မီလန်တိုက်ပွဲ (၂)
Vol. 3 Ch. 148
နာတာရှာက သူ့အတောင်ပံတွေကို ခတ်လိုက်ပြီး ကောင်းကင်ပေါ် ပျံတက်လိုက်တယ်။ ပျက်စီးခြင်းမြစ်ရေက လူတစ်ယောက်ရဲ့တည်ရှိမှုကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်စွမ်း ရှိတဲ့အရာတစ်ခုပါ။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ဒါလီယာရဲ့လွှမ်းမိုးမှုနဲ့ တဖြည်းဖြည်းပြောင်းလဲလာပြီးတော့ လူသူကင်းမဲ့တဲ့ လမ်းမကြီးတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ နာတာရှာက မျက်မှောင်ကြုတ်လိုက်တယ်။
“နောက်ထပ် ဒိုင်မေးရှင်းအတုလား”
အဲဒီနောက်တော့ အောက်ကိုငုံကြည့်လိုက်တယ်။ ဒါလီယာကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။ အဲဒီအစား အယ်မာက လမ်းမပေါ်မှာရပ်နေပြီး မှော်နှင်တံကိုလက်ထဲမှာ ကိုင်ကာ ဂါထာရှည်တစ်ပုဒ်ကိုရွတ်ဆိုနေတယ်။ အဲဒီနောက်မှာတော့ မှော်နှင်တံကို မြေကြီးထဲ ထိုးစိုက်လိုက်တယ်။
ချက်....
အဲဒီနောက်မှာတော့ ဒိုင်မေးရှင်းလောကကြီးရဲ့မြေပြင်တစ်ခုလုံးက ပြိုကွဲ ပျက်စီးသွားပြီး အစိတ်အပိုင်းပေါင်းမြောက်မြားစွာအဖြစ် ပြောင်းလဲသွားပါတယ်။ နောက်တော့ လောကကြီးတစ်ခုလုံး လေဝဲကြီးတစ်ခုထဲရောက်သွားပြီး မြေစိုင်မြေခဲတွေပ နာတာရှာ ရှိနေတဲ့နေရာဆီ အရှိန်အဟုန်နဲ့တိုးဝင်လာပါ တော့တယ်။
“ဒီဒိုင်မေးရှင်းထဲမှာရှိသမျှအရာအားလုံးကို ငါထိန်းချုပ်လို့ ရတယ်။ ဒီတစ်ခါတော့ အရင်တုန်းကလိုမျိုး ငါ့ကိုနိုင်မယ် မထင်နဲ့တော့ ဂျူနီယာ။”
အယ်မာက ဝမ်းသာအားရ ရယ်မောနေတယ်။ နာတာရှာက ကိုယ်တိုင်ပြုံးလိုက်ပြီးတော့ လေစီးကြောင်းကို အလိုက်သင့် ထိန်းချုပ်ကာ လက်ရှိအခြေအနေကို စဥ်းစားနေတယ်။
လေနတ်ဘုရားခန္ဓာကိုယ်ပိုင်ဆိုင်ထားသူအနေနဲ့ နာတာရှာရဲ့ အဓိကစွမ်းအားက လေမှော်ဂါထာတွေပါ။ ဒါပေမဲ့ သူက အခုဒါလီယာဖန်တီးထားတဲ့ မှော်ဒိုင်မေးရှင်းထဲရောက်နေပြီး အယ်မာက ဒီဒိုင်မေးရှင်းထဲက လေထုကိုစိတ်ကြိုက် ထိန်းချုပ် ထားပါတယ်။ ဒါကြောင့် လေထုက ဒီနေရာမှာ နာတာရှာကိုမနာခံဘဲ သူ့ရဲ့အားသာချက်က ပျောက်ဆုံး နေခဲ့ပါပြီ။
“ပြိုကွဲစမ်း....”
ဘုန်း...
နာတာရှာက သူ့ကိုရိုက်မိလုနီးပါးအထိ နီးကပ်လာခဲ့တဲ့ မြေသားစိုင်ကြီးတစ်ခုကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါပေမဲ့ ဒါဇင်နဲ့ချီတဲ့မြေသားစိုင်တွေက သူ့ဆီကိုဆက်လာနေဆဲ ဖြစ်ပြီးတော့ အယ်မာက မြေပြင်မှာဆက်ရပ်နေကာ ပြိုကွဲ နေပြီးသား မြေပြင်ကမြေသားတွေကို မှော်နှင်တံနဲ့ညွန်ပြကာ လေစီးကြောင်းအတိုင်းမျောပါအောင် ပင့်မြှောက်ပေးနေ ပါတယ်။
“အဖွဲ့အစည်းထဲမှာရှိနေတုန်းက နင်ရဲ့လေစွမ်းအားကိုနင် တအားဂုဏ်ယူခဲ့တာမဟုတ်လား။ အခုနင်ဘာလုပ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။”
အယ်မာက EUOCမှာ နာတာရှာထက်အရင် အရာရှိဖြစ်ခဲ့တာ ဖြစ်ပါတယ်။ နဂိုက နာတာရှာက အဖွဲ့ (၆)မှာ သာမန်အဖွဲ့ဝင် တစ်ယောက်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပါရမီကြောင့် အဖွဲ့ (၄)ရဲ့ခေါင်းဆောင်ဖြစ်သွားခဲ့ပြီး သူ့အရင်အရာရှိနဲ့ တန်းတူရာထူးရလာခဲ့ပါတယ်။ ရာထူးတွေထက်တက်ဖို့ အတွက်လည်း ရေပန်းစားနေတဲ့အချိန်မှာ အယ်မာကတော့ ဒုံရင်းက ဒုံရင်းအတိုင်းပဲ ဖြစ်နေခဲ့ပါတယ်။
“ရှင်က အခုထိ ကျွန်မတို့ရာထူးအတူတူဖြစ်သွားတဲ့ကိစ္စကို မကျေမနပ်နိုင် ဖြစ်နေသေးတာကိုး။ ဒါဆိုရင်တော့ စိတ်မရှိပါနဲ့။ ရှင့်ရဲ့ဒီဒိုင်မေးရှင်းက အကန့်အသတ်မဲ့ မဟုတ်သေးဘူး။”
နာတာရှာက သူ့ရင်ဝကိုယ်သူ မှော်နှင်တံနဲ့ပြန်ချိန်လိုက်တယ်။ သူ့မျက်လုံးတွေကမှိတ်သွားပြီး ကျောနောက်ကတောင်ပံက ပျောက်ကွယ်သွားပါတယ်။ အဲဒီအစား သူ့ခန္ဓာကိုယ်ထဲကနေ ဝိညာဥ်လိုလိုတည်ရှိမှုတစ်ခု ထွက်ရှိလာခဲ့ပြီး အဲဒီဝိညာဥ်မှာ အနက်ရောင်တောင်ပံခြောက်ဖက် ပါဝင်နေပါတယ်။
အတောင်ပံတွေရဲ့အရောင်ကြောင့် ကျရှုံးနတ်အိန်ဂျယ် တစ်ပါးလိုထင်ရပေမဲ့ အဲဒီအိန်ဂျယ်ဟာ နာတာရှာနဲ့တစ်ပုံစံ တည်းဖြစ်ပြီး သူ့ရဲ့သန့်စင်တဲ့အသားအရေကို မိမွေးတိုင်း ဖမွေးတိုင်းမြင်နေရတယ်။ နောက်တော့ အဲဒီအိန်ဂျယ်က လက်တွေကိုဖြန့်တန်းလိုက်တယ်။
“နာခံကြစမ်း....” နောက်တော့ လေနတ်ဘုရားခန္ဓာကိုယ်က ဖြစ်တည်လာတဲ့နတ်အိန်ဂျယ်က လေထုကိုအမိန့်ပေးလိုက် ပါပြီ။ လေပွေတစ်ခုလိုမျိုးသောင်းကျန်းနေခဲ့တဲ့ ဒိုင်မေးရှင်း အတုထဲက လေတွေဟာချက်ချင်းငြိမ်ကျ သွားခဲ့ပါပြီ။ မြေစိုင်မြေခဲတွေလည်း ကောင်းကင်ပေါ်ကနေ ပြန်ပြုတ်ကျ လာခဲ့တယ်။
နာတာရှာရဲ့နတ်ဘုရားခန္ဓာကိုယ်ကတော့ လူခန္ဓာကိုယ်နဲ့ ပြန်လည်ပေါင်းစည်းသွားပြီး နာတာရှာက မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လိုက်တယ်။ ဒါပေမဲ့ နတ်ဘုရားခန္ဓာကို အသုံးလွန်ထားတဲ့အတွက် သူ့အသားအရေက ကွဲအက်နေပြီး နှုတ်ခမ်းထောင့်မှာ သွေးမည်းတချို့ ရှိနေတယ်။
“ပျက်စီးခြင်းမြစ်ရေက တကယ်ပဲ အရာအားလုံးကို ဖန်တီးနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ဒါလီယာက အဲဒီအီဂျစ် နတ်ဘုရားဆီက ဖန်ဆင်းခြင်း နတ်ဘုရားခန္ဓာနဲ့ အတင်း ချိတ်ဆက်ထားရုံပဲ။ နတ်ဘုရားခန္ဓာကိုယ်နောက်ကွယ်က နိယာမကိုနားမလည်သလို ဖန်ဆင်းခံလိုက်ရတဲ့ ဓာတ်သဘာဝတွေဖြစ်တဲ့ မီး၊ရေ၊လေ၊မြေ အစရှိတဲ့ ဓာတ်သဘာဝတွေနောက်က နိယာမကိုလည်းနားမလည်ဘူး။ အဲဒါက နတ်တစ်ပိုင်းအတုတွေရဲ့အားနည်းချက်ပဲ။”
နာတာရှာရဲ့လေထုအပေါ်ထိန်းချုပ်မှုက အချိန်တိုအတွင်းမှာ ချက်ချင်းပြီးပြည့်စုံသွားတယ်။ လေမုန်တိုင်းကြီးတစ်ခုထပ် ဖြစ်ပေါ်လာခဲ့ပေမဲ့ ဒီတစ်ခါက နာတာရှာထိန်းချုပ်နေတာ ဖြစ်ပြီးတော့ ပစ်မှတ်ကတော့ အယ်မာပါ။
“မကောင်းတော့ဘူး....” လမ်းဘေးဓာတ်တိုင်တချို့ လေအားကြောင့်မြောက်တက်လာပြီး အယ်မာဆီကို ပြေးဝင်လာချိန်မှာတော့ အယ်မာက ခြေဆောင့်ချတယ်။ မြေသားတွေက မြင့်တက်လာပြီးတော့ နံရံတစ်ခုအဖြစ်နဲ့ ဓာတ်တိုင်တွေက သူ့ကိုမထိအောင်လို့ ကာကွယ်ပေးထား လိုက်ပါတယ်။
“ဒါလီယာ...” အယ်မာက ဒီနေရာမှာဆက်တိုက်နေရင် အခြေမဟန်တော့မှန်းသိတဲ့အတွက် ဒိုင်မေးရှင်းအတု ဖန်ဆင်းရှင်ဖြစ်တဲ့ နတ်တစ်ပိုင်းအတုကို အမိန့်ပေးလိုက်တယ်။ မကြာခင်မှာပဲ ပင်လယ်ရေတွေ မြင့်တက်လာခဲ့ပါပြီး ဒိုင်မေးရှင်းတုထဲမှာရှိနေတဲ့ အရာရာကို စတင်ဖျက်ဆီးပါတော့တယ်။
....
ဝတ်ရုံဖြူနဲ့ဘုန်းတော်ကြီးတွေက အုပ်စုဖွဲ့ပြီးတော့ချီတက် လာကြပါတယ်။ သူတို့တွေလက်ထဲမှာ မျောလွင့်နေတဲ့ ကျမ်းစာစာအုပ်တွေကိုကိုင်ထားပြီး သူတို့ရှေ့မှာတော့ လူလေးယောက်က ဦးဆောင်နေတယ်။ သူတော်စင် နှစ်ယောက်ဖြစ်တဲ့ နီကိုလပ်နဲ့ သီယာတို့ပါ။ သူတို့ရဲ့တပ်မှူးတွေဖြစ်တဲ့ ဩစတင်းနဲ့ဂျူလီယာတို့လည်း ပါလာတယ်။ သူတို့တွေက နက်ဆန်နဲ့မော်လီတို့ရှိနေတဲ့ အထက်မြင့်တိုက်ပေါ်ကို မော့ကြည့်လိုက်ပြီး မေးလိုက်တယ်။
“ညမင်းသားနက်ဆန် မင်းက ငါတို့ရဟန်းမင်းကြီးကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့အပြင် ဒိုင်းသူတော်စင်ကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ဒါက ခွင့်လွှတ်လို့ရတဲ့ အရာတစ်ခုမဟုတ်ဘူး။”
နက်ဆန်ကတော့ တိုက်အောက်မှာရှိနေတဲ့သူတွေကို တည်ငြိမ်စွာနဲ့ပဲ ကြည့်လိုက်ပြီးတော့ ပြောလိုက်ပါပြီ။ “ကြားနေမြို့တစ်မြို့ထဲမှာ မင်းတို့က တိုက်ပွဲ ဖြစ်ချင်နေတာလား။ မြို့ပိုင်ရှင်ရဲ့မျက်နှာကိုလည်း ကြည့်လိုက်ဦး။”
သီယာကတော့ လေးကိုဆွဲတင်လိုက်ပြီး နက်ဆန်ကို ချိန်လိုက်ပါတယ်။ “ကျွန်မက ရှင့်ကိုတခြားသူတွေနဲ့ မတူညီလောက်ဘူးလို့ ထင်ထားခဲ့တာ။ ကြည့်ရတာ တခြားစီဖြစ်နေတဲ့ပုံပဲ။ ရှင်က ဘုရားကျောင်းကို ကျူးကျော်တိုက်ခိုက်ပြီး မောင်နှမတွေကို ဒဏ်ရာ ရစေခဲ့တယ်။ ဒီအတွက်ပေးဆပ်ရလိမ့်မယ်။”
“တချို့အမှန်တရားတွေက ကိုယ့်ကိုယ်ကိုယ်မှန်ထဲ ပြန်ကြည့်ရမှ သိမြင်ရတာမျိုးရှိတယ် သီယာ”
နက်ဆန်စကား ဆုံးတဲ့အချိန်မှာတော့ နီကိုလက်က လှံကို ဆုပ်ကိုင်ပြီးတော့ ပြေးထွက်လာတယ်။ သူက သူနံရံကို ဒေါင်လိုက်ပြေးတက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး စက္ကန့်ပိုင်း မကြာမှာပဲ နက်ဆန်ရှေ့ကိုရောက်လာတယ်။
“အယ်ဒါတစ်ယောက်ရဲ့စွမ်းအားကို စမ်းကြည့်ချင်နေတာ ကြာပြီ။” နီကိုလပ်က ပြောလိုက်တယ်။ သူ့လှံဖျားက နက်ဆန့် လည်ပင်းနားအထိတိုးကပ်လာပေမဲ့ နက်ဆန်က ချက်ချင်းပဲ စုံတွဲဓားနှစ်လက်ကိုထုတ်ဖော်ကာ သူ့ကိုယ်သူကာကွယ်လိုက် ပါတယ်။
သီယာက လေးနဲ့နက်ဆန်ကိုပစ်ခတ်ဖို့လုပ်ပေမဲ့ မော်လီက တိုက်ပေါ်ကခုန်ဆင်းလာပြီး ကြိုးတပ်တံစဥ်နဲ့လည်ပင်းကို ပိုင်းဖြတ်ဖို့လုပ်တဲ့အတွက် ကျွမ်းထိုးပြီးရှောင်လိုက်ရတယ်။
“သခင်က နင့်ကိုကောင်းကောင်းပြောနေပေမဲ့ အဲဒီလက်နဲ့ သခင့်ကိုရွယ်ရဲတယ်ဆိုကတည်းက ဖြတ်ပစ်မှဖြစ်မယ်။”
မော်လီရဲ့အေးစက်တဲ့ အလောင်းကောင်အရှိန်အဝါက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ် ကြီးစိုးမှုကြီးကြောင့် သာမန်ဘုန်းတော်ကြီးတွေ လှုပ်ရှားဖို့ ခက်လာကြပါတယ်။ သီယာက ချက်ချင်းပစ်မှတ်ပြောင်းပြီး ဖုတ်ကောင်ဘုရင်မကို အလင်းမြားနဲ့ပစ်ခတ်လိုက်တယ်။
ထန်း...
မော်လီကတော့ ပစ်ချက်ကိုသာသာယာယာပဲ ဖယ်ထုတ်ပြီး ရှေ့ကိုပြေးတက်လာတယ်။ အမြန်နှုန်းချင်းက အလွန်ကို ကွာခြားနေတဲ့အတွက်ကြောင့် သီယာအနေနဲ့ကာကွယ်ဖို့ အလွန်ခက်နေတယ်။
ဒေါင်....
သီယာကို မော်လီက တံစဥ်နဲ့ပိုင်းမိလုဆဲဆဲမှာပဲ ကြီးမား လေးလံတဲ့ သံကျိုင်းတုတ်ကြီးက ကြားကနေဖြတ်ပြီး ခံထားပေးလိုက်တယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ လူကောင်ကြီးလွန်းတဲ့ ဂျူလီယာက တိုက်ပွဲထဲဝင်လာပြီ ဖြစ်ပြီးတော့ သီယာကိုကာကွယ်ပေးလိုက်တယ်။
“သူတော်စင်သီယာ... အရှင်မြတ်ဗျူဟာချထားတဲ့ အတိုင်းပဲ လုပ်ကြမယ်။ ဒါပေမဲ့ ကြည့်ရတာ ဖုတ်ကောင်ဘုရင်မက အရင်ကထက် ပိုအစွမ်းထက်လာပုံပဲ။ သူ့အငွေ့အသက်နဲ့တင် အားနည်းတဲ့သူတွေကို အကြောက်တရားကြောင့် သတိလက်လွတ် ဖြစ်အောင်လုပ်နိုင်နေပြီ။”
“နည်းနည်းတော့ခက်မယ်ဆိုပေမဲ့ ကြိုးစားကြည့်ရမှာပဲ။”
သီယာက ပြောလိုက်ပြီးတော့ လေးကြိုးကိုအဆက်မပြတ် ဆွဲလိုက် ပစ်လွှတ်လိုက်စလုပ်တယ်။ အလင်းမြားတွေက စက္ကန့်ပိုင်းအတွင်းမှာပဲ ဒါဇင်နဲ့ချီထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။
....
“တပ်မှူးချင်း အလဲအလှယ်လုပ်ပြီးတော့ အင်အား မျှဝေလိုက်တာလား။”
နက်ဆန်က သူ့ဆီကိုပျံသန်းဝင်လာတဲ့ အလင်းဓားတချို့ကို ရှောင်လိုက်ရတယ်။ တစ်ဖက်ခြမ်းမှာတော့ လက်တစ်ဖက်က ပေါက်ဓားတချို့ကိုကိုင်ပြီး တခြားလက်တစ်ဖက်က ကျမ်းစာ ကိုင်ထားတဲ့ နတ်လေးသည်တော်တပ်မှူးဩစတင်းကို မြင်နိုင်တယ်။
လောလောဆယ် ဩစတင်းက နီကိုလပ်နဲ့အတူရှိနေပြီး အဝေးရောက်ပစ်ချက်တွေနဲ့ နီကိုလပ်ရဲ့အားနည်းချက် မှန်သမျှကို ကာပစ်ပေးနေတယ်။ ဒါကြောင့်တိုက်စစ်ရော ခံစစ်ရောမျှတနေပြီး အဆင့်ကြီးတစ်ခုကွာနေတဲ့ နက်ဆန်ကို ဖိအားပေးနိုင်နေပါတယ်။
နက်ဆန်က တိုက်အောက်ကတိုက်ပွဲကိုလည်း ကြည့်တယ်။ ဂျူလီယာနဲ့သီယာကလည်း မော်လီကိုပြန်ပြီး ဖိအားပေးထား ပါတယ်။
“အသစ်တိုးလာတဲ့ အကြောက်တရားဖိနှိပ်မှုနဲ့တောင်မှ အောက်စည်းရောက်နေတာလား။ ဒီတိုက်ပွဲကိုအမြန် အပြီးသတ်မှဖြစ်မယ်။”
နက်ဆန်က သူ့အရိပ်ကို ဓားစုံတွဲဆီပေးပို့ပြီး ပိုမိုသန်မာတဲ့ တိုက်ကွက်တွေကို စတင်ထုတ်ဖော်လိုက်တယ်။ နီကိုလပ်က အသစ်တိုးလာတဲ့ဖိအားတွေကြောင့် နည်းနည်းနောက်ကို ဆုတ်လိုက်ရပေမဲ့ ဩစတင်းက သူ့ပစ်အားကိုထပ်ပြီး မြှင့်တင်လိုက်တယ်။
ဓားပျံတစ်ချောင်းက နက်ဆန်ရဲ့ပါးပြင်မှာ ခြစ်ရာထားခဲ့ပြီး ဓားပျံတွေကြောင့်အာရုံများနေတဲ့အချိန်မှာ နီကိုလပ်က မဲ့ပြုံး ပြုံးလိုက်တယ်။ သူ့လှံထိပ်ဖျားက တောက်ပလာပြီးတော့ လှံရဲ့တိုက်ခိုက်မှုနှုန်းက ရုတ်ချည်းတိုးတက်သွားတယ်။
“ခင်ဗျားရဲ့အားနည်းချက်ကို သိပြီ။”
....
“စားစရာတွေ... စားစရာတွေအများကြီးပဲ။”
လမ်းတွေပေါ်မှာတော့ လှံကိုင်ဘုန်းတော်ကြီးတွေရဲ့ နောက်ကျောကို သစ်နွယ်တွေကထိုးဖောက်သွားပြီး အသက်စွမ်းအားနဲ့ဝိညာဥ်စွမ်းအားတွေ စုပ်ယူခံရတယ်။ မသေရုံတမယ်ကျန်တော့မှ ပြန်လွှတ်ပေးခြင်းခံရတယ်။
နွယ်လက်တံတွေရဲ့အလယ်မှာတော့ အိုလီရာနာရှိနေပြီး အသစ်တိုးလာတဲ့စွမ်းအားတွေကို ခံစားကြည့်နေတယ်။ သူက နဂိုအရွယ်ကိုပြန်ရောက်နေပြီဖြစ်ပြီး နီကိုလပ်နဲ့ သီယာကိုကူညီဖို့ လိုက်လာခဲ့တဲ့ ဘုန်းတော်ကြီးတွေကို တန်ပြန်ဒုက္ခပေးနေတယ်။
“စွမ်းအင်တွေက လိုတာထက် ပိုတောင်ပိုနေပြီပဲ။”
အသက် ၁၂နှစ်အရွယ် ချစ်စရာမုန်လာဥလေးလိုဖြစ်နေတဲ့ အိုလီရာနာက လင်းလက်နေတဲ့မျက်လုံးတွေနဲ့ပြောလိုက်ပြီး တစ်ဖက်ကိုကြည့်လိုက်တယ်။ ဘုရားကျောင်းရဲ့ လေးသည်တော်တပ်ဖွဲ့က လမ်းတစ်နေရာမှာနေရယူပြီး သူ့ကိုအလင်းမြှားတွေနဲ့ဝိုင်းပစ်ဖို့ကြံနေတယ်။ ဒါပေမဲ့ ပျံသန်းရာမှာမြန်လွန်းတဲ့ မိုနီကာက သူတို့နောက်ကနေ ပေါ်လာပြီးတော့ အားလုံးကို လက်သည်းနဲ့ကုပ်ဖဲ့ကာ ဖွဲ့စည်းပုံကိုဖျက်ဆီးပစ်လိုက်တယ်။
လမ်းမီးတိုင်အောက်က ဂေါ့သစ်စကူးဘတ်မလေးရဲ့ လှုပ်ရှားမှုတွေက ကြွကြွရွရွလေးနဲ့ဆွဲဆောင်မှုရှိတယ် ဆိုပေမဲ့ တစ်ခုခုကတော့ အလှအပကိုဖျက်ဆီးနေသလို ရှိပါတယ်။ အဲဒါကတော့ အလွန်တရာကိုပြားချပ်လွန်းလှတဲ့ ရင်အစုံပါ။
အိုလီရာနာက တစ်ချက်မဲ့လိုက်ပြီး သူ့ကိုယ်သူငုံကြည့်တယ်။ ပြောရရင် သူလည်းပဲ....
“အင်း.... တော်တော်ကြီးပြားနေတာပဲ၊ ဒါပေမဲ့ ငါ့မှာ ပိုလျံနေတဲ့စွမ်းအားအသစ်တွေရှိနေတယ်ဆိုတော့...”
အိုလီရာနာက အားရပါးရအသက်ကို ရှုသွင်းလိုက်တယ်။ ရုတ်တရက် ခန္ဓာကိုယ်က ခေါင်းတစ်လုံးစာပိုမြင့်သွားပြီး ရင်ဘတ်အရွယ်အစားကလည်း ဆိုက်နှစ်ခုစာလောက် ခုန်တက်သွားတယ်။ အခုဆိုရင် ပန်းသီးလေးနှစ်လုံး ယှဥ်ချိိတ်ထားသလိုဖြစ်သွားပြီ။
“ဒါမှ ကြည့်လို့လှမှာ။”
ခန္ဓာကိုယ်အချိုးအစားကို စိတ်တိုင်းကျပြုပြင်ပြီးနောက်မှာ အိုလီရာနာက ကူရာမဲ့နေတဲ့ ရိုမြူလက်ချက်ကျောင်းက ဘုန်းတော်ကြီးတွေဘက် ပြန်အာရုံစိုက်လိုက်တော့တယ်။