← Chapters

အခန်း (၈၅-၈၈)

Vol. 5 Ch. 85-88

အခန်း (၈၅-၈၈)

Vol. 5 Ch. 85-88

အပိုင်း(၈၅)ကြယ်တစ်ပွင့်

အဖြူရောင်မီးချောင်းတို့၏ စူးရှသောအလင်းအရောင်က အလုံပိတ်ထားသော အစည်းအဝေးခန်းမတစ်ခုလုံးကို နေ့ခင်းကြောင်တောင်ကဲ့သို့ ထိန်လင်းစေလျက် အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပနေ၏။

ဟယ်တုံမြို့၏ အာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဒါဇင်ခန့်သည် လေးနက်သောမျက်နှာထားများဖြင့် သူတို့ရှေ့မှ ဖန်သားပြင်ကြီးကို စိုက်ကြည့်နေကြသည်။ ဖန်သားပြင်ပေါ်တွင် မြင်တွေ့နေရသည်မှာ စခန်းအဝင်ဝမှ မြင်ကွင်းပင်ဖြစ်၏။ အတန်းလိုက်စီတန်းထားသော ရာပေါင်းများစွာသော စစ်သားတို့သည် အဓိကရုဏ်းကာဒိုင်းများကို ကိုင်စွဲလျက် စည်းကမ်းထိန်းသိမ်းရန် အသည်းအသန်ကြိုးစားနေကြသော်လည်း ထိရောက်မှုကား မဆိုစလောက်သာပင်။ လူအုပ်ကြီး၏ တိုးဝှေ့မှုကြောင့် စစ်သားတို့၏လူတန်းမှာ အကြိမ်ကြိမ် ပြိုကွဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်နေတော့သည်။

နံရံပေါ်မှ တိုက်ကပ်နာရီ၏ "ချောက် ချောက်" မြည်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းနေပြီး အစည်းအဝေးခန်းမတစ်ခုလုံး၏ လေထုကတော့ လေးလံတင်းကျပ်နေဆဲပင်။ အချို့သူတို့၏ နဖူးစပ်တွင် ချွေးစို့နေကြသည်။

မိနစ်အနည်းငယ်ကြာသော် အစည်းအဝေးကို ဦးဆောင်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက လေသံခပ်အုပ်အုပ်ဖြင့် စတင်မေးမြန်းလိုက်သည်။

"အခု မြေအောက်စခန်းထဲမှာ လူဘယ်လောက်တောင် ရောက်နေပြီလဲ"

"စစ်သားအင်အား သုံးသောင်းငါးထောင်... ပြီးတော့ နည်းပညာရှင်တွေ... သိပ္ပံပညာရှင်တွေ... စခန်းတည်ထောင်ရေး ရင်းနှီးမြှုပ်နှံသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပေါင်းလိုက်ရင် စုစုပေါင်း တစ်သိန်းရှစ်သောင်းနီးပါး ရှိနေပြီ...နောက်ပြီးတော့ နောက်ဆုံးခံစစ်စည်းအနေနဲ့ တာဝန်ယူထားတဲ့ အမှတ် (၈) တပ်မတော်က အင်အားနှစ်သောင်းကျော်လည်း မြို့ပြင်ကနေ ဒီကို ချီတက်လာနေတယ်... စခန်းရဲ့ လက်ခံနိုင်စွမ်းအရဆိုရင် နောက်ထပ် လူဦးရေတစ်သိန်းလောက်ပဲ ထပ်ပြီး လက်ခံနိုင်တော့မှာ" ဟု ပိန်လှီသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ၏မှတ်စုစာအုပ်ပေါ်တွင် တစ်စုံတစ်ခုကို ခြစ်မှတ်လိုက်ရင်း ခေါင်းမော့ကာ ဖြေကြားလိုက်သည်။

"နေရာနည်းနည်းထပ်ပေးလို့ မရဘူးလား"

"မလွယ်ဘူး...အခုတွက်ထားသလောက်ဆို...၃သိန်းကဂိတ်ဆုံးပဲ...ဒါပေမယ့် အရေးပေါ်မလိုအပ်တဲ့ ပစ္စည်းဂိုထောင်တွေ ဖယ်လိုက်ရင်တော့ နောက်ထပ် ၁သိန်းခွဲလောက် ထပ်ထည့်လို့ရနိုင်တယ်"

"အချိန်မရှိတော့ဘူး...တပ်ဖွဲ့အမှတ်(၈)က ပေးပို့ထားတဲ့သတင်းအရဆို မြို့ပြင်က သန္ဓေပြောင်းသတ္တဝါတွေ မြို့ထဲကိုအလုံးအရင်းနဲ့ဝင်လာနေပြီ ဒီကိုသိပ်မကြာခင်ရောက်လာလိမ့်မယ်တဲ့...ကျုပ်တို့လက်ရှိခဲယမ်းတွေနဲ့ဆို နာရီအနည်းငယ်တောင် ခုခံနိုင်မှာမဟုတ်ဘူး...ကျုပ်တို့ မြို့ပြင်ကသတ္တဝါတွေကို အနုမြူဗုံးကျဲပြီးရှင်းပစ်ဖို့ အထက်ကိုတောင်းဆိုနိုင်ရင်တော့ တစ်မျိုးပေါ့" ဟု ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တံဆိပ်ကို ပခုံးတွင် တပ်ဆင်ထားသော စစ်အရာရှိကြီးတစ်ဦးက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ထိုစကားကြောင့် အစည်းအဝေးခန်းမတစ်ခုလုံး ဆူညံသွားကာ အချင်းချင်း ထိတ်လန့်တကြားကြည့်လျက် ပြင်းထန်သော ငြင်းခုန်မှုများ ဖြစ်ပေါ်လာတော့၏။

အစည်းအဝေးကို ဦးဆောင်နေသော ပြည်နယ်အကြီးအကဲ၏ မျက်နှာပင် အရောင်ပြောင်းသွားပြီး သူ၏လက်ညှိုးက စားပွဲခုံကို အမှတ်မထင် တတောက်တောက်ခေါက်နေမိသည်။

အကယ်၍သာ အနုမြူဗုံးကို အသုံးပြုခဲ့မည်ဆိုလျှင် တိုက်ပွဲအပြီး ပြန်လည်ထူထောင်ရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ရုံသာမက ပြင်ပမှ ရန်အန္တရာယ်ကိုပါ တစ်ချက်တည်းနှင့် ရှင်းလင်းနိုင်ပြီး ဟယ်တုံမြို့၏ များပြားလှသော လူထုကို ကယ်တင်နိုင်ပေလိမ့်မည်။ မြေအောက်စခန်းသို့ ပြောင်းရွှေ့ရန်ပင် လိုအပ်တော့မည်မဟုတ်ဘဲ မြေပေါ်သို့ ပြန်လည်နေထိုင်နိုင်ပေလိမ့်မည်။

ယနေ့ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ အနုမြူလက်နက်ထိန်းချုပ်ရေးစာချုပ်က အပေါ်ရံသာ ဖြစ်နေချေပြီ။ အနုမြူဗုံးအသုံးပြုမှုမှာလည်း ယခုအခါပုံမှန်ကိစ္စတစ်ခုလို ဖြစ်လာခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများအရ လွန်ခဲ့သောခြောက်လအတွင်း ကမ္ဘာတစ်ဝန်းတွင် အနုမြူဗုံး အလုံးတစ်ရာနီးပါး ပစ်လွှတ်ခဲ့ပြီးဖြစ်သည်။ အမေရိကန်က ၁၂ လုံး၊ ရုရှားက ၂၁ လုံး၊ ပြင်သစ်က ၆ လုံး၊ ဗြိတိန်က ၈ လုံး၊ အိန္ဒိယက ၁၅ လုံး၊ ပါကစ္စတန်က ၆ လုံး၊ အစ္စရေးက ၃ လုံး၊ ဂျပန်က ၂ လုံး၊ ဂျာမနီက ၁ လုံးနှင့် တရုတ်နိုင်ငံကလည်း ၁၁ လုံးအထိ ပစ်လွှတ်ခဲ့ပြီးဖြစ်သည်။ ဂျပန်နှင့် ဂျာမနီတို့မှာ လွန်ခဲ့သောခြောက်လအတွင်းမှ အနုမြူဗုံးကို ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်၏။

အနုမြူဗုံးပစ်လွှတ်ခြင်းသည် ကြောက်ခမန်းလိလိကိစ္စတစ်ခု မဟုတ်တော့သည့်တိုင် မိမိတို့၏မြို့အနီးအနားသို့ ပစ်ချရန်မှာမူ သူ့အတွက်ဖိအား များစွာတိုးစေသည်။

အကြောင်းမှာ ၎င်းသည် သာမန်ဒုံးကျည်တစ်စင်းမဟုတ် ဟီရိုရှီးမားတွင် ချခဲ့သော အဖျက်စွမ်းအားနည်းဗုံးငယ်လေးမျိုးလည်း မဟုတ်ဘဲ အမှန်တကယ် ကမ္ဘာပျက်စေနိုင်သော လက်နက်ဖြစ်သောကြောင့်ပင်။ အနုမြူထိပ်ဖူးတပ်ဆင်ထားသော မဟာဗျူဟာမြောက်ဒုံးကျည်သည် ပစ်မှတ်အနည်းငယ်လွဲချော်သွားသည်နှင့် သန်းပေါင်းများစွာသော အပြစ်မဲ့သူတို့ အသက်ပျောက်ရမည်ဖြစ်ပြီး အလွန်ခိုင်ခံ့သည်ဆိုသော ဤမြေအောက်စခန်းပင်လျှင် ထိခိုက်ပျက်စီးသွားနိုင်ပေသည်။

အစည်းအဝေးခန်းမ၏ လေထုမှာ အလွန်တင်းကြပ်နေပြီး အချို့လူများ၏ နဖူးတွင် ချွေးများ စီးကျနေလေပြီ။

"ဒါဆိုရင်လည်း...မဲခွဲဆုံးဖြတ်ကြတာပေါ့"

--------------------------

"ရှင် ဘာလုပ်တာလဲ" ဝမ်ရှီရှီက အလန့်တကြားအော်လိုက်ပြီး သူမ၏နောက်မှ ယုတ်မာရိုင်းစိုင်းသောအသွင်ရှိသည့် အမျိုးသားတစ်ဦးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ညီမလေးရယ်...မတော်တဆထိမိတာလေးကိုပဲ ဒီမှာ လူတွေဘယ်လောက်တောင် ကြပ်ညပ်နေလဲ ကြည့်ပါဦး ကိုယ်လည်း မတတ်သာလို့ပါ ဒီလိုလုပ်လေ... မင်းလေးလည်း ကိုယ့်ကို ပြန်ထိလိုက်ပေါ့" ဟု ထိုအမျိုးသားက ဝါကျင့်ကျင့်သွားများကို ဖြဲကာ ရိသဲ့သဲ့ရယ်မောရင်း ပြောလိုက်သည်။

ဝမ်ရှီရှီမှာ ထိုသူ၏ အရှက်မဲ့သောစကားကြောင့် ဒေါသထွက်လွန်း၍ စကားပင်မပြောနိုင်တော့။

"ဘာဖြစ်တာလဲ" လော်ယွမ်က အသံကြားရာသို့ လူအုပ်ကိုတိုးဝှေ့ရင်း ရောက်လာကာ မေးလိုက်သည်။

"သူ... သူ...သမီးရဲ့တင်ပါးကို ကိုင်တယ်" ဝမ်ရှီရှီမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသလို လော်ယွမ်၏လက်မောင်းကို ဆွဲကိုင်ရင်း ထိုအမျိုးသားကို လက်ညှိုးထိုးကာ ဒေါသတကြီး တိုင်တန်းလိုက်သည်။

လော်ယွမ်က သူ့ရှေ့မှ ဤအချိန်အထိ မျက်နှာပြောင်တိုက်နေသော ထိုယုတ်မာသည့်အမျိုးသားကို ကြည့်လိုက်သည်နှင့် ဤသည်မှာ ကာမဂုဏ်လိုက်စားသောဆန်ကုန်မြေလေးတစ်ယောက်မှန်း သိလိုက်သည်။ သူ့ကို သင်ခန်းစာပေးရန် ကြံရွယ်လိုက်သော်လည်း ဝမ်ရှီရှီ၏ ကြောက်ရွံ့နေသောပုံစံကို မြင်သောအခါ သူ၏အကြံကို ပြောင်းလိုက်ပြီး...

"ကိုယ့်ကိစ္စ ကိုယ်ရှင်း...နင်ဒါလေးတောင်မရှင်းနိုင်ရင်...အခုကိစ္စမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့"

ဟွမ်ကျားဟွေက စောနကဖြစ်ပျက်သွားသည်ကို သတိမထားမိဘဲ နောက်လှည့်ကြည့်ရင်း "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

"လူတစ်ယောက်ရှီရှီကို အသားယူလိုက်လို့...ဒါပေမဲ့နင်ဝင်မပါနဲ့ သူ့ကိစ္စ သူ့ဟာသူရှင်းပါလေ့စေ" ဟု လော်ယွမ်က တားလိုက်သည်။

"ဟေ့... ငါ့ကို သင်ခန်းစာပေးချင်သေးတာလား...မင်းတို့အုပ်စုက တယ်လည်း ဗိုလ်ကျပါလားကွ...ဒီမှာ လူတွေတိုးကြ ဝှေ့ကြနဲ့ ဘယ်သူကရော အတိုက်မခံရဖူးလို့လဲ...အနင်းမခံရဖူးလို့လဲ...အားလုံးပဲ စဉ်းစားကြည့်ကြပါဦးဗျာ" ထိုအမျိုးသားက တစ်ဖက်တွင် လူအင်အားများနေသည်ကို မြင်သောအခါ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး သူ၏မျက်နှာတွင် အောင်နိုင်သူ၏အပြုံးတစ်ခု ပေါ်လာသည်။

အခြေအနေကို သေချာမသိသော ပတ်ဝန်းကျင်မှ လူအုပ်က ရယ်မောကာ လှောင်ပြောင်ကြသည်။

"အင်းလေ...ဒီမှာဒီလောက်ကြပ်ညပ်နေတာကို...တိုက်မိတာလေးပဲ သည်းခံလိုက်ပေါ့... ငါတောင် တင်ပါးအကိုင်ခံရသေးတာပဲ"

"ဟေ့ကောင်...မင်းလိုဝတုတ်ကို ဘယ်သူက ကိုင်မှာလဲ...မဟုတ်မှလွဲရောမင်း အခြောက်နဲ့များတွေ့လာတာလား"

"တိတ်စမ်း"

----------------------------

ဤလူအများစုမှာ မည်သည့်မကောင်းစိတ်မှ မရှိဘဲ ပွဲကြည့်နေကြခြင်းသာ ဖြစ်သည်။

ပတ်ဝန်းကျင်မှလူများက သူ၏ဘက်တွင် ရပ်တည်နေသည်ကို မြင်သောအခါ ထိုလူမှာ ပို၍ပင် အတင့်ရဲလာပြီး သူ၏မျက်လုံးများက ဝမ်ရှီရှီ၏ရင်ဘတ်ကို ရဲရဲတင်းတင်း ကြည့်ရှုနေသဖြင့် ဝမ်ရှီရှီမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

လော်ယွမ်က ခေါင်းခါလိုက်ပြီး "ထားလိုက်တော့...သူပြောတာလည်း မမှားပါဘူး ဒီလိုအခြေအနေမျိုးမှာ ဒီလိုဖြစ်တာ သူများကို အပြစ်တင်လို့လည်း မကောင်းဘူး...သွားကြစို့"

အနီးအနားမှ ပွဲကြည့်နေသူတို့၏ အကြည့်များမှာ ချက်ချင်းပြောင်းလဲသွားပြီး အထင်အမြင်သေးသည့် အမူအရာများ ပေါ်လာသည်။ ဤသို့သောကိစ္စလေးအတွက် ပြဿနာရှာသည်ဖြစ်စေ သည်းခံလိုက်သည်ဖြစ်စေ အထင်အမြင်လွတ်မည်မဟုတ်ပေ။ ရန်ဖြစ်လျှင် အသားလွတ် ရန်ရှာသည်ဟု ဆိုနိုင်သော်လည်း သည်းခံခြင်းမှာမူ ယောက်ျားမပီသရာကျပေ။

"ကိုကြီးယွမ်ဆိုလိုတာကို သမီးနားလည်ပါတယ်...သမီးကလည်း ဘယ်တော့မှ အနိုင်ကျင့်ခံတတ်တဲ့သူမျိုး မဟုတ်ဘူး" ဝမ်ရှီရှီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးချက်ချင်းပင် ဝမ်ရှီရှီက "ယား" ဟု အော်ဟစ်ကာ ထိုလူဆီသို့ ပြေးဝင်သွားပြီး ခြေတစ်ဖက်ဖြင့် ကန်ကျောက်လိုက်သည်။ သန္ဓေပြောင်းသတ္တဝါ၏အသားကို အချိန်ကြာမြင့်စွာ စားသုံးခဲ့သောကြောင့် အမျိုးသမီးတစ်ဦးဖြစ်သော်ငြားလည်း သူမ၏ခွန်အားမှာ သာမန်ယောက်ျားတစ်ဦးထက် များစွာသာလွန်နေသည်။ ထို့အပြင် ရုတ်တရက်အလစ်တိုက်ခိုက်လိုက်သောကြောင့် ပိန်လှီသောထိုအမျိုးသားမှာ သူမ၏ကန်ချက်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"နင်အယုတ်တမာက...ငါ့တင်ပါးကို ကိုင်ရဲတယ်ဟုတ်လား" သူမက ဆက်လက်ကန်ကျောက်ရင်း ကျိန်ဆဲလိုက်သည်။

"နင်အဲ့လိုလုပ်ရဲရင် ထပ်လုပ်ကြည့်လိုက်စမ်း" ဟုဆိုကာ ထိုအမျိုးသား၏ ပေါင်ကြားကို အားပြင်းပြင်းဖြင့် ထပ်ကန်လိုက်ရာ နာကျင်မှုကြောင့် ထိုအမျိုးသားမှာ ပုစွန်ကွေးကဲ့သို့ ကွေးကောက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်တော့သည်။

သူမက ဒူးထောက်ထိုင်ချလိုက်ပြီး ထိုအမျိုးသား၏ဆံပင်ကို ဆွဲကိုင်ကာ "ဖြောင်း ဖြောင်း" ဟု မြည်အောင် ပါးရိုက်ရင်း "နင်... နောက်ထပ် ကိုင်ချင်သေးလား ကိုင်ရတာ သိပ်အရသာရှိနေတယ်ဟုတ်လား...ငါ ကိုင်ခွင့်ပေးမယ်... ငါ ကိုင်ခွင့်ပေးမယ်..." ဟု အဆက်မပြတ် ကျိန်ဆဲနေတော့သည်။

လော်ယွမ်မှာ မျက်လုံးပြူးလျက် ကြည့်နေမိသည်။ ဝမ်ရှီရှီကို ပထမဆုံးအကြိမ် တွေ့ဖူးလိုက်ရသလိုပင်။ ဤသည်မှာ ဝမ်ရှီရှီမှ ဟုတ်ပါလေစ။

အမှန်စင်စစ် ဝမ်ရှီရှီသည် ဘယ်တုန်းကမှ လိမ္မာယဉ်ကျေးသော မိန်းကလေးတစ်ဦး မဟုတ်ခဲ့ပေ။ သူငယ်တန်းကျောင်းသို့ ပထမဆုံးတက်သည့်နေ့မှာပင် အရုပ်လုရင်း အတန်းဖော်ယောက်ျားလေးတစ်ဦး၏မျက်နှာကို ကုတ်ခြစ်ခဲ့၏။ အလယ်တန်းကျောင်းသားဘဝတွင်မူ ''ညီအစ်မရှစ်ဖော်'' အဖွဲ့မှ ''အမသုံး''ဟုပင် တင်စားခံခဲ့ရသည်။ နောက်ပိုင်းတွင် လော်ယွမ်နှင့် တွေ့ဆုံပြီးမှ သူ၏စိတ်ထဲတွင် အထင်အမြင်သေးမည်စိုး၍ မိမိကိုယ်ကို ထိန်းချုပ်ကာ ယဉ်ကျေးသောမိန်းကလေးတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့်အချိန်ကြာလာသောအခါ အမှန်တကယ်ပင် လိမ္မာသောယဉ်ကျေးသော မိန်းကလေးတစ်ဦး ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင် ထိုအမျိုးသားမှာ အလွန်ကြောက်လန့်ကာ မျက်ရည်၊ နှာရည်များဖြင့် အဆက်မပြတ် တောင်းပန်နေတော့သည်။

ဟွမ်ကျားဟွေမှာ ဆက်မကြည့်နိုင်တော့ဘဲ သူမကို သွားဆွဲလိုက်ပြီး "ရှီရှီ... တော်တော့...ဒီလောက်သင်ခန်းစာပေးရင် လုံလောက်ပါပြီ"

"ငါ..." ဝမ်ရှီရှီက ဆဲဆိုမည့်စကားတစ်ဝက်ကို မျိုချလိုက်ပြီး လော်ယွမ်ကို သတိတရ ခိုးကြည့်လိုက်သည်။ ထို့နောက် ဟွမ်ကျားဟွေကို "အမဟွမ်...သမီး...သမီး...နည်းနည်းလက်လွန်သွားလား မသိဘူး" ဟု တိုးတိုးလေး မေးလိုက်သည်။

"ဒီလိုအောက်တန်းကျတဲ့ ကောင်ကို မှတ်သွားအောင်လုပ်ပေးမှရတာ...နောက်တစ်ခါ အဲ့လိုလုပ်ရဲဦးမလား ကြည့်ကြသေးတာပေါ့" ဟွမ်ကျားဟွေက နှုတ်ခမ်းစူကာ ပြောလိုက်ပြီး "ဒါပေမဲ့... ဆဲဆိုတာမျိုးတော့ မလုပ်တာ အကောင်းဆုံးပဲ"

"ဟီးဟီး... သမီး... စိတ်တိုလာရင် မထိန်းနိုင်လို့ပါ..." ဝမ်ရှီရှီက ခြောက်ကပ်ကပ်ရယ်ရင်း လော်ယွမ်ကို မကြာမကြာ ခိုးကြည့်နေသည်။ လော်ယွမ်က မည်သို့မျှ မနှစ်မြို့သည့်အရိပ်အယောင်မပြမှ တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။

ထိုအမျိုးသားမှာလည်း ဝမ်ရှီရှီ၏ ရိုက်နှက်မှုကို ကြောက်လန့်သွားပြီး အမြန်ထကာ လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ မသွားခင် ခြိမ်းခြောက်စကားတစ်ခွန်းပင် မပြောရဲခဲ့။ ပတ်ဝန်းကျင်မှလူများမှာလည်း ကြည့်စရာမရှိတော့သဖြင့် လူစုခွဲသွားကြသည်။

--------------------

ထို့နောက် သူတို့သုံးဦးသည် ရှေ့သို့ ဆက်လက်တိုးဝှေ့သွားကြသည်။ ရှေ့သို့ ရောက်လေ လူအုပ်က ထူထပ်လာလေဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးသို့ ရောက်သောအခါ လုံးဝနီးပါး တိုးမရတော့ပေ။

ရှေ့မှ ပြည့်ကျပ်နေသော လူအုပ်ကြီးကို ကြည့်ရင်း လော်ယွမ်မှာ စိုးရိမ်စိတ်ဝင်လာသည်။ လူတွေက များလွန်းလှသည်။ အကယ်၍သာ ဝရုန်းသုန်းကား ဖြစ်ပွားခဲ့လျှင် လူဘယ်လောက်တောင် သေဆုံးမည်ကို မသိနိုင်ပေ။ သူက အမှတ်မထင် မော့ကြည့်လိုက်သောအခါ ကြည်လင်သောလရောင်အောက်တွင် ကြီးမားသောငှက်ကြီးများ၏ အရိပ်မည်းကြီးများက ကောင်းကင်ယံတွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။

လော်ယွမ်က သူ၏အကြည့်ကို ပြန်ရွှေ့လိုက်စဉ်မှာပင် ထိုငှက်ကြီးများ ရုတ်တရက် ဂနာမငြိမ်ဖြစ်လာပြီး သူတို့၏ပျံသန်းပုံမှာ ပရမ်းပတာဖြစ်လာကာ တိုက်မိခိုက်မိမတတ် ပျံသန်းရင်း ထူးဆန်းသောအသံများဖြင့် အော်မြည်နေကြသည်။ ထိုငှက်ကြီးများသာမက အဝေးမှ သန္ဓေပြောင်းသတ္တဝါများ၏ ဟိန်းဟောက်သံများကလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

ဤအသံများထဲတွင် စိုးရိမ်ပူပန်မှု၊ ဂနာမငြိမ်ဖြစ်မှုတို့ ပါဝင်နေပြီး ကြီးမားသောအန္တရာယ်တစ်ခု တဖြည်းဖြည်း ချဉ်းကပ်လာနေသကဲ့သို့ ထင်မှတ်ရသည်။

သူ၏စိတ်ထဲတွင် အလိုလိုသိစိတ်တစ်ခုက ညွှန်ပြသလို မြောက်ဘက်အရပ်ရှိ နေရာတစ်ခုကို လှမ်းကြည့်မိလိုက်သည်။ အဝေးမှ ကောင်းကင်ယံတွင် မှိန်ဖျော့သောကြယ်တစ်ပွင့်က အလင်းရောင်ခပ်ရေးရေးကို ထုတ်လွှတ်နေသည်။ သို့သော် မကြာမီမှာပင် ၎င်းသည် ကြယ်တစ်ပွင့်မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ၎င်း၏အလင်းရောင်မှာ တဖြည်းဖြည်း ပို၍တောက်ပလာသည်။ ထိုနှင့်တစ်ပြိုင်နက် သူ၏ဘယ်ဘက်မျက်ခမ်းမှာလည်း တဆတ်ဆတ်လှုပ်ခတ်လာပြီး ကြက်သီးမွေးညင်းများ ထောင်ထလာကာ နှလုံးမှာ ဒိန်းခနဲ ဒိန်းခနဲ ခုန်လှုပ်လာတော့သည်။

သူ၏မျက်လုံးများက တဖြည်းဖြည်းတောက်ပလာသော ထိုကြယ်ကို စူးစိုက်ကြည့်နေရင်း ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် တောင့်တင်းသွား၏။

"ဘာဖြစ်လို့လဲ...ရှင် ဘာကိုကြည့်နေတာလဲ" ဟွမ်ကျားဟွေက လော်ယွမ်၏ ထူးဆန်းသောအမူအရာကို သတိပြုမိပြီး မေးလိုက်သည်။

လော်ယွမ်မှာ ဘာမျှမကြားသကဲ့သို့ မှင်သက်ကာ ငေးမောနေမိသည်။ အတန်ကြာမှ သူ ရုတ်တရက်သတိပြန်ဝင်လာပြီး ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေကို ဆွဲကာ လေသံခပ်အုပ်အုပ်ဖြင့် အော်လိုက်သည်။

"သွားမယ်... ငါနဲ့ အမြန်လိုက်ခဲ့"

ဆက်ရန်...

အပိုင်း(၈၆)နေမင်း

ဟွမ်ယွိရင်မှာ အဖြစ်အပျက်ကို သေချာမသိလိုက်သော်လည်း လော်ယွမ်၏မျက်နှာပေါ်မှ ဖော်ပြ၍မရသော စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသည့်အခါ သူမ၏နှလုံးသားထဲမှ ကျောချမ်းစရာအအေးငွေ့တစ်ခု စိမ့်တက်လာသလို ခံစားလိုက်ရသည်။

သူမ အများကြီးစဉ်းစားမနေတော့ဘဲ အလျှင်အမြန်ပင် သူ့နောက်သို့လိုက်ပါသွားတော့သည်။

လော်ယွမ်က သူတို့နှစ်ဦးကိုဆွဲကာ လူအုပ်ကြီး၏အပြင်ဘက်သို့ အတင်းတိုးထွက်နေသည်။ သူ့ရင်ထဲတွင် ဖိစီးမှုများက တဖြည်းဖြည်းပိုမိုကြီးထွားလာပြီး စိတ်မရှည်မှုများကြောင့် အော်ဟစ်ပစ်လိုက်ချင်စိတ်ပင် ပေါက်လာသည်။ သူက အားကုန်သုံး၍ လူအုပ်ထဲတွင် သဲသဲမဲမဲတိုးဝှေ့နေ၏။ သူဖြတ်သွားရာလမ်းတစ်လျှောက်လုံးတွင် ဆဲဆိုသံများဖြင့် ဆူညံနေသော်လည်း သူကတော့ မကြားသလိုပင်။

သူ လမ်းဘေးသို့ရောက်သည်နှင့် ပတ်ဝန်းကျင်ကို လျင်မြန်စွာအကဲခတ်လိုက်ပြီးနောက် ရှေ့ဘက်ရှိ ကုန်တိုက်ကြီးတစ်ခုဆီသို့ ပြေးထွက်သွားသည်။ ထိုကဲ့သို့ အဆောက်အအုံကြီးမျိုးတွင် မြေအောက်ကားပါကင် အများအားဖြင့် ရှိတတ်သည်။ သို့သော် လမ်းတစ်ဝက်ပင်မရောက်သေးခင်မှာပင် သူတစ်ကိုယ်လုံး တုန်ခါသွားတော့သည်။

သူ့ခန္ဓာကိုယ်တစ်ခုတည်း တုန်ခါနေခြင်းမဟုတ် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးပါ တုန်ခါနေခြင်းဖြစ်သည်။

လမ်းမပေါ်သည် ရုတ်တရက်ပင် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွား၏။ မူလက ဆူညံနေသောလူအုပ်ကြီးမှာ အချိန်ရပ်သည့်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ မလှုပ်မယှက်ငြိမ်သက်သွားပြီး လူအားလုံးသည် အဝေးတစ်နေရာကို ပါးစပ်အဟောင်းသားနှင့် ဖော်ပြမရနိုင်သော ကြောက်လန့်တကြားအမူအရာများဖြင့် ကြည့်နေကြသည်။

လော်ယွမ်တို့အုပ်စုလည်း အလိုအလျောက်ရပ်တန့်သွားပြီး အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။

မျက်စိကျိန်းလောက်အောင် စူးရှသောအရောင်များဖြာထွက်နေသည့် ဧရာမ "နေလုံးကြီး" တစ်လုံးသည် အဝေးမှ ဖြည်းညင်းစွာတက်လာ၏။ တစ်ခဏအတွင်းမှာပင် အမှောင်ထုသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့သည်။

"အနု…မြူ…ဗုံး" လော်ယွမ်က သူ၏ခြောက်ကပ်နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ခက်ခက်ခဲခဲပြောလိုက်သည်။

ဤမြင်ကွင်းကို မည်သို့သောစကားလုံးမျိုးဖြင့် ဖော်ပြရမည်ကို မသိနိုင်ပေ။ ယင်းကအလွန်ပင်ခမ်းနားကြီးကျယ်ပြီး အလွန်ပင်တောက်ပစူးရှလှသည်။ သို့သော် လော်ယွမ်တစ်ကိုယ်လုံးမှာတော့ ရေခဲတမျှအေးစက်နေလေပြီ။

ထိုနေလုံးကြီးသည် မီတာတစ်ထောင်ခန့်အမြင့်သို့ ရောက်သောအခါ လျင်မြန်စွာမှိန်ဖျော့သွားပြီး အလွန်ရင်းနီးနေသော မှိုပွင့်ပုံမီးခိုးတိမ်တိုက်ကြီးတစ်ခုသည် ကောင်းကင်ယံ၌ လျင်မြန်စွာဖြစ်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သောပေါက်ကွဲမှုလှိုင်းဂယက်သည် ရေကန်ထဲသို့ ကျောက်ခဲတစ်လုံးပစ်ချလိုက်သည့်အခါ လှိုင်းများစတင်ပျံ့နှံ့သွားသကဲ့သို့ အရှိန်ပြင်းစွာဖြင့် ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။ စက္ကန့်အနည်းငယ်အကြာတွင် အဝေးမှ မိုးခြိမ်းသံကဲ့သို့ တဝုန်းဝုန်းပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

မြို့တစ်မြို့လုံး ပြင်းထန်စွာတုန်ခါနေပြီး မူလကတည်းက ယိုင်နဲ့နေသည့် အဆောက်အအုံအချို့မှာ ယခုတစ်ကြိမ်တွင်တော့ ဆက်လက်မခံနိုင်တော့ဘဲတဝုန်းဝုန်း ပြိုကျကုန်တော့သည်။

မြို့ထဲတွင် လေပြင်းများတိုက်ခတ်လာပြီး မျက်စိတစ်ဆုံး ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားသည်။ ထိုအချိန်မှသာ လူအများစု သတိပြန်ဝင်လာပြီး ကြောက်လန့်တကြားအော်ဟစ်ကာ ဘယ်ပြေးလို့ဘယ်လွှားရမှန်းမသိ ဦးတည်ရာမဲ့ ပြေးလွှားကြတော့သည်။ သူတို့၏စိတ်ထဲမှ ကြောက်ရွံ့မှုများကို ထုတ်ဖော်နေသည့်အလားပင်။ မရေမတွက်နိုင်သောလူများမှာ ချော်လဲကျသွားပြီးနောက် လူအုပ်ကြီး၏နင်းချေခြင်းကိုခံရကာ ဘယ်တော့မှ ပြန်မထနိုင်ကြတော့ပေ။

နာကျင်စွာအော်ဟစ်သံများ၊ ကယ်ပါယူပါဟူသော အသံများနှင့် ငိုယိုသံများ ရောယှက်နေပြီး အခင်းဖြစ်ပွားရာနေရာမှာ အလွန်တရာ အကျည်းတန်နေသည်။

ကံကောင်းစွာဖြင့် လော်ယွမ်တို့အုပ်စုသည် လမ်းဘေးတွင်ရှိနေသောကြောင့် ထိုအဖြစ်ထဲသို့ ပါမသွားခဲ့ပေ။

လော်ယွမ်က ထိုအနုမြူဗုံးမှာ ဤနေရာနှင့် ကီလိုမီတာဆယ်ပေါင်းများစွာ ဝေးကွာသောကြောင့် လူအုပ်ကသောင်းကနင်းဖြစ်ပြီး လူပိသေမှုများဖြစ်ပွားစေခြင်းမှလွဲ၍ ကြီးကြီးမားမားပျက်စီးမှုမရှိသည့်အတွက် စိတ်သက်သာရာရသွားသည်။ သို့သော် ထိုခံစားချက်က ကြာရှည်မခံလိုက်ပေ။ နောက်ထပ် "ကြယ်" တစ်လုံး မြေပြင်ပေါ်သို့ ကြွေကျလာသည်ကို သူမြင်လိုက်ရပြန်သည်… ထို့နောက် တတိယတစ်လုံးပါ ဆက်ပေါ်ထွက်လာသည်။

မှိုပွင့်ပုံမီးခိုးတိမ်တိုက်သုံးခုသည် ဧရာမဘီလူးကြီးသုံးဦး၏ လက်သီးဆုပ်များအလား မှောင်မိုက်သောကောင်းကင်တွင် ထီးထီးကြီးတည်ရှိနေသည်။

ဝမ်ရှီရှီမှာ ငှက်ကလေးတစ်ကောင်ကဲ့သို့ လော်ယွမ်၏နောက်တွင် ပုန်းကွယ်ရင်း တဆတ်ဆတ်တုန်နေ၏။ ယခင်က လူကိုရိုက်စဉ်က ခိုင်မာသောစိတ်ဓာတ်တို့မှာ ယခုအခါ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ ဟွမ်ကျားဟွေ၏အခြေအနေလည်း မထူးလှပေ။ သူမသည် လော်ယွမ်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသော်လည်း တုန်ယင်နေဆဲပင်။ ဟွမ်ယွိရင်မှာမူ နံရံကိုမှီမထားပါက ကြမ်းပြင်ပေါ်သို့ ပျော့ခွေကျသွားလောက်ပြီဖြစ်သည်။

"ဒီမှာ ရေဒီယိုသတ္တိကြွမှုတွေ ရှိနေလောက်ပြီ... ကျွန်မတို့ အဆောက်အအုံထဲကို အမြန်သွားကြရအောင်" အတန်ကြာမှ ဟွမ်ကျားဟွေက ရုတ်တရက် လန့်တကြားပြောလိုက်သည်။

လော်ယွမ်က မိမိကိုယ်ကိုမိမိ ရေရွတ်လိုက်သည်။ "ရေဒီယိုသတ္တိကြွမှုဟုတ်လား... အခုချိန်မှာ အဲ့တာကို ဘယ်သူကဂရုစိုက်နိုင်မှာလဲ...ဓာတ်ရောင်ခြည်သင့်လို့နေမကောင်းဖြစ်ရင်တောင် အဲ့တာကနောက်မှစိတ်ပူရမယ့်ကိစ္စ"

ဟွမ်ကျားဟွေသည် တစ်ချက်တွေငေးသွားပြီးနောက် စိတ်ကိုဖြေလျှော့လိုက်သည်။ ဟုတ်တယ်...ရေဒီယိုသတ္တိကြွတော့ရောဘာဖြစ်လဲ...လူတွေရဲ့အသက်ကအရင်လို တန်ဖိုးရှိတာမှ မဟုတ်တော့တာ...အနုမြူဗုံးလက်ချက်နဲ့တန်းမသေသွားတာကိုပဲ ကျေးဇူးတင်ရမှာ...ကျန်တဲ့ကိစ္စကနောက်မှပဲ စဉ်းစားရတော့မယ်။ "ဒါဆို ကျွန်မတို့ မြေအောက်စခန်းကို သွားကြဦးမှာလား"

"သွားရမှာပေါ့...ဒီအထိရောက်လာမှတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ရမှာပဲ" လော်ယွမ်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။

ထိုအချိန်တွင် အဝေးမှ ဒီဇယ်အင်ဂျင်၏ ဟိန်းသံများထွက်ပေါ်လာပြီး လူအုပ်ကြီးသည် လမ်းဘေးနှစ်ဘက်သို့ ကပြာကယာရှဲပေးကြသည်။ ထို့နောက် သံချပ်ကာကားများနှင့် စစ်သည်တင်ယာဉ်များသည် တစ်စီးပြီးတစ်စီးမောင်းဝင်လာကြသည်။ ထိုယာဉ်များထဲတွင် တစ်စီးမှ အကောင်းပကတိမရှိပေ။ တင့်ကားတစ်စီး၏ကိုယ်ထည်ပေါ်တွင် စင်တီမီတာဆယ်ဂဏန်းခန့်ရှိသော ခြေရာကြီးတစ်ခု နက်ရှိုင်းစွာထင်ကျန်နေသည်ကိုပင် လော်ယွမ် တွေ့လိုက်ရသည်။

စစ်သည်တင်ယာဉ်များပေါ်တွင် စစ်သားများသည် တန်းစီထိုင်နေကြပြီး မျက်နှာသေများဖြင့် မလှုပ်မယှက်ရှိနေကြသည်။ ထိုစစ်သားများ မည်သည့်အရာများကို တွေ့ကြုံခဲ့ရသည်ကို လော်ယွမ် စိတ်ကူးကြည့်၍ပင်မရနိုင်။

လမ်းမပေါ်တွင် နင်းချေခံရ၍သေဆုံးနေသော အလောင်းများ ပြန့်ကျဲနေသော်လည်း ထိုယာဉ်များသည် အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိပေ။ သေမင်းတမန်လက်မှ ပြန်လည်လွတ်မြောက်လာသော ဤစစ်တပ်အတွက်မူ ဤအလောင်းများသည် သူတို့၏စိတ်ကို မလှုပ်ရှားစေနိုင်တော့ပေ။ သူတို့မြင်တွေ့ခဲ့ရသော အလောင်းများက ဤနေရာထက် ဆယ်ဆ၊ အဆတစ်ရာ၊ အဆတစ်ထောင်မက များပြားပြီး သူတို့၏စိတ်နှလုံးများမှာ ကြာမြင့်စွာကတည်းကပင် ထုံကျင်နေလောက်ပြီဖြစ်သည်။

ယာဉ်တန်းကြီးသည် နဂါးတစ်ကောင်အလား လမ်းမကိုဖြတ်၍မောင်းနှင်သွားရာ နင်းချေခံရ၍သေဆုံးနေသော အလောင်းရာပေါင်းများစွာသည် ယာဉ်ဘီးများ၏ ထပ်ခါတလဲလဲကြိတ်နင်းမှုကြောင့် သွေးနီရောင်အိုင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဟွမ်ကျားဟွေနှင့် အမျိုးသမီးအချို့က ရုတ်တရက်ပါးစပ်ကိုအုပ်ကာ တဘက်လှည့်ပြီး ပြင်းထန်စွာအန်ကြတော့သည်။ လော်ယွမ်၏မျက်နှာမှာလည်း မကောင်းလှပေ။ သူ့အစာအိမ်ထဲတွင် တစ်မျိုးကြီးဖြစ်နေသော်လည်း ထိုစစ်သားများမှာမူ မျက်နှာသေများဖြင့် မျက်နှာအမူအရာပင် တစ်ချက်မပြောင်းလဲသည်ကို သူတွေ့လိုက်ရသည်။

ဤစစ်တပ်သည် ယခင်ငြိမ်းချမ်းသောကာလက စစ်တပ်မဟုတ်တော့ကြောင်း သူရုတ်တရက်ခံစားလိုက်ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်တပ်များနှင့်ပင် နှိုင်းယှဉ်လျှင် သူတို့၏စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက ပို၍ပင်ကြောက်မက်ဖွယ်ကောင်းနေသည်။ အကြောင်းမှာ သူတို့ရင်ဆိုင်နေရသောရန်သူများသည် လူသားများထက် ပို၍ရက်စက်ကြမ်းကြုတ်သောကြောင့်ပင်။

ထိုစစ်သားများသည် ရေခဲတမျှအေးစက်သော စက်ရုပ်များကဲ့သို့ သေမလားရှင်မလားဆိုတာကိုပင် ဂရုမစိုက်တော့သည့် ပုံစံမျိုးဖြစ်နေသည်။ သေခြင်းတရားရောက်ရှိလာသည့်အခါမှသာ သူတို့၏ကြောက်ရွံ့သောအမူအရာကို မြင်တွေ့ရနိုင်လောက်ပေမည်။

ယာဉ်တန်းကြီးသည် ဆယ်မိနစ်ကျော်ကြာမှ ဤနေရာကိုလုံးဝဖြတ်ကျော်သွားသည်။

ခဏအကြာတွင် ရှေ့ဘက်မှလူအုပ်ကြီးက ရုတ်တရက်လှုပ်ရှားလာသည်။

"တံခါးဖွင့်ပြီဟေ့"

"နောက်ဆုံးတော့ တံခါးဖွင့်ပြီကွ စစ်သားတွေအများကြီး ထွက်လာကြပြီ"

လော်ယွမ်က ခြေဖျားထောက်၍ကြည့်လိုက်သော်လည်း ရှေ့တွင် လူများပြည့်နှက်နေသောကြောင့် တံခါးဝမှအခြေအနေကို လုံးဝမမြင်ရပေ။

လူတန်းကြီးမှာ ရပ်တန့်နေဆဲဖြစ်ပြီး တစ်စုံတစ်ခုပြဿနာတက်နေပုံရသည်။ အချိန်တစ်မိနစ်၊ တစ်စက္ကန့်ကုန်လွန်သွားပြီးနောက် နှစ်နာရီခန့်အကြာတွင် ရှေ့ဘက်မှ ဝမ်းသာအားရ အော်ဟစ်သံများထွက်ပေါ်လာပြီး လူတန်းကြီးသည် နောက်ဆုံးတွင် ဖြည်းညင်းစွာရွေ့လျားလာတော့သည်။

လော်ယွမ်၏မျက်နှာတွင် စိတ်သက်သာရာရသွားသော အမူအရာပေါ်လာပြီး သူတို့နှစ်ဦးကိုဆွဲကာ ရှေ့သို့အတင်းတိုးဝှေ့သွားသည်။ ခရီးဆောင်သေတ္တာကိုဆွဲထားရသောကြောင့် လူကြပ်ညပ်သောနေရာတွင် အလွန်ပင်ပန်းလှသည်။ အမျိုးသမီးနှစ်ဦး၏ခွန်အားက မနည်းလှသောကြောင့်သာ တော်တော့သည်၊ မဟုတ်ပါက လူအုပ်ထဲသို့ တိုးဝင်ရန်ပင်မလွယ်ကူပေ။ သို့သော်လည်း မိနစ်အနည်းငယ်အတွင်းမှာပင် အားလုံးခွေယိုင်နေကြပြီဖြစ်သည်။

လော်ယွမ် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ ဟွမ်ယွိရင်ကို မတွေ့ရတော့ပေ။ လူအုပ်ကြီးထဲတွင် ကွဲသွားပြီဖြစ်သည်။

သူက စိတ်ထဲမှ တောင်းပန်စကားတစ်ခွန်းဆိုလိုက်ပြီး ရှေ့သို့ပို၍အားစိုက်ကာ တိုးဝှေ့သွားသည်။ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့၏လက်ကောက်ဝတ်များမှာ လော်ယွမ်ဆွဲထားသောကြောင့် ညိုမည်းစွဲနေပြီဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ နာကျင်ကြောင်းမညည်းညူပေ။ ခြေတစ်လှမ်းနောက်ကျသွားပါက မြေအောက်စခန်းသည် လူပြည့်သွားနိုင်ကြောင်း အားလုံးနားလည်ထားကြသည်။

ဤမြို့သည် နေရာတိုင်းတွင် ရေဒီယိုသတ္တိကြွမှုများ ပြည့်နှက်နေသည့်အပြင် သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ခိုက်မှုလည်းရှိနေသည်။ ဤနေရာတွင်ကျန်ရစ်ခဲ့ပါက သေခြင်းထက်ပင်မထူးသောဘဝကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ သန္ဓေပြောင်းသတ္တဝါများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး နောက်ဘက်မှလူအုပ်၏ ကြောက်လန့်တကြားအော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက် လော်ယွမ်က မိမိကိုယ်ကို ခုခံနိုင်စွမ်းမရှိသော ဧရာမတွန်းအားတစ်ခုဖြင့် ရှေ့သို့တွန်းပို့ခံလိုက်ရသလို ခံစားလိုက်ရသည်။

"အား" ဝမ်ရှီရှီသည် ကြောက်လန့်တကြားအော်ဟစ်ရင်း လူတစ်ဦး၏တိုက်မိမှုကြောင့် မြေပေါ်သို့လဲကျသွားသည်။ ပြင်းထန်သောကြောက်စိတ်ကြောင့် သူမ၏စိတ်စွမ်းအင်များအားလုံး ထွက်ပေါ်လာသော်လည်း ဤလူပင်လယ်လှိုင်းလုံးကြီးထဲတွင် ထိုပမာဏက အလွန်သေးငယ်သောအရာတစ်ခုမျှသာ ဖြစ်နေသည်။ နောက်မှလူတစ်ဦးက လူအုပ်၏တွန်းအားကြောင့် သူမ၏ကျောကုန်းပေါ်သို့ နင်းချတော့မည်ကို မြင်နေရပြီ။

ရုတ်တရက် အပြာရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲလင်းလက်သွားသည်။

သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာပြီး ထိုလူ၏ခြေထောက်တစ်ဖက်သည် ဒူးဆစ်မှပြတ်ထွက်သွားကာ မြေပေါ်သို့ ဝုန်းခနဲလဲကျသွားသည်။ ထို့နောက် မရေမတွက်နိုင်သောခြေထောက်များက သူ့ခန္ဓာကိုယ်ပေါ်သို့ နင်းသွားကြရာ သူက အနည်းငယ်ညည်းညူပြီးနောက် နာကျင်စွာအော်ဟစ်သံမှာ တဖြည်းဖြည်းတိုးလျသွားတော့သည်။

ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်ရင်း ထိုအခွင့်အရေးကိုအသုံးချကာ လော်ယွမ်က ဝမ်ရှီရှီကို အမြန်ဆွဲထူလိုက်ပြီး ခရီးဆောင်သေတ္တာကိုလှမ်းယူကာ စိုးရိမ်စွာပြောလိုက်သည်။ "သတိထား...ချော်မလဲစေနဲ့"

"ဟုတ်… ဟုတ်ကဲ့" ဝမ်ရှီရှီသည် အလွန်ကြောက်လန့်နေပြီး ခေါင်းကိုအဆက်မပြတ်ညိတ်ကာ လော်ယွမ်၏လက်ကို တုန်ယင်စွာဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားသည်။

"နင်းမိသွားသေးလား" ဟွမ်ကျားဟွေက ဝမ်ရှီရှီကို စိုးရိမ်စွာကြည့်ရင်း မေးလိုက်သည်။

"မနင်းမိပါဘူး...ကိုကြီးယွမ်အချိန်မီ ဆွဲထူလိုက်လို့" ဝမ်ရှီရှီက ခေါင်းခါပြသည်။

စကားပြောနေစဉ်မှာပင် သန္ဓေပြောင်းသတ္တဝါများ၏ ဟိန်းဟောက်သံသည် တဖြည်းဖြည်းနီးကပ်လာပြီး လူအုပ်ထဲမှ နာကျင်စွာအော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။ လော်ယွမ်၏လည်ကုတ်ပေါ်သို့ တစ်စုံတစ်ခု လာစင်သောကြောင့် လက်ဖြင့်စမ်းကြည့်လိုက်ရာ သွေးများအပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူက မျက်နှာပျက်စွာဖြင့် လှည့်ကြည့်လိုက်ရာ မီတာရာပေါင်းများစွာအကွာတွင် သုံးထပ်တိုက်အမြင့်ခန့်ရှိသော ဒိုင်နိုဆောနှင့်တူသည့် သန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင်သည် လူအုပ်ထဲတွင် လွတ်လပ်စွာပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။ လူအုပ်သည် အလွန်တရာသေးငယ်နေသောကြောင့် ထိုသတ္တဝါကြီးက သတ်ဖြတ်ရန်ရည်ရွယ်ချက်မရှိသည့်တိုင် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လူပေါင်းများစွာက ၎င်း၏ခြေဖဝါးအောက်တွင် ပြားချပ်သွားကြသည်။

အစားအစာများစွာကို တစ်ပြိုင်နက်တွေ့လိုက်ရသောကြောင့် ထိုသတ္တဝါကြီးက အလွန်စိတ်လှုပ်ရှားနေပုံရသည်။ အမဲလိုက်နေသည်ဟုဆိုခြင်းထက် ကစားနေသည်ဟုဆိုလျှင် ပိုမှန်မည်။

မိနစ်အနည်းငယ်အကြာတွင် သူကစား၍ဝသွားဟန်တူသည်။ သူက ရပ်တန့်လိုက်ပြီး ကိုယ်ကိုကိုင်းကာ လူတစ်ယောက်ကိုကိုက်ချီလိုက်ပြီးနောက် ပါးစပ်ကိုဟကာ မျိုချလိုက်သည်။ ကံဆိုးသောထိုလူ၏အနီးတွင်ရှိနေသော အမျိုးသမီးတစ်ဦးသည် ထိုမြင်ကွင်းကိုမြင်ပြီး ကြောက်လန့်တကြားအော်ဟစ်ကာ မြေပေါ်တွင် ပျော့ခွေကျသွားပြီး ကြောက်လွန်း၍ကျင်ငယ်ကျင်ကြီးများပင် ထွက်ကျကုန်သည်။ သူမသည် ထိုနေရာတွင် မလှုပ်မယှက်ငြိမ်သက်နေပြီး ပတ်ဝန်းကျင်မှလူများမှာမူ ရူးမတတ်ပြေးလွှားနေကြသည်။

ထိုသန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင်ပေါ်လာပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် သန္ဓေပြောင်းသတ္တဝါများ တဖြည်းဖြည်းပိုမိုများပြားလာသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြောက်လန့်တကြားအော်ဟစ်သံများနှင့် နာကျင်စွာညည်းညူသံများ ပြည့်နှက်နေပြီး သွေးညှီနံ့များက ထိုနေရာကို သားသတ်ရုံတစ်ခုအလား ဖြစ်သွားစေတော့သည်။

ဆက်ရန်...

အပိုင်း(၈၇)အဆုံးစီရင်ခြင်း

"ကိုကြီးယွမ်...အဲ့အကောင်ကြီး လာနေပြီ" ဝမ်ရှီရှီက မျက်နှာတွင် သွေးမရှိတော့ဘဲ ဖြူဖျော့ကာ အော်ဟစ်လိုက်သည်။

"ငါ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား" လော်ယွမ်က မျက်နှာထားတည်တည်ဖြင့် ဆိုလိုက်သည်။ တဖြည်းဖြည်း နီးကပ်လာသော သန္ဓေပြောင်းသားရဲကောင်ကို ကြည့်ရင်း သူ့စိတ်ထဲတွင် ပူလောင်နေမိသည်။ လူအုပ်ကြီးထဲတွင် သူကရှေ့သို့တိုးနိုင်ရန် အားကုန်သုံး၍ တွန်းတိုက်နေရသည်။ ဤသို့သော လူများဖြင့်ပိတ်ညပ်နေသည့် အခြေအနေတွင် သူ့စွမ်းအားက နောက်ထပ် အဆပေါင်းများစွာသာလွန်နေလျှင်တောင် ထုတ်သုံးနိုင်စွမ်းရှိမည် မဟုတ်ပေ။

သူတို့၏ ပတ်ပတ်လည်တွင် ကြောက်လန့်တကြားပြေးလွှားနေသော လူအုပ်ကြီးများနှင့် ပြည့်နှက်နေပြီး နားထဲတွင်လည်း စူးစူးဝါးဝါးအော်ဟစ်သံများ၊ နာကျင်စွာ အော်ဟစ်ငြီးငြူနေသံများဖြင့် ဆူညံနေသည်။ အကြောက်တရား၏ ရှေ့မှောက်တွင် လူတို့၏ စိတ်နှလုံးသားသည် ထင်သည်ထက် ပို၍ ပျော့ညံ့သိမ်ငယ်နေတတ်စမြဲပင်။

ထိုအချိန်တွင် ရှေ့ဘက်ဆီမှ သေနတ်သံများ ရုတ်တရက်ထွက်ပေါ်လာသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပို၍စိတ်လာသော သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

ရေလှိုင်းများလို တိုးဝှေ့နေသော လူအုပ်ကြီးသည် မမြင်ရသော စွမ်းအားကြီးတစ်ခုခုက တားဆီးလိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွား၏။ ရှေ့နောက်မှ တွန်းကန်အားများ တစ်ပြိုင်နက်တည်း ဆောင့်မိကြရာ လော်ယွမ်သည် လူအတော်များများ ဖိညှပ်ခံရပြီး ပါးစပ်မှ သွေးများပင်အန်ကျလာသည်။ ရှေ့ဘက်ဆီမှ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဒေါသတကြီး ဆဲဆိုသံများကိုလည်း သဲ့သဲ့ကြားနေရသည်။

အဆိုးရွားဆုံးအခြေအနေကတော့ နောက်ဆုံးမှာ ဖြစ်ပေါ်လာခဲ့ချေပြီ။

"သူတို့ သေနတ်နဲ့ပစ်တယ်… သူတို့က ဘယ်လိုလုပ် သေနတ်နဲ့ပစ်ရက်တာလဲ" ဟွမ်ကျားဟွေ၏ မျက်နှာမှာ သွေးစက်မရှိတော့ဘဲ ဖြူဆုတ်နေသည်။ သူမ၏အမူအရာတွင် ကြောက်ရွံ့ခြင်းနှင့်အတူ မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ဒါဆို… သမီးတို့ ဘယ်လိုလုပ်ကြမလဲ" ဝမ်ရှီရှီက တုန်ယင်သောလေသံဖြင့် မေးလိုက်သည်။

လော်ယွမ်၏ မျက်နှာက ပို၍တင်းမာသွားပြီး အံကြိတ်သံနှင့်အတူ စကားလုံးအချို့ကို ထုတ်ပြောလိုက်သည်။ "ရှေ့ဆက်သွားလို့ မရတော့ဘူး...ငါတို့နောက်ပြန်လှည့်မယ် ပစ္စည်းတွေအကုန်လုံး ပစ်ချခဲ့လိုက်တော့... ငါတို့ ဘေးက တိုက်ကြီးဆီကိုသွားမယ်"

"မဖြစ်ဘူး...ကျွန်မအိပ်ထဲမှာပိုက်ဆံတွေချည်းပဲလေ...ပစ်ချခဲ့လိုက်ရင် နောက်ကျဘယ်လိုလုပ်မှာလဲ" ဟွမ်ကျားဟွေက နှမြောတသစွာ ပြောသည်။

"သမီးအိတ်ထဲမှာလည်း အဝတ်အစားတွေချည်းပဲ" ဝမ်ရှီရှီကလည်း မလွှင့်ပစ်ချင်သည့်ဟန်ဖြင့် ဆိုသည်။

"အဝတ်အထည်တွေက နောက်မှပြန်ရှာလို့ရတယ်...ပိုက်ဆံက နောက်ဆို ပိုက်ဆံရှိရင်တောင် သုံးဖို့နေရာရှိမှာမဟုတ်တော့ဘူး" လော်ယွမ်က အေးစက်စွာ ပြန်ပြောလိုက်သည်။

ထိုစကားကြောင့် ဟွမ်ကျားဟွေ၏ စိတ်ထဲတွင် ရုတ်တရက် မှောင်ကျသွားပြီး လက်ထဲမှ ခရီးဆောင်အိတ်ကို လွှတ်ချလိုက်တော့သည်။

သူတို့သုံးဦးသား လမ်းဘေးဘက်သို့ ရောက်အောင် အားကုန်သုံး၍ တွန်းတိုက်ထွက်လာကြသည်။ ခြေလှမ်းအနည်းငယ်မျှ လှမ်းရသေးသည်မှာပင် သန္ဓေပြောင်းသားရဲတစ်ကောင်က ခြေသံပြင်းပြင်းဖြင့် သူတို့ရှိရာဘက်သို့ ပြေးလာနေသည်။ ရွေ့လျားနေသော တောင်ကုန်းငယ်တစ်ခုအလား ကြီးမားလှသော ကိုယ်လုံးကိုယ်ထည်ကြီး၏ တွန်းတိုက်မှုကြောင့် ပတ်ဝန်းကျင်မှ လူအများသည် ကောက်ရိုးပင်များကဲ့သို့ လွင့်စင်ထွက်သွားကာ ကိုယ်ခန္ဓာများ လိမ်ကျိုးကုန်ကြသည်။

လော်ယွမ် စကားမပြောနိုင်ခင်မှာပင် ဟွမ်ကျားဟွေက သူမ၏ ပစ္စတိုသေနတ်ကို ဆွဲထုတ်ကာ မောင်းကို မဆိုင်းမတွ ဆွဲညှစ်လိုက်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း"

သေနတ်ပြောင်းဝမှ အဖြူရောင်ကျည်ဆန်ငါးတောင့်က ဝက်အူရစ်ပုံစံလည်ထွက်သွားသည်။ ထိုသားရဲကောင်သည် အပြာနုအဆင့်ခန့်သာ ရှိပုံရပြီး ပေါင်းစပ်ကျည်ဆန်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိပေ။ ကျည်ဆန်များက ၎င်း၏ကိုယ်ထဲသို့ ထုတ်ချင်းပေါက်ဝင်သွားသည့်တိုင် အရှိန်မသေသေးဘဲ ခလေးလက်သီးဆုပ်အရွယ် အပေါက်ငါးပေါက်ကို ဖြစ်ပေါ်စေခဲ့သည်။

ကျည်ဆန်တစ်တောင့်က ကံကောင်းထောက်မစွာဖြင့် ၎င်း၏ မျက်လုံးပေါက်ထဲသို့ တည့်တည့်ဝင်သွားပြီး သေကွင်းသေကွက်ကို ထိမှန်သွားစေသည်။

အရှိန်ကြောင့် သားရဲကောင်ကြီးသည် နောက်ထပ်ခြေလှမ်းအနည်းငယ်မျှ ဆက်လှမ်းလိုက်ပြီးနောက် တစ်ကိုယ်လုံး တုန်ခါသွားကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။

ဟွမ်ကျားဟွေ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမအိတ်ကပ်ထဲမှ ကျည်ဆန်များကို အမှတ်မထင် စမ်းကြည့်မိလိုက်သည်။

"မြန်မြန်သွား" လော်ယွမ်က ကြောင်ငေးနေသော ဟွမ်ကျားဟွေကို လှမ်းအော်ပြီး သူမလက်ကိုဆွဲကာ လမ်းဘေးဘက်သို့ ဆက်၍တိုးထွက်သွားသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လော်ယွမ်သည် အနီးအနားမှ တိုက်တစ်လုံးထဲသို့ တိုးဝင်သွားနိုင်ခဲ့သည်။ ထိုနေရာမှာ ယခင်က စူပါမားကတ်တစ်ခု ဖြစ်ဟန်တူသည်။ အတွင်းထဲတွင် စင်အလွတ်များသာ စီတန်းလျက်ရှိပြီး ပစ္စည်းများမှာတော့ ဘာတစ်ခုမျှမကျန်တော့ပေ။ မြေပြင်ပေါ်မှ ဖုန်မှုန့်များကို ကြည့်ခြင်းအားဖြင့် ဤစူပါမားကတ်သည် ပိတ်ထားသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သိနိုင်သည်။

အတွင်းထဲတွင် လူအမြောက်အမြား ကြိုတင်ရောက်နှင့်နေပြီး အဝင်ဝတွင်လည်း လူများဆက်တိုက် တိုးဝင်လာနေဆဲပင်။

ဤနေရာသည်လည်း လုံခြုံသည်ဟု မဆိုနိုင်သော်ငြား အပြင်ဘက်ထက်စာလျှင်တော့ အများကြီးသာသည်။

လော်ယွမ်က အတွင်းအကျဆုံးထောင့်သို့သွားကာ ဝမ်ရှီရှီကိုဆွဲ၍ ထိုင်ချလိုက်သည်။ သူ အိတ်ကပ်ကိုစမ်းနှိုက်ပြီး ပိပြားနေသော စီးကရက်ဘူးတစ်ခုကို ထုတ်ယူကာ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းတွင်တေ့လိုက်သည်။

"စီးကရက်တစ်လိပ်လောက်များ ရနိုင်မလားဗျာ" လော်ယွမ်ဘေးတွင်ထိုင်နေသော အသားဖြူဖြူ လူလတ်ပိုင်းတစ်ဦးက လော်ယွမ်စီးကရက်သောက်နေသည်ကိုမြင်၍ လေသံတိုးတိုးဖြင့် တောင်းလာသည်။

လော်ယွမ်က ခေါင်းညိတ်ပြပြီး စီးကရက်တစ်လိပ်ကို ပစ်ပေးလိုက်သည်။

"တောင်းပန်ပါတယ်ဗျာ... မီးခြစ်လည်း မပါလာဘူး" ထိုသူက အနည်းငယ် မျက်နှာပူစွာဖြင့် ဆိုသည်။

လော်ယွမ်က မိမိစီးကရက်ကို မီးညှိပြီးနောက် မီးခြစ်ကို သူ့ထံပစ်ပေးလိုက်သည်။

ထိုလူလတ်ပိုင်းက တုန်ယင်နေသော လက်များဖြင့် စီးကရက်ကိုမီးညှိပြီး အားရပါးရတစ်ချက်ရှိုက်ဖွာလိုက်သည်။ သို့သော် သူသည် ဆေးလိပ်သောက်တတ်သူ မဟုတ်သည့်အလား မီးခိုးငွေ့၏ အရှိန်ကြောင့် ချောင်းအသားကုန်ဆိုးပြီး မျက်ရည်များပင် ထွက်ကျလာသည်။ သို့သော် သူသည် ဆေးလိပ်ဖြတ်ထားသည်မှာ ကြာပြီဖြစ်သော ဆေးသမားတစ်ယောက်ကဲ့သို့ အငမ်းမရ ဆက်တိုက်ရှိုက်ဖွာနေသည်။ ထိုသို့ရှိုက်ဖွာနေရင်းမှပင် ရုတ်တရက် ချုံးပွဲချ ငိုချလိုက်တော့သည်။

ထိုလူလတ်ပိုင်းသည် ခဏကြာအောင်ငိုပြီးနောက် ရပ်လိုက်ကာ မျက်နှာကိုသုတ်လိုက်ပြီး ညှိုးငယ်သောမျက်နှာဖြင့် "စီးကရက်အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

"ရပါတယ်" လော်ယွမ်က အေးဆေးစွာ ပြန်ပြောသည်။

"ခင်ဗျားရှေ့မှာ အရှက်ရစရာဖြစ်သွားပြီ... ဒါပေမဲ့ ကျွန်တော်လည်း ဂရုမစိုက်နိုင်တော့ပါဘူး...ကျွန်တော့်သားလေး… ကျွန်တော့်သားလေး ဆုံးသွားပြီ...ခုနလေးတင်ပဲ လူအုပ်ထဲမှာ အနင်းခံရလို့ ဆုံးသွားတာ... သူ့ရင်ဘတ်တစ်ခုလုံး ကြေမွသွားတာကို ကျွန်တော်မြင်လိုက်ရတယ်... ပါးစပ်ကနေ သွေးတွေ တောက်လျှောက်အန်ထွက်နေပြီး အဖေ… သားနာတယ်...သားကိုကယ်ပါဦး လို့ အော်နေတုန်းပဲ... ဒါပေမဲ့ ကျွန်တော်ကတော့… ကျွန်တော်ကတော့ ဘာမှမလုပ်ပေးနိုင်ဘဲ ဒီအတိုင်းပဲ ကြည့်နေခဲ့ရတယ်… ဘာမှမတတ်နိုင်ခဲ့ဘူးဗျာ" သူသည် နောက်တစ်ကြိမ် မျက်ရည်ဖြိုင်ဖြိုင်ကျလာပြီး နှုတ်ခမ်းများတုန်ယင်စွာဖြင့် ဆက်ပြောသည်။ "ကျွန်တော်… ကျွန်တော် သူ့အလောင်းကိုတောင် ပြန်မကောက်နိုင်ခဲ့ဘူး… လူအုပ်ကြောင့် ကျွန်တော်ဘေးကိုတန်းရောက်သွားတာ… သူက… သူကခုမှ ခြောက်နှစ်ပဲရှိသေးတာ… အရမ်းလိမ္မာတဲ့ကလေး… ဗိုက်ဆာနေရင်တောင် ဘယ်တော့မှ မငိုဘူး…" သူသည် တတွတ်တွတ်ပြောရင်း စကားသံများမှာ အကြိမ်ကြိမ် ပြတ်တောက်သွားခဲ့သည်။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး တိတ်ဆိတ်စွာသာ နေလိုက်သည်။

"ဒီတစ်ခေါက် ကျွန်တော် ဒီမှာ မြေအောက်ဗုံးခိုကျင်းအကြီးစားတွေ ဆောက်ထားတယ်လို့ ကြားလို့အမြန်ပြေးလာခဲ့တာ...နောက်ဆုံးကျတော့… နောက်ဆုံးကျတော့ သူ့ကိုသေစေခဲ့မိတာပဲ… သေသွားတာ… သေသွားတာလည်း ကောင်းပါတယ်လေ...နောက်ဆို ဒုက္ခတွေထပ်မခံစားရတော့ဘူးပေါ့... ပြီးတော့ ကျွန်တော်လည်း သူနဲ့အတူရှိနေပေးမှာဆိုတော့ သူတစ်ယောက်တည်း အထီးကျန်မှာမဟုတ်တော့ပါဘူး" သူက လှောင်ပြောင်သလိုရယ်မောလိုက်ရင်း "ကျွန်တော်လည်း သွားရတော့မယ်... မဟုတ်ရင် ခဏနေ သားလေးက ကျွန်တော့်ကိုရှာမတွေ့တော့ဘဲနေမယ်"

လော်ယွမ် အံ့အားသင့်ကာ လှည့်ကြည့်လိုက်သည်။ "ခင်ဗျား"

"ကျွန်တော်ပြောတာတွေကို နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကိုလည်း မတားပါနဲ့တော့...ကျွန်တော်ရူးသွားတာမဟုတ်ဘူး ဒီကမ္ဘာကြီးက ရူးသွားတာ... ကျွန်တော့်လို ဘာမှမလုပ်တတ် မကိုင်တတ်တဲ့လူတစ်ယောက်က ဒီလိုခေတ်မှာ အသက်ရှင်နေနိုင်မှာမဟုတ်ဘူး... သေခြင်းတရားက ကျွန်တော့်အတွက်တော့ လွတ်မြောက်ခြင်းပဲ... နောက်ဆုံးငတ်ပြီးသေရင်သေ ဒါမှမဟုတ် သားရဲကောင်တွေရဲ့အစာဖြစ်သွား တာထက်စာရင် အခုလို အေးအေးဆေးဆေးသေလိုက်တာက ပိုကောင်းပါတယ်" သူက ခေါင်းခါရင်း မျှော်လင့်ချက်ကင်းမဲ့စွာ ပြောသည်။

ထိုသို့ပြောရင်း သူက ဓားမြှောင်တစ်ချောင်းကို ထုတ်ယူကာ သူ့နှလုံးသားရှိရာသို့ စိုက်ဝင်သွားအောင် ထိုးချလိုက်သည်။ သူ မျက်မှောင်ကြုတ်သွားပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။ နောက်ဆုံးတွင် သွားကိုတင်းတင်းကြိတ်ကာ ဓားကို ဆောင့်ဆွဲထုတ်လိုက်ရာ ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။

ဝမ်ရှီရှီသည် ထိုမြင်ကွင်းကိုတွေ့၍ ကြောက်လန့်တကြားဖြင့် ပါးစပ်ကို အုပ်ထားလိုက်မိသည်။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့မျက်နှာမှာလည်း မကောင်းတော့ပေ။ အမှန်တကယ်တွင် သူတားချင်လျှင် ထိုသူ့ကိုတားနိုင်စွမ်းရှိသော်လည်း သူကထိုသို့မလုပ်ခဲ့ပေ။ အကြောင်းမှာ ထိုသူပြောသလိုပင် ဤသို့သောခေတ်ကာလကြီးထဲတွင် သေခြင်းတရားသည်လည်း လွတ်မြောက်ခြင်းတစ်မျိုးပင် မဟုတ်ပါလား။

"ကျွန်တော့်ကိုယ်ကြီး ပေါ့ပါးပြီး ပျံဝဲနေသလိုပဲ… တကယ်ကောင်းလိုက်တာ… ထောင်ထောင်… အဖေ့ကိုစောင့်နေနော်" ထိုသို့ပြောပြီးနောက် သူ့ခန္ဓာကိုယ်ကို ဆက်မထိန်းနိုင်တော့ဘဲ မျက်လုံးများ မှေးစင်းကျသွားကာ နံရံကိုမှီလျက် လဲကျသွားသည်။ သူ့နှုတ်ခမ်းထောင့်တွင်တော့ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ငြိမ်းချမ်းသော အပြုံးတစ်ခု စွဲထင်ကျန်ရစ်ခဲ့သည်။

"ကျွန်မတို့တွေလည်း ဒီလိုနေ့မျိုးကို မကြုံရပါစေနဲ့လို့ ဆုတောင်းတယ်" ဟွမ်ကျားဟွေက အသံေြ့ခာက်ကပ်ကပ်ဖြင့် ပြောလိုက်သည်။ ထိုလူလတ်ပိုင်း၏ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုက သူမကို အလွန်တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

လော်ယွမ်က ဟွမ်ကျားဟွေကို သူ့ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲသွင်းပွေ့ဖက်ထားလိုက်ပြီး အချိန်အတော်ကြာမှ "အဲ့ဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး" ဟု ညင်သာစွာ ဆိုလိုက်သည်။

ထိုအခိုက်တွင် စူပါမားကတ်၏ နံရံသည် ပြင်းထန်စွာတုန်ခါသွားပြီး ဝုန်းခနဲ ပွင့်ထွက်သွားသည်။ ဖုန်မှုန့်များကြားမှ ဧရာမသားရဲကြီးတစ်ကောင် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာရာ လူအုပ်ကြီးသည် ကြောက်လန့်တကြားဖြင့် နောက်သို့ဆုတ်ကုန်ကြသည်။

လော်ယွမ်လည်း မတ်တပ်ထရပ်လိုက်သည်။ "သွားကြစို့...ငါတို့တစ်ခြားနေရာကို သွားမှဖြစ်မယ်"

ထိုသို့ဆိုရင်း သူက သူ၏ ကျန်းမာတောက်ဓားရှည်ကြီးကို ဆွဲထုတ်ကာ နံရံတွင်ထောက်လိုက်ပြီး စက်ဝိုင်းပုံစံကြီးတစ်ခုဖြစ်အောင် လှည့်ပတ်ခြစ်လိုက်သည်။ ထို့နောက် အားထည့်ကန်လိုက်ရာ နံရံတွင် ၃ပေကျော်ကျယ်သော အပေါက်တစ်ခု ပေါ်လာသည်။ သူက ကိုယ်ကို နှိမ့်ပြီး အပေါက်ထဲသို့ တိုးဝင်သွားရာ ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေတို့လည်း အလျင်အမြန် လိုက်ပါသွားကြသည်။

ပတ်ဝန်းကျင်မှ လူအချို့လည်း ထိုမြင်ကွင်းကိုတွေ့၍ အလျင်အမြန် လိုက်ပါလာကြသည်။

စူပါမားကတ်၏ နောက်ကျောဘက်သည် လမ်းမကြီးတစ်ခုဖြစ်ပြီး ထိုနေရာတွင် လူအုပ်သည် အတော်လေး ပါးသွားပြီဖြစ်သည်။ အနည်းဆုံးတော့ ယခင်ကဲ့သို့ ပြည့်ကျပ်မနေတော့ပေ။ ရှေ့ဘက် ပေ၃၀ကျော်အကွာတွင် ရေပုံးခန့်တုတ်သော အနက်ရောင်မြွေကြီးတစ်ကောင်က လမ်းတစ်လျှောက် တွားသွားနေသဖြင့် လမ်းပေါ်မှလူများက အသက်လု၍ ထွက်ပြေးနေကြရသည်။

လူများခြင်းသည် ထွက်ပြေးရာတွင် အဟန့်အတားဖြစ်စေသော်လည်း တစ်ဖက်တွင်လည်း သန္ဓေပြောင်းသားရဲများ၏ အာရုံစိုက်မှုကို မျှဝေခံပေးစေသည်။ ထိုမြွေကြီးက လမ်းသွားလမ်းလာတစ်ဦးကို မျိုချနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လော်ယွမ်တို့အဖွဲ့သည် လမ်းကို အမြန်ဖြတ်ကူးပြီး ဆယ်ထပ်ကျော်မြင့်သော ရုံးအဆောက်အအုံတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ သူသည် ထိုနေရာတွင် အချိန်ကြာကြာမနေဘဲ ကျန်းမာတောက်ဓားရှည်ဖြင့် နံရံကိုဖောက်ထွင်းကာ တစ်ဖက်သို့ ဆက်လက်ထွက်ခွာသွားသည်။

လော်ယွမ်တို့အဖွဲ့၏ ထူးခြားသော သွားလာပုံကို မြင်တွေ့သောကြောင့် လမ်းတစ်လျှောက်တွင် လူများ တဖြည်းဖြည်း လာရောက်ပူးပေါင်းကြသည်။ သို့သော် လိုက်မမီသောကြောင့် အချို့က နောက်ကျကျန်ရစ်ခဲ့ကြပြန်သည်။ နာရီဝက်ခန့်အကြာတွင်တော့ သူတို့နောက်တွင် လူပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေခဲ့ပြီဖြစ်သည်။ မြေအောက်စခန်းဘက်တွင် လူအများအပြား စုဝေးနေခြင်းက သန္ဓေပြောင်းသားရဲများ၏ အာရုံကို အကြီးအကျယ် ဆွဲဆောင်ထားပုံရသည်။ မြေအောက်စခန်းနှင့် တဖြည်းဖြည်းဝေးကွာလာသည်နှင့်အမျှ သန္ဓေပြောင်းသားရဲ အရေအတွက်သည်လည်း သိသိသာသာ နည်းပါးလာသည်။

ပတ်ဝန်းကျင်က အတော်လေး ဘေးကင်းသွားပြီဟု ခံစားရသောအခါ သူက ဟိုတယ်တစ်ခု၏ မြေအောက်ကားပါကင်ထဲသို့ ပြေးဝင်သွားပြီး မောဟိုက်စွာဖြင့် ရပ်တန့်လိုက်သည်။

"မိတ်ဆွေတို့...ခင်ဗျားတို့ ဘယ်သွားကြမလို့လဲဗျ" အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး လူလတ်ပိုင်းတစ်ဦးက အမောဖြေပြီးနောက် မေးလာသည်။

လော်ယွမ် စဉ်းစားကြည့်လိုက်ရာ သူ့တွင် ဗီလာသို့ ပြန်သွားခြင်းမှလွဲ၍ သွားစရာနေရာမရှိသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုဗီလာသည် မြေအောက်စခန်းသို့သွားရာလမ်းပေါ်တွင်ရှိပြီး ယခုအခါ ထိုနေရာသည် သန္ဓေပြောင်းသားရဲများဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်ပြန်သွားခြင်းက သင့်တော်မည်မဟုတ်ပေ။ သူ့စိတ်ထဲတွင် အကြံတစ်ခုပေါ်လာပြီး "ဘယ်နေရာဘေးကင်းနိုင်လဲ...ကျွန်တော်တို့အဲ့နေရာကိုသွားမယ်...ခင်ဗျားမှာအကြံကောင်းရှိလား" ဟု ပြန်မေးလိုက်သည်။

အရပ်ရှည်ရှည် လူလတ်ပိုင်း၏ မျက်နှာတွင် စိတ်ပျက်သည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။ "ကျွန်တော်က ဒီမြို့ကလူမဟုတ်ဘူးဗျ...ဒီကိုရောက်တာလည်း မကြာသေးဘူး...ဘယ်နေရာက ပိုဘေးကင်းမယ်ဆိုတာတော့ မသိဘူး ဒါပေမဲ့ ဟယ်တုံမြို့မှာ ဗုံးခိုကျင်းတွေတော့ သေချာပေါက်ရှိမှာပဲ အနီးအနားက ဗုံးခိုကျင်းတစ်ခုခုကို ရှာတွေ့ရင် ကျွန်တော်တို့ လုံခြုံသွားပြီ"

"အဲ့တာဘယ်မှာလည်းကျွန်မသိတယ်" မျက်နှာတစ်ခုလုံး သွေးများစိုရွှဲနေသော အမျိုးသမီးတစ်ဦးက ရုတ်တရက် ထပြောလိုက်သည်။

ဆက်ရန်...

အပိုင်း(၈၈)အတင်းအကျပ်စေခိုင်းခြင်း

"ကျန်းပေလမ်း အမှတ် ၉၃... ကျွန်မရဲ့ကုမ္ပဏီဟောင်းက အဲ့ဒီအနားမှာပဲ" ထိုအမျိုးသမီးက ဆက်ပြောသည်။

"အဲ့နားမှာတစ်ကယ်ရှိတယ်...ဟိုတုံးကတစ်ခါဖွင့်ပေးဖူးလို့ ကျွန်တော်တောင်တစ်ခေါက်ဝင်ကြည့်ခဲ့သေးတယ်" လူငယ်တစ်ဦးကလည်း သတိရလာပြီး ထောက်ခံပြောဆိုသည်။

"ဒီကနေဆိုသိပ်မဝေးဘူး...ဒီလမ်းအတိုင်းအရှေ့ဘက်ကိုသွားပြီး လမ်းဆုံမှာဘယ်ချိုးလိုက်ရင် ကျန်းပေလမ်းပဲ...ကီလိုအနည်းငယ်လောက်ပဲဝေးတာ...ငါတို့အချိန်မဆွဲဘဲအခုချက်ချင်းသွားတာ ပိုကောင်းတယ်" ဗိုက်ပူပူနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက အဆုံးအဖြတ်ပေးကာ ပြောလိုက်သည်။

သို့သော် သူ့ကို မည်သူမှဂရုမစိုက်ဘဲ အားလုံးက လော်ယွမ်ကိုသာ ကြည့်နေကြသည်။

ထိုလူ၏မျက်နှာသည် ချက်ချင်း တောင့်တင်းသွားပြီး မျက်နှာမထားတတ်အောင် ဖြစ်သွားသည်။

ယခင်က သူသည် ဌာနတစ်ခုမှ ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခု၏ သူဌေးတစ်ဦး ဖြစ်ခဲ့နိုင်သော်လည်း ယခုလိုအချိန်အခါတွင် သူမည်မျှပင် ချမ်းသာပြီး အာဏာရှိခဲ့ပါစေ မည်သူမှ သူ့ကိုဂရုစိုက်မည်မဟုတ်ပေ။

လမ်းတစ်လျှောက်တွင် လော်ယွမ်သည် သာမန်ထက်ကျော်လွန်သော စွမ်းအားကို မပြသခဲ့သော်လည်း အစမှအဆုံး သူက အလွန်တည်ငြိမ်နေခဲ့သည်။ သန္ဓေပြောင်းသတ္တဝါများ အနီးအနားတွင်ရှိနေသည့်တိုင် မျက်နှာတစ်ချက်မပျက်ဘဲ အမျိုးသမီးနှစ်ယောက်ကိုဆွဲကာ နာရီဝက်ခန့် ပြေးလွှားခဲ့သော်လည်း အေးအေးဆေးဆေးပင် ရှိနေသေးသည်။ ကျားတစ်ကောင်၏ အစွယ်ကိုကြည့်ရုံဖြင့် ၎င်း၏အားအင်ကို ခန့်မှန်းနိုင်သကဲ့သို့ပင်။ ထို့အပြင် သူတို့သည် ဤနေရာတွင်ရှိနေရခြင်းမှာလည်း သူ့နောက်လိုက်လျှင် အသက်ရှင်ရန် မျှော်လင့်ချက်ရှိသည်ဟု မြင်သောကြောင့်သာ ဖြစ်သည်။

အားလုံးက မိမိကိုကြည့်နေသည်ကိုမြင်သောအခါ လော်ယွမ်သည် ခဏမျှစဉ်းစားပြီးနောက် စကားစပြောသည်။ "ဗုံးခိုကျင်းက ဒီနားမှရှိတယ်ဆိုတော့ အဲ့ပဲသွားကြတာပေါ့... ခဏနားပြီး ဆယ်မိနစ်နေရင် ထွက်ကြမယ်"

လူအားလုံး တိတ်ဆိတ်စွာ ထိုင်ချလိုက်ကြသည်။ အစောပိုင်းက စကားပြောခဲ့သော ဗိုက်ပူပူနှင့်လူလတ်ပိုင်းအရွယ်အမျိုးသားသည် ဝမ်ရှီရှီ၏ဘေးတွင် တင်ပဆုံချထိုင်လိုက်ပြီး ပြုံးရွှင်စွာဖြင့် စကားစပြောသည်။ "ငါ့နာမည်က ဟော်တုံတဲ့...ဒီကညီလေးကိုဘယ်လိုခေါ်ရမလဲ"

ဝမ်ရှီရှီသည် စက်ဆုပ်ရွံရှာသောအမူအရာဖြင့် လော်ယွမ်ဘက်သို့ တိုးကပ်သွားသည်။

လော်ယွမ်က သူမ၏လက်ကို ပွတ်ပေးလိုက်ပြီး နောက်ပြန်လှည့်ကာ ထိုလူကိုတစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကျုပ်ကိုလော်ယွမ်လို့ခေါ်"

ဟော်တုံသည် လော်ယွမ်၏အေးစက်မှုကို လုံးဝဂရုမစိုက်ဘဲ စိတ်အားထက်သန်စွာဖြင့်။

"ညီလေးယွမ်က ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံတာပဲ… ရှေးခေတ်မှာသာဆိုရင် ရဲရင့်တဲ့စစ်သူကြီးတစ်ယောက်လို့ ပြောလို့ရတယ်… ညီလေးယွမ်ရဲ့အနာဂတ်ကတော့ အကန့်အသတ်ရှိမှာ မဟုတ်ဘူး" ပြောပြီးနောက် ဝမ်ရှီရှီကို တစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည်။ "ညီလေးယွမ်ရဲ့ညီမလေးဆိုရင်တောင် တော်တော်ရှားတဲ့ အလှနတ်သမီးလေးတစ်ပါးပဲ… နောင်ကျရင် ဘယ်ကောင်လေးများ ကံကောင်းသွားမလဲ မသိဘူး"

ဝမ်ရှီရှီ၏မျက်နှာတွင် ပန်းနုရောင်များဖြတ်ပြေးသွားပြီး သူမကလော်ယွမ်ကို ခိုးကြည့်လိုက်သည်။ သူမ၏မေးစေ့လေးသည် အနည်းငယ်မော့သွားပြီး နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ချက်ပေါ်လာကာ တိုးညင်းစွာချေပလိုက်သည်။ "ကျွန်မက သူ့ညီမလေး မဟုတ်ပါဘူး"

ဤသို့သောလူမျိုး၏စကားကို လုံးဝပြန်မဖြေသင့်ပေ။ မဟုတ်ပါက အဆုံးမရှိသော ချီးကျူးစကားများနှင့် မြှောက်ပင့်စကားများက သူ့အတွက် လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဟော်တုံက ချက်ချင်းစကားဆက်ပြောသည်။ "ဟာ…ငါမျက်စိမှားသွားတာပဲ…ဒါဆိုညီမလေးကညီလေးယွမ်ရဲ့ဇနီးပဲဖြစ်မယယ်…ညီလေးယွမ်လိုသူရဲကောင်းမျိုးမှပဲ ညီမလေးရဲ့အလှတရားနဲ့ ထိုက်တန်မှာပေါ့… ဟိုဘက်ကအလှလေးကလည်း အဲ့လိုပဲနေမယ်… ညီလေးယွမ်က တကယ်ကံကောင်းတာပဲ"

လော်ယွမ်သည် နောက်လှည့်ကာ သူ့ကိုပြုံးပြီးကြည့်လိုက်သည်။ သူ၏မြှောက်ပင့်သောအပြုံးသည် ခြောက်ကပ်သောအပြုံးအဖြစ်သို့ ပြောင်းလဲသွားမှသာ သူ အကြည့်ကိုရပ်တန့်လိုက်သည်။

"အင်း…ငါ့မှာညီလေးယွမ်လိုသတ္တိမျိုးမရှိဘူးလေ…ညီလေးတို့အတွက်ရယ်စရာဖြစ်ချင် ဖြစ်နေမှာပဲ…ဒါပေမဲ့ငါအခုလိုအာရုံကို တခြားပြောင်းမထားရင် ဘယ်လိုမှစိတ်တည်ငြိမ်နိုင်မှာ မဟုတ်ဘူး" ဟော်တုံသည် ခေါင်းမော့ကာ နှာခေါင်းကိုရှုံ့လိုက်ပြီး အတော်ကြာမှ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ "ငါဒီညအသက်ရှင်ပြီး နောက်နေ့နေထွက်တာကိုတောင် မမြင်ရမှာကြောက်တယ်… အခုကအချိန်မရွေးသေသွားနိုင်တာမလား… ငါတို့ဗုံးခိုကျင်းမှာ သွားခိုလှုံတောင် ကြာကြာလုံခြုံမှာမဟုတ်ဘူး… အခုစစ်တပ်လည်းမရှိတော့ဘူး…တစ်မြို့လုံးလည်း သန္ဓေပြောင်းသတ္တဝါတွေချည်းပဲ… နောက်ကျရင် စားစရာအသာထား… သောက်စရာရေတောင် ရှာတွေ့မှာမဟုတ်တော့ဘူး… သန္ဓေပြောင်းသတ္တဝါတွေကိုသာ အမဲမလိုက်နိုင်ရင် နောက်ဆုံးအကုန်လုံး အစာငတ်သေကြရမှာပဲ" ထိုလူ၏ခြောက်ကပ်သော အသံသည် မြေအောက်ကားပါကင်တွင် ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်သည် ချက်ချင်း လေးလံဖိစီးသွားတော့သည်။ အချို့လူများက တိုးညင်းစွာ ရှိုက်ငိုလာကြသည်။

"ဒီတစ်ခေါက် စစ်တပ်ဆုတ်ခွာတာ အရမ်းမြန်လွန်းတယ်…စစ်မြေပြင်မှာ လက်နက်အများကြီး ကျန်ခဲ့မှာသေချာတယ်!" တစ်ယောက်က အကြံပြုသည်။

"အဲ့မှာတော့ရှိမှာပေါ့… လိုသလောက်တောင် ရနိုင်ဦးမယ်…ဒါပေမဲ့အဲ့လိုအန္တရာယ်များတဲ့ နေရာကို ဘယ်သူကသွားယူရဲမှာလည်း… ယူရဲတယ်ထားဦး ငါတို့ထဲက ဘယ်နှစ်ယောက် အသက်ပေးဆပ်ရဦးမှာလဲ" ဟော်တုံက ချေပသည်။

"ဘာလို့အဲ့ထိသွားနေမှာလဲ… စက်မှုဇုန်နယ်မြေမှာ လက်နတ်စက်ရုံတစ်ခုရှိတယ်လေ… အဲ့မှာသေနတ်တွေမပြောနဲ့ အမြောက်တွေတောင် ရှိနိုင်သေးတယ်… ပြီးတော့ ပြည်သူ့လက်နတ်ကိုင်တပ်ဖွဲ့ဌာနကလည်း ဒီနေရာနဲ့သိပ်မဝေးဘူး… အဲ့မှာသိမ်းဆည်းထားတဲ့ မော်ဒန်အောက်လက်နတ်တွေကို စစ်တပ်ကအရေးမလုပ်ဘူးဆိုတော့ တော်တော်များများကျန်ခဲ့မှာသေချာတယ်"

-----------------------------------

အေးစက်သော ညအမှောင်အောက်တွင် သူတို့အဖွဲ့သည် နောက်တစ်ကြိမ် ထွက်ခွာခဲ့သည်။

ယခုအခါ လမ်းမပေါ်တွင် လူသူကင်းမဲ့နေပြီး လမ်းမပေါ်တွင် သွေးကွက်များဖြင့် ပြည့်နှက်နေသည်။ အမျိုးသမီးငယ်တစ်ဦး၏ ခြေတံရှည်ဟုထင်ရသော ခြေထောက်တစ်ချောင်းပင် လမ်းမပေါ်တွင် ကျန်ရစ်နေသည်။ ခြေထောက်သည် တစ်ခါတစ်ရံ တဆတ်ဆတ်တုန်နေပြီး လုံးဝမတောင့်တင်းသေးသော်လည်း ပိုင်ရှင်မှာတော့ ဘယ်ရောက်သွားသည်မသိပေ။

လေထဲတွင် သွေးညှီနံ့ပြင်းပြင်းက လွှမ်းခြုံနေပြီး နှာခေါင်းထဲသို့ တိုးဝင်လာသည်။ လူအချို့က ရပ်တန့်ကာ ပြင်းထန်စွာ အန်ကြတော့သည်။

လော်ယွမ်၏မျက်နှာသည်လည်း အနည်းငယ် ဖြူဖျော့သွားသည်။ ဤသို့သောမြင်ကွင်းကို ကျင့်သားရနေပြီဖြစ်သော်လည်း သူ၏အစာအိမ်ထဲတွင် လှိုင်းထနေသည်ကို ခံစားလိုက်ရသည်။

မိနစ်အနည်းငယ်အကြာတွင် လော်ယွမ်၏ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။ ရှေ့ဘက် မီတာရာပေါင်းများစွာအကွာတွင် ဧရာမသတ္တဝါကြီးတစ်ကောင်က လမ်းဘေးတွင် ဝပ်နေသည်။ ၎င်း၏ပုံစံအရ ယခင်ကပုံစံကို ခပ်ရေးရေး မှန်းဆနိုင်သည်။ ၎င်းသည် ၁၇ပေ၊ ၁၈ပေ ရှည်သော ကင်းခြေများတစ်ကောင်ဖြစ်သည်။

ရွှေဝါရောင်အခွံသည် လရောင်အောက်တွင် အေးစက်သောအရောင်ကို လက်နေသည်။ တံစဉ်ကဲ့သို့သော ခြေထောက်များက ကိုယ်အောက်တွင် ညီညာစွာ စီတန်းနေသည်။ ယခုအခါတွင် ၎င်းသည် မြေပေါ်တွင် ငြိမ်သက်စွာ ဝပ်နေပြီး မလှုပ်မယှက်ရှိနေသည်။ ၎င်း၏ဝမ်းဗိုက်သည် ဖောင်းကားနေပြီး မြင့်မားစွာ မို့တက်နေသည်ကို မြင်နိုင်သည်။ အတွင်းထဲတွင် တစ်စုံတစ်ခု လှုပ်ရှားနေဟန်ရှိသည်။

ဤသည်မှာ အစားများလွန်း၍ မလှုပ်နိုင်သော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်ပြီး မြို့ထဲတွင် ရှာဖွေနိုင်သောအစားအစာမှာ လူမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမည်မဟုတ်ပေ။

အတွင်းထဲတွင် ရှိနိုင်သောအရာကို တွေးမိသောအခါ လော်ယွမ်၏မျက်နှာသည် ချက်ချင်း ရုပ်ဆိုးသွားသည်။ သူက လက်ထဲမှဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းများကို အနည်းငယ် မြန်ဆန်လိုက်သည်။

"အန္တရာယ်… ရှေ့မှာသန္ဓေပြောင်းသတ္တဝါတစ်ကောင်… အမြန်ပြေးကြ" လော်ယွမ်၏အမြင်အာရုံက သာမန်လူများထက် အဆပေါင်းများစွာ သာလွန်ပြီး ညအချိန်ဖြစ်သောကြောင့် အဖွဲ့သည် ပေ၁၅၀အကွာသို့ ရောက်မှသာ ရှေ့တွင်ဝပ်နေသော ဧရာမသတ္တဝါကြီးကို မြင်တွေ့လိုက်ကြသည်။

လူအုပ်သည် ချက်ချင်း ဆူပူသွားပြီး အားလုံးက အသက်လုကာ နောက်ပြန်ပြေးကြသည်။ လက်နက်မရှိဘဲ သာမန်လူတစ်ဦးသည် သန္ဓေပြောင်းသတ္တဝါနှင့်တွေ့ပါက အသေခံရုံသာရှိသည်။ တစ်ခဏအတွင်း လော်ယွမ်တို့အဖွဲ့မှလွဲ၍ အားလုံးသည် အရပ်လေးမျက်နှာသို့ ထွက်ပြေးကြတော့သည်။

သို့သော် လော်ယွမ်က အံ့ဩခြင်းမရှိပေ။ သာမန်လူတစ်ဦးသည် သန္ဓေပြောင်းသတ္တဝါနှင့်တွေ့ပါက ကံတရားနှင့် အခြားသူများထက် ပိုမြန်အောင်ပြေးခြင်းမှလွဲ၍ ပိုကောင်းသောနည်းလမ်းမရှိပေ။

အနီးအနားမှ လှုပ်ရှားသံကိုကြားသောအခါ ၎င်းက မြွေကဲ့သို့ ခေါင်းထောင်လာသည်။ အနီရောင်ဦးခေါင်းပေါ်တွင် စက်ဝိုင်းပုံသဏ္ဌာန်ရှိသော သက်တန့်ရောင်အစက်အပြောက်များဖြင့် အလှဆင်ထားသည်။ ထိုအစက်အပြောက်များသည် အမှောင်ထဲတွင် အလင်းရောင်ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေပြီး ကြည့်ရှုသည့်ထောင့် ပြောင်းလဲသည်နှင့်အမျှ အရောင်အမျိုးမျိုး ထွက်ပေါ်နေသည်။ ဤသို့ ကြွယ်ဝပြီး ဆွဲဆောင်မှုရှိသောအရောင်အရ ဤသည်မှာ အလွန်အဆိပ်ပြင်းသော သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ဖော်ပြနေသည်။

၎င်းက သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်တွင် အန္တရာယ်မရှိဟု ခံစားရသောအခါ နောက်တစ်ကြိမ် ပြန်ဝပ်သွားသည်။ အနီးအနားမှ လော်ယွမ်ကိုမူ တစ်ချက်ကြည့်ရန်ပင် စိတ်ဝင်စားခြင်းမရှိပေ။

၎င်း ဗိုက်ဝ၍နားနေချိန်တွင် အခွင့်ကောင်းယူကာ သတ်ဖြတ်ရန်ကြံစည်နေသော လော်ယွမ်သည် ချီတုံချတုံဖြင့် ရပ်တန့်လိုက်သည်။

အဆင့်မြင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ ခွန်အားကို တိုင်းတာခြင်းက အန္တရာယ်များပြီး မိုက်မဲသောလုပ်ရပ်ဖြစ်သည်မှာ သေချာသည်။ အပြာနုရောင်အဆင့်အရှိန်အဝါ ထုတ်လွှတ်နေသော ဤသန္ဓေပြောင်းသတ္တဝါသည် သာမန်အပြာနုရောင်အဆင့်သတ္တဝါဟု သတ်မှတ်၍မရသည်မှာ ထင်ရှားသည်။

"ကို…ကိုကြီးယွမ်…သမီးတို့တစ်ခြားဘက်က သွားကြမလား" ထိုဧရာမသတ္တဝါကြီးကိုကြည့်ကာ ဝမ်ရှီရှီက အနည်းငယ် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

ဝမ်ရှီရှီစကားပြောသည်ကိုကြားသောအခါ လော်ယွမ်၏မျက်လုံးများသည် ချက်ချင်း အရောင်တောက်သွားသည်။ အဆိပ်သည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သော်လည်း စိတ်စွမ်းအင်ရှိပြီး အာရုံခွဲကာ အလုပ်များစွာလုပ်နိုင်သော ဝမ်ရှီရှီအတွက်မူ ပြောပလောက်အောင်မရှိပေ။ ထို့ပြင် အပြာနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် ဝမ်ရှီရှီအတွက် လေ့ကျင့်ရန် အသင့်တော်ဆုံးဖြစ်သည်။ သူ ခဏစဉ်းစားပြီးနောက် ဝမ်ရှီရှီဘက်သို့လှည့်ကာ ပြောလိုက်သည်။ "ဒီသန္ဓေပြောင်းသတ္တဝါကို နင်တာဝန်ယူလိုက်"

ဝမ်ရှီရှီက မျက်လုံးကြီးများပြူးကာ မိမိကိုယ်ကို လက်ညှိုးထိုးရင်း "သမီး…ဟုတ်လား"

"ဒါကအဆင့်၂သန္ဓေပြောင်း သတ္တဝါတစ်ကောင်လေးပဲလေ…နင်ကသန္ဓေပြောင်းလူသားတစ်ယောက် ပြီးတော့စိတ်စွမ်းအင်သုံးလို့ရတဲ့သူ… နင်ဒါလေးတောင် အနိုင်မယူနိုင်ဘူးလား" လော်ယွမ်က မြှောက်ပင့်ကာ ပြောလိုက်သည်။

"ဒါ... ဒါပေမဲ့…သမီးက..." ဝမ်ရှီရှီသည် လော်ယွမ်၏ချီးကျူးစကားကြောင့် အနည်းငယ် မြောက်ကြွကြွဖြစ်သွားသော်လည်း ရှေ့မှ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သော သန္ဓေပြောင်းသတ္တဝါကို တွေးမိသောအခါ သူမ၏နှလုံးသည် တုန်လှုပ်သွားပြီး သတ္တိအားလုံး ပျောက်ကွယ်သွားသည်။

"ဘာမှ ဒါပေမဲ့ မနေနဲ့… တစ်ကယ်တော့ နင်ထင်တာထက်တောင် ပိုလွယ်သေးတယ်… ငါနင့်ကိုပေးထားတဲ့လက်နတ်ပျံနဲ့ သူ့ခေါင်းထဲထိုးစိုက်ပြီး မွှေပစ်လိုက်… ငါလည်းနင့်ကိုစောင့်ကြပ်ပေးနေမှာ ဘာအန္တရာယ်မှ မရှိစေရဘူး" လော်ယွမ်သည် ဝမ်ရှီရှီ၏ တွန့်ဆုတ်နေပုံကိုမြင်သောအခါ အေးစက်စွာဖြင့် စကားဖြတ်ပြောလိုက်သည်။

"သမီးကြောက်တယ်… မလုပ်နိုင်ဘူး… သမီး… သမီး… သူ့အစာဖြစ်သွားလိမ့်မယ်"

"လော်ယွမ်… သူ့ကိုအတင်းအကြပ် မလုပ်ခိုင်းပါနဲ့ ရှီရှီက ခလေးပဲရှိသေးတာလေ" ဟွမ်ကျားဟွေသည် ဝမ်ရှီရှီ၏ ကြောက်လန့်နေသောမျက်နှာကိုကြည့်ကာ စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

"တော်တော့… သန္ဓေပြောင်းသတ္တဝါက သူခလေးမို့လို ချမ်းသာပေးမှာမဟုတ်ဘူး… ငါ့နားမှာဝန်ပိုတွေရှိနေတာကို ငါအမုန်းဆုံးပဲ… နင်ဒါလေးတောင်မလုပ်နိုင်ရင် ငါ့နောက်ဆက်မလိုက်နဲ့တော့" လော်ယွမ်က အေးစက်စွာ ပြောလိုက်သည်။ ဤကမ္ဘာလောကကြီးသည် အလွန်ရက်စက်သည်။ ခြေတစ်လှမ်းတိုင်း တွင်အန္တရာယ်အပြည့်ရှိနေသည်။ ယနေ့မှစပြီးနောက်ပိုင်းတွင် မည်မျှသောအန္တရာယ်များကို ကြုံတွေ့ရဦးမည်မသိပေ။ မိမိ၏စိတ်နေစိတ်ထားကို မပြောင်းလဲနိုင်ပါက မည်မျှပင်အားကြီးသောစွမ်းအားရှိပါစေ ဤငရဲကဲ့သို့သောကမ္ဘာတွင် အသက်ရှင်သန်နိုင်မည်မဟုတ်ပေ။ ဝမ်ရှီရှီ မပြောင်းလဲချင်မှတော့ သူမကို အတင်းအကျပ်ပြောင်းလဲမှဖြစ်ပေမည်။

ဝမ်ရှီရှီ၏နူးညံ့သောကိုယ်သည် တုန်ခါသွားပြီး စိတ်ထဲတွင် တစ်စုံတစ်ခု ကျိုးပဲ့သွားသံကို ကြားလိုက်ရသလိုပင်။ သူမသည် လော်ယွမ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ဤစကားသည် သူ၏ပါးစပ်မှ ထွက်လာသည်ဟု သူမ မယုံကြည်နိုင်ပေ။

ဟွမ်ကျားဟွေသည် လော်ယွမ်ကို စိုးရိမ်စွာကြည့်လိုက်သော်လည်း လော်ယွမ်၏အမူအရာသည် အေးစက်နေပြီး သူမကို တစ်ချက်မျှပင်မကြည့်ပေ။ ဤမျှကြာအောင် အတူတကွနေထိုင်ခဲ့ပြီးနောက် သူမသည် လော်ယွမ်၏စိတ်ဓာတ်ကို နားလည်လာခဲ့သည်။ ပုံမှန်အချိန်တွင် ရင်းနှီးဖော်ရွေပြီး နူးညံ့ဂရုစိုက်တတ်သော်လည်း ဆုံးဖြတ်ချက်တစ်ခုချပြီးသည်နှင့် ဘယ်တော့မှမပြောင်းလဲပေ။ ထပ်မံတိုက်တွန်းလျှင်လည်း အသုံးဝင်မည်မဟုတ်ချေ။

ဟွမ်ကျားဟွေသည် လော်ယွမ်ကို တိုက်တွန်း၍မရသည်ကိုမြင်သောအခါ ဝမ်ရှီရှီကိုသာ နှစ်သိမ့်နိုင်တော့သည်။ "ရှီရှီမကြောက်နဲ့နော်… နင့်ရဲ့ကိုကြီးယွမ်က နင့်ကိုသတ္တိကောင်းလာအောင် လေ့ကျင့်ပေးချင်လို့ပါ… နင့်ကိုဒုက္ခပေးမလို့ မဟုတ်ပါဘူး"

ဝမ်ရှီရှီသည် ခေါင်းငုံ့ကာ မျက်နှာညှိုးငယ်နေသည်။ မနေ့ကမှ မိမိသည် တစ်စုံတစ်ယောက်၏လုံခြုံရေးအတွက် စိုးရိမ်ကာ သတ္တိမွေးပြီး သူ့အတွက် အဆိပ်မြူခိုးများကို ကာကွယ်ပေးခဲ့ရသည်ကို ပြန်သတိရမိသည်။ ယနေ့တွင်မူ ဤသို့သောဆက်ဆံခံရသောကြောင့် စိတ်ထဲတွင် ပိုတွေးလေ ပိုဝမ်းနည်းလေဖြစ်သည်။ သူမ၏မျက်လုံးများသည် နီရဲလာပြီး မျက်ရည်များသည် တပေါက်ပေါက် ကျဆင်းလာသည်။

သူမသည် ခေါင်းမော့လိုက်ပြီး မျက်ရည်များဖြင့် ဝေဝါးနေသောမျက်လုံးများဖြင့်။ "ရတယ်…သမီးသွားမယ်… သမီးသေသွားလည်း ဂရုစိုက်မယ့်သူ ရှိတာမှမဟုတ်တာ… သမီးအသေခံလိုက်တော့မယ်"

သူမသည် နှုတ်ခမ်းကိုစူကာ စိတ်ကောက်ပြီးပြောဆိုလိုက်ပြီး ခြေတစ်လှမ်းချင်း ရှေ့သို့လျှောက်သွားရင်း မျက်လုံးများကမူ လော်ယွမ်ကို ခဏခဏ ခိုးကြည့်နေသည်။

လော်ယွမ် လုံးဝမလှုပ်မယှက်ရှိနေသည်ကိုမြင်သောအခါ သူမ၏စိတ်ထဲတွင် မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားပြီး မျက်ရည်များသည် မရပ်မနား စီးကျလာသည်။ ခဏအကြာတွင် သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ အိတ်ကပ်ထဲမှ ကျောက်စိမ်းဖြူရောင်ရှိသော ထိပ်နှစ်ဖက်ချွန်သည့် လက်နတ်ပျံတစ်ခုကို ထုတ်ယူကာ ခြေတစ်လှမ်းချင်း ရှေ့သို့လျှောက်သွားတော့သည်...

လော်ယွမ်က သူမကို စူးစိုက်ကြည့်နေပြီး သူမအား ပြန်ခေါ်ချင်စိတ်ကို အကြိမ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသည်။ ဤရက်စက်သောကမ္ဘာတွင် အသက်ရှင်သန်လိုပါက ဤသည်မှာ ဘဝတွင် ဖြတ်သန်းရမည့် ပထမဆုံးခြေလှမ်းဖြစ်ပြီး ဤကမ္ဘာတွင် ရှင်သန်ရန် လိုအပ်သောကျွမ်းကျင်မှုနှင့် နောင်အနာဂတ်တွင် ရှင်သန်ရန် အာမခံချက်ပင်ဖြစ်သည်။ သူက သူမကို တစ်ခဏတာ ကာကွယ်ပေးနိုင်သော်လည်း ထာဝရကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

အကြောင်းမှာ သူကိုယ်တိုင်ပင် အနာဂတ်က မရေမရာဖြစ်နေသည်ဟု ခံစားနေရသည်။ ပင်လယ်ထဲမှ လှိုင်းပုတ်ရာမျောနေသော သမ္ဗန်ငယ်တစ်စင်းကဲ့သို့ပင်၊ အချိန်မရွေး ပင်လယ်လှိုင်းရုတ်တရက်ထလာပြီး မှောက်သွားမည်ကို စိုးရိမ်နေရသည်။ ထိုသို့ ဘာမျှမတတ်နိုင်သော ခံစားချက်က သူ၏စိတ်နှလုံးတွင် အမြဲတမ်း ရစ်ဝဲနေသည်။ အသက်ရှင်လိုပါက ကံကြမ္မာနှင့် အဆက်မပြတ် တိုက်ပွဲဝင်ရမည်သာ။

မိမိကိုယ်ကိုယ်ပင် မကာကွယ်နိုင်ပါက မည်သူကကိုယ့်ကို ကာကွယ်ပေးနိုင်မည်နည်း။ ရှီရှီအတွက်က သူတပါးကိုအားကိုးခြင်းထက် ကိုယ့်ကိုယ်ကိုအားကိုးခြင်းက ပိုကောင်းပေသည်။

ဆက်ရန်…

All Chapters