← Chapters

အခန်း (၁၀၁-၁၀၄)

Vol. 6 Ch. 101-104

အခန်း (၁၀၁-၁၀၄)

Vol. 6 Ch. 101-104

အပိုင်း(၁၀၁)မီးရောင်

ထိုအဖွဲ့မှာ နံနက်ပိုင်းက ခက်ခဲပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော မြေယာရှင်းလင်းခြင်းကို တွေ့ကြုံခဲ့ရသော်လည်း နေ့လည်ပိုင်းတွင်မူ အနားယူခွင့်မရရှိခဲ့ကြသေးပေ။

ဟင်းအမျိုးစုံလင်သော နေ့လယ်စာတစ်နပ်ကို စားသုံးပြီးနောက်တွင် အားလုံးသည် တစ်ဖန်ပြောင်းရွှေ့ခြင်းကို စတင်ပြုလုပ်ကြတော့သည်။

ကမ္ဘာပျက်ကပ်ကာလထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ ပစ္စည်းများလွန်းသည်ဟု မတွေးကြပေ။ ကျိုးပဲ့နေသော ကုလားထိုင်တစ်လုံးပင်လျှင် အသုံးဝင်သောနေရာရှိပြီး အနည်းဆုံးတော့ ထင်းအဖြစ် မီးမွှေးနိုင်သည်။ သို့ဖြစ်၍ ပစ္စည်းအလွန်များနေသည်ကို အမှန်တကယ် ပြောင်းရွှေ့သောအခါမှသာ သိရှိလိုက်ရတော့သည်။

ကုတင်၊ စောင်၊ ပရိဘောဂ၊ ဆန်၊ အဝတ်အစား၊ ဓာတ်ဆီ၊ မီးစက်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အိုးခွက်ပန်းကန်များနှင့် အခြားသော အသေးအဖွဲပစ္စည်းအမျိုးမျိုးတို့က မရေမတွက်နိုင်အောင်ရှိနေပြီး အချိန်ကုန်လူပန်းလှသည်။

ပစ္စည်းအားလုံးကို ဗီလာအသစ်သို့ ပြောင်းရွှေ့ပြီးစီးသောအခါ ညနေစောင်းအချိန်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။

လူတိုင်း၏ မျက်နှာထက်တွင် ပျော်ရွှင်သောအရိပ်အယောင်များ သန်းနေကြသည်။ အထူးသဖြင့် အသစ်ရောက်လာသောသူများအတွက်မူ ဤသည်မှာ နောက်နောင်တွင် အခြားသူများနှင့် စုပြုံနေစရာမလိုတော့ဟု အဓိပ္ပာယ်ရသည်။ စုပြုံနေခြင်းကအမျိုးသားများအတွက်မူ အနည်းငယ်တော်သေးသော်လည်း အမျိုးသမီးများအတွက်မူ အဆင်မပြေမှုများနှင့် စိတ်မသက်မသာ ဖြစ်မှုအမျိုးမျိုးရှိနေပြီး အိမ်သာတက်ရန်ပင်လျှင် အခြားသူများကို သတိဖြင့်ရှောင်ရှားနေရသည်။

ဗီလာအသစ်သည် မူလဗီလာထက် များစွာပို၍ကြီးမားပြီး ရှိနေသောအခန်းလွတ်များသည် အနည်းဆုံး လူနှစ်ဦးလျှင် အိပ်ခန်းတစ်ခန်း ရရှိနိုင်ပြီး ကံကောင်းပါက တစ်ယောက် တစ်ခန်းပင် ရရှိနိုင်သည်။

လော်ယွမ်က အကျယ်ဆုံးအိပ်ခန်း(master bedroom)ကို မဆိုင်းမတွပင် ရယူလိုက်သည်။ အိပ်ခန်းထဲမှ ဗီလာ၏ မူလပိုင်ရှင်၏ မင်္ဂလာဆောင်ဓာတ်ပုံသည် အမှိုက်ပုံးထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့ပြီ။ အိပ်ခန်းအတွင်းကို သန့်ရှင်းစွာ ရှင်းလင်းထားပြီး မူလကုတင်ပေါ်မှ စောင်ကိုလည်း အဝတ်ဗီရိုထဲသို့ ထိုးထည့်ကာ အရင်ဗီလာဟောင်းမှ စောင်နှင့် အစားထိုးထားလိုက်သည်။

ဤသည်မှာ သေဆုံးသူများ သုံးစွဲခဲ့သောကြောင့် စိတ်ထဲ၌ မသတီဖြစ်ခြင်းကြောင့်တော့မဟုတ်ပေ။ သေဆုံးသူများဆိုသည်မှာ ယခုအခါ လူတိုင်းအတွက် ကျင့်သားရနေသောအရာတစ်ခုဖြစ်နေပြီ။ အကယ်၍ မသတီဖြစ်ရမည်ဆိုပါက သန္ဓေပြောင်း သတ္တဝါတို့၏အသားကိုပင် စားသုံးနိုင်မည်မဟုတ်ပေ။ မြို့ထဲတွင် လှည့်လည်သွားလာနေသော သန္ဓေပြောင်း သတ္တဝါများထဲတွင် မသေခင်က လူသားများကို မစားဖူးသော သန္ဓေပြောင်း သတ္တဝါတစ်ကောင်မျှ မရှိပေ။ သွယ်ဝိုက်သောနည်းဖြင့် လူသားစားသုံးခြင်းကိုပင် လက်ခံနိုင်နေပြီဖြစ်ရာ ဤသို့သောအရာကို မသတီဖြစ်ရန် အကြောင်းမရှိတော့ပေ။

စောင်ကို လဲလှယ်ရခြင်းအကြောင်းမှာ ဤစောင်အစုံသည် ရက်ပေါင်းများစွာ အသုံးမပြုဘဲထားသောကြောင့် မှိုတက်နေသော အနံ့များ ထွက်နေသောကြောင့် ဖြစ်၏။

ပြောင်းရွှေ့ပြီးနောက်တွင် အလုပ်များပြီးဆုံးသွားသည်ဟု မဆိုလိုသေးပေ။ ဗီလာတစ်ခုလုံးသည် သားရဲအုပ်ကြီးများ ဝင်ရောက်စဉ်က ကောင်းမွန်စွာ ကျန်ရစ်ခဲ့သော်လည်း မှန်အားလုံးသည် တုန်ခါမှုကြောင့် ကွဲကြေသွားခဲ့ပြီး မည်သည့်ပြတင်းပေါက်တစ်ခုမျှ ကောင်းမွန်စွာ မကျန်ရစ်တော့ဘဲ လုံခြုံမှုကင်းမဲ့နေသည်။ လော်ယွမ်က ကြီးမားသော သန္ဓေပြောင်း သတ္တဝါများကို ကာကွယ်နိုင်ရန် မမျှော်လင့်ဝံ့သော်လည်း အနည်းဆုံးတော့ သန္ဓေပြောင်း ခြင်ကဲ့သို့သော အန္တရာယ်ရှိသည့် သတ္တဝါများ ဝင်ရောက်ခြင်းကို တားဆီးနိုင်ရန် လိုအပ်သည်။

သူက အိမ်ရာတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေရာ ကံကောင်းစွာဖြင့် မြေအောက်ကားရပ်နားရာနေရာမှ ဂိုဒေါင်ငယ်တစ်ခုထဲတွင် ဘိလပ်မြေအိတ်အချို့ကို တွေ့ရှိခဲ့သည်။ ထို့နောက် ဟော်တုံနှင့် အခြားသူအချို့နှင့်အတူ နေရာအနှံ့တွင် တွေ့မြင်နိုင်သော အပျက်အစီးများကြားမှ အုတ်ခဲအချို့ကို သယ်ဆောင်လာပြီး ရေဖြင့်ရောမွှေကာ ပြတင်းပေါက်အားလုံးကို ဘိလပ်မြေဖြင့် ပိတ်ဆို့လိုက်သည်။ လေအေးပေးစက်နှင့် မီးဖိုခေါင်းတိုင်မှ ပိုက်လိုင်းများကိုပင် မချန်လှပ်ခဲ့ပေ။

နောက်ဆုံးပြတင်းပေါက်ကို ပိတ်ဆို့ပြီးစီးသောအခါ ဗီလာတစ်ခုလုံးသည် ချက်ချင်းဆိုသလို မှောင်မိုက်၍ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းရဲတိုက်ကြီးတစ်လုံးကဲ့သို့ ဖြစ်သွားသည်။ တံခါးကိုသာ ပိတ်လိုက်ပါက လုံးဝမှောင်မိုက်သွားပေလိမ့်မည်။

အခန်းက မှောင်မိုက်နေသော်လည်း အတွင်း၌ ရှိနေစဉ်တွင်မူ လုံခြုံမှုအပြည့်အဝကို ခံစားနေရသည်။

နောက်ဆုံးတွင် လော်ယွမ်က မီးစက်ကို မြေအောက်ခန်းသို့ သယ်ဆောင်သွားပြီး ပြန်လည်စတင်လိုက်သည်။ ထိုအခါ ကြီးမားသောဆူညံသံကို ပထမဆုံးအကြိမ် ကြားလိုက်ရပြီး ဗီလာတစ်ခုလုံးသည် ချက်ချင်းဆိုသလို မီးရောင်များဖြင့် လင်းထိန်သွားတော့သည်။

သူသည် ဤမြေအောက်ခန်း၌ အသံလုံသော ဒီဇိုင်းဖြင့် အထူးပြုလုပ်ထားသည်ကို အစောကတည်းက တွေ့ရှိထားခဲ့သည်။ ဤသည်မှာ ဗီလာ၏မူလပိုင်ရှင်၏ အထူးဝါသနာကြောင့် ဖြစ်နိုင်၏။ ထို့ကြောင့်ပင် သူက မီးစက်ကို ရဲရဲဝံ့ဝံ့ စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ တံခါးကို ပိတ်လိုက်သည်နှင့် အတွင်းမှ အသံအများစုသည် အမှန်ပင် ပိတ်ဆို့သွားပြီး အနည်းငယ်ယိုစိမ့်ထွက်လာသောအသံသည်လည်း ပေ၃၀ဝန်းကျင်မျှသာ သွားပြီးနောက် လေထုထဲတွင် လုံးဝပျောက်ကွယ်သွားသည်။

ဗီလာ၏ဧည့်ခန်းထဲတွင် အားလုံးသည် စိတ်လှုပ်ရှားသော မျက်နှာများဖြင့် ရှိနေကြပြီး လူအများစုမှာမူ ပျော်ရွှင်လွန်း၍ မျက်ရည်များပင် ကျလာကြသည်။ ဖြူစင်၍ တောက်ပသော မီးရောင်ကိုကြည့်ရင်း မနေ့တစ်နေ့က အဖြစ်အပျက်များကဲ့သို့ပင် ထင်မှတ်နေကြသည်။

လော်ယွမ်က ပြုံးရွှင်စွာဖြင့် ခုန်ပေါက်နေကြသော လူအုပ်ကို ကြည့်ပြီးပြုံးလိုက်သည်။ မည်မျှပင် တည်ငြိမ်စွာနေတတ်သူဖြစ်စေကာမူ ဤအချိန်တွင် မိမိ၏စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ကြတော့ပေ။ တစ်နေ့နေ့တွင် မီးရောင်ကို တစ်ဖန်ပြန်လည်မြင်တွေ့နိုင်လိမ့်မည်ဟု သူတို့သည် တစ်ခါမျှ မတွေးထင်ခဲ့ကြပေ။ ယခင်က အလွန်ကျင့်သားရနေပြီး အနည်းငယ်မျှပင် သတိမထားမိခဲ့သော မီးအလင်းရောင်က သူတို့ကို ဤမျှလောက်ကြီးမားသော စိတ်လှုပ်ရှားမှုကို ပေးလိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ခဲ့ကြပေ။

"ဟာ…ကျွန်မဖုန်းအားသွင်းလို့ရလား" နင်းရှောင်ယန်က မျက်ရည်များကိုသုတ်ရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလျင်အမြန် ရှာဖွေလိုက်သည်။ သို့သော် အိတ်ကပ်အားလုံးကို ရှာဖွေပြီးသည့်တိုင် ယခင်ကဖုန်းကို မည်သို့မျှ ရှာမတွေ့တော့ပေ။ မည်သည့်အချိန်က ပျောက်ဆုံးသွားသည်ကိုပင် မသိတော့ရာ တစ်ခဏအတွင်း စိုးရိမ်လွန်း၍ ငိုတော့မတတ်ဖြစ်နေသည်။

"ငါ့ဖုန်းကို သုံးလိုက်" ဟု ချောင်လင်က ဖျောင်းဖျပြောဆိုရင်း အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ပလပ်ပေါက်တစ်ခုကိုရှာ၍ အားသွင်းပြီးနောက် ပါဝါခလုတ်ကို နှိပ်လိုက်သည်။

"အင်း... အင်း" နင်းရှောင်ယန်က လက်ဖြင့် အဝတ်စကို လိမ်ကျစ်ရင်း ကျေးဇူးတင်စွာဖြင့် အဆက်မပြတ်ခေါင်းညိတ်ပြသည်။ သူမ၏မျက်လုံးများသည် သာယာနာပျော်ဖွယ်ကောင်းသော ဖုန်းပါဝါပွင့်သံထွက်ပေါ်လာသည့် ဖုန်းကို စူးစိုက်ကြည့်နေပြီး စိတ်လွတ်နေသော အမူအရာဖြင့် ရှိနေသည်။

မကြာမီမှာပင် အခြားသူများလည်း ဖုန်းများကိုရှာဖွေပြီး အားသွင်းကာ ဖွင့်ကြတော့သည်။

လူတိုင်းသည် တိတ်ဆိတ်သွားကြပြီး မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများက တင်းကျပ်နေသော စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးသွားသည်။

"နင်ရောဖုန်းအားမသွင်းဘူးလား" လော်ယွမ်က ဟွမ်ကျားဟွေအား မေးလိုက်သည်။

"မသွင်းတော့ပါဘူး" ဟွမ်ကျားဟွေက အားတင်းပြီး ပြုံးလိုက်သည်။ "တကယ်တော့ ဖုန်းအားမကုန်ခင်ထဲက ဘယ်ဖုန်းမှခေါ်လို့မရတော့တာ"

"ကိုကြီးယွမ်…သမီးကိုဖုန်းခဏလောက် ငှားပါလား… သမီးအဖေနဲ့အမေကို ခေါ်ကြည့်ချင်လို့ ကံကောင်းရင်သူတို့ကို ဆက်သွယ်လို့ရရင်ရမှာ" ထိုစဉ် ဘေးမှ ဝမ်ရှီရှီက ရုတ်တရက်ဆိုလိုက်သည်။ သူမ၏မျက်နှာလေးက စိုးရိမ်စိတ်များဖြင့်ပြည့်နေပြီး အားတင်း၍ တည်ငြိမ်ဟန်ဆောင်ထားသည်။

ယခုမှ ဆယ့်လေးနှစ်ပင် မပြည့်သေးသော ဤကလေးမလေးကို ကြည့်ရင်း စိတ်ထဲမှ ကရုဏာသက်သွားပြီး အလျင်အမြန်ဆိုလိုက်သည်။ "ခဏစောင့်… ငါအခုသွားယူပေးမယ်"

လော်ယွမ်က ဒုတိယထပ် အိပ့်ခန်းကျယ်သို့ ပြေးတက်သွားပြီး နေရာအနှံ့ရှာဖွေကာ နောက်ဆုံးတွင် ပစ္စည်းအစုံအလင်ထည့်ထားသော ဖိုင်အိတ်တစ်ခုထဲတွင် သူ၏ဖုန်းနှင့် အားသွင်းကြိုးကို ရှာတွေ့ခဲ့သည်။ သူက ပထမထပ်သို့ဆင်းလာပြီး အားသွင်းကာ ဖုန်းဖွင့်ပြီးနောက် ဝမ်ရှီရှီအား နှစ်သိမ့်လိုက်သည်။ "မစိုးရိမ်နဲ့… ခဏနေဆိုရပြီ"

"ကိုကြီးယွမ် သမီးကိုနှစ်သိမ့်စရာမလိုပါဘူး… တကယ်တော့ သမီးလည်း မမျှော်လင့်တော့တာ ကြာပါပြီ… မဟုတ်ရင်သူတို့သမီးကို ဒီလောက်အကြာကြီး လာမရှာပဲ နေမှာမဟုတ်ဘူးလေ" ဝမ်ရှီရှီသည် စကားမဆုံးမီမှာပင် စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်များ တပေါက်ပေါက်ကျလာပြီး နောက်ဆုံးစကားတစ်ဝက်မှာတွင် ရှိုက်ကြီးတငင်ငိုရှိုက်နေတော့သည်။

"ဘာလိုင်းမှမရှိတော့ဘူး" ထိုအချိန်တွင် ချောင်လင်က ဖုန်းကို စူးစိုက်ကြည့်ရင်း လေးလံစွာ ဆိုလိုက်သည်။

နင်းရှောင်ယန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး အားလျော့စွာဖြင့် ဆိုဖာပေါ်သို့ ထိုင်ကျသွားသည်။

ဟော်တုံက စိတ်ပျက်စွာဖြင့် ဖုန်းကိုချလိုက်ပြီး သက်ပြင်းတစ်ချက်ချရာ အခန်း၏အခြေအနေက လေးလံသွားတော့သည်။

လော်ယွမ်က ဖုန်း၏ဖန်သားပြင် နောက်ဆုံးတွင် ရပ်တန့်သွားသည်ကို ကြည့်လိုက်သည်။ အပေါ်ဘားတွင် လိုင်းတစ်တုံးမျှပင်မရှိပေ။ သို့သော် ဖတ်မထားသော စာတိုတစ်စောင်မှာမူ ဖုန်းထဲ၌ ရှိနေသေးသည်။ လိုင်းမရှိပါက စာတိုလက်ခံရရှိနိုင်မည်မဟုတ်ရာ ဤစာတိုသည် ယခင်ဖုန်းအားရှိနေစဉ်ကတည်းက ရောက်ရှိနေသော စာတိုဖြစ်သည်မှာ ထင်ရှားသည်။ ကြည့်ရန် အချိန်မရမီမှာပင် ဖုန်းအားကုန်၍ ပိတ်သွားခြင်းဖြစ်နိုင်သည်။

စာတိုက ဟွမ်ရှကွမ် ထံမှ ဖြစ်နေသည်။ လော်ယွမ်သည် အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး စာလုံးတစ်လုံးချင်းစီကို ဖြည်းညင်းစွာ ဖတ်ရှုနေသည်။ စာလုံးဆယ်ဂဏန်းမျှသာရှိသော စာတိုကို သူသည် မိနစ်အနည်းငယ်မျှ ကြာအောင် ကြည့်နေခဲ့သည်။

"လော်ယွမ်… နင်ဟယ်တုံမြို့မှာရှိသေးရင် ငါတို့ဆီလာခဲ့… ငါ့အဖေနဲ့သူ့သူငယ်ချင်းတွေ မြေအောက်စခန်းတစ်ခု ဆောက်ထားတယ်… နင်ကသူများလက်အောက်မှာ နေရတာမကြိုက်မှန်း ငါသိပေမယ့် ဘေးကင်းလုံခြုံဖို့က ပိုအရေးကြီးတယ်မလား… နင်နေစရာနေရာရှာမတွေ့ရင် ဒီကိုလာခဲ့လို့ရတယ်…

—အမှတ်(၁၈)၊ တုန်ကွမ်းခရိုင်၊ အန်းရှဲ့အထက်တန်းအိမ်ရာ"

တုံဟူဥယျာဉ်၌ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံပြီးနောက်တွင် လော်ယွမ်နှင့် ဟွမ်ရှကွမ် တို့သည် တစ်ဖန်ပြန်မတွေ့ဖြစ်ကြတော့ပေ။ အထူးသဖြင့် လော်ယွမ်က သူမ၏အချစ်ကို အကြိမ်ကြိမ် သွယ်ဝိုက်ငြင်းပယ်ခဲ့ခြင်းသည် သူမ၏နှလုံးသားကို အတော်ပင် ထိခိုက်စေခဲ့သည်။ နှစ်ဦးသား၏ ဆက်ဆံရေးသည် တဖြည်းဖြည်းအေးစက်လာပြီး နောက်ဆုံးတွင် အဆက်အသွယ်ပင် ပြတ်တောက်သွားခဲ့သည်။ လော်ယွမ်သည် မူလက တဖြည်းဖြည်းမေ့လျော့နေခဲ့ပြီဖြစ်သော်လည်း သူမက သူ၏လုံခြုံရေးကို ဤမျှလောက် ဂရုစိုက်နေဆဲဖြစ်သည်ကို မမျှော်လင့်ခဲ့ပေ။

ပြောရမည်ဆိုလျှင် လော်ယွမ်သည် တုံဟူမြို့မှ ပထမဆုံးအသုတ်ဖြင့် ဆုတ်ခွာနိုင်ခဲ့ပြီး ထိုငရဲကဲ့သို့သောနေရာမှ စောစီးစွာ ထွက်ခွာနိုင်ခဲ့ခြင်းက ဟွမ်ရှကွမ် က သတင်းကို အသိပေးခဲ့သောကြောင့် ဖြစ်သည်။ လော်ယွမ်သည် ရန်သူများအပေါ်တွင် အေးစက်ရက်စက်နိုင်သော်လည်း ဤအချိန်အခါတွင်မူ အနည်းငယ် စိတ်လှုပ်ရှားမှုကို မခံစားရဘဲမနေနိုင်ပေ။

" အမှတ်(၁၈)၊ အန်းရှဲ့အထက်တန်းအိမ်ရာ… ဒီနေရာနဲ့ သိပ်မဝေးသလိုပဲ " ဟု လော်ယွမ်က စိတ်ထဲ၌ တွေးလိုက်သည်။

ညစာစားချိန်တွင် အနည်းငယ်တိတ်ဆိတ်နေပြီး လူတိုင်းသည် မိမိတို့၏အတွေးများနှင့် နစ်မြောနေကြရာ ထမင်းသည်ပင်လျှင် တစ်ဝက်မျှသာ ကုန်သည်။

ဒီဇယ်ဆီကို ချွေတာရန်အလို့ငှာ လော်ယွမ်သည် အိပ်ရာမဝင်မီ မီးစက်ကို ပိတ်လိုက်သည်။

လော်ယွမ်က ဖုန်းမီးကိုဖွင့်ပြီး အိပ်ခန်းထဲသို့ ဝင်သွားသည်နှင့် ဟွမ်ကျားဟွေသည် သူခိုးကဲ့သို့ တံခါးကိုအမြန်ပိတ်လိုက်သည်။ သူမ နောက်သို့လှည့်လာသောအခါ မျက်နှာသည် ရဲတွတ်နေပြီး အသက်ရှူသံမှာ အနည်းငယ်မြန်ဆန်နေကာ မျက်လုံးများက စိုစွတ်နေပြီး အရောင်အဝါများဖြင့် တောက်ပနေသည်။

ဤသို့ ထင်ရှားသော အချက်ပြမှုက လော်ယွမ်၏ကိုယ်ကို ပူလောင်လာစေသည်။ ဤမျှကာလကြာအောင် အမျိုးသမီးနှင့် မထိတွေ့ခဲ့ရသောကြောင့် သူသည်လည်း စိတ်လှုပ်ရှားနေမိသည်။ ထို့အပြင် သူ၏ခွန်အားအမှတ်ကို မြှင့်တင်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ဆိုင်ရာ အရေအသွေးအားလုံးသည် အခြေခံအားဖြင့် ညီမျှသွားခဲ့ပြီဖြစ်ပြီး ယခင်ကကဲ့သို့ စိတ်လှုပ်ရှားမှုအနည်းငယ်ရသည်နှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ခြင်းမျိုး မရှိတော့ပေ။ သူသည် မိမိ၏စွမ်းဆောင်ရည်ကို ပြန်လည်စမ်းသပ်လိုစိတ်ဖြင့် မချင့်မရဲဖြစ်နေသည်။

အကယ်၍ ဤရက်ပိုင်းအတွင်း ဝမ်ရှီရှီသည် သူတို့နှင့်အတူ လာမနေထိုင်ခဲ့ပါက သူသည် အစကတည်းက ထိန်းချုပ်နိုင်မည်မဟုတ်တော့ပေ။

နှစ်ဦးလုံး စကားမပြောကြဘဲ ချက်ချင်းဆိုသလို ပွေ့ဖက်ကာ ပြင်းထန်စွာ နမ်းရှိုက်ကြတော့သည်။ ဆယ်မိနစ်ကျော်ခန့်အကြာတွင် မုန်တိုင်း ရပ်စဲသွားသည်။ လော်ယွမ်သည် ဟွမ်ကျားဟွေ၏ကိုယ်ကို ပွေ့ဖက်ရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။ အချိန်သည် ယခင်ကထက် များစွာတိုတောင်းသွားသော်လည်း အနည်းဆုံးတော့ ယခင်ကကဲ့သို့ အနည်းငယ်လှုပ်ရှားသည်နှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ခြင်းမျိုး မရှိတော့ပေ။

ထိုစဉ် လော်ယွမ်သည် ရုတ်တရက် ဝမ်ရှီရှီ၏ ခြေသံကို ကြားလိုက်ရသည်။

" ကိုကြီးယွမ်… အမဟွမ် သမီးအိပ်မပျော်လို့ အတူလာအိပ်လို့ရမလားဟင်"

လော်ယွမ် အနည်းငယ်ခေါင်းကိုက်သွားသည်။ ယခင်က သိပ်သတိမထားမိ၍ အတူတူအိပ်ခဲ့သော်လည်း ယခုအခါ ပြန်စဉ်းစားမိမှ မသင့်တော်ကြောင်း ခံစားလိုက်ရသည်။

ယခင်က ဝမ်ရှီရှီ၏ ကလေးပုံစံကို မြင်ဖူးသောကြောင့် သူမအား အမြဲတမ်း ကလေးတစ်ယောက်အဖြစ် သဘောထားခဲ့သည်။ သို့သော် လွန်ခဲ့သောညက ဖြစ်ပျက်ခဲ့သောအရာကမူ ဝမ်ရှီရှီသည် ကလေးတစ်ယောက်မဟုတ်တော့ကြောင်း၊ အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာအားဖြင့် လုံးဝရင့်ကျက်နေပြီဖြစ်ကြောင်းကို သူ့အား နားလည်စေခဲ့သည်။ ယခုအခါ တစ်ဖန်အတူတူအိပ်စက်ခြင်းသည် အလွန်ပင် မသင့်တော်လှပေ။

အရေးကြီးဆုံးမှာ ဟွမ်ကျားဟွေက မည်သို့ထင်မြင်မည်ကိုပင်။ သူက အားတင်း၍ ဖျောင်းဖျလိုက်သည်။ "နင်အရင်က တစ်ယောက်ထည်း အိပ်တာမဟုတ်ဘူးလား နောက်ဆိုအသားကျသွားမှာပါ "

"ဒါပေမဲ့ကိုကြီးယွမ်ကို ဖက်မအိပ်ရင် သမီးအိပ်မက်ဆိုးတွေမက်မှာ" ဟု ဝမ်ရှီရှီက နှုတ်ခမ်းလေးစူ၍ ချွဲနွဲ့စွာဆိုသည်။ သူမ၏အသံသည် တိုးလျနေပြီး မျက်နှာတွင် ဝမ်းနည်းသော အမူအရာဖြင့် ရှိနေသည်။

ထိုစကားကိုကြားရသောအခါ လော်ယွမ်၏စိတ်သည် ပျော့ပြောင်းသွားလုနီးပါးဖြစ်နေသော်လည်း စိတ်ကိုတင်း၍ "ဟုတ်ပြီ… အကြောင်းမပြနဲ့တော့… လိမ္မာတယ် ပြန်အိပ်တော့နော်" ဟု ဆိုလိုက်သည်။

"သမီးဒီနေ့ဖေဖေနဲ့ မေမေ့ကိုသတိရနေလို့ပါ" ဝမ်ရှီရှီသည် နောက်ဆုံးတွင် သူမ၏ အဆုံးစွန်သော လက်နက်ကို ထုတ်သုံးလိုက်တော့သည်။

လော်ယွမ်နှင့် ဟွမ်ကျားဟွေတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဟွမ်ကျားဟွေက ရုတ်တရက် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ရှုပ်ထွေးသော အမူအရာဖြင့် "ထားလိုက်တော့… သူ့ကိုခေါ်လိုက်ပါ" ဟု ဆိုသည်။

ဟွမ်ကျားဟွေက အသာအယာထပြီး တစ်ရှူးတစ်ရွက်ကိုယူကာ အောက်ပိုင်းကို သုတ်သင်လိုက်သည်။ အားလုံးသပ်ရပ်သွားပြီးနောက် သူက တံခါးသွားဖွင့်ပေးလိုက်သည်။

ဆက်ရန်…

အပိုင်း(၁၀၂)တိုက်ခိုက်ရေးသားရဲ

လတ်တလောရက်ပိုင်းတွင် ရာသီဥတုသည် ပို၍စိုထိုင်းပူအိုက်လာပြီး ရက်အနည်းငယ်ခြားတိုင်း မိုးရွာသွန်းတတ်သည်။

ယခင်က ပုံမှန်ရာသီစက်ဝန်းအတိုင်းဆိုလျှင် ယခုအချိန်သည် နွေဦးရာသီဖြစ်သင့်သည်။ ကမ္ဘာလောကကြီးတစ်ခုလုံး ပြောင်းလဲမှုများ ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းရာသီတစ်ခုလုံး ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

"ယခုအသံလွှင့်နေတာ ပေကျင်းပြည်သူ့အသံလွှင့်ဌာနမှဖြစ်ပါတယ်… ယခုအသံလွှင့်နေတာ ပေကျင်းပြည်သူ့အသံလွှင့်ဌာနမှဖြစ်ပါတယ်… ယခု ကမ္ဘာတစ်ဝန်းလုံးတွင် ဆက်လက်ရှင်သန်နေကြသော အသက်ရှင်ကျန်ရစ်သူများအတွက် ကမ္ဘာလုံးဆိုင်ရာ အသံလွှင့်မှုတစ်ရပ်ကို ထုတ်လွှင့်နေခြင်းဖြစ်ပါသည်… ယနေ့အထိ အာဖရိက၊ ဩစတြေးလျတို့မှ ဆက်သွယ်ရေးအချက်ပြမှုများအားလုံးမှာ လုံးဝပြတ်တောက်သွားပြီး အဆက်အသွယ် လုံးဝကင်းကွာသွားပြီဖြစ်ပါသည်… တောင်အမေရိကဒေသအများစု၊ ဥရောပဒေသအချို့နှင့် အရှေ့တောင်အာရှမှ အချက်ပြမှုများမှာလည်း အခါအားလျော်စွာ ပြတ်တောက်နေပြီး အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်ပါသည်…"

"…ယခုဖြစ်ပွားနေသည်မှာ လူသားမျိုးနွယ်နှင့် သဘာဝတရားတို့၏ စစ်ပွဲတစ်ရပ်ဖြစ်ပြီး လူသားတို့၏ ရှင်သန်ရပ်တည်မှုမှာ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကာ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတင်းမာလာလျက်ရှိပါသည်… ပါတီနှင့် အစိုးရ၏ မှန်ကန်သော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ပေကျင်း၊ တိဘက်၊ ချင်းဟိုင်၊ အူရမ်ချီနှင့် တာကလမာကန်သဲကန္တာရတို့တွင် အလွန်ကြီးမားသော ကာကွယ်ရေးအခြေစိုက်စခန်းများကို တည်ထောင်လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် ရွှေ့ပြောင်းမှုများကို လုပ်ဆောင်လျက်ရှိပါသည်… အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ဤသတင်းကို ကြားသိရပါက အချင်းချင်း လက်ဆင့်ကမ်းအကြောင်းကြားပေးပါရန်… ထပ်မံထုတ်လွှင့်ပါမည်…"

"ယခု နိုင်ငံတကာသတင်းများကို ထုတ်လွှင့်ပါမည်… အမေရိကန်နှင့် ကနေဒါ ယာယီအစိုးရတို့သည် ကနေဒါမြောက်ပိုင်း ရေခဲလွင်ပြင်ဒေသကို ပူးတွဲဖွံ့ဖြိုးတိုးတက်စေရန် မဟာဗျူဟာမြောက် သဘောတူညီချက်တစ်ရပ်ကို တရားဝင် ချုပ်ဆိုခဲ့ကြပါသည်… ဤသဘောတူညီချက်အရ အမေရိကန်နိုင်ငံသည် မိမိနိုင်ငံတွင်းမှ အရေးပါသော စစ်အခြေစိုက်စခန်းအချို့မှလွဲ၍ လူဦးရေအများစုကို ဆက်တိုက် ရွှေ့ပြောင်းသွားမည်ဟု ဆိုလိုပါသည်…"

"ရုရှားနိုင်ငံ၏ မြို့တော်မော်စကိုတွင် ယနေ့နံနက်ပိုင်း ဂြိုဟ်တုမြေပုံများအရ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော စွမ်းအင်မြင့်မားသည့် အပူစွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိခဲ့ရပါသည်… အဆိုပါစွမ်းအင်ရင်းမြစ်သည် ခြောက်မိနစ်နှင့် တစ်ဆယ့်ငါးစက္ကန့်အထိ ကြာမြင့်ခဲ့ပြီးနောက် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပါသည်… ယခုအချိန်တွင် မော်စကိုမြို့နှင့် ယာယီအဆက်အသွယ်ပြတ်တောက်လျက်ရှိပါသည်…"

"ဂျပန်နိုင်ငံမှတစ်ဆင့် ရရှိသောသတင်းအရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သော ဂျပန်ဒုတိယဝန်ကြီးချုပ် ယာမာမိုတို အိချိရိုသည် မနေ့က နေရပ်သို့ပြန်စဉ် ပင်လယ်ပြင်ပေါ်တွင် မတော်တဆမှုနှင့်ကြုံတွေ့ခဲ့ရပြီး လေယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ပါသည်…"

နားကြပ်ထဲမှ ထွက်ပေါ်လာသော ဖုန်းရေဒီယို၏ ဆူညံသံများကြားတွင် လော်ယွမ်၏ မျက်နှာမှာ လေးနက်နေသည်။

ဆောင်းရာသီတိုတိုလေးအတွင်းမှာပင် လူသားမျိုးနွယ်သည် နေရာအနှံ့အပြား၌ အရေးနိမ့်ကာ တဖြည်းဖြည်း ဆုတ်ခွာနေခဲ့ရပြီဖြစ်သည်။ လူအများစုမှာ ယခုအခါ ကုန်းပြင်မြင့်များ၊ သဲကန္တာရများနှင့် ရေခဲလွင်ပြင်များကဲ့သို့ ယခင်က လူသားများနှင့် သက်ရှိအများစုအတွက် တားမြစ်နယ်မြေများဖြစ်ခဲ့သော နေရာများသို့ စတင်ပြောင်းရွှေ့နေကြပြီဖြစ်ရာ နေရာအသီးသီးမှ အခြေအနေများက လော်ယွမ်ထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေသည်မှာ ထင်ရှားသည်။

မည်မျှကြာသွားသည်မသိ အပြင်ဘက်မှ တုန်ခါသံသဲ့သဲ့ ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်းကိုရှာမတွေ့လို့ စိတ်ညစ်နေတာ… အခုတော့ မင်းကအိမ်တိုင်ရာရောက် ရောက်လာတာကိုး" လော်ယွမ်က မျက်ခုံးပင့်လိုက်ပြီး ရေဒီယိုနားထောင်နေသော နားကြပ်ကိုဖြုတ်ကာ ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူက ကျန်းမာတောက်ဓားရှည်ကို ဆွဲယူပြီး လူများ၏ စိုးရိမ်သောကရောက်နေသော အကြည့်များအောက်တွင် ဗီလာထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

သူ၏ခြေလှမ်းများမှာ လျင်မြန်လှပြီး ခြေတစ်လှမ်းလျှင် သုံးလေးမီတာခန့် ခုန်လွှားသွားသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် လော်ယွမ်သည် တုန်ခါမှု၏ဗဟိုချက်သို့ ရောက်ရှိသွား၏။

၎င်းမှာ ဖွတ်ပုတတ်ပုံသဏ္ဌာန် သားရဲကောင်ကြီးတစ်ကောင်ဖြစ်ပြီး အမြင့် --၉ပေခန့်ရှိကာ အမြီးကိုပါ ထည့်တွက်လျှင် ၂၁ပေခန့် ရှည်လျားသည်။ တစ်ကိုယ်လုံးမှာ စိမ်းမြသောအရောင်ရှိပြီး ဦးခေါင်းမှာ ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းသည်။ ဦးခေါင်းထိပ်တွင်မူ ဝက်အူရစ်ပုံသဏ္ဌာန် အနက်ရောင်ချွန်ထက်သော ဦးချိုတစ်ချောင်းရှိသော်လည်း ထိုဦးချိုမှာ အပြည့်အဝမဖွံ့ဖြိုးသေးဘဲ တစ်ဝက်ခန့်သာ ထွက်ပေါ်နေသည်။ ၎င်း၏ကြီးမားသော ကိုယ်ခန္ဓာနှင့် နှိုင်းယှဉ်လျှင် အချိုးမကျသကဲ့သို့ ဖြစ်နေသည်။

ဤသားရဲကောင်ကြီးသည် အိမ်ရာဝင်းအနီးတွင် နှစ်ရက်ခန့် လှည့်ပတ်နေခဲ့ပြီး အကြိမ်တိုင်းတွင် အမြဲတမ်း တုံ့ဆိုင်းနေဟန်ရှိသည်။ သို့သော် မနေ့ကနှင့် နှိုင်းယှဉ်လျှင် ယနေ့တွင် ၎င်း၏တည်နေရာမှာ ပို၍နီးကပ်လာသည်မှာ ထင်ရှားသည်။

၎င်းက နှာခေါင်းကိုရှုံ့ကာ ရံဖန်ရံခါ အဖြူရောင်အခိုးအငွေ့များကို မှုတ်ထုတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ခြေသည်းကြီးများဖြင့် စိတ်မရှည်စွာ ဟိုလျှောက်သည်လျှောက်လုပ်ရင်း စိန်ခေါ်သကဲ့သို့ ဟိန်းဟောက်နေသည်။

မနေ့က လော်ယွမ်သည် ဤသားရဲကောင်ကြီး၏ အပြုအမူကို အနည်းငယ်အံ့ဩမိသော်လည်း ယခုမူ အခြေအနေကို သဘောပေါက်လာပြီဖြစ်သည်။ ဤအိမ်ရာဝင်းနယ်မြေသည် မူလက တစ္ဆေထနောင်းပင်၏ ပိုင်နက်ဖြစ်ခဲ့သည်။ အနီးပတ်ဝန်းကျင်မှ သားရဲကောင်များ၏ စွမ်းအားမှာ အတူတူနီးပါးဖြစ်သောကြောင့် ပျက်စီးလွယ်သော ဟန်ချက်ညီမှုတစ်ခုကို ထိန်းသိမ်းထားခဲ့ကြသည်။

သို့သော် တစ္ဆေထနောင်းပင်ကို လော်ယွမ်က သုတ်သင်လိုက်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ထိုနေရာ၌ ကျန်ရှိနေသော အငွေ့အသက်များမှာ တဖြည်းဖြည်း မှေးမှိန်လာရာ အနီးပတ်ဝန်းကျင်မှ သားရဲကောင်များမှာ လှုပ်ရှားစပြုလာကြသည်။

ဤတစ်ကောင်မှာ အရင်ဆုံး လာရောက်သွေးတိုးစမ်းသော သားရဲကောင်ပင်ဖြစ်သည်။

ဤသို့ပိုင်ရှင်မဲ့နယ်မြေတစ်ခုသည် မြို့ထဲတွင် သာမန်အစွမ်းအစသာရှိသော အပြာရောင်အဆင့် သားရဲကောင်တစ်ကောင်အတွက်မူ တွေ့ရခဲသော အခွင့်အရေးပင်ဖြစ်သည်။ ထို့အပြင် ဤတစ်ကောင်မှာ လတ်တလောတွင် မိမိ၏နယ်မြေမှ မောင်းထုတ်ခံရပြီး နေရာအနှံ့ လှည့်လည်သွားလာနေရသော အိမ်ခြေရာမဲ့သားရဲကောင်တစ်မျိုး ဖြစ်သည်။

၎င်း၏ကိုယ်ပေါ်မှ မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များ၊ ခန္ဓာကိုယ်အနှံ့ ကွာကျနေသော အကြေးခွံများနှင့် စုတ်ပြဲနေသော အရာများကို ကြည့်လျှင် ၎င်း၏အခြေအနေမှာ အလွန်စုတ်ပြတ်နေသည်ကို သိနိုင်သည်။ ဒဏ်ရာအချို့က လတ်တလောကမှ ရရှိခဲ့သည်မှာ ထင်ရှားပြီး ကိုယ်ပေါ်တွင် သွေးများ စီးကျနေဆဲဖြစ်ရာ ဤအိမ်ခြေရာမဲ့သားရဲ၏ နေ့ရက်များမှာ မဖြောင့်ဖြူးခဲ့ကြောင်း သိသာသည်။

သို့သော် ဤသားရဲကောင်ကြီးမှာ အလွန်သတိကြီးပြီး အလွန်အကျွံပင် သတိထားတတ်သည်။ လေတိုက်၍လှုပ်ရုံမျှဖြင့် ချက်ချင်းဆုတ်ခွာသွားတတ်ပြီး အရှိန်မှာလည်း အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်သည်။ လော်ယွမ်က မနေ့ကပင် ၎င်းကို အမဲလိုက်ရန် ပြင်ဆင်ခဲ့သော်လည်း ခြေလှမ်းမစမီမှာပင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိုသားရဲကောင်က ပြတ်သားစွာ ထွက်ပြေးသွားခဲ့သည်။

ထိုနည်းလမ်းက သားရဲကောင်အမျိုးမျိုး၏ နယ်မြေများတွင် လှည့်လည်သွားလာရင်း အမဲလိုက်ကာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သော ရှင်သန်ရေးနည်းလမ်းတစ်ခု ဖြစ်နိုင်ပေသည်။

လော်ယွမ်သည် မစ်ရှင်ကျရှုံးမည်ကို စိုးရိမ်နေခဲ့သော်လည်း ယနေ့တွင်မူ ၎င်းက အိမ်တိုင်ရာရောက် ပြန်ရောက်လာခဲ့သည်။

ဤသားရဲကောင်ကြီးကို ထပ်မံလန့်မပြေးစေရန်အတွက် လော်ယွမ်သည် ဤတစ်ကြိမ်တွင် ပို၍သတိထားလိုက်သည်။ သူက မြေပြင်ပေါ်တွင် ဝပ်ချကာ ဖြည်းညင်းစွာ ရွေ့လျားရင်း တစ်လှမ်းချင်းစီ ချဉ်းကပ်သွားပြီး မိမိ၏အငွေ့အသက်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချထားလိုက်သည်။

သားရဲကောင်ကြီးက အကြိမ်အနည်းငယ် ဟိန်းဟောက်ပြီးနောက် ရပ်တန့်သွားသည်။ ၎င်းက နားစွင့်ကာ တစ်စုံတစ်ခုကို နားထောင်နေဟန်တူပြီး စက္ကန့်အနည်းငယ်အကြာတွင် အနည်းငယ်စိတ်အေးသွားကာ အိမ်ရာဝင်းထဲသို့ ခပ်ကြွားကြွား ဝင်ရောက်လာသည်။

၎င်းက ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်လိုက်ပြီး အလွန်ကျေနပ်နေဟန်ရှိသည်။ ရုတ်တရက် ၎င်းသည် အန္တရာယ်ကို ပင်ကိုယ်အသိဖြင့် ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်တက်သွားသည်။ အမြီးမှ လေးမြှောင့်ပုံအကြေးခွံများမှာ အနည်းငယ်ပွင့်ဟလာပြီး လွှသွားပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းတွင် ကိုယ်ကိုအနည်းငယ်နှိမ့်ချကာ ပါးစပ်မှအစွယ်များကို အနည်းငယ်ဖော်ထုတ်ပြီး သတိပေးသကဲ့သို့ ဟိန်းဟောက်လိုက်သော်လည်း ခြေလေးချောင်းမှာမူ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေသည်။

ရုတ်တရက် ၎င်းက တစ်စုံတစ်ခုကို ခံစားလိုက်မိဟန်ဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ သေးငယ်သော သတ္တဝါတစ်ကောင်က မိမိထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်း၏မျက်လုံးများတွင် ခဏတာ အံ့ဩမှုနှင့် နားမလည်နိုင်မှုတို့ ဖြတ်ပြေးသွားသည်။ လွန်ခဲ့သောရက်များအတွင်း မိမိ၏အစာအဖြစ် သတ်မှတ်ထားခဲ့သော ဤအားနည်းသည့်သတ္တဝါက မိမိကို အန္တရာယ်ရှိသည်ဟု ခံစားရစေမည်ကို ၎င်း လုံးဝမယုံကြည်နိုင်ပေ။

မိမိ၏ဂုဏ်သိက္ခာကို စော်ကားခံရသည်ဟု ၎င်းက ယူဆဟန်တူပြီး အရှက်ရောဒေါသပါ ထွက်လာကာ ခုနက ခံစားခဲ့ရသော အန္တရာယ်ကိုပင် လုံးဝမေ့လျော့သွားသည်။

၎င်းက တစ်ချက်ဟိန်းဟောက်လိုက်ပြီး ခြေလေးချောင်းဖြင့် အားကုန်နင်းကာ ထိုသေးငယ်သော သတ္တဝါထံသို့ ပြေးဝင်သွားရာ မြေပြင်သည် တဒုန်းဒုန်းမြည်ဟည်းသွားပြီး အရှိန်အဟုန်မှာ ကြီးမားလှသည်။

ပြေးဝင်သွားစဉ်တွင် ၎င်းက ဤသတ္တဝါသည် ယခင်က တွေ့ကြုံခဲ့ရသော သတ္တဝါများကဲ့သို့ပင် ကြောက်လန့်တကြား မြေပြင်ပေါ်သို့ လဲကျသွားလိမ့်မည်ဟု တွေးတောလိုက်သေးသည်။ ထိုအချိန်တွင် ကျင်ငယ်၊ ကျင်ကြီးများ မထွက်ပါစေနှင့်ဟု မျှော်လင့်လိုက်သည်။ ၎င်းက အစားမရွေးသော်လည်း ထိုသို့သောအရသာမှာတော့ သိပ်မကောင်းလှပေ။

သို့သော် ထိုသတ္တဝါက အလွန်လျင်မြန်စွာ ပြေးလွှားနေသည်ဟုစဉ်းစားမိလိုက်သည်။

၎င်း၏ အကန့်အသတ်ရှိသော ဉာဏ်ရည်ဖြင့် ထိုအတွေးတစ်ခု ဝင်လာစဉ်မှာပင် ထိုသတ္တဝါသည် ၎င်း၏ အကောင်းဆုံးတိုက်ခိုက်နိုင်သည့် အကွာအဝေးသို့ ရောက်ရှိလာပြီဖြစ်သည်။ ၎င်းက လည်ပင်းကိုဆန့်ထုတ်ကာ ထိုသတ္တဝါငယ်လေးကို တစ်ချက်ကိုက်ချလိုက်ရာ ဘေးမှကျောက်တုံးတစ်တုံးပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။

ထိုအချိန်တွင် တစ်ခုခုမှားယွင်းနေကြောင်း ၎င်းက ပင်ကိုယ်အသိဖြင့် ခံစားလိုက်ရသည်။ ပါးစပ်ထဲတွင် အသားကိုက်ဖြတ်လိုက်စဉ်ကဲ့သို့ သွေးများ လည်ချောင်းထဲသို့ စီးဝင်လာသည့် ချိုမြိန်သောအရသာမျိုး မရှိပေ။ ၎င်း သတိမမူမိမီမှာပင် ရှေ့ခြေသည်းတွင် အေးစက်စက်ခံစားလိုက်ရပြီး ၎င်း၏မျက်စိရှေ့မှ သတ္တဝါတစ်ကောင် လျှက်တပြက် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသကဲ့သို့ ရှိသည်။

"ဂါးးးးးးး"

ဖြတ်တောက်ခံလိုက်ရသော ခြေသည်းမှ ပြင်းထန်သော နာကျင်မှုကြောင့် ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ရှေ့ခြေသည်းတစ်ဖက်မှာ ၎င်း၏ကိုယ်ပေါ်မှ လျင်မြန်စွာ ပြုတ်ထွက်သွားပြီး ဒဏ်ရာမှ သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာသည်။

လော်ယွမ်၏ အကြည့်များမှာ အေးစက်နေသည်။ တစ္ဆေထနောင်းပင်၏နှလုံးသားမှ အားဖြည့်မှုကြောင့် သူ၏ စိတ်စွမ်းအားမှာ ၁၄ မှတ်အထိ ရောက်ရှိနေပြီဖြစ်ရာ ဒေါသကိုအားကိုး၍သာ ကိုယ်ခန္ဓာကို စိတ်စွမ်းအားဖြင့် ကာကွယ်ရန် မလိုအပ်တော့ပေ။ မျက်စိဖြင့်မမြင်နိုင်သော အလင်းလွှာတစ်ခုက သူ့တစ်ကိုယ်လုံးရှိအရေပြားကို တင်းတင်းကပ်ထားပြီး ထိုအလင်းလွှာ၏ မျက်နှာပြင်ပေါ်တွင် လေထုပင်လျှင် အနည်းငယ် လိမ်ကောက်နေသဖြင့် အဝေးမှကြည့်လျှင် မသဲမကွဲဖြင့် လက်တွေ့မကျသကဲ့သို့ ခံစားရသည်။

ကျန်းမာတောက်ဓားရှည်ပေါ်မှ ဓားသွားရောင်ခြည်မှာမူ တစ်လက်မကျော်အထိ ရှည်ထွက်နေပြီး ပိုမိုခိုင်မာကာ ထက်ရှလာသဖြင့် မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်သည်။

လော်ယွမ်က သားရဲကောင်ကြီး၏ ရှေ့ခြေသည်းကို ဖြတ်တောက်ပြီးနောက် လှုပ်ရှားမှုကို လုံးဝမရပ်တန့်ဘဲ ၎င်း၏ဝမ်းဗိုက်အောက်သို့ လျင်မြန်စွာ တိုးဝင်သွားသည်။ သူက ကျန်းမာတောက်ဓားရှည်ကို အပေါ်သို့ထောင်ကာ ခြေလှမ်းအနည်းငယ် အမြန်လှမ်းလိုက်ပြီး ဓားသွားကို ကိုယ်ခန္ဓာ၏ အရှိန်ပြင်းစွာ ရွေ့လျားမှုနှင့်အတူ အဆုံးထိ ဆွဲခုတ်လိုက်သည်။ သားရဲကောင်ကြီး၏ မာကျောသော အရေပြားမှာ ထက်ရှသော ဓားသွားအောက်တွင် စက္ကူတစ်ရွက်ထက်ပင် မပိုပေ။ အဝတ်စကို ဆွဲဖြဲလိုက်သကဲ့သို့ "ရွှစ်" ဟူသော အသံနှင့်အတူ ရင်ဘတ်မှ ဝမ်းဗိုက်အထိ ရှည်လျားသော ဒဏ်ရာတစ်ခု ချက်ချင်းပေါ်ပေါက်လာသည်။

သို့သော် ဤသားရဲကောင်ကြီးမှာ အလွန်မြင့်မားပြီး လော်ယွမ်ပြေးဝင်လာစဉ်တွင် အရှိန်ပိုရရန်နှင့် ခန္ဓာကိုယ်တည်ငြိမ်မှုအတွက် ဗဟိုချက်ကို အလွန်နှိမ့်ထားသောကြောင့် ဤဓားချက်မှာ အရေပြားမျက်နှာပြင်ကိုသာ ခြစ်မိသွားပြီး အတွင်းကလီစာများကို မထိခိုက်ခဲ့ပေ။ သို့မဟုတ်ပါက ဤဓားချက်တစ်ချက်တည်းဖြင့် ဤသားရဲကောင်ကြီးမှာ ဇာတ်သိမ်းကာနီးဖြစ်လောက်ပြီဖြစ်သည်။

သားရဲကောင်ကြီး နောက်တစ်ကြိမ် မအော်ဟစ်နိုင်မီမှာပင် လော်ယွမ်က ၎င်း၏ဝမ်းဗိုက်အောက်မှ လျင်မြန်စွာ ပြန်ထွက်လာခဲ့ပြီဖြစ်သည်။

လော်ယွမ်၏ ဤလှုပ်ရှားမှုစဉ်ဆက်မှာ အလွန်လျင်မြန်ပြီး မျက်စိပင် လည်သွားနိုင်သည်။ တိုက်ပွဲတစ်ချီအတွင်းမှာပင် သားရဲကောင်ကြီးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

သို့သော် ဤမျှနှင့်မပြီးသေးပေ။ ထို့နောက် သူက ၎င်း၏ ရေပုံးခန့်ရှိသော ခြေထောက်ကြီးပေါ်သို့ ခြေဖျားဖြင့် အကြိမ်ကြိမ်နင်းတက်သွားပြီး လက်နှင့်ခြေကို အသုံးပြုကာ တစ်ပတ်လှည့်၍ သားရဲကောင်ကြီး၏ ကျောပေါ်သို့ ရောက်ရှိသွားသည်။ သူ၏ စွမ်းအားထိန်းချုပ်မှုမှာ ယခုအခါ အလွန် မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လျင်မြန်စွာ တုံ့ပြန်နိုင်သော အာရုံကြောများနှင့် ပေါင်းစပ်လိုက်သောအခါ ချောမွေ့ပြီး မညီမညာမရှိသော နံရံတစ်ခုကိုပင် လော်ယွမ်က ခြေငါးလှမ်းခြောက်လှမ်းခန့် နင်းတက်နိုင်ပြီး သုံးလေးမီတာအမြင့်သို့ ရောက်ရှိနိုင်သည်။ ထို့ကြောင့် ဒဏ်ရာဗရပွနှင့် မျက်နှာပြင်မှာ ကော်ပတ်ကဲ့သို့ ကြမ်းတမ်းနေသော ဤသားရဲကောင်ကြီးပေါ်သို့ တက်ရန်မှာ ပြောပလောက်သည့်ကိစ္စမဟုတ်ပေ။

ထိုအချိန်တွင်မှ သားရဲကောင်ကြီးသည် အခြေအနေမကောင်းကြောင်း နောက်ဆုံးတွင် ခံစားမိသွားသည်။ ၎င်းက ဒေါသတကြီး ဟိန်းဟောက်ကာ လော်ယွမ်ကို ခါချရန်အတွက် ကိုယ်ခန္ဓာကို အဆက်မပြတ် ပြင်းထန်စွာ လှုပ်ခါလိုက်သည်။

တစ်ခဏအတွင်းမှာပင် ပြင်းအား ၇၊ ၈ အဆင့်ရှိသော မြေငလျင်လှုပ်ခတ်သကဲ့သို့ ဖြစ်သွားပြီး သာမန်လူတစ်ဦးသာဆိုလျှင် လွင့်စင်သွားလောက်ပြီဖြစ်သည်။

သို့သော် လော်ယွမ်၏ မျက်နှာမှာ အနည်းငယ်မျှမပြောင်းလဲဘဲ ကိုယ်ကိုအလွန်နှိမ့်ထားပြီး ဆွဲငင်အားဗဟိုချက်မှာ အတက်အကျမငြိမ်မသက်ဖြစ်နေသည်။ သူ၏ခြေထောက်များက ဤလှုပ်ခါနေသော ကြီးမားသည့်စွမ်းအားကို ခံစားရင်း မိမိ၏စွမ်းအားကို အဆက်မပြတ် ချိန်ညှိနေရာ ကိုယ်ခန္ဓာမှာ တစ်ခဏအတွင်း အမြစ်တွယ်ထားသကဲ့သို့ မလှုပ်မယှက် တည်ငြိမ်နေသည်။

နောက်ကျောဘက်မှ စူးရှသော လေတိုးသံတစ်ချက် ရုတ်တရက်ထွက်ပေါ်လာသည်။ လော်ယွမ်က ကြိုတင်မျှော်လင့်ထားသကဲ့သို့ နောက်သို့တစ်လှမ်း အမြန်ဆုတ်ခွာလိုက်ပြီး ကိုယ်ကိုအနည်းငယ်စောင်းလိုက်သည်။ တစ်ချိန်တည်းတွင် ဓားရှည်ကို အပေါ်သို့ထောင်ခုတ်လိုက်ရာ သားရဲကောင်ကြီး၏ နောက်မှ လွှသွားကဲ့သို့သော အမြီးမှာ တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားသည်။

စွမ်းအားဟန်ချက်ညီမှု ရုတ်တရက် ပျက်ယွင်းသွားသောကြောင့် လော်ယွမ် အကြိမ်အနည်းငယ် ယိုင်နဲ့သွားသည်။ ထို့နောက် သူက အသက်ကိုပြင်းပြင်းရှူကာ ပထမခြေလှမ်းကို ဖြည်းညင်းစွာ လှမ်းလိုက်သည်။ ထို့နောက် သူ၏အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်လာပြီး အစပိုင်းတွင် အနည်းငယ်ယိုင်နဲ့နေသော်လည်း တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားသည်နှင့်အမျှ ကိုယ်ခန္ဓာမှာ ပို၍တည်ငြိမ်လာသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် လော်ယွမ်သည် ၎င်း၏ဦးခေါင်းခွံပေါ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ထိုအချိန်တွင် ၎င်းက မည်သို့ပင်လှုပ်ခါစေကာမူ သူ့ကို ခါချနိုင်ခြင်းမရှိတော့ပေ။

သူက ၎င်း၏ဦးခေါင်းခွံကို ဓားရှည်ဖြင့်ချိန်ရွယ်လိုက်ပြီး ဓားသွားထိပ်မှ ဓားသွားရောင်ခြည်များ တောက်ပလာသည်။ သတ်ဖြတ်လိုစိတ်ကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်နှင့် သူ၏ကိုယ်ပေါ်မှ အားကောင်းသော စွမ်းအားများ ပျံ့လွင့်ထွက်လာပြီး ကြောက်လန့်နေပြီဖြစ်သော ဤသားရဲကောင်ကြီးကိုပင် လွှမ်းမိုးဖိနှိပ်ထားနိုင်ခဲ့သည်။

၎င်း၏ကိုယ်ခန္ဓာ အနည်းငယ်တုန်ယင်လာသည်ကို သူခံစားနေရသည်။ လော်ယွမ်က တစ်ချက်တည်းဖြင့် ၎င်းကို အဆုံးသတ်ပြီး အသားအချို့ကို ဗီလာသို့ ယူဆောင်သွားရန် ပြင်ဆင်နေစဉ် သားရဲကောင်ကြီးက ထူးဆန်းသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်သည်။

၎င်းက ရုတ်တရက် ဝပ်ချလိုက်ပြီး ဦးခေါင်းကို မြေပြင်နှင့်ကပ်ထားကာ ပါးစပ်မှ အသနားခံသော ညည်းသံများ ထွက်ပေါ်လာသည်။ သေခြင်းတရား၏ ကြောက်ရွံ့မှုနှင့် စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် ၎င်းသည် ယခုအချိန်တွင် ခုခံမှုကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်သည်။ အစာကွင်းဆက်ထိပ်ဆုံးမှ သတ္တဝါ၏ အကြည့်အောက်တွင် အားနည်းသူက မိမိ၏ကံကြမ္မာကို ထိုသတ္တဝါဗိုက်ပြည့်နေပါစေဟူသော ကံကောင်းမှုအပေါ် ပုံအပ်လိုက်သကဲ့သို့ပင်။

လော်ယွမ် ကြက်သေသေသွားသည်။ သားရဲကောင်များတွင် ဤသို့သော တုံ့ပြန်မှုမျိုးရှိလိမ့်မည်ဟု သူ တစ်ခါမျှမတွေးခဲ့ဖူးသလို ဤသို့သောအခြေအနေမျိုးနှင့်လည်း မကြုံတွေ့ခဲ့ဖူးပေ။

သူက ခဏမျှတွေဝေသွားပြီး ၎င်း၏ဦးခေါင်းခွံပေါ်မှ စမ်းသပ်သည့်အနေဖြင့် ခုန်ဆင်းလိုက်သည်။ တစ်ချိန်တည်းတွင် ၎င်း၏တုံ့ပြန်မှုကို သတိထားကြည့်ရှုရင်း စိတ်ထဲတွင် တုံ့ပြန်ရန်နည်းလမ်းပေါင်း တစ်ဒါဇင်ကျော်ကို တွေးတောလိုက်သည်။

လော်ယွမ်က ၎င်း၏တုံ့ပြန်မှုကို စိုးရိမ်ခြင်းမရှိပေ။ ဤသားရဲကောင်မှာ ခြေတစ်ဖက်တစ်ဝက် ဖြတ်တောက်ခံထားရပြီး အမြီးတစ်ဝက် ပြတ်နေကာ ဝမ်းဗိုက်တွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသောကြောင့် ပြေးလျှင်ပင် အလွန်မြန်နိုင်မည်မဟုတ်ပေ။

သားရဲကောင်ကြီးမှာ မလှုပ်မယှက်ရှိနေသည်။ ၎င်းက လော်ယွမ်၏ စူးစိုက်ကြည့်ရှုမှုကို ခံစားမိဟန်တူပြီး ကိုယ်ခန္ဓာမှာ ပို၍ပြင်းထန်စွာ တုန်ယင်လာသည်။

"ဒါ လက်နက်ချအညံ့ခံတာ ဖြစ်ရမယ်" လော်ယွမ်က မေးစေ့ကိုပွတ်သပ်ရင်း တိတ်တဆိတ်တွေးလိုက်သည်။

"သူလုံးဝခုခံဖို့ စိတ်မကူးတော့တဲ့ပုံပဲ… ငါတစ်ခါထဲသတ်လိုက်ရင် ကောင်းမလား" လော်ယွမ်၏ စိတ်ထဲတွင် မပြတ်မသားဖြစ်နေသည်။ အကယ်၍ ဤသားရဲကောင်က အဆုံးထိ ခိုင်မာစွာ ခုခံတိုက်ခိုက်နေပါက လော်ယွမ်က မည်သည့်ဖိအားမျှမရှိဘဲ တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေမည်။ သို့သော် ဤသို့ အားလုံးကိုပုံအပ်အရှုံးပေးနေသောအခြေအနေတွင် ထပ်မံသတ်ဖြတ်လိုက်လျှင်မူ အနည်းငယ် မတရားသကဲ့သို့ ဖြစ်နေသည်။

သို့သော် လွှတ်ပေးလိုက်ရန်လည်း နှမြောမိသည်။ ၎င်းမှာ အတွေ့အကြုံရမှတ်များဖြစ်ပြီး မစ်ရှင်ကျရှုံးပါက အတွေ့အကြုံမှတ် နှစ်ဆ အနှုတ်ခံရမည်ဖြစ်ရာ အသွားအပြန်ဆိုလျှင် သုံးဆဖြစ်သည်။ ကံကောင်းလျှင် အနည်းဆုံး E အဆင့် မစ်ရှင်နှစ်ခု ပြီးမြောက်မှသာ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ကံမကောင်းပါက သုံးခုအထိ လိုအပ်ပေမည်။

"ထားလိုက်တော့ သတ်လိုက်တာပဲကောင်းတယ်… လူနဲ့သန္ဓေပြောင်းသတ္တဝါကြားမှာ ဘာကိုယ်ချင်းစာတရားတွေ ထည့်တွက်စရာလိုလို့လဲ… သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်တာက လူတစ်ရာ၊ တစ်ထောင်လောက်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ကယ်တင်လိုက်တဲ့သဘောပဲ… အနည်းဆုံးတော့ လူသားစားသတ္တဝါတစ်ကောင် လျော့သွားတာပေါ့" လော်ယွမ်က ချိန်ဆလိုက်ပြီးနောက် မည်သည့်တွေဝေမှုမျှ မရှိတော့ပေ။

သူ၏လက်ထဲမှ ကျန်းမာတောက်ဓားရှည်ပေါ်တွင် ဓားသွားရောင်ခြည်များ ထပ်မံပေါ်ပေါက်လာပြီး သားရဲကောင်ကြီးထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။

သေခြင်းတရား နီးကပ်လာသည်ကို ခံစားမိဟန်ဖြင့် သားရဲကောင်ကြီးမှာ ပို၍ပြင်းထန်စွာ တုန်ယင်လာပြီး ကိုယ်ကိုလုံးနေအောင် ကျုံ့ထားလိုက်သည်။ တိုက်ခိုက်လိုစိတ် မှာ ပျောက်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပြန်လည်ရရှိရန် အလွန်ခက်ခဲလှသည်။ လူသားများလည်း ထိုနည်း၎င်းဖြစ်သလို သားရဲကောင်များလည်း ထိုနည်း၎င်းပင်။

ယခုအချိန်တွင် ၎င်းသည် ခုခံမှုကို လုံးဝစွန့်လွှတ်ပြီး သေခြင်းတရားကိုသာ စောင့်ဆိုင်းနေတော့သည်။

ထိုအချိန်တွင် ဦးနှောက်ထဲ၌ စနစ်၏ သတိပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ဒင်… အပြာရောင်အဆင့် "သန္ဓေပြောင်းတောရိုင်းဖွတ်ပုတတ်"ကြီးသည် သင့်ထံသို့ လုံးဝလက်နက်ချအညံ့ခံပြီးဖြစ်သည်။ ၎င်းကိုတိုက်ခိုက်ရေးသားရဲအဖြစ် လက်ခံနိုင်သည်။(လက်ခံ/ငြင်းပယ်)

လော်ယွမ်၏ ကိုယ်ခန္ဓာသည် တစ်ချက်တန့်သွားပြီး မျက်စိမှားသည်ဟု ထင်မှတ်မိသည်။ အတန်ကြာမှ သတိဝင်လာပြီး အလျင်အမြန် "လက်ခံမည်" ဟု စိတ်ထဲမှ ရွတ်ဆိုလိုက်ရာ သားရဲကောင်ကြီး၏ ကိုယ်ခန္ဓာမှာ တစ်ချက်တုန်ခါသွားပြီး ခေါင်းကိုလှုပ်ခါလိုက်သည်။

သူက အရည်အသွေးဇယားကို အလျင်အမြန် ဖွင့်ကြည့်လိုက်ရာ ဇယား၏အောက်ဆုံးတွင် "တိုက်ခိုက်ရေးသားရဲ" ဟူသော ရွေးချယ်စရာတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတွင် သီးသန့်အရည်အသွေးဇယားတစ်ခု ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

"တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်ကြီး"

အဆင့် - ၀ (အပြာ)

အရည်အသွေးများ

-----------------

ခွန်အား - ၁၈ (၁၀)

လျင်မြန်မှု - ၁၂ (၁၀)

ကြံ့ခိုင်မှု - ၁၇ (၁၀)

ဉာဏ်ရည် - ၃ (၁၀)

အာရုံခံနိုင်စွမ်း - ၄ (၁၀)

စိတ်စွမ်းအား - ၁၁ (၁၀)

အတွေ့အကြုံ - ဝ/၂၄၀၀

ကျွမ်းကျင်မှု

------------

ကိုက်ဖြတ်ခြင်း - ၁၄

အမြီးဖြင့်ရိုက်ခြင်း - ၁၅

တောတွင်းရှင်သန်ရေး - ၁၈

ပင်ကိုစွမ်းရည် - အန္တရာယ်ကြိုတင်သိမြင်မှု

အခြေအနေ - အားနည်းနေသည်

သစ္စာစောင့်သိမှု - ၅၅ (၅၀ အောက်ရောက်ပါက အချိန်မရွေး သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းတို့ ဖြစ်ပွားနိုင်သည်။ အမြင့်ဆုံး ၁၀၀)

လက်ကျန်အခြေပြုမှတ် - ဝ

လက်ကျန်ကျွမ်းကျင်မှတ် - ဝ

ဤအရည်အသွေးများမှာ အလွန်အမင်း အားကောင်းလှသည်။ ၁၈ မှတ်ရှိသော ခွန်အားမှာ သူ၏ ၇.၅ ဆ၊ သာမန်လူ၏ ၁၆ ဆနီးပါးဖြစ်သည်။ ကြံ့ခိုင်မှုမှာ လော်ယွမ်၏ ၃.၃ ဆ၊ သာမန်လူ၏ ၁၀ ဆဖြစ်သည်။ လျင်မြန်မှု သာလျှင် တစ်မှတ်နည်းသော်လည်း သာမန်လူနှင့် နှိုင်းယှဉ်လျှင် အလွန်အားကောင်းနေဆဲဖြစ်သည်။ ၎င်းက အပိုအရည်အသွေးများ မပါသေးချေ။

ထို့အပြင် ၎င်း၏အရည်အသွေးဇယားအရ သူကဲ့သို့ပင် အဆင့်တက်နိုင်ဟန်ရှိသည်။ သို့သော် လော်ယွမ်ကို အနည်းငယ် စဉ်းစားစရာဖြစ်စေသည်မှာ ၎င်းအဆင့်တစ်ဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှာမှတ် လော်ယွမ်ထက် များစွာပိုများနေခြင်းပင်ဖြစ်သည်။ သို့သော် ၎င်း၏ကြီးမားသော ကိုယ်ခန္ဓာကို ထည့်သွင်းစဉ်းစားလျှင်မူ နားလည်နိုင်ဖွယ်ရှိသည်။

သို့သော် အမှန်အတိုင်းဆိုရလျှင် ဤစနစ်က အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံကို မည်သည့်ပုံသေနည်းဖြင့် ဆုံးဖြတ်သည်ကို သူ မသိနိုင်ပေ။ ကိုယ်ခန္ဓာအရွယ်အစားအရလား၊ သို့မဟုတ် အရည်အသွေးတစ်ခုချင်းစီအရလား၊ သို့မဟုတ်လျှင် စုစုပေါင်းအရည်အသွေးအရ ဆုံးဖြတ်ခြင်းလား။ လော်ယွမ်၏ စုစုပေါင်းအရည်အသွေးမှာ ၇၆ မှတ်အထိ ရောက်ရှိနေပြီး ဤတောရိုင်းဖွတ်ပုတတ်ကြီးမှာ တစ်ခုချင်းစီ၏ အရည်အသွေးက အားကောင်းသော်လည်း စုစုပေါင်းအရည်အသွေးမှာ ၆၅ မှတ်သာရှိပြီး သာမန်ထက် ငါးမှတ်သာ ပိုများသည်။ လော်ယွမ်ကမူ စနစ်သည် အကြောင်းအရာအမျိုးမျိုးကို ပေါင်းစပ်ပြီး ရှုပ်ထွေးသော ပုံသေနည်းများဖြင့် ဆုံးဖြတ်သည်ဟုသာ ခန့်မှန်းလိုက်သည်။

သို့သော် လော်ယွမ် မပျော်ရွှင်နိုင်သေးမီမှာပင် မစ်ရှင်ရှုံးနိမ့်သည့် သတိပေးချက် ရောက်ရှိလာသည်။

ဒင်…E အဆင့် မစ်ရှင် - "တောရိုင်းဖွတ်ပုတတ်ကြီး" ကို သတ်ဖြတ်ရန် ရှုံးနိမ့်သည်။ အခြေခံအတွေ့အကြုံရမှတ် နှစ်ဆဖြစ်သော ၃၂၀၀ မှတ်ကို နုတ်ယူပါသည်။

ကံကောင်းစွာဖြင့် လော်ယွမ်၏ အတွေ့အကြုံမှတ်များမှာ ပိုလျှံနေသေးသောကြောင့် ထိုအမှတ်များကို နုတ်ရန် လုံလောက်ပြီး အဆင့်ကျသွားမည်ကို စိုးရိမ်စရာမလိုပေ။

ဆက်ရန်…

အပိုင်း(၁၀၃)ကနဦးစွမ်းအင်

ရရှိလိုက်သော အကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် ဆုံးရှုံးသွားသော အတွေ့အကြုံအမှတ်အနည်းငယ်မှာ ပြောပလောက်သည့်အရာမဟုတ်ပေ။

ဤဖွတ်ပုတတ်ကြီးသည် သူ၏တိုက်ခိုက်ရေးသားရဲ ဖြစ်သွားပြီးနောက်တွင် အလိုအလျောက် မတ်တပ်ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာလည်း တုန်ယင်ခြင်းမရှိတော့ပေ။ သို့သော် သူ၏အနားသို့မူ မချဉ်းကပ်ဝံ့သေးဘဲ၊ သူ့အပေါ်တွင် ကြောက်ရွံ့စိတ်ရှိနေဆဲဖြစ်သည်မှာ ထင်ရှားသည်။ ဤရလဒ်အတွက် လော်ယွမ်က အတင်းအကျပ်မတောင်းဆိုပေ။ မည်သို့ပင်ဖြစ်စေ ၎င်းကို အခုတင်လေးတင် အနိုင်ယူထားခြင်းဖြစ်ရာ ယခုကဲ့သို့ အမူအရာပြခြင်းမှာပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။

လော်ယွမ်က အနားသို့ချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်းက နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသော်လည်း ထိုတစ်လှမ်းတည်းသာဖြစ်ပြီး နောက်သို့ဆက်မဆုတ်တော့ဘဲ နှာခေါင်းမှ စိတ်မရှည်သလို နှာမှုတ်ထုတ်နေသည်။

လော်ယွမ်က လက်ကိုအောက်သို့ဖိချသည့်အမူအရာ ပြုလုပ်ကာ ၎င်းကို ထိုင်ခိုင်းစေလိုသော်လည်း ဖွတ်ပုတတ်ကြီးမှာ ဤအမူအရာ၏အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ လော်ယွမ်ကို နားမလည်သောအကြည့်ဖြင့် ကြည့်နေပြီး မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။

သူကစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး ဖွတ်ပုတတ်ကြီး၏ကျောပေါ်သို့ ကိုယ့်ဘာသာကိုယ် တက်လိုက်ရသည်။ ၎င်း၏ကျောမှာ အလွန်ကျယ်ဝန်းသော်လည်း မည်သူမဆို ထိုင်နိုင်သည့်နေရာတော့မဟုတ်ပေ။ ကျောကုန်းမှာ ခုံးပြီး မြင့်မားစွာထွက်နေကာ မျက်နှာပြင်ပေါ်မှ အကြေးခွံများမှာလည်း ဆီလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ချောမွေ့တောက်ပနေသည်။ ဖွတ်ပုတတ်ကြီးက ငြိမ်သက်စွာရပ်နေလျှင်ပင် ချော်မကျစေရန် အလွန်သတိထားရသည်။ အကယ်၍ လှုပ်ရှားသွားပါက အတက်အကျလှုပ်ခါမှုကြောင့် သာမန်လူတစ်ယောက်အနေဖြင့် လုံးဝထိုင်နိုင်မည်မဟုတ်။ အကယ်၍သာ ပြေးလွှားမည်ဆိုလျှင် ချက်ချင်းလွင့်ကျသွားနိုင်သည်။

"အိမ်ရာထဲကို သွား" ဟုပြောရင်း လော်ယွမ်က ၎င်း၏ကျောကို ပုတ်လိုက်သော်လည်း ဖွတ်ပုတတ်ကြီးက တုံ့ပြန်ခြင်းမရှိပေ။ ထို့နောက် လော်ယွမ်က အားဖြင့်တစ်ချက်ထပ်ပုတ်လိုက်ရာ ဤတစ်ကြိမ်တွင်တော့ ဖွတ်ပုတတ်ကြီးက နောက်ဆုံးတွင် တုံ့ပြန်လာသည်။ ၎င်းက ခေါင်းလှည့်လာပြီး ကြီးမားသောမျက်လုံးကြီးများဖြင့် လော်ယွမ်ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်ရာ ထိုအကြည့်ထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်။

လော်ယွမ်က အိမ်ရာအဝင်ဝကို လက်ညှိုးထိုးပြလိုက်သည်။ သူက ၎င်း၏ဉာဏ်ရည်ကို အထင်ကြီးလွန်းသွားမှန်း ထင်ရှားနေသည်။ ထိုသုံးမှတ်သာရှိသော ဉာဏ်ရည်မှာ ခွေးတစ်ကောင်ထက်ပင် များစွာသာလွန်မည်မထင်။ လော်ယွမ်မှာ ကြံရာမရဖြင့် မတ်တပ်ထရပ်လိုက်ပြီး ၎င်း၏ခေါင်းပေါ်သို့ တက်ကာ လက်ဟန်ခြေဟန်အမျိုးမျိုးဖြင့် ပြသရတော့သည်။ တစ်ခါတစ်ရံ အောက်သို့ခုန်ချကာ ကိုယ်တိုင်ပင် သရုပ်ပြရသေးသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင်မှ ရှေ့သို့သွားခြင်းနှင့် ရပ်တန့်ခြင်းဆိုသည်မှာ မည်သည်ကိုဆိုသည်ကို ၎င်းအား နားလည်အောင် သင်ပြနိုင်ခဲ့သည်။

ဖွတ်ပုတတ်ကြီးသည် နောက်ဆုံးတွင် လှုပ်ရှားလာပြီး ခန္ဓာကိုယ်မှာ ထော့နဲ့ထော့နဲ့ဖြင့် ဖြည်းညင်းစွာ လျှောက်သွားသည်။ ၎င်း၏ခြေတစ်ဖက်မှာ လုံးဝနီးပါး အသုံးမဝင်တော့ဘဲ ဒဏ်ရာရနေသောခြေထောက်ကို ကွေးထားရကာ ကျန်ခြေသုံးချောင်းဖြင့်သာ လျှောက်နေရသဖြင့် အလွန်အမင်း သနားစဖွယ်ဖြစ်နေသည်။

"ဟိုဘက်ကို သွား" လော်ယွမ်က ၎င်း၏ဦးခေါင်းကို အားဖြင့်တစ်ချက်ကန်လိုက်သည်။

ဖွတ်ပုတတ်ကြီးက ခေါင်းကိုခါယမ်းလိုက်ပြီး နောက်တစ်ကြိမ် လမ်းကြောင်းပြောင်းလိုက်သည်။

"ညာဘက်ကို နည်းနည်းထပ်သွား" လော်ယွမ်က ၎င်း၏ညာဘက်ပါးကို အားဖြင့်တစ်ချက် ထပ်ကန်လိုက်ပြန်သည်။

အကြိမ်ကြိမ်အခါခါ ထပ်ခါတလဲလဲလုပ်ပြီးနောက် မည်မျှပင်စိတ်ရှည်သည်ဖြစ်စေ စိတ်မရှည်နိုင်တော့ပေ။ ၎င်းက ဟိန်းဟောက်သံတစ်ချက်ပြုလိုက်ပြီး နှာခေါင်းမှ အဆက်မပြတ် နှာမှုတ်ထုတ်နေသည်။

ထို့နောက် စနစ်မှ သတိပေးချက် ဝင်လာသည်။ "ဒင်... သင်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် တိုက်ခိုက်ရေးသားရဲ "တောရိုင်းဖွတ်ပုတတ်ကြီး" ၏ သစ္စာစောင့်သိမှုတစ်မှတ် ကျဆင်းသွားသည်"

လော်ယွမ်မှာ တစ်ခဏမျှတွေဝေသွားသည်။ သူက ဖွတ်ပုတတ်ကြီးသည် ဤအခြေအနေရောက်နေသော်လည်း ခုခံလိုစိတ်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျဆင်းလျှင်လည်း ကျဆင်းပါစေ၊ ဒဏ်ရာပြင်းထန်စွာရရှိထားသော သတ္တဝါကြီးတစ်ကောင်ကိုမှ မနိုင်နင်းတော့ဘူးလားဟု သူတွေးလိုက်သည်။ ထို့နောက် သူက ၎င်းကို အားဖြင့်အချက်ပေါင်းများစွာ ထပ်ကန်လိုက်သော်လည်း ဖွတ်ပုတတ်ကြီးမှာ နာကျင်သည့်ပုံစံ လုံးဝမပြသည်ကို တွေ့လိုက်ရသည်။

၎င်း၏ ၁၈ မှတ်ရှိသော ကြောက်မက်ဖွယ်ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နှိုင်းယှဉ်လျှင် သူ၏တိုက်ခိုက်မှုမှာ အလွန်အားနည်းလွန်းပြီး ယားယံအောင်ကုတ်ခြင်းထက်ပင် မပိုပေ။

သူက အနည်းငယ်ဒေါသထွက်လာပြီး ခြေထောက်တွင် အမှတ်မထင် စိတ်စွမ်းအင်ကို စုစည်းလိုက်ကာ ၎င်း၏ဦးခေါင်းကို ထပ်ကန်လိုက်သည်။ လော်ယွမ် သတိပြန်ဝင်လာချိန်တွင်မူ နောက်ကျသွားလေပြီ။

ဖွတ်ပုတတ်ကြီး၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာတုန်ခါသွားပြီး ငိုညည်းသံတစ်ချက်ထွက်ပေါ်လာကာ ခြေလက်များမှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဝုန်းကနဲလဲကျသွားရာ ဖုန်မှုန့်များ ထလွင့်သွားသည်။

"သေတော့မသွားလောက်ပါဘူးနော်" လော်ယွမ်က လန့်သွားပြီး အလျင်အမြန်ခုန်ဆင်းကာ စစ်ဆေးကြည့်လိုက်ရာ ဖွတ်ပုတတ်ကြီးမှာ မသေဆုံးသေးသည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် ၎င်းက ရုန်းကန်ကာ ထရပ်ရန်ကြိုးစားလာသော်လည်း ၎င်း၏ဦးနှောက်တွင် ပြဿနာတစ်ခုခုဖြစ်သွားဟန်တူပြီး အတန်ကြာကြိုးစားသော်လည်း မထနိုင်ခဲ့ပေ။ တစ်မိနစ်ခန့်ကြာမှ ၎င်းက မရမက ထရပ်နိုင်ခဲ့ပြီး ခန္ဓာကိုယ်မှာမူ ယိမ်းထိုးနေဆဲဖြစ်ကာ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"ဒင်... သင်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် တိုက်ခိုက်ရေးသားရဲ "တောရိုင်းဖွတ်ပုတတ်ကြီး" သည် သင့်အပေါ်တွင် ကြောက်ရွံ့မှုပိုမိုနက်ရှိုင်းလာပြီး သစ္စာစောင့်သိမှု ဆယ်မှတ်မြင့် တက်သွားသည်"

တစ်ခဏအတွင်းမှာပင် လော်ယွမ်၏မျက်နှာအမူအရာမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းသွားသည်။ သတိပေးချက်နှစ်ခုမှာ လုံးဝနီးပါးတူညီသော်လည်း ရလဒ်မှာမူ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။ တစ်ခုက သစ္စာစောင့်သိမှုကျဆင်းသွားပြီး နောက်တစ်ခုကမူ သစ္စာစောင့်သိမှု အဆမတန်တက်သွားသည်။

သူက နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။ သန္ဓေပြောင်းသတ္တဝါများကြားမှ တင်းကျပ်သော အဆင့်အတန်းခွဲခြားမှုတွင် အဆင့်မြင့်သူက အဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါများကို စိတ်တိုင်းကျ သတ်ဖြတ်စားသောက်နိုင်သည်မှာ စည်းမျဉ်းများက ပေးအပ်ထားသော အာဏာကြောင့်မဟုတ်၊ ခံစားချက်ဖြင့် သိမ်းသွင်းခြင်းကြောင့်လည်း မဟုတ်ဘဲ၊ အဆင့်တစ်ခုနှင့်တစ်ခုကြားမှ စွမ်းအားကွာဟမှုကြောင့်ပင် ဖြစ်သည်။

သူ၏ထိုတစ်ချက်ကန်လိုက်ခြင်းမှာ ဖွတ်ပုတတ်ကြီး၏ ခုခံလိုစိတ်အကြွင်းအကျန်အားလုံးကို လုံးဝချေမှုန်းလိုက်ပြီး အကြွင်းမဲ့ လက်နက်ချစေခဲ့သည်။

ဤအတွေးများမှာ လော်ယွမ်၏စိတ်ထဲတွင် တစ်ခဏမျှ ဖြတ်ပြေးသွားပြီးနောက် သူက ခုနကကန်ချက်အပြီး ဖွတ်ပုတတ်ကြီး၏ ကြီးမားသောတုံ့ပြန်မှုကို သတိပြုမိလိုက်သည်။

ထိုကန်ချက်၏အစွမ်းမှာ မသေးငယ်သည်မှာ ထင်ရှားသည်။ သို့မဟုတ်လျှင် ၎င်းကို မြေပေါ်သို့ တိုက်ရိုက်လဲကျသွားစေမည်မဟုတ်ပေ။ သို့သော် သူက ဖွတ်ပုတတ်ကြီး၏ဦးခေါင်းတွင် ယခင်ဒဏ်ရာအဟောင်းများမှလွဲ၍ အနည်းငယ်မျှသော ဒဏ်ရာအသစ်ပင် မရှိသည်ကို သတိပြုမိလိုက်သည်။

စိတ်စွမ်းအင်သည် ခန္ဓာကိုယ်၏ အရည်အသွေးများအားလုံးထဲတွင် အလျှို့ဝှက်အဆန်းကြယ်ဆုံးတစ်ခုဖြစ်ပြီး လော်ယွမ်မှာ ယခုအချိန်အထိ လုံးဝနားမလည်သေးဘဲ သုံး၍ရနေသဖြင့်သာ အသုံးပြုနေရဆဲဖြစ်သည်။ ဥပမာအားဖြင့် စိတ်စွမ်းအင်၏ ခုခံကာကွယ်နိုင်စွမ်းမှာ မည်သို့ပေါ်ပေါက်လာသည်ကို သူနားမလည်သေးပေ။ ၎င်းကမူလကတည်းက ဤသို့ဖြစ်သင့်သကဲ့သို့ပင် သဘာဝအတိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုအချိန်အထိ သူ၏စိတ်စွမ်းအင်မှာ ပုံစံနှစ်မျိုးဖြင့် ပေါ်ထွက်ခဲ့သည်။ တစ်ခုမှာ အရာအားလုံးကိုဖြတ်တောက်နိုင်စွမ်းဖြစ်ပြီး ဓားသွားပေါ်တွင် အသုံးပြုသည်။ ဒုတိယတစ်ခုမှာ ခုခံကာကွယ်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်မျက်နှာပြင်တွင်အသုံးပြုသည်။

ယုတ္တိကျကျပြောရမည်ဆိုလျှင် နှစ်မျိုးစလုံးမှာ စိတ်စွမ်းအင်ပင်ဖြစ်ပြီး တစ်ထပ်တည်းတူညီသောအရာဖြစ်ရာ အစွမ်းနှစ်ခုမှာလည်း တူညီသင့်သည်။ သို့သော် လက်တွေ့ပေါ်လွင်မှုမှာမူ အလွန်ကွာခြားလှသည်။

ယခုတစ်ကြိမ်တွင်မူ အရာအားလုံးကိုဖြတ်တောက်နိုင်စွမ်းလည်းမဟုတ်၊ ခုခံကာကွယ်ခြင်းလည်းမဟုတ်ဘဲ စွမ်းရည်အသစ်တစ်ခုဖြစ်သည်။ ထို့အပြင် ၎င်းပေါ်ပေါက်လာချိန်တွင် မည်သည့်အရိပ်အယောင်မှမရှိဘဲ ရုတ်တရက်ပင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ဤစိတ်စွမ်းအင်ဆိုသည်မှာ အမှတ်တကယ်တွင် မည်သို့သောအရာ ဖြစ်သနည်း။

လော်ယွမ်သည် စနစ်ကိုစတင်ရရှိချိန်ကတည်းက အရည်အသွေးဇယားပေါ်မှ အရည်အသွေးအမျိုးမျိုးကို အချက်အလက်ရှာဖွေခဲ့ဖူးသည်။

လူပြိန်းနားလည်အောင်ပြောရမည်ဆိုလျှင် စိတ်စွမ်းအင်သည် လူတိုင်း၏မိမိကိုယ်ပိုင်အပြုအမူများနှင့် ပတ်သက်သော ပင်ကိုယ်တုံ့ပြန်မှုဖြစ်သည်။

စိတ်ပညာရှုထောင့်မှ အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုလျှင် စိတ်စွမ်းအင်သည် လူက ရည်ရွယ်ချက်ကို သိစိတ်ဖြင့်သတ်မှတ်ပြီး အပြုအမူကို ထိန်းချုပ်ကာ အခက်အခဲများကို ကျော်လွှားပြီး ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည့် စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်ဖြစ်သည်။

တစ်ခုက အပြုအမူကို အဓိကထားပြီး နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာကို အဓိကထားသည်။

"တကယ်လို့အဲ့နှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် စိတ်စွမ်းအင်ဆိုတာ ကိုယ့်ရဲ့စိတ်ကနေ ပေါ်ထွက်လာတဲ့ အပြုအမူကိုဖော်ထုတ်ဖန်တီးလိုက်တာပဲ" လော်ယွမ်က ရုတ်တရက် မိမိဘာသာ ရေရွတ်လိုက်သည်။

ထိုစဉ် သူ၏စိတ်ထဲတွင် ဉာဏ်အလင်းတစ်ချက်ပွင့်သွားပြီး ကျော်ကြားသော ဘာသာရေးစကားတစ်ခွန်းကို အမှတ်မထင် သတိရသွားသည်။ "ဘုရားရှင်က အလင်းရောင်ရှိစေသတည်းဟု မိန့်တော်မူလျှင် ဤလောက၌ အလင်းရောင်ရှိလေ၏"

သူက ထိုစကားကို အကြိမ်အနည်းငယ် တိုးတိုးလေး ရွတ်ဆိုလိုက်ပြီးနောက် သူ၏စိတ်ထဲတွင် တုန်လှုပ်သွားကာ မူလကကျုံ့ထားသော မျက်မှောင်မှာ ပြေလျော့သွားသည်။

"စိတ်စွမ်းအင်... ဒါကစိတ်စွမ်းအင်ရဲ့ အစွမ်းဘဲဖြစ်ရမယ်... ဘုရားရှင်ရဲ့ စိတ်စွမ်းအင်က လောကကို အလင်းရောင်ရှိစေချင်တော့ အလင်းရောင်ရှိလာတယ်"

"အရင်ကငါသိထားတာတွေ မှားနေတာပဲ... စိတ်စွမ်းအင်ဆိုတာ တစ်ကယ်တော့ ပုံသေကားချပ်မဟုတ်ပဲ စိတ်စွမ်းအားကနေ ပုံဖော်လိုက်တဲ့ အရာတွေပဲ... အဲ့တာကိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင် ဂုဏ်သတ္တိအမျိုးအမျိုးကို ဖြစ်ပေါ်စေနိုင်ပြီး သူ့ကိုယ်၌က ဘာဂုဏ်သတ္တိမှမရှိတဲ့ ကနဦးစွမ်းအင်တစ်ခုပဲ"

"အင်းပေါ့...ငါ့ရဲ့စိတ်စွမ်းအင်ကတော့... ဒဏ္ဍာရီထဲက ဘုရားရှင်တွေရဲ့ ကောင်းကင်နဲ့မြေကြီးကို လွှမ်းခြုံနိုင်တဲ့ ကြီးကျယ်ခမ်းနားတဲ့ စိတ်စွမ်းအင်နဲ့ နှိုင်းယှဉ်ရင် မိုးနဲ့မြေလို ကွာခြားပြီး လုံးဝနှိုင်းယှဉ်လို့မရဘူး...ဒါဆိုငါ့စိတ်စွမ်းအင်ရဲ့ ပုံဖော်မှုတွေက ဘာတွေလဲ"

"ရန်သူကို ရင်ဆိုင်ပြီး ဓားမြှောက်လိုက်တဲ့အခါ စိတ်ထဲမှာ တွေးနေတာက သူ့ကို ခုတ်ပိုင်းပစ်ချင်တာဖြစ်လို့ အရာအားလုံးကိုဖြတ်တောက်နိုင်စွမ်းဆိုပြီး ဖြစ်လာတယ်"

"စိတ်စွမ်းအင်က တစ်ကိုယ်လုံးကို လွှမ်းခြုံတဲ့အခါ သိစိတ်က ဘာမှမတွေးပေမဲ့ မသိစိတ်ကတော့ တိုက်ခိုက်ချင်စိတ်မဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ချင်စိတ်ဆိုတာ ထင်ရှားတယ် ဒါကြောင့် ခုခံကာကွယ်နိုင်စွမ်းဆိုပြီး ဖြစ်လာတယ်"

"ဒါဆို ဒီတစ်ခါရောငါဘာတွေးမိလိုက်တာလဲ"

လော်ယွမ်က မျက်မှောင်ကျုံ့ကာ အပြင်းအထန်စဉ်းစားရင်း မိမိ၏စိတ်အတွင်းပိုင်းကို တူးဆွနေသည်။

"ငါကငါ့ရဲ့တိုက်ခိုက်ရေးသားရဲကို သတ်ချင်မှာမဟုတ်ဘူး... ဒီလို ကိုယ့်အတွက်အကျိုးမရှိတဲ့အရာကို မသိစိတ်ရော သိစိတ်ကပါ တွေးမှာမဟုတ်ဘူး... စိတ်ပညာမှာရော ဇီဝဗေဒမှာပါ သက်ရှိတိုင်းက ကိုယ့်အကျိုးကို ကြည့်တတ်တယ်... အကျိုးရှိရာကို ရွေးချယ်ပြီး အန္တရာယ်ကို ရှောင်ရှားတာက သက်ရှိတွေရဲ့ပင်ကိုစိတ်ပဲ... အမြဲတမ်း ကိုယ့်အတွက် အကျိုးရှိတဲ့အပြုအမူကို အမှတ်မထင် ရွေးချယ်တတ်ကြတယ်... ဒါကြောင့် ဒီအချက်က မဖြစ်နိုင်ဘူး"

"နောက်ပြီးတော့ ခုခံကာကွယ်တာလည်း မဟုတ်ဘူး ငါက သူ့ကို မသတ်ချင်ပေမဲ့ သင်ခန်းစာပေးချင်တာတော့ ထင်ရှားတယ်... ဒီလိုကြည့်ရင် ဒီစွမ်းရည်က သေအောင်မသတ်ဘဲ သူ့ရဲ့ခုခံလိုစိတ်ကို ဖျက်ဆီးပစ်တာဖြစ်ရမယ်"

အမှန်တွင်တော့ စိတ်စွမ်းအင်ဆိုသည်မှာ ''မည်သည့်ဂုဏ်သတ္တိမှမရှိသော ကနဦးစွမ်းအင်တစ်ခု'' ဖြစ်ကြောင်း နားလည်သွားလျှင် ကျန်သည့်စိတ်စွမ်းအင်မှဖြစ်လာသော အစွမ်းများကို ဆက်လက်လေ့လာရန် အဓိပ္ပာယ်မရှိတော့ပေ။

စိတ်စွမ်းအင်သည် အတွေးနှင့်လိုက်ပြီး ထောင်သောင်းချီအောင် ပြောင်းလဲနိုင်သည်။ စိတ်စွမ်းအင် တဖြည်းဖြည်း အားကောင်းလာသည်နှင့်အမျှ နောက်ဆုံးတွင် အရာအားလုံးကို ကိုယ့်စိတ်တိုင်းကျဖြစ်စေနိုင်ပြီး အတွေးတစ်ချက်ဖြင့် အသက်ရှင်စေနိုင်၊ သေစေနိုင်ကာ အဆုံးတွင် ဘာမဆိုလုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

ဤသို့တွေးမိသောအခါ လော်ယွမ်မှာ ဉာဏ်ပွင့်သွားတော့သည်။ သူက အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး အနီးအနားတွင် ကြောက်ရွံ့တုန်လှုပ်စွာ ရပ်နေသော ဖွတ်ပုတတ်ကြီးကို ကြည့်ရင်း သူ၏စိတ်ထဲတွင် အလွန်ကြည်နူးသွားကာ ဖွတ်ပုတတ်ကြီး၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။

-------------------------------------

လော်ယွမ်နှင့် ဖွတ်ပုတတ်ကြီးတို့သည် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ခရီးဆက်ခဲ့ရာ လမ်းများစွာကို လွဲချော်ခဲ့ပြီးနောက် နောက်ဆုံးတွင် နာရီဝက်အကြာ၌ ဗီလာအိမ်ကြီးရှေ့မှ ကွင်းပြင်သို့ ရောက်ရှိလာခဲ့သည်။

ဖွတ်ပုတတ်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးမှာ တောင်ငယ်တစ်လုံးနှင့်တူပြီး ခြေတစ်လှမ်းလှမ်းတိုင်း မြေကြီးပင် အနည်းငယ် တုန်ခါသွားသည်။ ယခုကဲ့သို့ အဝေးမှကြည့်လျှင်ပင် ကြီးမားသော ဖိအားပေးမှုကို ခံစားရသည်။

ဖွတ်ပုတတ်ကြီး၏ ပေါ်ထွက်လာမှုမှာ လူအုပ်ကြီးကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့ပြီး လူများက လော်ယွမ်သည် ဖွတ်ပုတတ်ကြီး၏ကျောပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသောအခါ အားလုံးပင် အံ့ဩတုန်လှုပ်သွားကြသည်။ လော်ယွမ်က အပြုံးဖြင့်ရှိနေသည်ကို ကိုယ်တိုင်မမြင်ရပါက ဟွမ်ကျားဟွေသည် သေနတ်ဖြင့် ပစ်မိလောက်ပြီဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ အနားသို့ မချဉ်းကပ်ဝံ့ပေ။ ဟွမ်ကျားဟွေပင်လျှင် အဝေးမှနေ၍ မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်နေသည်။

လော်ယွမ်က ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ဖွတ်ပုတတ်ကြီးကို ကျောပေးကာ လျှောက်လာသောအခါ ဟွမ်ကျားဟွေ၏နှလုံးမှာ ထိတ်သွားပြီး လော်ယွမ်ကို မဆင်မချင်လုပ်သည်ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဤသတ္တဝါကြီးက အလွန်ယဉ်ကျေးသလို ပြုမူနေသော်လည်း "တစ်သောင်းမှာ တစ်ခါ" ဆိုသကဲ့သို့ မတော်တဆတစ်ခုခုဖြစ်လျှင်... အကယ်၍ ၎င်းက ဤအချိန်တွင် ရုတ်တရက်တိုက်ခိုက်လိုက်ပါက...

ဤသို့တွေးမိသောအခါ ဟွမ်ကျားဟွေ၏မျက်နှာမှာ ဖြူဖျော့သွားပြီး သူမ၏စိတ်ထဲမှ ကြောက်ရွံ့မှုကို ဂရုမစိုက်နိုင်တော့ဘဲ သေနတ်ကို အလျင်အမြန်ထုတ်ကာ ဖွတ်ပုတတ်ကြီးကို ချိန်ရွယ်လိုက်ပြီး တစ်ခုခုမှားယွင်းသည်နှင့် ချက်ချင်းပစ်ခတ်ရန် ပြင်ဆင်လိုက်သည်။

ဖွတ်ပုတတ်ကြီးမှာ မူလကတည်းက အန္တရာယ်ကို ကြိုတင်သိနိုင်စွမ်းရှိရာ ယခုကဲ့သို့ ဟွမ်ကျားဟွေက သေနတ်ဖြင့်ချိန်ရွယ်လိုက်သောအခါ ကြီးမားသောအန္တရာယ်တစ်ခု ကျရောက်လာသည်ကို ချက်ချင်းခံစားမိလိုက်သည်။ ဟွမ်ကျားဟွေ၏လက်ထဲမှ ကျည်ဆန်များမှာ သာမန်ကျည်ဆန်များမဟုတ်ဘဲ အပြာရင့်ရောင်အဆင့်ဟု သတ်မှတ်ထားသောအရာဖြစ်ရာ ဖျက်ဆီးစွမ်းအားမှာ လုံးဝမနည်းပေ။

အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါ၏ ခုခံကာကွယ်နိုင်စွမ်းမှာ ဤကျည်ဆန်များရှေ့တွင် အရာမထင်ပေ။ ကံကောင်း၍ အဓိကနေရာကို ထိမှန်ပါက အနည်းငယ်အားနည်းသော အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါပင်လျှင် လဲကျသွားနိုင်သည်။ ကံမကောင်းစွာဖြင့် ကျည်ဆန်မှာ မများပြားဘဲ ပစ္စတိုတစ်လက်သာဖြစ်နေသည်။ အကယ်၍ စက်သေနတ်ကြီးတစ်လက်သာရှိပါက အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါ မည်မျှပင်လာလာ မကြောက်ပေ။

ဖွတ်ပုတတ်ကြီးက အန္တရာယ်ကို ခံစားမိသောအခါ အမြီးပိုင်းမှ အကြေးခွံများမှာ ရုတ်တရက်ထောင်တက်လာပြီး လွှသွားကဲ့သို့ ပုံစံဖြစ်ပေါ်လာကာ နှာခေါင်းမှလည်း ရေငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေပြီး ဂနာမငြိမ်ဖြစ်နေသည်။

ဤသတ္တဝါကြီးမှာ တိုက်ခိုက်တော့မည်ဟု ထင်ရသောအခါ ဟွမ်ကျားဟွေမှာ အလွန်အမင်း ထိတ်လန့်သွားပြီး သေနတ်ကိုင်ထားသော ညာလက်မှာပင် အနည်းငယ်တုန်ယင်လာသည်။ သူမ၏လက်ချောင်းများမှာ ပို၍အားစိုက်လာပြီး ပစ်ခတ်တော့မည်ဆဲဆဲတွင်...

ထိုစဉ် လော်ယွမ်က နောက်သို့လှည့်ကာ ဟိတ်ဟု အသံတစ်ချက်ပြုလိုက်ပြီး အားကောင်းသော စွမ်းအင်ဖိအားတစ်ခု သူ၏ကိုယ်မှ ပျံ့လွင့်ထွက်သွားရာ ဖွတ်ပုတတ်ကြီး၏ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အလျင်အမြန် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ ငြိမ်သက်သွားသည်။

ထို့နောက် သူက ဟွမ်ကျားဟွေကို လက်ပြလိုက်ပြီး စိတ်ချရန် အချက်ပြကာ သူမထံသို့ လျှောက်သွားသည်။

ဟွမ်ကျားဟွေမှာ အလွန်စိတ်လှုပ်ရှားနေပြီး ခြေလှမ်းအနည်းငယ် လျှောက်လာကာ လော်ယွမ်ကို တင်းကျပ်စွာဖက်လိုက်ပြီး သူ၏ကျောကို လက်သီးဆုပ်ဖြင့် ဒေါသဖြေသလို ထုနှက်ရင်း အသံတွင် ငိုသံအနည်းငယ်ပါလျက် "ရှင် ဘာလို့ဒီလောက် မဆင်မချင်လုပ်ရတာလဲ... ကျွန်မကို လန့်သေအောင် လုပ်နေတာလား"

သူမက အမှန်တကယ်ပင် စိုးရိမ်လွန်သွားခဲ့သည်။ အကယ်၍သာ လော်ယွမ်သေဆုံးသွားပါက သူမကိုယ်တိုင်လည်း အသက်မရှင်တော့ဟုပင် တွေးမိခဲ့သည်။

ဤမျှကြာအောင် အန္တရာယ်များကြားတွင် အချင်းချင်း အသက်ကိုပုံကာ မှီခိုခဲ့ကြပြီး မျှော်လင့်ချက်မဲ့မှုကြားတွင် အချင်းချင်း နွေးထွေးမှုကို မျှဝေခဲ့ရာ သူမ၏စိတ်နှလုံးတစ်ခုလုံးကို လော်ယွမ်အပေါ်တွင် လုံးဝပုံအပ်ထားပြီးဖြစ်သည်။

"ဘာကြောက်စရာလိုလို့လဲ... သူ့ကိုငါသိမ်းသွင်းထားတာ... သူကငါ့ရဲ့တိုက်ခိုက်ရေးသားရဲပဲ... ဒါပေမဲ့အနားအရမ်းသွားမကပ်နဲ့ဦး... သူ့ဉာဏ်ရည်ကနည်းနည်းနိမ့်တယ်... လုံးဝယဉ်ပါးအောင်လုပ်ဖို့ အချိန်နည်းနည်းလိုသေးတယ်" လော်ယွမ်က အပူအပင်မရှိသလို ရယ်မောလိုက်ရာ လက်သီးဆုပ်ဖြင့် အထုခံလိုက်ရပြန်သည်။

လော်ယွမ်မှာ နောက်နောင် ဤသတ္တဝါကြီးအနားသို့ ချဉ်းကပ်သည့်အခါ သတိထားမည်ဟု အာမခံလိုက်ရတော့သည်။ အမှန်တစ်ကယ်တော့ သူ၏အာရုံခံနိုင်စွမ်းအကွာအဝေးအတွင်းတွင် ရှိနေသရွေ့ နောက်ကျောမှပင်ဖြစ်စေ ဖွတ်ပုတတ်ကြီးက သူ့ကို လုံးဝတိုက်ခိုက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ဖွတ်ပုတတ်ကြီး၏ သစ္စာစောင့်သိမှုမှာ ၅၀ မှတ်အောက်မနိမ့်သဖြင့် သစ္စာဖောက်ရန် လုံးဝမဖြစ်နိုင်ပေ။ စနစ်၏စွမ်းရည်ကို လော်ယွမ်က အကြွင်းမဲ့ယုံကြည်သည်။

သို့သော် ဤအရာများကို ရှင်းပြရန် ခက်ခဲပြီး ဤအချိန်တွင် အမျိုးသမီးတစ်ဦးမှာလည်း ဤသို့သော မရှင်းလင်းသည့် ရှင်းပြချက်များကို နားထောင်လိုမည်မဟုတ်ပေ။ မိမိ၏လုံခြုံရေးကို စိုးရိမ်နေသော အမျိုးသမီးတစ်ဦးရှေ့တွင် ရိုးသားစွာအာမခံပြီး သူမ၏စိတ်ကို အေးချမ်းစေခြင်းသည် အကောင်းဆုံးတုံ့ပြန်မှုပင်ဖြစ်သည်။

"ဘာလို့ ရှင်က သူ့ကို တိုက်ခိုက်ရေးသားရဲလို့ ခေါ်တာလဲ" ဟွမ်ကျားဟွေက ရုတ်တရက် ဇဝေဇဝါနှင့် မေးလိုက်သည်။

လော်ယွမ်မှာ အနည်းငယ်ခေါင်းကိုက်သွားသည်။ ဤသည်မှာ စနစ်၏အသုံးအနှုန်းဖြစ်ရာ သူက နားလည်နိုင်မည့် ရှင်းပြချက်တစ်ခုဖြင့် လှည့်ပတ်ပြောလိုက်ရသည်။ "တကယ်တော့ သူကအိမ်မွေးတိရစ္ဆာန်လိုပါပဲ ခွေးမွေးတာ ကြောင်မွေးတာနဲ့ သိပ်မကွာဘူး"

ဟွမ်ကျားဟွေက ထိုကြောက်မက်ဖွယ် ဧရာမသတ္တဝါကြီးကို နားမလည်စွာကြည့်ရင်း မည်သို့ပင်ကြိုးစားစေကာမူ ၎င်းကို ချစ်စရာကောင်းသော ခွေးကလေး၊ ကြောင်ကလေးများနှင့် ဆက်စပ်၍မရနိုင်သည်ကို တွေ့လိုက်ရသည်။

"ဒါဆို သူက လူသားမစားဘူးလား" ဟွမ်ကျားဟွေက စိုးရိမ်စွာမေးလိုက်သည်။

"ဘာမှမပူနဲ့... သူကပုံမှန်ဆို အရမ်းယဉ်ကျေးတာ" လော်ယွမ်က ဟားတိုက်ရယ်မောရင်း ပြောလိုက်သည်။

ယခင်ကတော့ သူ လူစားမှာသေချာသည်။ သို့သော် နောက်နောင်တွင်တော့ သူ့ကို လုံးဝစားခွင့်မပြုနိုင်တော့ဟု စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

ယခင်က ဒေါသတကြီးဖြစ်နေသော ဤသတ္တဝါကြီးမှာ ယခုအခါ အိမ်ကြီးရှေ့တွင် ဝပ်နေပြီး သူ၏ကြောက်မက်ဖွယ်ဒဏ်ရာများကို လျှာဖြင့်လျက်နေသည်။ ယခင်က ကြောက်မက်ဖွယ်ပုံရိပ်နှင့် လုံးဝမတူတော့ပေ။ ဟွမ်ကျားဟွေက အတန်ကြာကြည့်ပြီးနောက် ဤအဆိုကို မချင့်မရဲဖြင့်လက်ခံလိုက်သည်။

ဝမ်ရှီရှီမှာ စိတ်ထဲတွင် အကြိမ်ကြိမ်အခါခါ တွေဝေနေပြီးနောက် နောက်ဆုံးတွင် တုံ့ဆိုင်းစွာဖြင့် လျှောက်လာသည်။ သူက အနီးအနားမှ ဖွတ်ပုတတ်ကြီးကို ခိုးကြည့်လိုက်ရာ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့်အတူ စိတ်လှုပ်ရှားမှုအနည်းငယ် ရောယှက်နေသည်။ သူက ပါးစပ်ဟလိုက်ပြီး စကားထစ်ထစ်ငေါ့ငေါ့ဖြင့် "ကိုကြီးယွမ်... သမီး... သမီးလည်း ကိုကြီးလိုပဲ သူ့ကို စီးလို့ရလားဟင်"

"သူ့အသိဉာဏ်က ခွေးနဲ့သိပ်မကွာဘူး... အခုနင်နဲ့မသိသေးတော့ စီးလို့ရဦးမှာမဟုတ်ဘူး... နောက်ခင်သွားရင်တော့ရမှာပါ" လော်ယွမ်က အားရပါးရရယ်မောလိုက်သည်။

"တကယ်လား" ဝမ်ရှီရှီ၏မျက်လုံးများမှာ အရောင်တောက်လာပြီး မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်ကာ နောက်နောင်တွင် သတ္တဝါကြီးကိုစီးပြီး မြို့ထဲတွင် လျှောက်သွားနေသည့်မြင်ကွင်းကို စိတ်ကူးယဉ်နေဟန်တူသည်။

ဆက်ရန်...

အပိုင်း(၁၀၄)အလင်းဖြစ်စေ

ထိုဖြစ်၏ အထင်ရှားဆုံးသော အကျိုးသက်ရောက်မှုမှာ အားလုံးက လော်ယွမ်ကို မြင်သည့်အခါ ရှောင်တိမ်းသွားတတ်ကြပြီး သူတို့၏အကြည့်များမှာ ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခြင်းပင်ဖြစ်၏။

နေ့လယ်စာစားချိန်တွင် လော်ယွမ်က နင်းရှောင်ရမ်ကို မည်သည့်အရပ်သူဖြစ်ကြောင်း မေးမြန်းသည့်အခါ သူမသည် ကြောက်လန့်တကြားဖြင့် ချက်ချင်းထရပ်လိုက်ပြီး စကားပြောသည့်အခါတွင်လည်း အသံများတုန်ယင်နေကာ ထစ်ထစ်ငေါ့ငေါ့ဖြစ်နေ၏။ လော်ယွမ်က ကြည့်မနေနိုင်တော့ဘဲ ဟော်တုံကို လှည့်မေးလိုက်ရာ ပုံမှန်အားဖြင့် အခြေအနေကို ပေါ့ပါးအောင်လုပ်တတ်သော ထိုလူမှာပင်လျှင် ယခုအခါတွင် စိတ်လှုပ်ရှားကာ မည်သို့မျှမနေတတ်မထိုင်တတ်ဖြစ်နေသဖြင့် လော်ယွမ်ကို စိတ်ပျက်သွားစေသည်။

အမှန်တကယ်တွင် လူတိုင်း၏စိတ်ထဲမှ တုန်လှုပ်မှုသည် လော်ယွမ်ထင်ထားသည်ထက် များစွာပို၍ကြီးမား၏။

ဖွတ်ပုတတ်ကြီး၏ ပုံစံမှာ အလွန်ဆိုးရွားနေပြီး ရှေ့ခြေတစ်ဖက်ပြတ်နေသည့်အပြင် ရင်ဘတ်တွင်လည်း ကြီးမားသောဒဏ်ရာတစ်ခုရှိနေသည်။ ဒဏ်ရာအဟောင်း၊ အသစ်များဖြင့် ပြည့်နှက်နေပြီး မည်သည့်အချိန်တွင်မဆို လဲကျသွားနိုင်သကဲ့သို့ ထင်ရ၏။ သို့သော် ၎င်း၏ဧရာမကိုယ်ထည်နှင့် ဖိစီးစေသောစွမ်းအင်လှိုင်းတို့မှာ လူတိုင်းကို ကြောက်ရွံ့စေရန် လုံလောက်နေသည်။ အဝေးမှတစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ခြေလက်များပျော့ခွေသွားစေပြီး အနားကပ်ရန်မှာမူ ပြောစရာမလိုတော့ပေ။ တိုက်ခိုက်ရန်မှာမူ အိပ်မက်ထဲတွင်သာ စိတ်ကူးယဉ်နိုင်သည့်ကိစ္စဖြစ်ပြီး ထိုအိပ်မက်များမှာလည်း များသောအားဖြင့် အိပ်မက်ဆိုးများသာဖြစ်ကြသည်။

ဤဧရာမသတ္တဝါကြီးကို တိုက်ရိုက်အညံ့ခံစေနိုင်သော လော်ယွမ်မှာမူ ဤသတ္တဝါကြီးထက်ပင် ပို၍ကြောက်ဖို့ကောင်းသောသူဖြစ်သည်မှာ ထင်ရှားနေသည်။ ထိုသတ္တဝါကြီး၏ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ဒဏ်ရာများမှာ မည်သူလုပ်သည်ကို ခန့်မှန်းရန်မလိုဘဲ သိနိုင်၏။ သို့မဟုတ်လျှင် ဧရာမသတ္တဝါကြီးကို မည်သို့အညံ့ခံစေနိုင်မည်နည်း။

သန္ဓေပြောင်းသတ္တဝါတစ်ကောင်ထက်ပင် ပို၍ရက်စက်ကြမ်းကြုတ်သော ဤယောက်ျား၏အနီးတွင် ရပ်နေရုံမျှဖြင့်ပင် လူတိုင်းသည် လေးလံသောဖိအားတစ်ခုကို ခံစားနေရသည်။

ယခင်က လူတိုင်းသည် လော်ယွမ်၏စွမ်းအားကြီးမားကြောင်းကိုသာ သိခဲ့ကြသော်လည်း တိကျသောပုံရိပ်မရှိခဲ့ပေ။ အကြောင်းမှာ ယခုအချိန်အထိ လူတိုင်းမြင်တွေ့ခဲ့ရသော လော်ယွမ်၏တိုက်ခိုက်မှုမှာ လူတစ်ယောက်ကိုသတ်ဖြတ်ခဲ့ခြင်းသာဖြစ်ပြီး သူတို့မြင်တွေ့ခဲ့ရသော အခြားတိုက်ပွဲများမှာမူ ဝမ်ရှီရှီက တာဝန်ယူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လူအများစုမှာ ဝမ်ရှီရှီက လော်ယွမ်ထက်ပင်ပို၍ စွမ်းအားကြီးသည်ဟု ထင်မြင်ခဲ့ကြသည်။ လော်ယွမ်က မည်မျှပင်စွမ်းအားကြီးမားပါစေ လူကိုသာသတ်ခဲ့ပြီး ဝမ်ရှီရှီမှာမူ သန္ဓေပြောင်းသတ္တဝါကို သတ်ခဲ့သောကြောင့်ပင်။

ဤအမြင်သည် အမျိုးသမီးများကြားတွင် အလွန်ခေတ်စားခဲ့ပြီး ပုံမှန်အချိန်များတွင် အချို့မှာ ဤပြဿနာနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြရာ မည်သူကမျှတစ်ဖက်လူကို မစည်းရုံးနိုင်ခဲ့ပေ။ သို့သော် ယခုဤဧရာမသတ္တဝါကြီးပေါ်လာသောအခါ အငြင်းပွားမှုအားလုံး ချက်ချင်းပင်ရပ်စဲသွားတော့သည်။

နေ့လယ်စာစားပြီးနောက် လော်ယွမ်သည် တံခါးဝမှခေါက်ကုလားထိုင်ပေါ်တွင်လှဲလျောင်းရင်း မျက်လုံးများကိုမှိတ်ထားသည်။ နေ့လယ်ခင်း၏နေရောင်ခြည်က ကိုယ်ပေါ်သို့ကျရောက်နေပြီး အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေ၏။

သူ၏စိတ်ထဲတွင် စိတ်စွမ်းအင်နှင့်ပတ်သက်သော ပြဿနာများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို အဆက်မပြတ်စဉ်းစားနေသည်။

စိတ်စွမ်းအင်နှင့်ပတ်သက်၍ စနစ်ကပင်လျှင် လျှို့ဝှက်ထားဟန်တူပြီး အချက်အလက်အနည်းငယ်သာ ပေးထားသည်။ သို့သော် သူ၏ပင်ကိုအသိစိတ်အရ စိတ်စွမ်းအင်သည် နောက်ဆုံးတွင် ပို၍စွမ်းအားကြီးမားလာမည်ဖြစ်ပြီး အခြားအရည်အချင်းများကိုပင် လွှမ်းမိုးသွားနိုင်သည်ဟု သူခံစားမိသည်။ သို့သော် မိမိ၏စိတ်စွမ်းအင်ကို မည်သို့လေ့ကျင့်ရမည်မှာ ပြဿနာတစ်ခုဖြစ်၏။

စနစ်ကိုအားကိုး၍ တိုးမြှင့်ရန်မှာမူ အလွန်နှေးကွေးလွန်းသည်။ အဆင့်တစ်ခုစီအတွက် လိုအပ်သောအတွေ့အကြုံအမှတ်မှာ နှစ်ဆတိုးမြင့်လာသော်လည်း မိမိ၏ကိုယ်ပိုင်အရည်အချင်းမှာမူ ထိုနှစ်ဆတိုးမြင့်မှုနောက်သို့ လိုက်မမီနိုင်သောကြောင့် အဆင့်တက်ခြင်းမှာ ပို၍နှေးကွေးလာသည်။

ယခင်အဆင့်၆တွင် သူသည် အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါကို ရင်ဆိုင်နိုင်ခဲ့ပြီး ယခုအဆင့်၇သို့ရောက်ရှိလာသည့်တိုင် အပြာရောင်အဆင့်ကိုသာ ရင်ဆိုင်နိုင်သေးသည်။ အပြာရင့်အဆင့်ကို ရင်ဆိုင်ရန်မှာမူ သူလုံးဝယုံကြည်မှုမရှိပေ။

မိမိကိုယ်တိုင်လေ့ကျင့်ခြင်းဖြင့်သာ တိုးတက်အောင်လုပ်ရမည်ဟု ထင်ရ၏။ တိုးတက်နိုင်မှုအလားအလာအရ စိတ်စွမ်းအင်သည် အလားအလာအကြီးဆုံးဖြစ်ပြီး အာရုံခံနိုင်စွမ်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

အာရုံခံနိုင်စွမ်းကို စဉ်းစားမိသောအခါ လော်ယွမ်သည် အာရုံခံနိုင်စွမ်းမှာလည်း အလွန်အရေးကြီးကြောင်း သဘောပေါက်သွားသည်။ အာရုံခံနိုင်စွမ်းပိုမိုအားကောင်းလေ တိုက်ပွဲတွင် ပို၍လွယ်ကူစွာထိန်းချုပ်နိုင်လေဖြစ်သည်။ အချိန်တော်တော်များများတွင် သန္ဓေပြောင်းသတ္တဝါ၏တိုက်ခိုက်မှုကို သာမန်မျက်စိဖြင့် မမြင်နိုင်သောကြောင့် ထိုအချိန်တွင် အာရုံခံနိုင်စွမ်းဖြင့်သာ ဆုံးဖြတ်ရသည်။ လျင်မြန်မှုမှာလည်း မရှိမဖြစ်လိုအပ်ပေ။ အကြောင်းမှာ မတိုက်ခိုက်နိုင်လျှင် အနည်းဆုံးတော့ အမြန်ပြေးနိုင်ရမည်။ လျင်မြန်မှုရှိရန်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိလျှင်လည်း မဖြစ်နိုင်ပေ။ ကြာကြာမပြေးနိုင်ဘဲ ခွန်အားကုန်သွားမည်ဖြစ်သည်။ အကယ်၍ ခွန်အားအနည်းငယ်ပိုကောင်းပါက တာတိုအကွာအဝေးအတွက် ပေါက်ကွဲထွက်သောအရှိန်မှာ ပို၍အားကောင်းမည်ဖြစ်သည်။

လော်ယွမ်သည် အနည်းငယ်ခေါင်းကိုက်လာပြီး အတွေးများကို အမြန်ပြန်ဆွဲယူလိုက်သည်။ အရည်အချင်းအားလုံးမှာ မရှိမဖြစ်လိုအပ်နေသကဲ့သို့ပင်။ ဉာဏ်ရည်ဉာဏ်သွေးတစ်ခုတည်းသာ ထည့်သွင်းစဉ်းစားရန်မလိုအပ်ဟု ထင်ရ၏။ ယခုအချိန်သည် တရားဥပဒေစိုးမိုးသောခေတ်မဟုတ်တော့ဘဲ ဉာဏ်ပညာသည် အဓိကဖြစ်သောခေတ်မှာ ကုန်ဆုံးသွားပြီဖြစ်သည်။ ဤကဲ့သို့မနက်ဖြန်အတွက်ပင် အာမမခံနိုင်သော ကမ္ဘာပျက်ကပ်တွင် ခန္ဓာကိုယ်၏ခွန်အားမှာ ပို၍ချက်ချင်းအကျိုးသက်ရောက်ပြီး ထိရောက်မှုရှိသည်။

"ထားလိုက်တော့...ထားလိုက်တော့...အဲ့အကြောင်းမစဉ်းစားတော့ဘူး... စိတ်စွမ်းအင်တိုးတက်အောင်လုပ်ဖို့ နည်းလမ်းအရင်ရှာတာပဲကောင်းတယ်" လော်ယွမ်က စီးကရက်တိုကို လွှင့်ပစ်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ ခေါက်ကုလားထိုင်ပေါ်တွင် ယိမ်းထိုးရင်း ရှားရှားပါးပါးရသော အပန်းဖြေချိန်ကို ခံစားနေ၏။

ဖွတ်ပုတတ်ကြီးက အဝေးမှနေ၍ လော်ယွမ်အိပ်ပျော်သွားသည်ဟု ထင်ရသောအခါ ချက်ချင်းထရပ်လိုက်သည်။ အစပိုင်းတွင် သူသည် အနီးအနားတွင် သတိဖြင့်လှည့်ပတ်နေပြီး လော်ယွမ်က သူ့ကိုလုံးဝဂရုမစိုက်သည်ကိုတွေ့မှ သူသည် ပျော်ရွှင်စွာဖြင့် ပြေးလွှားတော့သည်။

သူသည် ပို၍ပို၍အဝေးသို့ပြေးသွားရင်း တစ်ခါတစ်ရံဟိန်းလိုက်၊ တစ်ခါတစ်ရံဒေါသတကြီးဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်မှ သန္ဓေပြောင်းသတ္တဝါများက အဆက်မပြတ်တုံ့ပြန်ကြသဖြင့် တစ်ခဏအတွင်းမှာပင် အလွန်စည်ကားနေသကဲ့သို့ဖြစ်သွား၏။

လော်ယွမ်က မျက်လုံးများကို အနည်းငယ်ဖွင့်ကြည့်ရင်း ဖွတ်ပုတတ်ကြီး၏ ထူးဆန်းသောအပြုအမူကို ကြည့်နေသည်။ ဤသည်မှာ သူ၏ပိုင်နက်နယ်မြေကို ပတ်ဝန်းကျင်သို့ ကြေညာနေခြင်းဖြစ်မည်ဟု သူစိတ်ထဲတွင် ခန့်မှန်းလိုက်သည်။

ဟိန်းဟောက်သံများမှာ နာရီဝက်ခန့်ကြာမှ ရပ်တန့်သွားသည်။ ထို့နောက် အိမ်ရာအတွင်းမှ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများမှာ ကံဆိုးမိုးမှောင်ကျတော့သည်။ အကြောင်းမှာ အလွန်ဆာလောင်နေပြီဖြစ်သော ဖွတ်ပုတတ်ကြီးသည် သူ၏နယ်မြေအတွင်းတွင် အမဲလိုက်ခြင်းကို စတင်နေပြီဖြစ်သောကြောင့်ပင်။

ခြေတစ်ဖက်ပြတ်သွားသောကြောင့် သူ၏အရှိန်မှာ များစွာနှေးကွေးသွားသော်လည်း ဤသည်မှာ သူ၏အမဲလိုက်ခြင်းကို အနည်းငယ်မျှမထိခိုက်စေပေ။

သာမန်ခေတ်တွင် ခြေထောက်ဒဏ်ရာရသော ဖွတ်ပုတတ်တစ်ကောင်အတွက် အစာငတ်သေဆုံးရမည့်ကံကြမ္မာသာ စောင့်ကြိုနေမည်ဖြစ်သည်။ သို့သော် ဤအဖြစ်အပျက်မှာ ယခုသန္ဓေပြောင်းသတ္တဝါများအတွက် အသုံးမဝင်သည်မှာထင်ရှား၏။ ကမ္ဘာပျက်ကပ်၏ဆင့်ကဲပြောင်းလဲမှုတွင် သတ္တဝါများကြားမှ အဆင့်အတန်းကွာဟမှုမှာ အလွန်ကြီးမားသွားပြီး အဆင့်တစ်ခုစီကြားတွင် နက်ရှိုင်းသောချောက်ကြီးတစ်ခုက ခြားနားထားသည်။

ထို့အပြင် ဤအိမ်ရာအတွင်းရှိ သတ္တဝါများမှာ အဖြူရောင်အဆင့် အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများသာဖြစ်ပြီး ဖွတ်ပုတတ်ကြီးနှင့် အဆင့်နှစ်ဆင့်တိုင်တိုင်ကွာခြားသည်။ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါအများစုမှာ ၎င်းအနားသို့မရောက်မီမှာပင် ကိုယ်ခန္ဓာတောင့်တင်းကာ မြေပေါ်တွင် ပျော့ခွေကျသွားကြသည်။ ရုန်းကန်နိုင်သည့်အကောင်များမှာလည်း ဦးတည်ရာမဲ့ပြေးလွှားနေကြပြီး အချို့မှာ ကျောက်တုံးနှင့်တိုက်မိကာ မေ့မြောသွားကြသည်။

ဖွတ်ပုတတ်ကြီးက အစားမရွေးပေ။ ယခင်က မကြာခဏငတ်မွတ်ခဲ့သောကြောင့် တွေ့ရာကိုစားတတ်သည်။ အဆိပ်ရှိသည်ဟု ထင်ရသော သန္ဓေပြောင်းသတ္တဝါအချို့ကိုပင် တွန့်ဆုတ်ခြင်းမရှိဘဲ ပါးစပ်ထဲသို့မျိုချလိုက်သည်။ အစာစားသည့်ဖြစ်စဉ်မှာ နှစ်နာရီခန့်ကြာမြင့်ပြီး ဗိုက်မှာ ပေါက်ထွက်မတတ်တင်းကားလာမှ သူရပ်တန့်လိုက်သည်။ ဤတစ်ကြိမ်အစာစားခြင်းကြောင့် အိမ်ရာတစ်ခုလုံးရှိ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများမှာ တစ်ခါတည်းရှင်းလင်းသုတ်သင်ခံလိုက်ရသည်။

ဤသည်မှာ နယ်မြေပိုင်ဆိုင်ခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ အစားအစာအတွက် စိတ်ပူစရာမလိုဘဲ နေရာအနှံ့စွန့်စားသွားလာရန်မလိုအပ်ပေ။

"ရွာနားကမြက်ရွာနွားမစား" ဟူသော မြက်စားသတ္တဝါတို့၏ မိမိကိုယ်ကိုကာကွယ်သည့် အတွေးအခေါ်မှာ အမဲလိုက်သတ္တဝါများအတွက် အသုံးမဝင်ပေ။ ကမ္ဘာပျက်ကပ်မတိုင်မီက ခြင်္သေ့အုပ်တိုင်းသည် သတ်မှတ်ထားသောနယ်မြေအတွင်းတွင်သာ အမဲလိုက်ကြသကဲ့သို့ပင်။ အကယ်၍ ခြင်္သေ့ထီးတစ်ကောင် သည် အခြားခြင်္သေ့၏နေရာကိုဖြတ်သန်းလိုပါက စစ်ပွဲတစ်ခုအတွက် အသင့်ပြင်ထားရပေမည် သို့မဟုတ် အသင့်ပြင်ထားပြီးဖြစ်ရမည်။

ဖွတ်ပုတတ်ကြီး၏ဗိုက်မှာ မတ်တပ်ပင်မရပ်နိုင်တော့လောက်အောင် ပြည့်အင့်နေပြီး ရင်ဘတ်မှ ခုနကမှဆက်စပ်သွားသော ဒဏ်ရာမှာလည်း ပြန်လည်ကွဲအက်သွားကာ သွေးများ ပြန်လည်စီးကျလာသည်။ သို့သော် သူကတော့ ဂရုမစိုက်ဘဲ အိမ်ကြီး၏မလှမ်းမကမ်းမှ မြက်ခင်းပြင်ပေါ်တွင် ပျင်းရိစွာလှဲလျောင်းရင်း အေးအေးလူလူ ဟောက်သံပေးနေတော့သည်။

လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင် ဤသို့လှဲလျောင်းနေကြရာ ညနေစောင်းသည်အထိပင်။

တစ်နေကုန်လုံး လော်ယွမ်သည် မည်သည့်အဖြေမှမရရှိခဲ့ပေ။ စိတ်စွမ်းအင်သည် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဖြစ်ပြီး နည်းလမ်းမမှန်ပါက မည်မျှပင်ကြိုးစားသည်ဖြစ်စေ အသုံးမဝင်ပေ။

ညအိပ်ချိန်ရောက်သောအခါ လော်ယွမ်က ဤပြဿနာကိုမေးမြန်းလိုက်သည်။ ဟွမ်ကျားဟွေတွင်လည်း ကောင်းသောနည်းလမ်းမရှိဟု သူထင်ခဲ့သော်လည်း ဟွမ်ကျားဟွေက စဉ်းစားမနေဘဲ အလွန်လွယ်ကူစွာဖြေလိုက်သည်။ "ကိုယ့်ရဲ့စိတ်စွမ်းအင်ကို အားကောင်းအောင်လုပ်ချင်တာက လွယ်ပါတယ်... ကိုယ်မလုပ်ချင်တဲ့အရာတွေကို လုပ်ကြည့်လေ... ဥပမာ ရှင်ဆေးလိပ်မသောက်ဘဲနေကြည့်ပါလား"

ဤစကားကိုပြောသည့်အခါ ဟွမ်ကျားဟွေ၏မျက်နှာပေါ်တွင် စနောက်လိုသောအရိပ်အယောင်တစ်ခုရှိနေသည်။ လော်ယွမ်က တကယ်နားထောင်မည်ဟု သူမ မထင်ပေ။ ယောက်ျားတစ်ယောက်အတွက် ဆေးလိပ်ဖြတ်ရန်မည်မျှခက်ခဲကြောင်း သူမသိသည်။ သူမ၏မိခင်နှင့်ဖခင်မှာ ဆယ်နှစ်ကျော်ကြာရန်ဖြစ်ခဲ့သော်လည်း အဆက်အသွယ်မပြတ်မီအချိန်အထိ ဆေးလိပ်မပြတ်ခဲ့ပေ။

လော်ယွမ်က တကယ်ပင် အလေးအနက်ထားကာ ခေါင်းညိတ်လိုက်ပြီး နောက်ပြောင်နေသည့်ပုံမပေါ်သည်ကိုတွေ့သောအခါ သူမအံ့အားသင့်သွားသည်။ "နောက်ပြီးတော့ရော"

"ဆောင်းရာသီမှာ ရေခဲရေနဲ့ရေချိုးတာ" ဝမ်ရှီရှီကလည်း စကားဝိုင်းထဲသို့ ဝင်လာသည်။

"ဒါကတော့ ထည့်မတွက်ဘူး" လော်ယွမ်ကပြောသည်။ ရေအေးနှင့်ချိုးခြင်းမှာ ဘာမှမဟုတ်သည့်အပြင် စိတ်စွမ်းအင်ကိုလည်း မလေ့ကျင့်နိုင်ပေ။ ထို့အပြင် ယခုဆောင်းရာသီမှာ ဆောင်းရာသီဟုပင်မခေါ်နိုင်တော့ပေ။

"ဒါဆို အရက်ဖြတ်တာကရော" ဝမ်ရှီရှီကမေးသည်။

"ငါအရက်သောက်တာ နင်မြင်ဖူးလို့လား" လော်ယွမ်ကရယ်မောလိုက်သည်။

"အဲ့ဒါတော့ မမြင်ဖူးပါဘူး... ဒါဆို လိင်ကိစ္စရှောင်တာဆိုရင်ရော" ဝမ်ရှီရှီက ရည်ရွယ်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ရုတ်တရက်ပြောချလိုက်သည်။

ပတ်ဝန်းကျင်သည် ရုတ်တရက်တိတ်ဆိတ်သွားပြီး လော်ယွမ်သည် သူ၏လက်မောင်းကို ဟွမ်ကျားဟွေက ခိုးဆိတ်လိုက်သည်ကို ခံစားလိုက်ရသည်။ သူကအလျင်အမြန်ပြောလိုက်သည်။ "ဒါက သဘာဝလိုအပ်ချက်ပဲ... နောက်တစ်ခုပြော"

"ဒါဆို မီးပိတ်ပြီး သရဲကားကြည့်" ဝမ်ရှီရှီက စိတ်အားထက်သန်စွာဖြင့် နောက်ပြောင်လိုက်သည်။ သူမသည် ယခင်ကသရဲကားကြည့်ရသည်ကို အလွန်ကြိုက်သော်လည်း အသံထွက်လာသည်နှင့် မျက်လုံးမှိတ်ထားတတ်ပြီး ရုပ်ရှင်တစ်ကားပြီးသည်အထိပင်ဖြစ်သည်။

"အကြောက်တရား" ဝမ်ရှီရှီ၏ မရည်ရွယ်သောစကားက လော်ယွမ်ကို အရိပ်အမြွက်ပေးလိုက်သည်။ သူသည် မိမိကိုယ်ကိုရေရွတ်လိုက်ပြီး စိတ်ထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ စိတ်စွမ်းအင်ဆိုတာက ကိုယ့်ရဲ့တပ်မက်မှုတွေကို ချုပ်တည်းခြင်း၊ ကိုယ်မလုပ်ချင်တဲ့အရာတွေကို လုပ်ခြင်း၊ ကိုယ်မလုပ်ရဲတဲ့အရာတွေကို လုပ်ခြင်းဖြစ်သည်။ ဆေးလိပ်ဖြတ်ခြင်းကဲ့သို့ အချိန်ကြာပြီး အကျိုးသက်ရောက်မှုနှေးကွေးသောနည်းလမ်းနှင့်နှိုင်းယှဉ်လျှင် ကြောက်ရွံ့မှုထဲတွင် ရုန်းကန်ခြင်းကသာ စိတ်စွမ်းအင်ကို ချက်ချင်းသိသာသော တိုးတက်မှုကို ပေးနိုင်လိမ့်မည်။

"ဘာဖြစ်လို့မေးတာလဲ...ရှင့်ပုံစံကတစ်မျိုးကြီးဖြစ်နေသလိုပဲ" ဟွမ်ကျားဟွေက ဇဝေဇဝါဖြင့်မေးလိုက်သည်။ ယနေ့လော်ယွမ်မှာ အလွန်ထူးဆန်းနေသဖြင့် သူမစိတ်ထဲတွင် အနည်းငယ်စိုးရိမ်နေသည်။

"လျှောက်မတွေးနဲ့ ငါဘာမှမဖြစ်ဘူး" လော်ယွမ်က စိတ်စွမ်းအင်၏အရေးကြီးပုံကို သူတို့နှစ်ဦးသိရှိခြင်းသည်လည်း အကျိုးရှိမည်ဟုထင်သောကြောင့် ပြောလိုက်သည်။ "ငါတလောကပဲ စိတ်စွမ်းအင်က အလွန်ဆန်းကြယ်ပြီး အရာအားလုံးကို လုပ်ဆောင်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တယ်"

လော်ယွမ်က ဟွမ်ကျားဟွေ၏ တွေဝေနေသောမျက်နှာကိုမြင်ပြီး ရုတ်တရက်နောက်ပြောင်သလိုပြောလိုက်သည်။ "ဥပမာပြောရရင် ငါကဒီအခန်းထဲမှာ အလင်းရောင်ရှိစေချင်တယ်ဆိုရင် တစ်ကယ်အလင်းရောင်ရှိလာလိမ့်မယ်"

"ရှင်က တန်ခိုးရှင်မှမဟုတ်တာ...ပေါက်ကရလျှောက်မပြောနဲ့...အိပ်ကြရအောင်" ဟွမ်ကျားဟွေက မရယ်ဘဲမနေနိုင်တော့ပေ။

"ကိုကြီးယွမ်က တန်ခိုးရှင်ဖြစ်တော့မှာ" ဝမ်ရှီရှီက စောင်ကိုကန်ရင်း ခလေးဆန်ဆန်အော်လိုက်သည်။

"အေးပါ... ငါတစ်ကယ်လုပ်ပြမှ ပါးစပ်အဟောင်းသသား မဖြစ်နဲ့" လော်ယွမ်လည်း အနည်းငယ်ရှက်သွားသည်။ သူက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စိတ်ကိုလျင်မြန်စွာငြိမ်သက်အောင်လုပ်ကာ စိတ်ကိုအမြင့်ဆုံးအာရုံစိုက်လိုက်သည်။ ထို့နောက် ပြင်းထန်သောစိတ်စွမ်းအင်တစ်ခုက ဤသေးငယ်သောအခန်းကို လွှမ်းခြုံသွားပြီး လေထုမှာ ရုတ်တရက်လှုပ်ရှားလာသည်။

ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့၏မျက်နှာပေါ်မှအမူအရာများ ချက်ချင်းတောင့်တင်းသွားပြီး သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် လော်ယွမ်က စကားတစ်ခွန်းချင်းစီကို ပြောလိုက်သည်ကို သူတို့ကြားလိုက်ရသည်။ ထိုအသံသည် စိတ်နှလုံးထဲမှထွက်ပေါ်လာသကဲ့သို့ စကားလုံးတိုင်းမှာ ခေါင်းလောင်းကြီးများတီးခတ်လိုက်သကဲ့သို့ နားပင်းမတတ်ကျယ်လောင်လှ၏။

"ဤအခန်းထဲသို့ အလင်းရောက်စေ"

နောက်ဆုံး "စေ" ဟူသောစကားလုံး အခန်းထဲတွင် ပဲ့တင်ထပ်နေစဉ်မှာပင် မျက်စိကျိန်းလောက်အောင်စူးရှသော အလင်းရောင်တစ်ခုက အမှောင်ထုထဲတွင် ရုတ်တရက်ထွန်းလင်းလာပြီး နေရာတိုင်း၊ ထောင့်တိုင်းကို လွှမ်းခြုံကာ စတုရန်းမီတာခြောက်ဆယ်ကျယ်ဝန်းသော ဤအိပ်ခန်းကြီးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေပြီး မြူမှုန်တစ်စမျှပင်မကျန်အောင် ထင်ရှားစွာမြင်ရစေသည်။

ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့၏မျက်လုံးများတွင် အလွန်တရာမယုံကြည်နိုင်သောအမူအရာများပြည့်နှက်နေသည်။ လော်ယွမ်၏ယခင်စကားများနှင့်ပေါင်းစပ်လိုက်သောအခါ ဤမြင်ကွင်းမှာ နတ်တစ်ပါး၏တန်ခိုးပြခြင်းတစ်ခုကဲ့သို့ဖြစ်ပြီး မြင့်မြတ်သောလေထုတစ်ခုကို ဆောင်ကြဉ်းလာသည်။

အလင်းရောင်သည် စက္ကန့်သုံးဆယ်ကျော်ကြာမှ လော်ယွမ်၏စိတ်စွမ်းအင်တစ်ဝက်ခန့်ကုန်ဆုံးသွားသည့်အခါ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး အိပ်ခန်းမှာ အမှောင်ထုပြန်လည်လွှမ်းခြုံသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီး အတန်ကြာမှ ဟွမ်ကျားဟွေက တိုးတိုးလေးရေရွတ်လိုက်သည်။ "ရှင်ခုနကလုပ်တာ မျက်လှည့်ပြတာမလား... ပစ္စည်းတွေကို ဘယ်မှာဝှက်ထားထားလဲ"

"ကိုကြီးယွမ်... အဲ့တာက တစ်ကယ်မျက်လှည့်လားဟင်" ဝမ်ရှီရှီက ယုံကြည်သွားပြီး အနည်းငယ်စိတ်ပျက်စွာမေးလိုက်သည်။

လော်ယွမ်လည်း စိတ်ထဲတွင်တုန်လှုပ်နေသည်။ သူကိုယ်တိုင်ပင်လျှင် အလင်းရောင်တကယ်ပေါ်လာမည်ဟု မထင်ခဲ့ပေ။ မိနစ်ဝက်ခန့်သာကြာမြင့်ပြီး မည်သည့်တိုက်ခိုက်မှုစွမ်းအားမှမရှိသော်လည်း သူ့အပေါ်သက်ရောက်သောတုန်လှုပ်မှုမှာ ယခင်ကဓားရောင်ခြည်ပေါ်လာစဉ်ကထက်ပင် ပို၍ပြင်းထန်သည်။

"ပစ္စည်းတွေဖယ်မှာဖွက်ထားလည်း သမီးလိုက်ရှာမယ်" လော်ယွမ်စကားမပြောသည်ကိုမြင်သောအခါ ဝမ်ရှီရှီက သူဝန်ခံသည်ဟုထင်ကာ လော်ယွမ်၏ဖုန်းကိုယူပြီး မီးထွန်းကာ ခုတင်ပေါ်မှခုန်ဆင်းပြီး နေရာအနှံ့ရှာဖွေတော့သည်။

"ရှီရှီ... မရှာနဲ့တော့... ရှာလည်းတွေ့မှာမဟုတ်ဘူး... အဲ့တာက စိတ်ရဲ့စွမ်းအားပဲ" လော်ယွမ်က သတိပြန်ဝင်လာပြီး တားမြစ်လိုက်သည်။ ထို့နောက် သူသည် လက်ညှိုးတစ်ချောင်းကိုထောင်ကာ ယမ်းပြလိုက်သည်။ နောက်တစ်ခဏတွင် သူ၏လက်ညှိုးထိပ်မှ အလင်းရောင်တဖြည်းဖြည်းထွက်ပေါ်လာပြီး အလင်းရောင်မှာ ပို၍ပို၍တောက်ပလာကာ နေလုံးငယ်တစ်လုံးပေါ်လာသကဲ့သို့ဖြစ်သွားသည်။

ဟွမ်ကျားဟွေက မျက်နှာတွင်တွေဝေသောအမူအရာဖြင့် လက်ကိုဆန့်ထုတ်ကာ လော်ယွမ်၏လင်းလက်နေသောလက်ညှိုးထိပ်ဆီသို့ အမှတ်မထင်လှမ်းလိုက်ပြီး ထိုအလင်းရောင်ကိုခံစားလိုဟန်ဖြင့် "အပူဓာတ်မရှိသလိုပဲ" ဟု ညည်းညူသကဲ့သို့မေးလိုက်သည်။

"နင်က အပူဓာတ်လိုချင်ရင်လည်း ရတယ်" လော်ယွမ်က စိတ်ကိုအစွမ်းကုန်ငြိမ်သက်အောင်ထိန်းရင်း အာရုံခွဲကာပြောလိုက်သည်။

စကားသံဆုံးသည်နှင့် ဟွမ်ကျားဟွေ၏လက်ဖဝါးသည် အလင်းရောင်ထဲမှ နွေးထွေးမှုကိုခံစားလိုက်ရပြီးနောက် အပူချိန်မှာ ခုန်တက်သကဲ့သို့ တိုးမြင့်လာကာ အလင်းလုံး၏မျက်နှာပြင်တွင် မှိန်ဖျော့သော ပုံရိပ်ယောင်မီးတောက်များ တဖြည်းဖြည်းပေါ်ထွက်လာသည်။

တိုက်ရိုက်မထိတွေ့သည့်တိုင် ဟွမ်ကျားဟွေသည် လော်ယွမ်၏လက်ညှိုးထိပ်မှ ပူလောင်မှုကို ခံစားနေရသည်။

သို့သော် သူမကိုနားမလည်ဖြစ်စေသည်မှာ လော်ယွမ်က ထိုအပူချိန်မြင့်မားမှု၏လွှမ်းမိုးမှုကို လုံးဝမခံရဘဲ မျက်နှာမှာတည်ငြိမ်နေခြင်းပင်။

စူးရှသောအလင်းရောင်ထဲတွင် ဟွမ်ကျားဟွေမမြင်လိုက်သည်မှာ အလွန်ပါးလွှာသော စိတ်စွမ်းအင်အလွှာပါးတစ်ခုက သူ၏အရေပြားမျက်နှာပြင်ကို တင်းကျပ်စွာကပ်ထားပြီး ဤအပူချိန်မြင့်မားမှု၏ ထိုးဖောက်ဝင်ရောက်ခြင်းကို တားဆီးနေခြင်းပင်ဖြစ်တော့သည်။

ဆက်ရန်...

(ရှင်းလင်းချက် - သူပြောတဲ့ စိတ်စွမ်းအားဆိုတာ ဘာဂုဏ်သတ္တိမှမရှိတဲ့ အဖြူထည်စွမ်းအင်တစ်ခုကိုပြောတာပါ... အဲ့အဖြူထည်စိတ်စွမ်းအားကို ကိုယ်ဖြစ်စေချင်သလို ပုံသွင်းလို့ရတယ်... ဒီအပိုင်းမှာ လော်ယွမ်က စိတ်စွမ်းအားကို အလင်းရောင်အဖြစ် ပုံသွင်းလိုက်တော့ အခန်းတစ်ခုလုံးလင်းထိန်သွားတယ်... အဲ့လိုပဲ အလင်းမှာ အပူပါ ပါလာအောင် တွေးလိုက်တော့ အဲ့အလင်းက တစ်ဖြည်းဖြည်းပူလာတယ်... စိတ်စွမ်းအား အရမ်းကောင်းရင်ကောင်းသလို ကိုယ့်ဆန္ဒတွေကို ပုံဖော်လို့ရတဲ့သဘောပဲ... ရုတ်တရက်ကြည့်ရင် ဒဏ္ဍာရီဆန်ဆန် စေတလုံးပိုင်ရှင်လိုလို ထင်ရပေမယ့် တစ်ကယ်တမ်းကတော့ စိတ်စွမ်းအားကနေပဲ ပုံဖော်သွားတာပါ... ဒီဇာတ်လမ်းရဲ့ထူးခြားချက်က သဘာဝလွန်ကိစ္စတွေကို သိပ္ပံနည်းနဲ့လက်တွေ့ကျကျ ရှင်းပြထားတာပါပဲ နောက်အပိုင်းတွေမှာလည်း ပါလာပါလိမ့်မယ်)

All Chapters