← Chapters

အခန်း (၇၃-၇၆)

Vol. 4 Ch. 73-76

အခန်း (၇၃-၇၆)

Vol. 4 Ch. 73-76

အပိုင်း(၇၃)ရောက်ရှိလာသောအန္တရာယ်

ထိုနှစ်ယောက် ထွက်သွားပြီးနောက် လော်ယွမ်က ထိုဘူးများထဲမှ တစ်ဘူးကိုယူကာ အတွင်းမှ ဓာတ်ငွေ့ကာမျက်နှာဖုံးကို စစ်ဆေးလိုက်သည်။ ဤသို့သောအရာကို အသုံးပြုရသည့်အခြေအနေသို့ ရောက်ရှိလာသည်ဆိုလျှင် မနက်ဖြန်တွင် ဖြန်းမည့်ဆေးသည် အလွန်အဆိပ်ပြင်းလိမ့်မည်ဟု သူတွေးလိုက်သည်။

သန္ဓေပြောင်းခြင်များကို သတ်နိုင်သည့်ဆေးပမာဏသည် ခန္ဓာကိုယ်အားနည်းသူအချို့အတွက်လည်း သေစေနိုင်သည်။ သန္ဓေပြောင်းခြင်သည် ပထမအဆင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပွားပြီးဖြစ်သောကြောင့် ၎င်း၏အသက်ရှင်သန်နိုင်စွမ်းသည် ယခင်က မျိုးတူများထက် အဆပေါင်းရာထောင်ချီ၍ သာလွန်နေသည်။ မျိုးရိုးဗီဇဆေးရည်ကို အသုံးမပြုဘဲ သာမာန်ဆေးရည်ဖြင့် သန္ဓေပြောင်းခြင်ကိုသတ်ပြီး လူကိုမထိခိုက်စေရန်မှာ ကောင်းကင်ဘုံသို့ တက်ရန်ကြံစည်ခြင်းကဲ့သို့ မဖြစ်နိုင်ပေ။

မျိုးရိုးဗီဇဆေးရည်အတွက်မူ ယခုလက်ရှိ ဟယ်တုံမြို့ပင်မဟုတ် ကမ္ဘာ့ထိပ်တန်း ဇီဝဗေဒဓာတ်ခွဲခန်းများပင်လျှင် သန္ဓေပြောင်းခြင်၏ မျိုးရိုးဗီဇဆေးရည်ကို ထုတ်လုပ်ရန်မှာ ကြီးမားပြီး ရှုပ်ထွေးသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အသေးစိတ်အချက်အလက်များစွာမှာ အကြမ်းဖျင်းသီအိုရီနှင့် စိတ်ကူးစိတ်သန်းများအဆင့်သာ ရှိသေးသည်။

"ကိုကြီးယွမ်…သမီးစောနက ပေးလိုက်တာ များသွားလားမသိဘူး" ဝမ်ရှီရှီသည် စိတ်ပြန်လည်တည်ငြိမ်လာသောအခါ သတိပြန်ဝင်လာသည်။ သူမသည် ခေါင်းပူထူနေစဉ် ပိုက်ဆံအများစုကို ထုတ်ပေးလိုက်မိပြီး ကျန်ရှိနေသည်မှာ အကြွေစေ့အနည်းငယ်နှင့် ရွှေချောင်းအနည်းငယ်သာဖြစ်သည်။ လော်ယွမ် တိတ်ဆိတ်နေသည်ကိုမြင်သောအခါ သူမက အနည်းငယ် စိတ်မလုံမလဲဖြစ်သွားသည်။

လော်ယွမ်က အတွေးထဲမှ ပြန်ထွက်လာပြီး အမှားလုပ်မိသလို မျက်နှာငယ်နေသော ဝမ်ရှီရှီကိုကြည့်ကာ နှစ်သိမ့်လိုက်သည်။ "ဘာမှမဖြစ်ဘူး…ပိုက်ဆံက ပြန်ရှာလို့ရတယ်"

နှစ်သောင်းသည် များပြားပုံရသော်လည်း အမှန်တကယ်တွင် သူ တောထဲသို့ နှစ်ကြိမ်အမဲလိုက်ထွက်ရုံဖြင့် ရရှိနိုင်သောပမာဏသာဖြစ်သည်။ ထို့အပြင် မြေအောက်ခန်းထဲမှ သံသေတ္တာထဲတွင် စားနပ်ရိက္ခာကူပွန် ဒါဇင်ပေါင်းများစွာ ရှိသေးသည်။ မနေ့ကရရှိခဲ့သော အကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် ယနေ့အသုံးစရိတ်သည် လုံးဝပြောပလောက်အောင် မရှိပေ။ သူက ဤနှစ်သောင်းကို ပေးလိုက်ရသည်မှာ အနည်းငယ် မတန်ဟုသာ ခံစားမိခြင်းသာဖြစ်သည်။

သို့သော် ဤအရာကို ဝမ်ရှီရှီကိုချည်း အပြစ်တင်၍မရပေ။ သာမန်လူတစ်ဦးသည် အစိုးရ၏ အာဏာပိုင်အဖွဲ့အစည်းများအပေါ် သဘာဝအရ ထိတ်လန့်ကြောက်ရွံ့မှုရှိသည်။ ထို့အပြင် သူမက မူလကတည်းက စိတ်မလုံမလဲဖြစ်နေခဲ့သည်။ ၁၄နှစ်ခန့်သာရှိသေးသော ဝမ်ရှီရှီပင်မဟုတ် လူ့အဖွဲ့အစည်းထဲသို့ မဝင်ရောက်သေးသော တက္ကသိုလ်ကျောင်းသားတစ်ဦးပင်လျှင် ဤသို့သောအခြေအနေနှင့်ကြုံတွေ့ပါက ဦးနှောက်ခြောက်သွားပြီး အယောင်ယောင် အမှားမှား ဖြတ်တတ်သည်။

လော်ယွမ် အပြစ်မတင်သည်ကိုမြင်သောအခါ ဝမ်ရှီရှီသည် စိတ်သက်သာရာရသွားသော်လည်း မိမိတို့အိမ်မှပိုက်ဆံကို သူများကိုပေးလိုက်ရသည်ကို တွေးမိသောအခါ သူမ၏နှလုံးသည် အနည်းငယ် နာကျင်နေဆဲဖြစ်သည်။

......................

ကိုးနာရီငါးဆယ်မိနစ်တွင် စူးရှသောလေကြောင်းရန်ကာကွယ်ရေး အချက်ပေးသံသည် တိတ်ဆိတ်ငြိမ်သက်နေသော ဟယ်တုံမြို့ကို ဖြတ်သန်းသွားပြီး မြို့ကောင်းကင်ယံတွင် အဆက်မပြတ် ပျံဝဲနေသည်။ အချိန်သည် ဆယ်နာရီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်နှင့်အမျှ သူတို့သုံးဦး၏နှလုံးသည်လည်း တဖြည်းဖြည်း တင်းကြပ်လာသည်။

နောက်တစ်ခဏတွင် လေယာဉ်၏ဟိန်းသံက အပြင်ဘက်မှ ထွက်ပေါ်လာပြီး တဖြည်းဖြည်း နီးကပ်လာသည်။ ကြီးမားသောဆူညံသံကြောင့် ပြတင်းပေါက်များပင်လျှင် အနည်းငယ် တုန်ခါလာသည်။

လော်ယွမ်က ပြတင်းပေါက်မှတစ်ဆင့် ကြီးမားသော ငွေဖြူရောင်ဗုံးကြဲလေယာဉ်ကြီးတစ်စင်းသည် ခပ်နိမ့်နိမ့်ပျံသန်းကာ ဤဘက်သို့လာနေသည်ကို မြင်လိုက်ရသည်။ ၎င်းက အရှေ့ဘက်မှ အထပ်မြင့်အဆောက်အအုံ၏ထိပ်ရှိ မျှော်စင်နှင့် ကပ်လျက်ပျံသန်းသွားပုံအရ ၎င်း၏ပျံသန်းအမြင့်ပေမှာ ပေ၉၀၀ထက် မကျော်လွန်နိုင်သည့်ပုံပေါ်ပြီး ထိုလေယာဉ် အဆောက်အအုံနှင့် တိုက်မိသွားမည်ကို စိုးရိမ်မိစေသည်။

လေထဲတွင် တစ်ပတ်ပျံဝဲပြီးနောက် ဗုံးကြဲလေယာဉ်၏ ဘေးနှစ်ဖက်ရှိ သတ္တုတောင်ပံအစွန်းများမှ အဖြူရောင်မြူခိုးဆယ်ခုကျော် ပန်းထွက်လာပြီး လေထဲတွင် လွင့်မျောကျဆင်းလာသည်။

မကြာမီမှာပင် ပြတင်းပေါက်အပြင်ဘက်တွင် မြူနှင်းများထူထပ်စွာကျဆင်းလာသကဲ့သို့ ဖြစ်သွားပြီး ပတ်ဝန်းကျင်၏မြင်နိုင်စွမ်းသည် လျင်မြန်စွာ ကျဆင်းသွားသည်။

ဓာတ်ငွေ့ကာမျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း လော်ယွမ်က အလွန်စူးရှသောအနံ့တစ်ခုကို ရှူရှိုက်မိနေသည်။ မနက်ပိုင်းတစ်လျှောက်လုံး စိုစွတ်သောအဝတ်စများဖြင့် ပြတင်းပေါက်နှင့် တံခါးကြားမှ အပေါက်အားလုံးကို ပိတ်ဆို့ထားသော်လည်း ဆေးရည်၏စိမ့်ဝင်မှုကို လုံးဝမတားဆီးနိုင်ပေ။

ဟွမ်ကျားဟွေက လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများတွင် စိုးရိမ်သောအရိပ်အယောင်များ ပါဝင်နေသည်။ လော်ယွမ်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်ရာ သူမ၏လက်ဖဝါး အနည်းငယ် စိုစွတ်နေသည်ကို ခံစားမိလိုက်သည်။

"ဒီပိုးသတ်ဆေးလောက်က ဘာမှမဖြစ်နိုင်ပါဘူး" လော်ယွမ်က အခန်းထဲမှ မြင်နိုင်စွမ်းသိပ်မကျဆင်းသည်ကိုမြင်သောအခါ ခပ်တိုးတိုး နှစ်သိမ့်လိုက်သည်။ သူ၏အသံက ဓာတ်ငွေ့ကာမျက်နှာဖုံးကို ဖြတ်သန်းသွားသောကြောင့် အနည်းငယ် ပုံပျက်နေသည်။

ဝမ်ရှီရှီမှာတော့ လုံးဝမကြောက်ရွံ့ဘဲ အပြင်ဘက်မှ အဖြူရောင်မြူခိုးများကိုကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမ၏စိတ်စွမ်းအင်သည် ဤဓာတ်ငွေ့များကို လုံးဝကာကွယ်နိုင်သော်လည်း ကြာရှည်စွာမခံနိုင်ဘဲ လေးငါးမိနစ်ခန့်သာ ခံနိုင်သည်။ ထို့ကြောင့် သူမက ခဏစောင့်ပြီး ပိုသိပ်သည်းလာမှ အသုံးပြုရန် ပြင်ဆင်ထားသည်။ သို့သော် လော်ယွမ်က ဟွမ်ကျားဟွေ၏လက်ကို ဆုပ်ကိုင်ထားသည်ကိုမြင်သောအခါ သူမက တည်ငြိမ်ဟန်ဆောင်ခြင်းသည် တစ်ခါတစ်ရံ မကောင်းသောအရာဖြစ်ကြောင်း သိလိုက်ရသည်။ ကြောက်ရွံ့ဟန်ဆောင်ခဲ့လျှင် ကိုကြီးယွမ်နှင့် ရင်းနှီးစွာထိတွေ့နိုင်မည်ဟု သူမ တွေးလိုက်သည်။

သူမက လော်ယွမ်၏ အခြားတစ်ဖက် လက်ကို ခိုးကြည့်လိုက်ပြီး စိတ်ထဲတွင် လှုပ်ရှားလာသည်။

ခေါင်းပေါ်မှ ဗုံးကြဲလေယာဉ်သည် အဆက်မပြတ် ပျံဝဲနေပြီး ထွက်ခွာသွားမည့်လက္ခဏာ တစ်စိုးတစ်စဉ်းမျှမရှိပေ။ တန်ပေါင်းများစွာသော အဆိပ်ငွေ့များက မြို့အပေါ်မှ အဆက်မပြတ် သွန်ချနေသည်။ ပြတင်းပေါက်အပြင်ဘက်မှ မြူနှင်းများသည် တဖြည်းဖြည်း ထူထပ်လာပြီး လော်ယွမ်၏အမြင်အာရုံပင်လျှင် ပေ၂၀အကွာအဝေးကိုသာ မြင်နိုင်တော့သည်။

ပြတင်းပေါက်ပေါ်တွင် အဝါရောင်သန်းနေသော နောက်ကျိနေသည့် အရည်စက်များ စတင်ဖွဲ့စည်းလာပြီးနောက် ဆွဲငင်အား၏အရှိန်ဖြင့် ချောမွေ့သောမှန်ပေါ်မှ လျှောကျလာကာ ရုပ်ဆိုးလှသော အဝါရောင်အစင်းကြောင်းများ ချန်ထားခဲ့သည်။

ကလေးလက်သီးဆုပ်အရွယ်ခန့်ရှိသော သန္ဓေပြောင်းခြင်တစ်ကောင်သည် အရက်မူးနေသကဲ့သို့ ပြတင်းပေါက်ရှေ့တွင် ယိမ်းထိုးပျံသန်းနေသည်။ အားလုံး၏စိုးရိမ်သောမျက်လုံးများအောက်တွင် ၎င်းက ပြတင်းပေါက်နှင့် ပြင်းထန်စွာ တိုက်မိသွားပြီး မှန်သည် "ဘုတ်" ခနဲ အသံမြည်သွားသည်။

သူတို့သုံးယောက်လုံး တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြသော်လည်း စိတ်ထဲတွင် ကြောက်လန့်နေဆဲဖြစ်သည်။

ဤဗီလာအိမ်၏မှန်သည် အရည်အသွေးကောင်းပြီး အနက်ရောင်အစင်းကြောင်းတစ်ခု ချန်ထားခဲ့သည်မှလွဲ၍ မှန်တစ်ချပ်လုံး ကောင်းမွန်စွာရှိနေသည်။ သို့သော် အလယ်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ တုန်ခါမှုကြောင့် အပေါက်ကြားတွင် ကပ်ထားသော ရေစိုအဝတ်မှာ ပြတင်းပေါက်မှ ပြုတ်ကျသွားပြီး အဖြူရောင်မီးခိုးငွေ့များက အပေါက်ကြားမှ စိမ့်ဝင်လာသည်။

လော်ယွမ်က ခြေတစ်လှမ်းဖြင့် ရှေ့သို့တိုးသွားပြီး အဝတ်စကိုကောက်ကာ ပြန်ကပ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် မြေကြီးက ရုတ်တရက် တုန်ခါသွားသည်။

"ဘာဖြစ်တာလဲ...ငလျင်လှုပ်တာလား"

အားလုံး၏ သက်သာရာရနေသော စိတ်မှားမှာ နောက်တစ်ကြိမ် တင်းကြပ်လာသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေပြီး ဓာတ်ငွေ့ကာမျက်နှာဖုံးကိုဖြတ်သန်းလာသော အနည်းငယ်မြန်ဆန်နေသည့် အသက်ရှူသံများကိုသာ ကြားနိုင်သည်။

အချိန်သည် တစ်မိနစ် တစ်စက္ကန့် ကုန်ဆုံးသွားသည်။ ထိုငလျင်မှာ အထင်မှားခြင်းကဲ့သို့ပင် နောက်ထပ်မဖြစ်ပွားတော့ပေ။ လော်ယွမ် သက်ပြင်းချလိုက်စဉ်မှာပင် မြေကြီးသည် နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏မျက်နှာသည် တဖြည်းဖြည်း တည်ကြည်လာသည်။ ဤတစ်ကြိမ်တွင် သူ ပိုမိုရှင်းလင်းစွာ ကြားလိုက်ရသည်။ တုန်ခါမှုအပြင် သူက အပင်များကျိုးကျသံကိုလည်း ကြားလိုက်ရသည်။

သူက ဆက်လက်၍ အာရုံစိုက်နားထောင်လိုက်သည်။ သတ္တဝါဆန်း၏အော်သံကို မကြားရသော်လည်း ဤသည်မှာ ငလျင်မဟုတ်ဘဲ သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် ရပ်ကွက်ထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ကြောင်း သူ သေချာပေါက်သိလိုက်သည်။

ပြီးတော့ ဤနေရာနှင့် ပေ၃၀၀ထက် မကျော်လွန်ပေ။

"အုန်း"

ပေါက်ကွဲသံကဲ့သို့ ကြီးမားသောအသံနှင့်အတူ အုတ်ခဲများမြေပေါ်သို့ကျသည့် "တဝုန်းဝုန်း" အသံလည်း ဆက်တိုက်ထွက်ပေါ်လာသည်။ အဆောက်အအုံတစ်လုံး ပြိုကျသွားပုံရသည်။

ထို့နောက် သစ်ပင်များလဲကျသံသည် တဖြည်းဖြည်း နီးကပ်လာပြီး ထိုသန္ဓေပြောင်းသတ္တဝါသည် ဤဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာပုံရသည်။ အမည်မသိသော အကြောက်တရားကြောင့် ဟွမ်ယွိရင်၏ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မတ်တပ်ပင်မရပ်နိုင်တော့ပေ။ သို့သော် သူမက အံကိုကြိတ်ကာ တိတ်ဆိတ်စွာနေလိုက်သည်။ လော်ယွမ်၏စိတ်ထဲတွင် သူမ၏နေရာက ကျန်နှစ်ယောက်နှင့် လုံးဝမတူကြောင်း ကောင်းကောင်းသိသည်။ ဤသို့သောအခြေအနေတွင် ပျော့ညံ့ပြခြင်းသည် ဂရုစိုက်မှုကိုမရနိုင်သည့်အပြင် သူ၏မုန်းတီးမှုကိုခံရပြီး စွန့်ပစ်ခံရနိုင်သည်။

"ကိုကြီးယွမ်...အပြင်မှာဘာတွေဖြစ်နေတာလဲ မသိဘူး" ရုတ်တရက်ဖြစ်ပေါ်လာသောအခြေအနေကြောင့် ဝမ်ရှီရှီ၏မူလတည်ငြိမ်မှုသည် ချက်ချင်းပြိုကွဲသွားပြီး ထိတ်လန့်သောအရိပ်အယောင်များ ပေါ်လာသည်။

"တစ်ခုခုလာနေတယ်...အောက်အမြန်ဆင်း...ငါတို့မြေအောက်ခန်းထဲ သွားကြမယ်" လော်ယွမ်က အပြင်ဘက်မှ အခြေအနေကို ခဏနားထောင်ပြီးနောက် အလျင်အမြန် ပြောလိုက်သည်။

လော်ယွမ်က ဓာတ်မီးကိုယူကာ တံခါးဖွင့်လိုက်သည်။ သူတို့သုံးဦးသည် အိပ်ခန်းကျယ်မှထွက်ခွာပြီး အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းသွားကြသည်။

"ငါ့နောက်ကလိုက်ခဲ့" လော်ယွမ်က ရေချိုးခန်းသို့သွားကာ အဝတ်ဘီရိုကိုဖွင့်ပြီး ရှေ့ဘက်အကာကို အားကုန်သုံး၍ တွန်းလိုက်ရာ မြေအောက်သို့သွားသော လှေကားတစ်စင်း ပေါ်ထွက်လာသည်။ လော်ယွမ်က ဓာတ်မီးကို ဝမ်ရှီရှီအားပေးကာ အလျင်အမြန် ပြောလိုက်သည်။ "နင်တို့အမြန်ဝင်ကြ"

ဝမ်ရှီရှီသည် ပထမဆုံးဝင်သွားပြီးနောက် ဟွမ်ကျားဟွေ ဝင်သွားသည်။ ဟွမ်ယွိရင်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လော်ယွမ်ကို သတိထားကြည့်လိုက်သည်။ သူ အရင်ဝင်သွားမည့်ပုံမပေါ်သောကြောင့် သူမသည်လည်း သတ္တိမွေးကာ ဆင်းသွားလိုက်သည်။

"အထဲမှာမှောင်မည်းနေတာပဲ...ရှင်ဘာလို့ဝင်မလာသေးတာလဲ" ဟွမ်ကျားဟွေသည် မြေအောက်ခန်းသို့ရောက်သောအခါ ခဏကြည့်လိုက်ပြီး ဟွမ်ယွိရင် ဆင်းလာသည်ကိုမြင်သော်လည်း လော်ယွမ် မဝင်လာသေးသောကြောင့် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"နင်တို့အဲ့မှာပဲနေ...ငါအပြင်ထွက်ကြည့်လိုက်ဦးမယ်"

"ရှင် အသက်မရှိချင်တော့ဘူးလား...အပြင်မှာ အဆိပ်ငွေ့တွေချည်းပဲလေ... ရှင် သေသွားလိမ့်မယ်...လော်ယွမ် စိတ်လိုက်မာန်ပါမလုပ်နဲ့...အမြန်ဝင်ခဲ့ပါ..." ဟွမ်ကျားဟွေသည် ခဏမျှ ကြောင်သွားပြီးနောက် စိုးရိမ်စွာဖြင့် ပြောလိုက်ရာ မျက်လုံးများပင် နီရဲလာသည်။

"အဲ့သတ္တဝါက ဒီအိမ်ဘက်ကိုလာနေတာ ဒီအိမ်ပျက်စီးသွားရင်ငါတို့ အားလုံးသေရမှာ...ပြီးတော့ငါ့ခန္ဓာကိုယ်က သာမန်လူတွေထက် အများကြီးသန်မာတယ် အဆိပ်ငွေ့က ခဏတစ်ဖြုတ်တော့ ငါကိုဘာမှမလုပ်နိုင်ဘူး" လော်ယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

"ဒီအိမ်ပျက်စီး မစီးက ကြိုပြောလို့မှမရတာ...အဲ့သတ္တဝါက ဖြတ်သွားဖြတ်လာလည်း ဖြစ်ရင်ဖြစ်မှာပေါ့" ဟွမ်ကျားဟွေက အလျင်အမြန် ပြောလိုက်ရာ မျက်ရည်များပင် ကျလာသည်။

"ကံဆိုတာ အမြဲတမ်း မသေချာတဲ့ကိစ္စပဲ ငါကဘယ်တော့မှကံကို အားမကိုးဘူး ငါ့ကိုမတားနဲ့တော့ နင်ငါ့အကြောင်းကိုသိပါတယ်" လော်ယွမ်က ပြတ်သားစွာ ပြောလိုက်သည်။

ဟွမ်ကျားဟွေ၏မျက်နှာသည် ဆို့နင့်သွားပြီး တားမြစ်လိုသောစကားက လည်ချောင်းထဲတွင် တစ်ဆို့နေကာ နောက်ထပ်မပြောနိုင်တော့ပေ။

"ကိုကြီးယွမ်...သမီး...သမီးလည်း အတူလိုက်ခဲ့မယ်" ဝမ်ရှီရှီသည် စိတ်ထဲတွင် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမ၏စိတ်စွမ်းအင်သည် အဆိပ်ငွေ့ကို ကာကွယ်နိုင်ပြီး ကိုကြီးယွမ်ကို ကူညီနိုင်မည်ဟု တွေးကာ သတ္တိမွေး၍ ပြောလိုက်သည်။

"နင်မကြောက်ဘူးလား" လော်ယွမ်က ထူးဆန်းစွာ မေးလိုက်သည်။

"သမီ...သမီးကြောက်တာပေါ့...ဒါပေမဲ့ကိုကြီးရှိနေရင် သမီးမကြောက်ဘူး" ဝမ်ရှီရှီက သတ္တိမွေးပြီး ပြောလိုက်ရာ မျက်နှာလေး နီရဲသွားသည်။

လော်ယွမ်က သူမ၏စကားထဲမှ ချစ်ခင်ကြင်နာမှုကို သတိမထားမိပေ။ သတိထားမိလျှင်ပင် ယခုအချိန်တွင် ဘာမှတွေးတောနိုင်မည်မဟုတ်ပေ။ သူ ခဏစဉ်းစားပြီးနောက် "နင်လိုက်ချင်ရင်လည်း လိုက်ခဲ့"

လော်ယွမ်က စိတ်ထဲတွင် ဝမ်ရှီရှီကို လေ့ကျင့်ပေးလျှင်လည်း ကောင်းသည်ဟု တွေးလိုက်သည်။ သူမ၏စိတ်စွမ်းအင်၏ အစွမ်းသတ္တိသည် မပြောပလောက်သော်လည်း ယခုအချိန်အထိ ကီလိုနှစ်ဆယ်ထက်ပိုသော အလေးချိန်ကို မထိန်းချုပ်နိုင်သေးပေ။ သို့သော် သင့်တော်သောလက်နက်တစ်ခုသာရှိလျှင် သတ်ဖြတ်နိုင်စွမ်းက လုံးဝမနိမ့်ပေ။

ထို့အပြင် သူမ၏စွမ်းရည်သည် ထူးခြားသောကြောင့် အချို့နေရာများတွင် လော်ယွမ်ထက်ပင် သာလွန်နိုင်သည်။ သို့သော် ထိုသို့အဆင့်မြင့်သောစွမ်းအားရှိသော်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် အပြည့်အဝ မထုတ်ဖော်နိုင်သေးပေ။

ဤသို့သောအခြေအနေသည် ယခုလို လူသားတို့၏အမှောင်ခေတ်တွင် အသက်ရှင်သန်နိုင်မည်မဟုတ်ပေ။ သူမ လက်တွေ့ဘဝ၏ ရက်စက်ကြမ်းကြုတ်မှုကို လက်ခံရန် အချိန်တန်ပြီဖြစ်သည်။

ထိုအချိန်တွင် စနစ်၏အသိပေးသံက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ဒင်...အဆင့် E မစ်ရှင် - အက်စစ်တီကောင်ကို သတ်ရန်

အချိန်သတ်မှတ်ချက် - ၃နာရီ (လက်ခံ/ငြင်းပယ်)

"အပြာရောင်အဆင့်သတ္တဝါလား"

ဆက်ရန်...

အပိုင်း(၇၄)ရွှံ့နွံ

လော်ယွမ်၏စိတ်ထဲတွင် လေးလံသွားပြီး အနည်းငယ်အံ့အားသင့်သွားမိသည်။ သူမှန်းဆချက်မမှားပါက အက်စစ်တီကောင်သည် ယခင်က အိမ်ရာအတွင်းတွင်ဝိုင်းရံတိုက်ခိုက်ခဲ့သော ထိုသန္ဓေပြောင်းတီကောင်ကြီးပင်ဖြစ်ရမည်။ ခန္ဓာကိုယ်ကြီးမားသော်လည်း အန္တရာယ်ပြုလိုစိတ်မရှိဘဲ ယင်း၏ခံနိုင်ရေအားနှင့် ကိုယ်မှထုတ်လွှတ်သော အရှိန်အဝါက အပြာနုရောင်အဆင့်သာရှိခဲ့သည်။

သို့သော် ထိုသည်မှာ ယခင်ကသာဖြစ်သည်။ ဤလဝက်အတွင်း ဤသန္ဓေပြောင်းတီကောင်သည် နောက်တစ်ကြိမ်ဆင့်ကဲပြောင်းလဲသွားခဲ့ပြီဖြစ်ပေမည်။

သို့သော် သူမည်မျှပင်တွေးနေပါစေ ကိုယ်တိုင်မျက်ဝါးထင်ထင်မြင်တွေ့ရသည်နှင့်မတူပေ...

ဝမ်ရှီရှီသည် မြေအောက်ခန်းထဲမှ တွန့်ဆုတ်စွာဖြင့်ထွက်လာပြီး သူမ၏မျက်နှာတွင် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသည့် ရှုပ်ထွေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

လော်ယွမ်က သူမကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ တံခါးမကြီးဆီသို့ ဦးစွာလျှောက်သွားတော့သည်။

ဝမ်ရှီရှီက နှုတ်ခမ်းကိုကိုက်ကာ အလျင်အမြန်ခြေလှမ်းမှန်မှန်ဖြင့် လိုက်ပါသွားသည်။

....................

ဟွမ်ကျားဟွေသည် သူတို့နှစ်ဦး၏ခြေသံများ တဖြည်းဖြည်းဝေးကွာသွားသည်ကိုနားထောင်ရင်း လက်သီးကိုအားကုန်ဆုပ်ထားမိသည်။

ဆင့်ကဲပြောင်းလဲခြင်း။

....................

လော်ယွမ်က အိမ်တံခါးမကြီးကိုဖွင့်လိုက်ရာ ပြင်းထန်သောသေစေနိုင်သည့်အဖြူရောင်မြူခိုးများ မျက်နှာသို့လာရိုက်ခတ်သည်။ သို့သော် အနားသို့မကပ်မီမှာပင် မမြင်နိုင်သောအတားအဆီးတစ်ခုဖြင့် တားဆီးခံလိုက်ရပြီး သူတို့နှစ်ဦးကိုဗဟိုပြု၍ ၆ပေခန့်အချင်းရှိသော စက်ဝိုင်းခြမ်းပုံစံ မြူခိုးကင်းမဲ့သည့်ဇုံတစ်ခု ထင်ထင်ရှားရှားပေါ်ပေါက်လာသည်။

ရှေ့ဘက်မှမြူခိုးများ လူးလွန့်နေပြီး ရင်ထိတ်ဖွယ်ကောင်းသော အဖြူရောင်လှိုင်းဂယက်များ ဖြစ်ပေါ်နေသည်။ သို့သော် မြူခိုးများ၏ဖုံးကွယ်ထားမှုကြောင့် လော်ယွမ်က အတွင်းမှအခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

ထိုသတ္တဝါထုတ်လွှတ်နေသောအရှိန်အဝါကိုကြည့်လျှင် ဤသည်မှာ အပြာရောင်အဆင့်သက်ရှိတစ်ကောင်ဖြစ်နေပြီဖြစ်သည်။ လော်ယွမ်အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ လေထုထဲမှအဆိပ်ငွေ့များသည် အပြာရောင်အဆင့်သို့ဆင့်ကဲပြောင်းလဲပြီးဖြစ်သော သက်ရှိတစ်ကောင်အတွက် ဘာမှထိခိုက်မှုမရှိနိုင်ပေ။ မြေအောက်တွင် ပုန်းအောင်းလေ့ရှိသောသက်ရှိတစ်ကောင်ကို ဤအချိန်တွင်ပေါ်ထွက်လာစေခြင်းမှာ ဤအဆိပ်ငွေ့သည် သူ၏ဆင့်ကဲပြောင်းလဲမှုအတွက် အထောက်အကူပြုသောကြောင့်ဖြစ်နိုင်ခြေများသည်။

အရှိန်အဝါဟုဆိုသော်လည်း အနည်းငယ်နက်နဲလှသည်။ အကယ်၍ ဤခံစားချက်ကိုဖော်ပြရန် စကားလုံးတစ်လုံးရှိပါက ထိုသည်မှာ ဖိနှိပ်မှုပင်ဖြစ်ပြီး လူ၏စိတ်ထဲတွင် လေးလံကာ အသက်ရှူရကြပ်စေသည်။

မည်သည့်သက်ရှိမဆို သံလိုက်ဓာတ်များရှိကြပြီး အချိန်တိုင်းတွင် သံလိုက်စက်ကွင်းကို ထုတ်လွှတ်နေသည်။ သက်ရှိသည် ပို၍ကြီးမားလာသည် သို့မဟုတ် အားကောင်းလာသည်နှင့်အမျှ ထုတ်လွှတ်သောသံလိုက်စက်ကွင်းမှာ ပို၍ကြီးမားလာသည်။ လူ့ခန္ဓာကိုယ်သည် အားပြင်းသောသံလိုက်စက်ကွင်းထဲတွင်ရှိနေသည့်အခါ မိမိခန္ဓာကိုယ်မှ သံလိုက်ဓာတ်များ အနှောင့်အယှက်ခံရပြီး ပုံမမှန်ဖြစ်ကာ ခန္ဓာကိုယ်တွင် မသက်မသာဖြစ်မှုအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။

ဟုတ်ပေသည်၊ အပြာရောင်အဆင့်သက်ရှိနှစ်ကောင်ကို သတ်ဖြတ်ပြီးဖြစ်သော လော်ယွမ်အတွက်မူ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ဤအရှိန်အဝါ၏သက်ရောက်မှုမှာ အလွန်ပင်နည်းပါးလှသည်။ သို့သော် ဝမ်ရှီရှီအတွက်မူ ထိုသို့မဟုတ်ပေ။

အပြင်သို့ထွက်လာစဉ်က စိတ်လှုပ်ရှားမှုမှာ မျက်စိရှေ့မှကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကြောင့် ကြက်ပျောက်ငှက်ပျောက်ပျောက်ကွယ်သွားခဲ့ပြီး မြူခိုးအတွင်းမှအမည်မသိအရာအပေါ်ထားရှိသော ကြောက်ရွံ့မှုသာကျန်ရစ်တော့သည်။ ခဏလေးလမ်းလျှောက်ရုံဖြင့် သူမ၏နောက်ကျောတွင် ချွေးစေးများပြန်နေပြီဖြစ်သည်။ အကယ်၍သာ မိမိမရှိလျှင် ကိုကြီးယွမ် အဆိပ်ငွေ့ထဲတွင်ကျန်ရစ်မည်ကို မစဉ်းစားမိပါက သူမသည် အစောကတည်းက ထိတ်လန့်တကြားထွက်ပြေးသွားလောက်ပြီဖြစ်သည်။

သို့သော် ဤသို့စိတ်တင်းထားသည့်တိုင် သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်လာပြီး အလိုအလျောက်လော်ယွမ်အနားသို့ တိုးကပ်သွားသည်။

လော်ယွမ်၏မျက်နှာထားမှာ တည်ကြည်နေပြီး ဖြည်းညင်းစွာရှေ့သို့လျှောက်သွားသည်။

မည်းနက်နေသော ဧရာမအရိပ်မည်းကြီးတစ်ခုက မြူခိုးထဲမှရုတ်တရက်ပေါ်ထွက်လာပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့်ရိုက်ခတ်လိုက်ရာ မြေပြင်မှာပြင်းထန်စွာတုန်ခါသွားပြီး မရေမတွက်နိုင်သောအစအနများမှာ မြူခိုးထဲမှ ကျည်ဆံများကဲ့သို့ ပျံထွက်လာသည်။

"နင်ဒီမှာပဲနေ မလှုပ်နဲ့...ငါသွားကြည့်လိုက်မယ်" လော်ယွမ်၏အမူအရာမှာ တည်ကြည်သွားပြီး ခြေလှမ်းကိုရပ်တန့်ကာ နောက်သို့လှည့်၍ဝမ်ရှီရှီအားပြောလိုက်သည်။

"ဒါပေမဲ့...ကို...ကိုကြီးက ဘယ်လိုလုပ်မှာလဲ" ဝမ်ရှီရှီသည် သေမလောက်ကြောက်နေသော်လည်း လော်ယွမ်၏အသက် အန္တရာယ်ကို စိုးရိမ်နေဆဲဖြစ်သည်။

"အချိန်တိုအတွင်း ဒီအဆိပ်ငွေ့တွေက ငါ့ကိုဒုက္ခမပေးနိုင်ဘူး" လော်ယွမ်ကပြောလိုက်သည်။ "နင်ဒီမှာစောင့်နေပြီး ငါ့ကိုကူညီဖို့ပြင်ထား ငါချက်ချင်းပြန်လာခဲ့မယ်"

လော်ယွမ်စကားပြောပြီးနောက် အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းကာ အသက်အောင့်ထားပြီး ရှေ့သို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

အာရုံခံနိုင်စွမ်းသည် လှုပ်ရှားနေသောအရာများအပေါ် အလွန်ပင်ထက်မြက်လှသည်။ ထိုအစအနအနည်းငယ်မှာ လျှပ်တပြက်အတွင်းပျောက်ကွယ်သွားသော်လည်း သူရှင်းရှင်းလင်းလင်းမြင်လိုက်သည်။ ယခုလေးတင်က ပစ်လွှတ်လာသောသစ်သားအစအနအချို့မှာ အလွန်ပင်ထူးဆန်းလှပြီး ပျံသန်းလာစဉ်မှာပင် ဆွေးမြေ့ကာ အရည်အဖြစ်သို့ပြောင်းလဲသွားသည်။ စနစ်မှ ဤသန္ဓေပြောင်းသတ္တဝါကိုပေးသောအမည်ကို ပြန်လည်စဉ်းစားကြည့်လျှင် ယခုတီကောင်ကြီးက အက်စွမ်းရည်ရှိနေသည်မှာ ထင်ရှားပြီး အလွန်ပင်အစွမ်းထက်လှရာ သူကိုယ်တိုင်ပင်လျှင် သတိကြီးစွာဖြင့်ကိုင်တွယ်ရမည်ဖြစ်ပြီး သူပစ်လွှတ်လိုက်သောအရည်များထိမိမည်ကို စိုးရိမ်နေရသည်။ အကယ်၍ ဤအချိန်တွင် ဝမ်ရှီရှီကိုဂရုစိုက်ရန် စိတ်နှစ်ခွဖြစ်နေပါက မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းသာဖြစ်ပေလိမ့်မည်။

မြူခိုး၏သိပ်သည်းမှုမှာ အလွန်ကြီးမားလှရာ ဝမ်ရှီရှီ၏စိတ်စွမ်းအင်နယ်မြေမှထွက်ခွာပြီးမကြာမီမှာပင် သူ၏အရေပြားမှာ စိုစွတ်နေပြီဖြစ်သည်။ အဆိပ်ပြင်းသော ဓာတုဆေးရည်များကြောင့် သူ၏အရေပြားမှာ အနည်းငယ်စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။

"ငါအဆိပ်ငွေ့တွေထဲ ကြာကြာနေလို့မရဘူး...တိုက်ပွဲကိုအမြန်ဖြတ်မှဖြစ်မယ်" သူက အရေပြားမှထူးဆန်းသောခံစားချက်ကိုခံစားရင်း စိတ်ထဲတွင်တိတ်တဆိတ်ပြောလိုက်သည်။ လက်ကိုဓားရိုးပေါ်တင်ကာ ခြေလှမ်းများမှာ တဖြည်းဖြည်းပို၍မြန်ဆန်လာသည်။

စက္ကန့်အနည်းငယ်အကြာတွင် အရှိန်မှာ အထွတ်အထိပ်သို့ရောက်ရှိသွားပြီဖြစ်သည်။

ပတ်ဝန်းကျင်မှမြူခိုးများသည် သူ၏ခန္ဓာကိုယ်ကြောင့်ကွဲထွက်သွားပြီး ရှည်လျားသောလမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်ကိုင်းနေပြီး ကျားသစ်တစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်နေသည်။ မျက်နှာသို့လာရိုက်ခတ်သောလေပြင်းမှာ သူ၏ခန္ဓာကိုယ်အနားသို့ရောက်သည်နှင့် မမြင်နိုင်သောစွမ်းအားတစ်ခု၏လွှမ်းမိုးမှုကြောင့် အဆက်မပြတ်ပျောက်ကွယ်သွားပြီး ရှေ့သို့ရောက်သောအခါ လေပြေအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။

မီတာတစ်ရာကို ခြောက်စက္ကန့် ဤသည်မှာ သူ၏စံချိန်သစ်ပင်ဖြစ်သည်။

ပတ်ဝန်းကျင်မှမြူခိုးများသည် သူ၏ခန္ဓာကိုယ်ကြောင့် ပြိုကွဲသွားပြီး ယာယီလမ်းကြောင်းတစ်ခုနီးပါး ဖြစ်ပေါ်လာသည်။

တစ်စက္ကန့်ကုန်လွန်တိုင်း သူ၏အရှိန်အဝါမှာ တစ်ဆပို၍ကြီးမားလာသည်။

စက္ကန့်အနည်းငယ်အကြာတွင် ဓားအိမ်တစ်ခုလုံးတွင် တိမ်ခိုးငွေ့ကဲ့သို့သော အလင်းရောင်သင်းသင်းတစ်ခုပေါ်ပေါက်လာပြီး မျက်လုံးများပင် နက်ရှိုင်းမှောင်မိုက်လာသည်။

အက်စစ်တီကောင်ကြီးသည် အန္တရာယ်နီးကပ်လာသည်ကိုခံစားမိပြီး ရုတ်တရက်အလွန်အမင်းရိုင်းစိုင်းကြမ်းတမ်းလာကာ မရေမတွက်နိုင်သောရွှံ့၊ ကျောက်ခဲ၊ သစ်ကိုင်းများမှာ မုန်တိုင်းထန်သောမိုးကဲ့သို့ အတွင်းမှပျံထွက်လာပြီး တစ်ချိန်တည်းတွင် ခန္ဓာကိုယ်ကိုလူးလွန့်ကာ သူရှိရာသို့ လျင်မြန်စွာတွားသွားလာသည်။

နှစ်ဦးကြားအကွာအဝေးမှာ လျင်မြန်စွာကျဉ်းမြောင်းလာသည်။

တစ်ခဏအတွင်းမှာပင် ကြီးမားသောခန္ဓာကိုယ်တစ်ခု သူ၏အာရုံခံစားမှုထဲသို့ပေါ်ပေါက်လာပြီး နှစ်ဦးမှာပေ၃၀သာ ကွာဝေးတော့သည်။ နှစ်ဦး၏အရှိန်အရ မျက်စိတစ်မှိတ်အတွင်းရောက်ရှိနိုင်သော်လည်း နှစ်ဦးစလုံးမှာ ရှောင်တိမ်းမည့်အရိပ်အယောင်မရှိဘဲ အရှိန်မှာလုံးဝမရပ်တန့်ပေ။

ပေ၃၀...

၁၅ပေ...

၃ပေ...

နှစ်ဦးတိုက်မိတော့မည့်ဆဲဆဲ ဆံချည်တစ်မျှင်အခြေအနေတွင် လော်ယွမ်၏လက်မှာ ရုတ်တရက် ဝါးသွားသည်။

ထို့နောက် လေထုထဲတွင် ဓားသွားလေကိုခွဲဖြတ်သည့် "ဝှစ်" ဟူသောအသံတိုးတိုး တစ်ခု ထွက်ပေါ်လာသည်။

ပြီးနောက် အပြာရောင်အလင်းတန်းတစ်ခု လျှပ်တပြက်အတွင်းပျောက်ကွယ်သွားသည်။

အက်စစ်တီကောင်ကြီး၏ အချင်း၃ပေနီးပါးရှိသောခန္ဓာကိုယ်မှာ အနည်းငယ်တဆတ်ဆတ်တုန်သွားပြီး ကြီးမားသောခန္ဓာကိုယ်မှာ ဧရာမကျာပွတ်တစ်ချောင်းအဖြစ်သို့ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်း လော်ယွမ်ဆီသို့ရိုက်ခတ်လာပြီး လေထုမှာ အလွှာလိုက်ဖိသိပ်ခံလိုက်ရသည်။

လော်ယွမ်၏အဝတ်အစားများမှာ လေတိုက်၍တဖျပ်ဖျပ်မြည်နေပြီး ပြင်းထန်သောလေပြင်းတစ်ချက် ဟူးခနဲတိုက်ခတ်လာသည်။

ဤလေပြင်းကိုအမှီပြု၍ လော်ယွမ်က လျင်မြန်စွာနောက်သို့ဆုတ်ခွာသွားသော်လည်း အချိန်မမီတော့သည်မှာ ထင်ရှားသည်။ သို့သော် သူ၏အမူအရာမှာ လုံးဝထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်အေးစက်နေသည်။

ထိုစဉ်ထူးခြားသောပြောင်းလဲမှု ရုတ်တရက်ဖြစ်ပေါ်လာသည်။

အက်စစ်တီကောင်ကြီး၏တိုက်ခိုက်မှုမရောက်မီမှာပင် ၎င်း၏ခန္ဓာကိုယ်တွင် အက်ကြောင်းတစ်ခု တိတ်တဆိတ်ပေါ်ပေါက်လာပြီးနောက် အက်ကြောင်းမှာ ရုတ်တရက်ကျယ်ပြန့်သွားကာ ခန္ဓာကိုယ်မှာ ထူးဆန်းစွာနှစ်ပိုင်းပြတ်သွားပြီး ဒဏ်ရာမှာချောမွေ့ညီညာနေသည်။

သို့သော် ဤသည်မှာ အစပျိုးရုံသာရှိသေးသည်။ ဒဏ်ရာတွင် ချက်ချင်းပင်အပြာရောင်မြူခိုးငွေ့တစ်ခုပေါ်ပေါက်လာပြီးနောက် အဖြူရောင်မြူခိုးအဖြစ်သို့ပြောင်းလဲသွားကာ လေထု၏အပူချိန်မှာ ရုတ်ချည်းကျဆင်းသွားပြီး ပတ်ဝန်းကျင်မှအဆိပ်ငွေ့များမှာ သေးငယ်သောရေခဲမှုန်လေးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝါကျင့်ကျင့်ဖြစ်နေသောအဖြူရောင်နှင်းခဲတစ်လွှာက ဒဏ်ရာမှတစ်ဆင့် အက်စစ်တီကောင်ကြီး၏ ကြီးမားသောခန္ဓာကိုယ်နှစ်ဖက်သို့ ပျံ့နှံ့သွားသည်။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာတောင့်တင်းသွားပြီး ရှေ့သို့ဆက်လက်သွားနေသောခန္ဓာကိုယ်မှာ ရုတ်တရက်ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာရိုက်ခတ်ကျသွားပြီး မရေမတွက်နိုင်သောရေခဲမှုန်များကို ကြေမွသွားစေသည်။ သို့သော် ထို့နောက်တွင် ရေခဲမှုန်အသစ်များ လျင်မြန်စွာပြန်လည်ဖြစ်ပေါ်လာသည်။

ဤသို့ခန္ဓာကိုယ်တစ်ပိုင်းတစ်စဖြင့်ပင် အသက်ရှင်နိုင်သောသက်ရှိမျိုးကို သတ်ဖြတ်ရန်အတွက် သာမန်နည်းလမ်းများဖြင့် အသုံးမဝင်သည်မှာထင်ရှားသည်။ အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာတောက်ဓားရှည်၏အထူးအာနိသင်ဖြစ်သော ရေခဲအစွမ်းကို တိုက်ရိုက်အသုံးပြုရန်ဖြစ်ပြီး ယခုကြည့်ရသည်မှာ အကျိုးသက်ရောက်မှုက မဆိုးလှပေ။

အက်စစ်တီကောင်ကြီး၏ နှစ်ပိုင်းနီးပါးပြတ်နေသောခန္ဓာကိုယ်မှာ ပြင်းထန်စွာရုန်းကန်နေပြီး တစ်ကိုယ်လုံးမှ ကြည်လင်ပြီးစေးပျစ်သောအရည်များကို အဆက်မပြတ်ထုတ်လွှတ်နေသည်။ ဒဏ်ရာအနီးတစ်ဝိုက်မှအရည်များ လျင်မြန်စွာခဲသွားသည်မှလွဲ၍ ကျန်အပိုင်းများမှအရည်များမှာ ခန္ဓာကိုယ်အတိုင်း မိုးရေများကဲ့သို့ စီးကျလာသည်။ ဤအရည်များမှာ အလွန်ပြင်းထန်သောအက်စွမ်းရည်ရှိပြီး မြေပြင်နှင့်ထိတွေ့သည်နှင့် ချက်ချင်းပင် စေးပျစ်သောရွှံ့နွံတစ်အိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ မြေကြီးသာမက ကျောက်ခဲ၊ သစ်သားများပါ လျင်မြန်စွာအစားခံရပြီး ညစ်ထေးသောအရည်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ခဏလေးအတွင်းမှာပင် ထိုတီကောင်ရှိရာအနီးတစ်ဝိုက်တွင် ကြီးမားသောရွှံ့နွံတောတစ်ခုပေါ်ပေါက်လာသည်။ ၎င်း၏ခန္ဓာကိုယ်မှာ အဆက်မပြတ်လူးလွန့်နေပြီး ယခင်ကနှင့်နှိုင်းယှဉ်လျှင် သူ၏လှုပ်ရှားမှုမှာ များစွာနှေးကွေးသွားပြီဖြစ်သည်။ ရွှံ့နွံမျက်နှာပြင်တွင်လည်း ရေခဲလွှာတစ်လွှာဖြည်းညင်းစွာဖွဲ့စည်းလာပြီးနောက် သူ၏ကြီးမားသောခန္ဓာကိုယ်ဖြင့် ကြိတ်ချေခြင်းခံလိုက်ရသည်။

ရေခဲအစွမ်း၏ အာနိသင်က ဤအပြာရောင်အဆင့်ဧရာမသတ္တဝါကြီးကို လုံးဝခဲသွားစေရန် မလုံလောက်သေးသည်မှာ ထင်ရှားသည်။

"မင်းကထွက်ပြေးချင်သေးတာလား" ရွှံ့နွံများတဖြည်းဖြည်းများပြားလာပြီး တီကောင်ကြီး၏ခန္ဓာကိုယ်တစ်ဖက်မှာ မြေကြီးထဲသို့စတင်တူးဝင်နေသည်ကိုကြည့်ရင်း လော်ယွမ်က ပြောလိုက်သည်။

ဆက်ရန်...

အပိုင်း(၇၅)ရုပ်ပျက်ဆင်းပျက်

လော်ယွမ်၏ မျက်လုံးထောင့်က မြေပြင်ပေါ်သို့ လျှပ်စီးလက်သလို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ကီလိုဂရမ် ဆယ်ဂဏန်းခန့် အလေးချိန်ရှိသော ကျောက်တုံးကြီးတစ်တုံးသည် သူ၏ ခြေကန်ချက်ကြောင့် လေထဲသို့ မြောက်တက်သွားပြီး မီတာ ခုနစ်၊ ရှစ်မီတာခန့်အကွာရှိ ရွှံ့ဗွက်အိုင်ထဲသို့ ပြင်းထန်စွာ ကျရောက်သွားကာ အဆိပ်သင့်ရွှံ့ရေများအား လေးဘက်လေးတန်သို့ စင်ထွက်သွားစေသည်။

သူက ခြေထောက်များကို အငြိမ်မနေဘဲ ကျောက်တုံးကြီးများကို တစ်ခုပြီးတစ်ခု ရွှံ့ဗွက်အိုင်ထဲသို့ ဆက်တိုက် ကန်ထည့်လိုက်သည်။

ထို့နောက် သူ၏ ကိုယ်ဟန်က တစ်ချက်လှုပ်ခတ်သွားပြီး ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။ နွံအိုင်ထဲသို့ကျနေသော ကျောက်တုံးများပေါ်မှ ငှက်မွေးကဲ့သို့ ပေါ့ပါးစွာ နင်းဖြတ်ပြီး အသက်တစ်ခါ ရှူချိန်အတွင်းမှာပင် အက်စစ်တီကောင်၏ နံဘေးသို့ တစ်ဖန်ပြန်၍ ရောက်သွားခဲ့သည်။

သူ၏လက်ထဲမှ ကျန်းမာတောက်ဓားရှည်ကြီးက အက်စစ်တီကောင်၏ ချောမွေ့စေးကပ်နေသော အသားထဲသို့ တိတ်တဆိတ် ထိုးစိုက်ဝင်ရောက်သွားသည်။ ထိုအကောင်ကြီး သတိမမူမိခင်မှာပင် ဓားကိုအားကုန်ဆွဲလိုက်ရာ ၆ပေကျော်ရှည်သော ပြတ်ရှဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

တီကောင်ကြီးမှာ ဉာဏ်ရည်နိမ့်ပါးသဖြင့် ပြင်းထန်သော နာကျင်မှုအောက်တွင် ထွက်ပြေးရန်ပင် မေ့လျော့သွားပြီး ပြာမှုန်လူးထားသော ငါးခူတစ်ကောင်နှယ် မြေပြင်ပေါ်တွင် ရူးသွပ်စွာ ခုန်ပေါက်လူးလှိမ့်နေတော့သည်။ ထိုသို့ လူးလှိမ့်ခုန်ပေါက်လိုက်တိုင်း ရွှံ့ရေအမြောက်အမြားက သူ၏ကိုယ်မှ ကျည်ဆန်များအလား လေးဘက်လေးတန်သို့ လွင့်စင်သွားသည်။

အက်စစ်တီကောင် မရူးမသွပ်ခင်ကတည်းက လော်ယွမ်သည် လျင်မြန်စွာ နောက်သို့ ဆုတ်ခွာခဲ့သော်လည်း မိုးသီးမိုးပေါက်များလို တရစပ်ကျလာသော တိုက်ခိုက်မှုအောက်တွင် တစ်ကိုယ်လုံး ရွှံ့များဖြင့် ပေကျံသွားခဲ့ရသည်။

သူ့မျက်နှာနှင့် အကာအကွယ်မဲ့နေသော လက်ဖမိုးတို့တွင် ပြင်းထန်သော ယားယံမှုကို ခံစားလိုက်ရသည်။ သူ့မျက်နှာကို အသာအယာ စမ်းသပ်ကြည့်လိုက်ရာ လက်ထဲတွင် သွေးများနှင့် ပြည့်နှက်နေပြီး ပြည်ဖုများအဖြစ်သို့ ပြောင်းလဲသွားသည့် အသားစအချို့ပင် ပါလာသည်။

သူ့ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသလို စပ်ဖျဉ်းဖျဉ်း ဖြစ်နေ၏။ ယခုအချိန်တွင် မှန်မရှိသော်လည်း မိမိမျက်နှာက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ပြီဟု သူ ကောင်းကောင်း ခံစားမိနေသည်။

သူက မျက်နှာကို အားဖြင့် တစ်ချက်ပွတ်သပ်လိုက်သည်။

"သေစမ်း"

သူကအံကို ကျိတ်လိုက်ရင်း ရေရွတ်လိုက်သည်။ နောင်တစ်ချိန်တွင် မြင်တွေ့ရမည့် မိမိ၏ ကြောက်မက်ဖွယ်မျက်နှာကို တွေးလိုက်မိသည့်အခါ သူ၏ နှလုံးသားထဲတွင် ဖော်ပြမရနိုင်သော ဒေါသမီးတောက်တစ်ခု ဟုန်းခနဲ ထတောက်လောင်လာသည်။ ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားကတည်းက တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သော်လည်း ယခုကဲ့သို့ အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရခြင်းမျိုး တစ်ခါမှမကြုံဖူးခဲ့ပေ။ တိုက်ပွဲတိုင်းသည် အန္တရာယ်များလှသော်လည်း အဆုံးသတ်တွင် အပြတ်အသတ် အနိုင်ရခဲ့ချည်းသာပင်။ အဆိုးဆုံးအကြိမ်မှာပင် အတွင်းဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။

အချိန်အတော်ကြာ အဆင်ပြေချောမွေ့နေခဲ့ရာမှ ရုတ်တရက် ဒဏ်ရာအပြင်းအထန်ရလိုက်သည့်အခါ သူ၏ဒေါသတို့သည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တစ်ကိုယ်လုံးရှိ မွေးညင်းများပင် ထောင်ထလာတော့သည်။

သူ၏ဒေါသတို့သည် အသွေးသားထဲတွင် ပျော်ဝင်သွားပြီး နက်ရှိုင်းသော၊ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သတ်ဖြတ်လိုစိတ်မှာ အလွန်ပြင်းထန်လွန်းသောကြောင့် သူ၏ ခန္ဓာကိုယ်ပင် တုန်ယင်လာသည်။ သူ၏ ကျန်းမာတောက်ဓားရှည်ပေါ်တွင် မှုန်ဝါးဝါးအလင်းရောင်တစ်ခု ရုတ်ချည်းလက်ခနဲ ပေါ်လာပြီးနောက် ပိုမိုတောက်ပလာသည်။ သူ၏အဝတ်အစားများပေါ်တွင်ပင် မျက်စိဖြင့် မမြင်နိုင်လောက်သည့် အလင်းလွှာပါးပါးတစ်ခု ဖြစ်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ မြူခိုးများက ရုတ်တရက် ခဲသွားသလိုပင်။ ပေ၃၀ပတ်လည်တွင် အလွန်အမင်း လွှမ်းမိုးနိုင်သော အငွေ့အသက်တစ်မျိုးဖြင့် ပြည့်နှက်သွားသည်။

အနီးအနားမှ အက်စစ်တီကောင်သည် တစ်စုံတစ်ရာကို အာရုံခံမိဟန်ဖြင့် ခုန်ပေါက်နေခြင်းကို ရပ်တန့်လိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်တွင် ဝပ်ဆင်းသွားကာ တုန်ယင်နေတော့သည်။

ဓားသိုင်းကျွမ်းကျင်မှု +၁

စနစ်၏ အချက်ပေးသံက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာသော်လည်း ယခုအချိန်တွင် သူက မကြားဟန်ဖြင့် လျစ်လျူရှုထားလိုက်သည်။

နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ် လှုပ်ရှားလာသည်။ သူက ရှေ့မှ အက်စစ်တီကောင်ကို စူးစိုက်ကြည့်ရင်း တစ်လှမ်းချင်း ရှေ့သို့တိုးသွားသည်။ သူ၏ခြေလှမ်းများမှာ လေးလံသော်လည်း တည်ငြိမ်လှသည်။ သွေးအလိမ်းလိမ်းနှင့် လော်ယွမ်၏ ပုံစံမှာ ငရဲဘုံမှ တက်လာသော နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေပြီး သူ၏တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်စွမ်းအင်များ ထုတ်လွှတ်နေသည်။

ယခုအချိန်တွင် သူတို့နှစ်ဦး၏ အရွယ်အစားမှာ ပြောင်းပြန်ဖြစ်သွားသလိုပင်။ လော်ယွမ်က ဧရာမ သားရဲကြီးတစ်ကောင် ဖြစ်သွားပြီး အက်စစ်တီကောင်မှာမူ သားရဲကြီး၏ မျက်စိအောက်တွင် တုန်တုန်ယင်ယင်ဖြစ်နေရသော ပိုးကောင်လေးတစ်ကောင် ဖြစ်သွားသယောင်။

လော်ယွမ်သည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် အရှိန်ကိုတဖြည်းဖြည်းမြှင့်တင်လိုက်သည်။ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် အက်စစ်တီကောင်၏ ရှေ့သို့ရောက်ရှိသွားပြီး သူ၏လက်ထဲမှ ကျန်းမာတောက်ဓားရှည်က အေးစက်သော အလင်းတန်းတစ်ခုအဖြစ် လင်းလက်သွားသည်။

ဒီတစ်ကြိမ်တွင်တော့ လော်ယွမ်သည် မည်သည့်ခုခံမှုကိုမျှ မခံစားရတော့ပေ။ ဓားသွားက အက်စစ်တီကောင်၏ ကိုယ်ခန္ဓာကို ဖြတ်တောက်သွားသည့်အခါ လေထုကို ခုတ်လိုက်ရသကဲ့သို့ပင် ပေါ့ပါးလှသည်။ သူက ဓားရှည်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပေ၃၀မျှရှည်သော ထိုအကောင်ကြီး၏ ကိုယ်ခန္ဓာတစ်လျှောက် ခြေလှမ်းအနည်းငယ် လျင်မြန်စွာလှမ်းကာ နောက်တစ်ချက် ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။

ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်၏ ဖိနှိပ်မှုအောက်တွင် အက်စစ်တီကောင်သည် ပင်ကိုအသိစိတ်အရ ကိုယ်ခန္ဓာတွန့်လိမ်နေခြင်းမှလွဲ၍ ရုန်းကန်ဖို့ပင် လုံးဝမေ့လျော့သွားပုံရသည်။ လော်ယွမ်၏ ဓားချက်များကို တစ်ချက်ပြီးတစ်ချက် မိမိကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ငြိမ်သက်စွာ ခံယူနေတော့သည်။

အမှန်တကယ်တော့ အကယ်၍သာ အခြားအဆင့်မြင့် ဇီဝမျိုးစိတ်တစ်ခုခုသာဖြစ်ပါက ဤကဲ့သို့ ခုခံမှုကင်းမဲ့စွာ ဖိနှိပ်ခံမည်မဟုတ်ပေ။ ပြောရမည်ဆိုလျှင် တီကောင်သည် မည်မျှပင် မျိုးဗီဇပြောင်းလဲပြီး ကြီးမားသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်နေပါစေ အသိဉာဏ်နိမ့်ပါးသော ကျောရိုးမဲ့သတ္တဝါတစ်ကောင်သာ ဖြစ်သည်။

ဤကဲ့သို့သော သတ္တဝါမျိုးမှာ ပင်ကိုအသိစိတ်သာရှိကြသည်။ စွမ်းဆောင်ရည်မြင့်မားသော ကွန်ပျူတာတစ်လုံးထဲတွင် ရှေးအကျဆုံး လည်ပတ်မှုစနစ်တစ်ခုကို ထည့်သွင်းထားသကဲ့သို့ပင်။ ကွန်ပျူတာထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းသာရှိပါက ကျန်သည့်အရာအားလုံးကို မိမိစိတ်ကြိုက်ခြယ်လှယ်နိုင်တော့မည် ဖြစ်သည်။

အက်စစ်တီကောင်၏ အားနည်းလှသော စိတ်စွမ်းအင်လှိုင်းမှာ လော်ယွမ်၏ အားကောင်းသော စွမ်းအင်ဖိအားအောက်တွင် လုံးဝဖိနှိပ်ခံထားရပြီး သူ၏ကိုယ်ခန္ဓာမှာ ဝိညာဉ်ကင်းမဲ့နေသော ခန္ဓာကိုယ်ခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကြိုက်သလိုသတ်ဖြတ်မှုကို ခံနေရတော့သည်။

လော်ယွမ်သည် ဓားကိုမြှောက်လိုက်၊ ခုတ်ချလိုက်၊ မြှောက်လိုက်၊ ခုတ်ချလိုက်ဖြင့် မရပ်မနား လှုပ်ရှားနေသည်။ သူ၏ဓားပေါ်မှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော်လည်း သူ၏ခုတ်ပိုင်းနေမှုမှာ ရပ်တန့်မသွားခဲ့ပေ။

အက်စစ်တီကောင်သည် သူ၏ဦးနှောက်ကို ဗလာဖြစ်သွားစေသော ဖိနှိပ်မှုကြီး ပျောက်ကွယ်သွားသည်ကို ခံစားမိချိန်တွင် အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် သူ၏ ကိုယ်ခန္ဓာမှာ ၁၀ပိုင်းကျော်အထိ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။ ရင်ခေါင်းထဲမှ ကလီစာများမှာ ပြောင်ချောနေသော ဒဏ်ရာကြီးများမှတဆင့် အပြင်သို့ တလိမ့်လိမ့်စီးကျနေပြီး လေထုထဲတွင် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းသော အညှီနံ့တို့ဖြင့် ပြည့်နှက်သွားသည်။ သူက ကိုယ်ခန္ဓာကို အကြိမ်အနည်းငယ် တွန့်လိမ်လှုပ်ရှားနိုင်ခြင်းမှလွဲ၍ ရုန်းကန်နိုင်စွမ်းမရှိတော့ပေ။ သွေးများနှင့် ကလီစာများ ဆက်တိုက်ဆုံးရှုံးလာသည်နှင့်အမျှ သူ၏ရုန်းကန်မှုမှာလည်း တဖြည်းဖြည်း အားနည်းလာတော့သည်။

မည်မျှပင် အားကောင်းသော ပြန်လည်ရှင်သန်နိုင်စွမ်း ရှိနေပါစေ ဤကဲ့သို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါတွင်တော့ မည်သို့မျှ မတတ်နိုင်တော့ပေ။

မိနစ်အနည်းငယ် ကြာပြီးနောက်။

စနစ်၏ အချက်ပေးသံ နောက်ဆုံးတွင် ထွက်ပေါ်လာသည်။

"ဒင်...အဆင့် E မစ်ရှင် - အက်စစ်တီကောင်ကို သတ်ရန် အောင်မြင်သွားပါပြီ"

"မစ်ရှင်ပြီးမြောက်ရန်ကြာချိန် - ၁၀မိနစ် ၃၆စက္ကန့်"

"မစ်ရှင်အကဲဖြတ်ချက် - သာမန်"

"အခြေခံအတွေ့အကြုံအမှတ် ၁၆၀၀ ရရှိသည်"

"အကဲဖြတ်ချက်မှာ သာမန်ဖြစ်သဖြင့် အတွေ့အကြုံအမှတ် အပို +ဝ"

စနစ်၏ အသံကိုကြားလိုက်ရသည့်အခါ လော်ယွမ်၏ နှလုံးသားထဲမှ တင်းထားသော စိတ်တို့ ရုတ်တရက် လျော့ကျသွားသည်။ သူ၏စိတ်စွမ်းအားများအားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အက်စစ်တီကောင်ထံမှ ထွက်ပေါ်နေသော စက်ဆုပ်ဖွယ် အနံ့ဆိုးကို ရှူရှိုက်မိသည့်အခါ သူ၏အစာအိမ်ထဲတွင် လှိုင်းလုံးများ ထန်သွားသလို ခံစားလိုက်ရပြီး ဘေးသို့လှည့်ကာ အကြီးအကျယ် အန်ချတော့သည်။

သူ မတ်တပ်ထရပ်လိုက်ပြီး အပိုင်းပိုင်းပြတ်နေသော အက်စစ်တီကောင်ကို ကြည့်ကာ စိတ်ထဲတွင် ကြောက်လန့်တကြားဖြစ်သွားသည်။ မိမိသည် ထိုအချိန်က ထွက်မပြေးဘဲ ထိုအကောင်ကြီးကို သတ်ပစ်ခဲ့သည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။

ထိုစဉ် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏မျက်နှာကို အလျင်အမြန် စမ်းသပ်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် သွေးပေါက်များ ဖြစ်ပေါ်နေသည်ကို စမ်းသပ်မိပြီး လက်ချောင်းတစ်ချောင်းပင် ထိုးထည့်၍ ရနိုင်လောက်သည်။ ထို့အပြင် မခံမရပ်နိုင်အောင်လည်း ယားယံလှသည်။ သူ မနေနိုင်ဘဲ မျက်နှာကို ကုတ်လိုက်မိသည်။ မကုတ်လျှင် တော်သေး၏၊ ကုတ်လိုက်သည့်အခါ ပို၍ပင် ယားယံလာသည်။ သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် ကုတ်ခြစ်နေမိပြီး အားမှာလည်း တဖြည်းဖြည်း ပို၍ပြင်းထန်လာသည်။ အရေပြားများပင် ပေါက်ပြဲသွားပြီး မျက်နှာမှ သွေးများ တစက်စက်စီးကျလာကာ အင်္ကျီများပင် စိုရွှဲသွားတော့သည်။

သူ အစွမ်းကုန် သည်းခံရန် ကြိုးစားနေသော်လည်း လုံးဝမတတ်နိုင်တော့ပေ။ တစက်စက်ကျနေသော သွေးများကိုကြည့်ရင်း သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုသည် ကပ်ရောဂါတစ်ခုကဲ့သို့ ပျံ့နှံ့လာသည်။

သူ၏ စိတ်စွမ်းအားများ ကုန်ဆုံးသွားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ သူ၏စိတ်ခံစားချက်များသည် ဆင်ခြင်တုံတရား၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ တာကျိုးသွားသော ရေလှိုင်းများကဲ့သို့ ထင်တိုင်းကြဲနေတော့သည်။

"လော်ယွမ်...ရှင်... ရှင် ဘယ်မှာလဲ"

ထိုအချိန်တွင် ဟွမ်ကျားဟွေ၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။

လော်ယွမ် တစ်ချက်တောင့်သွားပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းသာအားရဟန်တစ်ခု ပေါ်ပေါက်လာသည်။ "ဒီဘက်မှာ... မြန်မြန်လာခဲ့"

မကြာမီပင် ဟွမ်ကျားဟွေသည် ကန္တာရလင်းယုန် ပစ္စတိုတစ်လက်ကိုကိုင်ကာ အပြေးရောက်လာသည်။ သူမ၏နောက်တွင်တော့ ကြောက်ရွံ့တုန်လှုပ်နေသော ဟွမ်ယွိရင်နှင့် ဝမ်ရှီရှီတို့ လိုက်ပါလာကြသည်။

ဟွမ်ကျားဟွေသည် မြေအောက်ခန်းထဲတွင် မိနစ်အနည်းငယ်မျှသာ နေနိုင်ခဲ့သည်။ သူမ၏စိတ်ထဲတွင် မနေနိုင်မထိုင်နိုင်ဖြစ်လာပြီး အကြိမ်ကြိမ်စဉ်းစားပြီးနောက် ဟွမ်ယွိရင်၏ တားမြစ်မှုကို မလိုက်နာဘဲ လော်ယွမ်ကို ရှာဖွေရန် ထွက်လာခဲ့ခြင်းဖြစ်သည်။

ဟွမ်ယွိရင်က တားဆီး၍မရသည့်အဆုံး အံကိုကျိတ်ကာ နောက်မှလိုက်လာခဲ့ရသည်။ သူမသည် မိမိ၏ ရပ်တည်မှုကို ကောင်းကောင်းနားလည်သည်။ အကယ်၍သာ မိမိက မြေအောက်ခန်းတွင် ဆက်လက်နေထိုင်ခဲ့ပါက ခက်ခက်ခဲခဲရရှိထားသော ယုံကြည်မှုနှင့် ကြိုးစားမှုများအားလုံး အလဟဿဖြစ်သွားပြီး အကုန်လုံးက သူမကို စွန့်ပစ်သွားကြလိမ့်မည်။ သနားတတ်သော ဟွမ်ကျားဟွေပင် နောင်တွင် သူမအတွက် မျက်နှာသာပေးတော့မည်မဟုတ်ပေ။

အရေးကြုံသည့်အခါ နောက်ဆုတ်သွားသူကို မည်သူကမျှ လက်ခံလိမ့်မည်မဟုတ်။ လူတိုင်း အပြင်ထွက်သွားကြချိန်တွင် သူမအနေဖြင့် အလုံခြုံဆုံးနေရာ၌ နေထိုင်ရန် မည်သည့်အကြောင်းပြချက် သို့မဟုတ် အရည်အချင်းမှ မရှိတော့ပေ။

သူမက သေမလောက်ကြောက်နေပြီး အပြင်သို့ လုံးဝမထွက်ချင်သော်လည်း လူတွေ၏ စွန့်ပစ်ခြင်းကို ခံရမည့်အရေးနှင့်စာလျှင် ဤအန္တရာယ်မှာ တန်သည်ဟု မှတ်ယူရမည်။

ဟွမ်ကျားဟွေသည် ခြေလှမ်းအနည်းငယ် အမြန်လျှောက်ကာ မြူခိုးများကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် လော်ယွမ်ကို မြင်တွေ့လိုက်ရသည်။ သွေးအလိမ်းလိမ်းနှင့် ကြောက်မက်ဖွယ်ပုံစံဖြစ်နေသော လော်ယွမ်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အသံတုန်တုန်ဖြင့် မေးလိုက်သည်။ "ရှင့်... ရှင့်မျက်နှာ"

ဝမ်ရှီရှီမှာတော့ လော်ယွမ်၏ မျက်နှာကိုမြင်ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"ငါ့မျက်နှာ ဘာဖြစ်လို့လဲ" လော်ယွမ်သည် သူတို့နှစ်ဦး၏ တုံ့ပြန်မှုကိုမြင်ပြီး စိတ်ထဲတွင် ထိတ်လန့်သွားကာ ဟွမ်ကျားဟွေ၏ လက်ကို ဆွဲကိုင်လိုက်သည်။

"ရှင်... ရှင့်မျက်နှာမှာ သွေးတွေချည်းပဲ" ဟွမ်ကျားဟွေက စိုးရိမ်တကြီး ပြောလိုက်သည်။

"ငါ့မျက်နှာ ရုပ်ပျက်သွားပြီလား" လော်ယွမ်က ငိုတော့မယောင် အလောတကြီး မေးလိုက်သည်။

"မသိဘူး... ဒီမှာက အဆိပ်ငွေ့တွေချည်းပဲ အိမ်အရင်ပြန်ပြီးမှ ပြောကြရအောင်" ဟွမ်ကျားဟွေက လော်ယွမ်ကို ထူလိုက်သည်။ လော်ယွမ်၏ အခြေအနေမှာ တစ်ခုခုမှားယွင်းနေသည်ကို သူမ ခံစားမိနေသည်။ သာမန်လူတစ်ယောက်အတွက် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခြင်းက အရေးကြီးသည်မှန်သော်လည်း ယခုကဲ့သို့သော တုံ့ပြန်မှုမျိုးမှာ လော်ယွမ်၏ ပင်ကိုစရိုက် လုံးဝမဟုတ်ပေ။ မိမိ၏ရုပ်ရည်ကို အလွန်အမင်း တန်ဖိုးထားသော မိန်းမတစ်ယောက်နှင့် ပိုတူနေသည်။

ဟွမ်ယွိရင်က ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ယခုအချိန်တွင် လော်ယွမ်သည် မျက်နှာအပြည့် သွေးများဖြင့် ကြောက်မက်ဖွယ်ကောင်းနေသော်လည်း သူမအပေါ်တွင် မည်သည့်ဖိအားမျှ မပေးနိုင်ဘဲ သာမန်လူတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သူမသည် တစ်ချက်တွေဝေသွားပြီးနောက် လော်ယွမ်ကို ဝင်ရောက်တွဲကူလိုက်သည်။

ထိုစဉ်ကောင်းကင်ယံမှ စူးရှထက်မြက်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းကသိန်းငှက်တစ်ကောင်၏ အော်သံနှင့်လည်းတူပြီး သင်္ဘောဥဩဆွဲသံနှင့်လည်း ဆင်သည်။ ထို့နောက် သူတို့၏ခေါင်းပေါ်မှ လေပြင်းတိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ခု ကောင်းကင်မှ ထိုးကျလာသကဲ့သို့ ခံစားလိုက်ရသည်။

လေးယောက်သား မော့ကြည့်လိုက်ကြရာ မြူခိုးများကြားထဲတွင် မီးတောက်တစ်ခု ကောင်းကင်မှ ထိုးကျလာပြီး အဝေးတစ်နေရာတွင် ကျရောက်ပေါက်ကွဲသွားသည်ကို လှမ်းမြင်လိုက်ရသည်။

"အုန်း"

ကြီးမားသော အနီရောင်မြူခိုးလုံးကြီးတစ်ခု ရုတ်တရက် ထိုးတက်လာပြီးနောက် ကမ္ဘာမြေကိုပင် တုန်ခါသွားစေသည့် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ထိုအသံနှင့်အတူ ပဲ့တင်ထပ်လိုက်သည့်အလား အဝေးဆီမှ မရေမရာသော သားရဲများ၏ ဟိန်းဟောက်သံပေါင်းများစွာကို ကြားလိုက်ရသည်။

လော်ယွမ်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမနိုင် တုန်ယင်လာတော့သည်။

ဆက်ရန်...

အပိုင်း(၇၆)သားရဲအုပ်

ယခုအချိန်တွင် မြို့တစ်မြို့လုံးသည် မြူခိုးငွေ့များအောက်၌ နစ်မြုပ်နေ၏။ ဤအခြေအနေအရ မြို့ပြင်ရှိ စစ်စခန်း၏ ကာကွယ်ရေးစွမ်းပကားမှာလည်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားလောက်ပေပြီ။ ဤအခြေအနေမျိုးတွင် သားရဲအုပ်များသာ ကျူးကျော်ဝင်ရောက်လာပါက အကာအကွယ်မဲ့နေသော နယ်မြေထဲသို့ ဝင်ရောက်ရသကဲ့သို့ လွယ်ကူနေပေလိမ့်မည်။

လော်ယွမ်၏အတွေးများက လျှပ်စီးကဲ့သို့ဖြတ်ပြေးသွားပြီးနောက် နှလုံးသားထဲမှကြောက်ရွံ့မှုက သူ၏ဦးနှောက်ကို ဗလာနတ္ထိဖြစ်သွားစေခဲ့သည်။

"စောစောက ပျက်ကျသွားတာ ပိုးသတ်ဆေးလိုက်ဖျန်းနေတဲ့ ဗုံးကျဲလေယာဉ်မလား" ဟွမ်ကျားဟွေသည် မတ်တပ်ရပ်နေရာတွင် ကြက်သေသေနေပြီး ခဏကြာမှ အသံတုန်တုန်နှင့် ပြောထွက်လာနိုင်တော့သည်။

"ဟုတ်... ဟုတ်မယ်ထင်တယ်" ဟွမ်ယွိရင်သည်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲ တုန်ယင်စွာဆိုလိုက်သည်။

"ဆက်ကြည့်မနေနဲ့တော့...ဗီလာကိုအမြန်ပြန်ရအောင်" လော်ယွမ်က သတိပြန်ဝင်လာကာ အလျင်အမြန်ပြောလိုက်သည်။

ထိုအခါမှ သုံးယောက်လုံး သတိပြန်ဝင်လာပြီး မူလလမ်းအတိုင်း အမြန်ပြန်လှည့်လာခဲ့ကြသည်။

သိပ်မကြာလိုက်ခင်မှာပင် အဝေးဆီမှ သားရဲအုပ်ကြီး၏ ဟိန်းဟောက်သံများကို တဖြည်းဖြည်း ကြားလာရပြီး မြေပြင်ပင် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာသည်။

လော်ယွမ်တို့နေထိုင်သည့် အိမ်ရာသည် မြို့အနောက်ဘက်တွင်ရှိပြီး မြို့စွန်နှင့် ၁၂မိုင်ကျော်ကွာဝေးသည်။ ဤမျှလောက်အလှမ်းဝေးသောနေရာကပင် သားရဲအုပ်တို့၏ဟိန်းဟောက်သံကို ကြားနေရသည်ဆိုခြင်းက သန္ဓေပြောင်းသားရဲများ မြို့ထဲသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း သက်သေပြနေသည်။

အဝေးဆီမှ လက်နတ်ကြီးများပစ်ခတ်သံကို တပိုင်းတစကြားနေရသော်လည်း ဤသို့မြူခိုးများဖုံးလွှမ်းနေသော ပတ်ဝန်းကျင်တွင် ထိရောက်မှုရှိမရှိကိုတော့ ကံကြမ္မာသာသိပေလိမ့်မည်။ လေးယောက်သား ဗီလာထဲသို့ဝင်ကာ တံခါးမကြီးကို အမြန်ပိတ်လိုက်ကြသည်။

ထိုအခါမှ အားလုံး သက်ပြင်းချနိုင်တော့သည်။ ခိုင်ခံ့သော အဆောက်အအုံသည် လူတို့အား လုံခြုံမှုတစ်မျိုးကို ပေးနိုင်စွမ်းရှိသည်။ သို့သော် သန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်မှုအောက်တွင် ဤသို့သောကာကွယ်မှုသည် တစ်ချက်တည်းနှင့်ပင် ပျက်စီးသွားနိုင်ကြောင်း အားလုံးက သဘောပေါက်ကြသည်။

ဝမ်ရှီရှီ၏ မျက်နှာပေါ်တွင် သွေးမရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ငှက်ဖျားတက်သကဲ့သို့ တဆတ်ဆတ်တုန်နေသည်။ နံရံကိုသာမှီမထားပါက သူမသည် မြေပေါ်တွင် ပုံကျသွားလောက်ပြီဖြစ်သည်။

လော်ယွမ်၏အခြေအနေမှာလည်း ထိုနည်း၎င်းပင်။ သူ၏ စိတ်စွမ်းအားသည် သာမန်လူတစ်ယောက်အောက်ပင် နိမ့်ကျနေသဖြင့် သူ၏အမူအရာမှာ ဝမ်ရှီရှီထက်ပင် ဆိုးရွားနေသည်။ သူ၏မျက်နှာထက်တွင် နာကျင်မှု၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့က တစ်လှည့်စီပေါ်လာကာ သူ၏စိတ်အစဉ်သည် မည်သည့်အချိန်မဆို ပြိုလဲကျသွားနိုင်သည့်အခြေအနေတွင် ရှိနေသည်။

"နင် ရေသွားခပ်ခဲ့" ဟွမ်ကျားဟွေက ဟွမ်ယွိရင်ကို လှမ်းပြောလိုက်ပြီး လော်ယွမ်၏အဝတ်အစားများကို စတင်ချွတ်ပေးလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့" ဟွမ်ယွိရင်သည် စိတ်ရှုပ်ထွေးနေစွာဖြင့် ခေါင်းညိတ်ပြပြီး မီးဖိုချောင်ထဲသို့ အပြေးအလွှားသွားလေသည်။

ဤအဝတ်အစားသည် ဇီးကွက်နက်၏အမွေးတောင်များဖြင့် ပေါင်းစပ်ထားသော အပြာရောင်အဆင့်ပစ္စည်းဖြစ်သည့်အညီ မျက်နှာပြင်သည် ချောမွေ့ကာ ရေစိုခြင်းမရှိပေ။ မည်သည့်အရည်မှ အဝတ်ပေါ်တွင်ကပ်ညိနိုင်ခြင်းမရှိ။ ရွှံ့ရေများဖြင့် အကြိမ်ကြိမ်စင်ခဲ့သော်လည်း မျက်နှာပြင်ပေါ်တွင် အစွန်းအထင်းတစ်စက်မှမရှိဘဲ အသစ်အတိုင်း တောက်ပြောင်နေသည်။ သို့သော် လော်ယွမ်၏ အဝတ်မအုပ်ထားသော အသား၏အခြေအနေကတော့ လုံးဝကွဲပြားခြားနားနေသည်။

မကြာမီ ရေရောက်လာသည်။ ဟွမ်ကျားဟွေသည် ရေဇလုံထဲမှ ရေစိုဝတ်ကိုယူကာ အက်စစ်ကြောင့် ပျက်စီးဆွေးမြေ့နေသော လော်ယွမ်၏အရေပြားကို ဂရုတစိုက်သုတ်သင်ပေးလိုက်သည်။ သူမသည် ချက်ချင်းပင် အသက်ရှူမှားသွားမိသည်။

"အခြေအနေက...တော်တော့်ကိုဆိုးတာပဲ"

မျက်နှာတစ်ခုလုံးသည် မူလပုံစံပင်မရှိတော့ပေ။ သေးငယ်သိပ်သည်းသော သွေးပေါက်များဖြင့် ပြည့်နှက်နေပြီး ထိုသွေးပေါက်များထဲတွင် ပုပ်သိုးနေသကဲ့သို့သော ပြည်ရေများဖြင့် ပြည့်လျှံနေသည်။ သဘက်ဖြင့် ပြည်ရေများကို သုတ်လိုက်သည့်အခါ အထဲမှ လတ်ဆတ်နီရဲနေသော ကြွက်သားများကို မြင်လိုက်ရသည်။ အနက်ရှိုင်းဆုံးနေရာများဆိုလျှင် အရိုးကိုပင်မြင်နေရသည်။ သုတ်လိုက်တိုင်း သွေးများက မရပ်မနားစီးကျလာပြီး မကြာမီမှာပင် ဇလုံတစ်ခုလုံး သွေးများဖြင့်နီရဲသွားတော့သည်။

လော်ယွမ်၏မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး ကျယ်လောင်စွာ အော်ဟစ်ငြီးငြူတော့သည်။

ဟွမ်ကျားဟွေသည် မျက်ရည်များကိုမထိန်းနိုင်တော့ပေ။ အကြိမ်များစွာ သဘက်ကိုကိုင်ထားသောလက်သည် လေထဲမှာပင်ရပ်တန့်သွားပြီး ဆက်မသုတ်ရက်တော့။ လော်ယွမ်အော်ဟစ်နေသည်ကို မြင်သောအခါ ဝမ်ရှီရှီသည်လည်း သူမ၏ကြောက်ရွံ့မှုကိုမေ့ပြီး ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။

ရေကို တစ်ခါပြီးတစ်ခါလဲလှယ်နေရသည်။ အပြင်ဘက်မှ ပြင်းထန်သောပေါက်ကွဲသံများနှင့် ကြမ်းကြုတ်သော သားရဲဟိန်းဟောက်သံများကို တိုးလျစွာကြားနေရသည်။ မျှော်လင့်ချက်မဲ့ခြင်းက လူတိုင်း၏စိတ်နှလုံးကို ဖုံးလွှမ်းသွားပြီး အားလုံး၏မျက်နှာများမှာ ပို၍ပို၍ ဖြူဖျော့လာသည်။

"ဘယ်လိုလုပ်ကြမလဲ...သန္ဓေပြောင်းသတ္တဝါတွေလာနေကြပြီ...ငါတို့သေတော့မယ်ထင်တယ်...ငါမသေချင်သေးဘူး...ငါကငယ်ငယ်လေးပဲရှိသေးတာ" ဝမ်ရှီရှီက တုန်ယင်သောအသံဖြင့် ရေရွတ်နေသည်။

"မကြောက်နဲ့ ဘာမှမဖြစ်ဘူး...ငါတို့မသေပါဘူး...အဲ့လောက်အန္တရာယ်များတဲ့ တုံဟူမြို့မှာတောင် ငါတို့မသေတာပဲကို ဒီတစ်ခါလည်းသေမှာမဟုတ်ဘူး...မျှော်လင့်ချက်ရှိနေသရွေ့ငါတို့ဘာမှမဖြစ်ဘူး" ဟွမ်ကျားဟွေသည် ဝမ်ရှီရှီကိုပွေ့ဖက်လိုက်ပြီး မျက်လုံးများနီရဲကာ အားတင်းပြောလိုက်သည်။

"ဟုတ်တယ်...ငါတို့မသေပါဘူး...ဟယ်တုံမြို့မှာလူတွေအများကြီးရှိတာပဲ...အဲ့ထဲကတချို့တလေတော့ အသက်ရှင်မှာပဲ ငါတို့က ကံဆိုးတဲ့ထဲ မပါလောက်ပါဘူး" ဟွမ်ယွိရင်သည်လည်း တိုးတိုးလေးရေရွတ်လိုက်သည်။ သူမ၏စကားများက ဝမ်ရှီရှီကို အားပေးနေခြင်းထက် မိမိကိုယ်ကို နှစ်သိမ့်နေခြင်းနှင့် ပိုတူသည်။

လော်ယွမ်က မြေပြင်မှထရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "သွားမယ်...မြေအောက်ခန်းထဲကိုသွားမယ်...မြေအောက်ခန်းက ပိုခိုင်ခံ့ပြီး ပိုစိတ်ချရတယ်...ရိက္ခာတွေလည်း အလုံအလောက်ရှိတယ်...ငါတို့လေးငါးလလောက် ထိုင်စားတောင် ဘာမှမဖြစ်ဘူး"

သူ၏စိတ်စွမ်းအားသာ မထိခိုက်ခဲ့ပါက လော်ယွမ်က ဤသို့သော အရှုံးပေးသည့်ရွေးချယ်မှုကို ဘယ်သောအခါမှ ပြုလုပ်မည်မဟုတ်ပေ။ သူ၏ကံကြမ္မာကို မရေရာသောကံတရားလက်ထဲသို့ပုံအပ်မည့်အစား မိမိလက်ထဲတွင်သာ ထိန်းချုပ်ထားလိုသူဖြစ်သည်။ သို့သော် ယခုမူ သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုသည် ထိန်းချုပ်မရနိုင်သော မြင်းရိုင်းတစ်သောင်းကဲ့သို့ တဟုန်ထိုးထကြွနေပြီး မည်သည့်နေရာကိုမဆို အလုံခြုံဆုံးဖြစ်မည်ဆိုလျှင် ထိုနေရာသို့သာ ပြေးဝင်ပုန်းအောင်းချင်နေတော့သည်။

သူက ကျန်းမာတောက်ဓားရှည်ကိုဆွဲကိုင်ကာ မြေအောက်ခန်းသို့ ပြေးသွားရာ ကျန်လူများကလည်း အလျင်အမြန်လိုက်ပါသွားကြသည်။

မြေအောက်ခန်းတံခါးကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် အထဲတွင် အမှောင်ထုက လွှမ်းခြုံသွားတော့သည်။ ဟွမ်ကျားဟွေသည် ဓာတ်မီးတစ်လက်ကိုရှာဖွေကာ အမြန်ဖွင့်လိုက်သည်။ ဖြူဖွေးသော အလင်းတန်းက ကြောက်ရွံ့ထိတ်လန့်နေသူတို့၏ စိတ်ကို အနည်းငယ်တည်ငြိမ်သွားစေသည်။ ဝမ်ရှီရှီသည် မြေအောက်ခန်းသို့ရောက်သည်နှင့် လော်ယွမ်၏လက်မောင်းကို တင်းကျပ်စွာဖက်တွယ်ထားပြီး လုံးဝမလွှတ်တော့ပေ။

အားလုံးက ထောင့်တစ်နေရာတွင်ကပ်ကာ ထိုင်ချလိုက်ကြသည်။

"ဝေါင်း...ဝေါင်း...ဝေါင်း"

ကြမ်းကြုတ်သောသားရဲဟိန်းဟောက်သံများက ပို၍ပို၍ရှင်းလင်းလာပြီး နံရံများပေါ်မှ အမှုန်အမွှားများက တဖွဲဖွဲကြွေကျလာသည်။ အပြင်ဘက်မှ အုတ်ကျိုးကျသံများနှင့် တစ်ခါတစ်ရံတွင် လူတို့၏သေလုဆဲဆဲ ကြောက်မက်ဖွယ်အော်ဟစ်သံများကိုပင် ကြားနေရသည်။ တုန်ယင်ခြင်းသည် ကူးစက်တတ်သည်။ မည်သူကစတင်တုန်ယင်လာသည်မသိသော်လည်း မကြာမီမှာပင် အားလုံးသည် ကြောက်ရွံ့မှုဖြင့် တစ်ယောက်နှင့်တစ်ယောက်ပူးကပ်ကာ တဆတ်ဆတ်တုန်နေကြတော့သည်။

အစပိုင်းတွင် အချင်းချင်းအားပေးစကားပြောနေကြသေးသော်လည်း ယခုမူ အပြင်ဘက်မှ သန္ဓေပြောင်းသားရဲများ ကြားသွားမည်ကိုစိုးရိမ်၍ မည်သူမျှ စကားမပြောရဲကြတော့ပေ။

နောက်ဆုံးတွင် ဓာတ်မီးကိုပင် ပိတ်လိုက်ကြသည်။

မြေအောက်ခန်းတစ်ခုလုံး ဖိစီးမှုကြီးသော တိတ်ဆိတ်ခြင်းဖြင့် ပြည့်နှက်သွားပြီး လူတစ်ဦးချင်းစီ၏ ပြင်းထန်သော အသက်ရှူသံများသာ ကျန်တော့သည်။

လော်ယွမ်က မျက်လုံးများကိုမှိတ်ကာ ပုံမှန်ပြုနေကျအတိုင်း တရားထိုင်လိုက်သည်။ သူ၏လက်ရှိအခြေအနေသည် လုံးဝမမှန်ကန်ကြောင်း သူကောင်းကောင်းသိသည်။ ထို့ကြောင့် သူက မည်သည့်အရာကိုမှမတွေးတော့ဘဲ သူ၏အတွင်းစိတ်ထဲမှ တည်ငြိမ်မှုကို ကြိုးစားရှာဖွေလိုက်သည်။

လပေါင်းများစွာလေ့ကျင့်လာခဲ့သည့် အကျိုးကျေးဇူးက အလဟဿမဖြစ်ခဲ့ပေ။ စိတ်တည်ငြိမ်အောင်ပြုလုပ်ခြင်းသည် သူအတွက် ပင်ကိုအလေ့အကျင့်တစ်ခုလိုဖြစ်နေပြီဖြစ်သည်။ ယခုတစ်ကြိမ် တရားထိုင်ခြင်းသည် အရင်ကထက်များစွာခက်ခဲသော်လည်း နောက်ဆုံးတွင် သူက စိတ်တည်ငြိမ်ခြင်းအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူ၏စိတ်ထဲမှ ရှုပ်ထွေးနေသောအတွေးများ တဖြည်းဖြည်းလျော့ပါးကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားပြီး နှလုံးသားသည် လုံးဝတည်ငြိမ်သွားတော့သည်။

သူ၏စိတ်စွမ်းအားသည်လည်း ဤတည်ငြိမ်ခြင်းအလယ်တွင် အာဟာရဓာတ်များကို လျင်မြန်စွာစုပ်ယူနေသကဲ့သို့ တဖြည်းဖြည်းပြန်လည်ပြည့်ဖြိုးလာသည်။

"ဝုန်း"

အချိန်မည်မျှကြာသွားသည်မသိ မြေအောက်ခန်းတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။

မိန်းကလေးသုံးယောက်လုံး အသံမထွက်မိစေရန် ပါးစပ်များကို အတင်းပိတ်ထားကြသည်။ သူတို့၏မျက်လုံးများက အမှောင်ထဲတွင် ကြောက်မက်ဖွယ်အလင်းရောင်များဖြင့် တောက်ပနေသည်။

လော်ယွမ်က မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး စိတ်ထဲမှကြိတ်၍ ရေရွတ်လိုက်သည်၊ "သေစမ်း...ဗီလာတံခါးမကြီးပျက်စီးသွားပြီ...အိမ်ထဲကိုသန္ဓေပြောင်းသတ္တဝါတစ်ကောင် ဝင်လာတယ်"

လေးလံသောခြေသံများက ဗီလာထဲသို့ တစ်လှမ်းချင်းဝင်ရောက်လာပြီး ပစ္စည်းပစ္စယများ လဲကျပျက်စီးသံများ၊ အခန်းကန့်နံရံများ ပြိုကျသံများပါ ထွက်ပေါ်လာသည်။ ၎င်းသည် ဧရာမသတ္တဝါကြီးတစ်ကောင်ဖြစ်သည်။ သူ၏အာရုံခံနိုင်စွမ်းအရ ဤသန္ဓေပြောင်းသားရဲသည် အမြင့်၉ပေကျော်၊ အရှည် ၂၁ပေ ၂၂ပေခန့်ရှိပြီး ကိုယ်အလေးချိန်မှာ တန်ပေါင်း ဆယ်ဂဏန်း သို့မဟုတ် နှစ်ဆယ်ခန့်ပင် ရှိနိုင်သည်။

၎င်းတစ်လှမ်းလှမ်းလိုက်တိုင်း ခေါင်းပေါ်မှ ကွန်ကရစ်မျက်နှာကြက်သည် တုန်ခါကာ ဖုန်မှုန့်များ အဆက်မပြတ်ကြွေကျလာသည်။ သို့သော် ဤဗီလာ၏ အရည်အသွေးမှာ အလွန်ကောင်းမွန်လှသည်။ သာမန်အဆောက်အအုံသာဆိုလျှင် ယခုအချိန်၌ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ပြိုကျလုနီးပါးဖြစ်နေလောက်ပြီ။ သို့သော် ဤမြေအောက်ခန်းမှာမူ အက်ကွဲကြောင်းတစ်စက်မျှပင် မရှိပေ။

၎င်းသည် တစ်ချက်တစ်ချက် နှာမှုတ်ရင်း အနံ့ခံကာ သားကောင်၏သဲလွန်စကို ရှာဖွေနေသည်။

အားလုံးသည် လှုပ်ပင်မလှုပ်ရဲကြ အသံထွက်ဖို့ဆိုလျှင် ပို၍ပင်မဝံ့ရဲကြပေ။ ခန္ဓာကိုယ်များသာ တုန်ယင်နေကြသည်။ အပြာရောင်အဆင့် သတ္တဝါတစ်ကောင်၏ အရှိန်အဝါက မိန်းကလေးသုံးယောက်၏ စိတ်ကို ပြိုလဲလုမတတ်ဖြစ်စေသည်။

မကြာမီမှာပင် မြေအောက်ခန်းထဲမှ ရွှီခနဲ ရွှီခနဲ ရေစီးသံများထွက်လာပြီး ကျင်ငယ်ရည်နံ့တစ်မျိုးက ပျံ့နှံ့လာသည်။

လော်ယွမ်က သူ၏ကျန်းမာတောက်ဓားရှည်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း စိတ်ကိုအစွမ်းကုန်စုစည်းထားလိုက်သည်။

စနစ်၏ သတိပေးသံက နောက်တစ်ကြိမ်ထွက်ပေါ်လာသော်လည်း သူက ကြည့်ပင်မကြည့်ဘဲ ငြင်းပယ်လိုက်သည်။

လက်ရှိတွင် သူ၏ စိတ်စွမ်းအားရော ကာယစွမ်းအားပါ ပြန်မပြည့်သေးသည့်အပြင် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာအနည်းငယ်ရထားသည်။ လုံးဝမရင်းနှီးသော အပြာရောင်အဆင့် သတ္တဝါတစ်ကောင်နှင့်ရင်ဆိုင်ရန် သူ့မှာ အနိုင်ရမည့်အခွင့်အရေး လုံးဝမရှိသလောက်ပင်။ လူ့ခန္ဓာကိုယ်က အရမ်းကိုပျော့ညံ့လွန်းသည်။ သန္ဓေပြောင်းသားရဲတွေနှင့်မည်သို့မျှယှဉ်၍မရပေ။ အပြာရောင်အဆင့်သတ္တဝါတစ်ကောင်နှင့် တိုက်ခိုက်ခြင်းသည် ဓားသွားပေါ်တွင်ကခုန်နေရသကဲ့သို့ပင်ဖြစ်ပြီး သေမင်းနှင့်အတူယှဉ်တွဲနေရခြင်းဖြစ်သည်။ အမှားအယွင်းတစ်စက်မျှ ရှိ၍မရ တစ်ချက်မှားလျှင် သေခြင်းတရားသာရှိသည်။

ထို့အပြင် မဆင်မခြင်ထွက်တိုက်လျှင်လည်း ၎င်းကိုသတ်နိုင်ခဲ့သည်ဆိုလျှင်တောင် အပြင်ဘက်မှ သားရဲများကို သတိပြုမိသွားစေပါက နောက်ဆက်တွဲအကျိုးဆက်မှာ စဉ်းစား၍ပင်မရနိုင်ပေ။ ဤနေရာတွင်ပုန်းနေခြင်းကသာ အလုံခြုံဆုံးဖြစ်သည်။ ဤသားရဲကောင်က သူတို့ရှိနေသည့်အနံ့ကိုမရဘဲ အမြန်ဆုံးထွက်သွားပါစေဟုသာ သူဆုတောင်းနေမိတော့သည်။

ဆက်ရန်...

All Chapters