← Chapters

တတိယအကြိမ်

Vol. 3 Ch. 172

တတိယအကြိမ်

Vol. 3 Ch. 172

“ငါတို့မှာ တိုက်ခိုက်စရာအကြောင်း မရှိဘူးလို့ မထင်ဘူးလား။”

နက်ဆန်က တတ်နိုင်သမျှ မတိုက်ခိုက်ချင်တဲ့အတွက် မေးလိုက်တယ်။ ဟီရာကလိကိုဖိနှိပ်ခဲ့တဲ့တိုက်ပွဲက ရန်သူ့သတင်းအချက်အလက်ကို ကြိုတင်သိထားတဲ့ အတွက်ကြောင့် မြန်မြန်ဆန်ဆန်နဲ့ပြီးသွားခဲ့ပေမဲ့ ဒီနေရာမှာ ဒဏ်ရာရနေတဲ့ အမှောင်ကျောင်းတော် အဖွဲ့ဝင်တွေရှိနေပြီး ဘုရားကျောင်းအပြင်ဘက်မှာ သာမန်လူတွေရှိနေသေးတာကို မမေ့ဖို့လိုတယ်။

နက်ဆန်နဲ့ဆားဗီးရပ်နှစ်ယောက်လုံးက အယ်ဒါတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့တွေစတိုက်တာနဲ့ ရောမ မြို့ကြီးတစ်ခုလုံးအပေါ်မှာ သက်ရောက်မှုတွေ ရှိလာတော့မှာပါ။

“စကားများလိုက်တာ”

ဝှစ်....

လေပြေတစ်ချက် ခန်းမထဲမှာတိုက်ခိုက်သွားပြီး ဆားဗီးရပ်က နက်ဆန်ရှေ့မှာပေါ်လာပါတယ်။ သူ့လက်ထဲကဓားက နက်ဆန်ရဲ့လည်ပင်းဆီ တည့်တည့်တိုးဝင်လာပြီး နက်ဆန်ကလည်း ဆေဘာကို သာသာလေးမြှောက်ပြီးခုခံတယ်။

ထန်း.....

သူတို့နှစ်ယောက်အောက်မှာရှိနေတဲ့ ကြမ်းပြင်က အက်ကွဲသွားပြီး လေပြင်းတွေက အရပ်ရှစ်မျက်နှာ အနှံပြန့်နှံသွားတယ်။ ဘုရားကျောင်းနံရံတွေမှာ အက်ရာတွေပေါ်လာပြီး ခေါင်မိုးကအုတ်ကျွတ်တွေ ပြိုကျလာနေပါပြီ။

“မက်ဆီမက်၊ မိုက်ကယ်နဲ့ ဩတေဗီယန်... သာမန်အဖွဲ့သားတွေကို ဒီနေရာကနေ ခေါ်ထုတ်သွားကြတော့။”

နက်ဆန်က အားနည်းတဲ့ဆီနိတ်တာတွေနဲ့သာမန် အဖွဲ့သားတွေကို နေရာကနေ ချက်ချင်းထွက်သွားဖို့ အမိန့်ပေးလိုက်တယ်။ ဆီနိတ်တာအသစ်သုံးဦးက နက်ဆန့်အမိန့်အတိုင်း ဆဲလ်ဆာအဖွဲ့ဝင်တွေကို ဦးဆောင်ကာ ဘုရားကျောင်းထဲကနေ အမြန်ဆုံး ထွက်ခွာသွားတယ်။ အယ်ဒါတွေရဲ့တိုက်ပွဲမှာ သူတို့ဝင်ပါနေရင် ရှုပ်သလိုဖြစ်ရုံကလွဲလို့ အကျိုးမရှိပါ။

“ရိုင်းစိုင်းလိုက်တာ....” မော်လီရဲ့မျက်လုံးတွေက အနီရောင်ပြောင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး သွေးနီရောင်မြူတွေနဲ့ပြည့်နှက်သွားတယ်။ ကြောက်ရွံမှုလှိုင်းကြီးတစ်ခုက ပြိုကျလုဆဲဆဲ ဘုရားကျောင်းထဲ ပြန့်နှံသွားပြီး မော်လီကိုယ်တိုင်လည်း သံကြိုးတပ်တံစဥ်နဲ့ ဆားဗီးရပ်ကို တိုက်ခိုက်လိုက်ပါပြီ။

ဆားဗီးရပ်က နက်ဆန့်ဆေဘာကို လမ်းကြောင်းလွှဲ လိုက်ရင်းနဲ့ မော်လီကိုမျက်နှာချင်းဆိုင်ခုခံဖို့ ကြိုးစားပေမဲ့ သူ့လက်တွေ ကြောက်စိတ်ကြောင့် တုန်ယင်နေပြီး နှေးကွေးသွားတာကို သတိထားမိလိုက်တယ်။

“ဘယ်လို....”

ဆွတ်...

ကလန်... ကလန်... ကလန်....

သံကြိုးတပ်တံစဥ်က ဆားဗီးရပ်ရဲ့ရင်ဝမှာထိုးစိုက် သွားခဲ့ပြီး သွေးတွေပန်းထွက်လာတယ်။ နောက်တော့မော်လီရဲ့သံကြိုးတွေက သူ့ကိုချုပ်နှောင်လိုက်ပါတယ်။

“သခင့်ကို ဒီနေ့ညတိုက်ခိုက်ရဲသူတိုင်းကို ခွင့်မလွှတ်နိုင်ဘူး။” မော်လီကိုယ်တိုင်ကတော့ သံကြိုးတပ်တံစဥ်ရဲ့အမြီးပိုင်းသံဆူးကို လက်ထဲ လှည့်ပတ်ရင်း ဆားဗီးရပ်ကို သတ်ဖြတ်ဖို့ကြိုးစားတယ်။

“အဗျာဟန်...”

ချွမ်း...

ဒါပေမဲ့ ဆားဗီးရပ်က နာမည်တစ်ခုကို ရွတ်ရုံနဲ့ ဒဏ်ရာတွေပြန်ကောင်းလာပြီး တစ်ချက်ရုန်းရုံနဲ့ သံကြိုးတွေ ပြုတ်ထွက်ကုန်တယ်။ မော်လီက သူ့ကြောက်ရွံမှုအရှိန်အဝါနဲ့ ဆားဗီးရပ်ကို ပိုဖိနှိပ်ဖို့ကြိုးစားပေမဲ့...

“ ဂျေရာမိုက်....” ဆားဗီးရပ်ကို ရွှေရောင်အလင်းလွှာ တစ်ခုက ကာကွယ်ပေးလိုက်ပြီး အဲဒီအရှိန်အဝါက လုံးဝသက်ရောက်မှုမရှိတော့ဘူး။

“ဘုန်း....”

မော်လီက ဆားဗီးရပ်ရဲ့ကန်ချက်ကြောင့် လွင့်ပျံထွက်သွားပြီ။ နက်ဆန်ကတော့ အရိပ်နတ်ဘုရားခန္ဓာနဲ့သူ့ကိုယ်သူပေါင်းစပ်ပြီး ပါးစီဗယ်ရဲ့မြူတွေကိုသုံးကာ သူ့ကိုယ်သူရော မဟာမိတ်တွေကိုပါ ဖုံးအုပ်လိုက်တယ်။

“အိုလီယာနာ... ဆယ်ဗီကိုခေါ်ထုတ်သွားတော့။”

တိုက်ပွဲက ပြင်းထန်တော့မှာသိနေတဲ့အတွက် နက်ဆန်က အိုလီရာနာကို အမိန့်ပေးလိုက်တယ်။ ခွဲစိတ်ဓားကိုကိုင်ပြီး ဝင်ကူဖို့ပြင်နေသေးတဲ့ ဆယ်ဗီက ငြင်းဆန်ချင်ပေမဲ့ အိုလီရာနာက သူ့ကို သစ်နွယ်တွေနဲ့ချုပ်နှောင်ပြီးဖြစ်နေပြီ။

“ငါ့ကိုလွှတ်... ငါအဲဒီကောင်ကို တစ်စစီလုပ်ပစ်မယ်။ ငါက အမှိုက်မမဟုတ်ဘူး။ နက်ဆန်ကောင်စုတ်၊ နင်ငါ့ကို ဘာထင်နေတာလဲ။”

အိုလီရာနာကတော့ ရုန်းကန်နေတဲ့ ဆယ်ဗီကိုကြည့်ရင်း ဒေါသထွက်လာတယ်။ ဒါကြောင့်ပါးစပ်ကိုပါ နွယ်တွေနဲ့ပတ်ပြီး ပြတင်းပေါက်ကနေ ခုန်ထွက်ဖို့လုပ်ရတာပေါ့။ ဒါပေမဲ့ ထင်မှတ်မထားတာတစ်ခုဖြစ်လာခဲ့တယ်။

ဘုန်း....

ခန်းမထဲက မြူတွေရှင်းလင်းသွားပြီး ဘုရားကျောင်းတစ်ခုလုံး ပြိုကျသွားတဲ့အတွက် အထဲမှာရှိနေတဲ့သူတွေအားလုံး အပျက်အစီးပုံတွေကြားမညပ်အောင် ရှောင်လိုက်ရတယ်။ ညကောင်းကင်ပေါ်က လအလင်းရောင်က တိုက်ပွဲဖြစ်နေတဲ့နေရာပေါ် ကျဆင်းနေပြီး တိုက်ပွဲရဲ့ပကတိအခြေအနေကို သူတို့စမြင်လာရတယ်။

နက်ဆန်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေရှိနေပြီး နက်ဆန်ကိုယ်တိုင်ကလည်း ဆားဗီးရပ်ကို ဒဏ်ရာရအောင်လုပ်နိုင်ပေမဲ့ ဆားဗီးရပ်ရဲ့ဒဏ်ရာတွေက ပြန်ကောင်းနိုင်တဲ့အတွက် မမျှဖြစ်နေပါတယ်။

ကလန်....

တစ်ခါတော့ နက်ဆန်ကသူ့ဒဏ်ရာတွေကြောင့် ဆက်အားမစိုက်နိုင်ဘဲ နောက်ကိုယိုင်ထိုးသွားတယ်။ ဆားဗီးရပ်က ပြုံးလိုက်ပြီး ဓားကိုစလွယ်သိုင်း ပိုင်းချတယ်။

“သေစမ်း....” နာတာရှာက ကျောက်တုံးတွေကိုလေနဲ့ ထိန်းချုပ်လိုက်ပြီး ဆားဗီးရပ်ကိုတိုက်ခိုက်ပေမဲ့ ဆားဗီးရပ်က အဇင့်ခီအစွမ်းနဲ့ အနာဂတ်ကိုမြင်နေရပြီး သာသာလေးရှောင်နိုင်သွားတယ်။ ကံကောင်းတာက နာတာရှာရဲ့လျှပ်တပြတ်တိုက်ကွက်ကြောင့် နက်ဆန်အသက်အန္တရာယ်မရှိတော့ပါ။

“မိုးဇက်ပင်လယ်ပြင် ခွဲခြမ်းခြင်း....”

ရွှမ်း....

ဓားတစ်ချက်။ မော်လီနဲ့နာတာရှာတို့ဟာ အဲဒီဓားချက်ကို ခုခံဖို့မဖြစ်နိုင်တဲ့အတွက် ဘေးကိုလှိမ့်ရှောင်လိုက်ရတယ်။

“အားနည်းလိုက်တာ... မင်းရဲ့စွမ်းအားတွေ ဘယ်ရောက်သွားတာတုန်း ညအရှင်ရဲ့။ မင်းရဲ့ ငယ်သားတွေနဲ့တောင် ငါ့ကိုမခုခံနိုင်ဘူးလား။”

အနှောင့်အယှက်တွေမရှိတော့တဲ့နောက် ဆားဗီးရပ်က နက်ဆန့်ရှေ့ကိုရောက်လာပြီး တိုက်ရိုက်တိုက်ခိုက်ပြန်တယ်။ နက်ဆန်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ဆေဘာနဲ့ပြန်ခုခံတယ်။ လက်နက်နှစ်ခုက စက္ကန့်ပိုင်းအတွင်းမှာတင် အကြိမ်ရာပေါင်းများစွာ ထိတွေ့မိကြပြီး မီးပွားတွေ ဖြစ်ပေါ်လာပါတယ်။

ထန်း... ထန်း... ထန်း...

အချိန်တစ်ခုကြာပြီးနောက် ဆားဗီးရပ်သတိလွတ် သွားတဲ့အချိန်မှာ နက်ဆန်က ညနတ်ဘုရားခန္ဓာကို အသုံးပြုလိုက်တယ်။

ညအမှောင်နဲ့သူ့နတ်ဘုရားခန္ဓာကိုယ်က ပေါင်းစပ် သွားခဲ့ပြီး ဧရာမလက်သည်းကြီးနဲ့ ဆားဗီးရပ်ပေါ် ရိုက်ချလိုက်တယ်။

“အလိုက်ဂျက်....” ဆားဗီးရပ်က အမြန်နှုန်းကိုသုံး ရှောင်ရှားဖို့ကြိုးစားပေမဲ့ သူ့ခြေထောက်တွေက နွံထဲနစ်နေသလိုခံစားလိုက်ရပြီး ငုံကြည့်လိုက်တော့ သူ့ခြေထောက်အောက်မှာနက်ဆန်ရဲ့အရိပ်ရှိနေပြီး နွံကန်ထဲနစ်နေသလို သူ့ခြေထောက်တွေက မြုပ်နေတယ်။

“မင်းရဲ့အစွမ်းတွေက အချိန်အကန့်အသတ်နဲ့မှန်း ငါသိတယ်ဆိုတာ မေ့နေတာလား။”

ဘုန်း....

ဆားဗီးရပ်က သူ့ဓားကို လက်နှစ်ဖက်နဲ့ကိုင် ခေါင်းပေါ်မြှောက်တင်လိုက်ပြီး လက်သည်းကြီးကို ခုခံလိုက်တယ်။ ဒါပေမဲ့အပေါ်ရောအောက်ရောက ဖိနှိပ်ခံထားရတဲ့အတွက် ဆက်လှုပ်ရှားဖို့မဖြစ်နိုင်တော့ဘူး။

“အခုပဲ။”

နာတာရှာနဲ့မော်လီတို့လည်း သူတို့လက်နက်တွေကို ကိုင်ဆွဲပြီး ဆားဗီးရပ်ကိုတိုက်ခိုက်ဖို့ ပြေးဝင် လာခဲ့ပါပြီ။ နိုင်ခါနီးအခြေအနေကြောင့် ဆယ်ဗီကို သယ်သွားပြီး ထွက်ပြေးဖို့လုပ်နေတဲ့ အိုလီရာနာ နောက်ကိုလှည့်ပြီးပြန်ကြည့်လိုက်တယ်။

“ကိုကိုသခင်က မနိုင်စရာအကြောင်းမရှိဘူး။”

“ဒါလင်က အတော်ဆုံးပဲ။” ဘေးကင်းရာ တစ်နေရာမှာ အဲဘတ်နဲ့အတူရှိနေတဲ့ မိုနီကာလည်း ပြောလိုက်တယ်။ သူ့စွမ်းအားနဲ့ဆိုရင် ဆားဗီးရပ်ကို ယှဥ်နိုင်ဖို့မဖြစ်နိုင်တာမလို့ အစောကြီးကတည်းက သူက နောက်ဆုတ်နေခဲ့တာပါ။

မော်လီက လက်ထဲမှာကိုင်ထားတဲ့ တံစဥ်နဲ့ဆားဗီးရပ်ရဲ့နှလုံးတည့်တည့်ကို ထိုးချပေမဲ့ အသားအရေကို မဖောက်နိုင်ဘူးဖြစ်နေတယ်။ နာတာရှာရဲ့လေဓားသွားတွေကလည်း အလားတူပါပဲ။ ဒါပေမဲ့ ဆက်တိုက်တိုက်ခိုက်ပြီးတဲ့နောက် ဒဏ်ရာတချို့ရသွားပြီး သွေးတွေစီးကျလာပေမဲ့ သေလောက်အောင်မဖြစ်သေးဘူး။

“သူ့အဗျာဟန်အစွမ်း အလုပ်မလုပ်တော့ဘူး။ နာတာရှာ၊ ငါ့ကိုသုံးလိုက်။”

မော်လီက ပြောလိုက်တယ်။ နာတာရှာက လက်ကို ဆန့်တန်းလိုက်တော့ မော်လီက လူတစ်ရပ်နီးပါးမြင့်တဲ့ ကောက်ရိတ် တံစဥ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဆားဗီးရပ်ကို ခုတ်ချလိုက်တယ်။

ဆားဗီးရပ်ဟာ နက်ဆန်ဖမ်းချုပ်တာခံထားရလို့ ရှောင်မပြေးနိုင်ဘူး။ သူ့စွမ်းအားအများစုကလည်း သုံးပြီးပြီမလို့ အချိန်အကန့်အသတ်မပြည့်လာသေး။ ဒီတစ်ကြိမ်က သူ့ကိုအဆုံးသတ်နိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။

ဒါပေမဲ့....

ဆယ်ဗီက အဲဒီမြင်ကွင်းကိုကြည့်နေရင်း တစ်ခုခု လွဲမှားနေတာကို သတိထားမိလိုက်တယ်။ ဆားဗီးရပ်က ချောင်ပိတ်မိနေချိန်မှာ ကြောက်လန့်မနေဘဲ တစ်ချက်ပြုံးလိုက်တယ်။ ဒါကိုကြည့်ရင်း တစ်ခုခုမှားနေပြီဆိုတာသိတဲ့ ဆယ်ဗီက အော်ဟစ်သတိပေးချင်ပေမဲ့ သူ့ပါးစပ်ကို အိုလီရာနာက နွယ်တွေနဲ့ပိတ်ဆို့ထားခဲ့တယ်လေ။

ဒါကြောင့် ခေါင်းကိုခါယမ်းပြီး မျက်ရည်တွေနဲ့ ရုန်းကန်နေဖို့သာ တတ်နိုင်ခဲ့တယ်။

ရွှတ်....

တံစဥ်က ဆားဗီးရပ်ရဲ့ခါးကို ဖယောင်းတုံးကိုဖြတ်သလို တိတိကျကျဖြတ်လိုက်နိုင်တယ်။ ဆားဗီးရပ်ရဲ့ ခန္ဓာကိုယ်က အပေါ်နဲ့အောက်တခြားစီဖြစ်သွားပြီး သွေးတွေပန်းထွက်ကာ သွေးအိုင်ထဲလဲကျသွားတယ်။ ဒါပေမဲ့သူဟာ ခြောက်ကပ်ကပ်ရယ်မောလို့ရယ်။ သူ့နဖူးမှာတော့ နှင်းဆီးဆူးခတ်သရဖူက နေရာယူထားလျက်သား။

“မင်းရှုံးပြီ နက်ဆန်....”

ကလန်....

နာတာရှာကိုင်ထားတဲ့လက်ထဲက တံစဥ်ကထက်ခြမ်း ကွဲထွက်သွားပြီး မြေပေါ်ကိုပြုတ်ကျသွားတယ်။ နာတာရှာလည်း အထိတ်တလန့်နဲ့ရေရွတ်လိုက်တာပေါ့။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” နောက်တော့ သူကိုယ်တိုင်ရဲ့အမြင်အာရုံလည်း စောင်းသွားပြီး ကြမ်းပြင်ပေါ်ကို ကူရာမဲ့ ပြုတ်ကျသွားတာ သတိထားမိတယ်။ သူ့မျက်လုံးတွေကနေတစ်ဆင့် အဝေးမှာပုံလျက်သားကျနေပြီး မလှုပ်ရှားတော့တဲ့ အောက်ခန္ဓာကိုယ်ကို မြင်လိုက်ရတယ်။

“ငါတို့ကိုယ်ငါတို့ ပိုင်းမိသွားတာလား။”

နက်ဆန်က သူ့အဖော်တွေလဲကျသွားတာကို ကြောင်လျက်သား ကြည့်နေခဲ့မိတယ်။ ဆားဗီးရပ်ကတော့ ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီဖြစ်ပြီး ထပြန်ရပ်လိုက်တယ်။

“ဒါပေမဲ့ မင်းပြောတာမှန်တယ်။ ငါ့စွမ်းအားတွေက အချိန်ကန့်သတ်ချက်ရှိတယ်။ ဒါပေမဲ့တစ်ခုသုံးပြီးရင် အဲဒီတစ်ခုကိုပြန်သုံးဖို့ အချိန်ကန့်သတ်ချက်က ငါသန်မာလာတာနဲ့အမျှ တိုတောင်းလာတယ်။”

ဆားဗီးရပ်က ဓားကိုကျစ်ကျစ်ပါအောင်ကိုင်ရင်း နက်ဆန်ရဲ့အရိပ်ခန္ဓာက တိုက်ခိုက်မှုတွေကို တရစပ် ခုခံကာ ရှေ့ဆက်တိုးလာနေတယ်။

“ပြီးတော့ တစ်ခုသုံးလို့မရရင်တောင် တခြားတစ်ခုကို သုံးလို့ရနေတာပဲလေ။ နောက်ပြီး ငါသန်မာလာလေ၊ စွမ်းအားသစ်တွေကို သုံးနိုင်လေပဲ။”

နက်ဆန်က အန္တရာယ်အနံကိုရလိုက်ပြီး တောင်ပံတွေကိုဖွဲ့စည်းကာ နေရာကနေ ထွက်ပြေးဖို့ကြိုးစားတယ်။ တစ်ဖက်မှာတော့ ဆားဗီးရပ်က လက်ကိုမြှောက်လိုက်ပြီး နာမည်တစ်ခုကို ရေရွတ်တယ်။

“အိုင်ဇေယ...”

“.......”

အားလုံးရဲ့မျက်စိရှေ့မှာတင်ပဲ နက်ဆန်ဟာလေထဲ တန်းတန်းကြီးဖြစ်နေပြီး ရပ်တန့်သွားခဲ့ပါတယ်။ သူ့ကိုယ်ပေါ်က ကြွက်သားလေးတစ်ခုတောင်မှ လှုပ်ရှားမှုမရှိတော့ဘူး။ ဆားဗီးရပ်က နက်ဆန့်ရှေ့ ရပ်လိုက်ရင်း

“ဒီတမန်တော်က ဂျူဒက်ဘုရင်ဟက်ဇစ်ခိုင်ယအဖို့ နေကိုတားပေးခဲ့ဖူးတယ်။ မင်းရဲ့လှုပ်ရှားမှုတွေကို တားဆီးဖို့ကတော့ အလွယ်လေးပဲ။”

“ဒါလင်....” နက်ဆန်အန္တရာယ်ကျရောက်နေတာ မြင်ရတော့ မိုနီကာက စိုးရိမ်တကြီးနဲ့ပြေးလာတယ်။ ဒါပေမဲ့သူက အတော်ဝေးဝေးမှာရှိနေတာဖြစ်ပြီး မိစ္ဆာပုံစံပြောင်းလိုက်ပေမဲ့ သူ့မှာအတောင်ပံတွေ မရှိတော့တာကို သတိထားလိုက်မိတယ်။ နောက်တော့ သူ့မျက်နှာက မည်းမှောင်သွားပြီး နောင်တနဲ့မျှော်လင့်ချက် ကင်းမဲ့မှုတွေက သူ့စိတ်ကိုဖုံးလွှမ်းသွားခဲ့တယ်။

“သခင်....” အိုလီရာနာလည်းတစ်ခုခုလုပ်ဖို့ ကြိုးစားလိုက်ပေမဲ့ သူမလှုပ်ရှားရသေးခင်မှာပဲ ဆယ်ဗီက သူ့ကိုချုပ်နှောင်ထားတဲ့ နွယ်တွေကို ခွဲစိတ်ဓားအစွမ်းနဲ့ပိုင်းဖြတ်ပြီး နက်ဆန်ဆီ ပြေးသွားလိုက်တယ်။

“ကျွန်မက အသုံးမကျတဲ့သူမဟုတ်ဘူးလို့ ရှင့်ကို အတန်တန်ပြောထားရဲ့နဲ့။”

ဆားဗီးရပ်က ဓားကိုမြှောက်လိုက်ပြီး နက်ဆန့်ရင်ဝကို စိုက်သွင်းဖို့ကြိုးစားတယ်။ အဲဒီအချိန်လေးမှာတင် အရာအားလုံး ရပ်တန့်သွားသလို အားလုံးခံစားလိုက်ရတယ်။ ဒါပေမဲ့ ဓားကနက်ဆန်ရင်ထဲ ဝင်လုဆဲဆဲအချိန်မှာပဲ ဆယ်ဗီက အောင်အောင်မြင်မြင်နဲ့အနားရောက်လာပြီး နက်ဆန်ကိုတွန်းထုတ်လိုက်နိုင်တယ်။

ဖောက်....

ပေါက်... ပေါက်.... ပေါက်....

တစ်ခုခုပေါက်ကျသွားတဲ့အသံနဲ့အတူ သွေးစက်တွေ မြေပြင်ပေါ်ကို ကျဆင်းလာတယ်။ နက်ဆန်က မြေပေါ်ကို ပြုတ်ကျသွားပြီး သူ့မျက်စိရှေ့မှာ မြင်နေရတဲ့မြင်ကွင်းကို မယုံနိုင်စွာနဲ့ ကြည့်လို့နေပါတယ်။

ဆယ်ဗီရဲ့အဖြူရောင်ယူနီဖောင်းက သွေးတွေကြောင့်အနီရောင်ဖြစ်နေပြီး အထွတ်အမြတ်ဓားက ဆယ်ဗီရဲ့ရင်ဝကနေဝင်ပြီး ကျောနောက်ကနေပြန်ထွက်လာတယ်။

“ထင်ထားတာထက် နာတာပဲ....” ဆယ်ဗီဆီကနေ စကားသံဖျော့ဖျော့ထွက်လာပြီးနောက် မကြာခင်မှာပဲ ခေါင်းငိုက်စိုက်ကျသွားလေရဲ့။

“ဒါကတော့ ထင်မထားတဲ့ကိစ္စပဲ။” ဆားဗီးရပ်က ခေါင်းကိုခါယမ်းရင်း ဆယ်ဗီ့ကို လက်တစ်ဖက်နဲ့ထိန်းကာ ဓားကိုပြန်ဆွဲထုတ်လိုက်တယ်။ ပြီးတဲ့နောက် လူကြီးလူကောင်းဆန်ဆန် မြေပေါ်ကိုအသာ ချပေးလိုက်ပြီး နက်ဆန်ကိုလှည့်ကြည့်လိုက်တယ်။

“ ခွေးမသား.... မင်းလုပ်ရဲတယ်ပေါ့....”

နက်ဆန့်လက်ထဲက ဆေဘာကတော့ ပါစီဗယ်အဖြစ်ပြောင်းသွားပြီး ပါစီဗယ်က သူ့စစ်တပ်ကြီးတစ်ခုလုံးကို ဆင့်ခေါ်လိုက်တယ်။ ပက်တီးပတ်စစ်သားတွေက ဆားဗီးရပ်ကို လက်နက်ပေါင်းစုံနဲ့ဝိုင်းပစ်ကြပေမဲ့ သူ့ရဲ့အကာအကွယ်အလွှာကိုတောင် မချိုးဖောက်နိုင်ဘူး။

နက်ဆန်ကတော့ ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ ဆယ်ဗီရဲ့ပုံစံကိုကြည့်ရင်း အရူးတစ်ယောက်လို ရေရွတ်နေလေရဲ့....

“မဖြစ်ရဘူး... အဲဒီလိုဖြစ်သွားလို့မရဘူးလေ။”

All Chapters