← Chapters

အခန်း (၇၇-၈၀)

Vol. 4 Ch. 77-80

အခန်း (၇၇-၈၀)

Vol. 4 Ch. 77-80

အပိုင်း(၇၇)စစ်ပွဲ

အချိန်က တစ်မိနစ်၊ တစ်စက္ကန့် တရွေ့ရွေ့ကုန်ဆုံးသွားသည်။ လေးလံသောခြေသံများ တဖြည်းဖြည်းအဝေးသို့ထွက်ခွာသွားသည်ကိုကြားမှ အားလုံးကနောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

သန္ဓေပြောင်းသတ္တဝါပေါ်လာချိန်မှ ထွက်ခွာသွားချိန်အထိ မိနစ်အနည်းငယ်မျှသာကြာသော်လည်း လူတိုင်းမှာ အားအင်ကုန်ခမ်းသွားသကဲ့သို့ မြေပေါ်တွင်မလှုပ်မယှက် လဲလျောင်းနေကြသည်။

အပြင်ဘက်တွင် သားရဲဟိန်းသံများမှာ နားကွဲလုမတတ် ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး ရံဖန်ရံခါ အမြောက်သံများနှင့် လူတို့၏အော်ဟစ်သံများ ရောယှက်နေသည်။ ဤအသံများမှာ စုပုံလာသောမိုးတိမ်မည်းများကဲ့သို့ လူတို့၏စိတ်နှလုံးကို လေးလံစွာဖိစီးထားပြီး အသက်ရှူမဝအောင်ဖြစ်စေသည်။

လော်ယွမ်က မျက်လုံးမှိတ်ပြီး တိတ်ဆိတ်စွာဆက်လက်ထိုင်နေသည်။

မြေအောက်ခန်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ အချိန်မည်မျှကြာသွားသည်မသိ အပြင်ဘက်မှအမြောက်သံများမှာ တဖြည်းဖြည်းပို၍စိပ်လာပြီး တိုက်လေယာဉ်များ ကောင်းကင်ကိုဖြတ်သန်းသွားသည့် မိုးခြိမ်းသံသဲ့သဲ့များလည်း စတင်ထွက်ပေါ်လာသည်။ မြို့တစ်မြို့လုံး ဆူညံလာပြီး စစ်ပွဲ၏သိပ်သည်းမှုမှာ ရုတ်တရက်ပြင်းထန်လာသည်။ မြေအောက်ခန်းထဲတွင်ရှိနေသည့်တိုင် လော်ယွမ်သည် ယမ်းငွေ့နံ့သဲ့သဲ့ကို အနံ့ခံမိနေသည်။

"စစ်တပ်ရဲ့ပစ်ခတ်မှုတွေ ပိုစိတ်လာပြီး တိုက်လေယာဉ်တွေပါ ထွက်လာပြီဆိုတော့ အပြင်မှာ အဆိပ်ငွေ့တွေ တော်တော်ပါးသွားပြီထင်တယ်" လော်ယွမ်စိတ်ထဲတွင်တွေးလိုက်ပြီးနောက် မျက်လုံးဖွင့်လိုက်ရာ သူ၏မျက်နှာမှာ တည်ကြည်နေသည်။

လော်ယွမ်မူလက မြူခိုးများမရှိတော့သည်နှင့် စစ်တပ်ကအင်အားသုံးလိုက်လျှင် စစ်ပွဲမှာ လျင်မြန်စွာပြီးဆုံးသွားမည်ဟု ထင်ခဲ့သည်။ သို့သော် တကယ်တမ်းတွင် စစ်ပွဲမှာ မနက်ပိုင်းမှနေ့လယ်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသည်။ ညအချိန်ရောက်သည့်တိုင် ရပ်တန့်သွားမည့်အရိပ်အယောင်မရှိဘဲ အခြေအနေမှာ လော်ယွမ်ထင်ထားသည်ထက် အများကြီးပို၍ဆိုးရွားနေကြောင်း ထင်ရှားသည်။

ညအချိန်တိုက်ပွဲဝင်ခြင်းမှာ ထိရောက်မှုပိုနည်းရုံသာမက ထိခိုက်သေဆုံးမှုမှာလည်း အဆပေါင်းများစွာတိုးပွားလာမည်ဖြစ်သည်။ သို့သော် ဟယ်တုံမြို့မှာ အစိုးရအတွက် အလွန်အရေးကြီးသည်။ ကပ်ဘေးကြီးစတင်သည့်အချိန်မှစ၍ ကျန်းနန်ပြည်နယ်ရှိနေရာအနှံ့မှာ တဖြည်းဖြည်းကျဆုံးသွားပြီး အရည်အချင်းရှိသူများနှင့် စက်ရုံသုံးပစ္စည်းများစွာမှာ ရေစီးကြောင်းကဲ့သို့ ဤနေရာသို့စုစည်းရောက်ရှိလာသည်။ ခြောက်လတာအချိန်တိုအတွင်း ဤနေရာမှာ အကြီးစားစက်မှုလုပ်ငန်းအခြေစိုက်စခန်းနှင့် သိပ္ပံသုတေသနအခြေစိုက်စခန်းအသစ်တစ်ခုအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ အကယ်၍ ဟယ်တုံမြို့ကျဆုံးသွားပါက ကျန်းနန်ပြည်နယ်တစ်ခုလုံးတွင် ရပ်တည်စရာနေရာမရှိတော့ဘဲ နယ်မြေအားလုံးမှာ သစ်တောများဖြင့် ဖုံးလွှမ်းသွားပေလိမ့်မည်။

မြေအောက်ခန်းတွင် အစားအသောက်မရှားပါးသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ စားချင်စိတ်မရှိပေ။ သူတို့က အစာပြေတစ်ခုခုစားပြီးနောက် နံရံထောင့်တွင် ပြန်လည်စုဝေးနေကြသည်။

ညအချိန်ရောက်သောအခါ မြေအောက်ခန်းမှာ ပို၍မှောင်မိုက်လာသည်။

မျက်နှာပေါ်တွင် ယားယံလာသဖြင့် လော်ယွမ်ညင်သာစွာပွတ်သပ်လိုက်သည်။ ဒဏ်ရာနေရာမှာ ချိုင့်ခွက်လေးများဖြစ်နေပြီး မနက်မှယခုအချိန်အထိ အချိန်အတော်ကြာသောကြောင့် ဒဏ်ရာနေရာတွင် အနာဖေးများတစ်ထပ်ပြီးတစ်ထပ်ဖြစ်ပေါ်နေသည်။ ညင်သာစွာထိလိုက်ရုံဖြင့် စူးရှသောနာကျင်မှုတစ်ခုခံစားလိုက်ရသည်။

မည်သည့်သာမန်လူမှ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်းကို ဂရုမစိုက်ဘဲမနေနိုင်ပေ။ နောင်တွင် ချိုင့်ခွက်များဖြင့်ပြည့်နေသောမျက်နှာတစ်ခုဖြစ်လာမည်ကို စဉ်းစားမိသောအခါ သူ၏မျက်နှာမှာ ကြည့်ရဆိုးသွားသည်။

"မနက်ဖြန်ကျရင်ပြီးသွားမလားဟင်" အမှောင်ထဲတွင် ဝမ်ရှီရှီက မျက်လုံးကြီးများဖွင့်ကာ မဝံ့မရဲဖြင့်မေးလိုက်သည်။

"ရှီရှီမကြောက်နဲ့နော်...စစ်တပ်ကအခု သန္ဓေပြောင်းသတ္တဝါတွေကို လိုက်နှိမ်နင်းနေပြီ...မနက်ဖြန်လောက်ဆို ပြီးသွားလောက်ပါပြီ...ဟယ်တုံမြို့မှာတပ်စွဲထားတဲ့ စစ်အင်အားက ၁သိန်းလောက်ရှိတာကို ဒီ၆လအတွင်း စစ်မှုထမ်းဟောင်းတွေကိုပါပြန်ခေါ်ထားလို့ အနည်းဆုံးအင်အား ၂သိန်းကနေ ၃သိန်းထိရှိနိုင်တယ်...အစပိုင်းကအဆိပ်ငွေ့တွေပြည့်နေလို့ သူတို့သေချာမတိုက်ခိုက်နိုင်ပဲ သန္ဓေပြောင်းသတ္တဝါတွေကို အခွင့်အရေးပေးသလိုဖြစ်သွားတာ...အခုသူတို့သေချာတိုက်ပြီဆိုတော့ သန္ဓေပြောင်းသတ္တဝါတွေကို နှိမ်နင်းဖို့က အလွယ်လေးပဲ" ဟွမ်ကျားဟွေ့က တိုးတိုးလေးပြောလိုက်သည်။

"ကိုကြီးယွမ်... အစ်မဟွမ်ပြောတာ တကယ်လားဟင်"

လော်ယွမ်ခဏတာတိတ်ဆိတ်သွားပြီးနောက် "အင်းဟုတ်တယ်...မနက်လောက်ဆို အားလုံးပြီးသွားလောက်ပြီ"

တကယ်ပဲ အခုလောက်မြန်မြန်ပြီးဆုံးသွားမှာလား။ အဘယ်ကြောင့်မှန်းမသိ လော်ယွမ်၏စိတ်ထဲတွင် မကောင်းသောခံစားချက်တစ်ခုဖြစ်ပေါ်နေသည်။

အကယ်၍ သေချာစဉ်းစားကြည့်မည်ဆိုလျှင် ဤတစ်ကြိမ်သားရဲအုပ်မှာ အလွန်ရုတ်တရက်ဆန်လှသည်။ ဟယ်တုံမြို့က အားနည်းချက်ပြသည်နှင့် သားရဲအုပ်မှာ စတင်တိုက်ခိုက်လာသည်။ ဒါက တိုက်ဆိုင်မှုဟုဆိုလျှင် လော်ယွမ်မည်သို့မျှမယုံကြည်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပြီး မယုံနိုင်စရာကောင်းလှသောကြောင့်ဖြစ်သည်။ ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦးက ဤအရာအားလုံးကိုညွှန်ကြားနေသကဲ့သို့ ပို၍တူနေသည်။

သန္ဓေပြောင်းသတ္တဝါများမှာ အားကြီးလာသည်နှင့်အမျှ ဉာဏ်ပညာမှာလည်း တစ်ချိန်တည်းမှာပင် ဆင့်ကဲပြောင်းလဲနေသည်။

လော်ယွမ်ကြုံတွေ့ခဲ့ရသော သန္ဓေပြောင်းသတ္တဝါအချို့၏ ဉာဏ်ရည်အဆင့်မှာ မူလသတ္တဝါများနှင့်မတူဘဲ အတိုင်းအတာတစ်ခုအထိတိုးတက်လာခဲ့သည်။ သတ္တဝါအများစုမှာ ယေဘုယျအားဖြင့်ဆိုသော် တိရစ္ဆာန်၏ဉာဏ်ရည်အဆင့်တွင်သာရှိနေသေးသော်လည်း အချို့သတ္တဝါများ၏ဉာဏ်ရည်မှာ ရုတ်တရက်ပြောင်းလဲသွားပြီး အခြားသားရဲများကိုပင်ထိန်းချုပ်နိုင်မနိုင်ကို မည်သူကပြောနိုင်မည်နည်း။

ထိုသို့စဉ်းစားမိသောအခါ သူအရိုးထိအောင်စိမ့်သော အေးစက်မှုကိုမခံစားဘဲမနေနိုင်တော့ပေ။ အကယ်၍ ဤအရာအားလုံးမှာ သူခန့်မှန်းထားသည့်အတိုင်းသာဖြစ်ပါက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

လူသားများနှင့်ဆင်တူသော အဆင့်မြင့်ဉာဏ်ပညာရှိသတ္တဝါတစ်မျိုးက ခန္ဓာကိုယ်အားကြီးသောသန္ဓေပြောင်းသတ္တဝါထက် အဆတစ်ထောင်၊ တစ်သောင်း ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။

နှစ်သန်းပေါင်းများစွာအတွင်း လူသားများမှာ မရေမတွက်နိုင်သောမျိုးစိတ်များကြားမှ ထူးချွန်စွာပေါ်ထွက်လာပြီး ကမ္ဘာမြေ၏အစာကွင်းဆက်ထိပ်ဆုံးတွင် ပြိုင်ဘက်မရှိသောနေရာကိုရယူခဲ့သည်။ ကမ္ဘာမြေ၏ချုပ်နှောင်မှုမှပင်လွတ်မြောက်ကာ ကြယ်တာရာများကိုစူးစမ်းလေ့လာရန် ပြင်ဆင်နေပြီဖြစ်သည်။ ထိုအဆင့်သို့ရောက်ရန် လူသားတို့၏အားကိုးစရာမှာ မိမိတို့၏ ပျော့ညံ့သောခွန်အားမဟုတ် နှေးကွေးသော ခြေလက်များလည်းမဟုတ်ဘဲ ဉာဏ်ပညာသာဖြစ်သည်။ ထိုအရာမှာ ထိတွေ့၍မရသော်လည်း တကယ့်ခွန်အားထက်ပို၍အားကြီးခမ်းနားပြီး လူသားများအဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာစေသည့် တွန်းအားပင်ဖြစ်သည်။

ဉာဏ်ပညာရှိမျိုးစိတ်အသစ်တစ်ခုပေါ်ထွက်လာခြင်းမှာ ကပ်ဘေးကြီးကြုံနေရပြီးဖြစ်သောလူသားများအတွက် တစ်ပူပေါ် နှစ်ပူဆင့်ခြင်းပင်ဖြစ်သည်။

သူ၏အတည်ပြုချက်ကိုကြားပြီး တည်ငြိမ်သွားသောဝမ်ရှီရှီ၏မျက်နှာကိုကြည့်ရင်း လော်ယွမ်ညင်သာစွာသက်ပြင်းချလိုက်သည်။ စိတ်ထဲတွင် စေးကပ်သောပင့်ကူအိမ်များ တစ်ထပ်ပြီးတစ်ထပ်ရစ်ပတ်ထားသကဲ့သို့ ရုန်းကန်ရန်အားမရှိဖြစ်နေသည်။

ညနက်လာသည်နှင့်အမျှ အပြင်ဘက်မှအမြောက်သံများမှာ တဖြည်းဖြည်းကျဲပါးလာသည်။

............................................

နောက်တစ်နေ့တွင် လော်ယွမ်မျက်လုံးဖွင့်လိုက်ပြီး သူ၏ကိုယ်ပေါ်တွင်ဖိထားသောလက်နှင့် ခြေထောက်အချို့ကို တစ်ခုချင်းစီဖယ်ရှားလိုက်သည်။ သူခဏတိတ်ဆိတ်စွာနားထောင်လိုက်ရာ အပြင်ဘက်မှအမြောက်သံများမှာ မရပ်မနားလှိမ့်နေသောမိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး စစ်ပွဲမှာ ယခင်နေ့ထက်ပင်ပို၍ပြင်းထန်နေပုံရသည်။ ယမ်းငွေ့နံ့စူးရှသောလေထုထဲတွင်ပင် သွေးညှီနံ့များပြင်းထန်စွာပါဝင်နေသည်။

အမျိုးသမီးအချို့ တစ်ယောက်ပြီးတစ်ယောက်နိုးလာကြပြီး အပြင်ဘက်မှမြေကြီးတုန်ခါလောက်သောလှုပ်ရှားမှုကိုကြားသောအခါ မူလကနီမြန်းနေသောမျက်နှာများမှာ ရုတ်တရက်ဖြူဖျော့သွားသည်။

အတော်ကြာပြီးနောက် လော်ယွမ်ထရပ်လိုက်ပြီး "ငါအပြင်ထွက်ကြည့်လိုက်ဦးမယ်"

"ရှင်... သတိထားနော်" ဟွမ်ကျားဟွေ့ခဏတာတိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြပြီး တိတ်ဆိတ်စွာဖြင့် ကျန်းမာတောက်ဓားရှည်ကိုကိုင်ကာ မြေအောက်ခန်း၏သစ်သားပြားကိုဖွင့်လိုက်သည်နှင့် အပူလှိုင်းတစ်ခုမျက်နှာသို့ရိုက်ခတ်လာသည်။ သူမျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ရေချိုးခန်းမှထွက်လာသည်။

ဗီလာတစ်ခုလုံးမှာ အဆင့် ၁၂ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်သွားသကဲ့သို့ ပစ္စည်းများပြန့်ကျဲနေသည်။ စကျင်ကျောက်ခင်းထားသောမြေပြင်တွင် နက်ရှိုင်းသောခြေရာများကျန်ရစ်နေပြီး နံရံအချို့မှာ အပေါက်ကြီးများဖြစ်အောင်တိုက်ခိုက်ခံထားရသည်။ ဧည့်ခန်းထဲမှ အချင်းသုံးပေခွဲရှိသော အဝိုင်းပုံတိုင်တစ်တိုင်ပင်လျှင် သားရဲကြီး၏တိုက်ခိုက်မှုကြောင့်ကျိုးပဲ့နေပြီး အားကုန်သုံး၍ရပ်တည်နေရသည်။ မျက်နှာကျက်တွင် နက်ရှိုင်းသောအက်ကွဲကြောင်းများစွာပေါ်ထွက်နေပြီး အချို့အက်ကွဲကြောင်းများမှာ လက်သီးဆုပ်ဝင်နိုင်လောက်အောင်ကျယ်ဝန်းကာ ပြိုကျတော့မည့်အခြေအနေတွင်ရှိနေသည်။

သို့သော် လော်ယွမ်မှာ တစ်ချက်သာကြည့်ပြီး ဆက်လက်အာရုံမစိုက်တော့ပေ။

ထိုသားရဲကြီးတိုက်ခိုက်၍ဖြစ်ပေါ်လာသောအပေါက်မှတစ်ဆင့် ရှေ့တွင်နေရာအနှံ့ ပျက်စီးနေသောအဆောက်အအုံများရှိနေသည်။ အဝေးမှ မိုးတိမ်မည်းတိမ်တိုက်အချို့မှာ မီးနီရောင်ပူလောင်သောမီးတောက်များနှင့်ရောယှက်ကာ မြေပြင်မှထိုးတက်လာပြီး နားကွဲလုမတတ်အသံများထွက်ပေါ်နေသည်။

သူအိမ်ရာအနီးအနားသို့ကြည့်လိုက်ရာ ပထမဆုံးမြင်လိုက်ရသည်မှာ ပျက်စီးနေသောတင့်ကားတစ်စီးဖြစ်သည်။ ၎င်းမှာ တစ်စုံတစ်ခုကြောင့်မှောက်လှန်ခံထားရပြီး မျက်နှာပြင်ရှိထူထဲသောသံချပ်ကာမှာ နက်ရှိုင်းစွာချိုင့်ဝင်နေကာ ချိန်းကြိုးမှာမူ လေထဲတွင်ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။

ထိုစဉ် ၁၅ပေကျော်မြင့်သော ကြံ့နှင့်တူသည့်သားရဲကြီးတစ်ကောင်မှာ တစ်ကိုယ်လုံးသွေးများဖြင့်ပြည့်နှက်ကာ တိုက်တစ်လုံးကိုကွေ့ထွက်လာသည်။ ယိုင်နဲ့ယိုင်နဲ့ဖြင့်ခြေလှမ်းအနည်းငယ်မလှမ်းရသေးမီမှာပင် ကောင်းကင်မှပျံသန်းလာသောတိုက်လေယာဉ်၏လေယာဉ်ပစ်စက်အမြောက်ဖြင့် အဆက်မပြတ်ပစ်ခတ်ခံလိုက်ရသည်။ သွေးပန်းများမှာ သူ၏ကိုယ်ပေါ်တွင်အဆက်မပြတ်ပွင့်ထွက်နေပြီး သူမျှော်လင့်ချက်ကင်းမဲ့စွာအော်ဟစ်လိုက်သည်။ မကြာမီမှာပင် မြေပေါ်သို့ပြင်းထန်စွာလဲကျသွားပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေသည်။

တိုက်ပွဲပြီးဆုံးပြီးနောက် တိုက်လေယာဉ်မှာ အိမ်ရာအပေါ်မှနိမ့်ဆင်းပျံသန်းသွားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရုံးခန်းအဆောက်အအုံတစ်ခုမှပျံသန်းလာသောကျောက်တုံးကြီးတစ်ခုဖြင့် ပြင်းထန်စွာထိမှန်သွားပြီး လေထဲတွင်မီးလုံးကြီးတစ်ခုအဖြစ်ပေါက်ကွဲသွားသည်။

အနီရောင်လူဝံကြီးတစ်ကောင်မှာ အထက်စီးမှဘုရင်တစ်ပါးကဲ့သို့ မီးခိုးများထူထပ်စွာထွက်နေသောအထပ်မြင့်ရုံးခန်းအဆောက်အအုံထိပ်မှ ပြင်းထန်စွာခုန်ချလိုက်ရာ မြေပြင်မှာသူ၏အရှိန်ကြောင့် နက်ရှိုင်းသောတွင်းကြီးတစ်ခုဖြစ်ပေါ်သွားသည်။ သူအားကုန်သုံး၍ရင်ဘတ်ကိုထုလိုက်ရာ လေးလံသောဗုံကြီးတစ်လုံးကိုတီးခတ်နေသကဲ့သို့ ''ဒုန်း ဒုန်း'' ဟူသောအသံများထွက်ပေါ်နေသည်။

ဤပေ၃၀ခန့်မြင့်သောသားရဲကြီးမှာ မီးတောက်ကဲ့သို့နီရဲသောအမွေးအမှင်များဖြင့်ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်လှုပ်ရှားသွားသည်နှင့် မီးများလောင်ကျွမ်းနေသကဲ့သို့ထင်ရသည်။

လော်ယွမ်အသက်ကိုပြင်းပြင်းရှူကာ အလိုလိုခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ သားရဲကြီးမှာဤနေရာမှ မီတာရာပေါင်းများစွာဝေးကွာသည့်တိုင် သူသည် ထိုထိန်းမနိုင်သိမ်းမရသောကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက် ကိုခံစားနေရသည်။ လေထုပင် အထူးသဖြင့်လှုပ်ရှားနေသကဲ့သို့ထင်ရပြီး ဤသန္ဓေပြောင်းသတ္တဝါမှာ အပြာရင့်ရောင်အဆင့် သို့မဟုတ် ပိုမြင့်မည်မှာသေချာသည်။

ကိုယ်ပေါ်တွင်သွေးများစွန်းထင်းနေသောအမျိုးသမီးတစ်ဦးမှာ မီးလောင်နေသောရုံးခန်းအဆောက်အအုံထဲမှထွက်ပြေးလာပြီးနောက် ဤအလွန်ရက်စက်ကြမ်းကြုတ်သော အငွေ့အသက် ကြောင့် ကြောက်လန့်ကာ မြေပေါ်သို့ပျော့ခွေကျသွားသည်။ ထို့နောက် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး သူမ၏ခန္ဓာကိုယ်မှာတင်းကျပ်သွားကာ ကြီးမားသောလက်ဖဝါးတစ်ဖက်ဖြင့်ဆုပ်ကိုင်ခံလိုက်ရသည်။ နောက်တစ်ခဏတွင် သွေးအိုင်လိုကျယ်ပြန့်သောပါးစပ်ကြီးထဲသို့ ထည့်သွင်းခံလိုက်ရပြီး လော်ယွမ်သည် ထိုအမျိုးသမီး၏မျှော်လင့်ချက်ကင်းမဲ့သောအော်ဟစ်သံကိုပင် ကြားလိုက်ရသည်။

ထိုစဉ် တိုက်လေယာဉ်နှစ်စင်းမှာ အဝေးမှပျံသန်းလာပြီး မျက်စိတစ်မှိတ်အတွင်းရောက်ရှိလာကာ နောက်တစ်ခဏတွင် ကျည်ဆန်များစွာမှာ သားရဲကြီးကိုပြင်းထန်စွာထိမှန်သွားသည်။

သူ၏လက်ဖဝါးက မျက်လုံးကိုကာကွယ်ထားပြီး မြောက်မြားစွာသောလေယာဉ်ပစ်အမြောက်ဆံများ သူ၏ကိုယ်ကိုထိမှန်ကာ မီးပွင့်များတစ်ဖွဲဖွဲကျလာသည်ကို ဂရုမစိုက်ပေ။ ကြောက်မက်ဖွယ်ကောင်းသောတိုက်ခိုက်မှုအရှိန်ကြောင့် သူအဆက်မပြတ်နောက်သို့ဆုတ်သွားသည်။ သူနာကျင်စွာအော်ဟစ်လိုက်ပြီး ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက် နောက်ဆုံးတွင်ရပ်တန့်သွားသည်။ သို့သော် နောက်တစ်ခဏတွင် ဒုံးကျည်လေးများ ပြွတ်နေအောင် ပါသော ဒုံးကျည်တစ်စင်းမှာ ကောင်းကင်ကိုဖြတ်သန်းသွားပြီး သားရဲကြီးကိုပြင်းထန်စွာထိမှန်သွားရာ ဒုံးကျည်များပေါက်ကွဲကုန်ပြီး သူ၏ကြီးမားသောခန္ဓာကိုယ်မှာ ချက်ချင်းပင် ကြီးမားသောမီးလုံးကြီးတစ်ခုဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဆက်ရန်...

အပိုင်း(၇၈)စစ်ပွဲမှရသောအကျိုးအမြတ်

အားပြင်းသော တုန်ခါမှုလှိုင်းသည် ချက်ချင်း ပျံ့နှံ့သွားပြီး အနီးအနားရှိ အဆောက်အအုံများကို ပြင်းထန်စွာ တုန်ခါစေကာ မရေမတွက်နိုင်သော မှန်များက မိုးရွာသကဲ့သို့ တဖွဲဖွဲ ကြွေကျလာသည်။

လော်ယွမ် သက်ပြင်းချလိုက်စဉ်မှာပင် မီးတောက်များကြားမှ အလွန်တရာ ကြမ်းကြုတ်ရက်စက်သော ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။

မသဲမကွဲဖြစ်နေသော ကြီးမားသည့်အနက်ရောင်အရိပ်တစ်ခုက မီးတောက်များကြားမှ မတ်တပ်ထရပ်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ ယိမ်းထိုးနေပြီး ဒဏ်ရာရရှိထားပုံရသည်။ မီးတောက်များသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် ၎င်း၏ရင်ဘတ်တွင် ကြီးမားသောပေါက်ပြဲရာတစ်ခု ပေါ်ထွက်လာသည်။ အတွင်းပိုင်းသည် မီးလောင်ထားသကဲ့သို့ မည်းညစ်နေပြီး သွေးအမြောက်အမြားသည် စမ်းရေပန်းကဲ့သို့ ဒဏ်ရာမှ မရပ်မနား စီးကျနေကာ လမ်းမပေါ်တွင် သွေးအိုင်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

သို့သော် လော်ယွမ်အား ခေါင်းနပမ်းကြီးသွားစေသောအရာမှာ ၎င်း၏ဒဏ်ရာသည် မနက်ရှိုင်းခြင်းပင်ဖြစ်သည်။ ကိုယ်ခန္ဓာကို ဖောက်ထွက်ဖို့အသာထား ဒဏ်ရာက ၁ပေခွဲခန့်ပင် မနက်ရှိုင်းပေ။ ဤဧရာမသတ္တဝါကြီး၏ ၆ပေခန့်ကျယ်သော ကိုယ်ထည်အတွက် ဤသို့သောဒဏ်ရာသည် အပေါ်ရံရှပ်ထိရုံမျှသာဖြစ်ပြီး လုံးဝအရေးမပါပေ။

အလွန်မာကျောသော တင့်ကားသံချပ်ကာကိုပင် ထိုးဖောက်နိုင်သော ဤဒုံးကျည်က အသွေးအသားဖြင့်တည်ဆောက်ထားသော ခန္ဓာကိုယ်၏ တားဆီးခြင်းကိုခံလိုက်ရခြင်းပင်။

လော်ယွမ်သည် ဓားရိုးကို တင်းတင်းဆုပ်ထားပြီး သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ ဤသို့သောသတ္တဝါသည် ဒဏ္ဍာရီထဲမှအတိုင်းပင် လုံးဝသာမန်အသိတရားကို ကျော်လွန်နေသည်။

သို့သော် ဤဧရာမသတ္တဝါကြီးသည် တုန်ခါမှုကြောင့် မူးဝေသွားပုံရသည်။ ၎င်းသည် မိမိ၏ဦးခေါင်းကို အဆက်မပြတ်ရိုက်ခတ်နေပြီး "ဘုန်း...ဘုန်း" ဟူသော အသံကြီးများ ထွက်ပေါ်နေသည်။ ယိမ်းထိုးနေရင်း ခေါင်းပေါ်တွင် တိုက်လေယာဉ်နှစ်စင်း အဆက်မပြတ်ပျံဝဲနေသည်ကို လုံးဝမေ့လျော့နေသည်။ ၎င်းသည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်နှင့် နောက်ထပ်ဒုံးကျည်အစုလိုက်တစ်စင်းက သူ့၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီးနောက် နောက်ထပ်တစ်စင်းပါ ထပ်မံကျရောက်လာသည်။

မြေပြင်ပေါ်တွင် မှိုပွင့်တိမ်တိုက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။

အနီးအနားရှိ ရှစ်ထပ်မြင့်အဆောက်အအုံတစ်လုံးသည် ထပ်ခါတလဲလဲ ရိုက်ခတ်မှုကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် "ဝုန်း" ခနဲ ပြိုကျသွားပြီး ဖုန်မှုန့်အမြောက်အမြား လွင့်ထွက်လာသည်။

တိုက်လေယာဉ်နှစ်စင်းက လေထဲတွင် ခဏမျှစောင့်ကြည့်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။

ဤဧရိယာတဝိုက်မှာ နောက်ဆုံးတွင်တော့ ယာယီအားဖြင့် ငြိမ်သက်သွားပြီဖြစ်သည်။

လော်ယွမ်လည်း ခတ္တမျှဆက်လက်စောင့်ဆိုင်းလိုက်သည်။ အပြင်ဘက်တွင် မည်သည့်လှုပ်ရှားမှုမှမရှိသည်ကို မြင်သောအခါ သူ၏နှလုံးသည် မထိန်းနိုင်ဘဲ "တဒုန်း...ဒုန်း" မြည်လာပြီး သွေးများသည် မျက်နှာသို့ မရပ်မနား စီးဆင်းလာကာ တစ်ကိုယ်လုံး ကြက်သေသောက်ထားသကဲ့သို့ စိတ်လှုပ်ရှားလာသည်။

အပြာရင့်ရောင်အဆင့် သို့မဟုတ် ထို့ထက်မြင့်သော သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ အလောင်း ဆိုသည်မှာ ထိုသို့သောသတ္တဝါသည် ကုန်ကြမ်းဖြစ်စေ၊ အသားဖြစ်စေ တန်ဖိုးအလွန်ကြီးမားသည်။ သာမန်အားဖြင့် ဘယ်မှာတွေ့နိုင်မည်နည်း။ လော်ယွမ်သည်လည်း တောထဲသို့ သေမင်းတမန်နှင့်တွေ့ဆုံခဲ့ရသော တစ်ခေါက်တွင်မှ ကံကောင်းစွာဖြင့် မြွေနဂါး၏အကြေးခွံအချို့ကို ကောက်ရခဲ့သည်။ သို့သော် ထိုအကြေးခွံအနည်းငယ်ဖြင့်ပင် သူ၏ကျန်းမာတောက်ဓားရှည်သည် အပြာရင့်ရောင်အဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်ခဲ့သည်။

ထို့ပြင် ၎င်း၏အသွေးအသားသည် ဆင့်ကဲပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည့်အခွင့်အလမ်းမှာ သာမန်သန္ဓေပြောင်းသတ္တဝါများထက် များစွာသာလွန်သည်။ ဆင့်ကဲပြောင်းလဲရန် တောင့်တနေသော လော်ယွမ်အတွက်မူ ၎င်းက အလွန်ကြီးမားသော ဆွဲဆောင်မှုရှိပြီး အသွေးအသားအနည်းငယ်ကောက်ရလျှင်ပင် လုံလောက်ပေသည်။

ယခုလိုအခွင့်အရေးသည် တစ်သက်တွင်တစ်ခါသာ ရနိုင်ပြီး လက်လွှတ်လိုက်ပါက တစ်သက်လုံးနောင်တရမည်မဟုတ်သော်လည်း ရက်အနည်းငယ်တော့ နောင်တရနေမည်မှာ သေချာသည်။

သူက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကိုကွေးညွှတ်ကာ အပေါက်မှထွက်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားသည်။

သူ၏အမြန်နှုန်းသည် မမြန်သော်လည်း လှုပ်ရှားမှုက ပေါ့ပါးပြီး မြေပေါ်သို့ကျသည့်အခါ အသံမထွက်ပေ။ ဆယ့်သုံးမှတ်အထိရှိသော သူ၏လျင်မြန်မှုက လှုပ်ရှားမှုကို ကျွမ်းကျင်ဖျတ်လတ်သော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်စေသည်။ သူက တစ်ခါတစ်ရံ ထောင့်ချိုးများတွင် ရပ်တန့်ကာ နားစွင့်လိုက်သည်။ အစောပိုင်းက ဘေးကင်းလုံခြုံခဲ့သော ဤအိမ်ရာသည် ယခုအခါ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။

လမ်းတွင် သန္ဓေပြောင်းသတ္တဝါများ၏ အလောင်းများကို မကြာခဏတွေ့ရသည်။ ဤသန္ဓေပြောင်းသတ္တဝါများသည် အများအားဖြင့် အဖြူရောင် သို့မဟုတ် အပြာနုရောင်အဆင့်သာဖြစ်ပြီး အပြာရောင်အဆင့်ကိုတော့ တစ်ကောင်တည်းသာ တွေ့ခဲ့သည်။ ၎င်းက ဖားနှင့်တူသော တွားသွားသတ္တဝါတစ်ကောင်ဖြစ်ပြီး သူ၏ကိုယ်တစ်ခြမ်းသည် အမြောက်ဆံဖြင့် ပျက်စီးနေသည်။ သို့သော် ၎င်း၏အသက်မှာ အလွန်ပြင်းပြီး ဤသို့သောသေစေနိုင်သည့်ဒဏ်ရာရရှိသော်လည်း ချက်ချင်းမသေနိုင်ဘဲ တွားတွားသွားနေသော သွေးလမ်းကြောင်းသည် မီတာရာပေါင်းများစွာ ရှည်လျားနေပြီး ယခုအချိန်အထိ လုံးဝမသေသေးပေ။

လော်ယွမ်က အဝေးမှတစ်ချက်သာကြည့်ပြီး အကြည့်ကိုပြန်လွှဲလိုက်သည်။ မည်သည့်အရာမဆို နှိုင်းယှဉ်မှုကို မခံနိုင်ကြပေ။ ယနေ့မတိုင်မီကသာဆိုလျှင် သူ ဤသို့သောအလောင်းကိုမြင်ပါက နှလုံးခုန်မြန်ပြီး အလွန်ဝမ်းသာနေမည်မှာ သေချာသည်။ သို့သော် ယနေ့တွင် အပြာရင့်ရောင် သို့မဟုတ် ထို့ထက်ကြောက်မက်ဖွယ်ကောင်းသော အဆင့်ရှိသည့်အလောင်းတစ်လောင်းသည် ရှေ့တွင် သူ့ကိုစောင့်နေသောကြောင့် အပြာရောင်အဆင့်သန္ဓေပြောင်းသတ္တဝါကိုမြင်ရသည်မှာ ဖယောင်းကိုဝါးနေရသလို ဘာအရသာမှမရှိတော့ပေ။

မိနစ်အနည်းငယ်အကြာတွင် သူသည် အိမ်ရာထဲမှ ပြေးထွက်လာခဲ့သည်။

လမ်းမဘေးနှစ်ဖက်မှ အဆောက်အအုံများသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး လမ်းမပေါ်တွင် မှန်စများနှင့် ကျောက်ခဲများဖြင့် ဖုံးလွှမ်းနေသည်။ လူ၏အူဟုထင်ရသော အရာတစ်ခုက မြေပြင်ပေါ်တွင် ပျော့ခွေစွာ ကပ်နေပြီး အနီးအနားတွင် အသားစများ ကြွင်းကျန်နေသည်ကိုမြင်ရသည်မှာ သူ့ကို ထိတ်လန့်တုန်လှုပ်စေသည်။

အစပိုင်းက စိတ်လှုပ်ရှားမှု တစ်ဝက်ကျော်မှာ ပျောက်ကွယ်သွားပြီး စိတ်ထဲတွင် လေးလံသောအရိပ်မည်းတစ်ခု ဖုံးလွှမ်းသွားသည်။

ဤတစ်ကြိမ်တွင် ဟယ်တုံမြို့၌ လူမည်မျှသေဆုံးသွားသည်ကို မသိနိုင်သလို စစ်ပွဲပြီးဆုံးသွားသည့်အခါ လူမည်မျှကျန်ရှိဦးမည်ကိုလည်း မသိနိုင်ပေ။ စစ်ပွဲနိုင်မည် မနိုင်မည်ကိုပင် မသိနိုင်သေး။ လော်ယွမ်၏အကြားအာရုံအရ သူက အဝေးမှ တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်နေသော သတ္တဝါများ၏ဟိန်းသံကို ကြားနိုင်သည်။ ထိုနေရာသည် မြို့ပြင်ဖြစ်ပြီး ဆူညံလေးလံသောဟိန်းသံများ တစ်ချက်ပြီးတစ်ချက်တက်လာသော မီးတောက်တိမ်တိုက်များနှင့် ထိုနေရာတွင်စုဝေးနေသော တိုက်လေယာဉ်အများစုက ထိုသန္ဓေပြောင်းသတ္တဝါများ မြို့ထဲသို့ အဆက်မပြတ်ဝင်ရောက်နေကြောင်း ဖော်ပြနေသည်။

လော်ယွမ်က အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ထဲမှ ထိတ်လန့်မှုကို ချိုးနှိမ်လိုက်သည်။

သူ၏ခြေလှမ်းများက ရုတ်တရက် မြန်ဆန်လာသည်။ ဤနေရာသည် မကြာမီ ဘေးကင်းတော့မည်မဟုတ်ဘဲ သန္ဓေပြောင်းသတ္တဝါအသစ်များ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ဤရှားပါးသောအခွင့်အရေးကို အသုံးမချပါက နောက်ပိုင်းတွင် အခွင့်အရေးမရှိတော့သည့်အပြင် အသက်ရှင်လျက် လွတ်မြောက်နိုင်မည်လားဆိုသည်မှာပင် ပြဿနာဖြစ်သည်။

မိနစ်အနည်းငယ်အကြာတွင် သူသည် လမ်းမပေါ်မှ ကြီးမားသောအလောင်းကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ အလောင်းလဲကျသည့်အခါ အပေါ်ပိုင်းကိုယ်သည် ဆယ့်နှစ်ထပ်မြင့်ရုံးအဆောက်အအုံကို ကြီးမားသောအပေါက်ကြီးတစ်ခုဖြစ်အောင် ထိုးဖောက်သွားပြီး အဆောက်အအုံတစ်ခုလုံး မီးခိုးများတလူလူထွက်ကာ ယိမ်းထိုးနေသည်။ ပြင်းထန်သောပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်နေပြီး လမ်းမတစ်ခုလုံး ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်သည် လေးလံစွာဖိနှိပ်ထားသကဲ့သို့ တိတ်ဆိတ်နေသည်။ အလောင်းရှေ့သို့ရောက်သည့်အခါ လော်ယွမ်သည် အသက်ရှူရခက်ခဲလာပြီး ရင်ဘတ်ကို ကျောက်တုံးကြီးတစ်တုံးဖြင့် ဖိထားသကဲ့သို့ ခံစားနေရသည်။ ထိုဖိအားကို သူ မြွေနဂါးရှေ့တွင် တစ်ကြိမ်သာ ခံစားဖူးသော်လည်း ဤမျှအနီးကပ်ခံစားရသည်မှာတော့ ပထမဆုံးအကြိမ်ဖြစ်သည်။

၎င်း၏ကိုယ်ထည်သည် အလွန်ကြီးမားပြီး ဘေးစောင်းလဲလျောင်းနေသော်လည်း အမြင့်သည် သုံးမီတာခန့်ရှိသည်။ ကျစ်လစ်မာကျောသော ကြွက်သားများ၊ အပြင်သို့ထွက်နေသော ကြောက်မက်ဖွယ်အစွယ်များ၊ ကြိတ်ဆုံကျောက်တုံးကဲ့သို့သော လက်ဖဝါးများ၊ တစ်ကိုယ်လုံးသည် လူကို အလွန်ကြီးမားသော ဖိအားကိုပေးနေသည်။

ပို၍မယုံနိုင်စရာကောင်းသည်မှာ ၎င်း၏ကိုယ်ပေါ်မှ မီးကဲ့သို့နီရဲနေသောအမွေးများသည် ဒုံးကျည်ပေါက်ကွဲမှုမှဖြစ်ပေါ်လာသော အပူချိန်မြင့်မားမှုကြောင့် လုံးဝမီးမလောင်ခြင်းပင်ဖြစ်သည်။ အမွေးများက တောက်ပြောင်နေပြီး ပေါက်ကွဲခံရသည့်လက္ခဏာ တစ်စိုးတစ်စဉ်းမျှမရှိပေ။ လေပြေညင်းတစ်ချက်တိုက်ခတ်သည့်အခါ ထိုအမွေးနုများက လေထဲမှမီးညွှန့်များကဲ့သို့ ညင်သာစွာ လှုပ်ခတ်နေသည်။

အမွေးမဖုံးလွှမ်းသောအရေပြားသည် အလွန်ကြမ်းတမ်းပြီး အထပ်ထပ်စီထားသော သေးငယ်သည့်အကြေးခွံများဖြင့် ပြည့်နှက်နေသည်။ ထိုအကြေးခွံများ သို့မဟုတ် မာကြောသောအရည်ခွံက သာမန်သတ္တဝါများနှင့် အလွန်ကွာခြားသည်။ အကြေးခွံများသည် နဂါးမျက်လုံးအရွယ်ခန့်ရှိပြီး ပုံသဏ္ဌာန်မှာ ပိရမစ်ပုံသဏ္ဌာန် မျက်နှာလေးဘက်ပါသော အပြားပုံစံဖြစ်သည်။ ပို၍ထူးဆန်းသည်မှာ မျက်နှာလေးဘက်စီတွင် သဘာဝအတိုင်း ရှုပ်ထွေးသောပန်းချီများ ပါဝင်နေခြင်းပင်ဖြစ်သည်။

၎င်း၏ကိုယ်ပေါ်တွင် ကြီးမားသောဒဏ်ရာတစ်ခုနှင့် သေးငယ်သောဒဏ်ရာတစ်ခု ရှိနေသည်။ ကြီးမားသောဒဏ်ရာသည် ၎င်း၏ကိုယ်ခန္ဓာတစ်ခုလုံးကို ထွင်းဖောက်သွားပြီး ဒုံးကျည်နှစ်စင်းသည် နေရာတစ်ခုတည်းကို တိုက်ဆိုင်စွာ ထိမှန်သွားသောကြောင့် စားပွဲဝိုင်းအရွယ်ခန့်ရှိသော ဒဏ်ရာတစ်ခုဖြစ်ပေါ်ကာ ရင်ခေါင်းထဲမှ ကလီစာအများစု ပျောက်ကွယ်သွားပုံရသည်။

လော်ယွမ်က အချိန်မဆွဲရဲတော့ဘဲ ကျန်းမာတောက်ဓားရှည်ကိုထုတ်ကာ ၎င်း၏လက်ဖဝါးပေါ်သို့ ခုန်တက်လိုက်သည်။ အနည်းငယ်ခုံပျံပြီးနောက်တွင် သူက ၎င်း၏ရင်ဘတ်ပေါ်သို့ ရောက်ရှိသွားပြီး သူ၏နှလုံးသည် အလွန်မြန်ဆန်လာတော့သည်။

ဤသို့သောသတ္တဝါ၏ကိုယ်ပေါ်တွင် ရပ်နေရုံမျှဖြင့်ပင် သူ၏သတ္တိကို စမ်းသပ်ရန် လုံလောက်နေပြီဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်က လုံးဝမတောင့်တင်းသေးဘဲ အရေပြားသည် ပျော့ပျောင်းပြီး အလွန်ချောမွေ့နေသည်။ လော်ယွမ်ကို ပို၍ထိတ်လန့်စေသည်မှာ ၎င်း၏ခန္ဓာကိုယ်သည် တစ်ခါတစ်ရံ တဆတ်ဆတ်တုန်ခါနေခြင်းပင်ဖြစ်သည်။

သူက အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး အရမ်းခုန်နေသောနှလုံးကို ဖိနှိပ်ကာ ကျန်းမာတောက်ဓားရှည်ကိုမြှောက်ပြီး ၎င်း၏လည်ချောင်းကို ခုတ်ချလိုက်သည်။ အပြာရင့်ရောင်အဆင့်သို့ ဆင့်ကဲပြောင်းလဲပြီးနောက် ကျန်းမာတောက်ဓားရှည်သည် မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်ပြီး သံမဏိပင်လျှင် ရွှံ့ကိုခုတ်သကဲ့သို့ ချောမွေ့သည်။ သို့သော် ယခုအခါတွင် အလွန်တရာ မာကြောနေသည်ကို ခံစားလိုက်ရပြီး စင်တီမီတာအနည်းငယ်မျှသာ နစ်ဝင်သွားသည်နှင့် ဓားသွားက ၎င်း၏ကြွက်သားများကြားတွင် ညပ်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။

လော်ယွမ်က ထိုသို့သောအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ သူက အမူအရာမပြောင်းဘဲ ဓားရှည်ကိုဆွဲထုတ် မြှောက်ပြီးနောက် နောက်တစ်ကြိမ် အားကုန်သုံး၍ ခုတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင် ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားသည်။

သူသည် တစ်ချက်ပြီးတစ်ချက် ခုတ်နေပြီး ဓားချက်တိုင်းက လေကဲ့သို့လျင်မြန်ကာ စက်ကဲ့သို့တိကျသည်။ ငါးစက္ကန့်အတွင်းမှာပင် သူသည် ဓားချက်သုံးဆယ်ကျော် ခုတ်ချလိုက်ပြီး မကြာမီ လည်ပင်းတစ်ခုလုံး တစ်ဝက်ခန့် ပြတ်သွားကာ အတွင်းမှ ကျောက်စိမ်းကဲ့သို့ ဖြူစင်တောက်ပြောင်သော အရိုးကိုမြင်တွေ့လိုက်ရသည်။ ထို့နောက် ကျန်းမာတောက်ဓားရှည်သည် နောက်ထပ်မခုတ်နိုင်တော့ဘဲ ဓားသွားနှင့်အရိုး ထိခတ်မိသံသည် နားထဲတွင် စူးရှစွာ မြည်ဟည်းသွားသည်။

လော်ယွမ်သည် ဓားအသွားပျက်စီးမည်ကို စိုးရိမ်သောကြောင့် ချက်ချင်းရပ်တန့်လိုက်သည်။ နောက်တစ်ခဏတွင် အားကြီးသောစွမ်းအင်တစ်ခုသည် သူ၏ကိုယ်ပေါ်မှ ထွက်ပေါ်လာပြီး ကျန်းမာတောက်ဓားရှည်၏ဓားသွားပေါ်တွင် အလင်းတန်းခပ်ဖျော့ဖျော့တစ်ချက် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

ထိုအချိန်မှ သူသည် သူ၏ဓားသွားအလင်းတန်းကို စုစည်းနိုင်သည့်အမြန်နှုန်းသည် ယခင်ကထက် များစွာပိုမြန်လာပြီး အလင်းရောင်သည်လည်း အနည်းငယ် ပိုတောက်ပလာသည်ကို သတိပြုမိလိုက်သည်။ သူ များများစားစားမစဉ်းစားနိုင်ဘဲ ဓားရှည်ကိုမြှောက်ပြီး အားအနည်းငယ်ယူပြီးနောက် အရှိန်အဝါအနည်းငယ်ကို စုစည်းကာ ခုတ်ချလိုက်သည်။

လေထုသည် ချက်ချင်း ကွဲထွက်သွားပြီး မိုးကြိုးတစ်ချက် လင်းလက်သွားသကဲ့သို့ ထင်ရသည်။

"ဂျွတ်" ဟူသော ကြည်လင်ပြတ်သားသောအသံကိုသာ ကြားလိုက်ရပြီး လည်ချောင်းသည် ချက်ချင်း ပြတ်ထွက်သွားတော့သည်။

လော်ယွမ်သည် သူ၏ဦးနှောက်ထဲမှ တစ်စုံတစ်ခု ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရပြီးနောက် လက်ခြေများ ပျော့ခွေသွားသည်။ သူ နောက်ထပ်မနေရဲတော့ဘဲ ဧရာမသတ္တဝါကြီး၏ဦးခေါင်းပေါ်မှ ထူထဲသောအမွေးများကို ဆုပ်ကိုင်ကာ တစ်တန်ခန့်လေးသော ဤဦးခေါင်းကို အိမ်ရာအတွင်းသို့ အားကုန်သုံး၍ ဆွဲသွားတော့သည်။

ဆက်ရန်...

အပိုင်း(၇၉)မီးတိမ်တိုက်

လော်ယွမ် ဦးခေါင်းခွံကြီးကို ဗီလာသို့ဆွဲယူလာသောအခါ ဆယ်မိနစ်ကျော်ကြာသွားခဲ့ပြီဖြစ်သည်။

ဦးခေါင်းခွံမှာ အလွန်ကြီးမားသောကြောင့် မြေအောက်ခန်းထဲသို့ ဆွဲသွင်း၍မရသဖြင့် လော်ယွမ်က ဧည့်ခန်းထဲတွင်သာ ထားလိုက်သည်။

ဦးခေါင်းခွံကို ခွဲရန်အတွက် ကျန်းမာတောက်ဓားရှည်ကို အသုံးပြု၍မဖြစ်တော့ပေ။ ကျန်းမာတောက်ဓားရှည်သည် လက်နက်ကြီးအမျိုးအစားမဟုတ်ဘဲ ဓားသွားမှာ ပါးလွှာပြီး ကြွပ်ဆတ်သောကြောင့် တူညီသောအဆင့်ရှိသော ပစ္စည်းများ၊ အထူးသဖြင့် မာကျောသောအရိုးများကို ခုတ်ပိုင်းရန်မှာ အားမတန်တော့ပေ။ အမှန်တွင် သူက ဓားရောင်ခြည်ကို အသုံးပြုနိုင်ပြီး သူ၏ယခုစိတ်စွမ်းအင်ဖြင့် ဓားရောင်ခြည်ကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့် စုစည်းနိုင်သေးသည်။ သို့သော် ယခုလို အန္တရာယ်များဖြင့်ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် စိတ်စွမ်းအင်ကုန်ခမ်းသွားခြင်း၏အကျိုးဆက်မှာ မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းသာဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

သူက ဗီလာထဲမှ မီးသတ်ပုဆိန်တစ်လက်ကို ရှာဖွေတွေ့ရှိပြီး ပုဆိန်သွားကို အပြင်ဘက်တွင်ပေါ်နေသော လည်ပင်းအရိုးပေါ်သို့ တေ့လိုက်ကာ စိတ်ထဲတွင် ပေါင်းစပ်ဟု တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

မူလက စိုပြည်တောက်ပနေသော အရိုးမှာ မျက်နှာပြင်မှအရောင်အဝါများ လျင်မြန်စွာပျောက်ကွယ်သွားပြီး အရိုးခြောက်ကဲ့သို့ ဖြူဖွေးအေးစက်သွားသည်။ ထို့နောက် အချိန်တိုအတွင်း ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့သွားသကဲ့သို့ အရိုးမျက်နှာပြင်ပေါ်တွင် သေးငယ်သော အပေါက်လေးများ လျင်မြန်စွာပေါ်ပေါက်လာသည်။ တစ်ချိန်တည်းမှာပင် မီးသတ်ပုဆိန်၏အပူချိန်မှာ တဖြည်းဖြည်းမြင့်တက်လာပြီး မကြာမီမှာပင် ပူလောင်ကာ ကိုင်မရဖြစ်လာသည်။

မီးသတ်ပုဆိန်၏မျက်နှာပြင်တွင် အနီရောင်ဆေးများဖုံးလွှမ်းနေသော်လည်း အတွင်းပိုင်းမှာမူ ကျောက်စိမ်းဖြူကဲ့သို့ စိုပြေတောက်ပလာသည်။ အကယ်၍သာ ဤပြောင်းလဲမှုကို မျက်ဝါးထင်ထင်မမြင်တွေ့ခဲ့ရပါက မည်သူမဆို ဤသည်မှာ မီးသတ်ပုဆိန်ပုံစံထွင်းထုထားသော ကျောက်စိမ်းပုဆိန်တစ်လက်ဟု ထင်မှတ်မိပေလိမ့်မည်။

လော်ယွမ်က မီးသတ်ပုဆိန်ကိုကောက်ကိုင်လိုက်ရာ အလေးချိန်မှာ အတော်လေးလေးလံသွားသော်လည်း သူ၏အတွက်မူ ပို၍အံဝင်ခွင်ကျဖြစ်သွားသကဲ့သို့ပင်။

အမည် - အားပြင်းသော အရိုးဖြူပုဆိန်

ပါဝင်ပစ္စည်း - သတ္တုစပ်၊ ဒေါသမျောက်ဝံ၏အရိုး

ရှားပါးမှုအဆင့် - အပြာရင့်ရောင်

အလေးချိန် - ၅.၃ ကီလိုဂရမ်

တိုက်ခိုက်စွမ်းအား - ၃၂-၃၅

ထပ်တိုးအစွမ်း ၁ - တိုက်ခိုက်နှုန်းအလျင် +၁

ထပ်တိုးအစွမ်း ၂ - အပြင်းဆုံးတိုက်ခိုက်မှု၊ အထူးစွမ်းအင်ကို ထုတ်လွှတ်၍ နှစ်ဆသောတိုက်ခိုက်အားကို ထုတ်လွှတ်နိုင်သည့် အခွင့်အရေးအနည်းငယ်ရှိသည်။ အစွမ်းပြန်ပြည့်ချိန် - ၂၄ နာရီ

အသုံးပြုရန်လိုအပ်ချက် - ခွန်အား ၁၁ မှတ်

သုံးသပ်ချက် - ဤသည်မှာ အလွန်အစွမ်းထက်မြက်သော မီးသတ်ပုဆိန်တစ်လက်ဖြစ်သည်။

ပေါင်းစပ်ပြီးနောက် မီးသတ်ပုဆိန်၏အရည်အသွေးမှာ အနည်းငယ်ကြောက်မက်ဖွယ်ကောင်းလှပြီး တိုက်ခိုက်အားမှာ ကျန်းမာတောက်ဓားရှည်ထက်ပင် မြင့်မားနေသည်။ ပထမနောက်ဆက်တွဲအာနိသင်မှာ အနည်းငယ်အသုံးမဝင်သော်လည်း ဒုတိယအာနိသင်မှာမူ လော်ယွမ်ကိုပင် စိတ်လှုပ်ရှားသွားစေသည်။ အဓိကအချက်မှာ ဓားသိုင်းကျွမ်းကျင်မှုအဆင့်လိုအပ်သော ကျန်းမာတောက်ဓားရှည်နှင့်မတူဘဲ ကန့်သတ်ချက်ဘာမှမရှိခြင်းပင်။ ၎င်း၏တစ်ခုတည်းသောအားနည်းချက်မှာ ကံကိုသာအားကိုးရခြင်းဖြစ်သော်လည်း ဤသို့ဖြစ်နေသည့်တိုင် ဤလက်နက်မှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။

ဦးခေါင်းခွံတစ်ခုလုံး၏အချင်းမှာ ၃ပေကျော်ရှိရာ ဤသို့ကုန်ဆုံးမှုနှုန်းဖြင့် ထိုသို့သောလက်နက်မျိုး လေးငါးလက်ကို အသာလေးပြုလုပ်နိုင်သည်။

သို့သော် ယခုအချိန်က ထိုအရာများကိုစဉ်းစားရမည့်အချိန်မဟုတ်သည်မှာ ထင်ရှားသည်။

သူက မီးသတ်ပုဆိန်ကိုမြှောက်ကာ ဦးခေါင်းခွံဆီသို့ အားကုန်ခုတ်ချလိုက်သည်။

မီးသတ်ပုဆိန်နှင့်အရိုးတို့ တိုက်ခတ်မိရာ နားကွဲမတတ်ကျယ်လောင်သောမြည်သံထွက်ပေါ်လာပြီး အသွေးအသားနှင့်အရိုးအစအနများ လေးဘက်လေးတန်သို့ လွင့်စင်သွားသည်။

လော်ယွမ်က ဆယ်ကြိမ်ကျော်ခုတ်ချပြီးနောက် အရိုးဖြူပုဆိန်မှာ ရုတ်တရက်အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ သူ၏မျက်နှာမှာ ချက်ချင်းပင်နီရဲသွားပြီး ဦးနှောက်ထဲတွင် ဒေါသထွက်နေသောမျောက်ဝံတစ်ကောင် ဟိန်းဟောက်နေသည့်ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာကာ မထိန်းချုပ်နိုင်သောဒေါသစိတ်တစ်ခု စိတ်ထဲမှပေါ်ထွက်လာသည်။ သူက အလိုအလျောက်ပါးစပ်ကိုဟကာ မျောက်တစ်ကောင်နှင့်တူသော ဟိန်းဟောက်သံတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

"ဂါး"

ကြီးမားသောဟိန်းဟောက်သံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ခါသွားပြီး အားကောင်းသောစွမ်းအားတစ်ခု ခြေလက်အင်္ဂါများမှ စီးထွက်လာသည်။ တစ်ခဏအတွင်း သူ၏ကြွက်သားများမှာ သက်တမ်းရင့်သစ်ပင်ကြီး၏အမြစ်များကဲ့သို့ အပြိုင်းအရိုင်းထောင်ထလာပြီး လည်ပင်းတွင် အကြောများထောင်ထလာကာ တစ်ခဏအတွင်း အရပ်အမောင်းပင်မြင့်တက်လာသကဲ့သို့ပင်။ သူ၏မျက်လုံးများမှာ အနည်းငယ်နီရဲနေပြီး ဒေါသမျောက်ဝံပူးကပ်ခံထားရသကဲ့သို့ စိတ်ထဲတွင်အလွန်အမင်းရိုင်းစိုင်းကြမ်းတမ်းလာသည်။ နောက်တစ်ခဏတွင် သူက လက်နှစ်ဖက်ဖြင့်မီးသတ်ပုဆိန်ကိုမြှောက်ကာ အားကုန်သုံး၍ ဦးခေါင်းခွံဆီသို့ခုတ်ချလိုက်သည်။

တစ်ချက်တည်းဖြင့် ဦးခေါင်းခွံထိပ်တွင် အက်ကြောင်းတစ်ခုပေါ်ပေါက်လာသည်။ ဒုတိယတစ်ချက်တွင် အပေါက်တစ်ခုကို ခုတ်ထွင်းနိုင်ခဲ့သည်။

အုန်း

အုန်း

အုန်း

လေးလံကျယ်လောင်သည့်အသံသည် ဗီလာ၏ဧည့်ခန်းထဲတွင် ပဲ့တင်ထပ်နေပြီး စိတ်ထဲတွင် ထုတ်ဖော်ပြောပြစရာနေရာမရှိသော ဒေါသစိတ်တစ်ခုရှိနေသကဲ့သို့ပင်။

စက္ကန့်အနည်းငယ်ကြာပြီးမှသာ သူက တဖြည်းဖြည်းသတိပြန်ဝင်လာပြီး ခန္ဓာကိုယ်ထဲမှ အလိုအလျောက်ပေါ်ပေါက်လာသောစွမ်းအားမှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ မူလက ဤသို့သောအဖြစ်မျိုးတွင် နောက်ဆက်တွဲဆိုးကျိုးများရှိမည်ကို စိုးရိမ်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ၏ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်မှုတစ်စုံတစ်ရာမရှိသည့်အပြင် တစ်ကိုယ်လုံးမှာ နွေးထွေးကာ ရေနွေးဖြင့်ရေချိုးပြီးသကဲ့သို့ လန်းဆန်းနေသည်ကို ခံစားလိုက်ရသည်။ အချိန်ကြာမြင့်စွာဖိနှိပ်ထားသောကြောင့် စုပုံနေသည့်အနုတ်လက္ခဏာဆောင်သောစိတ်ခံစားချက်များပင် ယခုလေးတင်က ထုတ်ဖော်လိုက်ခြင်းတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ကြည့်ရသည်မှာ အပြင်းဆုံးတိုက်ခိုက်မှုသည် ကိုယ်ပိုင်ခွန်အားကိုအားကိုးခြင်းမဟုတ်ဘဲ အရိုးဖြူပုဆိန်မှလာခြင်းဖြစ်ပေမည်။

လော်ယွမ်က မီးသတ်ပုဆိန်ကိုကောက်ကိုင်ကာ တစ်ချက်ကြည့်လိုက်ရာ ပုဆိန်အသွားမှာ လန်တက်နေပြီး မျက်နှာပြင်တွင်လည်း အက်ကြောင်းတစ်ကြောင်း၊ နှစ်ကြောင်းပေါ်နေကာ တစ်ဝက်တစ်ပျက်ပျက်စီးနေပြီဖြစ်သည်။ ဤအပေါ်တွင် သူက စောစောကတည်းက ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ တူညီသောအဆင့်ရှိသောကုန်ကြမ်းများတိုက်ခတ်မိပြီး ယခုအချိန်အထိမကွဲကြေသေးသည်မှာ အတော်လေးမာကျောသည်ဟု ဆိုနိုင်ပေသည်။

ယခုအခါတွင် ဒေါသမျောက်ဝံ၏ဦးခေါင်းခွံတစ်ခုလုံးမှာ သူ၏ခုတ်ပိုင်းမှုကြောင့်ကွဲအက်သွားပြီး ဇလုံတစ်လုံးစာအရွယ်အပေါက်တစ်ခုဖြစ်သွားသည်။ သူက မီးဖိုချောင်မှ ပလတ်စတစ်အိတ်အချို့ကိုရှာဖွေကာ အတွင်းမှဦးနှောက်ဖတ်များကို အိတ်ထဲသို့တစ်လုံးချင်းစီခပ်ထည့်ပြီး သားရေကွင်းဖြင့် တစ်လုံးချင်းစီချည်နှောင်လိုက်သည်။ သူက ဆယ်အိတ်ကျော်ထည့်ပြီးမှသာ ဦးခေါင်းခွံထဲမှဦးနှောက်ဖတ်များကို အကုန်ခပ်ထုတ်နိုင်ခဲ့သည်။

လော်ယွမ်က ပစ္စည်းများကိုမြေအောက်ခန်းသို့သယ်ဆောင်သွားပြီး မြေအောက်ခန်းတံခါးကိုပိတ်ရန်ပြင်ဆင်နေစဉ်တွင် မိန်းကလေးများအားလုံး လှေကားထိပ်တွင်ရပ်ကာ သူ့ကိုမျှော်လင့်တကြီးကြည့်နေသည်ကိုမြင်သောအခါ သူ တုံ့ဆိုင်းသွားပြီးနောက် မျက်နှာမကောင်းစွာဖြင့် ခေါင်းခါပြလိုက်သည်။

လော်ယွမ်က တိတ်ဆိတ်စွာဖြင့် ဦးနှောက်ဖတ်တစ်အိတ်ကိုဖွင့်ကာ အိုးထဲသို့ထည့်လိုက်ရာ သွေးညှီနံ့နှင့်အတူ ညှီစို့စို့အနံ့တစ်ခု ပျံ့နှံ့လာသည်။ ဟွမ်ကျားဟွေ၏မျက်နှာမှာ မကောင်းတော့ဘဲ ထရပ်လိုက်ပြီး မနေ့ကစားပြီးသား စည်သွပ်ဗူးခွံအချို့ကိုရှာဖွေကာ ရေသန့်ဖြင့် ဆေးကြောရန်ပြင်ဆင်လိုက်သည်။

"ရေသန့်တွေမသုံးနဲ့တော့...အခုကရေမရတော့ဘူးဆိုတော့ ရေသန့်ဗူးတွေက တစ်ဗူးသုံးရင် တစ်ဗူးလျော့သွားမှာ...ချွေတာသုံးတာ အကောင်းဆုံးပဲ" လော်ယွမ်က တားမြစ်လိုက်သည်။ သူယခုလေးတင်က မီးဖိုချောင်သို့သွားစဉ်တွင် ရေနှင့်ဂတ်စ်ကိုတစ်ချက်စစ်ဆေးခဲ့ရာ အားလုံးပြတ်တောက်နေသည်ကို တွေ့ရှိခဲ့သည်။ ယခုအခါ မြေအောက်ခန်းမှ နေသန့်ဖာ၂ဖာမှာ ယခုတလောအတွင်း တစ်ခုတည်းသောသောက်သုံးရေအရင်းအမြစ်ဖြစ်နေပြီဖြစ်သည်။

ဟွမ်ကျားဟွေသည် ပုလင်းဖုံးဖွင့်ရန်ပြင်နေသောလက်မှာ ရုတ်တရက်ရပ်တန့်သွားပြီး အချိန်အတော်ကြာမှ ရေသန့်ဗူးကိုချလိုက်သည်။ "လော်ယွမ်...ကျွန်မတို့ကိုအမှန်တိုင်းပြောပါ...အပြင်မှာဘယ်လိုဖြစ်နေပြီလဲ"

လော်ယွမ်က ခေါင်းခါပြပြီး ခြောက်ကပ်သောအသံဖြင့် "အခြေအနေအရမ်းဆိုးတယ် သန္ဓေပြောင်းသတ္တဝါတွေက အခုမြို့ထဲကိုဆက်တိုင် ဝင်လာနေတယ်...စစ်ပွဲက မနက်ဖြန် သဘက်ခါတောင် မပြီးလောက်သေးဘူး...အခုကလူတွေရဲ့လက်နတ်အင်အားပဲပိုကောင်းမလား...သန္ဓေပြောင်းသတ္တဝါတွေပဲပိုများလာမလား စောင့်ကြည့်ရမှာ"

အားလုံး၏မျက်နှာများမှာ ချက်ချင်းပင်ပို၍ဖြူဖျော့သွားကြသည်။

လော်ယွမ်က ဦးနှောက်ဖတ်များထည့်ထားသောအိတ်ကိုယူကာ သံဘူးလေးဘူးထဲသို့ တစ်ခွက်စီလောင်းထည့်ပြီးနောက် ကိုင်မြှောက်ကာ တစ်လုတ်ချင်းစီသောက်နေသည်။ အတွင်းမှညှီစို့စို့အနံ့မှာ စည်သွပ်ဗူးပေါ်တွင်ကျန်ရှိနေသော အသားနံ့သင်းသင်းနှင့်ရောနှောသွားပြီး အလွန်ပင်ထူးဆန်းသောအရသာတစ်ခုဖြစ်ပေါ်နေသော်လည်း သူကမူ လုံးဝမသိသကဲ့သို့ပင်။

ဟွမ်ကျားဟွေသည်လည်း တစ်ခွက်ကိုကိုင်မြှောက်ကာ မျက်လုံးများကိုမှိတ်ထားပြီး ခိုင်မာသောအရိပ်အယောင်တစ်ခုပေါ်လွင်လာကာ တစ်ကျိုက်တည်းမော့ချလိုက်ပြီးနောက် နောက်တစ်ခွက်ထပ်ထည့်လိုက်သည်။

ဝမ်ရှီရှီသည် ခေတ္တမျှ ချိတုံ့ချိတုံ့ဖြစ်သွားပြီးနောက် မျက်နှာငယ်လေးဖြင့် အသံတစ်ချက်မထွက်ဘဲ မော့ချလိုက်သည်။

အားလုံးက သွေးစများပါနေသေးပြီး ညှီစို့စို့အနံ့ထွက်နေကာ အစာဟုပင်မခေါ်နိုင်သေးသည့်အရာကို မော့သောက်နေကြသည်ကိုမြင်သောအခါ ဟွမ်ယွိရင်က စပ်စုစိတ်ဖြင့် အသံတိုးတိုးမေးလိုက်သည်။ "အဲ့တာက ဘာတွေလည်းဟင်"

လော်ယွမ်က သူမကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ "သန္ဓေပြောင်းသတ္တဝါရဲ့လတ်ဆတ်တဲ့ဦးနှောက်တွေပဲ...စားလိုက်ရင်နင့်အတွက် အကျိုးအရမ်းရှိတယ်"

လော်ယွမ်က ဤမိန်းမအပေါ်တွင် ကောင်းသောစိတ်ခံစားချက်မရှိသော်လည်း သူမက ကိုယ့်ကိုယ်ကိုယ်အလွန်နှိမ့်ချပြီး အားလုံးအပေါ်တွင်ပင် ဖော်ရွေသောကြောင့် လော်ယွမ်ကိုအနည်းငယ်ကျေနပ်စေခဲ့သည်။ ထို့ပြင် အတူတူနေနေပြီဖြစ်သောကြောင့် သူမကိုအပြင်သို့ဖယ်ထုတ်ရန်မှာလည်း မကောင်းပေ။ ထို့အပြင် သန္ဓေပြောင်းသတ္တဝါအသားစိမ်းစားခြင်းဖြင့် ဆင့်ကဲပြောင်းလဲနိုင်သည်မှာ ယခုအခါတွင် လျှို့ဝှက်ချက်ဟုမဆိုနိုင်တော့ဘဲ အနည်းဆုံးတော့ သတင်းအနည်းငယ်ရရှိသူတိုင်း သိရှိနေကြပြီဖြစ်သည်။

သို့သော် လျှို့ဝှက်ချက်ကိုသိရှိနေသည့်တိုင် တကယ်တမ်းဆင့်ကဲပြောင်းလဲသူမှာ အလွန်ပင်ရှားပါးလှပြီး ဤသည်မှာ ငွေကြေးနှင့်အာဏာနှင့်မသက်ဆိုင်ဘဲ လုံးဝကံကိုသာအားကိုးရသည်။

လော်ယွမ်က သန္ဓေပြောင်းသတ္တဝါ၏ဦးနှောက်ဖြစ်ပြီး လတ်ဆတ်သည်ဟုပြောသည်ကိုကြားသောအခါ ဟွမ်ယွိရင်၏မျက်နှာမှာ ချက်ချင်းပင်ဖြူဖျော့သွားပြီး ဗိုက်ထဲတွင် ပျို့တက်လာသလိုခံစားလိုက်ရသည်။ သူမက အလျင်အမြန်ပါးစပ်ကိုအုပ်ထားပြီး မိမိကိုယ်ကိုအန်မထွက်အောင်ထိန်းထားလိုက်သည်။

ဟွမ်ယွိရင်၏မျက်နှာမကောင်းသည်ကိုကြည့်ရင်း ဟွမ်ကျားဟွေသည် စည်သွပ်ဗူးကိုချလိုက်ပြီး သူမပထမဆုံးအကြိမ်စားစဉ်က ကြောက်မက်ဖွယ်အခြေအနေကိုပြန်တွေးမိကာ ကိုယ်ချင်းစာနာစွာပြောလိုက်သည်။ "ဘာမှမဖြစ်ဘူး...သူ့ကိုအနံ့မခံနဲ့...မဝါးစားနဲ့ တစ်ခါထဲမျိုချလိုက်...ဒါဆိုအဝင်လွယ်တယ်"

မည်မျှပင်ကြင်နာတတ်သောမိန်းမဖြစ်စေကာမူ အမှောင်ထုကိုဖြတ်သန်းခဲ့ရပြီးနောက် အရိုးထဲတွင် စိတ်ပိုင်းဖြတ်မှုတစ်ခုရှိစမြဲပင်။ ဟွမ်ကျားဟွေနှင့်လော်ယွမ်၏စကားများကြောင့် ဟွမ်ယွီရင်းသည် အိမ်ရာထဲတွင်ပျံ့နှံ့နေသော ကောလာဟလကိုပြန်လည်သတိရသွားသည်။ မည်သူမျှသူမထက် ခွန်အား၏အရေးကြီးပုံကိုမသိပေ၊ အထူးသဖြင့် တရားဥပဒေစိုးမိုးမှု၏အင်အားက သူမကိုမကာကွယ်နိုင်တော့သည့်အချိန်တွင်ဖြစ်သည်။ စိတ်ထဲတွင် တုံ့ဆိုင်းခြင်းမရှိတော့ဘဲ ခဏမျှအနားယူပြီးနောက် ဦးနှောက်ဖတ်တစ်ခွက်ကိုကိုင်မြှောက်ကာ ဂလုဂလုမြည်အောင်မော့ချလိုက်ပြီးနောက် မျက်နှာစိမ်းဖန့်ကာ အသံတစ်ချက်မထွက်ဘဲနေတော့သည်။

လော်ယွမ်က သူမကိုတစ်ချက်စွေကြည့်ပြီး စိတ်ထဲတွင်တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။ ဤသို့သောလူမှသာ ကမ္ဘာပျက်ခေတ်တွင် ရှင်သန်နိုင်ပေလိမ့်မည်။ ထို့နောက် အဆက်မပြတ်အန်ချင်နေသော ဝမ်ရှီရှီကိုကြည့်ကာ သူကစိတ်ပျက်စွာဖြင့်ခေါင်းခါလိုက်သည်။

လော်ယွမ်မှလွဲ၍ ကျန်သူများ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာမီးကဲ့သို့ပူလောင်လာပြီး ခေါင်းမူး၊ မျက်စိပြာဝေကာ နောက်ဆက်တွဲခေါင်းကိုက်ခြင်းမှာ ကွဲထွက်မတတ်ပင်။

ကံကောင်းထောက်မစွာဖြင့် ယခင်ကလော်ယွမ်ရှင်းပြထားပြီး အလိုလိုသိစိတ်(အာရုံခံစားမှု)ကိုတိုးပွားစေနိုင်သည်ကိုသိထားသောကြောင့် သူတို့ထိတ်လန့်တကြားမဖြစ်ကြပေ။ သို့သော် ပြင်းထန်သောနာကျင်မှုက သူတို့ကို အလွန်ပင်ဒုက္ခပေးနေဆဲဖြစ်သည်။ ထို့ပြင် ဤတစ်ခါသူတို့၏တုံ့ပြန်မှုမှာ လော်ယွမ်ယခင်က မျိုးစပ်ကြွက်ဘုရင်၏ဦးနှောက်ကိုစားသုံးစဉ်ကထက် ပို၍ပြင်းထန်လှသည်။ ဟွမ်ကျားဟွေက အနည်းငယ်သည်းခံနိုင်သည်မှလွဲ၍ ဟွမ်ယွိရင်နှင့်ဝမ်ရှီရှီတို့နှစ်ဦးမှာမူ မြေပြင်တွင်လူးလိမ့်ငိုကြွေးကာ အဆက်မပြတ်အော်ဟစ်နေကြသည်။

နာရီဝက်ခန့်ကြာပြီးမှသာ သူတို့၏မျက်နှာများမှာ တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာသည်။

သူအပါအဝင် မည်သူမျှဆင့်ကဲပြောင်းလဲမှုမဖြစ်ပွားသည်ကိုကြည့်ရင်း လော်ယွမ်က စိတ်ပျက်စွာဖြင့်သက်ပြင်းချလိုက်သည်။ နောက်တစ်ကြိမ်ရှုံးနိမ့်ပြန်ပြီ၊ ဤဆင့်ကဲပြောင်းလဲမှု၏ဖြစ်နိုင်ခြေမှာ အလွန်ပင်နည်းပါးလှသည်။

သို့သော် သူတို့၏မျက်နှာများတွင်မူ စိတ်ပျက်အားငယ်သည့်အရိပ်အယောင်မတွေ့ရဘဲ တစ်ယောက်ချင်းစီမှာ အလွန်ပင်စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့်ဝမ်ရှီရှီမှာ သူမ၏မျက်နှာမှမှောင်မိုက်မှုများပျောက်ကွယ်သွားပြီး အနည်းငယ်စမ်းသပ်ချင်စိတ်ဖြစ်ပေါ်နေသည်။ လော်ယွမ်၏စိတ်ထဲတွင်လှုပ်ရှားသွားပြီး "ရှီရှီနင့်အစွမ်းကို စမ်းသုံးကြည့်စမ်း"

ဝမ်ရှီရှီက စိတ်လှုပ်ရှားစွာဖြင့်ခေါင်းညိတ်ပြပြီး လက်ညှိုးညွှန်လိုက်သည်နှင့် စည်သွပ်ဗူးခွံအချို့ လျင်မြန်စွာပျံတက်လာပြီး သူမကိုပတ်၍ အဆက်မပြတ်လည်ပတ်နေသည်။ အရှိန်မှာတဖြည်းဖြည်းမြန်ဆန်လာပြီး နောက်ဆုံးတွင် သူမမျက်လုံးများကိုမှိတ်ထားလိုက်ရာ ပတ်ဝန်းကျင်မှ ဟူးဟူးဟူသောပြင်းထန်သည့်အသံများထွက်ပေါ်လာပြီး လော်ယွမ်မှလွဲ၍ ကျန်နှစ်ဦးမှာ လုံးဝမမြင်နိုင်တော့ပေ။

ဝမ်ရှီရှီသည် တစ်ချက်စမ်းကြည့်ပြီးနောက် ညင်သာစွာချလိုက်ကာ ပို၍လေးလံသောအရာများကို စတင်ထိန်းချုပ်လိုက်သည်။ သူမသည် အဝေးမှဝိုင်နီတစ်သေတ္တာကိုချိန်ရွယ်လိုက်ပြီး စိတ်အာရုံလှုပ်ရှားလိုက်သည်နှင့် ဝိုင်နီအပြည့်ထည့်ထားသောသေတ္တာမှာ တစ်ချက်လှုပ်ခါသွားပြီးနောက် ပျံတက်လာသည်။ အကန့်အသတ်ကိုလုံးဝမကျော်လွန်သေးသည်ကိုခံစားမိသောအခါ သူမသည် ကိုကာကိုလာတစ်သေတ္တာကိုပါ ထပ်မံထိန်းချုပ်လိုက်ပြီးနောက် စပရိုက်အချိုရည်သတ္တာပါပျံတက်လာကာ နောက်ဆုံးတွင် ရေသန့်ဗူးသေတ္တာကိုပါထပ်ပေါင်းလိုက်သည်။ အရက်နှင့်အဖျော်ယမကာသေတ္တာလေးလုံးမှာ သူမကိုပတ်၍ ဖြည်းညင်းစွာလည်ပတ်နေသော်လည်း ဤတစ်ခါအရှိန်မှာမူ ခရုတွားသွားသကဲ့သို့ များစွာနှေးကွေးသွားသည်။ အကြိမ်အနည်းငယ်လည်ပတ်ပြီးနောက် သူမ၏နဖူးတွင် အနည်းငယ်ချွေးစို့လာပြီး အလျင်အမြန်ချလိုက်သည်။

ဤမြင်ကွင်းကိုမြင်သောအခါ ဟွမ်ကျားဟွေနှင့် ဟွမ်ယွီရင်းတို့၏မျက်လုံးများတွင် ပူလောင်သောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားပြီးနောက် တိတ်တဆိတ်သက်ပြင်းချလိုက်ရာ စိတ်ထဲမှဝမ်းသာမှုမှာလည်း တစ်ဝက်တစ်ပျက်ပျောက်ကွယ်သွားခဲ့သည်။

"ဒီပစ္စည်းတွေရဲ့အလေးချိန်က သူ့ရဲ့အရင်က ထိန်းချုပ်နိုင်စွမ်းကို တော်တော်ကျော်သွားပြီ...သူ့အစွမ်းကအခုဆို နှစ်ဆတိုးသွားလောက်တယ်...အဲ့လိုကိုး...စိတ်စွမ်းအင်က တစ်ကယ် အာရုံခံနိုင်စွမ်းနဲ့ပတ်သတ်နေတာပဲ...ဒါမှမဟုတ် အာရုံခံနိုင်စွမ်းရဲ့နောက်ထပ် မြင့်တဲ့အဆင့်လည်းဖြစ်နိုင်တယ်...အဲ့လိုမဟုတ်ရင်တောင် အာရုံခံနိုင်စွမ်းက သူ့ကိုမောင်းနှင်ပေးထားတာဖြစ်ရမယ်" သူ၏မျက်နှာတွင် နားလည်သဘောပေါက်သွားသည့်အရိပ်အယောင်တစ်ခုပေါ်ပေါက်လာသည်။

"နင်အဆင်ပြေရဲ့လား" လော်ယွမ်က သတိပြန်ဝင်လာပြီး ဝမ်ရှီရှီခေါင်းကိုကိုင်ထားသည်ကိုမြင်သောအခါ စိုးရိမ်စွာမေးလိုက်သည်။

"ခုနက အားအများကြီးသုံးလိုက်လို့ သမီးအခု ခေါင်းနည်းနည်းကိုက်နေတယ်" လော်ယွမ်၏အသံကိုကြားသောအခါ ဝမ်ရှီရှီ၏မျက်နှာတွင် ချိုမြိန်သောအပြုံးတစ်ခုပေါ်ပေါက်လာပြီး ခေါင်းကိုက်သည့်ပုံစံမှာ လုံးဝပျောက်သွားသည့် အလားပင်။

"ငါလုပ်ပေးထားတဲ့ သတ္တုပြားကိုယူခဲ့...ငါပြန်ပြင်ပေးမယ်" လော်ယွမ်က အပြင်ဘက်မှကြီးမားသောဦးခေါင်းခွံကိုစဉ်းစားမိပြီး ပြောလိုက်သည်။

"ကိုကြီးယွမ်...အရင်တစ်ခုက ကြည့်မကောင်းဘူး...ဒီတစ်ခါ လှလှလေးပြင်ပေးရမယ်နော်" ဝမ်ရှီရှီ၏စိတ်ထဲမှစိတ်လှုပ်ရှားမှုမှာ မပျောက်ကွယ်သေးဘဲ ချိုမြိန်စွာပြောလိုက်သည်။

"လှတာက ဘာအသုံးဝင်မှာလည်း...နင့်လက်နတ်က ဘယ်လောက်ပဲလှလှ အသုံးမဝင်ရင် အလကားပဲ" လော်ယွမ်က လေးနက်သောအသံဖြင့်ဆူပူလိုက်သည်။

ဝမ်ရှီရှီသည် ကြောက်လန့်တကြားဖြင့်ခေါင်းငုံ့လိုက်ပြီး နောက်ထပ်စကားမပြောရဲတော့ပေ။

"ဒါနဲ့ကျားဟွေ...နင့်ကျည်ဆန်တွေလည်းငါ့ကိုပေး"

ဟွမ်ကျားဟွေသည် သဘောပေါက်သွားပြီး မျက်နှာတွင်စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခုပေါ်ပေါက်လာကာ ခေါင်းညိတ်ပြလိုက်ပြီး အိတ်ကပ်ထဲမှကျည်ဆံဘူးအချို့ကိုထုတ်ယူကာ ကန္တာရလင်းယုန်သေနတ်ကိုပါထုတ်ယူပြီး ကျည်အိမ်ထဲမှကျည်ဆံများကို တစ်တောင့်ချင်းစီထုတ်ကာ ကမ်းပေးလိုက်သည်။

ဤတစ်ခေါက်ကုန်ကြမ်းမှာ အနည်းငယ်များပြားလှရာ သူတို့အေးဆေးအသုံးပြု၍ရပေသည်။ အပြာရင့်ရောင်အဆင့်ကျည်ဆံများသည် အပြာရင့်ရောင်အဆင့်အောက်ရှိ သန္ဓေပြောင်းသတ္တဝါများအပေါ်တွင် ကြီးမားသောသတ်ဖြတ်နိုင်စွမ်းရှိပြီး ချက်ကောင်းနေရာကိုထိမှန်ပါက တစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်သည်။ သို့သော် ပေါင်းစပ်ပြီးနောက် ပစ်ခတ်နိုင်သေးသလားဆိုသည်ကို စမ်းသပ်ရန်လိုအပ်သေးသည်။ အကယ်၍သာ အကျိုးသက်ရောက်မှုရှိသေးပါက သူက ကျည်ဆံအားလုံးကို အပြာရင့်ရောင်အဆင့်သို့ပေါင်းစပ်ရန်ပြင်ဆင်ထားသည်။ ဤသို့ဆိုလျှင် ဟွမ်ကျားဟွေ၏သေနတ်ပစ်စွမ်းရည်နှင့်ပေါင်းစပ်လိုက်ပါက အရေးကြီးသည့်အချိန်တွင် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ပေလိမ့်မည်။

နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အမြဲတမ်းအကန့်အသတ်ရှိပြီး သန္ဓေပြောင်းသတ္တဝါများဝိုင်းရံတိုက်ခိုက်ခြင်းခံရပါက အလွန်အန္တရာယ်များလာပေလိမ့်မည်။

မူလက သူက အဝတ်အစားအချို့ကိုယူရန်ပြင်ဆင်ထားသော်လည်း ဒေါသမျောက်ဝံ၏ခန္ဓာကိုယ်ကုန်ကြမ်းကို စေ့စေ့စပ်စပ်စဉ်းစားကြည့်သောအခါ အဝတ်အစားပေါင်းစပ်ရန်မှာ သိပ်မသင့်တော်လှပေ။

ဤသန္ဓေပြောင်းသတ္တဝါတွင် ဓာတ်စွမ်းအင်တစ်စုံတစ်ရာမပါဝင်ကြောင်း သူအမျိုးအမည်ခွဲခြားအစွမ်းဖြင့် သိရှိပြီးဖြစ်သည်။ ယခုဝတ်ဆင်ထားသောအဝတ်အစားထက် ခုခံကာကွယ်မှုပို၍အားကောင်းသောအဝတ်အစားအဖြစ် ပေါင်းစပ်နိုင်သော်လည်း လက်တွေ့အသုံးဝင်မှုမှာ များစွာလျော့ကျသွားပြီး လေဓာတ်စွမ်းအင်၏အထောက်အပံ့ကိုဆုံးရှုံးသွားပါက သူ၏အရှိန်မှာများစွာကျဆင်းသွားပြီး စွမ်းအားမှာ တိုးတက်မလာသည့်အပြင် ကျဆင်းသွားသည်ဟုပင် ဆိုနိုင်ပေမည်။

ခုခံကာကွယ်မှုကဲ့သို့သောအရည်အသွေးများမှာမူ အချိန်အများစုတွင် လူသားများအတွက် ကျည်ဆံများကိုခုခံနိုင်လျှင်ပင် လုံလောက်နေပြီဖြစ်သည်။

လက်တွေ့တွင် ခုခံကာကွယ်မှုမည်မျှပင်အားကောင်းစေကာမူ အပြာရောင်အဆင့်အထက်ရှိသောသန္ဓေပြောင်းသတ္တဝါ၏တိုက်ခိုက်မှုကို မခံနိုင်ပေ။ အဝတ်အစားမစုတ်ပြဲသည့်တိုင် ခန္ဓာကိုယ်က ရိုက်ခတ်သည့်ဒဏ်ကိုမခံနိုင်သဖြင့် ထိုအတွက်လုံးဝမလိုအပ်ပေ။ ဤသို့ဖြစ်မည့်အစား အားလုံးကိုကျည်ဆံနှင့်အခြားလက်နက်များအဖြစ် ပေါင်းစပ်လိုက်ခြင်းက ပို၍ကောင်းသည်။

လော်ယွမ်က မြေအောက်ခန်းမှထွက်လာသည်နှင့် လေထု၏အပူချိန်မှာ ယခင်ကထက် ဒီဂရီအနည်းငယ်ပို၍မြင့်တက်နေသည်ကိုတွေ့ရှိပြီး စိတ်ထဲတွင်မွန်းကျပ်လာသည်။ သူအနည်းငယ်ထူးဆန်းသည်ကိုခံစားမိပြီး ခြေလှမ်းအနည်းငယ်လှမ်းကာ နံရံပေါ်မှကြီးမားသောအပေါက်မှတစ်ဆင့် အဝေးမှမြို့ပြင်သို့ကြည့်လိုက်ရာ သူ၏အကြည့်မှာ ရုတ်တရက်ရပ်တန့်သွားပြီး လူတစ်ကိုယ်လုံးမှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ဖြစ်သွားသည်။

အဝေးမှကောင်းကင်မှာ နီရဲနေပြီး မီးတောက်များဖြင့်ဖွဲ့စည်းထားသော မှိုပွင့်တိမ်တိုက်တစ်ခု တဖြည်းဖြည်းမြင့်တက်လာနေသည်။

ထိုနေရာမှာ ကြီးမားသောမီးပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ မီတာဆယ်ဂဏန်း၊ ဆယ်ဂဏန်းကျော်မြင့်မားသော မီးလျှံမြွေကြီးများမှာ ပတ်ဝန်းကျင်မှအရာအားလုံးကို အဆက်မပြတ်လျက်နေပြီး အဆောက်အဦတစ်ခုပြီးတစ်ခုမှာ ကြောက်မက်ဖွယ်ကောင်းသောအပူချိန်မြင့်မားမှုအောက်တွင် အဆက်မပြတ်အရည်ပျော်၊ ပြိုကျနေသည်။ စတုရန်းကီလိုမီတာပေါင်းများစွာကျယ်ဝန်းသောနယ်မြေမှာ အပူချိန်မြင့်မားမှုအောက်တွင် လုံးဝပုံပျက်ပန်းပျက်ဖြစ်သွားပြီး ထူးဆန်းသောနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"လေဖိအားမြင့်ဗုံး" သူက ခက်ခဲစွာဖြင့် ဖြည်းညင်းစွာရေရွတ်လိုက်ပြီး တစ်ကိုယ်လုံးအေးစက်သွားသည်။

ဆက်ရန်...

အပိုင်း(၈၀)အသက်ရှင်သန်ရေးအတွက်

မီးပင်လယ်ကြီး၏ အထက်ကောင်းကင်ယံတွင် ဗုံးကြဲလေယာဉ်ကြီးသုံးစင်းသည် ဖက်ထုပ်များ ပစ်ချနေသကဲ့သို့ လေဖိအားမြင့်ဗုံးများကို တစ်လုံးပြီးတစ်လုံး ဆက်တိုက်ကြဲချနေသည်။ ကြီးမားသော မီးလုံးကြီးများ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာပြီး မီးပင်လယ်ကြီးမှာ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာသည်။ ကြောက်မက်ဖွယ် ဖိအားလှိုင်းများက ကောင်းကင်တွင် အလွန်အံ့မခန်းဖြစ်ဖွယ် စက်ဝန်းပုံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး အမြင့်ပိုင်းရှိ တိမ်တိုက်များပင် လွင့်စင်သွားတော့သည်။

တစ်မိနစ်အတွင်းမှာပင် ဗုံးကြဲလေယာဉ်သုံးစင်းသည် လေဖိအားမြင့်ဗုံး အလုံးတစ်ရာနီးပါး ကြဲချခဲ့သည်။ ဤမျှများပြားသော ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုကြောင့် ကီလိုမီတာအနည်းငယ်ပတ်လည် ဧရိယာတစ်ခုလုံး မီးပင်လယ်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ ဤပေါက်ကွဲမှု၏ အင်အားမှာ အင်အားနည်း အနုမြူဗုံးငယ်တစ်လုံးနှင့်ပင် ညီမျှနေပြီဖြစ်သည်။

လေဖိအားမြင့်ဗုံးကို "အသေးစားအနုမြူဗုံး" ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ဤဗုံး၏ အဖျက်စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး၊ သေဆုံးသူများမှာ အသက်ရှူကြပ်၍ သို့မဟုတ် အပူလောင်၍ သေဆုံးကြသောကြောင့် အလွန်တရာ ဆိုးရွားရက်စက်သော သေဆုံးမှုမျိုး ဖြစ်သည်။ ထို့ကြောင့် ဤဗုံးကို အသုံးပြုသည့်အခါတိုင်း လူထု၏ ရှုတ်ချမှုကို ပြင်းထန်စွာ ခံရလေ့ရှိသည်။ ခေတ်ကာလ တိုးတက်လာသည်နှင့်အမျှ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လက်နက်မျိုးကို ဇီဝလက်နက်များကဲ့သို့ပင် ကုလသမဂ္ဂမှ တားမြစ်ထားသည်။ သို့သော် ယခုအခါတွင်မူ ဤလက်နက်သည် ပြန်လည်ပေါ်ပေါက်လာရုံသာမက သူ၏မျက်စိရှေ့တွင်ပင် အမှန်တကယ် ဖြစ်ပျက်နေသောကြောင့် သူ့မှာ အိပ်မက်မက်နေသလိုပင် ခံစားနေရသည်။

ဟယ်တုံမြို့သည် ယခင်ကတည်းက တည်ငြိမ်မှုရှိပြီး ကြီးမားသော အကျပ်အတည်းမျိုးနှင့် မကြုံတွေ့ခဲ့ရဖူးပေ။ ထို့အပြင် မကြာသေးမီက မြို့၏ လူဦးရေမှာ ပိုမိုကြီးမားလာသောကြောင့် ကာကွယ်ရေးခံတပ်အနီးရှိ ကျေးရွာများကို ပြောင်းရွှေ့ခဲ့ရသော်လည်း အနည်းငယ်လုံခြုံသော ဆင်ခြေဖုံးရပ်ကွက်များတွင် လူဦးရေအများအပြား စုဝေးနေထိုင်လျက်ရှိသည်။

ထိုဗုံးကျဲချနေသောနေရာများကို ယခုအခါ သန္ဓေပြောင်း သတ္တဝါများက သိမ်းပိုက်ထားသော်လည်း အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေဦးမည်မှာ သေချာသည်။

သူ၏မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူဖျော့နေသည်။ အကယ်၍သာ မလွှဲမရှောင်သာသည့် အခြေအနေမျိုး မဟုတ်ပါက စစ်တပ်အနေဖြင့် ဤကဲ့သို့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ဘယ်တော့မှ ပြုလုပ်လိမ့်မည်မဟုတ်ကြောင်း သူကောင်းကောင်းသိသည်။ အကြောင်းမှာ အသိတရားအနည်းငယ်ရှိသူတိုင်း နားလည်ထားသည်မှာ စစ်ပွဲပြီးဆုံးသွားသည့်အခါ လူထု၏ ရှုတ်ချမှုနှင့် ဒေါသလှိုင်းများက မည်သူ့ကိုမဆို နစ်မြုပ်သွားစေနိုင်သောကြောင့် ဖြစ်သည်။

ဟယ်တုံမြို့၏ အခြေအနေမှာ ဤမျှလောက်ထိ ဆိုးရွားသွားခဲ့ပြီလား။

သူသည် အပြာရောင်အဆင့် သန္ဓေပြောင်း သတ္တဝါများနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်နေသော်လည်း ယခုအချိန်တွင်မူ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် အနာဂတ်အတွက် လမ်းပျောက်နေသလို ခံစားနေရသည်။ တစ်ဦးတစ်ယောက်၏ စွမ်းအားသည် ဤမုန်တိုင်းထန်သော အခြေအနေကြီးအောက်တွင် အရေးမပါသကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှသည်။ အကယ်၍သာ ဟယ်တုံမြို့ ကျဆုံးသွားခဲ့လျှင်...

လော်ယွမ်သည် စိတ်လွတ်နေသူတစ်ယောက်ကဲ့သို့ ခေတ္တမျှ ငေးကြည့်နေပြီးနောက် ဧရာမဦးခေါင်းကြီးရှိရာသို့ လှည့်ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် ကွန်ကရစ်တုံးတစ်တုံးနှင့် တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ဓားပင် လက်ထဲမှ လွတ်ကျသွားသည်။

သူသည် ပြန်လည်မတ်တပ်ထရပ်လိုက်ပြီး ဓားကိုကောက်ယူလိုက်သည်။ သူ၏လက်များမှာ အနည်းငယ် တုန်ယင်နေပြီးနောက် တစ်ကိုယ်လုံး တုန်ခါလာတော့သည်။ စိတ်ဓာတ်ကြံ့ခိုင်သည်ဟု ဆိုခြင်းမှာ လုံလောက်သော မျှော်လင့်ချက်ကင်းမဲ့မှုကို မကြုံတွေ့ရသေးသောကြောင့်သာ ဖြစ်သည်။ ကြောက်မက်ဖွယ် ဖိအားများနှင့် မျှော်လင့်ချက် တစ်စိုးတစ်စိမျှမရှိသော အခြေအနေများက ဆက်တိုက်ဖိအားပေးလာသည့်အခါ မည်သူမျှ ပုံမှန်စိတ်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

သူ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းလိုက်သည်။

သူသည် ကျည်ဆန်တစ်တောင့်ကို ထုတ်ယူပြီး ပေါင်းစပ်ခြင်းအတတ်ဖြင့် အပြာရောင်အဆင့်နက်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ကျည်ကတ်ထဲသို့ ကျွမ်းကျင်စွာထည့်သွင်းပြီး နံရံကိုချိန်ရွယ်ကာ ခလုတ်ဆွဲလိုက်သည်။

"ဒိုင်း"

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် နံရံတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။

လော်ယွမ်သည် အနားသို့သွား၍ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ အပေါက်မှာ ကျည်ဆန်၏ အချင်းနှင့် ထပ်တူနီးပါးရှိပြီး ရှေ့နောက် ပေါက်ထွက်နေသည်။ အစွန်းများမှာ ချောမွေ့နေသည်ကို ကြည့်ခြင်းအားဖြင့် ကျည်ဆန်၏ ထိုးဖောက်နိုင်စွမ်းမှာ အလွန်အားကောင်းပြီး ထိခတ်မှုကြောင့် ပုံသဏ္ဌာန် လုံးဝမပြောင်းလဲသွားကြောင်း ပြသနေသည်။ သူ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆက်လက်၍ ပေါင်းစပ်ပြုလုပ်တော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် မြေပြင်ပေါ်တွင် ဆင်စွယ်ရောင် ကျည်ဆန်တစ်ပုံ ဖြစ်ပေါ်လာသည်။

ဝမ်ရှီရှီ၏ လက်နက်ကို အပြာရောင်အဆင့်နက်အဖြစ်သို့ ပေါင်းစပ်ပြီးချိန်မှ သူ မတ်တပ်ထရပ်လိုက်သည်။

သူ တစ်ခုခုလုပ်မှ ဖြစ်တော့မည်။ ဤအတိုင်း ဆက်လက်နေထိုင်သွား၍ မဖြစ်တော့ပေ။ သူသည် အဝေးတစ်နေရာကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ချီတုံချတုံဟန်တစ်ခု ပေါ်ပေါက်လာသည်။ သို့သော် မကြာမီမှာပင် သူ၏အမူအရာမှာ ခိုင်မာသွားတော့သည်။

ဤကမ္ဘာကြီးက ပို၍ပို၍ အန္တရာယ်များလာပြီး ပို၍ပို၍ သူစိမ်းဆန်လာသည်။ လုံးဝလုံခြုံသောနေရာဟူ၍ မရှိတော့ပေ။ အရှေ့ပြေးလိုက်၊ အနောက်ပုန်းလိုက်ဖြင့် မှောင်မိုက်သော ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ သေမင်း၏ခေါ်ဆောင်မှုကို စောင့်ဆိုင်းနေမည့်အစား စွန့်စားကြည့်လိုက်ခြင်းက ပို၍ကောင်းလိမ့်မည်။

ဤအကျပ်အတည်းသည် သူ့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ ပုံမှန်အားဖြင့် ရှားပါးလှသော အပြာရောင်အဆင့် သန္ဓေပြောင်း သတ္တဝါများသည် ယခုအခါ ဤနေရာတွင် နေရာအနှံ့ တွေ့မြင်နေရသည်။ ထို့အပြင် အများစုမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး နောက်ဆုံးထွက်သက်တစ်ချက်သာ ကျန်တော့သည့် အခြေအနေတွင် ရှိနေသည်။

အကယ်၍သာ... မစ်ရှင်တစ်ခုရရှိနိုင်ခဲ့လျှင်...

စနစ်မှ မစ်ရှင်များ ချပေးရသည့် အကြောင်းရင်းမှာ ယနေ့တိုင် ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ စနစ်အနေဖြင့် အကြောင်းမဲ့သက်သက် တာဝန်များကို ချပေးမည်မဟုတ်ပေ။

ဤမျှကြာမြင့်သော အချိန်ကာလကို ဖြတ်သန်းပြီးနောက် လော်ယွမ်သည် စည်းမျဉ်းအချို့ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူသည် ယခင်ကတည်းက သံသယအချို့ရှိခဲ့သော်လည်း သန္ဓေပြောင်းလဲမှု ဖြစ်ပွားပြီးနောက် တာဝန်အများစုမှာ သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်နေသည့်အခါမှ သူ၏ယူဆချက်ကို အတည်ပြုနိုင်ခဲ့သည်။

စနစ်က အလွန်အမင်း ဖွံ့ဖြိုးတိုးတက်သော နည်းပညာတစ်ခုဖြစ်စေ၊ အမည်မသိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ စွမ်းအင်တည်မြဲမှုနိယာမကို လိုက်နာရန် လိုအပ်သည်။ အဆင့်တက်တိုင်း သူ၏ကိုယ်ထဲသို့ စီးဝင်လာသော စွမ်းအင်များသည် အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

(စွမ်းအင်တည်မြဲမှုနိယာမ - စွမ်းအင်များကို ဖျက်စီး၍မရ၊ ဖန်တီး၍မရ၊ ပုံစံတစ်ခုမှ အခြားတစ်ခုသို့သာ ပြောင်းလဲနိုင်သည်။)

သန္ဓေပြောင်းလဲမှု မတိုင်မီက မစ်ရှင်တစ်ခုနှင့်တစ်ခုကြား လပေါင်းများစွာ ခြားလေ့ရှိသည်။ ထို့အပြင် သူ၏အဆင့် မြင့်တက်လာသည်နှင့်အမျှ ကြားကာလမှာလည်း ပို၍ပို၍ ရှည်ကြာလာသည်။ ထို့ကြောင့် သန္ဓေပြောင်းလဲမှု မတိုင်မီက စွမ်းအင်များသည် သူ၏ကိုယ်ခန္ဓာမှ ရရှိခြင်းဖြစ်သည်ဟု သူ ခန့်မှန်းခဲ့သည်။ ထိုအချိန်ကာလက သူ၏အစားစားနှုန်းမှာ အလွန်တိုးတက်လာခဲ့သည်။ ကိုယ်ခန္ဓာ၏ သုံးစွဲမှုအပြင် စွမ်းအင်တစ်စိတ်တစ်ပိုင်းကို စနစ်မှ စုဆောင်းသိမ်းဆည်းပြီး အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုခြင်း ဖြစ်နိုင်သည်။

သန္ဓေပြောင်းလဲမှု ဖြစ်ပွားပြီးနောက်တွင်မူ မစ်ရှင်များ ချပေးခြင်းမှာ မကြာခဏဖြစ်လာသည်။ အဖြစ်နိုင်ဆုံးအကြောင်းရင်းမှာ သန္ဓေပြောင်း သတ္တဝါများ သေဆုံးခါနီးအချိန်တွင် ထွက်ပေါ်လာသော အထူးစွမ်းအင်အချို့ကို စနစ်မှ စုပ်ယူခြင်းဖြစ်နိုင်သည်။ ဤသည်မှာ အားကောင်းသော သန္ဓေပြောင်း သတ္တဝါများနှင့် ကြုံတွေ့ရတိုင်း စနစ်မှ မစောင့်ဆိုင်းနိုင်ဘဲ တာဝန်ချပေးရခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေမည်။

တာဝန်ချပေးခြင်းသည် ပုံစံတစ်မျိုး၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ပိုင်ရှင်ကို ဆင့်ကဲပြောင်းလဲစေခြင်းသာလျှင် အဓိကရည်ရွယ်ချက်ဖြစ်သည်ဟု သူနားလည်လိုက်သည်။ ဆင့်ကဲပြောင်းလဲလိုပါက ပိုင်ရှင်သည် စွမ်းအင်များကို မရပ်မနား စုဆောင်းရန် လိုအပ်သည်။

သူသည် တိပ်အကြည်လိပ်တစ်ခုကို ရှာဖွေပြီး သူ၏ဘောင်းဘီအောက်နားနှင့် အကျီလက်များကို သေချာစွာ ပတ်စည်းလိုက်သည်။ ယခုအခါ အပြင်ဘက်သည် တောရိုင်းနယ်မြေတစ်ခုနှင့် တူနေပြီး အန္တရာယ်များ၍ ထူးဆန်းသော သန္ဓေပြောင်း သတ္တဝါအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ မည်သည့် ပေါ့ဆမှုမဆို အသက်ဆုံးရှုံးစေနိုင်သည်။ သူ အလျင်စလို အပြင်မထွက်သေးပေ။ အကြောင်းမှာ ယခုအချိန်တွင် သူ၏စိတ်သည် မငြိမ်သက်ဘဲ စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။

သူက နေရာတစ်ခုရှာ၍ ထိုင်ချလိုက်ပြီး ကျန်းမာတောက်ဓားရှည်ဖြင့် ကော်ဇောပေါ်တွင် စက်ဝိုင်းတစ်ခုကို ညင်သာစွာ ခြစ်လိုက်ကာ ပျော့ပျောင်းသော ကော်ဇောစတစ်စကို ဖြတ်တောက်ယူလိုက်သည်။

ပြီးနောက် ဓားသွားကို စတင်၍ သုတ်သင်ရှင်းလင်းတော့သည်။ တစ်ကြိမ်ပြီးတစ်ကြိမ်၊ ဓားကို သုတ်သင်ရှင်းလင်းနေရင်း သူ၏စိတ်သည် တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူ၏ကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်အရှိန်အဝါသည် တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးတွင် အလွန်မှိန်ကျသွားမှသာ သူ ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်။

သူ၏ခြေလှမ်းများမှာ အသံမထွက်ဘဲ ပေါ့ပါးစွာဖြင့် ဗီလာအပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။ အိမ်ရာဝင်းအပေါက်ဝတွင် ကိုယ်တစ်ပိုင်းသာကျန်တော့သော သန္ဓေပြောင်း ဖားကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်။ သူ၏ကိုယ်ခန္ဓာမှာ ရံဖန်ရံခါ တွန့်လိမ်လှုပ်ရှားနေသည်ကို မမြင်ရပါက မည်သူမဆို ထိုအကောင်ကြီး သေဆုံးသွားပြီဟု ထင်မှတ်ပေလိမ့်မည်။

လော်ယွမ်သည် တိတ်ဆိတ်စွာပင် ချဉ်းကပ်သွားပြီး သူ၏လက်ထဲမှ ကျန်းမာတောက်ဓားရှည်က လျှပ်စီးလက်သလို ထိုအကောင်ကြီး၏ ဦးခေါင်းထဲသို့ ထိုးစိုက်ဝင်ရောက်သွားပြီး အားကုန်မွှေလိုက်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် သေဆုံးခါနီးဖြစ်နေသော သန္ဓေပြောင်း ဖားကြီးသည် သေခါနီး ပြန်လည်အားမာန်ပြည့်ဝလာပြီး မျက်လုံးများ ပွင့်လာသည်။ သူ၏နောက်ဆုံးတိုက်ကွက်ကို မထုတ်ဖော်မီမှာပင် လော်ယွမ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ပေ၃၀အကွာသို့ ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ သူသည် ထိုသန္ဓေပြောင်း ဖားကြီးကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အိမ်ရာဝင်းအပြင်ဘက်သို့ ခြေလှမ်းမပျက် ထွက်ခွာသွားတော့သည်။

.....................................

လမ်းမပေါ်တွင် ကြီးမားသော သန္ဓေပြောင်း တောဝက်ကြီးတစ်ကောင်သည် ခြေတစ်လှမ်းချင်း ထော့နဲ့ထော့နဲ့ဖြင့် ရွေ့လျားနေသည်။ သူ၏ကိုယ်ခန္ဓာမှာ စက်သေနတ်ကြီးဖြင့် ပစ်ခတ်ခံထားရသော အပေါက်များဖြင့် ပြည့်နှက်နေပြီး အနက်ရောင်အမွေးများမှာ သွေးများဖြင့် နီရဲနေသည်။ သူ၏ပါးစပ်မှ တအီအီ ညည်းညူသံများ ထွက်ပေါ်နေပြီး နှာခေါင်းပေါက်များမှ အဖြူရောင်အငွေ့များ တလူလူထွက်နေသည်။ လက်သီးဆုပ်အရွယ်ရှိသော အစိမ်းရောင်မျက်လုံးနှစ်လုံးက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုနေသည်။

အနီးအနားရှိ ရုံးခန်းအဆောက်အအုံ၏ တတိယထပ်မှ ပြတင်းပေါက်မှန်များ ရုတ်တရက် ကြေမွသွားသည်။ ကြေမွသွားသော မှန်စများနှင့်အတူ အနက်ရောင်အရိပ်တစ်ခုပါ လိုက်ပါလာသည်။ လေထဲတွင် ရှိနေစဉ်မှာပင် ဓားက ဓားအိမ်ထဲမှ ထွက်လာခဲ့ပြီး နောက်တစ်ခဏတွင် အပြာရောင်ဓားသွားသည် သန္ဓေပြောင်း သတ္တဝါ၏ ဦးခေါင်းကို ပိုးသားလွှာတစ်ခုကဲ့သို့ ဖြတ်သန်းသွားသည်။

အနက်ရောင်အရိပ်သည် မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် သူ၏ကိုယ်ခန္ဓာမှာ စပရင်တစ်ခုကဲ့သို့ အဝေးသို့ ပစ်ထွက်သွားတော့သည်။

ထိုအချိန်မှ သန္ဓေပြောင်း သတ္တဝါကြီး သတိဝင်လာသည်။ သူ ဒေါသတကြီးဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မိမိကို စိန်ခေါ်သော လူသားကို ရှာဖွေရန် ခေါင်းလှည့်လိုက်သည်။ သို့သော် ခေါင်းကို အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် သူ၏ဦးခေါင်းသည် လည်ပင်းမှ ဖြည်းညင်းစွာ လျှောကျသွားပြီး ခေါင်းပြတ်နေရာမှ သွေးများပန်းထွက်လာတော့သည်။

အဝေးတစ်နေရာတွင် လော်ယွမ်သည် နံရံတစ်ခုကိုမှီကာ မောဟိုက်စွာ အသက်ရှူနေသည်။

"ဒါနဲ့ဆို၁၀ကောင်မြောက် အပြာရောင်အဆင့်သတ္တဝါပဲ...ငါအခုဆို E အဆင့်မစ်ရှင်၃ခုပြီးသွားပြီ...ငါခုလိုမရူးသွပ်ခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲမသိဘူး...နောက်ထပ်မစ်ရှင်တစ်ခုပြီးတာနဲ့ ငါအဆင့်တက်နိုင်ပြီ" လော်ယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

သန္ဓေပြောင်း သတ္တဝါများမှာ မူလကတည်းက ဒဏ်ရာရရှိထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤတစ်ကြိမ်တွင် သူ မည်မျှပင် ကောင်းမွန်စွာ ပြီးမြောက်ခဲ့ပါစေ၊ တာဝန်သုံးခုလုံး၏ အကဲဖြတ်ချက်မှာ ''သာမန်'' သာ ဖြစ်သည်။ သို့သော်လည်း အတွေ့အကြုံအမှတ် ၄၈၀၀ ရရှိခဲ့သည်။ ယခင်ကျန်ရှိသော အမှတ်များနှင့် ပေါင်းလိုက်သည့်အခါ သူ၏အတွေ့အကြုံအမှတ်မှာ ၈၉၀၀/၉၆၀၀ ဖြစ်နေပြီဖြစ်သည်။ အဆင့်တက်ရန် အတွေ့အကြုံအမှတ် ၇၀၀ သာ လိုတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် တောဝက်ကြီး တဖြည်းဖြည်း အသက်ငြိမ်သွားချိန်တွင် သူ သတိကြီးစွာဖြင့် အနားသို့ ချဉ်းကပ်သွားသည်။ သူ၏ပါးစပ်ကို ခေါင်းပြတ်နေသော လည်ပင်းပေါက်တွင် တေ့လိုက်ပြီး သွေးများကို အငမ်းမရ စတင်မျိုချတော့သည်။

သွေးများမှာ ငန်ကျိကျိအရသာနှင့်အတူ အချိုအရသာ အနည်းငယ်ပါသည်။ အကြိမ်အနည်းငယ် သောက်သုံးပြီးနောက် သူသည် ဤအရသာကို တဖြည်းဖြည်း ကျင့်သားရလာခဲ့ပြီဖြစ်သည်။ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ချင်းစီ၏ သွေးအရသာ ကွဲပြားပုံကိုပင် သူ ခွဲခြားသိမြင်နိုင်နေပြီဖြစ်သည်။

သွေးများကို ဆက်တိုက်မျိုချနေသည်နှင့်အမျှ သူ၏ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း ပူလောင်လာပြီး နီရဲလာသည်။ ယခင်က ကုန်ဆုံးသွားသော ခွန်အားများမှာ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသည်။ သန္ဓေပြောင်း သတ္တဝါများ၏ သွေးထဲတွင် သာမန်အစားအစာများတွင် မပါဝင်သော တက်ကြွစွမ်းအင် များစွာ ပါဝင်နေပြီး ဤသည်မှာ သူ့၏ ခွန်အားပြန်လည်ဖြည့်တင်းသည့် နည်းလမ်းပင် ဖြစ်သည်။

အကယ်၍သာ ထိုနည်းလမ်းမရှိပါက သူ၏သက်လုံဖြင့် ဤမျှကြာရှည်သော တိုက်ပွဲကို လုံးဝခံနိုင်ရည်ရှိမည်မဟုတ်ပေ။ တကယ့်တိုက်ပွဲအချိန်မှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်သော်လည်း ထိုကဲ့သို့ အစွမ်းကုန်ထုတ်သုံးပြီး အမှားအယွင်းမရှိ တိုက်ခိုက်သည့် အခြေအနေမျိုးသည် သူ၏ အားနည်းလှသော ကိုယ်ခန္ဓာအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။

သို့သော် သူ့ကို စိတ်ပျက်စေသောအချက်မှာ သန္ဓေပြောင်း သတ္တဝါအမျိုးမျိုး၏ သွေးများစွာကို သောက်သုံးခဲ့သော်လည်း သူသည် ဆင့်ကဲပြောင်းလဲမှု မဖြစ်ပေါ်သေးခြင်းပင်။ သူ၏ကံမှာ အလွန်ဆိုးသည်ဟုသာ ဆိုရပေမည်။

မကြာမီမှာပင် သူ၏ခွန်အားများ အထွတ်အထိပ်သို့ တစ်ဖန်ပြန်ရောက်လာသည်။ သူသည် ဓားကိုကိုင်မြှောက်ပြီး လမ်းမတစ်လျှောက် ပေါ့ပါးစွာဖြင့် ရှေ့သို့ဆက်လက်ထွက်ခွာလာခဲ့သည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက် သူ ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လမ်းကြောင်းပြောင်းကာ ထောင့်ချိုးရှိ လူသွားစင်္ကြံလမ်းသို့ လျင်မြန်စွာ လျှောက်သွားတော့သည်။

ဆက်ရန်...

All Chapters