← Chapters

အခန်း (၁၂၁-၁၂၄)

Vol. 7 Ch. 121-124

အခန်း (၁၂၁-၁၂၄)

Vol. 7 Ch. 121-124

အပိုင်း(၁၂၁)ပြန်ဆုံခြင်း

လော်ယွမ်က မြက်ပင်များကို ဖယ်ရှားလိုက်ရာ နောက်ဆုံးတွင် လမ်း၏ ခြေရာလက်ရာများကို တွေ့ရှိခဲ့သည်။ ကျောက်စရစ်ခဲနှင့် ဘိလပ်မြေဖြင့် ခင်းထားသော လမ်းငယ်လေးသည် အပင်များ၏ အမြစ်များကြောင့် ပြင်းထန်စွာ ဖျက်စီးခံထားရပြီး အခြေခံအားဖြင့် မြေကြီးအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေသည်။ အကယ်၍ ဤနေရာတွင် ကျောက်စရစ်ခဲများ ကျန်မနေခဲ့လျှင်၊ အမြစ်များထိုးမှုကြောင့် ဘိလပ်မြေများကျေမွပြီး အရောင်ကွဲပြားမနေလျှင် ဤနေရာက လမ်းငယ်လေးလား သို့မဟုတ် မူလကတည်းက မြေကြီးလားဟုပင် သူခွဲခြားနိုင်မည် မဟုတ်ပေ။

သူက ရှေ့မှ ပိတ်ဆို့နေသော သစ်ကိုင်းများကို အဆက်မပြတ် ခုတ်ဖြတ်ရင်း အိမ်ရာအတွင်းသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ ခဏအကြာတွင် သူ ပထမဆုံး ဗီလာအိမ်တစ်လုံးကို မြင်တွေ့လိုက်ရသည်။ သို့သော် ဤဗီလာအိမ်၏ အိမ်နံပါတ်ကိုမူ မမြင်နိုင်တော့ပေ။ ဗီလာအိမ်တစ်ခုလုံးကို နွယ်ပင်များနှင့် သစ်ကိုင်းများက အထပ်ထပ် ရစ်ပတ်နေပြီး လွတ်နေသော နေရာအချို့ကိုလည်း ရေညှိများက နေရာယူထားသည်။

တူတစ်ချောင်းကဲ့သို့ သေးသွယ်သော မြွေနက်လေးများက ဗီလာအိမ်ပေါ်မှ ရစ်ပတ်နေသော နွယ်ပင်များပေါ်တွင် တွားသွားနေကြပြီး နီရဲသော လျှာကို လျင်မြန်စွာ ထုတ်ကာ "ရှဲရှဲ" ဟူသော အသံများ ပြုနေကြသည်။

လော်ယွမ်က တစ်ချက်ကြည့်လိုက်ပြီးနောက် လူတယောက်၏ခါးခန့် မြင့်သော မြက်ပင်များကို နင်းကာ ဗီလာအိမ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါ ရုတ်တရက် ထွက်ပေါ်လာရာ မြွေနက်လေးများနှင့် ဗီလာအိမ်ထဲတွင် ပုန်းအောင်းနေသော သန္ဓေပြောင်းသတ္တဝါ ဒါဇင်ပေါင်းများစွာက ချက်ချင်းပင် အသက်လုပြေးသကဲ့သို့ ထွက်ခွာသွားကြပြီး ပေ၃၀ပတ်လည်ရှိ ဧရိယာက ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

လော်ယွမ်က ကျန်းမာတောက်ဓားရှည်ကို ဆွဲထုတ်ကာ ဗီလာအိမ်ကို ရစ်ပတ်နေသော နွယ်ပင်သစ်ကိုင်းများကို တစ်ခုချင်းစီ ခုတ်ဖြတ်ဆွဲချလိုက်သည်။

ဗီလာအိမ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အပေါ်မှ ထုံးများမှာလည်း အားလုံးကွာကျနေပြီ ဖြစ်သည်။ အကယ်၍ နွယ်ပင်များက ထောက်ပံ့မထားပါက ယခုအချိန်တွင် ပြိုကျသွားလောက်ပြီ ဖြစ်သည်။ လော်ယွမ်က အားအလွန်အကျွံ မသုံးရဲဘဲ နေရာအချို့ကိုသာ ရွေးချယ်ရှင်းလင်းလိုက်သည်။ ဆယ်မိနစ်ကျော်ကြာပြီးနောက် သူရှာဖွေနေသော အရာကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။

"နံပါတ်၅...ဒါအိမ်နံပါတ်၅ပဲ"

"ဝမ်ရှကွမ်ပို့ထားတဲ့ လိပ်စာက အိမ်နံပါတ် ၁၈ဆိုတော့... အိမ်ရာအတွင်းပိုင်းမှာ ဖြစ်ရမယ်" လော်ယွမ်က စိတ်ထဲတွင် တွေးလိုက်သည်။

သူ၏ခြေလှမ်းများမှာ မြန်ဆန်လာပြီး ဗီလာအိမ်အချို့ကို ဆက်တိုက်ဖြတ်ကျော်သွားသည်။ ဤဗီလာအိမ်များသည် တစ်ခုမကျန် အပင်များဖြင့် ဝိုင်းရံထားခြင်းခံရပြီး ယခင်က ခမ်းနားထည်ဝါသော ပုံစံကို မမြင်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါက အဆက်မပြတ် ထွက်ပေါ်နေသောကြောင့် မည်သည့်သန္ဓေပြောင်းသားရဲမျှ အနားသို့ မကပ်ဝံ့ပေ။

ထိုအတောအတွင်း သူက ဗီလာအိမ်အချို့၏ အိမ်နံပါတ်များကို ထပ်မံစစ်ဆေးခဲ့သည်။ နှစ်နာရီကြာပြီးနောက် သူက နောက်ဆုံးတွင် အိမ်နံပါတ်၁၈ ဗီလာအိမ်၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။

လော်ယွမ် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူက အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကျန်းမာတောက်ဓားရှည်ဖြင့် တံခါးဝမှ သစ်ကိုင်းနွယ်ပင်များကို တစ်ခုချင်းစီ ခုတ်ဖြတ်လိုက်ရာ အတွင်းမှ ပြိုကျနေသော တံခါးမကြီး ပေါ်ထွက်လာသည်။ ဗီလာအိမ်ထဲသို့ ဝင်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော မှိုနံ့က မျက်နှာကို လာရိုက်ခတ်သည်။ ပတ်ပတ်လည်ရှိ နံရံများမှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ဆိုဖာကဲ့သို့သော သစ်သားပရိဘောဂအချို့မှာလည်း စတင်ဆွေးမြေ့နေပြီ ဖြစ်သည်။ စကျင်ကျောက်ခင်းထားသော မြေပြင်ကို ရေညှိများက နေရာယူထားပြီး မျက်နှာကျက်မီးဆိုင်းပေါ်တွင်ပင် မြက်ပင်ငယ်များ ပေါက်နေသည်။ ဤနေရာကား ရာစုနှစ်ပေါင်းများစွာ လူမနေတော့သကဲ့သို့ ရှိနေသည်။

လော်ယွမ်က ဗီလာအိမ်၏ မြေအောက်အခြေအနေကို သေသေချာချာ အာရုံခံကြည့်လိုက်ရာ စိတ်ထဲတွင် လေးလံသွားသည်။

သူ့အာရုံထဲ၌လူတစ်ယောက်မှ မခံစားမိပေ။

၁၄မှတ်အထိ မြင့်မားသော အစွမ်းထက်သည့် သူ့အာရုံခံစားနိုင်စွမ်းက ပေ၁၅၀ပတ်လည်အထိ သက်ရောက်မှုရှိပြီး မြေအောက်တွင်ပင်လျှင် သတ္တု သို့မဟုတ် သတ္တုရိုင်းများ၏ အတားအဆီးမရှိပါက သူ ပေ၃၀အောက်ရှိ အရာဝတ္ထုများကို "မြင်" နိုင်သည်။

သူ၏အာရုံခံစားနိုင်စွမ်း လွှမ်းခြုံမှုအောက်တွင် ဗီလာအိမ်၏ အရာအားလုံးက သူ၏ "မျက်လုံး" မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော် ဘာမျှမရှိ၊ သူဘာကိုမျှ မတွေ့ရှိခဲ့ပေ။ ဗီလာအောက်တွင် မြေအောက်ခန်းတစ်ခု အမှန်ပင်ရှိသော်လည်း ထိုမြေအောက်ခန်းက အလွန်သေးငယ်ပြီး ဝိုင်သိုလှောင်ခန်းတခုသာဖြစ်သည်။ အတွင်းတွင် လုံးဝဟာလာဟင်းလင်းဖြစ်နေပြီး လူမပြောနှင့် အသုံးဝင်သော ပစ္စည်းတစ်စုံတစ်ရာပင် မရှိပေ။ သူတို့မထွက်ခွာမီကတည်းက အရာအားလုံးကို သယ်ဆောင်သွားခဲ့ကြပုံရသည်။

ဝမ်ရှကွမ် ဤစာတိုကို အလွန်စောစီးစွာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သူသိသည်။ ထိုအချိန်က သားရဲအုပ်ကြီးဝင်ရောက်မလာသေးဘဲ သန္ဓေပြောင်းခြင်များပင် မပေါ်ပေါက်သေးပေ။ ဤမျှလောက် ရှည်လျားသော အချိန်ကာလက မည်သည့်အရာမဆို ဖြစ်ပွားရန် လုံလောက်၏။

သူမ၏မိသားစုက အလွန်ချမ်းသာကြွယ်ဝပြီး ငွေကြေးအမြောက်အမြား သုံးစွဲလိုက်ပါက မစီစဉ်နိုင်သောအရာဟူ၍ မရှိပေ။ သူတို့မိသားစုတစ်စုလုံး မြေအောက်မြေအောက်စခန်းသို့ ပြောင်းရွှေ့သွားလျှင်ပင် အံ့ဩစရာ မဟုတ်ပေ။

"နေဦး... တစ်ခုခုမှားနေသလိုပဲ" လော်ယွမ်က နောက်ဆုံးတွင် သတိရသွားသည်။ ထိုမြေအောက်စခန်းက ဝမ်ရှကွမ် ၏ ဖခင်တစ်ဦးတည်း ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ သူငယ်ချင်းအချို့နှင့်အတူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ထိုမြေအောက်စခန်းက ဝမ်ရှကွမ်၏ဗီလာအိမ်အောက်တွင် မရှိဘဲ အခြားနေရာတွင် ရှိနိုင်ခြေများသည်။

ကမ္ဘာပျက်ခါနီးအချိန်တွင် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာပြီး ရိက္ခာများမှာ ပိုက်ဆံရှိလျှင်ပင် ဝယ်၍မရတော့ပေ။ ရိက္ခာအချို့မှာမူ မဟာဗျူဟာမြောက် ထိန်းချုပ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ခံရသည်။ ဤအခြေအနေတွင် သာမန်သူဌေးတစ်ဦးက ဤသို့သော မြေအောက်စခန်းငယ်တစ်ခုကို ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် အင်အားမရှိပေ။

ထိုအချိန်တွင် သူ၏ခြေထောက်က တစ်စုံတစ်ခုကို အမှတ်မထင် ကန်မိလိုက်သည်။ သူ ငုံ့ကြည့်လိုက်ပြီး ကောက်ယူလိုက်ရာ ၎င်းမှာ ကျိုးပဲ့နေသော ဓာတ်ပုံဘောင်တစ်ခု ဖြစ်နေသည်။ အတွင်းမှ ဓာတ်ပုံမှာ အလွန်ဝါးနေပြီဖြစ်သော်လည်း လော်ယွမ်က ဤသည်မှာ ဝမ်ရှကွမ် ဖြစ်နိုင်သည်ဟု ဝိုးတဝါး ခန့်မှန်းနိုင်သေးသည်။

သူက ဝမ်ရှကွမ် ၏ စိတ်နေစိတ်ထားနှင့် နောက်ဆုံးသူ့ထံသို့ ပေးပို့ခဲ့သော စာတိုကို သတိရသွားသည်။ သူ၏စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး ဒုတိယထပ်သို့ အမြန်ပြေးတက်သွားသည်။ အာရုံခံစားနိုင်စွမ်းဖြင့်အာရုံခံပြီး သူက အိပ်ခန်းတံခါးကို ကန်ဖွင့်လိုက်သည်။ ဤအခန်းမှာ ဝမ်ရှကွမ် ၏ အိပ်ခန်းဖြစ်သည်။ လော်ယွမ်က ကုတင်ဘေးမှ စားပွဲခုံပေါ်တွင် စာရွက်တစ်ရွက်ထည့်ထားသော ကြည်လင်သော ပလတ်စတစ်အိတ်ငယ်တစ်ခုကို တစ်ချက်ကြည့်လိုက်သည်နှင့် တွေ့ရှိလိုက်ရသည်။ အပေါ်တွင် တံဆိတ်တုံးတစ်ခုဖြင့် ဖိထားသည်။

လော်ယွမ်က အလျင်အမြန် ကောက်ယူပြီး ဖွင့်ဖတ်လိုက်ရာ လက်ရေးမှာ လှပသပ်ရပ်ပြီး သူမ၏လက်ရေးဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်သည်နှင့် သိသာနေသည်။

"ငါနင့်ကိုရက်တော်တော်ကြာအောင် စောင့်နေတာ... နင်ရောက်မလာသလို ငါ့ကိုလည်းစာမပြန်ဘူး... နောက်ကျငါဖုန်းထပ်ဆက်ကြည့်တော့မှ နင်ဖုန်းပိတ်ထားမှန်းသိရတာ"

"နင်အခုဘယ်တွေရောက်နေလဲ ငါတစ်ကယ်သိချင်တယ်"

"ခုတလော သန္ဓေပြောင်းခြင်တွေ လက်ချက်နဲ့ လူတွေသေတာအများကြီးပဲ... ငါတို့အကုန်ကြောက်လန့်ပြီး မြေအောက်စခန်းလေးဆီ သွားနေဖို့ဆုံးဖြတ်လိုက်တယ်... ငါတို့မိသားစုလည်းသွားရတော့မယ် နင်နောက်ကျရောက်လာရင် အဲ့နေရာကို ရှာမတွေ့မှာစိုးလို့ ငါနင့်အတွက် စာတစ်စောင်ထားခဲ့တယ်..."

"ငါအခုနောက်ပိုင်း နင့်အကြောင်းပဲ တွေးမိနေတာ နေ့တိုင်းပဲ... နင်ဘေးကင်းပါစေလို့လည်း ဘုရားမှာ နေ့တိုင်းဆုတောင်းတယ်"

"ဒါနဲ့... ဒီစာရွက်ရဲ့အနောက်မှာ မြေအောက်စခန်းလေးရဲ့ ဝင်ပေါက်တည်နေရာကို ငါဆွဲထားတယ်... ဒီစာကိုနင်ရှာတွေ့မတွေ့က မသေချာပေမယ့် ကံကောင်းပြီးရှာတွေ့ပါစေလို့ ဆုတောင်းရင်း ငါဒီမှာထားခဲ့ဖို့ ဆုံးဖြတ်လိုက်တာ"

စာဖတ်ပြီးနောက် လော်ယွမ် နေရာတွင်အချိန်အတော်ကြာ ရပ်နေခဲ့ပြီး စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူက စာရွက်ကို ပလတ်စတစ်အိတ်ငယ်ထဲသို့ သေသေချာချာ ပြန်ထည့်ပြီး ကိုယ်နှင့်မကွာ သိမ်းဆည်းထားလိုက်သည်။

ထို့နောက် သူက ကျန်းမာတောက်ဓားရှည်ကို ကိုင်ဆောင်ကာ အပြင်ဘက်သို့ ပြေးထွက်သွားသည်။

မြေအောက်ခန်းဝင်ပေါက်က အိမ်ရာပန်းခြံအလယ်ရှိ တန်ဆောင်းအောက်တွင် ရှိသည်။ သို့သော် ယခုအခါ ထိုတန်ဆောင်းသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ရာ လော်ယွမ် တစ်နာရီခန့် ရှာဖွေပြီးမှ နောက်ဆုံးတွင် ထူထပ်သော မြက်တောတစ်ခုထဲတွင် တွေ့ရှိခဲ့သည်။

အပြင်ဘက်မှ မြက်ပင်နှင့်ကျောက်စရစ်ခဲများကို တစ်ခုချင်းစီ ဖယ်ရှားလိုက်ရာ အတွင်းမှ ၄ပေအချင်းရှိသော သံအဖုံးတစ်ခု ပေါ်ထွက်လာသည်။ သူက အာရုံခံကြည့်လိုက်ရာ ချက်ချင်းပင် သက်ပြင်းချလိုက်မိသည်။ အောက်တွင် လူတစ်ရာကျော်ခန့် ရှိနေပြီး လော်ယွမ်က မည်သူက ဝမ်ရှကွမ် ဖြစ်သည်ကို မခွဲခြားနိုင်သော်လည်း သူမအတွင်းထဲတွင် ရှိနေလောက်သည်။

သူက သံအဖုံးကို အားကုန်ဆွဲဖွင့်လိုက်ရာ အောက်တွင် ဘိလပ်မြေလှေကားတစ်ထစ် ပေါ်ထွက်လာသည်။

လှေကားက အနည်းငယ် စိုစွတ်နေပြီး အပေါ်တွင် သွေးကွက်အချို့ ရှိနေသည်။ ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားနေသည်။

အထစ်သုံးဆယ်ကျော်ရှည်သော လှေကားကို ဆင်းသွားပြီးနောက် ရှေ့တွင် ထူထဲသော သံမဏိတံခါးကြီးတစ်ချပ်ကို တွေ့လိုက်ရသည်။ ဤနေရာ၏ ကာကွယ်ရေးအစီအမံများက အလွန်ကောင်းမွန်သည်။ ဤနေရာမှ သံတံခါးတစ်ချပ်စီသည် အထူ၁၁လက်မရှိပြီး တံခါးသုံးချပ်ကို ဘေးချင်းကပ်ထားသည်ကို သူအာရုံခံမိသည်။

လော်ယွမ်က ကျန်းမာတောက်ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ခဏအကြာတွင် ပြန်ထည့်လိုက်သည်။ အကြောင်းမဲ့ သူတစ်ပါး၏ တံခါးကို ဖျက်ဆီးခြင်းက ယခုလိုအချိန်တွင် အသက်သေစေနိုင်သော ရန်ငြိုးဖြစ်နိုင်သည်။

သူက ဓားလက်ကိုင်ကို လှည့်ကာ တံခါးကို အားကုန်ခေါက်လိုက်သည်။ သတ္တုနှစ်ခု ထိခတ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် တံခါးဝတွင် တပ်ဆင်ထားသော စပီကာငယ်နှစ်လုံးက ရုတ်တရက် အသံမြည်လာရာ သူ့ကိုပင် လန့်သွားစေခဲ့သည်။

"မင်းဒီကိုဘယ်လိုရောက်လာတာလဲ... ဒီမှာဘာလာလုပ်တာလဲ"

ထိုအခါမှ လော်ယွမ်က ဤနေရာတွင် လျှို့ဝှက်ကင်မရာတစ်ခု တပ်ဆင်ထားသည်ကို သတိပြုမိလိုက်သည်။

"ကျွန်တော်လူလာရှာတာပါ... ဝမ်ရှကွမ်ဆိုတဲ့ အမျိုးသမီး အထဲမှာရှိလားသိချင်လို့... အသက်၂၃၊ အရပ်က ၅ပေ၅လောက်... တချက်ကြည့်ပေးပါဦး" လော်ယွမ်က အလျင်အမြန် မေးလိုက်သည်။

"မလိုပါဘူး... မင်းပြောတဲ့သူ ဒီမှာမရှိဘူး" ထိုအတွင်းမှလူက စိတ်မရှည်စွာဖြင့် စကားဖြတ်လိုက်သည်။

"ခင်ဗျားသေချာလို့လား... ဒါမှမဟုတ်သူ့ကိုမသိတာလား... တခြားတစ်ယောက်ယောက်ကို မေးကြည့်ပါလား" လော်ယွမ်က စိတ်ပျက်သွားပြီး ထပ်မံတောင်းဆိုလိုက်သည်။

"မင်းရူးနေလား... ငါမရှိဘူးလို့ပြောနေတယ်လေ... ပြန်တော့ ငါတို့တံခါးလုံးဝဖွင့်မှာမဟုတ်ဘူး" ထိုယောက်ျားသည် စိတ်မရှည်စွာ ပြောလိုက်သည်။

လော်ယွမ်က ပြဿနာမရှာချင်သော်လည်း စိတ်ထဲတွင် ဒေါသအနည်းငယ် ထွက်လာသည်။ သူက ကင်မရာကို စိုက်ကြည့်ရင်း မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။ "ငါနောက်ဆုံးတစ်ခေါက်မေးမယ်... ငါပြောတဲ့လူ အထဲမှာရှိလားမရှိဘူးလား"

ထိုလူက လန့်သွားပုံရပြီး အချိန်အတော်ကြာမှ အသံထွက်လာသည်။ သို့သော် အသံမှာမူ များစွာပျော့ပျောင်းသွားသည်။ "မင်းထပ်မေးလည်း အပိုပဲ... ငါဒီမှာနေတာကြာလှပြီ မင်းပြောတဲ့ဝမ်ရှကွမ်ဆိုတာကို တစ်ခါမှမကြားဖူးဘူး"

လော်ယွမ်က မယုံနိုင်၊ မယုံဝံ့ပေ။ သူက လေးလံစွာ ပြောလိုက်သည်။ "တံခါးဖွင့်... ငါ့ကိုယ်တိုင်ဝင်ကြည့်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တံခါးလုံးဝဖွင့်မှာ မဟုတ်ဘူး... မင်းပြန်တော့" ထိုလူက ငြင်းဆန်လိုက်သည်။

"ဒါဆိုရင်လည်း ငါ့ဖာသာဖွင့်ရတာပေါ့" လော်ယွမ်က ခေါင်းခါလိုက်သည်။ နောက်ဆုံးတွင် အကြမ်းဖက်နည်းလမ်းကို သုံးရမည်ဟု သူ မထင်ထားခဲ့ပေ။ ထိုသို့ဖြစ်မည်ကိုသာ ကြိုသိခဲ့လျှင် ဤမျှလောက် လေကုန်ခံနေမည် မဟုတ်ချေ။ သူက ကျန်းမာတောက်ဓားရှည်ကို ဆွဲထုတ်ကာ ပါးလွှာသော ဓားသွားကို တံခါးကြားထဲသို့ ထိုးသွင်းပြီး ဖြည်းညင်းစွာ လှီးဖြတ်လိုက်ရာ သော့က ချက်ချင်းပင် ပြတ်တောက်သွားသည်။ သူက အားကုန်ဆွဲဖွင့်ပြီး ဒုတိယတံခါးကို ထပ်မံလှီးဖြတ်ရန် ပြင်ဆင်လိုက်သည်။

ထိုလူသည် မူလက လော်ယွမ် နောက်နေသည်ဟု ထင်ခဲ့သော်လည်း လော်ယွမ်က တိုဖူးလှီးသကဲ့သို့ တံခါးကြီးတစ်ချပ်ကို အလွယ်တကူ လှီးဖြတ်လိုက်သည်ကို အမှန်တကယ် မြင်သောအခါ သူက ကမန်းကတမ်း တားဆီးလိုက်သည်။ "ရပ်လိုက်... အမြန်ရပ်လိုက်... ငါအခုပဲလူခေါ်ပြီး တံခါးဖွင့်ပေးမယ်"

လော်ယွမ်၏ မျက်နှာတွင် ခနဲ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး တံခါးဖျက်ဆီးခြင်းကို ရပ်တန့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ဆယ်မိနစ်ကျော်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ယောက်ျားဆယ်ဂဏန်းခန့် ရောက်ရှိလာသည်။ နောက်ဆုံးသံတံခါးကို ဆွဲဖွင့်လိုက်ရာ သေနတ်ဆယ်လက်ကျော်က လော်ယွမ်ကို တည့်တည့်ချိန်ရွယ်ထားသည်။ ခေါင်းဆောင်မှာ အရပ်ရှည်သော လူငယ်တစ်ဦးဖြစ်ပြီး လက်ရာကောင်းသော ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားကာ မျက်နှာတွင် ပင်ကိုယ်ဘဝင်မြင့်သော အမူအရာတစ်ခု ရှိနေသည်။

သူ၏လက်ထဲတွင် မည်သည့်လက်နက်မျှ မကိုင်ဆောင်ထားဘဲ လော်ယွမ်ရှေ့တွင် ဒီအတိုင်းရပ်နေပြီး မျက်နှာတွင် မဲ့ပြုံးပြုံးနေသည်။ "မင်းကလှည့်ပြန်လို့ရရဲ့သားနဲ့ တမင်လာအသေခံတာပဲ... မင်းရဲ့ဓားကမဆိုးဘူး ငါယူလိုက်မယ်... တံခါးကိုဖျက်စီးတဲ့အတွက် လျော်ကြေးပေါ့"

"လျော်ကြေးကိစ္စ အရေးမကြီးဘူး... မင်းတို့လူတစ်ယောက်က ဝမ်ရှကွမ်ဒီမှာမရှိဘူးလို့ ပြောနေတယ်... ဝမ်ရှကွမ်ရှိမရှိ မင်းတော့သိမှာပဲ" ဤမျှလောက်များသော သေနတ်များဖြင့် ချိန်ရွယ်ခံထားရသော်လည်း လော်ယွမ်၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

လူငယ်က ချီးကျူးသော အမူအရာဖြင့် လက်ခုပ်တီးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်သော အမူအရာဖြင့် ပြုံးရယ်ကာ ပြောလိုက်သည်။ "မင်းတကယ်တည်ငြိမ်နေတာလား...ဒါမှမဟုတ် ဟန်လုပ်နေတာလားငါမသိဘူး... ဒါပေမဲ့မင်းကဒီကို အသက်စွန့်ပြီးလာခဲ့တာဆိုတော့ ငါမင်းကိုစေတနာနဲ့ပြောပြလိုက်မယ်... အဲ့ခွေးမက သေခါနီးနေပြီ... ငါသူ့ကိုအစာမကျွေးပဲပစ်ထားတာ ကြာပြီ... သူ့မိသားစုတစ်ခုလုံးရဲ့ ခေါင်းမာချက်ကတော့ တစ်ကယ်လက်လံတယ်... သူအဲ့လိုလုပ်နေတာငါ့ကို တမင်ဒုက္ခပေးတာပဲ"

လော်ယွမ်၏ မျက်နှာသည် တဖြည်းဖြည်း ပျက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏ဘေးမှ လေထုကိုပင် အနည်းငယ် ကွေ့ကောက်သွားစေသည်။ အားလုံး၏ စိတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ လေးလံကာ အသက်ရှူရခက်ခဲသွားပြီး ချွေးစေးများက ထိုလူများ၏ နဖူးမှ အဆက်မပြတ် စီးကျလာသည်။

လူငယ်၏ မျက်နှာက နောက်ဆုံးတွင် ပျက်သွားသော်လည်း ပတ်ဝန်းကျင်မှ လက်အောက်ငယ်သားများကို မြင်သောအခါ သူ၏စိတ်က တစ်ဖန်ပြန်လည် တည်ငြိမ်သွားပြီး ခေါင်းခါကာ ရယ်မောလိုက်သည်။ "မင်းက ခုခံချင်သေးတယ်ပေါ့"

လော်ယွမ်၏ မျက်နှာသည် မည်းမှောင်နေပြီး လူငယ်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ အလွန်ပါးလွှာသော စိတ်စွမ်းအင်အလွှာက သူ၏အရေပြားကို တင်းတင်းကပ်ထားပြီး သူ၏မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ငတုံး"

လော်ယွမ်က အရှိန်အဟုန်ပြင်းစွာဖြင့် မိမိထံသို့ လျှောက်လာသည်ကို မြင်သောအခါ သူက အလျင်အမြန် အော်ဟစ်လိုက်သည်။ "ပစ်"

သူ၏စကားသံ မဆုံးမီမှာပင် ပူနွေးသောသွေးများက သူ၏မျက်နှာပေါ်သို့ ပက်ကျလာသည်။ သူ၏အနီးဆုံးမှ လက်အောက်ငယ်သားက မယုံနိုင်စွာဖြင့် လည်ပင်းကို အုပ်ကိုင်ကာ အလိုအလျောက် ခလုတ်ကို ဆွဲညှစ်လိုက်သည်။

"ဒက်... ဒက်... ဒက်"

မရေမတွက်နိုင်သော ကျည်ဆံများက ကျဉ်းမြောင်းသော နေရာတွင် ပျံဝဲနေပြီး ကံဆိုးသော လက်အောက်ငယ်သားအချို့မှာ ကျည်ဆံထိမှန်ကာ မယုံကြည်နိုင်စွာဖြင့် လဲကျသွားကြသည်။

သို့သော် ကျည်ဆံများ၏ မှားယွင်းသတ်ဖြတ်နိုင်မှုက လော်ယွမ်နှင့် ယှဉ်လျှင် အလွန်နည်းလှသည်။

လက်အောက်ငယ်သားတစ်ဦးက ခလုတ်ကို ဆွဲညှစ်ရန် ပြင်ဆင်နေစဉ်မှာပင် လော်ယွမ် နေရာမှ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ထို့နောက် သူက နောက်ကျောမှ လေအေးတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။ သူတုံ့ပြန်ရန် အချိန်မရမီမှာပင် အေးစက်သော ခံစားမှုတစ်ခုက ဦးခေါင်းနောက်မှ ထိုးဖောက်ဝင်ရောက်လာပြီး မကြုံစဖူး ပြင်းထန်သော နာကျင်မှုသည် တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ သူက အလိုအလျောက် ညည်းညူအော်ဟစ်ရန် ကြိုးစားသော်လည်း ဦးခေါင်းနောက်မှ ထိုးဖောက်ဝင်ရောက်လာသော အားလှိုင်းက ပါးစပ်မှ ဖောက်ထွက်သွားပြီ ဖြစ်သည်။

သူ၏ခန္ဓာကိုယ် မြေပြင်သို့ မကျမီမှာပင် လော်ယွမ်က နေရာမှ ထပ်မံပျောက်ကွယ်သွားသည်။

ကျဉ်းမြောင်းသော နေရာတွင် လူများဖြင့် ပြည့်ကျပ်နေသောကြောင့် လှည့်ပတ်ရန် နေရာမရှိပေ။ လော်ယွမ်က ဓားနှင့်အတူ လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူငါးဦးကို ခေါင်းဖြတ်သတ်လိုက်သည်။ ခေါင်းပြတ်နေသော အလောင်းငါးခု၏ လည်ပင်းမှ သွေးများက ပေပေါင်းများစွာထိ ပန်းထွက်လာရာ ကျန်ရှိသောလူများကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

သူ၏ဓားက လွဲချော်ခြင်းမရှိပေ။ ဓားတစ်ချက်ထွက်တိုင်း လူတစ်ယောက် သေဆုံးရသည်။ ဤသူများမှာ သာမန်လူများသာ ဖြစ်ပြီး သေနတ်ကိုင်ဆောင်ထားသော်လည်း လော်ယွမ်နှင့် ယှဉ်လျှင် တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ကွာခြားလှသည်။

မြေအောက်စခန်းထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် သူတို့က အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေပြီဖြစ်ပြီး လူတစ်ယောက်က ထိုမျှလောက်သော စွမ်းရည်သို့ ရောက်ရှိနိုင်သည်ကို မယုံနိုင်ကြပေ။

သူတို့က ချိန်ရွယ်ရန် အခွင့်အရေးပင် မရခဲ့ပေ။ လော်ယွမ်၏ လှုပ်ရှားမှုက အလွန်မြန်ဆန်လှပြီး တစ်ခဏမျှ နေရာတွင် မရပ်တန့်ခဲ့ပေ။ လူတစ်ယောက်ကို သတ်ပြီးသည်နှင့် ချက်ချင်းပင် နေရာပြောင်းသွားသည်။

အလွန်အမင်း ကြောက်ရွံ့မှုကြောင့် အားလုံး စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားပြီး သတ်နတ်များကို အရူးအမူး ပစ်ခတ်သော်လည်း မိမိတို့ဘက်မှ ထိခိုက်သေဆုံးမှုကိုသာ တိုးပွားစေခဲ့သည်။

လမ်းကျဉ်းတစ်ခုလုံးက သားသတ်ရုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ရှိသည်။ လူငယ်က လက်အောက်ငယ်သားများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်ကို ကြည့်ရင်း သေနတ်ကျည်ဆံများဖြင့် တည်ဆောက်ထားသော ယုံကြည်မှုနှင့် သတ္တိများက ကျိုးပဲ့လွယ်သော အုတ်ခဲတုံးများကဲ့သို့ ပြိုကျသွားတော့သည်။ သူက ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားပြီး လှည့်ကာ အတွင်းသို့ အသက်လုပြေးသွားသည်။

လော်ယွမ်က နောက်ဆုံးတစ်ယောက်ကို ရှင်းပြီးနောက် အေးစက်စက် ရယ်မောလိုက်ပြီး ရှေ့မှ ကြောက်လန့်တကြားဖြင့် ပြေးလွှားနေသော လူငယ်ကို ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အရှိန်ပြင်းစွာ ပြေးလွှားသွားပြီး ထူလူငယ်ကို ကျော်ဖြတ်ပြီးနောက် ဓားရှည်ကို နောက်ပြန်လှည့်ကာ သူ၏ဝမ်းဗိုက်ကို ဖြည်းညင်းစွာ လှီးဖြတ်လိုက်ရာ အူများက ချက်ချင်းပင် ထွက်ကျလာသည်။ လူငယ်က ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများဖြင့် မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားပြီး မိမိ၏အူများကို ကောက်ယူကာ ဗိုက်ထဲသို့ ထိုးထည့်ရင်း ဆက်လက်အော်ဟစ်နေသည်။

လော်ယွမ်က ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် မဟုတ်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ၏ထိန်းမနိုင်သိမ်းမရသော ဒေါသကို မဖြေဖျောက်နိုင်သောကြောင့် ဖြစ်သည်။

သူက တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို ဆက်လက်ဂရုမစိုက်တော့ဘဲ အတွင်းသို့ လျင်မြန်စွာ လျှောက်သွားသည်။ နောက်ကျောမှ ကြေကွဲဖွယ်ကောင်းသော အော်ဟစ်သံများနှင့် ဆဲဆိုသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

မြေအောက်စခန်းငယ်ထဲမှ လူများက အပြင်ဘက်မှ လှုပ်ရှားသံများကို အစောကတည်းက ကြားသိပြီးဖြစ်ရာ မိမိတို့၏ အခန်းများတွင် အသီးသီး ပုန်းအောင်းနေကြသည်။ သတ္တိကောင်းသူအချို့က တံခါးကြားမှ ကြောက်လန့်တကြားဖြင့် လော်ယွမ်ကို ကြည့်နေကြပြီး လော်ယွမ်၏ အကြည့်ရောက်လာသည်နှင့် တံခါးကို အလျင်အမြန် ပိတ်လိုက်ကြသည်။ ဤလူများ၏ မျက်လုံးထဲတွင် လော်ယွမ်က မကောင်းဆိုးဝါးနှင့် မခြားတော့ပေ။

ဤမြေအောက်စခန်းသည် အလွန်ကြီးမားပြီး စတုရန်းမီတာတစ်သောင်းခန့် ကျယ်ဝန်းကာ အမြင့်မှာလည်း ၁၅ပေကျော်ရှိသည်။ မူလ တည်ဆောက်စဉ်က စီမံကိန်း၏ အရွယ်အစားကို စိတ်ကူးကြည့်နိုင်ပေသည်။ အတွင်းတွင် မီးများထိန်ထိန်လင်းနေပြီး အဆောက်အအုံများမှာ ပြည့်စုံလှသည်။ အပန်းဖြေခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ သေနတ်ပစ်ကွင်း စသည်တို့ အစုံအလင်ရှိပြီး ကပွဲခန်းမနှင့် ချွေးထုတ်ခန်းပင် ရှိသေးသည်။ လော်ယွမ်က ထိုနေရာတွင် လျှောက်သွားရင်း မိမိကိုယ်ကို နေရာမှားရောက်နေသကဲ့သို့ ခံစားမိသည်။

ဤလူများမှာ အလွန်အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝမသိကြပေ။

လော်ယွမ်က သေသေချာချာ ကြည့်ရှုရန် စိတ်မရှိဘဲ အလျင်စလို ဖြတ်သန်းသွားသည်။ သူ၏အာရုံခံစားနိုင်စွမ်းက အခန်းတိုင်း၏ အခြေအနေကို အဆက်မပြတ် အာရုံခံနေသည်။ ထိုအချိန်တွင် သူက သစ်သားတံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိလာပြီး ကျန်းမာတောက်ဓားရှည်ကို ဆွဲထုတ်ကာ တံခါးကို အားကုန်ခုတ်ပိုင်းလိုက်သည်။

သူက တံခါးကို တွန်းဖွင့်ဝင်သွားပြီး အတွင်းမှ မြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ဝမ်ရှကွမ်မှာ ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး ဖြူဖျော့သော မျက်နှာမှာ အလွန်နွမ်းနယ်နေသည်။ မူလက ဘဲဥပုံမျက်နှာမှာလည်း အနည်းငယ် ချောင်ကျသွားသည်။ သူမ၏ရင်ဘတ်က အနည်းငယ် လှုပ်ရှားနေသေးသည်ကို တွေ့ရှိသောအခါ လော်ယွမ် သက်ပြင်းချလိုက်မိသည်။

လော်ယွမ်က ရှေ့သို့တက်သွားပြီး သူမကို တစ်ချက်တည်း ပွေ့ချီလိုက်သည်။

ဝမ်ရှကွမ် သည် မိမိကို လူတစ်ယောက် ပွေ့ချီလိုက်သည်ကို ခံစားမိသောအခါ ရုတ်တရက် ပြင်းထန်စွာ ရုန်းကန်လိုက်သည်။ သူမက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီးနောက် ငေးကြောင်သွားသည်။

ထိုတစ်ခဏတွင် သူမသည် မိမိကိုယ်ကို အမြင်မှားနေသည်ဟု ခံစားလိုက်ရပြီး အရာအားလုံးက အစစ်အမှန်မဟုတ်တော့သကဲ့သို့ ရှိသည်။ သူမက ငေးကြောင်စွာဖြင့် လော်ယွမ်၏မျက်နှာကို ထိတွေ့ချင်သော်လည်း တုံ့ဆိုင်းနေသည်။

လော်ယွမ်က ကြည့်ရင်း စိတ်မကောင်းဖြစ်သွားပြီး နှစ်သိမ့်လိုက်သည်။ "ဘာမှမဖြစ်တော့ဘူး... အားလုံးအဆင်ပြေသွားပြီ"

"ကျွန်မ အိပ်မက်မက်နေတာလား" ဝမ်ရှကွမ်က အိပ်မက်ယောင်သကဲ့သို့ ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် နာမနာဆိတ်ကြည့်လေ" လော်ယွမ်က ပြောလိုက်သည်။

ဝမ်ရှကွမ်က ခေါင်းခါလိုက်ပြီး သူ့ကို စူးစိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောသည်။ "လူတွေက သေခါနီးရင် မြင်ချင်ရာမြင်တတ်တယ်လို့ ကျွန်မကြားဖူးတယ်... ဆိတ်ကြည့်လို့ အိမ်မက်ကနေလန့်နိုးသွားမှာ ကျွန်မကြောက်တယ်"

လော်ယွမ်၏ ရင်ထဲတွင် ဆို့နစ်သွားသော်လည်း မျက်နှာတွင်မူ ခံစားချက်ပြည့်နေသော အပြုံးတစ်ခု ပေါ်လာသည်။ "နင်ကတစ်ကယ်ရူးတာပဲ... ဒါကအိမ်မက်မဟုတ်ဘူး... ငါနင့်ဆီတစ်ကယ် ရောက်လာတာ"

ဝမ်ရှကွမ်က အားနည်းစွာ ပြုံးလိုက်သည်။ သူမ၏မျက်ခွံများသည် တဖြည်းဖြည်း လေးလံလာပြီး အိပ်ချင်စိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။

လော်ယွမ်က ကြည့်ရင်း မျက်နှာပျက်သွားသည်။ သူမက အချိန်အတော်ကြာ အစာမစားခဲ့ရသောကြောင့် ခန္ဓာကိုယ်မှာ ပြိုလဲလုနီးပါး ဖြစ်နေသည်။ ခုနက ရုန်းကန်မှုက နောက်ဆုံးအားအင်များကို ကုန်ဆုံးသွားစေခဲ့ပြီး သူမ၏ အငွေ့အသက်က တဖြည်းဖြည်း အားနည်းလာသည်ကို လော်ယွမ် ခံစားမိသည်။

သူက အလျင်အမြန် မတ်တပ်ရပ်ကာ အနီးအနားမှ အခန်းတစ်ခန်းကို ကန်ဖွင့်လိုက်သည်။ လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံက ဝက်သတ်သကဲ့သို့ စူးရှစွာ အော်ဟစ်လိုက်ကြသည်။ ခြိမ်းခြောက်ရန်ပင်မလိုဘဲ ထိုဇနီးမောင်နှံက သူတို့၏ အစားအစာအားလုံးကို အလျင်အမြန် ထုတ်ပေးလိုက်ကြသည်။

လော်ယွမ်က ရေသန့်တစ်ဘူးနှင့် ရှစ်မျိုးစပ် ဆန်ပြုတ်တစ်ဘူးကိုသာ ယူလိုက်သည်။ အခန်းသို့ ပြန်ရောက်သောအခါ ဝမ်ရှကွမ် သည် အိပ်ပျော်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

"တောင့်ထား... မအိပ်လိုက်နဲ့... အစားကိုအမြန်စားလိုက်" လော်ယွမ်က ဆန်ပြုတ်ဘူးကို ဖွင့်ကာ ဇွန်းဖြင့်တစ်ဇွန်းခပ်ပြီး သူမ၏ပါးစပ်သို့ တေ့ပေးလိုက်သည်။

ဝမ်ရှကွမ် သည် မျက်လုံးကို အားတင်းဖွင့်ကာ ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းက အနည်းငယ်ဟလာပြီး ဆန်ပြုတ်ကို ဗိုက်ထဲသို့ မျိုချလိုက်သည်။

အနည်းငယ်မျှ စားပြီးနောက် သူမ တဖြည်းဖြည်း ငြိမ်သက်သွားပြီး အိပ်ပျော်သွားသည်။

လော်ယွမ်က စိုးရိမ်ပူပန်နေသည်။ သူမ၏ ဤအခြေအနေမှာ အလွန်အန္တရာယ်များပြီး တစ်ခါအိပ်ပျော်သွားလျှင် ပြန်နိုးမလာနိုင်ချေရှိသည်။ သာမန်အစားအစာက ခန္ဓာကိုယ်ကို ချက်ချင်းအကျိုးသက်ရောက်မှု မရှိနိုင်ပေ။ အဆင့်မြင့် သန္ဓေပြောင်းသားရဲ၏ သွေးသားသာ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်နိုင်သည်။ သို့သော် အချိန်တိုအတွင်း ယင်းကိုမည်သို့ရှာဖွေနိုင်မည်နည်း။

ထိုအချိန်တွင် သူ၏စိတ်ထဲ၌ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ သူ၏သွေးလည်း အလုပ်ဖြစ်နိုင်သည်။ လော်ယွမ်၏ခန္ဓာကိုယ်က အရေအသွေးမှတ်များ အဆက်မပြတ် မြင့်တက်လာသောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အပြာနုရောင်အဆင့် သန္ဓေပြောင်းသားရဲနှင့် မကွာခြားတော့ပေ။ အကယ်၍ စိတ်စွမ်းအား၊ အာရုံခံစားနိုင်စွမ်းနှင့်ဉာဏ်ရည်ကဲ့သို့သော အရန်အရေအသွေးမှတ်များကိုပါ ထည့်ပေါင်းလိုက်ပါက သူ၏စုစုပေါင်းအရေအသွေးမှတ်က ဧရာမဖွတ်ကြီးထက်ပင် များစွာမြင့်မားသည်။

သူက လုံးဝကို လူပုံစံရှိသော သန္ဓေပြောင်းသားရဲတစ်ကောင်ဟု သတ်မှတ်၍ရသည်။

ဤသို့တွေးမိသောအခါ သူက မဆိုင်းမတွဘဲ ကျန်းမာတောက်ဓားရှည်ကို ဆွဲထုတ်ကာ လက်ကောက်ဝတ်ကို ဖြည်းညင်းစွာ လှီးဖြတ်လိုက်ရာ သွေးများက ချက်ချင်းပင် လျင်မြန်စွာ စီးကျလာသည်။ သွေးများသည် ဝမ်ရှကွမ် ၏ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းပေါ်သို့ အဆက်မပြတ် ကျဆင်းနေပြီး သူမက မသိစိတ်ဖြင့် မျိုချနေသည်။

သူ၏သွေးက သာမန်လူထက် ပိုမိုပျစ်ချွဲပြီး သွေးရည်ကြည်ကဲ့သို့ ရှိသည်။ ထို့အပြင် ပိုမိုခဲလွယ်သောကြောင့် အနည်းငယ်မျှ ကျဆင်းပြီးနောက် ဒဏ်ရာမှာ သွေးမထွက်တော့ပေ။

ထိုအတောအတွင်း လော်ယွမ်က လက်ကောက်ဝတ်ကို အကြိမ်ပေါင်းများစွာ လှီးဖြတ်ခဲ့ပြီး လက်မောင်းတွင် အမာရွတ်များဖြင့် ပြည့်နှက်သွားတော့သည်။

၁၀မိနစ်ကျော်ကြာပြီးနောက် ဝမ်ရှကွမ် ၏ မျက်နှာက တဖြည်းဖြည်း နီရဲလာပြီး အသက်ရှူမှုမှာလည်း တဖြည်းဖြည်း ပုံမှန်ဖြစ်လာမှ လော်ယွမ်က နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

ထိုအချိန်တွင် အပြင်ဘက်မှ လူအချို့ ရုတ်တရက် ရောက်ရှိလာပြီး တံခါးဝတွင် ရပ်ကာ ဝင်လာရန် တုံ့ဆိုင်းနေကြသည်။

ဆက်ရန်...

အပိုင်း(၁၂၂)သန္ဓေပြောင်းလူသား

ဝမ်ရှကွမ်၏အခြေအနေက အန္တရာယ်မရှိတော့သည်ကို မြင်သောအခါ လော်ယွမ်က ကျန်းမာတောက်ဓားကိုကိုင်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

ရောက်လာသူများမှာ ငါးယောက်ရှိပြီး အသက်အရွယ်အားဖြင့် ကြီးရင့်ကြသူများဖြစ်သည်။ အကြီးဆုံးမှာ အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်ရှိပြီး အငယ်ဆုံးမှာပင် သုံးလေးဆယ်ခန့်ရှိနေပြီဖြစ်သည်။ သာမန်လူများနှင့် နှိုင်းယှဉ်လျှင် သူတို့က ပို၍ရင့်ကျက်တည်ငြိမ်ကြသည်။ လော်ယွမ် ထွက်လာသည်ကိုမြင်သောအခါ သူတို့၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသေးသော်လည်း တည်ငြိမ်နေနိုင်ကြသေးသည်။

သူတို့ မူလက မလာချင်ကြပေ။ မျက်တောင်တစ်ခတ်အတွင်း လူသတ်နိုင်သော ဤပုဂ္ဂိုလ်ကို မည်သူမျှ မရင်ဆိုင်လိုကြချေ။ သို့သော် သူတို့မှာ အခြားသူများ၏ အတင်းအကျပ်စေခိုင်းမှုကြောင့် လာခဲ့ရခြင်းဖြစ်သည်။ အစောပိုင်းက ဝမ်ရှကွမ်မိသားစုကို အရေးယူရန် ဆုံးဖြတ်စဉ်တွင် သူတို့က ထောက်ခံမဲပေးခဲ့ကြရာ ယခုအခါ ထိုအတွက် အဖိုးအခပေးဆပ်ရတော့မည်ဖြစ်သည်။

"မင်းရောဝမ်ဟုန်ပေါင်ရော တုံဟူမြို့ကပဲမလား" သက်ကြီးပိုင်းလူတစ်ဦးက စကားစလိုက်ပြီး သူ၏မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုကို အားတင်းဖန်တီးလိုက်သည်။

လော်ယွမ်က အေးစက်စွာရယ်မောလိုက်သည်။ "အပိုတွေပြောမနေနဲ့...ခင်ဗျားတို့ဒီကိုလာအသေခံတာလား"

သက်ကြီးပိုင်းလူ၏ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း စိတ်ထဲတွင်တော့ သက်ပြင်းတစ်ချက်ချလိုက်သည်။ တွေ့တွေ့ချင်း ဓားမထုတ်လျှင် တော်သေးသည်ဟု သူတွေးလိုက်သည်။ သူအကြောက်ဆုံးမှာ စကားတစ်ခွန်းမဆိုဘဲ လူသတ်တတ်သော သွေးဆာနေသည့် အရူးများပင်ဖြစ်သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားပြီး အမူအရာမှာလည်း ရိုကျိုးမှုကို ကွက်တိဖော်ပြလျက် လေသံကို ဂရုတစိုက်ချိန်ဆကာ ဆိုလိုက်သည်။ "ငါတို့ကညီလေးကို အပြစ်မဲ့တဲ့သူတွေ ထပ်မသတ်စေချင်လို့ပါ... ငါတို့ကြားမှာ အထင်လွဲတာလည်းရှိနေနိုင်တယ်"

"အထင်လွဲတာဟုတ်လား" လော်ယွမ်က အေးစက်စွာ နှခေါင်းရှုံလိုက်ပြီး အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဤလူစုသည် ဤစခန်း၏ ရင်းနှီးမြှုပ်နှံသူများ ဖြစ်ရမည်။

ဤအဖြစ်အပျက်နောက်ကွယ်တွင် မမြင်နိုင်သော အကြောင်းအရာများ ရှိလိမ့်မည်ဟု သူ ခန့်မှန်းမိထားသော်လည်း နောက်ဆက်တွဲ အဖြစ်မှန်ကမူ သူ့အား အံ့အားသင့်သွားစေသည်။

"တကယ်အထင်လွဲတဲ့ကိစ္စ ရှိနေတာ အမှန်ပဲ" သက်ကြီးပိုင်းလူက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ကြောက်လန့်သည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "ပြောရမယ်ဆိုရင် ငါတို့ကဝမ်ဟုံပေါင်ရဲ့ မိတ်ဆွေတွေပဲ... တစ်ချို့ကသိတာမကြာသေးပေမယ့် တစ်ချို့ကတော့ သူနဲ့ခင်နေတာ နှစ်ချီနေပြီ လုပ်ငန်းတွေတောင် အတူတွဲလုပ်ခဲ့ကြတာဆိုတော့ အားလုံးက တစ်ယောက်အကြောင်း တစ်ယောက်သိကြတယ်... ငါတို့ကအရမ်းချစ်တဲ့သူငယ်ချင်းတွေလို့တော့ ပြောလို့မရပေမယ့် အနည်းဆုံးတော့ မိတ်ဆွေအဆင့်ရှိကြတယ်"

"ဒီမြေအောက်စခန်းလေးကိုလည်း ငါတို့အတွက်အရေးပေါ်ထွက်ပေါက်အဖြစ် အချိန်အတော်ကြာအောင် အစီအစဉ်ဆွဲပြီးမှ တည်ဆောက်ခဲ့ကြတာ... အစကငါတို့ဒါကိုအချိန်တိုအတွင်း မသုံးရလောက်ဘူးလို့ထင်ထားတာ... မထင်မှတ်ပဲ ဆောက်ပြီးသိပ်မကြာခင်ပဲ အသုံးပြုလိုက်ရတယ်"

"ငါတို့စခန်းကိုပြောင်းပြီး အစပိုင်းကအားလုံးပုံမှန်ပဲ... ဒါပေမဲ့ဝမ်ဟုန်ပေါင်က တဖြည်းဖြည်းနဲ့ ထူးဆန်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာတယ်လေ... သူကအသားစိမ်းငါးစိမ်း စားရတာကိုကြိုက်လာတယ်... အစကသူခိုးပြီးတော့ပဲစားတာ ဒါပေမဲ့နောက်တော့ လူတွေရှေ့မှာ ပေါ်တင်ပါစားလာတယ်... သူ့ရဲ့စားချင်စိတ်ကပိုပိုကြီးထွားလာပြီး နောက်ဆုံးမှာ တနေ့ကိုအသား၃ပိဿာကျော်စားတာတောင် မလောက်တော့ဘူး... သူ့ရဲ့စိတ်ကလည်း ပုံမှန်မဟုတ်တော့ဘဲ ရူးကြောင်ကြောင်ဖြစ်သွားတယ်... လူတွေကိုကြည့်တဲ့အကြည့်ကလည်း ပြောင်းလဲလာတယ်... အခုမှပြန်စဉ်းစားကြည့်ရင် သူကလူတွေကို အစာအဖြစ်နဲ့ကြည့်နေတာ"

"ငါတို့အစပိုင်းက နည်းနည်းထူးဆန်းတယ်လို့ထင်ပေမယ့် သိပ်ပြီးဂရုမစိုက်ခဲ့ကြဘူး ငါတို့သန္ဓေပြောင်းလူတွေအကြောင်း ကောလဟာလတွေတော့ ကြားဖူးထားတယ်... အဲ့တုံးကငါတို့ကသူဒီတိုင်း သန္ဓေပြောင်းလူသားဖြစ်ချင်စိတ်နဲ့ စိတ်ဖောက်ပြန်သွားတယ်လို့ပဲ ထင်ထားကြတာ... ဒါပေမဲ့သိပ်မကြာခင်မှာပဲ မြေအောက်စခန်းမှာ လူတွေစပျောက်လာတယ်... အဲ့လိုနဲ့လူပျောက်မှုတွေက ပိုပိုပြီးများလာတော့တာပဲ"

"မင်းစောစောသတ်လိုက်တဲ့ ရှန်ရှောက်ချုံရဲ့အဖေကလည်း ပျောက်သွားတဲ့သူတွေထဲက တစ်ယောက်ပဲ... အဲ့လိုနဲ့အားလုံးက ကြောက်လန့်လာကြပြီး တနေ့ကိုယ့်အလှည့်ရောက်လာမှာကို စိုးရိမ်ပူပမ်လာကြတယ်... နောက်ဆုံးမှာငါတို့နေရာအနှံ့ပိုက်စိတ်တိုက်စစ်ဆေးပြီး ကင်မရာတွေ နေရာအနှံ့ဆင်ထားလိုက်တယ်... တစ်နေ့မှာငါတို့သူ့ကို ရေချိုးခန်းထဲမှာ သွားမိတာပဲ... ရေချိုးခန်းတစ်ခန်းလုံး သွေးတွေအနှံ့ပဲ... သူကအဲ့မှာလူအလောင်းတစ်လောင်းကို သတ္တဝါတစ်ကောင်လို ဆွဲဖြဲပြီး စားသောက်နေတာ"

"အဲ့ချိန်မှာသူက တော်တော်ကြီးကို စွမ်းအားကြီးနေပြီ ကျည်ဆန်တောင်မှ သူ့အပေါ် သိပ်မသက်ရောက်တော့ဘူး... သူ့လက်ချက်နဲ့သေခါနီးလူတစ်ယောက်က သူ့အင်္ကျီကို ဆွဲဖြဲလိုက်တော့မှ သူ့ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေမှာ အကြေးခွံတွေနဲ့ပြည့်နေတာ ငါတို့တွေ့ခဲ့ရတယ်... ငါတို့နောက်ဆုံးမှာ သူ့ကိုသတ်နိုင်ခဲ့ပေမယ့် ငါတို့ဘက်ကလည်း ၈ယောက်အသက်ပေးလိုက်ရတယ်"

ထိုလူက ဇာတ်လမ်းကို ညင်သာစွာ ပြောပြသည်။

လော်ယွမ်က ဝမ်ဟုန်ပေါင်၏ခန္ဓာကိုယ်တွင် အကြေးခွံများပေါက်လာသည်ဟု ကြားသောအခါ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး စိတ်ထဲတွင် သံသယဝင်သွားသည်။ ဆင့်ကဲပြောင်းလဲမှု မအောင်မြင်တာများလား။ သို့သော် ထိုအတွေးက သူ၏ဦးနှောက်ထဲတွင် တစ်ချက်သာဖြတ်ပြေးသွားပြီးနောက် အေးစက်စွာဆိုလိုက်သည်။ "ဒါက ခင်ဗျားတို့ရဲ့ ရှင်းပြချက်ပေါ့"

သက်ကြီးပိုင်းလူက သက်ပြင်းတစ်ချက်ချပြီး ဆက်မပြောတော့ပေ။

သက်ကြီးပိုင်းလူ မပြောလျှင်ပင် နောက်ဆက်တွဲကို လော်ယွမ် ခန့်မှန်းနိုင်ပေသည်။ မုန်းတီးနေသောလူများက ဝမ်ရှကွမ်တို့သားအမိနှစ်ယောက်အပေါ် လက်စားချေမှုများ စတင်ပြုလုပ်ကြတော့သည်။ လော်ယွမ်က လူသားတို့၏ စိတ်ရိုင်းကို ဘယ်သောအခါမျှ အထင်မသေးရဲပေ။ သူက ဤလူစုကိုကြည့်ရင်း လက်ထဲမှဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

အားလုံးက အသက်ရှုအောင့်ထားကြပြီး မျက်နှာများမှာ ဖြူဖျော့လာကာ စိတ်ထဲတွင် ဂနာမငြိမ်ဖြစ်လာကြသည်။ လူအတော်များများမှာ အိတ်ကပ်ထဲတွင် ဝှက်ထားသော သေနတ်များကို တိတ်တဆိတ် ဆုပ်ကိုင်ထားကြပြီး ထောင့်များတွင်လည်း သေနတ်ကိုင်ထားသော လူရိပ်များ ပေါ်ထွက်လာသည်။ သူတို့က အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်ကြောင်း ထင်ရှားသည်။

"ဝမ်ရှကွမ်ရဲ့အမေ ဘယ်လိုသေသွားတာလဲ" တိတ်ဆိတ်မှုကို ဖြိုခွင်းကာ လော်ယွမ်က ရုတ်တရက်မေးလိုက်သည်။

"သူအဖြစ်မှန်ကိုသိလိုက်ရလို့ထင်တယ်... ငါတို့ဘာမှမလုပ်ရသေးခင်မှာတင် အဲ့ဒီနေ့ညမှပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်" သက်ကြီးပိုင်းလူက တံတွေးမျိုချကာ ခက်ခက်ခဲခဲဆိုလိုက်သည်။

"ဝမ်ရှကွမ်ကရော…"

"ငါတို့သူ့ကိုထိတောင်မထိဘူး... ရှန်ရှောက်ချုံကသာ စိတ်ကြီးဝင်ပြီး သူ့ကိုဒူးထောက်အသနားခံခိုင်းတာ... ဒါပေမဲ့သူမထင်ထားတာက ဝမ်ရှကွမ်က အရမ်းခေါင်းမာပြီး သေခါနီးဖြစ်နေတာတောင် လုံးဝဒူးမထောက်ခဲ့တာပဲ... ငါတို့ကအခြေအနေကို နားလည်ပေမယ့် ရှန်ရှောက်ချုံက ခုလောက်ထိ လုပ်လိမ့်မယ်လို့ မထင်ထားဘူး" ယောက်ျားတစ်ယောက်အနေဖြင့် လော်ယွမ်၏ဆိုလိုရင်းကို သူနားလည်သဖြင့် အလျင်အမြန်ဆိုလိုက်သည်။

သေဆုံးသွားသူကို မည်မျှပင် အပစ်ပုံချစေကာမူ ပြန်လည်ချေပနိုင်မည်မဟုတ်ပေ။ ဤအမှုထဲတွင် အခြားသူများလည်း ပါဝင်ပတ်သက်နေမည်ဖြစ်ပြီး ဤလူများသည်လည်း ပြောသလောက် ဖြူစင်မည်မဟုတ်ကြောင်း လော်ယွမ်သိသည်။ သို့သော် သိလျှင်ရော ဘာများထူးမည်နည်း။ သူထိုလူအနည်းငယ်ကို ထပ်သတ်ရမည်လော။ သို့မဟုတ် ဤစခန်းမှလူအားလုံးကို သတ်ပစ်ရမည်လော။

အနည်းဆုံးတော့ ဝမ်ရှကွမ် အခုထိ အသက်ရှင်နေသေးသည်။ သူမ၏မိဘများကိုမူ သူ တစ်ခါမျှမမြင်ဖူးသဖြင့် သံယောဇဉ်အနည်းငယ်မျှပင်မရှိပေ။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး စိတ်ထဲတွင် ပင်ပန်းနွမ်းနယ်စွာဆိုလိုက်သည်။ "ခင်ဗျားတို့ကိုမသတ်မိခင် ကျုပ်ရှေ့က ထွက်သွားကြ"

အားလုံးက အလျင်အမြန်ပင် လူစုခွဲထွက်သွားကြပြီး စိတ်ထဲတွင် တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။ ထိုအခါမှ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေသည်ကို သတိပြုမိကြသည်။

"နေဦး" လော်ယွမ်က ရုတ်တရက်ဆိုလိုက်သည်။

အားလုံး၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ထွက်ပြေးချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ သက်ကြီးပိုင်းလူက လှည့်လာပြီး ကြောက်ရွံ့မှုကို အားတင်းကာ ရိုကျိုးစွာဆိုလိုက်သည်။ "ညီလေးလိုအပ်တာရှိရင်ပြောပါ... ငါတို့မှာရှိတာဘာပဲဖြစ်ဖြစ် ညီလေးယူလို့ရပါတယ် ပိုက်ဆံလား ရွှေလား စိန်လား အစားအစာလား ရိက္ခာလား အကုန်ရတယ်"

သာမန်လူများအတွက် ဤအရာများက ကြီးမားသော ဆွဲဆောင်မှုရှိနိုင်သော်လည်း တုံဟူမြို့မှ မကြာမီထွက်ခွာတော့မည့် လော်ယွမ်အတွက်မူ ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံမှလွဲ၍ အသုံးမဝင်လှပေ။

ဤအကြီးအကျယ်ပြောင်းရွှေ့မှုတွင် စားနပ်ရိက္ခာကိုပင် လော်ယွမ် များများစားစားယူဆောင်သွားရန် စီစဉ်ထားခြင်းမရှိပေ။ အရာအားလုံးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ပစ္စည်းအမျိုးမျိုးပေါင်းလိုက်လျှင် အိမ်စီးကားတစ်စီးပင် မဆံ့နိုင်ပေ။ ထို့အပြင် မြို့ထဲရှိလမ်းအများစုကလည်း သွားလာ၍မရနိုင်တော့ရာ ထိုအချိန်တွင် ပစ္စည်းအများစုကို စွန့်ပစ်ရမည်ဖြစ်သည်။

"ကျုပ်အဲ့တာတွေ စိတ်မဝင်စားဘူး... ဝမ်ဟုံပေါင်ရဲ့ အလောင်းရှိသေးလား" လော်ယွမ်က မေးလိုက်သည်။ ဝမ်ဟုန်ပေါင်၏ခန္ဓာကိုယ်ပေါ်မှ ထူးဆန်းသောပြောင်းလဲမှုများက လော်ယွမ်ကို အလွန်စိတ်ဝင်စားစေသည်။

သက်ကြီးပိုင်းလူက တစ်ချက်တုံ့ဆိုင်းသွားပြီး တစ်စုံတစ်ခုပြောချင်ဟန်ရှိသော်လည်း ကျန်လူများကိုကြည့်ကာ သူ မပြောလျှင်ပင် အခြားသူတစ်ဦးဦးက ပြောမည်ဖြစ်သဖြင့် နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။ "ရှိတယ် ရှိတယ်... ဓာတ်ခွဲခန်းထဲက အအေးခန်းထဲမှာ ထားထားပါတယ်"

"ဓာတ်ခွဲခန်း ဟုတ်လား" လော်ယွမ်က ဆိုလိုက်သည်။

ဤသို့သော အဆင့်မြင့်လူနေရပ်ကွက်တွင် နေထိုင်နိုင်သူများမှာ သူဌေးအချို့မှလွဲ၍ အများစုမှာ တုံဟူမြို့၏ အထက်တန်းလွှာများဖြစ်ကြသည်။ နာမည်ကြီးသူအချို့မှာ အစိုးရဦးစီးသော မြေအောက်စခန်းသို့ ပို့ဆောင်ခံခဲ့ရသော်လည်း ယခင်က သိပ်မထင်ရှားသော်လည်း ဝင်ငွေကောင်းသူအချို့မှာ စာရင်းထဲတွင်မပါဘဲ ကျန်ရစ်ခဲ့ကြသည်။ ဥပမာအားဖြင့် အချို့သောလုပ်ငန်းများ၏ ဓာတ်ခွဲခန်းဝန်ထမ်းများကဲ့သို့ဖြစ်ကြသည်။

"ကျုပ်ကိုလိုက်ပြ" လော်ယွမ်က ဤလူများ၏ ထိတ်လန့်နေသောအမူအရာကို ဂရုမစိုက်ဘဲ ဆိုလိုက်သည်။

အတွင်းထဲတွင် ဟာလာဟင်းလင်းဖြစ်နေပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများမှာ အလွန်နည်းပါးသည်။ အများစုမှာ စမ်းသပ်ပြွန်များ၊ ဓာတုဆေးရည်များသာဖြစ်ပြီး ကြီးမားသောစက်ပစ္စည်းများမှာ တစ်ခုမျှမရှိပေ။ လော်ယွမ်ကဲ့သို့သော သာမန်လူတစ်ယောက်ပင်လျှင် အနည်းငယ် ခေတ်မမီဟု ခံစားမိသည်။

သူ စိတ်ထဲတွင် နားလည်သွားသည်။ ဟူတုံမြို့ မကျဆုံးမီကတည်းက ကုန်သွယ်မှုများ ပြတ်တောက်ခဲ့ပြီး ပစ္စည်းအများစုကို ထိန်းချုပ်ထားခဲ့သည်။ ဤသို့သော သုတေသနပစ္စည်းများမှာ ပိုက်ဆံရှိလျှင်ပင် ဝယ်၍မရနိုင်ပေ။

ဓာတ်ခွဲခန်းထဲတွင် လူတစ်ယောက်မျှမရှိပေ။ လော်ယွမ် ဝင်လာပြီး တစ်မိနစ်ကျော်အကြာမှသာ ဓာတ်ခွဲခန်းဝတ်စုံအဖြူဝတ်ထားသော သုတေသနပညာရှင်တစ်ဦးကို လူတစ်ယောက်က ဆွဲခေါ်လာပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဝင်လာသည်။

"ဝမ်ဟုန်ပေါင်ရဲ့ရုပ်အလောင်း ဘယ်မှာလဲ" လူတစ်ယောက်က မေးလိုက်သည်။

"အ… အအေးခန်းထဲမှာပါ... ကျွန်… ကျွန်တော် အခုပဲထုတ်လိုက်ပါ့မယ်" ဝတ်စုံအဖြူဝတ်လူက ထစ်ထစ်ငေါ့ငေါ့ဖြင့်ဆိုကာ ရေခဲသေတ္တာကြီးရှေ့သို့ အလျင်အမြန်လျှောက်သွားသည်။

လော်ယွမ်က ရင်ခွဲရုံမှ အအေးခန်းကြီးနှင့်တူသော ဤရေခဲသေတ္တာကြီးပေါ်တွင် တံဆိပ်ငယ်လေးများစွာ ကပ်ထားသည်ကို သတိပြုမိသည်။ ထိုတံဆိပ်များပေါ်တွင် သန္ဓေပြောင်းသတ္တဝါအမျိုးမျိုး၊ သန္ဓေပြောင်းပိုးမွှားအမျိုးမျိုး၏အမည်များကို ရေးသားထားသော်လည်း အားလုံးမှာ အဆင့်နိမ့်သတ္တဝါများသာဖြစ်သည်။ သူတို့၏အစွမ်းအစဖြင့် ဤမျှသာ ရယူနိုင်ပေမည်။

ဝတ်စုံအဖြူဝတ်လူက အံဆွဲတစ်ခုကို ဆွဲထုတ်လိုက်ပြီး ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော ရုပ်အလောင်းတစ်ခုကို ဆွဲထုတ်ကာ ပလတ်စတစ်အိတ်ကို ဖွင့်လိုက်သည်။

အတွင်းမှရုပ်အလောင်းမှာ ထင်သည့်အတိုင်းပင် ခွဲစိတ်စစ်ဆေးပြီးဖြစ်ကာ ရင်ဘတ်ကိုဖွင့်ထားပြီး ဦးခေါင်းခွံကိုလည်း ဖယ်ရှားထားသဖြင့် အတွင်းမှ မီးခိုးရောင်ဦးနှောက်ကို မြင်နေရသည်။ လော်ယွမ်ကို အထူးဆွဲဆောင်နိုင်ဆုံးမှာ သူ၏ရင်ဘတ်၊ ပေါင်နှင့် လက်မောင်းတို့တွင် မြွေကဲ့သို့တွားသွားသတ္တဝါများနှင့်တူသော အကြေးခွံများဖြင့် ပြည့်နှက်နေခြင်းပင်ဖြစ်သည်။ ဤသို့သော အေးစက်သည့်အကြေးခွံများ လူသားတစ်ဦး၏ကိုယ်ပေါ်တွင် ပေါက်နေသည်ကို မြင်ရသည်မှာ သူ၏စိတ်ထဲတွင် ကြက်သီးထသွားစေသည်။

သူ ရုတ်တရက် လက်လှမ်းပြီး ထိတွေ့လိုက်ရာ သတင်းအချက်အလက်တစ်ခုက သူ၏ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

အမည် - သန္ဓေပြောင်းလူသား၏ ရုပ်အလောင်း

ရှားပါးမှုအဆင့် - အဆင့်(၁) သန္ဓေပြောင်းလူသား

အလေးချိန် - ၆၈ ကီလိုဂရမ်

သုံးသပ်ချက် - သူ၏မျိုးဗီဇသည် ဆင့်ကဲပြောင်းလဲစဉ် သန္ဓေပြောင်းသတ္တဝါ၏ မျိုးဗီဇလွှမ်းမိုးမှုကြောင့် အသွင်ပြောင်းလဲသွားပြီး မျိုးဗီဇအသစ်တစ်ခုကို ဖွဲ့စည်းဖြစ်ပေါ်စေခဲ့သည်။

ဝတ်စုံအဖြူဝတ်လူက လော်ယွမ် ဤရုပ်အလောင်းကို စိတ်ဝင်စားနေသည်ဟု ထင်ရသဖြင့် ဂရုတစိုက်ဖြင့် ဆိုလိုက်သည်။ "ကျွန်တော်တို့တွေ့ရှိချက်အရဆို သူ့ခန္ဓာကိုယ်ကတော်တော်ကြီးမားတဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ထားတယ်... သူ့အရည်ခွံကလည်း အရမ်းမာတယ် သာမန်ခွဲစိတ်ဓားတွေနဲ့တောင် ခွဲမရလို့ လွှနဲ့ဖြတ်လိုက်ရတယ်... ချွေးပေါက်တွေလည်းပိတ်နေပြီး ဆံပင်တွေကျွတ်နေတယ်... လက်သည်းတွေကလည်း အရမ်းမာကျောလာတယ် အတွင်းကလီစာတွေလည်း အပြောင်းအလဲတွေဖြစ်နေတယ်...အူသိမ်မှာရှိတဲ့ အမွေးနုလေးတွေက ပိုထူထပ်လာပြီး ပုံမှန်လူထက် နှစ်ဆပိုရှည်လာတယ်... သူ့ရဲ့အစာချေနှုန်းက အရမ်းမြန်ဆန်မယ်လို့ ခန့်မှန်းရတယ်...ပြီးတော့ သူ့ကိုယ်ထဲမှာ နှလုံး၂ခုတောင်တွေ့တယ် တစ်ခုကအသေး တစ်ခုကအကြီး... သွေးလှည့်ပတ်နှုန်းကလည်း သာမန်လူထက် တစ်ဆခွဲပိုမြန်တယ်"

လော်ယွမ်က သူ၏လက်ကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန္ဓေပြောင်းလူသားသည် လူသားဟု မဆိုနိုင်တော့ပေ။ သူ၏စိတ်ထဲတွင် ကံကောင်းသည်ဟု ခံစားမိသည်။ သူ ဆင့်ကဲပြောင်းလဲစဉ်က မတော်တဆမှုများမဖြစ်ဘဲ ဤသို့သော မိစ္ဆာကောင်အဖြစ်သို့ မပြောင်းလဲခဲ့သည့်အတွက်ပင်။

လော်ယွမ်က သူ့ကိုတစ်ချက်ကြည့်ပြီး မေးလိုက်သည်။ "ခင်ဗျားတို့ ဒါတွေကို ဘာအတွက် သုတေသနလုပ်နေတာလဲ"

ဝတ်စုံအဖြူဝတ်လူ၏မျက်နှာက တောင့်တင်းသွားပြီး ချွေးများ တစက်စက်ကျလာသည်။ "ကျွန်တော်တို့က... လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုရဲ့ လျှို့ဝှက်ချက်ကို သုသေသနလုပ်နေတာပါ... ကျွန်တော့်အထင်တော့ ဒီပုံစံကလူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းတစ်မျိုးပဲ"

လော်ယွမ်က မည်သို့သောမှတ်ချက်မှမပေးပေ။ ယခင်အချိန်များတွင် ဤသို့သောစမ်းသပ်မှုမျိုးကို မကောင်းမှုဟု ခေါ်ဆိုနိုင်သော်လည်း ယခုအခါတွင်မူ အလွန်ပင် ပုံမှန်ဖြစ်နေပြီဖြစ်သည်။ လူသားမျိုးနွယ် ရှင်သန်ရေးဟူသော ခေါင်းစဉ်ကြီး၏အောက်တွင် မည်မျှပင် သွေးထွက်သံယိုမှုများသော၊ လူမဆန်သော၊ မကောင်းဆိုးဝါးဆန်သော စမ်းသပ်မှုများ ဓာတ်ခွဲခန်းအသီးသီးတွင် ပြုလုပ်နေမည်ကို မည်သူသိနိုင်မည်နည်း။ ထိုအရာများနှင့်နှိုင်းယှဉ်လျှင် ဤနေရာမှာ အလွန်ပင် သိမ်မွေ့နူးညံ့လှသည်။

လော်ယွမ် ဓာတ်ခွဲခန်းမှထွက်ခွာလာပြီးနောက် သတိလစ်နေဆဲဖြစ်သော ဝမ်ရှကွမ်ကို ပွေ့ချီကာ ထွက်ခွာသွားသည်။

ဤနေရာတွင် သက်သောင့်သက်သာရှိသောဘဝ၊ ပြည့်စုံသောပစ္စည်းများ၊ ပေါများသောသန့်ရှင်းသည့်သောက်သုံးရေများ ရှိသည်။ စားနပ်ရိက္ခာတစ်ခုတည်းကပင် ဤနေရာမှ လူတစ်ရာကျော်ကို နှစ်နှစ်ဆယ်ခန့် ကျွေးထားနိုင်သည်။ သူကိုယ်တိုင်ပင် တစ်ခါတစ်ရံ ဤနေရာမှ မထွက်ခွာဘဲ နေလိုက်ချင်စိတ် ပေါက်မိသည်။ သို့သော် နောက်ဆုံးတွင် စဉ်းစားပြီးနောက် လက်လျှော့လိုက်သည်။

လော်ယွမ်က သန္ဓေပြောင်းအပင်များ၏အမြစ်များအောက်တွင် ဘိလပ်မြေများ တိုက်စားပျက်စီးသွားပုံကို မြင်ဖူးသည်။ အပြင်ဘက်မှဗီလာများသည် တစ်လကျော်အတွင်းမှာပင် ယိုင်နဲ့နေပြီဖြစ်ပြီး ဘိလပ်မြေလမ်းများမှာလည်း မြေကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မြေအောက်စခန်း၏ကာကွယ်ရေးမှာ မည်မျှပင်အားကောင်းစေကာမူ အချိန်ကြာကြာ လုံခြုံနိုင်မည်မဟုတ်ပေ။ တစ်နှစ်၊ သို့မဟုတ် နှစ်ဝက်ပင်မလိုဘဲ ဤစခန်းက ရေစိမ့်ဝင်ကာ ပြိုကျသွားနိုင်သည်။

ဤနေရာတွင်ဆက်နေလျှင်လည်း နောက်ဆုံးတွင် ထွက်ခွာရမည်သာဖြစ်ပြီး ထိုအချိန်တွင်မူ ယခုထက်ပို၍ အန္တရာယ်များမည်မှာ သေချာသည်။ ထို့အပြင် အချိန်ကြာမြင့်စွာ သက်သောင့်သက်သာနေထိုင်မှုအောက်တွင် စိတ်ဓာတ်များ တဖြည်းဖြည်း ပျက်စီးသွားပြီး ထိုအချိန်တွင် ယခုကဲ့သို့သော စိတ်နေသဘောထားမျိုး ရှိတော့မည်မဟုတ်ပေ။

လော်ယွမ်က သံဖုံးကိုပိတ်လိုက်ပြီးနောက် နောက်ဆုံးတစ်ချက်ကြည့်ကာ ဝမ်ရှကွမ်ကိုပွေ့ချီပြီး အဝေးသို့ ပြတ်သားစွာ ထွက်ခွာသွားသည်။

သူ လမ်းတစ်လျှောက်လုံး အလွန်ဂရုစိုက်ကာ အဆင့်မြင့်သော သန္ဓေပြောင်းသတ္တဝါများကို တစ်ကောင်ပြီးတစ်ကောင် ရှောင်ရှားခဲ့သည်။ အကြိမ်ကြိမ် တိုက်ပွဲဖြစ်လုနီးပါးအထိ ရောက်ခဲ့သော်လည်း ကံကောင်းစွာဖြင့် ရှောင်တိမ်းနိုင်ခဲ့သည်။ သုံးနာရီအကြာတွင် သူ နောက်ဆုံး၌ အန္တရာယ်ကင်းစွာဖြင့် ဗီလာသို့ ပြန်ရောက်လာသည်။ ဟွမ်ကျားဟွေက လော်ယွမ် အမျိုးသမီးတစ်ဦးကို ပွေ့ချီလာသည်ကိုမြင်သောအခါ အနည်းငယ်အံ့အားသင့်သွားသည်။ သူမ မေးခွန်းမမေးမီမှာပင် လော်ယွမ်က ဆိုလိုက်သည်။ "သူကငါ့ရဲ့ အရင်က လုပ်ဖော်ကိုင်ဖက်ဟောင်းပဲ... သူပါငါတို့နဲ့ အတူလိုက်လိမ့်မယ်"

ချောင်လင်တို့အုပ်စုက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး စကားမဆိုကြပေ။ ပတ်ဝန်းကျင်က အနည်းငယ် ထူးဆန်းနေသည်။

"ရှင်ပြောဖူးတဲ့တစ်ယောက်လား" ဟွမ်ကျားဟွေ သတိရသွားပြီး ဝမ်ရှကွမ်ကို တစ်ချက်ကြည့်လိုက်သည်။

လော်ယွမ် ခေါင်းညိတ်လိုက်သည်။ "အခန်းလွတ်တစ်ခန်းကိုရှင်းပြီး ဆန်ပြုတ်တစ်ခွက်လောက်ပြုတ်လိုက်... သူဘာမှမစားရသေးတာ တော်တော်ကြာပြီ"

"သိပြီ" ဟွမ်ကျားဟွေက ပြန်ဖြေရင်း စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်သွားသည်။

သူမ လော်ယွမ်၏စာတိုများကို ခိုးဖတ်ဖူးသည်။ ထူးဆန်းသောအပြောင်းအလဲများဖြစ်ပြီးနောက် လော်ယွမ်၏စာတိုများမှာ အနည်းငယ်မျှသာရှိပြီး အများစုမှာ ထိုအမျိုးသမီးထံမှ ပို့ထားသောစာများသာဖြစ်သည်။ လော်ယွမ်အပေါ် ထိုအမျိုးသမီး မည်သို့စိတ်ရှိသည်ကို သူမအသိဆုံးပင်။ ကြည့်ရသည်မှာ ပြိုင်ဘက်တစ်ယောက် ထပ်ရောက်လာပြန်ချေပြီ။ လော်ယွမ်ကတော့ ထိုအမျိုးသမီးအပေါ် ဘာစိတ်မှမရှိသလိုပင်။

ဝမ်ရှီရှီက နှုတ်ခမ်းလေးစူကာ မကျေမနပ်ဖြစ်နေဟန်ဖြင့် စိတ်ထဲတွင် အလွန်စိုးရိမ်နေမိသည်။ သူမ၏မျက်လုံးများက ဝမ်ရှကွမ်၏ကိုယ်ပေါ်တွင် တဝဲလည်လည်ဖြစ်နေသည်။ ဟွမ်ကျားဟွေက အခန်းလွတ်ကို ရှင်းလင်းပြီးနောက် လော်ယွမ်က ဝမ်ရှကွမ်ကို ကုတင်ပေါ်သို့တင်ကာ အပေါ်အင်္ကျီကိုချွတ်ပေးပြီး ဂရုတစိုက်ဖြင့် စောင်ခြုံပေးနေသည်ကို မြင်သောအခါ သူမ စိတ်ထဲမှစကားကို မဖုံးကွယ်နိုင်တော့ဘဲ မေးလိုက်သည်။ "ကိုကြီးယွမ်... သူကကိုကြီးနဲ့ ဘယ်လိုပတ်သတ်တာလဲ"

"စောစောကငါပြောပြီးပြီလေ... သူကငါ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်ပဲ" လော်ယွမ်က လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

ဝမ်ရှီရှီက နှုတ်ခမ်းစူကာ စိတ်ထဲတွင် မကျေမနပ်ဖြင့် ပါးစပ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။ "မယုံပါဘူး... ကိုကြီးသူ့ကို စိတ်ဝင်စားနေတာဖြစ်ရမယ် မဟုတ်ရင် ဘယ်လိုလုပ်အဲ့လောက် ဂရုစိုက်နေမှာလဲ... ကိုကြီးမှာ သမီးရှိပြီးနေပြီကို ဘယ်လိုလုပ် နောက်တစ်ယောက်ကို စိတ်ဝင်စားနိုင်ရတာလဲ"

လော်ယွမ်၏ ဝမ်ရှကွမ်အပေါ် ခံစားချက်မှာ အနည်းငယ်ရှုပ်ထွေးနေသည်။ ကြိုက်နှစ်သက်မှုလည်းရှိသလို ကျေးဇူးတင်မှုလည်းရှိသည်။ ရုပ်ရည်မဆိုးသောမိန်းကလေးတစ်ဦးက သူ့ကို တိတ်တဆိတ် စိတ်ဝင်စားနေသည်ဟူသော ခံစားချက်မှာ စကားလုံးများဖြင့် ဖော်ပြရန်ခက်ခဲလှသည်။

ကမ္ဘာမပျက်ခင် ကုန်သွယ်ရေးကုမ္ပဏီတွင် အလုပ်လုပ်စဉ်က သူ၏ရုပ်ရည်ချောမောမှု၊ ထူးခြားသောဟန်ပန်၊ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိသောစိတ်ဓာတ်၊ အလုပ်ကြိုးစားမှုတို့ကြောင့် ငယ်ရွယ်သောအမျိုးသမီးဝန်ထမ်းများ၏အာရုံစိုက်မှုကို အလွယ်တကူရရှိခဲ့သည်။ ထိုစဉ်က ဝမ်ရှကွမ် သူ့အပေါ် ခံစားချက်ရှိနေသည်ကို ခံစားမိသောအခါ သူလည်း စိတ်လှုပ်ရှားခဲ့ဖူးသည်။ သို့သော် နှစ်ဦးစလုံး၏မိသားစုအခြေအနေကွာဟချက်ကို စဉ်းစားမိသောအခါ တမင်တကာပင် သူက ခပ်ရှောင်ရှောင်နေခဲ့သည်။ အနာဂါတ်တွေ သူတပါးအိမ် ကပ်နေရပြီး တနေ့ နှင်ချခံရသည့်အဖြစ်မျိုးနှင့် သူမကြုံချင်ပေ။

သို့သော် ဝမ်ရှကွမ်က ဤမျှဇွဲကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုအခြေအနေတွင် လော်ယွမ် မည်သို့ရင်ဆိုင်ရမည်ပင်မသိတော့ချေ။

သူ အနည်းငယ်ခေါင်းကိုက်သွားပြီး ဆိုလိုက်သည်။ "ကျားဟွေကြားသွားဦးမယ်... သတိထားဦး"

ဝမ်ရှီရှီ ပါးစပ်ဟလိုက်ပြီး စကားဆက်မပြောနိုင်တော့ပေ။ အတန်ကြာမှ အသံကိုနှိမ့်ကာ ဆိုလိုက်သည်။ "ကြားရင်လည်းကြားပါစေ... သမီးက မကြောက်ပါဘူး"

ဆက်ရန်...

အပိုင်း(၁၂၃)မထွက်ခွာမီပြင်ဆင်ခြင်း

ဝမ်ရှကွမ်သည် နောက်တနေ့မနက်ခင်းရောက်မှ ဖြည်းညှင်းစွာ နိုးထလာသည်။

မျက်နှာကျက်မှ မျက်နှာကျက်မီးအိမ်တစ်လုံးက နူးညံ့သောအလင်းရောင်ကို ဖြာကျနေသည်။ သူမ၏အမြင်အာရုံ တဖြည်းဖြည်းကြည်လင်လာသောအခါ စိတ်ထဲတွင် အံ့ဩမှုတစ်ခု ဖြတ်ပြေးသွားသည်။ ဤအခန်းက လုံးဝမရင်းနှီးသော အခန်းတစ်ခန်းဖြစ်၏။ မရင်းနှီးသော အပြင်အဆင်၊ မရင်းနှီးသော စောင်၊ မရင်းနှီးသော နံရံကပ်စက္ကူများ။ မြေအောက်စခန်းငယ်လေးအတွင်းရှိ ပုံစံခွက်တစ်ခုတည်းဖြင့် တည်ဆောက်ထားသော အခန်းများနှင့် လုံးဝမတူပေ။

ထို့ထက်ပို၍ သူမကို ထူးဆန်းစေသည်မှာ ရက်ပေါင်းများစွာ အစာငတ်ထားသဖြင့် အားအင်ချိနဲ့နေသော သူမ၏ကိုယ်ခန္ဓာက အင်အားများပြန်လည်ပြည့်ဝလာသကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။ သူမက လက်သီးကို ဖြည်းညှင်းစွာဆုပ်ကြည့်လိုက်ရာ ကိုယ်ခန္ဓာအတွင်းမှ တက်ကြွသောစွမ်းအင်တစ်ရပ်ကို ခံစားလိုက်ရသည်။

အပြင်ဘက်မှ စကားပြောသံများ ထွက်ပေါ်လာပြီး ထိုအသံများမှာ သူမအတွက် အနည်းငယ်ရင်းနှီးနေသော်လည်း မည်သို့ပင်စဉ်းစားစေကာမူ သတိမရနိုင်ဖြစ်နေသည်။

သူမက အိပ်ရာဘေးစားပွဲပေါ်တွင် ခေါက်တင်ထားသော အပေါ်အင်္ကျီကိုတွေ့သောအခါ တစ်ချက်တွေဝေသွားပြီးနောက် ထကာအင်္ကျီကိုဝတ်ဆင်ပြီး တံခါးဝသို့ လျှောက်သွားသည်။ သူမက တံခါးလက်ကိုင်ကို စမ်းသပ်လှည့်ကြည့်လိုက်ရာ သူမမယုံနိုင်စရာဖြစ်လောက်အောင်ပင် တံခါးက ပွင့်သွားသည်။

အလင်းရောင်က အပြင်ဘက်မှ ဖြာကျလာသည်။ အလွန်သဘာဝကျပြီး မီးချောင်းများ၏ စူးရှသောအလင်းရောင်မျိုးမဟုတ်ဘဲ သဘာဝအလင်းရောင်နှင့် ပိုတူသည်။ ပတ်ဝန်းကျင်အခြေအနေမှာလည်း လုံးဝမရင်းနှီးပေ။ ဤနေရာက မြေအောက်စခန်းမဟုတ်သည်မှာ သေချာနေပြီ။

သူမ၏စိတ်ထဲတွင် သံသယများ ပို၍ကြီးထွားလာပြီး ခြေလှမ်းယိုင်နဲ့စွာဖြင့် ဧည့်ခန်းသို့ လျှောက်သွားသည်။ မရင်းနှီးသောအမျိုးသမီးတစ်ဦးက ကြမ်းတိုက်နေပြီး သူမကိုတွေ့သောအခါ တစ်ချက်အံ့ဩသွားပြီးနောက် ပြုံးပြကာ "အမနာမည်က ဟွမ်ကျားဟွေပါ... နင် လော်ယွမ်ကိုရှာနေတာမလား... သူ အပြင်မှာရှိတယ်"

"မင်္ဂလာပါအမ... ကျွန်မနာမည် ဝမ်ရှကွမ်ပါ" ဝမ်ရှကွမ်က အလိုအလျောက် ယဉ်ကျေးစွာပြောလိုက်သည်။

"လော်ယွမ်က နင့်ရဲ့အကြောင်း ပြောပြထားတယ်... ဒီကိုရောက်လာမှတော့ ကိုယ့်အိမ်လိုပဲ သဘောထားပေါ့... နင်ဘာမှမစားရတာ တော်တော်ကြာပြီဆိုလို့ ငါဆန်ပြုတ်ပြုတ်ထားတယ်" ဟွမ်ကျားဟွေက ဖော်ရွေစွာပြောလိုက်သော်လည်း သူမ၏လေသံထဲတွင် လော်ယွမ်အပေါ် ပိုင်ဆိုင်မှုကို မသိမသာကြေညာနေသည့်ဟန် ပါဝင်နေသည်။

ကံဆိုးစွာဖြင့် ဝမ်ရှကွမ်သည် ထိုအချိန်တွင် သူမ၏စကားသံကို မကြားနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် တံခါးဝသို့ လျှောက်သွားနေပြီဖြစ်သည်။

"…ဓားသိုင်းဆိုတာ လျင်မြန်မှုကိုအဓိကထားတယ် ဓားကွက်တွေက ဒုတိယပဲ... ဓားတစ်ချောင်းလက်ထဲမှာရှိရင် အရှိန်က ကျားတစ်ကောင်လိုပြင်းထန်ရမယ်... ငါ့ကိုဘယ်သူမှမယှဉ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ တိုက်ခိုက်မှုက ပြင်းထန်ရက်စက်ပြီး ဓားချက်တိုင်းက ရန်သူ့အသက်ကို နှုတ်ယူနိုင်ရမယ်... သာမန်လူတစ်ယောက်တောင်မှ သေချာလေ့ကျင့်မယ်ဆိုရင် အချိန်တိုအတွင်း ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်တယ်"

ဗီလာအိမ်၏ရှေ့တွင် ဟော်တုံ၊ ချန်ရှင်းဖုံနှင့် လင်းရှောင်ကျီတို့က တည်ကြည်သော အမူအရာများဖြင့် လော်ယွမ်၏ ဓားသိုင်းရှင်းပြချက်ကို နားထောင်နေကြသည်။ ဝမ်ရှီရှီနှင့် နင်းရှောင်ရမ်တို့လည်း ဘေးတွင် ဂရုတစိုက်ကြည့်နေကြပြီး မျက်လုံးများထဲတွင် တောက်ပသောအရောင်များ လင်းလက်နေသည်။ ကမ္ဘာပျက်ကာလကြီးတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းမှာ မသေချာသော အရာဖြစ်သည်။ အားနည်းသူများမှာ ယာယီအသက်ရှင်နေရသည်ပင် ဒုက္ခတစ်မျိုးဖြစ်ရာ ကိုယ့်၏အစွမ်းအစထက်ပို၍ အားကိုးနိုင်သောအရာမှာ အဘယ်အရာရှိပါဦးမည်နည်း။

လော်ယွမ်က သူတို့၏လေးနက်သောပုံစံကိုကြည့်ကာ ဖြည်းညှင်းစွာခေါင်းညိတ်လိုက်ပြီးနောက် သူ၏ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်။

"ဒီနေ့ ခင်ဗျားတို့ကိုသင်ပေးမှာက အခြေခံဓားကွက်တွေပဲ... ပထမဓားချက်က မျက်လုံးကိုထိုး... ဒုတိယဓားချက်က လည်ပင်းကိုလှီး... တတိယဓားချက်က အားကုန်ခုတ်ချ... ဒီသုံးကွက်က ဆက်စပ်နေဖို့လိုပြီး တစ်ချက်တည်းနဲ့ ပြီးမြောက်ရမယ်"

"ပထမဓားကွက်အတွက် ကိုယ်ကိုဖြေလျှော့... စိတ်ထဲမှာ အရှိန်ယူထား... ဘယ်ခြေကိုရှေ့ထုတ်ပြီး ညာခြေကိုနောက်ထားတဲ့ အခြေခံတိုက်ခိုက်ရေးပုံစံကိုယူ... ဓားထုတ်တဲ့အခါ ညာခြေကိုရှေ့တိုးပြီး အကွာအဝေးတိုကို အရှိန်နဲ့ထိုးခုတ်... စိတ်ထဲမှာ တစ်ချက်တည်းနဲ့ သေစေရမယ်ဆိုတဲ့ အရှိန်မျိုးရှိရမယ်… ရန်သူနောက်ဆုတ်သွားရင် ဒါမှမဟုတ် ရှောင်တိမ်းသွားရင် ဒုတိယဓားကွက်ဖြစ်တဲ့ ညာခြေကိုနောက်ဆုတ်... လက်ကိုပြောင်းပြန်လှန်ပြီး သူ့လည်ပင်းကိုပိုင်းဖြတ်... ရှေ့ကဓားကွက်၂ကွက်လုံးကိုရှောင်သွားရင်တော့ တတိယဓားကွက်ဖြစ်တဲ့ အားကုန်ခုတ်ချတဲ့ဓားကွက်ကို တစ်ပြိုင်ထဲဆက်သုံးရမယ်…"

သူတို့၏လက်ထဲမှဓားများမှာ ပုံစံအမျိုးမျိုးဖြစ်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က လူတစ်စုချန်ထားခဲ့သောဓားများလည်းပါဝင်သလို လော်ယွမ်က ရပ်ကွက်ထဲမှ စုဆောင်းလာသောဓားများလည်းပါဝင်သည်။ ကမ္ဘာပျက်ကာလကြီးတွင် အပေါဆုံးမှာ လက်နက်များဖြစ်ပြီး အထူးသဖြင့် ဤသို့သောဓားလှံလက်နက်များဖြစ်သည်။ အခြေခံအားဖြင့် အိမ်ငါးအိမ်တိုင်းတွင် တစ်ချောင်းရှာတွေ့နိုင်ပြီး လော်ယွမ်၏ပေါင်းစပ်မှုလုပ်ပြီးနောက် လက်နက်တိုင်းမှာ အပြာရောင်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ လော်ယွမ်၏ကျန်းမာတောက်ဓားနှင့် မယှဉ်နိုင်သော်လည်း သူတို့အတွက် အသုံးပြုဖို့လုံလောက်ပေသည်။

သူတို့၏အင်အားဖြင့် အပြာရင့်ရောင်အဆင့်သန္ဓေပြောင်းသားရဲကို တိုက်ခိုက်ရန်မဆိုထားနှင့် အပြာနုရောင်အဆင့်ကိုရင်ဆိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။

လော်ယွမ်က အကြိမ်အနည်းငယ် ထပ်ခါထပ်ခါသရုပ်ပြပြီးနောက် သူတို့၏လှုပ်ရှားမှုများကို အကြိမ်အနည်းငယ်ပြင်ဆင်ပေးပြီးနောက်တွင် ထိုလူများကအခြေခံအားဖြင့် လှုပ်ရှားမှုများကို မှတ်မိသွားသောအခါ သူကအေးစက်စက်ပြောလိုက်သည်။ "ဒီဓားကွက်၃ကွက်ကို ၁စက္ကန့်အတွင်း ပြီးအောင်အသုံးပြုနိုင်ရမယ်... ပြီးတော့ ဘယ်လိုအန္တရာယ်နဲ့ပဲတွေ့တွေ့ ချက်ချင်းတုံ့ပြန်နိုင်တဲ့အဆင့်ရောက်မှ အခြေခံအောင်မြင်တယ်လို့ သတ်မှတ်မယ်"

"ခင်ဗျားတို့အတွက်အချိန် သိပ်မကျန်တော့ဘူး... ကျုပ်တို့မနက်ဖြန်မနက် ဒီကနေသွားကြတော့မှာ ခင်ဗျားတို့မှာ လေ့ကျင့်ဖို့ အချိန်၁ရက်ပဲရမယ်... လမ်းမှာကြုံရနိုင်တဲ့ အန္တရာယ်တွေကို ကျုပ်မပြောရင်တောင် ခင်ဗျားတို့နားလည်မှာပဲ... အဲ့တော့ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီး လမ်းခရီးမှာ မသေဆုံးကြဖို့ပဲ ကျုပ်မျှော်လင့်တယ်"

ဝမ်ရှကွမ်က တံခါးဝတွင်ရပ်ရင်း မျက်လုံးများထဲတွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။ သူမက လော်ယွမ် သိုင်းပညာတတ်လိမ့်မည်ဟု တစ်ခါမျှမတွေးခဲ့ဖူးသလို လော်ယွမ်တွင် ဤသို့သောအေးစက်တည်ကြည်သော အမူအကျင့်မျိုးရှိလိမ့်မည်ဟုလည်း တစ်ခါမျှမထင်ထားခဲ့ပေ။

လော်ယွမ်က တစုံတယောက် ကြည့်နေသည်ကို အာရုံခံမိပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ဝမ်ရှကွမ် တံခါးဝတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတစ်ချက်အံ့ဩသွားပြီး မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ "နင်နိုးနေပြီလား... နည်းနည်းလောက် ထပ်အိပ်လိုက်တာ မဟုတ်ဘူး"

ဝမ်ရှကွမ်က ခေါင်းခါပြပြီး စကားမပြောဘဲ လော်ယွမ်ကို တည်ငြိမ်စွာကြည့်နေသည်။ အချိန်အတော်ကြာအောင် နေရောင်မထိတွေ့ခဲ့ရသဖြင့် သူမ၏အသားအရေမှာ ကြည်လင်နေပြီး နူးညံ့သောကိုယ်ခန္ဓာမှာ ဖျားနာနေသူ၏အလှတစ်မျိုးကိုဆောင်ကာ သနားစရာကောင်းနေသည်။

"နင့်ခန္ဓာကိုယ်က အားနည်းနေသေးတယ်... အဲ့မှာရပ်မနေနဲ့ အထဲဝင်နေ" လော်ယွမ်က ပြောလိုက်သည်။

"ရပါတယ်... ငါလေကောင်းလေသန့် မရှူရတာကြာပြီလေ... ဒါနဲ့နင်တို့မနက်ဖြန်သွားတော့မယ်လို့ ကြားတယ် ဒီကနေထွက်သွားတော့မှာလား" ဝမ်ရှကွမ်က အားနည်းစွာမေးလိုက်သည်။

လော်ယွမ်က လေးနက်စွာခေါင်းညိတ်လိုက်သည်။ "ဒီနေရာက ပိုပိုပြီးအန္တရာယ်များလာပြီ... ကြော်ငြာစာရွက်တွေအရဆို အစိုးရက အနောက်ဘက်ကို ရွှေ့ပြောင်းမှုကြီးစတင်နေပြီတဲ့... ငါတို့လည်း အဲ့ဒီကိုသွားဖို့ ဆုံးဖြတ်ထားတယ်"

"ဒါပေမဲ့အပြင်မှာ သန္ဓေပြောင်းသတ္တဝါတွေ အများကြပီးပဲလေ အန္တရာယ်မများဘူးလား" ဝမ်ရှကွမ်က လော်ယွမ်၏အစွမ်းအစကိုမသိသဖြင့် စိုးရိမ်စွာပြောလိုက်သည်။

ထိုအချိန်တွင် သူမ၏နားထဲတွင် သင်္ဘောဥဩဆွဲသံကဲ့သို့သော သားရဲဟိန်းသံတစ်ချက် ပေါက်ကွဲထွက်လာပြီး ကြီးမားသောအသံလှိုင်းကြောင့် သူမ၏နားများအူကာ မူးဝေသွားသည်။ သူမတုံ့ပြန်မှုမပြုလုပ်နိုင်မီမှာပင် ကြီးမားသောသတ္တဝါကြီးတစ်ကောင် ဗီလာအိမ်ရှေ့မှမြက်ခင်းပြင်မှ ရုတ်တရက်ထရပ်လာသည်ကို မြင်လိုက်ရသည်။

ဤသည်မှာ ကြောက်မက်ဖွယ်ရာကြီးမားသော သားရဲကြီးတစ်ကောင်ဖြစ်ပြီး ဗီလာအိမ်ရှေ့တွင် တောင်ကုန်းငယ်တစ်လုံးကဲ့သို့ တည်ရှိနေကာ လူသည် ၎င်း၏ရှေ့တွင် အလွန်သေးငယ်သွားသည်။ သန္ဓေပြောင်းခြင်များပေါ်ပေါက်လာကတည်းက လုံခြုံသောပတ်ဝန်းကျင်တွင်သာနေခဲ့ပြီး ဤမျှကြီးမားသောသန္ဓေပြောင်းသားရဲကို တစ်ခါမျှမမြင်ဖူးသော ဝမ်ရှကွမ်မှာ ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားတော့သည်။

သူမ၏ဦးနှောက်ထဲတွင် ဗလာကျင်းနေစဉ်မှာပင် သူမ၏လက်ကို နွေးထွေးသောလက်တစ်ဖက်က ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး နားထဲတွင် စိတ်ကိုအေးချမ်းစေသောအသံတစ်သံကို ကြားလိုက်ရသည်။

"ဘာမှမဖြစ်ဘူး... ဒါကငါမွေးထားတဲ့ သန္ဓေပြောင်းသတ္တဝါ တစ်ကောင်ပဲ"

သူမ အနည်းငယ်သတိပြန်ဝင်လာပြီး အနီးအနားမှလူများ၏အမူအရာမှာ ပုံမှန်အတိုင်းဖြစ်နေပြီး သူမမှလွဲ၍ မည်သူမျှ ကြောက်လန့်သောအမူအရာမပြသည်ကိုတွေ့သောအခါမှ သူမသတိပြန်ဝင်လာပြီး အံ့ဩတကြီးဖြင့်မေးလိုက်သည်။ "သူ… သူက နင်မွေးထားတာဟုတ်လား"

လဝက်ကြာမတွေ့ရသည့်အချိန်အတွင်း လော်ယွမ်က သူမလုံးဝမရင်းနှီးသူတစ်ဦးဖြစ်သွားပြီဖြစ်သည်။ သူက သူမယခင်ကသိခဲ့သောသူ မဟုတ်တော့ပေ။ စွမ်းအားကြီးပြီး အေးစက်စက်နိုင်သည်။ သို့သော် ပို၍စိတ်ကိုအေးချမ်းစေပြီး သူ၏ဘေးတွင်နေရလျှင် အလွန်လုံခြုံသည်ဟု ခံစားရသည်။

လော်ယွမ်က ဘာမျှမပြောဘဲ ခေါင်းညိတ်ပြပြီး တည်ကြည်သောအမူအရာဖြင့် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ စောစောက ကြည်လင်နေသောကောင်းကင်တွင် မည်သည့်အချိန်က အစက်အပျောက်ငယ်တစ်ခုပေါ်လာသည်မသိ။ အစက်အပျောက်ငယ်က အပေါ်တွင် အဆက်မပြတ်ဝဲပျံနေပြီး အချိန်အတော်ကြာသည်အထိ ထွက်ခွာမသွားပေ။

ဧရာမဖွတ်ကြီးက အဆက်မပြတ်ဟိန်းဟောက်နေပြီး ပြင်းထန်သောအသံလှိုင်းက အစိုင်အခဲတစ်ခုကဲ့သို့ဖြစ်ကာ အနီးအနားမှမြက်ခင်းများအားလုံးကို လဲကျစေသည်။ ဤရက်အနည်းငယ်အတွင်း ၎င်း၏ကိုယ်လုံးမှာ တစ်ဆမျှပို၍ကြီးမားလာပုံရပြီး အစိမ်းရောင်အကြေးခွံများ၏အရောင်မှာ ပို၍နက်ရှိုင်းလာကာ အပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောအပွင့်အခက်များ မသိမသာပေါ်ပေါက်လာပြီး ၎င်းက တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလုနီးပါးဖြစ်နေသည်ဟု ခံစားရသည်။

ထိုအစက်အပျောက်ငယ်က အကြိမ်အနည်းငယ်ပျံဝဲပြီးနောက် ပို၍နိမ့်ကျစွာပျံသန်းလာပြီး ကြီးမားသောကိုယ်လုံးက ပိုထင်ရှားလာကာ မြေပြင်ပေါ်တွင် မီတာအနည်းငယ်အချင်းရှိသော အရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ ကြီးမားသောသန္ဓေပြောင်းငှက်တစ်ကောင်ဖြစ်ပြီး မီးကဲ့သို့နီရဲသောကိုယ်လုံးမှာ နေရောင်အောက်တွင် မီးတောက်ကဲ့သို့လောင်ကျွမ်းနေပြီး ရှည်လျားသောအမြီးက နောက်တွင်ရှိနေကာ မျက်စိကျိန်းလောက်အောင်တောက်ပသော အလင်းတန်းတခုနှင့်ပင် တူတော့သည်။ ဤတစ်ကြိမ် ၎င်း၏ပစ်မှတ်က ဧရာမဖွတ်ကြီးဖြစ်သည်မှာ ထင်ရှားသည်။

လော်ယွမ် ကောင်းကင်ကိုမော့ကြည့်နေသည်ကိုမြင်သောအခါ တခြားလူများလည်း လိုက်ကြည့်ကြပြီး ခေါင်းပေါ်မှငှက်ကြီးကိုမြင်သောအခါ အသက်ရှူမှားသွားပြီး လှည့်ထွက်ပြေးချင်စိတ်ကို မနည်းထိန်းထားရသည်။ သို့သော် လော်ယွမ်မလှုပ်သည်ကိုမြင်သော် ကြောက်ရွံ့မှုကိုချုပ်တည်းကာ ထိုနေရာတွင် ဆက်လက်နေနေရသည်။

လော်ယွမ်၏မျက်နှာမှာ ပို၍ပို၍တည်ကြည်လာသည်။ ဆာလောင်မွတ်သိပ်နေချိန်မှလွဲ၍ သာမန်သန္ဓေပြောင်းငှက်များက ဧရာမဖွတ်ကြီးကဲ့သို့သော ကြီးမားသည့်သန္ဓေပြောင်းသားရဲကို တိုက်ခိုက်မည်မဟုတ်ပေ။ ကမ္ဘာမပျက်မီက သိမ်းငှက်များက အရွယ်ရောက်ပြီးသော နွားနှင့်သိုးများကို မတိုက်ခိုက်သကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ငှက်များ၏တောင်ပံခတ်အားက ဤမျှကြီးမားသောအလေးချိန်ကို မနိုင်သောကြောင့်ဖြစ်သည်။

ငှက်များသည်လည်း ပင်ကိုအားသာချက်ကိုစွန့်လွှတ်ကာ မြေပြင်သို့ဆင်းသက်ပြီး ကုန်းနေသတ္တဝါများနှင့် တိုက်ခိုက်မည်မဟုတ်ပေ။ အခြေခံအားဖြင့် အဆင့်တူချင်းတွင် ပျံသန်းနိုင်သောသားရဲများနှင့် ကုန်းနေသားရဲများက တစ်ဦးနှင့်တစ်ဦး ရန်မပြုကြပေ။

ဤသို့သောအခြေအနေဖြစ်ပေါ်လာခြင်းမှာ ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ဤသန္ဓေပြောင်းငှက်၏အဆင့်သည် ဧရာမဖွတ်ကြီးထက် မြင့်မားနေခြင်းပင်ဖြစ်သည်။

၎င်း ပို၍နိမ့်ကျစွာပျံသန်းလာသည်နှင့်အမျှ ပေသုံးရာပတ်လည်ကို အရိပ်တစ်ခုကဖုံးလွှမ်းသွားပြီး ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ဖြစ်ကာ တောင်ပံခတ်အားကြောင့် မြေပြင်တွင် လေပြင်းများတိုက်ခတ်ပြီး မရေမတွက်နိုင်သော ကျောက်စရစ်ခဲနှင့် သဲမှုန့်များက လေထဲသို့လွင့်ပါသွားပြီး ဖုန်မှုန့်များလွင့်ပျံကာ မျက်စိပင်ဖွင့်မရတော့ပေ။

ဧရာမဖွတ်ကြီး၏ကိုယ်ပေါ်မှအကြေးခွံများ ထောင်ထလာပြီး ကောင်းကင်ကိုမော့ကာ ဒေါသတကြီးဟိန်းဟောက်နေသည်။ သွေးကဲ့သို့နီသောပါးစပ်ကြီးအနီးတွင် လေလှိုင်းများပင် လိမ်ကောက်လာသည်။

"ကျွန်မသေနတ်နဲ့ပစ်ရမလား" ဟွမ်ကျားဟွေက အပြင်မှအသံကိုကြားပြီး သေနတ်ကိုကိုင်ကာ ပြေးထွက်လာပြီးမေးလိုက်သည်။

"ခဏနေဦး" လော်ယွမ်က လေးနက်စွာပြောလိုက်သည်။ အရှိန်ပြင်းစွာရွေ့လျားနေသော သန္ဓေပြောင်းငှက်ကို သေနတ်ဖြင့် ချက်ကောင်းကိုထိမှန်ရန် ခက်ခဲပြီး ချက်ကောင်းကိုမထိပါက ဒဏ်ရာမှပြင်းထန်သောနာကျင်မှုကြောင့် ၎င်းကိုပို၍စိတ်ရိုင်းဝင်စေပြီး မြင်မြင်သမျှ တိုက်ခိုက်စေလိမ့်မည်။ ထိုအချိန်မှ သူက မိမိတွင် အဝေးရောက်လက်နက်တစ်ခုလိုအပ်နေသည်ကို သဘောပေါက်လိုက်သည်။ မြေပြင်ပေါ်တွင်ရပ်နေသောသူက ပျံသန်းနိုင်သောသတ္တဝါများကို လုံးဝမခြိမ်းခြောက်နိုင်ပေ။

သန္ဓေပြောင်းသားရဲနှစ်ကောင်မှာ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်ဟိန်းဟောက်နေသော်လည်း သန္ဓေပြောင်းငှက်မှာ အနည်းငယ်စိုးရိမ်နေသည့်အလား အတင်းဝင်ရောက်တိုက်ခိုက်ခြင်းမရှိပေ။

နာရီဝက်ခန့် အပြန်အလှန်အော်ဟစ်ပြီးနောက် သန္ဓေပြောင်းငှက်က သွေးတိုးစမ်းတိုက်ခိုက်လိုက်သော်လည်း ဧရာမဖွတ်ကြီး၏တုံ့ပြန်မှုက အလွန်လျင်မြန်သည်ကိုတွေ့သောအခါ တွေဝေပြီး နောက်ဆုံးတွင် လက်လျှော့လိုက်သည်။ ပြီးနောက် ၎င်းက လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အမြင့်သို့တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ မထွက်ခွာမီမှာပင် ဒေါသဖြေသည့်အနေဖြင့် ငှက်ချေးပုံကြီးတစ်ပုံကို လေထဲတွင်ပါချသွားခဲ့သည်။

အားလုံးသက်ပြင်းချလိုက်ကြပြီးနောက် ဗုံးကြဲချသလို ငှက်ချေးများ ကောင်းကင်မှ အဆက်မပြတ်ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ ငှက်ချေးအများစုမှာ ဧရာမဖွတ်ကြီးရှိရာအနီးသို့ ကျရောက်ပြီး အချို့မှာ ဗီလာအိမ်ဘက်သို့ ကျဆင်းလာသည်။ လင်းရှောင်ကျီက ဘာမှမဖြစ်တော့ဟုထင်ကာ အကြည့်ကိုပြန်ရုတ်သိမ်းလိုက်စဉ်မှာပင် သူပျောက်ကွယ်သွားပြီး သူ၏တစ်ကိုယ်လုံးကို ကြီးမားသောငှက်ချေးပုံကြီးက လုံးဝဖုံးလွှမ်းသွားသည်။

လော်ယွမ်၏မျက်နှာမှာ တစ်ချက်တွန့်သွားပြီး ပတ်ဝန်းကျင်မှလေထုမှာ ရုတ်တရက်တိတ်ဆိတ်သွားသည်။

နောက်တစ်ခဏတွင် လင်းရှောင်ကျီက စူးရှစွာအော်ဟစ်လိုက်ပြီး ငှက်ချေးပုံထဲမှ ရုန်းကန်ထလာသည်။ စကားပြောရန်ကြိုးစားစဉ်မှာပင် ခါးကိုင်းကာ အဆက်မပြတ်အန်တော့သည်။ အသည်းအသန်အန်နေသဖြင့် မျက်ရည်နှာရည်များစီးကျလာပြီး အစာသည်းခြေရည်ပင်ထွက်လာမတတ်ဖြစ်နေသည်။

ဤဇီဝလက်နက်မှ ထွက်ပေါ်လာသောအနံ့မှာ မယုံနိုင်လောက်အောင်ဆိုးရွားလှသည်။ အကယ်၍ အနံ့ကိုတိုင်းတာနိုင်မည်ဆိုလျှင် ပုံမှန်လေထုမှာ ၀ ဖြစ်ပြီး အိမ်သာထဲတွင် ၅ ဖြစ်လျှင် ဤအနံ့ဆိုးမှာ ၉ နီးပါးသို့ရောက်ရှိနေသည်။ လော်ယွမ် အဝေးတွင်ရပ်နေလျှင်ပင် ထိုပြင်းထန်သောအနံ့ကို ခံစားမိပြီး အားလုံးမှာ လင်းရှောင်ကျီ၏အရှိန်ကြောင့် အသည်းအသန်အန်ကြတော့သည်။

လော်ယွမ်လည်း အစာအိမ်ထဲတွင် မအီမသာဖြစ်လာသည်။

မနက်ခင်းတစ်လျှောက်လုံး လင်းရှောင်ကျီသည် ရေဆယ်ခါကျော်ချိုးပြီး ရေချိုးဆပ်ပြာပုလင်းအတော်များများကုန်သွားသော်လည်း သူ၏ကိုယ်ပေါ်တွင် ပျောက်ကွယ်မသွားနိုင်သောအနံ့ဆိုးမှာ ရှိနေဆဲဖြစ်သည်။ ငှက်ချေးမှာလည်း ပြင်းထန်သောတိုက်စားနိုင်စွမ်းရှိပုံရပြီး ကိုယ်ပေါ်တွင်ကပ်နေပြီးမကြာမီမှာပင် သူ၏အရေပြားမှာ ပုပ်သွားပြီး အရေပြားပေါ်တွင် အရည်ကြည်ဖုများထွက်ပေါ်လာပြီးနောက် အရည်ကြည်ဖုများလျင်မြန်စွာပေါက်ကွဲကာ အဝါရောင်ပြည်ရည်များထွက်ကျလာပြီး ကြည့်ရသူများပင် ကြက်သိမ်းမွေးညင်းများ ထသွားစေသည်။

သူ့တွင် အစွမ်းထက်သော ဒဏ်ရာပြန်ကောင်းနိုင်စွမ်းရှိ၍သာခံနိုင်ခြင်းဖြစ်ပြီး သာမန်လူတစ်ယောက်သာဆိုလျှင် ကြာကြာခံနိုင်မည်မဟုတ်ပေ။

နေ့လယ်စာစားချိန်တွင် ဟွမ်ကျားဟွေက သူမ၏နှာခေါင်းကိုပိတ်ကာ ကိုယ်ကိုအဝတ်ဖြင့်တင်းကျပ်စွာပတ်ထားပြီး မျက်နှာပျက်စီးလုနီးပါးဖြစ်နေသော လင်းရှောင်ကျီကို စကားပြောရန်ပြင်လိုက်သော်လည်း ခတ္တတုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် အံကြိတ်ကာပြောလိုက်သည်။ "ရှင်... အပြင်မှာစားပေးလို့ရမလား"

"ကျွန်တော်... ဝေါ့..." သူက အနိုင်နိုင်ခြောက်ကပ်စွာရယ်မောလိုက်ပြီး ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် တံခါးဝသို့ အရူးအမူး ပြေးထွက်သွားသည်။ အပြင်ဘက်မှ မကြာမီ ဗိုက်ကွဲမတတ်အန်သံများ ထွက်ပေါ်လာသည်။

ဝမ်ရှီရှီက ထိုအသံကိုကြားပြီး မျက်နှာဖြူဖျော့သွားကာ ပါးစပ်ကိုအလျင်အမြန်ပိတ်ပြီး ရေချိုးခန်းသို့ပြေးဝင်သွားသည်။ ကူးစက်ရောဂါအလား နောက်တွင် တစ်ယောက်ပြီးတစ်ယောက် အန်ကြတော့ရာ လော်ယွမ်ပင်လျှင် အစာစားချင်စိတ်မရှိတော့ပေ။

နေ့လယ်စာကို ဖြစ်သလိုစားပြီးနောက် လော်ယွမ်က မြေအောက်ခန်းသို့ဝင်ကာ ပစ္စည်းများကို တစ်ကြိမ်ရေတွက်လိုက်သည်။

ဤတစ်ကြိမ် အနောက်ဘက်သို့သွားသောခရီးမှာ ရှည်လျားပြီး အန္တရာယ်များသောတောနက်များကို ဖြတ်သန်းရမည်ဖြစ်ရာ လမ်းတစ်လျှောက်လုံး အန္တရာယ်များပြီး အခက်အခဲများစွာကြုံရမည်ဖြစ်သည်။ ပစ္စည်းများအလွန်အကျွံယူသွားပါက ခရီးစဉ်ကိုနှောင့်နှေးစေသည်သာမက လှုပ်ရှားနိုင်စွမ်းကိုလည်း လျော့ကျစေသည်။ ကုန်ကုန်ပြောရလျှင် အရေးကြုံ၍ ထွက်ပြေးဖို့အတွက်ပင် ခက်ခဲနိုင်သည်။

ထို့ကြောင့် ပစ္စည်းအများစုကို ယူသွားနိုင်မည်မဟုတ်ပေ။ ရေကတော့ မရှိမဖြစ်လိုအပ်သည်။ တောထဲတွင် ရေရှာရန် ခက်ခဲပြီး အလွန်အန္တရာယ်များသည်။ ရွက်ဖျင်တဲများလည်းလိုအပ်သည်။

အစားအစာမှာမူ အနည်းငယ်သာယူသွား၍ရသည်။ အခြားအရာများက အလွန်ရှားပါးသော်လည်း သန္ဓေပြောင်းသားရဲမှာမူ အပေါဆုံးအရာဖြစ်သည်။

ထို့အပြင် အဝတ်အစား၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ဆားနှင့်ဆေးဝါးများလည်းလိုအပ်သည်။ ပစ္စည်းများမှာ မများပြားဟုထင်ရသော်လည်း အားလုံးပေါင်းလိုက်လျှင် အပုံကြီးတစ်ပုံဖြစ်နေသည်။

နောက်ဆုံးတွင် စဉ်းစားပြီးနောက် လော်ယွမ်က ရွှေချောင်း၁၀ချောင်းခန့်၊ ငွေစက္ကူအထပ်အနည်းငယ်နှင့် ဘဏ်ကတ်အချို့ကို ထပ်ထည့်လိုက်သည်။

အနောက်ဘက်အရပ်က သုခကမ္ဘာတစ်ခုမဟုတ်ချေ။ ငွေက မည်သည့်နေရာတွင်မဆို လိုအပ်ပြီး အစိုးရမပြိုကွဲသေးသမျှ ငွေကြေးဖောင်းပွမှုမည်မျှပင်ဖြစ်စေ တရားဝင်ငွေကြေးမှာ သုံးစွဲနိုင်ဆဲဖြစ်သည်။

ရွှေမှာမူ တန်ဖိုးကြီးပြီးရှားပါးသောသတ္တုဖြစ်ပြီး ရှေးခေတ် ယဉ်ကျေးမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာကတည်းက ရွှေကို ငွေကြေးကဲ့သို့ တန်ဖိုးထားကြသည်။ ကမ္ဘာပျက်ကာလသို့ရောက်လျှင်ပင် လူသားတို့၏စက်မှုလုပ်ငန်းများက ရွှေလိုအပ်နေသမျှ ၎င်းတွင် ကြီးမားသောတန်ဖိုးရှိနေဆဲဖြစ်သည်။

သေချာစီစစ်ပြီးနောက် လော်ယွမ်က ပို၍အလုပ်များသွားသည်။

ပို၍ခိုင်ခံ့စေရန်နှင့် တောထဲတွင်အိပ်စက်စဉ် အန္တရာယ်မဖြစ်ပွားစေရန် တဲအချို့ကို လော်ယွမ်က တစ္ဆေထနောင်းပင်၏အခေါက်ဖြင့် တစ်ခုချင်းစီပေါင်းစပ်လိုက်သည်။ အပြာရောင်အဆင့်မှာ လုံးဝလုံခြုံသည်ဟုမဆိုနိုင်သော်လည်း အဆိပ်ရှိသောအင်းဆက်များကဲ့သို့သော သေးငယ်သည့်သန္ဓေပြောင်းသတ္တဝါများ၏တိုက်ခိုက်မှုကို ကာကွယ်နိုင်သည်။ ထို့အပြင် အတွင်းတွင်အိပ်စက်လျှင် စိတ်ကိုတည်ငြိမ်စေသောအာနိသင်လည်းရှိသည်။

တစ္ဆေထနောင်းပင်၏ပင်စည်ကိုမူ သူက ၃ပေခွဲရှည်သော အကွာအဝေးတိုပစ်ရန်အတွက် လှံတို၁၀ချောင်းကျော် ပြုလုပ်လိုက်သည်။ ဤကျစ်လစ်သောသစ်သားမှာ သတ္တုနှင့်တူသောခံစားချက်ရှိပြီး လက်ထဲတွင်ကိုင်ထားလျှင် လေးလံကာ တစ်ချောင်းလျှင် ပေါင်ငါးဆယ်ခန့်လေးသည်။ သို့သော် သူ၏ယခု၁၃မှတ်နီးပါးရှိသော ခွန်အားအတွက်မူ အလွန်အသုံးဝင်သည်။

လော်ယွမ်က စမ်းသပ်ကြည့်ရာ ပေ၃၀၀အကွာအဝေးအထိ ပစ်နိုင်ပြီး လှံတိုတိုင်းမှာ မြေကြီးထဲသို့ နက်ရှိုင်းစွာစိုက်ဝင်သွားသည်။ ၁၀ချောင်းထိ ပစ်ပြီးနောက် လက်မောင်းအနည်းငယ်ညောင်းညာသည်မှလွဲ၍ ကိုယ်ခန္ဓာမှာ ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။ သူ၏ယခု၁၆မှတ်ရှိသော သက်လုံမှာ အရည်အသွေးအားလုံးထဲတွင် အမြင့်ဆုံးဖြစ်ပြီး တစ်နာရီကြာပြင်းထန်စွာလှုပ်ရှားလျှင်ပင် ပင်ပန်းနွမ်းနယ်မှုကို များစွာမခံစားရပေ။

သို့သော် လှံတို၏သတ္တုမှာ အနည်းငယ်ပြဿနာရှိနေသေးသည်။ ၎င်းတို့ကအပြာရင့်ရောင်အဆင့်သန္ဓေပြောင်းသားရဲများ၏အပေါ်ရံအခွံကို ဖောက်ထွင်းရန်ခက်ခဲသည်။ သို့သော်နမူနာရှိနေသမျှ နောက်ပိုင်းတွင် ဆက်လက်ပေါင်းစပ်နိုင်သေးသည်။

သူစောစောက သန္ဓေပြောင်းငှက်နှင့်ရင်ဆိုင်ရစဉ် အဖြစ်အပျက်ကိုစဉ်းစားပြီးမှ ဤနည်းလမ်းကိုတွေးမိခြင်းဖြစ်သည်။ သေနတ်ပစ်ပညာမှာ အချိန်တိုအတွင်းလေ့ကျင့်၍မရပေ။ ၎င်းက ကျည်ဆန်အမြောက်အမြားနှင့် အချိန်လိုအပ်ပြီး ကျည်ဆန်နှင့်အချိန်နှစ်ခုလုံး လောလောဆယ်သူ့တွင်မရှိပေ။ ကျွမ်းကျင်မှုမှတ်များကိုသုံးလျှင်လည်း အလွန်ဖြုန်းတီးရာကျသည်။ သူ့အတွက်မူ လှံတိုကဲ့သို့သော အင်အားကြီးမားပြီး အသုံးဝင်လွယ်သောလက်နက်က ပို၍သင့်တော်သည်။ ထို့အပြင် ပုံသေဖြစ်သော သေနတ်၏အဖျက်စွမ်းအားကဲ့သို့မဟုတ်ပဲ ၎င်းက မိမိ၏အင်အားကြီးမားလာသည်နှင့်အမျှ အဖျက်စွမ်းအားက အဆက်မပြတ်တိုးပွားလာမည်ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၁၂၄)ရှင်သန်ခြင်း၏ အံ့ဖွယ်တစ်ပါး

နောက်တစ်နေ့ မိုးမလင်းမီမှာပင် လူတိုင်း စောစောထနှင့်နေကြပြီဖြစ်သည်။

အားလုံးမှာ တစ်ညလုံး ကောင်းကောင်းမအိပ်စက်နိုင်ခဲ့ဘဲ မျက်နှာများတွင် ညိုမည်းသော မျက်ကွင်းများဖြင့် ရှိနေကြသည်။

ဧည့်ခန်းအတွင်းမှ အခြေအနေမှာ အနည်းငယ် ဖိစီးနေပြီး အားလုံးက မိမိတို့၏ ပစ္စည်းများကို တိတ်တဆိတ် သိမ်းဆည်းနေကြသည်။ အမှန်တကယ်တွင် အများစုက ပြောင်းရွှေ့ရန် မလိုလားကြပေ။ ထိုအထဲတွင် ဟော်တုံလည်း ပါဝင်သည်။ သူက လူလတ်ပိုင်းအရွယ်သို့ ရောက်နေပြီဖြစ်ပြီး သူ၏ ခွန်အားနှင့် စွမ်းအင်တို့မှာ လူငယ်များနှင့် မယှဉ်နိုင်တော့ပေ။ ထို့အပြင် သူက ဆင့်ကဲပြောင်းလဲသူတစ်ဦးလည်း မဟုတ်သဖြင့် ဤခရီးတွင် လမ်း၌ပင် သေဆုံးသွားနိုင်သည်။

သို့သော် သူတို့မသွားချင်လျှင်လည်း ဘာတတ်နိုင်မည်နည်း။ နေခဲ့ရမည်လား။

လော်ယွမ်မရှိပါက ဤနေရာတွင် နေခဲ့လျှင် ပို၍ပင် မြန်မြန် သေဆုံးနိုင်ကြောင်း သူကောင်းစွာသိသည်။ အစွမ်းအစမရှိလျှင် အသက်ရှင်ဖို့အတွက် မျှော်လင့်၍မရပေ။

သူက ကျောပိုးအိတ်ကို လွယ်ကာ ဓားမကြီးတစ်လက်ကို အားဖြင့် တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

"ကျွန်မဘာသယ်ပေးရမလဲ" ဝမ်ရှကွမ်က လူတိုင်း ပစ္စည်းသိမ်းနေကြစဉ် သူမတစ်ယောက်တည်းသာ လက်ဗလာဖြစ်နေသဖြင့် အားနာစွာ မေးလိုက်သည်။

"မလိုဘူး... နင်ကအခုမှနေကောင်းရုံပဲရှိသေးတာ... နင့်အတွက်ပစ္စည်းတွေကိုငါတို့သယ်ပေးထားတယယ်" ဟွမ်ကျားဟွေက ပြုံးလျက် ပြောသည်။

"အမ သမီးတို့နောက်လိုက်နိုင်ရင်ပဲ ရပါပြီ" ဝမ်ရှီရှီကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

ဝမ်ရှကွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်သွားသည်။ မိန်းမတို့၏ ထက်မြက်သော အလိုအလျောက်သိစိတ်က ဤအမျိုးသမီးနှစ်ဦးနှင့် လော်ယွမ်တို့၏ ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း သူမကို ပြောပြနေသည်။ ထိုအထဲမှ အသက်အနည်းငယ်ကြီးသော တစ်ဦးမှာ ညအခါတွင် လော်ယွမ်နှင့် အတူအိပ်စက်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက အိမ်ကြီး၏ ပထမထပ်တွင် အိပ်စက်ကြပြီး ထိုနှစ်ဦးနှင့် လော်ယွမ်သာ အိမ်ကြီး၏ ဒုတိယထပ်ရှိ အိပ်ခန်းများတွင် အိပ်စက်သောကြောင့်ဖြစ်သည်။ ဒုတိယထပ်တွင်မူ အိပ်ခန်းနှစ်ခန်းသာ ရှိသည်။ ဤတွေ့ရှိချက်က သူမကို တစ်ညလုံး အိပ်မပျော်ဘဲ လူးလွန့်နေစေခဲ့သည်။

လော်ယွမ်က ဝမ်ရှီရှီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး "မပူနဲ့ ပထမရက်မှာ ငါတို့ဖြည်းဖြည်းပဲ သွားကြတာပေါ့... ဒါမှနင်အခြေအနေနဲ့အသားကျလာမှာ... နင်လည်း အသားများများစားဖို့လိုတယ် ဒါဆိုနင့်ခန္ဓာကိုယ် ခဏလေးနဲ့ပြန်ပြည့်လာလိမ့်မယ်"

ဤနှစ်ညတာ အနားယူမှုနှင့် သန္ဓေပြောင်းသားရဲအသားများ၏ အာဟာရဖြည့်တင်းမှုကြောင့် ဝမ်ရှကွမ်၏ မျက်နှာအရောင်မှာ အတော်အတန် ကောင်းမွန်လာပြီဖြစ်သည်။ သို့သော် ခန္ဓာကိုယ်၏ အာဟာရချို့တဲ့မှုကို ထိုမျှလွယ်ကူစွာ ပြန်လည်ဖြည့်တင်းနိုင်မည်မဟုတ်ဘဲ အနည်းဆုံး ရက်အနည်းငယ် ထပ်မံပြုစုစောင့်ရှောက်ရန် လိုအပ်သေးသည်။

လော်ယွမ်က သူမအပေါ် ယခင်အတိုင်းပင် ဆက်ဆံနေသည်ကို မြင်သောအခါ ဝမ်ရှကွမ်က ရွှင်လန်းသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "ကျွန်မရဲ့ခန္ဓာကိုယ်ကသန်မာပါတယ်... ကျွန်မအရင်က မနက်တိုင်း အားကစားလုပ်လေ့ရှိတယ်... ရှင်တို့နဲ့အမီလိုက်နိုင်မှာသေချာတယ်... လော်ယွမ်နင့်ဆီမှာ ဓားအပိုရှိသေးလား... ငါလည်းတစ်လက်လောက် လိုချင်တယ်"

"နင်မကိုင်တာပိုကောင်းမယ် သူတို့ကအရမ်းထက်တယ် အလွယ်တကူ ဒဏ်ရာရနိုင်တယ်" လော်ယွမ်က အနည်းငယ် ချီတုံချတုံဖြစ်သွားသည်။ အကြွေးတင်နေသည်ဟူသော စိတ်ခံစားချက်ကြောင့် သူက ဝမ်ရှကွမ်ကို တိုက်ခိုက်စေချင်စိတ်မရှိပေ။ သူမကို ကောင်းမွန်စွာ ကာကွယ်ပေးပြီး နောက်ထပ်မထိခိုက်စေချင်တော့ပေ။

"ငါတက္ကသိုလ်မှာတုန်းက ကင်ဒိုဓားသိုင်းကို တော်တော်ကြာအောင် လေ့ကျင့်ဖူးတယ် ဘာမှမဖြစ်လောက်ပါဘူး" ဝမ်ရှကွမ်က လော်ယွမ်၏ စိတ်ကို မဖတ်တတ်ဘဲ ရှက်ရွံ့စွာ ပြောလိုက်သည်။

"အင်း...ဒါဆိုလည်းခဏစောင့်ဦး... မြေအောက်ခန်းထဲမှာ ရှိလောက်သေးတယ် ငါတစ်လက်လောက် သွားရှာလိုက်မယ်" ဝမ်ရှကွမ်တွင် လက်နက်ရှိပါက သူဂရုမစိုက်နိုင်သည့်အခါ မိမိကိုယ်ကို ကာကွယ်နိုင်မည်ဟု တွေးမိသဖြင့် လော်ယွမ်ကငြင်းဆန်မနေတော့ဘဲ မြေအောက်ခန်းမှ ပေါင်းစပ်ပြုလုပ်ထားသော ကာတာနာဓားတစ်လက်ကို ရှာဖွေယူဆောင်လာခဲ့သည်။

(ကာတာနာ - ဂျပန်ဓားရှည်)

ဝမ်ရှကွမ်က ဓားကိုလက်ခံယူပြီးနောက် ဓားကိုဆွဲထုတ်ကာ ဓားအိမ်ကို ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အသက်ပြင်းပြင်းရှူသွင်းပြီး လေထဲသို့ အကြိမ်အနည်းငယ် လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။ ပါးစပ်မှလည်း "ဟိတ်... ယား..." ဟု အော်ဟစ်လိုက်သည်။ သူမသည် လော်ယွမ်က သူမကို အထင်သေးသည်ကို မကျေနပ်ဟန်ဖြင့် လော်ယွမ် မနေ့က ဟော်တုံတို့အဖွဲ့ကို သင်ပေးခဲ့သော လေ့ကျင့်ကွက်များကို ကျွမ်းကျင်စွာ အကြိမ်အနည်းငယ် ပြသလိုက်သည်။

လော်ယွမ်၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ သူ၏ အမြင်အရ သူမ၏ ခုတ်ပိုင်းသည့် လှုပ်ရှားမှုများမှာ စံမမီသေးကာ အမြန်နှုန်းမှာလည်း လုံလောက်အောင် မမြန်သေးသည့်အပြင် နောက်ဆုံး အသတ်နုတ်ကွက်မှာလည်း ရေစီးကြောင်းကဲ့သို့ ချောမွေ့ခြင်းမရှိသော်လည်း ဟော်တုံနှင့် ချန်ရှန်းဖုံတို့နှင့် နှိုင်းယှဉ်လျှင် သူမ၏ အမြန်နှုန်းမှာ အတော်ပင် မြန်ဆန်နေပြီဖြစ်သည်။

အပြာနုရောင်အဆင့် သန္ဓေပြောင်းသားရဲကို သတ်ရန် မဖြစ်နိုင်သော်လည်း အဆင့်နိမ့် သန္ဓေပြောင်းသားရဲများကို သတ်ရန်မူ လုံလောက်ပြီဖြစ်သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှာလည်း လုံးဝပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။ အစားအစာများ၏ အာဟာရဖြည့်တင်းမှုအောက်တွင် ခန္ဓာကိုယ်၏ အရည်အသွေးအသီးသီးမှာ ထပ်မံတိုးတက်လာနိုင်သေးပြီး ထိုအခါ အပြာရောင်အဆင့် သန္ဓေပြောင်းသားရဲကို သတ်ရန်မှာပင် မဖြစ်နိုင်သည့်အရာ မဟုတ်တော့ပေ။

အကြောင်းမှာ သူကိုယ်တိုင် အပြာနုရောင်အဆင့် သန္ဓေပြောင်းသားရဲကို သတ်စဉ်က သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း သိပ်မမြင့်မားခဲ့သောကြောင့် ဖြစ်သည်။

အားလုံးက အတွေးကိုယ်စီဖြင့် ကြည့်နေကြသည်။ ခုမှရောက်လာသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ဦးတွင် ဤသို့ အဆင့်မြင့်သောထူးချွန်မှုမျိုး ရှိနေမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ သာမန်လူများကို မထီမဲ့မြင်ပြုတတ်ပြီး တစ်ကိုယ်လုံးမှ အနံ့ဆိုးများ ထွက်နေသောကြောင့် အဝေးသို့ ရှောင်နေသော လင်းရှောင်ကျီပင်လျှင် သူမအပေါ် အမြင်ပြောင်းလဲလာသည်။

ဝမ်ရှကွမ်က ခဏတာ လေ့ကျင့်ပြီးနောက် မောဟိုက်စွာ ရပ်တန့်လိုက်ပြီး မျက်လုံးများ တောက်ပစွာဖြင့် လော်ယွမ်ကို "ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။

"နင့်မှာအခြေခံတော့ရှိသားပဲ"

ဝမ်ရှကွမ်က ချစ်စဖွယ် နှာခေါင်းရှုံ့လိုက်ပြီး "ငါက မလေ့ကျင့်တာ ကြာပြီလေ... နောင်ကျရင် ရှင့်ကို ကျော်တက်နိုင်မှာ သေချာတယ်" ဟု ချစ်စဖွယ် ပြောလိုက်သည်။

ဝမ်ရှီရှီက အထင်သသေးဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ သူမ၏ စိတ်ထဲတွင် ကိုကြီးယွမ်သာ အစွမ်းအထက်ဆုံးဖြစ်ပြီး မည်သူမျှ ကိုကြီးယွမ်ကို မယှဉ်နိုင်ပေ။ တစ်စုံတစ်ဦးက လော်ယွမ်ကို ကျော်တက်မည်ဟု ပြောနေသည်မှာ ကြွားဝါလွန်းသည်ဟု သူမထင်နေသည်။

"အင်းပါ... နင်ကအတော်ဆုံးပါပဲ" လော်ယွမ်က ဝမ်ရှီရှီ၏ ခလေးအတွေးများကို လျစ်လျူရှုကာ ပြုံးလျက် ပြောလိုက်သည်။

သူက ကားအစွတ် မိုးကာစတစ်ခုကို ဖြန့်ခင်းလိုက်ပြီး ကျန်ရှိသော ပစ္စည်းအများစုကို အပေါ်တွင် တင်လိုက်သည်။ နောက်ဆုံးတွင် လူတစ်ရပ်ထက်မြင့်သော အထုပ်ကြီးတစ်ခုကို လိပ်ကာ နိုင်လွန်ကြိုးများဖြင့် တစ်ခုချင်းစီ တင်းတင်းချည်နှောင်ပြီးနောက် ဧရာမ ဖွတ်ကြီးရှေ့သို့ ပြေးသွားကာ သူ၏ လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်သည်။

လော်ယွမ်က ဧည့်ခန်းသို့ နောက်တစ်ကြိမ် ပြန်လာပြီး လှံတိုများပြည့်နေသော အိတ်တစ်လုံးကို လွယ်ကာ ကျန်းမာတောက်ဓားကို မလိုက်သည်။ လူတိုင်း အသင့်ဖြစ်နေသည်ကို မြင်သောအခါ သူက တည်ကြည်သောလေသံဖြင့် "အားလုံးကိုယ့်အိပ်ထဲမှာ အသားခြောက်တွေ များများထည့်ထားတာ အကောင်းဆုံးပဲ ဒါမှအခန့်မသင့်လို့ လူစုကွဲသွားရင် အသက်ရှင်နိုင်မှာ... ပြီးတော့အနောက်ဘက်ကို မသွားချင်တဲ့သူတွေ အခုနေနောင်တရလို့အချိန်မီသေးတယ်နော်... ဒီဗီလာမှာ ရိက္ခာတွေ အများကြီးရှိသေးတယ် ဒီမှာနေခဲ့မယ်ဆို အချိန်တိုအတွင်းတော့ စားဝတ်နေရေး စိတ်ပူစရာမလိုဘူး"

ဟော်တုံက စကားနည်းသော ချန်ရှန်းဖုံကို ကြည့်လိုက်ပြီးနောက် ခိုင်မာသော မျက်နှာထားဖြင့် ရှိနေသော ချောင်လင်နှင့် နင်းရှောင်ရမ်ကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

အချိန်အတော်ကြာသည်အထိ မည်သူမှ စကားမပြောသည်ကို မြင်သောအခါ လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်လည်း သွားကြစို့"

ကောင်းကင်မှာ တိမ်ကင်းစင်နေပြီး ဤသည်မှာနိမိတ်ကောင်းတစ်ခုဖြစ်သည်။

ဧရာမ ဖွတ်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်က ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်နှင့် လူအုပ်က သူ၏နောက်မှ လိုက်ပါသွားကြသည်။ ပျက်စီးနေသော မြို့လမ်းများပေါ်တွင် တင့်ကားမှလွဲ၍ သာမန်မော်တော်ယာဉ်များမှာ သွားလာနိုင်မည်မဟုတ်ပေ။ အခြားသူများကလည်း ဧရာမ ဖွတ်ကြီးပေါ်တွင် မစီးရဲကြသဖြင့် လော်ယွမ်အပါအဝင် လူတိုင်း ခြေကျင်လျှောက်ကြရသည်။ ဤသည်မှာ လော်ယွမ်မှလွဲ၍ အားလုံး ဗုံးခိုကျင်းမှ ဤနေရာသို့ ရောက်လာပြီးနောက် ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းဖြစ်သော်လည်း အပြင်ဘက်မှ မြင်ကွင်းမှာ ဆယ်ရက်ကျော်အတွင်း လုံးဝပြောင်းလဲသွားပြီဖြစ်သည်။

အစိမ်းရောင်များက လူတိုင်း၏ မျက်စိထဲတွင် ပြည့်နှက်နေသည်။

မြက်ပင်များ၊ ရေညှိများ၊ နွယ်ပင်များက ဤစက်မှုမြို့ကြီးကို ဖုံးလွှမ်းနေပြီး ပို၍အလှမ်းဝေးသော နေရာများတွင်မူ ထူထပ်သော တောအုပ်များကိုပင် မြင်တွေ့နေရသည်။

နေရောင်ခြည်က ကိုယ်ပေါ်သို့ ကျရောက်နေသော်လည်း နွေးထွေးမှုကို မခံစားရဘဲ တစ်ကိုယ်လုံး အေးစက်နေသည်။

ထိုအထဲတွင် ဝမ်ရှကွမ်၏ ခံစားချက်မှာ အနက်ရှိုင်းဆုံးဖြစ်သည်။ သူမ အခြေစိုက်စခန်းငယ်လေးသို့ ဝင်ရောက်စဉ်က ဟယ်တုံမြို့သည် ပျက်စီးခြင်းမရှိသေးပေ။ သို့သော် ဤမြို့ကို နောက်တစ်ကြိမ် ပြန်မြင်တွေ့ရသောအခါ နေရာအနှံ့ လုံးဝပျက်စီးနေသော အပျက်အစီးပုံကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။ ထိုသို့ပြင်းထန်သော ဆန့်ကျင်ဘက်မြင်ကွင်းနှင့် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ပြင်းထန်သော ပြောင်းလဲမှုတို့က သူမကို အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်အောင် ဖြစ်စေခဲ့သည်။

ဧရာမ ဖွတ်ကြီး လေးလံသော ခန္ဓာကိုယ်ဖြင့် ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။ လမ်းပေါ်မှ ကွန်ကရစ်များမှာ ခြေတစ်လှမ်းချလိုက်တိုင်း ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ဖြစ်ပေါ်သွားပြီး မြေကြီးပင်လျှင် အနည်းငယ် တုန်ခါသွားသည်။ လမ်းတွင် ကြီးမားသော ကျောက်တုံးများ ပိတ်ဆို့နေလျှင်ပင် သူ၏ သွားလမ်းကို မတားဆီးနိုင်ပေ။ လော်ယွမ်၏ အမိန့်ပေးမှုအောက်တွင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် တစ်ခုချင်းစီကို ဝင်တိုက်ဖွင့်ထုတ်သွားသည်။ ဤသို့ အပြာရင့်ရောင်အဆင့်နီးပါးရှိသော ဧရာမ သတ္တဝါကြီးတစ်ကောင် ရှိနေသဖြင့် သာမန်သန္ဓေပြောင်းသားရဲများမှာ အနားသို့ပင် မကပ်ရဲကြပေ။

သို့သော် ထိုသို့ဖြစ်လင့်ကစား သူတို့အဖွဲ့၏ ရှေ့ဆက်သွားနှုန်းမှာ မမြန်ဆန်လှပေ။ ထို့အပြင် တစ်လမ်းလုံး သန္ဓေပြောင်းသားရဲများ၏ နယ်မြေအသီးသီးကို ရှောင်ရှားနေရသဖြင့် နေရာအတော်များများကို ကွေ့ပတ်သွားခဲ့ရသည်။ တစ်ဆယ်ကီလိုမီတာ မပြည့်သေးမီမှာပင် နေ့လယ်ခင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

လမ်းမပေါ်ရှိ ကျောက်စရစ်ခဲများကို ရှင်းလင်းပြီးနောက် စားပွဲခင်းတစ်ခုကို ခင်းလိုက်သည်။ လင်းရှောင်ကျီမှလွဲ၍ အခြားသူများအားလုံး စုဝေးကာ နေ့လည်စာပူပူနွေးနွေးကို စားသောက်ကြသည်။

စားသောက်ပြီးနောက် လော်ယွမ်က ဟယ်တုံမြို့ မြေပုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။

"ငါတို့အခု ဒီနေရာကို ရောက်နေတာ" လော်ယွမ်က မြေပုံပေါ်တွင် လက်ညှိုးထိုးပြပြီးနောက် မျဉ်းတစ်ကြောင်းဆွဲလိုက်သည်။ "အနီးဆုံးမှာရှိတဲ့ အဝေးပြေးလမ်းမကြီးက ဒီကနေဆို ၉မိုင်တောင်မရှိဘူး... ငါတို့မမှောင်ခင် အဲ့ကိုအရောက်သွားမှဖြစ်မယ်"

"အဝေးပြေးလမ်းကိုဘာလို့သွားမှာလဲ... လမ်းဘေးနှစ်ဖက်လုံးက အရင်ကတည်းက လယ်ကွင်းတွေလေ အခုဆိုရင်တော့ တောထနေလောက်ပြီ... အဲ့တာကျွန်မတို့အတွက် အန္တရာယ်ပိုမများဘူးလား" ဟု ဟွမ်ကျားဟွေက ပြောသည်။

"အဝေးပြေးလမ်းတွေကို စံနှုန်းမြင့်မြင့်နဲ့ဆောက်လုပ်ထားကြတာ သူတို့ကို ပြည်သူတွေရော စစ်တပ်ရောသုံးကြတာလေ... အဲ့လမ်းတွေကတင့်ကားကြီးတွေမောင်းရင်တောင် မပျက်စီးဘူး... ပြီးတော့ကမ္ဘာပျက်ကပ်မဖြစ်ခင်က အဝေးပြေးလမ်းတွေကို မွန်းမံပြင်ဆင်မှုတွေ ထပ်လုပ်ထားသေးတယ်... လမ်းဘေးနှစ်ဖက်လုံးမှာ အနည်းဆုံး ပေ၃၀၀ကျယ်တဲ့ အပင်ကင်းစင်ရေးနယ်မြေတွေရှိတယ်... ဒါ့အပြင်လမ်းတစ်လျှောက်မှာလည်း ခံတပ်တွေဆောက်ထားတယ်... အဲ့ခံတပ်တွေမှာ ငါတို့ဝင်နားလို့ရတယ်"

"ငါ့အထင်တော့ အဲ့နေရာတွေက အခုထိတောင် သိပ်ပျက်စီးဦးမှာမဟုတ်ဘူး... လမ်းမှာကားတစ်စီးလောက်ရှာတွေ့ရင်တောင် ခရီးတော်တော်တွင်သွားနိုင်တယ်... ပြီးတော့အဝေးပြေးလမ်းအတိုင်း သွားမှပဲ ငါတို့လမ်းမပျောက်မှာ"

"လယ်ကွင်းတွေကနေ တောဖြစ်သွားတဲ့နေရာတွေကိုငါစိတ်မပူဘူး... ငါတစ်ကယ်စိတ်ပူတာက မြစ်ကူးတံတားပဲ... တံတားသာ ကျိုးနေရင်တော့ ငါတို့တပတ်ကြီး ပတ်သွားရမှာ"

"မြစ်ကူးတံတားကိုကျွန်မအရင်က ခဏခဏဖြတ်သွားဖူးတယ်... တစ်နှစ်မှာခြောက်လလောက်ကရေခန်းပြီး ရွံ့နွံတွေပဲဖြစ်နေတာ... ပြီးတော့အခုက ရေကြီးတဲ့ရာသီမစသေးဘူးဆိုတော့ ပြဿနာမရှိလောက်ဘူး" ချောင်လင်က ပြောသည်။

"အဲ့လိုပဲဖြစ်ဖို့ မျှော်လင့်ရတာပေါ့" လော်ယွမ်က လေးနက်စွာ ပြောသည်။

ရေပြင်က ကမ္ဘာ၏ လေးပုံသုံးပုံကို နေရာယူထားပြီး မျိုးစိတ်များမှာမူ ကုန်းမြေထက် အဆထောင်ပေါင်းများစွာ ပိုမိုများပြားသည်။ ကမ္ဘာမပျက်ခင်က အာဖရိကဆင်သည် ကုန်းမြေပေါ်တွင် အကြီးမားဆုံး သတ္တဝါဖြစ်သော်လည်း ရေနေသတ္တဝါများရှေ့တွင်မူ အဆင့်ပင်မရှိပေ။ ရေနေသတ္တဝါများထဲက မည်သည့်မျိုးစိတ်ကိုမဆို ထုတ်ယူလိုက်လျှင် ကုန်းမြေသတ္တဝါများကို လုံးဝ အရှုံးပေးသွားစေနိုင်သည်။

ကံကောင်းသည်မှာ ရေနေသတ္တဝါများက ရေထဲတွင်သာ နေထိုင်ခြင်းပင်ဖြစ်သည်။ သို့မဟုတ်ပါက ဤသို့ သန္ဓေပြောင်းသွားသော ကြောက်မက်ဖွယ်သတ္တဝါများ ကုန်းပေါ်သို့ တက်လာပါက လူသားမျိုးနွယ်မှာ မျှော်လင့်ချက် ပို၍ကင်းမဲ့သွားပေလိမ့်မည်။

"ဒါပေမဲ့ အဲ့လမ်းကမေ့ရှန်းပန်းခြံကို ဖြတ်သွားရမှာနော်... တစ်ခြားဘက်ကသွားလို့မရဘူးလား" ချောင်လင်က ပြောသည်။

"ကိစ္စမရှိဘူး... ကျွန်မအိမ်က အရင်ကအဲ့မှာရှိတာ... ဟယ်တုံမြို့မကျဆုံးခင်ကတည်းက အဲ့တောင်တစ်ခုလုံးကို ကွန်ကရစ်တွေနဲ့အသေပိတ်ထားတာ" နင်းရှောင်ရမ်က အသံတိုးတိုးဖြင့် ပြောရင်း မျက်နှာနီရဲသွားသည်။

သူတို့အဖွဲ့က ခဏတာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ခရီးစဉ်ကို အတည်ပြုလိုက်ကြသည်။

ဆယ့်ငါးမိနစ်ခန့် အနားယူပြီးနောက် အားလုံးက နောက်တစ်ကြိမ် ခရီးဆက်လိုက်ကြသည်။

ခရီးစဉ်အတွင်း လမ်းလေးခွဆုံတစ်ခုတွင် ပုရွက်ဆိတ်အမြောက်အမြားနှင့် တွေ့ကြုံခဲ့ရသည်။

ထိုအဆင့်နိမ့်သတ္တဝါများက ဧရာမ ဖွတ်ကြီး၏ အရှိန်အဝါကို လုံးဝဂရုမစိုက်ဘဲ ဒီရေအလား သူတို့ဘက်သို့ စီးဝင်လာကြသည်။ ထိုပုရွက်ဆိတ်များမှာ တစ်ကောင်ချင်းစီ လက်သီးဆုပ်အရွယ်ရှိပြီး တစ်ကိုယ်လုံး မည်းနက်တောက်ပနေကာ အလွန်လျင်မြန်စွာ တွားသွားကြသည်။ လမ်းမပေါ်တွင်သာမက ဘေးနှစ်ဖက်မှ အဆောက်အအုံများပေါ်တွင်လည်း နေရာအနှံ့ တွားသွားနေကြပြီး အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။

ဧရာမ ဖွတ်ကြီးပင်လျှင် ဤသို့ ချွန်ထက်သော သွားများရှိသည့် အုပ်စုဖွဲ့သတ္တဝါများကို ရင်ဆိုင်ရသောအခါ စိတ်မရှည်စွာ နောက်ဆုတ်ရင်း နှာမှုတ်သံများ အဆက်မပြတ် ပြုလုပ်နေသည်။

လော်ယွမ်တို့အဖွဲ့မှာ မတတ်သာဘဲ အတော်ခပ်ဝေးဝေးသို့ ရှောင်တိမ်းခဲ့ရပြီး ထိုကြောက်မက်ဖွယ်သတ္တဝါများ လုံးဝဖြတ်သန်းသွားမှသာ ခရီးပြန်ဆက်ခဲ့ရသည်။ လမ်းပေါ်တွင် လတ်ဆတ်သော သွေးစွန်းရာများနှင့် ဖြူဖွေးသော အရိုးများစွာ မြင်တွေ့လာရပြီး ထိုအရိုးများပေါ်တွင် အသားတစ်စမျှပင် ကပ်ညိမနေတော့ပေ။

လော်ယွမ်က အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည့်အတွက် အနည်းငယ် ကံကောင်းသည်ဟု စိတ်ထဲမှ တွေးမိသည်။ သို့မဟုတ်ပါက သူကိုယ်တိုင်ပင်လျှင် ဤမျှများပြားသော ပုရွက်ဆိတ်များကို ရင်ဆိုင်ရပါက လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

သန္ဓေပြောင်းအင်းဆက်များ၏ အန္တရာယ်မှာ သန္ဓေပြောင်းသားရဲများထက် လုံးဝ မလျော့နည်းပေ။ သူ၏ စိတ်ထဲတွင်မူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်မိသည်။ သူက တုံဟူမြို့တွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ မရေမတွက်နိုင်သော ပိုးကောင်စိမ်းများက သေမင်းတမန်ကဲ့သို့ ကောင်းကင်မှ ကျဆင်းလာပြီး တုံဟူမြို့တစ်မြို့လုံး မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့သည်။

သို့သော် ကံကောင်းသည်မှာ ဤပုရွက်ဆိတ်အုပ်စု၏ အန္တရာယ်နှင့် ဖျက်ဆီးနိုင်စွမ်းက ပိုးကောင်စိမ်းများနှင့် နှိုင်းယှဉ်၍မရဘဲ ခရီးစဉ်အတွင်းမှ သာမန် အဖြစ်အပျက်တစ်ခုသာ ဖြစ်ခဲ့သည်။

မှောင်ရီပျိုးစအချိန်တွင် လူအုပ်သည် အဝေးပြေးလမ်းမကြီးအဝင်အဝသို့ ချဉ်းကပ်လာကြသည်။

ဤနေရာက မြို့ပြင်သို့ ရောက်လုနီးပါးဖြစ်ပြီး ကျေးလက်ဒေသနှင့် မဝေးတော့ပေ။

ထိုအချိန်တွင် အားလုံးက ခြေလှမ်းများ အလိုအလျောက် ရပ်တန့်သွားပြီး အဝေးသို့ တုန်လှုပ်စွာ ကြည့်နေကြသည်။ ဖော်ပြ၍မရအောင် ကြီးမားသော သစ်ပင်ကြီးတစ်ပင်က လေးငါးမိုင်ခန့်အကွာတွင် တည်ရှိနေပြီး ဖြူဖွေးသော မြူခိုးများက သူ၏ အကိုင်းအခက်များအနီးတွင် ဝန်းရံနေကာ တိမ်ခိုးများဖြင့် ဖုံးလွှမ်းနေပြီး ထင်တစ်ချက် မထင်တစ်ချက်ဖြင့် နတ်ဘုံနတ်နန်းကဲ့သို့ရှိနေသည်။

ကြီးမားသော သစ်ခက်သစ်ရွက်များက ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော နေရာကို လွှမ်းခြုံထားပြီး အောက်ဘက်မှ ဧရိယာကြီးတစ်ခုလုံးမှာ ဧရာမသစ်ပင်ကြီး၏အရိပ်မည်းထဲတွင် ရှိနေသည်။ ထိုအရိပ်မှာ မြို့ပြင်နေရာအထိပင် ရောက်ရှိနေသည်။

မီတာရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ မြင့်မားသော ပင်စည်မှာ မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းခဲ့သည့်အလားပင်။ လေးငါးမိုင်ခန့်အကွာမှပင် လော်ယွမ်က သူ၏ ပင်စည်မကြီးပေါ်ရှိ လိမ်ကောက်နေသော အမာရွတ်များကို မြင်နေရသည်။ သစ်ပင်ကြီး၏အပေါ်ပိုင်းရှိ နေရာများစွာမှာ မည်းနက်ခြောက်သွေ့နေပြီး လုံးဝသေဆုံးနေသည်။ လော်ယွမ်က ၎င်းမှာ မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်မည်ဟု ခန့်မှန်းမိသည်။ သူက မရေမတွက်နိုင်သော မိုးကြိုးပစ်ခြင်းကို ခံခဲ့ရပေလိမ့်မည်။

သို့သော်လည်း ဧရာမသစ်ပင်ကြီးက မားမားမတ်မတ် ရပ်တည်နေဆဲပင်။

ကမ္ဘာပျက်ပြီးနောက် လော်ယွမ်က အစိမ်းရောင်အပင်များကို မည်မျှပင် မုန်းတီးနေစေကာမူ ယခုအချိန်တွင်မူ ဤသည်မှာ ရှင်သန်ခြင်း၏ အံ့ဖွယ်တစ်ပါးဖြစ်ကြောင်း ဝန်ခံရပေမည်။

"ငါကညောင်ပင်တွေပဲ တောအုပ်တစ်ခုစာ ဖွဲ့စည်းနိုင်မယ်လို့ထင်ထားတာ အခုဒီသစ်ပင်ကြီးနဲ့ယှဉ်ရင် ကျန်တဲ့သစ်ပင်တွေက ဘာမှမဟုတ်ဘူးပဲ" ဟော်တုံက အိပ်မက်မက်နေသကဲ့သို့ ရေရွတ်လိုက်သည်။

"ဒါ ကမ္ဘာ့သစ်ပင်ကြီးများလား" ဝမ်ရှီရှီက စိတ်ကူးယဉ်ဆန်သော လေသံဖြင့် အံ့ဩစွာ ပြောလိုက်သည်။

လော်ယွမ်က ဤတစ်ကြိမ်တွင် မငြင်းဆန်တော့ပေ။ သစ်ပင်တစ်ပင်က ဤမျှလောက် ကြီးထွားနိုင်ခြင်းမှာပင် ဒဏ္ဍာရီနှယ် ဖြစ်နေလေပြီ။ သို့မဟုတ်လျှင် သက်ရှိများက မူလကတည်းက ဒဏ္ဍာရီထဲမှ သတ္တဝါများဆီသို့ ဆင့်ကဲပြောင်းလဲနေခြင်းလည်း ဖြစ်နိုင်သည်။

ကမ္ဘာ့သစ်ပင်ကြီး... အမှန်တကယ် ကမ္ဘာ့သစ်ပင်ကြီး ပေါ်ပေါက်လာလျှင်ပင် သူ အံ့ဩမိမည်မဟုတ်ပေ။

(ကမ္ဘာ့သစ်ပင် = World tree ဆိုတာ နော့စ် ဒဏ္ဍာရီက မြင့်မိုရ်တောင်နဲ့ဖော်ပြချက်အနည်းငယ်တူပြီး လောကတွေနဲ့ဘုံအသီးသီးကို ချိတ်ဆက်ထားတဲ့ ဧရာမသစ်ပင်ကြီးကိုပြောတာပါ)

ဤသစ်ပင်နှင့်ပတ်သက်၍ လော်ယွမ်က သူ၏ အဆင့်ကို မဆုံးဖြတ်နိုင်တော့ပေ။ သို့သော် ဤသည်မှာ တစ္ဆေထနောင်းပင်နှင့် နှိုင်းယှဉ်၍မရသည်မှာ သေချာသည်။ အပြာရင့်ရောင်အဆင့်ဖြင့်ပင် သူ၏ ကြီးကျယ်မှုကို ဖော်ပြနိုင်မည်မဟုတ်ပေ။ သူက ဤသစ်ပင်မှာ အန္တရာယ်မရှိဘဲ သဘာဝအတိုင်းသာ ကြီးထွားနေသော သစ်ပင်ဖြစ်ရန် မျှော်လင့်မိသည်။ အဘယ်ကြောင့်ဆိုသော် သူက နောက်ဆက်သွားမည့် အဝေးပြေးလမ်းမကြီးမှာ သူ၏ အရိပ်အောက်မှ အချိန်အတော်ကြာ ဖြတ်သန်းသွားရမည်ကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

"အံ့သြမနေကြနဲ့ဦး... ဒီညနားဖို့နေရာရှာရအောင် မနက်ဖြန်မနက်မှ ငါတို့ခရီးပြန်ဆက်ကြမယ်"

ဤနေရာတွင် စွန့်ပစ်ထားသော အဆောက်အအုံများ နေရာအနှံ့ရှိနေသဖြင့် အခန်းလွတ်တစ်ခုရှာဖွေရန်မှာ အလွန်လွယ်ကူသော်လည်း လုံခြုံမှုရှိရန်မူ ရှာဖွေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အဖွဲ့က မြေအောက်ခန်းပါရှိသော ကြယ်လေးပွင့်ဟိုတယ်တစ်ခုကို တွေ့ရှိခဲ့သည်။

ဤမြေအောက်ခန်းသည် ယခင်က ဟိုတယ်၏ ရုံးခန်းနေရာဖြစ်ပြီး ကွန်ပျူတာ၊ ပရင်တာအစရှိသည်တို့မှာ ရှိနေဆဲဖြစ်သော်လည်း မည်သူမျှ ရုံးမထိုင်တော့သည်မှာ ကြာပြီဖြစ်သည်။

ကော်ဇောပေါ်တွင် ထူထဲသော ဖုန်လွှာများ၊ နေရာအနှံ့တွင် မြင်တွေ့နိုင်သော သွေးမည်းကွက်များနှင့် လူ သို့မဟုတ် သန္ဓေပြောင်းသားရဲတို့၏ အရိုးများမှာ ပြန့်ကျဲလျက်ရှိနေသည်။ ထိုအထဲတွင် လက်နက်မျိုးစုံလည်း ပါဝင်ပြီး သေနတ်ချည်းပင် ငါးလက်၊ ခြောက်လက်ရှိကာ ရိုင်ဖယ်တစ်လက်ပင် ပါဝင်သည်။

သို့သော် ကျည်ဆန်များကိုမူ များများစားစား မတွေ့ရဘဲ ကျည်ခွံအလွတ်များကိုသာ တွေ့ရသည်။

လော်ယွမ်က ဤနေရာတွင် မကြာသေးမီက သိပ်မပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူများ ကျည်ဆန်ကုန်သွားကာ သွေးဆာနေသော သန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု စိတ်ကူးကြည့်နိုင်သည်။

ဤနေရာတွင် အလင်းရောင်လုံးဝမရှိဘဲ အမှောင်ထုဖုံးလွှမ်းနေသောကြောင့် ဓာတ်မီးရှိလျှင်ပင် သိပ်မထူးခြားပေ။ လော်ယွမ်က ဟော်တုံတို့ကဲ့သို့ သာမန်လူများကို စွန့်စားခိုင်းစေချင်စိတ်မရှိသဖြင့် သူကိုယ်တိုင် သေချာစွာ စစ်ဆေးပြီး ကျန်ရှိနေသေးသော သန္ဓေပြောင်းသားရဲအချို့ကို တစ်ကောင်ချင်းစီ ရှင်းလင်းလိုက်သည်။

ထို့နောက် သူက ကားပါကင်နှင့် ရုံးခန်းကို ဆက်သွယ်ထားသော တံခါးကြီးကို ရုံးသုံးစားပွဲများဖြင့် ပိတ်ဆို့လိုက်ပြီး သန္ဓေပြောင်းသားရဲများ ရုတ်တရက် ဝင်ရောက်လာခြင်းကို ကာကွယ်လိုက်သည်။

လော်ယွမ်က လုံခြုံရေးစစ်ဆေးနေစဉ်တွင် အခြားသူများမှာ ရုံးခန်းကြီးတစ်ခုကို ရွေးချယ်လိုက်ကြသည်။ ဓာတ်မီးမှ ထွက်ပေါ်လာသော အလင်းရောင်မှာ နေရာတစ်ခုလုံးကို အပြည့်အဝမလင်းနိုင်ပေ။ လူအုပ်သည် မိမိတို့၏ ပစ္စည်းများကို တိတ်တဆိတ် ရှာဖွေနေကြသည်။ အစိမ်းသက်သက်ဖြစ်ပြီး သုဿန်ကဲ့သို့ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နှင့် တံခါးအပြင်ဘက်ရှိ နေရာအနှံ့မှ ဖြူဖွေးသော အရိုးများက အားလုံးကို အလွန်ပင် မလုံခြုံသလို ခံစားစေသည်။

လော်ယွမ်က တံခါးဖွင့်ဝင်လာသောအခါ လူတိုင်း သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ ရုံးခန်းမှာ လော်ယွမ် ဝင်ရောက်လာသောကြောင့် အသက်ဝင်လာသကဲ့သို့ပင်။

ဆက်ရန်...

All Chapters