အခန်း (၁၃၃-၁၃၆)
Vol. 7 Ch. 133-136
အပိုင်း(၁၃၃)သစ်တောပင်လယ်
ဝမ်ရှကွမ်သည် ယခင်က မြေအောက်စခန်းငယ်လေးထဲတွင်သာ အမြဲနေထိုင်ခဲ့ပြီး အပြာနုရောင်အဆင့်အထက်ရှိသော အစာကို တစ်ခါမျှမစားသုံးဖူးသည့်အပြင် အငတ်ဘေးနှင့်ပင် ကြုံတွေ့လုနီးပါးဖြစ်ခဲ့ရာ သူမ၏ကိုယ်ခန္ဓာမှာ ဤနေရာမှလူအားလုံးထဲတွင် အဆိုးရွားဆုံးဖြစ်သည်။ ပြာမှုန့်အနည်းငယ် ရှူရှိုက်မိရုံမျှဖြင့် မခံနိုင်တော့ပေ။
လော်ယွမ်သည် ဝမ်ရှကွမ် သွေးများအဆက်မပြတ်ထွက်ပြီးချောင်းဆိုးနေသည်ကိုမြင်သောအခါ စိတ်ထဲတွင် အလွန်ထိတ်လန့်သွားသည်။ ထို့နောက် သူက သူတို့၏ပါးစပ်နှင့်နှာခေါင်းကို အုပ်ထားသောအဝတ်စများမှာ လုံးဝခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။ မစဉ်းစားဘဲနှင့်ပင် ဤလူများ၏စိတ်ကို သူနားလည်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "မင်းတို့ဘယ်လိုဖြစ်တာလဲ... ငါစောစောက ရေမရှိရင် ကျင်ငယ်ရေနဲ့လုပ်လို့ ပြောခဲ့တယယ်လေ... ဒီလိုခေတ်ပျက်ကြီးမှာတောင် မင်းတို့က ဂျီးများနေနိုင်သေးတာလား"
အားလုံးက ထိုစကားကိုကြားသောအခါ စိတ်ထဲတွင် နောင်တရသွားပြီး လော်ယွမ်၏စကားကိုနားမထောင်ခဲ့မိသည်ကို စိတ်ပျက်သွားကြသည်။ ယောက်ျားအချို့မှာ ကျင်ငယ်ရေသုံးရန် အပြင်သို့ပြေးထွက်သွားကြသည်။
"ထားလိုက်တော့... အချိန်မရှိတော့ဘူး... သွေးကိုသုံးလိုက်... ငါတို့ဒီကနေအမြန်သွားမှဖြစ်မယ်" လော်ယွမ်က အလျင်အမြန်တားဆီးလိုက်သည်။
ဤနေရာတွင် အရာအားလုံးရှားပါးသော်လည်း သွေးနှင့်အလောင်းများမှာမူ အပေါဆုံးဖြစ်သည်။ မြေပြင်ပေါ်မှသွေးများမှာ ဖိနပ်အနားစွန်းကိုပင် ကျော်လွန်နေပြီဖြစ်သည်။
အားလုံးက အဝတ်စများကို အလျင်အမြန် သွေးဖြင့်စွတ်လိုက်ပြီး နှာခေါင်းကိုအုပ်ထားလိုက်ကြသည်။ ပြင်းထန်ပြီးညှီစို့စို့ဖြစ်သော သွေးညှီနံ့က လူကိုပျို့အန်စေသော်လည်း အသက်ရှင်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ဖယ်ရှားရန်မရဲပေ။ လော်ယွမ်လည်း အလားတူပင် အဝတ်စကိုသွေးစွတ်ပြီး ပါးစပ်နှင့်နှာခေါင်းကို တင်းကျပ်စွာအုပ်ကာ ခေါင်းနောက်တွင် ချည်နှောင်လိုက်သည်။
ဝမ်ရှကွမ်၏အခြေအနေမှာ ပို၍ပို၍ဆိုးရွားလာပြီး ချောင်းဆိုးခြင်းက ပို၍ပြင်းထန်လာကာ ကိုယ်ခန္ဓာမှာ ယိမ်းထိုးနေပြီး မတ်တတ်ပင်မရပ်နိုင်တော့ဘဲ မျက်နှာမှာ သွေးများယိုစီးကျတော့မတတ် နီရဲနေသည်ကိုတွေ့သောအခါ လော်ယွမ် အလွန်စိုးရိမ်သွားသည်။ သူက အပြာရင့်ရောင်အဆင့်ငါးကြီးဆီသို့ အမြန်ပြေးသွားပြီး ၎င်း၏အရေခွံကိုခွာကာ ဒဏ်ရာမှ သွေးပေါင်ချိန်အနည်းငယ်ကို ခံယူလိုက်သည်။
အပြာရင့်ရောင်အဆင့်သတ္တဝါ၏သွေးမှာ အလွန်အာဟာရပြည့်ဝပြီး သေလုနီးပါးဖြစ်နေသောလူပင်လျှင် အမြောက်အမြားသောက်သုံးပါက အသက်ဆက်ပေးနိုင်သည်။ လော်ယွမ်က ဝမ်ရှကွမ်ငြင်းဆန်နေသည်ကိုဂရုမစိုက်ဘဲ သူမ၏ပါးစပ်ထဲသို့ အတင်းအကျပ်လောင်းထည့်လိုက်သည်။ ခဏအကြာတွင် သူမ၏ဖြူဖျော့သောမျက်နှာမှာ နောက်ဆုံးတွင် နီမြန်းလာသည်။
ထို့နောက် သူက သူမကိုပွေ့ချီလိုက်ရာ စောစောကမှပြန်ဆက်ထားသောအရိုးများမှာ နောက်တစ်ကြိမ်အက်ကွဲသွားသည်။ လော်ယွမ်က အံကြိတ်ကာ ပြင်းထန်သောနာကျင်မှုကိုသည်းခံပြီး ခြေလှမ်းကျဲကြီးများဖြင့် ဧရာမဖွတ်ကြီးဆီသို့ လျှောက်သွားသည်။
ဆယ်မိနစ်ခန့် အနားယူပြီးနောက် ဧရာမဖွတ်ကြီး၏အခြေအနေမှာ အစပိုင်းထက် အများကြီးကောင်းမွန်လာပြီဖြစ်သည်။
လော်ယွမ်လာသည်ကိုမြင်သောအခါ ၎င်းက တုန်ယင်စွာဖြင့် ထရပ်လိုက်သည်။
လော်ယွမ်က ၎င်းကိုပြန်ဝပ်ချခိုင်းပြီး ခက်ခဲစွာဖြင့် ၎င်း၏ကျောပေါ်သို့တက်ကာ လူအားလုံးကိုပြောလိုက်သည်။ "အားလုံးအပေါ်တက်ကြ"
လူအနည်းငယ်မှာ ဧရာမဖွတ်ကြီးကို အလွန်ကြောက်ရွံ့သော်လည်း ဤသို့သောအခြေအနေတွင် များများစားစားဂရုမစိုက်နိုင်တော့ပေ။ မီးတောင်ပြာအမြောက်အမြားမှာ နှင်းများကဲ့သို့ ကျဆင်းလာပြီး အများစုက ဘတ်စကတ်ဘောအရွယ်အစားနီးပါးရှိရာ လူတိုင်းသိသည်မှာ အကယ်၍ ဤနေရာမှ အမြန်ဆုံးမထွက်ခွာနိုင်ပါက သေလမ်းတစ်လမ်းသာရှိတော့မည်ဖြစ်သည်။
သို့သော် သာမန်လူတစ်ယောက်အတွက် ဧရာမဖွတ်ကြီး၏ကျောပေါ်သို့တက်ရန်မှာလည်း ခက်ခဲသောအလုပ်တစ်ခုဖြစ်သည်။ ဧရာမဖွတ်ကြီး၏အရပ်မှာ ၁၈ပေခန့်မြင့်ပြီး မြေပြင်ပေါ်တွင်ဝပ်နေလျှင်ပင် ၉ပေကျော်မြင့်ကာ တစ်ကိုယ်လုံးမှာ အလွန်ချောမွေ့နေသည်။ အကယ်၍ လော်ယွမ်က ဧရာမဖွတ်ကြီး၏ကျောပေါ်မှ မဆွဲတင်ပါက မည်သူတစ်ဦးတစ်ယောက်မျှ တစ်ယောက်တည်းတက်နိုင်မည်မဟုတ်ပေ။
ဧရာမဖွတ်ကြီး ဆင့်ကဲပြောင်းလဲပြီးနောက် ကျောပြင်မှာ အများကြီးကျယ်ပြန့်လာသော်လည်း အားလုံးတက်လိုက်ကြရာ နေရာမှာအလွန်ကျပ်ညပ်နေဆဲဖြစ်သည်။ ထို့အပြင် ဧရာမဖွတ်ကြီး၏အကြေးခွံများမှာ ချောမွေ့သဖြင့် အပေါ်တွင်ထိုင်နေခြင်းမှာ အလွန်အန္တရာယ်များသောအလုပ်တစ်ခုဖြစ်သည်။
လူအနည်းငယ်မှာ တစ်ဦးနှင့်တစ်ဦး တင်းတင်းကပ်ထိုင်နေကြပြီး မတော်တဆ ချော်ကျသွားမည်ကို အလွန်စိုးရိမ်နေကြသည်။
"တစ်ယောက်လိုသေးတယ်... ဟော်တုံရှေ့ကအက်ကြားထဲ ကျနေတာ ပြန်တက်မလာသေးဘူး" ဟွမ်ကျားဟွေက လော်ယွမ်၏လက်မောင်းကိုဆွဲကိုင်ရင်း ရုတ်တရက်စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။
ထိုတစ်ခဏတွင် လော်ယွမ်က သူ့ကိုစွန့်ပစ်သွားရန် စိတ်ကူးမိလုနီးပါးဖြစ်သွားသည်။ ဝမ်ရှကွမ်၏အခြေအနေမှာ ပို၍ပို၍ဆိုးရွားလာပြီဖြစ်ရာ တစ်မိနစ်နှောင့်နှေးလေ သေဆုံးနိုင်ခြေပိုကြီးလေဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လူတစ်ယောက်သေဆုံးသွားသည်ကို မျက်စိမှိတ်၍ကြည့်မနေနိုင်သောစိတ်က အနိုင်ရသွားသည်။ သူက သတိရတစ်ချက် မရတစ်ချက်အခြေအနေ ရောက်နေပြီဖြစ်သော ဝမ်ရှကွမ်ကိုကြည့်ကာ သူမ၏ပါးပြင်ကိုပွတ်သပ်လိုက်ပြီး နောက်ဆုံးတွင် အံကြိတ်ကာပြောလိုက်သည်။ "ငါ့ကို ခဏစောင့်"
"မြန်မြန်ပြန်လာခဲ့နော်" ဟွမ်ကျားဟွေက စိုးရိမ်စွာပြောလိုက်သည်။
လော်ယွမ် ခေါင်းညိတ်ပြပြီး ခြေလှမ်းများကို အလျင်အမြန်လှမ်းကာ ပြိုကျနေသောနေရာသို့ လျှောက်သွားသည်။
………
ဟော်တုံသည် အင်္ကျီစဖြင့် ပါးစပ်နှင့်နှာခေါင်းကိုအုပ်ကာ ပိတ်မိနေသောသားရဲတစ်ကောင်ကဲ့သို့ တွင်းကြီးထဲတွင် လျှောက်သွားနေသည်။
အမြန်လမ်းမကြီး၏ ဤအပိုင်းမှာ မြေပြင်နှင့်အလွတ်ဆောက်ထားပြီး တစ်ခုချင်းစီက မီတာအနည်းငယ်အချင်းရှိသော ကြီးမားသည့်ကွန်ကရစ်တိုင်များဖြင့် လမ်းမတစ်ခုလုံးကိုထောက်ပံ့ထားသည်။ အပေါ်မှ ၁၅ကျော်မြင့်ပြီး ပြတ်တောက်လုနီးပါးဖြစ်နေသော ကွန်ကရစ်တိုင်အချို့မှလွဲ၍ သူတွင် တွယ်တက်စရာနေရာတစ်စုံတစ်ရာမရှိပေ။ တွယ်တက်နိုင်လျှင်ပင် အပေါက်နှင့်အနီးဆုံးတိုင်မှာ ၆ပေကျော်ဝေးသေးသည်။ အမှန်တကယ်တွင် သူ အကြိမ်အတော်များများတွယ်တက်ခဲ့ပြီးဖြစ်သော်လည်း အကြိမ်တိုင်း အပေါ်ဆုံးသို့ရောက်လျှင် အားပြုစရာနေရာတစ်စုံတစ်ရာမှ မတွေ့ခဲ့ရပေ။
သူက ဘေးမှ နင်းရှောင်ရမ်၏တောင့်တင်းနေသောအလောင်းကိုကြည့်လိုက်ရာ စိတ်ထဲတွင် အနည်းငယ်မလုံမခြုံဖြစ်လာသည်။ "ငါ့ကိုတစ်ယောက်ယောက် လာကယ်မှာလား"
အပြင်မှသားရဲအုပ်ကြီး၏အသံ ပျောက်ကွယ်သွားသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်ကို သူသတိထားမိသည်။ အဆက်မပြတ်ဖြစ်ပေါ်နေသော ငလျင်အပျော့စားများမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ သူ၏စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်သွားပြီး ကမ္ဘာကြီး၏စွန့်ပစ်ခြင်းကိုခံလိုက်ရသလို အထီးကျန်မှုကို ခံစားလိုက်ရသည်။ သူ ပါးစပ်ဟကာ အော်ဟစ်ရန်ကြိုးစားသော်လည်း အသံမှာ လည်ချောင်းထဲတွင်တစ်ဆို့နေသည့်အလား မည်သို့မျှအော်မထွက်နိုင်တော့ပေ။
မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အထီးကျန်ခြင်း၊ မလုံခြုံခြင်း၊ စိတ်ရှုပ်ထွေးခြင်း။
အမျိုးမျိုးသောအနုတ်လက္ခဏာဆောင်သည့်စိတ်ခံစားချက်များက သူ့ကို အရူးတပိုင်းဖြစ်သွားစေလုနီးပါးပင်။ သူက တစ်နေ့နေ့တွင် မိမိ ဤမျှစိတ်အားငယ်သွားလိမ့်မည်ဟု တစ်ခါမျှမတွေးခဲ့ဖူးသလို တစ်ယောက်တည်းအကျပ်အတည်းနှင့်ကြုံတွေ့ရသည့်အခါ ဤမျှမျှော်လင့်ချက်ကင်းမဲ့သွားလိမ့်မည်ဟုလည်း တစ်ခါမျှမထင်ထားခဲ့ပေ။ ယခင်က သားရဲအုပ်ကြီးကိုတွေ့စဉ်ကပင် ဤမျှမဖြစ်ခဲ့ပေ။
"အားလုံးသေကုန်ကြတာများလား... ဒါမှမဟုတ်သူတို့ ထွက်သွားကြပြီနေမယ်" ဟော်တုံက မိမိဘာသာရေရွတ်ရင်း မျက်နှာတွင် ခါးသက်သက်ပြုံးလိုက်သည်။
ဟော်တုံက ရယ်လိုက်ငိုလိုက်ဖြင့် နှာရည်မျက်ရည်များ မြေပြင်ပေါ်တွင်ပြန့်ကျဲနေသည်။ ဤမျှော်လင့်ချက်အကင်းမဲ့ဆုံးအချိန်တွင် အပေါ်မှ ရုတ်တရက် ခြေသံများထွက်ပေါ်လာပြီး ဤနေရာသို့လျှောက်လာနေသည့်အလားခံစားလိုက်ရသည်။ ဟော်တုံ တစ်ချက်ကြောင်အသွားပြီး သေချာနားထောင်လိုက်သည်။ သူ ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ယင်လာပြီး အလျင်အမြန်ခေါင်းမော့ကြည့်လိုက်ရာ နောက်တစ်ခဏတွင် ရင်းနှီးသောမျက်နှာတစ်ခု အပေါ်တွင်ပေါ်ပေါက်လာသည်။ "အဲ့တာကိုဖမ်းလိုက်... ကျုပ်ခင်ဗျားကိုဆွဲတင်မယ်... အမြန်လုပ်"
ရှည်လျားပြီး အရောင်အသွေးစုံလင်သော မြွေသေတစ်ကောင်ကို လော်ယွမ်က တစ်ဖက်မှကိုင်ကာ အောက်သို့ပစ်ချလိုက်သည်။
ဟော်တုံက ကပြာကယာခေါင်းညိတ်လိုက်ပြီး မျက်လုံးများပင် စိုစွတ်လာသည်။ သူ အလျင်အမြန် မြွေ၏အမြီးကိုဖမ်းဆွဲလိုက်ရာ မြွေအမြီးမှာ အေးစက်ကြမ်းတမ်းသဖြင့် သူ၏အရေပြားတွင် ကြက်သီးမွေးညင်းများထသွားသည်။ သို့သော် သူက တင်းတင်းဆုပ်ကိုင်ထားပြီး သွေးများစိုရွှဲနေသောလက်ဖဝါးမှာ အားအလွန်အကျွံသုံးသဖြင့် သွေးများပြန်ထွက်လာသော်လည်း သူဘာမျှမခံစားရချေ။
ခန္ဓာကိုယ်ပေါ့ပါးသွားပြီး သူက လော်ယွမ်၏ဆွဲတင်မှုဖြင့် တွင်းကြီးထဲမှ လွတ်မြောက်သွားသည်။
ကမ္ဘာမပျက်မီက သူသည် အောင်မြင်သောကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အလုပ်လုပ်ရာတွင် လိမ္မာပါးနပ်ကာ အခြေအနေအလိုက် စကားကိုကြည့်ကောင်းအောင် ပြောတတ်သည်။ အတွေ့အကြုံများလာသည်နှင့်အမျှ အရာရာကိုမြင်ဖူးလာသဖြင့် သူတစ်ခါမျှ တကယ်တမ်းနက်နက်နဲနဲခံစားရဖူးခြင်းမရှိပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏စိတ်ထဲမှ နက်နက်နဲနဲ ခံစားလိုက်ရသည်။
ကမ္ဘာမပျက်မီက သတင်းအချက်အလက်ပေါများသည့်ခေတ်ဖြစ်သလို တစ်ကိုယ်ရေလွတ်လပ်မှု အလွန်အမင်းဖွံ့ဖြိုးတိုးတက်သောခေတ်လည်းဖြစ်သည်။ သစ္စာစောင့်သိမှုဆိုသည်မှာ လူအများအပြားအတွက် မရင်းနှီးတော့သောဝေါဟာရတစ်ခုဖြစ်လာခဲ့သည်။ ဟော်တုံသည် အစဉ်အမြဲ လော်ယွမ်အပေါ် ရိုသေလေးစားပြီး အမိန့်ကိုနာခံခဲ့သည်။ အမှန်တကယ်တော့ ၎င်းကမိမိ၏လုံခြုံရေးအတွက် အားကြီးသူကိုမှီခိုခြင်းသာဖြစ်ပြီး အကျိုးအမြတ်ကြောင့်သာဖြစ်သည်။ အကယ်၍ လော်ယွမ်သေဆုံးသွားပါက သို့မဟုတ် လော်ယွမ်ထက်အားကြီးသောအဖွဲ့အစည်းနှင့်တွေ့ဆုံပါက သူ ဤနေရာမှ တုံ့ဆိုင်းမှုမရှိဘဲ ထွက်ခွာသွားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတစ်စုံတစ်ရာမရှိဘဲ သာမာန်ဖြစ်ရပ်ဟုသာ မှတ်ယူပေလိမ့်မည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လော်ယွမ့်အတွက် အသက်ပင်စွန့်လွှတ်နိုင်သော ခံစားချက်တစ်ခုက ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
………
ဧရာမဖွတ်ကြီး၏ကြီးမားသောကိုယ်လုံးက တစ်လှမ်းချင်းစီ ရှေ့သို့လှမ်းနေသည်။ ၎င်း၏ခြေလှမ်းအကြိမ်နှုန်းမှာ မမြန်ဆန်သော်လည်း တစ်လှမ်းချင်းစီလှမ်းသည့်အကွာအဝေးကို ထည့်သွင်းစဉ်းစားပါက အရှိန်မှာ တစ်စက္ကန့်လျှင် ပေ၃၀ကျော်သို့ရောက်ရှိနိုင်သည်။
ဘေးနှစ်ဖက်မှသစ်တောများမှာ အလျင်အမြန်နောက်တွင်ကျန်ခဲ့ပြီး မီးတောင်မှာ ပို၍ပို၍ဝေးကွာသွားသည်။
လော်ယွမ်က ဧရာမဖွတ်ကြီး၏ကျောပေါ်တွင်ထိုင်ရင်း အချင်း၁ပေခန့်ရှိသော ကြမ်းတမ်းသည့်အရာဝတ္ထုတစ်ခုကို စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။
ဤသည်မှာ မိုးထိပင်ကြီး၏အခေါက်ဖြစ်ပြီး သူ ဟော်တုံကိုရှာဖွေစဉ် လမ်းတွင် မတော်တဆတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သစ်ခေါက်မှာ အလွန်ထူပြီး ဤမျှသေးငယ်သောသစ်ခေါက်တစ်ပိုင်းမှာ ၇လက်မကျော်ထူကာ မျက်နှာပြင်တွင် ချိုင့်ခွက်များပြည့်နှက်နေပြီး ညီညာသောဂျီဩမေတြီပုံစံများဖြစ်နေသည်။
၎င်းသည် အလွန်သိပ်သည်းပြီး အပေါ်ယံကြည့်လျှင် အနည်းငယ်ကြမ်းတမ်းသော်လည်း ထိတွေ့ကြည့်လျှင် အလွန်ချောမွေ့ကာ အလွန်လေးလံသည်။ ဤမျှသေးငယ်သောအရာဝတ္ထုလေးမှာ ပေါင်လေးဆယ်နီးပါးလေးပြီး သံထက်ပင် သိပ်သည်းဆပိုကြီးမည်ဟုထင်ရသည်။
သို့သော် သူ့ကိုပို၍အံ့ဩစေသည်မှာ ဤအရာဝတ္ထု၏အဆင့်ပင်ဖြစ်သည်။
အပြာရင့်ရောင်အဆင့်မဟုတ်သလို ထို့ထက်မြင့်မားသောအစိမ်းနုရောင်အဆင့်လည်းမဟုတ်ဘဲ အစိမ်းရောင်ဖြစ်နေသည်။
လော်ယွမ်က သန္ဓေပြောင်းသတ္တဝါများ ဤမျှလျင်မြန်စွာဆင့်ကဲပြောင်းလဲလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မူလက သူသည် အစိမ်းနုရောင်အဆင့်မှာ လက်ရှိအခြေအနေတွင် အမြင့်ဆုံးအဆင့်ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း ဤသစ်ခေါက်တစ်ပိုင်းက သူ၏စိတ်ကူးကို ရိုက်ချိုးသွားခဲ့သည်။
ကံကောင်းစွာဖြင့် ၎င်းက အသိစိတ်မရှိသောသစ်ပင်တစ်ပင်ဖြစ်နေပြီး အကယ်၍ တစ္ဆေထနောင်းပင်ကဲ့သို့သာ ဖြစ်ပါက ရင်ဆိုင်မိလျှင် သေလမ်းသာရှိပေလိမ့်မည်။
သူ နောက်ဆုံးတွင် အဝေးမှမိုးထိပင်ကြီးကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ချော်ရည်များက မိုးထိပင်ကြီးကို လုံးဝစိမ်ထားပြီး အပေါ်ပိုင်းမှအရွက်မရှိသောသစ်ကိုင်းအချို့သာ အပြင်တွင်ကျန်ရှိနေသည်။ မယုံနိုင်စရာမှာ ချော်ရည်ထဲတွင်စိမ်နေသော်လည်း ၎င်း၏ပင်စည်မှာ မလောင်ကျွမ်းဘဲ ပင်စည်မှာ အလျင်အမြန်ကျုံ့ဝင်နေသည်။
ကျုံ့ဝင်ပြီးနောက်သစ်ကိုင်းများ၏အရောင်မှာ ပို၍နီလာပြီး သံတုံးတစ်တုံးကဲ့သို့ ချော်ရည်ဖြင့်အပူပေးခံထားရသည့်အလား နီရဲတောက်ပြောင်နေသည်။ သစ်ကိုင်းများမှာ အပူချိန်မြင့်မားမှုအောက်တွင် ပို၍ပို၍ကျုံ့သွားပြီး အပြင်တွင်ကျန်ရှိနေသောအမြစ်များပင် ဖြည်းညှင်းစွာပြန်လည်ကျုံ့ဝင်နေသည်။
ဤသို့မိမိဘာသာကျုံ့ဝင်သွားသည့်ဖြစ်စဉ်မှာ အလွန်ထူးဆန်းလှသည်။ အဘယ်ကြောင့်မှန်းမသိ လော်ယွမ်က ထိုမိုးထိပင်ကြီးမှာ မသေဆုံးသေးဘဲ ၎င်းက အနှစ်သာရအားလုံးကို စုစည်းကာ ချော်ရည်၏အပူချိန်မြင့်မားမှုကို အားကုန်ခုခံနေသည်ဟု ခံစားနေရသည်။ မကြာမီမှာပင် မူလနေရာတွင် မိုးထိပင်ကြီးအသစ်တစ်ပင် ပေါ်ပေါက်လာပေလိမ့်မည်။
သို့သော် ဤသည်မှာ သူနှင့်မသက်ဆိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူဤနေရာမှထွက်ခွာတော့မည်ဖြစ်သောကြောင့်ပင်။
လော်ယွမ် နောက်ဆုံးတွင် နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ပြီး ခေါင်းလှည့်လာကာ "ဝမ်ရှကွမ်ဘယ်လိုနေသေးလဲ"
"သွေးတွေသောက်ပြီးတော့ သူ့အခြေအနေနည်းနည်းတည်ငြိမ်သွားတယ်... ဒါပေမဲ့သူအဆုတ်ထဲကို ပြာတွေအများကြီးရှူသွင်းမိထားတယ်... ကျွန်မတို့လက်ရှိအခြေအနေနဲ့ သူ့အဆုတ်ကို ဆေးကြောဖို့က မဖြစ်နိုင်ဘူးဆိုတော့ သူနောက်ပိုင်း ပန်းနာရင်ကြပ်ရောဂါရှိလာနိုင်တယ်" ဟွမ်ကျားဟွေက ဝမ်ရှကွမ်ကိုပွေ့ဖက်ရင်း စိုးရိမ်စွာပြောလိုက်သည်။
"လောလောဆယ်တော့ ငါတို့အဲ့လောက်ပဲ တတ်နိုင်တယ်... ဒါပေမဲ့သူ့ခန္ဓာကိုယ် ပိုသန်မာလာရင်တော့ အခြေအနေပိုကောင်းလာနိုင်တယ်" လော်ယွမ်က လေးလံစွာပြောလိုက်သည်။
ခန္ဓာကိုယ်သန်မာလေလေ ခုခံနိုင်စွမ်း ပိုအားကောင်းလေလေဖြစ်သည်။ ဧရာမဖွတ်ကြီးက အစမှအဆုံး ပုံမှန်အသက်ရှူနေခဲ့ပြီး ရှူရှိုက်မိသောပြာပမာဏမှာ လူအားလုံးထက် အများကြီးပိုသော်လည်း တစ်စုံတစ်ရာ မူမမှန်တာမျိုးမတွေ့ရပေ။ လော်ယွမ်ကိုယ်တိုင်လည်း အဆုတ်အနည်းငယ်ယားယံရုံသာဖြစ်ပြီး ချောင်းဆိုးသည့်ခံစားချက်မရှိပေ။ လင်းရှောင်ကျီလည်း အလားတူပင်။ ဤသည်မှာ ကိုယ်ခန္ဓာသန်မာခြင်း၏အကျိုးကျေးဇူးပင်ဖြစ်သည်။
"ပြာတွေလေထဲမှာ အများကြီးပဲနော်... ဘယ်တော့မှဒီပြာတောထဲက ထွက်မှာလည်းမသိဘူး" ဝမ်ရှီရှီက လော်ယွမ်၏ရင်ခွင်ထဲတွင်မှီရင်း အားနည်းစွာပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူမက တကယ်တမ်းအားကုန်ကြိုးစားခဲ့ပြီး လော်ယွမ်မျှော်လင့်ထားသည်ထက် အများကြီးပို၍ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည်။ ယခုအခါ သူမ၏တစ်ကိုယ်လုံးတွင် ဒဏ်ရာများပြည့်နှက်နေပြီး စိတ်စွမ်းအင်ပင်လျှင် အလွန်အကျွံသုံးစွဲထားသဖြင့် ယခုအချိန်တွင်ပင် သူမ ခေါင်းကွဲထွက်မတတ်ခံစားနေရပြီး မတ်တတ်ပင်မရပ်နိုင်တော့ပေ။
လော်ယွမ်က သူမ၏ခေါင်းကို ကြင်နာစွာပွတ်သပ်လိုက်ပြီး အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည် "တောထဲဝင်တာနဲ့ ကောင်းသွားမှာပါ... သစ်ပင်တွေမှာလေကို သဘာဝသန့်စင်နိုင်စွမ်းရှိတယ်လေ... သူတို့ကပြာမှုန့်ဖုံမှုန့်တွေကို အေးဆေးစုပ်ယူနိုင်တယ်... အဲ့ကျရင်ပုံမှန်အတိုင်း အသက်ပြန်ရှူလို့ရပြီ"
ဝမ်ရှီရှီသည် လော်ယွမ်၏သူမအပေါ်ထားသည့်သဘောထားပြောင်းလဲသွားသည်ကို သိသိသာသာခံစားမိလိုက်သည်။ ယခင်ကကဲ့သို့ ဖြစ်သလိုဆက်ဆံခြင်း သို့မဟုတ် ဆူပူကြိမ်းမောင်းခြင်းမျိုးမဟုတ်တော့ပေ။ သူမက အားနည်းစွာပြုံးလိုက်ပြီး သူမ၏စိတ်ထဲတွင် ပျားရည်ကဲ့သို့ ချိုမြိန်သွားသည်။
လော်ယွမ်က မလှမ်းမကမ်းသို့လှမ်းကြည့်လိုက်ရာ ထိုနေရာမှာ အဆုံးအစမရှိသော သစ်တောပင်လယ်ဖြစ်ပြီး အထပ်ထပ်ဖြစ်နေသောသစ်ရွက်များက သိပ်သည်းစိမ်းလန်းသည့်ကွန်ယက်တစ်ခုကို ဖွဲ့စည်းထားသည်။ အနီးအနားမှမီးတောင်ပေါက်ကွဲမှုကြောင့် ဤနေရာမှသန္ဓေပြောင်းသားရဲအမြောက်အမြားမှာ ထွက်ခွာသွားကြပြီဖြစ်သဖြင့် ဤသစ်တောပင်လယ်မှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။
လေပြေတစ်ချက်တိုက်ခတ်လာရာ တောအုပ်ထဲမှာ "ရှဲရှဲရှဲ" ဟူသော သာယာကြည်လင်သောအသံထွက်ပေါ်လာသည်။ ဧရာမဖွတ်ကြီးက ဝင့်ကြွားစွာဖြင့် ခေါင်းမော့ဟိန်းဟောက်လိုက်ပြီး မိမိရောက်ရှိလာကြောင်း ကြေညာကာ ခြေလှမ်းများကို တောနက်ထဲသို့ လှမ်းဝင်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၁၃၄)လိုဏ်ဂူ
တောအုပ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အလင်းရောင်မှာ ရုတ်တရက် မှောင်ကျသွားပြီး နေ့ခင်းဘက်မှ ညနေစောင်းသို့ တစ်မဟုတ်ချင်း ရောက်ရှိသွားသကဲ့သို့ပင်။ ခေါင်းပေါ်ရှိ အထပ်ထပ်ဖြစ်နေသော သစ်ရွက်များက နေ၏အလင်းရောင်ကို လုံးဝကာထားပြီး အလွန်ပင် အေးစက်မှောင်မိုက်သော ခံစားမှုကို ပေးစွမ်းနေသည်။
အပြင်မှကြည့်လျှင် တောအုပ်မှာ အလွန်ထူထပ်ပြီး ဖြတ်သန်းသွားလာရန် လုံးဝမဖြစ်နိုင်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ဤနေရာ၌ လမ်းများမရှားပါးပေ။ အရွယ်အစားအမျိုးမျိုးရှိသော သားရဲသွားလမ်းများက ကန့်လန့်ဖြတ်ကာ အဝေးဆီသို့ ရှည်လျားစွာ သွယ်တန်းနေသည်။ ထိုသားရဲလမ်းများမှာ အကြိမ်ကြိမ် နင်းလျှောက်ခံထားရသဖြင့် အလွန်ပင် ခိုင်မာသော လမ်းများအဖြစ်သို့ ပြောင်းလဲနေပြီး လမ်းပေါ်တွင် မြက်ပင်နှင့် ရေညှိများပင် မပေါက်ရောက်နိုင်တော့ပေ။
ဘေးနှစ်ဖက်တွင်လည်း လတ်လတ်ဆတ်ဆတ်လဲကျထားသော သစ်ပင်အမြောက်အမြားမှာ ဟိုတစ်စ ဒီတစ်စဖြင့် ရှိနေပြီး ယခုလေးတင် ဖြစ်ပွားခဲ့သော သားရဲလှိုင်းကြောင့် ဖြစ်သည်မှာ ထင်ရှားသည်။ လမ်းပေါ်တွင် သွေးစွန်းရာများနှင့် အရိုးများ ကျန်ရှိနေသော်လည်း အလောင်းများကိုမူ တွေ့ရခဲသည်။ လော်ယွမ်သည် ဧရာမဖွတ်ကြီး ချဉ်းကပ်လာသည်နှင့် ဖြူဖွေးသော အရိုးများအောက်မှ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ပိုးတောင်မာများ အုပ်စုလိုက် ပြေးထွက်သွားကြသည်ကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းက သူ၏ စိတ်ကို လေးလံသွားစေသည်။ မီးတောင်ပေါက်ကွဲမှုက သတ္တဝါအားလုံးကို ဤဒေသမှ စွန့်ခွာသွားစေခြင်း မရှိသည်မှာ ထင်ရှားသည်။ အန္တရာယ်ကို တုံ့ပြန်မှုနှေးကွေးသော သို့မဟုတ် လှုပ်ရှားမှုနှေးကွေးသော သတ္တဝါအချို့မှာမူ ကျန်ရှိနေဆဲဖြစ်သည်။
ဧရာမဖွတ်ကြီးက ကျယ်ပြန့်သော သားရဲလမ်းတစ်လျှောက် အဆက်မပြတ် ရှေ့သို့ဆက်သွားသည်။ လမ်းတစ်လျှောက်တွင် ထူးဆန်းစွာ ကြီးထွားနေသော သစ်ပင်ကြီးများ၊ သက်တမ်းရင့်နွယ်ပင်များနှင့် သစ်ပင်အရိပ်အောက်တွင် ပေါက်ရောက်နေသော အရောင်အသွေးစုံလင်သည့် ဧရာမ မှိုမျိုးစိတ်များကို နေရာအနှံ့တွင် တွေ့မြင်နိုင်သည်။
လူအားလုံး၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နေသော်လည်း မျက်လုံးများကမူ စူးစမ်းလိုစိတ်ဖြင့် လေးဘက်လေးတန်သို့ ကြည့်ရှုနေကြပြီး မျက်စိမလည်အောင်ပင် ဖြစ်နေသည်။
ကမ္ဘာပျက်ပြီးနောက် သက်ရှိတို့သည် ဆင့်ကဲပြောင်းလဲမှုဒီရေလှိုင်းကို စတင်ခဲ့ပြီး မျိုးစိတ်အမျိုးအစားမှာ အံ့ဩဖွယ်ကောင်းလောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သက်ရှိအားလုံးက မျိုးကွဲများအဖြစ်သို့ တတ်နိုင်သမျှ ဆင့်ကဲပြောင်းလဲကြပြီး သက်ရှိတစ်မျိုးတည်းပင်လျှင် ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာသော ဆင့်ကဲပြောင်းလဲမှုအမျိုးအစားများအဖြစ်သို့ ဖွံ့ဖြိုးလာနိုင်သည်။
အမျိုးအစားအများစုမှာ ပြိုင်ဆိုင်မှုတွင် ဖယ်ရှားခြင်းခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူများကမူ ဆက်လက်ဆင့်ကဲပြောင်းလဲကြကာ ဤသို့ဖြင့် သံသရာလည်နေတော့သည်။
မြေပြင်ပေါ်တွင် လူသားတို့၏ အဆောက်အအုံခြေရာလက်ရာများကို နေရာအနှံ့တွင် တွေ့မြင်နိုင်ပြီး ထိုခြေရာများက ဤနေရာသည် တစ်ချိန်က လူသားတို့၏ နယ်မြေဖြစ်ခဲ့ကြောင်းကို ခပ်ရေးရေး ပြသနေသည်။
ဧရာမဖွတ်ကြီးက ရှေ့သို့ အဆက်မပြတ် လျှောက်သွားနေပြီး တစ်လမ်းလုံးမှာ အတော်ပင် တည်ငြိမ်အေးချမ်းနေသည်။ သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကိုပင် မတွေ့ရပဲ ပိုးကောင်အချို့၏ အော်မြည်သံမှလွဲ၍ ပတ်ဝန်းကျင်မှာ အလွန်ပင် တိတ်ဆိတ်နေသည်။
---
နှစ်နာရီခန့် ခရီးဆက်ပြီးနောက် ကောင်းကင်မှာ လုံးဝမှောင်ကျသွားပြီဖြစ်သည်။ လော်ယွမ်က သူ၏နာရီကို ကြည့်လိုက်သည်။ ယခုအချိန်မှာ နေ့လည်သုံးနာရီသာ ရှိသေးသည်။ အကယ်၍ ယခင်ကဆိုလျှင် ဤအချိန်တွင် နေမှာ မဝင်သေးဘဲ မှောင်ရန် အနည်းဆုံး နှစ်နာရီ၊ သုံးနာရီ လိုသေးသည်။ သို့သော် ယခုမူ မှောင်မည်းနေပြီဖြစ်သည်။
ဤနေရာတွင် တောအုပ်ထူထပ်၍ အလင်းရောင်ကို ဖုံးကွယ်ထားခြင်းကြောင့်သာမက မီးတောင်ပေါက်ကွဲမှုကြောင့် ထူထဲသော မီးခိုးပြာမှုန်များက နေကို ဖုံးကွယ်ထားသောကြောင့်လည်း ဖြစ်သည်။
လော်ယွမ်က ဧရာမဖွတ်ကြီး၏ ပခုံးကို ပုတ်ကာ ဝပ်ခိုင်းလိုက်ပြီးနောက် ဟွမ်ကျားဟွေ၏ လက်ထဲမှ သတိလစ်နေသော ဝမ်ရှကွမ်ကို လက်ခံယူကာ လှည့်၍ခုန်ချလိုက်သည်။
အခြားသူများလည်း ဧရာမဖွတ်ကြီး၏ ကျောပေါ်မှ တစ်ယောက်ချင်းစီ လျှောဆင်းလာကြသည်။ ခြေထောက်များ ပျော့ခွေသွားပြီး လူအတော်များများ မြေပြင်ပေါ်သို့ ဖင်ထိုက်ရက်လဲကျသွားကြသည်။ ဧရာမဖွတ်ကြီး၏ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်၏ အရှိန်အဝါကို လွယ်လွယ်တောင့်ခံနိုင်မည်မဟုတ်ပေ။ သာမန်လူအချို့ သူ၏ ကျောပေါ်တွင် ဤမျှကြာရှည်စွာ နေထိုင်ခဲ့ရသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားများနှင့် ခန္ဓာကိုယ်၏ မောပန်းနွမ်းနယ်မှုတို့ကြောင့် သူတို့၏ ခြေလက်များမှာ ပျော့ခွေနေကြပြီဖြစ်သည်။
လော်ယွမ်က ဝမ်ရှကွမ်ကို ပွေ့ချီထားရင်း ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်လိုက်သည်။ ဤနေရာမှ မြေပြင်မှာ ညီညာပြီး အဆောက်အအုံပျက်များ မရှိသဖြင့် ဤဒေသမှာ မူလက လယ်ကွင်းတစ်ခု ဖြစ်နိုင်သည်ဟု လော်ယွမ်က ခန့်မှန်းမိသည်။
မသိလိုက်မသိဘာသာပင် သူတို့သည် မြို့ပြင်သို့ ထွက်ခွာလာခဲ့ကြပြီဖြစ်သည်။
ကံဆိုးသည်မှာ မြေပုံသည်လည်း ပစ္စည်းများနှင့်အတူ ပျောက်ဆုံးသွားခဲ့ရာ ဤနေရာက မည်သည့်နေရာဖြစ်သည်ကို လုံးဝမခွဲခြားနိုင်တော့ပေ။ သူလမ်းပျောက်နေပြီဖြစ်သည်။ သို့သော် ဤနေရာက အဝေးပြေးလမ်းမကြီးနှင့် သိပ်မဝေးလောက်ဟုတော့ ခန့်မှန်းနိုင်သည်။ လော်ယွမ်က မြောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မမြင်တွေ့ရပေ။
ဟွမ်ကျားဟွေသည် သူမ၏ ခြေဖမိုးပေါ်သို့ တက်လာရန် ကြိုးစားနေသော ပိုးကောင်ငယ်တစ်ကောင်ကို နင်းခြေလိုက်ရာ ''ဖုတ်'' ဟူသောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဗြောက်အိုးအသေးစားတစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင်။ သူမက ခြေထောက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ "ကျွန်မတို့ဒီည ဒီမှာအိပ်ကြမှာလား" ဟု မေးလိုက်သည်။
တောအုပ်ထဲတွင် ညအိပ်ရန်မှာ ပြဿနာကြီးတစ်ခုဖြစ်သည်။ ဤနေရာတွင် တဲများမရှိသလို စွန့်ပစ်ထားသော အဆောက်အအုံများလည်းမရှိသည့်အပြင် အခြေခံကာကွယ်မှုတစ်ခုပင် မရှိပေ။ အကယ်၍ ဟင်းလင်းပြင်တွင် အိပ်စက်ပါက မိုးမလင်းမီမှာပင် အသက်ပျောက်သွားနိုင်သည်။ ဤနေရာက အလွန်တည်ငြိမ်အေးချမ်းနေသော်လည်း အန္တရာယ်မရှိဟု မဆိုနိုင်ပေ။ သန္ဓေပြောင်းအင်းဆက်များစွာနှင့် ထွက်ခွာမသွားသေးသော သန္ဓေပြောင်းသားရဲအချို့မှာ ဤတောအုပ်ထဲတွင် ကျန်ရှိနေသေးသည်။ မထင်မရှားသော ပိုးကောင်ငယ်တစ်ကောင်ပင်လျှင် သူတို့၏ အသက်ကို နှုတ်ယူသွားနိုင်သည်။
လော်ယွမ်က ခေါင်းခါလိုက်ပြီး "ငါတို့ သန္ဓေပြောင်းသတ္တဝါတွေရဲ့ လိုဏ်ဂူတစ်ခုခုကို ရှာတွေ့ရင် အကောင်းဆုံးပဲ... အဲ့မှာတစ်ညတည်းခိုလို့ရတယ်... မဟုတ်ရင်တော့ ကိုယ့်ဖာသာ ဂူတစ်ခုလုပ်ရင်လုပ် ဒါမှမဟုတ် သစ်ခေါင်းထဲဝင်အိပ်မှပဲရမယ်"
အားလုံး၏ စိတ်ထဲတွင် လေးလံသွားပြီး မောပန်းနွမ်းနယ်နေသော မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။
ကမ္ဘာမပျက်ခင်ကပင် လူသူကင်းမဲ့သော တောအုပ်ထဲတွင် နေထိုင်ခြင်းမှာ အလွန်အန္တရာယ်များသော ကိစ္စဖြစ်ရာ ယခုအချိန်တွင်မူ ပြောစရာပင်မလိုတော့ပေ။ ဟွမ်ကျားဟွေပင်လျှင် လော်ယွမ်ကို အနောက်ဘက်သို့ ပြောင်းရွှေ့ရန် အဘယ်ကြောင့် တိုက်တွန်းခဲ့မိသည်ကို နောင်တရစပြုလာသည်။ သို့သော် ဤအခြေအနေသို့ ရောက်မှတော့ ရှေ့ဆက်သွားရုံမှလွဲ၍ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။ နောက်ကျောမှ မီးတောင်မှာ အဆက်မပြတ် ပေါက်ကွဲနေဆဲဖြစ်ရာ နောက်ပြန်လှည့်လျှင် သေရမည်ဖြစ်ပြီး ရှေ့ဆက်သွားလျှင်မူ မျှော်လင့်ချက်အနည်းငယ်တော့ ရှိနေသေးသည်။
---
လော်ယွမ်က သူ၏ကျန်းမာတောက်ဓားကို ဆွဲထုတ်ကာ သတိကြီးစွာဖြင့် ထူထပ်သော တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ လမ်းပေါ်ရှိ သစ်ကိုင်းများနှင့် ဆူးပင်များမှာ ထက်မြက်သော ဓားသွားအောက်တွင် လွယ်ကူစွာ ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။ ဆယ့်ငါးမိနစ်ခန့်အကြာ တောင်စောင်းတစ်ခုကို ဖြတ်ကျော်စဉ် သူသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ ဤသည်မှာ ဖုံးကွယ်ထားသော လိုဏ်ဂူပေါက်တစ်ခုဖြစ်ပြီး အပေါ်တွင် ဆူးများပြည့်နေသော နွယ်ပင်ကြီးများ တွဲလောင်းကျနေသည်။ နွယ်ပင်၏ အရွက်ကြီးများက လိုဏ်ဂူပေါက်ကို လုံးဝဖုံးကွယ်ထားသဖြင့် အလွယ်တကူ လျစ်လျူရှုမိနိုင်သည်။ လိုဏ်ဂူပေါက်အနီးတွင် ခြေရာတစ်ချက်ပင်မရှိပေ။ လော်ယွမ်က သေချာကြည့်လိုက်သောအခါ အပေါ်မှ မြေကြီးများမှာ ခြေရာများရှိနေသည်ကို တွေ့လိုက်ရပြီး အလွန်ပင် သတိပြုမိရန် ခက်ခဲလှသည်။ အကယ်၍ လော်ယွမ်၏ အာရုံခံနိုင်စွမ်းက ဤနေရာတွင် လိုဏ်ဂူတစ်ခုရှိကြောင်း မသိရှိခဲ့ပါက သူလုံးဝရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။
တိရစ္ဆာန်တို့၏ ဉာဏ်ရည်မှာ တစ်ခါတစ်ရံတွင် ဖော်ပြရန် ခက်ခဲလှသည်။ ပြင်းထန်သော သဘာဝတရား၏ စည်းမျဉ်းများအောက်တွင် သူတို့၏ ပင်ကိုအသိစိတ်မှာ အံ့ဩဖွယ်ကောင်းသော အရာများကို ပြုလုပ်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့မပြုလုပ်နိုင်ပါက သူတို့ ဖယ်ရှားခြင်းခံရမည်ဖြစ်သောကြောင့်ပင်။ ဤသို့သော လိုဏ်ဂူမျိုးမှာ လူလုပ်လိုဏ်ဂူများထက် ပို၍လျှို့ဝှက်ပြီး ပို၍လည်း လုံခြုံသည်။
သူက နွယ်ပင်များကို ညင်သာစွာ ဖယ်လိုက်သည်။ လိုဏ်ဂူပေါက်မှာ သိပ်မကြီးဘဲ အမြင့်မှာ ၃ပေခွဲခန့်သာရှိပြီး အကျယ်မှာမူ ၂ပေကျော်ခန့်သာ ရှိသည်။ အတွင်းသို့ ဝင်ရောက်လျှင် မတ်တပ် မတ်မတ်ရပ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုအခြေအနေတွင် ဂျီးများနေ၍မဖြစ်။ ကောင်းကင်မှာ တဖြည်းဖြည်း မှောင်မည်းလာပြီဖြစ်ပြီး သင့်တော်သော လိုဏ်ဂူတစ်ခု ထပ်မံရှာမတွေ့ပါက သူတို့အဖွဲ့ သစ်ခေါင်းထဲတွင်သာ အိပ်စက်ရတော့မည်ဖြစ်ပြီး ထိုအခါ တစ်ညလုံး အိပ်ပျော်နိုင်တော့မည်မဟုတ်ပေ။
"မင်းတို့ဒီမှာစောင့်နေ... ငါအထဲဝင်ကြည့်လိုက်မယ်" လော်ယွမ်က ပြောသည်။
စကားဆုံးသည်နှင့် လော်ယွမ်က လူအုပ်၏ စကားကိုမစောင့်တော့ဘဲ ခန္ဓာကိုယ်ကို နှိမ့်ကာ လိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။ အတွင်းပိုင်းမှာ မည်းမှောင်နေပြီး ဖော်ပြ၍မရသော အနံ့တစ်ခု ထွက်နေသည်။ ငါးညှီနံ့နှင့်တူသလို အလောင်းပုပ်နံ့နှင့်လည်း တူကာ ပျို ့အန်ချင်စရာကောင်းလှသည်။ လိုဏ်ဂူ၏ မျက်နှာပြင်မှာ အလွန်ချောမွေ့ပြီး အတွင်းပိုင်းမှာ ကွေ့ကောက်နေကာ မြေအောက်သို့ ဆင်းသက်သွားသည်။ လော်ယွမ်က မီတာရာပေါင်းများစွာ လျှောက်သွားပြီးနောက် သူ၏ သည်းခံစိတ်မှာ ကုန်ခမ်းလုနီးပါးဖြစ်နေစဉ်တွင် မျက်စိရှေ့မှာ ရုတ်တရက် လင်းထိန်သွားသည်။
ဤသည်မှာ ပေ၃၀ခန့်ကျယ်ဝန်းသော နေရာတစ်ခုဖြစ်သည်။
အလယ်တွင် အရွယ်အစားအမျိုးမျိုးရှိသော အရိုးဖြူများ စုပုံနေပြီး အရိုးများ၏ ရှေ့တွင်မူ နေရာတစ်ခုမှာ အလွန်သန့်ရှင်းနေသည်။ အပေါ်တွင် ပွယောင်းနူးညံ့သော မြက်ခြောက်များကို ညီညာစွာ ခင်းကျင်းထားပြီး အလယ်တွင် ချိုင့်ခွက်တစ်ခု ထင်ရှားစွာရှိသဖြင့် ၎င်းက လိုဏ်ဂူပိုင်ရှင်၏ နေထိုင်ရာနေရာဖြစ်ကြောင်း သိသာနေသည်။
လော်ယွမ်က စိတ်ချရကြောင်း ကြေညာပြီးနောက် လူအုပ်သည် အမှောင်ထဲတွင် လိုဏ်ဂူထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။ ဟော်တုံက မီးခြစ်ကို ခြစ်လိုက်ပြီးနောက် မှိန်ဖျော့သော မီးရောင်ဖြင့် ကျယ်ဝန်းသော နေရာကို အကဲခတ်လိုက်သောအခါ မောပန်းနွမ်းနယ်နေသော မျက်နှာများတွင် နောက်ဆုံးတွင် သက်သာရာရသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"မိုက်လိုက်တာ... ဒီလိုနေရာမျိုးရှိနေမယ်လို့ မထင်ထားဘူး သမီးကသစ်ခေါင်းထဲ ဝင်အိပ်ရပြီမှတ်နေတာ" ဝမ်ရှီရှီက မျက်နှာဖြူဖျော့စွာဖြင့် ပြုံးလျက် ပြောသည်။ သူမ၏ နွမ်းနယ်နေသော စိတ်ဓာတ်မှာ လန်းဆန်းသွားပြီး သူမ ပထမဆုံးအကြိမ် အိမ်ကြီးသို့ ပြောင်းရွှေ့စဉ်ကထက်ပင် ပို၍ပျော်ရွှင်နေသည်။ လိုဏ်ဂူ၏ အနံ့ဆိုးနှင့် ဘေးရှိ ဖြူဖွေးသော အရိုးပုံမှာမူ တစ်ညတာ အတော်အသင့်လုံခြုံစွာ နေထိုင်နိုင်သည့် နေရာတစ်ခုရှေ့တွင် လုံးဝပြောပလောက်သည်မဟုတ်တော့ပေ။
"သစ်ခေါင်းတွေက အရမ်းအန္တရာယ်များတာ... လမ်းမှာပဲ ငါတို့တွေ့ခဲ့တဲ့ ပိုးကောင်တွေ နည်းတာမဟုတ်ဘူး... အဲ့ရောင်စုံပိုးကောင်တွေကိုတွေ့တိုင်း ကြက်သိန်းထတယ်... ခေါင်းဆောင်ယွမ်က အကုန်လုံးကိုအမြန်ရှင်းပစ်လို့သာမဟုတ်ရင် တစ်ချက်အကိုက်ခံရတာနဲ့ တုံးခနဲသေနိုင်တယ်" ဟော်တုံကလည်း ရယ်လျက် ပြောသည်။
"ဒီမှာအရမ်းမှောင်တယ်... ဟော်တုံခင်ဗျားနဲ့လင်းရှောင်ကျီက အပြင်ထွက်ပြီး သစ်ကိုင်းခြောက်ဖြစ်ဖြစ် သွားရှာခဲ့... ဒီမှာမီးဖိုကြမယ်" လော်ယွမ်က ဟော်တုံ၏ မြှောက်ပင့်ပြောဆိုမှုကို သိပ်မကြိုက်ဘဲ စကားဖြတ်ပြောလိုက်သည်။
ဟော်တုံနှင့် လင်းရှောင်ကျီမှာ ငြင်းဆန်ခြင်းမရှိဘဲ ဓားများကို ကိုင်ဆောင်ကာ ဂူထဲမှ ချက်ချင်းထွက်ခွာသွားကြသည်။
"မီးဖိုရင် မီးခိုးတွေ အရမ်းအူမလာနိုင်ဘူးလား" ဟွမ်ကျားဟွေက သူတို့နှစ်ဦးထွက်သွားမှ မေးလိုက်သည်။
"မပူနဲ့... ဒီမှာလေစီးကြောင်းမရှိဘူးလေ... ငါတို့အဝင်အဝမှာ မီးဖိုထားလိုက်ရင် ပိုးကောင်လေးတွေ ဝင်လာနိုင်မှာ မဟုတ်တော့ဘူး" လော်ယွမ်က ပြောသည်။
လော်ယွမ်သည် စကားဆုံးသည်နှင့် ထိုင်ချလိုက်သည်။ သူစိတ်လျှော့လိုက်သည်နှင့် မျက်နှာမှာ နာကျင်လွန်း၍ ချွေးစေးများ စီးကျလာသည်။ သူတကယ်ပင် မခံနိုင်တော့ပေ။
"အကိုယွမ်ဘာဖြစ်တာလဲ" ချောင်လင်းသည် လော်ယွမ်ကို အမြဲသတိထားကြည့်နေပြီး သူ၏ အခြေအနေမကောင်းသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်သည်။
လော်ယွမ်က မျက်လုံးများကို မှိတ်ထားရင်း ခေါင်းခါလိုက်ပြီး "ဘာမှမဖြစ်ဘူး... ငါခဏလောက် နားလိုက်ဦးမယ်"
အားလုံးက လော်ယွမ်၏ ဖြူဖျော့အားနည်းနေသော မျက်နှာကို ကြည့်ရင်း သူဒဏ်ရာပြင်းထန်စွာ ရရှိထားသည်မှာ ထင်ရှားနေသည်။ ယခင်လမ်းခရီးတွင် လော်ယွမ်က ဦးဆောင်လမ်းရှင်းခဲ့ရပြီး အန္တရာယ်အမျိုးမျိုးကို ရှင်းခဲ့ရသည်ကို တွေးမိသောအခါ စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ကျွန်မတို့အသံတိုးတိုးနေရအောင်... သူခဏလောက် နားပါစေ" ဟွမ်ကျားဟွေ၏ မျက်လုံးများမှာ အနည်းငယ် စိုစွတ်နေပြီး ညင်သာစွာ ပြောလိုက်သည်။
"ကျွန်တော် အပြင်မှာ စားစရာလေးဘာလေး သွားရှာလိုက်မယ်" ဂူထဲတွင် သူတစ်ယောက်တည်းသာ ယောက်ျားသားအဖြစ် ကျန်နေသည်ကို မြင်သောအခါ ချန်ရှင်းဖုံက အနည်းငယ် မလုံမလဲဖြစ်စွာ ပြောလိုက်သည်။
ဟွမ်ကျားဟွေက ခဏ ကြောင်သွားပြီး ချန်ရှင်းဖုံ၏ သတ္တိမှာ ဤမျှကြီးမားမည်ဟု မထင်ထားခဲ့ပေ။ သို့သော် တစ်ယောက်တည်းသွားလျှင် အလွန်အန္တရာယ်များမည်ကို စဉ်းစားမိသဖြင့် သူမက "ခဏနေဦး... ဟော်တုံတို့ပြန်လာမှ ကျွန်မတို့အတူသွားမယ်"
ချန်ရှင်းဖုံက လှပသောအမျိုးသမီးများနှင့် စကားပြောရန် အလေ့အကျင့်မရှိသည်မှာ ထင်ရှားပြီး မျက်နှာမှာ နီရဲလာကာ စကားမပြောနိုင်တော့ပေ။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် ဟော်တုံနှင့် လင်းရှောင်ကျီတို့ နောက်ဆုံးတွင် ပြန်ရောက်လာကြသည်။ တစ်ယောက်လျှင် သစ်ကိုင်းခြောက်တစ်စည်းစီ ပွေ့လာပြီး ဂူခန်းမကြီး၏ အဝတွင် ချထားလိုက်သည်။ လင်းရှောင်ကျီ၏ ညာလက်တွင်မူ တောင်းတလုံးအရွယ်ရှိသော ခေါင်းဖြတ်ထားသည့် ဖားတစ်ကောင်ကို ဆွဲလာသည်။
"ငါတို့ကံကောင်းတယ်... မြက်တောထဲမှာ ဖားတစ်ကောင်တွေ့လို့ တစ်ချက်ထဲနဲ့ခေါင်းဖြတ်လိုက်တာ... မဟုတ်ရင်သူလွတ်သွားမှာ" လင်းရှောင်ကျီ၏ လေသံတွင် ကြွားဝါမှုအနည်းငယ်ပါဝင်ပြီး ရယ်လျက် ပြောသည်။
"အသံတိုးတိုးနေ... ကိုကြီးယွမ်အနားယူနေတာကို မနှောက်ယှက်နဲ့" ဝမ်ရှီရှီက မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ပြီးတော့ ဖားကသေးသေးလေးကို လူဘယ်နှစ်ယောက် စားနိုင်မှာမို့လဲ"
လင်းရှောင်ကျီမှာ ရုတ်တရက် နင်သွားသော်လည်း စကားပြောသူမှာ ဝမ်ရှီရှီဖြစ်သောကြောင့် အရေးမလုပ်တော့ပေ။ သူက နံရံကိုမှီနေသော လော်ယွမ်ကို သတိပြုမိပြီး "အကိုယွမ် အိပ်ပျော်သွားပြီလား... ငါအပြင်မှာ ထပ်သွားရှာလိုက်မယ်... မင်းတို့အားလုံးမငတ်စေရဘူး"
"အပြင်မှာအရမ်းအန္တရာယ်များတယ်... ဝမ်ရှီရှီနဲ့ချောင်လင်းကလွဲပြီး ကျန်တဲ့သူတွေ အကုန်အတူတူသွားကြမယ်... ဒါဆိုကျွန်မတို့အချင်းချင်းပြန်ကြည့်လို့ရတာပေါ့" ဟွမ်ကျားဟွေက ပစ္စတိုကို ဆွဲထုတ်ရင်း ပြောသည်။
"အမဟွမ်... သမီးလည်းလိုက်မယ်လေ... သမီးတော်တော်အားပြန်ပြည့်နေပြီ" ဝမ်ရှီရှီက မေးစေ့ကိုမော့ကာ မတ်တပ်ထရပ်ရင်း ပြောသည်။ ပြီးခဲ့သည့်တိုက်ပွဲက သူမကို အလွန်အမင်း ယုံကြည်မှုပေးခဲ့ပြီး သူမ၏ သတ္တိမှာ များစွာကြီးမားလာကာ ယခင်ကဲ့သို့ မကြောက်တော့ပေ။
ဟွမ်ကျားဟွေသည် ဝမ်ရှီရှီ၏ စိတ်စွမ်းအင်မှာ အစွမ်းထက်ကြောင်းသိပြီး သူမလိုက်လာပါက သူတို့ အတော်ပင် အန္တရာယ်ကင်းမည်ကို သိသော်လည်း လော်ယွမ်၏ လုံခြုံရေးကို စဉ်းစားမိသဖြင့် ငြင်းဆန်လိုက်သည်။ "နင်လိုက်လို့မဖြစ်ဘူး... နင်ကလော်ယွမ်ကို စောင့်ရှောက်ဖို့လိုတယ်... ဂူထဲမှာ အန္တရာယ်တခုခုကြုံရင် နင်ပဲရင်ဆိုင်ရမှာ"
ဝမ်ရှီရှီက သတိဝင်လာပြီး စိတ်ထဲတွင် ကြောက်လန့်သွားသည်။ သူမအတွက် တလောကလုံးတွင် လော်ယွမ်သာ အရေးအကြီးဆုံးဖြစ်သည်။ သူမက ချက်ချင်းပင် "ဒါဆို သမီးမလိုက်တော့ဘူး"
ချောင်လင်းက တခုခုပြောချင်သလိုလိုဖြစ်နေသော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်စွာ နေလိုက်သည်။ ဤလူအများထဲတွင် သူမက အပျော့ညံ့ဆုံးဖြစ်ရာ နေခဲ့ရုံမှလွဲ၍ ဘာများလုပ်နိုင်ဦးမည်နည်း။
---
သူတို့ထွက်သွားပြီး မကြာမီမှာပင် ဝမ်ရှကွမ် သတိရလာသည်။ သူမက အကြိမ်အနည်းငယ် ချောင်းဆိုးပြီး မတ်တပ်ထထိုင်ရန် ကြိုးစားလိုက်သည်။
ချောင်လင်းက သူမကို အလျင်အမြန် ထူပေးလိုက်ပြီး "နင်သတိရပြီလား"
"လော်ယွမ်ရော... လော်ယွမ်ဘယ်မှာလဲ" ဝမ်ရှကွမ်က စိုးရိမ်တကြီး မေးလိုက်သည်။ သူမ၏ အသံမှာ အနည်းငယ် ခြောက်ကပ်နေသည်။ "ပြီးတော့... ဒါကဘယ်နေရာလဲ... ဘာလို့မှောင်မည်းနေတာလဲ"
"အကိုယွမ်အရမ်းပင်ပမ်းပြီး အိပ်ပျော်သွားပြီ... သူလန့်နိုးမသွားအောင်လို့ ငါတို့အသံတိုးတိုးနေရအောင်... ဒီနေရာကလိုဏ်ဂူတစ်ခုပဲ... ကျန်တဲ့သူတွေက စားစရာသွားရှာတယ် ခဏနေပြန်လာလိမ့်မယ်" ချောင်လင်းက သက်ပြင်းတစ်ချက်ချရင်း ပြောသည်။
"အစ်မဝမ်... အစ်မနဲ့ အစ်ကိုလော်က ဘယ်လိုပတ်သက်တာလဲဟင်" ထိုအချိန်တွင် ဝမ်ရှီရှီက ရုတ်တရက် မေးလိုက်သည်။
ဝမ်ရှကွမ်သည် ဝမ်ရှီရှီ၏ အသံဖြစ်ကြောင်း သိလိုက်ရပြီး ဝမ်ရှီရှီလည်း ရှိနေသည်ကို မထင်ထားခဲ့သဖြင့် စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားသော်လည်း တည်ငြိမ်သောအသံဖြင့် "ငါတို့က လုပ်ဖော်ကိုင်ဖက်တွေလေ... ဒါပေမယ့်ငါတို့ကအရမ်းခင်တဲ့သူတွေလို့ ပြောလို့ရတယ်... နင်ကငယ်သေးတဲ့ပုံပဲ အသက်အရမ်းမကြီးသေးဘူးမလား"
"ဒီမှာ သမီးကအငယ်ဆုံးလေ... သမီးအသက်က ၁၄နှစ်ပဲ ရှိသေးတာ" ဝမ်ရှီရှီက ဂုဏ်ယူစွာ ပြောသည်။
ချောင်လင်းသည် မယုံနိုင်သော အမူအရာဖြင့် ရှိနေသည်။
ဝမ်ရှကွမ်လည်း အနည်းငယ် ကြောင်ငေးသွားသည်။ သူမက ဝမ်ရှီရှီမှာ ဤမျှငယ်ရွယ်သည်ကို မသိခဲ့ပေ။ သူမ၏ စိတ်ကူးထဲတွင် သူမက ၁၆ ၁၇ သို့မဟုတ် ၁၇ ၁၈ဟုပြောလျှင် ယုံကြည်ကြမည်ဖြစ်သည်။ သူမက အလျင်အမြန် "နင်ဒီလောက်ငယ်တာ လော်ယွမ်သိလား" ဟု မေးလိုက်သည်။
ဝမ်ရှီရှီက ငတုံးငအတစ်ယောက် မဟုတ်သဖြင့် သူမ၏ ဆိုလိုရင်းကို နားလည်ပြီး မထီမဲ့မြင်ဖြင့် "ကိုကြီးယွမ်သိတာဖြင့်ကြာပေါ့... ပြီးတော့ငယ်တော့ရောဘာဖြစ်လဲ သမီးကကိုကြီးယွမ်ကိုကြိုက်လို့ရတာပဲ"
"သူဘယ်လိုလုပ် အဲ့လိုလုပ်နိုင်ရတာလဲ" ဝမ်ရှကွမ်သည် မယုံနိုင်သော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူမ၏ စိတ်ထဲမှ လော်ယွမ်၏ ဖြူစင်သော ပုံရိပ်မှာ ပြိုလဲသွားတော့သည်။
လော်ယွမ်သည် မျက်လုံးများကို မှိတ်ကာ အနားယူနေစဉ် ထိုစကားများကို ဆက်လက်မကြားနိုင်တော့ပေ။ သူက အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး မျက်နှာမှာ အနည်းငယ် နီရဲသွားသည်။ ကံကောင်းသည်မှာ မှောင်မည်းနေ၍ မည်သူမျှ မမြင်နိုင်ခြင်းပင်။ သို့မဟုတ်ပါက လူအများ၏ စိတ်ထဲမှ သူ၏ ပုံရိပ်မှာ များစွာကျဆင်းသွားပေလိမ့်မည်။ သူက စကားလမ်းကြောင်းလွှဲကာ ဝမ်ရှကွမ်ကို "နင်သတိရလာပြီပေါ့... နေကောင်းသွားပြီလား" ဟု မေးလိုက်သည်။
ဝမ်ရှကွမ်က မျက်နှာကို လွှဲကာ သူ့ကို စကားမပြောချင်တော့ပေ။ ထို့နောက် ဤသို့ပြုမူခြင်းမှာ မသင့်တော်ဟု တွေးမိပြီး "ရှင်စိတ်ပူစရာမလိုပါဘူး... ကျွန်မအများကြီးကောင်းသွားပါပြီ"
"နင့်ရဲ့ကိုယ်ခံစွမ်းအားက အရမ်းအားနည်းလွန်းတယ်... ခဏနေရင် သန္ဓေပြောင်းသတ္တဝါရဲ့သွေး နည်းနည်းထပ်သောက်လိုက်ပါလား... နင်သုံးလေးရက်နေရင် သက်သာသွားမှာပါ" လော်ယွမ်က ဂရုတစိုက် ပြောသည်။
"ကိုကြီးယွမ် မအိပ်တော့ဘူးလား... သမီးတို့ကြောင့် ကိုကြီးယွမ်လန့်နိုးသွားတာလား "ဝမ်ရှီရှီသည် လော်ယွမ် နိုးလာသည်နှင့် ဝမ်ရှကွမ်နှင့် စကားပြောနေသည်ကို မြင်သောအခါ စိတ်ထဲတွင် မနာလိုဖြစ်သွားပြီး စကားလမ်းကြောင်းကို အလျင်အမြန် ဆွဲယူလိုက်သည်။
လော်ယွမ်က စိတ်ထဲမှ "အဲ့တာနင်စကားများလို့ဖြစ်ရတာလေ... တခြားအကြောင်းတွေ အများကြီးပြောလို့ရတာကို အဲ့ဒီအကြောင်းမှပြောရလား" ဟု တွေးလိုက်သည်။ သူက သူမကို စူးစိုက်ကြည့်လိုက်သော်လည်း ဝမ်ရှီရှီက မမြင်နိုင်ပေ။ သူက စိတ်ထဲတွင် ဤသို့တွေးနေသော်လည်း ပါးစပ်မှမူ "ငါက အစကနည်းက အိပ်မပျော်ပါဘူး... နင်ရောဘယ်လိုနေသေးလဲ... ခေါင်းကိုက်နေသေးလား"
"ခန္ဓာကိုယ်ကတော့ အများကြီးအားပြန်ပြည့်လာပြီ... ဒါပေမဲ့ခေါင်းကတော့ အရမ်းတင်းနေသလိုပဲ... ကိုကြီးသမီးကို နည်းနည်းလောက် နှိပ်ပေးပါလားဟင်" ဝမ်ရှီရှီက ချစ်စဖွယ် ပြောလိုက်ပြီး တစ်စုံတစ်ဦးကို ကြွားဝါလိုဟန်ရှိသည်။
လော်ယွမ်သည် ဝမ်ရှကွမ်၏ မျက်နှာမှာ ပျက်ယွင်းနေသည်ကို သတိပြုမိပြီး ဒေါသထွက်ရန် ပြင်ဆင်နေစဉ်တွင် သူ၏ စိတ်ထဲတွင် ဝမ်ရှီရှီက သူ့ကို ကယ်တင်ရန် အသက်ကိုပင် ဂရုမစိုက်ခဲ့သည့် မြင်ကွင်းကို ရုတ်တရက် ပြန်သတိရသွားပြီး စိတ်ပျော့သွားသည်။ "နင်က ဒဏ်ရာရနေတဲ့သူကို နှိပ်ခိုင်းနေတာလား... ချောင်လင်း သူ့ကိုနည်းနည်းကြည့်ပေးလိုက်ပါဦး"
ချောင်လင်းက ခေါင်းငုံ့ကာ မတ်တပ်ထရပ်လိုက်သည်။
ဝမ်ရှီရှီက လော်ယွမ် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ကို သတိရသွားပြီး "အမချောင်လင်း... ရတယ် မလိုဘူး... မလိုဘူး... သမီးအဆင်ပြေတယ်"
ဝမ်ရှကွမ်သည် လော်ယွမ် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ကို ကြားသောအခါ စိတ်ထဲတွင် နာကျင်သွားပြီး စိုးရိမ်ပူပန်သွားသော်လည်း နှုတ်ခမ်းကိုကိုက်ကာ တိတ်ဆိတ်စွာ နေလိုက်သည်။
---
မကြာမီမှာပင် အားလုံး ပြန်ရောက်လာကြသည်။ ချန်ရှင်းဖုံက သစ်ရွက်ဖြင့် ပစ္စည်းတစ်ချို့ကို ထုပ်ပိုးလာသည်မှလွဲ၍ အခြားသူများမှာမူ ထင်းစည်းများမှလွဲ၍ လက်ဗလာဖြစ်နေကြသည်။
ဟော်တုံက မြက်ခြောက်များကို မီးညှိပြီး ထင်းအနည်းငယ် ထပ်ထည့်လိုက်ရာ အခန်းမတစ်ခုလုံး လင်းထိန်သွားသည်။
"ဘာစားစရာမှ မတွေ့ခဲ့ဘူးလား" လော်ယွမ်က မေးလိုက်သည်။
"ရှင်နိုးနေပြီလား" ဟွမ်ကျားဟွေက ဂရုတစိုက် မေးပြီးနောက် သက်ပြင်းတစ်ချက်ချကာ "အခုအပြင်မှာ ဘာအကောင်မှမရှိတော့ဘူး... ပိုးကောင်တွေကလည်း စားလို့ရတာမျိုး ရှာမတွေ့ဘူး... ကျွန်မတို့အပင်ပေါ်က ပိုးအိမ်တွေပဲ ရှာတွေ့တယ်... သူတို့ကစားလို့ရမရတော့ မသိဘူး"
"ပိုးအိမ်တွေ ငါ့ကိုပြစမ်း" လော်ယွမ်က ပြောသည်။
ချန်ရှင်းဖုံက သူ၏ လက်ထဲမှ ပစ္စည်းများကို အလျင်အမြန် ပေးလိုက်သည်။ ထိုပိုးအိမ်များမှာ အလွန်ကြီးမားပြီး တစ်လုံးချင်းစီမှာ လက်ဖဝါးအရွယ်အစားရှိသည်။ ပိုးအိမ်မှာ စုစုပေါင်း ကိုးလုံးရှိပြီး အားလုံးမှာ အင်းဆက်တစ်မျိုးတည်း၏ ပိုးအိမ်များဖြစ်သည်။ မျက်နှာပြင်တွင် လျှို့ဝှက်ဆန်းကြယ်သော အစင်းကြောင်းများရှိပြီး ကမ္ဘာမပျက်ခင်က ပိုးအိမ်များနှင့် လုံးဝမတူညီပေ။ လော်ယွမ်က တစ်လုံးကို ကောက်ကိုင်လိုက်ပြီး သူ၏ဘေးရှိ ကျန်းမာတောက်ဓားကို ဆွဲထုတ်ကာ ထက်မြက်သော ဓားသွားဖြင့် ပိုးအိမ်ကို ခွဲလိုက်ရာ အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အသားရောင် ပိုးလောင်းတစ်ကောင် ပေါ်ထွက်လာသည်။
သူက စိတ်ထဲမှ အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်ပြီးနောက် "စားလို့ရတယ် ပြဿနာမရှိဘူး"
"ဖားကိုလည်း ယူလာခဲ့" အစားအသောက်နှင့်ပတ်သက်လျှင် အလွန်အကျွံသတိထားဖို့ လိုအပ်သည်။ လော်ယွမ်က ထပ်ပြောလိုက်သည်။
လော်ယွမ်က နောက်တစ်ကြိမ် စစ်ဆေးပြီးနောက် လူအများ၏ စူးစိုက်ကြည့်နေသော အကြည့်များအောက်တွင် ခေါင်းခါလိုက်ပြီး "ဒါကစားလို့မရဘူး... သူ့ကိုစားရင် တစ်ကိုယ်လုံးအကြောသေသွားနိုင်တယ်... ပစ်လိုက်တော့"
အားလုံး၏ စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ ကံကောင်းသည်မှာ မည်သူမှမစားမိသေးခြင်းပင်။ သို့မဟုတ်ပါက ဘာပြဿနာဖြစ်မည်ကို မသိနိုင်ပေ။ သူတို့က လော်ယွမ်တွင် အစားအစာ၏ အဆိပ်ကို ခွဲခြားနိုင်သည့် စွမ်းရည်ရှိကြောင်း သိကြပြီးဖြစ်သဖြင့် သံသယမဝင်ကြပေ။ လင်းရှောင်ကျီ၏ မျက်နှာမှာမူ အနည်းငယ် ပျက်ယွင်းနေပြီး ခက်ခက်ခဲခဲ ရှာဖွေလာသော အစားအစာမှာ အဆိပ်ရှိနေမည်ဟု မထင်ထားခဲ့ပေ။
ဟွမ်ကျားဟွေသည် စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး "ဒီပိုးလောင်းတွေက လောက်မှာမဟုတ်ဘူး... ကျွန်မတို့ထပ်သွားရှာလိုက်မယ်"
"မရှာနဲ့တော့ မှောင်နေပြီ... ဒီနေ့တော့ ရှိသလောက်ပဲ စားလိုက်ရအောင်" လော်ယွမ်က အချိန်ကိုကြည့်လိုက်ရာ ငါးနာရီရှိနေပြီဖြစ်သဖြင့် ပြောလိုက်သည်။ ဤလူများမှာ အမှောင်ထဲတွင် မမြင်နိုင်သည့်အပြင် အာရုံခံနိုင်စွမ်းလည်း မရှိသဖြင့် သူတို့ကို အပြင်ထွက်ခိုင်းခြင်းမှာ အသေခံခိုင်းခြင်းနှင့် တူနေသည်။
ပိုးလောင်းများကို သစ်ကိုင်းများတွင်သီပြီး ကင်လိုက်ရာ မကြာမီမှာပင် ကျက်သွားပြီး စွဲမက်ဖွယ်ကောင်းသော အနံ့တစ်ခု ထွက်ပေါ်လာသည်။ ဤသို့သော အစားအစာကို မည်မျှပင် စက်ဆုပ်ရွံရှာသောသူဖြစ်စေ ယခုအချိန်တွင်မူ စိတ်ဝင်စားသော အမူအရာကို ပြသနေသည်။
ပိုးလောင်းတစ်ကောင်လျှင် အလေးချိန်သုံးကျပ်သား ရှိပြီး ဗိုက်ဆာနေသော လူအုပ်မှာ နှစ်ကိုက်၊ သုံးကိုက်ဖြင့်ပင် စားကုန်သွားကြသည်။ အကယ်၍ ပုံမှန်အချိန်ဆိုလျှင် ဤမျှလောက်သော အစားအစာမှာ လုံလောက်သော်လည်း ယနေ့တွင် လူအုပ်မှာ ထိတ်လန့်ကြောက်ရွံ့ခဲ့ရပြီး ခွန်အားများစွာ ကုန်ဆုံးခဲ့ရာ ဤပိုးလောင်းအနည်းငယ်မှာ ဗိုက်ကို အာသာပြေရုံသာ ဖြည့်တင်းပေးနိုင်ပြီး အစာအနည်းငယ် ဝင်သွားပြီးနောက်တွင် ဗိုက်မှာ ပို၍ပင် ဆာလောင်လာကြသည်။
ဟွမ်ကျားဟွေက လော်ယွမ်အတွက် သီးသန့်၂ကောင် ချန်ထားပေးသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ကန့်ကွက်ခြင်းမရှိသည့်အပြင် စိတ်ထဲမှမကျေမနပ်ပင် မဖြစ်ကြချေ။ ယင်းက လုပ်သင့်လုပ်ထိုက်သည့်အရာဟုသာ သတ်မှတ်ထားကြသည်။ လော်ယွမ်၏ အားအင်များပြန်လည်ပြည့်ဖြိုးလာမှသာလျှင် အသက်ရှင်ရန် မျှော်လင့်ချက်ရှိမည်ကို အားလုံး ကောင်းကောင်းသိကြသည်။
မီးတောက်များက အဆက်မပြတ် ယိမ်းနွဲ့လောင်ကျွမ်းနေပြီး အခန်းမကြီးကို မှောင်တစ်လှည့် လင်းတစ်လှည့် ဖြစ်စေသည်။
သူတို့အဖွဲ့က ရိုးရှင်းသော ညစာကို စားပြီးနောက် ယိမ်းနွဲ့နေသော မီးတောက်များကို ကြည့်ရင်း စိတ်များလွင့်ပျံနေကြပြီး ရှေ့ဆက်လမ်းခရီးက မည်သို့ဖြစ်မည်ကို မသိကြပေ။
အားလုံးက နင်းရှောင်ရမ်အကြောင်းကို ပြောဆိုရန် အလိုအလျောက်ပင် ရှောင်ရှားနေကြပြီး သူမက လုံးဝမရှိခဲ့သလို ဟန်ဆောင်နေကြသည်။ သူမ၏ သေဆုံးမှုမှာ အလွန်ရုတ်တရက်ဆန်လှပြီး နေ့လယ်ကပင် အတူတူ ထမင်းစားခဲ့ကြသေးသည်။ သူမ၏ရှက်ရွှံ့သော အပြုံးများက မျက်စိရှေ့တွင် ရှိနေသေးသကဲ့သို့ပင်။ သို့သော် နေ့လယ်ခင်းတွင် သူမကရုတ်တရက် အလောင်းဖြစ်သွားခဲ့သည်။
အားလုံးက သူမကဲ့သို့ ရုတ်တရက်သေဆုံးသွားပြီး တောထဲတွင် တကိုယ်ထဲကျန်ရစ်ခဲ့မည်ကို ကြောက်လန့်နေကြတော့သည်။
ဆက်ရန်...
အပိုင်း(၁၃၅)လောက်ကောင်များ
ညသန်းခေါင်ယံတွင် ချောင်လင်းသည် အအေးဒဏ်ကြောင့် ရုတ်တရက် နိုးလာသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ လိုဏ်ဂူထဲတွင် မှောင်မည်းနေပြီး ပြာပုံထဲတွင်မှ အားနည်းသောမီးပွားလေးတစ်စမျှသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
အပြင်ဘက်မှ လျှပ်စီးလက်သံများ အခါအားလျော်စွာ ကြားနေရသည်။ ထိုအသံများသည် ကွေ့ကောက်နေသော လိုဏ်ဂူလမ်းကြောင်းကိုဖြတ်သန်းလာရာ အသံမှာ အနည်းငယ် အောနေသည်။ စိုစွတ်သောလေအေးများမှာ လိုဏ်ဂူဝမှ အဆက်မပြတ် တိုက်ခတ်ဝင်ရောက်နေပြီး အပြင်ဘက်တွင် မိုးရွာနေဟန်တူသည်။ သူမသည် ထိုလေအေးထဲမှ စိုစွတ်ချိုမြိန်သော ရနံ့ကို ခံစားမိနေသည်။
သူမမှာ အေး၍ဗိုက်ဆာနေသည်။ ကောက်ရိုးခြောက်တစ်ပုံကို တင်းတင်းကြပ်ကြပ် ပိုက်ထားသော်လည်း တစ်ကိုယ်လုံး တုန်ယင်နေဆဲဖြစ်သည်။ သူမ အတန်ကြာသည်းခံကြည့်သော်လည်း နောက်ဆုံးတွင် မခံနိုင်တော့ပေ။
သူမသည် သတိကြီးစွာဖြင့် ထလိုက်ပြီး မီးပုံကိုပြန်လည်မွှေးရန် ပြင်ဆင်လိုက်သည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်း အိပ်မောကျနေကြပြီဖြစ်သည်။ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့သောကြောင့် ဝမ်ရှီရှီပင် ဟောက်သံတိုးတိုးပေးနေသည်။
သူမသည် ထိတ်လန့်တကြားဖြင့် အမှောင်ထဲတွင် အတန်ကြာစမ်းတဝါးဝါးရှာဖွေပြီးနောက် နောက်ဆုံးတွင် မီးပုံဘေးမှ မီးခြစ်ကို တွေ့ရှိလိုက်သည်။
ပဲစေ့အရွယ်မျှသာရှိသော မီးတောက်လေးမှာ လေအေးထဲတွင် တစ်ချက်လင်းတစ်ချက်မှိန်နေသည်။ စိတ်ထင်၍လားမသိ ဤခန်းမကျယ်ကြီးက သူမကို ထူးထူးခြားခြား ခြောက်ခြားဖွယ်ကောင်းသော ခံစားမှုကို ပေးနေသကဲ့သို့ပင်။ သူမသည် ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် မလုပ်ရဲပေ။ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်တွေ့သွားမည်ကို စိုးရိမ်နေသည်။ သူမသည် ကိုယ်ကိုကိုင်းပြီး တုန်ယင်နေသောလက်ဖြင့် အကြိမ်အနည်းငယ် ခြစ်လိုက်မှ မီးတောက်မှာ နောက်ဆုံးတွင် တောက်လောင်လာသည်။
မီးတောက်၏အလင်းရောင်နှင့် အပူဓာတ်က သူမအား ကြီးမားသော လုံခြုံမှုကို ပေးစွမ်းလိုက်သကဲ့သို့ပင်။ သူမက ထင်းများကို သတိဖြင့်ထည့်ရင်း မီးတောက် တဖြည်းဖြည်း ပိုမိုအားကောင်းလာသည်ကို ကြည့်ကာ သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။
ခန်းမကျယ်ကြီးမှာ လင်းထိန်သွားပြီး လူတိုင်းမှာ အိမ်ခြေရာမဲ့များကဲ့သို့ ကောက်ရိုးပုံထဲတွင် ခွေခေါက်နေကြသည်။ သူတို့က အအေးဒဏ်ကို ကာကွယ်ရန် ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားကြသည်။
မီးတောက်၏အပူငွေ့ကြောင့် ချောင်လင်း၏ အေးစက်ထုံကျင်နေသော ခန္ဓာကိုယ်မှာ ပြန်လည်အသိတရားဝင်လာသည်။ သူမက လက်မောင်းနေရာတွင် စပ်ဖျဉ်းဖျဉ်း ယားယံလာသည်ကို ခံစားလိုက်ရပြီး အလိုအလျောက်ပင် လက်ဖြင့် အကြိမ်အနည်းငယ် ကုတ်လိုက်သည်။
ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရမှ သူမသည် ဒဏ်ရာပေါ်ကို ကုတ်မိနေသည်ကို သတိပြုမိလိုက်သည်။
မီးရောင်ဖြင့် သူမ ခေါင်းငုံ့ကြည့်လိုက်ရာ မျက်စိမှားသွားသည်ဟု ခံစားလိုက်ရသည်။ ဒဏ်ရာနေရာတွင် အဖြူရောင်အရာတစ်ခုခု လှုပ်ရှားနေသယောင်။ သူမ၏နှလုံးမှာ တင်းကျပ်သွားပြီး ပြင်းထန်စွာ ခုန်လှုပ်လာသည်။ သူမ သတ္တိမွေးကာ သေချာစွာ တစ်ချက်ပြန်ကြည့်လိုက်သည်။
မရေမတွက်နိုင်အောင် သိပ်သည်းလှသော လောက်ကောင်များမှာ ဒဏ်ရာထဲတွင် အဆက်မပြတ် လူးလွန့်နေကြသည်။ လက်မောင်းတွင်သာမက ခြေသလုံး၊ ဒူး၊ လက်ဖျံ၊ လက်ဖမိုး စသည်ဖြင့် ဒဏ်ရာရှိသောနေရာတိုင်းတွင် လောက်ကောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူမ၏မျက်ဆံများမှာ ပြင်းထန်စွာ ကျုံ့သွားပြီး တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာကာ ခေါင်းနပမ်းများကြီးသွားသည်။ သူမကရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အလျှင်အမြန်ပင် မျက်နှာပေါ်မှ ဒဏ်ရာကို စမ်းကြည့်လိုက်ရာ စေးကပ်ချွဲကျိနေသော အထိအတွေ့ကိုသာ ခံစားလိုက်ရပြီး လက်ချောင်းထိပ်တွင် လောက်ကောင်များ၏ ပျော့ပျောင်းလူးလွန့်နေသော ကြက်သီးထဖွယ် ခံစားမှုက ပျံ့နှံ့လာသည်။
သူမ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
အားလုံးက ချက်ချင်းမျက်လုံးဖွင့်လိုက်ကြပြီး အနားတွင်ထားသော လက်နက်များကို လျင်မြန်စွာ ဆုပ်ကိုင်ကာ အလျင်အမြန်ထရပ်ပြီး အသင့်အနေအထား ပြင်လိုက်ကြသည်။
"ဘာဖြစ်တာလဲ" လော်ယွမ် ထရပ်လိုက်ပြီး ဘေးဘီကို ဝေ့ကြည့်လိုက်ရာ မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရပေ။
ချောင်လင်းမှာ အဆက်မပြတ် အော်ဟစ်နေပြီး လက်နှစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းကာ ခန္ဓာကိုယ်မှာ စကာတစ်ခုကဲ့သို့ တုန်ခါနေသည်။
လော်ယွမ် သူမထံသို့ လျှောက်သွားပြီး ပါးကို ပြင်းထန်စွာ တစ်ချက်ရိုက်လိုက်သည်။ "စိတ်ထိန်းစမ်း... ဘာဖြစ်တာလဲ"
ပြင်းထန်သောနာကျင်မှုကြောင့် ချောင်လင်းမှာ ထိန်းချုပ်မရသော ကြောက်ရွံ့မှုမှ အနည်းငယ် သတိပြန်ဝင်လာသည်။ သို့သော် မျက်နှာမှာ အလွန်အမင်း ထိတ်လန့်နေဆဲဖြစ်ပြီး စကားများမှာ ရှေ့နောက်မညီတော့ဘဲ "လောက်တွေ... လောက်တွေ အများကြီးပဲ တစ်ကိုယ်လုံးပဲ... အကိုယွမ်ကျွန်မကို ကယ်ပါဦး... ကျွန်မသေတော့မယ်"
လော်ယွမ်၏ မျက်စိမှာ လျင်မြန်လှသည်။ သူက သူမ၏လက်ကို ဆွဲယူကာ လက်ဖမိုးကိုလှန်၍ သေချာကြည့်လိုက်ပြီးနောက် အသက်ရှူပင် မှားသွားမိသည်။ သူကိုယ်တိုင်ပင် ကြက်သီးမွေးညင်းများ ထသွားသည်ကို ခံစားလိုက်ရသည်။ "ဘာလို့ လောက်တွေ ဒီလောက်များနေရတာလဲ"
ကျန်လူများလည်း ဝိုင်းအုံလာကြပြီး ထိုကြက်သီးထဖွယ်မြင်ကွင်းကို တွေ့သောအခါ မျက်နှာများ ပြင်းထန်စွာ ပျက်သွားကြသည်။ လူအချို့မှာ တစ်စုံတစ်ခုကို သတိရသွားပြီး မိမိတို့၏ဒဏ်ရာများကို အလျင်အမြန် စစ်ဆေးကြည့်ကြသည်။ နောက်တစ်ခဏတွင် အမျိုးသမီးများ၏ စူးစူးဝါးဝါးအော်ဟစ်သံများမှာ တစ်နေရာပြီးတစ်နေရာ ထွက်ပေါ်လာပြီး အမျိုးသားအချို့ပင် မျက်နှာများ ဖြူဖျော့သွားကြသည်။
လူအားလုံးထဲတွင် လော်ယွမ်နှင့် လင်းရှောင်ကျီမှလွဲ၍ လူတိုင်း၏ဒဏ်ရာများပေါ်တွင် လောက်ကောင်များ အနည်းနှင့်အများ ရှိနေကြသည်။ ဝမ်ရှကွမ်၏ ကိုယ်ပေါ်တွင် အများဆုံးဖြစ်ပြီး လောက်ကောင်များမှာ ဒဏ်ရာတစ်ခုလုံးကို လွှမ်းခြုံနေပြီဖြစ်သည်။ ထိုပြည့်ကျပ်ပြီး အဆက်မပြတ်လူးလွန့်နေသော လောက်ကောင်များမှာ ကြည့်ရှုသူကို ကြက်သိန်းမွေးညှင်းထသွားစေသည်။ သူမ၏ကိုယ်မှာ ယိုင်နဲ့သွားပြီး မေ့လဲကျလုမတတ် ဖြစ်သွားသည်။
ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့မှာလည်း အခြေအနေမထူးလှပေ။ သူတို့မှာ အဆက်မပြတ်အော်ဟစ်နေကြပြီး မျက်နှာများမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေသည်။
"စိတ်ထိန်းကြ... အားလုံးစိတ်ထိန်းကြစမ်း" လော်ယွမ်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
ဟွမ်ကျားဟွေမှာ သိပ်ဒဏ်ရာမရထားသည့်အပြင် ကိုယ်ခန္ဓာကြံ့ခိုင်မှုလည်း ကောင်းမွန်သောကြောင့် သူမ၏ကိုယ်ပေါ်တွင် လောက်ကောင်အနည်းဆုံးဖြစ်ရာ အမြန်ဆုံး တည်ငြိမ်မှုပြန်ရသွားသည်။ သူမက စိုးရိမ်တကြီးဖြင့် "ဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ... အရင်ကလည်းဒဏ်ရာရဖူးတာပဲ... သာမန်ဆိုဒီဒဏ်ရာလောက်က လောက်တတ်စရာအကြောင်း မရှိဘူးလေ"
"တောထဲကနေဖြတ်လာတုံးက သစ်ရွက်တွေကနေ လောက်ဥတွေ ပါလာတာဖြစ်မယ်" လော်ယွမ်က ခန့်မှန်းလိုက်သည်။
"တောထဲမှာ အရမ်းအန္တရာယ်များတာပဲ... သမီးဒီမှာမနေချင်တော့ဘူး... ဒီလိုလောက်တွေအတတ်ခံရမယ့်အစား မီးတောင်ပြာတွေထဲပဲ သေလိုက်ချင်တော့တယ်" ဝမ်ရှီရှီက ငိုယိုရင်း ပြောလိုက်သည်။ မျက်ရည်များမှာ မျက်ဝန်းထဲတွင် ဝေ့သီနေပြီး လက်မှာ ဒဏ်ရာကို ထိချင်သော်လည်း မထိရဲဖြစ်နေသည်။
"စိတ်ဓာတ်ကျတဲ့စကားတွေမပြောနဲ့... လေထဲမှာပြာတွေကုန်သွားရင်ငါတို့ လမ်းပေါ်ပြန်တက်မယ်... အခုဒီလောက်ကိစ္စက အမြန်ဖြေရှင်းမှရမှာ မဟုတ်ရင် အချိန်ကြာလေ ပိုအန္တရာယ်များလေပဲ" လော်ယွမ်က လေးနက်စွာဆိုသည်။ ဤလောက်ကောင်များမှာ ကြီးထွားနှုန်း အလွန်မြန်လှသည်။ ညသန်းခေါင်ပင်မရောက်သေးမီ ဝါးတူတစ်ချောင်းစာခန့် ကြီးထွားလာခဲ့သည်။ အကယ်၍ အချိန်ပိုဆွဲနေပါက မည်သို့ဖြစ်လာမည်ကို မသိနိုင်ပေ။ ၎င်းတို့ အသားထဲသို့ တိုးမဝင်သေးရန်သာ မျှော်လင့်ရသည်။ သို့မဟုတ်ပါက...
လော်ယွမ်မှာ ဆက်မတွေးရဲတော့ပေ။ ဝမ်းဗိုက်ထဲတွင် လောက်ကောင်များပြည့်နှက်နေပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်ကို ဖောက်ထွက်လာမည့် ကြောက်မက်ဖွယ်မြင်ကွင်းကို စဉ်းစားမိရုံဖြင့် သူ၏စိတ်မှာ တင်းကျပ်သွားသည်။
ဟော်တုံက အံကိုကြိတ်လိုက်ပြီး လက်ချောင်းများကို ဒဏ်ရာထဲသို့ ထည့်လိုက်သည်။ လက်ဖြင့်ထိတွေ့လိုက်ရသည့်နေရာမှာ စေးကပ်ချွဲကျိကာ အော့အန်ချင်စရာကောင်းလှသည်။ သူ၏အရေပြားပေါ်တွင် ကြက်သီးများ ချက်ချင်းထလာသည်။ မူလက တိမ်သောဒဏ်ရာမှာ ယခုအခါ အလွန်နက်ရှိုင်းစွာ အစားခံထားရပြီး လက်တစ်ချောင်းလုံးဝင်နိုင်လုနီးပါးဖြစ်သည်။ ၂လက်မခန့်ရှည်သော လောက်ကောင်များကို သူ၏ဒဏ်ရာထဲမှ တစ်ကောင်ပြီးတစ်ကောင် ဆွဲထုတ်ကာ မီးပုံထဲသို့ ပစ်ထည့်လိုက်သည်။ မီးတောက်၏လောင်ကျွမ်းမှုအောက်တွင် "တဖျစ်ဖျစ်" မြည်သံများ ထွက်ပေါ်လာသည်။
စားပွဲတင်တင်းနစ်ဘောလုံးအရွယ်ခန့်ရှိသော ဒဏ်ရာတစ်ခုမှ လောက်ကောင်တစ်ဒါဇင်ကျော်ကို သူ ဆွဲထုတ်နိုင်ခဲ့သည်။ ဒဏ်ရာအတွင်းမှ အသားစိုင်များမှာ ပျားအုံကဲ့သို့ ပြွတ်သိပ်နေသော အပေါက်ငယ်များဖြင့် ပြည့်နှက်နေပြီး အချို့အပေါက်များ၏ အတွင်းပိုင်းတွင် အဖြူရောင်အရိပ်အယောင်များကို မြင်တွေ့နေရသည်။ အတွင်းပိုင်းတွင် လောက်ကောင်များ ရှိနေသေးသည်မှာ ထင်ရှားသည်။
သူ၏မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ရုတ်တရက် စိတ်ခံစားချက်များ ပေါက်ကွဲထွက်သွားကာ ဒဏ်ရာကို ပြင်းထန်စွာ ထုနှက်လိုက်သည်။ သွေးများနှင့် အဖြူရောင်ပြည်ရည်များမှာ ပတ်ဝန်းကျင်သို့ လွင့်စင်သွားပြီး ဒဏ်ရာအနီးမှ အသားစိုင်ကြီးတစ်ခုလုံးမှာ ချိုင့်ဝင်သွားသည်။ အတွင်းပိုင်းမှာ ပိုးစားခံထားရသကဲ့သို့ ဟောက်ပက်ဖြစ်နေသည်။
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်နှာများ ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး အေးစက်သွားသည်။
လော်ယွမ်မှာ ဆက်လတ်မတည်ငြိမ်နိုင်တော့ဘဲ မျက်နှာပြင်းထန်စွာ ပျက်သွားသည်။ ဝမ်ရှကွမ် မြေပေါ်သို့ ပျော့ခွေကျသွားတော့မည်ကိုမြင်လျှင် သူက အလျင်အမြန် ထိန်းပေးကာ ကောက်ရိုးပေါ်သို့ ချပေးလိုက်သည်။ လော်ယွမ်က သူမ၏အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ သူမ၏ဒဏ်ရာများမှာ အဓိကအားဖြင့် ကျောနှင့် ခြေသလုံးတို့တွင်ဖြစ်သည်။ ခြေသလုံးမှဒဏ်ရာမှာ လက်ဖဝါးအရွယ်ခန့်သာရှိသော်လည်း ကျောတွင်မူ အလွန်ကြီးမားပြီး အခြေအနေအလွန်ဆိုးရွားနေသည်။ ကျောဘက်ကို မမြင်နိုင်သောကြောင့် သူမကိုယ်တိုင်ပင် မသိရှိခဲ့ပေ။
လော်ယွမ်၏စိတ်မှာ လေးလံသွားသည်။ သူက ခြေသလုံးဒဏ်ရာအနီးတစ်ဝိုက်ကို လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ ဖိကြည့်လိုက်သည်။ အားသိပ်မသုံးရသေးမီမှာပင် အရေပြားမှာ ချိုင့်ဝင်သွားပြီး လောက်ကောင်များမှာ အနည်းငယ် လူးလွန့်လာသည်။
ဝမ်ရှကွမ်မှာ ကောက်ရိုးပေါ်တွင် မလှုပ်မယှက်လဲလျောင်းရင်း မျက်လုံးများမှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်နှာကြက်ကို ကြည့်ကာ တုန်ယင်သောလေသံဖြင့် "ကျွန်မ... သေတော့မှာလားဟင်"
"မသေပါဘူး... ငါနင့်ကိုကယ်ထုတ်လာပြီးပြီပဲ... နင်သေသွားမှာကို ငါလက်ပိုက်ကြည့်မနေပါဘူး" လော်ယွမ်က ငြင်းဆန်၍မရသော လေသံဖြင့် "ငါ ဓားသွားယူလိုက်ဦးမယ်"
"ရှင် ဘာလုပ်မလို့လဲ" ဝမ်ရှကွမ်က အလျင်အမြန်မေးလိုက်သည်။
"လောက်တွေက အတွင်းထဲထိ မဝင်သေးဘူး... ငါတို့အသားနည်းနည်းလှီးဖြတ်လိုက်ရင်ရတယ်" လော်ယွမ်က ဆိုသည်။
"ဒါဆိုကျွန်မနောက်ပိုင်း လမ်းလျှောက်နိုင်ပါတော့မလား" ဝမ်ရှကွမ်က မေးလိုက်သည်။
"ခြေထောက်တစ်ခုလုံး ဖြတ်ပစ်တာမှမဟုတ်တာ... နောက်ပိုင်းလမ်းလျှောက်ရင် နည်းနည်းတော့ ထော့နဲ့ထော့နဲ့ ဖြစ်သွားနိုင်တာပေါ့" လော်ယွမ် အတန်ကြာတိတ်ဆိတ်နေပြီးမှ တိုးညှင်းစွာဆိုသည်။ သူက သူမ၏ကျောဘက်မှ အခြေအနေကိုမူ မပြောပြခဲ့ပေ။ သူမ စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
"မလုပ်ပါနဲ့... လှီးထုတ်လိုက်ရင် ကျွန်မလမ်းပြန်လျှောက်နိုင်ရင်တောင် ရက်တော်တော်ကြာအောင် အနားယူရမှာ ကျွန်မရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး" ဝမ်ရှကွမ်က နှုတ်ခမ်းကိုကိုက်ရင်း မျက်ရည်များမှာ ပါးပြင်ပေါ်သို့ အဆက်မပြတ် စီးကျလာသည်။ သူမက ခေါင်းခါယမ်းလိုက်သည်။ "ကျွန်မအနောက်ဘက်ကို မရောက်နိုင်တော့ဘူးထင်တယ်... ကျွန်မကအစကတည်းက သေသွားရမှာ... အမေသူ့ကိုယ်သူ အဆုံးစီရင်ကတည်းက ကျွန်မပါသေသွားရမှာ"
မိဘနှစ်ပါးလုံးဆုံးသွားပြီး လော်ယွမ်၏ အေးစက်မှုတို့ကြောင့် သူမ၏စိတ်ထဲမှ နောက်ဆုံးကျန်ရှိသော စိတ်ဓာတ်တို့မှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ ထို့အပြင် ခန္ဓာကိုယ်၏ ဆိုးရွားသောအခြေအနေကလည်း အစပြုလိုက်သလိုဖြစ်သွားပြီး သူမ၏စိတ်ထဲတွင် သေဆုံးလိုသည့်စိတ် ပေါက်ဖွားလာခဲ့သည်။
လော်ယွမ်က သူမ၏ သေမင်း၏အရိပ်အငွေ့များလွှမ်းနေသော မျက်ဝန်းများကို ကြည့်လိုက်သည်။ ဤကဲ့သို့သော မျက်ဝန်းမျိုးကို သူ အလွန်ရင်းနှီးနေသည်။ သူ လူနှစ်ယောက်ထံတွင် ဤမျက်ဝန်းမျိုးကို တွေ့ခဲ့ဖူးပြီး နောက်ဆုံးတွင် နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ကြသည်။ သူ၏မျက်နှာမှာ လှုပ်ရှားသွားသည်။ "ဒါက ဝန်ထုတ်ဝန်ပိုး မဟုတ်ပါဘူး... နင့်ခြေထောက်ပြတ်သွားရင်တောင် ငါနင့်ကိုတစ်သက်လုံးစောင့်ရှောက်ပေးနိုင်တယ်... နင်ကငယ်ငယ်လေးပဲရှိသေးတာ လောကမှာ အများကြီးကြုံတွေ့ရဦးမှာ... အနောက်ဘက်ကငြိမ်းချမ်းတဲ့ နေရာတစ်ခုပဲ... ငါတို့အဲ့ကျရင် စွန့်စားနေဖို့မလိုပဲ သာမန်လိုနေသွားလို့ရပြီ... နင်အဲ့ဒီအတွက်စိတ်တင်းထားဖို့လိုတယ်"
ဝမ်ရှကွမ်၏ ရီဝေနေသော မျက်လုံးများမှာ ရုတ်တရက် လင်းလက်သွားပြီး ဖြူဖျော့သောမျက်နှာပေါ်တွင် အနီရောင်သန်းလာကာ "ရှင်က ကျွန်မကို တစ်သက်လုံး တာဝန်ယူမယ်လို့ပြောတာလား"
လော်ယွမ်မှာ ဝမ်ရှကွမ် အထင်လွဲသွားသည်ကို သတိပြုမိလိုက်သော်လည်း ယခုအခြေအနေတွင် ရှင်းပြရန်မဖြစ်နိုင်သဖြင့် ခေါင်းညိတ်ကာ ပြောလိုက်ရသည်။ "ဒါကြောင့် နင်အသက်ဆက်ရှင်ဖို့လိုတယ်... ဘာမှမကြောက်နဲ့... နည်းနည်းအနာခံလိုက်ရင် ကောင်းသွားမှာ"
ဝမ်ရှကွမ်၏ မျက်နှာမှာ ပြန်လည်ဖြူဖျော့သွားသည်။ "ဒါဆို မြန်မြန်လုပ်ပါ"
"နာရင် အကျယ်ကြီးသာအော်ချလိုက်"
လော်ယွမ်က ဓားရှည်ကြီးကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ သူက ခြေသလုံးမှ ဒဏ်ရာကို အကြိမ်ကြိမ် ချိန်ရွယ်ကြည့်လိုက်ရာ လက်ဖဝါးမှာ အနည်းငယ် ချွေးစိုလာသည်။ ပုံမှန်တွင် ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်လှသော လက်များမှာ ယခုအခါ အနည်းငယ် တုန်ယင်နေသည်။ သူက အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားဖြင့်ခုတ်ချတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် "လင်းရှောင်ကျီ... အဲ့ဒီဖားကို ယူခဲ့စမ်း"
ဖား၏သွေးနှင့်အသားမှာ ထုံကျင်စေသောအာနိသင်ရှိပြီး အဆိပ်မှာ သိပ်မပြင်းလှပေ။ သဘာဝမေ့ဆေးတစ်မျိုးဟု ဆိုနိုင်သည်။ လော်ယွမ်မှာ မနေ့က သူ မလှုပ်ရှားချင်ခဲ့သည်ကို ကံကောင်းသည်ဟု တွေးမိသည်။ အခြားသူများမှာလည်း လုံခြုံရေးအတွက် ၎င်းကို အပြင်သို့မလွှင့်ပစ်ခဲ့ကြပေ။ သို့မဟုတ်ပါက ဝမ်ရှကွမ်မှာ နာကျင်မှုကို အစိမ်းသက်သက် ခံစားရမည်ဖြစ်သည်။
လင်းရှောင်ကျီက မဆိုင်းမတွပင် ပြေးသွားပြီး ထောင့်တွင်ရှိနေသေးသော ဖားအသေကို ဆွဲယူလာခဲ့သည်။
လော်ယွမ်က ချက်ချင်းပင် ၎င်း၏ဝမ်းဗိုက်ကို ဓားဖြင့်ခွဲလိုက်သည်။ ညတစ်ဝက်ခန့်ကြာပြီးနောက် ၎င်း၏သွေးများမှာ ခဲနေပြီဖြစ်သည်။ သို့သော် သူက များများမလိုအပ်ဘဲ သွေးအစက်အနည်းငယ်သာ လိုအပ်သည်။ သူက ကောက်ရိုးခြောက်တစ်ပင်ကို ကောက်ယူကာ သွေးအနည်းငယ်ကိုတို့ပြီး လောက်ကောင်များပြည့်နှက်နေသော ဒဏ်ရာပေါ်သို့ တစ်စက်ချင်းစီ ချပေးလိုက်သည်။
ထိုအချိန်တွင် မထင်မှတ်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။
လောက်ကောင်များမှာ သေမင်းနှင့် ရင်ဆိုင်ရတော့မည်ကို သိရှိသွားသကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ လူးလွန့်လာပြီး ဒဏ်ရာထဲမှ အလုအယက် ထိုးထွက်လာကြသည်။ မကြာမီမှာပင် ခြေသလုံးတစ်ခုလုံး လောက်ကောင်များဖြင့် ပြည့်နှက်သွားသည်။ မိနစ်အနည်းငယ်အကြာတွင် ဒဏ်ရာနေရာမှ လောက်ကောင်များမှာ တစ်ခုမကျန် ကင်းစင်သွားပြီး အသားထဲသို့ တိုးဝင်နေသော လောက်ကောင်များပင် တစ်ကောင်မကျန် ထွက်ပြေးသွားကြသည်။
လော်ယွမ်မှာ တစ်ခဏမျှ ကြောင်ငေးသွားပြီးနောက် အတိုင်းမသိသော ဝမ်းသာပီတိဖြစ်သွားသည်။
ခန်းမကျယ်ကြီး၏ လေထုမှာ ချက်ချင်းပင် တက်ကြွလာသည်။ လူတိုင်းမှာ ဖားကိုဝိုင်းအုံလိုက်ကြပြီး ၎င်း၏သွေးကို ဒဏ်ရာများပေါ်သို့ သတိကြီးစွာဖြင့် ချပေးကြသည်။
သက်ရှိများတွင် သဘာဝအရ အချင်းချင်း ထိန်းချုပ်နိုင်စွမ်းနှင့် အားသာချက်များရှိကြသည်။ ဤဖားမှာ လောက်ကောင်များ၏ သဘာဝရန်သူဖြစ်ဟန်တူသည်။ လောက်ကောင်အများအပြားမှာ ဒဏ်ရာများထဲမှ ထိုးထွက်လာပြီး ဤနေရာမှ ထွက်ပြေးရန်ကြိုးစားကြသော်လည်း လူအများ၏ ဒေါသတကြီးနင်းခြေခြင်း သို့မဟုတ် မီးပုံထဲသို့ ပစ်ထည့်ခြင်းကို ခံလိုက်ရသည်။ လောက်ကောင်များ မီးလောင်ကျွမ်းမှုအောက်တွင် လေထုထဲ၌ မီးလောင်တူးနံ့များ ပျံ့နှံ့နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုမစိုက်ကြပေ။
ဒေါသများပြေပျောက်သွားပြီးနောက် အမျိုးသမီးအချို့မှာ စိတ်ဓာတ်ကျဆင်းသွားကြပြီး ဟွမ်ကျားဟွေပင် စကားနည်းသွားသည်။ လောက်ကောင်များ ပျောက်ကွယ်သွားသော်လည်း စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဒဏ်ရာများမှာမူ ကျန်ရစ်ခဲ့သည်။ သူတို့ကိုယ်တိုင်ပင် တည့်တည့်မကြည့်ရဲကြပေ။ နောင်တစ်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်များ ကျန်ရစ်ခဲ့မည်လောဟု မည်သူမျှ မသိနိုင်ပေ။
ဆက်ရန်...
အပိုင်း(၁၃၆)သက်စုပ်အစွမ်း
ညဉ့်နက်သန်းခေါင်...
ကောင်းကင်တွင် လျှပ်စီးများပြက်နေပြီး မိုးကသည်းထန်စွာ ရွာသွန်းနေသည်။
ပဲစေ့အရွယ်ခန့်ရှိသော မိုးစက်များသည် သစ်ရွက်များပေါ်သို့ ကျရောက်ကာ "ရှဲရှဲရှဲ" ဟူသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အသံများ ထွက်ပေါ်နေသည်။
လော်ယွမ်သည် ဂူထဲမှ ထွက်သည်နှင့် တစ်ပြိုင်နက် မိုးရေများဖြင့် စိုရွှဲသွားသည်။ အနီးအနားတွင် လဲလျောင်းနေသော ဧရာမဖွတ်ကြီးက မိုးသည်းထဲတွင် တိတ်ဆိတ်စွာ မှောက်လျက်အနေအထားဖြင့် ရှိနေသည်။ မိုးရေများသည် သူ၏ကိုယ်ပေါ်မှ ချောမွေ့သော အကြေးခွံများအတိုင်း အဆက်မပြတ် စီးကျနေပြီး သူမှောက်လျက်အနေအထားဖြင့် ရှိနေသော နေရာမှာ ရေအိုင်ငယ်လေးတစ်ခုနီးပါး ဖြစ်နေသည်။
လော်ယွမ်က မိုးသည်းထဲတွင်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေနိုင်သော ဧရာမဖွတ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မိုးဖွဲများကြားသို့ ပြေးဝင်သွားသည်။ သူက တောအုပ်ထဲတွင် လျင်မြန်စွာ သွားလာပြီး မကြာမီမှာပင် ကျောက်တုံးကြီးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်းမာတောက်ဓားရှည်ဖြင့် ကျောက်တုံးကြီးကို အကြိမ်အနည်းငယ် လျင်မြန်စွာ လှီးဖြတ်လိုက်ရာ ကျောက်တုံးတစ်ခုလုံးက သူ့လက်ထဲတွင် ၁ပေခွဲအချင်းရှိသော စက်ဝိုင်းပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
သူက ဘေးမှ သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲပြီးနောက် အပိုင်းတစ်ပိုင်းကို ရွေးချယ်ကာ အလယ်မှ သစ်သားအူတိုင်ကို ထွင်းထုတ်လိုက်ရာ မကြာမီမှာပင် ရိုးရှင်းသော သစ်သားပုံးတစ်လုံး ဖြစ်လာသည်။
မိုးသည် တဖြည်းဖြည်း ပိုမိုသည်းထန်လာပြီး မိုးရေများက သူ၏မျက်နှာပေါ်မှ အဆက်မပြတ် စီးကျနေသောကြောင့် မျက်လုံးများကိုပင် ဖွင့်ရန်မဖြစ်နိုင်တော့ပေ။ သူက အဝတ်အစားများကို လုံးဝချွတ်ပစ်လိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသော မိုးရေများဖြင့် သူ၏ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်ကို ဆေးကြောစေလိုက်သည်။ အပြင်သို့ ထွက်လာပြီးနောက် နှစ်ရက်တိုင်တိုင် ရေမချိုးခဲ့ရသောကြောင့် ကိုယ်ပေါ်တွင် ချွေးများ သွေးများဖြင့် စွန်းထင်းနေပြီး ခန္ဓာကိုယ်မှာလည်း အနံ့အသက်များ ထွက်နေပြီ ဖြစ်သည်။
သူရေချိုးပြီးသောအခါ သစ်သားပုံးသည်လည်း မိုးရေများဖြင့် ပြည့်လျှံနေပြီ ဖြစ်သည်။ လော်ယွမ်က အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပြီး ရေတစ်ပုံးနှင့် ကျောက်ဖြင့်ပြုလုပ်ထားသော စက်ဝိုင်းပုံစံဘောလုံးတစ်လုံးကို သယ်ဆောင်ကာ ဂူထဲသို့ လျင်မြန်စွာ ပြန်ဝင်လာသည်။
ဂူထဲတွင် မီးဖိုက အဆက်မပြတ် တောက်လောင်နေသည်။ မိုးမလင်းသေးသော်လည်း အားလုံးက ပြန်လည်အိပ်စက်ခြင်းလိုမရှိတော့ပေ။ ခန္ဓာကိုယ်အလွန်အားနည်းနေသော ဝမ်ရှကွမ် ပင်လျှင် ယခုအခါ မျက်လုံးများကို ဖွင့်ထားပြီး မျက်နှာကျက်ကို ငေးမောကြည့်နေသည်။ လှိုဏ်ဂူတစ်ခုလုံး၏ လေထုက အလွန်လေးလံနေသည်။
လော်ယွမ်က အဝတ်အစားများကို ပြန်လည်ချွတ်လိုက်ပြီး အကြိမ်အနည်းငယ် ခါလိုက်ရာ မုန်တိုင်းငှက်အမွေးဖြင့် ပြုလုပ်ထားသော အဝတ်အစားများက ချက်ချင်းပင် ခြောက်သွေ့သွားပြီး မိုးရေစိုခဲ့သော အခြေအနေကိုပင် မတွေ့ရတော့ပေ။ သူက အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပြီး စက်ဝိုင်းပုံစံဘောလုံးကို အလယ်မှ လှီးဖြတ်ကာ အတွင်းကို ထွင်းထုတ်ပြီး ကျောက်ဖြင့်ပြုလုပ်ထားသော အိုးကြီးတစ်လုံးအဖြစ် ပြုလုပ်ကာ မီးပုံပေါ်သို့ တင်ပြီးနောက် ရေလောင်းထည့်လိုက်သည်။
ဟွမ်ကျားဟွေနှင့် ချောင်လင်းတို့သည် တာဝန်ကို လွှဲပြောင်းယူပြီး ရှာဖွေတွေ့ရှိနိုင်သမျှသော အဝတ်စများကို ဆေးကြောကြသည်။
မီးတောက်များသည် ကျောက်အိုး၏ အောက်ခြေကို လောဘကြီးစွာဖြင့် လျက်နေသည်။ ဆယ်မိနစ်ကျော်ကြာပြီးနောက် ရေသည် ပွက်ပွက်ဆူလာပြီး ဟွမ်ကျားဟွေက အဝတ်စအားလုံးကို ကျောက်အိုးထဲသို့ ထည့်ကာ အပူချိန်မြင့်မားစွာဖြင့် ပိုးသတ်လိုက်သည်။ ဆယ်မိနစ်ကျော်ခန့် ပြုတ်ပြီးမှ ထုတ်ယူလိုက်သည်။
ကျောက်အိုးထဲမှ ရေက မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
ဟော်တုံက သုံးပြီးသားရေများကို ဂူအပြင်ဘက်သို့ သွန်ပစ်ပြီးနောက် အိုးတစ်လုံးကို ထပ်မံပြုတ်ကာ အဝတ်စများကို ထပ်ခါထပ်ခါ ဆေးကြောပြီး အဝတ်စများ ဖြူဖွေးသွားမှသာ ရပ်တန့်လိုက်သည်။
ထို့နောက် အားလုံးက မိမိတို့၏ဒဏ်ရာများကို သတိကြီးစွာဖြင့် ဆေးကြောကြသည်။ အဝတ်စများကို အကြိမ်ကြိမ်အခါခါ ပွတ်တိုက်ဆေးကြောပြီး အလယ်တွင် လင်ရှောင်ကျီသည် အပြင်သို့ ရေငါးခေါက် ထပ်မံသွားသယ်ခဲ့သည်။ မိမိတို့၏ဒဏ်ရာများကို သွေးသံရဲရဲဖြစ်သည်အထိ သုတ်သင်ပြီးမှသာ နောက်ဆုံးတွင် ပတ်တီးစည်းလိုက်ကြသည်။
ဤနေရာတွင် ဆေးဝါးရှားပါးသောကြောင့် အခြေခံသန့်ရှင်းရေးကိုပင် အာမမခံနိုင်ပါက ဤကမ္ဘာပျက်ကာလ၏ ဆိုးရွားသော ပတ်ဝန်းကျင်တွင် အကြောင်းရင်းမသိဘဲ သေဆုံးသွားနိုင်ပေသည်။
ဝမ်ရှကွမ် ၏ ခန္ဓာကိုယ်မှာ အားနည်းနေပြီး မတ်တပ်ပင်မရပ်နိုင်တော့သောကြောင့် မိမိကိုယ်တိုင် မကိုင်တွယ်နိုင်ပေ။ ဟွမ်ကျားဟွေက လော်ယွမ် ဝင်ရောက်စွက်ဖက်မည်ကို စိုးရိမ်သောကြောင့် သူမကိုယ်တိုင်ပင် တာဝန်ယူလိုက်သည်။
ဝမ်ရှကွမ် ၏ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပြီး ဒဏ်ရာကို ပတ်တီးစည်းပေးပြီးနောက် သူမ၏ခန္ဓာကိုယ်သည် မရပ်မနား တုန်ယင်နေပြီး နှုတ်ခမ်းများပင် ခရမ်းရောင်သန်းနေသည်ကို တွေ့ရှိလိုက်ရသည်။ သူမသည် သူမ၏ကျောဘက်မှ အဝတ်အစားများကို စမ်းကြည့်လိုက်ရာ အနည်းငယ် စိုစွတ်နေပြီး အောက်မှ ကောက်ရိုးခြောက်များမှာလည်း စိုထိုင်းနေပြီ ဖြစ်သည်။
သူမသည် ကောက်ရိုးခြောက်များကို လှန်ကြည့်လိုက်ရာ အောက်မှ ရွှံ့မြေသည် စိုစွတ်နေပြီး ရွှံ့နွံအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေသည်။ သူမက ကောက်ရိုးခြောက်အားလုံးကို ယူဆောင်လာပြီး ဝမ်ရှကွမ်၏အောက်တွင် ခင်းပေးလိုက်သည်။
ဝမ်ရှကွမ် သည် အဆက်မပြတ် အလုပ်ရှုပ်နေသော ဟွမ်ကျားဟွေကို ကြည့်ရင်း နှုတ်ခမ်းများ တစ်ချက်တုန်ယင်သွားသည်။ "ကျေးဇူးပါ"
ဟွမ်ကျားဟွေသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ရှုပ်ထွေးနေသည်။ သူမက လှည့်ကာ ထောင့်သို့လျှောက်သွားပြီး လော်ယွမ် ယခင်က စုဆောင်းထားသော သွေးများကို ပန်းကန်တစ်လုံးထဲသို့ လောင်းထည့်ကာ သူမရှေ့သို့ ယူဆောင်လာပြီး အသံတိုးတိုးဖြင့် "ကျေးဇူးတင်ချင်ရင် လော်ယွမ်ကိုပဲ ကျေးဇူးတင်လိုက်ပါ... သူကပဲနင့်ကိုဂရုစိုက်ဖို့ ငါ့ကိုပြောထားတာ" ဟု ပြောလိုက်သည်။
အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါ၏ သွေးကို သောက်သုံးပြီးနောက် ဝမ်ရှကွမ် ၏ စိုစွတ်အေးစက်နေသော ခန္ဓာကိုယ်သည် ပူလောင်လာပြီး စိတ်ဓာတ်မှာလည်း ချက်ချင်းပင် များစွာကောင်းမွန်လာသည်။ သူမသည် ရှုပ်ထွေးသော အမူအရာဖြင့် ဟွမ်ကျားဟွေကို ကြည့်လိုက်သည်။ "ဒါပေမဲ့ နင့်ကိုလည်း ကျေးဇူးတင်ပါတယ်"
ဟွမ်ကျားဟွေ၏ ခန္ဓာကိုယ်က တစ်ချက်တန့်သွားပြီး လှည့်ကာ ထွက်ခွာသွားသည်။
...
မိုးက အလွန်သည်းထန်စွာ ရွာသွန်းနေသောကြောင့် ခရီးဆက်သွားရန် မသင့်တော်သည်မှာ ထင်ရှားနေပြီး လူအများစုမှာလည်း ဒဏ်ရာများရရှိထားကြသည်။
လော်ယွမ်ပင်လျှင် မနေ့ကထက် အနည်းငယ်သာ ကောင်းမွန်လာသော်လည်း လှုပ်ရှားမှုအနည်းငယ် ပြင်းထန်သွားသည်နှင့် တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်လာသည်။
ရေစက်များက ခေါင်းပေါ်ရှိ ဂူအမိုးမှ အဆက်မပြတ် ကျဆင်းနေပြီး သစ်သားပုံးများထဲသို့ ကျရောက်ကာ "တောက်တောက်" ဟူသော အသံများ ထွက်ပေါ်နေသောကြောင့် နားထောင်ရသည်မှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသည်။
ဂူက တဖြည်းဖြည်း ပိုမိုစိုစွတ်လာပြီး နေရာတိုင်းတွင် ရေယိုစိမ့်နေကာ မြေပြင်သည် ရွှံ့နွံပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
လော်ယွမ်က ရှည်လျားသော ဂူတစ်ခုလုံးကို သေသေချာချာ စစ်ဆေးပြီးဖြစ်ပြီး အန္တရာယ်ရှိသော နေရာအချို့ကို တွေ့ရှိခဲ့သော်လည်း ယေဘုယျအားဖြင့် ဆိုးဆိုးရွားရွားမရှိသေးပေ။ ဤဂူ၏ အရည်အသွေးမှာ မဆိုးလှဘဲ တည်နေရာမှာလည်း အလွန်ကောင်းမွန်သည်။ သန္ဓေပြောင်းသတ္တဝါ၏ ဂူတည်ရှိရာ မြေသားသည် ပျော့ပျောင်းသော ကျောက်စရစ်မြေမဟုတ်ဘဲ စေးကပ်မှုအလွန်ကြီးမားသော မြေဖြစ်သောကြောင့် အလွယ်တကူ ပြိုကျနိုင်ခြင်းမရှိပေ။
သို့သော် ပေါ်ပေါက်လာသော ပြဿနာမှာ ဤတစ်ချက်တည်းသာ မဟုတ်ဘဲ ထင်းများမှာလည်း မကြာမီ ကုန်ဆုံးတော့မည် ဖြစ်သည်။
တောအုပ်သည် မူလကတည်းက အေးစက်စိုစွတ်ပြီး ဤသို့သော မိုးရွာသော ရာသီဥတုတွင် စိုစွတ်အေးစက်သော လေက ဂူထဲသို့ အဆက်မပြတ် တိုက်ခတ်နေသည်။ အကယ်၍ မီးပုံမရှိပါက အားလုံး ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် တစ်နေ့လုံး ဘာမှမစားရသေးသောကြောင့် ဗိုက်မှာလည်း ဆာလောင်နေကြပြီ ဖြစ်သည်။
လင်ရှောင်ကျီက တစ်ကြိမ်သွားရှာသော်လည်း ဘာတစ်ခုမျှ မယူဆောင်လာနိုင်ခဲ့ပေ။ မိုးသည်းထန်စွာ ရွာသွန်းနေသော တောအုပ်ထဲတွင် အင်းဆက်ပိုးမွှားများပင် မည်သည့်နေရာသို့ ပုန်းအောင်းနေသည်ကို မသိနိုင်ပေ။ သူ၏သာမန်စွမ်းရည်ဖြင့် သူတို့ပုန်းအောင်းနေသော နေရာကို ရှာဖွေတွေ့ရှိရန်မှာ ခက်ခဲသောကိစ္စတစ်ခုကြောင်း ထင်ရှားနေသည်။
လော်ယွမ်က ဒီတိုင်းပင်ရှိနေခဲ့သည်။ သူက ကိုယ်ရံတော် မဟုတ်သောကြောင့် အရာရာတိုင်းကို သူလုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ယခုအပြင်ဘက်တွင် အန္တရာယ်များစွာမရှိသောကြောင့် သူတို့ကို လေ့ကျင့်ပေးရန် အကောင်းဆုံးအချိန် ဖြစ်သည်။
လော်ယွမ် ထွက်သွားရန် အစီအစဉ်မရှိသည်ကို မြင်သောအခါ ယောက်ျားအချို့က ဆက်တိုက်ထွက်ခွာကာ အစာရှာဖွေကြသည်။ ဂူအနီးအနားကို သုံးပေတိုင်တိုင် တူးဆွပြီးနောက် နေ့လယ်နီးပါးရောက်မှသာ လူအချို့သည် ကံကောင်းထောက်မစွာဖြင့် ကြက်ဥအရွယ်ခန့်ရှိသော ပိုးဥတစ်ပုံကို တူးဖော်တွေ့ရှိခဲ့ကြသည်။
အမျိုးသမီးအချို့က ပိုးဥများကို မြင်သောအခါ လောက်များကို ပြန်လည်သတိရသွားပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ ချောင်လင်းနှင့် ဟွမ်ကျားဟွေတို့က ရွံရှာစိတ်ကို အောင့်အီးကာ ပိုးဥများကို ဆေးကြောပြီး ကျောက်အိုးထဲသို့ ထည့်ကာ ချက်ပြုတ်ကြသည်။ ရေအပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ ပိုးဥအချို့မှာပင် ပေါက်ဖွားလာသော်လည်း မကြာမီမှာပင် မြင့်မားလာသော အပူချိန်ကြောင့် သေဆုံးသွားကြသည်။
သို့သော် ကမ္ဘာပျက်ကာလတွင် လူတို့၏ ခံနိုင်ရည်စွမ်းမှာ ယခင်ကနှင့် မယှဉ်နိုင်တော့ပေ။ ရွံရှာဖွယ်ကောင်းသည်ဟု ခံစားရသော်လည်း လူတိုင်းက အောင့်အီးကာ စားသုံးခဲ့ကြပြီး ဝမ်ရှီရှီပင်လျှင် ခြွင်းချက်မရှိပေ။ အမှန်တကယ်တွင် ပါးစပ်ထဲသို့ ရောက်မှသာ ဤအစားအစာက စားရခက်ခဲခြင်းမရှိကြောင်း တွေ့ရှိရသည်။ ပိုးဥအများစုမှာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး သန္ဓေပြောင်းသတ္တဝါဖြစ်သောကြောင့် အသားမှာ မာကျောပြီး အလွန်ဝါးကောင်းသည်။
ဤတစ်ကြိမ်တွင် အစားအစာမှာ အနည်းငယ်သာ ရှိသော်လည်း ယခင်ကလောက် ဆာလောင်ခြင်း မရှိတော့ပေ။
လော်ယွမ်က လက်ထဲတွင် မိုးထိပင်ကြီး၏ သစ်ခေါက်ကို ကစားနေရင်း စိတ်ထဲတွင် ချီတုံချတုံဖြစ်နေသည်။ မည်သို့ပင် သန္ဓေပြောင်းပြောင်းလဲစေကာမူ သစ်ခေါက်သည် အပင်မျှင်များဖြင့် ဖွဲ့စည်းထားသောကြောင့် သူ၏ပျော့ပျောင်းမှုမှာ လုံလောက်သော်လည်း မာကျောမှုမှာ မလုံလောက်ပေ။ ချွန်ထက်ရန် အဓိကလိုအပ်သော လက်နက်များအတွက်မူ သစ်ခေါက်က ကောင်းမွန်သော ပစ္စည်းတစ်ခု မဟုတ်သည်မှာ ထင်ရှားနေသည်။ သူ၏အကောင်းဆုံးအသုံးဝင်မှုမှာ ချပ်ဝတ်အနေဖြင့်ဖြစ်သည်။
သို့သော် ကျန်းမာတောက်ဓားရှည်နှင့် မပေါင်းစပ်မိပါကလည်း နှမြောစရာ ကောင်းသည်။
ဤသည်မှာ လော်ယွမ်က ဤသို့သောအဆင့်မြင့် ပစ္စည်းကို ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်ပြီး အချိန်အတော်ကြာအထိ ထပ်မံတွေ့ဆုံနိုင်မည်မဟုတ်ပေ။
ထို့အပြင် ကျန်းမာတောက်ဓားရှည်၏ ချွန်ထက်မှုမှာ တဖြည်းဖြည်း မလုံလောက်တော့ပေ။ အပြာရင့်ရောင်အဆင့် သတ္တဝါများနှင့် ရင်ဆိုင်လျှင်တွင်ပင် အနည်းငယ် အခက်အခဲရှိနေပြီး တိုက်ခိုက်မှုတိုင်းတွင် စိတ်စွမ်းအင်အမြောက်အမြား သုံးစွဲနေရသည်။ ပိုမိုအားကောင်းသော သတ္တဝါများနှင့် တွေ့ဆုံပါက ပြောစရာပင် မလိုတော့ပေ။
သစ်ခေါက်ကို ကျန်းမာတောက်ဓားရှည်နှင့် ပေါင်းစပ်လိုက်ပါက နောက်ဆုံးတွင် ချွန်ထက်မှုမှာ များစွာမတိုးတက်နိုင်သော်လည်း အနည်းဆုံးတော့ အပြာရင့်ရောင်အဆင့် ကျန်းမာတောက်ဓားရှည်ထက် ပိုမိုအစွမ်းထက်သွားမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် အကာအကွယ် သို့မဟုတ် တိုက်ခိုက်ရေးကို ရွေးချယ်ရမည်သာ ဖြစ်သည်။
လော်ယွမ်က အချိန်အတော်ကြာ ချီတုံချတုံဖြစ်ပြီးနောက် နောက်ဆုံးတွင် သူက ကျန်းမာတောက်ဓားရှည်နှင့် ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။
ပါးလွှာသော အဝတ်အစား၏ အကာအကွယ်မှာ မည်မျှပင် အားကောင်းစေကာမူ သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ခိုက်မှုကို ခံရသောအခါ သိပ်ပြီးအသုံးဝင်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တိုက်ခိုက်ရေးစွမ်းရည် တစ်ချက်အားကောင်းသွားပါက ချက်ချင်းအကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။
အမည် - မိုးထိပင်ကြီး၏ သစ်ခေါက်
ရှားပါးမှုအဆင့် - အစိမ်းရောင်
အလေးချိန် - ၂၁ ကီလိုဂရမ်
ထပ်တိုးအစွမ်း - စွမ်းအင်စုပ်ယူခြင်း
သုံးသပ်ချက် - မိုးထိပင်ကြီးသည် အံ့ဖွယ်ကောင်းသော သက်ရှိတစ်မျိုးဖြစ်ပြီး သူသည် အသက်စွမ်းအင်အပါအဝင် မည်သည့်စွမ်းအင်ကိုမဆို စုပ်ယူနိုင်သည်။ မည်မျှပင် ဆိုးရွားသော ပတ်ဝန်းကျင်တွင် ရှိနေစေကာမူ သူသည် လျင်မြန်စွာ ကြီးထွားနိုင်သည်။ သူ၏အပေါ်ယံအခေါက်မှာ ခိုင်မာပြီး ကာကွယ်ရေးအလွန်အားကောင်းသည့်အပြင် စွမ်းအင်ပမာဏအချို့ကို စုပ်ယူနိုင်သောကြောင့် အစွမ်းထက်သည့် ကာကွယ်ရေးပစ္စည်းတစ်မျိုး ဖြစ်သည်။
လော်ယွမ်က တစ်ကြိမ်ထပ်မံစစ်ဆေးပြီးနောက် လူတိုင်း၏ စူးစိုက်ကြည့်နေမှုအောက်တွင် သစ်ခေါက်ကို ကျန်းမာတောက်ဓားရှည်ပေါ်သို့ ကပ်လိုက်သည်။
သူ သန္ဓေပြောင်းသတ္တဝါများ၏ ပစ္စည်းများကို လက်နက်နှင့် အဝတ်အစားများတွင် ပေါင်းစပ်နိုင်သည်မှာ လျှို့ဝှက်ချက်မဟုတ်တော့ပေ။ မျက်မြင်တွေ့လျှင်ပင် လော်ယွမ်က အထူးဆင့်ကဲပြောင်းလဲသူဖြစ်သည်ဟုသာ တွေးကြမည်ဖြစ်သောကြောင့် လျှို့ဝှက်ထားရန် မလိုအပ်ပေ။
လော်ယွမ်က စိတ်ထဲမှ ပေါင်းစပ် ဟုရေရွတ်လိုက်ရာ ချက်ချင်းပင် မည်းနက်သော သစ်ခေါက်၏ အရောင်က တဖြည်းဖြည်း ဖျော့သွားသည်။
ဤတစ်ကြိမ် ပေါင်းစပ်ချိန်က ယခင်မည်သည့်အကြိမ်ထက်မဆို များစွာကြာမြင့်သည်။ လော်ယွမ်က မျက်နှာတွင် လေးနက်သောအမူအရာဖြင့် ကျန်းမာတောက်ဓားရှည်ကို စူးစိုက်ကြည့်နေသည်။ သူ၏မျက်နှာပြင်မှ အပြာရင့်ရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဓားသွားပေါ်တွင် အပြာရင့်ရောင်အမှုန့်ငယ်များ ပေါ်ထွက်လာသည်။ ဓားတစ်ချောင်းလုံးက ကြောက်မက်ဖွယ်ကောင်းသော မြင့်မားသည့်အပူချိန်ကို ထုတ်လွှတ်နေသည်။
ရွှံ့မြေနှင့် ဓားသွားထိတွေ့ရာတွင် "ရှဲရှဲ" ဟူသော ရေနွေးငွေ့များ ထွက်ပေါ်လာသည်။
အားလုံးက ဤအံ့ဖွယ်ကောင်းသော မြင်ကွင်းကို မျက်တောင်မခတ်ဘဲ ကြည့်နေကြပြီး မျက်နှာများတွင် မယုံနိုင်သော အရိပ်အယောင်များ ပေါ်လာသည်။ သို့သော် မည်သူမျှ ဤအချိန်တွင် စကားမပြောရဲဘဲ လော်ယွမ်၏ ဆင့်ကဲပြောင်းလဲနိုင်စွမ်း အသုံးပြုခြင်း အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်နေကြသောကြောင့် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေသည်။
ဖြစ်စဉ်တစ်ခုလုံးမှာ နာရီဝက်ခန့် ကြာမြင့်သည်။ လူတိုင်း၏ အံ့ဩတကြီး မျက်လုံးများအောက်တွင် ထိုမိုးထိပင်ကြီး၏ သစ်ခေါက်မှာ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ လော်ယွမ်က ဓားသွားပေါ်မှ အပြာရင့်ရောင်အမှုန့်များကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ရာ အနက်ရောင်ကျန်းမာတောက်ဓားရှည်တစ်ချောင်း ပေါ်ထွက်လာသည်။
ဤအနက်ရောင်သည် အလင်းကို စုပ်ယူနိုင်သကဲ့သို့ ရှိပြီး ဓားရှိနေသော မြေပြင်မှာ မီးပုံမှမီးရောင်ပင်လျှင် အနည်းငယ် မှိန်ဖျော့သွားသကဲ့သို့ ရှိကာ အလွန်လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးသည်။
လော်ယွမ်က ကျန်းမာတောက်ဓားရှည်ကို ကောက်ယူလိုက်ရာ ဓားက များစွာလေးလံလာသည်ကို တွေ့ရှိရသည်။ သုံးဆနီးပါး လေးလံလာသော်လည်း သူ၏၁၃မှတ်ရှိသော ခွန်အားတွက်မူ အနိုင်နိုင် အသုံးပြုနိုင်သေးသည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လေထဲတွင် အကြိမ်အနည်းငယ် လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။
လေထုမှာ အရှိန်ပြင်းစွာ လှီးဖြတ်ခံရပြီး "ရှဲရှဲ" ဟူသော အသံတိုးတိုး ထွက်ပေါ်လာသည်။
လှုပ်ရှားမှုမှာ အလွန်မြန်ဆန်သောကြောင့် အားလုံးက သူ၏လက် လှုပ်ရှားသွားသည်ကိုပင် သေသေချာချာ မမြင်နိုင်ကြရာ ဓားဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သို့သော် သူတို့က လော်ယွမ်ကို အစောကတည်းက ကျင့်သားရနေပြီဖြစ်သောကြောင့် စိတ်ထဲတွင် လှုပ်ရှားမှုမရှိတော့ချေ။
လော်ယွမ်က လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး မျက်နှာတွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကျန်းမာတောက်ဓားရှည်ကို အမျိုးအမည်ခွဲခြားအစွမ်းဖြင့် စစ်ဆေးလိုက်သည်။
အမည် - သက်စုပ်ကျန်းမာတောက်ဓားရှည်
ပါဝင်ပစ္စည်း - ၁၆၅ စင်တီမီတာ သတ္တုစပ်၊ မိုးထိပင်ကြီး ၏သစ်ခေါက်
ရှားပါးမှုအဆင့် - အစိမ်းရောင်
အလေးချိန် - ၁၅ ကီလိုဂရမ်
တိုက်ခိုက်စွမ်းအား - ၃၀ မှ ၃၄
ထပ်တိုးအစွမ်း - တိုက်ခိုက်နှုန်းအလျင် +၁
ထပ်တိုးအစွမ်း၂ - အသက်စွမ်းအင်စုပ်ယူခြင်း (အမြဲတမ်းအသက်ဝင်)၊ တိုက်ခိုက်ခံရသူထံမှ အသက်စွမ်းအင်ပမာဏအချို့ကို စုပ်ယူပြီး ကိုင်ဆောင်သူထံသို့ ပြန်လည်ဖြည့်တင်းပေးသည်။
အသုံးပြုရန်လိုအပ်ချက် - ခွန်အား ၁၄ မှတ်
သုံးသပ်ချက် - ဤသည်မှာ အသက်များကို နုတ်ယူနိုင်သော တိုက်ခိုက်ရေးဓားတစ်ချောင်းဖြစ်ပြီး ရန်သူများကို သတ်ဖြတ်သည့်တစ်ချိန်တည်းမှာပင် သင့်ထံသို့ မကုန်ခန်းနိုင်သော အသက်စွမ်းအင်များကို ဆောင်ယူလာပေးမည် ဖြစ်သည်။
လော်ယွမ်၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ့အလောင်းအစားက ဤတစ်ကြိမ်တွင် အမှန်တကယ် အနိုင်ရခဲ့သည်။ ကျန်းမာတောက်ဓားရှည်၏ တိုက်ခိုက်အားမှာ များစွာမတိုးတက်ဘဲ ငါးမှတ်သာ တိုးလာသည်။ ကျန်းမာတောက်ဓားရှည်၏ ယခင်အဆင့်မြှင့်တင်မှုစည်းမျဉ်းအရ အစိမ်းနုရောင်အဆင့်ခန့်သာ ဖြစ်ပြီး သစ်ခေါက်၏အစိမ်းရောင်အဆင့်နှင့် လုံးဝမကိုက်ညီပေ။
သို့သော် လော်ယွမ်က စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားပြီး တိုက်ခိုက်အား ဤမျှလောက် တိုးတက်လာခြင်းသည်ပင် စိတ်ထဲမှ မျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေပြီ ဖြစ်သည်။
အမှန်တစ်ကယ်တွင် သူ့ကို ဝမ်းအသာဆုံးဖြစ်စေသည်မှာ ဤအချက်မဟုတ်ပေ။ အသုံးမဝင်သော ရေခဲအစွမ်း ပျောက်ကွယ်သွားပြီး အသက်စွမ်းအင်စုပ်ယူခြင်းဖြင့် အစားထိုးလိုက်သည်။ အကယ်၍ ဖော်ပြချက်အတိုင်းသာ အကျိုးသက်ရောက်မှုရှိပါက ဤသည်မှာ အလွန်အစွမ်းထက်သော စွမ်းရည်တစ်ခုဖြစ်ပြီး နောင်တွင် ဒဏ်ရာရမည်ကိုပင် စိုးရိမ်စရာမလိုတော့ပေ။ ရန်သူရှိနေသရွေ့ သူသည် မကုန်ခန်းနိုင်သော ပြန်လည်ကောင်းနိုင်စွမ်းကို ရရှိနေမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ယခုအပြင်ဘက်တွင် သန္ဓေပြောင်းသတ္တဝါများကို ရှာဖွေမတွေ့နိုင်သောကြောင့် ၎င်း၏အစွမ်းက အမျိုးအမည်ခွဲခြားအစွမ်းတွင် ဖော်ပြသထားသော အချက်အလက်များအတိုင်း အမှန်တကယ် အကျိုးသက်ရောက်မှုရှိမရှိကို စမ်းသပ်ကြည့်နိုင်ခြင်း မရှိပေ။
လော်ယွမ်က အချိန်အတော်ကြာ ကစားပြီးမှ နှမြောတသဖြင့် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဆက်ရန်...