အခန်း (၁၃၇-၁၄၀)
Vol. 7 Ch. 137-140
အပိုင်း(၁၃၇)အရုဏ်ဦး
မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ပြာမှုန်များက ထိုဒေသတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းစေခဲ့သည်။
တောအုပ်ထဲတွင် ရေများ တဖြည်းဖြည်း စုပုံလာပြီး ညနေစောင်းအချိန်တွင် ရေများ ဂူအတွင်းသို့စီးဝင်လာသဖြင့် လော်ယွမ်မှာ မတတ်သာဘဲ နောက်တစ်ကြိမ် နေရာပြောင်းရွှေ့ခဲ့ရပြန်သည်။
ဤနေရာသည် မြေပြန့်လွင်ပြင်ဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် မြေအမြင့်ပိုင်းဟူ၍ မရှိသလောက်ပင်။ အလျင်စလိုအခြေအနေတွင် သူက သစ်ပင်ကြီးတစ်ပင်ကိုသာ ရွေးချယ်ပြီး ဓားဖြင့် အပေါက်ကြီးတစ်ခုကို ထွင်းဖောက်ကာ အထဲသို့ ပြောင်းရွှေ့ဝင်ရောက်ခဲ့သည်။
အားလုံးက အရိုးထဲစိမ့်အောင် အေးစက်နေသော မိုးရေများဖြင့် စိုရွှဲနေကြသည်။ ဒဏ်ရာဒဏ်ချက်များဖြင့် နာကျင်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရ၍ အားနည်းနွမ်းနယ်နေသော ဝမ်ရှကွမ်မှာ အအေးဒဏ်ကြောင့် တဆတ်ဆတ်တုန်နေပြီး ညဘက်တွင်မူ အဖျားကြီးလာကာ အပြာရင့်ရောင် မျိုးပြောင်းသတ္တဝါ၏သွေးပင်လျှင် မစွမ်းနိုင်တော့ပေ။
လော်ယွမ်၏စိတ်ထဲတွင် စိုးရိမ်ပူပန်နေသော်လည်း မည်သည့်နည်းလမ်းမှ စဉ်းစား၍မရပေ။ ယခုကဲ့သို့သောအခြေအနေတွင် ကံကြမ္မာကိုသာ ယုံကြည်အားကိုးပြီး သူမ၏ကိုယ်ပိုင်ကြံ့ခိုင်မှုဖြင့်သာ ကျော်လွှားရတော့မည်ဖြစ်သည်။
မိုးမှာ တဖွဲဖွဲရွာသွန်းနေပြီး မိုးစက်များက သစ်ရွက်များပေါ်သို့ ကျရောက်ကာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပေါက်ပေါက်မြည်သံကို ဖြစ်ပေါ်နေပြီး ဘယ်သောအခါမျှ ရပ်တန့်တော့မည်မဟုတ်သကဲ့သို့ပင်။ သစ်ခေါင်းပေါက်အတွင်းမှာ မှောင်မိုက်စိုစွတ်နေပြီး အားလုံးက အတွင်းဘက်အကျဆုံးထောင့်တွင် ကျုံ့ကျုံ့လေးစုနေကြကာ အပြင်ဘက်မှအဆုံးမရှိသောအမှောင်ထုကို စိုက်ကြည့်နေကြသည်။
ဟွမ်ကျားဟွေက ဝမ်ရှကွမ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး သူမ၏ကိုယ်ငွေ့ဖြင့် အနွေးဓာတ်ပေးနေသည်။ သူမ၏မျက်နှာမှာလည်း အအေးဒဏ်ကြောင့် ဖြူဖျော့နေခဲ့ပြီဖြစ်သည်။
တစ်ခါတစ်ရံ သူမကိုယ်တိုင်ပင် နားမလည်နိုင်ဖြစ်မိသည်။ ဤသို့ပြုလုပ်ခြင်းမှာ လော်ယွမ်ကို ကာကွယ်ရန်လော သို့မဟုတ် ဤမိန်းကလေးကို အမှန်တကယ် သနားမိသောကြောင့်လော။ ဖြစ်နိုင်သည်မှာ နှစ်မျိုးစလုံးကြောင့်ပင် ဖြစ်ပေမည်။
လော်ယွမ်က သစ်ခေါင်းပေါက်ဝတွင် ထိုင်ချလိုက်ပြီး မြေပြင်ပေါ်မှ သမုဒ္ဒရာကဲ့သို့ လှိုင်းထနေသော ရေပြင်ကြီးကိုတွေတွေကြီး ကြည့်နေမိသည်။ သူ၏ဒဏ်ရာများမှာ တစ်ဝက်ကျော် ပျောက်ကင်းသွားခဲ့ပြီဖြစ်ပြီး အရိုးများမှာ လုံးဝနီးပါး ပြန်ဆက်သွားကာ အတွင်းဒဏ်ရာများမှာလည်း အနည်းငယ်ကိုက်ခဲနေသည်မှလွဲ၍ အခြေအနေကောင်းမွန်နေပြီဖြစ်သည်။
သို့သော် သူ၏စိတ်အခြေအနေမှာ အနည်းငယ်မျှပင် မကောင်းမွန်လာဘဲ စိတ်ထဲမှကြီးမားသောဖိအားက သူ့အား အသက်ပင်မရှူနိုင်တော့အောင် ဖြစ်စေသည်။
အိမ်မှာနေစဉ် နေ့ရက်ထောင်ချီ ကောင်းမွန်သော်ငြား အိမ်မှခွာသော် တစ်ခဏတာပင် ခက်ခဲလှသည်ဆိုသည့်အတိုင်းပင်။
၆မိုင် ၇မိုင်မျှသာ ခရီးထွက်ခဲ့ရသေးသော်လည်း သူဆက်မသွားနိုင်တော့ဟု အနည်းငယ် ခံစားနေရသည်။ ဆက်တိုက်ဖြစ်ပေါ်လာသော ဒုက္ခများက အိမ်မှထွက်ခွာလာစဉ်က မျှော်လင့်ချက်အပြည့်ဖြင့်ရှိနေသည့်သူ့အား ယခုအခါတွင်မူ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေစေပြီဖြစ်သည်။
နင်းရှောင်ရမ် သေဆုံးသွားခဲ့ပြီ။ နောက်တစ်ယောက် သေဆုံးရမည့်သူမှာ မည်သူဖြစ်မည်နည်း။ ဝမ်ရှကွမ်လား...
အကယ်၍ ယနေ့ညကို သူမ မကျော်ဖြတ်နိုင်ခဲ့လျှင်... ထိုသို့တွေးမိသောအခါ သူ၏စိတ်ထဲတွင် အလွန်အမင်း မငြိမ်မသက်ဖြစ်လာသည်။
"လော်ယွမ် အမြန်လာကြည့်ပါဦး... သူမရတော့ဘူး" ဟွမ်ကျားဟွေက စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
လော်ယွမ် တုန်လှုပ်သွားပြီး အလျင်အမြန်လှည့်ကာ သူမ၏နဖူးကို စမ်းကြည့်လိုက်သည်။ "ဘာလို့အဖျားက ဒီလောက်တောင် ကြီးလာတာလဲ"
ဝမ်ရှကွမ်၏မျက်နှာမှာ ပြုတ်ထားသောပုစွန်တစ်ကောင်ကဲ့သို့ နီရဲနေပြီး တစ်ကိုယ်လုံး ပူကျစ်နေကာ အပူချိန်မှာ ၁၀၄ဒီဂရီအထက်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူမ၏ကိုယ်မှာမူ တဆတ်ဆတ်တုန်ခါနေသည်။
"သွေးတွေဘယ်မှာလဲ... သူ့ကိုသွေးအမြန်တိုက်လိုက်" လော်ယွမ်က အလျင်စလိုဆိုလိုက်သည်။
"ကုန်သွားပြီ... နာရီဝက်လောက်ကတည်းက သူသောက်ပစ်လိုက်တာ" ဟွမ်ကျားဟွေက စိုးရိမ်စွာဆိုသည်။ "သူ့အနာက ပုပ်နေပြီ... ခုနက မိုးရေစိုသွားလို့ ဖြစ်မယ်"
လော်ယွမ်က စိတ်မသက်မသာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး အခန်းကျဉ်းထဲတွင် ပိတ်မိနေသော ဝံပုလွေတစ်ကောင်နှင့် တူနေသည်။ အတန်ကြာမှ သူ လေသံအေးဖြင့် ဆိုလိုက်သည်။ "သူ့အနာကို ပြန်ဆေးပေးလိုက်... ငါသွေးနည်းနည်း သွားယူဦးမယ်"
ဟွမ်ကျားဟွေက လော်ယွမ်၏အင်္ကျီကို ချက်ချင်းဆွဲကိုင်လိုက်ပြီး မျက်နှာထက်တွင် စိုးရိမ်မှုအရိပ်အယောင်များဖြင့် ဆိုသည်။ "အပြင်မှာဒီလောက်မိုးတွေသည်းနေတာ... ရေတွေလည်းနေရာအနှံ့ကြီးနေတာကို ရှင်ဘယ်သွားမလို့လဲ... ပြီးတော့ ဒီနားတဝိုက်မှာ သာမန်သန္ဓေပြောင်းသတ္တဝါတောင်ရှိတာ မဟုတ်ဘူး... အဆင့်မြင့်သတ္တဝါဆို ပိုဆိုးတယ်"
"စိတ်မပူပါနဲ့... ငါဘယ်မှသွားမလို့မဟုတ်ဘူး... ဧရာမဖွတ်ကြီးကလည်း အဆင့်၄ သန္ဓေပြောင်းသတ္တဝါပဲလေ... သူ့သွေးကလည်းအသုံးဝင်မှာသေချာတယ်... နင်ဝမ်ရှကွမ်ကို ကြည့်ထားပေး ငါခဏနေပြန်လာခဲ့မယ်" လော်ယွမ် ပြောပြီးသည်နှင့် ရေထဲသို့ ခုန်ဆင်းလိုက်သည်။
ရေမှာ သူ၏ပေါင်ရင်းအထိ မြုပ်သွားသည်။ သူက သူ၏အာရုံခံနိုင်စွမ်းဖြင့် ရေထဲမှအခြေအနေကို ဂရုတစိုက်စောင့်ကြည့်ရင်း ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်သွားသည်။
ဧရာမဖွတ်ကြီးမှာ ယခုအခါ မနေ့ကကဲ့သို့ အေးအေးလူလူ မအိပ်စက်နိုင်တော့ပေ။ သူက ရေကြီးရေလျှံခြင်းကို တစ်ခါမျှမမြင်ဖူးသဖြင့် စိတ်အနည်းငယ် ဂနာမငြိမ်ဖြစ်နေသည်။ လော်ယွမ် လာသည်ကိုမြင်သောအခါ သူက ချွဲနွဲ့စွာဖြင့် အသံတစ်ချက်ပြုလိုက်ပြီး ဝမ်းသာနေဟန်ပြသည်။ ကံမကောင်းစွာဖြင့် သူ၏ ဆိုးရွားသောသခင်မှာ သူ့ကိုလာကြည့်ခြင်းမဟုတ်ဘဲ သူ့ထံမှ သွေးအနည်းငယ်ထုတ်ယူရန် လာခြင်းဖြစ်ကြောင်းကို သူ မသိရှာပေ။
လော်ယွမ်က ဧရာမဖွတ်ကြီးအနီးသို့ ချဉ်းကပ်သွားပြီး တိုင်လုံးကြီးသဖွယ်ရှိသော သူ၏ပေါင်ကို ပွတ်သပ်လိုက်သည်။ ထိုအပေါ်တွင် လခြမ်းပုံအမာရွတ်တစ်ခုရှိပြီး ဤရက်ပိုင်းအတွင်းကမှ အနာကျက်ခါစဖြစ်သဖြင့် အကြေးခွံများ ပြန်မပေါက်သေးဘဲ ပြောင်ရှင်းနေသည်။ လော်ယွမ်က အေးစက်စွာဖြင့် ခဏကြာကြည့်ပြီးနောက် ကျန်းမာတောက်ဓားကို မဆိုင်းမတွဆွဲထုတ်ကာ ထက်မြက်သောဓားသွားဖြင့် တို့ဟူးတုံးကိုလှီးဖြတ်သကဲ့သို့ အနာကို ပြန်လည်ခွဲစိတ်လိုက်သည်။
ဒဏ်ရာမှ သွေးအမြောက်အမြား စီးကျလာသည်ကို လော်ယွမ်က သစ်သားပုံးဖြင့် ခံယူလိုက်သည်။
နာကျင်မှုကို ခံစားမိဟန်ဖြင့် ဧရာမဖွတ်ကြီး၏ခြေထောက်မှာ တစ်ချက်လှုပ်ရှားသွားပြီး ကြီးမားကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းကြီးမှာ လှည့်လာကာ လော်ယွမ်ကို စူးစိုက်ကြည့်နေသည်။ မျက်လုံးများထဲတွင် နားမလည်နိုင်မှုနှင့်အတူ ဝမ်းနည်းမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
လော်ယွမ်က ခေါင်းမမော့ဘဲ သွေးကိုသာ ဆက်လက်ခံယူနေသည်။
ဒဏ်ရာမှ သွေးအနည်းငယ်စီးကျပြီးနောက် ပေါင်ပေါ်မှကြွက်သားများမှာ အလိုအလျောက် ကျုံ့ဝင်သွားပြီး သွေးစီးဆင်းမှုကို တားဆီးလိုက်သည်။ မကြာမီ သွေးစီးဆင်းမှုမှာ တဖြည်းဖြည်းနည်းပါးသွားသည်။ လော်ယွမ် စိတ်မရှည်တော့ဘဲ နောက်တစ်ကြိမ် အားကုန်ခုတ်ချလိုက်ရာ သူ၏ပေါင်ကို ၄လက်မခန့်အနက်အထိ ခွဲစိတ်လိုက်သဖြင့် ဒဏ်ရာမှ သွေးများ ပန်းထွက်လာတော့သည်။
ဧရာမဖွတ်ကြီးက ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သော်လည်း လော်ယွမ်ကို ကြောက်ရွံ့သောကြောင့် ကိုယ်ကို တစ်ချက်မျှမလှုပ်ဝံ့ပေ။
မရေမရာစွာဖြင့် နွေးထွေးသော စီးကြောင်းလေးတစ်ခု သူ၏ကိုယ်ထဲသို့ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဤနွေးထွေးသောစီးကြောင်းမှာ အလွန်အားနည်းသဖြင့် သတိပြုမိရန်ပင် ခက်ခဲလှသည်။ အစပိုင်းတွင် သူ ထင်ယောင်ထင်မှားဖြစ်သည်ဟု ထင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ သူ နက်နက်ရှိုင်းရှိုင်း ခံစားမိလိုက်သည်။
"အသက်စွမ်းအင်စုပ်ယူခြင်း... ဒါ အသက်စွမ်းအင်စုပ်ယူခြင်းပဲ... သေစမ်း ငါ ဘယ်လိုလုပ် အဲ့ဒါကိုမေ့နေတာလဲ" လော်ယွမ်က သူ့ကိုယ်သူ ပါးတစ်ချက်အားကုန်ရိုက်လိုက်ပြီး စိတ်ထဲတွင် အလွန်အမင်း နောင်တရသွားသည်။ "ဒါကိုသာ စောစောကသိခဲ့ရင် ဝမ်ရှကွမ် အဲ့လောက်ဒုက္ခခံရမှာ မဟုတ်ဘူး... ဒါပေမဲ့အခုလည်း နောက်မကျသေးပါဘူး"
လော်ယွမ်က သွေးဆက်မခံတော့ဘဲ သွေးတစ်ဝက်ခန့်ပါသော သစ်သားပုံးကိုကိုင်ကာ ခြေထောက်အောက်မှရေများ လွင့်စင်သွားအောင် အရှေ့မှသစ်ပင်ကြီးဆီသို့ အသားကုန်ပြန်ပြေးသွားသည်။
"သွေးရလာပြီလား" ဟွမ်ကျားဟွေက လော်ယွမ် ဝင်လာသည်ကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချကာ ဆိုလိုက်သည်။
လော်ယွမ် ခေါင်းညိတ်လိုက်ပြီး သစ်သားပုံးကိုချလိုက်ပြီး ဤသစ်ခေါင်းပေါက်ကို တစ်ချက်ကြည့်လိုက်သည်။ သစ်ခေါင်းပေါက်မှာ အကျယ်၉ပေ၊ အနက်၉ပေရှိပြီး မူလက သစ်ပင်၏ပင်စည်တစ်ခုလုံးနီးပါးထိ ထွင်းဖောက်ထားခြင်းဖြစ်သည်။ ဤသို့သောသစ်ပင်မျိုးမှာ ကမ္ဘာမပျက်မီက အလွန်ရှားပါးသော်လည်း ယခုအခါတွင်မူ နေရာအနှံ့မဟုတ်သည့်တိုင် မကြာခဏတွေ့မြင်နိုင်သည်။
လော်ယွမ်က ကျန်းမာတောက်ဓားကို သစ်ပင်၏အသည်းနှလုံးထဲသို့ ထိုးစိုက်လိုက်ရာ အလွန်အားနည်းသော နွေးထွေးသည့်စီးကြောင်းလေးတစ်ခု ဓားလက်ကိုင်မှ သူ၏ကိုယ်ထဲသို့ စီးဝင်လာသည်။ သို့သော် လော်ယွမ် အစောပိုင်းက ဧရာမဖွတ်ကြီး၏ဒဏ်ရာကို ခွဲစိတ်စဉ်က စီးဝင်လာသော အားကောင်းမှုနှင့် နှိုင်းယှဉ်လျှင် များစွာကွာခြားလှသည်။ အစောပိုင်းက သစ်ခေါင်းကိုအပေါက်ထွင်းစဉ်က မခံစားမိခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ဤစွမ်းအင်မှာ အလွန်အားနည်းသဖြင့် တမင်သတိမထားပါက သတိပြုမိရန်ပင် မဖြစ်နိုင်ပေ။
သို့သော် သူ့အတွက် အကျိုးသက်ရောက်မှုမှာ အလွန်နည်းပါးနိုင်သော်လည်း ဝမ်ရှကွမ်ကဲ့သို့သော သာမန်လူတစ်ဦးအတွက်မူ လုံလောက်သင့်သည်။
သူက ကျန်းမာတောက်ဓားကို အဆုံးထိထိုးစိုက်လိုက်ပြီး ဟွမ်ကျားဟွေကို ဆိုလိုက်သည်။ "ဝမ်ရှကွမ်ကို ဒီကိုရွှေ့လိုက်ပြီး သူ့လက်ကို ဓားလက်ကိုင်ကို ကိုင်ခိုင်းထားလိုက်"
ဟွမ်ကျားဟွေက လော်ယွမ်ကို နားမလည်စွာဖြင့် တစ်ချက်ကြည့်ပြီး ဝမ်ရှကွမ်ကို ဂရုတစိုက်ပွေ့ချီလာကာ သူမ၏လက်ကိုဖြန့်၍ ဓားလက်ကိုင်ကို ဆုပ်ကိုင်ပေးရင်း နားမလည်စွာမေးလိုက်သည်။ "ဒီလောက်အဖျားကြီးနေတာကို ဘာလို့ အေးစက်တဲ့ ဓားလက်ကိုင်ကို ကိုင်ထားခိုင်းရတာလဲ"
အကယ်၍သာ ဟွမ်ကျားဟွေတွင် အားသာချက်တစ်ခုခုရှိသည်ဆိုပါက ၎င်းမှာ အရေးကြီးသည့်ကိစ္စများတွင် ရှင်းရှင်းလင်းလင်းခွဲခြားတတ်ခြင်းပင်ဖြစ်သည်။ ထို့အပြင် လော်ယွမ်အပေါ်တွင်လည်း လုံးဝယုံကြည်မှုရှိသည်။ ယခုအချိန်တွင် သူမ နားမလည်နိုင်ဖြစ်နေသော်လည်း အရင်လုပ်ပြီးမှ မေးရန် ဆုံးဖြတ်ခဲ့သည်။
ကျန်လူများကလည်း နားမလည်စွာဖြင့် လော်ယွမ်ကို ကြည့်နေကြသည်။
သူလည်း ချက်ချင်းရှင်းပြရန်ခက်ခဲသဖြင့် ရှောင်လွှဲကာ ဆိုလိုက်သည်။ "အရင်ဆုံး အခြေအနေကိုကြည့်ရအောင် ဒါတောင်မရမှ တစ်ခြားနည်းလမ်းရှာတာပေါ့"
ဟွမ်ကျားဟွေက ဤသည်မှာ လော်ယွမ်၏မွေးရပ်မြေမှ ရှေးရိုးအစီအရင်တစ်ခုဖြစ်မည်ဟု စိတ်ထဲတွင်တွေးလိုက်သည်။ သူက ယခုအခါတွင် နောက်ဆုံးနည်းလမ်းကို သုံးနေခြင်းဖြစ်ပေမည်။ ဝမ်ရှကွမ် အသက်ရှင်မရှင်မှာ ကံကြမ္မာအတိုင်းသာဖြစ်တော့မည်။ သူမ၏မျက်နှာမှာ ညှိုးငယ်သွားပြီး ဝမ်ရှကွမ်ကို သွေးအနည်းငယ်ထပ်တိုက်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။
"ကိုကြီးယွမ်... ဒီမိုးကဘယ်တော့မှ တိတ်မှာလဲဟင်" အတန်ကြာမှ ဝမ်ရှီရှီက အားနည်းစွာမေးလိုက်သည်။ သူမ၏မျက်နှာမှာ အနည်းငယ်ပင်ပန်းနွမ်းနယ်နေပြီး သူမ၏ ဝိုင်းစက်သော မျက်ဝန်းကြီးများတွင် သွေးကြောများဖြင့် ပြည့်နှက်နေကာ လူမှာလည်း အသက်မရှိသလိုဖြစ်နေသည်။
လော်ယွမ်က မှိုင်တွေနေသော ဝမ်ရှီရှီကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချကာ နှစ်သိမ့်လိုက်သည်။ "ဘာမှမပူနဲ့... မနက်ဖြန်မနက်ဆို တိတ်သွားလိမ့်မယ်"
ဝမ်ရှီရှီ၏မျက်နှာထက်တွင် အားတင်း၍ အပြုံးတစ်ခုကို ဖန်တီးလိုက်သော်လည်း မျက်လုံးများထဲတွင်မူ မျှော်လင့်ချက်ကင်းမဲ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး တိုးတိုးလေးဆိုလိုက်သည်။ "ဗီလာကို သတိရလိုက်တာ"
အားလုံး၏မျက်နှာများမှာ ညှိုးငယ်သွားကြသည်။ ဟုတ်ပေသည်။ သူတို့ဘာကြောင့် ထွက်လာခဲ့သနည်း။ သူတို့ မူလကတည်းက ထွက်မလာသင့်တာမျိုး ဖြစ်နိုင်သည်။ မငတ်ရုံတမယ် ရှင်သန်နေရလျှင်ပင် တစ်နေ့ပြီးတစ်နေ့ ရှင်သန်နေရခြင်းက ယခုကဲ့သို့ အန္တရာယ်များကြားတွင် မနက်မိုးလင်းမည်မလင်းမည်မသိဘဲ စွန့်စားနေရခြင်းထက် များစွာသာလွန်သည်။ အသက်ဆိုသည်မှာ သူတို့ကဲ့သို့သော သာမန်လူများအတွက် အလွန်ပျက်စီးလွယ်လှပြီး သေးငယ်သောမတော်တဆမှုတစ်ခုကပင် လူကို တောနက်ထဲတွင် အသက်ဆုံးရှုံးသွားစေနိုင်သည်။ သို့သော် ဤသို့သောအတွေးကို စိတ်ထဲတွင်သာ တွေးနိုင်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထုတ်မပြောဝံ့ပေ။
လော်ယွမ်က မြေပေါ်တွင် သတိလစ်နေသော ဝမ်ရှကွမ်ကို ကြည့်ရင်း အတန်ကြာတိတ်ဆိတ်နေပြီးနောက် ပါးစပ်ဟကာ ခက်ခက်ခဲခဲဆိုလိုက်သည်။ "ဒီခက်ခဲတဲ့ရက်တွေကို ကျော်ဖြတ်ပြီးရင် နောက်ပိုင်း ငါတို့အဆင်ပြေသွားမှာပါ"
ဝမ်ရှီရှီက လော်ယွမ်၏လက်ကိုဆွဲယူကာ ရွှံ့များပေကျံနေသော သူမ၏မျက်နှာပေါ်သို့ကပ်၍ ညင်သာစွာပွတ်သပ်ရင်း နှုတ်ဆိတ်နေသည်။
"အမြန်လာကြည့်ကြ... ဝမ်ရှကွမ်ရဲ့ဒဏ်ရာတွေ ပြန်ကျက်နေပြီ" ဆယ့်ငါးမိနစ်အကြာတွင် ဟွမ်ကျားဟွေက ရုတ်တရက် အံ့ဩတကြီးအော်လိုက်သဖြင့် ဤဖိစီးမှုပြင်းထန်သောလေထုကို ဖြိုခွင်းလိုက်သည်။
လော်ယွမ်က ဝမ်ရှီရှီ၏မျက်နှာမှ သူ၏လက်ကိုရုတ်သိမ်းလိုက်ပြီး သူမ၏ခြေသလုံးကို လှည့်ကြည့်လိုက်သည်။ ခြေသလုံးမှဒဏ်ရာမှာ ပြည်များမရှိတော့ဘဲ အနာဖေးများစတင်တည်လာသည်။ ဒဏ်ရာမှာလည်း အနည်းငယ်သေးငယ်သွားသယောင်ပင်။ လော်ယွမ်က သူမ၏နဖူးကို စမ်းကြည့်လိုက်ရာ အနည်းငယ်ပူနေသေးသော်လည်း အစောပိုင်းကနှင့်နှိုင်းယှဉ်လျှင် အပူချိန်မှာ များစွာကျဆင်းသွားခဲ့ပြီဖြစ်သည်။
အနည်းဆုံးတော့ အသက်အန္တရာယ်မှ လွတ်မြောက်သွားခဲ့ချေပြီ။ ထိုအစွမ်းကတကယ်အကျိုးရှိပုံရသည်။ လော်ယွမ် စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
လော်ယွမ်၏မျက်လုံးများက ယောက်ျားအနည်းငယ်ကို ဝေ့ကြည့်လိုက်ရာ ဟော်တုံနှင့် လင်းရှောင်ကျီတို့သုံးယောက်မှာ မျက်နှာပူပူဖြင့် လှည့်ထွက်သွားကြသည်။ ထို့နောက် လော်ယွမ်က ဝမ်ရှကွမ်၏နောက်ကျောဘက်မှအင်္ကျီကို လှန်တင်လိုက်ပြီး ပတ်တီးစည်းထားသောအဝတ်စကို ဂရုတစိုက်ဖြည်ကြည့်ရာ ထိုကြီးမားသောဒဏ်ရာမှာလည်း အတော်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။
"သူဘယ်လိုလုပ် ခဏလေးနဲ့ ပြန်ကောင်းသွားတာလဲ" ချောင်လင်းက အံ့ဩတကြီးဆိုလိုက်သည်။ သူမ၏စကားက အခြားသူများကို အထင်လွဲစေနိုင်သည်ဟု ရုတ်တရက်ခံစားမိသဖြင့် အလျင်အမြန်ရှင်းပြလိုက်သည်။ "ကျွန်မဆိုလိုတာက... ခန္ဓာကိုယ်ရဲ့သာမန်ပြန်ကောင်းနိုင်စွမ်းနဲ့ဆိုရင် အခုလိုမျိုးက လုံးဝမဖြစ်နိုင်ဘူးလို့ ပြောတာ"
"သူ ဆင့်ကဲပြောင်းလဲသွားလို့ နေမှာပေါ့" ဟွမ်ကျားဟွေက များများစားစားမစဉ်းစားဘဲ ဝမ်းသာအားရဖြင့်ဆိုလိုက်သည်။ ဤအချိန်အတောအတွင်း ဂရုတစိုက်ပြုစုစောင့်ရှောက်ခဲ့ရသဖြင့် ဝမ်ရှကွမ်မှာ သူမ၏အချစ်ပြိုင်ဘက်ဖြစ်ကြောင်းကိုပင် လုံးဝမေ့လျော့သွားခဲ့သည်။
"လျှောက်ခန့်မှန်းမနေကြနဲ့... အဲ့တာဒီဓားကြောင့်ဖြစ်နိုင်တယ်... ငါသူ့ကိုသစ်ခေါက်နဲ့ပေါင်းစပ်လိုက်တော့ တစ်ခုခုအကြီးအကျယ် ပြောင်းလဲသွားတယ်... အခုသူက အခြားသက်ရှိတွေရဲ့ အသက်စွမ်းအင်ကို စုပ်ယူပြီး ဒဏ်ရာတွေ ကုသနိုင်နေတဲ့ပုံပဲ... ငါလည်းအစကမသေမချာဖြစ်နေတာ အခုမှပဲ အတည်ပြုနိုင်တော့တယ်" အားလုံးက အဆက်မပြတ်ခန့်မှန်းနေကြသည်ကိုမြင်သောအခါ ဤဓားသည် နောင်တွင် လူတိုင်းအတွက် ကုသရေးကိရိယာတစ်ခုဖြစ်လာနိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး လော်ယွမ်က တိုက်ရိုက်ပြောလိုက်သည်။
အမျိုးသမီးများ၏မျက်လုံးများထဲတွင် အံ့ဩသင့်သည့် အရိပ်အယောင်များ ချက်ချင်းပေါ်ထွက်လာသည်။
ဝမ်ရှီရှီ၏ သေကောင်ပေါင်းလဲဖြစ်နေသောမျက်နှာထက်တွင်လည်း တက်ကြွမှုများ ပြန်လည်ဖြစ်ပေါ်လာသည်။
ချောင်လင်းက မသိစိတ်ဖြင့် သူမ၏ကြောက်မက်ဖွယ်ဘယ်ဘက်ပါးကို ပွတ်သပ်လိုက်ပြီး မျက်နှာထက်တွင် တောင့်တမှုအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
ဟွမ်ကျားဟွေ၏မျက်လုံးများထဲတွင်လည်း စိတ်လှုပ်ရှားမှုအရိပ်အယောင်များဖြင့် တောက်ပနေသည်။
အမျိုးသမီးများ မိမိတို့၏ရုပ်ရည်အပေါ် အလေးထားမှုမှာ ယောက်ျားများ စဉ်းစား၍ပင်မရနိုင်ပေ။ ထို့အပြင် မူလက လှပခဲ့သောအမျိုးသမီးများဖြစ်ရာ ပို၍ပင်ဆိုးသည်။ လောက်များ ကိုက်စားခြင်းကြောင့်ကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ်အမာရွတ်များက သူတို့၏စိတ်နှလုံးထဲတွင် အရိပ်မည်းကြီးသဖွယ် စွဲထင်နေပြီး မည်သို့မှဖယ်ရှား၍မရနိုင်ပေ။
သို့သော် ယခုအချိန်တွင် လော်ယွမ်၏စကားက အမှောင်ထုထဲတွင် ရုတ်တရက်ပေါ်ထွက်လာသော အာရုဏ်ဦးအလင်းရောင်တစ်ခုပမာ သူတို့၏ချုပ်တည်းထားသောစိတ်နှလုံးကို အပြင်းအထန် တုန်လှုပ်သွားစေခဲ့သည်။
အစောပိုင်းက ဖိစီးမှုနှင့်ညှိုးငယ်မှုများမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး ကျဉ်းမြောင်းသောသစ်ခေါင်းပေါက်အတွင်းတွင် ဝမ်းသာရွှင်မြူးသောလေထုတစ်ခု လွှမ်းခြုံသွားသည်။
ဆက်လက်၍ လူတိုင်းမှာ အံ့ဩဖွယ်အဖြစ်အပျက်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ဝမ်ရှကွမ်၏ခြေသလုံးမှဒဏ်ရာမှာ တဖြည်းဖြည်းသေးငယ်လာပြီး နောက်ဆုံးတွင် အနက်ရောင်အနာဖေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအတောအတွင်း ဝမ်ရှကွမ် အဖျားကျသွားပြီး နောက်ဆုံးတွင် သတိပြန်လည်ရရှိလာသည်။ လေးနာရီအကြာတွင် အနာဖေးကွာကျသွားပြီး မျက်နှာပြင်ပေါ်တွင် အနီနုရောင်အရေပြားတစ်ခု ပေါ်ထွက်လာသည်။
ခုနစ်နာရီအကြာတွင် နောက်ကျောဘက်မှဒဏ်ရာမှာလည်း အလားတူပင် ပျောက်ကင်းသွားသည်။
ယခုအချိန်မှာ နံနက်သုံးနာရီဖြစ်နေပြီဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အိပ်ချင်စိတ်မရှိဘဲ လူတိုင်းမှာ စိတ်လှုပ်ရှားနေကြပြီး ရှားပါးသော ရယ်မောသံများ ထွက်ပေါ်နေသည်။
အားလုံးကို ပို၍ဝမ်းသာစေသောကိစ္စမှာ အပြင်ဘက်မှ သည်းသည်းမဲမဲရွာနေသောမိုးက တိတ်သွားခဲ့ခြင်းဖြစ်သည်။
ဆက်ရန်...
အပိုင်း(၁၃၈)အနုမြူဗုံးပေါက်ကွဲမှု၏အကျိုးဆက်များ
မိုးစဲသွားသော်လည်း မြေပြင်ပေါ်မှရေများမှာမူ မြန်မြန်ဆန်ဆန် ကျဆင်းသွားခြင်းမရှိပေ။
နောက်ကျိနေသော ရေအရောင်နှင့် အတွင်းတွင်ပုန်းအောင်းနေနိုင်သော အန္တရာယ်များကြောင့် ခရီးဆက်ရန်မသင့်တော်သည်မှာ ထင်ရှားသည်။ သို့သော် အားလုံး၏စိတ်အခြေအနေမှာမူ ကောင်းကင်သာယာလာသည်နှင့်အမျှ ကြည်လင်လာပြီး လော်ယွမ်၏မျက်နှာအမူအရာပင်လျှင် ထိုမျှတင်းမာခြင်းမရှိတော့ဘဲ ထူးထူးခြားခြားပင် အစာရှာဖွေရန် ကိုယ်တိုင်ထွက်သွားခဲ့သည်။
အမှန်တကယ်တွင် စေ့စေ့စပ်စပ်ရှာဖွေပါက ရေလွှမ်းမိုးနေသောတောနက်ထဲတွင် စားစရာများစွာကို ရှာဖွေတွေ့ရှိနိုင်သေးသည်။ အရင်ဦးဆုံးတော့ ၎င်းကအဆိပ်ရှိမရှိကို သိထားဖို့လိုအပ်သည်။
အမျိုးမျိုးသောပေါင်းပင်များ၏ဥများ၊ နွားနို့ကဲ့သို့ချိုမြိန်သောသစ်ရည်များနှင့် အချို့သောပြန့်ကျဲနေသည့်အသီးရိုင်းများအပြင် လော်ယွမ်က မည်သည့်နေရာမှ ရေစီးနှင့်မျောပါလာသည်မသိသော သောင်တင်နေသည့်ငါးကြီးတစ်ကောင်ကိုပင် တွေ့ရှိခဲ့သည်။
ဤတွေ့ရှိမှုက လော်ယွမ်ကို အံ့ဩဝမ်းသာစေခဲ့သည်။
အံ့ဩသည်မှာ ရေကြီးမှုက မြစ်ချောင်းအင်းအိုင်များကို တစ်ဆက်တည်းဖြစ်သွားစေပြီး ရေထဲတွင် အလွန်အန္တရာယ်များလာခြင်းဖြစ်သည်။ ဝမ်းသာသည်မှာ ဤအပြာနုရောင်အဆင့်ငါးကြီးမှာ အလွန်ကြီးမားပြီး ရက်အနည်းငယ်အထိစားသုံးနိုင်ရာ အနည်းဆုံးတော့ ရေမကျမီအထိ အစားအသောက်အတွက် ပူပန်စရာမလိုတော့ခြင်းပင်ဖြစ်သည်။
လော်ယွမ်က ငါးကြီးကိုဆွဲယူကာ သစ်ခေါင်းဆီသို့ပြန်လာသည်။ ဤသစ်ပင်မှာ အသက်ဓာတ်များစွာဆုံးရှုံးသွားပြီး တစ်ညတာအတွင်းမှာပင် ၎င်း၏သစ်ရွက်များမှာ အနည်းငယ်ဝါကျင့်ကျင့်ဖြစ်လာကာ အသက်အရွယ်ကြီးရင့်လာသည့်ခံစားချက်ကိုပေးနေသည်။
ငါးကြီးက အလွန်ကြီးမားသဖြင့် လိုဏ်ခေါင်းထဲသို့သယ်ယူရန်မဖြစ်နိုင်ရာ လော်ယွမ်မှာ ၎င်းကို ငါးအသားတုံးများအဖြစ် ကြိုတင်ခုတ်ပိုင်းခဲ့ရသည်။
လော်ယွမ်ပြန်လာသည်ကိုမြင်သောအခါ အားလုံးမှာ ကူညီရန်လာကြပြီး တစ်ယောက်တစ်ပေါက်ဖြင့် စနစ်တကျပိုင်းဖြတ်ထားသောငါးအသားတုံးများကို သစ်ခေါင်း၏ထောင့်တစ်နေရာသို့သယ်ယူကာ ၃ပေကျော်မြင့်အောင် စုပုံထားလိုက်ကြသည်။ ငါးအရေခွံတစ်ခုလုံးကိုမူ လော်ယွမ်က အကောင်းအတိုင်းချန်ထားခဲ့သည်။ ဤငါးအရေခွံမျိုးမှာ သန္ဓေပြောင်းသားရဲ၏အရေခွံထက်ပို၍ပါးလွှာပြီး အလွန်ခိုင်ခံ့ရာ ရေသိုလှောင်ရန်အတွက်ဖြစ်စေ အထွေထွေပစ္စည်းများထည့်ရန်အတွက်ဖြစ်စေ အလွန်သင့်တော်သည်။
ဟွမ်ကျားဟွေနှင့် ချောင်လင်းတို့က ကျန်ရှိနေသောထင်းခြောက်အနည်းငယ်ကို စုစည်းကာ မီးပုံတစ်ခုကိုဖိုလိုက်ကြသည်။ သစ်ခေါင်းထဲမှာ အလွန်စိုစွတ်နေသဖြင့် မီးလောင်ကျွမ်းမည်ကိုမူ စိုးရိမ်စရာမလိုပေ။
ဟော်တုံသည် နေရာတွင်ပင် သစ်ခေါင်းထဲမှသစ်သားချောင်းအချို့ကိုချိုးကာ ငါးအသားများကိုထိုးစိုက်ပြီး အသားကင်ပြုလုပ်ရန်ပြင်လိုက်သည်။ မီးလျှံ၏ရိုက်ခတ်မှုအောက်တွင် ငါးအသားမှအဆီများက "ရှဲရှဲ" ဟူသောအသံကိုဖြစ်ပေါ်စေပြီး အဆီများမှာ အဆက်မပြတ်ကျဆင်းနေကာ သစ်ခေါင်းတစ်ခုလုံးတွင် စားချင်စဖွယ်မွှေးရနံ့တစ်ခု ပျံ့နှံ့နေသည်။
ဟွမ်ကျားဟွေက လူတိုင်းကို နွားနို့ကဲ့သို့သောသစ်ရည်တစ်ခွက်စီခွဲဝေပေးပြီး ပိုလျှံသည်များကို သူမသိမ်းဆည်းထားလိုက်သည်။
ဤအေးမြသောအရသာရှိသည့်သစ်ရည်မှာ အရသာအလွန်ကောင်းမွန်ပြီး လူအများအပြားမှာ မြည်းစမ်းပြီးနောက် တစ်ကြိမ်တည်းနှင့်ကုန်အောင်မသောက်ရက်ဘဲ တစ်ငုံချင်းစီသာ သောက်သုံးနေကြသည်။ ပေါင်းပင်များ၏ဥမှာလည်း အရသာအလွန်ကောင်းမွန်ပြီး အနည်းငယ်ကြမ်းတမ်းသည်မှလွဲ၍ ထမင်းအဖြစ်စားသုံးနိုင်သလို သစ်သီးအဖြစ်လည်း စားသုံးနိုင်သည်။
ဆာလောင်နေသည်မှာကြာပြီဖြစ်၍လားမသိ အားလုံးမှာ အစာစားချင်စိတ်အလွန်ပြင်းပြနေကြပြီး ဗိုက်များတင်းကားကာ ဆက်လက်မစားနိုင်တော့မှသာ ရပ်တန့်လိုက်ကြသည်။ ပုံမှန်အားဖြင့် အစားအနည်းဆုံးဖြစ်သော ဝမ်ရှီရှီပင်လျှင် ပုံမှန်ထက်သုံးဆပို၍စားသုံးခဲ့သည်။
လော်ယွမ်မှာမူ ငါးအသားဆယ်ပေါင်ကျော်ကို စားသုံးခဲ့ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က လျော့နည်းစွာစားသုံးခဲ့သည်များကို တစ်ပေါင်းတည်းပြန်လည်ဖြည့်တင်းလိုက်သည်။ သူ့ကဲ့သို့ကိုယ်ခန္ဓာအားကြီးသောလူကို သာမန်လူ၏ရှုထောင့်မှ တိုင်းတာ၍မရတော့ပေ။ သူက ယခုအခါ ရက်အနည်းငယ်အစာမစားဘဲနေလျှင်လည်း လန်းဆန်းတက်ကြွနေဆဲဖြစ်သလို တစ်နပ်တည်းဖြင့် ရက်အနည်းငယ်စာကိုလည်း စားသုံးနိုင်သည်။
………
အချိန်တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်နှင့်အမျှ အားလုံး၏ဒဏ်ရာများမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ကောင်းမွန်လာကြသည်။
တတိယနေ့ရောက်သောအခါ ရေများမှာ နောက်ဆုံးတွင်ကျဆင်းသွားပြီး ရွှံ့နွံများပြည့်နှက်နေသောမြေပြင်က ပေါ်ထွက်လာသည်။ အဝေးမှ အသားစားငါးနှင့်အလွန်တူသော သန္ဓေပြောင်းငါးမျိုးစိတ်အချို့မှာ ရွှံ့နွံနေရာအနှံ့တွင်အဆက်မပြတ်ခုန်ပေါက်နေပြီး နောက်ဆုံးအကြိမ်အဖြစ် ရုန်းကန်နေကြသည်။
ဟွမ်ကျားဟွေက စည်းကမ်းတင်းကြပ်သူတစ်ဦးကဲ့သို့ ပစ္စည်းများကို တစ်ကြိမ်ပြီးတစ်ကြိမ်စစ်ဆေးကာ လိုအပ်ချက်မရှိတော့မှသာ ရပ်တန့်လိုက်သည်။
အမှန်တကယ်တွင် ပစ္စည်းများမှာလည်း များများစားစားမရှိပေ။ ငါးအရေခွံဖြင့်ထည့်ထားသော သစ်ရည်ဆယ်ပေါင်ခန့်တစ်အိတ်၊ တစ်တုံးလျှင်တစ်ပေါင်ခွဲခန့်ရှိသော မီးခိုးဖြင့်ကျက်တိုက်ထားသည့်ငါးခြောက်ဆယ်တုံးကျော်၊ မီးခြစ်သုံးလုံး၊ တစ်ဦးချင်းစီ၏လက်နက်၊ ကျည်ဆန်များနှင့် သူတောင်းစားပင်မနှစ်သက်လောက်အောင် ဖြူဖျော့သွားအောင်လျှော်ဖွပ်ထားသော အဝတ်စားအချို့သာဖြစ်သည်။
ဤသည်မှာ သူတို့အဖွဲ့၏ပစ္စည်းအားလုံးပင်ဖြစ်သည်။
လော်ယွမ်က မကြာသေးမီကပြုလုပ်ထားသောလှံတိုဆယ်ချောင်းကျော်ကို အိတ်ထဲသို့ထည့်ကာ နောက်ကျောတွင်လွယ်ပြီး သစ်ပင်အလယ်ဗဟိုတွင်စိုက်ထားသော ကျန်းမာတောက်ဓားကိုဆွဲထုတ်ကာ သစ်ခေါင်းမှဦးစွာခုန်ချလိုက်သည်။
အားလုံးမှာ စိုးရိမ်တကြီးဖြင့် မြေပြင်ပေါ်တွင်ဝပ်နေသောဧရာမဖွတ်ကြီးရှေ့သို့လျှောက်သွားကြပြီး ဖွတ်ကြီးကျောပေါ်ရှိကော်ဇောမှကျနေသောကြိုးကိုဆွဲကိုင်ကာ လက်များခြေများတုန်ရင်ပျော့ခွေစွာဖြင့် တက်သွားကြသည်။
ဤရက်အနည်းငယ်အတွင်း အားလုံးမှာ ဘာမှမလုပ်ဘဲနေခဲ့ကြသည်တော့မဟုတ်ပေ။ အနည်းဆုံးတော့ ဧရာမဖွတ်ကြီး၏ကျောပေါ်တွင် နွယ်ပင်များ၏အခေါက်ဖြင့်ပြုလုပ်ထားသော ကြမ်းတမ်းသည့်ကော်ဇောတစ်ချပ်ကို ခင်းကျင်းထားပြီး အပေါ်တွင်ခင်းထားသဖြင့် ချော်ကျသွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။
တိုးညှင်းသောဟိန်းဟောက်သံတစ်ချက်နှင့်အတူ ဧရာမဖွတ်ကြီးက ထရပ်လိုက်ပြီး ဖြည်းညှင်းစွာရှေ့သို့လျှောက်သွားသည်။
ရေကျသွားသောသစ်တောထဲတွင် ညစ်ညမ်းသောရေများနေရာအနှံ့ရှိပြီး ယင်နှင့်ခြင်များပေါက်ဖွားကာ ဖြတ်သန်းသွားရာနေရာတိုင်းတွင် ပိုးမွှားငယ်များပြည့်နှက်နေသည်။ ဤပိုးမွှားငယ်များမှာ ဆန်စေ့ထက်ပင်သေးငယ်သော်လည်း အရေအတွက်များပြားပြီး အုပ်စုဖွဲ့ကာ မီးခိုးငွေ့ကဲ့သို့ လွင့်ပျံနေကြသည်။ သို့သော် ဤအင်းဆက်များမှာမူ လော်ယွမ်ရှိရာဘက်သို့ လုံးဝမချဉ်းကပ်ရဲဘဲ တစ်ခါတစ်ရံ အလွန်နှေးကွေးသော ပိုးမွှားအုပ်များက မြေပြင်ပေါ်သို့ အစုလိုက်အပြုံလိုက်ကျဆင်းသွားကြသည်။
လော်ယွမ်က စောစောကတည်းက သတိထားမိခဲ့ပြီးဖြစ်သည်။ အမှန်တကယ်တွင် သစ်ခေါင်းထဲတွင်ရှိစဉ်ကတည်းက ထိုအဖြစ်မျိုး ရှိနှင့်ပြီးဖြစ်သည်။ နေရာအလွန်ကျဉ်းမြောင်းသဖြင့် အောက်ဆီဂျင်မလုံလောက်မည်ကို စိုးရိမ်သောကြောင့် သစ်ခေါင်းမှာ ညအချိန်တွင်ပင် အပေါက်ငယ်တစ်ခုကိုချန်ထားခဲ့ရသည်။ သို့သော် နေ့အချိန်ဖြစ်စေ၊ ညအချိန်ဖြစ်စေ အင်းဆက်ပိုးမွှားတစ်ကောင်မျှပင် ပျံဝင်လာခြင်းမရှိခဲ့ပေ။
အင်းဆက်များကိုရှောင်တိမ်းစေသောအကြောင်းအရင်းမှာ ဧရာမဖွတ်ကြီးကြောင့်လည်းမဟုတ်၊ လော်ယွမ်ကြောင့်လည်းမဟုတ်ဘဲ ကျန်းမာတောက်ဓားကြောင့်ဖြစ်သည်။
ကျန်းမာတောက်ဓားက အစိမ်းရောင်အဆင့်သို့ဆင့်ကဲပြောင်းလဲသွားပြီးနောက် သူ၏ဓားတွင် ရှင်းပြ၍မရနိုင်သော မှိန်ပျပျအရှိန်အဝါတစ်ခု ပေါ်ပေါက်လာသည်။ ဤသည်မှာ စိတ်ထဲမှ ထင်မြင်မှုတစ်ခုမဟုတ်ဘဲ တကယ်တမ်းတည်ရှိနေသောအရာဖြစ်သည်။
သို့သော် ဤအရှိန်အဝါမှာ အလွန်အားနည်းသေးပြီး သာမန်လူတစ်ယောက်မှာမူ ၎င်း၏ထက်ရှမှုကိုသာခံစားမိပြီး အလွန်ထက်မြက်သည်ကိုသာ သိရှိနိုင်ပေမည်။ သို့သော် ဤကိုယ်လုံးသေးငယ်ပြီး စိတ်ဝိဉာဉ်အားနည်းပြီး အားနည်းသော ခန္ဓာကိုယ်ရှိသည့်ပိုးမွှားငယ်များအတွက်မူ ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ပြီး အနားသို့လုံးဝ မချဉ်းကပ်ရဲကြပေ။
နာရီဝက်ခန့်လျှောက်ပြီးနောက် သစ်ပင်များတဖြည်းဖြည်းကျဲပါးလာပြီး ကောင်းကင်မှာ အားလုံး၏ခေါင်းပေါ်တွင် နောက်တစ်ကြိမ်ပေါ်ထွက်လာသည်။ ရာသီဥတုမှာ အလွန်မှိုင်းနေဆဲဖြစ်ပြီး ကောင်းကင်တွင် မိုးတိမ်များပြည့်နှက်နေသည်။ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော မီးတောင်ပြာမှုန်များကြောင့် ဤရက်အနည်းငယ်အတွင်း နေရောင်ကိုမြင်တွေ့ရန်ခက်ခဲပေလိမ့်မည်။
သို့သော် အားလုံးမှာမူ စိတ်ဓာတ်တက်ကြွလာကြသည်။
"နောက်ဆုံးတော့ တောထဲက ထွက်နိုင်တော့မယ်" ဟော်တုံက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ကျွန်မအထင်တော့ ၁၀မိနစ်အတွင်း တောထဲကထွက်နိုင်လောက်တယ်" ချောင်လင်းက မျက်နှာတွင်အပြုံးတစ်ခုဖြင့် ထောက်ခံပြောဆိုလိုက်သည်။
"အဲ့ခါကျရင် အိပ်ရာကောင်းကောင်းနဲ့ စောင်တစ်ထည်ရှာပြီး အဝအိပ်ပစ်ရမယ်... ဒီအတောအတွင်းညတိုင်း အရမ်းအေးလို့ တစ်ညမှ ကောင်းကောင်းအိပ်မရဘူး" ဝမ်ရှီရှီက ချိုမြိန်စွာပြောလိုက်သည်။
ဟွမ်ကျားဟွေက တည်ငြိမ်စွာပြုံးနေသည်။ ဤရက်အနည်းငယ်မှာ သူမအလွန်ဒုက္ခရောက်ခဲ့ရသည်။ နေ့တိုင်း အမိုးအကာမဲ့နေထိုင်ရသဖြင့် ကျောက်ခေတ်လူ့အဖွဲ့အစည်းသို့ပြန်ရောက်သွားသည်ဟုပင် ထင်မိသည်။ ယခုအခါ ရက်အတော်များများ သွားမတိုက်ရသေးသဖြင့် ပါးစပ်ဟလိုက်သည်နှင့် ခံတွင်းနံ့နံနေသည်။ ကံကောင်းစွာဖြင့် အရာအားလုံး အဆုံးသတ်တော့မည်ဖြစ်ပြီး အနည်းဆုံးတော့ အမြန်လမ်းမကြီးပေါ်သို့ရောက်လျှင် ယခုကဲ့သို့စောင်တစ်ထည်မျှပင်မရှိသည့်အခြေအနေမျိုးနှင့်တူမည်မဟုတ်ပေ။ ထိုနေရာမှကာကွယ်ရေးစခန်းတိုင်းတွင် အိပ်ရာ၊ စောင်အမြောက်အမြားနှင့် တစ်ကိုယ်ရေသုံးပစ္စည်းအမျိုးမျိုးရှိကြသည်။
အားလုံးမှာ လမ်းတစ်လျှောက် စကားပြောရယ်မောနေကြသော်လည်း မကြာမီ မျက်နှာပေါ်မှအပြုံးများမှာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
ဆက်လက်၍နက်ရှိုင်းစွာသွားသည်နှင့်အမျှ ဤတောနက်မှသစ်ပင်များမှာ ပို၍ပို၍ကျဲပါးလာပြီး သစ်ပင်များမှာလည်း ပို၍ထူးဆန်းလာသည်။ သစ်ပင်များမှာ အလွန်အမင်းလိမ်ကောက်နေပြီး သစ်ရွက်များမှာလည်း ပုံမှန်သစ်ပင်များထက် အများကြီးနည်းပါးကာ အများစုမှာ ခြောက်သွေ့နေကြပြီဖြစ်သည်။ ဖွံ့ဖြိုးမှုမမှန်သော ပုံပျက်ပန်းပျက်သတ္တဝါများကဲ့သို့ ဖြစ်နေသည်။
လမ်းတစ်လျှောက်တွင် သန္ဓေပြောင်းသတ္တဝါများ၏အရိုးဖြူပုံများကို နေရာအနှံ့တွင်တွေ့မြင်နိုင်ပြီး စောစောကရေကြီးမှုကြောင့် အများစုမှာ ရွှံ့နွံများအောက်တွင် တစ်ဝက်တစ်ပျက်ဖုံးလွှမ်းနေသည်။ အစပိုင်းတွင်တွေ့မြင်ရသည်မှာ သေးငယ်သောအရိုးများဖြစ်သော်လည်း ဆက်လက်၍ရှေ့သို့သွားသည်နှင့်အမျှ ကြီးမားသောအရိုးစုများကို တစ်ခါတစ်ရံတွေ့မြင်လာရသည်။
ဤနေရာတွင် တစ်ခုခုဖြစ်ပွားခဲ့ပုံရသည်။
လော်ယွမ်ကတော့ အစွမ်းထက်ပြီး လုပ်ရဲကိုင်ရဲရှိသဖြင့် ကျန်လူများကဲ့သို့ တစ်ခုခုဖြစ်တိုင်း ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။ အစိမ်းနုရောင်အဆင့်အထက်ရှိသောသတ္တဝါများနှင့် မကြုံရသရွေ့ သူ့အတွက် ကြောက်ရွံ့စရာမရှိပေ။ စိတ်ထဲတွင် အနည်းငယ်ထူးဆန်းသည်ဟုခံစားမိသော်လည်း ခရီးကို မရပ်တန့်ခဲ့ပေ။ ဤလမ်းမှာ အမြန်လမ်းမကြီးသို့သွားသော အနီးဆုံးလမ်းဖြစ်ပြီး အကယ်၍ ဤကျယ်ပြန့်သောဧရိယာကိုရှောင်ကွင်းသွားပါက အမြန်လမ်းမကြီးသို့ရောက်ရန် အလွန်ကြာမြင့်ပေလိမ့်မည်။
၁၀မိနစ်ခန့်ကြာပြီးနောက် ပတ်ဝန်းကျင်မှသစ်တောများမှာ ဦးတည်ရာတစ်ခုတည်းသို့ အနည်းငယ်ယိုင်လဲနေသည့်ပုံစံဖြစ်လာပြီး ပတ်ဝန်းကျင်တွင် ခြောက်သွေ့နေသောသစ်ပင်များ ပို၍ပို၍များပြားလာသည်။ အသက်ရှင်နေသောသစ်ပင်အနည်းငယ်မှလွဲ၍ သစ်ပင်အများစုမှာ သေဆုံးနေကြပြီဖြစ်သည်။ ထိုအသက်ရှင်နေသောအပင်အနည်းငယ်မှာလည်း ပို၍ထူးဆန်းနေပြီး တစ်ပင်လုံးတွင် သစ်ရွက်တစ်ရွက်မျှမရှိဘဲ သစ်ကိုင်းများမှာ တစ္ဆေလက်သည်းများကဲ့သို့ လေထဲတွင်ရုန်းကန်နေသည့်အလားရှိနေသည်။
လေထုထဲတွင် သေခြင်းတရား၏အငွေ့အသက်တစ်ခု ပျံ့နှံ့နေသည့်ပမာရှိနေပြီး ပတ်ဝန်းကျင်မှာ ကြောက်ဖို့ကောင်းလောက်အောင် တိတ်ဆိတ်နေကာ သစ်တောထဲတွင်ပုံမှန်ကြားရတတ်သည့် ပိုးမွှားအော်မြည်သံများပင် ပျောက်ကွယ်သွားသည်။ အားလုံးက မိမိတို့ ငရဲဘုံတစ်ခုသို့လျှောက်လှမ်းနေသည်ဟု ခံစားနေရသည်။
ဧရာမဖွတ်ကြီးက အနည်းငယ်ဂနာမငြိမ်ဖြစ်လာပြီး နှာခေါင်းပေါက်မှ အဆက်မပြတ်နှာမှုတ်ကာ အငွေ့များထွက်ပေါ်နေပြီး ရှေ့သို့ဆက်လက်လျှောက်သွားရန် မလိုလားသည့်အရိပ်အယောင်ပြနေသည်။
ဟွမ်ကျားဟွေက ရုတ်တရက်ထိတ်လန့်တကြားဖြင့် အသံပင်ပုံပျက်သွားကာ "ခဏနေဦး... ကျွန်မတို့ပြန်လှည့်မှဖြစ်မယ်... ဒါအနုမြူဗုံးကွဲထားတဲ့နေရာနားဖြစ်မယ်"
လော်ယွမ် ထိတ်လန့်တုန်လှုပ်သွားသည် "နင်ဘာပြောလိုက်တာလဲ"
"ရှင်မမှတ်မိတော့ဘူးလား... ဟယ်တုံမြို့မှာတုံးက အနုမြူဗုံးကျဲလိုက်တာကို မြင်လိုက်ရတယ်လေ... ဒီနေရာက ဗုံးကျထားတဲ့နေရာနား ဖြစ်နိုင်တယ်" ဟွမ်ကျားဟွေက အလျင်အမြန်ပြောလိုက်သည်။
အားလုံး၏မျက်နှာများ ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားပြီး မျက်လုံးများမှာ ပတ်ဝန်းကျင်မှအရာအားလုံးကို ထိတ်လန့်တကြားကြည့်ကာ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
ဤနေရာ ဤမျှတိတ်ဆိတ်နေပြီး အပင်များလည်း ပုံပျက်ပန်းပျက်ဖြစ်နေခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ အနုမြူဗုံးဗုံးပေါက်ကွဲသည့်နေရာမှာ ဤနေရာပင်ဖြစ်ရမည်။ ဤနေရာတွင် ကြီးမားသောအနုမြူဓာတ်ရောင်ခြည်များ ကျန်ရှိနေဦးမည်မှာ သေချာသည်။ လော်ယွမ်က ဧရာမဖွတ်ကြီး၏ခေါင်းကို အလျင်အမြန်ပုတ်လိုက်ရာ ၎င်းကရပ်တန့်သွားပြီး လော်ယွမ်၏အချက်ပြမှုဖြင့် ခေါင်းလှည့်ကာ မူလလမ်းအတိုင်း အလျင်အမြန်ပြန်လှည့်သွားသည်။
"သမီးတို့ဒီမှာ နည်းနည်းကြာသွားတာ ဘာမှတော့မဖြစ်လောက်ပါဘူးနော်" ဝမ်ရှီရှီက စိုးရိမ်စွာမေးလိုက်သည်။ သူမသည် ယခင်ကကျောင်းတွင် အနုမြူဓာတ်ရောင်ခြည်သင့်ခြင်းအကျိုးဆက်၏ ကြော်ငြာဓာတ်ပုံများကိုကြည့်ဖူးရာ ထိုထဲမှပုံပျက်ပန်းပျက်ဖြစ်နေသော လူတစ်ယောက်စီတိုင်းကို သူမ စွဲစွဲမြဲမြဲမှတ်မိနေသည်။
"မဖြစ်ပါဘူး... ငါတို့ခန္ဓာကိုယ်ကအများကြီး သန်မာနေပြီလေ... ပြီးတော့ဒီမှာ ၁၀မိနစ်လောက်ပဲ နေခဲ့တာဆိုတော့ ဘာမှမဖြစ်လောက်ဘူး" ဟွမ်ကျားဟွေက ပြောလိုက်သည်။ ဤသည်မှာ ဝမ်ရှီရှီကိုနှစ်သိမ့်ခြင်းထက် မိမိကိုယ်ကိုနှစ်သိမ့်ခြင်းနှင့်ပိုတူသည်။ "ကြည့်လေ... ဒီမှာအသက်ရှင်နေတဲ့အပင်တွေလည်း ရှိသေးတယ်မလား"
"ဒါပေမဲ့သူတို့အကုန်လုံး ပုံပျက်ပမ်းပျက်တွေ ဖြစ်နေတာ... သန္ဓေပြောင်းကုန်တာတော့ မဟုတ်လောက်ပါဘူးနော်" ဝမ်ရှီရှီက မလုံမလဲဖြင့်မေးလိုက်သည်။
ဟွမ်ကျားဟွေ ခဏမျှတိတ်ဆိတ်သွားပြီးနောက် "သူတို့က မူလကတည်းက သန္ဓေပြောင်းအပင်တွေပဲလေ"
ထိုအချိန်တွင် ဝမ်ရှကွမ်၏ကိုယ်ခန္ဓာ တစ်ချက်ယိုင်သွားပြီး ဧရာမဖွတ်ကြီးပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားရာ လော်ယွမ် အလျင်အမြန်ထိန်းကိုင်လိုက်သည် "နင်ဘာဖြစ်တာလဲ"
ဝမ်ရှကွမ် ခေါင်းခါပြပြီး တုန်ယင်စွာဖြင့် "ကျွန်မ ခေါင်းနည်းနည်းမူးလို့ပါ"
"သမီးလည်း နည်းနည်းမူးလာသလိုပဲ… အန်လည်းအန်ချင်နေတယ် " ဝမ်ရှီရှီက တိုးတိုးလေးပြောလိုက်ပြီး သူမ၏လက်က လော်ယွမ်၏အင်္ကျီအစွန်းကို တင်းတင်းဆွဲထားသည်။
အားလုံး၏မျက်နှာတွင် စိုးရိမ်ကြောင့်ကြမှုများရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း ဤသို့သောခံစားချက်မျိုးဖြစ်နေသောကြောင့်ဖြစ်သည်။
"ခဏလောက်တောင့်ထားကြ… ငါတို့ခဏနေရင် ဒီနေရာကနေ ထွက်တော့မှာ" လော်ယွမ် အားလုံးကိုတစ်ချက်ကြည့်လိုက်ရာ စိတ်ထဲတွင် တဖြည်းဖြည်းလေးလံသွားသည်။ ဝမ်ရှီရှီပင်လျှင် ဓာတ်ရောင်ခြည်သင့်သည့်လက္ခဏာများပေါ်ပေါက်လာပြီဖြစ်ရာ မိမိနှင့်လင်းရှောင်ကျီမှလွဲ၍ အားလုံးမှာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဤတစ်ကြိမ် အနုမြူဗုံးဓာတ်ရောင်ခြည်သင့်ခြင်းမှာ ယခင်အနုမြူဗုံးပေါက်ကွဲမှုတစ်ကြိမ်နှင့်မတူပေ။ ထိုတစ်ကြိမ်မှာ ကီလိုမီတာဆယ်ဂဏန်းအကွာတွင်ဖြစ်ပြီး ပမာဏမှာ အလွန်နည်းပါးသည်ဟုဆိုနိုင်ရာ သာမန်လူပင်လျှင် ခံနိုင်ရည်ရှိသည်။ ဤတစ်ကြိမ်မှာမူ အလွန်နီးကပ်လွန်းလှသည်။
သန္ဓေပြောင်းအပင်များ၏အသက်စွမ်းအင်မှာ အားကောင်းလှသဖြင့် သာမန်အနုမြူဗုံးဓာတ်ရောင်ခြည်က ၎င်းတို့ကို များစွာထိခိုက်စေနိုင်မည်မဟုတ်ပေ။ ဤမျှပမာဏကြီးမားသောသေဆုံးမှုဖြစ်ပေါ်လာခြင်းမှာ အကြောင်းအရာတစ်ခုတည်းကိုသာ သက်သေပြနေသည်။ သူတို့က အနုမြူဗုံးပေါက်ကွဲသည့်နေရာ၏အစွန်းသို့ အလွန်နီးကပ်နေပြီဖြစ်သည်။
"အကိုယွမ်… အကိုယွမ်… ကျွန်မကိုအဲ့အပင်ကြီးက သစ်ကိုင်းတစ်ကိုင်းလောက် ချိုးပေးပါလားဟင်" ထိုအချိန်တွင် ချောင်လင်းက ထိုပုံပျက်ပန်းပျက်သစ်ပင်ကြီးများကိုကြည့်ရင်း ရုတ်တရက်စိတ်ကူးတစ်ခုရကာ ပြောလိုက်သည်။
"နင်က သစ်ကိုင်းနဲ့ ဘာလုပ်မလို့လဲ" လော်ယွမ်က သံသယဖြင့်မေးလိုက်သည်။
"ဒီသစ်ပင်တွေမှာ ဘာသစ်ရွက်မှမရှိဘူး… ပတ်ဝန်းကျင်ရဲ့ဓာတ်ရောင်ခြည်သင့်တဲ့နှုန်းကလည်း အရမ်းမြင့်လို့ ဒီနားတဝိုက်မှာ ဘာသက်ရှိမှမရှိဘူး… အဲ့တော့သူတို့မီးအိမ်မြက်လို သက်ရှိတွေကိုစားသုံးပြီး ရှင်သန်တာ မဟုတ်လောက်ဘူး… ဖြစ်နိုင်တာက သူတို့အနုမြူဓာတ်ရောင်ခြည်တွေကို စုပ်ယူနိုင်တာပဲနေမယ် " ချောင်လင်းက အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် သုံးသပ်ပြသည်။
"ငါလည်းအရမ်းဖြစ်နိုင်တယ်လို့ထင်တယ်… အဆိုစကားတောင်ရှိသေးတယ်လေ… အဆိပ်အပြင်းပိုးကောင်တွေရှိတဲ့ နေရာရဲ့ ခြေ၇လှမ်းအတွင်းမှာ သူတို့ရဲ့အဆိပ်ကိုဖြေနိုင်တဲ့အရာ ရှိစမြဲပဲတဲ့" ဟော်တုံက မျှော်လင့်ချက်ကိုခံစားမိသည့်အလား သူ၏စိတ်ထဲတွင် ပေါ့ပါးသွားပြီး ဝင်ပြောလိုက်သည်။
လော်ယွမ်က အဝေးမှထူးဆန်းသောသစ်ပင်များကိုကြည့်လိုက်ရာ ချောင်လင်း၏သုံးသပ်ချက်မှာ မှန်ကန်သည်ဟု ပို၍ပို၍ခံစားလာရသည်။ သူက အလျင်အမြန်ပြောလိုက်သည်။ "မင်းတို့ဒီမှာစောင့်နေ… ငါသွားကြည့်လိုက်မယ်"
သူက ဧရာမဖွတ်ကြီး၏ကျောပေါ်မှခုန်ချလိုက်ပြီး ရှေ့မှထူးဆန်းသောသစ်ပင်တစ်ပင်ဆီသို့ အလျင်အမြန်လျှောက်သွားလိုက်သည်။
ဆက်ရန်…
အပိုင်း(၁၃၉)ပင်လယ်ကူးတံတား
ဤသစ်ပင်မှာ မကြီးမားလှဘဲ အမြင့် ၂၄ပေနှင့် အချင်း၁ပေခွဲခန့်သာ ရှိသည်။ တစ်ကိုယ်လုံးမှာ ပြောင်ရှင်းနေပြီး ဖွံ့ဖြိုးခြင်းမရှိသကဲ့သို့ပင်။ လော်ယွမ်ကို သတိပြုမိစေသည်မှာ သစ်ခေါက်က ချောမွေ့နီမြန်းနေပြီး လူ့အရေပြားနှင့်တူကာ အလွန်ပင် ထူးဆန်းသော ခံစားမှုကို ပေးစွမ်းနေသည်။
သူက မည်သည့်အန္တရာယ်မှ ရှိမည်မဟုတ်ဟု ခံစားမိသော်လည်း သတိကြီးစွာ ထားရှိနေဆဲဖြစ်သည်။ သူက ဓားကိုဆုပ်ကိုင်ထားပြီး တစ်ကိုယ်လုံးမှ အရှိန်အဝါမှာ ထင်တစ်ချက် မထင်တစ်ချက် ဖြစ်နေသည်။
သို့သော် လော်ယွမ် အနားသို့ ချဉ်းကပ်သွားသည်အထိ ဤထူးဆန်းသော သစ်ပင်ကြီးက မည်သို့မျှ လှုပ်ရှားမှုမရှိပေ။
"ကြည့်ရတာ သာမန်သစ်ပင်ကြီးတပင်ပဲ"
လော်ယွမ်၏ အမူအရာမှာလည်း ပေါ့ပါးသွားသည်။ သူက သစ်ကိုင်းတစ်ကိုင်းကို ရွေးချယ်သတ်မှတ်ပြီး နေရာတွင်ပင် ညင်သာစွာ ခုန်လိုက်သည်။ လေထဲသို့ ရောက်ရှိစဉ် ရုတ်တရက် ဓားရောင်ခြည်တစ်ခု လက်ခနဲဖြစ်သွားပြီး ထိုသစ်ကိုင်းမှာ ပြတ်ကျလာသည်။
ထိုအချိန်တွင် လော်ယွမ်က ထိုသစ်ပင်ကြီး၏ ခန္ဓာကိုယ်မှာ တစ်ချက်တုန်ခါသွားပြီးနောက် တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသည်။
လော်ယွမ်က မြေပေါ်သို့ ပြန်ကျလာပြီး သေချာစွာ တစ်ချက်ကြည့်လိုက်သည်။
ဤသစ်ပင်ကြီးမှာ မလှုပ်မယှက်ဖြင့် သာမန်အပင်တစ်ပင်ကဲ့သို့ပင်။ အကယ်၍ ပြတ်ကျလာသော သစ်ကိုင်းမှာ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်မနေပါက သူပင်လျှင် အလိမ်ခံလိုက်ရမည်ဖြစ်သည်။
"အပင်တွေလည်း အယောင်ဆောင်တတ်မယ်လို့ မထင်ထားဘူး" လော်ယွမ်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။ ဤသည်မှာလည်း အမှန်တော့ အံ့ဩစရာမဟုတ်ချေ။ သက်ရှိတို့၏ ပင်ကိုသဘာဝမှာ အကျိုးရှိရာကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်ရှားခြင်းပင်ဖြစ်သည်။ လော်ယွမ်က သူ၏ စွမ်းအားကို မပြသခဲ့သော်လည်း သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်နှင့်ပင် မတိမ်းမယိမ်းဖြစ်သည်။ အများဆုံး အပြာနုရောင်အဆင့်သာ ရှိသော သစ်ပင်တစ်ပင်က မိမိကိုယ်ကို သေကြောင်းကြံချင်စိတ်မရှိလျှင် ဤသို့သော လူပုံသဏ္ဌာန် သန္ဓေပြောင်းသားရဲကို မည်သို့မျှ ရန်စမည်မဟုတ်ပေ။ အကယ်၍ သူ၏ အာရုံခံနိုင်စွမ်းမှာ ပို၍အားကောင်းပါက အနီးအနားတွင် တစ်ကယ့် အပြာရင့်ရောင်အဆင့် ဧရာမဖွတ်ကြီးတစ်ကောင် ရှိနေသည်ကိုပင် သတိပြုမိပေလိမ့်မည်။ ထိုအရာမှာ သန္ဓေပြောင်းသတ္တဝါအများစုတွင် အရှင်သခင်အဆင့်ပင် ဖြစ်နေပြီဖြစ်သည်။
ဤသည်မှာလည်း လော်ယွမ်တို့အဖွဲ့ တစ်လမ်းလုံး အလွန်ငြိမ်းချမ်းစွာ လာခဲ့ရသည့် အကြောင်းရင်းပင်ဖြစ်သည်။ သို့မဟုတ်ပါက ဓာတ်ရောင်ခြည်သင့်နယ်မြေတွင် သက်ရှိများ မည်မျှပင် ရှားပါးသည်ဖြစ်စေ တစ်လမ်းလုံး အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်မည်မဟုတ်ပေ။
သူက ခတ္တမျှ ကြည့်ပြီးနောက် အပိုပြဿနာများ မရှာလိုတော့သဖြင့် ဒီတိုင်းထားလိုက်သည်။
သူက သစ်ကိုင်းကို ကောက်ယူလိုက်သည်နှင့် သစ်ကိုင်းမှာ အထိခံလိုက်ရသဖြင့် သူ၏ လက်ဖမိုးကို ရစ်ပတ်ရန် ကြိုးစားတော့သည်။ လော်ယွမ်က အေးစက်စွာ နှာခေါင်းရှုံလိုက်ပြီး အားဖြင့် တစ်ချက်ခါလိုက်ရာ သစ်ကိုင်းက ချက်ချင်းပင် ဇက်ကျိုးသကဲ့သို့ ငြိမ်ကျသွားသည်။ လော်ယွမ်က အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်ရာ သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာသော သတင်းအချက်အလက်များက သူ၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။
အမည် - ဓာတ်ရောင်ခြည်သင့်သစ်ပင်၏ သစ်ကိုင်း
ရှားပါးမှုအဆင့် - အပြာနုရောင်
အလေးချိန် - ၃ ကီလိုဂရမ်
ထပ်တိုးအစွမ်း - ဓာတ်ရောင်ခြည်သင့်မှုကို စုပ်ယူနိုင်ခြင်း
သုံးသပ်ချက် - ဓာတ်ရောင်ခြည်သင့်သစ်ပင်များသည် ယေဘုယျအားဖြင့် အနုမြူ ဓာတ်ရောင်ခြည်သင့်နယ်မြေများတွင် ရှင်သန်ကြသည်။ မြင့်မားသော ဓာတ်ရောင်ခြည်သင့်မှုက သစ်ပင်များကို လိုက်လျောညီထွေစွာ ဆင့်ကဲပြောင်းလဲစေခဲ့ပြီး သူတို့သည် ဓာတ်ရောင်ခြည်သင့်မှုကို အစာအဖြစ် မှီဝဲကြကာ ရံဖန်ရံခါတွင် သန္ဓေပြောင်းသတ္တဝါများကိုလည်း စားသုံးကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်မှာ အလွန်ပြင်းထန်သော်လည်း သူ၏ အကိုင်းအခက်မှာမူ ဓာတ်ရောင်ခြည်သင့်မှုကာကွယ်ဆေးအတွက် အကောင်းဆုံး ကုန်ကြမ်းဖြစ်ပြီး ဆေးဝါးကုသမှုတွင် အများဆုံး အသုံးပြုကြသည်
ယခုအခါ လူတိုင်း ဓာတ်ရောင်ခြည်သင့်မှုအောက်တွင် ရှိနေသဖြင့် လော်ယွမ်က ကြာရှည်မနေရဲဘဲ အမြန် ပြန်လာခဲ့သည်။
"ဒီသစ်ကိုင်းက အဆိပ်တော့မရှိပါဘူးနော်" ဝမ်ရှီရှီက ခါယမ်းနေဆဲဖြစ်သော သစ်ကိုင်းကို ကြည့်ရင်း ရွံရှာသော အမူအရာဖြင့် ပြောသည်။
"စိတ်ချ… ဘာအဆိပ်မှမရှိဘူး… ခဏနေရင် သူ့ကိုအရည်ညှစ်ပြီးသောက်လိုက်… ဒါဆိုအားလုံးကောင်းသွားလိမ့်မယ်" လော်ယွမ်က ပြောသည်။
"တကယ်ကြောက်ဖို့ကောင်းတာပဲ… အပင်တွေတောင် လှုပ်ရှားနိုင်မယ်လို့ မထင်ထားဘူး" ချောင်လင်းက အနည်းငယ် ကြောက်လန့်စွာ ပြောသည်။
"ဟဲဟဲ… ဒီလိုလှုပ်ရှားနိုင်တဲ့ သစ်ကိုင်းမျိုးက မိန်းမတွေ အကြိုက်ဆုံးဖြစ်ရမှာ" ဟော်တုံက ပါးစပ်မထိန်းနိုင်ဘဲ ညစ်ညမ်းသော နောက်ပြောင်မှုတစ်ခုကို ပြောလိုက်သည်။
ယောက်ျားသားအချို့က သဘောပေါက်စွာ ရယ်မောကြပြီး လော်ယွမ်ပင်လျှင် ရယ်မောလိုက်သည်။
ဤသို့သောအခြေအနေမျိုးကို ကြုံတွေ့ဖူးသော ဟွမ်ကျားဟွေနှင့် ချောင်လင်းတို့သာမက ဝမ်ရှီရှီကဲ့သို့သော မိန်းမပျိုလေးပင်လျှင် မျက်နှာနီမြန်းသွားသည်။ ဟွမ်ကျားဟွေက သူ့ကို ပြင်းထန်စွာ မျက်စောင်းထိုးလိုက်ပြီး "နောက်ခါအဲ့လိုစနောက်တာမျိုး ဘယ်တော့မှမလုပ်ပါနဲ့"
အခြားအမျိုးသမီးများကလည်း သူ့ကို မျက်နှာသာမပေးကြပေ။
ဟော်တုံက မျက်နှာပူပူဖြင့် ပါးစပ်ပိတ်လိုက်ပြီး သူက ဤအမျိုးသမီးအုပ်စုကို မလွန်ဆန်ရဲသဖြင့် အကြိမ်ကြိမ် တောင်းပန်ရတော့သည်။
---
ထို့နောက် လော်ယွမ်က သစ်ကိုင်းကို ယူကာ ဟွမ်ကျားဟွေကို သစ်သားပန်းကန်အချို့ ထုတ်ယူခိုင်းပြီး လက်နှစ်ဖက်ဖြင့် အားသုံးကာ အိပ်ရာခင်းကို ရေညှစ်သကဲ့သို့ သစ်ကိုင်းကို အားဖြင့် လိမ်ညှစ်လိုက်ရာ မကြာမီမှာပင် သွေးကဲ့သို့ နီရဲသော အရည်တစ်ပန်းကန်အပြည့် ထွက်လာသည်။ ထို့နောက် လူတိုင်း တစ်ပန်းကန်ငယ်စီ သောက်ကြပြီး လော်ယွမ်ပင်လျှင် သူ၏ ကိုယ်ခံစွမ်းအားက အနုမြူ ဓာတ်ရောင်ခြည်သင့်မှုကို မခံနိုင်မည်ကို စိုးရိမ်သဖြင့် တစ်ပန်းကန်သောက်လိုက်သည်။
သစ်ကိုင်းအရည်မှာ ထင်ထားသကဲ့သို့ သောက်ရမခက်ဘဲ ခါးသက်သက် အရသာထဲတွင် ချိုမြိန်မှုအနည်းငယ်ပါဝင်ပြီး သစ်ပင်မြက်ပင်တို့၏ လတ်ဆတ်သော ရနံ့တစ်ခုလည်း ရရှိသည်။ သောက်လိုက်ပြီးနောက် စိတ်ပင်လျှင် လန်းဆန်းသွားသည်။
အာနိသင်မှာ ချက်ချင်းပင် ထင်ရှားလာပြီး ဝမ်ရှကွမ်၏ အခြေအနေမှာ အတော်ကောင်းမွန်လာကာ အနည်းငယ်သာ သက်ရောက်သူများမှာမူ တစ်ခါတည်း ပျောက်ကင်းသွားသည်။
ကိုယ်တွင်းမှ အနုမြူ ဓာတ်ရောင်ခြည်သင့်မှုများကို အပြီးတိုင် မဖယ်ရှားနိုင်မည်ကို စိုးရိမ်သဖြင့် လော်ယွမ်က နောက်ထပ် သစ်ကိုင်းအချို့ကို သွားခုတ်ယူလာပြီး အထုပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဧရာမဖွတ်ကြီးပေါ်သို့ တက်ကာ ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားသည်။
---
အနုမြူ ဓာတ်ရောင်ခြည်သင့်နယ်မြေရှိနေသောကြောင့် သူတို့အဖွဲ့မှာ ကီလိုမီတာဆယ်ဂဏန်းကျော် ပို၍သွားခဲ့ရသည်။ သို့သော် ဧရာမဖွတ်ကြီး၏ ကိုယ်လုံးက ကြီးမားသဖြင့် ခြေတစ်လှမ်းလျှင် ၁၅ပေအထိ လှမ်းနိုင်ပြီး လျင်မြန်မှုမှာလည်း ဆယ့်ငါးမှတ်အထိ မြင့်မားသည်။ ထူထပ်သော တောအုပ်ထဲတွင် သွားလာနေလျှင်ပင် အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ပေ၇၀၊ ၈၀အထိ ရောက်ရှိနိုင်သည်။ ဤသည်မှာပင် လော်ယွမ်က သူ၏ အမြန်နှုန်းကြောင့် လူများပြုတ်ကျမည်ကို စိုးရိမ်သဖြင့် အရှိန်လျှော့ခိုင်းထားခြင်းဖြစ်သည်။
ထို့ကြောင့် ကွေ့ပတ်သွားခဲ့ရသော်လည်း မွန်းလွဲနှစ်နာရီတွင် အဝေးပြေးလမ်းမကြီးပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤနေရာသည် မိုးထိပင်ကြီး၏ ဧရိယာမှ ကီလိုမီတာ၁၀ကျော် ဝေးကွာနေပြီဖြစ်ပြီး လမ်းက ပျက်စီးခြင်းမရှိပေ။
သူတို့အဖွဲ့ အဝေးပြေးလမ်းမကြီးပေါ်သို့ တက်ရောက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ မီတာရာပေါင်းများစွာ မြင့်မားသော မီးတောင်တစ်လုံးမှာ အဝေးတွင် တည်ရှိနေပြီး မီးတောင်ဝမှ မီးခိုးများ ထွက်နေဆဲဖြစ်သည်။ အနီးပတ်ဝန်းကျင် ဆယ်ကီလိုမီတာကျော်တွင် မည်သည့်အဆောက်အအုံမှ မရှိတော့ဘဲ ဧရိယာအားလုံးကို ခဲသွားသော မီးတောင်ချော်ရည်များက ဖုံးလွှမ်းထားသည်။
ထိုအထဲတွင် ဟယ်တုံမြို့ဧရိယာ တစ်ဝက်ခန့်ပင် ပါဝင်သည်။
မြေပြင်မှာပုံသဏ္ဍာန်ပြောင်းပြီး သက်ရှိတို့ ပျက်သုဉ်းကာ သဘာဝတရား၏ ကြီးကျယ်သော စွမ်းအားကို မည်သည့်ဘာသာစကားဖြင့်မဆို ဖော်ပြရန်မှာ ခက်ခဲလှသည်။
အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်ကြပေ။
"သူထပ်ပြီး ပေါက်ကွဲဦးမှာလားမသိဘူး" ဟွမ်ကျားဟွေက မီးခိုးတိုင်ကဲ့သို့သော မီးခိုးများကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"အဲ့တာမီးတောင်အရှင်ပဲလေ… ဒါပေမဲ့ဒီတစ်ခါပေါက်ကွဲပြီးရင် ထပ်ပေါက်ကွဲဖို့ တော်တော်ကြာဦးမှာ… ဒါပေမဲ့ပြောလို့တော့မရဘူး နောက်ခဏနေလို့ ထပ်ပေါက်ကွဲသွားရင်တောင် အံ့ဩစရာမဟုတ်ဘူး" လော်ယွမ်က ပြောသည်။
"မီးတောင်သာ ထပ်ပေါက်ကွဲရင် ဟယ်တုံမြို့ဒုက္ခမရောက်နိုင်ဘူးလား… ပြီးတော့မြို့ထဲမှာ အသက်ရှင်နေသေးတဲ့သူတွေ အများကြီးပဲ မြေအောက်အခြေစိုက်စခန်းမှာတင် လူသိန်းချီရှိနေတာ" ဟွမ်ကျားဟွေက ပြောရင်း မျက်နှာဖြူဖျော့သွားသည်။
"အမဟွမ်… သေတာရှင်တာက ကံတရားပဲလေ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ဂရုစိုက်နေရတာကို ဘာလို့အဲ့လောက်စိုးရိမ်နေမှာလဲ" ချောင်လင်းက ပြောလိုက်သည်။ မြေအောက်အခြေစိုက်စခန်းကို ပြောမိလျှင် သူမ၏ စိတ်ထဲတွင် အနည်းငယ် ဆန့်ကျင်ချင်စိတ်ရှိသည်။ သူမသည် မူလက မြေအောက်အခြေစိုက်စခန်းသို့ သွားရန် ပြင်ဆင်ခဲ့သော်လည်း တံခါးဝကိုပင် မမြင်ရသေးမီမှာပင် လူအုပ်၏တွန်းတိုက်မှုကြောင့် အဝေးသို့ရောက်သွားခဲ့သည်။ မြေအောက်အခြေစိုက်စခန်းထဲမှ လူများအပေါ်တွင် သူမ၌ ကောင်းသောခံစားချက် တစ်စက်မှ မရှိပေ။
ချောင်လင်းသာမက အခြားသူများလည်း ထူးမခြားနား ရှိနေကြသည်။
"ကျွန်မသမီးလေး အထဲမှာ ရှိနိုင်တယ်" ဟွမ်ကျားဟွေသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် မျက်နှာညှိုးငယ်စွာဖြင့် "သူအဲ့မှာဆို အရမ်းလုံခြုံမယ်လို့ ထင်ခဲ့တာ… မြေအောက်အခြေစိုက်စခန်းတောင် စိတ်မချရဘူးလို့ မထင်ထားဘူး"
သူမ၏ ယခင်ခင်ပွန်းမှာ လက်နတ်ကိုင်ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးဖြစ်ပြီး ကာကွယ်ရေးအင်အားနှင့် ရာထူးအရ ဦးစားပေးအဆင့်တွင် ရှိသည်။ သူမက သမီးဖြစ်သူကို ခင်ပွန်းဟောင်းနှင့် အတူထည့်လိုက်ခြင်းမှာ ထိုသို့ပြုလုပ်ခြင်းက သမီးအတွက် ပို၍လုံခြုံသောကြောင့် ဖြစ်သည်။
လူတိုင်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်သွားသည်။
ဟော်တုံ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူ၏ ရှစ်နှစ်အရွယ်သားငယ်မှာလည်း လူအုပ်ထဲတွင် ကွဲကွာသွားခဲ့သည်။ သူက ဤအပေါ်တွင် မျှော်လင့်ချက်မထားတော့သည်မှာ ကြာပြီဖြစ်သည်။ ထိုစဉ်က ရှုပ်ထွေးနေသော အခြေအနေတွင် ဤမျှငယ်ရွယ်သော ကလေးတစ်ဦးမှာ အသက်ရှင်ရန် မျှော်လင့်ချက်မရှိပေ။ သို့သော် တစ်ခါတစ်ရံတွင်မူ သူအသက်ရှင်နေမည်ဟု မျှော်လင့်မိပြန်သည်။
"ကမ္ဘာပျက်ခေတ်မှာ ဘယ်နေ့သေမယ်ဆိုတာတောင် မသိနိုင်ဘူး… ဒီနေ့လည်းဖြစ်နိုင်သလို မနက်ဖြစ်လည်းဖြစ်နိုင်တာပဲ… ငါတို့အားလုံးကအတူတူပဲ… အဲ့တော့ဘာမှလျှောက်မတွေးကြနဲ့တော့… အနည်းဆုံးတော့ငါတို့နဲ့ရှိနေတာထက်စာရင် သူတို့အဲ့မှာနေနေတာက ပိုလုံခြုံသေးတယ်" လော်ယွမ်က ဟွမ်ကျားဟွေကို ပွေ့ဖက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "နင့်သမီးလေးလည်း ဘာမှဖြစ်မှာမဟုတ်ပါဘူး… ငါတို့ခရီးဆက်ရအောင်"
ဟွမ်ကျားဟွေက ခေါင်းညိတ်လိုက်သော်လည်း နောက်သို့ မကြာခဏ လှည့်ကြည့်နေဆဲဖြစ်ပြီး မျက်နှာမှာ တွေဝေနေသည်။
………………
အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်သည်နှင့် ဧရာမဖွတ်ကြီး၏ သွားနှုန်းမှာ ရုတ်တရက် မြန်ဆန်လာပြီး သူ၏ မြင့်မားသော လျင်မြန်မှုအရည်အချင်းကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်ရာ အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာတစ်ရာကျော်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။
ပတ်ဝန်းကျင်မှ မြင်ကွင်းများမှာ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီး မျက်နှာချင်းဆိုင်မှ လေပြင်းများ တဟူးဟူး တိုက်ခတ်လာသည်။
အားလုံးက အောက်မှ ကော်ဇောကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာများမှာ တည်ကြည်နေကြသည်။ ဝမ်ရှီရှီမှာမူ လော်ယွမ်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး လွင့်ကျသွားမည်ကို စိုးရိမ်နေသည်။
---
မိုးမချုပ်မီမှာပင် ပင်လယ်ကူးတံတားသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
လော်ယွမ်က ဧရာမဖွတ်ကြီးကို ရပ်တန့်ခိုင်းလိုက်ပြီး အဝေးသို့ မျက်မှောင်ကြုတ်ကာ ကြည့်ရင်း မျက်နှာပျက်ယွင်းစွာဖြင့် "သေစမ်း… ထပ်ပြီးပတ်သွားရဦးမယ် ထင်တယ်"
ယခင်က နဂါးကြီးတစ်ကောင်ကဲ့သို့ ရှည်လျားသော ပင်လယ်ကူးတံတားမှာ ယခုအခါ နေရာများစွာတွင် ကျိုးပဲ့နေပြီး လိမ်ကောက်နေသည်။ အလွန်ကြီးမားသော သံမဏိကြိုးများမှာ တံတားပေါ်တွင် ရှုပ်ထွေးစွာ တွဲလောင်းကျနေပြီး ကြီးမားသော ကွန်ကရစ်ပြားအချို့မှာ လေထဲတွင် ချိတ်ဆွဲနေသည်။ တံတား၏ အထောက်အကူဖြစ်သော ကျောက်တိုင်များပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးဖြင့် တိုက်ခိုက်ခံရ၍ ရွှံ့နွံပြင်ထဲတွင် လဲလျောင်းနေသည်။
ယခုအချိန်မှာ ဒီရေကျချိန်ဖြစ်ပြီး အနည်းငယ်နိမ့်သော နေရာအချို့တွင် ပင်လယ်ရေရှိသည်မှလွဲ၍ အခြားနေရာများမှာ ရေစီးမြေနုလွင်ပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ ပင်လယ်ကူးတံတားပေါ်မှ အောက်သို့ ကြည့်လျှင် အောက်တွင် အပင်များ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည်ကို တွေ့ရပြီး အချိန်အနည်းငယ်ကြာပါက ဤနေရာမှာ တောအုပ်ကြီးတစ်ခုအဖြစ်သို့ ပြန်လည်ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့အပြင် လော်ယွမ်၏ စိတ်ကို ပို၍လေးလံသွားစေသည်မှာ ရွှံ့နွံပြင်ပေါ်တွင် ကြီးမားသော ခြေရာကြီးများ ရှိနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ပင်လယ်သတ္တဝါများ ချန်ထားခဲ့သည်မှာ ထင်ရှားသည်။ သို့သော် ဤသတ္တဝါများမှာ ဒီရေကျချိန်တွင် ထွက်ခွာသွားကြပြီဖြစ်ပြီး အနည်းဆုံးတော့ သူတစ်ချက်ကြည့်ရုံဖြင့် ဤကြီးမားသော သတ္တဝါများ၏ အရိပ်အယောင်ကို မမြင်တွေ့ရပေ။
"ကျွန်မတို့ပတ်သွားမယ်ဆိုရင် ပြည်နယ်လမ်းကနေပဲ သွားရတော့မှာ… အဲ့လိုဆို ကီလိုမီတာရာချီအောင် ပိုသွားရနိုင်တယ်… လမ်းမှာလည်း တောအုပ်တစ်ခုကိုဖြတ်ရဦးမှာ… ပြီးတော့အဲ့မှာ လမ်းရှိသေးလားတောင် မပြောနိုင်ဘူး" ဟွမ်ကျားဟွေ၏ မျက်နှာမှာ ပျက်ယွင်းနေသည်။ "ကျွန်မတို့ တံတားအောက်ကနေ ဖြတ်သွားလို့မရဘူးလား"
"နွံတွေကအရမ်းပျော့တော့ ငါတို့ကျွံကျသွားနိုင်တယ်… နွံထဲကျွံကျသွားရင် အရမ်းအန္တရာယ်များတယ်" လော်ယွမ်က ချီတုံချတုံဖြင့် ပြောသည်။ အခြားအရာများကို သူ မကြောက်သော်လည်း နွံထဲကျွံကျမည်ကိုသာ ကြောက်သည်။ ကံဆိုးပြီး ကျွံကျသွားပါက သူ၏ ခွန်အားမည်မျှပင် ကြီးမားသည်ဖြစ်စေ အသုံးမဝင်တော့ပေ။
"အဲ့ကိစ္စမစဉ်းစားနဲ့ဦ… အခုမှောင်တော့မှာဆိုတော့ မနက်မှ ဆက်ပြောကြတာပေါ့" လော်ယွမ်က ကောင်းကင်ကို ကြည့်ရင်း ဆက်ပြောသည်။
---
ပင်လယ်ကူးတံတားသည် ပင်လယ်ကို ဖြတ်ကျော်တည်ဆောက်ထားသဖြင့် ကုန်းမြေထက် ပို၍အန္တရာယ်များသောကြောင့် ဤနေရာမှ ကာကွယ်ရေးအင်အားမှာ ယခင်အဝေးပြေးလမ်းမကြီးထက် များစွာပိုမိုတင်းကျပ်သည်။ ပင်လယ်ကူးတံတား၏ ဝင်ပေါက်ဘေးနှစ်ဖက်တွင်ပင်လျှင် စတုရန်းမီတာတစ်ထောင်ကျော် ကျယ်ဝန်းသော ခံတပ်နှစ်ခုကို အစဉ်လိုက် တည်ဆောက်ထားသည်။
သံချေးတက်နေသော သံချပ်ကာကားသုံးစီးမှာ တံခါးဝတွင် ရပ်တန့်ထားပြီး တံခါးကြီးကို ဝင်ရောက်ပြီးနောက် အတွင်းတွင် ဒုံးကျည်တင်ယာဉ်နှစ်စီးကိုလည်း ထားရှိသည်။ ၉ပေကျော်ရှည်ပြီး ပျားအုံကဲ့သို့ ထူထပ်သော ဒုံးကျည်များမှာ စုစည်းနေပြီး ကြီးမားသော ခြိမ်းခြောက်မှုကို ပေးစွမ်းနေသည်။
ထို့အပြင် ခံတပ်ပေါ်တွင် အပေါ်အောက် ၁၀ခုကျော်ရှိသော စက်သေနတ်ပြောင်းအပေါက်များဖြင့် လက်နက်အင်အားမှာ အလွန်ပင် အားကောင်းသည်ဟု ဆိုနိုင်ပြီး လော်ယွမ်ခန့်မှန်းချက်အရ သားရဲလှိုင်းနှင့် ကြုံတွေ့ရလျှင်ပင် ခုခံကာကွယ်နိုင်လောက်သည်။
လော်ယွမ်က ဧရာမဖွတ်ကြီးကို တံခါးဝတွင် ရပ်တန့်ခိုင်းပြီး ခံတပ်ထဲသို့ ဝင်ရောက်သွားသည်။ ပထမထပ်မှာ ထိန်းချုပ်ရေးစင်တာဖြစ်ပြီး ဤနေရာမှာ အလွန်ရှုပ်ပွနေသည်။ မြေပြင်ပေါ်တွင် စာရွက်စာတမ်းများနှင့် စီးကရက်တိုများ ပြန့်ကျဲနေပြီး ဤနေရာမှ ဆုတ်ခွာမှုမှာ အလွန်အလျင်စလိုဖြစ်ခဲ့ပုံရသည်။ သူက ရုံးခန်းစားပွဲတစ်ခုပေါ်တွင် ဓာတ်ပုံဘောင်ကဲ့သို့သော ကိုယ်ပိုင်ပစ္စည်းများကိုပင် မယူဆောင်သွားသည်ကို သတိပြုမိလိုက်သည်။
လော်ယွမ်က ထောင့်ချိုးကို ကွေ့သွားပြီး ရုံးခန်းတစ်ခုကို တွန်းဖွင့်လိုက်ရာ ပုပ်သိုးနေသော အနံ့ဆိုးတစ်ခုက မျက်နှာသို့ လာရိုက်ခတ်သည်။
လော်ယွမ်ကြောင့် အနှောင့်အယှက်ဖြစ်သွားသည့်အလား မရေမတွက်နိုင်သော အနက်ရောင် ပိုးတောင်မာများက ဤနေရာမှ အလုအယက် ထွက်ခွာသွားကြသည်။
ရုံးခန်းရှေ့တွင် ဗိုလ်မှူးဝတ်စုံဝတ်ထားသော အရိုးဖြူတစ်စုမှာ ထိုင်ခုံပေါ်တွင် ပက်လက်အနေအထားဖြင့် ရှိနေပြီး ဦးခေါင်းခွံမှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေသည်။ နားထင်တွင် အပေါက်ဝိုင်းတစ်ခုရှိပြီး လက်အရိုးတွဲလောင်းကျနေသော နေရာတွင် ပစ္စတိုတစ်လက် ပြုတ်ကျနေသည်မှာ မိမိကိုယ်ကို သတ်သေခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
ဆက်ရန်…
လအပိုင်း(၁၄၀)အသက်ရှင်ကျန်ရစ်သူများ
"မြေအောက်မှာ လက်နက်တိုက်တစ်ခုရှိတယ်" လော်ယွမ် ခေတ္တမျှကြည့်ရှုနေစဉ် ဟော်တုံတို့အဖွဲ့ ပြေးလာပြီး ပြောလိုက်သည်။ "ဒါပေမဲ့ပစ္စည်းတော်တော်များများကို တစ်ယောက်ယောက်ယူသွားတယ်… အပေါ်ကအပေါက်တွေမှာ တပ်ထားတဲ့ စက်သေနတ်၇လက်ကိုတောင် ဖြုတ်ယူသွားတယ်" လော်ယွမ်က သူတို့နှင့်အတူ မြေအောက်ခန်းထဲသို့ လိုက်ဝင်သွားသည်။ ပေ၃၀၀၀ခန့်ကျယ်ဝန်းသော မြေအောက်လက်နက်တိုက်တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ထောင့်တစ်နေရာတွင် ကြီးမားသောဒုံးကျည် ဒါဇင်ပေါင်းများစွာကို သေသပ်စွာ စီရီထားသည်မှလွဲ၍ ကျန်သည့်နေရာများတွင် ကျည်ဆန်တစ်တောင့်ပင် မကျန်တော့ပေ။
"ဘယ်သူတွေယူသွားတယ်လို့ထင်လဲ" လော်ယွမ်က မေးလိုက်သည်။
"ဒီမှာရှိတဲ့စစ်သားတွေတော့ မဖြစ်နိုင်ဘူး… သူတို့အဲ့တာတွေကို သယ်ချင်တယ်ဆိုရင် အပြင်ကစစ်ကားတွေ ဒီတိုင်းထားခဲ့မှာမဟုတ်ဘူး… ဒီနားတဝိုက်က အသက်ရှင်နေသေးတဲ့ သူတွေဖြစ်နိုင်တယ်" ဟော်တုံက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လူတိုင်း၏မျက်နှာပေါ်တွင် ဝမ်းသာမှုအရိပ်အယောင်များ ပေါ်လာသည်။
"ဒါဆို ဒီမှာ အသက်ရှင်တဲ့သူတွေ ရှိနေသေးတာပေါ့" လော်ယွမ်က အံ့ဩစွာဆိုသည်။
ခရီးတစ်လျှောက်လုံးတွင် နေရာတိုင်းတွင် လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ မျက်စိရှေ့တွင် စိမ်းလန်းသောအပင်များနှင့် သန္ဓေပြောင်းသတ္တဝါများမှလွဲ၍ လူတစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ရပေ။ အထီးကျန်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့မှာ လူတိုင်း၏ စိတ်နှလုံးထဲတွင် လွှမ်းခြုံနေခဲ့ပြီး လူသားမျိုးနွယ်မှာ ဤဒေသတွင် မျိုးတုံးသွားပြီဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ယခု ဤကဲ့သို့သော သုံးသပ်ချက်ကို ကြားလိုက်ရသောအခါ လူတိုင်းမှာ သက်ပြင်းချနိုင်သွားသကဲ့သို့ပင်။
"ဒီအနီးနားတဝိုက်မှာ ရှိနေလောက်တယ်" ဟော်တုံက ပြောသည်။ "ဒီနေရာကပင်လယ်နဲ့နီးတယ်… မြေကြီးတွေကလည်း ဆားပေါက်နေတာဆိုတော့ အပင်တွေလည်းနဲတယ်… ဒီနေရာကတစ်ခြားနေရာတွေထက် ပိုလုံခြုံလောက်တယ်"
"ဒါပေမဲ့ သူတို့က အရမ်းမုန်းဖို့ကောင်းတာပဲ… ဘာပစ္စည်းတစ်ခုမှ ချန်မထားခဲ့ဘူး… ကုတင် စောင်နဲ့ မျက်နှာသုတ်ပုဝါတွေကိုတောင် အကုန်ယူသွားတယ်" ဝမ်ရှီရှီက နှုတ်ခမ်းကိုစူကာ မကျေမနပ်ဖြင့် ပြောသည်။
လော်ယွမ်၏ မျက်မှောင်မှာ အနည်းငယ်ကြုတ်သွားသည်။ သူတို့က ယခုအချိန်တွင် လက်ဗလာဖြစ်နေပြီဖြစ်ပြီး ပစ္စည်းအားလုံးကုန်သွားပြီဖြစ်သည်။ မူလက ဤနေရာတွင် အနည်းငယ်ဖြည့်တင်းရန် စဉ်းစားထားသော်လည်း ဤနေရာတွင် ဗလာကျင်းနေမည်ဟု မထင်ထားခဲ့ပေ။
"ဆားရောရှာတွေ့လား" လော်ယွမ်က မေးလိုက်သည်။
ဆားသည် ဟင်းခတ်အမွှေးအကြိုင်တစ်ခုသာမက လူ့ခန္ဓာကိုယ်အတွက် မဖြစ်မနေလိုအပ်သော ဓာတ်လည်းဖြစ်သည်။ အချိန်အကြာကြီး ဆားမစားသုံးပါက လူ့ခန္ဓာကိုယ်ရှိ ဆိုဒီယမ်ပမာဏမှာ အလွန်အမင်းနည်းပါးသွားပြီး အစားအသောက်ပျက်ခြင်း၊ ခြေလက်များအားနည်းခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်းနှင့် မူးဝေခြင်းများပင် ဖြစ်စေနိုင်သည်။
သူတို့ ဆားမစားရသည်မှာ ငါးရက်ရှိပြီဖြစ်သည်။ နေ့စဉ် သန္ဓေပြောင်းသတ္တဝါ၏သွေးကို အနည်းငယ်သောက်သုံးရသော်လည်း သွေးထဲမှဆားဓာတ်မှာ ဆားအစစ်ကို အစားထိုးနိုင်ခြင်းမရှိပေ။ လော်ယွမ်ပင်လျှင် ယခုရက်ပိုင်းတွင် အလွန်လွယ်ကူစွာ မောပန်းနွမ်းနယ်သည်ကို ခံစားနေရသည်။ အကယ်၍ ဆားထပ်မံရှာမတွေ့ပါက သူပင်လျှင် ဆက်လက်ခံနိုင်မည်မဟုတ်တော့ပေ။
"မရှိဘူး နေရာအနှံ့အကုန်ရှာပြီးသွားပြီ" ဟွမ်ကျားဟွေက ခေါင်းခါယမ်းလိုက်သည်။ "စောစောကသာသိခဲ့ရင် ခရီးစထွက်တုံးက လမ်းမှာတွေ့ခဲ့တဲ့ ကင်းစခန်းတွေမှာ ရှာခဲ့ရမှာ"
"အရင်ကခရီးမြန်မြန်ရောက်ဖို့ပဲ စိတ်ထဲရှိတာလေ… ဘယ်သူမှဆားကို ဂရုမစိုက်မိခဲ့ဘူး… ဘယ်လိုပဲပြောပြော ဆားဆိုတာအမြဲတမ်း ပေါများခဲ့တာမလား… အခုလိုဆားထုပ်လေးတစ်ထုပ်တွေ့ရဖို့တောင် အရမ်းရှားသွားမယ်လို့ ဘယ်ထင်မှာလဲ… ငါဟိုဘက်ကစစ်စခန်းကို သွားကြည့်ဦးမယ် အဲ့မှာများရှိဦးမလားလို့" လော်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
လော်ယွမ်က ပြောပြောဆိုဆိုဖြင့် တံခါးမကြီးမှ ထွက်သွားသည်။ မိနစ်အနည်းငယ်အကြာတွင် သူပြန်ရောက်လာသည်။ ထိုနေရာမှာလည်း ဤအတိုင်းပင် အရာအားလုံးကို ရှင်းလင်းခဲ့ကြပြီဖြစ်သည်။
ဟွမ်ကျားဟွေက သက်ပြင်းချရင်း "ဒီလောက်ရက်အများကြီး သည်းခံပြီးပြီးပဲ… တစ်ရက်လောက်က ဘာမှမဖြစ်ပါဘူး… ကျွန်မအထင်တော့ ဒီနားတဝိုက်က စခန်းတွေအကုန်လုံး ရှင်းလင်းခံထားရလောက်ပြီ… မနက်ဖြန်မှ ထပ်ရှာကြည့်ကြတာပေါ့"
"အဲ့လိုပဲလုပ်ကြတာပေါ့… ကံကောင်းတာက ဒီမှာရေငံတွေအများကြီးရှိနေတာပဲ… နောက်ဆုံးဘာဆားမှမတွေ့ရင် ရေငံတွေကိုပဲ ချက်လိုက်တော့မယ်" လော်ယွမ်က ခေါင်းခါယမ်းလိုက်သည်။
နေမဝင်သေးမီမှာပင် အားလုံးက ညစာကို စောစောစီးစီး စားသောက်ပြီးကြပြီဖြစ်သည်။ သို့သော် ဆားမရှိသောကြောင့် လူတိုင်းမှာ စားချင်သောက်ချင်စိတ်မရှိဘဲ ဟိုတစ်လုတ်ဒီတစ်လုတ်စားပြီး အဆုံးသတ်လိုက်ကြသည်။ ထို့နောက် လေးဘက်လေးတန် လုံခြုံသောအခန်းတစ်ခန်းကို ရွေးချယ်ကာ ကြမ်းပြင်မှဖုန်များကို သန့်ရှင်းရေးလုပ်ပြီး ကုတင်ပြားအချို့ကို ကြမ်းပြင်ပေါ်ခင်းကာ အဝတ်အစားများမချွတ်ဘဲ အိပ်စက်လိုက်ကြသည်။
ဤနေရာ၏အခြေအနေမှာ အလွန်ပင်ရိုးရှင်းကြမ်းတမ်းပြီး ကုတင်မှာ သစ်သားပြားအချို့ဖြင့် စုပေါင်းထားပြီး စောင်မှာ လုံးဝမရှိပေ။ သို့သော် တောအုပ်ထဲမှ စိုစွတ်အေးစက်ပြီး စိုးရိမ်ထိတ်လန့်နေရသော သစ်ခေါင်းပေါက်နှင့်နှိုင်းယှဉ်လျှင် ဤလေးထောင့်အခန်းလေးမှာ အတော်ကို တန်ဖိုးရှိလှသည်။
တစ်ညတာလုံး ဘာအဖြစ်အပျက်မှမရှိခဲ့ပေ။
ဤတစ်ညတွင် လူတိုင်းမှာ ရှားရှားပါးပါး နှစ်ခြိုက်စွာ အိပ်စက်နိုင်ခဲ့ကြသည်။
နောက်တစ်နေ့တွင် ရာသီဥတုမှာ အုံမှိုင်းနေဆဲဖြစ်သည်။ အနီးရှိ မီးတောင်ပေါက်ကွဲမှုက ဤဒေသ၏ရာသီဥတုကို ဆက်လက်လွှမ်းမိုးနေပြီး သာယာသောနေ့ရက်များ ပေါ်ပေါက်လာရန် အချိန်အတော်ကြာ လိုအပ်ပေဦးမည်။
နံနက်စောစောတွင် လော်ယွမ်က တံခါးဝတွင်ထိုင်ကာ သူ၏ဓားရှည်ကြီးကို သေချာစွာကြည့်ရှုရင်း မရှိသောဖုန်မှုန့်များကို အဝတ်စဖြင့် ညင်သာစွာ သုတ်သင်နေသည်။
အချိန်အတော်ကြာ စိတ်စွမ်းအားဖြင့် သန့်စင်မှုကြောင့် ဤဓားတွင် သူ၏စိတ်စွမ်းအားအမှတ်အသား ရိုက်နှိပ်ပြီးဖြစ်နေပြီး သူနှင့် မသိမသာ ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။ ၎င်းကသွေးသားတော်စပ်နေသကဲ့သို့ပင်။ လက်ထဲတွင်ကိုင်ထားလျှင် လက်မောင်းနှင့် အဆက်ဖြစ်သည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကိုပင် ခံစားရသည်။
ပြောရလျှင် အလွန်တရာ နက်နဲလှသော်လည်း အမှန်တကယ်တွင် ဤဖြစ်စဉ်မှာ အလွန်ပင်သာမန်ဖြစ်သည်။ မည်သည့်အရာမဆို သုံးလေလေ ပို၍ကျွမ်းကျင်လာလေလေဖြစ်သည်။ အတွေ့အကြုံရင့်ကျက်သော စက်မှုပညာရှင်များစွာတွင် မိမိတို့၏ သီးသန့်ကိရိယာအစုံရှိကြသည်။ အလွန်အမင်းလိုအပ်မှ သို့မဟုတ် လုံးဝအသုံးမပြုနိုင်တော့သည့်အခြေအနေမှလွဲပြီး အလွယ်တကူ မလဲလှယ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ပုံစံတူတစ်ခုဖြင့် လဲလှယ်လျှင်ပင် အသုံးပြုရသည်မှာ အလွန်အသားမကျ ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်အကြာကြီးအသုံးပြုခြင်းကြောင့် ကိရိယာတွင် မိမိ၏သီးသန့် စိတ်စွမ်းအားအမှတ်အသား ရိုက်နှိပ်ပြီးဖြစ်သည်။ ထိုအမှတ်အသား၏အငွေ့အသက်မှာ ယခုဓားရှည်ကြီးနှင့် နှိုင်းယှဉ်လျှင် အလွန်ကွာခြားပြီး ခံစား၍ပင်မရနိုင်သော်လည်း အမှန်တကယ် တည်ရှိနေသည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် လော်ယွမ်က ဓားကို ဓားအိမ်ထဲသို့ထည့်ကာ ထရပ်လိုက်သည်။ ဤမျှအချိန်ကြာပြီးနောက် အားလုံး အထုပ်အပိုးများ ပြင်ဆင်ပြီးလောက်ပြီဖြစ်ပြီး ထွက်ခွာရန်အသင့်ဖြစ်လောက်ပြီဟု စိတ်ထဲမှတွေးလိုက်သည်။
ရှေ့သို့လျှောက်တော့မည်အပြုတွင် အဝေးမှ စကားပြောသံများကို မပီမသကြားလိုက်ရသည်။ သူ တစ်ချက်ကြောင်သွားပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ပင်လယ်ကူးတံတားကြီးအောက်မှ ရွှံ့နွံပြင်ပေါ်တွင် ယောက်ျားခုနစ်ယောက်မှာ သတိကြီးစွာဖြင့် လျှောက်လှမ်းနေကြပြီး တစ်ခါတစ်ရံ တစ်စုံတစ်ခုကို တိုးတိုးပြောဆိုနေကြသည်။ သို့သော် အလွန်အလှမ်းဝေးသောကြောင့် သူ ဘာကိုမှရှင်းလင်းစွာမကြားရပေ။
သူတို့၏လက်ထဲမှ လက်နက်များမှာ မျိုးစုံဖြစ်ပြီး လက်နက်အေးများနှင့် သေနတ်များပါ ပါဝင်သည်။ သူတို့၏ပုံစံအရ အမဲလိုက်နေကြဟန်တူသည်။ ရှေ့မှယောက်ျားငါးယောက်မှာ လှံရှည်များဖြင့် ရွှံ့နွံများကို အဆက်မပြတ်ထိုးဆွနေကြပြီး ရိုင်ဖယ်ကိုင်ထားသော ယောက်ျားနှစ်ယောက်မှာ ပတ်ဝန်းကျင်ကို မကြာခဏ ဝေ့ကြည့်နေကြသည်။ ကီလိုမီတာပေါင်းများစွာ အလှမ်းဝေးသော်လည်း လော်ယွမ်မှာ ထိုတင်းမာသောလေထုကို ခံစားမိနေသည်။
သူတို့၏ကံမှာ ကောင်းမွန်လှဟန်တူသည်။ မိနစ်အနည်းငယ်အကြာတွင် ရှေ့မှရွှံ့နွံများမှာ ပြင်းထန်စွာ လှုပ်ရှားလာပြီး ၎င်း၏ကိုယ်ကိုထိုးမိသော ယောက်ျားတစ်ဦးက ၎င်း၏အမြီးဖြင့်ရိုက်ခံရပြီး အဝေးသို့လွင့်စင်သွားသည်။ သို့သော် မကြာမီမှာပင် သူပြန်လည်ထရပ်လိုက်ပြီး ပါးစပ်မှသွေးများအန်ရင်း လူးလဲထကာ နောက်သို့ဆုတ်သွားသည်။
သေနတ်သံများ မကြာမီထွက်ပေါ်လာသည်။ နောက်မှယောက်ျားနှစ်ယောက်မှာ ခလုတ်ကိုဆွဲလိုက်ပြီး ကျည်ဆန်များမှာ ရွှံ့နွံထဲသို့ "ဒက်ဒက်ဒက်" ဟူသောအသံဖြင့် ထိုးစိုက်ဝင်ရောက်သွားသည်။ အတွင်းမှ သန္ဓေပြောင်းသတ္တဝါမှာ ကျည်ဆန်ထိမှန်သွားသည်မှာ ထင်ရှားသည်။ ၎င်းက ပြင်းထန်စွာ လှုပ်ရှားနေပြီး အနက်ရောင်ရွှံ့နွံများမှာ တဖြည်းဖြည်း အနီရောင်သန်းလာသည်။
သူတို့တွင် ကျည်ဆန်များ များများစားစားမရှိခြင်း သို့မဟုတ် ခြိုးခြံသုံးစွဲနေရခြင်းကြောင့်ဖြစ်မည် သေနတ်သံမှာ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရပ်တန့်သွားသည်။
အခြားယောက်ျားများက ရှေ့သို့တိုးသွားပြီး ပြင်းထန်စွာလှုပ်ရှားနေသော ရွှံ့နွံပုံကို လှံရှည်များဖြင့် အားကုန်ထိုးစိုက်ကြသည်။ တစ်ခါတစ်ရံ လူတစ်ယောက်က အမြီးဖြင့်ရိုက်ခံရကာ ရွှံ့နွံထဲတွင် လူးလိမ့်သွားသည်။
ဤလူများမှာ အလွန်တဇွတ်ထိုးဖြစ်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တိုးကာ လှံရှည်များဖြင့် အဆက်မပြတ်တိုက်ခိုက်ကြသည်။ မကြာမီမှာပင် ရွှံ့နွံထဲတွင် ပုန်းအောင်းနေသော သန္ဓေပြောင်းသတ္တဝါ၏ ရုန်းကန်မှုမှာ တဖြည်းဖြည်း အားနည်းလာသည်။
မိနစ်အနည်းငယ်အကြာတွင် ရွှံ့နွံများမှာ လုံးဝငြိမ်သက်သွားသည်။ လူအချို့က သတ္တိမွေးကာ ရွှံ့နွံများကို လက်ဖြင့် ယက်ဖယ်လိုက်ရာ ၁၂ပေကျော်ရှည်သော ငါးရှဉ့်နှင့်တူသည့် သန္ဓေပြောင်းသတ္တဝါတစ်ကောင် ပေါ်ထွက်လာသည်။
တစ်ဦးက လှံရှည်ကို ၎င်း၏ကိုယ်ထဲသို့ အားကုန်ထိုးစိုက်လိုက်ရာ တစ်ဖက်သို့ဖောက်ထွက်သွားသည်။ ထိုနေရာတွင် ကြာကြာမနေဘဲ လူအချို့က အလောင်းကောင်ကိုထမ်းကာ ယိုင်နဲ့သောခြေလှမ်းများဖြင့် ပြန်လျှောက်သွားကြပြီး မကြာမီမှာပင် သစ်ပင်ကျဲပါးသောသစ်တောထဲသို့ ပျောက်ကွယ်သွားကြသည်။
ဟွမ်ကျားဟွေ လျှောက်လာပြီး လော်ယွမ်က အောက်သို့ အဆက်မပြတ်ကြည့်နေသည်ကိုမြင်လျှင် မတင်မကျဖြင့် "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ငါခုနက အောက်မှာ လူတွေတွေ့လိုက်လို့လေ အင်အားနည်းနည်းများတယ်" လော်ယွမ်က ပြောလိုက်သည်။
ဟွမ်ကျားဟွေမှာ အနည်းငယ်မယုံနိုင်ဖြစ်သွားပြီး အံ့ဩစွာဖြင့် "အောက်မှာလူတွေရှိသေးတာလား… သိပ်မကြာခင်ဒီရေတက်လာတော့မှာကို ဘယ်လိုလုပ်ဒီမှာနေနိုင်သေးတာလဲ"
"ဒီနေရာကရွံ့နွံပြင်ကြီးလေ… ရေကျသွားတာလည်းမကြာသေးဘူး… ဒီမှာနေတာက အပြင်မှာထက် ပိုလုံခြုံမှာပေါ့" လော်ယွမ်က ဤနေရာမှ အခြားနေရာများထက် သိသိသာသာနည်းပါးသော အပင်များကိုကြည့်ရင်း ခပ်ပေါ့ပေါ့ပြောလိုက်သည်။ "နင်တို့ဒီမှာစောင့်နေ… ငါအခြေအနေတစ်ချက် သွားကြည့်လိုက်ဦးမယ်… ရွံ့နွံထဲကဖြတ်သွားလို့ရလည်း သွားကြတာပေါ့… မဟုတ်ရင်တောင် ဆားနည်းနည်းပါးပါး တောင်းလို့ရနိုင်တယ်"
"ရှင်လူအပိုခေါ်သွားပါလား… ဒီစခန်းကလက်နတ်တွေအကုန်လုံး သူတို့ယူသွားတာဆိုရင် သူတို့စီမှာ လက်နတ်တွေ မနည်းမနောရှိနေမှာ… ကမ္ဘာပျက်ခေတ်မှာ လူတွေရဲ့စိတ်ဓာတ်က မိစ္ဆာလိုဖြစ်သွားမယ်လို့တော့ ကျွန်မ.မယုံပေမယ့် ကြိုတင်ပြင်ဆင်သွားတာ မမှားဘူးပေါ့" ဟွမ်ကျားဟွေက စိုးရိမ်စွာပြောသည်။ ဤမျှအကြိမ်များစွာသော အတွေ့အကြုံများကြောင့် သူမက ဤငရဲကဲ့သို့သောကမ္ဘာကြီးကို တဖြည်းဖြည်း နားလည်လာခဲ့ပြီဖြစ်ပြီး ယခင်ကကဲ့သို့ ရိုးသားဖြူစင်ခြင်းမရှိတော့ပေ။
စည်းမျဉ်းဥပဒေများပျက်ပြားသွားခြင်းကြောင့် လူတိုင်းမှာ ထိန်းချုပ်မှုကင်းမဲ့လာကြပြီး ရက်စက်ကြမ်းတမ်းသော ရှင်သန်မှုဖိအား၏အောက်တွင် အများစုက လူစိတ်ပျောက်သွားကြသည်။
"လူများရင် ပိုရှုပ်တယ်… ဘာမှမပူနဲ့ ငါခဏနေပြန်လာခဲ့မယ်" လော်ယွမ်က ဆိုသည်။ သူ၏လက်ရှိစွမ်းအားဖြင့်ဆိုလျှင် သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းမရှိပါက သူ့ကိုထိမှန်ရန် လုံးဝမဖြစ်နိုင်ပေ။ တစ်ချက်နှစ်ချက် ထိမှန်လျှင်ပင် အဝတ်အစားများ၏ကာကွယ်မှုဖြင့် အပေါ်ရံ ဒဏ်ရာအနည်းငယ်သာရမည်ဖြစ်ပြီး အသက်အန္တရာယ် မဖြစ်နိုင်ချေ။ လူများလျှင် အနှောင့်အယှက်ဖြစ်ပြီး တစ်ဖက်လူ၏ ရန်လိုမှုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
ဟွမ်ကျားဟွေမှာ လော်ယွမ်၏စိတ်ကို သိသောကြောင့် မိမိပြောသမျှ အပိုဖြစ်မည်ကို နားလည်သဖြင့် "ဒါဆို ရှင် သတိထားသွားနော်" ဟုသာ ဆိုလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး တံတားလက်ရန်းပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ပေ၃၀ကျော်ခန့်မြင့်သော တံတားပေါ်မှ တန်းခုန်ချလိုက်သည်။ လေထဲတွင် သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်ရပ်တန့်သွားပြီး စိတ်စွမ်းအား၏လွှမ်းမိုးမှုအောက်တွင် သူက နတ်ပြည်မှ ကျရောက်လာသော နတ်သားတစ်ပါးပမာ တံတားပေါ်မှ ဖြည်းညင်းစွာ လွင့်မျောကျဆင်းလာသည်။ နောက်တစ်ခဏတွင် သူက ရွှံ့နွံပေါ်သို့ ခြေချပြီးဖြစ်သည်။
ဟွမ်ကျားဟွေမှာ ကြည့်ရင်း မျက်စိကျိန်းသွားမတတ် အံ့ဩမှင်သက်နေပြီး မျက်လုံးများမှာ တောက်ပလာသည်။ လော်ယွမ်က သူမဘက်သို့လှည့်ကာ လက်ဝှေ့ယမ်းပြမှ သူမ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
------
ဤနေရာမှ လမ်းမှာ အလွန်သွားရခက်ခဲသည်။ မြေပြင်မှာ ပျော့ပျောင်းသောရွှံ့နွံများဖြင့် ပြည့်နှက်နေရုံသာမက ချိုင့်ခွက်များဖြင့်လည်း ပြည့်နေသည်။ ခြေတစ်လှမ်းတိုင်းမှာ ရွှံ့နွံများဖြစ်ပြီး နေရာတိုင်းတွင် ရေအိုင်များရှိနေသည်။ မကြာမီမှာပင် လော်ယွမ်၏ဖိနပ်နှင့် ဘောင်းဘီအောက်ခြေများမှာ ရွှံ့နွံများဖြင့် ပေကျံသွားသည်။ လော်ယွမ်က လေးလံနေသော ဖိနပ်ခုံကိုခါလိုက်ပြီး ရွှံ့နွံများကို ဖယ်ရှားလိုက်သည်။
လော်ယွမ် ခြေတစ်လှမ်းနက်လိုက် တစ်လှမ်းတိမ်လိုက်ဖြင့် ဆယ့်ငါးမိနစ်ခန့်အကြာတွင် ယခင်က လူတစု အမဲလိုက်ခဲ့သောနေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ မြေပြင်ပေါ်တွင် ရှည်လျားသော ခြေရာများ ကျန်ရှိနေပြီး သစ်တောထဲသို့ ဆက်သွယ်နေသောကြောင့် နေရာရှာမတွေ့မည်ကိုမူ မစိုးရိမ်ရပေ။
ဤနေရာတွင် အပင်များမှာ ကျဲပါးရုံသာမက အလွန်ပင်နိမ့်ပါးသည်။ ပျမ်းမျှအမြင့်မှာ ၉ပေခန့်သာရှိပြီး လက်ရှိကမ္ဘာပျက်ခေတ်စံနှုန်းနှင့် တိုင်းတာပါက သစ်တောထက် ချုံပုတ်တောဟုဆိုလျှင် ပိုမှန်ပေမည်။
လော်ယွမ် ခြေရာများအတိုင်း လျှောက်လာရာ နာရီဝက်ခန့်အကြာတွင် ရွာငယ်လေးတစ်ရွာ သူ၏မျက်စိရှေ့သို့ ပေါ်ထွက်လာသည်။
မီတာရာပေါင်းများစွာ ပတ်လည်ရှိသစ်ပင်များကို အကုန်ခုတ်လှဲထားပြီး ရှင်းလင်းပြောင်သလင်းခါနေသည်။ အလယ်တွင် အရွယ်အစားနှင့်အရောင်အသွေးမတူသော ရွက်ဖျင်တဲ ဒါဇင်ပေါင်းများစွာကို ချထားသည်။ လော်ယွမ်ကို အံ့အားသင့်စေသည်မှာ ဤနေရာတွင် လူများသွားလာနေကြပြီး အတော်ပင်စည်ကားနေသည်။ ဤလူများ၏အဝတ်အစားများမှာ စုတ်ပြတ်နေပြီး မျက်နှာများတွင်မူ အရောင်အသွေးစုံလင်သော ဆေးများဖြင့် လိမ်းခြယ်ထားရာ မျက်နှာကိုပင် ခွဲခြား၍မရနိုင်ပေ။
ဤဆေးများက ထူးခြားသောအာနိသင်ရှိသည်မှာ ထင်ရှားသည်။ သို့မဟုတ်ပါက မည်သူမျှ ဤကဲ့သို့ စပ်ဖျဉ်းဖျဉ်းအနံ့ရှိသောအရာများကို ကိုယ်ပေါ်တွင် လိမ်းမည်မဟုတ်ပေ။ အဝေးတွင်ရှိနေသော်လည်း လော်ယွမ်မှာ ထိုနှာခေါင်းစပ်စေသော အနံ့ဆိုးကို ခံစားမိနေသည်။
ထို့ထက်ပို၍ လော်ယွမ်ကို မျက်နှာအမူအရာ ပြောင်းလဲသွားစေသည်မှာ ဤနေရာတွင် အားကောင်းသော ဩဇာအရှိန်အဝါတစ်ခု တည်ရှိနေခြင်းပင်ဖြစ်သည်။
လော်ယွမ် ဆက်လက်ချဉ်းကပ်သွားရာ မကြာမီမှာပင် ရွာ၏ထောင့်တစ်နေရာတွင် ကြီးမားသောသတ္တဝါတစ်ကောင်ကို တွေ့ရှိလိုက်သည်။ "အပြာရင့်ရောင်အဆင့် သတ္တဝါပဲ… ဒီမှာ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်ရှိနေမယ်လို့ မထင်ထားဘူး"
ဤသည်မှာ ခြင်္သေ့နှင့်တူသော မီးကဲ့သို့အနီရောင်ရှိသည့် သတ္တဝါတစ်ကောင်ဖြစ်သည်။ သို့သော် ခြင်္သေ့ထက် များစွာပိုမိုကြီးမားပြီး ပို၍ပင်ခန့်ညားထည်ဝါသည်။ ဝပ်နေလျှင်ပင် ၎င်းက ၉ပေကျော်မြင့်သည်။ မီးကဲ့သို့အနီရောင်ရှိသော အမွေးများမှာ လေပြေအောက်တွင် ညင်သာစွာ လှုပ်ခတ်နေပြီး မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ပင်။
၎င်း၏အာရုံခံစားမှုမှာ အလွန်ထက်မြက်လှသည်။ လော်ယွမ် ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် ၎င်း၏နားမှာ လှုပ်ရှားသွားပြီး မျက်လုံးများကို ရုတ်တရက်ဖွင့်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ အပြာရောင်မျက်ဝန်းများမှာ လော်ယွမ်ထံသို့ တည့်တည့်ကြည့်ရှုလာသည်။
လော်ယွမ်၏မျက်နှာမှာ တည်ကြည်သွားပြီး လက်မှာ ဓားရိုးပေါ်သို့ ဖြည်းညှင်းစွာ ရောက်ရှိသွားပြီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ နောက်သို့ဆုတ်လိုက်သည်။
သူက တိုက်ပွဲကိုမဖြစ်ပွားစေချင်ပေ။ ဤသတ္တဝါမှာ ဤနေရာမှလူများ ယဉ်ပါးအောင်မွေးမြူထားသည်မှာ ထင်ရှားသည်။ သတ်လိုက်သည်ဖြစ်စေ၊ ဒဏ်ရာရစေသည်ဖြစ်စေ ဤရွာငယ်လေးအတွက်မူ ကပ်ဘေးတစ်ခုပင်ဖြစ်သည်။
သို့သော် ဤသန္ဓေပြောင်းသတ္တဝါကလည်း ချက်ချင်းတိုက်ခိုက်ခြင်းမပြုပေ။ ၎င်း၏မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်ဟန်တစ်ခု ဖြတ်ပြေးသွားပြီး လော်ယွမ်ကို အတန်ကြာစိုက်ကြည့်နေသော်လည်း မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ပေ။
ရုတ်တရက် ၎င်း၏အမြီးမှာ ဝမ်းသာအားရဖြင့် လှုပ်ယမ်းလိုက်ပြီး မျက်လုံးထဲမှရန်လိုမှုမှာလည်း ပျောက်ကွယ်သွားသည်။
လော်ယွမ်၏ သတိကြီးစွာထားသော အကြည့်အောက်တွင် ၎င်းမှာ ကိုယ်ကိုတစ်ချက်လှုပ်ကာ ဘယ်ဘက်အနီးမှ တဲတစ်လုံးဆီသို့ လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ်အကြာတွင် ၎င်းမှာ တဲ၏တံခါးဝတွင်ရပ်တန့်လိုက်ပြီး ကြီးမားသောဦးခေါင်းကို အနည်းငယ်ငုံ့ကာ တဲထဲသို့တန်း၍ ထိုးထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပါးစပ်မှ အက်ကွဲလေးလံသော ညည်းသံကို ပြုလုပ်လိုက်သည်။ မကြာမီမှာပင် မျက်နှာတွင်ဆေးများလိမ်းခြယ်ထားသော အမျိုးသမီးတစ်ဦးက ထိုကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါနှင့်အတူ ထွက်လာသည်။
ဆက်ရန်…