ကြေးမုံလောက (A)
Vol. 1 Ch. 14
ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မနာမည်က ဆယ်ဗီပါ။ မကြာသေးခင်ကပဲ လိုင်စင်ရတရားဝင် သူနာပြုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အခုလောလောဆယ်တော့ ချမ်းသာတဲ့မိသားစုတစ်ခုက ကျွန်မကို မိသားစုသူနာပြုအဖြစ် အလုပ်ခန့်ထားပါတယ်။ အလုပ်သင်သူနာပြုအဖြစ်နဲ့ရှိတုန်းက သဘာဝလွန် ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရပေမဲ့ လပေါင်းများစွာကြာပြီဖြစ်လို့ ကျွန်မဘဝလေး အတော်တည်ငြိမ်နေပါပြီ။
ဒီနေ့လည်း ကျွန်မ မနက်စောစောထဖြစ်ပြီး ရေမိုးချိုး အဝတ်အစားလဲဖြစ်ခဲ့တယ်။ သူနာပြုတစ်ယောက်အနေနဲ့ ကိုယ်စောင့်ရှောက်ပေးရမယ့် လူနာထက်အရင် ကြိုနိုးနေသင့်တယ်မဟုတ်လား။
ကျွန်မအလုပ်လုပ်နေတဲ့နေရာက နာမည်ကြီးမီလျံနာ သရုပ်ဆောင်တစ်ယောက်ရဲ့အိမ်ဖြစ်ပြီးတော့ သူ့ကို မင်းသားလီရိုက်အဖြစ် သိကြပါတယ်။ ပြင်သစ်ရဲမှုခင်း ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးပြီး ကမ္ဘာမကျော်ပေမဲ့ နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်လို့တော့ ပြောလို့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က မင်းသားလွီရိုက်ရဲ့ဖခင် ကားအက်ဆီးဒင့် တစ်ခုကြောင့် ကျောရိုးဒဏ်ရာရသွားခဲ့ပြီး အခုချိန်အထိ အိပ်ရာပေါ်မှာပဲ လှဲနေရတုန်းပါ။ အသက်လည်းကြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ပြန်ကောင်းလာဖို့ အချိန်ယူရပြီး အခုဆိုရင် တစ်နှစ်ကျော်ထဲဝင်လာပါပြီ။
ပုံမှန်ဆိုရင်တော့ ဒီလိုလူမျိုးက ကျွမ်းကျင်သူနာပြု တစ်ယောက်ယောက်ကိုငှားသင့်ပေမဲ့ ကျွန်မကို အင်တာဗျူးပြီးတဲ့နောက် ချက်ချင်းပဲခန့်လိုက်တော့တာ။
“မင်းကြည့်ရတာ ကြင်နာတတ်ပြီး သည်းခံတတ်တဲ့ပုံပဲ။ အဖေက ဒဏ်ရာရပြီးနောက်ပိုင်း စိတ်ဆတ်လာတယ်။ အရင်သူနာပြုတွေလည်း သူအော်တဲ့ငေါက်တဲ့ဒဏ် မခံနိုင်လို့ပြေးကုန်ကြတာ။”
မင်းသားလွီရိုက်က သူ့အဖြစ်ကို ရှင်းပြခဲ့ဖူးတယ်။ ကိုယ်လက်သန့်စင်ပြီးတဲ့နောက် ကျွန်မလည်း လူနာရှိနေတဲ့ အခန်းထဲကိုသွားခဲ့ပြီး အလုပ်စပါတယ်။ ကျွန်မရဲ့တာဝန်က ထွေထွေထူးထူးတော့မရှိပါဘူး။ လွီရိုက်ရဲ့အဖေ မွန်ဆီယာရောဘတ်တိုရဲ့ဒဏ်ရာက သက်သာနေပြီဖြစ်ပြီးတော့ နာလန်ထဖို့အရှိန်ယူနေရရုံ သက်သက်ပါ။ ဒါပေမဲ့လမ်းပြန်လျှောက်နိုင်ဖို့ကတော့ စိန်ခေါ်မှုကြီးဖြစ်သွားပြီ။ ဆေးရုံတစ်ရုံမှာ လမ်းလျှောက် ပြန်သင်ဖို့အတွက် ခြောက်လလောက်လေ့ကျင့်ခန်း လုပ်ခဲ့ပေမဲ့ လမ်းမလျှောက်နိုင်သေးတာကြောင့် မွန်စီယာရောဘတ်တိုက ဒေါသထွက်ထွက်နဲ့ အိမ်အတင်းပြန်လာခဲ့တာတဲ့။ တကယ့်လူဂွစာကြီး။
“အဖိုး၊ နိုးနေပြီလား။” ကျွန်မ အခန်းတံခါးကိုလည်း ဖွင့်လိုက်ရော ဒီဂျစ်တယ်လူနာကုတင်ကို ကိုယ်တိုင် ရီမုနဲ့ထိန်းချုပ်ပြီး ထိုင်လျက်အနေအထားဖြစ်အောင် ပြုပြင်နေတဲ့ ရောဘတ်တိုကို မြင်လိုက်ရရော။ သူက ကျွန်မကို အသက်ကြီးလာတာကြောင့် ရီဝေနေတဲ မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး ဘောက်ဆက်ဆက်နဲ့ ပြောလိုက်လေရဲ့။
“ကောင်မစုတ်လေး၊ မင်း မနေ့ကထက် ငါးမိနစ်နောက်ကျတယ်။ လူငယ်ဖြစ်ပြီးတော့ အချိန်ကို လေးစားမှပေါ့။”
သူက တိုင်ကပ်နာရီက ညွန်ပြနေတဲ့ ခုနစ်နာရီ ငါးမိနစ် ဆိုတာကြီးကိုကြည့်ပြီး ကျွန်မကို ပျစ်ပျစ်နှစ်နှစ်ဆူတော့ တာပါပဲ။ ဒါပေမဲ့ ကျွန်မက ဒါကိုလစ်လျူရှုထားလိုက်ပြီး မွန်စီယာရောဘတ်တိုကို အရင်ဆုံးအဝတ်လဲဖို့အတွက် ကူညီပေးလိုက်ပါတယ်။ ပြီးနောက်တော့ အိပ်ရာမှာ အကြာကြီးလှဲနေလို့ဖြစ်တဲ့ သူ့ရဲ့ကျောပေါ်က အိပ်ရာနာ (အိပ်ရာပေါ်မှာအကြာကြီးလှဲနေရင် ဖြစ်တဲ့အနာတွေ) ကို ဆေးလိမ်းပေးပြီး သက်သောင့်သက်နာအနေအထားမျိုး ပြန်ဖြစ်အောင်လို့ အိပ်ရာပေါ်မှာ သူ့ကိုယ်ကို ပြန်တည့် ပေးလိုက်ပါတယ်။
“အဖိုးမနက်စာစားဖို့ ပြင်ပေးမယ်နော်။” နောက်တော့ ကျွန်မလည်း ပြောလိုက်ပြီးတော့ မီးဖိုချောင်ဘက်ကို ထွက်လာခဲ့ပါတယ်။ မီးဖိုချောင်ထဲမှာတော့ ထမင်းချက် အဒေါ်ကြီးဇိုးအီကတော့ မနက်စာအတွက် ပြင်ဆင်နေပြီ။
“ဟိုလူဂွစာကြီး နိုးနေပြီလား။” သူက မင်းသားလွီရိုက် အနားမှာရှိမရှိ သေချာအောင်လို့ ကြည့်ပြီးတဲ့နောက် ကျွန်မကိုလှမ်းမေးတယ်။ ကျွန်မလည်း ခေါင်းညိတ်ပြ လိုက်တော့ အဒေါ်ကြီးက ခေါင်းတခါခါနဲ့...
“ဒီလူကြီးတော့ ဒီနေ့ငါချက်တာကို ဘယ်လိုပြဿနာ ရှာဦးမယ်မသိဘူး။ မနေ့ကလည်း သူ့ခရိုးဆန့်မုန့်မှာ အပဲ့လေးနည်းနည်းပါနေလို့ဆိုပြီး ရှာလိုက်တဲ့ ပြဿနာပြီးကိုမပြီးနိုင်ဘူး။”
အဒေါ်ကြီးဇိုအီကလည်း အဒေါ်ကြီး။ သူက ပွစိပွစိ ပြောနေပေမဲ့ ဒီမှာသည်းခံပြီးလုပ်နေတာ ဆယ်နှစ် ကျော်နေပြီ။ ပြီးတော့ အဆူခံရတာလည်းမပြောနဲ့ သူကိုယ်တိုင်ကလည်း အကျင့်ကမကောင်းဘူးရယ်။ ဟင်းတွေကိုချက်ပြီးတိုင်း အိုးထဲကနေ နှိုက်နှိုက်စားတော့တာ။ မြည်းတာမဟုတ်ဘူးနော်၊ အားရပါးရအဝစားတာ။ သူ့ကိုယ်အလေးချိန်က လွီရိုက်တို့ သားအဖနှစ်ယောက်ပေါင်းစာလောက် ရှိနေတာလည်းမပြောနဲ့။
ဒီနေ့ အဖိုးရောဘတ်တိုအတွက်မနက်စာက ခရင်အာလူး စွပ်ပြုတ်နဲ့ ကိုက်ရလွယ်တဲ့ သီးစုံအစာသွပ်မုန့်ပါ။ ပန်းသီး ဖျော်ရည်လည်းပါသေးပြီး လွန်ခဲ့တဲ့နှစ်ပတ်လုံးလုံး နွားနို့ချည်းပဲသောက်ရလို့ဆိုပြီး သောင်းကျန်းထားလို့ အစားထိုးလိုက်ရတဲ့ ဖျော်ရည်ပါ။ စားစရာတွေအားလုံး အိမ်မှာ လတ်လတ်ဆတ်ဆတ်လုပ်ထားတာဖြစ်ပြီးတော့ အဖိုးရောဘတ်တိုက အပြင်ကဝယ်တာဖြစ်ဖြစ် မိုက်ခရိုဝေ့နဲ့ပြန်နွှေးတာဖြစ်ဖြစ် မကြိုက်ပါဘူး။ နောက်ဆုံးတစ်ခါ မိုက်ခရိုဝေ့နဲ့သူ့စွပ်ပြုတ်ကို နွှေးပေးမိတုန်းက အဒေါ်ကြီးကို ထရိုက်တော့မယ် တကဲကဲဖြစ်နေတော့တာ။ လူက အိပ်ရာပေါ်ကနေ မထနိုင်လို့ပဲ။
“အမယ် ဒီနေ့တော့ နွားနို့ကနေ ပန်းသီးဖျော်ရည် ဖြစ်သွားပြီပဲ။ ပြဿနာက ငါ့ကိုအာလူးစွပ်ပြုတ်ချည်း တိုက်နေတာ ငါးရက်လောက်ရှိနေပြီး။ ဟိုလစာလိမ်ယူနေတဲ့ ထမင်းချက်မကို ဟင်းပြောင်းပေးဖို့ပြောဦး။ ပြင်သစ်ပေါင်မုန့် ကြက်ဥကြော်လေးဘာလေးလုပ်လို့။”
“အဖိုး၊ အဲဒါက အဆီများတယ်လေ။ ကျန်းမာရေးအတွက် မကောင်းဘူး။”
“အာလူးစွပ်ပြုတ်ကလည်း ခရမ်တွေနဲ့ချည်း မဟုတ်ဘူးလား။ ငါနေ့တိုင်းစားနေတာ ဘယ်မှာဝိတ်တက်လို့လဲ။ သူ့ကို ကြော်သာကြော်ခိုင်းလိုက်။”
“ဟုတ်ကဲ့...” ကျွန်မလည်း သူ့ကိုဆက်ပြီး ငြင်းနေပြီး ကိုယ့်ဘက်ပါလှည့်ပြီး အဆူခံရမှာစိုးတာနဲ့ ဘာမှမပြောတော့ဘူး။
သူ့ကို မနက်စာစားဖို့အတွက် ကူညီပေးပြီးတဲ့နောက် သောက်ရမယ့်ဆေးတွေကို ပြင်ဆင်ပေးဖြစ်တယ်။ မွန်ဆီယာရောဘတ်တိုကတော့ ဆေးတွေ ဘယ်လောက်သောက်သောက် သူပြန်ပြီးလမ်းလျှောက်မရတာကြောင့် ဆရာဝန်ပြောင်းပြသင့်ကြောင်း၊ လွီရိုက်ကိုပြောပေမဲ့ ပြောင်းကိုပြောင်းမပေးတဲ့အကြောင်းတွေ ပေါက်ပေါက် ဆက်ဖောက်တော့တာပဲ။ အသက်ကြီးလာပြီး သားက အမြဲအပြင်သွားသွားနေတဲ့အပြင် လမ်းလည်း မလျှောက်နိုင်တော့တာကြောင့် ခုလိုအထီးကျန်ပြီး ပေါက်ပေါက်ဝဝများနေတာလို့သာ ကျွန်မနားလည် ထားလိုက်ပြီး အလိုက်သင့်ရေလိုက်ငါးလိုက် နေလိုက်တယ်။
ခဏနေတော့ သူစကားပြောနေရာကနေ ငြိမ်ကျသွားပြီး အခန်းထောင့်မှာရှိနေတဲ့ ရှေးဟောင်းဗီရိုကြီးတစ်လုံးကို ကြည့်ပြီးပြောပါတယ်။
“ကောင်မစုတ်လေး၊ အဲဒီဗီရိုကို ငါမနေ့ညကတည်းက ရွေ့ခိုင်းထားတာမဟုတ်လား။ ဘာလို့ခုထိ မရွှေ့ကြသေးတာလဲ။”
“မွန်ဆီယာလွီရိုက်ပြောတာတော့ အိမ်က အိမ်စောင့် ဦးလေးကြီးနယ်ပြန်သွားလို့ ရွှေ့မယ့်သူမရှိဘူးတဲ့။”
သူပြောနေတဲ့ ဗီရိုကြီးက ရှေးဟောင်းသစ်သားဗီရိုကြီး ဖြစ်ပြီးတော့ အကန့်သုံးကန့်နဲ့ကိုယ်လုံးပေါ် မှန်တစ်ချပ် ပါပါတယ်။ လွီရိုက်ပြောတာကတော့ သူတို့ဒီအိမ်ကို ဝယ်ကတည်းက အိမ်ခေါင်မိုးပေါ်မှာရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ကျွန်မဆေးပစ္စည်းတွေထည့်ဖို့ နေရာမရှိတဲ့အတွက် ထည့်စရာတစ်ခုခုတောင်းမိရာက အဖိုးရောဘတ်တိုအိပ်ခန်းထဲ ရောက်လာတော့တာပဲ။
“ကောင်မစုတ်လေး၊ မှန်တွေကို နေမကောင်းတဲ့ လူတွေအခန်းထဲထည့်တာ နိမိတ်ကောင်းဘူးဆိုတာ မသိဘူးလား။ အဲဒီကောင်ကိုပြောလိုက်၊ သူကိုယ်တိုင် လာပြီးဗီရိုကိုရွှေ့လို့။ လူက ယောက်ျားဖြစ်နေပြီးတော့ နည်းနည်းလေးမှသောက်ဖြစ်မရှိဘူး။ အဲဒီဒရဝမ်မရှိတာအကြောင်းပြပြီး ဘာမှခိုင်းလို့ကို မရဘူး။”
မင်းသားလွီရိုက်ကလည်း သူ့မာနနဲ့သူ။ နည်းနည်းလေး တောင်မှ အလုပ်ကြမ်းလုပ်ချင်တာမဟုတ်ဘူး။ ချမ်းသာတဲ့သူတွေက ဒီလိုပါပဲလေ။
“ဗီရိုကိုဒီနေ့မရွှေ့နိုင်လဲထားလိုက်၊ မှန်ကိုသာ တစ်ခုခုနဲ့ အုပ်ထားလိုက်စမ်းပါ။”
“ဟုတ်ကဲ့...” ကျွန်မလည်း သူစိတ်ကျေနပ်အောင်လို့ ဗီရိုထဲမှာလိုရမယ်ရသိမ်းထားတဲ့ အိပ်ရာခင်းအသစ်ကို ဆွဲထုတ်လိုက်ပြီး ဗီရိုကိုအပေါ်ကနေ ခြုံမိုးဖို့စပြင်ဆင်တယ်။
“ဟမ်...” ကျွန်မပဲ စိတ်ထင်တာလားမသိပေမဲ့ ကျွန်မ ဗီရိုနားကိုကပ်လာတော့ မှန်ထဲမှာရှိနေတဲ့ ကျွန်မပုံရိပ်က နည်းနည်းပြုံးနေသလိုပဲ။
‘ငါ့ဘာသာငါပြုံးမိနေတာကို သတိမထားမိလိုက်တာ ဖြစ်မှာပါ။’လို့ကျွန်မတွေးလိုက်ပြီးတဲ့နောက်မှာ ဗီရိုကို အဝတ်စနဲ့အုပ်ထားလိုက်ပါတယ်။
“အဖိုး၊ လေရအောင် ပြတင်းပေါက်တံခါး ဖွင့်ထားပေးမယ်နော်။” ကျွန်မလည်း သူပွစိပွစိပြောနေတာတွေကို နားထောင်ရင်းကနေ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်ဖွင့်ထားပေးဖို့ မေ့သွားတာ။ ပြတင်းပေါက်ကို ဖွင့်လိုက်တော့ စံအိမ်ရဲ့အပြင်ဘက်မှာ ရှိနေတဲ့ ပန်းမွေ့ရာကြီးတွေကို မြင်လိုက်ရပြီး နံနက်ခင်း လေပြေနဲ့အတူ ပန်းရနံသင်းသင်းကိုရလာတယ်။
...
အဖိုးရောဘတ်တိုကို မနက်စာကျွေးပြီးနောက်မှ ကျွန်မကိုယ်တိုင် မနက်စာစားဖို့အတွက် အချိန်ကျလာပါတယ်။ မင်းသားလွီရိုက်လည်း စားပွဲဝိုင်းမှာ ကြိုရောက်နေပြီး ကျွန်မကိုမေးလိုက်တယ်။
“ဒီနေ့ သူဘယ်လိုနေလဲ။” လွီရိုက်က ရောဘတ်တိုကို ကိုယ်တိုင်လာကြည့်တာရှားပေမဲ့ သတင်းတော့ ပုံမှန် မေးဖြစ်ပါတယ်။ အဒေါ်ကြီးဇိုအီအဆိုအရတော့ လွီရိုက်တစ်ယောက် အရင်မိန်းမနဲ့ကွာရှင်းပြီးတည်းက နှစ်ယောက်အဆင်မပြေဖြစ်နေတာဆိုလား။
“ဗီရိုကို ပြဿနာရှာနေတာကလွဲရင် ကျန်တာအားလုံး အဆင်ပြေပါတယ်။”
“ကောင်းပြီလေ၊ ဒီညနေ အပြင်ကအလုပ်သမား တစ်ယောက်ငှားပြီး ရွှေ့ခိုင်းလိုက်မယ်။” လွီရိုက်က စကားကိုနည်းနည်းပဲပြောပြီး ရိုက်ကွင်းကိုသွားဖို့ မနက်စာကိုလက်စသတ်ပြီး ဧည့်ခန်းထဲကနေ ထွက်သွားပါတယ်။
ကျွန်မကတော့ မနက်စာကို အေးအေးဆေးဆေး အချိန်ယူဆက်စားနေတော့တာပဲ။ မနက်စာစားပြီး အခန်းထဲပြန်လာတော့ အဖိုးရောဘတ်တိုက ကျွန်မကိုမြင်တာနဲ့ မျက်ကလူးဆန်ပြာနဲ့ပြောတော့တာ။
“ကောင်မလေး... အဲဒီဗီရိုကြီးကို ဒီကနေ ချက်ချင်း ရွှေ့လိုက်တော့။ အဲဒီမှန်ကြီးက ပုံမှန်မဟုတ်ဘူးကွ။”
“....” ကျွန်မလည်း နားမလည်နိုင်တာနဲ့ ဗီရိုရှိရာကို ကြည့်လိုက်တော့ မှန်ကိုဖုံးထားတဲ့ပိတ်စက ကြမ်းပြင်မှာ ကျနေပြီ။ ကြည့်ရတာ လေတိုက်တာကြောင့် ပိတ်စလွင့်သွားပုံပဲ။
“အဖိုးဘာဖြစ်လို့လဲ၊ ကျွန်မကို ရှင်းပြပါဦး။”
“မှန်ထဲက ငါ့ပုံကြီးက မတ်တပ်ရပ်ပြီး ငါ့ကိုရယ်ပြနေလို့။” ကျွန်မလည်း ခေါင်းကုတ်လိုက်ပြီး မှန်ကိုသွားစစ်ကြည့်ပေမဲ့ ပုံမှန်ပါပဲ။
“မဟုတ်ရပါဘူး အဘရယ်၊ စိတ်ထင်တာနေမှာပါ။”
“ဟိုကောင်လွီရိုက်ဘယ်မှာလဲ။ အဲဒီကောင်ကို အခုလာခိုင်းလိုက်။”
“ရိုက်ကွင်းသွားပြီအဖိုးရဲ့။”
“ဒါဖြင့်လည်း ဇိုအီကို အဲဒီမီးခိုချောင်ထဲကနေ ထွက်လာခိုင်းလိုက်။ ကောင်မစုတ်လေး၊ နင်နဲ့ အဲဒီဟာမကြီးပေါင်းပြီး ဗီရိုကိုအိပ်အခန်းအပြင် ရွေ့ပေး။”
သူပြောတဲ့အတိုင်းမလုပ်ရင် တစ်နေကုန် ဆူပူနေမှာမလို့ ကျွန်မလည်း ခေါင်းညိတ်လိုက်ပြီး ဇိုအီကိုသွားခေါ်ရတယ်။ ကျွန်မတို့နှစ်ယောက် သူပြောတဲ့အတိုင်း ဗီရိုကြီးကိုရွေ့ဖို့လုပ်ပေမဲ့ ဗီရိုက ထင်ထားတာထက်လေးနေပြီး ရွေ့တောင်မရွေ့ဘူး။
“အဖိုး၊ ဒီအတိုင်းပဲ ပိတ်စနဲ့ခြုံပြီးထားရအောင်။ ဒါကြီးက တအားလေးတယ်။ မွန်ဆီယာလွီရိုက်က ညနေကျရင် လူငှားနဲ့ရွှေ့ပေးမယ်တဲ့။”
နှစ်ယောက်သား ဗီရိုရွှေ့ဖို့ကြိုးစားရင်း ဖက်ဖက်မောလာတာနဲ့ အဖိုးရောဘတ်တိုကို ထပ်ဖျောင်းဖျရပြန်တယ်။
“ပိတ်စနဲ့ဖုံးရုံနဲ့တင် စိတ်မချရဘူးကွ။ ခုနက လေမတိုက်ဘဲ ပိတ်စကြီးလျှောကျလာတာကော။”
“သမီးသေချာမဖုံးလိုက်မိလို့ ဖြစ်နိုင်တာပဲ။ ဒီတစ်ခါတော့ စိတ်ချရအောင် အပေါ်မှာအလေးနဲ့ဖိပေးထားမယ်။”
ကျွန်မလည်း ပြောပြောဆိုဆိုနဲ့ဗီရိုကို သေချာပိတ်စနဲ့ဖုံး အုတ်ခဲတစ်ခဲရှာလာပြီးအပေါ်မှာ ဖိထားပေးလိုက်တယ်။ လျှောကျနိုင်မကျနိုင် သေချာစစ်ပြီးတော့မှ ခုံမှာ ပြန်သွားထိုင်လိုက်တယ်။ အဖိုးရောဘတ်တိုကတော့ စောဒကတက်ချင်သေးပေမဲ့ ကျွန်မတို့လည်း ဒီထက် ပိုမလုပ်ပေးနိုင်တာကို သိနေတဲ့အတွက် ညနေအထိ ထိုင်စောင့်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။
...
ဆိုးတာက အဲဒီနေ့ ညမိုးချုပ်တဲ့အထိ မင်းသားလွီရိုက် အိမ်ပြန်မလာဘူး။ ရိုက်ကွင်းမှာ အရေးပေါ်ကိစ္စရှိလို့ဆိုလား။ ဗီရိုရွှေ့မယ့်ကိစ္စကိုလည်း မေ့သွားပြီ။ ညစာစားချိန်ရောက်တော့ အဖိုးရောဘတ်တိုက အကြီးအကျယ်ပေါက်ကွဲနေတော့တာပဲ။ ကျွန်မမှာ ဇက်ကလေးကိုပုလို့။ ကံကောင်းတာက သူက လွီရိုက်ကိုပဲ ဓားကျိန်းကျိန်းနေတာ။
“ငါ့အဖေတုန်းကဆိုရင် အဲဒီလိုလုပ်လို့ရရိုးလား။ ဟေ့ကောင်ရောဘတ်တို တုတ်ကောက်ပြန်ခဲ့ဆိုရင် ငြင်းကိုမငြင်းနိုင်ဘူး။”
နောက်ဆုံးအဖိုးရောဘတ်တို အိပ်ပျော်သွားပြီးတဲ့ အချိန်ကျမှ ကျွန်မလည်း သူနဲ့ဘေးချင်းကပ်လျက်မှာရှိတဲ့ ကိုယ့်အခန်းကိုယ် ပြန်လာခဲ့ပါတယ်။
...
ဘုန်း...
ည၁၂နာရီလောက် ကျွန်မကိုယ်တိုင်အိပ်ကောင်းနေတဲ့ အချိန် ဘေးအခန်းကနေ လေးလံတဲ့တစ်ခုခု ပြုတ်ကျတဲ့ အသံကြားရလို့ ကျွန်မအပြေးသွားကြည့်မိပါတယ်။ အဖိုးရောဘတ်တိုက အိပ်ရာကနေ ထထိုင်နေပြီးတော့ မှန်ကြီးကို တည့်တည့်ကြည့်နေတယ်။
ဟုတ်တယ်၊ မှန်ဆိုကာမှ မှန်ကိုဖုံးထားတဲ့ ပိတ်စကြီးက လျှောကျနေပြန်ပြီ။ ပြီးတော့ ပိတ်စကိုဖိထားတဲ့ အုတ်ခဲကပါ ကြမ်းပြင်ပေါ်ကျနေပြီး နှစ်ခြမ်းကွဲသွားတာ။ ခုနကအသံက အဲဒီကနေလာတာ။ ဒါပေမဲ့ ကျွန်မသေချာ အုတ်ခဲကိုတင်ခဲ့တာဖြစ်ပြီးတော့ ပြတင်းပေါက်လည်းဖွင့်မထားသလို လူတစ်ယောက်က တမင်ဖယ်ပစ်လို့အပြင် တခြားကျစရာ အကြောင်းလည်းမရှိပါဘူး။ ဒါပေမဲ့ အဖိုးရောဘတ်တိုက လမ်းမှမလျှောက်နိုင်တာ။
“ငါဗိုက်ဆာတယ်... တစ်ခုခုရှိလား။” အဖိုးရောဘတ်တိုက ကျွန်မကိုမြင်တော့ မေးတယ်။ သူက မှန်ကိစ္စကိုပြဿနာအရင်မရှာဘူး။ ပုံမှန်ဆိုရင် ပိတ်စကို သေချာမဖုံးလို့ဆိုပြီး ဆူနေလောက်ပြီ။ ဒါပေမဲ့ ကျွန်မလည်း သေချာမတွေးလိုက်မိဘဲ ဇိုအီကိုသွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။
အပြင်ကိုရောက်မှတွေးမိတာက ‘ဒါနဲ့အဖိုးရောဘတ်တိုက ဒီဂျစ်တယ် အိပ်ရာအကူအညီမပါဘဲ ဘယ်တုန်းက ခုလိုထနိုင်သွားတာလဲ။’ ဆိုတာပါပဲ။