အခန်း (၈၉-၉၂)
Vol. 5 Ch. 89-92
အပိုင်း(၈၉)အငြင်းခံရခြင်း
သန္ဓေပြောင်းကင်းခြေများအနီးသို့ ချဉ်းကပ်သွားသည်နှင့်အမျှ ဝမ်ရှီရှီ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ယင်လာသည်။ သို့သော် တစ်ချိန်တည်းမှာပင် လမ်းမပေါ်တွင် ဖုန်မှုန့်များအလိုအလျောက်လွင့်ပါလာပြီး သူမ၏လက်ထဲမှလွန်းပျံမှာ ပျံတက်သွားကာ သူမ၏ခေါင်းပေါ်တွင် ရပ်တန့်နေသည်။ သူမ၏မျက်နှာမှာ တဖြည်းဖြည်းဖြူဖျော့လာပြီး နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်လိုက်သည်။
နောက်တစ်ခဏတွင် လွန်းပျံသည် သန္ဓေပြောင်းကင်းခြေများဆီသို့ အရှိန်ပြင်းစွာပစ်ဝင်သွားသည်။ စိတ်စွမ်းအင်၏မောင်းနှင်မှုအောက်တွင် ၎င်း၏ပျံသန်းမှုမှာ အလွန်လျင်မြန်လှရာ လျှပ်စီးကြောင်းတစ်ခုဖြတ်ပြေးသွားသကဲ့သို့ တစ်ချက်လင်းလက်ပျောက်ကွယ်သွားသည်။
သန္ဓေပြောင်းသားရဲသည် အန္တရာယ်နီးကပ်လာသည်ကိုခံစားမိပြီး ခေါင်းမော့ရန်ကြံလိုက်သော်လည်း အချိန်မမီတော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လွန်းပျံသည် သူ၏ဦးခေါင်းထဲသို့ ထိုးစိုက်ဝင်ရောက်သွားပြီး မျက်နှာပြင်မှမာကျောသောအရိုးသံချပ်ကာမှာ အပြာရင့်ရောင်အဆင့်လွန်းပျံ၏ရှေ့တွင် တို့ဟူးတစ်တုံးကဲ့သို့ အလွယ်တကူထိုးဖောက်ခြင်းခံလိုက်ရသည်။
သန္ဓေပြောင်းကင်းခြေများ၏ခန္ဓာကိုယ်မှာ တစ်ချက်တုန်ခါသွားပြီး ပြင်းထန်စွာရုန်းကန်တော့သည်။ သို့သော် သန္ဓေပြောင်းကင်းခြေများမှာ အားအင်ကုန်ခမ်းခါနီးဖြစ်နေပြီဖြစ်သည်။ ဦးနှောက်ပြင်းထန်စွာဒဏ်ရာရခြင်းမှာ လူရောတိရိစ္ဆာန်ရောအတွက် သေစေနိုင်လောက်အောင်ပြင်းထန်ရာ ယခုမှာ နောက်ဆုံးရုန်းကန်ခြင်းသာဖြစ်သည်။ သို့သော် ဤသို့ဖြစ်နေသည့်တိုင် ဤဧရာမသတ္တဝါကြီး၏ မသေမီအမှတ်မထင်တိုက်ခိုက်မှုမှာ လွန်စွာတုန်လှုပ်ဖွယ်ကောင်းလှသည်။
၎င်း၏ဧရာမခန္ဓာကိုယ်ကြီးမှာ လမ်းမပေါ်တွင် အဆက်မပြတ်လူးလိမ့်နေပြီး တဝုန်းဝုန်းမြည်ဟည်းသောအသံကြီးများ ထွက်ပေါ်နေသည်။ မြေပြင်မှာပင် အနည်းငယ်တုန်ခါလာပြီး ပါးစပ်မှ အလွန်အမင်းအဆိပ်ပြင်းသော ပန်းရောင်အဆိပ်ရည်များကို ပန်းထုတ်နေကာ ချိုမြိန်သောရနံ့သင်းသင်းတစ်ခု ပျံ့လွင့်နေသည်။
ဝမ်ရှီရှီမှာ လုံးဝကြောက်လန့်ကြောင်ငေးသွားပြီး တိုက်ခိုက်ရန်မေ့လျော့ကာ မူလနေရာတွင် ကြောင်တောင်တောင်ရပ်နေမိသည်။ ပင်ကိုအသိစိတ်ဖြင့်သာ စိတ်စွမ်းအင်ကို အစွမ်းကုန်ထုတ်လွှတ်နေပြီး ထိုအရိုးဖြူလွန်းပျံကိုပင် ပြန်လည်သိမ်းဆည်းရန်မေ့လျော့နေသည်။
"ရှီရှီ အမြန်ပြေး" လော်ယွမ်၏စိတ်ထဲတွင် ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။
ဝမ်ရှီရှီသည် ထိုအချိန်မှသာ သတိပြန်ဝင်လာပြီး အလျင်အမြန်နောက်သို့ပြန်ပြေးကာ လော်ယွမ်ကိုတစ်ချက်တည်းဖက်လိုက်ပြီး စိတ်လွတ်လက်လွတ်ဖြင့် ချုံးပွဲချ ငိုကြွေးတော့သည်။ သူမအလွန်ပင်ကြောက်လန့်သွားခဲ့ခြင်းဖြစ်သည်။ ထိုသန္ဓေပြောင်းကင်းခြေများရှေ့သို့ရောက်ရှိမှသာ သူမသည် သန္ဓေပြောင်းသားရဲများ၏ကြောက်မက်ဖွယ်ကောင်းမှုကို တကယ်တမ်းနားလည်သဘောပေါက်ခဲ့သည်။ ကြီးမားသောခန္ဓာကိုယ်၊ ကြောက်မက်ဖွယ်အရိုးသံချပ်ကာ၊ ထူးဆန်းပြီးထိတ်လန့်ဖို့ကောင်းသောအရောင်အဆင်း၊ ဤအရာအားလုံးက သူမ၏စိတ်ဝိညာဉ်ကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
"အေးပါ…အေးပါ… မငိုနဲ့တော့ ဟိုသန္ဓေပြောင်းသားရဲက သေသွားပြီ" လော်ယွမ်က သူမ၏ကျောကိုပုတ်ပေးရင်း ပြောလိုက်သည်။
ဝမ်ရှီရှီသည် ခေါင်းမော့လိုက်ရာ မျက်ရည်များဖြင့်ပြည့်နေသောမျက်နှာတစ်ခုပေါ်လာပြီး "သေပြီဟုတ်လား… သမီးသူ့ကိုသတ်လိုက်တာလား"
"မယုံရင် ပြန်ကြည့်လိုက်လေ" လော်ယွမ်က ရယ်မောလိုက်သည်။
ဝမ်ရှီရှီသည် မယုံကြည်စွာဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ ထိုသန္ဓေပြောင်းသားရဲသည် မြေပြင်ပေါ်တွင် လဲကျနေသည်ကို အမှန်ပင်တွေ့ရှိလိုက်ရသည်။ သူမ၏မျက်နှာတွင် မယုံကြည်နိုင်သည့်အရိပ်အယောင်များပေါ်ပေါက်လာပြီး ပါးစပ်မှာအနည်းငယ်ဟသွားသည်။ "သမီး… သမီး… သူ့ကိုသတ်လိုက်တာပဲ"
"နင်ကသန္ဓေပြောင်းလူဆိုတာကို မေ့နေတာလား… နင်ကသာမန်လူမှမဟုတ်တာ အဆင့်၂သတ္တဝါကိုသတ်ဖို့လောက်က နင့်အတွက်အလွယ်လေးပဲ" လော်ယွမ်က ရယ်မောလိုက်သည်။
"သမီးအဲ့လောက်စွမ်းမှန်း မသိခဲ့ဘူး" ဝမ်ရှီရှီက တိုးတိုးလေးရေရွတ်လိုက်သည်။
"နင်ကအစကတည်းက တော်တာပဲ… နင့်အဲ့အစွမ်းနဲ့ နောက်ဆိုငါ့ထက်တောင် တော်လာနိုင်သေးတယ်" လော်ယွမ်က သူမအား စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုဆက်လက်ပြုလုပ်ပေးလိုက်သည်။ "ရုပ်ရှင်တွေထဲမှာ စိတ်စွမ်းအင်က အစွမ်းအထက်ဆုံးစူပါပါဝါတွေထဲကတစ်ခုပဲမလား"
ဝမ်ရှီရှီမှာ နုငယ်သူတစ်ယောက်ဖြစ်ရာ ချီးကျူးစကားကိုမခံနိုင်ပေ။ ယခုလေးတင်က မျက်ရည်များဖြင့်ပြည့်လျှံနေသောမျက်နှာတွင် အလိုအလျောက်ကျေနပ်သည့်အပြုံးတစ်ခုပေါ်ပေါက်လာပြီး မေးစေ့မှာလည်း စတင်မော့တက်လာသည်။
"အခုနင်ကြောက်သေးလား"
"မကြောက်တော့ဘူး" ဝမ်ရှီရှီက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
"ဒါဆိုရင်ငါ့ကိုလွှတ်လို့ရပြီလား… မဟုတ်ရင်နင့်အမ သဝန်တိုနေလိမ့်မယ်" လော်ယွမ်က နောက်ပြောင်လိုက်သည်။
"ဘာတွေလျှောက်ပြောနေတာလဲ… ကျွန်မဘယ်တုန်းက သဝန်တိုဖူးလို့လဲ" ဟွမ်ကျားဟွေ့က အလျင်အမြန်ငြင်းဆိုလိုက်သည်။
ဝမ်ရှီရှီသည် ထိုအချိန်မှသာ မိမိကလော်ယွမ်အားဖက်ထားပြီး နုနယ်သောရင်သားများမှာ သူ၏ရင်ဘတ်တွင် တင်းတင်းကျပ်ကျပ်ကပ်နေသည်ကို သတိပြုမိလိုက်သည်။ သူမသည် ထိတ်လန့်တကြားဖြင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး မျက်နှာမှာနီရဲသွားကာ ရှက်ရှက်ဖြင့် "ကိုကြီးယွမ်… အဲ့လိုပေါက်ကရလျှောက်ပြောရင် …သမီးကိုကြီးကို မခေါ်တော့ဘူး"
---------------------------------
ယခင်ကကွဲသွားသောလူများသည် အဝေးသို့မပြေးဘဲ ခပ်လှမ်းလှမ်းမှရပ်ကြည့်နေကြသည်။ မည်သို့ပင်ဖြစ်စေ ဤမြို့ထဲတွင် နေရာတိုင်းက အန္တရာယ်များနေပြီး လုံးဝလုံခြုံသောနေရာဟူ၍ ဘယ်မှာရှိမည်နည်း။ သန္ဓေပြောင်းသားရဲလဲကျသွားသည်ကိုမြင်သောအခါ သူတို့ နောက်မှလိုက်လာကြပြန်သည်။
မနီးမဝေးတွင်ရပ်ကြည့်နေသော လူအနည်းငယ် ဝမ်ရှီရှီသန္ဓေပြောင်းသားရဲကိုသတ်ဖြတ်သည်ကိုမြင်ပြီး တီးတိုးပြောဆိုကြရာ မကြာမီမှာပင် လူတိုင်းသိရှိသွားကြသည်။
"ညီလေးယွမ်… ဒီကညီမလေးက သန္ဓေပြောင်းလူသားလား" ဟော်တုံက အံ့ဩစွာပြောလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ ဤသို့သောအရာမျိုးကို မည်သူ့ကိုမျှဖုံးကွယ်မထားနိုင်တော့ဘဲ ယခုအခါတွင် ဖုံးကွယ်ရန်လည်းမလိုအပ်တော့ပေ။
အားလုံး၏အကြည့်များမှာ ချက်ချင်းပင်ပြောင်းလဲသွားပြီး အားလုံးမှာ ဝမ်ရှီရှီကို အံ့ဩတကြီးကြည့်နေကြကာ မျက်နှာများတွင် အားကျမှုနှင့် သတိထားမှုတို့ ရောနှောနေသည်။ ဆင့်ကဲပြောင်းလဲသူမှာ လူအများစုအတွက် ဒဏ္ဍာရီထဲမှဖြစ်တည်မှုတစ်ခုသာဖြစ်ပြီး လူတိုင်းကြားဖူးသော်လည်း တကယ်တမ်းမြင်ဖူးသူမှာ နည်းပါးလှသည်။ မမျှော်လင့်ဘဲ နူးညံ့လှပသောကောင်မလေးတစ်ယောက်က ဆင့်ကဲပြောင်းလဲသူဖြစ်နေသည်မှာ အလွန်ပင်မမျှော်လင့်ထားသောအရာဖြစ်သည်။
"ဒါဆို မင်းကရော" ဟော်တုံက ဆက်မေးလိုက်သည်။
"ကျွန်တော်လည်းအတူတူပဲ" လော်ယွမ်က ပြန်ဖြေသည်။
ပတ်ဝန်းကျင်မှာ ရုတ်တရက်တိတ်ဆိတ်သွားသည်။
လော်ယွမ်သည် ကြောင်ငေးနေသောဝမ်ရှီရှီကိုဆွဲကာ "နည်းနည်းထပ်လျှောက်ရဦးမယ်… သွားကြစို့"
အားလုံးမှာ အလျင်အမြန်ခေါင်းညိတ်ပြလိုက်ကြသည်။ အားလုံးက မူလက လိုက်လာသောလူများသာဖြစ်သော်လည်း စိတ်နေသဘောထားမှာမူ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အကယ်၍ယခင်က လော်ယွမ်သည် သူတို့အတွက် မရှိမဖြစ်မလိုအပ်သောခေါင်းဆောင်တစ်ဦးသာဖြစ်ခဲ့ပါက ယခုအခါတွင်မူ အခြေခံသြဇာအာဏာကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။
သန္ဓေပြောင်းကင်းခြေများအနားသို့ရောက်သောအခါ လော်ယွမ်က ဝမ်ရှီရှီအား "လွန်းပျံကို ပြန်ယူလို့ရသေးလား"
လွန်းပျံကို သူက သူမအား တစ်ခုတည်းသာပြုလုပ်ပေးထားရာ အကယ်၍ဤတစ်ခုပျောက်ဆုံးသွားပါက အချိန်တိုအတွင်း ဝမ်ရှီရှီတွင် လက်နက်ရှိတော့မည်မဟုတ်ပေ။
"သမီးအဲ့ဒါဘယ်မှာရှိလဲ ခံစားလို့ရတယ်" ဝမ်ရှီရှီကပြောလိုက်ပြီး သူမမျက်လုံးများကိုမှိတ်ကာ ခဏမျှအာရုံခံစားလိုက်ရာ လျှပ်စီးကြောင်းတစ်ခု မြေပြင်မှပျံတက်လာပြီး သူမ၏ခေါင်းထက်တွင် လျင်မြန်စွာရပ်တန့်နေသည်။
"နင်ခံစာရတယ်ဆိုတာ ဘာကိုပြောတာလဲ… သူ့ကိုအာရုံခံလို့ရနေတာလား" လော်ယွမ်က ထူးဆန်းစွာမေးလိုက်သည်။
ဝမ်ရှီရှီသည် ခဏစဉ်းစားပြီးနောက် အနည်းငယ်မရှင်းမလင်းဖြင့် "သမီးလည်းမသိဘူး… အသုံးများလို့ဖြစ်မယ်ထင်တယ်… သမီးနဲ့လွန်းပျံကြားမှာ ဆက်သွယ်မှုတစ်ခုရှိနေသလိုပဲ… တစ်ခါကသမီးလွန်းပျံကို အထားမှားပြီးရှာမတွေ့တော့ဘူး ညအိပ်ခါနီးမှ ခံစားမိလိုက်တာ… သူနဲ့သမီးကြားမှာ ကြိုးတစ်ချောင်းနဲ့ ဆက်ထားသလိုပဲ… သမီးနဲ့သိပ်မဝေးရင် သူ့ကိုအာရုံခံလို့ရတယ်"
လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။ သူနားလည်ထားသည်အရဆို စိတ်စွမ်းအင်သည် အာရုံခံစားမှု၏ပြောင်းလဲလာသောစွမ်းရည်ဖြစ်သင့်သည်။ စိတ်စွမ်းအင်တွင် ဤသို့သောအာနိသင်ရှိနေသည်ဆိုလျှင် အာရုံခံစားမှုတွင်လည်း အလားတူအာနိသင်မျိုးရှိသင့်သည်။ အားသည့်အခါတွင် စမ်းသပ်ကြည့်ရပေမည်။
သူက ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဘဲ ဝမ်ရှီရှီလွန်းပျံကိုပြန်သိမ်းပြီးနောက် အဖွဲ့မှာ ရှေ့သို့ဆက်လက်ပြေးလွှားသွားသည်။
နောက်ပိုင်းတွင်မူ အတော်လေးအဆင်ပြေသွားပြီး မည်သည့်သန္ဓေပြောင်းသားရဲနှင့်မျှ ထပ်မံမကြုံတွေ့တော့ပေ။ ဆယ်မိနစ်ကျော်အကြာတွင် လုံးဝရိုးရှင်းသော သုံးထပ်အဆောက်အဦးတစ်ခု အားလုံး၏ရှေ့မှောက်တွင်ပေါ်ပေါက်လာပြီး အဆောက်အဦအပေါ်တွင် ရွှေရောင်စာလုံးကြီးအချို့ဖြင့် "တုံဟယ်မြို့ အမှတ်(၃) ဗုံးခိုကျင်း" ဟုရေးသားထားသည်။
တံခါးဝမှသံလိပ်တံခါးမှာ တစ်ဝက်ဖွင့်၊ တစ်ဝက်ပိတ်ဖြစ်နေပြီး သံလိပ်တံခါးအတိုင်း အတွင်းသို့ကြည့်လိုက်ရာ ကြီးမားသောဂငယ်ပုံတံခါးပေါက်တစ်ခုကို တွေ့လိုက်ရသည်။
သို့သော် ဤတံခါးပေါက်ကိုမြင်သည်နှင့် အားလုံး၏မျက်နှာထားများမှာ မကောင်းတော့ပေ။ တစ်ချက်ကြည့်ရုံဖြင့် အလွန်ခိုင်ခံ့သည်ဟုထင်ရသော အနီရင့်ရောင်သံတံခါးကြီးမှာ တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး တံခါးဘောင်ကိုကျော်လွန်နေသောအပိုင်းမှာပင် ၄လက်မကျော်ထူထဲသည်။
"အထဲမှာလူတွေ ရောက်နှင့်နေပြီ" လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက လေးနက်စွာပြောလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ "အရင်ဆုံးတံခါးသွားခေါက်ကြည့်ရအောင်"
အားလုံး၏စိတ်ထဲတွင် လေးလံသွားပြီး တစ်ယောက်ပြီးတစ်ယောက် သံလိပ်တံခါးမှ တန်းစီဝင်ရောက်သွားကြသည်။ လော်ယွမ်၏မျက်ရိပ်ပြမှုဖြင့် လူငယ်တစ်ဦးရှေ့သို့တက်ကာ တံခါးကိုအားကုန်ထုလိုက်သည်။ ပြီးနောက် အနီးအနားမှအုတ်ခဲတစ်လုံးကိုကောက်ယူကာ တံခါးကိုအားကုန်ထုပြန်သည်။ သံတံခါးမှ တိုးညှင်းသောမြည်သံထွက်ပေါ်လာရာ တစ်ချက်နားထောင်ရုံဖြင့် အထူမှာအံ့ဩဖွယ်ကောင်းကြောင်း သိရှိနိုင်သည်။
"အထဲမှာဘယ်သူရှိလဲ… တံခါးအမြန်ဖွင့်…"
လော်ယွမ်၏ကြားနိုင်စွမ်းဖြင့် အတွင်းမှ တီးတိုးပြောဆိုသံများချက်ချင်းကြားလိုက်ရသော်လည်း မကြာမီမှာပင် တိတ်ဆိတ်သွားသည်။
လူငယ်မှာ အဆက်မပြတ်အော်ဟစ်၊ တံခါးခေါက်နေပြီး တစ်မိနစ်ခန့်ကြာမှသာ အတွင်းမှ အနည်းငယ်စိတ်မရှည်သောအသံတစ်ခု ထွက်ပေါ်လာသည်။ "ဒီမှာလူပြည့်နေပြီ… နေစရာမရှိတော့ဘူး… တခြားနေရာကိုသွားကြ"
"တံခါးဖွင့်ပေးပါ… ကျွန်တော်တို့အဖွဲ့ကလူသိပ်မများဘူး… နည်းနည်းတိုးဝှေ့နေမယ်ဆို ရပါတယ်" ပိန်လှီသောလူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက အော်ပြောလိုက်သည်။
"ဟုတ်တယ်… ခုလိုချိန်မှာကူညီတာ ကုသိုလ်ရတယ်… တံခါးဖွင့်ပေးပါ"
"မပြီးသေးဘူးလား… ငါဒီမှာလူပြည့်နေပြီလို့ပြောနေတယ်လေ မင်းတို့ထပ်တောင်းပန်လည်းအလကားပဲ… အဲ့အစားတခြားဗုံးခိုကျင်းတွေဆီ သွားတာမှ ပိုကောင်းဦးမယ်" အတွင်းမှ ခဏတိတ်ဆိတ်သွားပြီးနောက် ဆက်လက်ဆဲဆိုလိုက်သည်။
တံခါးခေါက်နေသောလူငယ်မှာ ဒေါသကြီးသူဖြစ်သည်မှာထင်ရှားသည်။ သူသည် အားကုန်အုတ်ခဲကိုသံတံခါးပေါ်သို့ပစ်ပေါက်ကာ ဒေါသတကြီးပြောလိုက်သည်။ "ဒီဗုံးခိုကျင်းက မင်းအပိုင်မှမဟုတ်တာ… လူသောင်းချီဆံ့တဲ့ဗုံးခိုကျင်းက ငါတို့လူဆယ်ယောက်လောက်ကိုတောင်မဆံ့ဘူးလို့ ငါမယုံဘူး… တံခါးအမြန်မဖွင့်သေးဘူးလား"
"တစ်ကိုယ်ကောင်းဆန်တဲ့ကောင်တွေ… မင်းတို့ဘာတွေတွေးနေလည်း ငါမသိဘူးများထင်နေလား… မင်းတို့လိုလူမျိုးတွေ တစ်နေ့ကျရင် ငရဲကျမှာပဲ"
"ငါတံခါးမဖွင့်တော့ ဘာလုပ်မှာလဲ… မင်းတို့ငါ့ကို လာကိုက်မှာလား"
နှစ်ဖက်မှာ အချင်းများနေကြပြီး သံတံခါးကိုခြား၍ အပြန်အလှန်ဆဲဆိုနေကြသည်။
"ဖယ်ကြ… ကျွန်တော်လုပ်မယ်" လော်ယွမ်၏မျက်နှာမှာ မည်းမှောင်နေပြီး ရုတ်တရက်ထွက်ပြောလိုက်သည်။
ဆက်ရန်…
အပိုင်း(၉၀)ကြက်ကိုသတ်၍ မျောက်ကိုခြောက်ခြင်း
ပတ်ဝန်းကျင်မှ လူများက လမ်းဖယ်ပေးကြသည်။
လော်ယွမ်က ရှေ့သို့တိုးသွားပြီး သူ၏ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်။ အားလုံး၏ တုန်လှုပ်ခြောက်ခြားနေသော အကြည့်များအောက်တွင် သူက ဓားထိပ်ကို မြှောက်ကာ ထူထဲသော သံတံခါးကြီးကို ထိုးစိုက်လိုက်သည်။ လေးပေကျော်ထူသော သံတံခါးကြီးသည် ဤအပြာရောင်အဆင့် ဓားရှည်ကြီး၏ ရှေ့တွင် အကာအကွယ်မဲ့နေသည်။ မီးဖုတ်ထားသော ဓားထက်တစ်ချောင်းက ထောပတ်တုံးထဲသို့ ထိုးစိုက်ဝင်ရောက်သွားသကဲ့သို့ပင် လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်သွားသည်။ အတွင်းဘက်မှ ဆူညံသံများ ချက်ချင်းထွက်ပေါ်လာသည်။
"တံခါးဖွင့်စမ်း… မဟုတ်ရင်ဒီတံခါးကို ငါဖျက်စီးပစ်မယ်" လော်ယွမ်က လေသံမာမာဖြင့် ပြောလိုက်သည်။
"မလုပ်နဲ့ ဖွင့်မယ်… အခုဖွင့်မယယ်" ခဏတာတိတ်ဆိတ်သွားပြီးနောက် အတွင်းဘက်မှ အလျင်အမြန် ပြန်ပြောသံထွက်လာသည်။
မကြာမီမှာပင် ထူထဲသော သံတံခါးကြီး ဖြည်းညင်းစွာ ပွင့်လာသည်။ လူတစ်စုသည် အဝေးတွင်ရပ်ကာ လော်ယွမ်တို့အဖွဲ့ ဝင်လာသည်ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။ လူအတော်များများ၏ လက်ထဲတွင် ပစ္စတိုများ ကိုင်ဆောင်ထားပြီး ထိုအထဲတွင် ရိုင်ဖယ်နှစ်လက်ပင် ပါဝင်သည်။
ခေါင်းဆောင်မှာ အရပ်မြင့်မားပြီး တောင့်တင်းသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏လေးထောင့်ကျသော မျက်နှာပေါ်တွင် မျက်လုံးထောင့်မှ ပါးစပ်အထိ ဆွဲဖြတ်ထားသော နီရဲသည့်အမာရွတ်ကြီးတစ်ခုကြောင့် မျက်နှာတစ်ခြမ်းမှာ နှစ်ပိုင်းကွဲနေသကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူက လော်ယွမ်၏လက်ထဲမှ ကျန်းမာတောက်ဓားကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့အထဲရောက်ပြီဆိုတော့ ငါတို့စည်းကမ်းကိုလိုက်နာရမယ်… ဘယ်သူပဲဖြစ်ဖြစ်ပြဿနာရှာဖို့ ကြံရင် ငါ့ကိုအဆိုးမဆိုနဲ့"
ထိုသူများ၏လက်ထဲတွင် သေနတ်များရှိနေသည်ကို မြင်ပြီးနောက် မူလက အရှိန်အဟုန်ပြင်းထန်နေသော လူအုပ်ကြီးမှာ ချက်ချင်းတိတ်ဆိတ်သွားသည်။ အစောပိုင်းက တံခါးကိုထုပြီး ဆဲဆိုနေသော လူငယ်ပင် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။
"စည်းကမ်းမရှိရင် ဘယ်တော့မှစနစ်ကျမှမဟုတ်ဘူး…ငါကစည်းကမ်းရှိတဲ့ အဖွဲ့အစည်းမျိုးကို အရမ်းသဘောကျတာ" လော်ယွမ်က ပြုံးရင်း တစ်ဖက်လူကို စိုက်ကြည့်လိုက်သည်။
သူ၏စကားသံ မဆုံးမီမှာပင် သူ၏ကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်တစ်ခု ထုတ်လွှတ်လိုက်သည်။
လော်ယွမ်ကို ဗဟိုပြု၍ ပတ်ဝန်းကျင်လေထုသည် ရေနွေးငွေ့များအလား လှိုင်းထကာ ယိမ်းထိုးသွားသည်။ ဓားသိုင်းကျွမ်းကျင်မှုမှ ထွက်ပေါ်လာသော ဤစွမ်းအင်ဖိအားသည် အပြာရောင်အဆင့်နု မျိုးဗီဇပြောင်း သတ္တဝါများကိုပင် လွှမ်းမိုးနိုင်ရာ သာမန်လူများကိုမူ ပြောစရာမလိုတော့ပေ။ လူတိုင်း ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏မျက်လုံးများ ပြာဝေသွားကြသည်။
ခေါင်းဆောင်ဖြစ်သော အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်း အမျိုးသား၏ မျက်နှာမှာ ချက်ချင်းအရောင်ပြောင်းသွားပြီး နဖူးမှ ချွေးများ တဒီးဒီးကျလာသည်။ သူ၏တစ်ကိုယ်လုံး တောင့်တင်းနေပြီး သေနတ်ဆွဲထုတ်ရန် စိတ်ကူးပင် မကူးရဲတော့ပေ။ သူ တံတွေးကို မျိုချလိုက်ပြီး စကားပြောရန် ကြံရွယ်လိုက်စဉ်မှာပင် အစောပိုင်းက စွမ်းအင်ဖိအားကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
"မင်းတို့တံခါးမဖွင့်ပေးတဲ့ကိစ္စ ငါနားလည်တယ်… အဲ့ဒီအတွက် ငါမင်းတို့ကို အပြစ်မတင်တော့ဘူး… လာတဲ့သူက လူကောင်းလားလူဆိုးလား မသိဘဲ ဘယ်သူက လက်ခံချင်မှာလဲ ဟုတ်တယ်မလား" လော်ယွမ်က ရယ်မောရင်း ပြောလိုက်သည်။
အားလုံးက မတိုင်ပင်ဘဲ သက်ပြင်းကိုယ်စီချလိုက်ကြသည်။ ထိုအချိန်မှ သူတို့၏ အဝတ်အစားများအားလုံး ချွေးများဖြင့် စိုရွှဲနေပြီး ကိုယ်ခန္ဓာမှာ အားအင်ကုန်ခမ်းသကဲ့သို့ တုန်ယင်နေသည်ကို သတိပြုမိကြသည်။ အားလုံးက လော်ယွမ်ကို တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြသည်။
လော်ယွမ်က သူ၏စွမ်းအင်ဖိအားကြောင့် စိတ်ဓာတ်ပြိုကွဲသွားသော လူများကို ဘေးသို့တွန်းဖယ်လိုက်ပြီး မြေအောက်သို့ ဆင်းသည့် လှေကားထစ်များအတိုင်း ဆင်းသွားသည်။ လူများ သတိပြန်ဝင်လာပြီးနောက် အလျင်အမြန် လိုက်ပါသွားကြသည်။ လေကြောင်းရန်ကာကွယ်ရေးမြေအောက်ခန်းထဲမှ လူများမှာ မျက်လုံးများဖြင့် အပြန်အလှန် အချက်ပြလိုက်ကြပြီး တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် ကြောက်စိတ်များ ကျန်ရှိနေဆဲဖြစ်သည်။ အမာရွတ်နဲ့လူသည် ခါးကြားမှ ပစ္စတိုကို အကြိမ်ကြိမ် ကိုင်ကြည့်မိပြီး သူ၏အမူအရာမှာ မတည်မငြိမ်ဖြစ်နေသည်။ သို့သော် နောက်ဆုံးတွင် သူ အားလျော့စွာ လက်ကိုပြန်ချလိုက်သည်။ အကယ်၍သာ သူ သေနတ်ကိုင်ရဲခဲ့ပါက သေဆုံးသွားမည့်သူမှာ တစ်ဖက်လူမဟုတ်ဘဲ မိမိကိုယ်တိုင်ဖြစ်လိမ့်မည်ဟု သူ၏ပင်ကိုအသိစိတ်က သတိပေးနေသည်။
ဤသူက အလွန်အမင်း အန္တရာယ်များသော ယောက်ျားတစ်ယောက်ဖြစ်သည်။ အပြင်ဘက်မှ မျိုးဗီဇပြောင်း သတ္တဝါများထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
ခဏတာအတွင်းမှာပင် အခြေအနေက ချက်ချင်းပြောင်းလဲသွားသည်။ လူတိုင်းက လော်ယွမ်၏ လက်အောက်ငယ်သားများ ဖြစ်သွားသကဲ့သို့ပင်။
လော်ယွမ် လှေကားထစ်များမှ ဆင်းလာသည့်အခါ စင်္ကြံလမ်းတစ်လျှောက်တွင် တဲများ၊ မြေပြင်တွင်ခင်းထားသော အိပ်ယာများဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်သည် နံနက်နှစ်နာရီထိုးလုနီးပါးဖြစ်နေပြီဖြစ်သော်လည်း အပြင်ဘက်မှ အဆက်မပြတ်ထွက်ပေါ်နေသော ကြောက်မက်ဖွယ်သားရဲဟိန်းသံများကြောင့် လူအတော်များများ အိပ်မပျော်နိုင်ကြပေ။ မိဘများက ကလေးများကို ချော့သိပ်နေကြပြီး၊ လူငယ်စုံတွဲများမှာ တစ်ယောက်ကိုတစ်ယောက် မှီတွယ်နေကြသည်။ လော်ယွမ်တို့အဖွဲ့ ဝင်လာသည်ကို မြင်သည့်အခါ တစ်ချက်သာကြည့်ပြီး ဆက်လက်၍ အာရုံမစိုက်တော့ပေ။
"ဒီမှာ လူဘယ်လောက်ရှိလဲ" လော်ယွမ်က မေးလိုက်သည်။
"ရာနဲ့ချီပြီးတော့ ရှိလောက်မယ်...မနေ့က အမြောက်သံတွေ စကြားကတည်းက အနီးအနားက အိမ်ရာဝင်းတွေက လူတွေအားလုံး ဒီကိုရောက်လာကြတာ" နောက်မှလိုက်လာသော အမာရွတ်နဲ့လူက အလိုအလျောက် ပြန်ဖြေလိုက်သည်။ စကားဆုံးသွားသည့်အခါ သူ၏မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားသည်။
လော်ယွမ် ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် ဤမျှများပြားသော လူများရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ "စားစရာတွေရော များများစားစားရှိလား"
"အားလုံးက ကိုယ့်ရိက္ခာကိုယ်ယူလာကြတာလေ... လေးငါးရက်လောက်တော့ အဆင်ပြေနိုင်ပေမဲ့ အချိန်ကြာလာရင်တော့ လွယ်မှာမဟုတ်ဘူး" တစ်ခွန်းပြောမိပြီးသားဖြစ်သောကြောင့် အမာရွတ်နဲ့လူက ဆက်လက်ရှင်းပြလိုက်သည်။ သူ ခဏတာ ချီတုံချတုံဖြစ်သွားပြီးနောက် ပါးစပ်ဟကာ မေးလိုက်သည်။ "အခု... အခု အပြင်မှာ အခြေအနေဘယ်လိုရှိလဲ"
လော်ယွမ် စကားမပြောဘဲ ရှေ့သို့ဆက်လက်လျှောက်သွားသည်။
"ကျွန်တော်ထုတ်မပြောချင်ပေမယ့် အမှန်တိုင်းပြောရရင် ဟယ်တုံမြို့ကျဆုံးသွားပြီ... စစ်တပ်အားလုံး မြေအောက်အခြေစိုက်စခန်းကို ဆုတ်သွားကြပြီ အခုမြို့ကိုသန္ဓေပြောင်းသတ္တဝါတွေ သိမ်းပိုက်ထားတယ်... ကျန်းနန်ပြည်နယ်တစ်ခုလုံး ဆုံးရှုံးလိုက်ရပြီ... ဘာအထောက်အပံ့မှလည်း လာမှမဟုတ်တော့သလို ဘာအပြောင်းအလဲမှလည်း ရှိမှာမဟုတ်တော့ဘူး... ကြည့်ရတာကျွန်တောတို့ဒီမှာ နည်းနည်းကြာကြာနေရမယ့်ပုံပဲ''ဟော်တုံသည် လော်ယွမ် စကားမပြောသည်ကိုမြင်ပြီး ဝင်ပြောလိုက်သည်။
လူအုပ်ထဲမှ မိန်းမအချို့ ငိုကြွေးသံများ စတင်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှာ အလွန်အမင်း အုံ့မှိုင်းသွားသည်။
လော်ယွမ်၏ အသံက ဤမျှော်လင့်ချက်ကင်းမဲ့သော လေထုကို ဖြိုခွင်းလိုက်သည်။ "ရွက်ဖျင်တဲတွေရောရှိလား...ငါတို့အတွက် ၂လုံးလိုတယ်"
"ရှိပါတယ်...ကျွန်တော် သွားရှာပေးပါ့မယ်" အမာရွတ်နဲ့လူက ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူ လက်ဝှေ့ယမ်းလိုက်ရာ မျောက်ခြောက်တစ်ကောင်နှင့်တူသော လူတစ်ယောက်က လူအုပ်ထဲသို့ လျှောက်သွားသည်။
မကြာမီမှာပင် ထိုနေရာမှ ဆူညံသံများ ထွက်ပေါ်လာသည်။
"နင်ဘာလုပ်တာလဲ...ဘာလို့ငါတို့က နင့်ကိုပေးရမှာလဲ... ဒါဓားပြတိုက်နေတာပဲ" မိန်းမတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။
"ကျေးဇူးမကန်းနဲ့...ငါတို့မင်းဆီကတောင်းတာ မင်းကိုလေးစားလို့ကွ... ဒါတွေကရိက္ခာကူပွန်တွေ... ငါတို့သူဌေးကမင်းရဲ့တဲကို ဝယ်လိုက်ပြီ" မျောက်ခြောက်က အသံကျယ်ကျယ်ဖြင့် ပြောရင်း ရိက္ခာကူပွန်တစ်အုပ်ကို ထုတ်ကာ ထိုမိန်းမ၏ မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်ပြီး ကြောက်မက်ဖွယ်အမူအရာဖြင့် ပြောလိုက်သည်။
"နင်... နင် ဘယ်လိုလုပ် လူကိုရိုက်ရဲတာလဲ... နင်တို့တွေ... နင်တို့မှာ ကိုယ်ချင်းစာစိတ်မရှိဘူးလား"
ထိုမိန်းမ၏ဘေးမှ ယောက်ျားမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နေရာမှာပင် ရပ်နေသည်။ သူတို့မှာ ဇနီးမောင်နှံဖြစ်မှန်း ထင်ရှားသည်။ သူက မိန်းမကို ဆွဲလိုက်ပြီး လေသံကိုနှိမ့်ကာ "တော်တော့...တော်တော့... သူတို့ကိုပေးလိုက်ပါ... ငါတို့သူတို့ကိုပြဿနာလုပ်လို့မရဘူး... တဲမရှိလည်းဘာဖြစ်လဲ ဘေးကင်းဖို့အရေးကြီးတယ်" ဟု ပြောလိုက်သည်။
မိန်းမက ထိုယောက်ျားကို လက်ညှိုးထိုးရင်း အတန်ကြာ ငေးကြောင်သွားပြီးနောက် ရုတ်တရက် အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။ "ရှင်က ယောက်ျားတစ်ယောက်ရော ဟုတ်သေးရဲ့လား... တခြားလူတွေက ရှင့်ကို ရိုးသားတယ်ပြောလို့ ကျွန်မ ရှင့်ကိုယူခဲ့တာ... အရင်ခေတ်က ရိုးအတာကို ထားလိုက်တော့ ကျွန်မဘာမှမပြောဘူး... ဘာလို့လဲဆိုတော့အဲ့တုံးက အဲ့လိုယောက်ျားမျိုးတွေပဲ ယုံကြည်ရတာ ဒါပေမဲ့အခုက ဘာခေတ်လဲ... ကျွန်မတို့ရှေ့တည့်တည့်လာပြီး အနိုင်ကျင့်နေတာကို ရှင်ကဒေါသတစ်ချက်တောင် မထွက်ဘူး... တဲမရှိရင် ကျွန်မတို့ဘယ်မှာသွားအိပ်ရမလဲ ရှင်မစဉ်းစားဘူးလား"
ယောက်ျား၏ မျက်နှာမှာ အနည်းငယ် မသာမယာ ဖြစ်သွားသည်။ "အေးပါကွာ... မင်းလည်း ငါ့အကြောင်း သိရဲ့သားနဲ့ ဘာလို့ ဒါတွေ ထပ်ပြောနေတာလဲ... သူတို့က လူအုပ်နဲ့လေ... ရန်ဖြစ်ရင်လည်း ငါတို့နိုင်မှာမဟုတ်ဘူး... ပြီးတော့သူတို့မှာ သေနတ်တွေလည်းရှိတယ်... တော်ပါပြီ ပြဿနာမရှာပါနဲ့တော့ ဒါတွေက အပိုပစ္စည်းတွေပဲ မရှိတော့လည်းအေးတာပဲ ပြဿနာမရှာနဲ့တော့ သူတို့ကိုပေးလိုက်ပါ"
မိန်းမက ထိုယောက်ျားကို လက်ညှိုးထိုးရင်း ဒေါသကြောင့် စကားမပြောနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ထိုင်ချကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ပတ်ဝန်းကျင်မှ လူများ ဝိုင်းအုံလာကြပြီး အဝေးမှ ပွဲကြည့်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အနားသို့ မကပ်ရဲပေ။ ကိစ္စမှာ ဤမျှကြာမြင့်သည်အထိ မပြီးပြတ်သေးသောကြောင့် မျောက်ခြောက်မှာ အနည်းငယ် ဒေါသထွက်လာသည်။ သူက နောက်ကျောမှ သံတုတ်တစ်ချောင်းကို ဆွဲထုတ်ပြီး ထိုမိန်းမဆီသို့ လျှောက်သွားသည်။
ဟွမ်ကျားဟွေမှာ ကြည့်မနေနိုင်တော့ဘဲ လော်ယွမ်ကို အားဖြင့် တစ်ချက်လိမ်ဆွဲလိုက်သည်။
လော်ယွမ် သက်ပြင်းချလိုက်သည်။ မိမိ၏စိတ်ဓာတ်မှာ လုံလောက်အောင်မာကျောမှုမရှိသေးသည့်ပုံပင်။ ထိုမိန်းမ ဒဏ်ရာရတော့မည်ကို မြင်ပြီး သူ အလျင်အမြန် အော်ဟစ်လိုက်သည်။
"ရပ်လိုက်"
မျောက်ခြောက်၏ ခန္ဓာကိုယ်မှာ တစ်ချက်တုန်သွားပြီး ချက်ချင်းရပ်တန့်လိုက်ကာ လော်ယွမ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
လော်ယွမ်က ထိုစုံတွဲငယ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူကလည်း စည်းကမ်းရှိသော လူ့အဖွဲ့အစည်းမှ ထွက်ခွာလာခါစသာ ရှိသေးရာ ဤကဲ့သို့သော အရုပ်ဆိုးအကျည်းတန်မှုကို လက်ခံရန် အလွန်ခက်ခဲနေသည်။ ထို့အပြင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဤကိစ္စ၏ အဓိကတရားခံမှာ မိမိကိုယ်တိုင်ပင် ဖြစ်နေသည်။
"တော်ပြီ၊ ပြန်လာခဲ့" လော်ယွမ်က ပြောလိုက်သည်။ "ရိုးသားတဲ့သူတွေကို အနိုင်ကျင့်တာ အဓိပ္ပာယ်မရှိဘူး... မင်းတို့တဲနှစ်လုံး ငါ့ကိုပေး"
အမာရွတ်နဲ့လူ မှင်သက်သွားသည်။ သူ၏နောက်မှ လူများလည်း မှင်သက်သွားကြပြီး စိတ်ထဲတွင် အပြင်းအထန် ကျိန်ဆဲလိုက်ကြသည်။
မင်းက ရိုးသားတဲ့သူတွေကို အနိုင်ကျင့်တာ အဓိပ္ပါယ်မရှိဘူးဆိုပြီး ငါတို့ကိုကျ အနိုင်ကျင့်လို့ရတယ်လား။
"မပေးချင်ဘူးလား" လော်ယွမ်က ခေါင်းလှည့်ကာ အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။
သို့သော် ဤအေးဆေးတည်ငြိမ်သော အသံက အမာရွတ်နဲ့လူ၏ စိတ်ထဲတွင် တုန်လှုပ်သွားစေသည်။ သူ အလျင်အမြန် စိတ်ထဲမှ မကျေနပ်မှုကို ဖုံးကွယ်လိုက်ပြီး "ပေးမှာပေါ့...ပေးရမှာပေါ့" ဟု ပြောလိုက်သည်။
"ဒါဆို အခုချက်ချင်း တဲနှစ်လုံးယူလာခဲ့" လော်ယွမ်က ပြောလိုက်သည်။
အမာရွတ်နဲ့လူက စိတ်မပါ့တပါဖြင့် ခေါင်းလှည့်ကာ လူအုပ်ထဲတွင် ဝေ့ဝဲကြည့်ရှုလိုက်သည်။ "ရှောင်ချောင်...လော့ပင်...မင်းတို့တဲနှစ်လုံးဒီကအကိုယွမ်ကိုပေးလိုက်"
ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက မိမိ၏တဲကို ပေးမည်မဟုတ်ပေ။ မည်သည့်ကိစ္စမဆို လက်အောက်ငယ်သားများက ဆောင်ရွက်ပေးရန်သာ ဖြစ်သည်။
"ဟုတ်ကဲ့အကိုဟောင်"
နာမည်အခေါ်ခံလိုက်ရသော ထိုလူနှစ်ယောက်၏ မျက်နှာမှာ မိဘသေသွားသကဲ့သို့ မည်းမှောင်သွားပြီး အားလုံး၏ သနားစရာအဖြစ် ကြည့်ရှုနေသော အကြည့်များအောက်တွင် မလိုမကျစွာဖြင့် အခြားမြေအောက်စင်္ကြံတစ်ခုသို့ လျှောက်သွားသည်။
မကြာမီမှာပင် ထိုနှစ်ယောက်သည် တဲနှစ်လုံးကို ယူလာကြပြီး အမာရွတ်နဲ့လူ၏ အချက်ပြမှုဖြင့် လွတ်ကင်းသော စင်္ကြံတစ်ခုသို့ သွားကာ တဲများထိုးရန် စတင်လုပ်ဆောင်တော့သည်။
"ဆေးလိပ်သောက်တတ်လား" အားလပ်ချိန်ကို အခွင့်ကောင်းယူ၍ လော်ယွမ်က ဗုံးခိုကျင်း၏ ထူထဲသော နံရံကိုမှီကာ ထိုင်ချလိုက်ပြီး ကြေမွနေသော စီးကရက်တစ်ဘူးကို ထုတ်လိုက်သည်။
ကမ္ဘာကြီးဆင့်ကဲပြောင်းလဲမှု စတင်ကတည်းက သူ၏ဆေးလိပ်စွဲလမ်းမှုမှာ ပို၍ပို၍ ကြီးမားလာသည်။ စိတ်ဓာတ်ကျသည့်အခါတိုင်း ဆေးလိပ်တစ်လိပ် သောက်လိုက်ရမှ နေသာထိုင်သာရှိသည်။
အမာရွတ်နဲ့လူမှာ မျက်နှာသာပေးခံရသဖြင့် အနည်းငယ် ကြောင်သွားပြီး ခေါင်းညိတ်လိုက်သည်။ လော်ယွမ်က သူ့ကိုတစ်လိပ်ပေးလိုက်သည်။ အခြားသူများအတွက်မူ မရှိတော့ပေ။ ဤသည်မှာ ယခုအချိန်တွင် နောက်ဆုံးကျန်ရှိသော လက်ကျန်ဖြစ်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ" လော်ယွမ်က ဆေးလိပ်ကိုမီးညှိပြီးနောက် မေးလိုက်သည်။
"စုကျင်းဟောင်ပါ...ညီအကိုတွေက ကျွန်တော့်ကိုအထင်ကြီးလို့ အကိုဟောင်လို့ ခေါ်ကြတယ်" အမာရွတ်နဲ့လူက တစ်ဖွာရှိုက်လိုက်ပြီး ဖြည်းညင်းစွာ မီးခိုးမှုတ်ထုတ်လိုက်သည်။
"မင်းငါ့ကိုသတ်ချင်နေတယ်မလား... ဒီညဖြစ်မယ်ထင်တယ်" လော်ယွမ်က ပြောရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လက်ညှိုးထိုးပြလိုက်သည်။ "ဒီမှာဘယ်သူမှမရှိဘူး...လူဝင်လာရင်တောင် သိဖို့မလွယ်ဘူး... ပြီးတော့ဒီနေရာကဖြောင့်တန်းနေတဲ့ စင်္ကြ ံဆိုတော့ ပုန်းစရာနေရာလည်း မရှိဘူး... ဘယ်လောက်အစွမ်းထက်တဲ့သူပဲဖြစ်ဖြစ် သေနတ်သုံးလေးလက်နဲ့လမ်းကိုပိတ် ပစ်လိုက်ရင် ဇကာပေါက်ဖြစ်သွားမှာပဲ...ဆိုတော့ငါမင်းကိုအခုတစ်ခါထဲခုတ်သတ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်"
စုကျင်းဟောင်ဆိုသောလူ၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူ ခုန်ထရန် ကြံရွယ်လိုက်သော်လည်း တစ်ဝက်တစ်ပြက်ဖြင့် ပြန်ထိုင်ချလိုက်သည်။ အကြောင်းမှာ အပြာရောင်ဓားသွားတစ်စင်းက သူ၏လည်ပင်းကို ထောက်ထားသောကြောင့် ဖြစ်သည်။ သူ၏မျက်နှာမှာ ဖြူဖျော့သွားပြီး ဆေးလိပ်ညှပ်ထားသော လက်မှာ အနည်းငယ် တုန်ယင်လာသည်။
လည်ပင်းမှ အေးစက်စက် နာကျင်မှုက သူ့ကို ရှင်းလင်းစွာ သတိပေးနေသည်။ အကယ်၍သာ သူ အနည်းငယ်လှုပ်ရှားလိုက်ပါက မယုံနိုင်လောက်အောင် ထက်မြက်သော ထိုဓားက သူ၏လည်ပင်းကို ဖြတ်တောက်သွားမည်ဖြစ်ပြီး မည်သည့်ခုခံမှုကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ပေ။
သူ၏လည်ချောင်းက တစ်ချက်လှုပ်ရှားသွားပြီး တံတွေးမျိုချလိုက်သည်။ "အ..အကိုယွမ်အထင်မှားနေပြီ...ထင်တယ်"
စုကျင်းဟောင်၏ လက်အောက်ငယ်သားတစ်ဦးက ဤနေရာကို သတိပြုမိပြီး ပစ္စတိုကို အလျင်အမြန်ဆွဲထုတ်ကာ လော်ယွမ်ကို ချိန်ရွယ်လိုက်ပြီး "ဘာလုပ်တာလဲ ဓားကိုချလိုက်စမ်း... မဟုတ်ရင်..." ဟု အော်ဟစ်လိုက်သည်။
စကားတစ်ဝက်ပင် မဆုံးသေးခင်မှာပင် အမာရွတ်နဲ့လူသည် ဘေးမှလူရိပ်တစ်ခု ဝါးခနဲဖြစ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ပူနွေးသော သွေးများက သူ၏မျက်နှာနှင့် ကိုယ်ပေါ်သို့ ပန်းထွက်လာပြီး တစ်ကိုယ်လုံး စိုရွှဲသွားသည်။ ပြင်းထန်သော သွေးညှီနံ့များက သူ၏နှာခေါင်းထဲသို့ အဆက်မပြတ် တိုးဝင်လာသည်။
သူ၏လက်အောက်ငယ်သားက လည်ပင်းကို အားကုန်ဖိထားသည်ကို သူမြင်လိုက်ရသည်။ သို့သော် ဖိအားပြင်းသော သွေးများက လက်ချောင်းများကြားမှ တလဟောစီးကျနေဆဲဖြစ်သည်။ သူ၏မျက်လုံးများမှာ ပြူးကျယ်နေပြီး လည်ချောင်းမှ ''ဂလုဂလု'' ဟူသော အသံများ ထွက်ပေါ်နေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် မြေပြင်ပေါ်သို့ ''ဘုတ်'' ခနဲ လဲကျသွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
စုကျင်းဟောင် ပါးစပ်ဟောင်းသားဖြစ်သွားပြီး ရင်ဘက်မှာ ပြင်းထန်စွာ ခုန်ပေါက်နေကာ မျက်နှာမှာ တုန်လှုပ်ခြောက်ခြားနေသည်။ သွေးများ မျက်လုံးထဲသို့ ဝင်သွားသည်ကိုပင် မျက်တောင်မခတ်ရဲပေ။ အကြောင်းမှာ သူ၏လည်ပင်းမှ ဓားသည် လုံးဝမရွေ့လျားခဲ့ကြောင်း သူသတိပြုမိသောကြောင့် ဖြစ်သည်။ သို့မဟုတ် ပြောရလျှင် ဤဓား ရွေ့လျားခဲ့သည်ကို သူ လုံးဝမခံစားလိုက်ရပေ။
"နောက်တစ်ခါ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုသေနတ်နဲ့ချိန်ရဲရင် သူ့လိုမျိုး ဇာတ်သိမ်းရလိမ့်မယ်" လော်ယွမ်က အေးစက်စွာ ပြောလိုက်သည်။ ပတ်ဝန်းကျင်၏ အပူချိန်မှာ ရုတ်တရက် အေးစက်သွားသကဲ့သို့ပင်။ သေနတ်ကိုင်ရန် ပြင်ဆင်နေသော လက်အောက်ငယ်သားတစ်ဦးသည် ဤစကားကိုကြားပြီးနောက် လက်ကို ချက်ချင်းချလိုက်ပြီး မလှုပ်မယှက် ရပ်နေတော့သည်။ အစောပိုင်းက မြင်ကွင်းမှာ အလွန်လျင်မြန်လွန်းပြီး လူတိုင်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။ လူအတော်များများ လှုပ်ရှားမှုကိုပင် မမြင်လိုက်ကြပေ။ သူ ရုတ်တရက် လူသတ်ပြီးနောက် မူလနေရာသို့ ပြန်ထိုင်သည့်အချိန်မှာ စက္ကန့်ဝက်ပင် မကြာလိုက်ချေ။
ဝမ်ရှီရှီက ထိုမြင်ကွင်းကိုမြင်ပြီး ပါးစပ်ကိုအုပ်ထားကာ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် စိတ်လွတ်နေသကဲ့သို့ ဖြစ်နေသည်။ ဟွမ်ကျားဟွေက သက်ပြင်းချလိုက်ပြီး ဝမ်ရှီရှီကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
"ဟုတ်ပြီဒါဆို စောစောကကိစ္စ ဆက်ပြောကြတာပေါ့" လော်ယွမ်က ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်သည်။
"အထင်မှားတာ...အဲ့တာလုံးဝအထင်မှားတာပါ... ကျွန်တော့်မှာအဲ့လိုစိတ်မျိုး မရှိပါဘူး... ရှိခဲ့ရင်ကျွန်တော် အသေဆိုးနဲ့သေပါစေ" စုကျင်းဟောင်၏ ကိုယ်ခန္ဓာမှာ တောင့်တင်းနေပြီး အားတင်းပြုံးကာ အလျင်အမြန် ပြောလိုက်သည်။
သေခြင်းတရားသည် သူနှင့်ဤမျှလောက် နီးကပ်ခဲ့ဖူးခြင်းမရှိပေ။ ထိုအပြာရောင်ဓားသွားသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားသကဲ့သို့ သူ၏တစ်ကိုယ်လုံးကို အေးစက်သွားစေသည်။
"အထင်မှားတာပဲဖြစ်ဖြစ် အမှန်တရားပဲဖြစ်ဖြစ် အသက်သေဖို့ကအရမ်းလွယ်တယ် ငါ့ဓားတစ်ချက်လှုပ်လိုက်တာနဲ့ အသက်တစ်ချောင်းပျောက်သွားလိမ့်မယ်... အဲ့တော့မင်းဘာကိုလုပ်သင့်တယ် ဘာကိုမလုပ်သင့်ဘူးဆိုတာ သိဖို့လိုတယ်... မင်းမှာအခွင့်အရေးတစ်ကြိမ် အသက်တစ်ချောင်းပဲရှိတာ... မင်းရှေ့ဆက်အသက်ရှင်မရှင်က အခုကစပြီးမင်းရဲ့အပြုအမူတွေပေါ် မူတည်တယ်"
"ဟုတ်... ဟုတ်ကဲ့..." စုကျင်းဟောင်က အလျင်အမြန် ပြန်ဖြေလိုက်ပြီး မည်သည့်အတွေးမျှ မတွေးရဲတော့ပေ။
"ဟုတ်ပြီ...အလောင်းသွားပစ်ပြီး သွေးတွေကိုရှင်းလိုက်... မင်းသွားလို့ရပြီ မနက်ဖြန်မနက်စာ လာပို့ဖို့မမေ့နဲ့" လော်ယွမ်က တဲများထိုးပြီးသွားသည်ကိုမြင်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"သိ...သိပါပြီ"
အားလုံးက ကြီးမားသော လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သကဲ့သို့ပင်။ အရာအားလုံး သန့်ရှင်းပြီးနောက် စုကျင်းဟောင်၏ အဖွဲ့သည် လျင်မြန်စွာ ထွက်ခွာသွားကြပြီး အစောပိုင်းက လိုက်လာသော လူအုပ်ကြီးသာ ကျန်ရစ်ခဲ့သည်။
"အဲ့လူတွေကလူကောင်းမဟုတ်မှန်း ငါသိတယ်... သူတို့ဘာလို့တံခါးဖွင့်မပေးလဲစဉ်းစားနေတာ လက်စသတ်တော့ တံခါးအသေပိတ်ပြီး ဘုရင်တစ်ပါးလို လုပ်ချင်နေတာကိုး...ညီလေးယွမ်သူတို့လူတစ်ယောက်ကိုသတ်ပြီး ကျန်တဲ့သူတွေကိုခြောက်လိုက်တာမလား မဟုတ်ရင်သူတို့ပြဿနာပိုရှာကြမှာ... ငါတို့ကအကူအညီအများကြီး မပေးနိုင်ပေမယ့် ဒီညငါမအိပ်ပဲ ညီလေးယွမ်အတွက် ကင်းစောင့်ပေးမယ်" ဟော်တုံက မျက်နှာချိုသွေးရင်း ပြောလိုက်သည်။
"ဟုတ်တယ်ဟုတ်တယ်...မိုးလင်းတော့မှာပဲကို ဘယ်သူမှမအိပ်ကြနဲ့တော့ ဒီညငါတို့ကင်းစောင့်ကြတာပေါ့" လူအုပ်ထဲမှ တစ်ယောက်က ချက်ချင်းထောက်ခံလိုက်သည်။
ကမ္ဘာပျက်ကပ်တွင် အစွမ်းအစက အထင်ရှားဆုံးသော အရာဖြစ်ပြီး လုံခြုံမှု၏ အာမခံချက်ဖြစ်သည်။ လော်ယွမ်က မြင့်မားသော အစွမ်းအစကို ပြသလိုက်သည့်အခါ လူအတော်များများ စိတ်ကူးများ စတင်ဖြစ်ပေါ်လာကြသည်။
"ခင်ဗျားတို့ရဲ့ စေတနာကို ကျွန်တော်လက်ခံပါတယ်... ကျွန်တော်က မကြောက်ပေမဲ့ စောင့်ရှောက်ရမယ့် မိသားစုဝင်တွေ ရှိသေးတယ်... ကြည့်ရတာခင်ဗျားတို့ကိုဘဲ ဒုက္ခပေးရတော့မယ်" လော်ယွမ်က ရယ်မောရင်း ပြောလိုက်သည်။ သူ ငြင်းဆန်ခြင်းမရှိပေ။ ဤလူအုပ်ကြီး အပြင်ဘက်တွင် ရှိနေပါက သူတို့ကိုတိတ်တဆိတ် တိုက်ခိုက်ရန် ပို၍ခက်ခဲသွားမည်ဖြစ်သည်။
"ရတယ်ရတယ်...အကိုယွမ်စောစော အနားယူတော့ ကျွန်တော်တို့အပြင်မှာ စောင့်ကြပ်နေမယ်"
ဆက်ရန်...
အပိုင်း(၉၁)ညစကားဝိုင်း
လော်ယွမ်က တဲကိုလှပ်၍ ကြည့်လိုက်ရာ အတွင်း၌ စောင်များထားရှိခြင်းမရှိသည်ကို တွေ့ရ၏။ သို့သော် ယခုအခါ ရာသီဥတုက ပူနွေးနေပြီး ညအခါ၌ပင် အပူချိန်မှာ ဒီဂရီ နှစ်ဆယ်ကျော်ရှိနေသောကြောင့် စောင်မခြုံဘဲ နေလျှင်လည်း အေးခဲသွားမည်မဟုတ်ပေ။ တဲ၏အောက်ခြေတွင် ရေမြှုပ်တစ်လွှာခင်းထားရာ လော်ယွမ်က ဖိကြည့်လိုက်သောအခါ အတော်ပင် ပျော့ပျောင်းနေသည်ကို တွေ့ရသည်။
"နှစ်ခုလုံးကအတူတူပဲ...နင်ဘယ်တဲယူမလဲ" လော်ယွမ်က နောက်သို့လှည့်၍ ဝမ်ရှီရှီအား မေးလိုက်၏။
ဝမ်ရှီရှီ၏ မျက်နှာထက်တွင် ကြောက်ရွံ့ခြင်းအရိပ်အယောင်တို့က စွဲထင်ကျန်ရစ်နေဆဲဖြစ်၏။ သူမက ခဏမျှတုံ့ဆိုင်းပြီးနောက် "သမီးကြောက်လို့...ကိုကြီးယွမ်တို့နဲ့အတူအိပ်ချင်တယ်" ဟု ဆိုသည်။
လော်ယွမ်နှင့် ဟွမ်ကျားဟွေတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ခဏမျှစဉ်းစားပြီးနောက် လော်ယွမ်က "ဒါဆိုလည်း အတူတူအိပ်ကြတာပေါ့" ဟု ဆို၏။
ဤတစ်ညတာသည် လောကအကြောင်းကို ကောင်းစွာနားမလည်သေးသော ကလေးမလေးတစ်ယောက်အတွက်မူ အလွန်အမင်း သွေးစွန်းလွန်းပြီး ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။ ဝမ်ရှီရှီမဆိုထားနှင့် ဟွမ်ကျားဟွေပင်လျှင် ယခုအချိန်၌ မျက်စိမှိတ်လိုက်သည်နှင့် သွေးသံသရဲရဲ အသားစိုင်များနှင့် ကောင်းကင်တစ်ခုလုံး လွှမ်းသွားမတတ် ပျံ့ကျဲနေသော သွေးများကို မြင်ယောင်နေဆဲဖြစ်သည်။ အကယ်၍ သူမအား တစ်ယောက်တည်း အိပ်စက်စေပါက ချုပ်တည်းထားသော ကြောက်ရွံ့မှုတို့သည် သူမအား စိတ်ပြိုလဲသွားစေရန် လုံလောက်လှသည်။
သုံးဦးသား တဲအတွင်းသို့ ဝင်ရောက်သွားပြီးနောက် လော်ယွမ်က ဇစ်ကိုဆွဲပိတ်လိုက်သည်။
ဟွမ်ကျားဟွေသည် သေနတ်ကိုစစ်ဆေးပြီး ကိုယ်နှင့်မကွာထားကာ အဝတ်အစားမချွတ်ဘဲ လှဲလျောင်းလိုက်၏။ မူလက ဝမ်ရှီရှီသည် သူမ၏ဘေးတွင် အိပ်လိမ့်မည်ဟု တွေးထင်ထားသောကြောင့် နေရာတစ်ခုကို တမင်ချန်ထားပေးခဲ့သည်။ သို့သော် ဝမ်ရှီရှီက အခြားတစ်ဖက်တွင် လှဲလျောင်းလိုက်ပြီး သူမ၏ခန္ဓာကိုယ်သည် လော်ယွမ်၏ဘေးတွင် တင်းကျပ်စွာ တိုးကပ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
သူမက မျက်မှောင်အနည်းငယ်ကြုံ့လိုက်သော်လည်း ဝမ်ရှီရှီ၏ ခန္ဓာကိုယ်က မရပ်မနား တုန်ယင်နေသည်ကို မြင်သောအခါ စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို မချဘဲမနေနိုင်တော့ပေ။
လူတိုင်း အသက်ရှင်နေသမျှကာလပတ်လုံး ဤကိစ္စများကို လိုက်လံတွက်ကပ်နေလျှင်လည်း အဘယ်သို့အဓိပ္ပာယ်ရှိတော့မည်နည်။
"ကိုကြီးယွမ်...အဲ့လူဆိုးတွေဒီည သမီးတို့ကို တစ်ကယ်လာသတ်မှာလား" ဝမ်ရှီရှီသည် ခဏမျှလှဲလျောင်းပြီးနောက် လော်ယွမ်အား ပွေ့ဖက်ကာ တုန်ယင်သောလေသံဖြင့် မေးလိုက်သည်။
"သူတို့စဉ်းစားဉာဏ်ရှိရင် လာရဲမှာမဟုတ်ဘူး...အနည်းဆုံးတော့ဒီည မလာလောက်ဘူး ဘာမှမပူနဲ့ အိပ်တော့" ဟု လော်ယွမ်က ဆို၏။
"ရှင်စောစောက အဲ့တစ်ယောက်ကို တမင်သတ်လိုက်တာမလား" ဟု ဟွမ်ကျားဟွေက ပါးစပ်ဟလိုက်ပြီး မေးမြန်းခြင်းကို မပြုဘဲမနေနိုင်တော့ပေ။
အမှောင်ထုထဲတွင် ဝမ်ရှီရှီသည် မျက်လုံးများကို ပြူးကျယ်ထားလိုက်မိသည်။
လော်ယွမ်က ခဏမျှတိတ်ဆိတ်နေပြီးမှ "နင်ရဲမေလုပ်တုံးက ရာဇဝတ်သားတွေကိုမြင်ရင် ကြောက်လား" ဟု မေးလိုက်သည်။
"မကြောက်ဘူး" ဟု ဟွမ်ကျားဟွေက ခဏစဉ်းစားပြီးနောက် ပြန်လည်ဖြေကြားသည်။
"ဒါကဘာလို့လည်းဆိုတော့ နင့်လက်ထဲမှာသေနတ်ရှိနေလို့ပဲ" လော်ယွမ်က ဆိုသည်။ "အဲ့တာကနင့်ကိုသတ္တိရှိစေပြီး ကြောက်စိတ်ပျောက်အောင် လုပ်ပေးနိုင်တယ်...အခုသူတို့မှာရှိနေတာက သေနတ်တစ်လက်တည်းမဟုတ်ဘူး... ပြီးတော့ သူတို့ကလူကောင်းတွေ မဟုတ်တာ အသိသာကြီး... ငါလည်းလူမသတ်ချင်ပေမယ့် အဲ့လိုနမူနာမလုပ်ပြရင် မလိုအပ်တဲ့ပြဿနာတွေ တတ်သွားနိုင်တယ်"
"ဒါပေမဲ့အဲ့တာက လူ့အသက်ပဲလေ...ရှင်သူတို့ကိုနည်းနည်းဆုံးမလိုက်ရင် ရတာပဲကို"
"အဲ့လိုလုပ်လို့ သူတို့က ငါတို့ကို ငပျော့တွေလို့ထင်ပြီး လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတယ်လို့ သတ်မှတ်လိုက်ရင် ဘယ်လိုလုပ်မှာလဲ" ဟု လော်ယွမ်က ခပ်ပေါ့ပေါ့ဆိုလိုက်သည်။
"ဒါဆိုလည်း လက်တစ်ဖက် ဖြတ်လိုက်..." ဟု ဟွမ်ကျားဟွေက တစ်ဝက်တစ်ပျက်ဆိုပြီးနောက် ရပ်တန့်သွားသည်။ ဤစကားသည် သူမကိုယ်တိုင်ပြောဆိုသောစကားဖြစ်ကြောင်းကိုပင် မယုံကြည်နိုင်ဖြစ်နေ၏။
"အဲ့တာကသေတာထက်တောင် ဆိုးသေးတယ်...လက်ရှိအခြေအနေနဲ့ သူသွေးထွက်လွန်ပြီး တစ်ဖြည်းဖြည်းသေသွားမှာ" ဟု လော်ယွမ်က ရယ်မောဟန်ဖြင့် ဆိုသည်။
ဝမ်ရှီရှီသည် စကားဝိုင်းထဲသို့ မဝင်ဘဲမနေနိုင်တော့ဘဲ "အမဟွမ်...ကိုကြီးယွမ်ကိုအဲ့လိုမပြောပါနဲ့တော့... သူကသမီးတို့ကိုကာကွယ်ဖို့ လုပ်ရတာလေ...ကိုကြီးယွမ်သာမရှိရင် သမီးတို့သေတာဖြင့်ကြာလှပြီ" ဟု ဆို၏။
"နင်ကအခုကျ နင့်အကိုကို ကာကွယ်နေတယ်ပေါ့လေ...အရင်ကနင်ပဲ သူ့ကိုအရမ်းမုန်းနေတာ မဟုတ်ဘူးလား" ဟု ထိုသို့စကားဖြင့် လမ်းလွှဲခံလိုက်ရသောအခါ ဟွမ်ကျားဟွေ၏ မူလကပင် အားနည်းနေသော တရားမျှတလိုစိတ်သည်လည်း လုံးဝပျောက်ကွယ်သွားပြီး စိတ်မရှည်သောလေသံဖြင့် ဆိုလိုက်သည်။
"သမီးအဲ့တုံးကအရမ်းဝမ်းနည်းပြီး အရမ်းဒေါသထွက်နေပေမယ့် ကိုကြီးယွမ်က သမီးကောင်းဖို့အတွက်လုပ်ပေးမှန်း သမီးသိတယ်" ဟု ဝမ်ရှီရှီက ချွဲနွဲ့သောလေသံဖြင့် ဆိုသည်။
"နင်ကတော့မြှောက်ပင့်ဖို့ပဲသိတယ်" ဟု ဟွမ်ကျားဟွေက ဆို၏။
"သမီးမမြှောက်ပါဘူး...ကိုကြီးယွမ်ကတစ်ကယ့် လူကောင်းတစ်ယောက်ပဲကို"
--------------------------------
လော်ယွမ်သည် မိန်းကလေးနှစ်ဦး၏ အချီအချပြောဆိုနေသံကို နားထောင်ရင်း သူ၏စိတ်ထဲတွင် ငြိမ်းချမ်းသာယာသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေ၏။ သူသည် အိပ်ချင်စိတ်ကို အစွမ်းကုန်ကြိုးစား၍ ထိန်းချုပ်ထားသော်လည်း မျက်ခွံတို့က တဖြည်းဖြည်းလေးလံလာပြီး မကြာမီမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ ယနေ့တစ်နေ့လုံး သူသည် အနားယူခြင်းမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသည်သာမက စိတ်ပိုင်းဆိုင်ရာ၌လည်း ကြီးမားသောဖိအားတို့ကို ခံစားနေခဲ့ရသည်။ တင်းထားသောစိတ်အာရုံတို့ လျော့ကျသွားသည်နှင့်တစ်ပြိုင်နက် ပင်ပန်းနွမ်းနယ်မှုတို့က ချုပ်တည်းထားသော မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာတော့၏။
လေးလံသော ဟောက်သံကို ကြားလိုက်ရသောအခါ နှစ်ဦးသား၏ စကားသံတို့ တဖြည်းဖြည်းတိုးညင်းသွားသည်။
"ကိုကြီးယွမ် အိပ်ပျော်သွားပြီလား"
"သူအရမ်းပင်ပမ်းနေပြီလေ...နေ့လည်ကလည်း တစ်ယောက်ထဲအပြင်ထွက်သွားတာ ဘာသွားလုပ်မှန်းမသိပေမယ့် လွယ်တဲ့ကိစ္စတော့ မဟုတ်တာသေချာတယ်... သူ့ကိုအေးဆေးနားခွင့်ပေးလိုက်ပါ" ဟု ဟွမ်ကျားဟွေက လေသံတိုးညင်းစွာဖြင့် ဆိုသည်။ လော်ယွမ်သည် အိပ်ပျော်နေစဉ်မှာပင် လက်ထဲတွင် ဓားရိုးကို ဆုပ်ကိုင်ထားသည်ကို ကြည့်ရင်း သူမ၏စိတ်ထဲတွင် လုံခြုံမှုအပြည့်အဝကို ခံစားနေရ၏။
ယခင်က သူမ၏လေသံထဲတွင် အပြစ်တင်လိုဟန်များ ပါဝင်ခဲ့သော်လည်း အကယ်၍ လော်ယွမ်သာမရှိပါက ဤနေ့ရက်များကို မည်သို့မည်ပုံ ဖြတ်သန်းရမည်ကို သူမသည် စိတ်ကူးပင်မယဉ်နိုင်ပေ။
----------------------------
ဗုံးခိုကျင်း၏ အခြားစင်္ကြ ံလမ်းတစ်ခုတွင် ထိုနေရာကို သစ်သားပြားများဖြင့် ဖြစ်ကတတ်ဆန်း ပိုင်းခြားထားပြီး အတွင်း၌ ဆိုဖာအချို့နှင့် လက်ဖက်ရည်စားပွဲတစ်လုံးကို ချထားသည်။ လူ၁၀ယောက်ကျော်ခန့် စုဝေးနေကြပြီး လက်ဖက်ရည်စားပွဲပေါ်တွင် စည်သွပ်ဘူးများ၊ အာလူးကြော်များနှင့် ဘီယာပုလင်းအချို့ကို တင်ထားသည်။ မြေပြင်ပေါ်တွင် စီးကရက်တိုများ ပြန့်ကျဲနေပြီး လေထုထဲတွင် မီးခိုးငွေ့တို့ဖြင့် ဝေ့ဝဲနေကာ မျက်စိပင် ဖွင့်၍မရနိုင်လောက်အောင် ဖြစ်နေသည်။
စုကျင်းဟောင်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ၏မျက်နှာက ညိုမှိုင်းနေကာ ခေါင်းငုံ့၍ စီးကရက်ကို မရပ်မနားသောက်နေသည်။
ထိုအခါ သူ၏လက်က လည်ပင်းဆီသို့ လှမ်းလိုက်သော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက်ရပ်တန့်သွား၏။ ဤသို့ အလိုအလျောက်ဖြစ်သော အပြုအမူကို သူအကြိမ်မည်မျှ ပြုလုပ်မိသည်ကိုပင် မပြောနိုင်တော့ပေ။ ထိုအေးစက်သော ခံစားမှုက သူ၏လည်ချောင်းထက်တွင် စူးနစ်နေဆဲဖြစ်သကဲ့သို့ ရှိပြီး သူ၏အရိုးထဲထိ စွဲထင်မှတ်ကျန်စေခဲ့သည်။
"အကိုဟောင် ကျွန်တော်လူတစ်ချို့သွားခေါ်ပြီး အဲ့ကောင်ကိုအခုသတ်လိုက်မယ်... ဒီကိစ္စကျွန်တော်တို့ဒီတိုင်းထားလိုက်လို့ မရဘူး" ဟု ဆံပင်ကောက်ကောက်နှင့် လူငယ်တစ်ဦးက တင်းကျပ်သောအခြေအနေကို မခံနိုင်တော့ဘဲ ထ၍ဆိုလိုက်သည်။
"ရှောင်ဟူ...စိတ်လိုက်မာန်ပါမလုပ်နဲ့... ပြန်ထိုင်ပြီးအကိုဟောင်ပြောတာ နားထောင်" ဟု ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသည့် လူလတ်ပိုင်းတစ်ဦးက လေးနက်စွာဆိုပြီးနောက် စုကျင်းဟောင်အား "အကိုဟောင် ဒီမှာထိုင်နေရုံနဲ့ဘာမှမထူးဘူး ငါတို့ကိုဘာလုပ်စေချင်လဲ" ဟု ဆို၏။
စုကျင်းဟောင်က စီးကရက်ကို အားရပါးရတစ်ချက်ဖွာရှိုက်ပြီး မြေပေါ်သို့လွှင့်ပစ်လိုက်သည်။ သူခေါင်းမော့လာသောအခါ မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏မျက်နှာသည် ရက်ပေါင်းများစွာ အိပ်စက်ထားခြင်းမရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်နေ၏။ သူက ခေါင်းမော့လာပြီး အငြိုးကြီးသောလေသံဖြင့် "မင်းတို့အားလုံး ငါ့နောက်ကိုလိုက်ခဲ့တာ ၇နှစ် ၈နှစ်လောက်ရှိပြီ... အဲ့တော့ငါဘယ်လိုလူလဲဆိုတာ မင်းတို့သိမှာပဲ...ကောက်ကြည်သေတဲ့ကိစ္စမင်းတို့ထက်ငါက ပိုလို့တောင်မခံမရပ်နိုင်ဖြစ်သေးတယ် ဘာလို့လဲဆိုတော့ သူက ငါ့အစားသေပေးလိုက်ရတာမို့လို့ပဲ... အဲ့ခွေးမသားကိုငါတစ်စစီဖြစ်အောင် နုတ်နုတ်စင်းချင်တာ ဒါပေမဲ့ဒေါသက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး... အချိန်ကအရာအားလုံးရဲ့ဆရာပဲ...ငါတို့အနည်းဆုံးတော့ လောလောဆယ် ဒေါသကိုမျိုသိပ်ထားရမယ်..."
"ပြီးတော့အဲ့ကောင်က သန္ဓေပြောင်းလူသား သူ့အလျင်ကအရမ်းမြန်တယ် သေနတ်နဲ့တောင်သူ့ကိုမှန်အောင်ပစ်နိုင်မှာမဟုတ်ဘူး...ပြီးတော့အခုသူက ငါတို့ကိုသတိထားနေပြီဆိုတော့ လောလောဆယ်သူ့ကိုသွားထိလို့မဖြစ်ဘူး"ဟု ဆိုသည်။
"သန္ဓေပြောင်းလူဟုတ်လား" ပတ်ဝန်းကျင်မှ လူများအားလုံးသည် အံ့အားသင့်သော မျက်နှာများဖြင့် ရှိနေကြသည်။
ဤသို့သောလူစားမျိုးကို အခြေခံအားဖြင့် စစ်တပ်မှ အထူးခေါ်ယူလေ့ရှိပြီး သာမန်ပြည်သူများကြားတွင် ကျန်ရစ်သူမှာ အလွန်နည်းပါးလှသည်။ သာမန်ပြည်သူများကြားမှ ဆင့်ကဲပြောင်းလဲပြီးသားသူများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် အလွန်အေးဆေးစွာနေထိုင်ကြရာ ပတ်ဝန်းကျင်မှ လူများပင်လျှင် မည်သူက ဆင့်ကဲပြောင်းလဲပြီးသားဖြစ်သည်ကို မသိရှိနိုင်ပေ။ သို့ဖြစ်၍ ဆင့်ကဲပြောင်းလဲပြီးသားသူများသည် သာမန်လူတို့၏ မျက်လုံးထဲတွင် အတော်ပင် လျှို့ဝှက်ဆန်းကြယ်နေပြီး မကြာခဏကြားဖူးသော်လည်း အမှန်တကယ်မြင်ဖူးသူမှာ အနည်းငယ်မျှသာရှိသည်။
"ဒီကောင်လေးကတော်တော်ရက်စက်တယယ်...နည်းနည်းလေးရန်စမိတာနဲ့တန်းသတ်တာ...အဲ့တော့ခုကစပြီးသူ့ကိုသွားရန်မစမိစေနဲ့...အဲ့အစားသူ့ကိုလေးလေးစားစားဆက်ဆံကြ...သူတောင်းတာဘာပဲဖြစ်ဖြစ်ပေးလိုက်...ပြီးတော့မိန်းကလေးသုံးလေးယောက်လောက်ရွေးထုတ်ပြီး သူ့စီပို့ပေးလိုက်...သူစိတ်အေးလက်အေးဖြစ်သွားတဲ့ထိ ငါတို့စောင့်ကြတာပေါ့ ကျားဆိုရင်တောင်အလစ်အငိုက်ဆိုတာ ရှိတာပဲ...အကိုဟွမ်မင်းကစဉ်းစားဆင်ချင်တတ်တယ်...ဒီကိစ္စမင်းတာဝန်ယူလိုက်... သူကျေနပ်ပါလေ့စေ"
"စိတ်ချပါအကိုဟောင်" ဟု လူလတ်ပိုင်းအမျိုးသားက ဆိုသည်။
ထိုစကားကို ကြားပြီးနောက် လူအများစုသည် စိတ်ထဲမှ သက်ပြင်းကို တညီတညွတ်တည်း ချလိုက်ကြသည်။ လော်ယွမ်က သူတို့အပေါ်ထားခဲ့သော အမှတ်သညာသည် အလွန်ပင် စွဲထင်နေပြီး ကြမ်းကြုတ်လွန်းလှသည်။ လူမိုက်ထက်ပင် ပို၍လူမိုက်ဆန်သည်။ ထို့အပြင် စွမ်းအားကြီးလွန်း၍ မျှော်လင့်ချက်မဲ့စေသည်။ ဤသို့သော ကြမ်းတမ်းသည့် "မိစ္ဆာ" နှင့် ရင်ဆိုင်ရန် လောလောဆယ် မလိုအပ်တော့ဟု တွေးမိသောအခါ အားလုံး၏စိတ်ထဲတွင် ပေါ့ပါးသွားသကဲ့သို့ ခံစားရသည်။
ထိုစဉ် တံခါးကို ရုတ်တရက်တွန်းဖွင့်လိုက်ရာ လူအားလုံးသည် ကိုယ်များပင် တုန်တက်သွားပြီး တုံ့ပြန်မှုမြန်သော အချို့မှာမူ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ကြသည်။
ဝင်လာသူမှာ အိမ်ထောင်ရှင်အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အားလုံးက သူမအား စူးစိုက်ကြည့်နေသည်ကိုမြင်သောအခါ ခဏမျှတွေဝေသွားပြီးနောက် ချက်ချင်းပင် မျက်ခုံးများထောင်တက်ကာ "ဘာဖြစ်လို့ ဒီလောက်ညဉ့်နက်တဲ့အထိ မအိပ်ကြသေးတာလဲ...နှစ်နာရီတောင်ထိုးတော့မယ် ကလေးက အဖျားကြီးနေပြီ ရှင်ကလာတောင်မကြည့်ဘူး...ဆေးလိပ်တွေဒီလောက်သောက်နေတာ ရှင်တို့အဆုပ်ကင်ဆာဖြစ်မှာမြင်ယောင်သေးတယ်...အားလုံးသွားအိပ်ကြတော့" ဟု ကျယ်လောင်စွာ အော်ဟစ်ကြိမ်းမောင်းတော့သည်။
"အစ်မကြီး" ဟု အားလုံးက ခေါ်လိုက်ကြသည်။
စုကျင်းဟောင်က မတ်တပ်ထရပ်ပြီး လက်ကိုဝှေ့ယမ်းကာ "အားလုံးသွားအိပ်ကြတော့ အကိုဟွမ်မနက်ဖြန်ကိစ္စတာဝန်ယူလိုက်" ဟု ဆိုသည်။
လူလတ်ပိုင်းအမျိုးသားက သဘောပေါက်နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး အားလုံးက တန်းစီ၍ ထွက်ခွာသွားကြသည်။
ဆက်ရန်...
အပိုင်း(၉၂)ဓာတ်ရောင်ခြည်သင့်ခြင်း
လော်ယွမ်သည် အပြင်ဘက်မှ ဆူညံသံများကြောင့် လန့်နိုးလာခဲ့သည်။ သူက ဓားရိုးကို လျှပ်တပြက် ဆုပ်ကိုင်လိုက်ပြီး ခဏအကြာတွင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေတို့၏ လက်မောင်းနှင့် ခြေထောက်များကို သတိထား၍ ဖယ်ရှားလိုက်ရာ ထိုလှုပ်ရှားမှုကြောင့် သူတို့နှစ်ဦးလည်း နိုးသွားကြသည်။
"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက သေနတ်ကိုထုတ်ရင်း သတိကြီးစွာဖြင့် မေးလိုက်သည်။
"ဘာမှမဖြစ်ဘူး...နင်တို့ ဆက်အိပ်ကြ...ငါသွားကြည့်လိုက်ဦးမယ်" ဟု လော်ယွမ်က ဆိုကာ တဲ၏ဇစ်ကိုဆွဲဖွင့်ပြီး အပြင်သို့ ထွက်သွားလေသည်။
-------------------------------
အပြင်ဘက်တွင်တော့ အခြေအနေက ရှုပ်ထွေးနေပြီဖြစ်သည်။ လူအများအပျားက ငြင်းခုံနေကြသော်လည်း အားလုံးက မိမိတို့၏ အသံကို ထိန်းချုပ်ရန် ကြိုးစားနေကြ၏။
"ခင်ဗျားတို့က ကျုပ်တို့ကို ဒါတွေစားခိုင်းတာလား"
"ဒီလောက်ကျဲတဲ့ဆန်ပြုတ်က ဘယ်လိုလုပ် ဗိုက်ပြည့်မှာလဲ... မှန်တောင်ကြည့်လို့ရတယ်"
"ခင်ဗျားတို့ခေါင်းဆောင်ကို သွားခေါ်လိုက်...ကျုပ်တို့အတွက် စားစရာမရှိဘူးဆိုတာ မယုံဘူး...ခင်ဗျားတို့က ကျုပ်တို့ ခေါင်းဆောင်ယွမ်ကို အထင်သေးနေတာပဲ"
"အားလုံးစိတ်အေးအေးထားကြပါ... ကျွန်တော်တို့မှာအစားအစာတွေရှိတယ်ဆိုပေမယ့် အကုန်လုံးတစ်ခါထဲစားလိုက်လို့မရဘူးလေ... ဒီကနေဘယ်တော့ပြန်ထွက်နိုင်မှန်းလည်း သိတာမဟုတ်တော့ ရှိတာအကုန်ထုတ်စားပြီး အငတ်နေလို့မှမဖြစ်တာ မဟုတ်ဘူးလား" ဟု လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ခါးသက်သက် အပြုံးဖြင့် အဆက်မပြတ် ရှင်းပြနေသည်။
ဤစကားကိုကြားသော် လူအများစု၏ မျက်နှာပေါ်မှ ဒေါသအရိပ်အယောင်များ အနည်းငယ်လျော့ပါးသွား၏။ ဤနေရာမှ ဘယ်တော့ထွက်ခွာနိုင်မည်ကို မသိနိုင်သည့် အခြေအနေကို ပြန်တွေးမိသောအခါ လူအများစုက အစားအစာထပ်တောင်းရန် အကြံကို လက်လျှော့လိုက်ကြသည်။
"နောက်ပြီးတော့... နောက်ပြီးတော့..." ထိုလူလတ်ပိုင်းက အားတက်သရော ဆက်လက်ပြောဆိုရန် ပြင်လိုက်စဉ် လော်ယွမ်က ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်ကြီးကိုကိုင်ကာ မျက်နှာသေဖြင့် လျှောက်လှမ်းလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူ့မျက်နှာအမူအရာမှာ ချက်ချင်းတောင့်တင်းသွားပြီး စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့သွားကာ ရှေ့ဆက်မပြောနိုင်တော့ချေ။
"ခေါင်းဆောင်ယွမ်"
"ခေါင်းဆောင်ယွမ် နိုးလာပြီလား...တောင်းပန်ပါတယ်ဗျာ... ခင်ဗျားကို နှိုးလိုက်မိပြီ" ထိုလူလတ်ပိုင်းက မျက်နှာချိုသွေးကာ ချက်ချင်းပင် အလွန်တောက်ပသော အပြုံးကိုဖန်တီးလိုက်ပြီး ခါးကိုင်းညွှတ်လျက် ဆို၏။
လော်ယွမ်က ဤသူသည် စုကျင်းဟောင်၏ လူတစ်ယောက်ဖြစ်ကြောင်း မှတ်မိနေသည်။ ထို့အပြင် သူသည် လူမှုဆက်ဆံရေးကျွမ်းကျင်ပြီး စကားပြောကောင်းသူတစ်ဦးဖြစ်ရာ ဤလူများကို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်၍ သာမန်လူတစ်ယောက်မဟုတ်သည်မှာ ထင်ရှားသည်။
လော်ယွမ်က မျက်မှောင်ကြုတ်ကာ ရှေ့တွင်ချထားသော သံအိုးကြီးကို ကြည့်လိုက်သည်။ ဆန်ပြုတ်မှာ အလွန်ကျဲပြီး အိုးအောက်ခြေကိုပင် မြင်နိုင်လုနီးပါးဖြစ်သည်။ ပမာဏမှာ တစ်ယောက်လျှင် ပန်းကန်တစ်လုံးစာမျှသာ ရှိမည်ဖြစ်ပြီး ဘေးတွင်ချထားသော ဆားနယ်ငံပြာရည်မှာလည်း အနည်းငယ်မျှသာဖြစ်သည်။ သူက ယောက်ချိုကိုကိုင်၍ အနည်းငယ်မွှေလိုက်ပြီးနောက် ပြန်ချထားလိုက်သည်။
ထိုလူလတ်ပိုင်း၏အမည်မှာ ဟွမ်ကျုံးချန်ဖြစ်ပြီး လော်ယွမ်၏ မျက်မှောင်ကြုတ်နေသော အမူအရာကိုမြင်သော် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်လာသည်။ မိမိဘာကြောင့် ဤသို့သော အမှားမျိုးကို ကျူးလွန်မိပါလိမ့်ဟု သူ့ကိုယ်သူ ကျိန်ဆဲလိုက်မိသည်။ ဤလူသတ်ဘီလူး၏ စားစရာကို လျှော့ပေးရန် အကျင့်ပါနေသော အတွေးဝင်မိခဲ့သည်။ လော်ယွမ်၏ ရက်စက်သော လုပ်ရပ်များကို ပြန်တွေးမိသော် သူ့နဖူးပြင်တွင် ချွေးစေးများ အဆက်မပြတ် စို့တက်လာ၏။ လော်ယွမ်က တည်ငြိမ်နေပုံရသော်လည်း မည်သည့်အချိန်တွင် ရုတ်တရက်ထပြီး လူသတ်မည်ကို မည်သူသိနိုင်မည်နည်း။ ဤသို့ဖြစ်မည်မှန်းသိလျှင် သူ လိုက်လာခဲ့မည်မဟုတ်ပေ။ သို့သော် ယခု နောင်တရချိန်တွင်တော့ အရာရာမှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။
လော်ယွမ်က ဟွမ်ကျုံးချန်ကို မော့ကြည့်လိုက်ရာ ဟွမ်ကျုံးချန်၏ ကိုယ်သည် ရုတ်တရက် တုန်တက်သွားပြီး မျက်နှာမှာ ဖယောင်းကဲ့သို့ ဖြူဖျော့သွားကာ ယိုင်နဲ့သွားသည်။ သို့သော် သူက မျက်နှာပေါ်တွင် ပုံစံမကျသော အပြုံးတစ်ခုကို အားတင်းဖန်တီးထားဆဲပင်။ လော်ယွမ် စကားမပြောမီမှာပင် သူက အလျင်အမြန် ပြန်လည်ပြင်ဆင်ရန် ကြိုးစားလိုက်သည်။ "ကျွန်... ကျွန်တော် ဒီဆန်ပြုတ်အိုးကို ချက်ချင်းပြန်သယ်သွားပြီး ထမင်းနဲ့ဟင်း လာပို့ပေးပါ့မယ်"
လော်ယွမ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ မနေ့က လူတစ်ယောက်သတ်ခဲ့ခြင်းက ထိုသူ၏စိတ်ထဲတွင် ဤမျှနက်ရှိုင်းသော အမှတ်သညာတစ်ခု ချန်ထားခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် ဤသို့ ကြောက်ရွံ့နေခြင်းက ပို၍ကောင်းသည်။ သို့မှသာ မလိုအပ်သော ပြဿနာများ ရှုပ်ထွေးလာမည်မဟုတ်။ သူက ခေါင်းညိတ်လိုက်သည်။ "ဒါဆို အမြန်လုပ်"
ဟွမ်ကျုံးချန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ချွေးသုတ်ရန်ပင် မဝံ့ဘဲ လက်အောက်ငယ်သားနှစ်ဦးကို အမြန်ခေါ်ကာ သံအိုးကြီးကို ယိုင်နဲ့နဲ့ထမ်းပြီး နဂါးဂူနှင့် ကျားအသိုက်မှ လွတ်သွားသည့်အလား ထိုနေရာမှ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
ဤသေးငယ်သော ပြဿနာလေးဖြစ်ပွားပြီးနောက် မကြာမီပင် ထမင်းနှင့်ဟင်း ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင်မူ အတော်အတန် ပြည့်စုံသည်ဟု ဆိုနိုင်၏။ သို့သော် ၎င်းမှာ နှိုင်းယှဉ်ပြောဆိုခြင်းမျှသာဖြစ်သည်။ ကမ္ဘာမပျက်မီ အခြေအနေနှင့် မဆိုထားနှင့် လွန်ခဲ့သောတစ်ရက်က ဗီလာငယ်လေးတွင် စားသုံးခဲ့သည်နှင့်ပင် လုံးဝမယှဉ်နိုင်ပေ။
လော်ယွမ်က အပြင်မှလူများနှင့်အတူ မစားဘဲ ထမင်းနှင့်ဟင်းကို ခပ်ယူကာ စင်္ကြ ံလမ်းထဲသို့ ဝင်လာခဲ့သည်။
ထိုအချိန်တွင် ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့မှာ အိပ်ရာမှထနှင့်ပြီဖြစ်ပြီး ယူဆောင်လာသော ဇလုံငယ်လေးတစ်ခုထဲမှ ရေဖြင့် အလှည့်ကျ မျက်နှာသစ် သွားတိုက်နေကြသည်။
"ကျောပိုးအိတ်ထဲမှာ သောက်ရေသန့် ဘယ်နှဘူးကျန်သေးလဲ" ဟု လော်ယွမ်က မေးလိုက်သည်။ ညက ထွက်ပြေးရာတွင် ခရီးဆောင်အိတ်များ ကျန်ခဲ့သော်လည်း ကျောပိုးအိတ်မှာမူ ကျောပေါ်တွင်ရှိနေဆဲဖြစ်သည်။ သို့သော် ကျောပိုးအိတ်က သေးငယ်သောကြောင့် ပစ္စည်းများများစားစား မဆံ့ပေ။
"ကျွန်မ ခုနက ရေကြည့်တော့ ငါးဘူးကျန်သေးတယ်... ပြီးတော့ အစာခံဘီစကစ်ခြောက်နည်းနည်း ရှိသေးတယ်... ကျန်တာတွေက ရွှေချောင်းနဲ့ ရိက္ခာကူပွန်တွေပဲ... ဒါပေမဲ့ အဲ့တာတွေက ဒီနေရာမှာ အသုံးဝင်တော့မှာမဟုတ်ဘူးထင်တယ်" ဟု ဟွမ်ကျားဟွေက ဆိုသည်။
"ရိက္ခာကူပွန်တွေကို လွှင့်ပစ်လိုက်တော့... အသုံးမဝင်တော့ဘူး... ရေနဲ့ ဘီစကစ်တွေကိုတော့ လောလောဆယ် မသုံးနဲ့ဦး... အရေးပေါ်အခြေအနေရောက်မှ သုံးမယ်" လော်ယွမ်က မျက်မှောင်ကြုတ်လျက် မြေပြင်မှ တုန်ခါမှုသဲ့သဲ့ကို ခံစားရင်း စိုးရိမ်သောမျက်နှာဖြင့် ပြောသည်။ "ဒီမှာကြာကြာနေလို့မဖြစ်ဘူး... ငါတို့မကြာခင်ဒီကသွားမှဖြစ်မယ်"
"ဘာလို့လဲကိုကြီးယွမ်... ဒီနေရာကလုံခြုံတယ်မဟုတ်ဘူးလား... ဗုံးခိုကျင်းနံရံတွေက အရမ်းခိုင်ခံ့တာ သန္ဓေပြောင်းသတ္တဝါတွေ ဝင်လာနိုင်မှာမဟုတ်ဘူး" ဟု ဝမ်ရှီရှီက စိတ်လောစွာ ပြောသည်။ သူမသည် ဤနေရာတွင် အခြေတကျနေနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း တစ်ညတာမျှသာ ကုန်လွန်ပြီးနောက် ထွက်ခွာရန် ပြင်ဆင်ရတော့မည်ဖြစ်သည်။
"တစ်ကယ် ထွက်သွားရတော့မှာလား" အတွေ့အကြုံများစွာ ကြုံခဲ့ရပြီးသောကြောင့်လားမသိ ဟွမ်ကျားဟွေကမူ ပို၍တည်ငြိမ်နေသည်။
လော်ယွမ်က လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်သည်။ "ဒီနေရာက တကယ့်မြေအောက်အခြေစိုက်စခန်းမှ မဟုတ်တာ...ရိက္ခာသိုလှောင်ထားတာ ဘာမှမရှိဘူး... အဓိကက စားစရာအရမ်းနည်းတယ်... လူအများစုက သူတို့နဲ့ပါလာတဲ့ စားစရာနည်းနည်းပဲ ရှိကြတာ... သုံးလေးငါးရက်လောက်တော့ အဆင်ပြေနိုင်ပေမဲ့ အချိန်ကြာလာရင် ပြဿနာကြီးတက်နိုင်တယ်... ငါကိုယ်တိုင် အဆာမခံဖူးပေမဲ့ ဆာလောင်နေတဲ့လူတစ်စုက ဘယ်လိုအရာတွေ လုပ်လာနိုင်မလဲဆိုတာကိုတော့ မြင်ယောင်နိုင်တယ်... ငါတို့ သုံးလေးရက်လောက်နားပြီးရင် ဒီကနေထွက်သွားကြမယ်"
ဟွမ်ကျားဟွေ၏ စိတ်အစဉ်သည် တစ်ချက်တုန်လှုပ်သွားသည်။ ရှေးခေတ် အငတ်ဘေးကာလများအကြောင်း ရေးသားထားသည့် ကြက်သီးထဖွယ်ရာ မှတ်တမ်းများကို ပြန်လည်အမှတ်ရမိသောအခါ မကြာမီဖြစ်ပေါ်လာမည့် ကြေကွဲဖွယ်မြင်ကွင်းကို မြင်ယောင်လာသကဲ့သို့ ခံစားလိုက်ရပြီး သူမမျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားသည်။ "ဒါဆို... ကျွန်မတို့ ဘယ်ကိုသွားကြမှာလဲ"
"ဗီလာကိုအရင်ပြန်မယ်... အဲ့မှာတစ်နှစ်စာလောက်ရိက္ခာတွေ အဆင်သင့်ရှိတယ်... ပြီးတော့အဲ့ချိန်လောက်ဆို စားစရာလူတွေမရှိတော့လို့သန္ဓေပြောင်းသားရဲတွေလည်း ဆုတ်ခွာသွားလောက်ပြီ" ဟု လော်ယွမ်က မသေချာသောလေသံဖြင့် ဆို၏။
လော်ယွမ်က သားရဲကောင်များ၏ အစာအကြောင်းကို တည်ငြိမ်သောလေသံဖြင့် ပြောဆိုနေသည်ကို ကြားသောအခါ ဝမ်ရှီရှီ၏ အစာအိမ်ထဲမှ လှိုင်းထလာပြီး အန်ချင်သလိုဖြစ်ကာ မျက်နှာလေးမှာ ဖြူဖျော့သွားသည်။
ဤနေရာမှ လူအများစု သေဆုံးကြရမည်ကို တွေးမိသောအခါ ဟွမ်ကျားဟွေ၏ စိတ်နှလုံးမှာ ဖိစီးလာပြီး အသက်ရှူပင် မဝတော့ပေ။ အတန်ကြာမှ သူမက လေသံသဲ့သဲ့ဖြင့် ဆိုသည်။ "ဒါဆို...ဒီလူတွေအားလုံး သေရတော့မှာလား"
လော်ယွမ်က ဟွမ်ကျားဟွေ၏ အတွေးကို ကောင်းစွာနားလည်သည်။ သူက သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဗုံးခိုကျင်း အပြင်ဘက်က လူတွေနဲ့စာရင် ဒီကလူတွေက ကံကောင်းတယ်လို့ ဆိုရမှာပဲ... အနည်းဆုံးတော့ ဒီအချိန်အတောအတွင်းမှာ ငြိမ်းချမ်းနေသေးတယ်... လူသုံးလေးယောက် ဒါမှမဟုတ် ဆယ်ယောက်လောက်ဆိုရင်တောင် ငါကယ်နိုင်သေးတယ်... ဒါပေမဲ့ ဒီမှာက လူအရမ်းများတယ်... ညက ငါအကြမ်းဖျင်းတွက်ကြည့်တာ လူတစ်ထောင်လောက်ရှိမယ်ထင်တယ်... အားလုံးက သာမန်လူတွေချည်းပဲ... ဗီလာက စားစရာတွေအကုန် သူတို့ကိုပေးလိုက်ရင်တောင် ဘယ်နှစ်ရက်မှခံမှာမဟုတ်ဘူး... ဘာမှမတွေးနဲ့တော့ ထမင်းအရင်စားရအောင်"
လော်ယွမ်က ထမင်းပန်းကန်ကို မလိုက်သော်လည်း ရုတ်တရက် စားချင်စိတ်မရှိတော့ဘဲ ထမင်းနှစ်လုပ်သုံးလုပ်မျှ စားပြီးနောက် ဆက်မစားနိုင်တော့ပေ။ သူ့စိတ်ထဲတွင် ဖော်မပြနိုင်သော အပြစ်ရှိသလို ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။
သို့သော် ထိုအပြစ်ရှိသလို ခံစားချက်က လူကိုသေစေနိုင်ကြောင်း သူသိသည်။ သူက အသက်ကိုစွန့်၍ နေ့စဉ်အပြင်ထွက်ကာ သားရဲကောင်များကို အမဲလိုက်လျှင်ပင် ဤမျှများပြားသော လူများကို ကျွေးမွေးနိုင်မည်မဟုတ်ပေ။ အူမတောင့်မှ သီလစောင့် ဟူသော ဆိုရိုးစကားအတိုင်းပင်။ အခြေအနေအရ ကြည့်လုပ်ရုံသာရှိတော့သည်။ အကယ်၍ ထိုအချိန်တွင် မိမိနောက်သို့ လိုက်လိုသူများရှိပါက ကယ်နိုင်သလောက် ကယ်သွားရမည်ဟု သူ တိတ်တဆိတ် တွေးလိုက်သည်။
-------------------------------------
နောက်တစ်နေ့တွင် လော်ယွမ်တို့နှင့်အတူ လိုက်ပါလာသူအချို့မှာ အော့အန်ဝမ်းလျှောခြင်းများ စတင်ဖြစ်ပွားပြီး အရေပြားပေါ်တွင် သွေးနီရောင်အစက်အပြောက်များ ပေါ်ပေါက်လာသည်။ အခြေအနေဆိုးရွားသူများမှာ အဖျားကြီးကာ သတိလစ်မေ့မြောသည်အထိ ဖြစ်ပွား၏။ ညနေပိုင်းရောက်သောအခါ ဟွမ်ကျားဟွေပင်လျှင် မောပန်းနွမ်းနယ်လာပြီး ခြေလက်များ ပျော့ခွေလာသည်။
အစပိုင်းတွင် ၎င်းကို ပြင်းထန်သော ကူးစက်ရောဂါတစ်ခုဟု ထင်မှတ်ကြသောကြောင့် ဗုံးခိုကျင်းတစ်ခုလုံး ထိတ်လန့်သွားကြသည်။ ကမ္ဘာပျက်ကာလတွင် ဆေးဝါးရှားပါးသောကြောင့် ကူးစက်ရောဂါဖြစ်ပွားပါက သေဆုံးရန် နီးစပ်လှသည်။ ထို့အပြင် ထိုကူးစက်ရောဂါများမှာ မျိုးဗီဇပြောင်းလဲထားခြင်း ရှိ၊ မရှိကို မည်သူမျှ မသိနိုင်သဖြင့် သီးသန့်ကုသနိုင်သော ကိုယ်ခံအားဆေးများမရှိလျှင် သေဆုံးရန်သာရှိသည်။
သို့သော် မကြာမီမှာပင် သူတို့နှင့်အတူပါလာသော လူငယ်တစ်ဦးက ၎င်းသည် အနုမြူဓာတ်ရောင်ခြည်သင့်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်ကြောင်း သတိပေးခဲ့သည်။
ထိုသူမှာ ဆရာဝန်တစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် ဆေးဝါးအလွန်ရှားပါးသောကြောင့် ကောင်းမွန်သော ကုသနည်းမရှိပေ။ သူက လော်ယွမ်ကို ဆားရည်အချို့ပြင်ဆင်ခိုင်းပြီး လူများကို များများသောက်သုံးစေရန်သာ ပြောနိုင်ခဲ့သည်။
လော်ယွမ်က ဆရာဝန်မဟုတ်သော်လည်း တက္ကသိုလ်တွင် သိပ္ပံဘာသာရပ်ကို သင်ယူခဲ့သူဖြစ်သည်။ အိုင်အိုဒင်းဆားတွင် ပိုတက်စီယမ်အိုင်အိုဒိုက် ပါဝင်ပြီး ၎င်းက ရေဒီယိုသတ္တိကြွအိုင်အိုဒင်းများ သိုင်းလေပြွန်ထဲသို့ ဝင်ရောက်ခြင်းကိုသာ ကာကွယ်နိုင်ပြီး အနုမြူဓာတ်ရောင်ခြည်အပါအဝင် အခြားဓာတ်ရောင်ခြည်သင့်ခြင်းများကို မကာကွယ်နိုင်ပေ။ သို့သော် ယခုအချိန်တွင်မူ ရေနစ်သူကောက်ရိုးတစ်မျှင်ဆွဲသကဲ့သို့သာ တတ်နိုင်သမျှ လုပ်ဆောင်ရတော့မည်။
ဆားရည်သောက်ပြီး နာရီအနည်းငယ်အကြာတွင် အိုင်အိုဒင်းဆား၏ အာနိသင်ကြောင့်လော သို့မဟုတ် ကိုယ်ခံစွမ်းအားကြောင့်လောမသိ၊ ဟွမ်ကျားဟွေသည် သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ နောက်တစ်နေ့တွင် အခြေအနေအဆိုးဆုံးဖြစ်သော လူသုံးဦး သေဆုံးသွားသော်လည်း တတိယမြောက်နေ့တွင် လူတိုင်း တဖြည်းဖြည်း ပြန်လည်ကျန်းမာလာကြရာ ထိုဆရာဝန်က အံ့ဖွယ်ဖြစ်ရပ်ဟု အကြိမ်ကြိမ် ဆိုလေ၏။
လော်ယွမ်ကမူ အမှန်တရားကို သိနေသည်။ ကမ္ဘာပျက်ကာလတွင် လူသားများသည် တိရစ္ဆာန်များကဲ့သို့ အကြီးအကျယ် ပြောင်းလဲစေလောက်သည့် ဆင့်ကဲပြောင်းလဲမှုမျိုး မရှိခဲ့သော်လည်း စားသုံးသော အစားအစာများကြောင့် လူတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ ကမ္ဘာမပျက်မီကထက် သိသိသာသာ တိုးတက်လာခဲ့သည်။ အနည်းငယ် သို့မဟုတ် အလယ်အလတ်အဆင့် ဓာတ်ရောင်ခြည်သင့်ခြင်းများက လူ့ခန္ဓာကိုယ်အတွက် သေစေနိုင်လောက်သည့် အခြေအနေမျိုး မဟုတ်တော့ပေ။
လော်ယွမ်နှင့် ဝမ်ရှီရှီတို့မှာမူ ကိုယ်ခန္ဓာကြံ့ခိုင်မှု အရင်းခံကောင်းမွန်သောကြောင့် အနည်းငယ်မျှသော ဝေဒနာခံစားရခြင်းပင် မရှိခဲ့ချေ။
ဆက်ရန်...