အခန်း (၁၄၁-၁၄၄)
Vol. 8 Ch. 141-144
ပြီးခဲ့သည့်ဇာတ်လမ်းအကျဉ်း
-----------------------------
လော်ယွမ်တို့အဖွဲ့က အိမ်ရာမှာဆက်မနေပဲ အနောက်ဘက်ကို ခရီးဆက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့လိုနဲ့ခရီးဆက်ခဲ့တာ လမ်းမှာ ကောင်းကင်ကိုတောင် မမြင်ရတဲ့ထိ ကြီးမားတဲ့ မိုးထိပင်ကြီးတစ်ပင်ကို တွေ့လိုက်ရပါတယ်။ သူတို့မိုးထိပင်ကြီးရဲ့အောက်ကနေ ဖြတ်လျှောက်ကြရင်းနဲ့ ငလျှင်လှုပ် မီးတောင်ပေါက်ပြီး သားရဲတွေက အုပ်လိုက်သူတို့ဘက်ကို ထွက်ပြေးလာကြပါတယ်။ အဲ့မှာ လော်ယွမ်က ခံတပ်တစ်ခုကို အကာအကွယ်ယူပြီး ဧရာမဖွတ်ကြီးနဲ့အတူ သားရဲအုပ်ကြီးကိုခုခံကြပါတယ်။ ဒါပေမဲ့သားရဲတွေက အကောင်ရေများလွန်းလို့ ဘယ်လိုမှမယှဉ်နိုင်ပဲ လော်ယွမ်က သားရဲအုပ်ထဲလဲကျပြီး သေလုမျောပါးဖြစ်သွားပါတယ်။ အဲ့ဒီမှာသူ့ရဲ့ မြေလှိုင်းအစွမ်းက အသက်ဝင်သွားပြီး ကမ္ဘာမြေကြီးရဲ့ ကြိန်နှုန်းကိုအာရုံခံမိကာ သူ့နှလုံးခုန်နှုန်းနဲ့ ကြိန်နှုန်းက တစ်ထပ်တည်းကျပြီး ဘယ်တော့မှ မမောပမ်းနိုင် ခွန်အားမကုန်ခမ်းနိုင်တဲ့ အစွမ်းရလိုက်ပါတယ်။ အဲ့မှာ သားရဲအုပ်ကြီးရန်ကို ကျော်လွှားပြီးသူတို့ တောထဲဝင်ရောက်ကာခရီးဆက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိုးတွေ အလွန်သဲထန်စွာ ရွာသွန်းမှုကြောင့် ခရီးမဆက်နိုင်ပဲ လှိုင်ဂူထဲဝင်ပုန်းနေခဲ့ရပါတယ်။ မိုးတိတ်တော့ သူတို့အဝေးပြေးလမ်းမကို ပြန်ရောက်ပြီး အနုမြူဗုံးပေါက်ထားတဲ့နေရာနားကို ရောက်သွားပါတယ်။ အဲ့နေရာကိုသူတို့ရှောင်ကွင်းသွားရင်းကနေ ကျိုးကျနေတဲ့ ပင်လယ်ကူးတံတားကိုရောက်သွားပါတယ်။ တံတားအောက်မှာက ရေခန်းနေပြီး ရွံနွံပြင်ကြီးဖြစ်နေပါတယ်။ တံတားအဝမှာရှိတဲ့ စစ်ခံတပ်မှာ ဘာစားစရာမှမရှိတော့ ဒီနားတစ်ဝိုက်မှာ အသက်ရှင်ကျန်သူတွေ ရှိရမယ်လို့ လော်ယွမ်သတိပြုမိလိုက်ပါတယ်။ နောက်နေ့မနက်စောစောမှာ သူက တံတားအောက်က ရွံနွံတွေပေါ်မှာ လူတစ်စုအမဲလိုက်နေတာကိုတွေ့လိုက်ပါတယ်။ သူတို့နောက်ကို နောက်ယောင်ခံလိုက်သွားရင်းနဲ့ တောတွင်းရွာလေးတစ်ခုကိုရောက်တော့ ဧရာမသားရဲကြီးအိပ်နေတာကိုတွေ့လိုက်ပါတယ်။ အဲ့သားရဲကြီးကလော်ယွမ်ကို မှတ်မိသွားပြီး တဲထဲက သူ့သခင် အမျိုးသမီးတစ်ယောက်ကိုသွားခေါ်ပါတယ်….
ဆက်ရန်…
အပိုင်း(၁၄၁)ကျိုးယလီနှင့်ပြန်တွေ့ခြင်း
ထိုအမျိုးသမီးသည် ဟောင်းနွမ်းစုတ်ပြတ်၍ အရောင်အသွေးစုံလင်သော ဆေးများ စွန်းထင်းနေသည့် အဝတ်အစားတို့ကို ထပ်ဝတ်ထားပြီး သူမ၏ခန္ဓာကိုယ်ကို လုံခြုံစွာ ဖုံးအုပ်ထား၏။ သူမ၏လက်ထဲတွင် ပစ္စတိုတစ်လက်ကို ကိုင်ဆောင်ထားပြီး လမ်းလျှောက်နေရင်းပါးစပ်မှလည်း တတွတ်တွတ်ရေရွတ်နေသည်။
"မိဝါ… အပြင်မှာ ဒီလောက် အန္တရာယ်များနေတာကို နင်ဘာလို့ငါ့ကို အပြင်ထွက်ခိုင်းနေတာလဲ... ဘာအရေးကြီးတဲ့ကိစ္စမှ မဟုတ်လို့ကတော့ နင်နာပြီသာမှတ်"
ထိုမြင်ကွင်းက လော်ယွမ်ကို တစ်နေရာရာတွင် မြင်ဖူးသလိုလို ပြင်းထန်သော ခံစားချက်တစ်ရပ်ကို ရုတ်တရက် ဖြစ်ပေါ်မိသည်။
အမျိုးသမီး၏ အရပ်က ဧရာမသားရဲကြီး၏ ဒူးခေါင်းကွေးအောက်နားလောက်တွင်သာ ရှိသည်။ သားရဲကြီးက အနည်းငယ် သတိလက်လွတ်ဖြစ်သွားရုံမျှဖြင့် သူမကို နင်းခြေသတ်ဖြတ်ပစ်နိုင်၏။ သို့သော် ထိုဧရာမသားရဲကြီးမှာမူ အမျိုးသမီး၏ ဆူပူကြိမ်းမောင်းသံအောက်၌ လျှာကိုတဟဲဟဲ လုပ်ကာ အမြီးကို လေရဟတ်ကဲ့သို့ လှုပ်ရမ်းလျက် မြေပြင်ပေါ် ဝပ်တွား၍ ပွတ်သပ်ခံချင်နေသည့်အလား ရှိနေသည်။
ပြီးနောက်သားရဲကြီးက ရပ်တန့်လိုက်ပြီး လော်ယွမ်ရှိရာဘက်သို့ ညည်းသံပြုလိုက်၏။
သားရဲကြီး၏ အကြည့်နောက်သို့ လိုက်၍ အမျိုးသမီးက လော်ယွမ်ထံသို့ ကြည့်လိုက်သည်။ သူမက ရုတ်တရက် မှင်တက်သွားကာ လက်ထဲမှ ပစ္စတိုလွတ်ကျသွားသည်ကိုပင် သတိမထားမိတော့ချေ။ သူမ၏ နှုတ်ခမ်းများက တုန်ယင်လာပြီး…
"ရှောင်ယွမ်…"
ယခုအချိန်တွင် သူ့အား "ရှောင်ယွမ်" ဟု ခေါ်သူ မည်သူမျှ မရှိတော့ပေ။ အဖွဲ့ထဲတွင် အသက်အကြီးဆုံးဖြစ်သည့် ဟော်တုံပင်လျှင် ထိုသို့ တစ်ခါမျှ မခေါ်ခဲ့ဖူးချေ။ ဤအလွန်ရင်းနှီးနေသော အသံက လော်ယွမ်၏ စိတ်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။
"ယလီ… အစ်မယလီလား…" ဟု သူက မရေမရာ လေသံဖြင့် မေးလိုက်၏။
"ရှင်… ရှင်အသက်ရှင်နေသေးတယ်ပေါ့…" ဟု သူမက စိတ်လှုပ်ရှားစွာဖြင့် ဆို၏။
ကျိုးယလီသည် သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့ကြမည့် မြင်ကွင်းကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် ထိုစိတ်ကူးယဉ်မှုအားလုံးက တစ်နေ့တခြား ပို၍ ရက်စက်ကြမ်းတမ်းလာသော ကမ္ဘာပျက်ကပ်ကာလ၏ အခြေအနေများအောက်၌ ကြေမွလွယ်သော ဆပ်ပြာပူဖောင်းများပမာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။ လော်ယွမ်သည်လည်း အခြားလူအများစုကဲ့သို့ပင် သန္ဓေပြောင်းသားရဲများ၏ လက်ချက်ဖြင့် သေဆုံးသွားလောက်ပြီဟု သူမ ထင်မှတ်ခဲ့မိသည်။
သူမသည် ဒုက္ခသည်များနှင့်အတူ တုံဟူမြို့မှ ဖြတ်လာခဲ့ဖူး၏။ သို့သော် ထိုစည်ကားလှပခဲ့သော မြို့ကြီးမှာ အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ နောက်ဆုံးတွင် ဟယ်တုံမြို့ပင်လျှင် ပျက်စီးသွားခဲ့ရာ တဖြည်းဖြည်းနှင့် သူမသည် မျှော်လင့်ချက်များ ကင်းမဲ့လာခဲ့ပြီး လော်ယွမ်၏ ပုံရိပ်သည်လည်း သူမ၏ နှလုံးသားထဲ၌ မှေးမှိန်လာခဲ့ကာ ယခုအခါ၌မူ သူ့အကြောင်းကို တွေးမိသည်မှာ အလွန်ရှားပါးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဤသို့ သာမန်နံနက်ခင်းတစ်ခု၌ ရုတ်တရက်ကြီး ပြန်လည်ဆုံတွေ့လိမ့်မည်ဟု သူမ မည်သို့မျှ မထင်ထားခဲ့မိချေ။
ကမ္ဘာမပျက်မီအချိန်ကကဲ့သို့ပင် ထူးချွန်ပြောင်မြောက်ဆဲဖြစ်သော လော်ယွမ်နှင့် သူ၏ သန့်ရှင်းသပ်ရပ်သော အဝတ်အစားတို့ကို ကြည့်ကာ ကျိုးယလီသည် မိမိ၏ ဖွာလန်ကြဲနေသော ဆံပင်ကို မည်သို့မည်ပုံ သပ်တင်ရမည်မသိ ဖြစ်သွား၏။ ထို့နောက် မိမိ၏ စွန်းထင်းနေသော အဝတ်အစားတို့ကို ဆွဲဆန့်လိုက်ရင်း လက်ကို မည်သည့်နေရာ၌ ထားရမည်ကိုပင် မသိတော့ချေ။
လော်ယွမ်က ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ဝမ်းမြောက်စွာဖြင့်…
"တကယ်ပဲ အစ်မယလီ ဖြစ်နေတာကိုး… ဦးလေးနဲ့ အန်တီရော နေကောင်းကြရဲ့လား…"
"ရှင်ပြန်သွားပြီး ငါးရက်မြောက်နေ့မှာ အဖေနဲ့ မိဝါတို့ လယ်ကွင်းထဲကို စားစရာထပ်ရှာဖို့ သွားကြတယ်... ဒါပေမဲ့ တော်တော်ကြာတဲ့ထိ ပြန်ရောက်မလာကြဘူး... အဲ့တာနဲ့အမေက အဖေ့ကို စိတ်ပူပြီး ထပ်လိုက်သွားတယ်... ညနေရောက်တော့ မိဝါက အလောင်းနှစ်လောင်းကို ဆွဲပြီး ပြန်လာတယ်... သူတို့နှစ်ယောက်လုံး ပိုးမွှားဆိပ်မိပြီး သေသွားကြတာ…"
ကျိုးယလီက အေးဆေးတည်ငြိမ်စွာ ပြောပြနေသော်လည်း စကားအဆုံး၌မူ သူမ၏ အသံက အနည်းငယ် ရှိုက်သံပါနေ၏။
"စိတ်မကောင်းပါဘူး…" လော်ယွမ်က သက်ပြင်းချရင်း ဆိုလိုက်သည်။
"ရပါတယ်… တော်တော်လည်းကြာသွားပြီပဲ…"
ကျိုးယလီက မျက်လုံးကို သုတ်လိုက်ရာ မျက်နှာပေါ်မှ ဆေးများက ချက်ချင်းပေစွန်းသွားပြီး အရောင်အသွေးစုံလင်စွာဖြင့် ရှုပ်ပွသွားလေသည်။
လော်ယွမ်၏ ရင်ထဲ၌ နာကျင်သွားပြီး သူမ၏ လက်ကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမက ညင်သာစွာ ရုန်းထွက်လိုက်ပြီး မျက်နှာလွှဲကာ လေသံတိုးတိုးဖြင့်…
"အဲ့လိုမလုပ်ပါနဲ့…" ဟု ဆို၏။
လော်ယွမ်က အချိန်အတော်ကြာ မတွေ့ဖြစ်ကြ၍ သူမအနေဖြင့် အနည်းငယ် စိမ်းနေသလို ခံစားနေရသည်ဟု ထင်မှတ်ကာ သူမ၏လက်ကို ထပ်မံဆုပ်ကိုင်ရန် ပြင်လိုက်စဉ်မှာပင် သြဇာသံပါသော အသံတစ်ခုကြောင့် သူ၏ အပြုအမူက ရပ်တန့်သွားရသည်။
"ယလီ… ဒီလူက ဘယ်သူလဲ…"
လှံတစ်ချောင်းကိုင်ထားသော အမျိုးသားတစ်ဦးက ပြေးလာ၏။ သူက မိဝါဟုခေါ်သော ဧရာမသားရဲကြီးကို မြင်သော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ ကျိုးယလီ၏ ဘေးသို့ လျှောက်သွားလိုက်သည်။ မိဝါကမူ အမြီးကို တရပ်စပ် လှုပ်ရမ်းနေပြီး ထိုသူနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေကြောင်း ထင်ရှားလှသည်။
ထိုအမျိုးသားက ကျိုးယလီကို ရင်းရင်းနှီးနှီး ခေါ်ဝေါ်လိုက်သံကို ကြားသောအခါ လော်ယွမ်၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
ကျိုးယလီက အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့်…
"သူက ကျွန်မရဲ့ တုံဟူမြို့က မိတ်ဆွေဟောင်းတစ်ယောက်ပါ... ဒီကို ခုနကမှ ရောက်လာရင်းနဲ့ တွေ့တာ…" ဟု ဆို၏။
ထို့နောက် လော်ယွမ်ကို မကြည့်ဝံ့ဘဲ ရှောင်လွှဲကာ…
"ရှောင်ယွမ်… ဒါက… ကျွန်မရဲ့ရည်းစား… ကျူးဟောင်…"
ထိုအမျိုးသားကမူ စောနက ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို မမြင်ခဲ့သည့်အလား ပြုံးကာ… "ခင်ဗျားဒီနေရာကိုရှာတွေ့တာ တော်တော်တိုက်ဆိုင်တာပဲ... ကျွန်တော်တို့နေရာက လွယ်လွယ်နဲ့ရှာတွေ့နိုင်တာမဟုတ်ဘူး... ခင်ဗျားက ယလီရဲ့မိတ်ဆွေဆိုတော့ ကျွန်တော့်မိတ်ဆွေပဲပေါ့... ခင်ဗျားဘယ်မှသွားစရာမရှိရင်လည်း ဒီမှာပဲနေလိုက်လေ ဒီမှာက နေရထိုင်ရတာ ရိုးရှင်းပြီး ရွှံ့တွေနဲ့မကြာခဏထိတွေ့နေရပေမယ့် ဒီလိုခေတ်ပျက်ကြီးထဲမှာ လုံခြုံမှုထက်ပိုအရေးကြီးတာ ဘာရှိသေးလို့လဲ"
လော်ယွမ်၏ ရင်ထဲ၌ မွန်းကြပ်လာသည်။ သူက အားယူ၍ အသက်ကိုပြင်းပြင်းရှူကာ ပြုံးလိုက်ပြီး…
"ကျေးဇူးပါ... ဒါပေမဲ့ ကျွန်တော် ဒီမှာ အကြာကြီး မနေပါဘူး... အခုလာတာကလည်း ဟိုဘက်အခြမ်းကို ဒီကနေကူးလို့ရမလားဆိုတာ လာကြည့်တာ... အစ်မယလီနဲ့ ပြန်တွေ့ရတာကိုတော့ ကံကောင်းတယ်လို့ပဲ ဆိုရမှာပေါ့…"
သူက အစောကြီးကတည်းက တွေးထားခဲ့သင့်သည်။ ကျိုးယလီက ရုပ်ရည်ချောမောလှပသူဖြစ်သည်။ သူမ၏ ရုပ်ရည်က ဆိုးရွားနေလျှင်တောင် မိဝါရှိနေသမျှ ကာလပတ်လုံး သူမကို လိုချင်ကြမည့်သူ မရှိဘဲ နေမည်မဟုတ်ပေ။ စွမ်းအားနှင့် လုံခြုံမှု အလွန်လိုအပ်နေသော ဤကမ္ဘာပျက်ကပ်ကာလ၌ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်ကို ရရှိနိုင်မည်ဆိုလျှင် စဉ်းစားဉာဏ်ရှိသည့် မည်သည့်ယောက်ျားမဆို လက်လွှတ်ခံမည် မဟုတ်ချေ။
သူတို့နှစ်ဦးကြား၌ တစ်ညတာ၏ သံယောဇဉ်မျှသာ ရှိခဲ့ပြီး နက်ရှိုင်းသော ချစ်ခြင်းမေတ္တာဟု ဆို၍မရပေ။ ချစ်ခြင်းမေတ္တာ ရှိခဲ့လျှင်ပင် ဤမျှကြာမြင့်သော အချိန်ကာလ၏ တိုက်စားမှုအောက်၌ ခပ်ဖျော့ဖျော့သာ ကျန်တော့ပေမည်။
ကျူးဟောင်သည် အရပ်မြင့်မားပြီး မျက်နှာပေါ်၌ ဆေးများ လိမ်းခြယ်ထားသော်လည်း ရုပ်ရည်သန့်ပြန့်သူဖြစ်ကြောင်း မြင်နိုင်၏။ ထို့အပြင် သူ၏ အသံမှာ ကျယ်လောင်ပြတ်သားပြီး စကားပြောဆိုပုံမှာလည်း ယဉ်ကျေးသိမ်မွေ့သည်။ သူက သြဇာအာဏာရှိသူတစ်ဦးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပြီး ဤဒုက္ခသည်စခန်း၌ သူ၏ အဆင့်အတန်းက နိမ့်ကျမည်မဟုတ်ချေ။ ဤသို့သော လူစားမျိုးက အောက်ကျို့ပြီး ပိုးပန်းမည်ဆိုလျှင် စိတ်ဓာတ်ပျော့ညံ့ပြီး အမြဲတမ်းအားငယ်နေတတ်သော ကျိုးယလီကဲ့သို့ အမျိုးသမီးတစ်ဦးက ထိုသူ၏ ထိုးစစ်ကို မည်သို့မျှ ခုခံနိုင်မည် မဟုတ်ချေ။
"ဒါလည်းကောင်းတာပဲ... ဘယ်လိုပဲပြောပြော ဒီနေရာကကြာကြာနေလို့မကောင်းဘူးလေ... ရေကသိပ်မကြာခင်တက်လာတော့မှာ အဲ့ကျရင်ကျွန်တော်တို့လည်း နေရာအသစ်ရှာရဦးမယ်... ဒါပေမဲ့ခုချက်ချင်းပြန်တော့မလို့လား... နေ့လည်စာဖြစ်ဖြစ်စားသွားပါဦးလား... ခင်ဗျားနဲ့ယလီတို့က မတွေ့တာကြာပြီဆိုတော့ စကားအေးအေးဆေးဆေး ပြောကြဦးပေါ့" ဟု ကျူးဟောင်က ပြုံးကာ ဆို၏။
သူ၏ မျက်နှာပေါ်၌ အပြုံးများက လွှမ်းခြုံနေပြီး လော်ယွမ် မည်သို့ပင် ကြည့်စေကာမူ အလိုမကျသည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မတွေ့ရဘဲ အကုန်လုံးကို စိတ်ရင်းအမှန်ဖြင့် ပြောဆိုနေသည့်အလား ရှိနေသည်။ လော်ယွမ်ကမူ မိမိကိုယ်မိမိ ထိုသို့ ပြုမူနိုင်မည်မဟုတ်ဟု သိနေသည်။ ဤသူ၏ စိတ်သဘောထားမှာ အလွန်နက်ရှိုင်းလှ၏။ သို့သော် ဤသို့သော လူစားမျိုးသာလျှင် ဤရက်စက်ကြမ်းတမ်းသော လောကကြီး၌ ပို၍ ကောင်းမွန်စွာ အသက်ရှင်ရပ်တည်နိုင်ပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ သူသည် ဤနေရာ၌ ဆက်လက်မနေချင်တော့ဘဲ ခေါင်းခါကာ…
"ရတယ် မစားတော့ဘူး... ကျွန်တော့်ကိုစောင့်နေတဲ့ သူငယ်ချင်းတွေရှိသေးတယ်... လမ်းအခြေအနေကြည့်ပြီးတာနဲ့ သွားတော့မှာ"
ကျူးဟောင်က သက်ပြင်းချလိုက်သည်။ သူစကားပြောရန် ပြင်နေစဉ်မှာပင် ကျိုးယလီက…
"ထမင်းတော့စားသွားပါဦးလား... ရှင်ကကျွန်မနဲ့ပြန်တွေ့ရတာကို မကြိုက်လို့လား... ရှင့်သူငယ်ချင်းတွေကို စိတ်ပူရင်လည်း သူတို့ပါတစ်ခါတည်း ခေါ်လိုက်လေ..." ဟု ဆို၏။
စကားက ဤအခြေအနေသို့ ရောက်လာသောအခါ လော်ယွမ်လည်း ဆက်လက်ငြင်းဆန်ရန် မတတ်နိုင်တော့ချေ။ သူက ကျိုးယလီ၏ တောင်းပန်နေဟန်ရှိသော မျက်ဝန်းများကို ကြည့်ကာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကာ…
"ကောင်းပြီလေ… ကျွန်တော် သူတို့ကို သွားခေါ်လိုက်မယ်…"
လော်ယွမ်၏ ကျောပြင်ကို ကြည့်ရင်း ကျူးဟောင်က အတန်ကြာ စိုက်ကြည့်နေပြီးနောက် ကျိုးယလီဘက်သို့ လှည့်ကာ…
"ငါစောစောက ငါးရှဉ့်ကြီးတစ်ကောင် မိလာတယ်... ပြင်ဆင်ဖို့သွားပြောလိုက်ဦးမယ်... နင်ရောလိုက်ကူဦးမလား"
ကျိုးယလီမှာမူ စိတ်လွင့်နေပြီး အတန်ကြာမှ သတိပြန်ဝင်လာကာ တောင်းပန်သော လေသံဖြင့်…
"ကျွန်မ နည်းနည်း ပင်ပန်းနေလို့ ခဏနားချင်တယ်... ရှောင်ယွမ်တို့ ရောက်လာမှပဲ ကျွန်မကို လာခေါ်လိုက်ပါ…"
ဟုဆိုကာ တဲရှိရာသို့ လှည့်ထွက်သွားလေသည်။
ကျူးဟောင်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွား၏။ သူတို့နှစ်ဦး၏ ပုံမှန်မဟုတ်သော အခြေအနေကို မျက်စိကန်းနေသူကလွဲပြီး မည်သူမဆို မြင်နိုင်ပေသည်။ ခုနကသာ သူ အချိန်မီ ရောက်မလာခဲ့လျှင် ထိုနှစ်ဦးသား ပွေ့ဖက်မိကြတော့မည်မှာ သေချာ၏။
ကျိုးယလီကို ပိုးပန်းနိုင်ရန်အတွက် သူက မိမိကိုယ်ကို အမြဲတစေ စောင့်ထိန်းခဲ့ပြီး သူ့ထံ အလိုတူ၍ ရောက်လာသော အမျိုးသမီးအချို့ကိုပင် မညှာမတာ ငြင်းပယ်ခဲ့သည်။ ထွက်ပြေးသည့် လမ်းတစ်လျှောက်လုံးတွင်လည်း သူမကို နွေးနွေးထွေးထွေး ဂရုစိုက်ပြီး နှိမ့်ချစွာ ဆက်ဆံခဲ့သည်။ ဤမျှလောက် ပေးဆပ်ခဲ့ပြီးနောက် အောင်မြင်ခါနီးဆဲဆဲမှာပင် မထင်မှတ်ဘဲ အနှောင့်အယှက် ပေါ်လာခဲ့သည်။
သူက လော်ယွမ်၏ ကျောပြင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ လှည့်ထွက်သွားလေသည်။
လော်ယွမ်တို့အဖွဲ့ ရောက်ရှိလာသောအခါ နှစ်နာရီခန့် ကြာမြင့်နေပြီဖြစ်သည်။
စခန်းအတွင်း ရုတ်ရုတ်သဲသဲ မဖြစ်ပွားစေရန်အတွက် လော်ယွမ်က ဧရာမဖွတ်ကြီးကို ခေါ်မလာခဲ့ဘဲ ခရီးဆောင်အိတ်များကိုပါ မူလနေရာ၌ ထားခဲ့သည်။
စခန်းအတွင်း၌ အမှိုက်များက နေရာအနှံ့ ပျံ့ကျဲနေပြီး ပြောမပြတတ်သော နံစော်သည့်အနံ့က ထွက်ပေါ်နေ၏။ လမ်းမပေါ်တွင် အရိုးပေါ်အရေတင်၍ စုတ်ပြဲနေသော အဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက လူအများရှေ့တွင်ပင် ဘောင်းဘီကို ချွတ်ချကာ ဆီးသွားနေသည်။
သူမ၏ တစ်ကိုယ်လုံးတွင် ဖြူဖွေးနေသော တင်ပါးတစ်ခုတည်းကသာ ယောက်ျားအချို့၏ တပ်မက်သော အကြည့်များကို ဆွဲဆောင်နေ၏။ သူမ ဆီးသွား၍ မပြီးသေးခင်မှာပင် အနီးအနားရှိ တဲတစ်လုံးထဲသို့ ဆွဲသွင်းခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။ ထိုအချိန်အတွင်း အမျိုးသမီးက ဟန်ဆောင်၍ ရုန်းကန်ပြီး ယောက်ျားများကမူ ရယ်မောဆဲဆိုနေကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ မူလကတည်းက မျက်နှာမကောင်းဖြစ်နေသော ဟွမ်ကျားဟွေ၏ မျက်နှာက ချက်ချင်းပင် ပို၍ မည်းမှောင်သွားလေသည်။
လူအများအပြားသည် ရွာ၏အစွန်၌ ဟင်းစားတစ်ခုခု တွေ့ရှိရန် မျှော်လင့်ချက်ဖြင့် ရွှံ့နွံများကို အထပ်ထပ် တူးဆွနေကြ၏။
ပိန်လှီသော အမျိုးသားတစ်ဦးက တူးနေရင်းမှ တစ်ကိုယ်လုံး တက်၍ မြေပေါ်သို့ လဲကျသွားသည်။ ပတ်ဝန်းကျင်မှ လူများကမူ ကစဉ့်ကလျား ထွက်ပြေးသွားခြင်း၊ အော်ဟစ်ခြင်းများ မပြုဘဲ ထိတ်လန့်သော အရိပ်အယောင်လေးသာ မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။ လူအုပ်ကြီးက ခံစားချက်မဲ့နေသော အကြည့်များဖြင့် ခေတ္တမျှ ကြည့်ပြီးနောက် ထိုနေရာကို ရှောင်ကွင်းကာ ရွှံ့နွံများကို ဆက်လက်တူးဆွနေကြသည်။
ထိုအဖြစ်ကို မြင်သောအခါ လော်ယွမ်တို့အဖွဲ့သည် တုန်လှုပ်သွားကြသလို တစ်ချိန်တည်းမှာပင် ကံကောင်းသည်ဟုလည်း ခံစားမိကြသည်။ အကယ်၍သာ လော်ယွမ်နောက်သို့ မလိုက်ခဲ့ပါလျှင် မိမိတို့သည်လည်း ဤလူများထဲမှ တစ်ဦး ဖြစ်နေနိုင်ပေသည်။
ဤစခန်းထဲ၌ ရှင်ကျန်သူ ရာပေါင်းများစွာ ရှိနေသော်လည်း ရှင်ကျန်သူအချင်းချင်းပင်လျှင် ကွာခြားမှုများကို ခံစားသိရှိနိုင်သည်။ အစားအစာ ရှားပါးမှုကြောင့် ဖြစ်နိုင်၏။ ဒုက္ခသည်အများစု၏ မျက်နှာများမှာ ဖြူဖျော့နေပြီး အကြည့်များက အသက်မဲ့နေကာ အသက်ဝင်လှုပ်ရှားမှု တစ်စိုးတစ်စိမျှ မတွေ့ရချေ။
လူနည်းစုအချို့၏ မျက်နှာများမှာမူ သွေးရောင်လွှမ်းနေပြီး ထိုသူများမှာ အများအားဖြင့် သန်မာသော ယောက်ျားများနှင့် အတော်အသင့် ချောမောလှပသော အမျိုးသမီးများ ဖြစ်ကြသည်။
မည်သည့်အချိန်အခါ၌မဆို လူများအကြား၌ အဆင့်အတန်း ခွဲခြားမှုများ ရှိနေသည်ကို လော်ယွမ် ကောင်းကောင်းသိသည်။ ကမ္ဘာမပျက်မီက ဉာဏ်ရည်ကို အားကိုးရပြီး ယခုအခါ၌မူ အင်အားကို အားကိုးရသည်။ အင်အားပိုကြီးလေ ကမ္ဘာပျက်ကပ်ကာလ၌ ပို၍ ကောင်းမွန်စွာ နေထိုင်နိုင်လေဖြစ်ပြီး အစားအစာနှင့် အမျိုးသမီးများ အပါအဝင် ရိက္ခာအများဆုံးကို ပိုင်ဆိုင်ရလေ ဖြစ်သည်။
မကြာမီမှာပင် သူတို့ကို ကြိုဆိုရန် လူတစ်ဦး ရောက်လာသည်။ ရောက်လာသူမှာ ကျူးဟောင်မဟုတ်ဘဲ အရပ်မြင့်မားသော လူငယ်တစ်ဦး ဖြစ်သည်။ သူက လော်ယွမ်ကို စိန်ခေါ်သလို ကြည့်လိုက်ပြီး အမျိုးသမီးများကို မြင်သောအခါ သူ၏ မျက်လုံးထဲ၌ စိတ်မထိန်းနိုင်ဟန် ပေါ်လာ၏။
စခန်းထဲမှ အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် အလွန်အမင်း သန့်ရှင်းနေကြသည်။ သန့်ရှင်းသော အဝတ်အစား၊ သန့်ရှင်းသော ရုပ်ရည်နှင့် ကောင်းမွန်သော အလှတို့က ဤနေရာ၌ ကြက်အုပ်ထဲမှ ကြိုးကြာပမာ ထင်းနေစေသည်။ အထူးသဖြင့် ဝမ်ရှီရှီ၏ ပန်းချီကားထဲမှ ထွက်လာသည့်အလား နူးညံ့လှပသော မျက်နှာလေးနှင့် ကျောက်စိမ်းကဲ့သို့ ဝင်းပနေသော အသားအရေတို့က အလွန်ပင် ထူးခြားနေသည်။
ဝမ်ရှီရှီက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့ကာ…
"နင့်မျက်လုံး ဘယ်ကို ကြည့်နေတာလဲ… ဟု အော်ငေါက်လိုက်သည်။
ထိုလူငယ်က သတိပြန်ဝင်လာပြီး မရှင်းမလင်းသော အဓိပ္ပာယ်ဖြင့် ပြုံးကာ…
"အားလုံးပဲ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ…"
သူတို့အဖွဲ့က ထိုလူနောက်သို့ လိုက်၍ အကြီးဆုံးတဲတစ်လုံးရှေ့သို့ ရောက်သောအခါ သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး…
"အထဲကို လက်နတ်ယူခွင့်မပြုဘူး... လက်နတ်အားလုံးကျွန်တော့်လက်အပ်ရမယ်... အားလုံးနားလည်ကြမယ်လို့မျှော်လင့်တယ်"
"မင်းတို့ကလူအင်အား ဒီလောက်များတာတောင် ငါတို့လူနည်းနည်းလေးကို ကြောက်နေတာလား" ဟု လင်းရှောင်ကျီက မကျေမနပ်ဖြင့် ဆို၏။
လူငယ်က မထီမဲ့မြင်ပြုံးကာ
"ဒီတဲကကျွန်တော်တို့ အစည်းအဝေးလုပ်တဲ့နေရာလေ... ဘာလက်နတ်မှယူခွင့်မရှိဘူး... စည်းမျဉ်းကစည်းမျဉ်းပဲ ဘယ်သူ့ကိုမှ ခြွင်းချက်ပေးလို့မရဘူး"
"ရှင်တို့စည်းမျဉ်းက ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ" ဟု ချောင်လင်က ဆို၏။
လော်ယွမ်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တည်ကြည်သောလေသံဖြင့်
"ထားလိုက်တော့... ငါတို့ကဧည့်သည်တွေပဲ လက်နတ်တွေယူလာလို့ဘယ်ကောင်းမှာလဲ... သူ့ကိုလက်နတ်တွေ ပေးလိုက်ကြ"
ဟုဆိုကာ သူ၏ ဓားရှည်ကြီးကို ကမ်းပေးလိုက်သည်။
လူငယ်က လှမ်းယူလိုက်သည်နှင့် မျက်နှာက ချက်ချင်း ပျက်သွား၏။ ဓား၏ လေးလံသော အလေးချိန်ကြောင့် သူက ဓားကို မထိန်းနိုင်လုမတတ် ဖြစ်သွားပြီး လက်နှစ်ဖက်ဖြင့် အလျင်အမြန် ဆုပ်ကိုင်လိုက်ရသည်။
ဓားကို လက်တစ်ဖက်တည်းဖြင့် အေးဆေးစွာ ကိုင်ဆောင်ထားခဲ့သော လော်ယွမ်ကို ကြည့်ကာ သူ၏ မျက်နှာပေါ်၌ တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
လော်ယွမ်ပင် လက်နက်အပ်လိုက်သည်ကို မြင်သောအခါ ကျန်လူများလည်း လိုက်နာကြရပြီး တဲအတွင်းသို့ ဝင်ရောက်သွားကြသည်။
တဲ၏ ကြမ်းပြင်ကို သစ်သားပြားများ ခင်းထားပြီး အပေါ်မှ ကော်ဇောထူတစ်ထပ်ကို ထပ်ခင်းထားသော်လည်း အနည်းငယ် စိုစွတ်နေဆဲ ဖြစ်သည်။
အလယ်၌ စားပွဲဝိုင်းတစ်လုံးရှိပြီး ထိုနေရာတွင် လူခုနစ်ဦး ထိုင်နေကြသည်။ ကျူးဟောင်က ခေါင်းဆောင်နေရာ၌ ခန့်ညားစွာ ထိုင်နေပြီး ကျိုးယလီကိုမူ မတွေ့ရချေ။
ဆက်ရန်...
အပိုင်း(၁၄၂)သည်းခံနိုင်စွမ်း
စားပွဲပေါ်တွင် မည်သည့်စားစရာမျှမရှိဘဲ ဟင်းလင်းဖြစ်နေသည်။ လော်ယွမ်တို့အဖွဲ့ ဝင်လာသည်ကိုမြင်လျှင် လူအချို့မှာ သူတို့ထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။ ထိုအကြည့်များထဲမှ ဖုံးကွယ်ထားခြင်းမရှိသော မလိုမုန်းတီးမှုကို မည်သူမဆို မြင်တွေ့နိုင်ရာ ဤသည်မှာ ထောင်ချောက်ဆင်ထားသော စားပွဲတစ်ခုဖြစ်မည်ကို လော်ယွမ် ချက်ချင်းနားလည်လိုက်သည်။
"အားလုံးထိုင်ကြ... ဟင်းတွေကခဏနေရောက်လာမှာပါ... အခုဒီမှာဘယ်သူမှမရှိဘူး... ယလီလည်းမရှိဘူးဆိုတော့ မစားခင်မှာ ငါတို့ကိစ္စတချို့ကို မျက်နှာချင်းဆိုင် ဆွေးနွေးကြတာပေါ့... မဟုတ်ရင်မင်းတို့ ထမင်းအေးဆေးစားနိုင်မှာ မဟုတ်ဘူး" ကျူးဟောင်က စီးကရက်တစ်လိပ်ကို မီးညှိရင်း လော်ယွမ်ဘက်သို့ လက်ညှိုးထိုးပြကာ ဆိုသည်။ ယခုအချိန်တွင် ကျိုးယလီမရှိသောကြောင့် သူ ဟန်ဆောင်နေရန်မလိုအပ်တော့ပေ။
"ထမင်းတနပ်စားဖို့ ဆွေးနွေးစရာလိုသေးတာလား... မင်းကဘာပြောချင်လို့လဲ" လော်ယွမ်က ခနဲ့တဲ့တဲ့ရယ်မောလိုက်ပြီး စားပွဲဆီသို့ လျှောက်သွားကာ စားပွဲမျက်နှာပြင်ကို လက်ဖြင့် ညင်သာစွာ ကုတ်ခြစ်လိုက်သည်။ သွားကျိန်းလောက်သည့် အသံတစ်ခုနှင့်အတူ သစ်သားစားပွဲမျက်နှာပြင်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး သူက ထိုသစ်သားစများကို စားပွဲရှေ့တွင် ဖြည်းညှင်းစွာ တစ်ချောင်းချင်းစီ စီတန်းထားလိုက်သည်။
စကားလုံးမပါသော ခြိမ်းခြောက်မှုကြောင့် လူအချို့၏မျက်နှာများမှာ ပြင်းထန်စွာ ပျက်သွားကြသည်။ သို့သော် ကျူးဟောင်မှာ ရုတ်တရက် ဟားတိုက်ရယ်မောလိုက်သည်။ "သတ္တိကောင်းသားပဲ... ဒါပေမဲ့ဒါကငါ့နယ်မြေဆိုတာ မင်းသိသင့်တယ်... မင်းဒီကိုဘာမှဂရုမစိုက်ပဲလာရဲတယ်ဆိုတော့ မင်းမှာအစွမ်းအစတော့ရှိမှာပဲ... ဒါပေမဲ့ငါမင်းကိုတစ်ခုတော့ သတိပေးလိုက်မယ်... မင်းဒီတဲထဲကိုဝင်လိုက်ထဲက ဒီနေရာကိုစက်သေနတ်တွေနဲ့ အဆင်သင့်ချိန်ထားတာ... မင်းနည်းနည်းလေးလှုပ်ရှားရဲတာနဲ့ ဒီကနေပြန်ထွက်နိုင်မယ်မထင်နဲ့" ကျူးဟောင်က အနည်းငယ်မျှသာဖွာရှိုက်ရသေးသော စီးကရက်တိုကို လွှင့်ပစ်ကာ နင်းခြေလိုက်ပြီးနောက် အနည်းငယ်တုန်ယင်နေသောလက်ဖြင့် နောက်တစ်လိပ်ကို မီးညှိကာ ခပ်ပေါ့ပေါ့ဆိုသည်။
အားလုံးက လော်ယွမ်ကို အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။ လော်ယွမ်၏မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိသည်ကိုမြင်မှ သူတို့ စိတ်သက်သာရာရသွားကြသည်။
လော်ယွမ်က စားပွဲကို ညင်သာစွာခေါက်ရင်း အတန်ကြာစဉ်းစားပြီးနောက် အေးစက်စွာဖြင့် "ပြော...ဘာဖြစ်ချင်တာလဲ"
"ဟုတ်ပြီ" ကျူးဟောင်မှာ အလိုအလျောက်ပင် သက်ပြင်းချလိုက်မိသည်။ အဘယ်ကြောင့်မှန်းမသိ လော်ယွမ်ကို ရင်ဆိုင်ရချိန်တွင် သူ အမြဲတမ်း အားငယ်သလိုခံစားရသည်။ သူရင်ဆိုင်နေရသည်မှာ လူသားတစ်ဦးမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကဲ့သို့ပင်။ ဝင်လာကတည်းက သူက အခြေအနေကို ထိန်းချုပ်ရန် တစ်လှမ်းချင်းစီ ကြိုးစားခဲ့ပြီး ဩဇာအရှိန်အဝါဖြင့် တစ်ဖက်လူကို ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့သည်မှာ ထင်ရှားသည်။
"ငါတို့နှစ်ယောက်အချင်းချင်း မနှောက်ယှက်ပဲ ကိုယ့်လမ်းကိုယ်သွားကြမယ်... ကျိုးယလီကငါ့ရည်းစားဖြစ်နေပြီ... အဲ့တော့စားသောက်လို့ပြီးရင် မင်းတို့အဖွဲ့ဒီကနေ ချက်ချင်းထွက်သွားပါ... ဘာပဲပြောပြောကျိုးယလီက ရုပ်ချောတဲ့မိန်းကလေးတစ်ယောက်ပဲမလား... အဲ့လိုမိန်းကလေးမျိုးက နေရာအနှံ့ရှိတာပဲ... မင်းလိုချင်ရင်ငါတောင် သူ့ထက်ပိုလှတဲ့ကောင်မလေးတွေ ပို့ပေးလို့ရတယ်... ကျိုးယလီကငါတို့အဖွဲ့ကို ကာကွယ်ထားတဲ့သူ... ဘာမှမပူနဲ့ငါသူ့ကိုသေချာ စောင့်ရှောက်မှာပါ"
ကျူးဟောင်မှာ အကျိုးအမြတ်နှင့် ဘယ်အချိန်တွင်ရှေ့တိုးရမည် ဘယ်အချိန်တွင် နောက်ဆုတ်ရမည်ကို နားလည်သော ခံစားချက်မရှိသည့် အာဏာရှင်တစ်ဦးပင်ဖြစ်သည်။ သူ ဘာလိုအပ်သည်ကို သူသိပြီး ၎င်းကို သူ၏လက်ထဲတွင် ထိန်းချုပ်ထားရန် ကြိုးစားသည်။ ကျိုးယလီမှာ သူအတွက် မိန်းမတစ်ဦးဖြစ်ရုံသာမက အသုံးချနိုင်သော အင်အားတစ်ခုလည်းဖြစ်သည်။
သို့သော် လော်ယွမ် ရောက်ရှိလာခြင်းက ကျူးဟောင်၏စိတ်ထဲတွင် ကြီးမားသော အကျပ်အတည်းခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။ ကျိုးယလီ၏ စိတ်သဘောထားကို မျက်စိပါသူတိုင်း မြင်နိုင်ပြီး အတိတ်ကအချစ်များ မကုန်သေးသည်မှာ ထင်ရှားသည်။ အကယ်၍ သာမန်မိန်းမတစ်ယောက်သာဆိုလျှင် မိတ်ဖွဲ့ရန်အတွက် သူ့ရည်းစားဆိုလျှင်တောင် ပေးလိုက်နိုင်သည်။ သို့သော် ကျိုးယလီမှာမူ မတူပေ။ အဘယ်ကြောင့်ဆိုသော် ကျိုးယလီကို ရရှိခြင်းသည် အဆင့်လေး သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ရရှိခြင်းနှင့် ညီမျှသောကြောင့်ဖြစ်သည်။
ဤအဆင့်လေး သန္ဓေပြောင်းသတ္တဝါမှာ သူနှင့် ဤအသက်ရှင်ကျန်ရစ်သူစခန်းအတွက် အလွန်ပင်အရေးကြီးလှသည်။ ယခု စခန်း ဤမျှလုံခြုံနေရခြင်း၏ အရေးကြီးဆုံးအကြောင်းအရင်းက ဤသတ္တဝါရှိနေသောကြောင့်ပင်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ လော်ယွမ်က ၎င်းကို ထားကိုထားခဲ့ရမည်။ ၎င်းကို ထားခဲ့ရန်အတွက်မူ ကျိုးယလီကိုပါ ထားခဲ့ရမည်ဖြစ်သည်။ ဤစားပွဲမတိုင်မီ သူက အစီအစဉ်နှစ်ခုကို သေချာစွာ ပြင်ဆင်ထားခဲ့သည်။ အကြမ်းနည်းဖြင့်မရပါက အပျော့နည်းဖြင့် သုံးမည်။ တိတ်တဆိတ်လုပ်ကြံ၍ မအောင်မြင်ပါက သူ့ကိုအမြန်ဆုံးပထုတ်မည်။
လော်ယွမ်၏ ရင်ထဲတွင် တစ်ဆို့နေသည်။ သူက တရားနည်းလမ်းမကျသူတစ်ဦးမဟုတ်ပေ။ ထို့အပြင် ကျိုးယလီမှာ အခြားသူ၏ချစ်သူဖြစ်နေပြီဖြစ်ရာ ယုတ္တိကျကျဆိုလျှင် သူလုံးဝစွန့်လွှတ်လိုက်သင့်သည်။ သို့သော် အဘယ်ကြောင့်မှန်းမသိ၊ သူ၏စိတ်ထဲတွင် မကျေမနပ်မီးတောက်တစ်ခုက တောက်လောင်နေပြီး သူ့ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။
သူ အတန်ကြာတိတ်ဆိတ်နေပြီးနောက် ခေါင်းကိုမော့ကာ ဖြည်းညှင်းစွာ "ငါက လက်မခံဘူးဆိုရင်ရော"
ကမ္ဘာပျက်ကာလမှာ အန္တရာယ်များလှပြီး အချိန်မရွေး သေဆုံးနိုင်သည်။ အသက်ရှင်နေရသည်မှာပင် မလွယ်ကူလှ။ အဘယ်ကြောင့် ဤသို့ မတရားခံရသည့်စိတ်ကို မျိုသိပ်ပြီး နေထိုင်ရမည်နည်း။ စိတ်၏လွတ်လပ်မှုကိုတောင် မရနိုင်လျှင် အဘယ်မှာ အဓိပ္ပာယ်ရှိတော့မည်နည်း။
ကျူးဟောင်၏ လက်အောက်ငယ်သားအချို့မှာ မျက်နှာပျက်သွားကြပြီး သေနတ်များကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ကြသည်။ လေထုမှာပင် အေးခဲသွားသကဲ့သို့ဖြစ်ပြီး တိုက်ပွဲမှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလားပင်။
"ဒါကတော့မင်းက သူ့မျက်နှာမထောက်ဘူးဆိုတဲ့ သဘောပဲ... အခုကျိုးယလီက ငါ့မိန်းမဖြစ်နေပြီကွ" ကျူးဟောင်က ခနဲ့တဲ့တဲ့ရယ်မောလိုက်သည်။
ဤစကားက လော်ယွမ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ သူ၏မျက်နှာမှာ မှောင်မိုက်သွားပြီး ဓားသွားတစ်လက်ကဲ့သို့ စူးရှသောမျက်လုံးများဖြင့် ကျူးဟောင်ကို စူးစိုက်ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဩဇာအရှိန်အဝါတစ်ရပ် သူ၏ကိုယ်ပေါ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ လေထုမှာ ရုတ်ခြည်းပင် လှုပ်ရှားထကြွလာပြီး အမြင်အာရုံများမှာပင် ဝေဝါးလာသည်။ စားပွဲပေါ်မှ သစ်သားစအချို့ပင် လှုပ်ခါလာပြီး လေပေါ်သို့ ပျံတက်တော့မည့်အလားပင်။
တံခါးဝတွင်ရပ်နေသော လူငယ်က သူ၏ဘေးတွင်ထားသော အနက်ရောင်ဓားရှည်ကြီးမှာ အနည်းငယ် တုန်ခါလာပြီး ဓားအိမ်ထဲမှ ထွက်တော့မည့်အလားဖြစ်နေသည်ကို ရုတ်တရက်တွေ့ရှိလိုက်သည်။ သူက အံ့ဩစွာဖြင့် အလျင်အမြန် ဖိထားလိုက်သော်လည်း ဓားမှာ တုန်ခါနေဆဲဖြစ်သည်။
တဲထဲတွင် သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
ချွေးစေးများမှာ ကျူးဟောင်တို့အဖွဲ့၏ နဖူးမှ တစ်စက်ချင်းစီ စီးကျလာသည်။ သေနတ်ကိုင်ထားသော လက်များမှာ ကျောက်ရုပ်ကဲ့သို့ဖြစ်သွားပြီး တစ်ချက်မျှပင် မလှုပ်ရှားဝံ့တော့ပေ။ အကယ်၍ မဆင်မခြင်လှုပ်ရှားလိုက်ပါက မုန်တိုင်းထန်သော လေပြင်းမိုးပြင်းကဲ့သို့ တိုက်ခိုက်မှု ချက်ချင်းကျရောက်လာမည်ကို သူတို့၏ပင်ကိုယ်အသိစိတ်က ခံစားနေရသည်။
ကျူးဟောင်မှာ လော်ယွမ်ကို ရင်ဆိုင်ရတိုင်း အဘယ်ကြောင့် အသက်ရှူမဝဘဲ ရင်ဘတ်အောင့်လာပြီး နှလုံးခုန်မြန်လာသည်ကို နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။ ဤလူမှာ အလွန်အမင်း အစွမ်းထက်လှသည်။ လက်နက်ပင်မသုံးဘဲ မျက်လုံးဖြင့်စိုက်ကြည့်ရုံဖြင့်ပင် သူတို့ကို မလှုပ်ရှားဝံ့အောင် ပြုလုပ်နိုင်သည်အထိ အစွမ်းထက်လှသည်။ အကယ်၍ သူသာဆန္ဒရှိပါက ဤနေရာရှိလူအားလုံးကို တစ်ခဏအတွင်း သတ်ဖြတ်ပစ်နိုင်ပေမည်။
"လော်ယွမ်... တော်လောက်ပြီ" ဟွမ်ကျားဟွေက ရုတ်တရက် အော်လိုက်သည်။ သူမ၏မျက်နှာမှာ အနည်းငယ် မကောင်းလှပေ။ ဤတစ်ကြိမ်တွင် လော်ယွမ်၏လုပ်ရပ်က တရားလွန်နေပြီဖြစ်သည်။ လော်ယွမ် လူသတ်သည်ကို သူမ သည်းခံနိုင်သော်လည်း သတ်သင့်သတ်ထိုက်သူကိုသာ သတ်သင့်သည်။ အခြားသူ၏ ကောင်မလေးအတွက် လူသတ်ခြင်းကို သူမလက်မခံနိုင်ပေ။
ကြောက်မက်ဖွယ်ကောင်းသော ဩဇာအရှိန်အဝါမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အတန်ကြာမှ လော်ယွမ်မှာ စိတ်ပျက်အားငယ်စွာဖြင့် ထရပ်လိုက်ပြီး "ငါတို့သွားရအောင်"
သူ၏အသံထဲတွင် ပြောမပြနိုင်သော ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေပြီး သူ၏စိတ်ဓာတ်ကျဆင်းနေသည်ကို လူတိုင်း ခံစားမိနိုင်သည်။
ကျူးဟောင်မှာ အခြေအနေကို ထိန်းသိမ်းရန် စကားအချို့ပြောချင်သော်လည်း လည်ချောင်းက တစ်ဆို့နေသကဲ့သို့ဖြစ်ပြီး မည်သို့မှ ပြော၍မထွက်ပေ။
လော်ယွမ် ထွက်ခွာရန်ပြင်ဆင်နေစဉ် စခန်းထဲတွင် သင်္ဘောဥဩဆွဲသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ရုတ်တရက် ပေါ်ထွက်လာပြီး လူတိုင်းကို နားအူမျက်စိပြာသွားစေသည်။
"အဲ့ဒါ ဟိုခွေးကြီး ဟောင်နေတာ" ကျူးဟောင်၏ လက်အောက်ငယ်သားတစ်ဦးက အော်လိုက်သည်။
သူ၏စကားမဆုံးမီမှာပင် အဝေးမှ ဟိန်းဟောက်သံကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြီး အသံနှစ်သံမှာ အပြိုင်အဆိုင်ဖြစ်နေသည်။
"ဝေါင်း"
"အူး"
လော်ယွမ်မျက်နှာပျက်သွားပြီး တဲအပြင်သို့ အမြန်လျှောက်ထွက်သွားသည်။ တံခါးဝတွင် စောင့်နေသောလူငယ် တုံ့ပြန်ချိန်မရမီမှာပင် သူက ဓားရှည်ကြီးကို ကောက်ယူလိုက်ပြီး အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ ကျူးဟောင်နှင့် သူ၏လက်အောက်ငယ်သားများမှာ တစ်ချက်တွေဝေသွားပြီးနောက် လိုက်ပါသွားကြသည်။
ရှေ့မှသစ်ပင်များမှာ တဖွဲဖွဲပြိုလဲကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီးတစ်ကောင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ပတ်ဝန်းကျင်မှလူအုပ်မှာ ကျယ်လောင်စွာအော်ဟစ်ရင်း အရပ်လေးမျက်နှာသို့ ထွက်ပြေးကြသည်။ အချို့မှာ ထိတ်လန့်တကြားဖြင့် တဲများကိုပင် တိုက်မိ၍ လဲပြိုသွားကြသည်။
"ဧရာမဖွတ်ကြီးရောက်လာပြီ" ဝမ်ရှီရှီက စိတ်လှုပ်ရှားစွာဆိုသည်။
ဧရာမဖွတ်ကြီးမှာ မူလနေရာတွင်စောင့်ဆိုင်းရင်း လော်ယွမ် အချိန်အတော်ကြာသည်ထိ ပြန်မလာသည်ကို ခံစားမိသောကြောင့် အနံ့ခံ၍ လိုက်လာခြင်းဖြစ်သည်။
''မိဝါ'' က စခန်း၏တံခါးဝတွင်ရပ်နေပြီး တစ်ကိုယ်လုံးရှိ မီးကဲ့သို့အနီရောင်အမွေးများမှာ လေနှင့်အတူ ယိမ်းထိုးနေကာ မျက်နှာပြင်ပေါ်တွင် ကြည်လင်သော အနီရောင်မီးတောက်တစ်လွှာ ပေါ်ထွက်နေသည်။ ၎င်းက ဧရာမဖွတ်ကြီးကို ဒေါသတကြီး ဟိန်းဟောက်နေပြီး ကျိုးယလီမှာ အနီးအနားတွင်မရှိဘဲ ပုန်းအောင်းနေပြီဖြစ်သည်မှာ ထင်ရှားသည်။
လော်ယွမ်က အနီးအနားတွင် တပ်ဆင်ထားသော စက်သေနတ်အချို့၏ပြောင်းများမှာ ဧရာမဖွတ်ကြီးဘက်သို့ ချိန်နေသည်ကို သတိပြုမိလိုက်သည်။ သူက ဘေးမှကျူးဟောင်ကို ဆွဲမြှောက်လိုက်ပြီး "မင်းလူတွေကို အမြန်ရပ်ခိုင်းလိုက်စမ်း" ဟု ဟိန်းဟောက်လိုက်သည်။
အဖြစ်အပျက်များက အလွန်လျင်မြန်စွာ ပြောင်းလဲသွားသောကြောင့် ကျူးဟောင်မှာ ယခုအချိန်အထိ ဘာမှန်းမသိဘဲ ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်သည်။ သို့သော် ယခုအခါတွင်မူ အနည်းငယ်သဘောပေါက်လာပြီဖြစ်သည်။ သူတို့အုပ်စုတွင်လည်း အဆင့်လေး သန္ဓေပြောင်းသတ္တဝါတစ်ကောင်ရှိနေခြင်းဖြစ်သည်။ သူက ထိတ်လန့်တကြားဖြင့် ခေါင်းတဆက်ဆက်ညိတ်လိုက်သည်။ မတော်တဆ လော်ယွမ်က ဒေါသဖြေရန်အတွက် သူ့ကိုသတ်ပစ်မည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် "အားလုံးရပ်ကြ... ရပ်လိုက်ကြစမ်း" ဟု အော်ဟစ်လိုက်သည်။
သို့သော် ဤကဲ့သို့ ပွက်လောရိုက်ပြီး ထိတ်လန့်နေသော ပတ်ဝန်းကျင်တွင် သူ၏အမိန့်ကို မည်သူမျှ မကြားနိုင်တော့ပေ။ စက်သေနတ်သံများ မကြာမီထွက်ပေါ်လာသည်။ ကံကောင်းသည်မှာ ဤလူများက ကျွမ်းကျင်သူများမဟုတ်သောကြောင့် ပထမအကြိမ်ပစ်ခတ်မှုမှာ အားလုံးလွဲချော်သွားသည်။
သို့သော် ဧရာမဖွတ်ကြီးကိုမူ လန့်ဖျပ်သွားစေခဲ့သည်။ ၎င်းက အံ့ဩခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် တစ်ကိုယ်လုံးရှိအကြေးခွံများ ထောင်ထလာပြီး လှုပ်ရှားမှုက ရုတ်ခြည်းလျင်မြန်သွားသည်။ ခန္ဓာကိုယ်မှာ အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ''မိဝါ'' ထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
ဧရာမဖွတ်ကြီး၏ ရုတ်တရက်လှုပ်ရှားမှုကို လော်ယွမ်ပင် တုံ့ပြန်ချိန်မရလိုက်ပေ။
၎င်း၏သွက်လက်မှုက ၁၅မှတ်ရှိနေပြီဖြစ်ပြီး သူ့ထက်ပင် တစ်မှတ်ပိုမြင့်သည်။ သာမန်လူတစ်ယောက်အနေဖြင့် မျက်စိဖြင့်ပင် ရှင်းလင်းစွာမမြင်နိုင်ပေ။ တစ်ခဏအတွင်းမှာပင် ဧရာမဖွတ်ကြီးမှာ ''မိဝါ'' ကို ပြင်းထန်စွာ ဝင်တိုက်ပြီး လွင့်စင်သွားစေခဲ့သည်။ ''မိဝါ'' မှာ ပြင်းထန်စွာ လူးလိမ့်သွားပြီး တစ်ကိုယ်လုံးရှိ အပူချိန်မြင့်မားသောအမွေးများက ရွှံ့နွံများနှင့်ထိပြီး "ရှဲရှဲ" ဟူသောအသံများ ထွက်ပေါ်လာသည်။
၎င်း လူးလိမ့်၍မပြီးသေးမီမှာပင် ဧရာမဖွတ်ကြီးက ခြေလေးချောင်းဖြင့် တစ်ဖန် အရှိန်ပြင်းစွာ ပြေးဝင်သွားပြီး ၎င်း၏ကိုယ်ကို လက်သည်းများဖြင့် ပြင်းထန်စွာ ဖိထားလိုက်သည်။ ထို့နောက် သွေးများပြည့်နေသော ပါးစပ်ကြီးဖြင့် ၎င်း၏လည်မျိုဆီသို့ တိုးကပ်သွားသည်။
သန္ဓေပြောင်းသတ္တဝါနှစ်ကောင်မှာ အပြာရင့်ရောင်အဆင့်တူဖြစ်သော်လည်း အရည်အသွေးအမှတ်များ ပေါင်းထည့်ထားသောကြောင့် ဧရာမဖွတ်ကြီးက ''မိဝါ'' ထက် များစွာပို၍စွမ်းအားကြီးသည်။ နှစ်ကောင်မှာ အဆင့်တူမဟုတ်ကြပေ။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်တစ်ခုတည်းဖြင့်ပင် ''မိဝါ'' ကို လုံးဝဖိနှိပ်ချေမှုန်းနိုင်သည်။
"အားလုံး ရပ်ကြစမ်း" လော်ယွမ်မှာ ကြည့်ရင်း ချွေးစေးများထွက်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ဧရာမဖွတ်ကြီးက ရင်းနှီးသောအသံကိုကြားလျှင် အလိုအလျောက်ပင် လှုပ်ရှားမှုကိုရပ်တန့်လိုက်သည်။ ၎င်းက ခေါင်းကိုအနည်းငယ်စောင်းကာ မော့ကြည့်ရင်း ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ ၎င်း၏ခြေဖဝါးက ''မိဝါ'' ၏ကိုယ်ပေါ်တွင် ဖိထားဆဲဖြစ်ပြီး ''မိဝါ'' မှာ ညည်းညူသံပြုရင်း တစ်ချက်မျှပင် မလှုပ်ရှားဝံ့ပေ။
အနီးရှိလူတစ်ဦးက စက်သေနတ်ခလုတ်ကို တစ်ဖန်ပြန်နှိပ်ရန်ပြင်ဆင်နေစဉ် လော်ယွမ်၏ကိုယ်မှာ တစ်ချက်ဝါးသွားပြီး တစ်ခဏအတွင်း ပေ၃၀ခန့်အကွာသို့ ကျော်လွှားသွားသည်။ ဓားအလင်းတန်းတစ်ချက်လက်သွားပြီး စက်သေနတ်က မြေပေါ်သို့ ပြတ်ကျသွားသည်။ ထိုလူမှာ ထိတ်လန့်တကြားဖြင့် နေရာတွင်ပင်ငုတ်တုတ်ရှိနေကာ မျက်လုံးများမှာ ကြောင်ငေးနေပြီး အတန်ကြာသည်အထိ သတိပြန်မဝင်နိုင်ဖြစ်နေသည်။
ကျူးဟောင်က လော်ယွမ်၏ ယခင်က အံ့မခန်းသော လျင်မြန်မှုကို သတိပြုမိပြီး နောက်ကြောင်းပြန်တွေးကာ ချွေးစေးများ တဒီးဒီးကျလာသည်။ သူလည်း အလျင်အမြန် ရပ်တန့်ရန် အော်ဟစ်လိုက်သည်။
တဖြည်းဖြည်းနှင့် လူတိုင်းရပ်တန့်သွားကြသော်လည်း စခန်းထဲတွင်မူ ဝရုန်းသုန်းကားဖြစ်နေပြီဖြစ်သည်။
''မိဝါ'' ၏ နာကျင်စွာအော်ဟစ်သံကြောင့် နောက်ဆုံးတွင် ကျိုးယလီမှာ မနေနိုင်တော့ပဲ သတင်းဆိုးတစ်ခုကြားလိုက်ဟန်ဖြင့် ဤနေရာသို့ အရူးအမူး ပြေးလာသည်။
"ရှင့်သတ္တဝါကို မိဝါကိုလွှတ်ပေးဖို့ အမြန်ပြောလိုက်... ရှင်လူယုတ်မာ မိဝါကို အနိုင်ကျင့်တယ်" ကျိုးယလီက လော်ယွမ်၏အင်္ကျီကိုဆွဲကိုင်ရင်း ဒေါသထွက်နေသော တောကြောင်မတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။
လော်ယွမ်မှာ မျက်နှာတွင် အမူအရာမပြောင်းဘဲ ရုတ်တရက် ကျယ်လောင်စွာ "ဧရာမဖွတ်ကြီး... ပြန်လာခဲ့" ဟု အော်ဟစ်လိုက်သည်။
ဧရာမဖွတ်ကြီးက လက်သည်းများကိုလွှတ်လိုက်ပြီး ကြီးမားသောကိုယ်ကြီးကိုလှည့်ကာ လော်ယွမ်ဆီသို့ လျှောက်လာသည်။ မြေပြင်မှာပင် အနည်းငယ်တုန်ခါလာသောကြောင့် လော်ယွမ်အနီးမှလူများမှာ အလျင်အမြန်ပင် တစ်ဖန်ပြန်လည် ပြေးထွက်သွားကြသည်။
ကျိုးယလီက လော်ယွမ်ကို အလျင်အမြန်လွှတ်လိုက်ပြီး ဧရာမဖွတ်ကြီးကိုရှောင်ကာ ''မိဝါ'' ထံသို့ ပြေးသွားသည်။
''မိဝါ'' က သန္ဓေပြောင်းသွားသော်လည်း ခွေးမျိုးနွယ်၏အကျင့်မှာ ကျန်ရှိနေသေးသည်။ ၎င်းက ညည်းညူသံတစ်ခုပြုလိုက်ပြီး ကိုယ်ကိုလှည့်ကာထရပ်လိုက်သည်။ ထော့နဲ့ထော့နဲ့ဖြင့် ကျိုးယလီ၏နောက်တွင် ပုန်းအောင်းကာ ''အီအီ'' အသံမြည်ရင်း ဒဏ်ရာကို လျက်နေသည်။
ထိုသို့ကြီးမားသောခန္ဓာကိုယ်ကြီးနှင့် လူတစ်ယောက်နောက်တွင် ပုန်းအောင်းနေခြင်းမှာ အလွန်မလိုက်ဖက်၍ ထူးဆန်းနေသော ခံစားမှုကိုပေးသော်လည်း နေရာတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ မရယ်နိုင်ကြပေ။
ဟွမ်ကျားဟွေမှာ အစကတည်းက အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသည်။ ခုနက ကျိုးယလီကို သွားအကြောင်းကြားသော ကျူးဟောင်မှာ ယခုအခါ ဘေးတစ်ဖက်သို့ ပုန်းရှောင်ကာ လူအုပ်ထဲသို့ ရောနှောသွားပြီး လက်အောက်ငယ်သားများကို အသံတိုးတိုးဖြင့် တစ်စုံတစ်ခုပြောနေသည်ကို သူမ တွေ့ရှိလိုက်သည်။ အခြေအနေမှာ အလွန်ရှုပ်ထွေးနေသည်။
သူမက တိတ်ဆိတ်နေသော လော်ယွမ်နှင့် ဘာလုပ်ရမှန်းမသိ တွေဝေနေသော အဖွဲ့သားများကို ကြည့်လိုက်သည်။ ပြီးနောက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အလား ရုတ်တရက် သေနတ်ကိုမြှောက်ကာ အဝေးမှ ကျူးဟောင်သို့ ချိန်ရွယ်လိုက်သည်။
ဆက်ရန်...
အပိုင်း(၁၄၃)အရှုပ်အထွေး
"ကျိတုန်း... မင်း လူတစ်ယောက်လွှတ်ပြီး ငါ့တဲကို သွားခိုင်းလိုက် အထဲမှာ စက်သေနတ်တစ်လက်ရှိတယ်... ကျောက်ဝူ... မင်းတို့တစ်ဖွဲ့ ကသေနတ်တွေယူပြီး ပတ်ဝန်းကျင်က လူအုပ်ထဲမှာ ရောနေလိုက်... ဒါပေမဲ့အခြေအနေမဟန်မချင်း မပစ်မိစေနဲ့" ဟု ကျူးဟောင်က အလျင်အမြန် အမိန့်ပေးလိုက်သည်။
သူက သြဇာအာဏာရှိသူတစ်ဦးဖြစ်ပြီး မိမိ၏ကံကြမ္မာကို သူတစ်ပါးလက်ထဲသို့ ပုံအပ်ကာ ကြိုးဆွဲရာကရမည့်သူမျိုး မဟုတ်ပေ။ မည်သည့်အချိန်အခါမဆို သူ၏လက်ထဲတွင် တုံ့ပြန်နိုင်မည့် အနိုင်ကွက်ရှိထားဖို့လိုအပ်သည်။ မည်မျှပင် စွမ်းအားကြီးသောသူဖြစ်စေကာမူ အားနည်းချက်ကတော့ ရှိစမြဲပင်။ ဥပမာအားဖြင့် သူ့ဘေးနားမှ လူများကဲ့သို့ ဖြစ်သည်။
သူက စကားပြောနေရင်း လော်ယွမ်တို့ဘက်မှ အခြေအနေကို သတိဖြင့် အကဲခတ်နေ၏။ "ငါတို့ဆီမှာ လက်ပစ်ဗုံး ဘယ်လောက်ကျန်သေးလဲ"
"မ… မရေကြည့်မိဘူး... ဒါပေမဲ့ ဆယ့်ငါးသေတ္တာလောက်တော့ ရှိဦးမယ်ထင်တယ်" ဟု လက်အောက်ငယ်သားတစ်ဦးက ခေတ္တမျှစဉ်းစားပြီးနောက် ပြန်ဖြေသည်။
ပတ်ဝန်းကျင်ရှိ ကာကွယ်ရေးစခန်းများမှ လက်နက်ခဲယမ်းများကို သူတို့အဖွဲ့က အကုန်နီးပါး သိမ်းဆည်းလာခဲ့သောကြောင့် စခန်းတွင် ခဲယမ်းလက်နတ်များ အလွန်ပေါများသည်။
"ငါမင်းတို့ကို လက်နတ်တိုင်းကို အရေအတွက်နဲ့အမျိုးအစားအလိုက် ခွဲထားဖို့ ပြောတာ ဘယ်နှစ်ခါရှိပြီလဲ... ထားလိုက်တော့ အဲ့ကိစ္စနောက်မှပြောမယ်... မင်း..."
ကျူးဟောင်က လော်ယွမ်တို့ဘက်သို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ ရုတ်တရက် သူ၏မျက်နှာအမူအရာမှာ အံ့အားသင့်သွားပြီးနောက် ပြင်းထန်သော ထိတ်လန့်ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ငွေဖြူရောင် ပစ္စတိုတစ်လက်က သူတို့ရှိရာဘက်သို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထား၏။ ထိုပစ္စတို၏ ပြောင်းဝမှာ ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ ငြိမ်သက်ကာ တစ်စက်မျှပင် မလှုပ်ရှားပေ။ သူ၏ကျောပြင်သည် ချက်ချင်းဆိုသလို ချွေးများဖြင့် စိုရွှဲသွားပြီး အဝတ်အစားများပင် ကပ်စေးစေးဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် သူက သူ့အမိန့်ကို နားထောင်နေသော လက်အောက်ငယ်သားတစ်ဦးကို အလိုအလျောက် ဆွဲယူကာ ကာကွယ်လိုက်သည်။
သို့သော် ဤသည်မှာ အကျိုးအာနိသင် တစ်စုံတစ်ရာ မရှိခဲ့ပေ။
သေနတ်သံတစ်ချက် ပေါ်ထွက်လာသည်။ နက်ပြာရောင်အဆင့် ကျည်ဆန်တစ်တောင့်က လေထုကို ထိုးခွဲကာ အရှိန်ပြင်းစွာဖြင့် ဝဲပျံလာပြီး နောက်တစ်ခဏတွင် သူ့ရှေ့မှလူ၏ခန္ဓာကိုယ်ကို မည်သည့်ခုခံမှုမျှမရှိဘဲ ထွင်းဖောက်ကာ သူ၏နဖူးကို ချက်ချင်း ပေါက်ထွက်သွားလေသည်။
ကျူးဟောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ခန္ဓာကိုယ်က အကြောဆွဲသလို တုန်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားတော့သည်။
သူသေဆုံးသည့်ထိ နားမလည်နိုင်ခဲ့သည့်အချက်မှာ သူ့ကိုသတ်သူက လော်ယွမ်လည်းမဟုတ်၊ လော်ယွမ်၏ အသုံးမကျသော လက်အောက်ငယ်သားသုံးယောက်လည်းမဟုတ်ဘဲ အစောပိုင်းက လော်ယွမ်ကို အလွန်အကျွံမလုပ်ဖို့ တားဆီးခဲ့ပြီး သူ့ကို တစ်ကြိမ်လွှတ်ပေးခဲ့သော မိန်းမဖြစ်နေခြင်းပင်တည်း။
လော်ယွမ်က လှည့်ကြည့်လိုက်ပြီး ဟွမ်ကျားဟွေကို တုန်လှုပ်စွာ ကြည့်လိုက်မိကာ သူ၏ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ "နင်..."
"အချိန်မရှိဘူး... ဟိုမိန်းကလေးကို အမြန်ခေါ်... ဒီကပြေးရအောင်" ဟု ဟွမ်ကျားဟွေက မျက်နှာသေဖြင့် ပြောလိုက်ပြီး ပစ္စတိုကိုကိုင်ကာ မောင်းကို အဆက်မပြတ် ဆွဲညှစ်လိုက်ရာ ကျူးဟောင်အနီးရှိ လက်အောက်ငယ်သားများမှာ မြေပြင်ပေါ်သို့ အတုံးအရုန်းလဲကျသွားကြသည်။
ကျူးဟောင်သေဆုံးသွားခြင်းက နကျယ်ကောင်အုံကို တုတ်ဖြင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ခေတ္တမျှ ငြိမ်သက်သွားခဲ့သော စခန်းတစ်ခုလုံးသည် ချက်ချင်းဆိုသလို ပြန်လည်ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ လက်မြန်သူအချို့မှာ ပစ္စတိုများကို ထုတ်ယူလိုက်ကြပြီး အချို့မှာ စက်သေနတ်ရှိရာနေရာသို့ ပြေးသွားကြသည်။
လော်ယွမ်သည် ချွေးစေးများပင် ပြန်လာပြီး ချက်ချင်း သတိဝင်လာသည်။ သူက ဧရာမဖွတ်ကြီးကို ဝပ်စေကာ အားကုန်အော်ဟစ်လိုက်၏။ "အားလုံး ဖွတ်ကြီးပေါ်တက်ကြ... ဒီကအမြန်သွားမယ်"
အားလုံး သတိပြန်ဝင်လာပြီး ဧရာမဖွတ်ကြီးရှိရာသို့ အပြေးအလွှား သွားကြသည်။
နောက်တစ်ခဏတွင် လော်ယွမ်က ရှေ့သို့ ဒုံးကျည်အလား ပစ်ထွက်သွားပြီး သေနတ်ပစ်ရန် ပြင်နေသော လူတစ်ဦးကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ သူက ခြေတစ်လှမ်းမျှပင် မရပ်တန့်ဘဲ ဘယ်ဘက်ခြမ်းရှိ နောက်ထပ်သေနတ်သမားတစ်ဦးထံသို့ လျင်မြန်စွာ ပြေးဝင်သွား၏။ ထိုသူမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ၏မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ဟုသာ ခံစားလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်က အသိစိတ် လုံးဝကင်းလွတ်သွားတော့သည်။
အခြေအနေက ဤသို့ဖြစ်မှတော့ လော်ယွမ်လည်း ဘာမျှဂရုမစိုက်နိုင်သောဘဲ တစ်ယောက်ချင်းစီ ရှင်းပစ်ရတော့သည်။
သူက အထက်အောက် ဝဲယာမရှောင် အရှိန်ပြင်းစွာဖြင့် တိုးဝင်ခုတ်ပိုင်းနေပြီး သူ၏ သွက်လက်မှု ၁၄မှတ်၏ စွမ်းပကားကို အပြည့်အဝ ထုတ်သုံးနေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အနီးအနား၌ သေနတ်ပစ်ရန်ပြင်နေသည့် အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။ နောက်ဆုံးတွင် လူအားလုံးမှာ သတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့လာကြပြီး သေနတ်ကို ထုတ်မပြသရွေ့ ထို၏ သတ်ဖြတ်ခြင်းကို ခံရမည်မဟုတ်ကြောင်း သဘောပေါက်ကာ သေနတ်များကို ပါးနပ်စွာဖြင့် အိတ်ကပ်ထဲသို့ ပြန်ထည့်ထားလိုက်ကြသည်။
လော်ယွမ်က နောက်သို့ လှည့်ကြည့်လိုက်ရာ အားလုံး ဧရာမဖွတ်ကြီးပေါ်သို့ ရောက်နေကြပြီဖြစ်ပြီး ဟွမ်ကျားဟွေတစ်ယောက်သာ သေနတ်ပစ်နေဆဲ ဖြစ်သည်။
"နင်အမြန်သွားတော့... ငါလိုက်လာခဲ့မယ်" ဟု လော်ယွမ်က အော်ပြောလိုက်သည်။
ဟွမ်ကျားဟွေက လော်ယွမ်၏အစွမ်းအစကိုသိသောကြောင့် ငြင်းဆန်မနေဘဲ တစ်လှမ်းချင်း နောက်ဆုတ်ကာ ဧရာမဖွတ်ကြီးရှိရာသို့ လျင်မြန်စွာ လှည့်ပြေးလေသည်။ ထိုစဉ် လော်ယွမ်၏ ဓားသွားက လျှပ်စီးကဲ့သို့ ခုတ်ပိုင်းချလိုက်ရာ သူ၏အာရုံခံနိုင်စွမ်းဖြင့် ဖမ်းယူမိသော ဟွမ်ကျားဟွေထံသို့ တရှိန်ထိုးဝင်လာနေသည့် ကျည်ဆန်တစ်တောင့်ကို နှစ်ပိုင်းပိုင်းဖြတ်တောက်လိုက်လေရာ ကျည်ဆန်အပိုင်းအစတို့မှာ မြေပြင်ပေါ်သို့ လွင့်စင်သွားသည်။
လော်ယွမ်က အံ့ဩချိန်ပင်မရဘဲ နောက်တစ်ခဏတွင် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ သေနတ်ပစ်သူထံသို့ အားကုန်ပစ်လွှတ်လိုက်သည်။ သို့သော် သူ၏ ညံ့ဖျင်းလှသော အဝေးပစ်စွမ်းရည်ကြောင့် ပစ်မှတ်ကို တည့်တည့်မထိပဲ ကျောက်တုံးက ထိုသူ၏နားဘေးမှ ကပ်၍ ဝှီးကနဲ ဖြတ်ကျော်သွားသည်။ မည်သို့ပင်ဖြစ်စေ ထိုသူမှာ မျက်နှာဖြူဖတ်ဖြူလျော်ဖြစ်သည်အထိ လန့်သွားပြီး လော်ယွမ် နောက်တစ်ကြိမ် မတိုက်ခိုက်မီမှာပင် ကြောက်အားလန့်အားဖြင့် လှည့်ပြေးသွားတော့သည်။
ကျူးဟောင်၏ တဲထဲတွင် စက်သေနတ်တစ်လက်ကို တပ်ဆင်ထားပြီး ရှည်လျားသော ကျည်ဆန်ခါးပတ်ကြိုးမှာ ရွှေဝါရောင်တောင်ပူစာလေးတစ်ခုကဲ့သို့ စုပုံနေသည်။ စက်သေနတ်ပြောင်းဝက တဲ၏အပေါက်မှတစ်ဆင့် လော်ယွမ်ထံသို့ တည့်တည့်ချိန်ရွယ်ထားသည်။ သေနတ်သမားနှစ်ဦးမှာ အပြင်ဘက်ကို စိတ်လှုပ်ရှားစွာဖြင့် အကဲခတ်နေကြပြီး အပြင်ဘက်တွင် လူများ တဖွဲဖွဲသေဆုံးနေသည်ကို မြင်ရသောအခါ သူတို့၏အသက်ရှူသံများမှာ ပို၍မြန်ဆန်လာကာ နဖူးမှ ချွေးစေးများ အဆက်မပြတ် စို့ထွက်လျက် မျက်လုံးများထဲ၌ ဖျောက်ဖျက်မရနိုင်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"ငါတို့ ဘယ်တော့ စပစ်မှာလဲ"
"မသိဘူး... ပစ်လိုက်ရင်ငါတို့ သေသွားနိုင်တယ်... မပစ်ရင်တော့သေချင်မှသေမှာ... မင်းဆိုရင်ရောဘာကိုရွေးမှာလဲ"
"ငါ မသေချင်သေးဘူး" ဟု ထိုသူက ခေတ္တမျှတွေဝေပြီးနောက် တုန်ယင်စွာဖြင့် ဆိုသည်။
"ငါရောပဲ"
... ... ... ...
စခန်းတစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေသည်။ ကျိုးယလီမှာမူ သူမ၏မျက်စိရှေ့မှ သတ်ဖြတ်မှုမြင်ကွင်းကြောင့် ကြောက်လန့်ကာ တစ်ကိုယ်လုံး မလှုပ်မယှက် တောင့်တင်းနေ၏။ လော်ယွမ်က သူမကို ဆွဲမကာ ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ပစ်တင်လိုက်မှသာ အသိဝင်လာပြီး စူးစူးဝါးဝါး အော်ဟစ်တော့သည်။
မိဝါသည် သူ၏သခင် ထိတ်လန့်နေသည်ကို အာရုံခံမိ၍ ဒေါသတကြီးဖြင့် ရှေ့သို့ပြေးရန်ဟန်ပြင်လိုက်သော်လည်း ကျိုးယလီ ဧရာမဖွတ်ကြီး၏ကျောပေါ်တွင် ရှိနေသည်ကို မြင်သောအခါ ခြေလှမ်းများ ရပ်တန့်သွားသည်။ စောစောက တိုက်ပွဲက သူ့အတွက် အမှတ်ရစရာဖြစ်ခဲ့သည်မှာ ထင်ရှားလှသည်။
လော်ယွမ်က တစ်လှမ်းချင်းနောက်ဆုတ်ရင်း သတိဖြင့်စောင့်ကြည့်နေပြီးနောက် လျင်မြန်စွာ ဧရာမဖွတ်ကြီးပေါ်သို့ ခုန်တက်လိုက်သည်။ သူက ဖွတ်ကြီး၏ကျောကုန်းကို ခပ်ပြင်းပြင်း ပုတ်လိုက်ရာ လော်ယွမ်၏ စိတ်လောနေမှုကို ခံစားမိသည့်အလား ဖွတ်ကြီးသည် ဟိန်းဟောက်သံတစ်ချက်ပေး၍ ခြေလှမ်းကျဲကြီးများဖြင့် အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
မိဝါသည် သူ၏သခင်မ တဖြည်းဖြည်း ဝေးကွာသွားသည်ကိုမြင်သောအခါ မရိုးမရွဖြင့် နေရာတွင်ပင် နှစ်ပတ်သုံးပတ် လျှောက်နေပြီးမှ နောက်မှ အလျင်အမြန် လိုက်ပါသွားသည်။ သူသည် ဧရာမဖွတ်ကြီးဘက်သို့ တစ်လမ်းလုံး ဟိန်းဟောက်လိုက်ပါလာရာ သင်္ဘောဥဩဆွဲသံကဲ့သို့သော သူ၏ဟောက်သံသည် ကောင်းကင်ယံ၌ အချိန်အတော်ကြာ ပဲ့တင်ထပ်နေတော့သည်။
... ... ... ...
လေပြေညင်းလေးက ဖြည်းညင်းစွာ တိုက်ခတ်နေသည်။
ကျိုးယလီက မျက်နှာထားတင်းတင်းဖြင့် ဧရာမဖွတ်ကြီး၏ကျောပေါ်တွင် မလှုပ်မယှက် ထိုင်နေ၏။
ဝမ်ရှီရှီက နှုတ်ခမ်းကို စူထော်ထားပြီး သူမ၏လက်ထဲရှိ စူးချွန်လေးကို ဟိုလှန်ဒီလှန် ကစားနေကာ ဘေးမှ လော်ယွမ်ကို မရှိသလိုဟန်ဆောင်ထားသည်။ ဟွမ်ကျားဟွေမှာမူ မျက်နှာလွှဲကာ တိတ်ဆိတ်ငြိမ်သက်နေပြီး စိတ်အခြေအနေ မကောင်းလှသည့်ပုံ ပေါက်နေသည်။ သူမ၏ဘေးမှ ဝမ်ရှကွမ်မှာလည်း မျက်နှာမကောင်းလှချေ။
အခြေအနေမှာ အလွန်အမင်း တင်းမာဖိစီးနေပြီး မည်သူမျှ စကားပြောချင်စိတ် မရှိကြပေ။ ဟော်တုံတို့အဖွဲ့မှာမူ အတင်းအဖျင်းပြောချင်စိတ်များဖြင့် ပြည့်နှက်နေသော်လည်း ဤသို့သော အခြေအနေမျိုးတွင် အချင်းချင်း စကားစမြည်ပြောရမည့် အချိန်မဟုတ်သည်မှာ ထင်ရှားလှသည်။
ဧရာမဖွတ်ကြီးက ရွှံ့နွံများကို နင်းလျှောက်ရင်း ဖြည်းညင်းစွာ သွားနေ၏။ ရွှံ့နွံများမှာ သူ၏ခြေသလုံးအထိ မြုပ်နေပြီဖြစ်သည်။ သူတို့အလျှင်အမြန်ဆုတ်ခွာစဉ်က သတိမထားမိဘဲ ရွှံ့နွံပြင်ကို ဖြတ်သွားသည့်လမ်းကို ရွေးချယ်မိခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် ရွှံ့နွံများက ဖွတ်ကြီး၏ခန္ဓာကိုယ်အတွက် သိပ်မနက်ရှိုင်းသောကြောင့် ယခုတိုင် ဘေးမသီရန်မခ ရှိနေသေးရာ လော်ယွမ်လည်း နောက်ကြောင်းပြန်လှည့်ရန် စိတ်မကူးတော့ပေ။
လော်ယွမ်က ခေါင်းပေါ်မှ မည်းမှောင်နေသော တိမ်တိုက်မဲကြီးများကို ကြည့်ရင်း သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။ ကမ္ဘာပျက်ကပ် စတင်ချိန်မှစ၍ ယခုအချိန်အထိ သူ လူများစွာကို သတ်ခဲ့ဖူးသော်လည်း ယနေ့ကဲ့သို့ သူ၏စိတ်ထဲတွင် မတင်မကျဖြစ်ရသည်မျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။ ပထမဆုံးအကြိမ် လူသတ်စဉ်ကပင် ဤသို့သော ခံစားချက်မျိုး မဖြစ်ခဲ့ချေ။
ယခင်က လူသတ်တိုင်း သူသည် မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်ရန် အကြောင်းပြချက်တစ်ခုခုကို အမြဲရှာတွေ့ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သည့်အကြောင်းပြချက်မျှ ရှာမတွေ့တော့ပေ။
သို့သော် သူ၌ ဟွမ်ကျားဟွေကို အပြစ်တင်ရန် အကြောင်းပြချက်လည်းမရှိသလို အခွင့်အရေးလည်းမရှိချေ။ ဟွမ်ကျားဟွေက ကျူးဟောင်ကို သတ်လိုက်ချိန်တွင် လော်ယွမ်၏စိတ်ထဲ၌လည်း ကျိတ်၍ ဝမ်းသာမိသည် မဟုတ်တုံလော။ ရည်းစားလုဘက်ကို မည်သည့်ယောကျ်ားမဆို သတ်ပစ်ချင်ကြသည်သာဖြစ်ပြီး ဤအချက်မှာ ယောကျ်ားတိုင်းအတွက် ခြွင်းချက်မရှိပေ။
ထို့ပြင် ဟွမ်ကျားဟွေက ပွင့်လင်းစွာ မပြောသော်လည်း ဤအရာအားလုံးက သူ့အတွက်ကြောင့်ဖြစ်ကြောင်း သူနားလည်သည်။ တစ်ချိန်က ရဲအရာရှိတစ်ဦးဖြစ်ခဲ့သော သူမ၏စိတ်ထဲမှ တရားမျှတမှုက လော်ယွမ်ထက် များစွာ ပိုမိုအားကောင်းလှ၏။ အစောပိုင်းက သူ့ကို လူမသတ်ရန် တားဆီးခဲ့သော်လည်း နောက်ပိုင်းတွင် သူ့အတွက် ဤမျှအထိ ပြုလုပ်ပေးနိုင်ခဲ့သည်။
"နင်… တော်တော်ရူးတာပဲ" ဟု ဟွမ်ကျားဟွေ၏ ညှိုးငယ်နေသော မျက်နှာကိုကြည့်ရင်း လော်ယွမ်က မအောင့်နိုင်ဘဲ ဆိုလိုက်သည်။
ဟွမ်ကျားဟွေသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းလှည့်ကာ "ရှင်မိန်းမတစ်ယောက်ကြောင့် စိတ်ဓာတ်ကျနေမှာကို ကျွန်မ မမြင်ချင်လို့" ဟု ပြန်ပြောသည်။
သူမ၏ပင်ကိုယ်စရိုက်အရ လူအများရှေ့တွင် လော်ယွမ်ကို ဤသို့ မသိမသာ လှောင်ပြောင်ပြောဆိုခြင်းက သူမ၏စိတ်ထဲတွင် အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်း သက်သေပြနေပြီဖြစ်သည်။
ကျိုးယလီမှာ ဘေးတွင် ခံစားချက်မရှိသောမျက်နှာဖြင့် အရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်နေပြီး ပြောနေသည့်အကြောင်းအရာမှာ သူမနှင့်မဆိုင်သကဲ့သို့ ရှိနေ၏။
လော်ယွမ်က ခြောက်ကပ်ကပ် ရယ်လိုက်ပြီး အခြေအနေကို ပြေလျော့စေရန် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်သည်။ "ဒီနေ့ပြဿနာတွေဖြစ်သွားတာ အခုမှသတိရတယ်ငါတို့ထမင်းတောင် မစားရသေးဘူးပဲ… သူတို့လည်းလိုက်လာတော့မှာမဟုတ်ဘူးဆိုတော့ ငါတို့စားပြီးမှ ခရီးဆက်ကြမလား"
"ဒါဆိုလည်း ထမင်းအရင်စားကြတာပေါ့" ဟု ဟွမ်ကျားဟွေက အလိုက်သင့် ပြန်ပြောလိုက်သည်။ အလွန်အမင်း ဖိအားပေးလျှင် ဆန့်ကျင်ဘက်အကျိုးသက်ရောက်နိုင်သည်ကို သူမသိ၏။ အထူးသဖြင့် ယခု ကျိုးယလီပါ ပါလာသည့် အခြေအနေတွင် ဖြစ်သည်။ ထို့ပြင် နံနက်ပိုင်းကလည်း လူတိုင်းထမင်းမစားရသေးသဖြင့် ဗိုက်ဆာနေကြပြီဖြစ်သည်။
ဧရာမဖွတ်ကြီး ရပ်တန့်သွားသောအခါ သူတို့အဖွဲ့ ဖွတ်ကြီး၏ကျောပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လိုက်ကြသည်။ ကျိုးယလီလည်း လူအများနှင့်အတူ သတိဖြင့် လျှောဆင်းလာပြီး မတ်တပ်ရပ်လိုက်ရာ ရုတ်တရက် မူးဝေသွားသည်။ လော်ယွမ်က သူမကို အလျင်အမြန် ထိန်းပေးလိုက်သော်လည်း သူမက အားဖြင့် ရုန်းဖယ်လိုက်၏။ သူမက တမင်တကာ ခြေလှမ်းများကို နှေးလိုက်ပြီး အဝေးမှ လိုက်ပါလာသော မိဝါကို ကြည့်ကာ လော်ယွမ် သတိမထားမိခင်မှာပင် မိဝါရှိရာသို့ ခြေထော့နဲ့ထော့နဲ့ဖြင့် ပြေးသွားတော့သည်။
လော်ယွမ်က အထုပ်အပိုးများကို ချလိုက်ပြီး ကျိုးယလီ ပြေးထွက်သွားသည်ကို မြင်၍ ဒေါသတကြီးဖြင့် နောက်မှ လိုက်သွားသည်။
ကျိုးယလီက လော်ယွမ် လိုက်လာသည်ကို မြင်သောအခါ အလောတကြီးဖြင့် "မိဝါ… ငါ့ကိုမြန်မြန်လာခေါ်" ဟု အော်ဟစ်လိုက်သည်။
မိဝါက သူမ၏အသံကိုကြား၍ မတ်တပ်ရပ်လိုက်သည်ကိုမြင်သောအခါ ကျိုးယလီ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ဘောင်းဘီစကို မကာ အားကုန်ပြေးတော့သည်။
သို့သော် ကျိုးယလီ၏စကား မဆုံးသေးခင်မှာပင် ပေ၃၀ခန့်သာ ပြေးရသေးသည်၊ လော်ယွမ်က လိုက်မီလာပြီး သူမကို ဖမ်းဆွဲထားလိုက်သည်။
မိဝါက ခေတ္တမျှ တွေဝေသွားပြီး နေရာတွင်ပင် မရိုးမရွဖြင့် နှစ်ပတ်သုံးပတ် ပတ်လျှောက်နေကာ နောက်ဆုံးတွင် ဘေးမှ ဧရာမဖွတ်ကြီးကို ကြောက်ရွံ့၍ ရှေ့ဆက်မတိုးလာတော့ပေ။
"လွှတ်စမ်း… ကျွန်မကိုလွှတ်စမ်း… ရှင်မိစ္ဆာကောင်" ဟု ကျိုးယလီသည် ဒေါသထွက်နေသော တောကြောင်မတစ်ကောင်ကဲ့သို့ လော်ယွမ်ကို အားကုန် ရိုက်နှက်နေသည်။
"နင်ဘယ်သွားမလို့လဲ" သူမ၏ ရုန်းကန်မှုမှာ လော်ယွမ်အတွက် အယားပြေအောင်ကုတ်ပေးနေသကဲ့သို့သာ ဖြစ်ရာ လော်ယွမ်က ကျိုးယလီကို အလွယ်တကူ ဆွဲခေါ်ကာ နောက်ကြောင်းပြန်လှည့်လိုက်သည်။
"ကျွန်မ စခန်းကိုပြန်မယ်… ကျွန်မ သေသွားတောင် ရှင့်တို့နဲ့ လုံးဝမလိုက်ဘူး" ဟု ကျိုးယလီက အားကုန်ရုန်းကန်သော်လည်း မည်သို့မျှ မလွတ်မြောက်နိုင်ခဲ့ပေ။ "ရှင်ကျွန်မကိုနာအောင် လုပ်နေတာလား… လွှတ်… မြန်မြန်လွှတ်"
"နင်ပြန်သွားရဲရင် ငါလည်းအဲ့ဒီကိုပြန်ပြီး ထပ်သတ်ရဲတယ်" ဟု လော်ယွမ်က ကျိုးယလီကို လွှတ်ပေးလိုက်ပြီး လှည့်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။
"ရှင်... ရှင် လူသတ်သမား… ရှင် လူယုတ်မာ" ဟု ကျိုးယလီသည် လော်ယွမ်၏ ခြိမ်းခြောက်စကားကိုကြား၍ ဒေါသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ ရုတ်တရက် ဝမ်းနည်းမှုများက ရင်ထဲသို့ ဆို့တက်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ "ဘာလို့ ကျွန်မကို ဒီလိုလုပ်ရက်ရတာလဲ… ကျွန်မ ဘဝလေးက အေးအေးဆေးဆေး ရှိနေတာကို ရှင်နဲ့တွေ့မှ ရည်းစားလည်း အသတ်ခံရတယ်… လူတွေအများကြီးကိုလည်း သတ်ပစ်တယ်… ရှင် ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ"
လော်ယွမ်က ကျူးဟောင်ကို သတ်သူမှာ သူမဟုတ်ကြောင်း ရှင်းမပြတော့ပေ။ အသက်ရှူမမှန်မတတ် ငိုကြွေးနေသော ကျိုးယလီကိုကြည့်ရင်း လေသံခပ်မာမာဖြင့် ဆိုလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ နင်က ငါ့မိန်းမဖြစ်လို့ပဲ"
သူမက လော်ယွမ်ကို ဒေါသတကြီးဖြင့် ကြည့်ကာ "ဒါဆို အရင်က ဘာလို့ ကျွန်မကို လာမရှာတာလဲ… ကျွန်မ ရှင့်ကို မေ့တောင်မေ့နေပြီကို အခုမှ လာပြီးလုခေါ်တယ်… ရှင့်ကျွန်မကို ဘာများထင်နေလို့လဲ"
လော်ယွမ်က ပြန်ပြောစရာစကားမရှိဘဲ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ "လောလောဆယ်ပြဿနာမရှာနဲ့တော့… နောက်မှငါတို့အေးဆေးပြောကြတာပေါ့… ထမင်းအရင်စားရအောင် အားလုံးစောင့်နေကြတယ်"
စကားဆုံးသည်နှင့် သူက ကျိုးယလီကို ဆွဲခေါ်ရန် ကြိုးစားသော်လည်း သူမက အားဖြင့် ရုန်းဖယ်လိုက်ပြန်သည်။
ကျိုးယလီသည် မျက်ရည်များကို သေချာစွာ သုတ်လိုက်ရာ မျက်နှာပေါ်မှ ဆေးရောင်စုံများ ပျက်ပြယ်သွားသည်။ ထို့နောက် နှုတ်ခမ်းစူကာ နောက်သို့ ပြန်လျှောက်သွားသည်။ ကံကောင်းစွာဖြင့် ထွက်ပြေးရန်တော့ မကြိုးစားတော့ပေ။
ကျိုးယလီနှင့် ကျူးဟောင်တို့ပတ်သတ်မှုက စတင်သည့် အဆင့်တွင်သာ ရှိသေးသောကြောင့် သံယောဇဉ်မှာ သိပ်မနက်ရှိုင်းလှပေ။ သူမ ဒေါသထွက်ရသည့်အကြောင်းရင်းမှာ လော်ယွမ်က အကြောင်းရင်းခိုင်လုံမှုမရှိဘဲ အဖြူအမည်းမခွဲခြားဘဲ လူကိုသတ်ပစ်ခြင်းကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျူးဟောင်က သူမ၏ရှေ့တွင် အပြုအမူကောင်းမွန်ပြီး သူမအပေါ်တွင်လည်း အလွန်အမင်း နွေးထွေးကြင်နာကာ ဂရုတစိုက်ရှိခဲ့သောကြောင့်ပင်။
အချိန်ကြာမြင့်စွာ ဤသို့ဆက်ဆံခံရပါက မည်မျှပင် စိတ်ထဲမရှိသည့်သူဖြစ်စေကာမူ သူ့အပေါ်တွင် အကောင်းမြင်စိတ် ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။
ဆက်ရန်…
အပိုင်း(၁၄၄)အတားအဆီး
လော်ယွမ်တို့နှစ်ယောက် ပြန်ရောက်လာသည့်အချိန်တွင် ဟော်တုံက မီးမွှေးထားနှင့်ပြီ ဖြစ်၏။
စတုရန်းမီတာအနည်းငယ်ကျယ်ဝန်းသော ငါးအရေခွံချပ်ကြီးတစ်ခုကို ဖြန့်ခင်းထားပြီး ထိုအပေါ်တွင် မီးခိုးဖြင့်အခြောက်ခံထားသော မည်းတူးတူးငါးခြောက်တုံးများကို တင်ထားသည်။
ဟွမ်ကျားဟွေ၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မရှိပေ။ သူတို့နှစ်ဦး၏ စကားများသံကို လုံးဝမကြားလိုက်သည့်ဟန်ဖြင့် သူမက သစ်သားခွက်များကို လူတစ်ဦးချင်းစီ၏ရှေ့သို့ အေးဆေးတည်ငြိမ်စွာ ချထားပေးပြီး လူတိုင်းအတွက် သစ်ခေါင်းရည်တစ်ခွက်စီ လိုက်ငှဲ့ပေး၏။ ထို့နောက် ကျိုးယလီဘက်သို့ လှည့်ပြောလိုက်သည်။ "ဒါလေး မြည်းကြည့်ပါဦး"
ကျိုးယလီသည် နဂိုတည်းက စိတ်သဘောထား ပျော့ညံ့သူဖြစ်ရာ ရင်းနှီးကျွမ်းဝင်သူများကိုသာ စိတ်ကောက်စိတ်ဆိုးပြတတ်သူ ဖြစ်သည်။ စိတ်ထဲတွင် မည်မျှပင် မကျေမနပ်ဖြစ်နေစေကာမူ အခြားသူများကို မျက်နှာထားတင်းတင်းဖြင့် မဆက်ဆံရဲပေ။ ထို့ကြောင့် သူမက အလျင်အမြန်ပင် "ကျေးဇူးတင်ပါတယ်ရှင်" ဟု ပြန်ပြောလိုက်၏။
သူမသည် ခွက်ကိုကိုင်မြှောက်ကာ တစ်ငုံမျှသောက်ကြည့်လိုက်ပြီးနောက် နောက်ထပ်တစ်ငုံ အားရပါးရ ထပ်မော့လိုက်သည်။ ထို့နောက်တွင်တော့ ဘာမျှဆက်မပြောဘဲ တိတ်ဆိတ်စွာသာ နေတော့၏။
ဝမ်ရှီရှီကတော့ သူမလောက် စိတ်မထိန်းနိုင်ခဲ့ပေ။ သူမ၏ကိုကြီးယွမ်က တကယ့်ကို လူရှုပ်လူပွေဖြစ်ပြီး မိန်းမတစ်ယောက်ပြီးတစ်ယောက် ရှာလာသောကြောင့် သူမ၏ရင်ထဲတွင် အလွန်ကြီးမားသော စိုးရိမ်ကြောင့်ကြမှုတစ်ခု ဖြစ်ပေါ်နေသည်။
သူမက ကျိုးယလီကို မလိုမုန်းတီးဟန်အပြည့်ဖြင့် အဆက်မပြတ် ကြည့်နေ၏။ သူမမျက်နှာပေါ်မှ ဆေးရောင်စုံများမှာ မျက်ရည်များကြောင့် တစ်ဝက်တစ်ပျက် ပျက်ပြယ်သွားကာ မူလရုပ်ရည်ကို မြင်နေရပြီဖြစ်သည်။ ကြည့်ရင်းကြည့်ရင်းဖြင့် ရင်းနှီးနေသလို ခံစားလာရသောအခါ ရန်လိုစိတ်များပင် ဘေးဖယ်ထားကာ အံ့ဩတကြီးဖြင့် မေးလိုက်သည်။ "အစ်မ အရင်က သမီးတို့အိမ်ရှေ့မှာ နေခဲ့ဖူးလား"
ကျိုးယလီတစ်ယောက် ကြောင်သွား၏။ ဤနေရာတွင် လော်ယွမ်မှလွဲ၍ သူ့ကိုသိသောသူ ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဝမ်ရှီရှီကို သေချာပြန်ကြည့်လိုက်သော်လည်း ဝမ်ရှီရှီ၏ ရုပ်ရည်မှာ အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်သောကြောင့် သူမ၏စိတ်ထဲတွင် လုံးဝမှတ်မိခြင်း မရှိတော့ချေ။
"သမီးက အစ်မတို့အိမ်ရှေ့တည့်တည့်မှာ နေတာလေ… အရင်တုန်းက ခဏခဏတွေ့ဖူးတယ်" ဟု ဝမ်ရှီရှီက ကျိုးယလီ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကိုမြင်မှ ရှင်းပြလိုက်သည်။
ကျိုးယလီက ခေတ္တမျှစဉ်းစားကြည့်ပြီးနောက် မှတ်မိသလိုလိုဖြစ်သွားကာ အံ့အားသင့်စွာဖြင့် "နင် ဘယ်လိုလုပ် ဒီလောက်တောင် ကြီးလာတာလဲ… ပြီးတော့ လော်ယွမ်နဲ့ပါ အတူရှိနေတာလား" ဟု မေးလိုက်၏။
"သမီးမိဘတွေက ဆုံးသွားပြီလေ… အဲ့ဒါကြောင့် ကိုကြီးယွမ်နောက်ကိုပဲ တောက်လျှောက်လိုက်နေခဲ့တာ"
ထိုအခါမှ ကျိုးယလီသည်လည်း မိမိ၏မိသားစုကို သတိရသွားပြီး သက်ပြင်းတစ်ချက်ချကာ ခွက်ကိုကိုင်ရင်း သစ်ခေါင်းရည်ကိုသာ ငိုင်တိငိုင်တိုင် သောက်နေတော့သည်။ ရင်ထဲတွင်မူ အနာဂတ်အတွက် စိုးရိမ်ပူပန်နေမိ၏။
အားလုံး စကားစမြည်ပြောဆိုလာကြပြီး အခြေအနေက ယခင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မနေတော့သည့်အခါ ချောင်လင်သည်လည်း စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။ "နင့်မျက်နှာပေါ်မှာ လိမ်းထားတာ ဘာတွေလဲ… စခန်းထဲမှာ လူတိုင်းလိမ်းထားကြသလိုပဲ"
ကျိုးယလီ၏ မျက်နှာမှာ အနည်းငယ် ရှက်သွေးဖြန်းသွားပြီးနောက် "အင်းဆက်ပိုးမွှားတွေရန်က ကာကွယ်တဲ့ သစ်ပင်တစ်မျိုးရဲ့ အစေးပါ… ဒါပေမဲ့ သိပ်တော့ အာနိသင်မကောင်းပါဘူး" ဟု ပြန်ဖြေ၏။
လော်ယွမ်နှင့် ဝမ်ရှီရှီမှလွဲ၍ ကျန်လူအားလုံး၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်သွားကြသည်။ ထိုအစေး၏အနံ့မှာ ဆိုးဝါးပြီး လိမ်းထားလျှင် ရုပ်ဆိုးလှသော်လည်း အသက်အန္တရာယ်နှင့်ယှဉ်လိုက်ပါက ဤအားနည်းချက်များမှာ ပြောပလောက်သည်ပင် မဟုတ်ပေ။ ချောင်လင်က ချက်ချင်းပင် "ဘယ်လိုအပင်ရဲ့အစေးလဲ" ဟု မေးလိုက်သည်။
ကျိုးယလီ၏ မျက်နှာပေါ်တွင် မလုံမလဲဟန်တစ်ခု ဖြတ်ပြေးသွားသည်။ "ကျွန်မလည်း သေချာမသိဘူး… အဲ့ဒါတွေက… ကျူးဟောင်တို့ ရှာလာပေးတာ"
သူမသည် ပင်ဂိုကြောက်တတ်သူဖြစ်ရာ စခန်းသို့ရောက်လာပြီးသည့်နောက်ပိုင်း အပြင်ဘက်မှ အန္တရာယ်များသော တောနက်ထဲသို့ တစ်ခါမျှ မထွက်ဖူးချေ။ ထို့ကြောင့် ဤသည်မှာ မည်သည့်အပင်၏ အစေးဖြစ်သည်ကို လုံးဝမသိရှိပေ။
ထိုအခါ လူတိုင်း၏မျက်နှာတွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ဤမျှများပြားသော သန္ဓေပြောင်းအပင်များထဲမှ သီးသန့်အပင်တစ်မျိုးကို ရှာဖွေရခြင်းသည် ပင်လယ်ထဲတွင် အပ်တစ်စင်းရှာရသလောက် မခက်ခဲလျှင်တောင် အတော်လေး အလားသဏ္ဌာန်တူပေသည်။
လော်ယွမ်ကမူ ထိုမိန်းမသားတို့၏ စကားဝိုင်းတွင် ပါဝင်ခြင်းမပြုဘဲ ပညာသားပါပါ ရှောင်ထွက်နေသည်။ သူက ယခင်က ပြုလုပ်ထားသော သစ်သားပုံးတစ်လုံးကိုဆွဲကာ အဝေးသို့ ထွက်သွား၏။ ဤနေရာတစ်ဝိုက်တွင် ရေအိုင်ငယ်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့မှာ ဒီရေကျသွားပြီးနောက် ကျန်ခဲ့သော ပင်လယ်ရေများဖြစ်ကာ အချိန်ကြာမြင့်စွာ နေပူဒဏ်ခံထားရသောကြောင့် ဆားပါဝင်မှု အလွန်မြင့်မားသည်။
လော်ယွမ် ချဉ်းကပ်သွားသည်နှင့်အမျှ ရေအိုင်၏အောက်ခြေမှ ဝဲဂယက်များ ထလာကာ ရေများနောက်ကျိသွား သည်။ လော်ယွမ် နေရာအတော်များများ ရှာကြည့်သော်လည်း အားလုံးမှာ ထိုအတိုင်းပင်။ နောက်ဆုံးတွင်တော့ သူလည်း ရွေးချယ်မနေနိုင်တော့ဘဲ အနည်းငယ်ကြည်လင်သော ရေအိုင်ငယ်တစ်ခုကိုရွေးကာ ရေတစ်ပုံးခပ်၍ ပြန်လာခဲ့သည်။
ဆားကျိုရန် ပြင်ဆင်နေသည်ကိုမြင်သောအခါ ဟွမ်ကျားဟွေနှင့် ချောင်လင်တို့လည်း လာရောက်ကူညီကြသည်။ သူတို့နှစ်ဦးက အဝတ်စအနည်းငယ်ကိုထပ်ကာ ရေနောက်များကို အထပ်ထပ်အခါခါ စစ်ထုတ်ကြ၏။ သို့သော် အဝတ်စက ရေစစ်မဟုတ်သောကြောင့် မည်မျှပင်စစ်ထုတ်စေကာမူ ရေမှာ အနည်းငယ် နောက်ကျိနေဆဲဖြစ်သည်။ သို့သော် ယခုလိုအခြေအနေမျိုးတွင် ဤမျှဖြင့်သာ ကျေနပ်ရပေတော့မည်။
ကျောက်အိုးကို နေရာချပြီးနောက် ဆားစတင်ကျိုကြသည်။ မီးက အရှိန်ပြင်းပြင်းတောက်လောင်နေသောကြောင့် ရေမှာ မကြာမီပင် ဆူပွက်လာပြီးနောက် ဆားများ ပုံဆောင်ခဲအဖြစ်ဖွဲ့စည်းလာသည်။
ဤဆားများမှာ ကမ္ဘာမပျက်မီက စျေးထဲတွင်တွေ့ရသော နှင်းကဲ့သို့ ဖြူဖွေးသည့်ဆားမျိုးမဟုတ်ဘဲ မီးခိုးရောင်သန်းနေ၏။
"ဒီဆားတွေမှာ အညစ်အကြေးတွေ အရမ်းများတယ်… တော်တော်ခါးမယ်ထင်တယ်" ဟု ဟော်တုံက ပြောသည်။
"မရှိတာထက်စာရင် တော်သေးတာပေါ့… ငါဆိုအခုနေ ဆား၁ပိဿာလောက်စားဆိုရင်တောင် စားနိုင်မလားပဲ" ဟု လင်းရှောင်ကျီက သူ၏ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းကိုသပ်ရင်း ပြောလိုက်သည်။ အချိန်ကြာမြင့်စွာ ဆားမစားရသောကြောင့် သူက ယခု မည်သည့်အရာစားစား အရသာမရှိတော့ပေ။ မည်မျှပင်ခါးသောဆားဖြစ်စေ သူစားနိုင်လိမ့်မည်။
မကြာမီ ရေများခန်းခြောက်သွားပြီး အိုး၏အောက်ခြေတွင် မီးခိုးရောင်ဆားခဲများ အလွှာလိုက်ပေါ်လာသည်။ ထိုဆားများမှာ အတုံးအခဲများဖြစ်နေပြီး ယခင်က အိမ်သုံးဆားများနှင့် လုံးဝမတူပေ။
အားလုံးက မစောင့်ဆိုင်းနိုင်တော့ဘဲ မြည်းစမ်းကြည့်ကြသည်။ ဆားမှာ ခါးသက်သက်အရသာရှိပြီး ဖန်လည်းဖန်နေကာ သဲနှင့် ကျောက်စရစ်ခဲများလည်း အပြည့်ပါနေ၏။ ဤသို့သောဆားမျိုးကို ကမ္ဘာမပျက်မီက ခွေးကျွေးလျှင်ပင်စားမည်မဟုတ်ပေ။ သို့သော် ယခုအခါတွင်တော့ အားလုံးမှာ မျက်နှာတစ်ချက်မမဲ့သည့်အပြင် မျက်နှာများက အရသာခံနေသည့်ဟန်ပင် ပေါက်နေကြသည်။ ဤသို့သောဒုက္ခကို မကြုံဖူးသူတိုင်းသည် အချိန်ကြာမြင့်စွာ ဆားမစားရခြင်း၏ ဝေဒနာကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ လူအချို့ဆိုလျှင် ဆားတစ်ဆုပ်ကို လက်ဖြင့်ကောက်ယူကာ ပါးစပ်ထဲသို့ထိုးထည့်ပြီး သကြားလုံးဝါးသကဲ့သို့ပင် အားရပါးရ ဝါးစားနေကြသည်။ သဲနှင့်ကျောက်စရစ်ခဲများပါမကျန် မျိုချပစ်လိုက်ကြသည်။
ဆားနှင့် ရက်အတန်ကြာ ဝေးကွာနေခဲ့သောကြောင့် ကျိုးယလီမှလွဲ၍ ကျန်လူအားလုံး နေ့လယ်စာကို အများအပြား စားခဲ့ကြသည်။ နောက်ဆုံးတွင်တော့ အငန်လွန်ပြီး လူတိုင်း ရေသောက်မဆုံးဖြစ်ကာ သစ်ခေါင်းရည်အိတ်မှာလည်း ပြောင်သလင်းခါသွားတော့သည်။
ထမင်းစားပြီးသောအခါ သူတို့အဖွဲ့က ပိုလျှံသောဆားများကိုထုပ်ပိုးကာ သိမ်းဆည်းပြီး ခရီးဆက်ခဲ့ကြသည်။
ခရီးတစ်လျှောက်တွင် ရွှံ့နွံပြင်ပေါ်၌ သောင်တင်နေသော ဧရာမအရိုးစုကြီးများကို နေရာအနှံ့ တွေ့မြင်နေရသည်။ သေဆုံးသွားသော ဤရေသတ္တဝါများသည် ကုန်းပေါ်တွင်တွားသွားနိုင်မည့် ခြေလက်များနှင့် အဆုတ်များ မပေါ်ပေါက်မီမှာပင် ဒီရေကျသွားသောကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ လော်ယွမ်က အရိုးစုတစ်ခုကို တွေ့လိုက်ရပြီး ၎င်းမှာ အရှည် ပေ၉၀ကျော်၊ အမြင့် ၂၄ပေ၊ ၂၅ပေခန့်ပင် ရှိ၏။ ကြီးမားလှသော အရိုးစုကြီးမှာ တောင်ပူစာလေးတစ်ခုပမာ ရေတိမ်ပိုင်းတွင် တည်ရှိနေသည်။
သူက ထိုနေရာသို့ သီးသန့်သွားရောက်ကြည့်ရှုခဲ့ရာ ၎င်းမှာ အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်သာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်အရွယ်အစားမှာ ဧရာမဖွတ်ကဲ့သို့သော ကုန်းနေသတ္တဝါများထက် အဆပေါင်းများစွာ ကြီးမားလှသည်။ ဤခန္ဓာကိုယ်အရွယ်အစားတစ်ခုတည်းဖြင့်ပင် သာမန်အစိမ်းနုရောင်အဆင့် ကုန်းနေသတ္တဝါများ သူ့ကိုဘာမှလုပ်နိုင်မည်မဟုတ်ပေ။
မူလက လော်ယွမ်သည် ဤနေရာများအားလုံးကို ရွှံ့နွှံပြင်များဟု ထင်မှတ်ခဲ့သော်လည်း ပင်လယ်ကူးတံတား၏ အလယ်ဗဟိုသို့ ချဉ်းကပ်လာသည်နှင့်အမျှ ရွှံ့နွှံပြင်များ တဖြည်းဖြည်း နည်းပါးလာသည်။ မြေအနည်းငယ်နိမ့်သောနေရာအများအပြားကို ပင်လယ်ရေများ ဖုံးလွှမ်းနေပြီး နေရာတိုင်းတွင် အရွယ်အစားမျိုးစုံသော ရေကန်ကြီးများ ပြည့်နှက်နေသည်။ အသေးဆုံးကန်မှာ စတုရန်းမီတာ ထောင်ချီ၍ရှိပြီး အကြီးဆုံးမှာ စတုရန်းကီလိုမီတာအထိ ကျယ်ဝန်း၏။
အစပိုင်းတွင် ရှောင်ကွင်းသွားလာနိုင်သော်လည်း တဖြည်းဖြည်းနှင့် ရေကန်များက ပို၍ပို၍ ကြီးမားလာသည်။ တစ်ဖက်ကမ်းကို လှမ်းမြင်နေရသည့်အချိန်တွင်တော့ သူတို့၏ရှေ့တွင် ကီလိုမီတာအနည်းငယ်ကျယ်သော ရေပြင်ရှည်ကြီးတစ်ခုက ပိတ်ဆို့ထားလေသည်။
လော်ယွမ် ဘေးဘယ်ညာသို့ ကြည့်လိုက်ရာ သူ၏အမြင်အာရုံဖြင့်ပင် ထိုရေပြင်၏အဆုံးကို မမြင်နိုင်ချေ။ ဤနေရာသည် ကျယ်ပြန့်သောမြစ်တစ်စင်းနီးပါး ဖြစ်တည်နေလေပြီ။
"ဒီရေပြင်က ပတ်သွားဖို့အဆုံးအစကိုတောင် မမြင်ရဘူး… ကျွန်မတို့ နောက်ပြန်လှည့်ကြမလား" ဟု ဟွမ်ကျားဟွေက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။
"ဒီလောက်အဝေးကြီးရောက်နေမှ နောက်ပြန်လှည့်မယ်ဆို နှမျောဖို့ကောင်းတယ်" ဟု ဟော်တုံက မျက်နှာငယ်ဖြင့် ဆိုသည်။ "အခု သုံးနာရီတောင်ထိုးနေပြီ… သိပ်မကြာခင် မှောင်တော့မယ်… ဒီနေရာက ရွှံ့တွေချည်းပဲဆိုတော့ တွင်းတူးဖို့တောင်မလွယ်ဘူး… အပြင်မှာဒီတိုင်းအိပ်မယ်ဆို အန္တရာယ်အရမ်းများတယ်"
"ဟုတ်တယ်… ဒီရေက သိပ်မနက်လောက်ပါဘူး ငါ့အထင်တော့ ၁၀ပေလောက်ပဲရှိမှာ… ဧရာမဖွတ်ကြီးအတွက် ပြဿနာမရှိလောက်ပါဘူး" ဟု လင်းရှောင်ကျီကလည်း ဝင်ပြောသည်။
ဤမျှခက်ခက်ခဲခဲနှင့် ဤနေရာသို့ရောက်လာခဲ့ပြီး တစ်ဖက်ကမ်းကိုပင် လှမ်းမြင်နေရပြီဖြစ်ရာ နောက်ပြန်လှည့်ရမည်ဆိုလျှင် အားလုံး၏စိတ်ဓာတ်ကို အလွန်ထိခိုက်စေပေလိမ့်မည်။
တစ်ဖက်တွင် လွင်ပြင်၌ညအိပ်ရမည့်အန္တရာယ်၊ တစ်ဖက်တွင် ရေထဲမှ မမြင်ရသောအန္တရာယ်။ လော်ယွမ်၏စိတ်ထဲတွင် ချီတုံချတုံဖြစ်နေသည်။ ဤရေတိမ်ပိုင်းတွင် အလွန်အစွမ်းထက်သော သန္ဓေပြောင်းသတ္တဝါများ မရှိနိုင်ဟု ခံစားမိသောကြောင့် သူက "အရင်ဆုံး ရေထဲဆင်းကြည့်ကြတာပေါ့… ရေအရမ်းနက်ရင် ချက်ချင်းပြန်လှည့်မယ်" ဟု ဆုံးဖြတ်လိုက်သည်။
လော်ယွမ် ဆုံးဖြတ်ချက်ချလိုက်သောအခါ မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။
ဧရာမဖွတ်ကြီးက ရေထဲတွင် သတိကြီးစွာဖြင့် ဖြတ်သန်းသွားလာရင်း ရေအောက်မှချဉ်းကပ်လာသော သတ္တဝါများကို မောင်းထုတ်ရန် ရံဖန်ရံခါ ဟိန်းဟောက်လိုက်သည်။
နောက်ထပ် ဆယ်မိနစ်ခန့် ခရီးဆက်ပြီးနောက် ရေမှာ တဖြည်းဖြည်း နက်လာပြီး ဧရာမဖွတ်၏ ပေါင်ရင်းအထိ မြုပ်နေလေပြီ။
ရေမျက်နှာပြင်ပေါ်တွင် လေးမြားများပမာ အရှိန်ပြင်းစွာရွေ့လျားနေသော ရေလှိုင်းအစင်းကြောင်းများ မကြာခဏ ဖြတ်ပြေးသွားသလို ပေပေါင်းများစွာမြင့်သော ရေပန်းကြီးများလည်း ထလေ့ရှိသည်။ ရေအောက်မှ သွေးများလည်း မကြာခဏဆိုသလို ပွက်တက်လာသည်။ ဤနေရာတွင် မမြင်နိုင်သော ရေစီးကြောင်းများက လှုပ်ရှားနေပြီး နေရာတိုင်း၌ သေမင်းတမန်က တိတ်တဆိတ် ပုန်းအောင်းနေသကဲ့သို့ ရှိ၏။ ရေပန်းများက သူတို့၏ကိုယ်ပေါ်သို့ပင် အကြိမ်ပေါင်းများစွာ လာရောက်စင်ခဲ့သည်။
အားလုံး၏မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာသည်။ ကျိုးယလီမှာ လော်ယွမ်ကို စိတ်ဆိုးနေသည်ကိုပင် သတိမရနိုင်တော့ဘဲ သူ၏လက်မောင်းကိုသာ အားကုန်ဆုပ်ကိုင်ထားလေတော့သည်။
ဆက်ရန်…