အခန်း (၃၃-၃၆)
Vol. 2 Ch. 33-36
အပိုင်း(၃၃)ဂတ်စ်
လော်ယွမ်က ထိုအစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းကြီးကို ကြည့်လိုက်သည်။သူ၏အမျိုးအမည်ခွဲခြားအစွမ်းရလဒ်အရ ဤသည်မှာ အပြာရောင်အဆင့်သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ပြသနေ၏။ သို့သော်အတွင်းပိုင်းရှိ အသွေးအသားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ပေးသည့်အာနိသင်မှာမူ အပြာနုရောင်အဆင့်ကဲ့သို့ပင်အားနည်းလှသည်။မူလက လော်ယွမ်သည်ဤပိုးကောင်စိမ်းကြီး၏ အသွေးအသားအချို့ကို ယူသွားရန်မသွားရန်ချီတုံချတုံဖြစ်နေခဲ့သော်လည်း ဤအာနိသင်ကိုမြင်သောအခါထိုအကြံကို လက်လျှော့လိုက်တော့သည်။
အမှန်အတိုင်းပြောရလျှင်ဤအရာများမှာ အလွန်ရွံရှာဖွယ်ကောင်းလှသည်။အရောင်စုံရောယှက်နေသောကလီစာများမှာ သူ့ကို စဉ်းစားကြည့်ရုံဖြင့်ပင်အန်ချင်စိတ်ပေါက်စေသည်။
သို့သော်ဤသို့သော အပြာရောင်အဆင့်သတ္တဝါတစ်ကောင်ကို ဤနေရာတွင်ဒီအတိုင်းထားခဲ့ရသည်မှာ အနည်းငယ်နှမြောစရာကောင်းသည်ဟု ထင်မိသည်။
သူက လှံများကဲ့သို့ ချွန်ထက်သာခြေထောက်များနှင့် သံချပ်ကာကဲ့သို့သော အခွံများကို ကြည့်ပြီး စိတ်ထဲတွင်အကြံတစ်ခုပေါ်လာသည်။မိမိထံတွင်ပေါင်းစပ်အစွမ်း ရှိနေသည်မဟုတ်တုံလော။
မိမိ၏ဓားပင်လျှင်ယခုအခါမည်သို့ပြောင်းလဲသွားပြီမှန်းမသိချေ။
ထိုအခါမှသူက မိမိ၏ ကျန်းမာတောက်ဓားရှည်ကို အမျိုးအမည်ခွဲခြားအစွမ်းသုံးရန်သတိရတော့သည်။
အမည် -ထက်ရှသော ကျန်းမာတောက်ဓားရှည်
ပါဝင်ပစ္စည်း - ၁၆၅ စင်တီမီတာ သတ္တုစပ်၊ပိုးကောင်စိမ်းအရိုးခွံ
ရှားပါးမှုအဆင့် -အပြာရောင်
အလေးချိန် - ၄.၃ကီလိုဂရမ်
တိုက်ခိုက်စွမ်းအား - ၂၀ မှ ၂၄
ထပ်တိုးအစွမ်း - တိုက်ခိုက်နှုန်းအလျင် +၁
အသုံးပြုရန်လိုအပ်ချက် -ခွန်အား ၁၁ မှတ်
သုံးသပ်ချက် -အလွန်မာကျောသော သတ္တုစပ်နှင့်ပိုးကောင်စိမ်းအရိုးခွံတို့၏ ပြီးပြည့်စုံသောပေါင်းစပ်မှုက ဤဓားကို ပို၍ထက်ရှသွားစေသည်။
မူလ "ကျန်းမာတောက်ဓားရှည်"မှာ "ထက်ရှသော ကျန်းမာတောက်ဓားရှည်"ဖြစ်သွားပြီး တိုက်ခိုက်စွမ်းအား၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးအမှတ်မှာ ၄ မှတ်စီ တိုးလာကာ ရှားပါးမှုအဆင့်မှာလည်း အပြာရောင်အဆင့်သို့ပြောင်းလဲသွား၏။ အလွန်တိုးတက်လာသော အရည်အသွေးများကိုကြည့်ရင်း သူ၏မျက်နှာပေါ်တွင်ဝမ်းသာအားရသောအမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
၎င်းကိုထက်မံအဆင့်မြှင့်နိုင်သေးသလားမသိ။ သူက ဓားထိပ်ဖျားကို ပိုးကောင်စိမ်း၏ နောက်ခြေထောက်တစ်ချောင်းပေါ်တွင်တင်လိုက်ပြီး ပေါင်းစပ်ဟု စိတ်ထဲမှရေရွတ်လိုက်သည်။
ဓားမှာ ချက်ချင်းပင်ပူလောင်လာ၏။ မူလက စိမ်းစိုနေသော နောက်ခြေထောက်မှာ မျက်စိအောက်မှာပင်တဖြည်းဖြည်းအရောင်ဖျော့သွားပြီး ချောမွေ့သောမျက်နှာပြင်ပေါ်တွင်အပ်ဖျားအရွယ်အပေါက်လေးများ ပေါ်လာသည်။စက္ကန့်အနည်းငယ်အတွင်းမှာပင်ထိုခြေထောက်မှာ သေးငယ်သောအပေါက်များဖြင့် ပြည့်နှက်နေသော ဖြူဖျော့ဖျော့အရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
လော်ယွမ်က ခြေထောက်ကိုမြှောက်ကာ အသာအယာနင်းချလိုက်သည်။
"ဂျွတ်" ဟူသောအသံနှင့်အတူ ချက်ချင်းပင်အစိတ်စိတ်အမွှာမွှာကြေမွသွားသည်။
ဓားတစ်ချောင်းလုံး၏ စိမ်းစိုသောအရောင်မှာ ပို၍တောက်ပလာပြီး ဓားကိုယ်ထည်မှာ အနည်းငယ်ကြည်လင်လာသကဲ့သို့ထင်ရသည်။သူကဓားကိုဝှေ့ယမ်းလိုက်ရာ လေခွင်းသည့်အသံသဲ့သဲ့သာထွက်ပေါ်လာသဖြင့်ဓား၏လေတွန်းကန်အားမှာ အတော်လျော့ကျသွားကြောင်း ထင်ရှားသည်။
လော်ယွမ်ဓားကို နောက်တစ်ကြိမ်အမျိုးအမည်ခွဲခြားအစွမ်းသုံးလိုက်ရာ တိုက်ခိုက်စွမ်းအားမှာ တစ်မှတ်ထပ်တိုးလာသော်လည်း ရှားပါးမှုအဆင့်မှာမူ ပြောင်းလဲခြင်းမရှိသည်ကို တွေ့လိုက်ရသည်။
သူကအလွန်စိတ်လှုပ်ရှားသွားပြီး မူလနည်းလမ်းအတိုင်းပင်ခြေထောက်တစ်ခုပြီးတစ်ခုကို ဓားထဲသို့ပေါင်းစပ်ထည့်သွင်းလိုက်သည်။သို့သော်နောက်ပိုင်းတွင်ပေါင်းစပ်သည့်နှုန်းမှာ ပို၍နှေးကွေးလာပြီး တိုက်ခိုက်စွမ်းအားတိုးတက်မှုမှာလည်း ရပ်တန့်သွား၏။ လော်ယွမ်က ခြေချောင်းအားလုံးကို တစ်ခုချင်းစီပေါင်းစပ်ပြီးသည့်တိုင်တိုက်ခိုက်စွမ်းအားမှာ စုစုပေါင်း နှစ်မှတ်သာတိုးလာပြီး ရှားပါးမှုအဆင့်မှာမူ အပြာရောင်အတိုင်းပင်ရှိနေသေးသည်။
"ကြည့်ရတာအမြင့်ဆုံးက အပြာရောင်အဆင့်ထိပဲ မြှင့်လို့ရတဲ့ပုံပဲ...ပေါင်းစပ်ဖို့သုံးတဲ့ပစ္စည်းအဆင့်ထက်မကျော်နိုင်ဘူးပဲ" သူစိတ်ထဲတွင်တွေးလိုက်သည်။
သူ့ကိုယ်ပေါ်တွင်မြွေအကြေးခွံကျည်ကာအင်္ကျီတစ်ထည်ရှိသေးသည်ကို သတိရလိုက်ပြီး အလျင်အမြန်ချွတ်ကာ ပိုးကောင်စိမ်း၏ ကျောကုန်းပေါ်တွင်တင်လိုက်သည်။
"ပေါင်းစပ်အစွမ်း"
ပိုးကောင်စိမ်း၏ အပြင်ဘက်အခွံများ ဖြူဖွေးသွားမှသာ သူရပ်လိုက်သည်။
အမည် -မာကျောသော မြွေအကြေးခွံကျည်ကာလက်ပြတ်အင်္ကျီ
ပါဝင်ပစ္စည်း - မြွေအကြေးခွံ၊ မြွေရေခွံ၊ ပိုးကောင်စိမ်းအရိုးခွံ
ရှားပါးမှုအဆင့် -အပြာရောင်
အလေးချိန် - ဝ.၃ကီလိုဂရမ်
ကာကွယ်နိုင်စွမ်း - ၂၀ မှ ၂၄
အသုံးပြုရန်လိုအပ်ချက် -မရှိ
သုံးသပ်ချက် -ဤသည်မှာ မာကျောသောကျည်ကာအင်္ကျီတစ်ထည်ဖြစ်ပြီး ဓား၊ လှံနှင့် ကျည်ဆန်အများစုကို ကာကွယ်နိုင်သည်။ပိုးကောင်စိမ်းအရိုးခွံနှင့် ပေါင်းစပ်ပြီးနောက်ကာကွယ်မှုမှာ ပို၍အားကောင်းလာသည်။
ပေါင်းစပ်ပြီးနောက်တွင်ထိုကျည်ကာအင်္ကျီကပြောင်းလဲမှုတစ်ခုဖြစ်ပေါ်သွားသည်။မူလက "ထပ်တိုးအစွမ်း - အရှိန်အဝါ (အားနည်း)" ဟူသောစာသားမှာ ယခုအခါပျောက်ကွယ်သွားပြီဖြစ်သည်။သို့သော်ဤနောက်ဆက်တွဲအာနိသင်မှာ မူလကတည်းက သိပ်အသုံးမဝင်သောကြောင့်လော်ယွမ်သိပ်ဂရုမစိုက်ပေ။
လော်ယွမ်က ကျည်ကာအင်္ကျီကိုပြန်ကောက်ယူလိုက်သည်။ကျည်ကာအင်္ကျီမှာ အနည်းငယ်မာကျောလာပြီး ကိုင်ကြည့်လျှင်မာတောင့်တောင့်ဖြစ်ကာ ကွေးညွှတ်ရန်ခက်ခဲ၏။ သူကခက်ခက်ခဲခဲဖြင့်ဝတ်ဆင်လိုက်ရာ တစ်ကိုယ်လုံး ဆီသွတ်ဘူးထဲ ဝင်နေသလိုခံစားရသည်။သို့သော်ယခုလက်ရှိအန္တရာယ်များကို စဉ်းစားမိသောအခါထိုစိတ်မသက်မသာဖြစ်မှုများမှာ ပြောပလောက်ခြင်းမရှိတော့ပေ။
သူက စီးကရက်တစ်ဘူးထုတ်ကာ တစ်လိပ်ကိုယူပြီး မီးခြစ်ဖြင့်မီးညှိကာ အားရပါးရ ရှိုက်ဖွာလိုက်သည်။
ယခင်က သူစီးကရက်သိပ်မသောက်တတ်သော်လည်း မကြာသေးမီက တဖြည်းဖြည်းနှင့် ပို၍သောက်ဖြစ်လာသည်။သူအနည်းငယ်ဖွာပြီးနောက်စီးကရက်တိုကိုလွှင့်ပစ်ကာ စုတ်ပြဲနေသောအပေါ်အင်္ကျီကိုဝတ်ဆင်ပြီး ပြန်လှည့်လာခဲ့သည်။
သူခြေလှမ်းကိုရပ်လိုက်ပြီး တစ်ချက်ကြောင်သွား၏။ ထိုအချိန်တွင်အမျိုးသမီးနှစ်ဦးမှာ ကောင်းကင်ကိုမော့နေကြပြီး သွေးများမှာ နှာခေါင်းပေါက်မှ တသွင်သွင်စီးကျနေကာ မျက်နှာပေါ်တွင်လည်း ပေကျံပြည့်နှက်နေသည်။သူပလတ်စတစ်အိတ်ကိုကြည့်လိုက်ရာ အတွင်းတွင်ဘာတစ်ခုမှမကျန်တော့သည်ကို တွေ့လိုက်ရသည်။သူထွက်သွားစဉ်က ဤကြွက်သားကြော်အိတ်ကို တစ်ဝက်ကျော်စားသုံးခဲ့သော်လည်း အတွင်းတွင်အနည်းဆုံး တစ်ဝက်ခန့်ကျန်သေးသည်။ဤသို့လျင်မြန်စွာ ကုန်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လော်ယွမ်မှာ ဘာပြောရမှန်းပင်မသိတော့ပေ။ သူတို့ကို ကြိုတင်သတိပေးခဲ့ပြီးဖြစ်သော်လည်း ရလဒ်က ဤသို့ဖြစ်နေသည်။
"ကျွန်မတို့ခုလိုဖြစ်တာ ဘာမှမဖြစ်ပါဘူးနော်"ဟွမ်ကျားဟွေက လော်ယွမ်လျှောက်လာသည်ကိုမြင်သောအခါရှက်ရွံ့စွာမေးလိုက်သည်။သူမ၏မျက်နှာမှာ ပြုတ်ထားသောပုစွန်တစ်ကောင်လို နီရဲနေပြီး ၎င်းမှာ ကြွက်သားကြော်၏အာနိသင်ကြောင့်လား သို့မဟုတ်ရှက်ရွံ့ခြင်းကြောင့်လားမသိနိုင်ပေ။
"သေတော့မသေပါဘူး...အဲ့အသားတွေကအားအရမ်းတိုးတာ...သူတို့ကိုအလွန်အကျွံစားရင်စိတ်ကြွလွယ်တယ်...ခုလိုသွေးနည်းနည်းထွက်လိုက်တော့ ပိုကောင်းသွားတာပေါ့...ပြီးတော့နင်တို့မိန်းကလေးတွေက တစ်ပတ်လောက်သွေးထွက်ရင်တောင်ဘာမှမှမဖြစ်တာကို" လော်ယွမ်က နှုတ်ခမ်းကိုတစ်ချက်မဲ့ကာ တည်တည်တံ့တံ့ဖြင့်ပြောလိုက်သည်။
"ရှင်...မညစ်ပတ်နဲ့" ဟွမ်ကျားဟွေက သူ့ကိုမျက်စောင်းထိုးရင်း စိတ်ဆိုးဟန်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ သက်သာရာရသွားသည်။
ဟွမ်ကျားဟွေမှာ အိမ်တွင်ကျန်ခဲ့သောသမီးဖြစ်သူကို စိတ်ပူနေသောကြောင့် နှာခေါင်းသွေးယိုစီးခြင်းကဲ့သို့သော အသေးအဖွဲကိစ္စများကို ဂရုမစိုက်နိုင်တော့ပေ။ လော်ယွမ်လူသာမာန်လို လှုပ်ရှားနိုင်နေပြီကိုမြင်သောအခါခရီးဆက်ရန်အလျင်လိုနေတော့သည်။
လမ်းတစ်လျှောက်တွင်တိုက်ခိုက်မှုအကြိမ်အနည်းငယ်ထပ်မံကြုံတွေ့ရသော်လည်း ဟွမ်ကျားဟွေက ရိုင်ဖယ်ဖြင့် ပစ်သတ်နိုင်ခဲ့သည်။
နာရီဝက်ခန့်အကြာတွင်သုံးဦးသား ရှန်းရေွှ အိမ်ရာသို့ချောမောစွာရောက်ရှိလာကြသည်။
ဤနေရာသို့ရောက်သည်နှင့်ဟွမ်ကျားဟွေ၏စိတ်ထဲတွင်စိုးရိမ်ပူပန်မှုများဝင်ရောက်လာပြီး ပါးစပ်မှတတွတ်တွတ်ရေရွတ်နေတော့သည်။
ရှန်းရွှေအိမ်ရာမှာ အထပ်မြင့်အဆောက်အအုံများဖြစ်ပြီး အဆောက်အအုံတိုင်းမှာ ဆယ်ထပ်ကျော်မြင့်သည်။ဟွမ်ကျားဟွေ၏အိမ်မှာ ခုနစ်လွှာတွင်ရှိသည်။သို့သော် လျှပ်စစ်မီးမရှိသောကြောင့်ဓာတ်လှေကားများမှာ အလှပြသက်သက်ဖြစ်နေပြီး သုံးဦးသား လှေကားအတိုင်းသာ တက်ခဲ့ရသည်။
ခုနစ်လွှာသို့ရောက်သောအခါဟွမ်ကျားဟွေ၏မျက်နှာမှာ ဖြူဖျော့သွားသည်။
လော်ယွမ်က သူမ၏မျက်လုံးနောက်သို့လိုက်ကြည့်လိုက်ရာ စြင်္ကံလမ်းပေါ်တွင်သံတံခါးတစ်ချပ်မှာ တစ်ဝက်ဟနေပြီး အပေါ်တွင်လက်သီးဆုပ်အရွယ်အပေါက်များစွာရှိနေသည်ကို တွေ့လိုက်ရသည်။အပေါက်တစ်ခုမှာ တံခါးသော့နေရာတွင်တည့်တည့်ဖြစ်နေသည်။တံခါးပွင့်နေရခြင်းမှာ ပိုးကောင်စိမ်း၏ရှေ့ခြေထောက်က မတော်တဆ တံခါးသော့နေရာကို ထိုးဖောက်မိသောကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။
သူမသတိပြန်ဝင်လာပြီး အရူးတစ်ယောက်လို ရှေ့သို့ပြေးသွားသည်။ "နင်နင်နင်နင်...သမီးလေးဘယ်မှာလဲ"
လော်ယွမ်က အလျင်အမြန်လိုက်သွားလိုက်သည်။
အခန်းတွင်းမှာ လေပြင်းတိုက်ခတ်ထားသကဲ့သို့ရှုပ်ပွနေ၏။ ဧည့်ခန်းထဲတွင်ပိုးကောင်စိမ်းတစ်ကောင်၏အလောင်းမှာ ငြိမ်သက်စွာလဲလျောင်းနေပြီး နံရံပေါ်တွင်ကျည်ဆန်ရာများရှိနေသည်။လော်ယွမ်က ကျည်ဆန်ခွံတစ်ခုကိုကောက်ယူပြီး မြေပေါ်သို့ပြန်ပစ်ချလိုက်သည်: "ဒီကိုတစ်ယောက်ယောက်လာထားတယ်...နင့်သမီးရှိသေးလားရှာကြည့်ဦး...ပိုးကောင်စိမ်းရဲ့ခြေလက်တွေမှာဘာသွေးမှမရှိဘူး...နင့်သမီးဘာမှမဖြစ်လောက်ဘူး"
လော်ယွမ်၏သုံးသပ်ချက်ကိုကြားသောအခါဟွမ်ကျားဟွေမှာ အနည်းငယ်သက်ပြင်းချနိုင်သွားသော်လည်း အခန်းအားလုံးကိုရှာဖွေသည့်တိုင်သမီးဖြစ်သူ၏အရိပ်အယောင်ကိုမတွေ့ရချေ။ထိုစဉ်သူမရုတ်တရက်တစ်စုံတစ်ခုကိုသတိရသွားပြီး ဖုန်းကိုအလျင်အမြန်ထုတ်လိုက်သည်။မကြာမီ ဖုန်းဝင်သွားပြီး သူမအလျင်စလိုမေးလိုက်သည်။ "ယွီကျားဟွေ...နင်နင်ရှင့်ဆီမှာလား"
"ငါခုလေးတင်သူ့ကိုခေါ်လာတာ...နင်နင်သေဖို့နည်းနည်းပဲလိုတယ်...တော်သေးတာပေါ့ငါအချိန်မီလိုက်လို့"
သူမသက်ပြင်းချလိုက်သည်။ "ဒီတစ်ခါတစ်ကယ်ကျေးဇူးပါ...ကျွန်မစိုးရိမ်လို့သေတော့မယ်"
"သူလည်းငါ့သမီးပဲလေ...ခုတလောအခြေအနေကအရမ်းအန္တရာယ်များနေတယ်...ငါသူ့ကိုဒီမှာခဏခေါ်ထားလိုက်မယ်"
အခန်းထဲမှာတိတ်ဆိတ်နေသောကြောင့်ဖုန်းထဲမှအသံကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
"ကောင်းပြီလေ...ဖုန်းကို နင်နင့်ဆီ အရင်ပေးလို့ရမလား...သူ့အသံလေးကြားချင်လို့"ဟွမ်ကျားဟွေက သက်ပြင်းချရင်းပြောလိုက်သည်။
"ငါအခုအပြင်မှာတာဝန်ကျနေတာ...ညမှပဲဖြစ်မှာ...ဖြစ်နိုင်ရင်မင်းပါဒီပြောင်းလာပါလား...ငါရှောင်ယန်ကိုပြောထားပြီးပြီ...မင်းတို့နှစ်ယောက်အဆင်ပြေမှာပါ"
"ရှင်ဘယ်လိုလုပ်ပြီး အဲ့လိုအရှက်မရှိတဲ့စကားမျိုးကို ပြောထွက်ရတာလဲ...ကျွန်မအရင်က ရှင့်ကိုအကြည့်မှားခဲ့တာပဲ" ဟွမ်ကျားဟွေ၏မျက်နှာမှာ ချက်ချင်းပင်ကြည့်ရဆိုးသွားပြီး ဒေါသဖြင့်အော်လိုက်သည်။
"ကျားဟွေ...ငါပြောတာနားထောင်ပါဦး...အခုအပြင်မှာ ကပ်ဆိုက်နေတာ... အချိန်တိုင်းလူတွေသေနေကြတယ်...မင်းတစ်ယောက်တည်းနေတာ အရမ်းအန္တရာယ်များတယ်...မင်းဒီကိုလာရင်ငါမင်းကိုကာကွယ်ပေးနိုင်တယ်လေ...ဘာလို့အဲ့လောက်တောင်ခေါင်းမာနေရတာလဲ ငါ..."
ဟွမ်ကျားဟွေက ဖုန်းကိုချက်ချင်းချလိုက်ပြီး ဆိုဖာပေါ်သို့ဒေါသတကြီးလွှင့်ပစ်လိုက်သည်။
"သူကနင့်ရဲ့အရင်ယောက်ျားလား" ချောင်ချန်ချန်က အတင်းအဖျင်းပြောချင်ဟန်ဖြင့်မေးလိုက်သည်။
"အဲ့လိုမျိုးပဲ... အလုပ်ကိစ္စတွေကြောင့်မကွာရှင်းရသေးတာ ဒါပေမဲ့ခွဲနေတာ နှစ်နှစ်ကျော်ပြီ... သူ့အကြောင်းထားလိုက်တော့...အခန်းကလည်းရှုပ်ပွနေတာပဲ...ရှင်တို့ဘာသောက်ကြမလဲ...အိမ်မှာကော်ဖီမစ်ထုတ်တွေရှိသေးတယ်...ကျွန်မရေနွေးတစ်အိုးသွားတည်လိုက်မယ်" ဟွမ်ကျားဟွေ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူမ၏စကားများ ထစ်ငေါ့နေပုံကိုကြည့်လျှင်အပြင်ပန်းကဲ့သို့ဘာမှမဖြစ်သလိုမဟုတ်ကြောင်း ထင်ရှားသည်။
သူမထရပ်ကာ မီးဖိုချောင်ဘက်သို့အလျင်စလိုလျှောက်သွားသည်။
သို့သော်မကြာမီမှာပင်သူမ မီးဖိုချောင်ထဲမှ ပြန်ထွက်လာပြီး မျက်နှာပေါ်တွင်ပြောမပြတတ်လောက်အောင်ထိတ်လန့်နေ၏။ သူမက ပါးစပ်ကိုဟလိုက်ပြီး "ဂတ်စ်...ဂတ်စ်မလာတော့ဘူး"
"ဘာ...ဂတ်စ်မလာတော့ဘူးဟုတ်လား" လော်ယွမ်မှာ ခဏကြာမှသတိဝင်လာပြီး စိုးရိမ်စွာမေးလိုက်သည်။
တုံဟူမြို့ရှိ အိမ်ထောင်စုအများစုမှာ ဂတ်စ်ပိုက်လိုင်းများကို အားကိုးနေရပြီး ဂတ်စ်အိုးသုံးသူမှာ အလွန်နည်းပါးကာ အများစုမှာ အခြားမြို့မှလာသူများနှင့် လိုင်စင်မဲ့လမ်းဘေးဈေးသည်များသာဖြစ်သည်။
လျှပ်စစ်မီးမရလျှင်တောင်လော်ယွမ်ဤမျှစိုးရိမ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်မှာ အသက်ရှင်ရပ်တည်ရန်မရှိမဖြစ်လိုအပ်သောအရာမဟုတ်ဘဲ လျှပ်စစ်မရှိလျှင်အနည်းငယ်အဆင်မပြေဖြစ်ရုံမှလွဲ၍ ကြီးကြီးမားမားထိခိုက်မှုမရှိပေ။ သို့သော်ဂတ်စ်ပြတ်သွားလျှင်နောက်ပိုင်းတွင်ချက်ပြုတ်ထားသောအစာကိုစားလိုပါက မိမိကိုယ်တိုင်မီးမွှေးရတော့မည်ဖြစ်ပြီး ကျောက်ခေတ်သို့တစ်မဟုတ်ချင်းပြန်ရောက်သွားသကဲ့သို့ပင်တည်း။
ဤတစ်ကြိမ်သက်ရောက်မှုမှာ အလွန်ကြီးမားလှပြီး လော်ယွမ်သည်ကမ္ဘာပျက်ကပ်အမှန်တကယ်ဆိုက်ရောက်လာပြီဖြစ်ကြောင်း ပထမဆုံးအကြိမ်ခံစားလိုက်ရသည်။
ပျက်စီးနေသောမှန်ပြတင်းပေါက်မှအပြင်တွင်ပိုးကောင်စိမ်းအချို့အေးအေးလူလူလမ်းလျှောက်နေကြသည်ကို မြင်ရသည်။ အပြင်ဘက်တွင်လူသူကင်းမဲ့နေပြီး တစ်လောကလုံးကို သန္ဓေပြောင်းသတ္တဝါများက သိမ်းပိုက်ထားသကဲ့သို့ထင်ရသည်။
လော်ယွမ်က စီးကရက်တစ်လိပ်ကိုထုတ်ယူကာ တုန်ယင်နေသောလက်များဖြင့်ပါးစပ်ထဲသို့ထည့်လိုက်သည်။မီးခြစ်ကို အကြိမ်များစွာခြစ်သော်လည်း မီးမပွင့်ပေ။ သူကဒေါသဖြင့်စီးကရက်ကိုချေမွလိုက်ရာ ဆေးရွက်ကြီးအမှုန့်များမှာ လက်ချောင်းများကြားမှလွင့်ကျသွားသည်။
ချောင်ချန်ချန်က မသေမချာဖြင့်မေးလိုက်သည်။ "အ...အစိုးရက...ပြန်လုပ်ပေးမှာမလား...မဟုတ်ရင်ကျွန်မတို့...ဘယ်လိုချက်စားရတော့မှာလဲ"
"အဲ့လိုပဲမျှော်လင့်ရတော့မှာပေါ့"ပြောပြီးသည်နှင့်သူထရပ်လိုက်သည်။ "ငါအရင်သွားနှင့်တော့မယ်"
သူ၏ခန္ဓာကိုယ်မှာ အပြင်ပန်းတွင်ဘာမှမဖြစ်တော့သကဲ့သို့ထင်ရသော်လည်း ဤသည်မှာ ကြွက်သားကြော်စားသုံးပြီးနောက် စိတ်တက်ကြွနေခြင်းကြောင့်သာဖြစ်ကြောင်း သူကောင်းကောင်းသိသည်။ဤအာနိသင်ပျောက်ကွယ်သွားသည်နှင့်လှုပ်ရှားရန်ပင်ခက်ခဲလာပေလိမ့်မည်။
ချောင်ချန်ချန်လည်း အလျင်အမြန်ထရပ်လိုက်သည်။
ဟွမ်ကျားဟွေ၏စိတ်ထဲတွင်တင်းကျပ်သွားပြီး ပျက်စီးနေသောတံခါးကိုကြည့်ရင်း မျက်နှာပေါ်တွင်ချီတုံချတုံဖြစ်နေသည်။သို့သော်ခုနက သူမကို ရှက်ရွံ့ဒေါသထွက်စေခဲ့သော ဖုန်းခေါ်ဆိုမှုကို ပြန်စဉ်းစားမိသောအခါ သူမနှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်သည်။ "ရှောင်ယွမ်...ကျွန်မရှင်နဲ့ခဏလောက်လိုက်နေလို့ရမလား"
လော်ယွမ်မှာ အနည်းငယ်အံ့အားသင့်သွားပြီးနောက်ပြုံးလိုက်သည်။ "ရတာပေါ့...ငါ့အိမ်မှာအခန်းလွတ်တွေရှိသေးတယ်"
ယခုလိုအချိန်တွင်အမျိုးသမီးတစ်ဦးတည်း တိုက်ခန်းတွင်နေထိုင်ခြင်းမှာ အမှန်တကယ်ပင်ကြောက်မက်ဖွယ်ကောင်းသောကိစ္စဖြစ်သည်။ထို့အပြင်ဤတိုက်ခန်းက တံခါးမကြီးပင်ပျက်စီးနေပြီး လုံခြုံရေးအာမခံချက်တစ်စိုးတစ်စိမျှမရှိပေ။
ချောင်ချန်ချန်၏မျက်နှာပေါ်တွင်အဓိပ္ပါယ်ဖော်မရသော အမူအရာတစ်ခုဖြတ်ပြေးသွားပြီး သူမကနှုတ်ဆိတ်နေသည်။
ဟွမ်ကျားဟွေက ပစ္စည်းများကိုသိမ်းဆည်းလိုက်ပြီး ဆယ်မိနစ်ခန့်အကြာတွင်ခရီးဆောင်အိတ်တစ်လုံးကိုဆွဲကာ အတူတူထွက်လာခဲ့တော့သည်။
ဆက်ရန်...
အပိုင်း(၃၄)စစ်ကူများ
လမ်းတွင်ချောင်ချန်ချန်ကို အိမ်သို့ပို့ပြီးနောက် နှစ်ဦးသား 'ကျင်းယွဲ့အိမ်ရာ'တိုက်အမှတ်၁၅သို့ ချောမောစွာရောက်ရှိလာကြသည်။
"ရှင်က ဘယ်အလွှာမှာနေတာလဲ" ဟွမ်ကျားဟွေက စကားစရာမရှိ၍ ရှာပြောရင်း စိတ်ထဲတွင်အနည်းငယ်ရင်ထိတ်နေ၏။ သူမက မျက်နှာမြင်ဖူးသည်မှာ အကြိမ်အနည်းငယ်သာရှိသေးသော အမျိုးသားတစ်ဦး၏အိမ်သို့ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ပြီး ရက်အနည်းငယ်ကြာ ယာယီတည်းခိုရဦးမည်ဖြစ်သည်။
"လေးလွှာမှာ" လော်ယွမ်က အောက်ဆုံးထပ်ရှိ သံတံခါးကိုပိတ်ရင်း နောက်လှည့်ပြောလိုက်သည်။
"ရှင်က အခု ဟိုတစ်ယောက်နဲ့အတူတူနေတာလား။" ဟွမ်ကျားဟွေက ကျလာသောဆံပင်ကို သပ်တင်ရင်း စမ်းသပ်မေးမြန်းလိုက်သည်။
"ဘယ်သူလဲ...ကျိုးယလီလား...သူလည်းဇာတိကိုပြန်သွားပြီ" လော်ယွမ်က တစ်ချက်ကြောင်သွားပြီး ကျိုးယလီအကြောင်းပြောမိသောအခါသူ၏မျက်နှာမှာ အနည်းငယ်နေရခက်သွား၏။ သူက စကားလမ်းကြောင်းကို အလျင်အမြန်လွှဲလိုက်သည်။ "ကုတင်တို့ဘာတို့အကုန်ရှိသေးတယ်...နင်သူ့အခန်းမှာပဲနေလို့ရတယ်"
သူက ဟွမ်ကျားဟွေ ရိုင်ဖယ်ကိုကိုင်ထားသည်ကိုမြင်သောအခါဆက်ပြောလိုက်သည်။ "နင့်ရိုင်ဖယ်ကိုသိမ်းလိုက်ဦး...တော်ကြာသူများတွေမြင်သွားရင်...မလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်"
တုံဟူမြို့၏ဆိုးရွားသောအခြေအနေအရ တစ်စုံတစ်ယောက်က ရဲတိုင်လျှင်ပင်ဤကိစ္စကိုဖြေရှင်းရန်ရဲအင်အားလုံလောက်မည်မဟုတ်သော်လည်း သူက ဤနေရာတွင်ဆက်လက်နေထိုင်ရဦးမည်ဖြစ်သောကြောင့်သတိထားခြင်းက အကျိုးမယုတ်ပေ။
"အော်...အင်း" ဟွမ်ကျားဟွေက 'အင်း' ဟုဖြေကာ ရိုင်ဖယ်ကို ခရီးဆောင်အိတ်ထဲသို့ထည့်လိုက်သည်။
နှစ်ဦးသား လေးလွှာသို့လျင်မြန်စွာတက်လာကြသည်။လော်ယွမ်ကထက်မြက်သောအာရုံဖြင့်တစ်ဖက်ခန်းရှိ လုံခြုံရေးတံခါးကို လှမ်းကြည့်လိုက်သည်။အတွင်းမှသေးငယ်သောလှုပ်ရှားမှုသံတစ်ခုထွက်ပေါ်လာပြီး မကြာမီ လုံခြုံရေးတံခါးပွင့်လာသည်။ဝမ်ရှီရှီက တံခါးဝတွင်ရပ်နေပြီး လေပြင်းမုန်တိုင်းဒဏ်ခံထားရသောမြက်ပင်လေးလို မျက်ရည်များဝဲကာ "ဦးလေး...သမီးရဲ့ဖေဖေနဲ့မေမေ အခုထိပြန်မလာသေးဘူး... သမီးအရမ်းကြောက်တယ်"
သူမ၏ ကြည်လင်တောက်ပသောမျက်ဝန်းကြီးများဖြင့်လော်ယွမ်ကို မျှော်လင့်တကြီးကြည့်နေရာ သူ၏စိတ်ထဲတွင်အလိုလိုပျော့ပျောင်းသွားပြီး ပြောလိုက်သည်။ "ဒါဆိုရင် ငါ့အိမ်မှာ ခဏလာနေမလား"
"ဟုတ်...ကျေးဇူးတင်ပါတယ်ဦးလေး" ဝမ်ရှီရှီက မဝံ့မရဲဖြင့်ဖြေလိုက်သည်။
ဟွမ်ကျားဟွေ၏စိတ်ထဲတွင်အနည်းငယ်သနားသွားပြီး ဝမ်ရှီရှီကိုဆွဲကာ ပြုံးရင်းပြောလိုက်သည်။ "တကယ်ချစ်ဖို့ကောင်းတဲ့ခလေးမလေးပဲ...ဘယ်နှစ်တန်းတက်နေပြီလဲ"
"၈တန်းပါ... အန်တီက ဦးလေးရဲ့ကောင်မလေးလားဟင်"ဝမ်ရှီရှီက စပ်စုစွာမေးလိုက်သည်။
ဟွမ်ကျားဟွေ၏မျက်နှာမှာ အနည်းငယ်နီရဲသွားပြီး ထိုခလေးမလေးနှင့် စကားစမိသည်ကိုပင်နောင်တရသွား၏။ သူမက ဖုံးကွယ်ရင်းပြောလိုက်သည်။ "မဟုတ်ပါဘူး...ရိုးရိုးသူငယ်ချင်းတွေပါဒီမှာခဏလာနေတာ"
လော်ယွမ်က အမျိုးသမီးနှစ်ဦး၏ တိုးတိုးပြောစကားများကို ဂရုမစိုက်ဘဲ သော့ထိုးကာတံခါးဖွင့်လိုက်သည်။အတွင်းတွင်ပစ္စည်းများပြန့်ကျဲနေပြီး ဝရန်တာရှိ မှန်တံခါးနှင့် အခြားပြတင်းပေါက်များအားလုံးမှာ ကွဲအက်နေသည်။
လော်ယွမ်က သေချာစစ်ဆေးကြည့်လိုက်ရာ မည်သည့်အရာမှဝင်ရောက်လာခြင်းမရှိကြောင်း သေချာသွားသည်။သူက မီးဖိုချောင်ထဲသို့ဝင်ကာ ဂတ်စ်မီးဖိုကိုဖွင့်လိုက်သည်။အပြာနုရောင်မီးညွှန့်လေးမှာ လျင်မြန်စွာအားနည်းသွားပြီး ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်ရင်း စိတ်ထဲမှ ပြင်းထန်စွာကျိန်ဆဲလိုက်သည်။
အခြေအနေမှာ အတော်ပင်ဆိုးရွားနေသည့်ပုံရှိသည်။
"ရှောင်ယွမ်...ကျွန်မရေအရင်ချိုးလိုက်ရမလား" အပြင်ဘက်မှဟွမ်ကျားဟွေ၏အသံထွက်ပေါ်လာသည်။
လော်ယွမ်၏စိတ်ထဲတွင်တစုံတစ်ခုကိုစဉ်းစားမိလိုက်သဖြင့်အလျင်အမြန်အော်ပြောလိုက်သည်။ "ရေမချိုးနဲ့ဦး"
ပြောရင်း သူက ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ရှိနေသည်။
"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက လော်ယွမ်၏အလုပ်ရှုပ်နေပုံကိုကြည့်ရင်း နားမလည်စွာမေးလိုက်သည်။သူမက ယနေ့တွင်ကြောက်ရွံ့ထိတ်လန့်မှုများနှင့် သေမင်းခံတွင်းဝမှအကြိမ်များစွာလွတ်မြောက်ခဲ့ရပြီး ချွေးစေးမည်မျှထွက်ခဲ့သည်ကိုပင်မသိတော့ပေ။ ခန္ဓာကိုယ်မှာ ယခုထိ စိုထိုင်းထိုင်းဖြစ်နေသေးပြီး အလွန်မသက်မသာဖြစ်နေသည်။
"ဂတ်စ်ပြတ်သွားတယ်ဆိုရင်နောက်ဆိုရေလည်းပြတ်သွားနိုင်တယ်...ရေသန့်စက်ရုံက မြို့ထဲမှာပဲရှိတာ...စက်ရုံလည်းပိုးကောင်စိမ်းတွေတိုက်ခိုက်ခံရမှာ သေချာတယ်...အဲ့ကိစ္စကိုဘယ်သူမှအမြန်ဝင်မဖြေရှင်းရင်မကြာခင်ရေပါပြတ်သွားလိမ့်မယ်"လော်ယွမ်က ခဏစဉ်းစားပြီးနောက်ခြေလှမ်းများကိုရပ်တန့်ကာ လေးနက်စွာပြောလိုက်သည်။ပြောရင်း ဟွမ်ကျားဟွေ၏ထိတ်လန့်သွားသောအမူအရာကိုဂရုမစိုက်ဘဲ ရေချိုးခန်းထဲသို့ပြေးဝင်ကာ ရေဘုံဘိုင်ကိုဖွင့်လိုက်သည်။
ရေများက ရေဘုံဘိုင်မှတဟုန်ထိုးထွက်ကျလာသည်ကိုကြည့်ရင်း သူသက်ပြင်းချလိုက်သည်: "ငါ့ကို ဝန်းရံတာက ကောင်ပုံးနဲ့ရေဇလုံတွေယူလာပေး"
"ဟင်...ဟုတ်"ဟွမ်ကျားဟွေက အလျင်စလိုပြေးထွက်သွားသည်။
အိမ်တွင်မျက်နှာသစ်ဇလုံများမှာ အတော်အတန်များပြားသည်။လော်ယွမ်၏ကိုယ်ပိုင်ပလတ်စတစ်ရေပုံးတစ်ပုံးနှင့် မျက်နှာသစ်ဇလုံတစ်လုံးအပြင်ကျိုးယလီထွက်သွားပြီးနောက်ထိုဇလုံများအားလုံးကျန်ရစ်ခဲ့ရာ စုစုပေါင်း ပလတ်စတစ်ရေပုံးနှစ်ပုံးနှင့် မျက်နှာသစ်ဇလုံလေးလုံးစာရေကို စုဆောင်းနိုင်ခဲ့သည်။
မည်သည့်ဇလုံက ခြေဆေးရန်မည်သည့်ဇလုံက မျက်နှာသစ်ရန်ဖြစ်သည်ကိုမူ ဤသို့သောအချိန်အခါတွင်မည်သူမျှဂရုမစိုက်နိုင်တော့ပေ။
သူက ရှိရှိသမျှပုံးခွက်အားလုံးကို ရေအပြည့်ဖြည့်ပြီးမှသာ ပြောလိုက်သည်။ "အခုရေချိုးလို့ရပြီ ရေရတုံးအဝသာချိုးထားလိုက်...နောက်ဆိုခုလိုချိုးရဖို့ မသေချာတော့ဘူး"
ဟွမ်ကျားဟွေက တိတ်ဆိတ်စွာဖြင့်အဝတ်အစားများထုတ်ယူကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။
"ဦးလေး...ကမ္ဘာကြီးကတစ်ကယ်ပျက်တော့မှာလားဟင်"ဝမ်ရှီရှီက တိုးတိုးလေးမေးလိုက်သည်။
"နင့်ကိုအဲ့လို ဘယ်သူပြောလို့လဲ" လော်ယွမ်က နောက်လှည့်မေးလိုက်သည်။
"သမီးဘာသာပြောနိုင်ပါတယ်"ဝမ်ရှီရှီက နှုတ်ခမ်းစူရင်းပြောလိုက်သည်။
"ကမ္ဘာပျက်ကပ်ဆိုက်နေတာ နင်မကြောက်ဘူးလား" လော်ယွမ်က မေးလိုက်သည်။
"ကြောက်လို့ရောဘာထူးမှာလဲ...ပြီးတော့...သမီးရဲ့ဖေဖေနဲ့မေမေပြန်မလာကြတော့ဘူးမို့လားဟင်"ဝမ်ရှီရှီက မျှော်လင့်တကြီးမေးလိုက်သည်။
"ပြန်လာမှာပါ...သူတို့တစ်ခုခုကြောင့်ကြန့်ကြာနေတာဖြစ်မှာပါ"လော်ယွမ်က သူမ၏ခေါင်းလေးကိုပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။
"ဦးလေးသမီးကိုလိမ်စရာမလိုပါဘူး...တိုက်ကလူတွေတော်တော်များများ ပိုးကောင်စိမ်းတွေအစားခံလိုက်ရတာ သမီးမြင်လိုက်တယ်...အရိုးတွေပါမျိုချသွားတာ" ဝမ်ရှီရှီက ဤသို့ပြောစဉ် ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်နေသော်လည်း လော်ယွမ်ကို အားတင်းစွာဆက်ကြည့်နေသည်။
လော်ယွမ်၏လက်က အနည်းငယ်ရပ်တန့်သွားပြီး မည်သို့နှစ်သိမ့်ရမည်မသိတော့ပေ။ သို့သော်သူမသည် ၈တန်းရောက်နေပြီဖြစ်သောကြောင့်လူကြီးတစ်ယောက်ဟု သတ်မှတ်နိုင်ပြီဖြစ်ပြီး ဤသို့ရက်စက်သောအမှန်တရားကို လက်ခံရမည့်အချိန်ရောက်ပြီဟု တွေးလိုက်သည်။ "စိတ်ကိုမာမာထားဟုတ်လား...နင့်မိဘတွေမရှိတော့ရင်တောင်...နင်ကကြံ့ကြံ့ခံပြီးအသက်ဆက်ရှင်ရမယ်ဟုတ်ပြီလား"
"ဟုတ်"ဝမ်ရှီရှီက အားကုန်ခေါင်းညိတ်လိုက်ပြီး မျက်ရည်များက မျက်ဝန်းအိမ်မှလျင်မြန်စွာလျှံကျလာသည်။
"ဟုတ်ပြီ ဒါဆိုတံမြက်စည်းသွားယူပြီး ပြတင်းပေါက်နားက မှန်ကွဲစတွေကို လှဲလိုက်"လော်ယွမ်က ပြောလိုက်သည်။
ဝမ်ရှီရှီက နှာရည်ကိုတစ်ချက်ရှိုက်ကာ "ဟုတ်"ဟုဖြေပြီး အခန်းထောင့်ရှိတံမြက်စည်းနှင့်ဂေါ်ပြားကိုယူကာ မှန်စများကိုလှဲရင်း မျက်ရည်များကိုခိုးသုတ်နေ၏။
လော်ယွမ်က ခဏကြည့်ပြီးနောက်စတိုခန်းထဲသို့ဝင်ကာ လက်သမားကိရိယာပုံးတစ်ပုံးကို ရှာဖွေထုတ်ယူလိုက်သည်။ပုဆိန်၊တူ၊ ကတ်ကြေး၊ သံမှိုများဖြင့်ကိရိယာစုံလင်စွာရှိနေသည်။
သူက ဧည့်ခန်းသို့လျှောက်သွားပြီး ကျန်းမာတောက်ဓားရှည်ကိုဆွဲထုတ်ကာ စားပွဲအဖြစ်သုံးသော သစ်သားစားပွဲကြီးကို သစ်သားပြားများဖြစ်အောင်ခုတ်ပိုင်းလိုက်သည်။ကျန်ရှိနေသော အသုံးမပြုနိုင်သည့်အချွန်အတက်များကိုမူ ထင်းအဖြစ်ခုတ်ပိုင်းလိုက်သည်။သူက သစ်သားပြားတစ်ချပ်ကိုယူကာ ပြတင်းပေါက်ရှေ့သို့သွားပြီး တိုင်းတာကြည့်ကာ သံမှိုနှင့်တူကိုယူပြီး တဒုံးဒုံး ဖြင့် ရိုက်နှက်တော့သည်။
ပြတင်းပေါက်အပြင်ဘက်တွင်သံပန်းတံခါးတစ်ခုရှိသော်လည်း ဤသို့သောအားနည်းသည့်အကာအကွယ်မျိုးမှာ သူခိုးကိုပင်မတားဆီးနိုင်ဘဲ ပိုးကောင်စိမ်းကိုဆိုလျှင်ဆိုဖွယ်ရာမရှိပေ။ သစ်သားပြားတစ်ထပ်ထပ်လိုက်ခြင်းကလည်း အသုံးမဝင်သော်လည်း အကာအကွယ်တစ်ခုတိုးလာပြီး စိတ်သက်သာရာရစေသည်။အနည်းဆုံးတော့ပိုးကောင်စိမ်းများ၏အာရုံစိုက်မှုနှင့်အခြားသတ္တဝါငယ်လေးများကို ကာကွယ်ပေးနိုင်သည်။
မကြာမီ ဟွမ်ကျားဟွေက အိမ်နေရင်းဝတ်စုံတစ်စုံလဲကာ ထွက်လာသည်။သူမက အလုပ်ရှုပ်နေသော လော်ယွမ်နှင့်ဝမ်ရှီရှီကိုကြည့်ရင်း ဝင်ကူညီရန်ပြင်လိုက်သည်။
လော်ယွမ်က အလျင်အမြန်တားလိုက်သည်။ "ဒီမှာကူစရာမလိုဘူး...အချိန်လဲမစောတော့ဘူးဆိုတော့ နင်ထမင်းသွားချက်လိုက်တော့...ဆန်ကမီးဖိုချောင်မှာရှိတယ်ရှာကြည့်လိုက်...ဟုတ်သား...လျော့ငါ့မီးခြစ်ပါယူသွား"
သူရေချိုးပြီးခါစဖြစ်သော ဟွမ်ကျားဟွေကို တစ်ချက်မော့ကြည့်မိပြီးနောက်အကြည့်ကိုအလျင်အမြန်ပြန်ရုတ်သိမ်းကာ ဝမ်ရှီရှီကို သစ်သားပြားတစ်ချပ်ထပ်ယူလာရန် ညွှန်ပြလိုက်သည်။
ဟွမ်ကျားဟွေက မီးခြစ်ကို အလိုလိုလှမ်းယူလိုက်သော်လည်း ချက်ချင်းပင်သတိဝင်လာသည်။ယခုဂတ်စ်မရှိတော့ဘဲ ထမင်းချက်လျှင်ထင်းဖြင့်သာချက်ရမည်ဖြစ်သည်။သူမထင်းတစ်စည်းကိုပိုက်ကာ မီးဖိုချောင်ထဲသို့လျှောက်သွားပြီး ဒန်အိုးတစ်လုံးကိုယူကာ ဗီရိုထဲမှဆန်ကိုရှာဖွေလိုက်သည်။မီးမွှေးချိန်တွင်မူ သူမကြောင်သွားပြီး မည်သို့လုပ်ရမည်မသိတော့ပေ။ သူမ အပမ်းဖြေပျော်ပွဲစားထွက်ဖူးသော်လည်း မီးမွှေးခြင်းကဲ့သို့သောအလုပ်များကို စိတ်အားထက်သန်နေသော အမျိုးသားများကသာ တာဝန်ယူခဲ့ပြီး သူမကိုယ်တိုင်တစ်ခါမျှမလုပ်ဖူးပေ။
ဟွမ်ကျားဟွေက "ထင်းကိုဘယ်မှာထားရမလဲ ကြမ်းပြင်ပေါ်ဒီတိုင်းချမွှေးလို့တော့မရဘူးမလား"
"အိုးတစ်လုံးရှာပြီး အိုးထဲကိုထည့်လိုက်"
ခဏအကြာတွင်...
ဟွမ်ကျားဟွေက "ကျွန်မ.မလုပ်တတ်တော့ဘူးရှင့်...လာကြည့်ပေးပါဦး"
"ဆီနည်းနည်းစွတ်ပြီး မီးညှိလိုက်"လော်ယွမ်က ဆက်ပြောသည်။
မကြာမီ မီးဖိုချောင်ထဲမှ ပြင်းထန်သောမီးခိုးနံ့ထွက်ပေါ်လာသည်။လော်ယွမ်က အစပိုင်းတွင်သိပ်ဂရုမစိုက်ပေ။ မီးဖိုချောင်ထဲတွင်မီးမွှေးလျှင်မီးခိုးနံ့အနည်းငယ်မွှန်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။သို့သော်မီးခိုးနံ့မှာ တဖြည်းဖြည်းပိုများလာပြီး မကြာမီ လော်ယွမ်နှင့်ဝမ်ရှီရှီတို့နှစ်ဦးပါမျက်ရည်နှာရည်များကျသည်အထိ ဖြစ်လာသည်။
လော်ယွမ်က တစ်ခုခုမှားနေသည်ကို ခံစားမိပြီး မီးဖိုချောင်ထဲသို့အလျင်အမြန်လျှောက်သွားရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ငိုရမလို ရယ်ရမလိုဖြစ်သွားသည်။ဆန်ထည့်ထားသည့်ဒန်အိုးမှာ ထင်းထည့်ထားသည့်အိုးကိုလုံးဝဖိပိတ်ထားပြီး ဟွမ်ကျားဟွေက ဒန်အိုးလက်ကိုင်ကိုကိုင်ကာ အနည်းငယ်မပြီး ပါးစပ်ဖြင့် 'ဖူး ဖူး'ဟု မှုတ်နေသည်။မီးခိုးများကြောင့်နီရဲနေသောမျက်လုံးများမှာ မီးခိုးများကြားတွင်ပေါ်လိုက်ပျောက်လိုက်ဖြင့် မြူခိုးထဲမှသနားစရာ ယုန်တစ်ကောင်နှင့်တူနေသည်။
"နင်ဘာတွေလျှောက်လုပ်နေတာလဲ...လေအဝင်အထွက်မရှိပဲ ဘယ်လိုလုပ်မီးစွဲမှာလဲ" ဆံပင်ရှည်သလောက်ဦးနှောက်သေးတဲ့မိန်းမ။ လော်ယွမ်က စိတ်မရှည်စွာဖြင့်ဟွမ်ကျားဟွေကို ဆွဲထူလိုက်သည်။
"ကျွန်မက မီးမှမမွှေးဖူးတာ...ဘယ်လိုလုပ်သိမှာလဲ။" ဟွမ်ကျားဟွေက ညစ်ပတ်ပေရေနေသောမျက်နှာနှင့်အတူ ဝမ်းနည်းစွာပြောလိုက်ရာ မှားယွင်းအပြစ်တင်ခံရသော ကြောင်တစ်ကောင်နှင့်ပင်တူနေတော့သည်။
"ဒါဆိုအခုကစပြီး မှတ်ထားလိုက်...နောက်ကျထမင်းချက်တာဝန်ကို နင်ယူရမယ်"လော်ယွမ်က ပြောလိုက်သည်။
ဟွမ်ကျားဟွေက ပြန်မပြောရဲပေ။ သူမ အပြင်ဘက်မှအန္တရာယ်ကို ကောင်းကောင်းသိသည်။လော်ယွမ်ကဲ့သို့အရည်အချင်းရှိသောယောက်ျားတစ်ယောက်နောက်လိုက်မှသာ အနည်းငယ်လုံခြုံသည်ဟု ခံစားရမည်ဖြစ်သည်။ဤအတွက်ကြောင့်လည်း သူမအစကတည်းက သူနှင့်အတူနေရန်မျက်နှာပြောင်တိုက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လော်ယွမ်က အိပ်ခန်းထဲသို့လျှောက်သွားပြီး ကျိုးယလီ၏အိပ်ခန်းထဲမှအဝတ်ချိတ်စင်ကို ဖြုတ်ချလိုက်သည်။
သံဘောင်နှစ်ခုကိုခွဲထုတ်ကာ တစ်ခုကို အိုး၏အောက်ခြေတွင်ထားပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။သံချောင်းအချို့ကို ကွေးညွှတ်ကာ အိုး၏အနားစွန်းတွင်ထားပြီး မြင့်အောင်လုပ်လိုက်သည်။မီးပြန်မွှေးပြီး ထင်းများမီးကောင်းကောင်းစွဲလာချိန်တွင်နောက်ထပ်သံဘောင်တစ်ခုကို သံအိုးပေါ်တင်ကာ ဒန်အိုးကို ထိုသံဘောင်ပေါ်တွင်တင်လိုက်သည်။
"ရပြီ ရပြီ... ကျန်တာကျွန်မလုပ်လိုက်မယ်"ဟွမ်ကျားဟွေက မီးတောက်လာသည်ကိုမြင်သောအခါဝမ်းသာအားရပြောလိုက်သည်။
"အင်း" လော်ယွမ်က ခေါင်းညိတ်လိုက်သည်။
ဧည့်ခန်းသို့ပြန်သွားပြီး လော်ယွမ်က ဆက်လက်အလုပ်ရှုပ်နေသည်။စားပွဲမှသစ်သားပြားများမှာ မလုံလောက်ဘဲ ပြတင်းပေါက်နှစ်ခုကိုသာ ပိတ်နိုင်ခဲ့သည်။လော်ယွမ်က လက်ဖက်ရည်စားပွဲကိုထပ်မံခုတ်ပိုင်းပြီး ပြတင်းပေါက်များကို ဆက်လက်ပိတ်ဆို့လိုက်သည်။
ဆင့်ကဲပြောင်းလဲပြီးနောက်ကျန်းမာတောက်ဓားရှည်မှာ အလွန်ထက်ရှနေပြီး ခေတ်သစ်နည်းပညာ၏ အမြင့်ဆုံးသံမာကျောမှုအဆင့်သို့ပင်နီးကပ်နေပြီဖြစ်သည်။သစ်သားကိုခုတ်ပိုင်းရာတွင်ဘာအတားအဆီးမှမရှိသကဲ့သို့အလွန်လွယ်ကူလှသည်။ဝမ်ရှီရှီက လော်ယွမ်စိမ်းစိုနေသောထူးဆန်းသည့်ဓားရှည်ဖြင့်လက်ဖက်ရည်စားပွဲကို သစ်သားပြားများအဖြစ်ခုတ်ပိုင်းနေသည်ကို အံ့ဩတကြီးကြည့်နေသည်။တို့ဖူးကိုခုတ်ပိုင်းနေသကဲ့သို့ပင်ဖြစ်ရာ သူမ ငိုရန်ပင်မေ့သွားသည်။
ပြတင်းပေါက်တစ်ခုပြီးတစ်ခု ပိတ်ဆို့လိုက်သည်နှင့်အမျှအခန်းမှာ တဖြည်းဖြည်းမှောင်လာတော့သည်။
မီးခိုးထုတ်ရန်လိုအပ်သော မီးဖိုချောင်ပြတင်းပေါက်မှလွဲ၍ ဝရန်တာရှိ မှန်တံခါးကြီးသာ ပိတ်ရန်ကျန်တော့၏။
ထိုမှန်တံခါးကြီးကိုကြည့်ရင်း လော်ယွမ်မှာ အနည်းငယ်ခေါင်းကိုက်သွားသည်။ဤနေရာတွင်ဤမျှရှည်လျားသောသစ်သားပြားမရှိပေ။
ဆုံးဖြတ်ချက်ချထားသော လော်ယွမ်က ဘယ်ညာကြည့်ရင်း နောက်ဆုံးတွင်သူ၏အကြည့်များက အခန်းတံခါးများပေါ်သို့ရောက်သွားသည်။
မည်သည့်တံခါးကိုဖြုတ်ရမည်နည်း။ အိပ်ခန်းတံခါးလား ရေချိုးခန်းတံခါးလား တစ်ချပ်တည်းနှင့်မလောက်နိုင်အားလုံးဖြုတ်ပစ်လိုက်ရမလား။ လော်ယွမ်က ခဏစဉ်းစားပြီးနောက်အခြေအနေကိုအရင်ကြည့်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။သာမန်ပိုးကောင်စိမ်း လေးငါးကောင်လောက်ဝင်လာလျှင်လော်ယွမ်က ရင်ဆိုင်နိုင်သေးသည်ဟု ယုံကြည်သည်။
ညနေစောင်းလာသည်နှင့်အမျှဝမ်ရှီရှီ၏မျက်နှာပေါ်တွင်ဝမ်းနည်းမှုများပို၍ပြည့်နှက်လာပြီး တံခါးအပြင်ဘက်မှအခြေအနေကို မကြာခဏလှမ်းကြည့်နေ၏။ သူမအကြိမ်ကြိမ်ထရပ်လိုက်သော်လည်း မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြန်ထိုင်လိုက်သည်။
ဟွမ်ကျားဟွေက အိပ်ခန်းထဲမှစားပွဲငယ်တစ်လုံးကိုသယ်ထုတ်လာပြီး ထမင်းပန်းကန်များကိုတင်ကာ လေးစိတ်ခြမ်းထားသော ဘဲဥပြုတ်နှစ်လုံး၊ မုန်ညင်းချဉ်တစ်ပွဲနှင့် စည်သွပ်ဘူးမှအပူပေးထားသော အမဲသားစွပ်ပြုတ်တစ်ပွဲကို ချပေးလိုက်သည်။ဤဟင်းလျာများမှာ ယခင်က ဘာမှမဟုတ်သော်လည်း ယခုအချိန်အခါတွင်မူ အနည်းငယ်ဇိမ်ခံအစားအစာဟု ထင်ရသည်။
"ထမင်းစားကြမယ်"လော်ယွမ်က တစ်ချက်အော်ခေါ်ပြီးနောက်အရင်ဆုံးတူကိုင်လိုက်သည်။
ဝမ်ရှီရှီမှာ စိတ်မပါလက်မပါဖြစ်နေပြီး ရံဖန်ရံခါထမင်းဟင်းများကို ငေးကြည့်နေသည်။ဟွမ်ကျားဟွေက သူမကိုစကားပြောသည့်တိုင်ဘာမှတုံ့ပြန်မှုမရှိပေ။
ထမင်းစားပြီးနောက်လော်ယွမ်က စီးကရက်တစ်လိပ်ကိုမီးညှိကာ ဖြည်းဖြည်းချင်းသောက်နေသည်။ သူ၏နဖူးမှချွေးစေးများ တစိမ့်စိမ့်ထွက်နေသည်ကို မည်သူမှသတိမပြုမိပေ။
စီးကရက်တစ်လိပ်ကုန်သွားသောအခါသူက စီးကရက်တိုကိုဖိသတ်ပြီး တည်ကြည်စွာပြောလိုက်သည်။ "ရှီရှီ...ဒီညနင့်အန်တီဟွမ်နဲ့အတူအိပ်လိုက်...အများကြီးမတွေးနဲ့တော့"
"ကျေးဇူးတင်ပါတယ်ဦးလေး" ဝမ်ရှီရှီက တူကိုချကာ တိုးတိုးလေးရှိုက်ငိုတော့သည်။
လော်ယွမ်က သက်ပြင်းချလိုက်ပြီး ထပ်မံမနှစ်သိမ့်တော့ဘဲ ထိုင်ရာမှထကာ မိမိအခန်းဘက်သို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။
အိပ်ခန်းထဲသို့ဝင်သည်နှင့်သူချက်ချင်းပင်ခုတင်ပေါ်သို့လှဲချလိုက်ပြီး မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
အမှန်တော့အိမ်သို့ရောက်ပြီးသိပ်မကြာခင်မှာပင်ကြွက်သားကြော်၏အာနိသင်မှာ စတင်ကျဆင်းလာခဲ့ပြီး ယခုအချိန်တွင်ဤအာနိသင်မှာ မရှိသလောက်ဖြစ်နေပြီဖြစ်သည်။ယခုထိခံနိုင်နေခြင်းမှာ သူ၏ပြင်းထန်သောစိတ်ဓာတ်နှင့်အာရုံလွှဲပြောင်းထားခြင်းကြောင့်သာဖြစ်သည်။
ယခုစိတ်ကိုလျှော့လိုက်သည်နှင့် ပြင်းထန်သောနာကျင်မှုမှာ ဒီရေကဲ့သို့တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာသည်။
သူကအံကိုတင်းတင်းကြိတ်ကာ ကြိုးစား၍တောင့်ခံလိုက်၏။
နာရီဝက်ခန့်အကြာတွင်...
"ဒင်...စိတ်စွမ်းအား +၁"
စိတ်ထဲမှစနစ်ကပို့လာသောအချက်ပေးမှုကိုကြားသောအခါလော်ယွမ်၏နှုတ်ခမ်းထောင့်များမှာ အားမရှိစွာတွန့်ကွေးသွားသည်။တဖြည်းဖြည်းနှင့် သူ၏မျက်ခွံများမှာ လေးလံလာပြီး မကြာမီမှာပင်အိပ်ပျော်သွားတော့သည်။
လော်ယွမ်သည်အမြောက်သံများနှင့် နေရာအနှံ့မှ 'ဝုန်းဝုန်း' ဟူသော သံများကြောင့်လန့်နိုးလာခဲ့သည်။
"ဘာဖြစ်နေတာလဲ"
သူခုတင်ခေါင်းရင်းတွင်ထောင်ထားသော ကျန်းမာတောက်ဓားရှည်ကိုယူကာ အလျင်အမြန်ထလိုက်သည်။တစ်ညတာအနားယူပြီးနောက်သူ၏ရင်ဘတ်မှာ အနည်းငယ်အောင့်နေသော်လည်း အများကြီးသက်သာသွားပြီး လှုပ်ရှားသွားလာရန်အခက်အခဲမရှိတော့ပေ။ သူပြတင်းပေါက်ရှေ့သို့လျှောက်သွားကာ လိုက်ကာကိုဆွဲဖွင့်လိုက်သည်။သို့သော်သစ်သားပြားများဖြင့်တင်းကျပ်စွာပိတ်ထားသောပြတင်းပေါက်ကိုမြင်သောအခါသူမျက်နှာမှာတစ်ချက်ကြောင်သွားပြီး အိမ်ရှိပြတင်းပေါက်အားလုံးကို ပိတ်ထားသည်ကို သတိရလိုက်သည်။
သူအလျင်အမြန်အခန်းတံခါးဖွင့်လိုက်ရာ ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့နံရံထောင့်တွင်ရပ်နေပြီး ဝရန်တာဘက်သို့သတိဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏စိတ်ထဲတွင်တင်းကျပ်သွားပြီး ဝရန်တာသို့လျှောက်သွားကာ အပြင်ဘက်သို့ကြည့်လိုက်သည်။
အပြင်ဘက်ကမြင်ကွင်းကိုမြင်ရုံဖြင့်သူတစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။
ကောင်းကင်တွင်နေရာအနှံ့ ပိုးကောင်စိမ်းများ ပျံဝဲနေကြသည်။ ၎င်းတို့မှာ အနည်းငယ်စိတ်မရှည်ဖြစ်နေဟန်ဖြင့်လေပေါ်တွင်တဝဲလည်လည်ပျံသန်းနေကြ၏။ အဝေးမှအမြောက်သံများလည်း ခပ်သဲ့သဲ့ကြားနေရသည်။
လော်ယွမ်လာသည်ကိုမြင်သောအခါဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့မှာ သက်ပြင်းချနိုင်သွားသကဲ့သို့မျက်နှာများမှာ အနည်းငယ်ကောင်းမွန်လာကြသည်။
"စစ်ကူတွေရောက်လာပြီ" ဟွမ်ကျားဟွေက စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ထားသည်။ "ကျွန်မတို့အန္တရာယ်ကလွတ်ပြီ"
လော်ယွမ်၏စိတ်ထဲတွင်လည်း တက်ကြွလာသည်။အင်အားများသောစစ်တပ်များ တုံဟူမြို့သို့ဝင်ရောက်လာလျှင်တုံဟူမြို့၏အခြေအနေမှာ သေချာပေါက်ကောင်းမွန်လာမည်ဖြစ်သည်။မကြာမီမှာပင်ဤနေရာရှိပိုးကောင်စိမ်းများကို ရှင်းလင်းနိုင်တော့ပေမည်။ပိုးကောင်စိမ်းဖြစ်စေ သန္ဓေပြောင်းသတ္တဝါဖြစ်စေ မည်မျှပင်အားကြီးနေပါစေ သေချာပြင်ဆင်လာသော ခေတ်မီစစ်တပ်ကို ယှဉ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ လုံးဝအဆင့်မတူသောတိုက်ပွဲတစ်ခုဖြစ်သည်။
ထိုစဉ်လေထဲတွင်အလင်းတစ်ချက်လက်သွားပြီး တာတိုပစ်ဒုံးကျည်တစ်စင်းမှာ ကျင်းယွဲ့အိမ်ရာနှင့်မလှမ်းမကမ်းရှိလေထဲတွင် ပြင်းထန်စွာပေါက်ကွဲသွားပြီး အနီရောင်မီးတိမ်တိုက်တစ်ခုဖြစ်ပေါ်လာသည်။ပြင်းထန်သောပေါက်ကွဲလှိုင်းကြောင့်အနီးအနားရှိပိုးကောင်စိမ်းများမှာ အမြစ်မရှိသောရေမှော်များကဲ့သို့လွင့်စင်သွားကြသည်။ပေါက်ကွဲမှုဗဟိုချက်နှင့်အနည်းငယ်နီးသော အချို့မှာမူ လေထဲတွင်ပင်အစိတ်စိတ်အမွှာမွှာဖြစ်သွားကြသည်။
လော်ယွမ်က သူတို့တိုက်ကြီးတစ်ခုလုံး တုန်ခါနေသည်ကိုခံစားလိုက်ရပြီး ပူလောင်သောလေပြင်းများက ဝရန်တာအပြင်ဘက်မှတိုက်ခတ်လာသည်။
သူ၏စိတ်ထဲတွင်ခဏတာဟာလာဟင်းလင်းဖြစ်သွား၏။ အေးချမ်းနေသောခေတ်တွင်မွေးဖွားလာသောလူတစ်ယောက်အနေဖြင့်မျက်စိရှေ့မှအရာအားလုံးကို စိတ်ကူးကြည့်ရန်ခက်ခဲလှသည်။
ဤသို့သောမြင်ကွင်းကို သူဗီဒီယိုကားများထဲတွင်သာ မြင်ဖူးသည်။ ထိုအချိန်က သူသည်မုန့်စားရင်းဖြင့်တီဗီမှခေတ်ပေါ်လက်နက်များ၏ကြီးမားသောစွမ်းအားကို အံ့ဩတကြီးချီးကျူးနိုင်ပြီး ဖိုရမ်များတွင်ပင်မိမိအမြင်ကိုဖော်ပြနိုင်သည်။သို့သော်ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ရချိန်တွင်ယခုကဲ့သို့အလွန်ထိတ်လန့်တုန်လှုပ်မိမည်ဟု တစ်ခါမျှမစဉ်းစားဖူးခဲ့ပေ။
ထိုဒုံးကျည်ပေါက်ကွဲပြီးမကြာမီ နောက်ထပ်နှစ်စင်းမှာ ရှည်လျားသောမီးတန်းများနှင့်အတူ အနီးအနားရှိလေထဲတွင်တစ်ခုပြီးတစ်ခုပေါက်ကွဲသွားရာ တစ်ခဏအတွင်း မှာပင်ပေါက်ကွဲသည့်ပတ်ဝန်းကျင်ရှိ ပိုးကောင်စိမ်းများမှာ ရှင်းလင်းသွားလေသည်။
မိနစ်အနည်းငယ်အကြာတွင်ဘီးတပ်သံချပ်ကာကားအချို့မှာ အဝေးမှလမ်းမပေါ်တွင်တဂျိန်းဂျိန်းဖြင့်မောင်းနှင်လာကြသည်။
သံချပ်ကာကား၏ထိပ်ရှိ 30mm အော်တိုစက်အမြောက်မှာ ကောင်းကင်သို့တည့်တည့်ညွှန်ထားပြီး မီတာရာပေါင်းများစွာရှည်သောမီးလျှံတန်းမှာ မရပ်မနား ကောင်းကင်သို့အရှိန်ပြင်းစွာပန်းထွက်နေသည်။
ဆူညံပွက်လောရိုက်နေသော အသံများကြောင့်လော်ယွမ်၏နားစည်များမှာ တဆတ်ဆတ်တုန်ခါနေသည်။
ကျန်ရှိနေသော ပိုးကောင်စိမ်းအချို့မှာ မီးလျှံတန်းနှင့်ထိမိသည်နှင့်ချက်ချင်းပင်အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး အရောင်စုံအရည်များနှင့်အကြွင်းအကျန်များမှာ ကောင်းကင်မှတဖွဲဖွဲကျဆင်းလာသည်။
စက်အမြောက်မှာ မရပ်မနားလည်ပတ်နေပြီး အကြိမ်များစွာ ပတ်ဝန်းကျင်ရှိအထပ်မြင့်အဆောက်အအုံများကို မတော်တဆပစ်ခတ်မိသွားရာ အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး နံရံများကိုပင်ဖောက်ထွင်းသွားသည်။
လော်ယွမ်က ဤမြင်ကွင်းကိုကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေပြီး အတော်ကြာမှသာ ရုတ်တရက်သတိဝင်လာကာ နောက်ကျောမှချွေးစေများထွက်လာ၏။
သူတို့တိုက်မှာ ရှေ့မှကုန်တိုက်တန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသည်။စက်အမြောက်သာ ဤဘက်သို့ပစ်ခတ်လာပါက ဤလူနေအဆောက်အအုံများ၏အားနည်းသောနံရံများမှာ စက်အမြောက်၏ပစ်ခတ်မှုကို မည်သို့မျှခံနိုင်မည်မဟုတ်ပေ။
"ငါတို့ဒီမှာဆက်နေလို့မဖြစ်ဘူး...အမြန်လာ" လော်ယွမ်က စိုးရိမ်စွာဖြင့်အလျင်စလိုပြောလိုက်သည်။
ခေတ်ပေါ်စစ်ပွဲတွင်စစ်တပ်က အဆုံးရှုံးခံပြီး စစ်သားများ၏အသက်ကိုမရင်းနိုင်ပါက အရပ်သားများကို "မတော်တဆထိခိုက်မှု"မှရှောင်ရှားရန်ခက်ခဲသည်။ယခုလိုအခြေအနေတွင်အထက်ပိုင်းလူများ၏ခေါင်းထဲရှိသည်မှာ အရပ်သားများကိုမတော်တဆထိခိုက်မိခြင်းကဲ့သို့သောအသေးအဖွဲကိစ္စမဟုတ်ဘဲ ဤပိုးကောင်စိမ်းများကို အမြန်ဆုံးရှင်းလင်းပြီး လူ့အဖွဲ့အစည်းတည်ငြိမ်မှုကိုထိန်းသိမ်းရန်သာဖြစ်သည်။
သို့သော်ထိုသို့ဆိုသော်လည်း လော်ယွမ်ကဒေါသထွက်နေဆဲဖြစ်သည်။ မည်သည့်ကိစ္စမဆို မိမိကိုယ်တိုင်နှင့်ပတ်သက်လာလျှင်ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားရန်ခက်ခဲလှသည်။
ဟွမ်ကျားဟွေလည်း သဘောပေါက်သွားပြီး အိပ်ခန်းသို့အလျင်အမြန်ပြေးဝင်သွားကာ ပြန်ထွက်လာချိန်တွင် သူမ၏လက်ထဲတွင် ရိုင်ဖယ်တစ်လက်ပါလာသည်၊သူမတုန်ယင်သောအသံဖြင့် "ဘယ်သွားမှာလဲ"
လော်ယွမ်က တံခါးပေါက်ဝသို့လျှောက်သွားရင်း အမြန်ပြောလိုက်သည်:"အောက်ဆုံးထပ်ကိုသွားမယ်...အနည်းဆုံးတော့ဒီမှာထက်ပိုလုံခြုံတယ်"
"သိပြီ"
ဝမ်ရှီရှီမှာ ကြောင်တောင်တောင်ဖြစ်နေပြီး အသိစိတ်မရှိသောအရုပ်တစ်ရုပ်ကဲ့သို့မျက်နှာတွင်သွေးမရှိဘဲ မလှုပ်မယှက်ရပ်နေသည်။
လော်ယွမ်က ဤမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။ "ရိုင်ဖယ်ကိုငါ့ပေး...မင်းသူ့ကိုပွေ့ချီလိုက်"
ဟွမ်ကျားဟွေက "ဟုတ်"ဟုဖြေကာ ရိုင်ဖယ်ကို လော်ယွမ်ထံပေးပြီး သစ်တုံးတစ်တုံးလိုဖြစ်နေသော ဝမ်ရှီရှီကိုပွေ့ချီကာ သူ၏နောက်သို့လိုက်ပါလာခဲ့သည်။
လှေကားပေါ်သို့ရောက်သည်နှင့်ကျည်ဆန်များဖြတ်သန်းသွားသောစူးရှသောအသံက နားထဲတွင်ပေါက်ကွဲသွားပြီး လှေကားဘေးတွင်ရှေ့နောက်ဖောက်ထွင်းမြင်နေရသော အပေါက်ငယ်တစ်တန်း ရုတ်တရက်ပေါ်လာသည်။
လှေကားနေရာမှာ တိုက်၏နံရံနှင့် နှစ်လွှာသုံးလွှာခန့်ခြားနားသော်လည်း စက်အမြောက်၏ကြောက်မက်ဖွယ်ကောင်းသောကျည်ဆန်များကို မတားဆီးနိုင်ပေ။
လော်ယွမ်ပင်လျှင်ကြောက်လန့်ပြီး နှလုံးမှာပြင်းထန်စွာခုန်နေ၏။
သူက မျက်နှာဖြူဖျော့ကာ ထိုနေရာတွင်တောင့်တောင့်ကြီးရပ်နေသော ဟွမ်ကျားဟွေကိုကြည့်လိုက်ရာ ဒဏ်ရာမရရှိသည်ကိုတွေ့မှအနည်းငယ်သက်ပြင်းချနိုင်သွားသည်။
"ငေးမနေနဲ့...အမြန်ဆင်း" လော်ယွမ်က ဒေါသတကြီးအော်လိုက်သည်။
ဟွမ်ကျားဟွေသတိပြန်ဝင်လာပြီး လော်ယွမ်နောက်သို့အလျင်စလို လှေကားအတိုင်းပြေးဆင်းသွားသည်။
တစ်မိနစ်အကြာတွင်သုံးဦးသားလှေကားမှဆင်းလာကြသည်။
တကယ်တော့လော်ယွမ်တစ်ယောက်တည်းသာ ဉာဏ်ကောင်းသူမဟုတ်ပေ။ ထိုအချိန်တွင်အောက်ဆုံးထပ်လှေကားရင်းတွင်လူများဖြင့်ပြည့်ကျပ်နေပြီဖြစ်သည်။သို့သော်လော်ယွမ်၏လက်ထဲရှိရိုင်ဖယ်ကိုမြင်သောအခါလူအုပ်မှာ ရုတ်တရက်ငြိမ်သက်သွားကြသည်။
သို့သော်ဤမျှသာဖြစ်သည်။မည်သူမှအော်ဟစ်ခြင်း နောက်ဆုတ်ခြင်းမရှိပေ။ သူတို့ကကြောက်ရွံ့သည်ဟုပင်မဆိုနိုင်ဘဲ သတိဖြင့်စောင့်ကြည့်နေခြင်းသာရှိသည်။
ကမ္ဘာကြီးပို၍ပျက်စီးလာသည်နှင့်အမျှလူများ၏လက်ခံနိုင်စွမ်းမှာလည်း လျင်မြန်စွာတိုးတက်လာသည်။ဓား၊ လှံများမှာ သာမန်ဖြစ်နေပြီး တစ်စုံတစ်ယောက်က သေနတ်ကိုင်၍ဟိုဟိုဒီဒီသွားလာနေလျှင်ပင်အထူးအဆန်းဟုမဆိုနိုင်တော့ပေ။
ဟွမ်ကျားဟွေက ဝမ်ရှီရှီကိုချပေးပြီးနောက်လော်ယွမ်က ရိုင်ဖယ်ကိုသူမထံပြန်ပေးလိုက်သည်။ သူ၏ညံ့ဖျင်းသောသေနတ်ပစ်နိုင်စွမ်းနှင့်စာလျှင် ရိုင်ဖယ်မှာ ဟွမ်ကျားဟွေလက်ထဲတွင်ပို၍အသုံးဝင်နိုင်မည်ဖြစ်သည်။
"မြန်မြန်...သူ့ကိုကယ်ကြပါဦး" ထိုစဉ်လှေကားပေါ်မှသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သွေးသံရဲရဲဖြစ်နေသောအမျိုးသမီးတစ်ဦးကိုပွေ့ချီကာ ယိုင်နဲ့ယိုင်နဲ့ဖြင့်ဆင်းလာသည်။
လူများက လျင်မြန်စွာလမ်းဖွင့်ပေးလိုက်သည်။
ထိုအမျိုးသားမှာ ပညာရှင်တစ်ဦးကဲ့သို့မျက်မှန်အနက်ရောင်အထူကြီးတပ်ထားပြီး ယဉ်ကျေးသိမ်မွေ့ပုံရသည်။ထိုအချိန်တွင်သူ၏မျက်နှာမှာ ထိတ်လန့်မှုနှင့်အကူအညီမဲ့မှုတို့ဖြင့်ပြည့်နှက်နေသည်။သူရင်ခွင်ထဲမှအမျိုးသမီးကို တင်းကျပ်စွာဖက်ထားသော်လည်း သွေးများမှာ သူ၏လက်ထဲမှတစက်စက်ကျဆင်းနေပြီး မျဉ်းတစ်ကြောင်းလိုဖြစ်နေသည်။သူက အမျိုးသမီးကို နေရာလွတ်တွင်ညင်သာစွာချပေးလိုက်သည်။
"ခင်ဗျားတို့ထဲမှာ ဆရာဝန်ရှိလား...သူ့ကိုကယ်ကြပါဦး" နီရဲနေသောမျက်လုံးဖြင့်သူက ပတ်ဝန်းကျင်ကိုတောင်းပန်နေ၏။
လော်ယွမ်က ဒဏ်ရာရနေသောအမျိုးသမီးကို တစ်ချက်ကြည့်ပြီးနောက်မကြည့်ရက်တော့ဘဲ မျက်နှာလွှဲလိုက်သည်။
ထိုအမျိုးသမီးမှာ မျက်လုံးများမှိတ်ထားပြီး အသက်ရှူသံမှာ အလွန်နှေးကွေးနေ၏။ မျက်နှာမှာ လူသေကဲ့သို့ ဖြူဖျော့နေပြီး ရင်ဘတ်တွင်လက်သီးဆုပ်အရွယ်ဒဏ်ရာတစ်ခုမှာ ရှေ့နောက်ဖောက်ထွက်နေသည်။သူမကိုကယ်တင်ရန်မဖြစ်နိုင်တော့ကြောင်း ထင်ရှားလေသည်။
"ကျေးဇူးပြုပြီး သူ့ကိုကယ်ကြပါ...ကျွန်တော်ပိုက်ဆံပေးပါ့မယ်...မဟုတ်ဘူး...စားစရာပေးမယ်... ကျွန်တော့်အိမ်မှာ စားစရာနည်းနည်းရှိသေးတယ်...အကုန်လုံးပေးပါ့မယ်"သူကအကူအညီမဲ့စွာဖြင့်တစ်ယောက်ချင်းစီကို လိုက်ကြည့်နေသည်။
ပတ်ဝန်းကျင်မှလူများမှာ အကြည့်များကိုလွှဲလိုက်ကြသည်။
တစ်ဦးက မကြည့်ရက်စွာဖြင့် "ဒီလိုဒဏ်ရာမျိုးနဲ့...ခုနေဆေးရုံပို့ရင်တောင်...မမီလောက်တော့ဘူး...စိတ်ထိန်းပါဗျာ"
ထိုလူ၏ခန္ဓာကိုယ်မှာ တစ်ချက်တုန်သွားပြီး မျက်နှာပေါ်တွင် ပြင်းထန်သောဝမ်းနည်းမှုတစ်ခုဖြစ်ပေါ်လာ၏။ သူက သူမ၏မျက်နှာကိုကိုင်ကြည့်ချင်ဟန်ဖြင့်လက်ကို တစ်ဝက်တစ်ပျက်မြှောက်လိုက်သော်လည်း လက်မှာ တဆတ်ဆတ်တုန်နေသည်။သူမ၏တဖြည်းဖြည်းအေးစက်လာသောခန္ဓာကိုယ်ကိုခံစားမိသောအခါသူက ရှိုက်ကြီးတငင်ငင်ငိုကြွေးလေတော့သည်။
ဆက်ရန်...
အပိုင်း(၃၅)ကျည်ဆန်မိုး
"အုန်း"
ဒုံးကျည်အချို့မှာ အိမ်ရာတိုက်တန်းများ၏အပေါ်ဘက်ကောင်းကင်ယံတွင်ထပ်မံပေါက်ကွဲသွားသည်။
သူတို့၏ခေါင်းပေါ်မျက်နှာကျက်မှဖုန်မှုန့်များ တဖွဲဖွဲကျဆင်းလာပြီး မျက်နှာကျက်တွင်ပင်အက်ကွဲကြောင်းအချို့ပေါ်ထွက်လာ၏။
လူဆိုသည်မှာ ကြောက်လေလေ အတွေးလွန်လေလေဖြစ်ကြသည်။လူအများမှာ တွင်းထဲတွင်ပုန်းအောင်းနေသော တဆတ်ဆတ်တုန်နေသည့်ကြွက်များကဲ့သို့မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်မငြိမ်မသက်ဖြစ်နေကြပြီး အမျိုးသမီးအချို့နှင့်ကလေးငယ်များမှာ တအီအီဖြင့်ငိုကြွေးကြလေသည်။
မိမိတို့ကို မည်သို့သောကံကြမ္မာက စောင့်ကြိုနေမှန်း မည်သူမှမသိနိုင်ကြပေ။ နောက်တစ်ကြိမ်ဗုံးကျလျှင်ဤနေရာတွင်ကျရောက်ပြီး လူအားလုံး အသားစင်းကောကဲ့သို့တစ်စစီကြေမွသွားတာမျိုးလည်း ဖြစ်နိုင်သည်။
ဝမ်ရှီရှီက လော်ယွမ်၏ရင်ခွင်ထဲတွင် ကျုံ့ကျုံ့လေးရှိနေပြီး ခန္ဓာကိုယ်မှာ တက်သကဲ့သို့တုန်ယင်နေ၏။ လော်ယွမ်က သူမ၏ခေါင်းကိုပွတ်ပေးရင်း သက်ပြင်းချလိုက်သည်။ဤသို့သောအခြေအနေတွင်သူကိုယ်တိုင်ပင်လျှင်ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရတော့မည်။
ဤသို့သော ကံကိုပုံအပ်ထားရသည့်အခြေအနေမျိုးနှင့်နှိုင်းယှဉ်လျှင်လော်ယွမ်က တစ်ကယ့်တိုက်ပွဲတစ်ခုသာ ရေကုန်ရေခမ်းတိုက်ခိုက်လိုက်ချင်သည်။သို့မှသာ သေလျှင်ပင်အကြောင်းရင်းကိုသိရှိပြီး သေရကျိုးနပ်ပေမည်။
လူအုပ်ထဲတွင်မည်သူမှစကားမပြောဘဲ ကြောက်လန့်တကြားဖြင့်သံတံခါးကြားမှအပြင်ဘက်အခြေအနေကို သေချာစူးစိုက်ကြည့်နေကြသည်။ဤသို့ပြုလုပ်ခြင်းက သူတို့ကို အနည်းငယ်နှစ်သိမ့်ပေးနိုင်မည်ဟု ထင်နေကြပုံပင်။
အချိန်ကား တစ်မိနစ်ပြီး တစ်မိနစ်တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။
ဗုံးများမှာ ဤတိုက်၏အနီးအနားတွင်အကြိမ်ပေါင်းများစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိတ်လန့်တကြားအော်ဟစ်သံများကို ဖြစ်ပေါ်စေခဲ့သည်။
တုံဟူမြို့သည်ကျန်းနန်ပြည်နယ်၏ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးအရ ပထမအဆင့်မဟာဗျူဟာကျသောမြို့များထဲတွင်မပါဝင်သည့်တိုင်ဒုတိယအဆင့်တွင်တော့ပါဝင်၏။ မြို့တစ်မြို့လုံးတွင်တောင့်တင်းခိုင်မာသော ကြီးမားသည့်ဗုံးခိုကျင်းများစွာရှိသော်လည်း ထိုဗုံးခိုကျင်းများမှာ ယခုအချိန်တွင်ဘာမျှအသုံးမဝင်နိုင်ဖြစ်နေသည်။ဤစစ်ပွဲက အလွန်ရုတ်တရက်ဆန်လွန်းသောကြောင့်တုံဟူမြို့မှာ လုံးဝပြင်ဆင်ချိန်မရလိုက်ပေ။
အဘယ်ကြောင့်ဆိုသော်ယခုသူတို့ရင်ဆိုင်နေရသည့်ရန်သူမှာ လူသားများမဟုတ်သည့်အပြင်လှုပ်ရှားမှုအလွန်လျင်မြန်ပြီး လေကြောင်းစိုးမိုးမှုအားသာချက်လည်းရှိနေသည်။တုံဟူမြို့တစ်မြို့လုံး စစ်အမိန့်မထုတ်ပြန်နိုင်မီမှာပင်ရန်သူများက အတွင်းပိုင်းသို့နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။
မွန်းတည့်ချိန်နီးကပ်လာသည့်တိုင်တိုက်ပွဲမှာ ရပ်တန့်သွားမည့်လက္ခဏာ လုံးဝမတွေ့ရပေ။
တုံဟူမြို့သို့ရောက်ရှိလာသော ပိုးကောင်အုပ်မှာ အနည်းဆုံးသိန်းပေါင်းများစွာရှိပေမည်။ဤမျှကြီးမားသောပိုးကောင်အုပ်ကို အကုန်အစင်ရှင်းလင်းသုတ်သင်ရန်မှာ မည်မျှလွယ်ကူမည်နည်း။
ဒုံးကျည်များနှင့် ပေါက်အားပြင်းဗုံးများမှာ လေထဲတွင်ပေါက်ကွဲနေပြီး ပတ်ဝန်းကျင်တွင်ယမ်းညှော်နံ့များပင်စွဲထင်နေသည်။
ညနေစောင်း၍ အမှောင်ထုဖုံးလွှမ်းလာမှသာ ပေါက်ကွဲသံများ တဖြည်းဖြည်းရပ်တန့်သွားလေသည်။
ထိုအချိန်တွင်ပုန်းအောင်းနေသူများမှာ ဆာလောင်မွတ်သိပ်နေကြပြီး တစ်ကိုယ်လုံးဖုန်များဖြင့်လူးနေကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပြန်လာသော အလုပ်သမားများကဲ့သို့ဖြစ်နေသည်။
ခဏတာထပ်မံစောင့်ဆိုင်းပြီးနောက်တိုက်ပွဲ တကယ်ပြီးဆုံးသွားပြီဖြစ်ကြောင်း သေချာမှလူတွေတဖြည်းဖြည်းထွက်ခွာသွားကြသည်။
လော်ယွမ်တို့အဖွဲ့တံခါးဖွင့်ကာ အခန်းထဲသို့ပြန်ဝင်လိုက်သည်။သူက ဝရန်တာမှတစ်ဆင့်အပြင်ဘက်သို့လှမ်းကြည့်လိုက်၏။ထိုအခါမူလက အနည်းငယ်သက်ပြင်းချနိုင်ခဲ့သော လော်ယွမ်၏ခန္ဓာကိုယ်မှာ ရုတ်တရက်တောင့်တင်းသွားသည်ပြီး ဖုန်များလူးနေသောမျက်နှာမှာ ထုံကျင်နေကာ ခုလေးတင်ပြီးစီးသွားသော ပန်းပုရုပ်တစ်ရုပ်ကဲ့သို့ဖြစ်နေ၏။
ပိုးကောင်စိမ်း ဒါဇင်ပေါင်းများစွာက ကောင်းကင်တွင်ပျံဝဲနေပြီး မနက်ကမြင်ခဲ့ရသည်ထက်အတော်လေးကျဲပါးနေသည်။အကယ်၍ထိုအထဲတွင်ဧရာမသတ္တဝါကြီးအချို့ရောနှောမနေပါက လော်ယွမ်ဤမျှထိတ်လန့်နေမည်မဟုတ်ပေ။
ဤဧရာမသတ္တဝါကြီးများ၏အမြန်နှုန်းမှာ သာမန်ပိုးကောင်စိမ်းများထက်အဆများစွာသာလွန်ပြီး အဝေးရှိကောင်းကင်ယံတွင်အရှိန်ပြင်းစွာဖြင့် ဖြတ်သန်းသွားလာနေကြသည်။
ထို့အပြင်ယခုအချိန်တွင်ညအမှောင်ထုလုံးဝဖုံးလွှမ်းနေပြီဖြစ်သောကြောင့်ဤဧရာမသတ္တဝါကြီးများကို ညကောင်းကင်အောက်တွင်ဝိုးတဝါးသာမြင်နေရသည်။သို့သော်တစ်ကောင်သတ်ဖူးထားသော လော်ယွမ်မှာမူ ယင်းတို့က မည်သည့်အရာများဖြစ်သည်ကို ကောင်းကောင်းခွဲခြားနိုင်လေသည်။
အဝေးမှလေထဲတွင်တခါတရံ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံသဲ့သဲ့ထွက်ပေါ်လာသော်လည်း ညပိုနက်လာသည်နှင့်အမျှပေါက်ကွဲသည့်အကြိမ်နှုန်းမှာ တဖြည်းဖြည်းအားနည်းလာသည်။
တုံဟူမြို့၏ကောင်းကင်ယံတွင်အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းမည်မျှလှည့်လည်သွားလာနေသည်ကို သူမသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော်ယခုသူမြင်နေရသည်မှာ တုံဟူမြို့ကောင်းကင်၏တစိတ်တပိုင်းမျှသာဖြစ်သောကြောင့်ပင်။
သို့သော်အရေအတွက်မှာ မနည်းလှကြောင်းကိုမူ သေချာပေါက်ပြောနိုင်သည်။
"အဲ့တာ...ဟိုပိုကောင်စိမ်းကြီးတွေလား" ဟွမ်ကျားဟွေက သတိပြန်ဝင်လာပြီး ချောက်ကပ်ကပ်အသံဖြင့်မေးလိုက်သည်။
လော်ယွမ်က ခဏစဉ်းစားပြီးနောက်လေးနက်စွာခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို စစ်တပ်က..." ဟွမ်ကျားဟွေက ဆက်မေးသည်။
"၁ရက်၂ရက်နေရင်အဖြေသိရလိမ့်မယ်...လောလောဆယ်တော့ဆုတောင်းနေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး...နင်ထမင်းချက်ရင်သွားချက်လိုက်တော့"လော်ယွမ်က စကားဖြတ်ပြောလိုက်သည်။
ဟွမ်ကျားဟွေက အလျင်အမြန် "ဟုတ်"ဟုဖြေကာ ငြိမ်သက်နေသော ဝမ်ရှီရှီကိုဆွဲခေါ်ပြီး မီးဖိုချောင်ဘက်သို့လျှောက်သွားသည်။
လော်ယွမ်က ဝရန်တာရှေ့တွင်ရပ်မြဲတိုင်းရပ်နေပြီး အရှိန်ပြင်းစွာဖြတ်သန်းသွားလာနေသော အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းများကို ငေးမောကြည့်နေမိသည်။သူမြေပေါ်တွင်ဤသို့သောပိုးကောင်စိမ်းတစ်ကောင်ကို ကံကောင်းပြီးသတ်နိုင်ခဲ့သော်လည်း ၎င်း၏ပျံသန်းနှုန်းမှာ ဤမျှလျင်မြန်လိမ့်မည်ဟု တစ်ခါမျှမတွေးခဲ့ဖူးပေ။ အကယ်၍လက်ရှိမြင်နေရသည့်နှုန်းထက်အနည်းငယ်ပိုမြန်လျှင်အသံ၏အမြန်နှုန်းနား ရောက်ရှိသွားပေလိမ့်မည်။
ဤသို့သောအရှိန်မျိုးကို သာမန်လက်နက်များဖြင့်ချိန်ရွယ်ရန်မဖြစ်နိုင်ပေ။ ထို့အပြင် ၎င်း၏ကြောက်မက်ဖွယ်ကောင်းသောတိုက်ခိုက်နိုင်စွမ်းကိုပါထည့်ပေါင်းလိုက်လျှင်ဤတစ်ကြိမ်စစ်ဆင်ရေးတွင်စစ်တပ်၏ဆုံးရှုံးမှုမှာ မသေးငယ်လှကြောင်း လော်ယွမ်သေချာပေါက်ပြောနိုင်သည်။
စနစ်က ပိုးကောင်စိမ်းများကို နာမည်ပေးထားသည်ကို လော်ယွမ် ပြန်အမှတ်ရလိုက်သည်။ ၎င်းတို့မှာ သာမန်ပိုးကောင်စိမ်းနှင် အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းတို့ဖြစ်သည်။ ထိုအထက်တွင်နောက်ထပ်အဆင့်များရှိသေးသလားမသိနိုင်ပေ။ အကယ်၍သာ...
လော်ယွမ်က အတွေးကို အလျင်အမြန်ဖျောက်ပစ်လိုက်သည်။စစ်တပ်ရှုံးနိမ့်သွားနိုင်ခြေကို စဉ်းစားမိသည်နှင့်သူက ကြောရိုးထဲထိစိမ့်အောင်အေးစက်သွားသည်။
နောက်တစ်နေ့မိုးလင်းကာစတွင်လော်ယွမ်သည်အသံထက်မြန်သောတိုက်လေယာဉ်များ အရှိန်ပြင်းစွာပျံသန်းသွားသော အသံဗလံများကြောင့်လန့်နိုးလာသဖြင့်အလျင်အမြန်ထလိုက်သည်။ယခုတလော အိပ်စက်ချိန်တွင်သူအဝတ်အစားအပြည့်အစုံနှင့်အိပ်ပြီး မာကျောသောမြွေအကြေးခွံကျည်ကာလက်ပြတ်အင်္ကျီကိုပင်နေ့ရောညပါဝတ်ဆင်ထားသည်။
သူတံခါးဖွင့်ရန်ပြင်လိုက်ချိန်တွင်အပြင်ဘက်မှဟွမ်ကျားဟွေ၏ထိတ်လန့်နေသောအသံ ထွက်ပေါ်လာသည်။
"လော်ယွမ်...လော်ယွမ်...အမြန်ထတော့...သူတို့ပြန်စနေပြီ"
လော်ယွမ်က အခန်းတံခါးဖွင့်လိုက်ရာ ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့တံခါးဝတွင်စိုးရိမ်ထိတ်လန့်စွာဖြင့်ရပ်နေကြသည်ကိုတွေ့လိုက်ရ၏။ နှစ်ဦးလုံး၏မျက်နှာများမှာ ချောင်ကျနေပြီး မျက်ကွင်းညိုများပင်စွဲနေကာ ညကကောင်းကောင်းမအိပ်ခဲ့ရကြောင်း ထင်ရှားသည်။
လော်ယွမ်က ဝရန်တာသို့လျှောက်သွားရာ ငွေဖြူရောင်တိုက်လေယာဉ်အုပ်စုကြီးတစ်ခု အရှိန်ပြင်းစွာပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။အရေအတွက်မှာ အစီးတစ်ရာကျော်ခန့်ရှိပေမည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင်စူးရှသောလေကြောင်းရန်ကာကွယ်ရေးအချက်ပေးဥသြသံမှာလည်း တစ်မြို့လုံးအနှံ့ ပျံ့လွင့်လာသည်။
"အမြန်လာ...အောက်ထပ်ကိုသွားကြမယ်"လော်ယွမ်က ရုတ်တရက်သတိပြန်ဝင်လာပြီး အလျင်စလိုပြောလိုက်သည်။
စစ်တပ်က ဤတစ်ကြိမ်တွင်အင်အားအကုန်သုံးတော့မည်ဟု သူ၏စိတ်ထဲတွင်နိမိတ်ပြနေသည်။
ဟွမ်ကျားဟွေက ခေါင်းညိတ်ကာ ဝမ်ရှီရှီကို ပွေ့ချီလိုက်သည်။
"ခဏနေဦး...ငါစားစရာနည်းနည်းသွားယူလိုက်ဦးမယ်"လော်ယွမ်က မနေ့ကတစ်နေ့လုံးဗိုက်ဆာခဲ့ရသည်ကို သတိရလိုက်ပြီး ယနေ့တိုက်ပွဲအခြေအနေမှာလည်း ထိုအတိုင်းဆက်ဖြစ်နေနိုင်သည်ဟု တွေးလိုက်သည်။သိုလှောင်ခန်းထဲမှယခင်ကကုန်တိုက်တွင်ဝယ်ထားသော ပေါက်စီအသေးစားအိတ်တစ်လုံးကိုယူကာ ဖွင့်ပြီးနောက်အနံ့ခံကြည့်လိုက်သည်။ပုံမှန်မဟုတ်သောအနံ့မရှိသောကြောင့်တစ်ခါတည်းယူခဲ့လိုက်သည်။
လော်ယွမ်က တံခါးကိုပြန်ပိတ်လိုက်ပြီး သုံးဦးသား အောက်ဆုံးထပ်သို့အလျင်အမြန်လျှောက်သွားကြသည်။
ထိုအချိန်တွင်အောက်ဆုံးထပ်လှေကားရင်းတွင်လူအနည်းငယ်သာရှိသေးသော်လည်း တစ်မိနစ်မပြည့်မီမှာပင်သူတို့တိုက်ရှိနေထိုင်သူများက ထိတ်လန့်တကြားပြေးဆင်းလာကြသည်။
လော်ယွမ်က ဘေးပတ်ပတ်လည်ရှိ အက်ကွဲကြောင်းများပေါ်နေသောနံရံများကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ဤတိုက်မှာ အစိုးရ၏မြေသိမ်းမှုအတွက်လျော်ကြေးပေးသောတိုက်ခန်းဖြစ်သောကြောင့်တည်ဆောက်စဉ်က ကုန်ကျစရိတ်ကို အနိမ့်ဆုံးဖြင့်တွက်ချက်ထားရာ အရည်အသွေးမှာ လုံးဝစိတ်မချရပေ။ ဤတိုက်က စစ်ပွဲ၏ဒဏ်ကို ခံနိုင်ရည်ရှိမရှိ မည်သူမျှမသိနိုင်ပေ။ သို့သော်အဝေးမှလာသော အမြောက်သံများကြောင့်သူ၏အတွေးများ ပြတ်တောက်သွားသည်။
စစ်ပွဲမှာ အစကတည်းကပင်စစ်တပ်၏ခိုင်မာသောဆုံးဖြတ်ချက်ကို ပြသနေသည်။
သံတံခါးကြားမှတစ်ဆင့်အဝေးကောင်းကင်ယံတွင်မီးတိမ်တိုက်ကြီးလိပ်တက်နေပြီး မြောက်မြားစွာသောအမြောက်ဆံများမှာ အသုတ်လိုက်တိုးဝင်လာကာ လေထဲတွင်မျက်စိဖြင့်မြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့်ပေါက်ကွဲမှုလှိုင်းများ ဖြစ်ပေါ်နေကြသည်။ အဝေးမှအထပ်ငါးဆယ်ခြောက်ဆယ်မြင့်သော အထပ်မြင့်အဆောက်အအုံအချို့မှာ ဒုံးကျည်ပေါက်ကွဲလှိုင်းများ အဆက်မပြတ်ထိမှန်နေပြီး ဖုန်မှုန့်များကြွေကျကာ အပေါက်များ ဖြစ်သွားကြသည်။
သို့သော် ၎င်းတို့၏ဇာတ်လမ်းမှာ ထိုမျှသာဖြစ်၏။တစ်မိနစ်အကြာတွင်ကျည်ဆန်မိုးများ တဖြည်းဖြည်းနီးကပ်လာပြီး အထူးသဖြင့်ဒုံးကျည်တစ်စင်း တိုက်အနီးတွင်ပေါက်ကွဲသွားသောအခါတိုက်တစ်လုံးလုံးမှာ ကျိုးပဲ့သွားသော လီဂိုအရုပ်တုံးများကဲ့သို့ဝုန်းခနဲပြိုကျသွားတော့သည်။
ထိုမြင်ကွင်းက သာမန်အချိန်မှာသာဆိုလျှင်လူတို့၏စိတ်နှလုံးကို တုန်လှုပ်စေနိုင်မည်မှာသေချာသည်။သို့သော်ယခုလိုအချိန်မျိုးတွင်တော့လူအုပ်ကြီးမှာ ဘာခံစားချက်မှမရှိတော့ပေ။ အားလုံးမှာ ကြောင်တောင်တောင်ဖြစ်နေပြီး ခံစားချက်မရှိသောမျက်နှာထားများဖြင့်ကျောက်ရုပ်များလို ရပ်ကြည့်နေကြသည်။
ကြောက်လန့်မှုလွန်ကဲသွားသောအခါထုံကျင်မှုသာ ကျန်ရစ်တော့သည့်သဘောပင်တည်း။
ကျည်ဆန်မိုးက သူတို့တိုက်ခန်းဆီသို့ တဖြည်းဖြည်းနီးကပ်လာသည်။နားစည်များ၏တုန်ခါမှုမှာ ပို၍ပြင်းထန်လာပြီး ယမ်းပေါက်ကွဲသံမှာ မရပ်မနားလျှပ်စီးပြက်သံများကဲ့သို့ဖြစ်နေသည်။
လော်ယွမ်က အန္တရာယ်အငွေ့အသက်ကို ပြင်းပြင်းထန်ထန်အနံ့ခံမိလိုက်၏။
သူက ဤနေရာတွင်ပုန်းအောင်းနေခြင်းမှာ အလွန်စိတ်မချရသောအရာဖြစ်သည်ဟု ခံစားလိုက်ရသည်။မနေ့ကသူတို့လွတ်မြောက်နိုင်ခဲ့သော်လည်း ယနေ့လွတ်မြောက်နိုင်မည်ဟု မဆိုနိုင်ပေ။ ဤမျှပြင်းထန်သောဗုံးကြဲမှုတွင်ဒုံးကျည်များအားလုံး လေထဲတွင်သာပေါက်ကွဲပြီး ဘာမတော်တဆမှုမှမရှိခဲ့လျှင်တောင်ဤသို့သော ကြံ့ခိုင်မှုအားနည်းသည့်လူနေအဆောက်အအုံများက အချိန်မရွေးပြိုကျသွားနိုင်သည်သာပင်။
သူက မျက်နှာကျက်ရှိ ကန့်လန့်ဖြတ်အက်ကွဲကြောင်းများနှင့် တဖွဲဖွဲကျနေသောဖုန်မှုန့်များကိုကြည့်ရင်း ဆုံးဖြတ်ချက်ကို ပို၍ခိုင်မာစွာချလိုက်သည်။
"ဒီနေရာကစိတ်မချရတော့ဘူး...ငါနဲ့လိုက်ခဲ့"လော်ယွမ်က ကြောင်ငေးနေသော ဟွမ်ကျားဟွေကိုဆွဲလိုက်သည်။
"ဘယ်ကိုသွားမှာလဲ"
ထိုအချိန်တွင်လော်ယွမ်၏အတွေးများက အလွန်မြန်ဆန်နေသည်။ "မြေအောက်ကားပါကင်ကိုသွားမယ်...ဒီနေရာနဲ့သိပ်မဝေးဘူး...နင်ဝမ်ရှီရှီကိုချီခဲ့...အမြန်လုပ်မဟုတ်ရင်နောက်ကျသွားမယ်"
"ဦးလေး...သမီး အန်တီ့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး...သမီးဘာသာလမ်းလျှောက်မယ်"ဝမ်ရှီရှီက လော်ယွမ်ကိုမော့ကြည့်ရင်း ခေါင်းမာစွာပြောလိုက်သည်။
လော်ယွမ်က နုနယ်သောမျက်နှာလေးနှင့် ကျောင်းသွား ဆော့ကစားပြီး အပူပင်သောကကင်းမဲ့စွာနေထိုင်သင့်သော်လည်း ယခုလို ကြမ်းတမ်းသောပတ်ဝန်းကျင်ကြောင့် ရှင်သန်ရေးဒဿနကို နားလည်နေပြီဖြစ်သော ဝမ်ရှီရှီကိုကြည့်ရင်း လေးလံစွာခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ...အမဟွမ်သူ့ကိုကြည့်ထားလိုက်"
"မင်းတို့ကားပါကင်ကိုသွားမလို့လား" ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ရုတ်တရက်ပြောလိုက်သည်။
"ကျွန်တော့်အထင်ဒီတိုက်က ကြာကြာခံမှာမဟုတ်ဘူး...ခင်ဗျားတို့လည်းသွားချင်ရင် ကျွန်တော်နဲ့လိုက်ခဲ့"
အားလုံး၏အကြည့်များမှာ သူတို့ထံသို့စုစည်းရောက်ရှိလာသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားသာမကဘဲ သူတို့စကားပြောသံကြားသော ပတ်ဝန်းကျင်မှလူများ၏မျက်နှာတွင်ပါစိုးရိမ်ပူပမ်မှုများနှင့်အတူ ချီတုံချီတုံဖြစ်သွားကြသည်။ဤနေရာမလုံခြုံကြောင်း သူတို့လည်း သိကြသည်။သို့သော်ကားပါကင်သို့သွားရာလမ်းတွင်ဖြစ်စေ ကားပါကင်တွင်ဖြစ်စေ အန္တရာယ်ကင်းမည်မဟုတ်ချေ။ပိုးကောင်စိမ်းများနှင့် လမ်းတွင်ပဲကြုံရမလား ကားပါကင်မှာပဲ ကြုံရမလား မည်သူမျှမပြောနိုင်ကြပေ။
လော်ယွမ်က အားလုံးကိုတစ်ချက်ကြည့်လိုက်သည်။
"ကျွန်တော်တို့သွားတော့မယ်...လိုက်ချင်တဲ့သူရှိလား" လော်ယွမ်က ထပ်မံမေးမြန်းလိုက်သည်။ဤသည်မှာ သူတတ်နိုင်သမျှကူညီခြင်းပင်ဖြစ်သည်။
လူတိုင်းက မိမိကိုယ်ကိုကံကောင်းလိမ့်မည်ဟုထင်သောစိတ်ရှိကြသည်။နောင်တွင်ဖြစ်လာနိုင်သောအန္တရာယ်နှင့်ချက်ချင်းရင်ဆိုင်ရမည့်အန္တရာယ်နှစ်ခုကိုရွေးရမည်ဆိုလျှင်အများစုမှာ ပထမတစ်ခုကိုသာရွေးချယ်လေ့ရှိသည်။သူထပ်မံတိုက်တွန်းလျှင်လည်း အသုံးမဝင်ပေ။ နောက်ဆုံးတွင်လော်ယွမ်နှင့်အတူလိုက်ရန်ဆုံးဖြတ်သူမှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးသာရှိပြီး ထိုအထဲတွင်မနေ့က ဇနီးသေသွားသည့်မျက်မှန်သမားလည်းပါဝင်သည်။
သူတို့ကိုယုံကြည်ချက်ပေးထားသော အရာမှာ ဟွမ်ကျားဟွေ၏ Type-၉၅ ရိုင်ဖယ်ပင်ဖြစ်သည်။
လော်ယွမ်က သံတံခါးကိုဖွင့်လိုက်ပြီး ခုနစ်ဦးသား တန်းစီထွက်ခွာသွားကြပြီးနောက်တံခါးကို အမြန်ပြန်ပိတ်လိုက်သည်။
သူက အတွင်းမှကျန်ခဲ့သော အမျိုးမျိုးသောအမူအရာများနှင့် လူများကို လှည့်ကြည့်ပြီး အသက်ကိုပြင်းပြင်းရှူကာ အပြင်ဘက်သို့ပြေးထွက်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၃၆)မျက်စိတစ်ဆုံးအပျက်အစီးများသာ
စစ်ပွဲ၏ဖျက်ဆီးခြင်းအငွေ့အသက်များကြောင့်ပိုးကောင်စိမ်းများမှာ ကပ်ဘေးကြီးဆိုက်ရောက်တော့မည်ကို ခံစားမိနေကြသည်။မြောက်မြားစွာသောပိုးကောင်စိမ်းများမှာ ကောင်းကင်ယံတွင်တဝီဝီပျံဝဲရင်း အလွန်စိတ်မရှည်ဖြစ်နေကြသည်။
သူ ပထမဆုံးသတိပြုမိလိုက်သည်မှာ အလွန်ကြီးမားသော အရိပ်ကြီးတစ်ခုဖြစ်သည်။အကွာအဝေးမှာ အလွန်နီးကပ်သောကြောင့် ၎င်း၏ပုံရိပ်ကို သာမန်မျက်စိဖြင့်ခြုံငုံမိရန်ပင်မဖြစ်နိုင်ဘဲ လျှပ်တစ်ပြက်အတွင်းဖြတ်သန်းသွားရာမှကျန်ခဲ့သည့်အရိပ်ကိုသာ မြင်လိုက်ရသည်။
သူက နောက်ပြန်လှည့်ပြေးချင်စိတ်ပင်ပေါက်သွား၏။
ကံကောင်းသည်မှာ ဤဧရာမသတ္တဝါကြီးက အဝေးမှဆူညံသံများကြောင့်ရူးသွပ်နေပြီး သူ၏အစာများ အနီးအနားမှပေါ်ပေါ်ထင်ထင်ဖြတ်သန်းသွားခြင်းကို ဂရုမစိုက်အားပေ။
လော်ယွမ်သည်ညာဘက်လက်ဖြင့်ဓားရိုးကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီး မျက်နှာမှာသတိကြီးစွာဖြင့်ရှိနေသည်။တစ်ဖက်မှလည်း ခြေလှမ်းမရပ်ဘဲ မြေအောက်ကားပါကင်သို့အလျင်အမြန်ပြေးသွားသည်။ကားပါကင်မှာ ကျင်းယွဲ့အိမ်ရာ၏ အဝင်အဝတွင်တည်ရှိပြီး ဤနေရာမှမီတာရာပေါင်းများစွာသာကွာဝေးသော်လည်း ယခုအခါဤလမ်းခရီးမှာ အလွန်ပင်အလှမ်းဝေးကွာနေသကဲ့သို့ထင်ရသည်။
ဝမ်ရှီရှီမှာ အစပိုင်းတွင်အလွယ်တကူ လိုက်နိုင်သော်လည်း အားလုံးကအလိုလိုအရှိန်တင်လိုက်သောအခါသူမတဖြည်းဖြည်းနှင့် မလိုက်နိုင်တော့ပေ။ သူမ၏ခြေလှမ်းများမှာ ပို၍လေးလံလာပြီး မျက်နှာမှာလည်း သွေးရောင်ကင်းမဲ့လာသည်။သူမက အရွယ်မရောက်သေးသည့်အပြင် ခန္ဓာကိုယ်၌အသားဟူ၍မယ်မယ်ရရမရှိပဲ လေတိုက်လျှင်ပင်လဲကျနိုင်သော ခလေးမလေးတစ်ယောက်ဖြစ်ရာ လူကြီးများနှင့်နှိုင်းယှဉ်လျှင်အမြန်နှုန်းရော ခံနိုင်ရည်ရော အလွန်ကွာခြားလှသည်။
သို့သော်သူမက အံတင်းတင်းကြိတ်ပြီး အသံမထွက်ဘဲ အစွမ်းကုန်လိုက်ပါနေသည်။
နှစ်မိနစ်ခန့်ပြေးပြီးနောက်သူတို့အဖွဲ့က နောက်ဆုံးတွင်မြေအောက်ကားပါကင်သို့ရောက်ရှိလာကြသည်။ကားပါကင်ထဲတွင်ကားများပြည့်ကျပ်နေပြီး ထိုကားများက ဖုန်များဖြင့်ဖုံးလွှမ်းနေကာ အမှိုက်များကဲ့သို့ပိုင်ရှင်များက စွန့်ပစ်ထားခဲ့ကြခြင်းဖြစ်သည်။လော်ယွမ်က နေရာအနှံ့တစ်ချက်ကြည့်ရှုပြီးနောက်အတွင်း၌ခိုအောင်းနေသော ပိုးကောင်စိမ်းအချို့ကို အလွယ်တကူရှင်းလင်းလိုက်သည်။အားလုံးက နောက်ဆုံးတွင်သက်ပြင်းချနိုင်သွားပြီး ဖုန်များပေကျံနေသည်ကိုပင်ဂရုမစိုက်ဘဲ ကြမ်းပြင်ပေါ်တွင်ထိုင်ချကာ အမောဖြေကြတော့သည်။
လူခုနစ်ယောက်ထဲတွင်လော်ယွမ်တို့သုံးဦးအပြင်ငယ်ရွယ်သောစုံတွဲတစ်တွဲလည်းပါဝင်သည်။သူတို့က ချစ်ကာစစုံတွဲဖြစ်ကြောင်း ထင်ရှား၏။ ထိုင်ချလိုက်သည်နှင့်တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ကာ နှစ်သိမ့်နေကြပြီး ဘေးတွင်မည်သူမှမရှိသကဲ့သို့ နှစ်ကိုယ်တည်း တစ်ကမ္ဘာဖန်တီးနေကြသည်။ကျန်နှစ်ဦးမှာမူ ဗိုက်ရွှဲနေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးနှင့် မျက်မှန်သမားပင်ဖြစ်သည်။
"အကို့နာမည်ကချန်ကော့ဟွာ...ငါ့ညီနာမည်ကရော" သက်လတ်ပိုင်းအရွယ်အမျိုးသားက လော်ယွမ်ရှိရာဘက်သို့ဖင်ရွှေ့ထိုင်ကာ ခင်မင်ရင်းနှီးဟန်ဖြင့်မေးလိုက်သည်။
"ကျွန်တော့်မျိုးရိုးကလော်"
သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ လော်ယွမ်၏အေးစက်စက်တုံ့ပြန်မှုကို လုံးဝဂရုမစိုက်ဘဲ ဆက်ပြော၏။ "ညီလေးလော်အရင်က လေ့ကျင့်ဖူးတယ်ထင်တယ်...မင်းရဲ့လက်ရေက တော်တော်ကောင်းတယ်...ဒီလိုမှန်းသိရင်အကိုလည်း လေ့ကျင့်ထားပါတယ်"
"အင်း" လော်ယွမ်က အသာအယာပြုံးလိုက်ပြီး ဘာမှမပြောပေ။
"ဟူး...အနာဂတ်မှာဘာဆက်ဖြစ်မလဲတောင်မသိတော့ဘူး...ဒီစစ်ပွဲကြီးပြီးရင်တုံဟူမြို့ကို အစိုးရကစွန့်ပစ်လိုက်လောက်တယ်"ချန်ကော့ဟွာက သက်ပြင်းချရင်းပြောသည်။
"အစိုးရကမြို့ကိုပြန်တည်ဆောက်ပေးမှာပါ...ဟုတ်တယ်မလား" ဟွမ်ကျားဟွေက နှုတ်ခမ်းစူပြီး မယုံကြည်ဟန်ဖြင့်ပြောလိုက်သည်။
"ဟဟ...ပြန်ဆောက်မယ်ဟုတ်လား? ဒီမြို့ကြီးပြန်ဆောက်ဖို့ဘယ်လောက်ကုန်မလဲသိလား...ငါ့အထင်တော့တစ်မြို့လုံးကလူတွေကိုပဲ တစ်ခြားမြို့ကိုရေွှ့ပြောင်းခိုင်းလောက်တယ်"ချန်ကော့ဟွာက အလွန်ယုံကြည်ချက်ရှိစွာဖြင့်ပြောလိုက်သည်။
လော်ယွမ်၏မျက်နှာမှာလည်း အနည်းငယ်ပြောင်းလဲသွားသည်။ယခုအခါလောင်စာဆီများမှာ အရေးကြီးသောမဟာဗျူဟာမြောက်အရင်းအမြစ်အဖြစ်သတ်မှတ်ခံထားရပြီး လျှပ်စစ်မီးမှာလည်း ရှားပါးနေကာ သယ်ယူပို့ဆောင်ရေးပြဿနာလည်းရှိနေသေးသည်။ မြို့တစ်မြို့ကိုပြန်လည်တည်ဆောက်ခြင်းမှာ အလွန်ကြီးမားသောစီမံကိန်းတစ်ခုဖြစ်ပေလိမ့်မည်။
ချန်ကော့ဟွာက အနည်းငယ်ဝင့်ကြွားဟန်ဖြင့် "ငါ့သိသလောက်ဆို ကုန်ဈေးနှုန်းတွေအရမ်းတက်လာလိမ့်မယ်...နောက်ဆိုပိုက်ဆံမရှိရင်ငတ်သေရုံပဲရှိတော့မှာ...အော်ဒါနဲ့ငါ့ညီရဲ့ဓားကိုခဏ ကြည့်လို့ရမလား"
လော်ယွမ်က သူ့ကိုရုတ်တရက်စူးစိုက်ကြည့်လိုက်ပြီး ငြင်းဆိုလိုက်သည်။ "မရဘူး"
လော်ယွမ်က ဤမျှပြတ်သားစွာငြင်းဆိုလိမ့်မည်ဟု သက်လတ်ပိုင်းအရွယ်အမျိုးသားလည်း မထင်ထားခဲ့ပေ။ သူ၏မျက်နှာမှာ ကြောင်သွားပြီးနောက်ယုံကြည်ချက်ရှိစွာဖြင့် ပြန်ပြုံးလိုက်သည်။ "အဲ့လောက်အမြန်မငြင်းပါနဲ့ကွ...ငါအဲ့ဓားအတွက်မင်းကျေနပ်တဲ့ဈေးပေးနိုင်တယ်...မင်းအသက်ရှင်ဖို့လုံလောက်စေရမယ်...အဲ့ဓားကိုငါအရမ်းစိတ်ဝင်စားလို့"
လော်ယွမ်က ငတုံးတစ်ယောက်ကိုကြည့်သော အကြည့်ဖြင့်သူ့ကိုအထက်အောက်တစ်ချက်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ" သက်လတ်ပိုင်းအရွယ်အမျိုးသားက နားမလည်စွာဆိုသည်။
"ဘာမှမဟုတ်ဘူး...ခင်ဗျားဘယ်လောက်ပေးနိုင်လဲ" ရက်ပေါင်းများစွာ စိတ်ဖိစီးမှုကိုခံစားခဲ့ရသော လော်ယွမ်မှာ ရုတ်တရက် အနည်းငယ်စိတ်ဝင်စားမိသွား၏။
သက်လတ်ပိုင်းအရွယ်အမျိုးသားက စိတ်အားတက်ကြွသွားသည်။သူခင်မင်ရင်းနှီးအောင်လုပ်ပြီး လေကုန်ခံခဲ့ရသည်မှာ ဤဓားကိုဝယ်ရန်ပင်မဟုတ်လော။ သူက ဤဓား၏ထက်မြက်မှုဖြင့်ပိုးကောင်စိမ်းများကို လွယ်ကူစွာခုတ်ပိုင်းနေသည်ကို မြင်ခဲ့ရပြီးဖြစ်သဖြင့် ၎င်းက ရတနာတစ်ခုဖြစ်ကြောင်း သေချာသည်။
ယခုလိုခေတ်ပျက်ကြီး၌ မိမိကိုယ်ကို ကာကွယ်ရန်လက်နက်မရှိလျှင်လုံခြုံမှုမရှိပေ။ စစ်တပ်ရော ရဲတပ်ဖွဲ့ရော မယုံကြည်ရသည့်အချိန်တွင်မိမိကိုယ်ကိုသာ အားကိုးရပေတော့မည်။အကောင်းဆုံးမှာ ရိုင်ဖယ်ဖြစ်သော်လည်း သူမမေးရဲပေ။ သူထင်မြင်ချက်အရ ဤရိုင်ဖယ်မှာ သူတို့၏အသက်နှင့်လဲမရသောပစ္စည်းဖြစ်ပြီး လုံးဝရောင်းမည်မဟုတ်ပေ။ ဓားက အခွင့်အရေးပိုများသည်။
သူခဏစဉ်းစားပြီးနောက်ဈေးတစ်ခုကိုခန့်မှန်းကာ သဘောထားကြီးစွာဖြင့်ပြောလိုက်သည်။ "ယွမ်ငါးသိန်း"
"ခစ်"ဘေးတွင်ထိုင်နေသော ဟွမ်ကျားဟွေမှာ မရယ်မိဘဲမနေနိုင်တော့ပေ။
"သူဌေးတွေနေတယ်လို့နာမည်ကြီးတဲ့ကျင်းယွဲ့အိမ်ယာမှာ တစ်ကယ်ချမ်းသာတဲ့သူက သိပ်မရှိတဲ့ပုံပဲ" လော်ယွမ်က စိတ်ထဲတွင်သက်ပြင်းချလိုက်သည်။
အချောအလှလေးတစ်ယောက်က လှောင်ရယ်သည်ကိုခံလိုက်ရသောကြောင့်သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ မျက်နှာပူသွားပြီး မျက်နှာမည်းနက်စွာဖြင့် "ဒါဆို ယွမ်တစ်သန်းဘယ်လိုလဲ"
"တစ်သန်းနဲ့ဆန်ဘယ်နှစ်ပြည်ဝယ်လို့ရမှာလဲ...ရှင်က အခုခေတ်ကို အရင်တုန်းကလိုထင်နေတာလား...၁၀သန်းဆိုရင်တောင် နည်းနည်းဖြစ်နိုင်သေးတယ်"ဟွမ်ကျားဟွေက အထင်သသေးဖြင့်ဝင်ပြောလိုက်သည်။
"မင်းတို့ဒါဓားပြတိုက်နေတာပဲ" သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး စိတ်ထဲမှကျိန်ဆဲလိုက်သော်လည်း တကယ်တမ်းမလေးမစားမပြောရဲပေ။ ထိုအလှလေး၏လက်ထဲတွင်သေနတ်ကိုင်ထားသည်မဟုတ်ပါလား။
အမှန်တော့ယခုအခါငွေကြေးဖောင်းပွမှုမှာ အလွန်ပြင်းထန်နေပြီဖြစ်သည်။ယွမ်တစ်သန်း၏ဝယ်ယူနိုင်စွမ်းမှာ ယခင်က ယွမ်တစ်သိန်းမျှပင်တန်ဖိုးမရှိတော့ပဲ ပစ္စည်းအများစုမှာ ပိုက်ဆံရှိလျှင်ပင်ဝယ်မရဘဲ စားနပ်ရိက္ခာဖြင့်သာ ဖလှယ်နိုင်တော့သည်။ယွမ်တစ်သိန်းတန်ဖိုးဖြင့်လော်ယွမ်၏ဓားကိုဝယ်လိုလျှင်အဆတစ်ရာမြှောက်မှသာ အနည်းငယ်နီးစပ်မည်ဖြစ်သည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ အလွန်ဒေါသထွက်သွားပြီး မျက်မှန်သမားကဲ့သို့တိတ်ဆိတ်စွာထိုင်နေတော့သည်။ကားပါကင်တွင်ကျန်ရှိနေသည်မှာ အချစ်နလန်ထနေသောစုံတွဲတစ်တွဲသာဖြစ်သည်။
ကျည်ဆန်မိုးမှာ တဖြည်းဖြည်းနီးကပ်လာပြီး မြေပြင်မှာပင်အနည်းငယ်တုန်ခါလာသည်။
ရုတ်တရက်လော်ယွမ်၏စိတ်ထဲတွင်အကြောင်းမဲ့တုန်လှုပ်သွားသည်။သူ့စိတ်ထဲတွင်ထိတ်ကနဲဖြစ်သွားပြီး ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီကို အလျင်အမြန်တွန်းလှဲလိုက်သည်။ဘာမျှမပြောနိုင်ခင်မှာပင်ခေါင်းပေါ်မှအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။
"အုန်း"
ထိုစဉ်ဒုံးကျည်တစ်စင်းမှာ အိမ်ရာ၏အပေါ်ဘက်ကောင်းကင်ယံတွင် ပြင်းထန်စွာပေါက်ကွဲသွားသည်။
လူတိုင်း၏နားများမှာ အူသွားကြပြီး ပတ်ဝန်းကျင်မှာ ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားသည်။
စုံတွဲထဲမှအမျိုးသမီးမှာ ရုတ်တရက်နားကိုစမ်းကြည့်လိုက်ရာ စေးကပ်ကပ်ဖြစ်နေသည်ကိုခံစားလိုက်ရသဖြင့်ငုံ့ကြည့်လိုက်သောအခါလက်ထဲတွင်သွေးများအပြည့်ဖြစ်နေသည်။သူမတစ်ချက်ကြောင်သွားပြီး ရင်ထဲတွင်ထိတ်လန့်သွားကာ အကျယ်ကြီးအော်ဟစ်လိုက်သော်လည်း မိမိအသံကိုလုံးဝမကြားရတော့ပေ။
သူမထရပ်ရန်ကြိုးစားသော်လည်း သူမ၏ချစ်သူက တင်းကျပ်စွာဖက်ထားလေသည်။သူမက မခံနိုင်တော့ဘဲ ချုံးပွဲချငိုချလိုက်တော့သည်။
"အုန်း အုန်း အုန်း"
ဒုံးကျည်များမှာ တစ်စင်းပြီးတစ်စင်းပေါက်ကွဲနေပြီး မြေအောက်ကားပါကင်တစ်ခုလုံးမှာ အပူလှိုင်းများဖြင့်လိပ်တက်နေသည်။လေထုထဲရှိအပူချိန်မှာ ၄၀-၅၀ ဒီဂရီအထိမြင့်တက်လာပြီး ပြင်းထန်သောပေါက်ကွဲမှုများကြောင့် သူတို့၏အထက်ကောင်းကင်ရှိ အောက်ဆီဂျင်များ အလွန်အကျွံကုန်ခမ်းသွားရာ အောက်ဆီဂျင်မှာ လျင်မြန်စွာလျော့ကျသွားသဖြင့်အသက်ရှူကျပ်သလိုခံစားရစေသည်။
ကံကောင်းသည်မှာ ခေါင်းပေါ်တွင်ကျရောက်သောပေါက်ကွဲမှုမှာ စက္ကန့်သုံးဆယ်ခန့်သာကြာပြီး ရှေ့သို့ဆက်လက်ရွေ့လျားသွားခြင်းပင်။
လော်ယွမ်က ခဏမှောက်နေပြီးနောက်ပေါက်ကွဲသံများတဖြည်းဖြည်းအဝေးသို့ရောက်သွားမှသာ ဝမ်ရှီရှီနှင့်ဟွမ်ကျားဟွေတို့ကိုယ်ပေါ်မှထရပ်လိုက်သည်။ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့လည်း ပြန်လူးလဲထလာကြသည်။ ဝမ်ရှီရှီ၏မျက်နှာမှာ နီရဲနေပြီး မည်သည့်အရာကိုစဉ်းစားနေသည်မသိပေ။
"သွားစို့...အပြင်ထွက်ကြည့်ရအောင်"လော်ယွမ်က ခပ်တိုးတိုးဆိုလိုက်သည်။
"အင်း" ဟွမ်ကျားဟွေကပြန်ဖြေပြီး သူ၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ကားပါကင်၏ထွက်ပေါက်သို့လျှောက်သွားသည်။
အခြားလူများက ထိုမြင်ကွင်းကိုမြင်သောအခါနောက်သို့လိုက်ပါသွားကြသည်။
ကားပါကင်ဝင်ပေါက်မှာ အနည်းငယ်ပြိုကျနေပြီး မြေပြင်တွင်နေရာအနှံ့ ကျောက်ခဲများပြန့်ကျဲနေသည်။အပါးဆုံးအစွန်းပိုင်းများမှာ ကွဲအက်နေပြီး အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေသည်။
လော်ယွမ်က ဝင်ပေါက်ကိုတစ်ချက်ကြည့်ရင်း စိတ်ထဲတွင်အနည်းငယ်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။အကယ်၍တကယ်တမ်း ကြီးကြီးမားမားပြိုကျခဲ့ပါက နောက်ဆက်တွဲအကျိုးဆက်မှာ စဉ်းစား၍ပင်မရနိုင်ပေ။
သူတို့အဖွဲ့ဝင်ပေါက်မှထွက်လာပြီး အိမ်ရာကိုကြည့်လိုက်သောအခါကျောက်ရုပ်များကဲ့သို့မလှုပ်မယှက်ဖြစ်သွားကြသည်။
အိမ်ရာတစ်ခုလုံး မျက်စိတစ်ဆုံး အပျက်အစီးများဖြင့် ပြည့်နေသည်။တိုက်အားလုံးမှာ အချိန်မရွေးပြိုကျနိုင်သည့်အနေအထားဖြစ်နေပြီး တိုက်အချို့မှာမူ လုံးဝပြိုကျသွားပြီဖြစ်သည်။လော်ယွမ်၏မျက်နှာမှာ ဖြူဖျော့နေသည်။ သူသတိပြန်ဝင်လာပြီး မိမိနေထိုင်သောတိုက်ဘက်သို့အလျင်အမြန်လျှောက်သွားသည်။လမ်းထောင့်ကိုကွေ့လိုက်သည်နှင့်သူနေထိုင်သော ၁၃ ထပ်တိုက်ကို တွေ့လိုက်ရသည်။
ကြီးမားသောအက်ကွဲကြောင်းတစ်ခုမှာ ခြောက်လွှာမှတစ်လွှာအထိ တိုက်ရိုက်ဆင်းသွားပြီး ဘေးနံရံက လုံးဝကွာကျနေကာ အချို့တိုက်ခန်းများ၏အတွင်းပိုင်းအလှဆင်မှုများကိုပင် မြင်နေရသည်။
ဤတိုက်မှာ ပြိုလဲခါနီးဖြစ်နေသောကြောင့် နေထိုင်ရန်မဖြစ်နိုင်တော့သော်လည်း လော်ယွမ်မှာမူ သက်ပြင်းချနိုင်သွားပြီး မျက်နှာမှာအနည်းငယ်ကောင်းမွန်လာသည်။
သူက အခန်းထဲတွင်ပစ္စည်းများစွာသိုလှောင်ထားပြီး ယခုတန်ဖိုးအရဆိုလျှင် ကြီးမားသောငွေပမာဏတစ်ခုဟု သတ်မှတ်နိုင်သည်။
လူအများစုမှာ ၁၃ ထပ်တိုက်တွင်နေထိုင်သူများဖြစ်ပြီး ထိုမြင်ကွင်းကိုမြင်သောအခါမျက်နှာတွင်ဝမ်းသာအားရသောအမူအရာများပေါ်လာကြသည်။
သူတို့က့ခြေလှမ်းများကိုအရှိန်မြှင့်ကာ ၁၃ ထပ်တိုက်၏အောက်ဆုံးထပ်ရှေ့သို့လျှောက်သွားကြသည်။အောက်ဆုံးထပ်သံတံခါးမှာ တင်းကျပ်စွာပိတ်ထားပြီး ဘာလှုပ်ရှားမှုမှမရှိပေ။
လော်ယွမ်၏စိတ်ထဲတွင်ထိတ်ခနဲဖြစ်သွားပြီး သူကခြေလှမ်းကို နှေးလိုက်သည်။
ချန်ကော့ဟွာက ရှေ့သို့ခြေလှမ်းကျဲကြီးဖြင့်လျှောက်သွားပြီး တံခါးကိုအားကုန်ထုလိုက်သော်လည်း မည်သူမှပြန်မဖြေပေ။ သူကမကျေမနပ်ရေရွတ်လိုက်ပြီး အိတ်ကပ်ထဲမှသော့ကိုထုတ်ကာ သံတံခါးကိုဖွင့်လိုက်သည်။
နောက်တစ်ခဏတွင်သူ၏မျက်နှာမှာ ရုတ်တရက်ဖြူဖျော့သွားပြီး သရဲမြင်သကဲ့သို့အလျင်စလိုနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရာ ခြေမခိုင်ပဲ ဝုန်းခနဲလဲကျသွားတော့သည်။
"သေကုန်ပြီ...အကုန်သေကုန်ပြီ" သူခပ်တိုးတိုးရေရွတ်နေသည်။
ကျန်လူများက သံတံခါးကြီးမှတစ်ဆင့်အတွင်းသို့ကြည့်လိုက်ကြသည်။တံခါးဝရှိခန်းမကျယ်ကြီးတွင်အလောင်းဒါဇင်ပေါင်းများစွာ ကန့်လန့်ဖြတ်လဲလျောင်းနေကြသည်။ထိုအလောင်းများ၏မျက်နှာမှာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး မျက်စိ၊နား၊နှခေါင်းတို့မှ သွေးများစီးကျနေသည်။ဒုံးကျည်ပေါက်ကွဲမှုကြောင့် ပြင်းထန်သောကြိမ်နှုန်းဖြင့်သေဆုံးသွားကြကြောင်း ထင်ရှား၏။ ပို၍ထိတ်လန့်ဖွယ်ကောင်းသည်မှာ ထိုအလောင်းများ၏ခြေလက်များမှာမူ တဆတ်ဆတ်တုန်နေဆဲဖြစ်နေခြင်းပင်။
ဝမ်ရှီရှီမှာ ကြောက်လန့်မှုကြောင့်မျက်နှာလေးမှာ ဖယောင်းကဲ့သို့ဖြူဖျော့သွားပြီး လော်ယွမ်၏နောက်သို့အလျင်အမြန်ပုန်းလိုက်သည်။
လော်ယွမ်မှာမူ လူသေများစွာကိုမြင်ဖူးနေပြီဖြစ်သောကြောင့်မျက်နှာမှာ အလျင်အမြန်ပုံမှန်ပြန်ဖြစ်သွားပြီး အနည်းငယ်ထိတ်လန့်နေသော ဟွမ်ကျားဟွေကိုပြောလိုက်သည်။ "ဒီမှာဆက်နေလို့မဖြစ်တော့ဘူး...နင်တို့ဒီမှာစောင့်နေ...ငါပစ္စည်းတွေသွားသယ်ချလိုက်မယ်"
"ကျွန်မလည်း ရှင်နဲ့အတူတူလိုက်သယ်မယ်"ဟွမ်ကျားဟွေက ပြောလိုက်သည်။
"သမီးလည်း သယ်မယ်"ဝမ်ရှီရှီလည်း လော်ယွမ်၏နောက်မှထွက်လာပြီး ဖြူဖျော့နေသောမျက်နှာလေးကိုမော့ကာ ခေါင်းမာစွာပြောလိုက်သည်။
"နင်နဲ့အမဟွမ်ကဒီမှာပဲစောင့်ကြပ်နေ...ငါတို့ပစ္စည်းတွေကိုသူများ ဝင်လုနိုင်တယ်...အခုကမင်းမဲ့ကာလလိုဖြစ်နေတာ...သတိမပြတ်ဖို့မမေ့နဲ့" လော်ယွမ်က အားတင်းပြုံးရင်းပြောလိုက်သည်။
"သိပြီ...ရှင်လည်းသတိထားနော်...ဒီတိုက်ကအချိန်မရွေးပြိုကျသွားနိုင်တယ်" ဟွမ်ကျားဟွေက စိုးရိမ်စွာဆိုသည်။
"အင်း" လော်ယွမ်က ခေါင်းညိတ်လိုက်သည်။
ကန့်လန့်ဖြတ်လဲလျောင်းနေသောအလောင်းများကိုရှောင်ကွင်းကာ လော်ယွမ်က လေးလွှာသို့တက်လိုက်သည်။
လှေကားမှာ အပိုင်းအပြတ်ပြတ်ဖြစ်နေပြီး အချို့နေရာများတွင်လေကားထစ်မရှိတော့ပေ။ မပျက်စီးသေးသော လှေကားထစ်အချို့ပင်လျှင်အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေပြီး အန္တရာယ်များလှသည်။ကံကောင်းသည်မှာ ပြတ်ထွက်နေသောအကွာအဝေးမှာ သိပ်မကြီးမားဘဲ အကြီးဆုံးမှာ ငါးထစ်ခြောက်ထစ်ခန့်သာဖြစ်သည်။သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအရဆိုလျှင်လုံးဝပြဿနာမရှိပေ။
သို့သော်သူတစ်လမ်းလုံး အလွန်အမင်းသတိထားသည့်တိုင်အကြိမ်များစွာ ပြုတ်ကျတော့မလိုဖြစ်သွားသည်။
ဆယ်မိနစ်ခန့်အကြာတွင်လော်ယွမ်မှာ နောက်ဆုံးတွင်လေးလွှာသို့ရောက်ရှိလာသည်။
လုံခြုံရေးတံခါးမှာ နံရံများနေရာရွှေ့သွားသောကြောင့်မူလနေရာမှလွတ်ထွက်နေပြီး လှေကားထိပ်မှမိမိအခန်းသို့သွားသောစြင်္ကံလမ်းမှာမူ သုံးလွှာသို့ပြုတ်ကျနေသည်။
၇ပေခန့်ကျယ်သောစြင်္ကံလမ်းကိုခုန်ကျော်ကာ လော်ယွမ်က မိမိအခန်းထဲသို့တိုက်ရိုက်ခုန်ဝင်လိုက်သည်။
ဧည့်ခန်းမှာ ကြီးမားသောအပေါက်ကြီးတစ်ခုဖြစ်နေပြီး ဧည့်ခန်းတွင်ထားသောတစ်ခုတည်းသောပရိဘောဂဖြစ်သည့်ဆိုဖာမှာလည်း သုံးလွှာရှိနေထိုင်သူ၏အခန်းထဲသို့ ပြုတ်ကျနေသည်။
သို့သော်ဧည့်ခန်းဘေးရှိ စတိုခန်းမှာမူ ရှိနေသေးသည်။
အတွင်းတွင်ပေါင်တစ်ရာအိတ်ရှစ်အိတ်၊ဆေးဝါးများ၊ အစာပြေမုန့်ထုတ်များ၊ ဆားဘဲဥများ၊ မုန်ညင်းချဉ်များ၊ အသားစည်သွပ်ဘူးများနှင့် တစ်ခါသုံးစက္ကူများပင်အထုပ်လိုက်ရှိနေသည်။ထိုအချိန်အရူးအမူးဝယ်ယူစဉ်လော်ယွမ်မှာ မြင်သမျှဝယ်ခဲ့ပြီး ယခုထိများစွာကျန်ရှိနေသေးကာ လုံးဝသုံးမကုန်နိုင်ပေ။
ဤပစ္စည်းများကို သယ်ချရန်မှာ မဖြစ်နိုင်တော့ဘဲ တစ်ခါတည်းပစ်ချရန်သာရှိတော့သည်။
လော်ယွမ်က သိုလှောင်ခန်းအတွင်းမှသစ်သားပြားများကိုဖယ်ရှားပြီး ပြတင်းပေါက်ကိုဖွင့်လိုက်သည်။
ဟွမ်ကျားဟွေကို အောက်တွင်စောင့်နေရင်းလှမ်းအော်လိုက်ပြီး သူက ဆန်အိတ်များကို တစ်အိတ်ပြီးတစ်အိတ်အောက်သို့ပစ်ချလိုက်သည်။
ဆန်အိတ်များမှာ သိပ်မခိုင်ခံ့သောကြောင့်မြေပေါ်သို့ကျသောအခါအများစုမှာပေါက်ကွဲကုန်သော်လည်း ယခုအချိန်တွင်ထိုမျှလောက်ကို ဂရုမစိုက်နိုင်တော့ပေ။
လော်ယွမ်က ပစ္စည်းအားလုံးကိုပစ်ချပြီးနောက်မီးဖိုချောင်ဘက်သို့တစ်ချက်ကြည့်လိုက်ရာ စိတ်ထဲတွင်အနည်းငယ်နှမြောသွားသည်။မီးဖိုချောင်ထဲတွင်သိပ်ထည့်ထားသော ကြွက်ဘုရင်အသားများစွာရှိနေသေးပြီး ယခုအခါစွန့်လွှတ်လိုက်ရပေတော့မည်။
ဆက်ရန်...