အခန်း (၈၁-၈၄)
Vol. 5 Ch. 81-84
အပိုင်း(၈၁)ရွှေတောင်ပံဂဠုန်ငှက်
သူ၏ ခြေလှမ်းများမှာ တဖြည်းဖြည်း ပို၍မြန်ဆန်လာပြီး နောက်ဆုံးတွင် တစ်ဟုန်ထိုး ပြေးလွှားသွားတော့သည်။
မော့ကြည့်ပင်စရာမလိုဘဲ သူ၏ခေါင်းပေါ်မှ သန္ဓေပြောင်းသတ္တဝါတစ်ကောင်က သူ့ကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်က သူ့ကိုခေါင်းနပမ်းကြီးသွားစေသည်။
သို့သော် ကံကောင်းသည်မှာ ဤနေရာသည် ကွင်းပြင်မဟုတ်ဘဲ မြို့တွင်းဖြစ်နေခြင်းပင်။ ပတ်ဝန်းကျင်တွင့်ရှိသော တိုက်အမြင့်ကြီးများက ထိုဧရာမငှက်ကြီး၏ အမြင်ကို ကာကွယ်ပေးထားပြီး ချက်ချင်းတိုက်ခိုက်နိုင်ခြင်းမရှိအောင် ဟန့်တားထားသည်။
ပြေးလွှားနေရင်း လော်ယွမ်က အလျင်အမြန်မော့ကြည့်လိုက်သည်။ ဤသည်မှာ ဧရာမသတ္တဝါကြီးတစ်ကောင်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူ၏ ကိုယ်လုံးကိုယ်ထည်မှာ ယခင်က တွေ့ဖူးသော ဇီးကွက်နက်ထက်ပင် ပိုကြီးမားသည်။ တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်ထားသောအခါ မြို့ကောင်းကင်ရံတွင် လွင့်မျောနေသော ရွှေရောင်တိမ်တိုက်တစ်ခုအလားရှိနေသည်။
၎င်းက အမဲလိုက်ရန်အကောင်းဆုံး အခွင့်အရေးကို ရှာဖွေရင်း အထပ်ထပ်အခါခါ ပျံဝဲနေသည်။ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများက သူရှိသည့်နေရာကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။
ဤသည်မှာ ဒဏ်ရာလုံးဝရထားခြင်းမရှိဘဲ ပြည့်စုံကောင်းမွန်နေသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်သည်။ စစ်မြေပြင်မှ လွတ်မြောက်လာသော တစ်ကောင်ဖြစ်နိုင်သလို အခြားဒေသမှ ယခုမှရောက်ရှိလာခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် စနစ် ၏ အလျင်အမြန်သတိပေးချက်အရ ဤ "ရွှေတောင်ပံဂဠုန်" ဟုခေါ်သော သန္ဓေပြောင်းငှက်သည် ခွန်အားပြည့်ဝနေပြီး အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်ကြောင်း သိသာသည်။
ထိုအတွက်ကြောင့်လည်း လော်ယွမ် ယခု လမ်းမပေါ်တွင် ပြေးလွှားနေရခြင်းဖြစ်သည်။ ရွှေတောင်ပံဂဠုန်က သူ၏ သားကောင်ဖြစ်သလို သူသည်လည်း ၎င်း၏ သားကောင်ပင်။ အကယ်၍ အပြာရင့်ရောင်အဆင့်သာဆိုပါက သူ အနီးအနားမှ တိုက်ကြီးတစ်လုံးထဲသို့ အလျင်အမြန် ပြေးဝင်ပုန်းအောင်းနေလောက်ပြီဖြစ်သည်။
သို့သော် ထိုသို့ဆိုလျှင်တောင် လော်ယွမ်က အလွန်ပြင်းထန်သော ဖိအားကို ခံစားနေရဆဲပင်။
အကယ်၍သာ ကုန်းနေအပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါဖြစ်ပါက လော်ယွမ် ဤမျှထိ ဖြစ်မည်မဟုတ်ပေ။ ကုန်းနေအပြာရောင်အဆင့်သတ္တဝါများက သူ့အပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဖိအားများစွာ မပေးနိုင်တော့ပေ။ သို့သော် ထိုအထဲတွင် ပျံသန်းနိုင်သော သတ္တဝါများ လုံးဝမပါဝင်ပေ။ အကယ်၍ သန္ဓေပြောင်းသတ္တဝါအမျိုးအစားများထဲမှ မည်သည့်အမျိုးအစားက လော်ယွမ်ကို ခေါင်းအကိုက်ဆုံးဖြစ်စေသနည်းဟု မေးလျှင် ပျံသန်းနိုင်သော သန္ဓေပြောင်းသတ္တဝါများသာ ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ပျံသန်းနိုင်သော သတ္တဝါများက ကုန်းနေသတ္တဝါများအပေါ်တွင် ပင်ကိုသဘာဝအရ အသာစီးရနေပြီး အမြဲဆိုသလို ၎င်းတို့ကိုတန်ပြန်ခုခံရန် နည်းလမ်းရှာရ အလွန်ခက်ခဲသည်။
အရေးကြီးဆုံးမှာ သူ ပျံသန်းနိုင်သော သတ္တဝါများကို တစ်ခါမှ ရင်ဆိုင်တိုက်ခိုက်ဖူးခြင်းမရှိဘဲ ဤနှင့်ပတ်သက်၍ အတွေ့အကြုံ လုံးဝမရှိခြင်းပင်။
သို့သော် သူ နောက်ဆုတ်လိုစိတ်လည်းမရှိပေ။ ၎င်းက ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သလို ထိုတစ်ကောင်ကိုသာ သတ်နိုင်ခဲ့လျှင်လည်း သူ အဆင့်တက်နိုင်ပြီဖြစ်သည်။ ဤသည်မှာ သူ ဒဏ်ရာရနေသော သန္ဓေပြောင်းသတ္တဝါများကို အချိန်အကုန်ခံရှာဖွေပြီး စနစ်မှရလဒ်ကောင်းရန် အာမမခံနိုင်ခြင်းထက် များစွာ အချိန်ကုန်သက်သာစေသည်။ တစ်ကြိမ်တည်းဖြင့် အပြီးသတ်နိုင်ခြင်းက အမြဲတစေ ဆွဲဆောင်မှုရှိစမြဲပင်။
ထို့အပြင် မည်သို့ပင်ဖြစ်စေ ၎င်းက အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်မျှသာဖြစ်သည်မဟုတ်ပါလား။
သူ တီဗီမှလာသည့် တောရိုင်းတိရစ္ဆာန်ကမ္ဘာအစီအစဉ်ထဲမှ သိမ်းငှက်များ ယုန်များကို ဖမ်းဆီးသည့် မြင်ကွင်းများကို အဆက်မပြတ် ပြန်လည်စဉ်းစားနေမိသည်။ ထိုမြင်ကွင်းမှာ ရုပ်ရှင်ထဲမှ အနှေးပြကွက်ကဲ့သို့ သူ၏ ဦးနှောက်ထဲတွင် အထပ်ထပ်အခါခါ ပြန်လည်ပြသနေသည်။ တဖြည်းဖြည်းနှင့် သူ၏ ပြေးလွှားနှုန်းမှာ နှေးကွေးလာပြီး နောက်ဆုံးတွင် ကုန်တိုက်ကြီးတစ်ခု၏ ကွင်းပြင်ကျယ်တွင် ရပ်တန့်လိုက်သည်။
ပြေးခြင်းသည် ခွန်အားကို အလဟဿကုန်ဆုံးစေသည်မှလွဲ၍ ဘာမျှအသုံးမဝင်ပေ။ ဤသို့သော သတ္တဝါမျိုးကို ရင်ဆိုင်ရန်မှာ အလျဉ်းသင့်သည့်အခိုက်အတန့်ကို စောင့်ဆိုင်းပြီး အခွင့်ကြုံသည်နှင့် မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်ရမည်ဖြစ်သည်။
ဤကွင်းပြင်ကျယ်တွင် မည်သည့် မသေချာမရေရာသော အကြောင်းတရားများနှင့် အနှောင့်အယှက်များမ ရှိမည်မဟုတ်ပေ။ ရွှေတောင်ပံငှက်အတွက်ဖြစ်စေ၊ သူ့အတွက်ဖြစ်စေ အကောင်းဆုံးစစ်မြေပြင်ပင်။
သူ အသက်ကို ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
ထိုငှက်ကြီး၏ ရွှေရောင်တောင်ပံများမှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေသည်။ ပေ၃၀ခန့်ကျယ်သော ဧရာမတောင်ပံကြီးများဖြင့် ကောင်းကင်တွင် အထပ်ထပ်အခါခါ ပျံဝဲနေသည်။ သူ၏ ပျံဝဲနှုန်းမှာ တဖြည်းဖြည်း မြန်ဆန်လာပြီး ပတ်နေသော စက်ဝိုင်းမှာလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ ၎င်းသည် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ တောင်ပံများကို ဖြည်းညင်းစွာ ရုပ်သိမ်းကာ ကောင်းကင်မြင့်မှ တိုက်ရိုက်ထိုးဆင်းလာသည်။ သူ၏ အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်လာပြီး တစ်စက္ကန့်ခန့်အကြာတွင် ကောင်းကင်မှ ရုတ်တရက် ပေါက်ကွဲသံကြီးတစ်ချက် ထွက်ပေါ်လာသည်။
၎င်း၏ အရှိန်မှာ အသံ၏အရှိန်ကို ကျော်လွန်သွားပြီး အဖြူရောင်အသံလှိုင်းတိမ်တိုက်တစ်ခု ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။ ပြင်းထန်သော အသံလှိုင်းကြောင့် အနီးအနားမှ တိုက်များ၏ ပြတင်းပေါက်မှန်များ တဖွဲဖွဲ ကွဲကြေသွားသည်။
"သူလာပြီ" လော်ယွမ်၏ စိတ်ထဲတွင် တင်းခနဲဖြစ်သွားပြီး အလျင်အမြန် နီးကပ်လာသော ငှက်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း ဓားလက်ကိုင်ကို အားကုန်ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ သွေးလှည့်ပတ်နှုန်းများ အလျင်အမြန် မြင့်တက်လာပြီး နှလုံးမှာလည်း ဗုံတီးသကဲ့သို့ တဒိန်းဒိန်း ခုန်နေသည်။
၁၃မှတ်ရှိသော လျင်မြန်မှုက သူ့ကို အဆင့်မြင့်ကင်မရာတစ်လုံးကဲ့သို့ ဤငှက်ကြီး၏ ရွေ့လျားလမ်းကြောင်းကို အစွမ်းကုန် ဖမ်းယူနေစေသော်လည်း အားမလိုအားမရဖြစ်သော ခံစားမှုတစ်ခု ရှိနေဆဲပင်။ ၎င်း၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လွန်းပြီး ကျည်ဆန်၏အရှိန်နှင့် နီးကပ်လုနီးပါး ဖြစ်နေသည်။
လေထုက ၎င်း၏ ကြောက်မက်ဖွယ်အရှိန်မြင့်မှုအောက်တွင် ရှည်လျားသော လေလမ်းကြောင်းကြီးတစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။ မြေပြင်သို့ မရောက်မီမှာပင် ကွင်းပြင်ပေါ်တွင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သဲများ၊ ကျောက်စရစ်များ လွင့်စင်ကာ အရေပြားမှာပင် ဓားဖြင့်လှီးဖြတ်ခံရသကဲ့သို့ စပ်ဖျဉ်းနာကျင်လာသည်။
ထိုသို့ ကောင်းကင်ကို ထိုးခွဲလာသော အရှိန်အဟုန်ကြောင့် သူ လှည့်ပြေးချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။ သို့သော် ဤအချိန်တွင် ပြေးရန်မှာ နောက်ကျသွားပြီဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ဤနေရာမှ အနီးဆုံးအဆောက်အအုံမှာ ပေ၃၀ခန့်သာ ဝေးသော်လည်း သူ၏အရှိန် မည်မျှပင်မြန်စေကာမူ အမဲလိုက်ရန် ထိုးဆင်းလာသော ငှက်ကြီးကို မရှောင်နိုင်တော့ပေ။ အခြေအနေ က ထိုသို့ရောက်ရှိလာသောအခါ သူ ထူးဆန်းစွာပင် တည်ငြိမ်သွားသည်။ သူ၏ အဝတ်အစားများမှာ လေပြင်းအောက်တွင် တဖျတ်ဖျတ်လွင့်နေပြီး သူ မျက်လုံးများကို မသိမသာ မှေးလိုက်သည်။
ပေ၃၀၀၊ ပေ၁၅၀၊ ပေ၅၀။ သက်တမ်းရင့်သစ်ပင်ကြီး၏ အမြစ်များကဲ့သို့ မီးခိုးရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ခြေသည်းတစ်စုံက ၎င်း၏ ဝမ်းဗိုက်အောက်မှ ထွက်ပေါ်လာသည်။ ချွန်ထက်သော ခြေသည်းများမှာ ဓားမြှောင်များကဲ့သို့ သတ္တုရောင်တောက်ပနေပြီး သံမဏိပြားကိုပင် ဤခြေသည်းများဖြင့် အလွယ်တကူ ထွင်းဖောက်နိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဧရာမခြေသည်းကြီးများမှာ ချက်ချင်းပင် ရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်ကို ဖမ်းကုတ်တော့မည်ကို မြင်သောအခါ လော်ယွမ် ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်သည်။ ငှက်ကြီး၏ လှုပ်ရှားမှုမှာ သူ၏ "အာရုံခံနိုင်စွမ်း" ထဲတွင် အမှောင်ထဲ၌ တောက်လောင်နေသော မီးရှူးတိုင်ကဲ့သို့ ထင်ရှားစွာ ပေါ်လွင်နေသည်။ လှုပ်ရှားမှုတိုင်းမှာ လော်ယွမ်၏ 'မျက်လုံး' ထဲတွင် အလွန်ပင် ရှင်းလင်းပြတ်သားသွားပြီး ဦးနှောက်ထဲတွင် ထိုဧရာမခြေသည်းတစ်စုံမှလွဲ၍ ဘာမျှမရှိတော့ပေ။
ကျည်ဆန်ကိုပင် သူ ရှောင်တိမ်းနိုင်ခဲ့ပြီးဖြစ်ရာ ကျည်ဆန်လောက်မမြန်သော ဤငှက်ကြီးမှာ ပြောပလောက်တော့မည်မဟုတ်ပေ။
သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် အနည်းငယ် ဘေးသို့စောင်းသွားသည်။ နောက်တစ်ခဏတွင် "ချွင်" ဟူသော အသံရှည်တစ်ချက်နှင့်အတူ ဓားရှည်ကြီးမှာ ဓားအိမ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်၌ဖြစ်ပေါ်သွားသော မိုးကြိုးကဲ့သို့ အေးစက်သော အလင်းတန်းတစ်ခုက ဖြတ်သန်းသွားသည်။ ဓားသွားမှာ အသံတိတ်စွာဖြင့် ၎င်း၏ တွန့်လိမ်နေသော ခြေသည်းနှစ်ဖက်ကို ခုတ်ပိုင်းလိုက်သည်။ ထိတွေ့လိုက်သည်နှင့် အနည်းငယ်မျှသာ ရပ်တန့်သွားပြီးနောက် အလွန်မာကျောပုံရသော ထိုခြေသည်းများမှာ ခန္ဓာကိုယ်နှင့် စတင်ကွဲကွာသွားတော့သည်။
ငှက်ကြီးမှာ တုံ့ပြန်ချိန်ပင်မရသေး နာကျင်မှုကိုပင် မခံစားရသေးခင်မှာပင် လော်ယွမ်၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်သည်။
သူက ခြေထောက်ဖြင့် အားကုန်နင်းချလိုက်ရာ ကွင်းပြင်မှ ကျောက်ပြားများ ချက်ချင်းပင် ကွဲကြေသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ယိမ်းခနဲဖြစ်သွားပြီး နောက်တစ်ခဏတွင် သူ၏ ပခုံးမှာ ငှက်ကြီး၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ တိုက်မိသွားသည်။
ခွန်အားသည် ဉာဏ်ရည်နှင့် လျင်မြန်မှုကဲ့သို့ ပြောင်းလွယ်ပြင်လွယ်မရှိသော အရည်အချင်းမျိုးနှင့်မတူဘဲ အလွန်ပင် ပြောင်းလွယ်ပြင်လွယ်ရှိသည်။ သာမန်လူနှင့် အထူးလေ့ကျင့်ထားသူတို့၏ ခွန်အားမှာ အလွန်ကွာခြားသည်။ နာမည်ကျော် အားကစားသမားအချို့က သူ၏ ခွန်အားထက်ပင် ပိုကြီးမားသော်လည်း သာမန်လူ၏ ၂.၂၅ ဆမှာလည်း အလွန်ပင် ထည့်သွင်းစဉ်းစားရမည့် ပမာဏဖြစ်သည်။
ငှက်ကြီးက ကိုယ်လုံးကိုယ်ထည် ကြီးမားပုံရသော်လည်း အဓိကအားဖြင့် တောင်ပံများ ကျယ်ပြန့်သောကြောင့် ဖြစ်သည်။ တောင်ပံများကို ဖယ်လိုက်လျှင် ကိုယ်ထည်မှာ ၉ပေခန့်သာ မြင့်သည်။ ထို့အပြင် ငှက်ကြီးက ကောင်းကင်တွင် အားမပြုနိုင်ဘဲ ရှိနေစဉ် သူ၏ ပြင်းထန်သော ပုခုံးတိုက်ခတ်မှုကို ခံလိုက်ရရာ တစ်ချက်တည်းဖြင့် ၁၅ပေ၊ ၁၆ပေအဝေးသို့ လွင့်စင်သွားပြီး ပက်လက်လန်လဲကျသွားသည်။
ငှက်ကြီးက စူးရှသော အော်သံတစ်ချက်ကို ထုတ်လွှတ်လိုက်ရာ လော်ယွမ်၏ နားစည်များပင် တုန်ခါသွားပြီး တဝီဝီမြည်နေတော့သည်။
မြေပြင်ပေါ်သို့ လဲကျသွားသော ငှက်ကြီးမှာ နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ ဤသည်မှာ သားကောင်မဟုတ်ဘဲ မိမိထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသော သားရိုင်းတစ်ကောင်ဖြစ်ကြောင်း သိရှိသွားသည်။ ခြေထောက်ပြတ်သွားသောနေရာမှ ပြင်းထန်သော နာကျင်မှုနှင့် ပင်ကိုအသိစိတ်မှ ခံစားရသော အန္တရာယ်ကြောင့် ၎င်းသည် ပြင်းထန်စွာ ရုန်းကန်နေပြီး တောင်ပံများကို အရမ်းကာရော ရိုက်ခတ်နေရာ ပတ်ဝန်းကျင်တွင် ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ပင်။
သို့သော် မြေပြင်ပေါ်သို့ ရောက်ရှိလာပြီးမှတော့ လော်ယွမ်က ၎င်းကို ထွက်ပြေးရန် အခွင့်အရေးပေးမည်မဟုတ်တော့ပေ။
သူက ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး မြေကြီးကိုခြေကုပ်ယူကာ ပြေးတက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မြေပြင်နှင့် မျဉ်းပြိုင်နီးပါးဖြစ်နေပြီး သူ၏ ခြေအောက်မှ ကျောက်ပြားများမှာ တဖွဲဖွဲ ကွဲကြေနေသည်။ လေထုကိုအရှိန်ဖြင့် ထိုးခွဲသွားသောကြောင့် ဆံပင်များမှာ လေထဲတွင် တလွင့်လွင့်ဖြစ်နေသည်။ သူက မြားတစ်စင်းကဲ့သို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။
၁၅ပေ၊ ၁၆ပေအကွာအဝေးက အသက်တစ်ခါရှူချိန်အတွင်းမှာပင် ရောက်ရှိသွားသည်။ အနားသို့ ရောက်သည်နှင့် ဧရာမတောင်ပံတစ်ဖက်က ဝုန်းဟူသောအသံဖြင့် ရိုက်ခတ်လာသည်။ အန္တရာယ်နှင့်နီးနေသော ရွှေတောင်ပံဂဠုန်မှာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ထုတ်လွှတ်လိုက်သည်။ အမွေးများနှင့် ကျောက်ပြားများ အရှိန်ပြင်းစွာ ပွတ်တိုက်မှုကြောင့် ပေပေါင်းများစွာ မြင့်သော တောက်ပသည့် မီးပွားများ ထွက်ပေါ်လာသည်။ တောင်ပံပတ်လည်မှ အရှိန်ပြင်းစွာ စီးဆင်းနေသော လေထုမှာ အကြည်ရောင်လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အနီးအနားမှ စကျင်ကျောက်စားပွဲတစ်လုံးပင် ၎င်း၏ တောင်ပံရိုက်ခတ်မှုကြောင့် လွင့်စင်သွားသည်။ ဤသို့သော တိုက်ခိုက်မှုမျိုးမှာ တိုက်ရိုက်ထိမှန်ရန်မဆိုထားနှင့်၊ ရှပ်ထိသွားရုံမျှဖြင့်ပင် သွေးထွက်သံယိုဖြစ်သွားပေလိမ့်မည်။
လော်ယွမ်က ကြိုတင်ပြင်ဆင်ထားသော်လည်း ထိုသို့ကြုံတွေ့ရသောအခါ အသက်ရှူမှားမတတ်ဖြစ်သွားသည်။ သို့သော် သူ၏ လှုပ်ရှားမှုမှာ အနည်းငယ်မျှပင် နှေးကွေးမသွားပေ။ မြေပြင်ပေါ်သို့ ဆွဲယူလာသော ဓားရှည်ကြီးကို သူပြောင်းပြန်ကိုင်လိုက်ပြီး နောက်တစ်ခဏတွင် ဓားရှည်ကြီးက အေးစက်သော အလင်းတန်းတစ်ခု နှင့်အတူ လှုပ်ရှားသွားကာ ငှက်ကြီး၏ တောင်ပံတစ်ဖက်မှာ ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။ သို့သော် လော်ယွမ်လည်း အခြေအနေမကောင်းလှပေ။ သူ ထိပ်တိုက်တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်မှ လေလှိုင်းများကြောင့် လေထဲသို့ မြောက်တက်သွားပြီး ပေ၃၀ကျော်အဝေးသို့ လွင့်စင်ပြီးမှ ရပ်တန့်သွားသည်။
သူ၏ လည်ချောင်းထဲတွင် ငန်ကျိကျိ အရသာတစ်ခု ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။
သူ သွေးများစွန်းထင်းနေသော နှုတ်ခမ်းကို လျက်လိုက်ပြီး အင်္ကျီလက်ဖြင့် ဂရုမစိုက်စွာ သုတ်သင်လိုက်သည်။ နောက်ဆုံးတွင် တောင်ပံတစ်ဖက်တည်းသာ ကျန်ရှိပြီး ခြေထောက်နှစ်ဖက်လုံး မရှိတော့ဘဲ အချည်းနှီးသာ ရုန်းကန်နေနိုင်တော့သော ငှက်ကြီးကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
တောင်ပံနှင့် ခြေသည်းများမရှိသော ငှက်မျိုးနွယ်တို့၏ စွမ်းအားမှာ အဆင့်တစ်ခုထက်မက ကျဆင်းသွားသည်။ သို့သော် လော်ယွမ် သတိလက်လွတ်မဖြစ်ရဲပေ။ သန္ဓေပြောင်းသတ္တဝါများနှင့် နှိုင်းယှဉ်လျှင် သူ၏ အလွန်ထိခိုက်လွယ်သော လူ့ခန္ဓာကိုယ်ကြောင့် သန္ဓေပြောင်းသတ္တဝါများနှင့် တိုက်ခိုက်ရာတွင် သတိကြီးစွာထားရမည်ကို သူ ကောင်းကောင်းသိသည်။ တစ်ချက် ပေါ့ဆလိုက်သည်နှင့် သေလမ်းသာရှိသည်။
သူ၏ မျက်လုံးများမှာ အေးစက်နေပြီး ငှက်ကြီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများကို အပြည့်အဝထုတ်လွှတ်လိုက်သည်။
ဤအရှိန်အဝါကြောင့် လန့်သွားသော ငှက်ကြီးမှာ အဆက်မပြတ် စူးရှစွာ အော်မြည်နေပြီး တောင်ပံတစ်ဖက်တည်းဖြင့် တဝုန်းဝုန်း ရိုက်ခတ်နေသည်။ သို့သော် လုံးဝအချည်းနှီးပင်။ ဟန်ချက်မညီတော့သော ၎င်းမှာ လုံးဝပျံသန်းနိုင်ခြင်းမရှိဘဲ ကွင်းပြင်ပေါ်တွင် အဆက်မပြတ် လူးလွန့်ရုန်းကန်နေရုံသာ တတ်နိုင်တော့သည်။
ကြာလျှင် မတော်တဆအခြေအနေများ ဖြစ်ပွားလာမည်စိုး၍ လော်ယွမ်၏ အရှိန်မှာ ရုတ်တရက် မြန်ဆန်သွားပြီး အလျင်အမြန် ပြေးဝင်သွားသည်။
ဓားထုတ်...
ဘေးတိုက်ခုတ်ပိုင်း...
ငှက်ကြီး၏နောက်ထပ်တောင်ပံတစ်ဖက်မှာလည်း ပြတ်ကျသွားသည်။
ထို့နောက် လော်ယွမ်က ခန္ဓာကိုယ်ကို လူးလွန့်လိုက်ပြီး ပြေးဝင်လာသော လေလှိုင်းကို ရှောင်တိမ်းလိုက်သည်။ ထိုနှင့်တစ်ပြိုင်နက်တည်း ဓားရှည်ကြီးမှာ လျှပ်စီးကဲ့သို့ ရွှေတောင်ပံဂဠုန်၏ ဝမ်းဗိုက်ထဲသို့ ထိုးစိုက်ဝင်သွားသည်။ ပျော့ပျောင်းသော ဝမ်းဗိုက်မှာ ဤအပြာရင့်ရောင်အဆင့် လက်နက်အတွက် အတားအဆီးများစွာမရှိဘဲ ချောမွေ့စွာ ထိုးဝင်သွားသည်။ လော်ယွမ်၏ လူးလွန့်မှုနှင့်အတူ ဓားရှည်ကြီးမှာ အပြင်းအထန် မွှေနှောက်လိုက်ရာ အတွင်းမှ ကလီစာများ ချက်ချင်းပင် ကြေမွသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။
ပြင်းထန်သော နာကျင်မှုကြောင့် ၎င်း၏ အရိုင်းစိတ်မှာ လုံးဝနိုးကြားလာပြီး ချွန်ထက်သော နှုတ်သီးဖြင့် သူ့ကို အပြင်းအထန် ထိုးဆိတ်လေသည်။ ငှက်မျိုးနွယ်တို့၏ ထိုးဆိတ်မှုမှာ မြွေမျိုးနွယ်တို့ကဲ့သို့ပင်၊ အရှိန်မှာ အလွန်လျင်မြန်ပြီး သာမန်မျက်စိဖြင့် ဖမ်းယူရန်မဖြစ်နိုင်ပေ။ ၎င်းတို့၏ အန္တရာယ်အရှိဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဤအပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါဆိုလျှင် ပြောဖွယ်ရာမရှိပေ။
ဗြောက်အိုးတစ်လုံး ပေါက်ကွဲသကဲ့သို့သော အသံတစ်ချက်သာ ကြားလိုက်ရသည်။
လော်ယွမ် ဘေးသို့စောင်းရန်သာ အချိန်မီလိုက်ပြီးနောက် ''အုန်း'' ဟူသော အသံကြီးတစ်ချက်ကို ထပ်ကြားလိုက်ရသည်။ သူ၏ ဘေးဘက်တွင် ဦးခေါင်းအရွယ်ရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်မှ ကျောက်စရစ်ကွဲများ လွင့်စင်လာရာ သူ၏ ကျောဘက်တွင် စပ်ဖျဉ်းနာကျင်သွားပြီး ချွေးစေးများပင် ထွက်လာသည်။
နောက်ဘက်မှ ''အုန်းအုန်း'' ဟူသော အသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကံကောင်းသည်မှာ ဤငှက်ကြီးမှာ လှုပ်ရှားရခက်ခဲနေသောကြောင့် လော်ယွမ် အကြိမ်အနည်းငယ် လူးလွန့်လိုက်သည်နှင့် ၎င်း၏ နှုတ်သီးမှာ သူ့ကို မမီတော့ဘဲ လွတ်မြောက်သွားနိုင်ခဲ့သည်။
သေခါနီးနီး အခြေအနေသို့ ရောက်နေပြီဖြစ်သော ရွှေတောင်ပံဂဠုန်ကို ရင်ဆိုင်ရာတွင် လော်ယွမ်က အမြော်အမြင်ကြီးစွာဖြင့် ခေတ္တခွာနေရန် ရွေးချယ်လိုက်သည်။
ဆယ်မိနစ်ခန့်အကြာတွင် သွေးထွက်လွန်ခြင်းနှင့် ကြေမွသွားသော ကလီစာများ၊ ထို့အပြင် စောစောက ပြင်းထန်သော လှုပ်ရှားမှုများကြောင့် ၎င်း၏ ခွန်အားမှာ အလျင်အမြန် ယုတ်လျော့လာသည်။ ငှက်ကြီးက အားနည်းစွာဖြင့် မြေပြင်ပေါ်တွင် မှောက်လျက်သားဖြစ်နေပြီး မျက်လုံးများမှာ တဖြည်းဖြည်း အရောင်မှိန်လာကာ မျက်ခွံများလည်း စင်းကျလာသည်။
သေချာစေရန်အတွက် လော်ယွမ် စွန့်စားမတိုက်ခိုက်တော့ဘဲ သူ၏ ကန္တာရလင်းယုန်သေနတ် ကို ထုတ်ယူကာ ၎င်း၏ ဦးခေါင်းကို ချိန်ရွယ်ပြီး ခလုတ်ကို ညင်သာစွာ ဆွဲလိုက်သည်။
ပေါင်းစပ်ထားသော အပြာရင့်ရောင်အဆင့် ကျည်ဆန်မှာ ငှက်ကြီး၏ ဦးခေါင်းကို လွယ်ကူစွာ ဖောက်ထွက်သွားသည်။ ၎င်း၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး တောင်ပံများကို အကြိမ်အနည်းငယ် ရိုက်ခတ်လိုက်ပြီးနောက် ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၈၂)ထူးဆန်းသောအကြည့်
ဤတစ်ကြိမ်မစ်ရှင်မှာ ''ကောင်းမွန်'' ဟူသောအဆင့်သတ်မှတ်ချက်သာရရှိခဲ့သော်လည်း လုံလောက်နေပြီဖြစ်သည်။ မစ်ရှင်ပြီးမြောက်ကြောင်းအချက်ပေးသံပြီးနောက် စနစ်၏အသံက တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။
အမည် - လော်ယွမ်
အလုပ်အကိုင် - မုဆိုး
အဆင့် - ၇
အတွေ့အကြုံ - ၁၉၀၀/၁၉၂၀၀
အရည်အသွေးများ
----------------------
ခွန်အား - ၁၂ (၁၀)
လျင်မြန်မှု - ၁၃ (၁၀)
ကြံ့ခိုင်မှု - ၁၂ (၁၀)
ဉာဏ်ရည် - ၁၃ (၁၀)
အာရုံခံနိုင်စွမ်း - ၁၃ (၁၀)
စိတ်စွမ်းအား - ၁၃ (၁၀)
ကျွမ်းကျင်မှုများ
------------------
သိပ္ပံ - ၁၆
သင်္ချာ - ၁၄
တရုတ်စာ - ၁၉
ဘဏ္ဍာရေး - ၁၇
ကွန်ပျူတာ - ၉
ကခုန်ခြင်း - ၁
ပန်းချီ - ၃
ဂိမ်းကစားခြင်း - ၆
စေ့စပ်ညှိနှိုင်းခြင်း - ၉
လူမှုဆက်ဆံရေး - ၇
ချက်ပြုတ်ခြင်း - ၃
ယာဉ်မောင်း - ၁
လက်နက်မဲ့တိုက်ခိုက်ခြင်း - ၅
ဓားပညာအထူးကျွမ်းကျင်မှု - ၂
သေနတ်ပစ်ခတ်ခြင်းပညာ - ၁
အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားအစွမ်း၊ ပေါင်းစပ်အစွမ်း
လက်ကျန်အခြေပြုမှတ် - ၁
လက်ကျန်ကျွမ်းကျင်မှတ် - ၁၀
လက်ကျန်မစ်ရှင် - မရှိ
အရည်အသွေးအမှတ်ထပ်ပေါင်းခြင်းအတွက် လော်ယွမ်ကိုနောက်တစ်ကြိမ် ချီတုံချတုံဖြစ်စေပြန်သည်။ ယခုအခြေအနေမှာ ယခင်အချိန်နှင့်မတူတော့ဘဲ လုံးဝလုံခြုံသောနေရာဟူ၍မရှိတော့ပေ။ ဤလူသားတို့၏မြို့မှာ ယခုအခါ သန္ဓေပြောင်းသတ္တဝါများ၏နယ်မြေဖြစ်လာတော့မည်ဖြစ်သည်။ သူရင်ဆိုင်ရမည့်အရာမှာလည်း တစ်ကောင်နှစ်ကောင်မဟုတ်တော့ဘဲ အချို့အချိန်များတွင် တိုက်ပွဲပြီးဆုံးလျှင် အသက်ဝဝရှူချိန်ပင်မရှိဘဲ နောက်တစ်ကြိမ်တိုက်ပွဲသို့ဝင်ရောက်ရပေမည်။
တစ်နည်းအားဖြင့်ဆိုသော် အကယ်၍ မရင်ဆိုင်နိုင်သောသန္ဓေပြောင်းသတ္တဝါနှင့်ကြုံတွေ့ပါက သူထွက်ပြေးရန်သက်လုံရှိရမည်ဖြစ်ပြီး ခြေလှမ်းအနည်းငယ်ပြေးပြီး မောဟိုက်နေခြင်းမျိုး မဖြစ်သင့်ပေ။
လော်ယွမ်ခဏစဉ်းစားပြီးနောက် အံကြိတ်ကာ အရည်အသွေးအမှတ်ကို ကြံ့ခိုင်မှုအပေါ်သို့ ထပ်ပေါင်းလိုက်သည်။
နောက်တစ်ခဏတွင် ပူလောင်သောနွေးထွေးသည့်စီးကြောင်းတစ်ခုမှာ ချက်ချင်းပင်တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားပြီး သူ၏အရေပြားမှာ ချက်ချင်းပင်အလွန်နီရဲသွားကာ တစ်ကိုယ်လုံးချွေးများမှာ မိုးရွာသကဲ့သို့ထွက်ကျလာသည်။ စက္ကန့်အနည်းငယ်အချိန်တိုအတွင်း သူ၏တစ်ကိုယ်လုံးမှာ မီးဖြင့်လောင်ကျွမ်းခံလိုက်ရသကဲ့သို့ဖြစ်သွားသည်။ ထို့အပြင် သူ၏မျက်နှာမှာလည်း တစစယားယံလာပြီး ဤယားယံမှုမှာ မရေမတွက်နိုင်သောပုရွက်ဆိတ်များက မျက်နှာပေါ်တွင်အဆက်မပြတ်ကိုက်ဖြတ်နေသကဲ့သို့ဖြစ်ရာ သူမျက်နှာကိုညင်သာစွာတစ်ချက်ကုတ်လိုက်မိသည်။ ဤတစ်ချက်ကုတ်လိုက်ရုံဖြင့် အနာဖေးဖတ်များစွာကို ကုတ်ချလိုက်မိသည်။
ဤအရာများအားလုံးမှာ မနေ့ကမှဖြစ်ပေါ်လာသော သွေးခဲများဖြစ်ပြီး အပေါ်တွင် နီညိုရောင်သွေးကြောများပင်ခဲနေသေးသည်။ သူစပ်စုစွာဖြင့် ခုနကကုတ်လိုက်သောမျက်နှာကိုပွတ်သပ်ကြည့်လိုက်ရာ ချောမွေ့သောအသားအရေကို စမ်းသပ်မိလိုက်သည်။
ပူလောင်သောစီးကြောင်းပျောက်ကွယ်သွားသောအခါ သူအလျင်အမြန် လက်ဖမိုးရှိယခင်ကလောင်ကျွမ်းခံထားရသောအရေပြားကိုကြည့်လိုက်သည်။ မျက်နှာပြင်ရှိသွေးခဲများမှာ မြွေအရည်ခွံများကဲ့သို့ တစ်ခုပြီးတစ်ခုကွာတက်လာပြီး လက်ဖြင့်ညင်သာစွာပွတ်သပ်လိုက်သည်နှင့် သွေးခဲများမှာ တဖွဲဖွဲကျဆင်းသွားသည်။ မူလကချိုင့်ခွက်များဖြစ်နေသောမျက်နှာပြင်မှာ ပျောက်ကွယ်သွားပြီး အနီးအနားရှိအရေပြားနှင့်တစ်ထပ်တည်းတူညီသောအသားအရေဖြင့် အစားထိုးသွားသည်ကို တွေ့လိုက်ရသည်။ ဒဏ်ရာမှာလုံးဝပျောက်ကင်းသွားပြီး ထို့အပြင် အရေပြားမှာ ယခင်နှင့်နှိုင်းယှဉ်လျှင် ပို၍ဖြူနုချောမွေ့လာကာ ကျောက်စိမ်းရောင်အလင်းတန်းတစ်ခုပင် သဲ့သဲ့ထွက်နေသကဲ့သို့ထင်ရသည်။
ယခင်ကကျန်ရှိနေသောအမာရွတ်အချို့ပင်လျှင် ဤပူလောင်သောစီးကြောင်းထဲတွင် အားလုံးပျောက်ကွယ်သွားသည်။
သူအရေပြားကိုပွတ်သပ်ကြည့်လိုက်ရာ မျက်နှာပြင်မှာချောမွေ့စိုပြေလာပြီး အနည်းငယ်ပို၍ပျော့ပျောင်းလာသည်ဟု ခံစားရသည်။ မိမိ၏ခန့်မှန်းချက်ကိုအတည်ပြုရန် သူမြေပြင်မှကျန်ရှိနေသော ထက်ရှသည့်ကျောက်တုံးအချွန်တစ်တုံးကိုကောက်ယူပြီး သူ၏လက်ဖမိုးပေါ်တွင် အားကုန်ခြစ်လိုက်သည်။ အကယ်၍သာ ယခင်ကဆိုလျှင် ဤသို့သောအင်အားဖြင့် အနည်းဆုံးအရည်ပြားပြဲလန်သွားပြီး သွေးသံရဲရဲဖြစ်သွားပေမည်။
သို့သော် ယခုအခါ လက်ဖမိုးမှာပြင်းထန်စွာနာကျင်သွားရုံသာဖြစ်ပြီး ကျောက်တုံးကိုဖယ်ကြည့်လိုက်ရာ အရေပြားမှာ အပေါ်ယံအဆီလွှာတစ်လွှာသာကွာသွားပြီး သွေးကြောမျှင်များပင်မပေါ်ထွက်ပေ။
သူ၏စိတ်ထဲတွင်အံ့ဩသွားသော်လည်း သာမန်လေ့ကျင့်မှုတွင် အဘယ်ကြောင့် ဤသို့သောအကျိုးသက်ရောက်မှုမရှိသည်ကို အနည်းငယ်အံ့ဩမိလိုက်သည်။
ဤမတိုင်မီက ကြံ့ခိုင်မှုကို လော်ယွမ်က မိမိကိုယ်တိုင်လေ့ကျင့်မှုဖြင့်သာရရှိခဲ့သော်လည်း ခံနိုင်ရည်တိုးတက်လာခြင်းမှလွဲ၍ ခန္ဓာကိုယ်တွင်အလားတူထူးခြားမှုများ မဖြစ်ပေါ်ခဲ့ပေ။
လော်ယွမ်ခဏစဉ်းစားပြီးနောက် အကြမ်းဖျင်းခန့်မှန်းချက်တစ်ခုရရှိသွားသည်။ မိမိလေ့ကျင့်မှုဖြင့်တိုးတက်လာသောခွန်အားမှာ တကယ်တမ်းတွင် မတည်ငြိမ်သောခွန်အားတစ်မျိုးဖြစ်နိုင်သည်။ အပြေးသမားတစ်ဦးကဲ့သို့ပင်၊ တစ်နှစ်မပြောနှင့် ခြောက်လလောက်မလေ့ကျင့်ဘဲ နေ့စဉ်အိမ်တွင်သာနေထိုင်ပါက သူ၏သက်လုံမှာ လျင်မြန်စွာကျဆင်းသွားမည်ဖြစ်ပြီး သုံးနှစ်ကြာလျှင် သက်လုံမှာ သာမန်လူတစ်ယောက်နှင့်ပြန်တူသွားပေမည်။
တစ်နည်းအားဖြင့်ဆိုသော် အပြေးသမားတစ်ဦး၏သက်လုံမှာ ပင်ကိုယ်အားဖြင့် သာမန်လူနှင့်ဘာမှမခြားနားပေ။ သူပင်ပန်းကြီးစွာလေ့ကျင့်မှုဖြင့် သက်လုံကို သာမန်လူထက်အဆပေါင်းများစွာတိုးတက်အောင်လုပ်နိုင်သည့်တိုင် သူ့ခန္ဓာကိုယ်၏မူလလုပ်နိုင်စွမ်းက ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော်စနစ် မှာမူမတူညီပေ။ ၎င်းက ဆဲလ်အဆင့်မှစ၍ ခန္ဓာကိုယ်၏အရည်အသွေးများကို အတင်းအကျပ်တိုးမြှင့်ပေးခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ဉာဏ်ရည်ကဲ့သို့သောတည်မြဲနေသည့်အရည်အသွေးများ တိုးတက်နိုင်သည့်အကြောင်းရင်းကို ရှင်းပြရန်ခက်ခဲပေမည်။
လော်ယွမ်မှာ ဤအထဲတွင်တိုးတက်လာသည်မှာ ကြံ့ခိုင်မှုသာမက အခြားအရာများဖြစ်သည့် အရေပြား၏ပျော့ပျောင်းမှု၊ မိမိကိုယ်ကိုကုသနိုင်စွမ်းနှင့် အသက်သက်တမ်းပင်လျှင် တိုးတက်လာသည်ဟုပင် ခန့်မှန်းမိနေသည်။
သူလက်သီးကိုဆုပ်လိုက်ပြီး ခန္ဓာကိုယ်မှမကုန်ခမ်းနိုင်သောခွန်အားများကိုခံစားရင်း စိတ်ထဲတွင်စိတ်လှုပ်ရှားမှုဖြင့်ပြည့်နှက်နေသည်။ နောင်တွင်တိုက်ခိုက်လျှင် သူဘာကိုမှထည့်သွင်းစဉ်းစားစရာမလိုတော့ပေ။
သူစုဆောင်းထားသောကျွမ်းကျင်မှုအမှတ်ဆယ်မှတ်ကိုကြည့်လိုက်သည်။ ဓားသိုင်းအဆင့်မှာ ဓားသိုင်းအထူးကျွမ်းကျင်မှုသို့ရောက်ရှိသွားပြီး လေ့ကျင့်မှု၏အကျိုးသက်ရောက်မှုမှာ ယခင်ကလောက်မကြီးမားတော့ပေ။ သူတစ်လခွဲလောက်လေ့ကျင့်သည့်တိုင် တိုးတက်မှုကိုမမြင်ရပေ။ ထို့အပြင် ယခုလိုအန္တရာယ်များသောအချိန်တွင် စွမ်းအားတစ်စတိုးလျှင် လုံခြုံမှုတစ်စပိုလာမည်ဖြစ်ရာ ဆက်လက်ချန်ထားခြင်းမှာ ခေတ်နှင့်မကိုက်ညီတော့ပေ။ သူအရင်လိုတွေဝေမနေတော့ဘဲ အရည်အသွေးအမှတ်အားလုံးကို ဓားသိုင်းပေါ်သို့ထပ်ပေါင်းလိုက်သည်။
တစ်ခဏအတွင်း မြောက်မြားစွာသောသတင်းအချက်အလက်များ ဦးနှောက်ထဲသို့စီးဝင်လာသည်။
သူ၏မျက်လုံးများမှာ ခဏတာတွေဝေသွားပြီး တစ်ကိုယ်လုံးမှအံ့ဩဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုပျံ့လွင့်ထွက်လာရာ လေထုမှာပင် လှုပ်ရှားမငြိမ်သက်ဖြစ်လာသည်။ ဆယ်စက္ကန့်ကျော်အကြာတွင် သူမျက်လုံးများပြန်ဖွင့်လိုက်ရာ ချက်ချင်းဆိုသလို သူ၏မျက်လုံးများက အလင်းရောင်တစ်ချက်လက်သွားသည်။ သူရုတ်တရက် ကျန်းမာတောက် ဓားရှည်ကိုဆွဲထုတ်လိုက်ရာ အားအင်မစုစည်းရသေးမီမှာပင် ဓားကိုယ်မှာ မျက်စိဖြင့်မမြင်နိုင်သောရောင်ဝါတစ်လွှာဖြင့် ချက်ချင်းလင်းလက်သွားသည်။ ရောင်ဝါမှာ မီးခိုး (သို့မဟုတ်) မြူကဲ့သို့ဖြစ်ပြီး ဓားသွားတစ်လျှောက် အဆက်မပြတ်လည်ပတ်နေသည်။
သူထုတ်လွှတ်သော အရှိန်အဝါမှာ တဖြည်းဖြည်းပို၍အားကောင်းလာသည်နှင့်အမျှ ဓားရောင်ဝါမှာလည်း ပို၍သိပ်သည်းလာပြီး နောက်ဆုံးတွင် နေ့ခင်းဘက်တွင်ပင် ရှင်းရှင်းလင်းလင်းမြင်နိုင်လာသည်။ ဓားကိုယ်ပေါ်မှဓားရောင်ဝါမှာ တစ်လက်မခန့်ရှည်ထွက်လာပြီး အနီးအနားရှိလေထုမှာ မည်သည့်အရာကိုမဆိုဖျက်ဆီးနိုင်သောဓားရောင်ဝါဖြင့်ထိတွေ့ခံရသောကြောင့် ''ရှီးရှီး'' ဟူသောအသံသဲ့သဲ့များ အဆက်မပြတ်ထွက်ပေါ်နေသည်။
လော်ယွမ်အနည်းငယ်ပြုံးလိုက်ရာ ဓားရောင်ဝါမှာ လျင်မြန်စွာအားကောင်းရာမှအားနည်းသွားပြီး နောက်ဆုံးတွင် မှိန်ဖျော့သောပါးလွှာသည့်တစ်လွှာသာကျန်ရှိတော့သည်။ ထို့နောက်သူက မြေပြင်ကိုတစ်ချက်ခုတ်ပိုင်းလိုက်သည်။
ရွှစ်...
နောက်တစ်ခဏတွင် မြေပြင်မှာ ချက်ချင်းချောမွေ့သောမျဉ်းဖြောင့်တစ်ကြောင်းဖြစ်ပေါ်သွားသည်။
ဓားသိုင်းအထူးကျွမ်းကျင်မှု ၂ မှ ဓားသိုင်းအထူးကျွမ်းကျင်မှု ၁၂ သို့ပြောင်းလဲသွားရာ ဓားရောင်ဝါ၏စွမ်းအားမှာ အလွန်တိုးတက်လာရုံသာမက ကျွမ်းကျင်စွာအသုံးချနိုင်သွားပြီး စိတ်စွမ်းအားကုန်ဆုံးမှုပင်လျှင် အလွန်လျော့နည်းသွားသည်။ မူလကဖြုန်းတီးမှုများသောနည်းလမ်းမှ ယခုအခါစေ့စပ်သေချာသောနည်းလမ်းသို့ပြောင်းလဲသွားသကဲ့သို့ စိတ်စွမ်းအားတစ်မှတ်စီတိုင်းမှာ ဆယ့်နှစ်ဆသောအကျိုးသက်ရောက်မှုကို ထုတ်ဖော်နိုင်ပြီဖြစ်သည်။
.................................
လော်ယွမ်မထွက်ခွာမီ ရွှေတောင်ပံဂဠုန်ငှက်၏သွေးကို အနည်းငယ်ထပ်သောက်လိုက်သော်လည်း ရလဒ်မှာမူ ဘာမျှမထူးခြားပေ။
သို့သော် သူလည်းကျင့်သားရနေသဖြင့် စိတ်ပျက်ခြင်းမဖြစ်တော့ချေ။
ဆင့်ကဲပြောင်းလဲသူဖြစ်လာခြင်းမှာ ရှိရင်းစွဲထက် အချိန်တိုအတွင်းပိုအစွမ်းထက်သွားခြင်းသာဖြစ်ပြီး စနစ်မှာမူ သူ၏အခြေခံပင်ဖြစ်သည်။
ဆင့်ကဲပြောင်းလဲသူ ဘယ်တော့မှ မဖြစ်နိုင်သည့်တိုင် သူကထိုဖိုးကံကောင်းများထက် မညံ့ကြောင်းကို ယုံကြည်သည်။
အဝေးမှစစ်ပွဲမှာ မီးအရှိန်အဟုန်ပြင်းစွာတောက်လောင်နေဆဲဖြစ်သော်လည်း ခေါင်းပေါ်မှ ပျံသန်းနေသောတိုက်လေယာဉ်များမှာမူ တဖြည်းဖြည်းနည်းပါးလာသည်။ ယခင်နေ့က အစီးတစ်ရာကျော်ရှိသော်လည်း ယနေ့တွင် သုံးဆယ့်လေးစီးသာကျန်ရှိတော့သည်။ များပြားလှသောပျံသန်းနိုင်သည့်သန္ဓေပြောင်းသတ္တဝါများမှာ ကောင်းကင်တွင်အဆက်မပြတ်ပျံဝဲနေပြီး မကြာခဏတိုက်လေယာဉ်များ ကောင်းကင်မှ ပျက်ကျလာရာ စစ်ပွဲတစ်ခုလုံးမှာ သန္ဓေပြောင်းသတ္တဝါများဘက်သို့ ယိမ်းယိုင်စပြုနေပြီဖြစ်သည်။
လော်ယွမ်လမ်းမကိုဖြတ်သန်းသွားရာ စစ်သုံးကုန်တင်ကားကြီးအချို့ အလျင်စလိုလမ်းဘေးမှဖြတ်သန်းသွားသည်ကိုတွေ့လိုက်ရသည်။ ကားနောက်ပိုင်းတွင် မီးခိုးရောင်မိုးကာစတစ်ခုဖုံးအုပ်ထားပြီး အတွင်းတွင်ဖောင်းကြွနေကာ ဘာများတင်ဆောင်ထားသည်မသိပေ။ လော်ယွမ်ကားခေါင်းကိုတစ်ချက်ကြည့်လိုက်ရာ လက်နက်အပြည့်အစုံကိုင်ဆောင်သောစစ်သားအချို့မှာ ယာဉ်မောင်းခန်းတွင်မှိုင်နေကြပြီး ရှုံးနိမ့်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
လော်ယွမ်ဘေးမှဖြတ်သန်းသွားသည်ကိုမြင်သောအခါ စစ်သားတစ်ဦးက နောက်လှည့်ကာသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် သနားကြင်နာမှုနှင့်မကြည့်ရက်နိုင်မှုအရိပ်အယောင်တစ်ခုပေါ်ထွက်လာသည်။
လော်ယွမ်အဝေးသို့ထွက်ခွာသွားသောကုန်တင်ကားကြီးဆယ်စီးကျော်ကို အတော်ကြာစိုက်ကြည့်နေပြီး ဦးနှောက်ထဲတွင် တစ်ဖက်လူ၏အမူအရာကို အဆက်မပြတ်ပြန်လည်စဉ်းစားနေသည်။ သူ၏စိတ်ထဲတွင်လေးလံနေပြီး မကောင်းသောနိမိတ်တစ်ခုခံစားနေရသည်။ သို့သော် အတော်ကြာစဉ်းစားသည့်တိုင် ဘာအဖြေမှမထွက်ပေ။ သူဆက်လက်၍လမ်းမတစ်လျှောက် ခေါင်းငုံ့ကာခရီးဆက်လိုက်သည်။ ဆယ်မိနစ်ခန့်လျှောက်ပြီးနောက် သူရုတ်တရက်ကြောင်သွားပြီး ရှေ့မှရိက္ခာရောင်းချသည့်နေရာတစ်ခုကို ငေးမောကြည့်နေမိသည်။
ထိုအချိန်တွင် ဤနေရာ၏သံတံခါးမှာ ဟင်းလင်းပွင့်နေပြီး အတွင်းတွင်ဗလာဖြစ်နေကာ လုယက်ခံထားရသကဲ့သို့ပင်။ သူခဏရပ်နေပြီးနောက် မယုံကြည်နိုင်စွာဖြင့်ဝင်ရောက်သွားသည်။ ရိက္ခာဆိုင်ရှိဂိုဒေါင်ကြီးအချို့မှာ ရှင်းလင်းခံထားရပြီး အတွင်းတွင်ဘာမှမကျန်တော့ဘဲ သယ်ယူသွားစဉ်ကကျကျန်ခဲ့သော ဆန်စေ့အနည်းငယ်သာကျန်ရှိတော့သည်။ သူခုနကဖြတ်သန်းသွားသောကုန်တင်ကားကြီးများကို သတိရလိုက်ရာ မျက်နှာမှာပို၍ပျက်ယွင်းသွားသည်။
သူထုံကျင်စွာဖြင့် မိနစ်အနည်းငယ်ရပ်နေပြီး မလှုပ်မယှက်ဖြစ်ကာ မျှော်လင့်ချက်အားလုံးပျောက်ဆုံးသွားသလို ခံစားနေရသည်။
သို့သော် သူ၏ဦးနှောက်မှာမူ အဆက်မပြတ်စဉ်းစားနေသည်။
"သူတို့ရိက္ခာတွေကို ဘာလို့သယ်သွားတာလဲ"
"အဲ့ဒီစစ်သားရဲ့အကြည့်က ဘာအဓိပ္ပာယ်လဲ"
"အဲ့ဒီစစ်ကုန်တင်ကားတွေက ဘယ်ကိုသွားကြတာလဲ"
ပထမနှင့်ဒုတိယအဖြေကို လော်ယွမ်မစဉ်းစားချင်သလို စဉ်းလည်းမစဉ်းစားရဲပေ။ ထိုအကြောင်းကို စဉ်းစားလိုက်သည်နှင့် လူကို မျှော်လင့်ချက်ကင်းမဲ့သွားစေသည်။ တတိယအဖြေမှာမူ လုံးဝတွေးဆ၍မရပေ။ အကယ်၍ စစ်တပ်က ဟယ်တုံမြို့မှထွက်ခွာမည်ဆိုလျှင် ယခုတစ်ခုတည်းသော ထွက်လမ်းဖြစ်သည့် အမြန်လမ်းမကြီးမှသာ သွားနိုင်သည်။
သို့သော် စစ်တပ်ထွက်သွားလျှင် ဟယ်တုံမြို့ကမည်သို့ဖြစ်မည်နည်း။ ဤမှာရှိသည့်လူသန်းပေါင်းများစွာက မည်သို့မည်ပုံ ဖြစ်သွားမည်နည်း။
"မဖြစ်နိုင်ဘူး...ဒါတစ်ကယ်မဟုတ်နိုင်ဘူး" လော်ယွမ်ခပ်တိုးတိုးရေရွတ်ရင်း မျက်နှာဖြူဖျော့သွားသည်။
လော်ယွမ်၏ခိုင်မာသောစိတ်ဓာတ်ဖြင့်ပင် လူသန်းပေါင်းများစွာရှိသောမြို့ကြီးရုတ်တရက်ကျဆုံးသွားပြီး လူသန်းပေါင်းများစွာ သန္ဓေပြောင်းသတ္တဝါများ၏အစာဖြစ်သွားမည်ကို စဉ်းစားမိသောအခါ ကြက်သီးမွေးညင်းများထပြီး တစ်ကိုယ်လုံးအေးစက်သွားသည်။
စစ်တပ်ကဲ့သို့သောလက်နတ်ကိုင်တပ်ဖွဲ့မှာ လူသားများ၏သတ္တိနှင့်အားကိုးရာဖြစ်သည်။ စစ်တပ်ရှိနေသ၍ မည်မျှပင်ဆိုးရွားသောအခြေအနေကိုကြားရသည်ဖြစ်စေ စိတ်ထဲတွင်မျှော်လင့်ချက်ရှိနေမည်ဖြစ်သည်။ ယခင်ကမြို့ထဲသို့သန္ဓေပြောင်းသတ္တဝါများစွာဝင်ရောက်လာသည့်တိုင် လော်ယွမ်မှာ မျှော်လင့်ချက်အနည်းငယ် ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကဆက်လက်ခုခံနေသောကြောင့်ဖြစ်ပြီး ယခုကဲ့သို့ အရိုးထဲထိစိမ့်အောင်အေးစက်ကာ စိတ်ထဲတွင်မျှော်လင့်ချက်ကင်းမဲ့သွားစေခြင်းမျိုး တစ်ခါမျှမဖြစ်ခဲ့ဖူးပေ။
သူ၏စွမ်းအားမှာ အမှန်ပင်အလွန်အားကြီးပြီး တစ်ခုချင်းစီမှာ ၁၃မှတ်နီးပါးရှိသောအရည်အသွေးများက သူ့ကိုလူသားခန္ဓာကိုယ်၏အကန့်အသတ်မှ တဖြည်းဖြည်းလွတ်မြောက်စေပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းကိုတွန်းပို့ပေးခဲ့သည်။ သို့သော် တစ်ဦးတစ်ယောက်၏ခွန်အားမှာ မည်မျှပင်အားကြီးသည်ဖြစ်စေ အတိုင်းအတာတစ်ခုကိုမကျော်ဖြတ်နိုင်သ၍ ဤသို့သောမျှော်လင့်ချက်မဲ့သည့်အခြေအနေအောက်တွင် သာမန်လူတစ်ယောက်နှင့်ဘာမှမခြားနားပေ။
ဆက်ရန်...
အပိုင်း(၈၃)မြေအောက်အခြေစိုက်စခန်း
ပြိုကျပျက်စီးနေသော လမ်းမထက်တွင် အရိပ်တစ်ခုသည် အရှိန်ပြင်းစွာ ပြေးလွှားလျက်ရှိ၏။ အနီးဝန်းကျင်မှ ပြိုလဲနေသည့် တိုက်ကြီးများနှင့် တောက်လောင်နေသော မီးတောက်တို့သည် ကမ္ဘာပျက်ကပ်ကာလ၏ ပျက်သုဉ်းနေသော မြင်ကွင်းတစ်ခုကို ပုံဖော်လျက်ရှိသည်။
လော်ယွမ်၏ ရင်တွင်း၌မူ ပေါက်ကွဲထွက်လိုသော ဒေါသမီးတို့သည် တမြိုက်မြိုက်လောင်ကျွမ်းနေပြီး မည်သည့်နေရာတွင်မှ ထုတ်ဖော်ပေါက်ကွဲခွင့် မရရှိခဲ့ပေ။ သို့ဖြစ်၍ သူသည် မရပ်မနား ပြေးလွှားနေမိတော့သည်။ လူသူကင်းမဲ့နေသော လမ်းမများထက်တွင် မှိုင်းညို့ပြီး ချောက်ချားဖွယ်ကောင်းသော အအေးဓာတ်တို့ လွှမ်းခြုံလျက်ရှိ၏။ လမ်းတစ်လမ်းပြီးတစ်လမ်းကို ဖြတ်ကျော်ပြေးလွှားလာခဲ့ပြီး ဆယ်မိနစ်ကျော်ခန့်အကြာတွင် သူနေထိုင်ရာ အိမ်ရာအနီးမှ ဆန်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာမှ အခြေအနေကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးတို့သည် ချက်ချင်းဆိုသလို ကျဉ်းမြောင်းသွားပြီး သူ၏အရှိန်သည်လည်း ရုတ်တရက် မြင့်တက်သွားတော့၏။
ထိုအခိုက်တွင် ကုန်တင်ထရပ်ကားအကြီးစား ရှစ်စီးသည် ဆန်ဆိုင်၏အရှေ့တွင် ရပ်တန့်ထားပြီး စစ်သားဒါဇင်ပေါင်းများစွာသည်လည်း မရပ်မနားဘဲ ဆန်အိတ်များကို ဆိုင်အတွင်းမှ သယ်ထုတ်နေကြသည်။
"တော်သေးတယ်...သူတို့မသွားကြသေးလို့" ဟု လော်ယွမ်သည် မိမိဘာသာ ရေရွတ်လိုက်သော်လည်း သူ၏မျက်နှာမှာမူ ရေကဲ့သို့ အေးစက်တည်တင်းနေခဲ့ပြီဖြစ်သည်။
လော်ယွမ်သည် ခဏမျှရပ်ကြည့်ပြီးနောက် ဆန်ဆိုင်ဘက်သို့ လျှောက်သွားလိုက်သည်။
သို့သော်ပေ၃၀၀ခန့်သို့ မရောက်သေးမီမှာပင် ကင်းလှည့်စောင့်ကြပ်နေသော စစ်သားအချို့သည် သတိကြီးစွာဖြင့် သူ့ဘက်သို့ လှမ်းကြည့်လာကြ၏။ သူတို့အထဲမှ စစ်သားတစ်ဦးက လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ရပ်လိုက်စမ်း...ဒါစစ်တပ်ထိန်းချုပ်နယ်မြေ...ဘယ်သူမှအနားလာခွင့်မရှိဘူး"
သို့သော် လော်ယွမ်၏ ခြေလှမ်းတို့သည် မရပ်တန့်ဘဲ ရှေ့သို့ ဆက်လက်ချီတက်သွားသည်။
"နောက်ဆုံးအကြိမ်သတိပေးတယ်...ရှေ့ဆက်တိုးလာရင် ငါတို့ပစ်ရလိမ့်မယ်"
စစ်သား၏ မျက်နှာသည် တဖြည်းဖြည်း တည်တင်းလာပြီး ကျန်စစ်သားများသည်လည်း မိမိတို့၏ သေနတ်ဒင်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ကြသည်။
လော်ယွမ်၏ ကိုယ်သည် ခဏမျှ တုန့်ခနဲရပ်သွား၏။ စစ်သားအားလုံးက သူလက်လျှော့လိုက်ပြီဟု ထင်မှတ်လိုက်စဉ်မှာပင် သူ၏ခြေလှမ်းတို့သည် ရုတ်ခြည်း အရှိန်မြင့်တက်လာပြီး ထိုနေရာသို့ လျှပ်စီးကဲ့သို့ ပြေးဝင်လာခဲ့သည်။ အရှိန်ပြင်းလွန်းသော သူ၏လှုပ်ရှားမှုကြောင့် လူတိုင်း၏မျက်စိရှေ့တွင် အရိပ်တစ်ခုသာ ထင်ကျန်ရစ်ခဲ့၏။
"သေစမ်း...အဲ့တာသန္ဓေပြောင်းလူဟ...ပစ်" သူ၏မယုံနိုင်ဖွယ် အရှိန်ကိုမြင်သော် ဒုဗိုလ်အဆင့်ရှိသော အရာရှိတစ်ဦး၏ မျက်နှာသည် ချက်ချင်းပျက်ယွင်းသွားပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
သာမန်အေးချမ်းသောခေတ်မှ စစ်သားများသာဆိုလျှင် ဤသို့သောအမိန့်ကိုကြားလျှင် တုံ့ဆိုင်းနေနိုင်သေးသည်။ သို့သော် အလောင်းတောင်လိုပုံနေသော သွေးပင်လယ်ထဲမှ ထွက်လာခါစဖြစ်သော ဤစစ်သားများအတွက်မူ လုံးဝခြွင်းချက်ဖြစ်၏။ အမိန့်ကျလာသည်နှင့် တပြိုင်နက် ကျည်ဆန်တို့သည် "ဒက်...ဒက်...ဒက်" ဟူသော အသံများဖြင့် လော်ယွမ်ရှိရာဘက်သို့ တရစပ် ပစ်ခတ်လာကြတော့သည်။
ကျည်ဆန်တို့သည် လမ်းမပေါ်သို့ ထိမှန်ကာ မရေမတွက်နိုင်သော ကျောက်စတို့ကို လွင့်စင်သွားစေသော်လည်း သူ၏ခန္ဓာကိုယ်ကိုမူ တစ်တောင့်မျှ မထိမှန်ခဲ့ပေ။
ဤသည်မှာ စစ်သားများ၏ သေနတ်ပစ်ခတ်မှု စွမ်းရည် နိမ့်ကျခြင်းကြောင့်မဟုတ်ပေ။ အမှန်စင်စစ် မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းလာခဲ့သည့် ဤစစ်သားတစ်ဦးချင်းစီ၏ သေနတ်ပစ်စွမ်းရည်သည် အလွန်ကောင်းမွန်လှသည်။ သို့သော် ပစ်ခတ်လိုက်သော ကျည်ဆန်တိုင်းသည် လော်ယွမ်၏ အာရုံခံနိုင်စွမ်းထဲတွင် အသေးစိတ် ပေါ်လွင်နေ၏။ သူ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အဆင့်မြှင့်တင်ပြီးနောက်တွင် သူ၏စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်သည်လည်း များစွာတိုးတက်လာခဲ့ပြီ။ ယခင်ကကဲ့သို့ လှုပ်ရှားလိုက်ရုံဖြင့် နှာခေါင်းသွေးလျှံခြင်းမျိုး မဖြစ်တော့ပေ။ သူ၏ခန္ဓာကိုယ်သည် ရေပြင်ထက်မှ အမြစ်မဲ့ဗေဒါပင်တစ်ပင်ကဲ့သို့ ဘယ်ညာယိမ်းထိုးနေပြီး ကျည်ဆန်တစ်တောင့်ချင်းစီက သူ၏ဘေးမှ ကပ်သီးလေး လွဲချော်သွားသကဲ့သို့ ထင်မှတ်ရသည်။
ဤသို့ အံ့ဖွယ်ကောင်းသော ရှောင်တိမ်းနိုင်စွမ်းကြောင့် ဒုဗိုလ်၏မျက်နှာသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာ၏။ လော်ယွမ်က သူတို့နားသို့ ရောက်လုနီးပါးဖြစ်နေသည်ကို မြင်သောအခါ သူသည် ရုတ်တရက် လက်ဝှေ့ယမ်းပြပြီး အသင့်အနေအထားပြင်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "အားလုံး...ပစ်ခတ်မှုရပ်"
သေနတ်သံတို့သည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားသည်။
ဤသည်ကား အင်အားကြီးသူတို့သာ ရရှိနိုင်သော အခွင့်အရေးတစ်ခုဖြစ်၏။ စကားပြောဆိုခွင့်ရရန် အရည်အချင်းတစ်ခုပင်တည်း။ သို့မဟုတ်ပါက အနီးသို့မကပ်နိုင်မီမှာပင် ကျည်ဆန်တို့ဖြင့် ပျားအုံကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
"မင်းကသန္ဓေပြောင်းလူသားလား" ဟု ဒုဗိုလ်က လေးနက်သောလေသံဖြင့် မေးလိုက်သည်။
လော်ယွမ်သည်လည်း ခြေလှမ်းရပ်လိုက်ပြီး လေးလံစွာ ခေါင်းညိတ်ပြလိုက်၏။ ဒုဗိုလ်၏ လက်ဟန်ပြမှုနှင့်အတူ သူ့အား ဦးတည်ချက်သုံးခုမှ ချိန်ရွယ်ထားကြောင်းကို သူခံစားမိလိုက်သည်။ သူက လုံးဝဂရုမစိုက်သည့်အလား ထိုဦးတည်ချက်များကို မသိမသာ ဝေ့ဝဲကြည့်လိုက်၏။
လော်ယွမ်၏ လှုပ်ရှားမှုကိုကြည့်ပြီး ဒုဗိုလ်သည် နောက်ဆုံးတွင် အံ့ဩရိပ်များ ပေါ်လာသည်။ "ငါတို့အထူးတပ်သားတွေကိုမြင်ဖူးပေမယ့် မင်းလောက်စွမ်းတဲ့သူကိုတော့ တစ်ခါမှမမြင်ဖူးဘူး...ဒါပေမဲ့မင်းဆန်လုဖို့လာတာဆိုရင်တော့ မှားသွားပြီလို့ပဲပြောရမယ်...ဒီဆန်တွေကနိုင်ငံတော်ပိုင်ပစ္စည်းတွေ...မင်းယူသွားလို့မရဘူး...မဟုတ်ရင်တော့ ငါတို့အကုန်လုံးကို သတ်သွားမှပဲရမယ်"
"ငါဆန်ကိုစိတ်မဝင်စားဘူး" လော်ယွမ်၏ အေးစက်သော အကြည့်သည် ဒုဗိုလ်ထံတွင် ခဏရပ်တန့်သွားပြီးမှ သူစကားစလိုက်သည်။ သူ၏အသံသည် အနည်းငယ်ဝင်နေ၏။ "ငါသိချင်တာက မင်းတို့အဲ့ဆန်တွေသယ်ပြီး ဘယ်ကိုသွားကြမလို့လဲ"
"ဒါကစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်...မင်းသိခွင့်မရှိဘူး" ဟု ဒုဗိုလ်က ပြန်ပြောသည်။
"မင်းတို့စစ်တပ်မြို့ကနေ ပြန်ဆုတ်ကြတော့မလို့လား" ဟု လော်ယွမ်က ဆက်လက်မေးမြန်းသည်။
"ဒါကစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်ပါ" ဒုဗိုလ်၏ နဖူးတွင် ချွေးစေးများ စို့တက်လာပြီး အားတင်းကာ ပြန်လည်ဖြေကြားသည်။
လော်ယွမ်သည် စစ်သားအချို့၏ မျက်နှာပေါ်မှ ရှက်ရွံ့နေသော အရိပ်အယောင်များကို ကြည့်ပြီး သူ၏နှလုံးသားသည် အေးစက်သွား၏။ သူက စိတ်လှုပ်ရှားစွာဖြင့် ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ ကျယ်လောင်စွာဆိုလိုက်သည်။ "ဘယ်ကိုဆုတ်ကြမှာလဲ...ဘယ်တော့လဲ...ငါ့ကိုပြောပါ"
ဒုဗိုလ်သည် ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဆက်လက်တိတ်ဆိတ်နေဆဲပင်။
"ဒါလေးတောင်မပြောနိုင်ဘူးလား...လူတိုင်းမှာအသက်ရှိတယ်ကွ...မင်းတို့စစ်သားတွေမှာပဲ အသက်ရှိတာမဟုတ်ဘူး...မင်းတို့ဟယ်တုံမြို့ကလူတွေ ဒီတိုင်းသေကုန်တာကို မျက်စိမှိတ်ကြည့်နေမလို့လား...လူသန်းချီတဲ့အသက်တွေကို မျက်နှာလွှဲခဲပစ်လုပ်မလို့လား...အနည်းဆုံးတော့ငါတို့ကိုမျှော်လင့်ချက် ပေးသင့်တယ်ကွ" လော်ယွမ်၏ ရင်ထဲတွင် ပြောမပြနိုင်သော ဒေါသတို့ဖြင့် ပြည့်နှက်နေပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။
ဆန်သယ်နေသော စစ်သားဒါဇင်ပေါင်းများစွာသည် ယခုအခါ ဝိုင်းအုံလာကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ အတန်ကြာသော် စစ်သားတစ်ဦးသည် ရုတ်တရက် သူ၏ဦးထုပ်ကို ချွတ်ကာ မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်သည်။ "တပ်ခွဲမှုးပြောပြလိုက်ပါတော့...အခုကျွန်တော်တို့လုပ်ရပ်က နောင်သံသရာထိအပြစ်ပြန်ခံရမယ့်ကိစ္စကြီးဗျ...ဘာအရေးမှမပါတဲ့ သုံးစားမရတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဆိုတာကြီးကို ဂရုစိုက်မနေနဲ့တော့"
"မင်းပါးစပ်ပိတ်ထားစမ်း" ဒုဗိုလ်၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တပ်ခွဲမှုး ကျွန်တော်တို့အားလုံးက လူတွေပဲလေ...ဘယ်လိုပဲဖြစ်ဖြစ် သူတို့အတွက် မျှော်လင့်ချက်တော့ ချန်ထားခဲ့သင့်ပါတယ်" ဟု နောက်တစ်ဦးက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
"တပ်ခွဲမှုးပြောပြလိုက်ပါ...ကျွန်တော့်အဖေနဲ့အမေဆိုအခုရွာမှာကျန်ခဲ့တာ...သူတို့ဘယ်လိုနေနေမှန်းတောင်မသိဘူး...ကျွန်တော်တို့အခုလိုလုပ်တာသိရင် သူတို့လည်းသဘောတူမှာပဲ...ကျွန်တော်တို့စစ်သားတွေကရော သာမန်လူတွေနဲ့ဘာထူးလို့လဲ...စစ်မိန့်ကြောင့်အိမ်ကထွက်လာကတည်းက ခုထိ အဖေနဲ့အမေကို ပြန်မတွေ့ရတော့ဘူး" မျက်နှာမည်းသော စစ်သားတစ်ဦးသည် ပြောနေရင်းမှ သီချင်းစတင်ဆိုလေသည်။
ချက်ချင်းပင် ကျန်စစ်သားများက လိုက်၍ တိုးညင်းစွာ သီချင်းဆိုလာကြ၏။ အချို့က အိမ်တွင် သေသည်ရှင်သည် မသိနိုင်သော မိဘများနှင့်မိသားစုများကို သတိရကာ မျက်လုံးများ နီရဲလာကြသည်။
"မင်းတို့အဲ့လောက်အားနေကြလားကွ...မင်းတို့ဆန်တွေသယ်လို့ပြီးပြီလား...ဘယ်သူကမင်းတို့ကိုနားခိုင်းလို့လဲ...ဆန်တွေဆက်သယ်ကြစမ်း" ဒုဗိုလ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤသို့သောစိတ်ခံစားချက်များကို တစ်သွေး တစ်သံ တစ်မိန့်ဖြင့်လည်ပတ်နေသော တပ်အတွင်းတွင် ပျံ့နှံ့ခွင့်ပြု၍မဖြစ်ကြောင်းကို သူကောင်းစွာသိ၏။ မနေ့ကတည်းက ယခုအချိန်အထိ အကြီးအကျယ် သေဆုံးမှုများနှင့် စိတ်ပျက်ဖွယ်သတင်းများကြောင့် ဤစစ်သားများသည် သာမန်လူတို့ စိတ်ကူးကြည့်၍မရသော ကြီးမားသည့်ဖိအားများကို ခံစားနေရသည်။ စိတ်ခံစားမှုတို့သာ ပြိုလဲသွားပါက နောက်ဆက်တွဲအကျိုးဆက်သည် တွေးပင်မတွေးဝံ့စရာဖြစ်ပြီး စစ်တပ်ပုန်ကန်မှုပင် ဖြစ်သွားနိုင်၏။
သို့သော် စစ်သားများမှာ တစ်ဦးတစ်ယောက်မျှ မလှုပ်ရှားကြပေ။ အချို့က နောက်ပြန်လှည့်လိုသော်လည်း ကျန်သူများ မသွားသည်ကိုမြင်သောအခါ ခြေလှမ်းတို့ ရပ်တန့်သွားကြသည်။
ပါတ်ဝန်းကျင်ရှိလေထုသည်ပင်လျှင် ခဲသွားသကဲ့သို့ တည်ရှိနေသည်။
ဒုဗိုလ်၏ မျက်နှာသည် ရေကဲ့သို့ အေးစက်နေ၏။ အတန်ကြာမှ သူက သက်ပြင်းတစ်ချက်ချကာ လော်ယွမ်အား လေသံတိုးညင်းစွာဖြင့် ဆိုလိုက်သည်။ "စစ်တပ်ကသန္ဓေပြောင်းသတ္တဝါတွေကို ဆက်မတားနိုင်တော့ဘူး...ငါတို့မြေအောက်စစ်စခန်းကို ယာယီဆုတ်ခွာရတော့မယ်"
"မြေအောက်စခန်း...အဲ့တာဘယ်နားမှာလဲ" ဟု လော်ယွမ်က အလောတကြီး မေးလိုက်သည်။
"လန်ရှန်းခရိုင်မှာ...ဒီကနေသိပ်မဝေးတဲ့ဆောက်လုပ်ရေးဧရိယာထဲမှာ...စီမံကိန်းသာပြီးသွားရင်အဲ့မှာ လူ၁သန်းလောက်နေနိုင်တယ်...ဒါပေမဲ့အချိန်ကမရတဲ့အပြင် စစ်ပွဲကလည်းရုတ်တရက်ဖြစ်သွားတော့ တည်ဆောက်နေတာ သုံးပုံတစ်ပုံပဲပြီးသေးတယ်...အချိန်ကျရင်မင်းဝင်ခွင့်ရပါစေလို့ငါဆုတောင်းတယ်...ဒီည၁၂နာရီကိုမမေ့နဲ့"
"အော်...အဲ့နေရာကိုး...အဲ့တာကြောင့်ထူးဆန်းနေတာကိုး" လော်ယွမ်က ချက်ချင်း သဘောပေါက်သွား၏။ အိမ်ရာနှင့်မဝေးသော ထိုဆောက်လုပ်ရေးကွင်းကြီးကို သူသတိရသွားသည်။ ဤဆောက်လုပ်ရေးကွင်းသည် စတင်ကတည်းက တစ်ကြိမ်မျှမရပ်နားခဲ့ပေ။ ဤရက်ပိုင်းမှလွဲ၍ နေ့စဉ် ဆောက်လုပ်ရေးယာဉ်တို့သည် တဖွဲဖွဲဝင်ထွက်လျက်ရှိသည်။ သန္ဓေပြောင်းခြင်များ သောင်းကျန်းနေချိန်၌ပင် အလုပ်မရပ်ခဲ့ပေ။ မြေအောက်စစ်စခန်း ဆောက်နေခြင်းကြောင့်ပင်ဖြစ်သည်။
"စစ်တပ်ရဲ့ခေါ်ယူမှုကိုလက်ခံမယ်ဆိုရင်တော့...အခုငါတို့နဲ့လိုက်ခဲ့လို့ရတယ်...မိသားစုဝင်၂ယောက်ခေါ်လို့ရတယ်" ဟု ဒုဗိုလ်က ဖျောင်းဖျပြောဆိုသည်။
"၂ယောက်ဘဲခေါ်လို့ရတာလား" ဟု လော်ယွမ်က မေးလိုက်သည်။
"လူဦးရေကကန့်သတ်ထားတာ...ဒါတောင်မင်းကသန္ဓေပြောင်းလူသားမို့ အထူးအခွင့်အရေးပေးတာ"
လော်ယွမ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။ "ကျွန်တော်သေချာစဉ်းစားလိုက်ဦးမယ်...ကျေးဇူးပါ"
"ကျေးဇူးမတင်နဲ့ငါမင်းကိုဘာမှမပြောခဲ့ဘူး...မင်းသိထားတာတွေ မေ့လိုက်တာအကောင်းဆုံးပဲ..." ဟု ဒုဗိုလ်က နောက်သို့လှည့်ကာ ကျေးဇူးတင်စကားကို လက်မခံဘဲ အေးစက်စွာ ဆိုလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်ပြီး ခြေလှမ်းများ ယိုင်နဲ့စွာဖြင့် ထွက်ခွာသွားတော့သည်။
------------------------------
"ရှင်ဘာလို့အရမ်းကြာနေတာလဲ" ဟု ဟွမ်ကျားဟွေက ရေသန့်တစ်ဘူး ကမ်းပေးရင်း မေးလိုက်သည်။
ဟွမ်ကျားဟွေ၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာကိုကြည့်ပြီး လော်ယွမ်က လေသံတိုးညင်းစွာဖြင့် ဆိုလိုက်သည်။ "ငါအပြင်ခဏသွားကြည့်တာ"
"အပြင်မှာအခြေအနေဘယ်လိုရှိလဲ" ဟွမ်ကျားဟွေ၏ မျက်နှာတွင် မျှော်လင့်ချက်များနှင့်အတူ စိုးရိမ်စိတ်အနည်းငယ်လည်း ရောယှက်နေ၏။
လော်ယွမ်သည် ပါးစပ်ဟလိုက်သော်လည်း သူ၏လည်ချောင်းထဲတွင် တစ်စုံတစ်ခု ဆို့နင့်နေသကဲ့သို့ ဖြစ်နေသည်။
"အမြောက်သံတွေတိုးသွားသလိုပဲနော်...မြို့ထဲမှာသန္ဓေပြောင်းသတ္တဝါတွေ အကုန်သေကုန်ပြီများလား" ဟု ဝမ်ရှီရှီက တိုးညင်းစွာ မေးလိုက်သည်။
လော်ယွမ်က ဝမ်ရှီရှီ၏ နုနယ်သော မျက်နှာလေးကို ကြည့်လိုက်သည်။ သူက ခဏမျှတိတ်ဆိတ်နေပြီးမှ လေးနက်သောလေသံဖြင့် ဆိုလိုက်သည်။ "ဒီညနင်တို့ငါနဲ့လိုက်ခဲ့ရမယ်...စစ်တပ်ကတောင့်မခံနိုင်တော့လို့ ဒီညမြေအောက်စစ်စခန်းကို ဆုတ်ဖို့ဆုံးဖြတ်လိုက်ပြီ...အဲ့ကျရင်ငါတို့အတူသွားကြတာပေါ့"
ထိုစကားကိုကြားသောအခါ အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။ အတန်ကြာမှ ဟွမ်ကျားဟွေက စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။ "ဒါဆိုရင်ဆန်တွေကရော...ဒီမှာရှိတဲ့ဆန်အိတ်တွေကိုဘယ်လိုလုပ်မလဲ"
"လောလောဆယ်တော့ ဒီမှာပဲထားခဲ့ရမှာပဲ...ဘယ်သူမှလည်းလာခိုးနိုင်မှာ မဟုတ်ပါဘူး...ငါတို့အခြေအနေငြိမ်သွားရင် ပြန်လာယူလို့ရသေးတယ်" ဟု လော်ယွမ်က ဆိုသည်။
"အကိုယွမ်...မြေအောက်စခန်းကိုလူတိုင်း သွားလို့ရတာလား" တစ်ချိန်လုံး စကားမပြောဘဲနေသော ဟွမ်ယွဲ့ရင်က ရုတ်တရက် မဝင့်မရဲဖြင့် မေးလိုက်သည်။
လော်ယွမ်သည် သူမအား တစ်ချက်ကြည့်လိုက်၏။ ဤအကင်းပါးသော မိန်းကလေးသည် တစ်စုံတစ်ရာ မှားယွင်းနေပြီဖြစ်ကြောင်းကို စတင်ရိပ်မိနေပြီဖြစ်သည်။ အနည်းငယ် ရက်စက်ရာကျသော်လည်း ကိစ္စတိုင်းတွင် အမြဲတစေ ရင်းနှီးသူနှင့် မရင်းနှီးသူဟူ၍ ကွာခြားချက်ရှိကြသည်သာ။ လူ၂ယောက်သာ အပိုလိုက်၍ရသောကြောင့် အကယ်၍ တစ်ဦးတစ်ယောက်ကို စွန့်လွှတ်ရမည်ဆိုပါက သူမကိုသာ စွန့်လွှတ်ရပေတော့မည်။
သို့သော် လော်ယွမ်က တိုက်ရိုက်မပြောထွက်ပေ။ လူတစ်ဦးသည် မျှော်လင့်ချက်မဲ့သွားပါက မည်သည့်အရာမဆို ပြုလုပ်ရဲသည်ဖြစ်ရာ သူက "လူတိုင်းတော့မဟုတ်ဘူး...ဒါပေမဲ့ငါကသန္ဓေပြောင်းလူမို့လို့ အကုန်လုံးကိုခေါ်သွားလို့ရတာ" ဟုသာ ပြောလိုက်၏။
ဟွမ်ယွဲ့ရင်က ခေါင်းညိတ်ပြီး မျက်လွှာချလိုက်သည်။ သူမ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လျက်ရှိနေသည်။
ဆက်ရန်...
အပိုင်း(၈၄)လျှို့ဝှက်ချက်ပေါက်ကြားခြင်း
လော်ယွမ် ရေတစ်ငုံသောက်လိုက်ပြီးနောက် နံရံကို ခပ်လျော့လျော့မှီကာ မျက်နှာကြက်ကိုသာတွေတွေကြီး ငေးကြည့်ရင်း မလှုပ်မယှက်ရှိနေသည်။
အနာဂတ်သည် ဤမှောင်မိုက်နေသောမြေအောက်ခန်းကဲ့သို့ပင်၊ မျှော်လင့်ချက်အလင်းရောင်ခြည်တစ်စမျှပင်မမြင်ရပေ။
နေမင်းကြီးအနောက်ဘက်သို့ တဖြည်းဖြည်းဝင်ရောက်သွားသည်နှင့်အမျှ အပြင်ဘက်တွင်လည်း မှောင်စပျိုးလာသည်။
သူတို့အားလုံး အတော်လေးကောင်းမွန်စုံလင်သည်ဟုဆိုနိုင်သော ညစာတစ်နပ်ကိုစားသောက်ပြီးနောက် မြေအောက်အခြေစိုက်စခန်းသို့သွားရန်အတွက် ပြင်ဆင်ကြတော့သည်။
လော်ယွမ်က ကားယူရန် အပြင်သို့ထွက်သွားသော်လည်း ဆယ်မိနစ်ကျော်အကြာတွင် လက်ချည်းဗလာနှင့် ပြန်ရောက်လာသည်။ သူ့မျက်နှာထားက တည်ကြည်နေ၏။
"ဘာဖြစ်လို့လဲ...ကားကိုအိမ်ရှေ့ထိ မောင်းမလာဘူးလား" အဝတ်အစားများထည့်ရင်း ဟွမ်ကျားဟွေက မေးလိုက်သည်။
"ဂျစ်ကားကပြိုကျထားတဲ့ နံရံပိနေတယ်...အရင်ရှိတဲ့ကားအဟောင်းကလည်း ဘယ်သူယူမောင်းသွားလည်းမသိဘူး" လော်ယွမ်က အားမရှိသောလေသံဖြင့် ပြောလိုက်သည်။ "ကြည့်ရတာငါတို့လမ်းလျှောက်ရတော့မယ်ထင်တယ်"
"အဲ့အကျင့်မကောင်းတဲ့သူခိုးတွေကို ပစ်သတ်ရမှာ" ဟွမ်ကျားဟွေက လက်ထဲကအဝတ်ကိုလွှတ်ချကာ မကျေမချမ်းရေရွတ်လိုက်သည်။
"ထားလိုက်တော့...အဲ့ကားကိုငါတို့လည်း ခိုးလာတာပဲလေ"
"ကျွန်မတို့ကားထပ်ရှာလို့ရော ရနိုင်သေးလား"
လော်ယွမ်က စီးကရက်တစ်ဘူးထုတ်ပြီး တစ်လိပ်ကိုမီးညှိကာ အားရပါးရတစ်ချက်ဖွာရှိုက်လိုက်သည်။ မီးခိုးငွေ့များမှုတ်ထုတ်ပြီးနောက် သူကဆက်ပြောသည်။ "ရှာလို့တွေ့လည်း သော့မရှိရင်မောင်းလို့မရဘူး...ဒီနေရာကမြေအောက်စစ်စခန်းနဲ့သိပ်မဝေးဘူး...လမ်းဘဲလျှောက်သွားကြတာပေါ့"
"အဲဒီလိုပဲ လုပ်ရတော့မှာပေါ့လေ" သူမ သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။
ဟွမ်ကျားဟွေက ခရီးဆောင်သေတ္တာထဲသို့ အဝတ်များကိုဖိသိပ်ထည့်ကာ ဇစ်ဆွဲပိတ်လိုက်သည်။ ထို့နောက် ကန္တာရလင်းယုန်သေနတ်ကိုထုတ်ပြီး လော်ယွမ်ပေးထားသည့် ကျောက်ဖြူရောင်ကျည်ဆံအတုများကို ကျည်ကတ်ထဲသို့ တစ်တောင့်ချင်းစီထည့်ကာ ခါးတွင်ချိတ်လိုက်သည်။ ခဏမျှတွေဝေပြီးမှ သူမက မေးလိုက်သည်။ "ဒါနဲ့...ကျွန်မတို့စားစရာနည်းနည်းပါးပါး ယူခဲ့ရမလား"
"ကားမရှိဘူးဆိုတော့ မယူတာကောုင်းတယ်...အလေးချိန်စီးနေလိမ့်မယ်" လော်ယွမ်က ခေါင်းခါငြင်းလိုက်ပြီး ခဏစဉ်းစားကာ ထပ်ပြောသည်။ "အရေးကြုံရင်ဗိုက်ဖြည့်လို့ရအောင် ရေသန့်နည်းနည်းနဲ့အစာခံဘီစကစ်ထုတ်တွေယူသွားကြတာပေါ့"
ထို့နောက် သူက လူတစ်ရပ်နီးပါးမြင့်သော ဝက်ဝံရုပ်ကြီးတစ်ကောင်ကိုပိုက်ထားသည့် ဝမ်ရှီရှီ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ "အဲ့ဒါကြီးကို ချထားလိုက်...အပေါ်ထပ်တက်ပြီး ကျောပိုးအိတ်တစ်လုံးသွားယူ...အိပ်ခန်းထဲကရော မြေအောက်ခန်းထဲက မီးခံသေတ္တာထဲမှာပါရှိတဲ့ ရိက္ခာကူပွန်တွေနဲ့ ရွှေချောင်းတွေအကုန်လုံးကို ထည့်ခဲ့"
"ကိုကြီးယွမ်...သမီး...သမီးသယ်နိုင်ပါတယ်" ဝမ်ရှီရှီက နှုတ်ခမ်းလေးစူကာ မကျေမနပ်ပြောလိုက်သည်။ ဤဒစ္စနေးအရုပ်ကြီးက သူမအိပ်ခန်းထဲမှာ အရင်ကတည်းကရှိနေတာဖြစ်ပြီး အရင်အိမ်ကအရုပ်ထက် အများကြီးပိုကောင်းမွန်လှသည်။ သူမက ဤအရုပ်ကို မြင်မြင်ချင်း သဘောကျသွားခဲ့ခြင်းဖြစ်သည်။
လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး အော်ငေါက်ရန်ဟန်ပြင်လိုက်သည်။
ထိုအခြေအနေကိုမြင်သော ဟွမ်ကျားဟွေက အလျင်အမြန် ဝင်ဖျန်ဖြေသည်။ "ရှီရှီရယ်...ဒီအရုပ်ကြီးကို လမ်းမှာသယ်သွားရင် အန္တရာယ်များတယ်...ချထားခဲ့လိုက်နော်... နောင်ကျရင် ဒီထက်ကောင်းတာတွေ အများကြီးရဦးမှာ"
ဝမ်ရှီရှီက နှုတ်ခမ်းကိုမဲ့လိုက်ပြီး မျက်လုံးများနီရဲကာ အရုပ်ဝက်ဝံကြီးကို အောက်သို့ ဆောင့်ချလိုက်သည်။ ထို့နောက် တဒုန်းဒုန်းဖြင့် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
လော်ယွမ် သက်ပြင်းချလိုက်မိသည်။ ဝမ်ရှီရှီက အမွေးပွအရုပ်လေးများကို နှစ်သက်မှန်း သူသိသည်။ ဤဗီလာကိုမပြောင်းလာခင်ကတည်းက သူမအိပ်ခန်းထဲက ကုတင်ပေါ်မှာ ဘယ်ကကောက်လာမှန်းမသိသော ညစ်ပတ်နေသည့် ဝက်ဝံရုပ်လေးတစ်ရုပ် အမြဲရှိနေတတ်ပြီး ညတိုင်း ထိုအရုပ်ကိုဖက်ထားမှသာ အိပ်ပျော်နိုင်ခဲ့သည်။
တစ်ခါတစ်ရံ လော်ယွမ်က အရုဏ်တက်ချိန် ဓားသိုင်းလေ့ကျင့်ပြီး ပြန်လာသည့်အခါမျိုးတွင် ဝမ်ရှီရှီတစ်ယောက် အိပ်မက်ထဲ၌ ငိုကြွေးနေသည့်အလား မျက်ရည်များကျနေသည်ကို မကြာခဏတွေ့ရတတ်သည်။
ဤရုတ်တရက်ဆိုက်ရောက်လာသည့် ကမ္ဘာပျက်ကပ်ကြီးက ဝမ်ရှီရှီစိတ်ထဲမှ ထင်ထားသည်ထက် အများကြီးပိုလေးနက်သည့် ဒဏ်ရာဒဏ်ချက်များ ပေးသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမသည် စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးသော ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ သူမ မည်မျှပင် သတ္တိရှိနေပါစေ၊ ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်စရာအဖြစ်အပျက်များကပေးသော စိတ်ဒဏ်ရာများကို အပြည့်အဝ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော် ဤကမ္ဘာပျက်ကာလသည် နူးညံ့သိမ်မွေ့မှုများကို လက်မခံပေ။ သနားကြင်နာမှုနှင့် အလျှော့ပေးလိုက်လျောမှုများအတွက်လည်း နေရာမရှိချေ။ အခြေအနေနှင့် အသားမကျနိုင်ပါက ဖယ်ရှားခံရမည်သာဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီးနောက် ယခုနေထိုင်နေရသည့်ဘဝကို ပြန်တွေးကြည့်မိပါက နတ်ပြည်မှာနေရသလိုပင်ဟု ထင်ကောင်းထင်နေကြပေဦးမည်။
ထိုအကြောင်းများကို ဆက်မတွေးတော့ဘဲ သူက အိမ်အပြင်ထွက်ကာ မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယနေ့သည် လပြည့်နေ့ဖြစ်သောကြောင့် လမင်းကြီးက ထိန်ထိန်သာလျက် နှင်းကဲ့သို့ ဖြူစင်ဝင်းပနေ၏။ ဓာတ်မီးမပါဘဲနှင့်ပင် လမ်းကိုရှင်းလင်းစွာမြင်နိုင်သည်။ အဝေးဆီမှ အမြောက်သံများသည်လည်း ညဉ့်နက်လာသည်နှင့်အမျှ တဖြည်းဖြည်း တိုးတိုးသွားပြီး ကြားလိုက်မကြားလိုက်ဖြင့် ကြိမ်နှုန်းမှာ သိသိသာသာ လျော့ကျသွားပြီဖြစ်သည်။
သူ လက်ကနာရီကို ကြည့်လိုက်သည်။ ဤဗီလာထဲမှာပင် ရှာတွေ့ခဲ့သော ရေဒိုနာရီက ယနေ့သည် နှစ်သစ်ကူးအကြိုနေ့ ညကိုးနာရီဖြစ်ကြောင်း ရှင်းလင်းစွာပြသနေသည်။
မနှစ်က ဤအချိန်တွင် သူက ငှားထားသောတိုက်ခန်း၌ တရုတ်နှစ်သစ်ကူးပွဲတော် ရုပ်သံအစီအစဉ်ကို ကြည့်နေခဲ့ပြီး မနက်ဖြန် ဘယ်ဆိုင်သွားစားရမလဲဟုပင် တွေးနေခဲ့သေးသည်။ သို့သော် ယခုနှစ် ဤအချိန်မှာတော့ မည်သို့အသက်ရှင်အောင်နေရမည်နည်းဟု စိုးရိမ်ပူပန်နေရချေပြီ။ ဤသို့ကမ္ဘာလောကကြီး၏ အပြောင်းအလဲကား မည်သူမျှ စိတ်ကူးထဲပင်ထည့်ဖူးလိမ့်မည် မဟုတ်ပေ။
သူ ဧည့်ခန်းထဲသို့ ပြန်ဝင်လာချိန်တွင် ဝမ်ရှီရှီက တောင်တက်ကျောပိုးအိတ်တစ်လုံးလွယ်ကာ အောက်ထပ်သို့ ဆင်းလာနှင့်ပြီဖြစ်သည်။ စိတ်ကောက်နေဟန်တူသော ဝမ်ရှီရှီ့ကိုကြည့်ရင်း လော်ယွမ်က သူမအနားသို့သွားကာ ပခုံးကိုပုတ်လိုက်သည်။ ထို့နောက် ပြုပြင်မွမ်းမံထားသော လက်နက်ပျံကို သူမလက်ထဲထည့်ပေးရင်း ပြောလိုက်သည်။ "ဒါကမှနင့်ရဲ့အဖော်ပဲ...နင့်ကိုဘယ်တော့မှ သစ္စာမဖောက်မယ့် အဖော်ပေါ့"
ဝမ်ရှီရှီက လက်နက်ပျံကို ဆုပ်ကိုင်ရင်း တစ်ဝက်တစ်ပျက် နားလည်သလို မလည်သလိုဖြင့် ခေါင်းညိတ်ပြလိုက်၏။
ပစ္စည်းများအားလုံး စုံလင်သွားသည်ကိုတွေ့သောအခါ လော်ယွမ်က အချိန်ကိုတစ်ချက်ကြည့်ပြီး ပြောသည်။ "မြေအောက်စခန်းက ည၁၂နာရီမှဖွင့်မှာ...ဒါပေမဲ့ဘာအလွဲအချော်မှမဖြစ်အောင်လို့ ငါတို့အခုပဲစထွက်ကြမယ်...ကျားဟွေနင်ကအဝတ်အစားသေတ္တာကို သယ်ခဲ့...ဟွမ်ယွိရင်ကစားစရာထည့်ထားတဲ့ သေတ္တာကိုသယ်ခဲ့...ငါကအန္တရာယ်တွေကို စောင့်ကြပ်မယ်...သွားကြစို့"
ဟွမ်ယွိရင်၏ခန္ဓာကိုယ်က ရုတ်တရက် တုန်တက်သွားပြီး မျက်နှာမှာ ဖြူဖျော့သွား၏။
လော်ယွမ်က သူတို့ကို မြေအောက်အခြေစိုက်စခန်းသို့ ခေါ်သွားမည်ဟု ပြောသည့်အချိန်ကတည်းက သူ့ထံမှ ရံဖန်ရံခါစိုက်ကြည့်လာသော ထူးဆန်းသည့်အကြည့်များကို သူမ သွယ်ဝိုက်သောအားဖြင့် ခံစားနေခဲ့ရသည်။ ထိုအကြည့်များကြောင့် သူမသည် နေ့လယ်ခင်းတစ်လျှောက်လုံး စိတ်မတည်မငြိမ်ဖြစ်နေခဲ့ရပြီး လော်ယွမ်က သူမအား စားစရာသေတ္တာကို သယ်ခိုင်းသည့်အချိန်တွင် ထိုခံစားချက်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
အစားအသောက်၊ အဝတ်အထည်၊ ငွေကြေး... ဤကမ္ဘာပျက်ကာလတွင် လူတိုင်း၏စိတ်ထဲ၌ တန်ဖိုးထားမှုချင်းမတူညီကြပေ။ အာဏာရှိသူများအတွက်မူ ငွေသည် နံပါတ်တစ်ဖြစ်၏။ အကြောင်းမှာ စားဝတ်နေရေးမပူရသော သူတို့သည် ပိုမိုဇိမ်ကျသောဘဝကိုသာ လိုလားကြသောကြောင့်ဖြစ်သည်။ ဗိုက်ဝလိုက် မဝလိုက်ဖြစ်နေသော သာမန်လူများအတွက်မူ အစားအစာသည်သာ ပထမဖြစ်သည်။ အစားအစာရှိမှသာ သူတို့အသက်ရှင်နိုင်မည်ဖြစ်သည်။
လော်ယွမ်တွင် အာဏာမရှိသော်လည်း သူက စွမ်းအားကြီးမားသော သန္ဓေပြောင်းလူသားတစ်ဦးဖြစ်သည်။ ရိက္ခာဖြစ်စေ၊ သန္ဓေပြောင်းသားရဲ၏အသွေးအသားဖြစ်စေ၊ အသက်စွန့်ရုံဖြင့် အလွယ်တကူရနိုင်သည်။ မြေအောက်အခြေစိုက်စခန်းသို့ရောက်၍ စစ်အုပ်ချုပ်ရေးအောက်တွင် နေရလျှင်ပင် သန္ဓေပြောင်းလူသားတစ်ယောက်အနေဖြင့် သူက အထက်တန်းလွှာတွင် ရှိနေမည်ဖြစ်ရာ စားစရာအတွက် လုံးဝပူစရာမလိုပေ။ ထို့ကြောင့် ဤစားစရာများမရှိတော့လျှင်ပင် သူကနည်းနည်းလေးမှ ဂရုစိုက်မည်မဟုတ်။
အဓိကအချက်မှာ... ဤသို့တာဝန်ခွဲဝေမှုသည် မရည်ရွယ်ဘဲဖြစ်သွားခြင်းလော၊ သို့မဟုတ် တမင်သက်သက်လုပ်ဆောင်ခြင်းလော။ မည်သို့ပင်ဖြစ်စေ သူမသည် လော်ယွမ်၏စိတ်ထဲ၌ အရေးမပါသူတစ်ယောက် ဖြစ်နေမှန်း ပေါ်လွင်နေပြီဖြစ်သည်။ ဝမ်းနည်းစရာမှာ သူမဤနေရာသို့ရောက်လာသည့်အချိန်က တိုတောင်းလွန်းလှပြီး မည်မျှပင်ကောင်းအောင်ကြိုးစားပြနေပါစေ လော်ယွမ်၏ သူမအပေါ်ထားရှိသော အမြင်ဆိုးကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
ထွက်ခွာရန်အချိန်ကျရောက်လာပြီဖြစ်သောကြောင့် ယခုဆုံးဖြတ်ချက်မချလျှင် နောက်ထပ်အခွင့်အရေးမရှိတော့။ ရုတ်တရက် သူမက အံကိုတင်းတင်းကြိတ်ကာ သတ္တိမွေး၍ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။ "အ..အကိုယွမ်... ကျွန်မအခန်းကို ခဏလောက် လိုက်ခဲ့ပေးလို့ရမလား...ပြောစရာလေးရှိလို့ပါ"
"ဘာကိစ္စမို့လို့လဲ... ဒီမှာပဲပြောလို့မရဘူးလား" လော်ယွမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့က သူမဘက်သို့ လှည့်ကြည့်လာကြ၏။ ထိုသင်္ကာမကင်းသောအကြည့်များကြောင့် သူမနဖူးပြင်တွင် ချွေးစေးများပင် စို့တက်လာသည်။
"မြေအောက်အခြေစိုက်စခန်းနဲ့ပတ်သက်တဲ့ ကိစ္စပါ...အဲ့ဒါနဲ့ပတ်သတ်ပြီးသိထားတာနည်းနည်းရှိတယ်" သူမက အင်္ကျီစကို လက်ဖြင့် တင်းတင်းဆုပ်ချေထားရာ လက်ဖမိုးပေါ်တွင် သွေးကြောစိမ်းများပင် ထောင်ထနေ၏။
လော်ယွမ်၏မျက်နှာထားက ချက်ချင်းတည်ကြည်သွားသည်။ သူက ဟယ်တုံမြို့သို့ ပြောင်းရွှေ့လာသည်မှာ မကြာသေးသဖြင့် အဆက်အသွယ်မရှိ၊ လူခံမရှိသည့်အတွက် ဤနေရာအကြောင်း သတင်းအချက်အလက်မသိချေ။ ဟွမ်ယွိရင်ကမူ ဤဒေသခံတစ်ယောက်ဖြစ်ပြီး ဤပတ်ဝန်းကျင်မှာပင် အမြဲနေထိုင်ခဲ့သူဖြစ်ရာ သတင်းအချက်အလက်မှာ သူ့ထက်ပို၍ စုံလင်ပေလိမ့်မည်။ ထို့ကြောင့် သူမကိုမသင်္ကာမဖြစ်ဘဲ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီ့အား ပြောလိုက်သည်။ "နင်တို့နှစ်ယောက် ခဏစောင့်နေ...ငါခဏနေပြန်လာခဲ့မယ်"
ရှေ့မှဦးဆောင်သွားနေသော ဟွမ်ယွိရင်၏ နှလုံးသားက တဒုန်းဒုန်းခုန်နေသည်။ သူမက အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး လော်ယွမ်ဝင်လာသည်နှင့် တံခါးကိုအလျင်အမြန် ပြန်ပိတ်လိုက်၏။
လော်ယွမ် စကားမေးရန် ဟန်ပြင်လိုက်စဉ်မှာပင်... ဟွမ်ယွိရင်က သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ဘောင်းဘီဇစ်ကို လက်လှမ်းဆွဲရန် ကြိုးစားလေတော့သည်။ သူမသည် မူလကတည်းက စည်းကမ်းလိုက်နာတတ်ပြီး အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်ခဲ့ရာ ယခုလိုယောက်ျားတစ်ဦးကို မြူဆွယ်သည့်အပြုအမူမှာ မကျွမ်းကျင်ဘဲ တုံးတိဆန်နေသည်။
"နင်ဘာလုပ်တာလဲ" လော်ယွမ်က နောက်သို့တစ်လှမ်းဆုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
လော်ယွမ်၏ မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်နိုင်သည့်ပုံရိပ်က သူမမှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။ ဟွမ်ယွိရင်၏ကိုယ်လုံးလေးက တစ်ချက်တုန်သွားပြီး ကြောက်လန့်ကာ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသည်။ "ကျွန်...ကျွန်မ...ကျွန်မ"
"ဘာပြောစရာရှိသေးလည်း...မရှိရင်ငါသွားတော့မယ်" လော်ယွမ်က မျက်နှာသေဖြင့် ဆိုလိုက်သည်။
ဟွမ်ယွိရင်သည် အခြေအနေက ဤသို့အထာမကျဘဲ အမှားမှားအယွင်းယွင်း ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမမျက်နှာမှာ ချက်ချင်းဖြူဖျော့သွားပြီး သူ့ကိုထိတ်လန့်တကြား ဆွဲထားရင်း ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ "မ...မသွားပါနဲ့"
လော်ယွမ်က ဟွမ်ယွိရင်၏ ချစ်စဖွယ်မျက်နှာလေးပေါ်တွင် ပေါ်နေသော တောင်းပန်တိုးလျှိုးမှုနှင့် မြှောက်ပင့်ဖားယားလုပ်နေသည့်အမူအရာကို ကြည့်လိုက်၏။ သူမသည် အလွန်အမင်းထိတ်လန့်နေသော စာကလေးတစ်ကောင်နှယ် မြေပြင်ပေါ်သို့ အချိန်မရွေး လဲကျသွားနိုင်သည့်ဟန် ရှိသည်။ သူ စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သော်လည်း စိတ်ကိုတင်းကာ ပြောလိုက်သည်။ "ဒီကိစ္စမဖြစ်ခဲ့ဘူးလို့ပဲ ထားလိုက်ရအောင်...အချိန်မရှိတော့ဘူး...ငါတို့သွားကြစို့"
ဟွမ်ယွိရင်က စိတ်မလုံမလဲဖြင့် ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတုတစ်ခုကို အားတင်းဖန်တီးလိုက်ရာ လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ်စိတ်မသက်မသာဖြစ်သွားသည်။
မကြာမီ နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်အခန်းထဲမှ ပြန်ထွက်လာကြ၏။ ဝမ်ရှီရှီ၏အကြည့်များက သူတို့နှစ်ဦးကြားတွင် စုန်ချည် ဆန်ချည် ကြည့်နေသော်လည်း နှစ်ဦးစလုံး၏ မျက်နှာအမူအရာမှာ တည်ငြိမ်လှသည်။ သူမ၏အတွေ့အကြုံအရ မည်သည့်အရာကိုမျှ ရိပ်စားမိနိုင်မည်မဟုတ်ချေ။ ဟွမ်ကျားဟွေတစ်ယောက်သာ မျက်နှာပေါ်တွင် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အရိပ်အယောင်များ ထင်ဟပ်နေလေသည်။
-----------------------------
လော်ယွမ်တို့အဖွဲ့သည် အိမ်ရာဝင်းထဲမှထွက်လာပြီးနောက် လမ်းတစ်လျှောက်လုံး သတိကြီးစွာဖြင့် သွားနေကြသည်။ ထိုအချိန်တွင် အပြင်ဘက်မှ အမြောက်သံများမှာ လုံးဝရပ်တန့်သွားပြီဖြစ်ပြီး သားရဲကောင်များ၏ သင်္ဘောဥဩဆွဲသံကဲ့သို့သော ဟိန်းဟောက်သံသဲ့သဲ့ကိုသာ ကြားနေရသည်။
ခေါင်းပေါ်တွင် ကြီးမားသောအရိပ်မည်းကြီးများက မကြာခဏ ဖြတ်ပျံသွားတိုင်း လေပြင်းတစ်ချက်ဝှေ့သွားကာ အမှိုက်များလွင့်စင်သွား၏။ လရောင်ဖွေးဖွေးအောက်တွင် နှစ်ဖက်ရှိ ပျက်စီးနေသောအဆောက်အအုံများ၏ အရိပ်မည်းများက လမ်းမပေါ်သို့ လိမ်လိမ်ကောက်ကောက် ကျရောက်နေသည်။ လမ်းပေါ်တွင် ခရီးသွားအချို့က နှစ်ယောက်တစ်စု၊ သုံးယောက်တစ်ဖွဲ့ဖြင့် အလျင်စလိုသွားလာနေကြသည်။ ထိုသူများသည် ခရီးဆောင်အိတ်များဆွဲကာ၊ အိတ်ကြီးများကိုထမ်းလျက် ခြေလှမ်းများသွက်လက်နေသော်လည်း လူတစ်ယောက်မျှ စကားသံမထွက်ဘဲ လမ်းမတစ်လျှောက်လုံးမှာ ဖိနှိပ်ထားသလို တိတ်ဆိတ်ငြိမ်သက်မှုသာ လွှမ်းခြုံထားသည်။
လမ်းပေါ်တွင် ကားများက မကြာမကြာ ဖြတ်မောင်းသွားကြ၏။ ရံဖန်ရံခါ ကားအချို့က ရပ်တန့်ကာ လူအနည်းငယ်ကို တင်ဆောင်သွားသော်လည်း အများစုမှာမူ နောက်လှည့်မကြည့်ဘဲ အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားကြသည်။
နာရီဝက်ခန့်အကြာတွင် ကြီးမားသောဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးအနီးသို့ ရောက်ရှိလာသည်နှင့်အမျှ လူအုပ်ကြီးမှာ ပိုမိုများပြားလာပြီး ခြောက်လမ်းသွားလမ်းမကြီးတစ်ခုလုံးပင် ပြည့်ကျပ်စပြုလာပြီဖြစ်သည်။
ကားမောင်းလာသူအချို့မှာ ရှေ့ဆက်တိုးမရတော့ဘဲ စိတ်မရှည်စွာဖြင့် ခပ်တိုးတိုးရေရွတ်ဆဲဆိုကာ ကားပေါ်မှဆင်းပြီး ကားနောက်ဖုံးထဲမှ ခရီးဆောင်အိတ်များကို ဆွဲချနေကြသည်။
ဤအခြေအနေကိုမြင်သောအခါ လော်ယွမ်၏မျက်မှောင်များ ကြုတ်သွား၏။ သူအချိန်ကိုကြည့်လိုက်ရာ ဆယ်နာရီမထိုးသေးချေ။ သတ်မှတ်ထားသော ၁၂နာရီသို့ရောက်ရန် နှစ်နာရီတိတိလိုသေးသည်။ အကယ်၍ ထိုတပ်မှုး လိမ်မပြောခဲ့ပါက ယခုအချိန်သည် မြေအောက်အခြေစိုက်စခန်း တံခါးဖွင့်မည့်အချိန်နှင့် အလှမ်းဝေးနေသေးသည်။
"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက လော်ယွမ်၏မျက်နှာမကောင်းသည်ကိုမြင်ပြီး သူ့အနားသို့ကပ်ကာ စိုးရိမ်တကြီးမေးလိုက်သည်။
လော်ယွမ်က လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။ "တံခါးဖွင့်ဖို့အဝေးကြီးလိုသေးတာကို...လူတွေဒီလောက်အုံနေတာ တစ်ခုခုမှားနေတယ်"
"ဒါနဲ့ရှင့်ကိုမမေးရသေးဘူး...မြေအောက်စခန်းကလူဘယ်လောက်ဆန့်တာလဲ" ဟွမ်ကျားဟွေက အနည်းငယ်စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။
လော်ယွမ် ခဏမျှတွေဝေသွားပြီးနောက် သူမနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "သုံးသိန်း"
ဟွမ်ကျားဟွေက ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိပြီး မျက်နှာမှာ သွေးဆုတ်ဖြူရော်သွား၏။ လူဦးရေ လေးငါးသန်းနီးပါးရှိသော မြို့တစ်မြို့လုံးအတွက် လူသုံးသိန်းစာနေရာက မည်သည်ကိုဆိုလိုသနည်း။ သူမ စိတ်ကူးထဲပင်မထည့်ဝံ့ပေ။ သို့သော် ကိုယ်ချင်းစာစိတ်ဆိုသည်မှာ ဤကမ္ဘာပျက်ကာလတွင် ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ဖြစ်ရာ သူမက ပြဿနာ၏အရင်းအမြစ်ကို ချက်ချင်းတွေးမိသွားသည်။ "ဒါကတော်တော်တင်းကြပ်တဲ့ လျှို့ဝှက်ချက်ပဲဖြစ်ရမယ်...မဟုတ်ရင်အကျိုးဆက်က မတွေးရဲစရာပဲ...အခုရှင်ပြောတာက...အဲ့လျှို့ဝှက်ချက်ပေါက်ကြားသွားတာလား"
"ငါအထင်မှားတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ" လော်ယွမ်က ခေါင်းခါရင်းပြောလိုက်သည်။
ဤလောကတွင် လုံးဝလျှို့ဝှက်ထားနိုင်သည့်အရာဟူ၍ မရှိပေ။ အထူးသဖြင့် အသက်ရှင်သေရေးနှင့် သက်ဆိုင်သောကိစ္စဖြစ်နေလျှင် လျှို့ဝှက်ထားနိုင်ခြေမှာ ပို၍ပင်နည်းပါးသွားသည်။
အသိတရားနှင့် ကိုယ်ကျင့်တရားသည် တစ်ချိန်က စည်းကမ်းတကျနေထိုင်ခဲ့ကြသော လူတိုင်း၏ အရိုးထဲစိမ့်ဝင်နေသည့် ခံယူချက်ဖြစ်ရာ မည်မျှပင် ဆိုးသွမ်းယုတ်မာသူဖြစ်စေ လျစ်လျူရှု၍မရနိုင်ပေ။ လူဆိုသည်မှာ လူမှုဆက်ဆံရေးဖြင့် ရှင်သန်သောသတ္တဝါများဖြစ်ရာ လူတိုင်းတွင် စွန့်လွှတ်၍မရသောသူများ ရှိကြသည်။ နေရာရရှိပြီးသားသူများအတွက် ရွေးချယ်မှုပြုလုပ်ရခြင်းသည် နာကျင်ဖွယ်ဆုံးဖြတ်ချက်တစ်ခုပင်ဖြစ်၏။ အကြောင်းမှာ ရွေးချယ်ခြင်းနှင့်အတူ စွန့်လွှတ်ခြင်းကပါ တပါတည်းပါလာသောကြောင့်တည်း။
ထိုအခြေအနေတွင် လျှို့ဝှက်ထိန်းသိမ်းနိုင်စွမ်းက အလွန်အားနည်းသွားပြီး လျှို့ဝှက်ချက်ပေါက်ကြားခြင်းက ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စတစ်ခု ဖြစ်လာတော့သည်။
သူငယ်ချင်းတွင် သူငယ်ချင်းရှိသည်။ ဆွေမျိုးတွင် ဆွေမျိုးရှိသည်။ လျှို့ဝှက်ချက်ဆိုသည်မှာ ဤသို့သောအခြေအနေမျိုး၌ ဘာမျှမဟုတ်တော့ချေ။
ဆက်ရန်...