← Chapters

အခန်း (၁၅၃-၁၅၆)

Vol. 8 Ch. 153-156

အခန်း (၁၅၃-၁၅၆)

Vol. 8 Ch. 153-156

အပိုင်း(၁၅၃)နေရစ်ခဲ့ခြင်း

ချန်ရှင်းဖုံသည် ယိုင်နဲ့ယိုင်နဲ့ဖြင့် အခန်းထဲမှ ထွက်ခွာသွားသည်။ အစပိုင်းတွင် သူက ကောင်းစွာမတ်တပ်မရပ်နိုင်သေးသော်လည်း မကြာမီမှာပင် သူ၏လှုပ်ရှားမှုများမှာ ပိုမိုချောမွေ့လာသည်။ သူက ခြံဝင်းထဲမှ ထွက်ခွာသွားပြီး ခြေလှမ်းအနည်းငယ် ဆက်လျှောက်ပြီးနောက် ပြေးလွှားသွားတော့သည်။ သူသည် တဖြည်းဖြည်း ပိုမိုမြန်ဆန်စွာ ပြေးလွှားလာသလို သူ၏မျက်နှာအမူအရာမှာလည်း ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။ နောက်ဆုံးတွင် သူ၏ပါးစပ်မှ ကြီးမားပြီး ထူးဆန်းသော ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာတော့သည်။

အဝေးဆီမှ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံများ ကိုနားထောင်ပြီး ခံတပ်တစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားကာ လူတိုင်း၏စိတ်ထဲတွင် ရှုပ်ထွေးသော အတွေးများဖြင့် ပြည့်နှက်သွားသည်။

"သူက အရမ်းအန္တရာယ်များလွန်းတယ်..." ချောင်လင်က တွန့်ဆုတ်စွာဆိုပြီးနောက် ခေါင်းကိုငုံ့ကာ အခြားသူများကို မကြည့်ရဲတော့ပေ။

သူမက ပွင့်ပွင့်လင်းလင်း မပြောသော်လည်း သူမ၏ဆိုလိုရင်းမှာ အလွန်ရှင်းလင်းလှသည်။ သာမန်လူတစ်ယောက်အနေဖြင့် မည်သူမျှ မိမိတို့၏ဘေးတွင် အချိန်မရွေးပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးတစ်လုံးကို ထားရှိချင်မည်မဟုတ်ပေ။ စောစောက သူ၏တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူ၏စိတ်အခြေအနေက အလွန်မတည်ငြိမ်သည်မှာ ထင်ရှားလှသည်။ လော်ယွမ်သာ မရှိပါက စောစောကတည်းက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလောက်ပြီဖြစ်သည်။

"ဟုတ်တယ်... ခုနက သူ့မျက်လုံးတွေက သားရဲတစ်ကောင်လိုပဲ" ဟု ကျိုးယလီကလည်း ကြောက်လန့်တကြား ဆိုသည်။

"ဒါပေမဲ့ သူက ကျွန်မတို့ရဲ့ အဖွဲ့သားပဲလေ" ဟွမ်ကျားဟွေသည် အချိန်အတော်ကြာ တွေဝေပြီးနောက်မှ လေသံတိုးတိုးဖြင့် ဆိုသည်။ ကျိုးယလီပြောသည်မှာ မမှားကြောင်း သူမ ကောင်းကောင်းသိသည်။ ချန်ရှင်းဖုံက ယခုအခါ အလွန်အန္တရာယ်များသူတစ်ယောက် ဖြစ်လာခဲ့ချေပြီ။ ခဏတာ သနားစိတ်က ပြန်လည်ပြုပြင်၍မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ဤသို့ စွန့်ပစ်လိုက်ရန်မှာ သူမ၏စိတ်ထဲတွင် အနည်းငယ် လက်မခံနိုင်ဖြစ်နေသည်။

"သူကဗီဇပြောင်းသွားပြီ... အရင်ကချန်ရှင်းဖုံမဟုတ်တော့ဘူး... အကိုယွမ်ပြောတာတော့ သူ့အခြေအနေက ပိုဆိုးလာနိုင်တယ်တဲ့... သူ့ကိုအဖွဲ့ထဲဆက်ထားရင် တစ်ခုခုဖြစ်သွားနိုင်တယ်... သူ့ဘာသာတစ်ယောက်ထဲ နေခိုင်းလိုက်ရင်တောင် သူ့အတွက်ပိုကောင်းရင်ကောင်းသွားမှာ" ချောင်လင်က နှုတ်ခမ်းကိုကိုက်ရင်း ဆိုသည်။

လော်ယွမ်လည်း ဆုံးဖြတ်ရခက်နေသည်။ ဗီဇခြင်းကြောင့် တိုးပွားလာသော စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ အချိန်တိုအတွင်းမှာပင် ချန်ရှင်းဖုံသည် သာမန်လူတစ်ယောက်အဖြစ်မှ အပြာရင့်ရောင်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် ဧရာမလိပ်ကြီး၏ မျိုးဗီဇများပေါင်းစပ်ခံထားရသောကြောင့် သူ၏အစွမ်းအစ များက အထွတ်အထိပ်သို့ လုံးဝရောက်ရှိသေးခြင်း မရှိသေးပေ။ ဧရာမလိပ်ကြီး၏ စွမ်းအားကို စဉ်းစားကြည့်ရုံဖြင့် ချန်ရှင်းဖုံ၏အလားအလာကို ခန့်မှန်းနိုင်သည်။

အကယ်၍ သူသာ သူ၏ခန္ဓာကိုယ်ထဲမှ ကြမ်းကြုတ်သော စိတ်ဆန္ဒများကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပါက နောင်တွင် အားအကိုးရသော အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် ပွင့်ပွင့်လင်းလင်းပြောရလျှင် လော်ယွမ်လည်း သူ့ကိုအကောင်းဘက်က မကြည့်နိုင်တော့ပေ။

လူ့စိတ်ကိုလွှမ်းမိုးထားတော့ အရိုင်းစိတ်များ မရှိလျှင်တောင် သာမန်လူတစ်ယောက်က ရုတ်တရက် အလွန်ကြီးမားသော စွမ်းအားကို ရရှိသွားခြင်းက မိမိ၏စိတ်ဓာတ်အတွက် ကြီးမားသော စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဖျက်ဆီးလိုစိတ်က သူ၏အသိဉာဏ်ကို တိုက်စားကာ ထင်ရာစိုင်းသူတစ်ယောက် ဖြစ်လာစေနိုင်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲတွင် အစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါ၏ မျိုးဗီဇများလည်း ရှိနေသေးသည် မဟုတ်လော။

သို့သော် ချန်ရှင်းဖုံသည် ယခင်က မည်မျှပင်ပန်းသောအလုပ်ဖြစ်စေ၊ ညစ်ပတ်သောအလုပ်ဖြစ်စေ မညည်းမညူ လုပ်ကိုင်ခဲ့ပြီး မည်သည့်အခါမျှ မကျေနပ်ခြင်း မရှိခဲ့ပေ။ ဤသို့ စွန့်လွှတ်လိုက်ခြင်းမှာ အမှန်တကယ်ပင် စိတ်မကောင်းစရာဖြစ်သည်။ လော်ယွမ်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

"လောလောဆယ်သုံးလေးရက်လောက် စောင့်ကြည့်ကြတာပေါ့... ငါသူ့ကိုနေ့ရောညပါ စောင့်ကြည့်ထားလိုက်မယ်... သူ့အသိစိတ်ကို တည်ငြိမ်အောင်မထိန်းထားနိုင်ဘူးဆိုရင် ငါတို့သူ့ကိုထွက်သွားခိုင်းလိုက်ကြတာပေါ့"

အဲ့အချိန်ကျမှ အသိစိတ်ပျောက်သွားလျှင် သူ့ကိုစွန့်ပစ်ရန်သာရှိတော့သည်။

............

ရုတ်တရက်ဖြစ်ပေါ်လာသော ကိစ္စကြောင့် မူလက ယနေ့ထွက်ခွာရန် စီစဉ်ထားသော အစီအစဉ်မှာလည်း နှောင့်နှေးသွားခဲ့ရသည်။

သို့သော် မည်သည့်အလုပ်မျှမရှိသည်တော့ မဟုတ်ပေ။ အမျိုးသမီးများက များပြားလှသော ဥအနှစ်ရည်များကို အသုတ်လိုက် မီးခိုးဖြင့် အခြောက်ခံကာ ထောပတ်တုံးကဲ့သို့ လေးထောင့်အစိုင်အခဲများအဖြစ် ပြုလုပ်ပြီးနောက် သန့်စင်ထားသော ငါးအရေခွံများဖြင့် တင်းကျပ်စွာ ထုပ်ပိုးထားကြသည်။ ဤအစားအစာများသည် အဖိုးတန်သော ရိက္ခာများဖြစ်သည်မှာ သေချာသည်။ သေးငယ်သော အစာတဖဲ့တွင် ပါဝင်သော ကယ်လိုရီပမာဏက လော်ယွမ်နှင့် ချန်ရှင်းဖုံမှလွဲ၍ ကျန်လူအားလုံး၏ တစ်နေ့တာ စားသုံးမှုကို လုံလောက်စွာ ထောက်ပံ့နိုင်သည်။ သေချာဂရုတစိုက် ထိန်းသိမ်းထားနိုင်ပါက ဤအစားအစာပမာဏကို နှစ်ဝက်ကျော်အထိ စားသုံးနိုင်ပေသည်။

ဥခွံမျက်နှာပြင်ပေါ်မှ ဂျယ်လီကဲ့သို့ အလွှာကိုမူ လော်ယွမ်က ကျည်ကာအင်္ကျီများတွင် ပေါင်းစပ်ပြုလုပ်လိုက်သည်။ အရေအတွက် လုံလောက်သောကြောင့် လော်ယွမ်က ကျည်ကာအင်္ကျီငါးထည်အထိ ပြုလုပ်နိုင်ခဲ့သည်။ ကုန်ကြမ်းကုန်သွားသောကြောင့် တစ်ထည်မှာ အပြာရင့်ရောင်အဆင့်သာ ရှိသော်လည်း ကျန်လေးထည်မှာမူ အစိမ်းရောင်အဆင့်များ ဖြစ်ကြသည်။

ပေါင်းစပ်ပြုလုပ်ပြီးနောက် ကျည်ကာအင်္ကျီ၏ တစ်စိတ်တစ်ပိုင်းက သလင်းကျောက်ကဲ့သို့ ကြည်လင်သောအရောင်အဖြစ် ပြောင်းလဲသွားပြီး မျက်နှာပြင်ပေါ်တွင် အမျှင်အစင်းကြောင်းများ ရှိနေသည်။ ပေါင်းစပ်ပြီးနောက် အလေးချိန်မှာ များစွာပေါ့ပါးသွားပြီး အတွင်းမှ သတ္တုပြားများပင်လျှင် အစေးနှင့် ပေါင်းစပ်ကာ ပေါ့ပါးသော ဒြပ်ပစ္စည်းအသစ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကျည်ကာအင်္ကျီတစ်ခုလုံး၏ ပျော့ပျောင်းမှုမှာ အနေတော်ဖြစ်ပြီး ပျော့လွန်းခြင်း မာလွန်းခြင်း မရှိပေ။ ညင်သာစွာ ဖိလိုက်ရုံဖြင့် အားပြင်းသော ပြန်ကန်ထွက်သည့် စွမ်းအားကို ခံစားနိုင်သည်။

ထို့အပြင် ၎င်း၏အစွမ်းထက်သော ဂုဏ်သတ္တိများက ယခင် မြွေကြေးခွံကျည်ကာအင်္ကျီနှင့် နှိုင်းယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားပြီး လုံးဝနှိုင်းယှဉ်၍မရပေ။

အမည် - စွမ်းအင်စုပ် ကျည်ကာအင်္ကျီ

ပါဝင်ပစ္စည်း - လိပ်ဘီလူးကြီး၏ မွေးဖွားစဉ်မှထွက်သောအရည်၊ နိုင်လွန်အမျှင်၊ သတ္တုပြား

ရှားပါးမှုအဆင့် - အစိမ်းရောင်အဆင့်

အလေးချိန် - ၁ ကီလိုဂရမ်"

ကာကွယ်မှု - ၃၅-၃၉

ထပ်တိုးအစွမ်း၁ - တိုက်ခိုက်မှု စုပ်ယူခြင်း (ရုပ်ပိုင်းဆိုင်ရာ/ဓာတ်စွမ်းအင်)

ထပ်တိုးအစွမ်း၂ - တန်ပြန်ခြင်း (မည်သည့်တိုက်ခိုက်မှုကိုမဆို အတိုင်းအတာတစ်ခုအထိ တန်ပြန်နိုင်သည်)

သုံးသပ်ချက် - ဤသည်မှာ ကာကွယ်မှုအားကောင်းသော ကျည်ကာအင်္ကျီဖြစ်သည်။ ထပ်တိုးအစွမ်းများမှာ ရိုးရှင်းသော်လည်း စွမ်းရည်အားလုံးမှာ ကာကွယ်မှုအပေါ်တွင်သာ အဓိကထားသည်။ ၎င်းသည် ကျည်ဆန်မှအစ သာမန်အမြောက်ဆန်များအထိ မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံကာကွယ်နိုင်သည်။ တစ်ခုတည်းသောအားနည်းချက်မှာ တိုက်ခိုက်မှုပမာဏတစ်ခုကို စုပ်ယူပြီးသည့်အခါ အပူချိန်တက်လာခြင်းဖြစ်သည်။ သို့သော် ၎င်း၏အားကောင်းသော ကာကွယ်နိုင်စွမ်းနှင့် နှိုင်းယှဉ်လျှင် ဤအားနည်းချက်မှာ မပြောပလောက်ပေ။

ကျည်ကာအင်္ကျီ၏ အစွမ်းကို စမ်းသပ်ရန် လော်ယွမ်က လူရှင်းသောနေရာသို့ သွားကာ ဟွမ်ကျားဟွေအား သူ၏ကိုယ်ကို သေနတ်ဖြင့် ပစ်ခိုင်းခဲ့သည်။ အသုံးပြုသော ကျည်ဆန်မှာလည်း အပြာရင့်ရောင်အဆင့် ကျည်ဆန်များဖြစ်သည်။ စမ်းသပ်မှုရလဒ်မှာ ကျည်ဆန်များအားလုံး ပြန်ကန်ထွက်သွားပြီး သူ့ကိုယ် အနည်းငယ် တုန်ခါသွားသည်မှလွဲ၍ နာကျင်မှုကို တစ်စိုးတစ်စိမျှ မခံစားရပေ။

ကျည်ကာအင်္ကျီပေါ်မှ အမည်းစက်အနည်းငယ်ကို သုတ်ပစ်လိုက်သောအခါ မျက်နှာပြင်မှာ အလွန်ချောမွေ့သွားပြီး မည်သည့်အရာရာမျှ မကျန်ရစ်ခဲ့ပေ။ အပူချိန်မှာလည်း မဆိုစလောက်သာ တက်လာရာ ဤသို့သော တိုက်ခိုက်မှုမျိုးက ၎င်းကို အပူချိန်တက်စေရန် မလုံလောက်သေးသည်မှာ ထင်ရှားလှသည်။

ထို့အပြင် ဝမ်ရှီရှီ၏ ဆူးချွန်ကိုလည်း ဥခွံဖြင့် တစ်ကြိမ် အဆင့်မြှင့်တင်ပေးခဲ့ရာ ၎င်း၏ထက်မြက်မှုမှာ ကျန်းမာတောက်ဓားရှည်ကြီးကိုပင် ကျော်လွန်သွားခဲ့သည်။ ကျန်ရှိသော ဥခွံများကိုမူ သူက အကြီးစား စနိုက်ပါကျည်ဆန်များနှင့် သာမန်ပစ္စတိုကျည်ဆန်များတွင် အမြောက်အမြား ပေါင်းစပ်ပြုလုပ်လိုက်သည်။ ဤကျည်ဆန်များ ထိမှန်ပါက အစိမ်းရောင်အဆင့် သတ္တဝါများအတွက် အတိအကျမပြောနိုင်သော်လည်း အစိမ်းနုရောင်အဆင့်နှင့် အောက်ရှိ သန္ဓေပြောင်းသတ္တဝါများမှာမူ ထုတ်ချင်းဖောက်ခံရမည်မှာ သေချာသည်။

ဤတစ်ကြိမ် ပေါင်းစပ်ပြုလုပ်ပြီးနောက် အဖွဲ့တစ်ဖွဲ့လုံး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အရည်အသွေးပိုင်းအရ သိသိသာသာ ပြောင်းလဲတိုးတက်သွားသည်။ ထို့အပြင် အစိမ်းရောင်အဆင့် အစားအစာများကို အမြောက်အမြား စားသုံးလာသည်နှင့်အမျှ လူတိုင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း လျင်မြန်စွာ တိုးတက်လာဦးမည်ဖြစ်သည်။

တစ်မနက်ခင်းလုံး ချန်ရှင်းဖုံ ပြန်မလာခဲ့ပေ။ နေ့လယ်ပိုင်းတွင်လည်း ထိုနည်း၎င်းပင်။ အားလုံးက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ကြပြီး သူ တိတ်တဆိတ် ထွက်ခွာသွားပြီဟု ထင်မှတ်နေကြသည်။ သို့သော် ညနေစောင်း၍ မိုးချုပ်ခါနီး အားလုံး အိပ်စက်ရန် ပြင်ဆင်နေချိန်တွင် သူက ခြေထော့နဲ့ထော့နဲ့ဖြင့် ရုတ်တရက် ပြန်ရောက်လာခဲ့သည်။

သူသည် တစ်စုံတစ်ခုသော သတ္တဝါနှင့် တိုက်ခိုက်ခဲ့ပုံရသည်။ သူ၏တစ်ကိုယ်လုံးမှာ သွေးအလိမ်းလိမ်းဖြင့် အလွန်စုတ်ပြတ်နေပြီး ရင်ဘတ်တွင် နက်ရှိုင်းသော ကုတ်ခြစ်ရာအချို့ ရှိနေကာ အသားများ လန်ထွက်နေသည်။ အဆိုးဆုံးမှာ ပေါင်နှင့် လက်မောင်းဖြစ်ပြီး အသားစိုင်များ စုတ်ပြတ်ထွက်နေကာ ဖြူဖွေးသော အရိုးများကိုပင် မြင်နေရသည်။

သို့သော် ဤတစ်ကြိမ် ပေါက်ကွဲမှုအပြီးတွင် သူ၏မျက်လုံးများမှာ အတော်အတန် တည်ငြိမ်နေပြီဖြစ်ပြီး ယခင်ကဲ့သို့ အတွင်းပိုင်းတွင် ချုပ်တည်းထားသော ကြမ်းတမ်းရက်စက်မှုများ မရှိတော့ပေ။

သူက ခံတပ်ထဲသို့ တိုက်ရိုက်မဝင်ဘဲ တံခါးဝတွင် ရပ်တန့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် လော်ယွမ်က ထိုနေရာတွင် မလှုပ်မယှက်ရပ်ကာ သူ့ကို စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။

မကြာမီမှာပင် ချန်ရှင်းဖုံက လော်ယွမ်၏ အကြည့်ကြောင့် စိတ်မလုံမလဲဖြစ်လာပြီး တစ်လှမ်းချင်း နောက်ဆုတ်သွားသည်။

"မင်းကိုယ့်အခြေအနေကိုယ်နားလည်လောက်ပြီလို့ ငါထင်တယ်… မင်းလိုအချိန်မရွေးစိတ်လွတ်သွားနိုင်တဲ့သူက ငါတို့နဲ့ဆက်နေမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်"ဟု လော်ယွမ်က ရုတ်တရက် ဆိုလိုက်သည်။ "မင်းကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခင်မှာ ငါတို့အဖွဲ့ရဲ့ ပေ၆၀အကွာမှာပဲ နေရမယ်"

ချန်ရှင်းဖုံ၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။ "နောက်... ဆို... ကျွန်... တော်... အပြင်... မှာ... အိပ်... ပါ့... မယ်" ဟု သူက အသံအုပ်အုပ်ဖြင့် ဆိုသည်။

သူ၏မျက်နှာအမူအရာပြောင်းလဲမှုကို လော်ယွမ်က ထက်မြက်စွာ မြင်တွေ့လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ ယခင်က ချန်ရှင်းဖုံနှင့် နှိုင်းယှဉ်လျှင် သူ၏စိတ်နေစိတ်ထားမှာ များစွာပြောင်းလဲသွားခဲ့ချေပြီ။ ဒေါသထွက်လွယ်၊ ကြမ်းတမ်းရက်စက်ပြီး မောက်မာဝင့်ကြွားတတ်သူ ဖြစ်လာခဲ့သည်။ ယခင်က စကားနည်းပြီး ရိုးအသော သူ မဟုတ်တော့ပေ။ လော်ယွမ်က သူ့ကို စူးစိုက်ကြည့်ကာ သတိပေးလိုက်သည်။ "မင်းသိရင်လည်း ပြီးတာပဲ… တစ်ခြားသူတွေအထင်မှားစေမယ့် အပြုအမူမျိုး မလုပ်မိစေနဲ့… မဟုတ်ရင်မင်းကိုဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး"

"ကျွန်... တော်... နား... လည်... ပါ... ပြီ" ဟု သူက အသံအုပ်အုပ်ဖြင့် ဆိုသည်။ လော်ယွမ်၏စိုက်ကြည့်မှုကို ခံစားမိသည့်အလား ဤတစ်ကြိမ်တွင် သူက ခေါင်းကို အနည်းငယ်ငုံ့ကာ သူ၏မျက်နှာအမူအရာကို အရိပ်အောက်တွင် ဖုံးကွယ်ထားလိုက်သည်။

... ... ...

တစ်ညလုံး ဘာမှမဖြစ်ခဲ့ပေ။

နောက်တစ်နေ့မနက်တွင် လော်ယွမ် တံခါးဖွင့်လိုက်ရာ ခံတပ်ခြံဝင်းထောင့်တွင် ထိုင်နေသော ချန်ရှင်းဖုံက သတိဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူ၏လက်ထဲတွင် ၇ပေနီးပါးရှည်သော အရိုးတုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ထိုအရိုးတုတ်ပေါ်တွင် သွေးနှင့် အသားစများ ကပ်ငြိနေကာ အလွန်လတ်ဆတ်ပုံရသည်။

ဤသည်မှာ သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ ပေါင်ရိုးဖြစ်ပြီး တစ်ဖက်စွန်းမှာ အလွန်ကြီးမားကာ ကြီးမားသော တူကြီးတစ်လက်နှင့် တူသည်။ နေ့ခင်းပိုင်းက သူ၌ ဤအရိုးတုတ် မရှိခဲ့ရာ ညက သူ နောက်တစ်ကြိမ် အပြင်ထွက်ခဲ့သည်မှာ ထင်ရှားလှသည်။

သူ၏နှုတ်ခမ်းထောင့်တွင် သွေးစများ ကပ်ငြိနေပြီး သူ၏ကိုယ်ပေါ်မှ ဒဏ်ရာများမှာ နေ့ခင်းပိုင်းကထက် ပိုများလာသည်။ သို့သော် ဒဏ်ရာဟောင်းများမှာမူ အများစု ကျက်နေပြီဖြစ်ပြီး အသားစိုင်များ စုတ်ပြတ်ထွက်သွားသော လက်မောင်းနှင့် ပေါင်မှ ဒဏ်ရာများမှာပင် အနာဖေးတက်နေပြီဖြစ်သည်။ ဒဏ်ရာမှာ ထက်ဝက်နီးပါး သေးငယ်သွားပြီး ရက်အနည်းငယ်အတွင်း လုံးဝပျောက်ကင်းသွားမည်ဟု ခန့်မှန်းရသည်။

အံ့ဩဖွယ်ကောင်းသော ဒဏ်ရာပြန်ကောင်းနိုင်စွမ်းပင်တည်း။

လော်ယွမ်ကို မြင်သောအခါ သူက မလုံမလဲဖြင့် မျက်လုံးကိုလွှဲလိုက်ပြီး အရိုးတုတ်ကိုင်ထားသော လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

လော်ယွမ်က သူ့ကို စက္ကန့်အနည်းငယ် စိုက်ကြည့်ပြီးနောက် အကြည့်ကို လွှဲလိုက်သည်။

... ... ...

မကြာမီမှာပင် အားလုံး အိပ်ရာထလာကြပြီး ပစ္စည်းများကို စတင်သိမ်းဆည်းကြသည်။

အစားအစာများအပြင် လက်နက်ခဲယမ်းများကိုလည်း အများအပြား ယူဆောင်ခဲ့ကြသည်။ ၎င်းတို့အထဲတွင် အကြီးစား စနိုက်ပါရိုင်ဖယ်သုံးလက် ပါဝင်သည်။ ထို့အပြင် လူတိုင်း ပစ္စတိုတစ်လက်စီနှင့် ပေါင်းစပ်ပြုလုပ်ထားသော ကျည်ဆန်တစ်သေတ္တာစီ ယူဆောင်ကြသည်။ လော်ယွမ်သာ ကန့်ကွက်မထားပါက စက်သေနတ်ကိုပင် သယ်ဆောင်သွားကြမည်ဖြစ်သည်။

စက်သေနတ်က အစွမ်းထက်သော်လည်း သယ်ဆောင်ရန်အတွက်မူ အလွန်အမင်း ကရိကထနိုင်လှသည်။ ထို့အပြင် အားလုံးကလည်း ကျွမ်းကျင်သော သေနတ်သမားများ မဟုတ်ကြပေ။ စက်သေနတ်ပစ်ခတ်မှုတစ်ကြိမ်တိုင်းတွင် ကျည်ဆန်ကုန်ကျမှုက အလွန်များပြားလှသည်။ ၎င်းအတွက်ကျည်ဆန်အနည်းငယ်သာ သယ်ဆောင်ပါက အသုံးမဝင်ပေ။ အစွမ်းအာနိသင်အရဆိုလျှင် ပေါင်းစပ်ပြုလုပ်ထားသော ကျည်ဆန်များက စက်သေနတ်ကိုပင် ကျော်လွန်နိုင်ရာ မသယ်ဆောင်သွားခြင်းက ပိုကောင်းသည်။

လော်ယွမ်က ပစ္စည်းများကို တစ်ကြိမ်စစ်ဆေးပြီးနောက် ငါးအရေခွံဖြင့် ထုပ်ထားသော အစာတုံးများကို သေသေချာချာ ပြန်လည်ထုပ်ပိုးလိုက်သည်။ ထို့နောက် အပြင်သို့သွားကာ စူးရှသောအနံ့ရှိသော သစ်ရွက်အချို့ကို ရှာဖွေပြီး ၎င်းတို့ကို ခြေမွကာ အပေါ်တွင် သုတ်လိမ်းလိုက်သည်။ ထူးခြားသော မွှေးရနံ့များ မထွက်တော့မှသာ သူစိတ်အေးသွားသည်။

ဧရာမဖွတ်ကြီးက ဤသို့သော စွမ်းအင်မြင့်မားသည့် အစားအစာများ၏ အနံ့ကို အလွန်အာရုံခံလွယ်သည်။ ဖွတ်ကြီး အနံ့ရသွားပါက စိတ်ခံစားမှုများ ထပ်မံပေါက်ကွဲပြီး သစ္စာစောင့်သိမှု ထပ်မံကျဆင်းသွားမည်ကို သူအာမမခံနိုင်ပေ။

ထို့နောက် လော်ယွမ်က ပစ္စည်းအမျိုးမျိုးကို ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ သတိဖြင့် ချည်နှောင်လိုက်သည်။ ဖွတ်ကြီးသည် အနည်းငယ် လှုပ်ရှားပြီးနောက် ငြိမ်သက်သွားပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်လုံးကြီးများမှာ ယခင်ကဲ့သို့ နူးညံ့သိမ်မွေ့သော အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူက ထူးဆန်းစွာဖြင့် အရေအသွေးပြဇယားကို ဖွင့်ကြည့်လိုက်သည်။ ဧရာမဖွတ်ကြီး၏ အမှတ်အတေးထားတတ်မှုကို သူအလွန်အထင်ကြီးခဲ့မိပုံရသည်။ တစ်ညတာ ကုန်လွန်ပြီးနောက် ဖွတ်ကြီး၏ သစ္စာစောင့်သိမှုက များစွာပြန်လည်ကောင်းမွန်လာခဲ့သည်။ မူလ အထွတ်အထိပ် ၈၀ မှတ်အထိ မရောက်သော်လည်း ၇၈ မှတ်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။

ဤဖြစ်စဉ်မှာ မိဘများထံမှ သကြားလုံးမရ၍ ငိုယိုနေသော ကလေးတစ်ယောက်နှင့် တူလှသည်။ ထိုအချိန်တွင် အော်ဟစ်ငိုယိုလိုက်သော်လည်း အချိန်အနည်းငယ်ကြာပြီးနောက် ယခင်က မကျေနပ်မှုများကို လုံးဝမေ့လျော့သွားတတ်သည်။ ဧရာမဖွတ်ကြီး၏ အသိဉာဏ်မှာ တစ်နှစ်၊ နှစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် ဆင်တူနေပုံရသည်။

သို့သော် လော်ယွမ်က ခဏတာစဉ်းစားပြီးနောက် ဤအရာများကို ဂရုမစိုက်တော့ပေ။ အားလုံး ဧရာမဖွတ်ကြီး၏ကျောပေါ်သို့ တက်ရောက်ပြီးနောက် လော်ယွမ်၏အမိန့်အရ ဖွတ်ကြီးက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ထွက်ခွာသွားသည်။ သူ့နောက်တွင် လူ့ဘီလူးကြီးတစ်ယောက်က ခြေတစ်လှမ်းချင်းပြေးကာ အဝေးမှ လိုက်ပါလာသည်။

တစ်နာရီခန့်အကြာတွင် တောနက်ထဲ၌ ကွယ်ဝှက်နေသော မြို့တစ်မြို့က အားလုံး၏ရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်။

ဆက်ရန်…

အပိုင်း(၁၅၄)စူပါမားကတ်

လော်ယွမ်သည် ယခင်မြေပုံများအရ ကျားဖိန်မြို့သည်လည်း စွန့်ပစ်နယ်မြေတစ်ခုဖြစ်ကြောင်း ကြိုတင်သိရှိထားပြီးဖြစ်သည်။ တစ်နည်းဆိုရသော် ကျန်းနန်ပြည်နယ်တစ်ခုလုံးတွင် အကောင်းတိုင်းရှိနေသေးသောနယ်မြေဟူ၍ မရှိသလောက်ပင်။ သို့သော် မျက်မြင်အခြေအနေအရ ဤမြို့သည် သူထင်ထားသည်ထက် အလွန်စောစီးစွာ ကျဆုံးခဲ့သည်မှာ ထင်ရှားလှ၏။

အမြန်လမ်းမကြီးထွက်ပေါက်မှ မြို့တွင်းသို့သွားသော လမ်းမကြီး၏ ကတ္တရာလမ်းမှာ မူလပုံစံကိုပင် မမြင်နိုင်တော့ပေ။ ၁ပေခန့်ထူသော သန္ဓေပြောင်းရေညှိပင်များက လမ်းမကြီးတစ်ခုလုံးကို လုံးဝဖုံးအုပ်ထားသည်။

ရေညှိပင်များပေါ်တွင် စတော်ဘယ်ရီသီးအရွယ်ခန့်ရှိသော ဝတ်မှုန်များဖြင့် ပြည့်နှက်နေသည်။ လော်ယွမ်တို့အဖွဲ့ ဖြတ်သန်းသွားသောအခါ ဝတ်မှုန်များမှာ လန့်ဖျပ်သွားဟန်ဖြင့် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကာ အဝါရောင်ဖုန်မှုန့်သဖွယ် အခိုးအငွေ့များ ဖြစ်ပေါ်လာသည်။

ဤရေညှိပင်များသည် လူ၏အရေပြားများကို ယားယံစေခြင်းမှလွဲ၍ အဆိပ်မရှိ၍သာ တော်တော့သည်။ သို့မဟုတ်ပါက မြို့ထဲကို ခြေတစ်လှမ်းမျှပင် ဝင်နိုင်မည်မဟုတ်ပေ။

ဤနေရာက ရှေးဟောင်း အပျက်အစီးနေရာတစ်ခု ဖြစ်နေလုနီးပါးပင်။ လပိုင်းမျှသော အချိန်တိုအတွင်း၌ အနိမ့် အမြင့် အမျိုးမျိုးသော အပင်အမြောက်အမြားက ဤမြို့ကို တဖြည်းဖြည်း အစားထိုးဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသေးသော မိုးမျှော်တိုက်ကြီးအချို့တွင်ပင် ထူထဲသောနွယ်ပင်များက ရစ်ပတ်တက်နေကြသည်။ ထိုနွယ်ပင်များမှာ ကြီးမားတုတ်ခိုင်သော စပါးကြီးမြွေကြီးများအလား အဆောက်အဦတစ်ခုလုံးကို ရစ်ပတ်ထားပြီး အဆောက်အဦ၏အမိုးပေါ်တွင် စုစည်းကာ အချင်း မီတာငါးဆယ်၊ ခြောက်ဆယ်ခန့်ရှိသော ခရမ်းရောင်နွယ်ပင်အလုံးကြီးအဖြစ် ဖြစ်ပေါ်နေသည်။ ထိုမြင်ကွင်းမှာ ခမ်းနားထည်ဝါသော်လည်း မြင်ရသူကို စိတ်ထဲ၌ အေးစက်ထိတ်လန့်သွားစေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် "ရှပ်ရှပ်ရှပ်ရှပ်" အသံများဖြင့် ပြည့်နှက်နေသည်။ လော်ယွမ်တို့အဖွဲ့ ရှေ့သို့ဆက်လက်ချီတက်သွားရာ ဖြတ်သန်းသွားသောနေရာတိုင်းတွင် ထူးဆန်းသော သန္ဓေပြောင်းသတ္တဝါအချို့က ရေညှိပင်များထဲမှ ထွက်ပေါ်လာပြီး ထွက်ပြေးတိမ်းရှောင်သွားကြသည်။ သေးငယ်သော အင်းဆက်ပိုးမွှားများပင်လျှင် သူတို့ကို ရှောင်တိမ်းသွားကြ၏။

မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့မှသာ ဤနေရာ၏ အန္တရာယ်ကို ခံစားမိနိုင်ပေမည်။ ဤရေညှိပင်လယ်ပြင်ကြီးအတွင်း၌ သတ္တဝါများက သီးခြားဂေဟစနစ်တစ်ခုနီးပါး တည်ရှိနေကြသည်။ လော်ယွမ် ခန့်မှန်းကြည့်ရာ တစ်စတုရန်းမီတာအတွင်း၌ သတ္တဝါမျိုးစိတ် ဆယ်မျိုးထက်မနည်း နေထိုင်ကျက်စားနေကြသည်။ အချို့သတ္တဝါများမှာ အသွင်အပြင်ကြောက်မက်ဖွယ်ကောင်းပြီး အရောင်အသွေးစုံလင်လှရာ အန္တရာယ်ကင်းသော သတ္တဝါများမဟုတ်သည်မှာ ထင်ရှားလှသည်။

ဤနေရာတွင် အသက်ရှင်ကျန်ရစ်သူ အလွန်နည်းပါးနေပြီဖြစ်သည်။ သာမန်ဆင့်ကဲပြောင်းလဲသူများပင် ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။ အပြင်ထွက်၍ အမဲလိုက်ရန်မဆိုထားနှင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံမျှဖြင့်ပင် ထာဝရအိပ်စက်သွားနိုင်သည်။

"ဒီနေရာကို ကျွန်မအရင်ကလာဖူးတယ်... ရှေ့မှာ "ဝူမေ့" စူပါမားကတ်ရှိတယ်ထင်တယ်... သွားကြည့်ကြမလား" ဟု ဝမ်ရှကွမ်က ရုတ်တရက် ပြောလိုက်သည်။

"ဒါ ထင်းဖိန်လမ်းဖြစ်ရမယ်... ဒီနေရာမှာ စူပါမားကတ်တစ်ခု ရှိတာအမှန်ပဲ" ဟု ချောင်လင်းကလည်း စဉ်းစားပြီးနောက် ထောက်ခံပြောဆိုသည်။

အားလုံး၏ခြေလှမ်းများမှာ ရပ်တန့်သွားကြသည်။

မည်မျှပင် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်စေ သူတို့က လူသားများဖြစ်ကြသည်။ ခြေထောက်အောက်မှ ပြေးလွှားနေသော သတ္တဝါများကို မြင်တွေ့ရသောအခါ အားလုံးမှာ ကြက်သိမ်းမွေးညင်းများထသွားပြီး အတွင်းသို့ ဆက်လက်ဝင်ရောက်ရန် မရဲတော့ပေ။ ခရီးတစ်လျှောက်တွင် မည်သည့်အန္တရာယ်မျှ မကြုံတွေ့ရသလို အစွမ်းထက်သောသတ္တဝါလည်း မရှိသော်လည်း ဘာကြောင့်မှန်းမသိ ဤမြို့က အမြဲတစေ ခြောက်ခြားဖွယ်ကောင်းနေပြီး မကောင်းဆိုးဝါးအရိပ်အယောင်များ လွှမ်းခြုံနေသကဲ့သို့ ရှိသည်။ လော်ယွမ်ပင်လျှင် စိတ်ထဲ၌ မလုံမခြုံ ခံစားနေရသည်။

သူက ဧရာမဖွတ်ကို လှည့်ကြည့်လိုက်ရာ ဂနာမငြိမ်ဖြစ်နေသော လက္ခဏာမတွေ့ရမှ စိတ်အနည်းငယ် ပေါ့ပါးသွားသည်။

၎င်းမှာ လေးထပ်ခန့်မြင့်သော အဆောက်အဦးတစ်ခုဖြစ်သည်။ သို့သော် အဆောက်အဦးဟု ဆိုရသည်ထက် ပေ၃၀ကျော်မြင့်သော အစိမ်းရောင်အပင်အစုအဝေးကြီးဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ အပြင်ဘက်မျက်နှာပြင်မှာ မူလပုံစံကို လုံးဝမမြင်နိုင်တော့ဘဲ လေးဘက်လေးတန်ကို အစိမ်းရောင်နွယ်များက လွှမ်းခြုံထားသည်။ ဝမ်ရှကွမ်သာ မပြောခဲ့လျှင် ဤသည်မှာ ကုန်တိုက်တစ်ခုဖြစ်ကြောင်း လုံးဝသိရှိနိုင်မည်မဟုတ်ပေ။

"အရင်သွားကြည့်ရအောင်" ဟု လော်ယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဤတစ်ကြိမ် မြို့ထဲသို့လာရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာဖြစ်ပြီး ၎င်းမှာ နေ့စဉ်သုံးပစ္စည်းများ ရယူရန်ဖြစ်သည်။

အမြန်လမ်းမကြီးပေါ်မှ သားရဲလှိုင်းလုံးကြီးနှင့် ကြုံတွေ့ပြီးနောက် သူတို့၏ နေ့စဉ်သုံးပစ္စည်းအားလုံး ဆုံးရှုံးသွားခဲ့သည်။ အားလုံးမှာ ကျောက်ခေတ်လူသားများနီးပါး ဖြစ်နေကြပြီဖြစ်သည်။ အိပ်ရာအိတ်မရှိ၊ သွားတိုက်ဆေးမရှိ၊ လဲလှယ်ဝတ်ဆင်ရန် အတွင်းခံပင်မရှိတော့ပေ။ စုတ်ပြဲနေသော အဝတ်စအနည်းငယ်မှာ တစ်ခုတည်းသော အရေးကြီးသည့်ပစ္စည်းဖြစ်လာပြီး အသုံးပြုရန်အတွက် ဂရုတစိုက် သိမ်းဆည်းနေရသည်။

အထူးသဖြင့် မနေ့ညက ချောင်လင်း ဓမ္မတာလာသောအခါ ထိုအဝတ်စများက အရေးကြီးပစ္စည်း ဖြစ်လာခဲ့သည်။

ဤသို့ ကျပ်တည်းသောအခြေအနေကို စကားစမိရုံမျှဖြင့် မျက်နှာပျက်သွားကြသော အမျိုးသမီးများမဆိုထားနှင့် လော်ယွမ်ပင်လျှင် သည်းမခံနိုင်တော့ပေ။

ကံကောင်းသည်မှာ အားလုံးဝတ်ဆင်ထားသော တစ်ထည်တည်းသောအဝတ်အစားမှာ ပေါင်းစပ်ပြုလုပ်ထားသောကြောင့် ပျက်စီးခြင်းမရှိသေးခြင်းပင်။ သို့မဟုတ်ပါက သူတို့အဖွဲ့မှာ လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ကိုယ်လုံးတီး ကျောက်ခေတ်လူသားများ ဖြစ်နေလောက်ပြီဖြစ်သည်။

ပေ၃၀ကျော်ခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် လော်ယွမ်က ထူထပ်သောအပင်များရှေ့သို့ ရောက်ရှိလာသည်။ သူခနလေ့လာကြည့်ရာ ဤနေရာက ဝင်ပေါက်ဖြစ်နိုင်ခြေရှိသည်။ သူက ကျန်းမာတောက်ဓားကိုဆွဲထုတ်ကာ ထူထဲသောအပင်အလွှာကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းလိုက်သည်။ ကံဆိုးသည်မှာ ဤနေရာသည် ဝင်ပေါက်မဟုတ်ဘဲ ဆွေးမြေ့ပျက်စီးနေသော နံရံတစ်ခုသာ ဖြစ်နေသည်။

သို့သော် လော်ယွမ်လည်း ဝင်ပေါက်အစစ်ကို ရှာဖွေမနေတော့ဘဲ နံရံကို ၃ပေကျော်ကျယ်သော အပေါက်ငယ်တစ်ခုဖြစ်အောင် တိုက်ရိုက်ဖောက်လိုက်သည်။ အားလုံးကို အပြင်တွင်စောင့်ဆိုင်းနေရန်နှင့် သတိထားရန် မှာကြားပြီးနောက် သူက ကိုယ်ကိုကိုင်းကာ အတွင်းသို့ ဝင်ရောက်သွားသည်။

အတွင်းသို့ဝင်ရောက်လိုက်သည်နှင့် ပြင်းထန်သော မှိုတက်နေသည့်အနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူက အသက်ကို အလျင်အမြန် အောင့်ထားလိုက်သည်။

အတွင်းပိုင်းမှာ မှောင်မည်းနေပြီး ကြမ်းပြင်ပေါ်တွင် လျှောက်လှမ်းရသည်မှာ စေးကပ်ချွဲကျိနေသည်။ မည်သည့်အရာဖြစ်သည်ကိုမသိ၊ ရွှံ့နွံထဲတွင် နင်းနေရသကဲ့သို့ ခံစားရပြီး ခြေထောက်အောက်မှ "စွပ်... စွပ်" အသံများ ထွက်ပေါ်နေသည်။ အပေါက်ဝမှ ဝင်လာသော အလင်းရောင်မှိန်မှိန်ကို အားပြုကာ လော်ယွမ်က ပတ်ဝန်းကျင်ကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။

အတွင်းထဲတွင် သန္ဓေပြောင်းသတ္တဝါများ မရှိပေ။ ကုန်ပစ္စည်းစင်များက မြေပြင်ပေါ်တွင် ဟိုဒီ လဲကျနေပြီး စင်အများစုမှာ ဟာလာဟင်းလင်းဖြစ်နေသည်။ သို့သော် အပေါ်တွင် ကျိုးတိုးကျဲတဲ ပစ္စည်းအနည်းငယ် ကျန်ရှိနေသေးပြီး မြေပြင်ပေါ်တွင် စွန့်ပစ်ထားသော ပစ္စည်းများက ပို၍များပြားသည်။

လော်ယွမ်က မြေပြင်ပေါ်တွင် လူ့အရိုးစု ဒါဇင်ပေါင်းများစွာ ပြန့်ကျဲနေသည်ကို သတိပြုမိလိုက်သည်။ ဤနေရာတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားလှသည်။

သူက အလျင်မလိုဘဲ လှေကားကိုရှာဖွေကာ ဒုတိယထပ်သို့ တက်သွားသည်။

ပထမထပ်တွင် အစားအသောက်များ ထားရှိသည်နှင့်မတူဘဲ ဒုတိယထပ်တွင် နေ့စဉ်သုံးပစ္စည်းများကို ထားရှိသည်။ နေ့စဉ်သုံးပစ္စည်းများမှာ အစားအသောက်များထက် ဆွဲဆောင်မှုနည်းပါးသည်မှာ ထင်ရှားလှရာ ဤနေရာမှ ပစ္စည်းများမှာ ပထမထပ်ထက် များစွာပိုမိုကျန်ရှိနေသည်။ သို့သော် ဤနေရာမှ အရိုးစုများမှာလည်း ပိုမိုများပြားပြီး အရေအတွက် ရာချီနီးပါး ရှိနေသည်။

လော်ယွမ်က အရိုးစုအချို့ပေါ်တွင် ကျည်ဆန်ဖောက်ဝင်သွားသော အပေါက်များကို သတိပြုမိလိုက်သည်။ သူက ခေါင်းကိုခါယမ်းလိုက်ပြီး ထိုအချိန်က မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ပုံဖော်ကြည့်နိုင်လုနီးပါး ဖြစ်နေသည်။

ကျားဖိန်မြို့က သာမန်မြို့တစ်မြို့သာဖြစ်ပြီး ဗျူဟာအရ အရေးပါမှုမှာ တုံဟူမြို့လောက်ပင် မရှိပေ။ အစိုးရ၏ အကန့်အသတ်ရှိသော လက်နက်ကိုင်အင်အားမှာ ဤသို့သောမြို့ကို ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။ သန္ဓေပြောင်းလဲမှု စတင်ပြီးမကြာမီမှာပင် ဤမြို့က ကျဆုံးခဲ့ရလောက်သည်။ ဤအချက်ကို စူပါမားကတ်တွင် ကုန်ပစ္စည်းများ ကျန်ရှိနေသေးခြင်းမှ သိရှိနိုင်သည်။

ဟယ်တုံမြို့ ကျဆုံးခါနီးအချိန်တွင် ယာယီခွဲတမ်းစနစ်ကို ကျင့်သုံးခဲ့ပြီး စူပါမားကတ်ကဲ့သို့သော ကုန်ပစ္စည်းအရောင်းအဝယ်ဈေးကွက်ကြီးများမှာ ကုန်ပစ္စည်းမရှိသောကြောင့် ပိတ်သိမ်းခဲ့ရပြီး စစ်ဘက်သုံးအလုပ်ရုံများအဖြစ် ပြောင်းလဲခဲ့သည်။ မျိုးဗီဇပြောင်းလဲမှုအစောပိုင်းကာလတွင်သာ စူပါမားကတ်များ တည်ရှိခဲ့သည်။

ဤအတွေးများမှာ စိတ်ထဲတွင် တစ်ချက်ဖြတ်ပြေးသွားပြီးနောက် သူက ဆွေးမြေ့ပျက်စီးနေသော ဈေးဝယ်လှည်းတစ်စီးကို ရှာဖွေကာ နေ့စဉ်သုံးပစ္စည်းအမြောက်အမြားကို ထိုထဲသို့ ထည့်လိုက်သည်။ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ခေါင်းလျှော်ရည်၊ အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီ… တွေ့သမျှအကုန် ကောက်ယူလိုက်သည်။ သို့သော် ထုပ်ပိုးမှုမရှိသော ပစ္စည်းအများစုမှာ ဆွေးမြေ့နေပြီး သတ္တုဘူးဖြင့်ထုပ်ပိုးထားသော ပစ္စည်းများပင်လျှင် သံချေးတက်နေပြီဖြစ်သည်။

လော်ယွမ်က ဒန်အိုးတစ်လုံးကို ရှာဖွေလိုသေးသော်လည်း ရှာဖွေမွှေနှောက်ကြည့်ရာ ကောင်းမွန်သောအိုးတစ်လုံးမျှ မတွေ့ရသောကြောင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။ ကျောက်အိုးကိုသာ ဆက်လက်အသုံးပြုရပေတော့မည်။

မကြာမီ ဈေးဝယ်လှည်းတစ်စီး အပြည့်ဖြစ်သွားရာ လော်ယွမ်က နောက်တစ်စီးကို တွန်းလာပြီး ဆက်လက်ဖြည့်တင်းပြန်သည်။

တွန်းလှည်းသုံးစီးအပြည့် ဖြည့်ပြီးမှ သူက တတိယထပ်သို့ တက်သွားသည်။ အဝတ်အထည်များနှင့် အားကစားပစ္စည်းများကို ဤနေရာတွင် ထားရှိသည်။ ချည်သားနှင့် သိုးမွှေးဖြင့်ပြုလုပ်ထားသော အဝတ်အထည်များမှာ ဆွေးမြေ့နေပြီဖြစ်သော်လည်း နိုင်လွန်နှင့် ဓာတုချည်မျှင်ဖြင့်ပြုလုပ်ထားသော အဝတ်များမှာ ကောင်းမွန်စွာ ကျန်ရှိနေသေးသည်။ လော်ယွမ်လည်း ရွေးချယ်မနေတော့ဘဲ ကောင်းမွန်သောအထည်မှန်သမျှကို ဈေးဝယ်လှည်းထဲသို့ ထိုးထည့်လိုက်သည်။ အားကစားပစ္စည်းများထားရှိသော နေရာတွင် သူက နောက်ဆုံး၌ တောတွင်းသုံးရွက်ဖျင်တဲများကို တွေ့ရှိလိုက်သည်။

ဤအရာက လော်ယွမ်ကို အလွန်အမင်း ဝမ်းသာသွားစေသည်။

အားလုံး အတူတကွ အိပ်စက်ရသည်မှာ အလွန်အဆင်မပြေလှပေ။ ကိုယ်ပိုင်နေရာမရှိသည့်အပြင် အပြင်ဘက်တွင် အကာအကွယ်မဲ့စွာ အိပ်စက်ရသည်မှာ လုံခြုံမှုမရှိပေ။ သူ့အတွက် မျက်စိဖြင့်မြင်ရန်ခက်သော ပိုးမွှားများ၏ ခြိမ်းခြောက်မှုမှာ သန္ဓေပြောင်းသားရဲကြီးများထက်ပင် ပိုမိုဆိုးရွားသည်။

အနည်းဆုံးတော့ သန္ဓေပြောင်းသားရဲများက ခန္ဓာကိုယ်ကြီးမားသောကြောင့် လှုပ်ရှားမှုအသံများ ရှိသေးသည်။ ပိုးမွှားများကဲ့သို့ ကြိုတင်ကာကွယ်ရန် ခက်ခဲလှသည်တော့ မဟုတ်ပေ။

ဓားရှည်မှ ထုတ်လွှတ်သော အငွေ့အသက်က ပိုးမွှားများ ချဉ်းကပ်လာခြင်းကို တားဆီးနိုင်သော်လည်း ဤကမ္ဘာလောကကြီးတွင် အံ့ဩဖွယ်ရာများက မကုန်နိုင်အောင်ရှိနေသည်။ ဓား၏အငွေ့အသက် က ပိုးမွှားအားလုံးကို ခြိမ်းခြောက်နိုင်သည်ဟု သူ ယုံကြည်မှုမရှိပေ။ ရွက်ဖျင်တဲကမူ ပိုးမွှားများရန်မှ ကာကွယ်ပေးနိုင်သည်။ သို့သော်လည်း ပေါင်းစပ်မှုတစ်ကြိမ် ပြုလုပ်ရန်တော့ လိုအပ်ပေလိမ့်မည်။

သို့သော် ကျန်ရှိသောရွက်ဖျင်တဲများက မများလှပေ။ လော်ယွမ် တစ်ပတ်ရှာဖွေကြည့်ရာ နှစ်လုံးသာ တွေ့ရှိခဲ့သည်။

ရွက်ဖျင်တဲနှစ်လုံးမှာ လုံလောက်ခြင်းမရှိပေ။ အထူးသဖြင့် တစ်လုံးမှာ ကလေးများအတွက်ပြုလုပ်ထားသော ရွက်ဖျင်တဲဖြစ်ပြီး ဝမ်ရှီရှီပင် အိပ်စက်နိုင်မည်မဟုတ်ရာ လုံးဝအသုံးမဝင်ချေ။

လော်ယွမ်က အပေါ်တွင် စတုတ္ထထပ် ရှိနေသေးသည်ကို သတိပြုမိသောကြောင့် တက်သွားလိုက်သည်။

စတုတ္ထထပ်၏ သံတံခါးမှာ ပိတ်ထားပြီး အပေါ်မှ မှိန်ဖျော့နေသောစာလုံးများအရ ဤနေရာမှာ ပစ္စည်းဂိုဒေါင်တစ်ခုဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။ တံခါးလက်ကိုင်မှ သော့မှာ ရိုက်ချိုးခံထားရပြီး ဝင်ပေါက်တွင် ပြုတ်ကျနေသည်။ လော်ယွမ် တွန်းကြည့်လိုက်ရာ အတွင်းမှ တစ်စုံတစ်ခုက ပိတ်ဆို့ထားဟန်ဖြင့် လုံးဝတွန်း၍မရချေ။

နည်းလမ်းဟောင်းအတိုင်းပင် လော်ယွမ်က ဓားဖြင့် တံခါးကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းလိုက်ရာ တံခါးကို သဲအိတ်ဆယ်လုံးကျော်ဖြင့် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ တွန်း၍မရသည်မှာ အံ့ဩစရာမရှိပေ။

လော်ယွမ်က စိတ်ရှည်ရှည်ဖြင့် သဲအိတ်များကို တစ်လုံးပြီးတစ်လုံး အဝေးသို့ ပစ်ထုတ်လိုက်သည်။

သူ၏ခွန်အား ၁၃ မှတ်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ပေါင်၂၂၀ခန့်လေးသော ဤသဲအိတ်များမှာ သူ၏လက်ထဲတွင် အလွန်ပေါ့ပါးနေသကဲ့သို့ရှိပြီး ပေ၃၀အကွာသို့ လွယ်ကူစွာ ပစ်လွှတ်နိုင်ကာ "ဘုန်းဘုန်း" ဟူသော အသံများ ထွက်ပေါ်နေသည်။

ထိုအချိန်တွင် အဝေးမှ ကုန်ပစ္စည်းစင်တစ်ခု ပြိုကျသံ ရုတ်တရက် ထွက်ပေါ်လာသည်။

လော်ယွမ်၏လှုပ်ရှားမှုမှာ ရပ်တန့်သွားပြီး အသံလာရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ အမှောင်ထုထဲတွင် စိမ်းလဲ့လဲ့မျက်လုံးတစ်စုံထက်မနည်း ရှိနေ၏။

ဆက်ရန်...

အပိုင်း(၁၅၅)အကူအညီတောင်းသံ

၎င်းတို့မှာ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းများ ဖြစ်ကြသည်။

ဤနေရာတွင် ပုန်းခိုနေသော အသက်ရှင်ကျန်ရစ်သူတစ်စုဖြစ်ပြီး အရေအတွက်မှာ မနည်းလှချေ။ လုံးဝမှောင်မိုက်နေသော ထောင့်ချောင်များတွင် ပုန်းအောင်းနေသူများ ပို၍ပင် ရှိသေးရာ လော်ယွမ်ပင်လျှင် ကွဲကွဲပြားပြား မမြင်နိုင်ပေ။ ဤနေရာသည် အလင်းရောင်မှိန်ဖျော့နေသောကြောင့် တံခါးဝမှ မည်သည့်အရာ ဝင်လာသည်ကို သူတို့ လုံးဝမသိနိုင်ကြချေ။

သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အသက်ရှုအောင့်ထားပြီး သတိဖြင့် စောင့်ကြည့်နေရန်သာ ဖြစ်သည်။ လော်ယွမ်က လူအတော်များများမှာ ကြောက်လွန်းသဖြင့် သွားများပင် တတောက်တောက် ရိုက်နေကြသည်ကို မြင်လိုက်ရသည်။ ထိုအသံသည် တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်တွင် "ဂတ်ဂတ်" ဟူ၍ ထွက်ပေါ်နေရာ လုံးဝမှောင်မိုက်နေလျှင်ပင် သူတို့၏ ပုန်းအောင်းမှုမှာ အချည်းနှီးသာ ဖြစ်သည်။

"ကျွန်တော်ကလူပါ... အားလုံးမလန့်ကြပါနဲ့"

လော်ယွမ်၏ အသံကြောင့် လူအုပ်ကြားမှ လှုပ်လှုပ်ရှားရှားအသံများ ထွက်ပေါ်လာသည်။ လူအများအပြားမှာ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသကဲ့သို့ သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်ကြပြီး အချို့မှာမူ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"မင်းသေချင်ရင် သွားကြည့်လေ"

"ပါးစပ်ပိတ်ထား... အသံမထွက်နဲ့"

မကြာမီမှာပင် တစ်စုံတစ်ယောက်က လေသံကိုနှိမ့်၍ ဟန့်တားလိုက်သည်။ လေသံမှာ ပြင်းထန်သော်လည်း ထူးဆန်းသည်မှာ အသံမှာမူ အနည်းငယ် တုန်ယင်နေခြင်းပင်။

ထိုစကားကို ကြားသောအခါ လူအုပ်မှာ တစ်ဖန်ပြန်လည် ဂယက်ရိုက်သွား၏။ ခြေလှမ်းအနည်းငယ် လှမ်းနှင့်ပြီးသော လူအချို့မှာ အလျင်အမြန် ပြန်ပြေးလာကြပြီး သူတို့၏ မျက်နှာများတွင် ပြောမပြတတ်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကာ တစ်ကိုယ်လုံးမှာ ပို၍ပင် တုန်ယင်လာတော့သည်။

လော်ယွမ်၏ စိတ်ထဲတွင် သံသယတစ်ချက် ဖြတ်ပြေးသွားသည်။ ကမ္ဘာပျက်ကာလတွင် တရားဥပဒေစိုးမိုးမှု ပြိုလဲသွားပြီဖြစ်ရာ သူတို့ ယခင်က လူဆိုးလူမိုက်များနှင့် ကြုံတွေ့ခဲ့ဖူးသည်ဟု သူ တွေးထင်လိုက်မိသည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် သူက အလျင်အမြန် ဆိုလိုက်သည်။ "အားလုံးမစိုးရိမ်ကြပါနဲ့... ကျွန်တော့်မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး... ဒီကိုလာတာကလည်း ပစ္စည်းအချို့ရှာချင်လို့ပါ"

လူအုပ်မှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ အသက်ရှူသံနှင့် မေးရိုက်သံများမှလွဲ၍ တစ်ယောက်မျှ စကားမပြောကြပေ။

လော်ယွမ်က ရယ်ချင်စိတ်ဖြစ်ပေါ်လာသော်လည်း ရယ်မထွက်နိုင်ခဲ့ပေ။ ဒါက ကမ္ဘာပျက်ခေတ်မှ သာမန်လူများ၏ အခြေအနေဖြစ်ပေမည်။ စိုးရိမ်ထိတ်လန့်နေခြင်းမှလွဲ၍ သူတို့လုပ်နိုင်သည်မှာ သေခြင်းတရားကို စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။ အကယ်၍သာ စနစ် သာမရှိခဲ့လျှင် သူသည်လည်း ထိုသူများထက် ဘာမှ သာလိမ့်မည်မဟုတ်ပေ။ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။ "တစ်ကယ်ကြောက်ဖို့မလိုပါဘူး... ကျွန်တော်တဲ၂လုံး၃လုံးလောက်လိုလို့... ပစ္စည်းတွေနဲ့လဲလို့ရပါတယ်"

သူတို့ ဆက်ပြီး အသံမထွက်ဘဲ ဘယ်သူမှမရှိသလို ဆက်လုပ်နေမည်ဆိုလျှင် သူ ကိုယ်တိုင်ပင် ရှာဖွေရတော့မည်။

လူအုပ်သည် ခဏမျှ ဆက်လက်တိတ်ဆိတ်နေပြီးနောက် တီးတိုးစကားပြောသံများ ထွက်ပေါ်လာသည်။ လူအချို့ တိုင်ပင်နှီးနှောပြီးနောက် မကြာမီမှာပင် အားပြင်းသော ဓာတ်မီးတစ်လက်က သူရှိရာသို့ ထိုးကြည့်လာသည်။ လော်ယွမ်၏ ခန္ဓာကိုယ်ကို အထက်အောက် သေချာစွာ အကြိမ်ကြိမ် ထိုးကြည့်နေ၏။ ပြင်းထန်စူးရှသော အလင်းရောင်ကြောင့် လော်ယွမ်သည် မျက်လုံးများကို အနည်းငယ် မှေးထားလိုက်ပြီး သူတို့ စိတ်တိုင်းကျ ကြည့်ရှုခွင့်ပေးထားလိုက်သည်။

ထိုအခါမှ လူတိုင်း သက်ပြင်းချနိုင်တော့ပြီး တင်းကြပ်နေသော အခြေအနေမှာလည်း လျင်မြန်စွာ တည်ငြိမ်သွားသည်။

ခေါင်းဆောင်ဖြစ်ဟန်တူသော လူတစ်ယောက်က လူအုပ်ထဲမှ ထွက်လာပြီး ကွဲအက်နေသော တံခါးဝကို ကြည့်လိုက်ရာ မျက်နှာမှာ မည်းမှောင်သွားသော်လည်း ဒေါသကို မျိုသိပ်ထားလိုက်သည်။ သူက သတိကြီးစွာဖြင့် မေးလိုက်သည်။ "မင်း ဘယ်ကလာတာလဲ... အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ"

မှိန်ဖျော့သော အလင်းရောင်အောက်တွင် လော်ယွမ်က သူတို့၏ အသားအရေမှာ အလွန်ဖြူဖွေးနေပြီး အချို့မှာ ဖြူလွန်းသဖြင့် အရေပြားအောက်ရှိ သွေးကြောများပင် မြင်ရလုနီးပါးဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ သူတို့ နေရောင်အောက်တွင် မနေထိုင်ခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်မှန်း ထင်ရှားသည်။ သို့သော် ဤနေရာတွင် နေ့စဉ်သုံးပစ္စည်းအမျိုးမျိုး ပြည့်စုံနေပြီး အစားအသောက်မှာလည်း အချိန်တိုအတွင်း ပေါများလုံလောက်နေသေးသဖြင့် အာဟာရချို့တဲ့နေပုံမရပေ။

"ဟယ်တုံမြို့ကပါ... ဒီနားကဖြတ်သွားရင်းနဲ့ ပစ္စည်းတစ်ချို့လာရှာတာ... ဒါပေမဲ့အပြင်မှာတော့ တစ်မြို့လုံးပျက်စီးသွားပြီ... ကျွန်တော်ဒီမြို့ထဲရောက်တော့ တစ်မြို့လုံး တောကြီးဖြစ်နေပြီ" လော်ယွမ်က ဆိုသည်။

လူအုပ်ကြားတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားသော်လည်း မည်သူမျှ ဝင်မပြောကြပေ။ ထိုလူသည် ဤနေရာတွင် သြဇာအာဏာ ကြီးမားသည်မှာ ထင်ရှားသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ထိုလူက တုန်လှုပ်သောအမူအရာဖြင့် ဆိုသည် "ဒါဆို မင်းက ဘယ်လိုလုပ်ပြီး ဒီအထိ ရောက်လာနိုင်တာလဲ"

"ကံကောင်းလို့ ရောက်လာတာပါ... လမ်းမှာ အန္တရာယ်တွေ ဆက်တိုက် ကြုံခဲ့ရပြီး သေမလိုတောင် ခဏခဏ ဖြစ်ခဲ့သေးတယ်" လော်ယွမ်က ဤလူများကို ရှင်းပြနေ၍လည်း နားလည်မည်မဟုတ်သည်ကို သိသဖြင့် ဤသို့သာ ပြောလိုက်သည်။

"မင်းကတစ်ကယ်ကံကောင်းတာပဲ... တဲတွေက ငါတို့မှာရှိတယ်... ပစ္စည်းနဲ့လဲစရာမလိုသလို... ငါတို့လည်းအသုံးမလိုဘူး... မင်းယူပြီးရင် မြန်မြန်သာသွားတော့... ငါတို့ခဏနေရင်တံခါးပြန်ပိတ်တော့မှာ" ထိုလူက အေးစက်စက်ပြောပြီး လူအချို့ကို ခေါ်ကာ ဓာတ်မီးထိုး၍ တဲများ သွားရှာခိုင်းလိုက်သည်။

"ကျွန်တော့်ကို ဓာတ်မီးနည်းနည်းပါ ပေးလို့ရမလား"

"ရတယ်... ဒါပေမဲ့ဓာတ်မီးနှစ်လက်နဲ့ဓာတ်ခဲတစ်ဘူးပဲပေးနိုင်မယ်... ငါတို့မှာလည်းသိပ်မကျန်တော့ဘူး... အဲ့တော့အရမ်းလောဘမကြီးနဲ့" ထိုလူ၏ လေသံက အေးစက်နေသော်လည်း ငြင်းဆိုခြင်းမပြုခဲ့ပေ။ လော်ယွမ် တစ်ယောက်တည်း ဟယ်တုံမြို့မှ ဒီအထိရောက်လာနိုင်သည်ကို မြင်သောကြောင့် သို့မဟုတ် လော်ယွမ်နှင့်အတူ အခြားအဖွဲ့သားများ ရှိနေဦးမည်ဟု တွေးမိသောကြောင့် ဖြစ်နိုင်သည်။

"ခင်ဗျားတို့ ဒီမှာ နေနေတာ ဘယ်လောက်ကြာပြီလဲ"

"ငါးလကျော်ပြီ... အမှန်တိုင်းပြောရရင် ဘယ်လောက်ကြာပြီလဲဆိုတာ ငါတို့ မေ့နေပြီ" ထိုလူက အေးစက်စွာ ပြန်ဖြေသည်။

"ခင်ဗျားတို့ ဒီကနေ ထွက်သွားဖို့ မစဉ်းစားကြဘူးလား" လော်ယွမ်က မေးလိုက်သည်။ ဤနေရာတွင် နေထိုင်ခြင်းမှာ သေခြင်းကို စောင့်ဆိုင်းနေသကဲ့သို့ပင် ဖြစ်သည်။ ဤနေရာမှ အစားအသောက်များသည် မကုန်ဆုံးလျှင်တောင်မှ တစ်နေ့တွင် ပုပ်သိုးသွားမည်ဖြစ်ပြီး ထိုအခါ သေလမ်းတစ်ခုတည်းသာ ရှိတော့မည်ဖြစ်သည်။

"ထွက်သွားဖို့ဟုတ်လား... မင်းလာနောက်နေတာလား" ထိုလူက လှောင်ရယ်လိုက်သည် "ငါလည်း မင်းကို ကျားဖိန်မြို့ကနေ အမြန်ထွက်သွားဖို့ အကြံပေးချင်တယ်... မဟုတ်ရင် ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး"

သူ၏ စကားထဲတွင် တစ်စုံတစ်ရာ ပါဝင်နေသည်ကို လော်ယွမ် သတိပြုလိုက်ရပြီး စောစောက လူတိုင်း၏ ထူးဆန်းသော တုံ့ပြန်မှုကို ပြန်စဉ်းစားမိကာ စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ဒီမှာတခုခုဖြစ်ခဲ့လို့လား"

လူတိုင်း၏ မျက်နှာများ ရုတ်ချည်း ပျက်ယွင်းသွားကြသည်။

ထိုလူ၏ မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီး ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အသံအက်ကွဲကွဲဖြင့် ဆိုသည် "ဆက်မမေးနဲ့တော့... မင်းလည်းသိချင်မှာမဟုတ်ဘူး... ငါ့စကားနားထောင်မထောင်က မင်းသဘောပဲ"

လော်ယွမ် ဒေါသမထွက်သည့်အပြင် ပို၍ပင် သိချင်စိတ် ဖြစ်ပေါ်လာသည်။ မည်သည့်အရာက သူတို့ကို ဤမျှလောက် ကြောက်လန့်စေ၍ စကားထဲပင် ထည့်မပြောဝံ့သည်အထိ ဖြစ်စေခဲ့သနည်း။

ကုန်လှောင်ရုံထဲတွင် ပစ္စည်းများ နေရာအနှံ့ ရှိနေသည်။ မကြာမီမှာပင် တစ်စုံတစ်ယောက်က တဲများထားရှိရာ နေရာကို ရှာတွေ့သွားပြီး တဲငါးလုံး၊ ခြောက်လုံးကို ယူဆောင်လာကာ လော်ယွမ်၏ ရှေ့တွင် အလှမ်းကွာ၍ ချထားပေးလိုက်သည်။

"ပစ္စည်းတွေယူပြီးရင် အမြန်ထွက်သွားတော့"

ထိုလူက စကားဆုံးသည်နှင့် လူအုပ်ကိုခေါ်၍ အဝေးသို့ နောက်ဆုတ်သွားပြီး မကြာမီမှာပင် အမှောင်ထုထဲသို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။

လော်ယွမ်သည် နားမလည်နိုင်ဖြစ်ကာ မျက်မှောင်ကို အနည်းငယ်ကြုတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။ သူက အကောင်းပကတိဖြစ်သော တဲလေးလုံးကို ရွေးချယ်ပြီးနောက် လေးလွှာ ကုန်လှောင်ရုံမှ ထွက်ခွာလာခဲ့သည်။

ဤလူများ၏ သတိပေးစကားကို သူ ဂရုမစိုက်ခဲ့ပေ။ လမ်းတစ်လျှောက်လုံး သူက ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်သန်းလာခဲ့သည်ဖြစ်ရာ မည်သည့် သန္ဓေပြောင်းသတ္တဝါမျိုးကို သူမမြင်ဖူးဘဲ ရှိမည်နည်း။ သူ၏ လက်ရှိအစွမ်းအစဖြင့် အပြာရင့်ရောင်အဆင့် သတ္တဝါကို မဆိုထားနှင့် အစိမ်းနုရောင်အဆင့်နှင့်ပင် တိုက်ခိုက်နိုင်စွမ်း ရှိချေသည်။

သာမန်လူများအတွက် အလွန်အန္တရာယ်များသော သတ္တဝါများက သူ၏အတွက်မူ ထိုမျှသာ ဖြစ်သည်။

သို့သော် ဤသို့ဆိုလျှင်တောင် သူ၏ ရင်ထဲတွင် မတင်မကျသော စိုးရိမ်ပူပန်မှုတစ်ခု ရှိနေပြီး မည်သို့မျှ ဖယ်ဖျောက်၍မရပေ။

ကျားဖိန်မြို့သည် အလွန်အမင်း တိတ်ဆိတ်နေသည်။ တိတ်ဆိတ်လွန်းသဖြင့် ပုံမှန်မဟုတ်တော့ပေ။ သက်ရှိများအားလုံး အိပ်စက်နေကြသကဲ့သို့ပင်။ လမ်းတစ်လျှောက်လုံးတွင် သူ အနည်းငယ် အဆင့်မြင့်သော သတ္တဝါတစ်ကောင်ကိုမျှ မတွေ့ခဲ့ရသည့်အပြင် အရှိန်အဝါအငွေ့အသက်လေးပင် မခံစားခဲ့ရပေ။ လုံးဝကျဆုံးသွားသော ဒေသတစ်ခုအတွက် ဤအခြေအနေမှာ လုံးဝကို ပုံမှန်မဟုတ်ပေ။

သို့သော် သူတို့၏ ရည်ရွယ်ချက်မှာ အခြေခံအားဖြင့် ပြီးမြောက်သွားပြီဖြစ်၍ ဤမြို့မှ မကြာမီ ထွက်ခွာနိုင်တော့မည်ဖြစ်ရာ မည်မျှပင် အန္တရာယ်များစေကာမူ သူတို့ကို သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။

လော်ယွမ်က ပစ္စည်းများကို သယ်ဆောင်ပြီး အပင်များဖြင့် ဝန်းရံထားသော ကုန်တိုက်အဆောက်အအုံမှ ထွက်လာသည်။ သူ ပြန်လာသည်ကို မြင်သောအခါ အားလုံးက တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြပြီး အမျိုးသမီးအချို့မှာ လော်ယွမ် ယူဆောင်လာသော ပစ္စည်းများကို စိတ်လှုပ်ရှားစွာ ဖွင့်ဖောက်စစ်ဆေးနေကြသည်။

လော်ယွမ်က မိမိဖျက်ဆီးခဲ့သော အပေါက်ကို ကြည့်လိုက်ရာ စိတ်ထဲတွင် အနည်းငယ် အားနာစိတ် ဖြစ်ပေါ်လာသည်။ ကုန်တိုက်အပြင်ဘက်ရှိ အပင်များသည် တစ်နည်းအားဖြင့် အတွင်းမှ အသက်ရှင်ကျန်ရစ်သူများကို ကာကွယ်ပေးထားသည်။ ယခု အပေါက်ကြီးတစ်ခု ဖြစ်သွားသောအခါ ထိုကာကွယ်မှုမှာ ပျောက်ဆုံးသွားပြီဖြစ်၍ တတ်နိုင်သမျှ ပြန်လည်ပြုပြင်ပေးရပေမည်။

သူက အဝေးတွင်ရှိနေသော ချန်ရှင်းဖုံကို လှည့်၍ ပြောလိုက်သည် "ဒီထဲမှာ အသက်ရှင်တဲ့သူတွေ ရှိသေးတယ်... မင်းကျောက်တုံးကြီးတွေ သွားသယ်ပြီး အပေါက်ကို ပြန်ပိတ်ပေးလိုက်"

"ဒီမှာ လူတွေ ရှိနေသေးတာလား" ကျိုးယလီက အံ့ဩစွာ ဆိုသည် "သူတို့ ကျွန်မတို့နဲ့ အတူမလိုက်ချင်ဘူးလား"

"သူတို့အတွက်ကတော့ အပြင်ထွက်လာရင် အန္တရာယ်ပိုများမှာပေါ့" ဟော်တုံက ခပ်ပြတ်ပြတ် ဆိုသည် "ဒီအတိုင်း ပုန်းအောင်းနေပြီး အသက်၁ရက်ပိုရှင်ရင် အမြတ်ပဲလို့ တွေးရင်တွေးနေကြမှာ"

လော်ယွမ်၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားသည်။ ကမ္ဘာပျက်ကာလ ကျရောက်လာသောအခါ ဤမြို့၏ အရှင်သခင်ဖြစ်သော လူသားများသည် ယခုအခါ ရေမြောင်းထဲမှ ကြွက်များကဲ့သို့ ခက်ခက်ခဲခဲ အသက်ဆက်နေကြရသည်။ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပုံရသော ဤမြို့ထဲတွင် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများမှာ တစ်သောင်းအောက် မနည်းနိုင်ပေ။

လော်ယွမ်၏ အမိန့်ကို ချန်ရှင်းဖုံက ခေါင်းညိတ်ပြပြီး တိတ်ဆိတ်စွာပင် အနီးအနားသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

ဤနေရာတွင် ပြိုကျနေသော အဆောက်အအုံများ နေရာအနှံ့ရှိနေရာ ကျောက်တုံးကြီးများ ရှားပါးသော်လည်း ကွန်ကရစ်တုံးများမှာမူ လုံးဝမရှားပါးချေ။

မကြာမီမှာပင် သူက အချင်း ၃ပေကျော်၊ အလေးချိန် တန်ငါးတန်၊ ခြောက်တန်ခန့်ရှိသော ကွန်ကရစ်တုံးကြီးတစ်တုံးကို သယ်ဆောင်ကာ လေးလံသော ခြေလှမ်းများဖြင့် ပြန်ရောက်လာသည်။ ဤသို့သော ခွန်အားမျိုးကို လော်ယွမ်ပင်လျှင် လိုက်မီနိုင်မည်မဟုတ်ပေ။ သန္ဓေပြောင်းပြီးနောက် ချန်ရှင်းဖုံ၏ ခွန်အားက မည်သည့်အဆင့်အထိ ကြီးမားလာသည်ကို မည်သူသိနိုင်မည်နည်း။

ကွန်ကရစ်တုံးကြီးကို အရှိန်ဖြင့် ချလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး အပေါက်ဝကို ပိတ်ဆို့သွားသည်။ ထို့နောက် သူက ဘေးတွင် မတ်တပ်ရပ်နေလိုက်တော့သည်။

လော်ယွမ်က နွယ်ပင်များကို အသုံးပြု၍ ဖုံးကွယ်လိုက်ပြီးနောက် လက်ကို ခါလိုက်ကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ အသေအချာ မကြည့်လျှင် ဤနေရာတွင် အပေါက်တစ်ခု ရှိနေမှန်း မသိနိုင်တော့ပေ။ ရက်အနည်းငယ်ကြာလျှင် အပင်များက ဤနေရာကို ပြန်လည်ဖုံးလွှမ်းသွားပြီး အရာအားလုံး မူလအတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။

တစ်ဖက်တွင်လည်း ဟွမ်ကျားဟွေတို့အဖွဲ့သည် ပစ္စည်းအားလုံးကို အပုံငယ်များအဖြစ် သတိဖြင့် ခွဲဝေကာ တောင်တက်ကျောပိုးအိတ်များထဲသို့ ထည့်သွင်း၍ ကျောပေါ်တွင် လွယ်ထားလိုက်ကြသည်။

ယခင်တစ်ကြိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည့် သင်ခန်းစာက သူတို့အား "ဥအားလုံးကို တောင်းတစ်လုံးထဲသို့ အတူမထည့်ရ"ဟူသော နိယာမတစ်ခုကို နားလည်စေခဲ့သည်။ တစ်စုတစည်းထဲ ထည့်ခြင်းက အလုပ်ရှုပ်သက်သာခဲ့သော်လည်း ပြဿနာဖြစ်၍ ဆုံးရှုံးလိုက်ရသောအခါ တစ်ဖွဲ့လုံး ဒုက္ခရောက်ရတော့သည်။

"ကယ်ကြပါဦး... ကယ်ကြပါဦး"

ထိုအချိန်တွင် လော်ယွမ်ရုတ်တရက် ကြောင်သွားသည်။ သူက အာရုံစိုက်နားထောင်လိုက်ရာ အဝေးမှ အကူအညီတောင်းသံကို ခပ်တိုးတိုး ကြားလိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက လော်ယွမ်၏ အမူအရာ မမှန်သည်ကို သတိပြုမိပြီး သံသယဖြင့် မေးလိုက်သည်။

"တစ်ယောက်ယောက် အကူအညီတောင်းနေတဲ့အသံကို ကြားနေရတယ်... ဒီနားတဝိုက်မှာပဲဖြစ်မယ်" လော်ယွမ်က မရေမရာ ဆိုသည် "မင်းတို့ရော ကြားမိကြလား"

လူတိုင်းက ဇဝေဇဝါဖြင့် ခေါင်းခါပြကြသည်။ ချန်ရှင်းဖုံတစ်ယောက်သာ အမူအရာ အနည်းငယ် မသေမချာဖြစ်နေ၏။

"ငါတို့သွားကြည့်ရအောင်" လော်ယွမ်က ဆိုသည်။

အားလုံးက မိမိတို့၏ ပစ္စည်းများကို ယူဆောင်ကာ အသံလာရာဘက်သို့ လျှောက်သွားကြသည်။

လမ်းထောင့်ကို ကွေ့လိုက်သည်နှင့် အကူအညီတောင်းသံသည် ရုတ်တရက် ကြည်လင်ပြတ်သားလာပြီး ဤတစ်ကြိမ်တွင်မူ အခြားသူများပါ ကြားလိုက်ရတော့သည်။

အကူအညီတောင်းနေသူက အမျိုးသမီးတစ်ဦးဖြစ်သည်မှာ ထင်ရှားပြီး အသံမှာ အလွန်စူးရှကာ ထိုးဖောက်နိုင်စွမ်း အလွန်အားကောင်းသည်။

ခဏမျှ ဆက်လျှောက်သွားပြီးနောက်…

"ခဏနေဦး" ချောင်လင်က ရုတ်တရက် မျက်နှာပျက်ယွင်းသွားပြီး ဆိုသည် "သူ အော်နေတာ ဘယ်လောက်ကြာပြီလဲ"

"ငါတို့လျှောက်လာတာ ၁မိနစ်ကျော်ပြီ" လင်းရှောင်ကျီက ခန့်မှန်းကြည့်ပြီးနောက် သူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

လော်ယွမ်လည်း သတိပြုမိသွားသည်။ ဤအကူအညီတောင်းသံက အနည်းငယ် ထူးဆန်းနေ၏။ သာမန်လူတစ်ယောက် အကူအညီတောင်းလျှင် မည်ကဲ့သို့ အဆက်မပြတ် အော်ဟစ်နိုင်မည်နည်း။ ထို့ပြင် အသံမှာလည်း အားမာန်အပြည့်နှင့် ဖြစ်နေသေးသည်။ ကမ္ဘာပျက်ကာလ၏ အန္တရာယ်များသော ပတ်ဝန်းကျင်တွင် ဤသို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ခြင်းက သန္ဓေပြောင်းသတ္တဝါကာများကို ပိုမိုဆွဲဆောင်ပြီး မြန်မြန်သေဆုံးနိုင်သည်မှလွဲ၍ အခြားမည်သည့် အကျိုးသက်ရောက်မှုမှ မရှိပေ။ သို့သော် ယခုအချိန်အထိ ထိုအမျိုးသမီးက အသက်ရှင်နေဆဲဖြစ်ပြီး အော်ဟစ်ရန် အင်အားပင် ရှိနေသေးသည်။

ထို့ပြင် အသေအချာ နားထောင်ကြည့်လျှင် ဤအကူအညီတောင်းသံက အလွန်အမင်း စက်ရုပ်ဆန်နေပြီး အကြိမ်တိုင်းမှာ အသံသွင်းထားသည်ကို ထပ်ခါထပ်ခါ ပြန်ဖွင့်နေသကဲ့သို့ပင်။ အသံအနိမ့်အမြင့် ပြောင်းလဲမှု တစ်စုံတစ်ရာမရှိသည့်အပြင် သာမန်လူတစ်ယောက် အန္တရာယ်နှင့် ကြုံတွေ့သည့်အခါ ဖြစ်ပေါ်တတ်သော ကြောက်ရွံ့မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု စသည့် ခံစားချက်များလည်း တစ်စိုးတစ်စိမျှ မပါဝင်ပေ။

သူတို့အားလုံး ကြောရိုးထဲထိ စိမ့်သွားကြပြီး လော်ယွမ်ပင်လျှင် စိတ်ထဲတွင် အနည်းငယ် ကြက်သီးထသွားသည်။

ဝမ်ရှီရှီက မသိစိတ်ဖြင့် လော်ယွမ်၏ အင်္ကျီစကို ဆွဲထားလိုက်သည်။ သူမက ဤသို့သော အရာများကို အကြောက်ဆုံးဖြစ်ပြီး သူမ၏ စွမ်းအား မည်မျှပင် ကြီးမားစေကာမူ စိတ်ထဲမှ တစ္ဆေသရဲများအပေါ် ကြောက်ရွံ့မှုကို မတားဆီးနိုင်ပေ။

စိတ်ပညာရှုထောင့်မှ ပြောရလျှင် ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်သည် စိတ်ကူးယဉ်ဖန်တီးထားသော တစ္ဆေသရဲများလောက် ကြောက်စရာမကောင်းလှပေ။ လက်တွေ့မျက်မြင်ရှိသော သတ္တဝါများကို သုတ်သင်ရှင်းလင်းနိုင်သော်လည်း နာနာဘာဝကဲ့သို့သော အရာများမှ ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုကိုမူ မည်သည့်အခါမျှ အောင်နိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မသိနားမလည်သော အရာကို ပို၍ကြောက်တတ်သော သဘာဝကြောင့်ဖြစ်သည်။

"ကျွန်မတို့ပြန်လှည့်ကြရင်ကောင်းမလား" ချောင်လင်က သတိဖြင့် မေးလိုက်သည်။ သူမ၏ စိတ်ထဲတွင် နောက်ပြန်ဆုတ်ချင်စိတ် ဖြစ်ပေါ်နေပြီ။

"ငါအရင်သွားကြည့်လိုက်ဦးမယ်... ဘယ်လိုအရာက အခုလိုလူသံတုပနိုင်လဲဆိုတာ ငါတစ်ကယ်သိချင်တယ်" လော်ယွမ်၏ မျက်နှာက အေးစက်တင်းမာနေသည်။ သူတို့ကို ဤနေရာအထိ ဆွဲဆောင်ခဲ့ပြီးမှတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်ရမည်ဟု စိတ်ထဲမှတွေးလိုက်သည်။

"အဲ့တာ... သရဲမတော့ မဟုတ်ပါဘူးနော်" ပိုပိုပြီး ကြည်လင်လာသော အကူအညီတောင်းသံကို နားထောင်ရင်း ထိုအရာသည်လည်း သူတို့ရှိရာသို့ လျှောက်လာနေသည်ကို သိသောအခါ ဟော်တုံက မျက်စိမျက်နှာပျက်ဖြင့် နောက်ပြောင်လိုက်သည်။

"ဦးလေးဘာလို့ပေါက်ကရတွေ လျှောက်ပြောနေတာလဲ" ဝမ်ရှီရှီက သူ့ကို မျက်စောင်းထိုးရင်း မကျေမနပ်ဖြင့် ဆိုသည်။

"ဒီလောကမှာ တစ္ဆေသရဲတွေ များများစားစား မရှိလောက်ပါဘူး... ဒါကသန္ဓေပြောင်းသတ္တဝါပဲ ဖြစ်မှာပါ" လော်ယွမ်က ခပ်ပြတ်ပြတ် ဆိုလိုက်သည်။

တစ်နည်းအားဖြင့် လော်ယွမ်သည် လူတိုင်း၏ စိတ်ထဲမှ အားကိုးရာဖြစ်သည်။ သူ၏ တည်ငြိမ်နေသော မျက်နှာကို မြင်သောအခါ လူတိုင်း၏ စိတ်ထဲတွင် သတ္တိများ အလိုလို တိုးပွားလာသကဲ့သို့ ခံစားလိုက်ရသည်။ အားလုံးက ကြောက်လန့်နေသေးသော်လည်း မျက်နှာအရောင်မှာမူ များစွာ ကောင်းမွန်လာခဲ့ပြီ။

ဆက်ရန်...

အပိုင်း(၁၅၆)ထူးဆန်းသောအမျိုးသမီး

တိတ်ဆိတ်ပြီးလူသူကင်းမဲ့နေသော လမ်းမထက်တွင် ထူးဆန်းသော အကူအညီတောင်းသံက ဝိညာဉ်လောကမှ လာသည့်အလား လေးနက်၍ သေခြင်းတရား၏ အငွေ့အသက်များ ပါဝင်နေပြီး ကြားရသူတိုင်းကို ကျောချမ်းစေ၏။

ဤသည်မှာ အန္တရာယ်နှင့် ကြုံတွေ့နေသူတစ်ဦး၏ အကူအညီတောင်းသံ မဟုတ်သည်မှာ သေချာလှသည်။

အသံက တဖြည်းဖြည်း နီးကပ်လာပြီး လမ်းထောင့်ကို ချိုးကွေ့လိုက်သောအခါ၌မူ ရေညှိများ ဖုံးလွှမ်းနေသော လမ်းမအလယ်တွင် အမျိုးသမီးတစ်ဦး တကိုယ်တည်း ရပ်နေသည်ကို အားလုံး ထိတ်လန့်စွာ တွေ့လိုက်ရသည်။

အမျိုးသမီး… သို့မဟုတ် "၎င်း" က လမ်းမအလယ်တွင် တင့်တယ်စွာ ရပ်နေ၏။ တစ်ကိုယ်လုံး၌ အဝတ်အစား တစ်စုံတစ်ရာမျှ မရှိဘဲ ဖြူဖွေးနူးညံ့သော အသားအရေ၊ အချိုးအဆက်ကျနသော ခန္ဓာကိုယ်နှင့် ဖြောင့်စင်းသွယ်လျသော ပေါင်တံများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူမ၏ ဆံပင်မှာ အလွန်ရှည်လျားပြီး ကမ္ဘာပျက်ကပ်ကာလ၏ ပတ်ဝန်းကျင်နှင့် လားလားမှ မအပ်စပ်စွာပင် နက်မှောင်ချောမွေ့ကာ ပြည့်ဖြိုးသော တင်ပါးအထိ ဖြောင့်စင်းစွာ ဖားလျားကျနေသည်။

အကယ်၍ သူမ၏ လက်ကိုသာ မကြည့်မိပါက ဤသည်မှာ သွေးသားဆူပွက်စေလောက်အောင် လှပသော သက်ရှိအမျိုးသမီးတစ်ဦး အမှန်ပင် ဖြစ်ပေလိမ့်မည်။

ပေ၉၀ ပင်မပြည့်သော အကွာအဝေးကြောင့် အားလုံးသည် သူမ၏ လက်ချောင်းများပေါ်မှ လက်သည်းများမှာ ပုံမှန်မဟုတ်ဘဲ ၂လက်မ၊ ၃လက်မခန့် ရှည်လျားနေသည်ကို ရှင်းလင်းစွာ မြင်နေရသည်။ သာမန်လူတစ်ဦး၏ လက်သည်းသည် တစ်စင်တီမီတာထက် ကျော်လွန်သွားပါက ကွေးကောက်သွားလေ့ရှိသော်လည်း သူမ၏ လက်သည်းများမှာမူ ဓားမြှောင်များကဲ့သို့ ထူးဆန်းစွာ ဖြောင့်တန်းထက်မြက်နေ၏။

လူများ ချဉ်းကပ်လာသည်ကို သူမ ခံစားမိလိုက်သောကြောင့်လားမသိ၊ သူမ၏ အသံက ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို အနည်းငယ်စောင်းကာ သူတို့ဘက်သို့ ရုတ်တရက် လှည့်လာသည်။

သူမ၏ မျက်နှာပေါ်၌ ထူးဆန်း၍ အသက်မဲ့နေသော အပြုံးတစ်ခု ချိတ်ဆွဲထားပြီး မျက်လုံးများက ရှေ့ကိုစူးစိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းထဲ၌ မည်သည့်စိတ်ခံစားမှုမှ မရှိဘဲ ရုပ်သေးရုပ်တစ်ရုပ်နှင့် တူလှသည်။

ဤသို့ ပုံမှန်မဟုတ်သော မြင်ကွင်းကြောင့် သူတို့အားလုံး ကြောချမ်းသွားကြသည်။ ကျိုးယလီသည် မူလကတည်းက သတ္တိနည်းသူဖြစ်ရာ ကြောက်လန့်မှုကြောင့် မျက်နှာမှ သွေးမရှိတော့ပဲ ခန္ဓာကိုယ် ယိမ်းထိုးကာ မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားသည်။

ဟွမ်ကျားဟွေကလည်း လက်ထဲမှ ပစ္စတိုကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလိုက်သည်။

ဧရာမဖွတ်ကြီးမှာမူ အလွန်တည်ငြိမ်စွာဖြင့် မလှုပ်မယှက် ရှိနေသည်။ ဤသို့သော အဆင့်အတန်းမျိုးကို ၎င်းက မျက်စိထဲပင် ထည့်ထားပုံမရ။

ထိုဆံပင်ဖားလျားနှင့်အမျိုးသမီးက အတန်ကြာအောင် စိုက်ကြည့်နေသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မပြုဘဲ တစ်စုံတစ်ခုကို ဆုံးဖြတ်နေသည့်အလား ရှိနေပြီး မျက်နှာပေါ်မှ ထူးဆန်းသော အပြုံးမှာလည်း ပျောက်ကွယ်မသွားခဲ့ချေ။

စက္ကန့်အနည်းငယ်မျှ ဒီတိုင်းရှိနေကြပြီးနောက် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူမက ရုတ်တရက် ခေါင်းမော့ကာ ပါးစပ်ကို ဟ၍ အားရပါးရ အော်ဟစ်လိုက်သော်လည်း အသံတစ်စိုးတစ်စိမျှ ထွက်မလာခဲ့ချေ။ အစပိုင်းတွင် လော်ယွမ်က အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်းဟု ထင်မှတ်ခဲ့သော်လည်း အားလုံးမှာ ရင်ထဲတွင် အောင့်သက်သက်ဖြစ်သွားခြင်းမှလွဲ၍ အခြားမည်သည့် ထူးခြားမှုမှ မခံစားရချေ။

လော်ယွမ်က တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း မရေမရာ ခံစားလိုက်ရပြီး အန္တရာယ်တစ်ခု ချဉ်းကပ်လာနေသည်ဟု သူအာရုံရလိုက်သည်။

သူက မိမိ၏ အတွင်းစိတ်အာရုံကို ယုံကြည်ပြီး ချက်ချင်း ဆုံးဖြတ်ကာ ဟွမ်ကျားဟွေကို လှမ်းအော်လိုက်သည်။

"ပစ်"

ဟွမ်ကျားဟွေသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မဆိုင်းမတွပင် ခလုတ်ကို ဆွဲညှစ်လိုက်သည်။ ဤမျှလောက် အကွာအဝေးသည် ကျွမ်းကျင်သော သေနတ်သမားတစ်ဦးအတွက် လွဲချော်ရန် မဖြစ်နိုင်သလောက်ပင်။ ကျည်ဆန်သည် သူမ၏ ဦးခေါင်းကို ချက်ချင်း ထွင်းဖောက်သွားပြီး သွေးပေါက်တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အားလုံးက အသက်ရှူမှားသွားကြသည်။

မည်သည့်သတ္တဝါပင်ဖြစ်စေ၊ ကျောရိုးရှိသတ္တဝါမှန်သမျှအတွက် ဦးခေါင်းက အရေးပါသောအရာဖြစ်ပြီး ပျက်စီးသွားပါက အသက်ရှင်ရန် မဖြစ်နိုင်သလောက်ပင်။ သို့သော် ထိုအမျိုးသမီးမှာမူ ဘာမှမဖြစ်သကဲ့သို့ တိတ်ဆိတ်စွာ အော်ဟစ်နေဆဲပင် ဖြစ်သည်။ ဟွမ်ကျားဟွေ၏ မျက်နှာဖြူဖျော့သွားပြီး ခလုတ်ကို အဆက်မပြတ် ဆွဲညှစ်လိုက်သည်။

ယခုအခါ "၎င်း"၏ ဦးခေါင်းမှာ ဆန်ခါပေါက်ကဲ့သို့ ဖြစ်နေလေပြီ။ တစ်ခါတစ်ရံ ကျည်ဆန်၏ ထိုးဖောက်နိုင်စွမ်းအား အလွန်ကောင်းခြင်းက ကောင်းသောလက္ခဏာ မဟုတ်ချေ။ သာမန် ဂျောက်ဂျက်ကျည်ဆန်တစ်တောင့်ဖြင့် "၎င်း"၏ ဦးခေါင်းကို တစ်စစီ ကြေမွသွားအောင် ပစ်ခွဲနိုင်သော်လည်း၊ ပေါင်းစပ်ကျည်ဆန်များမှာမူ တစ်ဖက်မှတစ်ဖက်သို့ ထွင်းဖောက်သွားသော အပေါက်များကိုသာ ချန်ထားနိုင်ခဲ့သည်။ ဟွမ်ကျားဟွေ ကျည်ကုန်သည်အထိ ပစ်ခတ်သော်လည်း သူမ၏ ဦးခေါင်းမှာ ပုခုံးပေါ်၌ တည်မြဲနေဆဲဖြစ်ပြီး အပေါက်ငယ်အချို့သာ တိုးလာခဲ့သည်။

ဦးနှောက်နှင့် သွေးများ ရောနှောကာ အပေါက်ငယ်များမှ တဖြည်းဖြည်း စီးကျလာသည်။ ဤတစ်ကြိမ်၌မူ "၎င်း"က ဆက်လက်မခံနိုင်တော့ဘဲ အရက်မူးနေသူကဲ့သို့ ယိမ်းထိုးကာ တစ်နေရာတည်း၌ ချာချာလည်နေပြီး ပါးစပ်ကို ဟလိုက် ပိတ်လိုက်ဖြင့် အသံမဲ့လှိုင်းများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

ထို့နောက် သူမက မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားပြီး ခြေလက်များမှာ အဆက်မပြတ် ရုန်းကန်လျက်၊ ထလိုက်၊ လဲလိုက် ဖြစ်နေတော့သည်။

ဤသို့ အသက်ပြင်းလှသည်ကို မြင်ရသောအခါ အားလုံး တုန်လှုပ်သွားကြသည်။

ထိုအခိုက်တွင် ဧရာမဖွတ်ကြီးက ရုတ်တရက် နှာမှုတ်လိုက်ပြီး ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။

လော်ယွမ်သည် ဧရာမဖွတ်ကြီး၏ မတည်ငြိမ်မှုကို သတိပြုမိလိုက်ပြီး သူ၏ ခန့်မှန်းချက်နှင့် ပေါင်းစပ်ကာ အလျင်အမြန် ဆိုလိုက်သည်။

"တစ်ခုခုမှားနေပြီ... ငါတို့ဒီက အမြန်သွားမှဖြစ်မယ်"

"ဘာဖြစ်လို့လဲ" ဟု ဝမ်ရှီရှီက နားမလည်စွာဖြင့် စပ်စု၍ မေးလိုက်သည်။

"ဒီနေရာက အန္တရာယ်ရှိတယ်... အားလုံးပစ္စည်းတွေ သေချာသယ်ကြ... လမ်းကျမှ ဆက်ပြောမယ်"

ဧရာမဖွတ်ကြီးသည် ပို၍ ဂနာမငြိမ် ဖြစ်လာပြီး ခြေလေးချောင်းမှာ နေရာမရစွာ လှုပ်ရှားနေသည်။ ယခုအခါ၌မူ အသိဉာဏ်အနည်းဆုံးသူပင်လျှင် အန္တရာယ် နီးကပ်လာနေသည်ကို ခံစားမိပေလိမ့်မည်။

လော်ယွမ်က ဧရာမဖွတ်ကြီးကို ဝပ်ချရန် အသားကုန် အော်ဟစ်သော်လည်း စိတ်လှုပ်ရှားနေသော ဧရာမဖွတ်ကြီးမှာမူ မကြားဟန်ဆောင်ကာ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိချေ။ ၎င်း၏ တစ်ကိုယ်လုံးရှိ အကြေးခွံများမှာ လွှသွားများကဲ့သို့ ထောင်ထလာပြီး ဧရာမအမြီးရှည်ကြီးမှာ လေထဲ၌ အဆက်မပြတ် ရမ်းခါနေသည်။ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များမှာ အရေးအကြောင်းထနေသော နှုတ်ခမ်းများအကြားမှ အနည်းငယ် ပေါ်ထွက်နေပြီး ပါးစပ်မှ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံများ ထွက်ပေါ်နေသည်။

အဖွဲ့နှင့် အမြဲတစေ ခပ်ခွာခွာနေလေ့ရှိသော မိဝါသည်လည်း ယခုအခါ၌ အပြေးလွှားချဉ်းကပ်လာသည်။ သူ၏ အနီရောင်အမွေးများမှ ဖောက်ထွင်းမြင်နိုင်လုနီးပါးရှိသော အနီရောင်မီးလျှံဖျော့ဖျော့များ ထွက်ပေါ်နေပြီး လမ်းမပေါ်မှ ရေညှိများမှာ သူ၏ ခြေဖဝါးအောက်၌ မီးခိုးတလူလူထနေသော မည်းနက်သည့် အကွက်များအဖြစ် ကျန်ရစ်ခဲ့သည်။ သူသည် ဧရာမဖွတ်ကြီးနှင့် ပေ၃၀၀ကျော်အကွာ၌ ရပ်တန့်လိုက်ပြီး ဧရာမဖွတ်ကြီးကို သတိဖြင့် အကဲခတ်ကြည့်ပြီးနောက် ကျိုးယလီကို တစ်ချက်ကြည့်ကာ အဝေးသို့ လှည့်၍ အာရုံစိုက်ကြည့်နေသည်။

မိဝါ၏ ထူးဆန်းသော ပုံစံကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်ရန် ပြင်နေသော ကျိုးယလီပင်လျှင် ပါးစပ်ပိတ်လိုက်ပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။

ဤသည်မှာ တိုက်ပွဲဝင်ရန် အသင့်ပြင်နေသော ဧရာမ သားရဲကြီးနှစ်ကောင်ဖြစ်ပြီး သူတို့၏ ရန်သူက တစ်ကောင်တည်း မဟုတ်သည်မှာ ထင်ရှားလှသည်။

တင်းကျပ်သော လေထုက အဖွဲ့အတွင်း ပျံ့နှံ့လာပြီး လူတိုင်း၏ ရင်ထဲ၌ ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ လေးလံနေသည်။ မည်သူမျှ စကားမပြောတော့ဘဲ လော်ယွမ်ပင်လျှင် ကြီးမားသော ဖိအားကို ခံစားနေရသည်။

အဝေးမှ တိုးလျှိုသော အသံများ တဖြည်းဖြည်း ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုအသံများက ကောင်းကင်ယံ၌ မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်ကာ ပင်လယ်ဒီရေလှိုင်းများကဲ့သို့ တလိမ့်လိမ့် တိုးဝင်လာပြီး သတ္တဝါပေါင်းများစွာသည် အရပ်လေးမျက်နှာမှ ဤနေရာသို့ ပြေးလွှားလာနေကြသည့်အလား ရှိနေသည်။

ဒင်... Dအဆင့်မစ်ရှင် - အန္တရာယ်မှလွတ်အောင်ပြေးရန်

မစ်ရှင်လိုအပ်ချက် - အနည်းဆုံးလူလေးဦးလွတ်မြောက်ရမည်

ထိုအချိန်၌ စနစ်၏သတိပေးချက်က သူ၏ ဦးနှောက်ထဲ၌ ရုတ်တရက် ပေါ်လာရာ လော်ယွမ်၏ မျက်နှာက နောက်ဆုံးတွင် သိသိသာသာ ပျက်ယွင်းသွားပြီး ရင်ထဲမှ အေးစက်မှုတစ်ခုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

သူက D အဆင့် မစ်ရှင်ကြောင့် ထိတ်လန့်နေခြင်း မဟုတ်ချေ။ အကယ်၍သာ သာမန်မစ်ရှင်တစ်ခုဆိုလျှင် သူက စိုးရိမ်မိနိုင်သော်လည်း ဤမျှလောက်တော့ ပူပမ်မည်မဟုတ်ပေ။ သူ၏ လက်ရှိစွမ်းအားဖြင့် D အဆင့် မစ်ရှင်ကို မပြီးမြောက်နိုင်စရာ အကြောင်းမရှိချေ။

သူ့ကို ထိတ်လန့်စေသည်မှာ အသက်ရှင်ကျန်ရစ်ရေးကို ဦးတည်သော မစ်ရှင်ပုံစံပင် ဖြစ်သည်။ ဤမစ်ရှင်မျိုးသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မစ်ရှင်အားလုံးထဲ၌ အခက်ခဲဆုံး၊ အန္တရာယ်အများဆုံးနှင့် ခန့်မှန်း၍မရဆုံး ဖြစ်သည်။ သာမန်မစ်ရှင်များကို သူ ငြင်းပယ်နိုင်သော်လည်း ဤသို့သော မစ်ရှင်မျိုးကိုမူ ငြင်းပယ်လျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ဤသို့သော အခြေအနေမျိုးကို သူ တစ်ကြိမ်သာ ကြုံဖူးခဲ့သည်။ ၎င်းမှာ အမြန်လမ်းမကြီးပေါ်မှ သားရဲလှိုင်းပင် ဖြစ်သည်။ ထိုမစ်ရှင်မှာ သေမင်းနှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်ခဲ့ပြီး အနည်းငယ် မှားယွင်းလိုက်သည်နှင့် အားလုံး သေကြေပျက်စီးသွားနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ဆင့်ကဲပြောင်းလဲနိုင်စွမ်းကို ရရှိမသွားခဲ့ပါက သူက ထိုနေရာ၌ပင် သေဆုံးသွားခဲ့လောက်ပေပြီ။

တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ အမြန်လမ်းမကြီးပေါ်မှ အဖြစ်အပျက်နှင့် နှိုင်းယှဉ်လျှင် သူ၏အဆင့်မှာ တစ်ဆင့်တိုးလာပြီး စွမ်းအားမှာလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသာမက ဧရာမဖွတ်ကြီးမှာလည်း ထိုနည်းတူပင်။ အကယ်၍ အပြာရင့်ရောင်အဆင့်သို့ ရောက်ရှိနေသော မိဝါနှင့် တိုက်ခိုက်နိုင်စွမ်းရှိသော ချန်ရှင်းဖုံတို့ကို ထည့်သွင်းစဉ်းစားပါက ယခင်ကကဲ့သို့ သေလုမျောပါး အခြေအနေမျိုး ဖြစ်လာမည်မဟုတ်ပေ။

ထိုသို့တွေးမိသောအခါ လော်ယွမ်က အနည်းငယ် သက်ပြင်းချနိုင်သွားသည်။

"လမ်းလေးခွဆုံမှာ ရပ်မနေကြနဲ့... ငါတို့ ရှေ့ကလမ်းထဲကို သွားမယ်" သူက မြေမျက်နှာသွင်ပြင်ကို အကဲခတ်ပြီးနောက် အားလုံးကို လေသံမာမာဖြင့် ဆိုလိုက်သည်။

လမ်းလေးခွဆုံသည် အရပ်လေးမျက်နှာသို့ ဆက်သွယ်နေပြီး မြင်ကွင်းကျယ်သော်လည်း အရပ်လေးမျက်နှာမှ တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်ဟု အဓိပ္ပာယ်ရသည်။ ယခုလိုအချိန်၌ ရန်သူဝင်လာနိုင်သည့်ဘက် နည်းပါးလေ ပိုပြီးဘေးကင်းလေ ဖြစ်သည်။

မကြာမီ အားလုံးက လမ်းထောင့်တစ်ခုတွင် နေရာယူလိုက်ကြသည်။ လမ်း၏ ဘေးနှစ်ဖက်စလုံး၌ မိုးမျှော်တိုက်ကြီးများ ရှိနေပြီး အချို့ ပြိုကျပျက်စီးနေသော်လည်း အောက်ထပ်များမှာ အခြေအနေကောင်းနေသေးသည်။ လော်ယွမ်က အဆောက်အအုံမျက်နှာပြင်မှ အပင်များကို ခုတ်ထွင်ရှင်းလင်းပြီး လူတစ်ကိုယ်စာ အပေါက်တစ်ခုကို ဖောက်လိုက်သည်။ အရေးပေါ်အခြေအနေ၌ ပုန်းခိုရန် လိုအပ်လာပါက အဆင်သင့်ဖြစ်နေစေရန် ဖြစ်သည်။

အကယ်၍သာ အဆောက်အအုံများမှာ အလွန်ဆွေးမြေ့မနေပါက သူ အတွင်းသို့ ဝင်ရောက်ပုန်းခိုပြီး ဖြစ်ပေလိမ့်မည်။

ကျည်ဆန်သေတ္တာတစ်လုံးကို မြေပေါ်သို့ ပစ်ချလိုက်သည်။ လင်းရှောင်ကျီနှင့် ဟော်တုံတို့က စနိုက်ပါရိုင်ဖယ်များကို ချထားပြီး လမ်းထောင့်ကို ပိတ်ဆို့ထားလိုက်သည်။ ဝမ်ရှကွမ်သည်လည်း ပစ္စတိုတစ်လက်ကို ကိုင်ဆောင်ကာ ဟန်ပါပါဖြင့် ချိန်ရွယ်ထားသည်။ သူမ၏ အမူအရာမှာ အလွန်တည်ငြိမ်ပြီး လူအများစုထက်ပင် သာလွန်နေသည်။

နှိုင်းယှဉ်ကြည့်လျှင် ကျိုးယလီမှာမူ ပုန်းခိုရန် စိတ်ကူးရှိသော်လည်း အခြားအမျိုးသမီးများ သေနတ်ကိုင်ဆောင်ထားသည်ကို မြင်သောအခါ တုံ့ဆိုင်းစွာဖြင့် သေနတ်ထုတ်လိုက်သည်။ သူမ၏ လက်များမှာ အဆက်မပြတ် တုန်ယင်နေပြီး သေနတ်မောင်းတင်ရန်ပင် မေ့လျော့နေသည်။ သူတို့နှစ်ဦး၏စိတ်အခြေအနေမှာမူ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။

လော်ယွမ်က သက်ပြင်းချလိုက်သည်။ ဝမ်ရှကွမ်သည် အပြင်ပန်း၌ နူးညံ့သော်လည်း အတွင်းစိတ်မှာ မာကျောပြီး ခေါင်းမာသူဖြစ်ကြောင်း သူသိသည်။ သူမ၏ လွတ်လပ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုမှာ အခြားသူများကို အားကိုးရန် မလိုအပ်သည့်အလား ခံစားရစေပြီး ဤအချက်မှာ ကျိုးယလီနှင့် လုံးဝ မနှိုင်းယှဉ်သာချေ။

ဤသည်မှာ သူက ကျိုးယလီကို သဘောကျပြီး ဝမ်ရှကွမ်အပေါ်၌ ခံစားချက်မရှိရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ ယောက်ျားများသည် နူးညံ့ပြီး မှီခိုအားထားတတ်သော အမျိုးသမီးများကို နှစ်သက်ကြပြီး ကျိုးယလီ၏ ရေကဲ့သို့ နူးညံ့သိမ်မွေ့သော စရိုက်က သူ့ကို ယောက်ျားပီသသည်ဟု ခံစားရစေသည်။

လော်ယွမ်၏ အတွေးများက ခဏတာ ဖြတ်ပြေးသွားပြီးနောက် သူ၏ စိတ်က အမြင့်ဆုံးအဆင့်သို့ စုစည်းသွားသည်။ သူက ချန်ရှင်းဖုံကို ကြည့်ကာ လေသံခပ်ပြတ်ပြတ်ဖြင့်...

"မင်းငါနဲ့အတူ ဒီသားရဲလှိုင်းကို ရှေ့ဆုံးကနေ တားဆီးရမယ်"

ချန်ရှင်းဖုံက စိတ်မရှည်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ဘေး၌ ရပ်နေသော ဟော်တုံသည် လန့်ဖျပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ချန်ရှင်းဖုံက အော်ဟစ်ရုံသာဖြစ်ပြီး အခြားလှုပ်ရှားမှုမရှိသည်ကို တွေ့မှသာ မျက်နှာပူပူဖြင့် မူလနေရာသို့ ပြန်သွားသည်။

လော်ယွမ်က သူကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ဝမ်ရှီရှီဘက်သို့ လှည့်၍…

"ရှီရှီ… နင်တို့ထဲမှာနင့်အစွမ်းက ကြောက်ဖို့အကောင်းဆုံးပဲ... ဒါကြောင့်ငါနင့်ကို နောက်မှာပဲနေခိုင်းတာ... နင်ကလုံးဝဝင်မပါနဲ့... နင့်ရဲ့အဓိကတာဝန်က ဒီလူတွေကို ကာကွယ်ပေးဖို့ပဲ"

လော်ယွမ်၏ လေးနက်သော မျက်ဝန်းများကို ကြည့်ကာ ဝမ်ရှီရှီမှာ နောက်ဆုံးတွင် ကိုကြီးယွမ်၏ အလေးထားမှုကို ခံစားလိုက်ရပြီး လေးလေးနက်နက် ခေါင်းညိတ်ကာ မျက်နှာလေးကို တည်ကြည်ဟန်ဆောင်လိုက်သည်။

ထိုအချိန်၌ အဝေးမှ လှုပ်ရှားသံများမှာ ပို၍ ကျယ်လောင်လာပြီး မြေပြင်မှာလည်း အနည်းငယ် တုန်ခါလာသည်။ ဧရာမဖွတ်ကြီးနှင့် မိဝါတို့သည် ဖြည်းညင်းစွာ နောက်ဆုတ်ကာ သူတို့ဘက်သို့ ချဉ်းကပ်လာကြသည်။ နှစ်ကောင်ကြား အလွန်နီးကပ်သွား၍လော မသိ၊ ဧရာမဖွတ်ကြီးက သတိပေးဟိန်းဟောက်လိုက်သည်။ မိဝါ၏ အာရုံမှာ ဤနေရာ၌ မရှိသည်ကို မြင်သောအခါ သူလည်း ဆက်လက်၍ ဂရုမစိုက်နိုင်တော့ချေ။

စက္ကန့်အနည်းငယ်အကြာတွင် သတ္တဝါအချို့ စတင်ပေါ်ပေါက်လာသည်။

လော်ယွမ်ကို ထူးဆန်းစေသည်မှာ သန္ဓေပြောင်းသတ္တဝါများအပြင် ဤသတ္တဝါများထဲ၌ လူအများအပြား ပါဝင်နေခြင်းပင် ဖြစ်သည်။ သူတို့က အဝတ်ဗလာကျင်းဖြင့် ယောက်ျား၊ မိန်းမ၊ အသက်ကြီးသူ၊ ငယ်ရွယ်သူများအပြင် သုံးလေးနှစ်အရွယ် ကလေးတစ်ဦးပင် ပါဝင်သည်။ လူတိုင်း၏ မျက်နှာပေါ်၌ မပြောင်းလဲသော ခံစားချက်မရှိသည့် အပြုံးတစ်မျိုးကို ချိတ်ဆွဲထားကြပြီး စူးစိုက်ကြည့်နေသော မျက်ဝန်းများက မြင်ရသူတိုင်းကို ခေါင်းနပမ်းကြီးသွားစေသည်။

"ဘယ်လိုဖြစ်တာလဲ… ဒီမြို့ကလူတွေ အကုန်လုံး ဒီလိုဖြစ်သွားကြတာလား…" ကျိုးယလီက တုန်ယင်စွာဖြင့် ဆိုလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဆန်ခါကဲ့သို့ တုန်ခါနေပြီး လက်ထဲမှ သေနတ်မှာ မြေပေါ်သို့ အစောပိုင်းကတည်းက လွတ်ကျသွားခဲ့ပြီ။ ဤမြင်ကွင်းက သူမ၏ စိတ်ကို ပြိုကွဲသွားစေလုနီးပါး ဖြစ်နေသည်။

ဤသည်မှာ တစ်ယောက်၊ နှစ်ယောက်မဟုတ်ဘဲ တစ်ဆယ်၊ တရာဖြစ်ပြီး ထိုအထဲ၌ သက်ကြီးရွယ်အိုများနှင့် ကလေးများပင် ပါဝင်နေသည်။ ယခုအခါ၌ သူတို့သည် လူသားများ မဟုတ်ကြတော့ဘဲ သူတို့၏ လှုပ်ရှားမှုများမှာ ပေါ့ပါးသွက်လက်ပြီး ထိုသွက်လက်မှုက လျင်မြန်သောသန္ဓေပြောင်းသားရဲအချို့နှင့်ပင် ယှဉ်၍ရသည်။

ရှေ့ဆုံးမှ လျှောက်လာသော လူအချို့ ရုတ်တရက် ရပ်တန့်လိုက်ရာ နောက်မှလူများလည်း လိုက်၍ ရပ်တန့်သွားကြသည်။

လော်ယွမ်၏ မျက်နှာက ပျက်ယွင်းသွားပြီး စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားကာ ဟော်တုံကို လက်ဟန်ပြလိုက်သည်။

ဟော်တုံက တင်းမာစွာ ခေါင်းညိတ်လိုက်ပြီး စနိုက်ပါရိုင်ဖယ်ကို ထောက်ကာ သူတို့ထဲမှ တစ်ဦးကို ချိန်ရွယ်ပြီး ခလုတ်ကို အားကုန်ဆွဲညှစ်လိုက်သည်။

"ဒိုင်း…" ဟူသော အသံနှင့်အတူ စနိုက်ပါရိုင်ဖယ်မှ ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး ပြင်းထန်သော တွန်းကန်အားကြောင့် သူ၏လက်မောင်းမှာ ထုံကျင်သွားသည်။ ကျည်ဆန်သည် လူတစ်ဦး၏ ခါးကို ပိုင်းဖြတ်သွားပြီးနောက် အရှိန်မသေဘဲ တစ်တန်းတည်းရှိ လူငါးဦးကို နှစ်ပိုင်းစီ ပိုင်းဖြတ်ကာ အဆောက်အအုံထဲသို့ ဆက်လက်ဝင်ရောက်သွားသည်။

စနိုက်ပါရိုင်ဖယ်၏ ကြီးမားသော စွမ်းအားကြောင့် လော်ယွမ်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ အာရုံစိုက်နေသည်မှာ ဤအရာများ မဟုတ်ချေ။

သူ သတိပြုမိသည်မှာ သေနတ်ပစ်ပြီးနောက် လူအုပ်မှာ အနည်းငယ်သာ လှုပ်ရှားသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခြင်းပင်။ နှစ်ပိုင်းပြတ်သွားသော အလောင်းများမှာ ရုန်းကန်နေဆဲဖြစ်ပြီး အပေါ်ပိုင်းသာ ကျန်တော့သော အမျိုးသမီးတစ်ဦးမှာ လက်နှစ်ဖက်ကို အားပြုကာ မြေပြင်ပေါ်၌ "ထိုင်" နေပြီး အတွင်းကလီစာနှင့် သွေးများ စီးကျနေသည်ကို ဂရုမစိုက်ဘဲ မျက်နှာပေါ်၌ မပြောင်းလဲသော ခံစားချက်မရှိသည့် အပြုံးကို ချိတ်ဆွဲထားသည်။

နာကျင်စွာ အော်ဟစ်ခြင်း မရှိ၊ တိုက်ခိုက်ခြင်း မရှိ၊ တုံ့ပြန်မှု တစ်စိုးတစ်စိမျှပင် မရှိဘဲ ကြိုးစားထရန် ကြိုးပမ်းနေသည်မှလွဲ၍ သူတို့က ရုပ်သေးရုပ်များအလား ရှိနေသည်။

လူများနှင့် သန္ဓေပြောင်းသတ္တဝါများ ပိုမိုများပြားစွာ ဤဘက်သို့ စီးဝင်လာပြီး လမ်းလေးခွဆုံမှာ ပြည့်ကျပ်သွားသည်။ သားရဲအုပ်ကြီးမှာ အဆုံးအစမရှိဘဲ နောက်တွင် ဆက်လက်တိုးပွားနေသည်။ လူဖြစ်စေ၊ သားရဲဖြစ်စေ၊ မမြင်နိုင်သော စွမ်းအားတစ်ခုက ထိန်းချုပ်ထားသည့်အလား၊ ဤအရာအားလုံးကို ညွှန်ကြားနေသော မမြင်နိုင်သည့် ဖြစ်တည်မှုတစ်ခု ရှိနေသည့်အလား ရှိနေသည်။

ဤသတ္တဝါများထဲ၌ အင်အားကြီးသော သန္ဓေပြောင်းသတ္တဝါများ အလွန်နည်းပါးသည်။ လူသားများကိုဖယ်လိုက်လျှင် ၁၅ပေ၊ ၁၆ပေထက် မပိုဘဲ အကြီးဆုံးမှာ ပေ၆၀ကျော်ရှည်သော အရောင်အသွေးစုံလင်သည့် မြွေပုံသဏ္ဌာန် သတ္တဝါတစ်ကောင်ဖြစ်ပြီး အဆင့်မှာ အပြာရင့်ရောင်အဆင့်ထက် မပိုနိုင်ချေ။

လော်ယွမ် တစ်စုံတစ်ခုကို သတိရလိုက်သည်။

ဤမြို့၌ အင်အားကြီးမားသော သတ္တဝါများ မရှိသလို အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေခြင်းတို့မှာ အံ့သြစရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသတ္တဝါများသည် ပုံမှန်သတ္တဝါများ မဟုတ်ကြတော့ဘဲ ရုပ်သေးရုပ်များ ဖြစ်နေသောကြောင့်ပင်။

"နောက်မှာလည်း သန္ဓေပြောင်းသတ္တဝါတွေ ရောက်လာပြီ... ကျွန်မတို့ ပိတ်မိနေပြီ…" ထိုအချိန်၌ ချောင်လင်းက ရုတ်တရက် ပြောလိုက်သည်။ သူမ၏ အသံမှာ တင်းမာမှုကြောင့် အနည်းငယ် စူးရှနေသည်။

လော်ယွမ်က နောက်သို့ လှည့်ကြည့်လိုက်ရာ မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိ၊ မီတာရာပေါင်းများစွာအကွာမှ လမ်းမပေါ်၌ သန္ဓေပြောင်းသားရဲများဖြင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။

"ငါတို့ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး... ဒီကနေအမြန်ဖောက်ထွက်မှဖြစ်မယ်... ဒီမှာကြာကြာနေလေ အန္တရာယ်များလေပဲ" လော်ယွမ်က လေးနက်သော မျက်နှာဖြင့် ဆိုလိုက်သည်။

ဆက်ရန်...

All Chapters