လူသားတွေဟာ အမှောင်ထုကို သဘာဝအားဖြင့် ကြောက်ရွံကြပါတယ်။ ဒီလိုကြောက်ရွံ့ရတဲ့ အကြောင်းအရင်းကတော့ အမှောင်ထုအတွင်းမှာ မှီတင်းနေထိုင်တဲ့ ဆိုးယုတ်တဲ့သတ္တဝါတွေကြောင့်ဖြစ်သလို အမှောင်ထုရဲ့ တည်ရှိမှုကိုယ်တိုင်က ထူးခြားဆန်းကျယ်ပြီး အမှောင်ထုအတွင်းမှာ ရှိနေတဲ့ အရာတွေကို လူသားတွေ နားမလည်နိုင်တာကြောင့် ဖြစ်ပါတယ်။ လူသားတွေဟာ အမှောင်ကိုခွင်းတဲ့ အလင်းဘက်တော်သား ဆိုတဲ့စကားလုံးကို သဘောကျကြပါတယ်။ ဒါပေမဲ့ နက်ဆန်ကတော့ အမှောင်ထုထဲမှာနေထိုင်ပြီး အဲဒီစကားလုံးနဲ့ ဆန့်ကျင်ဘက်လူတစ်ယောက်ပါ။ သူ့မှာ နာမည်ဆိုးတစ်ခုရှိပြီး စေတန်ပြန်လည်ဝင်စားသူတဲ့။ ဒီလိုပြောလို့ သူ့ကိုလူဆိုးတစ်ယောက်လို့ သတ်မှတ်လို့ မရပြန်ပါဘူး။ အကြောင်းအရင်းကတော့ သူဟာ အမှောင်ထုကို ခိုကိုးပြီး မကောင်းမှုတွေကို ပြုလုပ်နေတဲ့ မကောင်းဆိုးဝါးနဲ့ လူသား အပေါင်းတို့ကို နှိမ်နင်းဖို့ ဆုံးဖြတ်ထားတဲ့ အမှောင်ထုထဲမှာ နေထိုင်သူ ညမင်းသားတစ်ပါး ဖြစ်နေခဲ့လို့ပါ။

