← Chapters

အခန်း (၄၉-၅၂)

Vol. 3 Ch. 49-52

အခန်း (၄၉-၅၂)

Vol. 3 Ch. 49-52

အပိုင်း(၄၉)ကိုယ်ပျောက်အစွမ်း

"ငါတို့နည်းနည်း သတ္တိကြောင်နေတယ်လို့ ထင်နေတာမလား" ချန်တာ့ခွေက ကားပေါ်တွင် ထိုင်နေရင်းမှ ဆင်းမလာဘဲ ခဏမျှတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

ကျန်းချောင်နှင့် ယန်တာ့ဝေတို့မှာ အံ့အားသင့်သွားပြီး သူတို့၏အမူအရာမှာ ရှုပ်ထွေးသွားသည်။

လော်ယွမ် စကားပြန်မပြောမီမှာပင် ချန်တာ့ခွေက သက်ပြင်းတစ်ချက်ချကာ "မင်း သန္ဓေပြောင်းလူတွေအကြောင်း ကြားဖူးမယ်ထင်တယ်" ဟု ဆိုသည်။

"မင်းပြောချင်တာက သူတို့ငါးယောက်အဖွဲ့မှာ သန္ဓေပြောင်းလူပါနေတာလား" လော်ယွမ်၏ ရင်ထဲတွင် တုန်ခါသွားပြီး သူ၏အမူအရာမှာလည်း တည်ကြည်သွားသည်။

"ဟုတ်တယ် သူတို့အဖွဲ့ထဲမှာ...နောက်ဆုံးကနေ လျှောက်လာတဲ့တစ်ယောက်က သန္ဓေပြောင်းလူပဲ" သူက ထိုအကြောင်းကို ပြောရန် ခက်ခဲနေဟန်ဖြင့် ခဏရပ်လိုက်ပြီး "တစ်ကယ်တော့ အဲ့လူရဲ့တိုက်ခိုက်စွမ်းရည်က သာမန်ပဲ...ရိုးရိုးလူထက် နည်းနည်းပိုသန်မာရုံပဲရှိတယ်...ဒါပေမဲ့သူ့ရဲ့သန္ဓေပြောင်းအစွမ်းက...တော်တော်ရွံဖို့ကောင်းတယ်...သူကအချိန်မရွေး နေရာမရွေး ကိုယ်ဖျောက်နိုင်တယ်"

ကိုယ်ဖျောက်အစွမ်း....

လော်ယွမ် မျက်မှောင်ကြုံ့လိုက်သည်။ သန္ဓေပြောင်းလူများထဲတွင် ဤသို့သော စွမ်းရည်မျိုးရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"သိပ်မကြာခင်က ဟယ်တုံမြို့သားအဖွဲ့နဲ့ တုံဟူမြို့သားအဖွဲ့ တောထဲမှာအပြင်းအထန်တိုက်ပွဲဖြစ်တော့ နှစ်ဘက်လုံး တော်တော်အထိနာခဲ့တယ်...တိုက်ပွဲအလယ်လောက်ရောက်တော့ ဟယ်တုံမြို့သားအဖွဲ့က ညှိနှိုင်းဖို့ကမ်းလှမ်းတယ်...ငါတို့ကလည်းဆက်မတိုက်ချင်တာနဲ့ သဘောတူလိုက်တယ်... ရလဒ်အနေနဲ့တိုက်ပွဲရပ်ပြီး သိပ်မကြာခင်မှာပဲ အဖွဲ့သား၁၀ယောက်ကျော်က ဘာကြောင့်မှန်းမသိပဲ သေကုန်ကြတယ်လေ...ငါတို့သာအဲ့လူကိုပြန်ဆုတ်သွားအောင် ဖိအားမပေးနိုင်ခဲ့ရင် အဖွဲ့သားတွေအကုန်သေရမှာ"

"ဒါဆိုမင်းတို့ဘာလို့ဒီကို လာနေသေးတာလဲ...သူပြန်လာလုပ်ကြံမှာ မကြောက်ဘူးလား" လော်ယွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ သူတို့၏အတွေးများကို နားမလည်နိုင်တော့ပေ။ ဤလူများက သူ့ကို ငှက်အသေကောင်ရှာပေးရန်သက်သက်ဖြင့် လိုက်လာသည်ကိုတော့ သူ မယုံကြည်ပေ။

ချန်တာ့ခွေ၏ မျက်နှာမှာ ချက်ချင်းပင် မလုံမလဲဖြစ်သွားပြီး အနည်းငယ်နေရခက်နေဟန်ရှိသည်။

လော်ယွမ်မှာ လူမှုအတွေ့အကြုံ သိပ်မကြွယ်ဝသော်လည်း ချန်တာ့ခွေက ပို၍ပင် ဟန်မဆောင်တတ်ပေ။ တစ်ချက်ကြည့်ရုံဖြင့် သူ၏စိတ်ထဲတွင် တစ်ခုခုလိမ်ညာထားသည်ကို သိနိုင်သည်။ သူက ထိုအတွေးအတိုင်း ဆက်စဉ်းစားလိုက်ရာ အလုံးစုံကို နားလည်သွားသည်။ သူ ချန်တာ့ခွေကို တစ်ချက်ကြည့်လိုက်ပြီး အားမနာဘဲ ပြောလိုက်သည်။ "အဲ့တော့...ချန်တာ့ခွေ မင်းကငါ့ကို အငှားဓားအဖြစ် အသုံးချချင်တာပေါ့"

ကျန်းချောင်၏ အမူအရာ ပြောင်းလဲသွားပြီး သူ၏လက်မှာ ဘွတ်ဖိနပ်ထဲတွင် ထိုးထားသော စစ်သုံးဓားမြှောင်ကို တဖြည်းဖြည်း စမ်းလိုက်သည်။ ယန်တာ့ဝေလည်း သူ၏ဓားရိုးကို ဖိကိုင်ထားလိုက်သည်။

သူတို့၏လှုပ်ရှားမှုများမှာ လော်ယွမ်၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။ သူ၏အကြည့်များမှာ အေးစက်သွားပြီး နှစ်ဦးလုံးကို စိုက်ကြည့်လိုက်ရာ သူတို့၏မျက်နှာများမှာ ဖြူဖျော့သွားပြီး နဖူးမှ ချွေးစေးများ ချက်ချင်းထွက်လာသည်။ ပတ်ဝန်းကျင်မှာ ချက်ချင်းပင် တင်းမာသွားသည်။

ချန်တာ့ခွေလည်း တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထသွားသည်။ ဤသို့သော ခံစားချက်မျိုးကို အလွန်အမင်းအားကြီးပြီး ယှဉ်ပြိုင်နိုင်စွမ်းမရှိသော သန္ဓေပြောင်းသတ္တဝါကြီးများနှင့် ရင်ဆိုင်ရမှသာ ခံစားရဖူးသည်။ သူ၏စိတ်ထဲတွင် ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "မင်းတို့ရပ်လိုက်ကြစမ်း...ဘောစ့်ယွမ်အထင်မလွဲပါနဲ့...ငါတို့လည်းအဲ့လောက်ကံဆိုးပြီး သူတို့နဲ့လာတွေ့မယ်လို့မထင်ထားဘူး"

လော်ယွမ်၏ မျက်နှာထားမှာ ပို၍ပင် အေးစက်လာသည်။

ချန်တာ့ခွေက ဆက်ဖုံးကွယ်ထား၍ မရတော့မှန်းသိသောအခါ ခါးသက်စွာပြုံးလိုက်သည်။ "ငါ့မှာအဲ့လိုစိတ်ကူးမျိုးရှိခဲ့တာ အမှန်ပဲ...တစ်ကယ်တော့အဲ့ပြဿနာဖြစ်ပြီးကတည်းက ငါတစ်ခြားစစ်စခန်းကိုသွားဖို့ဆုံးဖြတ်ထားတာ...ဒါပေမဲ့ဘော့စ်ယွမ်ငှက်အမွေးတွေဝယ်နေတာ မြင်တော့ ငါအဲ့လိုအကြံမျိုးရလိုက်တာ"

သူ မနေ့က ချန်တာ့ခွေ၏ အတင်းအကျပ်တိုက်တွန်းနေမှုအပေါ် ကြိုတင်ခံစားမိပြီးသားဖြစ်သည်။ စိတ်ထဲတွင် အနည်းငယ်မကျေမနပ်ဖြစ်သော်လည်း ဒေါသထွက်သည်အထိတော့ မဟုတ်ပေ။ သူ လေသံခပ်ပြတ်ပြတ်ဖြင့် "အဲ့ကိစ္စကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်...ဒါပေမဲ့ငါသိချင်တာက မင်းပြောတဲ့ငှက်အလောင်းက တစ်ကယ်ရောရှိရဲ့လား ဆိုတာပဲ"

"ဒါပေါ့...ရှိတာပေါ့...အဲ့လိုကိစ္စကိုဘယ်လိုလုပ် ငါလိမ်ရဲမှာလဲ" ချန်တာ့ခွေက ကျိန်ဆိုသည့်အလား အလျင်အမြန် ပြောလိုက်သည်။ သူ၏စိတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။ သူအစကတည်းက မလှိမ့်တပတ် မလုပ်ခဲ့သင့်ပေ။

"ဒါဆိုရင်တော့ တော်သေးတာပေါ့" လော်ယွမ်၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။

ကျန်လူများ၏ စိတ်ထဲတွင် ပေါ့ပါးသွားပြီး ထိုအချိန်မှ သူတို့၏ကျောများမှာ ချွေးဖြင့်စိုရွှဲနေသည်ကို သတိပြုမိလိုက်ကြသည်။

"ဘော့စ်ယွမ်...မင်းလည်းသန္ဓေပြောင်းလူပဲလား" ချန်တာ့ခွေက ခဏမျှတုံ့ဆိုင်းပြီးနောက် မေးလိုက်သည်။

လော်ယွမ်မှာ ခဏမျှအံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ၏သာမန်ထက်လွန်ကဲသော စွမ်းရည်များကို ဖုံးကွယ်ရန် ဤသည်မှာ အကောင်းဆုံးသော အကြောင်းပြချက်တစ်ခု ဖြစ်သည်။

ကျန်းချောင်နှင့် ယန်တာ့ဝေတို့မှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြရာ နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။ ချန်တာ့ခွေကမူ "ငါထင်သားပဲ" ဟူသော အမူအရာမျိုး ပြလိုက်သည်။

ထိုအချိန်တွင် လော်ယွမ်၏ စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာပြီး ရုတ်တရက် "ဟုတ်ပြီ...ငါတို့ဒီမှာထိုင်နေတာကြာနေပြီ...အခုဘယ်ကိုသွားကြမှာလဲ" ဟု ဆိုသည်။

စကားဆုံးသည်နှင့် သူ တံခါးကိုတွန်းဖွင့်ကာ ဆင်းလာခဲ့သည်။

"ငါတို့အချိန်တွေအများကြီးရတာပဲ...အဲ့ငှက်အသေကိုအရင်သွားရှာမယ်ဆိုရင်ရော" ချန်တာ့ခွေက မိမိအမှားရှိသည်ကို သိသည့်အတွက် မျက်နှာချိုသွေးကာ ပြောလိုက်သည်။

"ကောင်းသားပဲ" လော်ယွမ်က ဘာမှမဖြစ်သလိုပင် ပြောလိုက်သည်။ "လောလောဆယ် ငါအပေါ့သွားလိုက်ဦးမယ်"

စကားဆုံးသည်နှင့် သူ ရှေ့သို့လျှောက်သွားလိုက်ပြီး မီးလောင်ထားသော သစ်ပင်ကြီးတစ်ပင်အောက်သို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူ၏လက်မှာ ဓားရိုးပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ နောက်တစ်ခဏတွင် စိမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်ပေါ်သွားပြီး သွေးများ ပန်းထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံတစ်ခုမှာ တောထဲတွင် ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာပင် သူတို့ရှေ့ မနီးမဝေးတွင် လူတစ်ယောက် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူက ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် သူ၏ဝမ်းဗိုက်ကို ဖိကိုင်ထားပြီး ဒဏ်ရာမှ သွေးများ တသွင်သွင်စီးကျနေသည်။ သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေသည်။ "ဒါ... မဖြစ်နိုင်ဘူး...မင်းဘယ်လိုလုပ်ငါ့ကိုရှာတွေ့တာလဲ"

ဤသူမှာ အစောပိုင်းက လော်ယွမ်ကို ပြုံးပြခဲ့သောသူပင် ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏မျက်နှာပေါ်၌ ယခင်ကလို တည်ငြိမ်အေးဆေးသော အပြုံးမျိုးမရှိတော့ဘဲ ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။

ချန်တာ့ခွေတို့အဖွဲ့မှာလည်း ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ထိတ်လန့်သွားပြီး လက်နက်များကို အလျင်အမြန်ထုတ်ကာ အသင့်အနေအထားဖြင့် နေလိုက်ကြသည်။

"သာမန်လှည့်ကွက်လေးပါ" လော်ယွမ်က တည်ငြိမ်စွာပြောလိုက်သည်။ "မင်းရဲ့အဖော်တွေဘယ်မှာလဲ ငါ့ကိုပြော...ဒါဆိုငါမင်းကိုချမ်းသာပေးမယ်"

သူ ခုနက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေ့ရပေ။ အခြားသူများ ဤနေရာတွင် မရှိသည်မှာ ထင်ရှားသည်။

ကိုယ်ဖျောက်ခြင်းမှာ သူ၏အတွက် အမှန်ပင် လှည့်ကွက်လေးတစ်ခုသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက မျက်လုံးအမြင်ကိုသာ လှည့်စားနိုင်ပြီး သူ၏အာရုံခံစားမှုကိုမူ မလှည့်စားနိုင်သောကြောင့် ဖြစ်သည်။ ထိုသူ လော်ယွမ်၏ ဆယ်မီတာအနီးသို့ ချဉ်းကပ်လာကတည်းက သူ အာရုံခံမိပြီးသားဖြစ်သည်။ အချက်အလက်အချို့ကို မေးမြန်းလိုစိတ်သာမရှိပါက သူ့ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်လောက်ပြီဖြစ်သည်။

သူ၏အမြင်တွင် ယမ်းလက်နက်များကို ကောင်းစွာအသုံးမပြုတတ်သော ဤကိုယ်ဖျောက်အစွမ်းရှိသည့် သန္ဓေပြောင်းလူမှာ အန္တရာယ်မရှိပေ။ အန္တရာယ်အစစ်အမှန်မှာ ခေတ်မီခဲယမ်းလက်နက်များကို ကိုင်စွဲထားသော သာမန်လူများသာ ဖြစ်သည်။ ရန်ငြိုးဖွဲ့ပြီးသည့်နောက်တွင် သေသည်အထိ တိုက်ခိုက်ရတော့မည်မှာ မလွဲဧကန်ပင်။ သူ ကထိုလူတွေ ဘယ်မှာရှိသည်ကို မေးမြန်းပြီး နောက်ပိုင်းပြဿနာများကို အမြစ်ဖြတ်ရမည်။ သူ အမဲလိုက်နေစဉ်တွင် အခြားသူများ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို မခံလိုပေ။

"မဖြစ်နိုင်ပါဘူး...အဲ့တာ...တိုက်ဆိုင်သွားတာ...မင်းငါ့ကိုတစ်ကယ်မမြင်ပဲ ခန့်မှန်းပြီးလက်တည့်စမ်းလိုက်တာ...ဟုတ်တယ်မလား" လော်ယွမ်၏ မေးခွန်းကို သူ လုံးဝမကြားဟန်ဖြင့် မိမိဘာသာ တတွတ်တွတ်ပြောနေသည်။

သူ၏အစွမ်းအပေါ် ယုံကြည်မှုမှာ တစ်ဘက်စွန်းသို့ ရောက်နေမှန်း ထင်ရှားသည်။ အကြောင်းရင်းကို မသိရမချင်း သေခြင်းတရားကိုပင် ဂရုမစိုက်တော့သည့် အခြေအနေဖြစ်သည်။

ကျန်းချောင်က စနိုက်ပါရိုင်ဖယ်ကိုကိုင်ကာ အသင့်အနေအထားရှိနေပြီး ချန်တာ့ခွေနှင့် ယန်တာ့ဝေတို့က သူတို့ဆီ လျှောက်လာကြသည်။ သူတို့၏အိပ်မက်ဆိုးထဲတွင် မကြာခဏပေါ်လာတတ်သော ထိုလူကို ကြည့်ရင်း နှစ်ဦးလုံးမှာ အလွန်အံ့ဩနေကြသည်။ ယန်တာ့ဝေက စကားပင်မပြောနိုင်တော့ဘဲ "အဲ့တာသူပဲ...အဲ့တာသန္ဓေပြောင်းလူမလား"

ကိုယ်ဖျောက်နိုင်သူက ထိုနှစ်ဦးကို မထီမဲ့မြင်ကြည့်လိုက်ပြီး ယုံကြည်မှုကို ပြန်လည်ရရှိသွားဟန်တူ၏။ ထို့နောက် လော်ယွမ်ကို ကြည့်ကာ အရူးတစ်ပိုင်းပမာရယ်မောလျက် "ငါသန္ဓေပြောင်းလူသား ဖြစ်လာပြီးထဲက...ခုလောက်ဒဏ်ရာအပြင်းအထန် မရဖူးဘူး...ဒါပေမဲ့မင်းနောက်တစ်ခါတော့ ကံကောင်းမှာမဟုတ်ဘူး"

စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

"ဒိုင်း"

ပြင်းထန်သောသေနတ်သံက ဟိန်းထွက်သွားသည်။ ကျန်းချောင်၏လက်ထဲမှ စနိုက်ပါရိုင်ဖယ်မှာ ပစ်ခတ်လိုက်သော်လည်း အခြားသူများ ရှိနေခြင်းကြောင့် အကောင်းဆုံးအခွင့်အရေးကို လက်လွတ်သွားပြီး မထင်မှတ်ဘဲ လွဲချော်သွားခဲ့သည်။

လော်ယွမ်က အေးစက်စွာပြုံးလိုက်ပြီး မြေကြီးကို ခြေဖြင့်စောင့်ကန်လိုက်ရာ သူ၏ခန္ဓာကိုယ်က လေပြေညင်းလေးများ ဝန်းရံနေသကဲ့သို့ ခံစားရပြီး သူ၏အရှိန်မှာ သိသိသာသာပင် တိုးတက်သွားသည်။ အသက်တစ်ခါရှူချိန်ပင် မကြာလိုက်ဘဲ သူ ပေ၃၀အကွာအဝေးကို ကျော်လွန်သွားခဲ့သည်။

ထက်ရှသောဓားရှည်မှာ စိမ်းရောင်အလင်းကွေးတစ်ခုအဖြစ် ဖြတ်သန်းသွားပြီးနောက် လက်မောင်းပြတ်တစ်ဖက်က လေထဲသို့ လွင့်ပျံသွားသည်။ ထိုကိုယ်ဖျောက်နိုင်သူမှာ နောက်တစ်ကြိမ် ပေါ်ထွက်လာပြီး မြေပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။ ပြင်းထန်သောနာကျင်မှုနှင့် သွေးအများအပြားဆုံးရှုံးမှုကြောင့် သူ၏မျက်နှာမှာ ဖြူဖျော့နေသည်။ သူက အတော်ပင် သတ္တိကောင်းသူဖြစ်ပြီး အစပိုင်းတွင် မထင်မှတ်ဘဲ အော်ဟစ်မိသည်မှလွဲ၍ နောက်ပိုင်းတွင် တစ်ချက်မှ မအော်တော့ပေ။

လော်ယွမ်က လူသတ်လိုသောအမူအရာဖြင့် "မင်းရဲ့လှည့်ကွက်လေးတွေက...ငါ့အတွက်အသုံးမဝင်ဘူး...ငါ့စိတ်ကိုခဏခဏလာစမ်းမနေနဲ့...မင်းအဖော်တွေဘယ်မှာလဲငါ့ကိုပြော"

"တစ်ကြိမ်ဆိုရင်တော့ တိုက်ဆိုင်တာ...၂ကြိမ်ဆိုရင်တော့ သေချာသွားပြီ...မင်းတစ်ကယ်ငါ့ကိုမြင်နိုင်တဲ့ပုံပဲ...ဒါမှမဟုတ်ခံစားနိုင်တာဖြစ်ရမယ်" သူက မျက်လုံးများတွင် ခံစားချက်ကင်းမဲ့စွာဖြင့် လော်ယွမ်ကို ကြည့်ကာ သူ၏ယုံကြည်ချက်များ လုံးဝပျောက်ကွယ်သွားဟန်တူသည်။ "သူတို့ဘယ်မှာလဲငါမင်းကိုပြောလို့ရတယ်...ဒါပေမဲ့အပြန်အလှန်အနေနဲ့...မင်းငါ့ကိုဘယ်လိုမြင်လဲဆိုတာ ပြောပြရမယ်"

လော်ယွမ်က သူ၏ခိုင်မာသောစိတ်ဓာတ်ကို ခံစားမိပြီး အတင်းအကျပ်ဖိအားပေး၍ အသုံးမဝင်မှန်းသိသောကြောင့် ခေါင်းညိတ်လိုက်သည်။ "ရတယ်"

သူ၏မျက်လုံးများမှာ အနည်းငယ် တောက်ပလာသည်။ "ငါတို့ခေါင်းဆောင်က မင်းတို့လို တုံဟူမြို့သားတွေကို အမြင်မကြည်ဘူး...ဒါကြောင့်ငါ့ကိုလာသတ်ခိုင်းတာ...မင်းတို့ဒီလမ်းကျဉ်းလေးအတိုင်း ဆက်သွားရင် သူတို့ကိုတွေ့လိမ့်မယ်...မင်းတို့အောင်မြင်ပါစေလို့ ငါဆုတောင်းပေးလိုက်မယ်"

"မင်းမလိမ်ဘူးလို့ငါတို့ဘယ်လိုယုံရမှာလဲ...မင်းငါတို့ကိုစွမ်းအားကြီးတဲ့ သန္ဓေပြောင်းသားရဲနယ်မြေထဲ လမ်းညွှန်လိုက်ရင် ဘယ်လိုလုပ်မလဲ" လော်ယွမ်က အေးစက်စွာရယ်မောပြီး မေးလိုက်သည်။

"ငါမင်းကို လိမ်စရာအကြောင်း မရှိဘူး" သူ၏မျက်နှာပေါ်တွင် ရှက်စိတ်ကြောင့်ဖြစ်သော ဒေါသရိပ်တစ်ခု ဖြတ်သန်းသွားပြီး မထီမဲ့မြင်ဖြင့် "သူတို့ကငါ့အဖော်တွေ မဟုတ်ဘူး...ငါတို့ကအတူပေါင်းလုပ်ရုံပဲရှိတာ...ငါ့ရဲ့အစွမ်းကိုယ်ဖျောက်တာကလွဲပြီး ကျန်တဲ့ခွန်အားတို အလျင်တို့က သာမန်ပဲရှိတာ...အဲ့တော့ငါကသူတို့အတွက်လူသတ်ပေးတယ် သူတို့ကငါ့အတွက် သန္ဓေပြောင်းသားရဲတွေ သတ်ပေးတယ်...ဒါမျှမျှတတပဲ"

"ဟုတ်ပြီ...ငါမင်းကိုယုံတယ်...မင်းသွားလို့ရပြီ" လော်ယွမ်က ဤသူမှာ အလွန်မာနကြီးသူတစ်ယောက်ဖြစ်သည်ကို မြင်နိုင်ပြီး ၎င်းက သူ့ကို ထူးဆန်းသော သဘောကျခြင်းကို ဖြစ်စေသည်။ ထို့အပြင် လက်မောင်းတစ်ဖက်ပြတ်သွားပြီး ဝမ်းဗိုက်တွင်လည်း ဓားဒဏ်ရာရထားရာ အသက်ရှင်နိုင်မလားဆိုသည်မှာ သူ၏ကံကြမ္မာအပေါ်တွင်သာ မူတည်တော့သည်။

ယန်တာ့ဝေက တားဆီးရန် ပါးစပ်ဟလိုက်သော်လည်း တည်ငြိမ်နေသော လော်ယွမ်ကို ကြည့်ပြီး စကားကို ပြန်မျိုချလိုက်သည်။

"မင်း ငါ့ကို မသတ်ဘူးလား" ကိုယ်ဖျောက်နိုင်သူက အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"မင်းက ငါ့ကို ခြိမ်းခြောက်နိုင်တာမှ မဟုတ်တာ" လော်ယွမ်က တည်ငြိမ်စွာပြောလိုက်သည်။ "အော်ဒါနဲ့...ငါမင်းကိုမြင်နိုင်တာက...အာရုံခံနိုင်စွမ်း...ဒါမှမဟုတ်...အလိုလိုသိစိတ်ကြောင့်ပဲ"

"အလိုလိုသိစိတ်ဟုတ်လား" သူက နားမလည်နိုင်သော အမူအရာဖြင့် ယိုင်နဲ့နေပြီး ထိုနေရာတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေသည်။ သူ ဂုဏ်ယူရသော စွမ်းရည်မှာ ဤသို့ရိုးရှင်းစွာဖြင့် ချေဖျက်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"သွားကြရအောင်" လော်ယွမ်က ချန်တာ့ခွေတို့အဖွဲ့ကို လှည့်ပြောလိုက်သည်။

ကျန်းချောင်က ခဏမျှတုံ့ဆိုင်းပြီးနောက် ချန်တာ့ခွေက ခေါင်းအသာခါပြသည်ကို မြင်သောအခါ သေနတ်မောင်းကို လွှတ်လိုက်ပြီး စနိုက်ပါရိုင်ဖယ်ကိုကိုင်ကာ မတ်တပ်ရပ်လိုက်သည်။

တောအုပ်အဝင်ဝသို့ ရောက်သည်နှင့် လော်ယွမ်က သူ၏နောက်မှ ဖိအားမြင့်ရေစီးကြောင်းတစ်ခု ရုတ်တရက် ရေပန်းထွက်သံကဲ့သို့ တရှဲရှဲမြည်သံကို ကြားလိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်၏။ ကိုယ်ဖျောက်နိုင်သူ၏ ကျန်ရှိနေသော ဘယ်ဘက်လက်မှာ သူ၏လည်ပင်းမှ အားမရှိစွာ တွဲကျနေပြီး လက်ထဲတွင် ဓားငယ်တစ်ချောင်းကို ဆုပ်ကိုင်ထားသည်။ သွေးများမှာ မီးပန်းများပမာ လေထဲတွင် ဖွာခနဲ ပွင့်ထွက်သွားသည်။

သူက မြေပေါ်သို့ ဒူးထောက်လဲကျသွားသည်။

လော်ယွမ်က တစ်ချက်ကြည့်ပြီးနောက် ပြန်လှည့်ထွက်လာခဲ့သည်။

မိမိဂုဏ်ယူရသော စွမ်းရည်က အခြားသူတစ်ဦး၏ လွယ်လွယ်ကူကူ ချေဖျက်ခြင်းကို ခံလိုက်ရသောအခါ ဘဝ၏ယုံကြည်ချက်သည်လည်း လုံးဝပျောက်ကွယ်သွားတော့သည်။ ဤသည်မှာ မာနကြီးလွန်း၍ ခေါင်းမာသောအဆင့်သို့ ရောက်နေသူတစ်ဦးဖြစ်ပြီး လော်ယွမ် ကြုံတွေ့ခဲ့ရသော ပထမဆုံးသော သန္ဓေပြောင်းလူလည်း ဖြစ်သည်။

တိမ်ဖြူတိမ်လွှာများက ငါးအကြေးခွံများပမာ ကြည်လင်သော ကောင်းကင်ပြာပေါ်တွင် ဖြန့်ကျက်ထားသည်။

တိမ်များ၏အောက်တွင်မူ မိုးကုတ်စက်ဝိုင်းအထိ ကျယ်ပြန့်နေသော အဆုံးမဲ့တောအုပ်ပင်လယ်ကြီး တည်ရှိနေသည်။ ကောင်းကင်မှ ကြည့်လျှင် ဤသစ်တော၏ အရောင်မှာ စိမ်းစိုလန်းဆန်းပြီး အားကောင်းသော အသက်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။

ဤသည်မှာ အသစ်ဖြစ်ပေါ်လာပြီး ကျယ်ပြန့်လှသော သစ်တောကြီးတစ်ခုဖြစ်သည်။ မူလလယ်ကွင်းများမှ မြက်ခင်းပြင်များအဖြစ်သို့ ထို့နောက် ယခုကဲ့သို့ သစ်တောအဖြစ်သို့ ပြောင်းလဲလာသည်မှာ လအနည်းငယ်သာ ကြာမြင့်၏။

၎င်းမှာ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသော တောနက်ကြီးများနှင့် မယှဉ်နိုင်သေးသော်လည်း အခြေခံအုတ်မြစ်တော့ ချပြီးဖြစ်သည်။ ၃ပေပတ်လည်ခန့် တုတ်ခိုင်သော သစ်ပင်ကြီးများမှာ နေရာအနှံ့တွင် တွေ့မြင်နိုင်ပြီး အချို့သောရှုထောင့်မှ ကြည့်လျှင် ဤတောအုပ်မှာ ပို၍ပင် စည်ပင်ဝပြောပြီး တက်ကြွလှုပ်ရှားနေသည်။

မူလလယ်ကွင်းများမှာ ဖုံးလွှမ်းသွားခဲ့ပြီး လူသားတို့၏ စိုက်ပျိုးလုပ်ကိုင်ခဲ့သော ခြေရာလက်ရာများကို အနည်းငယ်မျှပင် ရှာမတွေ့နိုင်တော့ပေ။

မြေပြင်ပေါ်တွင် မီးခိုးရောင်ဆွေးမြေ့မြေလွှာတစ်ထပ် ဖုံးလွှမ်းနေပြီး နင်းလိုက်လျှင် ပျော့ပျောင်းသော ခံစားမှုကိုပေးသည်။ ဤသည်မှာ ပြိုင်ဆိုင်မှုတွင် ရှုံးနိမ့်သွားသော မြက်ပင်လေးများ၏ တန်ဖိုးပင်ဖြစ်၏။ သို့သော် အချို့မြက်ပင်များကတော့ ခေါင်းမာစွာ ရှင်သန်နေကြဆဲပင်။ အချို့မှာ သစ်ရွက်များ၏ အထပ်ထပ်ပိတ်ဆို့မှုကြောင့် အလင်းရောင်နည်းသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ရှင်သန်ကြပြီး အချို့မှာမူ နူးညံ့သောနွယ်ပင်များကဲ့သို့ ဆင့်ကဲပြောင်းလဲကာ သစ်ပင်ကြီးများကို ရစ်ပတ်ပြီး အာဟာရဓာတ်များကို စုပ်ယူကာ ဆင့်ကဲပြောင်းလဲခြင်းလှေကားထစ်ကို တက်လှမ်းနေကြသည်။

သူတို့အဖွဲ့က မုဆိုးများဖောက်လုပ်ထားသော လမ်းကျဉ်းလေးအတိုင်း သတိဖြင့် တောထဲသို့ ဝင်ခဲ့ကြတော့သည်။

ဆက်ရန်...

အပိုင်း(၅၀)မျှော့သတ္တဝါဆန်း

ကျန်းချောင်က သူ၏ ခေတ်မီဒူးလေးခလုတ်ကို ဆွဲလိုက်သည်။ "ဒေါက်" ဟူသော တိုးညှင်းသည့်အသံတစ်ချက်နှင့်အတူ ရှေ့မှ ဝက်ဝံကဲ့သို့သော သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ ဦးခေါင်းကို သံမဏိမြားတစ်စင်းက ထွင်းဖောက်သွားသည်။ ထိုအကောင်သည် အသံတစ်ချက်မထွက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ အဖွဲ့သားများက ထိုအလောင်းကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လက်ခရီးဆက်ခဲ့ကြပြီး လမ်းဘေးတွင် ပစ်ထားခဲ့ကြသည်။

"အဆင့်၁ သန္ဓေပြောင်းသတ္တဝါတွေက ဈေးအဲ့လောက်မရဘူး...အသားတစ်ပေါင်ကို ရိက္ခာကူပွန်၂ပေါင်ပဲရတယ်...အဆင့်၂သန္ဓေပြောင်း သတ္တဝါသာရှာမတွေ့ရင်...ဒီလိုခရီးတစ်ခေါက်မှာ...ကျည်အလွန်အကျွံသုံးမိတာနဲ့...အမြတ်မရတဲ့အပြင်...အရင်းတောင်ရှုံးသေးတယ်" ချန်တာ့ခွေသည် လော်ယွမ်က ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးသည်ကို သိသောကြောင့် စောစောက အက်ကြောင်းထင်ခဲ့သော ဆက်ဆံရေးကို ပြန်လည်ဖြည့်ဆည်းသည့်အနေဖြင့် သူ့နားကပ်ကာ တိုးတိုးရှင်းပြသည်။

"အဆင့်နှစ် သန္ဓေပြောင်းသတ္တဝါတွေကမှ တန်ဖိုးရှိတာ...အသားတစ်ပေါင်တိုင်းကို...ရိက္ခာကူပွန်ပေါင်၃၀တောင်ရတယ်...မှောင်ခိုဈေးမှာဆို...ဒီထက်တောင်ဈေးပိုရသေးတယ်...ရိက္ခာကူပွန်ပေါင်၁၀၀ဆိုရင်တောင်...လုပြီးဝယ်မယ့်သူတွေအများကြီးပဲ...ဒါပေမဲ့လူတစ်ယောက်ကို အသား၃ပေါင်ပဲယူသွားခွင့်ရှိပြီး...ကျန်တာတွေကို စစ်တပ်က အကုန်ပြန်သိမ်းတယ်"

"အဆင့်၁ သန္ဓေပြောင်းသတ္တဝါဆိုတာက" လော်ယွမ်က သံသယဖြင့် မေးလိုက်သည်။

"အဲ့တာအခြေစိုက်စခန်းက သတ်မှတ်ထားတဲ့ အသုံးအနှုန်းတွေလေ...ငါတို့တုံဟူမြို့မှာသတ်ခဲ့တဲ့သန္ဓေပြောင်းကြွက်တွေလိုမျိုးကို အဆင့်၁လို့သတ်မှတ်တယ်...ကြွက်ဘုရင်ကတော့အဆင့်၂ပဲ...စခန်းမှာသူတို့ကိုသီးသန့် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေရှိတယ်" ချန်တာ့ခွေက ရှင်းပြသည်။

စနစ်၏ အဆင့်ခွဲခြားမှုနှင့် နှိုင်းယှဉ်ကြည့်လျှင် အဖြူရောင်အဆင့်သည် အဆင့်တစ် ဖြစ်ပြီး အဆင့်နှစ်မှာမူ အပြာနုရောင်အဆင့် ဖြစ်ရမည်ဟု လော်ယွမ် ခေါင်းညိတ်ကာ သဘောပေါက်လိုက်သည်။

အပြာနုရောင်အဆင့် သတ္တဝါအများစုမှာ ကြီးမားသော ကိုယ်လုံးကိုယ်ထည်ရှိကြသည်။ ထိုသို့သော သတ္တဝါတစ်ကောင်သည် အသေးဆုံးဖြစ်သည့်တိုင် အသားပေါင်တစ်ရာကျော် အကြီးစားဆိုလျှင် ပေါင်ရာပေါင်းများစွာမှ တန်နှင့်ချီသည့်အထိ ရှိနိုင်သည်။ ကံကောင်း၍ အဆင့်နှစ် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့လျှင် လက်နက်ငှားရမ်းခနှင့် ကျည်ဆန်ကုန်ကျစရိတ်မှာ ပြောပလောက်တော့မည်မဟုတ်ဘဲ အမြတ်ပင် ကျန်ဦးမည်။ စွန့်စားရမှုနှင့် အကျိုးအမြတ်မှာ တိုက်ရိုက်အချိုးကျနေသည်က အမှန်ပင်တည်း။ ထိုသို့ဆိုလျှင် အပြာရောင်အဆင့် သတ္တဝါများ၏ ဈေးနှုန်းမှာ ပို၍ပင် မြင့်မားပေလိမ့်မည်။

"နေဦး...တစ်ယောက်မှမလှုပ်ကြနဲ့" နောက်ဆုံးမှ လျှောက်လာသော ကျန်းချောင်က အနည်းငယ် အလျင်လိုစွာ အော်ပြောလိုက်သည်။

လော်ယွမ် ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိဖြင့် ဝေ့ကြည့်လိုက်သော်လည်း မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရှိရသဖြင့် သူ၏စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားသည်။

ထိုစဉ် ကျန်းချောင်က သူ၏ စစ်သုံးဓားမြှောင်ကို ဆွဲထုတ်ကာ အမြန်လျှောက်လာပြီး လော်ယွမ်၏ ရှေ့မှ သစ်ရွက်စိမ်းတစ်ရွက်ကို ထိုးလိုက်သည်။ ထိုသစ်ရွက်သည် မြေပေါ်သို့ ကျသွားသည်နှင့် အသက်ရှိသကဲ့သို့ လှုပ်ရှားလာပြီး မြေပြင်တစ်လျှောက် လူးလွန့်ကာ အရိပ်ကျသောနေရာဆီသို့ တွားသွားလေသည်။

ထိုအခါမှ လော်ယွမ် သေချာမြင်လိုက်ရသည်။ ဤသည်မှာ သစ်ရွက်မဟုတ်ဘဲ အစိမ်းရောင် ပိုးကောင်ပျော့တစ်ကောင်သာ ဖြစ်သည်။ ၎င်း၏ အရေပြားအရောင်နှင့် ပုံသဏ္ဌာန်မှာ ပတ်ဝန်းကျင်မှ သစ်ရွက်များနှင့် အလွန်ဆင်တူသဖြင့် အသေအချာမကြည့်လျှင် ခွဲခြားရန် ခက်ခဲလှသည်။

"သေစမ်း...သန္ဓေပြောင်းမျှော့ပဲ" ယန်တာ့ဝေက အသေအချာကြည့်ပြီးနောက် လန့်အော်လိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုးပြေးသွားကာ သူ၏ ဓားရှည်ကိုဆွဲထုတ်ပြီး ထိုအစိမ်းရောင်ပိုးကောင်ကို နှစ်ပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။ အနီရင့်ရောင် သွေးများက မြေပြင်ပေါ်သို့ စီးကျလာသည်။

ယန်တာ့ဝေသည် သန္ဓေပြောင်းမျှော့ကောင်ကို သတ်ပြီးနောက် စိတ်အေးသွားခြင်းမရှိဘဲ ထိတ်လန့်သော မျက်နှာဖြင့် ချန်တာ့ခွေကို လှမ်းပြောသည်။ "ငါ့ကျောမှာ ရှိမရှိ ကြည့်ပေးပါဦး"

ချန်တာ့ခွေ၏ မျက်နှာသည်လည်း တည်ကြည်သွားပြီး ယန်တာ့ဝေ၏ အင်္ကျီကို လှန်ကြည့်လိုက်သည်။ "မရှိဘူး...အားလုံးကိုယ့်ကိုယ်ကို စစ်ဆေးကြ"

ပြောရင်းဆိုရင်း သူလည်း သူ၏ ဘောင်းဘီအောက်နားစများကို စတင်စစ်ဆေးတော့သည်။

လော်ယွမ်က အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း ထိုသူများ၏ အမူအရာကို ကြည့်ပြီး အခြေအနေမကောင်းကြောင်း ခံစားမိလိုက်သည်။ သူ အလျင်အမြန်ပင် သူ၏ "အာရုံခံနိုင်စွမ်း" ကိုသုံး၍ တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်ရာ ထိုသို့သော အရာမျိုး မရှိကြောင်း တွေ့ရှိရသည်။

သူတို့အားလုံး အပြန်အလှန် စစ်ဆေးလိုက်ကြသည်။

"မရှိဘူး" ကျန်းချောင်က သူ၏ ဘောင်းဘီအောက်နားစကို ပြန်စည်းလိုက်ရင်း သက်ပြင်းချကာ ပြောသည်။

"ငါ့ဆီမှာလည်း မရှိဘူး" ချန်တာ့ခွေက ပြောပြီးနောက် လော်ယွမ်ကို လှည့်ကြည့်သည်။ "ဘော့စ်ယွမ်...မင်းလည်း စစ်ဆေးကြည့်ဦးမလား"

လော်ယွမ်က ခေါင်းခါလိုက်ပြီး "မလိုဘူး...ငါ့ကိုယ်မှာဘာမှမရှိတာကို အာရုံခံလို့ရတယ်"

ချန်တာ့ခွေက သူသည် ကိုယ်ပျောက်လူသတ်သမားကိုပင် လွယ်ကူစွာ ရှာဖွေနိုင်ခဲ့သည်ကို ပြန်တွေးမိပြီး ဆက်မမေးတော့ပေ။ သို့သော် သူ၏စိတ်ထဲတွင် လော်ယွမ်အပေါ် နက်နဲပြီး ခန့်မှန်းရခက်သော သူအဖြစ် ပို၍မြင်လာသည်။

"တော်သေးတယ်...စောစောစီးစီး တွေ့လိုက်လို့" ယန်တာ့ဝေက ကံကောင်းသွားဟန်ဖြင့် ပြောသည်။ "ဒီဘက်မှာလည်း သန္ဓေပြောင်းမျှော့တွေ ပေါ်လာမယ်လို့မထင်ထားဘူး...တစ်ကောင်လောက်သာ ကိုယ်ထဲဖောက်ဝင်သွားရင်တော့...သွားပြီပဲ"

လော်ယွမ်၏ စိတ်ထဲတွင် ထင့်ခနဲဖြစ်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "မင်းပြောတာက...သူကကိုယ်ထဲဖောက်ဝင်နိုင်တာလား"

ယန်တာ့ဝေက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "သူသာကိုယ်ပေါ်တွယ်မိသွားရင် သူသွေးစုပ်နေတဲ့ဒဏ်ရာကတစ်ဆင့် အသားထဲဖောက်ဝင်သွားတာ...ကြောက်ဖို့အကောင်းဆုံးက...အဲ့လိုဖောက်ဝင်တဲ့အချိန်မှာ...နာတာရော ယားတာရော မဖြစ်ပဲ လုံးဝကိုသတိမထားမိတာ...သူအထဲရောက်လို့ သွေးဝသွားတာနဲ့ ဥတွေအများကြီးဥချတယ်"

"အဲ့အဆင့်ရောက်တာနဲ့ ၂၄နာရီအတွင်း သွေးထွက်လွန်ပြီး ခန္ဓာကိုယ်က မာမီအလောင်းလို ပိန်ခြောက်ပြီးသေသွားလိမ့်မယ်...အဲ့လိုသေတာနဲ့...ဥထားတဲ့ဥတွေက အကောင်ပေါက်ပြီး...မျှော့တွေအပြွတ်လိုက် လူသေအလောင်းရဲ့ ဒွါရကိုးပေါက်ကနေ အပြင်ကိုဖောက်ထွက်လာကြတယ်...အဲ့လိုသေရတာ အရမ်းကြောက်ဖို့ကောင်းတယ်" နောက်ဆုံးစကားကို ပြောသည့်အခါ သူ၏အသံမှာ အနည်းငယ် တိမ်ဝင်သွားသည်။ "ငါတို့သူငယ်ချင်းတစ်ယောက်ဆို...အဲ့လိုသေသွားတာလေ...နောက်တော့ငါတို့ သူသေသွားတဲ့နေရာကို လုံးဝခြေဦးမလှည့်တော့ဘူး...အခုသူတို့ဒီဘက်မှာပါ ပေါ်လာမယ်လို့မထင်ထားဘူး"

လော်ယွမ်သည် ကြားရုံမျှဖြင့် ခေါင်းနပမ်းကြီးသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။ ကမ္ဘာမပျက်ခင်က သွေးအနည်းငယ်စုပ်ရုံဖြင့် လူကိုရွံရှာစေသော မျှော့ကောင်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ဆင့်ကဲပြောင်းလဲလာခဲ့သည်။

"ငါတို့ဆက်သွားဦးမှာလား" ကျန်းချောင်က မေးသည်။

ယန်တာ့ဝေ၏ မျက်နှာက အနည်းငယ် တည်ကြည်နေသည်။

ချန်တာ့ခွေက လော်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ လော်ယွမ်က ကန့်ကွက်ခြင်းမရှိသည်ကို တွေ့သောအခါ ခဏစဉ်းစားပြီးနောက် လေးလံစွာ ပြောလိုက်သည်။ "ဒီမှာတောင်ရှိတယ်ဆိုတော့ တစ်ခြားနေရာတွေမှာလည်း ရှိနေလောက်တယ်...ငါတို့သတိထားရင်ဘာမှမဖြစ်လောက်ပါဘူး...ဆက်သွားရအောင်"

ကိုယ်ပျောက်လူသတ်သမားကို သတ်ခဲ့သည်မှာ လော်ယွမ်ဖြစ်သော်လည်း ထိုဟယ်တုံမြို့သားများက သူတို့အဖွဲ့အပေါ်တွင် အညှိုးထားမည်ကို သူသိသည်။ ကိုယ်ပျောက်လူသတ်သမား သေဆုံးသွားကြောင်း သူတို့သိရှိသွားသည်နှင့် နောက်ပိုင်းတွင် သေသည်အထိ ရန်ငြိုးထားကြပေလိမ့်မည်။ ယနေ့က သူတို့ကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းရန် အကောင်းဆုံးအခွင့်အရေးပင်။

ကျန်းချောင်က ခေါင်းညိတ်ပြီး သူ၏ စနိုက်ပါရိုင်ဖယ်ကို အသာအယာ ကောက်ကိုင်ကာ နောက်မှလိုက်ပါသွားသည်။

ယန်တာ့ဝေက ခဏတုံ့ဆိုင်းပြီးနောက် သက်ပြင်းတစ်ချက်ချကာ လိုက်ပါသွားသည်။

အဖွဲ့သားများက မျက်နှာတွင် သတိကြီးစွာဖြင့် သူတို့ဖြတ်သန်းလာသော သစ်ကိုင်းတိုင်းကို သတိထားစစ်ဆေးကြသည်။ ဤမီတာရာပေါင်းများစွာသာရှိသော ခရီးလမ်းတိုလေးတွင်ပင် သန္ဓေပြောင်းမျှော့ကောင်အချို့ကို ထပ်မံတွေ့ရှိခဲ့ကြသည်။ ထို့အပြင် လမ်းဘေးအနီးတွင် သွေးခြောက်နေသော တိရစ္ဆာန်အလောင်းတစ်လောင်းကိုပါ တွေ့ရှိခဲ့ရာ အားလုံး၏စိတ်ထဲတွင် ပို၍ပင် ထိတ်လန့်တုန်လှုပ်လာကြသည်။

"ရှူး" ချန်တာ့ခွေက သစ်ကိုင်းကို ဖယ်လိုက်ပြီး သူ၏လက်ညှိုးကို နှုတ်ခမ်းပေါ်တွင်တင်ကာ တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။

လူအချို့က လေးလံသော မျက်နှာထားများဖြင့် ကွင်းပြင်တစ်ခုတွင် ထိုင်နေကြပြီး သူတို့ထဲမှတစ်ယောက်မှာ မြေပေါ်တွင် အားနည်းစွာ လှဲလျောင်းနေကာ မျက်နှာတွင် သွေးရောင်တစ်စက်မှ မရှိပေ။

လော်ယွမ်သည် သစ်ကိုင်းများကြားမှ လှမ်းကြည့်လိုက်ရာ ထိုလေးယောက်မှာ ကျန်ရှိနေသော ဟယ်တုံမြို့သားများပင် ဖြစ်သည်။ သူ မျက်စိမှားခြင်းလားတော့မသိ မြေပေါ်တွင် လှဲနေသော ထိုသူမှာ အလွန်ပိန်သွားသလို ခံစားလိုက်ရသည်။ နဂိုဝိုင်းစက်သော မျက်နှာမှာ ယခုအခါ ချွန်ထွက်နေတော့သည်။

"အဲ့လူကိုယ်ထဲ သန္ဓေပြောင်းမျှော့ဝင်သွားပြီ...သူအသက်မရှင်တော့ဘူး...အခု၃ယောက်ပဲကျန်တော့တယ်" ယန်တာ့ဝေက အနည်းငယ် အောင်နိုင်သူလေသံဖြင့် တိုးတိုးပြောရင်း သူ၏ကျောပိုးအိတ်ထဲမှ ဗုံးတစ်လုံးကို ထုတ်ကာ ဗုံးပစ်သေနတ်ထဲသို့ ထည့်လိုက်သည်။

"နေဦး...ဒီမှာသစ်ကိုင်းတွေအရမ်းများတယ်...ဗုံးကိုအတားအဆီးဖြစ်သွားနိုင်တယ်...ရှေ့နည်းနည်းပိုတိုးရအောင်" ချန်တာ့ခွေက တားမြစ်လိုက်သည်။

ယန်တာ့ဝေက ခေါင်းညိတ်ကာ ရိုင်ဖယ်ကိုကိုင်ပြီး ရှေ့သို့ တဖြည်းဖြည်း တိုးကပ်သွားသည်။

အဖွဲ့သားများ နောက်ထပ် ပေ၃၀ခန့် လျှောက်သွားပြီးနောက် ထပ်မံရပ်တန့်လိုက်သည်။

ထိုစဉ် တစ်ဖက်မှလူများထဲမှ တစ်ယောက်က တစ်စုံတစ်ခုကို သတိထားမိသွားပုံရပြီး ဤဘက်သို့ သတိဖြင့် လှည့်ကြည့်လာသည်။ နောက်တစ်ခဏတွင် သူ၏ မျက်နှာထား ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မြန်မြန်ပြေး...အဲ့တာတုံဟူ..."

"ဒိုင်း"

စကားတစ်ဝက်ပင် မဆုံးသေးခင် ကျန်းချောင်၏ စနိုက်ပါရိုင်ဖယ်က ဟိန်းထွက်သွားပြီး ထိုသူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် နှစ်ပိုင်းပြတ်ထွက်သွားသည်။

ထို့နောက် လက်ပစ်ဗုံးတစ်လုံးက ရှေ့မလှမ်းမကမ်းတွင် ပြင်းထန်စွာ ပေါက်ကွဲသွားပြန်သည်။

"သေစမ်း...လွဲသွားပြန်ပြီ" ယန်တာ့ဝေက စိတ်ပျက်စွာ အော်လိုက်သည်။ အကြိမ်ကြိမ်လေ့ကျင့်မှုနှင့် ကျွမ်းကျင်သော သင်တန်းများမရှိဘဲ သာမန်လူတစ်ယောက်အတွက် ဤသို့သော လက်နက်ကြီးများကို ထိန်းချုပ်ရန်မှာ အလွန်ခက်ခဲသည်။

ချန်တာ့ခွေ၏ စက်သေနတ်အဟောင်းကလည်း ပစ်ခတ်စပြုလာသည်။

အခြေအနေက ခဏတာ ရှုပ်ထွေးသွားပြီးနောက် တစ်ဖက်တွင် ကျန်ရှိနေသော လူနှစ်ယောက်က ပုန်းခိုရန်နေရာကို အမြန်ရှာဖွေပြီး တခါတရံ ပြန်လည်ပစ်ခတ်လာကြသည်။

ကျည်ဆန်များက ဟိုမှသည်မှ တရွှီရွှီ ပျံသန်းနေပြီး တစ်ခဏအတွင်း ပစ်ခတ်မှုမှာ အလွန်ပြင်းထန်လာသည်။

နှစ်ဖက်စလုံးမှာ အပျော်တမ်းသေနတ်ပစ်သူများသာ ဖြစ်ကြရာ ပစ်လိုက်သောကျည်ဆန်များမှာ တည့်တည့်မတ်မတ်မရှိလှပေ။ လော်ယွမ်က သူတို့၏ သေနတ်ပစ်စွမ်းရည်မှာ သူ့ထက်ပင် သိပ်မသာလောက်ဟု ခံစားမိသည်။ အစပိုင်းတွင် ကျန်းချောင်၏ စနိုက်ပါဖြင့် တစ်ယောက် အသတ်ခံလိုက်ရသည်မှလွဲ၍ နှစ်ဖက်အပြန်အလှန် ဆယ်မိနစ်ကျော်ခန့် ပစ်ခတ်ခဲ့ကြသော်လည်း မည်သူမှ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။

"ခွေးမသားတွေ...ငါတို့ကိုအလစ်ချောင်းတိုက်ရဲတယ်...မင်းတို့တုံဟူမြို့ကကောင်တွေကို ငါဒီနေ့အပြတ်ရှင်းပစ်မယ်" တစ်ဖက်မှ ပစ်ခတ်ရင်း ဆဲဆိုနေသည်။

"လာစမ်းပါ...သေခါနီးနေပြီ ခုထိလေကြီးတုံးပဲ" ယန်တာ့ဝေက ပြန်ဆဲလိုက်သည်။

နောက်တစ်ခဏတွင် ဗုံးတစ်လုံးက သူတို့ရှေ့ မလှမ်းမကမ်းတွင် ကျရောက်ပေါက်ကွဲပြီး မီတာပေါင်းများစွာ ကျယ်သော မီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"အဲ့ဟယ်တုံမြို့ကကောင်တွေ မော်တာငှားလာတယ်...တာ့ဝေ ဗုံးတွေ နှမြောမနေနဲ့တော့ မြန်မြန်ပြန်ပစ်" တစ်ဖက်တွင်လည်း လက်နက်ကြီးများ ရှိနေသည်ကို မြင်သောအခါ ချန်တာ့ခွေသည် ခုန်ထမတတ်ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လော်ယွမ်က မြေပေါ်တွင် ဝပ်နေရင်း စိတ်ထဲတွင် ပို၍ စိတ်ရှုပ်ထွေးလာပြီး ဦးနှောက်ထဲတွင် တဝီဝီမြည်နေတော့သည်။

သာမန်လူ့မျက်စိတွင် "မြင်ကွင်းနှောင့်နှေးခြင်း" ဟုခေါ်သော ကြားခံအချိန်တစ်ခုရှိသည်။ ဤသည်မှာ ဇီဝဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွင် ဦးနှောက်အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ရှားရန် ကိုယ်ပိုင်ကာကွယ်ရေး စနစ်တစ်မျိုးဖြစ်သည်။ ယေဘုယျအားဖြင့် လူ့မျက်စိသည် တစ်စက္ကန့်လျှင် ရုပ်ပုံ ၂၄ ခုနှုန်းဖြင့်သာ ခွဲခြားသိမြင်နိုင်သည်။ ဆိုလိုသည်မှာ သင်၏လှုပ်ရှားမှုတစ်ခုကို တစ်စက္ကန့်၏ ၂၄ ပုံ ၁ ပုံအတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါက လူ့မျက်စိက ထိုလှုပ်ရှားမှုကို မြင်တွေ့နိုင်မည်မဟုတ်ပေ။ ကျည်ဆန်၏အရှိန်မှာမူ တစ်စက္ကန့်လျှင် မီတာ ၇၀၀-၈၀၀ အထိရှိရာ တစ်စက္ကန့်၏ ၂၄ ပုံ ၁ ပုံအတွင်းမှာပင် မီတာ ၃၀-၄၀ အထိ ခရီးရောက်နိုင်သည်။ လူ့မျက်စိဖြင့် လုံးဝမြင်နိုင်မည်မဟုတ်ဘဲ မြန်နှုန်းမြင့်ကင်မရာများဖြင့်သာ ကျည်ဆန်၏ လမ်းကြောင်းကို ခွဲခြားသိမြင်နိုင်သည်။

သို့သော် လော်ယွမ်၏ "အာရုံခံနိုင်စွမ်း" အတွက်မူ ဤသည်မှာ ပြဿနာမဟုတ်ပေ။ ၎င်းက အမြင်အာရုံနှင့် ဆင်တူသော်လည်း ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းမဟုတ်သဖြင့် အာရုံကြောတုံ့ပြန်မှု၏ နှောင့်နှေးကြန့်ကြာမှုများ မရှိပေ။ ၎င်းက အသိစိတ်၏ တိုးချဲ့မှုတစ်ခုဖြစ်ရာ အာရုံခံလိုက်သည်နှင့် အသိစိတ်ထဲတွင် "မြင်" ပြီးဖြစ်နေသည်။ အရာအားလုံးမှာ တစ်ပြိုင်နက်တည်း အလုပ်လုပ်နေသည်။

ကျည်ဆန်က မည်မျှပင်မြန်စေကာမူ သူ၏အသိစိတ်ထဲတွင် အရှိန်မြင့် ဝါးတားတား အရိပ်တစ်ခုကို ချန်ထားခဲ့သည်။ ပို၍ဆိုးသည်မှာ "အာရုံခံနိုင်စွမ်း" ကိုယ်တိုင်က လှုပ်ရှားနေသော အရာများအပေါ်တွင် အလွန်အမင်း တုံ့ပြန်လွယ်ဖြစ်နေခြင်းပင်။

သူ သတိထားမိသည်မှာ သူ၏အာရုံခံစက်ကွင်းအတွင်း ကျည်ဆန်တစ်တောင့် ဖြတ်ပျံသွားတိုင်း သူ၏အသိစိတ်မှာ ထိုဝါးတားတားအစက်လေးပေါ်သို့ အလိုအလျောက် လိုက်ပါခံနေရသည်။

တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် တော်သေးသည်။ သို့သော် ယခု ပစ်ခတ်နေသည်မှာ ဆယ်မိနစ်နီးပါး ရှိနေပြီဖြစ်၏။ ဤဧရိယာအတွင်း ဖြတ်ပျံသွားသော ကျည်ဆန်များမှာ အတောင့်တစ်ရာမရှိလျှင်တောင် ဆယ်ဂဏန်းအထိ ရှိနေပြီဖြစ်သည်။ သူ၏စိတ်အာရုံကို အာရုံခံနိုင်စွမ်းက အတင်းအကြပ် ဟိုရွှေ့သည်ရွှေ့ လုပ်ဆောင်နေသည်။ တစ်ခါတစ်ရံ ကျည်ဆန်အရေအတွက် များပြားလာသောအခါ စိတ်အာရုံကို အပိုင်းများစွာအဖြစ် အတင်းအကြပ် ခွဲခြမ်းခံရပြီး သူ အရူးမဖြစ်ရုံတမယ် ဖြစ်နေသည်။

ထိုစဉ် သူ၏ နှာခေါင်းဝတွင် ယားယံလာသဖြင့် လက်ဖြင့်ပွတ်လိုက်ရာ တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ သူ လန့်သွားသည်။ သူ၏လက်တစ်ဖက်လုံး သွေးများဖြင့် ပြည့်နေသည်။

နောက်သို့နည်းနည်းပြန်ဆုတ်ရန် စဉ်းစားနေစဉ်မှာပင် သူ၏စိတ်ထဲတွင် ရုတ်တရက် လှုပ်ခတ်သွားပြီး ခေါင်းနပမ်းကြီးသွားသည်။ ထို့နောက် သူ၏အာရုံစူးစိုက်မှုမှာ ယခင်ကနှင့်မတူဘဲ အလွန်အမင်း မြင့်တက်လာပြီး အာရုံခံစွမ်းအားထဲတွင် ဝါးတားတားအစက်လေးတစ်ခုက သူ၏ဦးခေါင်းဆီသို့ အရှိန်ပြင်းစွာ ပျံသန်းလာနေသည်။

တစ်ခဏအတွင်းမှာပင် သူ၏စိတ်ထဲတွင် အတွေးတစ်ချက်ဝင်ချိန်ပင်မရလိုက်ခင် သူ၏ဦးခေါင်းမှာ အလိုအလျောက် ဘေးသို့စောင်းသွားသည်။ ထိုနှင့်တစ်ပြိုင်နက်တည်းမှာပင် ပူလောင်သော လေစီးကြောင်းတစ်ခုက သူ၏နားနားမှ ကပ်သပ်ဖြတ်သွားပြီး ယမ်းငွေ့နံ့သင်းသင်းလေးတစ်ခုကို ချန်ထားခဲ့သည်။

လော်ယွမ်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အသက်ကို အားကုန်ရှူသွင်းနေရသည်။ သူ၏နှလုံးသားမှာ အလွန်အမင်း ပြင်းထန်စွာ ခုန်နေသည်ကို ခံစားနေရသည်။

သို့သော် ချက်ချင်းပင် သူ၏မျက်နှာတွင် မယုံနိုင်သော အမူအရာတစ်ခု ထင်ဟပ်လာသည်။ "ငါ... ငါ ခုနက... ကျည်ဆန်ကို ရှောင်လိုက်နိုင်တာလား..."

ဆက်ရန်...

အပိုင်း(၅၁)ရေကန်

သို့သော် စိတ်လှုပ်ရှားမှုမှာ ခဏတာမျှသာဖြစ်ပြီး ဦးနှောက်ထဲမှ ပြင်းထန်သောကိုက်ခဲမှုတစ်ခု ထွက်ပေါ်လာသည်။ ထိုကိုက်ခဲမှုမှာ ဦးနှောက်ကို မီးဖုတ်ထားသော သံချောင်းချွန်ဖြင့် ပြင်းထန်စွာမွှေလိုက်သကဲ့သို့ပင်ဖြစ်ပြီး နာကျင်မှုကြောင့်တစ်ကိုယ်လုံး ချွေးစေးများထွက်လာသည်။ နှာခေါင်းပေါက်မှ သွေးများမှာလည်း ရေစီးကြောင်းကဲ့သို့ စီးကျလာသည်။

သံမဏိဖြင့်ပြုလုပ်ထားသော စက်တစ်လုံးကိုပင် ဝန်အားပို၍အသုံးပြုလျှင် အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးသွားနိုင်သည် လူသားတို့၏အနုနယ်ဆုံးဦးနှောက်ကိုဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ဤတစ်ကြိမ်ကျည်ဆန်ကိုရှောင်တိမ်းလိုက်သည့်အပြုအမူမှာ ဦးနှောက်၏ခံနိုင်ရည်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ အကယ်၍ ဤသို့သောတိုက်ခိုက်မှုကို အကြိမ်အနည်းငယ်ထပ်မံခံရလျှင် ဦးနှောက်ပါ ပေါက်ကွဲသွားမည်လားဟု သူသံသယဝင်နေသည်။

ပတ်ဝန်းကျင်မှ ကျည်ဆန်များက မကြာခဏဖြတ်သန်းသွားလာနေသည်။

မကြာမီ သူညည်းသံတစ်ချက်ထပ်မံပြုလိုက်ပြီး နဖူးမှချွေးများမှာ စိုရွှဲနေအောင်ထွက်လာသည်။

"သေစမ်း" သူနှာခေါင်းကိုဖိအုပ်ထားသော်လည်း သွေးများမှာ လက်ချောင်းများကြားမှ မရပ်မနားလျှံကျနေဆဲဖြစ်ပြီး ဦးနှောက်မှာလည်း ကြေမွသွားသကဲ့သို့ဖြစ်ကာ စိတ်အခြေအနေမှာပင် အနည်းငယ်တွေဝေလာသည်။

ဤအတိုင်းဆက်သွားလျှင် ထိုလူနှစ်ယောက်သေမသေကို လော်ယွမ်မသိသော်လည်း သူကိုယ်တိုင်မှာမူ သေချာပေါက်သေဆုံးမည်ဖြစ်ကြောင်း သူသိသည်။ အာရုံခံနိုင်စွမ်းမှာ အသွားနှစ်ဖက်ပါသောဓားကဲ့သို့ဖြစ်ပြီး သူ့ကိုအစွမ်းထက်စေသလို ဝန်ထုပ်ဝန်ပိုးတစ်ခုလည်းဖြစ်နေသည်။ သူ၏လက်ရှိခန္ဓာကိုယ် အခြေအနေဖြင့် ဤအစွမ်း၏ဒဏ်ကို ခံနိုင်ရည်မရှိသေးပေ။

သူ၏မျက်လုံးများက ကျည်ဆန်ပစ်လာသည့်ဦးတည်ရာဘက်ကို စူးစိုက်ကြည့်နေပြီး ပူလောင်သောချော်ရည်များပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးကဲ့သို့ဖြစ်နေသည်။ သူ၏စိတ်ထဲမှ သတ်ဖြတ်လိုစိတ်မှာ တဖြည်းဖြည်းပို၍ပြင်းထန်လာသည်။

"ဆက်စောင့်နေလို့မဖြစ်ဘူး...ဒီလိုအလကားအသေခံမယ့်အစား...အစွမ်းကုန်တိုက်ခိုက်တာ ပိုကောင်းတယ်"

သူအသက်ကိုပြင်းပြင်းရှူကာ ရုတ်တရက် ကျန်းမာတောက် ဓားရှည်ကိုကိုင်ပြီး မြေပြင်မှခုန်ထလိုက်သည်။ ချန်တာ့ခွေတို့အဖွဲ့၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် သူ၏ခြေထောက်ကိုအားကုန်ကန်လိုက်ရာ ခန္ဓာကိုယ်မှာ စပရင်တစ်ခုကဲ့သို့ တစ်ဖက်လူရှိရာနေရာသို့ အရှိန်ပြင်းစွာပြေးထွက်သွားတော့သည်။

ဤအခိုက်အတန့်တွင် အသိတရားနှင့်အန္တရာယ်အားလုံးကို သူခေါင်းထဲမှထုတ်ပစ်လိုက်သည်။

သူ၏နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားပြီး အရှိန်မှာတဖြည်းဖြည်းပို၍မြန်လာသည်။ လေပြင်းမှာ သူ၏ကိုယ်အနားသို့ရောက်သည်နှင့် သိမ်မွေ့သောလေပြေအဖြစ်သို့ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးကို လေစီးကြောင်းတစ်ခုက ဝန်းရံထားသကဲ့သို့ ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိမြင်ကွင်းများမှာ လျင်မြန်စွာဖြင့် နောက်တွင်ကျန်နေခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်က ယခုအချိန်တွင်တွက်ချက်ကြည့်ပါက သူ၏အမြန်နှုန်းမှာ မီတာတစ်ရာကို ရှစ်စက္ကန့်ဖြင့်ရောက်ရှိနေသည်ကို အံ့ဩတကြီးတွေ့ရှိရပေမည်။ သို့သော် ဤသည်မှာ တောအုပ်ထဲတွင်ဖြစ်ပြီး ပတ်ဝန်းကျင်တွင် ကန့်လန့်ဖြတ်နေသောသစ်ကိုင်းများသာမက မြေပြင်မှာလည်း မညီမညာဖြစ်နေသည်။ အကယ်၍ ပတ်ဝန်းကျင်ပြောင်းလဲသွားပါက အမြန်နှုန်းမှာ ဤထက်ပင်ပို၍ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

"သေစမ်း...တစ်ယောက်ပြေးလာတယ်...အရမ်းမြန်တယ်" ဆံရှည်နှင့်လူငယ်တစ်ဦးက အံ့ဩတကြီးအော်လိုက်သည်။

"ငတုံး အမြန်ပစ်...အဲ့တာသန္ဓေပြောင်းလူဟ...တစ်ခါထဲအသေပစ်သတ်" အသက်သုံးဆယ်ခန့်ရှိသောအခြားသက်လတ်ပိုင်းအရွယ်အမျိုးသားက မျက်နှာပျက်သွားပြီး အကျယ်ကြီးဆဲရေးကာ မော်တာဗုံးတစ်လုံးကို အလျင်အမြန်ကောက်ယူပြီး အမြောက်ပြောင်းထဲသို့ထည့်လိုက်သည်။

(ဒီမှာပြောတဲ့မော်တာဆိုတာ စစ်တပ်သုံးဖြစ်ပြီး မြေကြီးမှာ အထိုင်ချပြီး ဒုံးကျည်ဖူးထည့် ကောင်းကင်ကို ထောင်ပြီး ပစ်ရတဲ့ဟာမျိုးပါ)

"အုန်း"

ကံဆိုးသည်မှာ မော်တာသည် သေနတ်မဟုတ်ပေ။ အသုံးပြုရလွယ်ကူသော်လည်း ရှုပ်ထွေးသောတွက်ချက်မှုများစွာပါဝင်ပြီး ကျွမ်းကျင်သူမဟုတ်လျှင် လုံးဝအသုံးမပြုနိုင်ပေ။ ထို့အပြင် စိတ်လှုပ်ရှားနေသောကြောင့် ဦးတည်ရာကိုပင် သေချာမချိန်ရွယ်ဘဲ ပစ်ခတ်လိုက်သဖြင့် မော်တာဗုံးမှာ လော်ယွမ်ကိုကျော်လွန်သွားပြီး နောက်ဘက်မီတာဆယ်ဂဏန်းအကွာတွင် ပေါက်ကွဲသွားရာ အမွေးတစ်ပင်ပင်မထိခိုက်ခဲ့ပေ။

ဆံရှည်လူငယ်က မကြာမီ ရိုင်ဖယ်ကျည်ဆန်များကုန်သွားပြီး ရိုင်ဖယ်ကိုလွှင့်ပစ်လိုက်သည်။ "အမြန်လုပ်...လက်ပစ်ဗုံးတစ်လုံးပေး"

"ခွေးမသား...မင်းဟာမင်းထယူပါလားကွ" သက်လတ်ပိုင်းအရွယ်အမျိုးသားက ဒေါသတကြီးဆဲရေးလိုက်ပြီး နဖူးမှချွေးစေးများထွက်လာသည်။ လက်ပစ်ဗုံးတစ်လုံးကိုယူကာ ကွင်းကိုဆွဲကိုင်လိုက်သော်လည်း လက်ဖဝါးမှာအနည်းငယ်ချွေးစို့နေသည်ကို ခံစားလိုက်ရသည်။

ထိုသူ၏အမြန်နှုန်းမှာ တစ္ဆေတစ်ကောင်လိုမြန်ဆန်ပြီး တောအုပ်ထဲမှ ထူထပ်သောသစ်ကိုင်းများပင် သူ၏အရှိန်ကို မဟန့်တားနိုင်ပေ။ အစပိုင်းတွင် မီတာတစ်ရာအကွာတွင်ရှိနေသေးသော်လည်း ခဏတာချီတုံချတုံဖြစ်နေစဉ်မှာပင် မီတာဆယ်ဂဏန်းအကွာသို့ ရောက်ရှိလာပြီဖြစ်သည်။

အေးစက်သောလူသတ်ငွေ့က သူတို့နေရာကို တရားသေပစ်မှတ်ထားထားပြီး သူ၏တစ်ကိုယ်လုံးရှိအမွေးအမှင်များပင် ထောင်ထလာစေသည်။

"ပြေး" ထိုအတွေးက ရုတ်တရက်ပေါ်လာပြီး စိတ်ထဲတွင် လျင်မြန်စွာအမြစ်တွယ်သွားသည်။ သူက ကျောပိုးအိတ်ထဲတွင် လက်ပစ်ဗုံးရှာနေသော ဆံရှည်ကိုတစ်ချက်ကြည့်ရင်း စိတ်ထဲမှတိုးတိုးလေးရေရွတ်လိုက်သည်။ "ငါ့ကိုအပြစ်မတင်နဲ့... မင်းကိုယ်မင်းပဲ အလွန်တုံးတဲ့အတွက် အပြစ်တင်လိုက်တော့"

သူစိတ်ထဲတွင်ပြတ်သားစွာဆုံးဖြတ်ပြီး နောက်လှည့်ကာထွက်ပြေးတော့သည်။

ဆံရှည်လူငယ်မှာမူ ဤအရာအားလုံးကို သတိမထားမိဘဲ ကျောပိုးအိတ်ထဲမှလက်ပစ်ဗုံးကိုထုတ်ကာ ထရပ်ရန်ပြင်ဆင်နေသည်။

ထိုစဉ် သူအသက်ရှူကြပ်သွားပြီး နှလုံးမှာပြင်းထန်စွာတစ်ချက်ခုန်သွားသည်။ သူတွေဝေစွာမော့ကြည့်လိုက်ရာ သူ၏မျက်ဆံများမှာ ရုတ်တရက်ကျုံ့သွားပြီး တစ်ခေါင်းလုံးရှိဆံပင်ရှည်များမှာ လေပြင်းကြောင့် နောက်သို့လွင့်တက်သွားသည်။

"ခွေး..."

စိမ်းဖန့်ဖန့်အလင်းတန်းတစ်ခုက လျှပ်တစ်ပြက်အတွင်းဖြတ်သန်းသွားသည်။

"ခွေး" ဟူသောစာလုံးကို တစ်ဝက်သာအသံထွက်နိုင်ပြီးနောက် ရုတ်တရက်ရပ်တန့်သွားသည်။ ဆံရှည်လူရွယ်မှာ မိမိကိုယ်ကိုပျံတက်သွားသည်ဟု ရုတ်တရက်ခံစားလိုက်ရပြီး အမြင်အာရုံမှာ တဝဲလည်လည်ဖြစ်နေသည်။ ခေါင်းပြတ်နေသောအလောင်းတစ်လောင်းမှ ရေပန်းကဲ့သို့သော သွေးများပန်းထွက်လာသည်ကို သူဝိုးတဝါးမြင်လိုက်ရသည်။

လော်ယွမ်က ဓားကိုတစ်ချက်ခါလိုက်ရာ သွေးများမှာ ကြည်လင်နေသောချောမွေ့သည့်ဓားသွားတစ်လျှောက် လျင်မြန်စွာလျှောကျသွားပြီး မျက်စိတစ်မှိတ်အတွင်း မှန်ကဲ့သို့တောက်ပြောင်သွားသည်။

သူက ဆံရှည်လူရွယ်လွှင့်ပစ်ခဲ့သောရိုင်ဖယ်ကိုကောက်ယူပြီး ကျည်ဆန်တစ်ဆုပ်ကိုယူကာ တစ်တောင့်ချင်းစီ ရိုင်ဖယ်ထဲသို့ထည့်လိုက်သည်။ မီတာဆယ်ဂဏန်းအကွာသို့ပြေးထွက်သွားသော ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားကိုကြည့်ရင်း သူတည်ငြိမ်စွာဖြင့် သေနတ်မောင်းကိုဆွဲဖြုတ်လိုက်သည်။

"ဒိုင်း ဒိုင်း ဒိုင်း"

"ဒိုင်း ဒိုင်း ဒိုင်း"

သို့သော် တတိယအကြိမ်ပစ်ခတ်မှုက နောက်ဆုံးတွင်ထိမှန်သွားသော်လည်း တစ်ဖက်လူမှာ ကျည်ကာအင်္ကျီဝတ်ဆင်ထားသောကြောင့် ယိုင်သွားရုံသာဖြစ်ပြီး အသက်လု၍ထွက်ပြေးတော့သည်။

လော်ယွမ်က အသက်ကိုပြင်းပြင်းရှူကာ ခုနကဉာဏ်အလင်းပွင့်သွားသောခံစားချက်ကို ပြန်လည်ခံစားရင်း နောက်တစ်ကြိမ်ချိန်ရွယ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသား၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ အရှိန်ဖြင့်ခြေလှမ်းအနည်းငယ်ဆက်လက်ပြေးသွားပြီးနောက် "ဘုတ်" ခနဲမြေပေါ်သို့လဲကျသွားသည်။

"ဒင်... မိမိကိုယ်တိုင်လေ့ကျင့်မှုဖြင့် သေနတ်ပစ်ခတ်ခြင်းပညာကို နားလည်သဘောပေါက်သွားပါပြီ"

လော်ယွမ်က တစ်ချက်ကြောင်သွားသည်။ သူသေနတ်ကိုင်ဖူးသည်မှာ အကြိမ်အနည်းငယ်သာရှိပြီး ပစ်ခတ်ခဲ့သောကျည်ဆန်မှာလည်း အတောင့်နှစ်ဆယ်မကျော်ပေ။ သေနတ်ပစ်ခတ်ခြင်းပညာ ဤမျှလျင်မြန်စွာ ထွက်ပေါ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူအရည်အသွေးစာမျက်နှာကိုဖွင့်ကြည့်လိုက်ရာ "ဓားသိုင်းအထူးကျွမ်းကျင်မှု - ဝ" ၏နောက်တွင် "သေနတ်ပစ်ခတ်ခြင်းပညာ - ၁" ဟူသောစာသားပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ မမျှော်လင့်ထားသောလက်ဆောင်တစ်ခုပင်ဖြစ်သည်။

သို့သော် မိမိ၏အဆင့် ၁ သေနတ်ပစ်ခတ်ခြင်းပညာဖြင့်ပင် တစ်ဖက်လူကိုထိမှန်အောင်ပစ်နိုင်ခဲ့ပြီး ထိုဟယ်တုန်းမြို့မှလူနှစ်ယောက်မှာ အချိန်အကြာကြီးပစ်ခတ်ခဲ့သော်လည်း ကျည်ဆန်တစ်တောင့်မျှ သူ၏အနီးတစ်ဝက်မီတာအတွင်းသို့ မချဉ်းကပ်နိုင်ခဲ့ပေ။ ဤသည်မှာ စည်းစနစ်မရှိသောလူအုပ်စုတစ်စုဟုသာ ဆိုနိုင်တော့သည်။

ပို၍လက်မခံနိုင်စရာကောင်းသည်မှာ မိမိကိုယ်တိုင်မှာ ဤစည်းစနစ်မရှိသောလူတစ်စုကြောင့် သေလုနီးပါးဖြစ်ခဲ့ရခြင်းပင်။

လော်ယွမ်သည် သေမင်းခံတွင်းဝမှလွတ်မြောက်လာပြီးနောက် အနည်းငယ်မာနဝင်နေခြင်းသာဖြစ်ပြီး သူ၏သေနတ်ပစ်ခတ်မှုက တကယ်တမ်း သူတို့ထက်ပိုကောင်းသည်ဟုတော့ မဆိုလိုပေ။

နောက်ဆုံးတော့ နှစ်ဦးသားရင်ဆိုင်ရသောအခြေအနေမှာ မတူညီပေ။ သူသည် ထိုအချိန်က အနိုင်ရရန်သေချာနေပြီး စိတ်တည်ငြိမ်နေသောကြောင့် သေနတ်ပစ်ခတ်မှုမှာ ထူးထူးခြားခြားကောင်းမွန်ခဲ့သည်။ ထိုနှစ်ယောက်မှာမူ သူ၏သာမန်မဟုတ်သောအမြန်နှုန်းအောက်တွင် ချိန်ရွယ်ရန်ပင်ခက်ခဲနေပြီး စိတ်လှုပ်ရှားမှုကြောင့် နောက်ဆုံးတွင် ရမ်းသမ်းလျှောက်ပစ်တော့သည်။

"ဘော့စ်ယွမ်ကတော့ လန်ထွက်နေတာပဲ...တစ်ယောက်ထဲနဲ့ ၂ယောက်လုံးကိုရှင်းလိုက်တယ်" ခဏအကြာတွင် ချန်တာ့ခွေ၏ကျယ်လောင်သောအသံမှာ နောက်ကျောဘက်မှထွက်ပေါ်လာသည်။

လော်ယွမ်နောက်လှည့်လိုက်သည်နှင့် လူအချို့၏မျက်နှာမှအပြုံးများမှာ ချက်ချင်းပင်ရပ်တန့်သွားသည်။ "မင်....မင်းဒဏ်ရာရထားတာလား"

"မင်းရရဲ့လား" ယန်တာ့ဝေက မေးလိုက်သည်။

ယခင်က တိုက်ပွဲဝင်နေသောကြောင့် သူတို့က လော်ယွမ်နှာခေါင်းသွေးအဆက်မပြတ်ယိုစီးနေသည်ကို လုံးဝမသိခဲ့ကြပေ။ ယခုရုတ်တရက်မြင်လိုက်ရသောအခါ အနည်းငယ်အံ့အားသင့်သွားကြသည်။

သူ၏ယခုပုံစံမှာ အတော်အတန်မျက်စိရှေ့တွင်ထိတ်လန့်ဖွယ်ကောင်းလှပြီး မျက်နှာအပြည့်သွေးများသာမက အင်္ကျီများပင် သွေးများဖြင့်စိုရွှဲနေကာ သူဒဏ်ရာပြင်းထန်စွာရရှိထားပြီး ယခုရပ်တည်နေနိုင်ခြင်းမှာ အားတင်းထားခြင်းကြောင့်သာဖြစ်သည်ဟု ခံစားရစေသည်။

"ဒဏ်ရာကအသေးအဖွဲ့လေးပါ...အရေးမကြီးဘူး" လော်ယွမ်က ခေါင်းခါရင်း တည်ငြိမ်စွာဖြင့်ပြောလိုက်သော်လည်း သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသည်။

အားလုံး၏မျက်လုံးထဲတွင် နှမြောမှုနှင့်လေးစားမှုအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။ ဤမျှဒဏ်ရာရနေသည့်တိုင် ဘာမှမဖြစ်သလိုနေနိုင်သည်မှာ ဤနေရာတွင်ရှိနေသူများထဲတွင် မည်သူတစ်ဦးတစ်ယောက်မှ မလုပ်နိုင်ပေ။

လော်ယွမ်က နှာခေါင်းကိုတစ်ချက်ပွတ်သပ်လိုက်ရာ သွေးမကျတော့သည်ကိုတွေ့မှ သက်ပြင်းချလိုက်သည်။ အားလုံး၏အံ့အားသင့်နေသောအကြည့်များအောက်တွင် သူက ထိုနေရာမှ ရေသန့်တစ်ဘူးကိုရှာဖွေကာ မျက်နှာကိုဆေးကြောလိုက်သည်။

လူအချို့မှာ လော်ယွမ်သွေးများဆေးကြောပြီးနောက် ဖြူစင်သောမျက်နှာတစ်ခုပေါ်ထွက်လာသည်ကိုကြည့်ရင်း အနည်းငယ်ကြောင်သွားကြသည်။ ဘေးရှိခေါင်းပြတ်နေသောအလောင်းကိုမြင်သောအခါ စိတ်ထဲတွင်အေးစက်သွားပြီးနောက် နားလည်သဘောပေါက်သောအမူအရာတစ်ခုပေါ်လာသည်။

သူတို့၏အတွေးများကို လော်ယွမ်လည်း တစ်ဝက်တစ်ပျက်ခန့်မှန်းနိုင်သော်လည်း သူရှင်းပြရန်ပျင်းရိနေသည်။ သူက သန္ဓေပြောင်းမျှော့များကပ်ပါနေသောလူ လဲလျောင်းနေသည့်အလောင်းခြောက်ဘက်သို့ ကြည့်လိုက်သည်။

သူ့ကိုကံကောင်းသည်ဟုပြောရမည်လား သို့မဟုတ် ကံဆိုးသည်ဟုပြောရမည်လားမသိပေ။ စစ်ပွဲအကြာကြီးဖြစ်ပွားခဲ့သော်လည်း ထိုလူမှာမူ အမွေးတစ်ပင်ပင်မထိခိုက်ခဲ့ပေ။ သူကစကားစပြောလိုက်သည်။ "ဒီလူကိုဘယ်လိုလုပ်မလဲ...သတ်လိုက်ရမှာလား"

"မလုပ်နဲ့" ယန်တာ့ဝေက အလျင်အမြန်ပြောလိုက်သည်။ "ဓားနဲ့သတ်လို့အလကားပဲ...သူ့ပုံစံအရဆိုအထဲကဥတွေ အကောင်ပေါက်နေလောက်ပြီ...သူ့ကိုသတ်လိုက်ရင်...အကောင်တွေကသွေးနဲ့အတူ အပြင်ထွက်လာလိမ့်မယ်...အဲ့လိုဆိုဒုက္ခများကုန်မှာ"

"ဒါဆိုမီးရှို့လိုက်ရအောင်...အထဲကသန္ဓေပြောင်းမျှော့တွေကို မီးရှို့သတ်ရတာပေါ့" ချန်တာ့ခွေက ပြောလိုက်သည်။

"ဒီအကြံမဆိုးဘူး" လော်ယွမ်က ပြောလိုက်သည်။

သူတို့အဖွဲ့က အလျင်အမြန် မြက်ခြောက်များ နှင့် သစ်ကိုင်းခြောက်များရှာဖွေလာကြသည်။ အလောင်းခြောက်ကို ထင်းပုံပေါ်သို့တင်ပြီး မီးရှို့ရန်ပြင်ဆင်နေစဉ် အလောင်းခြောက်မှာ ရုတ်တရက်ပြောင်းလဲမှုဖြစ်ပေါ်လာသည်။ သူ၏လည်ပင်းအရေပြားအောက်တွင် တွားသွားနေသော သေးသွယ်ရှည်လျားသည့်အရာတစ်ခုပေါ်လာသည်။ အစပိုင်းတွင် တစ်ချောင်းနှစ်ချောင်းသာရှိသော်လည်း စက္ကန့်အနည်းငယ်အကြာတွင်မူ သိသိသာသာများပြားလာသည်။

ဤသေးငယ်သောအရာများမှာ ထမင်းစားတူတစ်ချောင်းခန့်တုတ်ပြီး တစ်လက်မခန့်ရှည်လျားကာ ခန္ဓာကိုယ်၏အရေပြားတိုင်းတွင် ပျံ့နှံ့နေသည်။ လော်ယွမ်ကြည့်ရင်း ခေါင်းနပမ်းကြီးသွားပြီး တစ်ကိုယ်လုံးကြက်သီးမွေးညင်းများထလာသည်။

"တဝေအမြန်ရှို့လိုက်တော့" ချန်တာ့ခွေက တုန်ယင်သွားပြီး မျက်နှာမှာအနည်းငယ်ဖြူဖျော့သွားကာ အလျင်အမြန်အော်ပြောလိုက်သည်။

ယန်တာ့ဝေက တံတွေးမျိုချလိုက်ပြီး လောင်ကျွမ်းလွယ်သောမြက်ခြောက်ကို ချက်ချင်းမီးညှိလိုက်သည်။ မီးတောက်မှာ လျင်မြန်စွာတက်လာပြီး အလျင်အမြန်လောင်ကျွမ်းသွားသည်။

အားလုံးက ထိုလူသေဆုံးသွားပြီဟု ထင်နေကြသော်လည်း မီးတောက်က အနားသို့ရောက်သည်နှင့် ထိုအလောင်းခြောက်မှာ ရုတ်တရက် ဟာလာဟင်းလင်းဖြစ်နေသောမျက်လုံးများကို ဖွင့်လိုက်ပြီး ရုန်းကန်လာသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသောကြောင့် ရုန်းကန်လျှင်ပင် သေခါနီးမီးထတောက်သကဲ့သို့ အနည်းငယ်သာတုန်ခါနိုင်ခဲ့သည်။

ထိုအချိန်တွင် သူ၏အဝတ်အစားနှင့်ဆံပင်များမှာ စတင်လောင်ကျွမ်းနေပြီး ဆယ်စက္ကန့်မပြည့်မီမှာပင် ပြာအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။

သူ၏ရုန်းကန်မှုက တဖြည်းဖြည်းအားနည်းလာပြီး မျက်လုံးများမှာ အပူချိန်မြင့်မားမှုကြောင့် လျင်မြန်စွာခြောက်သွေ့ကွဲအက်သွားသည်။

အပြင်သို့ထွက်ရန်ပြင်ဆင်နေသော သန္ဓေပြောင်းမျှော့များမှာ အပြင်ဘက်မှအပူချိန်မြင့်မားမှုကြောင့် လျင်မြန်စွာအတွင်းသို့ပြန်ဝင်သွားပြီး ခန္ဓာကိုယ်အတွင်းပိုင်းသို့တိုးဝင်သွားကြသည်။ သို့သော် သူတို့အတွက် လွတ်လမ်းမရှိတော့ပေ။

မီးတောက်များပို၍အားကောင်းလာသည်နှင့်အမျှ အလောင်းခြောက်၏အရေပြားမှာ စတင်ကွဲအက်လောင်ကျွမ်းသွားပြီး အလောင်းမှာပြာအဖြစ်သို့ပြောင်းလဲသွားသည်။

.............

တစ်နာရီကျော်ကြာသွားသည့်တိုင် လော်ယွမ်ပြန်စဉ်းစားမိလျှင် အနည်းငယ်အန်ချင်သလိုဖြစ်နေသေးသည်။

သူက ရှေ့တွင်ကန့်လန့်ခံနေသော ပန်းကန်လုံးအရွယ်သစ်ကိုင်းတစ်ချောင်းကို ခုတ်ဖြတ်လိုက်ပြီး မေးလိုက်သည်။ "ဘယ်လောက်ဝေးသေးလဲ"

ချန်တာ့ခွေက ထက်ရှသော ကျန်းမာတောက် ဓားရှည်ကို မသိမသာအားကျစွာကြည့်လိုက်သည်။ ယင်းက မည်သည့်ထူးဆန်းသောပစ္စည်းဖြင့်ပြုလုပ်ထားသည်မသိ သတ္တုမဟုတ် ကျောက်စိမ်းမဟုတ်ဟုထင်ရပြီး ဤမျှထက်ရှနေသည်။ လမ်းတစ်လျှောက်မည်သည့်သစ်ပင်နှင့်တွေ့သည်ဖြစ်စေ တစ်ချက်တည်းနှင့်ပြတ်သွားပြီး သူဒုတိယအကြိမ်ခုတ်သည်ကို တစ်ခါမျှမမြင်ဖူးပေ။

လော်ယွမ်၏မေးခွန်းကိုကြားသောအခါ သူနာရီကိုကြည့်လိုက်ပြီး အချိန်ကိုခန့်မှန်းကာပြောလိုက်သည်။ "သိပ်မဝေးတော့ဘူး...နာရီဝက်လောက်လျှောက်ရင်ရောက်ပြီ"

လော်ယွမ်စိတ်လှုပ်ရှားသွားသလို တစ်ဖက်တွင်လည်း စိုးရိမ်စိတ်ဝင်လာသည်။ "တစ်ခြားတစ်ယောက်ယောက် ယူသွားရင်ဘယ်လိုလုပ်မလဲ...အချိန်ကလည်းတော်တော်ကြာသွားပြီမလား"

"မဖြစ်နိုင်ဘူး...အဲ့နေရာကအရမ်းချောင်ကျတယ်...လူအနည်းငယ်လောက်ပဲအဲ့ဘက်ကိုသွားကြတာ...ငါတို့တောင်ပြေးရင်းလွှားရင်း တိုက်ဆိုင်ပြီးတွေ့လိုက်တာ"

"အဲ့တာကရေကန်လေးတစ်ခုပဲ....အရမ်းအန္တရာယ်များတယ်...အပြင်မှာတွေ့ရခဲတဲ့ အဆင့်၂သန္ဓေပြောင်းသားရဲတွေ အဲ့မှာအများကြီးပဲ...အဲ့မှာပိုကြောက်ဖို့ကောင်းတဲ့အဆင့်၃ သန္ဓေပြောင်းသားရဲပါရှိတယ်"

"ငါတို့တစ်ချက်ပဲကြည့်ပြီး...အမြန်ပြင်ပြေးကြတာ...မင်းပြောတဲ့ငှက်တောင်မွေးတွေက...ရေကန်ဘေးမှာ"

ချန်တာ့ခွေတို့သုံးဦးလုံးမှာ မျက်နှာများ တည်ကြည်သွားပြီး စိတ်ထဲတွင်စိုးရိမ်စိတ်က မကုန်သေးဟန်ရှိသည်။

အဆင့် ၃ ဆိုသည်မှာ အပြာရောင်အဆင့်ဖြစ်သည်။

လော်ယွမ်၏စိတ်ထဲတွင်လည်း လေးလံသွားပြီး အမူအရာမှာလည်း လေးနက်သွားသည်။

အပြာရောင်အဆင့်သတ္တဝါမှာ ထင်သလောက်ရင်ဆိုင်ရန်မလွယ်ကူပေ။ သူ၏ယခုစွမ်းအားနှင့်ပစ္စည်းများမှာ အစောင့်အရှောက်အဆင့် ပိုးကောင်းစိမ်းနှင့်ရင်ဆိုင်စဉ်ကထက် အလွန်တိုးတက်သွားပြီဖြစ်သော်လည်း အပြာရောင်အဆင့်သတ္တဝါကို အနိုင်ရရန် ယုံကြည်ချက်အပြည့်အဝမရှိပေ။

ဆက်ရန်...

အပိုင်း(၅၂)လျှက်တပြတ်သတ်ဖြတ်ခြင်း

သူတို့အဖွဲ့က လူတစ်ရပ်ခန့်မြင့်သော မြက်ခင်းထဲတွင် လုံးဝမလှုပ်မယှက် ဝပ်နေကြသည်။ အချိန်အတော်ကြာပြီးမှ ချန်တာ့ခွေသည် သူ၏ခေါင်းကို အနည်းငယ်မော့ကာ သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။

"ဘော့စ်ယွမ်...ရှေ့မှာပဲ" သူက အသံကိုနှိမ့်၍ပြောလိုက်ပြီး သူ၏မျက်နှာထားမှာ တင်းမာနေသည်။

ပတ်ဝန်းကျင်မှ ပေါင်းပင်အရွက်များသည် အနည်းငယ်မာကျောပြီး အရွက်၏မျက်နှာပြင်တွင် ချွန်ထက်သေးငယ်သော ဆူးငြောင့်များပေါက်နေသည်။ မီတာဆယ်ဂဏန်းခန့် တွားသွားရုံဖြင့် ချန်တာ့ခွေ၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်မှ အကာအကွယ်မရှိသော အရေပြားများမှာ သွေးစင်းရာများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဤနေရာသည် ပတ်ဝန်းကျင်တွင် အမြင့်ဆုံးနေရာဖြစ်သည်။ လော်ယွမ်က သူ၏ခန္ဓာကိုယ်ကို အနည်းငယ်ကြွကာ ပေ၃၀၀ကျော်အကွာရှိ ရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဤသည်မှာ ဆယ်ဧကကျော်ကျယ်ဝန်းသော ရေကန်ကြီးတစ်ခုဖြစ်ပြီး ရေအရင်းအမြစ်ပေါများသောကြောင့် အနီးအနားရှိသစ်ပင်များသည် အခြားနေရာများနှင့်နှိုင်းယှဉ်လျှင် ပို၍စိမ်းစိုလန်းဆန်းပြီး ကျောက်စိမ်းအရောင်ကဲ့သို့ နုနယ်နေသည်။

အချို့အပင်များသည် ညောင်ပင်ကဲ့သို့ အမွေးနုများဖြင့်ပြည့်နေသော အမြစ်များအဖြစ် ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာပြီး မြစ်ရေထဲသို့ ဇောက်ထိုးထိုးကျကာ နက်ရှိုင်းစွာအမြစ်တွယ်နေကြသည်။

ကန်စပ်နားတွင် ထူးဆန်းပြီး ကြီးမားသော သန္ဓေပြောင်းသတ္တဝါအချို့သည် ခေါင်းငုံ့ကာ ရေသောက်နေကြပြီး တခါတရံ နားရွက်များကိုထောင်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် အဝါရောင်သန်းနေသော အစိမ်းရောင်သားရဲကြီးတစ်ကောင်က ကန်ဘက်သို့ ဖြည်းညင်းစွာ တွားသွားလာသည်။ သူ၏ပုံစံတွင် ဖွတ်တစ်ကောင်၏ လက္ခဏာများကို မထင်မရှားမြင်တွေ့နိုင်သေးပြီး သူ၏လေးလံသောခန္ဓာကိုယ်ကြောင့် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပျော့ပျောင်းသောမြေပြင်ပေါ်တွင် နက်ရှိုင်းသောချိုင့်ခွက်တစ်ခု ကျန်ရစ်ခဲ့သည်။

အမြီးပါထည့်တွက်လျှင် ဤသန္ဓေပြောင်းဖွတ်ကြီးသည် ပေ၂၀ခန့်ရှည်လျားပြီး သူ၏မျက်နှာပြင်တွင် အလွှာလိုက်ထပ်နေသော အဝါစိမ်းရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။ အကြေးခွံတစ်ခုစီသည် လက်သီးတစ်လုံးစာခန့်ရှိပြီး အပေါ်တွင် သစ်ပင်၏သက်တမ်းကိုပြသောကွင်းများကဲ့သို့သော အနက်ရောင်အပွင့်အစင်းလေးများ ပါရှိသည်။

ဤအပွင့်အစင်းများ၏ အပြင်ဘက်အနားသတ်အရောင်မှာ အနည်းငယ်ဖျော့ပြီး အတွင်းဘက်သို့ရောက်လေ အရောင်ပိုရင့်လေဖြစ်ကာ အလယ်ဗဟိုတွင်မူ အနက်ရောင်အစက်လေးတစ်ခုအဖြစ် လုံးဝတည်ရှိနေသည်။ ခန္ဓာကိုယ်၏ အနိမ့်အမြင့်လှုပ်ရှားမှုနှင့်အတူ ဤအပွင့်အစင်းများက အသက်ဝင်လာသကဲ့သို့ အဆက်မပြတ်ပြောင်းလဲလူးလွန့်နေသည်။

သို့သော် ယခင်ကဖွတ်များနှင့်မတူသည်မှာ သူ၏ဦးခေါင်းတွင် အကြေးခွံများလုံးဝမရှိဘဲ သစ်ခေါက်အိုကြီးကဲ့သို့သော အနက်ညိုရောင်အရေးအကြောင်းထနေသည့် အရေပြားသာရှိပြီး မျက်နှာအသွင်အပြင်မှာမူ နို့တိုက်သတ္တဝါများတွင်သာရှိသော ထုထည်ပေါ်လွင်သည့်အသွင်အပြင်မျိုး ရှိနေသည်။

သူကန်အစပ်သို့ရောက်သည်နှင့် အနီးအနားတွင် ကြီးမားသောဆူပူလှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားစေသည်။ အနီးအနားမှ သန္ဓေပြောင်းသတ္တဝါအချို့က ညည်းညူသံတစ်ချက်ပြုကာ အညံ့ခံထွက်ပြေးသွားကြသည်။

သန္ဓေပြောင်းဖွတ်ကြီးက ကျေနပ်စွာဖြင့် ခေါင်းကိုမော့ကာ တိုးလျသောဟိန်းဟောက်သံတစ်ချက်ပြုလိုက်ပြီး သံမဏိကြိုးကဲ့သို့ရှည်လျားသော သူ၏အမြီးမှာ အနည်းငယ်လှုပ်ယမ်းနေသည်။ သူက ကန်စပ်သို့သွားကာ ခေါင်းကိုငုံ့၍ အေးအေးလူလူ ရေသောက်နေတော့သည်။

အရိုးဖြူများသာကျန်တော့သည့် ဇီးကွက်နက်အသေကောင်ကြီးမှာမူ ကန်စပ်နှင့်မနီးမဝေးတွင်ရှိနေပြီး အနက်ရောင်အမွေးအတောင်များမှာ မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေသည်။ ကြည့်ရသည်မှာ နေရာတိုင်းတွင်ရှိနေသကဲ့သို့ပင်။ ယေဘုယျတစ်ချက်ကြည့်ရုံဖြင့် အချောင်းတစ်ရာကျော်ခန့် ရှိပေမည်။

လော်ယွမ်သည် သူ၏ခန္ဓာကိုယ်ကို ပြန်နှိမ့်ချလိုက်ပြီး သူ၏နှလုံးမှာ တဒုန်းဒုန်းခုန်နေသည်။ သူက ကျန်သုံးဦးကို တစ်ချက်ကြည့်ကာ "ငါသွားတော့မယ်...မင်းတို့ကရော"

ချန်တာ့ခွေက ကျန်နှစ်ဦးနှင့် အပြန်အလှန်ကြည့်လိုက်ပြီး အနည်းငယ်ခက်ခဲသော အမူအရာဖြင့် "ငါတို့ဘော့စ်ယွမ်ကို ဒီအထိပဲလိုက်ပို့ပေးနိုင်တော့မယ်...ငါတို့တစ်ခြားနေရာမှာ အမဲသွားလိုက်တော့မယ်...ငါတို့ကသစ္စာမရှိတာ မဟုတ်ဘူး...ဒီလိုနေရာမျိုးက ငါတို့အဆင့်တွေနဲ့ နေနိုင်တာမျိုး မဟုတ်လို့ပါ"

ဤနေရာက သူတို့အတွက် အလွန်အန္တရာယ်များလွန်းသည်မှာ အမှန်ပင်။ သူတို့၏တုံ့ပြန်မှုအပေါ် လော်ယွမ် အံ့ဩခြင်းမရှိပေ။ မူလကတည်းက အပေါ်ရံခင်မင်မှုသာဖြစ်ပြီး အကျိုးအမြတ်အတွက်ပင်ဖြစ်လင့်ကစား အသက်ကိုလောင်းကြေးထပ်ရလောက်သည့်အဆင့်အထိ မရောက်သေးပေ။ သူက "ဟုတ်ပြီ...ဒါပေမဲ့မင်းကိုတော့ ငါကျေးဇူးတင်ရမယ်...နောက်မှပြန်ဆုံတာပေါ့"

ချန်တာ့ခွေသည် ဤသို့သောအသေးအဖွဲကိစ္စများအတွက် လော်ယွမ် ပြဿနာရှာမည်မဟုတ်ဟု ယုံကြည်သော်လည်း သူတို့ကိုတကယ်ပင် ထွက်သွားခွင့်ပြုလိုက်သည်ကိုမြင်သောအခါ ရင်ထဲမှအလုံးကြီးကျသွားသကဲ့သို့ သက်ပြင်းကြီးစွာချလိုက်မိသည်။ သူက အလျင်အမြန်လက်ခါပြကာ "မဟုတ်တာ...ဘော့စ်ယွမ်ကျေးဇူးတင်ဖို့မလိုပါဘူး...ငါတို့ကအချင်းချင်း ကူညီကြတာပဲကို...ဒီနေ့အဖြစ်အပျက်ကို စိတ်ထဲမထားဖို့ပဲငါမျှော်လင့်တယ်"

"ငါတို့ဟိုအဖွဲ့ဆီကရထားတဲ့ လက်နတ်ခဲယမ်းတွေ ဘော့စ်ယွမ်အတွက်ထားခဲ့မယ်...ဒါပေမယ့်ဒါတွေကိုဒီမှာပဲ သုံးလို့ရမှာ...စခန်းကိုပြန်ယူသွားရင်...စစ်ဆေးပြီး အသိမ်းခံရလိမ့်မယ်"

ယန်တာ့ဝေက ကျောပိုးအိတ်တစ်လုံးကိုဖြုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုငါတို့သွားတော့မယ်နော်...ဘော့စ်ယွမ် ဂရုစိုက်ပါ"

ထိုသုံးယောက်က သတိကြီးစွာဖြင့် နောက်သို့ဆုတ်သွားကြပြီး ပေ၃၀အကွာသို့ရောက်မှသာ ကိုယ်ကိုကိုင်းကာ ထရပ်ပြီး ဤအန္တရာယ်များသောနေရာမှ လျင်မြန်စွာထွက်ခွာသွားကြတော့သည်။

သူတို့ထွက်သွားပြီးနောက် လော်ယွမ်က ကျောပိုးအိတ်ထဲမှလက်နက်များကို စစ်ဆေးလိုက်သည်။ ပေါက်အားပြင်းဗုံးငါးလုံး၊ မျက်ကန်းဗုံးတစ်လုံး၊ စနိုက်ဘာရိုင်ဖယ်တစ်လက်၊ သံချပ်ကာဖောက်ကျည်ဆယ့်နှစ်တောင့်နှင့် သာမန်ကျည်ဆံရာပေါင်းများစွာဖြစ်၏။

အများကြီးယူလာလျှင် ဝန်ပိစေသောကြောင့် ထိုအဖွဲ့ဆီမှ သူတို့သာမန်အသုံးပြုသော ခဲယမ်းများနှင့် လော်ယွမ်တောင်းဆိုထားသော စနိုက်ဘာရိုင်ဖယ်တစ်လက်ကိုသာ ယူဆောင်လာခဲ့သည်။ မော်တာအပါအဝင် လက်နက်အများစုကို မူလနေရာတွင်ပင် ထားခဲ့ပြီး ပြန်လည်ယူဆောင်လာခြင်းမရှိပေ။

လော်ယွမ်က မူလနေရာတွင်ပြန်ဝပ်နေကာ သန္ဓေပြောင်းဖွတ်ကြီးထွက်သွားမှ အမွေးများကိုသွားကောက်ရန် စောင့်ဆိုင်းနေလိုက်သည်။

မကြာမီမှာပင် သူသည် ရေသောက်ပြီးသွားသော်လည်း အစာဝနေသောကြောင့် ထွက်သွားရန် အလျင်မလိုသည်မှာ ထင်ရှားသည်။ ဤနေရာ၏ပတ်ဝန်းကျင်က သက်တောင့်သက်သာရှိသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထိုဖွတ်က ကန်စပ်နားမှ သစ်ပင်ကြီးတစ်ပင်အောက်သို့ ဖြည်းညင်းစွာတွားသွားကာ ဝပ်ချလိုက်ပြီး ဘေးဘီကိုတစ်ချက်ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ၏ကြည်လင်သောမျက်ခွံများ အနည်းငယ်ကျဆင်းလာပြီး မှေးစက်နေတော့သည်။

လော်ယွမ်သည် နောက်ထပ်နာရီဝက်ခန့်စောင့်ဆိုင်းပြီးနောက် တဖြည်းဖြည်းစိတ်မရှည်တော့ပေ။

"မင်းကသေချင်တယ်ဆိုတော့လည်း...ငါ့ကိုအပြစ်မတင်နဲ့တော့" အကယ်၍သာ ယခင်ကကဲ့သို့ ကျန်းမာတောက်ဓားရှည်မှလွဲ၍ ဘာမှမရှိပါက လော်ယွမ် ချိတုံ့ချိတုံ့ဖြစ်မိပေလိမ့်မည်။ သို့သော် ယခုလက်နက်ခဲယမ်းများစွာရှိနေသောကြောင့် အပြာရောင်အဆင့်သက်ရှိတစ်ကောင်ကို မသတ်နိုင်စရာအကြောင်းမရှိဟု သူယုံကြည်နေသည်။

သူက ဤနေရာသို့ရောက်လာချိန်တွင် ပတ်ဝန်းကျင်မှသက်ရှိများ၏ တုံ့ပြန်မှုနှင့် သူမြေပြင်ပေါ်တွင်ဝပ်နေစဉ် အမှတ်မထင်ထုတ်လွှတ်နေသော ဖိအားပေးသည့်အရှိန်အဝါတို့ကို အခြေခံ၍ ဤသည်မှာ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်ကြောင်း လော်ယွမ်က ကောက်ချက်ချလိုက်သည်။

လော်ယွမ်က စနိုက်ဘာရိုင်ဖယ်ကိုကိုင်ကာ သံချပ်ကာဖောက်ကျည်များကို တစ်တောင့်ချင်းစီထည့်သွင်းပြီးနောက် မှန်ပြောင်းမှတစ်ဆင့် သန္ဓေပြောင်းဖွတ်ကြီး၏တည်နေရာကို ချိန်ရွယ်လိုက်သည်။

သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်လာသည်နှင့် စနစ်မှ အချိန်အတော်ကြာပျောက်ကွယ်နေသော အချက်ပေးသံ ထွက်ပေါ်လာသည်။

ဒင်...အဆင့် E မစ်ရှင် - ဒေါသဖွတ်နဂါးဖွတ်ကို သတ်ရန်

အချိန်သတ်မှတ်ချက် - မိနစ်သုံးဆယ် (လက်ခံ/ငြင်းပယ်)

"လက်ခံတယ်" သူ့စိတ်ထဲတွင် အနည်းငယ်လှုပ်ရှားသွားသည်။ ဤတိုက်ပွဲအပြီးတွင် သူအဆင့်တက်လောက်ပေပြီ။

သူက အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်လုံးများကို မှန်ပြောင်းရှေ့သို့ ပြန်ကပ်လိုက်ကာ ချိန်ခွက်ကို သန္ဓေပြောင်းဖွတ်ကြီး၏မှိတ်ထားသောမျက်လုံးပေါ်သို့ ချိန်ရွယ်လိုက်သည်။ အပြာရောင်အဆင့်သက်ရှိများ၏ ခုခံကာကွယ်မှုမှာ အလွန်အားကောင်းလှရာ သံချပ်ကာဖောက်ကျည်ပင်လျှင် အပြာရောင်အဆင့်သက်ရှိတစ်ကောင်ကို ဒဏ်ရာအပြင်းအထန်ရစေရန် ခက်ခဲလှသည်။ စနိုက်ဘာရိုင်ဖယ်ဖြင့် သူ့ကိုသတ်လိုပါက သူ၏ခုခံမှုအနည်းဆုံးနေရာဖြစ်သည့်... မျက်လုံးကိုသာ ပစ်ရပေမည်။

ဤအချိန်အတောအတွင်း တရားထိုင်ခြင်း၏အကျိုးကျေးဇူးများ ပေါ်ထွက်လာခဲ့သည်။ အသက်ပြင်းပြင်းအကြိမ်အနည်းငယ်ရှူသွင်းပြီးနောက် သူ၏စိတ်သည် လျင်မြန်စွာတည်ငြိမ်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် သူက ခလုတ်ကိုဆွဲလိုက်သည်။

အန္တရာယ်အပေါ် တိရိစ္ဆာန်များ၏ပင်ကိုအသိစိတ်မှာ လူသားများထက် အဆပေါင်းများစွာသာလွန်သည်။ လော်ယွမ် ခလုတ်ဆွဲလိုက်သည်နှင့်ဖွတ်နဂါးက တစ်စုံတစ်ခုကိုအာရုံခံမိသွားပြီး ရုတ်တရက်မျက်လုံးဖွင့်ကာ သတိကြီးစွာဖြင့်ခေါင်းထောင်လိုက်သည်။

"ဒိုင်း"

စနိုက်ဘာရိုင်ဖယ်၏ ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူဖွတ်နဂါး၏ကျောကုန်းပေါ်တွင် သေးငယ်သောသွေးပွက်တစ်ခု လျင်မြန်စွာပွင့်လန်းသွားသည်။

"ဝေါင်း..."

သူ့၏အော်သံက မီးရထားဥဩဆွဲသံကဲ့သို့ ရှည်လျားနက်ရှိုင်းပြီး သွေးဆာနေသောဒေါသများဖြင့် ပြည့်နှက်နေသည်။

ဒေါသဖွတ်နဂါးက ရုတ်တရက်ထရပ်လိုက်ပြီး သူ၏မိုးပြာရောင်မျက်လုံးများမှာ လျင်မြန်စွာသွေးနီရောင်သို့ ပြောင်းလဲသွားသည်။ သူသည် ဖိအားပေးသောဟိန်းဟောက်သံကိုပြုလိုက်ပြီး ဆူးငြောင့်များပြည့်နေသောရှည်လျားသည့်အမြီးမှာ အဆက်မပြတ်လှုပ်ယမ်းနေသည်။ သူက လော်ယွမ်ရှိရာဘက်သို့ လျင်မြန်စွာ ပစ်မှတ်ထားလိုက်သည်။

သူ၏ခြေလေးချောင်းက ပြေးလွှားလိုက်ရာ သံချပ်ကာအပြည့်တပ်ဆင်ထားသော တင့်ကားတစ်စီးအလား တဂျိမ်းဂျိမ်းမြည်ဟည်းစွာဖြင့် လော်ယွမ်ဘက်သို့ တည့်တည့်ပြေးဝင်လာသည်။ အနီးအနားမှသစ်ပင်များမှာ သူ၏ကြောက်မက်ဖွယ်ကောင်းသောခွန်အားဖြင့်တိုက်ခိုက်မှုကြောင့် ဂျုံပင်များကဲ့သို့ပြိုလဲကျသွားပြီး ထူထပ်သောတောအုပ်နေရာမှာ သူ၏အရှိန်ဖြင့် မီတာပေါင်းများစွာကျယ်ဝန်းသောလမ်းကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လော်ယွမ်က စနိုက်ဘာရိုင်ဖယ်ကိုပစ်ချပြီး ထရပ်လိုက်သည်။ သူ မူလကတည်းက သူ၏သေနတ်ပစ်စွမ်းရည်အပေါ် မျှော်လင့်ချက်မထားသောကြောင့် နောင်တရခြင်းလည်းမရှိပေ။

"နောက်ဆုံးတော့...နည်းလမ်းဟောင်းနဲ့ပဲ ဖြေရှင်းရတော့မယ်ထင်တယ်" အရှိန်အဟုန်ပြင်းစွာဖြင့် တဖြည်းဖြည်းနီးကပ်လာသောဖွတ်နဂါးကိုကြည့်ရင်း သူကတစ်ယောက်တည်းရေရွတ်လိုက်သည်။

"ဒါပေမဲ့ဒီပစ္စည်းတွေလည်း မဆိုးပါဘူး...သေချာသုံးတတ်မယ်ဆိုရင် လူကိုအများကြီးသက်သာစေတာပဲ" သူက လက်ပစ်ဗုံးနှစ်လုံးကိုထုတ်ပြီး ကွင်းစွပ်များကို တစ်ပြိုင်နက်ဆွဲဖြုတ်ပြီးနောက် အားကုန်ပစ်ထည့်လိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူ၏ခြေထောက်ဖြင့် မြေပြင်ကိုအားကုန်ကန်လိုက်ရာ ခန္ဓာကိုယ်မှာ ထိုဖွတ်နဂါးဆီသို့ အရှိန်ပြင်းစွာပြေးဝင်သွားတော့သည်။

လော်ယွမ်၏နေရာအကွာအဝေးအပေါ်အာရုံခံစားမှုနှင့် ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်လှရာ လက်ပစ်ဗုံးနှစ်လုံးက လေထဲတွင် လှပသောမျဉ်းကွေးတစ်ခုဖြစ်ပေါ်ကာ ဖွတ်နဂါး၏ရှေ့တွင် တိကျစွာကျရောက်သွားသည်။

သူကအရှိန်ကိုမနှေးဘဲ မျက်လုံးများကိုမူ အနည်းငယ်မှေးစင်းထားလိုက်သည်။ နောက်တစ်ခဏတွင် မျက်စိကျိန်းလောက်အောင်စူးရှသောအလင်းတန်းတစ်ခုနှင့် မီးတောက်တစ်ခု တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်။

မျက်ကန်းဗုံးနှင့် ပေါက်အားပြင်းဗုံးတို့ ပေါက်ကွဲသွားပြီဖြစ်သည်။

"ဝေါင်း"

ဖွတ်နဂါး၏အရှိန်ပြင်းစွာပြေးလွှားနေသောခန္ဓာကိုယ်သည် အဖျက်စွမ်းအားပြင်းဗုံးကြောင့် ယိုင်သွားပြီး မျက်လုံးများမှာလည်း ပြင်းထန်သောအလင်းရောင်ကြောင့် ယာယီကန်းသွားရာ ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားသည်။ သူ၏အလေးချိန်မှာ တန်ပေါင်းများစွာရှိပြီး ကြီးမားသောအလေးချိန်ကြောင့် ဖြစ်ပေါ်လာသော အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလှရာ သူ၏ခန္ဓာကိုယ်မှာ လုံးဝမရပ်တန့်နိုင်ဘဲ လမ်းတစ်လျှောက်မှသစ်ပင်များမှာ သူ၏တိုက်ခိုက်မှုကြောင့် အကုန်လဲပြိုကျကုန်သည်။

ထိုအချိန်တွင် လော်ယွမ်က သူရည်ရွယ်ထားနေရာသို့ လျင်မြန်စွာရောက်ရှိနေပြီဖြစ်သည်။

ကျွမ်းကျင်မှုအဆင့်ဓားသိုင်းပညာတွင် ဓားသိုင်းကျွမ်းကျင်မှုသာမက ခန္ဓာကိုယ်၏ ခွန်အား အသုံးချသည့်နည်းစနစ်များစွာလည်း ပါဝင်စေသည်။

ဥပမာအားဖြင့် အချိန်တိုအတွင်း ပြင်းထန်သောပေါက်ကွဲအားထုတ်ခြင်းမျိုးပင်။

ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံးရှိ အကြောများမှာ အပြိုင်းအရိုင်းထောင်ထလာပြီး သူ၏အရပ်မှာမူ မူလထက်တစ်လက်မခန့် မြင့်တက်လာသကဲ့သို့ပင်။ မျက်နှာမှာလည်း နီရဲနေ၏။ သူ၏ခြေလှမ်းအရှိန်မှာ ရုတ်တရက်မြန်ဆန်လာပြီး ခြေထောက်နှစ်ဖက်မှာ လေနှင်သကဲ့သို့ တဖျပ်ဖျပ်ခတ်သွားရာ ဖြစ်ပေါ်လာသောအရှိန်အဝါက အဆင့်(၇) တိုက်ဖုန်းမုန်တိုင်းတစ်ခုကို ဆင့်ခေါ်လိုက်သကဲ့သို့ပင်။ သဲနှင့်သစ်ရွက်ခြောက်များက လှိမ့်တက်သွားပြီး သူ၏နောက်တွင် ရှည်လျားသောလှိုင်းတန်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

လော်ယွမ်၏ နီရဲနေသောမျက်လုံးများက ဖွတ်နဂါး၏လည်ပင်းကို မလွတ်တမ်းစိုက်ကြည့်ထားပြီး အေးစက်သောသတ်ဖြတ်လိုစိတ်က သူ၏ကိုယ်မှ ပျံ့လွင့်ထွက်လာရာ ပတ်ဝန်းကျင်လေထုပင် ခဲသွားသကဲ့သို့ပင်။

အသက်ရှူနှစ်ကြိမ်စာမျှသာကြာပြီးနောက် သူသည်ဖွတ်နဂါးအနီးသို့ လျင်မြန်စွာရောက်ရှိသွားပြီး ဓားကိုအိမ်မှထုတ်ကာ စိမ်းရွှေရောင်အလင်းကွေးတစ်ခုက လေထုကိုခွဲဖြတ်သွားသည်။

လျင်မြန်သောဓားခုတ်ပိုင်းချက်နှင့်အတူ ဖွတ်နဂါး၏လည်မျိုက ပြတ်ထွက်သွားတော့သည်။

လော်ယွမ်က ဓားကိုပြန်သိမ်းပြီးနောက် အရှိန်မလျှော့ပဲ ပြေးမြဲအတိုင်း မီတာဆယ်ဂဏန်းအကွာသို့ရောက်သွားမှသာ ရပ်တန့်လိုက်သည်။

မြေပြင်ပေါ်သို့ ဖင်ထိုင်ချလိုက်သည်နှင့် တစ်ကိုယ်လုံးရှိ ထောင်ထနေသောအကြောများမှာ လျင်မြန်စွာပျောက်ကွယ်သွားပြီး သူက မောဟိုက်စွာဖြင့်အသက်ရှူနေကာ ချွေးများမှာလည်း ရေကဲ့သို့စီးကျနေသည်။

ဆယ့်ငါးစက္ကန့်ကြာတိုက်ပွဲသည် သူ၏ ၁၁မှတ်သာရှိသော သက်လုံကို ကုန်ခမ်းသွားစေခဲ့သည်။ ယခုအချိန်တွင် အဖြူရောင်အဆင့်သန္ဓေပြောင်းသတ္တဝါတစ်ကောင်ပင်လျှင် သူ့ကိုအလွယ်တကူသတ်ဖြတ်နိုင်ပေသည်။

သူကဒူးထောက်ပြီး သေလုမျောပါးဖြစ်နေသောဖွတ်နဂါးကို မျက်ခြေမပြတ်စိုက်ကြည့်နေသည်။

ဖွတ်နဂါးက ရုန်းကန်ထရပ်လိုက်ပြီး သွေးများက ဖိအားမြင့်ပိုက်ခေါင်းကဲ့သို့ သူ၏လည်ပင်းမှ ပန်းထွက်လာသည်။ သူက ကွဲအက်အက် ဟိန်းဟောက်သံကိုပြုလိုက်သည်။ သွေးအမြောက်အမြားစီးထွက်သွားသည်နှင့်အမျှ သူ၏ရုန်းကန်မှုမှာ တဖြည်းဖြည်းအားနည်းလာသည်။

နောက်ဆုံးတွင် သူ၏ခြေထောက်များပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားရာ ဖုန်မှုန့်များလွင့်စဉ်သွားသည်။

ဆယ်စက္ကန့်ကျော်အကြာတွင် စနစ်မှ အချက်ပေးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ဒင်...E-အဆင့်မစ်ရှင် ဒေါသဖွတ်နဂါးကိုသတ်ရန် အောင်မြင်သွားပါပြီ။

"မစ်ရှင်ပြီးမြောက်ရန်ကြာချိန် - ၁မိနစ် နှင့် ၁၅စက္ကန့်"

"မစ်ရှင်အကဲဖြတ်ချက် - ကောင်းမွန်"

"အခြေခံအတွေ့အကြုံအမှတ် ၁၆၀၀ ရရှိသည်"

"အကဲဖြတ်ချက် ကောင်းမွန်သဖြင့် အတွေ့အကြုံအမှတ် အပို ၁၆၀၀ရရှိသည်"

"သင်အဆင့်တက်သွားပါပြီ။ အဆင့်တက်မှုအတွက် အရည်အသွေးမှတ်တစ်မှတ်နှင့် ကျွမ်းကျင်မှတ်၅မှတ်ရရှိပါသည်...သင်၏လက်ရှိအဆင့်မှာ ၆ ဖြစ်ပါသည်"

"သင်၏ သက်လုံနှင့် ဒဏ်ရာတို့သည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်သွားပါမည်"

"နောက်ဆုံးတော့ အဆင့်တက်သွားပြီ" လော်ယွမ်သည် မူလကအားနည်းနေသောခန္ဓာကိုယ် လျင်မြန်စွာပြန်လည်ကောင်းမွန်လာသည်ကိုခံစားရင်း စိတ်ထဲတွင်ဝမ်းသာသွားသည်။ ယခင်က သူ၏အတွေ့အကြုံမှာ ၄၁၀၀/၄၈၀၀ သို့ရောက်ရှိနေပြီး ယခု ၃၂၀၀ မှတ်ထပ်ပေါင်းလိုက်သောအခါ အဆင့်တက်ရန် အလွန်ပင်လုံလောက်နေပြီဖြစ်သည်။

သို့သော် နောက်တစ်ကြိမ်အဆင့်တက်ရန် ၉၆၀၀ မှတ်လိုအပ်သည်ကိုစဉ်းစားမိသောအခါ သူ၏စိတ်လှုပ်ရှားမှုမှာ အနည်းငယ်လျော့ကျသွားခဲ့သည်။ နောင်တွင် အဆင့်တက်ရန်မှာ တဖြည်းဖြည်းပို၍ခက်ခဲလာပေလိမ့်မည်။

ထို့ပြင် စနစ်၏အကျင့်ဆိုးအရ မိမိက အဆင့်မြင့်မစ်ရှင်များကို ကျင့်သားရသွားသည်နှင့် အနည်းငယ်နိမ့်သောမစ်ရှင်များကို ထပ်မံပေးတော့မည်မဟုတ်ပေ။

ယခင်က သူသည် အစောင့်အရှောက်အဆင့်တစ်ကောင်ကိုသတ်ဖြတ်ပြီးနောက် သာမန်ပိုးကောင်စိမ်းများကို မည်မျှပင်သတ်ဖြတ်စေကာမူ မစ်ရှင်မပေါ်တော့သကဲ့သို့ပင်။ နောင်တွင် မစ်ရှင်များ၏အန္တရာယ်မှာ တဖြည်းဖြည်းပို၍မြင့်မားလာမည်သာဖြစ်သည်။

သူက စိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက် အရည်အသွေးပြဇယားကို ဖွင့်လိုက်သည်။

အမည် - လော်ယွမ်

အလုပ်အကိုင် - မုဆိုး

အဆင့် - ၆

အတွေ့အကြုံ - ၂၅၀၀/၉၆၀၀

အရည်အသွေးများ

---------------------

ခွန်အား - ၁၂ (၁၀)

လျင်မြန်မှု - ၁၂ (၁၀)

ကြံ့ခိုင်မှု - ၁၁ (၁၀)

ဉာဏ်ရည် - ၁၃ (၁၀)

အာရုံခံနိုင်စွမ်း - ၁၂ (၁၀)

စိတ်စွမ်းအား - ၁၃ (၁၀)

ကျွမ်းကျင်မှုများ

------------------

သိပ္ပံ - ၁၆

သင်္ချာ - ၁၄

တရုတ်စာ - ၁၉

ဘဏ္ဍာရေး - ၁၇

ကွန်ပျူတာ - ၉

ကခုန်ခြင်း - ၁

ပန်းချီ - ၃

ဂိမ်းကစားခြင်း - ၆

စေ့စပ်ညှိနှိုင်းခြင်း - ၉

လူမှုဆက်ဆံရေး - ၇

ချက်ပြုတ်ခြင်း - ၃

ယာဉ်မောင်း - ၁

လက်နက်မဲ့တိုက်ခိုက်ခြင်း - ၅

ဓားပညာကျွမ်းကျင်မှု - ဝ

အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားနိုင်စွမ်း၊ ပေါင်းစပ်နိုင်စွမ်း

လက်ကျန်အခြေပြုမှတ် - ၁

လက်ကျန်ကျွမ်းကျင်မှတ် - ၅

လက်ကျန်မစ်ရှင် - မရှိ

အရည်အသွေးအမှတ်ကို ခွဲဝေသည့်အခါ လော်ယွမ် ချိတုံ့ချိတုံ့ဖြစ်သွားသည်။ ခွန်အားကို ပေါင်းထည့်ရမည်လော သို့မဟုတ် လျင်မြန်မှုကို ပေါင်းထည့်ရမည်လောကို သူ မသိပေ။ သူ၏ခံနိုင်ရည်နည်းပါးသော အားနည်းချက်မှာ အလွန်သိသာထင်ရှားလှသည်။ တိုက်ပွဲတစ်မိနစ်ကျော်လွန်သည်နှင့် သူဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ အားကုန်ထုတ်သုံးပါက အချိန်မှာ ပို၍ပင်တိုတောင်းသွားမည်ဖြစ်သည်။ ရန်သူများပြားလာပါက သို့မဟုတ် တိုက်ပွဲအချိန်ကြာရှည်သွားပါက သူအန္တရာယ်ရှိနေပြီဖြစ်သည်။

လျင်မြန်မှုကိုထပ်ပေါင်းပါက ခံနိုင်ရည်ပြဿနာမှာ ပို၍ကြီးမားလာနိုင်သော်လည်း ခွန်အားကိုပေါင်းထည့်ပါက အဆင့်တက်ခြင်းကြောင့်ရရှိလာသော စွမ်းရည်တိုးတက်မှုမှာ အလွန်နည်းပါးသွားပြီး အများဆုံးမှာ တိုက်ပွဲတွင် အနည်းငယ်ပို၍ကြာကြာခံနိုင်ရုံသာဖြစ်လိမ့်မည်။

ဤသည်မှာ ခက်ခဲသောရွေးချယ်မှုတစ်ခုပင်။ သို့သော် တိုက်ပွဲတစ်ခုက စက္ကန့်အနည်းငယ်အတွင်းသာ ပြီးဆုံးသင့်သည်ဟု အမြဲယုံကြည်သောလော်ယွမ်သည် နောက်ဆုံးတွင် လျင်မြန်မှုကိုသာ ပေါင်းထည့်ရန် ဆုံးဖြတ်လိုက်သည်။ ခွန်အားကိုမူ နောင်တွင် နည်းလမ်းရှာရမည်ဖြစ်ပြီး ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် တဖြည်းဖြည်းတိုးတက်လာနိုင်ပေသည်။

ပူနွေးသောစီးကြောင်းတစ်ခု ခန္ဓာကိုယ်ထဲမှ ပျောက်ကွယ်သွားသည်နှင့် လော်ယွမ်သည် ကမ္ဘာကြီးနှေးကွေးသွားသကဲ့သို့သော ပုံရိပ်ယောင်များကို ထပ်မံခံစားလိုက်ရသည်။ ၁၃မှတ်အထိမြင့်မားသောလျင်မြန်မှုကြောင့် သူ၏အာရုံကြောတုံ့ပြန်နိုင်စွမ်းအားလုံးမှာ အခြားသူများထက် ၃.၃၇၅ ဆပို၍မြန်ဆန်သွားပြီး အမြင်အာရုံကြောများပါ ပါဝင်သည်ဟု အဓိပ္ပာယ်ရသည်။

အကယ်၍သာ ယခုအချိန်တွင် တီဗီ သို့မဟုတ် ရုပ်ရှင်ကြည့်စရာရှိပါက သူက သာမန်ဗီဒီယိုကားတစ်ခုကဲ့သို့ မြင်ရမည်မဟုတ်ပဲ လျင်မြန်စွာရွေ့လျားနေသော ပုံရိပ်များကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး ဝမ်းနည်းဖွယ်အဖြစ်တစ်ခုကို ကြုံတွေ့ရပေလိမ့်မည်။

ဆက်ရန်...

All Chapters