အခန်း (၁၁၇-၁၂၀)
Vol. 6 Ch. 117-120
အပိုင်း(၁၁၇)လူသတ်ရန်
ဤခံစားချက်က အလွန်အမင်း ထူးဆန်းအံ့ဩဖွယ်ကောင်းလှသဖြင့် သူ့အား အမှန်တကယ်မဟုတ်ဟုပင် ထင်မှတ်မှားစေသည်။
သူက စိတ်ထဲမှအရည်အသွေးပြဇယားကို ဖွင့်လိုက်သည်။
အမည် - လော်ယွမ်
အလုပ်အကိုင် - မုဆိုး
အဆင့် - ၈
အတွေ့အကြုံ - ၃၄၀၀/၃၈၄၀၀
အရည်အသွေးများ
ခွန်အား - ၁၂ (၁၀)
လျင်မြန်မှု - ၁၃ (၁၀)
ကြံ့ခိုင်မှု - ၁၂ (၁၀)
ဉာဏ်ရည် - ၁၃ (၁၀)
အာရုံခံနိုင်စွမ်း - ၁၃+၁ (၁၀)
စိတ်စွမ်းအား - ၁၄+၁ (၁၀)
ကျွမ်းကျင်မှုများ
------------------
သိပ္ပံ - ၁၆
သင်္ချာ - ၁၄
တရုတ်စာ - ၁၉
ဘဏ္ဍာရေး - ၁၇
ကွန်ပျူတာ - ၉
ကခုန်ခြင်း - ၁
ပန်းချီ - ၃
ဂိမ်းကစားခြင်း - ၆
စေ့စပ်ညှိနှိုင်းခြင်း - ၉
လူမှုဆက်ဆံရေး - ၇
ချက်ပြုတ်ခြင်း - ၃
ယာဉ်မောင်း - ၁
လက်နက်မဲ့တိုက်ခိုက်ခြင်း - ၅
ဓားပညာအထူးကျွမ်းကျင်မှု - ၁၃
သေနတ်ပစ်ခတ်ခြင်းပညာ - ၁
အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားအစွမ်း၊ ပေါင်းစပ်အစွမ်း
တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ် (အဆင့် ၃)
သန္ဓေပြောင်းအစွမ်း - မြေလှိုင်း (အဆင့် ၃)
လက်ကျန်အခြေပြုမှတ် - ၁
လက်ကျန်ကျွမ်းကျင်မှတ် - ၅
လက်ကျန်မစ်ရှင် - မရှိ
-------------------------------------------------
လော်ယွမ်သည် အရည်အသွေးပြဇယားပေါ်တွင် ဧရာမဖွတ်ကြီးကဲ့သို့ပင် သန္ဓေပြောင်းအစွမ်း ရွေးချယ်စရာတစ်ခု တိုးလာသည်ကို တွေ့လိုက်ရသည်။
သူက သန္ဓေပြောင်းအစွမ်း ကဏ္ဍအခွဲကို ဖွင့်ကြည့်လိုက်သည်။
"မြေလှိုင်း"
အဆင့် - ၃ (အာရုံခံနိုင်စွမ်းနှင့် ခွန်အားအပေါ် မူတည်သည်)
အစွမ်းအာနိသင် - ဧရိယာအလိုက်တိုက်ခိုက်နိုင်ပြီး မူးဝေသွားစေရန် အခွင့်အလမ်းအချို့ရှိသည်။
ကိုယ်ခန္ဓာကြံ့ခိုင်မှု +၃ (အဆင့်အပေါ် မူတည်သည်)
လိုက်ဖက်သောဓာတ် - မြေဓာတ်
သုံးသပ်ချက် - မြေကြီးကို အလွယ်တကူ မစွန့်ခွာလိုက်ပါနှင့်။ ကြီးကျယ်ခမ်းနားသော ပထဝီမြေကြီးက သင့်ရဲ့ထာဝရမှီခိုရာပင်ဖြစ်သည်။ သင့်ရဲ့ခြေထောက်နှစ်ဖက် မြေကြီးနှင့်ထိနေသရွေ့ သင်ဘယ်တော့မှ ပင်ပန်းနွမ်းနယ်သည်ဟု ခံစားရမည်မဟုတ်ချေ။ မိခင်မြေကြီး၏ ကြိမ်နှုန်းကို အမြဲတမ်းခံစားပါ။ လူ့အင်အားက အကန့်အသတ်ရှိသော်လည်း ကောင်းကင်နှင့်မြေကြီး၏ အင်အားက အဆုံးမရှိပေ။ မြေကြီး၏အင်အားဖြင့် သင်က ရှုံးပွဲမရှိ စစ်သူကြီးတစ်ယောက် ဖြစ်လာပေလိမ့်မည်။
"ဒါဆင့်ကဲပြောင်းလဲသူရဲ့ အစွမ်းလား... တော်တော်စွမ်းအားကြီးတာပဲ"
သူ့ကိုဗဟိုပြု၍ ပေ၁၅၀ပတ်လည်ရှိ မြေပြင်သည် သူနှင့် တိတ်တဆိတ် ဆက်သွယ်နေသည်ကို ခံစားမိပြီး ထိုထက်ဝေးသောနေရာကိုမူ သူ၏စွမ်းအား မမီနိုင်တော့ပေ။ ဤအကွာအဝေးသည် အာရုံခံနိုင်စွမ်းနှင့် သက်ဆိုင်ပုံရသည်။
သို့သော် မြေကြီး၏ ကြိမ်နှုန်းကိုမူ သူ နားမလည်နိုင်သေးပေ။ မြေအတွင်းထဲမှ လှိုင်းများက အလွန်ရှုပ်ထွေးပြီး စည်းမဲ့ကမ်းမဲ့ဖြစ်ကာ လုံးထွေးနေသော ကြိုးရှုပ်ကြီးတစ်ခုနှင့် တူနေသည်။ သို့သော် မရေမရာသော စည်းမျဉ်းတစ်ခုတော့ ရှိနေသကဲ့သို့ပင်။ မရေမတွက်နိုင်သော လှိုင်းတို့က အချင်းချင်း အနှောင့်အယှက်ပေးကာ ရောနှောနေကြဟန်တူသည်။
နောင်တွင် ဖြည်းဖြည်းချင်း စမ်းသပ်ပြီး စည်းစနစ်ကို ရှာဖွေရမည်ဟုသာ သူတွေးလိုက်သည်။
သူ မျက်လုံးဖွင့်လိုက်သောအခါ မျက်နှာထက်တွင် ပီတိအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဤစွမ်းရည်၏ တိုက်ခိုက်မှုက မည်မျှပင်ညံ့ဖျင်းစေကာမူ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို သုံးမှတ်တိုးပေးလိုက်ခြင်းတစ်ခုတည်းကပင် သူ့အား ဝမ်းသာလွန်း၍ ရူးမတတ်ဖြစ်စေရန် လုံလောက်နေပြီဖြစ်သည်။
တစ်ခုတည်းသော စိတ်မကောင်းစရာမှာ ကြံ့ခိုင်မှုသည် အစွမ်းအစကို ချက်ချင်းသိသိသာသာ တိုးမြှင့်မပေးနိုင်ခြင်းပင်။ အနည်းဆုံးတော့ အချိန်တိုအတွင်း ဤမျှများပြားသော ကြံ့ခိုင်မှုအမှတ်များမှာ အနည်းငယ် ဖြုန်းတီးရာကျနေသည်။ သို့သော် ကောင်းကျိုးတစ်ခုတော့ရှိသည်။ နောင်တွင် အဆင့်တက်သည့်အခါ ကြံ့ခိုင်မှုအရည်အသွေးကို ခေတ္တဘေးဖယ်ထားနိုင်ပြီဖြစ်ပြီး အဓိကအားဖြင့် ခွန်အားနှင့် လျင်မြန်မှုကိုသာ တိုးမြှင့်ရမည်ဖြစ်သည်။
သို့သော်လည်း ချက်ချင်းလုပ်ဆောင်ရန် မလိုအပ်ပေ။ ဆင့်ကဲပြောင်းလဲသူတို့၏ ကြံ့ခိုင်မှုမှာ အနည်းငယ်ထူးခြားပြီး လူသားတို့၏ မွေးရာပါကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်ခဲ့ပြီဟု ထင်ရသည်။ ဤအချိန်အတောအတွင်း စွန်းရှောင်ဝူနှင့် နင်းရှောင်ရမ်တို့၏ တိုးတက်နှုန်းမှာ အလွန်လျင်မြန်သည်။ စွန်းရှောင်ဝူ၏စွမ်းရည်မှာ ကြံ့ခိုင်မှုအပေါ်တွင်သာ အများဆုံးမူတည်နေသဖြင့် လော်ယွမ် မခန့်မှန်းနိုင်ပေ။ သို့သော် နင်းရှောင်ရမ်၏ခွန်အားမှာမူ ဆယ့်တစ်မှတ်ကျော်လွန်နေပြီဖြစ်ကြောင်း လော်ယွမ် ခန့်မှန်းမိသည်။
ဤသည်မှာ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါအသားကို စားသုံးခြင်းကြောင့်မဟုတ်ပေ။ ထိုအသားကို အများအပြား စားသုံးခြင်းက အရည်အသွေးကို ၁၁မှတ်ထိ တိုးမြှင့်ပေးနိုင်သည်မှာ မှန်သော်လည်း ၎င်းမှာ အမျိုးသားများအတွက်သာဖြစ်သည်။ အမျိုးသမီးများအတွက်မူ ယေဘုယျအားဖြင့် ၁၀မှတ်နှင့် ၁၁မှတ်ကြားတွင်သာ ရှိသည်။ ဝမ်ရှီရှီရော ဟွမ်ကျားဟွေပါ ဤကိန်းဂဏန်းအကြားတွင်သာ ရှိနေကြသည်။
ဤအချက်ကို ဆင့်ကဲပြောင်းလဲသူတို့၏ ထူးခြားသော ကြံ့ခိုင်မှုဖြင့်သာ ရှင်းပြနိုင်ပေမည်။
ဟုတ်ပေသည်၊ ဝမ်ရှီရှီလည်း ဆင့်ကဲပြောင်းလဲသူတစ်ဦးပင်။ သို့သော် သူမ၏ ဆင့်ကဲပြောင်းလဲနိုင်စွမ်းမှာ အရည်အသွေးခွဲများအပေါ်တွင်သာ သက်ရောက်မှုရှိသောကြောင့် သူမ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူတစ်ဦးနှင့် ဘာမျှမခြားနားခြင်း ဖြစ်နိုင်သည်။
လော်ယွမ်က အရင်ဆုံး အပြင်းအထန်လေ့ကျင့်ခန်းများ ပြုလုပ်ကာ မိမိကိုယ်တိုင် တိုးတက်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်ပြီးမှသာ ဤအရည်အသွေးအမှတ်ပြဿနာကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
"ရှင် ဘာဖြစ်နေတာလဲ" ဟွမ်ကျားဟွေက စိုးရိမ်စွာမေးလိုက်သည်။ သူ မလှုပ်မယှက် ရပ်နေပြီး မျက်နှာအမူအရာများ ပြောင်းလဲနေသည်ကိုမြင်သောအခါ သူ၏ဒဏ်ရာများ ပြန်ထလာသည်ဟု ထင်သွားသည်။
လော်ယွမ် သတိပြန်ဝင်လာပြီး ဟွမ်ကျားဟွေ၏အမူအရာကို မြင်မှသာ သူ အတန်ကြာ ရပ်နေမိသည်ကို သတိပြုမိလိုက်သည်။ သူက နှစ်သိမ့်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး... ကိစ္စတချို့ကိုစဉ်းစားမိလိုက်လို့ပါ"
ထိုအချိန်တွင် အဝေး၌ လူတစ်ယောက် ရပ်နေသည်ကို သူ သတိထားမိလိုက်သည်။ သူမက သူ့အား ကြောက်လန့်တကြား ကြည့်နေပြီး အနားသို့ မကပ်ရဲပေ။ လော်ယွမ် သူမကို ရင်းနှီးနေသလို ခံစားမိသည်။ သူ အတန်ကြာ စူးစိုက်ကြည့်ပြီးမှ မသေမချာဖြင့် မေးလိုက်သည်။ "သူက… ဟွမ်ယွိရင်လား"
ဟွမ်ကျားဟွေက မျက်နှာသေဖြင့် စကားမဆိုပေ။
ဝမ်ရှီရှီကမူ ဒေါသဖြင့် မျက်နှာစူပုပ်ကာ ဆိုသည်။ "အဲ့ဒီ အရှက်မရှိတဲ့ မိန်းမကြောင့်ပဲ... အရင်တုန်းက သမီးတို့ရဲ့စားစရာတွေကို လုသွားတယ်... ခုနကလည်း လူတစ်အုပ်ကို ခေါ်လာသေးတယ်... အခု သမီးတို့ဗီလာကို သူခေါ်လာတဲ့လူတွေအပိုင်စီးထားလိုက်ပြီး... ဟုတ်သားပဲ...အဲ့ဒီ လင်းရှောင်ကျီလည်း အဲ့လူတွေလက်ချက်နဲ့ သေသွားပြီ"
"ဘာတွေဖြစ်ခဲ့တာလဲ" ဝမ်ရှီရှီ၏စကားမှာ မယုံကြည်ရဆုံးဖြစ်ရာ သူ အကုန်လုံးကို နားမယောင်ဘဲ ဟွမ်ကျားဟွေဘက်သို့ လှည့်မေးလိုက်သည်။
ဟွမ်ကျားဟွေက အဖြစ်အပျက်အစအဆုံးကို အလျင်အမြန် ရှင်းပြလိုက်သည်။
စွန်းရှောင်ဝူ သစ္စာဖောက်ခဲ့ကြောင်း ကြားသိရသောအခါ သူ၏မျက်နှာက ခက်ထန်သွားသည်။ သူ မူလက စွန်းရှောင်ဝူကို အနည်းငယ် သဘောကျခဲ့သေးသည်။ သို့သော် လူ့စိတ်ဆိုသည်မှာ သိရန်ခက်လှပေသည်။ အရေးကြီးသည့်အချိန်တွင် နောက်တွန့်နေရုံသာမက ပါးစပ်ကလည်း စည်းမရှိဘဲ နောက်ဆုံးတွင် ရန်သူထံသို့ပင် ခိုလှုံသွားခဲ့သည်။
"သူတို့ လူဘယ်လောက်ရှိလဲ... သန္ဓေပြောင်းလူတွေရောပါလား" လော်ယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
လော်ယွမ် တည်ငြိမ်လေလေ၊ အခြားသူများမှာ ဖိအားကို ပိုခံစားရလေလေပင်။ လော်ယွမ်၏စိတ်ထဲမှ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို မည်သူမဆို မြင်နိုင်ကြသည်။
"သူတို့ဘာမှမတိုက်ခိုက်လိုက်ဘူး... ကျွန်မတို့မသိလိုက်ခင်မှာတင် အိမ်ကိုအပိုင်စီးလိုက်တာ" ဟွမ်ကျားဟွေ၏စိတ်ထဲတွင် ရှက်ရွံ့သွားသည်။ အစောပိုင်းက သူမ၏တုံ့ပြန်မှုမှာ အလွန်ဆိုးရွားပြီး သတိဝီရိယ တစ်စက်မျှပင် မရှိခဲ့ပေ။ အကယ်၍သာ သူတို့က ဧရာမဖွတ်ကြီးကိုကြောက်လန့်ပြီး ပုန်းအောင်းရန် အလျင်လိုနေသောကြောင့် အလိုလို ဆုတ်ခွာမသွားခဲ့ပါက အကျိုးဆက်မှာ စဉ်းစား၍ပင်မရနိုင်ပေ။ ယခု ပြန်စဉ်းစားမိတိုင်း ကြောက်လန့်နေမိတုန်းပင်။
"ဟွမ်ယွိရင်ကလည်း သူတို့လူပဲလား" လော်ယွမ်က မေးလိုက်သည်။
ဟွမ်ကျားဟွေ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
လော်ယွမ်၏မျက်နှာက ခက်ထန်သွားပြီး သူမထံသို့ ခြေတစ်လှမ်းချင်း လျှောက်သွားသည်။ အချို့လူများက ဤရက်စက်သောမြင်ကွင်းကို မကြည့်ရက်သဖြင့် မျက်နှာလွှဲသွားကြသည်။ ဟွမ်ကျားဟွေက တစ်စုံတစ်ခုပြောချင်ဟန်ရှိသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဖြစ်ပေ။
ယခင်တွေ့ဆုံခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် အချိန်တိုအတွင်း ဟွမ်ယွိရင်သည် အလွန်အားပြတ်ကာ အိုမင်းရင့်ရော်သွားခဲ့သည်။ သူမ၏ကိုယ်ခန္ဓာမှာ ရက်အတန်ကြာ ရေမချိုးထားသကဲ့သို့ နေရာတိုင်းတွင် အညစ်အကြေးများနှင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ နေရာအနှံ့ ပေါက်ပြဲနေသော သူမ၏ဂါဝန်သည် သူမ၏ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုပင် မဖုံးကွယ်နိုင်တော့ပေ။
လော်ယွမ် လျှောက်လာသည်ကိုမြင်သောအခါ သူမသည် ကြောက်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ တဆတ်ဆတ်တုန်နေသည်။ သူမ၏စိတ်အာရုံထဲတွင် လွန်ခဲ့သောဆယ်ရက်ကျော်က လော်ယွမ် လူယုတ်မာများကို သတ်ဖြတ်ခဲ့သည့် သွေးထွက်သံယိုမြင်ကွင်းကို ပြန်မြင်ယောင်လာသကဲ့သို့ပင်။
"နင်ဘာပြောချင်သေးလဲ" လော်ယွမ်က အေးစက်စွာ ဆိုလိုက်သည်။
အဖြစ်ဆိုးနှင့် ရင်ဆိုင်ရသောအခါ ဟွမ်ယွိရင်ကမူ တည်ငြိမ်သွားပြီး ဝမ်းနည်းဖွယ်ပြုံးကာ "ရှင်သတ်ချင်ရင်လည်းသတ်လိုက်ပါ... ကျွန်မအသက်ရှင်နေရတာ တော်လောက်ပါပြီ... ရိက္ခာတွေကိုလည်း ကျွန်မလူခေါ်လာပြီး အကုန်ယူသွားတာ... ရှင်တို့မှမရှိတော့တာ ရိက္ခာတွေယူတာဘာမှားလို့လဲ"
"ကျွန်မ ဘာအမှားလုပ်ခဲ့လို့လဲ"
သူ စိတ်ထဲတွင် တိတ်ဆိတ်သွားပြီး ပြန်မပြောနိုင်ဖြစ်သွားသည်။ ဤကိစ္စတွင် ဟွမ်ယွိရင် မှားသည်ဟု မဆိုနိုင်ပေ။ ဤစားစရာများကို မူလကတည်းက စွန့်ပစ်ရန် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ သူ မြေအောက်စခန်းသို့ မဝင်ရောက်နိုင်ဘဲ ဤနေရာသို့ ပြန်လည်ရောက်ရှိလာမည်ဟု မထင်မှတ်ထားခဲ့ခြင်းသာ ဖြစ်သည်။
သူမ၏ပုံစံကိုကြည့်ရသည်မှာ စားစရာများကို ပေးအပ်ခဲ့သော်လည်း ထိုနေရာတွင် အဆင်ပြေပုံမရပေ။ ကိုယ်ခန္ဓာပေါ်မှ ပေါ်လွင်သောနေရာများတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး အချို့မှာ ဆေးလိပ်မီးဖြင့် ထိုးထားသော အမာရွတ်များပင်ဖြစ်သည်။ ထိုကာလများက မည်မျှငရဲကျသော နေ့ရက်များဖြစ်မည်ကို လော်ယွမ် စဉ်းစား၍ပင်မရနိုင်ပေ။ ဤစည်းကမ်း ကျင့်ဝတ်ပျက်ပြားနေသော ကမ္ဘာကြီးတွင် လူတို့၏တပ်မက်စိတ်များက အဆမတန် ကြီးထွားလာပြီး စိတ်ထဲမှအရိုင်းစိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ အလှအပဆိုသည်မှာ မိန်းမသားတို့အတွက် သဘာဝကပေးသော ကောင်းကျိုးမဟုတ်တော့ဘဲ မာရ်နတ်၏ကျိန်စာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
လော်ယွမ်က မျှော်လင့်ချက်ကင်းမဲ့နေသော ဟွမ်ယွိရင်ကို ကြည့်ကာ ခေါင်းခါလိုက်ပြီး တည်ငြိမ်သောမျက်နှာဖြင့် ဆိုလိုက်သည်။ "နင်လုပ်ခဲ့တဲ့ကိစ္စတွေကြောင့် ငါအရမ်းဒေါသထွက်ခဲ့ပေမယ့် အလကားနေရင်း သတ်ပစ်ရလောက်တဲ့အထိတော့မဟုတ်ဘူး... ပြီးတော့နင့်ပုံစံကြည့်ရတာ လင်းရှောင်ကျီသေတဲ့ကိစ္စ နင့်ကြောင့်မဟုတ်လောက်ဘူး"
ဟွမ်ယွိရင်က လော်ယွမ် သူမကို ဤမျှလွယ်ကူစွာ လွှတ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ အသက်ရှင်ခွင့်ရမည်ဆိုလျှင် မည်သူမျှ သေချင်မည်မဟုတ်ပေ။ လော်ယွမ် လှည့်ထွက်သွားသောအခါ သူမ တုံ့ဆိုင်းသွားပြီး အော်ခေါ်လိုက်သည်။ "ခဏလေး... သူတို့မှာသန္ဓေပြောင်းလူ ၃ယောက်ပါတယ်... တစစ်ယောက်ပဲအစွမ်းသုံးတာ မြင်ဖူးတယ်... သူကအနီးနားက အလင်းတွေကို ကောက်ကွေးသွားအောင် လုပ်နိုင်တယ်... ပြီးတော့အရမ်းတော်တဲ့သေနတ်သမားလည်းရှိတယ်... ရှင်သတိထားမှဖြစ်မယ်"
လော်ယွမ် ခေါင်းညိတ်လိုက်ပြီး ဆက်လက်လျှောက်သွားရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် လှည့်ကြည့်ကာ ဆိုလိုက်သည်။ "တကယ်လို့ နင်အဆင်မပြေရင် ပြန်လာချင်လာလို့ရတယ်"
သူ့အတွက် လူတစ်ယောက်တိုးလာခြင်းသည် ပန်းကန်တစ်ချပ်၊ တူတစ်ချောင်း တိုးလာခြင်းမျှသာဖြစ်သည်။ သို့သော် ဟွမ်ယွိရင်အတွက်မူ လုံးဝနီးပါး မှောင်မိုက်နေသော သူမ၏စိတ်ဝိညာဉ်တွင် လျှပ်စီးတစ်ချက် လက်သွားပြီး တစ်လောကလုံးကို ချက်ချင်း လင်းထိန်သွားစေသကဲ့သို့ပင်။
သူမ၏မျက်နှာက အံ့အားသင့်သွားပြီး မယုံနိုင်သကဲ့သို့ ဖြစ်နေသည်။ ထို့နောက် သူမ ပါးစပ်ကို တင်းတင်းပိတ်လိုက်ပြီး မျက်ရည်များက ပါးပြင်ပေါ်မှ တစက်စက် ကျဆင်းလာကာ မြေကြီးပေါ်သို့ ခုန်ဆင်းသွားသည်။ လော်ယွမ်၏စကားများက သူမအား ပြောမပြတတ်အောင် လှိုက်လှိုက်လှဲလှဲ လှုပ်ရှားခံစားသွားစေပြီး လည်ချောင်းထဲတွင် တစ်စုံတစ်ခု ဆို့နင့်နေသကဲ့သို့ အသံတိတ် ငိုကြွေးနေမိသည်။
လော်ယွမ် မီတာဆယ်ဂဏန်းခန့် လျှောက်သွားပြီးမှသာ သူမ မြေပေါ်တွင် ထိုင်ချကာ ချုပ်တည်းထားသော ငိုသံဖြင့် ငိုကြွေးတော့သည်။ ထိုမြင်ကွင်းက မြင်ရသူအပေါင်းကို စိတ်မကောင်းဖြစ်စေသည်။
---------------------------------------------------
လင်းရှောင်ကျီသည် မြေပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူ၏အင်္ကျီများမှာ သွေးများဖြင့် စိုရွှဲနေသည်။
လော်ယွမ် ခဏကြာကြည့်ပြီးနောက် သူ၏ကိုယ်ပေါ်မှ ကြွက်သားများဖြင့် ညှစ်ထုတ်ထားသော ကျည်ဆန်တစ်တောင့်ကို ကောက်ယူလိုက်ပြီး ရုပ်အလောင်းကို ရုတ်တရက်ကန်ကာ အေးစက်စွာဆိုလိုက်သည်။ "အပိုလုပ်မနေနဲ့ အမြန်ထစမ်း"
ရုပ်အလောင်းက မလှုပ်မယှက်ပင်။
လော်ယွမ် အေးစက်စွာရယ်မောလိုက်သည်။ "ငါ မင်းကို ဓားနဲ့တစ်ချက်လောက် ထပ်ထိုးပေးရဦးမလား"
လင်းရှောင်ကျီ၏ တင်းတင်းပိတ်ထားသော မျက်လုံးများ ပွင့်လာပြီး ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ထရပ်လိုက်သည်။
ထိုစဉ်က ထိုလူများ ဤမျှရက်စက်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သေနတ်ဖြင့် အချက်အနည်းငယ် အပစ်ခံရပြီးမှသာ သူ ပါးစပ်လွန်သွားမိသည်ကို နောင်တရမိသည်။ သူ၏ပြန်လည်ကုစားနိုင်စွမ်းက မည်မျှပင်ကောင်းမွန်စေကာမူ ဦးခေါင်းကိုထိမှန်လျှင် သို့မဟုတ် ဒဏ်ရာအလွန်ပြင်းထန်လျှင် သူသေဆုံးနိုင်သည်။ စိတ်ထဲတွင် ကြောက်လန့်သွားသဖြင့် အခြေအနေအရ သေဟန်ဆောင်လိုက်ခြင်းဖြစ်သည်။
ဤအံ့ဩဖွယ်မြင်ကွင်းကြောင့် လူအများ၏မျက်လုံးများမှာ မြေပေါ်သို့ ပြုတ်ကျမတတ်ဖြစ်သွားသည်။ ဝမ်ရှီရှီက မျက်လုံးပြူးကာ အံ့ဩတကြီးဖြင့် သူ့ကိုကြည့်ပြီးမေးသည်။ "ရှင် သေချင်ယောင်ဆောင်နေတာလား"
အတန်ကြာမှ လင်းရှောင်ကျီ၏မျက်နှာက နီရဲလာပြီး စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။ "ငါ အဲ့ဒီတုန်းက… တကယ်… အဲ့ဒါ… သတိလစ်သွားတာပါ"
လော်ယွမ်က ဤသေဟန်ဆောင်သောလူကို သိပ်ကြည့်မရသဖြင့် မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ဖြည်းညင်းစွာဆိုလိုက်သည်။ "ဒီတစ်ခါတော့ ထားလိုက်တော့... နောက်တစ်ခါမဖြစ်စေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်ကြုံလို့ စွန့်ပြေးရင် သေဒဏ်ပဲ"
လင်းရှောင်ကျီ၏မျက်နှာက နီရဲတက်လာပြီး စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားသော်လည်း လော်ယွမ်၏ သတ်ဖြတ်လိုစိတ်ပြင်းထန်သော စကားကြောင့် ကြောက်လန့်ကာ စကားတစ်ခွန်းမျှ မပြောဝံ့တော့ပေ။
လော်ယွမ်က ဤလူသည် မာနအလွန်ကြီးကြောင်းသိသဖြင့် ဆက်မပြောတော့ဘဲ ခေတ္တလွှတ်ထားလိုက်သည်။
ထိုအချိန်တွင် လော်ယွမ်က ဗီလာ၏တံခါးဝတွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို ထက်မြက်စွာ ခံစားမိလိုက်သည်။ သူ၏မျက်နှာက ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ခန္ဓာသည် မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူ၏အရှိန်ကို အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်ရာ မီတာဆယ်ဂဏန်းအကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။
ထိုလူက တံခါးကြားမှ အပြင်သို့ချောင်းကြည့်ကာ ဧရာမဖွတ်ကြီး၏အခြေအနေကို ကြည့်ရှုရန် ကြိုးစားနေစဉ်မှာပင် ကြည်လင်သော ဓားသံတစ်ချက်ကို ကြားလိုက်ရသည်။ နောက်တစ်ခဏတွင် အေးစက်နေသော အပြာရောင် ဓားသွားထိပ်တစ်စွန်းက သူ၏မျက်လုံးထဲတွင် အလျင်အမြန် ကြီးမားကျယ်ပြန့်လာသည်။ သူ၏အာရုံကြောများက တုံ့ပြန်ရန် အချိန်မမီခင်မှာပင် ဓားသွားထိပ်သည် သူ၏နဖူးအလယ်တည့်တည့်သို့ စိုက်ဝင်သွားပြီး ဦးခေါင်းခွံကို ဖောက်ထွက်သွားတော့သည်။
အခြားသူများ သတိဝင်လာသောအခါ တံခါးကြားမှ လူတစ်ယောက် ဗုန်းခနဲ မြေပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရသည်။
လော်ယွမ်က ဓားရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး ဓားကိုတစ်ချက်ခါလိုက်ရာ ညစ်ပတ်သောသွေးများ မြေပေါ်သို့ ကျဆင်းသွားသည်။ သူက ဗီလာ၏တံခါးဝကို ကြည့်ရင်း စိတ်ထဲမှသတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားနိုင်တော့ပေ။
ဟွမ်ကျားဟွေက အစောပိုင်းက သူမ၏တုံ့ပြန်မှုအတွက် ရှက်ရွံ့နေပြီး မိမိကိုယ်ကို သက်သေရန်ပင် စိတ်ကူးမိလိုက်သည်။ လော်ယွမ် လူသတ်ရန် ပြင်ဆင်နေသည်ကိုမြင်သောအခါ အံကိုတင်းတင်းကြိတ်ကာ လျှောက်လာပြီး ဆိုလိုက်သည်။ "ကျွန်မ ဝိုင်းကူရမလား"
လော်ယွမ်က အလိုအလျောက် ငြင်းပယ်ချင်စိတ်ဖြစ်ပေါ်လာသော်လည်း အစောပိုင်းက ဟွမ်ကျားဟွေတို့ ခုခံခြင်းမရှိဘဲ ထိန်းချုပ်ခံခဲ့ရသည်ကို ပြန်စဉ်းစားမိသောအခါ တုံ့ဆိုင်းသွားသည်။
လူတိုင်းက ခုခံနိုင်စွမ်းမရှိသော သာမန်လူများမဟုတ်ကြပေ။ ဟွမ်ကျားဟွေတို့အဖွဲ့တွင် ဆင့်ကဲပြောင်းလဲသူသုံးယောက်ရှိပြီး ဟွမ်ကျားဟွေ၏သေနတ်ပစ်စွမ်းရည်မှာလည်း မဆိုးလှပေ။ တိုက်ခိုက်မှုအင်အားအရဆိုလျှင် အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါကိုပင် ရင်ဆိုင်နိုင်စွမ်းရှိရာ ခုခံနိုင်စွမ်းမရှိဟု မဆိုနိုင်ပေ။ သို့သော် အဖြစ်မှန်မှာမူ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ဟွမ်ကျားဟွေတို့ သူသတိလစ်နေသည်ကို မြင်သောကြောင့် အလစ်အငိုက်မိသွားသည် ဟု၍လည်း ပြောနိုင်သည်။
သို့သော် မည်သို့သော အကြောင်းကြောင့်ဖြစ်စေ၊ အကယ်၍ အခြေခံအကျဆုံးသော သတိဝီရိယနှင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုပင်မရှိပါက ကမ္ဘာပျက်ကာလကြီးတွင် အသက်ဆက်ရှင်နိုင်မည်မဟုတ်ပေ။ အစွမ်းထက်သော အင်အားများကိုအသုံးမချနိုင်လျှင် အသေးအဖွဲကိစ္စများတွင် အသက်ဆုံးရှုံးသွားနိုင်သည်။ သူတို့ကို သွေးထွက်သံယိုမှုနှင့် ထိတွေ့စေရန် အချိန်တန်ပြီဖြစ်သည်။
"ဝမ်ရှီရှီနဲ့ငါ အထဲဝင်ပြီး လူသတ်မယ်... နင်က နင်းရှောင်ရမ်၊ လင်းရှောင်ကျီနဲ့အတူ တံခါးဝကို စောင့်ပြီး သူတို့ထွက်ပြေးမလာအောင် တားထား... သတိမပြတ်စေနဲ့" လော်ယွမ်က စိတ်ကိုတင်းကာ ဆိုလိုက်သည်။
ဟွမ်ကျားဟွေက ဝမ်ရှီရှီကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ရှီရှီ နင်ကြောက်လား" လော်ယွမ်က ဝမ်ရှီရှီကို မေးလိုက်သည်။
"မကြောက်ပါဘူး" ဝမ်ရှီရှီ၏စိတ်ထဲတွင် တထိတ်ထိတ်ဖြစ်နေသော်လည်း သတ္တိမွေးကာ ဆိုလိုက်သည်။
"ငါကလူသတ်ဖို့ပြောနေတာနော်" လော်ယွမ်က လေးနက်စွာဆိုသည်။
"မ… မကြောက်ဘူး" ဝမ်ရှီရှီက တုံ့ဆိုင်းစွာ ဆိုလိုက်သည်။
"ကျယ်ကျယ်ပြောစမ်း"
"သမီး မကြောက်ဘူး" ဝမ်ရှီရှီက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
"ဟုတ်ပြီ ငါနဲ့လိုက်ခဲ့... လှုပ်ရှားတဲ့အခါ ငါ့နောက်မှာနေ" လော်ယွမ်က ဝမ်ရှီရှီ၏မျက်နှာငယ်လေးပေါ်မှ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောနှောနေသဖြင့် အမူအရာပင် ရှုံ့မဲ့နေသည်ကို ကြည့်ရင်း စိတ်ထဲတွင် ရုတ်တရက် မကောင်းသလို ခံစားလိုက်ရသည်။ သူမ… သူမက အခုမှ ဆယ့်လေးနှစ်ပဲ ရှိသေးတာ။ ပူပင်သောကကင်းမဲ့ရမယ့် အရွယ်လေး… အခုတော့ သူက သူမကို လူသတ်ခိုင်းနေရပါပကော။
ဆက်ရန်...
အပိုင်း(၁၁၈)သွေးစွန်းသောတိုက်ပွဲ
တံခါးဝတွင် သေဆုံးနေသူမှာ အမျိုးသမီးတစ်ဦးဖြစ်နေသည်။ သူမ၏မျက်နှာသည် ပြာနှမ်းမည်းညစ်နေသဖြင့် လော်ယွမ်သည် သူမ၏မို့မောက်နေသော ရင်ဘက်ကိုကြည့်၍သာ ယောက်ျားမိန်းမ ခွဲခြားနိုင်၏။ အလောင်းမှာတော့ မျက်နှာကျက်ကို မျက်နှာမူလျက် လဲလျောင်းနေ၏။ မျက်လုံးများက ပြူးကျယ်နေသဖြင့် နောက်စံတင်းပြီး သေသွားသည့်ပုံပေါက်သည်။
လော်ယွမ်က အလောင်းကို ကျော်ခွသွားသော်လည်း နောက်မှပါလာသော ဝမ်ရှီရှီမှာမူ ထိုသို့သောသတ္တိမရှိပေ။ အလောင်းကောင် ရုတ်တရက်ထခုန်လာမည်ကို စိုးရိမ်နေသည့်အလား သတိကြီးစွာဖြင့် ရှောင်ကွင်းသွား၏။ သူမ၏လက်ထဲတွင် အသွားချွန်လက်နတ်ပျံကို တင်းတင်းဆုပ်ကိုင်ထားပြီး စိတ်စွမ်းအင်နယ်ပယ်တစ်လွှာကိုလည်း သူမ၏ကိုယ်ပတ်လည်တွင် ကြိုတင်ထုတ်လွှတ်ထားပြီးဖြစ်သည်။
လော်ယွမ် ဧည့်ခန်းထဲသို့ ဝင်ရောက်သွားသောအခါ သူ၏အာရုံခံနိုင်စွမ်းအောက်တွင် ထိုလူများမှာ ပုန်းကွယ်စရာနေရာမရှိတော့ပေ။
သူက ဝမ်ရှီရှီကို ဧည့်ခန်းတွင်နေခဲ့ရန် လက်ဟန်ပြလိုက်သည်။ ဝမ်ရှီရှီက စိုးရိမ်တကြီးဖြင့် ခေါင်းညိတ်ပြပြီး ပစ္စည်းသိုလှောင်ခန်းမှ ဧည့်ခန်းသို့ဝင်ရာလမ်း၏ အကွယ်နေရာတစ်ခုသို့ အမြန်ပြေးပုန်းလိုက်သည်။ ထိုနေရာသည် ချောင်းမြောင်းတိုက်ခိုက်ရန် အသင့်တော်ဆုံးဖြစ်၏။ လော်ယွမ်က ထိုမြင်ကွင်းကိုတွေ့သောအခါ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့ သူမက မညံ့သေးပေ။
ထို့နောက် သူသည် ပစ္စည်းသိုလှောင်ခန်းထဲသို့ဝင်ကာ နံရံအနီးတွင် နေရာယူလိုက်သည်။
ဤလူတစ်စုသည် ကံဆိုးစွာဖြင့် မြေအောက်ခန်းထဲသို့ အကုန်ရောက်နေကြသည်။ မြေအောက်ခန်း၏ထွက်ပေါက်မှာ တစ်ခုတည်းသာရှိရာ သူက စွန့်စားပြီးဝင်ရောက်ရန် မလိုအပ်ပေ။ ဝင်ပေါက်ကိုသာ ထိန်းချုပ်ထားလိုက်ပါက ဤလူများထဲမှ တစ်ယောက်မျှပင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ခွေးကိုချောင်ပိတ်ရိုက်သည့်အခြေအနေပင်ဖြစ်သည်။
လော်ယွမ်က ဆင့်ကဲပြောင်းလဲသူများနှင့် အစိမ်းသက်သက်တော့ မဟုတ်ပေ။ မိမိတို့ဘက်တွင် သုံးယောက်ရှိသည်ကို မဆိုထားနှင့်၊ ယခုအခါ သူကိုယ်တိုင်ပင်လျှင် တကယ့်ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ဤဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်များမှာ အမျိုးမျိုးအဖုံဖုံ၊ ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်။
စွမ်းရည်များမှာလည်း အားနည်းသည်၊ အားကြီးသည်ဟူ၍ရှိကြသည်။ အားနည်းသူမှာ လင်းရှောင်ကျီကဲ့သို့ဖြစ်ပြီး သူ၏စွမ်းရည်မှာ တိုက်ခိုက်နိုင်စွမ်းမရှိသလောက်ဖြစ်ကာ မိမိကိုယ်ကိုကာကွယ်ရန်သာ အသုံးဝင်သည်။ အားကြီးသူမှာ ဝမ်ရှီရှီကဲ့သို့ဖြစ်ပြီး အကယ်၍ သူမက အစွမ်းကုန်ထုတ်သုံးမည်ဆိုလျှင် လော်ယွမ်ပင်လျှင် ခေတ္တရှောင်တိမ်းရပေလိမ့်မည်။
ဤသည်မှာပင် ဝမ်ရှီရှီက ပုံမှန်အားဖြင့် ပျင်းရိပြီး လေ့ကျင့်မှုအားနည်းသောကြောင့်သာဖြစ်သည်။ အကယ်၍ အပြင်းအထန်လေ့ကျင့်ထားပြီး ပါရမီထူးချွန်သော ဆင့်ကဲပြောင်းလဲသူတစ်ဦးနှင့် တွေ့ဆုံမိပါက သူပင်လျှင် မထင်မှတ်ဘဲ ရှုံးနိမ့်သွားနိုင်သည်။ ဤသို့သော အန္တရာယ်အပြည့်နှင့် ကမ္ဘာပျက်ကာလကြီးတွင် အသက်ရှင်သန်ဖို့အတွက် သတိကြီးစွာထားခြင်းက သူ၏ပင်ကိုဗီဇတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ပစ္စည်းသိုလှောင်ခန်းထဲ၌ ပြင်းထန်သော အငြင်းပွားမှုတစ်ခု ဖြစ်ပွားနေသည်။
"သေစမ်း...၅မိနစ်တောင်ကျော်နေပြီ အဲ့မိန်းမဘာလို့ပြန်မလာသေးတာလဲ... ထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား" မြင်းမျက်နှာနှင့်လူက အမှောင်ထဲတွင် နာရီကိုကြည့်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
အစ်ကိုဟိုင်က စိတ်ရှုပ်ထွေးစွာဖြင့် နေရာတွင် ဟိုသည်လျှောက်သွားနေသည်။ အဘယ်ကြောင့်မှန်းမသိ၊ သူ၏စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရသည်။ သူသည် ရုတ်တရက် ဘက်ပြောင်းလာသောလူကို စူးရှာစွာစိုက်ကြည့်လိုက်ပြီး သူ၏ကော်လံကိုဆွဲကာ နံရံနှင့်ဆောင့်လိုက်ပြီး ကြောက်မက်ဖွယ်ရာအသံဖြင့် ပြောလိုက်သည်။ "ခွေးမသား... မင်းငါတို့ကိုမလိမ်မိစေနဲ့... မဟုတ်ရင်အရှင်လတ်လတ် ငရဲကျတာက ဘာလဲဆိုတာကို သိသွားစေရမယ်"
"ခေါင်းဆောင်... ကျွန်တော်ကဘယ်လိုလုပ် ခေါင်းဆောင်ကို လိမ်ရဲမှာလဲ... ကျွန်တော်ပြောတာတွေက အကုန်အမှန်တွေချည်းပဲ" စွန်းရှောင်ဝူသည် အဆောင့်ခံလိုက်ရသဖြင့် အရိုးများပင် ကျိုးကြေသွားမတတ်ဖြစ်ကာ ငိုမဲ့မဲ့မျက်နှာဖြင့် အလျင်အမြန်ပြောလိုက်သည်။ "အဲ့ဒီသန္ဓေပြောင်းသားရဲကြီးကို တကယ် သူတို့ခေါင်းဆောင် လော်ယွမ်ထိန်းချုပ်ထားတာ... အခု သူသတိလစ်နေတယ်ဆိုတော့ အခွင့်ကောင်းပဲ... သူသာသတိရလာရင်…"
နောက်ဆုံးစကားကိုပြောရာတွင် စွန်းရှောင်ဝူက စကားကိုရပ်တန့်လိုက်သည်။
"သတိရလာတော့ ဘာဖြစ်လဲ" အစ်ကိုဟိုင်က အေးစက်စက်ရယ်မောလိုက်သည်။
"သူ… သူက… သူက ကျွန်တော်တို့အားလုံးကို သတ်လိမ့်မယ်" စွန်းရှောင်ဝူက ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောလိုက်သည်။ သူသည် လော်ယွမ်ကို အရိုးထဲစိမ့်အောင် ကြောက်ရွံ့နေပြီး ပုံမှန်အချိန်တွင် မျက်နှာချင်းဆိုင်ရုံမျှဖြင့်ပင် ဖိအားကြီးစွာခံစားရသည်။ အကယ်၍ လက်ရှိသူတို့၏အစွမ်းအစမှာ တကယ်တမ်းအားကြီးပါက ဧရာမဖွတ်ကြီးကိုမြင်လျှင် အဘယ်မှာ ပုန်းရှောင်နေရန် လိုအပ်မည်နည်း။
လူအချို့၏ မျက်နှာအမူအရာမှာ တစ်ချက်ကြောင်သွားပြီး ရယ်စရာကောင်းသောကိစ္စတစ်ခုကို တွေးမိသည့်အလား ရုတ်တရက် ဟားတိုက်ရယ်မောလိုက်ကြသည်။
"ခင်ဗျားတို့မယုံဘူးဆိုတာ ကျွန်တော်သိပါတယ်" စွန်းရှောင်ဝူက ထိုလူများ၏ ဂရုမစိုက်သောအမူအရာကိုကြည့်ရင်း စိတ်ထဲတွင် ပို၍ပို၍စိုးရိမ်လာသည်။ လော်ယွမ်မသေပါက သူမည်သည့်နေရာသို့ ထွက်ပြေးသွားစေကာမူ စိတ်မအေးနိုင်ပေ။ လော်ယွမ်သေမှဖြစ်ပေမည်။
မည်သည့်နေရာမှ သတ္တိများထွက်ပေါ်လာသည်မသိ၊ သူသည် အစ်ကိုဟိုင်ကို အားဖြင့်တွန်းဖယ်လိုက်ပြီး မျက်နှာကျက်တွင် ချိတ်ဆွဲထားသော အသားခြောက်များဆီသို့ လျှောက်သွားပြီး ထိုအသားခြောက်များကို လက်ညှိုးတုန်တုန်ယင်ယင်ဖြင့်ထိုးပြကာ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ပြောဆိုလိုက်သည်။ "ခင်ဗျားတို့က ဒါတွေကို ဘာထင်နေလဲ... ဒါတွေအကုန်လုံးက အဆင့်သုံး သန္ဓေပြောင်းသားရဲတွေရဲ့ ကလီစာတွေပဲ... အပြင်က ဧရာမဖွတ်ကြီးလိုမျိုး အဆင့်သုံးသန္ဓေပြောင်းသားရဲတွေပေါ့... လွန်ခဲ့တဲ့တစ်နေ့ကပဲ ဒီလိုအတွင်းကလီစာတွေကို သူက သုံးခေါက်တောင် သယ်လာတာ... တစ်ခေါက်နဲ့တစ်ခေါက်လည်း အမျိုးအစားမတူဘူး"
"ခင်ဗျားတို့က အပြင်က ဧရာမဖွတ်ကြီးတစ်ကောင်တည်းကိုတောင် မနိုင်ပဲနဲ့ ရယ်နေကြသေးတယ်... ဘာရယ်စရာရှိလို့လဲ"
"ဖြောင်း…" ပြင်းထန်သောပါးရိုက်သံတစ်ချက်နှင့်အတူ သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
"မင်းကိုယ့်အခြေအနေကိုယ်သိ" အမာရွတ်မျက်နှာနှင့်လူက စူးရှစွာပြောလိုက်သည်။
သို့သော် ရယ်သံများမှာလည်း ရပ်တန့်သွားပြီး မြေအောက်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် မြင်းမျက်နှာနှင့်လူက နောက်တစ်ကြိမ်သတိပေးလိုက်သည်။ "၁၀မိနစ်တောင်ရှိသွားပြီ... တခုခုဖြစ်နေတာများလား"
အစ်ကိုဟိုင်၏ မျက်နှာသည် တည်ကြည်လေးနက်လာသည်။ သူက နံရံဆီသို့ အမြန်လျှောက်သွားပြီး နားကိုနံရံတွင်ကပ်ကာ ခဏမျှငြိမ်သက်စွာနားထောင်လိုက်သည်။ သူက စိတ်ရှုပ်ထွေးစွာဖြင့် နံရံကို လက်သီးဖြင့်ထိုးလိုက်ရာ ကျယ်လောင်သောအသံနှင့်အတူ ထူထဲသောကွန်ကရစ်နံရံသည် သူ၏လက်ချက်ဖြင့် အက်ကွဲသွားသည်။
"နောက်တစ်ယောက်လောက် အပြင်ထွက်ကြည့်ခိုင်းရင် ကောင်းမလား" မြင်းမျက်နှာနှင့်လူက အကြံပြုလိုက်သည်။
ကျန်ရှိနေသော ယောက်ျားနှစ်ဦးနှင့် မိန်းမတစ်ဦးမှာ ကြောက်လန့်တကြားဖြစ်ကာ တစ်ကိုယ်လုံး တုန်ယင်နေပြီး ကိုယ်ကိုနံရံတွင်ကပ်၍ ကျုံ့ထားကြသည်။
အစ်ကိုဟိုင်က ခေါင်းညိတ်လိုက်သည်။
မကြာမီ မြင်းမျက်နှာနှင့်လူက ပျော့ခွေနေပြီဖြစ်သော အမျိုးသမီးကို ဆွဲထူလိုက်သည်။ သူမက အပြင်းအထန်ရုန်းကန်ရင်း အဆက်မပြတ်ငိုယိုတောင်းပန်နေသဖြင့် နှာရည်မျက်ရည်များမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ မြင်းမျက်နှာနှင့်လူက အလွန်စိတ်ရှုပ်ထွေးစွာဖြင့် ဒေါသတကြီးဖြင့် သူမကိုကန်လှဲချလိုက်ပြီးနောက် သူမ၏ဆံပင်ကိုဆွဲပြီး ကြမ်းပြင်နှင့် အဆက်မပြတ်ဆောင့်လိုက်ရာ "ဒုန်းဒုန်း" ဟူသောအသံများ ထွက်ပေါ်လာသည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်…
အမျိုးသမီးသည် အစပိုင်းတွင် ရုန်းကန်နေသေးသော်လည်း တဖြည်းဖြည်းအသံတိတ်သွားပြီး မြေပြင်တွင် သွေးများအိုင်လာကာ အပေါ်တွင် အရိုးအစအနအချို့ ရောနှောနေသည်။
"တော်တော့... သူသေသွားပြီ" အစ်ကိုဟိုင်က အသံတိုးတိုးဖြင့် ဟောက်လိုက်ပြီး သူ၏မျက်နှာမှာ ကြည့်ရဆိုးနေသည်။
"ဒီမိန်းမ ကိုယ့်အခြေအနေကိုယ်မသိဘူး" မြင်းမျက်နှာနှင့်လူက ခပ်တိုးတိုးရေရွတ်လိုက်ပြီး မသေခင် သူ၏လက်မောင်းကိုကုတ်ခြစ်ထားသော လက်ကိုဖယ်ခွာလိုက်သည်။ သူမ၏လက်သည်းဖြင့် ကုတ်ခြစ်ထားသော နက်ရှိုင်းသည့်သွေးထွက်ဒဏ်ရာအချို့ကိုကြည့်ပြီးနောက် ဒေါသဖြင့် အလောင်းကို ခြေထောက်ဖြင့် အကြိမ်အနည်းငယ် ကန်ကျောက်လိုက်ပြန်သည်။
စွန်းရှောင်ဝူသည် မြေပြင်ပေါ်တွင်လဲလျောင်းရင်း ဤကြောက်မက်ဖွယ်ရာမြင်ကွင်းကိုကြည့်ကာ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် ရုတ်တရက် နောင်တရလာမိသည်။ မိမိသည် အစကတည်းက အဘယ်ကြောင့် ဤမျှစိတ်လိုက်မာန်ပါလုပ်ခဲ့မိပါလိမ့်။ သို့မဟုတ်ပါက ဤနေရာတွင် စိုးရိမ်တကြီးဖြင့် နေနေရန်မလိုအပ်ပေ။
"ဒါကစကားနားမထောင်ခြင်းရဲ့ ရလဒ်ပဲ" မြင်းမျက်နှာနှင့်လူက အေးစက်စက်ပြောလိုက်ပြီး ကျန်အမျိုးသားတစ်ဦးကို ကြည့်ကာ "အခု မင်းအလှည့်"
ထိုအမျိုးသား၏ မျက်နှာသည် ကြောက်လန့်တကြားဖြစ်နေသော်လည်း ရှေ့မှအမျိုးသမီး၏အဆုံးသတ်ကိုကြည့်ပြီးနောက် သူက စကားတစ်ခွန်းမျှမပြောရဲဘဲ စက်ပြင်ဂွတစ်ချောင်းကိုကိုင်ကာ တိတ်ဆိတ်စွာထရပ်ပြီး ပထမထပ်သို့သွားသော လှေကားဆီသို့ လျှောက်သွားသည်။
တံခါးကိုဖွင့်ပြီး သူက သတိကြီးစွာဖြင့် ထွက်သွားပြီးနောက် ခါးကိုင်းကာ တံခါးကိုပြန်ပိတ်လိုက်သည်။
သူ၏ကိုယ်ကို ပြန်မတ်လိုက်ချိန်မရသေးမီမှာပင် ခွန်အားကြီးသောလက်တစ်ဖက်က သူ၏ပါးစပ်ကို အားကုန်ဖိပိတ်လိုက်ပြီးနောက် သူက ကြည်လင်ပြတ်သားသော အရိုးကျိုးသံတစ်ချက်ကို ကြားလိုက်ရသည်။ သူက သက်သာရာရသွားသည့်အလား ခေါင်းပေါ်ကိုကြည့်လိုက်ပြီး သူ၏ကိုယ်ကို ထောင့်တစ်နေရာသို့ အလျင်အမြန်ဆွဲခေါ်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏မျက်စိရှေ့တွင် ပို၍ပို၍မှောင်မိုက်လာပြီး တဖြည်းဖြည်း ထာဝရအမှောင်ထုထဲသို့ ကျရောက်သွားတော့သည်။
"မင်းတို့စောစောက အသံကြားလိုက်သေးလား" အနောက်တိုင်းဝတ်စုံနှင့်လူက နံရံတွင်ကပ်ရင်း လေးနက်စွာပြောလိုက်သည်။
"တစ်ခုခုကို ဒရွတ်တိုက်ဆွဲနေတဲ့အသံနဲ့တူတယ်" အမာရွတ်မျက်နှာနှင့်လူက မရေမရာပြောလိုက်သည်။
"သေစမ်း... တစ်ဖက်လူက တံခါးဝမှာ စောင့်နေတာသေချာတယ်" အစ်ကိုဟိုင်က ဒေါသတကြီးပြောလိုက်သည်။
သူက စွန်းရှောင်ဝူကိုဆွဲထူပြီး ပါးကိုနောက်တစ်ကြိမ်ပြင်းထန်စွာရိုက်လိုက်သည်။ "အဲ့ဒီ လော်ဆိုတဲ့ကောင်ကလွဲရင် သူတို့စီမှာ တခြားသန္ဓေပြောင်းလူတွေ ရှိသေးလား"
စွန်းရှောင်ဝူ၏ ဦးခေါင်းသည် တဝီဝီမြည်နေပြီး ညာဘက်ပါးမှာ အလျင်အမြန်ရောင်ကိုင်းလာသည်။ သူသည် အရိုက်ခံရသဖြင့် လုံးဝကြောင်အသွားပြီး အချိန်အတော်ကြာမှ သွေးစွန်းနေသောသွားအချို့ကို ထွေးထုတ်ကာ ကြောက်လန့်တကြားဖြင့်ပြောလိုက်သည်။ "ခေါင်းဆောင်... ရှိ… ရှိသေးတယ်... သုံးယောက်"
"သုံးယောက်တောင်" အစ်ကိုဟိုင်သည် ခေါင်းနပမ်းကြီးသွားသလိုခံစားရပြီး ဒေါသတကြီးဖြင့်အော်လိုက်သည်။ "ခွေးမသား... အဲ့ဒါဘာလို့စောစောက မပြောတာလဲ"
"ကျွန်… ကျွန်တော်က… ဘာလို့လဲဆိုတော့… အဲ့ဒီသန္ဓေပြောင်းလူတွေက လော်ယွမ်နဲ့ယှဉ်ရင် ပြောပလောက်တာမဟုတ်လို့ပါ" စွန်းရှောင်ဝူက နောက်တစ်ကြိမ်အရိုက်ခံရမည်စိုး၍ အလျင်အမြန်ပြောလိုက်သည်။
အစ်ကိုဟိုင်က ဒေါသတကြီးဖြင့် သေနတ်ကိုထုတ်ကာ သူ၏နဖူးကို အားကုန်ထောက်လိုက်သည်။ "ခွေးမသား... မင်းသေချင်နေတာလား... ဒီတစ်ခါငါတို့ကို တစ်ခါထဲရှင်းအောင်မပြောရင် ငါအခုမင်းကို ပစ်သတ်မယ်"
"ခေါင်း… ခေါင်းဆောင်... မပစ်ပါနဲ့... မပစ်ပါနဲ့... ကျွန်တော်အခုပြောပါ့မယ်" သေနတ်ဖြင့် ဤသို့အထောက်ခံရသောအခါ စွန်းရှောင်ဝူသည် ကြောက်လန့်တကြားဖြင့် ဆီးအိမ်တင်းသွားပြီး ဆီးများက ဘောင်းဘီအောက်မှ စီးကျလာသည်။ "တစ်ယောက်က ခင်ဗျားတို့သတ်လိုက်ပြီ... နောက်တစ်ယောက်က အဝါရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းခလေးတစ်ယောက်ပဲ... သူ့အစွမ်းကဘာလဲတော့ သေချာမသိဘူး... သူ့လက်နဲ့ထိလိုက်တာနဲ့ ကိုယ်ကလွင့်ထွက်သွားတယ်လို့ပဲသိတယ်"
"အစွမ်းထက်ဆုံးက ခလေးမလေးတစ်ယောက်ပဲ... သူ့အစွမ်းက ရုပ်ရှင်ထဲက စိတ်စွမ်းအင်နဲ့ဆင်တူတယ်... သူ့လက်နက်က ပျံသန်းနိုင်တဲ့လှံတိုတစ်ချောင်းပဲ... သူ အဆင့်နှစ် သန္ဓေပြောင်းသားရဲနှစ်ကောင်ကို သတ်တာ ကျွန်တော်မြင်ဖူးတယ်"
အစ်ကိုဟိုင်တို့အဖွဲ့သည် အနည်းငယ်နောင်တရလာကြသည်။ အစကတည်းကသိခဲ့လျှင် အကုန်လုံးကိုသတ်ပစ်ခဲ့လိုက်သည်။ ထိုသို့ဆိုလျှင် ဤမျှဒုက္ခများမည်မဟုတ်ပေ။
"ဒါဆို အပြင်မှာ မိန်းမနှစ်ယောက်ရှိနေတာပေါ့" အနောက်တိုင်းဝတ်စုံနှင့်လူက ရုတ်တရက်ပြောလိုက်သည်။ အစ်ကိုဟိုင်တို့နှင့်နှိုင်းယှဉ်လျှင် သူက အအေးဆေးဆုံးဖြစ်သည်။ "အဲ့ဒီသန္ဓေပြောင်းသားရဲကို လော်ယွမ်ကလွဲရင် တခြားလူတွေမထိန်းချုပ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့ရင်ဆိုင်ရမှာက မိန်းမနှစ်ယောက်ပဲ"
"ဒီနေရာက ကျွန်တော်တို့အတွက်မကောင်းဘူး... တစ်ဖက်လူက ရိက္ခာတွေကို ဂရုမစိုက်ပဲ မီးနဲ့တိုက်တာဖြစ်ဖြစ် အဆိပ်ငွေ့လွှတ်တာဖြစ်ဖြစ် အပေါက်ဝကိုပိတ်ထားတာဖြစ်ဖြစ် လုပ်လိုက်ရင် ကျွန်တော်တို့အားလုံးသေရမှာ... အခုအရေးကြီးတာက ဒီကအမြန်ထွက်ဖို့ပဲ"
အစ်ကိုဟိုင်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် တဖြည်းဖြည်းတည်ငြိမ်လာသည်။ ထိုမိန်းမနှစ်ယောက်ကို သူအနည်းငယ်မှတ်မိသေးသည်။ သူတို့၏တုံ့ပြန်မှုမှာ အနက်ရောင်အဝတ်အစားဝတ်ထားသော အမျိုးသမီးလောက်ပင်မကောင်းပေ။ ဤသို့သောမိန်းမများမှာ ဆင့်ကဲပြောင်းလဲလာသူဖြစ်လျှင်ပင် စိုးရိမ်စရာမရှိပေ။
"ပြောနေရင်ကြာတယ် ငါတို့အခုပဲ အပြင်ထွက်ရအောင်" အစ်ကိုဟိုင်က သန္ဓေပြောင်းသားရဲ၏ခြေသည်းဖြင့်ပြုလုပ်ထားသော အရိုးဓားတစ်ချောင်းကိုကိုင်ကာ လေးနက်စွာပြောလိုက်သည်။ "အားလုံး သတိထားကြ"
"မိန်းမ၂ယောက်လောက်ကို ဘာကြောက်စရာလိုလို့လဲ" မြင်းမျက်နှာနှင့်လူက ညစ်ညမ်းစွာရယ်မောလိုက်သည်။ "သန္ဓေပြောင်းလူတွေက အရမ်းအန္တရာယ်များတာဆိုးတာပဲ မဟုတ်ရင် အရှင်ဖမ်းပြီးကောင်းကောင်းဆုံးမလို့ရတယ်... ဒါပေမဲ့ကျန်တဲ့နှစ်ယောက်လည်းမဆိုးပါဘူး... အထူးသဖြင့် အနက်ရောင်အဝတ်အစားဝတ်ထားတဲ့မိန်းမပဲ... သူ့တင်ပါးကကြီးပြီး လုံးချိတ်နေတာ ဖိပြီးတော့ တစ်ချီလောက်ဆွဲလိုက်ရင်ရှယ်ပဲ"
"ပါးစပ်ပိတ်ထားစမ်း... မင်းအားနေ အဲ့ကိစ္စတွေပဲ စဉ်းစားနေလား" အစ်ကိုဟိုင်က သူ့ကိုစိုက်ကြည့်ကာ အော်ငေါက်လိုက်သည်။
မြင်းမျက်နှာနှင့်လူက ရှက်ကိုးရှက်ကန်းဖြင့် ပါးစပ်ပိတ်လိုက်သည်။
"မင်း နဲ့ မင်း... ဟုတ်တယ်... မင်းတို့နှစ်ယောက် ရှေ့ကသွား... အမြန်လုပ်" အစ်ကိုဟိုင်က သေနတ်ဖြင့် စွန်းရှောင်ဝူနှင့် ကျန်အမျိုးသားတစ်ဦးကို ညွှန်ပြကာ ကြောက်မက်ဖွယ်ရာပြုံးလိုက်သည်။
စွန်းရှောင်ဝူ၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး ကြောက်လန့်တကြားဖြင့် ထရပ်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အမုန်းတရားအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး တစ်ဖက်မှမမြင်စေရန် ခေါင်းကိုအလျင်အမြန်ငုံ့ထားလိုက်သည်။
အစ်ကိုဟိုင်က ရုတ်တရက် တိတ်ဆိတ်ရန် လက်ဟန်ပြလိုက်ပြီးနောက် အနောက်တိုင်းဝတ်စုံနှင့်လူကို လှေကားအပေါ်မှအဖုံးကို ညွှန်ပြလိုက်ရာ အနောက်တိုင်းဝတ်စုံနှင့်လူက သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ပစ္စည်းသိုလှောင်ခန်းမှ မြေပြင်ပေါ်မှအဖုံးသည် ရုတ်တရက် ကျည်ဆန်များဖြင့် ကြေမွသွားပြီး ကျည်ဆန်များမှာ ကျဉ်းမြောင်းသောနေရာတွင် အဆက်မပြတ်ခုန်ပျံနေသည်။ လော်ယွမ်သည် သူတို့သေနတ်ထုတ်လိုက်သည့်အချိန်ကတည်းက ပစ္စည်းသိုလှောင်ခန်းမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ သူ၏ကိုယ်ကို ပစ္စည်းသိုလှောင်ခန်းအပြင်ဘက်မှနံရံတွင်ကပ်ထားပြီး ကျန်းမာတောက်ဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။
အာရုံခံနိုင်စွမ်းရှိနေသဖြင့် ဤလူများ မည်သို့ပင်လှုပ်ရှားစေကာမူ လော်ယွမ်က အကုန်သိမြင်နေသည်။ သတင်းအချက်အလက်မညီမျှမှုက ဤတိုက်ပွဲကို အစကတည်းကပင် သူတို့ဘက်မှ အနိုင်ရရန် အခွင့်အရေးမရှိတော့သည်ကို ဆုံးဖြတ်ပေးခဲ့ပြီးဖြစ်သည်။
ထိုလူများက နောက်ဆုံးတွင် ထွက်လာကြသည်။ ငါးစာဖြစ်သောလူနှစ်ဦးက သတိကြီးစွာဖြင့် နောက်သို့ဆုတ်နေပြီး နောက်တွင် လေးယောက်လိုက်လာသည်။ လော်ယွမ်က ထိုလူများထဲမှ တစ်ဦး၏နေရာနှင့် သူ၏အာရုံခံနိုင်စွမ်းတွင် ကွဲလွဲနေသည်ကို တွေ့ရှိလိုက်ရသည်။ အကွာအဝေးမှာ တစ်မီတာနီးပါးကွာခြားနေပြီး အလင်းကိုထိန်းချုပ်နိုင်သောလူ ဖြစ်ဟန်တူသည်။
ကျန်နှစ်ဦး၏စွမ်းရည်မှာ အဘယ်အရာဖြစ်သည်ကိုမူ မသိနိုင်ပေ။
လော်ယွမ်က ထိုလေးယောက် တံခါးဝမှထွက်လာသည့်အချိန်ကို အာရုံခံမိသောအခါ သူရုတ်တရက်လှုပ်ရှားလိုက်သည်။ သူ၏ခြေဖျားကိုကန်လိုက်ရာ သူ၏ကိုယ်သည် လေးညှို့မှလွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ အသားမည်းမည်းနှင့် အရပ်မြင့်မြင့်အမျိုးသားဆီသို့ အလျင်အမြန်ပြေးဝင်သွားသည်။ သူက ဤလူသည် ဤလူများ၏ခေါင်းဆောင်ဖြစ်ပြီး အင်အားမှာလည်း အပြင်းထန်ဆုံးဖြစ်မည်ကို သိသည်။ ဤတစ်ယောက်ကိုသာသတ်လိုက်ပါက နောက်ပိုင်းတွင် လွယ်ကူသွားပေလိမ့်မည်။
သို့သော် လော်ယွမ်၏ထင်မြင်ချက်နှင့် ဆန့်ကျင်စွာပင် ဤလူသည် အန္တရာယ်ကို အလွန်အာရုံခံနိုင်စွမ်းရှိသည်။ လော်ယွမ်အနားသို့မရောက်မီမှာပင် သူက ရုတ်တရက် လူးလိမ့်လိုက်ပြီး ဤသေစေနိုင်သောတိုက်ခိုက်မှုကို သီသီလေးရှောင်တိမ်းသွားသည်။ လော်ယွမ်က အံ့ဩသံတစ်ချက်ပြုလိုက်ပြီး ကျန်းမာတောက်ဓားကို လျင်မြန်စွာ ဦးတည်ချက်ပြောင်းကာ သူ၏လည်ချောင်းဆီသို့ ခုတ်ချလိုက်သည်။
သူ၏တုံ့ပြန်မှုမှာလည်း အလွန်မြန်ဆန်လှသည်။ အသက်နှင့်ခန္ဓာ မကွဲပြားခင်မှာပင် သူ၏ခြေထောက်က စင်္ကြံမှနံရံကို အားကုန်ကန်လိုက်ပြီး ကိုယ်ကိုအလျင်အမြန်နောက်ဆုတ်သွားသော်လည်း လုံးဝရှောင်တိမ်းနိုင်ခြင်းတော့မရှိပေ။
ကျန်းမာတောက်ဓားသည် သူ၏ဦးရေပြားကို လျင်မြန်စွာခုတ်ပိုင်းသွားပြီး ဦးခေါင်းခွံတစ်ခုလုံး တစ်လွှာအပိုင်းခံလိုက်ရကာ လက်ဝါးအရွယ်အစားရှိသော ဆံပင်တစ်ကွက်မှာ ပျောက်ကွယ်သွားပြီး သွေးများ တသွင်သွင်စီးကျလာသည်။
"တိုက်... အမြန်တိုက်" အစ်ကိုဟိုင်က ကြောက်လန့်တကြားဖြင့် ဟိန်းဟောက်လိုက်ပြီး အရိုးဓားကိုကိုင်ကာ အဆက်မပြတ်နောက်ဆုတ်သွားသည်။
ကျန်လူအနည်းငယ်လည်း အလျင်အမြန်တုံ့ပြန်လိုက်ကြပြီး အနောက်တိုင်းဝတ်စုံနှင့်လူက ဦးစွာပစ်ခတ်လိုက်သည်။ ကျည်ဆန်များက သေနတ်ပြောင်းမှ အဆက်မပြတ်ပန်းထွက်လာပြီး နံရံပေါ်တွင် ကျောက်စရစ်ခဲများ လွင့်စဉ်သွားသည်။
အမာရွတ်မျက်နှာနှင့်လူ၏ ကိုယ်သည် အဆပေါင်းများစွာ ကြီးထွားလာပြီး မူလပိန်လှီသောကိုယ်လုံးမှာ ကြွက်သားအဖုအဖုနှင့် လူပုဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာရာ မြေပြင်ပင်လျှင် အနည်းငယ်တုန်ခါသွားသည်။
လော်ယွမ်၏ကိုယ်သည် တစ်ချက်ဝေဝါးသွားပြီး မူလနေရာတွင် အရိပ်ပေါင်းများစွာ ပေါ်လာသကဲ့သို့ဖြစ်ကာ ကျည်ဆန်အနည်းငယ်မှာ သူ၏ကိုယ်မှ ဖြတ်သန်းသွားသော်လည်း မည်သို့မျှထိမှန်ခြင်းမရှိပေ။ ထိုသူကျည်ဆန်ကုန်သွားသောအခါ လော်ယွမ်က အေးစက်စက်ရယ်မောလိုက်ပြီး ကိုယ်ကို အကွာအဝေးတိုတစ်ခုသို့ တိုးဝင်ကာ ဓားသွားသည် သူ၏ကိုယ်နှင့်အတူ အမာရွတ်မျက်နှာနှင့်လူ၏ ဘေးမှ ဖြတ်သန်းသွားသည်။
အမာရွတ်မျက်နှာနှင့်လူ၏ လှုပ်ရှားမှုတစ်ချက်ရပ်တန့်သွားပြီး ကြွက်သားအဖုအဖုနှင့် လက်မောင်းနှစ်ဖက်သည် ရုတ်တရက်ပြုတ်ကျသွား၏။ သူက ရင်ဘတ်ကိုငုံ့ကြည့်လိုက်ရာ ကြွက်သားများဖြင့် ဖောင်းကားနေသောအဝတ်အစားပေါ်တွင် အက်ကြောင်းတစ်ခုပေါ်လာပြီးနောက် သွေးများအမြောက်အမြား စိမ့်ထွက်လာသည်။ သူ၏မျက်နှာတွင် အလွန်အမင်းကြောက်လန့်မှုများ ပေါ်ပေါက်လာပြီးနောက် သူ၏ကိုယ်သည် ဘေးသို့ယိုင်သွားပြီး ကိုယ်တစ်ပိုင်းသည် မြေပေါ်သို့ ပြုတ်ကျသွားကာ ကြောက်မက်ဖွယ်ရာအော်ဟစ်သံသည် အိမ်ကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။
လော်ယွမ်ပေါ်လာသည်ကိုမြင်သောအခါ စွန်းရှောင်ဝူသည် ကြောက်လန့်တကြားဖြင့် ဝိညာဉ်ပင်ထွက်သွားမတတ်ဖြစ်နေပြီဖြစ်သည်။ တစ်ဖက်မှ မိမိကိုဂရုမစိုက်သည်ကိုတွေ့သောအခါ သူက အသက်လု၍ တံခါးဝသို့ ပြေးသွားသည်။
သို့သော် ဧည့်ခန်းသို့ရောက်သည်နှင့် ပျံသန်းနေသောလှံတိုတစ်ချောင်းသည် ကျည်ဆန်ကဲ့သို့ စူးရှစွာရောက်ရှိလာပြီး စွန်းရှောင်ဝူ၏ရှေ့တွင် ရပ်တန့်သွားသည်။ စွန်းရှောင်ဝူက ဖြူဖျော့နေသောမျက်နှာလေးဖြင့် မိမိကိုသေချာစွာစိုက်ကြည့်နေသော ဝမ်ရှီရှီကိုတွေ့သောအခါ သူ၏ခြေထောက်များပျော့ခွေသွားပြီး မြေပြင်ပေါ်သို့လဲကျကာ ငိုယိုအော်ဟစ်လိုက်သည်။ "ကျွန်တော့်ကို မသတ်ပါနဲ့... တောင်းပန်ပါတယ် မသတ်ပါနဲ့"
"နင့်လို သစ္စာဖောက်ကောင်က တောင်းပန်လည်း အပိုပဲ" ဝမ်ရှီရှီ၏ မျက်လုံးများက တိမ်းရှောင်နေပြီး အားတင်းကာ ပြောလိုက်သည်။
အကယ်၍ ဟော်တုံသာဖြစ်ပါက ဝမ်ရှီရှီသည် အပြင်ပန်းတွင်သာ အားကြီးဟန်ဆောင်နေသည်ကို မြင်နိုင်ပေလိမ့်မည်။ သနားစရာစကားအနည်းငယ်ပြောပြီး အကျိုးအကြောင်းဖြင့် ဆွဲဆောင်လိုက်ပါက ဝမ်ရှီရှီစိတ်ပျော့သွားပြီး သူ့ကိုလွှတ်ပေးကောင်းလွှတ်ပေးလိမ့်မည်။ သို့သော် စွန်းရှောင်ဝူသည် ဟော်တုံမဟုတ်ပေ။ သူတွင် ဤသို့သောအမြင်မရှိသလို လူမှုရေးအတွေ့အကြုံလည်းမရှိပေ။ လွတ်မြောက်ရန်မျှော်လင့်ချက်မရှိသည်ကိုမြင်သောအခါ သူ၏မျက်နှာသည် အမုန်းတရားများဖြင့် ပြည့်နှက်သွားပြီး ကျိန်ဆဲလိုက်သည်။ "ဖာသယ်မ ငါသရဲဖြစ်သွားရင်တောင် နင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး... နင်နဲ့လော်ယွမ်လည်း အသေဆိုးနဲ့သေရလိမ့်မယ်"
"နင်… သေလိုက်စမ်း" ဝမ်ရှီရှီသည် စွန်းရှောင်ဝူက မိမိကိုကျိန်ဆဲသည်သာမက သူမ၏ကိုကြီးယွမ်ကိုပါ ကျိန်ဆဲသည်ကိုတွေ့သောအခါ ဒေါသဖြင့် တစ်ကိုယ်လုံးတုန်ယင်လာပြီး နံဘေးတွင်ပျံသန်းနေသောလက်နတ်က "ဝှီး" ဟူသောကျယ်လောင်သောအသံနှင့်အတူ ဒေါသအရှိန်ဖြင့် အသံထက်မြန်သောအရှိန်ကို ကျော်လွှားသွားသည်။ မျက်စိတစ်မှိတ်အတွင်း စွန်းရှောင်ဝူ၏ ဦးခေါင်းသည် ဗုံးတစ်လုံးပေါက်ကွဲသွားသည့်နှယ် ရုတ်တရက် ပွင့်ထွက်သွားပြီး အစိတ်စိတ်အမွှာမွှာဖြစ်ကာ ဦးနှောက်နှင့်သွေးသားများမှာ နေရာအနှံ့သို့ လွင့်စင်သွား၏။ သွေးများဖြင့် အရုပ်ဆိုးလှသော မြင်ကွင်းဖြစ်နေတော့သည်။
ဝမ်ရှီရှီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သွေးစက်များမှာ သူမ၏ခေါင်းနှင့်မျက်နှာတစ်ခုလုံး စွန်းထင်းနေသည်။ ရုတ်တရက် သူမ၏အစာအိမ်ထဲမှ လှိုက်တက်လာသည်ကို ခံစားလိုက်ရကာ နံရံကိုမှီ၍ အန်လေတော့သည်။ မျက်ရည်များပင် ထွက်ကျလာသည်။
လော်ယွမ်ဘက်မှတိုက်ပွဲမှာလည်း အဆုံးသတ်သို့ နီးကပ်လာပြီဖြစ်သည်။
အနောက်တိုင်းဝတ်စုံနှင့်လူသည် ကျည်ဆန်ကုန်သွားသောအခါ ရိုင်ဖယ်ကို ဘေးသို့လွှင့်ပစ်လိုက်ပြီး နောက်ကျောမှ စစ်သုံးဓားမြောင်တစ်ချောင်းကို အလျင်အမြန်ဆွဲထုတ်ကာ လော်ယွမ်ဆီသို့ ပြေးဝင်လာသည်။
သူ၏အရှိန်မှာ သာမန်လူများထဲတွင် အလွန်မြန်ဆန်ပြီး တိုက်ခိုက်ရေးကိုအချိန်တော်ကြာအောင် လေ့ကျင့်ထားသဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ အတော်ပင်ကောင်းမွန်သည်။ သို့သော် လော်ယွမ်၏ရှေ့တွင်မူ လုံးဝပြောပလောက်ခြင်းမရှိပေ။ သူက ခြေလှမ်းများကို အပြန်အလှန်လှမ်းကာ ရှေ့သို့လျင်မြန်စွာ ခြေလှမ်းအနည်းငယ်တိုးဝင်လိုက်ပြီး ကျန်းမာတောက်ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ တစ်ချက်တည်းဖြင့် သူ၏ဓားမြောင်ကို ခုတ်ပိုင်းလိုက်သည်။ သူတခြားလှုပ်ရှားမှုမပြုလုပ်မီမှာပင် ဒုတိယဓားချက်သည် လျှပ်စီးကြောင်းကဲ့သို့ တစ်ချက်လင်းလက်ကာ သူ၏လည်ပင်းသွေးကြောကို ဖြတ်သန်းသွားသည်။
သွေးများက အရူးအမူးပန်းထွက်လာပြီး စင်္ကြံ၏တစ်ဖက်နံရံကို နီရဲသွားစေသည်။
တိုက်ပွဲမှာ ပြောလျှင်သာကြာသည် အမှန်တကယ်တွင် အစမှအဆုံး ၁၀စက္ကန့်မျှသာ ကြာမြင့်သည်။
"မြင်းမျက်နှာ... အမြန်ပြေး" အစ်ကိုဟိုင်က ဟိန်းဟောက်လိုက်သည်။ သူ၏ယုံကြည်မှုမှာ လော်ယွမ်၏ရှေ့တွင် လုံးဝပြိုလဲသွားပြီဖြစ်သည်။ ဤသည်မှာ တိုက်ပွဲမဟုတ် တဖက်သတ် လူသတ်ဖြတ်ပွဲဖြစ်သည်။
တန့်ချောင်၏အင်အားမှာ အလွန်ပြင်းထန်ပြီး သူပင်လျှင် အပြတ်အသတ်အနိုင်ရမည်ဟု မပြောနိုင်ပေ။ အင်အားကြီးမားပြီး ခန္ဓာကိုယ်အလွန်ကျစ်လစ်သော်လည်း ထိုသူက လွယ်လွယ်ကူကူပင် သတ်ဖြတ်သွားသည်။ ကျိုးကျုံးမင်သည် အထူးတပ်ဖွဲ့ဝင်ဖြစ်ပြီး သေနတ်ကိုင်ထားပါက တိုက်ခိုက်နိုင်စွမ်းမှာ သူတို့ဆင့်ကဲပြောင်းလဲလာသူအချို့ထက်ပင် ပို၍အားကောင်းနိုင်သော်လည်း ခုခံနိုင်စွမ်းတစ်စုံတစ်ရာမျှမရှိဘဲ သူပစ်သောကျည်ဆန်ပင် တစ်ကြိမ်မှမထိပေ။
မျှော်လင့်ချက်ကင်းမဲ့ခြင်း... လုံးဝမျှော်လင့်ချက်ကင်းမဲ့ခြင်းပင်။
သူ၏ဟိန်းဟောက်သံက စင်္ကြံတွင် ပဲ့တင်ထပ်နေဆဲမှာပင် မြင်းမျက်နှာနှင့်လူ၏ အော်ဟစ်သံထွက်ပေါ်လာပြီး ဓားရောင်တစ်ချက်လင်းလက်သွားကာ ဦးခေါင်းတစ်ခု လေထဲသို့ပျံတက်သွားပြီး သွေးများက ကောင်းကင်သို့ ပန်းထွက်သွားသည်။
အစ်ကိုဟိုင်၏ စိတ်ဓာတ်မှာ လုံးဝပြိုလဲသွားပြီး အသက်လု၍ အပြင်သို့ပြေးထွက်သွားသည်။ သူ၏ဆင့်ကဲပြောင်းလဲအစွမ်းမှာ အရှိန်နှင့်သက်ဆိုင်ရာ ယခုအခါ အသက်လု၍ပြေးနေသဖြင့် အရှိန်မှာ ပို၍ပင်အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်နေသည်။ လော်ယွမ်မှာ အငိုက်မိသွားပြီး တစ်ခဏအတွင်း သူက စင်္ကြံမှထွက်ပြေးသွားသည်ကို ခွင့်ပြုလိုက်ရသည်။
"သေစမ်း... ဝမ်ရှီရှီနဲ့ဟွမ်ကျားဟွေ အန္တရာယ်ရှိနေပြီ" လော်ယွမ်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး အလျင်အမြန်ပြေးလိုက်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၁၁၉)မြေကြိမ်နှုန်း
အစ်ကိုဟိုင်သည် အသက်လု ထွက်ပြေးနေရင်း သူ၏ ရင်ထဲမှ ကြောက်ရွံ့မှုက သူ့ကို ရူးမတတ် ဖြစ်နေသည်။ အန္တရာယ်က လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူခံစားနေရပြီး ထိုကြောက်မက်ဖွယ်ကောင်းသော လူက သူ့နောက်သို့ လိုက်လာနေသည်။ သူ့ကို အဆိုးဆုံး ရူးသွပ်သွားစေသည့်အချက်မှာ ထိုသူ၏ အမြန်နှုန်းက သူ့ထက် အနည်းငယ် ပို၍ပင် မြန်ဆန်နေသေးခြင်းပင်ဖြစ်သည်။ ဤသို့သော ရန်သူမျိုးကို မည်သူမဆို ရင်ဆိုင်ရပါက မျှော်လင့်ချက်ကင်းမဲ့သွားမည်မှာ သေချာသည်။
သူသည် စင်္ကြံလမ်းကို ဖြတ်ပြေးရင်း တံခါးပေါက်ဆီသို့ ဘေးဘီကိုပင် မကြည့်ဘဲ ပြေးထွက်သွားသည်။
ရင်ထဲမှ ကြောက်ရွံ့မှုနှင့် တင်းမာမှုတို့ကြောင့် အနီးအနားတွင် အဆက်မပြတ် အန်နေသော ဝမ်ရှီရှီကိုပင် သူ သတိမပြုမိလိုက်ပေ။ သို့တည်းမဟုတ် မြင်တွေ့ခဲ့လျှင်ပင် တုံ့ပြန်ရန် အချိန်ရမည်မဟုတ်ပေ။
ဆင့်ကဲပြောင်းလဲသူတိုင်းသည် လော်ယွမ်ကဲ့သို့ အရည်အချင်းအားလုံး မျှတစွာ ဖွံ့ဖြိုးတိုးတက်နေသည်မဟုတ်ပေ။ သူတို့၏ စွမ်းရည်အများစုမှာ ကိုယ်ပိုင်အားနည်းချက်များ ရှိကြသည်။ သူ၏ အမြန်နှုန်းသည် လော်ယွမ်နှင့် တူညီလျှင်ပင် လော်ယွမ်ကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်သောအခါမှ မမီနိုင်ပေ။ ဉာဏ်ရည်ထက်မြက်သော ဦးနှောက်နှင့် အစွမ်းထက်သော အာရုံခံနိုင်စွမ်းမရှိဘဲ လျင်မြန်သောတိုက်ပွဲအတွင်း အဖြစ်အပျက်များကို အသေးစိတ် စီမံခန့်ခွဲနိုင်မည်မဟုတ်ပေ။
သာမန်လူတစ်ဦးက တုံ့ပြန်မှုအလွန်မြန်သော အရှိန်မြင့် ပြိုင်ကားတစ်စီးကို မောင်းနှင်နေသကဲ့သို့ပင်။ အလွန်ဆုံး လမ်းဖြောင့်ပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်ရသည့် အရသာကို ခံစားနိုင်ရုံသာရှိမည်။ အကွေ့အကောက်များ သို့မဟုတ် ကျော်တက်လိုပါက ရလဒ်မှာ ကားလည်းမှောက် လူလည်းသေရုံသာ ရှိပေမည်။
အမှန်တကယ်တွင် ဆင့်ကဲပြောင်းလဲသူ ဖြစ်လာပြီးနောက် တိုက်ခိုက်နေစဉ်အတွင်း သူ၏မူလအမြန်နှုန်း၏ ၅၀%သာ အသုံးပြုနိုင်သည်။ ထိုထက်ပိုမြန်ပါက တိုက်ခိုက်နိုင်စွမ်း ကျဆင်းသွားပေလိမ့်မည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တံခါးပေါက်သည် သူ၏ မျက်စိရှေ့သို့ ရောက်လာသည်။ သူသည် အိမ်ကြီးမှ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် ရှေ့ဘက် မီတာသုံးဆယ်အကွာတွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်တစ်ဦးက ဒူးတစ်ဖက်ထောက်ထိုင်နေပြီး ငွေဖြူရောင် ပစ္စတိုတစ်လက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။ သေနတ်ပြောင်းဝသည် သူ၏ ဦးတည်ရာသို့ တည့်တည့်ချိန်ရွယ်ရင်း ဘယ်ညာယိမ်းထိုးနေသည်။
ကျောရိုးထဲမှ အေးစက်သော ခံစားမှုတစ်ခု ရုတ်တရက် ထိုးတက်လာသည်။ သူ၏ မျက်လုံးများမှာ ဒေါသဖြင့် ပြူးကျယ်သွားပြီး ဟိန်းဟောက်လိုက်သည်။ ပြင်းထန်သော သေခြင်းတရား၏ အငွေ့အသက်က သူ၏ အမြန်နှုန်းကို ပို၍ပင် မြန်ဆန်စေပြီး ထိုအမျိုးသမီးငယ်ထံသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။ သူကောင်းစွာ သိထားသည်မှာ ဓားစာခံကို ထိန်းချုပ်ပြီး သူ၏နောက်မှ အတင်းလိုက်နေသော ကြောက်မက်ဖွယ်လူကို ဓားစားခံအားကိုးဖြင့် နောက်ဆုတ်သွားစေရန် မလုပ်နိုင်ပါက သူအတွက် အသက်ရှင်ရန် လမ်းမရှိတော့ပေ။
"ကျားဟွေ... အမြန်ပြေး" လော်ယွမ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ဟွမ်ကျားဟွေသည် လုံးဝမကြားဟန်ဖြင့် ထိုအနေအထားအတိုင်း မလှုပ်မယှက် ရှိနေသည်။ သူမ၏ နဖူးမှ ချွေးစေးများ စီးကျနေပြီး အရှိန်ပြင်းစွာ ချဉ်းကပ်လာသော ရန်သူကို ကြည့်ရင်း သူမ၏ မျက်ဆံများမှာ ကျုံ့လိုက်ကျယ်လိုက် ဖြစ်နေသည်။ သေနတ်ပြောင်းဝက ယိမ်းထိုးနေပြီး ပြေးဝင်လာသော အရိပ်ကိုချိန်ထားသည်။
နှစ်ဦးသားကြားမှ အကွာအဝေးသည် လျင်မြန်စွာ ကျဉ်းမြောင်းလာသည်။
ပေ၉၀၊ ၇၅ပေ၊ ပေ၆၀...
ဟွမ်ကျားဟွေသည် နောက်ဆုံးတွင် သေနတ်မောင်းကို ဆွဲဖြုတ်လိုက်သည်။
"ဒိုင်း ဒိုင်း ဒိုင်း"
ပထမကျည်ဆန်မှာ လွဲချော်သွားပြီး ဒုတိယကျည်ဆန်မှာ သူ၏ လက်မောင်းကို ပွတ်တိုက်သွားကာ သွေးစက်များကို လွင့်စဉ်စေခဲ့သည်။ တတိယကျည်ဆန်မှာ သူ၏ ရင်ဘတ်ကို ထိမှန်သွားသည်။ အပြာရင့်ရောင်အဆင့် ကျည်ဆန်၏ ထိုးဖောက်နိုင်စွမ်းမှာ အလွန်ပြင်းထန်လှပြီး သူ၏ ရင်ဘတ်ကို ထွင်းဖောက်သွားပြီးနောက် နံရံပေါင်းများစွာကို ဆက်လက်ထွင်းဖောက်ကာ ပျောက်ကွယ်သွားတော့သည်။ အိမ်ကြီးပေါ်တွင်မူ ထွင်းဖောက်သွားသော အပေါက်များကိုသာ ကျန်ရစ်စေခဲ့သည်။
အစ်ကိုဟိုင်၏ ခန္ဓာကိုယ်သည် တစ်ချက်တုန်ခါသွားပြီး ခြေထောက်များ ယိုင်နဲ့သွားကာ အရှိန်ဖြင့် ပြေးလွှားနေသော ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စဉ်သွားသည်။ သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့သွားပြီးနောက် ပေါ်ပေါက်လာသော ရက်စက်ကြမ်းကြုတ်သည့် အမူအရာတစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားပြီး ခါးကြားမှ ပစ္စတိုတစ်လက်ကို ထုတ်ကာ ဟွမ်ကျားဟွေထံသို့ သေနတ်မောင်းကို ဆွဲဖြုတ်လိုက်သည်။
"မလုပ်နဲ့" လော်ယွမ်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ ဓားရှည်ကို အစ်ကိုဟိုင်ထံသို့ အားကုန်ပစ်လွှတ်လိုက်သည်။
သို့သော် နောက်ကျသွားပြီဖြစ်သည်။ ဓားရှည်က သူ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်ဝင်သွားသည့် တစ်ချိန်တည်းမှာပင် သေနတ်သံ ထွက်ပေါ်လာသည်။
မည်သူမျှ မထင်မှတ်ထားသည်မှာ ဤသို့ အန္တရာယ်အရှိဆုံးအချိန်တွင် လူတစ်ဦး၏ အရိပ်သည် ရုတ်တရက် ပြေးထွက်လာပြီး ဟွမ်ကျားဟွေ၏ ကိုယ်ပေါ်သို့ လေးလံစွာ ပစ်ကျလိုက်ခြင်းပင်ဖြစ်သည်။ ကျည်ဆန်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဝင်သွားပြီး သွေးပန်းတစ်ပွင့်ကို ဖန်ဆင်းလိုက်သည်။
ထိုသူမှာ ဟွမ်ယွိရင်ပင်။
လော်ယွမ်သည် ရင်ထဲတွင် တုန်လှုပ်သွားသည်။ ဟွမ်ယွိရင်က ဤသို့သော အပြုအမူကို လုပ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
ဤဘက်တွင် တစ်စုံတစ်ဦး ဒဏ်ရာရသွားသည်ကို မြင်သောအခါ လူတိုင်း ပြေးလာကြသည်။
လော်ယွမ်က ထိုလူ၏ ကိုယ်ပေါ်မှ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ သူသည် အသက်မထွက်သေးဘဲ ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်ကျနေပြီး လည်ချောင်းမှ "အစ်...အစ်" ဟူသော အသံများ ထွက်ပေါ်နေကာ စကားလုံးဝမပြောနိုင်တော့ပေ။ သူသည် မျက်လုံးများဖြင့် လော်ယွမ်ကို တောင်းပန်ကာ ကြည့်နေပြီး သူ့အား သက်တောင့်သက်သာ သေဆုံးခွင့်ပေးရန် မျှော်လင့်နေသည်။
လော်ယွမ်က အမူအရာမပြောင်းလဲဘဲ ဓားရှည်ကို တစ်ချက်လွှဲလိုက်ကာ သူ့ကို အပြီးတိုင် အဆုံးသတ်ပေးလိုက်သည်။
ကိစ္စများကို ဖြေရှင်းပြီးနောက် လော်ယွမ်သည် အလျင်အမြန် ပြေးသွားသည်။ ဟွမ်ယွိရင်မှာ မြေပြင်ပေါ်တွင် တစ်စောင်းလှဲနေပြီး သူမ၏ လက်က ဝမ်းဗိုက်ကို တင်းတင်းဖိထားသော်လည်း သွေးများက လက်ချောင်းများကြားမှ တသွင်သွင် စီးထွက်နေကာ အောက်မှ မြေကြီးကို လျင်မြန်စွာ စိုစွတ်သွားစေသည်။
ဟွမ်ကျားဟွေသည် သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်လုံးများမှာ စိုစွတ်နေကာ ရင်ထဲတွင် ကျေးဇူးတင်ခြင်းနှင့် ရှက်ရွံ့ခြင်းတို့ ရောပြွမ်းနေသည်။ သူမက "တောင့်ထားနော်... နင်အသက်ရှင်ရမယ်... နင်ဘာလို့ အဲ့လောက်တုံးရတာလဲ... နင်ငါ့ကို ကယ်စရာမလိုပါဘူး" ဟု တတွတ်တွတ် ရေရွတ်နေသည်။
ဟွမ်ယွိရင်၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ သူမသည် အပြုံးတစ်ခုကို အားယူဖန်တီးကာ အသက်ကို မနည်းရှူရင်း "ဒါ... ကျွန်မက ရှင်တို့ကို အကြွေးတင်နေလို့ပါ... ကျွန်မရဲ့ အသက်က တန်ဖိုးမရှိပါဘူး... ကျွန်မပြန်လည်းပေးဆပ်နိုင်မှာမဟုတ်ဘူးလေ... လုပ်ပေးနိုင်တာဆိုလို့... ဒါပဲရှိတာ... ကျွန်မသာ... သေသွားခဲ့ရင်... အခွင့်အရေးရရင်... ရှန်နန်ပြည်နယ်... ဝူကော်ခရိုင်ကို သွားပြီး ကျွန်မမိဘတွေ ရှိသေးလား ကြည့်ပေးပါလား... ကျွန်မအဖေနာမည်က ဟွမ်ဝေ့မင်... အမေနာမည်က..."
စကားတစ်ဝက်ပင် မရောက်သေးဘဲ သူမသည် သွေးများ အဆက်မပြတ် အန်ကျလာသည်။
"မပူနဲ့... နင်မသေပါဘူး... အဲ့ဒီအခါကျရင် ငါတို့နင့်နဲ့အတူတူ လိုက်ကြည့်ပေးမယ်" ဟွမ်ကျားဟွေသည် သူမ၏ မျက်နှာရောင်မှာ ပို၍ဆိုးလာသည်ကို မြင်သောအခါ နင်ရှောင်ရန်ကို လှည့်၍ "အမြန်... သူ့ကိုအမြန်ကယ်"
……………………………………………………………………
သူမနောက်ဆုံးတွင် သေဆုံးသွားခဲ့သည်။
နင်ရှောင်ရန်က သူနာပြုတစ်ဦးသာဖြစ်ပြီး ခွဲစိတ်နိုင်သည့် စွမ်းရည်မရှိပေ။ ထို့အပြင် ကျည်ဆန်က သူမ၏ အစာအိမ်ကို ထွင်းဖောက်သွားပြီး အစာအိမ်အတွင်း သွေးထွက်လွန်မှုကို ဖြစ်စေခဲ့သည်။ ယခုကဲ့သို့ ဆေးဝါးရှားပါးသော ပတ်ဝန်းကျင်တွင် ဤသို့သော ဒဏ်ရာပြင်းကို ကုသနိုင်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
အိမ်ကြီးရှေ့မှ ပြာပုံများသည် မြေကြီးထဲသို့ မစိမ့်ဝင်သေးမီမှာပင် ပြာပုံအသစ်တစ်ခုကို ထပ်မံစုပုံလိုက်ရပြန်သည်။
လောကတွင် မည်သည့်အရာမျှ မမြဲပေ။ ဤကမ္ဘာပျက်ကာလတွင် ပို၍ပင် သိသာသည်။
ဟွမ်ယွိရင်အပေါ်တွင် လော်ယွမ်သည် အစကတည်းက ကောင်းသောခံစားချက် မရှိခဲ့ပေ။ သူမအပေါ် သူ၏ ပထမဆုံးအထင်အမြင်မှာ အလွန်ဆိုးရွားခဲ့ပြီး လှပသောအမျိုးသမီးတစ်ဦး ဖြစ်လင့်ကစား လော်ယွမ်သည် သူမကို မည်သည့်အခါကမှ မျက်နှာသာမပေးခဲ့ပေ။ အချို့အချိန်များတွင် သူမကို သတ်ပစ်ချင်စိတ်ပင် ပေါက်ခဲ့သည်။ သို့သော် ထိုသို့သော လူတစ်ယောက်ကမှ ဆယ်ရက်၊ ဆယ့်ငါးရက်သာသိကျွမ်းရသေးသော လူတစ်ယောက်ကို ကယ်တင်ရန်အတွက် မိမိအသက်ကို စတေးခဲ့သည်။
လူ့သဘာဝ၏ ရှုပ်ထွေးမှုကို မည်သူမျှ အပြည့်အဝ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
……………………………………………………………………
ဤအဖြစ်အပျက်သည် ဟွမ်ကျားဟွေကို အလွန်ထိခိုက်စေခဲ့သည်။ ဤနှစ်ရက်အတွင်း သူမသည် တိတ်ဆိတ်ငြိမ်သက်နေပြီး နေ့စဉ် မိမိကိုယ်ကို ညှဉ်းပန်းသကဲ့သို့ ပြင်းထန်သော လေ့ကျင့်မှုများကို ပြုလုပ်နေသည်။ သေနတ်တစ်လက်ကို နာရီပေါင်းများစွာ လက်ဆန့်တန်း၍ ကိုင်ထားပြီး နေ့စဉ် ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ လော်ယွမ်သည် မျက်စိရှေ့တွင် မြင်နေရသော်လည်း မတားဆီးသလို နှစ်လည်းမသိမ့်ခဲ့ပေ။
ကမ္ဘာပျက်ကာလတွင် ဤသည်မှာ ပုံမှန်အခြေအနေပင်ဖြစ်သည်။ ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့သည့် သဘောထားမှာသာ အမှန်တကယ် ပုံမှန်မဟုတ်ခြင်း ဖြစ်သည်။
ဤတိုက်ပွဲသည် လူများစွာကို ပြောင်းလဲစေခဲ့ပြီး ဝမ်ရှီရှီအတွက်မူ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်။
လူတိုင်းက အမျိုးအတူတူပင်ဖြစ်သည်။ လူသတ်ခြင်းဟူသည်မှာ ရိုးရှင်းသော စကားလုံးနှစ်လုံးသာ ဖြစ်သော်လည်း စိတ်ခံယူချက်အတွက်မူ အထိန်းအချုပ်များကို ချိုးဖျက်လိုက်ရသကဲ့သို့ စိတ်ကိုပြောင်းလဲမှုတစ်ခုဖြစ်စေသည်။ လူသတ်သမားတစ်ဦး၏ လူကိုကြည့်သည့်အကြည့်နှင့် သာမန်လူတစ်ဦး၏ အကြည့်မှာ လုံးဝမတူညီပေ။ ထိုအကြည့်မှာ အသက်တစ်ချောင်းကို အထက်စီးမှ မထီမဲ့မြင်ပြုသည့် အကြည့်မျိုးဖြစ်သည်။ လူသတ်ခြင်းကို ရိုးနေသောသူက သာမန်လူကို ကြည့်လျှင် ကြက်၊ ဝက်၊ ဆိတ်များကို ကြည့်သကဲ့သို့ပင်။
အရွယ်ရောက်ပြီးသူများနှင့် မတူဘဲ ဝမ်ရှီရှီသည် လောကကြီးကို ခိုင်မာသော အမြင်ဖြင့် မကြည့်နိုင်သေးပေ။ အစပိုင်းတွင် အနည်းငယ် ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများ ရှိခဲ့သော်လည်း အကြိမ်အနည်းငယ် စကားပြောဆို နှစ်သိမ့်ပြီးနောက်တွင်မူ သူမက ပုံမှန်ပြန်ဖြစ်သွားပြီး လော်ယွမ် ထင်ထားသည်ထက်ပင် ပို၍မြန်ဆန်ခဲ့သည်။
သို့သော် သူ့ကို ဝမ်းသာစေသည်မှာ ဤသို့ လူသတ်ပြီးနောက်တွင် သူမ၏ စိတ်စွမ်းအားမှာ နောက်ဆုံးတွင် တိုးတက်လာပုံရသည်။ စိတ်စွမ်းအင်၏ အစွမ်းမှာ ပို၍ပင် အားကောင်းလာပြီး ယခုအခါ သူမသည် ကီလိုဂရမ်ငါးဆယ်ရှိသော ပစ္စည်းများကို မနိုင်ပြီဖြစ်သည်။ လက်နတ်ပျံသည်လည်း အသံ၏အတားအဆီးကို အလွယ်တကူ ဖောက်ထွင်းကျော်လွှားနိုင်ပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှိနေသည်။
လော်ယွမ်သည်လည်း ပေါ့ဆမနေခဲ့ပေ။ ဆင့်ကဲပြောင်းလဲသူ ဖြစ်လာပြီးနောက် သူသည် အမဲလိုက်ခြင်းကို ယာယီရပ်တန့်ထားပြီး သူ၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်ကိုသာ အာရုံစိုက် လေ့ကျင့်နေသည်။
"မြေလှိုင်း" စွမ်းရည်သည် အာရုံခံနိုင်စွမ်းနှင့် ခွန်အားတို့နှင့် သက်ဆိုင်သည်။ ခွန်အားလေ့ကျင့်မှုများအပြင် အချိန်အများစုတွင် လော်ယွမ်သည် တစ်ယောက်တည်း မြက်ခင်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ကမ္ဘာမြေက သူ့ကိုပေးသော နက်နဲအံ့သြဖွယ် ခံစားမှုကို ခံစားနေသည်။
ဆင့်ကဲပြောင်းလဲမှု စွမ်းရည်၏ အကူအညီဖြင့် သူ၏ အာရုံခံနိုင်စွမ်းသည် ကမ္ဘာမြေ၏ ပို၍နက်ရှိုင်းသော နေရာများကို "မြင်" နိုင်ပြီး မြေအောက်လောကမှာ လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုဖြစ်သည်။
မထင်မရှားသော မြက်ပင်တစ်ပင်၏ မြေအောက်မှ အမြစ်များသည် အလွန်ပင် ဖွံ့ဖြိုးပြီး ကုဗမီတာပေါင်းများစွာ ကျယ်ပြန့်သော နေရာအထိ ပျံ့နှံ့နိုင်သည်။ မရေမတွက်နိုင်သော မြက်အမြစ်များသည် အပြန်အလှန် ရောယှက်ကာ လေပင်မခွင်းနိုင်သော ကွန်ရက်တစ်ခုကို ဖွဲ့စည်းထားပြီး အမျိုးမျိုးသော ထူးဆန်းသည့် သန္ဓေပြောင်းသတ္တဝါများက ထိုထဲတွင် ခိုအောင်းနေထိုင်ခြင်း သို့မဟုတ် အမဲလိုက်ခြင်းများ ပြုလုပ်ကြသည်။
သူ၏ အာရုံခံနိုင်စွမ်းသည် အဆက်မပြတ် ပျံ့နှံ့သွားပြီး သူ၏ ဦးနှောက်ထဲမှ ပုံရိပ်များသည် တဖြည်းဖြည်း ဝေဝါးလာပြီးနောက် မှိန်ဖျော့သွားသည်။
ထို့နောက် ဝိုးတဝါးအခြေအနေတွင် သူသည် ကမ္ဘာမြေကြီးမှာ ဖြည်းညင်းစွာ လည်ပတ်နေပြီး ဘယ်တော့မှမရပ်တန့်ဘဲ ရှေးပဝေသဏီကတည်းက မပြောင်းလဲ တည်ရှိနေသည်ကို ခံစားလိုက်ရသည်။
ဤသည်မှာ ဖော်ပြ၍မရသော ကြီးကျယ်ခမ်းနားသည့် စွမ်းအားတစ်ရပ်ဖြစ်ပြီး သူ၏ စိတ်နှလုံးသည် တုန်လှုပ်ကာ ထိုအရာတွင် နစ်မျောသွားသည်။
လော်ယွမ်သည် ခဏတာ ခံစားပြီးနောက် ထိုအခြေအနေမှ ပြန်ထွက်လာပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။
ကြိန်နှုန်းကို တုန်ခါမှုဟု ဖော်ပြနိုင်သည်။ သူသည် လည်ပတ်မှုအတွင်း ကမ္ဘာဂြိုဟ် တုန်ခါနေသည်ကို အမှန်ပင် ခံစားခဲ့ရသည်။ သို့သော် ထိုတုန်ခါမှုများမှာ အလွန်များပြားလှပြီး ငလျင်၊ ဒီရေ၊ မီးတောင်ပေါက်ကွဲမှု၊ နျူကလီးယားဗုံးပေါက်ကွဲမှု၊ နောက်ဆုံးတွင် သန္ဓေပြောင်းသားရဲတစ်ကောင် မြေပေါ်နင်းလိုက်သည့်အခါ ဖြစ်ပေါ်သော အားနည်းသည့် တုန်ခါမှုများအထိ အားလုံး ရောနှောပါဝင်နေသည်။
ဤတုန်ခါမှုများ၏ ကြိမ်နှုန်းအချို့မှာ ရှင်းလင်းအားကောင်းပြီး အချို့မှာမူ မသိမသာသာရှိကာ၊ အချို့မှာ ပုံသေကြိမ်နှုန်းရှိပြီး အချို့မှာမူ ရှုပ်ထွေးနေသည်။ မရေမတွက်နိုင်သော ကွဲပြားသည့် ကြိမ်နှုန်းများ ရောယှက်နေပြီး ဖြေရှင်း၍မရသော ရှုပ်ထွေးနေသည့် ကြိုးထုံးတစ်ခုကဲ့သို့ပင်။
သို့သော် လော်ယွမ်သည် ဤကြိမ်နှုန်းများစွာထဲတွင် ကြိမ်နှုန်းတစ်ခုတည်းသာ ပင်မဖြစ်ပြီး၊ အမှန်တကယ် ကမ္ဘာမြေ၏ ကြိမ်နှုန်းဖြစ်ကာ၊ အခြားအရာများမှာ အကိုင်းအခက်အရွက်များသာ ဖြစ်သည်ဟု ခန့်မှန်းမိသည်။ အဓိကအချက်မှာ ပင်မကြိမ်နှုန်းကို မည်သို့ရှာဖွေရမည်ကို ဖြစ်သည်။
ဤရက်ပိုင်းအတွင်း အဆက်မပြတ် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ သူသည် ကမ္ဘာမြေ၏ ကြိမ်နှုန်းမှာ အရှင်းလင်းဆုံးတစ်ခု မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ အဆင့်တစ် သို့မဟုတ် နှစ်ရှိသော ငလျင်ငယ်တစ်ခုကပင် ကမ္ဘာမြေ၏ ကြိမ်နှုန်းကို လုံးဝဖုံးကွယ်သွားစေနိုင်သည်။ သို့သော်၎င်းက အားအနည်းဆုံးတစ်ခုလည်း မဟုတ်ပေ။
သူက ဖြစ်နိုင်ခြေများစွာကို ခန့်မှန်းခဲ့ပြီး ကမ္ဘာမြေ၏ လည်ပတ်မှုကို ကြိမ်နှုန်းအဖြစ်ထားကာ ရှည်လျားသော နှစ်ဆယ့်လေးနာရီကို တုန်ခါမှုအချိန်အဖြစ် သတ်မှတ်ရန်ပင် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ဘာမှမထူးခဲ့ပေ။
ကမ္ဘာမြေ၏ ကြိမ်နှုန်းသည် မြေအောက်အနက်ရှိုင်းဆုံးမှ လာပုံရပြီး ကြိမ်နှုန်းမှာ ပို၍မြန်ဆန်ကာ ပို၍လည်း လျှို့ဝှက်သည်။
ကမ္ဘာမြေကို ခံစားနားလည်သည့် ဖြစ်စဉ်တွင် နာရီပေါင်းများစွာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လော်ယွမ်က အချိန်ကိုကြည့်လိုက်ရာ ညနေစောင်းနေပြီဖြစ်သည်။ သူက ခေါင်းခါလိုက်ပြီး ပြန်ရန်ပြင်ဆင်လိုက်သည်။ သို့သော် သူ၏ ခြေထောက်ကို ကြွလိုက်သည်နှင့် သူ၏ ခြေထောက်ကို ကမ္ဘာမြေက စုပ်ယူထားသကဲ့သို့ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက လော်ယွမ်ကို တင်းတင်းဆွဲထားသည်။ တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသည်လည်း တစ်ချက်ရပ်သွားပြီး လေးလံစွာ ခုန်လိုက်သည်။
ရုတ်တရက် ကြုံတွေ့လိုက်ရသော အဖြစ်အပျက်ကြောင့် သူ၏ မျက်နှာသည် ပြောင်းလဲသွားပြီး အလိုအလျောက်ပင် အားကုန်သုံးလိုက်သည်။ သူ၏ နဖူးမှ သွေးကြောများ ထောင်ထလာပြီး မြေကြီးတစ်ခုလုံးကို မတင်နေရသည့်အလားပင်။ သူအားကုန်သုံးလျှင်ပင် ခြေထောက်ကို နှစ်လက်မ၊ သုံးလက်မသာ မြှောက်နိုင်ပြီး မကြာမီမှာပင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မခံနိုင်တော့ဘဲ ထိုစွမ်းအား၏ ဆွဲငင်မှုအောက်တွင် သူ၏ ညာခြေသည် မြေပြင်ပေါ်သို့ လေးလံစွာ ပြန်ကျသွားသည်။
"အုန်း"
မိုးမြေကို တုန်ဟီးသွားစေသော အသံကြီးတစ်သံကို ကြားလိုက်ရသည်။
ပေ၁၅၀ ပတ်လည်ရှိ မြေပြင်သည် ဆူပွက်နေသော ရေနွေးအိုးတစ်လုံးကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ လူးလွန့်လာပြီး ပေါက်ကွဲသကဲ့သို့ မရေမတွက်နိုင်သော မြက်ပင်ကျောက်စရစ်ခဲများမှာ လေထဲသို့ လွင့်စဉ်သွားသည်။ ထိုအထဲတွင် မြေအောက်၌ နေထိုင်သော သန္ဓေပြောင်းသတ္တဝါ ဒါဇင်ပေါင်းများစွာလည်း ပါဝင်ပြီး မြေပေါ်သို့ မကျမီမှာပင် ထိုသတ္တဝါများမှာ ပေါက်ကွဲကာ သွေးမြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် ပေါက်ကွဲမှုသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူရပ်နေသော နေရာမှလွဲ၍ မြေပြင်တစ်ခုလုံးမှာ ထွန်ယက်ခံထားရသကဲ့သို့ဖြစ်ကာ မြေစေးများနှင့် ကြေမွသွားသော မြက်ပင်အမှုန်များ ရောနှောကာ စိမ်းဖန့်ဖန့် သဲနုများအဖြစ်သို့ ပြောင်းလဲသွားသည်။
လော်ယွမ်သည် ဤအရာအားလုံးကို တုန်လှုပ်စွာ ကြည့်နေသည်။ ဤအချိန်တွင် မည်မျှပင် ထုံထိုင်းသောသူဖြစ်စေ ခုနက ဘာဖြစ်သွားသည်ကို သိရှိပေမည်။
"မြေလှိုင်း... ဒါ မြေလှိုင်းပဲ" သူသည် ရင်ထဲမှ တုန်လှုပ်မှုကို မထိန်းနိုင်ဘဲ တီးတိုးရေရွတ်လိုက်သည်။
"အဆင့်နိမ့် သန္ဓေပြောင်းသားရဲတွေဆိုရင် ခုခံနိုင်မှာမဟုတ်ဘူး... အပြာနုရောင်အဆင့် သတ္တဝါတွေတောင် ဒီအစွမ်းကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
စနစ်မှ မြေလှိုင်းစွမ်းရည်နှင့် ပတ်သက်၍ ရှင်းပြချက်မှာ အလွန်မရှင်းလင်းသောကြောင့် သူသည် ဤစွမ်းရည်ကို အထောက်အကူပြု စွမ်းရည်တစ်ခုသာဖြစ်ပြီး တိုက်ခိုက်ရန်အတွက် သိပ်မပြင်းထန်ဟု အမြဲထင်ခဲ့သည်။ လော်ယွမ်က ဤရက်ပိုင်းအတွင်း ကြိုးစားလေ့လာခဲ့ခြင်းမှာလည်း မြေလှိုင်းစွမ်းရည်က အတိုင်းအတာတစ်ခုအထိ မူးဝေစေသည့် အာနိသင်ရှိပြီး သူ၏ တိုက်ပွဲများကို ကောင်းစွာ အထောက်အကူပြုနိုင်သောကြောင့်သာ ဖြစ်သည်။
သို့သော် သူသည် အဆင့်သုံး "မြေလှိုင်း" ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ၎င်းမှာ ဧရာမအသားကြိတ်စက်တစ်လုံးနှင့် တူနေသည်။
"စနစ်ကဖော်ပြထားတဲ့ မူးဝေစေတဲ့ အာနိသင်ဆိုတာက... အပြာရောင် ဒါမှမဟုတ် အပြာရင့်အဆင့် သတ္တဝါတွေအတွက်ပဲ ဖြစ်မယ်ထင်တယ်... သာမန်သတ္တဝါတွေဆိုရင် မူးဝေခွင့်တောင်မရဘဲ အမှုန့်ဖြစ်သွားမှာ"
သူသည် ခဏတာ စိတ်လှုပ်ရှားပြီးနောက် နောက်ဆုံးတွင် တည်ငြိမ်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် စဉ်းစားနေသည်။ "ဒီတစ်ခါက ကံကောင်းပြီး မတော်တဆ သုံးမိသွားတာ... ဒါပေမဲ့တစ်ခါသုံးဖူးပြီဆိုတော့ နောက်ခါတွေလည်း သုံးနိုင်လာမှာပဲ... ဘယ်လိုသုံးရမလဲဆိုတာကို နည်းလမ်းရှာရမယ်"
ဤအစွမ်းမှာ အလွန်အစွမ်းထက်လှပြီး အကယ်၍ အပြည့်အဝ ကျွမ်းကျင်နိုင်ပါက သူ၏ စွမ်းအားမှာ ပို၍ပင် တိုးတက်လာမည်ဖြစ်ပြီး အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ကွက်တစ်ခုအဖြစ်ပင် အသုံးပြုနိုင်မည်ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၁၂၀)အန်းရှဲ့အိမ်ရာ
ဗီလာကို တစ်ကြိမ်ပြန်လည် ဆေးကြောသန့်စင်ထားပြီးဖြစ်ရာ လွန်ခဲ့သောနှစ်ရက်ကကဲ့သို့ သွေးများနှင့်အသားစများ ပြည့်နှက်နေသည့် မြင်ကွင်းကို မတွေ့ရတော့ပေ။ သို့သော် လော်ယွမ်မှာ သွေးညှီနံ့သင်းသင်းကိုမူ ခံစားမိသေးသည်။
ညစာကို စားပွဲပေါ်တွင် ပြင်ဆင်ထားပြီးဖြစ်ကာ လော်ယွမ် နေရာဝင်ယူရန်ကိုသာ စောင့်နေကြသည်။ သူက သူ၏ဓားရှည်ကြီးကို နေရာတကျထားလိုက်ပြီးနောက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
ထမင်းကို တစ်စုံတစ်ယောက်က ခူးခပ်ပြင်ဆင်ထားပြီးဖြစ်သည်။ သူ၏ဗိုက်မှာ ဆာလောင်နေပြီဖြစ်သောကြောင့် တူကိုယူကာ သန္ဓေပြောင်းသတ္တဝါ၏ ကလီစာတစ်ဖဲ့ကို ညှပ်ယူ၍ စားသုံးလိုက်သည်။
ဤရက်ပိုင်းအတွင်း ပြင်းထန်သောလေ့ကျင့်ခန်းများကြောင့် သူ၏အစားစားနိုင်စွမ်းမှာ အဆမတန် တိုးတက်လာခဲ့ပြီး အချိန်အတော်ကြာ ရပ်တန့်နေခဲ့သော ခွန်အားမှာလည်း ဖြည်းညှင်းစွာ ပြန်လည်တိုးတက်လာသည်။ ယေဘုယျအားဖြင့် ခွန်အား (၁၃) မှတ်သည် လူသားများ၏ အမြင့်ဆုံးကန့်သတ်ချက်ဖြစ်သော်လည်း လူအများစုမှာ သေသည်အထိ လေ့ကျင့်လျှင်ပင် ဤခွန်အားမျိုးကို ရရှိနိုင်မည်မဟုတ်ပေ။
ဤသည်မှာ ပါရမီမရှိသောကြောင့်လည်းမဟုတ်၊ လေ့ကျင့်သည့်နည်းစနစ်မမှန်ခြင်းကြောင့်လည်းမဟုတ်ဘဲ ကိုယ်ခန္ဓာအရွယ်အစား မလုံလောက်သောကြောင့် ဖြစ်သည်။
၇၅ ကီလိုဂရမ်အလေးချိန်ရှိသူနှင့် ၁၅၀ ကီလိုဂရမ်အလေးချိန်ရှိသူတို့သည် တူညီသောလေ့ကျင့်ခန်းကို ပြုလုပ်ကြသော်လည်း သူတို့၏ခွန်အားမှာ အလွန်ကွာခြားလှသည်။ ထို့ကြောင့် အားကစားပြိုင်ပွဲများစွာတွင် ကိုယ်အလေးချိန်အလိုက် အတန်းအစားများ ခွဲခြားထားခြင်းဖြစ်သည်။ လော်ယွမ်ကဲ့သို့သော ကိုယ်ခန္ဓာအရွယ်အစားအတွက် ခွန်အား (၁၂) မှတ်သည် အမြင့်ဆုံးကန့်သတ်ချက်နီးပါးဖြစ်နေပြီး ထပ်မံလေ့ကျင့်လည်း အသုံးဝင်တော့မည်မဟုတ်ပေ။
ယခုကဲ့သို့ ဆက်လက်တိုးတက်နိုင်ခြင်းမှာမူ သူသည် ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက် ဖြစ်နေသောကြောင့်သာ ဖြစ်သည်။
ထမင်းစား၍ မကြာသေးမီမှာပင် တံခါးဝမှ စက္ကူအချို့ လွင့်မျောဝင်လာသည်။
"လေတိုက်လို့ စက္ကူတွေလွင့်လာတာပဲ" ဟု ဝမ်ရှီရှီက မျက်စိလျှင်စွာဖြင့် အရေးမပါသောစကားကို ဆိုလိုက်သည်။
လော်ယွမ်က လှမ်းကြည့်လိုက်ရာ ထိုစက္ကူများမှာ အသစ်စက်စက်ဖြစ်ပြီး ယခုလေးတင်မှ ပုံနှိပ်ထားသကဲ့သို့ ထင်ရသည်။ ဤကဲ့သို့သော စက္ကူမျိုးမှာ အပြင်ဘက်တွင် လေတိုက်မိုးရွာခံထားရသည့် စက္ကူအဟောင်းများ ဖြစ်နိုင်စရာအကြောင်းမရှိပေ။ သူက မတင်မကျဖြင့် ပန်းကန်ကိုချကာ ထိုစက္ကူတစ်ရွက်ကို သွားယူလိုက်သည်။ ထိုအခါ သူ၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ "ကြော်ငြာစာရွက်ပဲ"
"ဘာကြော်ငြာစာရွက်လဲ" ဟွမ်ကျားဟွေမှာ တစ်ခဏမျှ ကြောင်ဖြစ်သွားသည်။
"ကိုယ့်ဘာသာကြည့်ကြည့်" လော်ယွမ်က စာရွက်ကို ကမ်းပေးလိုက်သည်။
"တရုတ်ပြည်သူလူထုတစ်ရပ်လုံးသို့ အသိပေးကြေညာချက်"
"ချစ်ခင်လေးစားရပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျာ... လူသားမျိုးနွယ်၏ အခြေအနေမှာ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာသောကြောင့် ဗဟိုအစိုးရအနေဖြင့် မြို့တော်ပေကျင်းအပါအဝင် အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသအားလုံးကို ယာယီစွန့်လွှတ်ရန် ကြေညာရခြင်းဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် ဆုတ်ခွာခြင်းကြီးကို မကြာမီ စတင်တော့မည်ဖြစ်ပါသည်... လူသားမျိုးနွယ်၏ နောက်ဆုံးကျန်ရှိသော အင်အားကို ထိန်းသိမ်းရန်၊ ပိုမိုကြီးမားသော ဆုံးရှုံးမှုများကို ရှောင်ရှားရန်နှင့် အနာဂတ်တွင် လူသားများ ပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် ဖြစ်ပါသည်။ အစိုးရအနေဖြင့် ကျဆုံးသွားသော နယ်မြေအသီးသီးသို့ ရှာဖွေကယ်ဆယ်ရေးများပြုလုပ်ရန် အင်အားပိုမထုတ်နိုင်တော့ပါ...။"
"အသက်ရှင်ကျန်ရစ်သူများ ဤကြော်ငြာစာရွက်ကို တွေ့ရှိပါက အချင်းချင်း အသိပေးပြောကြားကြပါရန်နှင့် အလေးအနက်ထား၍ သင့်တင့်လျောက်ပတ်စွာ စဉ်းစားဆုံးဖြတ်ကြပါရန် တိုက်တွန်းအပ်ပါသည်။"
"နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုကော်မတီ"
ဟွမ်ကျားဟွေက စာလုံးတစ်လုံးချင်းစီကို ဖတ်ရှုနေရင်း မျက်နှာမှာ ဖြူဖျော့သွားသည်။
လော်ယွမ်က နောက်တစ်ရွက်ကို ကောက်ယူကာ သေချာစွာ တစ်ကြိမ်ပြန်ဖတ်ကြည့်လိုက်သည်။ စာရွက်၏ကျောဘက်တွင် တစ်နိုင်ငံလုံးမြေပုံကို ပုံနှိပ်ထားပြီး အရောင်အမျိုးမျိုးဖြင့် အမှတ်အသားပြုထားသည်။ နယ်မြေအများစုကို ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ဖြင့် အစားထိုးထားပြီး၊ ဒုတိယအနေဖြင့် သွေးရောင်ကဲ့သို့ အနီရောင်ဖြင့် အမှတ်အသားပြုထားသည်။ လူဦးရေနည်းပါးပြီး လူသားများနေထိုင်ရန် မသင့်တော်သော အနောက်ပိုင်းဒေသအနည်းငယ်ကိုသာ အဝါရောင်ဖြင့် အမှတ်အသားပြုထားသည်။
ကျန်းနန်ပြည်နယ်တစ်ခုလုံးမှာ အနက်ရောင်ဖြစ်နေပြီး ကျဆုံးသွားသောနယ်မြေဖြစ်သည်။
ဟော်တုံမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် စိတ်လှုပ်ရှားစွာ တံခါးဝသို့ ပြေးထွက်သွားရင်း "လေယာဉ်ပဲ... ကြော်ငြာစာရွက်တွေက လေယာဉ်ပေါ်ကနေ ကြဲချတာဖြစ်မယ်" ဟု အော်ဟစ်လိုက်သည်။
လော်ယွမ်၏ စိတ်မှာ တုန်လှုပ်သွားပြီး သူလည်း အလျင်အမြန် ပြေးထွက်သွားလိုက်သည်။
ငွေဖြူရောင်အစက်လေးတစ်ခုသည် ကောင်းကင်ယံတွင် အဆက်မပြတ် ဝဲပျံနေပြီး မရေမတွက်နိုင်သော ကြော်ငြာစာရွက်များမှာ ကောင်းကင်ထက်မှ ကြဲချခြင်းခံနေရသည်။
"ဒီမှာ... ကျွန်တော်တို့ ဒီမှာရှိတယ်... ဒီမှာ အသက်ရှင်တဲ့သူတွေရှိသေးတယ်" ဟော်တုံက လက်နှစ်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်းရင်း အရူးတစ်ပိုင်းကဲ့သို့ အော်ဟစ်နေသည်။
လူအားလုံးလည်း အသံကုန်ခြစ်၍ အော်ဟစ်ကြသည်။
"အော်နေလို့ကြားမှာမဟုတ်ဘူး... မီးခိုးနဲ့ အချက်ပြရမယ်... ချန်ရှန်းဖုန်း မင်း မြေအောက်ခန်းထဲက ဆီသွားယူခဲ့" လော်ယွမ်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"အလကားပဲ... အဲ့တာကလူမပါတဲ့ ဒရုန်းဖြစ်နိုင်တယ်" ဟွမ်ကျားဟွေမှာ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
လူအများစုမှာ မကြားဟန်ဆောင်နေကြသည်။ ချန်ရှန်းဖုန်းက အလျင်အမြန်ပင် သိုလှောင်ခန်းသို့ပြေးသွားပြီး ဒီဇယ်ဆီပုံးတစ်ပုံးကို ယူလာသည်။ လော်ယွမ်က သူ၏လက်ထဲမှ ဆီပုံးကို ဆွဲယူကာ အဖုံးကိုဖွင့်ပြီး မြေပေါ်သို့ အများအပြားလောင်းချလိုက်သည်။ မီးရှို့လိုက်ပြီးနောက် မီးခိုးမှာ သိပ်မများလှသည်ကိုတွေ့ရသဖြင့် လော်ယွမ်က "စိုနေတဲ့ ထင်းနည်းနည်းလောက် ထပ်ယူခဲ့" ဟု ထပ်အော်လိုက်သည်။
သစ်သားများကို ရေဖြင့်စိုစွတ်စေပြီး မီးပုံပေါ်သို့ တင်လိုက်မှ မီးခိုးငွေ့လုံးကြီးများ ထွက်ပေါ်လာတော့သည်။
မီးခိုးငွေ့လုံးကြီးများ ကောင်းကင်သို့ တက်သွားသည်ကို ကြည့်ရင်း လူအချို့မှာ အတန်ကြာ တိတ်ဆိတ်စွာ ရပ်နေကြသည်။
……………………………………………………………………
ညဘက်တွင် လော်ယွမ်မှာ လူးလွန့်နေပြီး မည်သို့မှအိပ်မပျော်နိုင်ဖြစ်နေသည်။ ကြော်ငြာစာရွက်ပေါ်မှ သေခြင်းတရားကို ကိုယ်စားပြုသော အမှောင်ထုကြီးမှာ သူ၏ဦးနှောက်ထဲတွင် အဆက်မပြတ်ပေါ်ထွက်နေပြီး ကြီးမားသော စိတ်ပိုင်းဆိုင်ရာဖိအားကြောင့် သူသည် ယနေ့တွင် လုံးဝအိပ်မပျော်နိုင်တော့ပေ။
ဤရက်ပိုင်းအတွင်း ဤမြို့ကြီးမှာ တဖြည်းဖြည်း စိမ်းလန်းသောအပင်များ ဖုံးလွှမ်းလာသည်။ မြေလွတ်အနည်းငယ်ရှိသော နေရာတိုင်းတွင် အပင်များမှာ အရူးအမူး ပေါက်ရောက်နေကြပြီး နေရာအတော်များများတွင် ထူထပ်သော တောအုပ်ငယ်များအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ အပင်များ၏ အားကောင်းသော ရှင်သန်နိုင်စွမ်းကြောင့် အက်ကွဲနေသော ကွန်ကရစ်မြေပြင်အချို့ပေါ်တွင်ပင် အစိမ်းရောင်အစင်းကြောင်းများ ပေါ်ပေါက်နေပြီဖြစ်သည်။
လော်ယွမ် အထက်တန်းကျောင်းသားဘဝက ချောက်ကမ်းပါးပေါ်မှ မြက်ပင်များအကြောင်းရေးထားသော စာစီစာကုံးကောင်းတစ်ပုဒ်ကို ဖတ်ဖူးသည်။ ထိုစာတွင် မြက်ပင်များ၏ မလျော့သောဇွဲလုံ့လကို ချီးကျူးထားပြီး အလွန်ဆိုးရွားသော ပတ်ဝန်းကျင်တွင်ပင် ရှင်သန်ကြီးထွားနိုင်သည့် အရည်အသွေးကို ဖော်ပြထားသည်။ ထိုစဉ်က ဖတ်ကြည့်ရာတွင် အလွန်ပျင်းစရာကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခုမူ လုံးဝကွဲပြားခြားနားသော ခံစားချက်ကို ရရှိနေသည်။ သူခံစားနေရသည်မှာ ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းသာဖြစ်သည်။
စိမ်းလန်းသောအပင်များက မြိုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်နှင့်တစ်ပြိုင်နက် အပင်များ၏အမြစ်များ တိုက်စားမှုအောက်တွင် လူသားများ၏ခြေရာလက်ရာများမှာ ပိုမိုလျင်မြန်စွာ ပျောက်ကွယ်သွားပြီး မြို့တစ်ခုလုံး တောအုပ်အတွင်းမှ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
"ကျွန်မတို့ အနောက်ဘက်ကို သွားကြရအောင်လား" ဟွမ်ကျားဟွေက ရုတ်တရက် တိုးလျစွာ ပြောလိုက်သည်။
"ငါ့ကြောင့် နိုးသွားတယ်ထင်တယ်" လော်ယွမ်က မေးလိုက်သည်။
"ကျွန်မလည်း အိပ်မပျော်ပါဘူး" ဟွမ်ကျားဟွေက ပြောရင်း ရုတ်တရက် လှည့်ကာ လော်ယွမ်ကို ဖက်လိုက်ပြီး သူ၏ခေါင်းကို သူမ၏ရင်ခွင်ထဲသို့ ထည့်လိုက်သည်။ "ကျွန်မတို့ ဒီမှာဒီလိုကြီး အဓိပ္ပာယ်မဲ့ ဆက်မနေချင်တော့ဘူး... ဒီမြို့ကနေ ထွက်သွားကြရအောင်"
ဤသည်မှာ ဟွမ်ကျားဟွေ ဤအကြောင်းအရာကို ဒုတိယအကြိမ်မြောက် ပြောခြင်းဖြစ်သည်။ ပထမတစ်ကြိမ်တွင် လော်ယွမ်က ငြင်းပယ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ သူ နှုတ်ဆိတ်နေခဲ့သည်။
အတန်ကြာမှ လော်ယွမ်က လေးလံသောလေသံဖြင့် "အပြင်မှာ အရမ်းအန္တရာယ်များတယ်... လူတွေအများကြီးသေလိမ့်မယ်... လမ်းတစ်ဝက်တောင်မရောက်ခင်မှာတင် ဘယ်သူမှမကျန်တော့တာမျိုး ဖြစ်သွားနိုင်တယ်"
"ကျွန်မတို့အားလုံးသေရမှာပဲ... ဒါပေမဲ့ဒီမှာတော့ တစ်သက်လုံးနေလို့ မဖြစ်ဘူးလေ... ကျွန်မတို့ရဲ့ခလေးကို ဒီမှာမနေစေချင်ဘူး... မျှော်လင့်ချက်နည်းနည်းလေးပဲရှိရင်တောင် ကျွန်မတို့လက်လျှော့လို့မဖြစ်ဘူး" ဟွမ်ကျားဟွေက လော်ယွမ်ကို တင်းတင်းကြပ်ကြပ်ဖက်ရင်း တိုးညင်းစွာဆိုသည်။
လော်ယွမ်မှာ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ကုတင်ပေါ်မှ ခုန်ထလိုက်မိမတတ်ဖြစ်သွားသည်။ "မင်း... ကိုယ်ဝန်ရှိနေတာလား"
သူသည် ကလေးယူမည့်ကိစ္စကို တစ်ခါမျှမစဉ်းစားဖူးခဲ့ပေ။ အထက်တန်းကျောင်းသားဘဝတွင် ရုတ်တရက် သင်၏ချစ်သူက သူမကိုယ်ဝန်ရှိနေပြီဟု လာပြောသကဲ့သို့ပင်။ ပထမဆုံးတုံ့ပြန်မှုမှာ ဝမ်းသာခြင်းမဟုတ်ဘဲ ထိတ်လန့်ခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ရုတ်တရက်ဆန်လှသည်။
ဟွမ်ကျားဟွေမှာ လော်ယွမ်၏သဘောထားကို သတိပြုမိသွားပြီး မသိမသာ သက်ပြင်းချလိုက်မိသည်။
သူတို့နှစ်ဦး၏ ပေါင်းဖက်ခြင်းမှာ အချစ်ကြောင့်မဟုတ်ဘဲ ကာမဆန္ဒကြောင့်သာဖြစ်သည်ကို သူမ ကောင်းစွာသိသည်။ သူမသည် အိမ်ထောင်ကျဖူးပြီး ကလေးလည်းမွေးဖူးသည်။ သူမတွင် အလှအပအနည်းငယ်ရှိလျှင်ပင် ဘာများအရေးပါမည်နည်း။ လော်ယွမ်၏စွမ်းရည်ဖြင့်ဆိုလျှင် မည်မျှပင်လှပပြီး နုပျိုသောမိန်းကလေးကိုမဆို အလွယ်တကူရနိုင်သည်။ အမှန်တကယ်တွင် လော်ယွမ်သာဆန္ဒရှိပါက ဤနေရာရှိ မည်သည့်မိန်းကလေး၏အိပ်ယာပေါ်ကိုမဆို ငြင်းပယ်ခံရခြင်းမရှိဘဲ တက်သွားနိုင်သည်။
ယခု သူနှင့်အတူရှိနေနိုင်ခြင်းအတွက် ဘာများထပ်ပြီး တောင့်တစရာရှိဦးမည်နည်း။ သို့သော် စိတ်ထဲတွင် ထိုသို့တွေးနေသော်လည်း သူမမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး အားယူကာ ပြုံးလိုက်သည်။ "ရှင့်ကိုလန့်သွားအောင် လုပ်မိလိုက်ပြီထင်တယ်... ကျွန်မက အနာဂတ်မှာ ရလာနိုင်တဲ့ ခလေးကိုပြောတာပါ"
လော်ယွမ်လည်း သူ၏တုံ့ပြန်မှုမှာ အနည်းငယ်လွန်သွားသည်ဟု ခံစားမိပြီး နှစ်သိမ့်သောလေသံဖြင့် "ငါကအဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူး... အခုကခလေးယူဖို့ အချိန်ကောင်းမဟုတ်ဘူးလေ... ဒီလိုခေတ်ပျက်ကြီးမှာ ခလေးယူမယ်ဆိုရင် မွေးလာမယ့်ခလေးအပေါ် အရမ်းရက်စက်ရာကျတယ်"
သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုက လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။ ဤနေရာတွင် တစ်သက်လုံးနေ၍မဖြစ်၊ တစ်နေ့တွင် ထွက်ခွာရမည်သာဖြစ်သည်။ ထို့အပြင် ဟော်တုံမြို့၏ အန္တရာယ်မှာလည်း တဖြည်းဖြည်း ကြီးမားလာနေပြီး ပိုမိုအစွမ်းထက်သော သန္ဓေပြောင်းသတ္တဝါများ အချိန်မရွေး ဆင့်ကဲပြောင်းလဲလာနိုင်သည်။ ဤနေရာတွင် ဆက်နေခြင်းက မည်မျှပို၍လုံခြုံမည်ကို မပြောနိုင်ပေ။
သူက မျက်လုံးများကိုမှိတ်လိုက်ပြီး စိတ်ထဲတွင် အတန်ကြာ တွန့်ဆုတ်မိသည်။ ထို့နောက် အသက်ကိုပြင်းပြင်းရှူသွင်းကာ လေးလံသောလေသံဖြင့် "ဒါဆိုလည်း အနောက်ဘက်ကို သွားကြတာပေါ့... ငါတို့သုံးလေးရက်လောက် အချိန်ယူပြင်ဆင်ပြီးရင် သွားကြမယ်"
……………………………………………………………………
လူသူကင်းမဲ့သော လမ်းမပေါ်တွင် အရိပ်တစ်ခုသည် အရှိန်ပြင်းစွာဖြင့် ပြေးလွှားနေသည်။
လော်ယွမ်သည် လမ်းမပေါ်တွင်လဲကျနေသော အဆောက်အဦတစ်ပိုင်းကို လျင်မြန်စွာ ခုန်ကျော်လိုက်ပြီး ရှေ့သို့ဆက်လက်ပြေးသွားသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု (၁၆) မှတ်ကြောင့် သူသည် အားကုန်သုံး၍ တစ်နာရီခန့် ပြေးလွှားလျှင်ပင် မောပန်းနွမ်းနယ်မှုကို ခံစားရမည်မဟုတ်ပေ။ အချိန်တိုင်းတွင် သူ၏ခန္ဓာကိုယ်မှာ အကောင်းဆုံးအခြေအနေတွင် ရှိနေသည်။
ထိုအချိန်တွင် လော်ယွမ် ရပ်တန့်လိုက်ပြီး မြေပုံအဟောင်းတစ်ရွက်ကိုကိုင်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း သေချာစွာ တိုက်ဆိုင်စစ်ဆေးနေသည်။ အထင်ကရအဆောက်အဦအမျိုးမျိုး ပြိုကျပျက်စီးနေပြီး လမ်းများပိတ်ဆို့နေသောကြောင့် မြေပုံရှိနေသော်လည်း သူရောက်နေသောနေရာကို သိရှိရန် အလွန်ခက်ခဲသည်။ လော်ယွမ် အတန်ကြာကြည့်ရှုပြီးမှ ဤနေရာသည် တုန်းကွမ်းခရိုင်၏ ဟွာယွမ်လမ်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် အန်းရှဲ့ အဆင့်မြင့်အိမ်ရာနှင့်မူ အနည်းငယ်အလှမ်းဝေးနေသေးသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း လော်ယွမ်၏စိတ်မှာ အလွန်ရှုပ်ထွေးနေခဲ့သောကြောင့် ကိစ္စတစ်ခုကို မေ့လုမတတ်ဖြစ်သွားခဲ့သည်။ ထွက်ခွာခါနီးမှ ဝမ်ရှကွမ် ပေးပို့ခဲ့သော စာတိုကို သတိရလာခဲ့သည်။
သင်အလေးမထားသောသူက သင့်ကိုအစိုးရိမ်ဆုံးသူ ဖြစ်နေတတ်သည်။ ထိုမိန်းကလေးအပေါ်တွင် လော်ယွမ်မှာ အမြဲတစေ အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ ဟော်တုံမြို့မှ မထွက်ခွာမီ သူ နောက်ဆုံးတစ်ကြိမ် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
အစွမ်းထက်သော သန္ဓေပြောင်းသတ္တဝါများ သတိမထားမိစေရန်အတွက် သူက ဧရာမဖွတ်ကြီးကိုပင် ခေါ်မလာဘဲ တစ်ကိုယ်တည်း ထွက်လာခဲ့သည်။
ထိုအခါမှ ဤနေရာ၏အခြေအနေမှာ အလွန်ဆိုးရွားနေသည်ကို သူတွေ့ရှိလိုက်ရသည်။ ဤနေရာသည် ယခင်က သူဌေးများနေထိုင်ရာ အိမ်ရာဖြစ်ပြီး ပတ်ဝန်းကျင်မှာ သာယာလှပကာ ပန်းခြံများ၊ စိမ်းလန်းသောမြေနေရာများဖြင့် ပြည့်နှက်နေသည်။ ဟော်တုံမြို့ မကျဆုံးခင်က ဤနေရာမှအပင်များကို ရှင်းလင်းထားခဲ့သော်လည်း ယခုအခါတွင်မူ ထိုအပင်များမှာ ပြန်လည်ပေါက်ရောက်လာပြီး ပို၍ပင် စိမ်းလန်းစိုပြည်နေသည်။ ဤနေရာကို ဖြတ်သန်းစီးဆင်းနေသော တူးမြောင်းကြီးတစ်ခုပင်ရှိနေသေးရာ ၎င်းကဤနေရာကို အလွန်အန္တရာယ်များသောနေရာတစ်ခုဖြစ်စေသည်။
အနည်းဆုံး အပြာရောင်အဆင့်ရှိသော ဧရာမ သန္ဓေပြောင်းငှက်အချို့ တောအုပ်ထဲမှ ပျံတက်သွားသည်ကို လော်ယွမ် အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရသည်။ ထို့အပြင် ဤနေရာတစ်ဝိုက်တွင် အားကောင်းသော အရှိန်အဝါများစွာ ပျံ့နှံ့နေသည်ကို သူခံစားမိပြီး တစ်ကောင်မှာမူ သူ့ကိုခေါင်းနပမ်းပင် ကြီးသွားစေသည်။
သူ၏စိတ်မှာ တဖြည်းဖြည်း လေးလံကျဆင်းသွားသည်။ တုန်ကွမ်းခရိုင်နှင့်နှိုင်းယှဉ်လျှင် လော်ယွမ်နေထိုင်သောနေရာမှာ လုံခြုံသောဇုန်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
၎င်းက မည်သည့်အဆင့်ရှိ သန္ဓေပြောင်းသတ္တဝါဖြစ်သည်ကို သူ မဆုံးဖြတ်နိုင်သော်လည်း ယခင်က သူကြုံတွေ့ခဲ့ရသော မြေတူးမီးရထားကောင်ထက် များစွာပို၍ အစွမ်းထက်သည်မှာ သေချာသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။
သန္ဓေပြောင်းသတ္တဝါများမှာ နောက်ဆုံးတွင်တော့ ဆင့်ကဲပြောင်းလဲလာခဲ့ပြီ။ ဤကဲ့သို့သော သတ္တဝါမျိုး ဟော်တုံမြို့တစ်ခုလုံးတွင် မည်မျှများများ ဆင့်ကဲပြောင်းလဲလာခဲ့သည်ကို မသိနိုင်ပေ။
လော်ယွမ်မှာ ဤအရှိန်အဝါ၏ လွှမ်းမိုးမှုကြောင့် စိတ်ထဲတွင် တင်းကျပ်လာပြီး ပို၍သတိကြီးစွာထားရတော့သည်။ သူသည် ဤနေရာကို အဝေးမှပတ်ရှောင်ကာ မြေပုံကို အဆက်မပြတ် တိုက်ဆိုင်စစ်ဆေးရင်း တစ်နာရီခန့်အကြာတွင် အန်းရှဲ့အိမ်ရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
တံခါးဝရှိ လျှပ်စစ်သံတံခါးမှာ တစ်စုံတစ်ခုနှင့် တိုက်မိခဲ့ဟန်တူပြီး ပေ၃၀ခန့်အကွာသို့ လွင့်စင်နေကာ မုန့်ကြိုးလိမ်တစ်ခုကဲ့သို့ လိမ်ကောက်နေသည်။
ဤနေရာသည် ယခင်က အဆင့်မြင့်အိမ်ရာတစ်ခုဖြစ်ကောင်းဖြစ်မည်။ သို့သော် ယခုအခါတွင်မူ ခွဲခြား၍မရနိုင်တော့ပေ။ အတွင်းထဲတွင် အပင်များပြည့်ကျပ်စွာ ပေါက်ရောက်နေပြီး ဖြတ်သန်း၍မရနိုင်သော တောအုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲနေသည်။ သန္ဓေပြောင်းသတ္တဝါများ၏ ဟိန်းဟောက်သံများမှာ အတွင်းမှ အဆက်မပြတ်ထွက်ပေါ်နေပြီး သမိုင်းမတင်မီခေတ်က သတ္တဝါများကဲ့သို့သော သန္ဓေပြောင်းအင်းဆက်အုပ်စုများမှာ တောအုပ်ထဲမှ ရံဖန်ရံခါ ပျံတက်လာလိုက်၊ ဆင်းသွားလိုက်ဖြင့် ရှိနေသည်။
မြေပြင်ပေါ်ရှိ လမ်းငယ်လေးများမှာ မြက်ပင်များအောက်တွင် လုံးဝနစ်မြုပ်နေပြီး အတွင်းမှ ကွန်ကရစ်မြေပြင်ကိုပင် မြင်တွေ့ရခြင်းမရှိတော့ပေ။ နွယ်ပင်များဖြင့် ရစ်ပတ်နေသော ပြိုကျပျက်စီးနေသည့် အထပ်မြင့်တိုက်ခန်းအချို့မှလွဲ၍ အခြားနိမ့်သော တစ်ထပ်တိုက်များမှာမူ တောအုပ်ကြီးအတွင်း လုံးဝဖုံးကွယ်ပျောက်ကွယ်နေပြီ။
ဤနေရာသည် အိမ်ရာပန်းခြံတစ်ခုအစား ရှေးဟောင်းတောနက်ကြီးတစ်ခုနှင့် ပို၍တူနေသည်။
လော်ယွမ်၏စိတ်မှာ လေးလံနေပြီး ဝမ်ရှကွမ် အသက်ရှင်လျက်ရှိနေပါစေဟု မျှော်လင့်နေမိသည်။
ဆက်ရန်...