အခန်း (၁၀၉-၁၁၂)
Vol. 6 Ch. 109-112
အပိုင်း(၁၀၉)နုနယ်ခြင်း
ဝမ်ရှီရှီ ရောက်မလာသေးခင်မှာပင် နင်းရှောင်ရမ်၏ ကိုယ်လုံးလေးသည် ယိမ်းထိုးလာပြီး မျက်နှာတစ်ခုလုံး နာကျင်မှုများဖြင့် ရှုံ့မဲ့နေလေသည်။ သူမသည် ဆက်လက်မခံနိုင်တော့သည်မှာ ထင်ရှားလှ၏။ လော်ယွမ်က အချိန်ကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အတတ်နိုင်ဆုံး လျှော့တွက်ထားပြီးသားဖြစ်သော်လည်း မိနစ်ဝက်ပင် မခံနိုင်လောက်အောင် အားနည်းနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
လော်ယွမ်၏ အသံသည် တင်းမာသွား၏။ "အားတင်းထား...၉မိနစ်ပဲကျန်တော့တယ်"
နင်းရှောင်ရမ်သည် ထိုစကားကြောင့် တစ်ကိုယ်လုံး တုန်တက်သွားပြီး မျက်ဝန်းများထဲတွင် မျက်ရည်များပင် ဝေ့သီလာခဲ့သည်။
ထိုအချိန်တွင် ဝမ်ရှီရှီလည်း ရောက်လာလေပြီ။ စောစောက စွန်းရှောင်ဝူထံမှ လော်ယွမ်က အားလုံးကို သိုင်းလေ့ကျင့်ခိုင်းမည်ဟု ကြားသိထားပြီးဖြစ်၍ သူမ၏ မျက်နှာလေးမှာ မြူးတူးပျော်ရွှင်နေ၏။ "ကိုကြီးယွမ်...ရှီရှီ့ကိုသိုင်းသင်ပေးမလို့လားဟင်... ရှီရှီကဓားရှည်တွေကိုအကြိုက်ဆုံး ဆိုပေမယ့် ဓားမကြီးကလည်း ခန့်ငြားတာပဲ... ကိုကြီးလိုမျိုး အစွမ်းထက်တဲ့ ဓားသိုင်းကိုတော့ ရှီရှီ့ကို သေချာသင်ပေးရမယ်နော်"
သူမ၏ တက်ကြွနေသောပုံစံကို ကြည့်ပြီး လော်ယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "ခဏနေရင်တော့ နင် ပျော်နိုင်တော့မှာ မဟုတ်ဘူး"
"ညီမဝမ်... ဓားရှည်ဆိုတာ လက်နက်တွေထဲမှာ သတ်ဖြတ်နိုင်စွမ်း အနည်းဆုံးပဲ... ရှေးခေတ်တုန်းကဆိုရင် အလှဆင်ဖို့နဲ့ အခမ်းအနားတွေမှာ ယဇ်ပူဇော်ဖို့လောက်ပဲ သုံးကြတာ... ဓားရှည်ရဲ့ သတ်ဖြတ်နိုင်စွမ်းက သိပ်အားနည်းတယ်... သာမန်လူတွေကို သတ်ရင်တော့ရပါရဲ့ သန္ဓေပြောင်းသားရဲတွေကိုတော့ ဘယ်လိုမှ မနိုင်ဘူး... ဒါကြောင့် အကောင်းဆုံးလက်နက်က ဓားမကြီးပဲ" ဟု လင်းရှောင်ကျီက ဝင်၍ချေပလိုက်သည်။
ဝမ်ရှီရှီက နှာခေါင်းလေးရှုံ့လိုက်ရင်း "ဒါဆိုရှေးခေတ်သူရဲကောင်းတွေက ဘာလို့ဓားရှည်တွေပဲကိုင်တာလဲ... အင်မော်တယ်တွေထဲမှာတောင် ဓားအင်မော်တယ်က အစွမ်းထက်ဆုံးပဲ" ဟု ပြန်မေး၏။
(ဒီမှာ ဓားရှည်ဆိုတာ Sword ကိုပြောချင်းဖြစ်ပြီး ဓားမကြီးဆိုတာ Saber ဓားကို ပြောချင်းဖြစ်ပါတယ်။ Saber ဓားဆိုတာ Sword ဓားတွေထဲက သီးခြားမျိုးကွဲတစ်မျိုးဖြစ်ပြီး အကျမ်းဖျဉ်းပြောရရင် ရိုးရိုးSword ဓားတွေက သေးသွယ်ရှည်လျားပြီး အသွား၂ဖက် ၁ဖက် မျိုးစုံရှိပါတယ်။ Saber ဓားတွေကကောက်ပြီး အသွားတစ်ဖက်ပဲရှိပါတယ်။ အဲ့၂မျိုးမှာ Saber ဓားတွေက ပိုပေါ့ပါးပြီး မြင်းစီးရင်း တိုက်ခိုက်တဲ့အခါ အလွန်အစွမ်းထက်ပါတယ်။ ဒါကြောင့် ရှေးဓား၊လှံခေတ်မှာ ဘုရင့်တပ်တွေအကုန်လုံးက Sword ထက် Saber ဓားကိုပဲ သုံးကြပါတယ်။ အနောက်နိုင်ငံတွေကအစ Sword ထက် Saber ဓားကိုပဲ သုံးကြပါတယ်။ လော်ယွမ်ရဲ့ ကျန်းမာတောက်ဓားကို ဓားရှည်လို့မင်မင်ပြန်ထားပေမယ့် တစ်ကယ်တမ်း ကျန်းမာတောက်ဓားက Saber တစ်ဖက်သွားဓားဖြစ်ပါတယ် )
"ဝတ္ထုရေးဆရာတွေရဲ့ စကားကိုများ ယုံရတယ်လို့" လင်းရှောင်ကျီက အထင်သေးသည့်အမူအရာဖြင့် ဆိုလိုက်သည်။ ဤသို့သော ခလေးမလေးမျိုးသည် အမှန်တကယ်ပင် ဘာမှနားလည်ခြင်းမရှိပေ။
"ရှင့်ကို… ရှင့်လိုလူနဲ့ စကားပြောရတာ အပိုပဲ" ဝမ်ရှီရှီသည် ချေပစရာစကားမရှိတော့သဖြင့် ထိုလူကို မုန်းစရာကောင်းသည်ဟု သတ်မှတ်လိုက်သည်။
"ဟုတ်ပြီ... စကားများတာရပ်ကြတော့... မင်းတို့အားလုံးသင်ချင်တယ်ဆိုမှတော့ အားလုံးမြင်းထိုင်ကနေစရမယ်... ဒါပေမဲ့မင်းတို့ခန္ဓာကိုယ်က နင်းရောင်ရမ်ထက် သန်မာတယ်ဆိုတော့ လုပ်ရမှာကလည်း သူ့ထက်ပိုများတယ်... မိနစ်၂၀အတွင်း ငါရပ်လို့မပြောပဲ ရပ်ရဲတဲ့သူရှိရင် ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး လစ်ရမယ်... ငါဒီမှာအသုံးမကျတဲ့သူကို ခေါ်မထားနိုင်ဘူး" လော်ယွမ်က အေးစက်စက်ဆိုလိုက်သည်။ ဤမျှလောက် စိတ်ဓာတ်ခိုင်မာမှုပင်မရှိလျှင် ဤကမ္ဘာပျက်ကာလကြီးထဲတွင် အသက်ရှင်နေခြင်းသည် အစာဖြုန်းတီးနေရုံသာ ဖြစ်၏။
လော်ယွမ်၏ ညှာတာမှုကင်းမဲ့သော စကားများကြောင့် လူတိုင်း၏ စိတ်ထဲတွင် စိမ့်ခနဲဖြစ်သွားပြီး မျက်နှာများမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားကြသည်။
ဝမ်ရှီရှီသည် ထိုစကားကိုကြားသောအခါ စိတ်ထဲ၌ မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းလေးစူလျက် လက်မခံချင်ဟန်ဖြင့် "ဒါဆို ရှီရှီကရော" ဟုမေးလိုက်သည်။
"နင်လား" လော်ယွမ်က သူမကို တစ်ချက်ကြည့်ကာ ခပ်ပြတ်ပြတ်ဆိုလိုက်သည်။ "နင်လည်း အတူတူပဲ"
ဝမ်ရှီရှီ၏ နှုတ်ခမ်းလေးမှာ အောက်သို့ကွေးကျသွားသည်။ သူမက လော်ယွမ်၏စိတ်ထဲတွင် သူမ၏ အရေးပါမှုကို သက်သေပြချင်ရုံသာဖြစ်ပြီး တကယ်တမ်း ပျင်းရိချင်၍ မဟုတ်ပေ။ သို့သော် လော်ယွမ်၏ ဤကဲ့သို့ရက်စက်သော စကားလုံးများကြောင့် အရှိုက်ထိသွားခဲ့သည်။ သူမသည် လော်ယွမ်ကို မကျေမချမ်းကြည့်ရင်း ညကျမှ သူနှင့်တွေ့မည်ဟု စိတ်ထဲက ကြိမ်းဝါးလိုက်သည်။
"ဘာစောင့်နေတာလဲ... အခုစကြတော့လေ" လော်ယွမ်က ဝမ်ရှီရှီကို စူးစိုက်ကြည့်ကာ အော်လိုက်သည်။
ကျန်လူများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မိမိတို့နေရာတွင် မြင်းထိုင်ပုံစံကို အလျင်အမြန် ပြုလုပ်လိုက်ကြသည်။ ဝမ်ရှီရှီတစ်ယောက်သာ မူလနေရာ၌ မတ်တတ်ရပ်လျက် ကျန်ရစ်ခဲ့သည်။
"ဟွန့်...သမီး မလေ့ကျင့်တော့ဘူး" ဝမ်ရှီရှီသည် စိတ်ထဲ၌ အလွန်ဝမ်းနည်းခံစားရကာ စိတ်ကောက်ပြီး ပြောလိုက်သည်။
"ဒီလောက်အခက်အခဲလေးတောင် မခံနိုင်ပဲ သိုင်းလေ့ကျင့်ချင်သေးတယ်... နင်ပြန်တော့" လော်ယွမ်က လှောင်ရယ်ကာ ဆိုလိုက်သည်။ သူသည် ယခင်က ဝမ်ရှီရှီကို အလွန်အလိုလိုက်လွန်းခဲ့သည်ဟု ခံစားမိ၏။ ထို့ကြောင့်ပင် သူမသည် ယခုအခါ ပို၍ပို၍ ဂျစ်တိုက်ပုန်ကန်တတ်လာခြင်းဖြစ်သည်။
ဝမ်ရှီရှီ၏ ရင်ထဲတွင် ဆို့နင့်သွားပြီး နောက်ကျောမှ ထူးဆန်းသော အကြည့်များကို ခံစားနေရသဖြင့် ရှက်စိတ်ကြောင့် မြေကြီးထဲသို့ပင် တိုးဝင်သွားချင်မိတော့သည်။ မျက်ရည်များက မျက်ဝန်းအိမ်ထဲတွင် တရစ်ဝဲဝဲဖြစ်နေရင်း "သမီး...သမီး...သမီးကိုကြီးကိုမုန်းတယ်"
သူမသည် ရုတ်တရက် လှည့်ထွက်ကာ အိမ်ကြီးအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။ မျက်ရည်များကလည်း ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။
ဝမ်ရှီရှီသည် ငိုရင်း ပြေးရင်းဖြင့် တဖြည်းဖြည်း အဝေးသို့ရောက်ရှိသွား၏။ လော်ယွမ်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာပြီး သူမဘက်သို့ လှည့်မကြည့်တော့ဘဲ နေလိုက်သည်။ သူမ၏ ကြောက်တတ်သော စိတ်ဓာတ်ဖြင့် အိမ်ကနေ တကယ်ထွက်ပြေးသွားရဲမည်မဟုတ်ဟု သူတွက်ဆထားသည်။ မကြာခင်မှာပင် သူ့အလိုလို ပြန်လာလိမ့်မည်ဟု ယုံကြည်ထား၏။
သူသည် ဝမ်ရှီရှီအပေါ် အလွန်စိတ်ပျက်မိသည်။ ဤမျှအစွမ်းထက်သော ကံကြမ္မာကပေးသော အစွမ်းအစမျိုးကို အပြည့်အဝ ဖော်ထုတ်နိုင်မည်ဆိုလျှင် အမှန်ပင် ကြီးမားသော အင်အားတစ်ရပ် ဖြစ်လာပေလိမ့်မည်။
ကံဆိုးစွာဖြင့် သူမက ကြိုးစားလိုစိတ်မရှိပေ။ သူသည် သူမအပေါ် မျှော်လင့်သလောက် ဖြစ်မလာသောကြောင့် အမှန်ပင် စိတ်ပျက်အားမရဖြစ်မိသည်။
အဆင့်ခုနစ်သို့ ရောက်ပြီးသည့်နောက်ပိုင်း သူ၏အစွမ်းသည် တိုးတက်မှု အလွန်နှေးကွေးလာပြီး ဖိအားများကလည်း တစ်နေ့ထက်တစ်နေ့ ကြီးမားလာခဲ့သည်။ ယခုအခါ အခြေအနေက အေးချမ်းတည်ငြိမ်နေပုံရသော်လည်း ဤသို့သော တည်ငြိမ်မှုက ရက်မည်မျှကြာအောင် ခံမည်ကို မည်သူမျှ မသိနိုင်ပေ။ ကြီးမားသော ဖိအားများကြောင့် သူသည် တစ်ခါတစ်ရံ အလွန်စိတ်မရှည်ဘဲ ဒေါသထွက်လွယ်နေတတ်သည်။
လော်ယွမ်၏ မျက်နှာသည် တင်းမာနေသည်ကို မြင်သောအခါ ကျန်လူများမှာ ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားပြီး အသက်ပင် ပြင်းပြင်းမရှူရဲကြတော့ပေ။
နင်းရှောင်ရမ်မှာမူ အားအင်ကုန်ခမ်းလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူမ၏ ခြေထောက်များက တဆတ်ဆတ် တုန်ခါနေပြီး နဖူးမှ ချွေးများက ရေကဲ့သို့ စီးကျကာ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေသည်။ သို့သော် ဤအချိန်တွင် လော်ယွမ်ကို ဒေါသထွက်စေမည်စိုး၍ အံကိုတင်းတင်းကြိတ်ကာ ကြံ့ကြံ့ခံနေလေသည်။
တစ်မိနစ်ကြာသောအခါ ယောက်ျားများထဲမှ ဟော်တုံက အရင်ဆုံး မခံနိုင်တော့ပေ။ သူသည် လူလတ်ပိုင်းအရွယ်သို့ ရောက်နေပြီဖြစ်ပြီး ဘီယာဗိုက်တစ်လုံးဖြင့် လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်သောကြောင့် ခန္ဓာကိုယ်မှာ လူငယ်များနှင့် ယှဉ်နိုင်စွမ်းမရှိချေ။
ထို့နောက်တွင် ကျောက်တကန်းနှင့် စွန်းရှောင်ဝူတို့ ဖြစ်ကြသည်။
နှစ်မိနစ်ကြာသော် ချန်ရှန်းဖုန်းပင်လျှင် ချွေးအေးများ စို့လာသည်။
ဆက်လက်၍ လင်းရှောင်ကျီလည်း အားအင်ကုန်ခမ်းလုနီးပါး ဖြစ်လာခဲ့သည်။
သူက သန္ဓေပြောင်းလူသား တစ်ယောက်ဖြစ်သော်ငြားလည်း ပြောင်းလဲလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ ထို့အပြင် ယခင်ကလည်း အမြဲလိုလို အငတ်ငတ်အပြတ်ပြတ်နေခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ များစွာတိုးတက်လာခြင်းမရှိပေ။ ဆင့်ကဲပြောင်းလဲသူဖြစ်လျှင်ပင် "စွမ်းအင်တည်မြဲမှုနိယာမ" ကို လိုက်နာရမည်ဖြစ်ရာ အစားအစာမှ စွမ်းအင်ပြောင်းလဲမှုမရှိဘဲ မည်ကဲ့သို့ အလိုလို အားအင်တိုးပွားလာနိုင်မည်နည်း။
( Law of Conservation of Energy စွမ်းအင်တည်မြဲမှုနိယာမ - စွမ်းအင်သည် ဖန်တီး၍မရ၊ ဖျက်စီး၍မရ ပုံစံတစ်မျိုးမှ အခြားပုံစံတစ်မျိုးသို့သာ ပြောင်းလဲနိုင်သည် )
လော်ယွမ်က နာရီကိုကြည့်လိုက်ရာ သုံးမိနစ်ပင်မပြည့်သေးဘဲ ထိုလူစုတစ်စုလုံးမှာ ယိမ်းထိုးနေကြပြီး စိတ်ဓာတ်သက်သက်ဖြင့်သာ ရပ်တည်နေကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလွန်ညံ့ဖျင်းလှ၏။ သူ့ကို မမီသည်မှာ ထားတော့၊ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီကိုပင် မယှဉ်နိုင်ကြပေ။
သူမတို့နှစ်ဦးသည် အဆင့်မြင့်သန္ဓေပြောင်းသားရဲများ၏ အသားနှင့်သွေးကို များစွာစားသုံးထားသောကြောင့် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ၁၀ မှတ်နှင့် ၁၁ မှတ်ကြားတွင်ရှိသည်။ ဤသည်မှာပင် အမျိုးသမီးများက အမျိုးသားများထက် ပင်ကိုအားနည်းသည့်အတွက်ကြောင့် ဖြစ်သည်။
အကယ်၍ အမျိုးသားတစ်ဦး၏ ပျမ်းမျှအဓိကအရည်အသွေးက ၁၀ မှတ်ဆိုလျှင် အမျိုးသမီးတစ်ဦးမှာ ၉ မှတ်သာရှိသည်။ ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေတို့၏ ကြံ့ခိုင်မှုမှာ သာမန်အမျိုးသမီးများထက် နှစ်ဆနီးပါး တိုးတက်နေခြင်းဖြစ်သည်။
လော်ယွမ်သည် ခဏမျှကြည့်ပြီးနောက် ဆက်လက်ကြည့်ရှုရန် စိတ်မဝင်စားတော့ဘဲ စိတ်ထဲတွင် မသိမသာ စိုးရိမ်ပူပန်လာသည်။ "ငါးမိနစ်လောက်ရှိနေပြီ... ဝမ်ရှီရှီ ဘာလို့ပြန်မလာသေးတာလဲ"
ကမ္ဘာပျက်ခရီးလမ်းတစ်လျှောက် အတူတကွဖြတ်သန်းလာခဲ့ကြပြီးနောက် သူတို့နှစ်ဦး၏ သံယောဇဉ်မှာ ဖြတ်တောက်ရန်ခက်ခဲသည်ဟု ဆိုနိုင်လေသည်။ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့မှာ ယခုအခါ သူနှင့် အရင်းနှီးဆုံးလူများ ဖြစ်နေကြချေပြီ။ သူကမည်ကဲ့သို့ စိတ်မဝင်စား၊ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။
သူသည် နာရီကို မကြာခဏလှည့်ကြည့်နေမိပြီး သူ၏စိတ်မှာ ဤလေ့ကျင့်မှုတွင် မရှိတော့ချေ။
"သူတကယ်ပဲ အိမ်ကနေ ထွက်ပြေးသွားတာတော့ မဟုတ်လောက်ပါဘူးနော်... လမ်းမှာအန္တရာယ်တစ်ခုခုနဲ့သာ တွေ့ခဲ့ရင်…"
မိန်းကလေးများမှာ မူလကတည်းက စိတ်ခံစားချက်နုပြီး မာနကြီးကြသည်။ ထို့အပြင် သူမကဲ့သို့ ဆယ်ကျော်သက်အရွယ်၊ ပုန်ကန်တတ်သော စရိုက်ရှိသည့်အချိန်တွင် ပို၍ဆိုးသည်။ စောစောက သူ အရမ်းတင်းကျပ်လွန်းသွားသလားဟု လော်ယွမ် စိတ်ထဲတွင် မသိမသာ နောင်တရလာမိသည်။ အနည်းဆုံးတော့ အချို့စကားများကို လူအများရှေ့တွင် မပြောခဲ့သင့်ပေ။
သူသည် အတွေးများယောက်ယက်ခတ်ရင်း စိတ်ထဲတွင် ပို၍ပင် မသက်မသာဖြစ်လာသည်။
နောက်ဆုံးတွင် ဝမ်ရှီရှီအတွက် စိုးရိမ်စိတ်က လော်ယွမ်၏ စိတ်ထဲတွင် အနိုင်ရသွားခဲ့သည်။ အကယ်၍ မတော်တဆတစ်ခုခုဖြစ်ခဲ့ပါက သူနောင်တရ၍ဆုံးမည်မဟုတ်ပေ။ သူက "ငါ အပြင်ခဏသွားလိုက်ဦးမယ်... ချန်ရှန်းဖုန်း မင်း ငါ့ကိုကူကြည့်ပေးထား ဘယ်သူ မခံနိုင်တော့ဘူးလဲဆိုတာ ငါပြန်လာရင်ပြော"
လူအများထဲတွင် ချန်ရှန်းဖုန်းသည် အစပိုင်း၌ အရေးမပါဆုံးဟုထင်ရသော်လည်း ဤလူများထဲတွင် အယုံကြည်ရဆုံး၊ အအေးဆေးဆုံးဖြစ်သည်။ သူခိုင်းစေသမျှကို အမြဲလိုလို မလျော့မတင်း ပြီးမြောက်အောင်လုပ်ဆောင်တတ်သည်။ ဤသို့သောအလုပ်ကို သူ့အား ကြီးကြပ်စေခြင်းက အသင့်တော်ဆုံးဖြစ်၏။
ချန်ရှန်းဖုန်းသည် စကားမပြောဘဲ ခေါင်းကိုသာ တည်ငြိမ်စွာညိတ်ပြလိုက်သည်။
လော်ယွမ်သည် အိမ်ကြီးထဲမှ ဓားကိုယူကာ အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။ သူက အခြားနေရာများသို့ မသွားဘဲ အိမ်ရာထဲတွင်သာ လှည့်ပတ်ရှာဖွေနေ၏။ ဝမ်ရှီရှီ၏ စရိုက်အရ အိမ်ရာအပြင်ဘက်သို့ ထွက်သွားမည်မဟုတ်ဟု သူခန့်မှန်းထားသည်။ ထင်သည့်အတိုင်းပင် မိနစ်အနည်းငယ်အကြာတွင် ငိုရှိုက်သံတစ်ခုကို အဝေးမှ တိုးညှင်းစွာ ကြားလိုက်ရသည်။
လော်ယွမ်သည် စိတ်ထဲမှ ကျောက်တုံးကြီးကျသွားသလို သက်ပြင်းချလိုက်ပြီး ခြေလှမ်းများကို ပို၍အရှိန်မြှင့်လိုက်သည်။ သူသည် မြက်ခင်းပြင်တစ်ခုကို ပတ်၍ အဆောက်အအုံတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။ ငိုသံမှာ ထိုနေရာမှ ထွက်ပေါ်လာသည်ဟု ခံစားမိ၏။
ဤသည်မှာ ခုနစ်ထပ်မြင့်သော လူနေတိုက်တစ်လုံးဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ပျက်စီးနေသောအဆောက်အအုံများနှင့် နှိုင်းယှဉ်လျှင် အတော်အတန်ကောင်းမွန်စွာ တည်ရှိနေသေးသည်။ သူက သံတံခါးကိုဖွင့်ကာ ပဉ္စမထပ်သို့ အလျင်အမြန်တက်သွားသည်။
အခန်းအမှတ် ၅၀၁ ၏ တံခါးမှာ ပွင့်ဟနေပြီး ဝမ်ရှီရှီသည် ဧည့်ခန်း၏ထောင့်တစ်နေရာတွင် ဒူးထောင်၍ထိုင်ကာ ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်တော့ဘဲ ငိုရှိုက်နေသည်။ လော်ယွမ် ရပ်ကြည့်နေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း သူမ သတိမထားမိချေ။
"ရှီရှီ...တော်တော့... အိမ်ပြန်ရအောင်" လော်ယွမ်က ထုတ်ဖော်ပြောလိုက်သည်။
ဝမ်ရှီရှီသည် လော်ယွမ်၏ အသံကိုကြားသောအခါ ချက်ချင်းထရပ်လိုက်ပြီး မျက်ရည်များကိုသုတ်ကာ မျက်နှာလေးတင်းလျက်ဆို၏။ "ကိုကြီးဘာလာလုပ်တာလဲ... သမီးကိုလာပြီးဂရုစိုက်မနေနဲ့... ကိုကြီးပဲပြောထားတယ်လေ မိနစ်၂၀မခံနိုင်ရင် အိမ်ကနေနှင်ထုတ်မယ်ဆို... အခုသမီးထွက်လာပြီလေ... ကိုကြီးဘာလို့လိုက်ရှာနေသေးတာလဲ"
သူမထံမှ ပြင်းထန်သော မကျေနပ်မှုများကို ခံစားမိသောအခါ လော်ယွမ်က သက်ပြင်းတစ်ချက်ချကာ အတွင်းသို့ဝင်သွားပြီး ဆိုဖာပေါ်မှ ဖုန်များကို လက်ဖြင့်ခါကာ ထိုင်ချလိုက်သည်။
မျက်ရည်များစိုစွတ်နေသော ဝမ်ရှီရှီသည် လော်ယွမ်က ဘာမှမဖြစ်သလို အခန့်သားဝင်လာသည်ကိုမြင်သောအခါ ဒေါသထွက်ကာ လော်ယွမ်ကို ဆွဲထူရန် ပြေးလာတော့သည်။ "ခုကစပြီး ဒီတိုက်ခန်းက သမီးရဲ့အိမ်ပဲ... ကိုကြီးကိုမကြိုဆိုဘူး... ဒီကအမြန်ထွက်သွားပါ"
"ခဏလေးတောင် ထိုင်ခွင့်မပြုတော့ဘူးလား" လော်ယွမ်က မေးလိုက်သည်။
"မရဘူး...မထိုင်ရဘူး... ထ... အမြန်ထ...အမြန်ထ" ဝမ်ရှီရှီသည် လော်ယွမ်၏ လက်မောင်းကို အားကုန်ဆွဲနေသဖြင့် မကြာခင်မှာပင် မောဟိုက်လာသည်။ သို့သော် သူမ၏အားနှင့် မည်သို့လျှင် ဆွဲထူနိုင်မည်နည်း။
ခဏမျှဆွဲပြီးနောက် သူမသည် ဒေါသထွက်ကာ စိတ်မရှည်တော့ပေ။ "ကိုကြီးက သမီးကိုပဲအနိုင်ကျင့်တတ်တယ်... လူတွေအများကြီးရှေ့မှာလည်း သမီးကိုလှောင်ပြောင်ပြောဆိုသေးတယ်... သမီးကိုကြီးကို အရမ်းမုန်းတယ်"
"ကိုကြီးက သမီးကိုနှင်ထုတ်ချင်နေတာမလား... သမီးက မျက်နှာပြောင်တိုက်ပြီး မနေတတ်ဘူး... နောက်ဆိုဘယ်တော့မှ ပြန်မလာတော့ဘူး" ဝမ်ရှီရှီသည် စိတ်ထဲ၌ ဝမ်းနည်းစရာများကို တွေးမိကာ မျက်ရည်များက တဖျောက်ဖျောက်ကျလာပြန်သည်။
ဝမ်းနည်းပက်လက်ငိုနေသော ဝမ်ရှီရှီကိုကြည့်ရင်း လော်ယွမ်က စိတ်ထဲတွင် သက်ပြင်းချကာ ဆိုလိုက်သည်။ "ဒါဆိုနင်ငါနဲ့အတူပြန်လိုက်ဖို့ ငါဘယ်လိုလုပ်ပေးရမလဲ"
"ကိုကြီး သမီးကိုပြန်တောင်းပန်ရမယ်" ဝမ်ရှီရှီက မျက်နှာလွှဲကာ ရှိုက်ငိုရင်းဆို၏။
လော်ယွမ်က အလျှော့ပေးလိုက်သည်။ "အေးပါ... ငါနင့်ကိုအဲ့လောက်ကြမ်းကြမ်း တမ်းတမ်း မပြောခဲ့သင့်ဘူး... နောက်လူတွေရှေ့မှာ နင့်ကိုအဲ့လိုမပြောတော့ဘူး ဟုတ်ပြီလား"
"ဒီလိုပြောရုံနဲ့ သမီးပြန်လိုက်မယ်လို့တော့ မထင်နဲ့" ဝမ်ရှီရှီက မေးစေ့လေးကို အနည်းငယ်မော့ကာ မာနဖြင့်ဆိုသည်။
"ငါတောင်းပန်ပြီးပြီပဲ... နင်တစ်ကယ်ဘာဖြစ်ချင်တာလဲ တစ်ခါထဲအကုန်ပြောလိုက်စမ်းပါ" လော်ယွမ်က ဆို၏။
"သမီးကို... သမီးကိုနမ်းရမယ်" ဝမ်ရှီရှီ၏ မျက်နှာလေးသည် နီရဲသွားပြီး တိုးတိုးလေးပြောလိုက်သည်။
"ဘာ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" လော်ယွမ်သည် ဝမ်ရှီရှီ၏ ရဲတင်းမှုကို မယုံနိုင်အောင်ဖြစ်သွားသည်။ "နင့်မှာဘယ်လိုလုပ် အဲ့လိုအတွေးမျိုးရှိနေတာလဲ... နင်ကခလေးပဲရှိသေးတာလေ..."
ဝမ်ရှီရှီသည် ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသော်လည်း သတ္တိမွေးပြီးပြောလိုက်သောစကားဖြစ်၍ လွယ်လွယ်နှင့်တော့ နောက်မဆုတ်ပေ။ သူမသည် လော်ယွမ်၏ လက်ကိုဆွဲယူကာ သူမ၏ ရင်ဘတ်ပေါ်သို့တင်လိုက်ပြီး မျက်လုံးများက တိမ်းရှောင်နေသော်လည်း ခိုင်မာသောလေသံဖြင့်ဆိုလိုက်သည်။ "သမီးက ခလေးမဟုတ်တော့ဘူး... အမဟွမ်လုပ်နိုင်တာမှန်သမျှ...သမီး...သမီးလည်း... လုပ်နိုင်တယ်"
လော်ယွမ်၏ လက်သည် မီးနှင့်ထိမိသကဲ့သို့ ပူလောင်သွားပြီး အလျင်အမြန်ပင် ပြန်ရုတ်သိမ်းလိုက်ကာ စကားများထစ်အသွားသည်။ "နင်… ဒါက... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လော်ယွမ်၏ မည်ကဲ့သို့လုပ်ရမည်မသိ ဖြစ်နေသောပုံစံကိုမြင်သောအခါ သူမ၏ ရဲစွမ်းသတ္တိများက တိုးလာပြီး မျက်ဝန်းများဝေဝါးစွာဖြင့် လော်ယွမ်ကို ကြည့်ကာ "သမီးက အရွယ်ရောက်တဲ့အထိ အသက်ရှင်ပါ့မလားဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် မသိဘူး... သမီးကအနမ်းရဲ့အရသာကို မြည်းစမ်းကြည့်ချင်ရုံလေးပါ"
ဝမ်ရှီရှီသည် မျက်လုံးများကိုမှိတ်လိုက်ပြီး မျက်နှာလေးကိုမော့လိုက်သည်။ သူမ၏အသက်ရှူသံများမှာ အနည်းငယ်မြန်ဆန်နေပြီး နီထွေးနေသောနှုတ်ခမ်းလွှာများက နူးညံ့လှပသောအရောင်အသွေးကို ဆောင်နေတော့သည်။
ဆက်ရန်...
အပိုင်း(၁၁၀)အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးခြင်း
နာရီဝက်ခန့်အကြာတွင် လော်ယွမ်က ဝမ်ရှီရှီကို အိမ်ပြန်ရန် နောက်ဆုံးတွင် "ဖျောင်းဖျ" နိုင်ခဲ့လေသည်။
လမ်းတစ်လျှောက်တွင် ဝမ်ရှီရှီက သူ့လက်မောင်းကို တပ်မက်စွာ တွယ်ဖက်ထားပြီး သူမ၏ နူးညံ့သော ကိုယ်လုံးလေးက သူ့ခန္ဓာကိုယ်နှင့် ခပ်တင်းတင်း ကပ်နေ၏။ သူမ၏ နှုတ်ခမ်းထောင့်တွင် ချိုမြိန်သော အပြုံးတစ်ခု ချိတ်ဆွဲလျက်ရှိသည်။ မိန်းမပျိုလေးတစ်ယောက်၏ အချစ်သည် အညစ်အကြေး စိုးစဉ်းမျှ မပါဝင်ဘဲ ဖြူစင်သန့်ရှင်းလှပြီး သူမ၏ နှလုံးသားတစ်ခုလုံးက လော်ယွမ်အပေါ်၌သာ လုံးလုံးလျားလျား ရှိနေကာ တစ်မိနစ်၊ တစ်စက္ကန့်လေးမျှပင် မခွဲခွာလိုတော့သည့်အလားပင်။
သို့သော် အိမ်ကြီးဆီသို့ နီးကပ်လာသည်နှင့်အမျှ သူမသည် စိတ်လှုပ်ရှားလာပြီး စိတ်ထဲတွင် မလုံမလဲဖြစ်လာကာ သူ့လက်မောင်းကို တွယ်ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လော်ယွမ်သည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဤကိစ္စကို ဟွမ်ကျားဟွေအား မည်သို့ရှင်းပြရမည်ကို သူ မစဉ်းစားရသေးပေ။
သူဟွမ်ကျားဟွေနှင့် အတူရှိနေခဲ့ခြင်းမှာ အစပိုင်းတွင် အချစ်ကြောင့်မဟုတ်ဘဲ ရမ္မက်နှင့် ဖိအားများကို ဖြေလျှော့ခြင်းသက်သက်သာ ဖြစ်ခဲ့သော်လည်း အချိန်အတော်ကြာ အတူနေထိုင်လာပြီးနောက် အပြန်အလှန်ဖေးမရင်း သံယောဇဉ်များ ဖြစ်တည်လာခဲ့ပြီဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် သူက သူမကို လုံးဝမထိခိုက်စေချင်ပေ။
သို့သော် ဤကိစ္စက ရုတ်တရက်ဆန်လွန်းလှသဖြင့် သူ့မှာ ကြိုတင်ပြင်ဆင်ထားချိန်ပင် မရလိုက်ပေ။ ထိုမိန်းမပျိုလေး၏ စွဲလမ်းသော အချစ်သည် အစပိုင်းတွင် တားမြစ်ထားသော သာယာမှုတစ်ခုကို ပေးစွမ်းခဲ့သည်မှလွဲ၍ ယခု အသိစိတ်ပြန်ဝင်လာချိန်တွင်မူ ခေါင်းကိုက်စရာတစ်ခု ဖြစ်လာခဲ့သည်။
"ထားလိုက်တော့... လောလောဆယ်တော့ တစ်လှမ်းချင်းပဲ သွားကြည့်ရမှာပဲ... ဖုံးလို့ရသလောက် ဖုံးထားလိုက်ရတာပေါ့" ဟု လော်ယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ထိုအချိန်တွင် အိမ်ကြီးရှိရာဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အမျိုးသမီးတစ်ဦး၏ ငိုရှိုက်သံက ဆက်လက်ထွက်ပေါ်လာသည်။
"အိမ်မှာဘာဖြစ်တာလဲ...မဟုတ်မှလွဲရော..." လော်ယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ ဝမ်ရှီရှီကို အလျင်အမြန် ပြောလိုက်သည်။ "အိမ်ထဲမှာ တခုခုဖြစ်နေတဲ့ပုံပဲ ငါအမြန်သွားကြည့်ဦးမယ်... နင်သတိထားပြီး အမြန်လိုက်ခဲ့"
ဝမ်ရှီရှီလည်း ထိုအသံကို ကြားလိုက်ရသည်။ ဤသို့ နှစ်ယောက်တည်း သီးသန့်ရှိနေခွင့်ရသည့် အချိန်လေးကို မစွန့်လွှတ်ချင်သော်လည်း သူမက လိမ္မာပါးနပ်စွာဖြင့် "ကိုကြီးယွမ် အမြန်သွား... သမီးကိုစိတ်မပူနဲ့" ဟု ပြောလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်ပြပြီး သူမကို သတိထားရန် မှာကြားခဲ့သည်။ ဧရာမ ဖွတ်ကြီးကလည်း မည်သည့်သတိပေးချက်မျှ မပြုလုပ်သောကြောင့် သိပ်အန္တရာယ်ကြီးသည့် ကိစ္စတော့ မဖြစ်နိုင်ဟု သူယူဆလိုက်သည်။
သူကအချိန်မဖြုန်းတော့ဘဲ ကိုယ်ကို တစ်ချက် ယိမ်းလိုက်ကာ ဗီလာရှိရာသို့ အပြေးတစ်ပိုင်း သွားလိုက်တော့သည်။
-------------------------------------------------------
ဗီလာရှေ့ရှိ ကွက်လပ်တွင် လူများစုရုံးနေကြသည်။ ကျောက်တကန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း အဆက်မပြတ် လူးလွန့်ကာ ကြောက်မက်ဖွယ်အသံဖြင့် အော်ဟစ်နေသည်။ သူ့ဘေးတွင်တော့ ကျင်းမေ့လီက ဟွမ်ကျားဟွေ၏ တင်းကျပ်သော ပွေ့ဖက်ထားခြင်းကို ခံထားရရင်း အော်ဟစ်ငိုယိုနေ၏။
လော်ယွမ်သည် လူအုပ်ရှေ့သို့ ပြေးသွားပြီး ကျောက်တကန်းဆီသို့ လျှောက်သွားရင်း လေးနက်သော အသံဖြင့် "ဘာဖြစ်တာလဲ... ငါခဏလေးဘဲအပြင်ထွက်သွားတာကို ဘာတွေဖြစ်သွားတာလဲ" ဟု မေးလိုက်သည်။
"ကျွန်တော်တို့လည်း သေချာမသိဘူးဗျ... ကျွန်တော်တို့မြင်းထိုင်လေ့ကျင့်ရင်း ခဏနားနေတုံး ကျောက်တကန်းက ဗိုက်နာတယ်လို့အော်ပြီး မြေပေါ်လဲကျရင်း လူးလွန့်နေတာပဲ" ဟု ဟော်တုံက အလျင်အမြန် ရှင်းပြသည်။
ကျောက်တကန်း၏ မျက်နှာသည် ရှုံ့မဲ့နေပြီး စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေသည်။ ပဲစေ့အရွယ် ချွေးစက်ကြီးများသည် သူ၏ နဖူးပေါ်မှ အဆက်မပြတ် စီးကျနေကာ အလွန်အမင်း နာကျင်နေပုံရသည်။ ခဏအကြာတွင် သူ၏ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ တစိမ့်စိမ့် စီးကျလာရာ သူ သေတော့မည်မှာ ထင်ရှားနေလေသည်။ လူအုပ်သည် အာမေဍိတ်သံများ ပြုရင်း အနောက်သို့ ဆုတ်သွားကြသည်။
"လွှတ်... ကျွန်မကို လွှတ်..." ကျင်းမေ့လီသည် မျက်နှာဖြူဖျော့ကာ ဟွမ်ကျားဟွေ၏ လက်မှ လွတ်မြောက်ရန် အပြင်းအထန် ရုန်းကန်နေသည်။ သို့သော် သူမ၏ နလန်မထူနိုင်သော အားအင်တို့မှာ အရာမထင်ခဲ့ပေ။
စိတ်မထိန်းနိုင်တော့သော ကျင်းမေ့လီသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လော်ယွမ်ကို လက်ညှိုးထိုးကာ ငိုယို ကြိမ်းမောင်းတော့သည်။ "ရှင့်ကြောင့်... ဒါတွေအားလုံး ရှင့်ကြောင့်... ရှင့်သာ ကျွန်မယောကျ်ားကို သိုင်းကျင့်ခိုင်းဖို့ အတင်းအကျပ်မလုပ်ခဲ့ရင် သူ ဒီလိုဖြစ်စရာလား... ရှင်တို့အားလုံးလည်း အတူတူပဲ... လူတစ်ယောက်လုံး သေနေတာကို လက်ပိုက်ကြည့်နေကြတယ်...တစ်နေ့ကျရင် ငရဲကျမှာ..."
လော်ယွမ်သည် အမူအရာမပြောင်းလဲပေ။ ကျင်းမေ့လီနှင့် ကျောက်တကန်းတို့၏ သံယောဇဉ်ကို သူသိသောကြောင့် ဤမျှကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကြောင့် သူမ စိတ်လွတ်သွားသည်ကို နားလည်သဖြင့် အရေးမလုပ်လိုတော့ပေ။
သို့သော် လော်ယွမ်က အရေးမလုပ်သော်လည်း အခြားသူများကမူ သည်းမခံနိုင်ပေ။ ချောင်လင်းသည် ရုတ်တရက် ပြေးသွားပြီး လက်ကိုလွှဲကာ သူမကို ပါးရိုက်လိုက်သည်။ "ပါးစပ်ပိတ်စမ်း"
"နင်... နင် ငါ့ကို ရိုက်တယ်ဟုတ်လား" ကျင်းမေ့လီသည် ခဏတာ ကြောင်သွားပြီး ပါးကို အုပ်ကိုင်လိုက်သည်။ ထို့နောက် သတိပြန်ဝင်လာကာ "အား" ဟု အော်ဟစ်ပြီး ချောင်လင်းကို လက်သည်းဖြင့်ကုတ်ရန် ပြေးဝင်သွားသော်လည်း ချောင်လင်းက အဝေးသို့ ရှောင်ထွက်သွားသည်။
"ရိုက်တော့ ဘာဖြစ်လဲ... သူတို့တွေလည်း သိုင်းကျင့်နေတာပဲ ဘာလို့ သူတို့ဘာမှမဖြစ်တာလဲ... ဒါက မတော်တဆဖြစ်တာ ခွေးရူးလိုတွေ့ကရာလိုက်မကိုက်နဲ့... ငါတို့ထဲက ဘယ်သူမှ နင့်အပေါ် အကြွေးမရှိဘူး" ဟု ချောင်လင်းက စကားလုံးပြင်းပြင်းဖြင့် တုံ့ပြန်လိုက်သည်။
"အားလုံး ပါးစပ်ပိတ်ကြစမ်း" လော်ယွမ်၏ မျက်နှာသည် တင်းမာသွားပြီး လေသံမာမာဖြင့် အော်လိုက်သည်။
ချောင်လင်းသည် မကျေမနပ်ဖြစ်သော်လည်း ပါးစပ်ပိတ်လိုက်သည်။
ကျင်းမေ့လီက တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်သည်။ ချောင်လင်း၏ ပါးရိုက်ချက်က သူမကို လုံးဝသတိပြန်ဝင်သွားစေခဲ့သည်။ လော်ယွမ်၏ သြဇာအာဏာကို ပြန်သတိရလိုက်သောအခါ သူမသည် ခုနက မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့သည်ကို ခံစားလိုက်ရပြီး နောက်ထပ် စကားအမှားမခံရဲတော့ပေ။
--------------------------------------------------
လော်ယွမ်သည် ကျောက်တကန်းအနားသို့ လျှောက်သွားသည်။ သူ၏ ရုန်းကန်မှုတို့မှာ တဖြည်းဖြည်း အားနည်းလာပြီး ဖားဖိုကဲ့သို့ အသက်ရှူသံများ ပြင်းထန်နေသည်။ သူ၏ လည်ချောင်းထဲတွင် တစ်စုံတစ်ခု ပိတ်ဆို့နေသည့်အလား "ဂလု ဂလု" ဟူသော ထူးဆန်းသည့်အသံများ ထွက်ပေါ်နေသည်။ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ အဆက်မပြတ် စီးကျနေပြီး မြေပြင်ပေါ်တွင် သွေးကွက်ကြီးတစ်ခု ဖြစ်ပေါ်နေကာ သေလုဆဲဆဲ အခြေအနေသို့ ရောက်နေပြီမှာ ထင်ရှားလှသည်။
ကျင်းမေ့လီသည် ကျောက်တကန်း၏ ကြောက်မက်ဖွယ်အခြေအနေကို ကြည့်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေပြန်သည်။
လော်ယွမ်က သတိကြီးစွာဖြင့် သူ၏ ခန္ဓာကိုယ်ကို မထိကိုင်ဘဲ ဓားအိမ်ဖြင့် သူ၏ ခန္ဓာကိုယ်ကို လှန်လှောကြည့်ပြီး ဖိနပ်ကိုလည်း ချွတ်ကြည့်လိုက်သည်။ ကျောက်တကန်း၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မတွေ့ရသဖြင့် သန္ဓေပြောင်းသတ္တဝါ အကိုက်ခံရခြင်း မဟုတ်ဟု သူကောက်ချက်ချသည်။ ထို့ပြင် သွေးမှာလည်း အနီရောင် ဖြစ်နေသဖြင့် အဆိပ်သင့်ခြင်းလည်း မဟုတ်ပေ။
သူက ဇဝေဇဝါဖြင့်လူအုပ်ကို လှည့်မေးလိုက်သည်။ "သူ စောစောက ဘာတွေစားလိုက်သေးလဲ"
"ဘာမှမစားပါဘူး... သူက ကျွန်တော်တို့နဲ့ တောက်လျှောက် အတူရှိနေတာ... နေ့လယ်စာကလွဲပြီး ဘာမှမစားဘူး... အော်...မြင်းထိုင်လေ့ကျင့်တာရပ်တော့ ရေသောက်လိုက်သေးတယ်" ဟု ဟော်တုံက ပြောသည်။
"ရေ... ဘာရေလဲ" လော်ယွမ်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး မေးလိုက်သည်။
"ရေသန့်ဗူးပေါ့ဗျာ" ဟော်တုံက ပြန်ဖြေသည်။
အစားအစာများကို လူတိုင်းအတူတူစားကြပြီး သောက်ရေသန့်မှာလည်း အဖုံးလုံအောင် ပိတ်ထားသည်ဖြစ်ရာ အစားအသောက်ပြဿနာ မဖြစ်နိုင်ဟု လော်ယွမ်က ယူဆပြီး ထိုအတွေးကို လက်လျှော့လိုက်သည်။
လော်ယွမ်သည် မတ်တပ်ရပ်ကာ မြေပြင်ကို နောက်တစ်ကြိမ် သေသေချာချာ စစ်ဆေးကြည့်သော်လည်း ထူးခြားသည့် သန္ဓေပြောင်းသတ္တဝါငယ်လေးများကို မတွေ့ရပေ။ အိမ်ကြီးရှေ့ရှိ ကွက်လပ်သည် လော်ယွမ် အထူးဂရုစိုက်သည့်နေရာဖြစ်ပြီး နေ့စဉ်မနက်တိုင်း သူ၏ စွမ်းအင်လှိုင်းဖြင့် အန္တရာယ်ရှိသော သတ္တဝါငယ်များကို ရှင်းလင်းမောင်းထုတ်လေ့ရှိသည်။
သူ၏ မျက်လုံးများက မြေပြင်ပေါ်တွင် ချထားဆဲဖြစ်သော သောက်ရေသန့်ဗူးများပေါ်သို့ ရောက်သွားသောအခါ ရေသန့်ဗူးတစ်ဗူး၏ တံဆိပ်မှာ မတူညီသည်ကို သတိပြုမိလိုက်ပြီး သူ၏ စိတ်ထဲတွင် သံသယဝင်သွားသည်။
ပုံမှန်အားဖြင့် ဤအရာသည် ထူးဆန်းသည်မဟုတ်ပေ။ သူစုဆောင်းထားသော သောက်ရေသန့်များမှာ တံဆိပ်တစ်မျိုးတည်း မဖြစ်နိုင်ဘဲ တံဆိပ်မျိုးစုံ ရောနှောနေတတ်သည်။ သို့သော် အခြားရေသန့်ဗူးများအားလုံးမှာ တံဆိပ်တူနေပြီး ဤတစ်ဗူးတည်းသာ ကွဲထွက်နေခြင်းက ပုံမှန်မဟုတ်တော့ပေ။
"ဒီရေသန့်ဗူးက ဘယ်သူသောက်တာလဲ"
"ကျောက်တကန်း သောက်တာပါ" စွန်းရှောင်ဝူက ဝင်ပြောသည်။
ရေကို လူတိုင်းအတွက် ကန့်သတ်ထားပြီး မည်သည့်ရေဗူးက မည်သူ့အတွက်ဖြစ်သည်ကို ရှင်းလင်းစွာ ခွဲခြားထားသည်။
ဤရက်ပိုင်းအတွင်း ဤအိမ်ရာရှိ သောက်ရေသန့်များအားလုံးကို လော်ယွမ်တို့အဖွဲ့က စုဆောင်းခဲ့ရာ စုစုပေါင်း ဗူးငါးဆယ်ကျော် ရှိသည်။ များသည်ဟု ထင်ရသော်လည်း နေရာတိုင်းတွင် ရေလိုအပ်သောကြောင့် ဗူးငါးဆယ်ကျော်သည် နှစ်လပင် မခံပေ။ ထို့ကြောင့် ပုံမှန်အားဖြင့် ရေကို ကန့်သတ်သုံးစွဲရပြီး ဟွမ်ကျားဟွေက နေ့စဉ်မနက်တိုင်း လူဦးရေအလိုက် တစ်ဗူးစီ ခွဲဝေပေးသည်။
"ကျားဟွေ...နင်ဒီနေ့မနက်ရေသန့်ဗူးဝေပေးတာ ဖာတစ်ဖာထဲကပဲလား" လော်ယွမ်က မေးလိုက်သည်။
ဟွမ်ကျားဟွေ၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး "ဒီရက်ပိုင်းအတွင်း ဝေပေးနေတာ နုံဖူတံဆိပ်ရေသန့်ဗူးတွေချည်းပဲ... ဒီတစ်ဗူးက ဘယ်လိုလုပ်မတူလည်း ကျွန်မလည်းမသိဘူး" ဟု ပြန်ဖြေသည်။
လော်ယွမ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ထိုရေသန့်ဗူးကို ကောက်ကိုင်ကာ သေချာကြည့်လိုက်သည်။
"ထင်တဲ့အတိုင်းပဲ" သူ၏ ရင်ထဲတွင် အေးခနဲ ဖြစ်သွားသည်။
ရေတွက်မရသော ဖောက်ထွင်းမြင်နိုင်သည့် ပိုးကောင်ငယ်လေးများက ရေသန့်ဗူးထဲတွင် ထူထပ်စွာ ကူးခတ်နေသည်ကို မြင်ရသူတိုင်း ကြက်သီးထသွားစေသည်။ ထိုပိုးကောင်များမှာ အလွန်သေးငယ်ပြီး ရေကဲ့သို့ပင် ဖောက်ထွင်းမြင်နိုင်သောကြောင့် သတိမထားမိပါက လုံးဝမမြင်နိုင်ပေ။ သူက ရေသန့်ဗူးအဖုံးကို ကြည့်လိုက်သောအခါ အပ်ပေါက်အရွယ် အပေါက်ငယ်တစ်ခုကို တွေ့လိုက်ရပြီး ထိုအပေါက်မှာ သူနှင့် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ဘေးနားရှိ လင်းရှောင်ကျီက လော်ယွမ်၏ ထူးခြားသောအမူအရာကို သတိပြုမိပြီး လော်ယွမ်လက်ထဲမှ ရေသန့်ဗူးကို ယူကာ သေချာကြည့်လိုက်သည်။ သူသည် ကြောက်လန့်တကြားဖြစ်ကာ လက်ထဲမှ ရေသန့်ဗူးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူကိုယ်တိုင်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ "ရေသန့်ဗူးထဲမှာ ဘယ်လိုလုပ် ပိုးကောင်တွေ ရှိနေရတာလဲ" ဟု ထိတ်လန့်စွာ အော်လိုက်သည်။
သတ္တိရှိသော လူအချို့က အနားကပ်ကြည့်လိုက်သောအခါ ကြက်သီးမွေးညင်းများ ထောင်ထလာပြီး အသီးသီး နောက်ဆုတ်သွားကြသည်။
လူများ၏ တုံ့ပြန်မှုက ကျင်းမေ့လီကို မိုးကြိုးပစ်ခံရသလို ဖြစ်သွားစေသည်။ သူမ၏ မျက်လုံးများမှာ ကြောင်ငေးနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်နေသည်။
လော်ယွမ်က လေသံမာမာဖြင့် "ကျင်းမေ့လီ... ဒီရေဗူး ဘယ်ကရတာလဲ" ဟု မေးလိုက်သည်။
"ကျွန်မ... ကျွန်မ ကောက်လာတာပါ"
"ဘယ်က ကောက်လာတာလဲ" လော်ယွမ်က ထပ်မေးသည်။
"ဟို... ဟိုတစ်ညက အိမ်နေရင်း လမ်းထလျှောက်မိပြီး လမ်းပေါ်မှာတွေ့လို့ ကောက်လာတာပါ အီး..ဟီး... ဟီး..." ကျင်းမေ့လီသည် ဝမ်းနည်းပူဆွေးမှုများဖြင့် အော်ဟစ်ငိုယိုကာ ရှိုက်ကြီးတငင်ဖြင့် "အထဲမှာ ပိုးကောင်တွေရှိနေမှန်း ကျွန်မမသိဘူး... သိရင် ကျွန်မလည်း ဘယ်ကောက်မလဲ... အမြဲတမ်း အသေးအဖွဲလေးတွေကို နှမျောနေခဲ့တာ... အခုတော့... ကျောက်တကန်းကို သေစေခဲ့မိပြီ..." ဟု ပြောဆိုသည်။
ကျင်းမေ့လီ၏ နာကျင်စွာဖြင့် မိမိကိုယ်ကို အပြစ်တင်နေသံကို ကြားရသောအခါ လော်ယွမ်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုညက ကျင်းမေ့လီ ရေသန့်ဗူးတစ်ဗူး ကောက်လာခဲ့မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ကံကောင်းသည်မှာ ရောနှောမသောက်မိခြင်းပင်။ သို့မဟုတ်ပါက သေဆုံးသူမှာ တစ်ယောက်တည်း ဖြစ်မည်မဟုတ်ပေ။
----------------------------------------------------
ထိုအချိန်တွင် ကျောက်တကန်း၏ ခန္ဓာကိုယ်သည် တစ်ချက်တုံတက်သွားပြီး ကျယ်လောင်သော လေလည်သံတစ်ခုနှင့်အတူ သူ၏ ဘောင်းဘီမှာ စိုရွှဲသွားကာ ခန္ဓာကိုယ်မှလည်း မစင်အနံ့ဆိုးများ ထွက်ပေါ်လာသည်။ သူသည် မျက်လုံးများကို ပျူးလျက် ကောင်းကင်ကိုသာ သေချာစိုက်ကြည့်နေသည်။ ခန္ဓာကိုယ်က အပြင်းအထန် တဆတ်ဆတ်တုန်ခါသွားပြီးနောက် လုံးဝငြိမ်သက်သွားတော့သည်။
ဝမ်ရှီရှီသည် ခုမှပြန်ရောက်လာပြီး စိတ်ထဲတွင် မလုံမလဲဖြစ်နေစဉ် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားဖြင့် ပါးစပ်ကို အုပ်ထားလိုက်မိသည်။
လော်ယွမ်၏ စိတ်ထဲတွင် ဆို့နင့်သွားသည်။ ခုနကပင် သူနှင့် စကားပြောနေသေးသော လူတစ်ယောက်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ရာ သူ၏ စိတ်ကို အလွန်ထိခိုက်စေသည်။ သူသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် "စွန်းရှောင်ဝူ... မင်းတို့တွေ ထင်းနည်းနည်းသွားပြင်ဆင်လိုက်... ချက်ချင်း မီးသင်္ဂြိုဟ်ရမယ်... ဒီအလောင်းကို ကြာကြာထားလို့မဖြစ်ဘူး" ဟု ပြောလိုက်သည်။
ကပ်ပါးကောင်များသည် လက်ခံကောင် သေဆုံးသွားသည်နှင့် ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ပစ်မှတ်အသစ်ကို ရှာဖွေတတ်သည်။ ထိုအချိန်မှသာ ဖြေရှင်းမည်ဆိုလျှင် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ပေသည်။
ကျင်းမေ့လီက ငိုယိုအော်ဟစ်ကာ တားဆီးရန် ကြိုးစားသော်လည်း မည်သူမှ သူမကို ဂရုမစိုက်ပေ။ လူအချို့က မောပန်းနွမ်းနယ်နေပြီး ထုံကျင်နေသော ခြေထောက်များကို သယ်ကာ အိမ်ကြီးဘေးရှိ ကွက်လပ်မှ ထင်းများကို သယ်လာကြသည်။
တစ္ဆေထနောင်းပင်ကဲ့သို့ သန္ဓေပြောင်းအပင်များ ထပ်မံမပေါ်ပေါက်စေရန် ဤအချိန်အတောအတွင်း အိမ်ရာတွင်းရှိ သစ်ပင်များကို လော်ယွမ်က တစ်ပင်ချင်းစီ ခုတ်လှဲပြီး ထင်းများအဖြစ် ပိုင်းဖြတ်ကာ တောင်ကဲ့သို့ စုပုံထားသဖြင့် သုံးမကုန်နိုင်အောင်ပင် ရှိနေသည်။
"နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပါ" ဟု လော်ယွမ်က ကျင်းမေ့လီကို ပြောလိုက်သည်။
ကျင်းမေ့လီသည် ရှုံ့မဲ့နေသော ကျောက်တကန်း၏ မျက်နှာကို ကြည့်ရင်း အသက်ရှူမဝနိုင်အောင် ငိုကြွေးနေသည်။
"သယ်သွားတော့" လော်ယွမ်သည် ခဏစောင့်ကြည့်ပြီးနောက် ကျင်းမေ့လီမှာ ငိုနေရုံမှလွဲ၍ ဘာမှမလုပ်တော့သည်ကို မြင်သောအခါ လက်ကာပြလိုက်သည်။
ထိုနေရာတွင်လုပ်အားပေးသူမှာ လော်ယွမ်မှလွဲ၍ ယောက်ျားလေးယောက်သာ ရှိသည်။ လင်းရှောင်ကျီက မိမိကိုယ်ကို ဆင့်ကဲပြောင်းလဲလာသူဟု မာနကြီးနေသောကြောင့် ဝင်မလုပ်ခဲ့ပေ။
ဟော်တုံက စွန်းရှောင်ဝူနှင့် ချန်ရှန်းဖုန်းကို အားကိုးရာမဲ့စွာ ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် ချီတုံချတုံဖြစ်နေသည်။ ထိုစဉ် ချန်ရှန်းဖုန်းသည် တိတ်ဆိတ်စွာပင် အဝတ်စတစ်ခုကို ကောက်ယူကာ အလောင်း၏ ခြေထောက်နှစ်ဖက်ကို သွားရောက်ပတ်လိုက်သည်။
ဟော်တုံသည် ချန်ရှန်းဖုန်းမှာ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ကြောင်း စိတ်ထဲမှ ချီးကျူးလိုက်သည်။ သူသည် စကားနည်းသော်လည်း သူ၏ စိတ်နှလုံးမှာ မည်သူ့ထက်မဆို ရှင်းလင်းသည်။ ခေါင်းငုံ့ပြီး အလုပ်လုပ်ကာ ဘယ်တော့မှ ပျင်းရိခြင်းမရှိသော "ဝန်ထမ်း" မျိုးကို မည်သူက မနှစ်သက်ဘဲ ရှိမည်နည်း။ လူရှိလျှင် ပြိုင်ဆိုင်မှုရှိစမြဲပင်။ သူကိုယ်တိုင်လည်း ယခုအခါ သူဌေးမဟုတ်တော့ဘဲ "ဝန်ထမ်း" တစ်ဦးသာ ဖြစ်နေပြီဖြစ်သည်။ သူက နားလည်သဘောပေါက်သွားပြီး အိမ်ကြီးထဲသို့ အပြေးအလွှားဝင်ကာ အဝတ်စတစ်စကို ရှာဖွေယူဆောင်လာသည်။
စွန်းရှောင်ဝူသည်လည်း မူလက သွားရန် စဉ်းစားခဲ့သော်လည်း နှစ်ယောက်သွားနှင့်ပြီဖြစ်သောကြောင့် ခဏတာ ချီတုံချတုံဖြစ်သွားသည်။ သူ၏ စိတ်ထဲတွင် ကပ်ပါးကောင်နှင့် အလောင်းအပေါ် ကြောက်ရွံ့မှုက အနိုင်ယူသွားပြီး မူလနေရာသို့ ပြန်လည်ရပ်နေလိုက်သည်။
အောင်မြင်မှုဆိုသည်မှာ မတော်တဆ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဒေဝါလီခံရသော သူဌေးတစ်ဦးသည် သာမန်လူတစ်ဦးထက် သူဌေးပြန်ဖြစ်နိုင်ခြေ ပိုများသည်။ အဆက်အသွယ်များအပြင် သူတို့သည် အခြားသူများထက် အခြေအနေကို ပိုမိုလေ့လာနိုင်ပြီး အခွင့်အရေးကို ဆုပ်ကိုင်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။
သူတို့နှစ်ဦးသည် အလောင်းကို မကာ ထင်းပုံပေါ်သို့ တင်လိုက်ကြသည်။
မီးတောက်များ တဟုန်းဟုန်းတောက်လောင်လာပြီး ကျောက်တကန်း၏ အလောင်းကို ဝါးမျိုသွားကာ မီးခိုးမည်းများ ထွက်ပေါ်လာသည်။ အားလုံးက အဝေးတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး ကျင်းမေ့လီ၏ နာကျင်စွာ နောင်တရနေသော ငိုရှိုက်သံသာ ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေတော့သည်။
ဆက်ရန်...
အပိုင်း(၁၁၁)အန္တရာယ်
"အဲ့တာကျွန်မကြောင့်ပဲ... ကျွန်မအမှားပဲ... ကျွန်မကြောင့်သူသေရတာ" ကျင်းမေလီ၏ မျက်လုံးများက ခံစားချက်မရှိပဲ အသက်ကင်းမဲ့နေသကဲ့သို့ ဖြစ်နေသည်။ ဟွမ်ကျားဟွေကသာ ထိန်းမထားခဲ့လျှင် သူမသည် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားလောက်ပေပြီ။
အလောင်းသည် ပြင်းထန်သော မီးတောက်များထဲတွင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားသည်ကို ကြည့်ပြီးနောက် လော်ယွမ်သည် သူမရှေ့သို့ လျှောက်သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်တော်စိတ်မကောင်းပါဘူး"
ကျင်းမေလီသည် ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့ကာ သစ်သားရုပ်ကဲ့သို့ ဖြစ်နေပြီး ဟွမ်ကျားဟွေ၏ လက်ကို ဖယ်ခါကာ ယိမ်းယိုင်သော ခြေလှမ်းများဖြင့် ဗီလာအိမ်ကြီးဆီသို့ ပြန်လျှောက်သွားသည်။
လော်ယွမ်သည် စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးနေမိသည်။ ဤကမ္ဘာပျက်ကာလတွင် အားနွဲ့သော အမျိုးသမီးတစ်ယောက်အတွက် ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရခြင်းက မိုးပြိုကျသကဲ့သို့ပင် ဖြစ်သည်။ ဤရိုက်ခတ်မှုသည် သူမအတွက် အလွန်ကြီးမားလှသည်။ သူမ စိတ်တင်းထားနိုင်ပါစေဟုသာ သူမျှော်လင့်မိသည်။
ကျောက်တကန်း၏ သေဆုံးမှုသည် လော်ယွမ်အတွက်လည်း သတိပေးခေါင်းလောင်းသံတစ်ခုကို ထိုးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။
အန္တရာယ်များဖြင့် ပြည့်နှက်နေသော ဤကမ္ဘာတွင် သက်ရှိအားလုံးသည် ဆင့်ကဲပြောင်းလဲနေကြသည်။ ယခင်က မျက်စိထဲတွင်ပင် မထည့်ခဲ့သော ကပ်ပါးကောင်များပင်လျှင် လူကို ကြီးမားသော အန္တရာယ်ပေးနိုင်သည်။ ဤကပ်ပါးကောင်များသည် လုံလောက်သော အစာအာဟာရနှင့် ကြီးထွားရန်အတွက် သင့်တော်သော ပတ်ဝန်းကျင်သာ ရရှိပါက သူတို့၏ ကြီးထွားနှုန်းနှင့် မျိုးပွားနိုင်စွမ်းသည် အံ့ဩထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြန်ဆန်ပြီး အချိန်တိုအတွင်းမှာပင် အရွယ်ရောက်ပြီးသူတစ်ယောက်ကို သေစေနိုင်သည်။
နေ့လယ်ပိုင်းတွင် လော်ယွမ်တို့အဖွဲ့သည် မြေအောက်ခန်းထဲမှ စားသောက်ကုန်အမျိုးမျိုးကို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖယ်ရှားခဲ့ကြသည်။
သို့သော် ရလဒ်များကမူ လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေပြီး ကြက်သီးမွေးညင်းများ ထောင်သွားစေခဲ့သည်။ ပလတ်စတစ်အထုပ်အချို့မှာ ကိုက်ဖြတ်ခံထားရပြီး မျက်နှာပြင်တွင် အပ်ပေါက်ရာကဲ့သို့ သေးငယ်သော အပေါက်များဖြင့် ပြည့်နှက်နေသည်။ အသင့်စားအထုပ်အချို့၏ အတွင်းပိုင်းတွင်မူ ပုံပန်းသဏ္ဌာန်ဆန်းပြားသော ပိုးကောင်များဖြင့် အစားထိုးခံထားရပြီး ဆန်အချို့မှာလည်း ကံဆိုးခြင်းမှ မလွတ်ကင်းခဲ့ပေ။
လော်ယွမ်သည် ဆန်အိတ်တစ်လုံးထဲမှ အရောင်အသွေးစုံလင်ပြီး ၁ပေခွဲခန့်ရှည်သော ပိုးကောင်ရှည်ကြီး ဆယ်ကောင်ကျော်ကိုပင် ဖမ်းမိခဲ့ရာ ကြည့်ရသူတိုင်းကို ကြက်သီးထစေခဲ့သည်။
ဤပစ္စည်းများအားလုံးသည် ဤရက်ပိုင်းအတွင်း ရပ်ကွက်အတွင်းမှ အပျက်အစီးများထဲမှ စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သေချာမစစ်ဆေးဘဲ အတူတကွ ပုံထားခဲ့မိရာ အတွင်းမှ ပြဿနာများက ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူ၏စိတ်ထဲတွင် ကျောချမ်းသွားသော်လည်း တစ်ချိန်တည်းမှာပင် ကံကောင်းသည်ဟုလည်း တွေးမိသည်။ ကံကောင်းထောက်မစွာ စောစီးစွာ တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ ပစ္စည်းဆုံးရှုံးခြင်းသည် ဒုတိယအရေးကြီးသောအရာဖြစ်ပြီး အဓိကအချက်မှာ သတိမထားမိဘဲ စားသုံးမိသွားပါက လော်ယွမ်၏ ကိုယ်ခန္ဓာအဆင့် ၁၃ မှတ်ဖြင့်ပင်လျှင် အသက်ရှင်နိုင်မည်ဟု အာမမခံနိုင်ခြင်းပင် ဖြစ်သည်။
ထို့နောက် လော်ယွမ်သည် ပိုးကိုက်ရာအနည်းငယ်မျှရှိသော ပစ္စည်းအားလုံးကို မြေအောက်ခန်းမှ ထုတ်ယူပြီး အိမ်ကြီးအပြင်ဘက်တွင် စုပုံကာ မီးရှို့ပစ်လိုက်သည်။
အန္တရာယ်အနည်းငယ်သာ ရှိနေသော်လည်း လော်ယွမ်က ဤပိုးကိုက်ခံထားရသော အစားအစာများကို မစားသုံးလိုပေ။ မီးက မြေအောက်ခန်းရှိ ပစ္စည်းအားလုံး၏ သုံးပုံတစ်ပုံခန့်ကို လောင်ကျွမ်းသွားစေခဲ့ရာ အခြားသူများကိုမူ နှမြောတသဖြစ်စေခဲ့သည်။
အမှန်စင်စစ် လော်ယွမ်သည် သူ၏ အမျိုးအမည်ခွဲခြားအစွမ်းနှင့် အစားအစာ၏ ဘေးကင်းမှုကို စစ်ဆေးနိုင်သော်လည်း ထိုအစွမ်းက အကန့်အသတ်မရှိ အသုံးပြုနိုင်သော အရာမဟုတ်ပေ။ ၎င်းက သူ၏အာရုံခံစားနိုင်စွမ်းကို သုံးစွဲရသည်။ သူ၏ လက်ရှိအာရုံခံစားနိုင်စွမ်းအရ တစ်နေ့လျှင် အများဆုံး ဆယ်ကြိမ်ခန့်သာ အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုနိုင်သည်။ ထို့ထက်ပိုပါက ခေါင်းကိုက်ပြီး စိတ်မကြည်မလင် ဖြစ်ပေလိမ့်မည်။
ဤမျှလောက်များသော ပစ္စည်းများကို အားလုံးစစ်ဆေးပြီးစီးရန်အတွက် ဆယ်ရက်ကျော်ခန့် အချိန်ယူရမည်ဖြစ်ပြီး သူက ထိုမျှလောက်ထိ ဒုက္ခခံရန်မလိုအပ်သလို အချိန်လည်းမရှိပေ။ သန္ဓေပြောင်းသားရဲများကို တိုက်ရိုက်အမဲလိုက်နိုင်သော လော်ယွမ်အတွက် ဤဆုံးရှုံးသွားသော ပစ္စည်းများသည် သူ၏မျက်စိထဲတွင်ပင် မရှိပေ။
တစ်နေကုန် ကျင်းမေလီသည် အခန်းထဲတွင်သာ ပုန်းအောင်းနေပြီး အပြင်သို့ မထွက်လာခဲ့ပေ။ ညစာစားချိန်ရောက်သောအခါ ဟွမ်ကျားဟွေသည် အခန်းတံခါးကို သွားခေါက်ကြည့်သော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မရခဲ့ပေ။
ထိုအခါမှ လော်ယွမ်သည် အိမ်ကြီးထဲတွင် သွေးညှီနံ့အနည်းငယ် ရနေသည်ကို သတိပြုမိလိုက်သည်။ သူ၏စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး အလျင်အမြန် မတ်တပ်ရပ်ကာ အခန်းတံခါးရှေ့သို့ လျှောက်သွားသည်။ တံခါးလက်ကိုင်ကို ဆုပ်ကိုင်ပြီး ဖြည်းညင်းစွာ လှည့်လိုက်ရာ သူထင်ထားသည့်အတိုင်းပင် အတွင်းမှ သော့ခတ်ထားသည်။
"သူတစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်" ဟွမ်ကျားဟွေသည် စိုးရိမ်စွာဖြင့် ပြောလိုက်ပြီး တံခါးကို အားကုန်ထုကာ "ကျင်းမေလီ... တံခါးဖွင့်... ကျင်းမေလီ တံခါးဖွင့်စမ်းပါ" ဟု အော်ခေါ်လိုက်သည်။
"ထုမနေနဲ့တော့... တံခါးနားကဖယ်" လော်ယွမ်သည် စိတ်ထဲတွင် လေးလံစွာ ပြောလိုက်သည်။ ဤသွေးညှီနံ့သည် အခန်းထဲမှ ထွက်လာခြင်းဖြစ်ပြီး အတွင်းမှလူသည် ကံဆိုးမိုးမှောင်ကျသွားပြီ ဖြစ်နိုင်သည်။
ညစာစားရန် ပြင်ဆင်နေသူများသည်လည်း ဤအချိန်တွင် အခြေအနေမမှန်သည်ကို ခံစားမိပြီး စိုးရိမ်သော မျက်နှာများဖြင့် စုရုံးလာကြသည်။
ဟွမ်ကျားဟွေ နောက်ဆုတ်သွားပြီးနောက် လော်ယွမ်က တံခါးကို ကန်ဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော သွေးညှီနံ့သည် မျက်နှာကို လာရိုက်ခတ်သည်။ ဟွမ်ကျားဟွေသည် ဦးစွာပြေးဝင်သွားသည်။ အိပ်ခန်းထဲတွင် လူမရှိသဖြင့် သူမသည် ရေချိုးခန်းထဲသို့ အလျင်အမြန် ဝင်သွားရာ ထိတ်လန့်တကြားဖြင့် ပါးစပ်ကို အုပ်ထားမိတော့သည်။
ကျင်းမေလီသည် ရေချိုးကန်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူမ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေပြီး အဝတ်အစားအများစုမှာလည်း သွေးများဖြင့် စွန်းထင်းနေကာ ထူးဆန်းသော အလှတရားတစ်ခုကို ဆောင်နေသည်။ သူမ၏ လက်နှစ်ဖက်သည် ရေချိုးကန်အောက်ခြေတွင် အားနည်းစွာ တွဲလောင်းကျနေပြီး လက်ကောက်ဝတ်တွင် ဓားဖြင့် အကြိမ်ပေါင်းများစွာ လှီးဖြတ်ထားသော ဒဏ်ရာများရှိနေသည်။ ထိုနေရာမှ သွေးများသည် စီးထွက်ကုန်ခန်းသွားပြီး သွေးများက ရေချိုးကန်အောက်ခြေကို ပြည့်လျှံနေစေခဲ့သည်။
ဟွမ်ကျားဟွေက သူမ၏နဖူးကို စမ်းကြည့်လိုက်ရာ အေးစက်နေပြီး ခန္ဓာကိုယ်ပင်လျှင် စတင်တောင့်တင်းလာပြီဖြစ်သည်။ သူမသည် ခေါင်းခါကာ ခက်ခဲစွာ ပြောလိုက်သည်။ "သေနေတာ ၂နာရီလောက်ရှိပြီ... တော်တော်မိုက်တာပဲ... လူဆိုတာ မကျော်လွှားနိုင်တဲ့အခက်အခဲရယ်လို့ မရှိပါဘူး"
ဤသည်မှာ လော်ယွမ်သည် လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ကို ဒုတိယအကြိမ် တွေ့ကြုံရခြင်း ဖြစ်သည်။ ပထမတစ်ယောက်မှာ သားရဲအုပ်ကြားမှ ထွက်ပြေးစဉ်က သားဖြစ်သူ နင်းသတ်ခံရသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ လော်ယွမ်သည် သေဆုံးမှုများကို များစွာမြင်တွေ့ခဲ့ဖူးသော်လည်း သန္ဓေပြောင်းသားရဲများကြောင့် သေဆုံးခြင်း၊ သူကိုယ်တိုင် သတ်ဖြတ်ခြင်း၊ ဗုံးဒဏဏ်ဖြင့် သေဆုံးခြင်းတို့က ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ကို မျက်မြင်တွေ့ရခြင်းလောက် တုန်လှုပ်ဖွယ်ရာ မကောင်းပေ။
အားလုံးက ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရာ နောက်ဆုံးတွင် ရေချိုးခန်းရှိ မှန်တင်ခုံရှေ့တွင် မျက်ရည်များဖြင့် စိုရွှဲပြီး ကြေမွနေသော သေတမ်းစာတစ်စောင်ကို တွေ့ရှိခဲ့သည်။ သူမသည် ယခင်က စကားမဆင်ခြင်ဘဲ ပြောဆိုခဲ့သည်ကို စိတ်ရင်းမှန်ဖြင့် ရိုးသားစွာ တောင်းပန်ထားရာ ဖတ်ရသူတိုင်းကို မျက်ရည်ကျစေသည်။ နောက်ဆုံးတွင် သူမသည် ကျောက်တကန်း၏ အရိုးပြာနှင့်အတူ ရောနှောပေးရန် တောင်းဆိုထားပြီး "သေအတူ ရှင်မကွာ" ဟူသော ဆန္ဒကို ဖော်ပြထားသည်။
အားလုံးက ထိုစကားများကို ကြားရသောအခါ စိတ်ထဲတွင် လေးလံသွားကြသည်။ နင်းရှောင်ရမ်နှင့် ဝမ်ရှီရှီတို့သည် ရှိုက်ကြီးတငင် ငိုကြွေးကြပြီး အခြားအမျိုးသမီးများလည်း မျက်ရည်ကျခဲ့ကြသည်။ ထိုအမျိုးသမီးများသည် ပုံမှန်အားဖြင့် အတူတကွ နေထိုင်ကြပြီး ဆက်ဆံရေးမှာလည်း မဆိုးလှပေ။ နေ့လယ်ကပင် အတူတကွ အလုပ်ရှုပ်နေခဲ့ပြီး ယခုလိုမျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ယောက် ပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ဤသို့သောကိစ္စမျိုး ဖြစ်ပွားခဲ့သောကြောင့် လူအချို့သည် ညစာစားရန်ပင် မေ့လျော့သွားကြသည်။ အိမ်ကြီးအပြင်ဘက်မှ လောင်ကျွမ်းပြီးခါစ ပြာပုံပေါ်တွင် သစ်သားတစ်ပုံကို ထပ်မံထပ်တင်လိုက်ပြီး လူအချို့က အလောင်းကို ထိုပေါ်သို့ သယ်ဆောင်ရန် ကူညီပေးကြရာ မီးတောက်များသည် တစ်ဖန် ပြန်လည်တောက်လောင်လာသည်။
တစ်ရက်တည်းမှာပင် လူနှစ်ယောက် ဆက်တိုက် သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ညအိပ်ချိန်တွင် ဝမ်ရှီရှီသည် ရုတ်တရက် မိမိ၏အခန်းသို့ ပြန်အိပ်ရန် တောင်းဆိုလာရာ ဟွမ်ကျားဟွေကို အံ့အားသင့်စေခဲ့သည်။ လော်ယွမ်ကမူ ဝမ်ရှီရှီ၏ စိတ်ကို နားလည်သည်။ နေ့လည်ကကိစ္စကြောင့် သူမက ဟွမ်ကျားဟွေကို မျက်နှာချင်းဆိုင်ရန် အနည်းငယ် ခက်ခဲနေပြီး စိတ်ထဲတွင်လည်း အပြစ်ရှိသလို ခံစားနေရသည်။
လော်ယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဟွမ်ကျားဟွေကလည်း ဝမ်ရှီရှီ ရုတ်တရက် လိမ္မာလာသည်ကို မြင်သောအခါ အပြုံးတစ်ပွင့် မထိန်းနိုင်ဘဲ ပေါ်လာသည်။
"ရှီရှီကဘာလို့ရုတ်တရက်ကြီး သူ့အခန်းသူ ပြန်သွားအိပ်တာလဲ... ရှင်သူ့ကိုတစ်ခုခုပြောလိုက်လို့လား" အိပ်ရာပေါ်တွင် လဲလျောင်းနေစဉ် ဟွမ်ကျားဟွေသည် ဝမ်ရှီရှီ၏ ထူးဆန်းသော တုံ့ပြန်မှုကို ပြန်စဉ်းစားရင်း သံသယဖြင့် မေးလိုက်သည်။
"ထွေထွေထူးထူးမဟုတ်ပါဘူး... ရှီရှီကလိမ္မာတဲ့သူပဲ... ငါသူ့ကိုအကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်တော့ သူနားလည်သွားတာပဲ" လော်ယွမ်က သူမ၏စကားအတိုင်း လိုက်ပြောလိုက်သည်။
ဟွမ်ကျားဟွေက လော်ယွမ်ကို တစ်ချက်ထုလိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားကာ "ရှင်ဘယ်လိုတွေ လျှောက်ပြောလိုက်လို့လဲ... ရှီရှီကခုမှ ငယ်ငယ်လေးပဲ ရှိသေးတာကို" ဟု ဆိုသည်။
"မငယ်ပါဘူး... နင်ဘာသိလို့လဲ အခုခေတ်ခလေးတွေက ငါတို့ငယ်ငယ်တုံးကထက်တောင် ပိုနားလည်ကြသေးတယ်" လော်ယွမ်သည် စိတ်ထဲတွင် ခံစားမိသည့်အတိုင်း ပြောလိုက်သည်။
"အဲ့လိုဆိုရင်တောင် မဟုတ်တာလျှောက်ပြောလို့ မရဘူးလေ... ကျွန်မနောက်ကျ ရှီရှီကို ဘယ်လိုရင်ဆိုင်ရတော့မှာလဲ" ဟွမ်ကျားဟွေသည် ဒေါသထွက်ကာ သူ့ကို ခပ်ပြင်းပြင်းတစ်ချက် ဆွဲလိမ်လိုက်သည်။
"ဘာမှမပူနဲ့...တစ်ဖြည်းဖြည်းအသားကျ သွားလိမ့်မယ်" လော်ယွမ်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
"တော်ပြီ... ရှင်နဲ့ပြိုင်မပြောတော့ဘူး" ဟွမ်ကျားဟွေသည် ဒေါသတကြီး ပြောလိုက်ပြီးနောက် ကျောက်တကန်းလင်မယားကို ပြန်စဉ်းစားမိကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ "အသက်ဆိုတာ တစ်ကယ် နေ့မြင်ညပျောက်ပဲနော်... နေ့လယ်ကတည်းက ကျွန်မ ကျင်းမေလီကို တစ်ခုခုမှားနေတယ်လို့ ထင်နေတာ... ဒါပေမဲ့သိပ်ပြီးအရေးမလုပ်မိလိုက်ဘူး... သူခုလိုသက်သေသွားတာ မယုံနိုင်စရာပဲ"
"ဒါကသူ့အတွက် လွတ်မြောက်ရာလမ်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့... ဘာမှလျှောက်မတွေးနဲ့ အိပ်တော့"
အမှောင်ထဲတွင် လော်ယွမ်သည် မျက်လုံးများကို ဖွင့်ထားရင်း အပြင်ဘက်မှ ရင်တုန်ဖွယ်ကောင်းသော သားရဲဟိန်းဟောက်သံများကို နားထောင်ကာ စိတ်ထဲမှ "ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်လက်ရှင်သန်ရမယ်" ဟု ကြွေးကြော်လိုက်သည်။
--------------------------------------
အပြာရောင်အဆင့် သန္ဓေပြောင်းသားရဲ၏ အသွေးအသားကို စားသုံးပြီးနောက် ဖွတ်ကြီး၏ ပြန်လည်ကောင်းမွန်လာနှုန်းမှာ ပို၍အံ့ဩဖွယ်ကောင်းလာသည်။ တစ်ညအတွင်းမှာပင် သူ၏ဒဏ်ရာများသည် တစ်ဝက်ကျော်ခန့် ကောင်းမွန်လာပြီး အားနည်းသောအခြေအနေမှ ဒဏ်ရာပြင်းထန်သောအခြေအနေသို့ ပြန်ရောက်လာသည်။ ပြတ်နေသောခြေထောက်မှာလည်း တစ်ပိုင်းတစ်စ ပြန်လည်ထွက်လာသည်။
ဖွတ်ကြီး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ရန်အတွက် လော်ယွမ်က ဆက်လက်နှိပ်စက်ခြင်းမပြုဘဲ ဒဏ်ရာကို ဆက်လက်ကုသစေခဲ့သည်။
ဒုတိယနေ့တွင် ပြန်နေသောခြေထောက်က လုံးဝပြန်လည်ပေါက်ထွက်လာပြီး အခြေအနေမှာလည်း ဒဏ်ရာပြင်းထန်သောအခြေအနေမှ ဒဏ်ရာအနည်းငယ်သာရှိသောအခြေအနေသို့ ပြောင်းလဲသွားသည်။
နောက်နှစ်ရက်အကြာတွင် အတော်အတန်တိုက်ခိုက်နိုင်စွမ်း ပြန်ရှိလာသော ဖွတ်ကြီး၏ အခြေအနေမှာ အလွန်ကောင်းမွန်လာပြီး နေ့စဉ် တိုက်ပွဲပေါင်းများစွာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်မှုကြောင့် အကြိမ်တိုင်းတွင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ လော်ယွမ်သည် အဆင့်တက်ရန် တဖြည်းဖြည်း နီးကပ်လာစဉ်မှာပင် ဖွတ်ကြီးမှာမူ အဆင့်၂ ဆင့် တိုက်ရိုက်တက်သွားခဲ့သည်။ ပိုလျှံလာသော အဆင့်တက် အရည်အသွေးမှတ်များကို လော်ယွမ်က လျင်မြန်မှုအပေါ်တွင် အားလုံးထည့်လိုက်ရာ လျင်မြန်မှုက ၁၂မှတ်မှ ၁၄မှတ်သို့ ပြောင်းလဲသွားသည်။
အရည်အသွေးမှတ် နှစ်မှတ်သာ တိုးလာသည်ဟု ထင်ရသော်လည်း ဖွတ်ကြီး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆမက တိုးတက်လာခဲ့သည်။ မူလက အနည်းငယ် ဝနေသောခန္ဓာကိုယ်ပုံစံမှာလည်း အနည်းငယ် ပိုမိုသွယ်လျလာသည်။ ရရှိခဲ့သော ကျွမ်းကျင်မှုအမှတ် ဆယ်မှတ်ကို လော်ယွမ်သည် အမြီးရိုက်ခတ်ခြင်းနှင့် ခုန်အုပ်ကိုက်ဖြတ်ခြင်းတို့တွင် ခွဲဝေထည့်လိုက်သည်။ ခုန်အုပ်ကိုက်ဖြတ်ခြင်းသည် ၁၉ မှတ်ဖြစ်လာပြီး အမြီးရိုက်ခတ်ခြင်းမှာမူ ၁၅ မှတ်မှ ''အမြီးရိုက်ခတ်ခြင်း ကျွမ်းကျင်မှု - ဝ'' သို့ ပြောင်းလဲသွားသည်။
ဤအချက်သည် ဖွတ်ကြီးကို ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရေးယန္တရားကြီးတစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲစေခဲ့သည်။ ခုန်အုပ်ကိုက်ဖြတ်ခြင်းက သာမန်အတိုင်းဖြစ်သော်လည်း အမြီးမှာမူ အလွန်အားကောင်းသော ဖြတ်တောက်နိုင်စွမ်း ပေါ်ပေါက်လာခဲ့သည်။ အမြီးရိုက်ခတ်မှုအောက်တွင် ပတ်ဝန်းကျင်မှလေထုသည် တစ်စုတစ်စည်းတည်း ဖြစ်သွားသကဲ့သို့ ရှိပြီး သတ်ဖြတ်နိုင်စွမ်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် အားကောင်းလှသည်။ တစ်ကြိမ်တွင် အပြာနုရောင်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်နှင့် တွေ့ဆုံရာတွင် ရုန်းကန်ချိန်ပင်မရလိုက်ဘဲ သူ၏အမြီးဖြင့် တိုက်ရိုက် နှစ်ပိုင်းပြတ်သွားခဲ့သည်။
အကယ်၍ လော်ယွမ်က အစပိုင်းတွင် ယခုလက်ရှိ ဖွတ်ကြီးနှင့်သာ တွေ့ဆုံခဲ့ပါက အနိုင်အရှုံးမှာ ပြောရခက်ပေလိမ့်မည်။
အနီးအနားရှိ အနည်းငယ် အားကောင်းသော သန္ဓေပြောင်းသားရဲများကို လော်ယွမ်က တစ်ကောင်ချင်းစီ သတ်ဖြတ်ခဲ့ပြီး အတော်အတန်မြင့်မားသော အငွေ့အသက်များရှိသည့် သန္ဓေပြောင်းသားရဲများ၏ နယ်မြေအချို့ကိုသာ ချန်ထားခဲ့သည်။ လော်ယွမ်က ထိုနယ်မြေများကို ကျူးကျော်ရန် မဝံ့ရဲခဲ့ပေ။
လတ်တလော ဤရက်ပိုင်းအတွင်းမှ သတ်ဖြတ်မှုများသည် လော်ယွမ်နှင့် ဖွတ်ကြီးကို စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စေခဲ့သည်။ အထူးသဖြင့် ဖွတ်ကြီးမှာမူ ဒဏ်ရာအသစ်တော်တော်များများ တိုးလာခဲ့သည်။
လော်ယွမ်က အားအင်မွေးမြူပြီး အစွမ်းထက်ဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ကာ တစ်ကြိမ် အသက်စွန့်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် လတ်တလောရက်ပိုင်းအတွင်း အမည်မသိသော ဖိအားတစ်ခုကို ခံစားနေရပြီး ဖွတ်ကြီးမှာလည်း မငြိမ်မသက် ဖြစ်ကာ အလွန်စိတ်တိုနေသည်ကို တွေ့ရှိရသောကြောင့် ဖြစ်သည်။ အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသားရဲအချို့၏ နယ်မြေများမှ မီးရထားဥဩဆွဲသံကဲ့သို့သော လေးလံသော ဟိန်းဟောက်သံများက တစ်မြို့လုံးကို လွှမ်းခြုံနေသည်။
လော်ယွမ်က မြို့ထဲတွင် ပိုမိုအဆင့်မြင့်သော သန္ဓေပြောင်းသားရဲတစ်ကောင် ပေါ်ထွက်လာတော့မည်ဟု မထင်မှတ်ဘဲ ခန့်မှန်းမိလိုက်သည်။
အချိန်ကား သိပ်မကျန်တော့ပေ။
ဆက်ရန်...
အပိုင်း(၁၁၂)ခွဲခွာခြင်း
အရုဏ်တက်ချိန်တွင် တစ်ညလုံး အရပ်လေးမျက်နှာမှ တရစပ်ထွက်ပေါ်နေသော သားရဲဟိန်းသံများကြောင့် အိပ်မပျော်နိုင်ခဲ့သည့် ဟော်တုံက ဗီလာ၏တံခါးမကြီးကို ဖွင့်လိုက်သည်။ သို့သော် သူ အံ့အားသင့်သွားရသည်မှာ လော်ယွမ်က တစ်ညလုံးမအိပ်ဘဲ ဗီလာရှေ့မှ ကွင်းပြင်တွင် ထိုင်နေခြင်းပင်။
သူ၏မျက်နှာထားက တည်ငြိမ်နေပြီး မျက်လုံးများကို ခပ်မှေးမှေး မှိတ်ထားကာ တင်ပလ္လင်ခွေထိုင်နေသည်။ သူ၏ဆံပင်နှင့် အဝတ်အစားများမှာ နှင်းစက်များဖြင့် စိုရွှဲနေခဲ့ပြီဖြစ်သည်။ အပြာရောင်သမ်းနေသော ဓားရှည်တစ်လက်ကို သူ၏ရှေ့တည့်တည့်တွင် စိုက်ထောင်ထားရာ အရုဏ်ဦးနေရောင်အောက်၌ အေးစက်စက်အလင်းရောင်ကို ရောင်ပြန်ဟပ်နေ၏။ ဟော်တုံသည် ထိုမြင်ကွင်းကို စူးစိုက်ကြည့်ရင်း သမ်းဝေရန်ပင် မေ့လျော့သွားသည်။
"ဘာဖြစ်လို့လဲ" တစ်ခန်းတည်းနေသော စွန်းရှောင်ဝူလည်း အိပ်ရာမှထလာပြီး တံခါးဝတွင် မလှုပ်မယှက်ရပ်နေသော ဟော်တုံကို မြင်သောအခါ သူ့ကိုဆွဲကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ခေါင်းဆောင်ယွမ် အပြင်မှာ တရားထိုင်နေတယ်... သူ့ကိုအနှောက်အယှက်မဖြစ်အောင်လို့ ငါတို့အပြင်မထွက်သေးတာ ကောင်းမယ်" ဟော်တုံက ခပ်ဟဟရယ်ရင်း ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရသည်။
ဤရက်ပိုင်းအတွင်း အရာအားလုံးက ပုံမှန်မဟုတ်ပေ။ သန္ဓေပြောင်းသတ္တဝါများအားလုံး စိတ်ကြွဆေးများ စားသုံးထားကြသကဲ့သို့ နေ့ စဉ်တစ်ခဏမျှပင် တိတ်ဆိတ်ခြင်းမရှိချေ။ မိုးခြိမ်းသံကဲ့သို့သော ဆူညံသံများကြောင့် ခေါင်းပေါ်မှ မျက်နှာကြက်သည်ပင် ဖုန်မှုန့်များ တုန်ခါ၍ ကျဆင်းနေပြီး လွှွမ်းမိုးမှုပြင်းထန်လွန်းသဖြင့် လူကို ရူးမတတ်ဖြစ်စေသည်။
ဤအဖြစ်အပျက်အားလုံးက ဤမြို့ရှိ သန္ဓေပြောင်းသတ္တဝါများအကြား ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည်ကို ညွှန်ပြနေသည်။ ခေါင်းဆောင်ယွမ်၏ တုံ့ပြန်ပုံကမူ သူ၏စိတ်ထဲမှ ထင်မြင်ချက်ကို ပို၍ပင် အတည်ပြုပေးနေသကဲ့သို့ ရှိသည်။
စွန်းရှောင်ဝူက အပြင်ထွက်၍ လေညှင်းခံချင်သေးသော်လည်း တံခါးကြားမှ လော်ယွမ် အမှန်တကယ် "ကျင့်ကြံအားထုတ်" နေသည်ကို မြင်သောအခါ အပြင်ထွက်ရန် မဝံ့ရဲတော့ပေ။ ဤလူများထဲတွင် သူအကြောက်ဆုံးမှာ လော်ယွမ်ပင်ဖြစ်သည်။ အစာကွင်းဆက်၏ အထွတ်အထိပ်မှ သားရဲတစ်ကောင်နှင့် ကြုံတွေ့ရသော သာမာန်သတ္တဝါလေးကဲ့သို့ သူနှင့် စကားပြောသည့်အခါတိုင်းပင် တုန်တုန်ယင်ယင်ဖြစ်ကာ ဖိအားကိုခံစားရသဖြင့် ပုံမှန်အားဖြင့် ရှောင်နိုင်လျှင် ရှောင်ရှားလေ့ရှိသည်။
"ခေါင်းဆောင်ယွမ်က တကယ်ကို ဇွဲကောင်းတာပဲ... သူအဲ့လောက်စွမ်းနေတာ အံ့သြစရာတော့ မဟုတ်ဘူး" စွန်းရှောင်ဝူက ခပ်တိုးတိုးပြောရင်း တံခါးကြားမှ စပ်စုစွာ ချောင်းကြည့်နေသည်။ "ခေါင်းဆောင်ယွမ်က အတွင်းအားကျင့်စဉ်တွေ ကျင့်နေတာများလား"
"ဒါတော့ ငါလည်းမသိဘူး... မင်းသိချင်ရင် သူ့ကို တိုက်ရိုက်မေးကြည့်ပါလား" ဟော်တုံက ပြုံးစိစိဖြင့် ဆို၏။
"မေးရင်တောင် သူက သင်ပေးမှာမဟုတ်လောက်ပါဘူး" စွန်းရှောင်ဝူက မေးရန်မဝံ့ရဲသည်မှာ သေချာသဖြင့် စိတ်ပျက်အားငယ်စွာ ဆိုလိုက်သည်။
"ခေါင်းဆောင်ယွမ်က အဲ့လိုလူစားမျိုးမဟုတ်ပါဘူး... သူ ငါတို့ကို ကိုယ်ခံပညာ သင်ပေးနေတာပဲ မဟုတ်လား" ဟော်တုံက လော်ယွမ်၏ မကောင်းကြောင်းကို တစ်ခွန်းတစ်ပါဒမျှပင် မပြောဝံ့ပေ။ သူတို့နှင့် ပေ၉၀ဆယ်ခန့် ကွာဝေးပြီး စကားပြောသံကိုလည်း တမင်နှိမ့်ထားသော်ငြား လော်ယွမ် မကြားနိုင်ဟု သူ မအာမခံရဲပေ။
"ဘာကိုယ်ခံပညာလဲ... ငါတို့မြင်းထိုင်ပဲသင်နေရတာ... သူကျန်တာဘာသင်ပေးလို့လဲ" စွန်းရှောင်ဝူက အသံကျယ်ကျယ်မပြောဝံ့ဘဲ အသံကိုနှိမ့်ကာ ဆိုလိုက်သည်။
"ဒါကအစပဲရှိသေးတာကိုး... နောက်ကျသူသေချာပေါက် သင်ပေးမှာပါ... ပြီးတော့ညီမဝမ်လည်း ငါတို့နဲ့အတူ သင်နေတာပဲလေ" ဟော်တုံက ဖျောင်းဖျလိုက်သော်လည်း စိတ်ထဲတွင်တော့ စွန်းရှောင်ဝူကိုအနည်းငယ် အထင်သေးမိသည်။ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သေးဘဲ ပြေးချင်နေသည့်အလားပင်။ သူက ကိုယ်ခံပညာ မလေ့ကျင့်ဖူးသော်လည်း ဘယ်ပညာရပ်မဆို အခြေခံက အရေးကြီးဆုံးဖြစ်ကြောင်းသူ သိသည်။
"သူ့ကိုသီးသန့်သင်ရင် သင်ပေးနေမှာပေါ့... ဘယ်လိုပဲပြောပြော သူတို့က တစ်ခန်းထဲ အတူအိပ်နေတာပဲကို" စွန်းရှောင်ဝူ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေပြီး သူ၏လေသံထဲတွင်လည်း မကျေနပ်သံများ ပါဝင်နေသည်။
"တော်တော့... စကားကိုလျှောက်မပြောနဲ့... မင်းစကားပြောနည်းလေ မင်းအတွက်ကောင်းလေပဲ" ဟော်တုံ မျက်မှောင်ကြုတ်လိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်ကာ စေတနာဖြင့် သတိပေးလိုက်သည်။
ကျေးဇူးတရားကို နားမလည်သူပါလား။ သူတစ်ပါး၏စေတနာကို အလကားရသည်ဟု သဘောထားပြီး တစ်ခုခု အလိုမကျဖြစ်သည်နှင့် ကျေးဇူးရှင်ကိုပင် ပြန်၍ရန်ငြိုးဖွဲ့တတ်သော ဤသို့သောလူစားမျိုးနှင့် အတွင်းကျကျမပေါင်းသင်းအပ်ပေ။ သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ နောင်တွင် ဤလူနှင့် ဝေးဝေးနေမည်။ ဤသို့သောလူနှင့် နီးကပ်လွန်းလျှင် တစ်နေ့မဟုတ်တစ်နေ့ အသက်အန္တရာယ်ပင် ကြုံရနိုင်သည်။
စွန်းရှောင်ဝူက မသိစိတ်ဖြင့် ညည်းညူလိုက်ခြင်းသာ ဖြစ်သော်လည်း ဤသို့သော မရည်ရွယ်ဘဲ ပြောထွက်လာသောစကားများက လူတစ်ယောက်၏ပင်ကိုစိတ်ဓာတ်ကို ပို၍ထင်ရှားစေသည်။ မူလက သူအထင်အသေးဆုံးမှာ ချန်ရှန်းဖုန်းဖြစ်သော်လည်း ယခုအခါတွင်မူ ထိုလူကို ပို၍သတိထားလာပြီး ဂြိုလ်ဆိုးတစ်ခုအဖြစ်ပင် သတ်မှတ်လိုက်သည်။
စွန်းရှောင်ဝူက ဟော်တုံ၏သတိပေးစကားကို ဂရုမစိုက်သည့်အပြင် ဟော်တုံကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ "ကျုပ်ကနောက်တာပါ... ခင်ဗျားနဲ့ဒီတိုင်းစကားမရှိစကားရှာပြောလိုက်တာပါ... အဲ့လောက်စိတ်ထဲမထားပါနဲ့"
ဟော်တုံက ခြောက်ကပ်ကပ်ရယ်လိုက်ပြီးနောက် သူနှင့်ဆက်မပတ်သက်ချင်တော့သဖြင့် အခန်းထဲသို့ပြန်ကာ မြင်းထိုင် သွားလေ့ကျင့်တော့သည်။
ထိုအချိန်တွင် လင်းရှောင်ကျီလည်း သမ်းဝေရင်း ထွက်လာသည်။ သူက စွန်းရှောင်ဝူကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ဆက်ခြင်းမပြုဘဲ ဆိုဖာပေါ်တွင်ထိုင်ကာ ဆေးလိပ်ကိုသာ မှိုင်တွေစွာ ဖွာနေတော့သည်။
"မာနလာကြီးပြနေသေးတယ်... သူ့ကိုယ်သူဆရာကြီးဒီဇိုင်းနဲ့... ကံကောင်းပြီးသန္ဓေပြောင်းလူသားဖြစ်လာတာများ ဘာထူးဆန်းလို့လဲ" စွန်းရှောင်ဝူ စိတ်ထဲတွင် တိုးတိုးလေးရေရွတ်နေစဉ်မှာပင် တံခါးမကြီးပွင့်လာပြီး လော်ယွမ်က တိတ်ဆိတ်စွာ ဝင်လာကာ သူ့ကို မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ခေါင်းဆောင်" စွန်းရှောင်ဝူက အလျင်အမြန်ပင် ရိုကျိုးစွာ နှုတ်ဆက်လိုက်သည်။ လော်ယွမ်၏ အေးစက်သော အကြည့်ကြောင့် သူ ရင်ထဲတွင် ထိတ်လန့်သွားသည်။ စိတ်ထဲတွင်လည်း မနေနိုင်မထိုင်နိုင် တွေးနေမိသည်။ ခုနကစကားတွေကို ခေါင်းဆောင်ယွမ် ကြားများ ကြားသွားလေသလား။
သူဝင်လာသည်နှင့် ဧည့်ခန်းတစ်ခုလုံးသည် ဖိအားတစ်ခုဖြင့် ပြည့်နှက်သွားသကဲ့သို့ ရှိသည်။ ဆိုဖာပေါ်တွင်ထိုင်နေသော လင်းရှောင်ကျီက ပတ်ဝန်းကျင်၏ပြောင်းလဲမှုကို ခံစားမိပြီး ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားကာ ကပျာကယာ မတ်တပ်ထရပ်လိုက်မိသည်။ သတိပြန်ဝင်လာသောအခါ မျက်နှာ ထူပူသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်လိုက်ရသည်။
လော်ယွမ်က သူ့အား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး စကားမဆိုပေ။
စွန်းရှောင်ဝူက ဤသို့သောဖိအားကို မခံနိုင်တော့ဘဲ ဤနေရာတွင်ဆက်နေလျှင် တစ်ကိုယ်လုံး မအီမသာဖြစ်နေသည်ဟု ခံစားရသဖြင့် လော်ယွမ် သတိမထားမိခင်မှာပင် အခန်းထဲသို့ ပြန်ပြေးဝင်သွားတော့သည်။
လင်းရှောင်ကျီက လော်ယွမ်ကို ခိုးကြည့်လိုက်သည်။ ယနေ့ လော်ယွမ်သည် အထူးပင်တည်ကြည်နေပြီး အပြုံးအရယ်မရှိပေ။ သူ၏လက်ထဲမှ ဓားကိုလည်း တစ်ခဏမျှမချဘဲ ဆိုဖာပေါ်တွင် ထိုင်နေစဉ်မှာပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
သူ ချောင်းကြည့်နေစဉ်မှာပင် လူများ တဖြည်းဖြည်း ထွက်လာကြသည်။ နင်းရှောင်ရမ်က လင်းရှောင်ကျီကို မြင်သောအခါ တုံ့ဆိုင်းသွားပြီး မျက်နှာနီရဲစွာဖြင့် လင်းရှောင်ကျီ၏ရှေ့သို့ လျှောက်လာကာ အမှားတစ်ခုခုလုပ်ထားသကဲ့သို့ ဂရုတစိုက်ဖြင့် မေးလိုက်သည်။ "ရှင်… နေကောင်းသွားပြီလားဟင်"
လင်းရှောင်ကျီက သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာက တစ်ချက်ပြာ တစ်ချက်ဖြူ ပြောင်းလဲသွားသည်။ သူကအားတင်း၍ ပြုံးလိုက်ကာ မသက်မသာဟန်ဖြင့် ဆိုလိုက်သည်။ "ကျုပ် အကြိမ်ကြိမ်ပြောပြီးပြီလေ ဘာမှမဖြစ်ပါဘူးလို့"
"ဒါပေမဲ့…" နင်းရှောင်ရမ်က တစ်ခုခု ဆက်ပြောချင်နေသေးပုံရသည်။
"ကျုပ် တကယ် ဘာမှမဖြစ်တော့ပါဘူး" လင်းရှောင်ကျီက လက်ကို တရစပ်ခါယမ်းကာ စကားကို ဖြတ်ပြောလိုက်သည်။
သူ၏စိတ်ထဲတွင် အမှန်ပင် အလွန်ညစ်ညူးနေသည်။
ဤရက်ပိုင်းအတွင်း အဆင့်သုံး သန္ဓေပြောင်းသတ္တဝါအသားကို လုံလောက်စွာ စားသုံးခဲ့ရသဖြင့် သူ၏အစွမ်းသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အင်အားပိုကြီး၊ အရှိန်ပိုမြန်လာပြီး ပြန်လည်ကုစားနိုင်စွမ်းလည်း တစ်ဆင့်တက်လာခဲ့ရာ သူ၏ယုံကြည်မှုက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူက လော်ယွမ်နှင့် မယှဉ်နိုင်လျှင်တောင်မှ မိန်းကလေးတစ်ယောက်ဖြစ်သည့် နင်းရှောင်ရမ်ထက်တော့ အနည်းဆုံး သာလိမ့်မည်ဟု ထင်ထားခဲ့သည်။
ရလဒ်မှာမူ သူ စမ်းသပ်ကြည့်ရုံရှိသေးသည် သူ၏မာနတို့မှာ ကြေမွသွားခဲ့ရသည်။
ပထမအကြိမ်တွင် သူက လက်ရည်စမ်းမည်ဟု အကြောင်းပြကာ ဝမ်ရှီရှီကို သွားရှာခဲ့သည်။ ဝမ်ရှီရှီက အငြိုးအတေးကြီးသူဖြစ်ရာ လွန်ခဲ့သောရက်အနည်းငယ်က သူ့အား လှောင်ပြောင်ပြောဆိုခဲ့သည်များကို ယခုထိ မှတ်မိနေသေးသဖြင့် သူ၏အကြံနှင့် ကွက်တိပင် ဖြစ်သွားသည်။
သို့သော် လက်ရည်မစမ်းရသေးခင်မှာပင် လင်းရှောင်ကျီသည် လေထဲတွင် ပျံဝဲနေပြီး အရိပ်ပင်မမြင်ရလောက်အောင် မြန်ဆန်သော ဓားပျံကြောင့် ကြောက်လန့်ကာ မလှုပ်မယှက် ရပ်နေခဲ့ရသည်။
လင်းရှောင်ကျီ စိတ်ဓာတ်အကြီးအကျယ် ကျသွားပြီးနောက် နင်းရှောင်ရမ်ကို သွားရှာပြန်သည်။ သူမကို အနိုင်ကျင့်ရန်တော့ သူ မျက်နှာပူမိသည်။ နင်းရှောင်ရမ်သည် နူးညံ့ပြီး မွေးရာပါကြောက်တတ်သော မိန်းကလေးတစ်ဦးဖြစ်မှန်း တစ်ချက်ကြည့်ရုံဖြင့် သိသာပြီး တိုက်ခိုက်တတ်မည့်ပုံမပေါ်ပေ။ ထို့ကြောင့် သူက နင်းရှောင်ရမ်ကို သူ့အားတိုက်ခိုက်ခိုင်းပြီး သူမ၏စွမ်းရည်ကို စမ်းသပ်ကြည့်ချင်ခဲ့သည်။
နင်းရှောင်ရမ်က သူ့ကို ထိခိုက်သွားမည်စိုးသဖြင့် သဘောမတူခဲ့ပေ။ နောက်ဆုံးတွင် သူက အကြိမ်ကြိမ်ဖျောင်းဖျပြီး သူ၏အစွမ်းထက်သော ပြန်လည်ကုစားနိုင်စွမ်းအကြောင်းကို ရှင်းပြမှသာ လူကိုထိခိုက်သွားမည်စိုးရိမ်သော နင်းရှောင်ရမ်က စိတ်မပါတပါဖြင့် သဘောတူခဲ့သည်။
လင်းရှောင်ကျီက သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ထိခိုက်မှုမရှိဘဲ လုံးဝခံနိုင်ရည်ရှိမည်ဟု မူလက ထင်ထားခဲ့သည်။ သို့သော် လုံးဝမထင်မှတ်ထားသည်မှာ နင်းရှောင်ရမ်၏ ဤအချိန်အတောအတွင်း တိုးတက်မှုနှုန်းက သူ့ထက်ပင်ပို၍ မြန်ဆန်နေပြီး အင်အားမှာလည်း ကြောက်ခမန်းလိလိ ကြီးမားနေခြင်းပင်။ ပို၍အရေးကြီးသည်မှာ သူမ၏ကိုယ်ထဲတွင် ထူးဆန်းသော တုန်ခါမှုစွမ်းအင်တစ်ခု ရှိနေခြင်းဖြစ်သည်။ ရလဒ်မှာတော့ ဝမ်းနည်းဖွယ်ရာပင်။
သူ တစ်ခါတည်း လွင့်ထွက်သွားခဲ့သည်။ လုံးဝရှင်းရှင်းလင်းလင်း လွင့်ထွက်သွားခြင်းဖြစ်ပြီး ခြေထောက်နှစ်ဖက်လုံး မြေပြင်မှလွတ်ထွက်ကာ ၁၅ပေခန့် လွင့်သွားပြီးမှ မြေပေါ်သို့ ပြုတ်ကျပြီး အချိန်အတော်ကြာအောင် မထနိုင်တော့ပေ။ နင်းရှောင်ရမ်မှာ စိုးရိမ်လွန်း၍ ငိုမတတ်ပင် ဖြစ်သွားခဲ့သည်။
လူအများက ဤအဖြစ်အပျက်များကို မသိကြသဖြင့် နားမလည်နိုင်ဖြစ်နေကြသည်။ ဟွမ်ကျားဟွေက မေးသောအခါ နင်းရှောင်ရမ်က မဖုံးကွယ်ဝံ့ဘဲ စေတနာဖြင့် ရှင်းပြလိုက်ပြီးနောက် ဆက်လက်၍ တောင်းပန်နေတော့သည်။
လင်းရှောင်ကျီ၏ မျက်နှာက အိုးမဲသုတ်ထားသကဲ့သို့ ဖြစ်သွားပြီး အကယ်၍သာ မြေကြီးထဲသို့ ငုံ့လျှိုးဝင်ရောက်သွားနိုင်မည်ဆိုလျှင် ချက်ချင်းပင် ဝင်ရောက်သွားချင်စိတ် ပေါက်သွားသည်။
လူအများက ဟားတိုက်ရယ်မောကြပြီး ပုံမှန်မဟုတ်သော လော်ယွမ်ပင်လျှင် အပြုံးအရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ချောင်လင်က ယနေ့အတွက်နံနက်စာကို သယ်လာသည်။ လူတိုင်းအတွက် နှင်းကဲ့သို့ဖြူဖွေးနေသော ဟင်းရည်ပြစ်ပြစ်တစ်ပန်းကန်စီဖြစ်ပြီး ပန်းကန်များမှာ အရွယ်အစားမတူညီကြပေ။ သာမန်လူများနှင့် ဝမ်ရှီရှီတို့မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနိမ့်သောကြောင့် အားပြင်းလွန်းသော အစားအစာများကို မခံနိုင်သဖြင့် ပန်းကန်ငယ်လေးများသာ ဖြစ်သည်။
ခန္ဓာကိုယ်အသားပေး ဆင့်ကဲပြောင်းလဲသူများမှာမူ ပန်းကန်ကြီးများဖြစ်ပြီး အထဲတွင် သန္ဓေပြောင်းသတ္တဝါကလီစာတုံးကြီးများ ပါဝင်သည်။ မည်သည့်အချိန်အခါမဆို ဤသို့သော အသားဟင်းရည်တစ်ပန်းကန်က ဇိမ်ခံအစားအစာဖြစ်သည်။ လွန်ခဲ့သောရက်များအတွင်း လော်ယွမ်က နေ့စဉ်နီးပါး အမဲလိုက်ထွက်ခဲ့သဖြင့် စားစရာအမြောက်အမြား စုဆောင်းထားပြီးဖြစ်ရာ ဗိုက်တင်းအောင်စားလျှင်ပင် ကုန်နိုင်မည်မဟုတ်ပေ။
စားသောက်ပြီးနောက် လော်ယွမ်က အလေ့အထမရှိဘဲ ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်လိုက်သည်။ ထို့နောက် ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေကိုခေါ်ကာ ဒုတိယထပ်ရှိ အိပ်ခန်းကျယ်သို့ လျှောက်သွားသည်။
"မနေ့ကတည်းက ရှင်ပုံမှန်မဟုတ်ဘူးနော်... ညကလည်း တစ်ညလုံးမအိပ်ဘူး... ရှင်ပြောတော့ တရားထိုင်တာက ဘယ်နေရာမှာပဲဖြစ်ဖြစ် ရတယ်ဆို" ဟွမ်ကျားဟွေက စိုးရိမ်သောမျက်နှာဖြင့် ဆိုသည်။ "တကယ်ဘာတွေဖြစ်နေတာလဲ ကျွန်မတို့ကိုပြောပြလို့မရဘူးလား"
"ကိုကြီးယွမ်... တစ်ခုခုဖြစ်နေလို့လားဟင်" ဝမ်ရှီရှီက နူးညံ့သောအသံဖြင့် မေးလိုက်သည်။
"ငါမပြောချင်လို့မဟုတ်ဘူး... အခုကိစ္စကငါပြောရင်တောင် အလကားပဲ... အခြေအနေက တော်တော်ဆိုးတယ်... ငါတို့အသက်အန္တရာယ်တောင် ရှိနိုင်တယ်" လော်ယွမ်က သက်ပြင်းတစ်ချက်ချကာ လေးနက်စွာ ဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက စိုးရိမ်တကြီး မေးလိုက်သည်။
"သန္ဓေပြောင်းသတ္တဝါတွေ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုအသစ် စတင်နေပြီ... ခုတလော အဆင့်၄သန္ဓေပြောင်းသတ္တဝါတွေက စိတ်ဖောက်ပြန်သလိုဖြစ်ပြီး သူတို့နယ်မြေမှာမနေပဲ အနီးနားက အဆင့်၃သန္ဓေပြောင်းသတ္တဝါတွေကို အရူးအမူးလိုက်သတ်ဖြတ်နေတယ်... အဲ့ထဲက အဆင့်၄သတ္တဝါတစ်ကောင်က ငါတို့ဗီလာနဲ့ သိပ်မဝေးဘူး"
သန္ဓေပြောင်းသတ္တဝါများ၏အဆင့်ခွဲခြားပုံကို ဟွမ်ကျားဟွေ သိပ်မရှင်းလင်းသော်လည်း အစွမ်းအစကိုတော့ ခန့်မှန်းနိုင်စွမ်းရှိသည်။ အနည်းဆုံးတော့ လော်ယွမ်က အဆင့်သုံးသန္ဓေပြောင်းသတ္တဝါကို ရင်ဆိုင်နိုင်သော်လည်း အဆင့်လေးကိုမူ တစ်ခါမျှ မသတ်ဖူးသည်ကို ကြည့်ခြင်းဖြင့်ပင် ၎င်း၏ကြောက်မက်ဖွယ်ကောင်းမှုကို သိနိုင်သည်။ သူမ၏မျက်နှာက ဖြူဖျော့သွားပြီး လော်ယွမ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ နောက်တစ်ခဏတွင် သူ ရုတ်တရက် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။ "ရှင်ဘာလုပ်မလို့လဲ... လုံးဝစိတ်လိုက်မာန်ပါမလုပ်ရဘူးနော်... အဲ့အဆင့်၄သတ္တဝါက ကျွန်မတို့ကိုတမင်ပစ်မှတ်ထားနေတာမှ မဟုတ်တာ... သူ့မျက်လုံးထဲမှာ ကျွန်မတို့ကသွားကြားထိုးတံလောက်တောင် ရှိမှာမဟုတ်ဘူး... အခြေအနေအရမ်းဆိုးလာရင်တောင် ကျွန်မတို့တစ်ခြားနေရာမှာ ခဏသွားရှောင်နေလို့ရတာပဲ"
လော်ယွမ်က ခေါင်းခါလိုက်ပြီး ဆိုသည်။ "အရင်တုန်းကဆိုရင်တော့ ဟုတ်တယ်... ဒါပေမဲ့အခုငါတို့မှာ တိုက်ခိုက်ရေးသတ္တဝါရှိနေတယ်လေ... ပစ်မှတ်ကအရမ်းကြီးတော့ ဘယ်လိုပဲပုန်းပုန်း သူအနှေးနဲ့အမြန် ငါတို့ကိုလာရှာမှာပဲ"
"ဒါဆိုအဲ့တိုက်ခိုက်ရေးသတ္တဝါကို လွှတ်လိုက်ရင်ရော" ဝမ်ရှီရှီက နီရဲနေသောမျက်လုံးများဖြင့် အကြံပေးရင်း လော်ယွမ်၏အင်္ကျီစကို အားကုန်လိမ်ချေနေသည်။
"တိုက်ခိုက်ရေးသတ္တဝါမရှိရင်တော့ အဲ့အန္တရာယ်ကို ရှောင်နိုင်တာမှန်ပေမယ့် ဒီအိမ်ရာကအရင်လို လုံခြုံတော့မှာ မဟုတ်ဘူး... ပြီးတော့အဲ့လိုသန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ယဉ်ပါးအောင်လုပ်ဖို့ဆိုတာ အရမ်းခက်တယ် အဲ့လိုအခွင့်အရေးမျိုးနောက် ထပ်ရဖို့မလွယ်ဘူး... ပြီးတော့ငါတို့ အန္တရာယ်ကိုတစ်ကြိမ်ရှောင်နိုင်ရင်တောင် အကြိမ်တိုင်းရှောင်နိုင်မှာမဟုတ်ဘူး" လော်ယွမ်က ဖြည်းညင်းစွာနှင့် အားပါသောလေသံဖြင့် ဆိုလိုက်သည်။
အိပ်ခန်းထဲမှအခြေအနေက အလွန်အမင်း ဖိစီးမှုပြင်းထန်နေသည်။ ဝမ်ရှီရှီက မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ငိုသံပါဖြင့် ဆိုလိုက်သည်။ "သမီးကိုကြီးကိုစိတ်မချဘူး... ကိုကြီးကိုသမီးနားမှာပဲ ရှိစေချင်တာ"
ဟွမ်ကျားဟွေကလည်း တောင်းပန်သောမျက်နှာဖြင့် လော်ယွမ်ကို ကြည့်နေပြီး မျက်လုံးများက စိုစွတ်နေသည်။ "ကျွန်မတို့ဒီကနေထွက်သွားရအောင်... အနောက်ဘက်ကိုသွားမယ်... တိဘက်ကိုဖြစ်ဖြစ်ပေါ့... ကန္တာရဘက်မှာ မြို့သစ်တွေတည်ထားတယ်လို့ သတင်းကြားတယ်... ကျွန်မတို့အေးအေးချမ်းချမ်း နေကြမယ်လေ"
လော်ယွမ်၏စိတ်ထဲတွင် နွေးထွေးသွားသော်လည်း ခေါင်းခါကာ ဆိုလိုက်သည်။ "အချိန်မမီတော့ဘူး... အဲ့အဆင့်၄သတ္တဝါက ငါတို့အိမ်ရာနား ရောက်နေပြီ... ပြီးတော့အနောက်ဘက်ကိုသွားရမယ့်ခရီးက အဝေးကြီးပဲ... ငါတို့ဟယ်တုံမြို့ကိုလာတုံးကထက် အဆ၁၀၀လောက် အန္တရာယ်များမှာ... မြင့်မားတဲ့အစွမ်းမရှိပဲ အဲ့ခရီးကဘယ်လိုမှမဖြစ်နိုင်ဘူး... ငါ့ကိုမဖျောင်းဖျနဲ့တော့... ငါဆုံးဖြတ်ပြီးသွားပြီ...တစ်ကယ်လို့...တစ်ကယ်လို့ငါပြန်ရောက်မလာခဲ့ရင်..."
ဟွမ်ကျားဟွေက စိုးရိမ်တကြီးဖြင့် သူ၏ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပြီး မျက်ရည်များက သူမ၏ချောမွေ့သောပါးပြင်ပေါ်သို့ တပေါက်ပေါက် ကျဆင်းလာကာ ပြတ်သားစွာ ဆိုလိုက်သည်။ "အဲ့လိုနိမိတ်မရှိတာမျိုး မပြောပါနဲ့... ရှင်ပြန်ရောက်မလာရင် ကျွန်မလည်း အသက်မရှင်ဘူး"
ဝမ်ရှီရှီက တရှုံ့ရှုံ့ငိုနေသည်။ သူမသည် ငယ်လွန်းသေးပြီး သေခြင်းတရားဆိုသည်မှာ သူမ၏အသက်အရွယ်အတွက် အလွန်ပြင်းထံလှသည်။ ထိုအချိန်ကျရောက်လာလျှင် သေခြင်းတရားကို ရင်ဆိုင်ရန် သတ္တိအမှန်တကယ် ရှိမရှိ သူမ မသိပေ။ သို့သော် လော်ယွမ်သာ တကယ်မရှိတော့လျှင်ဆိုသည့်အတွေးက တလောကလုံး အရောင်များပျောက်ဆုံးသွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။
လော်ယွမ်က ဟွမ်ကျားဟွေ၏လက်ကို ယူလိုက်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ "ဆင်းဆင်းရဲရဲနေရတာက သေသွားတာထက်စာရင် ကောင်းပါသေးတယ်... နင်တို့နှစ်ယောက်အသက်ရှင်ကိုရှင်ရမယ်... ဝမ်ရှီရှီ ငါပြန်ရောက်မလာရင် နင်ဒီမှာရှိတဲ့သူတွေအကုန်လုံးကို သတ်လိုက်... လုံးဝစိတ်မပျော့နဲ့နော်... ပြီးရင်မြေအောက်ခန်းမှာဟွမ်ကျားဟွေနဲ့အတူ သွားပုန်းနေ... အဲ့ကရိက္ခာတွေနဲ့ဆို နင်တို့၂ယောက် သုံးလေးနှစ်လောက်က အေးဆေးနေလို့ရတယ်... အဲ့နောက်ပိုင်းကတော့ ကံတရားပဲပေါ့"
ဤနှစ်ယောက်မှာ သူ၏အနီးကပ်ဆုံးလူများဖြစ်နေလေပြီ။ သူတို့ကို အသက်ရှင်စေရန်အတွက် လော်ယွမ်က ဘာမဆိုလုပ်နိုင်သည်။ ဤတစ်ကြိမ်စွန့်စားမှုအတွက် သူ အတိုင်းအတာတစ်ခုအထိ အောင်မြင်မည်ဟု ယုံကြည်မှုမရှိခဲ့လျှင်၊ စိတ်ထဲတွင် နောက်ဆုံးမျှော်လင့်ချက်တစ်စွန်းတစ်စ မရှိခဲ့လျှင် ယခုအချိန်တွင် သူ အကုန်လုံးကို သတ်ပစ်ပြီးလောက်ပြီဖြစ်သည်။
ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေတို့က မျက်ရည်များဖြင့် အသည်းအသန် ခေါင်းညိတ်ကြသည်။ လော်ယွမ်၏ အေးစက်ရက်စက်သောစကားများက သူတို့နှစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း အလျှင်းမရှိသည့်အပြင် ပြောမပြတတ်အောင်ပင် လှိုက်လှိုက်လှဲလှဲ လှုပ်ရှားခံစားသွားရသည်။
"သမီး...ကိုကြီးနဲ့လိုက်ခဲ့မယ်" ဝမ်ရှီရှီက ရုတ်တရက် မျက်ရည်များကို သုတ်လိုက်ပြီး ရဲရင့်သောမျက်နှာဖြင့် ဆိုလိုက်သည်။
"ကျွန်မမှာလည်း သေနတ်ရှိတယ်... ကျွန်မလည်း လိုက်မယ်" ဟွမ်ကျားဟွေကလည်း ပြတ်သားသောမျက်နှာဖြင့် ဆိုသည်။
"နင်တို့အစွမ်းတွေက အရမ်းနိမ့်သေးတယ်... ငါ့အတွက်ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ... ဆက်မပြောနဲ့တော့... ဒီမှာပဲ ငါပြန်လာတာကိုစောင့်နေ"
လော်ယွမ်က နောက်ဆုံးအနေဖြင့် သူတို့နှစ်ဦးကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး အခန်းတံခါးဝဘက်သို့ လှည့်ထွက်သွားသည်။
အောက်ထပ်မှတံခါးမကြီး ပိတ်သွားသံ ကြားလာမှသာ ထိုအမျိုးသမီးနှစ်ဦးမှာ အားအင်ကုန်ခမ်းစွာဖြင့် မြေပြင်ပေါ်သို့ ထိုင်ကျသွားတော့သည်။
ဆက်ရန်...