← Chapters

အခန်း (၉၃-၉၆)

Vol. 5 Ch. 93-96

အခန်း (၉၃-၉၆)

Vol. 5 Ch. 93-96

အပိုင်း(၉၃)ရွေးချယ်ခြင်း

လော်ယွမ်သည် လေထဲသို့ လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်နေ၏။ လေထုထဲမှ ပေါက်ကွဲသံများက မီးရှူးမီးပန်းများ စုပြုံပေါက်ကွဲနေသကဲ့သို့ ဆူညံစွာ ထွက်ပေါ်နေသည်။

စင်္ကြံလမ်းအဝင်ဝတွင် ရပ်နေသော စွန်းရှောင်ဝူက စိတ်အာရုံတွင် ပုံရိပ်ယောင်တစ်ခုသာ မြင်နိုင်တော့သည့် လက်သီးချက်များကို မျက်လုံးအရောင်တောက်လျက် ကြည့်ရင်း တံတွေးကို အသာမျိုချလိုက်မိသည်။ လော်ယွမ်က မောဟိုက်စွာဖြင့် ရပ်တန့်လိုက်မှ သူက လေးစားရိုသေစွာဖြင့် တဘက်တစ်ထည်ကို ကမ်းပေးလိုက်သည်။

"အပြင်မှာ ခုနက ဘာဖြစ်တာလဲ... ဘာလို့ဒီလောက် ဆူညံနေရတာလဲ" လော်ယွမ်က တဘက်ကို လှမ်းယူရင်း ချွေးသုတ်ကာ မေးလိုက်သည်။

ဤတံခါးကို ဒေါသတကြီးထုခဲ့သော လူငယ်လေးသည် ကိုယ်ခံပညာကို အလွန်အမင်း အထင်ကြီးလေးစားဟန်ရှိပြီး ရန်ဖြစ်လိုစိတ်ပြင်းပြကာ အနည်းငယ် စိတ်လိုက်မာန်ပါ ပြုမူတတ်၏။ သို့သော် သူ၏စိတ်ရင်းမှာ ဖြူစင်သည်။ လော်ယွမ်၏ စွမ်းရည်ကို မျက်ဝါးထင်ထင် မြင်ပြီးနောက်ပိုင်းတွင် လော်ယွမ်ထံသို့ တက်ကြွစွာ ချဉ်းကပ်လာခဲ့သည်။ လော်ယွမ်ကလည်း သူ့ကို လက်ခံခဲ့ပြီး သတင်းအချက်အလက်များ စုံစမ်းသည့်အလုပ်ကို တာဝန်ပေးထားခဲ့သည်။

"လူတွေထပ်သေပြန်ပြီ... အဲ့ဒီဆာလောင်နေတဲ့ တစ္ဆေကောင်တွေက အရမ်းရက်စက်ကြမ်းတမ်းတာပဲ... အစားတစ်လုတ်အတွက်နဲ့ အသက်ကို ပဓာနမထားကြဘူး... ခုနက ရန်ဖြစ်ကြရင်း ကလေးတစ်ယောက်တောင် နင်းမိပြီး သေသွားတယ်... အရမ်းဆိုးဝါးတာပဲ" စွန်းရှောင်ဝူက လေသံနိမ့်ဖြင့် ပြောလိုက်ပြီး "ဒါပေမဲ့ ကျွန်တော်တို့ကိုတော့ ဘယ်သူမှ လာမရှုပ်ရဲကြဘူး... လူတော်တော်များများက ကျွန်တော်တို့ကို မြင်တာနဲ့ ရှောင်ဖယ်သွားကြတယ်"

လော်ယွမ်က ဗုံးခိုကျင်းထဲသို့ ရောက်နေသည်မှာ ငါးရက်ပင် ရှိခဲ့ပြီ။ ရိက္ခာများ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ မူလက တည်ငြိမ်နေသော ဗုံးခိုကျင်းသည် ဂနာမငြိမ်သော စိတ်ခံစားချက်များဖြင့် ပြည့်နှက်လာသည်။ နေ့စဉ်နေ့တိုင်း ရန်ပွဲများတွင် လူများ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပွားနေပြီး လေထုထဲတွင် အလောင်းပုပ်နံ့များပင် သိပ်သည်းနေတော့သည်။

"စုကျင်းဟောင်တို့အဖွဲ့ရော ဘယ်လိုလဲ" လော်ယွမ်က မေးလိုက်၏။

"အခုအတောအတွင်းတော့ ဘာလှုပ်ရှားမှုမှ မရှိဘူး... အကုန်လုံး ကြောက်နေကြတဲ့ပုံပဲ... ဟွမ်ကျုံးချန်တို့ လောက်ပဲတွေ့တယ်... ကျန်တဲ့သူတွေကိုတော့ ဒီရက်ပိုင်း မတွေ့မိဘူး... အကိုယွမ်စုံစမ်းခိုင်းတဲ့ အချက်အလက်တွေကိုလည်း ကျွန်တော် စုံစမ်းပြီးပြီ... စုကျင်းဟောင်က ဟိုးအရင်က ဟယ်တုံမြို့၊ အန်းဖူရပ်ကွက်က ရှင်းအန်းဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ပြောတယ်...လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အဖြူရောင်လောကထဲ ဝင်လာတာတဲ့... သူ့လက်မှာသေရတဲ့သူတွေလည်း အများကြီးရှိတယ်လို့ ကြားတယ်"

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး မျက်နှာတွင် စဉ်းစားဟန်တစ်ခု ပေါ်လာသည်။ ခဏအကြာတွင် သူက ခေါင်းမော့ကာ ပြောလိုက်သည်။

"အပြင်ကလူတွေကို သွားပြောလိုက်... ငါနဲ့အတူတူ လိုက်ချင်တဲ့သူရှိရင် နေ့လယ်ကျရင် ထွက်ခွာမယ်လို့"

"ကျွန်တော်တို့ ဗုံးခိုကျင်းကနေ ထွက်သွားတော့မလို့လား" စွန်းရှောင်ဝူက ထိတ်လန့်စွာ မေးလိုက်သည်။

သူက ခေါင်းညိတ်လိုက်ပြီး ရေသန့်ဘူးကိုဖွင့်ကာ တစ်ငုံမျှ သတိထားသောက်လိုက်ပြီးနောက် လက်သီးဆက်ထိုးနေလိုက်သည်။ ပြောသင့်သည်များကို ပြောပြီးလေပြီ။ အခြေအနေကို သဘောပေါက်ခြင်း၊ မပေါက်ခြင်းနှင့် နားထောင်ခြင်း၊ မထောင်ခြင်းမှာမူ သူတို့အပေါ်တွင်သာ မူတည်တော့သည်။

ပြင်းထန်သော လက်သီးလေပြင်းကြောင့် ဘေးတွင်ရပ်နေသော စွန်းရှောင်ဝူ၏ အဝတ်အစားများပင် လှုပ်ခတ်နေပြီး သူ၏အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။ သူက လူတစ်ယောက်နှင့်မတူဘဲ အလွန်အမင်း အစွမ်းထက်သော လော်ယွမ်ကို ကြည့်ရင်း သူ၏စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး "ကျွန်တော်နားလည်ပါပြီ အခုပဲ သွားပြောလိုက်ပါ့မယ်" ဟု ဆိုလိုက်သည်။

လော်ယွမ်က စကားတစ်ခွန်းမှမဆိုဘဲ လက်သီးထိုးခြင်းကိုသာ ဆက်လုပ်နေလေသည်။

--------------------------------

"ဘာလို့သွားရမှာလဲ... အပြင်မှာ အရမ်းအန္တရာယ်များတယ်... နေရာတိုင်းမှာ လူစားတဲ့ သန္ဓေပြောင်းသတ္တဝါတွေချည်းပဲ... ငါတို့က ဗုံးခိုကျင်းထဲကို အနိုင်နိုင်ရောက်လာတာ... ဘာလို့ပြန်ထွက်ရမှာလဲ" ဟု အမျိုးသမီးငယ်တစ်ဦးက ထိုသတင်းကို ကြားသောအခါ မျက်နှာပျက်ကာ အလောတကြီး ပြောလိုက်သည်။

"ဟုတ်တယ် ရှောင်ဝူ၊ မင်း ခေါင်းဆောင်ယွမ်ကို ပြောပြပါဦး... ဘာလို့စွန့်စားမှာလဲ...ဒီမှာ အခြေအနေက နည်းနည်းဆိုးပေမဲ့ အန္တရာယ်ကင်းတယ်လေ အပြင်ထွက်သွားရင် ငါတို့ဘယ်ကိုသွားရမှာလဲ ဘာသွားစားရမှာလဲ"

"ခင်ဗျားတို့ ဘာလို့နားမလည်ကြတာလဲ... ဒီမှာရှိနေတဲ့ရိက္ခာက အကန့်အသတ်မဲ့ မဟုတ်ဘူး... အခုအစာမဝတဲ့သူတွေ တစ်ဖြည်းဖြည်းများလာပြီ ရိက္ခာပြတ်လပ်ဖို့ကလည်း သိပ်မလိုတော့ဘူး အဲ့တော့ဒီကနေ စောစောသွားတာ အကောင်းဆုံးပဲ" စွန်းရှောင်ဝူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"မင်းပြောချင်တာကိုငါနားလည်ပါတယ်... ဒါပေမဲ့ ငါအပြင်မထွက်ချင်တော့ဘူး... ငါ့မှာ နှလုံးရောဂါရှိတယ်... အပြင်က အနိဌာရုံတွေကို ငါမခံနိုင်တော့ဘူး... တကယ်တော့ ထွက်သွားလည်း ဘာထူးမှာလဲ အပြင်ရောက်တာနဲ့ သေသွားနိုင်တာပဲ... ဒီမှာဆက်နေရင် အနည်းဆုံးတော့ ရက်အနည်းငယ် အသက်ရှင်နိုင်သေးတယ်... ငါတော့ မသွားတော့ဘူး" သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။

ဤသို့သော ရိုးရှင်းသည့်အကြောင်းပြချက်ကို လူတိုင်းနားလည်ကြ၏။ သို့သော် ယာယီပျော်ရွှင်မှုနှင့် ရောက်မလာသေးသည့်အန္တရာယ်၊ ထိုနှစ်ခုကြားတွင် ရွေးချယ်ရမည်ဆိုလျှင် လူအများစုက ပထမတစ်ခုကိုသာ ရွေးချယ်ကြမည်သာ။ အနာဂတ်ဆိုသည်မှာ မသေချာမရေရာဘဲ မျက်စိရှေ့မှအရာသာလျှင် အမှန်တကယ်ဖြစ်သည်။ သူသည် အပြင်သို့ အမှန်တကယ် မထွက်လိုတော့ပေ။ အပြင်လောကနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် နိဗ္ဗာန်ဘုံနှင့်တူလှ၏။ တစ်ရက်ပိုနေရလျှင်ပင် ကောင်းလှပြီ။ ထိုညက ကြောက်မက်ဖွယ်အဖြစ်အပျက်ကို ပြန်တွေးမိသည်နှင့် သူ၏နှလုံးမှာ ရုတ်တရက် အခုန်မြန်လာသည်။

"ငါလည်းမသွားတော့ဘူး...ငါကဝတော့ ကြာကြာမပြေးနိုင်ဘူး... မင်းတို့နဲ့လိုက်ရင် ဝန်ထုပ်ဝန်ပိုးပဲဖြစ်မှာ" ဝဖိုင့်ဖိုင်င့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ခဏမျှတွေဝေသွားပြီးနောက် ခေါင်းခါရင်း ပြောလိုက်သည်။

"တကယ်လို့... တကယ်လို့ ခေါင်းဆောင်ယွမ်က ကျွန်တော်တို့ရဲ့လုံခြုံရေးကို အာမခံရင်တော့ ကျွန်တော်တို့လိုက်မယ်" ထိုစဉ် အပြာရောင်အားကစားဝတ်စုံနှင့် လူငယ်တစ်ဦးက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

စွန်းရှောင်ဝူ စကားမပြောမီမှာပင် ဟော်တုံက မျက်နှာလုပ်လိုစိတ်ဖြင့် လှောင်ရယ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဟာသပဲ...မင်းကိုဘယ်သူကအတင်းထွက်သွားခိုင်းနေလို့လဲ... ပြီးတော့မင်းကညီလေးယွမ်နဲ့ဘာတော်လို့လဲ... မင်းသူ့ကိုပိုက်ဆံပေးထားလား... သူ့အသက်ကယ်ခဲ့ဖူးလား... ရှင်းရှင်းပြောရရင်မင်းတို့ အခုလိုကောင်းကောင်းနေ ကောင်းကောင်းစားနေရတာ ညီလေးယွမ်ရဲ့ကျေးဇူးကြောင့်ပဲ ဒါကိုမင်းကကျေးဇူးဆပ်ဖို့မကြိုးစားတဲ့အပြင် ဝန်ထုပ်ဝန်ပိုးဖြစ်အောင်ပါ လုပ်ချင်နေသေးတယ်...မင်းရဲ့စဉ်းစားဉာဏ်တွေ ခွေးစားသွားတာလား"

"ခင်ဗျားမရိုင်းနဲ့...ခင်ဗျားဖာသာသူ့ခြေသလုံးဖတ်ချင်တာ ခင်ဗျားကိစ္စပဲ ကျုပ်တို့ပါဆွဲမထည့်နဲ့... ခေါင်းဆောင်ယွမ်က သူ့နောက်လိုက်စေချင်ရင် ငါတို့အသက်ကို တာဝန်ယူရမှာပေါ့ မဟုတ်ရင် ဘယ်သူက သူ့နောက်လိုက်တော့မှာလဲ" သူက မျက်နှာနီရဲစွာဖြင့် ပြန်ချေပသော်လည်း ပတ်ဝန်းကျင်မှ အထင်အမြင်သေးသည့်အကြည့်များသာ ရရှိလိုက်သည်။

"ရန်ချီ...မင်းသန္ဓေပြောင်းသတ္တဝါတွေကို သတ်နိုင်လား...ဒါမှမဟုတ်လူသတ်ရဲလား... မင်းရဲ့ဖြူနွဲ့နွဲ့ပုံစံကြည့်ရတာ ကြက်တောင်သတ်ရဲတဲ့ပုံ မပေါ်ဘူး... အဲ့တော့မင်းကခြေသလုံးဖက်တာက လွဲပြီး ဘာလုပ်တတ်သေးလို့လဲ... မင်းလိုအလကားကောင်မျိုးက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ တစ်ကယ့်ဟာသပဲ" ဟော်တုံက အထင်သသေးဖြင့် ပြောလိုက်သည်။ အစပိုင်းတွင် သူက ဟန်ဆောင်နေသော်လည်း ယခုတစ်ကြိမ်တွင်မူ အမှန်တကယ် ဒေါသထွက်နေလေပြီ။ အခြေအနေမသိသော ဤသို့သောလူစားမျိုး အမှန်တကယ်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရန်ချီဟုခေါ်သော လူငယ်မှာ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ယင်လာပြီး စိတ်လိုက်မာန်ပါဖြင့် ပြေးဝင်သွားစဉ် မည်သူ၏ခြေထောက်နှင့် ခလုတ်တိုက်မိသည်မသိ မြေပေါ်သို့ ပြားပြားဝပ် လဲကျသွားသည်။ ပတ်ဝန်းကျင်မှလူများက ရှဲကနဲ ရှောင်ဖယ်သွားကြပြီး အတန်ကြာသည်အထိ မည်သူကမျှ သူ့ကို ထူပေးရန် ဆန္ဒမရှိကြ။

မိန်းကလေးတစ်ဦးက တွေဝေစွာဖြင့် သူ့ကို သွားထူရန် ကြိုးစားသော်လည်း သူက ထိုမိန်းကလေးကို တွန်းထုတ်လိုက်ရာ မိန်းကလေးမှာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး မြေပေါ်သို့ လဲကျမတတ်ဖြစ်ကာ မျက်ရည်များ ဝဲတက်လာသည်။

"နင်းရှောင်ရမ်... နင် လူကောင်းဟန်ဆောင်နေစရာမလိုဘူး... ကြောင်သူတော်လုပ်မနေနဲ့... နင်တို့အားလုံး ငါ့ကို လှောင်ချင်နေကြတာ မဟုတ်လား ငါ့ကို ကိုယ့်အဆင့်ကိုယ်မသိဘူးလို့ ပြောနေကြတာ မဟုတ်လား... မင်းတို့ စောင့်ကြည့်နေလိုက်... မင်းတို့နောင်တရမယ့်အချိန် ရောက်လာလိမ့်မယ်" သူက ပတ်ဝန်းကျင်ကို မုန်းတီးသောအကြည့်ဖြင့် တစ်ပတ်ဝေ့ကြည့်လိုက်ပြီး လူတိုင်းကို မှတ်ထားဟန်ဖြင့် လူအုပ်ကို အားဖြင့်တွန်းဖယ်ကာ အပြင်သို့ လျှောက်ထွက်သွားတော့သည်။

-----------------------------------

လော်ယွမ်က ဓားကို သုတ်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

ပြင်ဆင်ထားသော ပစ္စည်းများမှာ နည်းပါးလှသည်။ ကျောပိုးအိတ်တစ်လုံးနှင့် ရွက်ဖျင်တဲတစ်လုံးသာ သူ၏ပစ္စည်းအားလုံးဖြစ်သည်။ မူလက လော်ယွမ်သည် ရွက်ဖျင်တဲကို ယူဆောင်ရန် ရည်ရွယ်ချက်မရှိသော်လည်း မမျှော်လင့်သောအခြေအနေမျိုးတွင် အသုံးဝင်နိုင်သည်ဟု တွေးကာ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ရွက်ဖျင်တဲမှာ ဖြန့်လိုက်လျှင် ကြီးမားသော်လည်း ခေါက်လိုက်လျှင် ခရီးဆောင်အိတ်တစ်လုံးအရွယ်သာရှိပြီး ပေါ့ပါးသောကြောင့် သွားလာမှုကို မထိခိုက်ပေ။ ထို့အပြင် ခရီးမှာလည်း သိပ်မဝေးလှ။ အရာအားလုံး အဆင်ပြေမည်ဆိုလျှင် နှစ်နာရီ၊ သုံးနာရီအတွင်း ကျင်းယွဲ့အိမ်ရာသို့ ရောက်ရှိပေလိမ့်မည်။

လာစဉ်က လူနှစ်ဆယ် သုံးဆယ်ခန့်ရှိသော်လည်း ထွက်ခွာချိန်တွင်မူ ငါးယောက်သာ ကျန်တော့သည်။

ဟော်တုံ၊ စွန်းရှောင်ဝူနှင့် အသက်သုံးဆယ်ခန့်ရှိပြီး မျက်နှာထားတည်သော ချန်ရှန်းဖုန်းဆိုသည့် အမျိုးသားတစ်ဦးအပြင် အမျိုးသမီးနှစ်ဦးလည်း ပါဝင်သည်။ လော်ယွမ်၏ မှတ်ဉာဏ်က ကောင်းမွန်ရာ၊ တစ်ဦးမှာ မူလက ဤနေရာတွင် ဗုံးခိုကျင်းရှိကြောင်း သတိပေးခဲ့သော ရုံးဝန်ထမ်းအမျိုးသမီးဖြစ်ပြီး ရုပ်ရည်မှာ အတော်ပင် ချောမောကြောင်း မှတ်မိလိုက်သည်။ စွန်းရှောင်ဝူက သူမကို မကြာခဏ ခိုးကြည့်ရင်း အကြည့်လွှဲနေတတ်သည်။ ထိုစဉ်က ရွှံ့များဖြင့် ပေကျံနေ၍ ရုပ်ရည်ကို မမြင်ခဲ့ရသော်လည်း ဆေးကြောပြီးနောက်တွင်မူ အချောအလှတစ်ယောက်ဖြစ်မှန်း သိသာလာသည်။

နောက်တစ်ဦးမှာ အသက်မကြီးလှဘဲ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ်ခန့်သာရှိပြီး ကျောင်းသူလေးတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့ဟန်ရှိသည်။

ပတ်ဝန်းကျင်မှလူများက သူတို့ကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့၏အကြည့်များတွင် ထုံကျင်သောအမူအရာနှင့်အတူ... သနားကရုဏာသက်ဟန်တို့ ပါဝင်နေ၏။

"ဒါအကုန်ပဲလား" လော်ယွမ်က မေးလိုက်သည်။

"သူတို့ ကမသွားချင်ကြတော့ဘူး" ဟော်တုံက ဖြေသည်။

လော်ယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ရာ အနီးအနားမှလူများက အကြည့်လွှဲသွားကြသည်။ သူက စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ လူတိုင်းတွင် မိမိ၏ရွေးချယ်မှုရှိပြီး မည်သူမှန်သည်၊ မည်သူမှားသည်ကို မည်သူသိနိုင်မည်နည်း။ ဤနေရာတွင် ဆက်နေခြင်းသည် သူတို့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

"လူတိုင်းက ကိုယ့်လမ်းကိုယ် ရွေးချယ်ကြရတာပဲ...သွားကြစို့" လော်ယွမ်က အသက်ကိုပြင်းပြင်းရှူသွင်းရင်း ပြောလိုက်သည်။

ပတ်ဝန်းကျင်မှလူများက သူတို့ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ သူတို့ ဗုံးခိုကျင်း၏ ရှည်လျားသောစင်္ကြံလမ်းထဲတွင် ပျောက်ကွယ်သွားသောအခါ ဘာကြောင့်မှန်းမသိ သူတို့၏စိတ်ထဲတွင် ဟာတာတာဖြစ်ကာ နောင်တရချင်သလိုလို ခံစားလိုက်ရသည်။

---------------------------------------

စုကျင်းဟောင်၏ မျက်မှောင်များမှာ ကျုံ့ထားလျက် စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် သောက်နေသည်။ ရက်အနည်းငယ်အတွင်း သူသုံးပုံတစ်ပုံလောက် ပိန်သွားပြီး အသက်ပင် နှစ်အနည်းငယ်ကြီးသွားသလို ထင်ရသည်။ ဒီရက်ပိုင်းတွင် အိပ်မက်ဆိုးများကြောင့် မလန့်နိုးသောည မရှိခဲ့ချေ။ အမြဲတမ်းသူ၏လည်ပင်းမှာ အေးစက်စက်ဖြစ်နေသလို ခံစားရပြီး သူ့ကို ရူးမတတ်ဖြစ်စေသည်။ ဒီရက်ပိုင်းတွင် သူက အိမ်တံခါးအပြင်သို့ပင် မထွက်ခဲ့ပေ။ အပေါ်ယံအားဖြင့် သူ၏သားဖြစ်သူ ထူးဆန်းစွာ ဖျားနေသောကြောင့်ဟု ဆိုသော်လည်း အမှန်တကယ်တွင် သူက ကြောက်နေခြင်းဖြစ်ပြီး ထိုသူကို တွေ့ပင်မတွေ့ရဲတော့ပေ။

ယခင်ခေတ်ကဆိုလျှင် ဒေါသသွေးဆူကာ အသက်စွန့်ရန် ဝန်လေးမည်မဟုတ်ချေ။ ထိုစဉ်က ရှင်းအန်ဂိုဏ်းမှ အရူးဟောင်ဟု ဆိုလိုက်သည်နှင့် လူတိုင်း ကြောက်ရွံ့တုန်လှုပ်ခဲ့ကြသည်။

လူငယ်ဘဝတွင်ဘာမျှ ဆုံးရှုံးစရာမရှိသောလည်း ချမ်းသာလာသောအခါ သေရမည်ကို ကြောက်လာသည်။ ယခင်က ရန်လိုစိတ်ပြင်းပြမှုတို့မှာ အချိန်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ဒီနှစ်ပိုင်းတွင် သူ၏လုပ်ငန်းမှာ ပိုမိုကြီးထွားလာပြီး အထူးသဖြင့် အဖြူရောင်လောကသို့ ဝင်ရောက်ပြီးနောက်ပိုင်းတွင် သူက စီးပွားရေးသမားတစ်ဦးနှင့် ပိုတူလာခဲ့သည်။ အကျိုးအမြတ်ကို တွက်ချက်တတ်လာပြီး အလျှော့ပေးခြင်း၊ နောက်ဆုတ်ခြင်းတို့ကို သင်ယူတတ်မြောက်လာခဲ့သည်။

ထိုစဉ် တံခါးကို "ဘုန်း" ကနဲ တွန်းဖွင့်လိုက်ရာ စုကျင်းဟောင်မှာ တစ်ကိုယ်လုံးတုန်သွားပြီး မတ်တပ်ထရပ်မတတ် ဖြစ်သွားသည်။ ဟွမ်ကျုံးချန်ဖြစ်မှန်း မြင်သောအခါ သူ၏မျက်မှောင်က အနည်းငယ်ကျုံ့သွားပြီး မနှစ်မြို့စွာဖြင့် "ဘာလို့အရမ်းဝင်လာတာလဲ...အထဲမဝင်ခင်တံခါးခေါက်ပါလို့ ငါမင်းကို ဘယ်နှစ်ခါပြောရမလဲ"

"သူတို့သွားပြီ... သူတို့နောက်ဆုံးတော့..." ဟွမ်ကျုံးချန်က လုံးဝမကြားဘဲ စိတ်လှုပ်ရှားစွာဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ စကားတစ်ဝက်တွင် သူ၏လေသံမှားနေမှန်း သတိပြုမိပြီး ကျန်စကားတစ်ဝက်ကို အတင်းမျိုချလိုက်ရာ သီးမတတ်ဖြစ်သွားသည်။ အသက်ကိုပြင်းပြင်းရှူပြီးမှ ဆက်ပြောလိုက်သည်။

"သူတို့နောက်ဆုံးတော့... ထွက်ပြေးသွားပြီ... ကျွန်တော်တို့ လိုက်ဖမ်းရင်ကောင်းမလား"

"သွားပြီဟုတ်လား" စုကျင်းဟောင်က တစ်ခဏမျှ နားမလည်နိုင်ဖြစ်သွားပြီး လက်မောင်းကို အားဖြင့်ရိုက်ကာ ဒေါသဖြေလိုက်သည်။ "ဒီကောင်တွေ လာချင်တိုင်းလာ သွားချင်တိုင်းသွားနေတာပဲ...ခွေးမသားတွေ ခုရက်ပိုင်းရွှင်မြူးနေကြတာ သူတို့ကြောင့်လူ၁၀ယောက်ကျော် သေသွားပြီမလား... လူသေတာနဲ့အလောင်းကို တွေ့ကရာနေရာပစ်ထားတာ နံဟောင်နေတာပဲ...ငါသာခုရက်ပိုင်း အလုပ်များမနေရင် ဒီကောင်တွေကို ရှင်းပစ်လိုက်ပြီ"

"၁၀ယောက်ကျော်...သူသတ်သွားတာ တစ်ယောက်ထဲမဟုတ်ဘူးလား" ဟွမ်ကျုံးချန်က စိတ်ထဲတွင် တွေးလိုက်သည်။ ခေါင်းဆောင်က နားလည်မှုလွဲနေပုံရသည်။ သို့သော် စုကျင်းဟောင်၏ နှစ်ပေါင်းများစွာ လက်စွဲလူယုံတစ်ဦးအနေဖြင့် ဟွမ်ကျုံးချန်က သူ၏စိတ်နေစိတ်ထားကို ကောင်းစွာသိပြီးဖြစ်ရာ ဤအချိန်တွင် သူ၏စကားအတိုင်း လိုက်ပြောသင့်မှန်း သိသည်။ ဟွမ်ကျုံးချန်က ချက်ချင်းပင် မျက်နှာချိုသွေးကာ "အကိုဟောင်အစထဲက ထွက်ပြောရမှာ...အဲ့လိုဆိုဘယ်သူမှကလန်ကဆန်လုပ်ရဲမှာ မဟုတ်ဘူး...လုပ်ရဲရင်လည်း ကျွန်တော်ပစ်သတ်ပေးမှာပေါ့"

"ဒါနဲ့ဘယ်သူကထွက်သွားချင်တာလဲ... ဒီကောင်တွေ တော်တော်သတ္တိကောင်းတာပဲ...သန္ဓေပြောင်းသတ္တဝါတွေအစားခံရမှာတောင် မကြောက်ဘူး" စုကျင်းဟောင်က ဒေါသဖြေပြီးနောက် တည်ငြိမ်သွားပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။

"အဲ့ဒီ လူသတ်ကောင်... သူ ခုနကတင် ထွက်သွားတာ"

"လူသတ်ကောင်..." စုကျင်းဟောင်က တစ်ခဏမျှတွေဝေသွားပြီး ရုတ်တရက်ထရပ်လိုက်ရာ သူ၏လက်မှ စီးကရက်ပြာများ မြေပေါ်သို့ ကြွေကျသွားသည်။ "မင်းပြောတာ လူသတ်ကောင်... ယယွမ်... ဘာတဲ့"

"ခေါင်းဆောင်ယွမ်... မဟုတ်ဘူး...အဲ့ဒီ လော်ယွမ်... သူ ခုနကတင် ထွက်သွားပြီ" ဟွမ်ကျုံးချန်က နောက်တစ်ကြိမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဒီကောင်က အကင်းတော့ပါးသားပဲ" စုကျင်းဟောင်က မျက်ခုံးပင့်ကာ လှောင်ရယ်လိုက်ပြီး စီးကရက်ကို အားရပါးရ ရှိုက်ဖွာလိုက်သည်။

တစ်ခဏအတွင်းမှာပင် ဟွမ်ကျုံးချန်က ယခင်က အစ်ကိုဟောင် ပြန်ရောက်လာပြီဟု ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံးတွင် တက်ကြွမှုများ ပြည့်နှက်နေပြီး မူလက ကျုံ့ထားသောမျက်မှောင်မှာလည်း ပြေလျော့သွားကာ မျက်နှာပေါ်မှ အရေးအကြောင်းတိုင်းကပင် ပျော်ရွှင်မှုကို ဖော်ပြနေသကဲ့သို့ရှိနေ၏။ ဤရက်ပိုင်းအတွင်း ခေါင်းဆောင်ထံမှ လေးလံသောခံစားချက်များမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။ သူက အကြည့်ကို အမြန်ရွှေ့လိုက်ပြီး ခေါင်းကိုအနည်းငယ်ငုံ့ကာ သူ၏မျက်လုံးထဲမှအကြည့်နှင့် စိတ်ထဲမှအတွေးများကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိုက်သည်။

"သူတို့သွားတာ ဘယ်လောက်ကြာပြီလဲ" စုကျင်းဟောင်က မေးလိုက်သည်။

"ဆယ်မိနစ်ကျော်လောက်ရှိပြီ တံခါးကို ကျွန်တော်ပဲ ဖွင့်ပေးလိုက်တာ" ဟွမ်ကျုံးချန်က မျက်နှာချိုသွေးကာ ပြောလိုက်ပြီး ခေါင်းဆောင်နားလည်မှုလွဲမည်စိုး၍ ထပ်ရှင်းပြလိုက်သည်။ "သူက တံခါးကိုခုတ်ဖြတ်မလို့လုပ်နေတာ... အကိုဟောင်သိတဲ့အတိုင်း သူ့ဓားကအရမ်းထက်တာ"

"ထားလိုက်တော့... ဒီကိစ္စ မင်းတို့ကို အပြစ်မတင်ပါဘူး... ဒီလိုအရာတွေအတွက်နဲ့ အသက်မဆုံးရှုံးစေနဲ့" စုကျင်းဟောင်က ရက်ရောစွာ ပြောလိုက်သည်။

"အကိုဟောင်ခုလိုနားလည်ပေးတာ ကျေးဇူးပါ...ဒါနဲ့သူနဲ့အတူလိုက်မသွားတဲ့ သူတွေရှိသေးတယ်... သူတို့ကိုထမင်းနဲ့ဟင်း ဆက်ပို့ပေးရဦးမှာလား" ဟွမ်ကျုံးချန်က လေသံကို ချိန်ဆရင်း မေးလိုက်သည်။

"ဘာထမင်းဟင်းပို့မှာလဲ...မင်းရူးနေလား... ငါ့ရိက္ခာတွေက အုံဖွဆိုပြီး ပေါ်လာတယ်ထင်နေလား" စုကျင်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် "သူတို့လိုက်မသွားတာကောင်းတယ်... ငါတို့ဆီကစားခဲ့တာတွေ ပြန်အန်ထုတ်ခိုင်းရမယ်... ငါတို့ထမင်းက လွယ်လွယ်နဲ့မျိုချလို့မရမှန်း သိတို့သိစေရမယ်"

ထိုလူသတ်ကောင်ရှိနေစဉ်က သူက ထိုသူ၏ခြိမ်းခြောက်မှုကို ကြောက်ရွံ့၍ ကောင်းကောင်းကျွေးမွေးထားခဲ့သည်။ သို့သော် သူက ထွက်သွားပြီဖြစ်ရာ သူတို့ကို ထပ်ကျွေးနေလျှင် သူ စုကျင်းဟောင်က ထိုသူကို လုံးဝကြောက်ရွံ့ကြောင်း ပြသရာရောက်မည်။ သူ့နောက်လိုက်များက သူ့ကို မည်သို့ထင်မြင်ကြမည်နည်း။ သူ့ကို ပရဟိတအဖွဲ့အစည်းဟု ထင်မှတ်နေကြသလော။ ဩဇာအာဏာမရှိလျှင် လူများ၏စိတ်သည်လည်း ပြိုကွဲသွားပေလိမ့်မည်။ သူက သူတို့ကို မကျွေးရုံသာမက သူတို့အပေါ်တွင် သူ၏အရှက်ကို ဆေးကြောရပေဦးမည်။

"ကျွန်တော်နားလည်ပါပြီ" ဟွမ်ကျုံးချန်က ချက်ချင်းသဘောပေါက်သွားပြီး "သူတို့ကို ခေါ်လိုက်ရမလား"

"ထားလိုက်တော့... ဒါက သူတို့ကို အရမ်းအရေးပေးရာရောက်တယ် သူတို့ကို သုံးလေးရက်လောက် အငတ်ထားလိုက်... စားစရာမရှိရင် လုယက်လို့ရတာပဲ... အခု ဗုံးခိုကျင်းထဲမှာ လူအရမ်းများနေပြီး လူတွေရဲ့စိတ်ကလည်း ရှုပ်ထွေးနေတယ်...အုပ်စုတစ်စုကို ရှင်းလင်းပစ်ဖို့ အခွင့်ကောင်းပဲ... အဲ့ဒီအချိန်ကျရင် ငါတို့က အခြေအနေကို ထိန်းချုပ်ပြီး ငါတို့စကားနားမထောင်တဲ့သူတွေကို ရှင်းပစ်မယ်... ပြီးရင် ရိက္ခာတွေကို သိမ်းဆည်းမယ်...ဒါဆို ငါတို့က ဗုံးခိုကျင်းတစ်ခုလုံးကို လုံးဝထိန်းချုပ်နိုင်ပြီပဲ... ကမ္ဘာပျက်ကာလမှာ ရိက္ခာကိုထိန်းချုပ်နိုင်တဲ့သူက ခေါင်းဆောင်ပဲ... မင်းက အစာငတ်ပြီး သေချင်တာမဟုတ်ရင်ပေါ့" စုကျင်းဟောင်က ရက်စက်စွာ ပြောလိုက်သည်။

"အဲ့လိုလုပ်ရင် ကိစ္စတွေ ပိုကြီးမလာနိုင်ဘူးလား နောက်ဆုံးကျရင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမှာစိုးတယ်" ထိုအခါ လူမည်မျှ သေဆုံးဒဏ်ရာရမည်ကို မသိနိုင်ပေ။ မကောင်းမှုပေါင်းများစွာကို တွေ့ကြုံခဲ့ဖူးသော်လည်း ဟွမ်ကျုံးချန်မှာ တစ်ကိုယ်လုံး အေးစက်လာသလို ခံစားလိုက်ရသည်။

"ငါတို့မှာသေနတ်တွေရှိနေသရွေ့ ဘယ်သူ့ကိုကြောက်ရမှာလဲ... ဒီလိုခေတ်ပျက်ကြီးမှာ အဲ့လူတွေအကုန်သေသွားတောင် ဘာမှမဖြစ်ဘူး" စုကျင်းဟောင်က ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

ဆက်ရန်...

အပိုင်း(၉၄)နယ်မြေ

တိုက်ကြီးတစ်လုံးသည် တစ်ဖက်လမ်းမပေါ်သို့ ကန့်လန့်ဖြတ်လဲပြိုကျနေပြီး လမ်းတစ်ခုလုံးကို လုံးဝပိတ်ဆို့ထား၏။ လော်ယွမ်သည် လမ်းဆုံတွင်ရပ်ရင်း သူ့ပတ်ဝန်းကျင်ကို မျက်နှာပျက်ပျက်ဖြင့် ကြည့်လိုက်သည်။ သူ အံကြိတ်လိုက်ပြီးနောက် လမ်းကြောင်းပြောင်းကာ အခြားလမ်းမတစ်ခုဆီသို့ လျှောက်သွား၏။

ရက်အနည်းငယ်အတွင်းမှာပင် မြို့တစ်မြို့လုံးသည် ယခုအခါ လုံးဝမှတ်မိနိုင်စရာမရှိအောင် ပြောင်းလဲသွားပြီဖြစ်သည်။ သူဖြတ်သန်းသွားရာ နေရာတိုင်းတွင် ပြိုကျနေသော အဆောက်အအုံများသာ ပြည့်နှက်နေပြီး လမ်းမများပေါ်တွင်လည်း ထူထဲသောဖုန်မှုန့်များ ဖုံးလွှမ်းနေ၏။ လမ်းဘေးတွင် ဖြူဖွေးနေသော လူအရိုးစုများက ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေပြီး သွေးခြောက်များစွန်းထင်းနေသော အဝတ်စုတ်အပိုင်းအစအချို့မှာ လေတိုးတိုင်း လွင့်နေသည်။ လော်ယွမ်တို့အဖွဲ့ ထိုနေရာသို့ ချဉ်းကပ်သွားသည်နှင့် လက်သည်းခွံအရွယ်အစားရှိသော အနက်ရောင်ကျိုင်းကောင်တစ်အုပ်သည် ထိုအရိုးဖြူပုံအောက်မှ ထွက်ပြေးကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှင်းလင်း ပျောက်ကွယ်သွားကြသည်။

အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါအနည်းငယ်သည် အနီးအနားမှ ဖြတ်သွားကြပြီး အချို့သော သတ္တိကောင်းသည့်အကောင်များက ခြေလှမ်းရပ်တန့်ကာ သူတို့၏သွေးနီရောင်မျက်လုံးများဖြင့် လော်ယွမ်တို့အဖွဲ့ကို စူးစိုက်ကြည့်ရင်း တိုက်ခိုက်ရန် ဟန်ပြင်နေကြသည်။

မခံမရပ်နိုင်အောင် နံစော်နေသော အပုပ်နံ့တစ်ခုက မြို့တစ်မြို့လုံးကို လွှမ်းခြုံထား၏။

ဤသည်မှာ တိတ်ဆိတ်ခြင်း၊ အထီးကျန်ခြင်းနှင့် ပျက်သုဉ်းခြင်းတို့၏ ပြယုတ်ပမာပင်။

အကယ်၍ အဝေးဆီမှ တိရစ္ဆာန်ဟိန်းဟောက်သံများ ရံဖန်ရံခါ မကြားခဲ့ရပါလျှင် ဤနေရာသည် တစ္ဆေမြို့တော်တစ်ခုအဖြစ်သို့ လုံးဝပြောင်းလဲသွားလောက်ပြီဖြစ်သည်။

လမ်းတစ်လျှောက်လုံးတွင် လော်ယွမ်က ကြီးမားသောသတ္တဝါတစ်ကောင်တစ်လေနှင့်မျှ ရင်ဆိုင်မတွေ့ခဲ့ရပေ။ သို့သော် မတွေ့ခြင်းက သူတို့မရှိဟု မဆိုလိုပေ။ အဝေးမှနေရာအချို့တွင် ဖိစီးစေသော စွမ်းအင်လှိုင်းများ ပျံ့လွင့်နေ၏။ ဤရက်အနည်းငယ်အတွင်းမှာပင် ထိုစွမ်းအားကြီးသတ္တဝါများက သူတို့၏နယ်မြေများကို ပြန်လည်သတ်မှတ်ပြီးဖြစ်ကြောင်း ထင်ရှားနေသည်။ ဥပမာ သူယခုရှိနေသောနေရာကဲ့သို့ပင်။ ဤနေရာသည် အပြာရင့်အဆင့် သတ္တဝါတစ်ကောင်၏ နယ်မြေဖြစ်၏။ ထိုစွမ်းအင်လှိုင်းသည် ဤနယ်မြေတစ်ခုလုံးတွင် နေရာအနှံ့ပျံ့နှံ့နေပြီး လူတစ်ယောက်၏စိတ်ဝိညာဉ်ကို ဖိစီးစေသော တိမ်မည်းတိမ်စိုင်ကြီးတစ်ခုဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ခံစားရကာ နောက်ပြန်လှည့်ပြေးချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်ပေါ်စေသည်။

ထိုစွမ်းအင်လှိုင်းသည် အလွန်ဝေးကွာသောကြောင့် သာမန်လူများအဖို့မူ ခံစားနိုင်စွမ်းမရှိပေ။ သာမန်လူများ၏အာရုံခံနိုင်စွမ်းမှာ အလွန်နိမ့်ကျပြီး စိတ်အာရုံမှာလည်း မထက်မြက်ကြပေ။ ထို့ကြောင့် မည်မျှပင်အားကြီးသော သန္ဓေပြောင်းသတ္တဝါ၏ နယ်မြေအတွင်း လျှောက်သွားနေပါစေ ဖိစီးမှုကို လုံးဝခံစားရလိမ့်မည်မဟုတ်ချေ။ ဤသည်မှာ ဤနေရာတွင် အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများကို နေရာအနှံ့တွေ့မြင်နိုင်သော်လည်း အပြာနုရောင်အဆင့် သတ္တဝါတစ်ကောင်တစ်လေမျှမတွေ့ရခြင်း၏ အကြောင်းရင်းပင်ဖြစ်၏။

ဤလူများထဲတွင် ဝမ်ရှီရှီတစ်ယောက်သာ အနည်းငယ်ခံစားမိနိုင်သော်လည်း သူမက အနည်းငယ်မျှသာ ခံစားမိခြင်းဖြစ်ပြီး စိတ်အနည်းငယ်မတည်မငြိမ်ဖြစ်ခြင်းမှလွဲ၍ အခြားထူးခြားမှုတစ်စုံတစ်ရာမရှိပေ။

အကယ်၍ မလိုအပ်ပါက လော်ယွမ်သည်လည်း ဤလမ်းကို လုံးဝရွေးချယ်မည်မဟုတ်ပေ။ သို့သော် ဤသန္ဓေပြောင်းသတ္တဝါ၏ နယ်မြေမှာ အလွန်ကျယ်ဝန်းပြီး စတုရန်းကီလိုမီတာ ငါး၊ ခြောက်ခုခန့်ရှိ၏။ အကယ်၍ ပတ်သွားမည်ဆိုလျှင် အပိုလမ်းလျှောက်ရရုံသာမက ထိုကဲ့သို့သော သတ္တဝါကြီးနှင့် အိမ်နီးချင်းဖြစ်နေမည့် အကောင်များမှာလည်း မည်သို့မျှ အန္တရာယ်ကင်းမည့် အမျိုးအစားများ ဖြစ်မည်မဟုတ်ပေ။

အမှန်တကယ်တွင် သန္ဓေပြောင်းသတ္တဝါများ၏ အဆင့်ခွဲခြားမှုအရ လော်ယွမ်ကို အပြာနုရောင်အဆင့် သတ္တဝါတစ်ကောင်အဖြစ် အကဲဖြတ်ခံရနိုင်လောက်သည့် အရည်အချင်းရှိနေပြီဖြစ်သည်။ လက်နက်ကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အပြာရောင်အဆင့် သတ္တဝါများနှင့်ပင် တစ်ပွဲတစ်လမ်းနွှဲနိုင်လောက်ပြီဖြစ်သည်။

ထိုကဲ့သို့သော အပြာနုရောင်အဆင့် သတ္တဝါတစ်ကောင်သည် အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းမှာ အလွန်စွန့်စားရသည့်ကိစ္စတစ်ခုဖြစ်၏။ သို့သော် ကာလရှည်ကြာ တရားထိုင်လေ့ကျင့်ခြင်းသည် အကျိုးမရှိသည်တော့မဟုတ်ပေ။ အထူးသဖြင့် ဓားသိုင်းပညာ ကျွမ်းကျင်လာပြီးနောက်တွင် သူသည် မိမိ၏စိတ်ဆန္ဒကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်လာပြီး စွမ်းအင်လှိုင်းပြောင်းလဲမှုများကိုလည်း ကောင်းစွာနားလည်လာပြီဖြစ်သည်။

သူသည် တစ်ဖက်သတ္တဝါကြီးက သိရှိသွားမည်ကို စိုးရိမ်သောကြောင့် အခြားအတွေးမှန်သမျှကို စိတ်နှလုံးအနက်ရှိုင်းဆုံးတွင် ချုပ်တည်းထားရန် ကြိုးစားလိုက်သည်။ ထို့ကြောင့် လမ်းပေါ်မှ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါအချို့ပင်လျှင် သူ့အား တိုက်ခိုက်ရန် ဟန်ပြင်လာကြသည်။

လော်ယွမ်အနားတွင်ရှိနေသောကြောင့် ထိုအဆင့်နိမ့်သတ္တဝါများကို ဝမ်ရှီရှီက မကြောက်ပေ။ သူမ၏စိတ်စွမ်းအင်လှုပ်ရှားလိုက်သည်နှင့် ထိပ်နှစ်ဖက်ချွန်သော လွန်းပျံလက်နတ်က လည်ပတ်ရင်း သူမ၏ခေါင်းပေါ်သို့ ပျံတက်သွား၏။

"မတိုက်ခိုက်နဲ့" လော်ယွမ်က အသံတိုးတိုးဖြင့် အမြန်တားမြစ်လိုက်သည်။ "ငါတို့ ဒီနေရာကနေ အမြန်ဖြတ်သွားကြမယ်"

"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက လော်ယွမ်ကို နားမလည်စွာကြည့်လိုက်သည်။ ထိုအခါမှ သူမသည် လော်ယွမ်၏နဖူးတွင် ချွေးများစို့နေပြီး မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်ယွင်းနေသည်ကို သတိပြုမိသွား၏။ သူမ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ လော်ယွမ်ကိုပင် ဤသို့သောခံစားချက်မျိုး ဖြစ်စေနိုင်သောအရာသည် မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း အလွန်ကြောက်စရာကောင်းသောအရာတစ်ခုခုကို တွေ့ရှိထားပြီဖြစ်ကြောင်း သူမသိလိုက်သည်။

"ညီလေးယွမ်...ငါ့ကိုမခြောက်နဲ့နော်" ဟော်တုံ၏မျက်နှာပေါ်တွင် တောင့်တင်းသော အပြုံးတစ်ခုပေါ်လာပြီး အခြေအနေကို ပေါ့ပါးသွားစေရန် ကြိုးစားလိုက်သော်လည်း သူ၏အသံမှာ အလိုလိုတုန်ယင်နေ၏။

လော်ယွမ်က လူအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ၏မျက်နှာမှာ ရေကဲ့သို့တည်ငြိမ်နေသည်။ "မပြောချင်ပေမယ့် ပြောရမှာပဲ... ဒီမှာအရမ်းကြောက်ဖို့ကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်ရှိနေတယ်... ငါဆိုရင်တောင်သူ့ကိုမြင်တာနဲ့ လှည့်ပြေးရမှာ အခုငါတို့ကသူ့နယ်မြေကိုဖြတ်သွားရမှာ အဲ့တော့ အခုကစပြီး ဘယ်သူမှအသံမထွက်နဲ့တော့ ငါတို့ဒီနယ်မြေကနေ အမြန်ဆုံးထွက်ကြမယ်"

"ဒါ...ဒါဆိုကျွန်တော်တို့ပတ်သွားရင်ရော" နင်းရှောင်ရန်က ထစ်ထစ်ငေါ့ငေါ့ဖြင့်မေးလိုက်သည်။ ဤနူးညံ့သိမ်မွေ့သောမိန်းကလေးသည် ဤတင်းမာသောအခြေအနေကြောင့် အလွန်ကြောက်လန့်နေသည်မှာ ထင်ရှား၏။

"သားကောင်တွေမှာ နယ်မြေသတ်မှတ်ထားတာတွေရှိတယ်... ဒီနေရာကအရမ်းအန္တရာယ်များသလို အလုံခြုံဆုံးလို့လည်း ပြောလို့ရတယ်... ဒီနားတစ်ဝိုက်မှာ အဆင့်နိမ့်သားရဲတွေ အများကြီးရှိနေတာ မတွေ့ဘူးလား... အဆင့်မြင့်သားကောင်ရဲ့မျက်လုံးထဲမှာ ငါတို့ကသန္ဓေပြောင်းကြွက်သာသာပဲရှိတာ...ဒါမှမဟုတ်အဲ့ထက်တောင် အဆင့်နိမ့်ရင်နိမ့်ဦးမှာ... ငါတို့ကံကောင်းရင် အဲ့အဆင့်မြင့်သားရဲတောင် ငါတို့ဖြတ်သွားတာ သိလိုက်မှမဟုတ်ဘူး" အဖွဲ့ထဲမှ အခြားအမျိုးသမီးတစ်ဦးက ရုတ်တရက်ဝင်ပြောလိုက်သည်။

လော်ယွမ်ပင်လျှင် သူမကို အထင်ကြီးလေးစားစွာ ကြည့်မိသွား၏။ တစ်ဖက်လူသည် မကြောက်၍မဟုတ်ကြောင်း သူသိသည်။ သူမ၏မျက်နှာအမူအရာသည် အလွန်တောင့်တင်းနေပြီး ကြံ့ခိုင်ဟန်ဆောင်နေခြင်းသည် အပေါ်ယံဟန်ပြမျှသာဖြစ်သည်။ သို့သော် ကြောက်ရွံ့မှုများကြားထဲတွင်ပင် ပုံမှန်အတိုင်းတွေးတောနိုင်ခြင်းက လော်ယွမ်ကို အံ့အားသင့်စေ၏။

လော်ယွမ်၏အကြည့်ကို မြင်သောအခါ ချောင်လင်၏စိတ်ထဲတွင် အနည်းငယ်စိတ်လှုပ်ရှားသွားပြီး ရင်ကော့လိုက်မိသည်။

ချောင်လင်က ကမ္ဘာပျက်ကပ်မတိုင်မီက ကုမ္ပဏီတစ်ခု၏ စီမံကိန်းရေးဆွဲရေးဌာနမန်နေဂျာတစ်ဦးဖြစ်သည်။ တက္ကသိုလ်ဘွဲ့ရပြီးနောက် ငါးနှစ်အတွင်းမှာပင် သာမန်ဝန်ထမ်းတစ်ဦးဘဝမှ အပြိုင်အဆိုင်များကို ကျော်ဖြတ်ပြီး ကုမ္ပဏီ၏ အလယ်အလတ်အဆင့်မြင့်စီမံခန့်ခွဲသူများစာရင်းသို့ တက်လှမ်းနိုင်ခဲ့ရာ သူမ၏အရည်အချင်းနှင့် စွမ်းဆောင်ရည်မှာ ချီးကျူးထိုက်ပေသည်။ ပို၍အရေးကြီးသည်မှာ သူမသည် အရေးကြီးသောအချိန်တိုင်းတွင် မိမိ၏တန်ဖိုးကိုပြသနိုင်ပြီး အထက်လူကြီးများအပေါ်တွင် နက်ရှိုင်းသော အထင်အမြင်ကောင်းများ ချန်ထားနိုင်ခဲ့ခြင်းပင်။

အမျိုးသမီးတစ်ဦးအနေဖြင့် ကမ္ဘာပျက်ကပ်တွင် မွေးရာပါအားနည်းချက်များရှိသည်။ သူမကခွန်အားမကြီးသို အပြေးလည်းမမြန်ပေ။ ထို့ပြင်သူမက သန္ဓေပြောင်းလူသားတစ်ဦးလည်း မဟုတ်ချေ။ အချိန်တော်တော်များများတွင် စွန့်ပစ်ခံရမည့် ကံကြမ္မာသာရှိပြီး အကယ်၍ ရုပ်ရည်သာအနည်းငယ်လှပပါက အဆုံးသတ်က ပို၍ပင်ဆိုးရွားသွားနိုင်သည်။

ဤပြိုင်ဆိုင်မှုဖိအားမှာ ကမ္ဘာပျက်ကပ်မတိုင်မီကနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ သူမအသက်ရှင်လိုသည်။ လိုအပ်လာပါက သူမ၏ခန္ဓာကိုယ်ကို ပေးအပ်ရန်ပင် သူမဝန်လေးမည်မဟုတ်ပေ။

တစ်ဖက်လူတွင် အမျိုးသမီးနှစ်ယောက်ရှိနှင့်ပြီးဖြစ်သည်။ သို့သော် အနည်းဆုံးတော့ ဤလူသည် ကြည့်ရမဆိုးသည့်အပြင် အမျိုးသမီးများကိုလည်း လေးစားမှုရှိသည်။ ဤအချက်တစ်ခုတည်းနှင့်ပင် လုံလောက်ပြီဖြစ်သည်။ ကမ္ဘာပျက်ကပ်ထဲတွင် ဘာကိုများထပ်ပြီး မျှော်လင့်နိုင်ဦးမည်နည်း။ သူမအရွယ်အမျိုးသမီးများအတွက် အချစ်ဆိုသည်မှာ ဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေလေပြီ။ ကမ္ဘာပျက်ကပ်သာမဖြစ်ခဲ့ပါက ချိန်းတွေ့ခြင်းနှင့် လျှပ်တပြက်လက်ထပ်ခြင်းက သူမ၏နောက်ဆုံးခရီးစဉ်ဖြစ်မည်သာ။ ထိုကဲ့သို့သောအိမ်ထောင်ရေးတွင် မည်သည့်အချစ်ရေးရာများရှိနိုင်မည်နည်း။ အမှန်တကယ်တွင် ယခင်က သူမ၏မိသားစုက သူမအတွက် ချိန်းတွေ့ပွဲအချို့ကို စီစဉ်ပေးခဲ့ပြီးဖြစ်သည်။

ကံမကောင်းစွာဖြင့် ထိုသူက အဖွဲ့ထဲမှအမျိုးသမီးများကို အမြဲတစေ ခပ်ဝေးဝေးတွင်ထားပြီး အပြောအဆိုပင်သိပ်မလုပ်ပေ။

စွန်းရှောင်ဝူသည် အမျိုးသမီးတစ်ဦးထက်၊ အထူးသဖြင့် လှပသောအမျိုးသမီးတစ်ဦးထက် မသာလွန်သည်ကို မလိုလားသောကြောင့် ခြောက်ကပ်စွာရယ်လိုက်ပြီး။ "အဲ့သန္ဓေပြောင်းသတ္တဝါကြီးက ဗိုက်ပြည့်နေတာလည်း ဖြစ်နိုင်တာပဲလေ...ငါတို့လို သွားကြားထိုးစရာလောက်ကိုတော့ အရေးလုပ်မှာမဟုတ်ပါဘူး" ဟုပြော၏။

"ငါကတော့ဘော့စ်စကားနားထောင်မယ်...အနည်းဆုံးတော့သူက ငါ့ကိုဒုက္ခရောက်အောင် လုပ်မှာ မဟုတ်ဘူး" ချန်ရှန်းဖုန်းက တောင့်တင်းစွာပြုံးလိုက်ပြီး ခါးကြားမှဓားမြှောင်ကို ပွတ်သပ်လိုက်သည်။ ဤဓားမြှောင်ကို သူလမ်းတွင်ကောက်ရထားခြင်းဖြစ်ပြီး မည်သူက လမ်းကြားတွင် ကျန်ရစ်ခဲ့သည်ကိုမသိပေ။ သူကတော့ ချက်ချင်းပင် ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားနေသည်။

"အားလုံးသဘောတူကြတယ်ဆိုရင်တော့ သွားကြစို့" ခဏစောင့်ပြီးနောက် အားလုံးပြောပြီးသည်ကိုတွေ့မှ လော်ယွမ်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။

သူတို့အဖွဲ့က လျင်မြန်စွာပင် ခရီးပြန်ဆက်ကြသည်။ မူလက တိုက်ခိုက်ရန်ဟန်ပြင်နေသော အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါအချို့သည် သူတို့၏ရုတ်တရက်လှုပ်ရှားမှုကြောင့် လန့်ဖျပ်ကာ ထွက်ပြေးကုန်ကြသည်။

လမ်းမပေါ်တွင် တိတ်ဆိတ်နေပြီး လူအချို့၏ ရှုပ်ထွေးသောခြေသံများနှင့် ပြင်းထန်သောမောဟိုက်သံများသာ ကြားနေရသည်။ ရုတ်တရက် လော်ယွမ်သည် သူ၏လက်ကိုမြှောက်ကာ အချက်ပြလိုက်ရာ အဖွဲ့သည် ချက်ချင်းရပ်တန့်သွားသည်။ အားလုံး၏စိုးရိမ်သောအကြည့်များအောက်တွင် လော်ယွမ်သည် ခေါင်းကိုစောင်းကာ တစ်စုံတစ်ခုကို နားစွင့်နေသကဲ့သို့ပြု၏။

ထို့နောက် သူသည် နောက်ပြန်လှည့်ပြေးပြီး စက္ကန့်အနည်းငယ်အကြာတွင် လမ်းကြားတစ်ခုထဲသို့ ဝင်ရောက်ကာ အရှိန်ကိုတဖြည်းဖြည်းမြှင့်တင်လိုက်သည်။

အားလုံးသည် နားမလည်နိုင်ဖြစ်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မေးခွန်းမထုတ်ပေ။ အရာအားလုံးသည် တိတ်ဆိတ်စွာပင်ဖြစ်ပျက်သွား၏။

မကြာမီမှာပင် တိုးညင်းပြီးစည်းချက်ကျသောအသံတစ်ခုသည် အဝေးမှတဖြည်းဖြည်းထွက်ပေါ်လာသည်။ အစပိုင်းတွင် အသံမှာ တိုးလိုက်ကျယ်လိုက်ဖြစ်နေပြီး အလွန်အလှမ်းဝေးသောနေရာမှ လာနေသကဲ့သို့ထင်ရသော်လည်း မကြာမီမှာပင် အသံသည် ပို၍ကျယ်လောင်လာပြီး ပိုပြင်းထန်လာသည်။ အနီးအနားမှအဆောက်အအုံများ ဆက်တိုက်ပြိုကျလာပြီး မြေကြီးပင်လျှင် တုန်ခါလာတော့သည်။

နင်းရှောင်ရမ်သည် နောက်သို့မလှည့်ဘဲမနေနိုင်တော့ပေ။ သူမ မြင်လိုက်ရသည်မှာ အနီးအနားမှတက်လာသော ဖုန်မှုန့်လုံးကြီးတစ်ခုဖြစ်ပြီး ဖုန်မှုန့်များကြားတွင် ကြောက်ဖို့ကောင်းသောဧရာမသတ္တဝါကြီးတစ်ကောင်ကို အရိပ်သဖွယ်တွေ့မြင်နေရသည်။ သူမသည် ထိုအကောင်၏ကျောပြင်မှ မြင့်မားစွာထိုးထွက်နေသော အနက်ရောင်အရိုးဆူးများနှင့် အရွယ်အစားမမှန်သော အတောင်ပံတစ်စုံကိုပင် မြင်လိုက်ရသည်။

"မြတ်စွာဘုရား" သူမသည် အမှတ်မထင် ညည်းညူလိုက်မိပြီးနောက် မိမိကိုယ်ကိုအော်ဟစ်မိမည်စိုး၍ ပါးစပ်ကိုတင်းကျပ်စွာ ပိတ်ထားလိုက်သည်။ သူမ၏စိတ်ထဲမှကြောက်ရွံ့မှုသည် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ထိန်းမနိုင်သိမ်းမရ ပြေးလွှားနေပြီး ပို၍ဆိုးသည်မှာ သူမ၏ခြေလက်များမှာ ပျော့ခွေလာပြီး ထိန်းချုပ်မရဖြစ်လာကာ ကြမ်းပြင်ပေါ်သို့ လဲကျတော့မည့်ဆဲဆဲဖြစ်နေသည်။

"ငါကြောက်နေလို့မဖြစ်ဘူး...ငါမသေချင်သေးဘူး... ရှောင်ရမ်...နင်လုပ်နိုင်ပါတယ်"

သူမသည် စိတ်ကိုတင်းလိုက်ပြီး နှုတ်ခမ်းကိုအားကုန်ကိုက်လိုက်ရာ ပြင်းထန်သောစူးရှနာကျင်မှုကြောင့် သူမ၏ခန္ဓာကိုယ်တွင် ခွန်အားအသစ်များပြန်လည်ဖြစ်ပေါ်လာသည်။ သူမက ပါးစပ်ထဲမှငန်ကျိကျိအရသာကို ဂရုမစိုက်နိုင်တော့ဘဲ မိမိကိုယ်ကိုသွေးမြင်လျှင်မူးတတ်သည်ကိုလည်း မေ့လျော့ကာ ရှေ့မှပေ၃၀ခန့်ပြေးထွက်သွားပြီဖြစ်သော အဖွဲ့ကိုမြင်ပြီး စိတ်ထဲတွင်ထိတ်လန့်သွားကာ ခြေလှမ်းကိုအမြန်မြှင့်တင်လိုက်သည်။

လော်ယွမ်တို့အဖွဲ့သည် မိနစ်အနည်းငယ်ပြေးပြီးနောက် နောက်ဆုံးတွင် လမ်းကြားကိုဖြတ်ကာ အခြားလမ်းမတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။ သူသည် သတိကြီးစွာဖြင့် ဘေးဘယ်ညာကိုကြည့်လိုက်ပြီး မျက်လုံးကိုပြန်မှိတ်လိုက်သည်။ အတန်ကြာမှ ဖြည်းညင်းစွာမျက်လုံးပြန်ဖွင့်ကာ သူ့ကိုစိုးရိမ်တကြီးကြည့်နေကြပြီး အသက်ပင်ပြင်းပြင်းမရှူရဲသော လူအများကိုကြည့်ရင်း စိတ်အေးလက်အေးပြုံးလိုက်သည်။ "သူသွားပြီ... အစာရှာထွက်တာနေမယ်... လောလောဆယ်တော့ အန္တရာယ်မရှိတော့ဘူး... အနည်းဆုံးတော့ ဒီလမ်းကလုံခြုံသွားပြီ"

အားလုံးက ခြေကုန်လက်ပမ်းကျနေကြပြီး ဆက်မပြေးနိုင်တော့သည်မှာ ထင်ရှား၏။ လူတိုင်းက သူကဲ့သို့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိသည့်အပြင် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုအောက်တွင် ခွန်အားသည် ပို၍လျင်မြန်စွာကုန်ဆုံးစေသည်။ လော်ယွမ်သည် နာရီကိုကြည့်လိုက်ရာ အချိန်စောသေးသည်ကိုတွေ့၍ "ဒါဆို ငါးမိနစ်လောက်အနားယူကြတာပေါ့" ဟုပြောလိုက်သည်။

အားလုံး သက်ပြင်းကိုယ်စီချကာ မြေပေါ်သို့ ပုံလဲကျသွားကြသည်။

နင်းရှောင်ရမ်သည် သေဘေးမှလွတ်မြောက်လာပြီး ဝမ်းနည်းဝမ်းသာဖြစ်ကာ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။ သို့သော် အနည်းငယ်ငိုပြီးနောက် ရှက်သွားပြီး မျက်ရည်များကို အမြန်သုတ်လိုက်သည်။ သူမ၏အဝတ်အစားများမှာ အလွန်ကြာရှည်စွာဝတ်ဆင်ထားသည်မှာထင်ရှားပြီး နေရာတိုင်းတွင် အစွန်းအထင်းများပြည့်နေသည်။ ထို့အပြင် နှုတ်ခမ်းတွင်လည်း သွေးများကျန်နေသေးရာ ဤသို့သုတ်လိုက်သောအခါ မျက်နှာတစ်ခုလုံး ပေပွသွားတော့သည်။

ဟွမ်ကျားဟွေက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး အိတ်ထဲမှ စိုစွတ်သောမျက်နှာသုတ်ပုဝါတစ်ထည်ကိုထုတ်ကာ "မျက်နှာသစ်လိုက်ဦး" ဟုပြောပြီး ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်" နင်းရှောင်ရမ်သည် အလျင်အမြန်ထရပ်ကာ မျက်နှာသုတ်ပုဝါကိုယူရင်း ရှက်ရွံ့စွာဖြင့် ကျေးဇူးတင်စကားအထပ်ထပ်ဆို၏။

"အဲ့တာသမီးရဲ့မျက်နှာသုတ်ပုဝါလေ" ဝမ်ရှီရှီက ကလေးစိတ်ဖြင့် ဟွမ်ကျားဟွေက သူမ၏မျက်နှာသုတ်ပုဝါကို မှားယူသွားသည်ကိုတွေ့၍ မကျေမနပ်ဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။

နင်းရှောင်ရမ်က နားပါးသောကြောင့် ဝမ်ရှီရှီကိုလည်း အမြန်ကျေးဇူးတင်စကားဆိုလိုက်ရာ ဝမ်ရှီရှီမှာ မည်သို့မျှမနေတတ်တော့ဘဲ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။

လော်ယွမ်က ပြုံးလိုက်ပြီး ရုတ်တရက် သူ၏မျက်နှာပြောင်းလဲသွားကာ လျှပ်စီးကဲ့သို့ ဓားရှည်ကို လျင်မြန်စွာဆွဲထုတ်လိုက်ရာ ဓားအလင်းတန်းတစ်ခု ဖြတ်ခနဲလင်းလက်သွား၏။ ထို့နောက် အနီရောင်ရင့်ရင့်အရာတစ်ခုက ကောင်းကင်မှ မြေပြင်ပေါ်သို့ ဝုန်းခနဲပြုတ်ကျလာသည်။ ထိုအကောင်ငယ်လေးမှာ သေပုံမရသေးဘဲ နှစ်ပိုင်းပြတ်နေသောခန္ဓာကိုယ်က တလူးလူးတလွန့်လွန့်ဖြစ်နေပြီး ကြည့်ရသည်မှာ ဖောက်ထွင်းမြင်နိုင်သောအတောင်ပံတစ်စုံပါသည့် ပုရွက်ဆိတ်တစ်ကောင်နှင့်တူ၏။

"ဒါ သန္ဓေပြောင်းပုရွက်ဆိတ်နဲ့တူတယ်" ဟော်တုံက အနားကပ်ကြည့်လိုက်ပြီး ၎င်းကရုန်းကန်နေဆဲဖြစ်သည်ကိုမြင်၍ "ဒီကောင်က အသက်ပြင်းသားပဲ... နှစ်ပိုင်းပြတ်နေတာတောင် မသေသေးဘူး" ဟုပြော၏။

ပြောပြောဆိုဆိုဖြင့် သူသည် ၎င်းကိုနင်းသတ်ရန် အမှတ်မထင်ခြေထောက်မြှောက်လိုက်သည်။

လော်ယွမ်က ဂရုမစိုက်ပေ။ သို့သော် မကြာမီမှာပင် ဟော်တုံ၏မျက်နှာတစ်ခုလုံး နီရဲလာသည်ကို သူတွေ့လိုက်ရသည်။ သူသည် ပုရွက်ဆိတ်ကို အားကုန်နင်းထားသော်လည်း မည်သို့မျှနင်း၍မရသည်ကို တွေ့လိုက်ရပြီး ထိုပုရွက်ဆိတ်၏အခွံမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မာကျောနေ၏။

လော်ယွမ်က တစ်စုံတစ်ခုကိုတွေးမိကာ မျက်နှာပျက်သွားပြီး အသံကျယ်ကျယ်ဖြင့် "ခြေထောက်ပြန်ကြွလိုက်!" ဟုအော်လိုက်သည်။

ဟော်တုံ၏စိတ်ထဲတွင် ထိတ်လန့်သွားပြီး ခြေထောက်ကိုအမြန်ကြွလိုက်ရာ ပုရွက်ဆိတ်၏ချွန်ထက်သောပါးစပ်က သူ့ဖိနပ်အောက်ခံကို အဆက်မပြတ်ကိုက်ဖြတ်နေသည်ကို တွေ့လိုက်ရသည်။ အချိန်အနည်းငယ်အတွင်းမှာပင် အားကစားဖိနပ်တစ်ရန်လုံး၏အောက်ခံသည် ၎င်း၏ကိုက်ဖြတ်မှုကြောင့် ပျက်စီးသွားပြီဖြစ်သည်။ သူက အရပ်ပုသောကြောင့် အရပ်ရှည်သယောင်ဖြစ်စေရန် ဖိနပ်အောက်ခံတွင် ခြေဖနောင့်မြှင့်ပြားခံထား၍သာတော်တော့သည်၊ မဟုတ်ပါက အသားကိုထိသွားလောက်ပြီဖြစ်သည်။

ဟော်တုံက ခြေထောက်ကိုအဆက်မပြတ်ခါယမ်းနေသော်လည်း ထိုခန္ဓာကိုယ်တစ်ပိုင်းသည် ဖိနပ်အောက်ခံတွင် ကပ်နေသကဲ့သို့ မည်သို့မျှခါ၍မရပေ။ သူ၏မျက်နှာပေါ်မှတည်ငြိမ်မှုမှာ ပျောက်ကွယ်သွားပြီး မျက်နှာငယ်လေးဖြင့် လော်ယွမ်ကို တောင်းပန်လိုက်သည်။ "ယွမ်…ခေါင်းဆောင်ယွမ်...ဒီကောင်ကြီးကို ဖယ်ပေးပါဦးဗျာ"

"မလှုပ်နဲ့" လော်ယွမ်က အသံမာမာဖြင့်အော်လိုက်သည်။

ဟော်တုံသည် သူ၏ထိတ်လန့်သောလှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ သူပြင်ဆင်မှုမလုပ်ရသေးခင် နောက်တစ်ခဏမှာပင် လင်းလက်သောဓားချက်တစ်ခု ဖြတ်ခနဲပေါ်လာသည်ကိုသာ သူမြင်လိုက်ရပြီး ခေါင်းငုံ့ကြည့်လိုက်ရာ ဖိနပ်အောက်ခံတစ်ခုလုံးနှင့် ခန္ဓာကိုယ်တစ်ပိုင်းသာကျန်သောပုရွက်ဆိတ်ကိုပါ ဓားဖြင့်လှီးဖြတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။

လော်ယွမ်က ဓားထိပ်ဖြင့် လှီးဖြတ်လိုက်သောဖိနပ်အောက်ခံတစ်ပိုင်းကို လှန်လှောကြည့်လိုက်ပြီး အသက်အောင့်လိုက်မိသည်။ ပါးစပ်ဖြင့်ကိုက်ဖြတ်ထားသောနေရာတွင် ပလတ်စတစ်တစ်ခုလုံးသည် တဖြည်းဖြည်းတိုက်စားပျက်စီးနေသည်ကို တွေ့လိုက်ရ၏။

"သူ့ပါးစပ်မှာ တော်တော်ပြင်းတဲ့အဆိပ်တွေ ရှိနေနိုင်တယ်... ခင်ဗျားခြေထောက်မပုပ်သွားစေချင်ရင် အဲ့ဖိနပ်ကို လွှင့်ပစ်လိုက်တာအကောင်းဆုံးပဲ... နောက်ခါဘယ်လိုအထူးအဆန်းသတ္တဝါကိုမှ ခန္ဓာကိုယ်နဲ့သွားမထိမိစေနဲ့" လော်ယွမ်က မတ်တပ်ရပ်ရင်း သတိပေးလိုက်သည်။

ဟော်တုံသည် ကြောက်လန့်ကာမျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ဖိနပ်ကိုအမြန်ချွတ်ကာ အဝေးသို့လွှင့်ပစ်လိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၉၅) မျှော်လင့်မထားသော အဖြစ်

"အပြင်ဘက်က မိတ်ဆွေတို့... ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ...ကျွန်တော်တို့ကိုရော တစ်ခါတည်းခေါ်သွားပေးလို့ ရမလား" သူတို့အဖွဲ့၏ လှုပ်ရှားမှုက ပတ်ဝန်းကျင်၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပုံရ၏။ ဘေးဘက်မှ အဆောက်အအုံတစ်ခု၏ ပြတင်းပေါက် ပွင့်လာပြီး လူတစ်ယောက်၏ ပုံရိပ်ထွက်ပေါ်လာသည်။

လူအများက လော်ယွမ်ကို လှည့်ကြည့်ကြသည်။ လော်ယွမ်က အနည်းငယ်ခေါင်းရှုပ်သွားရင်း "ခင်ဗျားတို့မှာ လူဘယ်နှယောက်ရှိလဲ" ဟု မေးလိုက်သည်။

လူအနည်းငယ်ဆိုလျှင်တော့ ကိစ္စမရှိ။ အကယ်၍ လူများလွန်းလျှင်တော့ လော်ယွမ်က စိတ်ကိုတင်းပြီး ငြင်းဆန်ရပေလိမ့်မည်။ သူနေထိုင်သည့်နေရာက အလွန်ကျဉ်းမြောင်းပြီး ရိက္ခာပစ္စည်းများမှာလည်း အကန့်အသတ်ဖြင့်သာ ရှိသည်။ လူများလွန်းပါက သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်၏။

"လေးယောက်ပါ... လေးယောက်တည်းပါ... ဒီနေရာက အရမ်းအန္တရာယ်များလို့ ခင်ဗျားတို့နဲ့အတူတူ လိုက်ခဲ့ချင်တယ်... လူများများရှိတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်ရှုပေးနိုင်တာပေါ့" ထိုအမျိုးသားက အလျင်အမြန်ဆို၏။

"ဒါဆိုလည်းဆင်းခဲ့... အမြန်လုပ် ကျွန်တော်တို့က သွားတော့မှာ"

"ဟုတ်ကဲ့ ဟုတ်ကဲ့...ကျွန်တော်တို့ ချက်ချင်းဆင်းလာခဲ့ပါ့မယ်" ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ဝမ်းသာလွန်းသည့် အရိပ်အယောင်များ ထင်ဟပ်သွားပြီး ပြတင်းပေါက်မှ ပုံရိပ်က အလျင်အမြန် ပျောက်ကွယ်သွားသည်။ လူသွားခေါ်ခြင်းဖြစ်မည်မှာ ထင်ရှား၏။

မကြာမီပင် လူများဆင်းလာကြသည်။

ဆင်းလာသူများက အထုပ်ငယ်အထုပ်ကြီးများဆွဲလျက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်သုံးဆယ်အရွယ်ခန့် ရှိမည်။ ကြည့်ရသည်မှာ လင်မယားနှစ်ယောက်နှင့်တူသည်။ သူတို့ကိုယ်ပေါ်တွင် အဝတ်အစားများထပ်ဝတ်ထားပြီး လုံလုံခြုံခြုံဖြစ်အောင် ထုပ်ပိုးထားကြ၏။ တစ်ယောက်ချင်းစီ၏ ရင်ဘတ်တွင် ဒယ်ပြားပြားတစ်ချပ်စီ ချိတ်ဆွဲထားကြသည်။ စောစောက စကားပြောသည့် အမျိုးသား၏ လက်ထဲတွင်မူ သံတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ အချိန်တိုအတွင်း ဤသို့သောပုံစံဖြစ်အောင် ပြင်ဆင်နိုင်သည်ကိုကြည့်လျှင် သူတို့နှစ်ဦးသည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှားလှသည်။

ဝမ်ရှီရှီက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ပါးစပ်ကိုအုပ်၍ ခိုးခိုးခစ်ခစ်ရယ်မောမိသည်။ သူတို့၏ပုံစံက အတော်လေးရယ်စရာကောင်းနေသည်ဟု ခံစားမိသောကြောင့်ဖြစ်၏။

"ကျွန်တော့်နာမည် ကျောက်တကန်းပါ...ဒါက ကျွန်တော့်ဇနီး ကျင်းမေ့လီ... ခင်ဗျားတို့ကိုရော ဘယ်လိုခေါ်ရမလဲ" ကျောက်တကန်းက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချရင်း ကျေးဇူးတင်စွာဖြင့် မေးလိုက်သည်။

နှစ်ဖက်သား အပြန်အလှန် မိတ်ဆက်ကြ၏။ ပြောရမည်ဆိုလျှင် သူတို့လင်မယားသည် အလွန်ကံကောင်းကြသည်။ ကမ္ဘာပျက်ကပ်စတင်ကတည်းက သူတို့နှစ်ဦးသည် အန္တရာယ်နှင့် တစ်ခါမျှမကြုံတွေ့ခဲ့ရပေ။ လွန်ခဲ့သော ငါးရက်ခန့်က သားရဲလှိုင်းလုံးကြီး ကျရောက်စဉ်ကပင် အိမ်ထဲ၌ ဘေးမသီရန်မခဘဲ ကျော်ဖြတ်နိုင်ခဲ့သည်။

"ခင်ဗျားတို့က ဘယ်ကိုသွားကြမလို့လဲ"

"ကျင်းယွဲ့အိမ်ရာကိုပါ၊ ကျွန်တော်အရင်က နေခဲ့တဲ့နေရာပေါ့"

"ဘာလို့ အဲ့ဒီကို သွားကြမှာလဲ... ကျွန်မကြားတာတော့ ဒီအနီးအနားမှာ ဗုံးခိုကျင်းတစ်ခုရှိတယ်တဲ့... ကျွန်မတို့က ရှင်တို့လည်း အဲ့ဒီကိုသွားကြမယ်ထင်နေတာ...အခုကမဟုတ်ဘူးပဲ... ဒါဆိုရင်တော့ ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေးနေတာကမှ ပိုကောင်းဦးမယ်... ကျွန်မတို့ကို အလကားသက်သက် အပြင်ထွက်လာအောင်လုပ်တာပဲ" ကျောက်တကန်း၏ ဇနီးဖြစ်သူ ကျင်းမေ့လီက ရုတ်တရက် ဝင်ပြောလိုက်ရာ အခြေအနေတစ်ခုလုံး ချက်ချင်း အေးစက်သွားတော့သည်။

စွန်းရှောင်ဝူသည် ထိုစကားကိုကြားရသောအခါ စိတ်ထဲမှ အမည်မသိဒေါသမီးတစ်တောက် တောက်လောင်လာသည်။ ဤသည်မှာ စေတနာကို နားမလည်ဘဲ အကောင်းမြင်စိတ်ကို နွားနောက်မှချေးဟု ထင်နေခြင်းပင်။ အကျိုးအကြောင်းမသိဘဲ ရစ်နေသည်မှာ အလွန်စိတ်တိုစရာကောင်းလှသည်။ အကယ်၍ သူတို့ခေါင်းဆောင်က စကားမပြောသေးသောကြောင့်သာမဟုတ်လျှင် သူသည် ပြေးသွားပြီး ပါးတစ်ချက်ရိုက်လိုက်မိလောက်ပြီဖြစ်သည်။

ကျောက်တကန်း၏ မျက်နှာက အနည်းငယ် အောင့်သက်သာဖြစ်သွားသော်လည်း ဘာစကားမှမဆိုပေ။ ကြည့်ရသည်မှာ သူ၏စိတ်ထဲတွင်လည်း ထိုသို့ပင် ယူဆနေပုံရသည်။

လော်ယွမ်၏ မျက်နှာလည်း ခေတ္တမျှ တင်းမာသွားပြီးနောက် ပြုံးလိုက်ရင်း "ခင်ဗျားပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ်... ဗုံးခိုကျင်းကတော့ တကယ်ကို ပိုပြီးလုံခြုံတာပေါ့"

"ဒါဆိုရင် ကျွန်မတို့အားလုံး ဗုံးခိုကျင်းကိုပဲ သွားကြတာပေါ့" ကျင်းမေ့လီက အေးစက်နေသော အခြေအနေကို မရိပ်မိသည့်အလား ဆက်ပြောသည်။ "အဲ့ဒီမှာ လူလည်းများတယ်... နေရာလည်းကျယ်တယ်... လုံခြုံရေးအင်အားလည်းကောင်းတယ်။ ကျွန်မပြောတာသာနားထောင်ပါ... ရှင်တို့နေရာကို ပြန်သွားတာက အသေသွားခံတာနဲ့တူတူပဲ"

ဝမ်ရှီရှီက သည်းမခံနိုင်တော့ဘဲ နှုတ်ခမ်းကိုစူကာ "ကျွန်မတို့ဘယ်သွားသွား ရှင့်အပူပါလို့လား၊ အပိုတွေလာပြောမနေနဲ့" ဟု ခက်ထန်စွာအော်လိုက်သည်။

"ကလေးမ...နင်ကဘာလို့ လူကြီးစေတနာကို နားမလည်ရတာလဲ...ငါက နင်တို့ကောင်းဖို့အတွက် ပြောပေးနေတာဟဲ့" ကျင်းမေ့လီက မျက်လုံးပြူးကြီးဖြင့် မယုံကြည်နိုင်ဟန် ပြန်ပြော၏။

"တော်တော့ ဘာမှဆက်မပြောနဲ့တော့။" ကျောက်တကန်းက ဆက်မကြည့်နိုင်တော့ဘဲ သူမ၏အင်္ကျီလက်ကို ဆွဲလိုက်သည်။

"ရှင့်ကိုကြည့်စမ်းး... ကျွန်မကို စကားတောင် မပြောစေချင်တော့ဘူးလား" ကျင်းမေ့လီက သူ့ကို မျက်စောင်းထိုးပြီး မကျေမနပ်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

မူလက လော်ယွမ်က ဓား၊သေနတ်များ ကိုင်ထားသည့် မိမိတို့အဖွဲ့က ဤလူများအမြင်တွင် အန္တရာယ်ကင်းသည့်ပုံ မပေါက်ခြင်းကြောင့်ဟု ထင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူနားလည်သွားပြီဖြစ်သည်။ ဤအမျိုးသမီးသည် အလိုက်ကန်းဆိုးမသိသောသူတစ်ယောက် ဖြစ်ရမည်။

"ထားလိုက်တော့ ဆက်ငြင်းခုန်နေလို့အပိုပဲ... ခင်ဗျားတို့ဗုံးခိုကျင်းကို သွားချင်ရင် မသွားဖို့ အကြံပေးတယ်... ဘာလို့လဲဆိုတော့ ကျွန်တော်တို့အခုပဲ အဲ့ကနေထွက်လာတာ...ဒါကျွန်တော်ပြောနိုင်တာ အကုန်ပဲ...ခင်ဗျားတို့ဖာသာ အိမ်ပဲပြန်ပြန် ကျွန်တော်တို့နောက်ပဲလိုက်လိုက် ခင်ဗျားတို့သဘောပဲ ကျွန်တော်တို့ကတော့ နောက်ကျနေလို့ သွားနှင့်ပြီ" လော်ယွမ်က သူတို့နှင့် ဆက်ပြီး အချိန်မဖြုန်းချင်တော့ဘဲ နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။

ထိုလင်မယားနှစ်ယောက်မှာမူ မူလနေရာတွင် ချီတုံချတုံဖြင့် ကျန်ရစ်ခဲ့သည်။

"ကျွန်မတို့ တကယ်ပဲ သွားသင့်လား... မသွားသင့်ဘူးလား" ကျင်းမေ့လီက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်။

"ဘယ်ကိုသွားမှာလဲ" ကျောက်တကန်းက တဖြည်းဖြည်းထွက်ခွာသွားသော အဖွဲ့ကိုကြည့်ရင်း ကျင်းမေ့လီ၏လက်ကိုဆွဲကာ ပတ်ဝန်းကျင်ကို သတိဖြင့်အကဲခတ်လိုက်သည်။ အချိန်မရွေး သူမကိုဆွဲပြီး ထွက်ပြေးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်၏။

"ဗုံးခိုကျင်းကိုပေါ့... ဘယ်ကိုရမှာလဲ" ကျင်းမေ့လီက ဆိုသည်။

"အဲ့ကိုသွားစရာလား... နင်သေချင်ရင်တော့ သွားလေ... လမ်းတစ်ဝက်မရောက်ခင်မှာတင် သန္ဓေပြောင်းသားရဲကောင် ဆွဲသွားတာခံရမှာ မြင်ယောင်သေးတယ်" ကျောက်တကန်းမှာ အနည်းငယ်တော့ အသိတရားရှိသေးသည်။ သူသည် ဤရက်ပိုင်းများတွင် လမ်းပေါ်မှအခြေအနေကို အမြဲလေ့လာနေခဲ့ရာ လမ်းတစ်လျှောက်လုံးတွင် အဆင့်နိမ့်သားရဲကောင်များ ပြည့်နှက်နေသည်ကို သိ၏။ သူ၏ မဖြစ်စလောက်စွမ်းရည်လေးဖြင့် ဗုံးခိုကျင်းသို့ရောက်အောင် သွားနိုင်လိမ့်မည်ဟု သူလုံးဝမထင်ပေ။

"ဒါဆို သူတို့ကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ" ကျင်းမေ့လီက အံ့အားသင့်စွာ မေးသည်။

"သူတို့မှာ ဓားတွေ သေနတ်တွေပါတယ်လေ အဲ့တော့ ဘယ်ကြောက်မှာလဲဟ... ငါ့မှာက သံတုတ်အကျိုးတစ်ခုပဲရှိတာ... ငါ့ကိုစူပါမင်းများမှတ်နေလား" ကျောက်တကန်းက စိတ်ပျက်စွာဆိုသည်။ သူ့စိတ်ထဲတွင် အနည်းငယ်နောင်တရလာ၏။ ဗုံးခိုကျင်းသို့ မသွားလျှင်တောင်မှ သူတို့နှစ်ဦးတည်း အိမ်တွင်ဆက်နေခြင်းထက်စာလျှင် ဤအဖွဲ့နောက်လိုက်သွားခြင်းက ပို၍လုံခြုံမည်ဖြစ်သည်။ အနည်းဆုံးတော့ လူများများရှိသဖြင့် အချင်းချင်း ကူညီစောင့်ရှောက်နိုင်သေးသည်။

"ရှင်ကလည်း ဘာလို့စောစောက မပြောရတာလဲ" ကျင်းမေ့လီက ခြေဆောင့်လိုက်ပြီး သူ့ယောက်ျားကို အားရပါးရတစ်ချက်လိမ်ဆွဲကာ မြည်တွန်တောက်တီးလိုက်သည်။

"ငါ…"

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လော်ယွမ်တို့ ထွက်ခွာသွားပြီး မိနစ်အနည်းငယ်အကြာတွင် နောက်မှ ခြေသံများကြားလိုက်ရသည်။

လူအချို့လှည့်ကြည့်လိုက်ရာ လိုက်လာသူများမှာ ကျောက်တကန်းတို့ လင်မယားပင်ဖြစ်၏။

"ခဏစောင့်ပါဦး... စောစောက… စောစောက တကယ်ကို တောင်းပန်ပါတယ်... ကျွန်တော်… ကျွန်တော့်မိန်းမက စကားပြောမတတ်လို့ပါ... ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်... ကျွန်တော်တို့ ခင်ဗျားတို့နောက်ကို လိုက်ခဲ့ချင်လို့ပါ" ကျောက်တကန်းက မျက်နှာတွင် အရှက်ရသည့်အမူအရာဖြင့် အကြိမ်ကြိမ်တောင်းပန်၏။

"ခင်ဗျားတို့က ဘာလို့ ဗုံးခိုကျင်းကို မသွားတော့တာလဲ" စွန်းရှောင်ဝူမှာ လူငယ်ပီပီ စိတ်မြန်လက်မြန်ရှိပြီး စကားအရာတွင်လည်း အလျှော့မပေးတတ်ပေ။ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲတတ်သူများကို သူအမြင်မကြည်ဆုံးဖြစ်ရာ အနည်းငယ် မထီမဲ့မြင်ပြုသည့်လေသံဖြင့် ဆိုလိုက်သည်။

ကျင်းမေ့လီ၏ မျက်နှာသည် နီရဲတက်လာပြီး နှုတ်ခမ်းကို လှုပ်ရှားလိုက်ကာ တစ်စုံတစ်ခုပြောချင်သေးသည့်ဟန်ရှိသည်။ သို့သော် ကျောက်တကန်းက မျက်ရိပ်ပြလိုက်သဖြင့် နောက်ဆုံးတွင် ကံကြမ္မာကိုလက်ခံသည့်အလား ပါးစပ်ပိတ်လိုက်တော့သည်။

"ဒါဆိုလည်း လိုက်ခဲ့ကြ" လော်ယွမ်က ဂရုမစိုက်ပေ။ အကျိုးအမြတ်ကိုရှာဖွေပြီး အန္တရာယ်ကိုရှောင်ရှားခြင်းသည် လူ့သဘာဝပင်ဖြစ်၏။ ထို့အပြင် ထိုအမျိုးသမီးမှာလည်း စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်သူတစ်ယောက်သာဖြစ်ပြီး မကောင်းကြံတတ်သူမဟုတ်ပေ။

"ဟုတ်… ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်" ကျောက်တကန်းက အကြိမ်ကြိမ်ကျေးဇူးတင်စကားဆို၏။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လမ်းများကို ပတ်၍သွားနေခဲ့ရသောကြောင့် ကျင်းယွဲ့အိမ်ရာသို့ရောက်သောအခါ နေပင်ဝင်တော့မည်ဖြစ်သည်။ လမ်းခရီးတွင် ဝမ်ရှီရှီ၏ လက်တည့်စမ်းစရာအဖြစ် အပြာနုရောင်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်မှလွဲ၍ ကျန်သည့်အချိန်များတွင်မူ စိတ်လှုပ်ရှားစရာများရှိသော်လည်း ဘေးမသီရန်မခခဲ့ပေ။

သို့သော် ထိုတစ်ကြိမ်က စိတ်လှုပ်ရှားစရာအဖြစ်ကလည်း လူအားလုံးကို လုံလောက်စွာခြောက်ခြားစေခဲ့သည်။ ကျောက်တကန်းနှင့် ကျင်းမေ့လီတို့နှစ်ဦးမှာ သန္ဓေပြောင်းသားရဲကို သတ်လိုက်သော ဝမ်ရှီရှီကို ကြည့်သည့်အကြည့်များတွင် ရိုသေလေးစားမှုများ ပါဝင်နေတော့သည်။ လမ်းတစ်လျှောက်လုံး အန္တရာယ်ကင်းမည့်ပုံပေါက်သော ကောင်မလေးတစ်ယောက်က ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

ကျင်းယွဲ့အိမ်ရာသည် လော်ယွမ်မထွက်ခွာမီကထက်ပင် ပို၍ပျက်စီးယိုယွင်းနေ၏။ အိမ်အများစုမှာ ပြိုကျပျက်စီးနေပြီဖြစ်သည်။ သို့သော် လော်ယွမ်ကို အံ့အားသင့်စေသည်မှာ သူနေထိုင်သော ဗီလာသည် ဆိုးဆိုးရွားရွား ပျက်စီးခြင်းမရှိဘဲ သူထွက်ခွာသွားစဉ်ကအတိုင်းပင် ရှိနေသေးသည်။ ၎င်းက လုံးဝပြိုမကျသေးခြင်းကို ဆိုလိုသည်။

"နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ" ဝမ်ရှီရှီက ဝမ်းသာအားရအော်ဟစ်ပြီး ဗီလာ၏အပေါက်ကြီးမှတစ်ဆင့် အထဲသို့ အပြေးဝင်သွားသည်။

ဟွမ်ကျားဟွေ၏ တင်းမာနေသောမျက်နှာလည်း ပြေလျော့သွားပြီး ပျော်ရွှင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

လူအားလုံး တန်းစီ၍ဝင်ရောက်လာကြပြီး ပတ်ဝန်းကျင်ကို စတင်အကဲခတ်ကြသည်။ ဤနေရာ၏ အခြေအနေမှာ အကောင်းကြီးတော့မဟုတ်ပေ။ အတွင်းပိုင်းမှာ ပျက်စီးယိုယွင်းနေပြီး ဧရာမသားရဲကြီးတစ်ကောင်၏ နင်းခြေဖျက်ဆီးမှုကို ခံထားရသကဲ့သို့ ဖြစ်နေသည် (အမှန်တကယ်တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်)။ အလယ်မှ ထောက်ထားသောတိုင်လုံးမှာ ပြိုကျနေပြီး နံရံများမှ သံချောင်းများနှင့် ကွန်ကရစ်များပင် လိမ်ကျစ်နေသော မုန့်ကြိုးလိမ်များကဲ့သို့ ထွက်ပေါ်နေသည်။ ထို့အပြင် နံရံများတွင်လည်း အက်ကြောင်းများပြည့်နှက်နေပြီး ပြိုကျရန် အဝေးကြီးမလိုတော့ပေ။

လော်ယွမ်က ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မြေပြင်ပေါ်တွင် ကျန်ရစ်နေသော မရင်းနှီးသည့်ခြေရာတစ်တန်းကို တွေ့ရှိလိုက်ပြီး ခြေရာ၏ထင်ရှားမှုကိုကြည့်လျှင် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းက ဖြစ်မည်။

"တစ်ယောက်ယောက်များ ဝင်လာသေးလားမသိဘူး"

ဟွမ်ကျားဟွေကလည်း သတိပြုမိသွားပြီး နှစ်ဦးသား မျက်လုံးချင်းဆုံမိကာ မျက်နှာပျက်သွားကြသည်။ လော်ယွမ်က မြေအောက်ခန်းသို့သွားရာ ရေချိုးခန်းဘက်သို့ အလျင်အမြန်လျှောက်သွား၏။

ကာထားသောတံခါးကိုဖွင့်ပြီး လော်ယွမ်က အတွင်းသို့တိုးဝင်သွားသည်။ ဟွမ်ကျားဟွေက ကျောပိုးအိတ်ထဲမှ ဓာတ်မီးတစ်လက်ကိုထုတ်ကာ နောက်မှလိုက်ဝင်လာသည်။

"သေစမ်း" လော်ယွမ်၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် မည်းမှောင်နေသည်။ စင်အများစုမှာ ဗလာကျင်းနေပြီး မြေပြင်မှာလည်း ရှုပ်ပွနေသည်။ ဖြူဖွေးသောဆန်စေ့များက နေရာအနှံ့ ပြန့်ကျဲနေ၏။ အရေးကြီးဆုံးဖြစ်သော စားနပ်ရိက္ခာမှာလည်း နှစ်အိတ်သာကျန်တော့သည်။ ရေသန့်ဘူးများက တစ်ဖာခွဲ၊ ထို့အပြင် စပရိုက် နှင့် ကုတ်အချိုရည် နှစ်ဖာ၊ စည်သွပ်ဘူး သုံးလေးဖာ၊ ဘီစကစ်မုန့်ခြောက်တစ်ဖာနှင့် ဝိုင်နီသုံးဖာသာ ကျန်ရှိသည်။ ကျန်သည်များမှာ နေ့စဉ်သုံးပစ္စည်းများဖြစ်သော်လည်း သုံးပုံတစ်ပုံခန့် လျော့နည်းနေပြီဖြစ်သည်။

ဟွမ်ကျားဟွေက ပါးစပ်ကိုအုပ်ထားရင်း မယုံကြည်နိုင်သောမျက်နှာဖြင့် ကိုယ်လေးခွေကျသွားကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ "ဒါ… ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စားစရာရိက္ခာအတွက် လော်ယွမ်က သိပ်ပြီးစိတ်မပူပေ။ ပုံမှန်အချိန်များတွင် သန္ဓေပြောင်းသားရဲ၏အသားဖြင့် ဖြည့်တင်းနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ရေသန့်ဘူးများက တစ်ဖာခွဲသာ ကျန်တော့သည်ကို သူလက်မခံနိုင်ပေ။ သူထွက်မသွားမီက ရေသန့်ဘူးများနှင့် အချိုရည်အမျိုးမျိုးသည် နံရံတစ်ခြမ်းနီးပါး ပြည့်နှက်နေခဲ့သည်ကို သူကောင်းစွာမှတ်မိသည်။ ယခုအခါ ဤမျှလောက်သာ ကျန်တော့လိမ့်မည်ဟု သူမထင်ထားခဲ့။

ယခုအခါ တစ်မြို့လုံးသည် အနုမြူဓာတ်ရောင်ခြည်များ၏အောက်တွင် လွှမ်းခြုံခံထားရပြီး အပြင်ဘက်မှရေများမှာ ညစ်ညမ်းနေပြီဖြစ်သည်။ မည်မျှဆိုးရွားသည်ကို မသိသော်လည်း သာမန်လူများသောက်သုံး၍မရသည်မှာ သေချာသည်။ သူ၏ ၁၃မှတ်အထိမြင့်မားသော ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် မစမ်းသပ်ရဲပေ။

"မင်းဘယ်သူလဲဆိုတာကိုငါသိလို့ကတော့..." လော်ယွမ်က အံကြိတ်ကာဆို၏။

"ကျွန်မထင်တာတော့ အဲ့တာဟွမ်ယွိရင်ပဲ" ဟွမ်ကျားဟွေက ရုတ်တရက် သက်ပြင်းချရင်း ဆိုသည် ။ "သူပဲမြေအောက်ခန်းအကြောင်းသိတာ... အဓိကသံသယဝင်ဖို့ကောင်းတာက သူပဲ... သူသာသားရဲအုပ်ကြားမှာ မသေခဲ့ရင် ဒီကိုသေချာပေါက်ပြန်လာမှာပဲ"

အများဆုံးသံသယရှိရမည့်သူမှာ ဟွမ်ယွိရင်ပင်ဖြစ်၏။ သူမသည် လူတစ်စုကိုပင် ခေါ်ဆောင်လာပြီး ဤနေရာမှပစ္စည်းအများစုကို သယ်ဆောင်သွားခဲ့ဟန်တူသည်။

"သူပဲဖြစ်ရမယ်" လော်ယွမ်က ခဏမျှတိတ်ဆိတ်နေပြီးမှ ဆို၏။

"ကြည့်ရတာ အကုန်တော့ ယူမသွားဘူးပဲ... အနည်းဆုံးတော့ ကျွန်မတို့အတွက် နည်းနည်းချန်ထားခဲ့တာပေါ့" ဟွမ်ကျားဟွေက အားတင်းပြုံးလိုက်သည်။ တစ်ခဏအတွင်း သူမ၏စိတ်ထဲတွင် မကောင်းလှပေ။ မိမိက စေတနာကောင်းဖြင့် ကယ်တင်ခဲ့သောသူက မိမိတို့၏ကျောကို ဓားဖြင့်ထိုးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤအဖြစ်က သူမကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

"ငါတော့အဲ့လိုမထင်ဘူး...သူတစ်ခါထဲအကုန်မသယ်နိုင်လို့ တစ်ချို့တစ်ဝက်ကိုချန်ထားခဲ့တာ... ဒီတိုင်းဆို သူတို့ထပ်လာဦးမှာသေချာတယ်" လော်ယွမ်က အေးစက်စွာဆိုသည်။

"ရှင်… သူ့ကိုသတ်မလို့လား" ဟွမ်ကျားဟွေ၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။

လော်ယွမ်က ဟွမ်ယွိရင်ကို မည်သို့ကိုင်တွယ်ရမည်ကို တစ်ခဏမျှ မသိဖြစ်သွားသည်။ သေချာစဉ်းစားကြည့်လျှင် ဟွမ်ယွိရင်က ဘာအမှားမှမလုပ်ထားပေ။ သူမ၏အမြင်တွင် မိမိတို့သည် မြေအောက်စခန်းသို့ သွားနှင့်ပြီဖြစ်ပြီး ပြန်လာတော့မည်မဟုတ်ဟု ယူဆပေမည်။ ဤပစ္စည်းများအားလုံးသည် ပိုင်ရှင်မဲ့ပစ္စည်းများဖြစ်သွားပြီး ယူငင်သုံးစွဲခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စပင်။

ဤသို့တွေးမိသော် လော်ယွမ်က ခဏမျှတိတ်ဆိတ်နေပြီးနောက် လေသံနိမ့်ဖြင့် "ငါသူ့ကိုအခွင့်အရေးတော့ ပေးမှာပါ"

"ဟွမ်ယွိရင်က သဘောဆိုးတဲ့သူမဟုတ်ပါဘူး... သူကျွန်မတို့ပြန်မလာတော့ဘူးလို့ ထင်ထားလို့နေမှာ... အပေါ်တက်ရအောင် ကျွန်မလည်းညစာချက်ရဦးမယ်" ဟွမ်ကျားဟွေက မတ်တပ်ထရပ်ပြီး လော်ယွမ်၏လက်ကို အားဖြင့်ဆုပ်ကိုင်ကာ မြေပြင်ပေါ်ကျနေသော စည်သွပ်ဘူးများကို ကောက်ယူပိုက်ပြီး လှေကားလေးဆီသို့ လျှောက်သွားသည်။

လော်ယွမ်က သူမ၏ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းညိတ်ပြပြီး ဟွမ်ကျားဟွေနောက်မှ မြေအောက်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။

အပြင်ဘက်တွင် လူအချို့က သန့်ရှင်းရေးလုပ်နေကြပြီဖြစ်သည်။ တံမြက်စည်းလှည်းသူကလှည်း၊ ကြမ်းတိုက်သူကတိုက်နှင့် ရှုပ်ယှက်ခတ်နေ၏။

"အမဟွမ်... ဆန်ကဘယ်မှာလဲ... ကျွန်မ ထမင်းချက်မလို့" ချောင်လင်က ကြမ်းတိုက်တံကိုချထားပြီး ဟွမ်ကျားဟွေထံသို့ မျက်နှာချိုသွေးကာ လျှောက်လာရင်း ပြောသည်။

"ကျွန်မ… ကျွန်မလည်း ကူပေးမယ်" နင်းရှောင်ရမ်က မျက်နှာလေးနီရဲကာ ဆိုသည်။ ဤစကားတစ်ခွန်းကိုပြောရန်ပင် သူမ၏သတ္တိအများစုကို ကုန်ဆုံးသွားစေသည့်အလားပင်။

ကျောက်တကန်းက သူ့ဇနီးကို အလျင်အမြန် မျက်ရိပ်ပြလိုက်ရာ ကျင်းမေ့လီလည်း ကန့်လန့်ကန့်လန့်ဖြင့် လျှောက်လာသည်။

ဟွမ်ကျားဟွေက တစ်ချက်ကြောင်သွားပြီးနောက် ပြုံးလိုက်ရင်း "ဒါဆို အတူဝိုင်းလုပ်ရအောင်... နင်တို့ ဘာတွေလုပ်တတ်ကြလဲ"

"ကျွန်မ အသီးအရွက်လှီးတတ်တယ်... ဟင်းချိုချက်တတ်တယ်... သန့်ရှင်းရေးလည်း လုပ်တတ်တယ်"

"အိမ်ချက်ဟင်းတွေဆို ကျွန်မအကုန်လုပ်တတ်တယ် ဟင်းအမယ်တွေရှိရင်ပေါ့"

အမျိုးသမီးအချို့သည် လမ်းလျှောက်ရင်း စကားတကျီကျီပြောကာ မီးဖိုချောင်ထဲသို့ ဝင်သွားကြသည်။

"ခေါင်းဆောင်...ဒီနေရာက အရမ်းပျက်စီးနေပြီ... နေရာမပြောင်းချင်ဘူးလား... ငါကြည့်တာတော့ ဒီအိမ်ရာထဲက တချို့ဗီလာတွေက အကောင်းအတိုင်းပဲ ရှိနေသေးတယ်" ဟော်တုံက အနားသို့ကပ်လာပြီး လော်ယွမ်ကို ရိုသေစွာ စီးကရက်တစ်လိပ်ကမ်းပေးကာ မီးခြစ်ကိုထုတ်ပြီး မီးညှိပေးရန် ကြိုးစားသည်။

ဤနေရာ၏နံရံတွင် အပေါက်ကြီးတစ်ခုဖြစ်နေပြီး ဒုတိယထပ်မှ နေရာအချို့ပင် ကွဲအက်နေသည်။ အဆောက်အအုံတစ်ခုလုံးမှာ အန္တရာယ်ရှိအဆောက်အအုံဖြစ်နေပြီး မည်သည့်အချိန်တွင် ပြိုကျမည်ကို မည်သူမှမသိနိုင်ပေ။ ဤနေရာတွင်နေထိုင်ခြင်းသည် လုံခြုံမှုကင်းမဲ့လှသည်။

လော်ယွမ်က ဤသို့သော အပြုအမူများကို အကျင့်မရှိသဖြင့် လက်ကာပြလိုက်ပြီး သူ၏မီးခြစ်ကိုထုတ်ကာ စီးကရက်ကိုမီးညှိပြီး တစ်ချက်ရှိုက်လိုက်သည်။ "နေရာပြောင်းသင့်တာအမှန်ပဲ... ဒါပေမဲ့အခုကဉာဉ့်နက်နေပြီဆိုတော့ မနက်ဖြန်ကျမှပဲ စဉ်းစားကြတာပေါ့"

ယခုအခါ ဗလာကျင်းနေသောအိမ်များမှာ အများအပြားဖြစ်ပြီး မြေအောက်ခန်းပါသောအိမ်ကို ရှာဖွေရန်လည်းမခက်ခဲပေ။ သူဌေးအများအပြားသည် ဗီလာများတွင် မြေအောက်ခန်း သို့မဟုတ် ဝိုင်မြေတိုက်များ ဆောက်လုပ်ခြင်းကို ကြိုက်နှစ်သက်ကြသည်။ အထူးသဖြင့် ကမ္ဘာမပျက်မီအချိန်ကာလက ကမ္ဘာပျက်ကိန်းအဆိုများ ခေတ်စားခဲ့ရာ အခြေအနေပေးသော မိသားစုတိုင်းက တစ်ခုစီဆောက်လုပ်ထားတတ်ကြသည်။

အားလုံးက အလုပ်ကို အလွန်ကြိုးစားပမ်းစား လုပ်ကိုင်ကြရာ ပျက်စီးနေသောနေရာများမှလွဲ၍ ဗီလာတစ်ခုလုံးမှာ မကြာမီပင် အသစ်ကဲ့သို့ ပြန်ဖြစ်သွားသည်။

ခေါင်မိုးမှပြုတ်ကျလာသော ကွန်ကရစ်တုံးများကြောင့် အက်ကြောင်းများပြည့်နေသော စကျင်ကျောက်စားပွဲကြီးကို နေရာချပြီးနောက် ဟင်းလျာများလည်း ရောက်ရှိလာသည်။ အသားစည်သွပ်ဘူးအချို့ကို ရောနှောပြုတ်ထားသော ဟင်းပေါင်းတစ်အိုးသာဖြစ်ပြီး အမျိုးသမီးများ၏ နောက်ဆုံးလက်ရာပင်ဖြစ်၏။

သို့သော် အရသာမှာ မဆိုးလှသဖြင့် နောက်ဆုံးတွင် ဟင်းရည်ပင်မကျန်အောင် အားလုံး သောက်သုံးလိုက်ကြသည်။

စားသောက်ပြီးနောက် အမျိုးသမီးအချို့က ပန်းကန်များကို အလုအယက်သိမ်းဆည်းကြရာ ဟွမ်ကျားဟွေက သူတို့နှင့်မယှဉ်နိုင်တော့သဖြင့် အလိုက်သင့်ပင် နေလိုက်တော့သည်။

ညအိပ်ချိန်တွင် လော်ယွမ်က စဉ်းစားပြီးနောက် သူတို့ကို မြေအောက်ခန်းတွင်ပင် နေရာချထားရန် ဆုံးဖြတ်လိုက်သည်။ ပထမအချက်မှာ အပြင်ဘက်တွင်နေထိုင်ခြင်းက အလွန်အန္တရာယ်များပြီး၊ ဒုတိယအချက်မှာလည်း လျှို့ဝှက်စရာ ဘာမျှမရှိတော့သောကြောင့်ဖြစ်သည်။ သို့သော် အမျိုးသမီးနှစ်ဦး မသက်မသာမဖြစ်စေရန်အတွက် လော်ယွမ်က လူအများနှင့် တမင်ခွဲခြားနေထိုင်လိုက်သည်။ စင်တစ်ခုကို ကာလိုက်ပြီးနောက် တဲတစ်လုံးထိုးကာ သူတို့သုံးဦး အတူတူအိပ်စက်ကြသည်။

ဤမျှလောက်ရက်များကြာအောင် အတူတူအိပ်စက်လာခဲ့ကြရာ သူတို့သုံးဦးမှာ အကျင့်ဖြစ်နေပြီဖြစ်သည်။ ဟွမ်ကျားဟွေပင်လျှင် တစ်စုံတစ်ရာမှားယွင်းနေသည်ဟု မခံစားမိတော့ပေ။ ဖြစ်နိုင်သည်မှာ သူမ၏ မသိစိတ်က ရှောင်လွှဲနေခြင်းကြောင့်ဖြစ်မည်။

လော်ယွမ် တဲထဲသို့ဝင်လိုက်သည်နှင့် ဝမ်ရှီရှီက ရေဘဝဲတစ်ကောင်ကဲ့သို့ သူ့ကို ရစ်ပတ်လာပြီး သူ့နားနားကပ်ကာ လေသံတိုးတိုးဖြင့် "ဒီက ပစ္စည်းတွေ ဘာလို့ဒီလောက်တောင် နည်းသွားရတာလဲ...စင်တွေတောင် အလွတ်ဖြစ်နေပြီ... ဟွမ်ယွိရင် ယူသွားတာပဲဖြစ်ရမယ်"

လော်ယွမ် အနည်းငယ်အံ့အားသင့်သွားသည်။ ဟွမ်ယွိရင်ဖြစ်ကြောင်း သူမခန့်မှန်းမိ၍မဟုတ်ဘဲ သူမက အော်ကြီးဟစ်ကျယ်မလုပ်ဘဲ တိုးတိုးလေးပြောဆိုနေသည့် လျှို့ဝှက်ထိန်းသိမ်းတတ်သော အမူအကျင့်ကြောင့်ဖြစ်၏။

"သမီးခန့်မှန်းတာ မှန်တယ်မလား" အမှောင်ထဲတွင် ဝမ်ရှီရှီက ဒေါသတကြီးဆိုရင်း လော်ယွမ်၏ကိုယ်ကို ရစ်ပတ်ထားသော ပေါင်တံများမှာ တဖြည်းဖြည်းပို၍ တင်းကြပ်လာသည်။ "သမီးအစကတည်းက သူ့ကိုလူကောင်းမဟုတ်မှန်းသိပြီးသား... မြေခွေးမလိုရုပ်နဲ့ယောက်ျားတွေကို မြူစွယ်ဖို့ပဲသိတာ... တစ်ကယ်အကျင့်မကောင်းတဲ့သူ"

"မြေခွေးမလိုရုပ်ရှိတာနဲ့ အကျင့်မကောင်းတာ ဘာဆိုင်လို့လဲ" လော်ယွမ်က စိတ်ထဲမှတွေးရင်း သူမ၏ အတွေးအခေါ်ကို သူနားမလည်နိုင်ဖြစ်နေသည်။

"ဟွမ်ယွိရင်ကလည်း သနားဖို့ကောင်းတဲ့ သူတစ်ယောက်ပါပဲ" တစ်ဖက်မှ ဟွမ်ကျားဟွေက သက်ပြင်းချလိုက်သည်။

"သနားစရာကောင်းတဲ့သူတိုင်းမှာ မုန်းစရာကောင… ်းတဲ့အချက်ရှိတယ်" ဝမ်ရှီရှီက ဤစကားကို မည်သည့်နေရာမှ ကြားဖူးသည်မသိ မဆိုင်းမတွပင် ချေပလိုက်သည်။ ထို့နောက် သူ၏လည်ပင်းပေါ်သို့ လေနွေးငွေ့တစ်ချက်ကို ရှည်လျားစွာမှုတ်ထုတ်လိုက်ရာ စကားသံမှာ အနည်းငယ်တုန်ယင်နေ၏။

လော်ယွမ်က တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ဝမ်ရှီရှီ၏ကိုယ်မှာ အနည်းငယ်ပူနေပြီး မကြာခဏ လေပူများကို မှုတ်ထုတ်နေသည်။ သူမ၏ရင်သားအစုံကလည်း သူ၏လက်မောင်းပေါ်တွင် ညင်သာစွာပွတ်တိုက်နေပြီး ရံဖန်ရံခါ ကိုယ်လေးမှာ အနည်းငယ်ဆတ်ခနဲတုန်သွားသေးသည်။ သတိထား၍မကြည့်လျှင် လုံးဝသတိပြုမိမည်မဟုတ်ပေ။

အမှောင်ထဲတွင်ပင် လော်ယွမ်က သူမ၏အသားအရေသည် ပြုတ်ထားသောပုစွန်တစ်ကောင်ကဲ့သို့ နီရဲနေမည်ကို ခံစားမိသည်။ သူမက ပါးစပ်လေးဟကာ တဖြည်းဖြည်းပို၍မြန်ဆန်လာသော အသက်ရှုသံများဖြင့် မောဟိုက်နေ၏။ ပို၍မယုံကြည်နိုင်စရာကောင်းသည်မှာ ထိုသို့ဖြစ်နေစဉ်အတွင်း အမျိုးသမီးနှစ်ဦးမှာ တိုးတိုးတိတ်တိတ် ဆက်လက်ငြင်းခုန်နေကြဆဲပင်။

သို့သော် သူတို့ထဲမှ အသံတစ်သံတွင် တုန်ယင်မှုများမှာ ပို၍ထင်ရှားလာပြီဖြစ်သည်။

အမှောင်ထဲတွင် လော်ယွမ်က မျက်လုံးပြူးကြီးဖြင့် ကြောင်ငေးနေပြီး ကိုယ်ကိုမလှုပ်မယှက်နေလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ဝမ်ရှီရှီ၏ကိုယ်သည် ပြင်းထန်စွာ တစ်ချက်တုန်ခါသွားပြီးနောက် ဖြည်းညှင်းစွာ ပျော့ခွေကျသွားမှ သူက အားတင်းကာ "တော်ပြီ... ညဉ့်နက်နေပြီ... စကားမပြောကြနဲ့တော့... အိပ်ကြတော့"

ထိုသို့ပြောရင်း သူက ထိုနူးညံ့သော နွေးထွေးမှုအသိုက်အမြုံထဲမှ မိမိကိုယ်ကိုဆွဲထုတ်ကာ ဟွမ်ကျားဟွေရှိရာဘက်သို့ လှည့်အိပ်လိုက်သည်။

ညသည် ရေကဲ့သို့ တည်ငြိမ်အေးစက်ကာ ပတ်ဝန်းကျင်တစ်ခုလုံး တဖြည်းဖြည်းတိတ်ဆိတ်သွားတော့သည်။

ဆက်ရန်...

အပိုင်း(၉၆)ထူးဆန်းသောအဖြစ်

ညသန်းခေါင်ယံတွင် လော်ယွမ်က ရုတ်တရက် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရ၏။

သူသည် မျက်လုံးများကို ဝုန်းခနဲ ဖွင့်လိုက်ပြီး မလှုပ်မယှက် နေလိုက်သည်။ အတန်ကြာသော် သူ၏မျက်လုံးထဲတွင် မတင်မကျဖြစ်သော အရိပ်အယောင်တို့ ပေါ်လာ၏။ ဤတစ်ကြိမ် ရင်တုန်ခြင်းသည် မည်သည့်နေရာမှ ရောက်လာသည်မသိဘဲ ရောက်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားရာ မည်သို့မျှ မှန်းဆ၍မရနိုင်ဘဲ ခုနကအဖြစ်အပျက်သည် လုံးဝစိတ်ထင်မှားခြင်းတစ်ခုသာ ဖြစ်သကဲ့သို့ ရှိနေသည်။

သူက နားစွင့်၍ အပြင်ဘက်မှ အခြေအနေကို သတိဖြင့် နားထောင်လိုက်သည်။ အဝေးဆီမှ မီးသင်္ဘောဥဩဆွဲသံကဲ့သို့ လေးလံသော သားရဲကြီးတို့၏ ဟိန်းဟောက်သံများ မကြာမကြာ ကြားနေရသည်။ ထိုဟိန်းဟောက်သံတို့သည် အလွန်ဝေးကွာရာ ရင်တုန်ခြင်း၏ အရင်းအမြစ်သည် ထိုဟိန်းဟောက်နေသော သားရဲကြီးများ မဖြစ်နိုင်ပေ။ သို့သော် ဤသည်မှလွဲ၍ သူသည် အခြားမည်သည့် ထူးခြားမှုကိုမျှ မတွေ့ရှိခဲ့ပေ။

"ငါတစ်ကယ်ပဲစိတ်ထင်လို့များလား"

ဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့ကို ကြည့်ရင်း သူ၏စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါဖြစ်နေပြန်သည်။

ထို့နောက်တွင် အိပ်ချင်စိတ်က တဖြည်းဖြည်း ပြန်လည်စိုးမိုးလာရာ လော်ယွမ်သည် တစ်ဖန် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။ သို့သော် သူ၏လက်ထဲမှ ဓားရိုးကိုမူ ပို၍တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

တစ်ညလုံး မည်သည့်အဖြစ်အပျက်မျှ ထပ်မံဖြစ်ပေါ်ခြင်းမရှိခဲ့ပေ။

နောက်တစ်နေ့ နံနက်စောစောတွင် အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။ အပြင်ဘက်တွင် ရာသီဥတုက မှိုင်းညို့နေပြီး မိုးရွာတော့မည်ကဲ့သို့ ရှိနေ၏။

လော်ယွမ်သည် နေ့လယ်စာစားပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဤနေရာ၌ ကာလကြာရှည်စွာ နေထိုင်ရမည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကို သွားရောက်၍ အန္တရာယ်ရှိသော သန္ဓေပြောင်း သတ္တဝါများ ရှိမရှိကို သေချာပေါက် စစ်ဆေးကြည့်ရှုရန် လိုအပ်သည်။

ငါးရက်မျှသာ ကြာသွားသော်လည်း အိမ်ရာအတွင်းမှ အပင်တို့သည် ပို၍ပင် သန်စွမ်းစိမ်းစိုလာခဲ့သည်။ မူလဥယျာဉ်နေရာသည် စိမ်းစိုစို မြက်ခင်းပြင်ကြီးတစ်ခု ဖြစ်နေခဲ့ပြီး မြက်ပင်တို့၏ အမြင့်မှာ လော်ယွမ်၏ ရင်ဘတ်နားသို့ပင် ရောက်လုနီးပါးဖြစ်နေသည်။ မူလက ကျိုးတိုးကျဲတဲရှိသော သစ်ပင်ငယ်အချို့သည် ယခုအခါ ပို၍ကြီးမားလာပြီး အပင်တိုင်းသည် အကိုင်းအခက်အရွက်အလက်တို့ဖြင့် ဝေဆာကာ ကြီးမားသော ထီးများကဲ့သို့ ဖြစ်ပေါ်နေကြသည်။

သားရဲအုပ်ကြီးများ ဝင်ရောက်ပြီးနောက်တွင် လူတို့၏ နှောင့်ယှက်မှု ကင်းမဲ့သွားရာ သဘာဝတရား၏ ကြီးကျယ်သောစွမ်းအားသည် ပေါက်ကွဲထွက်မတတ် အရှိန်အဟုန်ဖြင့် စတင်ကြီးထွားလာပြီး လူသားတို့၏ ခြေရာလက်ရာတို့သည် လျင်မြန်စွာ စတင်မှေးမှိန်သွားတော့သည်။

လော်ယွမ်က အကယ်၍ ပြင်ပမှ အင်အားတစ်ခုခု ဝင်ရောက်မနှောင့်ယှက်ပါက မကြာမီအချိန်အတွင်းမှာပင် ဤနေရာသည် တောအုပ်တစ်ခုနှင့် ဘာမျှထူးတော့မည်မဟုတ်ဟု သံသယဝင်မိသည်။

သူသည် ဓားရိုးကိုကိုင်ကာ မြက်တောထဲတွင် သတိဖြင့် တစ်လှမ်းချင်း ရှေ့သို့တိုးသွားသည်။ ပတ်ဝန်းကျင်မှ တရှပ်ရှပ်အသံများ ထွက်ပေါ်နေရာ ဤနေရာတွင် သန္ဓေပြောင်း သတ္တဝါများ မည်မျှပုန်းအောင်းနေသည်ကို စဉ်းစားရန်ပင်မလိုပေ။

ရုတ်တရက် အဝါနှင့်အနက်ရောင် ရောယှက်နေသော ပိုးတောင်မာတစ်ကောင်သည် ချွန်မြသော ဓားတစ်စင်းကဲ့သို့ လော်ယွမ်ထံသို့ ပစ်ဝင်လာသည်။

အလင်းတန်းတစ်ခုက လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး ပိုးတောင်မာသည် စူးစူးရှရှအော်ဟစ်ကာ သူ၏ကိုယ်သည် နှစ်ပိုင်းပြတ်၍ မြေပြင်ပေါ်သို့ ကျသွားသည်။

ဤသည်မှာ လော်ယွမ် ကြုံတွေ့ခဲ့ရသော ဆယ့်ငါးကြိမ်မြောက် တိုက်ခိုက်မှုဖြစ်၏။

လေပြေတစ်ချက်က တိုက်ခတ်လာရာ မြက်ခင်းပြင်ကို လှိုင်းများကဲ့သို့ ယိမ်းထိုးစေပြီး တရှဲရှဲအသံများထွက်ပေါ်စေသည်။ အန္တရာယ်တို့က ပတ်လည်ဝိုင်းနေပြီး တိုက်ခိုက်မှုအသစ်တစ်ခုကို အချိန်မရွေး ပြုလုပ်တော့မည်သို့ ရှိနေသည်။

"ဒီမှာကြာကြာနေမယ်ဆိုရင်... အပင်တွေကို ဒီတိုင်းထားလို့ မဖြစ်ဘူး"

လော်ယွမ်က မြေအောက်ခန်းတွင် ဒီဇယ်နှင့် ဓာတ်ဆီအမြောက်အမြားရှိသည်ကို မှတ်မိနေသည်။ ဟွမ်ယွိရင် လာရောက်၍ ပစ္စည်းများယူဆောင်စဉ်က ဤအရာများကို လုံးဝမထိခဲ့ပေ။ အချိန်ကျလျှင် ထိုလောင်စာဆီများကို အသုံးပြု၍ ဤမြက်ပင်များကို မီးရှို့ပစ်နိုင်လိမ့်မည်။

ထိုအချိန်တွင် သူ၏ခြေထောက်သည် မာကျောသော အရာတစ်ခုကို နင်းမိသကဲ့သို့ ခံစားလိုက်ရသည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါ ဤသည်မှာ လူသားတစ်ဦး၏ ဦးခေါင်းခွံဖြစ်၏။ သာမန်အရိုးကဲ့သို့ ဖြူဖွေးမနေဘဲ ဤဦးခေါင်းခွံသည် အနည်းငယ်မည်းနေရာ အဆိပ်သင့်၍ သေဆုံးခြင်းဖြစ်နိုင်သည်။ အရိုးစု၏ ပတ်ပတ်လည်တွင် ခရီးဆောင်အိတ်များ ပြန့်ကျဲနေပြီး စုတ်ပြဲနေသောအဝတ်အစားအချို့သည် အိတ်၏ဇစ်ကြားမှ ထွက်နေသည်။ ထိုအထဲတွင် ကလေးအဝတ်အစားတစ်ထည်ပင် ပါဝင်နေသေးသည်။

လော်ယွမ်၏ စိတ်ထဲတွင် မသာမယာဖြစ်သွားသည်။ သူက မြက်ပင်များကို ဖယ်ခွဲလိုက်သောအခါ ဤနေရာ၌ အရိုးစုက တစ်ခုတည်းမဟုတ်သည်ကို သူတွေ့ရှိလိုက်သည်။ ထို့နောက်တွင် လော်ယွမ်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း အလောင်းတစ်လောင်းကို တွေ့ရှိနေရသည်။ အချို့အရိုးစုများ၏ အရောင်မှာ ပုံမှန်ဖြစ်သော်လည်း အချို့မှာ မည်းနက်နေပြီး အချို့မှာမူ ပြာလဲ့လဲ့ဖြစ်နေသည်။ အရောင်အသွေးတို့က ဆန်းပြားထူးခြားလှပြီး သူ၏စိတ်ကို အေးစက်သွားစေသည်။

ဤနေရာတွင် လူမည်မျှ သေဆုံးခဲ့သည်ကို ဘုရားသာလျှင် သိနိုင်ပေလိမ့်မည်။

လော်ယွမ်က ခေါင်းငုံ့၍ မြေပြင်မှ မဖောက်ရသေးသော ရေသန့်ဘူးတစ်ဘူးကို ကောက်ယူလိုက်ပြီး ပြန်လည်ယူဆောင်သွားရန် ပြင်ဆင်လိုက်စဉ် သူ၏လက်သည် ရုတ်တရက် တုန့်ခနဲရပ်သွားသည်။ ရေထဲတွင် ပိုးကောင်ငယ်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ဤပိုးကောင်ငယ်တို့သည် အလွန်သေးငယ်ပြီး သာမန်မျက်စိဖြင့် ခွဲခြား၍မမြင်နိုင်လောက်ပေ။ သူတို့၏ကိုယ်သည် သေးသွယ်၍ အရောင်မဲ့ပြီး တီကောင်များကဲ့သို့ အထပ်ထပ်လွှာလွှာ ဝက်အူရစ်ကြောင်းများ ရှိနေသည်။ သူခေါင်းနပမ်းကြီးသွားပြီး ရေသန့်ဘူးအဖုံးကို ကြည့်လိုက်ရာ အဖုံးတွင် သေးငယ်သော အပေါက်ငယ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

လော်ယွမ်က ထိုရေသန့်ဘူးကို အဝေးသို့ အားဖြင့် လွှင့်ပစ်လိုက်သည်။

ဤနေရာသည် နေရာတိုင်း၌ အန္တရာယ်ရှိနေပြီး အနည်းငယ်မျှ သတိလစ်သွားသည်နှင့် ထောင်ချောက်မိသွားနိုင်ရာ သူ၏စိတ်ထဲတွင် အထူးသတိထားလိုက်သည်။

သတိထားနေသမျှကာလပတ်လုံး ဤနေရာမှ သန္ဓေပြောင်း သတ္တဝါတို့သည် သူ၏အနီးသို့ လုံးဝချဉ်းကပ်နိုင်မည်မဟုတ်ပေ။

နာရီဝက်ခန့်အကြာတွင် လော်ယွမ်သည် မြက်တောကို ဖြတ်ကျော်ပြီး အခြားနေရာများသို့ ထွက်ခွာသွားသည်။

အိမ်ရာတစ်ခုလုံးသည် တစ်ဝက်မက ပျက်စီးနေခဲ့ပြီး အဆောက်အအုံ ဆယ်ခုတွင် သုံးခုမျှပင် မကျန်တော့ပေ။ ကြီးမားသော ခြေရာကြီးအချို့သည် ဘိလပ်မြေလမ်းပေါ်တွင် နက်ရှိုင်းစွာ နစ်ဝင်နေပြီး အနီးပတ်ဝန်းကျင်တွင် အရိုးစုများနှင့် ညစ်ပတ်သော သွေးများက နေရာအနှံ့ ပြန့်ကျဲနေသည်။ ထိုအထဲမှ အရိုးစုတစ်ခု၏ ပိုင်ရှင်သည် ကံမကောင်းစွာဖြင့် ခြေရာ၏အောက်တွင်ရှိနေပြီး အမှုန့်အဖြစ် ကြေမွသွားခဲ့ပြီ။ ဘေးဘက်မှ ခြေထောက်နှစ်ချောင်းသာလျှင် ပြည့်စုံစွာ ကျန်ရစ်တော့သည်။

ဤနေရာတွင်မတွေ့ရသည်မှာ ပုပ်သိုးနေသောအလောင်းများပင် ဖြစ်သည်။ မည်သည့်အလောင်းမဆို ဤနေရာ၌ နာရီဝက်ထက်ပို၍ ကြာရှည်မခံဘဲ သန္ဓေပြောင်း ပိုးမွှားများနှင့် အခြားအဆင့်နိမ့်သတ္တဝါများက အကုန်အစင် ကိုက်ဖြတ်စားသောက်သွားကြသည်။

တစ်ကိုယ်တည်း တည်ရှိနေသော အဆောက်အအုံအနည်းငယ်သည် ဤပျက်စီးနေသော မြင်ကွင်းထဲတွင် ကျိုးတိုးကျဲတဲ ပြန့်ကျဲနေသည်။ ဗီလာအိမ်အချို့မှာ အတော်ပင် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်မှလွဲ၍ အထပ်မြင့်အဆောက်အအုံအများစုတွင် အက်ကြောင်းများဖြင့် ပြည့်နှက်နေ၏။ သို့သော် အကောင်းဆုံးထိန်းသိမ်းထားနိုင်သော အဆောက်အအုံမှာမူ ဥယျာဉ်အနီးတွင် တည်ရှိနေသည်။

ထိုဗီလာ၏ ဘေးတွင် လူသုံးယောက်ဖက်စာမျှ တုတ်ခိုင်သော ထနောင်းပင်ကြီးတစ်ပင်ရှိနေပြီး ပေ၃၀ကျော်မြင့်သော အကိုင်းအခက်တို့သည် ကြီးမားသော အစိမ်းရောင်ထီးကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်နေကာ ဗီလာတစ်ခုလုံးကိုပင် ဖုံးလွှမ်းထားသည်။ အဝေးမှပင် လော်ယွမ်သည် ဤထနောင်းပင်ကြီးဆီမှ စိတ်နှလုံးကို လန်းဆန်းစေသော မွှေးရနံ့တစ်ခုကို ရရှိနေသည်။ ထိုရနံ့က သူ၏စိတ်ထဲတွင် ထူးဆန်းသော ပျော်ရွှင်ကြည်နူးမှုကို ဖြစ်ပေါ်စေပြီး အနီးသို့ချဉ်းကပ်ကာ ဆက်လက်ရှူရှိုက်လိုသော စိတ်ဆန္ဒကို ဖြစ်ပေါ်စေသည်။

သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဒီနေရာပဲ... အနီးနားက မြက်ပင် ပေါင်းပင်တွေကို ရှင်းပြီးရင် ဒီဗီလာကို ပြောင်းရမယ်"

လော်ယွမ်က ဗီလာသို့ လျှောက်သွားသောအခါ ထိုမွှေးရနံ့သည် ပို၍ပင် သင်းပျံ့လာသည်။ သာမန်မွှေးရနံ့များနှင့်မတူဘဲ ဤရနံ့သည် မည်မျှပင်ပြင်းထန်စေကာမူ နှာခေါင်းစပ်စေသော ခံစားမှုကို မပေးပေ။ အဲ့ဒီအစား စိတ်ဖိစီးမှုတို့ကို လျော့ကျစေသော သက်သောင့်သက်သာရှိမှုကို ပေးပြီး တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားရသည်။

ဗီလာ၏ တံခါးမကြီးက ဟင်းလင်းပွင့်နေသည်။

လော်ယွမ်က အတွင်းသို့ ဝင်သွားသောအခါ လက်ဝါးအရွယ်အစားခန့်ရှိသော သန္ဓေပြောင်း ပိုးဟပ်အချို့သည် လန့်ဖျပ်ကာ ထောင့်များထဲသို့ ပျောက်ကွယ်သွားကြသည်။

ဧည့်ခန်းထဲတွင် ဖုန်တက်နေသော မင်္ဂလာဆောင်ဓာတ်ပုံတစ်ပုံကို ထောင်ထားသည်။ ဓာတ်ပုံထဲတွင် ဗိုက်ပူနေသော သတို့သားသတ်လတ်ပိုင်းနှင့် နုပျိုလှပသော သတို့သမီးတို့သည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်၍ ပြုံးရယ်နေကြပြီး သူတို့၏မျက်နှာများထက်တွင် ချိုမြိန်သော အပြုံးများက ချိတ်ဆွဲထားသည်။

လော်ယွမ်က ဤနေရာသည် နေရာတိုင်း၌ ဖုန်များပြည့်နေသည်မှလွဲ၍ အတွင်းပိုင်းသည် အတော်ပင် ကောင်းမွန်စွာ တည်ရှိနေသည်ကို တွေ့ရှိလိုက်သည်။ ဤနေရာမှ ပိုင်ရှင်တို့သည် အလွန်အလျင်စလို ပျောက်ကွယ်သွားခဲ့ပုံရသည်။ သူက စားပွဲပေါ်တွင် အစိမ်းရောင်မှိုများတက်၍ ဘာဖြစ်သည်ကိုပင် မခွဲခြားနိုင်တော့သော ဟင်းပွဲငယ်အချို့ကို တင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအထဲတွင် တစ်ဝက်တစ်ပျက်သာ စားသုံးထားသော ထမင်းပန်းကန်နှစ်လုံးပင် ပါဝင်နေသေးရာ သူတို့မထွက်ခွာမီက ထမင်းစားနေကြဆဲဖြစ်သည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် လော်ယွမ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို မထင်မရှား ခံစားလိုက်ရပြီး တစ်စုံတစ်ခုကို သူလျစ်လျူရှုမိနေသကဲ့သို့ ရှိနေသည်။ သို့သော် ဤရုတ်တရက်ပေါ်လာသော အတွေးသည် မြူထဲမှ ပန်းကိုကြည့်ခြင်း၊ ရေထဲမှ လကိုဆယ်ခြင်းကဲ့သို့ပင် မည်သို့မျှ ဖမ်းဆုပ်၍မရနိုင်ပေ။ လော်ယွမ်က ခဏမျှစဉ်းစားပြီးနောက် လက်လျှော့လိုက်သည်။

ဤဗီလာက အရင်ဗီလာထက် အနည်းငယ်ပို၍ကြီးမားပြီး စုစုပေါင်း အထပ်သုံးထပ်၊ အိပ်ခန်းငါးခန်း၊ လေ့ကျင့်ရေးခန်းမတစ်ခု၊ စာကြည့်ခန်းနှင့် စန္ဒရားခန်းတစ်ခုတို့ ပါဝင်သည်။ နောက်ဆုံးတွင် လော်ယွမ်သည် ပစ္စည်းသိုလှောင်ခန်းတစ်ခုထဲတွင် မြေအောက်ခန်းကို တွေ့ရှိခဲ့သည်။ သို့သော် လော်ယွမ်ကို အံ့အားသင့်သွားစေသည်မှာ ဤနေရာသည် အိပ်ခန်းတစ်ခုဖြစ်နေပြီး အတွင်း၌ ရေမွေ့အိပ်ရာတစ်ခုကို ထားရှိကာ ကုတင်ဘေးမှ စားပွဲပေါ်တွင် လူကြီးသုံးပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ ပစ္စည်းအများအပြားကို လော်ယွမ်သည် မြင်ပင်မမြင်ဖူးခဲ့ပေ။

မျက်နှာချင်းဆိုင်မှ အဝတ်ဗီရိုသည် ပွင့်နေပြီး အတွင်း၌ အမျိုးမျိုးသော ယူနီဖောင်းများနှင့် ဆွဲဆောင်မှုရှိသော အတွင်းခံအဝတ်အစားများဖြင့် ပြည့်နှက်နေသည်။

ဤသည်တို့မှလွဲ၍ ဤနေရာသည် ရှင်းလင်းနေပြီး မည်သည့်ရိက္ခာပစ္စည်းမျှ မထားရှိပေ။

လော်ယွမ်က ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။ နောက်ဆုံးတွင် မီးဖိုချောင်မှ ဗီရိုထဲတွင် ဆန်ငါးအိတ်နှင့် ကျိုးတိုးကျဲတဲ ပစ္စည်းအချို့ကို တွေ့ရှိခဲ့သည်။ သို့သော် မရှိခြင်းထက်စာလျှင် တော်သေးသည်ဟု ဆိုရပေမည်။ အနီးအနားတွင် အခြားဗီလာအချို့ရှိနေသေးရာ ရိက္ခာများကိုမူ ရှာဖွေနိုင်ဦးမည်ဖြစ်သည်။

---------------------------------------

လော်ယွမ်က ဗီလာမှထွက်လာသောအခါ ကောင်းကင်မှ မိုးက တဖွဲဖွဲရွာသွန်းနေခဲ့ပြီ။ ကောင်းကင်၏အခြေအနေကို ကြည့်ရသည်မှာ တစ်ခဏအတွင်း ရွာသွန်းပြီးဆုံးမည်မဟုတ်ပေရာ လော်ယွမ်၏ နေ့လည်ပိုင်းတွင် မြက်များကို မီးရှို့ရန် အစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

လော်ယွမ်က လက်ထဲမှ အဖြူရောင်အဆင့် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို ပစ်ချလိုက်ရာ လူအုပ်က ဝိုင်းအုံလာကြပြီး ထူးဆန်းစွာ ကြည့်ရှုကြသည်။

ဤသည်မှာ သန္ဓေပြောင်း ကြွက်တစ်ကောင်ဖြစ်သော်လည်း တုံဟူမြို့၌ တွေ့ကြုံခဲ့ရသော ကြွက်များနှင့် သိပ်မတူပေ။ သူ၏ကိုယ်လုံးကိုယ်ထည်သည် တစ်ဖန် သန္ဓေပြောင်းလဲသွားခဲ့သည်လား သို့မဟုတ် အခြားသော ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းတစ်ခု သို့ရောက်သွားခြင်းဖြစ်ပေမည်။ သူ၏ကိုယ်သည် သေးသွယ်ရှည်လျားပြီး အမြီးက များစွာတိုတောင်းသွားကာ အပေါ်တွင် အနက်ရောင်တောက်ပသော အကြေးခွံငယ်များဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ဦးခေါင်းမှာမူ ပိုကြီးလာပြီး နှာခေါင်းပေါက်များသည် ထုထည်ရှိသော ခံစားမှုကိုပေးကာ အစွယ်များက ရှုပ်ထွေးယှက်တင်နေပြီး အတော်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသန္ဓေပြောင်း သတ္တဝါသည် ကံဆိုးစွာဖြင့် လော်ယွမ် ပြန်လာရာလမ်းတွင် ပြေးထွက်လာရာ သူ၏ဓားတစ်ချက်ဖြင့် ဦးခေါင်းတစ်ခြမ်း ပြတ်ထွက်သွားခဲ့သည်။ နေ့လယ်စာအတွက် ဟင်းတစ်ခွက်တိုးရန် အတော်ပင်ဖြစ်သွားသည်။

"အအေးမမိစေနဲ့" ဟု ဟွမ်ကျားဟွေက တဘက်တစ်ထည် ကမ်းပေးရင်း ဆူပူသလို ဆိုသည်။

လော်ယွမ်က ပြုံးလိုက်သည်။ သူ၏ယခုခန္ဓာကိုယ်ကြံ့ခိုင်မှု၊ အထူးသဖြင့် စနစ်မှတစ်ဆင့် အနည်းငယ်မြှင့်တင်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်သည် အနှစ်သာရအားဖြင့် ပြောင်းလဲသွားခဲ့ပြီ။ မျိုးရိုးဗီဇပင်လျှင် သာမန်လူများနှင့် မတူတော့သည် ဖြစ်နိုင်၏။ ဤမိုးရေအနည်းငယ်သည် သူ၏အတွက် မည်သို့မျှမဖြစ်ပေ။ သို့သော် ဤအကြောင်းအရာများကိုမူ ရှင်းပြရန်မကောင်းပေ။

လော်ယွမ်က တဘက်ကိုယူ၍ ဆံပင်ကိုသုတ်လိုက်သည်။ အဝတ်အစားကိုမူ လဲလှယ်ရန်မလိုအပ်ပေ။ ဇီးကွက်နက်၏ အမွေးများဖြင့် ပေါင်းစပ်ပြုလုပ်ထားသော ဤအဝတ်သည် မျက်နှာပြင်တွင် အဆီလွှာတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ငှက်တို့၏ အမွေးများကဲ့သို့ ရေမစို၊ ဖုန်မတင်ပေ။ ရေထဲတွင် စိမ်၍လျှော်ဖွပ်လျှင်ပင် အနည်းငယ်ခါလိုက်သည်နှင့် အဝတ်က ချက်ချင်းခြောက်သွေ့သွားသည်။

"အပြင်မှာ ဘယ်လိုနေလဲ" ဟု ဟွမ်ကျားဟွေက လော်ယွမ်ကို ကြည့်၍မေးသည်။

ပတ်ဝန်းကျင်မှ လူများလည်း နားစွင့်လိုက်ကြသည်။

လော်ယွမ်က ခဏမျှစဉ်းစားပြီးနောက် "အဆိပ်ရှိတဲ့ အဆင့်နိမ့် သန္ဓေပြောင်း သတ္တဝါတချို့ကို သတိထားရတာကလွဲရင် အကျမ်းဖျဉ်းတော့ သိပ်အန္တရာယ်မရှိပါဘူး... ဒါပေမဲ့ ဥယျာဉ်ထဲက မြက်တွေကိုမရှင်းရသေးခင်တော့ အပြင်မထွက်တာ အကောင်းဆုံးပါပဲ" ဟု ဆိုသည်။

ဤသည်မှာ သူအတွက်သာဖြစ်၏။ အကယ်၍ သူတို့ထွက်သွားပါက ဝမ်ရှီရှီမှလွဲ၍ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်နိုင်မည်မဟုတ်ပေ။

ဤသို့ဆိုရခြင်းမှာ လော်ယွမ်သည် ကြောက်မက်ဖွယ်အမှန်တရားကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုသည် သူတို့၏ သတ္တိကို တိုက်ရိုက်ဖျက်ဆီးပစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

----------------------------------------------

နေ့လယ်စာစားပြီးနောက် မိုးရွာနေသောကြောင့် သွားစရာနေရာမရှိသော လော်ယွမ်သည် ဗီလာအရှေ့မှ ကွင်းပြင်သို့ လျှောက်သွားပြီး ဓားလေ့ကျင့်ခန်း စတင်ပြုလုပ်တော့သည်။ ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်လည်ကြည့်ရှုပြီးနောက် သူ၏စိတ်သည် အနည်းငယ် တည်ငြိမ်သွားပြီး စိတ်ခံစားမှုတစ်ခုလုံးသည်လည်း အနည်းငယ် ပေါ့ပါးသွားရာ ဓားကွက်တို့သည်လည်း စိတ်ခံစားမှုနှင့်အညီ ပို၍ချောမွေ့လာသည်။ စိတ်စွမ်းအားသည် အလွယ်တကူ စတင်စုစည်းလာပြီး စုစည်းချိန်သည်ပင်လျှင် သာမန်အချိန်ထက် အနည်းငယ် ပို၍မြန်ဆန်လာသည်။

သူ၏မျက်ဆံတို့သည် မှောင်မိုက်နက်ရှိုင်းသွားပြီးနောက် မျက်စိဖြင့်မြင်နိုင်သော အရောင်အဝါတစ်လွှာသည် သူ၏ဓားသွားထက်တွင် မထင်မရှား ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

စွမ်းရည်အမှတ် ဆယ်ဂဏန်းပေါင်းများစွာ စုပုံပြီးနောက်တွင် လော်ယွမ်၏ ဓားသိုင်းပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဒဏ္ဍာရီလာ နယ်ပယ်သို့ စတင်ချဉ်းနင်းဝင်ရောက်နေပြီဖြစ်သည်။

ဓားရောင်ခြည်လှိုင်း၊ ဝတ္ထုများထဲမှ ဓားရောင်ခြည်လှိုင်းနှင့် မတူညီနိုင်သော်လည်း စွမ်းအားသည်မူ ဝတ္ထုများထဲမှ ဓားရောင်ခြည်လှိုင်းထက် အားနည်းမည်မဟုတ်ပေ။ သို့သော် တစ်ခုက ဇီဝစွမ်းအင်ကို သုံးစွဲပြီး အခြားတစ်ခုကမူ စိတ်စွမ်းအားကို သုံးစွဲခြင်းဖြစ်၏။

အားကောင်းသော အရှိန်အဝါတစ်ခုက သူ၏ကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါသည် ယခင်ဗုံးခိုကျင်း၌ ဖြစ်ကတတ်ဆန်း ထုတ်ဖော်ပြသခဲ့သည်ထက် ပို၍နက်နဲပြီး လေးနက်သည်။ မူလက စိတ်ဝင်တစား ကြည့်ရှုရန်ပြင်ဆင်နေသော လူအုပ်သည် မျက်နှာများ ရုတ်တရက် ရှုံ့မဲ့သွားပြီး သွေးဆုတ်ဖြူရော်သွားကာ အသက်ရှူပင် လေးလံလာကြသည်။ သတိပြန်ဝင်လာသောအခါ အလျင်အမြန် နောက်သို့ဆုတ်ခွာသွားကြသည်။ လော်ယွမ်ကို တစ်ဖန်ပြန်ကြည့်သောအခါ မျက်နှာများထက်တွင် ကြောက်ရွံ့ခြင်းအရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

လော်ယွမ်၏စိတ်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ဓားကွက်များကို ထုတ်ဖော်နေရင်း စိတ်စွမ်းအားက ဓားမှတစ်ဆင့် ရှေ့သို့တိုးထွက်သွားသည်ကို ခံစားနေသည်။

မိုးစက်တို့ ကောင်းကင်မှ ကျဆင်းလာပြီး ဓားသွားထက်သို့ မကျရောက်မီမှာပင် မော်လီကျူး သို့မဟုတ် အက်တမ်အဆင့်အထိ ကြေမွသွားကြသည်။ ထိုသို့ ကြေမွသွားတိုင်း စိတ်စွမ်းအား အနည်းငယ် ကုန်ဆုံးသွားသော်လည်း ဤသို့ကုန်ဆုံးခြင်းက အလွန်သေးငယ်ပြီး သန္ဓေပြောင်း သတ္တဝါ သို့မဟုတ် သတ္တုကို ခုတ်ထစ်ခြင်းထက် များစွာနည်းပါးသည်။

မကြာမီမှာပင် သူ၏ဆံပင်က တစ်ဖန် စိုရွှဲသွားသည်။

လော်ယွမ်က မျက်မှောင်ကြုံ့၍ ရပ်တန့်လိုက်သည်။

"ဒီလောက်နဲ့မရသေးဘူး" လော်ယွမ်က ခေါင်းခါလိုက်သည်။ သန္ဓေပြောင်း တီကောင်ကြီးကို သတ်ဖြတ်စဉ်က ဓားရောင်ခြည်သည် တစ်ကိုယ်လုံးကို ပျံ့နှံ့နေပြီး ဓားပေါ်တွင် တောက်ပသောအရောင်အဝါလွှမ်းနေသည်သာမက ကိုယ်၏မျက်နှာပြင်တွင်ပင် အရောင်အဝါတစ်လွှာ ဖုံးလွှမ်းနေခဲ့သည်။ သို့သော် ထို့နောက်ပိုင်း မည်သို့ပင် လေ့ကျင့်သည်ဖြစ်စေ၊ တိုက်ခိုက်သည်ဖြစ်စေ ယခင်ကဲ့သို့သော အခြေအနေသို့ တစ်ဖန်ပြန်ရောက်နိုင်ခြင်းမရှိတော့ပေ။ ထိုနှစ်ခုကြားတွင် ပါးလွှာသော ပဝါတစ်ထည်ဖြင့် ဖုံးကွယ်ထားသကဲ့သို့ အမြဲတမ်း တစ်လွှာခြားနေပြီး မျှော်မှန်းနိုင်သော်လည်း မရောက်ရှိနိုင်ပေ။

"အဲ့ဒီတုံးက ငါအရမ်းဒေါသထွက်နေတာ... ငါ့ခေါင်းထဲမှာ ဟာလာဟင်းလင်းဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် ဘာလုပ်နေမှန်းတောင် သေချာမသိလိုက်ဘူး" သူက မျက်လုံးများကို မှိတ်၍ ထိုစဉ်ကအခြေအနေကို ပြန်လည်စဉ်းစားနေသည်။

"ဟာလာဟင်းလင်း ဖြစ်တာလည်း မဟုတ်ဘူး... အဲ့အခြေအနေက ဘာအတွေး ဘာဆန္ဒမှမရှိတဲ့ စိတ်ရောကိုယ်ရောငြိမ်းချမ်းသွားတဲ့ အခြေအနေမျိုး... စိတ်ကိုသေချာမစုစည်းနိုင်ရင်... အပြင်လောကကို ဘယ်လိုမှ သက်ရောက်နိုင်မှာ မဟုတ်ဘူး"

အကယ်၍ စိတ်စွမ်းအားကို နိုင်ငံတစ်ခုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သာမန်လူတို့၏ စိတ်စွမ်းအားသည် အစိုးရမရှိသော အခြေအနေနှင့်တူသည်။ ပန်းတိုင်မရှိ လွတ်လပ်၍ စည်းကမ်းမဲ့ကာ လေယူရာယိမ်းတတ်သည်။

စိတ်စွမ်းအား အနည်းငယ်စုစည်းသူသည်မူ ဒီမိုကရေစီနိုင်ငံတစ်ခုနှင့်တူသည်၊ စုစည်းညီညွတ်သော အစိုးရရှိသည်။ မိမိ၏ပန်းတိုင်ရှိသည်။ နိုင်ငံတည်ငြိမ်သည်။ သို့သော် အစိုးရနှင့်ပြည်သူ မညီညွတ်ပါက အောက်တွင် အသံအမျိုးမျိုးရှိပြီး အတွေးများ ယိမ်းယိုင်တတ်သည်။

စိတ်စွမ်းအား ပိုမိုစုစည်းလာလျှင်မူ အစိုးရနှင့်ပြည်သူ တစ်သားထဲကျသကဲ့သို့ဖြစ်လာသည်။ အားကောင်းသောအစိုးရ၊ စုစည်းညီညွတ်သောအစိုးရ၊ တညီတညွတ်တည်းသော စိတ်ဓာတ်တို့ဖြင့် မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ဆောင်နိုင်သည်။ ဤသို့သောအစိုးရကို သူတို့ထက် အင်အားကြီးသော ရန်သူနိုင်ငံပင်လျှင် ကြောက်ရွံ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အင်အားသည် အလွန်အမင်း စုစည်းနေပြီး စစ်ပွဲအတွင်း၌ ဆယ်ဆ၊ အဆတစ်ရာမျှသော စွမ်းအားကို ထုတ်ဖော်နိုင်သောကြောင့် ဖြစ်၏။

တာအိုကျင့်စဉ်များတွင် စိတ်နှင့်အမူအကျင့်တို့ကို မွေးကင်းစကလေးကဲ့သို့ ထားရှိရန် ဟောကြားသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သောလူသည် အတွေးအခေါ်ရိုးရှင်းပြီး အညစ်အကြေးအတွေးများ မရှိသောကြောင့်တည်း။ အလုပ်လုပ်လျှင် စိတ်ပါဝင်စားစွာ လုပ်ဆောင်တတ်ရာ ကျင့်ကြံသည်ဖြစ်စေ၊ အလုပ်လုပ်သည်ဖြစ်စေ အောင်မြင်မှုရရှိတတ်သည်။ သို့မဟုတ် အောင်မြင်သူအများစုသည် စိတ်စွဲလန်းကြီးသူများဖြစ်သည်ဟု ဆိုနိုင်၏။

"အဲ့တာဒေါသပဲ...ကောင်းကင်ထိလောင်ကျွမ်းနိုင်တဲ့ဒေါသ... ဘာကိုမှဂရုမစိုက်နိုင်တော့တဲ့ အခြေအနေမှာ စိတ်စွမ်းအားတွေ အကုန်စုစည်းသွားတာပဲ" လော်ယွမ်က ထိုစဉ်ကအခြေအနေကို အသေးစိတ်ပြန်လည်စဉ်းစားရင်း သူ၏မျက်လုံးများက အရောင်တောက်လာသည်။

သို့သော် သိရှိခြင်းသည် တစ်ပိုင်း၊ လက်တွေ့အကောင်အထည်ဖော်ခြင်းသည် တစ်ပိုင်းဖြစ်သည်။ လူတစ်ဦးကို အလိုအလျောက် အလွန်အမင်းဒေါသထွက်စေခြင်းက လွယ်ကူသောကိစ္စမဟုတ်သည်မှာ ထင်ရှားသည်။

လော်ယွမ်သည် အတန်ကြာမျှ စိတ်ကိုစုစည်းကြည့်သော်လည်း စိတ်ခံစားမှုသည် လုံလောက်စွာ မစုစည်းနိုင်သေးဘဲ ယခင်ကဲ့သို့ ဒေါသမီးတောက်လောင်ကာ သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်သော အခြေအနေသို့ ရောက်ရှိရန် ခက်ခဲနေသည်ကို ခံစားနေရသည်။ စုစည်းထားသော ဓားရောင်ခြည်သည် ယခင်ကထက် အနည်းငယ်ပို၍ သိပ်သည်းလာသော်လည်း တစ်လွှာခြားနေဆဲဖြစ်သည်မှာ ထင်ရှားသည်။

သူသည်လည်း မိမိကိုယ်ကို အနည်းငယ် အလျင်လိုနေသည်ကို သိသော်လည်း ဦးတည်ချက်ရှိသွားပြီဖြစ်ရာ တဖြည်းဖြည်း လေ့ကျင့်သွားလျှင် နောက်ဆုံးတွင် ပန်းတိုင်သို့ တစ်နေ့နေ့မှာ ရောက်ရှိနိုင်မည်ဖြစ်သည်။

ထိုအချိန်မှာပင် လော်ယွမ်သည် ရုတ်တရက် တစ်စုံတစ်ဦးက ချောင်းမြောင်းကြည့်ရှုနေသည်ကို ခံစားလိုက်ရပြီး သူ၏အမွေးအမှင်များ ထောင်ထကာ ကျောထဲ၌ စူးရှသောအရာတစ်ခုက ထောက်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ရာ မထင်မရှားအားဖြင့် အရိပ်ယောင်တစ်ခုက လျှပ်တစ်ပြက် ဖြတ်သန်းပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသကဲ့သို့ ရှိနေသည်။

သူ၏မျက်နှာ ပြောင်းလဲသွားပြီး နောက်တစ်ခဏတွင် သူ၏ခြေထောက်က မြေပြင်ကိုအားဖြင့်ကန်လိုက်ရာ ခန္ဓာကိုယ်သည် မိုးရေများကြားတွင် ရှည်လျားသော လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေပြီး အရိပ်ပျောက်ကွယ်သွားရာအရပ်သို့ တည့်တည့် ပစ်ဝင်သွားတော့သည်။

ဆက်ရန်...

All Chapters