← Chapters

အခန်း (၁၄၉-၁၅၂)

Vol. 8 Ch. 149-152

အခန်း (၁၄၉-၁၅၂)

Vol. 8 Ch. 149-152

အပိုင်း(၁၄၉)ဥလာဥသောဧရာမလိပ်ကြီး

ညက ရေကဲ့သို့ ငြိမ်သက်လျက်ရှိသည်။

ပင်လယ်ကူးတံတားအနီးတွင် ပင်လယ်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာပြီး စိုစွတ်သောရနံ့သင်းသင်းကို သယ်ဆောင်လာသည်။

အဝေးဆီမှ "ဝေါဝေါ" ဟူသော ရေသံများ ပျံ့လွင့်လာ၏။ အစောပိုင်းက ထိုအသံမှာ တိုးလိုက်ကျယ်လိုက် ဖြစ်နေသော်လည်း ယခုအခါတွင်တော့ ဆူညံပွက်လောရိုက်လာခဲ့ပြီ ဖြစ်သည်။ အလွန်ကြီးမားသော ဒီရေလှိုင်းလုံးကြီးတစ်ခုက အံ့မခန်းဖွယ်ရာ အရှိန်အဟုန်ဖြင့် ဤနေရာသို့ တဟုန်ထိုး ပြေးဝင်လာနေသကဲ့သို့ ရှိပြီး ကောင်းကင်တစ်ခုလုံးပင် မိုးဖွဲဖွဲ ရွာသွန်းနေသကဲ့သို့ ထင်မှတ်ရသည်။

လော်ယွမ်က သူ၏မျက်နှာကို လက်ဖြင့် တို့ထိကြည့်လိုက်ရာ အနည်းငယ် စိုစွတ်နေသည်ကို ခံစားလိုက်ရသည်။

မိနစ်အနည်းငယ်အကြာတွင် သူက ဧရာမအရိပ်မည်းကြီးတစ်ခုကို ဝိုးတဝါး လှမ်းမြင်လိုက်ရ၏။ ၎င်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ရေပြင်အတိုင်း ရှေ့သို့ တက်လာနေပြီး ပေ၃၀မြင့်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။

တိမ်နေသော ပင်လယ်ရေက ၎င်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနိုင်ခြင်း မရှိချေ။ ကျောက်တိုင်ကြီးများသဖွယ် ကြီးမားလှသော ခြေလေးချောင်းက ပင်လယ်ရေထဲတွင် အားပြင်းစွာ ကူးခတ်နေသည်။ ၎င်း၏ အရှိန်ပြင်းပြင်း ရှေ့သို့တိုးဝင်လာမှုကြောင့် ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော ဤရေပြင်တစ်ခုလုံးကို လှိုင်းထန်နေပြီး ရေလှိုင်းများက ကမ်းနှစ်ဖက်ကို အဆက်မပြတ် ရိုက်ခတ်နေ၏။

ထိုသတ္တဝါကြီး ပင်လယ်ကူးတံတားအနီးသို့ ရောက်ရှိလာမှသာ လော်ယွမ်က ၎င်း၏ ပုံရိပ်အစစ်အမှန်ကို ကောင်းစွာ မြင်တွေ့လိုက်ရသည်။

ဧရာမဖွတ်ကဲ့သို့ မဟုတ်ဘဲ ၎င်း၏ မျိုးဗီဇပြောင်းလဲမှုမှာ ဆိုးရွားခြင်းမရှိပေ။ လော်ယွမ်က တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်း၏မူလမျိုးစိတ်ကို မှတ်မိလိုက်သည်။ ဤသည်မှာ သန္ဓေပြောင်း ပင်လယ်လိပ်တစ်ကောင် ဖြစ်သည်မှာ သေချာသော်လည်း အရွယ်အစားမှာ အလွန်ပင် ကြီးမားလှ၏။ အချင်းတစ်ခုတည်းကပင် ပေ၁၀၀၊ ၁၂၀ခန့်ရှိရာ ၎င်းနှင့်နှိုင်းယှဉ်လျှင် ဧရာမဖွတ်မှာ သာမန်သတ္တဝါလေးပမာပင်။

မီးခိုးရောင်လိပ်ခွံပေါ်တွင် ချွန်ထက်ခြင်းမရှိသော တုံးတိတိအဖုများဖြင့် ပြည့်နှက်နေသည်။ ထိုအဖုများက ညအမှောင်ထဲတွင် မှိန်ဖျော့ဖျော့အလင်းရောင်များ ထုတ်လွှတ်နေ၏။ သာမန်ပင်လယ်လိပ်များနှင့် နှိုင်းယှဉ်လျှင် ၎င်း၏လည်ပင်းမှာ ရှည်လျားပြီး တုတ်ခိုင်ကာ ဦးခေါင်းမှာလည်း ပုံပျက်နေသကဲ့သို့ရှိသည်။ ပါးစပ်မှာ ကျယ်ပြန့်ပြီး အစွယ်များဖြင့် ပြည့်နှက်နေသောကြောင့် ကြည့်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်အလား ထင်ရ၏။ နူးညံ့သိမ်မွေ့သော ပင်လယ်လိပ်များနှင့် ယှဉ်လျှင် ဤသည်မှာ ကြောက်မက်ဖွယ် သားရဲကောင်ကြီးတစ်ကောင် ဖြစ်သည်မှာ ထင်ရှားလှသည်။

လော်ယွမ်က အသက်ကိုအောင့်ထားလိုက်ပြီး တစ်ချက်သာကြည့်ကာ မျက်လုံးများကို အလျင်အမြန် ပြန်လွှဲလိုက်သည်။ သူ၏မျက်နှာမှာလည်း တည်ကြည်သွား၏။ ထိုသတ္တဝါကြီးမှာ အဝေးတွင် ရှိနေသေးသော်လည်း သူက လေးလံဖိစီးသော အငွေ့အသက်ကို ခံစားနေရသည်။ သူက မီတာရာချီအကွာမှ ဧရာမဖွတ်ရှိရာနေရာသို့ လှည့်ကြည့်လိုက်သည်။

ဧရာမဖွတ်ကြီးမှာ တံတား၏ထောင့်တစ်နေရာတွင် ကွေးကွေးလေးကပ်နေပြီး သူ၏အမြင်မှားခြင်းပဲလားမသိ ဧရာမဖွတ်တစ်ကိုယ်လုံး တုန်ရီနေသည်ကို ခပ်ရေးရေး ခံစားလိုက်ရသည်။

ထိုအချိန်တွင် မနီးမဝေးမှ "အုန်း" ဟူသော အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ပင်လယ်ကူးတံတားကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ လူကြီးတစ်ယောက်၏ လက်မောင်းလုံးခန့် တုတ်သော သံမဏိကြိုးကြီးများမှာ ထိုကြောက်မက်ဖွယ် စွမ်းအားကြီးကြောင့် လိမ်ကောက်သွားပြီး ဝန်ကိုမနိုင်တော့သဖြင့် ညည်းညူနေသည့်အသံများ ထွက်ပေါ်လာသည်။ ထို့နောက် သံမဏိကြိုးများမှာ တစ်ချောင်းပြီးတစ်ချောင်း ဆက်တိုက် ပြတ်ထွက်သွားပြီး ကြောက်မက်ဖွယ်အရှိန်ဖြင့် တိတ်ဆိတ်သောညကောင်းကင်ယံကို ဖြတ်သန်းကာ ကြက်သီးမွေးညင်းထဖွယ် စူးရှသောအသံကို ဖြစ်ပေါ်စေသည်။ နောက်တစ်ခဏတွင် တံတားအဆက်ဆယ်ခုကျော်မှာ ဒိုမီနိုတုံးများပမာ တစ်ခုပြီးတစ်ခု ပြိုကျသွားတော့သည်။

လော်ယွမ်၏ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူu တံတား၏ ပြင်းထန်သော တုန်ခါမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လက်ရန်းကို အားကုန်ဆုပ်ကိုင်ကာ အောက်သို့ အလျင်အမြန် ငုံ့ကြည့်လိုက်သည်။ ကြီးမားတုတ်ခိုင်သော တံတားဒေါက်တိုင်ကြီးတစ်တိုင်မှာ ထိုဧရာမသားရဲကြီး၏ ရှေ့သို့ချီတက်ရာလမ်းတွင် မထင်ရှားသော အတားအဆီးတစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရပြီး မည်သည့်အားမျှမစိုက်ထုတ်ရဘဲ အလွယ်တကူပင် တိုက်ချိုးခံလိုက်ရကာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

သူ၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့် ဖြူဖျော့သွား၏။ ဤသို့သော ပင်လယ်ကူးတံတား၏ တိုင်ကြီးများမှာ အလွန်အမင်း ခိုင်ခံ့လှသည်။ ထိုကဲ့သို့တစ်တိုင်လုံးလုံးကို တိုက်ချိုးပစ်ရန် သာမန်သင်္ဘောများဖြင့် လုံးဝမဖြစ်နိုင်ပေ။ တန်ချိန်သောင်းချီသော သင်္ဘောကြီးဖြင့် အရှိန်ပြင်းပြင်း ဝင်တိုက်မှသာ ပြိုကျနိုင်လိမ့်မည်။

အစောပိုင်းက သူက ဤသတ္တဝါကို အစိမ်းနုရောင်အဆင့်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်တော့ သူ မသေချာတော့ပေ။

လော်ယွမ်က ပင်လယ်သတ္တဝါများအကြောင်းကို ကောင်းစွာနားလည်ခြင်းမရှိသလို သူတို့၏အခြေအနေကိုလည်း မခန့်မှန်းနိုင်ပေ။ သို့သော် ပင်လယ်သတ္တဝါများ၏ စွမ်းအားမှာ ကုန်းနေသတ္တဝါများထက် များစွာသာလွန်ပြီး ပြိုင်ဆိုင်မှုမှာလည်း ပိုမိုပြင်းထန်သည်ကိုတော့ သူသေချာပေါက် သိသည်။

ကမ္ဘာမပျက်မီက တရုတ်ပြည်ကြီးတွင် အချို့အထူးထိန်းသိမ်းထားသော ဧရိယာများနှင့် ရှေးဟောင်းသစ်တောအချို့မှလွဲ၍ ကျန်နေရာများတွင် သတ္တဝါကြီးများတွေ့ရမှုမှာ အလွန်နည်းပါးနေပြီဖြစ်သည်။ မြို့ပြများတွင်မဆိုထားနှင့် ကျေးလက်တောတောင်များတွင်ပင် လွန်ခဲ့သောနှစ်သုံးဆယ်ခန့်ထိသာ ဝံပုလွေနှင့် တောဝက်ကဲ့သို့သော အလတ်စားနှင့် အကြီးစားသတ္တဝါများကို တွေ့ရှိခဲ့ရပြီး ကမ္ဘာပျက်ခါနီးအချိန်တွင်တော့ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ကျေးလက်ဒေသများတွင် ယုန်တစ်ကောင်ကိုပင် တွေ့ရန်ခက်ခဲသွားသည်။

အစားအသောက်ကို အလွန်အမင်း ခုံမင်သော တရုတ်နိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်များသာ ရှင်သန်နိုင်ခဲ့သော်လည်း ကမ္ဘာပျက်သောအခါ သူတို့သန္ဓေမပြောင်းလဲမီမှာပင် ပိုင်ရှင်များ၏အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ယခုအခါတွင် တွေ့မြင်နေရသော ကြီးမားသည့်ကုန်းသတ္တဝါအများစုမှာ သေးငယ်သောသတ္တဝါများမှ မျိုးဗီဇပြောင်းလဲလာခြင်း ဖြစ်သည်။ ထိုသို့ဖြစ်နေသည့်တိုင် လူသားများက တဖြည်းဖြည်း ရှုံးနိမ့်နေရသည်ဖြစ်ရာ မူလကတည်းက ဧရာမခန္ဓာကိုယ်ကြီးများ ပိုင်ဆိုင်ထားသော ပင်လယ်သတ္တဝါများအကြောင်းကိုတော့ ပြောစရာပင်မလိုတော့ပေ။

ဧရာမလိပ်ကြီးက ပင်လယ်ကူးတံတားကို ဖြတ်ကျော်ပြီးနောက်တွင်လည်း ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ဆက်လက်ချီတက်သွားသည်။

မိနစ်အနည်းငယ်အကြာတွင် ၎င်းက အမြင်အာရုံထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါမှသာ လော်ယွမ် သက်ပြင်းကို ဖြည်းညင်းစွာ ချနိုင်တော့သည်။ ထိုလိပ်ကြီးထွက်ခွာသွား၍သာ တော်သေးသည်။ သို့မဟုတ်ပါက သူတို့လည်း ညတွင်းချင်းပင် ဤနေရာမှ ထွက်ပြေးရပေတော့မည်။

သူက နဖူးကို စမ်းကြည့်လိုက်ရာ သူတောင်မသိလိုက်ပဲ ချွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏တစ်ကိုယ်လုံးမှာလည်း အားအင်ကုန်ခမ်းသွားသကဲ့သို့ ပျော့ခွေနေ၏။ သူ၏မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဤသို့သောသတ္တဝါမျိုးနှင့် တိုက်ခိုက်ရန်မဆိုထားနှင့်၊ အနီးအနားတွင် ရပ်နေရုံမျှဖြင့်ပင် စိတ်ကိုလွှမ်းမိုးထားနိုင်သည်။ မီတာရာချီအကွာမှ ခံတပ်ထဲရှိ အခြားသူများ မည်သို့မည်ပုံ တုံ့ပြန်နေကြမည်ကို သူ မသိပေ။ သို့သော် သူ၏ယခုအခြေအနေထက်တော့ သာလိမ့်မည်မဟုတ်ဟု သူထင်သည်။

သို့သော် သူ၏ရင်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာသည်။ ပင်လယ်သတ္တဝါများအတွက် အသင့်တော်ဆုံးပတ်ဝန်းကျင်မှာ ပင်လယ်ဖြစ်သည်။ ထိုဧရာမသားရဲကြီးက ဤနေရာသို့ အဘယ်ကြောင့် လာရသနည်း။

ဟုတ်ပေသည်။ ရေကြီးချိန်တွင် ဤနေရာမှာလည်း ပင်လယ်ပြင်ဖြစ်ခဲ့သည်။ သို့သော် ယခုအခါတွင် ဧရိယာအများစုမှာ ရွှံနွံပြင်များဖြစ်နေပြီး အကြီးဆုံးရေပြင်ကြီးတွင်ပင် ဤမျှကြီးမားသောသတ္တဝါကြီးကို ဆံ့နိုင်မည်မဟုတ်ပေ။

ထို့အပြင် ဆင့်ကဲပြောင်းလဲမှုသီအိုရီအရ ပင်လယ်မှ ကုန်းမြေပေါ်သို့ ပထမဆုံးတက်ရောက်လာသော သတ္တဝါများမှာ ပြင်းထန်သောပြိုင်ဆိုင်မှုများတွင် ရှုံးနိမ့်သူများသာ ဖြစ်ကြသည်။ သို့သော် ထိုလိပ်ကြီး၏စွမ်းအားအရ ပင်လယ်ထဲတွင်လည်း အားနည်းသူတစ်ဦး မဖြစ်နိုင်ပေ။ ၎င်းက ကုန်းမြေပေါ်သို့ တက်ရောက်ရှာဖွေစားသောက်ရမည့်အခြေအနေ လုံးဝမဟုတ်ချေ။

ပြင်းထန်သော သိလိုစိတ်က သူ့အား နောက်သို့လိုက်၍ ကြည့်ရှုချင်သောစိတ်ကို ဖြစ်ပေါ်စေသည်။

သူက အချိန်ကိုကြည့်လိုက်ရာ ယခုမှ နံနက်တစ်နာရီပင် မထိုးသေး။ သူ ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီးနောက် ခပ်လှမ်းလှမ်းမှ လိုက်သွားလျှင် အန္တရာယ်မရှိနိုင်ဟု ခံစားမိသောကြောင့် ကမ်းစပ်သို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။

ပင်လယ်ကူးတံတား၏ ကမ်းနှစ်ဖက်မှာ သစ်တောနီးပါးဖြစ်နေသော်လည်း ဆားပေါက်သောမြေဖြစ်သောကြောင့် သစ်ပင်များမှာ အနည်းငယ်ကျဲနေသည်။ လက်သီးဆုပ်အရွယ်ရှိ ပိုးစုန်းကြူးကဲ့သို့သော အင်းဆက်ပိုးများက သစ်တောထဲတွင် ပျံဝဲနေကြသည်။ ထို့အပြင် အဝေးမှ အလင်းရောင်ထုတ်လွှတ်သော အပင်အချို့ကြောင့် ဤနေရာမှာ ထူးဆန်းအံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်နေ၏။

လော်ယွမ်က သစ်တောထဲတွင် အရှိန်ပြင်းစွာ ပြေးလွှားနေသည်။ သူ၏လှုပ်ရှားမှုက မျောက်တစ်ကောင်ပမာ လျင်မြန်ဖျတ်လတ်လှပြီး ဘေးနှစ်ဖက်မှ သစ်ပင်များမှာ နောက်သို့ လျင်မြန်စွာရွေ့လျားသွားသည်။

နာရီဝက်အကြာတွင် သူက သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်ကာ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

----------------------------------------------

တိမ်မည်းများဖုံးလွှမ်းနေသော ကောင်းကင်တွင် မှုန်ဝါးဝါးလဝန်းကြီးကို ရှားရှားပါးပါး တွေ့မြင်နေရသည်။

ဤနေရာသည် ဧရာမလိပ်ကြီးနှင့် ပေ၉၀၀၀ခန့်သာ ကွာဝေးသည်။ ၎င်းက ယခုအခါ ရေပြင်မှ ထွက်ခွာပြီး အေးစက်သောညအမှောင်အောက်တွင် ရွှံနွံပြင်ပေါ်သို့ တက်ရောက်နေပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး သက်ရှိအားလုံးမှာ ဤဖိစီးသော အငွေ့အသက်ကြောင့် အစွမ်းကုန် ပုန်းအောင်းနေကြသည်။ ညအချိန်တွင် အဆက်မပြတ်အော်မြည်နေသော ပိုးကောင်များ၏အသံပင် ကြောက်လန့်တကြား အသံတိတ်သွားကြသည်။

လော်ယွမ်က အသက်ကိုအောင့်ထားပြီး ကျောက်တုံးတစ်တုံးပမာ မလှုပ်မယှက် နေလိုက်သည်။

ဧရာမလိပ်ကြီးသည် ကုန်းမြင့်တစ်ခုပေါ်သို့ ရောက်သောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းက ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိထားနေဟန်ရှိသည်။ သူ၏အေးစက်သောမျက်လုံးများက လော်ယွမ်ရှိရာဘက်သို့ လှည့်ကြည့်လာသောအခါ ၎င်း၏လှုပ်ရှားမှုမှာ ခေတ္တမျှ ရပ်တန့်သွားသည်။

အမှောင်ထဲတွင် မီးရှူးတိုင်တစ်ခုပမာ တောက်ပနေသော ထိုမျက်လုံးများ၏ အေးစက်စွာ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ လော်ယွမ်သည် ကြက်သိမ်းမွေးညင်းများ ထသွားသလို ခံစားလိုက်ရပြီး နှလုံးခုန်နှုန်းပင် တစ်ဝက်ရပ်သွားမတတ် ဖြစ်ကာ နောက်လှည့်ပြေးချင်စိတ်ကို မနည်းထိန်းထားရသည်။

သို့သော် ကံကောင်းသည်မှာ ၎င်းက မျက်လုံးများကို အလျင်အမြန် ပြန်လွှဲပြီး အခြားနေရာများသို့ ဆက်လက်ကြည့်ရှုနေသည်။

လော်ယွမ်၏ရင်ဘက်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ရင်ထဲမှ ကြောက်လန့်စိတ်ကို အစွမ်းကုန် ထိန်းချုပ်နေရသည်။

ထိုတစ်ခဏတွင် သူရှိနေမှန်း ထိုလိပ်ကြီးသိရှိသွားကြောင်းကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။ သူ၏အငွေ့အသက်ကို ဖုံးကွယ်ထားသော နည်းလမ်းက ဤသို့သောသတ္တဝါမျိုး၏ရှေ့တွင် အသုံးမဝင်ချေ။ သို့သော် ၎င်းသည်လည်း သူရှိနေခြင်းကို ဂရုစိုက်သည့်ပုံမပေါ်ပေ။ ၎င်းအတွက် သူက မထင်မရှား ပိုးကောင်လေးတစ်ကောင်သာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

လော်ယွမ်သည် ဤနေရာမှ ထွက်သွားရမည်လော၊ သို့မဟုတ် ဆက်လက်စောင့်ကြည့်ရမည်လောဟု မဆုံးဖြတ်နိုင်မီမှာပင် ဧရာမလိပ်ကြီးက ခြေလေးချောင်းဖြင့် မြေကြီးကို စတင်တူးဆွတော့သည်။ ၎င်းမှာ ဧရာမမြေတူးစက်ကြီးတစ်လုံးပမာဖြစ်ပြီး မကြာမီမှာပင် ပေ၁၅၀ခန့်ကျယ်ဝန်းပြီး အနက်မည်မျှရှိသည်ကိုမသိသော တွင်းကြီးတစ်တွင်းကို တူးဖော်ပြီးစီးသွားသည်။ မိနစ်အနည်းငယ်အကြာတွင် ၎င်းက ရပ်တန့်လိုက်သည်။

ပြီးနောက်သူ၏ခန္ဓာကိုယ်ကို ထိုတွင်းပေါ်တွင် မှောက်ချလိုက်ပြီး အမြီးကို တွင်းထဲသို့ နစ်ဝင်စေကာ မလှုပ်မယှက် နေလိုက်သည်။

ဒါက… မဟုတ်မှလွဲရော…

လော်ယွမ်၏ရင်ထဲတွင် အတွေးတစ်ခုဝင်လာသည်။ သူထင်သည့်အတိုင်းပင် မကြာမီမှာပင် သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သက်သေပြလိုက်သည်။ ဧရာမလိပ်ကြီးက အသံတိုးတိုးဖြင့် ညည်းညူလိုက်ပြီး ထိုအသံထဲတွင် နာကျင်မှုအရိပ်အယောင်များ ပါဝင်နေသည်။ အချိန်အတော်ကြာပြီးနောက် ၎င်းသည် ဖြည်းညင်းစွာ ပြန်လည်မတ်တပ်ရပ်ကာ ခြေလေးချောင်းဖြင့် ဆက်လက်တူးဆွပြီး ရွှံ့နွံအမြောက်အမြားဖြင့် ထိုတွင်းကို နက်ရှိုင်းစွာ ပြန်လည်ဖုံးအုပ်လိုက်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင်လည်း ၎င်းသည် ချက်ချင်းထွက်ခွာသွားခြင်းမရှိဘဲ ပတ်ဝန်းကျင်ကို တစ်ပတ်ထပ်မံ၍ လှည့်ပတ်ကြည့်ရှုပြန်သည်။ ဤတစ်ကြိမ်တွင် ပို၍သေချာစွာ ကြည့်ရှုပြီး မိနစ်အနည်းငယ်ကြာအောင် အထပ်ထပ်အခါခါ ကြည့်နေသည်။ ထို့နောက် လော်ယွမ်၏ ရင်တထိတ်ထိတ်ဖြစ်နေသော အကြည့်အောက်တွင် ပင်လယ်မြစ်ဆီသို့ ဖြည်းညင်းစွာ ပြန်လည်လျှောက်လှမ်းသွားသည်။ ၎င်းမှာ အလွန်အားနည်းနေဟန်ရှိပြီး ခန္ဓာကိုယ်မှာပင် ယိမ်းထိုးနေသည်။

သာမန်အစိမ်းနုရောင်အဆင့်သတ္တဝါတစ်ကောင်သာဆိုလျှင် ဤသည်မှာ အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်သော်လည်း အဆင့်အတန်းခန့်မှန်းရခက်သော ဤပင်လယ်သတ္တဝါကြီးကို ရင်ဆိုင်ရန်အတွက်မူ သူ၏စိတ်ထဲတွင် အရိပ်အယောင်မျှပင် ဖြစ်ပေါ်လာခြင်း မရှိပေ။

လိပ်ကြီးက ရေထဲသို့ ဝင်ရောက်သွားပြီး မှုန်ဝါးဝါးလရောင်အောက်တွင် လာလမ်းအတိုင်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

လော်ယွမ်က သစ်ပင်ပေါ်တွင် မလှုပ်မယှက် ဆက်လက်ပုန်းအောင်းနေပြီး နာရီဝက်ခန့်အကြာ အဝေးမှ မည်သည့်အသံမျှ မကြားရတော့မှ သူက သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ကမ်းစပ်သို့ အလျင်အမြန် ပြေးသွားတော့သည်။

မိနစ်အနည်းငယ်အကြာတွင် သူ ထိုကုန်းမြင့်သို့ ရောက်ရှိသွားသည်။ ဧရာမလိပ်ကြီးမှာ အဝေးသို့ ထွက်ခွာသွားပြီဖြစ်သော်လည်း ဤနေရာတွင် ၎င်း၏ အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သည်။ သို့သော် ဤ အငွေ့အသက် အနည်းငယ်မှာ လော်ယွမ်၏ ဉာဏ်ရည် ၁၅ မှတ်အတွက်တော့ ပြောပလောက်သည် မဟုတ်ပေ။

ဤတွင်းကြီးမှာ ဘတ်စကတ်ဘောကွင်း သုံးကွင်းစာခန့် ကျယ်ဝန်းပြီး အနက်မှာ မည်မျှရှိသည်ကို မသိနိုင်ပေ။ လော်ယွမ်က မြေကြီးပေါ်တွင်ရပ်ပြီး အာရုံခံကြည့်လိုက်ရာ ရင်ထဲတွင် ဝမ်းသာသွားသည်။ ထိုလိပ်ကြီးက ပင်လယ်နှင့်ဝေးကွာသော ဤနေရာတွင် ဥလာဥခြင်း ဖြစ်သည်။

တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ဥက တစ်လုံးတည်းသာ ရှိခြင်းဖြစ်သည်။ သို့သော် စဉ်းစားကြည့်လျှင်လည်း ပုံမှန်ပင်ဖြစ်သည်။ သဘာဝတရားကြီးက အစွမ်းထက်သောသတ္တဝါများကို မျိုးပွားရန်ခက်ခဲစေပြီး အားနည်းသောသတ္တဝါများကိုမူ မျိုးပွားရန် ကန့်သတ်ထားခြင်းမရှိချေ။ ထိုဧရာမလိပ်ကြီး ကမ္ဘာမပျက်မီက ပင်လယ်လိပ်များကဲ့သို့ တစ်ကြိမ်ဥလျှင် အလုံးရာချီဥပါက ပင်လယ်တစ်ခုလုံး ၎င်းတို့၏လက်အောက်သို့ ကျရောက်သွားပေလိမ့်မည်။

ကံဆိုးသည်မှာ သူ၌ သင့်တော်သောကိရိယာ မရှိခြင်းပင်။ ဓားက လူသတ်ရန်အတွက်သာဖြစ်ပြီး တွင်းတူးရန်အတွက် အသုံးမဝင်ချေ။ လက်ဖြင့်သာ တူးရပေတော့မည်။

သူက ဓားကို ဘေးတွင်စိုက်ထားပြီး ရွှံ့နွံ၏အလယ်တွင်ရပ်ကာ လက်ဖြင့် စတင်တူးဆွတော့သည်။

ဤနေရာမှာ ပျော့ပျောင်းသောရွှံ့နွံများဖြစ်သောကြောင့် တူးရသည်မှာ မပင်ပန်းလှပေ။ ထို့အပြင် ဧရာမလိပ်ကြီး လာရောက်သွားသောကြောင့် ရွှံ့နွံထဲမှ သန္ဓေပြောင်းသတ္တဝါများမှာ လိပ်ကြီး၏ကြောက်မက်ဖွယ် အငွေ့အသက် ကြောင့် အဝေးသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။ ထွက်မပြေးနိုင်သော အကောင်များမှာလည်း ဧရာမလိပ်ကြီး၏ အငွေ့အသက် ကြောင့် အချိန်ကြာမြင့်စွာ တောင့်တင်းနေပြီး ယခုထက်တိုင် သတိပြန်မလည်သေးသောကြောင့် အန္တရာယ်လုံးဝမရှိချေ။

သို့သော် အတွင်းမှအရာမှာ အလွန်နက်ရှိုင်းလှပြီး ပေ၆၀ကျော်အနက်တွင် ရှိနေသည်။ တူးဖော်ထုတ်ယူလိုပါက ယနေ့ည အိပ်စက်ရတော့မည်မဟုတ်ဟု လော်ယွမ်က စိတ်ထဲတွင် တွေးလိုက်သည်။ သို့သော် သူက သူ၏တွင်းတူးစွမ်းရည်ကို အထင်ကြီးမိနေမှန်း နောက်မှသိလိုက်ရသည်။

ပေ၆၀ကျော်နက်သော တွင်းတစ်တွင်းကို တူးခြင်း၊ အထူးသဖြင့် ဤသို့ပျော့ပျောင်းသော ရွှံ့နွံပြင်တွင် ဒေါင်လိုက်တူးရန်မှာ မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက မြေပိခြင်းဖြင့်သာ အဆုံးသတ်ရပေလိမ့်မည်။ ထို့အပြင် ထိုဥက ၆ပေကျော်မြင့်ပြီး မျက်နှာပြင်တွင် ထူထဲကြည်လင်သော အရာတစ်ခုဖြင့် ဖုံးအုပ်ထားဟန်ရှိရာ တစ်ခုလုံး၏အရွယ်အစားမှာ ၁၅ပေကျော်လွန်နေသည်။ အကယ်၍ တွင်းကို ခပ်ကျဉ်းကျဉ်းသာတူးပါက တွင်းပြိုကျနိုင်ရုံသာမက ဥကိုလည်း ထုတ်ယူနိုင်မည်မဟုတ်ပေ။

ဤကိစ္စတွင် မည်သည့်အလွယ်နည်းမှ သုံး၍မရပေ။ ဧရာမလိပ်ကြီး တူးသွားသောတွင်း၏ အရွယ်အစားအတိုင်းသာ တူးရမည်ဖြစ်ရာ ၎င်းကအလုပ်ကြီးတစ်ခု ဖြစ်သည်မှာ သေချာသည်။

နာရီဝက်ခန့် တူးပြီးနောက်တွင်တော့ လော်ယွမ် စိတ်ဓာတ်ကျလာသည်။ ၃ပေကျော်ကျယ်ပြီး ၄ပေခွဲခန့်နက်သော တွင်းကိုကြည့်ကာ သူ၏ရင်ထဲတွင် မချိပြုံး ပြုံးလိုက်မိသည်။ ဤနှုန်းအတိုင်းသာဆိုလျှင် သုံးရက်သုံးည မအိပ်မနေတူးလျှင်ပင် ပြီးနိုင်မည်မဟုတ်ပေ။ အကယ်၍ ကြားထဲတွင် မိုးရွာချပါက အစမှပြန်စရပေလိမ့်မည်။

ထိုအချိန်တွင် သူ၏အမူအရာမှာ ရုတ်တရက် ကြောင်သွားသည်။

ငါ တော်တော်တုံးတာပဲ။ ဘာလို့ ကိုယ်တိုင်တူးနေရတာလဲ။ ဧရာမဖွတ် ရှိနေတာပဲ။ ဧရာမလိပ်ကြီးလောက်တော့ မစွမ်းဆောင်နိုင်ပေမဲ့ ဧရာမဖွတ်အတွက်တော့ အချိန်အဲ့လောက် ကြာမှာမဟုတ်ဘူး။

ဆက်ရန်...

အပိုင်း(၁၅၀)စီရင်ခြင်း

အချိန်သိပ်မကြာမီမှာပင် လော်ယွမ်က ဧရာမဖွတ်ကြီးကို ခေါ်ဆောင်၍ ပြန်ရောက်လာ၏။

လော်ယွမ်၏ အမိန့်ပေးစေခိုင်းမှုအောက်တွင် ဧရာမဖွတ်ကြီးသည် တွင်းကို ရူးသွပ်စွာ တူးဆွတော့သည်။ ရွှံ့နွံအမြောက်အမြားက ဖွတ်ကြီး၏အနောက်ဘက်သို့ ပြင်းထန်စွာ လွင့်စင်သွား၏။ ယခင်က လိပ်မိစ္ဆာကြီး ပိတ်ဆို့ထားခဲ့သော တွင်းကြီးမှာ တစ်ဖန်ပြန်လည် ပွင့်ထွက်လာသည်။

သို့သော် ဤသို့ပြုလုပ်နေသည့်တိုင် ထိုဧရာမဥကြီးကို မြင်တွေ့လိုက်ရချိန်တွင် နှစ်နာရီခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ လော်ယွမ်က ဧရာမဖွတ်ကြီး လိပ်ဥကိုစားလိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းကို အဝေးသို့ တိမ်းရှောင်ခိုင်းထားလိုက်သည်။

လော်ယွမ်က ရွှံ့ထူသော ကျင်းနံရံတစ်လျှောက်မှ ကျင်းအောက်ခြေသို့ ဆင်းသက်သွားသည်။ ဧရာမဖွတ်ကြီး၏ လှုပ်ရှားမှုများမှာ သေသပ်မှုမရှိသည်မှာ ထင်ရှား၏။ ဧရာမဥကြီး၏ အပေါ်ပိုင်းသာ ပေါ်ထွက်နေပြီး အများစုမှာ ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။ လော်ယွမ်က ကျန်ရှိသော အလုပ်များကို အပြီးသတ်လိုက်သည့်အခါမှသာ ဧရာမဥကြီး၏ ပုံသဏ္ဌာန်အပြည့်အစုံ ပေါ်ထွက်လာတော့သည်။

၎င်းမှာ အမြင့် ၆ပေကျော်၊ အကျယ် ၃ပေခန့်ရှိသော ဘဲဥပုံ ဧရာမဥကြီးတစ်လုံး ဖြစ်သည်။ ထိုအတိုင်းအတာထဲတွင် ဥမျက်နှာပြင်ပေါ်ရှိ ၁ပေခွဲခန့်ထူသော အရောင်မဲ့ကြည်လင်သည့် ဂျယ်လီကဲ့သို့ အလွှာတစ်ခု မပါဝင်သေးချေ။ သာမန်တွေ့မြင်နေကျ ဥများနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော အပွင့်အပန်းများရှိပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးစွမ်းနေ၏။

မျက်နှာပြင်ပေါ်ရှိ ဂျယ်လီလွှာက အလွန်ချောမွေ့နေပုံရသော်လည်း ထိတွေ့ကြည့်သည့်အခါ အနည်းငယ် ပျော့အိအိဖြစ်နေသည်။ ရာဘာကဲ့သို့ပင် ဆွဲဆန့်နိုင်စွမ်း အလွန်ကြီးမားသည်။ လော်ယွမ်က သူ၏ဓားရှည်ဖြင့် စမ်းသပ်ခုတ်ကြည့်လိုက်သော်လည်း ဂျယ်လီလွှာမျက်နှာပြင်ပေါ်တွင် ခြစ်ရာတစ်ချက်မျှပင် မကျန်ရစ်နိုင်သည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ဖိအားသုံးလေ၊ ပြန်ကန်အားက ပို၍ကြီးမားလာလေဖြစ်ပြီး စိတ်စွမ်းအင်ကို သုံးသည့်တိုင် ဖြတ်တောက်ရန် ခက်ခဲလှသည်။

ထိုပင်လယ်လိပ်ကြီးက သူ၏ဥကို ဤနေရာတွင် စိတ်ချလက်ချ ထားခဲ့သည်မှာ အံ့ဩစရာမရှိပေ။ စွမ်းအား အစိမ်းနုရောင်အဆင့်ထက် မကျော်လွန်ပါက ဤဂျယ်လီလွှာတစ်ခုတည်းနှင့်ပင် သတ္တဝါအများစုက ဥကြီးကို ဘာမျှလုပ်နိုင်မည်မဟုတ်ပေ။ အစိမ်းနုရောင်အဆင့်ဟူသည်မှာလည်း ကျန်းနန်ပြည်နယ်တစ်ခုလုံးတွင် ရှာမှရှားသော ရှားပါးဖြစ်တည်မှုတစ်ခု ဖြစ်၏။ ပြင်းထန်သော ပြိုင်ဆိုင်မှုများရှိသည့် ပင်လယ်နှင့် နှိုင်းယှဉ်လျှင် ကုန်းမြေက ပင်လယ်သတ္တဝါများအတွက် မျိုးပွားရန် အကောင်းဆုံးနေရာဖြစ်သည်မှာ သေချာသည်။

လော်ယွမ်က ၎င်းကို ထိုနေရာတွင်ပင် ချက်ချင်း မခွဲဖျက်ခဲ့ပေ။ ဤဥကြီးက အလွန်လေးလံပြီး အလေးချိန်မှာ တစ်တန်ခွဲနီးပါး ရှိသည်။ ဂျယ်လီလွှာကို ဖယ်ရှားလိုက်သည့်တိုင် တစ်တန်အောက် လျော့နည်းသွားမည် မဟုတ်ချေ။ သူ၏ ခွန်အား ၁၃ မှတ်ဖြင့် တွန်းရွှေ့နိုင်သည်မှန်သော်လည်း ပေ၆၀ကျော်နက်သော တွင်းအောက်ခြေမှ မြေပြင်ပေါ်သို့ တွန်းတင်ရန်မှာ၊ အထူးသဖြင့် ခြေကန်အားယူစရာမရှိသော ဤရွှံ့နွံများပြည့်နေသည့် နေရာတွင် သူ၏လက်ရှိခွန်အားမျှဖြင့် လုံလောက်ရန် အများကြီးလိုနေသေးသည်။ ထို့အပြင် ဤနေရာမှ ခံတပ်စခန်းထိ ခုနစ်ကီလိုမီတာ၊ ရှစ်ကီလိုမီတာခန့် ဝေးပြီး လမ်းတစ်လျှောက်လုံးမှာလည်း ကြမ်းတမ်း သောလမ်းများဖြစ်သည်။ သူ၏ ခွန်အားတစ်ခုတည်းကိုသာ အားကိုးရမည်ဆိုလျှင် ခံတပ်ထိ တွန်းနိုင်သည့်တိုင် အနည်းဆုံး ခုနစ်နာရီ၊ ရှစ်နာရီခန့် အချိန်ယူရပေမည်။

ဤဂျယ်လီလွှာ ရှိနေသဖြင့် ဧရာမဖွတ်ကြီး ခိုးစားမည်ကို သူ လုံးဝစိတ်ပူစရာမလိုပေ။ ၎င်း၏ ပါးစပ်ထဲသို့ ကိုက်ချီထားလျှင်ပင် ကိုက်ဖျက်နိုင်မည်မဟုတ်ချေ။ အလကားရသော အလုပ်သမားကို အသုံးချရပေတော့မည်။

သနားစရာ ဧရာမဖွတ်ကြီးက အလုပ်သမားအဖြစ် တစ်ဖန်ပြန်လည် အသုံးချခံရကာ ဧရာမဥကြီးကို ကိုက်ချီ၍ နောက်ကြောင်းပြန်လှည့်ခဲ့ရတော့သည်။

လော်ယွမ် ခံတပ်စခန်းသို့ ပြန်ရောက်သောအခါ မိုးပင်လင်းစပြုနေပြီ။ သူက ဧရာမဖွတ်ကြီးကို ဧရာမဥကြီးအား ချခိုင်းလိုက်ပြီးနောက် ခပ်ဝေးဝေးသို့ မောင်းထုတ်လိုက်သည်။

လော်ယွမ်ဖွတ်ကြီးကိုခေါ်ဖို့ တစ်ခေါက်ပြန်လာစဉ် အဖြစ်အပျက်အားလုံးကို လူတိုင်းအား ပြောပြပြီးဖြစ်သည်။ ရောက်လာသော မိစ္ဆာကောင်ကြီးမှာ ဥလာဥခြင်းဖြစ်ပြီး မကြာမီ ဥကြီးကို သယ်လာမည်ဟု ကြားသိရသောအခါ သူတို့ မည်သို့ မှ အိပ်မပျော်နိုင်ကြတော့ပေ။ ယခု အောက်ထပ်မှ လှုပ်ရှားသံများကြားသည်နှင့် အားလုံး ပြေးထွက်လာကြသည်။

လူတိုင်း အပြင်သို့ထွက်လာပြီး ထိုဧရာမဥကြီးကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

"ဒါ... ဒါက အဲ့ဥကြီးလား... တော်တော်ကြီးတာပဲ... ကျွန်မတို့ထက်တောင် မြင့်သေးတယ်" ဟွမ်ကျားဟွေက အံ့ဩတကြီး မေးလိုက်သည်။

"ဒိုင်နိုဆောဥတောင် ဒီလောက်ကြီးမယ်မထင်ဘူး" ဟော်တုံကလည်း တုန်လှုပ်စွာ ပြောရင်း စပ်စုစွာဖြင့် မျက်နှာပြင်ပေါ်ရှိ ဂျယ်လီလွှာကို စမ်းကြည့်လိုက်ပြီး အံ့အားသင့်စွာ ဆိုသည် "ဘယ်လိုဖြစ်လို့ အေးစက်နေတာလဲ"

ထို့နောက် လူတိုင်းက တစ်ယောက်တစ်လှည့် စမ်းသပ်ကြည့်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ဆွေးနွေးပြောဆိုနေကြသည်။ စိတ်ထဲတွင် အပြစ်ရှိသလို ခံစားနေရသော ကျိုးယလီပင် စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ အနားကပ်ကာ သတိဖြင့် အကြိမ်အနည်းငယ် တို့ထိကြည့်လိုက်သည်။

ဝမ်ရှီရှီ၏ မျက်လုံးများမှာ အရောင်တောက်နေ၏။ သူမသည် လော်ယွမ်ထံတွင် ဧရာမဖွတ်ကြီးကဲ့သို့ အိမ်မွေးတိရစ္ဆာန်ရှိသည်ကို အစောကတည်းက အားကျနေခဲ့သည်။ ယခု ဥတစ်လုံးပါ ထပ်ရလာသောအခါ သူမက လော်ယွမ်၏ အင်္ကျီစကို ဆွဲကာ ချွဲ့နွဲ့ပြောဆိုလိုက်သည်။ "ကိုကြီးယွမ်... ဒီဥကြီးသမီးကိုပေးလို့မရဘူးလားဟင်"

မိဝါကို ပိုင်ဆိုင်ထားသဖြင့် ဘာကိုမျှ ဂရုမစိုက်သော ကျိုးယလီမှလွဲ၍ ကျန်လူအားလုံး၏ အပြုံးတို့က အနည်းငယ် မှေးမှိန်သွားကြသည်။ ဤသည်မှာ သန္ဓေပြောင်းသတ္တဝါကောင်တစ်ကောင်၏ ဥဖြစ်ပြီး ကြောက်မက်ဖွယ် စွမ်းအားရှိသော မိစ္ဆာကောင်၏ ဥဖြစ်သည်။ ဤဥ၏ အဓိပ္ပာယ်ကို လူတိုင်း နားလည်ကြ၏။ အကောင်ပေါက်လာသည်နှင့် ကမ္ဘာပျက်ကာလတွင်ပင် အေးဆေး လျှောက်သွားနိုင်ပေပြီ။

"နင်မဟုတ်တာစိတ်ကူးယဉ်မနေနဲ့... ဒီလောက်ကြီးတဲ့ဥကြီး ဘယ်ချိန်မှအကောင်ပေါက်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး... ပြီးတော့အကောင်ပေါက်ရင်တောင် သူ့ကိုယဉ်အောင်လုပ်လို့ရမရ မသေချာဘူး... အဲ့ဥကြီးကိုသယ်သွားမယ်ဆို အရမ်းအန္တရာယ်များတယ်" လော်ယွမ်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

သန္ဓေပြောင်းသတ္တဝါကောင်များမှာ အလွယ်တကူ ယဉ်ပါးအောင် မွေးမြူနိုင်သော သတ္တဝါများ မဟုတ်ကြချေ။ ဤသန္ဓေပြောင်းသတ္တဝါများက မွေးရာပါ ကြမ်းကြုတ်ရက်စက်ကြသည်။ ဧရာမဖွတ်ကြီး ယခု ကြောင်ကလေးတစ်ကောင်ကဲ့သို့ အလွန်လိမ္မာယဉ်ကျေးနေသည်မှာ ယခင်က နာကျင်ခါးသီးသော သင်ခန်းစာများရရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ၎င်း၏ စွမ်းအား နောက်တစ်ဆင့် တက်သွားသည်နှင့် တစ်ဖန်ပြန်လည် သစ္စာဖောက်ကောင်း ဖောက်ပေလိမ့်မည်။ မိဝါမှာမူ ခြွင်းချက်ဖြစ်သည်။ ကမ္ဘာမပျက်မီက သခင်၏ လွှမ်းမိုးမှုမှာ အလွန်နက်ရှိုင်းခဲ့ပြီး ခွေးအမျိုးအစားများမှာ မွေးရာပါ သစ္စာစောင့်သိတတ်ကြသဖြင့် လွယ်လွယ်နှင့် သစ္စာမဖောက်တတ်ကြပေ။ သန္ဓေပြောင်းသွားသည့်တိုင် ထိုပင်ကိုယ်စရိုက်က ကောင်းစွာ လက်ဆင့်ကမ်း ကျန်ရစ်ခဲ့သည်။

သာမန်သတ္တဝါတစ်ကောင်သာဆိုလျှင် လော်ယွမ် သယ်ဆောင်သွားမည်ဖြစ်ပြီး အနည်းငယ် သတိထားလိုက်ရုံသာ ဖြစ်သည်။ သို့သော် ဤဥက အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး မွေးဖွားလာသည်နှင့် အစိမ်းရောင်အဆင့် သတ္တဝါငယ်တစ်ကောင် ဖြစ်လာပေမည်။

"ဒါဆိုအစာအဖြစ်ပဲ စားရမှာလား" ဟွမ်ကျားဟွေက အံ့ဩစွာ မေးလိုက်သည် "အဲ့လိုဆို ဖြုန်းတီးသလိုဖြစ်မနေဘူးလား"

"ဘယ်လိုလုပ်ဖြုန်းတီးသလိုဖြစ်မှာလဲ... ဒါကအဆင့်၆သတ္တဝါကနေ ဥထားတဲ့ဥလေ... ငါ့အထင်တော့ သူ့ကိုစားရင်မင်းတို့အားလုံးအတွက် အရမ်းအကျိုးရှိလိမ့်မယ်" လော်ယွမ်က လေသံအေးအေးဖြင့် ပြောလိုက်သည်။ အပြာရောင်အဆင့် သတ္တဝါကပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ပေးနိုင်လျှင် အစိမ်းရောင်အဆင့်မှာ ပြောစရာပင်မလိုတော့ချေ။ လော်ယွမ်၏ ခန့်မှန်းချက်အရ အစိမ်းရောင်အဆင့် သတ္တဝါ၏ အသွေးအသားသည် အနည်းဆုံး အရည်အသွေးအချို့ကို ၁၂ မှတ်အထိ တိုးမြှင့်ပေးနိုင်လောက်သည်။

(အစိမ်းရောင်အဆင့်ဆိုတာ လော်ယွမ်ရဲ့စနစ်က သတ်မှတ်ထားတာဖြစ်ပြီး အဆင့်၆ ဆိုတာက စစ်တပ်က သတ်မှတ်ထားတဲ့အဆင့်ဖြစ်ပါတယ်။ အဖြူရောင် = အဆင့်၁၊ အပြာနုရောင် = အဆင့်၂၊ အပြာရောင် = အဆင့်၃၊ အပြာရင့်ရောင် = အဆင့်၄၊ အစိမ်းနုရောင် = အဆင့်၅၊ အစိမ်းရောင် = အဆင့်၆၊ အစိမ်းရင့်ရောင် = အဆင့်၇)

"အဆင့်ခြောက်" အားလုံးအသက်ရှူမှားသွားကြသည်။ သူတို့အတွက် အဆင့်၃သည်ပင် အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး ဧရာမဖွတ်ကြီးမှာလည်း အဆင့်လေးသာ ရှိသေးသည်။ အဆင့်ခြောက်ကိုမူ သူတို့ လုံးဝ စိတ်ကူးပင် မယဉ်နိုင်ကြပေ။

တကယ်တမ်းတွင် ၎င်း၏ အသုံးဝင်မှုမှာ ထိုမျှသာမဟုတ်သေးပေ။ လော်ယွမ် စောစောက ပြောခဲ့သည့်အချက်များအပြင် ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ဂျယ်လီလွှာနှင့် ဥခွံတို့သည်လည်း တန်ဖိုးရှိသော ကုန်ကြမ်းများဖြစ်သည်။ ဆွဲဆန့်နိုင်စွမ်း အလွန်ကြီးမားသော ဂျယ်လီလွှာက ကျည်ကာအင်္ကျီအတွက် အကောင်းဆုံး ကုန်ကြမ်းဖြစ်သည်။ မည်သည့် ထပ်ဆောင်းစွမ်းရည်မျှ မပါဝင်သည့်တိုင် ၎င်း၏ ဆွဲဆန့်နိုင်သည့် အရည်အသွေးတစ်ခုတည်းနှင့်ပင် တိုက်ခိုက်မှုကို ခံရသည့်အခါ ကြီးမားသော ကြားခံကာကွယ်မှုပေးနိုင်ပြီး ဒဏ်ရာကို များစွာ လျော့ပါးစေနိုင်သည်။

မြွေအကြေးခွံကျည်ကာအင်္ကျီ ပျက်စီးသွားပြီးနောက် လော်ယွမ်၏ ကာကွယ်နိုင်စွမ်းမှာ များစွာကျဆင်းသွားခဲ့သည်။ သို့မဟုတ်လျှင် ယခင်က သားရဲလုံးအရင်းနှင့် ကြုံတွေ့စဉ်က ထိုမျှ ပြင်းထန်သော ဒဏ်ရာရခဲ့မည် မဟုတ်ချေ။

ယခုအခါ ကျည်ကာအင်္ကျီများမှာ လက်နက်တိုက်တွင် အထည်အနည်းငယ်ရှိပြီး ပေါင်းစပ်ကုန်ကြမ်းများလည်း မရှားပေ။ ကျည်ကာအင်္ကျီအသစ် ပြုလုပ်ရန် အချိန်ကိုက်ပင် ဖြစ်သည်။

ဥခွံကိုမူ လက်နက်များအဖြစ် ပေါင်းစပ်ဖန်တီးနိုင်သည်။ သူ၏ဓားရှည်တွင် မိုးထိပင်ကြီး၏ အခေါက်ကို ထည့်သွင်းပေါင်းစပ်ထားပြီးဖြစ်၍ အဆင့်တူ ကုန်ကြမ်းကို ထပ်မံပေါင်းစပ်နိုင်တော့မည်မဟုတ်ပေ။ ထို့ပြင် "သက်စုပ်အစွမ်း" မှာ အလွန်အရေးကြီးသဖြင့် မလွှဲမရှောင်သာသော အခြေအနေမှလွဲ၍ လော်ယွမ်က ဓားကိုထပ်မံအဆင့်မြှင့်မည် မဟုတ်ချေ။ သို့သော် အခြားသူများ၏ လက်နက်များတွင်လည်း ပေါင်းစပ်ထည့်သွင်းပေးနိုင်သည်။

ဥပမာအားဖြင့် ဝမ်ရှီရှီ၏ စူးချွန်များနှင့် ကျည်ဆန်အချို့တွင် ဖြစ်သည်။

လက်နက်တိုက်ထဲမှ စနိုက်ပါရိုင်ဖယ်ကို အမှတ်ရလိုက်သောအခါ လော်ယွမ် ရုတ်တရက် မျှော်လင့်တကြီး ဖြစ်သွားသည်။ အင်အားပြင်း စနိုက်ပါရိုင်ဖယ်ဖြင့် အစိမ်းရောင်အဆင့် ကျည်ဆန်ကို ပစ်ခတ်လိုက်လျှင် မည်မျှအထိ အစွမ်းထက်မည်နည်း။

ထို့နောက် လော်ယွမ်က သူ၏ စိတ်စွမ်းအင်ကို ဓားသွားအဖြစ် ပုံဖော်လိုက်ပြီး ဧရာမဥကြီး၏ မျက်နှာပြင်ပေါ်ရှိ ဂျယ်လီလွှာကို ပတ်၍ သတိဖြင့် ဖြတ်တောက်လိုက်သည်။ အပေါက်ငယ်တစ်ခုကို ဖွင့်လိုက်သည်နှင့် ဖိနှိပ်ချုပ်ချယ်သော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်ထွက်ပေါ်လာသည်။ မူလက ပတ်ပတ်လည်တွင် ဝိုင်းအုံနေကြသော လူများမှာ ရင်ထဲတွင် အောင့်သွားကြပြီး မျက်နှာများ သွေးဆုတ်ဖြူဖျော့ကာ အဝေးသို့ ဆုတ်ခွာသွားကြသည်။

ဂျယ်လီလွှာ ဧရာမဥကြီးပေါ်မှ လုံးဝကွာကျသွားသောအခါ ဂျယ်လီလွှာ၏ အလုံပိတ်ကာကွယ်မှု မရှိတော့သဖြင့် ၎င်း၏ စွမ်းအင်လှိုင်းလည်း လုံးလုံးလျားလျား ထွက်ပေါ်လာတော့သည်။ အစိမ်းရောင်အဆင့် သတ္တဝါဖြစ်သည်နှင့်အညီ ဥတစ်လုံးအဖြစ်သာ ရှိနေသေးသော်လည်း ၎င်းမှ ထုတ်လွှတ်သော စွမ်းအင်လှိုင်းက ဧရာမဖွတ်ကြီးထက် များစွာ သာလွန်အားကောင်းနေ၏။

လော်ယွမ်ပင်လျှင် ရင်ထဲတွင် အလွန်လေးလံသွားပြီး ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။

ဤစွမ်းအင်လှိုင်းသည် ထိုလိပ်မိစ္ဆာကြီးနှင့် တစ်ထပ်တည်းတူညီနေပြီး အနည်းငယ် အားနည်းနေရုံသာ ကွာခြားကာ မူလပင်ကိုယ်သဘာဝမှာမူ ခြားနားခြင်းမရှိချေ။

ဧရာမဖွတ်ကြီး၏ မီးသီးလုံးပမာ မျက်လုံးများတွင် စိတ်မရှည်မှုနှင့်အတူ တောင့်တမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ ၎င်းက ဧရာမဥကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ ၎င်း၏ သွေးထဲမှ ပင်ကိုယ်အသိစိတ်က ဤဥကို စားလိုက်ပါက သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးရှိမည်ကို ခံစားသိရှိနေပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာပြီး ပါးစပ်မှ သွားရည်များ အဆက်မပြတ် ကျဆင်းနေသည်။

လော်ယွမ်က ၎င်းကို ရုတ်တရက် လှမ်းကြည့်လိုက်ရာ ထိန်းချုပ်မှုလွတ်တော့မည့် လက္ခဏာများ တွေ့မြင်လိုက်ရပြီး ခန္ဓာကိုယ်မှာလည်း လှုပ်ရှားရန် အသင့်အနေအထား ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

သူ၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ ဤဥကြီးက ၎င်းအတွက် အလွန်အမင်း ဆွဲဆောင်မှုပြင်းထန်နေပြီး ၎င်း၏ အသိစိတ်ကိုပင် တဖြည်းဖြည်း လွှမ်းမိုးစပြုလာပြီဖြစ်သည်။ ၎င်းကို ဤနေရာတွင် ဆက်လက်ထားရှိရန် လုံးဝမဖြစ်နိုင်တော့ချေ။

သူက အသံကျယ်ကျယ်ဖြင့် အော်ငေါက်လိုက်သည်။ လော်ယွမ်၏ အသံကို ကြားသောအခါ ဧရာမဖွတ်ကြီးသည် အသိစိတ် အနည်းငယ် ပြန်ဝင်လာပြီး ကြီးမားသော ဦးခေါင်းကို ယမ်းခါကာ စိတ်မရှည်သလို နှာတစ်ချက်မှုတ်ရင်း မကျေမနပ်ဖြင့် တစ်လှမ်းချင်း နောက်ဆုတ်သွားသည်။

၎င်း အဝေးသို့ ရောက်သွားပြီးနောက် လော်ယွမ်က ဧရာမဥကြီးကို ခံတပ်စခန်း၏ သံတံခါးအတွင်းသို့ တွန်းသွင်းလိုက်ပြီး ဂျယ်လီလွှာများကိုလည်း အတွင်းသို့ သယ်ဆောင်ကာ သံတံခါးကို လုံခြုံစွာ ပိတ်လိုက်သည်။ မကြာမီ၊ အပြင်ဘက်မှ ဧရာမဖွတ်ကြီး၏ စိတ်မရှည်သော ဟိန်းသံနှင့်အတူ ကျယ်လောင်သော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ကျောက်စအချို့သည် သံတံခါးပေါ်သို့ လွင့်စင်လာပြီး တချွင်ချွင်မြည်သံများ ထွက်ပေါ်နေ၏။

သူက မျက်နှာတင်းမာစွာဖြင့် အရည်အသွေးပြဇယားကို ဖွင့်ကြည့်လိုက်ရာ ဧရာမဖွတ်ကြီး၏ သစ္စာစောင့်သိမှုမှာ အမြင့်ဆုံး ၈၀ မှ ၇၀ သို့ ထိုးကျသွားသည်ကို တွေ့လိုက်ရသည်။

"ရှောင်ယွမ်... ဧရာမဖွတ်ကြီး ဘာဖြစ်တာလဲ" ကျိုးယလီက အနည်းငယ် ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။

ဧရာမဖွတ်ကြီးမှာ အလွန်ကြမ်းကြုတ်လှသည်။ နှိုင်းယှဉ်မည်ဆိုလျှင် မိဝါက များစွာ ပို၍ ယဉ်ကျေးသိမ်မွေ့ပြီး သူမ၏ရှေ့တွင် ဤသို့ တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။

လော်ယွမ်၏ မျက်နှာသည် ရေကဲ့သို့ အေးစက်နေပြီး အားတင်းပြုံးကာ ဆိုသည် "ဘာမှမဖြစ်ဘူး... သူခဏလောက်ဒေါသထွက်ပြီးရင် ကောင်းသွားလိမ့်မယ်"

သူ ဤသို့ မပြောလျှင် တော်သေး၏။ ပြောလိုက်သောအခါ လူတိုင်းမှာ ပို၍ပင် တုန်လှုပ်သွားကြသည်။ လော်ယွမ်က လူတိုင်းကို နှစ်သိမ့်နေမှန်း မည်သူမဆို သိနိုင်ပြီး ဧရာမဖွတ်ကြီးတွင်လည်း ပြစ်မှုရာဇဝင်ဟောင်း ရှိခဲ့ဖူးပုံရသည်။

လော်ယွမ်က အရည်အသွေးဇယားကို အဆက်မပြတ် စိုက်ကြည့်နေပြီး သစ္စာစောင့်သိမှုသည် ၆၈ တွင် ရပ်တန့်သွားပြီးနောက် ထပ်မံမပြောင်းလဲတော့မှသာ သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်တော့သည်။ သူ ရုတ်တရက် သဘောပေါက်လိုက်သည်မှာ အသိစိတ်လွတ်သွားသော ဧရာမဖွတ်ကြီးကို ရင်ဆိုင်ရလျှင် သူ့တွင် တန်ပြန်နိုင်မည့် နည်းလမ်း တစ်ခုမျှမရှိတော့ခြင်းပင် ဖြစ်သည်။ သူ သတိမထားမိခင်မှာပင် ဧရာမဖွတ်ကြီး၏ စွမ်းအားသည် သူ့ထက် များစွာ သာလွန်သွားခဲ့ပြီ။ ၎င်း၏ လျင်မြန်မှု ၁၅ မှတ်တစ်ခုတည်းနှင့်ပင် သူ့ကို အပြတ်အသတ် အနိုင်ယူနိုင်နေပြီ။ ဧရာမဖွတ်ကြီး၏ အဆင့်တက်ခြင်းကို နှေးကွေးအောင် ပြုလုပ်ရပေတော့မည်။ သို့မဟုတ်လျှင် တစ်ချိန်ချိန် သစ္စာဖောက်ခဲ့သော် တန်ပြန်နိုင်မည့် နည်းလမ်းပင် ရှိတော့မည်မဟုတ်ချေ။

ဆက်ရန်...

အပိုင်း(၁၅၁)ကံကောင်းသူ

အမည် - လိပ်ဘီလူး၏ ဥအကာအကွယ်ဂျယ်

ရှားပါးမှုအဆင့် - အစိမ်းရောင်

အလေးချိန် - ၃၅ ကီလိုဂရမ်

ထပ်တိုးအစွမ်း - ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတ်စွမ်းအင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို အများအပြား စုပ်ယူနိုင်သည်

သုံးသပ်ချက် - ဤသည်မှာ လိပ်ဘီလူးများ ဥဥသည့်အခါ ဥများကို ပြင်ပအန္တရာယ်မှ ကာကွယ်ရန်နှင့် အောင်မြင်စွာ ဥပေါက်နိုင်ရန်အတွက် အထူးထုတ်လွှတ်သော ဂျယ်လီကော်တစ်မျိုး ဖြစ်သည်။

လော်ယွမ်က အပိုင်းအစငယ်တစ်ခုကို ကောက်ယူ၍ စစ်ဆေးကြည့်လိုက်ရာ သူ၏မျက်နှာပေါ်၌ ဝမ်းမြောက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤပစ္စည်းသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို စုပ်ယူနိုင်ရုံသာမက ဓာတ်စွမ်းအင်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ စုပ်ယူနိုင်သဖြင့် သူမျှော်လင့်ထားသည်ထက်ပင် ပို၍ပြည့်စုံနေ၏။ အစိမ်းရောင်အဆင့်ပစ္စည်းတစ်ခု ပီသသည်ဟု ပြော၍ရသည်။ ထိုဥမှာ မည်သို့သော သက်ရောက်မှုများ ရှိနေမည်ကို သူ မသိနိုင်သေးရာ စိတ်ထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။

"သစ်သားပုံးတစ်လုံး အမြန်ယူခဲ့" လော်ယွမ်က ဓားကိုကိုင်ရင်း ဆိုလိုက်သည်။

မကြာမီ လူတစ်ဦးက သစ်သားပုံးတစ်လုံးကို ယူဆောင်လာသည်။

ဤသစ်သားပုံးက ဧရာမဥကြီးနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်နေသော်လည်း လော်ယွမ်က အတွင်းမှ ဥအရည်များကို အကုန်ထုတ်ရန် ရည်ရွယ်မထားချေ။ ဤမျှကြီးမားသော ဥတစ်လုံးအတွက် အရည်အနည်းငယ်ဆုံးရှုံးသွားလည်း အရေးမကြီးပေ။

အစိမ်းရောင်အဆင့် အစားအစာများတွင် ကြီးမားလှသော စွမ်းအင်များ ပါဝင်နေသည်။ သာမန်လူတစ်ဦးက တစ်လုပ်နှစ်လုပ်စားရုံမျှဖြင့် တစ်နေ့တာလုံးအတွက် လုံလောက်နိုင်သည်။ ဤဥကြီးတစ်လုံးလုံးက မပုပ်မသိုးဘဲ ရှိနေမည်ဆိုလျှင် အားလုံးအတွက် တစ်လစာဖူလုံစေရုံသာမက စား၍ပင် ကုန်နိုင်မည်မဟုတ်ပေ။

လော်ယွမ်က ဓားထိပ်ကို မြှောက်လိုက်ပြီး စိတ်စွမ်းအားကို စုစည်းလိုက်ရာ ဓားထိပ်မှ အလင်းရောင်ဖျော့ဖျော့များ ထွက်ပေါ်လာသည်။ နောက်တစ်ခဏ၌ ဥခွံကို ထိုးစိုက်ချလိုက်သည်။

သူ ကြီးမားသော ခုခံမှုကို ခံစားလိုက်ရပြီး သူ၏စိတ်စွမ်းအားမှာ ရေစီးသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကံကောင်းသည်မှာ ဥခွံက ထူထဲခြင်းမရှိသဖြင့် လော်ယွမ် ခဏမျှ အားစိုက်လိုက်သည်နှင့် ဓားထိပ်က အတွင်းသို့ လုံးဝထိုးဖောက်ဝင်ရောက်သွားသည်။ လော်ယွမ်က ဆက်လက်အားထုတ်လိုက်ရာ စက္ကန့်အနည်းငယ်အကြာတွင် ဥခွံပေါ်၌ ၂လက်မခန့် အချင်းရှိသော အပေါက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။

ဥခွံသည် ၃လက်မ၊ ၄လက်မခန့် ထူထဲပြီး သိပ်သည်းကျစ်လျစ်ကာ မာကျောလှသည်။ မျက်နှာပြင်ရှိ သုံးမီလီမီတာခန့်ထူသော ကြမ်းတမ်းသည့်အလွှာမှလွဲ၍ အတွင်းပိုင်းမှာ လုံးဝနီးပါး ကြည်လင်နေပြီး ကျောက်စိမ်းကဲ့သို့ ဝင်းပသော အရောင်အဝါများ တောက်ပနေသည်။ ၎င်းကို ဥခွံဟု ဆိုခြင်းထက် သလင်းကျောက်တစ်မျိုးဟု ဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။

အမှန်တော့သူက အစိုးရိမ်လွန်နေခြင်းသာဖြစ်သည်။ ဥခွံ၌ အပေါက်ဖြစ်သွားသော်လည်း အတွင်းမှ ဥအကာရည်များ စီးကျမလာခဲ့ချေ။ လော်ယွမ်က အတွင်းမှ အပိုင်းအစတစ်ခုကို ဓားထိပ်ဖြင့် ကော်ထုတ်လိုက်သည်။ ဓားထိပ်ပေါ်မှ ဥအကာမှာ ကြည်လင်တောက်ပ၍ တုန်ခါနေပြီး နူးညံ့သော ဂျယ်လီတုံးတစ်ခုနှင့် တူလှသည်။ ထူးဆန်းသော အနံ့တစ်မျိုး ထွက်နေသော်လည်း အနံ့မဆိုးလှပေ။

လော်ယွမ်က စိတ်ထဲမှ အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်သည်။

အမည် - လိပ်ဘီလူး၏ ဥအကာ

အသုံးဝင်ပုံ - အစားအစာ

ရှားပါးမှုအဆင့် - အစိမ်းရောင်

အလေးချိန် - ၁၀၀ ဂရမ်

သက်ရောက်မှု(၁) - လူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို အနည်းငယ် တိုးမြှင့်ပေးသည်။

သက်ရောက်မှု(၂) - လူ့ခန္ဓာကိုယ်၏ ခွန်အားကို အနည်းငယ် တိုးမြှင့်ပေးသည်။

သက်ရောက်မှု(၃) - လူ့ခန္ဓာကိုယ်၏ လျင်မြန်မှုကို အနည်းငယ် တိုးမြှင့်ပေးသည်။

သက်ရောက်မှု(၄) - လူ့ခန္ဓာကိုယ်အား ဆင့်ကဲပြောင်းလဲစေရန် အခွင့်အရေး အတိုင်းအတာတစ်ခုအထိ ရှိသည်။

သက်ရောက်မှု(၅) - ရေအောက်၌ အသက်ရှူနိုင်စွမ်း ရရှိရန် အခွင့်အရေး အတိုင်းအတာတစ်ခုအထိ ရှိသည်။

သုံးသပ်ချက် - ဤသည်မှာ အလွန်ကောင်းမွန်သော အစားအစာတစ်မျိုးဖြစ်သည်။ အကောင်ပေါက်လာလျှင် မာကျောလှသည့် အသားနှင့် နှိုင်းယှဉ်လျှင် သန္ဓေသားဘဝတွင်ရှိသော ဥအကာမှာ အရသာရှိပြီး စားသုံးရန် လွယ်ကူကာ သက်ကြွစွမ်းအင်များ ပေါများစွာ ပါဝင်သည်။ ၎င်းသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ပေးနိုင်ပြီး ဆင့်ကဲပြောင်းလဲမှုပင် ဖြစ်ပေါ်စေနိုင်သည်။

လော်ယွမ်က ကြိုတင်မျှော်လင့်ထားသော်လည်း ၎င်း၏ အံ့မခန်းသက်ရောက်မှုများကြောင့် မှင်သက်နေဆဲပင် ဖြစ်သည်။ သူ မှတ်မိသလောက်ဆိုလျှင် အပြာရောင်အဆင့်ပစ္စည်းများ၏ သက်ရောက်မှုကို ဖော်ပြရာ၌ "အနည်းအကျဉ်း" ဟူ၍သာ သုံးနှုန်းလေ့ရှိသော်လည်း ယခုအခါ၌ "အနည်းငယ်" ဟူ၍ ဖြစ်လာသည်။ "အလွန်နည်းပါးသော အခွင့်အရေး" မှလည်း "အခွင့်အရေး အတိုင်းအတာတစ်ခုအထိ" ဟူ၍ ဖြစ်လာပြီး ရေအောက်၌ အသက်ရှူနိုင်စွမ်းကိုပင် တိုးမြှင့်ပေးသေးသည်။ ဤအစွမ်းမှာ ဆင့်ကဲပြောင်းလဲနိုင်စွမ်းတစ်ရပ်တော့ မဟုတ်တန်ရာပေ။ သို့မဟုတ်လျှင် သီးခြားဖော်ပြထားမည် မဟုတ်ချေ။

ထို့နောက် သူက ထိုဥအကာတစ်ပိုင်းကို မျိုချလိုက်သည်။

ဥအကာက အေးမြသော ခံစားမှုဖြင့် လည်ချောင်းတစ်လျှောက် လျှောဆင်းသွားသည်။ သွေးသံရဲရဲ အသားများနှင့် နှိုင်းယှဉ်လျှင် ဥအကာ၏ အရသာမှာ အဆများစွာ ပိုကောင်း၏။ ဝမ်းထဲသို့ ရောက်ပြီး စက္ကန့်အနည်းငယ်အကြာမှာပင် မီးတောက်တစ်ခု ပေါက်ကွဲထွက်သကဲ့သို့ ပူလောင်မှုတစ်ခုက ဝမ်းဗိုက်မှ စတင်ကာ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ခန္ဓာကိုယ်က မီးပုံကြီးတစ်ခုအလား ပူလောင်လာပြီး အပူချိန်မှာ တဟုန်ထိုး တက်လာသည်။ ဝမ်းဗိုက်ထဲ၌ ပြည့်အင့်နေသလို ခံစားရပြီး စိတ်မှာလည်း ထူးဆန်းစွာ တက်ကြွနေကာ စိတ်စွမ်းအားပင်လျှင် လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသည့်အလား ရှိနေသည်။

သူ၏ အရည်အသွေးများ သိသိသာသာ တိုးတက်လာပြီးနောက်ပိုင်း အပြာရောင်အဆင့် အစားအစာများက သူ့အတွက် သာမန်အစားအစာများနှင့် သိပ်မခြားနားတော့ချေ။ ဤသို့ တစ်ကိုယ်လုံး ပူလောင်သော ခံစားချက်ကို သူ မခံစားရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

"လော်ယွမ်... ဘာဖြစ်တာလဲ" ဟု ဟွမ်ကျားဟွေက လော်ယွမ်၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။

သူ၏ ပါးစပ်မှ ပူလောင်သော လေငွေ့တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ပြုံးကာ

"ဘာမှမဖြစ်ဘူး... ဒီဥအကာရဲ့အာနိသင်က တော်တော်ပြင်းတယ်... နင်တို့ဒါကိုစားရင် တစ်ခါထဲအများကြီးမစားမိဖို့လိုတယ်... ကံကောင်းရင် ဒီတစ်ခါ ငါတို့ထဲက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ပေါ်ထွက်လာနိုင်တယ်"

လော်ယွမ်၏ လေးနက်သော စကားသံကို ကြားသောအခါ ဟော်တုံ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။ ဆင့်ကဲပြောင်းလဲသူ… မည်သူက ဆင့်ကဲပြောင်းလဲသူ မဖြစ်ချင်ဘဲ နေမည်နည်း။ လော်ယွမ်ပဲဖြစ်စေ ဝမ်ရှီရှီပဲဖြစ်စေ နှစ်ယောက်လုံးက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤစွမ်းအားကွာဟမှုမှာ ပို၍ ကြီးမားလာပြီး သူတို့က စူပါလူသားများအဖြစ်သို့ ပြောင်းလဲနေကြပြီဖြစ်သည်။

ထိုစိုးရိမ်ပူပန်မှုများက သူ့ကို နေ့စဉ် နှိပ်စက်နေခဲ့သည်။ ဆင့်ကဲပြောင်းလဲသူများအတွက် သူကဲ့သို့ သာမန်လူတစ်ဦးမှာ အကူအညီမဖြစ်သည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်နေသည်။ လော်ယွမ်က သနားသောကြောင့် သူတို့ကို ခေါ်ဆောင်လာခြင်း ဖြစ်နိုင်သော်လည်း ဤသနားကြင်နာမှုက တစ်နေ့နေ့တွင် ရက်စက်ကြမ်းတမ်းသော လက်တွေ့ဘဝ၏ တိုက်စားမှုကြောင့် ကုန်ဆုံးသွားပေလိမ့်မည်။

ဆင့်ကဲပြောင်းလဲသူ… ဤတစ်ကြိမ်၌ သူဆင့်ကဲပြောင်းလဲသူ ဖြစ်မြောက်ရမည်။

လော်ယွမ်က တောင့်တမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကို ကြည့်ကာ စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ဤလမ်းခရီးမှာ အလွန်အန္တရာယ်များလှသည်။ အကယ်၍ ဆင့်ကဲပြောင်းလဲသူ မဖြစ်မြောက်ပါက ဤလူများ အနောက်အရပ်သို့ မရောက်မီမှာပင် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားနိုင်ပေသည်။ ဤတစ်ကြိမ်၌ ဆင့်ကဲပြောင်းလဲသူ အများအပြား ပေါ်ထွက်လာပါစေဟု သူ ဆုတောင်းမိသည်။

------------------------------------------------

လော်ယွမ်က ဥအကာကို နောက်တစ်ပိုင်း ကော်ထုတ်လိုက်ပြီးနောက် အပိုင်းငယ်များအဖြစ် လှီးဖြတ်လိုက်သည်။ လင်းရှောင်ကျီမှလွဲ၍ ကျန်လူတိုင်း တစ်ဦးလျှင် ဂရမ်အနည်းငယ်မျှသာ ရရှိကြသည်။ ဤအစိမ်းရောင်အဆင့် အစားအစာက သာမန်လူများအတွက် အာနိသင်အလွန်ပြင်းထန်သဖြင့် အများအပြား စားသုံးရန် မသင့်တော်ဘဲ အနည်းငယ်မျှသာ စားသုံးသင့်သည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား စားသုံးပြီး မကြာမီမှာပင် ဝမ်ရှကွမ်နှင့် ကျိုးယလီတို့၏ နှာခေါင်းသွေးများမှာ မတိတ်နိုင်အောင် စီးကျလာသည်။ ကျန်လူများက အနည်းငယ် သက်သာသော်လည်း အခြေအနေမှာ သိပ်မကောင်းလှဘဲ အရေပြားများမှာ သွေးစို့လုမတတ် နီမြန်းနေကြသည်။

ရုတ်တရက် ချန်ရှင်းဖုံသည် ဘာနိမိတ်မှမပြဘဲ မေ့လဲသွားရာ လူတိုင်း အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

ဤသို့သော မြင်ကွင်းကို မမြင်ဖူးသော ကျိုးယလီနှင့် ဝမ်ရှကွမ်တို့မှာ ထိတ်လန့်သွားကြသော်လည်း ဟော်တုံနှင့် ကျန်လူများ၏ မျက်နှာပေါ်၌မူ ရှုပ်ထွေးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ အားကျမှုနှင့် မနာလိုမှုတို့ ရောယှက်နေပြီး ရင်ထဲမှ ခံစားချက်ကို ပြောပြရန် ခက်ခဲလှသည်။

"ဟင်း…" ဟော်တုံက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ဥအကာစားသုံးခြင်းကြောင့် တက်ကြွနေသော သူ၏မျက်နှာပင်လျှင် စိတ်ပျက်အားငယ်မှုကို မဖုံးကွယ်နိုင်တော့ချေ။ သူက တံခါးပေါက်သို့ လျှောက်သွားပြီး အတန်ကြာ စမ်းတဝါးဝါးလုပ်ပြီးနောက် တစ်ဝက်သောက်ပြီးသား ဆေးလိပ်တိုတစ်လိပ်ကို ထုတ်ယူလိုက်သည်။ မီးညှိရန် ပြင်နေစဉ်မှာပင် ပခုံးကို ပုတ်လိုက်သံကြောင့် လှည့်ကြည့်လိုက်ရာ လင်းရှောင်ကျီ ဖြစ်နေသည်။

"ဆေးလိပ် ရှိသေးလား…"

ဟော်တုံက အနည်းငယ် အံ့အားသင့်သွားသည်။ လင်းရှောင်ကျီက တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးသူဖြစ်ရာ သူ့ကို စကားပြောသည်မှာ အလွန်ရှားပါးလှသည်။ ယနေ့မှ သူနှင့် စီးကရက်လာတောင်းနေပါတကား။ သူက ခဏမျှ ကြောင်ငေးသွားပြီးနောက် အလျင်အမြန် သတိပြန်ဝင်လာကာ…

"ဆေးလိပ်ကအတိုပဲရှိတယ်... ယူမလား" ဟု ဆိုလိုက်သည်။

လင်းရှောင်ကျီ၏ မျက်နှာပေါ်၌ အနည်းငယ်တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်ကို ဟော်တုံ ထင်ထင်ရှားရှားမြင်လိုက်ရသည်။

"ဒီလူကဘယ်လိုဟန်လုပ်ရမှန်းတောင် မသိဘူးပဲ... နည်းနည်းလေးတောင် ဖုံးကွယ်မထားဘူး... ဒါကြောင့်လည်း သူ့ကိုဘယ်သူမှ မခင်ကြတာကိုး" သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အိတ်ကပ်ထဲမှ ရှုံ့ကြေနေသော စီးကရက်ဗူးကို ထုတ်ကာ အထဲမှ အနည်းငယ် ပိုရှည်သော ဆေးလိပ်တိုတစ်လိပ်ကို ထုတ်ယူပြီး မီးခြစ်နှင့်အတူ ကမ်းပေးလိုက်သည်။ "အခုချိန်မှာ ဆေးလိပ်က ရှားနေပြီ... ကျွန်တော်တောင် တစ်ဖွာနှစ်ဖွာ ဖွာပြီး ငြှိမ်းထားရတာ" ဟု ဆိုလိုက်သည်။

လင်းရှောင်ကျီက ဆေးလိပ်ကို မီးညှိပြီး အားရပါးရ ရှိုက်လိုက်ရာ သီးပြီး အဆက်မပြတ် ချောင်းဆိုးလေသည်။ သူက ဆေးလိပ်ကို မြေပေါ်သို့ ပစ်ချပြီး နင်းခြေလိုက်သည်ကို မြင်သောအခါ ဟော်တုံ နှမြောတသဖြစ်သွားသည်။ ခဏအကြာတွင် လင်းရှောင်ကျီက သက်ပြင်းချကာ လေသံတိုးတိုးဖြင့်…

"ချန်ရှင်းဖုံတောင် ဆင့်ကဲပြောင်းလဲသူ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး... တကယ့်ဖိုးကံကောင်းပဲ"

"ခင်ဗျားလည်း ဆင့်ကဲပြောင်းလဲသူပဲလေ" ဟော်တုံက အံ့ဩစွာ မေးလိုက်သည်။

"ငါ့ရဲ့သန္ဓေပြောင်းအစွမ်းက ဘာမှအသုံးမဝင်ဘူး... ဒဏ်ရာကုနိုင်စွမ်း နည်းနည်းပိုကောင်းတာကလွဲရင် ကျန်တာသာမန်လူတွေနဲ့ ဘာမှမထူးဘူး... ဒါကိုဘယ်လိုလုပ် ဆင့်ကဲပြောင်းလဲသူလို့ ပြောလို့ရမှာလဲ... လောကကြီးက တကယ်ကို မတရားဘူး"

သူက မကျေမနပ်ဖြင့် ဆိုလိုက်ပြီး သူ၏ မျက်နှာပေါ်၌ အားငယ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူက မိမိကိုယ်ကို အထင်ကြီးသူတစ်ဦးဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူဆိုသည့် ဂုဏ်ပုဒ်က သူ၏မာနကို ထောက်ပံ့ပေးထားသည်။ လော်ယွမ်၏ ဖိနှိပ်မှုအောက်၌ ခေါင်းမဖော်နိုင် ဖြစ်နေသော်လည်း သာမန်လူများနှင့် ရင်ဆိုင်ရသည့်အခါ၌မူ သူ၏ ရင်ထဲ၌ မာနတရား ရှိနေသည်။ ယခုအခါ၌မူ အရေးမပါဆုံးသော ချန်ရှင်းဖုံပင်လျှင် ဆင့်ကဲပြောင်းလဲသူ ဖြစ်လာရာ ဤသည်မှာ သူ့အတွက် ထိုးနှက်ချက်တစ်ခု မည်သို့ မဖြစ်ဘဲ နေမည်နည်း။

ဟော်တုံက သူ့ကို တစ်ချက်စွေကြည့်လိုက်ပြီး ရင်ထဲ၌ ဒေါသမီးတစ်ချက် ဟုန်းခနဲ ထတောက်သွားသည်။ "မင်းက ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီးတော့ မတရားဘူးလို့ ပြောနေသေးတယ်... ငါတို့လို သာမန်လူတွေကရော ဘယ်သူ့ဆီ သွားတိုင်ရမှာလဲ" သူ နားလည်သွားသည်။ ချန်ရှင်းဖုံ ဆင့်ကဲပြောင်းလဲသူ ဖြစ်လာသည်ကို မြင်သောအခါ လင်းရှောင်ကျီ၏ ရင်ထဲ၌ မကျေမနပ် ဖြစ်နေခြင်းပင်။

သို့သော် သူက လူမှုရေး၌ လိမ္မာပါးနပ်သူတစ်ဦးဖြစ်ရာ ဤစကားများကို စိတ်ထဲ၌သာ ပြောနိုင်ပေသည်။ သူက ဆေးလိပ်ကို ပြင်းပြင်းရှိုက်လိုက်ပြီး လေသံအေးအေးဖြင့်…

"ဒီလောကကြီးမှာ ဘယ်လိုလုပ်တရားမျှတမှုရှိမှာလဲ... ငါတို့အခုအသက်ရှင်နေတာ သေသွားတဲ့သူတွေအတွက် မတရားသလိုဖြစ်မနေဘူးလား... ဒီလိုအသက်ရှင်နေတာပဲ ကံကောင်းလှပြီ... မင်းကခေါင်းဆောင်ယွမ်လို စွမ်းအားကြီးတဲ့သူ ဖြစ်ချင်နေတာလား"

"မင်းရော မဖြစ်ချင်လို့လား" ဟု လင်းရှောင်ကျီက ပြန်မေးလိုက်သည်။

ဟော်တုံက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆေးလိပ်ကို ပြင်းပြင်းရှိုက်လိုက်ကာ မီးကိုဂရုတစိုက် ငြှိမ်းသတ်ပြီး စီးကရက်ဗူးထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ…

"လိုချင်တာပေါ့... ဒါပေမဲ့လောကမှ ဘယ်သူမှချက်ချင်းအစွမ်းထက်မလာနိုင်ဘူးလေ... ဘယ်လိုစွမ်းအားကြီးတဲ့အရာတွေပဲဖြစ်ဖြစ် တစ်ဆင့်ချင်းပဲလေ့ကျင့်ယူမှရတာ"

ထို့နောက် လင်းရှောင်ကျီ၏ ပြောင်းလဲနေသော မျက်နှာကို ဂရုမစိုက်ဘဲ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက ဓားအလင်းဖြင့် ဥခွံကို ဖြည်းညင်းစွာ လှီးဖြတ်နေသော လော်ယွမ်ကို မြင်သောအခါ မနေ့က လော်ယွမ် ပြောခဲ့သော စကားကို ရုတ်တရက် သတိရသွားသည်။

"အတွင်းအားဆိုတဲ့အရာမျိုးက လောကမှာတကယ်မရှိပါဘူး… အနည်းဆုံးတော့အပြင်မှာ ဘယ်သူမှမမြင်ဖူးဘူး… အခုအစွမ်းကဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူး… စိတ်စွမ်းအားရဲ့ အစွမ်းသတ္တိတစ်မျိုးပဲ… ခင်ဗျားတို့စိတ်စွမ်းအားကို စုစည်းနိုင်တဲ့အခါကျရင် နားလည်သွားလိမ့်မယ်"

စိတ်စွမ်းအားက လူတိုင်း၌ ရှိသည်။ အကယ်၍ စိတ်စွမ်းအားကို စုစည်းနိုင်ရုံမျှဖြင့် ဤသို့သော စွမ်းအားကို ရရှိနိုင်မည်ဆိုလျှင် ဆင့်ကဲပြောင်းလဲသူ မဖြစ်မြောက်လျှင်ပင် အစွမ်းအစက သူတို့နှင့် သိပ်ကွာခြားမည် မဟုတ်ပေ။

ဆင့်ကဲပြောင်းလဲသူ မဖြစ်မြောက်နိုင်မှတော့ စိတ်စွမ်းအားကို အရင်ဆုံး စုစည်းကြည့်ရတော့မည်…

ဟော်တုံက တိတ်တဆိတ် လက်သီးကို ဆုပ်လိုက်ပြီး လဲလျောင်းနေဆဲဖြစ်သော ချန်ရှင်းဖုံကို ကြည့်ကာ သူ၏ စိတ်ထဲ၌ သန္နိဋ္ဌာန် ချလိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၁၅၂)ဆင့်ကဲပြောင်းလဲမှုကျရှုံးခြင်း

"သူဘာဖြစ်တာလဲ... လော်ယွမ်အမြန်လာကြည့်ဦး" ဟွမ်ကျားဟွေ၏ အသံထဲတွင် ထိတ်လန့်မှုများ ပါဝင်နေပြီး လော်ယွမ်၏ ဧရာမဥကြီး လှီးဖြတ်နေမှုကို အနှောင့်အယှက်ပေးလိုက်သည်။

သူ၏စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ အမြန်လျှောက်သွားလိုက်သည်။ ချန်ရှင်းဖုံ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

ချန်ရှင်းဖုံ၏ အခြေအနေမှာ အလွန်ပင် မမှန်မကန်ဖြစ်နေသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ မရပ်မနား တဆတ်ဆတ်တုန်ခါနေပြီး ဆံပင်များမှာ အကွင်းလိုက် ကျွတ်ကျနေသည်။ လက်သည်းများပင်လျှင် မယုံနိုင်လောက်သော အရှိန်ဖြင့် လျင်မြန်စွာ ရှည်ထွက်လာသည်။ ထိုလက်သည်းများမှာ လူသားတို့နှင့် လုံးဝမတူဘဲ လက်သည်းထိပ်များမှာ ချွန်ထက်နေပြီး မည်းနက်တောက်ပြောင်ကာ သတ္တုရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ ကြည့်လိုက်သည်နှင့် အလွန်ထက်ရှလွန်းမှန်းသိသာသည်။ ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ၏အရေပြားပေါ်တွင် အလွန်ကြမ်းတမ်းသော အကြေးခွံကဲ့သို့ မာကျောသောအလွှာများ ပေါ်ပေါက်လာပြီး တစ်ကိုယ်လုံး သံချပ်ကာတစ်လွှာ ဝတ်ဆင်ထားသကဲ့သို့ပင်။

"ဒီမှာအန္တရာယ်များတယ်... အားလုံးနောက်ဆုတ်" လော်ယွမ်မှာ မဆိုင်းမတွဘဲ လေးနက်သောလေသံဖြင့် အလျင်အမြန် ပြောလိုက်သည်။

အမှန်တကယ်တွင် သူ မပြောလျှင်ပင် အားလုံးမှာ ၁၅ပေအကွာသို့ ဆုတ်ခွာနှင့်ကြပြီဖြစ်သည်။

"ဆင့်ကဲပြောင်းလဲနေတာမဟုတ်ဘူးလား... ဘယ်လိုလုပ်ခုလိုဖြစ်သွားတာလဲ" ကျိုးယလီက ချန်ရှင်းဖုံကို သတိဖြင့် တစ်ချက်ကြည့်ရင်း ထိတ်လန့်တကြား မေးလိုက်သည်။

"ငါလည်းသိပ်တော့မသိဘူး... ဆင့်ကဲပြောင်းလဲတာက ကျရှုံးနိုင်ခြေ အတိုင်းအတာတစ်ခုအထိ ရှိတဲ့ပုံပဲ... ချန်ရှင်းဖုံက ဆင့်ကဲပြောင်းလဲမှု မအောင်မြင်တာဖြစ်နိုင်တယ်" လော်ယွမ်က လေးနက်စွာဆိုသည်။ ဤကဲ့သို့သော သန္ဓေပြောင်းလဲမှုဖြစ်စဉ်မှာ သူ ယခင်က ဓာတ်ခွဲခန်းထဲတွင် မြင်တွေ့ခဲ့ရသော ဝမ်ရှာကွမ်၏အဖေ အလောင်းနှင့် အလွန်ဆင်တူသည်ကို သတိပြုမိလိုက်သည်။

အားလုံးမှာ စိတ်ထဲတွင် ထိတ်လန့်သွားပြီး မျက်နှာများ ပျက်ယွင်းသွားကြသည်။ ချန်ရှင်းဖုံ၏ အဖြစ်ကိုမြင်လျှင် တစ်ခဏအတွင်း ဆင့်ကဲမပြောင်းလဲခဲ့ခြင်းမှာ ကံကောင်းခြင်းလော၊ ကံဆိုးခြင်းလောပင် မဝေခွဲနိုင်တော့ပေ။

"ဆင့်ကဲပြောင်းလဲတာ မအောင်မြင်ရင် ဘယ်လိုဖြစ်သွားမှာလဲ" ချောင်လင်က ရုတ်တရက် မေးလိုက်သည်။

လော်ယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "အခြေအနေအရမ်းဆိုးရင် မျိုးဗီဇပျက်စီးပြီး တန်းသေနိုင်တယ်... အခြေအနေအရမ်းမဆိုးရင်တော့ လူမဟုတ် တိရိစ္ဆာန်မဟုတ်ဖြစ်သွားပြီး နောက်ဆုံးလူစိတ်ပျောက်မသွားအောင် ဆက်ထိန်းထားနိုင်မနိုင်က သူ့ရဲ့စိတ်ခွန်အားအပေါ်မူတည်တယ်"

ဝမ်ရှာကွမ်၏အဖေမှာ ဤအတိုင်းပင်ဖြစ်သည်။ အစပိုင်းတွင် အရာအားလုံးမှာ ပုံမှန်အတိုင်းဖြစ်ပြီး သူ၏ဇနီးနှင့်အတူ နေထိုင်ခဲ့ရာ မည်သူမျှ ထူးခြားမှုကို မမြင်နိုင်ခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တိရစ္ဆာန်စိတ်မှာ သူ့အပေါ် လွှမ်းမိုးမှု ပိုမိုနက်ရှိုင်းလာပြီး နောက်ဆုံးတွင် လူသားများကိုပင် စတင်စားသုံးလာခဲ့သည်။ သို့သော် အစမှအဆုံး သူက သူ၏ဇနီးနှင့် သမီးကိုမူ မထိခိုက်ခဲ့ပေ။ ဤသည်မှာ စိတ်ဓာတ်ကြံ့ခိုင်မှု လုံလောက်ပါက စိတ်ထဲမှ တိရစ္ဆာန်စိတ်ကို လုံးဝထိန်းချုပ်နိုင်သည်ကို သက်သေပြနေသည်။

သို့သော် ချန်ရှင်းဖုံ၏ သန္ဓေပြောင်းလဲမှုမှာ ဝမ်ရှာကွမ်၏အဖေထက် ပိုမိုပြင်းထန်လှပြီး အပြောင်းအလဲအားလုံးမှာ အချိန်တိုအတွင်း လျင်မြန်စွာ ဖြစ်ပေါ်ခဲ့သည်။ သူမ၏အဖေကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းညှင်းစွာ ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ပေ။ နောက်ဆုံးတွင် မည်သို့ဖြစ်လာမည်ကို သူလည်း အတိအကျ မပြောနိုင်ပေ။

"ဘာနည်းလမ်းမှမရှိတော့ဘူးလား" ဟွမ်ကျားဟွေ၏ မျက်လုံးများမှာ အနည်းငယ် စိုစွတ်လာသည်။

အခြားသူများ၏ စိတ်ထဲတွင်လည်း အနည်းငယ် လေးလံသွားကြသည်။ ချန်ရှင်းဖုံမှာ အမြဲတမ်း တိတ်ဆိတ်စွာနေတတ်ပြီး လူအုပ်ထဲတွင် သိပ်ထင်ပေါ်ခြင်းမရှိသော်လည်း ဤမျှကြာရှည်စွာ အတူနေထိုင်ခဲ့ရာ သံယောဇဉ်အနည်းငယ်တော့ ရှိနေကြပြီဖြစ်သည်။

"ဒါက မျိုးဗီဇတွေရဲ့တိုက်ပွဲတစ်ခုပဲလေ... ဘယ်လိုအကူအညီမှအသုံးဝင်မှာမဟုတ်ဘူး... သူ့ကိုယ်ကိုယ်ပဲအားကိုးရတော့မှာ" လော်ယွမ်က သူမ၏ဆိုလိုရင်းကို နားလည်သော်လည်း ဤကဲ့သို့ မျိုးရိုးဗီဇအဆင့် ပြောင်းလဲမှုကို သူ လုံးဝတားဆီးနိုင်ခြင်းမရှိပေ။

ထိုအချိန်တွင် သူ၏အရိုးများမှာ ဗျောက်အိုးများကဲ့သို့ တဖောက်ဖောက်မြည်လာပြီး ဆက်လက်၍ သူ၏တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ လျင်မြန်စွာ ဖောင်းကားလာကာ အဝတ်အစားများကိုပင် ဖောင်းကြွသွားစေသည်။ သူက လူ့ခန္ဓာကိုယ်၏ ကြီးထွားမှုမျိုးရိုးဗီဇကို ချိုးဖောက်လိုက်သကဲ့သို့ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးထွားလာသည်။ မိနစ်အနည်းငယ်အတွင်း သူက အရပ်၈လက်မခန့်ထိ ရှည်ထွက်လာပြီး ရပ်တန့်မည့်ပုံစံ လုံးဝမရှိပေ။

လော်ယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤအတိုင်းဆက်သွားနေပါက သူ သေပွဲဝင်ရမည်မှာ သေချာသည်။ လူ့ခန္ဓာကိုယ်တွင် သိုလှောင်ထားသော စွမ်းအင်နှင့် ဓာတ်ပစ္စည်းများမှာ အကန့်အသတ်ရှိပြီး ဤမျှပြင်းထန်သော ဗီဇကြီးထွားနှုန်းကို မထောက်ပံ့နိုင်ပေ။ အကယ်၍ ဤအတိုင်းဆက်ဖြစ်နေပါက မကြာမီအချိန်အတွင်း သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲသွားပေလိမ့်မည်။

သာမန်အစားအစာများမှာ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်သုံးစွဲမှုအရှိန်ကို လုံးဝမမီနိုင်ပေ။ သူ့ကို အသက်ရှင်စေလိုပါက နည်းလမ်းတစ်ခုသာရှိသည်။ ၎င်းမှာ စွမ်းအင်အဆင့်မြင့်သော အစားအစာများကို ဆက်လက်ကျွေးရန်ပင်ဖြစ်သည်။

သူက စက္ကန့်အနည်းငယ်မျှသာ တွေဝေသွားပြီးနောက် ဧရာမဥကြီးထံသို့ အမြန်လျှောက်သွားလိုက်သည်။ ဤသို့ပြုလုပ်ခြင်းက သူ၏သန္ဓေပြောင်းလဲမှုကို ပိုမိုဆိုးရွားစေနိုင်ပြီး နိုးထလာသည့်အချိန်တွင် အသိတရားပင် ပျောက်ဆုံးသွားနိုင်ဖွယ်ရှိသည်။ သို့သော် မျှော်လင့်ချက်တစ်စွန်းတစ်စ ရှိနေသမျှ သူ လက်မလွှတ်ချင်ပေ။

သူက ဓားကိုဆွဲထုတ်လိုက်ပြီး ဥအကာကို ခပ်ကြီးကြီး လှီးထုတ်လိုက်ကာ သူ၏ပါးစပ်ကို ဆွဲဖွင့်ပြီး လျင်မြန်စွာ ထည့်သွင်းပေးလိုက်သည်။ ထို့နောက် သစ်ခေါင်းရေတစ်ခွက်ကို ယူလာပြီး သူ၏ပါးစပ်ထဲသို့ အဆက်မပြတ် လောင်းထည့်ပေးလိုက်သည်။

ဤဥအကာတစ်ဖဲ့မှာ လော်ယွမ် ယခင်ကစားခဲ့သည်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားသည်။ ဤကဲ့သို့ အားအလွန်ဖြစ်စေသော အရာက အလွန်အဆိပ်ပြင်းသော အရာလည်းဖြစ်သည်။ လော်ယွမ်ပင်လျှင် စားသုံးပါက နှာခေါင်းသွေးလျှံဖွယ်ရှိပြီး သာမန်လူတစ်ယောက်စားသုံးပါက တစ်ခုတည်းသောရလဒ်မှာ လောင်ကျွမ်းပြီး သေဆုံးခြင်းပင်ဖြစ်သည်။ သို့သော် ဤအထဲတွင် အလွန်လျင်မြန်စွာ ကြီးထွားနေသော ချန်ရှင်းဖုံတော့မပါဝင်ပေ။

ဥအကာ သူ၏ပါးစပ်ထဲသို့ ရောက်ရှိပြီး စက္ကန့်အနည်းငယ်အကြာတွင် သူ၏မူလက ဖြူဖျော့နေသော မျက်နှာပေါ်တွင် နီရောင်သန်းလာသော်လည်း မကြာမီမှာပင် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ကြီးထွားမှုအရှိန်မှာ ရုတ်ခြည်းပိုမိုမြန်ဆန်လာသည်။

အဝတ်အစားများမှာ သူ၏ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားပြီး ကလေးအဝတ်အစားကို လူကြီးတစ်ယောက်အပေါ် အတင်းအကြပ်ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေပြီး အလွန်မတော်မတဲ့ဖြစ်နေသည်။ လော်ယွမ်က ဓားဖြင့် သူ၏အဝတ်အစားများကို စုတ်ဖြဲပေးရန် ပြင်ဆင်နေစဉ်မှာပင် "ဗြိ" ဟူသောအသံနှင့်အတူ အဝတ်အစားများမှာ ရုတ်ခြည်းစုတ်ပြဲသွားပြီး လူသားတို့နှင့်မတူသော ကြောက်မက်ဖွယ်ကောင်းသည့် ကြွက်သားများကို မြင်တွေ့လိုက်ရသည်။

လော်ယွမ်မှာ အသက်ရှူပင် မှားသွားမိသည်။ ဤအဝတ်အစားမှာ အဆင့်မမြင့်သော်လည်း အပြာရောင်အဆင့်ဖြစ်ပြီး သူ၏ ခွန်အား (၁၃) မှတ်ဖြင့် အားကုန်သုံး၍ ဆွဲဖြဲလျှင်ပင် အနည်းငယ်မျှ စုတ်ပြဲမည်မဟုတ်ပေ။ ကြွက်သားများ၏ တင်းအားသက်သက်ဖြင့်သာဆိုလျှင် ပြောဖွယ်ရာပင်မရှိချေ။ ဤခွန်အားက တစ်ဆယ့်ငါးမှတ်အထက်တွင် ရှိနေလောက်ပြီဖြစ်သည်။

ဤသန္ဓေပြောင်းလဲမှုမှ တိုးတက်လာသောခွန်အားမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။

ချန်ရှင်းဖုံ၏ အရေပြားမှာ လုံးဝပြောင်းလဲသွားပြီဖြစ်ပြီး သိပ်သည်း၍ စည်းချက်ကျသော မာကျောသည့်အရေပြားအလွှာဖြင့် ဖုံးအုပ်ထားရာ သံချပ်ကာတစ်လွှာဝတ်ဆင်ထားသကဲ့သို့ပင်။ သူ၏ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး နှာခေါင်းပေါက်များမှ အဖြူရောင်အပူငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေသည်။ ဆဲလ်များ အဆက်မပြတ်ကွဲထွက်ကြီးထွားနေသောကြောင့် ယခုအချိန်တွင် သူ၏ကိုယ်အပူချိန်မှာ ၇၀ ဒီဂရီစင်တီဂရိတ်နီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။ လော်ယွမ်မှာ မီတာအနည်းငယ်အကွာတွင် ရှိနေသော်လည်း အပူလှိုင်းများ တဖွဲဖွဲရိုက်ခတ်လာသည်ကို ခံစားနေရသည်။

တစ်မိနစ်အကြာတွင် သူ၏ကြီးထွားမှုမှာ တစ်ဖန်ပြန်လည် နှေးကွေးသွားပြီး အသက်ရှူနှုန်း ဖောက်ပြန်လာကာ မျက်နှာမှာ နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ စွမ်းအင် တစ်ဖန်ပြန်လည် ကုန်ဆုံးသွားသည်မှာ ထင်ရှားသည်။ လော်ယွမ်မှာ တစ်ချက်တွေဝေသွားပြီးနောက် ဧရာမဥကြီးရှေ့သို့ တစ်ဖန်ပြန်လျှောက်သွားသည်။

"လော်ယွမ်..." ဟွမ်ကျားဟွေမှာ မနေနိုင်တော့ဘဲ အော်ခေါ်လိုက်သည်။ သူမ၏မျက်နှာမှာ ဖြူဖျော့နေသည်။

လော်ယွမ် နောက်သို့လှည့်ကြည့်လိုက်ရာ အားလုံးမှာ စိတ်မလုံမလဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ "ဒါ နောက်ဆုံးအကြိမ်ပဲ... ခင်ဗျားတို့ ခပ်ဝေးဝေးကို ဆုတ်နေ"

ဤသည်မှာ အလွန်အန္တရာယ်များကြောင်း သူ သိသည်။ ယခုအချိန်တွင် ချန်ရှင်းဖုံထံမှ မရည်ရွယ်ဘဲ ထွက်ပေါ်နေသော ဩဇာအရှိန်အဝါမှာ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် နီးစပ်နေပြီဖြစ်သည်။ အကယ်၍ ဤဥအကာကို ထပ်ကျွေးလိုက်ပါက အပြာရင့်ရောင်အဆင့်သို့ တိုက်ရိုက်ပင် ကျော်လွှားသွားနိုင်ဖွယ်ရှိသည်။ ထိုအခါတွင် သူပင်လျှင် ထိန်းသိမ်းရခက်ခဲသွားပေမည်။

သို့သော် မစမ်းကြည့်ဘဲ လက်လွှတ်လိုက်ပါက ချန်ရှင်းဖုံ နိုးထလာရန် အခွင့်အရေးမရှိတော့ပေ။ ထို့အပြင် သူလည်း ချန်ရှင်းဖုံမှာ မည်သည့်အခြေအနေအထိ ပြောင်းလဲသွားမည်ကို သိချင်နေမိသည်။

ဥအကာကို ကျွေးလိုက်သည်နှင့် သူ၏ကြီးထွားမှုမှာ တစ်ဖန်ပြန်လည် အရှိန်မြှင့်လာသည်။ ၈ပေ၅လက်မ၊ ၈ပေ၈လက်မ၊ ၉ပေ၈လက်မသို့ရောက်သောအခါ သူ၏ကြီးထွားမှုမှာ တစ်ဖန်ပြန်လည် ရပ်တန့်သွားသည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏အသက်ရှူမှာ တည်ငြိမ်သွားပြီး ခန္ဓာကိုယ်မှ အပူချိန်မြင့်မားမှုမှာလည်း ဖြည်းညှင်းစွာ လျော့ကျသွားသည်။

လော်ယွမ်မှာ သူ နိုးထလာတော့မည်ကို သိသောကြောင့် လက်မှာ ဓားရိုးပေါ်သို့ တိတ်တဆိတ် ရောက်ရှိသွားသည်။

အားလုံးမှာ တံခါးဝတွင်ရပ်ကာ အဝေးမှ လှမ်းကြည့်နေကြသည်။ ခန်းမကျယ်ကြီးထဲမှ လေထုမှာ ရုတ်ခြည်းပင် လေးနက်တင်းမာလာသည်။

ဆယ့်ငါးစက္ကန့်အကြာတွင် သူ၏ထူထဲ၍ အရစ်များပါသော မျက်ခွံမှာ ရုတ်တရက် အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီးနောက် "ဖြတ်" ခနဲ ပွင့်လာကာ စိမ်းလဲ့လဲ့မျက်လုံးတစ်စုံ ပေါ်ထွက်လာသည်။ သူက မျက်နှာကြက်ကို ကြည့်လိုက်ပြီး မျက်ဆံများမှာ ကျုံ့သွားလိုက်၊ လျင်မြန်စွာ ပြန်ကျယ်လာလိုက်ဖြင့် အကြိမ်အနည်းငယ် ထပ်ခါထပ်ခါဖြစ်ပြီးနောက် ကင်မရာတစ်လုံးကဲ့သို့ အမြင်အာရုံ စူးစိုက်သွားသည်။

သူက ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး မျက်နှာမှာ ကြောင်တောင်တောင်ဖြစ်နေသည်။

ကျိုးယလီမှာ ပါးစပ်ကိုအုပ်လိုက်ပြီး အော်ဟစ်မထွက်မိအောင် အစွမ်းကုန် ကြိုးစားနေသည်။

၉ပေကျော်မြင့်သော အရပ်ကြောင့် သူက လူထွားကြီးတစ်ယောက်ကဲ့သို့ ထင်ရပြီး ထိုင်နေလျှင်ပင် အရပ်မှာ လော်ယွမ်နှင့် တန်းတူရှိနေပြီဖြစ်သည်။

ချန်ရှင်းဖုံမှာ ယခုအခါ အနီးရှိလော်ယွမ်ကို သတိပြုမိသွားပြီဖြစ်သည်။ သူမှာ သိသိသာသာ ကြောင်ငေးသွားပြီး ဤအမြင့်မှာ သူ၏အမြင်အာရုံကို အလွန်ကသိကအောက်ဖြစ်စေသည်။ သူက ပါးစပ်ဟ၍ စကားပြောရန်ကြိုးစားလိုက်သော်လည်း မိမိ၏ ဝိုးတဝါးလေးလံသောအသံကြောင့် လန့်ဖျပ်သွားသည်။

သူက ရုတ်တရက် မိမိ၏ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားကာ မျက်နှာမှာ အလွန်အမင်း ထိတ်လန့်သွားသည်။

"အား" သူက နာကျင်စွာ ဟစ်အော်လိုက်ပြီး ရုတ်တရက် ယိုင်နဲ့စွာ ထရပ်လိုက်သည်။

သို့သော် သူမှာ ဤခန္ဓာကိုယ်အသစ်နှင့် အသားမကျသေးသည်မှာ ထင်ရှားသည်။ ထိန်းမနိုင်သိမ်းမရသော ခွန်အားကြောင့် သူ ထရပ်လိုက်သည်နှင့် "ဘုန်း" ခနဲ မြေပေါ်သို့ လဲကျသွားသည်။ သူ၏ကိုယ်မှာ အနီးရှိ မီးလောင်ထားသော ရုံးသုံးစားပွဲတစ်လုံးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး စားပွဲမှာ အစိတ်စိတ်အမွှာမွှာဖြစ်ကာ ဖုန်မှုန့်များ လွင့်ပျံသွားသည်။

သူက တစ်ဖန်ပြန်ထရပ်လိုက်ပြီး တစ်ဖန်ပြန်လဲကျသွားသည်။

အကြိမ်အနည်းငယ် ထပ်ခါထပ်ခါဖြစ်ပြီးနောက် ခန္ဓာကိုယ်ထဲတွင် အတင်းအကြပ်ဖိနှိပ်ထားသော ရက်စက်ကြမ်းကြုတ်သောစိတ်မှာ နောက်ဆုံးတွင် ကျိုးပေါက်သွားသော ရေကာတာကြီးကဲ့သို့ ထိုးထွက်လာသည်။ သူက ဒေါသတကြီး ဟိန်းဟောက်ရင်း လက်သီးများဖြင့် မြေပြင်ကို ပြင်းထန်စွာ ထုနှက်လိုက်ရာ မရေမတွက်နိုင်သော ကျောက်စများ လွင့်စင်သွားပြီး ခံတပ်စခန်းတစ်ခုလုံးပင် ယိမ်းထိုးလာသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

စက္ကန့်အနည်းငယ်အတွင်းမှာပင် စစ်ဘက်ဆိုင်ရာစံနှုန်းဖြင့် တည်ဆောက်ထားသော ခံတပ်စခန်း၏ကြမ်းပြင်မှာ သူ၏ထုနှက်မှုကြောင့် ၁ပေခွဲကျော်နက်သော ချိုင့်ကြီးတစ်ခုဖြစ်သွားပြီး ပေါ်ထွက်လာသော လက်ညှိုးနှစ်လုံးစာခန့်တုတ်သော သံချောင်းအချို့မှာ သူ၏ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် ကျစ်ကြိုးတစ်ချောင်းကဲ့သို့ လိမ်ကောက်သွားသည်။

သူက ရုတ်တရက် ထုနှက်မှုကို ရပ်တန့်လိုက်ပြီး လော်ယွမ်ထံသို့ ပြင်းထန်စွာ လှည့်ကြည့်လိုက်သည်။ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်ပြီး အရူးအမူးဖြစ်နေသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ သူက ယိုင်နဲ့စွာ ထရပ်လိုက်ပြီး ပါးစပ်မှ တိရစ္ဆာန်များနှင့်တူသော ဟိန်းဟောက်သံကို ပြုလုပ်လိုက်သည်။

"ချန်ရှင်းဖုံ... ငါမင်းကို သတိပြန်ဝင်လာအောင် လုပ်ပေးရမှာလား" လော်ယွမ်က ရုတ်တရက် အေးစက်စွာ ဟစ်အော်လိုက်သည်။

သတ်ဖြတ်လိုစိတ်ပါဝင်နေသော အေးစက်သည့်အသံမှာ ဆောင်းတွင်းမှ လေအေးကဲ့သို့ပင်ဖြစ်ပြီး ချန်ရှင်းဖုံကို ရက်စက်ကြမ်းကြုတ်သော စိတ်ခံစားမှုမှ ချက်ချင်း သတိပြန်ဝင်လာစေသည်။ လော်ယွမ်၏ အချိန်အကြာကြီး မွေးမြူထားသော ဩဇာအရှိန်အဝါကြောင့် သူ တစ်ကိုယ်လုံး တွန့်သွားပြီး ပင်ကိုယ်အသိစိတ်ဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရာ မျက်လုံးများမှာ တစ်ဖန်ပြန်လည် ကြည်လင်လာသည်။

"ကျွန်... တော်... ဘယ်... လို... ဖြစ်... တာ... လဲ" ချန်ရှင်းဖုံက စကားလုံးများကို တစ်လုံးချင်းစီ ပြောလိုက်ပြီး အသံမှာ ဝိုးတဝါးဖြစ်နေသည်။

သူ ပါးစပ်ဟလိုက်သည်နှင့် လော်ယွမ်မှာ သူ၏လျှာမှာ အနည်းငယ် ကွဲခွနေပြီး အစွယ်များမှာလည်း အတော်လေးရှည်ထွက်လာသည်ကို သတိပြုမိလိုက်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူက လူသားတစ်ဦးမဟုတ်တော့ပေ။

သူ့တွင် အသိတရားရှိသေးသည်ကိုမြင်လျှင် လော်ယွမ်မှာ အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း လက်မှာ ဓားရိုးပေါ်တွင် ဖိထားဆဲဖြစ်သည်။ "မင်းကဆင့်ကဲပြောင်းလဲတာ မအောင်မြင်ပဲ မင်းကိုယ်က ဗီဇပြောင်းသွားတာ... မင်းခုလိုအသက်ရှင်နေသေးတာကိုပဲ ကံကောင်းတယ်ပြောရမယ်... မင်းအခုလိုအသိစိတ်မပျောက်အောင် အမြဲတမ်းထိန်းထားနိုင်လား"

"ကျွန်... တော်... မ... သိ... ဘူး" သူက နာကျင်စွာ ခေါင်းခါယမ်းလိုက်ပြီး ဆက်လက်၍ "အရမ်း... စိတ်... ရှုပ်... တယ်၊ ဒါ... ပေ... မဲ့... ခံ... နိုင်... တယ်"

ချန်ရှင်းဖုံ အသိတရားပြန်ဝင်လာသည်ကိုမြင်လျှင် ကျန်လူများလည်း သတိဖြင့် လျှောက်လာကြသည်။ ချန်ရှင်းဖုံမှာ စိတ်မငြိမ်မသက်ဖြင့် လူအုပ်ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မျက်လုံးများမှာ အနည်းငယ် တောက်ပသွားကာ လက်သီးများကို မသိစိတ်ဖြင့် ဆုပ်လိုက်ဖြန့်လိုက် လုပ်နေသည်။

လော်ယွမ်မှာ ကြည့်ရင်း စိတ်ထဲတွင် ထိတ်လန့်သွားသည်။ သန္ဓေပြောင်းလဲမှုမှာ သူ၏စိတ်နေစိတ်ထားကို အလွန်လွှမ်းမိုးနေဟန်တူသည်။

"ချန်ရှင်းဖုံ... မင်းငါတို့ကို မှတ်မိသေးလား" ဟော်တုံက ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။

"အား... လုံး... မှတ်... မိ... တယ်" ချန်ရှင်းဖုံက လေးလံသောအသံဖြင့် ပြောလိုက်သည်။ မျက်လုံးများမှာ တစ်ခါတစ်ရံ ရက်စက်ကြမ်းကြုတ်သော စိတ်ခံစားမှုများ ပေါ်ထွက်လာပြီး မျက်နှာမှာ စိတ်ရှုပ်ထွေးနေသည်။ သို့သော် သူ အတင်းအကြပ် ထိန်းချုပ်နေသည်ကိုမူ မြင်တွေ့နိုင်သည်။

"ရှင်အသိစိတ်ပြန်ရလာတာ တော်သေးတာပေါ့... ရှင်ကဗီဇပြောင်းသွားပေမယ့် ရှင့်အစွမ်းကတော်တော်ကြီး မြင့်သွားပြီ... ဒီလိုကမ္ဘာပျက်ခေတ်မှာ ဒီထက်ဘာတောင်းဆိုစရာရှိဦးမှာလဲ... ရှင်စိတ်ကိုထိန်းချုပ်ထား... ဒီအဆင့်ကိုကျော်ဖြတ်နိုင်မယ်လို့ယုံတယ်" ချောင်လင်က အားပေးလိုက်သည်။

"ဟုတ်တယ်... နင့်ခွန်အားက အရမ်းကြီးသွားတာပဲ... စောစောက နင်ထုလိုက်တာ ခံတပ်ကြီးတောင် ပြိုသွားတော့မှာလားလို့" ဝမ်ရှီရှီလည်း ဝင်ပြောသည်။ သူမမှာမူ သိပ်ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ကို စပ်စုလိုသောမျက်လုံးများဖြင့် ကြည့်နေသည်။

----------------------------------------

အားလုံးမှာ တစ်ယောက်တစ်ပေါက်ဖြင့် အားပေးစကားများ ဆိုကြပြီး လော်ယွမ် တားဆီးလိုက်မှ ရပ်တန့်သွားကြသည်။

သူက ချန်ရှင်းဖုံ၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ပိုကြီးမားလာသည်ကို သတိပြုမိလိုက်သည်။ လူအများ၏စကားများကြောင့် အလွန်စိတ်ရှုပ်ထွေးနေပြီး သူ၏စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့လုနီးပါး ဖြစ်နေသည်မှာ ထင်ရှားသည်။

"သူ့အတွက် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်... သူ့ကို တစ်ယောက်တည်း ခဏလောက် နေခိုင်းလိုက်" လော်ယွမ်က ဆိုသည်။

ဆက်ရန်...

All Chapters