ဖီးနစ်လှံတံ
Vol. 51 Ch. 752
ငရဲတံခါးတွင် ကိုယ်ပိုင် ကန့်သတ်ချက်များ ရှိသဖြင့် ဟင်းလင်းပြင်နယ်မြေထဲမှ ပညာရှင်များက မည်မျှ သန်မာသလဲ ဘယ်သူမှ မသိနိုင်ပါ။ ယခုအထိ ထိုနေရာမှ ထွက်လာနိုင်သည့်သူများသည် မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်က အလွန်ဆုံး ဖြစ်သည်။ သို့သော် သူတို့၏ အသန်မာဆုံး အင်အားစုများမှာ မူလ စိတ်ဝိညာဉ်အဆင့်ထက် ကျော်လွန်လေသည်။ ငရဲတံခါး ဝင်ရောက်ပြီးသည်နှင့် လူတစ်ယောက်သည် သေရန် ပြင်ဖို့သာ ရှိတော့သည်။
ရဲ့လင်းချန် ထိုအချက်ကို သေချာပေါက် နားလည်ထားသည်။
“ဟင်းလင်းပြင်နယ်မြေထဲမှာ အခြေအနေ ဘယ်လိုရှိလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“တောအုပ်တွေ၊ ကျောက်ဆောင်တွေနဲ့ ဘာမှန်းမသိတဲ့ ပန်းပင်တွေ အများကြီးပဲ၊ ငါ မှတ်မိတာ ဒါ အကုန်ပဲ၊ အဲ့အချိန်တုန်းက ငါ အသက်ရှင်နိုင်ဖို့ပဲ တွေးမိခဲ့တာ၊ ငါက ဘာလို့ သူတို့ ပတ်ဝန်းကျင်ကို ခံစားနေရမှာလဲ”
ချန်ချီ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ဒါရိုက်တာရှန်းက ငရဲတံခါးကို ဝင်ပြီးနောက်ပိုင်းမှ အဆင့်တက်သွားခဲ့တာလား”
ချန်ချီ ခေါင်းခါသည်။
“သူက မတူဘူး၊ ငါက အဆင့်တက်ဖို့ ဘာနည်းလမ်းမှ မရှိလို့ ဝင်သွားခဲ့တာ၊ သူ့အရည်အချင်းက ငါ့ထက် အများကြီး သာတယ်၊ သူ ဝင်သွားတဲ့ အကြောင်းရင်းက အရင်းအမြစ်တွေ အများကြီး ပိုရှာချင်လို့ပဲ”
“သူကလား”
ရဲ့လင်းချန် အံ့ဩသွားသည်။ သူတို့ ပထမဆုံး တွေ့ခဲ့သည့် အချိန်တုန်းက ထိုလူ သူ့ကို ဘယ်လို လှည့်စားခဲ့သလဲ ဆိုသည်ကို မမေ့နိုင်ပေ။
“အခု ငါတို့ အရင်းအမြစ်တွေ ကျပ်တည်းနေတယ်၊ သူက တတ်နိုင်သလောက် သိမ်းထားချင်လို့ အဲ့လို လုပ်တာ၊ အဲ့ဒါကြောင့် သူက ကပ်စေးနှဲ ကော်တရာ ဖြစ်နေတာ”
“ခင်ဗျားက သူ့အမှားကို ဖာပေးချင်တာလား”
ရဲ့လင်းချန်က ချန်ချီကို မယုံသင်္ကာ အကြည့်နှင့် ကြည့်လိုက်သည်။
ချန်ချီ စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲလိုက်သည်။
“သူ့အတွက် လျှော်ပေးချင်တာလား၊ သူက ငါ့ကို အမှတ် နှစ်ရာ အကြွေးတင်နေတုန်းပဲကွ၊ ငါတို့ စစ်သည်တော်တွေထဲမှာ မွဲနေတဲ့သူတွေကလွဲရင် သူ လိုက်မလိမ်တဲ့သူ ဘယ်သူ ရှိလို့လဲ”
တစ်ခဏမျှ ငြိမ်နေပြီးနောက် သူက ရဲ့လင်းချန်ကို ပခုံးပုတ်၍ ပြောလိုက်သည်။
“ကောင်လေးရဲ့၊ သုံးရက်နေရင် တစ်ယောက်ယောက်က မင်းကို ဟောင်ကောင်မှာ လာကြိုလိမ့်မယ်၊ မင်း အဲ့ကို ရောက်တာနဲ့ တစ်ယောက်ယောက်က မင်းကို လာတွေ့ပြီး Buff Island ကို ခေါ်သွားလိမ့်မယ်၊ နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲအတွက် မင်းကိုယ်မင်း သွားပြင်ဆင်တော့၊ မင်းကို ပါဝင်ယှဉ်ပြိုင်ခိုင်းဖို့ အခိုင်အမာ ထောက်ခံတဲ့သူက ဒါရိုက်တာရှန်းပဲ၊ ငါတို့ကို အရှက်ရအောင် မလုပ်နဲ့”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ …”
ချန်ချီသည် အိတ်ထဲမှ စာအုပ်ပါးတစ်အုပ်ကို ထုတ်ပြီး ရဲ့လင်းချန်ကို ပေးလိုက်သည်။
“အရင်တစ်ခေါက် မင်း ပစ္စည်းတွေကို အမှတ်တွေနဲ့ လဲလှယ်တုန်းက လှံတစ်ချောင်းကို မင်းအတွက် သိမ်းထားခဲ့တယ်၊ အဲ့ဒါက မင်းရဲ့ အကြိုက်ဆုံး လက်နက် ထင်တယ်၊ ဟုတ်လား၊ ဒါက လှံသိုင်း စာအုပ်ပဲ၊ မင်းဘာသာမင်း အလွတ်ရအောင် လုပ်ထား၊ ဒီတစ်ခေါက် မင်းအတွက် ငါတို့ ထောက်ပံ့ပေးတာလို့ သဘောထားပေါ့၊ နိုင်ရတော့ အကောင်းဆုံးပေါ့၊ မင်း ရှုံးခဲ့ရင်တောင်မှ ကောင်းမွန်တဲ့ အရှုံးတစ်ခု ဖြစ်အောင် လုပ်ခဲ့”
“ကျေးဇူးတင်ပါတယ်၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သေချာပေါက် နိုင်မှာ”
ရဲ့လင်းချန် ရယ်လိုက်သည်။
ထို့နောက် သူသည် ချန်ချီကို နှုတ်ဆက်၍ စာအုပ်ကို ဖတ်ရန် နေရာတစ်နေရာ ရှာလိုက်သည်.
လှံသိုင်း: ဖီးနစ်လှံတံ
ထိုလှံသိုင်းသည် သုံးပြည်ထောင်အချိန်က ကျောက်ယွင်၏ မူပိုင် လှံသိုင်း ဖြစ်သည်။ စစ်သည်တော်ဌာနက ၎င်းကို ဘယ်ကနေ ရလာသလဲ သူ မသိပါ။ သို့သော် ၎င်းကို ကျောက်ယွင်၏ မျိုးဆက်ထံမှ ရရှိခြင်း ဖြစ်မည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။
ထိုလှံသိုင်းသည် တစ်မူထူးခြားပြီး နှလုံးဖျက်လက်ဝါးသိုင်းနှင့် အဆင့်တူပင်။ ၎င်းကို အဆင့်မြင့် သိုင်းပညာဟု သတ်မှတ်နိုင်ပေသည်။
[ဖီးနစ်လှံတံကို ကိုယ်တိုင် လေ့လာခြင်း၊ စွမ်းရည် တစ်မှတ်]
[ဖီးနစ်လှံတံကို ကိုယ်တိုင် လေ့လာခြင်း၊ စွမ်းရည် တစ်မှတ်]
[ဖီးနစ်လှံတံကို ကိုယ်တိုင် လေ့လာခြင်း၊ စွမ်းရည် တစ်မှတ်]
…
စနစ်မှ သတိပေးချက်နှင့်အတူ ရဲ့လင်းချန်၏ လှံသိုင်းအပေါ် နားလည်မှုက ပို၍ တိုးတက်လာသည်။ သူ၏ ကျွမ်းကျင်မှုက တစ်ရာ ရာခိုင်နှုန်းသို့ ရောက်သောအခါ စာအုပ်ကို ဘေးချ၍ ဘေးဘီကို လှည့်ကြည့်ကာ လှံကို ကောက်ကိုင်လိုက်သည်။
၎င်းသည် စွတ်စွတ်ဖြူနေသော လှံတစ်ချောင်း ဖြစ်ပြီး ဟင်းလင်းပြင်နယ်မြေနှင့် တိုက်ပွဲမှ ရရှိလာသော အောင်ပွဲရ အထိတ်းအမှတ် ပစ္စည်း ဖြစ်သည်။ ထိုပစ္စည်းသည် ထူးခြားပြီး ဤကမ္ဘာ၌ ရနိုင်သော အရာ မဟုတ်ပေ။
သူ၏ လှံသိုင်းကို အပြည့်အဝ သင်ယူပြီးသော်လည်း သူကိုယ်တိုင် လေ့ကျင့်ရန် လိုနေဆဲပင်။ သို့မဟုတ်ပါက သူသည် စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အခြေအနေသို့ ရောက်သွားလောက်သည်။
ရဲ့လင်းချန်သည် လှံဖြူကို ကိုင်ထားပြီး ယင်းက သူ့လက်ထဲတွင် တောက်ပနေကာ သူ့အနီးအနားမှ လေထုအား အရိုးကွဲမတတ် အေးခဲလာစေသည်။
“လှံတံ၊ လက်နက်တွေရဲ့ ဘုရင်၊ ထိပ်၊ ရိုးတံနဲ့ နောက်ဖက်”
ရဲ့လင်းချန်သည် သူ့လက်ထံမှ လှံဖြူကို ချစ်ရသူ၏ အရေပြားကို ညင်သာစွာ ထိတွေ့သကဲ့သို့ ဖြည်းဖြည်းချင်း ထိတွေ့ပြီး လှံရိုးတံအထိ လက်ချောင်းဖြင့် ပွတ်သပ်နေသည်။ သူ၏ မျက်လုံးထဲတွင် ကြင်နာမှုတို့နှင့် ပြည့်နှက် နေ၏။
လှံကို အသုံးပြန်ရန် လူတစ်ယောက်သည် သူ၏ ကိုယ်ပိုင်လက်နက်ကို ပထမဆုံး နားလည်ရမည် ဖြစ်ပြီး ၎င်းအား သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် သဘောထားရပေမည်။
“လှံစွမ်းရည်ကို ဟန့်တားခြင်း၊ ဖမ်းဆုပ်ခြင်းနဲ့ ထိုးစိုက်ခြင်းဆိုပြီး ခွဲခြားထားတယ်၊ ဟန့်တားခြင်းနဲ့ ဖမ်းဆုပ်ခြင်းက ကာကွယ်ရေး စွမ်းရည်တွေ ဖြစ်တယ်၊ ဟန့်တားခြင်းက ရန်သူရဲ့ တိုက်ခိုက်မှုကို ကြားဖြတ်ဖို့ဖြစ်ပြီး ဖမ်းဆုပ်ခြင်းက ရန်သူရဲ့ လက်နက်ကို လုယူခြင်းအတွက် ဖြစ်တယ်၊ ထိုးစိုက်ခြင်းကတော့ တစ်ခုတည်းသော တိုက်ခိုက်ရေး လှံစွမ်းရည်ပဲ၊ ဒါတွေက အခြေခံပဲ”
“အဲ့ဒါအပြင် ခါချခြင်း၊ ဖိနှိပ်ခြင်း၊ တုန်ခါခြင်း၊ ပြောင်းပြန်လှံနဲ့ အခြား အဆင့်မြင့် သိုင်းတွေလဲ ရှိတယ်၊ အဲ့ဒါကို လှံရဲ့ အနှစ်သာရလို့ သဘောထားနိုင်တယ်”
ဖီးနစ်လှံတံသည် လှံသိုင်းအပေါ် အလွန် အသေးစိတ်ကျသော မှတ်တမ်း ပါရှိပြီး အခြေခံမှ အဆင့်မြင့်အထိ ခွဲခြားထားသည်။ ထို့အပြင် ၎င်း၏ သိုင်းများသည် ပြောင်းလဲနေပြီး သူမတူသော အင်အားတို့ ပါရှိသည်။ ဤလှံသိုင်းကို သုံးပြီး ကျောက်ယွင် နာမည်ကြီးလာခဲ့သည်က အံ့ဩစရာ မဟုတ်တော့ပေ။
စိတ်ထဲမှ အခြေခံ လှံသိုင်းကွက်များကို ပြန်စဉ်းစားနေပြီးနောက် ရဲ့လင်းချန်၏ လှံ၏ နောက်ဖက်ကို ညာဘက်ဖြင့် ကိုင်ပြီး ဘယ်လက်ဖြင့် လှံ၏ အလယ်ပိုင်းကို ကိုင်ထားလိုက်သည်။ ထို့နောက် ခြေထောက်ကို နှိမ့်၍ လှံသိုင်း၏ မူလ အကွက်အတိုင်း ရပ်လိုက်ကာ အခြေခံမှ စတင်လိုက်လေသည်။
“ထိုးစိုက်ခြင်းကို အဆင့်မြင့်၊ အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့်အဆင့်ဆိုပီး ခွဲခြားထားပြီးတော့ အလယ်အလတ် အဆင့်က အစွမ်းအထက်ဆုံးပဲ”
“ပြောထားတဲ့အတိုင်းဆိုရင် အလယ်အလတ်အဆင့်လှံက လှံတွေထဲမှ အကောင်းဆုံးဖြစ်ပြီး ခုခံဖို့ အခက်ဆုံးပဲ”
ဘယ်ခြေနှင့် ကန်လိုက်သောအခါ ခြေထောက်မှ စွမ်းအင်က ခါးဆီသို့ ကူးပြောင်းသွားသည်။ ခါးကို လှည့်လိုက်ခြင်းက ခွန်အားကို တိုးစေပြီး ချက်ချင်း ညာလက်သို့ ခွန်အား တွန်းပို့လိုက်သည်။ နောက်ဆုံးတွင် ညာလက်၏ တွန်းအားဖြင့် လှံသည် ရှေ့သို့ ထိုးစိုက်သွားသည်။
“ဝှီး”
လှံထိပ်သည် လေကို ဖြတ်တောက်သွားပြီး ပြင်းထန်သော အသံကို ဖြစ်ပေါ်စေခဲ့သည်။
“ပုန်းကွယ်နေသော နဂါးကဲ့သို့ ထိုးစစ်ဆင်ပြီး ကြောက်စရာကောင်းသော ကျားကဲ့သို့ ဆုတ်ခွာလိုက်”
အလယ်အလတ် အဆင့် လှံထိုးစိုက်ခြင်းအပြီးတွင် ရဲ့လင်းချန်သည် လှံကို လျင်မြန်စွာ ပြန်သိမ်းယူ၍ နောက်ထပ် ထိုးစိုက်ခြင်းကို လုပ်ဆောင်လိုက်သည်။ ထိုးစိုက်လိုက်၊ ပြန်သိမ်းလိုက်နှင့် လှုပ်ရှားမှုများက ချိတ်ဆက်ကာ မြန်ဆန်နေ၏။
“ဝှီး” “ဝှီး” “ဝှီး”
လှံသည် ရဲ့လင်းချန်၏ လက်ထဲ၌ ကြောက်စရာကောင်းသော နဂါးတစ်ကောင်ကဲ့သို့ တဝှီးဝှီးနှင့် ရွေ့လျားကာ အကြိမ်ကြိမ် ထိုးစိုက်နေသည်။ ချွန်ထက်သော လှံထိပ်သည် လေကို အဆက်မပြတ် ထိုးခွင်း၍ စူးရှသော လေချွန်သံများ ထွက်ပေါ်နေလေသည်။
အလယ်အလတ်အဆင့် လှံထိုးစိုက်ခြင်းသည် ရိုးရှင်းသော ထိုးစိုက်ခြင်းနှင့် ဆုတ်ခွာခြင်း လှုပ်ရှားမှုသာ ဖြစ်သော်လည်း ၎င်းတွင် သိသင့်သော အရာများစွာ ပါဝင်သည်။ အရေးအကြီးဆုံးအချက်မှာ ထိုးစိုက်ခြင်း၏ မျဉ်းဖြောင့် လှုပ်ရှားမှုဖြစ်သည်။
မျဉ်းဖြောင့် လှုပ်ရှားမှု ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။
အလယ်အလတ်အဆင့် ထိုးစိုက်ခြင်းကို လုပ်ဆောင်နေစဉ် လက်သည် လှံရိုးတံကို ရှေ့သို့ လျင်မြန်စွာ တွန်းပို့ရမည် ဖြစ်ပြီး လှံနှင့် အဆင့်တူဖြစ်အောင် ထိန်းထားရမည် ဖြစ်ကာ မျဉ်းဖြောင့်အတိုင်း ထိုးစိုက်၍ ခွန်အားအားလုံးကို လှံထိပ်သို့ ပေါက်ကွဲနိုင်သော အရှိန်ဖြင့် တွန်းပို့ရပေမည်။ ထိုးစိုက်မှုက မြန်ရုံသာမက ပြန်ဆုတ်သည့် လှုပ်ရှားမှု သည်လည်း မြန်ဆန်ရမည်။
ထိုအခါမှသော အဝေးသို့ ရောက်နိုင်သော လက်နက်၏ အားသာချက်ကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်ပြီး “တစ်လက်မ ပိုလျှင် စွမ်းအားတစ်မတ် တိုး” ဟူသော စကားကို အမှန်တကယ် လက်တွေ့ကျစေကာ တစ်ချက်တည်းနှင့် သတ်နိုင်သော တိုက်ခိုက်ရေး စွမ်းအားကို အမြင့်ဆုံး ဖြစ်စေသည်။
အလယ်အလတ်အဆင့် လှံသည် လွယ်ကူပုံရသော်လည်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်များ များပြားသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် တိုက်ခိုက်ရေး စွမ်းရည် အမြင့်ဆုံးရှိသော လှံပညာဖြစ်သည်။ ၎င်းသည် “အလယ်အလတ်အဆင့် လှံကို ယှဉ်ပြိုင်ရာတွင် ဆယ်ဦးတွင် ကိုးဦးမှာ သေဆုံးဒဏ်ရာ ရသည်” ဟူသော စကားကို ပေါ်ပေါက်စေခဲ့သည်။
သူသည် နားခြင်းမရှိဘဲ တူညီသော ကိုယ်ဟန်ကို ထိန်းသိမ်းထားသည်။ လှံချက် ရာပေါင်းများစွာကို ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက် ရဲ့လင်းချန်၏ ခန္ဓာကိုယ်ပင် ချွေးများထွက်လာပြီး လက်များတွင် မောပန်းနွမ်းနယ်မှုကို ခံစားလာရသည်။
သူ၏ လှံချက်တိုင်းသည် အပြည့်အဝအားဖြင့် ထိုးနှက်ခြင်းဖြစ်ကြောင်း သိသာပေသည်။
သို့သော် သူသည် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် မှီခိုပြီး ရပ်နားခြင်းမရှိခဲ့ပါ။ ထိုလေ့ကျင့်မှုသည် ညဘက်အထိ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။
သိုင်းပညာ လေ့ကျင့်မှုသည် ထပ်ခါတလဲလဲ ပြုလုပ်ခြင်းဖြင့် သေးငယ်သော တိုးတက်မှုများအပေါ် အဓိက ထားသည်။ သို့သော်လည်း ရဲ့လင်းချန်သည် ထိုကန့်သတ်ချက်များဖြင့် ချည်နှောင်မခံရပေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် သူ့ကို ကြီးမားသော အားသာချက် ပေးခဲ့သလို သူ၏ စိတ်ထဲမှ ဗဟုသုတကလည်း အနည်းငယ်မျှပင် ပြဿနာ မရှိခဲ့ပါ။ လှုပ်ရှားမှုတိုင်းကို လိုအပ်သည်ထက် ပိုလုပ်မိမည့် စိုးရွံ့စိတ် မရှိဘဲ အပြည့်အဝ လုပ်ဆောင်နိုင်ခဲ့သည်။
မည်သည့် လက်နက်ပင်ဖြစ်ပါစေ အခြေခံသည် လေ့ကျင့်မှု၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည်။
အနာဂတ်တွင် အောင်မြင်မှုတစ်ခု ရရှိရန် အခြေခံ လှုပ်ရှားမှများကို ထပ်ခါတလဲလဲနှင့် စိတ်အားထက်သန်စွာ လေ့ကျင့်ရန် လိုအပ်သည်။ လက်နက်ကို ခိုင်မြဲစွာ မကိုင်နိုင်သေးလျှင် ပြိုင်ဘက်ကို သတ်ရန် စဉ်းစားဖို့ပင် မလိုအပ်ပေ။
“ထိုးစိုက်၊ ရိုက်ချ၊ ခါချ၊ ဖိနှိပ်၊ လှည့် …”
“ဝှီး ဝှီး ဝှီး”
ရဲ့လင်းချန်၏ လှုပ်ရှားမှုများအောက်၌ လှံတံသည် လေကို ပြင်းပြင်းထန်ထန် ထိုးခွင်းနေပြီး လေတိုးသံများ ပို၍ ထွက်ပေါ်လာသည်။
လှံကို လှည့်ရာ၌ သူ အားစိုက်ထားသော ကြီးမားသည့် အင်အားကြောင့် ၎င်း၏ ကိုယ်ထည်ပင် ကွေးညွတ် သွားသည်။ ထိုလှံချက်သည် တစ်စုံတစ်ယောက်အပေါ် ကျရောက်ပါက ချက်ချင်း အရိုးများ ကြေမွသွား လောက်သည်။
အခြေခံ သိုင်းကွက်များသည် ရိုးစင်းသည်ဟု ထင်ရသော်လည်း ၎င်းသည် အရာအားလုံး၏ အုတ်မြစ် ဖြစ်သည်။ ထို့အပြင် လှုပ်ရှားမှုတိုင်းက အရေးပါသည်။ အကယ်၍ လူတစ်ယောက်သည် ရန်သူကို သတ်ချင်ပါက ထိုအခြေခံ လှုပ်ရှားမှုများကို မှီခိုရမည်ဖြစ်ပြီး အခြား သိုင်းကွက်များက ဟန်ရေးပြရန်အတွက်သာ ဖြစ်လေသည်။