အခန်း (၁၀၅-၁၀၈)
Vol. 6 Ch. 105-108
အပိုင်း(၁၀၅)ဆူးချွန်သားရဲ
ဝမ်ရှီရှီ၏လက်ထဲမှ ဖုန်းသည် ဒေါက်ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ၏မျက်နှာမှာ ကြောင်ငေးနေ၏။ အချိန်အတော်ကြာမှ မယုံကြည်နိုင်စွာဖြင့် "ကိုကြီးယွမ်...ကို...ကိုကြီးက ကျင့်ကြံသူလား" ဟု မေးလိုက်သည်။
"ဘာကျင့်ကြံသူလဲ...နင်သူတို့ကိုတွေ့ဖူးလို့လား" လော်ယွမ်လည်း အနည်းငယ်အံ့အားသင့်သွားသည်။ ဝမ်ရှီရှီသည် ယခင်က ဤသို့သောအစွမ်းရှိသူကို မြင်ဖူးသည်လားဟု သူတွေးမိ၏။
စိတ်စွမ်းအားကို စုစည်းခြင်းသည် သူ၏ကိုယ်ပေါ်တွင် အလွန်လွယ်ကူနေပုံပေါက်ပြီး ခဏတာလေ့ကျင့်ပြီး ဓားရောင်ခြည်ကို စုစည်းနိုင်ခဲ့သော်လည်း ဤသည်မှာ စနစ်မှ ထောက်ပံ့ပေးထားသော အသိပညာများကြောင့်သာဖြစ်ပြီး ထိုအသိပညာများက သူ့အား စိတ်စွမ်းအင်နှင့်ပတ်သက်သော အတွေ့အကြုံနှင့် မှတ်ဉာဏ်များကို ရိုက်သွင်းပေးထားခြင်း ဖြစ်သည်။
သူ့အတွက်မူ စိတ်စွမ်းအင်ကိုလုံးဝထိန်းချုပ်နိုင်ရန်မှာ အချိန်သာလိုအပ်သည်။ မှတ်ဉာဏ်များမှာ မူလကတည်းက ရှိနှင့်နေပြီးသားဖြစ်၏။ ဥပမာအားဖြင့် လက်ဝှေ့သမားတစ်ဦး အပြင်းအထန်ဖျားနာပြီးနောက် အားအင်ကုန်ခမ်းသွားသော်လည်း ဦးနှောက်က မှတ်ဉာဏ်မပျောက်သရွေ့ အတွေ့အကြုံနှင့် မှတ်ဉာဏ်များ ကျန်ရှိနေသေးသဖြင့် ပြန်လည်နာလန်ထူပြီးနောက်တွင် အနည်းငယ်လေ့ကျင့်ရုံဖြင့် ယခင်အခြေအနေသို့ ပြန်ရောက်နိုင်သကဲ့သို့ပင်။
ထိုအချိန်တွင် ဝမ်ရှီရှီက ဂြိုဟ်သားတစ်ဦးကို ကြည့်နေသည့်အလား ကြည့်ရင်း နှုတ်ခမ်းစူကာ "ကျင့်ကြံသူကိုတောင် မသိဘူးလား... ကိုကြီးအွန်လိုင်းသိုင်းဝတ္ထုတွေ မဖတ်ဖူးဘူးလား... ကျင့်ကြံခြင်းအဆင့်တွေကို ချီသန့်စင်အဆင့်၊ အခြေခံတည်ဆောက်အဆင့်၊ အမြူတေဖွဲ့စည်းအဆင့်၊ အမြူတေဝိဉာဉ်အဆင့် ဆိုပြီးခွဲခြားထားတာလေ..သူတို့အားလုံးက အရမ်းအသက်ရှည်ကြတယ်... မိုးနဲ့မြေကိုပြောင်းပြန်လှန်နိုင်ကြတယ်...ပြီးတော့ လက်တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ အင်အားကြီးရန်သူတွေ ပြာမှုန့်ဖြစ်သွားရော"
စကားပြောနေစဉ်တွင် သူမက ပိုမိုပေါ်လွင်စေရန် လက်ကိုပင် ဝှေ့ယမ်းပြလိုက်သေးသည်။
လော်ယွမ်မှာ အံ့အားသင့်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။
သို့သော် ဝမ်ရှီရှီက သူ့ကို အလွတ်ပေးရန် ဆန္ဒမရှိသည်မှာ ထင်ရှား၏။ သူမ၏မျက်လုံးများက လော်ယွမ်ကို တောက်ပစွာကြည့်ရင်း စိတ်လှုပ်ရှားသောမျက်နှာဖြင့် "ကိုကြီးယွမ်...ကိုကြီးကတစ်ကယ်ပဲ ကျင့်ကြံသူလားဟင်... သမီးကိုရော ကျင့်ကြံလို့ရမရ ကြည့်ပေးပါလား"
လော်ယွမ်၏မျက်နှာမှာ တည်ငြိမ်နေသည်။ ဤသည်မှာ စာဖတ်လွန်း၍ ရူးသွားခြင်းလား လက်တွေ့နှင့် စိတ်ကူးယဉ်ကိုပင် မခွဲခြားနိုင်တော့သည်လားဟု သူတွေးမိသည်။ သူက ရှင်းပြရန်ပြင်လိုက်စဉ် ရုတ်တရက်စိတ်ထဲတွင် အကြံတစ်ခုပေါ်လာပြီး "နေဦး...ရှီရှီ နင့်စိတ်စွမ်းအင်ကို စုစည်းပြီး အခန်းထောင့်က ပန်းအိုးကြီးကို ခွဲကြည့်စမ်း"
ထိုမင်နှင့်ချင်ခေတ်လက်ရာအတု ပန်းအိုးကြီးက လူတစ်ဝက်ခန့်မြင့်ပြီး အလေးချိန်မှာလည်း ဆယ်ပေါင်ကျော်ရှိမည်။ တရားဥပဒေစိုးမိုးသောခေတ်တွင် တန်ဖိုးမှာ ယွမ်တစ်သောင်းကျော်အထက် ရှိနိုင်သော်လည်း ယခုအခါတွင်မူ တန်ဖိုးမရှိသော ပစ္စည်းတစ်ခုမျှသာဖြစ်ပြီး ရေသန့်တစ်ဘူးလောက်ပင် တန်ဖိုးမရှိတော့ရာ ကျကွဲသွားလျှင်ပင် နှမြောစရာမရှိပေ။
ဝမ်ရှီရှီက ဇဝေဇဝါ ဖြစ်နေသော်လည်း နာခံစွာဖြင့် စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်။ ဤအချိန်အတောအတွင်း သူမသည် စိတ်စွမ်းအင်လေ့ကျင့်မှုကို တစ်ခါမျှမရပ်တန့်ခဲ့ရာ ထိန်းချုပ်မှုမှာ အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။ သူမက မည်သို့မျှ အားယူသည့်ပုံစံမပြဘဲ ပန်းအိုးကြီးသည် လေထဲသို့ ပျံတက်သွားပြီး ငြိမ်သက်စွာ ရပ်တန့်နေ၏။
"အဲ့ပန်းအိုးကို စိတ်စွမ်းအင်နဲ့ ကြေမွသွားအောင်လုပ်လိုက်" လော်ယွမ်က ဆက်ပြောသည်။
ဝမ်ရှီရှီက အာရုံမလွင့်ရဲဘဲ အားဖြင့်ခေါင်းညိတ်ပြလိုက်သည်။ စိတ်စွမ်းအင်ကို ဤသို့အသုံးပြုနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှမတွေးဖူးခဲ့ပေ။ သူမက ရှေ့မှပန်းအိုးကို မျက်တောင်မခတ်စိုက်ကြည့်နေရာ ပန်းအိုးသည် ပြင်းထန်စွာ တုန်ခါလာသည်။ သို့သော် ကြွေထည်ပစ္စည်းများသည် ကြည့်လိုက်လျှင် ကြွပ်ဆတ်ပြီး လွှတ်ချလိုက်သည်နှင့် ကွဲသွားတတ်သော်လည်း အမှန်တကယ်တွင် မာကျောမှုမှာ အလွန်မြင့်မားလှသည်။ အားကြီးသော အရွယ်ရောက်ပြီးသူတစ်ဦးပင် လက်ဖြင့်ချိုးဖျက်ရန်ခက်ခဲရာ ဝမ်ရှီရှီ၏ သနားစရာကောင်းသော စိတ်စွမ်းအင်လေးဖြင့်ဆိုလျှင် ပြောဖွယ်ရာမရှိပေ။
သူမ မည်သို့ပင်အားထုတ်စေကာမူ ပန်းအိုးကို ကြေမွအောင်မလုပ်နိုင်ခဲ့ပေ။ ဝမ်ရှီရှီသည် လက်သီးကိုတင်းတင်းဆုပ်ထားပြီး မျက်နှာတစ်ခုလုံး နီရဲတက်လာကာ မျက်လုံးများမှာ ရွှေငါးတစ်ကောင်ကဲ့သို့ ပြူးကျယ်လာပြီး လေထဲမှပန်းအိုးကို ဖခင်ကိုသတ်သွားသော ရန်သူတစ်ယောက်ကဲ့သို့ ကြည့်နေ၏။
"ရှီရှီ... တစ်ခုခုဖြစ်သွားဦးမယ်နော်" ဟွမ်ကျားဟွေက ဝမ်ရှီရှီ အားကုန်သုံး၍ ကြိုးစားနေပုံကိုကြည့်ရင်း အနည်းငယ်စိုးရိမ်စွာ ဆိုသည်။
လော်ယွမ်က လက်ကာပြပြီး သူမကို မနှောင့်ယှက်ရန်ပြောလိုက်သည်။ သူ၏မျက်လုံးများမှာ တဖြည်းဖြည်းပို၍ တောက်ပလာသည်။ ဤသည်မှာ စိတ်စွမ်းအားကို စုစည်းရန် အလွယ်ကူဆုံးနည်းလမ်းပင်။ အမုန်းတရား၊ ဒေါသကဲ့သို့သော စိတ်ခံစားချက်များဖြင့် စိတ်စွမ်းအားကို စုစည်းခြင်းဖြစ်ပြီး ဝမ်ရှီရှီမှာ မည်သူမျှမသင်ပေးဘဲ တတ်မြောက်သွားခြင်းဖြစ်သည်။
အကယ်၍ စိတ်စွမ်းအားကို အမှန်တကယ် စုစည်းနိုင်ခဲ့ပါက သူမစိတ်စွမ်းအင်၏ အစွမ်းသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။
ဝမ်ရှီရှီ၏မျက်နှာသည် သွေးများပင်စိမ့်ထွက်တော့မည့်အလား နီရဲနေပြီ။ ပန်းအိုးကို အချိန်ကြာအောင်မဖျက်ဆီးနိုင်သည်ကိုမြင်သောအခါ သူမက အံကိုတင်းတင်းကြိတ်ပြီး အနိုင်မခံအရှုံးမပေးစိတ်ဖြင့် ဆက်ကြိုးစားနေသည်။
အချိန်က တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်။ လော်ယွမ်က ရပ်တန့်ရန်ပြောမည်ပြုစဉ်မှာပင် ပန်းအိုးမှ "ဂျစ်...ဂျစ်...ဂျစ်" ဟူသော ကြွပ်ဆတ်သည့်အသံများ ရုတ်တရက်ထွက်ပေါ်လာသည်။ သူတို့နှစ်ဦး၏အကြည့်အောက်တွင် ပန်းအိုး၏မျက်နှာပြင်ပေါ်၌ အက်ကြောင်းများ တဖြည်းဖြည်းပေါ်လာပြီး မကြာမီပင် အက်ကြောင်းများ ပို၍များပြားလာကာ တစ်ခုလုံး ကြေမွသွားပြီး ထူထဲသောကော်ဇောပေါ်သို့ ပြန့်ကျဲ သွားတော့သည်။
လော်ယွမ်က ထိုကြွေထည်အစအနများကို သေချာကြည့်လိုက်သည်။ အစအနတိုင်းမှာ လက်သည်းခွံအရွယ်သာရှိပြီး စိတ်စွမ်းအား၏အကျိုးသက်ရောက်မှုမှာ အလွန်ညီညာကြောင်း ထင်ရှားသည်။ ဤအချက်က ပို၍ပင်မယုံကြည်နိုင်စရာ ဖြစ်စေ၏။ ဤစွမ်းအားသည် ဝမ်ရှီရှီ၏ စိတ်စွမ်းအင်ကန့်သတ်ချက်ကို များစွာကျော်လွန်သွားပြီး ကီလိုဂရမ်တစ်ရာနီးပါးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
လော်ယွမ်က အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။ အကယ်၍ ဝမ်ရှီရှီသာ ဤစွမ်းအားကို လွတ်လပ်စွာအသုံးပြုနိုင်မည်ဆိုပါက သူပင်လျှင် သူမကို ခံစစ်အနေအထားဖြင့်သာ ရင်ဆိုင်နိုင်ပေလိမ့်မည်။
သူ၏ကိုယ်အလေးချိန်မှာ ကီလိုဂရမ်ရှစ်ဆယ်သာရှိရာ ထိုအချိန်တွင် အပြင်းအထန်တိုက်ခိုက်စရာပင်မလိုအပ်ဘဲ စိတ်စွမ်းအင်၏အစွမ်းဖြင့် သူ့ကိုလေထဲသို့ ပျံဝဲစေလိုက်ရုံဖြင့် လုံလောက်ပေလိမ့်မည်။ ထိုအခါ မည်မျှပင်အားကြီးသောစွမ်းအားနှင့် လှပသောဓားကွက်များရှိစေကာမူ အရာမထင်တော့ပေ။
သို့သော် ဤစိတ်စွမ်းအားစုစည်းခြင်းသည် လွယ်ကူလွန်းနေသည်မဟုတ်ချေ။ လော်ယွမ်က မည်သို့ပင်ကြည့်စေကာမူ ဝမ်ရှီရှီသည် ပါရမီရှိသူတစ်ဦးနှင့်မတူပေ။ စိတ်စွမ်းအင်သည် မူလကတည်းက စိတ်စွမ်းအားပင်ဖြစ်နေသလား... သို့မဟုတ် စိတ်စွမ်းအားနှင့် ဆက်စပ်နေသလားဟု သူတွေးမိ၏။
(ဒီမှာ စိတ်စွမ်းအင် ဆိုတာ telekinesis အရာဝတ္ထုများကိုစိတ်ဖြင့်ရွှေ့နိုင်သော အစွမ်း ကိုပြောခြင်းဖြစ်ပြီး စိတ်စွမ်းအား ဆိုတာ လော်ယွမ်လေ့ကျင့်နေတဲ့ အဖြူထည်စွမ်းအင်ကိုပြောတာပါ)
ဝမ်ရှီရှီ၏ကိုယ်လေး ယိုင်နဲ့သွားပြီး ကော်ဇောပေါ်သို့ ဖင်ထိုင်လျက်ကျသွားသည်။ အနည်းငယ်မူးဝေနေပုံရပြီး အချိန်အတော်ကြာမှ အသက်ရှူမှန်သွားကာ စိတ်လှုပ်ရှားစွာဖြင့် "ဆရာ... သမီးကို ကျင့်ကြံနည်း သင်ပေးတော့မှာလားဟင်"
လော်ယွမ်က ငိုရမလို ရယ်ရမလိုဖြစ်ကာ ခေါင်းခါလိုက်သည်။
ဝမ်ရှီရှီက စိတ်ပျက်စွာဖြင့် "ကိုကြီးယွမ်... စောစောက သမီးကို စမ်းသတ်တာ မဟုတ်ဘူးလား"
"နင်အတွေးချော်နေပြီ... အဲ့တာက စိတ်ရဲ့အကျိုးသက်ရောက်မှုကြောင့်လို့ ငါနင့်ကိုပြောတယ်လေ" လော်ယွမ်က ဆိုသည်။ "နင်သတိမထားမိဘူးလား... စောစောက စိတ်စွမ်းအားက နင့်ရဲ့အစွမ်းပေါ်မှာ တော်တော်သက်ရောက်မှုရှိနေတယ်ဆိုတာ"
ဝမ်ရှီရှီက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မသေချာစွာ "အဲ့လိုမျိုးဖြစ်ဖူးသလိုပဲ... တခါတလေသမီးပစ္စည်းတစ်ခုခုကို ကြာကြာစိုက်ကြည့်လိုက်ရင် သာမန်ထက်အရမ်းလေးတဲ့ ပစ္စည်းကိုတောင် စိတ်စွမ်းအင်နဲ့ မလို့ရတယ်... အဲ့တာစိတ်စုစည်းသွားလို့များလား"
"အဲ့လောက်တော့ ဘယ်လွယ်မှာလဲ... နင်ကအခုမှအစပဲရှိသေးတာ... တရားပုံမှန်ထိုင်ပြီး နင့်စိတ်ကိုတည်ငြိမ်အောင်လုပ်... အတွေးတွေကိုအတတ်နိုင်ဆုံး ထိန်းချုပ် " လော်ယွမ်က သူ၏အတွေ့အကြုံဖြင့် ပြောလိုက်သည်။
"ယောဂတရားထိုင်တာမျိုးလား... သမီးအရင်ကသင်တန်းတတ်ဖူးတယ်... အဲ့ကဆရာမ ပြောတာတော့ အန္ဒိယမှာယောဂကို အရမ်းအဆင့်မြင့်မြင့် လေ့ကျင့်ထားတဲ့သူတွေက လေထဲလွင့်မျောနိုင်တယ်တဲ့" ဝမ်ရှီရှီက စိတ်လှုပ်ရှားစွာ ပြောသည်။
ဤသတင်းကို လော်ယွမ်လည်း ကြားဖူးသည်။ ထို့အပြင် ပိုင်တု(တရုတ်Google)တွင် ဓာတ်ပုံများပင်ရှိသေးသည်။ ပြုပြင်ထားသလား မျက်လှည့်ပစ္စည်းသုံးထားသလားတော့ မသိ။ သူကတော့ မယုံပေ။
လော်ယွမ်က ဤသည်မှာ ကြွားဝါမှုသက်သက်သာဖြစ်ကြောင်း ပြောရန်ပြင်လိုက်စဉ် ရုတ်တရက် စိတ်စွမ်းအား၏ နက်နဲမှုကိုတွေးမိပြီး အနည်းငယ်မသေချာဖြစ်သွားသည်။ ယောဂကို အဆင့်မြင့်မြင့်ကျင့်ကြံပါက စိတ်စွမ်းအားကို စုစည်းနိုင်ပေလိမ့်မည်။ အကယ်၍ စိတ်စွမ်းအားအလုံအလောက်ရှိပါက လေထဲတွင်လွင့်မျောနိုင်ခြင်းက ဖြစ်နိုင်ပေသည်။ ထို့အပြင် စိတ်စွမ်းအင်အသုံးပြုနိုင်သော ဝမ်ရှီရှီအတွက်ဆိုလျှင် ပို၍ပင်ပြဿနာမရှိတော့ပေ။ ထို့ကြောင့် သူက အားပေးလိုက်သည်။ "နင်သာ စိတ်စွမ်းအားကို စုစည်းနိုင်အောင်ကျင့်နိုင်ရင် လေထဲလွင့်နိုင်ရုံတင်မကဘူး ခပ်နိမ့်နိမ့်တောင် ပျံသန်းနိုင်လိမ့်မယ်"
ဝမ်ရှီရှီက ထိုစကားကိုကြား၍ အလွန်စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် တရားထိုင်ချင်စိတ်ပေါက်သွားသည်။
ဟွမ်ကျားဟွေက ဘေးမှနားထောင်ရင်း စိတ်ထဲတွင် ချဉ်လာပြီး မျက်နှာမကောင်းတော့ပေ။ လော်ယွမ်နှင့် ဝမ်ရှီရှီတို့ စွမ်းအားမြင့်ကိစ္စများပြောကြသည့်အခါတိုင်း သူမသည် လုံးဝဝင်မပြောနိုင်ဘဲ အပယ်ခံထားရသကဲ့သို့ ခံစားရ၏။
"ဆင့်ကဲပြောင်းလဲသူ... ငါဘယ်တော့မှ ဆင့်ကဲပြောင်းလဲသူ ဖြစ်လာမှာလဲ" စောင်အောက်မှ သူမ၏လက်ကို တင်းကျပ်စွာဆုပ်ထားလိုက်သည်။ ဆင့်ကဲပြောင်းလဲသူဖြစ်လာရန်မှာ သူမ၏ စွဲလမ်းမှုတစ်ခုနီးပါး ဖြစ်နေပြီဖြစ်သည်။
လော်ယွမ်က ဟွမ်ကျားဟွေ၏ စိတ်အခြေအနေမမှန်သည်ကို သတိပြုမိပြီး သူမဘာတွေးနေသည်ကို အနည်းငယ်ခန့်မှန်းမိသဖြင့် နှစ်သိမ့်လိုက်သည်။ "တစ်ကယ်တော့ နင်လည်းလေ့ကျင့်လို့ရပါတယ်... သာမန်လူတွေနဲ့ စိတ်နဲ့ပါတ်သတ်တဲ့ ဆင့်ကဲပြောင်းလဲသူ မဟုတ်တဲ့သူတွေအတွက် တိုးတက်နှုန်းကိုမြင်ရဖို့အရမ်းကြာတာတစ်ခုပဲ... ဒါပေမဲ့နင့်စိတ်စွမ်းအားက ရှီရှီထက်ပိုသန်မာတာပဲ... နင့်စိတ်စွမ်းအားကို စုစည်းလာနိုင်တဲ့အခါကျရင် ငါဒီနေ့လုပ်ပြသလို နင်လည်းလုပ်နိုင်လာလိမ့်မယ်"
အမှန်တော့ဤသည်မှာ နှစ်သိမ့်စကားမျှသာဖြစ်သည်။ အကယ်၍ စိတ်စွမ်းအားစုစည်းခြင်းသည် ထိုမျှလောက်လွယ်ကူပါက ယခင်က လူတိုင်း စူပါမန်းများဖြစ်နေပေလိမ့်မည်။ သတင်းများတွင်လည်း အများအပျား ပါဝင်လာပေလိမ့်မည်။
သို့သော် ဟွမ်ကျားဟွေကမူ အလွန်စိတ်ဝင်စားသွားပြီး ဝမ်ရှီရှီထံ တရားထိုင်နည်းကို အလျင်အမြန်မေးမြန်းတော့သည်။ အမျိုးသမီးနှစ်ဦးမှာ တကျီကျီဖြင့် စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်မှုများ စတင်ပြုလုပ်ကြရာ တစ်ညလုံးမအိပ်သည့်အလားပင်။ နောက်ဆုံးတွင် လော်ယွမ်က အခြားအိပ်ခန်းတွင် သွားအိပ်မည်ဟုပြောမှသာ ရပ်တန့်သွားကြသည်။
--------------------------------------------
နောက်တစ်နေ့နံနက်စောစောတွင် လော်ယွမ်က ဗီလာမှထွက်ခွာပြီး ဧရာမဖွတ်ကြီး လဲလျောင်းနေသော မြက်ခင်းပြင်ဆီသို့ လျှောက်သွားသည်။
ပတ်ဝန်းကျင်မှ လှုပ်ရှားမှုကို ခံစားမိသောကြောင့် မူလကမှိန်းနေသော ဧရာမဖွတ်ကြီးသည် သတိဖြင့်မျက်လုံးဖွင့်ကြည့်လိုက်သည်။ လော်ယွမ်ဖြစ်ကြောင်းတွေ့သောအခါ အနည်းငယ်ကြောက်ရွံ့စွာဖြင့် မတ်တပ်ထရပ်လိုက်သည်။
ထိုအချိန်တွင် သူက အံ့အားသင့်စွာဖြင့် တွေ့ရှိလိုက်သည်မှာ တစ်ညတာအတွင်း ဧရာမဖွတ်ကြီး၏ ဒဏ်ရာများသည် ကြီးမားစွာပြောင်းလဲသွားခဲ့သည်။ ရင်ဘတ်မှဒဏ်ရာမှာ လုံးဝအနာဖေးတက်နေပြီဖြစ်ပြီး တစ်ကိုယ်လုံးမှအမာရွတ်အမျိုးမျိုးမှာလည်း ကွာကျတော့မည့်လက္ခဏာများရှိနေသည်။ ဖြတ်တောက်ခံထားရသော ဘယ်ဘက်ရှေ့ခြေထောက်ပင်လျှင် အနည်းငယ်ပြန်ရှည်လာသလိုပင်။ သို့သော် သေချာတော့ အတည်မပြုနိုင်သေးပေ။
သူက အလျင်အမြန် အရည်အသွေးဇယား ကိုဖွင့်ကြည့်လိုက်ရာ တိုက်ခိုက်ရေးသားရဲ၏ အခြေအနေမှာ အားနည်းခြင်းမှ ဒဏ်ရာပြင်းထန်ခြင်းသို့ ပြောင်းလဲသွားပြီဖြစ်သည်။
ဤသည်မှာ တစ်ညတာအတွင်းသာဖြစ်သည်။ နောက်ထပ်ရက်အနည်းငယ်ကြာပါက ပြတ်တောက်သွားသောခြေလက်များပင် ပြန်ပေါက်လာနိုင်သည်မှာ မပြောနိုင်ပေ။ ဤပြန်လည်ကောင်းမွန်နှုန်းသည် အလွန်အံ့ဩစရာကောင်းလှသည်။ ဧရာမဖွတ်ကြီး၏ ၁၇ မှတ်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အလွန်ကြောက်စရာကောင်း၏။ မည်သည့်ဒဏ်ရာမဆို တစ်ခါထဲတန်းသေစေနိုင်လောက်အောင် မပြင်းထန်ပါက ဤသို့သောခန္ဓာကိုယ်ကြံ့ခိုင်မှုရှိသည့် သတ္တဝါအတွက် ဘာမှဂရုစိုက်စရာမလိုပေ။ မနေ့က အဘယ်ကြောင့် ဤမျှလောက်စားသည်ကို ယခုမှနားလည်တော့သည်။ အစားအစာမှစွမ်းအင်အများစုကို ပြန်လည်ကောင်းမွန်ရန်အတွက် သုံးစွဲလိုက်ခြင်းဖြစ်ရမည်။
လော်ယွမ်နှင့်တွေ့စဉ်က ဒဏ်ရာဟောင်းများ ကြာကျန်ရှိနေရခြင်းမှာလည်း အချိန်ကြာမြင့်စွာငတ်မွတ်ပြီး ပြန်ကောင်းရန်စွမ်းအင်မလုံလောက်မှုကြောင့်ဖြစ်ရမည်။
ခြေထောက်အနည်းငယ်ထော့နဲ့နေသည်မှလွဲ၍ လော်ယွမ်က ဧရာမဖွတ်ကြီး၏ ယနေ့အခြေအနေသည် မနေ့ကစတွေ့စဉ်ကထက်ပင် ပို၍ကောင်းမွန်နေသည်ဟု ခံစားမိသည်။ မူလက သူသည် ဧရာမဖွတ်ကြီးကို အိမ်ရာထဲတွင်ထားခဲ့ပါက ဟွမ်ကျားဟွေတို့အတွက် အန္တရာယ်ဖြစ်စေမည်လားဟု အနည်းငယ်စိုးရိမ်ခဲ့သော်လည်း ယခုမူ စိုးရိမ်စရာမလိုတော့ပေ။
သူက ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ လျင်မြန်စွာခုန်တက်ပြီး သူ၏ကျောကို ပြင်းပြင်းတစ်ချက်ပုတ်ကာ "သွားမယ်"
မနေ့က အချိန်ကြာမြင့်စွာ လေ့ကျင့်ပေးခြင်းနှင့် ရိုက်နှက်ခြင်းတို့ကို ခံခဲ့ရပြီး နာကျင်မှု၏လှုံ့ဆော်မှုအောက်တွင် ဧရာမဖွတ်ကြီးက မည်မျှပင်တုံးအစေကာမူ အချို့သောညွှန်ကြားချက်များကို အလိုအလျောက်တုံ့ပြန်တတ်နေပြီဖြစ်သည်။ သူက ပင်ကိုအသိဖြင့် ခြေလှမ်းများကိုလှမ်းကာ ရှေ့သို့ထွက်ခွာသွားသည်။
မနေ့က ဧရာမဖွတ်ကြီးက နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာစဉ် ပတ်ဝန်းကျင်မှ သန္ဓေပြောင်းသားရဲများစွာက တုံ့ပြန်ခဲ့ကြရာ အချိန်တိုအတွင်း သင့်တော်သောသားရဲကို ရှာမတွေ့မည်ကို စိုးရိမ်စရာမလိုပေ။ အရေအတွက်လုံလောက်ပါက အဆင့်တစ်ခုပင် တက်သွားနိုင်သေးသည်။
ဤတစ်ကြိမ် တက်ကြွစွာဖြင့် သန္ဓေပြောင်းသားရဲကို ရှာဖွေခြင်းသည် ဆုံးရှုံးသွားသောအတွေ့အကြုံများကို အမြန်ဆုံးပြန်လည်ဖြည့်တင်းရန်အပြင် စိတ်စွမ်းအား၏နက်နဲမှုကို နားလည်သွားပြီးနောက် သူ့အားယုံကြည်မှုပေးကာ စမ်းသပ်ချင်စိတ်ကို ပြင်းပြစေသောကြောင့်လည်း ဖြစ်သည်။
ဤတစ်ကြိမ် ဧရာမဖွတ်ကြီးသည် မနေ့ကထက်ပို၍ လိမ္မာပါးနပ်နေသည်။ လမ်းအနည်းငယ်မှားပြီးနောက် ဧရာမဖွတ်ကြီးသည် သူ၏သခင် ဘယ်ကိုသွားချင်သည်ကို နားလည်သွားပြီး ထော့နဲ့ထော့နဲ့ဖြင့် အိမ်ရာအပြင်ဘက်သို့ထွက်ကာ ဦးတည်ရာတစ်ခုဆီသို့ အမြန်လျှောက်သွားသည်။
သို့သော် တစ်မိနစ်ကျော်မျှသာ လျှောက်ရသေးသည်တွင် သူ၏စိတ်အခြေအနေမှာ ဂနာမငြိမ်ဖြစ်လာသည်။
မကြာမီပင် အဝေးမှ စူးရှသောဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။ အသံထဲတွင် ဒေါသနှင့် သတိပေးမှုများ ပါဝင်နေသည်။ နယ်မြေလုပွဲသည် ရက်စက်ကြမ်းတမ်းလှပြီး တိုက်ပွဲတိုင်းသည် သေသည်အထိတိုက်ခိုက်ရသော စစ်ပွဲတစ်ခုပင်ဖြစ်သည်။
အကယ်၍ ယခင်ကသာဆိုလျှင် ဧရာမဖွတ်ကြီးသည် အစကတည်းက ထွက်ပြေးသွားလောက်ပြီဖြစ်သည်။ သို့သော် လော်ယွမ်၏ ခြိမ်းခြောက်မှုအောက်တွင် ဧရာမဖွတ်ကြီးက အားတင်းကာ ရှေ့သို့ဆက်လျှောက်သွားသော်လည်း အရှိန်မှာ တဖြည်းဖြည်းနှေးကွေးလာသည်။
မကြာမီပင် အဝေးမှ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး ဧရာမသားရဲကြီးတစ်ကောင် ဤဘက်သို့ အလျင်အမြန်ပြေးလာနေသည့်အလားပင်။
လော်ယွမ်က တည်ကြည်သောမျက်နှာဖြင့် ဧရာမဖွတ်ကြီး၏ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ဘေးဘယ်ညာတစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ အိမ်ရာအနီးမှ ဈေးလမ်းမတစ်ခုဖြစ်ပြီး ယခင်က ပတ်ဝန်းကျင်တွင် အထပ်နိမ့်ဆိုင်ခန်းများရှိခဲ့သည်။ သို့သော် ယခုအခါ ဤနေရာမှအဆောက်အအုံအများစုမှာ ပြိုကျပျက်စီးနေပြီဖြစ်သည်။ သူက အနည်းငယ်အကောင်းအတိုင်းရှိနေသေးသော အဆောက်အအုံတစ်ခုကိုရွေးချယ်ပြီး ဓားဖြင့် အောက်မှသံတံခါးကိုခွဲဖွင့်ကာ ခုန်ပျံကျော်လွှားပြီး အဆောက်အအုံ၏တတိယထပ် ပြတင်းပေါက်နေရာသို့ရောက်အောင် သွားရောက်ပုန်းအောင်းလိုက်သည်။
မစ်ရှင်၏သတိပေးချက်မှာ မကြာမီပေါ်ထွက်လာသည်။ လော်ယွမ်က ယခုအခါ စည်းမျဉ်းကိုနားလည်နေပြီဖြစ်ရာ အထူးအဆန်းမဖြစ်တော့ပေ။
"ဒင်...E အဆင့် မစ်ရှင် - ဆူးချွန်သားရဲကို သတ်ဖြတ်ရန်
အချိန် - သုံးရက်(လက်ခံ/ငြင်းပယ်)
လော်ယွမ်က စိတ်ထဲမှ လက်ခံလိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူကာ တစ်ကိုယ်လုံးမှအငွေ့အသက်ကို ထိန်းချုပ်ပြီး ရန်သူပေါ်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
ဧရာမဖွတ်ကြီးက လော်ယွမ်ထွက်ခွာသွားသောဘက်သို့ တစ်ချက်ကြည့်ပြီး ကြောက်ရွံ့စွာဖြင့် နောက်သို့ဆုတ်ကာ တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ပေ။ အကယ်၍ သူသာထွက်ပြေးခဲ့ပါက သေသည်ထက်ဆိုးရွားသောဘဝကို ရောက်သွားနိုင်သည်ဟု သူ၏ပင်ကိုအသိစိတ်က သတိပေးမနေခဲ့ပါက သူအစောကတည်းက လှည့်ထွက်ပြေးသွားလောက်ပြီဖြစ်သည်။
အဝေးတွင် ဖုန်မှုန့်များလွင့်ပျံနေပြီး မီးခိုးတန်းတစ်ခု ထတက်လာသည့်အလားထင်ရသည်။ မူလက ပျက်စီးနေသောလမ်းမနှင့် အဆောက်အအုံအပျက်များသည် ဧရာမသားရဲကြီးပြေးလာသောအခါ နောက်တစ်ကြိမ် ထပ်မံဖျက်ဆီးခံလိုက်ရပြန်သည်။
လော်ယွမ်က ခေတ္တမျှကြည့်ပြီးနောက် ရန်သူသတိပြုမိမည်စိုး၍ အကြည့်ကိုလွှဲလိုက်သည်။
သို့သော် သူ၏သတိထားမှုမှာ အပိုသာဖြစ်သည်။ ထိုအချိန်တွင် ရန်သူ၏အာရုံမှာ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာသော ဤဧရာမဖွတ်ကြီးအပေါ်တွင်သာ လုံးလုံးရောက်နေပြီး ဒေါသတကြီးဖြင့် ဟိန်းဟောက်နေ၏။
ဤသည်မှာ တစ်ကိုယ်လုံးမည်းနက်နေသော ဧရာမသားရဲကြီးတစ်ကောင်ဖြစ်ပြီး သူပင်လျှင် ဤသန္ဓေပြောင်းသတ္တဝါ၏ မူလမျိုးစိတ်ကို ခွဲခြားရန်ခက်ခဲလှသည်။ သူ၏ဝဖြိုးကြီးမားသော ကိုယ်လုံးနှင့်နှိုင်းယှဉ်လျှင် ဦးခေါင်းမှာ အနည်းငယ်သေးငယ်နေပုံပေါက်သည်။ ဦးခေါင်းမှအသားများမှာ ပျောက်ကွယ်နေပြီး ထိုအစား ဆူးချွန်များပြည့်နှက်နေသော အရိုးများဖြင့် အစားထိုးထားသည်။ ပါးစပ်ထဲတွင် သံမဏိသွားများယှက်ဖြာနေပြီး အဖြူရောင်အစွယ်နှစ်စုံမှာ အပြင်သို့အနည်းငယ်ထွက်နေကာ သွားများကြားမှ သွားရည်များ အဆက်မပြတ်စီးကျနေသည်။ ထို့အပြင် ထူးဆန်းသော နက်ပြာရောင်မျက်လုံးတစ်စုံနှင့်ပေါင်းစပ်လိုက်သောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းသောပုံပေါက်နေသည်။
လော်ယွမ်ကို ပို၍ခေါင်းခဲစေသည်မှာ သူ၏တစ်ကိုယ်လုံးမှအမွေးများသည် လှံတံများကဲ့သို့ ထောင်မတ်နေခြင်းပင်။ သူ၏အမည် "ဆူးချွန်သားရဲ" နှင့်ဆက်စပ်ကြည့်လျှင် ဤအမွေးများက အလှသပ်သပ်မဟုတ်သည်မှာ ထင်ရှားလှသည်။
ဆက်ရန်...
အပိုင်း(၁၀၆)သူတောင်းစား
ထိုအချိန်တွင် ဧရာမ ဖွတ်ကြီးကလည်း ဟိန်းဟောက်သံတစ်ချက် ပြုလိုက်သည်။ အလွန်နီးကပ်သောကြောင့် ထိုအသံလှိုင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ပြတင်းပေါက်နောက်ကွယ်တွင် ပုန်းနေသော်လည်း လော်ယွမ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သားရဲနှစ်ကောင်သည် ခေတ္တမျှ အပြန်အလှန် ဟိန်းဟောက်ကြပြီးနောက် လျင်မြန်စွာပင် တစ်ကောင်နှင့်တစ်ကောင် စတင်ကိုက်ဖြတ်ကြတော့သည်။
အကယ်၍ ဧရာမ ဖွတ်ကြီး၏ ခြေလက်လေးချောင်းလုံးသာ အကောင်းပကတိ ရှိနေသေးပါက သူတို့နှစ်ကောင်၏ တိုက်ပွဲသည် အချိန်အတန်ကြာ ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်ပြီး အသာစီးရနိုင်ခြေပင် ရှိနေသေးသည်။ သို့သော် "အကယ်၍" ဟူသည်မှာ မရှိနိုင်သော အရာဖြစ်၏။ ပထမအချီမှာပင် သူကအောက်စည်းရောက်သွားပြီဖြစ်သည်။ ခြေတစ်ဖက် ဆုံးရှုံးထားသဖြင့် ကိုယ်ကို မထိန်းနိုင်သော ဧရာမ ဖွတ်ကြီးသည် အလွယ်တကူပင် မြေပြင်ပေါ်သို့ ပက်လက်လန်သွားခဲ့သည်။ သူ ပြန်လည်တုံ့ပြန်ရန် အချိန်မရမီမှာပင် ဆူးချွန်ကောင်သည် လျင်မြန်ဖျတ်လတ်စွာဖြင့် သူ၏လည်ပင်းပေါ်သို့ ခုန်အုပ်ကာ ရူးသွပ်စွာ ဆုတ်ဖြဲတော့သည်။ သွေးများက သူ၏လည်ပင်းမှ ဒလဟော စီးကျလာ၏။
သို့သော် လော်ယွမ်ကမူ ဤဒဏ်ရာသည် ကြည့်လိုက်လျှင်သာ ပြင်းထန်ပုံပေါ်သည်ဟု သုံးသပ်မိသည်။ လည်ပင်းသည် ဧရာမ ဖွတ်ကြီး၏ အသားအများဆုံးနေရာဖြစ်ပြီး အကြေးခွံများမှာလည်း သေးငယ်သိပ်သည်းလှသည်။ ထို့အပြင် ဆူးချွန်ကောင်၏ ပါးစပ်သည် မူလကတည်းက သေးငယ်သောကြောင့် ထိုနေရာကို ကိုက်ဖြတ်ရာတွင် သွေးသံရဲရဲ ဖြစ်နေသော်လည်း အမှန်တကယ်တွင်မူ အရေပြားဒဏ်ရာသာ ဖြစ်သည်။
လော်ယွမ် အနည်းငယ် သက်ပြင်းချလိုက်မိသည်။ သူသည် ပထမဆုံးတိုက်ပွဲမှာပင် အလွန်ခက်ခဲစွာ ရရှိထားသော သူ၏ "တိုက်ခိုက်ရေးသားရဲ" ကို အဆုံးရှုံးမခံနိုင်ပေ။
ဧရာမ ဖွတ်ကြီးသည် ပြင်းထန်သော နာကျင်မှုကြောင့် ဒေါသတကြီး အော်ဟစ်ကာ တစ်ကိုယ်လုံးကို အပြင်းအထန် ရုန်းကန်နေသည်။ မာကျောသော ဘိလပ်မြေသည် သူ၏ချွန်ထက်သော ခြေသည်းများကြောင့် နက်ရှိုင်းသော တွင်းနက်များ ဖြစ်ပေါ်လာသည်။ ဆူးချွန်ကောင်သည် မကြာမီမှာပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ နှစ်ကောင်သား ရောယှက်ကာ လူးလိမ့်နေကြတော့သည်။ အနီးအနားရှိ အဆောက်အအုံများသည် သူတို့၏တိုက်ခိုက်မှုကြောင့် တစ်လုံးပြီးတစ်လုံး ပြိုကျပျက်စီးသွားပြီး လော်ယွမ်ရှိနေသော အဆောက်အအုံပင်လျှင် အနည်းငယ် တိုက်မိသွားကာ အဆောက်အအုံတစ်ခြမ်း ပြိုကျသွားခဲ့သည်။
သားရဲနှစ်ကောင်၏ တိုက်ပွဲသည် မိမိအနီးသို့ ရောက်ရှိလာသည်ကို မြင်သောအခါ လော်ယွမ်စိတ်မထိန်းနိုင်တော့ပေ။ သူက ဓားလက်ကိုင်ကို ဆုပ်ကိုင်ကာ အလစ်အငိုက် ခုန်ချပြီး ဤတိုက်ပွဲကို အဆုံးသတ်ရန် ကြံရွယ်လိုက်စဉ်မှာပင် ထူးခြားသော လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏အာရုံတွင် တံခါးသည် တိတ်တဆိတ် ပွင့်လာပြီးနောက် လူတစ်ယောက်သည် အသားလှီးဓားတစ်ချောင်းကို ကိုင်ဆောင်ကာ သူ့ထံသို့ လျင်မြန်စွာ ပြေးဝင်လာသည်ကို "မြင်" လိုက်ရသည်။
"သေချင်နေတာပဲ"
သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်တစ်ချက် ပေါ်ပေါက်လာသည်။ သူသည် ဓားကို ဆွဲထုတ်ချင်သော်လည်း ထိုစိတ်ကို ထိန်းချုပ်လိုက်ပြီး ထိုလူ၏ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။ ထိုလူသည် လာသောအခါတွင် လျင်မြန်သကဲ့သို့ ပြန်သွားသောအခါတွင်လည်း လျင်မြန်လှသည်။ သူသည် မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားပြီး အသားလှီးဓားသည်လည်း အဝေးသို့ လွင့်စင်သွား၏။
သို့သော် လော်ယွမ်၏ မျက်မှောင်များမှာ အနည်းငယ် ကြုံ့သွားပြီး ထိုသူကို စူးစိုက်ကြည့်နေမိသည်။ ခုနက ကန်လိုက်သော ခြေထောက်သည် လူ၏ခန္ဓာကိုယ်ကို ကန်လိုက်ရသည်ဟု မခံစားရဘဲ ရာဘာတာယာကို ကန်လိုက်ရသကဲ့သို့ ပြန်ကန်သောအားတစ်ချက်ကိုပင် ခံစားလိုက်ရသည်။
ထို့အပြင် လော်ယွမ်သည် အားကုန်မသုံးခဲ့သော်လည်း ထိုကန်ချက်သည် ပေါင်သုံးလေးရာခန့် အားရှိသည်။ သာမန်လူတစ်ယောက်သာဆိုလျှင် သွေးအန်ပြီး အချိန်အတော်ကြာ ပြန်မထနိုင်လောက်ပေ။ သို့သော် ဤလူမှာမူ ဘာမှမဖြစ်သကဲ့သို့ လျင်မြန်စွာပင် ပြန်ထလာခဲ့သည်။
ဤလူသည် သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။
သူ၏ရုပ်ရည်မှာ အလွန်စုတ်ပြတ်နေသည်။ ဆံပင်များမှာ ဖွာလန်ကြဲနေပြီး မျက်နှာတွင်လည်း အညစ်အကြေးများဖြင့် ပြည့်နှက်နေသည်။ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဆယ်ရက်ကျော် ရေမချိုးထားသကဲ့သို့ တစ်ကိုယ်လုံးမှ အနံ့ဆိုးများ ထွက်နေသည်။ ယခင်အချိန်က သူတောင်းစားများ၏ ပုံစံပင်လျှင် သူ့ထက် သာလွန်ပေဦးမည်။ သူက မတ်တပ်ရပ်လိုက်ပြီး လော်ယွမ်ကို ဝမ်းနည်းဒေါသထွက်သော အမူအရာဖြင့် ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "မင်းတို့ တော်တော်လူပါးဝနေပြီ... သန္ဓေပြောင်းသားရဲတွေကို ဒီနေရာအထိ ခေါ်လာပြီး ငါ့အိမ်ကိုပါ ဖျက်ဆီးပစ်တယ်... ငါသေသွားတောင် မင်းတို့နောက်ကို လုံးဝလိုက်မှာမဟုတ်ဘူး"
လော်ယွမ်၏စိတ်ထဲတွင် သံသယတစ်ချက် ဖြတ်ပြေးသွားသော်လည်း ဤအရာသည် သူနှင့်မသက်ဆိုင်ဟု တွေးလိုက်သည်။
"ခင်ဗျားအထင်မှားနေပြီ"
"ငါမသိဘူးလို့မထင်နဲ့... အဲ့သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ကို မင်းမျှားခေါ်လာတာမလား.... ငါ့ကိုမင်းတို့သောက်အဖွဲ့အစည်းထဲဝင်ဖို့အတွက်နဲ့ ငါ့အိမ်ကိုတောင်ချမ်းသာမပေးဘူး... မင်းတို့သတ္တိရှိရင် တည့်တည့်လာပါလားကွ... ဘာလို့အဲ့လိုအောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးတာလဲ" ထို"သူတောင်းစား" သည် လုံးဝမယုံဘဲ ဒေါသတကြီး ဆက်လက်ဆဲဆိုနေသည်။
လော်ယွမ်က စိုးရိမ်တကြီးဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သားရဲနှစ်ကောင်၏ တိုက်ပွဲသည် တဖြည်းဖြည်း ဝေးကွာသွားပြီဖြစ်ရာ အကောင်းဆုံးအခွင့်အရေးမှာ ဆုံးရှုံးသွားခဲ့ပြီ။ သူသည် စိတ်မရှည်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။ "ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့... မင်းကိုရှင်းပြဖို့ ငါ့မှာ အချိန်မရှိဘူး"
ထိုသို့ပြောပြီးနောက် လော်ယွမ်သည် ခြေလှမ်းအနည်းငယ် လှမ်းကာ အိပ်ခန်းတံခါးကို ကန်ဖွင့်လိုက်သည်။
ထို"သူတောင်းစား" က သတိမထားမိလိုက်ဘဲ ထိုသူကို အိပ်ခန်းထဲသို့ ဝင်ခွင့်ပြုလိုက်မိသည်။ သူသည် ဒေါသအလွန်ထွက်ကာ ထိုသူကို ဓားဖြင့်အချက်ပေါင်းများစွာ ခုတ်ပစ်ချင်စိတ် ပေါက်သွားသည်။ မိမိကိုယ်တိုင် မည်သို့မည်ပုံ လဲကျသွားသည်ကိုပင် စဉ်းစားမနေနိုင်တော့ဘဲ ဘေးဘီကို ကြည့်လိုက်ပြီး အဝေးတွင် ကျနေသော အသားလှီးဓားကို အလျင်အမြန် ကောက်ယူကာ နောက်က လိုက်သွားသည်။ သူသည် အသက်စွန့်တိုက်ခိုက်မည့်ဟန်ဖြင့် အိပ်ခန်းသို့ ရောက်သွားသောအခါ "အုန်း" ဟူသော အသံကြီးကို ကြားလိုက်ရသည်။ အိပ်ခန်း၏ အရှေ့ဘက်နံရံတွင် တွင်းကြီးတစ်တွင်း ပေါ်ပေါက်လာပြီး ထိုလူမှာမူ မည်သည့်နေရာသို့ ရောက်သွားသည်မသိတော့။
သူသည် အသားလှီးဓားကို မြှောက်ကိုင်ထားရင်း အချိန်အတော်ကြာ ငေးကြောင်နေမိသည်။ ထို့နောက် ရုတ်တရက် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး "ခွေး...ခွေးမသား...သောက်ကျင့်မကောင်းတဲ့ကောင်...ငါမင်းကို သတ်မယ်"
အခန်းထဲမှ တွင်းကြီးမှတစ်ဆင့် သူသည် အပြင်ဘက်သို့ ကြည့်လိုက်သည်။
"ခွေးမသား... ပြေးတာ တော်တော်မြန်တာပဲ" သူတောင်းစားသည် အပေါက်ဝတွင် ရပ်ကာ လော်ယွမ် ရှေ့သို့ အမြန်ပြေးသွားသည်ကို မြင်လိုက်ရသည်။ သူသည် မြေပြင်ကို ကြည့်လိုက်ရာ သုံးထပ်အမြင့်သည် ပေ၃၀ကျော်ခန့် ရှိနေသည်။ သူကြည့်ရင်း ခေါင်းမူးသွားသော်လည်း ထိုအချိန်တွင် သူ၏ခေါင်းထဲတွင် ဒေါသများသာ ပြည့်နှက်နေပြီဖြစ်သောကြောင့် ခဏမျှ တုံ့ဆိုင်းပြီးနောက် အံကိုကြိတ်ကာ အောက်သို့ ခုန်ချလိုက်သည်။
သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး အချိန်အတော်ကြာမှ ဖြည်းညင်းစွာ ပြန်ထလာသည်။ သူသည် ခေါင်းကိုခါယမ်းကာ အသားလှီးဓားကို ကောက်ယူပြီး နောက်က ဆက်လိုက်သွားသည်။
ဧရာမ သားရဲနှစ်ကောင်မှာ မမြင်ရတော့သော်လည်း အဝေးမှ ကျယ်လောင်သော အသံများအရ တိုက်ပွဲမှာ မပြီးဆုံးသေးကြောင်း သိသာနေသည်။
ဧရာမ သားရဲတို့၏ တိုက်ပွဲသည် ဤလမ်းမကြီးကို တစ်ဖန်ပြန်လည် ဖျက်ဆီးသွားခဲ့ပြီး လမ်းတစ်လျှောက်တွင် အပျက်အစီးများ တိုးပွားလာခဲ့သည်။ လော်ယွမ်သည် လမ်းထောင့်တစ်နေရာတွင် ဧရာမ သားရဲ၏ အရိပ်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ တိုက်ပွဲသည် အဆုံးသတ်လုနီးပါး ဖြစ်နေပြီဖြစ်ပြီး ဧရာမ ဖွတ်ကြီးမှာမူ သေလုနီးပါး ဖြစ်နေလေပြီ။
သူ၏လည်ပင်းမှ အရေပြားနှင့်အသားများသည် ကြီးမားသော ဒဏ်ရာကြီးအဖြစ် စုတ်ပြဲနေပြီး အတွင်းမှ ဖြူဖွေးသော အရိုးများကိုပင် မြင်နေရသည်။ သူသည် အားနည်းစွာ မြေပြင်ပေါ်တွင် လဲလျောင်းရင်း ငိုညည်းသံများ ပြုနေပြီး ရံဖန်ရံခါ ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း အချည်းအနှီးသော ရုန်းကန်မှုသာ ဖြစ်သည်။
သူ၏တစ်ကိုယ်လုံးတွင် ကိုက်ဖြတ်ခံထားရသော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သွားဖြင့်ကိုက်ခံရသော ဒဏ်ရာများအပြင် ပိုက်ကွန်ကဲ့သို့ စီရီနေသော သွေးပေါက်ရာများမှာ ပို၍များပြားသည်။ ထိုနက်ရှိုင်းသော ဒဏ်ရာများမှ သွေးအမြောက်အမြား ပန်းထွက်နေပြီး ဆူးချွန်ကောင်၏ ကျောဘက်မှ ဆူးချွန်များကြောင့် ဖြစ်ကြောင်း ထင်ရှားနေသည်။
ဆူးချွန်ကောင်မှာလည်း အခြေအနေမကောင်းလှပေ။ ပခုံးတွင် အသားတစ်တစ်ခဲကြီး ကိုက်ဖြတ်ခံထားရပြီး နောက်ခြေထောက်တွင်လည်း သွေးသံရဲရဲ ဖြစ်နေသည်။ အမြီးမှာမူ သေနေသောမြွေတစ်ကောင်ကဲ့သို့ တွဲလောင်းကျနေပြီး အတွင်းမှ အရိုးများမှာ ကျိုးကြေနေလေပြီ။ သို့သော် တိုက်ပွဲတွင် အနိုင်ရသရွေ့ ဤအဆင့်ရှိ သန္ဓေပြောင်းသားရဲအတွက် ဤဒဏ်ရာများက ဒဏ်ရာအသေးများသာ ဖြစ်သည်။
ပြင်းထန်သော တိုက်ပွဲကြောင့် ဆူးချွန်ကောင်က အခြားအရာများကို အာရုံမစိုက်နိုင်ခဲ့ပေ။ အတွေ့အကြုံရင့်ကျက်ပြီး အပြာရောင်အဆင့်သို့ အောင်မြင်စွာ ကြီးထွားလာသော သန္ဓေပြောင်းသားရဲတစ်ကောင်အနေဖြင့် အောင်ပွဲက လက်တစ်ကမ်းအကွာတွင် ရှိနေသော်လည်း သူသည် အမှားအယွင်းမဖြစ်စေရန်အတွက် ဖွတ်ကြီးကိုအနည်းငယ်မျှ လျော့မတွက်ခဲ့ပေ။ သို့သော် ဤသို့ တိုက်ပွဲကိုသာ အာရုံစိုက်နေသော အခြေအနေသည် သူ၏ပတ်ဝန်းကျင်မှ အန္တရာယ်ကို လျစ်လျူရှုစေခဲ့သည်။ ထို့ကြောင့် လော်ယွမ် အနီးအနား ပေ၃၀အကွာသို့ ရောက်ရှိနေသည်ကိုပင် သူသတိမပြုမိခဲ့ပေ။
"သူတောင်းစား" က အသားလှီးဓားကို မြှောက်ကိုင်ကာ လမ်းမပေါ်သို့ အမြန်ပြေးလာသည်။ လမ်းထောင့်တွင် ပုန်းနေသော လော်ယွမ်ကို မြင်သောအခါ သူ၏မျက်နှာတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ "ခွေးမသား... နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ... ဒီတစ်ခါ မင်းဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့"
ရုတ်တရက် သူတောင်းစားသည် မျက်တောင်ခတ်လိုက်သည်။ သူမျက်စိမှားသွားသည်ဟု ထင်လိုက်မိသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသူမှာ ပျောက်ကွယ်သွားသည်။ သူသည် သံသယဖြင့် နောက်ကလိုက်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ လမ်းထောင့်မှ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ အသားညှီနံ့ပါသော လေပြင်းတစ်ချက် မျက်နှာကို တိုက်ခတ်လာပြီးနောက် လမ်းထောင့်ရှိ အဆောက်အအုံသည် ပြင်းထန်စွာ တုန်ခါသွားကာ လေတိုက်ခံရသော ဖုန်မှုန့်များကဲ့သို့ ထပြီးနောက် တစ်ခဏအတွင်းမှာပင် ပြိုကျသွားသည်။ သူသည် ရုတ်တရက် တုန်လှုပ်သွားပြီး မိမိ၏အခြေအနေကို သတိပြုမိသွားသည်။
ဧရာမ သားရဲတစ်ကောင်သည် ဟိန်းဟောက်ကာ ခုန်ပေါက်နေသည်။ ထိုကြားထဲတွင် လူတစ်ယောက်သည် ထူးဆန်းသောအရောင်ရှိ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ဧရာမ သားရဲကို အလျင်အမြန် ခုတ်ပိုင်းနေသည်ကို သူမြင်လိုက်ရသကဲ့သို့ ရှိသည်။
ထိုလူ၏အရှိန်သည် အလွန်မြန်ဆန်လှပြီး သူ၏မျက်လုံးထဲတွင် သွေးရောင်အလင်းတန်းတစ်ခုသာ ဖြစ်ပေါ်လာသည်။
အသွေးအသားတို့ မှာ နေရာအနှံ့ကိုလွင့်စင်နေသည်။
မြေပြင်ပေါ်တွင် သွေးစွန်းနေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ ခြေထောက်ကြီးများ၊ အသားစများ၊ အူများ... တစ်ခုပြီးတစ်ခု ကျန်ရစ်နေခဲ့သည်။
လော်ယွမ်သည် နောက်ဆုံးတွင် အားကုန်သုံးကာ ခုန်လိုက်သည်။ သူက မြေပြင်မှ သုံးမီတာကျော် မြင့်တက်သွားပြီး ကျန်းမာတောက်ဓားရှည်သည် လခြမ်းကွေးတစ်ခုကဲ့သို့ ဖြစ်သွားကာ ဆူးချွန်ကောင်၏ တုတ်ခိုင်သောလည်ပင်းကို လျှပ်စီးကဲ့သို့ ခုတ်ချလိုက်သည်။ ဆူးချွန်ကောင်၏ ခန္ဓာကိုယ်သည် တစ်ချက်တုန်သွားပြီးနောက် သူ၏ဦးခေါင်းသည် ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော သွေးဖိအား၏ တွန်းကန်အားကြောင့် ၂၄ပေအကွာသို့ လွင့်စင်သွားသည်။
လော်ယွမ်က ပေါ့ပါးစွာ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ဓားရှည်ကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။ သူ၏အာရုံသည် နောက်ကလိုက်လာသော သူတောင်းစားကို အစောကတည်းက သတိပြုမိခဲ့သော်လည်း ဂရုမစိုက်ခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ ထိုသူသည် သူ့ကို ဒုက္ခပေးရန် သတ္တိရှိတော့မည် မဟုတ်ဟု သူယုံကြည်သည်။
ခေါင်းပြတ်နေသော ဆူးချွန်ကောင်သည် နေရာတွင် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ခန္ဓာကိုယ်သည် ယိမ်းယိုင်ကာ နောက်ဆုံးတွင် လဲကျသွားသည်။
ဒင်...E အဆင့် မစ်ရှင် - ဆူးချွန်ကောင်ကို သတ်ဖြတ်ရန် အောင်မြင်သည်။
မစ်ရှင်ပြီးမြောက်ရန်ကြာချိန် - ၁၂ မိနစ်
မစ်ရှင်အကဲဖြတ်ချက် - ကောင်းမွန်
အခြေခံအတွေ့အကြုံမှတ် +၂၄၀၀ ရရှိသည်။
အမည် - လော်ယွမ်
မစ်ရှင်ပြီးမြောက်မှုနှုန်း - ၇၀%
အကဲဖြတ် - သာမန်
အတွေ့အကြုံမှတ် +၁၂၀၀ x ၇၀%
စုစုပေါင်းအတွေ့အကြုံမှတ် - ၃၆၂၀/၁၉၂၀၀
တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်
မစ်ရှင်ပြီးမြောက်မှုနှုန်း - ၃၀%
အကဲဖြတ် - သာမန်
အတွေ့အကြုံ အမှတ် +၁၂၀၀ x ၃၀%
စုစုပေါင်းအတွေ့အကြုံမှတ် ၁၀၈၀/၂၄၀၀
လော်ယွမ်သည် စနစ်၏ သတင်းအချက်အလက်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် တိုက်ခိုက်ရေးသားရဲက မိမိ၏အတွေ့အကြုံကို ခွဲဝေယူသွားနိုင်သည်ကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း E အဆင့် တာဝန်၏ စုစုပေါင်းအတွေ့အကြုံသည် တစ်ဆင့်တိုးလာမည်ဟု မထင်ထားခဲ့ပေ။ အခြေခံအတွေ့အကြုံသည် ၁၆၀၀ မှ ၂၄၀၀ သို့ ၅၀% တိုးလာခဲ့သည်။ သူသည် စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်ကြည့်လိုက်ရာ တိုက်ခိုက်ရေးသားရဲ ရှိလာပြီးနောက် မိမိသည် ဧရာမ ဖွတ်ကြီးကြောင့် အတွေ့အကြုံ လျော့မသွားသည့်အပြင် အနည်းငယ် တိုးလာသည်ကို တွေ့ရှိရပြီး မမျှော်လင့်ထားသော ဝမ်းသာမှုတစ်ခု ဖြစ်ခဲ့သည်။
လော်ယွမ်သည် လျင်မြန်စွာ စိတ်ကိုပြန်စုစည်းပြီး ရှေ့သို့တက်ကာ မိမိရရှိထားသော"ပစ္စည်း"များကို သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။ ထိုအခါ ဧရာမ ဖွတ်ကြီးသည် သတိပေးသကဲ့သို့ အသံနိမ့်ဖြင့် ဟိန်းဟောက်ကာ ရုန်းကန်ပြီး မတ်တပ်ရပ်လိုက်ပြီးနောက် အဝေးသို့ ခက်ခဲစွာ ရွှေ့သွားသည်ကို မြင်လိုက်ရသည်။ သူ၏စိတ်ထဲတွင် သံသယတစ်ချက် ဖြတ်ပြေးသွားစဉ်မှာပင် သူ၏နှလုံးသည် တစ်ချက်ရပ်သွားသကဲ့သို့ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
အန္တရာယ်၏အရင်းအမြစ်ကို မသိမီမှာပင် ဆူးချွန်ကောင်၏ ကြမ်းတမ်းသော အရေပြားသည် ရုတ်တရက် တင်းကျပ်လာပြီး ချောမွေ့ကြည်လင်သွားသည်။ ကျောဘက်မှ ဆူးချွန်ကြီးများသည် လေးကြိုးဖြင့်တင်းထားသော မြားများကဲ့သို့ တစ်ချောင်းချင်း ထောင်မတ်လာသည်။ ထို့နောက် သံမဏိကြိုးများ တုန်ခါချိန်တွင် ကြောက်မက်ဖွယ်အသံ ရုတ်တရက် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဆူးချွန်များသည် လေကိုထိုးဖောက်ကာ တစ္ဆေငိုသံကဲ့သို့သော စူးရှသောအသံများဖြင့် လေးဘက်လေးတန်သို့ ပစ်လွှတ်သွားသည်။
လော်ယွမ်သည် အနီးအနားတွင် ရပ်နေသောကြောင့် ပထမဆုံး ဒုက္ခရောက်ခဲ့သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူ၏အာရုံထဲသို့ မရေမတွက်နိုင်သော သတင်းအချက်အလက်များက ဒီရေကဲ့သို့ စီးဝင်လာပြီး သူ့ကို အပြင်းအထန်ခေါင်းကိုက်စေခဲ့သည်။ တစ်ခဏအတွင်းမှာပင် အလွန်မြန်ဆန်သော ဆူးချွန်တစ်ချောင်းသည် သူ၏ညာဘက်နားကို အရှိန်ပြင်းစွာ ဖြတ်သန်းသွားသည်။ ပြင်းထန်သော လေလှိုင်းများကြောင့် သူ၏ဆံပင်များသည် လေထဲတွင် လွင့်မျောနေပြီး ဆွဲဖြဲခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေသည်။ သူ သတိမပြန်မီမှာပင် နောက်ထပ်ဆူးချွန်တစ်ချောင်းသည် သူ၏ရင်ဘတ်ကို ထိုးစိုက်လာသည်။
ဤဆူးချွန်၏အရှိန်သည် အလွန်မြန်ဆန်လှပြီး အသံ၏အရှိန်ထက် အဆပေါင်းများစွာ မြန်သည်။ ရိုင်ဖယ်ကျည်ဆံများပင်လျှင် ယှဉ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် တုံ့ပြန်ရန် အချိန်မှာ အလွန်တိုတောင်းပြီး မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်ဟု ဆိုနိုင်သည်။ အာရုံဖြင့်ပင်လျှင် ဝါးတားတား အရိပ်တစ်ခုကိုသာ ဖမ်းယူနိုင်ပြီး ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်ပေ။
အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် သူ၏မျက်လုံးသူငယ်အိမ်သည် ရုတ်တရက် ကျုံ့သွားပြီး လက်သည် လျှပ်စီးကဲ့သို့ ဓားလက်ကိုင်ကို ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တောက်ပသော အလင်းတန်းတစ်ခုသည် တစ်ချက်လင်းလက်ပြီး ပျောက်ကွယ်သွားသည်။
ဓားပညာ +၁
လေထဲတွင် မီးပန်းဖောက်သကဲ့သို့ ကျယ်လောင်သောအသံတစ်ချက် ထွက်ပေါ်လာပြီး မျက်စိဖြင့်မြင်နိုင်သော လေလှိုင်းတစ်ခုသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
လော်ယွမ်က ခြေလှမ်းအနည်းငယ် အမြန်ဆုတ်လိုက်ပြီး သူ၏မျက်နှာတွင် သွေးရောင်တစ်ချက် ဖြတ်ပြေးသွားသည်။
သူသည် အဆက်မပြတ် အသက်ရှူမဝဖြစ်နေပြီး နှလုံးမှာလည်း တဒိန်းဒိန်း ခုန်နေသည်။
"နောက်ဆုံးတော့ ပြီးသွားပြီ"
လော်ယွမ် ဘေးဘီကို တစ်ပတ်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများတွင် ထောင်ပေါင်းများစွာသော အပေါက်များသည် စက်ဝိုင်းပုံစံဖြင့် ပတ်ပတ်လည် ပျံ့နှံ့နေပြီး တိုးလျှိုပေါက် ပေါက်ထွက်နေသည်။ ဆူးချွန်များသည် မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိနိုင်တော့ပေ။ မြေပြင်ပေါ်တွင်ပင်လျှင် နက်ရှိုင်းသော တွင်းငယ်များ ပေါ်ပေါက်နေသည်။
ရှေ့အနီးအနားတွင် ကျိုးပြတ်နေသော ဆူးချွန်နှစ်ချောင်းမှလွဲ၍ အခြားဆူးချွန်တစ်ချောင်းကိုမျှ မတွေ့ရတော့ပေ။
ဧရာမ ဖွတ်ကြီးသည် လျင်မြန်စွာ ရှောင်တိမ်းခဲ့သော်လည်း ဆူးချွန်၏အရှိန်မှာ အလွန်မြန်ဆန်သောကြောင့် ဆူးချွန်အနည်းငယ် ထိမှန်သွားခဲ့သည်။ သို့သော် အသက်အန္တရာယ်ရှိသောနေရာများ မဟုတ်သည့်အပြင် သူ၏သေလုနီးပါးဒဏ်ရာများအတွက်မူ ပို၍ဆိုးရွားသွားနိုင်စရာ အကြောင်းမရှိတော့ပေ။
ကံအဆိုးဆုံးမှာ ထိုသူတောင်းစားပင် ဖြစ်သည်။ သူသည် မျက်နှာဖြူဖျော့ကာ နေရာတွင် ငေးကြောင်နေသည်။ ဆူးချွန်တစ်ချောင်းသည် အဆောက်အအုံကို ထိုးဖောက်ပြီးနောက် အရှိန်မသေသေးဘဲ သူ၏ပခုံးကို ထိုးဖောက်သွားကာ ပန်းကန်လုံးအရွယ်ခန့် ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာပြီး သွေးများက သူ၏အဝတ်အစားများကို လျင်မြန်စွာ စိုရွှဲသွားစေသည်။
လော်ယွမ် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤတစ်ကြိမ်တွင် အပြစ်မဲ့သူတစ်ယောက်ကို ပါဝင်ပတ်သက်စေခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုသို့ဖြစ်မည်ကိုသာ ကြိုသိခဲ့လျှင် ထိုစဉ်က သူ့ကို သတိလစ်အောင် ထိုးလိုက်ခြင်းက ပိုကောင်းမည်။
သို့သော် ဤကရုဏာစိတ်သည် စက္ကန့်အနည်းငယ်သာ ကြာပြီး ပျောက်ကွယ်သွားသည်။ သူတောင်းစားသည် နောက်ဆုံးတွင် နာကျင်မှုကို ခံစားမိသွားပုံရပြီး ကြေကွဲစွာ အော်ဟစ်ကာ ယိမ်းယိုင်ရင်း ပြေးလာသည်။ သူသည် လော်ယွမ်ကို ကျော်ဖြတ်ပြီး ဧရာမ သားရဲ၏ ခေါင်းပြတ်နေသော လည်ပင်းပေါ်သို့ လွှားခနဲ ခုန်အုပ်ကာ ပန်းထွက်နေသော သွေးများကို ပါးစပ်ကြီးဖြင့် အားရပါးရ သောက်သုံးနေတော့သည်။
လော်ယွမ်က အံ့အားသင့်စွာ ကြည့်နေမိပြီး ထို "သူတောင်းစား" ၏ အပြုအမူကို တစ်ခဏမျှ နားမလည်နိုင် ဖြစ်သွားသည်။
သေခါနီးတွင် ရန်သူ၏အသားတစ်ဖဲ့ကို ကိုက်ဖြတ်ပြီး ရန်သူ၏သွေးအနည်းငယ်ကိုသောက်၍ကလဲ့စားချေခြင်းလား။
သို့မဟုတ်ဗိုက်ပြည့်မှ သေမည်ဟုဆုံးဖြတ်ထားခြင်းပေလား။
သို့သော် ထို့နောက်တွင် သူ၏မျက်နှာတွင် အံ့ဩခြင်းများ ပြည့်နှက်လာသည်။ သူက "သူတောင်းစား" ၏ ကျောဘက်မှ နှလုံးကိုပင် မြင်နိုင်လုနီးပါးဖြစ်နေသော ကြောက်မက်ဖွယ်ဒဏ်ရာကြီးသည် အသားမျှင်ပေါင်းများစွာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအသားမျှင်များသည် တီကောင်များကဲ့သို့ ရူးသွပ်စွာ တွန့်လိမ်လှုပ်ရှားနေပြီး ကြည့်ရသည်မှာ ကြက်သီးထဖွယ်ကောင်းသော်လည်း တုန်လှုပ်ဖွယ်ရာလည်း ဖြစ်သည်။
"သေစမ်း...ဒီဒဏ်ရာပြန်ကောင်းနိုင်စွမ်းက ဧရာမဖွတ်ကြီးထက်တောင်ပိုကြောက်ဖို့ကောင်းသေးတယ်... သူကလူရောဟုတ်ရဲ့လား"
လော်ယွမ်၏စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ ဤစွမ်းရည်သာရှိပါက နောင်တွင် ဒဏ်ရာရခြင်းသည် ဘာမှမဟုတ်တော့ပေ။ နေရာတွင်တစ်ခါထဲ သေမသွားသရွေ့ အစာအနည်းငယ်စားလိုက်ရုံဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ဤသည်မှာ အလွန်အစွမ်းထက်လှပြီး မသေနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
သူ၏ကျောဘက်မှ ဒဏ်ရာသည် တဖြည်းဖြည်း သေးငယ်လာပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ပန်းကန်လုံးအရွယ်မှ လက်သီးဆုပ်အရွယ်သို့ ကျုံ့သွားပြီး ဆက်လက်၍ ဖြည်းညင်းစွာ ကုစားနေဆဲဖြစ်သည်။
ထိုအချိန်တွင် "သူတောင်းစား" သည် ဧရာမ ဖွတ်ကြီး၏ လေးလံသော ခြေသံကို ကြားလိုက်ရပြီး လန့်ဖျပ်ကာ လူးလဲထလိုက်ပြီးနောက် အဝေးသို့ အမြန်ပြေးသွားသည်။ ပြေးနေစဉ်တွင် သူသည် နောက်သို့တစ်ချက် လှည့်ကြည့်လိုက်သည်။ လော်ယွမ်သည် နေရာတွင်ပင် ရပ်နေသည်ကို မြင်သောအခါ သူ၏အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံးတွင် အဆောက်အအုံတစ်ခု၏ နောက်ကွယ်တွင် ပုန်းနေကာ ဆက်မပြေးတော့ပေ။
ဧရာမ ဖွတ်ကြီးသည် သူ၏ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲယူကာ တစ်လှမ်းချင်း ထော့နဲ့ထော့နဲ့ဖြင့် ဖြည်းညင်းစွာ လျှောက်လာသည်။ ဆူးချွန်ကောင်၏ အလောင်းအနီးသို့ ရောက်သောအခါ သူသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ဒူးထောက်ကျသွားသည်။ လည်ပင်းကို ငုံ့ကာ ဆူးချွန်ကောင်၏ ဝမ်းဗိုက်နေရာကို ကိုက်ဖြတ်ပြီး ဖြည်းညင်းစွာ ဆုတ်ဖြဲနေသည်။ သို့သော် သူသည် အားမရှိတော့ဘဲ ကြိုးစားမှုအကြိမ်ပေါင်းများစွာ ပြုလုပ်သော်လည်း အနူးညံ့ဆုံး ဝမ်းဗိုက်အရေပြားကိုပင် မဖြဲနိုင်ဘဲ လည်ပင်းမှစီးကျနေသော သွေးများကိုသာ လျက်နေရသည်။
လော်ယွမ်သည် ဧရာမ ဖွတ်ကြီး၏ သနားစဖွယ်အခြေအနေကို ကြည့်ကာ သက်ပြင်းတစ်ချက်ချပြီး ရှေ့သို့တက်သွားသည်။ ကျန်းမာတောက်ဓားရှည်ကို ဆူးချွန်ကောင်၏ ဝမ်းဗိုက်ထဲသို့ ထိုးသွင်းပြီး ရှည်လျားသော ဒဏ်ရာတစ်ခုကို ဆွဲလိုက်ရာ အတွင်းကလီစာအမြောက်အမြားသည် ဒဏ်ရာမှတစ်ဆင့် စီးကျလာသည်။ ထို့နောက် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ဧရာမ ဖွတ်ကြီးသည် လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်တစ်ခု ရှိနေသကဲ့သို့ ရှိသည်။
သစ္စာစောင့်သိမှု +၁
လော်ယွမ်သည် စနစ်၏ သတိပေးချက်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဤတိုက်ပွဲတွင် မိမိက သူ့ကို အသားဒိုင်းအဖြစ် အသုံးပြုခဲ့သောကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုမူ ကျေးဇူးတင်ပြီး သစ္စာစောင့်သိမှု တိုးလာသည်။ ၎င်းမှာတကယ်ပဲ စတော့ဟုမ်း ရောဂါလက္ခဏာ ရှိနေသလော။
(Stockholm စိတ်ရောဂါ - ကိုယ့်ကိုအနိုင်ကျင့်သူ၊ ပြန်ပေးဆွဲသူ၊ ဓားစာခံလုပ်သူကို ပြန်လည်သနားစိတ်၊ စာနာစိတ်၊ သစ္စာစောင့်သိစိတ်တို့ ဖြစ်ပေါ်စေသော စိတ်ရောဂါကိုပြောတာပါ။ စတော့ဟုမ်းရောဂါကို ပြန်ပေးဆွဲခံရတဲ့သူ၊ အနိုင်ကျင့်ခံရတဲ့သူတွေက ကိုယ့်ကိုကျူးလွန်တဲ့သူတွေကို မလွန်ဆန်နိုင်တဲ့အခါ စိတ်နဲ့ခန္ဓာကိုယ်က မိမိရှင်သန်ဖို့အတွက် အလိုအလျောက်ဖြစ်ပေါ်တတ်တဲ့ အပြုအမူတစ်ခုလို့လည်း ယူဆကြပါတယ်။ ကိုယ့်ကိုကျူးလွန်တဲ့သူကို တည့်အောင်ပေါင်းပြီး အနိုင်ကျင့် အနှိပ်စက်ခံရတာနည်းသွားအောင်၊ မခံရတော့အောင် အလိုလိုပြုမူမိတာမျိုးပဲ။ ဒါပေမဲ့ဒီလိုရောဂါမျိုးက အမှုအခု၁၀၀မှာ ၁ခုတောင်မရှိသလောက်ရှားပါတယ်တဲ့ )
ဧရာမ ဖွတ်ကြီးသည် ဤတစ်ကြိမ်တွင် အလွန်ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး တစ်ကိုယ်လုံးမှ သွေးမည်မျှ ထွက်သွားသည်ကို မသိနိုင်ပေ။ သို့သော် ဤသည်မှာ သူ၏အစာစားချင်စိတ်ကို မထိခိုက်ခဲ့ပေ။ ဆယ်မိနစ်ကျော်ကြာပြီးနောက် ဆူးချွန်ကောင်၏ အလောင်းမှ အတွင်းကလီစာအားလုံးကို သူစားသုံးသွားခဲ့သည်။ ဤသည်မှာ မလုံလောက်သေးဘဲ လော်ယွမ်က အသားအချို့ကို ဆက်လက်လှီးဖြတ်ပေးရာ သူသည် သွေးသားပေါင် ရာပေါင်းများစွာကို ဆက်လက်မျိုချခဲ့ပြီး ဗိုက်သည် ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းကားလာမှသာ ရပ်တန့်လိုက်သည်။
ဒဏ်ရာများမှာ ရှိနေဆဲဖြစ်သော်လည်း သူ၏စိတ်ဓာတ်မှာမူ ယခင်ကထက် များစွာကောင်းမွန်လာပြီး တွဲကျနေသော မျက်ခွံများမှာလည်း မြင့်တက်လာသည်။
ထို့နောက် လော်ယွမ်သည် အကောင်းဆုံးအသားများကို တစ်ခုချင်းစီ လှီးဖြတ်ပြီး အပျက်အစီးများထဲမှ ရှည်လျားသော သံချောင်းအချို့ကို ရှာဖွေကာ အသားများကို သီတံထိုးပြီး ဧရာမ ဖွတ်ကြီး၏ ကျောပေါ်တွင် တင်ပေးလိုက်သည်။ ကြည့်လိုက်လျှင် ကီလိုဂရမ်တစ်ထောင်ခန့် ရှိမည်ဟု ထင်ရသည်။ အိမ်ကြီးထဲမှ လူများသည် ထိုမျှလောက် များပြားစွာ မစားနိုင်သည့်အပြင် အချိန်ကြာလျှင်လည်း ပုပ်သိုးသွားနိုင်သည်။ ဤအရာများသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဧရာမ ဖွတ်ကြီးအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဆူးချွန်ကောင်ကို ဤမျှလောက် အလွယ်တကူ သတ်နိုင်ခဲ့ခြင်းမှာ ဧရာမ ဖွတ်ကြီး၏ အကူအညီများစွာ ပါဝင်သည်။ အနည်းဆုံးတော့ သူသည် သင့်တော်သော အသားဒိုင်းတစ်ခု ဖြစ်ခဲ့သည်။ လော်ယွမ်သည် သူ့ကို ကောင်းကောင်းစားစေပြီး ခန္ဓာကိုယ်ကို ကောင်းကောင်းပြုစုပျိုးထောင်စေကာ ပိုမိုကောင်းမွန်စွာ... အသားဒိုင်းအဖြစ် အသုံးချရန် ရည်ရွယ်ထားသည်။
လော်ယွမ်သည် သူ၏ပေါင်ကြီးကို ပုတ်လိုက်ရာ သူသည် တစ်ချက်ရုန်းကန်ပြီး ခက်ခဲစွာ မတ်တပ်ရပ်လိုက်သည်။ အကြိမ်အနည်းငယ် ယိမ်းယိုင်ပြီးနောက် နောက်ဆုံးတွင် တည်ငြိမ်စွာ ရပ်နိုင်သွားသည်။
လော်ယွမ်က ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ မိမိသည် "တိုက်ခိုက်ရေးသားရဲ" ကို အလွန်အကျွံ နှိပ်စက်နေမိသလော။ သို့သော် ဤအတွေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏စိတ်ထဲမှ ပျောက်ကွယ်သွားသည်။
ဆက်ရန်...
အပိုင်း(၁၀၇)အပြန်အလှန်ကူညီရေးမဟာမိတ်အဖွဲ့
"ခဏလေး"
လော်ယွမ်က ထွက်သွားရန် ပြင်ဆင်နေစဉ်မှာပင် ထိုသူတောင်းစား၏ တားဆီးသံကို ကြားလိုက်ရ၏။
လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားဘာကိစ္စရှိသေးလို့လဲ"
"သူတောင်းစား"က လော်ယွမ်၏ဘေးမှ ဧရာမသတ္တဝါကြီးကို တစ်ချက်တစ်ချက် မဝံ့မရဲ ကြည့်နေပြီး အနားသို့ မကပ်ရဲပေ။
"ဒီ… ဒီလိုဗျာ… ခင်ဗျား ခုနက ကျုပ်အိမ်ကို ဖျက်ဆီးလိုက်တယ်" ထို"သူတောင်းစား"၏ မျက်နှာက အနေရခက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။ လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ သူက အလျင်အမြန်ပင် ဆို၏။ "ကျုပ်ပြောချင်တာက… အခု ကျုပ်မှာ နေစရာမရှိတော့ဘူး"
လော်ယွမ်က သူ့စိတ်ထဲမှ အတွေးကို ခန့်မှန်းမိလိုက်၍ ပြုံးစစဖြင့် မေးလိုက်သည်။ "ကျုပ်လည်း ခင်ဗျားပြောတဲ့အဖွဲ့ကလူ ဖြစ်နေမှာကို မကြောက်ဘူးလား"
"သူတောင်းစား"က အညစ်အကြေးများဖြင့် ပေကျံနေသော ဦးရေပြားကိုကုတ်လိုက်ရင်း ခြောက်ကပ်စွာ ရယ်မောလိုက်၏။ "သူတို့က ခင်ဗျားလောက် မစွမ်းဘူး"
လော်ယွမ် အနည်းငယ် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ "ခင်ဗျားပြောတဲ့အဖွဲ့က ဘာအဖွဲ့လဲ... ဆင့်ကဲပြောင်းလဲသူတွေနဲ့ ဖွဲ့ထားတာလား"
"နာမည်ကတော့ သောက်အပြန်အလှန်ကူညီရေးမဟာမိတ်အဖွဲ့တဲ့... အထဲမှာ ဆင့်ကဲပြောင်းလဲသူ နည်းနည်းပါပေမဲ့ အများစုကတော့ သာမန်လူတွေပဲ" ထို"သူတောင်းစား"က ရှင်းပြ၏။ "အဲ့လူတွေကကျုပ်ကို ခဏခဏဒုက္ခလာပေးတယ်လေ... ဒါကြောင့်စောစောက ခင်ဗျားကိုမြင်တော့ အထင်မှားသွားတာ"
"သူတို့ကခင်ဗျားကိုအဲ့လောက် အဖွဲ့ဝင်စေချင်နေမှတော့ ဘာလို့မဝင်လိုက်တာလဲ... အဖွဲ့နဲ့ဆို တစ်ယောက်ထဲထက်တော့ ပိုလုံခြုံတာပဲလေ ဟုတ်တယ်မလား" လော်ယွမ်က နားမလည်စွာ မေးလိုက်သည်။
"သူတောင်းစား"က မထီမဲ့မြင်ဖြင့် နှုတ်ခမ်းမဲ့လိုက်၏။ "သူတို့လည်း ကျုပ်လို ဟိုပြေးဒီပုံးလုပ်နေရတာပဲ... အနည်းဆုံးတော့ ကျုပ်တစ်ယောက်ထဲဆို ပစ်မှတ်သိပ်မကြီးဘူး"
"ကျုပ်ကိုလာအရူးလုပ်မနေနဲ့ တစ်ကယ့်အကြောင်းအရင်းကို သိချင်တယ်" လော်ယွမ်က ခေါင်းခါလိုက်ပြီး သူ၏မျက်နှာထားက အနည်းငယ် တင်းမာအေးစက်သွား၏။
"သူတောင်းစား"၏ မျက်နှာက တစ်ချက်ပြာ တစ်ချက်ဖြူ ဖြစ်သွားပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်တွင်တော့ ဖြစ်ချင်ရာဖြစ်ဟု သဘောထားလိုက်ဟန်ဖြင့် ဆိုလာသည်။ "ခင်ဗျား လှောင်မှာကိုလည်း မကြောက်တော့ပါဘူး... အဲ့ဒီခွေးဖြစ်မယ့် အဖွဲ့ခေါင်းဆောင်က ကျုပ်ရည်းစားကို လုသွားတာ"
ထိုအကြောင်းကို ပြောမိသည့်အခါ သူ၏စိတ်က လှုပ်ရှားလာဟန်တူ၏။
"အဲ့ဒီတုန်းက တစ်နိုင်ငံလုံး ပရမ်းပတာဖြစ်နေတဲ့အချိန်မှာ သူက ငိုယိုပြီးတော့ သူ့ရွာကိုပြန်ကြည့်ချင်တယ်လို့ ကျုပ်ကိုလိမ်ပြောတယ်လေ...နောက်ဆုံးတော့ သွားပြီး ပြန်မလာတော့ဘူး... ကျုပ်က သူတကယ်ပဲ အသက်အန္တရာယ်တစ်ခုခုနဲ့ ကြုံသွားပြီထင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမတတ်တောင် ဖြစ်ခဲ့တာ... မထင်မှတ်ဘဲ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ကိုပြန်တွေ့ခဲ့တယ်... တခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာလေ... ကံကောင်းတာက ကျုပ်ပုံစံက စုတ်ပြတ်နေတော့ သူကျုပ်ကို မမှတ်မိတော့ဘူး... မဟုတ်ရင် ကျုပ်ဘာတွေလုပ်မိမလဲတောင်မသိဘူး"
"ခင်ဗျားပဲပြောကြည့်... ဒီလိုကိစ္စဖြစ်ပြီးမှတော့ ကျုပ်အဲ့ဒီခွေးဖြစ်မယ့်အဖွဲ့ထဲ ဝင်လိုက်ရင် ယောက်ျားလို့တောင် ခေါ်ထိုက်မှာ မဟုတ်တော့ဘူး"
ထိုမိန်းမက တကယ်တမ်း လိမ်ညာခဲ့ခြင်း မဟုတ်ဘဲ လမ်းခရီးတွင် မမျှော်လင့်သည့် အဖြစ်အပျက်များ ကြုံခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။ လော်ယွမ် ဘာပြောရမှန်းမသိ ဖြစ်သွား၏။ အပြစ်တင်မည်ဆိုလျှင်လည်း ကိုယ့်ရည်းစားအား သေချာမစောင့်ရှောက်နိုင်ခဲ့သည့်အတွက်သာ အပြစ်တင်ရပေမည်။
"ဒီနေရာမှာ သွေးညှီနံ့တွေအရမ်းပြင်းထန်နေပြီ... တစ်ခြားအစွမ်းထက်တဲ့ သန္ဓေပြောင်းသတ္တဝါတွေ ောက်လာမှာစိုးတယ်... ခင်ဗျားမှာဘာသိမ်းစရာရှိလဲ... အမြန်သွားသိမ်း... ကျုပ်တို့ခုချက်ချင်းသွားကြမယ်" အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည့်နောက်တွင်တော့ သူ့ထံသို့ အလိုအလျောက် လာရောက်ခိုလှုံသော ဆင့်ကဲပြောင်းလဲသူတစ်ဦးကို လော်ယွမ်က ငြင်းပယ်မည်မဟုတ်သည်မှာ ဧကန်ပင်။
"အမှိုက်တွေပဲရှိတာ... ဘာမှသိမ်းစရာမရှိဘူး... အခချိန်မရွေးသွားလို့ရတယ်" "သူတောင်းစား"၏ စိတ်ထဲတွင် ပေါ့ပါးသွား၏။ ဤလူ၏အစွမ်းနှင့် ထိုကြောက်မက်ဖွယ် ဧရာမသတ္တဝါကြီး ရှိနေသဖြင့် အစားအစာနှင့် ရေအတွက် ပူပန်စရာမလိုလောက်ဟု သူတွေးထင်လိုက်သည်။
"ဒီအပေါ်ကလိုက်မလား" လော်ယွမ်က ဧရာမဖွတ်ကြီးဘက်သို့ မေးဆတ်ပြလိုက်၏။ မည်သို့ပင်ဖြစ်စေ ပစ္စည်းများစွာကို သယ်ဆောင်ထားပြီးဖြစ်ရာ လူတစ်ယောက်အလေးချိန် ထပ်တိုးလာလျှင်ပင် ဧရာမဖွတ်ကြီးက "အေးအေးဆေးဆေး" ခံနိုင်ရည်ရှိဦးမည် ဖြစ်သည်။
"သူတောင်းစား"က ခေါင်းကို တရစပ်ခါယမ်းလိုက်၏။ ဤသို့သော ဧရာမသတ္တဝါကြီးကို သူမည်သို့မျှ အနားမကပ်ရဲပေ။ သူက အလျင်စလိုဆိုသည်။ "ကျုပ် ပြေးလိုက်တာပဲ ကောင်းပါတယ်ဗျာ... ဒီရက်ပိုင်း ပြေးနေရတာနဲ့ ကျုပ်အသားကျနေပါပြီ"
စကားဆုံးသောအခါ စိတ်ချစေရန် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သေးသည်။ "သိပ်မဝေးဘူး မဟုတ်လား"
"ဝေးတာတော့ မဝေးပါဘူး... ဒါပေမဲ့ ခင်ဗျားက ဒဏ်ရာကနေ ခုမှသက်သာခါစဆိုတော့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား" လော်ယွမ်က သူ၏ဖြူဖျော့နေသော မျက်နှာကိုကြည့်ကာ သူတကယ်ပြေးနိုင်ဦးမည်လားဟု သံသယဝင်သွားသည်။
"ကိစ္စမရှိပါဘူး... တက္ကသိုလ်မှာဆို ကျုပ်က တာဝေးပြေးသမားဗျ... ဒီလောက်အကွာအဝေးကတော့ အေးဆေးပဲ" "သူတောင်းစား"က အားမရှိသောရယ်သံဖြင့် ဆို၏။
"ကောင်းပြီလေ" ပြေးချင်သည်ဆိုလျှင်တော့ ပြေးစေရုံသာ ရှိသည်။
လော်ယွမ်က ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ လွှားခနဲ ခုန်တက်လိုက်ပြီး လက်ဖြင့် ပုတ်လိုက်၏။ ဒဏ်ရာရထားသော ဧရာမဖွတ်ကြီးက ခြေလှမ်းများကို ဖြည်းညင်းစွာ စတင်လှမ်းကာ ခြေတစ်ဖက်ထော့နဲ့ထော့နဲ့ဖြင့် ရှေ့သို့ထွက်ခွာသွားသည်။ သွေးများစီးကျနေသော သူ၏ကိုယ်လုံးကြီးက လမ်းတစ်လျှောက်တွင် ရှည်လျားသော သွေးလမ်းကြောင်းတစ်ခုကို ဆွဲချန်ထားခဲ့၏။
"သူတောင်းစား"က အစပိုင်းတွင်တော့ စိတ်တင်းထားနိုင်သေးသော်လည်း တစ်မိနစ်ပင် မပြေးရသေးခင်မှာပင် မခံနိုင်တော့ဘဲ ခွေးတစ်ကောင်လို မောဟိုက်ကာ လျှာပင်ထွက်ကျန်တော့မတတ် ဖြစ်နေသည်။ ချက်ချင်းပင် လှဲအိပ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရ၏။ သူ၏ကိုယ်တိုင်ပြန်လည်ကုစားနိုင်စွမ်းက မည်မျှပင်ကောင်းမွန်စေကာမူ အချိန်တိုအတွင်း လုံးဝပြန်ကောင်းလာရန် မဖြစ်နိုင်ပေ။ မကြာမီမှာပင် သူ၏မျက်လုံးများက ကြယ်တွေ၊ လတွေ မြင်လာပြီး ခြေလက်တို့မှာလည်း ပျော့ခွေလာတော့သည်။
သူက ရပ်တန့်ရန် မဝံ့ရဲပေ။ လော်ယွမ်က သူ့ကိုပစ်ထားခဲ့မည်ကို စိုးရိမ်မိသည်။ ထိုအခါ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများ၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံရလျှင် သေသည့်တိုင် မျက်စိစုံမှိတ်နိုင်မည် မဟုတ်ပေ။ သူ၏ခဲတုံးများလို လေးလံနေသော ခြေထောက်နှစ်ဖက်ကို စက်ရုပ်သဖွယ် ရွှေ့လျားနေမိသည်။ အချိန်မည်မျှကြာသွားသည်မသိ၊ ဧရာမဖွတ်ကြီးက ရှေ့မှ လူနေရပ်ကွက်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသောအခါ သူကအံကိုတင်းတင်းကြိတ်ကာ အသက်လုပြေးလိုက်သွားသည်။
ဗီလာအိမ်ကြီး၏ ရှေ့မှ ကွင်းပြင်သို့ရောက်သောအခါ တစ်စုံတစ်ခုနှင့် ခြေခလုတ်တိုက်မိသည်မသိ၊ ခြေထောက်က ပျော့ခွေသွားပြီး "ဗုန်း"ခနဲ မြေပေါ်သို့ မှောက်လျက်လဲကျသွားကာ ကိုယ်ကိုတစ်ချက်လူးလွန့်လိုက်ပြီးနောက် ထရန် အားအင်ကုန်ခမ်းသွားတော့သည်။
ဗီလာထဲမှ လူများက အသံကြား၍ အပြင်သို့ ထွက်လာကြပြီးဖြစ်သည်။
"ခေါင်းဆောင်ယွမ်...ဒါကဘယ်သူလဲဗျ" ဟော်တုံက ထူးဆန်းစွာ မေးလိုက်သည်။
လော်ယွမ်က ဧရာမဖွတ်ကြီးပေါ်မှ အသားတုံးများကို သယ်ချနေသည်။ ပေါင်တစ်ရာခန့် အလေးချိန်ရှိသော အသားများကို ယူပြီးနောက် ကျန်သည်များကို ဧရာမဖွတ်ကြီး၏ ရှေ့သို့ ပစ်ချပေးလိုက်သည်။ သူက လျှောက်လာရင်း မြေပေါ်တွင်လူးလိမ့်ကာ ထရန်ကြိုးစားနေသော "သူတောင်းစား"ကို ကြည့်ပြီး ရယ်ရခက် ငိုရခက်ဖြင့် ခေါင်းခါလိုက်၏။ "လမ်းမှာတွေ့ခဲ့တာ... အားပြတ်သွားတာနေမယ်... တစ်ယောက်ယောက်သူ့ကိုကူလိုက်ပါဦး"
လူအများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီး နောက်ဆုံးတွင်တော့ မျက်နှာပူတတ်သော စွန်းရှောင်ဝူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြေးသွားကာ သူ့ကိုထူမပေးလိုက်သည်။
"သူတောင်းစား"က အလွန်စိတ်ပျက်နေ၏။ သူကတုန်ယင်နေသောခြေထောက်များဖြင့် မတ်တပ်ရပ်လိုက်သည်။ လူအများအားကျရသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လူအများရှေ့တွင် ဤသို့အရှက်ရခဲ့သည်ဖြစ်၍ သူ မျက်နှာပင် မပြဝံ့တော့ဘဲ မြေကြီးပေါ်တွင် ဆက်လက်မှောက်နေချင်စိတ် ပေါက်သွားသည်။
ဟွမ်ကျားဟွေက ဗီလာထဲမှ သောက်ရေသန့်တစ်ဘူးကို ယူလာပြီး သူ့အားကမ်းပေးလိုက်သည်။ "ရေသောက်လိုက်ပါဦး"
သူက ရေဘူးကိုယူပြီး အဖုံးကိုဖွင့်ကာ ဂရုတစိုက်ဖြင့် အနည်းငယ်သောက်လိုက်ပြီးနောက် အဖုံးကိုပြန်ပိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်... ကျုပ်နာမည် လင်းရှောင်ကျီပါ ခင်ဗျားတို့ကို ဒုက္ခပေးမိပြီ"
"အားလုံးက ဒုက္ခသည်တွေပဲလေ... အပြန်အလှန်ကူညီရမှာပေါ့...ဒါပေမဲ့… ရှင်ရေအရင်သွားချိုးလိုက်ပါလား... နာရီဝက်လောက်နေမှ ညစာအတူစားကြတာပေါ့" မိန်းကလေးတို့သည် သန့်ရှင်းမှုကို မြတ်နိုးကြသည်ဖြစ်ရာ ဟွမ်ကျားဟွေက သူ၏စုတ်ပြတ်နေသော ပုံစံကိုကြည့်ပြီး နောက်ဆုံးတွင်တော့ မနေနိုင်ဘဲ ပြောထွက်သွားသည်။
စကားလုံးများက သွယ်ဝိုက်ပြောဆိုနေသော်လည်း လင်းရှောင်ကျီက အဓိပ္ပာယ်ကို နားမလည်ဘဲ မနေပေ။ သူ၏မျက်နှာက ချက်ချင်းပင် နီရဲတက်လာပြီး "ဟုတ်… ဟုတ်ကဲ့... ကျုပ် အခုချက်ချင်းသွားချိုးလိုက်ပါ့မယ်" ဟု အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုလေသည်။
ဗီလာ၏ခေါင်မိုးပေါ်တွင် ရေတိုင်ကီတစ်ခုရှိပြီး မကြာသေးမီက မိုးများဆက်တိုက်ရွာသွန်းခဲ့သဖြင့် ရေများပြည့်လျှံနေသည်။ သောက်သုံးရန်မဖြစ်နိုင်သော်လည်း ရေချိုးရန်အတွက်မူ လုံလောက်သည်။ သူထွက်လာပြီးနောက် အဝတ်အစားများလဲလှယ်ပြီးသောအခါ သူ၏အသက်မှာ ထင်သလောက်မကြီးသေးဘဲ မျက်နှာထက်တွင် လူငယ်တို့၏ နုနယ်သောအသွင်အပြင်များပင် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
စကားစမြည်ပြောကြရင်း လင်းရှောင်ကျီက သူသည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ဒုတိယနှစ်သို့တက်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့နောက် အခြေအနေများ ရုတ်တရက်ပြောင်းလဲသွားပြီး ကျောင်းများပိတ်လိုက်သောအခါ သူနှင့်သူ၏ရည်းစားက ဤမြို့၌ပင် ကျန်ရစ်ခဲ့ရာမှ ဤသို့သော အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
"ခင်ဗျားခုကစပြီး ဒီမှာပဲနေလိုက်တော့... အခန်းလွတ်တော့ မရှိတော့ဘူး... ခင်ဗျားဟော်တုံနဲ့ အတူနေလိုက်ပေါ့" လော်ယွမ်က ဆို၏။ အပေါ်ထပ်တွင် အခန်းလွတ်တစ်ခန်းရှိသေးသော်လည်း ထိုအခန်းမှာ ဝမ်ရှီရှီ၏အခန်းဖြစ်ပြီး နောင်တွင် သူမပြန်လာနေရမည်ဖြစ်သည်။ လူသုံးယောက် အတူတူနေထိုင်ရသည်မှာ အချို့ကိစ္စများတွင် အဆင်မပြေလှပေ။
ဟော်တုံက စိတ်ထဲတွင် သိပ်မနှစ်မျို့သော်လည်း လော်ယွမ်က အမိန့်ပေးသည်ကိုမြင်သောအခါ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ပြီးတော့ကျုပ်တစ်ခါတည်းပြောထားမယ်... ဒီအိမ်မှာ ဆင့်ကဲပြောင်းလဲသူနဲ့ သာမန်လူအတူတူပဲ အဲ့တော့ ဘာပြဿနာမှ မလုပ်မိစေနဲ့" လော်ယွမ်က လေသံအေးဆေးဖြင့် ဆိုလိုက်သည်။ လင်းရှောင်ကျီ၏ စာရိတ္တကို သူသိပ်မရင်းနှီးသေးရာ သင့်တော်သည့်အချိန်တွင် သတိပေးစကားဆိုထားရန် လိုအပ်သည်။
လူအများက လင်းရှောင်ကျီကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ ဤလူက ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
လင်းရှောင်ကျီက မသိလိုက်မသိဘာသာပင် ရင်ကိုကော့လိုက်ပြီး အနည်းငယ် မထီမဲ့မြင်ပြုဟန်ဖြင့် ဆိုသည်။ "ကျုပ် သူတို့ကို အနိုင်မကျင့်ပါဘူး"
လော်ယွမ်က သူ၏စိတ်ကိုမြင်သော်လည်း ဘာမှမပြောပေ။ ဆင့်ကဲပြောင်းလဲသူတိုင်းတွင် သာမန်လူတို့ထက် သာလွန်သည်ဟူသောမာနစိတ် အနည်းနှင့်အများ ရှိတတ်ကြသည်။ နောက်ဆုံးတွင်တော့ သူတို့သည် သာမန်လူသားဘဝကို ကျော်လွန်သွားသူများ ဖြစ်ကြသည် မဟုတ်ပါလား။ သူကိုယ်တိုင်ပင် ထိုသို့သော ခံစားချက်မျိုး မကြာခဏဖြစ်ပေါ်တတ်သော်လည်း အပြင်သို့ ထုတ်ဖော်မပြရုံသာ ဖြစ်သည်။
ထိုအချိန်တွင် ဟွမ်ကျားဟွေက အသားစိမ်းအပြည့်ထည့်ထားသော လင်ပန်းကြီးတစ်ချပ်ကို မကာ ထွက်လာသည်။
"တခြားသူတွေကျ ဆင့်ကဲပြောင်းလဲနိုင်ပြီး ကိုယ်ကဘာလို့မဖြစ်တာလဲဆိုပြီး အားလုံးမချင့်မရဲဖြစ်မိကြမှာပဲ... ဒီကိစ္စမှာ လျှို့ဝှက်ချက်လို့တော့မဆိုနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေတယ်... ပြီးတော့အဲ့လျှို့ဝှက်ချက်ကိုလည်း အားလုံးကြားဖူးကြလိမ့်မယ်"
လော်ယွမ်၏အသံတွင် မှော်ဆန်သော စွမ်းအားတစ်ခုပါဝင်နေသကဲ့သို့ ရှိပြီး လူတိုင်း၏အသက်ရှုသံများမှာ အလိုအလျောက် မြန်ဆန်လာကြသည်။ လင်းရှောင်ကျီနှင့် ဝမ်ရှီရှီတို့သာလျှင် တည်ငြိမ်နေနိုင်သေးသည်။
ဟွမ်ကျားဟွေက လင်ပန်းကို ချလိုက်သောအခါ လော်ယွမ်က တူတစ်စုံကိုယူကာ အသားတစ်ဖတ်ကို ညှပ်ယူလိုက်ပြီး အချဉ်ရည်အနည်းငယ်တို့ကာ ပါးစပ်ထဲသို့ ထည့်ပြီး မျိုချလိုက်သည်။
အဆင့်သုံး သန္ဓေပြောင်းသတ္တဝါ၏အသားသည် ကလီစာများမှလွဲ၍ ကျန်အသားများမှာ နွားသားရေတစ်ဖတ်လို မာကျောကျစ်လျစ်နေပြီး ဝါး၍ပင်မရနိုင်ဘဲ တန်းမျိုချရုံသာ တတ်နိုင်သည်။ ချက်ပြုတ်လိုက်လျှင်ပင် အလားတူပင်ဖြစ်ပြီး အများဆုံးလုပ်နိုင်သည်မှာ ဟင်းရည်ချက်သောက်ရန်သာ ဖြစ်သည်။ သူက တူကိုချလိုက်ပြီး ဆက်ပြောသည်။ "အဆင့်၂နဲ့အထက်ရှိတဲ့ သန္ဓေပြောင်းသတ္တဝါရဲ့အသားစိမ်းကို စားရင် ဆင့်ကဲပြောင်းလဲနိုင်ချေရှိတယ်... ပြီးတော့ဒါက အဆင့်၃သန္ဓေပြောင်းသားရဲရဲ့အသားပဲ... ကျုပ်ပြောစရာရှိတာပြောပြီးပြီ... စားတာမစားတာတော့ ကိုယ့်သဘောပဲ"
အားလုံးက စွမ်းအား၏အရေးပါပုံကို ဤကမ္ဘာပျက်ကာလကြီးတွင် အရိုးထဲစိမ့်အောင် နားလည်ထားကြပြီးဖြစ်ရာ သူတို့မစားဘဲနေမည်ကို လော်ယွမ်က လုံးဝမစိုးရိမ်ပေ။ သာမန်အချိန်များတွင် နူးညံ့သိမ်မွေ့သော အမျိုးသမီးများပင်လျှင် ခန္ဓာကိုယ်ကြံ့ခိုင်စေရန် လျှို့ဝှက်စွာ လေ့ကျင့်နေကြသည် မဟုတ်ပါလော။
သူက စကားဆုံးသည်နှင့် ချက်ချင်းထရပ်ကာ ဗီလာအပြင်သို့ ထွက်သွားလိုက်သည်။ လူတို့ ပထမဆုံးအကြိမ် အသားစိမ်းစားသည့်မြင်ကွင်းကို သူ နောက်တစ်ကြိမ် ထပ်မကြည့်ချင်တော့ပေ။
အမှန်ပင် မကြာမီမှာပင် လူအများအပြား အန်ကြတော့သည်။ ဧည့်ခန်းတစ်ခုလုံး ပွက်လောရိုက်သွားပြီး စိတ်ပျက်ဖွယ်ကောင်းသော ချဉ်စုတ်စုတ်အနံ့များ ထွက်ပေါ်နေသည်။
မိနစ်အနည်းငယ်အကြာတွင် အထဲမှ အာမေဍိတ်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ဟွမ်ကျားဟွေက ဗီလာအပြင်သို့ အပြေးအလွှားထွက်လာကာ လော်ယွမ်ကို ပြန်ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ" လော်ယွမ်က နားမလည်စွာ မေးလိုက်သည်။
"နင်းရှောင်ရမ် သတိလစ်သွားပြီ... တစ်ကိုယ်လုံးလည်း ပူခြစ်နေတယ်" ဟွမ်ကျားဟွေက အလျင်အမြန်ဆို၏။
"ငါသွားကြည့်လိုက်မယ်" လော်ယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ကြိမ်စားရုံမျှဖြင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်လာတော့မည်လား။
သူ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားမိသည်။ အကြောင်းမှာ သူကအများဆုံးစားခဲ့သူဖြစ်သော်လည်း ယခုအချိန်အထိ ဆင့်ကဲမပြောင်းလဲသေးသောကြောင့် ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကောင်းသောကိစ္စတစ်ခုပင်။ ဆင့်ကဲပြောင်းလဲသူတစ်ဦး တိုးလာခြင်းသည် အင်အားတစ်ရပ် တိုးလာခြင်းပင်ဖြစ်ပြီး အနည်းငယ်မျှသော အင်အားဖြစ်လျှင်ပင် ဝန်ထုပ်ဝန်ပိုးတစ်ခုထက်တော့ သာသည် မဟုတ်ပါလား။
ဆက်ရန်...
အပိုင်း(၁၀၈)တုန်လှုပ်ခြင်း
ဧည့်ခန်းအတွင်းသို့ လော်ယွမ် ဝင်ရောက်လာသောအခါ ခ ဆိုဖာပေါ်သို့ ရွှေ့ပြောင်းထားသည်ကို သူတွေ့လိုက်ရသည်။ သူမသည် မျက်လုံးများကို စုံမှိတ်ထားပြီး တစ်ကိုယ်လုံးရှိ အရေပြားမှာ ပုစွန်ပြုတ်ကဲ့သို့ နီရဲနေ၏။ ဤအခြေအနေမှာ ယခင် ဝမ်ရှီရှီ ဆင့်ကဲပြောင်းလဲစဉ်က အခြေအနေနှင့် အလွန်ဆင်တူလှသည်။
"ဒီနားမှာ အုံမနေကြနဲ့... နောက်နည်းနည်းဆုတ်ကြ အန္တရာယ်ရှိနိုင်တယ် သတိထား" ဟု လော်ယွမ်က သတိပေးလိုက်သည်။ ဆင့်ကဲပြောင်းလဲမှုတိုင်းက လောင်းကစားတစ်မျိုးပင်။ မည်သို့သော စွမ်းရည်မျိုး ပြောင်းလဲလာမည်ကို မည်သူမျှ မသိနိုင်ပေ။ မတော်တဆတစ်ခုခု ဖြစ်ပွားသွားပါက အားလုံးဒုက္ခရောက်သွားပေမည်။
လူအုပ်မှာ နောက်သို့ဆုတ်သွားကြပြီး သူတို့၏မျက်နှာများပေါ်တွင် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။
အချိန်တို့သည် တစ်မိနစ်ပြီးတစ်မိနစ်၊ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားသော်လည်း တစ်နာရီခန့် ကြာမြင့်သွားသည့်တိုင် နင်းရှောင်ရမ်မှာ နိုးထလာမည့်လက္ခဏာ မပြသေးချေ။ လော်ယွမ်၏ စိတ်မှာ တဖြည်းဖြည်း လေးလံကျဆင်းလာခဲ့သည်။ သူမှတ်မိသည်မှာ ဝမ်ရှီရှီ ဆင့်ကဲပြောင်းလဲစဉ်က ဤမျှကြာရှည်ခြင်းမရှိဘဲ မိနစ်အနည်းငယ်အတွင်း ပြန်လည်သတိရလာခဲ့ခြင်း ဖြစ်သည်။
သူက ရှေ့သို့တိုးကာ သူမ၏နဖူးကို စမ်းကြည့်လိုက်ရာ သူ၏လက်မှာ အနည်းငယ်ပင် ရုတ်ပြန်သွားမိသည်။ သူမ၏ ကိုယ်အပူချိန်မှာ အလွန်အမင်း မြင့်တက်နေသည်ကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရ၏။ အပူချိန် ဒီဂရီ ၆၀ (၁၄၀ဖာရင်ဟိုက်) ခန့်ပင် ရှိပေမည်။ ဤကဲ့သို့သော အပူချိန်သည် လူတစ်ယောက်ကိုပင် ချက်ပြုတ်၍ရလောက်သည့်အခြေအနေ ဖြစ်၏။
အားလုံး၏ စိုးရိမ်သောကရောက်နေသည့်အကြည့်များကို ရင်ဆိုင်ရင်း လော်ယွမ်က သက်ပြင်းတစ်ချက်ချကာ ခေါင်းကိုခါယမ်းလိုက်ပြီး လေးလံသောလေသံဖြင့် ဆိုလိုက်သည်။ "ကိုယ်အပူချိန်က လက်နဲ့ထိလို့မရလောက်အောင် ပူနေပြီ... သူမရလောက်တော့ဘူး... ပြင်ဆင်စရာရှိတာပြင်ဆင်တော့"
"မဖြစ်နိုင်တာ... သူခုနကတင် အကောင်းကြီးကို" ဟု ချောင်လင်က မျက်ရည်များ ဝဲတက်လာကာ အလောတကြီး ပြောလိုက်သည်။ သူမနှင့် နင်းရှောင်ရမ်မှာ တစ်ခန်းထဲအတူတူဖြစ်ပြီး ပုံမှန်အချိန်တွင် အရင်းနှီးဆုံးဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း သေဆုံးရတော့မည်ဟု သူမ မထင်ထားခဲ့ပေ။
"သူကံကောင်းပြီး သက်သာရင်သက်သာသွားမှာပါ" ဟွမ်ကျားဟွေက မျက်နှာတွင် မကြည့်ရက်သည့်အမူအရာဖြင့် ဆိုသည်။ "လူတွေဆင့်ကဲပြောင်းလဲတဲ့ ဖြစ်စဉ်ကို ကျွန်မတို့အကုန်မသိသေးဘူးလေ... ဝမ်ရှီရှီရဲ့ တုံ့ပြန်ပုံနဲ့ မတူတာလည်း ဖြစ်နိုင်တာပဲ"
"အဲ့လိုပဲဖြစ်ပါစေလို့ မျှော်လင့်ရတော့မှာပဲ" လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ သူက အကျင့်ပါနေသည့်အတိုင်း အိတ်ကပ်ကို စမ်းလိုက်မိသော်လည်း ယနေ့မနက်တွင် သူ၏စိတ်ဓာတ်ကြံ့ခိုင်ရေးလေ့ကျင့်ရန်အတွက် စီးကရက်အားလုံးကို လွှင့်ပစ်ခဲ့သည်ကို သတိရသွားသည်။ ထိုမြင်ကွင်းကိုတွေ့သော ဟော်တုံက အလိုက်တသိဖြင့် စီးကရက်တစ်လိပ် ထုတ်ပေးလာရာ လော်ယွမ်က လက်ကာပြလိုက်သည်။ ထို့နောက် အနီးတွင်ရပ်နေသော လင်းရှောင်ကျီကို မေးလိုက်သည်။ "မင်း ဘယ်တုန်းက ဆင့်ကဲပြောင်းလဲခဲ့တာလဲ"
လင်းရှောင်ကျီက ပြန်စဉ်းစားလိုက်ပြီး "ကျွန်တော် ဆင့်ကဲပြောင်းလဲတာ ရက်ပိုင်းပဲရှိသေးတယ်... ကျွန်တော်မှတ်မိသလောက်တော့ အဲ့ဒီည အဓိကရုဏ်းဖြစ်တုန်းကပဲ... အဲ့ဒီတုန်းက စားစရာတွေကုန်နေတာကြာပြီ... ဗိုက်ဆာနေတာ နှစ်ရက်သုံးရက်လောက်ရှိပြီ ခေါင်းမူးပြီး မျက်စိတွေပြာဝေနေတော့ ဘာတွေ့တွေ့ ပါးစပ်ထဲကောက်ထည့်တဲ့ အခြေအနေပဲ... စောင်ကိုတောင် မျိုချဖူးသေးတယ်... ဒါပေမဲ့ အဲ့ဒါက တကယ့်ကို စားလို့အဆိုးဆုံးပဲဗျာ... ကျွန်တော့်မှာ ဝမ်းချုပ်သွားတာ ရက်တော်တော်ကြာပဲ"
အမျိုးသမီးအချို့မှာ မျက်မှောင်ကြုတ်သွားကြသည်။
လင်းရှောင်ကျီကမူ ဂရုမစိုက်ဘဲ ဆက်ပြောသည်။ "အဲ့ဒီနေ့ကတော့ ကံကောင်းတယ်ဆိုရမယ်... တိုက်လေယာဉ်ရဲ့ စက်သေနတ်နဲ့ပစ်ခံလိုက်ရတဲ့ သန္ဓေပြောင်းသတ္တဝါတစ်ကောင်က ကျွန်တော့်အိမ်နားမှာ လာလဲနေတာ... ကျွန်တော်က ဗိုက်ဆာလွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တောင် ပေါက်နေတာဆိုတော့ ဘာကိုမှမကြောက်တော့ဘူး... သတ္တိမွေးပြီး အိမ်အပြင်မှာ အသားတစ်တုံးသွားကောက်လိုက်တယ်... အိမ်ပြန်ရောက်တော့ တန်းပြီးပါးစပ်ထဲထည့်မျိုချလိုက်တာပဲ... ဘယ်လိုဖြစ်သွားမှန်းမသိဘူး သတိလစ်သွားပြီး နိုးလာတော့ ကိုယ့်ကိုယ်ကိုယ် ဆင့်ကဲပြောင်းလဲပြီးသူ ဖြစ်နေတာကို သိလိုက်ရတော့တာပဲ"
လော်ယွမ်မှာ မည်သို့ မှတ်ချက်ပေးရမည်ကိုပင် မသိတော့ပေ။ ဤသည်မှာ ကံအလွန်ကောင်းလွန်းလှသည်။ ဆင့်ကဲပြောင်းလဲပြီးသူ ဖြစ်လာခြင်းသည်ပင် ကံတရားတစ်မျိုး ဖြစ်ကောင်းဖြစ်ပေမည်။
"ဟာ... နင်းရှောင်ရမ် မျက်လုံးလှုပ်လာတယ်" စကားပြောနေစဉ်မှာပင် ချောင်လင်က နင်းရှောင်ရမ်၏ မျက်လုံးများ လျင်မြန်စွာ လှုပ်ရှားနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်သည်။ သူမမှာ ဝမ်းသာစိတ်နှင့် အံ့ဩစိတ်တို့ ရောပြွမ်းသွားပြီး တစ်ခဏအတွင်း သတိပေးစကားကိုပင် မေ့ကာ နင်းရှောင်ရမ်၏ လက်ကို ဆုပ်ကိုင်ရန် ရှေ့သို့ ပြေးသွားတော့သည်။
လော်ယွမ်က တားဆီးရန် ကြံလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။
လက်ချောင်းများ ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ချောင်လင်၏ ကိုယ်သည် စွမ်းအားတစ်ရပ်ဖြင့် တိုက်ခတ်ခံလိုက်ရသကဲ့သို့ ယိုင်နဲ့ကာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ လော်ယွမ်က လှမ်းထိန်းပေးလိုက်သောကြောင့်သာ ချောင်လင်မှာ အကျိုးနည်းမသွားခဲ့ခြင်းဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ ထိုစွမ်းအားသည် ရပ်တန့်မသွားဘဲ ချောင်လင်၏လက်မှတစ်ဆင့် သူ၏ကိုယ်ပေါ်သို့ ကူးစက်ရောက်ရှိလာခဲ့သည်။ သူ၏နှလုံးခုန်နှုန်းမှာ စက္ကန့်အနည်းငယ်မျှ ဖောက်ပြန်သွားပြီးမှ ထိုလှိုင်းပုတ်သောစွမ်းအားမှာ တဖြည်းဖြည်း ငြိမ်သက်သွား၏။
"ဒါဘယ်လိုအစွမ်းလဲဟ... လှိုင်းလိုမျိုးပဲ...ဒါပေမဲ့ လှိုင်းလည်းမဟုတ်ဘူး" လော်ယွမ်က ထိုစွမ်းအားကို သေချာခံစားရင်း စိတ်ထဲမှ ကြိတ်၍တွေးလိုက်သည်။
"ချောင်လင် နင်ဘာဖြစ်သွားသေးလဲ"
"ဒဏ်ရာရသွားလား"
အမျိုးသမီးအချို့က ချောင်လင်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကိုမြင်ပြီး စိုးရိမ်တကြီး မေးမြန်းကြသည်။
ချောင်လင်က သူမ၏ရင်ဘတ်ကိုဖိထားရင်း အတန်ကြာမှ သတိပြန်ဝင်လာကာ ထိတ်လန့်ကြောက်ရွံ့ပြီး နာကျင်နေသောလေသံဖြင့် ဆိုသည်။ "ငါ... ငါလည်းမသိဘူး... ငါ့နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံလိုက်ရသလိုပဲ... အရမ်းကြောက်ဖို့ကောင်းတာပဲ ငါသေတော့မယ်လို့တောင် ထင်လိုက်တာ"
"စိတ်အေးအေးထား... ရေသောက်လိုက်ဦး... အရမ်းမလှုပ်ရှားနဲ့... နင့်ခန္ဓာကိုယ်ဘာဖြစ်သွားသေးလည်း သေချာစစ်ဆေးဦး" ဟွမ်ကျားဟွေက စိတ်ဓာတ်ကျလုနီးပါးဖြစ်နေသော ချောင်လင်ကို ထိုင်ခုံတွင် ထိုင်စေပြီး ရေတစ်ခွက် ကမ်းပေးလိုက်သည်။
ချောင်လင်က ရေခွက်ကိုကိုင်ကာ ရေအနည်းငယ်သောက်ပြီး ခဏအနားယူလိုက်မှ စိတ်အနည်းငယ် တည်ငြိမ်သွားသည်။ သို့သော် နင်းရှောင်ရမ်ကို ကြည့်လိုက်သည့်အခါတွင်တော့ သူမ၏မျက်နှာ၌ ကြောက်ရွံ့မှုအရိပ်အယောင်များ ပြန်လည်ပေါ်ပေါက်လာပြန်သည်။
မကြာမီတွင် နင်းရှောင်ရမ်၏ အသားအရေမှာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။ သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်ကာ ထထိုင်လိုက်ပြီးနောက် ကြောင်တောင်တောင်အမူအရာဖြင့် "ကျွန်မ... ကျွန်မ ဘာဖြစ်သွားတာလဲ... ဘာလို့ ဒီပေါ်ရောက်နေတာလဲ" ဟု မေးလိုက်သည်။
"နင်းရှောင်ရမ်... ဂုဏ်ယူပါတယ်... နင်ဆင့်ကဲပြောင်းလဲသူ ဖြစ်သွားပြီ" လော်ယွမ်က ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ ပြုံး၍ပြောလိုက်သည်။
နင်းရှောင်ရမ်မှာ ကြောင်ငေးသွားပြီး မယုံနိုင်သောလေသံဖြင့် "ကျွန်မ... ဆင့်ကဲပြောင်းလဲသူဟုတ်လား" ဟု ပြန်မေးလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။
သူမသည် မယုံနိုင်သေးဘဲ အခြားသူများထံ လှည့်ကြည့်လိုက်သည်။ ခဏလေးအတွင်းမှာပင် အားလုံး၏အကြည့်တို့သည် အလွန်တရာ စိမ်းကားသွားသည်ကို သူမ တွေ့လိုက်ရသည်။ ထိုအကြည့်များကား သတိထားခြင်း၊ ကြောက်ရွံ့ခြင်း၊ အနေဝေးခြင်း၊ မနာလိုခြင်း၊ မြှောက်ပင့်ဖားယားလုပ်ချင်သည့် အရိပ်အယောင်များပင် ပါဝင်နေသည်။ သို့သော် ယခင်က ရင်းနှီးခင်မင်မှုမျိုးမှာမူ လုံးဝပျောက်ဆုံးနေ၏။ သူမနှင့် အရင်းနှီးဆုံးဖြစ်သော ချောင်လင်ပင်လျှင် သူမကို သတိထားကာ စိမ်းကားသော အကြည့်များဖြင့် ကြည့်နေသည်။
ထိုစိမ်းကားသောအကြည့်များကြောင့် နင်းရှောင်ရမ်မှာ အလွန်မလုံမလဲ ဖြစ်လာသည်။ သူမက သူမ၏မျက်နှာကို စိုးရိမ်တကြီး စမ်းကြည့်ရင်း ထိတ်လန့်စွာဖြင့် "ကျွန်မ... ကျွန်မ ရုပ်ဆိုးသွားလို့လားဟင်" ဟု မေးလိုက်သည်။
စိတ်ထဲတွင် ယခုလေးတင် အစပျိုးလာသော ဝမ်းသာပီတိမှာ မျက်စိတစ်မှိတ်အတွင်း ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"နင့်မျက်နှာဘာမှမပြောင်းလဲပါဘူး... အရင်အတိုင်းပါပဲ" ဆင့်ကဲပြောင်းလဲပြီးသူများ၏ အစွမ်းထက်မှုသည် သာမန်လူများကို သူတို့၏ရှေ့တွင် အလွန်လုံခြုံမှုမရှိသလို ခံစားစေတတ်သည်။ ဤသည်မှာ ဆင့်ကဲပြောင်းလဲပြီးသူ ဖြစ်လာခြင်းအတွက် ပေးဆပ်ရသည့် တန်ရာတန်ကြေးပင် ဖြစ်သည်။ သို့သော် လော်ယွမ်က ရှင်းမပြခဲ့ပေ။ မကြာမီအချိန်အတွင်း သူမ နားလည်လာလိမ့်မည်ဟု သူယုံကြည်သည်။
နင်းရှောင်ရမ်မှာ မျက်နှာနီရဲသွားပြီး မျက်တောင်များ ပုတ်ခတ်ကာ သူ့ကို မဝံ့မရဲ ကြည့်ရှုနေသည်။
လော်ယွမ်မှာ ဘာဆက်ပြောရမှန်းမသိတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။ "နင်အခု ကိုယ့်အစွမ်းကိုယ် ထိန်းချုပ်နိုင်ပြီလား"
"ကျွန်မမှာ ဘာအစွမ်းရှိမှန်းတောင် မသိဘူး။" နင်းရှောင်ရမ်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။ သူမသည် ယခုအချိန်အထိ ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်ပြီး မည်ကဲ့သို့အစွမ်းမျိုး ရှိလာသည်ကိုလုံးဝမသိသေးပေ။
လော်ယွမ်က စားပွဲပေါ်မှ ရေတစ်ဝက်ခန့်ကျန်နေသေးသော ဖန်ခွက်တစ်လုံးကို ယူလိုက်ပြီး နှစ်သိမ့်သောလေသံဖြင့် "ဒါနဲ့စမ်းကြည့်... ဒါကိုသေချာကိုင်ပြီး ခွန်အားကိုဖြည်းဖြည်းချင်းတိုးကြည့်... ပြီးရင်နင့်ကိုယ်မှာလည်း ဘာတွေပြောင်းလဲလာလည်းဆိုတာကို ခံစားကြည့်"
နင်းရှောင်ရမ်က ဖန်ခွက်ကို ယူလိုက်ပြီး အလိုအလျောက်ပင် အားဖြင့်ဆုပ်ကိုင်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ အနွေးဓာတ်စီးကြောင်းတစ်ခု စီးထွက်လာပြီး လက်ဖဝါးမှတစ်ဆင့် ဖန်ခွက်ပေါ်သို့ ကူးစက်သွားသည်ကို ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ငြိမ်သက်နေသောရေများမှာ ရုတ်တရက် ပြင်းထန်စွာ ဆူပွက်လာပြီး ပေါက်ကွဲသွားသကဲ့သို့ပင်။ ရေပန်းများမှာ ၁ပေ၊ ၁ပေခွဲခန့်အထိ မြင့်တက်သွားသည်။ နင်းရှောင်ရမ်မှာ လန့်ဖျပ်သွားပြီး လက်ထဲမှ ဖန်ခွက်ကို လွှတ်ချလိုက်မိသည်။
လော်ယွမ်က လျင်မြန်စွာ ဖမ်းယူလိုက်ပြီး သူမထံသို့ ပြန်ပေးကာ စိတ်ရှည်စွာဖြင့် "အဲ့တာနင့်ရဲ့အစွမ်းပဲ... သူကနင့်ရဲ့ခြေတွေလက်တွေလိုမျိုးပဲ နင်အဲ့တာကိုကြောက်နေလို့မရဘူး... သူ့ကိုနားလည်ရမယ် ထိန်းချုပ်ရမယ် အသုံးချရမယ်... ထပ်လုပ်ကြည့်"
နင်းရှောင်ရမ်က သက်ပြင်းကို ရှိုက်သွင်းလိုက်ပြီး သတ္တိမွေးကာ ဖန်ခွက်ကို တစ်ဖန်ပြန်ယူလိုက်သည်။
"ဒီတစ်ခါဖြည်းဖြည်းချင်းအားကို မြှင့်ပြီးမှ ပြန်ငြိမ်သွားအောင်လုပ်" လော်ယွမ်က ဆိုသည်။ နင်းရှောင်ရမ်၏ စွမ်းရည်မှာ သူထင်ထားသည်ထက် ပို၍အစွမ်းထက်သည်။ သန္ဓေပြောင်းသတ္တဝါများ၏ ကာကွယ်ရေးစွမ်းအား မည်မျှပင် သန်မာစေကာမူ အတွင်းကလီစာများမှာ အတော်အတန် ပျော့ညံ့တတ်သည်။ သူမ၏စွမ်းရည်မှာမူ အပေါ်ရံအကာအကွယ်ကို ဂရုမစိုက်ဘဲ ထိုးဖောက်နိုင်သည့်အာနိသင် ရှိနေသည်။
ရေများမှာ တစ်ဖန်ပြန်လည် ဆူပွက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ အပြောင်းအလဲမှာ အတော်လေး နှေးကွေးသွားပြီး စတင်ချိန်မှ ငြိမ်သက်သွားသည်အထိ ဆယ်စက္ကန့်ခန့် ကြာမြင့်သည်။
လော်ယွမ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "နင့်အစွမ်းကအားနည်းနေသေးတယ်... နင့်လက်ရှိအဆင့်နဲ့ အဆင့်၁သန္ဓေပြောင်းသတ္တဝါကိုတောင် သတ်နိုင်ဦးမှာ မဟုတ်ဘူး... နင်အချိန်ရတိုင်းလေ့ကျင့်ဖို့လိုတယ်... သန္ဓေပြောင်းလူသားတွေရဲ့အစွမ်းတွေက လေ့ကျင့်လေတိုးတက်လေပဲ... ကံကြမ္မာကပေးတဲ့ အစွမ်းကို အလကားမဖြစ်စေနဲ့"
နင်းရှောင်ရမ်မှာ ခေါင်းတဆက်ဆက် ညိတ်နေမိသည်။ ယခုအချိန်တွင် နူးညံ့ပျော့ပျောင်းပြီး ကြင်နာတတ်သော လော်ယွမ်ကို ကြည့်ရင်း သူမ၏မျက်ဝန်းထဲတွင် မသိမသာ လေးစားအားကျမှု အရိပ်အယောင်များ ပါဝင်နေသည်။
သူ၏ရုပ်ရည်မှာ မူလကတည်းက မဆိုးလှ။ မျက်ခုံးထူထူ၊ မျက်လုံးကြည်ကြည်၊ နီရဲသောနှုတ်ခမ်းတို့ဖြင့် ပြည့်စုံသည်။ ထို့အပြင် ကိုယ်ခန္ဓာကြံ့ခိုင်မှုအမှတ်များ တိုးပြီးနောက်တွင် သူ၏အသားအရေမှာပင် ဖြူစင်ချောမွေ့လာသည်။ အထူးသဖြင့် ဤကဲ့သို့သော မနက်ဖြန်အတွက် အာမခံချက်မရှိသည့် ကမ္ဘာပျက်ကာလကြီးတွင် သူပြသခဲ့သော အစွမ်းထက်မှုမှ ရရှိသည့် လုံခြုံမှုက ရိုးသားဖြူစင်သော မိန်းကလေးများအတွက် သေလောက်အောင် ဆွဲဆောင်နိုင်သည့် ကျက်သရေတစ်မျိုးပင် ဖြစ်သည်။
နင်းရှောင်ရမ်အပေါ် လော်ယွမ်၏ သဘောထားပြောင်းလဲမှုကို လူတိုင်း မျက်ဝါးထင်ထင် မြင်နေရသည်။ ဆင့်ကဲမပြောင်းလဲသေးသော လူများ၏ စိတ်ထဲတွင်တော့ အတွေးအမျိုးမျိုးဖြင့် မချင့်မရဲ ဖြစ်နေကြသည်။ ယခုမှစ၍ ဤအိမ်တွင် နင်းရှောင်ရမ်၏ အဆင့်အတန်းမှာ လုံးဝကွဲပြားသွားပေတော့မည်။ နင်းရှောင်ရမ်မှာ သူတို့ကဲ့သို့ အောက်ဆုံးအလွှာမှ ဝမ်ရှီရှီ၊ ဟွမ်ကျားဟွေတို့ကဲ့သို့ သာလွန်ထူးကဲသော အဆင့်အတန်းသို့ တက်လှမ်းသွားခဲ့ချေပြီ။
အန္တရာယ်တစ်ခုခုကြုံလာပါက လော်ယွမ်သည် နင်းရှောင်ရမ်ကို ဦးစွာကယ်တင်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်ဖြစ်ကာ ပျိုးထောင်ပေးရမည့် တန်ဖိုးရှိနေသောကြောင့် ဖြစ်သည်။
ထိုခံစားချက်မှာ ထီဆုကြီးပေါက်သွားသော ကံထူးရှင်တစ်ဦးကို ကြည့်နေရသည့် ခံစားချက်နှင့် တူ၏။ အားကျမှု၊ မနာလိုမှုတို့ဖြင့် ပြည့်နှက်နေသည်။
မွန်းလွဲပိုင်းတွင် နင်းရှောင်ရမ်မှာ လူတိုင်း သူမအပေါ် အနေစိမ်းသွားသည်ကို ခံစားလိုက်ရသည်။ အိမ်အလုပ်များ ကူလုပ်ပေးရန် ကြိုးစားသော်လည်း အငြင်းခံရသည်။ သူမအား ဘေးအန္တရာယ်ကြီးတစ်ခုသဖွယ် ရှုမြင်နေကြပြီး အနားသို့ပင် မကပ်ရဲကြပေ။ သူမသည် ထောင့်တစ်နေရာတွင် ပုန်းကွယ်ရင်း ယခင်က အဖော်အပေါင်းများ အလုပ်ရှုပ်နေကြသည်ကို ကြည့်ကာ စိတ်ဓာတ်အလွန်ကျနေမိသည်။ ဆင့်ကဲပြောင်းလဲပြီးသူဖြစ်လာခြင်းအတွက် ဝမ်းသာရမည်လော၊ ဝမ်းနည်းရမည်လောပင် သူမ မသိတော့ပေ။
လော်ယွမ်က ထိုအဖြစ်အပျက်ကို မြင်တွေ့နေရပြီး နောက်ဆုံးတွင် သူမကို အပြင်သို့ခေါ်ထုတ်ကာ ဖြေရှင်းပေးလိုက်သည်။ "လူတိုင်းက သေနတ်ကိုင်ထားတဲ့သူကို ကြောက်ကြတယ်... ဒါပေမဲ့သေနတ်မပစ်တတ်တဲ့သူလက်ထဲ သေနတ်ရောက်နေတာကို ပိုပြီးကြောက်တတ်ကြတယ်... ဘာလို့လဲဆိုတော့ အဲ့လိုလူမျိုးက မတော်တဆ ကျန်တဲ့သူတွေကို အချိန်မရွေးထိခိုက်စေနိုင်လို့ပဲ... နင့်အစွမ်းကအရမ်းမြင့်တယ်... နင်သူ့ကိုသေချာကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်ဖို့လိုတယ်"
"ဝမ်ရှီရှီကိုကြည့်လိုက်... သူ့အစွမ်းကစိတ်နဲ့ထိန်းချုပ်ရတာ အရမ်းအန္တရာယ်များတဲ့အစွမ်းပဲ ကိုယ့်စိတ်ကိုမနိုင်ရင် တစ်ခြားလူကို အချိန်မရွေးအန္တရာယ်ပေးနိုင်တယ်... ဒါပေမဲ့အခုသူက စိတ်သွားတိုင်းကိုယ်ပါတဲ့အဆင့် ရောက်နေပြီ... ဒါကြောင့်လူတွေက သူအနားမှာရှိလည်း စိုးရိမ်စိတ်၊ ကြောက်စိတ် မဖြစ်တော့ဘူး... အဲ့တော့နင်အရင်လို သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် ပြန်နေချင်ရင် ကိုယ့်အစွမ်းကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်ဖို့လိုတယ်"
နင်းရှောင်ရမ်မှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး စိတ်ထဲမှ မှောင်မိုက်မှုများ လွင့်ပြယ်သွားကာ အားကုန်ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ ထိန်းချုပ်နိုင်ရုံနဲ့မပြီးဘူး... အသုံးချတတ်ဖို့လည်း လိုသေးတယ် ဒီနေရာက အမြဲတမ်း လုံခြုံနေမှာ မဟုတ်ဘူး... အန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်တယ်... အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ လိုတယ်... နင့်အစွမ်းကို ထိထိရောက်ရောက် အသုံးချချင်ရင် အနီးကပ်တိုက်ခိုက်မှပဲရမယ်"
နင်းရှောင်ရမ်မှာ ကြောက်လန့်၍ မျက်နှာဖြူဖျော့သွားသော်လည်း အံကိုတင်းတင်းကြိတ်ကာ "ဒါ... ဒါပေမဲ့ ကျွန်မ တစ်ခါမှ မလေ့ကျင့်ဖူးဘူး"
"အဲ့အတွက်မပူနဲ့ ငါနင့်ကိုသင်ပေးမယ်"
လော်ယွမ်၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်မှာ အမှတ် (၅) မှတ် သာရှိသော်လည်း (ပုံမှန်လေ့ကျင့်ရင်း အမှတ်၁မှတ်ထပ်တိုးလာခြင်းဖြစ်သည်) နင်းရှောင်ရမ်ကဲ့သို့သော သာမန်လူတစ်ဦးကို သင်ပေးရန်မှာတော့ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
"ဟုတ်" နင်းရှောင်ရမ်က ပန်းနုရောင်နှုတ်ခမ်းလေးကို ကိုက်ကာ ခေါင်းငုံ့၍ တုံ့ပြန်လိုက်သည်။
လော်ယွမ်က နူးညံ့ပျော့ညံ့သော နင်းရှောင်ရမ်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ဤမျှအစွမ်းထက်သောစွမ်းရည်က သူမအပေါ်တွင် ပေါ်ပေါက်လာခြင်းမှာ အမှားတစ်ခုပင် ဖြစ်သည်။ ထားလိုက်ပါတော့၊ အရင်ဆုံး စမ်းကြည့်ရပေမည်။ သူမတွင် ဇွဲရှိရှိဖြင့် ဆက်လက်လေ့ကျင့်နိုင်မလား ကြည့်ရဦးမည်။ သူက ဆက်ပြောလိုက်သည်။
"အရင်ဆုံးမြင်းထိုင်လေ့ကျင့်တာပေါ့... မြင်းထိုင်ဆိုတာ သိုင်းပညာရဲ့အခြေခံပဲ... အရင်ဆုံးသူကခြေထောက်ရဲ့ကုပ်အားကိုလေ့ကျင့်ပေးတယ်... ပြီးတော့ ခန္ဓာကိုယ်ရဲ့တည်ငြိမ်မှုကိုလေ့ကျင့်ပေးတယ်... နင့်ရဲ့မြင်းထိုင်ကမကောင်းရင် မြေပေါ်မှာ မြဲမြဲမရပ်နိုင်ပဲ အလွယ်တကူလဲကျသွားလိမ့်မယ်... အဲ့လိုဆို နင်ထုတ်သုံးမဲ့အစွမ်းကလည်း အများကြီးလျော့သွားလိမ့်မယ်... နင်ကအခုမှအစဆိုတော့ ဒီနေ့၁၀မိနစ်ပဲအရင်လေ့ကျင့်တာပေါ့... နောက်နေ့တွေကျမှ ငါတစ်ရက် ၅မိနစ်ဆီ တိုးပေးမယ်"
သိုင်းပညာလေ့ကျင့်သူများအတွက် မြင်းထိုင်၏ အသုံးဝင်ပုံမှာ အလွန်ထင်ရှားသည်။ မြင်းထိုင် လေ့ကျင့်ဖူးသူတစ်ဦးသည် လမ်းလျှောက်သည့်အခါ မြေကြီးထဲတွင် အမြစ်တွယ်နေသကဲ့သို့ တည်ငြိမ်ပြီး အားထုတ်သည့်အခါတွင်ဖြစ်စေ၊ တည်ငြိမ်မှုတွင်ဖြစ်စေ မလေ့ကျင့်ဖူးသူထက် အဆပေါင်းများစွာ သာလွန်သည်။
ထို့နောက် လော်ယွမ်က မြင်းထိုင်၏ စံပြအနေအထားကို သရုပ်ပြကာ နင်းရှောင်ရမ်ကို အတုခိုး၍ လိုက်လုပ်စေသည်။
ပထမဆုံးအကြိမ်တွင်တော့ အနေအထားက အံမဝင်သေးသည်မှာ သဘာဝကျသည်။ သူက အကြိမ်အနည်းငယ် ဆက်တိုက်ပြင်ဆင်ပေးလိုက်သည်။ ထိုသို့ ပြုပြင်ပေးနေစဉ်အတွင်း ခန္ဓာကိုယ်ချင်း မကြာခဏ ထိတွေ့မိရာ နင်းရှောင်ရမ်မှာ မျက်နှာတစ်ခုလုံး နီရဲလာပြီး ရှက်သွေးဖြာကာ ခေါင်းထဲတွင် မူးဝေသွားသည်။
"အကိုယွမ်... ကျွန်တော့်ကိုလည်း သိုင်းသင်ပေးလို့ရမလား" တံခါးဝတွင် ရပ်ကြည့်နေသော လင်းရှောင်ကျီက စိတ်လှုပ်ရှားစွာဖြင့် မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ဒါဖြင့် မင်းလည်း လာလေ... အားလုံး မြင်းထိုင်ကနေ အရင်စမယ်။"
ဟော်တုံတို့အုပ်စုမှာလည်း စိတ်ဝင်စားဟန်ရှိသော်လည်း ဖွင့်မပြောရဲကြပေ။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် သိုင်းပညာလေ့ကျင့်ဖူးသူ မည်မျှရှိမည်နည်း။ လေ့ကျင့်ဖူးလျှင်ပင် အောင်မြင်မှုတစ်ခုခုရသည်အထိ လေ့ကျင့်နိုင်သူမှာ ပို၍ပင်နည်းပါးသည်။ ငယ်စဉ်ကတည်းက ကြိုးစားပမ်းစား၊ ဇွဲမလျှော့ဘဲ လေ့ကျင့်နိုင်သူမှာမူ အလွန်တရာမှပင် ရှားပါးလှသည်။
သိုးတစ်ကောင်ကိုကျောင်းရသည်ဖြစ်စေ၊ တစ်အုပ်လုံးကိုကျောင်းရသည်ဖြစ်စေ အတူတူပင်။ လော်ယွမ်က "အားလုံး အတူတူလာခဲ့ကြ ...နောက်ပြီး ဝမ်ရှီရှီကိုလည်း သွားခေါ်လိုက်"
ဝမ်ရှီရှီ၏ စွမ်းရည်မှာ စိတ်စွမ်းအင်ဖြစ်သော်လည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုအနည်းငယ် တိုးတက်လာခြင်းမှာ ကောင်းမွန်သောအရာပင်။ ထို့အပြင် သိုင်းပညာလေ့ကျင့်ခြင်းသည် စိတ်ဓာတ်ကို ခိုင်မာစေပြီး သူမ၏ စိတ်စွမ်းအင်အတွက် အကျိုးများစွာရှိသည်။
အားလုံး၏မျက်နှာများမှာ စိတ်လှုပ်ရှားမှုဖြင့် ဝင်းပသွားကြသည်။ စွန်းရှောင်ဝူက အလျင်အမြန်ပင် အိမ်ကြီးထဲသို့ ပြေးဝင်ကာ ဝမ်ရှီရှီကို သွားခေါ်တော့သည်။ လော်ယွမ်၏ အစွမ်းကို လူတိုင်း မျက်မြင်ကိုယ်တွေ့ ဖြစ်ကြသည်။ သူ၏စွမ်းရည်မှာ ဆင့်ကဲပြောင်းလဲပြီးသူဖြစ်သောကြောင့် (သူတို့ကလော်ယွမ်ကို ဆင့်ကဲပြောင်းလဲသူဟုထင်မှတ်ထားကြသည်) အပြင် သူ၏ အစွမ်းထက်လှသော ဓားသိုင်းပညာကြောင့်လည်း ဖြစ်သည်ဟု သူတို့သိကြသည်။ သူ ကိုယ်တိုင် သင်ကြားပေးသည်ကို ခံယူရခြင်းသည် အစအနအနည်းငယ်မျှ သင်ယူနိုင်လျှင်ပင် တစ်သက်တာ အကျိုးရှိစေမည် ဖြစ်သည်။
ဆက်ရန်...