းလှမ်းတိုင်း သူ၏ခြေဖဝါးမှာ ကျုံ့လိုက်ဆန့်လိုက်ဖြင့်စုပ်ခွက်တစ်ခုကဲ့သို့ပိုးကောင်စိမ်းကြီး၏ ချောမွေ့သောကျောကုန်းတွင် မြဲမြံစွာကပ်တွယ်ထားလိုက်သည်။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်သူသည်ပိုးကောင်စိမ်းကြီး၏ ဦးခေါင်းထိပ်သို့ရောက်ရှိသွား၏။ သူက ဓားကိုမြှောက်လိုက်ပြီး အားကုန်ခုတ်ချမည်အပြုတွင်...
ထိုပိုးကောင်စိမ်းကြီး၏ ထက်မြက်သော အာရုံခံစားမှုမှာ အန္တရာကိုယ်သတိပြုမိသည်နှင့်ချက်ချင်းအသိဝင်သွားပြီး အရှိန်ကိုလျော့လိုက်ကာ ခန္ဓာကိုယ်အား မတ်တပ်ရပ်သကဲ့သို့ ထောင်မတ်လိုက်သည်။
လော်ယွမ်က ဆက်လတ်မရပ်နိုင်တော့ပဲ လိမ့်ကျသွားပြီး မြေပြင်သို့ကျခါနီးသောအခါလေထဲတွင်ကိုင်းထွက်နေသော ၅ပေခန့်ရှည်သည့်ပိုးကောင်စိမ်းကြီး၏ အာရုံခံဥမှင်ကို အလျင်အမြန်ဖမ်းဆွဲလိုက်သည်။
သူ၏ခန္ဓာကိုယ်မှာ လှုပ်ယမ်းနေပြီး နှလုံးမှာလည်း တဒုန်းဒုန်းခုန်နေ၏။
ပိုးကောင်စိမ်းကြီးက ခံစားမှုမရှိသကဲ့သို့ ကြည်လင်နေသည့် ပုဇင်းလိုမျက်လုံးကြီးဖြင့်သူ့ကို စူးစိုက်ကြည့်နေသည်။ရှုပ်ထွေးစွာဖွဲ့စည်းထားသော ဧရာမပါးစပ်ကြီးမှာ ဟလိုက်ပိတ်လိုက်ဖြင့်အလွန်ဆိုးရွားသော အနံ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။
သူ သက်ပြင်းမချနိုင်သေးမီမှာပင်…
မျက်လုံးထောင့်စွန်းမှပိုးကောင်စိမ်းကြီး၏ ရှေ့ခြေထောက်များ အနည်းငယ်ကျုံ့သွားသည်ကို သတိပြုမိလိုက်သည်။သူ၏တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ချက်ချင်းထောင်ထသွားပြီး ဇောချွေးများပင်စို့ထွက်လာသည်။သူက ဦးမှင်ကိုအားကုန်ဆွဲလိုက်ပြီး နောက်တစ်ခဏတွင်ထိုဆွဲအားကိုအသုံးပြုကာ ပိုးကောင်စိမ်း၏ ဦးခေါင်းထိပ်နေရာသို့ပေါ့ပါးစွာ ခုန်တက်လိုက်သည်။
သို့သော်သူ၏ခန္ဓာကိုယ်လေထဲသို့ခုန်တက်သွားသည်နှင့်တစ်ပြိုင်နက်လေထုထဲမှ "ဖောင်း" ဟူသော အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။
မိုးခြိမ်းသံတစ်ခု မြေပြင်ပေါ်တွင် ရုတ်တရက်ပေါက်ကွဲသွားသကဲ့သို့ပင်။
ယင်း၏ရှေ့ခြေထောက်နှစ်ချောင်းမှာ လျှပ်စီးကြောင်းကဲ့သို့ပစ်ထွက်လာပြီးနောက်အလျင်အမြန် ပြန်ရုတ်သိမ်းသွားလေသည်။
လော့ယွမ်၏ ၁၂မှတ်ရှိသောအာရုံကြောတုံ့ပြန်နိုင်စွမ်းဖြင့်ပင် ၎င်း၏လှုပ်ရှားမှုလမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။ သူ၏မျက်စိရှေ့တွင်အရိပ်တစ်ခုဖြတ်သွားသည်ဟုသာ ခံစားလိုက်ရပြီး ရှေ့ခြေထောက်များမှာ မူလနေရာသို့ ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။
ရှေ့ခြေထောက်များ ပြန်ရုတ်သိမ်းသွားသည်နှင့် ပြင်းထန်သောလေလှိုင်းတစ်ခုဖြစ်ပေါ်လာပြီး ရှေ့သို့အရှိန်ဖြင့်ပြေးထွက်သွားကာ နောက်ဆုံးတွင်ကွန်ကရစ်လမ်းမပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားလေသည်။မာကျောသော ကွန်ကရစ်လမ်းမှာပင် ၃ပေကျော်ကျယ်ပြီး ၅ပေခန့်နက်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
လော်ယွမ်သည်ပိုးကောင်စိမ်းကြီး၏ဦးခေါင်းထိပ်သို့ခုန်တက်ပြီးမှသာ ခြေထောက်တွင်မီးလောင်သကဲ့သို့ပူစပ်သောဝေဒနာကို ခံစားလိုက်ရသည်။
သို့သော်ယခုအချိန်တွင်သူ၌ အာရုံစိုက်ရန်အချိန်မရှိပေ။ သူက တင်းမာသောမျက်နှာဖြင့်ဓားရှည်ကိုမြှောက်ပြီး သူ၏ဦးခေါင်းထဲသို့အားကုန်ထိုးစိုက်ချလိုက်သည်။
ဦးခေါင်းသည်သက်ရှိတို့၏အရေးကြီးဆုံးနေရာဖြစ်သောကြောင့်အခြားနေရာများထက်ပိုမာကြောလေ့ရှိသည်။အပြင်ဘက်အရိုးခွံမှာ ကျောကုန်းထက်ပင်ပို၍ထူထဲမာကျောပြီး အလွန်ချောမွေ့နေသည်။ဓားထိပ်ဖျားက ထိမိသည်နှင့်တစ်ပြိုင်နက်ဘေးသို့ချော်ထွက်သွားပြီး ထိုးစိုက်ရန်ပင်မဖြစ်နိုင်ပေ။
ထိုစဉ်ပိုးကောင်စိမ်းကြီးက ထပ်မံလှုပ်ခါလိုက်ရာ လော်ယွမ်က သူ၏ကျောပေါ်သို့အလျင်အမြန်မှောက်ချလိုက်ပြီး ဘယ်ဘက်လက်ဖြင့်ပိုးကောင်စိမ်းကြီး၏ ပခုံးထိပ်ရှိ အနည်းငယ်ထွက်နေသော အရိုးအခုံးကို အားကုန်ဆုပ်ကိုင်ကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းထားလိုက်သည်။
ပိုးကောင်စိမ်းကြီးပြန်ငြိမ်သွားသည်နှင့်ကျန်းမာတောက်ဓားရှည်ဖြင့် ၎င်း၏ဦးခေါင်းကို ထပ်မံအားကုန်ခုတ်ပိုင်းလိုက်ရာ အဖြူရောင်အစင်းရာများသာ ဖြစ်ပေါ်သွားလေသည်။
ကျန်းမာတောက်ဓားမှာ အပြာနုရောင်အဆင့်သာရှိပြီး အပြာနုရောင်အဆင့်ထက်မြင့်ဟန်ရှိကာ မာကျောသော အခွံများရှိသည့်ထိုသတ္တဝါကြီးကို ထိုးဖောက်ရန်မစွမ်းနိုင်ဖြစ်နေသည်။
လော်ယွမ်က ဤခံစစ်အားကောင်းသော ပိုးကောင်စိမ်းကြီးအား ဒဏ်ရာရအောင်မလုပ်နိုင်သလို ပိုးကောင်စိမ်းကြီးကလည်း သူ့ကိုဘာမျှမတတ်နိုင်ဖြစ်နေသည်။
အချိန်ကြာလာသည်နှင့်အမျှပိုးကောင်စိမ်းကြီးမှာ ပို၍စိတ်မရှည်ဖြစ်လာသည်။ထိုစဉ်၎င်း၏ကျောပေါ်ရှိ အခွံ၂ခုမှာ ရုတ်တရက် အနည်းငယ်ဟလာ၏။ ခေါက်သိမ်းထားသော တောက်ပံနှစ်ခုကိုဖွင့်ပြီး ပျံသန်းရန် ကြိုးစားနေပုံရသည်။
လော်ယွမ်၏မျက်နှာတွင်စိုးရိမ်ပူပမ်သော အမူအရာများ ပေါ်လာပြီး သူ၏နဖူးမှချွေးများ တပေါက်ပေါက်စီးကျလာသည်။အကယ်၍ ၎င်းသာ ပျံသန်းသွားပါက သူခုန်ချထွက်ပြေးရုံမှတစ်ပါး အခြားနည်းလမ်းရှိတော့မည်မဟုတ်ပေ။
သို့သော်အတောင်ပံအောက်ရှိ အတော်အတန်ပျော့ပျောင်းသော အခွံကိုမြင်လိုက်သောအခါသူ၏မျက်လုံးများမှာ ချက်ချင်းပင်အရောင်တောက်သွားသည်။
"အဲ့နေရာပဲ"
သူသည်ဒူးအနည်းငယ်ကွေးပြီး ၎င်း၏ကျောကုန်းဘက်သို့ခုန်ကူးလိုက်သည်။ထိုအချိန်တွင် ၎င်း၏တောင်ပံများမှာ အပြည့်အဝပွင့်ထွက်သွားပြီး "ဝုန်း" ဟူသော အသံကျယ်ကြီးတစ်သံနှင့်အတူ ပိုးကောင်စိမ်းက လေပေါ်သို့ပျံတက်လိုက်၏။
တစ်ရာရီမိုင်၄၀ခန့်ရှိသော လေပြင်းတစ်ခုက မျက်နှာချင်းဆိုင်တိုက်ခတ်လာရာ သူ၏ခြေထောက်များချော်ထွက်သွားပြီး လေပြင်းကြောင့်လွင့်ထွက်သွားလုနီးပါးဖြစ်သွားသည်။
လော်ယွမ်က ကိုယ်ကိုဝပ်ချကာ တောင်ပံရှိရာနေရာသို့ခက်ခက်ခဲခဲသွားလိုက်ပြီး ကျန်းမာတောက်ဓားရှည်ဖြင့်ညာဘက်တောင်ပံအရင်းရှိ ကိုယ်ထည်နှင့်ဆက်နေသောနေရာကို အားကုန်သုံးကာ ခုတ်ပိုင်းချလိုက်သည်။ "ဂျွတ်"ဟူသော အသံတစ်သံနှင့်အတူ ညာဘက်တောင်ပံတစ်ခုလုံး အရင်းမှပြတ်ထွက်သွားတော့သည်။
တောင်ပံတစ်ဖက်မရှိတော့သော ပိုးကောင်စိမ်းကြီးမှာ ခန္ဓာကိုယ်ယိုင်သွားပြီး လေထဲမှအလျင်အမြန် ပြုတ်ကျလာသည်။
"ဘုန်း"
ဧရာမပိုးကောင်စိမ်းကြီးက ၁၇ပေ ၁၉ပေအမြင့်မှ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျလာ၏။ လော်ယွမ်၏ခန္ဓာကိုယ်မှာလည်း လွှင့်စင်ထွက်သွားပြီး လမ်းမပေါ်တွင်အဆက်မပြတ်လိမ့်သွားကာ နံရံနှင့်တိုက်မိမှသာ ရပ်တန့်သွားတော့သည်။သူ၏မျက်လုံးများပြာသွားပြီး ခန္ဓာကိုယ်မှာလည်း ကိုင်ရိုက်ခံလိုက်ရသကဲ့သို့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။
သူက ပိုးကောင်စိမ်းကြီး ယိုင်နဲ့ယိုင်နဲ့ဖြင့် ပြန်ထလာသည်ကို လှမ်းကြည့်လိုက်သည်။
ပြီးနောက်အံတင်းတင်းကြိတ်ပြီး အားတင်းကာ မတ်တပ်ရပ်လိုက်သည်။လည်ချောင်းထဲမှငံကျိကျိအရသာတစ်ခုခံစားလိုက်ရပြီး သွေးတစ်လုတ်အန်ထွက်လာသည်။
လော်ယွမ်က ပိုးကောင်စိမ်းကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။သူကတဖြည်းဖြည်း ပိုမြန်လာပြီး နောက်ဆုံးတွင်ခုန်လွှားကာ ကျန်းမာတောက်ဓားရှည်ကို ၎င်း၏တောင်ပံပြတ်နေသောကျောကုန်းပေါ်သို့ထပ်မံထိုးစိုက်လိုက်၏။သူကကိုယ်ကိုငြိမ်အောင်ရပ်လိုက်ပြီး ဓားရိုးကိုကိုင်ကာ အပေါ်သို့ဆက်တိုက်ဆွဲတင်လိုက်သည်။ပျော့ပျောင်းသောအရေပြားမှာ အဝတ်စုတ်တစ်ခု စုတ်ပြဲသွားသောအသံမျိုး ထွက်ပေါ်လာသည်။
ဒဏ်ရာမှာ တဖြည်းဖြည်းပိုရှည်လာပြီး ထူးဆန်းသော ကလီစာများက ဒဏ်ရာတစ်လျှောက်မှရေစီးကြောင်းကဲ့သို့စီးကျလာသည်။
ပိုးကောင်စိမ်းကြီးမှာ နာကျင်စွာအော်ဟစ်ပြီး ခန္ဓာကိုယ်ကပြင်းထန်စွာယိမ်းထိုးနေသည်။ သူကကျန်ရှိနေသောတောင်ပံကို အရှိန်ပြင်းပြင်းဖြင့်ခတ်လိုက်ရာ လေပြင်းများ တဝုန်းဝုန်းထလာသည်။
လော်ယွမ်က ဓားရိုးကိုအားကုန်ဆုပ်ကိုင်ထားပြီး သူ၏ခြေထောက်များမှာ ပိုးကောင်ကြီး၏ကျောကုန်းပေါ်တွင်သံမှိုစွဲထားသကဲ့သို့ မြဲမြံစွာရပ်ကာ တည်ငြိမ်စွာဖြင့်တစ်လှမ်းချင်းရှေ့တိုးသွားသည်။ဓားကို ဦးခေါင်းအနီးသို့ရောက်သည်အထိ ဆွဲတင်ပြီးမှသာ ရပ်လိုက်သည်။
အဘယ်ကြောင့်မှန်းမသိ ထိုအချိန်တွင်သူ၏စိတ်ထဲ၌ အဆင့်တက်သဖြင့်စနစ်မှရထားသည့်ပေါင်းစပ်အစွမ်းကို ရုတ်တရက်သတိရလိုက်သည်။
ထိုအတွေးပေါ်လာသည်နှင့်ဓားအသွားမှာ ရုတ်တရက် ပူလောင်လာလေသည်။
အရိုးခွံကို ပေါင်းစပ်လိုက်ခြင်းကြောင့်လား၊ သို့မဟုတ်ဓားသွားက ပို၍ထက်ရှလာခြင်းကြောင့်လားမသိ သူသိပ်အားမစိုက်လိုက်ရဘဲ ဓားက အသာအယာ ပိုင်းဖြတ်သွားကာ ဒဏ်ရာအသစ်တစ်ခု ဖြစ်ပေါ်သွား၏။
လော်ယွမ်က အကျိုးသက်ရောက်မှုရှိသည်ကိုမြင်သောအခါအားတက်သွားပြီး ပေါင်းစပ်အစွမ်းကို ဆက်လက်အသုံးပြုလိုက်သည်။ပေါင်းစပ်အစွမ်းကို အဆက်မပြတ်အသုံးပြုလာသည်နှင့်အမျှဓားမှာ ပို၍ပို၍ ထက်ရှလာပုံရသည်။နောက်ဆုံးတွင်ပေါင်းစပ်အစွမ်းကိုမသုံးဘဲ ဓား၏မူလထက်ရှမှုဖြင့်ပင်အရိုးခွံကို ဆက်တိုက်ခုတ်ပိုင်းနိုင်သွားလေသည်။
ကလီစာများ ဆက်တိုက်ပျက်စီးပြီး ခန္ဓာကိုယ်အရည်များ အများအပြားဆုံးရှုံးသွားသည်နှင့်အမျှပိုးကောင်စိမ်းကြီး၏ ရုန်းကန်မှုမှာ တဖြည်းဖြည်းအားနည်းလာပြီး မကြာမီမှာပင်မြေပြင်ပေါ်သို့ပျော့ခွေကျသွားတော့သည်။
လော်ယွမ်က ကျန်းမာတောက်ဓားရှည်ကိုဆွဲထုတ်ကာ ဤပိုးကောင်စိမ်းကြီးကို အဆုံးသတ်ရန်ပြင်လိုက်စဉ်သူ၏အမြင်အာရုံက ဓားရှည်ပေါ်သို့ကျရောက်သွားသောအခါအနည်းငယ်တွေဝေသွားသည်။
ယခင်က ငွေဖြူရောင်ဖြစ်နေသော သူ၏ ကျန်းမာတောက်ဓားရှည်မှာ ယခုအခါစိမ်းစိုသော မြရောင်အဖြစ်သို့ ပြောင်းလဲနေသည်ကို သူ သတိပြုမိသွားသည်။ဓားသွားပေါ်တွင်ရောင်ခြည်တစ်ခုက အဆက်မပြတ်စီးဆင်းနေသကဲ့သို့ပင်။လော်ယွမ်က အစပိုင်းတွင်ဤသည်မှာ ပိုးကောင်စိမ်းကြီး၏ ခန္ဓာကိုယ်အရည်များ ပေကျံနေခြင်းဟုထင်ကာ ဓားကိုအနည်းငယ်ခါကြည့်လိုက်သော်လည်း မည်သည့်အရည်မှကျန်မနေဘဲ ဓားတစ်ချောင်းလုံးမှာ အလွန်သန့်ရှင်းနေပြီး အနည်းငယ်စွတ်စိုခြင်းပင်မရှိချေ။
ထိုမြစိမ်းရောင်မှာ ဓားသွား၏ မူလအရောင်ပင်ဖြစ်နေ၏။
"အဲ့တာပေါင်းစပ်အစွမ်းကြောင့်များလား"
ဤသည်မှလွဲ၍အခြားအကြောင်းကြောင့်မဖြစ်နိုင်ပေ။
အတွေးများက လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားပြီးနောက်သူက ဓားကိုမြှောက်ကာ ပိုးကောင်စိမ်းကြီး၏ ဦးခေါင်းကို အားကုန်ထိုးစိုက်ချလိုက်သည်။
ပိုးကောင်စိမ်းကြီး၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာတစ်ချက်တုန်သွားပြီး သေခါနီးအားအင်ပြန်လည်ရရှိလာသကဲ့သို့ယိုင်နဲ့ယိုင်နဲ့ဖြင့် ပြန်ထလာသည်။စက္ကန့်အနည်းငယ်ကြာအောင် ကြိုးစားရပ်တည်ပြီးနောက်နောက်ဆုံးတွင်မြေပြင်ပေါ်သို့ဗိုက်းကနဲ လဲကျသွားတော့သည်။
ထိုစဉ်စနစ်၏အသိပေးချက်များ သူ၏ခေါင်းထဲသို့ဝင်ရောက်လာသည်။
ဒင်...E-အဆင့်မစ်ရှင်အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းကို သတ်သတ်ရန်အောင်မြင်သွားပါပြီ။
"မစ်ရှင်ပြီးမြောက်ရန်ကြာချိန် -ရှစ်မိနစ်"
"မစ်ရှင်အကဲဖြတ်ချက် -ကောင်းမွန်"
"အခြေခံအတွေ့အကြုံအမှတ် ၁၆၀၀ရရှိသည်"
"အကဲဖြတ်ချက်ကောင်းမွန်သဖြင့်အတွေ့အကြုံအမှတ်အပို ၁၆၀၀ရရှိသည်"
အကဲဖြတ်ချက်က ကောင်းမွန်ဖြစ်လိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ ဤမစ်ရှင်ကို ပြီးမြောက်နိုင်ခဲ့ခြင်းမှာ လုံးဝကံကောင်းခြင်းကြောင့်သာဖြစ်သည်။ဤသည်မှာ သူပြီးမြောက်ခဲ့သော မစ်ရှင်များအားလုံးထဲတွင်အခက်ခဲဆုံးဖြစ်ပြီး သေမင်းခံတွင်းဝမှလွတ်မြောက်လာခြင်းပင်ဖြစ်သည်။အကယ်၍သူ၏ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်သာမဟုတ်ပါက E အဆင့်မစ်ရှင်ကို ဘယ်တော့မှလက်ခံမည်မဟုတ်ပေ။ ယင်းက သူစွမ်းဆောင်နိုင်သည့်အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်မစ်ရှင်က နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့သည်။
ယခင်ကျန်ရှိသော အတွေ့အကြုံမှတ်များနှင့်ပေါင်းလိုက်သောအခါယခုအတွေ့အကြုံမှတ်မှာ ၄၁၀၀/၄၈၀၀ ဖြစ်သွားပြီဖြစ်ပြီး အဆင့်တက်ရန်အတွေ့အကြုံမှတ်ခုနစ်ရာသာလိုတော့၏။အဆင့်သတ်မှတ်ချက်ကောင်းမွန်ရနိုင်သည့်F+ မစ်ရှင်သို့မဟုတ် Eအဆင့်မစ်ရှင်တစ်ခု ပြီးမြောက်ရုံဖြင့် သူအဆင့်တက်နိုင်ပြီ ဖြစ်သည်။
သူရောက်နေသည့်ပတ်ဝန်းကျင်က ပို၍အန္တရာယ်များလေလေ မစ်ရှင်ဖြစ်ပေါ်နိုင်ခြေက ပိုများလေလေဖြစ်ပုံရသည်။ယခင်က နှစ်လ သုံးလတွင်မစ်ရှင်တစ်ခုရလျှင်ပင်တော်တော်ကံကောင်းနေပြီဖြစ်ပြီး တစ်ခါတစ်ရံတွင်ခြောက်လကြာသည်အထိ တစ်ခုမှမရတတ်ပေ။ ကမ္ဘာကြီးဆင့်ကဲ့ပြောင်းလဲပြီးနောက်ပိုင်းတွင်မစ်ရှင်များဖြစ်ပေါ်သည့်အကြိမ်နှုန်းမှာ ပို၍ပို၍များလာပြီး ယနေ့တွင်မစ်ရှင်နှစ်ခုကို ဆက်တိုက်လက်ခံရရှိခဲ့သည်မှာ စဉ်းစားကြည့်လျှင်ပင်မယုံနိုင်စရာကောင်းလှသည်။
လော်ယွမ်က အတွေးများကိုရုတ်သိမ်းပြီး ပိုးကောင်စိမ်းကြီးပေါ်မှခုန်ချလိုက်သည်။သူ၏ခြေထောက်များမှာ ယိုင်သွားကာ မြေပေါ်သို့လဲကျတော့မတတ်ဖြစ်သွား၏။
သူက သွေးစများပါသောတံတွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။စိတ်တင်းထားသည်ကို လျော့ချလိုက်နှင့်တစ်ပြိုင်နက်လော်ယွမ်သည်တစ်ကိုယ်လုံးပြင်းထန်စွာနာကျင်ကိုက်ခဲလာသည်ကို ခံစားလိုက်ရပြီး အထူးသဖြင့်ခြေထောက်တွင်ဖြစ်သည်။သူငုံ့ကြည့်လိုက်သောအခါပေါင်အောက်ပိုင်းရှိ ဘောင်းဘီမှာ စုတ်ပြဲနေပြီး ခြေသလုံးရှိအရေပြားမှာ လုံးဝမရှိတော့ဘဲ နီရဲနေသောအသားစိုင်များကို မြင်နေရကာ သွေးသံရဲရဲဖြင့် ကြည့်ရဆိုးလှသည်။
"သေစမ်း...ဒါကြောင့်အဲ့လောက်နာနေတာကိုး"
ပိုးကောင်စိမ်းကြီး ရှေ့ခြေထောက်များကို ခတ်လိုက်စဉ်က သူ၏ခြေသလုံးကို အရှိန်ပြင်းသောလေထုက ပွတ်တိုက်သွားခဲ့သည်ကို ပြန်သတိရလိုက်သည်။
မကြာမီမှာပင်ဟွမ်ကျားဟွေနှင့်ချောင်ချန်ချန်တို့လည်း ရောက်ရှိလာကြသည်။သူတို့၏နောက်တွင်အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦး စုစုပေါင်း လူငါးယောက်ပါလိုက်ပါလာကြလေသည်။
ဆက်ရန်...
အပိုင်း(၃၂)ပဋိပက္ခ
ထိုအချိန်တွင်ဟွမ်ကျားဟွေနှင့်ချောင်ချန်ချန်တို့လည်းရောက်ရှိလာကြသည်။သူတို့နောက်တွင်ယောက်ျား၃ယောက် မိန်းမ၂ယောက် စုစုပေါင်းလူ၅ယောက်လိုက်ပါလာကြသည်။
တကယ်တော့လော်ယွမ်တိုင်ခိုက်နေစဉ်တွင်ဟွမ်ကျားဟွေလည်းအားနေသည်မဟုတ်ပေ။ သူမက အနားကပ်ရန်ကြိုးစားလာသော ပိုးကောင်စိမ်းနှစ်ကောင်ကို အမြန်ပစ်သတ်လိုက်ရသဖြင့်လက်ကျန်ပစ္စတိုကျည်ဆန်များပင်ကုန်ဆုံးသွားလေသည်။နောက်ဆုံးတွင်သူမက လော်ယွမ်လွှင့်ပစ်ထားသည့်ရိုင်ဖယ်ကိုကောက်ယူကာ ဆက်လက်ပစ်ခက်ခဲ့ရသည်။
ထိုစဉ်ကလူအုပ်ကြီးမှာ တဖြည်းဖြည်းနှင့် လူဦးရေလျော့နည်းနေပြီး ကံကောင်းစွာဖြင့်ပင်ပိုးကောင်စိမ်းအများစုက အစာဝသွားသဖြင့်တိုက်ခိုက်ခြင်းကို ရပ်လိုက်ကြရာ လက်ကျန်လူများမှာ မျှော်လင့်ချက်ရောင်ခြည်ရရှိသွားကြပြီး နောက်ဆုံးတွင်အသက်ရှင်ကျန်ရစ်ခဲ့ကြခြင်းဖြစ်သည်။
"ရှောင်ယွမ်...ရှင်ဘာမှမဖြစ်ပါဘူးနော်"ဟွမ်ကျားဟွေ့ကလော်ယွမ်၏ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကိုမြင်သောအခါစိုးရိမ်တကြီး မေးလိုက်သည်။
"ငါဘာမှမဖြစ်ဘူး" လော်ယွမ်က သူတို့နှစ်ဦး ဘာမှမဖြစ်သည်ကိုမြင်မှသက်ပြင်းချနိုင်တော့သည်။ထို့နောက်လူတစုဘက်သို့လှည့်ကြည့်ကာ တည်ငြိမ်စွာမေးလိုက်သည်။ "သူတို့ကဘာလိုချင်လို့လဲ"
"သူတို့က...ကျွန်မတို့နဲ့လိုက်ခဲ့ချင်လို့တဲ့"ဟွမ်ကျားဟွေ့ကအနည်းငယ်အခက်တွေ့ဟန်ဖြင့် ပြန်ဖြေသည်။
"ငါတို့နောက်ဘယ်ကိုလိုက်မှာလဲ...ငါတို့လာတဲ့လမ်းမှာစစ်သားတွေရှိတယ်လေ အဲ့မှာအန္တရာယ်ကင်းတယ်...သူတို့ကိုအဲ့ဆီသွားခိုင်းလိုက်"လော်ယွမ်က အေးစက်စက်ပြောလိုက်သည်။
"ဟဲ့ဒီမှာ...နင်ကဘာလို့အဲ့လောက်အကြင်နာတရားခေါင်းပါးရတာလဲ" အငြင်းခံလိုက်ရသည်ကိုမြင်သောအခါမိတ်ကပ်အထူကြီးလိမ်းထားသည့်သက်လတ်ပိုင်းအရွယ်မိန်းမကြီးတစ်ဦးက ဒေါသတကြီးပြောလိုက်သည်။
"ဟုတ်တယ်...ခုလိုအခက်အခဲကြုံနေချိန်မှာ...အချင်းချင်းကူညီရိုင်းပင်းပြီး...အခက်အခဲတွေအတူတူကျော်ဖြတ်သင့်တာပေါ့" နောက်ထပ်သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကလည်း ဝင်ပြော၏။
"တွေ့သမျှလိုက်သနားနေရင် ကျုပ်ခုထိတောင်အသက်ရှင်မှာမဟုတ်ဘူး...ပြီးတော့ခင်ဗျားတို့ပုံစံကြည့်ရတာ...သနားတတ်တဲ့ပုံစံတွေလည်းမဟုတ်ပါဘူး...မဟုတ်ရင်ခင်ဗျားတို့ဘယ်လိုလုပ်ခုချိန်ထိအသက်ရှင်မှာလဲ...စိတ်မကောင်းပါဘူး...ဒီမှာပဲကျုပ်တို့ကိုယ့်လမ်းကိုယ်သွားကြတာပေါ့"လော်ယွမ်က လုံးဝစိတ်မလှုပ်ရှားဘဲ အေးစက်စွာပြောလိုက်သည်။ဤလူများလိုက်လာလျှင်ဝန်ထုပ်ဝန်ပိုးသာဖြစ်မည်။ထို့အပြင်လူများလေလေ ပိုးကောင်စိမ်းများကို ပိုဆွဲဆောင်နိုင်လေလေဖြစ်သည်။ယခု သူကိုယ်တိုင်ပင်ဒဏ်ရာပြင်းထန်စွာရရှိထားရာ အန္တရာယ်များကိုမည်မျှကြာကြာခုခံနိုင်မည်ကိုပင်မသိနိုင်တော့ပေ။
သူက ဟွမ်ကျားဟွေနှင့်ချောင်ချန်ချန်ကို ပြောလိုက်သည်။ "သွားရအောင်...နင့်အိမ်ရောက်ဖို့ကအဝေးကြီးလိုသေးတယ်"
လော်ယွမ်က ထိုသို့ပြောပြီးနောက်ခြေထောက်ကိုလှမ်းလိုက်ရာ ခြေသလုံးမှအလွန်နာကျင်သွားပြီး ခန္ဓာကိုယ်အနည်းငယ်ယိုင်သွားကာ လဲကျတော့မလိုပင် ဖြစ်သွား၏။
ထိုအဖြစ်ကိုမြင်သောအခါလူငါးယောက်ထဲမှအေးဆေးတိတ်ဆိတ်ပုံရသော လူတစ်ဦး၏မျက်နှာတွင်ရက်စက်သည့်အရိပ်ယောင်တစ်ခုဖြတ်ပြေးသွားသည်။သူကဟွမ်ကျားဟွေအနားသို့ တိတ်တဆိတ်ချည်းကပ်သွားပြီး ခါးမှဓားမြောင်ကိုထုတ်ကာ သူမ၏ခါးကို ထောက်လိုက်သည်။ "မလှုပ်နဲ့...မင်းသွားချင်သွားလို့ရတယ်...အဲ့ရိုင်ဖယ်တော့ငါတို့ကိုပေးခဲ့"
"ရှင်အဲ့တာဘာလုပ်တာလဲ" ချောင်ချန်ချန်က ဤသို့မမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့်ဒေါသဖြင့်အော်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း... မြန်မြန်လုပ်သေနတ်ငါ့ကိုပေး မဟုတ်ရင်ဒီကောင်မကိုသတ်ပစ်မယ်"ထိုလူက ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ခြိမ်းခြောက်လိုက်သည်။
သူသည်ထိုရိုင်ဖယ်ကို အစကတည်းက လိုချင်နေခဲ့၏။ယခုလိုကမ္ဘာပျက်နေသောကာလတွင် ရိုင်ဖယ်တစ်လက်ရှိနေခြင်းက အသက်ရှင်နိုင်ခြေကို အဆများစွာမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။သူနောက်ထပ်ကြောက်လန့်စိုးရိမ်နေစရာမလိုတော့သည့်အပြင်မိမိကြိုက်သလိုပါ ပြုမူနိုင်တော့မည်ဖြစ်သည်။လောဘက လူကိုအမှောင်ဖုံးစေသည်ဟု ဆိုကြသည့်အတိုင်းပင်။အစောပိုင်းက သူ မလှုပ်ရှားရဲခဲ့ခြင်းမှာ ဧရာမပိုးကောင်စိမ်းကြီးနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သော လော်ယွမ်ကို အလွန်ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။ယခု လော်ယွမ်ဒဏ်ရာအပြင်းအထန်ရထားသည်ကိုမြင်သောအခါသူ၏လောဘစိတ်များကို မထိန်းချုပ်နိုင်တော့ပေ။
ဟွမ်ကျားဟွေ၏မျက်နှာမှာ ပျက်ယွင်းသွားလေသည်။သူမက ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ ဒေါသထွက်နေခြင်းဖြစ်၏။မိမိ၏အသက်ကိုစွန့်၍ကယ်တင်ခဲ့ရသောသူများက ဤကဲ့သို့ကျေးဇူးကန်းကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟုတ်တယ်...နင့်ရဲ့ဓားကိုပါလွှင့်ပစ်လိုက်...မဟုတ်ရင်ငါတို့အဲ့ကောင်မကိုသတ်ပစ်မယ်"မိတ်ကပ်ထူပိန်းနေအောင်လိမ်းထားသည့်မိန်းမကြီးက မိမိတို့ဘက်မှအခြေအနေကိုထိန်းချုပ်နိုင်သွားသည်ကိုမြင်သောအခါမော်ကြွားစွာပြောလိုက်သည်။
ကျန်သုံးဦးမှာမူ တိတ်ဆိတ်နေပြီး ဖြစ်ပျက်နေသမျှကို စိုးရိမ်တကြီးကြည့်နေကြသည်။
"နင်သူတို့ကိုကယ်လာတာ မဟုတ်ဘူးလား" လော်ယွမ်က ဟွမ်ကျားဟွေကို ထူးဆန်းစွာမေးလိုက်သည်။သူကိုယ်တိုင်မမြင်ခဲ့ရသော်လည်း ဟွမ်ကျားဟွေလက်ထဲတွင်ရိုင်ဖယ်ကိုင်ထားပြီး ကျန်လူများက သူမနောက်သို့လိုက်လာသည်ကိုကြည့်လျှင်ခုနကအဖြစ်အပျက်ကို အလွယ်တကူခန့်မှန်းနိုင်၏။ဟွမ်ကျားဟွေက သူတို့ကိုကယ်တင်ခဲ့သည်မှာ ထင်ရှားသည်။
ဟွမ်ကျားဟွေ၏မျက်နှာမှာ ပျက်ယွင်းနေပြီး စိတ်ထဲတွင်ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ သူမ ဤသို့သောလူစားမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
"စကားမများနဲ့...ရိုင်ဖယ်ကိုအမြန်ပေး...မဟုတ်ရင်ငါဒီကောင်မကို ဓားနဲ့ထိုးသတ်ပစ်မယ်"အေးဆေးတိတ်ဆိတ်ပုံရသောထိုလူက လော်ယွမ်ကိုစူးစိုက်ကြည့်ရင်း နှုတ်ခမ်းကိုသပ်ကာ အသံကျယ်ကျယ်ဖြင့်ခြိမ်းခြောက်လိုက်သည်။ဤနေရာတွင်ထိုဓားရှည်ကိုင်ထားသူသာ ဆုံးဖြတ်ချက်ချနိုင်ကြောင်း သူကောင်းကောင်းသိလေသည်။
လော်ယွမ်က ဓားရိုးကိုဆုပ်ကိုင်ပြီး ရုတ်တရက်ပြုံးလိုက်ကာ "အမဟွမ်...သူ့ကိုရိုင်ဖယ်ပေးလိုက်"
ဟွမ်ကျားဟွေက ထိုစကားကိုကြားသောအခါကြောင်သွားပြီး အလိုမကျစွာဖြင့်သေနတ်ကိုကမ်းပေးလိုက်၏။အေးဆေးတိတ်ဆိတ်ပုံရသောထိုလူက လက်တစ်ဖက်ဖြင့်သေနတ်ကိုလှမ်းယူပြီး ကျန်လက်တစ်ဖက်မှာမူ ဓားဖြင့်သူမ၏ခါးကို ဆက်ထောက်ထားသည်။
"ကျည်ဆန်တွေရော...မြေပေါ်ပစ်ချလိုက်"သူက နှုတ်ခမ်းကိုသပ်ရင်းပြောလိုက်သည်။
ဟွမ်ကျားဟွေက ကျည်ဆန်အိတ်ကို မြေပေါ်သို့ချပေးလိုက်ရာ ထိုလူက ကျန်လူများထဲမှသက်လတ်ပိုင်းအရွယ်အမျိုးသားကို သွားကောက်ခိုင်းလိုက်သည်။
ထိုအမျိုးသားက ခဏတုံ့ဆိုင်းပြီးနောက်လော်ယွမ်ကို ကြောက်လန့်စွာတစ်ချက်ကြည့်ကာ ကျည်ဆန်အိတ်ကို သေချာကောက်ယူလိုက်သည်။
"မင်းသေနတ်ရပြီဆိုတော့ငါတို့သွားလို့ရပြီလား" လော်ယွမ်က တည်ငြိမ်စွာမေးလိုက်သော်လည်း သူ၏မျက်နှာမှာ ရေခဲကဲ့သို့အေးစက်နေသည်။
အေးဆေးတိတ်ဆိတ်ပုံရသောထိုလူက အရူးတစ်ယောက်လိုရယ်မောလိုက်ရာ သူ၏မျက်နှာမှာပင်ပုံပျက်ပန်းပျက်ဖြစ်သွားသည်။သူကရိုင်ဖယ်ကိုကိုင်ကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး သေနတ်ပြောင်းကို လော်ယွမ်ဘက်သို့ချိန်ရွယ်လိုက်သည်။ "သွားမယ်ဟုတ်လား...နောက်ကျသွားပြီကွ...မင်းလိုရန်သူမျိုးကိုလွှတ်ပေးလိုက်ရင်...ငါဘယ်လိုလုပ်စိတ်ချလက်ချနေနိုင်မှာလဲ...မိန်းမတစ်ယောက်အတွက်နဲ့...အဲ့လောက်စိတ်ပျော့နေတဲ့မင်းအပြစ်ပဲ...မင်းမှာအစွမ်းအစနဲ့သေနတ်ရှိရင်အခုလိုချိန်မျိုးမှာ ဘယ်လိုမိန်းမမျိုးကိုမဆိုရနိုင်တာပဲ"
ထိုလူကဆက်ပြော၏ "မင်းရဲ့မိန်းမတွေကလည်းဆိုးတော့မဆိုးဘူး...၂ယောက်လုံးကတောင့်တောင့်ဖြောင့်ဖြောင့်တွေ...တင်ပါးလေးတွေဆိုလုံးပြီးကော့နေတာဘဲ...အိပ်ယာထဲမှာဆိုအရမ်းအပြုစုကောင်းမှာသေချာတယ်...ဘာမှမပူနဲ့မင်းသေသွားရင်ငါသူတို့ကိုသေချာစောင့်ရှောက်ပေးမယ်"
ချောင်ချန်ချန်မှာ အလွန်ကြောက်လန့်နေသော်လည်း ဟွမ်ကျားဟွေမှာမူ ကံကြမ္မာကိုလက်ခံလိုက်သည့်အလား မည်သည့်တုံ့ပြန်မှုမှမရှိဘဲ လူသေကောင်ကဲ့သို့ ငြိမ်သက်နေ၏။
လော်ယွမ်မှာ ငိုရမလို ရယ်ရမလိုဖြစ်သွားပြီး ထိုလူအား သေလူတစ်ယောက်လို ကြည့်လိုက်ကာ "မင်းတစ်ကယ်ငါတို့ကို ချောင်ပိတ်နိုင်ပြီလို့ ထင်နေတာလား...မင်းသေနတ်ကိုလည်းသေချာကြည့်ဦး...လုံခြုံရေးခလုပ်တောင် မပိတ်ရသေးဘူး"
အေးဆေးတိတ်ဆိတ်ပုံရသောလူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး သူ၏လက်ထဲရှိရိုင်ဖယ်ကို အလိုလိုငုံ့ကြည့်မိလိုက်သည်။
ထိုအခိုက်အတန့်တွင်လော်ယွမ်လှုပ်ရှားလိုက်သည်။သူ၏ခြေသလုံးမှယခုလေးတင်အနာဖေးတက်စပြုနေသောဒဏ်ရာမှာ ချက်ချင်းပင်ကွဲအက်သွားပြီး သွေးများစီးကျလာသည်။သူ၏ခန္ဓာကိုယ်ကလည်း တစ်ချက်ယိုင်သွားသည်။
ပြေးတက်...
ဓားထုတ်...
ခုတ်ပိုင်း...
ဓားပြန်သိမ်း...
ရွှီး... ရွှီး...
ရေပန်းထွက်သံ ရိုင်ဖယ်မြေပေါ်ကျသံနှင့် လည်ပင်းအစ်အသံတို့က တစ်ချိန်တည်းလိုလို ထွက်ပေါ်လာသည်။
အေးဆေးတိတ်ဆိတ်ပုံရသောလူ၏မျက်နှာတွင်အလွန်အမင်းထိတ်လန့်သောအမူအရာ ဖြစ်ပေါ်လာသည်။ သူက လည်ပင်းကိုအားကုန်ဖိအုပ်ထားသော်လည်း သွေးများမှာ လက်ချောင်းများကြားမှတရွှီးရွှီးဖြင့်ပန်းထွက်နေဆဲဖြစ်သည်။
ထိုလူက လော်ယွမ်ကို မယုံနိုင်စွာကြည့်ရင်း မျက်နှာပေါ်တွင်နောင်တရသောအမူအရာတစ်ခု ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိလူများမှာ ကြောက်လန့်တကြားနောက်သို့ဆုတ်သွားကြသည်။မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမကြီးမှာ အကြောက်လွန်ကာ မြေပေါ်သို့လဲကျသွားပြီး မျက်နှာမှာ စက္ကူတစ်ရွက်လို ဖြူဖျော့နေလေသည်။
လော်ယွမ်က သက်လတ်ပိုင်းအရွယ်အမျိုးသားဘက်သို့လှည့်ကြည့်လိုက်သည်။
ထိုအမျိုးသားမှာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်သွားပြီး အကြောက်လွန်ကာ စကားများပင်ထစ်ငေါ့နေ၏။ "ငါ့ကိုမသတ်ပါနဲ့...အဲ့ကိစ္စငါနဲ့မဆိုင်ပါဘူး...ငါအဲ့လူကိုသိတောင်မသိပါဘူး"
"ကျည်အိတ်ကျုပ်ကိုပေးစမ်း"
ထိုအမျိုးသားမှာ လက်ထဲရှိကျည်ဆန်အိတ်ကို မြွေပွေးတစ်ကောင်ကဲ့သို့သဘောထားကာ လော်ယွမ်၏လက်ထဲသို့ ရိုသေစွာဖြင့်အလျင်အမြန်ထည့်ပေးလိုက်သည်။
သူ၏အကြည့်များက မြေပေါ်တွင်ချေးသေးထွက်ကျလုနီးပါး ကြောက်လန့်နေသော မိန်းမကြီးထံသို့ရောက်သွားသည်။
လော်ယွမ်လှမ်းကြည့်သည်ကိုမြင်သောအခါထိုမိန်းမကြီးမှာ လူးလဲထကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး သူမ၏မိတ်ကပ်ထူပိန်းနေအောင်လိမ်းထားသော မျက်နှာကြီးပေါ်တွင်မျက်နှာချိုသွေးသော အပြုံးတစ်ခုကို အားကုန်ညှစ်ထုတ်ပြလိုက်သည်။
လော်ယွမ်က ရွံရှာသောမျက်နှာဖြင့်ကြည့်လိုက်ပြီး သူ၏ဒေါသများလည်း တော်တော်များများ လျော့ပါးသွား၏။ "ကျုပ်အစကပြောခဲ့သလိုပဲ ဒီမှာပဲ ကိုယ့်လမ်းကိုယ်သွားကြတာ ပိုကောင်းမယ်"
"ဒါပေါ့...ဒါပေါ့"
"ငါတို့အခုပဲသွားပါ့မယ်"
ဤတစ်ကြိမ်တွင်မည်သူမျှစောဒကမတက်ရဲတော့ဘဲ အားလုံးမှာ ခြေထောက်တစ်ချောင်းအပိုပါလျှင်ပင်ကောင်းမည်ဟုပင်တောင့်တနေကြ၏။
ကျန်လေးယောက်ထဲမှအမျိုးသမီးတစ်ဦးကမူ ကျေးဇူးတင်စကားတစ်ခွန်းလာပြောသွားရာ လော်ယွမ်၏အေးစက်နေသောနှလုံးသားကို အနည်းငယ်နှစ်သိမ့်ပေးလိုက်သကဲ့သို့ဖြစ်သွားသည်။
ထိုလူတစုထွက်သွားပြီးနောက်လော်ယွမ်မှာ တောင့်မခံနိုင်တော့ဘဲ သွေးတစ်လုတ်ကို ပြင်းထန်စွာအန်ထုတ်လိုက်ပြီး မျက်နှာမှာ ချက်ချင်းပင်ညှိုးကျသွားတော့သည်။
ဟွမ်ကျားဟွေက လော်ယွမ်ကိုအလျင်အမြန်ထိန်းပေးရင်း ထိတ်လန့်စွာဖြင့် "ရှောင်ယွမ်...ရှင်ဘာဖြစ်တာလဲ"
"အဲ့တာကျွန်မအမှားပဲ...ကျွန်မသူတို့ကိုမကယ်ဘဲထားလိုက်ရမှာ...လုံးဝကျေးဇူးမသိတတ်တဲ့ဟာတွေ...အဲ့တုံးကဘယ်လိုလုပ် မျက်စိကန်းမိသွားလဲမသိပါဘူး" သူမကပြောရင်း မျက်ရည်များတသွင်သွင်စီးကျလာသည်။
"ထားလိုက်တော့...ငါ့လက်ဆွဲအိတ်ယူပေး" လော်ယွမ်က အားမရှိစွာပြောလိုက်သည်။
သူပိုးကောင်စိမ်းကြီးနှင့်တိုက်ပွဲပြီးကတည်းက ဒဏ်ရာအပြင်းရထားခဲ့ပြီးဖြစ်ကာ နောက်ပိုင်းတွင်လည်း ရွေးစရာမရှိပဲ ထပ်မံတိုက်ခိုက်ခဲ့ရသဖြင့်ဒဏ်ရာမှာ ပို၍ဆိုးရွားသွားခဲ့သည်။ယခုလို မတ်တပ်ရပ်နိုင်နေခြင်းမှာပင်သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်သာဖြစ်သည်။
ချောင်ချန်ချန်လည်း ထိတ်လန့်သွားပြီး အိတ်ကိုအလျင်အမြန်ဆွဲယူလာခဲ့သည်။
"အိတ်ကိုဖွင့်လိုက်...အထဲမှာအသားကြော်တွေရှိတယ်...ထုတ်လိုက်"လော်ယွမ်က ညွှန်ကြားလိုက်သည်။
ချောင်ချန်ချန်က အိတ်ထဲတွင်မွှေနှောက်ကြည့်လိုက်ရာ ရွှေဝါရောင်အသားကြော်ချောင်းများထည့်ထားသော ပလတ်စတစ်အိတ်တစ်လုံးကို တွေ့လိုက်ရသည်။သူမက နားမလည်နိုင်ဖြစ်သွားပြီး အူကြောင်ကြောင်ဖြင့်မေး၏။ "ရှင်...ရှင်ဗိုက်ဆာနေတာလား"
လော်ယွမ်က သူမကိုဂရုမစိုက်ဘဲ ပလတ်စတစ်အိတ်ကိုယူကာ ဆွဲဖွင့်ရန်ကြိုးစားလိုက်ရာ တစ်ကိုယ်လုံးတွင်အားမရှိတော့သဖြင့်ဖွင့်၍မရပေ။
ဟွမ်ကျားဟွေက ထိုမြင်ကွင်းကိုသတိပြုမိပြီး ပလတ်စတစ်အိတ်ကိုချည်ထားသောကြိုးကို အလျင်အမြန်ကူဖွင့်ပေးလိုက်သည်။
မွှေးပျံ့သောအသားကြော်နံ့က ပလတ်စတစ်အိတ်ထဲမှထွက်ပေါ်လာရာ ဟွမ်ကျားဟွေနှင့်ချောင်ချန်ချန်တို့နှစ်ဦးမှာ တံတွေးကိုယ်စီမျိုချလိုက်ကြသည်။
လော်ယွမ်က အသားချောင်းတစ်ချောင်းကိုယူကာ ပါးစပ်ထဲသို့ထည့်ပြီး အားကုန်ဝါးကာ အတင်းအကျပ်မျိုချလိုက်သည်။သူစားသည့်နှုန်းမှာ အလွန်လျင်မြန်ပြီး မကြာမီမှာပင် ကြွက်သားကြော်တစ်ဝက်ခန့်ကသူ၏ဗိုက်ထဲသို့ရောက်ရှိသွားပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာပူနွေးလာပြီး စိတ်တက်ကြွလာမှုကြောင့်အားအင်များပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ခံစားလိုက်ရသည်။
အပြာနုရောင်အဆင့်သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏အသွေးအသားတွင်တက်ကြွစွမ်းအင်များစွာပါဝင်ပြီး နှစ်တစ်ရာသက်တမ်းရှိဂျင်ဆင်းထက်ပင်အာဟာရပိုဖြစ်ကာ အားအင်ပြန်လည်ရရှိရန်နှင့်ဒဏ်ရာများကိုသက်သာစေရန်ချက်ချင်းအကျိုးသက်ရောက်မှုရှိသည်။
ဟွမ်ကျားဟွေက လော်ယွမ်၏ခန္ဓာကိုယ်အပူချိန်တဖြည်းဖြည်းမြင့်တက်လာသည်ကိုခံစားမိပြီး သူ၏နဖူးကိုစမ်းကြည့်လိုက်ရာ စိတ်ထဲတွင်လေးလံသွားသည်။ "ချောင်ချန်ချန်...ရေတစ်ဘူးမြန်မြန်ယူလာခဲ့"
ချောင်ချန်ချန်က "ဟုတ်"ဟုဖြေကာ ခရီးဆောင်အိတ်ထဲမှရေသန့်တစ်ဘူးကို အလျင်အမြန်ထုတ်ယူလိုက်သည်။
လော်ယွမ်က ရေဘူးကိုယူပြီး အနည်းငယ်သောက်လိုက်ကာ ဟွမ်ကျားဟွေကိုတွန်းဖယ်လိုက်သည်။ "ငါတော်တော်သက်သာသွားပြီ"
"ဒါပေမဲ့...ရှင်ဖျားနေပြီလေ" ဟွမ်ကျားဟွေက စိုးရိမ်စွာပြောလိုက်သည်။
လော်ယွမ်က သဘောပေါက်သွားပြီး ရယ်မောလိုက်ကာ "အော်...ဒါကအဆင့်မြင့်သန္ဓေပြောင်းသားရဲအသားစားလို့ဖြစ်တာ...အဲ့တာကိုစားပြီးရင်တစ်ကိုယ်လုံးပူလာတတ်တယ်...နင်တို့စားကြည့်ရင်သိလိမ့်မယ်...ဒါပေမဲ့နင်တို့ခန္ဓာကိုယ်အခြေအနေနဲ့ဆို အများကြီးစားလို့မရဘူး...မဟုတ်ရင် နှခေါင်းသွေးလျှံလိမ့်မယ်"
ဤအသားများက သာမန်လူများအတွက်အလွန်တန်ဖိုးရှိနိုင်သော်လည်း လော်ယွမ်အတွက်မူ သာမန်မျှသာဖြစ်ပြီး သူ၏အိမ်တွင်တစ်ဝက်ကျော်ပင်ကျန်သေး၏။
ဟွမ်ကျားဟွေက လော်ယွမ်ကို သံသယဖြင့်တစ်ချက်ကြည့်လိုက်ပြီး သူ၏အခြေအနေ အမှန်တကယ်ကောင်းမွန်လာသည်ကိုမြင်မှအသားကြော်ပေါ်သို့အာရုံစိုက်လိုက်သည်။ "ဒါကြောင့်မို့အဲ့လောက်မွှေးနေတာကိုး"
ချောင်ချန်ချန်မှာ အစကတည်းက စားချင်နေသူဖြစ်ရာ ထိုစကားကိုကြားသည်နှင့်တိုးဝှေ့ဝင်လာပြီး ပလတ်စတစ်အိတ်ထဲသို့လက်နှိုက်လိုက်သည်။
နှစ်ဦးသား ခဏထိုင်စားပြီးနောက်သူတို့၏ခန္ဓာကိုယ်များမှာလည်း ပူနွေးလာပြီး မျက်နှာများမှာ မီးကဲ့သို့နီရဲကာ အထူးပင်လှပချစ်စဖွယ်ကောင်းနေတော့သည်။
လော်ယွမ်ဧရာမပိုးကောင်စိမ်းကြီးရှိရာသို့လျှောက်သွားသည်ကိုမြင်သောအခါ နှစ်ဦးသား သန္ဓေပြောင်းသတ္တဝါအသား၏ ထူးကဲသောအရသာကို တောင့်မခံနိုင်တော့ဘဲ ကြွက်သားကြော်များကို ပါးစပ်ထဲသို့ဆက်တိုက်ထည့်နေကြတော့သည်။
ဆက်ရန်...