← Chapters

အခန်း (၅၃-၅၆)

Vol. 3 Ch. 53-56

အခန်း (၅၃-၅၆)

Vol. 3 Ch. 53-56

အပိုင်း(၅၃)ထင်မှတ်မထားသော အလှည့်အပြောင်း

လော်ယွမ်က သူ၏အမြန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ အကြမ်းဖျင်းအားဖြင့် နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ တိုးတက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ခွန်အားကန့်သတ်ချက်ကြောင့် ကျန်ရှိနေသော အမြန်နှုန်းကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

သို့သော် သာမန်လူတစ်ယောက်၏ အမြင်တွင်မူ သူ၏အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေပြီဖြစ်သည်။ အကယ်၍ သူသာ ဓားကိုလွှဲလိုက်မည်ဆိုပါက သာမန်မျက်စိဖြင့် မသဲမကွဲ အရိပ်တစ်ခုကိုသာ မြင်နိုင်ပေလိမ့်မည်။

သို့သော် သူ၏ခန္ဓာကိုယ်သည် ထိုဖိအားကို အမှန်တကယ် မခံနိုင်သေးပေ။ အားကုန်သုံး၍ ဓားချက်ပေါင်း ဆယ်ချက်ကျော်မျှ လွှဲပြီးသည်နှင့် သူ၏ကြွက်သားများ နာကျင်ကိုက်ခဲလာပြီး မောဟိုက်ကာ အသက်ကို မမှန်မကန် ရှူနေရတော့သည်။

လော်ယွမ်က ခါးသီးစွာ ပြုံးလိုက်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထို့နောက် သူက ဒေါသဖွတ်နဂါး၏ အလောင်းရှိရာသို့ လျှောက်သွားလိုက်သည်။ ဤဧရာမသတ္တဝါကြီးသည် သေဆုံးသွားသည့်တိုင် ဖိနှိပ်နိုင်သော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေဆဲဖြစ်ရာ ပတ်ဝန်းကျင် ပေ၃၀အတွင်းရှိ ပိုးမွှားများနှင့် ငှက်ကလေးများအားလုံး ပျောက်ကွယ်သွားပြီး လုံးဝတိတ်ဆိတ် ငြိမ်သက်နေသည်။

ပေါက်အားပြင်းဗုံးသည် ၎င်း၏ဝမ်းဗိုက်တွင် မီးလောင်ထားသကဲ့သို့ မည်းညစ်နေသော အရာတစ်ခုကို ချန်ထားခဲ့ပြီး ထိုနေရာမှ သွေးများ တသွင်သွင် စီးကျနေသည်။ သို့သော် လော်ယွမ်က ထိုမည်းညစ်နေသော ပြာများကို သုတ်သင်လိုက်သည့်အခါမှ ၎င်းက အပေါ်ရံအရေပြားဒဏ်ရာမျှသာ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အလွန်အံ့အားသင့်သွားသည်။ ဤသတ္တဝါ၏ ခံနိုင်ရည်အားရှေ့တွင် ပေါက်အားပြင်းဗုံးပင်လျှင် ဘာမှမတတ်နိုင်ခဲ့ပေ။

သူက အားကုန်သုံး၍ အကြေးခွံတစ်ခုကို ခွာယူလိုက်ပြီး လက်ချောင်းဖြင့် ခေါက်ကြည့်လိုက်ရာ ကျောက်စိမ်းတုံးနှစ်တုံး ထိခတ်မိသံကဲ့သို့ ကြည်လင်သောအသံ ထွက်ပေါ်လာသည်။ ဤအကြေးခွံအမျိုးအစားက မာကျောသော်လည်း ပျော့ပျောင်းမှုကို ခံစားမိနေ၏။ လော်ယွမ်က ၎င်းကို ကိုးဆယ်ဒီဂရီအထိ ကွေးချလိုက်သော်လည်း ကျိုးသွားမည့်လက္ခဏာ တစ်စိုးတစ်စဉ်းမျှ မမြင်ရပေ။

"တော်တော်ကောင်းတဲ့ ပါဝင်ပစ္စည်းတစ်ခုပဲ" လော်ယွမ်က စိတ်ထဲမှ ချီးကျူးလိုက်သော်လည်း သူ၏မျက်နှာထားမှာတော့ အေးဆေးတည်ငြိမ်နေ၏။ သူက ယခင်ကလို ဘာမှမရှိသည့် ဆင်းရဲသားတစ်ယောက် မဟုတ်တော့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အပြာရောင်အဆင့်ပစ္စည်းများက တစ်စုံနီးပါး ပြည့်စုံနေပြီဖြစ်သည်။ ထို့အပြင် စစ်ဆေးကြည့်လိုက်သည့်အခါ ဤအကြေးခွံတွင် ဓာတ်စွမ်းအင်များ မပါဝင်ကြောင်း တွေ့ရှိရသဖြင့် သူ၏စိတ်ဝင်စားမှု လျော့ကျသွားသည်။

ထို့နောက် သူက ဝမ်းဗိုက်အလယ်တည့်တည့်ရှိ မျဉ်းတစ်လျှောက်မှ အကြေးခွံများကို တစ်ခုပြီးတစ်ခု ခွာထုတ်လိုက်ရာ ကွန်ယက်ပုံစံရှိသော ကြမ်းတမ်းသည့် အရေပြားကို တွေ့လိုက်ရသည်။ ထို့နောက် ဓားကိုထုတ်ကာ အလောင်းကို စတင်ခွဲစိတ်တော့သည်။

ဝမ်းဗိုက်ကို လျင်မြန်စွာ ခွဲလိုက်သည့်အခါ အတွင်းကလီစာများ ပေါ်ထွက်လာသည်။ လော်ယွမ်က အခုန်ရပ်သွားပြီဖြစ်သော အုန်းသီးအရွယ် နှလုံးသားကို မြင်တွေ့လိုက်ရပြီး ကျန်းမာတောက်ဓားရှည်ဖြင့် ၎င်းကို ဖြတ်ယူလိုက်သည်။

"ဒီတစ်ခါတော့ ဆင့်ကဲ့ပြောင်းလဲပါစေလို့ ဆုတောင်းရမယ်...မဟုတ်ရင်ငါ့စိတ်တွေပါ ဖောက်ပြန်ကုန်လိမ့်မယ်" သူက စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် အုန်းသီးအရွယ် နှလုံးသားကို ကြည့်လိုက်သည်။ အတော်ကြာ ချီတုံချတုံဖြစ်နေပြီးမှ မျက်မှောင်ကြုတ်ပြီး တစ်ကိုက်ကိုက်ချလိုက်ရာ ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်လျှံသွားသည်။

သူ့စိတ်ထဲတွင် အသည်းအသန် အန်ချင်စိတ်များ ဖြစ်ပေါ်နေသော်လည်း သူ၏စားသောက်နှုန်းမှာမူ လုံးဝမနှေးကွေးပေ။ မိနစ်အနည်းငယ်အကြာတွင် ထိုကြီးမားသော နှလုံးကြီးက သူ၏ဗိုက်ထဲသို့ အတင်းအကျပ် ဝင်ရောက်သွားတော့သည်။

ယခင်အကြိမ်များကဲ့သို့ပင် ချွေးအနည်းငယ်ထွက်ပြီး စိတ်လှုပ်ရှားတက်ကြွလာသည်မှလွဲ၍ အခြားအကျိုးကျေးဇူးတစ်စုံတစ်ရာ မရရှိခဲ့ပေ။

လော်ယွမ်က အနည်းငယ် စိတ်ပျက်သွားပြီး သက်ပြင်းတစ်ချက်ချကာ ခွဲစိတ်သည့်အလုပ်ကို ဆက်လုပ်လိုက်သည်။

သူက ဒေါသဖွတ်နဂါး၏ ဦးခေါင်းကို ဖြတ်ချလိုက်သည်။ ကျန်းမာတောက်ဓားရှည် မပျက်စီးစေရန် သူက အားကို သိပ်မသုံးရဲဘဲ ဦးခေါင်းခွံ၏ အရိုးဆက်နေရာများကြားမှ ဖြည်းဖြည်းချင်း လှီးဖြတ်နေရသည်။

အတော်လေး အားကုန်ခံပြီးမှ သူ ဦးခေါင်းခွံကို ဖွင့်နိုင်ခဲ့သည်။ သူက အိတ်ကပ်ထဲမှ ပလတ်စတစ်အိတ်တစ်လုံးကို ထုတ်ယူကာ လေးပေါင်ခန့် ရှိသော ဦးနှောက်ပျော့များကို အိတ်ထဲသို့ ထည့်လိုက်သည်။

ဤဧရာမသတ္တဝါကြီးတစ်ကောင်လုံးတွင် အဖိုးတန်ဆုံးအရာမှာ ဦးနှောက်နှင့် နှလုံးဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ အထူးသဖြင့် ဦးနှောက်ဖြစ်သည်။ အစောပိုင်းက ကြွက်ဘုရင်၏ ဦးနှောက်ကို စားလိုက်ရုံဖြင့် သူ၏အာရုံခံစွမ်းအားသည် ချက်ချင်းဆိုသလို တိုးတက်လာခဲ့သည်။

သန္ဓေပြောင်းသတ္တဝါများ၏ အသွေးအသားများကိုမူ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့ အကြိမ်ပေါင်းများစွာ စားခဲ့ကြပြီး စားသုံးခဲ့သောပမာဏမှာလည်း ဆယ်ပေါင်ကျော် ရှိသော်ငြား သူတို့၏ခွန်အားမှာ များစွာတိုးတက်လာခြင်းမရှိပေ။ လော်ယွမ်သာ သတိမပေးလျှင် သူတို့ကိုယ်တိုင်ပင် သတိထားမိမည်မဟုတ်ပေ။ အာနိသင်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။

လော်ယွမ်က ပလတ်စတစ်အိတ်၏ ထိပ်ကို ချည်နှောင်ကာ ဘေးသို့ချထားလိုက်သည်။ ထို့နောက် ဧရာမသတ္တဝါကြီး၏ ကိုယ်ပေါ်ရှိ အစိတ်အပိုင်းများကို သေချာရွေးချယ်ပြီးနောက် အသားအများဆုံးဖြစ်သော နောက်ခြေထောက်နှစ်ချောင်းကို ဖြတ်ယူလိုက်သည်။

ဒေါသဖွတ်နဂါး၏ နောက်ခြေထောက်များသည် တစ်မီတာခွဲခန့် ရှည်လျားပြီး တစ်ချောင်းစီလျှင် ပေါင်တစ်ရာကျော် လေးလံသည်။ ခြေထောက်နှစ်ချောင်းပေါင်းလျှင် ပေါင်၂၀၀ကျော် ရှိသည်။

လော်ယွမ်က ၎င်းတို့ကို ဆွဲမကြည့်လိုက်ရာ သိပ်အားမစိုက်ရဟု ခံစားမိသည်။

သို့သော် ဤထက်ပို၍ မယူနိုင်တော့ပေ။ သူ၏ခွန်အားက ခံနိုင်ရည်ရှိသေးသော်လည်း သူ၏ အားနည်းလှသော သက်လုံကမူ အချိန်ကြာကြာ တောင့်ခံနိုင်မည်မဟုတ်ပေ။

သူက ယူဆောင်သွားရမည့် ပစ္စည်းများကို သေချာနေရာချပြီးနောက် ကန်စပ်သို့ ဇီးကွက်နက်၏ အတောင်များကို သွားရောက်စုဆောင်းသည်။

လက်ဝါးအရွယ်ခန့်ရှိသော အနက်ရောင်အခွံမာပိုးတောင်မာအချို့သည် လန့်ဖျပ်ကာ ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးနေသော အရိုးစုအောက်မှ ထွက်ပြေးလာပြီး မြက်ခင်းတောထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

လော်ယွမ်က အရိုးစုအောက်တွင် စက်အမြောက်ဆံ ခုနစ်လုံး၊ ရှစ်လုံးခန့် ကျန်ရှိနေသေးသည်ကို သတိပြုမိလိုက်သည်။ ၎င်းကို အနီးအနားရှိ စစ်အခြေစိုက်စခန်းမှ ပစ်သတ်ခဲ့သလား သို့မဟုတ် လေထဲတွင် တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခံခဲ့ရသလားကိုတော့ သူ မသိပေ။

အတောင်များမျာ မြေပြင်ပေါ်တွင် နေရာအနှံ့ ပြန့်ကျဲနေသည်။ လော်ယွမ်က ဆယ်မိနစ်ကျော် အချိန်ယူပြီးမှ အတောင်အားလုံးကို စုဆောင်းနိုင်ခဲ့သည်။ ရရှိသောပစ္စည်းများက သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေ၏။ သူက အတောင်ပေါင်း ခုနစ်ရာ၊ ရှစ်ရာခန့် ကောက်ယူနိုင်ခဲ့သည်။ အတောင်အားလုံးကတော့ နှစ်ပေခန့် ရှည်လျားသည်မဟုတ်ဘဲ အများစုမှာ အတွင်းပိုင်းမှ နူးညံ့သောအမွှေးများဖြစ်သည်။ ထို့အပြင် ၆ပေခန့်ရှည်သော အမြီးတောင် ခုနစ်ချောင်းကိုလည်း တွေ့ရှိခဲ့သည်။

လော်ယွမ်က အနီးအနားမှ နူးညံ့သော နွယ်ပင်တစ်ပင်ကို ဖြတ်ယူကာ အတောင်များကို တစ်စည်းတည်း ချည်နှောင်လိုက်သည်။

လော်ယွမ် ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် မလှမ်းမကမ်းရှိ ကန်ရေပြင်မှ "ဗွမ်း ဗွမ်း" ဟူသော ရေသံကို ရုတ်တရက် ကြားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ တောအုပ်သည်လည်း လှုပ်ရှားလာသည်။

လော်ယွမ်က ပတ်ဝန်းကျင်က အငွေ့အသက်တွေ တစ်မျိုးပြောင်းသွားသည်ကို သူခံစားမိလိုက်သည်။ သူက အံ့ဩတုန်လှုပ်စွာဖြင့် ကန်ရေပြင်ကို ကြည့်လိုက်စဉ်မှာပင် သူ၏ မျက်ဝန်းသူငယ်အိမ်တို့သည် ချက်ချင်း ကျုံ့သွားသည်။ ကြီးမားသော အရိပ်ကြီးတစ်ခုသည် ကန်ရေပြင်ထဲတွင် ကွေ့ကောက်ကာ ရှေ့သို့ရွေ့လျားလာနေသည်။ ၎င်း၏အမြန်နှုန်းမှာ အလွန်လျင်မြန်ပြီး ကန်ရေပြင်ပေါ်တွင် ရှည်လျားသော ရေလမ်းကြောင်းတစ်ခု ဖြစ်ပေါ်နေသည်။

၂ပေမှ လေးငါးပေအထိ အရွယ်အစားအမျိုးမျိုးရှိသော သန္ဓေပြောင်းငါး ရာပေါင်းများစွာသည် လန့်ဖျပ်ကာ ရေပေါ်သို့ ခုန်တက်လာကြသည်။

ထိုအရိပ်ကြီး ရွေ့လျားလာနေသည့် လမ်းကြောင်းသည် လော်ယွမ်ရှိရာဘက်သို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။ သူ၏နှလုံးသည် ဒိန်းခနဲ ခုန်သွားပြီး ချက်ချင်း မတ်တပ်ထရပ်ကာ ဓားအိမ်ကို ဆုပ်ကိုင်ထားလိုက်သည်။

အရိပ်ကြီးသည် ကန်စပ်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ၎င်း၏ကိုယ်ထည်သည် တဖြည်းဖြည်း ရေပေါ်သို့ ပေါ်တက်လာသည်။ ထို့နောက် ဆီကြိတ်ဆုံတစ်ခုအရွယ်ခန့်ရှိပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းကြီးက ရေထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ၎င်း၏ချောမွေ့သော အကြေးခွံများပေါ်မှ ရေများစွာ စီးကျလာသည်။

"ဟိုက်" လော်ယွမ်က အသက်ရှူမှားမတတ် အေးစက်သောလေကို ရှိုက်သွင်းလိုက်မိသည်။

ဤသည်မှာ သန္ဓေပြောင်းဧရာမမြွေကြီးတစ်ကောင်ဖြစ်သည်။ ယခင်က ကောက်တန်မြို့တွင် တွေ့ခဲ့ရသော မြွေကြီးနှင့် နှိုင်းယှဉ်လျှင် ကလေးနှင့်လူကြီးပမာ ကွာခြားလှသည်။ ၎င်း၏ မျက်ဝန်းသူငယ်အိမ်များသည် ဒေါင်လိုက်ဖြစ်နေပြီး သွေးအေးသတ္တဝါတို့၏ ထူးခြားသည့် အေးစက်မှုကို ဆောင်နေသည်။

သို့သော် မျက်ဝန်း၊ ကိုယ်လုံးကိုယ်ထည်နှင့် အကြေးခွံများမှလွဲ၍ ၎င်း၏ပုံစံသည် ယခင်က မြွေများနှင့် လုံးဝမတူတော့ပေ။

၎င်း၏ပါးစပ်သည် မိကျောင်းတစ်ကောင်ကဲ့သို့ အနည်းငယ် ရှည်ထွက်နေပြီး ချွန်ထက်သောအစွယ်အချို့သည် အပေါ်အောက် ယှက်သန်းနေကာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ဦးခေါင်းထိပ်တွင် အသားဖုလေးတစ်ခုရှိပြီး နှာခေါင်းပေါက်များမှာ ကြီးမားလှသည်။ လော်ယွမ်ကို ပို၍တုန်လှုပ်စေသောအရာမှာ ၎င်း၏နှာခေါင်းပေါက်များမှ အဖြူရောင်အခိုးအငွေ့များ ထွက်နေခြင်းပင်!

၎င်း၏ပုံစံက လော်ယွမ်အား ဒဏ္ဍာရီဆန်သည်ဟု ခံစားရစေသလို လျှို့ဝှက်ဆန်းကြယ်သော ခံ့ညားမှုကိုလည်း ဆောင်နေသည်။

ဒင်...အဆင့် E မစ်ရှင် - မြွေနဂါးကိုသတ်ရန်

အချိန်သတ်မှတ်ချက် - မိနစ်၃၀ (လက်ခံ/ငြင်းပယ်)

"သေစမ်း...E+ အဆင့်တဲ့" လော်ယွမ်က ရုတ်တရက် သတိပြန်ဝင်လာပြီး သူ့ကျောရိုးမကြီးမှတစ်ဆင့် အေးစက်သောအငွေ့အသက်တစ်ခု အပေါ်သို့တက်လာကာ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။

သူက စိတ်ထဲမှ "ငြင်းပယ်" ဟု အလျင်အမြန် ရေရွတ်လိုက်ပြီး လှည့်ထွက်ပြေးတော့သည်။

E+ အဆင့်မစ်ရှင်ဆိုသည်မှာ ဤသတ္တဝါသည် "အပြာရင့်ရောင်အဆင့်" သို့ ရောက်ရှိနေပြီဟု အဓိပ္ပာယ်ရသည်။ သူ၏လက်ရှိစွမ်းအားဖြင့် ဤသို့သောသတ္တဝါကို ရင်ဆိုင်လျှင် အနိုင်ရမည့်အခွင့်အရေး တစ်စိုးတစ်စဉ်းမျှမရှိပေ။ ထိုသတ္တဝါ၏အပေါ်ရံအရည်ခွံကိုပင် ဖောက်ထွင်းနိုင်မည်မဟုတ်ပေ။

လျင်မြန်ခြင်းကို အဆင့်မြှင့်တင်ထားသည့် အကျိုးသက်ရောက်မှုက ယခုအခါတွင် ပေါ်လွင်လာသည်။ ပတ်ဝန်းကျင်မှ မြင်ကွင်းများသည် လျင်မြန်စွာ နောက်သို့ရွေ့လျားသွားပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူကပေ၃၀အကွာသို့ ရောက်ရှိသွားပြီဖြစ်သည်။

လော်ယွမ်က ဟောဟဲ... ဟောဟဲ... ဖြင့် မောဟိုက်စွာ အသက်ရှူရင်း မနေနိုင်ဘဲ နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုမြွေနဂါးသည်လည်း သူ့ဘက်သို့ ရွေ့လျားလာနေသော်လည်း အလျင်မလိုသည့်အလား မနှေးမမြန်ဖြင့် လော်ယွမ်၏နောက်မှ လိုက်ပါလာပြီး အပန်းဖြေခရီးထွက်နေသည့်အလား သက်သောင့်သက်သာ ရှိနေသည်ကို သူတွေ့လိုက်ရသည်။

သူ့စိတ်ထဲတွင် အတွေးတစ်ချက် လင်းခနဲဖြစ်သွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် စိုးရိမ်နေသောစိတ်လည်း အနည်းငယ် ပြေလျော့သွားသည်။ ၎င်းသည် သူ့ကို လိုက်နေခြင်းမဟုတ်ဘဲ ဒေါသဖွတ်နဂါး၏ သွေးနံ့ကို အနံ့ခံမိ၍ လာခြင်းဖြစ်ပေမည်။

သို့သော် သူသာ ၎င်း၏မျက်စိရှေ့တွင် ဆက်ပြီး မျက်စေ့နောက်အောင်လုပ်နေပါက သူ့ကို အဆာပြေအဖြစ် မျိုချရန် ၎င်းက ဝန်လေးနေမည်မဟုတ်ပေ။

ဤသို့တွေးမိသောအခါ သူက လမ်းကြောင်းကို အလျင်အမြန် ပြောင်းလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ဤတစ်ကြိမ်တွင် မြွေနဂါးသည် သူ့နောက်သို့ မလိုက်တော့ဘဲ ဒေါသဖွတ်နဂါး၏ အလောင်းရှိရာသို့သာ တည့်တည့်မတ်မတ် ဆက်လက်သွားနေသည်။

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး အစောပိုင်းက စောင့်ကြည့်ခဲ့သောနေရာသို့ အမြန်ပြေးပြန်လာခဲ့သည်။ သို့သော် မလှမ်းမကမ်းတွင် မြွေနဂါးကြီးက နဂါးဖွတ်အလောင်းကို အားရပါးရ ကိုက်ဖြတ်စားသောက်နေသည်ကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် နှမြောတသဖြစ်သည့်စိတ်များ တိုးဝှေ့ထွက်ပေါ်လာသည်။

အစောပိုင်းက ဇီးကွက်နက်၏ အရိုးစုသည် အလောင်းနှင့် မနီးမဝေးတွင်ရှိသောကြောင့် အခြားသတ္တဝါများ ခိုးစားရန်လာပါက သူ အချိန်မရွေး သတိထားမိနိုင်သဖြင့် သူ၏တိုက်ပွဲအမှတ်တရပစ္စည်းများအားလုံးကို အလောင်းဘေးတွင် ထားရှိခဲ့သည်။ ယခုတော့ အားလုံး ဆုံးရှုံးသွားပြီဖြစ်သည်။ မြွေနဂါး၏ ကြီးမားသော ကိုယ်လုံးကိုယ်ထည်အရ ၎င်းအတွက် ဘာတစ်ခုမှ ချန်ထားမည်မဟုတ်သည်မှာ သေချာသည်။

ထိုစဉ် သူ၏မျက်လုံးထောင့်နားမှ အထုပ်ထဲတွင် ကျန်ရှိနေသေးသော အဖျက်စွမ်းအားပြင်းဗုံးလေးလုံးကို ရုတ်တရက် မြင်တွေ့လိုက်ရပြီး သူ့မျက်လုံးများက အရောင်တောက်သွားသည်။

"ငါထွက်သွားရမယ်ဆိုရင်...မင်းကိုလည်းအေးအေးဆေးဆေး နေခွင့်မပြုဘူးကွ"

သူက အဖျက်စွမ်းအားပြင်းဗုံးလေးလုံးကို ယူပြီး သန်မာသောမြက်ပင်တစ်ပင်ကို နှုတ်ကာ ၎င်းတို့ကို အတူတကွ ချည်နှောင်လိုက်သည်။ ထို့နောက် မြက်ပင်တစ်ပင်ဖြင့် ဗုံး၏စနက်တံကွင်းများကို တစ်ခုပြီးတစ်ခု သီချည်လိုက်သည်။

လော်ယွမ်က ယူဆောင်သွားရမည့် ပစ္စည်းအားလုံးကို ဘယ်ဘက်လက်ဖြင့် ဆွဲကိုင်လိုက်ပြီး တစ်စုံတစ်ခု ကျန်ရှိနေသေးသလား စစ်ဆေးလိုက်သည်။ သူ၏ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာသည်ဟု ခံစားရမှ သူ မတ်တပ်ထရပ်လိုက်သည်။

သူက အတူတကွ ချည်နှောင်ထားသော စနက်တံကွင်းလေးခုကို တစ်ပြိုင်နက် ဆွဲဖြုတ်လိုက်ပြီးနောက် အားကုန်သုံး၍ ပစ်လွှတ်လိုက်သည်။ ပစ်လိုက်သည်နှင့် သူ ပစ်မှတ်လွဲသွားသည်ကို ခံစားမိလိုက်သော်လည်း ဤအချိန်တွင် ထိုအရာကို ဂရုမစိုက်နိုင်တော့ဘဲ လှည့်ကာ ထွက်ပြေးတော့သည်။

အဖျက်စွမ်းအားပြင်းဗုံး မြေသို့ကျရောက်မည့်အချိန်ကို ခန့်မှန်းပြီးနောက် သူ နောက်သို့တစ်ချက် လှည့်ကြည့်လိုက်သည်။

ဤတစ်ချက်ကြည့်လိုက်ခြင်းက သူ၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။

အဖြူရောင်မီးခိုးများ ထွက်နေသော အဖျက်စွမ်းအားပြင်းဗုံးလေးလုံးသည် မြွေနဂါး၏ ကိုယ်ပေါ်မှ ကျော်လွန်သွားပြီး ၎င်း၏နောက်ဘက်သို့ ဆက်လက်ပျံသန်းသွားသည်။ အကယ်၍သာ အရာအားလုံး ပုံမှန်အတိုင်းဖြစ်ပါက ၎င်း၏ပေါက်ကွဲမှုအရှိန်သည် မြွေနဂါး၏အမြီးကိုသာ ထိခိုက်နိုင်ပေမည်။

ဖြစ်နိုင်သည်မှာ ဤလုပ်ရပ်သည် မြွေနဂါး၏ ဂုဏ်သိက္ခာကို ပြင်းထန်စွာ စော်ကားလိုက်ခြင်း ဖြစ်ပေမည်။ အစာစားနေသော မြွေနဂါးသည် ရုတ်တရက် ရပ်တန့်သွားပြီး မြွေဦးခေါင်းသည် အရိပ်တစ်ချက် လှုပ်ခတ်သွားကာ ထိုချည်နှောင်ထားသော အဖျက်စွမ်းအားပြင်းဗုံးများကို တစ်လုပ်တည်း မျိုချလိုက်သည်။

လော်ယွမ်က ပါးစပ်အနည်းငယ်ဟလျက် ကြောင်ငေးနေမိကာ တစ်ခဏအတွင်း ထွက်ပြေးရန်ပင် မေ့သွားသည်။

နောက်တစ်ခဏတွင် အဝေးမှ တိုးညှင်းသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

မြွေနဂါး၏ ဝမ်းဗိုက်သည် ရုတ်တရက် ဖောင်းကားလာပြီး ၎င်း၏ ကြီးမားသောကိုယ်လုံးကြီးတစ်ခုလုံးပင် အနည်းငယ် ခုန်တက်သွားသည်။ မြွေနဂါးသည် မြေပေါ်သို့ လဲကျသွားပြီး မီးခိုးငွေ့တစ်လုတ်ကို အန်ထုတ်လိုက်သည်။ ၎င်းသည် ရုတ်တရက် ဦးခေါင်းကို မော့ကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ရူးသွပ်မတတ် လူးလိမ့်နေတော့သည်။

လော်ယွမ်ပင်လျှင် ၎င်းအတွက် နာကျင်မှုကို ခံစားနေရသည်။ ဤသည်မှာ ဗြောက်အိုးမဟုတ်ပေ။ ပေါက်အားပြင်းဗုံးများဖြစ်သည်။ ၎င်း၏အပြင်ဘက် ခန္ဓာကိုယ်အကြေးခွံက မည်မျှမာကျောနေပါစေ အတွင်းပိုင်းမှာတော့ ပျော့ညံ့နေမည်သာပင်။ ဤပေါက်ကွဲမှုကြောင့် ၎င်း၏အတွင်းကလီစာများ ကောင်းမွန်စွာ ကျန်ရှိနေဦးမည်လားကို မည်သူမှ မသိနိုင်ပေ။

"ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာရသွားမှတော့...သူဘယ်လောက်အသက်ပြင်းပြင်း ကြာကြာခံမှာမဟုတ်ဘူး...ဒီလိုမှန်းသိရင်မစ်ရှင်ကိုလက်ခံလိုက်ပါတယ်" လော်ယွမ်က စိတ်ထဲတွင် နှမြောတသဖြစ်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

သို့သော် ထိုအချိန်က အခြေအနေအရ သူ၏အတွေးအခေါ် မည်မျှပင် ကြွယ်ဝစေကာမူ အခြေအနေများက ဤသို့အလှည့်အပြောင်းဖြစ်သွားမည်ဟု လုံးဝ တွေးထင်နိုင်မည်မဟုတ်ပေ။ ယခုအချိန်အထိ သူက အိပ်မက်မက်နေသလိုပင် ခံစားနေရဆဲဖြစ်သည်။

မြွေနဂါးသည် အဆက်မပြတ် လူးလိမ့်ရင်း ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်နေသည်။ ၎င်း၏အသံအိုးများသည် ဆင့်ကဲပြောင်းလဲပြီးနေပြီဖြစ်သောကြောင့် အသံမှာ ကျယ်လောင်ပြီး ထိုးဖောက်နိုင်စွမ်းရှိလှသည်။ ပေး၃၀၀ကျော်အကွာမှ လော်ယွမ်ပင်လျှင် သူ၏နားစည်များ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

၎င်းသည် ကြာရှည်စွာ တောင့်ခံနိုင်တော့မည်မဟုတ်ဘဲ မကြာမီ အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားတော့မည်ဟု လော်ယွမ် ထင်မှတ်နေစဉ်မှာပင်…

ထိုမြွေနဂါးက ရုတ်တရက် ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီး ဦးခေါင်းကို မော့လိုက်ရာ တစ်ခဏအတွင်း ပေ၃၀မျှ မြင့်သောအမြင့်သို့ ရောက်သွားပြီး ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အပေါ်မှ စီးမိုးကြည့်လိုက်သည်။ လော်ယွမ်က အလျင်အမြန် မြေပေါ်သို့ ဝပ်ချလိုက်သည်။

မြွေနဂါးသည် ပတ်ဝန်းကျင်ကို တစ်ပတ်ကြည့်ရှုပြီးနောက် တရားခံကို မတွေ့ရှိခဲ့သဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဒဏ်ရာရနေသော ကိုယ်ခန္ဓာကို ဆွဲယူကာ ကန်စပ်သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ မကြာမီတွင် ရေထဲသို့ ကူးခတ်ဝင်ရောက်သွားပြီး ကန်ရေပြင်ပေါ်တွင် သွေးများဖြင့်နီရဲနေသော ဝဲဂယက်အချို့ ပေါ်ထွက်လာကာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

"သူဘယ်လိုလုပ်အသက်ရှင်တာလဲ" အတော်ကြာမှ လော်ယွမ်က မတ်တပ်ထရပ်လိုက်ပြီး ငြိမ်သက်သွားသော ကန်ရေပြင်ကို ကြည့်ကာ မယုံနိုင်စွာဖြင့် မိမိကိုယ်ကို တီးတိုးရေရွတ်လိုက်သည်။

သူက ကန်ရေပြင်ကို ကြောင်ငေးကြည့်ရင်း မကြာမီ ကြီးမားသော အလောင်းကြီးတစ်ခု ရေပေါ်သို့ ပေါလောပေါ်လာလိမ့်မည်ဟု တွေးတောနေမိသည်။ သို့သော် ဤအရာများသည် သူနှင့် မသက်ဆိုင်တော့ပေ။ အလောင်းသည် ကန်ထဲတွင် ရှိနေလျှင်ပင် သူ ရေကူးမသွားရဲပေ။ ကုန်းနေသတ္တဝါတစ်ဦးအနေဖြင့် ရေထဲမှ အန္တရာယ်သည် တောထဲမှ အန္တရာယ်ထက် ပို၍ကြီးမားသည်။

သူက ခဏကြာ ကြည့်နေပြီးနောက် နောက်ကြောင်းပြန်လှည့်လာခဲ့သည်။

ဒေါသဖွတ်နဂါး၏ အလောင်းကို မြွေနဂါးက တစ်ဝက်ခန့် စားသောက်သွားပြီဖြစ်သည်။ သူ သီးသန့်ဖြတ်ယူထားသော နောက်ခြေထောက်များကိုတော့ စားချိန်မရလိုက်သေးပေ။ သို့သော် ဦးနှောက်များထည့်ထားသော ပလတ်စတစ်အိတ်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာသည် ချက်ချင်း ပျက်ယွင်းသွားသည်။

အိတ်သည် အလေးတုံးတစ်ခုဖြင့် ဖိမိထားသည့်အလား လုံးဝပိပြားနေပြီး အတွင်းမှ ဦးနှောက်များမှာ တစ်စက်မျှပင် မကျန်တော့ပေ။

"ဟမ်...ဒါက" ထိုစဉ် ပလတ်စတစ်အိတ်ဘေးတွင် မြေကြီးထဲ၌ တစ်ဝက်တစ်ပျက် မြုပ်နေသော ဒေါသဖွတ်နဂါး၏အကြေးခွံနှင့်မတူပဲ အတော်ကွဲပြားသည့်အကြေးခွံတစ်ခုကို သူ တွေ့ရှိလိုက်သည်။

ဆက်ရန်…

အပိုင်း(၅၄)ရေခဲစွမ်းအင်

"ဟမ်...ဒါက" ထိုစဉ် ပလတ်စတစ်အိတ်ဘေးတွင် မြေကြီးထဲ၌ တစ်ဝက်တစ်ပျက် မြုပ်နေသော ဒေါသဖွတ်နဂါး၏အကြေးခွံနှင့်မတူပဲ အတော်ကွဲပြားသည့်အကြေးခွံတစ်ခုကို သူ တွေ့ရှိလိုက်သည်။

လော်ယွမ်က ထိုအကြေးခွံကို မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။ အကြေးခွံမှာ ပင်ပေါင်ရိုက်တံ အရွယ်ခန့်ရှိပြီး မျက်နှာပြင်မှာ ချောမွေ့တောက်ပြောင်နေသည်။ အကြေးခွံတစ်ခုလုံးမှာ ကြည်လင်သောအပြာရောင် ရှိပြီး တောနက်ထဲမှ ကြည်လင်အေးချမ်းသော စမ်းရေအိုင်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။ စောစောက မြေကြီးထဲတွင် နစ်မြုပ်နေခဲ့သော်လည်း ဖုန်တစ်စက်ပင် ကပ်ငြိနေခြင်းမရှိပေ။

ပို၍ အံ့ဩစရာကောင်းသည်မှာ လက်ထဲတွင် ကိုင်ထားသည့်အခါ လော်ယွမ်က နှလုံးသားထဲသို့ စိမ့်ဝင်သွားစေသော အေးစက်မှုကို ထိုအကြေးခွံမှ ခံစားလိုက်ရခြင်းပင်။ ဤအကြေးခွံကို ကြည့်ရင်း သူ ရင်းနှီးသလိုလို ခံစားလိုက်ရပြီး ရုတ်တရက် သူ၏ ဦးနှောက်ထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ "ဒါ...ဒါမြွေနဂါးကြီးရဲ့ အကြေးခွံမလား"

သူ ကြည့်လေတူလေဖြစ်နေသဖြင့် "အမျိုးအမည်ခွဲခြားအစွမ်း" ကို အလျင်အမြန် အသုံးပြုလိုက်သည်။

အမည် - မြွေနဂါး၏ အကြေးခွံ

အသုံးပြုပုံ - ပါဝင်ပစ္စည်း

ရှားပါးမှုအဆင့် - အပြာရင့်ရောင်”

အလေးချိန် - ၁၀.၃ ဂရမ်

အကဲဖြတ်ချက် - ဤသည်မှာ သန္ဓေပြောင်းလဲဆဲကာလတွင် မြွေနဂါးတစ်ကောင်ထံမှ ကျွတ်ထွက်လာသော အကြေးခွံတစ်ချပ်ဖြစ်ပြီး ရေခဲစွမ်းအင် အနည်းငယ် ပါဝင်သည်။

လော်ယွမ်၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားပြီး စောစောက စိတ်ပျက်အားငယ်မှုများမှာ ချက်ချင်းပင် လွင့်ပြယ်သွားသည်။ ဤအကြေးခွံတစ်ချပ်သည် သူ့အတွက် ဒေါသဖွတ်နဂါးတစ်ကောင်လုံး၏ တန်ဖိုးနှင့် ညီမျှရုံသာမက ထိုထက်ပင် ကျော်လွန်နေသည်။

ဆိုလိုသည်မှာ သူ၏ ဓားရှည်ကြီးကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်နိုင်ပြီဖြစ်သည်။ သိုင်းသမားတစ်ယောက်အတွက် ထက်ရှသော လက်နက်တစ်လက်သည် အလွန်အရေးကြီးသည်။ တစ်နည်းဆိုသော် ကောင်းမွန်သော လက်နက်တစ်လက်သည် လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆင့်များစွာ တိုက်ရိုက်တိုးမြှင့်ပေးနိုင်သည်။

သူ အဆင့်၁၂ထိ တက်သွားပြီး အရည်အချင်းအားလုံး နှစ်မှတ်စီ တိုးလာသည့်တိုင် မြွေနဂါးကဲ့သို့ ကြောက်မက်ဖွယ် သတ္တဝါမျိုးနှင့် ရင်ဆိုင်ရလျှင် သူ နောက်ဆုတ်ရန်သာ ရွေးချယ်ရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်သည့်အခါ သူ တစ်ဖက်သား၏ ခံစစ်ကိုပင် ဖောက်ထွင်းနိုင်ဖွယ်မရှိသောကြောင့်တည်း။

ထို့အပြင် ဤအကြေးခွံတွင် သီးသန့်စွမ်းအင်တစ်ခု ပါဝင်နေသေးရာ တန်ဖိုးမှာ အတိုင်းမသိ ကြီးမြင့်လှပြီး ဒေါသဖွတ်နဂါး အကောင်ရေများစွာနှင့်ပင် လဲနိုင်မည်မဟုတ်ပေ။

လော်ယွမ်၏ စိတ်ထဲတွင် လှိုင်းထန်သွားပြီး သူ မျက်စိမှားသွားမည်စိုး၍ "အမျိုးအမည်ခွဲခြားအစွမ်း" ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုကာ အသေးစိတ် ပြန်ကြည့်လိုက်သည်။ ထိုအခါ ရေခဲစွမ်းအင်နှင့် ပတ်သက်သော ဝေါဟာရဖော်ပြချက်မှာ ဇီးကွက်နက်နှင့် အလွန်ကွာခြားနေသည်ကို တွေ့ရှိရသည်။

တစ်ခုက "အနည်းငယ်" နောက်တစ်ခုက "အနည်းငယ်မျှသာ" ဖြစ်သည်။ စာလုံးနှစ်လုံးက ဆင်တူသော်လည်း အဓိပ္ပာယ်မှာ မိုးနှင့်မြေလို ကွာခြားသွားသည်။ ဤအကြေးခွံ၏ စွမ်းအင်အဆင့်မှာ ဇီးကွက်နက်ထက် များစွာ မြင့်မားသည်မှာ ထင်ရှားသည်။

"ဒီမှာအကြေးခွံတစ်ခု တွေ့တယ်ဆိုတော့ ကျွတ်ကျတာ တစ်ခုထဲတော့ မဟုတ်လောက်ဘူး" လော်ယွမ်က စိတ်ထဲတွင်တွေးရင်း မျက်လုံးများ အရောင်တောက်လာပြီး အနီးအနားတွင် ကျန်ရှိနေနိုင်သော အကြေးခွံများကို အသေအချာ ရှာဖွေတော့သည်။

အမှန်ပင်တည်း။ မိနစ်အနည်းငယ်အကြာတွင် သူ လဲကျနေသော သစ်ပင်ကြီးတစ်ပင်အောက်မှ နောက်တစ်ချပ်ကို ထပ်မံရှာတွေ့ခဲ့သည်။

နောက်ထပ် နာရီအနည်းငယ်အတွင်း လော်ယွမ်က စောစောက သောင်းကျန်းသွားသော နေရာတစ်ဝိုက်ကို မြေလှန်ရှာဖွေကာ နောက်တစ်ကြိမ် မွှေနောက်ခဲ့ရာ ရလဒ်မှာ အလွန်ကောင်းမွန်ခဲ့သည်။ သူ စုစုပေါင်း အကြေးခွံ တစ်ဆယ့်ခြောက်ချပ်နှင့် နာနတ်သီးအရွယ်ခန့်ရှိသော မြွေနဂါး အန်ထုတ်ထားသည့် ကလီစာတစ်စိုင်ကို ရှာတွေ့ခဲ့သည်။

သူ ထိုကလီစာစိုင်ကို အထပ်ထပ်အခါခါ လှည့်ပတ်ကြည့်သော်လည်း ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ပျော့ဖတ်လုနီးပါးဖြစ်နေသော ထိုအရာသည် မည်သည့်ကလီစာအစိတ်အပိုင်းဖြစ်သည်ကို မခွဲခြားနိုင်ခဲ့ပေ။ "အမျိုးအမည်ခွဲခြားအစွမ်း" ကိုအသုံးပြုပြီးမှသာ ဤသည်မှာ မြွေနဂါး၏ အသည်းတစ်ပိုင်းဖြစ်ကြောင်း လော်ယွမ် နားလည်ခဲ့သည်။

အာနိသင်မှာမူ အပြာနုရောင် သို့မဟုတ် အပြာရောင်အဆင့်ရှိသတ္တဝါများနှင့် ဘာမှမကွာခြားဘဲ ခန္ဓာကိုယ်၏ အရည်အသွေးများကို အနည်းငယ်မျှသာ တိုးမြှင့်ပေးနိုင်သည်။ ကြည့်ရသည်မှာ အပြာရောင်အဆင့် သတ္တဝါများ၏ အသွေးသားများသည် လူသားတို့၏ ခန္ဓာကိုယ်အရည်အသွေး တိုးတက်မှုအပေါ်တွင် ထိုမျှသာ အကျိုးသက်ရောက်မှုရှိပုံရသည်။

အဘယ်ကြောင့်ဆိုသော် အပြာနုရောင်ဖြစ်စေ အပြာရင့်ရောင်ဖြစ်စေ စနစ်တွင် အပြာရောင်အုပ်စုထဲသာ ထည့်သွင်းသတ်မှတ်ထားသောကြောင့်ဖြစ်သည်။ စွမ်းအားပမာဏ ကွဲပြားသော်လည်း အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုမျိုး မရှိသေးပေ။ ထိုအသွေးအသားမျိုး မည်မျှပင် စားသုံးစေကာမူ လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုမှာ အကန့်အသတ်ရှိသည်။ ထိုအကန့်အသတ်သို့ ရောက်ရှိသွားပါက မည်မျှပင် စားသုံးသည်ဖြစ်စေ အသုံးမဝင်တော့ဘဲ အများဆုံး ခန္ဓာကိုယ်အရည်အသွေး တိုးတက်မှုနှုန်း အနည်းငယ် ပိုမြန်လာရုံသာ ရှိတော့မည်။

လော်ယွမ်က ချက်ချင်း ပေါင်းစပ်ခြင်းမပြုသေးဘဲ ပစ္စည်းများကို ကောက်ယူကာ ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

စောစောက မြွေနဂါး၏ အငွေ့အသက်များ ဤနေရာတွင် ကျန်ရှိနေသောကြောင့် အခြားသော သန္ဓေပြောင်းသတ္တဝါများ ရောက်မလာခဲ့ပေ။ သို့သော် အငွေ့အသက်ဖြင့် ခြိမ်းခြောက်ခြင်းက အချိန်ကြာကြာ ထိန်းထားနိုင်မည်မဟုတ်။ ထို့အပြင် ဤနေရာမှ သွေးညှီနံ့များက အဆက်မပြတ် ဆွဲဆောင်နေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ထိုခြိမ်းခြောက်နိုင်စွမ်းမှာ တဖြည်းဖြည်း အားနည်းလာနေပြီဖြစ်သည်။

ယခုအချိန်တွင် ပတ်ဝန်းကျင်မှ တောအုပ်များမှာ လှုပ်ရှားစပြုနေပြီဖြစ်ပြီး နောက်ဆုံးကောက်ရိုးတစ်မျှင်ကိုသာ စောင့်မျှော်နေကြခြင်းဖြစ်သည်။ သူ၏ ယခုလို အားနည်းနေသော ခန္ဓာကိုယ်အခြေအနေဖြင့် ရောက်လာသမျှအားလုံးမှာ အပြာနုရောင် သို့မဟုတ် အဖြူရောင်အဆင့်များသာ ဖြစ်နေလျှင်တောင် သူမည်မျှများများ သတ်နိုင်မည်နည်း။

ထို့အပြင် အကျိုးမရှိသော သတ်ဖြတ်ခြင်းမျိုးက လော်ယွမ်၏ လုပ်ထုံးလုပ်နည်းမဟုတ်ပေ။

သူက အမြန်နှုန်းကို အားကိုး၍ မငြိမ်မသက်ဖြစ်နေသော ဤနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ နာရီဝက်ခန့်အကြာတွင် သူ တောအုပ်ထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သည့် လမ်းကျဉ်းလေးဆီသို့ ပြန်လည်ရောက်ရှိလာသည်။

လော်ယွမ်က သစ်ပင်များဖြင့် ကွယ်နေသော နေရာတစ်ခုကို ရွေးချယ်ရပ်တန့်လိုက်ပြီး လက်ရှိပစ္စည်းများကို ပေါင်းစပ်ရန် ပြင်ဆင်လိုက်သည်။

လော်ယွမ် စိတ်စောနေ၍တော့မဟုတ်၊ အခြေစိုက်စခန်းက ဤပစ္စည်းများကို အခွန်ကောက်ခံမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဤသည်က သူ့၏ထင်မြင်ချက် သက်သက်မဟုတ်ပေ။ စစ်တပ်က ဇီဝပစ္စည်းများ စမ်းသပ်ထုတ်လုပ်နေကြောင်း သူ အကြိမ်များစွာ ကြားဖူးသည်။ မနေ့က သူ့ကို ဇီးကွက်နက်အမွေး ရောင်းချခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ဇီဝကျည်ကာအင်္ကျီအကြောင်း ပြောခဲ့ရာ စစ်တပ်က ဇီဝပစ္စည်းများကို အလွန်အလေးထားကြောင်း သိသာသည်။

ထို့အပြင် အပြာရင့်ရောင်အဆင့်သည် သာမန်သတ္တဝါမဟုတ်ပေ။ စစ်တပ်ပင်လျှင် တစ်ကောင်နှင့် ကြုံတွေ့ရန် ခဲယဉ်းပေမည်။ ထိုသို့သော သတ္တဝါထံမှ ရရှိသည့် ပစ္စည်းများကို တွေ့ရှိပါက သူတို့ စိတ်မဝင်စားဘဲ နေမည်မဟုတ်မှာ သေချာသည်။

ထို့ကြောင့် ကြာလျှင် အတားအဆီးအမျိုးမျိုး ပေါ်လာနိုင်သည်ကို ရှောင်ရှားရန်အတွက် ပါဝင်ပစ္စည်းများကို လက်နက်ကိရိယာများနှင့် ပေါင်းစပ်ထားမှသာ စိတ်ချရမည်ဖြစ်သည်။

မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် လော်ယွမ်က စမ်းသပ်ရန် ပြင်ဆင်ထားသော သံချပ်ကာဖောက်ကျည်ဆန်ကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ ဦးစွာ ဇီးကွက်နက်၏ အမွေးဖြင့် အပြာရောင်အဆင့်သို့ ပေါင်းစပ်ပြီးနောက် အကြေးခွံနှစ်ချပ်ကို ထုတ်ယူကာ ထပ်မံပေါင်းစပ်လိုက်သည်။ အမှန်ပင် ဆက်လက်ပေါင်းစပ်နိုင်သည်ကို သူ တွေ့ရှိရသည်။

လော်ယွမ်က ကြည်လင်ပြာလဲ့နေသော ထိုသံချပ်ကာဖောက်ကျည်ဆန်ကို ဘေးသို့ ပစ်ချလိုက်ပြီး ဓားရှည်ကြီးကို ပေါင်းစပ်ရန် စတင်ပြင်ဆင်လိုက်သည်။ ရုတ်တရက် သူ၏စိတ်ထဲတွင် အတွေးတစ်ချက်ဝင်လာပြီး ကျည်ဆန်ကို ပြန်ကောက်ယူလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူ type-88 စနိုက်ပါရိုင်ဖယ်ကို အလွန်စိတ်ပျက်မိသည်။ သံချပ်ကာဖောက်ကျည်ဆန်သည် ဒေါသဖွတ်နဂါး၏ အကြေးခွံကို ထွင်းဖောက်ပြီးနောက် ၎င်း၏ ကြွက်သားများကြားတွင် ညပ်နေခဲ့ရာ ဒဏ်ရာပြင်းထန်သည်ဟုပင် မဆိုသာပေ။

လူကိုပစ်လျှင်တော့ အဆင်ပြေနိုင်သော်လည်း သန္ဓေပြောင်းသတ္တဝါများ အထူးသဖြင့် အပြာရောင်အဆင့်ထက်မြင့်သော သတ္တဝါများကို ပစ်ခတ်ရာတွင်မူ အလွန်အားနည်းလှသည်။ ဤသည်မှာ type-88 စနိုက်ပါရိုင်ဖယ်၏ ပြောင်းဝသေးငယ်မှု၊ တွန်းကန်အား မလုံလောက်မှုတို့ကြောင့်သာမက ကျည်ဆန်ကိုယ်တိုင်၏ မာကျောမှု မလုံလောက်ခြင်းကြောင့်လည်း ဖြစ်သည်။

ထိုကျည်ဆန်ကို ရှာတွေ့စဉ်က ကျည်ဆန်တစ်ခုလုံးမှာ ပြားချပ်နေသော ဒင်္ဂါးပြားတစ်ခုလို ဖြစ်နေခဲ့သည်။ အကယ်၍ အပြာရင့်ရောင်အဆင့်သို့ တိုးမြှင့်ထားပြီး အေးစက်သော အငွေ့အသက်များ ထွက်နေသော ဤကျည်ဆန်ကို ပုံမှန်အတိုင်း အသုံးပြုနိုင်ခဲ့လျှင် အကျိုးသက်ရောက်မှုမှာ အလွန်ပင် ကွာခြားသွားပေလိမ့်မည်။

သို့သော် ဤအရာအားလုံးကို စမ်းသပ်ပြီးမှသာ ပြောနိုင်မည်။

လော်ယွမ်က ကျည်ဆန်ကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး ဓားရှည်ကြီးကို ပေါင်းစပ်စပြုတော့သည်။

အကြေးခွံတစ်ချပ်ပြီးတစ်ချပ် ပျောက်ကွယ်သွားသည်နှင့်အမျှ ဓားရှည်ကြီးသည်လည်း နောက်တစ်ကြိမ် ပြောင်းလဲလာသည်။ နဂိုက ဓားသွားတွင် ပေါင်းစပ်ထားသော ပိုးကောင်စိမ်း၏ အာနိသင်များမှာ တဖြည်းဖြည်း ဖယ်ထုတ်ခံလာရပြီး စိမ်းမြသော အမှုန့်များ တစိမ့်စိမ့်ထွက်လာကာ ချောမွေ့သော ဓားသွားတစ်လျှောက် လျှောကျသွားသည်။

တစ်ဆယ့်သုံးချပ်မြောက် အကြေးခွံသည် အပေါက်ငယ်များဖြင့် ပြည့်နေသော အကြွင်းအကျန်များအဖြစ်သို့ ပြောင်းလဲသွားသောအခါ ဓားရှည်ကြီးသည် နောက်ဆုံးတွင် အပြာရင့်ရောင်အဆင့်သို့ မရောက်ချင်ရောက်ချင်ဖြင့် ရောက်ရှိသွားခဲ့သည်။ ကျန်ရှိနေသေးသော နောက်ဆုံးအကြေးခွံတစ်ချပ်ကို ကြည့်ရင်း လော်ယွမ် ခဏတုံ့ဆိုင်းပြီးနောက် ဓားရှည်ကြီးနှင့် ထပ်မံပေါင်းစပ်လိုက်သည်။

အမည် - ကျန်းမာတောက်ရေခဲဓား

ပါဝင်ပစ္စည်း - ၁၆၅ စင်တီမီတာ သတ္တုစပ်၊မြွေနဂါး၏ အကြေးခွံ

ရှားပါးမှုအဆင့် - အပြာရင့်ရောင်

အလေးချိန် - ၄.၃ ကီလိုဂရမ်

တိုက်ခိုက်စွမ်းအား - ၂၅-၂၉

ထပ်တိုးအစွမ်း(၁) - တိုက်ခိုက်နှုန်းအလျင် +၁

ထပ်တိုးအစွမ်း(၂) - ရေခဲစွမ်းအင်၊ တစ်ခဏအတွင်း အနုတ် ၃၀ ဒီဂရီ စင်တီဂရိတ် အပူချိန်ကို ဖြစ်ပေါ်စေသည်။ အားပြန်ပြည့်ချိန် ၂၄ နာရီ။

ရေခဲစွမ်းအင်အသုံးပြုရန်လိုအပ်ချက် - ဓားသိုင်းပညာကျွမ်းကျင်မှုအဆင့်

လက်ရှိအခြေအနေ - အသက်ဝင်ပြီး

အသုံးပြုရန်လိုအပ်ချက် - ခွန်အား ၁၁ မှတ်

သုံးသပ်ချက် - ဤသည်မှာ ရန်သူများကို ကြောက်ရွံ့တုန်လှုပ်စေမည့် ဓားရှည်ကြီးတစ်လက်ဖြစ်သည်

"ထက်ရှသော ကျန်းမာတောက် ဓားရှည်" မှ "ကျန်းမာတောက်ရေခဲဓား" အဖြစ်သို့ ပြောင်းလဲသွားပြီး တိုက်ခိုက်စွမ်း၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးကန့်သတ်ချက်များမှာ ငါးမှတ်စီ တိုးလာခဲ့သည်။ နောက်ဆက်တွဲအာနိသင်မှာ တစ်ခုမှ နှစ်ခုဖြစ်လာပြီး ထိုအထဲတွင် အစွမ်းထက်သော အထူးစွမ်းရည် "ရေခဲစွမ်းအင်" ပါဝင်လာသည်။

သို့သော် ဤအာနိသင်ကို စတင်အသုံးပြုရန်အခြေအနေကို ကြည့်ပြီး သူ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူ အနည်းငယ်အေးစက်နေသော ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ စိတ်ကိုတည်ငြိမ်စွာဖြင့် တစ်ချက်လွှဲယမ်းလိုက်ရာ ဓားသွားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဘေးမှ ပန်းကန်လုံးအရွယ် သစ်ကိုင်းတစ်ခုကို သူ တို့ဟူးတုံးကို လှီးဖြတ်သကဲ့သို့ လွယ်ကူစွာ ခုတ်လှဲချလိုက်သည်။

သူ ရှေ့တိုးကာ ထိုပြတ်ရှဒဏ်ရာကို စမ်းကြည့်လိုက်သည်။

အမှန်ပင်တည်း။ အနည်းငယ် အေးမြနေသည်မှလွဲ၍ ထပ်တိုးအစွမ်းတွင် ဖော်ပြထားသော ရေခဲကဲ့သို့ အေးစက်မှုမျိုး လုံးဝမရှိပေ။ ကြည့်ရသည်မှာ ဤအစွမ်းကို အသက်သွင်းလိုလျှင် စိတ်စွမ်းအားနှင့် ပေါင်းစပ်ပြီး ဓားသိုင်းပညာကျွမ်းကျင်မှုအခြေအနေကို ထုတ်ဖော်နိုင်မှ ဖြစ်နိုင်ပေမည်။

သို့သော် ထိုအခြေအနေသို့ရောက်ရန် ကြာတော့ကြာမည် မဟုတ်ပေ။ စောစောက ဒေါသဖွတ်နဂါးကို သတ်ဖြတ်စဉ်က သူ ထိုအခြေအနေကို အနည်းငယ် ထိတွေ့ခံစားမိခဲ့သည်။ ထိုတစ်ခဏတွင် သူ၏ စိတ်စွမ်းအားအားလုံး စုစည်းသွားသကဲ့သို့ဖြစ်ပြီး စိတ်ထဲတွင် ဒေါသဖွတ်နဂါးကို သတ်ဖြတ်ရန် တစ်ခုတည်းသော အတွေးသာရှိတော့သည်။ ဓားသွားက လည်ချောင်းကို ဖြတ်တောက်သွားစဉ်တွင်လည်း မည်သည့်တားဆီးမှုမှ မရှိသကဲ့သို့ပင်။ ဓားတစ်ချက်တည်းဖြင့် ပြီးပြတ်သွားပြီး ချောမွေ့ကာ ကြေကွဲဖွယ် လှပနေခဲ့သည်။

ထို့နောက်တွင် လော်ယွမ်က သူ၏ စစ်ဖိနပ်ရှည်နှင့် အပေါ်ဝတ်အင်္ကျီကို အပြာရောင်အဆင့်သို့ ဆက်လက်ပေါင်းစပ်ပြီး ပေါင်းစပ်မရတော့သည်အထိ ပြုလုပ်ခဲ့သည်။ အားလုံးမှာ မြန်နှုန်း +၃ ရှိသော ပစ္စည်းများသာ ဖြစ်ကြသည်။

လော်ယွမ်က စောစောက ဟယ်တုံမြို့သားငါးယောက် ချန်ထားခဲ့သော ကားကိုရှာဖွေပြီး အခြေစိုက်စခန်းသို့ ပြန်လာခဲ့သည်။

ကင်းသမားနှစ်ဦးက အသေအချာစစ်ဆေးပြီးနောက် သူ့ကို ကားမောင်းဝင်ခွင့်ပြုလိုက်သည်။

ယခုအခါ နေဝင်ချိန်သို့ ရောက်နေပြီဖြစ်ပြီး နံနက်ခင်း၏ တိတ်ဆိတ်မှုနှင့်စာလျှင် ယခုအချိန်မှာ ပို၍ စည်ကားနေသည်။ ယခုအချိန်သည် အမဲလိုက်သမားများ တောထဲမှ အလုံးအရင်းဖြင့် ပြန်လာသည့် အချိန်ဖြစ်သည်။

စစ်သားတစ်ဦး၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် လော်ယွမ်က သူရရှိလာသော ဒေါသဖွတ်နဂါး၏ ပေါင်နှစ်လုံးကို ဂိုဒေါင်တစ်ခုထဲသို့ သယ်ဆောင်သွားသည်။ မကြာမီ လူတစ်ယောက်ရောက်လာပြီး အသားတစ်ဖတ်ကို လှီးဖြတ်ကာ စမ်းသပ်ဆေးရည်ဖြင့် စစ်ဆေးသည်။

"ဒါပဲလားကွ" စစ်သားက သူ့ကို အသေအချာကြည့်ကာ မျက်နှာထားတည်တည်ဖြင့် သတိပေးသည်။ "မင်းကလူသစ်ထင်တယ်...ဒီကိုလာတာပထမဆုံးအကြိမ်ဖြစ်မယ်...မင်းခိုးဝှက်ထိန်ချန်ထားတာ မိလို့ကတော့...ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာနော်...အမဲလိုက်ခွင့်ယာယီပိတ်ခံရတာမျိုးပါ ဖြစ်သွားနိုင်တယ်"

"ဒါအကုန်ပဲ" လော်ယွမ်က မျက်နှာအမူအရာမပြောင်းပဲ ပြောလိုက်သည်။

"အဆင့်သုံး အသား" ထိုစဉ် စစ်ဆေးနေသော စစ်သားက မော့ပြောလိုက်သော်လည်း သူ၏ အသက်ရှူသံမှာ အနည်းငယ် မြန်ဆန်လာသည်။

သူကဲ့သို့ စစ်ဆေးရေးမှူးပင်လျှင် အဆင့်သုံးအသားကို နေ့တိုင်း မြင်တွေ့ရသည်မဟုတ်ပေ။ ထိုသို့သော သတ္တဝါများ၏ ဉာဏ်ရည်မှာ အတိုင်းအတာတစ်ခုအထိ မြင့်မားနေပြီဖြစ်သည်။ ဤအခြေစိုက်စခန်း စတင်တည်ထောင်စဉ်ကလွဲ၍ အဆင့်သုံးသတ္တဝါများ အသေခံရန် ရောက်လာခြင်းမျိုး ရှားပါးသွားပြီဖြစ်သည်။

"ဒါ မင်းသတ်တာလား" စစ်သား၏ မျက်နှာထားတည်တည်ပေါ်တွင် အံ့ဩမှုနှင့် သံသယအရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။ "မင်းဘာလက်နတ်သုံးတာလဲ...မင်းရဲ့နာမည်စာရင်းမှာ ဘာလက်နတ်မှငှားမထားဘူးလို့ ပြထားတယ်"

"ဒီမေးခွန်းကို ကျွန်တော်ဖြေစရာမလိုဘူးထင်တယ်" လော်ယွမ်၏ စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားပြီး ပြန်ပြောလိုက်သည်။

ထိုစစ်သား၏ မျက်နှာမှာ ချက်ချင်းပင် အလွန်အရုပ်ဆိုးသွားသည်။ ပုံမှန်အားဖြင့် အမဲလိုက်သမားတိုင်းက သူ့ကို အစစအရာရာ ဖားဖားယားယားဆက်ဆံပြီး နည်းမျိုးစုံဖြင့် လာဘ်ထိုးကြသည်မှာ စစ်ဆေးသည့်အခါ လျှော့ပေါ့ပေးရန်အတွက်ပင်။ ဤသည်မှာ ထုံးစံလိုပင် ဖြစ်နေပြီ။ ယနေ့တွင်မူ သူတို့ကို ဂရုမစိုက်သော လူငယ်တစ်ယောက်နှင့် ကြုံတွေ့နေရသည်။

သူက လော်ယွမ်၏ နားနားကပ်ကာ အေးစက်စွာ ရယ်မောရင်း တိုးတိုးပြောသည်။ "မင်းမဖြေပဲနေလို့ရတာမှန်တယ်..ဒါပေမဲ့စခန်းရဲ့လုံခြုံရေးအတွက် မင်းရဲ့ကားကိုရှာမယ်...မင်းလက်နတ်တွေခိုးသယ်လာတယ်လို့ ငါတို့သံသယရှိတယ်"

လော်ယွမ်၏ မျက်နှာတွင် အံ့ဩမှုတစ်ခု ဖြတ်ပြေးသွားပြီး ထိုသူကို လှည့်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့်ပင် ပြန်ပြောသည်။ "မင်းမစဉ်းစားတတ်ဘူးလား...ငါ့မှာဘာလက်နတ်မှခိုးဝှက်မထားမှန်း မင်းရောငါရောသိသလို ငါဘာလက်နတ်မှငှားမသွားမှန်းလည်း မင်းသိတာပဲ...အဲ့တော့အဆင့်၃သတ္တဝါကို ငါဘယ်လိုသတ်လာတယ်လို့မင်းထင်လဲ"

စစ်သားမှာ တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်နှာမှာ ဖြူရော်သွားသည်။ သူ စကားမပြောမီမှာပင် လော်ယွမ်က ဆက်ပြောသည်။ "စစ်တပ်က သန္ဓေပြောင်းလူတွေကို ခေါ်ယူနေတယ်လို့ကြားတယ်...ခံစားခွင့်တွေကလည်း မဆိုးဘူးတဲ့"

"မင်းငါ့ကို လက်နတ်ခိုးသယ်တယ်လို့ လီဆယ်ပြီးအထက်ကိုတိုင်ရင် မင်းဘယ်လိုဇာတ်သိမ်းသွားမလဲ မှန်းကြည့်လိုက်"

"လက်နတ်ခိုးသယ်တဲ့အမှုက ပုံမှန်ဆို အပြစ်ကြီးတစ်ခုဆိုပေမယ့် အခုလိုအချိန်မှာ သာမန်အမှုသာသာအဆင့်ပဲရှိတယ်...အဲ့ကျငါ့သရုပ်မှန်ကိုဖော်ပြလိုက်ရင် ရလဒ်အနေနဲ့ ငါကစစ်တပ်မှာ ရာထူးရသွားပြီး ငါ့ရာထူးက နေ့ချင်းညချင်း မင်းထက်တောင် အများကြီးမြင့်သွားနိုင်တယ်"

"အဲ့ကျရင် ငါတောင် ဘာမှပြောစရာမလိုဘူး...စစ်တပ်ကငါတို့လိုလူတွေကို မျက်နှာလုပ်ဖို့အတွက် မင်းလိုသာမန်စစ်သားလေးကို အမြန်ရှင်းပစ်မှာပဲ ငါပြောတာမှားလား"

စစ်သား၏ မျက်နှာမှာ တစ်လှည့်စီ စိမ်းလိုက် ဖြူလိုက်ဖြစ်ပြီး နောက်ဆုံးတွင် နီရဲလာကာ အချိန်အတော်ကြာ စကားမပြောနိုင်တော့ပေ။

ဆက်ရန်...

အပိုင်း(၅၅)တီကောင်

"အဆင့်၃သန္ဓေပြောင်းအသား တစ်ပေါင်ကို ပေါင် ရိက္ခာကူပွန် ပေါင်၈၀ရမယ်...မင်းအတွက်ချန်ထားချင်ရင်...ငါးပေါင်ယူသွားခွင့်ရှိတယ်" စစ်ဝတ်စုံဝတ်ဆင်ထားပြီး အနည်းငယ်ဝဖြိုးသော ကြီးကြပ်ရေးမှူးတစ်ဦးက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်သည်။ တစ်ဖက်မှလည်း စစ်သားနှစ်ဦးကို အလေးချိန်ချိန်ခိုင်းလိုက်သည်။

စစ်တပ်ထဲတွင် စီးပွားရေးကျွမ်းကျင်သူမရှိဟု ထင်လျင်မှားပေမည်။ ကပ်ဘေးကြီးမဖြစ်မီက စစ်တပ်၏စစ်စရိတ်အများစုကို သူတို့ကိုယ်တိုင်ရှာဖွေဖြေရှင်းခဲ့ရသည်။ အမြတ်ရသောစီးပွားရေးမှန်သမျှ သူတို့လုပ်ကြပြီး သာမန်လူများထက် ပို၍လုပ်ပိုင်ခွင့်ရှိကြသည်။ မှောင်ခိုလုပ်ငန်းများစွာက စစ်တပ်နှင့်ပတ်သက်နေပြီး အချို့စစ်တပ်များတွင် ရာထူးမြင့်စစ်သားဖြစ်လိုလျှင် ပိုက်ဆံပင်ပေးလို့ရပြီး ယွမ်တစ်သိန်း၊ နှစ်သိန်းမှာ တောင်းခံရခြင်းမှာ မဆန်းလှပေ။

လော်ယွမ်က အနည်းငယ်အံ့အားသင့်သွားသည်။ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါ၏အသားဈေးမှာ ဤမျှမြင့်မားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သို့သော် မကြာမီမှာပင် သူနားလည်သွားသည်။ ရှားပါးလေ တန်ဖိုးရှိလေဖြစ်ပြီး ၎င်း၏ပင်ကိုတန်ဖိုးမှာလည်း အပြာနုရောင်အဆင့်သတ္တဝါထက် အများကြီးသာလွန်သည်။ စစ်တပ်၏လက်ထဲသို့ရောက်သွားပြီးနောက် ဈေးမှာ အဆပေါင်းများစွာ တက်သွားပေဦးမည်။

ဤသည်မှာ တကယ်ပင် ဝင်ငွေကောင်းသော စီးပွားရေးတစ်ခုပင်။

လော်ယွမ်မှာ ရွေးချယ်စရာများများစားစားမရှိပေ။ ကိုယ်တိုင်သုံးရန်အသားငါးပေါင်ကိုဖယ်လိုက်ပြီးနောက် စုစုပေါင်းလက်ခံရရှိသောရိက္ခာကူပွန်မှာ တစ်သောင်းရှစ်ထောင့်ငါးရာပေါင်တိတိဖြစ်သည်။ ပိုက်ဆံရှာရသည်မှာ ဤမျှလွယ်ကူသည်ဟု သူပထမဆုံးအကြိမ်ခံစားလိုက်ရသည်။

ထို့နောက် ပုံမှန်စစ်ဆေးမှုပြုလုပ်ချိန်တွင် လော်ယွမ်၏စူးစိုက်သောအကြည့်အောက်၌ ထိုစစ်သားမှာ မျက်နှာဖြူဖျော့သွားပြီး ချွေးအေးများထွက်လာကာ အကြမ်းဖျင်းသာစစ်ဆေးပြီးနောက် အရှက်ရစွာဖြင့်ထွက်ပြေးသွားတော့သည်။ တကယ်တော့ လော်ယွမ်၏ဖွက်ထားသည့်နည်းလမ်းမှာ မည်သို့မျှမမြင့်မားပေ။ ထိုင်ခုံအောက်တွင် ဒီတိုင်းထိုးထည့်ထားခြင်းသာဖြစ်သည်။ နောက်ဆုံးတော့ ကားတစ်စီးမှာ ပမာဏတစ်ခုမျှသာကျယ်ဝန်းပြီး ပစ္စည်းဖွက်နိုင်သည့်နေရာမှာ အခြေခံအားဖြင့် နေရာအနည်းငယ်သာရှိသည်။ ထို့အပြင် ပစ္စည်းများမှာလည်းမသေးငယ်သောကြောင့် အနည်းငယ်ကျွမ်းကျင်ရုံဖြင့် အလွယ်တကူရှာဖွေတွေ့ရှိနိုင်သည်။ သို့သော် တစ်ဖက်လူမှာ မမြင်ချင်ယောင်ဆောင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စခန်းသို့မလာမီကတည်းက သူရင်ဆိုင်ဖြေရှင်းရန်နည်းလမ်းများကို စဉ်းစားထားပြီးဖြစ်ပြီး ထိုအထဲတွင် လာဘ်ထိုးခြင်းလည်းပါဝင်သည်။ ယခင်ကခြိမ်းခြောက်မှုမှာ တစ်ဖက်လူကစတင်ရန်စချိန်တွင် စဉ်းစားမိလိုက်၍ အလိုက်သင့်ပြုလုပ်လိုက်ခြင်းသာဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ ဤမျှကောင်းမွန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် ပြင်ဆင်ထားသောနည်းလမ်းများစွာကို အသုံးမပြုလိုက်ရပေ။

"အင်း...ဒီလိုမှန်းသိရင် နည်းနည်းပိုဖွက်ထားလိုက်ပါတယ်" လော်ယွမ်က သက်ပြင်းချလိုက်သည်။ ယခင်က ပစ္စည်းများလွန်းလျှင် စစ်ဆေးချိန်တွင် လှည့်ဖျားရန်မလွယ်ကူမည်ကိုစိုးရိမ်သောကြောင့် မြွေနဂါး၏ကလီစာများနှင့် ကျန်ရှိနေသောဇီးကွက်နက်အမွေးအတောင်များကိုသာ ဖွက်ထားခဲ့သည်။ ယခုပြန်စဉ်းစားမိမှ အနည်းငယ်နှမြောမိတော့သည်။

သို့သော် နောင်တွင်အခွင့်အရေးများစွာ ရှိသေးသည်။

လော်ယွမ်က ဒေါသဖွတ်နဂါး၏အသားငါးပေါင်ကိုလည်း ဂုံနီအိတ်ထဲသို့ထည့်ကာ ဗင်ကားကိုစက်နှိုးပြီး ထိုစခန်းမှထွက်ခွာလာခဲ့သည်။

ကားက အိမ်ရာဂိတ်ပေါက်ဝသို့ရောက်သောအခါ လော်ယွမ်မှာ အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။ အိမ်ရာထဲမှ အနံ့ဆိုးသဲ့သဲ့တစ်ခု လွင့်ပျံ့လာနေသကဲ့သို့ပင်။ သူကားကိုဆက်မောင်းလာရာ ရှေ့တွင်လူတစ်အုပ်ကြီး ဝိုင်းအုံနေသည်ကိုတွေ့လိုက်ရသည်။ တစ်ခုခုကို စိတ်ဝင်တစားကြည့်နေကြပုံရသည်။

လော်ယွမ်၏စိတ်ထဲတွင် သံသယတစ်ခုဖြတ်ပြေးသွားပြီး ကားကိုအနီးအနားတွင်ရပ်ကာ ဂုံနီအိတ်ကိုဆွဲပြီး ကားပေါ်မှဆင်းလိုက်သည်။ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ရာ ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့လည်း လူအုပ်တွင်းတွင်ရှိနေသည်ကိုတွေ့လိုက်ရသည်။ သူတိုးဝှေ့လိုက်ပြီး သူမ၏လက်မောင်းကိုဆွဲကာ "ဘာတွေဖြစ်နေတာလဲ"

ဟွမ်ကျားဟွေက ရင်းနှီးသောအသံကိုကြားသောအခါ အလျင်အမြန်နောက်လှည့်ကြည့်ပြီး မျက်နှာမှာအနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် "ဟင်...ရှင်ပြန်လာပြီပေါ့"

"နင်တို့ဒီမှာဝိုင်းအုံပြီး ဘာလုပ်နေကြတာလဲ...ဘာဖြစ်လို့လဲ" လော်ယွမ်က ဆက်မေးလိုက်သည်။

"ဒီမှာတီကောင်အကြီးကြီးတစ်ကောင်ရှိတယ်...တွင်းတွေလည်းအများကြီးတူးထားတယ်...တွင်းထဲကိုလူတစ်ယောက်ပြုတ်ကျသွားလို့" လော်ယွမ်ထပ်မမေးမီမှာပင် ဝမ်ရှီရှီက လု၍ပြောလိုက်သည်။

"အဲ့ဒီလူကို ပြန်ကယ်လို့ရလိုက်လား"

"ကျွန်မလည်းမသိဘူး...အော်သံတစ်ချက်ကြားပြီး ပျောက်သွားတယ်လို့ပြောတာပဲ...အဲ့တွင်းတွေကအရမ်းနက်တာ...သတ္တိကောင်းတဲ့တစ်ယောက်က အနားသွားပြီး ဓာတ်မီးနဲ့ထိုးကြည့်တာ အောက်ခြေကို မမြင်ရဘူးတဲ့" ဟွမ်ကျားဟွေက မျက်နှာပျက်စွာဖြင့်ပြောလိုက်သည်။ ပိုးကောင်ဘေးကျရောက်စဉ်က မျှော်လင့်ချက်မဲ့သော အဖြစ်ကိုကြုံတွေ့ခဲ့ဖူးသောကြောင့် သူမက ယခုအချိန်တွင်လူတိုင်းထက် တည်ငြိမ်အေးချမ်းမှုကို တန်ဖိုးထားသည်။

"နင်တို့နှစ်ယောက် အရမ်းကပ်မနေနဲ့ အန္တရာယ်ရှိတယ်...ငါအရင်အခြေအနေကြည့်လိုက်မယ်" သူ၏စိတ်ထဲတွင်လေးလံသွားပြီး အလျင်စလိုပြောလိုက်သည်။

"ဒါဆို ရှင်သတိထားနော်" ဟွမ်ကျားဟွေက လော်ယွမ်၏စွမ်းရည်ကိုသိသောကြောင့် မတားဆီးပေ။

သူခေါင်းညိတ်ပြလိုက်ပြီး ပတ်ဝန်းကျင်မှတီးတိုးသံများကိုဂရုမစိုက်ဘဲ သန်မာတော့ ခန္ဓာကိုယ်အားကိုသုံး၍ အတွင်းသို့တိုးဝှေ့ဝင်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏မျက်နှာမှာအနည်းငယ်ပြောင်းလဲသွားသည်။ ရှေ့မှကွင်းပြင်တွင် တစ်မီတာခွဲခန့်ကျယ်သောတွင်းကြီးခုနစ်ရှစ်တွင်းက ဘယ်ကမှန်းမသိ ပေါ်ထွက်နေသည်။ တွင်းနံရံများမှာ အလွန်ချောမွေ့နေပြီး မျက်နှာပြင်တွင် ကြည်လင်တောက်ပြောင်သောအဆီပြန်နေသည့်အချွဲများဖြင့် ဖုံးအုပ်ထားသည်။ အိမ်ရာထဲတွင်လွင့်ပျံ့နေသောအနံ့ဆိုးမှာ ဤနေရာမှထွက်ပေါ်လာခြင်းဖြစ်သည်။

"အဲ့ဒီလူက...ကျွန်တော့်ရှေ့တင်လမ်းလျှောက်နေတာ...ပြီးတော့သူချက်ချင်းပျောက်သွားတာပဲ...ကျွန်တော်ကအမြင်မှားတယ်ထင်လို့ သေချာတောင်ကြည့်လိုက်ရသေးတယ်...အဲ့ကျမှတွင်းကြီးတစ်ခုပေါ်လာမှန်းသိလိုက်ရတာ" ဘေးရှိလူငယ်တစ်ဦးက ဘေးမှလူများကို တံတွေးများစင်အောင်ပြောပြနေသည်။ စိတ်လှုပ်ရှားစွာပြောဆိုနေသောကြောင့် သူ၏မျက်နှာမှာနီမြန်းနေသည်။ "အဲ့ရှေ့ကတွင်းပဲ...ကျန်တာတွေကနောက်မှပေါ်လာတာ...သူတွင်းထဲကနေ ခေါင်းပြူကြည့်တုံးက ကျွန်တော်ဆို ဖင်ထိုင်ရပ်လဲကျမတတ်လန့်သွားတာ...အဲ့တာဧရာမသန္ဓေပြောင်းတီကောင်ကြီးပဲ ဖြစ်ရမယ်...ဒါပေမဲ့အဲ့လောက်ကြီးအောင် သူဘာတွေစားလည်းမသိဘူး"

သူက စီကာပတ်ကုံးပြောပြနေသောကြောင့် လူတစ်အုပ်ကြီးက သူ့နားကိုဝိုင်းအုံနားထောင်နေကြသည်။

ထိုစဉ် အပြင်ဘက်မှ စစ်သုံးဂျစ်ကားနှစ်စီး ရုတ်တရက်မောင်းဝင်လာပြီး ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသော လက်နက်အပြည့်အစုံဖြင့် ရဲသားရှစ်ဦးက အလျင်အမြန်ကားပေါ်မှဆင်းလာကြသည်။ ထိုဘက်သို့အမြန်လျှောက်လာကြပြီး သူတို့ထဲက လူနှစ်ဦးမှာ စစ်သုံးမီးမှုတ်ဂတ်စ်သေနတ်များကိုင်ဆောင်ထားသည်ကို လော်ယွမ်က သတိပြုမိလိုက်သည်။

ဤရဲတပ်ဖွဲ့ငယ်၏တပ်ခွဲမှူးက အသံချဲ့စက်ကိုယူကာ မျက်နှာတင်းမာစွာဖြင့် အကျယ်ကြီးအော်ပြောလိုက်သည်။ "ဒီနေရာက အန္တရာယ်များတယ်...အားလုံးအခုချက်ချင်း ပေ၃၀၀အကွာကို ဆုတ်ကြပါ"

လူအုပ်မှာ ခဏတာဂယက်ထသွားပြီးနောက် အလျင်အမြန်လူစုခွဲသွားကြသည်။ အချို့သတိရှိသူများမှာ အိမ်ရာအပြင်ဘက်သို့ပြေးထွက်သွားကြသော်လည်း လူအများစုမှာမူ ကျန်ရစ်ခဲ့ပြီး အဝေးမှစိတ်ဝင်တစားကြည့်နေကြသည်။ လော်ယွမ်က ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီကိုဆွဲခေါ်ကာ ကားပေါ်သို့တက်လိုက်ပြီး ကားကိုပေ၇၀၀ကျော်မောင်းနှင်ပြီးမှ ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ရဲများက မကျူးကျော်ရဇုံတစ်ခုကို သတ်မှတ်ပြီးဖြစ်ကာ စနိုက်ပါသမားနှင့် အကြီးစားစက်သေနတ်သမားများမှာ အနီးအနားရှိတိုက်များပေါ်သို့ အလျင်အမြန်ပြေးတက်သွားပြီး ပစ်ခတ်ရန် အသင့်နေရာယူလိုက်ကြသည်။ ထိုရဲများမှာ ဤသို့သောအလုပ်များကို ကျွမ်းကျင်နေပြီးဖြစ်ကြောင်းထင်ရှားပြီး အရာအားလုံးမှာ စနစ်တကျ ညီညီညာညာရှိနေသည်။

အားလုံးနေရာယူပြီးနောက် ကျန်ရှိနေသောရဲနှစ်ဦးမှာ လက်ပစ်ဗုံးများကိုင်ဆောင်ကာ တွင်းဝသို့သတိဖြင့်လျှောက်သွားကြသည်။

ပတ်ဝန်းကျင်မှာ တစ်ခဏအတွင်းတင်းမာသွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အချို့လူများမှာ ဤဖိအားကိုမခံနိုင်ဘဲ တဖြည်းဖြည်းနောက်သို့ဆုတ်သွားကြသည်။

"အုန်း..အုန်း...အုန်း"

လက်ပစ်ဗုံးများကို တွင်းထဲသို့ပစ်ထည့်လိုက်ရာ ပေါက်ကွဲသံများထွက်ပေါ်လာသည်။ တတိယမြောက်တွင်းဝ ပေါက်ကွဲသွားချိန်တွင် မြေပြင်မှာရုတ်တရက်အနည်းငယ်တုန်ခါလာပြီးနောက် မြေပြင်တွင် တောင်ကုန်းငယ်တစ်ခုဖောင်းကြွလာကာ နောက်တစ်ခဏတွင် ဧရာမသတ္တဝါကြီးတစ်ကောင်မှာ ခန္ဓာကိုယ်တစ်ဝက်ကို ပြင်းထန်စွာထိုးထွက်လာသည်။

၂၅ပေခန့်ရှည်သော ခရမ်းရောင်မြွေပုံသဏ္ဌာန်ခန္ဓာကိုယ်မှာ လေထဲတွင်ယိမ်းထိုးနေပြီး ဤမြင်ကွင်းမှာ အဝေးမှမြင်ရုံဖြင့်ပင် စိတ်ထဲတွင်ထိတ်လန့်စေသည်။ လူအုပ်မှာ ထိတ်လန့်တကြားအော်ဟစ်ကြပြီး အများစုက အကြောက်လွန်ကာ ထိုနေရာတွင်တောင့်တောင့်ကြီးဖြစ်နေပြီး မလှုပ်မယှက်ဖြစ်သွားကြသည်။

ထိုသတ္တဝါမှာ ကြည့်ရုံနှင့် တီကောင်တစ်ကောင်မှန်းသိသာပြီး အဆထောင်ချီအောင် ချဲ့ထားသော တီဘီလူးတစ်ကောင်ဖြစ်သည်။ စေးကပ်သောအချွဲများမှာ သူ၏ချောမွေ့သောခရမ်းရောင်အရေပြားမှ မရပ်မနားလျှောကျနေပြီး မြေကြီးပေါ်သို့ကျသည်နှင့် မြေကြီးမှာ ချက်ချင်းပင်ရွှံ့နွံအဖြစ်သို့ ပျော်ဝင်သွားကာ အလွန်ရွံရှာဖွယ်ကောင်းလှသည်။

ပတ်ဝန်းကျင်ရှိရဲများ၏စိတ်ဓာတ်မှာ သာမန်ပြည်သူများနှင့်မတူပေ။ ခဏတာချီတုံချတုံဖြစ်ပြီးနောက် အနီးအနားရှိတိုက်များပေါ်တွင်ချထားသော အကြီးစားစနိုက်ပါရိုင်ဖယ်များဆီမှ ကျယ်လောင်သောအသံများထွက်ပေါ်ကာ ချက်ချင်းပစ်ခတ်လိုက်သည်။

တီကောင်၏ခန္ဓာကိုယ်မှာ ချက်ချင်းပင်အပေါက်အပြဲများဖြစ်သွားပြီး နှစ်ပိုင်းပြတ်တော့မလိုဖြစ်သွားသည်။

ထို့နောက် အကြီးစားစက်သေနတ်နှင့် မီးမှုတ်ဂတ်စ်သေနတ်များလည်း တိုက်ပွဲသို့ဝင်ရောက်လာပြီး ကျည်ဆန်များမှာ တီကောင်၏ကိုယ်ပေါ်သို့ကျရောက်ကာ အသွေးအသားများလွင့်စင်သွားသည်။

သို့သော် အထင်ရှားဆုံးမှာမူ ဖိအားမြင့်မီးမှုတ်ဂတ်စ်သေနတ်ပင်ဖြစ်သည်။ သေးသွယ်ရှည်လျားသောဖိအားမြင့်မီးတောက်နှစ်ခုမှာ ရေစီးကြောင်းများကဲ့သို့ သူ၏ကိုယ်ပေါ်သို့တိုက်ခိုက်သွားပြီး စက္ကန့်အနည်းငယ်မကြာမီမှာပင် သူ၏ခန္ဓာကိုယ်မှာ စတင်လောင်ကျွမ်းလာသည်။ ဤတီကောင်မှာ အပေါ်ယံသာခွန်အားရှိဟန်ဆောင်နေကြောင်းထင်ရှားပြီး မရုန်းကန်ရသေးမီမှာပင် အသက်ရှင်လျက်နှင့် သေလုနီးပါးဖြစ်သွားသည်။

နှစ်မိနစ်ခန့်အကြာတွင် ဤတီကောင်၏ပေါ်ထွက်နေသောအစိတ်အပိုင်းမှာ အားမရှိစွာငိုက်ကျသွားပြီး မလှုပ်မယှက်ဖြစ်သွားသည်။

ရဲတပ်ဖွဲ့ငယ်၏တပ်ခွဲမှူးက လက်ဟန်ပြလိုက်ရာ ရဲအချို့မှာ လက်နက်များကိုချကာ ဂျစ်ကားနှစ်စီးဆီသို့ပြေးသွားကြသည်။ ထိုအထဲမှနှစ်ဦးမှာ ယာဉ်မောင်းနေရာတွင်အသီးသီးဝင်ထိုင်ကြပြီး အခြားနှစ်ဦးမှာ ကားနောက်ဖုံးထဲမှ ကြိုးတစ်ခွေကိုထုတ်ယူကာ အစွန်းတစ်ဖက်ကို ကားနှစ်စီး၏တန်းတွင်ချိတ်ဆွဲပြီး အခြားအစွန်းတစ်ဖက်ကို တီကောင်၏ခန္ဓာကိုယ်တွင် တင်းကျပ်စွာချည်နှောင်လိုက်သည်။

၎င်းကို တွင်းထဲမှဆွဲထုတ်ရန်ကြံရွယ်နေကြောင်း ထင်ရှားသည်။

ကားများမှာ လျင်မြန်စွာစက်နှိုးလိုက်ပြီး ကားနှစ်စီး၏ပြင်းထန်သောဆွဲအားဖြင့် တီကောင်ကို တွင်းထဲမှဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ သို့သော် နှစ်မီတာခန့်ဆွဲထုတ်ပြီးနောက် နောက်တွင်ဘာမှမရှိတော့ဘဲ သွေးသံရဲရဲဖြစ်နေသောပြတ်ရာတစ်ခုပေါ်ထွက်လာသည်။

ဤခန္ဓာကိုယ်အစိတ်အပိုင်းမှာ ပေ၃၀ခန့်ရှည်သော်လည်း ၄ပေခန့်တုတ်သောတီကောင်အတွက် ထိုမျှအရှည်မှာ သူ၏ခန္ဓာကိုယ်၏သုံးပုံတစ်ပုံပင်မရှိပေ။ ရဲတစ်ဦးပြေးသွားပြီး တွင်းထဲသို့တစ်ချက်ကြည့်လိုက်ရာ မျက်နှာမှာပြောင်းလဲသွားသည်။

ရဲများက တွင်းထဲသို့လက်ပစ်ဗုံးအချို့ထပ်မံပစ်ထည့်သော်လည်း နောက်ဆက်တွဲဘာတုံ့ပြန်မှုမှမရှိပေ။ တစ်နာရီခန့်ဆက်လက်ကြိုးစားသော်လည်း သန္ဓေပြောင်းတီကောင်ကို ခေါင်းပြူထွက်လာအောင်မလုပ်နိုင်တော့ပေ။ ရဲရှစ်ဦးမှာ ယာယီအလုပ်သိမ်းလိုက်ပြီး ထွက်ခွာသွားချိန်တွင် ဤနေရာရှိနေထိုင်သူများကို ပြဿနာတစ်စုံတစ်ရာတွေ့ရှိပါက အချိန်မရွေးသတင်းပို့ရန်သတိပေးပြီးနောက် အလျင်အမြန်ထွက်ခွာသွားကြသည်။

--------

သူတို့သုံးယောက်လည်း တိုက်ခန်းဆီသို့ ပြန်ရောက်လာကြသည်။

ဟွမ်ကျားဟွေက သက်ပြင်းချကာ တိုးတိုးလေးရေရွတ်သည်။ "ဒီနေရာမှာတောင် ပြဿနာပေါ်နေပြီ လုံခြုံတဲ့နေရာဘယ်မှာမှ မရှိတော့ဘူးထင်တယ်"

လော်ယွမ်က ဂုံနီအိတ်ကိုချကာ လက်ဖက်ရည်စားပွဲပေါ်တွင်ထားသောစီးကရက်ကိုယူပြီး တစ်လိပ်ကိုထုတ်ကာ မီးညှိပြီးတစ်ချက်ဖွာလိုက်သည်။ မီးခိုးဖြူတစ်လုတ်ကိုမှုတ်ထုတ်ပြီး သက်ပြင်းချကာပြောလိုက်သည်။ "အခုအိမ်ရာက သိပ်မလုံခြုံတော့ဘူး...ဒီရက်ပိုင်းနင်တို့အပြင်မထွက်တာအကောင်းဆုံးပဲ အထူးသဖြင့်ဝမ်ရှီရှီနင် တိုက်အောက်ဆင်းဆော့မနေနဲ့တော့"

"အဲ့ဒီတီကောင်ကြီးက သေသွားပြီမဟုတ်ဘူးလား" ဝမ်ရှီရှီက နားမလည်စွာမေးလိုက်သည်။

လော်ယွမ်က ခေါင်းခါလိုက်သည်။ "တီကောင်တွေကအသက်အရမ်းပြင်းတာ...အပိုင်းပိုင်းပြတ်ရင်တောင် မသေတဲ့အပြင် ပိုပွားလာနိုင်သေးတယ်...အခုလိုသန္ဓေပြောင်းတီကောင်သာဆို ပြောစရာတောင်မလိုဘူး...သူကလူသားစားမစားငါမသိပေမယ့်...သတိထားတာမမှားဘူး"

"ဟုတ်" ဝမ်ရှီရှီက လိမ္မာစွာဖြေလိုက်သည်။

ဟွမ်ကျားဟွေမှာ တစ်ခုခုကိုစဉ်းစားနေဟန်ဖြင့် ကြောင်ငေးနေပြီး ထိုအခါမှသတိပြန်ဝင်လာသည်။ "ဒါဆိုဈေးဘယ်လိုဝယ်ရမှာလဲ...ကျွန်မတို့ဘာမှမစားပဲ နေလို့မရဘူးလေ"

"အဲ့ကိစ္စမပူနဲ့ငါဖြေရှင်းမယ်" လော်ယွမ်က ပြောလိုက်သည်။

"ဒါဆို ရှင်သတိထားနော်" ဟွမ်ကျားဟွေက ချီတုံချတုံဖြင့်ပြောလိုက်သည်။ လော်ယွမ်က ပြောဆိုရလွယ်ကူသော်လည်း ဆုံးဖြတ်ချက်ချပြီးသောအရာကို မည်သူတိုက်တွန်းလျှင်ပင်အသုံးမဝင်ကြောင်း သူမသိသည်။

လော်ယွမ်က ခဏစဉ်းစားပြီးနောက် ဆက်ပြောသည်။ "တစ်ကယ်လို့ရက်အတော်ကြာတဲ့အထိ အဲ့သန္ဓေပြောင်းတီကောင်ကိစ္စ မရှင်းနိုင်ရင်တော့ ငါတို့တစ်ခြားနေရာပြောင်းကြတာပေါ့...အခုကားနှစ်စီးလည်းရှိတယ်ဆိုတော့...ပြောင်းရွှေ့ရပိုလွယ်သွားပြီ"

ဟွမ်ကျားဟွေမှာ သူသတိပေးလိုက်မှ သတိရသွားပြီး ညည်းညူလိုက်သည်။ "ဟုတ်သားပဲ ရှင်ပြောမှပဲကျွန်မသတိရတယ်...ရှင်ဘာလို့ကားတစ်စီးထပ်ဝယ်လာတာလဲ...တစ်စီးရှိရင်တော်ပြီပေါ့...အလကားပိုက်ဆံဖြုန်းသလိုဖြစ်မနေဘူးလား...ရှင်မှာအခုပိုက်ဆံရောရှိသေးရဲ့လား"

"အဲ့ကားက ဝယ်လာတာမဟုတ်ဘူး" လော်ယွမ်က ရှင်းပြလိုက်သည်။

"ရှင်ခိုးလာတာလား...ပိုင်ရှင်အိမ်ထိလိုက်နာနေဦးမယ်နော်" ဟွမ်ကျားဟွေ၏ခန္ဓာကိုယ်မှာ တစ်ချက်တောင့်သွားပြီး အသံကိုနှိမ့်ကာမေးလိုက်သည်။

လော်ယွမ်က သူတို့ကိုစိတ်မပူစေရန်အတွက် ပြောလိုက်ရသည်။ "ဘာမှမပူနဲ့...သူများတွေစွန့်ပစ်ထားခဲ့တဲ့ကားပါ...ဟိုမှာဒီတိုင်းထားခဲ့ရင်အလကားဖြစ်မှာစိုးလို့...ငါမောင်းလာခဲ့တာ"

"ကိုကြီးယွမ်သူတို့စွန့်ပစ်ခဲ့မှန်း ဘယ်လိုလုပ်သိတာလဲ...သူတို့ဒီတိုင်းခဏရပ်ခဲ့တာဆိုရင်ရော" ဝမ်ရှီရှီက နှုတ်ခမ်းစူကာ ဝင်ပြောလိုက်သည်။

"နင်တို့အဲ့မှာအရမ်းတော်နေလိုက်" လော်ယွမ်က ကျိန်ဆဲလိုက်သည်။

ဟွမ်ကျားဟွေမှာ မူလကတိုက်တွန်းရန်ကြံရွယ်သော်လည်း စဉ်းစားပြီးနောက် လက်လျှော့လိုက်တော့သည်။ သူမကိုယ်တိုင်လည်း ကားခိုးခဲ့ဖူးသည်မဟုတ်ပါလား။

ဆက်ရန်...

အပိုင်း(၅၆)ဆင့်ကဲပြောင်းလဲခြင်း

"အစ်မဟွမ်ကြည့်ပါဦး...ကိုကြီးယွမ် အဝတ်အစားအသစ်တွေ ဝယ်လာပုံပဲ" ဝမ်ရှီရှီသည် ရတနာသိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူမ၏မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေ၏။ "ဒီအဝတ်အစားဝတ်ထားတော့ ကိုကြီးယွမ်က တကယ်ကြည့်ကောင်းတာပဲ"

ဟွမ်ကျားဟွေ၏အကြည့်သည်လည်း လော်ယွမ်အပေါ်သို့ ကျရောက်သွားသည်။ ယခင်က အိမ်ရာထဲတွင်သန္ဓေပြောင်းတီကောင်ပေါ်လာသောကြောင့် သူမ၏စိတ်သည် အနည်းငယ်ဂနာမငြိမ်ဖြစ်နေခဲ့ရာ ဝမ်ရှီရှီက သတိပေးလိုက်မှသာ လော်ယွမ်၏အဝတ်အစားများကို သတိပြုမိလိုက်တော့သည်။

အနက်ရောင်အပေါ်အကျီ၊ အနက်ရောင်ဘောင်းဘီ၊ အနက်ရောင်ဖိနပ်၊ တစ်ကိုယ်လုံးမှာ အနက်ရောင်ချည်းပင်။ အနက်ရောင်တွင် အမျိုးကွဲပေါင်းထောင်ချီရှိသော်လည်း ဇီးကွက်နက်၏အမွေးအတောင်များကဲ့သို့ အလင်းရောင်ကိုပင် စုပ်ယူနိုင်လောက်အောင် နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သည့်အနက်ရောင်မျိုးကား မရှိပေ။ ထို့အပြင် လော်ယွမ်၏အသားအရေမှာ ဖြူဖွေးနီမြန်းနေပြီး အရပ်မြင့်မားကာ ထက်ရှသောကိုယ်ပိုင်အရှိန်အဝါကို အတွင်း၌သိမ်းထားသည့်ဟန်ပန်ရှိရာ ဤအနက်ရောင်ဝတ်စုံတစ်စုံလုံးသည် သူ့ကိုယ်ပေါ်တွင်ရှိသောအခါ ပို၍ပင်ချောမောထူးခြားသွားစေပြီး လျှို့ဝှက်ဆန်းကြယ်သောဟန်ပန်တစ်ခုကို ဆောင်ကျဉ်းပေးနေသည်။

ဟွမ်ကျားဟွေ၏မျက်ဝန်းများတွင် အရောင်များဖြတ်ပြေးသွားပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာသည်။ ရုတ်တရက် သူမက "ဟွန့်" ခနဲ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာထားမှာ မကောင်းတော့ပေ။ "ရှီရှီ...ဒီညငါနင်နဲ့လာအိပ်မယ်နော်"

ဝမ်ရှီရှီကမျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး "ဟုတ်...သမီး အစ်မဟွမ်ကိုဖက်ပြီးအိပ်ရတာ အကြိုက်ဆုံးပဲ"

စကားပြောပြီးနောက် ဟွမ်ကျားဟွေသည် ခေါင်းကိုလွှဲကာ တိတ်တဆိတ်စိတ်ကောက်နေမိသည်။ ကုန်ကြမ်းများရှားပါးလာသောကြောင့် ယခုဆိုင်များမှအဝတ်အစားများ၏ဈေးနှုန်းမှာ အလွန်ပင်ကြီးမြင့်နေသည်။ သူတို့နှစ်ယောက်တွင် ဘာအလုပ်မှမရှိ။ ကတ်ထဲရှိသော ငွေတစ်သန်းကျော်ဟူသည်မှာ များပြားပုံရသော်လည်း တကယ်တမ်းတွင် အချိန်ကြာကြာသုံးစွဲနိုင်မည်မဟုတ်ပေ။ အကယ်၍သာ အားလုံးကို ရိက္ခာကူပွန်အဖြစ်ပြောင်းလိုက်ပါက ခုနစ်သောင်း၊ ရှစ်သောင်းခန့်သာ ရရှိပေလိမ့်မည်။

ထို့အပြင် လော်ယွမ်က အသားမပါလျှင် ထမင်းမစားတတ်သူဖြစ်ရာ နေ့စဉ်စားစရိတ်တစ်ခုတည်းကပင် ရိက္ခာကူပွန် က ပေါင်သုံးဆယ်ကျော် ကုန်ကျနေသည်။ ပိုက်ဆံချွေတာရန်အတွက် သူမသည် ယခုအချိန်အထိ အဝတ်အစားတစ်ထည်မျှပင် မဝယ်ခဲ့ပေ။ သူမက အပ်နှင့်ချည်ဝယ်ကာ သူမ၏စုတ်ပြဲနေသောအတွင်းခံအချို့ကို ပြန်ချုပ်ရန်ပင် စဉ်းစားထားခဲ့သည်။ မမျှော်လင့်ဘဲ ထိုသူက သူ့အတွက်အဝတ်အစားများ ဝယ်ယူလိုက်သည်ကို တွေးမိသောအခါ သူမ၏ရင်ထဲတွင် နာကျင်ဝမ်းနည်းသွားသည်။

လော်ယွမ်က အခြေအနေကို သဘောပေါက်သွားပြီး အသာအယာပြုံးလိုက်သည်။ "ဒီအဝတ်အစားတွေက ဝယ်လာတာမဟုတ်ဘူးလို့ပြောရင် နင်ယုံမလား"

"ယုံတာပေါ့...ဘာလို့မယုံရမှာလဲ...တစ်ခြားသူတွေလွှင့်ပစ်ထားတာကို...ရှင်ကွက်တိကောက်ရလာတာနေမှာပေါ့" ဟွမ်ကျားဟွေက သူ့ကိုတစ်ချက်စွေကြည့်ကာ မခန့်လေးစားပြောလိုက်သည်။

သူမစိတ်ထဲတွင်မူ "ငါ့ကို အရူးများမှတ်နေလား။ ရှင်ကားတစ်စီးကောက်ရလာတာကိုတော့ ကျွန်မယုံချင်ယုံပေးလိုက်မယ်။ အခုက ကားတွေကို သံတိုသံစလို သဘောထားနေကြတာဆိုတော့။ ဒါပေမဲ့ အဲ့လောက်သစ်လွင်နေတဲ့ အဝတ်အစားတွေကိုတော့ တစ်ယောက်ယောက်က လွှင့်ပစ်ခဲ့တယ်ဆိုတာ ကျွန်မလုံးဝမယုံဘူး" ဟု တွေးနေမိသည်။

လော်ယွမ်က ခဏစဉ်းစားလိုက်ပြီး အချို့အရာများကို ဖုံးကွယ်ထားစရာမလိုတော့ဟု ယူဆကာ ဆင်ခြေကောင်းကောင်းတစ်ခုလည်းရှိနေသောကြောင့် သူက "တစ်ကယ်တော့ငါက သန္ဓေပြောင်းလူသားဖြစ်နေပြီ"

ဤစကားသည် ကောင်းကင်ယံမှ မိုးကြိုးတစ်ချက်ပစ်ချလိုက်သကဲ့သို့ပင်။ ဟွမ်ကျားဟွေက အနည်းငယ်တည်ငြိမ်နေနိုင်သေးသော်လည်း ဝမ်ရှီရှီမှာမူ စိတ်လှုပ်ရှားစွာဖြင့် တန်းအော်ဟစ်လိုက်တော့သည်။

အချိန်အတော်ကြာမှ ဟွမ်ကျားဟွေသတိပြန်ဝင်လာပြီး လော်ယွမ်ပြောသောစကားမှာ မူလအကြောင်းအရာနှင့် လုံးဝမသက်ဆိုင်သည်ကို တွေ့ရှိလိုက်ရသည်။ သူမက မျက်နှာကိုတင်းထားကာ ဆက်လက်မေးခွန်းထုတ်လိုက်သည်။ "ရှင်က သန္ဓေပြောင်းလူဖြစ်တာနဲ့ အဝတ်အစားဝယ်တာနဲ့ ဘာဆိုင်လို့လဲ"

"သန္ဓေပြောင်းလူတွေမှာ ထူးခြားတဲ့အစွမ်းတွေရှိတာ နင်လည်းသိမှာပဲ...တစ်ချို့အစွမ်းတွေက လုံးဝကိုအသုံးမဝင်တာ...ငါကဖွင့်ပြောရမှာ မျက်နှာပူနေလို့" လော်ယွမ်က ဆက်လက်လိမ်ညာပြောဆိုလိုက်သည်။ "ငါ့အစွမ်းက သိပ်အသုံးမဝင်တဲ့အမျိုးအစားပဲ...ငါကဟိုငှက်မွေးတွေကိုအဝတ်အစားနဲ့ ပေါင်းစပ်လို့ရတယ်...အခုငါ့အဝတ်အစားတွေက သာမန်ကျည်ဆန်ကိုတောင်ခံနိုင်နေပြီ...ငါ့မှာငှက်မွေးနည်းနည်းကျန်သေးတယ်...နင်တို့အတွက်လည်းအဝတ်အစားတစ်စုံစီပေါင်းစပ်ပေးမယ်"

ဟွမ်ကျားဟွေက သူ၏အဝတ်အစားကို သံသယဖြင့်တစ်ချက်ကြည့်လိုက်ရာ အမှန်တကယ်ပင် သူယခင်ကဝတ်ဆင်ခဲ့ဖူးသော အဝတ်အစားဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် ယခုအခါတွင်မူ အသစ်စက်စက်ကဲ့သို့ပြောင်းလဲသွားပြီး ထူးခြားသောလှပမှုတစ်ခုကိုပင် ဆောင်နေသည်။ သူမ၏စိတ်ထဲမှသံသယများ ပျောက်ကွယ်သွားပြီး အပြစ်တင်သလိုပြောလိုက်သည်။ "ရှင်ကစောစောကမပြောဘူး...ဒါမကောင်းတဲ့ကိစ္စမှမဟုတ်တာကို...ဘာလျှို့ဝှက်စရာလိုလို့လဲ...ကျွန်မတို့ကလည်းသူများလျှောက်ပြောမှာမှမဟုတ်တာ"

ဟွမ်ကျားဟွေက လုံးဝစိတ်မပူတာတော့ မဟုတ်ပေ။ သူမသည် လော်ယွမ်ထက်ပို၍ အခြေအနေကို နက်နက်နဲနဲမြင်နိုင်သည်။ ဤသို့သောစွမ်းရည်က တိုက်ခိုက်၍မရသော်လည်း အင်အားကြီးအဖွဲ့အစည်းတစ်ခုအတွက်မူ တိုက်ခိုက်ရေးသန္ဓေပြောင်းလူ ဒါဇင်ပေါင်းများစွာထက်ပင် ပို၍အသုံးဝင်ပေလိမ့်မည်။ အကယ်၍သာ အစိုးရနှင့်စစ်တပ်ကသိရှိသွားပါကချက်ချင်း ဖမ်းဆီးခေါ်ယူခြင်းခံရပေလိမ့်မည်။ ထိုအခါ ကောင်းမည်၊ ဆိုးမည်ကို မည်သူမျှမပြောနိုင်ပေ။

သူမက မျက်နှာကိုတင်းထားကာ ဝမ်ရှီရှီအား "ရှီရှီ...ဒီကိစ္စကို တခြားလူတွေကို မပြောရဘူးနော်...သိရဲ့လား။"

"သမီးဘယ်သူ့ကိုမှမပြောပါဘူး" ဤမျှအထိကြီးပြင်းလာပြီးနောက် အချို့အရာများ၏ ကောင်းခြင်း၊ ဆိုးခြင်းကို သူမခွဲခြားတတ်နေပြီဖြစ်သည်။ ဝမ်ရှီရှီက အလျင်အမြန်အာမခံလိုက်သည်။

လော်ယွမ်က ရယ်မောရင်းပြောလိုက်သည်။ "တကယ်တော့ နင်တို့အားကျစရာမလိုပါဘူး...ငါက ကံနည်းနည်းပိုကောင်းရုံပါပဲ...နင်တို့မှာလည်း ဆင့်ကဲပြောင်းလဲဖို့အခွင့်အရေးရှိပါတယ်"

စကားပြောရင်း လော်ယွမ်က အိတ်ထဲမှ ေဒေါသဖွတ်နဂါးအသား ၅ပေါင်နှင့် သွေးစိမ်းရှင်ရှင်ကလီစာတစ်စိုင်ကို ထုတ်ယူလိုက်သည်။ "ဒါတွေကိုအရင်စားရအောင်...ဒီညငါတို့ဒါတွေပဲစားကြတာပေါ့"

ဟွမ်ကျားဟွေက အစပိုင်းတွင် သိပ်ဂရုမစိုက်မိပေ။ သူအိမ်အပြန်လမ်းတွင် ဈေးဝင်ခဲ့သည်ဟု သူမထင်ခဲ့သည်။ သူမက အသားကိုကိုင်ကာ မီးဖိုချောင်သို့သွားရန်ပြင်လိုက်သည်။ "မနက်ဖြန်စားဖို့နှပ်ထားလိုက်ရမလား...ကျွန်မနေ့လည်ကဟင်းတွေ ဝယ်ထားပြီးပြီ"

လော်ယွမ်က အလျင်အမြန်တားလိုက်သည်။ "မလုပ်နဲ့အဲ့တာသာမန်အသား မဟုတ်ဘူး...အရင်တစ်ခါစားခဲ့တဲ့ ပိုးကောင်စိမ်းလိုပဲ စားတဲ့သူကိုဆင့်ကဲပြောင်းလဲစေနိုင်တယ်...နင်အရင်ရေဆေးပြီးအတုံးခပ်သေးသေးလေးတွေလှီးထားလိုက်...ပြီးမှငါတို့အတူစားကြည့်ကြတာပေါ့"

ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့သည် ထိုသို့ကြားသောအခါ မျက်နှာများချက်ချင်းပင် စိမ်းဖန့်သွားကြသည်။

ဟွမ်ကျားဟွေက မကျေမနပ်ပြောလိုက်သည်။ "သိပြီ...ကျွန်မရေသွားဆေးလိုက်မယ်...ဒီတစ်ခါတော့ဆင့်ကဲပြောင်းလည်းမှပဲ...မဟုတ်ရင်ကျွန်မထပ်မစားတော့ဘူး"

သူမက အသားကိုကိုင်ကာ မီးဖိုချောင်ဘက်သို့လျှောက်သွားသည်။ မကြာမီမှာပင် သူမသည် မျက်မှောင်ကြုတ်ကာ ပြန်ထွက်လာသည်။ "ဒီအသားက အရမ်းမာတာပဲ လှီးလို့လည်းမရဘူး...ရှင့်ဓားခဏငှားဦး...ပြီးတော့ဟိုသွေးတွေရဲနေတာက ဘာကြီးလဲ...ပျော့ဖတ်ဖတ်ဖြစ်နေပြီ"

"အဲ့တာကအသည်းလေ...သူကမှတစ်ကယ့်ခရာ...အဲ့တာကိုပြန်ရောင်းမယ်ဆိုရင် ကူပွန်တစ်ထောင်နဲ့တောင် လုဝယ်မယ့်သူရှိတယ်" လော်ယွမ်က ဓားကိုသူမထံသို့ကမ်းပေးရင်း ရယ်မောပြောဆိုလိုက်သည်။

ဟွမ်ကျားဟွေက အနည်းငယ်မယုံသင်္ကာဖြင့် "တကယ်လား...သူကအဲ့လောက်တောင်ဈေးကြီးတာလား"

"ခုဈေးမှာအသားတစ်ပေါင်ကိုဘယ်လောက်လဲ" လော်ယွမ်က ပြန်မေးလိုက်သည်။

"တစ်ပေါင်ကို၆ယွမ်လောက်ပဲ...ဒါပေမဲ့အခုဈေးကျစပြုနေပြီ" ဟွမ်ကျားဟွေက ပြန်ဖြေသည်။

"အဲ့တာအဆင့်၁သန္ဓေပြောင်းသတ္တဝါအသားပဲ...အဆင့်၂ကကူပွန်၃၀နဲ့ပြန်ဝယ်တယ်...အဆင့်၃ဆိုကူပွန်၅၀...အဲ့တော့အဆင့်၄ဆိုဘယ်လောက်ကျမလဲ နင်စဉ်းစားကြည့်" လော်ယွမ်က ရှင်းပြလိုက်သည်။

"ဒါကတော့ ဝယ်လိုအားပေါ်မူတည်တယ်...အဆင့်၄အသားကရှားနေရင် ဘယ်လောက်ပဲပေးရပေးရ ဝယ်မယ့်သူရှိမှာပဲ" ဟွမ်ကျားဟွေက ခဏစဉ်းစားပြီးပြောလိုက်သည်။ ထို့နောက် သူမသည် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ "ရှင်ပြောတာက...ဒီဟာကအဆင့်၄သန္ဓေပြောင်းသတ္တဝါအသားလား"

လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။

ဟွမ်ကျားဟွေသည် ပါးစပ်ကိုလက်ဖြင့်အုပ်ထားပြီး အချိန်အတော်ကြာသည့်တိုင် ပါးစပ်မစေ့နိုင်တော့ပေ။

"ဒါ... ဒါဆိုရင် သမီးတို့တစ်နေ့တည်းနဲ့ ပိုက်ဆံသောင်းချီပြီး စားလိုက်တာပေါ့" ဝမ်ရှီရှီက အံ့အားသင့်စွာပြောလိုက်သည်။

"အကြမ်းဖျဉ်းပါပဲ... ဒါပေမဲ့ အဆင့်၄ သန္ဓေပြောင်းသတ္တဝါအသားကို နင်တို့၂ယောက်ခန္ဓာကိုယ်အခြေအနေနဲ့စားရင် နှခေါင်းသွေးလျှံဦးမှာပဲ" လော်ယွမ်က ရယ်မောလိုက်သည်။

"ဒါဆို အရင်တစ်ခါစားခဲ့တဲ့ အစိမ်းရောင်ပိုးကောင်ကြီးက အဆင့်ဘယ်လောက်လဲ"

လော်ယွမ်က ဆက်လက်ဗဟုသုတမျှဝေလိုက်သည်။ "သာမန်ပိုးကောင်စိမ်းက အဆင့်၂...ဧရာမပိုးကောင်စိမ်းကြီးကအဆင့်၃"

ဝမ်ရှီရှီသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သိချင်စိတ်ပြင်းပြစွာဖြင့် "ဒါဆိုအဆင့်၄က ဘယ်လိုသတ္တဝါလဲ...ကိုကြီးယွမ်သေချာပေါက်မြင်ဖူးမှာပဲနော်"

"နင်မသိတာပဲကောင်းပါတယ်...မဟုတ်ရင်အိမ်မက်ဆိုးမက်သွားလိမ့်မယ်"

လော်ယွမ်က ထိုမြွေနဂါးကိုပြန်တွေးမိသောအခါ စိတ်ထဲတွင် အနည်းငယ်ကြောက်ရွံ့နေမိသေးသည်။ ထိုအရာသည် ဒဏ္ဍာရီထဲမှ နဂါးတစ်ကောင်နှင့်ပင် တူလှသည်။

မြွေနဂါးဟူသောအမည်ကတော့ ဒဏ္ဍာရီထဲမှနဂါးနှင့် မည်သို့မျှမပတ်သက်ပေ။ စနစ်မှသန္ဓေပြောင်းသတ္တဝါများကိုပေးသောအမည်အများစုမှာ အစိုးရ၏အမည်ပေးပုံနှင့် တူညီနေတတ်သည်။ သို့သော် အစိုးရက ဤသို့သောသတ္တဝါကို မြွေနဂါးဟုခေါ်ဆိုခြင်းကိုကြည့်လျှင်ပင် ဤသတ္တဝါ၏ကြောက်မက်ဖွယ်ကောင်းမှုကို သိရှိနိုင်သည်။ ထင်ရှားသည်မှာ သူတို့က မြွေနဂါးကို ဒဏ္ဍာရီထဲမှနဂါးနှင့် အလွန်တူညီသည်ဟု ယူဆသောကြောင့်ပင်။

ဟွမ်ကျားဟွေသည် မူလကတည်းက သူဈေးထဲတွင် လုံးဝ ဝယ်မရနိုင်သော အဆင့(၃၊ အဆင့်၄ သန္ဓေပြောင်းသတ္တဝါအသားများကို ထုတ်ယူလာခြင်းအပေါ် သံသယဝင်နေခဲ့သည်။ လော်ယွမ်က အဆင့်၄သန္ဓေပြောင်းသတ္တဝါကို တကယ်ပင်မြင်ဖူးသည်ကိုသိသောအခါ ပို၍ပင်သေချာသွားတော့သည်။ သူမ၏အသံမှာ အနည်းငယ်တုန်ယင်နေပြီး "ရှင် တောထဲကို သွားခဲ့တယ်မဟုတ်လား"

လော်ယွမ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဟွမ်ကျားဟွေ၏အကြည့်ကိုရင်ဆိုင်ကာ ခေါင်းညိတ်ပြလိုက်သည်။

လော်ယွမ်၏အလွန်ပင်ခိုင်မာသောမျက်ဝန်းများကိုကြည့်ရင်း ဟွမ်ကျားဟွေသည် ပါးစပ်ကိုဟလိုက်ပြီး မူလကသူ့ကိုတောထဲသို့ စွန့်စားမသွားရန်တိုက်တွန်းလိုသောစကားများမှာ ဆက်လက်မပြောနိုင်တော့ဘဲ နောက်ဆုံးတွင် အားမလိုအားမရသက်ပြင်းတစ်ချက်အဖြစ်သို့သာ ပြောင်းလဲသွားခဲ့သည်။ တစ်နေ့တွင် လော်ယွမ်ထွက်သွားပြီးနောက် ဘယ်တော့မှပြန်မလာနိုင်တော့မည်ကို သူမ ရုတ်တရက်စိုးရိမ်သွားမိသည်။

ဟွမ်ကျားဟွေ၏မျက်နှာ နီရဲသွားပြီး ဖုံးကွယ်ရန် အလျင်အမြန်ပြောလိုက်သည်။ "ကျွန်မ မီးဖိုခန်းထဲသွားလိုက်ဦးမယ်"

စကားမဆုံးမီမှာပင် မီးဖိုခန်းဘက်သို့ အလျင်စလိုလျှောက်သွားတော့သည်။

လော်ယွမ်က အခြေအနေကိုသဘောပေါက်သွားပြီး စိတ်ထဲတွင် တိတ်ဆိတ်သွားသည်။

တောထဲသို့တစ်ခေါက်သွားပြီးနောက် သူက သေမင်းလက်မှလွတ်မြောက်လာသလို သူ၏ဖိအားများလည်း ကြီးမားလာခဲ့သည်။ သူက အဆင့်မြန်မြန်တက်ပြီး နောင်ရေးအတွက် ပြင်ဆင်ရမည်ဖြစ်သည်။ ဤတစ်ခေါက်တောထဲသို့သွားရာတွင် သူက အစွန်အဖျားပိုင်းတွင်သာရှိသေးသော်လည်း အပြာရင့်ရောင်အဆင့်သတ္တဝါတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။ အကယ်၍ကျန်းနန်ပြည်နယ်တစ်ခုလုံး သို့မဟုတ် တစ်နိုင်ငံလုံးအထိ ထည့်စဉ်းစားပါက ဤသို့သောသတ္တဝါများ မည်မျှရှိမည်ကို မသိနိုင်တော့ပေ။ အရေအတွက်မှာ မရေမတွက်နိုင်လောက်အောင် များပြားနေပေလိမ့်မည်။

ထို့အပြင် ထိုအထဲတွင် အရည်အသွေးပိုင်းဆိုင်ရာဆင့်ကဲပြောင်းလဲမှု ဖြစ်ပွားပြီးဖြစ်သော ပို၍ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါများရှိနေနိုင်သည်ကို ထည့်မတွက်သေးပေ။

ဟယ်တုံမြို့သည် တည်ငြိမ်သော်လည်း တောထဲမှ မိုးထိနေသော သစ်တောများကိုကြည့်လျှင် ဤမြို့သည် အထီးကျန်ကျွန်းတစ်ကျွန်းဖြစ်နေပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာမှအခြေအနေများ ပို၍ဆိုးရွားလာမည်ကို မည်သူမဆိုမြင်နိုင်သည်။ နည်းပညာ၏ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကြီး၏ထူးခြားသောပြောင်းလဲမှုအရှိန်ကို လုံးဝမမီနိုင်တော့ဘဲ ထူးခြားသောပြောင်းလဲမှု၏လွှမ်းမိုးမှုကြောင့် နည်းပညာအဆင့်မှာ များစွာနောက်ပြန်ဆုတ်သွားပြီး မြို့ကျဆုံးခြင်းမှာ အချိန်မရွေးဖြစ်ပွားနိုင်သည့်ကိစ္စတစ်ခုသာဖြစ်သည်။

ငြိမ်းချမ်းသောခေတ်တွင် ခွေးတစ်ကောင်ဖြစ်ရသည်က ခေတ်ပျက်တွင် လူတစ်ယောက်ဖြစ်ရသည်ထက်သာ၏။

အကယ်၍သာ ဖြစ်နိုင်ပါက သူက ရှင်သန်ရေးအတွက် ရုန်းကန်နေရသောဘဝမျိုးထက် ယခင်ကကဲ့သို့ မနက်ကိုးနာရီမှ ညနေငါးနာရီအထိ အလုပ်လုပ်သည့်ဘဝကို ပို၍နှစ်သက်ပေလိမ့်မည်။

ဟွမ်ကျားဟွေက ပန်းကန်နှစ်ချပ်ကိုကိုင်ကာ ဧည့်ခန်းသို့ပြန်ရောက်လာပြီး သူမ၏မျက်လုံးများမှာ အနည်းငယ်နီရဲနေကာ ငိုထားပုံရသည်။

လော်ယွမ်က သူမကိုတစ်ချက်ကြည့်ပြီး ခဏစဉ်းစားကာ ပြောလိုက်သည်။ "သန္ဓေပြောင်းသားရဲတွေရဲ့ အကြီးမားဆုံး ရိက္ခာက ဘာလဲနင်တို့သိလား"

သူတို့ပြန်ဖြေသည်ကိုမစောင့်ဘဲ လော်ယွမ်က ဆက်ပြောသည်။ "အဲ့တာလူတွေပဲ...ကမ္ဘာပေါ်မှာလူဦးရေသန်း၇၀၀၀လောက်ရှိတယ်...အခုအရင်ကထက်၃ပုံ၁ပုံလောက်ပဲ ရှိတော့နိုင်ပေမယ့်...ဒီအရေအတွက်ကအရမ်းများနေတုံးပဲ...လူတွေစုဝေးနေတဲ့မြို့တစ်မြို့ဆိုတာ...သန္ဓေပြောင်းသတ္တဝါတွေအတွက် ရိက္ခာဂိုဒေါင်ကြီးတစ်ခုပဲ...တစ်နေ့နေ့အတားအဆီးတွေကို ဖျက်စီးပြီး ဂိုဒေါင်ထဲဝင်စားသောက်မှာ"

"ဟယ်တုံမြို့မှာက စစ်တပ်ရှိနေလို့နည်းနည်း လုံခြုံနေတာ...တခြားမြို့တွေဆိုအဲ့လောက် ကံကောင်းမှာမဟုတ်ဘူး...တုံဟူမြို့လိုပဲ တစ်မြို့ပြီးတစ်မြို့ ကျဆုံးသွားလောက်ပြီ"

"သန္ဓေပြောင်းသတ္တဝါတွေက ဆက်တိုက်ဆင့်ကဲပြောင်းလဲနေတာ ရပ်မယ့်ပုံတောင်မပေါ်ဘူး...သူတို့ပိုင်နက်တွေကလည်း ပိုပိုပြီးကြီးလာပြီ...လူသားတွေသာ အချိန်တိုအတွင်း နည်းပညာအကြီးအကျယ် မတိုးတက်ဘူးဆိုရင်...ဆက်ပြီးအသက်ရှင်ဖို့အတွက်က...သန္ဓေပြောင်းသတ္တဝါတွေလို...ဆင့်ကဲပြောင်းလဲမှပဲဖြစ်မှာ...အဲ့တော့ဒီတစ်ခါနင်တို့နှစ်ယောက်လုံး...ဆင့်ကဲပြောင်းလဲဖို့ငါမျှော်လင့်တယ်"

လော်ယွမ်၏တည်ငြိမ်သောအသံသည် အရိုးထဲထိစိမ့်ဝင်နေသောအအေးဓာတ်ကို ဆောင်ကြဉ်းလာသည့်အလား သူတို့နှစ်ဦး၏အမူအရာများမှာ လှုပ်ရှားသွားသည်။ ဤအချိန်အတောအတွင်း တည်ငြိမ်အေးချမ်းသောဘဝက သူတို့ကို အပြင်ဘက်တွင် ကမောက်ကမခေတ်ကြီးဖြစ်နေသည်ကို မေလျော့မိလိုက်ကြပြီး ချောင်ထဲတွင်ပုန်းအောင်းနေရသော ကြွက်တစ်ကောင်ကဲ့သို့ အိပ်ယာထဲတွင် အိပ်နေစဉ်ပင် တုန်တုန်ယင်ယင်ဖြစ်နေခဲ့ရသည့်နေ့ရက်များကို မေ့လျော့သွားခဲ့သည်။

တစ်ခဏအတွင်း ဧည့်ခန်း၏အခြေအနေက အနည်းငယ်တင်းကြပ်သွားသည်။

ယခင်တစ်ခေါက် ပိုးကောင်စိမ်းအသားက ပို၍ရွံရှာဖွယ်ကောင်းသောကြောင့်လည်းဖြစ်နိုင်သည် သို့မဟုတ် ဤတစ်ခါတွင် အတွေ့အကြုံရှိနေသောကြောင့်လည်းဖြစ်နိုင်သည်။ သူတို့နှစ်ဦးသည် မျက်နှာမဲ့ကာ မျက်မှောင်ကြုတ်နေသော်လည်း ထပ်မံအန်ခြင်းမရှိတော့ပေ။

သို့သော် တစ်မိနစ်မပြည့်မီမှာပင် ဝမ်ရှီရှီသည် ရုတ်တရက်ခေါင်းကိုက်သည်ဟု အော်လိုက်သည်။

လော်ယွမ်က အစပိုင်းတွင် သိပ်ဂရုမစိုက်မိပေ။ ခေါင်းကိုက်ခြင်းမှာ အသေးအဖွဲကိစ္စတစ်ခုသာဖြစ်သည်။ သို့သော် ထို့နောက်တွင် သူမ၏မျက်နှာမှာ တဖြည်းဖြည်းနီရဲလာပြီး ခေါင်းကိုက်ခြင်းမှာ ပို၍ပြင်းထန်လာကာ နောက်ဆုံးတွင် သူမ၏ခန္ဓာကိုယ်ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ မေ့လဲကျသွားသည်။ သူက သူမကိုပွေ့ချီရန်ပြင်လိုက်စဉ်တွင် သူ၏တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ တစ်ချောင်းချင်းစီ ထောင်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဆက်ရန်...

All Chapters