← Chapters

အခန်း (၁၂၉-၁၃၂)

Vol. 7 Ch. 129-132

အခန်း (၁၂၉-၁၃၂)

Vol. 7 Ch. 129-132

အပိုင်း(၁၂၉)သားရဲလှိုင်း

အဝေးရှိ ထူထပ်သော အစိမ်းရောင်တောအုပ်ကြီးသည် လှိုင်းလုံးများကဲ့သို့ လူးလွန့်နေပြီး အနည်းငယ်သေးသွယ်သော သစ်ပင်များမှာအစီအရီ လဲပြိုကျကုန်သည်။ မြေပြင်မှာ တခြိမ့်ခြိမ့်မြည်ဟည်းနေပြီး စစ်တပ်ကြီးတစ်ခုလုံး ချီတက်လာသကဲ့သို့ပင်။ ကီလိုမီတာပေါင်းများစွာသော အကွာအဝေးမှပင် မိုးခြိမ်းသံသဲ့သဲ့ကဲ့သို့ အသံများကို ကြားနေရသည်။ မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများက တောအုပ်ထဲတွင် ရူးသွပ်စွာ ပြေးလွှားနေကြပြီး ကောင်းကင်တွင်လည်း သန္ဓေပြောင်းငှက်များနှင့်ပြည့်နေရာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည့်အလား ထူထပ်နေသည်။

တစ်စုံတစ်ခုကို ခံစားမိလိုက်သည့်အလား လော်ယွမ်က မိုးထိပင်ကြီး၏ ပင်စည်ရှိရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဆံများမှာ ရုတ်ချည်း ကျုံ့သွားသည်။

အပူချိန်မြင့်မားသော ရေနွေးငွေ့များ ထွက်နေသည့် မရေမတွက်နိုင်သော ရေပန်းများက ထိုနေရာမှ ပန်းထွက်လာပြီး ပေ၃၀မှ ၃၀၀အထိ မြင့်တက်သွားသည်။ ရေပန်းများ၏ အရေအတွက်မှာ မနေ့ကထက် အဆပေါင်းများစွာ ပိုများနေပြီး ပန်းထွက်မှုမှာလည်း ပို၍ပြင်းထန်ကာ စိတ်လွတ်လက်လွတ်ဖြင့် နောက်ဆုံးတစ်ကြိမ် ပေါက်ကွဲထွက်နေသကဲ့သို့ပင်။

စိမ်းမြသော မီးခိုးငွေ့များက ထိုဖောင်းကြွနေသော မြေသားများကြားမှ ဖြည်းညင်းစွာ တက်လာသည်။

မြေပြင်၏ အဆက်မပြတ် တုန်ခါမှုနှင့်အတူ အပေါ်မှ စိမ်းမြသော မီးခိုးငွေ့များမှာလည်း ပို၍ထူထပ်လာပြီး လေထုထဲတွင် မီးလောင်ပြီး ပုပ်သိုးနေသော အနံ့တစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာသည်။

"ဆာလဖာကို မီးရှို့လိုက်တဲ့ အနံ့နဲ့တူတယ်နော်" နင်းရှောင်ရမ်က စိတ်မသက်မသာဖြင့် ပြောလိုက်သည်။ ကောင်းကင်နှင့် မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများ ရူးသွပ်စွာ ထွက်ပြေးနေကြသည်ကို ကြည့်ရင်း မကောင်းသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားတော့မည်ဟု သူမ ခံစားနေရသည်။

"ဆာလဖာ" လော်ယွမ်က ထိုစကားလုံးကို ကြားသောအခါ ခဏတာ ကြောင်သွားသည်။

"ဒီနေရာမှာဘယ်လိုလုပ် ဆာလဖာနံ့ရမှာလဲ... မဟုတ်မှလွဲရော မီးတောင်များလား" စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသော အတွေးက သူ့ကို မယုံနိုင်အောင် ဖြစ်စေခဲ့သော်လည်း ဤအရာမှလွဲ၍ အခြားရှင်းပြချက်မရှိတော့ပေ။

ထိုအချိန်တွင် မိုးထိပင်ကြီးသည် ပြင်းထန်စွာ ယိမ်းထိုးသွားသည်။ လော်ယွမ်က မူလက စိမ်းမြတောက်ပြောင်နေသော သစ်ရွက်များမှာ အရောင်မှိန်ဖျော့သွားပြီး လုံးဝတောက်ပမှုမရှိတော့သည်ကို ထိတ်လန့်စွာဖြင့် တွေ့လိုက်ရသည်။ အချို့သစ်ရွက်များမှာ အဝါရောင်ပင် သန်းနေပြီဖြစ်သည်။

"သစ်ပင်ကြီး ပြိုလဲတော့မှာများလား"

သူက ထိတ်လန့်တကြားဖြစ်ကာ ရုတ်တရက် သတိပြန်ဝင်လာပြီး "သစ်ပင်အရိပ်အောက်ကနေ မြန်မြန်ထွက်ကြ... အားလုံးပြေးကြတော့" ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုအခါမှအားလုံး သတိဝင်လာပြီး အသက်လုကာ ပြေးလွှားကြသည်။ ဤသို့သောအခြေအနေတွင်ပင် ဟော်တုံတို့အဖွဲ့မှာ စက်သေနတ်ကျည်ဆန်များကို ပစ်ချရန် စိတ်ကူးမရှိဘဲ အံကြိတ်ကာ လူအုပ်နောက်မှ ကြိုးစားလိုက်ပါလာကြသည်။ ဝမ်ရှကွမ်၏ ခန္ဓာကိုယ်မှာမူ ပြန်လည်မကောင်းမွန်သေးသဖြင့် မီတာရာပေါင်းများစွာ ပြေးပြီးနောက်တွင် အရင်ဆုံး မပြေးနိုင်တော့ဘဲ တဖြည်းဖြည်း နောက်ဆုံးတွင် ကျန်ရစ်ခဲ့သည်။

လော်ယွမ်က နောက်သို့လှည့်ကြည့်လိုက်ရာ သူမ၏ ဖယောင်းကဲ့သို့ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရပြီး ဆက်လက်မခံနိုင်တော့သည်မှာ ထင်ရှားနေသည်။ သူက နောက်သို့ ပြန်ပြေးသွားပြီး သူမ ငြင်းဆန်ချိန်မရမီမှာပင် သူမကို ကျောပေါ်သို့ တိုက်ရိုက်ထမ်းတင်ကာ ရှေ့သို့ ဆက်ပြေးသွားသည်။

ထိုနေ့က သူမသည် လော်ယွမ်အပေါ် လုံးဝစိတ်ပျက်သွားပြီးနောက် တစ်ညလုံးနီးပါး ငိုကြွေးခဲ့သည်။ နောက်တစ်နေ့တွင် သူမ လော်ယွမ်နှင့် ဘယ်တော့မှ စကားမပြောတော့ဟု တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။ သူက အလွန်ပင် စိမ်းကားသွားပြီး သူမ၏ အမှတ်တရထဲမှ လူလုံးဝမဟုတ်တော့ပေ။ သူမ၏ ရှေ့တွင်ပင် အမျိုးသမီးနှစ်ဦးနှင့် ပေါ်ပေါ်ထင်ထင် အတူအိပ်စက်နေခဲ့သည်။

သို့သော် ဤသို့ ကျောပေါ်တွင် ထမ်းတင်ခံရသည့် အနေအထားမှာ အလွန်ပင် ရှက်စရာကောင်းလှသည်။ သူမသည် မိနစ်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားမိသောအခါ မနေနိုင်တော့ဘဲ "ကျွန်မကိုချပေးတော့... ကျွန်မကိုယ့်ဖာသာ ပြေးလို့ရပြီ" ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"လျှာမရှည်နဲ့" လော်ယွမ်က သူမ၏ တင်ပါးကို အားဖြင့် တစ်ချက်ရိုက်လိုက်သည်။

ဝမ်ရှကွမ်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး တစ်ချက်ကလေးမှ မလှုပ်ရဲတော့ပေ။

မိနစ်အနည်းငယ်အကြာတွင် သူတို့အဖွဲ့ သစ်ပင်အရိပ်၏အောက်မှ နောက်ဆုံးတွင် ပြေးထွက်နိုင်ခဲ့ပြီး ဒူးများကိုလက်ဖြင့်ထောက်ကာ အသက်ကို လုရှူနေကြသည်။ အများစုမှာ မြေပြင်ပေါ်တွင် ဖင်ထိုင်ကျသွားပြီး ပြန်မထနိုင်တော့ပေ။ ဤသို့ အားကုန်သုံး၍ ပြေးလွှားခြင်းသည် ခွန်အားကို အလွန်အမင်း ကုန်ဆုံးစေပြီး လူအများစုမှာ မိုက်ဝက်ခန့်ပင် မပြေးနိုင်ကြပေ။ ဤမျှကြာရှည်စွာ ပြေးနိုင်ခြင်းမှာ ကမ္ဘာမပျက်ခင်က သာမန်အပြေးသမားတစ်ဦး၏ စံနှုန်းနှင့်ပင် တူညီနေသည်။

လော်ယွမ်က ဝမ်ရှကွမ်ကို ချပေးလိုက်သည်။ သူမက ပြေကျနေသော ဆံပင်များကို ဟန်မပျက် သပ်တင်လိုက်ပြီး မျက်နှာမှာ အဖျားတက်သကဲ့သို့ နီရဲနေသည်။ သို့သော် ဤအချိန်တွင် သူမ၏ မျက်နှာအမူအရာကို မည်သူမျှ သတိမပြုမိတော့ပေ။

"ဥတ္တရအလင်းတန်း... ဒီမှာဘယ်လိုလုပ် ဥတ္တရအလင်းတန်းတွေ ရှိနေတာလဲ" ဟွမ်ကျားဟွေက တုန်လှုပ်စွာ အော်ပြောလိုက်သည်။ ကောင်းကင်ပေါ်ရှိ တိမ်ဖြူများမှာ ပုံသဏ္ဌာန်မရှိဘဲ စုလိုက်ကွဲလိုက်ဖြစ်နေပြီး လေပြင်းများ တိုက်ခတ်နေကာ ရောင်စုံအလင်းတန်းများ ရံဖန်ရံခါ ဖြတ်သန်းသွားပြီး စွဲမက်ဖွယ်ကောင်းသော အလင်းရောင်များ ထွက်ပေါ်နေသည်။

(ဥတ္တရအလင်းတန်း ဆိုတာ Aurora သို့မဟုတ် Nothern Lights ကိုပြောတာပါ။ ကမ္ဘာတောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းတို့ မှာ မြင်တွေ့ရလေ့ရှိပါတယ်)

"ဒီနေရာမှာ မီးတောက်ပေါက်တော့မယ်ထင်တယ် ဟိုးဘက်မှာမီးခိုးတွေတက်လာတာ အများကြီးပဲ ကြည့်လိုက်ဦး" လင်းရှောင်ကျီက မိုးထိပင်ကြီး၏ အမြစ်နေရာကို ညွှန်ပြရင်း မျက်နှာဖြူဖျော့စွာ ပြောသည်။

"သေစမ်း... သန္ဓေပြောင်းသတ္တဝါတွေ ဒီဘက်ကို ရောက်လာတော့မယ်" ဟော်တုံက အဝေးပြေးလမ်းဘေးရှိ ကာကွယ်ရေးဇုန်နေရာကို ကြောက်လန့်တကြား ကြည့်လိုက်ပြီး ထိတ်လန့်လွန်း၍ အသက်ရှူရန်ပင် မေ့သွားသည်။

မလှမ်းမကမ်းရှိ တောအုပ်ထဲမှ မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများက ဒီရေအလား ဤဘက်သို့ ရူးသွပ်စွာ စီးဝင်လာကြပြီး အချို့မှာ ကာကွယ်ရေးဇုန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ လော်ယွမ်၏ မျက်နှာမှာ ပျက်ယွင်းနေသည်။ အဝေးပြေးလမ်းမကြီး၏ ဘေးနှစ်ဖက်စလုံးမှာ တောအုပ်များဖြစ်ပြီး သားရဲလှိုင်း ဖြစ်ပေါ်လာသည်နှင့် ဤနေရာက ရှေ့ဆုံးမှ ခံရမည်ဖြစ်ပြီး မည်သို့မျှ ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။

"ရှေ့က ကင်းစခန်းကို မြန်မြန်သွားကြ" လော်ယွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် အားလုံး၏ မောပန်းနေသော ခန္ဓာကိုယ်များမှာ ခွန်အားအသစ်တစ်ခု ထပ်မံထွက်ပေါ်လာပြီး ပေ၃၀၀အကွာရှိ ကင်းစခန်းသို့ အသက်လုကာ ပြေးလွှားကြသည်။

သို့သော် သန္ဓေပြောင်းသတ္တဝါများ၏ အမြန်နှုန်းက ပို၍မြန်ဆန်သည်။ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်က လူအုပ်ကို လျင်မြန်စွာ ကျော်ဖြတ်သွားသည်။ သူက အလွန်ထိတ်လန့်နေပုံရပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ အပြည့်ရှိနေသည်။ အနီးရှိ အပြာရင့်ရောင်ရောင်အဆင့် ဧရာမဖွတ်ကြီးပင်လျှင် သူ၏ ခြေလှမ်းများကို မတားဆီးနိုင်ပေ။ သူက လူအုပ်ကို ကျော်ဖြတ်ပြီးနောက် ရှေ့သို့ ဆက်ပြေးသွားသည်။

ပြေးလာသော သန္ဓေပြောင်းသတ္တဝါများမှာ တဖြည်းဖြည်း များပြားလာပြီး မြေပြင်မှာပင် တုန်ခါလာသည်။ အချို့မှာ လူအုပ်ထဲသို့ တည့်တည့်မတ်မတ် တိုးဝင်လာရာ နောက်ဆုံးမှ ကာကွယ်ပေးနေသော လော်ယွမ်၏ လျင်မြန်စွာ ခုတ်သတ်လိုက်ခြင်း သို့မဟုတ် ဧရာမဖွတ်ကြီး၏ တိုက်ရိုက် နင်းခြေပစ်လိုက်ခြင်းကို ခံလိုက်ရသည်။

တစ်မိနစ်အကြာတွင် လဲကျလုနီးပါးဖြစ်နေသော လူအုပ်သည် နောက်ဆုံးတွင် ကင်းစခန်းသို့ ရောက်ရှိလာပြီး လော်ယွမ်ပင်လျှင် အနည်းငယ် မောဟိုက်နေပြီဖြစ်သည်။ တစ်မိနစ်ကျော်မျှသော အချိန်တိုအတွင်း လော်ယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားသော သန္ဓေပြောင်းသတ္တဝါများမှာ ဆယ်ကောင်ကျော်နေပြီဖြစ်ပြီး ထိုအထဲတွင် အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ပင် ပါဝင်သည်။ တိုက်ပွဲ၏ ပြင်းထန်မှုမှာ လော်ယွမ် ယခင်ကြုံတွေ့ခဲ့ရသည်များထက် များစွာသာလွန်နေသည်။ အခုနောက်ပေါင်း ပိုမိုတိုးတက်လာသော သူ၏သက်လုံကြောင့်သာ မဟုတ်ပါက ယခုအချိန်တွင် အားကုန်သွားလောက်ပြီဖြစ်သည်။

လော်ယွမ်က အတွင်းပိုင်းကို လျင်မြန်စွာ စစ်ဆေးလိုက်ပြီး ထိုနေရာတွင် ခိုအောင်းနေသော အရောင်အသွေးစုံလင်သည့် အမည်မသိ ထူးဆန်းသော ပိုးကောင်အချို့ကို သတ်ပစ်လိုက်သည်။

ဒုတိယထပ်တွင် စက်သေနတ်တစ်လက်၏ ပြောင်းမှာ ကွေးကောက်နေပြီး အသုံးမဝင်တော့သည်မှလွဲ၍ အခြားအရာများမှာ ကောင်းမွန်စွာ ရှိနေသေးသည်။ ကျည်ဆန်ပင်လျှင် ရှစ်ပုံးတိတိ ရှိနေသည်။ လော်ယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီး ယောက်ျားသားအချို့ကို "မင်းတို့၃ယောက် တစ်ယောက်တစ်ပေါက်စီ စောင့်ကြပ်ကြ... အရွယ်အစားကြီးတဲ့သန္ဓေပြောင်းသတ္တဝါတွေ ပြေးလာတာမြင်တာနဲ့ချက်ချင်းပစ်ရမယ်... ဒါပေမဲ့ ကျည်ဆန်ကိုတော့ မဖြုန်းမိစေနဲ့... ကျည်တစ်တွဲလုံးကို တစ်ခါထဲ အကုန်မပစ်လိုက်နဲ့... ကျားဟွေနင်က သူတို့ကိုဝိုင်းကူပေး"

"ဝမ်ရှီရှီ... နင့်တာဝန်ကအရေးအကြီးဆုံးပဲ... အင်းစက်လိုသန္ဓေပြောင်းသတ္တဝါလေးတွေ အပေါက်တွေက ဝင်မလာအောင် သေချာကြည့်ထား... လုံးဝမပေါ့မိစေနဲ့" လော်ယွမ်က ဝမ်ရှီရှီကို လေသံမာမာဖြင့် ပြောသည်။

ဝမ်ရှီရှီက အပြင်းအထန် ခေါင်းညိတ်ပြလိုက်ပြီး ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေသည်။ သူမ၏ လက်သေးသေးလေးများကို ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်ကာ အတွင်းမှ ချွန်ထက်သော ဆူးချွန်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

"ရှင်... ရှင်ကဘယ်သွားမလို့လဲ" ဟွမ်ကျားဟွေသည် သူ၏ စကားထဲမှ ဆိုလိုရင်းကို နားလည်သွားပြီး စိုးရိမ်စွာ မေးလိုက်သည်။

"ငါကအပြင်မှာနေပြီး ဒီနေရာရဲ့ နောက်ဆုံးခံစစ်အဖြစ် စောင့်ကြပ်မယ်" လော်ယွမ်က လေးနက်စွာ ပြောသည်။

ယခုလိုအချိန်မျိုးတွင် ဘာပြောပြော အသုံးဝင်မည် မဟုတ်တော့ပေ။ ဟွမ်ကျားဟွေ၏ အသံမှာ အနည်းငယ် တုန်ယင်နေပြီး "ရှင့်... ရှင်... သတိထားနော်"

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဝမ်ရှကွမ်၏ ရင်တုန်သွားစေလောက်သည့် စိုးရိမ်ပူပန်သော အကြည့်ကို မြင်သောအခါ သူက အနည်းငယ် ရပ်တန့်သွားပြီးနောက် လှေကားမှ လှည့်ထွက်သွားကာ စိတ်ထဲမှ "လက်ခံတယ်" ဟု ရေရွတ်လိုက်သည်။

"ဒင်..Dအဆင့်မစ်ရှင် - သားရဲလှိုင်း၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန်"

"မစ်ရှင်လိုအပ်ချက် - သေဆုံးသူဦးရေ နှစ်ဦးထက် မကျော်လွန်စေရ"

Dအဆင့်မစ်ရှင်... ဤသည်မှာ သူဘယ်တုံးကမှ မကြုံတွေ့ခဲ့ဖူးသော မစ်ရှင်အဆင့်ဖြစ်သည်။ အကယ်၍ E+ အဆင့်သည် အဆင့်လေး သန္ဓေပြောင်းသတ္တဝါ သို့မဟုတ် အပြာရင့်ရောင်အဆင့်ကို သတ်ဖြတ်ရသည့် အခက်အခဲကို ကိုယ်စားပြုပါက D အဆင့်မှာ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါကို သတ်ဖြတ်ရသည့် အခက်အခဲကို ကိုယ်စားပြုကြောင်း ထင်ရှားသည်။ ယခုအချိန်အထိ သူက အဆင့်ငါး သန္ဓေပြောင်းသတ္တဝါကို မြင်ပင် မမြင်တွေ့ဖူးသေးဘဲ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကိုသာ အဝေးမှ ခံစားဖူးသေးသည်။ ထိုမျှဖြင့်ပင် သူ့ကို ရင်တုန်ပြီး ကြက်သီးမွေးညင်းများ ထောင်သွားစေခဲ့သည်။

ထိုစဉ်က သူ၏အစွမ်းမှာ ယခုလောက် မသန်မာသေးသည်မှာ မှန်သော်လည်း ယခုအချိန်တွင်ပင်လျှင် သူ၌ ယုံကြည်မှု တစ်စက်မှ မရှိပေ။ သူ၏ လက်ရှိစွမ်းအားဖြင့် အဆင့်လေး သန္ဓေပြောင်းသတ္တဝါကို အနိုင်နိုင် သတ်နိုင်သော်လည်း အဆင့်ငါး သန္ဓေပြောင်းသတ္တဝါကို သတ်ရန်မူ လုံးဝမဖြစ်နိုင်ပေ။

ယခင်က သူ အလွန်အင်အားကြီးသည်ဟု ထင်ခဲ့သော အပြာရောင်အဆင့်ကို ယခုအခါ လွယ်ကူစွာ သတ်နိုင်သကဲ့သို့ပင်။ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါကလည်း သူ့ကို အလားတူ လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။ အဆင့်တစ်ဆင့် ကွာခြားရုံဖြင့် စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသွားပြီး အဆင့်များကြားတွင် နက်ရှိုင်းသော ချောက်ကြီးတစ်ခု ခြားနားနေသကဲ့သို့ပင်။

ဤတာဝန်တွင် အဆင့်ငါး သန္ဓေပြောင်းသတ္တဝါ ပေါ်ပေါက်လာနိုင်ခြေ အလွန်နည်းပါးသော်လည်း အခက်အခဲမှာမူ တူညီပြီး အနှစ်သာရအားဖြင့် ခြားနားမှုမရှိပေ။

လော်ယွမ်က အပြင်သို့ ထွက်လာသည်။ ဤအချိန်တွင် သန္ဓေပြောင်းသတ္တဝါများမှာ ကာကွယ်ရေးဇုန်ကို ဖြတ်ကျော်ကာ အဝေးပြေးလမ်းမကြီးဆီသို့ စီးဝင်လာနေကြသည်။

သူက အရည်အသွေးပြဇယားကို လျင်မြန်စွာ ဖွင့်လိုက်ပြီး တလောက အဆင့်တက်စဉ်တွင် အသုံးမပြုရသေးသော ကျွမ်းကျင်မှုအမှတ်ငါးမှတ်လုံးကို ဓားသိုင်းပညာပေါ်သို့ ထည့်လိုက်သည်။ သတင်းအချက်အလက် အမြောက်အမြားက သူ၏ ဦးနှောက်ထဲသို့ အလုံးအရင်းဖြင့် စီးဝင်လာသည်။ သူက မျက်လုံးများကို မှိတ်ကာ ရုတ်တရက် ပေါ်ပေါက်လာသော မှတ်ဉာဏ်ကို ခံစားနေသည်။ အစွမ်းထက်သော အရှိန်အဝါတစ်ခုက သူ၏ ကိုယ်ပေါ်မှ တဖြည်းဖြည်း ပျံ့နှံ့ထွက်ပေါ်လာပြီး လေထုမှာ လှုပ်ရှားလာသည်။

ပုံသဏ္ဌာန်မရှိသော စွမ်းအင်စက်ကွင်းတစ်ခုက အနီးပတ်ဝန်းကျင်ကို ပြည့်နှက်နေသကဲ့သို့ပင်။ အချိန်ကြာလာသည်နှင့်အမျှ သေးငယ်သော ကျောက်စရစ်ခဲများမှာ အနည်းငယ် တုန်ခါလာပြီးနောက် တုန်ခါမှုအကြိမ်နှုန်းမှာ ပို၍မြန်ဆန်လာကာ လေထဲသို့ ပျံတက်တော့မည့်အလားပင်။ ဤဧရိယာထဲသို့ ဝင်ရောက်လာသော အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါအချို့မှာ မိုးကြိုးပစ်ခံရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းကာ မြေပေါ်သို့ လဲကျသွားပြီး အဆက်မပြတ် တွန့်လိမ်နေကာ မကြာမီပင် အသက်ပျောက်သွားသည်။

ဧရာမဖွတ်ကြီးပင်လျှင် စိတ်မသက်မသာဖြင့် နှာမှုတ်နေပြီး တစ်ကိုယ်လုံးမှ အကြေးခွံများမှာ တစ်ခုချင်းစီ ထောင်ထလာကာ လော်ယွမ်ကို ကြည့်သောအခါ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပါဝင်နေသည်။

ဓားသိုင်းပညာကျွမ်းကျင်မှု - ၁၉

ပိုမိုမြင့်မားသော အဆင့်သို့ တက်ရန် ၁မှတ်သာ လိုတော့သည်။

(အမှတ် ၂၀ တိုင်းမှာ အဆင့်တစ်ဆင့်တက်ပါတယ်။ မူလက ဓားပညာ ၁၉ ကနေ ၂၀ ကိုရောက်တော့ ဓားပညာကျွမ်းကျင်မှုဆိုတဲ့ အဆင့်ကိုတက်သွားတာပါ)

သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ ခံစားမှု ပြီးဆုံးသွားသည်နှင့် ပတ်ဝန်းကျင်မှ အရှိန်အဝါမှာ လျင်မြန်စွာ လျော့ကျသွားပြီး အနီးပတ်ဝန်းကျင်မှ တုန်ခါနေသော ကျောက်စရစ်ခဲများမှာလည်း ငြိမ်သက်သွားသည်။ သူ၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်သော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒါကကိုယ်တိုင်လေ့ကျင့်ပြီး ရလာတဲ့အစွမ်းအစ မဟုတ်တော့ စနစ်ကပို့ပေးတဲ့မှတ်ဉာဏ်တွေနဲ့ တစ်သားထဲဖြစ်ဖို့က နည်းနည်းခက်တယ်" သူက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။သီအိုရီအရဆိုလျှင် "ဓားသိုင်းပညာကျွမ်းကျင်မှု - ၁၉" ၏့ အစွမ်းကို သူအများဆုံး "ဓားသိုင်းပညာကျွမ်းကျင်မှု - ၁၅" ၏ စွမ်းအားလောက်သာလျှင် အပြည့်အဝ ထုတ်သုံးနိုင်ပေလိမ့်မည်။

သို့သော် ထိုသို့ဆိုလျှင်တောင် သူ၏ လက်ရှိစွမ်းအားမှာ များစွာတိုးတက်လာခဲ့သည်။ ဓားရောင်ခြည်ကို အသုံးချမှုမှာ ပို၍ကျွမ်းကျင်လာပြီး စိတ်စွမ်းအားကို စုစည်းမှုမှာပင် ပိုမိုတိုးတက်လာခဲ့သည်။ သူက ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ရာ ဓားပေါ်တွင် အလင်းတန်းတစ်ခု ချက်ချင်းလင်းလက်လာသည်။ ဓားရောင်ခြည်မှာ အလွန်တည်ငြိမ်ပြီး ယခင်ကကဲ့သို့ မီးတောက်မီးလျှံများကဲ့သို့ ပြင်းထန်စွာ တောက်လောင်ခြင်းမျိုးမရှိတော့ဘဲ ယခုအခါတွင်မူ ငြိမ်သက်နေသော ကြည်လင်သည့် စမ်းရေအိုင်တစ်ခုကဲ့သို့ အေးစက်မှုထဲတွင် ထက်မြက်သော အလင်းရောင်များ ပါဝင်နေသည်။ ၎င်းကအစိုင်အခဲကဲ့သို့ ခံစားမှုကိုပင် ပေးစွမ်းနေသည်။

ထိုအချိန်တွင် စက်သေနတ်၏ ပစ်ခတ်သံများ ထွက်ပေါ်လာသည်။

ဘယ်ဘက်ရှိ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ပေါ်တွင် သွေးပန်းများ ချက်ချင်းပွင့်ထွက်သွားပြီး ဆယ်စက္ကန့်ကျော်အကြာတွင် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားကာ စုတ်ပြဲနေသောအိတ်တစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ လေးလံစွာ လဲကျသွားသည်။ ကျည်ဆန်များက အလောင်းပေါ်တွင် စက္ကန့်အနည်းငယ် ဆက်လက်ရွာသွန်းပြီးမှသာ ရပ်တန့်သွားသည်။

ဤလူအုပ်စုသည် ဤသို့သော လက်နက်မျိုးကို တစ်ခါမျှ မကိုင်တွယ်ဖူးသည့်အပြင် စိတ်လှုပ်ရှားမှုကြောင့် တုံ့ပြန်မှုနှေးကွေးကာ ခလုတ်ကို နှိပ်မိသည်နှင့် မရပ်တန့်နိုင်တော့ပေ။ ဤအတိုင်းသာဆိုလျှင် မကြာမီမှာပင် ကျည်ဆန်များ ကုန်ဆုံးသွားပေလိမ့်မည်။

လော်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာမှာ တဖြည်းဖြည်း လေးနက်လာသည်။

မရေမတွက်နိုင်သော သတ္တဝါများက သစ်ပင်များကြားမှ ပေါ်ထွက်လာပြီး အုပ်စုဖွဲ့ကာ ဤနေရာသို့ ရူးသွပ်စွာ ပြေးလွှားလာကြသည်။ ထိုအထဲတွင် ကြီးမားသော အပြာရင့်ရောင်အဆင့် သတ္တဝါနှစ်ကောင်ပင် ပါဝင်နေသော်လည်း ယခုအချိန်တွင်မူ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများနှင့်အတူ အချင်းချင်း တိုးဝှေ့ကာ အသက်လု ထွက်ပြေးနေကြသည်။

ဆက်ရန်...

အပိုင်း(၁၃၀)သေခါနီးအခြေအနေ

ဧရာမဖွတ်ကြီးမှာ ထိန်းမနိုင်သိမ်းမရဖြစ်ကာ စိတ်လှုပ်ရှားထကြွနေပြီး ရှေ့မှ သန္ဓေပြောင်းသတ္တဝါများဘက်သို့ မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံများကို အဆက်မပြတ် ပြုလုပ်နေသည်။ အကယ်၍ ယခုအချိန်တွင် လော်ယွမ်အပေါ် သစ္စာစောင့်သိမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမနေပါလျှင် ပြင်းထန်သော အန္တရာယ်နှင့် ကြောက်ရွံ့မှုတို့က ၎င်းကို သားရဲအုပ်ကြီးထဲသို့ ဝင်ရောက်ကာ ဤနေရာမှ ထွက်ပြေးသွားစေရန် တွန်းအားပေးပြီးလောက်ပြီဖြစ်သည်။

သို့သော်လည်း သေမင်းနှင့် ရင်ဆိုင်ရတော့မည်ကို ခံစားနေရသော သန္ဓေပြောင်းသတ္တဝါများမှာ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်၏ သတိပေးမှုကြောင့် လမ်းကြောင်းပြောင်းလဲသွားမည် မဟုတ်သည်မှာ ထင်ရှားသည်။

ရေလှိုင်းတံပိုးများကဲ့သို့သော သားရဲအုပ်ကြီးကို ရင်ဆိုင်ရင်း လော်ယွမ်မှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

တစ်လံခန့်မြင့်ပြီး တစ်ကိုယ်လုံးတွင် အမွေးအမှင်မရှိဘဲ အရေပြားများမှာ ရှုံ့တွနေသော လူဝံတစ်ကောင်က အနီးရှိ ဧရာမဖွတ်ကြီးကို ရှောင်ရှားကာ လော်ယွမ်ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာသည်။ အနားသို့မရောက်သေးမီမှာပင် လူကိုမူးမေ့သွားစေနိုင်သော ကိုယ်နံ့က မျက်နှာဆီသို့တိုးဝင်လာသည်။

သတ္တဝါအချို့မှာထွက်ပြေးနေရဆဲဖြစ်သော်လည်း လမ်းခရီးတွင် အလွယ်တကူ အမဲလိုက်လိုသည့် ဆန္ဒကိုမူ မတားဆီးနိုင်ကြပေ။ သို့သော် ၎င်း၏ သနားစရာ ဦးနှောက်မှာ ဤနေရာတွင် ဘေးမှ ဧရာမဖွတ်ကြီးထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ဦး ရှိနေသည်ကိုမူ ကြိုမသိနိုင်ခဲ့ပေ။

၎င်း၏ လက်ကြီးဖြင့် အောက်မှ သတ္တဝါငယ်လေးကို ဖမ်းဆွဲမည့်ဆဲဆဲတွင် ဓားအလင်းတန်းတစ်ခုက ပျံသန်းနေသော ငန်းငှက်တစ်ကောင်၏ အရိပ်သဖွယ်၊ ကောင်းကင်ကိုဖြတ်သန်းသွားသော လျှပ်စီးကြောင်းတစ်ခုပမာ တစ်ခဏအတွင်း ဖြတ်သန်းသွားပြီး ရင်ဘက်မှတစ်ဆင့် ၎င်းကို နှစ်ပိုင်းအဖြစ်သို့ ပိုင်းဖြတ်ကာ အတွင်းမှ နှလုံးကိုပင် နှစ်ခြမ်းခွဲသွားခဲ့သည်။

လော်ယွမ်က ဓားရှည်ကြီးကို တစ်ချက်ခါလိုက်ရာ သွေးများမှာ ဓားသွားတစ်လျှောက် လျှောကျသွားပြီး မကြာမီမှာပင် ဓားမှာ အသစ်ကဲ့သို့ တောက်ပြောင်သွားသည်။

ရှေ့မှ တိုးဝှေ့လာသော သားရဲအုပ်ကြီးကို ကြည့်ရင်း လော်ယွမ်၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသောအသွင်သို့ ပြောင်းလဲသွားသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လူရောဓားပါ သားရဲအုပ်ကြီးထဲသို့ အရှိန်ဖြင့် တိုးဝင်သွားသည်။ သူ၏ကိုယ်မှာ တောင်ပေါ်မှဆင်းလာသော ကျားရိုင်းတစ်ကောင်ပမာဖြစ်ပြီး သူ၏ဓားမှာမူ လျှပ်စီးကြောင်းတစ်ခုပမာ ဖြစ်၏။ လော်ယွမ်က သူ၏စိတ်ထဲမှ စိုးရိမ်ပူပမ်စိတ်နှင့် ကြောက်ရွံ့မှုတို့ကို သတ်ဖြတ်ခြင်းထဲသို့ ထည့်သွင်းကာ ထုတ်ဖော်လိုက်သည်။ သူက အရူးတစ်ပိုင်းကဲ့သို့ လျင်မြန်စွာ ခုတ်ပိုင်းနေပြီး သွေးများက နေရာအနှံ့ပန်းထွက်နေသည်။

သားရဲအုပ်ကြီးထဲတွင် သန္ဓေပြောင်းသတ္တဝါများ၏ အဆင့်မှာ မတူညီကြပေ။ အများစုမှာ အဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါများဖြစ်သော်လည်း အပြာနုရောင်အဆင့်နှင့်အထက်မှာလည်း မနည်းမနောရှိနေသည်။ ထိုသားရဲအုပ်ထဲက မည်သည့်တစ်ကောင်ကိုမဆို သီးခြားခွဲထုတ်လိုက်ပါက လူကို ကြားရုံဖြင့် မျက်နှာပျက်စေနိုင်ပြီး အုပ်စုလိုက်ဆိုလျှင် မြို့တစ်မြို့ကိုပင် ဖျက်ဆီးပစ်နိုင်သည်။

သို့သော် ယခုအချိန်တွင် ဤသတ္တဝါများမှာ လော်ယွမ်၏အရှိန်ကို လုံးဝလိုက်မမီနိုင်ဘဲ မလှုပ်ရှားနိုင်သော သစ်တုံးများကဲ့သို့ တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားကြသည်။

အစွမ်းကုန်ထုတ်သုံးနေသော လော်ယွမ်မှာ စွမ်းဆောင်ရည်မြင့်မားသော အသားကြိတ်စက်ကြီးတစ်လုံးနှင့် တူနေသည်။ သူသွားရာလမ်းတစ်လျှောက်တွင် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများနှင့် ကလီစာများဖြင့် ပြည့်နှက်နေပြီး အကောင်းပကတိရှိသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်မျှ မရှိတော့ပေ။ သွေးများဖြင့်နီရဲနေသော အမြန်လမ်းမပေါ်တွင် အလောင်းကောင်အပိုင်းအစများသာ ရုန်းကန်ညည်းညူရင်း အကြောဆွဲနေကြသည်။

ကင်းစခန်းမှ သေနတ်သံများ ရပ်တန့်သွားသည်။ အားလုံးက အရှေ့ဘက်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ဤသည်မှာ လူတစ်ဦးတည်း၏အစွမ်းဖြင့် ပြုလုပ်နိုင်သော သတ်ဖြတ်ပွဲဖြစ်သည်ဟု မည်သူမျှ စိတ်ကူး၍မရနိုင်ပေ။ ဝမ်ရှကွမ်နှင့် ဟွမ်ကျားဟွေတို့၏ မျက်နှာများမှာ အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်နေပြီး သူတို့၏မျက်လုံးထဲတွင် လော်ယွမ်မှလွဲ၍ အခြားမည်သူမျှမရှိတော့ပေ။ လော်ယွမ်၏ သတ်ဖြတ်မှုကို မြင်ရတိုင်း ပြင်းထန်သော အလှတရားတစ်မျိုးကို ခံစားရပြီး သွေးသံရဲရဲသတ်ဖြတ်မှုကို အနုပညာတစ်ခုကဲ့သို့ ဖြစ်သွားစေသည်။

လော်ယွမ်၏ ဓားသိုင်းမှာ ကြမ်းတမ်းခက်ထန်ပြီး ကျက်သရေအနည်းငယ်လည်း ပါဝင်နေသည်။ သူ၏ ဓားတစ်ချက်ချင်းစီ၊ ခြေတစ်လှမ်းချင်းစီမှာ ပေတံဖြင့်တိုင်းထားသကဲ့သို့ တိကျလှသည်။ သူ၏လှုပ်ရှားမှုများတွင် ပိုလျှံမှုတစ်စုံတစ်ရာမရှိဘဲ ရိုးရှင်းပြီး ထိရောက်သည်။ ဓားထုတ်လိုက်သည်နှင့် ရန်သူကိုထိမှန်ပြီး ဓားတစ်ချက်လျှင် တစ်ကောင် သေဆုံးစေသည်။ သူတို့အမြင်တွင် လော်ယွမ်မှာ သားရဲအုပ်ကြီးထဲတွင် ပန်းခြံထဲ၌ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ပင်။ သူရင်ဆိုင်နေရသည်မှာ ကြမ်းတမ်းသော သန္ဓေပြောင်းသတ္တဝါများမဟုတ်ဘဲ နူးညံ့သော ဂျုံပင်များ၊ သတ်ဖြတ်ခံရတော့မည့် သိုးငယ်လေးများကဲ့သို့ပင်။

သူ၏တိုက်ခိုက်မှုတွင် မည်သည့်မျက်ကွယ်ချက်၊ အားနည်းချက်မျှမရှိပေ။ ၃၆၀ ဒီဂရီ ပတ်ပတ်လည်မှာ သူ၏တိုက်ခိုက်မှုဧရိယာဖြစ်နေသကဲ့သို့ပင်။ ကိုယ်တစ်ပိုင်းပြတ်နေသော ခေါင်းနှစ်လုံးပါမြွေကြီးတစ်ကောင်က သူအလစ်တွင် မြေပြင်မှရုတ်တရက် ခုန်တက်လာပြီး ပါးစပ်ကြီးကိုဖွင့်ကာ သူ၏ကျောဘက်မှ ကိုက်ရန်ကြိုးစားသည်။ သူက ကြိုတင်သိမြင်နိုင်စွမ်းရှိသကဲ့သို့ ရှေ့သို့ ခြေတစ်လှမ်းအသာတိုးလိုက်ရာ ၎င်း၏တိုက်ခိုက်မှုကို ကွက်တိရှောင်ပြီးသားဖြစ်သွားသည်။ ထို့နောက် ဓားကို နောက်ပြန်တစ်ချက်လွှဲခုတ်လိုက်ရာ ချွန်ထက်သောဓားရှည်ကြီးက ၎င်း၏ဦးခေါင်းနှစ်လုံးကို တစ်ပြိုင်နက် ဖြတ်ချလိုက်သည်။

လော်ယွမ်၏ ရှေ့မှ သန္ဓေပြောင်းသတ္တဝါများမှာ အန္တရာယ်ကိုခံစားမိပြီး ဤသွေးသံရဲရဲသတ်ဖြတ်ရာနေရာကို ရှောင်ရှားရန် ဘေးနှစ်ဖက်သို့ အပြင်းအထန် တိုးဝှေ့ထွက်သွားကြသည်။ သားရဲအုပ်ကြီးတစ်ခုလုံးမှာပင် လော်ယွမ်၏ အရူးအမူးသတ်ဖြတ်မှုကြောင့် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

လူတိုင်း၏ စိတ်ထဲမှ ထိတ်လန့်မှုနှင့် မလုံခြုံမှုများမှာ ဤလူသားမဆန်သော သတ်ဖြတ်မှုကြောင့် တဖြည်းဖြည်း ငြိမ်သက်သွားပြီး မျှော်လင့်ချက်ကို ပြန်လည်ခံစားလာရသည်။ သေနတ်သံများ မကြာမီ ပြန်လည်ထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင်မူ ပို၍တည်ငြိမ်နေသည်။

သို့သော် လော်ယွမ်မှာမူ အနည်းငယ်မျှ စိတ်သက်သာရာမရပေ။ ဤသည်မှာ အစပျိုးရုံသာရှိသေးသည်။

သူက ပင့်ကူနှင့်တူသော သန္ဓေပြောင်းအင်းဆက်တစ်ကောင်ကို ခေါင်းမှနှစ်ပိုင်းခွဲလိုက်ပြီး အနည်းငယ်မောဟိုက်စွာ အသက်ရှူလိုက်သည်။ သူက ရှေ့ကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ သားရဲအုပ်ကြီးမှာ တောအုပ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ဘယ်တော့မှ အဆုံးသတ်မည်မဟုတ်သလို ဘယ်တော့မှ လည်းရပ်တန့်တော့မည်မဟုတ်သကဲ့သို့ပင်။

အကယ်၍ အစောပိုင်းက သားရဲအုပ်မှာ အနည်းငယ်ကျဲပါးနေသေးသည်ဟုဆိုလျှင် နောက်ပိုင်းတွင်မူ သတ္တဝါတစ်ကောင်နှင့်တစ်ကောင် ထပ်နေကြပြီဖြစ်သည်။ မရေမတွက်နိုင်သော အဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါများမှာ သတ္တဝါကြီးများတိုးဝှေ့မှုကြောင့် အသားစင်းကောဖြစ်သွားကြပြီး အချို့အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများပင် လဲကျသွားပြီးနောက် ပြန်လည်ထရပ်နိုင်ခြင်းမရှိတော့ပေ။

သားရဲအုပ်ဆိုသည်မှာ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဧရိယာပမာဏ ကျယ်ပြောလှပြီး မည်သည့်အရာကမျှ မဖျက်ဆီးနိုင်သော စွမ်းအားတစ်ခုကဲ့သို့ ဖြစ်လာသည်။ အကယ်၍ သားရဲအုပ်နှင့်အမီမလိုက်နိုင်ပဲ ခြေချော်သွားခဲ့လျှင်တောင် မည်မျှပင်စွမ်းအားကြီးသော သန္ဓေပြောင်းသတ္တဝါပင်ဖြစ်စေ စုတ်ပြတ်သတ်သွားမည်ဖြစ်ရာ သားရဲအုပ်ကြီးတစ်ခုလုံးကို တားဆီးရန်မှာ ဆိုဖွယ်ရာပင်မရှိချေ။

ဤသားရဲအုပ်ကြီး တိုးဝင်လာချိန်တွင် သူက ကြီးမားသောဖိအားကို ချက်ချင်းခံစားလိုက်ရသည်။ အရပ်လေးမျက်နှာလုံးတွင် သန္ဓေပြောင်းသတ္တဝါများဖြင့် ပြည့်နှက်နေပြီး တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့နေကြရာ သူ့ကိုပင် မျိုချတော့မည့်အလား ဖြစ်နေသည်။ လော်ယွမ်က စက္ကန့်တိုင်းတွင် ကိုယ်ဟန်ကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ပြောင်းလဲနေရပြီး စက္ကန့်တိုင်းတွင် သန္ဓေပြောင်းသတ္တဝါတစ်ဒါဇင်ခန့် သူ၏ဓားအောက်တွင် လဲကျနေသည်။

သို့သော် လဲကျသွားသောအလောင်းကောင်များက နောက်မှလိုက်လာသောသားရဲများကို ဝ.၁ စက္ကန့်မျှပင် ရပ်တန့်စေနိုင်ခြင်းမရှိပေ။ မကြာမီမှာပင် တစ်သုတ်ပြီးတစ်သုတ် တိုးဝင်လာသော သန္ဓေပြောင်းသတ္တဝါများ၏ နင်းခြေမှုကြောင့် ပြားချပ်သွားပြီး အသားစင်းကောဖြစ်သွားသည်။ အမြန်လမ်းမ၏ ဘေးတစ်ဖက်တွင် ထူထဲသော သွေးရွှံ့တစ်လွှာဖြင့် ဖုံးလွှမ်းသွားခဲ့ချေပြီ။

ပြင်းထန်လှသော သားရဲအုပ်ကြီးကို ရင်ဆိုင်ရင်း လော်ယွမ်မှာ တစ်လှမ်းချင်းစီ နောက်သို့ဆုတ်နေရသည်။

ချွေးစေးများမှာ နဖူးမှ တစ်စက်ချင်းစီ ထွက်ကျလာပြီး သူ၏လက်ဖဝါးမှာပင် စိုစွတ်နေပြီဖြစ်သည်။

မလှမ်းမကမ်းနေရာမှ ကင်းစခန်းတစ်ခုမှာ သားရဲအုပ်ကြီး၏ ဝင်တိုးမှုအောက်တွင် မိနစ်အနည်းငယ်မျှသာ ခံနိုင်ပြီးနောက် ဝုန်းခနဲ ပြိုကျသွားကာ သန္ဓေပြောင်းသတ္တဝါများ၏ ရေလှိုင်းထဲတွင် လုံးဝမြုပ်နှံသွားပြီး တည်ရှိခဲ့သည့် အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

ဧရာမဖွတ်ကြီးမှာ နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး သားရဲအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားသည်။ ထို့နောက် ရေလှိုင်းကဲ့သို့သော အရူးအမူးဖြစ်နေသည့် သန္ဓေပြောင်းသတ္တဝါအများအပြားက ၎င်း၏ကိုယ်ပေါ်မှ နင်းဖြတ်ကာ ရှေ့သို့ဆက်လက်ပြေးသွားကြသည်။ ဧရာမဖွတ်ကြီးမှာ အပြင်းအထန်ရုန်းကန်ရင်း ပါးစပ်မှ မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်နေသော်လည်း လုံးဝထရပ်နိုင်ခြင်းမရှိတော့ပေ။

လော်ယွမ်မှာ ကြည့်ရင်း သွေးကြောများပင် ထောင်ထလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူလည်း ဘာမျှမတတ်နိုင်တော့ပေ။ သူက ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ်ပင် မကယ်နိုင်ဖြစ်နေရာ ဧရာမဖွတ်ကြီး၏ ဟိန်းဟောက်သံ တဖြည်းဖြည်း တိုးသွားသည်ကို မျက်စိစုံမှိတ်၍ ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။

ထိုအချိန်တွင် ကျယ်လောင်သော စက်သေနတ်သံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကျည်ဆန်များမှာ ရေစက်များကဲ့သို့ ရှေ့သို့ ပစ်ခတ်သွားရာ ကောင်းကင်ယံတွင် သွေးမြူခိုးများ ဖြစ်ပေါ်လာသည်။

ကျည်ဆန်အများအပြား ပစ်လွှတ်မှုအောက်တွင် ရှေ့မှ သားရဲအုပ်ကြီးတစ်ကွက်လုံး ချက်ချင်းရှင်းလင်းသွားသည်။

လူသားတို့၏ လက်နက်များမှာ အစဉ်အမြဲပင် ထိရောက်စွာ သတ်ဖြတ်နိုင်ရန်အတွက် ရည်ရွယ်သည်။ အထူးသဖြင့် စက်သေနတ်များမှာ ကျည်ဆန်ရှိနေသမျှ အလွန်အဆင့်မြင့်သော သန္ဓေပြောင်းသတ္တဝါအချို့မှလွဲ၍ မည်မျှပင်အကောင်ရေများပါစေ အရာမထင်ပေ။ ဟယ်တုံမြို့တွင် သန္ဓေပြောင်းခြင်များ မပေါ်ပေါက်မီထိအချိန်အတော်ကြာအောင် အေးအေးချမ်းချမ်းနေနိုင်ခြင်းက အရာအားလုံးကို သက်သေပြနေသည်။

စက်သေနတ်သံမှာ စက္ကန့်ငါးဆယ်ကျော်ကြာ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ပေ၁၀၀ခန့်ရှိသော လမ်းပိုင်းတစ်ခုလုံးတွင် သန္ဓေပြောင်းသတ္တဝါများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

လော်ယွမ်မှာ စိတ်ဓာတ်တက်ကြွလာပြီး ဓားကို လျှပ်စီးကဲ့သို့ ခုတ်ပိုင်းကာ ရှေ့မှကျန်ရှိသော သန္ဓေပြောင်းသတ္တဝါအနည်းငယ်ကို လျင်မြန်စွာ သတ်ဖြတ်လိုက်သည်။ သူက ခြေလှမ်းကို အလျင်အမြန်လှမ်းလိုက်ပြီး တစ်ခဏအတွင်း ဧရာမဖွတ်ကြီးအနီးသို့ ရောက်ရှိသွားသည်။ ဧရာမဖွတ်ကြီးမှာ အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် ထရပ်လိုက်သည်။ သွေးဖြင့်ရောနေသော သွားရည်များက ပါးစပ်မှ အဆက်မပြတ် ကျဆင်းနေသည်။

၎င်းက ဒဏ်ရာရရှိသွားသည်မှာ ထင်ရှားသော်လည်း တိုက်ပွဲမှာ မပြီးဆုံးသေးပေ။ စက္ကန့်အနည်းငယ်အကြာတွင် ရှေ့မှ ကွက်လပ်မှာ အလွန်များပြားသော သားရဲအုပ်ကြီးဖြင့် ပြန်လည်ပြည့်နှက်သွားသည်။

တုန်ခါမှုမှာ တဖြည်းဖြည်း ပြင်းထန်လာပြီး မိုးထိပင်ကြီးအနီးမှ ဧရိယာတစ်ဝိုက်တွင် မီးခိုးများ ကောင်းကင်သို့ တက်နေသည်။ ရုတ်တရက် "ဝုန်း" ဟူသောအသံနှင့်အတူ မလှမ်းမကမ်းရှိ လမ်းမပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာပြီး လျင်မြန်စွာ ဘေးနှစ်ဖက်သို့ ပျံ့နှံ့သွားသည်။ ပြင်းထန်သော တုန်ခါမှုကြောင့် သားရဲအုပ်ကြီးတစ်ခုလုံးမှာ စိတ်ကြွဆေး ထိုးသွင်းခံလိုက်ရသကဲ့သို့ ပို၍ပင် ကြမ်းတမ်းခက်ထန်လာသည်။

စစ်သည်တော်တစ်ထောင်၊ မြင်းတစ်သောင်း ပြေးလွှားလာသကဲ့သို့သော သားရဲအုပ်ကြီးကိုကြည့်ရင်း လော်ယွမ်က မျှော်လင့်ချက်ကင်းမဲ့သွားသည်။

သူသည် လေမှုတ်စက်ပျက်တစ်လုံးကဲ့သို့ ပြင်းထန်စွာ အသက်ရှူနေရပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ အလွန်ပြင်းထန်သော တိုက်ပွဲကြောင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု (၁၅) မှတ်ပင် မခံနိုင်တော့ပေ။

လက်ထဲမှ ဓားမှာ အနည်းငယ် တုန်ခါနေပြီး တန်ချိန်တစ်ထောင်ခန့် လေးလံနေသကဲ့သို့ခံစားနေရသည်။ သူက သေခြင်းတရား၏ အငွေ့အသက်ကို စတင်အနံ့ခံမိနေပြီဖြစ်သည်။

ဘေးမှ ဧရာမဖွတ်ကြီးမှာ တဖြည်းဖြည်း နောက်သို့ဆုတ်သွားပြီး တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးနေပြီဖြစ်သည်။

အရေးကြီးသည့်အချိန်တွင် နောက်တွန့်သွားသော ဧရာမဖွတ်ကြီးကိုကြည့်ရင်း သူက ခေါင်းခါလိုက်ပြီး ဆူပူကြိမ်းမောင်းခြင်းမပြုတော့ပေ။

"ထွက်ပြေးရင်ကောင်းမလား"

ရုတ်တရက် အတွေးတစ်ခု သူ၏ဦးနှောက်ထဲသို့ ဖြတ်ပြေးသွားသည်။ အကယ်၍ ဤအချိန်တွင် ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ သားရဲအုပ်ကြီးနှင့်အတူ လိုက်ပါသွားပါက ဤဘေးမှ လွတ်မြောက်နိုင်ဖွယ်ရှိသည်။ အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါမှာ သားရဲအုပ်ကြီးကိုထိတ်တိုက် မခုခံနိုင်သော်လည်း သားရဲအုပ်ကြီး၏ စီးဆင်းမှုထဲတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လောက်သည်။

လူသည် သေခြင်းတရား၏ စမ်းသပ်မှုကို ရင်ဆိုင်ရချိန်တွင် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်ပင် မမှတ်မိလောက်အောင် ပြောင်းလဲသွားတတ်သည်။ အကောင်းနှင့်အဆိုးဆိုသည်မှာ စိတ်ကူးတစ်ချက်စာမျှသာ ကွာခြားသည်။

ထွက်ပြေးခြင်းက ကျန်လူအားလုံးကို စွန့်ပစ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဟွမ်ကျားဟွေ၊ ဝမ်ရှီရှီ၊ ဝမ်ရှကွမ်တို့အားလုံး ဤသားရဲအုပ်ကြီးထဲတွင် ဆိုးရွားစွာ သေဆုံးကြရမည်ဟု အဓိပ္ပာယ်ရသည်။

ဟွမ်ကျားဟွေ၏ နူးညံ့သိမ်မွေ့မှု၊ ဝမ်ရှီရှီ၏ ချစ်စဖွယ်အမူအရာ၊ ဝမ်ရှကွမ်၏ စွဲလမ်းမှုတို့မှာ ရုပ်ရှင်တစ်ကားကဲ့သို့ သူ၏အာရုံထဲတွင် လျင်မြန်စွာ ပြန်လည်ပေါ်ထွက်လာသည်။ သူ၏မျက်နှာမှာ မိုးမှောင်ကျလိုက် လင်းလိုက်ဖြစ်နေပြီး စိတ်ထဲတွင် ပြင်းထန်စွာ လွန်ဆွဲနေသည်။

သားရဲအုပ်ကြီးမှာ လော်ယွမ်ထံသို့ တစ်ဖန်ပြန်လည် ချဉ်းကပ်လာချိန်တွင် စက်သေနတ်သံကလည်း တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။

ညှီစော်နံသော သွေးမြူခိုးများမှာ သူ၏မျက်နှာကို စွန်းထင်းသွားသည်။ သူက လက်ဖြင့် ပွတ်သပ်လိုက်ပြီး ရုတ်တရက် သွေးရောင်သန်းနေသော တံတွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။

"ထားလိုက်တော့... ငါသေရမယ်ဆိုရင်တောင် ဒီကောင်တွေကို ရသလောက်ခေါ်သွားမယ်"

စက်သေနတ်သံမှာ အကြိမ်အနည်းငယ် ထွက်ပေါ်လာပြီးနောက် ရပ်တန့်သွားသည်။ သို့သော် သားရဲအုပ်ကြီးမှာမူ အဆက်မပြတ် စီးဝင်နေဆဲဖြစ်သည်။ လော်ယွမ်၏မျက်နှာမှာ ဖယောင်းကဲ့သို့ ဖြူဖျော့နေပြီး နွားတစ်ကောင်ကဲ့သို့ မောဟိုက်စွာ အသက်ရှူနေရသည်။ ထုံကျင်နေသော မျက်လုံးများတွင် သေခြင်းတရား၏ အရိပ်အငွေ့များဖြင့် ပြည့်နှက်နေပြီး သွေးများမှာ သူ၏ပါးစပ်မှ အဆက်မပြတ် ထွက်ကျနေသည်။

သူက ဧရာမသားရဲများ၏လက်ချက်ဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်လွင့်စင်ခံခဲ့ရပြီးဖြစ်သည်။ အပြင်းထန်ဆုံးတစ်ကြိမ်တွင် သူက ရှောင်တိမ်းချိန်မရဘဲ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ ခြေထောက်ဖြင့် ရင်ဘတ်ကို ပြင်းထန်စွာ နင်းခံလိုက်ရပြီး နံရိုးပေါင်းများစွာ ကျိုးသွားခဲ့သည်။

အကယ်၍ လျှက်တပြက်အချိန်အတွင်း သန္ဓေပြောင်းသတ္တဝါကြီးက အားစိုက်မထည့်ခင် ၎င်း၏ခြေထောက်ကို အမြန်မဖြတ်တောက်နိုင်ခဲ့ပါက သူယခုဆိုလျှင် အသားစင်းကောဖြစ်သွားလောက်ပြီဖြစ်သည်။

နောက်မှ ကင်းစခန်းမှာ သားရဲအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် များပြားသော အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး ပထမထပ်မှာပင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေကာ အတွင်းမှ ကလေးလက်မောင်းလုံးခန့်ရှိသော လိမ်ကောက်နေသည့် သံချောင်းများကို မြင်တွေ့နေရသည်။

သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အားနည်းလာပြီး အဆုတ်များမှာ မီးလောင်နေသကဲ့သို့ ပူလောင်နေသည်။ စက္ကန့်တိုင်းက သူအတွက် အလွန်ရှည်ကြာနေသည့်အတိုင်းပင်။ လက်ထဲမှ ဓားမှာ တဖြည်းဖြည်း လေးလံလာပြီး ဓားတစ်ချက်ထုတ်တိုင်း သူ၏အားအင်အားလုံးကို အသုံးပြုနေရသည်။

အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင် ရှေ့မှ သူ့စီသို့ဦးတည်ပြေးလာသည်။ သူ၏စိတ်မှာ ရုတ်တရက် အမှောင်ကျသွားသလို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် ၎င်း၏ ခြေထောက်ကြီးဖြင့် ပြင်းထန်စွာ ကန်ကျောက်ခံလိုက်ရသည်။ လေထဲမှ အရိုးများကျိုးကြေသွားသည့် ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်လာသည်။ သူက ပေ၃၀ကျော်ခန့် လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေတော့သည်။

သူက ထရပ်ရန် ကြိုးစားလိုက်သော်လည်း အတွင်းကလီစာအစအနများပါသော သွေးတစ်လုတ်က လည်ချောင်းထဲမှ အန်ထွက်သွားသည်။

သခင်ဒဏ်ရာရသည်ကိုမြင်သောအခါ ကင်းစခန်းနောက်ကွယ်တွင် ပုန်းအောင်းနေသော ဧရာမဖွတ်ကြီးမှာ ရုတ်တရက် ပြေးထွက်လာပြီး ထိုအပြာရင့်ရောင်အဆင့် ဧရာမသတ္တဝါကြီးကို ပြင်းထန်စွာ တိုက်ချလိုက်သည်။ သို့သော် မကြာမီမှာပင် သူလည်းသားရဲအုပ်ကြီးထဲတွင် နစ်မြုတ်သွားပြန်သည်။

လော်ယွမ်မှာ မြေပြင်ပေါ်တွင် လဲလျောင်းရင်း ဧရာမဖွတ်ကြီးမှာ သားရဲအုပ်ကြီး၏ အဆက်မပြတ် နင်းခြေခြင်းကို ခံနေရသည်ကို အာရုံခံနေမိသည်။ ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေတို့လည်း ထိတ်လန့်တကြားဖြင့် ကင်းစခန်းထဲမှ ပြေးထွက်လာကြပြီး နောက်တွင် ဝမ်ရှကွမ်တို့အဖွဲ့လည်း လိုက်ပါလာသည်။ သို့သော် သူကတော့ လုံးဝမလှုပ်ရှားနိုင်တော့ဘဲ ကောင်းကင်ကိုသာ ခံစားချက်မရှိတော့သကဲ့သို့ ကြည့်နေမိသည်။

"ငါတို့အားလုံးသေရတော့မယ်ထင်တယ်... ဒါလည်းကောင်းပါတယ်လေ... ဒုက္ခတွေက လွတ်သွားတာပေါ့"

သူက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ထွက်သက်မှာ အလွန်တိုးညှင်းသောအခြေအနေ ရောက်နေပြီဖြစ်သည်။ အသိစိတ်မှာ တဖြည်းဖြည်း ဝေးဝါးလာပြီး နှလုံးမှာလည်း တဖြည်းဖြည်း နှေးကွေးလာသည်။ သေလုဆဲဆဲအချိန်တွင် သူက အခြားနှလုံးခုန်သံတစ်ခုကို ကြားယောင်မိလိုက်သည်။ ၎င်းက ကမ္ဘာဦးအစကတည်းက တည်ရှိနေသော နှလုံးခုန်သံအလားထင်ရသည်။

ခမ်းနားကြီးကျယ် လေးလံပြီး အလွန်အားကောင်းသည်။ ထိုနှလုံးခုန်သံက ကျယ်ပြောလှသော နှစ်ကာလများ၏ အငွေ့အသက်ကို ဆောင်ကြဉ်းလာသည်။

၎င်းသည် မြေကြီးအောက်တွင် ရှိနေသလိုလို နေရာတိုင်းတွင်လည်း ရှိနေသလိုလိုပင်။

သူ၏စိတ်ဝိညာဉ်မှာ မသိစိတ်ထဲတွင် ထိုနှလုံးခုန်သံထံသို့ ဆွဲဆောင်ခြင်းခံလိုက်ရပြီး သူ၏နှလုံးခုန်သံမှာလည်း ထိုအသံနှင့် စည်းချက်ကျကျ လိုက်ပါခုန်နေတော့သည်။

ဆက်ရန်...

အပိုင်း(၁၃၁)မိုးထိပင်ကြီး၏နိဂုံး

ဝမ်ရှီရှီသည် လော်ယွမ် မြေပြင်ပေါ်တွင် လဲကျကာ အဆက်မပြတ် သွေးအန်နေသည်ကို မြင်သောအခါ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမက တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ခြေထောက်များက အလိုအလျောက် လော်ယွမ်ထံသို့ ပြေးသွားသည်။ လည်ချောင်းထဲတွင် တစ်စုံတစ်ခုက ဆို့နင့်နေသကဲ့သို့ ဖိနှိပ်ထားသော ခံစားချက်ကြောင့် အလွန်မွန်းကျပ်နေသည်။

ထိုအချိန်တွင် သူမက ကြောက်ရွံ့ခြင်းကို လုံးဝမေ့လျော့သွားခဲ့ချေပြီ၊ သေဆုံးခြင်းကို မေ့လျော့သွားခဲ့ချေပြီ၊ ပင်လယ်ဒီရေကဲ့သို့ တဟုန်ထိုး ဝင်ရောက်လာသော သားရဲအုပ်ကြီးကိုလည်း မေ့လျော့သွားခဲ့ချေပြီ။

သားရဲအုပ်ကြီးက တဖြည်းဖြည်း နီးကပ်လာပြီး မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများသည် လော်ယွမ်ကို နင်းခြေတော့မည်ကို မြင်သောအခါ...

အလွန်အမင်း မျှော်လင့်ချက်မဲ့ပြီး ယူကြုံးမရဖြစ်မှုအောက်တွင် ဝမ်ရှီရှီ၏ ဖိနှိပ်ထားသော နာကျင်မှုက လုံးဝပေါက်ကွဲထွက်လာပြီး သူမက စိတ်လွတ်လက်လွတ် အော်ဟစ်ပစ်လိုက်သည်။

"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးး..."

တစ်ခဏအတွင်းမှာပင် ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခုက သူမ၏ကိုယ်ခန္ဓာပတ်လည်မှ ပျံ့နှံ့ထွက်သွားပြီး မရေမတွက်နိုင်သော ကျောက်စရစ်ခဲဖုန်မှုန့်များက ကျည်ဆံများကဲ့သို့ လေးဘက်လေးတန်သို့ လွင့်စင်သွားသည်။ နောက်ကလိုက်လာသော ဟွမ်ကျားဟွေတို့အဖွဲ့သည် ချက်ချင်းပင် တုန်ခါမှုလှိုင်းကြောင့် အဝေးသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

တုန်ခါမှုလှိုင်း မပျောက်ကွယ်မီမှာပင် သေးငယ်သော စူးချွန်တစ်ခုက လေထုကို အရှိန်ပြင်းစွာ ထိုးဖောက်ကာ စူးရှသော အော်ဟစ်သံတစ်ချက်ဖြင့် သားရဲအုပ်ကြီးထံသို့ အရှိန်ပြင်းစွာ ပစ်လွှတ်သွားသည်။ ရှေ့ဆုံးမှ အပြာရောင်အဆင့် ဝံပုလွေပုံစံ သန္ဓေပြောင်းသားရဲတစ်ကောင်၏ ဦးခေါင်းတည့်တည့်ကို ထိုးဖောက်ခံရပြီး နောက်စေ့မှ ထွက်သွားသည်။ သူ၏မျက်လုံးထဲတွင် ဝေဝါးသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ခန္ဓာကိုယ်သည် တစ်ချက်ယိမ်းယိုင်ကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားသည်။

သို့သော် စူးချွန်၏ တိုက်ခိုက်မှုမှာ ယခုမှ အစပျိုးရုံသာ ရှိသေးသည်။ သန္ဓေပြောင်းဝံပုလွေကို ထိုးဖောက်ပြီးနောက် စိတ်စွမ်းအင်၏ အားဖြည့်မှုအောက်တွင် သူ၏အနည်းငယ် နှေးကွေးသွားသော အရှိန်က တစ်ဖန်ပြန်လည် မြန်ဆန်လာသည်။ သူက လျင်မြန်ဖျတ်လတ်သော ငါးငယ်တစ်ကောင်ကဲ့သို့ သားရဲအုပ်ကြီးထဲတွင် လျင်မြန်စွာ ကူးခတ်သွားပြီး သန္ဓေပြောင်းသားရဲများ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် လဲကျသွားကြသည်။

"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးး..."

ဝမ်ရှီရှီက အဆက်မပြတ် အော်ဟစ်နေသည်။ သူမ၏မျက်နှာမှာ ဖယောင်းကဲ့သို့ ဖြူဖျော့နေပြီး မည်းနက်သော မျက်လုံးသူငယ်အိမ်ထဲတွင် တောင်ပုံရာပုံအလောင်းများ သွေးပင်လယ်များ ထင်ဟပ်နေသည်။ သူမ၏ပြင်းထန်သော စိတ်ခံစားမှုထဲတွင် အလွန်စုစည်းနေသော စိတ်စွမ်းအင်များ ပါဝင်နေသည်။ စူးချွန်၏ အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်လာပြီး မျက်စိဖြင့်ပင် မမြင်နိုင်တော့ပေ။ ဤအပြာရောင်ရင့်အဆင့် ပစ္စည်းဖြင့် ပြုလုပ်ထားသော စူးချွန်၏ တိုက်ခိုက်မှုအောက်တွင် သာမန်သန္ဓေပြောင်းသားရဲများက လုံးဝခုခံနိုင်ခြင်း မရှိပေ။ စူးချွန် ဖြတ်သန်းသွားပြီးနောက် သန္ဓေပြောင်းသားရဲများသည် တန်းလိုက်ကြီး လဲကျသွားကြပြီး အလောင်းများက တောင်လိုပုံလာကာ တစ်ခဏအတွင်းမှာပင် သားရဲအုပ်ကြီး ရှေ့သို့ဆက်လက်ရောက်မလာအောင် တားဆီးထားလိုက်သည်။

အကယ်၍ သတ်ဖြတ်မှုစွမ်းရည်ချင်း ယှဉ်လျှင် ယခုအချိန်တွင် ဝမ်ရှီရှီက လော်ယွမ်ကို များစွာကျော်လွန်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက်ဖြစ်ပေါ်လာသော မြေငလျင်တစ်ခုက သူမ၏တိုက်ခိုက်မှုကို ဖြတ်တောက်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ လူးလိမ့်ကျသွားသည်။ ဝမ်ရှီရှီက မျက်နှာဖြူဖျော့ကာ အံကိုကြိတ်ပြီး မြေပြင်မှ ရုန်းကန်ထလိုက်သော်လည်း တစ်ဖန်ပြန်လည်လဲကျသွားသည်။ သူမ၏ဒူးခေါင်းက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထောက်ကျသွားပြီး နာကျင်လွန်းသောကြောင့် မျက်ရည်များပင် ထွက်ကျလာသည်။

အဝေးပြေးလမ်းမကြီးက အဆက်မပြတ် ကွဲအက်လာပြီး အဝေးမှ လမ်းတစ်ပိုင်းသည် လုံးဝပြိုကျသွားကာ မရေမတွက်နိုင်သော ကွန်ကရစ်တုံးများက အဆက်မပြတ် ပြုတ်ကျလာသည်။

မြေငလျင်သည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာပြီး ကမ္ဘာကြီးတစ်ခုလုံးက အဆက်မပြတ် ယိမ်းခါနေသကဲ့သို့ ရှိသည်။ ပြင်းထန်သော တုန်ခါမှုက ဝမ်ရှီရှီကို လုံးဝမတ်တပ်မရပ်နိုင်စေဘဲ သူမသည် မြေပြင်ပေါ်တွင် ဝမ်းနည်းစွာ လူးလိမ့်နေပြီး ဘာအကာအကွယ်မှမရှိသော အရေပြားများက ကျောက်စရစ်ခဲများဖြင့် ခြစ်မိကာ သွေးများ တသွင်သွင်စီးကျနေသည်။

မြေငလျင်သည် ဝမ်ရှီရှီတို့အဖွဲ့ကိုသာ သက်ရောက်မှုရှိသည်မဟုတ်ဘဲ သားရဲအုပ်ကြီးတွင်လည်း ပြင်းထန်သော ဆူပူအုံကြွမှုများ စတင်ဖြစ်ပွားလာသည်။ မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများက မြေပြင်ပေါ်သို့ တုန်ခါလဲကျသွားပြီး တစ်ကောင်နှင့်တစ်ကောင် လူးလိမ့်နေကြကာ သားရဲအုပ်ကြီးတစ်ခုလုံး ရှေ့ဆက်မသွားနိုင်ပဲ ရပ်တန့်သွားသည်။

သန္ဓေပြောင်းသားရဲများက ကြေကွဲဖွယ်ကောင်းသော ဟိန်းဟောက်သံများ ပြုကြပြီး အသံထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုများ ပါဝင်နေသည်။

တလိပ်လိပ်တက်နေသော မီးခိုးငွေ့များက ကောင်းကင်တစ်ဝက်ခန့်ကို လွှမ်းခြုံထားပြီး မိုးထိပင်၏ သစ်ရွက်များသည် လျင်မြန်စွာ အဝါရောင်ပြောင်းကာ ကြွေကျပြီးနောက် နှင်းပွင့်များကဲ့သို့ လေထဲတွင် လွင့်မျောကျဆင်းလာသည်။

သစ်ရွက်များသာမက ပင်စည်ပင်လျှင် ကျုံ့ဝင်သွားသည်။ ရေဓာတ်အများအပြားက မြေအောက်မှ ချော်ရည်များ၏ အပူချိန်ကြောင့် အဆက်မပြတ် ဆုံးရှုံးသွားပြီး ချောမွေ့သော သစ်ခေါက်များမှာ ကြေမွသွားကာ ထို့နောက်တွင် သစ်ခေါက်အမြောက်အမြား ကွာကျလာသည်။

ဤသစ်ခေါက်များက အရွယ်အစားမတူညီကြဘဲ အသေးဆုံးမှာ လက်ဖဝါးအရွယ်ခန့်သာရှိပြီး အကြီးဆုံးမှာမူ စတုရန်းဆယ်မီတာခန့် ရှိသည်။ မြေပြင်ပေါ်သို့ ကျရောက်သောအခါ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာပြီး အလွန်လေးလံပုံရသည်။ အဆင့်နိမ့် သန္ဓေပြောင်းသားရဲအချို့မှာမူ ဤသစ်ခေါက်များဖြင့် တိုက်ရိုက်ပိသေသွားကြသည်။

မယုံနိုင်စရာကောင်းသည်မှာ သစ်ခေါက်များ ကွာကျသွားသည်နှင့်အမျှ အတွင်းတွင် သစ်ခေါက်အသစ်များ ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ သစ်ခေါက်သည် အမည်းရောင်ထဲတွင် အနီရောင်ရင့်တစ်ချက် သန်းနေပြီး အတွင်းတွင် အရည်များ စီးဆင်းနေသကဲ့သို့ ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ မူလက သစ်ရွက်ကြွေကျသွားသော နေရာများတွင် အနီရောင်ပန်းဖူးလေးများ တဖြည်းဖြည်း ပေါ်ထွက်လာပြီး စွဲဆောင်မှုရှိသော အရောင်အဝါကို ထုတ်လွှတ်နေသည်။

ဤသို့သော ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်အောက်တွင် ဤမယုံနိုင်စရာ ဧရာမသစ်ပင်ကြီးက လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာသည်။ သူက မြေအောက်မှ အပူစွမ်းအင်များကို အမြောက်အမြား စုပ်ယူပြီး ဤနည်းလမ်းဖြင့် မြေအောက်မှ ဒေါသကို ငြိမ်းသတ်ကာ သေခြင်းတရားနှင့် အပြေးပြိုင်နေသကဲ့သို့ ရှိသည်။

သို့သော် အရာအားလုံးနောက်ကျသွားပြီ ဖြစ်သည်။ ယခုအချိန်တွင် မိုးထိပင်သည် အလွန်အစွမ်းထက်သော်လည်း သဘာဝဘေးအန္တရာယ်နှင့် ယှဉ်ပြိုင်နိုင်ရန် အလွန်ဝေးကွာနေသေးသည်။ ကမ္ဘာ့မြေလွှာအနက်ပိုင်းတွင် စုပုံနေသော ဖိအားများ တဖြည်းဖြည်း ကြီးမားလာသည်နှင့်အမျှ ကောင်းကင်မှ ရုတ်တရက် ကမ္ဘာပျက်မတတ် ကျယ်လောင်သော အသံကြီးတစ်ချက် ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် တိုင်းတာ၍မရနိုင်သော ချော်ရည်များက မြေပြင်၏ တားဆီးမှုကို ပြင်းထန်စွာ ထိုးဖောက်ကာ မီတာထောင်ပေါင်းများစွာမြင့်သော ကောင်းကင်သို့ တည့်တည့်ပန်းထွက်သွားသည်။

မီးတောင်ပေါက်ဝသည် မိုးထိပင်၏ မီတာဆယ်ဂဏန်းအကွာတွင်သာ ရှိပြီး သူ၏ဧရာမကြီးမားသော ခန္ဓာကိုယ်အတွက်မူ ရှေ့ဆုံးမှ ထိတ်တိုက်ရင်ဆိုင်ရသည်ဟု ဆိုနိုင်သည်။ မီးတောင်ပေါက်ကွဲချိန်တွင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော တုန်ခါအားက အချင်းပေ၃၀၀ခန့်ရှိသော ဤဧရာမသစ်ပင်ကြီးကို နေရာတွင်ပင် ပေ၃၀ကျော် မြင့်တက်သွားစေခဲ့သည်။ မြေအောက်သို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသော သစ်မြစ်များလည်း ဆွဲနုတ်ခံရပြီး ပတ်ဝန်းကျင်မှ ကီလိုမီတာဆယ်ဂဏန်း ပတ်လည်ရှိ မြေပြင်သည် ချက်ချင်းပင် ပုံပျက်ပမ်းပျက်ဖြစ်သွားသည်။

မြေငလျင်တွင် မပြိုကျခဲ့သော မရေမတွက်နိုင်သော အဆောက်အအုံများက ရုတ်တရက် ကွဲအက်သွားပြီး အငွေ့တထောင်းထောင်းထနေသော ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရစ်ခွေနေသော သစ်မြစ်များက မြေအောက်မှ ထွက်ပေါ်လာသည်။

အဝေးပြေးလမ်းမကြီးသည် မိုးထိပင်နှင့် နီးကပ်စွာတည်ရှိသောကြောင့် ခါးလယ်မှ အပိုင်းပိုင်းပြတ်တောက်သွားပြီး လမ်းမကြီးတစ်ခုလုံး အဆက်မပြတ် ပြိုကျလာသည်။ ဧရာမကျောက်တုံးကြီးများ လေထဲတွင် လူးလိမ့်နေပြီး ဟွမ်ကျားဟွေရှိနေသော နေရာတွင်လည်း မြေကျွံမှုဖြစ်ပွားခဲ့သည်။ ဟွမ်ကျားဟွေက အလျင်အမြန် လှုပ်ရှားကာ ထွက်ပေါ်နေသော သံချောင်းတစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ ပြင်းထန်သော အရှိန်ကြောင့် သူမ၏လက်ထဲတွင် သွေးသံရဲရဲ ဖြစ်သွားသည်။

ဟော်တုံနှင့် နင်းရှောင်ရမ်မှာမူ ခုနစ်ရှစ်မီတာအမြင့်မှ ပြင်းထန်စွာ ပြုတ်ကျသွားပြီး အကြိမ်အနည်းငယ် လူးလိမ့်ပြီးနောက် ကျောက်တုံးများကြားတွင် မလှုပ်မယှက် လဲလျောင်းနေတော့သည်။

မြေငလျင် အနည်းငယ် ငြိမ်သက်သွားသောအခါ ဟော်တုံ၏လက်သည် အနည်းငယ် လှုပ်ရှားလာပြီး ဖြည်းညင်းစွာ ထိုင်လိုက်သည်။ တစ်ကိုယ်လုံး ပြုတ်ထွက်သွားသကဲ့သို့ ခံစားနေရသည်။ သူက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ တစ်ကိုယ်လုံး နာကျင်နေသည်မှလွဲ၍ ကြီးကြီးမားမား ဒဏ်ရာမရှိသည်ကို တွေ့ရှိရပြီး သက်ပြင်းချလိုက်မိသည်။

ထိုအချိန်တွင် သူက နင်းရှောင်ရမ်၏ အောက်မှ ကျောက်တုံးများသည် အနီရောင်ဖြစ်နေသည်ကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်။ သူ၏စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး အလျင်အမြန် မတ်တပ်ရပ်ကာ "နင်းရှောင်ရမ်... နင်ဘာဖြစ်တာလဲ... အမြန်ထစမ်း" ဟု ပြောလိုက်သည်။

နင်းရှောင်ရမ်မှာမူ မလှုပ်မယှက်ဖြစ်နေပြီး မျက်နှာတွင် သွေးမရှိဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေသည်။ ဟော်တုံ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဖြတ်ပြေးသွားပြီး အသက်ကို ပြင်းပြင်းရှူကာ သူမ၏ခန္ဓာကိုယ်ကို သတိကြီးစွာဖြင့် လှန်လိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ် တစ်ချက်တုန်သွားပြီး မျက်လုံးထဲတွင် ဝမ်းနည်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ချွန်ထက်သော ကျောက်တုံးတစ်တုံးက သူမ၏နောက်စေ့တွင် နက်ရှိုင်းစွာ စိုက်ဝင်နေသည်ကို သူမြင်လိုက်ရသည်။ ကျောက်စရစ်ခဲပေါ်တွင် သွေးများနှင့် ဦးနှောက်များ စွန်းထင်းနေသည်။

"နင်းရှောင်ရမ် အမြန်ထလိုက်စမ်းပါ... နင်ကသန္ဓေပြောင်းလူသားလေ... ဘယ်လိုလုပ်သေရမှာလဲ" ဟော်တုံသည် ကြေကွဲစွာဖြင့် တိုးတိုးလေး ရေရွတ်ရင်း မယုံနိုင်သော အမူအရာဖြင့် ရှိနေသည်။

နင်းရှောင်ရမ်သည် အမြဲတမ်း ရှက်ရွံ့သော အပြုံးကို ဆောင်ထားပြီး အားလုံးကိုခင်ခင်မင်မင် ဆက်ဆံခဲ့သည်။ ဆင့်ကဲပြောင်းလဲသူဖြစ်လာပြီးနောက်တွင်ပင် သူမ၏အမူအကျင့်က ယခင်ကအတိုင်း ဖြစ်သည်။ အားလုံးက သူမကို ညီမငယ်လေးတစ်ယောက်ကဲ့သို့ သဘောထားခဲ့ကြသော်လည်း အရင်ဆုံးသေဆုံးသူမှာ သူမဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

မီးတောင်ပေါက်ကွဲသည်နှင့် တစ်ချိန်တည်းမှာပင် လော်ယွမ်က ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ မြေငလျင် မည်မျှပင် ပြင်းထန်စေကာမူ သူ၏ခြေထောက်များက မြေကြီးထဲတွင် အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည်။ သူ၏မျက်နှာသည် အလွန်နီရဲနေပြီး နှလုံးသည် "ဝုန်းဝုန်း" ဟု ခုန်နေသည်။ လေးလံပြီး အားကောင်းသော နှလုံးခုန်သံတစ်ချက်စီတိုင်းက တစ်ကိုယ်လုံးမှ သွေးများကို အရှိန်ပြင်းစွာ လည်ပတ်စေသည်။

ကြွက်သားများသည် ဖြည်းညင်းစွာ တွန့်လိမ်လှုပ်ရှားနေပြီး ကျိုးပြတ်နေသော အရိုးများက ခန္ဓာကိုယ်၏ မှတ်ဉာဏ်အောက်တွင် တဖြည်းဖြည်း နေရာတကျဖြစ်လာသည်။ သူ၏အသက်ရှူနှုန်းကလည်း နှေးကွေးပြီး ရှည်လျားလာသည်။ အကြိမ်အနည်းငယ်အကြာတွင် သူက ရုတ်တရက် အမည်းရောင်သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။

သူက မိမိ၏ခြေထောက်နှစ်ဖက် မြေကြီးနှင့် လုံးဝပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ခုက ခြေထောက်များမှ ထွက်ပေါ်လာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

"ဒင်... သင်မြေကြီး၏ သွေးခုန်နှုန်းကို နားလည်သဘောပေါက်သွားပါပြီ။ ယခုအခြေအနေတွင် သင်က မြေကြီးစွမ်းအား၏ အားဖြည့်မှုကို ထပ်မံရရှိမည်ဖြစ်သည်။

စွမ်းရည် ၁ - ဘယ်တော့မှ မမောပမ်းနိုင်ခြင်း

စွမ်းရည် ၂ - အလွန်အစွမ်းထက်သော ပြန်လည်ကောင်းမွန်နိုင်စွမ်း

"ဤအခြေအနေတွင် အာရုံခံနိုင်စွမ်းကို အမြောက်အမြား သုံးစွဲမည်ဖြစ်ပြီး အာရုံခံနိုင်စွမ်း ကုန်ဆုံးသည်အထိ ဤအခြေအနေ တည်မြဲနေမည်ဖြစ်သည်"

စနစ်၏ အသံက ရုတ်တရက် ဦးနှောက်ထဲတွင် ပေါ်ထွက်လာသည်။

ထူးဆန်းသည်မှာ လော်ယွမ်သည် ယခုအခါ အနည်းငယ်မျှ စိတ်လှုပ်ရှားမှုကို မခံစားရဘဲ မျက်နှာမှာမူ တည်ငြိမ်နေသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ခြေထောက်ကို အနည်းငယ်မြှောက်လိုက်ပြီး ဖြည်းညင်းစွာ ပြန်ချလိုက်ရာ မြေပြင်က တစ်ချက်တုန်ခါသွားသည်။ ဤတုန်ခါမှုက မြေငလျင်နှင့် လုံးဝမတူညီဘဲ သူ၏ကြိမ်နှုန်းမှာ အလွန်မြင့်မားသည်။ ဤသို့အနည်းငယ်မျှသော တုန်ခါမှုကို သာမန်လူဆိုလျှင် ထုံကျဉ်သွားသည်ဟုသာ ခံစားရပြီး တုန်ခါမှုကို လုံးဝမခံစားမိနိုင်ပေ။ သူက တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ရှိပြီး စည်းချက်ကို မထင်မှတ်ဘဲ ဖမ်းယူနိုင်လိုက်သည်။ ထို့နောက် သူက ညာဘက်ခြေထောက်ကို တစ်ဖန်ပြန်မြှောက်လိုက်ရာ ဤတစ်ကြိမ်တွင် မြေပြင်က မတုန်ခါတော့ပေ။

မြေလှိုင်းအစွမ်းသည် မြေကြီး၏ ကြိမ်နှုန်းနှင့် သက်ဆိုင်ပြီး လော်ယွမ်၏ ယခုလက်ရှိ နှလုံးခုန်နှုန်းနှင့်လည်း သက်ဆိုင်သည်။ ခြေထောက်မြှောက်လိုက်သည့်အချိန်သည် နှလုံးခုန်သည့်အချိန်နှင့် တိုက်ဆိုင်သွားပါက မြေပြင်တွင် အားကောင်းသော ဆွဲငင်အားတစ်ခုကို ဖြစ်ပေါ်စေပြီး ခြေထောက်ကို တင်းတင်းစုပ်ယူထားမည်ဖြစ်သည်။ အကယ်၍ အတင်းအကျပ် မြှောက်လိုက်ပါက ဤစွမ်းအားက မြင့်တက်လာမည်ဖြစ်ပြီး ချလိုက်ပါက စွမ်းအားက ကျဆင်းသွားမည်ဖြစ်သောကြောင့် တုန်ခါမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အကယ်၍ သူ့နှလုံး၏စည်းချက်အတိုင်း မလျှောက်လှမ်းပါက သာမန်အတိုင်းဘာမျှထူးခြားမည် မဟုတ်ပေ။

သူက မျက်နှာတွင် သွေးများဖြင့် ပြည့်နှက်နေပြီး သတိလစ်နေသော ဝမ်ရှီရှီထံသို့ အမြန်လျှောက်သွားသည်။ သူက သူမ၏ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ရာ အပြင်ပမ်းက ကြောက်မက်ဖွယ်ကောင်းသော်လည်း အမှန်တကယ်တွင် အပေါ်ရံဒဏ်ရာများသာဖြစ်ကြောင်း တွေ့လိုက်ရသည်။ လော်ယွမ်က သူမကို အနည်းငယ်ညီညာသော မြေကွက်လပ်တစ်ခုတွင် ချထားလိုက်ပြီးနောက် မြေပြင်ပေါ်တွင် ညည်းညူနေသော ချောင်လင်နှင့် အက်ကွဲကြောင်းထဲတွင် ညပ်နေသော ဝမ်ရှကွမ် ကို ရှာဖွေတွေ့ရှိခဲ့သည်။

ချန်ရှင်းဖုံနှင့် လင်းရှောင်ကျီတို့နှစ်ယောက်မှာမူ ကံကောင်းထောက်မစွာ ဒဏ်ရာသိပ်မရဘဲ မိမိတို့ဘာသာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ကြသည်။

ထို့နောက် လော်ယွမ်သည် ပြိုကျနေသော နေရာတွင် ချိတ်ဆွဲနေသော ဟွမ်ကျားဟွေကို ဆွဲတင်လိုက်သည်။

သူသည် ပြိုကျနေသော မြေအနိမ့်ပိုင်းသို့ တစ်ချက်ကြည့်လိုက်ရာ ဟော်တုံက အသက်ရှင်နေသေးပြီး နင်းရှောင်ရမ်မှာမူ သေဆုံးသွားပြီ ဖြစ်သည်။ သို့သော် သူ၏စိတ်ထဲတွင် ဝမ်းနည်းသော ခံစားချက် အနည်းငယ်မျှပင် မရှိပေ။ လော်ယွမ်က မြေကြီး၏ သွေးခုန်နှုန်းအခြေအနေတွင် သူ၏ခံစားချက်များအားလုံး ဖယ်ထုတ်ထားခံရပြီး အလွန်အေးစက်ပြီး ဆင်ခြင်တုံတရားရှိလာသည်ကို တွေ့ရှိလိုက်ရသည်။

ဟော်တုံက အောက်ဘက်သို့ ပြုတ်ကျနေပြီး လောလောဆယ် သူ့ကို ဆွဲတင်ရန် မဖြစ်နိုင်သောကြောင့် လော်ယွမ်က သူ့ကို ဆက်လက်ဂရုမစိုက်တော့ပေ။

လူတိုင်းက လော်ယွမ်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြပြီး မျက်နှာတွင် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ ခုနကပင် မြေပြင်ပေါ်တွင် လဲကျကာ အဆက်မပြတ် သွေးအန်နေသော လော်ယွမ်ကို သေလုနီးပါးဖြစ်နေသည်ဟု ထင်ခဲ့ကြသည်။ ယခုအခါမူ လုံးဝထိခိုက်မှုမရှိဘဲ သူတို့ရှေ့တွင် မတ်တပ်ရပ်နေသည်။

ဟွမ်ကျားဟွေသည် ယခုအခါ လုံးဝစကားမပြောနိုင်တော့ပေ။ "ရှင်... ရှင့်ကိုယ်က..."

လော်ယွမ်သည် ခေါင်းခါကာ စကားဖြတ်လိုက်သည်။ "ငါဘာမှမဖြစ်တော့ဘူး... အဝတ်စုတ်တွေရှာ ရေစွတ်ပြီး နှခေါင်းကိုအုပ်ထားကြ အခုလေထဲမှာအဆိပ်ငွေ့တွေနဲ့ ပြာမှုန်တွေနေရာအနှံ့ဖြစ်နေတယ်... ကိုယ့်ကိုယ်ကိုယ်ဂရုစိုက် ငါရှေ့မှာ ဖွတ်ကြီးကိုသွားကြည့်ဦးမယ်"

"ဒါပေမဲ့ ရေမရှိဘူး" လင်းရှောင်ကျီက မေးလိုက်သည်။

"ကျင်ငယ်ရည်ကိုသုံး" လော်ယွမ်သည် ခပ်ပေါ့ပေါ့ပြောလိုက်ပြီး လှည့်ကာ အဝေးသို့ လျှောက်သွားသည်။

လော်ယွမ်သည် ဧရာမဖွတ်ကြီးကို ကြီးမားသော မြေကျွံတွင်းကြီးတစ်ခုထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။ သူက များပြားသော သန္ဓေပြောင်းသားရဲအလောင်းများနှင့်အတူ မြှုပ်နှံခံထားရပြီး တစ်ကိုယ်လုံးတွင် သွေးများနှင့် အတွင်းကလီစာများဖြင့် ပြည့်နှက်နေသည်။ သူက တွင်းထဲမှကုန်းထရန် အဆက်မပြတ် ကြိုးစားနေသော်လည်း အကြိမ်တိုင်း တစ်ဝက်ခန့်တက်ပြီးနောက် ရှက်ဖွယ်လိလိ ပြန်ကျသွားသည်။

မြေပြင်က အလွန်နက်ရှိုင်းစွာ ကျွံဝင်သွားပြီး အမြင့်က ပေ၆၀ကျော်ရှိကာ အလွန်မတ်စောက်သည်။

ထို့အပြင် ဧရာမဖွတ်ကြီးက အကြိမ်ပေါင်းများစွာ နင်းခြေခံခဲ့ရပြီး ယခုအခါ ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိထားသည်။ အပြာရောင်ရင့်အဆင့် သန္ဓေပြောင်းသားရဲ၏ ထူထဲသောအရေခွံကြောင့်သာ ယခုထိအသက်ရှင်နေခြင်းဖြစ်ပြီး အကယ်၍ အပြာရောင်အဆင့်သာဆိုလျှင် သူ အစောကတည်းက အနင်းခံပြီးသေသွားလောက်ပြီ ဖြစ်သည်။

ဤနေရာတွင် ကျောက်တုံးကြီးများမှာ မရှားပါးပေ။ လော်ယွမ်က ကျောက်တုံးကြီးအချို့ကို ရှာဖွေပြီး တွင်းထဲသို့ ပစ်ချလိုက်သည်။ ခဏအကြာတွင် ဖွတ်ကြီးက နောက်ဆုံးတွင် အပေါ်တက်လာနိုင်ခဲ့သည်။ ၎င်းက ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် မြေပြင်ပေါ်တွင် မှောက်လျက်အနေအထားဖြင့် မလှုပ်မယှက်ဖြစ်နေပြီး သွေးများက ပါးစပ်ထောင့်မှ အဆက်မပြတ် စီးကျနေသည်။ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ဒဏ်ရာက အလွန်ပြင်းထန်ပုံရသည်။

လော်ယွမ်၏မျက်နှာတွင် ဘာအမူအရာမှမရှိဘဲ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အဝေးသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် မီတာရာပေါင်းများစွာမြင့်သော တောင်ငယ်တစ်လုံး ပေါ်ထွက်လာပြီး ချော်ရည်များက အဆက်မပြတ် ပန်းထွက်နေသည်။ လေထုထဲတွင် သိပ်သည်းသော မီးခိုးငွေ့များဖြင့် ပြည့်နှက်နေပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ရှိသည်။ ကောင်းကင်ယံတွင် လျှပ်စီးများ လက်နေပြီး ကြီးမားသော လျှပ်စီးလုံးများက လည်ပတ်နေသော နဂါးများကဲ့သို့ မီးတောင်အပေါ်ဘက်တွင် ဝိုင်းရံလက်နေကာ ကမ္ဘာပျက်မြင်ကွင်းတစ်ခုအဖြစ် ရှိနေသည်။

လေထုထဲတွင် အသက်ရှူရခက်ခဲသော အနံ့တစ်ခု ပါဝင်နေပြီး မီးတောင်ပြာများက နှင်းပွင့်များကဲ့သို့ လွင့်မျောကျဆင်းနေသည်။ မကြာမီမှာပင် မြေပြင်သည် ထူထဲသော ပြာမှုန်အလွှာတစ်ခုဖြင့် ပြည့်နှက်သွားသည်။

ဧရာမမိုးထိပင်ကြီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အနီးအနားမှ ပူလောင်သော ချော်ရည်များသည် တဖြည်းဖြည်း ပင်စည်ကို လွှမ်းခြုံလာကာ တခါတရံတွင် အပူချိန်မြင့်သော အဖြူရောင်မီးတောက်များ တောက်လောင်နေသည်။ မြေအောက်တွင် စုပုံနေသော စွမ်းအင်အမြောက်အမြား ပန်းထွက်သွားပြီးနောက် မြေငလျင်က တဖြည်းဖြည်း ငြိမ်သက်သွားပြီး မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများက တစ်ဖန်ပြန်လည်မတ်တပ်ရပ်ကာ အဝေးသို့ အရူးအမူး ပြေးလွှားကြတော့သည်။

ဆက်ရန်...

အပိုင်း(၁၃၂)သေခြင်း၏အရိပ်အငွေ့များ

လော်ယွမ်က လမ်းမပေါ်တွင် မည်သူ့ထံမှ စုတ်ပြဲကျန်ခဲ့သည်မသိသော အဝတ်စတစ်စကို ကောက်ယူလိုက်သည်။ ၎င်းအပေါ်တွင် ရွှံ့များနှင့် မည်းနက်သောသွေးကွက်များဖြင့် ပြည့်နှက်နေပြီး မာကျောတောင့်တင်းလျက် ဖော်မပြတတ်သော အနံ့တစ်ခု ထွက်နေသည်။ သူက ရွံရှာမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အဝတ်စဖြင့် မျက်နှာတစ်ခြမ်းကျော်ကို ပတ်စည်းလိုက်သည်။

မီးတောင်ပေါက်ကွဲသည့်အခါ အသေအပျောက်အများဆုံးမှာ ပူလောင်ပြီး ဖြည်းညင်းစွာစီးဆင်းသော ချော်ရည်များကြောင့်မဟုတ်သလို လေထုထဲမှအဆိပ်ငွေ့များကြောင့်လည်းမဟုတ်ဘဲ ကောင်းကင်မှကျဆင်းလာသော မီးတောင်ပြာများကြောင့်သာဖြစ်သည်။ ဤမီးတောင်ပြာမှုန်များ၏အချင်းမှာ မိုက်ခရိုမီတာ အနည်းငယ်မျှသာရှိပြီး အသက်ရှူခြင်းဖြင့် မီးတောင်ပြာများက အဆုတ်နှင့် လေပြွန်ငယ်များအတွင်းသို့ပင် ဝင်ရောက်နိုင်ကာ စုပုံအနည်ထိုင်သွားနိုင်သည်။ အခြေအနေမဆိုးရွားလျှင် ပြင်းထန်စွာချောင်းဆိုးနိုင်ပြီး အခြေအနေဆိုးလျှင်မူ တစ်ခါထဲသက်ရှူကျပ်၍ သေဆုံးနိုင်သည်။

မကြာသေးမီက နေရောင်ခြည်ဖြင့် လင်းထိန်နေသော ကောင်းကင်ကြီးက ယခုအခါ မဲမှောင်နေပြီဖြစ်သည်။ မီးတောင်မှ ထူထပ်သော မီးခိုးများက ကောင်းကင်ဆီသို့ မီတာထောင်ပေါင်းများစွာထိ မြင့်တက်သွားပြီး နေကိုပါဖုံးကွယ်ထားလိုက်သည်။

သားရဲအုပ်ကြီး နောက်တစ်ကြိမ် ရူးသွပ်စွာပြေးလွှားနေသည်ကို ကြည့်ရင်း လော်ယွမ်၏မျက်နှာမှာ တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းအောင် ခက်ထန်လာသည်။

သူက ကျန်းမာတောက်ဓားကို ဖြည်းညင်းစွာဆွဲထုတ်လိုက်ရာ အပြာရောင်ဓားသွားက အေးစက်သောအငွေ့အသက် ဖြာထွက်နေသည်။ သူ ရုတ်တရက် အရှိန်ပြင်းစွာပြေးထွက်လိုက်ပြီး ကျန်းမာတောက်ဓားမှာ နေကိုထိုးဖောက်သွားသော သက်တံရှည်တစ်ခုကဲ့သို့ အမြန်လမ်းမပေါ်သို့တက်လာရန် ကြိုးစားနေသော အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ဦးခေါင်းမှအမြီးအထိ နှစ်ပိုင်းပိုင်းဖြတ်လိုက်ရာ သွေးများ ပန်းထွက်သွားသည်။

လော်ယွမ်၏လှုပ်ရှားမှုမှာ မရပ်တန့်ဘဲ ညာဘက်သို့ လျင်မြန်စွာပြေးလွှားသွားသည်။ ဦးခေါင်းထက်တွင် ချိုများပါရှိပြီး ကျားနှင့်ဆင်တူသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်မှာ တုံ့ပြန်ရန်အချိန်မမီခင်မှာပင် ဓားသွားထိပ်က ၎င်း၏မျက်လုံးမှထိုးဖောက်ဝင်ရောက်ကာ ဦးခေါင်းခွံကို ထိုးဖောက်သွားတော့သည်။

ခုနကငလျင်ကြောင့် သားရဲအုပ်ကြီးမှာ လုံးထွေးသွားပြီး အဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါအများအပြားမှာ နင်းခြေခံရ၍သေဆုံးခြင်း သို့မဟုတ် ဖိကြိတ်ခံရ၍သေဆုံးခြင်းတို့ဖြင့် အသက်ပျောက်ခဲ့ရသည်။ ဤတစ်ကြိမ်သားရဲအုပ်ကြီး၏သိပ်သည်းမှုမှာ အတော်ပင်ကျဲပါးသွားခဲ့ပြီဖြစ်သည်။ ဤဘက်သို့ ပြေးလာသော သန္ဓေပြောင်းသတ္တဝါများမှာလည်း များများစားစားမရှိတော့ပေ။

သို့သော် လော်ယွမ်မှာ စိတ်ထဲပေါ့သွားသလို မခံစားရဘဲ မျက်နှာထားမှာမူ ပို၍ပင်လေးနက်လာသည်။

ယခု မတ်တပ်ရပ်နိုင်သေးသော သန္ဓေပြောင်းသတ္တဝါများတွင် အနိမ့်ဆုံးမှာပင် အပြာနုရောင်အဆင့်ရှိပြီး အပြာရောင်အဆင့်မှာ အဓိကဖြစ်လာကာ အပြာရင့်ရောင်အဆင့်ပင် နေရာအနှံ့တွေ့မြင်နေရသည်။ ထိုမျှမက ပို၍ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးများပင်လျှင် ဟိုတစ်ကောင်ဒီတစ်ကောင် ရှိနေသည်။

သူ၏နှလုံးခုန်သံမှာ တဒုန်းဒုန်းခုန်နေပြီး သူ့အား မကုန်ခမ်းနိုင်သောစွမ်းအားများကို ထောက်ပံ့ပေးနေသည်။ ခန္ဓာကိုယ်အတွင်းမှဒဏ်ရာများမှာ လျင်မြန်စွာပြန်လည်သက်သာလာပြီး အစောပိုင်းက ကျိုးသွားခဲ့သောအရိုးများပင်လျှင် ဖြည်းညင်းစွာပြန်ဆက်နေသည်။ သို့သော် တစ်ချိန်တည်းမှာပင် အာရုံခံနိုင်စွမ်း၏အကွာအဝေးမှာလည်း ကျဆင်းလာသည်။ သို့သော် စွမ်းအင်ကုန်ဆုံးနှုန်းကိုကြည့်လျှင် အချိန်အတော်ကြာ ဆက်လက်ထိန်းထားနိုင်ဦးမည်ဖြစ်ပြီး အနည်းဆုံး နာရီဝက်ခန့်တော့ ရဦးမည်ဖြစ်သည်။

သန္ဓေပြောင်းသတ္တဝါများ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာပြီး သူ့လက်ချက်ဖြင့် တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားကြသည်။ ဤသို့အကောင်ရေနည်းပါးသော သားရဲအုပ်က လော်ယွမ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။ လော်ယွမ်မှာ အဝေးမှမီးတောင်အခြေအနေကို လှမ်းကြည့်ရန်ပင် အချိန်ရသေးသည်။

သို့သော်ထိုသို့အေးအေးလူလူအချိန်က ကြာရှည်မခံပေ။ နောက်ဆုံးတွင် အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင် ပေါ်ထွက်လာတော့သည်။

၎င်းက ထူးဆန်းသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်သည်။ ထူးဆန်းသည်ဟုဆိုရခြင်းမှာ ၎င်းသည် ငါးတစ်ကောင်နှင့်တူသော်လည်း ငါးတောင်ပံအသွင်အပြင်ရှိသော တုတ်ခိုင်သည့်ခြေတံတိုလေးချောင်း ပါရှိသောကြောင့်ဖြစ်သည်။ မည်းနက်သောအကြေးခွံများမှာ စိုစွတ်နေပြီး ၎င်းပြေးလွှားသွားရာတွင် ဖြူဖွေးသောဝမ်းဗိုက်အောက်မှ မြေပြင်ပေါ်တွင် ရှည်လျားသောရေစွပ်ကြောင်းတစ်ခုကို ချန်ထားခဲ့သည်။ ရေထဲမှ ကုန်းပေါ်သို့တက်လာသကဲ့သို့ပင်။

အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်အနေဖြင့် ၎င်း၏ခန္ဓာကိုယ်မှာ အတော်ကြီးမားပြီး အရှည်မှာ ပေ၃၀ခန့်ရှိကာ အမြင့်မှာ ၂၄ပေခန့်ရှိသည်။ ဧရာမဖွတ်ကြီးထက်ပင်ပိုကြီးသည်။ ငါးခေါင်းပေါ်တွင် သွေးလူးနေသောပါးစပ်ကြီးတစ်ခုရှိပြီး သံမဏိပြားများကဲ့သို့ ကြီးမားသောသွားများ ထူထပ်စွာပေါက်နေသည်ကို မြင်နေရသည်။

၎င်း၏ပုံစံအရ ကုန်းပေါ်တွင်သွားလာရန် အသားမကျသေးသည်မှာ ထင်ရှားပြီး ပြေးနှုန်းမှာ မမြန်လှပေ။ ဤသို့သောအရှိန်မျိုးဖြင့် ၎င်း၏ခန္ဓာကိုယ်ကြီးမားသောကြောင့်သာမဟုတ်လျှင် အစောကြီးကတည်းက တက်နင်းခံရ၍ သေဆုံးလောက်ပြီဖြစ်သည်။ သို့သော် ထိုသို့ဖြစ်သည့်တိုင် ၎င်း၏ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး နေရာအနှံ့ နင်းခြေခံထားရသော အရာများရှိနေသည်။ ငါးအမြီးမှာပင် တစ်စွန်းတစ်စ ပြတ်တောက်နေပြီး ခုနက သတ္တဝါတစ်ကောင်ကောင် ကိုက်ဖြတ်သွားဟန်တူသည်။

လော်ယွမ်၏မျက်နှာထားမှာ လေးနက်သွားသည်။ ဤကြီးမားသောသတ္တဝါကြောင့်မဟုတ်ဘဲ အခြားသောအကြောင်းအရာများကို စဉ်းစားမိသောကြောင့်ဖြစ်သည်။

ဤသတ္တဝါက ငါးတစ်ကောင်ဖြစ်သည်မှာ ထင်ရှားသော်လည်း ခြေလက်လေးချောင်းပေါက်ကာ ကုန်းပေါ်သို့တက်လာခဲ့သည်။

အကယ်၍ ဤသည်မှာ ရှားပါးဖြစ်ရပ်တစ်ခုမဟုတ်ပါက ရေသတ္တဝါမည်မျှ ကုန်းပေါ်သို့တက်လာနိုင်မည်နည်း။

ယခင်က သမုဒ္ဒရာမည်မျှပင်ကြီးမားပြီး အတွင်းမှမျိုးစိတ်များ မည်မျှပင်ကြောက်မက်ဖွယ်ကောင်းစေကာမူ လော်ယွမ်က ဖိအားတစ်စုံတစ်ရာမခံစားခဲ့ရပေ။ အကြောင်းမှာ သမုဒ္ဒရာသည် သမုဒ္ဒရာ၊ ကုန်းမြေသည် ကုန်းမြေဖြစ်ပြီး နှစ်ခုမှာ မတူညီသောကမ္ဘာနှစ်ခုနီးပါးဖြစ်သောကြောင့်ဖြစ်သည်။ သူ မစဉ်းစားမိခြင်းမဟုတ်ဘဲ အသားကျနေသော အတွေးအခေါ်ကြောင့်ဖြစ်သည်။ သို့သော် ဤသတ္တဝါ၏ပေါ်ထွက်လာမှုက သူ၏စိတ်ကူးယဉ်အတွေးများကို ချိုးဖျက်သွားခဲ့သည်။

သက်ရှိများ ဆင့်ကဲပြောင်းလဲနေကြသည်။ ကမ္ဘာဦးခေတ်က ဆင့်ကဲပြောင်းလဲမှုတွင်ရှုံးနိမ့်ခဲ့ရသော ရေနေသတ္တဝါများက ကုန်းပေါ်သို့တက်ရောက်ရန် နှစ်သန်းပေါင်းများစွာ အချိန်ယူခဲ့ရသော်လည်း ယခုကမ္ဘာပျက်ခေတ်တွင်မူ ခြောက်လသာ အချိန်ယူခဲ့သည်။

ဤသတ္တဝါ အမြန်လမ်းမပေါ်သို့ ခက်ခက်ခဲခဲတက်လာသည်ကိုကြည့်ရင်း လော်ယွမ် ချက်ချင်းလှုပ်ရှားလိုက်သည်။

သူက ဤငါးကြီးအနားသို့ တိတ်တဆိတ်ချဉ်းကပ်သွားသည်။ ၎င်းမှာ ကုန်းပေါ်သို့မကြာခင်ကမှရောက်ရှိလာပုံရပြီး ကုန်းမြေပတ်ဝန်းကျင်နှင့် အသားမကျသေးသောကြောင့် ၎င်း၏တုံ့ပြန်မှုမှာ အလွန်နှေးကွေးနေသည်။ လော်ယွမ် ၎င်းအနား ပေ၃၀အကွာသို့ရောက်မှသာ ၎င်း သတိပြုမိသွားသည်။

သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။

လော်ယွမ်က ခြေကိုအားကုန်နင်းချလိုက်သည်။

"မြေလှိုင်း"

မြေကြီးမှာ ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်စွာတုန်ခါသွားပြီး မာကြောသောကွန်ကရစ်လမ်းမှာ ချက်ချင်းပင် အမှုန့်အဖြစ်သို့ကြေမွကာ မီတာပေါင်းများစွာအမြင့်သို့ လွင့်တက်သွားသည်။ သို့သော် အပြာရင့်ရောင်အဆင့်သတ္တဝါတစ်ကောင်အနေဖြင့် မြေလှိုင်းအစွမ်းက ၎င်းကို ထိခိုက်အောင်မလုပ်နိုင်ပဲ မူးဝေသွားခြင်းပင်မရှိပေ။ သို့သော် ပြင်းထန်သောတုန်ခါမှုက ၎င်း၏ခန္ဓာကိုယ်ကို အရှိန်ပြင်းစွာယိမ်းထိုးသွားစေပြီး ရှေ့ဆက်သွားနေသောလှုပ်ရှားမှုကိုပင် ရပ်တန့်သွားစေသည်။

ထိုသတ္တဝါ မည်သို့မျှမလှုပ်ရှားနိုင်မီ လော်ယွမ်က ခြေလှမ်းအနည်းငယ် လျင်မြန်စွာလှမ်းကာ မြေပြင်ကိုကန်၍ ခန္ဓာကိုယ်ကို လေပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။ ကျန်းမာတောက်ဓားသွားမှ ထက်ရှသောဓားရောင်ခြည်လှိုင်း ထွက်ပေါ်လာပြီး ဓားရောင်ခြည်မှာ လက်မဝက်ခန့်ရှည်လျားသွားသည်။ ၎င်း၏ဦးခေါင်းကို အားကုန်ခုတ်ချလိုက်ရာ ကျန်းမာတောက်ဓားမှာ ၃ပေခွဲကျော်ရှည်ပြီး ဓားရောင်ခြည်နှင့်ပေါင်းလျှင် ၅ပေနီးပါးရှိသည်။ တစ်ချက်တည်းခုတ်ချလိုက်ရာ ဦးခေါင်း၏သုံးပုံတစ်ပုံမှာ ပြတ်ထွက်သွားပြီး အတွင်းမှဦးနှောက်ပင်လျှင် ပျက်စီးသွားသည်။

မခံမရပ်နိုင်အောင်နာကျင်မှုကြောင့် ၎င်း၏အမြီးမှာ ပြင်းထန်စွာရုန်းကန်လှုပ်ရှားပြီး တလူးလူးတလိမ့်လိမ့်ဖြစ်နေရာ အသံမှာ အလွန်ကျယ်လောင်လှသည်။

လော်ယွမ်မှာမူ အစောကြီးကတည်းက အဝေးသို့ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ သူ ဤသို့သော အပြာရင့်ရောင်အဆင့်သတ္တဝါကို မြေလှိုင်းအစွမ်းဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်ရာ အစွမ်းမှာ သာမန်မျှသာဖြစ်ပြီး ဤသို့သောသတ္တဝါကို ထိခိုက်မှုသိပ်မရှိစေနိုင်ပေ။ တိုက်ခိုက်မှုစွမ်းအားအရဆိုလျှင် ဝမ်ရှီရှီ၏စိတ်စွမ်းအင်ကိုပင် မမီပေ။ သို့သော် လော်ယွမ်၏လက်ထဲတွင်မူ အစွမ်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကောင်းမွန်လှသည်။

မည်သည့်ပြင်းထန်သောတိုက်ပွဲတွင်မဆို အနည်းငယ်မျှသောပေါ့ဆမှုကိုပင် ခွင့်မပြုနိုင်ပေ။ ယခုလိုအချိန်မျိုးတွင် အနည်းငယ်မျှသောအနှောင့်အယှက်သည်ပင်လျှင် အသက်အန္တရာယ်ရှိစေနိုင်သည်။ လှုပ်ရှားမှု အနည်းငယ်မျှရပ်တန့်သွားရုံဖြင့် တိုက်ပွဲတစ်ခုကို အလွယ်တကူအနိုင်ယူနိုင်သည်။

အချိန်မှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။ လော်ယွမ်၏ရှေ့တွင် ရုပ်အလောင်းများ တဖြည်းဖြည်းပုံလာသည်။ အလောင်းများမှာ အသက်ပြင်းလှသဖြင့် အများစုမှာ မသေဆုံးသေးဘဲ နေရာတွင်ပင် ရုန်းကန်အော်ဟစ်နေကြသည်။ သန္ဓေပြောင်းသတ္တဝါအများအပြားက ဤနေရာမှကြောက်မက်ဖွယ်မြင်ကွင်းကိုမြင်သောအခါ အန္တရာယ်ကို ထက်မြက်စွာခံစားမိပြီး အဝေးမှပင် ရှောင်ကွင်းသွားကြသည်။

ဆယ်မိနစ်ကျော်အကြာတွင် သားရဲအုပ်ကြီးမှာ လုံးဝဆုတ်ခွာသွားတော့သည်။ လော်ယွမ် ကံကောင်းလှသည်၊ သားရဲအုပ်ကြီးကုန်ဆုံးသည်အထိ အဆင့်၅သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။ ဟုတ်ပေသည်၊ အကယ်၍သာ အဆင့်ငါးသန္ဓေပြောင်းသတ္တဝါအမှန်တကယ်ပေါ်ထွက်လာပါက ဤမစ်ရှင်၏အခက်အခဲမှာ D- အဆင့်ဖြစ်တော့မည်မဟုတ်ပေ။ စနစ်မှာ ဤကိစ္စတွင် ကြိုတင်သိမြင်နိုင်စွမ်းရှိဟန်တူသည်။

ရှေ့တွင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်တစ်လေမျှမရှိတော့သည်ကိုမြင်သောအခါ လော်ယွမ် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ စိတ်ကိုဖြေလျှော့လိုက်သည်နှင့် နှလုံးခုန်သံမှာ တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာပြီး မြေကြီး၏စွမ်းအားမှာ လျင်မြန်စွာပြန်လည်ရုပ်သိမ်းသွားသည်။ သူ၏ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားပြီး မြေပေါ်သို့လဲကျမတတ်ဖြစ်သွားသည်။

အစောပိုင်းက မြေကြီး၏စွမ်းအားဖြင့် အတင်းအကျပ်ဖိနှိပ်ထားသော ပြင်းထန်သည့်နာကျင်မှုမှာ နောက်တစ်ကြိမ်ပြန်လည်ပေါ်ထွက်လာသည်။ သူ နာကျင်လွန်း၍ မျက်နှာမှာ ဖြူဖျော့သွားပြီး ချွေးစေးများပြန်လာသည်။ ဓားအိမ်ကို အလျင်အမြန်ထောက်လိုက်မှသာ မလဲကျသွားခြင်းဖြစ်သည်။

မြေကြီး၏ကြိန်နှုန်းနှင့်ပေါင်းစပ်နေစဉ် ပြန်လည်ကုစားနိုင်စွမ်းမှာ အံ့ဩဖွယ်ကောင်းသော်လည်း လုံးဝပြန်လည်ကောင်းမွန်ရန်မှာမူ မလွယ်ကူလှပေ။ သူ၏အတွင်းကလီစာများ စုတ်ပြဲခဲ့ပြီး အရိုးများလည်း နေရာအတော်များများတွင် ကျိုးခဲ့သည်မဟုတ်ပါလား။ ယခုလို မတ်တပ်ရပ်နိုင်နေခြင်းသည်ပင်လျှင် ပြန်လည်ကုစားနိုင်စွမ်းက တော်တော့်ကိုအစွမ်းထက်နေပြီဖြစ်သည်။ ထို့အပြင် ထိုစွမ်းအားများ ဆွဲထုတ်ခံလိုက်ရသောခံစားချက်က ခန္ဓာကိုယ်၏အားနည်းမှုကို ပို၍ဆိုးရွားစေသည်။

နှိုင်းယှဉ်ကြည့်မှသာ လော်ယွမ်က လင်းရှောင်ကျီ၏ထူးခြားဆန်းကြယ်မှုကို ခံစားမိသည်။ သူ၏အစွမ်းထက်ပြန်လည်ကုစားနိုင်စွမ်းနှင့်နှိုင်းယှဉ်လျှင် လော်ယွမ်၏မြေကြီးသွေးခုန်နှုန်း၏ပြန်လည်ကုစားနိုင်စွမ်းမှာ အဆင့်အတန်းတစ်ခုတည်းတွင် မရှိပေ။

သို့သော် တစ်ခုမှာ ထပ်ပေါင်းအစွမ်းဖြစ်ပြီး တစ်ခုမှာ ဆင့်ကဲပြောင်းလဲသူ၏အဓိကစွမ်းရည်ဖြစ်သဖြင့် ဒီထက်ပိုလိုချင်၍မဖြစ်နိုင်တော့ပေ။

ထိုအချိန်တွင် စနစ်၏အချက်ပေးသံမှာလည်း ထွက်ပေါ်လာသည်။

"ဒင်..Dအဆင့်မစ်ရှင် - သားရဲလှိုင်း၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် အောင်မြင်သွားပါပြီ"

"မစ်ရှင်ကြာချိန် - ၃၂ မိနစ်"

"အမည် - လော်ယွမ်"

"မစ်ရှင်အကဲဖြတ်ချက် - ကောင်းမွန်"

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၉၀%

"အခြေခံအတွေ့အကြုံအမှတ် +၉၆၀၀x၉၀% ရရှိသည်"

"အကဲဖြတ်ချက် ကောင်းမွန်သဖြင့် အတွေ့အကြုံအမှတ် အပို +၄၈၀၀x၉၀% ရရှိသည်"

စုစုပေါင်းအတွေ့အကြုံမှတ် - ၁၈၀၀၀/၃၈၄၀၀

---------------------

"တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်"

"မစ်ရှင်ပြီးမြောက်မှုနှုန်း - ၁၀%"

"အတွေ့အကြုံမှတ် +၉၆၀၀ x ၁၀% ရရှိသည်"

"အကဲဖြတ်ချက် ကောင်းမွန်သဖြင့် အတွေ့အကြုံအမှတ် အပို +၄၈၀၀x၁၀% ရရှိသည်"

"စုစုပေါင်းအတွေ့အကြုံမှတ် - ၁၆၂၀/၉၆၀၀"

------------------------

အတွေ့အကြုံမှတ်မှာ အတော်များများတိုးလာသော်လည်း လော်ယွမ်က ဝမ်းမသာနိုင်ပေ။ အကယ်၍သာ ရွေးချယ်ခွင့်ရှိပါက လော်ယွမ် ဤသို့သောမစ်ရှင်မျိုးကို မကြုံတွေ့ချင်ပေ။ D - အဆင့်၏အခက်အခဲမှာ သူ၏လုပ်ဆောင်နိုင်စွမ်းကို များစွာကျော်လွန်နေပြီဖြစ်သည်။ အကယ်၍သာ ကံကောင်းထောက်မစွာဖြင့် မြေကြီး၏ကြိမ်နှုန်းကို နားလည်သဘောပေါက်နိုင်ခြင်းမရှိခဲ့ပါက ယခုအချိန်တွင် ရုပ်အလောင်းဖြစ်နေလောက်ပြီဖြစ်သည်။

အဝေးမှမီးတောင်မှာ အဆက်မပြတ်ပေါက်ကွဲနေဆဲဖြစ်ပြီး မြေပြင်ပေါ်တွင် ထူထဲသောမီးတောင်ပြာလွှာတစ်ခု စုပုံနေပြီဖြစ်သည်။ လော်ယွမ် ခဏရပ်နေရုံဖြင့် အဝတ်အစားများပေါ်တွင် အပူငွေ့များရှိနေသေးသော ပြာများဖြင့် ပြည့်နှက်သွားသည်။

လော်ယွမ် မတ်တပ်ပင်မရပ်နိုင်တော့သည်ကိုမြင်သောအခါ ဟွမ်ကျားဟွေမှာ တဟွတ်ဟွတ်ချောင်းဆိုးရင်း အလျင်အမြန်ပြေးလာသည်။

"ရှင်ရရဲ့လား... အဟွတ်... အဟွတ်" ဟွမ်ကျားဟွေက လော်ယွမ်၏ဖြူဖျော့နေသောမျက်နှာကိုမြင်သောအခါ စိုးရိမ်သောမျက်နှာဖြင့်ဆိုပြီးနောက် နောက်တစ်ကြိမ်ချောင်းဆိုးပြန်သည်။

လော်ယွမ် ခေါင်းခါလိုက်သည်။ သူလည်း ချောင်းဆိုးချင်သောခံစားချက်ဖြစ်ပေါ်နေပြီး အဆုတ်ထဲတွင် မီးလောင်နေသကဲ့သို့ ပူလောင်ကာ ထူးဆန်းစွာယားယံနေသဖြင့် သည်းခံရန်ခက်ခဲလှသည်။ ကျဆင်းလာသောမီးတောင်ပြာများ ပို၍များလာသည်ကိုကြည့်ရင်း သူ လေးနက်စွာဆိုလိုက်သည်။ "ဒီမှာဆက်နေလို့မဖြစ်ဘူး... ငါတို့ဒီကနေ အမြန်သွားမှဖြစ်မယ်"

"ဒါပေမဲ့... အဟွတ်... အဟွတ်... ကျွန်မတို့ဘယ်သွားမှာလဲ... ရှေ့ဆက်သွားရမယ့်လမ်းက ပျက်စီးနေပြီ" ဟွမ်ကျားဟွေက ချောင်းဆိုးချင်သည့်စိတ်ကို အောင့်အီးကာ ဖြူရော်နေသော မျက်နှာဖြင့်ဆိုလိုက်သည်။ "ကျွန်မတို့တောထဲက ဖြတ်သွားမှ ရမယ့်ပုံပဲ"

မိုးထိပင်ကြီး ပြိုကျသွားသည်နှင့်အတူ မြေကြီးမှအမြစ်များစွာ ဆွဲနုတ်ခံလိုက်ရသဖြင့် ဤနေရာတစ်ဝိုက်ရှိအမြန်လမ်းမှာ ပျက်စီးပြိုကျနေပြီး အများစုမှာ ချောက်ကြီးများဖြစ်နေသဖြင့် လုံးဝသွားလာ၍မရနိုင်တော့ပေ။

"ဒီနယ်မြေတဝိုက်က သန္ဓေပြောင်းသားရဲတော်တော်များများ ငလျင်ကြောင့်ထွက်ပြေးသွားကြပြီဆိုတော့ ငါတို့တောထဲက ဖြတ်သွားရင် အန္တရာယ်မရှိလောက်ဘူး" လော်ယွမ်က ဆိုလိုက်သည်။

ထိုအချိန်တွင် အနီးအနားမှကင်းစခန်းမှာ ပျောက်ကွယ်နေသည်ကို သူ သတိပြုမိလိုက်သည်။ သူ၏မျက်နှာအမူအရာပြောင်းလဲသွားသည်။ အစောပိုင်းက ခရီးဆောင်အိတ်များကို ကင်းစခန်းတွင်ထားခဲ့ရာ ယခု ကင်းစခန်းပြိုကျသွားလျှင် အားလုံးမြေအောက်သို့ရောက်သွားပြီမဟုတ်ပါလား။ ထိုအထဲတွင် ပစ္စည်းအများအပြားထားရှိပြီး အခြားအရာများမှာ ကိစ္စမရှိသော်လည်း အရေးအကြီးဆုံးမှာ ရွက်ဖျင်တဲနှင့်သောက်သုံးရေများ ဖြစ်သည်။

ထို့အပြင် ဆားလည်းရှိသည်။ ဆားကို အချိန်ကြာမြင့်စွာ မစားသုံးပါက လူမှာ အားနည်းနွမ်းနယ်လာမည်ဖြစ်သည်။ အခြားအရာများတွင် အဆင်ပြေသလိုနေနိုင်သော်လည်း ဆားကိုမူ မရှိမဖြစ်လိုအပ်သည်။

သူ အလျင်အမြန်မေးလိုက်သည်။ "ခရီးဆောင်အိတ်တွေ ပြန်ရှာလို့ရနိုင်သေးလား"

ဟွမ်ကျားဟွေမှာ ရင်ထဲတွင်လေးလံစွာဖြင့် ခေါင်းခါလိုက်သည်။ "ငလျင်လှုပ်တုန်းက… အဟွတ်… အဲ့ဒီမှာ တော်တော်ကြီးတဲ့ အက်ကွဲကြောင်းကြီးတစ်ခုဖြစ်သွားတယ်… အဟွတ်… ပစ္စည်းတွေအကုန်လုံး အထဲကိုကျသွားပြီ... ပြန်ရှာလို့မရတော့ဘူး"

"ငါ့ကိုလိုက်ပြ... ပြန်ရှာလို့ရရင်ရဦးမှာ" လော်ယွမ်က မယုံကြည်ဘဲဆိုလိုက်သည်။ ခရီးဆောင်အိတ်များမှာ အလွန်အရေးကြီးသဖြင့် အတွင်းထဲထိကျသွားလျှင်ပင် သူ ပြန်ရှာရမည်ဖြစ်သည်။

လော်ယွမ် အက်ကွဲကြောင်းသို့ရောက်သောအခါမှ ၎င်းမှာ လုံးဝမဖြစ်နိုင်တော့ကြောင်း မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သိရှိလိုက်သည်။ ဤသည်မှာ ကြီးမားသောအက်ကွဲကြောင်းကြီးဖြစ်ပြီး အကျယ်မှာ ပေ၃၀ခန့်ရှိကာ အတွင်းမှာ မည်းမှောင်နေပြီး အဆုံးထိမမြင်နိုင်အောင်နက်ရှိုင်းသည်။ သူ ကျောက်တုံးတစ်တုံးကို ပစ်ချလိုက်ရာ ကျောက်တုံးမှာ ကျောက်နံရံများနှင့် အဆက်မပြတ်တိုက်ခတ်ပြီး ပဲ့တင်သံများထွက်ပေါ်နေသည်။ သူ၏နားမှာ ထက်မြက်လှသော်လည်း အသံမှာ တဖြည်းဖြည်းတိုးသွားပြီး လုံးဝမကြားရတော့သည်အထိ အောက်ခြေသို့ထိသည်ဟု မခံစားမိပေ။

နောက်တွင် တောအုပ်ကိုဖြတ်သန်းရမည်ဖြစ်ရာ အကယ်၍ လုံခြုံသောတဲနှင့် စိတ်ချရသောသောက်သုံးရေမရှိပါက မည်သို့သော အခက်အခဲများနှင့် ကြုံတွေ့ရမည်ကို လော်ယွမ် စဉ်းစား၍ပင်မရနိုင်ပေ။

သူ၏စိတ်ထဲတွင် ပြင်းထန်လွန်းသောစိတ်ဖိစီးမှုကြောင့် အော်ဟစ်ပေါက်ကွဲပစ်ချင်စိတ်ကို အားတင်းထိန်းချုပ်ထားရသည်။

နောက်ကျောဘက်မှ လူအများ၏ အသည်းခိုက်မတတ်ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။ ဝမ်ရှကွမ်မှာ သွေးပင်အန်နေပြီဖြစ်သည်။ လူအများမှာ ချောင်းဆိုးလွန်း၍ မျက်နှာများဖြူဖျော့ကာ မျက်ရည်များပင်ထွက်ကျလာပြီး ကြောက်လန့်တကြားဖြစ်နေသောမျက်လုံးများတွင် သေခြင်း၏အရိပ်အငွေ့များ ထူထပ်စွာလွှမ်းခြုံနေသည်။

မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတစ်ခုက အဖွဲ့ထဲတွင် ပျံ့နှံ့သွားတော့သည်။

ဆက်ရန်...

All Chapters