အခန်း (၁၂၅-၁၂၈)
Vol. 7 Ch. 125-128
အပိုင်း(၁၂၅)စွမ်းအားတိုးခြင်း
အခန်းမှာလေလုံသောအခန်းဖြစ်သောကြောင့် မီးမွှေးရန် မလွယ်ကူပေ။ ညစာကို အအေးခံထားသော အစားအစာများဖြင့်သာ ဖြေရှင်းလိုက်ရသည်။
လော်ယွမ်က သန္ဓေပြောင်းသတ္တဝါ၏ ကလီစာဖြင့်ပြုလုပ်ထားသော အသားချောင်းကို တစ်ကိုက်ကိုက်လိုက်ပြီး အကြိမ်အနည်းငယ် ဝါးကာ ခက်ခက်ခဲခဲပင် မျိုချလိုက်ရသည်။
ယခုတစ်ကြိမ်ခရီးထွက်ရာတွင် ပြင်ဆင်မှုများမှာ အလွန်ပြည့်စုံလှသည်။ ဤကဲ့သို့ အလွယ်တကူမပုပ်သိုးနိုင်သော မီးခိုးဖြင့်အခြောက်ခံထားသည့် အသားချောင်းများကို ပေါင်ချိန်ဆယ်ဂဏန်းခန့် ပြုလုပ်လာခဲ့သည်။ ကြည့်လိုက်လျှင် မများလှဟုထင်ရသော်လည်း ဤကဲ့သို့ စွမ်းအင်မြင့်မားသော အစားအစာမျိုးသည် လူ့ခန္ဓာကိုယ်အတွက် အလွန်အာဟာရပြည့်ဝပြီး အလွယ်တကူ ဗိုက်ပြည့်စေသည်။ သာမန်လူတစ်ယောက်အနေဖြင့် အသားသုံးလေးချောင်း စားသုံးလိုက်ရုံဖြင့် တစ်နေ့တာလုံး ပြင်းထန်သောလှုပ်ရှားမှုများကို ကောင်းစွာထောက်ပံ့ပေးနိုင်သည်။ ဤအသားချောင်းများရှိနေပါက နောက်ပိုင်းတွင် အခြားမည်သည့်အစားအစာမျှ ရှာမတွေ့လျှင်ပင် လူအားလုံးကို ဆယ်ရက်ကျော်ကြာ အသက်ဆက်နိုင်စေမည်ဖြစ်သည်။
ဟော်တုံက ထိုမြင်ကွင်းကိုတွေ့၍ အသားချောင်းတစ်ချောင်းကို ယူကာ စမ်းကိုက်ကြည့်လိုက်သည်။ ထိုအခါ သွားများပင် ကျိုးကြေသွားမတတ် ခံစားလိုက်ရပြီး ပါးစပ်ကို အလျင်အမြန်အုပ်ကာ မျက်နှာပူပူနှင့် ပြန်ချထားလိုက်သည်။
ဤကဲ့သို့ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါ၏ ကလီစာဖြင့် ပြုလုပ်ထားသော အသားချောင်းမျိုးမှာ အေးသွားသည်နှင့်တစ်ပြိုင်နက် အဆီနှင့်ကြွက်သားများမှာ လုံးဝခဲသွားပြီး အသားမှာ အလွန်ကြမ်းတမ်းမာကျောကာ သားရည်ကဲ့သို့ ဖြစ်သွားသဖြင့် ကိုက်ဖြတ်ရန် အလွန်ခက်ခဲလှ၏။ လော်ယွမ်၏သွားများမှာ သာမန်လူထက် အဆပေါင်းများစွာ မာကျောသောကြောင့်သာ ဤအစားအစာကို ခက်ခက်ခဲခဲ ကိုက်ဖြတ်နိုင်ခြင်းဖြစ်သည်။
"ရေလေးသောက်လိုက်ဦး" လော်ယွမ်က အသားချောင်းတစ်ချောင်းလုံးကို နှစ်ကိုက်သုံးကိုက်ဖြင့် အပြီးစားသောက်လိုက်ပြီးနောက် လည်ချောင်းထဲတွင် နင်သွားဟန်တူသည်ကို မြင်သောကြောင့် ဟွမ်ကျားဟွေက ရေနွေးဘူးကို အလျင်အမြန်ထုတ်ကာ ရေနွေးတစ်ခွက်ငှဲ့၍ လော်ယွမ်ထံသို့ ကမ်းပေးလိုက်သည်။
လော်ယွမ်က ရေနွေးခွက်ကိုယူ၍ တစ်ငုံသောက်လိုက်မှ အစာမှာ ရင်ခေါင်းမှ ဝမ်းဗိုက်ထဲသို့ လျှောကျသွားသည်။ သူက နောက်ထပ်အသားချောင်းတစ်ချောင်းကို ထပ်ယူကာ အားရပါးရစားသုံးလိုက်ပြီး ၅ချောင်းမြောက်ကုန်မှ ရပ်တန့်လိုက်သည်။ အစာများ အစာကြေစုပ်ယူသွားသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းပူနွေးလာပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ဝလင်စွာစားသုံးပြီးနောက် သက်တောင့်သက်သာဖြစ်ကာ ညည်းညူနေသကဲ့သို့ ခံစားလိုက်ရသည်။
ရုတ်တရက် သူ၏စိတ်မှာ တစ်ခဏမျှ လန်းဆန်းသွားပြီး စနစ်၏အသိပေးသံ ထွက်ပေါ်လာသည်။ "ခွန်အား +၁"
လော်ယွမ်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "နောက်ဆုံးတော့ ခွန်အားက ၁၃မှတ်ဖြစ်သွားပြီ"
ဤရက်ပိုင်းအတွင်း သူက ပြင်းထန်သောလေ့ကျင့်ခန်းများကို အဆက်မပြတ်ပြုလုပ်နေခဲ့ပြီး သူ၏ခွန်အားမှာလည်း ဖြည်းညှင်းစွာ တိုးတက်နေခဲ့သည်။ သို့သော် ယနေ့မှသာ သာမာန်အတိုင်း ၁၃မှတ်အထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ခွန်အား (၁၃) မှတ်သည် သာမန်လူထက် ၃.၃ ဆ ပိုမိုများပြားသည်။ သာမန်လူတစ်ယောက်၏ ၇၅ ကီလိုဂရမ် မနိုင်စွမ်းဖြင့် တွက်ချက်မည်ဆိုလျှင် သူက ကီလိုဂရမ် ၂၅၀ ခန့်ကို မတင်နိုင်သည်ဟု အဓိပ္ပာယ်ရသည်။
တိုးတက်မှုမှာ မများလှဘဲ အစွမ်းနှစ်ဆတိုးတက်ခြင်းမဟုတ်သော်လည်း ခွန်အားကိုမူ ဤသို့တွက်ချက်၍မရပေ။ အရည်အသွေးများဆိုသည်မှာ တစ်ခုတည်း သီးခြားတည်ရှိနေခြင်းမျိုး မဟုတ်ပေ။ ခွန်အားကြီးမားခြင်းသည် သူ၏ကြွက်သားများ၏ ပေါက်ကွဲအား ပိုမိုအားကောင်းလာသည်ဟု အဓိပ္ပာယ်ရပြီး အာရုံကြောတုံ့ပြန်နိုင်စွမ်း (လျင်မြန်မှု) နှင့် ပေါင်းစပ်လိုက်ပါက သူ၏ တည့်တည့်သွားသောအရှိန်ကို ပိုမိုမြန်ဆန်စေသည်။ တိုက်ခိုက်ရေးစွမ်းရည်မှာ ထိုတိုးတက်လာသော ခွန်အား၁မှတ်ထက် များစွာသာလွန်သည်။ ယခင် မြေတူးမီးရထားကောင်ကို သတ်ဖြတ်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ခွန်အားမှာ မိုးနဲ့မြေလို ကွာခြားသွားပြီဖြစ်သည်။
သို့သော် ခွန်အားမှလွဲ၍ အခြားအရည်အသွေးများမှာ ဤအတောအတွင်း ပြောင်းလဲမှုမရှိခဲ့ပေ။ ဤသည်မှာ သူက ခွန်အားကို သီးသန့်လေ့ကျင့်နေခြင်းကြောင့်ဖြစ်သော်လည်း အဓိကဖြစ်နိုင်ခြေမှာ ဆင့်ကဲပြောင်းလဲပြီးသူများတွင် အရည်အသွေးတစ်ခုခုဘက်သို့ ယိမ်းယိုင်မှုရှိခြင်းကြောင့် ဖြစ်နိုင်သည်။
အခြေခံအားဖြင့်ဆိုသော် ဆင့်ကဲပြောင်းလဲခြင်းဆိုသည်မှာ အရည်အသွေးများ မူမမှန်စွာ ဆင့်ကဲပြောင်းလဲခြင်းတစ်မျိုးဖြစ်ပြီး စနစ်ကဲ့သို့ အဖက်ဖက်မှပြီးပြည့်စုံအောင် မစွမ်းဆောင်နိုင်ဘဲ အရည်အသွေးတစ်မျိုး သို့မဟုတ် နှစ်မျိုးကိုသာ သီးသန့်အားကောင်းစေသည်။
လင်းရှောင်ကျီသည်လည်း ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်ဖြစ်သော်လည်း ဒဏ်ရာပြန်ကောင်းနိုင်စွမ်းက သာမန်လူထက် အဆပေါင်းများစွာ သာလွန်သည်မှလွဲ၍ အခြားအရည်အသွေးများမှာ သာမန်လူထက် အနည်းငယ်သာ သာလွန်သည်။ သူ့၏အရံအရည်အသွေးများကို မမြင်နိုင်သော်လည်း ခွန်အားနှင့် လျင်မြန်မှုက ၁၂မှတ်ထက် ကျော်လွန်မည်မဟုတ်သည်မှာ သေချာသည်။
လင်ရှောင်ကျီ၏ အသားပေးသောအရည်အသွေးမှာ ကိုယ်ခန္ဓာကြံ့ခိုင်မှုဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာပြန်ကောင်းနိုင်စွမ်းကို ရရှိရန် ကိုယ်ခန္ဓာကြံ့ခိုင်မှု မည်မျှလိုအပ်သည်ကို လော်ယွမ် စိတ်ကူး၍ပင်မရပေ။ အဘယ်ကြောင့်ဆိုသော် ဧရာမဖွတ်ကြီး၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု (၁၇) မှတ်ပင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာပြန်ကောင်းနိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။
သို့သော် လင်းရှောင်ကျီ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ ၁၇မှတ်ထက် ကျော်လွန်နေသည်ဟုဆိုလျှင် လော်ယွမ်အနေဖြင့် လုံးဝယုံကြည်နိုင်မည်မဟုတ်ပေ။ သို့မဟုတ်ပါက ဤမျှကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာကြံ့ခိုင်မှုဖြင့် ငှက်ချေးတစ်ပုံကြောင့် အရေပြား ပုပ်သွားသည့်အခြေအနေသို့ ရောက်မည်မဟုတ်ပေ။
လော်ယွမ်မှာ စောစောစီးစီးကတည်းက နားလည်ထားပြီးဖြစ်သည်။ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် ခံနိုင်ရည်သက်သက်မဟုတ်ဘဲ ဒဏ်ရာပြန်ကောင်းနိုင်စွမ်း၊ အစာခြေစုပ်ယူနိုင်စွမ်း၊ ကိုယ်ခံစွမ်းအား၊ အရိုးများ၏ ကြံ့ခိုင်မှု၊ အရေပြားနှင့် အတွင်းကလီစာများ၏ ခံနိုင်ရည်တို့ ပါဝင်သည်။ လင်းရှောင်ကျီ၏စွမ်းဆောင်မှုအရဆို သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုက ဒဏ်ရာပြန်ကောင်းနိုင်စွမ်းအမျိုးအစားဖြစ်သည်မှာ ထင်ရှားသည်။
နင်းရှောင်ရမ်၏ အစွမ်းက ခွန်အားဘက်သို့ ယိမ်းယိုင်ပြီး လော်ယွမ်၏အစွမ်းမှာမူ ခွန်အားနှင့် အာရုံခံနိုင်စွမ်းတို့နှင့် သက်ဆိုင်သည်။ အာရုံခံနိုင်စွမ်းမှာ အရည်အသွေးအမှတ် (၁၃) မှတ် (တစ္ဆေထနောင်းပင်နှလုံး၏ သက်ရောက်မှုမှ တိုးလာသော၁မှတ်ကို ဖယ်၍) ရောက်ရှိနေပြီဖြစ်သောကြောင့် အချိန်တိုအတွင်း ပြောင်းလဲမှုမရှိခဲ့ပေ။ အာရုံခံနိုင်စွမ်းပင် ပြောင်းလဲမှုမရှိလျှင် အခြားအရည်အသွေးများမှာ တိုးတက်ရန် ပို၍ပင်ခက်ခဲပေမည်။
သူ ဆင့်ကဲပြောင်းလဲပြီးသူ ဖြစ်လာပြီးနောက် စွမ်းအားများ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ကာလမှာ ယခုအချိန်တွင် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် တည်ငြိမ်သောကာလသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သူအချိန်အတော်ကြာသည်အထိ တိုးတက်နိုင်မည်မဟုတ်တော့ပေ။
အရာအားလုံးကို နားလည်သဘောပေါက်သွားပြီးနောက် လော်ယွမ်၏ ဆင့်ကဲပြောင်းလဲပြီးသူဖြစ်လာပြီးနောက် အရည်အသွေးအမှတ်များ လျင်မြန်စွာတိုးတက်လာမည်ဟူသော မျှော်လင့်ချက်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ အတွေးနှင့် လက်တွေ့မှာ အမြဲတမ်း ကွာခြားချက်ရှိကြသည်သာပင်။ ၁၃မှတ်သည် ဆင့်ကဲပြောင်းလဲပြီးသူများအတွက် တစ်နေသောအရာတစ်ခုဖြစ်ဟန်တူသည်။ အချိန်အကြာကြီး လေ့ကျင့်ခြင်းဖြင့် ထိုအဆင့်ကို ကျော်လွှားနိုင်ကောင်း ကျော်လွှားနိုင်မည်ဖြစ်သော်လည်း လက်တွေ့ဘဝ၏ ရက်စက်ကြမ်းတမ်းမှုက စွမ်းအားများ ဖြည်းညှင်းစွာ တိုးတက်လာသည်ကို စောင့်ဆိုင်းနေမည်မဟုတ်ပေ။ နောက်ဆုံး အစွမ်းတိုးရန်အတွက် အရည်အသွေးအမှတ်များကို ဖြုန်းတီးခဲ့မိလျှင်ပင် သူနောင်တရမည်မဟုတ်ချေ။
ဤခရီးလမ်းမှာ အလွန်အန္တရာယ်များပြီး ရှေ့ဆက်မည်သို့ဖြစ်မည်ကို မခန့်မှန်းနိုင်ပေ။ သူ့အစွမ်းပိုမြင့်လေလေ ပိုလုံခြုံလေလေဖြစ်သည်။
ထို့ကြောင့် တစ်ခါတည်း အပြီးသတ်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး ယခင်ကရရှိခဲ့သော အရည်အသွေးအမှတ်ကို သုံးစွဲလိုက်သည်။ ယခုအချိန်တွင် အတော်အတန် လုံခြုံနေသေးပြီး အသားကျအောင် လေ့ကျင့်ရန်အချိန်လည်းရှိသေးသည်။ အကယ်၍ အရေးပေါ်အခြေအနေအတွက် သိမ်းဆည်းထားပြီး အရေးကြုံမှ ကောက်ရိုးတစ်မျှင်ဆွဲသလို အန္တရာယ်နှင့်ကြုံမှ အရည်အသွေးအမှတ်ကို တိုးလိုက်ပါက ရုတ်တရက်တိုးလာသော ခွန်အားနှင့် အချိန်တိုအတွင်း အသားမကျနိုင်ဘဲ တိုက်ခိုက်ရေးစွမ်းရည်ကိုပင် များစွာကျဆင်းစေပေလိမ့်မည်။
လော်ယွမ်က အရည်အသွေးဇယားကွက်ကို ဖွင့်လိုက်ပြီး အရည်အသွေးအမှတ်တစ်ခုစီကို ချိန်ဆကြည့်လိုက်သည်။ နောက်ဆုံးတွင် ယခင်အတွေးအတိုင်းပင် ဆုံးဖြတ်လိုက်သည်။ လျင်မြန်မှုက အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်သည်။ ကျန်ရှိသော အရည်အသွေးအမှတ်ကို သူကလျင်မြန်မှုပေါ်သို့ ပေါင်းထည့်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သူ၏ကိုယ်ပေါ်တွင် ပူလောင်သော စီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် လူအားလုံး၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားသည်ကို သူတွေ့လိုက်ရသည်။ လူတိုင်းမှာ အနှေးပြကွက်များ ပြုလုပ်နေသကဲ့သို့ပင်။ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်သွားပြီး ရှည်လျားသော အသက်ရှူသံ၊ တိုးညှင်းသော နှလုံးခုန်သံ၊ အဝတ်အစားများ ပွတ်တိုက်သံတို့မှာ တစ်ခုချင်းစီ တိကျရှင်းလင်းပြီး နှေးကွေးစွာ သူ၏နားထဲသို့ ဝင်ရောက်လာသည်။
လျင်မြန်မှုအရည်အသွေးအမှတ်ကို သူ အကြိမ်ပေါင်းများစွာ ပေါင်းထည့်ဖူးသော်လည်း အကြိမ်တိုင်းတွင် သူ့အတွက် အသစ်အဆန်းဖြစ်ရသည်။
ကမ္ဘာကြီးတစ်ခုလုံးက စက္ကန့်ဝက်ခန့် နှေးသွားသကဲ့သို့ပင်။ သူနှင့် ကမ္ဘာကြီးတစ်ခုလုံးကြားတွင် ထူးဆန်းသော ကင်းကွာနေသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး အခြားသက်ရှိများနှင့် မတူညီသော ဘုံလောကတစ်ခုတွင် ရှိနေသကဲ့သို့ခံစားရသည်။ သာမန်အသိစိတ်နှင့် စိတ်၏ ဆုံးဖြတ်ချက်များကြားတွင် ကြီးမားသော အဆက်အသွယ်ပြတ်တောက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သာမန်လူတစ်ယောက်အတွက် ရေခွက်တစ်ခွက် စားပွဲပေါ်မှ မြေပြင်သို့ကျသည့်အချိန်မှာ မျက်စိတစ်မှိတ်မျှသာဖြစ်သော်လည်း သူအတွက်မူ ငါးကြိမ်မျှ မျက်တောင်ခတ်နိုင်သည်။
ဤသည်မှာ သိပ်မဆိုးသေး။ အဆိုးဆုံးမှာ စကားပြောခြင်းဖြစ်သည်။ သူ၏ သွက်လက်မှု (၁၄) မှတ်ဖြင့်ဆိုလျှင် သူက စကားပြောနှုန်းကို အနည်းဆုံး ငါးဆခန့် နှေးချပြောမှသာ တစ်ဖက်လူက သူစကားပြောသည်မှာ သိပ်မမြန်ဟု ခံစားရမည်ဖြစ်သည်။
အကြိမ်တိုင်းတွင် သူက လက်တွေ့ဘဝနှင့် လိုက်လျောညီထွေဖြစ်စေရန် အချိန်အတော်ကြာ ဖြည်းညှင်းစွာ ညှိယူရပြီး ထူးဆန်းမနေစေရန် ကြိုးစားရသည်။ သွက်လက်မှု တိုးတက်လာတိုင်း ဤအပြုအမူကို တစ်ကြိမ်ပြန်လည် ထပ်လုပ်ရပြီး သွက်လက်မှု တိုးလာလေလေ၊ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုခက်ခဲလာလေလေဖြစ်သည်။
"နင်ဘာဖြစ်တာလဲ" ဝမ်ရှကွမ်မှာ လော်ယွမ်ကို အမြဲတမ်း အကဲခတ်နေသူဖြစ်သည်။ လော်ယွမ်၏ မျက်လုံးအကြည့်များ ပြန့်လွင့်နေပြီး စိတ်မှာလည်း ကိုယ်နှင့်မကပ်သည်ကို မြင်သောကြောင့် စိုးရိမ်တကြီး မေးလိုက်သည်။
"ငါက..." လော်ယွမ်က သူ၏စကားပြောနှုန်းမှာ အနည်းငယ်မြန်နေသည်ဟု ခံစားမိသောကြောင့် စကားပြောနှုန်းကို တမင်သက်သက် နှေးချလိုက်ပြီး "ဘာမှမဖြစ်ပါဘူး... ငါကိစ္စတစ်ခုစဉ်းစားနေလို့ပါ"
"ကျွန်မတို့သွားမယ့်လမ်းက ပြဿနာရှိလို့လား" ဟွမ်ကျားဟွေက မေးလိုက်သည်။ လူအများစုမှာ ဂဲမှန်ဖူးသောစာသူငယ်ကဲ့သို့ အလွန်တရာ ထိတ်လန့်လွယ်နေကြသောကြောင့် ဤစကားကိုကြားသည်နှင့် စိတ်ထဲတွင် တင်းကျပ်သွားပြီး အားလုံးလှည့်ကြည့်လာကြသည်။
လော်ယွမ်က သူ၏ လွှဲရှောင်စကားတစ်ခွန်းက ဤမျှကြီးမားသော အာရုံစိုက်မှုကို ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက နေ့ခင်းက စဉ်းစားထားသော အတွေးကို ထုတ်ပြောလိုက်သည်။ "မင်းတို့ကအစိုးရိမ်လွန်နေကြတာပဲ... အနည်းဆုံးတော့ မနက်ဖြန်ညနေထိ ဘာပြဿနာမှ မရှိနိုင်ပါဘူး... ကျားဟွေ ဟယ်တုံမြို့မြေပုံထုတ်လိုက်"
ဟွမ်ကျားဟွေက အထုပ်ထဲမှ မြေပုံကို အလျင်အမြန်ထုတ်ကာ ဖြန့်ခင်းလိုက်သည်။
လော်ယွမ်က လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။ "ဒါက ဟိုအပင်ကြီးရှိတဲ့နေရာ... ဒါက သူ့ရဲ့ပိုင်နက်ဧရိယာ"
လော်ယွမ်၏ မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်ပြီး တစ်ခါကြည့်ရုံဖြင့် မမေ့နိုင်ပေ။ သူက လက်ညှိုးဖြင့် မြေပုံပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲပြလိုက်သည်။ ထိုဧရိယာမှာ သစ်ပင်အရိပ်၏ ဧရိယာကို ကိုယ်စားပြုသည်။ "မြေပုံအရဆိုရင် ငါတို့က သစ်ပင်ကြီးရဲ့အရိပ်ထဲကနေ ဖြတ်သွားရမှာ အပင်အောက်မှာ ဘယ်လိုအန္တရာယ်တွေရှိနေမလဲ မသိနိုင်ဘူး... ဘာအန္တရာယ်မှ ရှိမနေတာမျိုးလည်း ဖြစ်နိုင်တယ်"
"အဲ့အပင်ကြီးက တော်တော်ကြီးကို စွမ်းအားကြီးတယ်... ငါ့ရဲ့နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်နေတယ်... ငါတို့ဒီတစ်ခေါက်ကြုံရတဲ့အပင်က သဘာဝအတိုင်း တရားလွန်ကြီးထွားနေတဲ့ အပင်ဖြစ်ဖို့ဆုတောင်းရမယ်... မဟုတ်ရင်တော့ ငါတို့ပတ်ပြီးသွားမှပဲရမှာ"
လော်ယွမ်က အပင်တစ်ပင်ကို ဖော်ပြရန် "စွမ်းအားကြီးတယ်" ဟူသော စကားလုံး သုံးလိုက်သည်ကို ကြားသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ သူတို့သည် ထိုစဉ်က တစ္ဆေထနောင်းပင်၏ လှည့်စားခြင်းကို ခံခဲ့ရပြီးနောက် ဗီလာအိမ်ထဲမှ ထွက်ခွာခြင်းမရှိခဲ့သောကြောင့် တစ္ဆေထနောင်းပင်ကို အမှန်တကယ် မမြင်ဖူးကြပေ။ အပင်များမှာလည်း သန္ဓေပြောင်းသတ္တဝါများကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းရည်မှာ ပို၍ထူးဆန်းသည်ကို သူတို့မသိကြပေ။
"ပတ်ပြီးသွားမယ်ဆိုရင် အဲ့လောက်ကြီးတဲ့ဧရိယာတစ်ခုလုံးကို ပတ်ဖို့ ကျွန်မတို့၁၈မိုင်လောက်ပိုသွားရလိမ့်မယ်... လမ်းမှာကြုံရမယ့် အခက်အခဲတွေကို ထည့်တွက်မယ်ဆိုရင် ဒီထက်တောင်ပိုနိုင်သေးတယ်" ချောင်လင်က မြေပုံကိုယူ၍ အတန်ကြာကြည့်ပြီးနောက် ဖြည်းညှင်းစွာဆိုသည်။
အားလုံးမှာ တိတ်ဆိတ်သွားကြပြီး အခန်းထဲတွင် စိတ်ဖိစီးမှုများဖြင့် ပြည့်နှက်သွားသည်။
ဟော်တုံမှာ အပြင်ထွက်လာမိသည်ကိုပင် အနည်းငယ် နောင်တရနေပြီ။ ခရီးအစမှာပင် လော်ယွမ်ကိုပင် ထိတ်လန့်စေသော သတ္တဝါမျိုးနှင့် ကြုံတွေ့ရမည်ဟု သူ မထင်ထားခဲ့ပေ။ အကယ်၍ ဤအပင်ကြီးမှာ လော်ယွမ်ပြောသကဲ့သို့ "စွမ်းအားကြီး" နေပါက ၎င်း၏အစွမ်းမှာ စိတ်ကူး၍ပင်မရနိုင်ပေ။ ကြီးမားသော ကိုယ်ထည်တစ်ခုတည်းနှင့်ပင် တိုက်ခိုက်မှုအားလုံးကို အရာမထင်စေနိုင်။ လော်ယွမ်လက်ထဲမှ ဓားဖြင့် မည်သို့ရင်ဆိုင်မည်ကို သူ စိတ်ကူး၍မရနိုင်ပေ။ ဒုံးကျည်များဖြင့် ပစ်ခတ်လျှင်ပင် ၎င်းကို လုံးဝဖျက်ဆီးရန် ခက်ခဲပေမည်။
သူက စကားတစ်ခွန်းကို ပြောမည်ကြံလိုက်၊ ရပ်လိုက်ဖြင့် နောက်ဆုံးတွင် အသိတရားဖြင့် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။ လော်ယွမ်၏ ဆုံးဖြတ်ပြီးလျှင် မပြင်တတ်သော အမူအကျင့်အရ သူ၏စကားကြောင့် အလွယ်တကူ အတွေးပြောင်းမည်မဟုတ်ပေ။ သူပြောလျှင် စကားသာအဖတ်တင်ပေမည်။ အကယ်၍ သူတစ်ယောက်တည်း ပြန်သွားပါက လမ်းတစ်ဝက်ပင်မရောက်မီ သန္ဓေပြောင်းသတ္တဝါများ၏ အစားခံရပေလိမ့်မည်။
လော်ယွမ်က လူတိုင်း၏ လေးလံသောမျက်နှာများကိုမြင်ပြီး အနည်းငယ်ပြုံးလိုက်သည်။ "ဒါကအဆိုးဆုံးအခြေအနေကိုပြောတာပါ... အဲ့အပင်ကြီးက သဘာဝအတိုင်း အကြီးမြန်တာလည်းဖြစ်နိုင်တယ်... ညနေကငါသစ်ကိုင်းထိပ်မှာ ငှက်တွေပျံဝဲနေတာ တွေ့လိုက်တယ်... သူတို့အသိုက်အဲ့မှာရှိနိုင်တယ်... သန္ဓေပြောင်းငှက်တွေတောင် ဘာမှမဖြစ်ရင် ငါတို့သူ့အောက်ကဖြတ်သွားတာလည်း ဘာမှမဖြစ်လောက်ပါဘူး"
"ဒါပေမဲ့ သန္ဓေပြောင်းငှက်တွေ အများကြီးရှိနေတယ်လေ" ဝမ်ရှီရှီက စိုးရိမ်စွာဆိုသည်။
"နင်အဲ့လောက်အန္တရာယ်လေးကိုတောင် ကြောက်နေရင် အစကတည်းက လိုက်မလာပဲ ဗီလာမှာပဲ အရိုးထုတ်လိုက်ရမှာ" လော်ယွမ်က ခပ်ပေါ့ပေါ့ဆိုလိုက်သည်။ သန္ဓေပြောင်းငှက်ဖြစ်စေ၊ သန္ဓေပြောင်းသတ္တဝါဖြစ်စေ ၎င်းတို့ကနေရာတိုင်းတွင်ရှိသည်။ ဤမျှကိုပင် ကြောက်နေမည်ဆိုလျှင် အပြင်မထွက်လာသည်က ပိုကောင်းသည်။
စွမ်းအားတိုးတက်လာသည်နှင့်အမျှ သူ၏ယုံကြည်မှုပါ လိုက်ပါတိုးတက်လာသည်။ ယခင်ကသာဆိုလျှင် လော်ယွမ်က ဤသို့ ပေါ့ပေါ့တန်တန် ပြောမည်မဟုတ်ပေ။ သို့သော် ယခုအခါတွင် ဧရာမဖွတ်ကြီး၏ အကူအညီမပါဘဲ အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် တစ်ယောက်တည်း ရင်ဆိုင်ရလျှင်ပင် သူ အနည်းငယ်မျှ ကြောက်ရွံ့မည်မဟုတ်ပေ။
ဝမ်ရှီရှီက နှုတ်ခမ်းကိုကိုက်ကာ လော်ယွမ်ကို မကျေမနပ်ဖြင့် မျက်စောင်းထိုးလိုက်သည်။ သူမ အမုန်းဆုံးမှာ လော်ယွမ်က လူအများရှေ့တွင် သူမကို ဆုံးမခြင်းဖြစ်ပြီး ထိုအပြုအမူက သူမကို မသိနားမလည်သော ကလေးတစ်ယောက်ကဲ့သို့ ခံစားရစေသည်။
ညစာစားခြင်းပြီးဆုံးသွားသည်။ ဖျော်ဖြေရေးမရှိသော ကမ္ဘာပျက်ကာလတွင် ညဉ့်နက်သည်အထိ မအိပ်ဘဲနေတတ်သူများအတွက် နေရာမရှိပေ။ စောစောအိပ် စောစောထသည့်အကျင့်ကို ရနေပြီဖြစ်သော လူအားလုံးမှာ တဲများထောင်ရန် စတင်ပြင်ဆင်ကြသည်။ သို့သော် ဤရုံးခန်းမှာ ကြီးမားသော်လည်း တဲများစွာ ဆန့်ဝင်နိုင်ခြင်းမရှိပေ။
နောက်ဆုံးတွင် ဟွမ်ကျားဟွေ၏ စီစဉ်မှုအရ ဆင့်ကဲပြောင်းလဲပြီးသူနှစ်ဦးမှလွဲ၍ အခြားသူအားလုံးမှာ နှစ်ယောက်တစ်တွဲ အတူအိပ်ကြရသည်။ လင်းရှောင်ကျီမှာ တစ်ကိုယ်လုံးနံစော်နေသောကြောင့် မည်သူမျှ သူနှင့်အတူမအိပ်ချင်ကြပေ။ နင်းရှောင်ရမ်၏စွမ်းရည်မှာမူ အန္တရာယ်ရှိသောကြောင့် မည်သူမျှ သူမနှင့်အတူအိပ်မရဲကြပေ။
နောက်ဆုံးတွင် ဟော်တုံနှင့် ချန်ရှန်းဖုံတို့က တဲတစ်လုံး၊ ချောင်လင်နှင့် ဝမ်ရှကွမ်တို့က တဲတစ်လုံး၊ လော်ယွမ်၊ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့က တဲတစ်လုံးတွင် အတူတူအိပ်ကြပြီး နင်းရှောင်ရမ်နှင့် လင်းရှောင်ကျီတို့က တစ်ယောက်တစ်လုံးစီ အိပ်ကြသည်။ သို့သော်လည်း တဲလေးလုံးကို ဤရုံးခန်းကြီးထဲတွင် ထားရာတွင် အနည်းငယ်ကျပ်ညပ်နေသည်။
ဝမ်ရှကွမ်မှာ လော်ယွမ်က ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့နှင့် တဲတစ်လုံးတည်းတွင် အတူအိပ်သည်ကိုမြင်သောအခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။ သူမ၏လက်မှာ အလိုအလျောက်ပင် အင်္ကျီစကို လိမ်ကျစ်နေမိပြီး အတန်ကြာ ငေးကြောင်၍ရပ်နေမိသည်။ ချောင်လင်က လှမ်းခေါ်မှသာ ခေါင်းငုံ့ကာ တဲထဲသို့ ဝင်သွားသည်။ အမှောင်ထုထဲတွင် မျက်ရည်တစ်စက် က သူမ၏ပါးပြင်ပေါ်မှ လျှောကျသွားပြီး မြေပြင်ပေါ်သို့ကျကာ ကြေမွသွားသည်။
လော်ယွမ်က ထိုအရာအားလုံးကို အာရုံခံမိနေသည်။ သူက မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုမျက်ရည်စက်ကို သူ၏မျက်စိရှေ့တွင် ပြန်လည်မြင်ယောင်နေသကဲ့သို့ပင်။ သူက စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဝမ်ရှကွမ် တောင့်တနေသည်မှာ တစ်ဦးတည်း အပိုင်ရလိုသော အချစ်ဖြစ်သော်လည်း ဤသည်မှာ သူ မပေးနိုင်သောအရာဖြစ်သည်။ သူက သူမကို လိမ်ညာမပြောချင် လိမ်ညာ၍လည်းမဖြစ်ပေ။ သူမ စောစောစီးစီး သိရှိသွားလျှင် စိတ်ကိုစောစောစီးစီး ဖြတ်နိုင်လိမ့်မည်။
ဆက်ရန်...
အပိုင်း(၁၂၆)မိုးထိပင်
တစ်ညတာလုံး စကားတစ်ခွန်းမျှ မဆိုဖြစ်ခဲ့ကြပေ။
နောက်တစ်နေ့ မိုးလင်းသည်နှင့် သူတို့အဖွဲ့က တစ်ဖန်ပြန်လည်ထွက်ခွာခဲ့ကြသည်။ လော်ယွမ်က ဝမ်ရှကွမ် ၏ မျက်လုံးများမှာ အနည်းငယ်နီရဲရောင်ရမ်းနေပြီး မျက်နှာမှာလည်း ညှိုးငယ်နေသည်ကို သတိပြုမိသည်။ လော်ယွမ်၏ စူးစိုက်ကြည့်နေမှုကို ခံစားမိပုံရပြီး သူမက ခေါင်းမော့ကာ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူမ၏အမူအရာမှာ ရှုပ်ထွေးနေပြီး ချက်ချင်းပင် ခေါင်းပြန်ငုံ့ကာ နှုတ်ဆိတ်နေသည်။
လော်ယွမ်က စကားပြောချင်သော်လည်း ချီတုံချတုံဖြစ်နေပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်အဖြစ်သို့ ပြောင်းလဲသွားသည်။
နာရီဝက်ခန့်ကြာပြီးနောက် သူတို့အဖွဲ့ နောက်ဆုံးတွင် အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်ရှိခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် စက်ပျက်နေသော သို့မဟုတ် တိုက်လှန်ခံထားရသော ကုန်တင်ကားကြီးများကို နေရာအနှံ့တွင် တွေ့မြင်နိုင်ပြီး ကားငယ်လေးများကိုမူ အလွန်နည်းပါးစွာသာ တွေ့မြင်ရသည်။
မရေမတွက်နိုင်သော ပစ္စည်းများက လမ်းပေါ်တွင် ပြန့်ကျဲနေပြီး အပေါ်တွင် သံမဏိတုံးများ၊ စားနပ်ရိက္ခာများ၊ စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ သေနတ်ကျည်ဆံအမြောက်အမြားပင် ပါဝင်သည်။
ဤအဝေးပြေးလမ်းမကြီးသည် လူ့အဖွဲ့အစည်း လုံးဝပြိုလဲမသွားမီက ဟယ်တုံမြို့နှင့် အခြားနေရာများသို့ ဆက်သွယ်သော တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးသွေးကြောဖြစ်ခဲ့ပြီး နေ့စဉ် ကုန်တင်ကားများမှာ မပြတ်မလပ် နေ့ရောညပါ သွားလာနေခဲ့သည်။ သို့သော် သားရဲလှိုင်း ဖြစ်ပွားချိန်တွင် ဤနေရာမှာလည်း ထိခိုက်မှုရှိခဲ့သည်။
ဤမျှလောက်များသော ကျည်ဆံများကို လော်ယွမ်က အားလုံးသယ်ဆောင်သွားနိုင်ခြင်းမရှိဘဲ ကျည်ဆန်သုံးပုံးသာယူကာ ဧရာမဖွတ်ကြီး၏ လည်ပင်းတွင် ချိတ်ဆွဲပြီး ခရီးဆက်ခဲ့သည်။ ယခုအခါ လူတိုင်းတွင် သေနတ်တစ်လက်စီ ကိုင်ဆောင်ထားကြပြီး အားလုံးမှာလည်း Type 95 စစ်သုံးရိုင်ဖယ်များသာ ဖြစ်သည်။ ထိုထဲတွင် စနိုက်ပါရိုင်ဖယ်တစ်လက်ပင် ပါဝင်ပြီး မည်သည့်စစ်သား ကျန်ရစ်ခဲ့သည်ကို မသိရပေ။ လော်ယွမ်က ထိုရိုင်ဖယ်ကို ချန်ရှင်းဖုံထံသို့ ပစ်ပေးလိုက်သည်။
ကျန်လူများ၏တိုက်ခိုက်ရေးစွမ်းရည်မှာ လော်ယွမ်လောက် မရှိဘဲ သေနတ်ကို အနိုင်နိုင်ပစ်ခတ်နိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ သို့သော် မရှိခြင်းထက် ရှိခြင်းက ပိုကောင်းပြီး အနည်းဆုံးတော့ တိုက်ပွဲဖြစ်ပွားချိန်တွင် ကူညီထောက်ပံ့ပေးနိုင်သေးသည်။
ဧရာမသစ်ပင်ကြီးနှင့် ပိုမိုနီးကပ်လေလေ စိတ်ထဲမှ တုန်လှုပ်မှုကို ပိုမိုခံစားရလေလေ ဖြစ်သည်။
အဝေးပြေးလမ်းပေါ်မှ အောက်သို့ကြည့်လိုက်လျှင် သူ၏ပင်စည်ကို ဗဟိုပြု၍ မတွေးဝံ့စရာလောက်အောင် ကြီးမားသော ဒေါသထွက်နေသော နဂါးများကဲ့သို့ ရစ်ခွေနေသော သစ်မြစ်များက မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသည်။ သူ၏ကြီးထွားမှုကြောင့် ဖြစ်ပေါ်လာသော အမြစ်များ၏ဖောက်ထွင်းအားက ပတ်ဝန်းကျင်မှ ကီလိုမီတာပေါင်းများစွာသော မြေမျက်နှာသွင်ပြင်ကို သင်္ချိုင်းနယ်မြေကဲ့သို့ မြင့်မားစွာ ဖောင်းကြွသွားစေခဲ့သည်။ မြို့စွန်အနီးမှ အဆောက်အအုံများ အားလုံးပြိုကျသွားပြီး အပူချိန်မြင့်မားသော ရေနွေးငွေ့များ ထွက်နေသည့် မြေအောက်ရေပူစမ်းအမြောက်အမြားလည်း နေ့ရောညပါ ပန်းထွက်နေသောကြောင့် ထိုနေရာက တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေတော့သည်။
ယခုအချိန်တွင်ပင် လော်ယွမ်က ဧရာမသစ်ပင်ကြီး၏ အဆက်မပြတ်ကြီးထွားမှုကြောင့် ထိုနေရာတွင် မကြာခဏ လှုပ်ခတ်နေသောမြေငလျင်များကို ခံစားနေရဆဲဖြစ်သည်။
နေ့လယ်ပိုင်းတွင် သူတို့အဖွဲ့ အဝေးပြေးလမ်းမကြီးပေါ်မှ ခံတပ်များတွင် ခေတ္တအနားယူပြီးနောက် ခရီးဆက်ခဲ့ကြသည်။ ညနေသုံးနာရီခန့်ရောက်သောအခါ နောက်ဆုံးတွင် သစ်ပင်၏ အရိပ်အောက်သို့ ဝင်ရောက်နိုင်ခဲ့သည်။
ကောင်းကင်က လုံးဝပျောက်ကွယ်သွားပြီး ခေါင်းပေါ်တွင် အဆုံးမရှိသော စိမ်းလန်းသော ကမ္ဘာတစ်ခုသာ ရှိတော့သည်။ ရံဖန်ရံခါ နေရောင်ခြည်အချို့သာ သစ်ရွက်များ၏ အထပ်ထပ်သော ပိတ်ဆို့မှုကို ထိုးဖောက်ကာ လမ်းမပေါ်သို့ ကျရောက်ပြီး လက်သီးဆုပ်အရွယ်ခန့် အလင်းကွက်များ ဖြစ်ပေါ်စေသည်။
ဤနေရာက ငှက်တို့၏ ကမ္ဘာတစ်ခုအလားဖြစ်နေပြီး မရေမတွက်နိုင်သော သန္ဓေပြောင်းငှက်ကြီးငှက်ငယ်များက ဧရာမသစ်ပင်ကြီးပေါ်တွင် နေထိုင်ကြသည်။ ကြည်လင်သာယာသော ငှက်များ၏တေးသီသံအမျိုးမျိုးလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး တစ်ဆက်တည်းနီးပါး ဖြစ်နေသည်။ လေထုမှာလည်း အလွန်လတ်ဆတ်သန့်ရှင်းပြီး အရိပ်အောင်၌ ရှိနေသောလူတိုင်းကို စိတ်လန်းဆန်းသွားစေကာ ခန္ဓာကိုယ်အားအင်များပင် ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ ရှိသည်။
အကယ်၍ ဤသန္ဓေပြောင်းငှက်များမှ ထုတ်လွှတ်သော ဖိအားပေးသည့် အငွေ့အသက်များ၊ သစ်ရွက်များပေါ်မှ အရောင်အသွေးစုံလင်ပြီး စပါးအုံးမြွေကဲ့သို့သော အဆိပ်ပြင်းပိုးကောင်များနှင့် သစ်ပင်ပေါ်တွင် အလားတူနေထိုင်သော ထူးဆန်းသော သတ္တဝါများကို ထည့်မတွက်ပါက ဤနေရာသည် နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
သို့သော် အပင်ကြီး၏အရိပ်အောက်တွင် ရှိနေသောလူများထဲတွင်မူ မည်သူမျှ အလှတရားကို ခံစားရန် စိတ်မရှိကြတော့ပေ။ ဤနေရာက သီးခြားဂေဟစနစ်တစ်ခုနီးပါးဖြစ်ပြီး မရေမတွက်နိုင်သော အဆင့်မြင့် သန္ဓေပြောင်းသတ္တဝါများ နေထိုင်ကြသည်။
ငှက်မွေးများနှင့် ငှက်ချေးများက မြေပြင်ကို လွှမ်းခြုံထားပြီး ထိုထဲတွင် တိုက်ပွဲရှုံးနိမ့်ပြီးနောက် ကျန်ရစ်ခဲ့သော သန္ဓေပြောင်းသတ္တဝါများ၏ အရိုးများလည်း ရှိနေသည်။ ဤနေရာသည် ကြွယ်ဝသော ရတနာသိုက်တစ်ခုကဲ့သို့ ရှိပြီး လော်ယွမ်က မည်သည့်အဆင့်ရှိ ပစ္စည်းများကိုမဆို ရှာဖွေတွေ့ရှိနိုင်ပေသည်။
လော်ယွမ်က ၆ပေကျော်ရှည်သော အရောင်အသွေးတောက်ပသည့် စိမ်းပြာရောင်အမြီးမွေးအချို့ကို ကောက်ယူလိုက်သည်။ ဆင့်ကဲပြောင်းလဲသူဖြစ်လာပြီးနောက် သူက အခြေပြုဓာတ်များ၏ စွမ်းအားကို မထင်မှတ်ဘဲ ခံစားနိုင်လာသည်။ မြေကြီး၏စွမ်းအားသည် လေးလံတည်ငြိမ်ပြီး၊ ရေက စိုစွတ်နူးညံ့သည်။ ဤအမွေးအနည်းငယ်မှာမူ ပေါ့ပါးသွက်လက်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူက အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်သည်။
အမည် - မုန်တိုင်းငှက်၏ အမြီးမွေး
ရှားပါးမှုအဆင့် - အပြာရင့်ရောင်
အလေးချိန် - ၃၀ ဂရမ်
ထပ်တိုးအစွမ်း - လေစီးကြောင်းကို ဟန်ချက်ညီစေခြင်း
သုံးသပ်ချက် - မုန်တိုင်းငှက်သည် ထူးခြားသော သန္ဓေပြောင်းသတ္တဝါတစ်မျိုးဖြစ်ပြီး မုန်တိုင်းကို မွေးရာပါ မုန်းတီးသည်။ မုန်တိုင်းကျရောက်တိုင်း သူတို့ မုန်တိုင်းအား လိုက်လံဖမ်းဆီးသည့် မြင်ကွင်းကို တွေ့မြင်နိုင်သည်။ သူက မုန်တိုင်းကို ငြိမ်သက်စေနိုင်သော စွမ်းရည်ကို မွေးရာပါ ပိုင်ဆိုင်ထားပြီး ဤစွမ်းရည်သည် အမွေးများပေါ်တွင် အပြည့်အဝ ထင်ဟပ်နေသည်ပြီး လေဓာတ်စွမ်းအင်အနည်းငယ် ပါဝင်သည်။
လော်ယွမ်၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ကျန်းမာတောက်ဓားရှည်မှလွဲ၍ သူ၏အခြားပစ္စည်းကိရိယာများမှာ အပြာရောင်အဆင့်တွင်သာ ရပ်တန့်နေပြီး အနည်းငယ် နောက်ကျကျန်နေခဲ့ပြီ ဖြစ်သည်။ သူသည် အစောကတည်းက အဆင့်မြှင့်တင်ချင်ခဲ့သော်လည်း သင့်တော်သော ပစ္စည်းများကို မရှာဖွေနိုင်ခဲ့ပေ။ မထင်မှတ်ဘဲ ဤနေရာတွင် တွေ့ရှိခဲ့သည်။
လော်ယွမ်က မြေပြင်ပေါ်မှ အမွေးများကို ပိုမိုဂရုစိုက်လာပြီး နောက်ထပ် အလားတူအမွေးအချို့ကို ထပ်မံတွေ့ရှိခဲ့သည်။
ထို့အပြင် သူက အခြားအပြာရင့်ရောင်အဆင့် အမွေးအမျိုးအစားအချို့ကိုပါ တွေ့ရှိခဲ့သော်လည်း အခြေပြုဓာတ်ပါဝင်သောအမွေးမှာ အလွန်နည်းပါးသည်။ အမွေးအမျိုးအစားခြောက်မျိုးတွင် တစ်မျိုးသာ အခြေပြုဓာတ်ပါဝင်ပါဝင်ပြီး ၎င်းမှာလည်း မီးဓာတ်ဖြစ်သည်။ သို့သော် လော်ယွမ်က သိမ်းဆည်းထားလိုက်သည်။
အနောက်ဘက်ဒေသသည် ကုန်းမြင့်ဒေသဖြစ်သောကြောင့် လေထုပါးလွှာပြီး နေ့ညအပူချိန်ကွာခြားမှုမှာ အလွန်ကြီးမားသည်။ ညအချိန်တွင် အလွန်အေးစက်ပြီး ဤတဲများမှာလည်း အအေးဒဏ်ကို မကာကွယ်နိုင်ပေ။ သူက ခန္ဓာကိုယ်သန်မာသောကြောင့် ဘာမှမဖြစ်နိုင်သော်လည်း သာမန်လူများမှာမူ မခံနိုင်ကြပေ။ ဤသို့သောအမွေးများရှိပါက စောင် သို့မဟုတ် အတွင်းခံအင်္ကျီများတွင် ပေါင်းစပ်အသုံးပြုရန် အလွန်သင့်တော်သည်။
"ဟိုမှာကြည့်စမ်း အသီးတစ်လုံးသီးနေတယ်" ထိုအချိန်တွင် ချောင်လင်က ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လော်ယွမ်က ခေါင်းမော့ကြည့်လိုက်ပြီး ခဏရှာဖွေပြီးနောက် ခေါင်းပေါ်မှ ပေ၃၀ကျော်အမြင့်တွင် လူခေါင်းအရွယ်ခန့်ရှိသော အသီးတစ်လုံးသည် အထပ်ထပ်သော သစ်ရွက်များကြားတွင် ပုန်းအောင်းနေသည်ကို တွေ့ရှိလိုက်ရသည်။ မျက်နှာပြင်မှာ စိမ်းပြာရောင်နှင့် အနီရောင်ရောယှက်နေပြီး အလွန်လှပဆွဲဆောင်မှုရှိသည်။
သို့သော် ဤအသီးကို အစောကတည်းက တစ်စုံတစ်ယောက်က စောင့်ကြည့်နေပြီဖြစ်သည်။ ဧရာမအစိမ်းရောင် သန္ဓေပြောင်းငှက်တစ်ကောင်က ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်ဖြင့် မနီးမဝေးမှ သစ်ကိုင်းပေါ်တွင် ရပ်နေသည်။ သူ၏မျက်လုံးများသည် တစ်ဝက်ဖွင့်တစ်ဝက်ပိတ်ထားပြီး အကြည့်များသည် ထိုနေရာသို့ အကြိမ်ကြိမ်အခါခါ စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ အခြေအနေကိုလည်း သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။
ကမ္ဘာပျက်ပြီးနောက်ပိုင်း သူက အပင်များ အသီးသီးသည်ကို အလွန်နည်းပါးစွာသာ မြင်တွေ့ခဲ့ရသည်။ ယခင်က လူတို့စိုက်ပျိုးခဲ့သော ပြောင်းဖူးပင်လျှင် အသီးသီးနှုန်းမှာ အလွန်နည်းပါးလှသည်။ ဤမျှလောက် ကြီးမားသော ဧရာမသစ်ပင်ကြီးကိုပင်လျှင် သူက ဤအသီးတစ်လုံးမှလွဲ၍ အခြားအသီးများကို မမြင်တွေ့ရပေ။ သို့သော် လော်ယွမ်က သစ်ရွက်များကြားတွင် ပုန်းအောင်းနေနိုင်သည်ဟု ခန့်မှန်းမိသည်။
ဤမျှလောက်အဆင့်မြင့်သည့် သတ္တဝါက စောင့်ကြည့်နေသော အသီးဖြစ်သောကြောင့် မစဉ်းစားဘဲနှင့်ပင် သူ၏တန်ဖိုးကို သိနိုင်ပေသည်။
လော်ယွမ်၏ စိတ်ထဲတွင် လောဘတစ်ချက် ဖြစ်ပေါ်သွားသော်လည်း သူက စိတ်ထဲမှ လောဘကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ ဤခန့်ညားသော ဧရာမငှက်ကြီးသည် ရန်စရန် လွယ်ကူသော သတ္တဝါမဟုတ်သည်မှာ ထင်ရှားနေသည်။ ထို့အပြင် သူ့အဖွဲ့၌ သာမန်လူများစွာလည်း ရှိနေသေးသည်။ အကယ်၍ တိုက်ပွဲဖြစ်ပွားပါက လူများစွာ သေဆုံးမည်မှာ သေချာသည်။ အခြားသူများကို လော်ယွမ် ဂရုမစိုက်သော်လည်း ဟွမ်ကျားဟွေ၊ ဝမ်ရှကွမ် နှင့် ဝမ်ရှီရှီတို့ထဲမှ တစ်ယောက်ယောက် သေဆုံးဒဏ်ရာရသွားပါက သူလက်ခံနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် သူက အသီးသည် မယုံနိုင်စရာအရှိန်ဖြင့် လျင်မြန်စွာ မှည့်လာသည်ကို အံ့ဩတကြီး တွေ့ရှိလိုက်ရသည်။ မူလက တစ်ဝက်စိမ်းတစ်ဝက်နီမှ လျင်မြန်စွာ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထူးခြားသော မွှေးရနံ့တစ်ခု ပျံ့နှံ့လာသည်။
"မကြည့်နဲ့တော့… မြန်မြန်သွား ရှေ့က ခံတပ်ကိုသွား" လော်ယွမ်က အလျင်အမြန် ပြောလိုက်သည်။ သူ၏စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ခံစားနေရသည်။ ဤအသီးက ပြဿနာ၏ အရင်းအမြစ်ဖြစ်နိုင်ပြီး ဤမျှလောက် မွှေးရနံ့ပြင်းသောကြောင့် မကြာမီ အခြားသန္ဓေပြောင်းသတ္တဝါများကို ဆွဲဆောင်လာလိမ့်မည်ဟု သူခန့်မှန်းမိသည်။ သူက ဧရာမဖွတ်ကြီးပင်လျှင် ခေါင်းမော့ကာ ခေါင်းပေါ်မှ အသီးကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
မွှေးရနံ့၏ လွှမ်းမိုးမှုကြောင့် အားလုံးက ယစ်မူးနေကြပြီး အနံ့ကို ပိုမိုရှူရှိုက်ချင်စိတ်ဖြင့် တစ်ခဏမျှ တုံ့ပြန်နိုင်ခြင်း မရှိကြပေ။ ထိုအချိန်တွင် အခြားအနီရောင်နှင့် အဝါရောင်ရောယှက်နေသော ဧရာမငှက်တစ်ကောင်က ဓားသွားကဲ့သို့ အသီးဆီသို့ ပစ်ဝင်လာသည်။
နောက်တစ်ခဏတွင် ခေါင်းပေါ်မှ နားစည်ကွဲမတတ် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဧရာမငှက်နှစ်ကောင်က အပေါ်ဘက်တွင် အဆက်မပြတ် ကိုက်ဖြတ်လူးလိမ့်နေကြရာ လေထုပင်လျှင် အလွန်ပြင်းထန်လာသည်။
ထိုအခါမှအားလုံး အိပ်မက်မှ လန့်နိုးလာသကဲ့သို့ မျက်နှာပျက်သွားကြပြီး ရှေ့မှ ခံတပ်သို့ အသက်လုပြေးကြသည်။
လော်ယွမ်က ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် ဧရာမဖွတ်ကြီး နောက်က မလိုက်လာဘဲ မော့ကြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူက ဒေါသထွက်လွန်းသောကြောင့် နားထင်ကြောများပင် ထောင်တက်လာသည်။ သူက လျင်မြန်စွာ ပြန်ပြေးလာပြီး သူ့ကို ရိုက်နိုးရန် ကြံရွယ်လိုက်သော်လည်း ဦးနှောက်ထဲတွင် ရုတ်တရက် စနစ်တာဝန်၏ သတိပေးသံ ထွက်ပေါ်လာသည်။ "ဒင်...E+ အဆင့်မစ်ရှင် - မိုးထိပင်၏ အသီးကို ရယူရန်"
"သေစမ်း" လော်ယွမ်က စိတ်ထဲမှ ဆဲဆိုလိုက်ပြီး မကောင်းသော နမိတ်တစ်ခု ရုတ်တရက် ရလိုက်သည်။
ထင်သည့်အတိုင်းပင် ခေါင်းပေါ်မှ တိုက်ပွဲက အလွန်ပြင်းထန်သောကြောင့် ငှက်ကြီးတစ်ကောင်၏ တောင်ပံက ဧရာမသစ်ပင်ကြီး၏ သစ်ကိုင်းကို မတော်တဆ ရိုက်ခတ်မိသွားသည်။ သစ်ကိုင်းက အလွန်ခိုင်မာသောကြောင့် အကြိမ်အနည်းငယ် တုန်ခါသွားသော်လည်း မကျိုးသွားပေ။ သို့သော် မှည့်နေပြီဖြစ်သော အသီးမှာမူ ပြုတ်ကျသွားသည်။ တိုက်ပွဲဖြစ်ပွားနေသော ငှက်ကြီးနှစ်ကောင်သည် တုံ့ပြန်ရန် အချိန်မမီဘဲ အသီးသည် သူတို့ဘေးမှ ပြုတ်ကျသွားသည်ကို မျက်စိဖြင့်သာ ကြည့်နေနိုင်တော့သည်။ အောက်သို့ဆင်းရန် ကြိုးစားချိန်တွင်မူ နောက်ကျသွားပြီ ဖြစ်သည်။
ဧရာမဖွတ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် တစ်ချက်တုန်ယင်သွားပြီး အော်ဟစ်ကာ ခြေလေးချောင်းကို အားကုန်သုံး၍ အသီးဆီသို့ ရူးသွပ်စွာ ပြေးသွားသည်။ ပြီးနောက် လျှာဖြင့်တစ်ချက်လျက်သိမ်းလိုက်ပြီး အသီးကို သူ၏ဝမ်းဗိုက်ထဲသို့ မျိုချလိုက်သည်။
အခြေအနေမှာ ဤသို့ဖြစ်နေပြီဖြစ်သောကြောင့် လော်ယွမ်ကလည်း ခေါင်းမာစွာဖြင့် တာဝန်ကို လက်ခံလိုက်ရသည်။ နောက်တစ်ခဏတွင် စနစ်မှ မစ်ရှင်ပြီးမြောက်ကြောင်း သတိပေးသံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် မစ်ရှင်ပြီးမြောက်နှုန်းမှာ မကြုံစဖူး မြန်ဆန်လှပြီး လက်ခံပြီးသည်နှင့် တစ်ပြိုင်နက် ပြီးမြောက်သွားသော်လည်း လော်ယွမ်အတွက်မူ ဤမစ်ရှင်က စပင်မစရသေးချေ။
အသီးကို အမြဲစောင့်ကြည့်နေခဲ့သော အပြာရင့်ရောင်အဆင့် အစိမ်းရောင်ငှက်ကြီးက ဒေါသအကြီးအကျယ်ထွက်သွားသည်။ သူက စူးရှစွာ အော်ဟစ်လိုက်ပြီး မူလပြိုင်ဘက်ကို စွန့်လွှတ်ကာ အသီးခိုးစားသွားသော ဧရာမဖွတ်ကြီးကို ဦးတည်လိုက်သည်။ ထိုခဏတွင် လေပြင်းများ တိုက်ခတ်လာပြီး ငှက်ကြီးက ဥက္ကာခဲကဲ့သို့ ကောင်းကင်မှ ကျဆင်းလာသည်။
ဧရာမဖွတ်ကြီးက ကောင်းကင်ကို မော့ကြည့်ကာ အဆက်မပြတ် ဟိန်းဟောက်နေသည်။ လွန်ခဲ့သော ကာလအတွင်း ဧရာမဖွတ်ကြီးက နေ့စဉ် အခြားသန္ဓေပြောင်းသတ္တဝါများနှင့် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲအတွေ့အကြုံများ ကြွယ်ဝနေပြီဖြစ်ပြီး တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သည်ဟု ဆိုနိုင်သည်။ အရှိန်ပြင်းစွာ ထိုးဆင်းလာသော ငှက်ကြီးကို ကြည့်ရင်း သူက အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိဘဲ ငှက်ကြီး ခုန်အုပ်သည့်အခါမှသာ ခန္ဓာကိုယ်ကို တစ်ချက်ရှောင်လိုက်ပြီး အန္တရာယ်မှ လွတ်မြောက်သွားသည်။
"အုန်း"
ကျယ်လောင်သော အသံကြီးတစ်ချက် ထွက်ပေါ်လာသည်။
ငှက်ကြီး၏ ခြေသည်းများက ဖွတ်ကြီးနှင့် လွဲချော်သွားပြီး အဝေးပြေးလမ်းမကြီး၏ လမ်းမျက်နှာပြင်ကို ၆ပေကျော်အချင်းရှိသော တွင်းကြီးတစ်ခုအဖြစ် ကုတ်ခြစ်သွားသည်။
လော်ယွမ်က အလွန်စိုးရိမ်နေသဖြင့် စနစ်မစ်ရှင်ပြီးမြောက်ကြောင်း သတိပေးချက်ကိုပင် ကြည့်ရန် အချိန်မရတော့ပေ။ သူက နောက်ကျောမှ လှံတိုများပြည့်နေသော ကျောပိုးအိတ်ကို မြေပြင်ပေါ်သို့ အလျင်အမြန် ချထားလိုက်သည်။ ငှက်ကြီး လုံးဝပျံမတက်သေးသည်ကို မြင်သောအခါ သူက လှံတိုအနည်းငယ်ကို လျင်မြန်စွာ ကောက်ယူပြီး ရှေ့သို့ ပြေးတက်သွားသည်။
သူ၏အရှိန်ပြင်းစွာ လှုပ်ရှားနေသော ခန္ဓာကိုယ်က အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်စက္ကန့်အကြာတွင် သူ၏အရှိန်က အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ငှက်ကြီး ပြန်လည်ပျံတက်တော့မည်ကို မြင်သောအခါ သူက အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ ကြွက်သားများအားလုံး ဖောင်းကားလာကာ လက်ထဲမှ လှံတိုကို မြှောက်ကိုင်ပြီး ချက်ချင်းပင် အားကုန်သုံး၍ ငှက်ကြီးထံသို့ ပစ်လွှတ်လိုက်သည်။
လူ့ခန္ဓာကိုယ်၏ ပေါက်ကွဲအားသည် ခွန်အားသက်သက်သာ မဟုတ်ပေ။ ၎င်းကလျင်မြန်မှုနှင့် ခွန်အားတို့၏ မြှောက်လဒ်ဖြစ်သည်။ လော်ယွမ်က သာမန်လူထက် ၁၅ဆ အားကောင်းပြီး လူစွမ်းကောင်းတစ်ယောက်ဟုပင် ဆိုနိုင်သည်။
အားကောင်းသော ပေါက်ကွဲအားက ချက်ချင်းပင် လှံတိုကို အသံအတားအဆီးကို ထိုးဖောက်သွားစေပြီး လှံတို၏ ရှေ့ပိုင်းတွင် ကတော့ပုံစံ အသံထက်မြန်သော လေလှိုင်းလေးတစ်ခုပင် ပေါ်ပေါက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲသို့ ပျံတက်သွားသော ငှက်ကြီးက လှံတိုဖြင့် တိုက်ရိုက်ထိမှန်သွားသည်။ ချက်ချင်းပင် ထိုပစ်အားက ဗုံးတစ်လုံးကဲ့သို့ သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲသွားပြီး တစ်ချိန်တည်းမှာပင် လှံတိုတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသော ထိုးဖောက်အားသည်လည်း သူ၏ခန္ဓာကိုယ်ကို မီတာပေါင်းများစွာ လွင့်စင်သွားစေပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူက အံ့ဩဒေါသထွက်စွာ အော်ဟစ်လိုက်ပြီး တောင်ပံများကို အဆက်မပြတ်ခတ်ကာ ပြန်လည်ပျံတက်ရန် ကြိုးစားသည်။
သို့သော် ထို့နောက်တွင် နောက်ထပ်လှံတိုတစ်ချောင်းက သူ၏ခန္ဓာကိုယ်ကို ထိမှန်သွားပြီး အမွေးအမြောက်အမြား ပေါက်ကွဲလွင့်စင်သွားသည်။
ထို့နောက်တွင် လှံတိုများသည် ဒုံးကျည်များကဲ့သို့ တစ်ချောင်းပြီးတစ်ချောင်း အဆက်မပြတ် ပစ်လွှတ်လာပြီး လေးချောင်းမြောက်တွင် ငှက်ကြီးက ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ ခန္ဓာကိုယ်မှာ တစ်ဖက်သို့ ယိုင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။
ကမ္ဘာပျက်ခေတ်မတိုင်မီက အရေခွံထူသော ကြံ့ပင်လျှင် သူ၏လှံတိုအောက်တွင် လုံးဝထိုးဖောက်နိုင်သည်ဟု လော်ယွမ်က ယုံကြည်သည်။ သို့သော် ဤအပြာရင့်ရောင်အဆင့် သန္ဓေပြောင်းငှက်ကို ရင်ဆိုင်ရာတွင်မူ ၎င်း၏အရေခွံကို ထိုးဖောက်ရန်မဖြစ်နိုင်သေးပေ။ သူက အနည်းငယ် စုတ်ပြတ်နေသော်လည်း အမွေးအချို့ကျွတ်သွားသည်မှလွဲ၍ တစ်ကိုယ်လုံးတွင် ဒဏ်ရာတစ်စက်မျှ မရှိပေ။
သူ၏တောင်ပံများက ရူးသွပ်စွာ ခတ်နေပြီး အဝေးပြေးလမ်းမကြီး၏ အရည်အသွေးမြင့် ကွန်ကရစ်မြေပြင်သည် သူ၏တောင်ပံများ၏ ရိုက်ခတ်မှုအောက်တွင် ကြွပ်ဆတ်သော ဘီစကွတ်ကဲ့သို့ အဆက်မပြတ် ကြေမွသွားပြီး ကျောက်စရစ်ခဲများ လွင့်စင်နေသည်။ သူက တစ်ဖန်ပြန်လည်ပျံတက်ရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ဧရာမဖွတ်ကြီးက လျင်မြန်စွာ ခုန်ဝင်သွားပြီး ငှက်ကြီး၏ ရှည်လျားသောလည်ပင်းကို တစ်ချက်တည်း ကိုက်ဖြတ်လိုက်သည်။ နောက်တစ်ခဏတွင် မိကျောင်းကဲ့သို့ ရူးသွပ်စွာ လူးလိမ့်ဆုတ်ဖြဲကာ သူ့ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမပေးတော့ပေ။
ကမ္ဘာပျက်ခေတ်မတိုင်မီဖြစ်စေ၊ ကမ္ဘာပျက်ပြီးနောက်ခေတ်ဖြစ်စေ၊ မည်မျှပင် ခွန်အားကြီးသော ငှက်မျိုးဖြစ်စေ၊ ကုန်းနေသတ္တဝါများနှင့် တိုက်ခိုက်ရာတွင် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်နှင့် သေဆုံးခြင်းကို ကြုံတွေ့ရမည်သာ ဖြစ်သည်။ ဧရာမဖွတ်ကြီး၏ အဆင့်က ငှက်ကြီးနှင့် တစ်ဆင့်ကွာခြားသော်လည်း ယခုအခါ လုံးဝအသာစီးရနေပြီး သူ၏ကြောက်မက်ဖွယ်ကောင်းသော ကိုက်အားအောက်တွင် ငှက်ကြီး၏ ရှည်လျားသော လည်ပင်းကျောရိုးက ချက်ချင်းကျိုးသွားသည်။
ထိုအချိန်တွင် ငှက်ကြီး၏ ရုန်းကန်မှုမှာ အလိုအလျောက်တုံ့ပြန်မှုမျှသာ ဖြစ်တော့သည်။
စက္ကန့်အနည်းငယ်အကြာတွင် ငှက်ကြီး၏ ဦးခေါင်းတစ်ခုလုံးကို ဧရာမဖွတ်ကြီးက ပါးစပ်ကြီးဖြင့် လုံးဝဆုတ်ဖြဲလိုက်ပြီး သွေးများ တသွင်သွင်စီးကျလာသည်။ ငှက်ကြီး တဖြည်းဖြည်း အသံတိတ်သွားမှ ဧရာမဖွတ်ကြီးသည် မတ်တပ်ရပ်လိုက်သည်။ လော်ယွမ်က သူ၏ရင်ဘတ်တွင် ကုတ်ခြစ်ရာအချို့မှလွဲ၍ တစ်ကိုယ်လုံးတွင် အခြားမည်သည့်ဒဏ်ရာမျှ မရှိသည်ကို မြင်လိုက်ရသည်။
ထိုကုတ်ခြစ်ရာအနည်းငယ်မှာမူ ဧရာမဖွတ်ကြီးအတွက် အပေါ်ရံဒဏ်ရာမျှသာဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် ပျောက်ကင်းသွားမည် ဖြစ်သည်။
ခုနက တိုက်ပွဲဖြစ်ပွားခဲ့သော အခြားအနီရောင်အဝါရောင်ရောယှက်နေသော ငှက်ကြီးသည် မူလက ကောင်းကင်တွင် ပျံဝဲနေခဲ့သည်။ ယခု အစိမ်းရောင်ငှက်ကြီး သေဆုံးသွားသည်ကို မြင်သောအခါ နောက်ဆုံးတွင် တောင်ပံများကို ခတ်ကာ အဝေးသို့ ပျံသန်းသွားသည်။
လော်ယွမ်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဤတစ်ကြိမ်တိုက်ပွဲက မထင်မှတ်ဘဲ ချောမွေ့လှသည်။ စတင်ချိန်မှ ပြီးဆုံးချိန်အထိ နာရီဝက်ခန့်သာ ကြာမြင့်ပြီး လူတစ်ယောက်နှင့် သားရဲတစ်ကောင် ပူးပေါင်းကာ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ မသိလိုက်မသိဘာသာပင် လော်ယွမ်က ဤအဆင့်ထိ အစွမ်းထက်လာခဲ့ပြီဖြစ်သည်။
ဤတစ်ကြိမ်တွင် ဧရာမဖွတ်ကြီးက သေဆုံးသွားသော ငှက်ကြီး၏ သွေးသားကို လုံးဝစိတ်ဝင်စားခြင်းမရှိတော့ပေ။ သူက တစ်ဖက်သို့ သွားကာ အဆက်မပြတ် ဟိန်းဟောက်ပြီး ခြေလေးချောင်းကို မကြာခဏ နင်းခြေနေသည်။ သူ၏မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ချက် သန်းနေပြီး တစ်ကိုယ်လုံးမှ အားအင်များ လျှံထွက်တော့မတတ် ဖြစ်နေကာ ပုံမှန်မဟုတ်သော စိတ်လှုပ်ရှားမှုတစ်ခု ရှိနေသည်။
ထိုအခါမှ လော်ယွမ်က သူစောစောက အသီးတစ်လုံးကို မျိုချခဲ့သည်ကို သတိရသွားသည်။ ထိုအသီးက မည်သို့သောအကျိုးသက်ရောက်မှုရှိသည်ကို မသိသော်လည်း ဤအခြေအနေက ထိုအသီးကြောင့် ဖြစ်ပွားခြင်းဖြစ်သည်မှာ ထင်ရှားနေသည်။
သူက အရေအသွေးပြဇယားကို ဖွင့်ကြည့်လိုက်ရာ ဧရာမဖွတ်ကြီး အဆင့်တက်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူရရှိခဲ့သော အတွေ့အကြုံအမှတ်မှာ အများစုဖြစ်ပြီး ၈၀% နီးပါးရှိသည်။ ထိုများပြားသော အတွေ့အကြုံမှတ်က သူ့ကို နောက်တစ်ဆင့်တက်သွားစေခဲ့သည်။ ထို့နောက် သူက ဧရာမဖွတ်ကြီး၏ အခြေအနေကို ကြည့်လိုက်ရာ အပေါ်တွင် မရင်းနှီးသော စာလုံးတစ်လုံး ပေါ်ထွက်လာသည်။
"ဆင့်ကဲပြောင်းလဲနေသည်..."
လော်ယွမ်က ဧရာမဖွတ်ကြီးကို ရုတ်တရက် ကြည့်လိုက်ပြီး မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဧရာမဖွတ်ကြီးက နောက်ဆုံးတွင် ဆင့်ကဲပြောင်းလဲသွားမည်ဟု သူမထင်ထားခဲ့ပေ။
ဆက်ရန်…
အပိုင်း(၁၂၇)လေစီးကြောင်းထိန်းညှိခြင်း
လော်ယွမ် ခဏကြာ စောင့်ကြည့်ပြီးနောက် ၎င်းက အချိန်တိုအတွင်း ဆင့်ကဲပြောင်းလဲနိုင်မည်မဟုတ်ကြောင်း တွေ့ရှိရသဖြင့် ဆက်လက်ဂရုမစိုက်တော့ပေ။
သူက အစိမ်းရောင်ငှက်ကြီး၏အလောင်းအနားသို့ လျှောက်သွားရာ လှံတိုအများစုမှာ ပေါက်ကွဲကြေမွသွားပြီး အတိုအစများသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင်လည်း ရှည်လျားသွယ်လျသော သစ်သားစများ ပြန့်ကျဲနေ၏။
သူ စိတ်ထဲတွင် အံ့ဩသွားသည်။ တစ္ဆေထနောင်းပင်မှရရှိသော အပြာရောင်အဆင့် လှံတိုများ ဤမျှလောက်အထိ ပျက်စီးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက ပြန်လည်အသုံးပြုနိုင်သေးမည်ဟု ထင်ထားခဲ့သည်။
အမှန်တကယ်တွင် လော်ယွမ်က သူ၏ပစ်လွှတ်တိုက်ခိုက်မှုတွင် ပါဝင်သောစွမ်းအားကို များစွာလျော့တွက်ထားခဲ့သည်။ ပေါင်ငါးဆယ်အလေးချိန်ရှိသော လှံတိုတစ်ချောင်းသည် အသံ၏အလျင်ဖြင့် အရှိန်ပြင်းစွာ ရွေ့လျားသောအခါ ၎င်းတွင်ပါဝင်သော အရွေ့စွမ်းအင်မှာ ဂျိုး(Joule)ပေါင်း နှစ်သန်းကျော်ရှိပြီး ၎င်း၏အစွမ်းသည် ပေါင်လေးသောင်းအလေးချိန်ရှိသော အရာဝတ္ထုတစ်ခု ပေ၃၀အမြင့်မှ ပြုတ်ကျသည်နှင့် ညီမျှသည်။ ဆင်တစ်ကောင်ပင်ဖြစ်လင့်ကစား အောက်တွင်ရှိနေပါက ကြေမွလုနီးပါး ဖြစ်သွားပေမည်။
အပြာရင့်ရောင်အဆင့် အစိမ်းရောင်ကြီး၏အရေခွံမှာ အလွန်မာကျောသောကြောင့်သာ ဤတိုက်ခိုက်မှုကို မနည်းပင်ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အပေါ်ယံတွင် ထိခိုက်မှုမရှိသကဲ့သို့ ထင်ရသော်လည်း လုံးဝထိခိုက်မှုမရှိခြင်းတော့မဟုတ်ပေ။ လော်ယွမ်က ငှက်ကြီး၏အလောင်းကို စစ်ဆေးကြည့်ရာ လှံတိုထိမှန်ခဲ့သောနေရာများတွင် အမွှေးအတောင်အားလုံး ပေါက်ကွဲထွက်သွားပြီး သွေးခြေဥနေသော အရေပြားများ ပေါ်လွင်နေသည်ကို သတိပြုမိလိုက်သည်။
လော်ယွမ်၏မျက်လုံးများ တဖြည်းဖြည်း အရောင်လက်လာသည်။ သူက ကျန်းမာတောက်ဓားကိုဆွဲထုတ်ကာ သွေးခြေဥနေသောအရေပြားကို ဓားချက်ပေါင်းများစွာဖြင့် ဆက်တိုက်ခုတ်ပိုင်းလိုက်ပြီး ထိုမာကျောသောအရေပြားလွှာကို ဖွင့်လှစ်လိုက်သည်။ ထို့နောက် ကြွက်သားလွှာကိုခွဲစိတ်ကာ ငှက်ကြီး၏အတွင်းကလီစာများကို ဖော်ထုတ်လိုက်သည်။ သူ ထင်သည့်အတိုင်းပင် ၎င်း၏ကလီစာများမှာ စုတ်ပြဲနေပြီး အရေပြားနှင့်နီးကပ်သောနေရာများမှာ တုန်ခါမှုဒဏ်ကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ သွေးများဖြင့် ရောထွေးနေသည်ကို တွေ့လိုက်ရသည်။
"ဒါကြောင့် သူ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာကိုး… လှံတိုတွေဆက်တိုက်ထိခံရလို့အပြင် သူ့ရဲ့ပြင်းထန်တဲ့အတွင်းဒဏ်ရာက အဓိကအကြောင်းရင်းပဲ" လော်ယွမ် စိတ်ထဲတွင်တွေးလိုက်သည်။
သူ၏စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခုပေါ်လာသည်။ ဖြစ်နိုင်သည်မှာ လှံတိုများကို ဆက်လက်ပေါင်းစပ်ရန် မလိုအပ်တော့ဘဲ အပြာရောင်အဆင့်သည်ပင် လုံလောက်နေပြီဖြစ်သည်။ သန္ဓေပြောင်းသတ္တဝါတို့၏ ကြီးမားသောခန္ဓာကိုယ်အတွက် သေးငယ်သော ထိုးဖောက်ဒဏ်ရာများထက် ဤသို့သော တုံးတိတိုက်တိုက်ခိုက်မှုက ပို၍အသက်အန္တရာယ်ရှိစေပြီး အတိုင်းအတာတစ်ခုအထိ အတွင်းဒဏ်ရာရစေနိုင်သည့် အာနိသင်ပင် ရှိနိုင်သည်။
သို့သော်လည်း အကြိမ်ကြိမ်အသုံးပြုနိုင်သော လက်နက်မှ တစ်ခါသုံးလက်နက်အဖြစ်သို့ ပြောင်းလဲသွားသောအခါ လှံတိုအရေအတွက်မှာ လုံးဝမလုံလောက်တော့ပေ။ သူ့ထံတွင် ရှစ်ချောင်းသာ ကျန်တော့သဖြင့် တိုက်ပွဲတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ကိုသာ ရင်ဆိုင်နိုင်ပေမည်။ အထူးသဖြင့် ဤနေရာတွင် သန္ဓေပြောင်းငှက်များ ပေါများလှရာ လှံတိုကဲ့သို့သော အဝေးပစ်လက်နက်မရှိပါက လုံးဝတိုက်ပွဲဆင်နွှဲနိုင်မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် သင့်တော်သောပစ္စည်းများကို အချိန်တိုအတွင်း ရှာဖွေခက်ခဲလှသည်။ အရိုးများကို အသုံးပြု၍ အစားထိုးနိုင်သော်လည်း လက်နှင့်သိပ်မကိုက်ညီလှပေ။ လော်ယွမ်က အခြေအနေကြည့်၍ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"လော်ယွမ်… ရှင်ဒဏ်ရာရသေးလား" ထိုအချိန်တွင် ဟွမ်ကျားဟွေက အခြားသူများနှင့်အတူ အဝေးမှ ပြေးလာသည်။
"ငါဘာမှမဖြစ်ဘူး… ဒီတစ်ခါတော့ တော်တော်ကံကောင်းတယ်လို့ ဆိုရမယ်" လော်ယွမ်က နှစ်သိမ့်လိုက်သည်။ ဤတိုက်ပွဲသည် အသက်သာဆုံးတိုက်ပွဲဖြစ်ပြီး ချွေးတစ်စက်မျှပင်မထွက်ဘဲ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်ကို အနိုင်ယူနိုင်ခဲ့သည်။
အားလုံးက လော်ယွမ်၏အနားသို့ရောက်လာပြီး ငှက်ကြီး၏အလောင်းကို အဝေးမှကြည့်ကာ အနားသို့မကပ်ရဲကြပေ။ ကျားသေသော်လည်း အရှိန်မသေသေး ဆိုသကဲ့သို့ပင်။ ဤသို့သော အပြာရင့်ရောင်အဆင့်သတ္တဝါသည် သေဆုံးသွားသည့်တိုင် သူ၏ကိုယ်မှ ဖိအားပေးနိုင်သော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေဆဲဖြစ်သည်။ စိတ်ဓာတ်ပျော့ညံ့သော သာမန်လူတစ်ယောက် အနားသို့ရောက်သွားလျှင် ခြေလက်များပင် ပျော့ခွေသွားနိုင်သည်။ အမှန်တကယ်တွင် သူတို့ ဤမျှအနီးကပ်ရောက်လာနိုင်ခြင်းသည်ပင် လော်ယွမ် ကောက်တန်မြို့တွင် သန္ဓေပြောင်းမြွေနှင့် ပထမဆုံးအကြိမ်ကြုံတွေ့ခဲ့စဉ်ကထက် များစွာသာလွန်နေပြီဖြစ်သည်။ အနည်းဆုံးတော့ သူတို့ ရှောင်ဖယ်မသွားခဲ့ကြပေ။
အားလုံးက ထရပ်ကားတစ်စီးအရွယ်အစားရှိသော ဤကြီးမားသည့် သန္ဓေပြောင်းငှက်ကို အံ့ဩတကြီး ကြည့်နေကြသည်။ ယခင်က လော်ယွမ် အစွမ်းထက်ကြောင်း လူတိုင်းသိကြသော်လည်း လော်ယွမ်နှင့် သန္ဓေပြောင်းသတ္တဝါတို့ တိုက်ခိုက်သည်ကို အမှန်တကယ်မမြင်ဖူးကြသောကြောင့် တိကျသောအတိုင်းအတာမရှိခဲ့ပေ။ ယခုမှသာ အမှန်တကယ်တွေ့မြင်လိုက်ရခြင်းဖြစ်သည်။ ဤငှက်ကြီးကို နောက်ဆုံးတွင် ဧရာမဖွတ်ကြီးက သတ်လိုက်ခြင်းဖြစ်သော်လည်း ဤမျှအဆင့်မြင့်သော သန္ဓေပြောင်းသတ္တဝါကိုပင် ယှဉ်နိုင်ခဲ့သော လော်ယွမ်ကို စဉ်းစားမိသည့်အခါ ဤအံ့ဩတုန်လှုပ်မှုမှာ ပို၍နက်ရှိုင်းသွားသည်။
ဤနေရာတွင် လော်ယွမ်တစ်ယောက်တည်းသာ ဆင့်ကဲပြောင်းလဲသူမဟုတ်ပေ။ သို့သော် သူနှင့်နှိုင်းယှဉ်လျှင် အခြားသူများမှာ သာမန်လူတစ်ယောက်နှင့်ပင် တူနေတော့သည်။
လော်ယွမ်က အချိန်ကိုကြည့်လိုက်ရာ ညနေလေးနာရီကျော်နေလေပြီ။ ဧရာမဖွတ်ကြီးမှာ ဆင့်ကဲပြောင်းလဲနေဆဲဖြစ်သဖြင့် ခရီးဆက်ရန်မသင့်တော်ဟု စဉ်းစားကာ ဆိုလိုက်သည်။ "ဒီနေ့တော့ဒီမှာပဲ နားလိုက်ရအောင်… ရှေ့ကခံတပ်မှာ ငါတို့ညအိပ်ကြမယ်"
ဟွမ်ကျားဟွေက လော်ယွမ် ခုနကတိုက်ပွဲကြောင့် ပင်ပန်းနေသည်ဟုထင်ကာ ဆိုလိုက်သည်။
"စောစောနားလိုက်တာကောင်းတယ်… အားလုံးသစ်ကိုင်းခြောက်တွေ ဘာတွေရှာပေးကြဦး… ကျွန်မတို့အခြောက်အခြမ်းတွေပဲ စားနေရတာ ဒီညစွတ်ပြုတ်ဖြစ်ဖြစ် တစ်အိုးလောက်ချက်ကြမယ်"
"ရှာမနေနဲ့တော့… ငါလမ်းတလျှောက်လုံး ဘာသစ်ရွက် သစ်ကိုင်းမှ မတွေ့ခဲ့ဘူး" လော်ယွမ်က ဆိုသည်။ သူ လမ်းတစ်လျှောက် ဤအရာများကို အမြဲသတိထားကြည့်ရှုခဲ့သည်။ ဤသစ်ပင်ကြီး၏အဆင့်နှင့် အခြားအချက်အလက်များကို အမျိုးအမည်ခွဲခြားအစွမ်းဖြင့် လေ့လာချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဤမိုးထိပင်ကြီးမှာ အလွန်နှမြောတွန့်တိုပြီး ဘာတစ်ခုမှ အကျမခံခဲ့ပေ။
"ဒါဆိုလည်း ငှက်ချေးခြောက်တွေနဲ့ လောင်စာလုပ်ကြတာပေါ့" ချောင်လင်းက အကြံပေးလိုက်သည်။ လင်းရှောင်ကျီ၏မျက်နှာပျက်သွားပြီး အခြားသူများလည်း မျက်နှာစိမ်းဖန့်သွားသည်ကိုမြင်သောအခါ သူမက အလျင်အမြန်ဆက်ပြောလိုက်သည်။ "ကျွန်မပြောတာက ခြောက်သွေ့နေတဲ့ ငှက်ချေးတွေပါ… ဘာအနံ့မှမရှိလောက်ပါဘူး"
ဤသည်မှာ မတတ်သာ၍လုပ်ရသောနည်းလမ်းတစ်ခုဖြစ်သည်။ ပူပူနွေးနွေး ဟင်းရည်နှင့်အတူ ညစာစားသုံးနိုင်ရန်အတွက် အားလုံးက အနံ့ဆိုးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အနီးအနားတွင် ငှက်ချေးခြောက်များ သွားရှာဖွေကြသည်။ ဤနေရာတွင် ဘာမဆိုရှားပါးသော်လည်း ငှက်ချေးကတော့ အပေါ်ဆုံးဖြစ်သည်။ မကြာမီမှာပင် လူအများက တစ်ပုံတစ်ပင်ကြီး စုဆောင်းမိကြသည်။
ခံတပ်ထဲမသွားမီ လော်ယွမ်က ငှက်ကြီး၏ကလီစာအချို့ကို လှီးဖြတ်ယူလိုက်သည်။ ဤသို့သောအကောင်းစားပစ္စည်းကို သူ လက်လွှတ်ခံမည်မဟုတ်ပေ။
ကံမကောင်းသည်မှာ ၎င်း၏ဦးခေါင်းကို ဧရာမဖွတ်ကြီးက တစ်ခါတည်းမျိုချသွားခဲ့ခြင်းပင်။ သန္ဓေပြောင်းသတ္တဝါ၏ဦးနှောက်မှာ အနှစ်သာရအရှိဆုံးအပိုင်းဖြစ်ပြီး အနည်းငယ်ချက်ပြုတ်ကာ ဆားအနည်းငယ်ဖြူးလိုက်ရုံဖြင့် ရှားပါးသောအရသာကို ရရှိနိုင်သည်။ ထို့အပြင် မာကျောသောကလီစာများနှင့်နှိုင်းယှဉ်လျှင် ၎င်း၏အရသာမှာ နူးအိပြီး စားသုံးရန် အလွန်လွယ်ကူသည်။
ခံတပ်ဟုဆိုသော်လည်း ၎င်းက အမြန်လမ်းမကြီးပေါ်တွင် မီတာရာဂဏန်းတိုင်းတွင် တည်ဆောက်ထားသော ကင်းစခန်းတစ်ခုသာဖြစ်သည်။ သန္ဓေပြောင်းသတ္တဝါများကို ခုခံရန် ရှေ့တန်းစခန်းတစ်ခုအနေဖြင့် ၎င်း၏ကာကွယ်ရေးမှာ အလွန်အားကောင်းပြီး နံရံတစ်ခုတည်းကပင် ၃ပေခန့်ထူထဲသည်။ ထို့ကြောင့် အပြင်မှကြည့်လျှင် ကြီးမားသော်လည်း အတွင်းမှနေရာမှာမူ အလွန်ကျဉ်းမြောင်းလှသည်။
လော်ယွမ် တံခါးမကြီးထဲသို့ ဝင်ရောက်လိုက်သည်နှင့် လက်ဝါးအရွယ်အစားရှိသော အနက်ရောင်ကျိုင်းကောင်များ မရေမတွက်နိုင်အောင် တန်းစီထွက်လာကြရာ လူအများမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ဆုတ်သွားကြသည်။
ကျိုင်းကောင်များ ထပ်မထွက်လာတော့မှသာ လော်ယွမ်က သတိကြီးစွာဖြင့် ဝင်ရောက်သွားသည်။ အတွင်းထဲတွင် အရိုးများနှင့် စစ်ဝတ်စုံအစအနများစွာ ရှုပ်ပွစွာပုံနေသည်။ ဦးခေါင်းခွံအရေအတွက်ကို ကြည့်ခြင်းဖြင့် ဤနေရာတွင် မူလက လူသုံးယောက်ရှိခဲ့ရမည်။ သူ ဒုတိယထပ်သို့တက်သွားသောအခါ နောက်ထပ်ရုပ်အလောင်းခုနစ်ခုကို တွေ့ရှိခဲ့သည်။ ဤသည်မှာ တပ်စုတစ်စု၏အရေအတွက်ဖြစ်သည်။
သေနတ်ပစ်ပေါက်များတွင် စက်သေနတ်လေးလက်မှာ နေရာတွင်တပ်ဆင်ထားဆဲဖြစ်ပြီး မြေပြင်ပေါ်တွင် ကျည်ခွံအလွတ်များ ပြန့်ကျဲနေသည်။ ထောင့်တစ်နေရာတွင်မူ မဖွင့်ဖောက်ရသေးသော ကျည်ဆံသေတ္တာသုံးလုံးကို စုပုံထားသည်။
"ဒီမှာဖျက်ဆီးခံထားရတဲ့ခြေရာလက်ရာမရှိဘူးဆိုတော့ ဝင်လာတာ သေးငယ်တဲ့သတ္တဝါတွေပဲဖြစ်ရမယ်" ဟော်တုံက မျက်နှာဖြူဖျော့စွာဖြင့် ဆိုလိုက်သည်။
လော်ယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူ အနည်းငယ်ထူးဆန်းသလို ခံစားနေရပြီး သူ၏အာရုံခံနိုင်စွမ်းက ပတ်ဝန်းကျင်အခြေအနေကို အဆက်မပြတ် စစ်ဆေးနေသည်။
ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ခန္ဓာက အရိပ်လိုဖြစ်သွားသည်။ ဘေးမှဝမ်ရှကွမ်မှာ မုန်တိုင်းတစ်ချက်တိုက်ခတ်သွားသလို ခံစားလိုက်ရပြီး လော်ယွမ်မှာ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်ကြိမ်ပြန်တွေ့သောအခါ သူက သူမဘေးမှနံရံကို အားကုန်ဖိနှိပ်ထားသည်ကို တွေ့လိုက်ရသည်။
နံရံမှ "ဖျတ်ဖျတ်" ဟူသော အသံများ ဆက်တိုက်ထွက်ပေါ်နေပြီး တစ်စုံတစ်ခုဖြင့် ရိုက်နှက်ခံနေရသကဲ့သို့ပင်။
လော်ယွမ်၏လက်မောင်းနှစ်ဖက်ပေါ်မှ အကြောစိမ်းများမှာ တီကောင်များကဲ့သို့ ဖောင်းကြွတက်လာပြီး လက်မောင်းတစ်ခုလုံး တစ်ဆခန့် ဖောင်းကားလာသကဲ့သို့ပင်။ ထူးဆန်းသည်မှာ သူ၏လက်ဝါးဖိထားသောနေရာသည် နံရံထက် တစ်ပေခန့်မြင့်နေပြီး အောက်တွင် တစ်စုံတစ်ခုရှိနေသကဲ့သို့ပင်။
"အမြန်ဖယ်" လော်ယွမ်က အသံတိုးတိုးဖြင့် အော်လိုက်သည်။
ဝမ်ရှကွမ် ကြောက်လန့်တကြားဖြင့် မီတာအနည်းငယ်အကွာသို့ဆုတ်သွားသည်။ နောက်တစ်ခဏတွင် လော်ယွမ်က သတ္တဝါတစ်ခုကို ဆွဲမကာ မြေကြီးပေါ်သို့ အားကုန်ဆောင့်ချလိုက်ရာ မြေပြင်မှ "အုန်း" ဟူသော အသံကြီးထွက်ပေါ်လာပြီး ကင်းစခန်းတစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။ သို့သော် လူအများ၏မျက်လုံးထဲတွင်မူ ဘာတစ်ခုမှ မမြင်ရပေ။
ဘာမှန်းမသိနိုင်သောအရာက လူကိုကြောက်ရွံ့စေသည်။ ဤသို့သောထူးဆန်းသည့်အခြေအနေကို မြင်သောအခါ လူအားလုံးမှာ ထောင့်တစ်နေရာတွင် စုကပ်နေကြပြီး အသက်ပင်ပြင်းပြင်းမရှူဝံ့ကြပေ။
လော်ယွမ်က ၎င်း၏ကိုယ်ခန္ဓာကို ခြေတစ်ဖက်ဖြင့်ဖိထားကာ ကျန်းမာတောက်ဓားကိုဆွဲထုတ်ပြီး အားကုန်ခုတ်ချလိုက်သည်။ သွေးများက မြားတစ်စင်းကဲ့သို့ နံရံပေါ်သို့ ပန်းထွက်သွားပြီး သွေးပန်းတစ်ပွင့်ကို ချန်ထားခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါက အနည်းငယ်ရုန်းကန်ပြီးနောက် တဖြည်းဖြည်း အသက်ပျောက်သွားသည်။ သို့သော် ထိုသို့ဖြစ်သည့်တိုင် ၎င်းကို လုံးဝမမြင်ရပေ။
ဤသည်မှာ မြွေပုံသဏ္ဌာန်သန္ဓေပြောင်းသတ္တဝါတစ်မျိုးဖြစ်ပြီး ၆ပေခန့်ရှည်လျားသည်။ တစ်ကိုယ်လုံးမှအကြေးခွံများမှာ ပုတ်သင်ညိုကဲ့သို့ ပတ်ဝန်းကျင်အလိုက် အချိန်မရွေးပြောင်းလဲနိုင်သည်။ သို့သော် ဤပြောင်းလဲနိုင်စွမ်းမှာ ပုတ်သင်ညိုထက် အဆပေါင်းများစွာ သာလွန်ပြီး ပတ်ဝန်းကျင်နှင့် လုံးဝတစ်သားတည်းဖြစ်နေကာ အငွေ့အသက်မှာ ရှိသလိုလိုမရှိသလိုလိုပင်။ ထို့အပြင် အသွင်ပြောင်းလဲနှုန်းမှာ အလွန်လျင်မြန်ပြီး နှောင့်နှေးမှုမရှိသလောက်ပင်။
အကယ်၍သာ ခုနက ၎င်းတစ်ချက်လှုပ်ရှားလိုက်သည်ကို လော်ယွမ်၏ထက်မြက်သောအာရုံခံနိုင်စွမ်းက မသိရှိခဲ့ပါက တွေ့ရှိရန် လုံးဝမဖြစ်နိုင်ပေ။
ဝမ်ရှီရှီက လာစပ်စုချင်ဟန်ရှိရာ လော်ယွမ်က အလျင်အမြန်တားဆီးလိုက်သည်။ "နေဦး… မလှုပ်နဲ့ ရှိနေနိုင်သေးတယ်"
ဆက်လက်၍ လော်ယွမ်က ကင်းစခန်းအပေါ်အောက်ကို သေသေချာချာစစ်ဆေးပြီးနောက် ကျည်ဆံသေတ္တာထားသောထောင့်မှ နောက်တစ်ကောင်ကို ဆွဲထုတ်လိုက်ပြန်သည်။
"အဲ့တာဘာကောင်လဲ… ဘာလို့မမြင်ရတာလဲ" လော်ယွမ်က အန္တရာယ်ကင်းကြောင်း အတည်ပြုပြီးမှသာ ဟွမ်ကျားဟွေက သွေးကွက်များနှင့် စက်ဝိုင်းပုံဒဏ်ရာမှလွဲ၍ ဘာမှမရှိသောမြေပြင်ကို ကြောက်လန့်တကြားကြည့်ရင်း နားမလည်စွာမေးလိုက်သည်။
"ပုတ်သင်ညိုကို သိတယ်မလား… သူက ပုတ်သင်ညိုနဲ့ လိုမျိုးပဲ" လော်ယွမ်က ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။ အမှန်တကယ်တွင် ဤသတ္တဝါမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ခန္ဓာကိုယ်သေးငယ်သော်လည်း အပြာနုရောင်အဆင့်ရှိသည်။ သာမန်လူများ ဤနေရာသို့ဝင်လာလျှင် လာသလောက်သေမည်သာဖြစ်သည်။ မမြင်နိုင်သောရန်သူသည် မြင်နိုင်သောရန်သူထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
လော်ယွမ်က ၎င်း၏အရေခွံကို ဆွဲခွာလိုက်မှသာ ၎င်းမှာ လူအများရှေ့တွင် ပုံပေါ်လာသည်။ "ညစာချက်ရင် ဒီ၂ကောင်ကိုပါ ထည့်လိုက်"
လော်ယွမ် ခုနက အမျိုးအမည်ခွဲခြားအစွမ်းဖြင့် စစ်ဆေးကြည့်ရာ ဦးခေါင်းပိုင်းတွင် အဆိပ်ရှိသည်မှလွဲ၍ အခြားနေရာများမှာ စားသုံးနိုင်သည်။ မြွေသားအရသာမှာ အလွန်ကောင်းမွန်ပြီး သူ ငယ်စဉ်ကတည်းက မြွေကိုကြောက်သော်လည်း မြွေသားကိုမူ လုံးဝမငြင်းပယ်ပေ။
ကမ္ဘာပျက်ကာလကြီးတွင် အစားရွေးချယ်နေ၍မရပေ။ မြေအောက်စခန်းငယ်လေးတွင် အမြဲနေထိုင်ခဲ့သော ဝမ်ရှကွမ်မှလွဲ၍ ဟွမ်ကျားဟွေနှင့် ချောင်လင်းတို့မှာ တစ်စုံတစ်ရာမငြင်းဆန်ဘဲ တစ်ယောက်တစ်ကောင်စီ ကိုင်ကာ အခြားအမျိုးသမီးများနှင့်အတူ ညစာပြင်ဆင်ရန် စတင်ကြသည်။
ဟော်တုံတို့က လော်ယွမ်နှင့်အတူနေရသည်မှာ သက်သောင့်သက်သာမရှိသဖြင့် အကြောင်းပြချက်ရှာကာ အောက်သို့ဆင်း၍ ကူညီရန်ထွက်သွားကြသည်။
လော်ယွမ် ခေါင်းခါလိုက်သည်။ ဤသည်မှာ အစွမ်းထက်လာမှုအတွက် ပေးဆပ်ရသော အဖိုးအခပင်။ အားလုံးက သူ့ကိုလေးစားရိုသေကြသော်လည်း တစ်ချိန်တည်းမှာပင် ခပ်ခွာခွာသာဆက်ဆံကြသည်။ ပုံမှန်အချိန်များတွင် မလိုအပ်ပါက ဤလူများက သူနှင့်စကားပြောရန်မဝံ့ရဲကြပေ။ သူ ပြုံးပြနေလျှင်ပင် လူအများအပေါ် ကြီးမားသောဖိအားသက်ရောက်စေသည်။ ဟော်တုံနှင့် ချန်ရှင်းဖုံကဲ့သို့သော သာမန်လူများသာမက လင်းရှောင်ကျီပင်လျှင် ထိုသို့ပင်ဖြစ်သည်။
အမျိုးသမီးများမှာမူ အနည်းငယ်ပို၍ သက်သောင့်သက်သာရှိကြသည်။ ဖြစ်နိုင်သည်မှာ အမဗီဇ၏မွေးရာပါအသိစိတ်က မျိုးဆက်ပြန့်ပွားရန် ပို၍သန်မာသောအထီးကို ရွေးချယ်တတ်သည့်သဘာဝကြောင့် အမျိုးသမီးများက သူ့ရှေ့တွင် ဟော်တုံတို့ထက် ပို၍သက်သောင့်သက်သာရှိကြခြင်းဖြစ်ပေမည်။
လော်ယွမ် ပျင်းရိစွာဖြင့် ခဏကြာစဉ်းစားပြီးနောက် ခြေရင်းမှ မြွေရေခွံနှစ်ခုကို သတိပြုမိလိုက်သည်။
သူက အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်သည်။
အမည် - အရိပ်မြွေ၏ အရေခွံ
ရှားပါးမှုအဆင့် - အပြာနုရောင်
အလေးချိန် - ၅၀၀ ဂရမ်
ထပ်တိုးအစွမ်း - ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်ခြင်း၊ ကိုယ်ယောင်ဖျောက်ခြင်း။
သုံးသပ်ချက် - အရိပ်မြွေသည် မွေးရာပါတိုက်ခိုက်ရေးသမားဖြစ်ပြီး ၎င်း၏အရေခွံသည် မည်သည့်အရောင်ကိုမဆို ချက်ချင်းပြောင်းလဲနိုင်ပြီး မည်သည့်ပတ်ဝန်းကျင်နှင့်မဆို တစ်သားတည်းဖြစ်နိုင်သည်။ ၎င်းကို သာမန်မျက်စိဖြင့်မမြင်နိုင်သလောက်ပင်ဖြစ်ပြီး ၎င်း၏စွမ်းရည်အားလုံးမှာ သူ၏အရေခွံမှလာခြင်းဖြစ်သည်။
ဤမြွေရေခွံနှစ်ခု၏စွမ်းရည်မှာ ထူးခြားပြီး ကိုယ်ယောင်ဖျောက်နိုင်ခြင်းထက် အရေးကြီးသည်မှာ ခန္ဓာကိုယ်၏အငွေ့အသက်ကိုပါ ဖုံးကွယ်နိုင်ခြင်းဖြစ်ဟန်တူသည်။ ကံမကောင်းသည်မှာ အဆင့်အနည်းငယ်နိမ့်နေပြီး ကာကွယ်နိုင်စွမ်းက လုံးဝမလုံလောက်ခြင်းပင်။ သို့သော် အရေးကြီးသည့်အချိန်တွင် အသုံးပြုပါက အသုံးဝင်နိုင်ပေသည်။
လုံးဝကိုယ်ယောင်ဖျောက်နိုင်ရန် ဖိနပ်၊ ဘောင်းဘီ၊ အပေါ်အင်္ကျီ၊ ဦးခေါင်းစွပ်အထိ တစ်စုံလုံးလိုအပ်ပေမည်။ ဤအရေခွံနှစ်ခုတည်းဖြင့် လုံလောက်မည်၊ မလောက်မည်ကို မသိနိုင်ပေ။ ထို့အပြင် ဦးခေါင်းစွပ်ပြဿနာမှာလည်း ပြဿနာကြီးတစ်ခုဖြစ်သည်။ လော်ယွမ် ချက်ချင်းပင် ဓားပြများအသုံးပြုလေ့ရှိသော ခေါင်းစွတ်အရှည်ကို သတိရလိုက်သည်။ ချောင်လင်သာ ဝတ်ဆင်ဖူးပုံရသည်…
လော်ယွမ် ခေါင်းခါလိုက်ပြီး ထိုအတွေးကို စိတ်ထဲမှ မောင်းထုတ်လိုက်သည်။ ဤပစ္စည်းကို အလျင်စလိုလုပ်ရန်မလိုအပ်ပေ။ ယခုအရေးအကြီးဆုံးမှာ မုန်တိုင်းငှက်၏အမွှေးအတောင်များကို ပေါင်းစပ်ရန်ဖြစ်သည်။
လော်ယွမ် အဝတ်အစားမချွတ်ဘဲ ခုနကဘေးတွင်ချထားသော အမွှေးအတောင်များကိုယူကာ အင်္ကျီနှင့်ကပ်ပြီး ပေါင်းစပ်ဟု စိတ်ထဲမှရေရွတ်လိုက်သည်။ မကြာမီ အမွှေးအတောင်တစ်ချောင်းမှာ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး မူလအနက်ရောင်အင်္ကျီမှာ တဖြည်းဖြည်း အစိမ်းရောင်သမ်းလာသည်။ လော်ယွမ် နောက်တစ်ချောင်းကိုယူကာ ဆက်လက်ပေါင်းစပ်လိုက်သည်။
တတိယမြောက်အမွှေးအတောင်၏အရောင် တစ်ဝက်ခန့်မှေးမှိန်သွားသောအခါ အင်္ကျီမှာ အပြာရင့်ရောင်အဆင့်ပစ္စည်းအဖြစ်သို့ လုံးဝပြောင်းလဲသွားသဖြင့် သူ အလျင်အမြန်ရပ်တန့်လိုက်သည်။ ဆက်လက်ပေါင်းစပ်နိုင်သေးသော်လည်း အမွှေးအတောင်မှာ စုစုပေါင်းခုနစ်ချောင်းသာရှိရာ အလွန်အကျွံအသုံးပြုလိုက်ပါက အောက်မှဘောင်းဘီနှင့်ဖိနပ်အတွက် လုံလောက်တော့မည်မဟုတ်ချေ။
လော်ယွမ် အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်သည်။
အမည် - လွင့်မျော အားကစားဝတ်စုံ
ပါဝင်ပစ္စည်း - မုန်တိုင်းငှက်အမွှေး၊ နိုင်လွန်
ရှားပါးမှုအဆင့် - အပြာရင့်ရောင်
အလေးချိန် - ၀.၂ ကီလိုဂရမ်
ကာကွယ်မှု - ၁၄ မှ ၁၇
ထပ်တိုးအစွမ်း - အလျင်+၄၊ လေစီးကြောင်း ထိန်းညှိခြင်း
အသုံးပြုရန်လိုအပ်ချက် - မရှိ။
သုံးသပ်ချက် - ဤသည်မှာ လေပေါ်တွင် လွင့်မျောနိုင်သော အံ့ဩဖွယ်အားကစားဝတ်စုံဖြစ်ပြီး သာမန်ဓား၊ လှံနှင့် ကျည်ဆန်များကို ကာကွယ်နိုင်ရုံသာမက သင်ပြေးလွှားသည့်အခါ လေစီးကြောင်းကို ထိန်းညှိပေးနိုင်သဖြင့် လေ၏ခုခံအားကို စိုးရိမ်စရာမလိုတော့ပေ။
လော်ယွမ် သက်ပြင်းချလိုက်သည်။ သူ အစိုးရိမ်ဆုံးမှာ အလျင်တိုးမြှင့်ပေးသောအရည်အသွေး ပျောက်ကွယ်သွားမည်ကိုပင်။ သို့သော် ကံကောင်းစွာဖြင့် အလျင်မှာ မလျော့သွားသည့်အပြင် +၃ မှ +၄ သို့ တိုးလာခဲ့သည်။ အင်္ကျီ၏အခြားအရည်အသွေးများမှာလည်း အားကောင်းလာပြီး လေစီးကြောင်းထိန်းညှိခြင်းဟူသော ထပ်တိုးအစွမ်းပင် ရရှိခဲ့သည်။ သူ့အစွမ်းကိုသေချာမသိသေးသော်လည်း မူလထက်တော့ ညံ့မည်မဟုတ်သည်မှာ သေချာသည်။
သူ ဘောင်းဘီနှင့်ဖိနပ်ကို ဆက်လက်ပေါင်းစပ်လိုက်ရာ ပစ္စည်းအားလုံးပေါင်းစပ်ပြီးသောအခါ မုန်တိုင်းငှက်၏အမွှေးအတောင်များမှာလည်း ကုန်ဆုံးသွားခဲ့သည်။
စိတ်ထင်၍ဘဲလားမသိ သူ၏တစ်ကိုယ်လုံး ပို၍ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်မှလေစီးကြောင်းမှာလည်း အလွန်တည်ငြိမ်သွားသည်။ အသက်ရှူသည့်အခါ ထွက်သက်လေပင် စင်တီမီတာအနည်းငယ်မျှသာ ရောက်ရှိပြီး တိတ်တဆိတ် ပျောက်ကွယ်သွားသည်။
သူ အခန်းထဲတွင် အမြန်လျှောက်ကြည့်လိုက်ရာ အခန်းထဲမှလေမှာ လှုပ်ရှားမှုမရှိသလောက်ပင်ဖြစ်ပြီး မျက်နှာပေါ်တွင် လေတိုးမှုကိုပင် မခံစားရတော့ပေ။ အရာအားလုံးမှာ အလွန်လွတ်လပ်ပေါ့ပါးနေပြီး လေ၏ခုခံအားမှာ လုံးဝပျောက်ကွယ်သွားသကဲ့သို့ပင်။
"လေစီးကြောင်း ထိန်းညှိခြင်း… အဲ့တော့ဒါက လေစီးကြောင်းထိန်းညှိတဲ့အစွမ်းပေါ့ " လော်ယွမ် စိတ်ထဲတွင်တွေးလိုက်သည်။
ဆက်ရန်…
အပိုင်း(၁၂၈)ထူးခြားသောအဖြစ်အပျက်
ညစာစားပြီးနောက်။
လော်ယွမ်က ကင်းစခန်း၏တံခါးမကြီးကို ပိတ်လိုက်ပြီး သေနတ်ပစ်ပေါက်များပေါ်မှ လေးလံသောစက်သေနတ်များကို ဖြုတ်ချလိုက်သည်။ ထို့နောက် ကျန်မာတောက်ဓားဖြင့် အမြန်လမ်းမကြီးပေါ်မှ ကွန်ကရစ်တုံးအချို့ကို ဖြတ်တောက်ယူလာပြီး သေနတ်ပစ်ပေါက်များကို ပိတ်ဆို့လိုက်သည်။
ကမ္ဘာပျက်ကာလကြီးတွင် တောထဲ၌ညအိပ်သည့်အခါ အကြောက်ရဆုံးမှာ ကြီးမားသောသန္ဓေပြောင်းသားရဲများမဟုတ်ဘဲ ပိုးမွှားနှင့်မြွေများသာဖြစ်သည်။ ကြီးမားသောသတ္တဝါများမှာ မည်မျှလျှို့ဝှက်စေကာမူ လှုပ်ရှားသည့်အခါ ဖြစ်ပေါ်လာသော ကြီးမားသည့်အသံကို မဖုံးကွယ်နိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သေးငယ်သောသတ္တဝါများမှာမူ ကာကွယ်ရန်အလွန်ခက်ခဲပြီး အနည်းငယ်သတိလစ်သွားပါက မည်သို့သေဆုံးသွားသည်ကိုပင် သိလိုက်မည်မဟုတ်ပေ။
ညသည် တဖြည်းဖြည်းနက်လာသည်နှင့်အမျှ မိုးထိပင်ကြီး၏ ထူထပ်သောသစ်ရွက်များ၏ ကာထားမှုအောက်တွင် အလင်းရောင်တစ်စွန်းတစ်စမျှပင် မမြင်ရတော့ဘဲ မူလဆူညံပွက်လောရိုက်နေသောကမ္ဘာကြီးမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်လာသည်။
ကင်းစခန်း၏နေရာမှာ ကျဉ်းမြောင်းလှသဖြင့် အတွင်းတွင်တဲထိုးရန် လုံးဝမဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် ဤနေရာတွင် အိပ်ရာများမရှားပါးဘဲ ပထမထပ်တွင် မူလက ကင်းစခန်းမှစစ်သားများအနားယူရန်အတွက် သစ်သားကုတင်အချို့ရှိရာ ဤနေရာမှလူအားလုံးအတွက် လုံလောက်စွာနေရာချပေးနိုင်သည်။
လော်ယွမ်က ဓားကို စေ့စေ့စပ်စပ်သုတ်သင်ပြီးနောက် အိပ်ရာဘေးတွင် ထားလိုက်သည်။
"ခြေထောက်ဆေးလိုက်ပါဦး" ဟွမ်ကျားဟွေက ဇလုံတစ်လုံးကိုကိုင်ကာ လော်ယွမ်၏ခြေရင်းတွင်ချထားပြီး သူ၏ဖိနပ်ကိုချွတ်ပေးရန် ကြိုးစားသည်။
"ငါ့ဖာသာပဲလုပ်လိုက်မယ်" လော်ယွမ်က ဤအခြေအနေနှင့် အနည်းငယ်မရင်းနှီးသဖြင့် ခြေထောက်ကိုရုတ်သိမ်းလိုက်ပြီး "ဒီရေ ဘယ်ကရတာလဲ" ဟုမေးလိုက်သည်။
ဟွမ်ကျားဟွေ၏ နှုတ်ခမ်းထောင့်တွင် တည်ငြိမ်သောအပြုံးတစ်ခုပေါ်လာပြီး လော်ယွမ်၏ခြေထောက်ကို အတင်းဆွဲယူကာ သူ၏ဖိနပ်ကိုချွတ်ပေးရင်း နူးညံ့စွာပြောလိုက်သည်။ "ကျွန်မကိုယ်လက်သန့်ထားတဲ့ရေလေ… တော်တော်သန့်သေးတယ်ထင်လို့ ရေနွေးနည်းနည်း ရောလိုက်တာ"
သူမက လော်ယွမ်၏ခြေထောက်နှစ်ဖက်ကို ဇလုံထဲသို့ထည့်ကာ ညင်သာစွာဆေးကြောပေးရင်း လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ကျွန်မတို့က ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ရှင်ထင်လား… ကျွန်မတို့ကိုသာငဲ့မနေရရင် ရှင်ခုလိုအမြဲတမ်း စွန့်စားနေဖို့ လိုမှာမဟုတ်ဘူး… တစ်ယောက်တည်း အနောက်ဘက်ကိုသွားမယ်ဆိုရင် ခဏလေးနဲ့တောင် ရောက်သွားနိုင်တယ်"
လော်ယွမ် ယနေ့ပြသခဲ့သော မြင့်မားသည့်အစွမ်းက သူမကို ကြီးမားစွာတုန်လှုပ်စေခဲ့သည်။ သူမ၏စိတ်ထဲတွင် လုံခြုံမှုမရှိသည့်ခံစားချက်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာပြီး တစ်နေ့နေ့တွင် မိမိလည်း လော်ယွမ်၏စွန့်ပစ်ခြင်းကိုခံရကာ သူတစ်ယောက်တည်းထွက်ခွာသွားမည်ကို ကြောက်ရွံ့နေမိသည်။
လူအားလုံးက ချက်ချင်းပင် လှည့်ကြည့်လာကြပြီး သူတို့၏မျက်နှာအမူအရာများမှာ ရှုပ်ထွေးနေသည်။
လော်ယွမ်က သူမ၏စိတ်အခြေအနေ အနည်းငယ်ပုံမှန်မဟုတ်သည်ကို ခံစားမိပြီး သက်ပြင်းတစ်ချက်ချကာ နှစ်သိမ့်လိုက်သည်။ "လျှောက်တွေးမနေနဲ့… ဘယ်သူမှဝန်ထုပ်ဝန်ပိုး မဖြစ့်ပါဘူး… နင့်ကြောင့်သာမဟုတ်ရင် ငါအခုလိုပူပူနွေးနွေးလည်း စားရမှာမဟုတ်ဘူး… စကားပြောဖော်လည်းမရှိဘူး… ပြီးတော့ခြေထောက်ဆေးပေးမယ့်သူလည်း ရှိမှာမဟုတ်ဘူး"
"ကျွန်မက ဒီနေ့မှ ရှင့်ကိုစဆေးပေးဖူးတာပါ" ဟွမ်ကျားဟွေ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။
"ဒါဆိုလည်း နေ့တိုင်းဆေးပေးပေါ့" လော်ယွမ်က ပြန်ငြင်းမခုံနိုင်ရင်ပြောလိုက်သည်။
………
ချောင်လင်သည် သစ်သားကုတင်ပေါ်တွင် ဟိုဘက်ဒီဘက်လှည့်ရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။
စိတ်ထဲတွင် လုံခြုံမှုမရှိသည့်ခံစားချက်ကိုပြောရလျှင် မည်သူက သူမထက်ပို၍ရှိနိုင်မည်နည်း။ သူမက ဆင့်ကဲပြောင်းလဲသူလည်းမဟုတ်သလို ဟွမ်ကျားဟွေနှင့် ဝမ်ရှကွမ်တို့ကဲ့သို့ လော်ယွမ်နှင့်ရင်းနှီးသောဆက်ဆံရေးလည်းမရှိချေ။ ထမင်းဟင်းချက်ခြင်း၊ အဝတ်လျှော်ခြင်း၊ ကြမ်းတိုက်ခြင်းကဲ့သို့သော သာမန်အလုပ်များကလွဲ၍ ဤအဖွဲ့ငယ်လေးထဲတွင် သူမ၏ အသုံးဝင်မှုက လောက်လောက်လားလားမရှိပေ။ လော်ယွမ်က မိမိကိုဆက်လက်ကာကွယ်ပေးရန် အကြောင်းပြချက်နှင့်တန်ဖိုးမှာ အဘယ်အရာဖြစ်သည်ကို သူမကိုယ်တိုင်ပင် စဉ်းစားမရနိုင်တော့ပေ။
လော်ယွမ်၏စိတ်ထဲတွင် မိမိ၏အရေးပါမှုကို တိုးမြှင့်ရန်အတွက် သူနှင့်အတူအိပ်စက်ခြင်းကိုမဆိုထားနှင့်၊ ထို့ထက်ပို၍ရှက်ဖွယ်ကောင်းသောအရာများကိုပြုလုပ်ရန်ပင် သူမ တုံ့ဆိုင်းနေမည်မဟုတ်ပေ။ ကံဆိုးစွာဖြင့် လော်ယွမ်တွင် ဤသို့သောစိတ်ဆန္ဒ လုံးဝမရှိဘဲ ပုံမှန်အချိန်များတွင် သူမကို တစ်ချက်မျှပင် အပိုကြည့်ရန်စိတ်မရှိပေ။
သူမတွင် ယခင်က ဤသို့သောစိတ်ကူးများရှိခဲ့သော်လည်း အတူနေသည့်အချိန်ကြာလာသည်နှင့်အမျှ လော်ယွမ်က မိန်းမလိုက်စားသူမဟုတ်သည်ကို တွေ့ရှိခဲ့ရသဖြင့် ထိုစိတ်ကူးများမှာ တဖြည်းဖြည်းမှေးမှိန်သွားခဲ့သည်။ ယနေ့မှသာ သူမ ရုတ်တရက်ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်သည်။
"ဒီအတိုင်းဆက်သွားလို့မဖြစ်ဘူး… ကိုယ့်ဘက်က အရင်စလှုပ်ရှားမှဖြစ်မယ်" ချောင်လင်သည် သူမ၏ချောမွေ့သောပါးပြင်နှင့် အလွန်အမင်းခံစားလွယ်သောရင်သားကို ပွတ်သပ်လိုက်ရာ မျက်နှာတွင် ရှက်သွေးဖြာသွားသည်။ သူမက လှပသောနှုတ်ခမ်းကိုကိုက်ကာ စိတ်ထဲတွင် ကြံစည်လိုက်သည်။
ချောင်လင်သာမက ဤညတွင် လူအများအပြား ဟိုဘက်ဒီဘက်လှည့်ရင်း အိပ်မပျော်နိုင်ဖြစ်ခဲ့ကြသည်။
တစ်ညလုံး မည်သည့်အဖြစ်အပျက်မှမရှိခဲ့ပေ။
နောက်တစ်နေ့မနက်တွင် လော်ယွမ် ကင်းစခန်းမှထွက်လာသောအခါ သူ ချက်ချင်းပင် ကြောင်အသွားသည်။
အနည်းငယ်မရင်းနှီးသော သန္ဓေပြောင်းသားရဲတစ်ကောင် ကင်းစခန်းအနီးတွင် လဲလျောင်းနေပြီး တစ်ကိုယ်လုံးမှ ဖိနှိပ်မှုကြီးမားသောအငွေ့အသက်များ ထွက်ပေါ်နေသည်။ အကယ်၍ ဤအငွေ့အသက်ကို သူအနည်းငယ်ရင်းနှီးနေသည်ဟု မခံစားမိပါက သူ၏ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်မိလုနီးပါးဖြစ်နေပြီဖြစ်သည်။
တစ်ညတာအတွင်း ဧရာမဖွတ်ကြီးက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ကိုယ်လုံးမှာ တစ်ဆမျှပို၍ကြီးမားလာပြီး မူလအစိမ်းရောင်အကြေးခွံများမှာ ယခုအခါ အစိမ်းရင့်ရောင်ဖြစ်သွားကာ အကြေးခွံများပေါ်တွင် ရှုပ်ထွေးသောဂျီဩမေတြီအပွင့်အခက်များ ပေါ်ထွက်လာသည်။
ဦးခေါင်းပေါ်မှအရိုးချွန် အများစုမှာ ပျောက်ကွယ်သွားသော်လည်း အလယ်မှအရိုးချွန်တစ်ချောင်းမှာမူ ကျန်ရှိနေသေးပြီး မူလအနက်ရောင်မှ ကျောက်စိမ်းရောင်သို့ပြောင်းလဲသွားကာ ခရုပတ်ပုံသဏ္ဍာန်ဖြစ်နေသည်။ လော်ယွမ်က ၎င်း၏မျက်ဆံများမှာ သုံးခုဖြစ်သွားပြီး တြိဂံပုံစံဖြင့်တည်ရှိနေသည်ကိုပင် တွေ့ရှိလိုက်ရသည်။ ကြည့်ရသည်မှာ အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါကိုဆောင်နေသည်။
ထို့အပြင် ၎င်း၏ခြေချောင်းများမှာ သုံးချောင်းမှလေးချောင်းဖြစ်သွားပြီး ခြေသည်းများ၏အရောင်မှာလည်း ပို၍နက်ရှိုင်းသွားကာ သတ္တုကဲ့သို့သောခံစားချက်ရှိပြီး အေးစက်စက်အလင်းရောင်များ ထွက်ပေါ်နေသည်။
ဧရာမဖွတ်ကြီးက လော်ယွမ်လာသည်ကိုမြင်သောအခါ မျက်ခွံကိုတစ်ချက်ပင့်လိုက်ပြီး မျက်လုံးများထဲတွင် မာနကြီးမှုနှင့်အရိုင်းဆန်မှုအရိပ်အယောင်တစ်ခုပါဝင်နေသည်။ အချိန်အတော်ကြာမှ ပျင်းရိစွာထရပ်လိုက်သည်။
၎င်းတွင် ယခင်ကကဲ့သို့ တုန်လှုပ်ကြောက်ရွံ့မှုမရှိတော့ဘဲ အမူအရာမှာလည်း အလွန်စိမ်းသွားကာ လှုပ်ရှားမှုများမှာ အနည်းငယ်ရန်စသည့်ဟန်ပါဝင်နေသည်။ မြင့်မားသောစွမ်းအားက ၎င်း၏ယုံကြည်မှုကို တိုးမြှင့်ပေးခဲ့ပြီး ယခင်ကကဲ့သို့ လော်ယွမ်ကို ကြောက်ရွံ့ခြင်းမရှိတော့ပေ။
သို့သော် ထိုအချိန်တွင် လော်ယွမ်မှာ စိတ်လှုပ်ရှားမှုတွင် နစ်မြောနေသဖြင့် ဧရာမဖွတ်ကြီး၏ထူးခြားမှုကို လုံးဝသတိမထားမိပေ။
ထိုအချိန်တွင် မယုံနိုင်စရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းသည် ရုတ်တရက် နှာမှုတ်လိုက်ရာ နှာခေါင်းပေါက်မှ အဖြူရောင်အငွေ့များ ပန်းထွက်လာပြီး မရေမတွက်နိုင်သောမီးပွားများမှာ အငွေ့ထဲတွင် "တဖျစ်ဖျစ်" မြည်ကာ ပေါက်ကွဲနေသည်။
လေထု၏အပူချိန်ပင်လျှင် ဒီဂရီအနည်းငယ်မြင့်တက်သွားသည်။ လော်ယွမ်က ၎င်းမထိန်းချုပ်နိုင်ဘဲ မိမိကိုမှုတ်ထုတ်မည်ကိုစိုးရိမ်သဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
သူက အရည်အသွေးပြဇယားကိုဖွင့်ကာ တိုက်ခိုက်ရေးသားရဲ၏ကဏ္ဍခွဲကိုရှာလိုက်ရာ အတွင်းမှအရည်အသွေးများမှာ ကြီးမားစွာပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသည်။
တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်
အဆင့် - ၃ (အပြာရင့်ရောင်)
အရည်အသွေးများ
-----------------
ခွန်အား - ၂၀
လျင်မြန်မှု - ၁၄
ကြံ့ခိုင်မှု - ၁၈
ဉာဏ်ရည် - ၄
အာရုံခံနိုင်စွမ်း - ၅
စိတ်စွမ်းအား - ၁၂
အတွေ့အကြုံ - ၁၈၀/၉၆၀၀
ကျွမ်းကျင်မှုများ
---------------
ကိုက်ဖြတ်ခြင်း - ၁၉
ဆွဲဖြဲခြင်း - ၈
တိုးဝင်တိုက်ခိုက်ခြင်း - ၅
အမြီးဖြင့်ရိုက်ခြင်းကျွမ်းကျင်မှု - ဝ
တောတွင်းရှင်သန်ရေး - ၁၈
မျက်နှာအမူအရာဖတ်ခြင်း - ၃
နှာမှုတ်ခြင်း - ၂
ပင်ကိုစွမ်းရည်များ - အန္တရာယ်ကြိုတင်သိမြင်မှု၊ မီးမှုတ်ထုတ်ခြင်း
အခြေအနေ - အားပြည့်နေသည်
သစ္စာစောင့်သိမှု - ၅၄ (၅၀ အောက်ရောက်ပါက အချိန်မရွေး သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းတို့ ဖြစ်ပွားနိုင်သည်။ အမြင့်ဆုံး ၁၀၀)
လက်ကျန်အခြေပြုမှတ် - ၁
လက်ကျန်ကျွမ်းကျင်မှတ် - ၅
၎င်း၏အဆင့်မှာ အပြာရောင်မှ အပြာရင့်ရောင်သို့ပြောင်းလဲသွားပြီး လျင်မြန်မှုအရည်အသွေးမှတ် မတိုးခြင်းနှင့် ခွန်အား နှစ်မှတ်တိုးသွားခြင်းမှလွဲ၍ တခြားအရည်အသွေးများမှာ တစ်မှတ်စီတိုးသွားသည်။ ကျွမ်းကျင်မှုများတွင်လည်း ဆွဲဖြဲခြင်း၊ တိုးဝင်တိုက်ခိုက်ခြင်း၊ မျက်နှာအမူအရာဖတ်ခြင်းနှင့် နှာမှုတ်ခြင်းကဲ့သို့သော ကျွမ်းကျင်မှုများ ထပ်တိုးလာသည်။
ဆွဲဖြဲခြင်း၊ တိုးဝင်တိုက်ခိုက်ခြင်းနှင့် နှာမှုတ်ခြင်းကဲ့သို့သော ကျွမ်းကျင်မှုများမှာ အထူးအဆန်းတော့ မဟုတ်ပေ။ ယခင်က ဧရာမဖွတ်ကြီး၏တိုက်ခိုက်မှုမှာ အလွန်တုံးတိဆန်ပြီး ကိုက်ဖြတ်ခြင်း၊ အမြီးရိုက်ချက်မှလွဲ၍ ခြေသည်းများကို အသုံးပြုသည်ကို လုံးဝမတွေ့ရပေ။ သို့သော် ဤတစ်ကြိမ် ၎င်း၏ချွန်ထက်သောခြေသည်းများနှင့် ဦးခေါင်းပေါ်မှချွန်ထက်သောချိုမှာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ရာ အလှဆင်ရန်သက်သက်မဟုတ်သည်မှာ ထင်ရှားသဖြင့် ဤကဏ္ဍမှကျွမ်းကျင်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် လော်ယွမ် နားမလည်သည်မှာ ဤမျက်နှာအမူအရာဖတ်ခြင်းမှာ အဘယ်အရာဖြစ်သည်ကိုပင်။
"ငါဧရာမဖွတ်ကြီးကို အကြမ်းနည်းနဲ့ ဆုံးမခဲ့လို့ အဲ့စွမ်းရည်ပေါ်လာတာများလား… ဒါမှမဟုတ်ဉာဏ်ရည်၁မှတ်တိုးသွားလို့ အဲ့လိုဖြစ်တာလား" လော်ယွမ် စိတ်ထဲတွင် တွေးတောလိုက်သည်။
ဧရာမဖွတ်ကြီး ပို၍ဉာဏ်ကောင်းလာခြင်းမှာ ကောင်းသောကိစ္စဖြစ်ရာ လော်ယွမ် ခဏမျှစဉ်းစားပြီးနောက် ဆက်လက်မစဉ်းစားတော့ပေ။
ဤတစ်ကြိမ်ဆင့်ကဲပြောင်းလဲမှုတွင် ဧရာမဖွတ်ကြီး၏အစွမ်းမှာ မိုးနှင့်မြေကဲ့သို့ ပြောင်းလဲသွားသည်။ လျင်မြန်မှုမှလွဲ၍ အရည်အသွေးတိုင်းနီးပါး တိုးသွားပြီး စုစုပေါင်းအစွမ်းမှာ အဆပေါင်းများစွာ တိုးတက်လာသည်။ ယခင်က ၎င်းတွင် အပြာရင့်ရောင်အဆင့်သန္ဓေပြောင်းသတ္တဝါများကို စိန်ခေါ်နိုင်စွမ်းရှိသည်ကိုစဉ်းစားမိလျှင် ယခုဤဆင့်ကဲပြောင်းလဲမှုဖြင့် ၎င်း၏အစွမ်းမှာ သာမန်အပြာရင့်ရောင်အဆင့်သတ္တဝါများပင်လျှင် သူ့၏ပြိုင်ဘက်မဟုတ်တော့ပေ။
သို့သော် လျင်မြန်မှုမတိုးခြင်းမှာ အနည်းငယ်နှမြောစရာကောင်းသည်။ စနစ်က မကြာခဏအမှတ်များပေါင်းထည့်ပေးခြင်းကြောင့် ၎င်း၏လျင်မြန်မှုအရည်အသွေးက တဖြည်းဖြည်းပြောင်းလဲသွားပြီးဖြစ်ရာ နောက်ပိုင်းတွင်လည်း အလိုအလျောက်တိုးပွားလာမည်မဟုတ်တော့ဟုထင်ရသည်။
ထိုအချိန်တွင် လော်ယွမ်၏မျက်လုံးများက သစ္စာစောင့်သိမှုကို ဖြတ်သန်းသွားသောအခါ မျက်ဆံများ ရုတ်တရက်ကျုံ့သွားသည်။
"သစ္စာစောင့်သိမှုက ဘယ်လိုဖြစ်လို့ ၅၃ အထိကျဆင်းသွားရတာလဲ… ငါသူ့ကိုသိမ်းသွင်းကာစတုံးကထက်တောင် နိမ့်နေသေးတယ်"
သူ ရုတ်တရက်ခေါင်းမော့ကြည့်လိုက်ရာ ဧရာမဖွတ်ကြီး၏မျက်လုံးထဲတွင် အနည်းငယ်ရန်လိုမှုများပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။ လော်ယွမ် ဒေါသတကြီးဖြင့်စဉ်းစားလိုက်သည်။ "ငါဆုံးမထားတာတွေကို သူအမှတ်ရနေသေးလို့သာ မဟုတ်ရင် ဒီဖွတ်ကြီးငါ့ကို ပြန်ရန်ရှာလောက်တယ်"
"သေစမ်း… တကယ့်အခွင့်အရေးကိုအမြဲချောင်းနေတဲ့ ဝံပုလွေပဲ တော်သေးတာပေါ့ အရေအသွေးမှတ်၁မှတ် မပေါင်းထည့်ရသေးလို့ အဲ့အမှတ်သာ ထည့်လိုက်ရင် ဒီကောင်ငါ့ကို လုံးဝဆန့်ကျင်လောက်တယ်… အဲ့ကျရင်ပြန်ယဉ်အောင် လုပ်ဖို့က နတ်ပြည်တက်တာထက်တောင် ခက်သွားမှာ" သူ၏မျက်နှာတွင် ဒေါသများပြည့်နှက်နေပြီး စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်ပေါ်ပေါက်လာသော်လည်း အတင်းအကျပ်ထိန်းချုပ်လိုက်သည်။
လက်အောက်ငယ်သားများပင်လျှင် အင်အားကြီးမားလာသောအခါ မိမိဘာသာရပ်တည်ပြီး သစ္စာဖောက်တတ်ရာ အားကြီးသူကိုသာ လေးစားအညံ့ခံတတ်သည့် သန္ဓေပြောင်းသားရဲများမှာ ဆိုဖွယ်ရာမရှိတော့ပေ။ သို့သော် ဤသို့ဆိုလျင်တောင် စိတ်ထဲတွင် အလွန်အမင်းဒေါသထွက်နေဆဲဖြစ်သည်။
သူ အသက်ကိုပြင်းပြင်းတစ်ရှိုက်ရှူလိုက်ပြီး မိမိကိုယ်ကိုတည်ငြိမ်စေရန် အားကုန်ကြိုးစားလိုက်သည်။
ယခုအခါ ဧရာမဖွတ်ကြီးတွင် ကြောက်ရွံ့စိတ်များစွာမရှိတော့ပေ။ အကယ်၍ ဘာမှမလုပ်ဘဲ ဤအတိုင်းထားလိုက်ပါက မကြာမီမှာပင် ၎င်းသည် ထိန်းချုပ်မှုမှလွတ်မြောက်သွားပြီး ပြန်လည်ရန်ပြုတိုက်ခိုက်ခြင်းပင်ပြုလုပ်လာနိုင်သေးသည်။ ဤသို့သောအခြေအနေတွင် နည်းလမ်းနှစ်ခုသာရှိသည်။ တစ်ခုမှာ ၎င်းကိုလွှတ်ပေးလိုက်ပြီး နောက်တစ်ခုမှာ ပြန်လည်သိမ်းသွင်းခြင်းပင်ဖြစ်သည်။ တခြားနည်းလမ်းမရှိတော့ပေ။
သို့သော် ဧရာမဖွတ်ကြီးကဲ့သို့သော စွမ်းအားကြီးသည့်အသားဒိုင်းမရှိပါက သူ၏တိုက်ခိုက်ရေးအစွမ်း တစ်ဝက်ကျော်လျော့နည်းသွားပေလိမ့်မည်။ ထို့အပြင် ဧရာမဖွတ်ကြီး၏ခြိမ်းခြောက်မှုမရှိပါက လမ်းခရီးမှာ လည်းဤမျှလုံခြုံငြိမ်ငြမ်းမည်မဟုတ်ပေ။ အဆင့်နိမ့်သန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်မှုတစ်ကြိမ်တည်းဖြင့်ပင် သူတို့အဖွဲ့ ဝရုန်းသုန်းကားဖြစ်သွားနိုင်သည်။ တိုက်ခိုက်ရေးလိုအပ်ချက်အရဖြစ်စေ၊ လုံခြုံရေးလိုအပ်ချက်အရဖြစ်စေ ၎င်းကိုသူ လက်လွှတ်နိုင်မည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် ၎င်းက လုံးဝသစ္စာမဖောက်သေးသဖြင့် ပြန်လည်ယဉ်ပါးအောင်လေ့ကျင့်ရန် အခွင့်အရေးကြီးမားစွာရှိနေသေးသည်။
ဤသို့စဉ်းစားပြီးနောက် သူက ၎င်းဆီသို့တစ်လှမ်းချင်းစီ လျှောက်သွားသည်။ ဧရာမဖွတ်ကြီးသည် အန္တရာယ်ကြိုတင်သိမြင်စိတ်ဖြင့် ခြိမ်းခြောက်မှုကိုခံစားမိပြီး တစ်ချက်တွေဝေသွားပြီးနောက် သတိပေးသည့်အနေဖြင့် တိုးညှင်းစွာဟိန်းဟောက်လိုက်ပြီး နှုတ်ခမ်းကိုတစ်ချက်လှန်ပြကာ ကြောက်မက်ဖွယ်ရာအစွယ်များကို ထုတ်ဖော်ပြသလိုက်သည်။ သို့သော် ၎င်း၏သစ္စာစောင့်သိမှုမှာ အနိမ့်ဆုံးအမှတ်သို့မရောက်သေးဘဲ လော်ယွမ်ကလည်း ၎င်းကို အလွန်အစွမ်းထက်သည့်အထင်အမြင်ကို ချန်ထားခဲ့သဖြင့် သတိပေးရုံသာပြုလုပ်ပြီး တကယ်တမ်းတိုက်ခိုက်ရန်မရဲပေ။
သို့သော် လော်ယွမ် အဆက်မပြတ်ချဉ်းကပ်လာသည်နှင့်အမျှ ဧရာမဖွတ်ကြီး၏မျက်လုံးထဲမှရန်လိုမှုမှာ ပို၍ပို၍နက်ရှိုင်းလာပြီး အရည်အသွေးမျက်နှာပြင်ပေါ်မှသစ္စာစောင့်သိမှုမှာလည်း ဖြည်းညှင်းစွာကျဆင်းလာသည်။
၅၃… ၅၂…
လော်ယွမ်၏ချွေးများ တစ်စက်ချင်းစီကျဆင်းလာပြီး သူက စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကိုသပ်လိုက်ကာ လက်ကိုဓားလက်ကိုင်ပေါ်တွင် အားကုန်ဖိထားလိုက်သည်။ အကယ်၍ ဧရာမဖွတ်ကြီး တကယ်တမ်းတိုက်ခိုက်ရဲပါက မည်သို့ပင်ဖြစ်စေ သူသတ်ပစ်ရပေတော့မည်။
ဧရာမဖွတ်ကြီးက အလွန်စိတ်ရှုပ်ထွေးလာပြီး လော်ယွမ်ကို အဆက်မပြတ်ဟိန်းဟောက်နေကာ တစ်ခါတစ်ရံ ခုန်ပျံတိုက်ခိုက်သည့်ပုံစံပြုလုပ်ပြီး လော်ယွမ်ကို နောက်ဆုတ်စေရန်ကြိုးစားနေသည်။ ဟိန်းဟောက်မှုကြောင့်ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာအသံလှိုင်းကြောင့် လော်ယွမ်၏မျက်နှာမှကြွက်သားများမှာ လှိုင်းကဲ့သို့လှုပ်ရှားသွားပြီး ဓားဖြင့်ခုတ်ဖြတ်ခံရသကဲ့သို့ဖြစ်နေသည်။ သို့သော် ပါးလွှာသောစိတ်စွမ်းအင်အလွှာတစ်ခုပေါ်ပေါက်လာသောအခါ ဤမြင်မရသောတိုက်ခိုက်မှုကို လုံးဝကာကွယ်လိုက်သည်။
ဤနေရာမှ ကြီးမားသောလှုပ်ရှားမှုက ခံတပ်ထဲရှိလူအားလုံး၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပြီးဖြစ်သည်။
ဟွမ်ကျားဟွေက ထိုမြင်ကွင်းကိုကြည့်ပြီး ဦးနှောက်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားကာ ခန္ဓာကိုယ်ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့လဲကျလုနီးပါးဖြစ်သွားသည်။
"အပေါ်ထပ်က စက်သေနတ်တွေကို အမြန်သွားယူရအောင်" ဟွမ်ကျားဟွေ သတိပြန်ဝင်လာပြီး အလျင်အမြန်အော်ဟစ်လိုက်သည်။
ဟော်တုံ၏မျက်လုံးများ တစ်ချက်လင်းလက်သွားပြီး ချန်ရှင်းဖုံ၊ လင်းရှောင်ကျီတို့နှင့်အတူ ဒုတိယထပ်သို့ အမြန်ပြေးတက်သွားကြသည်။ စက်သေနတ်မှာ အလတ်စားလက်နက်ဖြစ်ပြီး ယေဘုယျအားဖြင့် စစ်ကားများနှင့် ကာကွယ်ရေးစခန်းများတွင်သာ တပ်ဆင်နိုင်ရာ သာမန်လူများမှာ မပင်မ.မနိုင်ပေ။ သို့သော် အချိန်ကြာမြင့်စွာ သန္ဓေပြောင်းသားရဲအသားစားသုံးထားသဖြင့် သူတို့၏ကိုယ်ခန္ဓာမှာ အလွန်အမင်းသန်မာနေပြီဖြစ်သည်။ အနည်းငယ်မနိုင်ဝန်ထမ်းရသော်လည်း တစ်ယောက်တစ်လက်စီ အနိုင်နိုင်သယ်မနိုင်သေးသည်။
ဤသို့သော ကြောက်မက်ဖွယ်ရာလက်နက်ကို သာမန်လူများမှာ လုံးဝထိတွေ့နိုင်ခြင်းမရှိဘဲ ဟွမ်ကျားဟွေပင်လျှင် မမြင်ဖူးပေ။ သူမသည် ယခင်က ရဲတစ်ဦးသာဖြစ်ရာ ဤသို့သောစစ်လက်နက်ကြီးမှာ မြို့ငယ်လေးတစ်မြို့မှ သာမန်ရဲတစ်ဦး ထိတွေ့နိုင်သောအရာမဟုတ်ပေ။
သို့သော် ခေတ်သစ်လက်နက်အများစုမှာ လူတိုင်းသုံးနိုင်အောင်ပြုလုပ်ထားပြီး အထူးသဖြင့် ခေတ်သစ်စက်သေနတ်များမှာလည်း အီလက်ထရောနစ်ခလုတ်ဖြင့် စတင်ရာ လုပ်ဆောင်ရန်မရှုပ်ထွေးပေ။ လူအနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် ကင်းစခန်း၏တံခါးဝတွင် စက်သေနတ်သုံးလက်ကို ပုံစံတကျတပ်ဆင်လိုက်ပြီး ရှည်လျားသောကျည်ဆန်များမှာ အောက်သို့ဆွဲချထားသည်။
"စိတ်ကိုလျှော့ထား...စိတ်ကိုလျှော့ထား" ဟော်တုံ ပါးစပ်မှ တိုးတိုးလေးရေရွတ်နေပြီး ခလုတ်ကိုနှိပ်ထားသောလက်မှာ တုန်ယင်နေကာ မျက်နှာတွင် ချွေးစေးများပြည့်နှက်နေသည်။
လော်ယွမ်၏မျက်နှာမှာ တင်းမာနေပြီး ဓားရှည်ကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်ရာ ဓားကိုယ်ပေါ်တွင် အေးစက်စက်အလင်းရောင်တစ်ချက်လင်းလက်လာသည်။
ကြီးမားသောအန္တရာယ်ကြောင့် ဧရာမဖွတ်ကြီး၏ စိတ်ရှုပ်ထွေးနေသောနှာခေါင်းပေါက်မှ အဆက်မပြတ်အငွေ့များပန်းထွက်လာပြီး မီးပွားများ လွင့်စဉ်နေသည်။
ဧရာမဖွတ်ကြီးသည် ယခုအခါ အမြင့်၁၈ပေ ၁၉ပေနီးပါးရှိပြီး လော်ယွမ်မှာ ၅ပေ၇သာရှိရာ ၎င်း ခေါင်းတစ်ချက်ငုံ့လိုက်ရုံဖြင့် သူ့ကိုတစ်လုတ်တည်းမျိုချနိုင်သည်။ သို့သော် ဖွတ်ကြီးက ဖြည်းညှင်းစွာနောက်ဆုတ်နေသည်။
လော်ယွမ်၏ခြေလှမ်းများမှာ လေးလံနေပြီး တစ်လှမ်းချင်းစီချဉ်းကပ်သွားသည်။ သူက ဘယ်လက်ကို လေထဲတွင် ဖိချလိုက်ရာ ဤသည်မှာ ဧရာမဖွတ်ကြီးအတွက် အလွန်ရင်းနှီးသောလက်ဟန်ခြေဟန်ဖြစ်သည်။ အစကတည်းက နက်နက်ရှိုင်းရှိုင်းအမှတ်ရစေရန်အတွက် ၎င်းသည် မည်မျှနာကျင်ခံစားခဲ့ရသည်မသိပေ။
ဝပ်ချလိုက်စမ်း...
ဧရာမဖွတ်ကြီး၏အေးစက်စက်မျက်လုံးများက လော်ယွမ်ကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် တွေဝေမှုနှင့်ရုန်းကန်မှုအရိပ်အယောင်တစ်ခုပေါ်လာသည်။ အချိန်အတော်ကြာမှ ၎င်းသည် ဖြည်းညှင်းစွာခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ဝပ်ချလိုက်သည်။ သို့သော် မျက်လုံးထဲမှရန်လိုမှုမှာ ပို၍ပို၍ပြင်းထန်လာသည်။
လော်ယွမ် ခြေလှမ်းအနည်းငယ်လျှောက်သွားပြီး ၎င်း၏ခေါင်းကိုပွတ်သပ်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင် ခိုင်မာသောစိတ်စွမ်းအင်ပါဝင်သောလက်သီးတစ်လုံးက ၎င်း၏အရိုးအခွံချည်းသာရှိသောခေါင်းကို အားကုန်ထိုးချလိုက်သည်။
၅၁ မှတ်ရှိသောသစ္စာစောင့်သိမှုမှာ ချက်ချင်းပင် ၄၅ သို့ပြောင်းလဲသွားသည်။
ဧရာမဖွတ်ကြီး၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ၎င်းသည် ရုတ်တရက်ခေါင်းမော့ကာ သွေးကဲ့သို့နီသောပါးစပ်ကြီးကိုဟပြီး လော်ယွမ်ကို မီးလျှံတစ်ချက်မှုတ်ထုတ်လိုက်သည်။
ဤမီးလျှံ၏အပူချိန်မှာ မမြင့်မားသော်လည်း အလွန်ပြင်းထန်သောတိုးဝင်တိုက်ခိုက်နိုင်စွမ်းရှိရာ အမြန်လမ်းမကြီးမှာ မီးလျှံဖြင့်မှုတ်ထုတ်ခံရသဖြင့် တစ်မီတာခွဲနက်သောတွင်းကြီးတစ်ခုဖြစ်ပေါ်သွားပြီး ကျောက်စရစ်ခဲများမှာ မီးလျှံများနှင့်အတူ လွင့်စဉ်သွားသည်။
သို့သော် ချက်ချင်းပင် ၎င်း၏ဦးနှောက်မှာ နောက်တစ်ကြိမ်မူးဝေသွားပြီး ကိုယ်ခန္ဓာယိုင်နဲ့သွားကာ လဲကျလုနီးပါးဖြစ်သွားသည်။
လော်ယွမ်က ၎င်း၏ဦးခေါင်းပေါ်တွင်ရပ်နေပြီး လက်ထဲတွင် ဧရာမဖွတ်ကြီး၏တစ်ချောင်းတည်းသောချိုကို တင်းတင်းဆုပ်ကိုင်ကာ ၎င်း၏ဦးခေါင်းကို တစ်ချက်ပြီးတစ်ချက် အားကုန်ထိုးချနေသည်။ တစ္ဆေထနောင်းပင်၏အသည်းနှလုံး၏ပေါင်းထည့်မှုနှင့်အတူ သူ၏စိတ်စွမ်းအင်မှာ ၁၅မှတ်ရှိရာ ဧရာမဖွတ်ကြီး၏စိတ်စွမ်းအင်ခုခံနိုင်စွမ်းမှာ အလွန်ပြင်းထန်သော်လည်း တစ်ခဏအတွင်း လုံးဝခုခံနိုင်စွမ်းမရှိပေ။
ဧရာမဖွတ်ကြီးသည် အရက်မူးနေသကဲ့သို့ ကိုယ်ခန္ဓာယိမ်းထိုးနေပြီး ပြင်းထန်သောမူးဝေမှုကြောင့် ၎င်း၏တုံ့ပြန်မှုမှာ အလွန်နှေးကွေးသွားပြီဖြစ်သည်။
သုံးချက်၊ လေးချက်… ဆယ်ချက်၊ ဆယ့်တစ်ချက်…
၁၅ချက်မြောက်ထိုးချလိုက်သောအခါ ဧရာမဖွတ်ကြီးသည် နောက်ဆုံးတွင် "ဘုန်း" ဟူသောအသံနှင့်အတူ လဲကျသွားပြီး အသနားခံတောင်းပန်သံများ ထွက်ပေါ်လာသည်။
လော်ယွမ် အေးစက်စက်ရယ်လိုက်ပြီး ဆက်လက်၍အားကုန်ထိုးချရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။ "အခုမှတောင်းပန်ချင်လည်း နောက်ကျသွားပြီ... ငါမင်းကို လေးနက်တဲ့သင်ခန်းစာမပေးရင် နောက်ကျမင်းထပ်မေ့သွားဦးမှာပဲ"
ထိုအချိန်အတွင်း ဧရာမဖွတ်ကြီးသည် နောက်တစ်ကြိမ်ခုခံရန်ကြိုးစားသော်လည်း မကြာမီမှာပင် လော်ယွမ်၏အတင်းအကျပ်ဖိနှိပ်ခြင်းကိုခံလိုက်ရသည်။ လော်ယွမ် လုံးဝရပ်တန့်ရန်အစီအစဉ်မရှိသည်ကိုတွေ့သောအခါ ၎င်း၏မျက်လုံးထဲတွင် နောက်ဆုံးတွင် ကြောက်ရွံ့မှုများပေါ်ပေါက်လာပြီး ကိုယ်ခန္ဓာမှာလည်း တုန်ယင်လာသည်။ သို့သော် လော်ယွမ်၏လက်သီးမှာ မရပ်တန့်သေးဘဲ မကြာမီမှာပင် ၎င်း ပါးစပ်မှအမြှုပ်များထွက်လာသည်။
လော်ယွမ် နောက်ဆုံးတစ်ချက်ထိုးချလိုက်သောအခါ လုံးဝတုံ့ပြန်မှုမရှိသည်ကိုတွေ့မှ ၎င်း လုံးဝသတိလစ်သွားသည်ကို သိလိုက်ရသည်။
သူ နောက်ဆုံးတွင် ထရပ်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ်အဖြစ်အပျက်မှာ လုံးဝစွန့်စားခြင်းဖြစ်သည်။ ဧရာမဖွတ်ကြီး သူ့အပေါ်အပြည့်အဝသစ္စာမဖောက်သေးဘဲ အနည်းငယ်ရှိန်နေသေးသောကြောင့်သာ မဟုတ်ပါက သူက ဓားလှံများဖြင့် ပြန်သိမ်းသွင်းရတော့မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ရလဒ်က တစ်မျိုးတစ်ဖုံ ဖြစ်သွားပေလိမ့်မည်။
ဧရာမဖွတ်ကြီးမှာ အပြာရင့်ရောင်အဆင့်သတ္တဝါဖြစ်ပြီး စနစ်၏အရည်အသွေးမှတ်ပေါင်းထည့်မှုကြောင့် ၎င်းသည် အချိန်ယူ၍ဆင့်ကဲပြောင်းလဲလာသော အခြားအပြာရင့်အဆင့်သန္ဓေပြောင်းသားရဲအချို့နှင့်ယှဉ်လျှင် လုံးဝမနိမ့်ကျဘဲ ပို၍ပင်အစွမ်းထက်သေးသည်။
လော်ယွမ် အရည်အသွေးဇယားကိုဖွင့်ကြည့်လိုက်ရာ ဧရာမဖွတ်ကြီး၏သစ္စာစောင့်သိမှုမှာ နောက်တစ်ကြိမ် ကြီးမားစွာပြောင်းလဲသွားပြီး ၇၅ သို့တစ်ဟုန်ထိုးတက်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ဤသည်မှာ ယခင်ကမရှိခဲ့ဖူးသောဂဏန်းဖြစ်သည်။ ဤတစ်ကြိမ်သင်ခန်းစာက ၎င်း၏အရိုင်းစိတ်ကို လုံးဝဖယ်ရှားလိုက်ပြီးဖြစ်ရာ သစ္စာစောင့်သိမှုမှာ အချိန်တိုအတွင်း ကျဆင်းတော့မည်မဟုတ်ပေ။
လော်ယွမ် ဧရာမဖွတ်ကြီး၏ကိုယ်ပေါ်မှ ခုန်ချလိုက်ပြီး ကင်းစခန်းတံခါးဝမှစက်သေနတ်အချို့ကိုတွေ့သောအခါ နဖူးတွင် ချွေးအေးအနည်းငယ်စိုသွားသည်။
စက်သေနတ်တွေကို မည်သူတွေ သယ်ထုတ်လာသနည်း။ ဤကဲ့သို့အဖျက်စွမ်းအားကြီးသော သေနတ်များကို မသုံးလိုက်တာ အလွန်ကံကောင်းသည်ဟု ပြောရပေမည်။ သို့မဟုတ်ပါက သူတို့၏အလွန်နည်းပါးသည့် သေနတ်ပစ်စွမ်းရည်ဖြင့် ရမ်းသမ်းပစ်ခတ်လိုက်လျှင် သူတောင်မရှောင်နိုင်ဘဲ ဧရာမဖွတ်ကြီးလည်း သေဆုံးသွားနိုင်သည်။
စက်သေနတ်၏အဖျက်စွမ်းအားကို သူစောစောကတည်းက မြင်ဖူးပြီးသားဖြစ်သည်။ အကယ်၍ သေချာချိန်ရွယ်ပစ်ခတ်မည်ဆိုလျှင် အပြာရင့်ရောင်အဆင့်သတ္တဝါများပင်လျှင် ခံနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ဟွမ်ကျားဟွေ မျက်နှာဖြူဖျော့စွာဖြင့် အလျင်အမြန်ပြေးလာပြီး လော်ယွမ်ကို တင်းတင်းဖက်ထားလိုက်သည်။
လော်ယွမ် သူမ၏ကိုယ်ခန္ဓာ တဆတ်ဆတ်တုန်ယင်နေသည်ကို ခံစားမိရာ အလွန်အမင်းစိုးရိမ်နေသည်မှာ ထင်ရှားသည်။ သူ၏စိတ်ထဲတွင် နွေးထွေးမှုတစ်ခုပေါ်ပေါက်လာပြီး သူမ၏ဝိုင်းစက်သောကျောပြင်ကို ပုတ်ပေးရင်း နူးညံ့စွာပြောလိုက်သည်။ "အေးပါ... အေးပါ... ငါဘာမှမဖြစ်ပါဘူး"
အချိန်အတော်ကြာမှ ဟွမ်ကျားဟွေ လော်ယွမ်ကိုလွှတ်ပေးလိုက်ပြီး စိုစွတ်နေသောမျက်လုံးများကိုသုတ်လိုက်သည်။ "စောစောက ဘာဖြစ်သွားတာလဲ... အဲ့တာဧရာမဖွတ်ကြီးမဟုတ်လား... သူကဘာလို့ရှင့်ကို ရန်ပြုတာလဲ"
"သူဆင့်ကဲပြောင်းလဲသွားတာတွေ့လို့ ငါသူနဲ့လက်ရေစမ်းကြည့်တာပါ... မဟုတ်တာတွေ လျှောက်တွေးမနေနဲ့တော့" လော်ယွမ်က ရယ်မောလိုက်သည်။ ဧရာမဖွတ်ကြီး စောစောက သစ္စာဖောက်လုနီးပါးဖြစ်ခဲ့သည့်အကြောင်းကို မပြောတာက ပိုကောင်းမည်။ ဘာအကျိုးမှမရှိရုံသာမက မလိုအပ်သောအကြောက်တရားကိုသာ တိုးပွားစေလိမ့်မည်။
ဟွမ်ကျားဟွေက သံသယဖြင့် လော်ယွမ်ကိုတစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုမှားယွင်းနေသည်ဟု မသိမသာခံစားမိသော်လည်း လော်ယွမ်၏နောက်ပြောင်နေသောမျက်နှာအမူအရာကိုကြည့်ပြီး အမှန်ဖြစ်မည်ဟုထင်လိုက်သည်။
"ဟုတ်ပြီလျှောက်မတွေးနဲ့တော့... အားလုံးနိုးပြီဆိုတော့ ပစ္စည်းတွေသိမ်းကြတော့ ဖွတ်ကြီးနိုးလာရင် ငါတို့စထွက်ကြမယ်" လော်ယွမ် သူမ၏အတွေးကို အလျင်အမြန်ဖြတ်တောက်လိုက်သည်။
နှစ်ယောက်သား ကင်းစခန်းသို့ပြန်လျှောက်လာစဉ် ဟော်တုံ တွေဝေသွားပြီး အံကိုကြိတ်ကာပြောလိုက်သည်။ "ခေါင်းဆောင်ယွမ်... ငါစက်သေနတ်ယူခဲ့ချင်တယ်"
လော်ယွမ်၏ခြေလှမ်းများ တစ်ချက်ရပ်တန့်သွားပြီး အံ့ဩစွာမေးလိုက်သည်။ "ခင်ဗျားအဲ့တာကို ထမ်းနိုင်လို့လား... ပြီးတော့သူကကျည်ဆံကို ရေလိုသုံးရတာ ကျည်ဆံတစ်သတ္တာက မိနစ်ပိုင်းအတွင်း ပြောင်သွားနိုင်တယ်"
ဟော်တုံ တံတွေးမျိုချလိုက်ပြီး ချန်ရှင်းဖုံနှင့်လင်းရှောင်ကျီကိုတစ်ချက်ကြည့်ကာ အနိုင်နိုင်ပြောလိုက်သည်။ "ငါ ချန်ရှင်းဖုံ... လင်းရှောင်ကျီတို့နဲ့တစ်လှည့်စီသယ်မယ်လေ... ငါတို့ခရီးကို အနှောက်အယှက် မဖြစ်စေရဘူး"
"ကျွန်မလည်း ဝိုင်းကူမယ်" နင်းရှောင်ရမ်လည်း တိုးတိုးလေးပြောလိုက်ပြီး မျက်နှာမှာ နီရဲနေသည်။ သူမက ဆက်ပြောသည်။ "ကျွန်မရဲ့ခွန်အားက အခုအရမ်းကြီးနေပြီရှင့်"
"ကျွန်မလည်း သယ်နိုင်တယ်" ချောင်လင်လည်း ပြောလိုက်သည်။
ဝမ်ရှကွမ်က အံ့ဩစွာဖြင့် ချောင်လင်ကိုတစ်ချက်ကြည့်လိုက်ရာ စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်သွားသည်။
လော်ယွမ် လူအားလုံးကိုတစ်ချက်ကြည့်လိုက်ပြီး သူတို့၏စိတ်အခြေအနေကို ရုတ်တရက်နားလည်သွားသည်။
အမှန်အတိုင်းပြောရလျှင် ဤသာမန်လူများဆီမှ လော်ယွမ် များများစားစား မျှော်လင့်မထားပေ။ သူတို့ကိုခေါ်ထုတ်လာကတည်းက သူတို့ထံမှအကူအညီတစ်စုံတစ်ရာရမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ၏လူသားဆန်စိတ်ရှိနေသေးသဖြင့် တစ်ယောက်တတ်နိုင်လျှင် တစ်ယောက်ကယ်မည်ဟုသာ သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ နှစ်ဦးနှစ်ဖက်၏အင်အားကွာခြားမှုမှာ အလွန်ကြီးမားလှရာ အများအားဖြင့် လော်ယွမ်ရင်ဆိုင်ရသောသန္ဓေပြောင်းသားရဲများကို သူတို့ အနားပင်မကပ်နိုင်ဘဲ ကူညီချင်လျှင်ပင် မကူညီနိုင်ပေ။ အများဆုံး သူတို့တတ်နိုင်သောအလုပ်များကို လုပ်ခိုင်းခြင်းသာဖြစ်သည်။
သို့သော် သူတို့၏ဖိအားက ဤမျှကြီးမားပြီး ဆင့်ကဲပြောင်းလဲသူနှစ်ဦးပင်လျှင် ဤသို့ဖြစ်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် သူတို့၏ဤသို့သော ကာကွယ်လိုစိတ်ကို လော်ယွမ်လည်း ကျေနပ်မိသည်။ သူက ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်လည်း ယူခဲ့ကြပေါ့"
လူအချို့က ပစ္စည်းများကို အလျင်အမြန်သိမ်းဆည်းပြီးနောက် လော်ယွမ် အပြင်ထွက်ကာ ဧရာမဖွတ်ကြီးကို ခြေထောက်ဖြင့်အကြိမ်အနည်းငယ်ကန်လိုက်ရာ ဧရာမဖွတ်ကြီး လှုပ်ရှားသွားသော်လည်း တုံ့ပြန်မှုမရှိပေ။ လော်ယွမ် နောက်တစ်ကြိမ် ၎င်း၏နှာခေါင်းကိုကန်လိုက်ရာ ဤတစ်ကြိမ်တွင် ဧရာမဖွတ်ကြီးက နောက်ဆုံးတွင်သတိလာသည်။ ၎င်းက ဟိန်းဟောက်ရန်ကြိုးစားစဉ်မှာပင် လော်ယွမ်ဖြစ်သည်ကိုတွေ့သောအခါ ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ထရပ်လိုက်သည်။
လော်ယွမ်က ၎င်း၏ကြောက်ရွံ့နေသောပုံစံကိုကြည့်ပြီး ကြီးကြီးမားမားမပြောင်းလဲသရွေ့ သစ္စာဖောက်တော့မည်မဟုတ်ဟုယူဆလိုက်သည်။ စဉ်းစားပြီးနောက် သူက မနေ့ကအဆင့်တက်စဉ်ကကျန်ရှိနေသော အရည်အသွေးမှတ်ကို ၎င်း၏လျင်မြန်မှုတွင်ထည့်လိုက်ရာ လျင်မြန်မှုမှာ မှုန်ဝါးသွားပြီး ချက်ချင်းပင် ၁၅ မှတ်သို့ခုန်တက်သွားသည်။
ဧရာမဖွတ်ကြီးက တစ်ခုခုကိုခံစားမိသည့်အလား စိတ်လှုပ်ရှားစွာဖြင့် တိုးညှင်းစွာဟိန်းဟောက်လိုက်ပြီး ခြေလှမ်းများကို အဆက်မပြတ်လှမ်းနေကာ လော်ယွမ်ကိုကြည့်သော မျက်လုံးထဲတွင် ရှားပါးသောချစ်ခင်မြတ်နိုးမှုများပေါ်ပေါက်လာပြီး အမူအရာမှာလည်း အများကြီးရင်းနှီးသွားသည်။
ဤသို့သောအမူအရာမျိုး ၎င်းတွင် တစ်ခါမျှမပေါ်ပေါက်ခဲ့ဖူးပေ။
သူက ၎င်း၏သစ္စာစောင့်သိမှုကို အလျင်အမြန်ကြည့်လိုက်ရာ ၈၀ သို့ရောက်ရှိနေပြီး ကောင်းကင်ကိုပင် ကျော်လွှားလုနီးပါးဖြစ်နေသည်။
"တုတ်ပြပြီး မုန့်ကျွေးတာမျိုးလား" လော်ယွမ် တွေးတောလိုက်သည်။
သူ နားလည်သွားစဉ်မှာပင် စနစ်မှ အသိပေးသံထွက်ပေါ်လာသည်။
"ဒင်...အချိန်ကြာမြင့်စွာကြိုးစားမှုကြောင့် သင် သားရဲယဉ်ပါးအောင်လေ့ကျင့်ခြင်းအတတ်ပညာကို နားလည်သွားပါပြီ"
လော်ယွမ် အနည်းငယ်အံ့ဩသွားပြီး အရည်အသွေးမျက်နှာပြင်ပေါ်ရှိ ကျွမ်းကျင်မှု၏နောက်ဆုံးတွင် "သားရဲယဉ်ပါးအောင်လေ့ကျင့်ခြင်းအတတ်ပညာ - ဝ" ဟူသောစာတန်းပေါ်ပေါက်လာသည်။
ဤသို့သောကျွမ်းကျင်မှုမျိုးရှိမည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူကတစ်ချက်သာကြည့်ပြီးနောက် အာရုံမစိုက်တော့ပေ။ ဤကျွမ်းကျင်မှုမှာ ဧရာမဖွတ်ကြီး၏သစ္စာစောင့်သိမှုကိုတိုးမြှင့်ခြင်းနှင့်သက်ဆိုင်သည်မှာ ထင်ရှားသည်။ သို့သော် ယခုအခါ ဧရာမဖွတ်ကြီး၏သစ္စာစောင့်သိမှုမှာ အမြင့်ဆုံးသို့ရောက်ရှိနေသဖြင့် အချိန်တိုအတွင်း အသုံးဝင်မည်မဟုတ်ပေ။
သူ ဧရာမဖွတ်ကြီး၏ ကျန်ရှိနေသောကျွမ်းကျင်မှုမှတ်ငါးမှတ်ကို နောက်တစ်ကြိမ်ခွဲဝေလိုက်ပြီး တစ်မှတ်ကို ကိုက်ဖြတ်ခြင်းတွင်ထည့်လိုက်ရာ ကိုက်ဖြတ်ခြင်းမှာ "ကိုက်ဖြတ်ခြင်းကျွမ်းကျင်မှု - ဝ" ဖြစ်သွားသည်။ နောက်၄မှတ်မှာမူ သူ့ကိုတွေဝေသွားစေပြီး နောက်ဆုံးတွင် အားလုံးကို "နှာမှုတ်ခြင်း" တွင်ထည့်လိုက်သည်။ သူက ဤနှာမှုတ်ခြင်းမှာ နောက်ပိုင်းတွင် တိုက်ခိုက်နိုင်စွမ်းအကောင်းဆုံး စွမ်းရည်ဖြစ်လာမည်ကို ထက်မြက်စွာခံစားမိသည်။
ဧရာမဖွတ်ကြီး၏ကျန်ရှိနေသောအရည်အသွေးမှတ်နှင့်ကျွမ်းကျင်မှုမှတ်များကို ခွဲဝေပြီးနောက် လော်ယွမ် နောက်တစ်ကြိမ် ၎င်းကိုဝပ်ချခိုင်းပြီး ကြီးမားသောအထုပ်တစ်ထုပ်ကို ၎င်း၏လည်ပင်းတွင် ပြန်လည်ချိတ်ဆွဲလိုက်သည်။
မနေ့ကတိုက်ပွဲကြောင့် ဤမိုးကာမှာ စုတ်ပြဲလုနီးပါးဖြစ်ခဲ့ရာ လော်ယွမ်က အပြာရင့်ရောင်အမွေးဖြင့် ပေါင်းစပ်လိုက်သည်။ ယခုအခါ ၎င်းကိုတိုက်ရိုက်မတိုက်ခိုက်သမျှ သာမန်ပွတ်တိုက်ဆွဲဖြဲမှုများဖြင့် မပျက်စီးနိုင်တော့ပေ။
လော်ယွမ် နောက်လှည့်ကြည့်လိုက်ရာ ဟော်တုံတို့သုံးယောက် စက်သေနတ်တစ်လက်နှင့် ကျည်ဆန်သေတ္တာနှစ်လုံးကို အလွန်ပင်ပန်းစွာထမ်းပိုးနေသည်ကိုတွေ့သောအခါ သူ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "ထားလိုက်တော့... ခင်ဗျားတို့အဲ့လိုသယ်နေလို့ ဘယ်မှရောက်မှာမဟုတ်ဘူး... လူစားလဲသယ်လဲရမှာမဟုတ်ဘူး ကျည်ဆန်သတ္တာ၁လုံးကိုဒီထဲထည့်လိုက်"
လော်ယွမ် အထုပ်ကိုပြန်ချကာ ဖြန့်လိုက်သည်။
ချန်ရှင်းဖုံ ကျေးဇူးတင်စွာဖြင့် ပြေးလာပြီး ဧရာမဖွတ်ကြီးအနားသို့ရောက်သောအခါ ကြီးမားသောကိုယ်လုံးကိုကြည့်ပြီး စိတ်ထဲတွင် စိုးရိမ်တကြီးဖြစ်နေသော်လည်း နောက်ဆုံးတွင် အံကိုကြိတ်ကာ လျှောက်လာသည်။
လော်ယွမ် ကျည်ဆန်များကို အထုပ်ထဲသို့တန်းထည့်ရန်ကြံရွယ်လိုက်သော်လည်း ကျည်ဆန်များပြင်းထန်စွာတိုက်မိပါက ပေါက်ကွဲနိုင်ပြီး ပေါင်းစပ်ထားသောမိုးကာမှာ မစုတ်ပြဲနိုင်သော်လည်း အတွင်းမှပစ္စည်းများမှာ အကုန်ပျက်စီးသွားမည်ကို စဉ်းစားမိသည်။
သူ နောက်တစ်ကြိမ် မိုးကာတစ်ထည်ကိုထုတ်ကာ ပိုလျှံနေသောအမွေးများဖြင့် ပေါ့ပေါ့ပါးပါးပေါင်းစပ်လိုက်ပြီး အထုပ်နှစ်ထုပ်ခွဲကာ ဧရာမဖွတ်ကြီးပေါ်တွင် ချိတ်ဆွဲလိုက်သည်။
ဤအထုပ်နှစ်ထုပ်မှာ ကီလိုဂရမ်နှစ်ရာနီးပါးလေးသော်လည်း ဧရာမဖွတ်ကြီးကဲ့သို့သော အဆင့်မြင့်သတ္တဝါအတွက်မူ လုံးဝပြောပလောက်ခြင်းမရှိပေ။ ၁၁တန်လေးသောပစ္စည်းကို ၎င်း၏ကိုယ်ပေါ်တွင်တင်ထားလျှင်ပင် ၎င်း လွတ်လပ်စွာလှုပ်ရှားနိုင်ပေလိမ့်မည်။
နှစ်နာရီကြာပြီးနောက် လူအားလုံးမှာ မိုးထိပင်ကြီး၏အရိပ်အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် မြေပြင်မှာ ပြင်းထန်စွာတစ်ချက်တုန်ခါသွားသည်။
ဟော်တုံ၏ခြေထောက်များ ပျော့ခွေသွားပြီး လော်ယွမ် မျက်စိလျှင်လက်လျှင်ဖြင့် ကျည်ဆန်သေတ္တာကို အလျင်အမြန်လှမ်းဖမ်းလိုက်သဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျမသွားပေ။
လော်ယွမ် အံ့ဩစွာဖြင့် နောက်လှည့်ကြည့်လိုက်ရာ မိုးထိပင်ကြီးအနီးမှဧရိယာသာမက ဟယ်တုန်းမြို့တစ်ခုလုံး ပြင်းထန်စွာလှုပ်ခါနေသည်ကို တွေ့ရှိလိုက်ရသည်။ အဝေးမှပျက်စီးလုနီးပါးဖြစ်နေသောအဆောက်အအုံအချို့မှာ အကြိမ်အနည်းငယ်လှုပ်ခါပြီးနောက် အုတ်ခဲတုံးများကဲ့သို့ ပြိုကျသွားသည်။
အမြန်လမ်းမကြီးပေါ်တွင်ရပ်ကာ အဝေးသို့ကြည့်လိုက်လျှင် ကီလိုမီတာရာပေါင်းများစွာကျယ်ဝန်းသောဧရိယာတစ်ခုလုံး တဖြည်းဖြည်းဖုန်မှုန့်များဖြင့် လွှမ်းခြုံလာသည်ကိုတွေ့ရမည်ဖြစ်သည်။
မိုးထိပင်ကြီး အဆက်မပြတ်ကြီးထွားလာသဖြင့် ဤဧရိယာမှာ အမြဲတမ်းတုန်ခါနေသော်လည်း အမြဲတမ်းအလွန်အားနည်းပြီး သေသေချာချာအာရုံမစိုက်ပါက အများအားဖြင့် မခံစားမိနိုင်ပေ။ ထို့အပြင် တုန်ခါသည့်ဧရိယာမှာလည်း အလွန်သေးငယ်ပြီး အခြေခံအားဖြင့် သစ်ပင်ပင်စည်အနီးမှမြေပြင်မြင့်တက်လာသောဧရိယာတွင်သာဖြစ်သည်။ ယခုလိုပြင်းထန်သောတုန်ခါမှုနှင့် ဤမျှကျယ်ဝန်းသောဧရိယာသက်ရောက်မှုမျိုး တစ်ခါမျှမရှိခဲ့ဖူးပေ။ ဤသည်မှာ ဧရိယာကျယ်ပြန့်သောငလျင်ဖြစ်ဟန်တူပြီး အဆင့်လေးအထက်ရှိပေလိမ့်မည်။
ဧရာမဖွတ်ကြီးက အနည်းငယ်စိတ်ရှုပ်ထွေးမငြိမ်သက်ဖြစ်လာသည်။ သစ်ပင်အရိပ်ပေါ်မှသန္ဓေပြောင်းငှက်များလည်း ဆူပူအုံကြွလာပြီး မိုးထိပင်ကြီးမှထွက်ခွာကာ ဝမ်းနည်းစွာအော်မြည်ရင်း အဝေးသို့ပျံသန်းသွားကြသည်။ ဟိုးအဝေးမှလည်း သားရဲဟိန်းသံများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
အလွန်ကြီးမားသောသန္ဓေပြောင်းငှက်အချို့ကို လော်ယွမ်ပင်လျှင် ကြည့်ပြီး ခေါင်းနပမ်းကြီးသွားရသည်။
"ဘာဖြစ်တာလဲဟ" သူ လုံးဝနားမလည်နိုင်ဖြစ်နေသည်။ ဤကဲ့သို့အဆင့်မျိုးရှိသည့်ငလျင်မှာ သူ၏မျက်စိထဲတွင် လုံးဝပြောပလောက်ခြင်းမရှိပေ။ အနည်းငယ်ခိုင်ခံ့သောပျက်စီးလုနီးပါးအဆောက်အအုံများပင်လျှင် ပြိုကျမည်မဟုတ်ဘဲ ဤသို့သော အဆင့်မြင့်သန္ဓေပြောင်းသတ္တဝါများကို ထိတ်လန့်တုန်လှုပ်စေနိုင်မည်မဟုတ်ပေ။
ထိုကဲ့သို့ပုံမှန်မဟုတ်သည့်ဖြစ်စဉ်များကြောင့် သူ၏စိတ်ထဲတွင် အလွန်လေးလံလာမိသည်။
ဆက်ရန်...