အခန်း (၄၁-၄၄)
Vol. 3 Ch. 41-44
အပိုင်း(၄၁)ခွဲခွာခြင်း
ရဲများမှာ ကြီးမားသောရန်သူကို ရင်ဆိုင်နေရသည့်အလား အထူးတလည် သတိဖြင့် အသင့်အနေအထား ရှိနေကြသည်။
ဖန်ရှောင်၏ စိတ်ထဲတွင် အလွန်စိုးရိမ်နေမိသည်။ ပထမဆုံးအသုတ်ဖြင့် ရောက်လာသူအများစုမှာ နောက်ခံအင်အား အနည်းနှင့်အများရှိသူများဖြစ်ကြောင်း သူသိသည့်အတွက် ကိုယ်တိုင်ဆုံးဖြတ်ချက်ချရန် မဝံ့ရဲဘဲ အထက်လူကြီးထံသို့ ဖုန်းဖြင့် အမြန်ဆုံးအကြောင်းကြားလိုက်သည်။ သို့သော် သူရရှိလိုက်သော ညွှန်ကြားချက်မှာ "အခြေအနေအရ သင့်တော်သလို စီစဉ်ဆောင်ရွက်ပါ" ဟူ၍သာ ဖြစ်သည်။
"ဉာဏ်များတဲ့ကောင်တွေ" ဟု သူ စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲလိုက်သည်။ သို့သော် သူလည်း မည်သို့မျှ မတတ်နိုင်တော့ဘဲ အသံချဲ့စက်ကိုကိုင်ကာ အားကုန်ခြစ်အော်လိုက်သည်။ "မိတ်ဆွေတို့အားလုံး စိတ်အေးအေးထားကြပါ စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ...တုံဟူမြို့မှာမိတ်ဆွေတို့ဘယ်လိုပဲ နေခဲ့နေခဲ့...အခုဟယ်တုံမြို့မှာ...ကိုယ်ပိုင်သေနတ်ကိုင်ဆောင်ခြင်းက တရားမဝင်ပါဘူး...သေနတ်တွေအကုန်လုံးကိုအပ်ပြီးမှ...မြို့ထဲဝင်ခွင့်ရပါမယ်...လက်နတ်အေးတွေကတော့...လေးမြားနဲ့ဒူးလေးလောက်ကလွဲရင်...ကျန်တာတွေက သင့်သော်သလို ကိုင်ဆောင်လို့ရပါတယ်"
ဤနေရာသို့ရောက်သောအခါ သူ ခဏရပ်လိုက်သည်။ "ဒီအချက်ကိုတောင် လက်မခံနိုင်ရင်တော့ ဟယ်တုံမြို့က မိတ်ဆွေတို့ကို တံခါးဖွင့်ပေးနိုင်မှာ မဟုတ်ပါဘူး"
ပတ်ဝန်းကျင်မှ ဆဲဆိုသံများ ရုတ်တရက် ရပ်တန့်သွားပြီး လူအများစုမှာ တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။
တရုတ်ပြည်တွင် ရှေးအစဉ်အဆက်ကတည်းက "သာမန်လူတွေက အစိုးရနဲ့ဖက်မဖြစ်" ဟူသော ဆိုရိုးစကား ရှိခဲ့သည်။ ယခု ရဲများက တစ်ဖက်မှ ခြေတစ်လှမ်းဆုတ်ပေးလိုက်ပြီဖြစ်သောကြောင့် လူအများစုမှာလည်း အလိမ္မာဖြင့် အသံတိတ်ကာ နောက်ဆုတ်သွားကြသည်။
"ဟမ့်...အစထဲက အဲ့လက်နတ်တွေက သူတို့ရဲနဲ့စစ်တပ်ဆီကပဲ ထွက်လာတာမလား...ဟယ်တုံမြို့ကကောင်တွေက အရမ်းဖြူစင်သန့်ရှင်းနေမယ်လို့ ငါတော့မယုံဘူး" ဟု လော်ယွမ်ဘေးမှ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက လက်ပိုက်လျက် မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်သည်။
"ခင်ဗျားခုထိသဘောမပေါက်သေးဘူးလား...သူတို့အဲ့လိုသေနတ်တွေမသိမ်းရင်...ကျုပ်တို့ကိုဘယ်လိုလုပ် ထပ်ရောင်းစားလို့ရတော့မှာလဲ...ထားလိုက်တော့...မြို့ဝင်ကြေးပေးတယ်လို့ပဲ သဘောထားလိုက်တာပေါ့" ဟု အခြားတစ်ယောက်က ရယ်ကျဲကျဲဖြင့် ဝင်ပြောသည်။
ဟွမ်ကျားဟွေမှာ စကားပြောသံများကို နားထောင်မိလေလေ ပို၍အရုပ်ဆိုးလာလေဖြစ်နေသည်။ ဤအကြောင်းအရာများမှာ အမှန်တကယ်ဟုတ်မဟုတ် သူမ မသေချာသေးသော်လည်း အမှန်တရားနှင့် များစွာကွာခြားမည်မဟုတ်ဟု သူမ ခန့်မှန်းမိသည်။
"အခုစစ်ဆေးမှုတွေ စလုပ်ပါမယ်...မိတ်ဆွေတို့အားလုံး ကိုယ့်ကားကိုယ်ပြန်ဝင်ထိုင်ပေးကြပါ...ပြီးတော့အားလုံး စိတ်အေးအေးထားပြီး...စိတ်လိုက်မာန်ပါမလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်...ထပ်ပြီးသတိပေးပါရစေ...စိတ်လိုက်မာန်ပါမလုပ်ကြပါနဲ့" ဟု ဖန်ရှောင်က အားကုန်အော်ဟစ်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်ရာ ရဲတစ်သိုက်မှာ လက်ကိုင် X-ray စစ်ဆေးရေးကိရိယာများဖြင့် သူတို့ရှိရာသို့ ပြေးလာကြသည်။
"ကားပေါ်ပြန်ထိုင်နေ...နင့်ရိုင်ဖယ်နဲ့ ပစ္စတိုကို ထုတ်ထားလိုက်" လော်ယွမ်က ဟွမ်ကျားဟွေကို ဆွဲရင်း ပြောလိုက်သည်။
ဟွမ်ကျားဟွေက လော်ယွမ်၏လက်ကို ပုတ်ထုတ်လိုက်ပြီး ဒေါသတကြီးဖြင့် မကျေမချမ်းပြောသည်။ "မထုတ်နိုင်ပါဘူး...ဘာလို့သူတို့ကိုပြန်အပ်ရမှာလဲ"
လော်ယွမ်က ဒေါသအနည်းငယ် ထွက်သွား၏။ "ဘာလို့လဲဟုတ်လား...မအပ်ဘဲနင်ဘာလုပ်မလို့လဲ...သူတို့ကိုပြန်ခံချမလို့လား...ဒါမှမဟုတ်နင်တုံဟူမြို့ကို ပြန်သွားချင်လို့လား"
လော်ယွမ် မျက်နှာထားတင်းမာလိုက်သည်ကို မြင်သောအခါ ဟွမ်ကျားဟွေ၏ စိတ်ထဲတွင် လန့်သွားပြီး ဆက်၍ စိတ်မကောက်ဝံ့တော့ပေ။ သူမက မကျေမနပ်အမူအရာဖြင့် ကားနောက်ခန်းမှ သေနတ်နှစ်လက်ကို ထုတ်ကာ လော်ယွမ်ရှေ့သို့ ဒုန်းခနဲ ပစ်ချလိုက်သည်။ ထို့နောက် ဝမ်ရှီရှီကို ပွေ့ဖက်ကာ မျက်နှာတင်းမာလျက် ကားရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။
ဝမ်ရှီရှီမှာ သူတို့နှစ်ဦးစလုံး စကားမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် မသက်မသာဖြစ်လာသည်။ သူမက သတိဖြင့် ဖွင့်မေးလိုက်သည်။ "အမဟွမ်...အမကရဲမဟုတ်ဘူးလား...ရဲတွေကသေနတ်ကိုင်လို့ရတာပဲ...သမီးတို့သေနတ်ကိုင်တာ ဘာမှမဖြစ်လောက်ပါဘူး"
ဟွမ်ကျားဟွေက မျက်နှာထားတင်းတင်းဖြင့် "ငါ ရဲမလုပ်တော့တာ ကြာပြီ"
ထိုစဉ် သူမ တစ်စုံတစ်ခုကို သတိရသွားပြီး ဝမ်းသာအားရဖြင့် "ဟုတ်သားပဲ...ငါ့ရဲ့မှတ်တမ်းဖိုင်က အရင်စခန်းမှာပဲရှိသေးတာ...အထက်ကိုမတင်ရသေးဘူး...ဒါဆိုငါက ရဲတစ်ယောက်ဖြစ်နေတုံးပဲပေါ့"
"အဲ့ဒါကဘာအသုံးဝင်မှာလဲ...နင်ရဲပြန်လုပ်ချင်ရင်တော့ တစ်မျိုးပေါ့" လော်ယွမ်က ပြောလိုက်သည်။
လော်ယွမ် နောက်ဆုံးတွင် စကားပြောလာသည်ကို မြင်သောအခါ သူမ၏စိတ်ထဲတွင် ပေါ့ပါးသွားသော်လည်း စိတ်ကောက်နေသေးသည့်အမူအရာဖြင့် "ကျွန်မကဘာလို့ ရဲပြန်လုပ်လို့မရရမှာလဲ...ဟယ်တုံမြို့အပြင်ဘက်မှာ စစ်တပ်အကာအကွယ်ရှိတာပဲ...ကျွန်မအထင်တော့ ဒီမြို့မှာပိုပြီးလုံခြုံတယ်...ပြီးတော့ရဲလုပ်တာက အပြင်ထွက်အလုပ်လုပ်တာထက်ပိုကောင်းတယ်...လစာခံစားခွင့်တွေလည်းပိုများတယ်"
"ဒါဆိုလည်း နင့်သဘောပဲ" လော်ယွမ်က တစ်ခွန်းသာပြောပြီး ဆက်မပြောတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပြီး ထိုရွေးချယ်မှုအတွက် မိမိကိုယ်တိုင်တာဝန်ယူရမည်သာ ဖြစ်သည်။
ဟွမ်ကျားဟွေမှာ စိတ်ထဲတွင် တိတ်တဆိတ် ဒေါသထွက်နေသည်။
"မပူနဲ့...ကျွန်မရဲပြန်ဖြစ်သွားရင် ရှင့်ကိုစောင့်ရှောက်ပေးမယ်" ခဏအကြာတွင် ဟွမ်ကျားဟွေက တမင်သက်သက် ထပ်ပြောလိုက်သည်။
မာနကြီးသော လော်ယွမ်က သူမကို အကြီးအကျယ်လှောင်ပြောင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း လော်ယွမ်ကမူ တည်ကြည်သောလေသံဖြင့် "နင့်ကိုယ်နင်သာ သေချာဂရုစိုက်ပါ...ဟယ်တုံမြို့ကဘယ်လောက်ပဲ လုံခြုံတယ်ပြောပြော အရင်အချိန်နဲ့တူမှာမဟုတ်တော့ဘူး"
ဟွမ်ကျားဟွေ၏ အမူအရာမှာ ချက်ချင်းပင် နူးညံ့ပျော့ပျောင်းသွားသည်။ "ရှင်က တကယ်အဟုတ်မှတ်နေတာလား...ကျွန်မကရှင့်ကိုနောက်လိုက်တာပါ...ကျွန်မကိုတစ်ကယ် ရဲပြန်ဖြစ်ချင်တယ်လို့ ထင်နေတာလား"
ထိုစကားကို လော်ယွမ်က မတုံ့ပြန်တော့ပဲ ဆက်၍မေးလိုက်သည် "ဒါနဲ့...နင့်ယောက်ျားဟောင်းနဲ့သမီးက ဒီမြို့ကိုရောက်နေလောက်ပြီ...နင်သူတို့ကို ဆက်သွယ်ချင်လား"
ဟွမ်ကျားဟွေ၏ စိတ်ထဲတွင် တုန်ခါသွားသည်။ သူမနှင့် အိမ်ခွဲနေသည်မှာ ကြာပြီဖြစ်သော ယောက်ျားနှင့် စကားပြောရန် သူမ လုံးဝဆန္ဒမရှိပေ။ သို့သော် သူမ၏သမီးမှာ ထိုသူ့လက်ထဲတွင် ရှိနေသည်ကို တွေးမိသောအခါ လော်ယွမ်ကမ်းပေးသော ဖုန်းကို လှမ်းယူလိုက်သည်။
"ဟယ်လို ဘယ်သူလဲ" ဖုန်းထဲမှ ခပ်အက်အက်အသံတစ်သံ ထွက်ပေါ်လာသည်။
ဟွမ်ကျားဟွေက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး "ကျွန်မ ဟွမ်ကျားဟွေပါ...အခု တခြားလူရဲ့ဖုန်းနဲ့ ဆက်နေတာ"
"မင်းအခုဘယ်မှာလဲ...ငါဟယ်တုံမြို့ကိုရောက်နေပြီ...ငါမင်းကိုဖုန်းဆက်သေးတယ်...ဆက်လို့မရဘူး...တုံဟူမြို့ကထွက်မလာသေးတဲ့သူတွေ ရှိသေးတယ်...ငါသူတို့ကိုပြောပြီး မင်းကိုဒုတိယအသုတ်နဲ့ စီစဉ်ခိုင်းလိုက်မယ်"
"မလိုဘူး...ကျွန်မဟယ်တုံမြို့ကိုရောက်နေပြီ...သမီးလေးရှင်နဲ့အတူရှိနေလား" ဟွမ်ကျားဟွေက အေးစက်စက် ပြောလိုက်သည်။
"ဒါဆိုမင်းလည်း တိုးဂိတ်ကို ရောက်နေတာပေါ့...မင်းဘယ်နားမှာလဲ...ငါအခုလာခဲ့မယ်" ဖုန်းထဲမှအသံမှာ စိတ်လှုပ်ရှားလာဟန်တူသည်။
ဟွမ်ကျားဟွေက လော်ယွမ်ကို လှမ်းကြည့်လိုက်ရာ သူက ဤနေရာကို လုံးဝအာရုံစိုက်မနေသည်ကို တွေ့လိုက်ရသည်။ သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် "ရတယ်...သမီးကိုပါခေါ်ခဲ့...ကျွန်မက ငွေဖြူရောင်မာစီဒီးဘန့်ကားကြီးတစ်စီးရဲ့ဘေးက ဆန်တာနာ၂၀၀၀ကားပေါ်မှာ ထိုင်နေတယ်"
ဆယ်မိနစ်ခန့်အကြာတွင် ရဲဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ငါးနှစ် ခြောက်နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို ပွေ့ချီကာ သူတို့ရှိရာသို့ အမြန်လျှောက်လာသည်။ သူ၏ဝတ်စုံပေါ်မှ အဆင့်တံဆိပ်ကို ကြည့်လျှင် အစောပိုင်းက အော်ဟစ်ပြောဆိုနေသောသူနှင့် အဆင့်တူ ရဲမှုး တစ်ဦးဖြစ်မှန်း သိသာသည်။
သူ့တွင် လေးထောင့်ကျသော မျက်နှာနှင့် တည်ကြည်ဖြောင့်မတ်သော ရုပ်သွင်ရှိသော်လည်း စူးရှလွန်းသော မျက်လုံးများကြောင့် တိုက်ခိုက်လိုစိတ်ပြင်းပြသော လူတစ်ယောက်ကဲ့သို့ ထင်မှတ်စေသည်။
"မေမေ...မေမေ...သမီးမေမေ့ဆီသွားချင်တယ်" ကလေးမလေးက ဟွမ်ကျားဟွေကို မြင်သည်နှင့် ရုန်းကန်လှုပ်ရှားတော့သည်။
ဟွမ်ကျားဟွေမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများပင် စိုစွတ်လာသည်။ သူမက ဝမ်ရှီရှီကို အမြန်ချထားလိုက်ပြီး ကားပေါ်မှ အပြေးဆင်းကာ ကလေးမလေးကို လှမ်းပွေ့လိုက်သည်။ "နင်နင်...မေမေသမီးလေးကို အရမ်းလွမ်းနေတာ"
"နင်နင် ဖေဖေ့ဆီမှာ နေရတာ အဆင်ပြေရဲ့လား" ဟွမ်ကျားဟွေက မေးလိုက်သည်။
"ဟုတ် ပြေပါတယ်" ကလေးမလေးက ဖခင်ဖြစ်သူကို ခိုးကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ဖြေလိုက်သည်။
ထိုအချိန်တွင်မှ ယွီကောက်ဟွေက ကားမောင်းသူနေရာတွင် ထိုင်နေသော လော်ယွမ်ကို သတိပြုမိသွားပြီး မျက်မှောင်အနည်းငယ်ကြုံ့လိုက်သည်။ "ကျားဟွေဒီတစ်ယောက်က ဘယ်သူလဲ...ဘာလို့ မိတ်မဆက်ပေးတာလဲ"
"ဒါကလော်ယွမ်တဲ့...ကျွန်မရဲ့သူငယ်ချင်း" ဟွမ်ကျားဟွေက သမီးကိုပိုက်ရင်း တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။
လော်ယွမ်လည်း ကားထဲမှ ထွက်လာပြီး လက်ကမ်းကာ ပြုံးလျက် "မင်္ဂလာပါ" ဟု နှုတ်ဆက်လိုက်သည်။
နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီးနောက် ယွီကောက်ဟွေက ရုတ်တရက် ရယ်မောလိုက်ကာ "မင်္ဂလာပါ... ကျားဟွေ့ကို ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဒီကျေးဇူးကိုမမေ့ပါဘူး"
လော်ယွမ်က ပြုံးလိုက်ပြီး သူ၏တည်ကြည်သော ဟန်ပန်ကို အနည်းငယ်လေးစားသွားသည်။
ယွီကောက်ဟွေက ဟွမ်ကျားဟွေကို ပြန်ကြည့်ကာ တောင်းပန်သောလေသံဖြင့် "ကျားဟွေ...အဖေနဲ့အမေက ရှေ့ကကားပေါ်မှာ...သူတို့မင်းကိုသတိရနေကြတာ...မင်းရောက်လာပြီကြားတော့အရမ်းဝမ်းသာနေတာ...ငါနဲ့သူတို့ကိုလိုက်တွေ့လိုက်ပါလား"
ယောက္ခမနှစ်ဦးက သူမအပေါ် အလွန်ကောင်းပြီး သမီးအရင်းပမာ ဆက်ဆံခဲ့ကြသည်။ သူတို့သာ အစွမ်းကုန် မတားထားခဲ့ပါက သူတို့နှစ်ဦးမှာ ဟိုးအရင်ကတည်းက ကွာရှင်းပြီးလောက်ပြီဖြစ်သည်။ ဟွမ်ကျားဟွေက ခဏမျှတုံ့ဆိုင်းပြီးနောက် သဘောတူလိုက်သည်။ ထွက်ခွာသွားခါနီးတွင် သူမက လော်ယွမ်ကို နောက်လှည့်ကြည့်လိုက်ရာ သူမ၏အမူအရာမှာ အလွန်ရှုပ်ထွေးနေသည်။
တဖြည်းဖြည်း ဝေးကွာသွားသော ဟွမ်ကျားဟွေ၏ ကျောပြင်ကို ကြည့်ရင်း လော်ယွမ်၏ စိတ်ထဲတွင် ဟာတာတာနှင့် ကျန်ရစ်ခဲ့သည်။
မကြာမီပင် စစ်ဆေးမှုက သူ့အလှည့်သို့ ရောက်လာသည်။ သေနတ်နှစ်လက်ကို သိမ်းဆည်းခံရပြီးနောက် နောက်တစ်စီးကို ဆက်လက်စစ်ဆေးတော့သည်။ သေနတ်များ၏ အရင်းမြစ်ကိုမူ မေးပင်မမေးဘဲ ထွက်ခွာသွားကြသည်။
ထို့နောက် အားလုံးကို သံပြားများမိုးထားသော ယာယီအဆောက်အအုံများဆီသို့ နာမည်စာရင်းသွင်းရန်အတွက် ခေါ်သွားသည်။
"ချန်ကော့ဟွာ ခင်ဗျားမှာ အရင်က ကုန်သွယ်ရေးကုမ္ပဏီတစ်ခု ရှိခဲ့တယ်နော်" ဝန်ထမ်းတစ်ဦးက မှတ်စုစာအုပ်ကို ကြည့်ရင်း ခေါင်းမော့မေးလိုက်သည်။
"ဟုတ်ကဲ့" လူလတ်ပိုင်းအမျိုးသားက ဖြေလိုက်သည်။
"ခင်ဗျားမှာ စက်မှုလက်မှုဘဏ် လယ်ယာစိုက်ပျိုးရေးဘဏ် ပြီးတော့ တုံဟူမြို့ပြဘဏ်တွေမှာ ဘဏ်အကောင့်တွေရှိပြီး စုစုပေါင်း ယွမ် ၃၃ သန်း ရှိတယ်နော်" ဝန်ထမ်းက မေးသည်။
လူလတ်ပိုင်းအမျိုးသား၏ မျက်လုံးများက တချက်လှုပ်ခတ်သွားသည်။ "ဟုတ်ကဲ့"
"ကုမ္ပဏီအခြေအနေအကောင်းဆုံး အချိန်က ဝန်ထမ်းဘယ်လောက်ရှိခဲ့လဲ" ဝန်ထမ်းက ဆက်မေးသည်။
လူလတ်ပိုင်းအမျိုးသား၏ နဖူးတွင် ချွေးစေးများ စို့လာပြီး ရိုးသားစွာဖြေသည်။ "လူ ၂၀၀ ပါ"
"ဟုတ်ပြီ...ခင်ဗျားရဲ့စက်ရုံ အမြန်ဆုံးလည်ပတ်နိုင်ပါစေ"
"စက်ရုံလည်ပတ်ရမယ် ဘာစက်ရုံလဲ" လူလတ်ပိုင်းအမျိုးသားက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"လက်နက်စက်ရုံပါ...မနက်ဖြန် ကျွန်တော်တို့က ခင်ဗျားကို ကျည်ဆံထုတ်လုပ်ရေးလိုင်းတစ်ခု ရောင်းချပေးပါမယ်... ပြင်ဆင်ထားပါ...ဒီမှတ်ပုံတင်ကတ်ကို ယူသွားလိုက်... အခန်းအပြင်ဘက်မှာ ခင်ဗျားကို စောင့်နေမယ့်သူ ရှိလိမ့်မယ်"
"ဒါပေမဲ့... ဒါပေမဲ့..."
"နောက်တစ်ယောက်" ဝန်ထမ်းက မျက်နှာသေဖြင့် အော်လိုက်သည်။
လူလတ်ပိုင်းအမျိုးသားက မှတ်ပုံတင်ကတ်ကို ယူကာ ယောင်တိယောင်ချာဖြင့် မတ်တပ်ရပ်လိုက်ပြီး မျက်နှာမှာ ကြောင်တောင်တောင်ဖြစ်နေသည်။
"ဘာမှမပူနဲ့လိုအပ်တဲ့စက်ပစ္စည်းတွေကို ကျွန်တော်တို့အားလုံးစီစဉ်ပေးမှာ...ပြီးတော့ အတွေ့အကြုံရှိတဲ့ ပညာရှင်အချို့ကိုလည်း လွှတ်ပေးမယ်...နှစ်ပတ်အတွင်း ခင်ဗျားရဲ့စက်ရုံကနေ အရည်အသွေးပြည့်မီတဲ့ အမြောက်တွေ ထုတ်လုပ်နိုင်လိမ့်မယ်"
"ဒါပေမဲ့ ကျွန်တော်အရင်က အိမ်ခြံမြေလုပ်ငန်းလုပ်ခဲ့တာ...စက်မှုလုပ်ငန်းကြီးတွေမှာ အတွေ့အကြုံမရှိဘူး"
"အဲ့ဒီအတွက် စိတ်မပူပါနဲ့... နောက်တစ်ယောက်"
.......
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"လော်ယွမ်" လော်ယွမ်က တည်ငြိမ်စွာ ဖြေလိုက်သည်။
ဝန်ထမ်းက မှတ်စုစာအုပ်ထဲတွင် ရှာကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ သူ မျက်မှောင်ကြုံ့လိုက်သည်။ "မင်းကို တခြားလူက ခေါ်လာတာလား"
"ဟုတ်တယ်" လော်ယွမ်က ဖြေသည်။
"ပညာအရည်အချင်း အထူးပြုဘာသာ ဘာဘွဲ့လက်မှတ်တွေရထားလဲ ဘာလုပ်ငန်းအတွေ့အကြုံရှိလဲ" ဝန်ထမ်းက မေးခွန်းများကို တရစပ်မေးလိုက်သည်။
"တက္ကသိုလ်ဘွဲ့ရ နိုင်ငံတကာကုန်သွယ်ရေးမေဂျာ... တစ်နှစ်အတွေ့အကြုံ..." လော်ယွမ်က ဖြေသည်။
"နောက်တစ်ယောက်"
ဆက်ရန်...
အပိုင်း(၄၂) အိမ်ငှားခြင်း
လော်ယွမ်သည် မှတ်ပုံတင်ရုံးခန်းထဲမှ အနည်းငယ် မျက်နှာပျက်လျက် ထွက်လာခဲ့သည်။
တံခါးဝတွင် စောင့်ဆိုင်းနေကြသော ခြေတံရှည်ရှည်နှင့် မျက်စိပသာဒဖြစ်ဖွယ် ဧည့်ကြိုဝန်ထမ်းမလေးများက သူ၏ တစ်ကိုယ်လုံးကို ကြည်လင်အေးစက်သော မျက်ဝန်းများဖြင့် အပေါ်အောက် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် အကြည့်များကို ချက်ချင်း ပြန်ရွှေ့လိုက်ကြသည်။ သူ့ကို နောက်တစ်ကြိမ် လှည့်ကြည့်ရန်ပင် စိတ်ဝင်စားပုံမရတော့။
လော်ယွမ်က မိမိကိုယ်ကို လှောင်သလို ပြုံးလိုက်ပြီး အပြင်တွင် စောင့်နေသော ဝမ်ရှီရှီကို ခေါ်ကာ သူ၏ ကားရှိရာသို့ လျှောက်လာခဲ့သည်။ သူ ဝမ်ရှကွမ်ထံ ဖုန်းဆက်ပြီး တွေ့ဆုံရန်အတွက် ဖုန်းကို ထုတ်လိုက်သည်။ သို့သော် ဖုန်းမှာ အားကုန်ကာ စက်ပိတ်နေသည်ကို တွေ့လိုက်ရသည်။ စောစောက ဟွမ်ကျားဟွေဖုန်းပြောလိုက်သောကြောင့် နောက်လုံးလက်ကျန်အား အကုန်ကုန်သွားခဲ့သည်မှာ ထင်ရှားသည်။
လော်ယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။ ဝမ်ရှကွမ်ကို နောက်မှသာ ဆက်သွယ်ရတော့မည်ထင်သည်။
သူနှင့် ဝမ်ရှီရှီတို့ ကားပေါ်တွင် တစ်နာရီခန့် ထိုင်စောင့်ခဲ့သော်လည်း ဟွမ်ကျားဟွေပြန်ရောက်မလာခဲ့ပေ။ လော်ယွမ်လည်း ဆက်မစောင့်ချင်တော့။ ဤပုံအတိုင်းဆိုသူမ ပြန်လာတော့မည် မဟုတ်လောက်တော့ချေ။
သူ ကားစက်ကိုနှိုးပြီး မြို့ထဲသို့ မောင်းနှင်သွားခဲ့သည်။
သေမင်းတမန်မြို့တော်ကြီးလို ဖြစ်နေသော တုံဟူမြို့နှင့်မတူဘဲ ဟယ်တုံမြို့တစ်ခုလုံးသည် ထူးဆန်းသော ပုံစံတစ်မျိုးဖြင့် သက်ဝင်လှုပ်ရှားနေသည်။ သူ ဟယ်တုံမြို့သို့ တစ်ခါမှ မရောက်ဖူးသည်တော့မဟုတ်။ သို့သော် ယခုမြင်နေရသော မြို့ကြီးမှာ သူ၏ မှတ်ဉာဏ်ထဲမှ အပန်းဖြေခရီးသွားမြို့တော်ကြီးနှင့် လုံးဝပင်မတူတော့ပေ။ သူမှတ်မိသလောက်ဆိုလျှင် ဤနေရာသည် စည်ကားသော ဈေးတန်းလမ်းမကြီးတစ်ခု ဖြစ်သင့်သည်။ သို့သော် ယခုအခါတွင် အဆောက်အအုံများကို ဖြိုချထားပြီး ယင်းအစား စစ်အင်အားအပြည့်ဖြင့် ကာကွယ်ထားသော ဧရာမ စက်မှုဇုန်ကြီးတစ်ခုက နေရာယူထားသည်။ အတွင်းမှ စက်ပစ္စည်းများ ၏အသံတို့က နားကွဲလုမတတ် ဆူညံနေပြီး အတွင်းမြင်ကွင်းကို မမြင်ရသည့်တိုင် အလုပ်များ မရပ်မနား လည်ပတ်နေကြောင်း ခံစားမိနိုင်သည်။
ဤသို့သော စက်မှုဇုန်များကို သူ လမ်းတစ်လျှောက်တွင် အများအပြား ဖြတ်သန်းခဲ့ရသည်။
လမ်းပေါ်တွင် လူသွားလူလာ နည်းပါးသော်လည်း ထိတ်လန့်ကြောက်ရွံ့နေသော အရိပ်အယောင်မျိုး မတွေ့ရဘဲ ကမ္ဘာမပျက်ခင်က တည်ငြိမ်အေးချမ်းမှုမျိုးကိုပင် ခံစားနေရသည်။
လော်ယွမ်သည် လူနေရပ်ကွက်အနီးတွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုကို အံ့ဩဖွယ်ရာ ရှာတွေ့သွားသဖြင့် သူ ကားကို ချက်ချင်း ရပ်လိုက်သည်။ ယခုသူ အလိုအပ်ဆုံးမှာ ခြေချစရာ နေရာတစ်ခုပင် ဖြစ်သည်။
သူ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သပ်ရပ်ကျော့မော့စွာ ဝတ်စားထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖော်ရွေစွာ ကြိုဆိုလာသည်။ "ကျွန်တော့်နာမည် ချန်ပေါင်ချန်းပါ...မိတ်ဆွေ အိမ်ငှားမလို့လား ဒါမှမဟုတ် ဝယ်မလို့လား ခင်ဗျာ့"
လော်ယွမ်က ထိုသူ လာချပေးမည့် လက်ဖက်ရည်ကို ငြင်းပယ်လိုက်ပြီး တည့်တိုးပင် ပြောလိုက်သည်။ "ကျွန်တော် အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်း ငှားချင်တယ်။ ခင်ဗျားတို့ဆီမှာ ရှိမလား မသိဘူး။"
"ရှိတာပေါ့ ရှိတာပေါ့ သေချာပေါက်ရှိတာပေါ့... ကျွန်တော်တို့ ကုမ္ပဏီမှာ အခန်းလွတ်အလုံး နှစ်ဆယ်ကျော်လောက် အဆင်သင့်ရှိတယ်... အခုသွားကြည့်ကြမလား" ချန်ပေါင်ချန်းက အနည်းငယ် အလျင်လိုဟန်ဖြင့် ပြောသည်။
လော်ယွမ်က ခေါင်းညိတ်လိုက်သည်။
"သိပါပြီ...ခဏလောက်စောင့်ပေးပါနော်" ချန်ပေါင်ချန်း၏ မျက်နှာတွင် ဝမ်းသာသွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ စာချုပ်တစ်စောင်ကို ထုတ်ယူပြီး ဆိုင်၏ သံတံခါးကို အမြန်ဆွဲချကာ သော့ခတ်လိုက်သည်။
"နေဦး...ခင်ဗျားကုမ္ပဏီမှာ ခင်ဗျားတစ်ယောက်ပဲ ရှိတာလား" လော်ယွမ်က သူ သော့ခတ်နေသည်ကိုကြည့်ရင်း ထူးဆန်းစွာ မေးလိုက်သည်။
"ဟဲဟဲ...ရယ်စရာဖြစ်သွားပြီထင်တယ်...ကျွန်တော်ကဒီကုမ္ပဏီရဲ့ သူဌေးဆိုလည်းဟုတ်တယ် ဝန်ထမ်းဆိုလည်းဟုတ်တယ်လေ" ချန်ပေါင်ချန်းက ခါးသီးစွာ ပြုံးရင်းဆိုသည်။ "အခုအခြေအနေကိုခင်ဗျားလည်းသိမှာပဲ...အရင်ကကျွန်တော်တို့ရဲ့ ဖောက်သည်တွေက နယ်ကတက်လာတဲ့ အလုပ်သမားတွေပေါ့...အခုတော့သူတို့အားလုံးကိုယ့်ဇာတိကို ပြန်ကုန်ကြပြီ...စီးပွားရေးကဇောက်ထိုးကျသွားပြီး အခန်းလွတ်တွေပဲ ပိုပိုများလာတယ်...အခုဆိုထမင်းစားဖို့လောက်ပဲရှာနိုင်တော့တယ်...ငတ်မသေရင်လုံလောက်ပြီလို့ပဲ ဆုံးဖြတ်ထားရတယ်"
လော်ယွမ်ပင် သူ့ကို အနည်းငယ် သနားသွားမိသည်။ "ဒါနဲ့...မြို့ထဲမှာ လျှပ်စစ်မီးရော ရရဲ့လား"
"ခင်ဗျားက တစ်ခြားနေရာကနေ ဟယ်တုံမြို့ကို အခုမှ ရောက်လာတာထင်တယ်... ဒီမှာ အရင်ကတော့ မီးအမြဲလာတယ်... ဒါပေမဲ့...ပြီးခဲ့တဲ့ ခုနစ်ရက်လောက်ကတည်းက မီးမလာတော့ဘူး" ချန်ပေါင်ချန်းက ခေါင်းခါရင်း ရှင်းပြသည်။ "အိမ်ရာတွေအကုန်လုံး အတူတူပဲ...အခုလျှပ်စစ်က စက်မှုလုပ်ငန်းတွေကိုပဲ အဓိက ပေးထားတာလေ"
"ဟုံတုံမြို့ပင်လယ်ဆိပ်ကမ်းအနုမြူစွမ်းအင်စက်ရုံ ရှိတယ်မဟုတ်ဘူးလား...ဘယ်လိုလုပ်မီးမရတာလဲ" လော်ယွမ်က သံသယဖြင့် မေးလိုက်သည်။ ဟယ်တုံပင်လယ်ဆိပ်ကမ်း အနုမြူစက်ရုံသည် ကျန်းနန်ပြည်နယ်၏ ပထမဆုံး အနုမြူစက်ရုံဖြစ်ပြီး အရင်က သူ ထိုနေရာသို့ သွားရောက်လေ့လာဖူးသည်။
"အဲ့ဒါက အသေးစား အနုမြူစက်ရုံလေးကို ဘာအသုံးဝင်မှာလဲ...ဟယ်တုံမြို့တစ်မြို့လုံးကိုတောင် မီးမပေးနိုင်ဘူး... လျှပ်စစ်ဓာတ်အားတစ်ချို့ကို သုံးချောင်းရေအားလျှပ်စစ်စက်ရုံဘက်ကနေ လှမ်းယူရတာ...ဒါပေမဲ့ အခု သုံးချောင်းမှာ ပြဿနာတက်နေပုံပဲ ဘာပဲဖြစ်ဖြစ် မီးမလာတော့တာတော့ အမှန်ပဲ"
သူ့ရင်ထဲတွင် လေးလံသွားသည်။ သုံးချောင်းသာ ပြဿနာတက်ခဲ့လျှင် အကျိုးသက်ရောက်မှုက ကြောက်စရာကောင်းလောက်အောင် ကြီးမားလိမ့်မည်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံ၏ အဖွံ့ဖြိုးဆုံးဒေသတစ်ခုလုံး လျှပ်စစ်မီးမရှိသည့် ကြောက်မက်ဖွယ်အခြေအနေသို့ ကျရောက်သွားမည်ဖြစ်သည်။ နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက် ထိပ်တန်းကာကွယ်စောင့်ရှောက်ရေးယူနစ်ဖြစ်သော သုံးချောင်းပင် ပြဿနာတက်နေသည်ကို ထောက်ရှုလျှင် အခြားသော ရေအားလျှပ်စစ်စက်ရုံများလည်း ဘေးလွတ်ရန် ခဲယဉ်းမည်ဟု တွေးမိသောအခါ သူ ကြက်သီးမွေးညင်းများပင် ထသွားသည်။
(The Three Gorges - သုံးချောင်းရေလှောင်တမံဆိုတာ တရုတ်ပြည်မှာရော ကမ္ဘာပေါ်မှာရော အကြီးဆုံးရေလှောင်တမံဖြစ်ပါတယ်)
သို့သော် ဤသည်မှာ ခန့်မှန်းချက်မျှသာဖြစ်၍ လော်ယွမ်က သူ၏ အတွေးများကို အမြန်ပင် ဖြတ်တောက်ပစ်လိုက်သည်။
ချန်ပေါင်ချန်းတွင် ကားမရှိသောကြောင့် ဝမ်ရှီရှီက လော်ယွမ်၏ ပေါင်ပေါ်သို့ ထပ်တက်ထိုင်လိုက်ရပြန်သည်။
ချန်ပေါင်ချန်းက မျက်နှာတစ်ခုလုံး နီရဲနေသော ဝမ်ရှီရှီကို ကြည့်ရင်း မြှောက်ပင့်ပြောဆိုသည်။ "ဒါ ခင်ဗျားရဲ့ ညီမလေးလား တော်တော်ချစ်ဖို့ကောင်းတာပဲ"
လွန်ခဲ့သော ရက်များအတွင်း အပြာနုရောင်အဆင့် သားကောင်၏ အသားများကို စားသုံးအားဖြည့်ထားသောကြောင့် ဝမ်ရှီရှီ၏ နဂိုပိန်လှီဖျော့တော့နေသော ပါးပြင်လေးများမှာ ယခုအခါ နီမြန်းစိုပြည်လာပြီး ကြည့်လိုက်သည်နှင့် နဂိုရုပ်ချောလေးမှန်း သိသာနေသည်။
"အင်း" လော်ယွမ်က ကြည့်ကောင်းအောင်သာ ပြန်ဖြေလိုက်သည်။ "ဒါနဲ့ ဒီကနေ ဘယ်လောက်သွားရဦးမှာလဲ"
ချန်ပေါင်ချန်းသည် မျက်နှာအရိပ်အကဲ ဖတ်ရာတွင် ကျွမ်းကျင်သူဖြစ်ရာ သူ၏မြှောက်ပင့်မှု နေရာလွဲသွားကြောင်း သိလိုက်ပြီး အမြန်ပင် ပြောသည်။ "ဒီလမ်းဆုံးထိမောင်းပြီး ကွေ့လိုက်ရင် ရောက်ပါပြီ"
နောက်ထပ် မိနစ်အနည်းငယ် မောင်းပြီးနောက် အလယ်အလတ်တန်းစား လူနေအိမ်ရာလေးတစ်ခု လော်ယွမ်၏ ရှေ့တွင် ပေါ်လာသည်။
ထိုစဉ် အဝေးမှ သေနတ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။ အသံကို နားထောင်ကြည့်လျှင် စက်သေနတ်ကြီးမှ လာသည်မှာ ထင်ရှားသည်။
လော်ယွမ်၏ စိတ်ထဲတွင် တင်းခနဲဖြစ်သွားပြီး အလိုအလျောက် ဘရိတ်ကို နင်းလိုက်မိသည်။
လော်ယွမ် ကားပေါ်မှ မဆင်းရသေးခင်မှာပင် ချန်ပေါင်ချန်းက ဆင်းသွားပြီး အပေါ်သို့ မော့ကြည့်ကာ စိတ်အေးသွားဟန်ဖြင့် ရယ်ရင်းပြောသည်။ "ဘာမှမဖြစ်ဘူး...ငှက်လေးငါးကောင် ပျံလာလို့ပါ...အဲ့လိုတစ်ချို့အလစ်ဝင်လာတာတွေ ရှိတယ်...နောက်ဆိုရိုးသွားလိမ့်မယ်"
လော်ယွမ်က ကားမှန်ကိုချကာ လှမ်းကြည့်လိုက်သည်။ ငှက်အချို့မှာ အဝေးသို့ ပျံသန်းသွားပြီး အစက်အပျောက်လေးများသာ ကျန်တော့သည်။
သူ အနည်းငယ် စိုးရိမ်သွားသည်။ ကြည့်ရသည်မှာ ဤနေရာသည်လည်း အန္တရာယ် လုံးဝကင်းရှင်းသည်တော့ မဟုတ်ပေ။
လော်ယွမ်က တိုက်ခန်းကို ကြည့်လိုက်သည်။ အခန်းမှာ တတိယထပ်တွင်ရှိပြီး အတော်လေးကောင်းသော အလွှာဖြစ်သည်။ အတွင်းပိုင်း အပြင်အဆင်မှာလည်း မဆိုးလှ။ သို့သော် အပြည့်အစုံရှိနေသော လျှပ်စစ်ပစ္စည်းများမှာတော့ အနည်းငယ် နှမြောစရာကောင်းသည်။ လျှပ်စစ်မီးမရှိသောကြောင့် အလှထားသည့် ပန်းအိုးများလိုသာ ဖြစ်နေသည်။ သူ မီးဖိုချောင်ထဲသို့ ဝင်ကြည့်သောအခါ သူ့ကို အံ့အားသင့်ဝမ်းသာဖြစ်စေသည့်အရာမှာ ဂက်စ်နှင့် ရေပိုက်လိုင်းများ မပြတ်သေးခြင်းပင်။
တုံဟူမြို့တွင်ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရပြီးနောက် ယခု သူ့အတွက်မူ လုံခြုံသောနေရာတစ်ခု ရေနှင့် ဂက်စ်ရှိနေရုံဖြင့် အလွန်ပင် ကျေနပ်စရာဖြစ်နေပေပြီ။
စာချုပ်ချုပ်ပြီး ငွေချေမည့်အချိန်ရောက်မှ မထင်မှတ်ထားသည့် ပြဿနာတစ်ခု ပေါ်ပေါက်လာသည်။
"ခင်ဗျားတို့ ဒီမှာ ရိက္ခာကူပွန်တွေပဲ လက်ခံတာလား"
ချန်ပေါင်ချန်းက သူသည် အခြားမြို့မှလာသူမှန်းသိ၍ သေချာရှင်းပြသည်။ "ငွေတန်ဖိုးက နေ့တိုင်းကျနေတာလေ...အခုဘယ်သူမှ ငွေလက်မခံတော့ဘူး...ခင်ဗျားရဲ့ပိုက်ဆံတွေကို ဘဏ်မှာ ရိက္ခာကူပွန်နဲ့သွားလဲထားတာ အကောင်းဆုံးပဲ...မဟုတ်ရင်ဘာမှဝယ်လို့မရ ဖြစ်သွားလိမ့်မယ်"
လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ယခုလိုခေတ်မျိုးတွင် ဤရှေးကုန်စည်ဖလှယ်စနစ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုစနစ်ကို သူ လူကြီးများ စကားစမြည်ပြောကြစဉ်ကသာ ကြားဖူးခဲ့သည်။ သူကမေးလိုက်သည်။ "အခု ရိက္ခာကူပွန်နဲ့ ငွေရဲ့ လဲလှယ်နှုန်းက ဘယ်လောက်လဲ"
"မနေ့က ကျွန်တော်တွေ့တာတော့ ဆန်တစ်လေးလုံးကူပွန်ကို ၂၃ယွမ်နဲ့ လဲပေးနေတယ်...ဒါပေမဲ့ သိပ်မကြာခင် ပိုတက်သွားလိမ့်မယ်... ဒါမှမဟုတ် ခင်ဗျား ဆန်နဲ့ တိုက်ရိုက်ပေးချေလို့လည်း ရတယ်" သူ စောစောက ကားစီးလာစဉ် နောက်ခန်းတွင် ဆန်အိတ်များ အပြည့်တွေ့ခဲ့သောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။
လော်ယွမ်က တန်ဖိုးကြီးသော ဆန်များကို အသုံးပြု၍ ငွေချေလိုစိတ်မရှိပေ။ ခဏစဉ်းစားပြီးနောက် "ကျွန်တော် အခု ဘဏ်သွားဖို့ အချိန်မရှိဘူး...ဒီလိုလုပ်ပါလား...ကျွန်တော် ပိုက်ဆံနဲ့ပဲ ငွေချေမယ်...ဆန်လေးလုံးစာ ကူပွန်ကို ၂၅ယွမ်နှုန်းနဲ့ တွက်လိုက်...ခင်ဗျားပဲ အပင်ပန်းခံပြီး ဘဏ်ကို တစ်ခေါက်လောက် သွားလိုက်ပါလား ဘယ်လိုသဘောရလဲ"
"ခင်ဗျားဘက်က အဆင်ပြေတယ်ဆိုရင်တော့ ရတာပေါ့" တစ်ခေါက်ပိုသွားရုံဖြင့် အပိုဝင်ငွေအနည်းငယ် ရမည်ဖြစ်သောကြောင့် သူ သဘောတူလိုက်သည်။ "ကျွန်တော် တွက်ကြည့်လိုက်မယ်...အိမ်ငှားခ ခြောက်လစာရယ် တစ်လစာ ပွဲစားခတစ်လစာရယ်ပေါင်းတော့ တစ်သောင်းလေးထောင် ကျတယ်"
ထိုအိမ်ငှားခဈေးနှုန်းမှာ ကမ္ဘာမပျက်ခင်ကပင် အလွန်နိမ့်ကျသော ဈေးနှုန်းဖြစ်သည်။ ငွေကြေးတန်ဖိုးကျဆင်းမှုကို ထည့်တွက်လိုက်ပါက မုန်ညင်းတစ်စည်းဈေးနီးပါးပင် ဖြစ်နေသည်။ အေးချမ်းသာယာသောခေတ်တွင် ဘယ်လိုမှ ဖြေရှင်းမရခဲ့သော မိုးထိအောင်မြင့်မားနေသည့် အိမ်ခြံမြေဈေးနှုန်းများသည် ကမ္ဘာပျက်ကာလတွင်တော့ မျက်လုံးပြူးလောက်စရာ ဈေးနှုန်းအထိ ထိုးကျသွားသည်မှာ ရယ်ဖွယ်ကောင်းသော ကံကြမ္မာတစ်ခုပင်။
လော်ယွမ်လည်း သိပ်ပြီး အံ့ဩမနေပေ။ ယခုအချိန်တွင် အိမ်ငှားခများ သိပ်မြင့်မည်မဟုတ်ကြောင်း သူ စောစောကတည်းက ခံစားမိပြီးသားဖြစ်သည်။
ကမ္ဘာမပျက်ခင်ကတည်းက သူ ဘဏ်ရှိငွေများအားလုံးကို ထုတ်ယူထားခဲ့ရာ ယခုအခါ တစ်သိန်းကျော်ခန့် ကျန်ရှိနေသေးသဖြင့် ငွေချေရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသည်။
ချန်ပေါင်ချန်း ထွက်သွားပြီးနောက် လော်ယွမ် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော တည်ငြိမ်အေးချမ်းမှုကို ခံစားရင်း စိတ်ကို လျှော့ချလိုက်သည်။
မနက်ဖြန်အတွက် အာမခံချက်မရှိဘဲ အချိန်မရွေး အသက်ဆုံးရှုံးနိုင်သော ဘဝမျိုးကို မည်သူမျှ မနှစ်သက်ပေ။
သူ ခဏလှဲလျောင်းပြီးနောက် ထရပ်လိုက်ကာ ဝမ်ရှီရှီကို ပြောလိုက်သည်။ "အခန်းနှစ်ခန်းရှိတယ် နင်ဘယ်အခန်းယူမလဲ"
ဟွမ်ကျားဟွေမရှိတော့သည့်နောက် ဝမ်ရှီရှီ၏ စိတ်အခြေအနေမှာ အနည်းငယ် ညှိုးငယ်နေပုံရသည်။ ထိုစကားကိုကြားသော် "သမီး ဘယ်ဘက်က နည်းနည်းကျဉ်းတဲ့ အခန်းကိုပဲ ယူလိုက်မယ်"
ခဏအကြာတွင် သူမက ထပ်မေးသည်။ "အမဟွမ်က တကယ်ကြီး ပြန်မလာတော့ဘူးလားဟင် အခုထိ အဲ့ဒီမှာ စောင့်နေရင် ဘယ်လိုလုပ်မလဲ"
လော်ယွမ် မျက်နှာတည်သွားပြီး တိတ်ဆိတ်နေလိုက်သည်။
ဝမ်ရှီရှီက လော်ယွမ်၏ မျက်နှာအမူအရာကို မြင်သော် ဆက်မမေးရဲတော့ပေ။
ခဏထိုင်ပြီးနောက် လော်ယွမ်က ကားထဲမှ ပစ္စည်းများအားလုံးကို တိုက်ခန်းပေါ်သို့ သယ်တင်လာသည်။ ဝမ်ရှီရှီက ကူညီရန် ကြိုးစားသော်လည်း စိတ်မရှည်ဖြစ်နေသော လော်ယွမ်က သူမကို မောင်းထုတ်လိုက်သည်။ ပစ္စည်းအားလုံး နေရာချပြီးသောအခါ လော်ယွမ်က ရေချိုးခန်းထဲတွင် ရေချိုးလိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ ဟာတာတာနှင့် တစ်ခုခု လိုနေသလို ခံစားနေရသည်။
သူ အဝတ်အစားများဝတ်ဆင်ပြီးနောက် ကြေမွနေသော စီးကရက်ဘူးတစ်ဘူးကို ထုတ်ကာ တစ်လိပ်ကို မီးညှိဖွာရှိုက်ရင်း ဧည့်ခန်းထဲတွင် ဟိုဟိုသည်သည် လမ်းလျှောက်နေသည်။ စီးကရက်တစ်ဝက်ခန့် ကျိုးသွားသောအခါ သူ အလျင်အမြန် မီးငြှိမ်းလိုက်ပြီး ဝမ်ရှီရှီကို ပြောသည်။ "နင် အိမ်မှာပဲနေ ငါ အပြင်ခဏသွားလိုက်ဦးမယ်"
ဝမ်ရှီရှီ တုံ့ပြန်ချိန်မရလိုက်မှာပင် သူက အိမ်တံခါးမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။ သူ ကားပေါ်တက် လီဗာကို အားကုန်နင်းချလိုက်ရာ ကားအိတ်ဇောမှ အနက်ရောင်မီးခိုးလုံးကြီးများ ထွက်လာပြီး အိမ်ရာဝင်ပေါက်ဆီသို့ ပြန်လှည့်မောင်းထွက်သွားသည်။
သူကိုယ်တိုင်ပင် ဘာလုပ်နေမှန်း မသိတော့ လူတစ်ယောက်ကို သေချာနှုတ်ဆက်နိုင်ရန်အတွက် ဖြစ်နိုင်သလို အခြားသော အကြောင်းပြချက်ကြောင့်လည်း ဖြစ်နိုင်သည်။
ကားက တဖြည်းဖြည်း ပိုမြန်လာပြီး နာရီဝက်ခန့်အကြာတွင် သူ အမြန်လမ်းမကြီးထိပ်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ညနေစောင်းနေပြီဖြစ်ပြီး ကောင်းကင်မှာလည်း တဖြည်းဖြည်း မှောင်ရီပျိုးလာပြီဖြစ်သည်။ ဤမျှအချိန်ကြာပြီးနောက် လူစာရင်းသွင်းခြင်းမှာလည်း ပြီးဆုံးသွားပြီဖြစ်ရာ ထိုနေရာသည် ခြောက်ကပ်တိတ်ဆိတ်နေသည်။ မှတ်ပုံတင်ရုံးခန်းအဖြစ် သုံးခဲ့သော သံပြားတဲများတွင်ပင် လူတစ်ယောက် အရိပ်အယောင်မှ မတွေ့ရတော့ချေ။
လူသူကင်းမဲ့သော မြို့ပြင်ဆင်ခြေဖုံးသည် အထီးကျန်ဆန်ပြီး တိတ်ဆိတ်ခြောက်သွေ့သော အရသာတစ်မျိုးကို ပေးစွမ်းနေသည်။ အဝေးမှ တခါတရံ ထွက်ပေါ်လာသော ထူးဆန်းသည့် ပိုးကောင်များနှင့် ငှက်များ၏ အော်မြည်သံများက လူကို ကြောက်လန့်တုန်လှုပ်စေသည်။
သူ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ မျက်နှာတွင် စိတ်ပျက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြန်လှည့်ရန် ပြင်လိုက်သည်။
ထိုစဉ် သူ၏ မျက်လုံးထောင့်မှ ရှေ့လမ်းဘေးတွင် လူတစ်ယောက် ထိုင်နေသည်ကို သတိပြုမိလိုက်သည်။
လော်ယွမ်၏ မျက်ဆံများ ကျုံ့သွားပြီး လီဗာကို အားကုန်နင်းချလိုက်သည်။ ကားကြီးသည် မနိုင်ဝန်ကို ထမ်းထားရသကဲ့သို့ ဟိန်းဟောက်သံကြီးကို မြည်ဟီးကာ ရှေ့သို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။
ကားရပ်သွားသောအခါ သူ ကားမှန်ကိုချကာ အော်ပြောလိုက်သည်။ "အဲ့မှာထိုင်ပြီး ဘာလုပ်နေတာလဲ...ကားပေါ်မတက်ဘူးလား"
ထိုရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ ဟွမ်ကျားဟွေ၏ ကိုယ်လုံးလေး တုန်ခနဲဖြစ်သွားပြီး မော့ကြည့်လာသည်။ သူမ၏ မျက်နှာတစ်ခုလုံးမှာ မျက်ရည်များဖြင့် ရွှဲနစ်နေသည်။
ထို့နောက် သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံသွားပြီး နှုတ်ခမ်းများသာမက တစ်ကိုယ်လုံးပါ တုန်ယင်လာသည်။ သူမ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းများစွာ ရောထွေးနေသော်လည်း နှုတ်မှထွက်လာသော စကားမှာတော့ မာကျောနေဆဲပင်။ "ရှင် ဘာလာလုပ်တာလဲ"
"မှောင်နေပြီလေ...ငါနဲ့ဝမ်ရှီရှီနင်ထင်းချက်တာကို စောင့်နေတာ...အမြန်လာ" လော်ယွမ်က ကားပြတင်းပေါက်ကိုမှီရင်း ပြုံးကာပြောလိုက်သည်။
ခက်ခက်ခဲခဲ မွေးမြူထားရသော ကြည်နူးမှုများက ထိုစကားတစ်ခွန်းကြောင့် လွင့်ပြယ်သွားသည်။ သူမက ကားခေါင်းကိုပတ်ကာ ကားမောင်းသူနေရာသို့ လျှောက်လာပြီး လော်ယွမ်၏ ရင်ဘတ်ကို ဆွဲကိုင်လိုက်သည်။ "ကျွန်မ ဘယ်နှနာရီလောက် စောင့်နေခဲ့ရလဲဆိုတာ ရှင်သိရဲ့လား...စောစောက ကျွန်မ ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့နေခဲ့လဲဆိုတာ ရှင်သိရဲ့လား...အခု ကျွန်မမှာ သမီးလည်း မရှိတော့ဘူး ဘာမှမရှိတော့ဘူး...နောက်ဆို ရှင် ကျွန်မကို မောင်းထုတ်ရင်တောင် မသွားတော့ဘူး...ရှင်က လူယုတ်မာပဲ"
စကားဆုံးသည်နှင့် လော်ယွမ်၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်တွင် သူမက လော်ယွမ်၏ နှုတ်ခမ်းကို သူမ၏ နှုတ်ခမ်းဖြင့် ဖိကပ်ပိတ်ဆို့လိုက်တော့သည်။
ဆက်ရန်...
အပိုင်း(၄၃)အထူးကျွမ်းကျင်မှု
လော်ယွမ်သည် ခဏတာအံ့အားသင့်သွားပြီးနောက် သူမကို ပြန်နမ်းလိုက်သည်။ ဆန္ဒကားနှိုးဆွလိုက်သည်နှင့်တစ်ပြိုင်နက် ထိန်းချုပ်၍မရနိုင်တော့ပေ။
မကြာမီ လော်ယွမ်က ဟွမ်ကျားဟွေကို ကားပေါ်သို့ဆွဲတင်ကာ ထိုင်ခုံပေါ်သို့တိုက်ရိုက်တွန်းချလိုက်သည်။ နှစ်ဦးသား၏လှုပ်ရှားမှုများမှာ တဖြည်းဖြည်းနှင့် ပို၍ပြင်းထန်လာသည်။ သို့သော် အရေးကြီးဆုံးအချိန်တွင် ဟွမ်ကျားဟွေက သူ့ကိုတားဆီးလိုက်ပြီး ဝမ်ရှီရှီအိမ်တွင်စောင့်နေသေးကြောင်းနှင့် ဤသို့လူသူပြတ်လပ်သောနေရာမျိုးတွင် အလွန်အန္တရာယ်များကြောင်း သတိပေးလိုက်သည်။ သူမ၏ငြင်းဆိုမှုမှာ အားမရှိသလို မျက်နှာမှာလည်း ယစ်မူးနေသည့်ဟန်ဖြစ်နေသော်လည်း လော်ယွမ်မှာမူ လူကြီးလူကောင်းတစ်ယောက်ဆန်စွာရပ်တန့်လိုက်သည်။
သူစိတ်ထဲတွင် "လောစရာမလိုပါဘူး ညကျရင် အချိန်တွေအများကြီးရှိသေးတာပဲ"ဟု တွေးလိုက်သည်။
သို့သော် မိန်းမတို့၏ပင်ကိုသဘာဝမှာ စိတ်ခံစားမှုနောက်သို့လိုက်တတ်သော သတ္တဝါများဖြစ်သည်ကို သူမေ့လျော့သွားပြီး အသိစိတ်ပြန်ဝင်လာပြီးနောက် ဟွမ်ကျားဟွေ၏ ဤကိစ္စအပေါ် ရှက်ရွံ့ထိန်းသိမ်းမှုကိုလည်း လျှော့တွက်ခဲ့မိသည်။
ညစာစားပြီးနောက် အနည်းငယ်မကျေမနပ်ဖြစ်နေသော လော်ယွမ်က မည်သို့ပင်အရိပ်အမြွက်ပြသည်ဖြစ်စေ ဟွမ်ကျားဟွေမှာမူ နားမလည်ဟန်ဆောင်နေပြီး ယခင်က ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်ရှိနေ၏။ နောက်ဆုံးတွင် ဝမ်ရှီရှီကို ခေါ်ဆောင်ကာ အိပ်ခန်းထဲသို့ဝင်သွားတော့သည်။
တံခါးညင်သာစွာပိတ်သွားသည်ကိုကြည့်ရင်း လော်ယွမ်က အော်ဟစ်ချင်စိတ်ကိုထိန်းချုပ်ကာ စိတ်ပျက်စွာဖြင့် မိမိအခန်းသို့ပြန်လာခဲ့သည်။
သူစိတ်ထဲတွင်"အင်း... လောစရာမလိုဘူး နောင်ဆိုရင် အချိန်တွေအများကြီးရှိသေးတာပဲ" ဟု တွေးလိုက်သည်။
ဆက်လက်၍ လော်ယွမ်သည် သူ၏ပိုလျှံနေသောစွမ်းအင်များကို ဓားလေ့ကျင့်ခြင်းပေါ်တွင်သာ ဖောက်ခွဲထုတ်လွှတ်လိုက်ရတော့သည်။ တစ်ခုဆုံးရှုံးလျှင် တစ်ခုပြန်ရသည်ဟု ဆိုသည့်အတိုင်းပင်။ ည ၁၁ နာရီရောက်သောအခါ အမြဲတစေရပ်တန့်နေသော ဓားသိုင်းပညာမှာ နောက်ဆုံးတွင် ၁၅ မှတ်သို့တိုးတက်သွားသည်။ အကယ်၍ ကျွမ်းကျင်မှတ် ၅ မှတ်ကို ထပ်ထည့်လိုက်လျှင် ဓားသိုင်းပညာမှာ အမှတ် ၂၀ သို့ တိုက်ရိုက်ခုန်တက်သွားမည်ဖြစ်သည်။
ကျွမ်းကျင်မှတ်များကို နောက်ကျမှ ထည့်လေလေ ပိုကောင်းလေလေဖြစ်ပြီး အမှတ်နည်းလေလေ တိုးတက်နိုင်ခြေပိုများလေလေဖြစ်ကြောင်း သူ့စိတ်ကသိနေသော်လည်း လူဆိုသည်မှာ စက်ရုပ်မဟုတ်ပေ။ ကိစ္စအများစုတွင် စိတ်ခံစားမှုကသာ အနိုင်ယူလေ့ရှိသည်။ ထို့အပြင် ဓားသိုင်းပညာအမှတ် ၂၀ ရောက်သွားလျှင် မည်သို့သောပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကိုလည်း သူအလွန်သိချင်နေသည်။
သူခဏတာချီတုံချတုံဖြစ်ပြီးနောက် အံကြိတ်ကာ နောက်ဆုံးအဆင့်တက်စဉ်က မထည့်ရသေးသော ကျွမ်းကျင်မှတ် ၅ မှတ်လုံးကို ဓားသိုင်းပညာပေါ်သို့ ထပ်ထည့်လိုက်သည်။
အမှတ်ထပ်ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် မြောက်မြားစွာသောအသိဉာဏ်အလင်းများက ကျိုးပေါက်သွားသောဆည်မှရေများကဲ့သို့ ခေါင်းထဲသို့ ပြင်းထန်စွာစီးဝင်လာသည်။ ဤသို့သောကြီးမားလှသည့် သတင်းအချက်အလက်စီးကြောင်း၏ရိုက်ခတ်မှုအောက်တွင် သူ၏မျက်လုံးများမှာ ချက်ချင်းပင်တွေဝေသွားပြီးနောက် အားကြီးသော အရှိန်အဝါ တစ်ခုမှာ သူ၏ခန္ဓာကိုယ်ကိုဗဟိုပြုကာ ဖြည်းဖြည်းချင်းပျံ့လွင့်ထွက်လာသည်။
ခုတင်အောက်တွင်ပုန်းအောင်းနေပြီး တိတ်တဆိတ်အစာရှာရန်ကြံရွယ်နေသော လက်သီးဆုပ်အရွယ် အနီရောင်ရင့်ရင့်ပိုးဟပ်တစ်ကောင်မှာ ရုတ်တရက်အလွန်အမင်းထိတ်လန့်သွားဟန်ဖြင့် ဦးမှင်နှစ်ချောင်းမှာ ကြာပွတ်များကဲ့သို့ အရူးအမူးလှုပ်ခါနေပြီး တံခါးပေါက်ကြီးဆီသို့ အလျင်အမြန်ပြေးသွားသည်။ သို့သော် အခန်းတစ်ဝက်ခန့်ရောက်ချိန်တွင် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ဆက်လက်မလှုပ်ရှားနိုင်တော့ပေ။
အရှိန်အဝါ မှာ ဆက်လက်ပျံ့နှံ့သွားပြီး တစ်ဖက်ခန်းတွင်အိပ်မောကျနေသော ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့၏အရေပြားပေါ်တွင် ရုတ်တရက်ကြက်သီးမွေးညင်းများထလာသည်။ နှစ်ဦးလုံး၏မျက်ခုံးများမှာ အနည်းငယ်တွန့်ချိုးသွားပြီး အသက်ရှူမြန်လာကာ ချွေးစေးများထွက်လာပြီး အိပ်မက်ဆိုးမက်နေသကဲ့သို့ဖြစ်နေသည်။
အချိန်က တစ်မိနစ် တစ်စက္ကန့် တရွေ့ရွေ့ကုန်ဆုံးသွားပြီး ထို အရှိန်အဝါ မှာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ထိုအရာနှင့်ဆန့်ကျင်ဘက် လော်ယွမ်၏မျက်လုံးများမှာမူ တဖြည်းဖြည်းပို၍တောက်ပလာပြီး နောက်ဆုံးအခိုက်အတန့်တွင် အမှောင်ထဲ၌ မှိန်ဖျော့သောအလင်းစက်နှစ်ခုပင် ပေါ်ထွက်လာပြီးနောက် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။
"အာရုံခံနိုင်စွမ်း +၁"
သူချက်ချင်းသတိပြန်ဝင်လာပြီး စိတ်ထဲတွင်အလွန်ဝမ်းသာသွားသည်။ အကယ်၍ ယခုအချိန်မှာ ညနက်သန်းခေါင်ဖြစ်နေသည်ကိုသာ ထည့်မစဉ်းစားပါက သူအကြိမ်အနည်းငယ်အော်ဟစ်လိုက်မိပေမည်။
ဓားသိုင်းပညာအမှတ် ၂၀ သို့တိုးတက်ခြင်းက အာရုံခံနိုင်စွမ်းပါ တစ်ပါတည်းတိုးတက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူဖြည်းဖြည်းချင်းမျက်လုံးမှိတ်လိုက်ရာ အာရုံခံနိုင်သည့်အကွာအဝေးမှာ ပို၍ကျယ်ပြန့်လာပြီး ယခုအခါ ပေ၄၀ပတ်လည်အထိ တိုးချဲ့သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် တစ်ဖက်ခန်းရှိ ဝမ်ရှီရှီနှင့်ဟွမ်ကျားဟွေကိုပင် "မြင်" နိုင်နေပြီဖြစ်သည်။ သို့သော် နှမျောဖို့ကောင်းသည်က သူမြင်နိုင်သည်မှာ ဝိုးတဝါးအပူငွေ့ထွက်နေသော လူပုံသဏ္ဍာန်နှစ်ခုသာဖြစ်ပြီး အခြားအသေးစိတ်အချက်အလက်များကိုမူ အာရုံမခံနိုင်ပေ။
သို့သော် ဤသည်မှာ အရေးအကြီးဆုံးမဟုတ်ပေ။
ယခင်က အာရုံခံနိုင်စွမ်းမှာ အလွန်အားနည်းပြီး အကွာအဝေးမှာလည်း ကျဉ်းသောကြောင့် ဘာမှမခံစားရဘဲ အပိုအမြင်အာရုံရှိသည့် ဒုတိယမျက်လုံးတစ်ခုအဖြစ်သာ သတ်မှတ်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တိုးတက်ပြီးနောက်မှသာ အာရုံခံနိုင်စွမ်းနှင့်မျက်လုံးတို့၏ တကယ့်ကွာခြားချက်ကို သူသဘောပေါက်သွားသည်။
တစ်မျိုးတစ်ဖုံပြောရလျှင် အာရုံခံနိုင်စွမ်းမှာ ပတ်ဝန်းကျင်တစ်ခုလုံးကိုထိန်းချုပ်နိုင်မှုနှင့် လှုပ်ရှားမှုကိုဖမ်းယူနိုင်မှုအပေါ် ပို၍အာရုံစိုက်ပြီး ဖားတစ်ကောင်၏မျက်လုံးနှင့်ဆင်တူသည်။ ငြိမ်သက်နေသောအရာများမှာ အာရုံခံနိုင်စွမ်းအတွက် အခန်းထောင့်တွင်အချိန်အကြာကြီးထားရှိသော အလှဆင်ပစ္စည်းတစ်ခုကဲ့သို့ဖြစ်ပြီး တမင်တကာအာရုံမစိုက်ပါက မြင်လျှင်ပင်စိတ်ထဲတွင် လှုပ်ရှားမှုမဖြစ်ပေါ်ပေ။ သို့သော် အကယ်၍ လှုပ်ရှားမှုအနည်းငယ်မျှသာရှိပါက အာရုံအားလုံးမှာ ၎င်းဆီသို့အလိုလိုဆွဲဆောင်ခံရမည်ဖြစ်သည်။ ဤသည်မှာ အလွန်နက်နဲဆန်းကြယ်သောဖြစ်စဉ်တစ်ခုဖြစ်ပြီး အလွန်အသုံးဝင်သောစွမ်းရည်တစ်ခုလည်းဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် အမြင်အာရုံနှင့်အာရုံခံနိုင်စွမ်းမှာ "အလုံးစုံအမြင်အာရုံ" ၏ မျက်နှာနှစ်ဖက်ကဲ့သို့ဖြစ်ပြီး အလုပ်လုပ်ပုံမှာ ရှင်းလင်းပြတ်သားသော်လည်း တစ်ခုနှင့်တစ်ခုမထိခိုက်ဘဲ အပြန်အလှန်အထောက်အကူပြုသည်။ လော်ယွမ်သည် ဤအာရုံခံနိုင်စွမ်းကိုယ်တိုင်က လူသားများ ဆုံးရှုံးသွားသောစွမ်းရည်တစ်ခုဖြစ်သည်ဟုပင် သံသယဝင်နေသည်။
(မှတ်ချက် - "အလုံးစုံအမြင်အာရုံ" ဆိုတာက အမြင်အာရုံ+အာရုံခံနိုင်စွမ်းကို ပြောတာပါ။ အမြင်အာရုံဆိုတာ မျက်စိနဲ့မြင်ရတဲ့ ပုံကြမ်းသက်သက်ဖြစ်ပြီး အာရုံခံနိုင်စွမ်းဆိုတာက အဲ့ပုံကြမ်းရဲ့အကြောင်း အသေးစိတ်နားလည်နိုင်စွမ်းကိုပြောတာပါ။ ဥပမာသာမန်လူတစ်ယောက်က ဂြိုလ်သားပစ္စည်းတစ်ခုကိုတွေ့ရင် ထူးဆန်းတဲ့ပစ္စည်းလို့ပဲ ထင်လိမ့်မယ်။ ဒါပေမဲ့ "အလုံးစုံအမြင်အာရုံ" ရှိတဲ့သူကတော့ တစ်ချက်ကြည့်ရုံနဲ့ အဲ့ဒီပစ္စည်းရဲ့ လုပ်ဆောင်ပုံ လည်ပတ်ပုံ တွေကို အသေးစိတ်သိရှိပြီး ဒါက ဘာအတွက်သုံးတယ်ဆိုတာတန်းသိနိုင်ပါတယ်။ အဲ့ပစ္စည်းမှာ အန္တရာယ်ပေးနိုင်တဲ့အငွေ့အသက်ရှိနေရင်တောင် တန်းပြီးအာရုံခံနိုင်ပါတယ်။ အဲ့လိုအစွမ်းက ဟိုးအရင်က လူတွေမှာ မွေးကတည်းက ပါပြီး နောက်ပိုင်းမှ ပျောက်ကွယ်သွားတာလို့လော်ယွမ်ယူဆတာပါ)
ယနေ့မှစ၍ မည်သည့်လူ သို့မဟုတ် သတ္တဝါမှ သူ့အနားပေ၄၀အတွင်းသို့ တိတ်တဆိတ် ချဉ်းကပ်နိုင်တော့မည်မဟုတ်ပေ။
ဥပမာ...
လော်ယွမ်၏ကိုယ်ကတစ်ချက်လှုပ်ရှားသွားပြီး ဓားအလင်းတစ်ချက်လက်သွားသည်။ အမှောင်ထဲတွင် ခုလေးတင် ပြန်လည်လှုပ်ရှား၍ရသွားသဖြင့် အခွင့်ကောင်းယူ၍ထွက်ပြေးရန်ကြံရွယ်နေသော ကံဆိုးသည့်ပိုးဟပ်မှာ တစ်မီတာပင်မပြေးနိုင်ပဲ သူ၏ဓားဖြင့် အလွယ်တကူအစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ အံ့ဩစရာမှာ အောက်မှကြမ်းပြင်မှာမူ တစ်စိုးတစ်စိမျှမထိခိုက်ခြင်းပင်။
ဤသို့သောဓားသိုင်းပညာကျွမ်းကျင်မှုကို လော်ယွမ် မြွေရေခွံခွာစဉ်က တစ်ကြိမ်အသုံးပြုခဲ့သည်။ ထိုအချိန်က တစ်ကြိမ်အသုံးပြုတိုင်း စိတ်ကိုစုစည်းပြီး အားအင်ကိုအတော်ကြာစုစည်းခဲ့ရသည်။ သို့သော် ယခုအခါမှာမူ စိတ်စုစည်းစရာမလိုပဲ ကျွမ်းကျင်စွာအသုံးချနိုင်ပြီး ရေများစီးဆင်းနေသကဲ့သို့ပင် မည်သည့်အားစိုက်ထုတ်မှုမှမရှိပေ။
ဤသည်မှာ ကြိုးစားလေ့ကျင့်လျှင်ရရှိနိုင်သော ကျွမ်းကျင်မှုငယ်တစ်ခုသာဖြစ်ပြီး ဓားသိုင်းပညာတိုးတက်မှုက ဤမျှသာမဟုတ်သည်မှာသေချာသည်။
ဓားသိုင်းပညာအမှတ်နှစ်ဆယ်သို့တိုးတက်သွားရာ ကျွမ်းကျင်မှုစာမျက်နှာပေါ်တွင်လည်း ပြောင်းလဲမှုဖြစ်ပေါ်လာသည်။ မူလ "ဓားသိုင်းပညာ - ၁၄မှတ်" ဟူသောစာသားမှာ "ဓားသိုင်းအထူးကျွမ်းကျင်မှု - ဝ" ဟူ၍ပြောင်းလဲသွားသည်။
ဦးနှောက်ထဲမှလာသောသတင်းအချက်အလက်အရ ဓားသိုင်းပညာမှာ အထူးကျွမ်းကျင်မှုအဆင့်သို့ရောက်ရှိသည်နှင့် သာမန်အဓိပ္ပာယ်သက်ရောက်သောဓားသိုင်းပညာနှင့်မတူတော့ဘဲ ဤအဆင့်ရှိဓားသိုင်းပညာမှာ သာမန်အဆင့်မှလွတ်မြောက်သွားပြီး ခန္ဓာကိုယ်၏စွမ်းဆောင်ရည်ကိုသာအားကိုးခြင်းမဟုတ်တော့ဘဲ နက်နဲဆန်းကြယ်သောစွမ်းအားတစ်မျိုးနှင့် စတင်ပတ်သက်လာပြီဖြစ်သည်။ ထိုအရာမှာ အရည်အသွေးအမှတ်များအားလုံးထဲတွင် အသုံးအဝင်ဆုံးဟုထင်ရသော အရည်အသွေး စိတ်စွမ်းအားပင်ဖြစ်သည်။
ဤမတိုင်မီက လော်ယွမ်သည် စိတ်စွမ်းအား၏အသုံးဝင်မှုမှာ လူကိုစိတ်တည်ငြိမ်စေပြီး အလောင်းများတောင်ပုံရာပုံ၊ သွေးပင်လယ်တို့နှင့်ရင်ဆိုင်ရသည့်တိုင် မျက်နှာမပျက်စေရန်သာဖြစ်သည်ဟု ထင်ခဲ့သည်။ သူ၏ဆယ့်သုံးမှတ်ရှိသောစိတ်စွမ်းအားမှာ လုံးဝလုံလောက်ပြီး ထပ်မံထည့်ရန်မလိုအပ်ဟုထင်ခဲ့သော်လည်း နောက်ဆုံးတွင် ဓားသိုင်းပညာနှင့် အနီးကပ်ဆက်စပ်နေသည်ဟု မထင်ထားခဲ့ပေ။
ယခုထိသူနားလည်ရသလောက်ဆိုလျှင် ဤစွမ်းအားမှာ အလွန်စွမ်းအားကြီးပြီး အဆုံးအစမရှိသလောက်ပင်။ စိတ်စွမ်းအားလုံလောက်သ၍ မည်သည့်အရာကိုမဆိုခုတ်ပိုင်းနိုင်ပြီး လုံးဝတုန်လှုပ်ဖွယ်ကောင်းသောစွမ်းအားတစ်ခုဖြစ်သည်။
သူအသက်ကိုပြင်းပြင်းရှူကာ မျက်လုံးမှိတ်ပြီး ထိုနက်နဲဆန်းကြယ်သောခံစားချက်ကို ဖမ်းယူလိုက်သည်။
တစ်မိနစ်အကြာတွင် သူမျက်လုံးဖွင့်လိုက်ပြီး အသက်ပြင်းပြင်းအကြိမ်အနည်းငယ်ရှူကာ နောက်တစ်ကြိမ်မျက်လုံးမှိတ်လိုက်သည်။
ဆယ်မိနစ်အကြာတွင် သူစိတ်တိုစွာဖြင့် ခေါင်းကိုကုတ်လိုက်သည်။
နာရီဝက်အကြာတွင်...
သူစိတ်ပျက်သောမျက်နှာဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လိုက်ရာ ကောင်းကင်မှာလင်းတော့မည်ဖြစ်သည်။
ယခင်ကအလွန်အမင်းဝမ်းသာမှုမှ ယခုအလွန်အမင်းဝမ်းနည်းမှုသို့ မျက်စိတစ်မှိတ်အတွင်း တစ်ညတာကုန်ဆုံးသွားခဲ့သည်။
သူသည် မိမိကိုယ်ကို စိတ်ထဲတွင် အညစ်အကြေးအတွေးများကင်းစင်ပြီး စိတ်စွမ်းအားတစ်ခုလုံးကို တစ်သားတည်းကျအောင်စုစည်းနိုင်သည့်အဆင့်သို့ လုံးဝမရောက်နိုင်သေးသည်ကို တွေ့လိုက်ရသည်။ မျက်လုံးမှိတ်ထားလျှင်ပင် အတွေးပေါင်းစုံမှာ မမောမပန်းနိုင်သော ကလေးငယ်များကဲ့သို့ နေရာအနှံ့လျှောက်သွားနေပြီး တစ်ခဏမျှမရပ်မနားဘဲ သူ့ကိုအလွန်စိတ်တိုစေသည်။
ပို၍ဆိုးရွားသည်မှာ သူ၏အာရုံခံနိုင်စွမ်းအကွာအဝေးမှာ အလွန်တိုးတက်လာသောကြောင့် သူမျက်လုံးမှိတ်ထားလျှင်ပင်အသုံးမဝင်ဘဲ စွမ်းအင်အများစုမှာ အာရုံခံနိုင်စွမ်းကြောင့် ခံစားမိနေသောပတ်ဝန်းကျင်ရှိအရာများကြောင့် ကုန်ခမ်းနေပြီး စိတ်ကိုစုစည်းရန်အလွန်ခက်ခဲနေသည်။
သူစိတ်ပျက်လက်ပျက်ဖြင့် ခုတင်စောင်းတွင်ထိုင်ကာ မျက်နှာကိုအားကုန်ပွတ်သပ်လိုက်သည်။ သို့သော် မိနစ်အနည်းငယ်အကြာတွင် မူလကစိတ်တိုနေသောစိတ်မှာ လျင်မြန်စွာတည်ငြိမ်သွားသည်။
ဤသည်မှာ ပါရမီမပါသောကြောင့်မဟုတ်ဟုသူခံစားမိသည်။ သူကလူကြီးတစ်ယောက်ဖြစ်ပြီး သတင်းအချက်အလက်ပေါက်ကွဲမှုခေတ်ကို ကြုံနေရသောကြောင့် အတွေးများစုစည်းရခက်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ ထို့အပြင် ယနေ့က ပထမဆုံးအကြိမ်ကြိုးစားခြင်းဖြစ်ရာ စိတ်ထဲတွင်လုံးဝရှင်းလင်းသော အခြေအနေသို့ ချက်ချင်းရောက်လိုလျှင် အတွေ့အကြုံရှိသည့်တိုင် မဖြစ်နိုင်သောအရာဖြစ်သည်။
သို့သော် ဤအခြေအနေမှာ လေ့ကျင့်၍မရနိုင်ခြင်းမဟုတ်ပေ။
လော်ယွမ်က ယောဂကျင့်စဉ်မှတရားထိုင်ခြင်း တောက်ဝါဒီတို့၏တရားထိုင်ခြင်းနှင့် ဗုဒ္ဓဘာသာဘုန်းကြီးများ၏ဝိပဿနာတရားကျင့်ကြံခြင်းတို့အားလုံးမှာ စိတ်ကိုတည်ငြိမ်စေသောအာနိသင်ရှိသည်ကို မှတ်မိနေသည်။ ဝမ်းနည်းစရာမှာ ယခုအခါအင်တာနက်မရှိတော့ခြင်းပင်။ သို့မဟုတ်လျှင် သူချက်ချင်းရှာဖွေကြည့်ရှုနိုင်မည်ဖြစ်သည်။
လောလောဆယ်တွင် ထိုကိစ္စကို ခေတ္တဘေးဖယ်ထားပြီး နောက်ပိုင်းအခွင့်အရေးရမှ ဆက်လက်လုပ်ဆောင်ရန်သာရှိတော့သည်။
ဆက်ရန်...
အပိုင်း(၄၄)အမုန်းတရား
တစ်ညလုံးမအိပ်ခဲ့ရသော်လည်း သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကြောင့် လော်ယွမ်သည် နိုးကြားတက်ကြွနေဆဲဖြစ်ပြီး သူ၏စိတ်သည်လည်း ကြည်လင်လန်းဆန်းနေဆဲပင်။ မနက်စာစားပြီးနောက် သူက ပိုက်ဆံအချို့ကိုယူကာ အိမ်ရာထဲမှထွက်ပြီး ပတ်ဝန်းကျင်အခြေအနေကို သွားရောက်အကဲခတ်လေ့လာတော့သည်။
မကြာမီမှာပင် အနီးအနားရှိ ဆန်စပါးဈေး၏ တည်နေရာကို သူစုံစမ်းသိရှိသွားခဲ့သည်။
ဆန်စပါးဈေးတွင် လူသွားလူလာများပြားလှသော်လည်း ကျယ်ဝန်းသောဖွဲ့စည်းပုံနှင့် ခပ်စိပ်စိပ်တည်ရှိနေသော ဆိုင်ခန်းများကြောင့် လူကျပ်သည်ဟု မထင်ရပေ။ လော်ယွမ်သည် ဈေးထဲသို့ဝင်ရောက်လေ့လာကြည့်ရာ တုံဟူမြို့ကဲ့သို့ပင် ဤနေရာတွင်လည်း အများဆုံးဝယ်ယူနိုင်သည့်ပမာဏကို သတ်မှတ်ထားသည်ကို တွေ့လိုက်ရသည်။ သို့သော် ဝယ်ယူနိုင်သည့်ပမာဏမှာ အဆပေါင်းများစွာပို၍များပြားပြီး မည်သည့်သက်သေခံအထောက်အထားမှမလိုဘဲ လူတစ်ဦးလျှင် တစ်ကြိမ်လျှင် ဆန်ပြည်ငါးဆယ်အထိ ဝယ်ယူနိုင်သည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဟယ်တုံမြို့တွင် ရိက္ခာမရှားပါးကြောင်း သိသာထင်ရှားလှသည်။ ဤသည်မှာ ပြည်နယ်၏မြို့တော်ဖြစ်သောကြောင့် မူဝါဒအရ အခွင့်အရေးပိုရခြင်းလည်း ပါဝင်ပြီး သိုလှောင်ထားသော ရိက္ခာအမြောက်အမြားကို ဟယ်တုံမြို့သို့ ဦးစားပေးထောက်ပံ့ထားသည်။ သို့သော် အဓိကအကြောင်းအရင်းမှာ ဤနေရာတွင် ပြည်နယ်တစ်ခုလုံး၏ အကြီးဆုံးသော စစ်ဘက်ဆိုင်ရာရိက္ခာသိုလှောင်ရေးစခန်းတစ်ခု ရှိနေသောကြောင့်ပင်။
ဈေးတစ်ခုလုံးတွင် မခံနိုင်လောက်အောင် မှိုတက်နေသောအနံ့များဖြင့် ပြည့်နှက်နေသည်။ အချို့ဆန်အဟောင်းများ၏ သက်တမ်းမှာ ဆယ်နှစ်ကျော်ပင်ရှိနေပြီဖြစ်သည်။ အကယ်၍သာ အရင်ခေတ်ကသာဆိုလျှင် ဤဆန်အဟောင်းများသည် တိရစ္ဆာန်အစာ၏ ကုန်ကြမ်းအဖြစ်သာ အသုံးပြုနိုင်မည်ဖြစ်သော်လည်း ယခုအခါတွင်မူ လူတို့အလုအယက်ဝယ်ယူနေကြရသည့် အသက်ကယ်ရိက္ခာများ ဖြစ်နေခဲ့ပြီ။
ရိက္ခာကူပွန်တစ်ရွက်၏ "ဆန်လေးလုံး" ဆိုသည်မှာ ဤဆန်အဟောင်းများကို ရည်ညွှန်းခြင်းဖြစ်ပြီး ဆန်အသစ်၏ဈေးနှုန်းမှာမူ ဆန်အဟောင်းထက် တစ်ဆခွဲပို၍များသည်။
ဆန်စပါးဈေး၏နံရံပေါ်တွင် ကပ်ထားသော ကြော်ငြာစာလုံးကြီးများအရ ဤစစ်ဘက်ဆိုင်ရာ ရိက္ခာများသည် လူဦးရေသုံးသန်းကို တစ်နှစ်စာလောက်အောင် ကျွေးမွေးနိုင်သည်ဟု ဖော်ပြထားသည်။ ဟုတ်ပေသည် အစိုးရ၏ကြော်ငြာနှင့် လက်တွေ့အခြေအနေမှာ အနည်းငယ်ကွာခြားနိုင်သော်လည်း အနည်းဆုံးတော့ လူသုံးသန်းကို ခြောက်လစာကျွေးမွေးနိုင်သည်မှာ ဖြစ်နိုင်ချေရှိသည်။
ဤအရာများအပြင် လော်ယွမ်ကို အံ့အားသင့်စေသောအရာမှာ ကြီးမားသောဆိုင်ခန်းတစ်ခုတွင် ပြောင်းဖူးများပင် ရောင်းချနေခြင်းပင်ဖြစ်သည်။
လော်ယွမ်ကို အံ့အားသင့်စေသောအရာမှာ ကပ်ဘေးမတိုင်မီက ပြောင်းဖူးများမဟုတ်ဘဲ မကြာသေးမီကမှ ခူးဆွတ်ထားသော လတ်ဆတ်သည့် ပြောင်းဖူးအသစ်များ ဖြစ်နေခြင်းပင်။
ထိုပြောင်းဖူးတိုင်းသည် နှစ်ပေခန့်ရှည်လျားပြီး ကျောက်စိမ်းကဲ့သို့ ပြည့်ဖြိုးဝင်းပနေသော ပြောင်းဖူးစေ့များဖြင့် ပြည့်နှက်နေကာ ထူးခြားသောချိုမြိန်သည့်ရနံ့ကို ထုတ်လွှတ်နေသောကြောင့် လူတို့၏ခံတွင်းထဲတွင် တံတွေးများပင် စို့တက်လာစေသည်။ သို့သော် လူအုပ်ကြီးမှာ စပ်စုသူကများပြီး ဝယ်ယူသူမှာမူ လက်ချိုးရေတွက်၍ရလောက်အောင် နည်းပါးလှသည်။
လော်ယွမ်သည် လူအုပ်ထဲသို့ တိုးဝှေ့ဝင်ရောက်ကာ ဈေးနှုန်းကိုမေးလိုက်သောအခါ ချက်ချင်းပင် အံ့အားမှင်တက်သွားမိသည်။ ပြောင်းဖူး၃၀သားလျှင် ၁ပြည်နှင့်၂ဘူးတန် ကူပွန် လိုအပ်ပြီး ဝယ်လိုလျှင်ပြောင်းဖူးတစ်ဖူးလုံးဝယ်ရမည်ဖြစ်သောကြောင့် ၂ပိဿာခန့်ရှိသော ဤပြောင်းဖူးတစ်ဖူးကိုဝယ်လိုက်သည်နှင့် ဆန်အဟောင်း ၈ပြည်ကို ဝယ်ယူနိုင်ပေသည်။ ဝမ်းရေးအတွက် ဝင်ငွေအများစုကို အသုံးပြုနေရသော သာမန်မြို့သားများအတွက်မူ ဤသည်မှာ အလွန်အမင်း ဇိမ်ခံသည့်ကိစ္စတစ်ခုပင်ဖြစ်သည်။
ဤပစ္စည်းသည် မကြာသေးမီကမှ ထွက်ပေါ်လာခြင်းဖြစ်သည်မှာ ထင်ရှားပြီး လူအများအပြားက ထိုဈေးနှုန်းအပေါ် သံသယဝင်နေကြကာ ဤမျှဈေးမကြီးသင့်ဟု ထင်မြင်နေကြသောကြောင့် ဆိုင်ရှေ့တွင် အလွန်ဆူညံနေသည်။
ထိုသို့တွေးခြင်းမှာလည်း အလွန်ပုံမှန်ပင်ဖြစ်သည်။ ယခုလိုပတ်ဝန်းကျင်အခြေအနေတွင် အပင်များကို စိုက်ပျိုးလိုက်သည်နှင့် အရှိန်အဟုန်ဖြင့် ကြီးထွားလာကြသည်။ ပြောင်းဖူးပင်စည်များသည် အလွန်မြင့်မားပြီး ပေါင်းပင်များ နေရောင်ခြည်ကိုကာကွယ်ထားသောကြောင့် ညှိုးနွမ်းသေဆုံးသွားမည်ကိုလည်း စိုးရိမ်စရာမလိုပေ။ ထို့ကြောင့် လူအများစုက ဤအပင်သည် ရှေ့ဆက်ရမည့်ကာလရှည်ကြီးတစ်ခုအတွင်း စပါးကိုအစားထိုးမည့် အဓိကရိက္ခာဖြစ်လာမည်ဟု ထင်မြင်နေကြသည်။
နောက်ဆုံးတွင် အစိုးရမှစီမံခန့်ခွဲနေသော ထိုဆိုင်၏တာဝန်ရှိသူက အမေးခံရလွန်း၍ စိတ်မရှည်တော့ဘဲ မျက်နှာထားတင်းမာသွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ပြောင်းဖူးပင်တွေက အကြီးမြန်တာမှန်တယ်...၉ပေလောက်ထိရောက်နိုင်တာလည်းဟုတ်တယ်...ပြီးတော့မြေရိုင်းနေရာတွေမှာစိုက်ပျိုးလို့ရတဲ့ အစားအစာအမျိုးအစားပဲ...ဒါပေမဲ့ခင်ဗျားတို့မသိတာကသူတို့ရဲ့အသီးသီးတဲ့နှုန်းကအရမ်းနည်းတာပဲ...၉ပေလောက်ထွားကြိုင်းနေတဲ့ပြောင်းဖူး၁ပင်လုံးကနေ ပြောင်းဖူးတစ်ဖူးပဲ ရတယ်...တစ်ဖူးမှမရတဲ့အပင်တွေလည်းအများကြီးပဲ...ဒါပေမဲ့အခုကပထမအသုတ်ပဲရှိသေးတယ်...စိုက်ပျိုးရေးပညာရှင်တွေက...မျိုးစေ့ကိုတိုးတက်အောင် လုပ်ဖို့ကြိုးစားနေကြတယ်...နောက်ဆိုရင် ဈေးကျလာလိမ့်မယ်"
ဆိုင်၏တာဝန်ရှိသူက ပြောင်းဖူးပင်များ အလွန်ရှည်လျားစွာကြီးထွားသော်လည်း အသီးတင်နှုန်းမှာ အလွန်နည်းပါးသည်ဟု ပြောလိုက်သည်ကိုကြားမှ လော်ယွမ်သည် ကပ်ဘေးဖြစ်ပွားသည့်အချိန်မှစ၍ ပန်းပင်ဖြစ်စေများ၊ မြက်ပင်များဖြစ်စေ၊ သစ်ပင်များဖြစ်စေ ပန်းပွင့်ခြင်း၊ အသီးသီးခြင်း ဖြစ်စဉ်များကို သူလုံးဝမမြင်တွေ့ခဲ့ရသည်ကို ရုတ်တရက် သတိပြုမိလိုက်တော့သည်။
ရှင်သန်ခြင်းနှင့် မျိုးပွားခြင်းဟူသော ဗီဇထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသော ပင်ကိုစရိုက်နှစ်ခုမှာ ယခင်ကဆိုလျှင် သီးသန့်ကွဲပြားမှုမရှိပေ။ မျိုးပွားခြင်းသည် ရှင်သန်ခြင်း၏ အဆင့်တစ်ဆင့်သာဖြစ်သည်။ သို့သော် ယခုအခါ ဇီဝကမ္ဘာလောကကြီးက ဆင့်ကဲပြောင်းလဲမှုဒီရေလှိုင်းကြီးတစ်ခုကို ဖြတ်သန်းနေရပြီး သက်ရှိမျိုးစိတ်များသည် အခြားမျိုးစိတ်များ၏ ဖယ်ရှားခြင်းမခံရစေရန် ဦးစွာစဉ်းစားရမည်ဖြစ်သည်။ ယှဉ်ပြိုင်မှုတွင် အားသာချက်ရရှိရန်အတွက် စွမ်းအင်အမြောက်အမြားကို သုံးစွဲရသော မျိုးပွားခြင်းအပြုအမူမှာ သဘာဝအတိုင်းပင် သိသိသာသာလျော့ကျသွားပြီး ယာယီစွန့်လွှတ်လိုက်သည်အထိပင် ဖြစ်သွားရသည်။
ဤသည်မှာ ယှဉ်ပြိုင်မှုပြင်းထန်သော ကုမ္ပဏီတစ်ခုသို့ အသစ်ဝင်ရောက်လာသော ဝန်ထမ်းတစ်ဦးနှင့်တူသည်။ သူသည် ပထမဦးစွာ ယှဉ်ပြိုင်မှုတွင် အဖယ်မခံရရေးကို စဉ်းစားပြီး နေရာခိုင်မာလာမှသာ ရာထူးတိုးခြင်း၊ လစာတိုးခြင်းတို့ကို စဉ်းစားပေလိမ့်မည်။
ထို့နောက် လော်ယွမ်သည် ပေသုံးဆယ်အကွာတွင်ရှိသော ဟင်းသီးဟင်းရွက်ဈေးသို့ ဆက်လက်သွားရောက်ခဲ့သည်။
ဈေးထဲတွင် ဟင်းသီးဟင်းရွက်များက အများစုဖြစ်ပြီး ဈေးပေါရုံသာမက အလွန်ကြီးမားလှသည်။ ၂ပိဿာ ၃ပိဿာကျော်အလေးချိန်ရှိသော ဟင်းသီးဟင်းရွက်များမှာ နေရာတိုင်းတွင်ရှိနေသည်။ သို့သော် ဟင်းရွက်များပေါ်မှ ယှက်ဖြာနေသော အမျှင်ကြမ်းကြီးများကို ကြည့်ရုံဖြင့် စားသုံးသည့်အခါ အရသာသိပ်မကောင်းနိုင်ဘဲ အနည်းဆုံးတော့ မျိုချရခက်ခဲမည်မှာ ထင်ရှားလှသည်။
အသားများလည်းရှိသော်လည်း အရေအတွက်မှာမူ အတော်လေးနည်းပါးသည်။ သန္ဓေပြောင်းဝက်သား၊ သန္ဓေပြောင်းကြက်ဘဲသားနှင့် အခြားသန္ဓေပြောင်းသတ္တဝါအချို့၏အသားများလည်းရှိပြီး အပြင်ဘက်မှ ရရှိလာခြင်းဖြစ်မည်။ လော်ယွမ်သည် တိတ်တဆိတ် အကဲဖြတ်ကြည့်လိုက်ရာ အားလုံးမှာ အဖြူရောင်အဆင့်အသားများဖြစ်ပြီး အပြာနုရောင်အဆင့်မှာမူ တစ်ခုမှမရှိပေ။ ဤအသားများ၏ဈေးနှုန်းမှာ အလွန်ကြီးမြင့်ပြီး ယေဘုယျအားဖြင့် ၃၀သားလျှင် ဆန်၂ဗူးကူပွန်ငါးခုခြောက်ခုခန့် လိုအပ်သည်။
သူသည် လတ်ဆတ်သောအသားအချို့ကို ဝယ်ယူပြန်သွားချင်စိတ်ရှိသော်လည်း ရိက္ခာကူပွန်မရှိသောကြောင့် လောလောဆယ်တွင် ကြည့်ရုံသာကြည့်နိုင်ခဲ့သည်။
ဟင်းသီးဟင်းရွက်ဈေးမှထွက်လာပြီးနောက် သူသည် ဘဏ်သို့တန်းသွားတော့သည်။ ရိက္ခာကူပွန်မရှိဘဲ ဟယ်တုံမြို့တွင် ဘာမျှမလုပ်နိုင်ပေ။ သို့သော် လော်ယွမ်သည် သူ၏ပိုက်ဆံအားလုံးကို ရိက္ခာကူပွန်အဖြစ် လဲလှယ်ရန် ရည်ရွယ်ချက်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤရိက္ခာကူပွန်များသည် ဟယ်တုံမြို့မှ ကိုယ်ပိုင်ထုတ်ဝေထားခြင်းဖြစ်ပြီး အခြားနေရာများတွင် သုံးစွဲ၍မရနိုင်သည်ကို သူတွေ့ရှိခဲ့သောကြောင့်ပင်။
ထို့ကြောင့် ငွေကြေးတန်ဖိုးမည်မျှကျဆင်းသည်ဖြစ်စေ၊ တစ်နေ့တွင် ဟယ်တုံမြို့၌ ရုတ်တရက်အပြောင်းအလဲတစ်ခုဖြစ်ပွားပြီး ရိက္ခာကူပွန်များအားလုံး စက္ကူစုတ်တစ်ပုံအဖြစ်သို့ ပြောင်းလဲသွားကာ ဘာမှမကျန်တော့သည့်အခြေအနေထက်စာလျှင် ပို၍ကောင်းသေးသည်။ သို့သော်လည်း သူက ရိက္ခာကူပွန် နှစ်ထောင်စာကို လဲလှယ်ခဲ့ရာ ငွေလေးသောင်းခြောက်ထောင် ကုန်ကျသွားခဲ့ပြီး ယခုအချိန်အထိ သူ၏လက်ကျန်ငွေအားလုံးမှာ ရှစ်သောင်းမပြည့်တော့ပေ။
ဤရိက္ခာကူပွန်များနှင့် သူကိုယ်တိုင်သိုလှောင်ထားသော ရိက္ခာများကိုပေါင်းလိုက်လျှင် အချိန်အတော်ကြာအထိ လုံလောက်သင့်ပေသည်။
လော်ယွမ်သည် ဘဏ်ထဲမှထွက်လာသည်နှင့် လမ်းမပေါ်တွင် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
အဝေးတွင် ဒုက္ခသည်များကဲ့သို့သော လူတစ်အုပ်သည် ဤဘက်သို့ တသီတတန်းကြီး လျှောက်လှမ်းလာကြသည်။ အချို့လူများ၏ကိုယ်ပေါ်တွင် သွေးကွက်များပင် ရှိနေသေးသည်။ မကြာသေးမီက ငိုကြွေးထားပုံရသော ဝမ်းနည်းနေသည့်လူအနည်းငယ်မှလွဲ၍ လူအများစု၏မျက်နှာတွင်မူ လွတ်မြောက်လာခြင်းကြောင့် ထိတ်လန့်မှုနှင့်အတူ ကျေးဇူးတင်ဝမ်းသာနေသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒီလူတွေက ဘယ်သူတွေလဲ" လော်ယွမ်က ဘေးတွင် ပွဲကြည့်နေသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို ဆွဲမေးလိုက်သည်။
"ဪ...ထွက်ပြေးလာကြတဲ့ တုံဟူမြို့ကလူတွေလေ" ထိုအမျိုးသားက အနည်းငယ်ရွံရှာသောအမူအရာဖြင့် ပြန်ပြောပြီး သူ၏မျက်နှာတွင်လည်း မကျေနပ်သည့်အရိပ်အယောင်များ သိသိသာသာပေါ်လွင်နေသည်။ "ကြည့်ရတာ...အမြန်လမ်းပေါ်မှာ တိုက်ခိုက်ခံခဲ့ရပြီး လူတချို့သေသွားပုံပဲ"
"ဒါက ဒုတိယအသုတ်ပဲရှိသေးတယ် တတိယအသုတ် စတုတ္ထအသုတ်တွေလည်း လာဦးမယ်လို့ကြားတယ်...ဟူး... နောက်ဆိုရင် နေရထိုင်ရ ပိုခက်တော့မှာပဲ...အထက်ကလူတွေ ဘယ်လိုစဉ်းစားနေလဲမသိဘူး... အစထဲက ရိက္ခာမလောက်တဲ့အထဲ သူတို့ကပါလာခွဲဝေစားသောက်ကြရင်...အားလုံးငတ်သေကုန်ကြတော့မှာပဲ" စကားစမိသည်နှင့် မျက်မှန်တပ်ထားသော တက္ကသိုလ်ကျောင်းသားဟုထင်ရသည့် လူငယ်တစ်ဦးက ဝင်ပြောသည်။
"ကျွန်မကတော့ သူတို့ကိုလုံးဝလက်မခံသင့်ဘူးလို့ထင်တယ်...ဒီပြည်နယ်တစ်ခုလုံးမှာ လူတွေအများကြီးကို အကုန်လုံးတုံဟူမြို့ကိုပို့မှာလား" အမျိုးသမီးတစ်ဦးက ထိုလူအုပ်ကို မုန်းတီးစွာကြည့်ရင်း ထောက်ခံပြောဆိုလိုက်သည်။
လော်ယွမ်သည် ဤသို့သောစိတ်ဓာတ်ကို နားလည်သည်။ မူလကတည်းက အလွန်အမင်းကျပ်တည်းနေသော မိသားစုတစ်ခုတွင် ရုတ်တရက် အပြင်လူများရောက်လာပြီး အိမ်တွင် အလကားလာစား အလကားလာနေမည်ဟု ကြားလိုက်ရသကဲ့သို့ပင်။ မည်သူမဆို လက်မခံလိုသောစိတ်များ ဖြစ်ပေါ်လာမည်သာဖြစ်သည်။ သို့သော် နားလည်မှုကတစ်ပိုင်း သူကိုယ်တိုင် တုံဟူမြို့သားတစ်ဦးအနေဖြင့် ပတ်ဝန်းကျင်မှ တုံဟူမြို့သားများအားလုံး သေဆုံးသွားစေလိုသော စိတ်ဓာတ်ကို မြင်တွေ့ရသောအခါ သူ၏ရင်ထဲတွင်လည်း ဒေါသများ အလွန်အမင်းထွက်လာခဲ့သည်။
"ငါက တုံဟူမြို့သားပဲ" လော်ယွမ်က ပတ်ဝန်းကျင်ကို အေးစက်စွာတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ဓားသိုင်းကျွမ်းကျင်မှုအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ထို့အပြင် ယခုအချိန်တွင် သူက ထိုအရှိန်အဝါကို အပြည့်အဝမထိန်းချုပ်နိုင်သေးရာ ဒေါသစိတ်၏လွှမ်းမိုးမှုအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် အထိန်းချုပ်မဲ့စွာ ပျံ့လွင့်ထွက်သွားခဲ့သည်။ အနီးအနားမှ လူအချို့၏မျက်နှာများမှာ ဖြူဖျော့သွားကြပြီး အလွန်အမင်းထိတ်လန့်သွားကြသည့်အလားပင်။ ထိုအထဲမှ တစ်ဦးမှာ နှလုံးမကောင်းပုံရပြီး နာကျင်စွာဖြင့် သူ၏ရင်ဘတ်ကိုဖိပြီး ပျော့ခွေစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဝိုင်းကြည့်နေသောလူများမှာ တစ်ခဲနက် ဆူညံပွက်လောရိုက်သွားသည်။
"လူသတ်မှုဖြစ်ပြီ"
"ကယ်ကြပါဦး"
"စစ်သားတွေ ဒီမှာလူသတ်နေတယ်"
"သူ့ကို အမြန်ဖမ်းကြ"
...
ဉာဏ်များသူအချို့က မကောင်းသောအကြံအစီဖြင့် အော်ဟစ်လိုက်ကြသော်လည်း သူ့ကိုလာဆွဲရဲသူမှာမူ တစ်ယောက်မျှမရှိပေ။
လော်ယွမ်သည် ကြောင်ငေးသွားပြီး ဤသို့သောအဖြစ်အပျက်မျိုး ဖြစ်ပွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဘဏ်တွင်စောင့်ကြပ်နေသော စစ်သားအချို့က ဤနေရာတွင် တစ်စုံတစ်ခုဖြစ်ပွားနေသည်ကို သတိပြုမိသွားပြီး ဤဘက်သို့ တုံ့ဆိုင်းဆိုင်းဖြင့် လျှောက်လှမ်းလာကြသည်။ သူက အခြေအနေကြီးထွားသွားပြီကို မြင်သောအခါ မြေပြင်ပေါ်တွင် လဲကျနေသောလူကို ဂရုမစိုက်နိုင်တော့ဘဲ လူအုပ်ထဲသို့ အလျင်အမြန်တိုးဝှေ့ကာ သူ၏ခွန်အားနှင့် လျင်မြန်မှုကိုအားကိုး၍ ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားတော့သည်။
စစ်သားများ၏ လိုက်လံဖမ်းဆီးမှုကို စိုးရိမ်သောကြောင့် လော်ယွမ်က ဟင်းသီးဟင်းရွက်ဈေးသို့ ပြန်မသွားတော့ဘဲ အိမ်သို့တန်းပြန်လာခဲ့သည်။ ဧည့်ခန်းသို့ရောက်သောအခါ စားပွဲပေါ်တွင် လတ်ဆတ်သော အသားများနှင့် ဟင်းသီးဟင်းရွက်အချို့ ဝယ်ယူထားသည်ကို တွေ့လိုက်ရပြီး ကြီးမားသောပြောင်းဖူးတစ်ဖူးပင် ပါဝင်နေသည်။
"ပြန်လာပြီလား" ဟွမ်ကျားဟွေသည် အသံကြားသည်နှင့် ခါးစည်းတစ်ခုကိုစည်းကာ မီးဖိုချောင်ထဲမှ ထွက်လာသည်။
"ဒါတွေ နင်ဝယ်လာတာလား" လော်ယွမ်က စားပွဲပေါ်မှ ဟင်းလျာများကိုညွှန်ပြရင်း အံ့အားသင့်စွာမေးလိုက်သည်။
"ကျွန်မဝယ်တာမဟုတ်လို့ ကောက်လာရမှာလား"
"ငါကအဲ့လိုပြောတာမဟုတ်ဘူး...နင့်မှာပိုက်ဆံရှိသေးရဲ့လားမေးတာ...ဟုတ်သားပဲနင့်ဘဏ်ကတ်ကိုမေ့သွားတယ်...အခုနင့်မှာပိုက်ဆံဘယ်လောက်ကျန်သေးလဲ" လော်ယွမ်က ခါးသက်စွာရယ်ရင်းမေးလိုက်သည်။
"ကျွန်မကတ်ထဲမှာ ဆယ့်ခုနစ်သိန်းကျော်ရှိသေးတယ်...ခုနက တစ်သိန်းသွားထုတ်ပြီး ရိက္ခာကူပွန်တွေနဲ့လဲလာတာလေ...ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက လုံးဝဖုံးကွယ်မထားဘဲ ပွင့်လင်းစွာပြောလိုက်သည်။
လော်ယွမ် အနည်းငယ်အံ့အားသင့်သွားသည်။ ဟွမ်ကျားဟွေသည် သူဌေးမတစ်ဦးဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် ယခုအခြေအနေကို စဉ်းစားမိသောအခါ သူကပြောလိုက်သည်။ "ပိုက်ဆံတွေကိုဘဏ်ထဲမှာ မထားတာပိုကောင်းတယ်...အခုထုတ်လို့ရတုံးအမြန်ထုတ်ထားလိုက်...နောက်ဆိုထုတ်လို့ပါ မရတော့ပဲဖြစ်သွားလိမ့်မယ်"
ဟွမ်ကျားဟွေက ထိုသို့ကြားသောအခါ ချက်ချင်းပင် စိုးရိမ်သွားသည်။ ဤဖြစ်နိုင်ခြေမှာ အလွန်ကြီးမားပြီး တကယ်ပင်ဤသို့ဖြစ်ပွားနိုင်ပေသည်။ သူမ၏မျက်ခုံးများ အနည်းငယ်ကျုံ့သွားပြီးနောက် ပြောလိုက်သည်။ "ပိုက်ဆံအတိုင်းထားတာကလည်း သိပ်စိတ်မချရဘူးထင်တယ်...ခေတ်ဆိုးမှာရွေ ခေတ်ကောင်းမှာ ရှေးဟောင်းပစ္စည်း ဆိုသလိုမျိုးပဲ ငွေကြေးက တန်ဖိုးကျသထက်ကျလာမှာ...ရွှေနဲ့လဲလို့ရရင်အကောင်းဆုံးပဲ...ဘဏ်တွေကရွှေနဲ့လဲပေးသေးလား မသိဘူး"
ဟွမ်ကျားဟွေသည် လော်ယွမ်ကဲ့သို့ လောကအတွေ့အကြုံနုနယ်သော လူငယ်တစ်ဦးနှင့်မတူဘဲ အတွေ့အကြုံပို၍ကြွယ်ဝသူဖြစ်ရာ တန်ဖိုးလျော့မကျသွားရန် ပိုကောင်းသောနည်းလမ်းကို လျင်မြန်စွာ စဉ်းစားမိလိုက်သည်။
"ထမင်းစားဖို့ကစောသေးတယ် အခုပဲသွားကြမလား" ဟွမ်ကျားဟွေက နေရာတွင် လှည့်ပတ်လမ်းလျှောက်ရင်း စိတ်လောစွာပြောလိုက်သည်။
"ဒီနေ့တော့ထားလိုက်တော့...ပြဿနာတစ်ခုဖြစ်သွားလို့" လော်ယွမ်က ခါးသက်စွာရယ်ရင်းပြောလိုက်သည်။ ထိုနှလုံးရောဂါရှိသူသည် ဤအကြောင်းကြောင့် သေဆုံးသွားမည်လာ မသေဆုံးမည်လားကို သူ မသိနိုင်ပေ။
ယခင်က ဟယ်တုံမြို့သားများ၏ တုံဟူမြို့သားများအပေါ်ထားရှိသော ရွံရှာမုန်းတီးမှုကို ပြန်တွေးမိသောအခါ သူ အနည်းငယ်စိုးရိမ်သွားမိသည်။ တုံဟူမြို့မှလူများ ဆက်တိုက်ရောက်ရှိလာသည်နှင့်အမျှ ဟယ်တုံမြို့တစ်ခုလုံးတွင် ပြင်းထန်သောပဋိပက္ခများ ဖြစ်ပွားလာမည်ကို စိုးရိမ်မိတော့သည်။
ဆက်ရန်...