← Chapters

အခန်း (၆၉-၇၂)

Vol. 4 Ch. 69-72

အခန်း (၆၉-၇၂)

Vol. 4 Ch. 69-72

အပိုင်း(၆၉)ရုပ်သေးပိုးကောင်

လော်ယွမ်၏စိတ်ထဲတွင် တုန်လှုပ်သွားသည်။

သို့သော် ဤသို့သောအမြန်နှုန်းမှာ လော်ယွမ်အတွက်တော့ အလွန်နှေးကွေးလှသည်။ သူအနားသို့မရောက်မီမှာပင် အလွန်တိုးညှင်းသော "ဝှစ် ဝှစ်" ဟူသောအသံနှစ်ချက်ကို ကြားလိုက်ရပြီး ဆန့်တန်းလာသောလက်မောင်းနှစ်ဖက်မှာ တစ်ဖက်လူ၏ပခုံးမှ ပြုတ်ထွက်သွားလေပြီ။

အကယ်၍သာ သာမန်လူတစ်ဦး ဤသို့သောပြင်းထန်သည့်နာကျင်မှုကို ကြုံတွေ့ရပါက နာကျင်စွာအော်ဟစ်နေလောက်ပြီဖြစ်သည်။ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သည့်တိုင် မျက်နှာတွင် နာကျင်သောအမူအရာများ ပေါ်ထွက်လာပေမည်။ သို့သော် တစ်ဖက်မှဖုတ်ကောင်မှာမူ ဘာတုံ့ပြန်မှုမှမရှိဘဲ သူ၏လှုပ်ရှားမှုများမှာပင် တစ်ချက်မျှရပ်တန့်သွားခြင်းမရှိဘဲ သူ၏အပေါ်သို့ ဆက်လက်ခုန်အုပ်လာသည်။ လော်ယွမ်မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွားသော်လည်း သူ၏လှုပ်ရှားမှုများမှာ လုံးဝမရပ်တန့်ပေ။ သူခန္ဓာကိုယ်ကိုနှိမ့်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် ဓားကိုပြောင်းပြန်ကိုင်ကာ ကျန်းမာတောက်ဓားရှည်မှာ သူ၏ဒူးခေါင်းအတိုင်း ကန့်လန့်ဖြတ်ခုတ်ပိုင်းသွားသည်။

သူ၏ဘယ်ဘက်ခြေထောက်ကို မလိုက်သည်နှင့် ခြေထောက်မှာပြုတ်ထွက်သွားပြီး ခြေတစ်လှမ်းမှာ ဟာလာဟင်းလင်းဖြစ်သွားသည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့သဖြင့် မြေပေါ်သို့ပြင်းထန်စွာလဲကျသွားသော်လည်း တောင့်တင်းနေသောမျက်နှာတွင် မည်သည့်အမူအရာမျှမရှိပေ။

ချောမွေ့သောဒဏ်ရာမှ သွေးများစွာမှာ တဟုန်ထိုးပန်းထွက်လာသည်။ သူ၌နာကျင်မှုဝေဒနာမရှိ၊ စိတ်ခံစားချက်တစ်စိုးတစ်စိမျှမရှိဘဲ စားသောက်ရန်ပင်ကိုစိတ်သာ ကျန်ရှိတော့သည်။ သို့သော် သူ၏သွေးများမှာမူ နီရဲနေဆဲဖြစ်ပြီး သာမန်လူ့ခန္ဓာကိုယ်နှင့် ဘာမှမခြားနားပေ။

သူအဆက်မပြတ်ဟိန်းဟောက်ရင်း ခန္ဓာကိုယ်မှာ ပိုးကောင်တစ်ကောင်ကဲ့သို့ မရပ်မနားတွားသွားကာ လော်ယွမ်ရှိရာသို့ ဇွဲမလျှော့ဘဲရွေ့လျားနေသည်။

ဤအခြေအနေသို့ရောက်သောအခါ လော်ယွမ်လည်း သဘောပေါက်သွားသည်။ ဤအရိုးများမှာ ထိုဖုတ်ကောင်က လူစားပြီးနောက် ချန်ထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

သူ၏ပြတ်တောက်နေသောခြေလက်များမှ သွေးများအဆက်မပြတ်ပန်းထွက်နေပြီး မြေပြင်မှာ တဖြည်းဖြည်းနှင့် သွေးအိုင်တစ်ခုဖြစ်ပေါ်လာကာ အနီးအနားရှိပစ္စည်းများဆီသို့ စီးဆင်းသွားတော့သည်။

လော်ယွမ်က အသုံးဝင်သောပစ္စည်းများကို မည်သည့်သတ္တဝါမှန်းမသိသောသွေးများဖြင့် ညစ်ညမ်းသွားမည်ကို မလိုလားပေ။ သူ၏မျက်လုံးများမှာ ရုတ်တရက်အလွန်ထက်ရှသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပေါ်မှ ပြင်းထန်သော အငွေ့အသက် တစ်ခုထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိလေထုမှာ ရုတ်တရက်ရပ်တန့်သွားပြီး နောက်တစ်ခဏတွင် ကျန်းမာတောက်ဓားရှည်မှ မှိန်ဖျော့သောအလင်းရောင်တစ်ချက် ထုတ်လွှတ်လိုက်သည်။

သူက ကျန်းမာတောက်ဓားရှည်ကိုကိုင်ကာ မြေပေါ်မှသွေးများကို ညင်သာစွာတစ်ချက်တို့ထိလိုက်သည်။ ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် လေထုထဲတွင် မှုန်ဝါးဝါးအဖြူရောင်မြူခိုးများ ရုတ်တရက်ထွက်ပေါ်လာပြီး မြေအောက်ခန်း၏အပူချိန်မှာ ရုတ်ခြည်းကျဆင်းသွားသည်။ ဓားထိပ်နှင့်ထိတွေ့သောသွေးများမှာမူ ရေခဲလွှာပါးတစ်လွှာဖြင့်ဖုံးလွှမ်းသွားပြီး နောက်တစ်ခဏတွင် လုံးဝခဲသွားတော့သည်။ အအေးဓာတ်မှာ မရပ်မနားပျံ့နှံ့နေပြီး ရေခဲပုံဆောင်ခဲများဖြစ်ပေါ်လာသည့် ကြည်လင်သောအသံမှာတဖျစ်ဖျစ်ထွက်ပေါ်လာသည်။ ဖုတ်ကောင်၏ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် နှင်းခဲလွှာတစ်လွှာဖြင့် ဖုံးလွှမ်းသွားသည်။

သူ၏ရုန်းကန်လှုပ်ရှားမှုမှာ တဖြည်းဖြည်းနှေးကွေးလာပြီး စက္ကန့်အနည်းငယ်အကြာတွင် လုံးဝတောင့်တင်းသွားကာ ထပ်မံလှုပ်ရှားနိုင်တော့ခြင်းမရှိပေ။

ကျန်းမာတောက် ဓားရှည်၏ "ရေခဲခြင်း" အာနိသင်ကို လော်ယွမ်အကြိမ်များစွာမြင်ခဲ့ဖူးသော်လည်း မြင်ရသည့်အကြိမ်တိုင်း သူတုန်လှုပ်မိ၏။ ဤသည်မှာ သူနားလည်နိုင်သည့်အတိုင်းအတာကို လုံးဝကျော်လွန်နေပြီး တကယ်မဟုတ်သလိုပင် ခံစားရသည်။ တစ်ချိန်တည်းမှာပင် အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများအပေါ် စိတ်ရင်းမှန်ဖြင့်ကြောက်ရွံ့မိသည်။

လော်ယွမ်က ထိုဖုတ်ကောင်မသေသေးမည်ကိုစိုးရိမ်သောကြောင့် ဓားထိပ်ကို သူ၏နားထင်သို့ညင်သာစွာထိုးစိုက်လိုက်ပြီး အကြိမ်အနည်းငယ်မွှေလိုက်ကာ ဦးနှောက်လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း သေချာမှသာ ပြန်ဆွဲထုတ်လိုက်သည်။

ဤမိစ္ဆာကောင်ကိုသတ်ရာတွင် အားအင်ကုန်ဆုံးမှုမရှိသော်လည်း လော်ယွမ်မှာမူ စိတ်ပေါ့ပါးသွားခြင်းမရှိဘဲ ရင်ထဲတွင်ကြီးမားသောကျောက်တုံးကြီးတစ်ခုဖိထားသကဲ့သို့ လေးလံနေသည်။ ဤလောကတွင် မည်သည့်ရောဂါမှ သာမန်လူတစ်ယောက်ကို ဤသို့သောအခြေအနေသို့မရောက်စေနိုင်ပေ။ အသိဉာဏ်အနည်းဆုံးသတ္တဝါများပင်လျှင် မိမိကိုယ်ကိုကာကွယ်လိုစိတ်ရှိကြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အရာအားလုံးမှာ ပုံမှန်မဟုတ်တော့ပေ။ အပင်နှင့်သတ္တဝါများ အရူးအမူးသန္ဓေပြောင်းရုံသာမက ယခုလူများပါ ဤသို့သောပြဿနာဖြစ်ပေါ်လာသည်။ ဤဖုတ်ကောင်မှာ သီးခြားဖြစ်ရပ်တစ်ခုလား သို့မဟုတ် ဟယ်တုံမြို့တွင် ပျံ့နှံ့နေပြီလားမသိနိုင်ပေ။

ဤဖုတ်ကောင်မှာ အစွမ်းမထက်ဟုထင်ရသော်လည်း ဤသည်မှာ သူ့အတွက်သာဖြစ်သည်။ သာမန်လူများအတွက်မူ ဤသို့သောလျင်မြန်ဖျတ်လတ်သည့်သတ္တဝါနှင့်ကြုံတွေ့ပါက ခုခံနိုင်စွမ်းလုံးဝရှိမည်မဟုတ်ပေ။ ထို့အပြင် လော်ယွမ်ဝင်လာချိန်တွင် ဤမိစ္ဆာကောင်မှာ အလွန်ဆာလောင်နေပြီဖြစ်ကြောင်းထင်ရှားပြီး ခွန်အားမှာအလွန်ကျဆင်းနေပြီဖြစ်သည်။ အကယ်၍ အစွမ်းအပြည့်အခြေအနေတွင်သာဆိုလျှင် ပို၍ပင်အားကြီးပေလိမ့်မည်။

ထို့အပြင် ဤမိစ္ဆာကောင်မှာ မျက်လုံးများမှလွဲ၍ သာမန်လူနှင့်ဘာမျှမခြားနားဘဲ အလွန်ကောင်းမွန်သောလှည့်စားနိုင်စွမ်းရှိသည်။ ပထမဆုံးအကြိမ်ကြုံတွေ့သူမှာ သတိထားမိမည်မဟုတ်ပေ။ အကယ်၍ ဖုတ်ကောင်များ ဟယ်တုံမြို့တွင် နေရာအနှံ့ ပြန်နှံ့စွာပေါ်ထွက်လာပါက ဟယ်တုံမြို့အတွက် ကပ်ဘေးတစ်ခုပင်ဖြစ်ပေလိမ့်မည်။

လော်ယွမ်က ခေါင်းခါလိုက်ပြီး မိမိကိုယ်ကိုစိတ်ရှုပ်မခံတော့ပေ။ သူကသာမန်လူတစ်ယောက်သာဖြစ်ပြီး ဤသို့သောပြဿနာများကို မည်မျှပင်စဉ်းစားသည်ဖြစ်စေ အသုံးမဝင်ပေ။

သူက သိုလှောင်ခန်းထဲတွင် ဂေါ်ပြားတစ်ချောင်းကိုရှာဖွေတွေ့ရှိပြီးနောက် အမှိုက်ပုံထဲမှ ကတ်ထူပုံးအချို့ကိုဖယ်ထုတ်ကာ အမှိုက်များစတင်ရှင်းလင်းတော့သည်။

ကံကောင်းသည်မှာ သွေးများခဲသွားသောကြောင့် ရှင်းလင်းရန်အတော်လေးလွယ်ကူသည်။ သို့မဟုတ်လျှင် မည်သို့ရှင်းလင်းရမည်မသိနိုင်ပေ။

မည်သို့ပင်ဖြစ်စေသူက ဤဖုတ်ကောင်၏သွေးများကို သူ၏အရေပြားနှင့် ထိတွေ့လိုခြင်းမရှိပေ။ ဤဖုတ်ကောင်မှာ မည်သို့ဖြစ်ပေါ်လာသည်ကို မည်သူမျှမသိနိုင်ပေ။ အကယ်၍ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လျှင် ဒုက္ခရောက်ပေလိမ့်မည်။ လေထဲမှကူးစက်ခြင်းဟုတ်မဟုတ်ကိုမူ လော်ယွမ်စဉ်းစားကြည့်ရာ မဖြစ်နိုင်ဟုထင်သည်။ အကယ်၍သာ ထိုသို့ဖြစ်ပါက ဟယ်တုံမြို့တစ်မြို့လုံးမှာ အစောကတည်းက ပျက်စီးသွားလောက်ပြီဖြစ်သည်။

သွေးများကိုဂေါ်ပြားဖြင့်ခြစ်ထုတ်ပြီးနောက် လော်ယွမ်က ဖုတ်ကောင်၏လက်မောင်းနှင့်ခြေထောက်အချို့ကို ပုံးထဲသို့ထည့်လိုက်သည်။

ထို့နောက် သူက ပုံးကြီးတစ်ပုံးကိုယူကာ အလောင်းကိုဂေါ်ပြားဖြင့်ထိုးမပြီး ပုံးထဲသို့ထည့်ရန်ပြင်ဆင်နေစဉ် လော်ယွမ်က ရုတ်တရက် အလောင်း၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ခါသွားသည်ကို တွေ့လိုက်ရသည်။ အကယ်၍သာ သူ၏အာရုံခံနိုင်စွမ်းမှာ လှုပ်ရှားမှုကိုအာရုံခံနိုင်စွမ်းတွင် အလွန်ထူးခြားသည့်အဆင့်သို့မရောက်ရှိပါက သတိပြုမိမည်မဟုတ်ပေ။ ထို့နောက် သူ၏မျက်နှာမှာလည်း အနည်းငယ်ပုံပျက်ပန်းပျက်ဖြစ်လာပြီး ပါးစပ်မှာ တဖြည်းဖြည်းနှင့် ပို၍ဟလာသည်ကို တွေ့လိုက်ရသည်။

မကြာမီ ကင်းခြေများကဲ့သို့သော အမြူရောင်ပိုးကောင်တစ်ကောင်က ဖုတ်ကောင်၏ပါးစပ်မှတွားသွားထွက်လာသည်။

၎င်း၏ခန္ဓာကိုယ်မှာ သေးသွယ်ရှည်လျားပြီး အကျယ်မှာ နှစ်မီလီမီတာခန့်ရှိကာ အရှည်မှာ ၄လက်မခန့်ရှိသည်။ ခန္ဓာကိုယ်၏ဘေးနှစ်ဖက်တွင် သေးသွယ်နူးညံ့သောခြေထောက်ငယ်များဖြင့်ပြည့်နှက်နေပြီး ရေတွက်၍မကုန်နိုင်ပေ။ ၎င်းမှာ အန္တရာယ်ကိုသတိပြုမိဟန်ဖြင့် နှာခေါင်းပေါက်မှထွက်လာသည်နှင့် ထောင့်တစ်နေရာသို့ အလျင်အမြန်ပြေးသွားရာ အမြန်နှုန်းမှာ လုံးဝမနှေးပေ။

လော်ယွမ်မှာ ခဏတာကြောင်သွားပြီးနောက် သတိပြန်ဝင်လာသည်။

သူက မြေပေါ်တွင်ချထားသော ကျန်းမာတောက် ဓားရှည်ကိုကောက်ယူကာ တစ်လှမ်းတည်းနှင့်ပြေးသွားပြီး ဓားရှည်တစ်ချက်လက်သွားရာ ၎င်းကိုနှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။

ပြင်းထန်သောနာကျင်မှုအောက်တွင် နှစ်ပိုင်းဖြစ်သွားသောခန္ဓာကိုယ်မှာ ခုန်ပေါက်ရုန်းကန်တော့သည်။ ၎င်း၏ကိုယ်လုံးနှင့်စာလျှင် ၎င်း၏အားအင်မှာအလွန်ကြီးမားပြီး ၃ပေကျော်မြင့်အောင်ခုန်တက်နိုင်ကာ အလွန်အသက်ဝင်နေသည်။ လော်ယွမ်က အေးစက်စွာရယ်မောလိုက်ပြီး လေထဲသို့ခုန်တက်သွားသောတစ်ပိုင်းကို ဓားဖြင့်နောက်တစ်ကြိမ်ခုတ်ပိုင်းကာ ၎င်း၏ဦးခေါင်းကို တိကျစွာဖြတ်ချလိုက်သည်။ ၎င်းမှာ သေခါနီးအားအင်ပြန်လည်ရရှိလာသကဲ့သို့ ခဏတာဆက်လက်ရုန်းကန်ပြီးနောက် နောက်ဆုံးတွင်သေဆုံးသွားတော့သည်။

လော်ယွမ်က ၎င်း၏အကြွင်းအကျန်များကို အမျိုးအမည်ခွဲခြားအစွမ်း သုံးလိုက်သည်။

အမည် - ရုပ်သေးပိုးကောင်၏အကြွင်းအကျန်

အသုံးဝင်မှု - အစားအစာ

ရှားပါးမှုအဆင့် - အဖြူရောင်

အလေးချိန် - ၁၀ ဂရမ်

သုံးသပ်ချက် - ဤသည်မှာ လူကိုစိတ်ပိုင်းဆိုင်ရာအလွန်အမင်းသာယာပျော်ရွှင်စေသော ရှားပါးသည့်ဆေးတစ်မျိုးဖြစ်ပြီး စားသုံးပြီးနောက် လူကိုစိတ်အားတက်ကြွစေပြီး နတ်ပြည်ရောက်သွားသလို ခံစားရစေနိုင်သည်။

"ရုပ်သေးပိုးကောင်…ကြည့်ရတာအလောင်းကို ဒီပိုးကောင်က ထိန်းချုပ်နေတာပဲ" သူစိတ်ထဲတွင်တွေးလိုက်သည်။

သို့သော် လော်ယွမ်မှာ ဤသတ္တဝါကို လုံးဝအထင်မသေးရဲပေ။ ၎င်းမှာအဖြူရောင်အဆင့်သာရှိသော်လည်း ၎င်း၏ခွန်အားကြီးမှု၊ အားနည်းမှုကို အဆင့်ဖြင့်ဖော်ပြ၍မရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏စွမ်းအားမှာ သူထိန်းချုပ်သော သတ္တဝါအပေါ်တွင် လုံးဝမှီခိုနေသောကြောင့်ဖြစ်သည်။ ထိန်းချုပ်ခံသတ္တဝါက စွမ်းအားကြီးလေ သူ၏စွမ်းအားလည်း ကြီးလေဖြစ်သည်။ ဤတစ်ကြိမ်၎င်းထိန်းချုပ်နေသည်မှာ သာမန်လူသားဖြစ်သောကြောင့် လော်ယွမ်အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်။ အကယ်၍ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်ပါက ၎င်းကိုသတ်ဖြတ်ရန် အားအင်အတော်ကုန်ခမ်းမည်ဖြစ်ပြီး နိုင်မနိုင်ပင် အတိအကျမပြောနိုင်ပေ။

ထို့အပြင် ၎င်းမှာ ထိန်းချုပ်ခံသတ္တဝါ၏ခွန်အားကို အတိုင်းအတာတစ်ခုအထိတိုးမြှင့်ပေးနိုင်ခြေရှိပြီး ဤအချက်မှာ အထူးသဖြင့်ကြောက်မက်ဖွယ်ကောင်းလှသည်။

ယခင်ကကြုံတွေ့ခဲ့ရသော သန္ဓေပြောင်းမျှော့နှင့် ယခုရုပ်သေးပိုးကောင်တို့ကြောင့် လော်ယွမ်သည် အချို့သတ္တဝါများမှာ အဆင့်မမြင့်သော်လည်း သူတို့၏ထူးဆန်းသောစွမ်းရည်များမှာ သူ့ကိုဒုက္ခပေးနိုင်ကြောင်း သဘောပေါက်သွားသည်။

သို့သော် နောက်ဆုံးသုံးသပ်ချက်ကိုမြင်သောအခါ သူလန့်သွားသည်။ ဤရုပ်သေးပိုးကောင်၏ခန္ဓာကိုယ်မှ ဆေးဝါးဆိုင်ရာအာနိသင်မှာ မူးယစ်ဆေးဝါးနှင့်ဆင်တူလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူခဏစဉ်းစားပြီးနောက် ထိုအရာများကို စုဆောင်းသိမ်းဆည်းလိုက်သည်။

ကမ္ဘာပျက်ကာလတွင် လူတို့၏စိတ်မှာဖိစီးနေပြီး မူးယစ်ဆေးဝါးကဲ့သို့သောအရာများမှာ ပို၍ခေတ်စားလာမည်ဖြစ်သည်။ ဤရုပ်သေးပိုးကောင်၏အာနိသင်ကို နောင်တွင်လူများက သေချာပေါက်တွေ့ရှိသွားကြပေလိမ့်မည်။ မတော်တဆ ဤသို့သောအရာတစ်ခုမှာ နောင်တွင် အပြာရောင်အဆင့်သတ္တဝါတစ်ကောင်လုံးနှင့်ပင် တန်ဖိုးတူညီသွားနိုင်သည်။

လော်ယွမ်က ဗလာစာအုပ်တစ်အုပ်ကိုရှာဖွေကာ စာရွက်တစ်ရွက်ကိုဆုတ်ဖြဲပြီး ပိုးကောင်ကိုထုပ်ပိုးလိုက်သည်။ ထို့နောက် ထိုနေရာရှိအရိုးများနှင့်အလောင်းများကို ဆက်လက်ရှင်းလင်းလိုက်သည်။

ဆယ်မိနစ်ခန့်အကြာတွင် သူက ကတ်ထူပြားဖြင့်ဖုံးအုပ်ထားသောကတ်ထူပုံးကိုပိုက်ကာ မြေအောက်ခန်းမှထွက်လာသည်။ ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့၏ ရှောင်ရှားလိုသောအကြည့်များအောက်တွင် အိမ်တံခါးကြီးကိုဖွင့်လိုက်ရာ လော်ယွမ်က ထိုအမျိုးသမီးမှာ တံခါးဝတွင်ထိုင်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူထွက်လာသည်ကိုမြင်သောအခါ သူမ မလုံမလဲထရပ်လိုက်ပြီး ပါးစပ်ဟကာ တစ်ခုခုပြောလိုသော်လည်း မည်သို့ပြောရမည်မသိဖြစ်နေသည်။

သူက သူမကိုအနည်းငယ်အံ့အားသင့်စွာတစ်ချက်ကြည့်လိုက်သည်။ မှုန်ဝါးဝါးဆိုင်ကယ်ဦးထုပ်မှန်မှတစ်ဆင့် သူမ၏မျက်လုံးများမှာ မက်မွန်သီးကဲ့သို့ဖောင်းကားနေသည်ကို တွေ့လိုက်ရသည်။ လော်ယွမ်က မှောင်တော့မည်ဖြစ်သောကောင်းကင်ကိုကြည့်လိုက်ရာ သူမဤနေရာတွင်စောင့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ဘာမှမပြောဘဲ သူက ကောင်းကင်လုံးဝမှောင်သွားလျှင် သူမဤနေရာတွင်ဆက်ထိုင်နေမည်မဟုတ်ဟု ယုံကြည်သည်။ လော်ယွမ်က ဤအမျိုးသမီးကိုကျော်လွန်သွားပြီး ကတ်ထူပုံးကို အိမ်ရာ၏မြက်ခင်းပြင်သို့ အမြန်သယ်ထုတ်လိုက်သည်။

နောက်ဆုံးကတ်ထူပုံးကိုသယ်ပြီးသောအခါ လော်ယွမ်က ဗီလာတစ်လုံးလုံးကို အပေါ်အောက်သေချာစစ်ဆေးရှင်းလင်းလိုက်ပြီး ရုပ်သေးပိုးကောင်ကဲ့သို့သော ထူးဆန်းသည့်သတ္တဝါများထပ်မံပေါ်ထွက်လာမည်ကို စိုးရိမ်နေသည်။ စုစုပေါင်း ပိုးဟပ်၊ ယင်ကောင် ဒါဇင်ကျော်နှင့် ပရိဘောဂများထဲတွင်ပုန်းအောင်းနေသော ပုရွက်ဆိတ်အချို့ကိုသတ်ဖြတ်ခဲ့သည်။ ထို့အပြင် လက်သီးဆုပ်အရွယ်ခရုခုနစ်ကောင်လည်းရှိသေးသော်လည်း ဤခရုများကိုမူ လော်ယွမ်သိမ်းဆည်းလိုက်သည်။ သုံးသပ်ပြီးနောက် ဤအရာများမှာ လုံးဝဟင်းလျာအဖြစ်စားသုံးနိုင်ပြီး ကောင်းကောင်းချက်ပြုတ်ပါက အရသာရှိသောဟင်းတစ်ခွက်ဖြစ်လာမည်မှာ သေချာသည်။

ထိုစဉ် သူရုတ်တရက် မြေအောက်ခန်းတစ်ခုရှိသေးပြီး မီးခံသေတ္တာတစ်ခုမဖွင့်ရသေးသည်ကို သတိရလိုက်သည်။ သူနောက်တစ်ကြိမ်မြေအောက်ခန်းသို့ပြန်သွားသည်။

"အထဲမှာဘဏ်စာအုပ်လိုဟာတွေ မဟုတ်ပါစေနဲ့" လော်ယွမ်စိတ်ထဲတွင်ဆုတောင်းလိုက်သည်။

သူကျန်းမာတောက် ဓားရှည်ကိုဆွဲထုတ်ကာ မီးခံသေတ္တာ၏အဟကြားထဲသို့ ထိုးစိုက်လိုက်သည်။ မီးခံသေတ္တာ၏မာကျောသောအပြင်ခွံမှာ ကျန်းမာတောက် ဓားရှည်၏ထက်ရှမှုအောက်တွင် ဘာအတားအဆီးမှမဖြစ်စေခဲ့ပေ။ သူအကြိမ်အနည်းငယ်ခုတ်ပိုင်းလိုက်ရာ မီးခံသေတ္တာပွင့်သွားလေသည်။

ဆက်ရန်…

အပိုင်း(၇၀)အကူအညီတောင်းခံခြင်း

အိမ်ခြံမြေဂရန်သုံးစောင်၊ ဘဏ်စာအုပ်အချို့၊ အရေးကြီးသောစာရွက်စာတမ်းများနှင့် စာချုပ်များသာဖြစ်သည်။ သို့သော် ဤပစ္စည်းများမှာ လော်ယွမ်အတွက် တစ်ပြားတစ်ချပ်မှမတန်တော့ပေ။

သူ၏ပထမဆုံးအကြည့်က ပေါင်တစ်ရာတန် ရိက္ခာကူပွန်အထပ်လိုက် ဆယ်အုပ်ပေါ်သို့ ကျရောက်သွားသည်။ အကယ်၍တစ်ထပ်လျှင် တစ်သောင်းရှိပါက သိန်းဂဏန်းကျော်ခန့် ရှိပေလိမ့်မည်။ ထို့အပြင် ၁၀၀ ဂရမ်အလေးချိန်ရှိသော အိုလံပစ်ရွှေတုံးခုနစ်တုံးလည်းရှိပြီး တန်ဖိုးမှာလည်း မနည်းလှပေ။

သို့သော် လော်ယွမ်ကို အပျော်ဆုံးဖြစ်စေသည်မှာ အတွင်းတွင် သေနတ်တစ်လက်ပင် ထည့်ထားခြင်းဖြစ်ပြီး တရုတ်ပြည်တွင် တွေ့ရခဲသော ကန္တာရလင်းယုန်တစ်လက်ဖြစ်နေခြင်းပင်။

ဟယ်တုံမြို့၏ သေနတ်တားမြစ်ရေးဥပဒေသည် တုံဟူမြို့ထက် များစွာတင်းကျပ်သော်လည်း ဤတင်းကျပ်မှုမှာ အပေါ်ရံသဘောသာဖြစ်သည်။ ယခုအခြေအနေတွင် အဆက်အသွယ်ရှိသရွေ့ သေနတ်တစ်လက်ရရှိရန်မှာ မခက်ခဲပေ။ သင်က သေနတ်ကိုင်ဆောင်ပြီး ဟိုဟိုဒီဒီလျှောက်မသွားသရွေ့ အစိုးရကလည်း မျက်စိမှိတ်၊ နားပိတ်ထားပေးလိမ့်မည်။ သို့သော် ဤသေနတ်မှာ ပြည်တွင်းလက်နတ်ကုန်သည်ထံမှ ရရှိလာခြင်းမဟုတ်သည်မှာ ထင်ရှားပြီး အိမ်ပိုင်ရှင်က ကပ်ဘေးကြီးမဖြစ်ပွားမီကတည်းက မှောင်ခိုဈေးကွက်မှ တိတ်တဆိတ်ဝယ်ယူထားခြင်းဖြစ်နိုင်ခြေများသည်။

သူက ကန္တာရလင်းယုန်ကို ကောက်ကိုင်လိုက်ရာ သူ၏လက်မှာ အနည်းငယ်လေးလံသွားသည်။ အလေးချိန်မှာ နှစ်ကီလိုဂရမ်ခန့်ရှိပြီး ပြောင်းအဝကျယ်ကျည်ဆံများ တပ်ဆင်ထားရာ အစွမ်းမှာ လက်ကိုင်အမြောက်တစ်လက်နှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်။ အကယ်၍ သူသာကျည်ဆံများကို ပေါင်းစပ်လိုက်ပါက တင့်ကားကိုပင် ဖောက်ထွင်းနိုင်လောက်သည်။ သို့သော် ကန္တာရလင်းယုန်၏ပြန်ကန်အားမှာ အတော်လေးပြင်းထန်ပြီး အလေ့အကျင့်မရှိသူများအဖို့ လက်မောင်းကျိုးသွားရန် လွယ်ကူလှသည်။

လော်ယွမ်တစ်ချက်ကြည့်လိုက်ရာ မီးခံသေတ္တာထဲတွင် ကျည်ဆံများမှာမနည်းလှဘဲ ရှစ်ဘူးတိတိရှိနေသည်။ ကြည့်ရသည်မှာ ဤအိမ်၏ပိုင်ရှင်သည် ယခင်က လူကောင်းတစ်ယောက်တော့ မဟုတ်နိုင်ပေ။

သူက ခဏမျှကစားကြည့်ပြီးနောက် လုံခြုံရေးခလုပ်ကိုဖွင့်ကာ အိတ်ကပ်ထဲသို့ထိုးထည့်လိုက်သည်။ အချိန်ကျလျှင် ဟွမ်ကျားဟွေကို ပေးရန်ပြင်ဆင်ထားလိုက်သည်။ သူ၏ညံ့ဖျင်းလှသော သေနတ်ပစ်စွမ်းရည်ဖြင့်မူ ဤဒဏ္ဍာရီလာ ပြန်ကန်အားပြင်းထန်လှသော သေနတ်ကို ထိန်းချုပ်နိုင်မည်မဟုတ်သည်မှာ ထင်ရှားသည်။

ဟွမ်ကျားဟွေသည် အဆင့်မြင့်အသားများကို အချိန်ကြာမြင့်စွာစားသုံးအားဖြည့်ထားသောကြောင့် ခွန်အားမှာများစွာတိုးတက်လာခဲ့ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အမျိုးသားအများစုထက်ပင်သာလွန်နေသည်။ ထို့အပြင် သေနတ်အသုံးပြုမှုအတွေ့အကြုံများပြားသောကြောင့် ကန္တာရလင်းယုန်ကိုအသုံးပြုရန်မှာ ဘာမှပြဿနာမရှိပေ။

အတွင်းမှရွှေတုံးများနှင့် ရိက္ခာကူပွန်များကိုမူ လော်ယွမ်က မီးခံသေတ္တာထဲတွင်ပင် ပြန်ထားလိုက်သည်။ ဤနေရာသည် မြေအောက်ခန်းဖြစ်ပြီး ဝင်ပေါက်မှာလည်း အတော်လေးလျှို့ဝှက်နေသောကြောင့် လူသိရန်ခက်ခဲလှသည်။ အခြားနေရာတွင်ထားခြင်းထက် ဤနေရာတွင်ထားခြင်းက ပို၍လုံခြုံပေသည်။

လော်ယွမ်က အရာအားလုံးကို စီစဉ်ပြီးနောက် ဓာတ်မီးတစ်လက်ကိုရှာဖွေတွေ့ရှိပြီး အားရှိနေသေးသည်ကိုတွေ့သောအခါ ဘောင်းဘီခါးပတ်တွင်ထိုးလိုက်သည်။ ထို့နောက် စည်သွပ်ဗူးသုံးသေတ္တာကိုရွေးချယ်ကာ မြေအောက်ခန်းမှထွက်လာခဲ့သည်။

လော်ယွမ်က မြေအောက်ခန်းမှတွေ့ရှိခဲ့သောအရာများကို သူတို့နှစ်ဦးအားပြောပြလိုက်ရာ သူတို့နှစ်ဦး၏မျက်နှာများမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။

"တကယ်ဆန်တွေအဲ့လောက်တောင် ရှိနေတာလား" ဟွမ်ကျားဟွေက စိတ်လှုပ်ရှားစွာဖြင့် လော်ယွမ်၏လက်မောင်းကိုဆွဲကိုင်ကာ မသေချာစွာမေးလိုက်သည်။ ကပ်ဘေးကြီးဖြစ်ပွားပြီးနောက် ဆန်၏အရေးပါမှုမှာ အလွန်အရေးကြီးသောအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းသည် ရွှေငွေများထက်ပင် ပို၍ခိုင်မာသောတန်ဖိုးရှိနေသည်။ ထို့အပြင် ယခုလေးတင်ကပင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆန်အများစုကို အချိန်မီမသယ်ထုတ်နိုင်ခဲ့ရာ ဟွမ်ကျားဟွေသည် နှုတ်မှမပြောသော်လည်း စိတ်ထဲတွင် ပြန်တွေးမိတိုင်း ရင်ကွဲမတတ် နာကျင်ခံစားနေရသည်။ မမျှော်လင့်ဘဲ ဆန်များဆုံးရှုံးသွားပြီးနောက် ချက်ချင်းပင်ပြန်ရလာပြီး ယခင်ကထက်ပင်ပို၍များပြားနေသည်ကို တွေ့လိုက်ရသည်။

"ငါလည်းသေချာမရေကြည့်ရသေးဘူး…၁၀ပြည်အိပ်၁၀၀ကျော်လောက်ရှိမယ်… ဆန်တွေအပြင် ဂျုံမှုန့်တွေရော စည်သွပ်ဗူးတွေရော ခေါက်ဆွဲခြောက်ထုတ်ဖာတွေရော… အစာခံဘီစကွတ်ထုတ်တွေရော အစိုဓာတ်ထုတ်ထားတဲ့ဟင်းသီးဟင်းရွက်တွေရောရှိတယ်…အဲ့တာတွေအပြင် တခြားအသုံးအဆောင်ပစ္စည်းတွေလည်းရှိသေးတယ်…ဂိုဒေါင်တစ်ခုလုံးပြည့်နေတာပဲ…တစ်နှစ်လောက်ထိုင်စားမယ်ဆိုရင်တောင် ပြဿနာမရှိလောက်ဘူး" လော်ယွမ်ကလည်း ဝမ်းသာစွာပြောလိုက်သည်။

"ဒါဆိုသမီးတို့သူဌေးဖြစ်ပြီပေါ့…ပိုက်ဆံတွေအများကြီးနဲ့ လဲလို့ရတော့မှာလား" ဝမ်ရှီရှီက ကြောင်တောင်တောင်ဖြင့်ပြောလိုက်သည်။

"နင်ကအဲ့တာတွေကိုရောင်းချင်လို့လား" လော်ယွမ်က အံ့ဩစွာမေးလိုက်သည်။

ဝမ်ရှီရှီက လောကဓံအခြေအနေကို နားမလည်သော်လည်း အချို့အရာများမှာ ပိုက်ဆံရှိလျှင်ပင် ဝယ်မရနိုင်သည်ကိုတော့ သိသည်။ သူမက ချွဲနွဲ့စွာပြောလိုက်သည်။ "သမီးကမရောင်းချင်ပါဖူး…သမီးကဘယ်လောက်စားစား မကုန်တဲ့အစားအစာတွေ အများကြီး အများကြီး ရှိချင်တာ…ဒါမှသမီးအိုပြီးသေတဲ့ထိ စိတ်ပူစရာမလိုတော့မှာ"

ဝမ်ရှီရှီသည် ချက်ချင်းပင် သူမ၏အာရုံကို စည်သွပ်ဗူးဖာသုံးဖာပေါ်သို့ ပြောင်းရွှေ့လိုက်ပြီး ရုတ်တရက် အံ့ဩဝမ်းသာစွာပြောလိုက်သည်။ "ဟာ…စည်သွပ်ဗူးတွေက အကုန်နိုင်ငံခြားဖြစ်တွေကြီးပဲ…အရမ်းဈေးကြီးမှာသေချာတယ်"

သူမသည် စိတ်မရှည်နိုင်တော့ဘဲ စက္ကူပုံးကိုဖွင့်ကာ စတင်ရေတွက်လိုက်သည်။ "ပင်လယ်စာတွေ…အသားငါးတွေ…အသီးအရွက်တွေတောင်ရှိတယ်…ကိုကြီးယွမ် သမီးချယ်ရီသီးဗူးဖောက်စားချင်တယ်…ချယ်ရီသီးမစားရတာ ဘယ်လောက်ကြာပြီလဲတောင် မသိတော့ဘူး…ရမလားဟင်"

လော်ယွမ်က ဝမ်ရှီရှီ၏ အစားတပ်မက်နေသောပုံစံကိုကြည့်ရင်း စိတ်ထဲတွင်အနည်းငယ်နာကျင်သွားပြီး ရက်ရောစွာပြောလိုက်သည်။ "ဒီနေ့နင်ကြိုက်သလောက်စားလို့ရတယ်…ဗိုက်ကားတဲ့ထိစား ဟုတ်ပြီလား"

ဟွမ်ကျားဟွေသည်လည်း မျက်နှာတွင်အပြုံးပန်းများပွင့်လန်းနေသည်။ မိန်းမသားမှန်သမျှ သစ်သီးမကြိုက်သူမရှိပေ။ သို့သော် ရင့်ကျက်သောမိန်းမတစ်ယောက်အနေဖြင့် ဝမ်ရှီရှီကဲ့သို့ ထုတ်ဖော်ပြသရန်မှာမူ အနည်းငယ်ရှက်ရွံ့နေမိသည်။

"ထမင်းချက်ဖို့မေ့နေတာ…ကျွန်မသွားချက်လိုက်ဦးမယ်" ဟွမ်ကျားဟွေသည် ခဏမျှစိတ်လှုပ်ရှားပြီးနောက် သတိပြန်ဝင်လာကာ အလျင်အမြန်ပြောလိုက်သည်။

ယနေ့ထမင်းကို အလုတ်အနည်းငယ်သာစားရသေးခင်မှာပင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သူတို့အားလုံးမှာ ဗိုက်မဝဘဲထွက်ပြေးလာခဲ့ရပြီး ယခုအခါတွင် ဗိုက်ဆာနေပြီဖြစ်သည်။

"ထားလိုက်တော့…အမှောင်ထဲမှာ ချက်လို့အဆင်ပြေမှာမဟုတ်ဘူး…ဒီညမချက်နဲ့တော့ စည်သွပ်ဗူးတွေပဲ နွှေးပြီးစားကြတာပေါ့" လော်ယွမ်က ကောင်းကင်မည်းမှောင်နေပြီကိုကြည့်ကာ ပြောလိုက်သည်။

"ရေး…စည်သွပ်ဗူးစားမယ်" ဝမ်ရှီရှီက ရွှင်မြူးစွာအော်ဟစ်လိုက်သည်။ ထမင်းစားခြင်းကဲ့သို့သောအရာများသည် သူမအရွယ်မိန်းကလေးများအတွက် ဆွဲဆောင်မှုလုံးဝမရှိပေ။ သူမအတွက်မူ နေ့တိုင်းထမင်းမစားဘဲ သရေစာသာစားနေရလျှင် အကောင်းဆုံးပင်။

ဟွမ်ကျားဟွေက ခေါင်းညိတ်ပြပြီး အမဲသားစည်သွပ်ဗူးအချို့နှင့် ပင်လယ်စာစည်သွပ်ဗူးအချို့ကိုရွေးချယ်ကာ မီးဖိုချောင်သို့သွားရန်ပြင်လိုက်သည်။

"ခဏလေး…ဒီဓာတ်မီးယူသွားလိုက်" လော်ယွမ်က ဓာတ်မီးကိုထုတ်ယူကာ ဟွမ်ကျားဟွေထံသို့ကမ်းပေးလိုက်သည်။

………………………………

ဟွမ်ယွီရင်သည် မိုးကာအင်္ကျီဖြင့် သူမ၏ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ပတ်ထားသည်။ ဗီလာထဲမှရယ်မောသံများသည် သူမအတွက် အလွန်ပင်ဝေးကွာပြီး သူစိမ်းဆန်လှသည်။

စိတ်ထဲမှကြောက်ရွံ့မှုနှင့် အားကိုးရာမဲ့မှုတို့သည် အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့ သူမ၏စိတ်ဝိညာဉ်ကို အဆက်မပြတ်ကိုက်ဖြတ်နေသည်။

မျက်ရည်များမှာ အလိုအလျောက်သူမ၏ပါးပြင်ပေါ်သို့ စီးကျလာပြီး ဦးနှောက်ထဲတွင် ဤရက်ပိုင်းအတွင်းမှ ပြန်မတွေးလိုတော့သော အမှတ်တရများပေါ်ပေါက်လာသည်။

ထိုနေ့က ထိုလူဆိုးသုံးယောက် တံခါးကိုအတင်းဝင်ရောက်လာပြီး ဆန်အားလုံးကိုလုယက်သွားခဲ့သည်။ ခင်ပွန်းဖြစ်သူမှာ ဒေါသထွက်သော်လည်း မပြောရဲဘဲ အဆက်မပြတ်တောင်းပန်နေခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ပျော့ညံ့မှုကြောင့် သူတို့သုံးဦးမှာ ပို၍အတင့်ရဲလာပြီး သူမ၏လှပမှုနှင့် ဖြူဖွေးနုနယ်သောခန္ဓာကိုယ်ကိုပါ သဘောကျသွားခဲ့သည်။ သူမသည် အသက်လုငြင်းဆန်ခဲ့သော်လည်း သူတို့သုံးဦးမှာ အရှက်ကွဲဒေါသထွက်ကာ ထိုအထဲမှတစ်ဦးက သူမ၏ခင်ပွန်းကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

သူမ ထိတ်လန့်သွားပြီး ခေါင်းငုံ့ကာသူမကိုမကြည့်ရဲသော ခင်ပွန်းဖြစ်သူကိုကြည့်ရင်း ခဏမျှတုံ့ဆိုင်းသွားပြီးနောက် စိတ်ပျက်အားငယ်စွာဖြင့် အရှုံးပေးလိုက်ရသည်။

ထိုတစ်နေ့တာက သူမအတွက် အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင်။ သူစိမ်းယောကျာ်းသုံးယောက်က သူမ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်ဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတွင် သူမသည် ထုံကျင်သွားပြီး သူမအပေါ်တွင် လူတစ်ယောက်ပြီးတစ်ယောက်ဖိထားကာ ရှက်စရာကောင်းသောအမူအရာအမျိုးမျိုးကို လုပ်ခိုင်းနေသည်ကိုသာ သိတော့သည်။

သူမနိုးလာသောအခါ ဆေးလိပ်ဖြတ်ထားသည်မှာနှစ်ပေါင်းများစွာကြာပြီဖြစ်သော ခင်ပွန်းဖြစ်သူ ဧည့်ခန်းထဲတွင် အဆက်မပြတ်ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရပြီး မီးခိုးငွေ့များမှာ မွှန်ထူနေသည်။

သူမထွက်လာသည်ကိုမြင်သောအခါ သူတို့နှစ်ဦး ခဏမျှတိတ်ဆိတ်သွားပြီးနောက် ဖက်ကာငိုကြွေးလိုက်ကြသည်။

ခင်ပွန်းဖြစ်သူ၏မျက်နှာတွင် ခါးသီးသောအရိပ်အယောင်များထင်ဟပ်နေပြီး သူမကိုအပြစ်မတင်ကြောင်း၊ ဤသို့သောအဖြစ်အပျက်မျိုးဖြစ်ပွားခဲ့လျှင်ပင် သူမအပေါ်ထားရှိသောသူ၏အချစ်မှာ ဘယ်တော့မှပြောင်းလဲမည်မဟုတ်ကြောင်း ပြောခဲ့သည်။ ဤတစ်ညလုံး မည်သူမျှအိပ်မပျော်ခဲ့ဘဲ သူတို့နှစ်ဦးဖက်ကာ တစ်ညလုံးစကားပြောခဲ့ကြသည်။ မိုးလင်းခါနီးအချိန်တွင် သူက အကယ်၍ယနေ့ သူတို့ထပ်လာပါက သူအသက်ကိုစွန့်လွှတ်ပြီးတော့ဖြစ်ဖြစ် သူမကိုကာကွယ်မည်ဟု ရုတ်တရက်ပြောခဲ့သည်။ သူမသည် စိတ်လှုပ်ရှားသလို အနည်းငယ်စိုးရိမ်သွားပြီး မျက်ရည်များအဆက်မပြတ်စီးကျလာခဲ့သည်။

ဒုတိယနေ့တွင် အိပ်မက်ဆိုးမှာ ထပ်မံဖြစ်ပွားခဲ့သည်။ ခင်ပွန်းဖြစ်သူမှာ အကြိမ်ကြိမ်ထရပ်ခဲ့သော်လည်း အရိုက်ခံရပြီးနောက် အရှက်ရစွာဖြင့် ဧည့်ခန်းသို့ပြန်သွားခဲ့သည်။ သူမမှာမူ သူတို့သုံးဦး၏ အိပ်ခန်းထဲသို့ဆွဲခေါ်သွားခြင်းခံရပြီး နောက်တစ်ကြိမ်အနိုင်ကျင့်စော်ကားခြင်းခံခဲ့ရသည်။ သူမသည် ပထမဆုံးအကြိမ်စိတ်ပျက်သွားပြီး ခုတင်ပေါ်တွင်မှောက်နေစဉ်တွင် တစ်ကိုယ်လုံးအေးစက်နေသည်ကို ခံစားလိုက်ရသည်။

သူမအရှက်ရနေသည်ကို သူဘာကြောင့် မခုခံပဲ ဒီတိုင်းထိုင်ကြည့်နေခဲ့ရသနည်း။ သူမက အတူတူသေရန်အသင့်ဖြစ်နေခဲ့ပြီဖြစ်ပြီး အတူတူသေရလျှင် ငရဲသို့ကျရောက်သွားလျှင်ပင် သူမမကြောက်ပေ။

သူမ ခင်ပွန်းဖြစ်သူကိုမုန်း၏။ မိမိကိုယ်ကိုလည်းမုန်း၏ ထိုသို့ပျော့ညံ့သောသူကို အမြင်မရှိဘဲလက်ထပ်ခဲ့မိသည်ကိုမုန်း၏။ ယခင်က နူးညံ့သိမ်မွေ့ပြီး အချစ်စိတ်ပြင်းပြသော စိတ်ကူးယဉ်အိမ်ထောင်ဖက်မှာ သူမ၏အမှတ်တရထဲမှ လှပပြီးကြွေလွယ်သော စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်နေသကဲ့သို့ပင်။

တတိယနေ့တွင် ခင်ပွန်းဖြစ်သူ၏ပါးရိုက်ခြင်းနှင့် ဆိုးရွားသောစကားလုံးများအပြင် နောက်ဆက်တွဲသူ၏အပြုအမူများကြောင့် သူမက လုံးဝစိတ်ပျက်အားငယ်ကာ ရွံရှာသွားပြီး မျှော်လင့်ချက်တစ်စုံတစ်ရာမရှိတော့ပေ။ ထို့ကြောင့် မိမိကိုယ်ကိုဖျက်ဆီးကာ ခင်ပွန်းဖြစ်သူ၏ရှေ့တွင် လူဆိုးသုံးယောက်ကို အစွမ်းကုန်လိုက်လျောခဲ့ပြီး သူတို့နှင့်အတူလိုက်သွားရန် စိတ်လိုက်မာန်ပါအဆိုပြုခဲ့သည်။

ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး ထိုပေါက်ကွဲသံလာရာနေရာမှာ သူမ၏အိမ်ဖြစ်ကြောင်းသိရှိချိန်တွင် သူမသည် ကြောင်ငေးသွားပြီး ဦးနှောက်ထဲတွင် တဝီဝီမြည်နေသည်။ မည်သူဆွဲခေါ်သွားသည်မသိဘဲ သူမသည် ကြောင်တောင်တောင်ဖြင့် သူတို့သုံးဦးနောက်သို့လိုက်ကာ မီးလောင်နေသောတိုက်ကြီးမှ ထွက်ခွာလာခဲ့သည်။

တိုက်တစ်လုံးထဲမှ ထွက်ပြေးလာသော "အိမ်နီးချင်း" နှင့်တွေ့ဆုံပြီး သူတို့သုံးဦးသူ့အပေါ်အနည်းငယ်ကြောက်ရွံ့နေသည်ကိုခံစားမိမှသာ သူမသတိပြန်ဝင်လာပြီး မုန်းတီးစိတ်၏တွန်းအားပေးမှုအောက်တွင် သူမ၏စိတ်ထဲ၌ အကြံအစည်တစ်ခုပေါ်ပေါက်လာခဲ့သည်။

သူမသည် ခင်ပွန်းဖြစ်သူကိုမုန်းသည်။ သို့သော် ထိုလူဆိုးသုံးယောက်ကို ပို၍မုန်းသည်။

သူမသည် ထက်မြက်သောမိန်းမတစ်ယောက်ဖြစ်ပြီး အကြိမ်အနည်းငယ်တွေ့ဆုံရုံဖြင့် ဤလူများ၏စရိုက်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့သည်။ အစ်ကိုယွီသည် မျက်နှာကိုအလွန်အလေးထားကြောင်းသိသည်။ ရေကူးကျွမ်းကျင်သူက ရေနစ်သေတတ်ပြီး နာမည်ဂုဏ်သတင်းကို တပ်မက်သူက နာမည်ကြောင့်ပင် ပျက်စီးတတ်သည်။ ဤသို့သောလူကို မြှောက်ပင့်ပေးလေ သေရသည်မှာ ပို၍ဆိုးရွားလေဖြစ်သည်။ သူမက စကားဖြင့် အခြေအနေကို လမ်းကြောင်းပေးလိုက်ရာ အစ်ကိုယွီမှာ မျက်နှာမလွှဲနိုင်တော့ပေ။

သူမ စိတ်ထဲတွင်ပြင်ဆင်ထားသော်လည်း နောက်ဆက်တွဲမြင်ကွင်းမှာ သူမ၏စိတ်ကူးထဲမှထက် အဆထောင်ချီပို၍သွေးထွက်သံယိုဆန်လှသည်။ သူမ၏မျက်စိထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လူဆိုးသုံးယောက်မှာ ထိုသူ၏လက်ထဲတွင် ကြက်ကလေး ငှက်ကလေးများကဲ့သို့ အလွယ်တကူသတ်ဖြတ်ခြင်းခံလိုက်ရသည်။

လက်စားချေပြီးသောအခါ ဝမ်းသာသင့်သော်လည်း ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ ခြေချစရာနေရာတစ်ခုမျှမရှိပေ။ ထိုသူထွက်သွားတော့မည်ကိုမြင်သောအခါ သူမသည် ထိုသူအပေါ်ထားရှိသောကြောက်ရွံ့မှုကိုဂရုမစိုက်နိုင်တော့ဘဲ သူ့ကိုခေါ်ဆောင်သွားရန် အလျင်အမြန်တောင်းပန်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာအရ အရိပ်အမြွက်ပြခဲ့သည်။ ဤရက်ပိုင်းအတွင်း အကြမ်းဖက်စော်ကားခံရပြီးနောက် မူလကအနည်းငယ်ရှေးရိုးဆန်သောသူမသည် တဖြည်းဖြည်းပွင့်လင်းလာခဲ့ပြီး သူတစ်ယောက်တည်းနှင့်ဖြစ်ရသည်က လူအများကြီးနှင့်ဖြစ်ရသည်ထက်သာသည်ဟုပင် တွေးမိခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ထိုသူက အေးစက်စွာငြင်းပယ်လိုက်သည်။ ထိုအချိန်မှသာ သူမက အမှားတစ်ခုကျူးလွန်မိသည့်အပြင် ထိုအမှားမှာလည်း အလွန်ကြီးမားကြောင်း သဘောပေါက်လိုက်သည်။ သူမက သူ့ကိုအသုံးချခဲ့ပြီး အန္တရာယ်ထဲသို့ဆွဲသွင်းမိခဲ့သည်။ အကယ်၍သာ သာမန်လူတစ်ယောက်သာဆိုလျှင် သူမကြောင့် သေဆုံးသွားလောက်ပြီဖြစ်သည်။ ဤသို့သောအမှားကို ကာမရာဂစိတ်ဖုံးလွှမ်းနေသူမှလွဲ၍ မည်သူမျှခွင့်လွှတ်မည်မဟုတ်ပေ။

သူမက သူ့နောက်ဆက်လိုက်ရမည်လော မလိုက်ရမည်လော ဝေခွဲမရဖြစ်နေသည်။ သူလူသတ်ပြီးနောက်မှ တည်ကြည်သောအကြည့်ကို သူမသတိပြုမိခဲ့ပြီး ထိုအဖြစ်အပျက်မှာ သူ့အတွက်ဘာမျှအရေးမပါသောအမှုတစ်ခုလိုပင်။ ဤသို့သောအမှုမျိုးမှာ ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ လူသတ်ခြင်းသည် သူ့အတွက် နေ့စဉ်ထမင်းစားရေသောက်ကိစ္စတစ်ခုဖြစ်နေမှန်း ထင်ရှားသည်။ သူရုတ်တရက်စိတ်ကူးပေါက်ပြီး သူမကိုပြန်သတ်လိုက်လျှင်ပင် အလွန်ပုံမှန်ကိစ္စတစ်ခုသာဖြစ်မည်ဟု သူမယုံကြည်နေသည်။

အကယ်၍ လူဆိုးသုံးယောက်က လယ်ကွင်းထဲမှ ခွေးအများသာဆိုလျှင် ဤသူမှာ ခန့်ညားသောခြင်္သေ့တစ်ကောင်ပင်ဖြစ်သည်။

သူမ၏အသိစိတ်က သူမကို ဤအလွန်အန္တရာယ်များသောသူနှင့် ဝေးဝေးနေရန် သူ့ကိုစိတ်အနှောင့်အယှက်မဖြစ်စေရန် သတိပေးနေသော်လည်း အဘယ်ကြောင့်မှန်းမသိ၊ ခန္ဓာကိုယ်မှာ အလိုအလျောက် အဝေးမှလိုက်ပါနေမိသည်။

ထိုအချိန်တွင် မြက်တောထဲမှ ရှပ်ရှပ်ရှပ်ရှပ်အသံတစ်ခုထွက်ပေါ်လာပြီး သူမ၏အတွေးများကို ရုတ်တရက်ဖြတ်တောက်လိုက်သည်။ သူမသတိပြန်ဝင်လာပြီး စိတ်ထဲတွင်တင်းကြပ်သွားကာ မျက်လုံးများက ရှေ့သို့သတိကြီးစွာစိုက်ကြည့်နေသည်။

မြက်များအရိုင်းဆန်စွာပေါက်ရောက်နေသောကြောင့် ဗီလာပတ်ဝန်းကျင်မှာ အစိမ်းရောင်များဖြင့်ဖုံးလွှမ်းနေပြီး အနီးဆုံးမြက်တောမှာ သူမနှင့်၆ပေသာကွာဝေးသည်။ အမှောင်ထဲတွင် မြက်တောများ ဖြည်းညင်းစွာလှုပ်ခါနေပြီး သန္ဓေပြောင်းသတ္တဝါတစ်ကောင် ရုတ်တရက်ပြေးထွက်လာနိုင်သကဲ့သို့ပင်။ သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်နေသည်။

သူမခဏနားထောင်ကြည့်မှသာ ယခုလေးတင်က လေတစ်ချက်တိုက်ခတ်သွားခြင်းသာဖြစ်ကြောင်း နားလည်လိုက်သည်။

သူမသည် ခန္ဓာကိုယ်ကိုကျုံ့လိုက်ပြီး ဝမ်းနည်းအထီးကျန်သလို ကြောက်ရွံ့နေသည်ကိုခံစားလိုက်ရသည်။ စားချင်စဖွယ်ကောင်းသောအသားနံ့များ တံခါးကြားမှ မထင်မရှားလွင့်ပျံလာသည်။ သူမက ခြောက်သွေ့သောနှုတ်ခမ်းများကိုသပ်လိုက်ပြီး ဗိုက်ထဲတွင် မီးလောင်သကဲ့သို့ပူလောင်နေသည်ကိုခံစားလိုက်ရသည်။ နေ့လယ်က ဆန်ပြုတ်တစ်ခွက်သောက်ပြီးနောက် သူမဘာမှမစားရသေးရာ ထိုအနည်းငယ်သောအစာမှာ အစောကတည်းက ကြေညက်သွားပြီဖြစ်သည်။

ထိုအချိန်တွင် သူမ၏မျက်စိရှေ့တွင်မည်းမှောင်သွားပြီး သူမဆောင်းထားသောဦးထုပ်ပေါ်တွင် တစ်စုံတစ်ခုဖြင့်ဖုံးအုပ်ခံလိုက်ရသကဲ့သို့ပင်။ မှိန်ပျပျလရောင်အောက်တွင် သူမရုတ်တရက်တုန်လှုပ်သွားသည်။

သူမ၏ခန္ဓာကိုယ်လှုပ်ရှားလိုက်သည်နှင့် ထိုအနက်ရောင်အရာသည် လျင်မြန်စွာပျံတက်သွားပြီး မကြာမီမှာပင် အရိပ်အယောင်မရှိပျောက်ကွယ်သွားသည်။ သို့သော် သက်ပြင်းမချနိုင်မီမှာပင် ထိုအနက်ရောင်အရာသည် သူမ၏ဖိနပ်ပေါ်သို့ ပြန်ကျလာသည်။

"သန္ဓေ... သန္ဓေပြောင်းခြင်"

သူမ၏ဦးနှောက်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားကာ ခန္ဓာကိုယ်မှာ ဇကာကဲ့သို့တုန်ခါနေသည်။ ခဏအကြာတွင် သူမရုတ်တရက်သတိပြန်ဝင်လာပြီး ရုန်းကန်ထရပ်ကာ အားကုန်တံခါးကိုထုရင်း "ကယ်ကြပါ... ကျွန်မကိုကယ်ကြပါဦး..."

ဆက်ရန်…

အပိုင်း(၇၁)လက်ခံခြင်း

အတွင်းမှ မည်သည့်လှုပ်ရှားသံမှ ထွက်ပေါ်မလာခဲ့ပေ။

ဟွမ်ယွီရင်သည် စိတ်ဓာတ်ကျလုနီးပါးဖြစ်နေပြီး သူမ၏ သွားများမှာ တုန်ခါရိုက်ခတ်နေသည်။ "ကျေးဇူးပြုပြီး... တံခါးမြန်မြန်ဖွင့်ပေးကြပါ..."

သူမ မျှော်လင့်ချက်ကင်းမဲ့နေစဉ်မှာပင် အတွင်းမှ သော့ဖွင့်သံ ထွက်ပေါ်လာသည်။ ထိုတစ်ခဏတွင် ထိုအသံသည် သူမ၏ နားထဲတွင် ကောင်းကင်ဘုံမှ တေးသံကဲ့သို့ပင်။ သူမ၏ စိတ်ထဲတွင် အလင်းရောင်တစ်ချက် ချက်ချင်းပင် လင်းလက်သွားသည်။ တံခါးကချက်ချင်းပွင့်လာသည်။ သူမ ခြေလှမ်းလှမ်းရန် ပြင်လိုက်စဉ်မှာပင် အေးစက်တည်ငြိမ်သော လူငယ်တစ်ဦးက တံခါးဝကို ပိတ်ရပ်ကာ သူမကို အေးဆေးစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်သား၏ အေးစက်သော အကြည့်ကို ခံစားလိုက်ရသောအခါ သူမ ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားပြီး ခြေလှမ်းများကို အတင်းရပ်တန့်လိုက်မိသည်။ တစ်ခဏအတွင်း သူမ၏ စိတ်ကို ယိုင်လဲစေခဲ့သော သန္ဓေပြောင်းခြင်များကိုပင် မေ့လျော့သွားသည်။

"ကျွန်မ... အပြင်မှာ..." ဟွမ်ယွီရင်၏ ဦးနှောက်မှာ ဟာလာဟင်းလင်းဖြစ်သွားပြီး စကားများမှာ ထစ်ငေါ့နေတော့သည်။

"ဝင်ခဲ့" ထိုစဉ် လော်ယွမ်က ရုတ်တရက် ပြောလိုက်ပြီး သူ၏လက်မှာ အနည်းငယ် ဝါးခနဲဖြစ်သွားပြီးနောက် ချက်ချင်းပင် ပြန်ရုတ်သိမ်းလိုက်သည်။

"ကျွန်မ... ဟင်... ကျေးဇူးပါ… တစ်ကယ်ကိုကျေးဇူးတင်ပါတယ်" ဟွမ်ယွီရင်သည် ချက်ချင်းမတုံ့ပြန်နိုင်ဘဲ ခဏအကြာမှ သတိပြန်ဝင်လာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ဟွမ်ယွီရင်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အတွင်းသို့ ဝင်လာပြီး ဧည့်ခန်းထဲမှ အခြားနှစ်ယောက်၏ စူးစမ်းသော အကြည့်များကို ခံစားမိသောအခါ မည်သို့မျှ နေရထိုင်ရမှန်းမသိဘဲ ခေါင်းငုံ့ထားလိုက်သည်။

"ထိုင်ပြီးတစ်ခုခုစားလိုက်ဦး… ဗိုက်ပြည့်မှ ဆက်ပြောကြတာပေါ့" လော်ယွမ်က မျက်မှောင်ကြုတ်ရင်း ပြောသည်။

ဟွမ်ယွီရင်က ကပြာကယာ ခေါင်းညိတ်လိုက်ပြီး သူမ၏ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ကာ ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး ကျုံ့ကျုံ့လေး ဝင်ထိုင်လိုက်သည်။

စောစောက ဆိုင်ကယ်ဦးထုပ်ဝတ်ထား၍ သိပ်မသိသာသော်လည်း ယခု ချွတ်လိုက်သည့်အခါတွင်မူ လော်ယွမ်၏ မျက်လုံးများပင် လင်းလက်သွားသည်။ ဤအမျိုးသမီးမှာ အလွန်ပင် လှပလွန်းသည်။ သို့သော် ဤအလှမှာ လူကို မကောင်းသော မိန်းမပျက်တစ်ဦးကဲ့သို့ ခံစားရစေခြင်းမရှိဘဲ အလွန်ပင် အိမ်ထောင်ရှင်မပီသကာ နူးညံ့သိမ်မွေ့သော အလှမျိုးဖြစ်သည်။

ဝမ်ရှီရှီသည် အစ်မဟွမ်ထက်ပင် ပို၍လှပသော ထိုမျက်နှာကို သတိဖြင့် ကြည့်နေရင်း သူမ၏ စိတ်ထဲတွင် အလိုလိုပင် အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

လော်ယွမ်က အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ရေချိုးခန်းဆီသို့ လျှောက်သွားသည်။ သူ၏ လက်ကို ဖြန့်လိုက်ရာ ပျော့ဖတ်နေအောင် ညှစ်ခြေခံထားရသော သန္ဓေပြောင်းခြင်တစ်ကောင်က သူ၏ လက်ဖဝါးပေါ်တွင် ထင်ရှားစွာ ပေါ်လာသည်။ သူ ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး လက်ဆေးလိုက်သည်။ သူ ရေချိုးခန်းထဲမှ ပြန်ထွက်လာသည့်အခါ ဟွမ်ကျားဟွေနှင့် ဟွမ်ယွီရင်တို့ စကားစမြည် ပြောနေကြပြီဖြစ်သည်။

"ရှင် အရင်က ဘယ်ဌာနမှာ အလုပ်လုပ်ခဲ့တာလဲ" ဟွမ်ကျားဟွေက ပြုံးယောင်သန်းသော မျက်နှာဖြင့် မေးလိုက်သည်။

"အစ်မဟွမ် ကျွန်မက ဆရာမပါ…အရင်က အထက(၃)မှာ သမိုင်းသင်ခဲ့ပါတယ်" ဟွမ်ယွီရင်က အလျင်အမြန် တူကိုချကာ ပြောလိုက်သည်။

"ဒါဆိုရှင်ကဘာလို့ လူဆိုးတွေနဲ့ရောနေတာလဲ…ရှင့်ပုံစံကြည့်ရတာ လူဆိုးတစ်ယောက်လည်း မဟုတ်ပါဘူး" ဟွမ်ကျားဟွေက တစ်ဖက်သားမှာ လူဆိုးတစ်ဦး မဟုတ်ဟု ခံစားမိသဖြင့် စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ကျွန်မ... ကျွန်မမှာ ရွေးစရာမရှိခဲ့လို့ပါ" ဟွမ်ယွီရင်က ခါးသီးစွာ ပြုံးလိုက်ပြီး သူမ၏ နှလုံးသားမှာ မသိမသာ နာကျင်သွားသည်။

ဟွမ်ကျားဟွေက နားလည်သဘောပေါက်ဟန်ဖြင့် ဆက်မမေးတော့ဘဲ သက်ပြင်းတစ်ချက်ချကာ ပြောသည်။ "အင်း…ခုတလောကျွန်မတို့တိုက်က ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်နေတာအမှန်ပဲ…မိန်းမလှတစ်ယောက်က ခုလိုအချိန်မျိုးမှာ အန္တရာယ်အရမ်းများတယ်…အင်းပေါ့အခုခေတ်က အသက်ရှင်နေရင်တောင် အရမ်းကံကောင်းနေပြီကိုး…ကျွန်မတို့ဟယ်တုံမြို့ကိုရောက်ရောက်ချင်းတုံးက ဒီမြို့ကအရမ်းတည်ငြိမ်တယ်လို့ ထင်ထားတာ…ခုလိုဖြစ်သွားတာမယုံနိုင်စရာပဲ"

ပြောပြီးနောက် သူမလည်း စိုးရိမ်ပူပန်လာသည်။ ဤသို့သောနေ့ရက်များ မည်သည့်အချိန်တွင်မှ အဆုံးသတ်မည်နည်း၊ အကယ်၍ တုံဟူမြို့ကဲ့သို့ နောက်တစ်ကြိမ် ဖြစ်ပွားခဲ့လျှင် နောက်ထပ် ဘယ်ကို ပြောင်းရွှေ့ရမည်ကိုပင် မသိတော့ပေ။

"ရှင်တို့ကတုံဟူမြို့က လာကြတာလား…ကျွန်မမိဘတွေကလည်း တုံဟူမြိုမှာပဲလေ…ဒါပေမဲ့မြိုထဲမှာတော့မဟုတ်ဘူး မြို့စပ်ကရွာလေးမှာ" ဟွမ်ယွီရင်က ပြောရင်း မျက်ဝန်းများ နီရဲလာပြန်သည်။ "ဖုန်းလိုင်းတွေပြတ်တောက်သွားကတည်းက သူတို့ကိုဆက်သွယ်လို့မရတော့တာ…သူတို့ဘယ်လိုနေနေကြမှန်းတောင် မသိဘူး"

ဟွမ်ကျားဟွေလည်း မည်သို့ နှစ်သိမ့်ရမည်ကို မသိတော့ဘဲ သက်ပြင်းတစ်ချက်သာ ချနိုင်ခဲ့သည်။ ခဏအကြာတွင် သူမ ထပ်မေးသည်။ "ဒါဆိုရှင်က ဒီမြို့မှာဘာအမျိုးမှမရှိဘူးပေါ့…ရှင်ပြောပုံအရဆို လက်ထက်ပြီးပြီထင်တယ် ရှင့်ယောက်ျားရော"

ဟွမ်ယွီရင်၏ စိတ်ထဲတွင် နာကျင်သွားပြီး မျက်ရည်များက တပေါက်ပေါက် ကျဆင်းလာတော့သည်။

သူမ၏ ဝမ်းနည်းပူဆွေးနေသော ပုံစံကို မြင်ရုံဖြင့် မပြောသည့်တိုင် အားလုံးက အနည်းငယ် ခန့်မှန်းမိကြသည်။

လော်ယွမ်က နေရာသို့ ပြန်ရောက်လာသည်။ သူ၏ နားများက အာရုံစိုက်ထားသဖြင့် စောစောက စကားစမြည်ပြောဆိုမှုကို အတော်များများ ကြားလိုက်ရသည်။ စောစောက ကိစ္စများအပေါ် အနည်းငယ် စိတ်ထဲတွင် ရှိနေသေးသော်လည်း သနားစိတ်အချို့ ဖြစ်ပေါ်လာပြီး စကားစလိုက်သည်။ "ဒီမြို့မှာ နင့်အသိတွေဘာတွေရှိရင်ပြော ငါမနက်ဖြန်လိုက်ပို့ပေးမယ်"

ဟွမ်ယွီရင်က လော်ယွမ် အစပြု၍ စကားပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ အံ့အားသင့်ဝမ်းသာစွာဖြင့် ကိုယ်ကို အနည်းငယ်ကိုင်းကာ ထရန်ကြိုးစားသော်လည်း ချက်ချင်းပင် မသင့်တော်မှန်း ခံစားလိုက်ရသည်။ သူမ အလျင်အမြန် မျက်ရည်များကို တားဆီးကာ ပြောသည်။ "မ... မရှိတော့ပါဘူး…ကျွန်မယောက္ခမအိမ်ကတော့ ဒီမှာရှိတယ် ဒါပေမဲ့... ကျွန်မ မသွားချင်ဘူး... သူတို့ကို မျက်နှာမပြရဲတော့ဘူး"

ပြောရင်းဆိုရင်း မျက်ရည်များ ထပ်ကျလာပြန်သည်။ ထို့နောက် သူမ ထိုင်ခုံကိုရွှေ့ကာ မတ်တပ်ရပ်လိုက်သည်။ လော်ယွမ် သူမ ဘာလုပ်မည်ကို အံ့ဩနေစဉ်မှာပင် သူမ ရုတ်တရက် လော်ယွမ်ရှေ့တွင် ဒူးထောက်ချလိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မကိုဒီမှာနေခွင့်ပေးပါ…ကျွန်မဘယ်လိုအလုပ်ပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်"

လော်ယွမ် ကြောင်အစွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ဘေးသို့ ရှောင်လိုက်သည်။

ဟွမ်ကျားဟွေမှာ စိတ်ရင်းကောင်းသူဖြစ်ရာ ဤသို့သောအဖြစ်များကို မကြည့်ရက်နိုင်ပေ။ သူမ အလျင်အမြန် လာကာ ဟွမ်ယွီရင်ကို ထူလိုက်သည်။ "စကားပြောနေရင်း ဘာဖြစ်တာလည်း…အမြန်ထ ကျွန်မတို့သဘောတူတယ်… အစားအစာအတွက်က ကျွန်မတို့မှာအများကြီးရှိတာဘဲ…ရှင်ဒီမှာကြိုက်သလောက်နေလို့ရတယ်"

"ကျားဟွေသဘောတူတယ်ဆိုတော့ နင်ဒီမှာပဲနေလိုက်တော့…ဒါပေမဲ့အလကားတော့မရဘူး အခုကစပြီးနင်က ထမင်းဟင်းချက်ရမယ် အခန်းတွေသန့်ရှင်းရေးလုပ်ရမယ်" ဟွမ်ကျားဟွေ၏ အကြည့်ကို ခံစားမိသောအခါ လော်ယွမ်လည်း ဆက်လက်ငြင်းဆန်ရန် မကောင်းတော့ပေ။ ဗီလာ၏ မြေအောက်ခန်းတွင် စားစရာများစွာရှိရာ ဤလူတစ်ယောက်စာအတွက် ပြဿနာမရှိပေ။

"ဟုတ်…ဟုတ် ကျွန်မအလုပ်ကောင်းကောင်း လုပ်ပါ့မယ်" ဟွမ်ယွီရင်က စိတ်လှုပ်ရှားစွာဖြင့် "ကျေးဇူးအများကြီးတင်ပါတယ်…အမဟွမ်ကျေးဇူးပါ"

သူမ လော်ယွမ်၏ နာမည်ကို မသိသောကြောင့် စကားတစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားသည်။

"ငါ့နာမည်ကလော်ယွမ်" လော်ယွမ်က ပြောသည်။

"ကျေးဇူးတင်ပါတယ် အကိုယွမ်"

ဝမ်ရှီရှီက နှုတ်ခမ်းကို စူလိုက်ပြီး စိတ်ထဲတွင် လော်ယွမ်ထက် အသက်ကြီးနေပြီးတော့ သူမလို လိုက်ခေါ်တယ် တကယ်ပဲ မရှက်တတ်ဘူးဟု တွေးလိုက်သည်။

ညစာစားပြီးနောက် ဟွမ်ယွီရင်က ပန်းကန်များကို အလုအယက် သိမ်းဆည်းသည်။ ဟွမ်ကျားဟွေက သူမကို တားမရသဖြင့် သူမနှင့်အတူ သိမ်းဆည်းလိုက်ရသည်။

ထို့နောက် အခန်းခွဲဝေကြသည်။ ဗီလာတစ်ခုလုံးတွင် အိပ်ခန်းလေးခန်းရှိပြီး အိပ်ခန်းကျယ်တစ်ခန်းနှင့် ဧည့်သည်အိပ်ခန်းသုံးခန်းတို့မှာ ပထမထပ်နှင့် ဒုတိယထပ်တွင် ခွဲခြားရှိနေသည်။

လော်ယွမ်နှင့် ဟွမ်ကျားဟွေတို့မှာမူ ဒုတိယထပ်ရှိ အခန်းကျယ်အိပ်ခန်းကို အားမနာတမ်း နေရာယူလိုက်ကြသည်။ ဒုတိယထပ်မှ ဧည့်သည်အခန်းကိုမူ ဝမ်ရှီရှီက လုယူလိုက်ပြီး ဟွမ်ယွီရင်ကို ပထမထပ်မှ ဧည့်သည်အခန်းတွင် နေရာချပေးလိုက်သည်။

ဧည့်သည်အခန်းသာ ဖြစ်သော်လည်း အလွန်ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိလှသည်။ နံရံမှာ လိမ္မော်ရောင်နွေးနွေးဖြစ်ပြီး အတွင်းတွင် လျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြည့်စုံစွာရှိနေကာ အားလုံးမှာ အဆင့်မြင့်ပစ္စည်းများချည်းပင်။ သို့သော် ယခုအချိန်အတွက်မူ အလှဆင်ပစ္စည်းများမျှသာ ဖြစ်သည်။ တစ်ခုတည်းသော ပြောစရာမှာ အခန်းက အနည်းငယ် ညစ်ပတ်နေပြီး ကြမ်းပြင်တွင် ဖုန်များထူပိန်းနေကာ အိပ်ယာခင်းများမှာလည်း အနံ့အသက်ဆိုးများ ထွက်နေခြင်းပင်။

လော်ယွမ်တို့သုံးယောက် ထွက်သွားပြီးနောက် တံခါးကိုပိတ်လိုက်ပြီး အမှောင်ထဲတွင် သူမက ကုတင်စောင်း၌ ညင်သာစွာ ထိုင်ချလိုက်သည်။ တစ်ခဏအတွင်း အိပ်မက်မက်နေသကဲ့သို့ပင်။

ငါ နောက်ဆုံးတော့ ဒီမှာနေခွင့်ရခဲ့ပြီ…

မိနစ်အနည်းငယ်အကြာတွင် သူမ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူမ၏ ရှည်လျားသော ဂါဝန်မှာ လုံးဝန်းသော ပခုံးများတစ်လျှောက် ဖြည်းညင်းစွာ လျှောကျသွားပြီး ညိုမည်းစွဲနေသော အညိုအမည်းဒဏ်ရာများဖြင့် ပြည့်နေသည့် ခန္ဓာကိုယ်ကို ဖော်ပြလိုက်သည်။ သူမ ရုတ်တရက် မိမိ၏ ခန္ဓာကိုယ်ကို ရွံရှာသွားပြီး ရေပန်းကိုဖွင့်ကာ လက်ဖြင့် မိမိ၏ ခန္ဓာကိုယ်ကို အားကုန်ပွတ်တိုက်ဆေးကြောနေမိသည်။ ထိုလူယုတ်မာသုံးယောက် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ချန်ထားခဲ့သော အမှတ်အသားများကို အကုန်လုံး ဆေးကြောဖယ်ရှားပစ်လိုသည့်အလားပင်။

အချိန်အတော်ကြာပြီးနောက် သူမ အားနည်းစွာဖြင့် ရပ်တန့်လိုက်သည်။ သူမ၏ အရေပြားမှာ ပွတ်တိုက်လွန်း၍ နီရဲနေပြီး သူမ အဓိကထား ဂရုစိုက်ခဲ့သော အောက်ပိုင်းမှာမူ မီးလောင်သကဲ့သို့ စပ်ဖျဉ်းနာကျင်နေသည်။ သူမ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ လက်ဖြင့်စမ်းကြည့်သောအခါ လက်ထဲတွင် သွေးများဖြင့် ပြည့်နေသည်ကို တွေ့ရသော်လည်း သူမ၏ စိတ်ထဲတွင်မူ အနည်းငယ် ပေါ့ပါးသွားသည်။

သူမ လရောင်ကိုအားကိုး၍ ကုတင်ဘေးစားပွဲပေါ်မှ တစ်ရှူးစက္ကူကို ရှာတွေ့ပြီး အနည်းငယ်ဆွဲယူကာ သွေးထွက်နေသောနေရာတွင် ညင်သာစွာ ဖိကပ်ထားလိုက်ပြီး အားမရှိသော မျက်နှာဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေလိုက်သည်။

အမှောင်ထဲတွင် သူမ မျက်လုံးများကို ဖွင့်ထားပြီး မျက်နှာကျက်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ အပြင်ဘက်မှ ထူးဆန်းသော ပိုးကောင်များ၏ အော်မြည်သံကို နားထောင်ရင်း သူမ၏ စိတ်ထဲတွင် ယခင်က မရှိဖူးသော လုံခြုံမှုကို ရုတ်တရက် ခံစားလိုက်ရသည်။

"နေလို့ကောင်းလိုက်တာ" သူမ စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ပြီး တဖြည်းဖြည်း အိပ်ချင်စိတ်များ တိုးဝင်လာသည်။ သူမ၏ မျက်ခွံများမှာ တဖြည်းဖြည်း လေးလံလာပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

ဆက်ရန်…

အပိုင်း(၇၂)ပိုးသတ်ဆေး

ကြံ့ခိုင်မှု +၁

နောက်တစ်နေ့တွင် လော်ယွမ်နိုးလာသည်နှင့် အကြောဆန့်ရုံရှိသေး စနစ် ၏အချက်ပေးသံက ထွက်ပေါ်လာတော့သည်။

လော်ယွမ်၏လက်များမှာ တစ်ချက်ရပ်တန့်သွားပြီးနောက် အလွန်အမင်းဝမ်းသာသွားသည်။

အရည်အသွေးအားလုံးထဲတွင် ကြံ့ခိုင်မှုအရည်အသွေးတစ်ခုတည်းသာ စနစ် မှအမှတ်ထပ်ပေါင်းခြင်းမရှိသော အရည်အသွေးဖြစ်ပြီး အခြေခံအားဖြင့် သူ၏ကိုယ်ပိုင်လေ့ကျင့်မှုဖြင့်သာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ကြံ့ခိုင်မှုမှာ အဓိကအရည်အသွေးသုံးခုထဲတွင် တိုက်ခိုက်စွမ်းအားကို အနည်းဆုံးသက်ရောက်နိုင်သောအရည်အသွေးဖြစ်သောကြောင့် တန်ဖိုးရှိသောအရည်အသွေးအမှတ်များကို ၎င်းအပေါ်တွင်ထပ်ပေါင်းခြင်းက ရတာနှင့်ကုန်တာမတန်ဟု သူခံစားရသည်။

သို့သော် ခွန်အားနှင့် လျင်မြန်မှုကဲ့သို့သောအခြားအဓိကအရည်အသွေးများကို အဆက်မပြတ်ထပ်ပေါင်းလာသည်နှင့်အမျှ ကြံ့ခိုင်မှုမှာ အခြားအရည်အသွေးများထက် အများကြီးနောက်ကျကျန်နေခဲ့သည်။ ကြံ့ခိုင်မှုမကောင်းသည့်အားနည်းချက်မှာလည်း တဖြည်းဖြည်းပို၍ထင်ရှားလာပြီး မိမိကိုယ်ပိုင်စွမ်းရည်ထုတ်ဖော်မှုကို ပြင်းထန်စွာထိခိုက်လာသည်။ အနည်းငယ်ပြင်းထန်သောလှုပ်ရှားမှုမျှဖြင့်ပင် အချိန်အကြာကြီးမခံနိုင်ဘဲ မကြာမီမှာပင် သက်လုံကုန်ခမ်းသွားတော့သည်။

သို့သော် လေ့ကျင့်မှုတစ်ခုတည်းကိုသာအားကိုးခြင်းမှာ နှေးကွေးသောအရာဖြစ်ပြီး အထူးသဖြင့် လွန်ခဲ့သောနှစ်နှစ်က ကြံ့ခိုင်မှုဆယ့်တစ်မှတ်သို့ရောက်ရှိပြီးနောက် ယခုအချိန်အထိ ထိုအတိုင်းဆက်လက်တည်ရှိနေခဲ့သည်။ မူလက လော်ယွမ်က အကယ်၍ နောက်တစ်ကြိမ်အဆင့်မတက်မီ ကြံ့ခိုင်မှုအရည်အသွေးမတိုးတက်သေးပါက နောက်တစ်ကြိမ်အရည်အသွေးအမှတ်များကို ကြံ့ခိုင်မှုအပေါ်သို့ထပ်ပေါင်းရန် စီစဉ်ထားခဲ့သည်။

ယနေ့တွင်မူ သူ့ကိုအံ့အားသင့်စရာတစ်ခုပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် ဤမျှအချိန်အကြာကြီးလေ့ကျင့်ပြီးနောက် တိုးတက်သင့်နေပြီဟုလည်း တွေးမိသည်။

အထူးသဖြင့် နောက်ဆုံးအကြိမ်အမှတ်ထပ်ပေါင်းစဉ်က လျင်မြန်မှုကိုထပ်ထည့်လိုက်ပြီးနောက် အဓိကအရည်အသွေးသုံးခုမှာ အလွန်ပင်မညီမျှဖြစ်သွားပြီး အရည်အသွေးသုံးခုထဲမှ အားအနည်းဆုံးဖြစ်သောကြံ့ခိုင်မှုအပေါ် မကြုံစဖူးသောဖိအားကိုဖြစ်စေခဲ့သည်။ ထို့နောက် ဤအချိန်အတောအတွင်း အစွမ်းကုန်လေ့ကျင့်မှုများဖြင့် ကြံ့ခိုင်မှု၏အလားအလာကို အရှိန်မြှင့်ဖိညှစ်ထုတ်ယူလိုက်ရာ ကြံ့ခိုင်မှုမှာ လျင်မြန်စွာတိုးတက်လာခြင်းဖြစ်သည်။

သို့သော် ဤအရည်အသွေးမှာ မိမိကိုယ်တိုင်လေ့ကျင့်မှုဖြင့်ရရှိခြင်းဖြစ်သောကြောင့် အရည်အသွေးတိုးတက်သွားသည့်တိုင် ဘာမှထူးထူးခြားခြားမခံစားရပေ။ လော်ယွမ်က ၁၂ မှတ်ရှိသောကြံ့ခိုင်မှုမှာ အနည်းငယ်မလုံလောက်သေးဟု ခံစားနေရသည်။

သူအဝတ်အစားဝတ်ဆင်ပြီး ခုတင်ဘေးမှစားပွဲပေါ်တွင်တင်ထားသောနာရီကိုကြည့်လိုက်ရာ ဆယ်နာရီနီးပါးရှိနေပြီဖြစ်ပြီး ဟွမ်ကျားဟွေမှာ အစကတည်းကထနှင့်နေပြီဖြစ်သည်။ ခုတင်စောင်းတွင် သူလဲလှယ်ရန်အဝတ်အစားများနှင့်ခြေအိတ်များကို ပြင်ဆင်ပေးထားသည်။

သူမျက်နှာသစ်သွားတိုက်ပြီးနောက် အောက်ထပ်တွင် အကြီးအကျယ်သန့်ရှင်းရေးလုပ်နေသည်ကို တွေ့လိုက်ရသည်။

"အိပ်ပုတ်ကြီးနိုးပြီပေါ့" ဝမ်ရှီရှီက မျက်စိလျှင်စွာဖြင့် လှေကားပေါ်မှဆင်းလာသော လော်ယွမ်ကိုမြင်သောအခါ ချစ်စဖွယ်ငေါ့လိုက်သည်။

လော်ယွမ်ဆင်းလာသည်ကိုမြင်သောအခါ ကြမ်းတိုက်နေသော ဟွမ်ယွိရင်မှာ မလုံမလဲဖြင့်ရပ်တန့်လိုက်ပြီး မျက်နှာတွင် အားမပါသောအပြုံးတစ်ခုဖြင့် "အကိုယွမ်"

သူမ၏ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသည်မှာ ဟွမ်ကျားဟွေ၏အဝတ်အစားများဖြစ်ပြီး နှစ်ဦးသားကိုယ်လုံးကိုယ်ပေါက်ဆင်တူသောကြောင့် အဝတ်အစားများမှာ သူမ၏ကိုယ်ပေါ်တွင် အလွန်လိုက်ဖက်နေသည်။ အကယ်၍ သူမခေါင်းမော့မလာပါက လော်ယွမ်မှာ ဟွမ်ကျားဟွေဟုပင်ထင်မိပေမည်။

လော်ယွမ်က ခေါင်းညိတ်ပြပြီး မေးလိုက်သည်။ "ကျားဟွေရော"

"သူက ပထမထပ်ကရေချိုးခန်းထဲမှာ မှန်တွေတိုက်နေတယ်" ဟွမ်ယွိရင်က အလျင်အမြန်ရိုသေစွာပြောလိုက်ပြီးနောက် ဆက်ပြောသည်။ "ဆန်ပြုတ်ကို မီးဖိုချောင်ထဲက အပူခံပုံးထဲထည့်ထားတယ် ခုထိပူနေသေးတယ် ရှင်စားရင်အနေတော်ပဲ"

လော်ယွမ်က "အင်း" ဟုအသံပြုပြီး သူမ၏ဘေးမှလျှောက်သွားသည်။

ဟွမ်ယွိရင်က သက်ပြင်းကို ညင်သာစွာချလိုက်ပြီး နဖူးကိုစမ်းကြည့်လိုက်ရာ ချွေးများစို့နေသည်ကိုတွေ့လိုက်ရသည်။ အဝေးမှစကားပြောသည့်တိုင် လော်ယွမ်က သူမကိုကြီးမားသောဖိအားတစ်ခုပေးနေသည်။

လော်ယွမ်က သူတို့အလုပ်ရှုပ်နေသည်ကိုကြည့်ရင်း လုံးဝကူညီရန်အစီအစဉ်မရှိပေ။ သူနောက်လှည့်ကာမီးဖိုချောင်သို့လျှောက်သွားပြီး အပူခံပုံးကိုဖွင့်လိုက်သည်။ နံနက်စာမှာ အတော်လေးစုံလင်ပြီး ဆန်ပြုတ်တစ်ပန်းကန်၊ ဆားဘဲဥတစ်ခြမ်းနှင့် အပူပေးထားသောအသင့်စားအသားလွှာတစ်ပွဲဖြစ်သည်။ လော်ယွမ်ဆန်ပြုတ်သောက်ပြီး ဧည့်ခန်းသို့ရောက်သည်နှင့် တံခါးကြီးမှခေါက်သံထွက်ပေါ်လာသည်။

"တံခါးမြန်မြန်ဖွင့် ငါတို့က မြို့တော်ယာယီလုံခြုံရေးကော်မတီကဝန်ထမ်းတွေ… အခုအရေးကြီးအကြောင်းကြားစရာရှိတယ်"

လော်ယွမ်၏မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားပြီး တံခါးကြီးကိုသွားဖွင့်လိုက်သည်။ တံခါးဝတွင် ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသောဝန်ထမ်းနှစ်ဦးရပ်နေသော်လည်း သူတို့၏မတ်မတ်ရပ်နေဟန်မှာ စစ်သားတစ်ယောက်၏အငွေ့အသက်ကိုပေးနေသည်။

တံခါးပွင့်သည်နှင့် သူတို့အလျင်အမြန်ဝင်ရောက်လာကြသည်။ လော်ယွမ်က အပြင်ဘက်မှသန္ဓေပြောင်းခြင်များကိုကြောက်ဟန်ဆောင်ကာ စိုးရိမ်စွာဖြင့်တံခါးမကြီးကိုပိတ်လိုက်သည်။

နှစ်ဦးသားဧည့်ခန်းကိုတစ်ပတ်ကြည့်ရှုပြီးနောက် တစ်ဦးကစာရွက်စာတမ်းတစ်ထပ်ကိုယူကာ လော်ယွမ်ကိုတစ်ချက်ကြည့်ပြီးနောက် အပေါ်တွင်ပုံနှိပ်ထားသောဓာတ်ပုံနှင့်တိုက်ဆိုင်ကြည့်ကာ နားမလည်စွာမေးလိုက်သည်။ "ခင်ဗျားက ဒီအိမ်ရဲ့ပိုင်ရှင်လား"

"ဟုတ်ပါတယ်…ဘာကိစ္စရှိလို့လဲ" လော်ယွမ်က မေးလိုက်သည်။

"ကျွန်တော်ကြည့်ရတာ ခင်ဗျားရဲ့စာချုပ်ပေါ်ကဓာတ်ပုံနဲ့ အခုခင်ဗျားရုပ်က သိပ်မတူဘူး" သူကတည်ငြိမ်စွာပြောလိုက်ပြီး လေသံမှာအစိုးရဝန်ထမ်းတို့၏ပင်ကိုအထက်စီးဆန်မှုတစ်ခုပါဝင်နေသည်။ "ခင်ဗျားနာမည်က ကျောက်ကျန့်ဖုန်းဟုတ်တယ်မလား"

လော်ယွမ်၏မျက်နှာမှာ တစ်ချက်ကြောင်သွားသော်လည်း ဦးနှောက်ထဲတွင် လျင်မြန်စွာလည်ပတ်နေသည်။ "မဟုတ်သေးဘူး" သူမြေအောက်ခန်းရှိမီးခံသေတ္တာထဲတွင် အိမ်ခြံမြေပိုင်ဆိုင်မှုစာချုပ်ကိုမြင်ခဲ့ဖူးသည်။ ထိုအချိန်က အလျင်စလိုတစ်ချက်သာကြည့်ခဲ့သော်လည်း ဆယ့်သုံးမှတ်အထိမြင့်မားသောဉာဏ်ရည်အရည်အသွေးကြောင့် သူ၏မှတ်ဉာဏ်မှာ ဉာဏ်ကြီးရှင်တစ်ဦး၏အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူမှတ်မိသည်မှာ အပေါ်တွင်ရေးထားသည်မှာ ဤနာမည်လုံးဝမဟုတ်ပေ။ သူက ကာကွယ်ရေးဝတ်စုံ၏ကြည်လင်သောပလတ်စတစ်ဦးထုပ်မှန်မှတစ်ဆင့် ထိုဝန်ထမ်း၏မျက်နှာပေါ်တွင် ပေါ်တစ်ချက်မပေါ်တစ်ချက်ဖြစ်နေသောလှောင်ပြောင်မှုကိုမြင်လိုက်ရရာ ဤသည်မှာဘာဖြစ်နေသည်ကို အကြမ်းဖျင်းနားလည်သွားသည်။

သူ၏စိတ်ထဲတွင်အေးစက်စွာရယ်မောလိုက်သော်လည်း မျက်နှာတွင်မူ နားမလည်ဟန်ဆောင်ကာ "ကျောက်ကျန့်ဖုန်းဟုတ်လား… ခင်ဗျားတို့လူမှားနေပြီ ကျွန်တော့်နာမည်က ကျိုးကျန့်ဖုန်းပါ…ကျောက်ကျန့်ဖုန်းမဟုတ်ဘူး"

ထိုသူ၏အမူအရာမှာ တစ်ချက်ရပ်တန့်သွားပြီး ဟန်ဆောင်ကာစာရွက်စာတမ်းကိုနောက်တစ်ကြိမ်ကြည့်ကာ ခြောက်ကပ်ကပ်ဖြင့်ပြောလိုက်သည်။ "အော်ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တကယ်မှားဖတ်မိတာပဲ"

စိတ်ထဲတွင်မူ ပို၍သံသယဝင်ကာ သူ့ကိုသေချာစူးစိုက်ကြည့်လိုက်သည်။ ထို့နောက် အဝေးမှမချဉ်းကပ်ရဲသောဟွမ်ယွိရင်နှင့်ဝမ်ရှီရှီတို့ကိုလှမ်းကြည့်လိုက်ရာ ထိုထဲမှကောင်မလေးမှာ မျက်လုံးများ အနည်းငယ်ဂနာမငြိမ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ရှီရှီမှာ ဤသို့သောမြင်ကွင်းမျိုးမကြုံဖူးသောကြောင့် စိတ်ထဲတွင်အလွန်ထိတ်လန့်နေပြီး ပစ္စည်းခိုး၍လူမိသွားသကဲ့သို့ လူအများဝိုင်းကြည့်ခြင်းကိုခံရသည့်အရှက်ရမှုမျိုးကို ခံစားနေရသည်။

"ဟေ့ ညီမလေး ဒီကိုလာဦး… ငါတို့ကယာယီလုံခြုံရေးကော်မတီကပါပဲ…အခုကိစ္စတစ်ခုမှာ နင့်ရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်" ထိုသူကအခြေအနေကိုမြင်သောအခါ စိတ်ထဲတွင်အကြံတစ်ခုပေါ်လာပြီး လက်ယပ်ခေါ်လိုက်သည်။

ဝမ်ရှီရှီ၏အမူအရာမှာ ထိတ်လန့်သွားပြီး မျက်နှာမှာနီမြန်းသွားကာ ထိုနေရာတွင်ကြောင်တောင်တောင်ရပ်နေပြီး မည်သို့လုပ်ရမည်မသိဖြစ်နေသည်။

လော်ယွမ်၏မျက်နှာမှာ အေးစက်သွားပြီး ဟန်မဆောင်တော့ပေ။ "အဓိကကိစ္စကိုပြော အချိန်ကုန်ခံမနေနဲ့ ခင်ဗျားတို့အရမ်းအားယားနေလို့ လိုက်စစ်တာမဟုတ်မှန်း ကျုပ်သိတယ်"

"မိတ်ဆွေက ဘယ်လိုစကားမျိုးပြောလိုက်တာလဲ…အခုဟယ်တုံမြို့ရဲ့လုံခြုံရေး အခြေအနေက တော်တော်လေးလျော့ရဲနေတယ် အပြစ်မဲ့တဲ့သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး သူတို့အိမ်တွေ လုယက်ခံနေရတာ အများကြီးပဲ…ဒီလိုအမှုတွေက ပြည်သူတွေကိုအထိပ်တလန့်ဖြစ်စေတယ်…အစိုးရဝန်ထမ်းတွေအနေနဲ့ ငါတို့ကလူကောင်းတစ်ယောက်ကိုမတရား စွပ်စွဲမှာမဟုတ်သလို လူဆိုးတစ်ယောက်ကိုလည်း လုံးဝအလွတ်ပေးမှာမဟဟုတ်ဘူး…အခုဒီအိမ်ကခင်ဗျားတို့အိမ်မဟုတ်ပဲ ပိုင်ရှင်ကိုသတ်ပြီးလုယူထားတာလို့ ငါတို့သံသယရှိတယ်" ဘေးတွင်ကတ်ထူပုံးအချို့ကိုင်ထားသောသူက ရုတ်တရက်အေးစက်စွာပြောလိုက်သည်။

လော်ယွမ်၏မျက်လုံးများမှာ အနည်းငယ်မှေးသွားသည်။ အကယ်၍ သတ်ဖြတ်ခြင်းဖြင့်ပြဿနာကိုဖြေရှင်းနိုင်ပါက သူအစောကတည်းက ဓားဆွဲထုတ်ပြီး ဤစစ်သားလူထွက်နှစ်ယောက်ကိုသတ်ပစ်လောက်ပြီဖြစ်သည်။

သို့သော် ဤနှစ်ယောက်ကို လုံးဝသတ်၍မဖြစ်ပေ။ အကယ်၍ တကယ်တမ်း သူတို့ဤနေရာတွင်သေဆုံးသွားပါက မကြာမီမှာပင် ဤနေရာကို စစ်အင်အားအများအပြားဖြင့် အဝိုင်းခံရပေလိမ့်မည်။ သူအထက်မှမတွေ့ရှိမီအခိုက်အတန့်ကိုအသုံးချပြီး ချက်ချင်းထွက်ပြေးနိုင်သော်လည်း အတွင်းမှပစ္စည်းများကိုမူ များများစားစားမယူဆောင်နိုင်ဘဲ ဤလူများကိုသာ အလကားပေးလိုက်ရသလိုဖြစ်သွားမည်။

ဤနှစ်ယောက်လာခြင်းမှာ ဤကိစ္စများကိုစုံစမ်းရန်မဟုတ်ကြောင်း ထင်ရှားသည်။ ယခုအခြေအနေအရ အစိုးရမှာခေါင်းမီးတောက်နေလောက်ပြီဖြစ်သည်။ သန္ဓေပြောင်းခြင်များကို တစ်ရက်မဖြေရှင်းနိုင်သ၍ အစိုးရ၏ဖိအားမှာ တစ်ဆင့်ပို၍ကြီးမားလာမည်ဖြစ်သည်။ ဤသို့သောမြို့ပျက်နိုင်သည့်ပြဿနာနှင့်နှိုင်းယှဉ်လျှင် ယခုလိုကိစ္စများမှာ ပြောပလောက်ခြင်းမရှိဘဲ လုံးဝဂရုစိုက်မည်ပင်မဟုတ်ပေ။ ဂရုစိုက်လျှင်တောင် အနည်းဆုံးတော့ ယခုအချိန်တွင်မဟုတ်ပေ။

တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ဤနှစ်ယောက်လာခြင်းက ခွင်အနည်းငယ်ဖန်ရန်သာဖြစ်သည်။ လော်ယွမ်တွင် ဘာပြဿနာမှမရှိလျှင်တောင် သူတို့ကပြဿနာအချို့ကိုဖန်တီးပေလိမ့်မည်။ အတွေးများကိုရှင်းလင်းပြီးနောက် လော်ယွမ်က ဒေါသကိုအားကုန်ထိန်းချုပ်ကာ အပြုံးတစ်ခုကိုပြုံးလိုက်သည်။ "ဒီအိမ်ကဘယ်လိုလုပ် သူများအိမ်ဖြစ်မှာလဲ ခင်ဗျားတို့လျှောက်မပြောကြနဲ့… ဒီကအရာရှိနှစ်ယောက်ဘာအတွက်လာလဲမသိပေမယ့် လုပ်ထုံးလုပ်နည်းတွေတော့ ကျွန်တော်နားလည်ပါတယ်"

လော်ယွမ်က ဝမ်ရှီရှီဘက်သို့လှည့်ပြောလိုက်သည်။ "ရှီရှီ…အိပ်ခန်းထဲသွားပြီးငါ့ကုတင်ဘေးမှာ တင်ထားတဲ့ ရိက္ခာကူပွန်တွေယူလာခဲ့"

"ဟုတ်" ဝမ်ရှီရှီသတိပြန်ဝင်လာပြီး အလျင်အမြန်တံမြက်စည်းကိုချကာ တဒုန်းဒုန်း ဖြင့် အပေါ်ထပ်သို့ပြေးတက်သွားသည်။

ဤစကားကိုကြားသောအခါ မူလကမျက်နှာတင်းမာနေသောနှစ်ယောက်မှာ အမူအရာချက်ချင်းပျော့ပျောင်းသွားသည်။

မိနစ်အနည်းငယ်မကြာမီ ဝမ်ရှီရှီက ရိက္ခာကူပွန်နှစ်ထပ်ကိုပိုက်ကာ တဒုန်းဒုန်း ဖြင့် ပြန်ဆင်းလာသည်။ လော်ယွမ်မှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး ဘာပြောရမှန်းမသိတော့ပေ။ ဤကောင်မလေးမှာ အတွေ့အကြုံနည်းလွန်းပြီး လုံးဝအလိုက်အထိုက်မသိဘဲ မိမိနှင့်ဟွမ်ကျားဟွေစုဆောင်းထားသော ရိက္ခာကူပွန်အားလုံးကို ထုတ်ယူလာခဲ့သည်။

သူကရိက္ခာကူပွန်များကိုယူလိုက်ပြီး ခွေးကိုအစာကျွေးသည်ဟုသာ သဘောထားလိုက်သည်။ ရိက္ခာကူပွန်ပေးချိန်တွင် နှစ်ယောက်သားငြင်းဆန်ဟန်ပြပြီးနောက် နောက်ဆုံးတွင်မလိုမကျဟန်ဖြင့် လက်ခံလိုက်ရာ လော်ယွမ်မှာ ထိုစစ်သားလူထွက်နှစ်ယောက်ကို အလွန်ရွံရှာမိသွားတော့သည်။

ပိုက်ဆံလက်ခံပြီးနောက် နှစ်ယောက်သား၏မျက်နှာထားမှာ ချက်ချင်းပင်အများကြီးကောင်းမွန်လာသည်။ အစောဆုံးစကားပြောခဲ့သူက ကွယ်ဝှက်စွာဖြင့်ပြောလိုက်သည်။ "ငါတို့ကိုအရမ်းတင်းကြပ်တယ်လို့ ထင်မနေနဲ့ အခုဒီအိမ်ရာမှာ ပြဿနာတွေအများကြီးဖြစ်နေတာ…လောလောဆယ်မင်းတို့ဘာမှမဖြစ်ပေမယ့် နောက်ဆိုပြဿနာအရမ်းကြီးသွားလိမ့်မယ်…အိမ်ရာစီမံခန့်ခွဲရေးရုံးကိုသွားပြီး စာရွက်စာတမ်းတွေအမြန်ပြန်လုပ်ထားတာ အကောင်းဆုံးပဲ"

"ပြဿနာမရှိရင်ပြီးတာပါပဲ" လော်ယွမ်က မပြုံးချင်ပြုံးချင်ဖြင့်ပြောလိုက်သည်။

"အော်ဒါနဲ့ အရေးကြီးကိစ္စသတိပေးရဦးမယ်…မနက်ဖြန်မနက်ကစပြီးတစ်မြို့လုံးက သန္ဓေပြောင်းခြင်တွေကိုနှိမ်နင်းလိမ့်မယ် အဲ့ကျရင်လေထဲကနေ ပိုးသပ်ဆေးအသစ်တစ်မျိုးကို ကျဲချလိမ့်မယ်…အဲ့ဆေးကဓာတ်ခွဲခန်းမှာအကြိမ်ကြိမ်စမ်းသတ်ပြီးပြီ…တစ်ကယ်ထိရောက်တယ်"

"ပိုးသပ်ဆေးတွေကို အများကြီးမရှူမိသရွေ့ မင်းတို့ဘာမှမဖြစ်ဘူး…အဲ့တော့ဆေးဖျန်းနေတုံး အပြင်မထွက်ကြနဲ့ ပြီးတော့ဆေးနဲ့ဓာတ်မတည့်တာတွေ ထိတ်လန့်တာတွေ မဖြစ်အောင်လို့ အစိုးရအခမဲ့ဝေပေးတဲ့ မျက်နှာဖုံးတွေ ယူလို့ရတယ်" ထိုသူကတစ်ခုခုကိုသတိရသွားဟန်ဖြင့် ရုတ်တရက်ပြောလိုက်သည်။

ထို့နောက် လော်ယွမ်အား ဤအိမ်ရှိလူဦးရေကိုမေးမြန်းပြီးနောက် ကတ်ထူပုံးထဲမှ စက္ကူဘူးလေးဘူးကို ထုတ်ယူပေးလိုက်သည်။

ဆက်ရန်…

All Chapters