← Chapters

အခန်း (၉၇-၁၀၀)

Vol. 5 Ch. 97-100

အခန်း (၉၇-၁၀၀)

Vol. 5 Ch. 97-100

အပိုင်း(၉၇)စိတ်ညှို့ခံရခြင်း

မိနစ်အနည်းငယ်အကြာတွင် လော်ယွမ် ပြန်ရောက်လာပြီး သူ့မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေသည်။ သူက အိမ်ရာဝင်းတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ပေ။

"ခင်ဗျားတို့ ခုနက ဒီမှာ လူတစ်ယောက် ရပ်နေတာကို မြင်လိုက်ကြသေးလား" လော်ယွမ်က လူအများကို မေးလိုက်သည်။

"မမြင်လိုက်မိဘူးဗျ...ခုနက ခေါင်းဆောင်ကိုပဲ အာရုံစိုက်ကြည့်နေကြတာ" ဟု စွန်းရှောင်ဝူက မျက်နှာပူစွာဖြင့် ဆိုသည်။

အခြားသူများကလည်း ခေါင်းခါပြကြ၏။

"ခေါင်းဆောင်အမြင်မှားတာများလား" ဟု ဟော်တုံက သတိထား၍ မေးလိုက်ရာ သူ့စိတ်ထဲတွင်လည်း တင်းမာလာသည်။

သူတစ်ကယ်အမြင်မှားတာများလားဟု လော်ယွမ်ကိုယ်တိုင်ပင် မသေချာတော့ပေ။ သူခဏတာ မျက်စိရှေ့တွင် ဝေဝါးသွားပြီးနောက် ထိုအရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏ လျင်မြန်မှုမှာ ၁၃ မှတ်အထိရှိပြီး သာမန်လူတစ်ဦးထက် ၃.၃ ဆ မြန်ဆန်ရာ၊ သူ့မျက်လုံးများကို လှည့်စားနိုင်ရန်အတွက် အသံထက်မြန်သော အရှိန်မျိုးရှိမှသာ ဖြစ်နိုင်ပေမည်။ သို့သော် ခုနက မည်သည့်လှုပ်ရှားသံမျှ မကြားခဲ့ရပေ။

ထိုအချိန်တွင် လော်ယွမ်က ညက အကြောင်းရင်းမသိဘဲ ရင်တုန်ခဲ့သည်ကို ရုတ်တရက် အမှတ်ရလိုက်ရာ သူ့မျက်နှာအမူအရာမှာ လေးနက်သွားသည်။ တစ်ကြိမ်ဆိုလျှင် အမြင်မှားသည်ဟု ဆိုနိုင်သော်လည်း အချိန်တိုအတွင်း နှစ်ကြိမ်ဖြစ်ပွားခြင်းမှာမူ ထူးဆန်းနေပြီဖြစ်သည်။

"ငါတစ်ကယ်အမြင်မှားသွားတာနေမယ်" လော်ယွမ်က အမူအရာမပျက်ဘဲ ပြောလိုက်သည်။ ဤသို့သောကိစ္စကို ဤသာမန်လူများအား ပြောပြလိုက်လျှင် သူတို့၏ ထိတ်လန့်မှုကို တိုးပွားစေပြီး သူ့အတွက် အရှုပ်အထွေးများသာ ဖြစ်စေမည်ဖြစ်ရာ မည်သည့်အကူအညီမျှ ရမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ကို မသိစေခြင်းကပင် ပို၍ကောင်းသည်။

လော်ယွမ်သည် ဓားသိုင်းဆက်မလေ့ကျင့်တော့ဘဲ ဗီလာထဲတွင်ပင် အားမွေးအနားယူနေလိုက်သည်။ ထိုအတောအတွင်း ဟွမ်ကျားဟွေကို အခြေအနေမမှန်ပါက သေနတ်ပစ်သတိပေးရန်နှင့် အစောင့်အကြပ်ဂရုစိုက်ရန် မှာကြားပြီးနောက် သူသည် အပြင်သို့ နှစ်ကြိမ်ထပ်ထွက်သွားခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ပေ။

နောက်ဆုံးတစ်ကြိမ်တွင် သူက ကျင်းယွဲ့အိမ်ရာဝင်းကို အသေးစိတ်ရှာဖွေခဲ့သည်။ အန္တရာယ်ရှိသောအိမ်များထဲမှ တိုက်ခန်းတိုင်းကိုပင် သူက သတိထား၍ စစ်ဆေးခဲ့၏။ သူ့စိတ်ကို ထိတ်လန့်စေသောအချက်မှာ အိမ်ရာဝင်းတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူတစ်ဦးမျှ မတွေ့ရဘဲ အလောင်းတစ်လောင်းပင် ရှာမတွေ့ခြင်းဖြစ်သည်။

တိုက်ခန်းအများအပြားတွင် ပရိဘောဂများမှာ အလွန်ကောင်းမွန်စွာ တည်ရှိနေဆဲဖြစ်ပြီး သပ်ရပ်စွာရှိနေသည်။ အိမ်ရှင်များက အလျင်အမြန်ထွက်ခွာသွားသည့်ပုံစံမျိုး လုံးဝမတွေ့ရဘဲ၊ စားနပ်ရိက္ခာကဲ့သို့သော အရေးကြီးပစ္စည်းများကိုပင် စွန့်ပစ်ထားခဲ့ကြသည်။

ဤအခြေအနေမှာ လုံးဝမမှန်ကန်ပေ။ အိမ်ရာဝင်းတစ်ခုလုံးတွင် ထူးဆန်းခြောက်ခြားဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံနေသည်။

ဗီလာသို့ပြန်ရောက်သော် ချောင်လင်က လူများကို ရှောင်ရှားကာ စိုးရိမ်သောကရောက်နေသော မျက်နှာဖြင့် သူ့ထံသို့ လျှောက်လာပြီး လေသံတိုးတိုးဖြင့် ဆိုသည်။ "နင်းရှောင်ရမ်ကို တွေ့မိသေးလား"

လော်ယွမ်၏ စိတ်ထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး မျက်နှာပျက်သွားသည်။ "ဘာဖြစ်လို့လဲ"

"ကျွန်မလည်းမသိဘူး...သူခုနကတင် ဒီနားမှာရှိနေတာ ကျွန်မသူ့ကို အိမ်ရှေ့မှာ အမှိုက်တွေသွားပစ်ဖို့ ခိုင်းလိုက်တာ... အခုနာရီဝက်တောင်ရှိတော့မယ် သူပြန်မလာသေးဘူး... အကိုယွမ်အပြင်ကပြန်လာတာ ဆိုတော့ သူ့ကိုတွေ့မိသေးလားလို့"

"အိမ်ထဲမှာရော အကုန်ရှာပြီးပြီလား" လော်ယွမ်က တည်ငြိမ်စွာမေးသည်။

"ကျွန်မအိမ်ထဲမှာနေရာအနှံ့ရှာပြီးပြီ... မြေအောက်ခန်းထဲကိုရောပဲ... ဒါပေမဲ့သူ့ကိုလုံးဝမတွေ့ဘူး အပြင်မှာ အရမ်းအန္တရာယ်များတာ နင်းရှောင်ရမ် ခြံပြင်ထွက်သွားတာတော့ မဟုတ်လောက်ပါဘူးနော်" ချောင်လင်က စိုးရိမ်တကြီးပြောရင်း သူမမျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒီအကြောင်း တခြားသူတွေကို မပြောရသေးဘူးမလား" လော်ယွမ်က မေးလိုက်သည်။

ချောင်လင်၏ မျက်နှာတွင် သိသိသာသာ တုံ့ဆိုင်းသွားပြီးနောက် လေးနက်စွာ ဆိုသည်။ "မပြောရသေးပါဘူး... ကျွန်မကနင်းရှောင်ရမ်တစ်ယောက် အတွက်နဲ့ တစ်ခြားသူတွေကို အသက်စွန့်ခိုင်းလို့ မဖြစ်ဘူးလေ"

မည်သို့ပင်ဖြစ်စေ မိမိတို့က သူစိမ်းများသာဖြစ်ပြီး ဤယောက်ျား၏ စိတ်ထဲတွင် သူ၏ မိန်းမများလောက် ရင်းနှီးအရေးပါမည်မဟုတ်ပေ။ အကယ်၍ ဤသတင်းကို ပြောလိုက်ပြီး ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့က စိတ်လိုက်မာန်ပါဖြင့် အပြင်ထွက်ရှာရန် ပြုလုပ်ခဲ့ပါက အန္တရာယ်ကင်းလျှင် ကိစ္စမရှိသော်လည်း ပြဿနာတစ်ခုခုဖြစ်သွားပါက သူတို့အားလုံးတွင် တာဝန်မကင်းဖြစ်ရပေမည်။ အပြစ်မတင်လျှင်ပင် နောင်တွင် စိတ်ထဲ၌ ဆူးတစ်ချောင်းအဖြစ် ထာဝရစိုက်ဝင်နေပေလိမ့်မည်။

ထင်သည့်အတိုင်းပင် လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်များတွင် သိသိသာသာ အသိအမှတ်ပြုမှုများ ပါဝင်နေသည်။ "နင်လုပ်တာမှန်တယ်"

"ဒီကိစ္စကို တစ်ခြားသူတွေ သွားမပြောနဲ့ဦး အကုန်အထိတ်တလန့်ဖြစ်ကုန်မယ် ငါသူ့ကိုအပြင်ထွက်ရှာလိုက်ဦးမယ်" လော်ယွမ်က ဓားကိုကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။

"နင်းရှောင်ရမ်ဘာမှတော့ မဖြစ်လောက်ပါဘူးနော်" ချောင်လင်က စိုးရိမ်စွာ ဆို၏။

လော်ယွမ်က စကားတစ်ခွန်းမျှမဆိုဘဲ လှည့်ထွက်ကာ အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

-------------------------------------------

မိုးအုံ့သောနေ့တွင် နေဝင်ချိန်သည် အခြားနေ့များထက် ပို၍စောသည်။ ညနေ ငါးနာရီမထိုးသေးမီမှာပင် အပြင်ဘက်တွင် မှောင်စပျိုးနေပြီဖြစ်သည်။

"နင်းရှောင်ရမ်"

"နင်းရှောင်ရမ်... နင်ဘယ်မှာလဲ"

လော်ယွမ်က လျှောက်သွားရင်း အော်ခေါ်နေသည်။ မြေပြင်ပေါ်တွင် ရွှံ့ရေများ ပြည့်နှက်နေပြီး ခြေတစ်လှမ်းချလိုက်တိုင်း ရွှံ့ရေများဖြင့် လျင်မြန်စွာ ဖုံးလွှမ်းသွားရာ ခြေရာတစ်ခုမျှပင် ရှာမတွေ့နိုင်ပေ။ အိမ်ရာဝင်းမှာ မကြီးသော်လည်း စတုရန်းပေ ငါးသောင်း၊ ခြောက်သောင်းခန့် ကျယ်ဝန်းပြီး အလယ်တွင် အဆောက်အအုံများနှင့် အပင်များက ဖုံးကွယ်ထားသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ မမြင်နိုင်ပေ။

ဤသို့ ဦးတည်ချက်မရှိဘဲ ရှာဖွေနေပါက အချိန်တိုအတွင်း လူကိုရှာတွေ့နိုင်မည်မဟုတ်ပေ။ အမှန်တကယ်တွင် သူသည် ယခုအချိန်တွင် မျှော်လင့်ချက် လုံးဝမထားတော့ပေ။ အပြင်ဘက်တွင် မည်မျှအန္တရာယ်များကြောင်း သူကောင်းစွာသိသည်။ နင်းရှောင်ရမ် ပျောက်ဆုံးသွားသည်မှာ နာရီဝက်ခန့်ရှိပြီဖြစ်ရာ ယခုအချိန်တွင် သူမ၏ အလောင်းအစိတ်အပိုင်းအချို့ကို တွေ့ရှိလျှင်ပင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည်။

ယခုလုပ်နိုင်သည်မှာ ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး ကျန်သည့်ကိစ္စကံကြမ္မာကိုသာ ပုံအပ်ရန် ရှိတော့သည်။

လော်ယွမ်က ဆယ်မိနစ်ကျော်ခန့် ရှာဖွေခဲ့သော်လည်း မတွေ့ရှိသေးသဖြင့် လက်လျှော့ရန်စဉ်းစားလိုက်စဉ် ရွှံ့ရေထဲတွင် နစ်နေသော ဖိနပ်တစ်ဖက်ကို တွေ့လိုက်သည်။

၎င်းမှာ အမျိုးသမီးစီး အားကစားဖိနပ်တစ်ရံဖြစ်ပြီး ခုမှနစ်ဝင်သွားပုံရကာ ပတ်ဝန်းကျင်မှ ရွှံ့ရေများမှာ အလွန်လတ်ဆတ်နေဆဲဖြစ်သည်။ လော်ယွမ်က ထိုဖိနပ်ကို မြင်ဖူးသလိုလို ခံစားလိုက်ရသည်။

"ဒါ နင်းရှောင်ရမ်ရဲ့ ဖိနပ်ပဲ"

သူ့စိတ်ထဲတွင် တစ်ချက်နိုးကြားသွားပြီး ရှေ့ကိုလှမ်းကြည့်လိုက်ရာ ဖိနပ်၏ရှေ့ဘက်မှ မြက်ခင်းပြင်တွင် ဖြတ်သန်းသွားခဲ့သည့် အရိပ်အယောင်များကို တွေ့ရသည်။ သူမသည် မြက်ခင်းပြင်ထဲမှ တည့်တည့်ဖြတ်သွားခဲ့သည်မှာ ထင်ရှားသည်။

လော်ယွမ်က ပုံမှန်အချိန်တွင် တိတ်ဆိတ်ငြိမ်သက်ပြီး စကားပြောရန်ပင် ရှက်တတ်သော ဤမိန်းကလေးက ဤမျှ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မြက်ခင်းပြင်ထဲတွင် သားရဲကောင်များ ပြည့်နှက်နေသည်ကို သူမ မသိလေသလော။

မိုးက ပို၍သည်းထန်လာပြီး မိုးခြိမ်းသံများက တဂျိန်းဂျိန်း မြည်ဟည်းနေသည်။

အဝေးဆီတွင် မိုးသားများက မြူနှင်းကဲ့သို့ ဖုံးလွှမ်းနေသည်။ လော်ယွမ်က မြက်ခင်းပြင်ပေါ်မှ ခြေရာအတိုင်း အမြန်လိုက်ပါသွားပြီး ပျက်စီးနေသောအဆောက်အအုံတစ်လုံးကို ကွေ့လိုက်သည်နှင့် သူ့မျက်လုံးများက အရောင်တောက်သွားသည်။

မိုးရေများကြားတွင် ကာကီရောင်အပေါ်အင်္ကျီဝတ်ထားသော အရိပ်တစ်ခုက အိပဲ့အိပဲ့နှင့် ရှေ့သို့ လျှောက်လှမ်းနေသည်။

သူမ၏ခြေလှမ်းများက ယိုင်နဲ့နေပြီး အကြိမ်များစွာ လဲကျခဲ့သော်လည်း မကြာမီမှာပင် ယိုင်နဲ့နဲ့ ပြန်ထကာ ရှေ့သို့ဆက်လျှောက်နေသည်။

လော်ယွမ်က ခြေလှမ်းများကို အရှိန်မြှင့်လိုက်ရာ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူမ၏နောက်သို့ ရောက်ရှိသွားသည်။ သူက ဓားရိုးကို တင်းတင်းဆုပ်ကိုင်ထား၏။ အမှန်တကယ်တွင် အခြေအနေမမှန်ကန်ကြောင်း သူခံစားနေမိပြီဖြစ်သည်။ လက်နက်မဲ့မိန်းမတစ်ဦးက အပြင်ဘက်တွင် နာရီဝက်ခန့်ကြာအောင် ရှိနေပြီး အကြိမ်အနည်းငယ်လဲကျရုံမှလွဲ၍ အန္တရာယ်ကင်းနေခြင်းမှာ မည်သို့ပင်ကြည့်စေကာမူ ထူးဆန်းနေသည်။

"နင်းရှောင်ရမ်...နင်ဘယ်သွားမလို့လဲ"

နင်းရှောင်ရမ်သည် မကြားသကဲ့သို့ပင် ယိုင်နဲ့နဲ့ဖြင့် ရှေ့သို့ဆက်လျှောက်နေသည်။

လော်ယွမ်၏ စိတ်ထဲတွင် တင်းကြပ်သွားပြီး ဓားရိုးကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

မိုးက ပို၍သည်းလာပြီး ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားသည်။ လျှပ်စီးကြောင်းများက ကောင်းကင်ယံတွင် တစ်ချက်ပြီးတစ်ချက် လက်သွားရာ ကောင်းကင်သည် လင်းသွားလိုက် မှောင်သွားလိုက် ဖြစ်နေသည်။

လော်ယွမ်က ခြေလှမ်းအနည်းငယ်လိုက်ပါပြီးနောက် ဤသို့ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာတွင် နေရာတိုင်း၌ ထူးဆန်းမှုများ ပြည့်နှက်နေပြီး သူက ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို အနံ့ခံနေမိပြီဖြစ်သည်။ အကယ်၍ မိမိမရှိစဉ် ကျန်ခဲ့သည့်ဗီလာတွင် အန္တရာယ်တစ်ခုခုဖြစ်ပွားပါက နောင်တရ၍ပင် အချိန်မီတော့မည်မဟုတ်ပေ။

သူက သူမ၏ရှေ့သို့ အမြန်လျှောက်သွားလိုက်ရာ နင်းရှောင်ရမ်သည် ထိုအချိန်တွင် ခံစားချက်မရှိပဲ မျက်လုံးများက အသက်မဲ့နေသည်ကို တွေ့လိုက်ရသည်။ လော်ယွမ်၏ ရှေ့တွင်ရပ်နေသော်လည်း လုံးဝသတိမမူမိသကဲ့သို့ပင်။

ဤအမူအရာမှာ သာမန်လူတစ်ဦး၏ အမူအရာ လုံးဝမဟုတ်ပေ။ လော်ယွမ်၏ မျက်နှာသည် တည်ကြည်သွားပြီး ကျန်းမာတောက်ဓားရှည်ကို ဖြည်းညင်းစွာ ထုတ်လိုက်သည်။

နင်းရှောင်ရမ် နီးကပ်လာသည်နှင့်အမျှ သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်များက ပိုမိုပြင်းထန်လာပြီး သူ့ထံမှ ထိတ်လန့်ဖွယ်စွမ်းအားတစ်မျိုး ပျံ့လွင့်ထွက်လာသည်။ မိုးစက်များသည် လေထဲတွင် ခဏတာရပ်တန့်သွားသကဲ့သို့ဖြစ်ပြီး ပတ်ဝန်းကျင်လေထုပင်လျှင် လှုပ်ရှားလာသည်။ မြက်ခင်းပြင်အောက်သည် ပွက်ပွက်ဆူနေသော ရေနွေးကဲ့သို့ လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော အဆင့်နိမ့်သားရဲကောင်များက သေခြင်းတရားကို ခံစားမိသကဲ့သို့ အရပ်လေးမျက်နှာသို့ ထွက်ပြေးကြသည်။ မြက်ခင်းပြင်ထဲတွင် စိမ်းလန်းသော မျဉ်းကြောင်းရှည်များက အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်မှာ အရပ်လေးမျက်နှာသို့ မြားများ တစ်ချိန်တည်း ပစ်လွှတ်လိုက်သကဲ့သို့ပင်။

လော်ယွမ်က လျင်မြန်သောအရှိန်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ထိုစွမ်းအားဖိအားအောက်တွင် နင်းရှောင်ရမ်၏ မျက်နှာသည် ရုတ်တရက် ရှုံ့မဲ့သွားပြီး မျက်လုံးများက အဆက်မပြတ် လည်နေသည်။

"အင်း..." ဟူသော ညည်းသံလေးနှင့်အတူ သူမ၏မျက်လုံးများသည် တဖြည်းဖြည်း အသက်ဝင်လာပြီး အနည်းငယ်တွေဝေနေဟန်တူသော်လည်း ယခင်က အသက်မဲ့နေသည်ထက်စာလျှင် များစွာပုံမှန်ဖြစ်နေပြီဖြစ်သည်။

လော်ယွမ်က သူ၏စွမ်းအားကို ပြန်လည်ထိန်းချုပ်လိုက်သော်လည်း သတိမလစ်ဝံ့ဘဲ သူမကို စူးစိုက်ကြည့်နေသည်။ အကယ်၍ မမှန်ကန်သည့်အရိပ်အယောင်တစ်ခုခု တွေ့ရှိပါက ချက်ချင်းတိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

"အာ... အကိုယွမ်" နင်းရှောင်ရမ်သည် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ လော်ယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး စကားတစ်ဝက်မှာပင် မျက်နှာနီရဲသွားသည်။

ထို့နောက် သူမသည် ပတ်ဝန်းကျင်အခြေအနေကို သတိပြုမိသွားပြီး ထိတ်လန့်စွာဖြင့် ဆိုသည်။ "ဟင်... ကျွန်... ကျွန်မ ဘယ်လိုလုပ် အပြင်ရောက်နေတာလဲ"

"နင် ကိုယ့်ဘာသာကိုယ် လျှောက်လာတာကို မသိဘူးလား" လော်ယွမ်က အံ့အားသင့်စွာ မေးလိုက်သည်။

"ကျွန်မလျှောက်လာတာ..." နင်းရှောင်ရမ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"နင်ထွက်လာတာ နာရီဝက်တောင်ရှိနေပြီ...ငါသာရောက်မလာရင် နင် သားရဲတွေရဲ့အစာဖြစ်နေလောက်ပြီ... ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲဆိုတာကို သေချာစဉ်းစားကြည့်စမ်း" ဟု လော်ယွမ်က မေးလိုက်သည်။ ဤကိစ္စကို ရှင်းလင်းစွာမသိမချင်း သူ စိတ်အေးနိုင်မည်မဟုတ်ပေ။

နင်းရှောင်ရမ်သည် ကြောက်လန့်ကာ ငိုတော့မည့်အခြေအနေသို့ ရောက်သွားပြီး အံ့အားသင့်ခြင်း၊ အေးစက်ခြင်းတို့ကြောင့် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ တုန်နေသည်။ "ကျွန်... ကျွန်မ မသိဘူး... ဘယ်လိုရောက်လာမှန်းမသိဘူး"

"အရင်ဆုံးစိတ်ကို အေးအေးထား... ပြီးရင်သေချာပြန်စဉ်းစားကြည့် အဲ့တုံးက နင်ဘာလုပ်နေတာလဲ" လော်ယွမ်က သတိပေးလိုက်သည်။

"ကျွန်... ကျွန်မ အမှိုက်သွားပစ်နေတာထင်တယ်... အစက တံခါးဝမှာပဲ ပစ်မလို့... နောက်တော့ အိမ်ရှေ့တည့်တည့်ကြီးဖြစ်နေတယ်... ရှေ့နည်းနည်းသွားလိုက်ရုံနဲ့ အန္တရာယ်မရှိလောက်ပါဘူးလို့... တွေး... တွေးပြီးတော့... နောက်ပိုင်း... နောက်ပိုင်းကို မမှတ်မိတော့ဘူး" နင်းရှောင်ရမ်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုသည်။

လော်ယွမ်၏ စိတ်ထဲတွင် လေးလံသွားသည်။ ဤကိစ္စမှာ အလွန်အမင်း ထူးဆန်းလှသည်။

နင်းရှောင်ရမ်၏ ကိုယ်ခန္ဓာ တုန်ယင်နေသည်ကိုမြင်သော် ဤကိစ္စကို အလျင်စလိုလုပ်၍မဖြစ်ဟု တွေးကာ ဆိုလိုက်သည်။ "မှောင်နေပြီ အိမ်အရင်ပြန်ရအောင် နောက်မှသေချာစဉ်းစားကြည့်ပေါ့... ဒါပေမဲ့အဲ့ကိစ္စဘယ်သူ့ကိုမှ မပြောသေးနဲ့ဦး"

"ကျွန်... ကျွန်မသိပါပြီ" နင်းရှောင်ရမ်က ခေါင်းကို အဆက်မပြတ်ညိတ်ရင်း ပတ်ဝန်းကျင်ကို ထိတ်လန့်စွာကြည့်ကာ စိတ်ထဲတွင် ကြောက်လန့်နေမိသည်။

လော်ယွမ်က နောက်ပြန်လှည့်လျှောက်ရာ နင်းရှောင်ရမ်က အလျင်အမြန် လိုက်ပါလာသည်။ သူမက ခဏမျှတွေဝေပြီးနောက် သတ္တိမွေးကာ လော်ယွမ်၏ အင်္ကျီစကို သတိထား၍ ဆုပ်ကိုင်လိုက်ရာ မျက်နှာတစ်ခုလုံး နီရဲသွားသည်။

ဆယ်မိနစ်ကျော်အကြာတွင် နှစ်ဦးသား ဗီလာသို့ ပြန်ရောက်လာကြသည်။

စားပွဲပေါ်တွင် ထမင်းဟင်းများ ပြင်ဆင်ထားပြီးဖြစ်သော်လည်း လော်ယွမ်မပြန်လာသေးသောကြောင့် မည်သူမျှ အရင်မစားဘဲ ဆိုဖာပေါ်တွင် စကားစမြည်ပြောရင်း ထိုင်စောင့်နေကြသည်။ လော်ယွမ်ပြန်လာသည်ကိုမြင်သော် အားလုံး ချက်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။

"ဘယ်လိုလုပ် နင်းရှောင်ရမ်ပါ ရှင်နဲ့အတူပါသွားတာလဲ... ကျွန်မခုလေးတင် သူ့ကိုမတွေ့လို့ မေးနေတာ" ဟု ဟွမ်ကျားဟွေက အံ့အားသင့်စွာ ဆိုသော်လည်း သူမမျက်နှာမှာမူ ပျက်ယွင်းနေပြီး လက်များက အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူတို့နှစ်ဦး ပူးကပ်၍ ဝင်လာသည်ကိုမြင်သော် သူမက အခြားသောအတွေးများ တွေးမိနေသည်မှာ ထင်ရှားသည်။

ဝမ်ရှီရှီကမူ နှာခေါင်းရှုံ့ကာ အခြားဘက်သို့ လှည့်လိုက်သည်။

"အဲ့ကိစ္စနောက်မှပြောမယ်...ထမင်းမစားကြနဲ့ဦး... ကျားဟွေ... နင်းရှောင်ရမ်အတွက် အဝတ်တစ်စုံ သွားယူပေးလိုက်... ချောင်လင် နင်ကမီးဖိုချောင်သွားပြီး ဂျင်းပြုတ်ရည်သွားတည်... မီးဖိုချောင်မှာ ဂျင်းရှိသေးတယ်မလား" လော်ယွမ်က အမိန့်ပေးလိုက်သည်။

ချောင်လင်က အလျင်အမြန် ထရပ်လိုက်သည်။ "ရှိတယ်...ရှိတယ်"

ဟွမ်ကျားဟွေက နင်းရှောင်ရမ်၏ နှုတ်ခမ်းများ ပြာနှမ်းနေသည်ကို မြင်သော် အအေးမိနေသည်မှာ ထင်ရှားသောကြောင့် စိတ်ထဲမှ မကျေနပ်မှုများကို ဂရုမစိုက်တော့ဘဲ အဝတ်သွားယူရန် အလျင်အမြန် ထွက်သွားသည်။

ကျောက်တကန်းက ကျင်းမေ့လီကို တံတောင်ဖြင့်တွတ်လိုက်ရာ သူမက ကျောက်တကန်းကို မျက်စောင်းထိုးပြီး မထချင်ထချင်ဖြင့် ထရပ်လိုက်သည်။ "မျက်နှာသုတ်ပုဝါ လိုသေးလား"

ကျောက်တကန်းသည် သူ့ဇနီး၏ အပြုအမူကိုကြည့်ပြီး စကားပင်မပြောနိုင်တော့ပေ။ လုံးဝ မျက်နှာသာရအောင် မလုပ်တတ်ပေ။ ဤသို့သောအရာကို မေးရန်လိုသေးသလော။ မျက်စိရှင်သူတိုင်း ဘာလုပ်သင့်သည်ကို သိကြပေမည်။

လော်ယွမ် ခေါင်းညိတ်ပြပြီးမှသာ ကျင်းမေ့လီသည် ရေချိုးခန်းသို့ ပြေးသွားပြီး မျက်နှာငယ်လေးဖြင့် လော်ယွမ်ကို ကမ်းပေးသည်။

လော်ယွမ်က လက်ကာပြသည်။ "နင်းရှောင်ရမ်ကို ပေးလိုက်"

ဝမ်ရှီရှီက ထိုမြင်ကွင်းကိုမြင်သော် ထပ်မံနှာခေါင်းရှုံ့လိုက်ပြီး ဒေါသဖြင့် အဆုတ်များပင် ပေါက်ကွဲထွက်မတတ်ဖြစ်ကာ စိတ်ထဲတွင် သဝန်တိုမှုများ ဖြစ်ပေါ်နေသည်။ မိမိ၏ အချစ်ဆုံးအရုပ်ကို လုယူခံလိုက်ရသကဲ့သို့ပင်။ သို့သော် လော်ယွမ်သည် ထိုအချိန်တွင် ဝမ်ရှီရှီကို ဂရုစိုက်ရန် စိတ်မဝင်စားနိုင်ဘဲ နင်းရှောင်ရမ်၏ စိတ်အာရုံထိန်းချုပ်ခံရသည့်ကိစ္စကိုသာ အဆက်မပြတ် တွေးတောနေသည်။

ထိုအချိန်တွင် သူ့ဦးနှောက်ထဲ၌ စနစ်၏ သတိပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒင်...E အဆင့် မစ်ရှင် - ကျင်းယွဲ့အိမ်ရာဝင်းမှ လူများပျောက်ဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန်

အချိန်သတ်မှတ်ချက် - သုံးရက် (လက်ခံ/ငြင်းပယ်)

လော်ယွမ်၏ ကိုယ်သည် တစ်ချက်တန့်သွားသည်။ မိမိထင်ထားသည့်အတိုင်းပင် ဤနေရာတွင် ပြဿနာရှိနေသည်။

တစ်ချိန်တည်းတွင် သူက စိတ်ပေါ့သွားမိသည်။ E အဆင့် မစ်ရှင်ဆိုသည်မှာ ဤမစ်ရှင်၏နောက်ကွယ်တွင် အပြာရောင်အဆင့် သားရဲကောင်တစ်ကောင် ရှိနေသည်ဟု ဆိုလိုသည်။ ထိုသို့သော သားရဲကောင်များကို သူ အကောင်များစွာ သတ်ခဲ့ပြီးဖြစ်သည်။

ပြီးမြောက်ရန် မလွယ်ကူသော်လည်း မျှော်လင့်ချက်မဲ့သွားလောက်သည်အထိတော့ မဟုတ်ပေ။ သတိထားလျှင် အန္တရာယ်ကြီးကြီးမားမား မရှိနိုင်ပေ။

ဤမျှကျယ်သော အိမ်ရာဝင်းကို အခြားအဆင့်မြင့်သားရဲကောင်များက မသိမ်းပိုက်ခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ ဤနေရာတွင် တစ်ကောင်က နေရာယူထားပြီးဖြစ်သောကြောင့်ပင်။

သို့သော် တစ်ခုတည်းသော ပြဿနာမှာ ထိုသားရဲကောင်က မည်သည့်နေရာတွင် ရှိနေမှန်း မသိခြင်းပင်။

သူသည် ယခင်က ကျင်းယွဲ့အိမ်ရာဝင်း၏ ထောင့်တိုင်းကို ရှာဖွေခဲ့ပြီးသော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ရဘဲ သဲလွန်စတစ်စပင် မတွေ့ခဲ့ပေ။ ထိုသို့တွေးမိသော် သူ ခေါင်းကိုက်လာပြန်သည်။ ဤမစ်ရှင်၏ အကြီးမားဆုံးအခက်အခဲက ပြိုင်ဘက်ကို ရှာဖွေရန်ဖြစ်သည်မှာ ထင်ရှားသည်။ အကယ်၍ ပြိုင်ဘက်က လုံးဝပေါ်မလာပါက မစ်ရှင်မှာ ရှုံးနိမ့်မည်ဟု ဆိုလိုသည်။

လော်ယွမ်က စဉ်းစားမနေဘဲ မစ်ရှင်ကို လက်ခံလိုက်သည်။ အခြားသော အပြာရင့်ရောင်အဆင့် သားရဲကောင်များ နေရာယူထားသော နေရာများနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် အလုံခြုံဆုံးဖြစ်သည်မှာ သေချာသည်။ ဤသို့သောနေရာတွင်ပင် အသက်မရှင်နိုင်ပါက ကမ္ဘာပျက်ကာလတွင် မည်သို့ ရုန်းကန်ရှင်သန်နိုင်မည်နည်း။

အဝတ်များ ယူဆောင်လာပြီးနောက် နင်းရှောင်ရမ်က အဝတ်အစားလဲလှယ်ပြီး ဂျင်းပြုတ်ရည်တစ်ခွက် သောက်လိုက်ရာ ချွေးများထွက်လာပြီး မျက်နှာမှာ နောက်ဆုံးတွင် နီမြန်းလာသည်။ အအေးမိတော့မည်မဟုတ်သည့်ပုံပင်။

ထမင်းစားချိန်တွင် အခြေအနေမှာ အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေသည်။ နင်းရှောင်ရမ် အပြင်ထွက်သွားခြင်းမှာ လုံးဝမမှန်ကန်ကြောင်း မျက်စိရှင်သူတိုင်း သိနိုင်သော်လည်း အားလုံးက အလိုက်တသိဖြင့် မည်သည့်အရာမျှ မမေးမြန်းကြပေ။

ညစာစားပြီးနောက် လော်ယွမ်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ခဏတာတိတ်ဆိတ်နေပြီးနောက် အနည်းငယ် သွယ်ဝိုက်သောလေသံဖြင့် ဆိုသည်။ "ဒီညတော့ အားလုံး ဂရုတစိုက်ရှိကြ"

လော်ယွမ်က တိုက်ရိုက်မပြောသော်လည်း သူ၏ကွယ်ဝှက်ထားသော အဓိပ္ပာယ်က လူတိုင်း၏ စိတ်ကို ထိတ်လန့်တုန်လှုပ်စေပြီး မျက်နှာများမှာ အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။

ချောင်လင်က တည်ငြိမ်ဟန်ဆောင်ထားသော်လည်း သူမမျက်နှာပေါ်မှ ဖြူဖျော့မှုက စိတ်ထဲမှ ကြောက်ရွံ့မှုကို ဖော်ပြနေသည်။ သူမက နင်းရှောင်ရမ် ရုတ်တရက်ပျောက်ဆုံးသွားသည့်ကိစ္စကို အမှတ်ရလိုက်ပြီး နင်းရှောင်ရမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်အဖြေမျှ မရခဲ့ပေ။

အမှန်တကယ် တည်ငြိမ်နိုင်သူမှာ ဟွမ်ကျားဟွေတစ်ဦးတည်းသာ ရှိသည်။

အခြားသူများ၏ အမူအရာကိုကြည့်ရင်း လော်ယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော် သူတို့ကို အပြစ်တင်၍မရပေ။ သူတို့သည် သာမန်လူများသာဖြစ်ပြီး အားကိုးစရာစွမ်းအားမရှိလျှင် ယုံကြည်မှုမရှိနိုင်ပေ။ အကယ်၍ လော်ယွမ်တွင် စနစ်မရှိပါက သူသည်လည်း သူတို့နှင့် များစွာကွာခြားမည်မဟုတ်ပေ။ ဟွမ်ကျားဟွေက အနည်းဆုံးတော့ ယခင်က ရဲမေတစ်ဦးဖြစ်ခဲ့ပြီး လော်ယွမ်နှင့်အတူရှိပြီးနောက် မြင်ကွင်းအမျိုးမျိုးကို မြင်တွေ့ခဲ့ရကာ သေရေးရှင်ရေးအခြေအနေမှ အကြိမ်ကြိမ်ရုန်းကန်အသက်ရှင်ခဲ့သူ ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၉၈)တစ္ဆေသစ်ပင်

ညသည် ရေကဲ့သို့ ငြိမ်သက်လျက်ရှိ၏။

မြေအောက်ခန်းထဲတွင် လော်ယွမ်သည် မျက်လုံးများကို စုံမှိတ်ကာ အိပ်ယာခင်းထဲ၌ လဲလျောင်းနေသည်။

ဟွမ်ကျားဟွေမှာမူ တစ်လူးလူးတစ်လွန့်လွန့်ဖြင့် မည်သို့မျှ အိပ်မပျော်နိုင်တော့ပေ။ ထို့ကြောင့် သူမက အိပ်ရန်မကြိုးစားတော့ဘဲ အိပ်ယာခင်းထဲမှ ထိုင်လိုက်ကာ လေသံတိုးတိုးဖြင့် "ရှင်ဘာလို့ဘာမှမပြောတာလဲ…ဘာတွေဖြစ်နေတာလဲ" ဟု မေးလိုက်သည်။

မူလက မျက်စိစုံမှိတ်ထားသော လော်ယွမ်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး "ရှူး တိတ်တိတ်နေ… အသံကြားနေရပြီ"

ဟွမ်ကျားဟွေက ဘာဖြစ်တာလဲဟု မေးမည်ကြံရွယ်စဉ်မှာပင် မြေအောက်ခန်းထဲမှ လှုပ်ရှားသံတစ်ခုခုကို ကြားလိုက်ရသည်။ သူမက အသက်ကို အမြန်အောင့်ထားလိုက်ရာ နှလုံးမှာ ဒိန်းခနဲ၊ ဒိန်းခနဲ ခုန်နေတော့သည်။ မြေအောက်ခန်းတစ်ခုလုံး မှောင်မိုက်နေပြီး သူမကလည်း အိပ်ယာခင်းထဲတွင် ရှိနေသောကြောင့် အပြင်တွင် ဘာဖြစ်နေသည်ကို လုံးဝမမြင်ရပေ။

လော်ယွမ်က သူ၏အိပ်ယာခင်းကို ဖွင့်လိုက်မှပင် လူတစ်စုအိပ်နေသော ကုန်ပစ္စည်းစင်၏နောက်မှ အရိပ်မည်းတစ်ခု ထရပ်လာသည်ကို ဟွမ်ကျားဟွေ မြင်လိုက်ရသည်။ ထိုအရိပ်၏လှုပ်ရှားမှုများက တောင့်တင်းနေပြီး ခြေလှမ်းများမှာ ယိုင်နဲ့နဲ့ဖြစ်နေသည်။ မှောင်မိုက်နေသော ပတ်ဝန်းကျင်တွင် ဤသို့သော ထူးဆန်းသည့်မြင်ကွင်းကြောင့် ဟွမ်ကျားဟွေပင်လျှင် ကျောထဲမှ စိမ့်ကနဲဖြစ်ကာ ကြက်သီးမွေးညင်းများ ထောင်ထသွားသည်။

သူမက ပါးစပ်ကို လက်ဖြင့် အသေအချာပိတ်ထားရင်း မျက်လုံးများတွင် ထိတ်လန့်သည့်အရိပ်အယောင်များ ထင်ဟပ်နေ၏။

ထို့နောက် သူမက ကမန်းကတန်း သေနတ်ကို ထုတ်ယူလိုက်သော်လည်း လော်ယွမ်က အလျင်အမြန် တားဆီးလိုက်သည်။

"အဲ့တာနင်းရှောင်ရမ်… သွားမပစ်နဲ့"

ဟွမ်ကျားဟွေက သက်ပြင်းချလိုက်နိုင်သော်လည်း လော်ယွမ်၏နောက်စကားတစ်ခွန်းကြောင့် သူမ အလန့်တကြား အော်ဟစ်မိမတတ် ဖြစ်သွားရပြန်သည်။

"သူ့ကိုတခုခုက ထိန်းချုပ်နေတာ သွားမနှောက်ယှက်နဲ့ သူ့ကိုဘယ်ခေါ်သွားမလဲဆိုတာ ကြည့်ရအောင်" လော်ယွမ်က တည်ငြိမ်စွာပြောလိုက်သည်။ ထိုသန္ဓေပြောင်းသတ္တဝါကို ရှာမတွေ့နိုင်မှတော့ ငါးမျှားချိတ်ဖြင့် ငါးမျှားသကဲ့သို့ လုပ်ဆောင်ရတော့မည်။ နင်းရှောင်ရမ်နောက်သို့ လိုက်သွားလျှင် တရားခံကို မုချတွေ့ရမည်သာ ဖြစ်သည်။

နင်းရှောင်ရမ်သည် အမှောင်ထဲတွင်ပင် မြင်နိုင်စွမ်းရှိနေဟန်တူ၏။ သူမ၏လှုပ်ရှားမှုများက နှေးကွေးသော်လည်း ခြေလှမ်းတိုင်းတွင် အတားအဆီးများကို တိကျစွာ ရှောင်တိမ်းနိုင်ပြီး မြေအောက်ခန်း၏လှေကားဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ လေးလံသော ခြေသံများမှာ အမှောင်ထဲတွင် ပို၍ပင် ထင်ရှားစွာ ကြားနေရသည်။

"ဟော… နောက်တစ်ယောက်" နင်းရှောင်ရမ်က မြေအောက်ခန်းထဲမှ ထွက်ခါနီးတွင် နောက်ထပ်အရိပ်တစ်ခုက ယိမ်းယိုင်စွာဖြင့် ထရပ်လာသည်။ ထိုသူမှာ ဟော်တုံဖြစ်သည်။

မြေအောက်ခန်းတစ်ခုလုံးသည် အေးစက်သောလေထုတစ်ခုဖြင့် လွှမ်းခြုံထားပြီး တစ်ကိုယ်လုံးကို ချမ်းစိမ့်သွားစေသည်။ မြေအောက်ခန်း၏အကာကို ရှေ့ဆုံးမှ နင်းရှောင်ရမ်က ဖွင့်လိုက်သည်နှင့်အမျှ နောက်ထပ်အရိပ်များ တစ်ခုပြီးတစ်ခု ယိမ်းယိုင်စွာ ထရပ်လာပြီး မြေအောက်ခန်းထဲမှ ထွက်ခွာသွားကြသည်။

နောက်ဆုံးတွင် အိပ်မောကျနေသော ဝမ်ရှီရှီပင်လျှင် မလွတ်မြောက်နိုင်ဘဲ မျက်လုံးများက ဟာလာဟင်းလင်းဖြင့် အိပ်မက်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ ထရပ်လိုက်ရာ ဟွမ်ကျားဟွေမှာ ကြောက်လန့်တကြားဖြင့် လော်ယွမ်၏လက်ကို အားကုန်ဆုပ်ကိုင်ထားမိတော့သည်။

ဘာမှန်းမသိသောအရာက အကြောက်စရာအကောင်းဆုံးပင်။ လူအများစုသည် ကျည်ဆန်ကိုပင် မကြောက်သော်လည်း တစ္ဆေသရဲကိုမူ ကြောက်ကြသည်မှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။

လော်ယွမ်က ဝမ်ရှီရှီ၏လက်မောင်းကို အလျင်အမြန်ဖမ်းဆွဲလိုက်ပြီး နင်းရှောင်ရမ်ကို နှိုးခဲ့သည့်နည်းလမ်းကို သတိရကာ သူ၏စွမ်းအင်ဖိအားဖြင့် သူမကို လှုံ့ဆော်လိုက်သည်။ သူမက "အ" ဟု အော်ဟစ်လိုက်ပြီးနောက် နိုးထလာသည်။

သူမက အိပ်ချင်မူးတူးဖြင့် အခြေအနေကို နားမလည်သေးဘဲ လော်ယွမ်နှင့် ဟွမ်ကျားဟွေတို့နှစ်ဦးစလုံး အိပ်ယာခင်းထဲတွင် ထိုင်နေသည်ကို မြင်သောအခါ "အပြင်မှာမိုးလင်းနေပြီလား… သမီးခုနက အိမ်မက်ဆိုးမက်နေတာ လန့်သွားတာပဲ" ဟု မေးလိုက်သည်။

"မိုးမလင်းသေးဘူး… ဒါပေမဲ့မအိပ်နဲ့တော့ အန္တရာယ်အရမ်းများတယ် အိမ်နေသေးတဲ့သူရှိရင်လည်း သွားနှိုးပြီး ငါပြန်လာတာကို စောင့်နေ" လော်ယွမ်က လေးလေးနက်နက် ပြောလိုက်၏။

ဝမ်ရှီရှီသည် ညစာစားချိန်က လော်ယွမ်ပြောခဲ့သောစကားများကို သတိရသွားပြီး မျက်နှာမှာ ဖြူဖျော့သွားကာ ခေါင်းကိုအဆက်မပြတ် ညိတ်လိုက်သည်။

"ရှင်လည်း သတိထားဦးနော်" ဟွမ်ကျားဟွေကလည်း မိမိမှာ အကူအညီမပေးနိုင်မှန်းသိ၍ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

"ဘာမဟုတ်တဲ့ပြဿနာလေးပါ စိတ်မပူနဲ့" လော်ယွမ်က ပေါ့ပေါ့ပါးပါးပြောလိုက်ပြီးနောက် သူ၏ဓားရှည်ကြီးကို ကိုင်ကာ တဲထဲမှ ထွက်သွားတော့သည်။

လော်ယွမ်သည် ဗီလာထဲမှထွက်လာပြီး ရှေ့မှလူရိပ်များကို သတိထား၍ ဖြည်းညင်းစွာ လိုက်ပါသွားသည်။

သူက နာရီကို ကြည့်လိုက်ရာ ညတစ်နာရီခွဲပင် ရှိနေပြီဖြစ်သည်။ မိုးတိမ်များကြောင့် အပြင်တွင် လက်တစ်ကမ်းအကွာကိုပင် မမြင်ရသော်လည်း မိုးကမူ တိတ်သွားပြီဖြစ်သည်။ မြေပြင်မှာ စိုစွတ်နေပြီး လေထုထဲတွင် သင်းပျံ့ပျံ့မွှေးရနံ့တစ်ခု လွှမ်းခြုံနေ၏။

အပြင်ဘက်တွင် မှောင်မိုက်နေသော်လည်း လော်ယွမ်အတွက်မူ အတားအဆီးမဖြစ်ပေ။ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်တက်လာသောကြောင့်လားမသိ အလင်းရောင်အနည်းငယ်ရှိရုံဖြင့် သူက အရာဝတ္ထုများကို မြင်နိုင်စွမ်းရှိသည်။ ထို့အပြင် သူ၏အာရုံခံနိုင်စွမ်းကလည်း အထောက်အကူပြုနေရာ မည်မျှပင်မှောင်မိုက်သောနေရာဖြစ်စေ လွတ်လပ်စွာ သွားလာနိုင်သည်။

လူတစ်စုမှာ ခြေလှမ်းယိုင်နဲ့နဲ့ဖြင့် အတန်းလိုက် တည့်တည့်မတ်မတ် လျှောက်သွားနေကြသည်။ ထိုလမ်းမှာ နေ့ခင်းက နင်းရှောင်ရမ် လျှောက်သွားခဲ့သော လမ်းပင်ဖြစ်ဟန်တူသည်။

အလင်းရောင်တောက်နေသော သန္ဓေပြောင်းအင်းဆက်အချို့က တစ္ဆေမီးတောက်များကဲ့သို့ လေထဲတွင် ပျံဝဲနေပြီး မြက်ခင်းထဲမှ လှုပ်ရှားသံများ မကြာခဏ ထွက်ပေါ်နေသော်လည်း ရှေ့မှလူအုပ်ကိုမူ မည်သည့်သန္ဓေပြောင်းသတ္တဝါကမျှ တိုက်ခိုက်ခြင်းမရှိပေ။ သူတို့၏ကိုယ်ပေါ်တွင် သန္ဓေပြောင်းသတ္တဝါများကို မချဉ်းကပ်ဝံ့စေသော ထူးခြားသည့်အမှတ်အသားတစ်ခုခု ရှိနေသကဲ့သို့ပင်။

ဆယ်မိနစ်ခန့် သို့မဟုတ် နာရီဝက်ခန့် ကြာပြီးနောက် ထိုလူစုသည် နေ့ခင်းက လော်ယွမ်က နင်းရှောင်ရမ်ကို တွေ့ရှိခဲ့သောနေရာသို့ ရောက်ရှိသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်လျှောက်သွားကြသည်။

ထိုစဉ် လော်ယွမ်၏မျက်လုံးထောင့်တွင် အဝေးမှမြက်ခင်းထဲ၌ အရိပ်ဖျော့ဖျော့တစ်ခု ရုတ်တရက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအရိပ်မှာ ဝတ်စုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များ ဖားလျားချထားကာ သူ၏ပုံရိပ်မှာ အနည်းငယ် ဖောက်မြင်နေရသကဲ့သို့ရှိနေ၏။ သူမတွင် ကိုယ်အလေးချိန် လုံးဝမရှိသကဲ့သို့ မြက်ခင်းထဲတွင် လွင့်မျောနေပြီး သူ၏မျက်စိဖြင့် တပ်အပ်မြင်ရသည်မှာ သူမ၏ခြေထောက်များက မြေကြီးနှင့် မထိဘဲ ပျံဝဲနေခြင်းပင်။

လော်ယွမ်ခေါင်းနပမ်းကြီးသွားပြီး အအေးဓာတ်တစ်ခုက ကြောရိုးအောက်ပိုင်းမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့တက်လာကာ သူ၏ကိုယ်မှ စွမ်းအင်ဖိအားများမှာ အလိုအလျောက် ပျံ့လွင့်ထွက်သွားသည်။

ထိုစဉ် သူမက လော်ယွမ်ကို ခံစားမိသွားဟန်ဖြင့် ရုတ်တရက်လှည့်ကြည့်လာသည်။ ဖောက်ထွင်းမြင်ရပြီး အေးစက်သောမျက်နှာတွင် ထူးဆန်းသော အလှတရားတစ်ခုရှိနေပြီး သူမက ထူးဆန်းစွာ ပြုံးလိုက်သော အပြုံးတွင်မူ ပြောမပြနိုင်သော ကြောက်မက်ဖွယ် ရက်စက်မှုတစ်ခု ပါဝင်နေပြီး လူကို ရင်ထဲ အသည်းထဲမှ အေးစက်သွားစေသည်။

ထို့နောက် ရုတ်တရက်ပေါ်လာသကဲ့သို့ပင် ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

လော်ယွမ်၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး ရှေ့နောက်ဝဲယာကို ကြည့်လိုက်သော်လည်း သူမ၏အရိပ်ကို မည်သို့မျှ ရှာမတွေ့တော့ပေ။ လေထဲတွင်ပင် ပျောက်ကွယ်သွားသကဲ့သို့ပင်။

"ဒါ…ဒါက…ဘယ်လိုဖြစ်တာလဲ… အဲ့တာဘယ်လိုအကောင်လဲ" လော်ယွမ်၏မျက်နှာမှာ လေးနက်သွားသည်။ သူကဘာသာရေး လိုက်စားသူတစ်ဦး မဟုတ်သော်လည်း မျက်စိရှေ့မှမြင်ကွင်းမှာ သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။

"အဲ့တာသရဲတစ္ဆေလား… ဒါမှမဟုတ် သန္ဓေပြောင်းလူလား… ဒါမှမဟုတ် ဒီအိမ်ရာက လူတွေပျောက်သွားရတဲ့ အဓိကတရားခံများလား"

လော်ယွမ်သည် ဤသို့သောအခြေအနေမျိုးကို တစ်ခါမျှမကြုံဖူးရာ တစ်ခဏမျှ တွေဝေသွားသည်။ သူက ရှေ့မှလူများ မည်သို့မျှမထိခိုက်ဘဲ ဆက်လက်လျှောက်သွားနေသည်ကို ကြည့်ရင်း အံကိုကြိတ်ကာ နောက်မှ ဆက်လိုက်သွားလိုက်သည်။

မြက်ခင်းထဲတွင် မြူခိုးများ ထလာပြီး ပတ်ဝန်းကျင်ကို ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်စေသည်။

ဆက်လက်ရှေ့ဆက်သွားသည်နှင့်အမျှ တစ္ဆေသရဲကဲ့သို့သော အရာများမှာ သုဿန်နယ်မြေအလား ပို၍များပြားလာသည်။ လူများအပြင် သန္ဓေပြောင်းသတ္တဝါတို့၏ တစ္ဆေများပင် ပါဝင်ပြီး ပတ်ဝန်းကျင်တွင် လွင့်မျောနေကြသော်လည်း မည်သည့်တစ္ဆေကမျှ သူ့နားချဉ်းကပ်မလာပေ။ သူ၏ကိုယ်ပေါ်တွင် တစ္ဆေများကို မချဉ်းကပ်ဝံ့စေသော အရာတစ်ခုခု ရှိနေဟန်တူသည်။

ထိုတစ္ဆေများထဲမှ အချို့မှာ ပုံရိပ်ထင်ရှားပြီး တကယ့်လူအစစ်ကဲ့သို့ရှိသော်လည်း အချို့မှာမူ အရောင်မှိန်ဖျော့ကာ လေပြင်းတစ်ချက်တိုက်လျှင်ပင် ပျောက်ကွယ်သွားနိုင်သကဲ့သို့ရှိနေသည်။

လေထုထဲမှ သင်းပျံ့သောမွှေးရနံ့မှာ သူ ရင်းနှီးဖူးသလိုလို အကျွမ်းတဝင်ရှိသလိုလို ခံစားနေရသည်။

သူက ဓားရိုးကို ဆုပ်ကိုင်ရင်း သတိကြီးစွာဖြင့် ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ပတ်ဝန်းကျင်မှာ ရင်းနှီးနေသလို ခံစားရ၍ ဘေးဝဲယာကို ကြည့်လိုက်သောအခါ ထိုနေရာက သူ ပြောင်းရွှေ့ရန် ပြင်ဆင်ထားသော ဗီလာအိမ်ကြီးတည်ရှိရာနေရာပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

စိတ်ထဲတွင် အာရုံခံမိသကဲ့သို့ သူက အိမ်ကြီးကို ဖုံးလွှမ်းထားသော ထနောင်းပင်ကြီးကို ရုတ်တရက် မော့ကြည့်လိုက်သည်။

ကြီးမားလှသော ထနောင်းပင်ကြီးသည် အမှောင်ထဲတွင် မလှုပ်မယှက် တည်ရှိနေပြီး ထုတ်လွှတ်နေသော သင်းပျံ့သည့်မွှေးရနံ့မှာ နေ့ခင်းကထက် ပို၍ပင် ပြင်းထန်နေသည်။ ဤအချိန်မှ သူ သတိပြုမိသည်မှာ ဤအပင်သည် အိမ်ရာထဲမှ အခြားအပင်များနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ကြီးမားနေပြီး အခြားအပင်များထက် နှစ်ဆ၊ သုံးဆခန့်ပင် ကြီးမားသည်။ ကမ္ဘာပျက်ကာလတွင်ပင် ဤသို့သော ကြီးထွားနှုန်းမှာ လုံးဝပုံမှန်မဟုတ်ပေ။

ထို့အပြင် သူက ပတ်ဝန်းကျင်တွင် သန္ဓေပြောင်းသတ္တဝါများ မရှိသလောက်ဖြစ်နေပြီး အရာအားလုံးမှာ တိတ်ဆိတ်နေကာ အမြဲတစေတွေ့ရလေ့ရှိသော ပိုးကောင်မြည်သံများပင် ပျောက်ဆုံးနေပြီး ထူးခြားစွာ တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်သည်။

သူက အထက်တန်းကျောင်းသားဘဝက အဖြစ်အပျက်တစ်ခုကို ရုတ်တရက်သတိရသွားသည်။ ထိုစဉ်က သူသည် တောရွာတစ်ရွာမှ အဘွားဖြစ်သူ၏အိမ်တွင် အတန်ကြာ နေထိုင်ခဲ့ဖူးသည်။ ထိုနေရာမှာ အလွန်ခေါင်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းလှပေ။ ၂၁ ရာစုရောက်နေသော်လည်း ၈၀၊ ၉၀ ခုနှစ်များကဲ့သို့ပင် ရှိနေသေးသည်။

အဘွားတို့၏ရွာတွင် ထနောင်းပင်ကိုမစိုက်ကြဘဲ၊ ရှိလျှင်လည်း ချက်ချင်းခုတ်လှဲပစ်ကြသည်ကို သူ မှတ်မိနေသည်။ အကြောင်းမှာ ထိုနေရာမှ အဆိုအရ လူသေပြီးနောက် တစ္ဆေဝိညာဉ်များသည် ထနောင်းပင်တွင် ခိုအောင်းနေထိုင်ကြပြီး ဘဝကူးပြောင်းနိုင်ခြင်း မရှိတော့သောကြောင့် ထိုအပင်ကို ''တစ္ဆေသစ်ပင်'' ဟု ခေါ်ကြသည်။ သို့သော် သူက ထိုအရာကို အယူသီးမှုဟုသာ သတ်မှတ်ပြီး လုံးဝမယုံကြည်ခဲ့ပေ။

ယခုမူ တစ္ဆေများကို အမှန်တကယ် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသောအခါ မယုံကြည်ဘဲ မနေနိုင်တော့ပေ။

ယခုအခါ သက်ရှိအားလုံးမှာ သန္ဓေပြောင်းလဲနေကြသည်။ ယခင်က တွေ့ခဲ့သော နဂါးနှင့်တူသည့် သန္ဓေပြောင်းသတ္တဝါဖြစ်စေ၊ ကင်းကောင်ကဲ့သို့ ဧရာမမျောက်ဝံကြီးဖြစ်စေ၊ ဆင့်ကဲပြောင်းလဲသွားသော သတ္တဝါတို့မှာ ဒဏ္ဍာရီထဲက သတ္တဝါများ၏ လက္ခဏာများကို မထင်မရှား ပြသနေကြသည်။ ထနောင်းပင်က သန္ဓေပြောင်းလဲပြီး သရဲတစ္ဆေများကို အမှန်တကယ် ခိုအောင်းစေနိုင်ခြင်းမှာလည်း မဖြစ်နိုင်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပေ။

ပတ်ဝန်းကျင်မှ မြူခိုးများမှာ ပို၍ထူထပ်လာပြီး အသက်ရှိသကဲ့သို့ လှုပ်ရှားနေကြသည်။

လူတစ်စုမှာ ထနောင်းပင်နှင့် ပို၍နီးကပ်လာပြီး အနီးအနားမှ တစ္ဆေများလည်း ပို၍များပျားလာသည်ကို ကြည့်ရင်း လော်ယွမ်က ဆက်လက်မစောင့်ဆိုင်းနိုင်တော့ဟု ခံစားလိုက်ရသည်။ သူက ခြေလှမ်းကို အရှိန်မြှင့်ကာ ထိုလူစုကို အမီလိုက်ပြီး သူတို့၏လည်ကုတ်ကို ရိုက်ချလိုက်ရာ သူတို့ မြေပေါ်သို့ လဲကျသွားသည်နှင့် လူ့နားဖြင့် မကြားနိုင်သော စူးရှသည့်အသံတစ်သံက သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာသည်။ သူ၏ဦးနှောက်မှာ တစ်ခဏမျှ ဗလာဖြစ်သွားပြီး ခြေလှမ်းယိုင်သွားသော်လည်း ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။

ထို့နောက် အချက်ပြမှုတစ်ခုခုကို လက်ခံရရှိသကဲ့သို့ မရေမတွက်နိုင်သော တစ္ဆေများက ဒီရေကဲ့သို့ သူ့ထံသို့ အလုံးအရင်းဖြင့် တိုးဝင်လာကြရာ အရေအတွက်မှာ ထောင်ပေါင်းများစွာပင် ရှိသည်။

သူက သတိပြန်ဝင်လာပြီး လှောင်ရယ်လိုက်ကာ တစ်ကိုယ်လုံးမှ စွမ်းအင်ဖိအားကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ဖောက်ထွင်းမြင်နေရသော သန္ဓေပြောင်းသတ္တဝါတစ္ဆေတစ်ကောင်က ချဉ်းကပ်လာစဉ်မှာပင် လေပြင်းတိုက်ခတ်ခံလိုက်ရသကဲ့သို့ ထိုစွမ်းအင်ဖိအားကြောင့် သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲသွားပြီး အလင်းစက်ငယ်များအဖြစ် လေထဲတွင် ပျောက်ကွယ်သွားသည်။

ယခင်က လော်ယွမ်မှာ အနည်းငယ် မသေချာသော်လည်း ယခုအခါ စွမ်းအင်ဖိအား၏ အကျိုးသက်ရောက်မှုကို မြင်တွေ့ပြီးနောက် သူ၏စိတ်ထဲတွင် အလွန်တည်ငြိမ်သွားသည်။ ဤအရာများသည် သာမန်လူများကိုသာ ရင်ဆိုင်နိုင်ပြီး သူ၏အတွက်မူ အဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါတစ်ကောင်လောက်ပင် မခြိမ်းခြောက်နိုင်ပေ။

စွမ်းအင်ဖိအား၏ တိုက်ခိုက်မှုအောက်တွင် အစစ်ကဲ့သို့ရှိနေသော တစ္ဆေများပင်လျှင် အချိန်ကြာမြင့်စွာ မခံနိုင်ပေ။ သူတို့၏ပုံရိပ်ယောင်ခန္ဓာကိုယ်မျက်နှာပြင်မှာ လေပြင်းတိုက်ခတ်ခံရသကဲ့သို့ ပြင်းထန်သော လှိုင်းဂယက်များ ဖြစ်ပေါ်လာပြီး ထိုလှုပ်ခတ်မှုများကြားတွင် ပုံရိပ်ယောင်ခန္ဓာကိုယ်များမှာ လျင်မြန်စွာ မှေးမှိန်သွားကာ လေပြည့်နေသော မိုးပျံပူဖောင်းတစ်လုံးကဲ့သို့ ချက်ချင်းပေါက်ကွဲသွားတော့သည်။

လော်ယွမ်က တစ်လှမ်းချင်း ရှေ့သို့တိုးသွားရင်း သူ၏ကိုယ်မှ စွမ်းအင်ဖိအားမှာ ပို၍ပြင်းထန်လာသည်။ ခြေတစ်လှမ်းလှမ်းတိုင်းတွင် တစ္ဆေဆယ်ဂဏန်း၊ ရာဂဏန်းခန့်မှာ လေထဲတွင် ပေါက်ကွဲကာ မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပြောင်းလဲသွားကြသည်။

လူသားပုံစံနီးပါး ထင်ရှားနေသော တစ္ဆေအချို့က စွမ်းအင်ဖိအားကို ကြံ့ကြံ့ခံရင်း တစ္ဆေအုပ်ထဲမှ လော်ယွမ်ရှေ့သို့ ပျံဝဲလာကြသည်။ စွမ်းအင်ဖိအား၏ သက်ရောက်မှုမှာ သူတို့အပေါ်တွင် အလွန်နည်းပါးဟန်ရှိ၏။ ကြောက်မက်ဖွယ် လိမ်ကောက်နေသော မျက်နှာများက အမှောင်ထဲတွင် အေးစက်သောအလင်းရောင်ကို ထုတ်လွှတ်နေပြီး အနီးအနားမှ လေထုပင်လျှင် ထိုတစ္ဆေတို့၏ မကုန်ခမ်းနိုင်သော အငြိုးတရားကြောင့် လိမ်ကောက်သွားကာ ပုံရိပ်ယောင်အမျိုးမျိုး ဖြစ်ပေါ်နေသည်။

သို့သော် ဤတစ္ဆေများ ချဉ်းကပ်လာခါစမှာပင် ရုတ်တရက်ပေါ်လာသော ဓားရောင်ခြည်အချို့က သူတို့ကို ဖြတ်သန်းသွားသည်။

တစ္ဆေတို့၏ခန္ဓာကိုယ်များ ရုတ်တရက်တောင့်တင်းသွားပြီး မျက်နှာများတွင် တစ်ခဏမျှ လွတ်မြောက်သွားသော အမူအရာတစ်ခုပေါ်လာကာ ပြိုကွဲသွားပြီး အလင်းစက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။

လော်ယွမ်၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး ဦးနှောက်ထဲတွင် မူးဝေသွားသလို ခံစားလိုက်ရသည်။ ဓားချက်အနည်းငယ်မျှဖြင့် သူ၏စိတ်စွမ်းအင်မှာ ဆယ်ပုံတစ်ပုံခန့် ကုန်ဆုံးသွားသည်ကို သူ သတိပြုမိလိုက်သည်။ ပုံမှန်အားဖြင့် အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါကို ခုတ်လျှင်ပင် ဤမျှလောက် မကုန်ဆုံးပေ။

အမှန်တော့ ဝတ္ထု၊ ရုပ်ရှင်ဇာတ်လမ်းများ သို့မဟုတ် တာအိုကျမ်းဂန်များတွင် သေဆုံးပြီးနောက် အငြိုးကြီးမားသော ဝိညာဉ်များသာလျှင် အငြိုးကြီးတစ္ဆေများ ဖြစ်လာနိုင်ပြီး အငြိုးဟူသည်မှာ အခြေခံအားဖြင့် စိတ်စွမ်းအင်ပင်ဖြစ်သည်။ စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားရောင်ခြည်ဖြင့် တစ္ဆေများကို တိုက်ခိုက်ခြင်းသည် အခြေခံအားဖြင့် စိတ်စွမ်းအင်အချင်းချင်း တိုက်ခိုက်ခြင်းပင်ဖြစ်ရာ သူသေကိုယ်သေ တိုက်ခိုက်ရသဖြင့် စွမ်းအင်ကုန်ဆုံးမှုမှာ အံ့ဩဖွယ်ကောင်းလောက်အောင် များပြားလှသည်။

လော်ယွမ်၏စိတ်စွမ်းအင်မှာ ၁၃ မှတ်သာရှိပြီး သေရေးရှင်ရေးကြားမှ ရုန်းကန်ခဲ့ရသော စစ်သားအချို့က သူ့ထက်ပင် ပိုမိုအားကောင်းနိုင်သော်လည်း သူ၏စိတ်စွမ်းအင်မှာ အလွန်အမင်း စုစည်းနေပြီး သံတုံးကို ထုနှက်၍ သံမဏိဓားဖြစ်လာသကဲ့သို့ အလွန်ပြင်းထန်သော ဖျက်ဆီးစွမ်းအားရှိသည်။ ထို့ကြောင့် လော်ယွမ်ထက် စိတ်စွမ်းအင် ပိုမိုအားကောင်းသော တစ္ဆေများပင်လျှင် သူ၏ဓားချက်အောက်တွင် တစ်ချက်တည်းနှင့် ပျက်စီးသွားကြသည်။

ကံကောင်းထောက်မစွာဖြင့် ဤသို့သော တစ္ဆေများမှာ အရေအတွက် အလွန်နည်းပါးရာ လော်ယွမ်က ရှစ်ကောင်၊ ကိုးကောင်ခန့် သတ်လိုက်သည်နှင့် ကုန်ဆုံးသွားသော်လည်း သူ၏စိတ်စွမ်းအင်မှာလည်း အတော်အတန်ကုန်ဆုံးသွားခဲ့သည်။

တိုက်ပွဲစတင်ပြီး မိနစ်အနည်းငယ်အကြာတွင် တစ္ဆေများမှာ တဖြည်းဖြည်း ကျဲပါးလာသည်။

လော်ယွမ်က သက်ပြင်းချလိုက်စဉ်မှာပင် မြေကြီးမှာ ရစ်ခ်ျတာစကေး ၇၊ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သကဲ့သို့ တစ်လောကလုံး ယိမ်းထိုးသွားပြီး၊ တဝေါဝေါမြည်ဟည်းသံများက မိုးခြိမ်းသံကဲ့သို့ ဆက်တိုက်ထွက်ပေါ်လာသည်။ အနီးအနားမှ အက်ကြောင်းများပြည့်နေသော အိမ်ပျက်တစ်လုံးမှာ တုန်ခါမှုကို မခံနိုင်ဘဲ ဝုန်းဒိုင်းကျဲ ပြိုကျသွားတော့သည်။

လော်ယွမ်မှာ တုန်ခါမှုကြောင့် မရပ်နိုင် ဖြစ်သွားသည်။

"သေစမ်း" သူ့မျက်နှာ ကွက်ခနဲပျက်သွားပြီး ခန္ဓာကိုယ်က အလိုအလျောက်ပင် ရှေ့သို့ ခုန်ထွက်လိုက်သည်။

တစ်ချိန်တည်းမှာပင် မြေကြီးမှာ ပေါက်ကွဲသွားသကဲ့သို့ မြေကြီး၊ ကျောက်ခဲနှင့် ရေစက်များ လွင့်စင်ထွက်သွားပြီး နောက်တစ်ခဏတွင် လိမ်ကောက်နေသော အနက်ရောင် သစ်မြစ်ကြီးတစ်ချောင်းက မြေကြီးထဲမှ ထိုးထွက်လာကာ လော်ယွမ်ထံသို့ အရှိန်ဖြင့် ရိုက်ခတ်လာသည်။

ဤထနောင်းပင်သည် တစ္ဆေများကို မွေးမြူနိုင်ရုံသာမက အလွန်ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းလည်း ရှိနေသည်။ သူ့၏လျှို့ဝှက်တိုက်ခိုက်နိုင်စွမ်းမှာ အက်စစ်တီကောင်ထက်ပင် သာလွန်သည်။ လော်ယွမ်သာ တုံ့ပြန်မှုမမြန်ခဲ့ပါက တစ်ခါတည်း အသက်ဆုံးရှုံးသွားနိုင်ပေသည်။

သူက တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် နောက်သို့မလှည့်ဘဲ ထနောင်းပင်ကြီးဆီသို့ တိုက်ရိုက်ပြေးဝင်သွားသည်။ သူ၏ခြေလှမ်းများက ရှေ့နောက်လွှဲယှက်လျက် အရှိန်ပြင်းစွာ လှုပ်ရှားနေသော ခန္ဓာကိုယ်ကြောင့် ပတ်ဝန်းကျင်မှ မြက်ခင်းများမှာ လဲပြိုကုန်ကြသည်။

လော်ယွမ်၏နောက်တွင် မြေကြီးမှ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေပြီး သစ်မြစ်များ တစ်ချောင်းပြီးတစ်ချောင်း မြေကြီးထဲမှ ထိုးထွက်လာကာ အနက်ရောင်ကျာပွတ်ကြိုးကြီးများကဲ့သို့ လော်ယွမ်ထံသို့ အဆက်မပြတ် ရိုက်ခတ်လာသည်။

သူ၏ခန္ဓာကိုယ်မှာ လျင်မြန်သော ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးလှပြီး ပြေးလိုက်ခုန်လိုက်ဖြင့် သူ၏အာရုံခံစွမ်းရည်ကြောင့် ကြိုတင်သိမြင်နိုင်သကဲ့သို့ တိုက်ခိုက်မှုမရောက်မီမှာပင် သူ၏ခန္ဓာကိုယ်က လျင်မြန်စွာ ရှောင်တိမ်းသွားနိုင်သည်။ ပေါက်ကွဲထွက်မတတ်သော စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်နေပြီး မကုန်ခမ်းနိုင်သော အင်အားများဖြင့် ပြည့်နှက်နေဟန်တူသည်။ ၁၃ မှတ်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သူ့ကို အချိန်ပိုကြာကြာ တိုက်ခိုက်နိုင်ရန် လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်။

မြေပြင်ပေါ်တွင် အရိုးများ ပြန့်ကျဲနေပြီး ထနောင်းပင်နှင့် နီးကပ်လာသည်နှင့်အမျှ အရိုးများမှာ ပို၍များပြားလာကာ မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားတော့သည်။ အိမ်ရာထဲမှ လူအများစုမှာ ဤထနောင်းပင်၏ လက်ချက်ဖြင့်ပင် သေဆုံးခဲ့ကြဟန်တူသည်။

လော်ယွမ်၏ပင်ကိုယ်စိတ်မှာ အေးစက်ပြီး အနည်းဆုံးတော့ သူစိမ်းများ၏ သေရေးရှင်ရေးကို သိပ်ဂရုစိုက်လေ့မရှိပေ။ သို့သော် ဤအချိန်တွင် သူက ဒေါသ၏အစွမ်းကို သတိရကာ မိမိကိုယ်ကို အတင်းစိတ်သွင်းလိုက်သည်နှင့် သူ၏စိတ်ထဲတွင် မီးတောက်ကဲ့သို့ တောက်လောင်နေသော အဆုံးမရှိသည့် ဒေါသတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ဓားမကြီးမှာ ချက်ချင်းပင် တောက်ပသောအလင်းရောင်တစ်ခုဖြင့် လင်းလက်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားရာ သူ၏ခန္ဓာကိုယ်ပင်လျှင် မီးလောင်နေသကဲ့သို့ ထင်မှတ်ရသည်။

သူက တမင်ထိန်းချုပ်ခြင်းမရှိသော်လည်း မသိစိတ်က စိတ်စွမ်းအင်ကို အသုံးပြုထိန်းချုပ်သောကြောင့်လားမသိ ဤအလင်းရောင်အလွှာမှာ ဓားသွားပေါ်မှ ဓားရောင်ခြည်နှင့် အနည်းငယ်ကွာခြားပြီး တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ခုခံကာကွယ်နိုင်စွမ်းသာရှိဟန်တူသည်။ ပတ်ဝန်းကျင်မှ မြက်ပင်များမှာ သူ၏ခန္ဓာကိုယ်အနီးသို့ မရောက်မီမှာပင် မမြင်ရသော စွမ်းအားတစ်ခုကြောင့် လွင့်စင်ထွက်သွားကြသည်။

မြေပြင်မှာ အဆက်မပြတ်တုန်ခါနေပြီး ဤအချိန်တွင် ကြီးမားလှသော ထနောင်းပင်ကြီးမှာ ယိမ်းယိုင်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီဖြစ်သည်။ ၎င်း၏ပုံစံမှာ အနောက်တိုင်းဒဏ္ဍာရီလာဇာတ်လမ်းများထဲမှ သစ်ပင်လူသားတစ်ဦးနှင့်တူပြီး ပင်စည်၏အလယ်တွင် ကြမ်းတမ်းသောအခေါက်များဖြင့် ဖွဲ့စည်းထားသည့် မှုန်ဝါးဝါးမျက်နှာတစ်ခုပင် ပေါ်ထွက်လာသည်။

ဆက်ရန်…

အပိုင်း(၉၉)တစ္ဆေသစ်ပင်၏နှလုံးသား

ဤထနောင်းပင်ကြီး၏ ကိုယ်ထည်မှာ ဧရာမကြီးမားပြီး မြေအောက်ရှိ အမြစ်များမှာလည်း နေရာအနှံ့သို့ ရှုပ်ထွေးစွာဖြန့်ကျက်ထား၏။

ထိုအမြစ်များ မြေအောက်မှ ဆွဲနုတ်လိုက်သောအခါ မီတာရာပေါင်းများစွာကျယ်ဝန်းသော ပတ်လည်တစ်ခုလုံးကို အမြစ်များက လွှမ်းခြုံသွားသည်။ အဓိကအမြစ်ကြီးအချို့သာ မြေကြီးထဲတွင် ကျန်ရှိနေသေးပြီး တစ်ချက်မျှကြည့်လိုက်ရုံဖြင့် မရေမတွက်နိုင်သော လက်တံများက လေထဲတွင် ဝှေ့ယမ်းနေသကဲ့သို့ ထင်မှတ်ရ၏။

ဒေါသဖြင့်ပြည့်နှက်နေသော လော်ယွမ်၏ ဆင်ခြင်တုံတရားမှာ အနိမ့်ဆုံးအမှတ်သို့ ကျဆင်းသွားပြီဖြစ်သည်။ သူက ဓားရှည်ကိုကိုင်စွဲရင်း တွေဝေခြင်းမရှိဘဲ သစ်မြစ်တို့၏ တိုက်ခိုက်မှုဧရိယာအတွင်းသို့ ပြေးဝင်သွား၏။ ချက်ချင်းဆိုသလိုပင် အမြီးကိုအနင်းခံလိုက်ရသော မြွေကြီးများကဲ့သို့ မရေမတွက်နိုင်သော သစ်မြစ်များက ရုတ်တရက်ထကြွလာပြီး လော်ယွမ်ထံသို့ ရူးသွပ်မတတ် ပစ်လွှတ်တိုက်ခိုက်လာကြသည်။

ပတ်ဝန်းကျင်တွင် လေပြင်းများတိုက်ခတ်နေပြီး သဲနှင့်မြေကြီးများ လွင့်စင်နေသည်။ ကီလိုဂရမ်ရာပေါင်းများစွာလေးသော ကျောက်တုံးကြီးအချို့ပင်လျှင် သစ်မြစ်များ၏ရိုက်ခတ်မှုကြောင့် နေရာအနှံ့သို့ လိမ့်သွားရာ အသံများမှာ အလွန်ပင်ကျယ်လောင်လှ၏။

သာမန်လူတစ်ယောက်သာ ဤနေရာတွင်ရှိနေပါက သစ်မြစ်များလက်ချက်ဖြင့် ပြားချပ်မသွားလျှင်တောင် နေရာလပ်မရှိပြည့်နှက်နေသော ကျည်ဆန်များသဖွယ် ကျောက်ခဲစများကြောင့် တစ်ကိုယ်လုံးဆန်ခါပေါက်ဖြစ်ကာ ပျက်စီးသွားလောက်ပြီဖြစ်သည်။

လော်ယွမ်ပင်လျှင် အချိန်မီမရှောင်တိမ်းနိုင်သောကြောင့် အရှိန်ပြင်းသည့်ကျောက်ခဲစအချို့ ထိမှန်သွားသော်လည်း သူ၏ကိုယ်ပေါ်မှ စိတ်စွမ်းအင်အလွှာပါးက ထိုကျောက်ခဲများကို ချက်ချင်းပင် လွင့်စင်သွားစေ၏။

သူ၏ကိုယ်ပေါ်မှ စိတ်စွမ်းအင်အလွှာပါးသည် ဓားသွားပေါ်မှ ဓားရောင်ခြည်နှင့်ယှဉ်လျှင် မှိန်ဖျော့နေသည်။ ၎င်းသည် ဆပ်ပြာပူဖောင်းထက်ပင် အဆပေါင်းများစွာပို၍ပါးလွှာပြီး လေဖြင့်မှုတ်လိုက်ရုံဖြင့် ပေါက်ကွဲသွားပြီး ထိလိုက်ရုံဖြင့် ကြေမွသွားမည်ဟု ထင်ရ၏။ ညအချိန်မဟုတ်ပါက သာမန်မျက်စိဖြင့်ပင် မြင်နိုင်မည်မဟုတ်ပေ။ သို့သော် ဤသို့သောပါးလွှာသည့်အလွှာသည်ပင်လျှင် အရှိန်ပြင်းသောကျောက်ခဲစများ ထိမှန်သည့်အခါ အနည်းငယ်မှိန်ဖျော့သွားရုံသာဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မူလအလင်းရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။

သို့သော် ယခုအချိန်တွင် တိုက်ပွဲဝင်နေသော လော်ယွမ်က ဤအရာကို အာရုံမစိုက်နိုင်ပေ။ သူ၏အကြည့်များမှာ စူးရှနေပြီး ရှေ့သို့သာ တစိုက်မတ်မတ်တိုးဝင်နေသည်။ လေမဝင်အောင်ထူထပ်သော သစ်မြစ်များအောက်တွင် သူသည် မျောက်တစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းသောနေရာအတွင်း၌ပင် လျင်မြန်စွာရွေ့လျားခုန်လွှားနေပြီး ဓားကြီးကိုလည်း လေတစ်စက်မျှပင်မဝင်နိုင်အောင် ဝှေ့ယမ်းနေ၏။

ထိုသစ်မြစ်များသည် ချွန်ထက်သောဓားအလင်းတန်းနှင့် ထိတွေ့သည်နှင့် ပြတ်တောက်သွားပြီး အနည်းငယ်ထိမိရုံဖြင့် ကွဲအက်သွားကြသည်။ ကြီးမားသောသစ်မြစ်များက သူ၏နောက်တွင် တစ်ခုပြီးတစ်ခုလဲကျကာ တဆတ်ဆတ်တုန်ခါနေကြသည်။

လော်ယွမ်၏ ရှေ့သို့တစ်လှမ်းချင်းတိုးဝင်မှုနှင့်အတူ သူ၏နောက်တွင် ပြတ်တောက်သွားသောသစ်မြစ်များက ပို၍များပြားလာပြီး သူနှင့်ထနောင်းပင်ကြီးကြားမှ အကွာအဝေးက တဖြည်းဖြည်းနီးကပ်လာသည်။

သေဘေးနှင့်ရင်ဆိုင်ရတော့မည်ကို ခံစားမိသောကြောင့်လေားမသိ ထနောင်းပင်ကြီးမှာ ပို၍ဒေါသထွက်ပြီး မတည်မငြိမ်ဖြစ်လာသည်။ ၎င်းသည် ကျန်ရှိနေသေးသောသစ်မြစ်များကို အားကုန်သုံးကာ ရူးသွပ်စွာဖြင့်တိုက်ခိုက်နေ၏။ သစ်မြစ်များလျော့နည်းသွားသောကြောင့် ထနောင်းပင်ကြီးတစ်ခုလုံး ဟန်ချက်မထိန်းနိုင်တော့ဘဲ ဧရာမပင်စည်ကြီးမှာ ဘယ်ညာယိမ်းထိုးကာ ယိုင်နဲ့နေသည်။ ကြီးမားသောသစ်ခက်သစ်ရွက်ထီးကြီးမှာလည်း လေထဲတွင် ပြင်းထန်စွာလှုပ်ခါရင်း တဝုန်းဝုန်းမြည်သံများထွက်ပေါ်နေသည်။

ထိုအချိန်မှာပင် ထနောင်းပင်၏ပင်စည်ပေါ်မှ ကြမ်းတမ်းသောမျက်နှာပုံသဏ္ဌာန်၏ မျက်လုံးနေရာသည် အနည်းငယ်ကွဲအက်လာသကဲ့သို့ဖြစ်သွားသည်။ ကြည့်ရသည်မှာ မူလကတင်းကျပ်စွာပိတ်ထားသောမျက်လုံးများ ရုတ်တရက်ပွင့်လာပြီး မျက်လုံးထဲတွင် အလင်းတန်းအချို့ လက်ခနဲဖြစ်သွားသကဲ့သို့ပင်။

လော်ယွမ်၏စိတ်ထဲတွင် ရုတ်တရက်ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသမီးများကိုပင် တစ်ခဏမျှမစုစည်းနိုင်တော့ပေ။ ပြောပြ၍မရနိုင်သော အန္တရာယ်တစ်ခုစိတ်ထဲမှ ထွက်ပေါ်လာသည်ကိုသာ သူခံစားလိုက်ရပြီး ရှောင်တိမ်းရန်နည်းလမ်းပင်မရှိဘဲ တစ်ကိုယ်လုံး ချက်ချင်းတောင့်တင်းသွားသည်။

နောက်တစ်ခဏတွင် အသံမဲ့စူးရှသောအော်ဟစ်သံတစ်ခုက လေဟာနယ်ကိုကျော်ဖြတ်ကာ ပုံသဏ္ဌာန်မရှိသော လှိုင်းဂယက်တစ်ခုအသွင်ဖြင့် သူ၏ခန္ဓာကိုယ်ကို ချက်ချင်းဝင်တိုက်သွား၏။ သူ၏ကိုယ်ပေါ်မှ စိတ်စွမ်းအင်အလွှာပါးသည် ထိတွေ့လိုက်သည်နှင့် ချက်ချင်းကြေမွသွားပြီးနောက် သူ၏ဦးနှောက်ထဲတွင် ဗလာနတ္ထိဖြစ်သွားကာ သတိလစ်သွားတော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မည်မျှကြာသွားသည်မသိ သူတဖြည်းဖြည်းပြန်သတိရလာသည်။

သူသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အမြန်ကြည့်လိုက်ပြီး ကြောက်စိတ်ကြောင့် တိုက်ခိုက်ရန်ပင်မစဉ်းစားနိုင်ဘဲ နောက်သို့အဆက်မပြတ်ဆုတ်ခွာကာ ထနောင်းပင်ကြီး၏တိုက်ခိုက်မှုဧရိယာအတွင်းမှ လျင်မြန်စွာထွက်ခွာလိုက်သည်။

ထိုအခါမှ သူသည် ထနောင်းပင်ကြီးကိုကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သောအမူအရာတစ်ခု ပေါ်လာသည်။

ထိုထနောင်းပင်ကြီးမှာ မလှုပ်မယှက်ငြိမ်သက်နေပြီး ခုနကတိုက်ခိုက်မှုသည် ၎င်း၏စွမ်းအင်အားလုံးကို ကုန်ဆုံးသွားစေဟန်တူသည်။ မရေမတွက်နိုင်သောသစ်မြစ်များက မြက်ခင်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ထိုသစ်မြစ်များမှာ ဖြည်းညင်းစွာတွန့်လိမ်လှုပ်ရှားရင်း မြေအောက်သို့ပြန်ဝင်ရန် ကြိုးစားနေကြသည်။ သို့သော် ဤအရှိန်မှာ ခုနကရူးသွပ်သောတိုက်ခိုက်မှုနှင့်နှိုင်းယှဉ်လျှင် အားမရှိတော့ပေ။

မူလက စိမ်းစိုနေသောသစ်ရွက်များပင်လျှင် ဝါကျင့်ကျင့်ဖြစ်လာပြီး ကောင်းကင်မှ တဖြည်းဖြည်းကြွေကျလာသည်။ အချိန်တိုအတွင်းမှာပင် ဤထနောင်းပင်ကြီးသည် သေလုမျောပါးဖြစ်နေပြီဟု ထင်ရ၏။

ဤမြင်ကွင်းကိုမြင်သောအခါ လော်ယွမ်သည် သက်ပြင်းတစ်ချက်ချလိုက်သလို စိတ်ထဲတွင်လည်း ကြောက်လန့်တုန်လှုပ်မိသည်။

ဤတစ်ခေါက် တကယ်ကိုအသက်ဘေးနဲ့နီးလွန်းသွားခဲ့သည်။ အကယ်၍သာ ဆင်ခြင်တုံတရားရှိနေသေးလျှင် သူ မည်သို့မျှ ထိုကဲ့သို့မဆင်မခြင်လုပ်မိမည်မဟုတ်ပေ။

၎င်း၏တိုက်ခိုက်မှုကို တစ်ခါခံခဲ့ရပြီးဖြစ်သော်လည်း သတိမထားမိခဲ့သည်ကို ပြန်စဉ်းစားမိသည်။

ဒေါသကိုအသုံးချခြင်းသည် တိုက်ခိုက်ရေးစွမ်းရည်ကို ခဏတာတိုးမြှင့်ပေးနိုင်သော်လည်း ကမ္ဘာပျက်ကပ်တွင် လူသားတို့၏အကြီးမားဆုံးအားသာချက်ဖြစ်သော ဉာဏ်ပညာနှင့်သတိတရားကို စွန့်လွှတ်လိုက်ရသလိုဖြစ်ပြီး မိမိကိုယ်ကို အလွန်အန္တရာယ်များသော အခြေအနေသို့ရောက်ရှိစေသည်ဟု ထင်ရ၏။ ဤတစ်ခေါက်သူအလွန်ကံကောင်း၍မဟုတ်ပါက၊ ၎င်းတွင်နောက်တစ်ကြိမ်တိုက်ခိုက်ရန်အားသာကျန်နေသေးပါက သူသည်ယခုအချိန်တွင် အစိတ်စိတ်အမွှာမွှာဖြစ်နေလောက်ပေပြီ။ သေပြီးနောက်တွင်ပင် ဝိညာဉ်ဘဝဖြင့် ထနောင်းပင်၏ကျွန်ပြုတာခံရပြီး ၎င်း၏အစိတ်အပိုင်းတစ်ခုဖြစ်သွားနိုင်သေးသည်။

ဤကဲ့သို့ လှုပ်ရှားမှုနှေးကွေးသော အပင်အမျိုးအစား သန္ဓေပြောင်းသတ္တဝါမျိုးကို ရင်ဆိုင်ရာတွင် ဓာတ်ဆီတစ်ပုံးလောက်နှင့်ပင် လွယ်ကူစွာဖြေရှင်းနိုင်လောက်သည်။

ယခုပြန်စဉ်းစားကြည့်မှ သူသည် စိတ်ထဲတွင် ကြက်သီးထမိတော့သည်။

သို့သော် ထနောင်းပင်ကြီး၏နောက်ဆုံး တိုက်ခိုက်မှုက အလွန်အံ့ဩစရာပင်။ ၎င်းက စိတ်ဝိညာဉ်ကိုတိုက်ရိုက်တိုက်ခိုက်လိုက်သည့်အလားထင်မှတ်ရသည်။ သူ့ကိုယ်ပေါ်မှ စိတ်စွမ်းအင်အလွှာပါးပင်လျှင် တစ်ခဏမျှမတားဆီးနိုင်ဘဲ ဦးနှောက်ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာသည်။ ယခုသူသတိပြန်လည်လာပြီဖြစ်သော်လည်း ဦးနှောက်မှာမူ မွှေနောက်ထားသောဂျုံရည်တစ်ခွက်ကဲ့သို့ မူးဝေနောက်ကျိနေဆဲဖြစ်သည်။

လော်ယွမ်က စိတ်ထဲတွင်တွေးလိုက်သည်။ သရဲတစ္ဆေများကို တွေ့မြင်ပြီးနောက်တွင် သူသည် ဝိညာဉ်၏တည်ရှိမှုကို လုံးဝယုံကြည်သွားပြီဖြစ်သည်။

ထိုအချိန်တွင် သူ၏နှာခေါင်းထဲတွင် ယားယံလာသည်ကို ခံစားလိုက်ရပြီး လက်ဖြင့်စမ်းကြည့်လိုက်ရာ သွေးများဖြစ်နေသည်။ ထို့နောက် နှာခေါင်းတစ်ခုတည်းမဟုတ်ဘဲ နားများနှင့်မျက်လုံးများမှပါ သွေးများထွက်နေသည်ကို သူတွေ့ရှိလိုက်သည်။

သူ၏မျက်နှာတွင် ထိတ်လန့်သောအမူအရာပေါ်လာပြီး ခြေလှမ်းအနည်းငယ်ကို သတိဖြင့်လှမ်းကြည့်လိုက်ရာ လှုပ်ရှားမှုပုံမှန်ဖြစ်ပြီး ခြေလက်များလည်း လျင်မြန်စွာတုံ့ပြန်နိုင်သေးသည်၊ အမြင်အာရုံနှင့်အကြားအာရုံလည်း မဆုံးရှုံးသေးသည်ကိုတွေ့မှ သူအနည်းငယ်စိတ်အေးသွားသည်။

သူခဏအနားယူပြီးနောက် နောက်ဆုံးတွင် ထိုထနောင်းပင်ကြီးကိုပြန်ကြည့်လိုက်သည်။ "ဒါကြီးကိုရှင်းဖို့အချိန်ကျပြီ"

ဤဧရာမထနောင်းပင်ကြီးသည် လော်ယွမ်၏ မကောင်းသော အကြည့်ကို ခံစားမိဟန်တူပြီး ကိုယ်ထည်မှာ အနည်းငယ်တုန်ခါသွားသည်။ မူလကမြေအောက်သို့ဝင်ရောက်တော့မည့် သစ်မြစ်များက ဖြည်းညင်းစွာပြန်ထွက်လာသော်လည်း အားမရှိတော့သည်မှာ ထင်ရှား၏။

လော်ယွမ်က အေးစက်စွာပြုံးလိုက်ပြီး ရှေ့သို့တစ်လှမ်းချင်းလျှောက်သွားရာ အနီးအနားမှသစ်မြစ်အချို့က အားလျော့စွာလှုပ်ရှားလိုက်ပြီးနောက် ကံကြမ္မာကိုလက်ခံကာ အရှုံးပေးလိုက်ကြသည်။

ပင်စည်အလယ်မှ မပီမသသောမျက်နှာသည် တဖြည်းဖြည်းပြောင်းလဲလာပြီး နောက်ဆုံးတွင် လူကဲ့သို့တောင်းပန်သော အမူအရာပေါ်လာကာ သစ်ခက်သစ်ရွက်ထီးကြီးတစ်ခုလုံးက ရှဲရှဲမြည်သံများထွက်ပေါ်လာသည်။

လော်ယွမ်က မည်သို့မှမနေပဲ ဓားရှည်ကိုကိုင်စွဲကာ အရှိန်ကိုရုတ်တရက်မြှင့်တင်ပြီး ပင်စည်ကို အားကုန်ခုတ်ချလိုက်သည်။

အပြာရင့်ရောင်အဆင့်ဓားရှည်မှာ အလွန်ထက်မြက်ပြီး ပဲပြားကိုလှီးဖြတ်နေသကဲ့သို့ မည်သည့်ခုခံမှုကိုမျှမကြုံတွေ့ရဘဲ ချောမွေ့စွာဖြတ်သန်းသွား၏။

ပင်စည်မှာ ပြင်းထန်စွာတုန်ခါသွားပြီး သေခြင်းတရား၏လှုံ့ဆော်မှုအောက်တွင် ပတ်ဝန်းကျင်မှသစ်မြစ်များက နောက်ဆုံးစွမ်းအင်များကို ထုတ်ဖော်ကာ ပြင်းထန်စွာတုန်ခါလာကြသည်။ သစ်မြစ်အချို့က ပြန်လည်တိုက်ခိုက်ရန်ကြိုးစားသော်လည်း လော်ယွမ်က လွယ်ကူစွာဖြင့် တစ်ခုချင်းစီကို ခုတ်ဖြတ်လိုက်သည်။ သူသည် နောက်ထပ်မတော်တဆမှုများ မဖြစ်ပွားစေရန် အချိန်ဆွဲမနေရဲပေ။

ဓားရှည်၏အဆက်မပြတ်ခုတ်ဖြတ်မှုအောက်တွင် မိုးမျှော်တိုက်ကြီးသဖွယ်ရှိသော ဤဧရာမထနောင်းပင်ကြီးသည် နောက်ဆုံးတွင် ဝုန်းခနဲလဲကျသွားပြီး အနီးအနားမှ တစ်ဝက်တစ်ပျက်ပြိုကျနေသော အဆောက်အအုံတစ်ခုကို လုံးဝဖိချေလိုက်ရာ မြေပြင်တွင် ငလျင်အသေးစားတစ်ခုဖြစ်ပေါ်သွားစေသည်။

လော်ယွမ် ဆယ်စက္ကန့်ခန့်စောင့်ပြီးနောက်တွင် တာဝန်ပြီးမြောက်ကြောင်း အသိပေးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"ဒင်...E အဆင့် မစ်ရှင် - ကျင်းယွဲ့အိမ်ရာဝင်းမှ လူများပျောက်ဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန် အောင်မြင်သွားပါပြီ"

"မစ်ရှင်ပြီးမြောက်ရန်ကြာချိန် - ၇နာရီ ၃၆မိနစ်"

"မစ်ရှင်အကဲဖြတ်ချက် - ကောင်းမွန်"

"အခြေခံအတွေ့အကြုံအမှတ် +၁၆၀၀"

"အကဲဖြတ်ချက် - သာမန်"

"အတွေ့အကြုံအမှတ် +၈၀၀"

"အတွေ့အကြုံအမှတ် - ၄၃၀၀/၁၉၂၀၀"

လော်ယွမ်က သူ၏လက်ရှိအတွေ့အကြုံအမှတ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ အဆင့်တက်ရန် အလွန်ဝေးကွာသေးပြီး ဤအတွေ့အကြုံအမှတ်အနည်းငယ်မှာ အစွန်းအဖျားမျှသာဖြစ်သည်။

ယခုအခါ အဆင့်တက်ခြင်းမှာ ပို၍နှေးကွေးလာပြီဖြစ်သည်။ အဆင့်၈သို့ရောက်ရှိရန် တာဝန်တိုင်းကို ''ကောင်းမွန်'' အဆင့်ဖြင့်အကဲဖြတ်ခံရလျှင်ပင် E အဆင့်တာဝန် ခြောက်ခု၊ ခုနစ်ခုခန့် ပြီးမြောက်ရန်လိုအပ်သည်။ အကယ်၍ အပြာရင့်ရောင်အဆင့်ဆိုလျှင်တော့…

သူက ထိုအန္တရာယ်များသောအတွေးကို အလျင်အမြန်ဖယ်ရှားလိုက်သည်။ ဤသည်မှာ မိမိကိုယ်ကိုသေကြောင်းကြံခြင်းနှင့်မထူးပေ။

အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့်ပင် အနည်းငယ်အခက်အခဲတွေ့နေရပြီး အနည်းငယ်မှားယွင်းလိုက်သည်နှင့် ပြင်းထန်စွာဒဏ်ရာရနိုင်သည်။ အပြာရင့်ရောင်အဆင့် အရှင်သခင်များအကြောင်းကိုတော့ ပြောစရာမလိုတော့ပေ။ ယခင်ကတွေ့ကြုံခဲ့ရသော အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများကို စဉ်းစားမိရုံဖြင့်ပင် သူခေါင်းနပမ်းကြီးသွားမိသည်။

လော်ယွမ်က အိမ်ပြန်အိပ်တော့မည်ဟု ပြင်ဆင်နေစဉ်တွင် လဲကျနေသောထနောင်းပင်ကြီး၏ ပင်စည်ထဲတွင် တစ်စုံတစ်ခုက အလင်းရောင်တောက်နေသည်ကို မျက်စိထောင့်မှမြင်လိုက်သည်။

သူသည် ဇဝေဇဝါဖြင့် လျှောက်သွားလိုက်ရာ ထိုအလင်းရောင်သည် ပင်စည်အလယ်ပိုင်း၏ အနည်းငယ်အတွင်းကျသောနေရာတွင်ရှိနေပြီး အနီးအနားမှသစ်သားများမှာ အခြားနေရာများနှင့်မတူဘဲ အလွန်သိပ်သည်းနေသည်ကို တွေ့လိုက်ရသည်။ အကယ်၍ အစက သူ့ခုတ်ချက်အပေါ်သို့အနည်းငယ်မြင့်ခဲ့ပါက သူတိုက်ရိုက်ခုတ်ဖြတ်မိသွားလောက်သည်။ သူ၏စိတ်ထဲတွင် စပ်စုလိုစိတ်ဖြစ်ပေါ်လာပြီး ဓားကိုကိုင်ကာ သတိဖြင့်တူးဆွလိုက်သည်။

သစ်သားမည်မျှပင်သိပ်သည်းနေပါစေ အပြာရင့်ရောင်အဆင့်ဓားရှည်အောက်တွင် အားနည်းလှသည်။ ပတ်ဝန်းကျင်မှသစ်သားများကို လော်ယွမ်က တစ်ခုချင်းစီလှီးဖြတ်သွားပြီးနောက် မကြာမီမှာပင် ချိုးငှက်ဥအရွယ်အစားရှိသော အစိမ်းရောင်ကျောက်သလင်းတစ်လုံးက သူ၏လက်ဖဝါးထဲသို့ ကျရောက်လာသည်။

ဤကျောက်သလင်းသည် လုံးဝန်းနေပြီး မျက်နှာပြင်တွင် အညိုရင့်ရောင်လျှို့ဝှက်ဆန်းကြယ်သော ပန်းကွက်များပါရှိရာ ကြည့်ရသည်မှာ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လက်ရာမြောက်သည့်ပစ္စည်းတစ်ခုနှင့်တူ၏။

သို့သော် ၎င်းသည် ပို၍စိမ်းလန်းပြီး ထိုအစိမ်းရောင်မှာ သက်ဝင်လှုပ်ရှားနေသကဲ့သို့ပင်။ ထို့အပြင် တစ်ကိုယ်လုံးမှ အလင်းရောင်ဖျော့ဖျော့ဖြာထွက်နေပြီး အပြင်ဘက်တွင် မည်မျှပင်မှောင်မိုက်နေပါစေ ဖောက်ထွင်းမြင်နိုင်သော အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေဆဲဖြစ်သည်။

လော်ယွမ်က ဤလုံးဝန်းသောကျောက်သလင်းကို ဆုပ်ကိုင်ထားစဉ် သူ၏စိတ်နှလုံးသည် တစ်ခဏအတွင်း ငြိမ်းချမ်းသွားပြီး စိတ်တစ်ခုလုံး ရေနွေးနွေးထဲတွင် စိမ်ထားသကဲ့သို့ အဆက်မပြတ်အာဟာရဖြည့်တင်းပေးနေသည်ဟု ခံစားလိုက်ရသည်။ ယခင်က မူးဝေနောက်ကျိနေသောဦးနှောက်ပင်လျှင် တဖြည်းဖြည်းကြည်လင်လာသကဲ့သို့ပင်။

ခန္ဓာကိုယ်၏ထူးခြားမှုကိုခံစားမိပြီးနောက် သူသည် ဤအရာမှာမရိုးရှင်းကြောင်း ချက်ချင်းသဘောပေါက်ကာ အမျိုးအမည်ခွဲခြားအစွမ်းကို အလျင်အမြန်အသုံးပြုလိုက်သည်။

အမည် - တစ္ဆေထနောင်းပင်၏နှလုံးသား

ရှားပါးမှုအဆင့် - အပြာရောင်

အလေးချိန် - ၁၀၀ ဂရမ်

အမျိုးအစား - စိတ်ဝိဉာဉ်ဆိုင်ရာအားဖြည့်သလင်းကျောက်

ထပ်တိုးအစွမ်း - စိတ်စွမ်းအင် +၁၊ အာရုံခံနိုင်စွမ်း +၁

သုံးသပ်ချက် - ဤသည်မှာ ရှားပါးသော သက်ဝင်လှုပ်ရှားသလင်းကျောက်တစ်လုံးဖြစ်သည်။ ၎င်း၏တန်ဖိုးသည် ၎င်း၏အကဲဖြတ်ချက်ထက် များစွာကျော်လွန်၏။ ကိုယ်နှင့်မကွာဆောင်ထားရုံဖြင့် ကုန်ဆုံးသွားသော စိတ်စွမ်းအင်နှင့် အာရုံခံနိုင်စွမ်းကို လျင်မြန်စွာပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ထပ်တိုးအကျိုးသက်ရောက်မှုလည်းရှိသည်။

အချက်အလက်များမှာ ရိုးရှင်းသော်လည်း လော်ယွမ်က အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲစဉ်းစားသုံးသပ်နေမိသည်။

ထိုအခါမှ သူ၏အာရုံခံနိုင်စွမ်းမှာ သူတောင်မသိလိုက်ဘဲ များစွာတိုးတက်လာသည်ကို သတိပြုမိသည်။ မူလပေ၆၀မှ ပေ၉၀အဝန်းအဝိုင်းသို့ ပျံ့နှံ့သွားပြီး အာရုံခံနိုင်စွမ်းမှာ ပို၍ကြည်လင်ပြတ်သားလာကာ အသေးစိတ်မြင်ယောင်နိုင်လာသည်။ မြက်ပင်ငယ်တစ်ပင်၏ လှုပ်ရှားမှုကိုပင် စိတ်ထဲတွင် ထင်ထင်ရှားရှားထင်ဟပ်နေသည်။

စိတ်စွမ်းအင်ကိုမူ စမ်းသပ်ရန်မလွယ်ကူပေ။ အကြောင်းမှာ ယခင်က တစ်ဝက်ကျော်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ယခုအခါတွင်မူ စိတ်စွမ်းအင်အများအပြားကုန်ဆုံးသွားသည့်အခါကဲ့သို့ အတွေးများကိုမထိန်းချုပ်နိုင်သည့်အခြေအနေမျိုး မရှိသောကြောင့်ပင်။

အလွန်ဝမ်းသာအားရခြင်းဟူသည်ကား ထိုသို့ပင်ဖြစ်သည်။ လော်ယွမ်သည် ယခုအချိန်တွင် လွန်စွာဝမ်းမြောက်နေသည်။ သူသည် စိတ်ထဲမှပျော်ရွှင်မှုကို အစွမ်းကုန်ထိန်းချုပ်ထားသော်လည်း ယခုအချိန်တွင်မူ မပြုံးဘဲမနေနိုင်တော့ပေ။

သို့သော် ကာလရှည်ကြာတရားထိုင်ခြင်းသည် အချည်းနှီးမဟုတ်ပေ။ မကြာမီမှာပင် သူ၏စိတ်က လုံးဝငြိမ်သက်သွားသည်။

ထိုအချိန်တွင် သူရုတ်တရက်သတိရလိုက်သည်။ ယခင်က အဖွဲ့သားအချို့ ဤအနီးအနားတွင် လဲလျောင်းနေခဲ့သည်။ ထိုစဉ်ကအခြေအနေမှာ အရေးပေါ်ဖြစ်သောကြောင့် ပိုကောင်းသည့်နည်းလမ်းမရှိဘဲ တစ်ယောက်ချင်းစီကို မေ့မြောသွားအောင်လုပ်ခဲ့ရသည်။ ထို့နောက် လော်ယွမ်ကို သရဲတစ္ဆေများက ဝိုင်းဝန်းတိုက်ခိုက်သောကြောင့် သူတို့အကြောင်းကို အာရုံမစိုက်နိုင်တော့ဘဲ ယခုအချိန်ထိ အပြင်တွင် လဲလျောင်းနေကြဆဲဖြစ်သည်။ သူတို့ဤတစ်ခါလည်း ကံကောင်းစွာဖြင့် အသက်ဘေးမှလွတ်မြောက်နိုင်ကြပါစေဟု သူဆုတောင်းမိသည်။

လော်ယွမ်က အမြန်လျှောက်သွားလိုက်ရာ မကြာမီမှာပင် မြေပေါ်တွင်လဲလျောင်းနေသော လူအချို့၏ပုံရိပ်များကို တွေ့လိုက်ရသည်။ ဤနေရာတွင်ပြင်းထန်သောတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့်ဖြစ်မည် ပတ်ဝန်းကျင်မှအဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများမှာ ဤနေရာမှအဝေးသို့ ရှောင်တိမ်းသွားကြပြီး လူအားလုံးမှာ ကံကောင်းစွာဖြင့် ဘေးမသီရန်မခရှိနေကြသည်။

လော်ယွမ်က သူတို့ကိုတစ်ယောက်ချင်းစီနှိုးလိုက်ရာ သူတို့အားလုံးမှာ ဇဝေဇဝါဖြင့်နိုးထလာကြပြီး မိမိတို့က ဗီလာ၏မြေအောက်ခန်းတွင်မဟုတ်ဘဲ မှောင်မိုက်နေသောတောထဲတွင်ရောက်နေသည်ကို တွေ့ရှိသောအခါ နင်းရှောင်ရမ်မှလွဲ၍ ကျန်လူများမှာ အလွန်ကြောက်လန့်သွားကြပြီး စိတ်ဓာတ်ကျသွားသည်မှာထင်ရှားသည်။ အမျိုးသမီးအချို့မှာ အဆက်မပြတ်အော်ဟစ်ကြတော့သည်။ နေ့ခင်းဘက်က "အတွေ့အကြုံ" ကြောင့် နင်းရှောင်ရမ်၏အခြေအနေမှာတော့ အနည်းငယ်ပိုကောင်းနေသည်။

လော်ယွမ်က ကြည့်မနေနိုင်တော့ဘဲ အေးစက်စွာဟိန်းဟောက်လိုက်သည်။

"ခင်ဗျားတို့ခုလိုဖြစ်ပျက်နေတဲ့ပုံစံကိုကြည့်ရင် အခုချိန်ထိအသက်ရှင်နေတာကို ကံကောင်းတယ်လို့ပဲ ကျုပ်ပြောရမယ်… ဒါပေမဲ့ ခင်ဗျားတို့အဲ့လို အမြဲတမ်းကံကောင်းနေမှာ မဟုတ်ဘူး… ဒီနေ့ခင်ဗျားတို့ ကံကောင်းသွားတာက ကျုပ်နောက်ကလိုက်လာလို့ပဲ… ကျုပ်သာမလိုက်လာခဲ့ရင် ခင်ဗျားတို့အခုချိန်မှာ သန္ဓေပြောင်းသတ္တဝါတွေရဲ့ဗိုက်ထဲ ရောက်နေလောက်ပြီ"

"ခင်ဗျားတို့အရမ်းကြောက်နေရင်လည်း အောင့်ထား… မအောင့်နိုင်တော့ရင်လည်း ဓားနဲ့လည်ပင်းကိုလှီးလိုက်… ဘာလို့လဲဆိုတော့ အခုလိုပုံစံနဲ့ အသက်ဆက်ရှင်ဖို့က သေတာထက်ကြောက်ဖို့ကောင်းနေလို့ပဲ" လော်ယွမ်က သူတို့ကို ဝမ်ရှီရှီကိုဆက်ဆံသကဲ့သို့ နူးညံ့စွာဆက်ဆံမည်မဟုတ်ပေ။

သူသည် ပရဟိတအဖွဲ့အစည်းတစ်ခုမဟုတ်သည့်အပြင် ဤလူများကို အလကားကျွေးမွေးရန် တာဝန်မရှိပေ။ အမှန်တကယ်တွင် ဤလူများ၏အကူအညီကိုလည်း သူမျှော်လင့်မထားပေ။ သူတို့ကိုကျွေးမွေးထားခြင်းမှာ ကမ္ဘာပျက်ကပ်မတိုင်မီက ကိုယ်ကျင့်တရား၏လွှမ်းမိုးမှုကြောင့်သာဖြစ်သည်။

သို့သော် အနည်းဆုံးတော့ သူတို့ဝန်ထုတ်ဝန်ပိုးမဖြစ်သင့်ပေ။ ယနေ့ကဲ့သို့အခြေအနေမျိုးတွင် ထိုတစ္ဆေထနောင်းပင်က စွမ်းရည်အနည်းငယ်အသုံးပြုလိုက်ရုံဖြင့် တစ်ဖွဲ့လုံးရှုံးနိမ့်သွားသည်။ ယခုပြန်စဉ်းစားကြည့်လျှင် စိတ်စွမ်းအင်အနည်းငယ်သာပို၍အားကောင်းပါက ဤစိတ်ညှို့မှုကို လွယ်ကူစွာခုခံနိုင်မည်ဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှမခံနိုင်ခဲ့ပေ။

သန္ဓေပြောင်းလူသားဖြစ်သော ဝမ်ရှီရှီပင်လျှင် အညှို့ခံလိုက်ရခြင်းမှာ…

ဝမ်ရှီရှီက အရွယ်မရောက်သေးသူဖြစ်ပြီး စိတ်ဓာတ်မရင့်ကျက်သေးသည်ကို ထည့်သွင်းစဉ်းစားလျှင် ခွင့်လွှတ်နိုင်စရာရှိသေးသည်။

သို့သော် အရွယ်ရောက်ပြီးသူများပင်လျှင် ဤသို့ဖြစ်နေသည်မှာ သူတို့အလွန်အားနည်းကြောင်းပြသနေသည်။ ကမ္ဘာပျက်ကပ်မတိုင်မီကဘဝသည် သူတို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ပျက်စီးစေခဲ့ပြီ။ အကယ်၍ သူတို့၏အပြုအမူများ ဆက်လက်ဆိုးရွားနေပါက သူက စိတ်ကိုတင်းကာ သူတို့ကိုမောင်းထုတ်ရတော့မည်ဖြစ်သည်။

လော်ယွမ်၏အေးစက်သောစကားသံကိုကြားသောအခါ ပတ်ဝန်းကျင်က ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

ဆက်ရန်…

အပိုင်း(၁၀၀)သတ္တိ

ဟော်တုံက ခေါင်းပေါ်တွင် မျက်နှာသုတ်ပုဝါအဖြူတစ်ထည်ကို ပတ်တီးစည်းထားပြီး အင်္ကျီလက်စတစ်စဖြင့် သူ၏လည်ပင်းကို တင်းကျပ်စွာ စည်းနှောင်ထား၏။ ကြည့်ရသည်မှာ အာရပ်လူမျိုးတစ်ယောက်နှင့်ပင် တူနေသေးသည်။ ထို့နောက် သူက အနည်းငယ်တုန်ယင်နေသောလက်များဖြင့် ကောက်ရိုးမျှင်ကိုအသုံးပြုကာ ဘောင်းဘီအောက်နားစကို သေသေချာချာ ချည်နှောင်လိုက်သည်။ နေရာမှာပင် ခုန်ဆွခုန်ဆွလုပ်ကြည့်ပြီးနောက် တစ်ကြိမ်ထပ်မံ၍ စစ်ဆေးလိုက်ပြန်သည်။

ဤတစ်သက်တွင် ဤမျှလောက်သတိကြီးကြီးမားမား ထားခဲ့ဖူးခြင်းမရှိဟု သူကျိန်ဆိုရဲ၏။

သူက မိမိ၏အင်္ကျီနှင့် ဘောင်းဘီကို လက်ဖြင့်စမ်းကြည့်လိုက်သည်။ လက်ထဲတွင် ခံစားမိသော မာကျောကြမ်းတမ်းသည့်အထိအတွေ့ကြောင့် သူ၏စိတ်မှာ အနည်းငယ် တည်ငြိမ်သွားသည်။ ဤအဝတ်အစားများအားလုံးသည် လော်ယွမ်၏ စွမ်းအားဖြင့် မြှင့်တင်ပေးထားရာ ဓားလှံလက်နက်များ မထွင်းဖောက်နိုင်ပေ။ အဆင့်တစ် သန္ဓေပြောင်းသားရဲတစ်ကောင်က နာရီဝက်ခန့်ဆက်တိုက်ကိုက်နေလျှင်ပင် ပေါက်ပြဲသွားမည်မဟုတ်ပေ။

စမ်းသပ်မကြည့်ဖူးသော်လည်း သူ၏စိတ်ထဲတွင်တော့ ဘယ်တော့မှစမ်းသပ်ရမည့်အခွင့်အရေးမျိုး မကြုံပါစေနှင့်ဟု ဆုတောင်းနေမိသည်။

သူက ကျန်ရှိနေသေးသော တစ်ဘူးတည်းသော "ဟွမ်ဟဲလုံ ၁၉၁၆" စီးကရက်ဘူးကို ထုတ်ယူလိုက်သည်။ စိတ်ဖိစီးမှုကိုဖြေလျှော့ရန် စီးကရက်တစ်လိပ်သောက်ရန် ပြင်လိုက်စဉ် စီးကရက်ဘူးထဲတွင် ငါးလိပ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ လော်ယွမ်ကို အနည်းငယ်ခွဲပေးခဲ့သည်မှလွဲ၍ အခြားသူများကို သူတစ်ခါမျှ မပေးခဲ့ဖူးပေ။ ဤလူများက သူ့အတွက် မည်သည့်အကျိုးကျေးဇူးမှ ယူဆောင်လာပေးနိုင်မည်ဟု သူ မထင်မိသောကြောင့်ပင်။ အမှန်တကယ်တွင် သူ၏စိတ်ထဲ၌ ဤလူများကို အနည်းငယ် အထင်သေးလျက်ရှိသည်။

ကမ္ဘာမပျက်မီက သူသည် အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး သူဌေးတစ်ဦးဟုပြောနိုင်သည်။ ဘီလီယံနာသူကြွယ်ကြီးများနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်သော်လည်း ဤကဲ့သို့သော အောက်ခြေအလုပ်သမားများ၊ ရုံးဝန်ထမ်းများနှင့်တော့ အဆင့်အတန်းမတူညီပေ။

သို့သော် ယခုအချိန်တွင် သူက ခေတ္တမျှချီတုံချတုံဖြစ်သွားပြီးနောက် လူတိုင်းကို တစ်လိပ်စီ ရက်ရောစွာ ဝေငှပေးလိုက်သည်။ ယခုအချိန်သည် ကပ်စေးနဲရမည့်အချိန်မဟုတ်။ ဤတစ်ကြိမ်စစ်ဆင်ရေးသည် အလွန်အန္တရာယ်များလှသည်။ အကယ်၍ တစ်စုံတစ်ရာဖြစ်ပွားခဲ့လျှင် လူတိုင်းနှင့် အဆင်ပြေအောင်ဆက်ဆံထားပါက တစ်ခါတစ်ရံတွင် အရေးပါသောအကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။

ချန်ရှန်ဖုန်းက စိတ်မပါ့တပါပုံစံဖြင့် စီးကရက်ကိုယူပြီးနောက် လောဘကြီးစွာ ရှူရှိုက်လိုက်သည်။ အိတ်ကပ်ကိုစမ်းနှိုက်ကာ မီးခြစ်တစ်လုံးကို ဖြည်းညှင်းစွာထုတ်ယူပြီး မီးညှိလိုက်သည်။ ထို့နောက် အငမ်းမရတစ်ချက်ရှိုက်ဖွာပြီး မီးခိုးငွေ့ကို အချိန်အတော်ကြာအောင် မထုတ်ဘဲ၊ နှစ်ခြိုက်နေသောမျက်နှာထားဖြင့် ရှိနေ၏။

ဟော်တုံက ချန်ရှန်ဖုန်းကို မသိမသာတစ်ချက်ကြည့်လိုက်ပြီး အားတင်းပြုံးကာ "ဘယ်လိုပဲပြောပြောငါတို့က တစ်လှေထဲစီး တစ်ခရီးထဲသွားတွေပဲလေ… အရေးကြုံရင် အချင်းချင်း ပြန်ကူညီရမှာပေါ့"

စွန်းရှောင်ဝူက ပွင့်ပွင့်လင်းလင်းပင် "ဒါကတော့ပြောစရာတောင်မလိုပါဘူး ဘယ်သူပဲဖြစ်ဖြစ် အန္တရာယ်ကြုံရင် အချင်းချင်းကူညီရမှာပဲ… အဲ့လိုမဟုတ်ပဲနောက်လှည့်ပြေးရဲရင်တော့ ကျုပ်ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့" ဟု ဆိုသည်။

"ငါလည်းလက်ခံတယ်… ငါတို့ကဘာမှမလုပ်ရင်တောင် အဲ့လိုလူမျိုးကို ခေါင်းဆောင်ယွမ်က လက်ခံမှာမဟုတ်ဘူး" ကျောက်တကန်းကလည်း ချက်ချင်းထောက်ခံလိုက်သည်။

ထိုညက လော်ယွမ်၏ အေးစက်တည်ငြိမ်သော အမူအရာကို ပြန်တွေးမိသောအခါ ဟော်တုံ၏စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်သွားပြီး မူလကရှိနေသော ကိုယ်ကျိုးရှာအကြံအစည်များလည်း ချက်ချင်းပျောက်ကွယ်သွားသည်။

ဘေးမှ ချန်ရှန်ဖုန်းမှာမူ မြေပြင်ပေါ်တွင်ထိုင်ချကာ စီးကရက်ကိုသာ အသံတိတ်ဖွာရှိုက်ရင်း တိတ်ဆိတ်စွာနေ၏။

စီးကရက်တစ်လိပ်ကုန်သွားသောအခါ လူအားလုံးသည် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာဖြင့် ကုန်ပစ္စည်းတင်စင်များမှ ဖြုတ်ယူပြုလုပ်ထားသော တြိဂံပုံ ထောက်တိုင်သံချောင်းများဖြင့်လုပ်သည့် လှံတိုများကို ကိုင်ဆောင်ပြီး ဓာတ်ဆီအပြည့်ဖြည့်ထားသော ဆေးဖျန်းပုံးများကိုဆွဲကာ ဗီလာအပြင်ဘက်သို့ ထွက်ခွာသွားကြသည်။

မြက်ခင်းပြင်သည် အမြင်အာရုံကို ကာဆီးထားရုံသာမက သန္ဓေပြောင်းသတ္တဝါများ ပေါက်ပွားရာနေရာလည်း ဖြစ်နေသည်။ သာမန်လူများအတွက် အနီးအနားတွင်နေထိုင်ခြင်းသည် အလွန်အန္တရာယ်များ၏။ လော်ယွမ်တို့အဖွဲ့ ဤနေရာတွင် ရေရှည်နေထိုင်မည်ဆိုပါက ဦးစွာပထမ ဤပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ သို့သော် အိမ်ရာဥယျာဉ်၏ ဧရိယာသည် အလွန်ကျယ်ဝန်းလှရာ ရှိသမျှလောင်စာဆီအားလုံးကို သုံးစွဲလျှင်ပင် သမုဒ္ဒရာထဲသို့ ရေတစ်ခွက်လောင်းထည့်သကဲ့သို့သာ ဖြစ်ပေမည်။ ထို့အပြင် နောက်ပိုင်းတွင် မကြာခဏမရှင်းလင်းဘဲ ပြုပြင်ထိန်းသိမ်းမှုမလုပ်ပါက မကြာမီပင် မြက်ခင်းပြင်အသစ်တစ်ခု ပြန်လည်ပေါ်ပေါက်လာမည်ဖြစ်သည်။

ဓာတ်ဆီဖြစ်စေ၊ လူအင်အားဖြစ်စေ လုံလောက်မှုမရှိပေ။

ထို့ကြောင့် လော်ယွမ်က ပစ်မှတ်ကိုကျဉ်းမြောင်းရန် ဆုံးဖြတ်လိုက်ပြီး ဗီလာပတ်ဝန်းကျင်မှ မြက်ခင်းများကို ဦးစွာရှင်းလင်းရန် စီစဉ်လိုက်၏။ ဤတစ်ကြိမ်တွင် လော်ယွမ်က ကိုယ်တိုင်ပါဝင်ရန် ရည်ရွယ်ချက်မရှိဘဲ ဤတာဝန်ကို အသစ်ရောက်လာသောလူများကို ပေးအပ်လိုက်သည်။

အန္တရာယ်ကိုမကြုံဖူးသောသူသည် အစွမ်းထက်တိုးတက်လာနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူက ဤလူများကို အလကားကျွေးမွေးထားရန်လည်း ဆန္ဒမရှိ။ ဤကဲ့သို့သော အန္တရာယ်အသေးအဖွဲကိုပင် မစမ်းသပ်ရဲပါက လော်ယွမ် သူတို့အပေါ် လုံးဝစိတ်ပျက်သွားရုံသာရှိတော့မည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့တွင် သတ္တိအနည်းငယ် သို့မဟုတ် စဉ်းစားဉာဏ်ရှိနေသေးပြီး ချီတုံချတုံမဖြစ်ဘဲ သဘောတူခဲ့ကြသည်။

မူလက လော်ယွမ်က အမျိုးသမီးများကိုပါ လိုက်သွားစေရန် ရည်ရွယ်ခဲ့သော်လည်း ဟွမ်ကျားဟွေက တားဆီးခဲ့သည်။ လော်ယွမ်က စဉ်းစားကြည့်ပြီးနောက် လက်လျှော့လိုက်၏။

အမျိုးသမီးများသည် တိုက်ပွဲများတွင် ပင်ကိုအားနည်းချက်ရှိကြသည်။ အချို့မှာ ကြက်သတ်ရန်ပင် မရဲကြပေ။ သူတို့ကိုပါ လိုက်သွားစေခြင်းသည် စွန့်စားခန်းထွက်ခြင်းမဟုတ်တော့ဘဲ အသေခံရန်စေလွှတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤသို့သောကိစ္စမျိုးကို ဖြည်းဖြည်းချင်းသာ ဆောင်ရွက်ရပေမည်။

------------------------------------------

ဗီလာဟောင်း၏ ဒုတိယထပ်တွင် လော်ယွမ်က မှန်မရှိတော့သော ပြတင်းပေါက်မှတစ်ဆင့် အဝေးမှလူအုပ်စုကို ကြည့်နေ၏။

လူလေးယောက်မှာ အလွန်အမင်းသတိကြီးနေကြပြီး ရှင်းရှင်းပြောရလျှင် လွန်ကဲစွာပင် သတိထားနေကြသည်။ လေတိုက်၍ သစ်ရွက်လှုပ်သံကြားသည်နှင့် ကြောက်လန့်ကာ မလှုပ်မယှက်ရပ်တန့်နေကြပြီး မျက်နှာများမှာ လူသေကောင်များကဲ့သို့ ဖြူဖျော့နေသည်။ လော်ယွမ်က အစပိုင်းတွင် စိတ်ဝင်စားမှုအနည်းငယ်ရှိခဲ့သော်လည်း ခဏကြာကြည့်ပြီးနောက် စိတ်ကုန်သွားတော့သည်။ ၎င်းတို့ကအလွန်ပျင်းစရာကောင်းလှ၏။

"ကျွန်မတို့မှာ ရေကုန်တော့မယ်။" ထိုစဉ် ဘေးမှ ဟွမ်ကျားဟွေက ရုတ်တရက်ပြောလာသည်။

"ဘယ်လိုလုပ်ခဏလေးနဲ့ ကုန်သွားတာလဲ" လော်ယွမ်က အနည်းငယ်အံ့အားသင့်စွာ မေးသည်။

"ရေပူစက်ထဲကရေတွေနဲ့ မျက်နှာသစ် ထမင်းချက် အသီးအရွက်ဆေးတာကလွဲရင် ထမင်းချက် ဟင်းချက်ဖို့ကိုရေသန့်တွေပဲ သုံးနေရတာလေ… ပြီးတော့နေ့တိုင်းရေသောက်ဖို့က ကုန်သေးတယ်... ကျွန်မတို့ခြွေတာမယ်ဆိုရင်တောင် တစ်နေ့ကိုဖာတစ်ဝက်ကုန်နေတာ… အဲ့တိုင်းဆိုကြာကြာခံမှာမဟုတ်ဘူး" ဟွမ်ကျားဟွေက စိုးရိမ်စွာဖြင့် ပြော၏။

"အခု ဘယ်လောက်ကျန်သေးလဲ"

"ဖာတစ်ဝက်လောက်ပဲ ကျန်တော့တယ်" ဟွမ်ကျားဟွေက ညင်သာစွာဆိုသည်။

လော်ယွမ်က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရင်း "ငါစီစဉ်လိုက်မယ်… နေ့လည်ကျရင် အပြင်သွားပြီး လူမနေတော့တဲ့အိမ်တွေမှာ လိုက်ရှာကြည့်လိုက်မယ်… အဲ့မှာရေသန့်တွေ တော်တော်များများ ရှိနေနိုင်တယ်"

ဟွမ်ကျားဟွေက တစ်စုံတစ်ခုကို ပြောချင်သော်လည်း ချီတုံချတုံဖြစ်နေပြီး အချိန်အတော်ကြာမှ "ကျွန်မပြောချင်တာက ဒီကနေတစ်ခြားပြောင်းကြမယ်ဆိုရင်ရော… ဒီမှာရှိတဲ့ရေတွေက မသန့်တော့ဘူးလေ… ကျွန်မတို့ရေသန့်ရှာနိုင်လည်း နောက်ဆုံးပြန်ကုန်သွားမှာပဲ… ဟယ်တုံမြို့ကစွန့်ပစ်ခံလိုက်ရပြီ ဘာအထောက်အပံ့မှလည်း လာမှမဟုတ်တော့ဘူး… ကျွန်မတို့ဒီမှာပဲ တစ်သက်လုံးနေသွားကြမလို့လား"

လော်ယွမ်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ "ဒါဆိုဘယ်နေရာက ပိုလုံခြုံမယ်လို့ နင်ထင်လဲ"

"ကျင်းချန်" ဟွမ်ကျားဟွေက စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည်။

"အဲ့ဒီနေရာက ဒီကနေဆို မိုင်၆၀၀ကျော်ဝေးတယ်"လော်ယွမ်က တည်ငြိမ်စွာဆိုသည်။ "လမ်းမှာဘယ်လိုအန္တရာယ်တွေကြုံရမလဲဆိုတာလည်း ဘယ်သူမှမသိနိုင်ဘူး… ပြီးတော့အဝေးပြေးလမ်းတွေကရော သွားလို့ရသေးတယ်လို့နင်ထင်လား ငါတို့လမ်းလျှောက်သွားမယ်ဆိုရင်ရော ဘယ်နှစ်ရက်ကြာမှာလဲ… လမ်းမှာကြုံရမယ့်အန္တရာယ်တွေကို ဘာမှမဖြစ်ပဲကျော်ဖြတ်နိုင်မယ်လို့ အာမခံနိုင်လား"

"ဒါပေမဲ့ဒီနေရာကလည်း အမြဲတမ်းလုံခြုံနေမှာ မဟုတ်ဘူးလေ"

"ဒါပေမဲ့ အနည်းဆုံးတော့ အခုလောလောဆယ် ဘေးကင်းနေသေးတယ်" လော်ယွမ်က ရုတ်တရက်စကားစရပ်လိုက်သည်။ အကြောင်းပြချက်များ မည်မျှပင်ခိုင်လုံစေကာမူ အတွင်းမှ အားနည်းမှုကို ဖုံးကွယ်မထားနိုင်ပေ။ သူသည် ကြောက်ရွံ့နေပြီဖြစ်ကြောင်း သူကိုယ်တိုင်သိ၏။ ဗုံးခိုကျင်းထဲတွင် ကျန်ရစ်ခဲ့သောလူများ၏ ရွေးချယ်မှုနှင့် ဘာမှမခြားပေ။ မြစ်အရှေ့မြို့သည် တဖြည်းဖြည်းပို၍ အန္တရာယ်များလာမည်ကို သိသိကြီးနှင့် ယာယီငြိမ်းချမ်းမှုကိုငဲ့၍ မျက်ကွယ်ပြုနေခြင်းဖြစ်သည်။

ထိုစဉ် ဝမ်ရှီရှီ၏အော်သံက သူတို့နှစ်ဦး၏ ငြင်းခုံမှုကို ဖြိုခွင်းလိုက်သည်။

"မီးလောင်ကုန်ပြီ…သန္ဓေပြောင်းသားရဲတွေ အများကြီးပဲ…ဒီမြက်ခင်းတွေထဲမှာ သားရဲကောင်တွေ ဘယ်လောက်တောင် ပုန်းနေကြတာလဲ" ဝမ်ရှီရှီက အခြားအမျိုးသမီးများ၏ ဖြူဖျော့နေသောမျက်နှာများကို လုံးဝဂရုမစိုက်ဘဲ အော်ကြီးဟစ်ကျယ်ပြောလိုက်သည်။

ကျင်းမေ့လီက လက်နှစ်ဖက်ကို တင်းကျပ်စွာဆုပ်ထားရာ လက်ဖမိုးမှ အရိုးဆစ်များပင် ဖြူဖွေးလာသည်။ မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများ အရပ်လေးမျက်နှာသို့ ထွက်ပြေးနေကြသည်ကို မြင်ရပြီး အချို့မှာ ကျောက်တကန်းရှိရာဘက်သို့ ပြေးသွားသည်ကိုတွေ့သောအခါ သူမတစ်ကိုယ်လုံး စိုးရိမ်စိတ်ဖြင့် တုန်ရီလာသည်။ သူမက အလျင်အမြန်မျက်လုံးမှိတ်လိုက်ပြီး ပါးစပ်မှလည်း အဆက်မပြတ် ရွတ်ဖတ်နေ၏။

လော်ယွမ်၏ အာရုံငါးပါးမှာ ထက်မြက်လှရာ သူမက ရသမျှဘုရားစာကို ရွတ်ဖတ်နေခြင်းဖြစ်ကြောင်း ကြားသိလိုက်ရသည်။

"အား…စွန်းရှောင်ဝူ အကိုက်ခံလိုက်ရပြီ " နင်ရှောင်ရန်က "အား "ခနဲအော်လိုက်ပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

လော်ယွမ်က ပြတင်းပေါက်မှတစ်ဆင့် ထိုဘက်သို့လှမ်းကြည့်လိုက်ရာ စွန်းရှောင်ဝူသည် မြေပြင်ပေါ်တွင်လဲကျနေပြီး ခွေးပေါက်အရွယ် အင်းဆက်တစ်ကောင်က သူ၏ဘောင်းဘီစကို တင်းကျပ်စွာကိုက်ထားသည်ကို တွေ့လိုက်ရသည်။ စွန်းရှောင်ဝူမှာ ထိတ်လန့်သွားသည်မှာ ထင်ရှားပြီး လက်ထဲမှလှံတံဖြင့် အရမ်း ထိုးနှက်နေသော်လည်း စိတ်လှုပ်ရှားမှုကြောင့် တစ်ကြိမ်မှ မထိရောက်ခဲ့ပေ။ သူ၏ပေါင်ကြားနေရာတွင် စိုစွတ်နေပြီး ကြောက်လန့်၍ အပေါ့များပင်ထွက်ကျသွားခဲ့သည်။

ဘေးမှလူများက ခဏမျှချီတုံချတုံဖြစ်ပြီးနောက် လှံများကိုကိုင်ကာ ထိုဘက်သို့ အလျင်အမြန် ပြေးသွားကြသည်။

လှံတံအချို့က ဟိုထိုးသည်ထိုးဖြင့် ပစ်မှတ်ကိုလုံးဝမထိပေ။ ဤလူများသည် ယခင်က ဤသို့သောအရာများကို တစ်ခါမျှမလေ့ကျင့်ဖူးကြသည့်အပြင် မှားယွင်းထိခိုက်မိမည်ကိုစိုးသဖြင့် အားမသုံးရဲကြပေ။ အချိန်အတော်ကြာအောင် ကြိုးစားသော်လည်း ဤသန္ဓေပြောင်းအင်းဆက်ကို မသတ်နိုင်ခဲ့ကြပေ။ နောက်ဆုံးတွင် ချန်ရှန်ဖုန်းက လှံတံကို တုတ်တစ်ချောင်းကဲ့သို့အသုံးပြု၍ ရိုက်နှက်လိုက်မှ စွန်းရှောင်ဝူကို ကယ်တင်နိုင်ခဲ့သည်။

လူအားလုံး စိတ်အေးသွားစဉ်မှာပင် တစ်ကိုယ်လုံးမီးလောင်ကျွမ်းနေသော သန္ဓေပြောင်းကြွက်တစ်ကောင်က ရူးသွပ်စွာပြေးထွက်လာပြီး အမြင့်သို့ခုန်တက်ကာ ကျောက်တကန်း၏လည်ပင်းကို ကိုက်ဖြတ်ရန်ကြိုးစားသည်။

သူ၏မျက်နှာမှာ ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် လက်ကိုမြှောက်ကာ တားဆီးလိုက်သည်။ သန္ဓေပြောင်းကြွက်က သူ၏လက်မောင်းကို တစ်ချက်ကိုက်လိုက်ပြီး ကျန်ရှိသောအရှိန်ဖြင့် ခြေလက်များပျော့ခွေနေပြီဖြစ်သော ကျောက်တကန်းကို မြေပြင်ပေါ်သို့ တွန်းလှဲချလိုက်သည်။ ကျောက်တကန်းက နာကျင်စွာအော်ဟစ်ပြီး လက်မောင်းကို အဆက်မပြတ်ရမ်းခါနေသော်လည်း ဤသန္ဓေပြောင်းကြွက်သည် အလွန်ရက်စက်ကြမ်းတမ်းဟန်တူပြီး တစ်ကြိမ်ကိုက်မိလျှင် သေသည့်တိုင်အောင် မလွှတ်တော့ပေ။

"အား…ကျောက်ကန်းလည်း အကိုက်ခံလိုက်ရပြီ" နင်ရှောင်ရန်က နောက်တစ်ကြိမ် "အား" ခနဲအော်ပြောလိုက်သည်။

"နင့်ကိုယ်နင် အစီအစဉ်တင်ဆက်သူများ မှတ်နေလား" လော်ယွမ်က သူမကို မျက်စောင်းထိုးလိုက်ရာ နင်ရှောင်ရန်မှာ ကြောက်လန့်ပြီး ချက်ချင်းပါးစပ်ပိတ်လိုက်သည်။

ကျင်းမေ့လီက ကျောက်တကန်း အန္တရာယ်ဖြစ်နေသည်ကိုကြားသောအခါ တစ်ကိုယ်လုံးတုန်သွားပြီး မျက်လုံးကို အလျင်အမြန်ဖွင့်ကြည့်လိုက်သည်။ ကျောက်တကန်းသည် သန္ဓေပြောင်းကြွက်၏ တွန်းလှဲခြင်းကိုခံထားရသည်ကို မြင်သောအခါ သူမတစ်ကိုယ်လုံး ကြောင်ငေးသွားပြီး ခန္ဓာကိုယ်ယိုင်နဲ့ကာ သတိလစ်မေ့မြောလုနီးပါးဖြစ်သွားသည်။ သတိပြန်ဝင်လာသောအခါ သူမက စိုးရိမ်တကြီးဖြင့် လော်ယွမ်ကို "အကိုယွမ် တောင်းပန်ပါတယ် မြန်မြန်သွားပြီး ကျောက်တကန်းကို ကယ်ပေးပါ " ဟု တောင်းပန်သည်။

လော်ယွမ်က စိတ်ထဲမှသက်ပြင်းချလိုက်ပြီး ခေါင်းခါကာ "သူတို့ကိုယ်သူတို့ပဲ ကယ်တင်နိုင်လိမ့်မယ်… သူတို့ဒီလောက် လွယ်ကူတဲ့ဟာလေးတောင် မကိုင်တယ်နိုင်ရင် အခုအသက်ရှင်လည်း ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး"

"စိတ်မပူနဲ့ သန္ဓေပြောင်းကြွက်က ကျောက်တကန်းရဲ့အင်္ကျီကို ဖောက်လို့မရဘူး… သူဘာမှမဖြစ်ဘူး" ဟွမ်ကျားဟွေကလည်း လော်ယွမ် ဤတစ်ကြိမ်ပြုလုပ်ပေးသော အဝတ်အစားများကို မြင်ဖူးသည်။ အဝတ်အစားဟုဆိုသည်ထက် သံချပ်ကာဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ယခုသည် အန္တရာယ်ရှိနေပုံပေါက်ရုံသာဖြစ်သည်။

ကျင်းမေ့လီက မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်ပြီး ရုတ်တရက်မြေပြင်ပေါ်တွင် ဒူးထောက်ချကာ ဦးခေါင်းကို အဆက်မပြတ်ဆောင့်ချလိုက်ရာ မြေပြင်မှ ဒုန်းဒုန်းအသံများထွက်ပေါ်လာပြီး မကြာမီပင် သွေးများဖြင့်နီရဲသွားသည်။ "အကိုယွမ်ကလူကောင်းတစ်ယောက်ဆိုတာ ကျွန်မသိပါတယ်… လူကောင်းတစ်ယောက်အနေနဲ့ သူ့ကိုကယ်ပေးပါ… ကျွန်မတို့အကိုယွမ်ကို သေတဲ့အထိ အလုပ်အကျွေးပြုပါမယ်"

လော်ယွမ်က ကြည့်ရင်း စိတ်ထဲတွင်သနားသွားပြီး သဘောတူရန်ပြင်ဆင်လိုက်စဉ်မှာပင် အပြင်ဘက်မှအခြေအနေက နောက်တစ်ကြိမ်ပြောင်းလဲသွားသည်။

စောစောကမှ ကယ်တင်ခြင်းခံလိုက်ရသော စွန်းရှောင်ဝူက ယခင်ကသူ၏အပြုအမူသည် အလွန်အရှက်ရဖွယ်ဖြစ်သည်ဟု ခံစားမိပြီး ရှက်စိတ်မှ ဒေါသဖြစ်လာသည်။ ကျောက်တကန်း အကိုက်ခံရသည်ကိုမြင်သောအခါ မစဉ်းစားဘဲ ချက်ချင်းပြေးသွားပြီး သန္ဓေပြောင်းကြွက်၏လည်ပင်းကို တင်းကျပ်စွာညှစ်ထားလိုက်သည်။

ဤသို့သော သတ်ဖြတ်သည့်အငွေ့အသက်အောက်တွင် ဟော်တုံကလည်း တစ်ခဏအတွင်း ကြောက်ရွံ့မှုကိုမေ့လျော့သွားပြီး ဦးနှောက်ထဲတွင် ဗလာကျင်းသွားကာ လှံတံကိုကိုင်၍ အော်ဟစ်ကာ ပြေးသွားပြီး လှံထိပ်ကို သန္ဓေပြောင်းကြွက်၏ ဝမ်းဗိုက်ထဲသို့ ထိုးစိုက်လိုက်သည်။ ထို့နောက်အခြားလူများ၏ လှံတံအချို့လည်း ဆက်တိုက်လိုက်ပါလာသည်။

"ထတော့…ဘာမှမဖြစ်တော့ဘူး။ ကျောက်တကန်းကို ကယ်တင်လိုက်နိုင်ပြီ" ဟွမ်ကျားဟွေက အလျင်အမြန်ပြောရင်း ကျင်းမေ့လီကို သွားရောက်ထူမလိုက်သည်။

ကျင်းမေ့လီက အံ့အားဝမ်းသာစွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမ၏နဖူးမှာ သွေးများဖြင့် စုတ်ပြတ်နေပြီး မျက်နှာတစ်ခုလုံး သွေးနှင့်မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူမက မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျောက်တကန်းသည် မတ်တပ်ရပ်နေပြီဖြစ်ပြီး ထိုသန္ဓေပြောင်းကြွက်မှာမူ ဘေးဘက်သို့လွှင့်ပစ်ခံထားရကာ တစ်ကိုယ်လုံး သွေးများဖြင့် အပေါက်များဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူမက မျက်ရည်များကိုသုတ်လိုက်ပြီး ငိုတစ်လှည့် ရယ်တစ်လှည့်ဖြင့် စိတ်လှုပ်ရှားပြီး မထိန်းနိုင်ဖြစ်နေသည်။

လော်ယွမ်က ဤငြိမ်းချမ်းပျော်ရွှင်သောမြင်ကွင်းကိုကြည့်ရင်း စိတ်ထဲတွင် နွေးထွေးမှုကို ခပ်ဖျော့ဖျော့ခံစားလိုက်ရသည်။

----------------------------------------------------

လော်ယွမ်အမြင်တွင် ကလေးများကစားနေသကဲ့သို့ဖြစ်သော တိုက်ပွဲကိုကြုံတွေ့ပြီးနောက် ဤလူများ၏ စိတ်ဓာတ်မှာ မသိမသာပြောင်းလဲသွားသည်။ သူတို့၏ကိုယ်ပေါ်မှ အဝတ်အစားများ၏ ကာကွယ်နိုင်စွမ်းကို မြင်တွေ့ရသောကြောင့်ဖြစ်နိုင်သလို သွေးမြင်ဖူးသွားသောကြောင့်လည်း ဖြစ်နိုင်သည်။ ဤလူများသည် ပို၍တည်ငြိမ်လာပြီး သန္ဓေပြောင်းသားရဲများနှင့်ကြုံတွေ့သည့်အခါ ယခင်ကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်းမရှိတော့ပေ။

နောက်ပိုင်းတိုက်ပွဲတိုင်းသည် အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ တစ်ခါတစ်ရံတွင် အခြားသူများ၏အကူအညီပင် မလိုအပ်တော့ပေ။

အဆင့်နိမ့်သန္ဓေပြောင်းသားရဲများသည် မူလကတည်းက အလွန်အင်အားကြီးမားခြင်းမရှိပေ။ ကံမကောင်းစွာဖြင့် ထူးဆန်းသောသန္ဓေပြောင်းသားရဲအချို့နှင့် မကြုံတွေ့သရွေ့ အနည်းငယ်သတ္တိရှိရုံဖြင့် လေ့ကျင့်မထားသောသာမန်လူပင်လျှင် လွယ်ကူစွာသတ်ဖြတ်နိုင်သည်။

စွမ်းဆောင်ရည်မြင့်တက်လာသောကြောင့် နေ့တစ်ဝက်အချိန်အတွင်းမှာပင် ဗီလာသစ်၏ ပတ်လည်ပေ၃၀၀အကွာအဝေးမှ မြက်ခင်းပြင်များကို လုံးဝမီးရှို့ရှင်းလင်းနိုင်ခဲ့သည်။

ဓာတ်ဆီသုံးစွဲမှုမှာလည်း ခန့်မှန်းထားသည်ထက် များစွာနည်းပါးခဲ့သည်။ ၂၅ ကီလိုဂရမ်ဝင်ပုံးများထဲမှ ရှစ်ပုံးခန့်သာ သုံးစွဲခဲ့ရသည်။

အမှန်တကယ်တွင် ယနေ့လေတိုက်နေသောကြောင့် များသောအားဖြင့် မျဉ်းဖြောင့်အတိုင်းတစ်ကြိမ်ဖျန်းလိုက်ရုံဖြင့် ပေ၃၀ သို့မဟုတ် ပေလေးငါးဆယ်အကျယ်အထိ လောင်ကျွမ်းစေနိုင်ခဲ့သည်။

ပြန်လာသောအခါ လူတိုင်းနီးပါး ဒဏ်ရာကိုယ်စီရရှိခဲ့ကြသော်လည်း အများစုမှာ အပေါ်ရံအရေပြားဒဏ်ရာများသာဖြစ်သည်။ အပြင်းထန်ဆုံးမှာ ချန်ရှန်ဖုန်းဖြစ်ပြီး ဘယ်ဘက်လက်မှ လက်ချောင်းနှစ်ချောင်းကိုက်ဖြတ်ခံရကာ နာကျင်မှုကြောင့် မျက်နှာဖြူဖျော့နေသော်လည်း အသံတိတ်နေ၏။ ကျောက်တကန်း၏လက်မောင်းမှာလည်း အကိုက်ခံရ၍ ခရမ်းရောင်သန်းနေသော်လည်း ကံကောင်းစွာဖြင့် မကျိုးသွားဘဲ ကြွက်သားသာထိခိုက်ခဲ့ရာ ရက်အနည်းငယ်အနားယူလျှင် ပြန်ကောင်းသွားမည်ဖြစ်သည်။

သူတို့၏အဝတ်အစားများသည် တစ္ဆေသစ်ပင်၏သစ်ခေါက်ဖြင့် ပေါင်းစပ်ထားရာ ကြမ်းတမ်း၊ မာကျောပြီး ကျစ်လစ်လှသည်။ ခေါက်ရန်အလွန်ခက်ခဲပြီး ဝတ်ဆင်ထားလျှင် ပါးလွှာသောသံချပ်ကာတစ်ထပ် ဝတ်ဆင်ထားသကဲ့သို့ဖြစ်သည်။ ထို့အပြင် တစ်ထည်ချင်းစီမှာ အပြာရောင်အဆင့်ရှိပစ္စည်းဖြစ်ပြီး လှုပ်ရှားမှုနှေးကွေးပြီး လေ့ကျင့်မထားသောသာမန်လူများအတွက် အသင့်တော်ဆုံးဖြစ်သည်။ ဤသို့သောအဝတ်အစားမျိုးသည် တိုက်ရိုက်အကိုက်ခံရလျှင်ပင် အားအများစုကို ချေဖျက်ပေးနိုင်သည်။

ဆက်ရန်…

All Chapters